Pages

၂၀၀၉ ကို နှုတ်ဆက်ခဲ့ပါတယ်

၂၀၀၉ ခုနှစ် ကုန်ဖို့ ရက်ပိုင်းအလိုမှာ ၂၀၁၀ ကို ဘာတွေ သယ်သွားသင့်ပြီး ဘာတွေ ထားခဲ့သင့်လဲဆိုတာ ကျွန်မ စဉ်းစားနေမိတယ်။ အချိန် ဆိုတာက စက္ကန့်တိုင်း မိနှစ်တိုင်း ရွှေ့လျားနေတဲ့အတွက် ၂၀၀၉၊ ၂၀၁၀ ရယ်လို့ သတ်မှတ်ထားသည် ဖြစ်စေ၊ မသတ်မှတ်ထားသည် ဖြစ်စေ အချိန်ကတော့ ပုံမှန်အတိုင်း ရွှေ့နေမှာ ဖြစ်ပြီး ကျော်လွန်သွားတဲ့ အချိန်တွေကို ပြန်ပြီး ရယူလို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ စက္ကန့်တိုင်း မိနှစ်တိုင်းကို အကျိုးရှိတဲ့ အချိန်တွေ အဖြစ် အသုံးချတတ်ဖို့ သိပ်ကို အရေးကြီးပါတယ်။ ၂၀၀၉ ခုနှစ်မှာ ကျွန်မ အချိန်တွေကို ဘယ်လောက်အထိ တန်ဖိုးရှိအောင် အသုံးချနိုင်ခဲ့လဲ ဆိုတာကို ပြန်ဆန်းစစ်ကြည့်လိုက်တော့ ၂၀၀၉ ခုနှစ်မှာ စိတ်အနှောင့်အယှက် ဖြစ်စရာ၊ စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာတွေနဲ့သာ ပြည့်နက်နေတာကို တွေ့ခဲ့ရပါတယ်၊ ၂၀၀၉ မှာ အတ္တဟိတ၊ ပရဟိတ နှစ်ခုစလုံးအတွက် မျှော်မှန်းထားတဲ့ အရာမှန်သမျှ ဘာတခုမှ မဖြစ်ခဲ့လို့ အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ ဒီအရှုံးတွေကို နောက်နှစ်အထိ မသယ်သွားချင်တော့လို့ အခုလ ဒီဇင်ဘာလ တလလုံးလုံးမှာ Stress ဆိုတာ ဘာလဲလို့ မေးရလောက်အောင်ကို စိတ်ဖိစီးမှု ကင်းကင်းနဲ့ ၂၀၁၀ ကို ကြိုဆိုနိုင်ဖို့အတွက် ကျွန်မ စိတ်ကို တင်းကြပ်အောင် လုံးဝမထားပဲ ပျော်ပျော်ပါးပါး နေလိုက်ပါတယ်။

ဒီနှစ်အတွင်း ၂၀၀၈ က ကူးစက်လာတဲ့ နှစ်စကနေ နိုဝင်ဘာလအအထိ စိတ်ဖိစီးလာခဲ့တဲ့ အချိန်တွေအတွက်တော့ ကျွန်မ ပြန်ပြီးလည်း မတွေးတောချင်တော့သလို နောက်လည်း ဘယ်တော့မှ အောက်မေ့တသ နေမှာမဟုတ်တော့ပါဘူး။ ကျွန်မပျော်ရွှင်ရတဲ့ အခုဒီဇင်ဘာလအတွင်းက အဖြစ်တွေကိုပဲ နှစ်မကုန်ခင်လေးမှာ မှတ်တမ်းတင်ခဲ့ချင်ပါတယ်။ ဒီနှစ် ဒီဇင်ဘာမှာ အော်စီရောက်ကတည်းက ရခဲလှတဲ့ ကျွန်မတို့မိသားစု သုံးယောက်စလုံး ဆုံပြီး ပျော်ပျော်ပါးပါး အိမ်မှာ အတူတူချက်ပြုတ်၊ စားသောက် စကားလက်ဆုံကျနိုင်ခဲ့တယ်။ အမေနဲ့ အဖေနှစ်ယောက်စလုံးနဲ့ အတူတူ တွေ့ရခဲလှတဲ့ သားလေးကို တလှည့်စီ မဟုတ်ပဲ နှစ်ယောက် အချိန်အတူတူ ပေးနိုင်ခဲ့တယ်။ ပြင်ပက ဖိတ်တဲ့ အလှူပွဲ၊ မွေးနေ့ပါတီပွဲ၊ ဘုန်းကြီးကျောင်း ဈေးရောင်းပွဲ အပါအ၀င် သာရေး၊ နာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးစတဲ့ အခမ်းအနားတွေကိုလည်း သုံးယောက်အတူသွား၊ အတူလာ လုပ်နိုင်ခဲ့ပါတယ်။ ပြီေးတာ့ အိမ်ကို အဆက်အသွယ် လုံးဝမလုပ်ပဲ ပစ်ထားပြီး ဘာဖြစ်လို့ ဖြစ်မှန်းမသိဘဲ ပျောက်နေတဲ့ မောင်လေးတယောက် အကြောင်းလည်း သဲလွန်စပြန်ရခဲ့ပါတယ်။ သဲလွန်စပြန်ရတော့ စုံစမ်းဖို့က သိပ်မခက်တော့ပါဘူး။ ပြီးတော့ အနှစ်နှစ်အလလက ကွဲကွာနေတဲ့ မိတ်ဆွေဟောင်းတွေ အများကြီးနဲ့လည်း Face Book မှာ တွေ့ရပြီး ပြန်အဆက်အသွယ်ရခဲ့ပါတယ်။

