Pages

နှစ်သစ်ကူးဆုတောင်းနဲ့ နှစ်သစ်အမှတ်တရ


နှစ်သစ် ဆုတောင်း

သက္ကသရာဇ် ၂၀၁၀ ဟာ အားလုံးအတွက် ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေ။
-သူတော်ကောင်းတရားများ တည်တံ့ခိုင်မြဲပြီး ကမ္ဘာကြီး ငြိမ်းချမ်းသာယာစွာနဲ့ သက်တမ်းရှည်ကြာစွာ ဆက်လက် ရှင်သန်နိုင်ရန် ကမ္ဘာသူကမ္ဘာသားများ၊ မြန်မာပြည်သူပြည်သားများ အားလုံး အဓမ္မတရားများကို ရှောင်ရှားကာ ဓမ္မနှင့်အညီ ကမ္ဘာကြီးနဲ့ အမိမြန်မာပြည်ကို ငြိမ်းချမ်းသာယာ ၀ဖြိုးအောင် အလေးထား ဆောင်ရွက်နိုင်ကြပါစေ။
-သတ္တ၀ါများအားလုံး ဘေး၊ ရန်၊ ကြောင့်ကြ ဆင်းရဲခြင်း ကင်း၍ ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ၍ ချမ်းသာကြပါစေ။ ကောင်းကျိုး လိုအင်ဆန္ဒပြည့်ဝကြပါစေ။ (တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ ဆုတောင်း)
-ဗုဒ္ဓြုမတ်စွာ သာသနာတော် ကမ္ဘာတလွှား ထွန်းကားပြီး လူသားများအားလုံး မကောင်းမှုများကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးဖြင့် ရှောင်နိုင်ကြပါစေ၊
-ဘေး၊ ဘရာ ဒုက္ခ၊ သောက၊ ပရိဒေ၀ အပူမီးနဲ့ နှင့် ရင်ဆိုင်နေရသူများ ဘေး၊ ဘရာ ဒုက္ခ၊ သောက၊ ပရိဒေ၀အပူမီးမှ လွတ်မြောက်ပါစေ။
-မြန်မာ ဘလော့ဂါများအားလုံး စည်းစည်းလုံးလုံး ဖေးဖေးမမ ရှိကြပြီး ဘလော့ဂ် ဆက်ရေးနိုင်ကြပါစေ။
-အွန်လိုင်းပေါ်မှ မိတ်ဆွေများအချင်းချင်း လိမ်လည်လှည့်ဖြားခြင်း၊ ကင်းဝေးပါစေ။
-လိုတာမရ ရတာမလို ဖြစ်လို့ အပျိုကြီး လူပျိုကြီး ဖြစ်နေကြသူများ (တရားတဓမ္မဖြင့် ပျော်မွေ့နေသူများမပါ) ကြင်ဖက်ကောင်းများနဲ့ ဆုံတွေ့တွဲဖက်နိုင်ကြပါစေ။
-မိသားစု ရှိပြီးသောသူများ မိသားစုဘ၀ အနှစ်သာရကို ဖေါ်ဆောင်နိုင်ကြပါစေ။
နှစ်သစ်အတွက် ကျွန်မကို လာရောက် ဆုတောင်းပေးသွားသူများကို အထူးကျေးဇူးတင်ပြီး ဆုတောင်းပေးသူအားလုံးရဲ့ C-Box နဲ့ မှတ်ချက်ထဲက ဆုတောင်းတွေအားလုံးကို ကျွန်မ မှတ်တမ်းတင်ထားပါတယ်။





