Pages

သြစကြေးလျားနေ့နှင့် သြစကြေးလျား လူ့အဖွဲ့အစည်း


တကယ်တော့ သြစကြေးလျားနေ့ ဆိုတာဟာ ဥရောပက လာရောက် အခြေစိုက်နေထိုင်ကြတဲ့ လူဖြူတွေအတွက် အောင်ပွဲခံတဲ့နေ့သာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ သောင်းကျော်ကတောင် ဒီမြေပေါ်မှာ လာရောက်နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားတွေအတွက် ဘ၀ပျက်ဖို့ စတဲ့နေ့လို့ ပြောရင်မမှားပါဘူး။ သို့သော်လည်း ယနေ့ခေတ်သစ် သြစကြေးလျားရဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ မတူကွဲပြားတဲ့ သူတွေအချင်းချင်း အပြန်အလှန် နားလည်မှု၊ သဟဇာတ ဖြစ်မှုကား ကမ္ဘာပေါ်မှာ စံတင်လောက်အောင် ထင်ရှားပါတယ်။ အင်မတန်မှ ရုပ်ဆိုးအကျည်းတန်လှတဲ့ သမိုင်းဖြစ်ရပ်တခုကို ဖြစ်ပေါ်စေခဲ့တဲ့ ဒီလိုနိုင်ငံမှာ ဒီလို နေချင့်စဖွယ် လူ့အဖွဲ့အစည်းတခုကို ဖြစ်လာစေနိုင်ခဲ့တာဟာလည်း အင်မတန်မှ အားကျဂုဏ်ယူစရာ ဖြစ်ပါတယ်။ ဗြိတိသျှအကျဉ်းသားတွေရဲ့ ချွေးနဲ့ ရှေးဟောင်း ဌာနေတိုင်းရင်းသားတွေရဲ့ မျက်ရည်တွေ ပေါင်းစပ်ကာ ဖြစ်တည်လာတဲ့ ဒီနိုင်ငံ ဒီမြို့မှာ လူ့ဂုဏ်သိက္ခနဲ့အညီ ခေတ္တလာရောက် နေထိုင်ခွင့်ရတဲ့ ကျွန်မအနေဖြင့် သြစကြေးလျားကို စတင် နေရာယူခဲ့တဲ့ သင်္ဘော Captain James Cook နှင့်အဖွဲ့၊ စတင်အခြေချရာမှာ ဦးဆောင်ခဲ့တဲ့ သဘောင်္ Captain Arthur Phillips နှင့်အဖွဲ့၊ သားသမီးများ လုယက်ခံရလို့ သောကပရိဒေ၀အပူမီးနဲ့ မျက်ရည်အသွယ်သွယ် ကျခဲ့ရတဲ့ ရှေးဟောင်း ဌာနေတိုင်းရင်းသားများ၊ ဘ၀တွေရင်းပြီး သြစကြေးလျားကို ထူထောင်ခဲ့ကြတဲ့ ရှေးဟောင်း ဗြိတိသျှအကျဉ်းသားများ ကောင်းရာသုဂတိ လားကြပါစေလို့ ဆုတောင်းရင်း သွားလေသူများကို ဒီပို့စ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်။ (အထက်ပါ ပုံက ပတမဦးဆုံး သြစကြေးလျား ကို စတင် အခြေချ ပြီး သြစကြေးလျားနိုင်ငံရဲ့ ပထဦးဆုံးမြို့ဖြစ်တဲ့ ဆစ်ဒနီမြို့ကို ထူထောင်သူ Captain Arthur Phillip ဖြစ်ပြီး (ပုံကို ဤနေရာမှ ယူသည်)


သြစကြးလျားကို တွေ့ရှိသည့် သမိုင်းနောက်ခံအကျဉ်း

ကမ္ဘာပေါ်မှာ တိုက်ကြီးခုနှစ်တိုက်အနက် တခုဖြစ်သည့် သြစကြေလျတိုက်ဟာ နောက်ဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ တိုက်ဖြစ်ပြီး ဌာနေတိုင်းရင်းသားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးသောင်းကျော်ခန့်ကစပြီး အာရှဒေသမှ ရွှေ့ပြောင်းလာရောက်နေထိုင်ခဲ့ပါတယ်။ သြစတြေးလျား မြေပေါ်မှာ ဌာနေတိုင်းရင်းသားတွေက မျိုးဆက်ပေါင်း ၁၆၀၀၀ ခန့် မွေးဖွား၊ ကြီးပြင်း၊ သေဆုံးခဲ့ပြီးတဲ့နောက် ၁၈ ရာစုမှာမှ ပြင်ပကမ္ဘာက လူတွေက သြစကြေးလျတိုက်ကို စတင်သတိထားမိခဲ့ပါတယ်။ အမေရိကတိုက်ဘက်ကနေ ဖစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး အာရှဘက်ကို အသွားမှာ တောင်ဝင်ရိုးစွန်းနဲ့ ပိုမိုနီးကပ်တဲ့ နေရာမှာ ကုန်းမြေလိုလို ခပ်ရေးရေး တွေ့ရတယ်ဆိုပြီး နယူးဇီလန်နှင့် သြစတြေးလျားရဲ့ အရှေ့ခြမ်းကို ဒတ်ခ်ျနဲ့ ပေါ်တူဂီ သဘောင်္သားများက စတင်သတိထားမိတယ်လို့ Consised History of Australia စာအုပ်မှာ ရေးသားဖေါ်ပြထားတာကို လေ့လာ သိရှိရပါတယ်။ ဥရောပမှ နယ်မြေသစ် ရှာဖွေသူတွေဟာ အာရှတိုက်ရဲ့ တောင်ဘက် ဒီကမ္ဘာကြီးရဲ့ တနေရာမှာ ကုန်းမြေတခု ရှိနေနိုင်သေးတယ်ဆိုတာကို သိလိုက်ရသည်နှင့် တပြိုင်နက် စိတ်ဝင်တစား ရှိလာကာ ပေါ်တူဂီ၊ စပိန်၊ ဒတ်ခ်ျ၊ ပြင်သစ်၊ ဗြိတိသျှတို့က အပြိုင်အဆိုင် ရှာဖွေခဲ့ရကနေ ဗြိတိသျှတွေက လက်ဦးမှု ရယူနိုင်ခဲ့ပါတယ်။


ဗြိတိသျှ သဘောင်္ Captain James Cook ဦးဆောင်သော သဘောင်္က မြောက်ပိုင်း အင်ဒိုနီးရှား၊ နယူးဂီးနီးယား အနီး သြစကြေးလျားရဲ့ အရှေ့မြောက်ဘက် အငူ Cape York ကို စတင်တွေ့ရှိပြီး စုန်ဆင်းလာရာကနေ နယူးဆောက်ဝေးကို တွေ့ရှိခဲ့ပါတယ်။ ၁၇၇၀ ခု၊ သြဂုတ်လမှာ Possession Island ၌ ကမ်းကပ်ပြီး ဗြိတိသျှအလံတော်ကို စိုက်ထူကာ သြစကြေးလျားကို ဗြိတိသျှတွေရဲ့ ပိုင်နက်အဖြစ် ကြေညာလိုက်သည်မှ စ၍ သြစကြေးလျားဟာ ဗြိတိသျှပိုင်နက် ဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ တစမေးနီးယားနှင့် နယူးဇီလန်ကိုပါ ဆက်လက်တွေ့ရှိခဲ့ပါတယ် (နယူးဇီလန်နိုင်ငံက တချိန်က သီးခြားနိုင်ငံမဟုတ်ပဲ နယူးဆောက်ဝေးပြည်နယ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်ခဲ့ပါတယ်)။ Australia ကို Captain Cook က ၁၇၇၀ မှာ တွေ့ရှိခဲ့သော်လည်း အခြေချခြင်းကို ၁၇၈၈ ခု ဇန်န၀ါရီလ (၂၆) ရက်နေ့မှာမှ စတင်ခဲ့ပါတယ်။ Captain Arthur Phillips က အကျဉ်းသားတွေနဲ့အတူ ရောက်လာပြီး ယ္ခုဆစ်ဒနီမြို့ရဲ့ တနေရာ Botany Bay မှာ ဗြိတိသျှအလံတော်ကို စိုက်ထူပြီး ဆစ်ဒနီမြို့ကို အကျဉ်းသားတွေနဲ့ စတင် ထူထောင်ခဲ့ပါတယ်။ သြစကြေးလျားကို စတင်ထူထောင်ခဲ့တဲ့ ဇန်န၀ါရီလ (၂၆) ရက်နေ့ကို နယူးဆောက်ဝေးပြည်နယ်မှာ ၁၈၀၄ ခုနှစ်ကစပြီး၊ တနိုင်ငံလုံးအတိုင်းအတာနှင့် ၁၈၈၈ ခုနှစ်ကစပြီး Foundatin day အဖြစ် စတင်ကျင်းပလာရာကနေ နောင်တွင် သြစကြေးလျားနေ့အဖြစ် သတ်မှတ်ခေါ်ဝေါ် ကျင်းပခဲ့ပါတယ်။ သြစကြေးလျားဟာ ၁၉၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့ နှစ်ဆယ်ရာစုကို စသည့်နေ့ကစပြီး အချုပ်အခြာအာဏာကို ဗြိတိသျှအင်ပါယာက ခွဲထွက်ပြီး ကိုယ်ပိုင်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ရပ်တည်ကာ ဗြိတိသျှ ကိုလိုနီ မဟုတ်တော့ဘဲ ဘုရင်မကြီးကို သစ္စာခံသော ဗြိတိသျှ ဓနသဟာရနိုင်ငံ တခုသာ ဖြစ်လာခဲ့ပါတယ်။ (အထက်ပါပုံက သြစကြေးလျားကို တွေ့ရှိပြီး ကမ်းကပ်ကာ ဗြိတိသျှ အလံကို စတင်လွှင့်ထူသူ Captain James Cook ပုံဖြစ်ပြီး (ပုံကို ဤနေရာမှ ယူသည်)