ဘလော့ဂ်မှာ ဓါတ်ပုံမတင်ထားတဲ့ ဘလော့ဂ်မောင်နှမ (အားလုံးမဟုတ်) တချို့ကိုလည်း Face Book ထဲမှာ ဓါတ်ပုံတွေ တင်ထားတော့ ရင်းရင်းနှီးနှီး တွေ့ဖူးသွားတာ ပျော်စရာ သိပ်ကောင်းပါတယ်။ စိတ်ကြီးလှတဲ့ ညီမလေး မဆုမွန်နဲ့ သူ့ကိုယ်သူ အမြဲတမ်း ၀က်ကိုယ်လုံးလို့ ပြောပြီး ရုပ်ကြမ်းစိတ်ကြမ်းလို့ ထင်အောင်လည်း ရေးတတ်တဲ့ မောင်လေး ကို July Dream တို့ကို ကလေးမျက်နှာလေးတွေနဲ့ Face Book မှာ တွေ့လိုက်ရတော့ ထင်ထားတဲ့ပုံနဲ့ တခြားစီ ဖြစ်နေတာကို တကယ် အံ့သြရတယ်။ ဘလော့ဂ် မောင်နှမ အတော်များများကိုတော့ ခန့်မှန်းထားတာထက် ငယ်ရွယ်နုပျိုကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ အားလုံးခန့်မှန်းထားတာထက် ပိုပြီး အိုမင်းရင့်ရော်နေလိမ့်မယ် ထင်တယ်။ တချိန်က ဆရာဝန်ထင်ပြီး လာမိတ်ဆက်ကြသူတွေကို ဆရာဝန်မဟုတ်ဘူးဆိုတာ ပြောတော့ ဆေးကျောင်းသူ ထင်ကြတယ်၊ ဆေးကျောင်းသူလည်း မဟုတ်ဘူး Nursing တက်နေတာလို့ ပြောပြတော့ ဘွဲ့လွန် မာစတာမဟုတ်၊ PhD မဟုတ် အခုမှ Under Graduate Bachelor Degree ရဖို့အတွက် တက္ကသိုလ်တက်နေသေးတဲ့ ငယ်ငယ်ရွယ်ရွယ် ကျောင်းသူလေး ထင်ခဲ့ဖူးတဲ့ သူတွေတော့ Face Book မှာ အိုမင်းရင့်ရော်နေတဲ့ ကျွန်မပုံကိုလည်း တွေ့ရတော့ တိုက်ဆိုင်တာလား၊ တကယ်လားတော့ မသိဘူး ကျွန်မ၀င်လာတာနဲ့ နှုတ်ဆက်တောင်မခံပဲ ထွက်ပြေးသွားတာကိုလည်း တွေ့ခဲ့ရတယ်။