နှစ်သစ်ကို ကြိုဆိုခြင်း


ဆစ်ဒနီမြို့မှာ နှစ်စဉ်နှစ်တိုင်း ဆစ်ဒနီ ဆိပ်ကမ်းရှိ Harbour Bridge မှာ မီးပန်းဖေါက်ပြီး နှစ်သစ်ကို ကြိုဆိုလေ့ရှိပါတယ်။ အရင်နှစ်တွေတုန်းက နှစ်သစ်ကြိုတာကို ကိုယ်တိုင် တခါမှ သွားမကြည့်ဖြစ်ပဲ TV မှာပဲ ထိုင်ကြည့်ဖြစ်ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း တနှစ်နဲ့ တနှစ် မရိုးအောင် မီးပန်းဒီဇိုင်းတွေ အမျိုးမျိုး ပုံဖေါ်ဖေါက်ခဲ့တာကို တွေ့ရပြီး ဒီနှစ်တော့ ကိုယ်တိုင်သွားကြည့်မယ်ဆိုပြီး ညသန်းခေါင် မီးပန်းဖေါက်တာကို ကြည့်ဖို့ အချိန်ကပ်မှ သွားဖြစ်ခဲ့တယ်။ ကျွန်မတို့ အကြံအစည်ကတော့ Habour Bridge ရှိတဲ့ Circular Quay ဆိပ်ကမ်းမှာ နေရာ မရှိတော့ရင် Botanic Garden ပေါ်ကတက်ကြည့်မယ် ဆိုတဲ့ အကြံအစည်နဲ့ သွားခဲ့ပါတယ်။ Circular Quay ကို ရောက်တော့ နေရာတိုင်းမှာ လူတွေပြည့်ကြပ်နေတာကို တွေ့ရပါတယ်။ နှစ်သစ်အကြို မီးပန်းဖေါက်တာကို ကောင်းကောင်း ဓါတ်ပုံရိုက်၊ ဗီဒယိုရိုက်ပြီး ဘလော့ဂ်မှာ တင်ပေးဖို့ ကြံစည်ခဲ့တဲ့ အကြံလည်း Harbour Bridge ကို ကောင်းကောင်း တွေ့ရတဲ့ နေရာ မရခဲ့လို့ မအောင်မမြင်ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ဗွီဒယိုကို မတင်ပေးနိုင်ပဲ မိတ်ဆွေတယောက်ဆီက ရတဲ့ မီးပန်းဖေါက်တဲ့ ဓါတ်ပုံတချို့ကိုပဲ တင်ပေးလိုက်ပါတယ်။ အလျဉ်းသင့်ပါက ဗွီဒယိုကိုပါ တခြားမိတ်ဆွေတွေ ရိုက်ယူထားတာ ရှိရင် အကူအညီတောင်းပြီး တင်ပေးနိုင်အောင် ကြိုးစားပါမယ်။