ရှေးဟောင်း သြစကြေးလျား လူ့အဖွဲ့အစည်း

ဗြိတိသျှတို့ သြစကြေးလျားမှာ စတင်အခြေချတဲ့အချိန်မှာ နဂိုကတည်းက ရှိနေသော ဌာနေ တိုင်းရင်းသားတွေရဲ့ နှောင့်ယှက်မှုကို ခံရသလို ဗြိတိသျှတွေပေးတဲ့ ဒုက္ခကိုလည်း ဌာနေတိုင်းရင်းသားတွေက သမိုင်းတင်လောက်အောင် နှစ်ရာချီပြီး ခံခဲ့ရပါတယ်။ ဌာနေတိုင်းရင်းသားတွေရဲ့ ပုံပန်းသဏ္ဍန်နှင့် လူနေမှုပုံစံက ကမ္ဘာ့တခြားဒေသက လူတွေနဲ့ လုံးဝမတူဘဲ အတည်တကျ မြို့ရွာတည်ဆောက်ပြီး သတ်သတ်မှတ်မှတ် နေထိုင်ခြင်းမရှိဘဲ ရှေးဟောင်းလူသားတွေကဲ့သို့ပင် ဂူအောင်းနေထိုင်ကြပြီး ရာသီဥတုအပေါ် မူတည်ပြီး တနေရာနဲ့ တနေရာ ရွှေ့ပြောင်းနေထိုင် လျက်ရှိကြရာ အင်္ဂလိပ်တွေက ၎င်းတို့ကို လူသားတွေအနေနှင့် တန်းတူရည်တူ ဆက်ခံခဲ့ခြင်းမရှိပဲ လူရိုင်းတွေ အဖြစ်ပဲ သဘောထားခဲ့ပါတယ်။ ဌာနေတိုင်းရင်းသားတွေ အနေနဲ့လည်း ၎င်းတို့နှင့် ပုံပန်းသဏ္ဍန် လုံးဝကွဲပြားခြားနားတဲ့ သတ္တ၀ါတွေ အုပ်လိုက်အသင်းလိုက် ၎င်းတို့ ကျင်လည် ကျက်စားတဲ့ နယ်မြေမှာ ရောက်ရှိလာခြင်းအပေါ် အန္တရယ်အဖြစ် သဘောထားကာ တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ ညဘက် ရုတ်တရက် ရှောင်တခင် ၀င်ရောက်ကာ ဒုက္ခပေးခြင်း၊ အင်္ဂလိပ်တွေ ဆောက်လုပ်နေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးခြံတွေလာရောက် ဖျက်ဆီးခြင်း သိုးတွေကို ဖမ်းယူစားသောက်ခြင်းတွေကို ဌာနေတိုင်းရင်းသားတွေက ပြုလုပ်သလို အင်္ဂလိပ်တွေကလည်း လိုက်လံသတ်ဖြတ်တာတွေ ရှိခဲ့ပါတယ်။ အသစ်ရောက်လာသူ လူဖြူတွေနဲ့ ဌာနေတိုင်းရင်းသားတွေအကြား တင်းမာမှုတွေ အဆက်မပြတ် ဖြစ်ခဲ့ပါတယ်။

နယူးဆောက်ဝေးသ်မှ ပထမဦးဆုံး ရှာဖွေ တွေ့ရှိသော ရွှေ (သြစကြေးလျား Museum ထဲမှ ဓါတ်ပုံရိုက်ထားသည်)ကမ္ဘာ့ တခြားနိုင်ငံတွေကို အင်္ဂလိပ်တွေ ကိုလိုနီပြုတာ လက်နက်အင်အား၊ လူအင်အားတွေနဲ့ အသက်နှင့်ရင်းပြီး နယ်မြေတွေကို သိမ်းပိုက်ပြီးမှ ရခဲ့ပေမဲ့ အင်္ဂလိပ်တွေအတွက် သြစကြေးလျားကို ရရှိခြင်းဟာ အဖိုးထိုက်တန်တဲ့ ဘူမိနက်သန် နယ်မြေကို ဘာအရင်းအနှီးမှ ပေးစရာမလိုပဲ အချောင်ရလိုက်ပါတယ်။ နောက်ပိုင်းမှာ အင်္ဂလန်က အကျဉ်းသားတွေကို လျှော့ရက်ပေးမယ်လို့ ပြောပြီး သြစတြေးလျားကို ခေါ်ယူလာကာ မြို့တော်တည်ဆောက်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ တခြား ကျောက်မီးသွေးနဲ့ သတ္တုတူးဖေါ်ခြင်း လုပ်ငန်းတွေမှာ ခိုင်းစေပြီး အသုံးပြုခဲ့ပါတယ်။ သြစကြေးလျားမှာ ရွှေကို စတင်ရှာဖွေတွေ့ပြီး နောက်ပိုင်းမှာတော့ အင်္ဂလန်မှာ ရှိနေတဲ့ အကျဉ်းသားတွေ ကိုယ်တိုင်ကလည်း သြစကြေးလျားကို သွားပြီး လျှော့ရက်နဲ့ စောစီးစွာ အကျဉ်းသား သက်တမ်းကုန်လျင် ရွှေတွင်းတွေမှာ အလုပ်လုပ်ကာ အင်္ဂလန်က မိသားစုကို ပြန်ထောက်ပံ့ဖို့ စိတ်ကူးယဉ်ပြီး မိမိတို့ဆန္ဒအလျှောက် ၎င်းတို့ကို သြစကြေးလျား ပို့ပေးဖို့ တောင်းဆိုလာသူတွေတောင် ရှိလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အကျဉ်းသားတွေသာမက သာမာန် အရပ်သားတွေလည်း သြစကြေးလျားမှာ ပြောင်းရွှေ့ လာရောက် အလုပ်လုပ်ကာ နေထိုင်လာသူများ များပြားလာခဲ့ပါတယ်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ် ပြီးကာလတွေမှာလည်း အင်္ဂလိပ်မဟုတ်တဲ့ ဥရောပ နိုင်ငံအသီးသီးက အလုပ်လက်မဲ့ အတော်များများ သြစကြးလျားမှာ လာရောက်အလုပ်လုပ်ပြီး အခြေချ နေထိုင်လာခဲ့လို့ သြစကြေးလျားဟာ တစထက်တစ လူဦးရေ တိုးပွားလာခဲ့ပါတယ်။ ပြီးနောက် သြစကြးလျားဟာ အင်္ဂလန်အတွက် ရွှေ၊ ငွေ၊ စိန်၊ Opal နဲ့ တခြားတွင်းထွက် ကျောက်မျက်ရတနာများ၊ ကျောက်မီးသွေးနှင့် သိုးမွေးများ၊ ကောက်ပဲသီးနှံနဲ့ တခြားစိုက်ပျိုးရေး ထွက်ကုန်များ ထွက်ရှိရာ အဓိကနေရာ ဖြစ်လာခဲ့ပါတယ်။ သြစကြေးလျားကို ကိုလိုနီပြုပြီး ၂၀ ရာစု အလယ်ခန့်အထိ ၄င်းတို့ဆီမှာ အခြေချဖို့ ဥရောပက လူဖြူတွေကိုသာ လက်ခံခဲ့တာကြောင့် သြစကြေးလျားရဲ့ အစောပိုင်း လူ့အဖွ့အစည်းဟာ ကမ္ဘာပေါ်က တခြားလူမျိုးတွေအတွက် နေရာမရှိဘဲ လူဖြူတွေအတွက်သာ ဖြစ်ခဲ့ပါတယ်။