ဒါပေမဲ့ ကျွန်မကို တကယ်ခင်ပြီး ကျွန်မ မသိဘဲနဲ့ ကျွန်မဘလော့ဂ်ကို အမြဲလာဖတ်နေတယ်ဆိုပြီး ပြောလာတဲ့ ဘလော့ဂါမဟုတ်တဲ့ ဘလော့ဂ်ဖတ်သူ အစ်ကို၊ အစ်မ မောင်ညီမလေးတွေကိုလည်း တွေ့ရတော့ ကျွန်မ သိပ်ဝမ်းသာရပါတယ်။ အဲဒီ ဘလော့ဂ်ဖတ်သူတွေထဲက စင်္ကာပူက ဘလော့ဂ်ဖတ်သူ ညီမလေး တယောက်က မကေဘလော့ဂ်မှာ ကိုမင်းကိုနိုင်ရေးတဲ့ နောက်ကြည့်မှန်စာအုပ် ကြော်ငြာခဲ့စဉ်က ကျွန်မက အော်စီကလိုချင်ရင် ဘယ်လိုမှာယူရမလဲ ဆိုတဲ့ မေးခွန်းကို မှတ်ချက်မှာ ရေးထားတာကို တွေ့ပြီး ကျွန်မကို ဒီစာအုပ်လေးတအုပ် လက်ဆောင်အဖြစ် ပို့လာပေးခဲ့ပါတယ်။ ကိုမင်းကိုနိုင်ဆိုတာ ကျွန်မရဲ့ ၈၈ မတိုင်ခင်က အတွေးအခေါ်တွေ၊ ယုံကြည်လက်ခံထားတဲ့ အမြင်တွေ အားလုံးကို ပြောင်းပေးခဲ့သူ ခေါင်းဆောင်တယောက် အဖြစ် ကျွန်မ သိပ်လေးစားပါတယ်။ မြန်မာပြည်မှာ သက်ရှိထင်ရှား ရှိနေသေးတဲ့ နိုင်ငံရေးသမားတွေထဲမှာ ကျွန်မ အလေးစားဆုံး နံပါတ် (၁) ပုဂ္ဂိုလ်ကို ပြောပါလို့ မေးလာရင် ကိုမင်းကိုနိုင်ကိုပဲ ပြမှာ ဖြစ်တယ်။ ကျွန်မက ကိုမင်းကိုနိုင်ရေးတဲ့ ဒီညီမလေးရဲ့ မေတ္တာလက်ဆောင် စာအုပ်လေးကို အမြတ်တနိုးဖတ်အပြီးမှာ အသေအချာ သိမ်းဆည်းထားပြီး စာဖတ်သူဆီက ရတဲ့ ၂၀၀၉ ခုနှစ်ရဲ့ အမှတ်တရတခုအဖြစ် ၂၀၀၉ ခုနှစ်ရဲ့ နောက်ဆုံး ပို့စ်ဖြစ်တဲ့ ဒီပို့စ်ထဲမှာ မှတ်တမ်းတင်ထား လိုက်ပါတယ်။