ကျွန်မတို့ရောက်တော့ Circular Quay ဘူတာရဲ့ ဆိပ်ကမ်းဘက်တခြမ်းလုံး လူပြည့်နေလို့ ပိတ်ထားလိုက်ပြီး ဒီဘက်ခြမ်းကပဲ အပြင်ကိုထွက်လို့ရတော့တယ်။ အပြင်ရောက်တော့ ဘူတာရုံနဲ့ရထားလမ်းက ကွယ်နေလို့ Habour Bridge ကို တပိုင်းတစ မြင်တွေ့ရတဲ့ နေရာပဲ ရတော့တယ်။ ဒီဘက် Botanic Garden ကို သွားမယ်ဆိုတော့လည်း Harbour Bridge ကို လှမ်းတွေ့နိုင်တဲ့ နေရာတွေ အားလုံးမှာ လူပြည့်သွားလို့ Botanic Garden တခုလုံးကိုလည်း ပိတ်ထားလိုက်ပြီ။ ဆစ်ဒနီ ဆိပ်ကမ်း တ၀ိုက်သာမက၊ City Circle တခုလုံးနှင့် တံတားရဲ့ ဟိုဘက်ကမ်း ဆစ်ဒနီ မြောက်ဘက်ခြင်းရှိ Harbour Bridge ကိုလှမ်းမြင်နိုင်တဲ့ နေရာအားလုံးမှာလည်း လူပြည့်နေပြီဖြစ်လို့ ပိတ်ထားလိုက်ပါပြီ၊ Rock နဲ့ Darling Harbour မှာ ရှိတဲ့ George street မှာ နေရာအနည်းငယ် ရှိသေးတာကလွဲလို့ Harbour Bridge ကို မြင်တွေ့နိုင်တဲ့ နေရာ မရှိတော့ဘူးလို့ ခဏခဏ ကြေညာနေသံ ကြားရတယ်။ Darling Harbour က ဆစ်ဒနီ ဆိပ်ကမ်းနဲ့ တော်တော်လှမ်းတယ်။ အဲဒီဘက်ကို ပြန်သွားဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ ကျွန်မတို့ရောက်နေတဲ့ နေရာ Harbour bridge ကို တ၀က်တပြက်မြင်ရတဲ့ နေရာမှာတောင် လူတွေက ကြိတ်ကြိတ်တိုးနေတယ်။ ဘူတာရုံရဲ့ ဟိုဘက်ခြမ်းကို ကြည့်လိုက်တော့ နေရာယူထားတဲ့ လူတွေက အခန့်သား ထိုင်နေကြတာကို တွေ့ရတယ်။ ဆစ်ဒနီမှာ ဒီလောက် ကြိတ်ကြိတ်တိုးတဲ့ လူစုလူဝေး ကျွန်မတခါမှ မတွေ့ဖူးဘူး။ ၂၀၀၉ ခုနှစ်ရဲ့ နောက်ဆုံး စက္ကန့်ပိုင်းမှာ မီးပန်းကို စဖေါက်လိုက်တာနဲ့ မီးပန်းဖေါက်သံ၊ လူတွေရဲ့ လက်ခုပ်တီးကာ အော်ဟစ်မြူးတူးသံတွေနဲ့ ပတ်ဝန်းကျင် တခုလုံး ၁၀ မိနှစ်၊ ၁၅ မိနှစ်ခန့် ဆူညံသွားတယ်။ မီးပန်းတွေကို ရထားလမ်းတံတားနဲ့ ကွယ်နေလို့ တစိတ်တဒေသပဲ တွေ့ရလို့ လာတုန်းက ရည်ရွှယ်ချက်အတိုင်း ဓါတ်ပုံတွေ၊ ဗွီဒယိုတွေ ကောင်းကောင်း မရိုက်လိုက်ရဘူး။

အခုလို နောက်ကျမှ လာမယ့်အစား အိမ်မှာပဲ နေပြီး TV မှာ live Show ထိုင်ကြည့်ရင် အကောင်းသားလို့ တွေးမိတယ်။ ရလိုက်တဲ့အသိက နောက်တခါလာရင် ငယ်ငယ်က ရွာမှာ ဇာတ်ပွဲကြည့်တုန်းက မနက် ဒါမှမဟုတ် နေ့လည်လောက်ကတည်းက ဖျာလာခင်းပြီး နေရာယူထားသလို နေရာလာယူထားဖို့ လိုမယ်၊ ပြီးတော့ Circular Quay ဆိပ်ကမ်းမှာသာမက City Circle မှာ Harbour Bridge ကို ကောင်းကောင်း လှမ်းမြင်နိုင်တဲ့ နေရာကို ကြိုတင်လေ့လာထားရမယ် ဆိုတာ သိလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် နှစ်သစ်ကို ကြိုရတာ ကောင်းကောင်းမမြင်တွေ့ရပေမဲ့ ပျော်စရာတော့ အကောင်းသား။ (မီးပန်းဖေါက်တဲ့ ဓါတ်ပုံတွေ ပို့ပေးလာတဲ့ ကိုညီညီလွင်ကို ကျေးဇူးတင်ပါတယ်။)