Stolen Generations

အမှန်ကတော့ သြစကြေးလျား ဌာနေတိုင်းရင်းသား ကလေးတွေကို လူဖြူတွေက ခိုးယူသွားခြင်းမဟုတ် မိဘတွေဆီက အတင်းအဓမ္မ ၀င်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းသာ ဖြစ်လို့ Stolen Generation လို့ ပြောမည့်အစား Robbed Generation လို့ ပြောရင်ပိုမှန်လိမ့်မယ်။ သြစကြေးလျားမှာ လူဖြူတွေ များပြားလာလေ ဌာနေတိုင်းရင်းသားတို့က အဝေးကို ပြောင်းပြေးရပြီး စားကျက်ရှားလာလေ ဖြစ်လာခဲ့ပါတယ်။ နဂိုက သြစကြေးလျား ရာသီဥတုဒဏ်၊ အကောင်ကြီးလှတဲ့ မတ်၊ ခြင်၊ ယင်တွေရဲ့ဒဏ် ကို ခံနိုင်ရည်ရှိပြီး ရောဂါအဖြစ်ခဲလှတဲ့ ဌာနေတိုင်းရင်းသားတွေမှာ လူဖြူတွေ ရောက်လာပြီးနောက်ပိုင်း လူဖြူတွေဆီက ရောဂါကူးစက်ပြီး ကျန်းမာရေး ချို့တဲ့လာတာတွေ ဖြစ်လာခဲ့ပါတယ်။ ဌာနေ တိုင်းရင်းသားတွေနဲ့ လူဖြူတွေအကြား တင်းမာမှု တောက်လျှောက် ဆက်ဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာ အင်္ဂလိပ်တွေဟာ ဌာနေတိုင်းရင်းသား လူကြီးတွေကို ၎င်းတို့စည်းရုံးလို့ ဘယ်လိုမှ မဖြစ်နိုင်ဆိုတာ သိပြီး စည်းရုံးဖို့ မကြိုးစားခဲ့ပဲ ဌာနေတိုင်းရင်းသားတွေရဲ့ စခန်းတွေကို ၀င်ရောက်တိုက်ခိုက်ကာ ကလေးတွေကို လုယူပြီး ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မွေးစားချင်သူများအား ပေးခြင်းကို ၁၈၆၉ မှ ၁၉၆၉ အထိ နှစ်ပေါင်း ၁၀၀ ခန့်ပြုလုပ်ခဲ့ပါတယ်။ ဒီနည်းနဲ့ သြစကြေးလျား သမိုင်းမှာ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရတဲ့ Stolen Generation လို့ အမည်တင်တဲ့ အမဲစက်တခုကို သြစကြေးလျား လူဖြူတွေ ကျူးလွန်ခဲ့ပါတယ်။

Stolen Generation ကြောင့် ဌာနေတိုင်းရင်းသားတွေရဲ့ မိဘနဲ့ သားသမီးကြား အဆက်အသွယ် လုံးဝ ပြတ်သွားပြီး ဌာနေတိုင်းရင်းသားတွေရဲ့ ဘာသားစကားတွေအားလုံးနဲ့ ပါးစပ်နဲ့သယ်ဆောင်လာတဲ့ ၎င်းတို့ရဲ့ ရှေင်းဟောင်းသမိုင်းဟာလည်း ပျက်စီးခဲ့ရပါတယ်။ Stolen Generation မှာ ပါသွားတဲ့ ကလေး ကြီးကြီးတချို့က ၎င်းတို့ကြီးလာတဲ့အချိန်မှာ ဒီအဖြစ်အပျက်တွေကို မှတ်မိနေပြီး သူတို့ရဲ့ ဘ၀နဲ့ ခံစားမှုကို ပြန်ရေးထားတဲ့ စာတွကို ဖတ်မိသူတိုင်း ယူကျုံးမရ ၀မ်းနည်းပက်လက် ခံစားရပါတယ်။ နောက်ပိုင်း Stolen Generation က တချို့က သူတို့မိဘအရင်းတွေနဲ့ ပြန်တွေ့တဲ့အချိန်မှာ မှတ်မိနေပြီး ကွဲကွာနေတဲ့အချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို ပြန်ရေးသူတွေလည်း ရှိကြတော့ သူတို့စာတွေကို ဖတ်ရတဲ့သူတိုင်း လူဖြူတွေရဲ့ လူမဆန်မှုစွာ ရက်စက်မှုကို ရွံရှာခဲ့ပါတယ်။ စာဖတ်သူဟာ လူဖြူတွေ ကိုယ်တိုင်ဖြစ်ပါက ၎င်းတို့မျိုဆက်ဟောင်းအတွက် အကြီးအကျယ် အရှက်ရစေပြီး ၎င်းတို့မျိုးဆက်ဟောင်းတွေ ကျူးလွန်ထားတဲ့ လုပ်ရပ်တွေအတွက် ဌာနေတိုင်းရင်းသားတွေကို တခုခု ပြန်ပေးဆပ်ဖို့ကို စဉ်းစားလာကြပါတယ်။ နောက်မျိုးဆက် လူဖြူတွေက ဒီအမဲစက်ကို ဖျက်နိုင်ဖို့ အစိုးရကို ဖိအားပေးပြီး မှားခဲ့တဲ့ အမှားတွေကို နိုင်ငံတော် အခမ်းအနားတခုအနေနဲ့ တောင်းပန်ဖို့ ဖိအားပေးခဲ့ပေမဲ့ အစိုးရအဆက်ဆက်ဟာ တောင်းပန်စကား လုံးဝမဆိုခဲ့ဘဲ ဒီအဖြစ်အပျက်အပေါ် စိတ်မကောင်းတဲ့ အကြောင်းသာ ပြောလာခဲ့ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ ၂၀၀၈ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲသက်တမ်း သုံးကြိမ်ဆက်တိုက် အနိုင်ရထားတဲ့ Liberal Party ရဲ့ အာဏာကို အဆုံးသတ်ပြီး Labour Party မှ အနိုင်ရတဲ့အခါမှာ တောင်းပန်ခဲ့ပါတယ်။ ၀န်ကြီးချုပ် Kevin Rudd က ၎င်းတို့ မျိုးဆက်ဟောင်းတွေရဲ့ လူမဆန်တဲ့၊ သိက္ခာကင်းမဲ့လှတဲ့ လူ့ဂုဏ်သိက္ခာနဲ့ လုံးဝမကိုက်ညီတဲ့ လုပ်ရပ်တွေအတွက် လူဖြူမျိုးနွယ်တခုလုံးကို ကိုယ်စားပြုပြီး ဌာနေတိုင်းရင်းသားတွေကို တောင်းပန်ခဲ့လို့ လူဖြူတွေသာမက သြစကြေးလျားမှာ လာရောက် မှီတင်းနေထိုင်ကြတဲ့ တခြားလူမျိုးတွေအတွက်ပါ ပီတိဖြစ်ခဲ့ရပါတယ်။

ခေတ်သစ် သြစကြေးလျား လူ့အဖွဲ့အစည်း

ဆိုခဲ့ပြီးသည့်အတိုင်း သြစကြေးလျားဟာ ရွှေ့ပြောင်းလာသူများဖြင့် တည်ဆောက်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အစဦးပိုင်းတွင် လူဖြူတွေကိုသာ လက်ခံခြင်း၊ ဌာနေတိုင်းရင်းသားတွေကို မျိုးဆက်ပြတ်အောင် ပြုလုပ်ခြင်းတို့ကြောင့် ယနေ့ခေတ် သြစကြေးလျားမှာ နေထိုင်ကြသော လူမျိုးနွယ်များအနက် ဥရောမှ လာသော လူဖြူကော့ကေးရှန်း အနွယ်ဝင်များမှာ အများစုဖြစ်ပြီး အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိက စတဲ့ တခြားကမ္ဘာမှ လူမျိုးပေါင်းစုံကို အနည်းစုအဖြစ် တွေ့ရပါတယ်။ သို့သော်လည်း ယနေ့ခေတ် သြစတြေးလျားမှာ တကမ္ဘာလုံးမှာ ရှိတဲ့ ယဉ်ကျေးမှုပေါင်းစုံကို တွေ့ရှိရပါတယ်။ ရွှေ့ပြောင်းလာရောက် နေထိုင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ သြစကြေးလျား နိုင်ငံမှာ မှီတင်းနေထိုင်ကြသူများဟာ လူမျိုးစု တခုနှင့်တခုကြား မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း နောက်ခံသမိုင်းကြောင်း မတူကြသော်လည်း နေချင့်စဖွယ် လူ့အဖွဲ့အစည်းတခုကို သဟဇာတ ရှိအောင် ဖန်တီးပြီး နေထိုင်လျက်ရှိပါတယ်။ မကူကွဲပြားတဲ့ လူအနည်းစုများအတွက် သင့်လျော်သော အထောက်အကူများကို ဆောင်ရွက်ပေးထားပါတယ်။