နောက်တခုက Face Book ဖွင့်တော့ ABSDF နဲ့ တခြားအဖွဲ့တွေက မိတ်ဟောင်းဆွေဟောင်း၊ လုပ်ဖေါ်ကိုင်ဘက် အတော်များများကိုလည်း ပြန်လည် အဆက်အသွယ်ရခဲ့ပါတယ်။ ဟိုလွန်ခဲ့တဲ့ အနှစ် ၂၀ နီးပါးခန့်က ABSDF သေ့ဘောဘိုးစခန်းမှာ ဖွင့်တဲ့ Jungle University ကို တက်ပြီး ပြန်လာကြတဲ့ ကျွန်မတို့ မင်းသမီးစခန်းက ရဲဘော်တွေကတဆင့် သေ့ဘောဘိုးစခန်းက ရဲမေတချို့က ကျွန်မတို့ဆီကို မိတ်ဆက်စာတွေ ပို့လာခဲ့ရာက စပြီး ကျွန်မတို့ စခန်းနှစ်ခုက ရဲမေတွေအချင်းချင်း စာနဲ့ အပြန်အလှန် အဆက်အသွယ် ရှိခဲ့ပါတယ်။ တယောက်နဲ့တယောက် လူချင်းမမြင်ဖူးကြပေမဲ့ အချင်းချင်း စာနဲ့ဆက်သွယ်ပြီး ရင်းနှီးနေကြတဲ့ တချိန်က သေ့ဘောဘိုးစခန်းက ရဲမေ၊ နေ၀န်းနီနီ သီချင်းကို ဆိုခဲ့သူ မင်းမင်းထွေးငယ်ကိုလည်း အခုမှ Face Book မှာ ပြန်တွေ့ရပြီးမှ သူ့ပုံကို စမြင်ဖူးတယ်။ သူနဲ့ စကားပြောဖြစ်တော့ အဲဒီတုန်းက ကျွန်မ သူ့ဆီရေးထားတဲ့ စာတွေ သူ့မှာ အခုထိ ရှိတုန်းပဲဆိုတာ သိလိုက်ရတော့ ကျွန်မတကယ်ကို အံ့သြမိတယ်။ ကျွန်မထင်တယ် ရည်းစားစာကိုတောင်မှ အဲဒီလောက်ကြာအောင် ဘယ်သူမှ သိမ်းထားကြလိမ့်မယ် မထင်ပါဘူး။ အခု မင်းမင်းထွေးငယ်က သူငယ်ချင်းစာကိုတောင်မှ ဒီလိုသိမ်းထားတယ်ဆိုတော့ အမှတ်တရတွေကို တော်တော်သိမ်းတတ်ပုံရပါတယ်။ ကျွန်မကတော့ ကျွန်မတို့ အဲဒီတုန်းက ရေးခဲ့တဲ့အထဲမှာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် လက်နက်ကိုင်တော်လှန်ရေးရဲ့ အရေးပါပုံ၊ နိုင်ငံရေး သိပ္ပံဘာသာ စိတ်ဝင်စားဘွယ်ကောင်းပုံတွေ၊ တော်လှန်ရေးအတွက် အခက်အခဲတွေကို ဘယ်လို ကျော်လွှားကြရမယ်ဆိုတာတွေ ရေးခဲ့တာ မှတ်မိနေတယ်။ ပြီးတော့ မိန်းကလေးတွေကို ကန့်သတ်ချုပ်ချယ်ထားတဲ့ အချက်တွေအကြောင်း ရင်ဖွင့်ကြတာလည်း အနည်းငယ်ပါပါတယ် ။(အစ်ကိုအောင်သာငယ် တို့လို တပ်ရင်းမှူးလုပ်လာသူတွေ သိလို့ မဖြစ်ဘူး) ။ ဖြစ်နိုင်ရင် သူငယ်ချင်း မင်းမင်းထွေးငယ် သိမ်းထားတဲ့ ကျွန်မ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ခန့်က ရေးထားတဲ့စာကို ကျွန်မ ပြန်ဖတ်ကြည့်ချင်တာ အမှန်ပဲ။