နှစ်သစ်အမှတ်တရ
နှစ်သစ်ကို ရောက်တိုင်း ကျွန်မတို့ အိမ်ထောင်သက်တမ်း တနှစ်တိုးတဲ့အတွက် နှစ်စဉ်နှစ်တိုင်း အမှတ်တရအဖြစ် ရှိနေပါတယ်။ ၁၉၉၆ က ဒီနေ့မှာ တောတွင်းတနေရာ၌ ကျွန်မတို့ နှစ်ယောက် ကိုယ်တိုင်ဆောက်ထားတဲ့ အိမ်မှာ ကိုယ်တိုင် လက်နဲ့ချုပ်ထားတဲ့ အ၀တ်အစားကို ၀တ်ပြီး နှစ်ဘက် မိဘဆွေမျိုးမရှိဘဲ အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ရှေ့မှာ လက်မှတ်ထိုးပြီး ကျွေးမွေးဧည့်ခံကာ မင်္ဂလာဆောင်ခဲ့ပါတယ်။ ဒီနေ့မှာ ကျွန်မတို့ နှစ်ယောက် အိမ်ထောင်သက်တမ်းဟာ ၁၄ နှစ် တိတိပြည့်ပါပြီ။ ဒါကြောင့် နှစ်သစ်ကူးတိုင်း ကျွန်မတို့ မိသားစုအတွက် အမြဲတမ်း အမှတ်တရ ကျန်နေပါတယ်။ အပေါ်က ပုံက လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီး တရားသူကြီးဆီမှ လက်ထပ်စာချုပ်ကို လက်ခံယူနေပုံ ဖြစ်ပါတယ်။ အောက်က အိမ်လေးက ကျွန်မတို့နှစ်ယောက် နှစ်ဦးသဘောတူ လက်ထပ်ခွင့် စာတင်ပြီးနောက် ရုံးကလက်ထပ်ခွင့် ရတဲ့အချိန်မှာ သူ့ဘက်က မိတ်ဆွေတွေ အကူအညီနဲ့ ကိုယ်တိုင် သစ်ခုတ်ဝါးခုတ်၊ အင်ဖက်ကောက်ပြီး ဆောက်ထားတဲ့ အိမ်လေးဖြစ်တယ်။ နှစ်သစ်ကူးတိုင်း ကိုယ်တိုင် ဆောက်ထားတဲ့ အိမ်လေးမှာ မင်္ဂလာဆောင်ခဲ့တာကို အမှတ်တရအဖြစ် အမြဲသတိရနေပါတယ်။ ကျွန်မတို့ နှစ်ယောက် မင်္ဂလာဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး တော်လှန်ရေးနဲ့ အိမ်ထောင်ရေး နိဂုံးပိုင်း မှာလည်း တင်ထားတာ ရှိပါတယ်။

မင်္ဂလာဆောင်ဖို့နေ့ကို ရွေးခဲ့တုန်းက နှစ်သစ်ကူးတိုင်း အိမ်ထောင်သည်ဘ၀ကို စခဲ့တာကို အမြဲသတိရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီနေ့ကို ရွေးခဲ့ပါတယ်။ ကျွန်မတို့ မင်္ဂလာဆောင်ခဲ့တဲ့ နေ့ဟာ တနင်္ဂနွေနေ့လည်း ဖြစ်ခဲ့တော့ တကယ်ဆို အဲဒီလိုနေ့မှာ ပုံမှန်အတိုင်းဆို ရုံးပိတ်ရက် ဖြစ်သင့်ပြီး အားလုံး အနားယူရမယ့်ရက် ဖြစ်သင့်ပါတယ်။ သို့သော်လည်း အဲဒီတုန်းက နှစ်သစ်ကူးနေ့နဲ့ တနင်္ဂနွေနေ့တိုက်နေတာတောင်မှ မနားပဲ ကျွန်မတို့ ရွေးတဲ့နေ့ကို လက်ခံပြီး အခမ်းအနားလုပ်ပေးခဲ့တဲ့ ရုံးအဖွဲ့နဲ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေကိုလည်း အခုမှ ပြန်တွေးပြီး ကျေးဇူးတင်နေမိတယ်။ နောက်နှစ် ဒီလိုအချိန်ကျရင်တော့ အသက်ရှိထင်ရှား ရှိသေးသူတွေရော မရှိတော့တဲ့သူတွေပါ ပါဝင်တဲ့ အဲဒီတုန်းက အကူအညီပေးခဲ့တဲ့ သူတွေပုံပါ ထည့်သွင်းဖေါ်ပြပြီး ကြေးရတုအစီစဉ် ပို့စ်လေးတခု သီးသန့်တင်ဖို့ စီစဉ်ထားပါတယ်။

နှစ်သစ်မှာ အားလုံး ပျော်ရွှင်ပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ။