မတူကွဲပြားတဲ့သူတွေ လူမျိုး၊ အဆင့်အတန်း၊ အသားအရောင်၊ ဘာသာအယူဝါဒ၊ ဖိုမ ခွဲခြားခြင်း မရှိဘဲ သဟဇာတရှိရှိ နေထိုင်နိုင်ခြင်းရဲ့ အကြောင်းမှာ နိုင်ငံရေးမှာ ပါတီစုံ ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး နိုင်ငံတော်ကို ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအဖြစ် ဖွဲ့စည်းထားသောကြောင့် ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်အရ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ အစိုးရသာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ယူပိုင်ခွင့်ရှိပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ ထုံးစံအတိုင်း အချုပ်အခြအာဏာ ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေး အာဏာ ဒီအာဏာကြီးသုံးခုကို တာဝန်ယူသူများဟာ ကြိဂံဖိုခနောင့် အသွင်ရှိပြီး တခုနဲ့တခု လုပ်ပိုင်ခွင့် အာဏာရောယှက်ခြင်း၊ ၀င်ရောက်စွက်ဖက်ခြင်း မရှိဘဲ သီးခြားစီ တာဝန်ယူကြပါတယ်။ ၀န်ကြီးချုပ်ဦးဆောင်တဲ့ အုပ်ချုပ်သူ အစိုးရအဖွဲ့ဟာ တရားစီရင်ရေးနဲ့ ဥပဒေပြုတဲ့နေရာမှာ ၀င်ရောက်စွက်ဖက်လို့ မရသလို ဥပဒေပြုရေးအာဏာကို ပိုင်ဆိုင်တဲ့ ပါလီမန်နဲ့ တရားစီရင်ရေး အာဏာကို ပိုင်ဆိုင်တဲ့ တရားလွှတ်တော်ချုပ်ကလည်း သူနဲ့ မဆိုင်တဲ့ အုပ်ချုပ်ရေးတာဝန်ကို ၀င်ရောက်စွက်ဖက်ခြင်း လုံးဝမရှိဘဲ သူ့အလုပ်ကိုသာ သူလုပ်ကြပါတယ်။ စစ်တပ်အပါအ၀င် တခြားဘယ်အဖွဲ့အစည်းမဆို အဲဒီ အချုပ်အခြာ အာဏာ သုံးရပ်ရဲ့ အောက်မှာပဲ ရှိပါတယ်။ စစ်တပ်က အချုပ်အခြာ အာဏာရဲ့အပေါ်မှာ ဘယ်အနည်းနဲ့မှ မရှိရဘူး။

ထို့အတူ ဖက်ဒရယ် ပြည်ထောင်စုစနစ်ဟာ ဗဟိုချုပ်ကိုင်ပြီး အာဏာကို အပေါ်အောက် စီးဆင်းခြင်းမျိုးမဟုတ် ၊ ပြည်ထောင်စု၊ ပြည်နယ်နဲ့ ဒေသခံ အာဏာပိုင်ဆိုင်မှုမှာ တခုနဲ့တခု အာဏာကို ရောယှက်ထားခြင်း လုံးဝမရှိဘဲ ဘယ်အာဏာကို ဘယ်သူကပိုင်တယ် ဆိုတာ အတိအကျ ခွဲဝေထားပြီး သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်ကာ ကိုယ်စီတာဝန်ကျေရတဲ့ စနစ်သာ ဖြစ်တယ်။ ပြည်နယ်တခုဟာ ပြည်ထောင်စုအစိုးရက လုံးဝ ၀င်ရောက်စွက်ဖက်မှု မရှိဘဲ ဖက်ဒရယ် စနစ်အရ မိမိ တို့ရဲ့ပြည်နယ်မှာ မိမိတို့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ ဥပမာ စည်းမျဉ်းခံဘုရင်စနစ်ကို မနှစ်သက်သော ပြည်သူအများစု နေထိုင်သော Western Australia လို ဗြိတိသျှဘုရာင်မကြီးကို လက်မခံသော ပြည်နယ်က လက်မခံဘဲ သီးခြားနေပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် ဗြိတိသျှ ဘုရင်မကြီးရဲ့ မွေးနေ့ဟာ ရုံးပိတ်ရက်မဟုတ်လို့ ဘာအခမ်းအနားမှလည်း မကျင်းပတာ မရှိပါဘူး။ ဒါဟာ ဖက်ဒရယ်အစိုးရ လက်ခံထားတာတခုကို ပြည်နယ်က လက်မခံလိုက လက်မခံပဲ နေပိုင်ခွင့် ရှိတယ်ဆိုတဲ့ ဥပမာတခု ဖြစ်တယ်။ စစ်တပ်၊ နိုင်ငံခြားနဲ့ ကူသန်းရောင်းဝယ်ရေး အပါအ၀င် နိုင်ငံခြားရေး၊ မိသားစု၊ အလုပ်လက်မဲ့နဲ့ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူ စောင့်ရှောက်ရေး၊ အဆင့်မြင့် တက္ကသိုလ်ပညာရေး စသည်တို့ကို ဖက်ဒရယ်အစိုးရက တာဝန်ယူပြီး အခြေခံပညာနှင့် ကောလိပ်အဆင့်ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အပါအ၀င် ဖက်ဒရယ်နဲ့ မဆိုင်တဲ့ ကျန်သည့်တာဝန်မှန်သမျှကို ပြည်နယ်အစိုးရက တာဝန်ယူပါတယ်။ ပုလိပ်တပ်ဖွဲ့ကိုတော့ ဖက်ဒရယ်ပုလိပ်နဲ့ ပြည်နယ်ပုလိပ်နှစ်မျိုး ရှိပါတယ်။

ပြည်နယ်အသီးသီးဟာ မိမိတို့ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ သူများအတွက် လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ရန် မိမိပြည်နယ်အတွက် ပြည်နယ်အစိုးရက ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ မတူကွဲပြားတဲ့ ဒေသခံနေထိုင်သူတွေအတွက် ဒေသခံအစိုးရ ဖြစ်တဲ့ ကောင်စီတွေကို ပြည်နယ်အစိုးရအောက်မှာ ဖွဲ့စည်းထားပါတယ်။ ရပ်ကွက်တွေ၊ စာသင်ကျောင်းတွမှာ လူအနည်းစုထဲက မတူကွဲပြားတဲ့ ယဉ်ကျေးမှုရှိသူများ လုံလောက်တဲ့ လူဦးရေရှိပါက သက်ဆိုင်ရာ လူမျိုးများအတွက် စာသင်ခန်း (သို့) Community Centre တွေကို စာသင်ကျောင်းတွေ ဒေသခံ ကောင်စီအုပ်ချုပ်မှု နယ်မြေတွေမှာ တွေ့ရပါတယ်။ စာသင်ကျောင်းတွေမှာ ကလေးများအတွက် Multi-Culture Education ကို အလေးအနက်ထားသည့် အနေနဲ့ လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေ (Society and Culture) ကို လေ့လာပြီး အပြန်အလှန် နားလည်မှု ရှိစေရန် လမ်းကြောင်း သင်ကြားပေးပါတယ်။ သက်ဆိုင်ရာ လူမျိုးတမျိုး (သို့) ဘာသာရေး ကိုးကွယ်မှုတခုအတွက် လုံလောက်တဲ့ လူဦးရေ ရှိပါက ဘာသာစကားနဲ့ ဘာသာရေး အတန်းများကို သီးသန့် ထားပေးလေ့ရှိပါတယ်။ ယနေ့ခေတ်သြစကြေးလျား လူ့အဖွဲ့အစည်းမှာ မှီတင်းနေထိုင်နေကြသူများအတွက် ဖက်ဒရယ်အစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဒေသခံအစိုးရတို့ဟာ မှီတင်းနေထိုင်သူတွေရဲ့ လိုအပ်ချက်ကို သူ့အလုပ်ကိုသူလုပ်ပြီး ဖြေရှင်းပေးလျက်ရှိပါတယ်။

အချုပ်ပြောရရင်တော့ ပြီးခဲ့သော သမိုင်းအမှားတွေအတွက် အာဂါတအငြိုးတွေနဲ့ လက်တုံ့ပြန်ဖို့ အကျိုးမရှိလို့ အနာဂတ်လူ့အဖွဲ့အစည်းကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာကိုပဲ ရှေးရှုလျက် ဌာနေတိုင်းရင်းသားတွေ အပါအ၀င် သြစကြေးလျားမှာ နေထိုင်သူ အားလုံးဟာ မတူကွဲပြားတဲ့သူတွေ အချင်းချင်းကြား သဟဇာတ ရှိအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကိုပဲ အစဉ်မပြတ် ကြိုးစားလျက် သြစကြေးလျားနေ့မှာ တက်ကြွစွာ ပါဝင်ဆင်နွဲလျက် ရှိကြသည်မှာ အားရစရာ ကောင်းလှပါတယ်။ သွားလေသူ ဒီနိုင်ငံကို တည်ဆောက်သူများအားလုံး ကောင်းရာသုဂတိ လားပါစေ။ သြစကြေးလျားနေ့ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


23 comments:

  1. such a knowledgeable post... i learned much about OZ from your post..but make sure to check spelling both in myanmar and english before you post it... you even spelt Prime Minister's name wrongly..its Kevin Rudd..apart from wrong spelling..this post is perfect...Thanks for that..
    i like the way you write with facts and figures...
    Cheers