နောက်ဆုံးအနေနဲ့ကတော့ ၂၀၁၀ မှာမှ ဖွင့်မယ်လို့ ရည်ရွယ်ထားတဲ့ ဒီဘလော့ဂ်လေးကို ဒီနှစ်ထဲမှာ ဖွင့်ဖြစ်တဲ့အတွက် ဒီဘလော့ဂ်လေးဟာ ကျွန်မရဲ့ စိတ်အာဟာရကို တော်တော်လေး ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဘလော့ဂ်အတွက် အချိန်ပေးခဲ့ရတာတွေအတွက် ကျွန်မ ကျေနပ်ပြီး ဒီဘလော့ဂ်လေးကို ကျွန်မအတွက် ဒီနှစ်မှာ ရတဲ့ အရှုံးထဲက အမြတ်အဖြစ် မှတ်တမ်းတင်ပါတယ်။ ကျွန်မဟာ ကျွန်မမိသားစုအတွက် တာဝန် ပျက်ကွက်ခဲ့တာ အများကြီး ရှိခဲ့ပြီး အခုမှ အိပ်မက်က လန့်နိုးလာသူလိုပဲ ပုံမှန်မိသားစုတခုမှာ ရှိသင့်ရှိထိုက်တဲ့ မိသားစုဘ၀မျိုးကို အခုမှ ပြန်စရသလို ခံစားရပါတယ်။ ၂၀၀၈ နှစ်ဝက်လောက်ကစပြီး ၂၀၀၉ နိုဝင်ဘာအထိ ကြုံတွေ့ရတဲ့ ကျောင်းစာပိလို့ ရင်ဆိုင်ရတဲ့ အခက်အခဲ၊ မိမိအပေါ် မရိုးမသား အယောင်ဆောင် မိတ်ဆွေဖွဲ့လာသူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ အခက်အခဲ၊ မြန်မာပြည်က မိသားစုတွေနဲ့ တခြား အရေးအခြေအနေအတွက် ပူပင်ရတဲ့ စိတ်ဖိစီးမှုတွေ အားလုံး၊ အားလုံးသော မကောင်းတဲ့ သက်ရောက်မှုတွေကို ကျွန်မ ၂၀၁၀ အထိ သယ်သွားမှာ မဟုတ်ဘဲ ၂၀၀၉ မှာပဲ ထားခဲ့လိုက်ပြီ။ သို့သော်လည်း ဘ၀ ဖြတ်သန်းမှုတိုင်းမှာ ဘ၀ကို ခါးသီးစွာ ဖြတ်သန်းရသည်ဖြစ်စေ၊ ချိုမြိန်စွာ ဖြတ်သန်းရသည်ဖြစ်စေ အတွေ့အကြုံထဲမှာ ကျွန်မကို ရင့်ကျက်စေတဲ့ ဘ၀သင်္ခန်းစာတွေ ပါပြီးသား ဖြစ်လို့ ဒီသင်္ခန်းစာတွေနဲ့ ဒီနှစ်မှာ ဖွင့်ဖြစ်တဲ့ ဒီဘလော့ဂ်လေးကို ၂၀၁၀ အထိ သယ်သွားမှာ ဖြစ်ပြီး ဒီဘ၀သင်္ခန်းစာတွေနဲ့ ဒီဘလော့ဂ်လေးက ရတဲ့ အပျော်တွေအတွက် ၂၀၀၉ ကို ကျွန်မ ကျေးဇူးတင်ကြောင်း ပြောကြားရင်း နှုတ်ဆက်ခဲ့ပါတယ်။

အားလုံးနှစ်သစ်မှာ ပျော်ရွှင်ကြပါစေ



23 comments:

  1. ဟုတ်တယ်ဗျာ။ Face Book လို ဗာကျူရယ်ဝေါ တွေကတော့ အရမ်းကို ဟော့ဖြစ်နေတာပဲ အမရေ။
    စိတ်ဖိစီးမှုများ ကင်းဝေပပျောက်ပါစေ အမရေ။ဂွတ်ဘိုင် ၂၀၀၉။ နှစ်သစ်မှာ ပျော်ရွှင်ကြည်နူးခြင်းအတိ ရှိပါစေ အမရေ။

    ReplyDelete
  2. မငယ်နိုင်ရေ ... ၂၀၁၀ မှစပြီး ပျော်ရွှင် ငြိမ်းချမ်းပါစေ .. ။

    ReplyDelete
  3. နှစ်သစ်မှာ စိတ်ရောကိုယ်ပာ ချမ်းမြေ့နိုင်ပာစေ

    ReplyDelete
  4. နှစ်သစ်မှာ ပျော်ရွှင်ပါစေ အမရေ...
    င်္facebook မှာလည်း ချန်မထားခဲ့ဖို့ တောင်းဆိုပါတယ်ရှင်။ တခါတလေမှ သုံးပေမယ့် အဆက်အသွယ်လေးတော့ ရှိချင်လို့ပါ
    လေးစားလျှက်
    မွန်းသက်ပန် (ဆေး ၁)

    ReplyDelete
  5. နစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ပြီး ပျော်ရွှင်သာယာတဲ့ ဘ၀လေးတွေ ထာဝရ ပိုင်ဆိုင်ပါစေ

    ReplyDelete
  6. နစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ပြီး ပျော်ရွှင်သာယာတဲ့ ဘ၀လေးတွေ ထာဝရ ပိုင်ဆိုင်ပါစေ

    ReplyDelete
  7. Ma Nge -

    I am so happy, very happy, to see your expression of thoughts and ideas here. And, thank you very much for sharing.

    More than anybody else, I am so happy to be reconnected after all these years.

    The old days were hard, but good. They have enriched each of us in different ways, I believe. I wish you the brighter and better new days to come in 2010.