18 comments:

  1. မင်္ဂလာဦးက တကယ့်အမှတ်တရပဲနော်..
    ကိုယ်တိုင်ချုပ်တဲ့ အဝတ်အစား၊ ကိုယ်တိုင်ခုတ်တဲ့သစ်နဲ့ ကိုယ်တိုင်ဆောက်တဲ့အိမ်

    ReplyDelete
  2. ဖြိုးအောင်January 2, 2010 at 7:39 AM

    အမတို့ မဂ္လလာဦးက သိပ်ကို ရိုမန်းတစ်တာပဲဗျ။
    အိမ်လေးက ချစ်စရာလေး။
    စိတ်ချ..အမတို့ လင်မယားသေတပန်သက်တဆုံး ပေါင်းဖက်ကြရမှာ။
    မိဝေးဖဝေးမှာ ကိုယ့်လမ်းကို ကိုယ်ဖောက်ခဲ့ ကြတာ ဘယ်တော့မှ မေ့ပြစ်လို့ မရမဲ့ အတိတ်တွေလေ။
    ပိုက်ဆံ သန်းချီကုန်တဲ့ မဂ္လလာဆောင်တောင် ဒီလောက်
    ကြည်နူးဆွတ်ပျံ့ စရာကောင်းပါ့မလားတွေးမိတယ်။
    ဒါနဲ့ အမတို့ မဂ္လလာဆောင်တုန်းက လဆန်းရက်လား
    ဒါဆို ဘေးနားက တောင်တောင်ရှူ့ခင်း သဘာဝအလှ
    တွေနဲ့ လကြီးကရွှန်းရွန်းမြမြ သာလို့ ....
    ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားတဲ့ ချစ်စရာအိမ်လေးကလဲ အသစ်ချပ်ချွတ်ဆိုတော့
    သစ်နံ့ ၀ါးနံ့လေးတွေ သင်းလို့...
    အမနဲ့ အကိုတို့ရဲ့ ဖြူစင်တဲ့ ချစ်ခြင်းတွေနဲ့ ထုံမွှမ်းထားတဲ့ အဲ့ဒီ မဂ္လလာဦးလေး.......
    .....
    အမရေ...အမတို့ ကျနော်တို့ အားလုံးအတွက်..ပျော်ရွှင်အောင်မြင်ခြင်းများ သယ်ဆောင်လာမဲ့ ၂၀၁၀ ဖြစ်ပါစေဗျား

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. မငယ်နိုင်ရေ မင်္ဂလာနှစ်သစ်ရဲ့ အစ ဖြစ်ပါစေ....
    မင်္ဂဆောင်ပုံတွေ ကြည့်သွားတယ်ဗျ.... မင်္ဂလာ သက်တမ်း ၁၄နှစ်မှသည် နှစ်၁၄၀ တိုင်ပါစေဗျာ...

    ReplyDelete
  5. တကယ့်ကို အမှတ်တရ နှစ်သစ်ပါပဲလား။
    ကြည်နူးစရာကောင်းလိုက်တာ။
    မငယ်နိုင်က သနပ်ခါးပါးကွက်လေးနဲ့ မြန်မာဆန်ဆန် ယဉ်စစလေး။
    ကိုယ်တိုင်ဆောက်တဲ့ အိမ်ကလေးကလဲ ချစ်စရာလေး။
    အဲဒီလိုထူထောင်ခဲ့တဲ့ ဘ၀ကလေး အမြဲငြိမ်းချမ်းသာယာ ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ... ။

    ReplyDelete
  6. ချစ်ခြင်းမေတ္တာလေးနဲ့ ဘ၀နှစ်ခုပေါင်းစပ်ခဲ့တဲ့ မင်္ဂလာနှင့်အတူ နှစ်သစ်ရဲ့မင်္ဂလာ ထပ်ပေါင်းစပ်လိုက်တော့ ပိုမိုလှပသွားပါတယ်။ နောင်လာမယ့် နှစ်ပေါင်းများစွာမှာ လှပသော မမငယ်နိုင်တို့ မိသားစုအိမ်ကလေး အမြဲ အေးချမ်းပျော်ရွှင်ချမ်းမြေ့ပါစေရှင် :)