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် Daisy. ပြင်လိုက်ပါပြီ။ စာလုံးပေါင်းသတ်ပုံတွေက တချို့က ရှန်းပြီးမှားတာ ရှိပြီး တချို့က တကယ်ကို မသိဘဲ မှားတာတွေ ရှိပါတယ်။ ကျွန်မက မြန်မာစာ သိပ်ညံ့သူဖြစ်သလို မျက်စိလည်း တော်တော်ရှန်းတတ်ပါတယ်။ အကြိမ်ကြိမ်ဖတ်ပေမဲ့ ဖတ်တိုင်းမှာ အမှားတခုခု ပြန်ပြန်တွေ့ပြီး လိုက်ပြင်ရပါတယ်။ ရှန်းပြီး မှားတာကို ဒီလို ပြင်လို့ ရနိုင်ပေမဲ့ တကယ်မှားတာတွေကို ပြင်ဖို့ကျတော့ ကျွန်မက စာဖတ်သူအားလုံးကို ထောက်ပြဖို့ မေတ္တာ ရပ်ခံထားပါတယ်။ စာလုံးပေါင်း သတ်ပုံအပါအ၀င် မှားနေတာ ဘာပဲတွေ့တွေ့ ကျွန်မကို အချိန်မရွေးထောက်ပြနိုင်ပြီး ထောက်ပြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ စာလာဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်း လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။

    ReplyDelete
  3. ဗဟုသုတ ရစေတဲ့  ဆောင်းပါး တခုပါ မငယ်နိုင်ရေ ။အတုယူစဖွယ် ဖွဲ့ စည်းအုပ်ချုပ်ပုံ နဲ့  အစိုးရ ၊့ တိုင်းသူပြည်သားတွေရဲ့ စည်း စနစ် တွေ ကြောင့် ဒီလို တိုးတက်တဲ့ နိုင်ငံကြီးတခု ဖြစ်လာတယ် လို့ သတ်မှတ်နိုင်ပါတယ်။

    နှစ်ပေါင်းများစွာက ပြုခဲ့ပြီး တဲ့ အမှားတွေ အတွက် ဝန်ချတောင်းပန်ခဲ့တဲ့ အစိုးရမျိုး မြန်မာပြည်ကြီးမှာ ဘယ်တော့မှ တွေ့ ရပါ့မလဲ လို့  စိတ်ကူးယဉ်မိလိုက်သေးတယ် မငယ်နိုင်ရေ ။

    (ဒါပေမဲ့ အဲ့ဒီမှာအခြေချ နေတဲ့ သူငယ်ချင်းတယောက် ၊ ဘတ်စ်ကားမောင်းတဲ့ အလုပ် လုပ်တယ် ၊ တနေ့ မှာ ကားစီးတဲ့ ခရီးသည် မျက်နှာဖြူ သားအမိ ၊ ကလေးငယ်လေး ၄- ၅ နှစ် အရွယ်လေး ကို ချစ်စနိုး နဲ့  ပါးလေးကိုင်ပြီး နှုတ်ဆက်မိလို့၊ သကြားလုံးပေးပြီးစားပါအုံးလို့  ပြောမိလို့ အတိုင်ခံရပါလေရော .. သူတို့ မှာ လုတန်းစား နဲ့  အသားအရောင်ခွဲခြားမှု ၊ အာရှတိုက်သားတွေကို နှိမ့်ချ အကြည့်နဲ့ ကြည့်တတ်သူတွေ လည်း ရှိနေသေးပါလား လို့  ထင်မိလိုက်တယ် လေ ။ ဒါကြောင့် အဲ့ဒီသူငယ်ချင်းခမြာ အလုပ် ပြုတ်ခါနီးထိ ဖြစ်ရတယ် ။ နောက်ပိုင်း ဘယ်သူစိမ်းကိုမှ နှုတ်မဆက်ရဲ ဖြစ်ရရှာတယ်။
    လူအမျိုးမျိုး စိတ် အထွေထွေ ရှိကြမယ်ဆိုပေမဲ့  မြန်မာလူမျိုး ဓလေ့တွေ မှာတော့ ဒီအပြုအမူဟာ ကျီစယ်တဲ့ သဘော ဆိုတာ သဘောပေါက်ကြမှာပါ ။ သူ တို့ ဆီမှာတော့ ဒီလို ကျီစယ်တာကို လက်မခံကြသလား မသိဘူး နော်။ )
    ကြုံ လို့  ပြောတာပါ .. ပို့ စ်မှာ ပါတဲ့ အကြောင်းအရာ နဲ့ တော့ မဆိုင်လှပါဘူး ။

    ဒိုးသမားတွေ အကြောင်းလည်း သိချင်ပါသေးတယ် ။ ( လာပြီး ဒိုးထုတ်စားရင် ကောင်းမလား လို့  ပါ ....း)) )
    ချမ်းမြေ့ ပါစေ ...

    ReplyDelete
  4. အဲ့ဒီနေ့ကို တခြားနေ့ပြောင်းဖို့ အဆိုပြုနေကြတယ်ဆို

    ReplyDelete
  5. သြစတေးလျ နောက်ခံ သမိုင်း တွေ သိလိုက်ရတဲ့
    အတွက် ကျေးဇူး တင် ပါတယ် ညီမ ... ရှေ့ပိုင်း တွေအကုန်ဖတ်ပြီး နောက်ဆုံးပိုဒ် တော့ ကျော် ဖတ်
    သွား ပါတယ် ...

    တောက်ရှောက် လို့ ရေးထားတာ မှားနေတယ် ထင်တယ် ညီမ .. တောက်လျောက် ဖြစ် ရမယ် ထင်တယ်

    mie nge

    ReplyDelete
  6. မငယ်နိုင် ဖတ်ရတာ ကျေးဇူးပါ ကျနော်တို့မြန်မာပြည်ကြီးမှာ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခွင့်ရရင်လဲ ဘယ်လောက်ကောင်းမလဲလို့...

    ReplyDelete
  7. မငယ်.. ဆစ်ဒနီက.. ယဉ်ကျေးမူပဒေသာပွဲ ပုံတွေ ကြည့်သွားတယ်.. ဒီဖက်တော့..မီးရှူးပန်းပဲ လွှတ်ကြတယ်.. တော်တော်လှတယ်။
    နောက်ခံ သမိုင်းလေး တွေက..တကယ် စိတ်ဝင်စားစရာနော်..

    ReplyDelete
  8. Kiki ရေ ဒိုးအကြောင်းက လာမယ်ကြာမယ် ခဏစောင့်နော့်။ အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတွေက အခြေချလာသူတွေက စိတ်ကြမ်း၊ လူကြမ်းတွေများတော့ ပညာတတ်မဟုတ်တဲ့ အခြေခံလူတန်းစား အဖြူတွေက အရောတ၀င် မလုပ်ချင်ဘဲ ခွဲခြားတတ်တဲ့ သူတွေ ရှိပါတယ်။ တဦးချင်းစီရဲ့ သဘောထားနဲ့လည်း ဆိုင်ပါလိမ့်မယ်ထင်တယ်။

    ကိုလူသစ်ပြောတာ ဟုတ်ချင်လည်း ဟုတ်မယ်။ ကျွန်မလည်း အော်စီအဖြစ် Captain Cook စတင်အလံစိုက်တဲ့ နေ့ကို မယူဘဲနဲ့ ဆစ်ဒနီကို တည်ဆောက်တဲ့နေ့ကို ယူထားတာ သိပ်ဘ၀င်မကျဘူး။ Campaign တွေလုပ်လာရင်တော့ ပြောင်းရင်ပြောင်းနိုင်တယ်။

    မမီးငယ်ရေ နောက်ဆုံးအပိုင်းကိုက ဒီမိုကရေစီနိုင်ငံတွေကို ရောက်နေတဲ့သူတွေက သိပြီးသားဖြစ်လို့ မဖတ်လည်းရပါတယ်။ အဓိကက အော်စီရဲ့ အရင်က အဖြူဝါဒနဲ့ အခု Multicultural ကို အတူတကွ ဖေါ်ပြချင်တာသာ ဖြစ်တယ်။ ဒါနဲ့ မမီးငယ် စာပြနလာဖတ်တာ သိပ်ဝမ်းသာပါတယ်။ ကျွန်မက လာနေကျ မလာရင် နေမကောင်း ဖြစ်တတ်ပါတယ် အဟိ..။

    ကိုချစ်ဖေရေ ကျွန်မလည်း ဒီလိုပဲ ဖြစ်စေချင်ပါတယ်၊ ထပ်တူထပ်မျှပါပဲ။

    မကေရေ ကျွန်မတို့ဆီမှာ မီးပန်းဖေါက်တာ သိပ်လှတယ် ဗွီဒယို ရိုက်ထားတာ ပျက်သွားလို့ အရင်ပို့စ်မှာ မတင်ဖြစ်လိုက်ဘူး။ အော်စီစမိုင်းက စိတ်ဝင်စားစရာ မဟုတ်ဘူး ဌာနေတိုင်းရင်းသားတွေအတွက် ရင်နာစရာပါ။ ကျွန်မသားလေးကိုသာ ကျွန်မရင်ခွင်ထဲက ဒီလို ဆွဲထုတ်သွားရင် ဘယ်လိုနေမလဲဆိုတာ တွေးတောင်တွေးမရဲဘူး။ ကျွန်မဆို သူတို့ဇာတ်လမ်းတွေကို ဖတ်ရတိုင်း ဒီလောက်ယုတ်မာတဲ့ အဖြူတွေ ဆိုပြီး အလိုလိုနေရင်း အကုသိုလ်ရတယ်။