    Yours,
    MO

    ReplyDelete
  8. မငယ်နိုင်ရေ
    စိတ်ညစ်စရာတွေကို ၂၀၀၉ နဲ့ အတူ ထားခဲ့ပြီး ပျော်ရွှင်စရာကောင်းသော မင်္ဂလာရှိသော ၂၀၁၀ ဖြစ်ပါစေ။


    မအယ်

    ReplyDelete
  9. ဘ၀ဆိုတာ စိတ်ညစ်စရာတလှည့် ပျော်စရာတဖုံ ကြုံရတာပေါ့။ ဒါကိုက ဘ၀ပဲ။
    အကောင်းကို မျှော်လင့်ပြီး ကြိုးစားကြံဆောင် လုပ်ကိုင်သမျှဟာ တနေ့တော့ အရာထင်လာမှာပါပဲ။

    နှစ်သစ်မှာ မိသားစု ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ဆက်လက်ချီတက်ပါ လို့..။ ကျန်းမာပြီး ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

    ReplyDelete
  10. မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရတဲ့ အကြောင်း လေးဖတ်ရတာ တကယ်ဝမ်းသာပါတယ်၊

    ၂၀၀၉ မှာကြုံရတဲ့ အခက်အခဲ၊ ဒုက္ခတွေက ၂၀၀၉ အတွက်နဲ့တင် လုံလောက်ပါပြီ၊ ၂၀၁၀ မှာ မငယ်နိုင် မိသားစုနဲ့အတူ ပျော်ရွှင်ကျန်းမာစွာနဲ့ ဖြတ်သန်းအောင် မြင်နိုင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ...။

    ReplyDelete
  11. ပျော်ရွှင်ဘွယ်ရာ ၂၀၁၀ နှစ်သစ်လေးကို အမချစ်တဲ့ မိသားစုလေးနဲ့ အတူ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ..

    ReplyDelete
  12. Happy New Year ပါ ညီမရေ့...
    တမိသားစုလုံး ကိုယ်စိတ် ၂ပါး ကျန်းမာ ချမ်းသာကြပါစေ...

    ReplyDelete
  13. ငါ့တူမရာ ..ညည်းကညည်းကိုညည်းအဖွားကြီးပြောတော့..အန်ကယ်ကျောက်တို့ လူပျိုလူရွယ်လေးတွေ ဘယ်လိုနေရပါ့မလဲနော်

    ReplyDelete
  14. အမရေ နှစ်သစ်ကစလို့ မိသားစုနဲ့ အတူတူ သာယာဖြောင့်ဖြူးတဲ့ ဘ၀လေးကို ဆက်လက် ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  15. 2010 is at the door...
    Remember...Life is short,
    break the rules,
    forgive quickly,
    kiss slowly,
    love truly,
    laugh uncontrollably,
    and never regreat anything that made you smile.

    ReplyDelete
  16. စာလာဖတ်သွားသူအားလုံး၊ လာရောက်နှုတ်ဆက်ကြ၊ ဆုတောင်းပေးသွားကြသူတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ဒီမှတ်ချက်ဟာ ၂၀၀၉ အတွက် ကျွန်မရဲ့ နောက်ဆုံး မှတ်ချက် ဖြစ်ပါတယ်။ ပြီးရင် ဆစ်ဒနီ တံတားပေါ်မှာ ညသန်းခေါင်ယံ နှစ်သစ်ကြိုတဲ့ မီးပန်းဖေါက်တာကို သွားကြည့်လိုက်ဦးမယ်။ သက္ကရာဇ် ၂၀၀၉ မှာ ကျွန်မဘလော့ဂ်ကို လာအားပေးသူများအားလုံး မနက်ဖြန်စမယ့် ၂၀၁၀ မှာလည်း လာရောက် အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ မနက်ဖြန် သက္ကရာဇ် ၂၀၁၀ ရဲ့ နှစ်ဆန်းတရာက်နေ့မှာ အားလုံး ပျော်ပျော်ပါးပါး ပြန်ဆုံကြမယ်နော့်။

    အပြီးတိုင် နှုတ်ဆက်ခဲ့ပါတယ် သက္ကရာဇ် ၂၀၀၉ ရယ်...

    ReplyDelete
  17. နှစ်သစ်မှာ ပျော်ရွှင်ပါစေ မငယ်နိုင်ရေ.
    ..