    ReplyDelete
  7. ဆစ်ဒနီက နှစ်သစ်ကြိုဆိုတာက ဒီကထက် ပိုလှတယ် မရေ
    တီဗီကနေ ကြည့်လိုက်ရတား) အိမ်ထောင်ရေးလည်း ဒီ့ထက်မက ခိုင်မြဲပြီး နောက်နှစ်တွေမှာလည်း အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

    ReplyDelete
  8. နှစ်သစ်မှာပျော်ရွှင်ပါစေ

    ReplyDelete
  9. မငယ်နိုင်
    မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေရှင်.။
    ငြိမ်းချမ်းပျော်ရွှင်ဖွယ်ရာ ကောင်းသော မိသားစုလေးကိုထာဝရ ပိုင်ဆိုင်ခွင့် ရရပါစေလို့ ၂၀၁၀နှစ်သစ်မှာ
    ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်.

    ReplyDelete
  10. မင်္ဂလာ နှစ်သစ်လဲ ဖြစ်ပါစေ
    မင်္ဂလာသက်တမ်းလဲ ရာသက်ပန်ခိုင်မြဲပါစေ မငယ်နိုင်

    ReplyDelete
  11. Happy New Year and Happy Anniversary!!!

    ReplyDelete
  12. မငယ်ရေ ....နှစ်သစ်နဲ့အတူ ကျန်းမာ ပျော်ရွှင်ပါစေ :D

    ReplyDelete
  13. နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ
    တွဲလက်တွေလည်း ထာဝရ တည်မြဲပါစေနော်

    ReplyDelete
  14. ကျွန်မတို့ရဲ့ အိမ်ထောင်သည်ဘ၀ကို နှစ်သစ်နဲ့အတူ စခဲ့တယ်ဆိုတော့ နှစ်သစ်အတွက် (သို) မိသားစုဘ၀အတွက် ဒါမှမဟုတ် နှစ်ခုစလုံးအတွက် ဆုတောင်း ပေးသွားသူအားလုံးကို ကျေးဇူးတင်ပါတယ်။ နှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ပြီး မိမိတို့လိုရာဆန္ဒများ အောင်မြင်ကြပါစေ။

    ReplyDelete
  15. အစ်မငယ်နိုင်တို့ မိသားစု ဒီ ၂၀၁၀ မင်္ဂလာနှစ်သစ် (သို့) ၁၄နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကနေ နောင်နှစ်ပေါင်းများစွာကို ပျော်ရွှင်ချမ်းမြေ့မှုတွေနဲ့ လျှောက်လှမ်းနိုင်ပါစေး)

    မွေးနေ့ဆုတောင်းအတွက်လည်း အထူးကျေးဇူးတင်ပါတယ် အစ်မး)

    ReplyDelete
  16. အမရေ စာလေးဖတ်သွားတယ် နှစ်ကူးမှာစ၍ အမတို့ အိမ်ထောင်လေး ဆထက်တိုးပြီး ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ ဘ၀ရဲ့ အမှတ်တရနေ့လေးတခုကို ဒီလို နေ့မျိုးမှာ ဖြစ်ရတာ ပျော်ရွှင်စရာပါ အစစအရာရာ အောင်မြင်ပါစေ


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  17. မငယ်တို့ မင်္ဂလာဦးအိမ်လေးကို မြင်ဖူးသွားပြီ

    ReplyDelete
  18. အခုမှ ဖတ်မိလို့ပါဗျ...

    မငယ်နဲ့ ကိုကျော်နိုင်တို့ ၁၄ နှစ်မြောက် မင်္ဂလာနေ့မှသည် အောင်မြင် ငြိမ်းချမ်းတဲ့ မိသားစုဘဝလေးကို အသက်ထက်ဆုံး ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုမွန်ကောင်းများ တောင်းအပ်ပါတယ် ခင်ဗျား...

    ခင်မင်လေးစားလျှက်
းဝ) ကိုလူထွေး

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။