    ReplyDelete
  9. အမရေ သေချာလေး ဖတ်သွားတယ် နိုင်ငံသမိုင်းတခုကို အနဲနဲ့အများဆိုသလို သိလိုက်ရတယ်။ ကျေးဇူးအထူးတင်ပါတယ်။ ဖြစ်နိုင်ရင် ဌာနေတိုင်းရင်းသားတွေ ရေးခဲ့တဲ့ အီးဘုတ်စာအုပ်လေးများရှိရင် ပိုဖတ်ချင်မိတယ် ရှိရင် မျှဝေပေးပါ့လား အဲ့လိုမျိုးလေးတွေ စိတ်ဝင်စားတယ်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  10. တော်တော်ပြည့်စုံ တာပဲ...။ ကျေးဇူးပါ အမ..။

    ReplyDelete
  11. အခုလို အော်စီ အကြောင်းကို တကူးတက သီးသန့်ဖော် ပြပေးတာကို ဖတ်လိုက်ရလို့ ကျေးဇူးပါ မူရင်းလူမျိုး တွေအတွက်လည်း ကမ္ဘာကြီးပြောင်းလည်း တိုးတက် နေတဲ့ ကိုလိုနီစနစ်ကြောင့် စိတ်မကောင်းပါဘူး ဒါပေမယ့် လက်ရှိ နိုင်ငံသားများဟာ တိုင်းပြည်အပေါ် ဘယ်နည်းနဲ့မဆို သစ္စာရှိကြမယ်ဆိုတာ ယုံကြည်ပါတယ်ဗျာ Happy Birthday Australia ပါ

    ReplyDelete
  12. အစ်မရေ တစ်နေကုန်မအားမလပ်ဖြစ်နေလို့ အခုမှသေချာတစ်ဝကြီးဖတ်သွားပါတယ်။ အမေရိကကို လူဖြူတွေကြီးစိုးလို့ နေစရာတဖြည်းဖြည်းပျောက်ဆုံးသွားတဲ့ ရက်ဒ်အင်ဒီယန်းလူမျိုးဘ၀တွေနဲ့ ဆင်ဆင်ပဲနော်။ Stolen Generation အကြောင်း အရင်က မသိခဲ့ဘူး။
    တစ်လောက အိန္ဒိယကျောင်းသားလေး အရိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သြစတြေးလျမှာ အသားအရောင်ခွဲခြားမှုရှိပါသေးလားဆိုပြီး တော်တော်ဂယက်ရိုက်သွားသေးတယ်။
    နောက်ခံသမိုင်းရော၊ အုပ်ချူပ်ပုံစနစ်တွေပါ ပြည့်ပြည့်စုံစုံလေးရေးပေးသွားတဲ့ အစ်မငယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။း)

    ReplyDelete
  13. Nge naing , read these articles

    Multiculturalism As A Tool To Divide And Conquer http://www.louisbeam.com/Multicul.htm

    Multiculturalism and the Ruling Elite http://www.namebase.org/news03.html

    Multiculturalism as a Weapon http://www.liveleak.com/view?i=175_1253236315

    ReplyDelete
  14. Nge naing , read these articles

    Multiculturalism As A Tool To Divide And Conquer
    http://www.louisbeam.com/Multicul.htm

    Multiculturalism and the Ruling Elite
    http://www.namebase.org/news03.html


    Multiculturalism as a Weapon
    http://www.liveleak.com/view?i=175_1253236315

    ReplyDelete
  15. "သို့သော်လည်း ယနေ့ခေတ်သစ် သြစကြေးလျားရဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ မတူကွဲပြားတဲ့ သူတွေအချင်းချင်း အပြန်အလှန် နားလည်မှု၊ သဟဇာတ ဖြစ်မှုကား ကမ္ဘာပေါ်မှာ စံတင်လောက်ပါတယ်။ ရုပ်ဆိုးအကျည်းတန်လှတဲ့ သမိုင်းဖြစ်ရပ်ကနေ ဒီလို နေချင့်စဖွယ် လူ့အဖွဲ့အစည်းတခုကို ဖြစ်လာစေတဲ့ သူတွေအားလုံးကို အားကျဂုဏ်ယူမိပါတယ်။"

    အဟက်အဟက် အစပိုင်းမှာ ဒီစာကြောင်းလေးတွေ့ပီး ရယ်ချင်လိုက်တာ၊ မငယ်နိုင် ဆစ်ဒနီ အပြင် ဩစတြေးလျဘယ်ဒေသမှာ အခြေချဖူးပါသလဲ လို့ပဲမေးရတော့မယ်။ ကျွန်တော့တစ်သက်တာ ဒီမရောက်ခင်အထိ လူမျိုးရေးနှိမ့်ချဆက်ဆံတာ ခွဲခြားဆက်ဆံတာ တစ်ခါမှ မခံရဖူးပါ။ ဒါပေမဲ့ ဒီရောက်ပြီး ၂လအတွင်း လူမျိုးရေးအရ ကျွန်တော့အသားအရောင်အရ နှုတ်နဲ့စော်ကားပြောဆိုတာ ၃ခါခံရပါတယ်။ ကျွန်တော်အရင်နေတဲ့ မြို့က မထွက်လာခင် မျက်နှာဖြူဒေသခံ ၂ယောက် အိမ်က အခန်းဖော်တွေရဲ့ ကားမှန်တွေကို လာရိုက်ခွဲသွားတာ ခံရဖူးပါတယ် (အိမ်နားက အိန္ဒိယသားတွေအိမ်ကိုလဲ ဆော်သွားပါတယ်၊ အဖြူအိမ်တစ်အိမ်မှ မဖြစ်ပါ)။ ညနေဖက် လမ်းလျှောက်နေတုန်း ကားပေါ်ကနေ ရေခဲမုန့်နဲ့ပစ်ပေါက်ပြီး မင်းနိုင်ငံမင်းပြန်သွားလို့ ပြောတာခံရဖူးပါတယ်။ အဲ ကျောင်းမှာလူမျိုးရေး ခွဲခြားဆက်ဆံတာကို တားမြစ်ထားတဲ့ ပေါ်လစီရှိပေမဲ့ ကျောင်းပြင်ရောက်လာတဲ့ အာရှသားကျောင်းသားတွေ အတွက်တော့ စိတ်ညစ်စရာပါပဲ။ ကျွန်တော့ သူငယ်ချင်း တရုတ်ကလေးတွေ မလေးသျှမ်းတွေဆို အိမ်ရှေ့အထိ မူးမူးနဲ့လာရိုက်တာခံရဖူးတယ်ဗျ။ ရဲတိုင်လဲ ဘယ်တော့မှ အမှုမပေါ်ပါဘူး။ ကျွန်တော်တို့သာ ကျောင်းပြီးလို့အဲဒီမြို့ကနေ ပြောင်းလာတယ်၊ ကားမှန်ခွဲတဲ့ လူတွေကို မမိသေးပါဘူး။ အဲဒါကြောင့် ကိုရီးယန်း အခန်းဖော်ကပြောတာ ဆစ်ဒနီ၊ မယ်လ်ဘုန်းတို့အပြင် တစ်ခြားမြို့တွေဟာ အာရှကျောင်းသားတွေအတွက် မလုံခြုံပါဘူးတဲ့။ အလုပ်အကိုင် အခွင့်အရေးနဲ့ပါတ်သတ်ရင် ဒီနိုင်ငံသိပ်ကောင်းပါတယ်၊ ဒါပေမဲ့ အမကြည့်ကြည့်ပါ ထိပ်ပိုင်းရာထူးအကြီးတွေကို အဖြူတွေကလွဲပြီး ရတာသိပ်နည်းပါတယ်။ ချုပ်ပြောရရင် လွန်ခဲ့တဲ့ ရက်ပိုင်းက SBS မှာကြည့်လိုက်ရတဲ့ White Australia ပေါ်လစီ အစိုးရမှာမရှိတော့ပေမဲ့ ဒေသခံအဖြူကောင်တွေဆီမှာ ကျန်နေပါသေးတယ် ဆိုတဲ့အကြောင်း အမကြီးကို ဗဟုသုတရစေကြောင်း လာရေးလိုက်ပါတယ်။