    အမခင်မင်းဇော်

    ReplyDelete
  18. အရာရာမှာ လေးလေးနက်နက်ရှိတဲ့ မငယ်နိုင်တယောက် နှစ်သစ်မှာ ကိုယ်ကြိုးစားသမျှနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတွေနဲ့ ကိုယ်ကျန်းမာ စိတ်ချမ်းသာ ပျော်ရွှင်နိုင်ပါစေ

    ReplyDelete
  19. ၂၀၀၉ ရဲ့ ဘလော့လေးကို လာနှုတ်ဆက်တာပါ...

    ၂၀၁၀ မှာ ပြန်တွေ့ကြမယ်...

    မိသားစုနဲ့အတူ ပျော်ရွှင်စရာ နှစ်သစ်မွန် ဖြစ်ပါစေ...

းဝ)

    ReplyDelete
  20. နှစ်သစ်မှာ မိသားစုနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ...

    ReplyDelete
  21. 31 Dec 09, 11:23
    ဒီမိုဝေယံ: နှစ်သစ်မှာ မငယ်နိုင်တို့ မိသားစု ပျှော်ရွှင်မှုအပေါင်းခညောင်းနိုင် ပါစေ...

    31 Dec 09, 11:31
    ကိုဇော်: အမရေ ပျော်ရွှင်ဘွယ်ရာ နှစ်သစ်လေးကို မိသားစုနဲ့ အတူ လျှောက်လှမ်းနိုင်ပါစေဗျာ

    31 Dec 09, 13:05
    အန်ကယ်ကျောက်: အဟောင်းတွေညောင်း..အသစ်တွေလာ..မင်္ဂလာပါ

    31 Dec 09, 14:46
    NweYoe: မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေ မနိုင်

    31 Dec 09, 15:27
    လွင်ပြင်ကြီး: Happy New Year!2010နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

    31 Dec 09, 19:10
    သက်တန့်ချို:ံHappy New Year !!! Sis.

    31 Dec 09, 19:32
    Waing: နှစ်သစ်မှာပျော်ရွှင်ပါစေ မငယ်နိုင်ရေ.

    31 Dec 09, 19:56
    ကျော်ဇေ: မငယ် ကျွန်တော် လာလည်သွားပါတယ် စာတွေလည်းဖတ်သွားပါတယ် ကျွန်တော့ အီးမေးလ်တော့ E-mail ကနေတဆင့်ပို့လိုက်ပါ့မယ် ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ

    31 Dec 09, 22:29
    myanmarblogreader: wishing you have a good cheer and good luck for coming year ahead.

    1 Jan 10, 00:20
    ကိုအောင်: နှစ်သစ်မှာ ပျော်ရွှင်ပါစေ အမရေ

    1 Jan 10, 01:07
    phyowai: နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ

    1 Jan 10, 01:17
    crystal: နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

    1 Jan 10, 02:34
    အနမ်း: မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ။

    1 Jan 10, 02:34
    ဖန်းလေး: နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ

    1 Jan 10, 03:39
    ဇွန်မ: ပျော်ရွှင်ဖွယ်ကောင်းသော နှစ်သစ်မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေရှင်

    Jan 10, 04:24
    ဒီမိုဝေယံ: နှစ်သစ်မှာ မငယ်နိုင်တို့ မိသားစု ပျှော်ရွှင်အေးချမ်းပါစေ..

    (၂၀၀၉ ရဲ့ နောက်ဆုံးနေ့နဲ့ စပ်ကူးမတ်ကူး ကာလ C-Box မှာ ဆုတောင်းပေးသွားသူ အားလုံးရဲ့ ဆုတောင်း မေတ္တာ ပို့သပေးခဲ့တာတွေကို ၂၀၀၉ ထဲမှာပဲ မှတ်တမ်းတင်ထားလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် -ငယ်နိုင်)

    ReplyDelete
  22. နှစ်သစ်ပီသအောင် မိသားစုဝါတ်ပုံလေး ပြောင်းတင်ထားတာ မြငရသူတွေကို စိတ်သစ်အတွေးသစ်တွေဖြစ်စေတယ် ကြည်နူးမိပါတယ မိသားစုဘဝလေး ထာဝရချမ်းမြေ့မြေ့ရှိပါစေ

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။