    T.L.M

    ReplyDelete
  16. T.L.M
    အဖြူတွေမှာမှ မဟုတ်ဘူး လူမျိုးခွဲခြား ဆက်ဆံတတ်တာ လူမျိုးတိုင်းမှာ ရှိနိုင်ပါတယ်။ ဘယ်မြို့ ဘယ်ပြည်နယ်ရယ်လို့ မဟုတ်ဘူး သဘောသဘာဝအရကိုက နေရာတိုင်းမှာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ တဦးချင်းတယောက်ချင်းစီရဲ့ အမြင်ကျဉ်းမြောင်းမှုကို လူ့အဖွဲ့အစည်း (သို့) Community တခုလုံးရဲ့ သဘောထားလို့ သတ်မှတ်လို့ မရနိုင်ပါဘူး။ တချို့ လုပ်ငန်းခွင်တွေမှာ အရည်အချင်းတူရင် ကွန်မြူနီကေးရှင်းကို ကြည့်ပြီးခန့်အပ်လို့ အင်္ဂလိပ်လို ပြောတဲ့ ဒေသခံ သြစကြေးလျား အဖြူတွေက အပေါ်မှာ ရှိရင်ရှိမယ်။ ဒါပေမဲ့ Professional Qualitions နဲ့ အလုပ်လုပ်ရတဲ့ Health Care တို့ Education တို့လို လုပ်ငန်းခွင်တွေမှာ လူမျိုး အသားရောင် အပေါ် ကြည့်ပြီး အလုပ်ခန့်အပ်လို့ မရဘူး။ သူ့အရည်အချင်းနဲ့ သူ့တာဝန်အလိုက်ပဲ သွားရပါတယ်။ နောက်တချက်က ပညာရှင်အဆင့် မဟုတ်တဲ့ လုပ်ငန်းခွင်တွေမှာ Second Language သမားတွေက အလုပ်သမား သမဂ္ဂတို့လို အဖွဲ့တွေကို ၀င်ထားတာ နည်းတော့ ဒီလိုခွဲခြားရင် Equal Employmnet Oppitunity (EEO) ပေါ်လစီအရ ဘယ်လို အရေးဆိုလို့ရတယ်ဆိုတာသိပြီး လုပ်ချင်မှ လုပ်မယ်။ ဒီတော့ ခွဲခြားဆက်ဆံမှုဟာ အပေါ်ကို မရောက်လာဘဲ ဘာမှပြဿနာ မရှိသလို ဖြစ်နေလိမ့်မယ်။

    ဘာလူမျိုးရယ်လို့ မဟုတ်ဘူး လူမျိုးတိုင်းမှာ အများနဲ့ အတူအလုပ်တွဲလုပ်ဖူးတဲ့အပေါ်မှာ မူတည်ပြီး တယောက်နဲ့တယောက် မတူကွဲပြားတဲ့ လူတွေအပေါ် အမြင်ကျဉ်းမြောင်းမှုတွေက ကွာသွားပါတယ်။ မတူကွဲပြားတဲ့သူတွေ ဖွဲ့စည်းနေထိုင်တဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ ဒီလိုပြဿနာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာတွေအတွက် ဘယ်လို ဖြေရှင်းမယ်ဆိုတဲ့ ပေါ်လစီ အတိအကျ ရှိပြီး အဲဒီပေါ်လစီကို အသုံးချတတ်ဖို့ အရေးကြီးပါတယ်။ လုပ်ငန်းခွင်တွေမှာ ခွဲခြားခံရမှုတွေဆိုတာ အဲဒီပေါ်လစီတွေကို ဘယ်လောက် အသုံးချကြတယ် ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်လို့ ကျွန်မယူဆတယ်။

    ReplyDelete
  17. အာရှအနွယ်ဖွား ကျောင်းသားများကို ခွဲခြားဆက်ဆံလာသော အမေရိကန်တက္ကသိုလ်များJanuary 26, 2012 at 5:49 AM

    .
    Lanya Olmstead သည် ဖခင်အမေရိကန်နှင့် အမေ တိုင်ပေသူ တို့မှ အမေရိကန် ဖလော်ရီဒါ ပြည်နယ်တွင် မွေဖွားခဲ့သူဖြစ်သည်။ သို့ရာတွင် သူမသည် ဟားဗတ် တက္ကသိုလ်တွင် ကျောင်းဝင်ခွင့် လျှောက်ထားစဉ်က လူမျိုးအမည် နေရာတွေင် လူဖြူအဖြစ်စာရင်း ပေးခဲ့သည်။

    "ကျမ အမေက ပြောထားတယ်၊ ကျောင်းဝင်ခွင့်တွေမှာ လူမျိုးရေးခွဲခြားမှုရှိတယ်၊ အဲဒါကြောင့် ကျမ အာရှသားလို့မရေးတာ" ဟုပြောဆိုခဲ့သည်။ နှစ်အတော်ကြာကတည်း အာရှနွယ်ဖွား အမေရိကန် နိုင်ငံသားများသည် ကျောင်းဝင်ခွင့်လျှောက်ထားရာတွင် အခက်အခဲများရှိခဲ့သည်။

    အမေရိကန်နိုင်ငံရှိ ကောလိပ်များတွင် လူဦးရေ အချိုးအစားနှင့်ကြည့်ပါက အာရှနွယ်ဖွား ကျောင်းသားဦးရေမှာ နည်းနေသေးကြောင်းတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အာရှနွယ်ဖွား ဦးရေမှာ ၆ ရာခိုင်နှုန်းထိရှိသည်။ ကျောင်းဝင်ခွင့် လျှောက်ထားရာတွင် အာရှနွယ်ဖွားများ၏ ရမှတ်သည် အခြားသော လူမျိုးများထက် သာလွန်နေကြောင်း တွေ့ရသည်။ ကျောင်းသားများ၏ လူမျိုးကို ဖော်ပြရာတွင် အာရှနွယ်ဖွားဟု ဖော်ပြမထားသော ကျောင်းသား ဦးရေလည်း များပြားလာခဲ့သည်။

    Olmstead သည် ဟားဗတ်တက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသားသစ်တဦးဖြစ်သည်။ သူမသည် အာရှလူမျိုးနွယ်ဝင် အစည်းအရုံးတွင် အဖွဲ့ဝင်တဦးဖြစ်ပြီး အထက်တန်းအောင်မှတ်မှာ ၄.၀ နှင့် SAT ရမှတ်ပေါင်း ၂၄၀၀ တွင် ၂၀၁၅ မှတ်ရရှိခဲ့သည်။

    သို့ရာတွင် သူမ၏ မျိုးရိုးအား တောင်းခံလာရာ (Multiethnics) မျိုးနွယ်စုပေါင်းစုံဟု တင်သွင်းခဲ့ကြောင်း ပြောဆိုခဲ့သည်။ သူမ၏ အတွေ့အကြုံကို အခြေခံကာ အခြားအာရှအနွယ်ဝင် ကျောင်းသားများအား လူမျိုးအမည်ကို ဖြည့်စွက်ရာတွင် အာရှနွယ်ဖွားဟု မထည့်ရန် အကြံပေးခဲ့ကြောင်း သိရသည်။

    မိခင်ကိုးရီးယားနှင့် ဖခင်အမေရိကန် မှမွေးဖွားလာသူ Jodi Balfe သည်လည်း ဟားဗတ်တက္ကသိုလ်ကို တက်ရောက်ခွင့် ရခဲ့ပေမဲ့၊ မိမိ၏ အာရှအနွယ်ဖွားကို လျို့ဝှက် လျှောက်ထားခဲ့ရသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ မိမိ၏ မျိုးနွယ်ကို ရောင်းဝယ်သလို ခံစားရကြောင်း ပြောဆိုခဲ့သည်။

    ၁၉၆၅ ခုနှစဟ် မတိုင်မှီက အာရှတိုက်သားများအနေဖြင့် အမေရိကန်ပြည်ထောင်စု ကောလိပ်များ တွင် ကျောင်းဝင်ခွင့်ရရှိရန် ခက်ခဲသည်။

    ၁၉၉၇ ခုနှစ်က ပရင်စတန်တက္ကသိုလ်မှ ပြုလုပ်သော စစ်တမ်းတခုတွင် အာရှနွယ်ဖွားများ၏ ရမှတ်မှာ အမေရိကန်လူဖြူများအပါအ၀င် အခြားသော မျိုးနွယ်စုဝင်များထက် သာလွန်ကြောင်းတွေ့ရသည်။ အာရှနွယ်ဖွား ကျောင်သားတဦး၏ ကျောင်းဝင်ခွင့် အတွက် SAT ပျဉ်းမျှ ရမှတ်မှာ ၁၅၅၀၊ အမေရိကန် လူဖြူများအတွက် ရမှတ်မှာ ၁၄၁၀ နှင့်လူမဲများ အတွက် ၁၁၀၀ သာရှိသည်။

    လူမျိုးရေးအရ ခွဲခြားမှုမရှိသည့် ကျောင်းများတွင် အာရှအနွယ်ဝင် ကျောင်းသားများ များပြားကြောင်း တွေ့ရသည်။ နာမည်ကျော် ဘာကလေတက္ကသိုလ်တွင် အာရှနွယ်ဖွား ကျောင်းသားဦးရေ ၄၀ ရာခိုင်နှုန်း ကျော်ရှိသည်။

    အော်ရီဂွန် တက္ကသိုလ်မှ ရူပဗေဒ ပါမောက္ခ Steven Hsu သည် ကျောင်းဝင်ခွင့်လျှောက်ထားရာတွင် လူမျိုးရေး ခွဲခြားမှုရှိနေသည်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတဦးဖြစ်သည်။ ယေးလ်၊ ဟားဗတ်၊ ပရင်စတန် နှင့် ပင်ဆေဗေးနီးယား တက္ကသိုလ် အာဏာပိုင်များအား ကျောင်းဝင်ခွင့်လျှောက်ထား ရာတွင် လူမျိုးရေး ခွဲခြားမှုရှိကြောင်း သတင်းနှင့် ပတ်သတ်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

    စောပြည့်ညို

    ( Credit - ယှးလ်ုမုဂ် )

    ReplyDelete
  18. .
    ဒီသတင်းက သတင်းအဟောင်းပါ။
    ဒါပေမယ့် ကိုယ့်တိုင်းပြည်မှာတောင် နိုင်ငံခြားသား ဘောလုံးနည်းပြဆရာ နဲ့ ကစားသမားတွေက မြန်မာတွေကို လူမျိုးရေး ခွဲခြားပြီး နှိမ်ပြီး ဆက်ဆံတဲ့ ဒီသတင်းကို အကြောင်း တိုက်ဆိုင်လာလို့ မျှဝေပေးလိုက်ပါတယ်။
    နိုင်ငံခြားသားအားလုံးကို လူကြီးလူကောင်းလို့ ထင်ပြီး မှားယွင်းစွာ အထင်ကြီးတတ်ကြတဲ့ မြန်မာတွေ သတိထားနိုင်အောင်ပါ။


    နိုင်ငံခြားသား ဘောလုံးကစားသမားများ၏ လူမျိုးရေး ခွဲခြား ဆက်ဆံ ခံနေရမှုကြောင့် ဇေယျာရွှေမြေမှ ထွက်ခွာလို နေသည်ဟု ရာဇာဝင်းသိန်း ဖွင့်ဟ

    Written by Editor SM
    10 July 2010

    ဇေယျာရွှေမြေ အသင်း၏ ကွင်းလယ် ကစားသမား ဖြစ်သူ ရာဇာဝင်းသိန်းက ၎င်းတို့ အသင်းတွင် နိုင်ငံခြားသား များနှင့် မြန်မာ ကစားသမားများ ခွဲခြားဆက်ဆံ ခံနေရသဖြင့် စာချုပ်ပြည့်လျှင် သက်တမ်း မတိုးတော့ဘဲ အသင်းမှ ထွက်ခွာ တော့မည်ဟု ဖွင့်ဟ ပြောကြား သွားခဲ့သည်။

    "သူတို့တွေ (နိုင်ငံခြားသားများ) ဟာ ရတနာပုံ ကစားသမား တွေလောက် ကောင်းနေမယ်။ ကျွန်တော်တို့ ထက်လည်း ကောင်းနေမယ် ဆိုရင် ခွဲခြား ဆက်ဆံတာကို လက်ခံတယ်။ ကျွန်တော်တို့လောက် မကောင်းဘဲ နဲ့တော့ အခုလိုမျိုးကြီး ခွဲခြား ဆက်ဆံတာကို ကျွန်တော် လုံးဝ လက်မခံပါဘူး။

    သူတို့တွေ (နိုင်ငံခြားသား နည်းပြ နဲ့ ကစားသမားတွေ) ဟာ ကျွန်တော်တို့ ( မြန်မာ ကစားသမားတွေ) ကို ကြည့်ရင် "ကလေးတွေ ပါပဲကွာ" ဆိုတဲ့ အကြည့်မျိုးတွေနဲ့ ကြည့်နေတယ်။ ဒါကို ကျွန်တော် လုံးဝ မခံစား နိုင်ဘူး။

    အဓိက ကတော့ နည်းပြကြောင့် ပါပဲ။ သူကပဲ ကျွန်တော်တို့ကို ခွဲခြား ဆက်ဆံတာပါ။ သူ့ရဲ့ ဗျူဟာတွေဟာ ကောင်းမွန်ပေမယ့် ဒီလိုမျိုးကြီး ဆက်ဆံတာတော့ မကောင်းပါဘူး။

    နေပြည်တော် အသင်းကတော့ ကျွန်တော့်ကို ခေါ်ဖို့တော့ ပြောထားပါတယ်။ ကြေးကလည်း တန်ရာ တန်ကြေး တောင်းလို့ပြောတယ်။ ကျွန်တော် ကတော့ ဒီအချိန်မှာ မဆုံးဖြတ် သေးပါဘူး။ သေချာတာ တစ်ခုကတော့ ကျွန်တော် ဇေယျာရွှေမြေမှာ စာချုပ်ကုန်ရင် သက်တမ်းမတိုး တော့ဘူး" ဟု ရာဇာဝင်းသိန်းက Sport times ဂျာနယ်နှင့် အင်တာဗျူးတွင် ပြောကြားသွားခဲ့သည်။

    ( Credit - Soccer Myanmar )

    ReplyDelete
  19. !!
    ရုရှားက စစ်ဗိုလ်တို့ရေ.. !!

    ရုရှားမှာ ဘာ ရန်ငြိုးရန်စမှ မရှိဘဲ အလကားနေရင်း အသားအရောင် မတူတဲ့ အာရှသားတွေ (အဓိက ဗီယက်နမ်တွေ) ကို လိုက်ပြီး အုပ်စုလိုက် ဝိုင်းပြီး ရန်စ ထိုးကြိတ် ရိုက်နှက်လေ့ရှိတဲ့ ရုရှားလူငယ် အုပ်စုတွေကိုတော့ သတိထားပေါ့။

    မြန်မာတွေ အများကြီး မော်စကိုမှာ ရှိတယ် ဆိုတာကို ဒီ ရုရှားကောင်တွေ ကောင်းကောင်း သိတယ်နော်။ ဗီယက်နမ်တွေက လူအင်အား များတော့ ကိစ္စမရှိဘူး၊ ဗီယက်နမ်တွေက ရုရှားမှာ တသိန်းခွဲလောက် ရှိတာ။

    မေဖီး(လ်) မှာ နေတဲ့ မြန်မာ ကျောင်းသားတွေကတော့ ဒီ ရုရှားလူငယ် အုပ်စုတွေအကြောင်း ကောင်းကောင်း သိပါတယ်။ အခု လက်ရှိ ရုရှားမှာ ကျောင်းတက်နေတဲ့ စစ်ဗိုလ်တို့ထက် စောပြီး ရုရှားမှာ ကျောင်းတက်ပြီး မြန်မာပြည် ပြန်သွားတဲ့ အကိုကြီးတွေ ဘယ်လို ခံခဲ့ရတယ် ဆိုတာကို မေဖီး(လ်) မှာ နေတဲ့ မြန်မာ ကျောင်းသားတွေ အသိဆုံးပါ။

    ဒီလိုပဲပေါ့၊ သူများဆီ သွားနေရတာကိုး။ စစ်ဗိုလ်တွေက ကိုယ့်တိုင်းပြည်မှာတော့ ဘုန်းကြီးကိုလည်း အရေးမလုပ်၊ ကျောင်းသားကိုလည်း ဂရုမစိုက်၊ မိုက်တွင်းနက်နေသမျှတော့ ငရဲနဲ့ ဝဋ်ကတော့ လိုက်နေမှာပဲ။ ။

    ကိုလျှာရှည်

    (ကိုလျှာရှည် ဘလော့မှ (ရုရှားရောက် စစ်ဗိုလ်များ အကြောင်း) "ပြောချင်လွန်းလို့ (၂)" ဆောင်းပါးမှ ကောက်နုတ် ဖော်ပြသည်။)

    http://www.kssblog.co.cc/2007/10/blog-post_7923.html

    ReplyDelete
  20. !!
    မော်စကိုရောက်ပြီး နောက်တစ်ရက်တွင် ရုရှား ဆိုးသွမ်းလူငယ် တစ်စုက မြန်မာစစ်ဗိုလ် ၁၀၀ လောက်ကို အသားလွတ် လမ်းမပေါ်တွင် ဆော်ပလော် တီးခဲ့ပါသည် !!


    ၂၀၀၁ ခုနှစ်၊ မေလ၏ မနက်တစ်ခုတွင် ရန်ကုန်မြို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဝင်းမှ မှန်လုံ ကားငယ် ၄ စီး တန်းစီ ထွက်လာခဲ့သည်။ ကားပေါ်တွင် မျက်နှာညှိးငယ်စွာဖြင့် လိုက်ပါလာကြသော သူများကား စစ်ဘက်၊ အရပ်ဘက်မှ အရာရှိများ၊ ကထိကများ ဖြစ်ကြပါသည်။

    ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ကျောင်းသား ခေါင်းဆောင်အဖြစ် ဦးဆောင်လျက် မြန်မာ ပညာတော်သင်များ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တက္ကသိုလ် အသီးသီးသို့ ရောက်ရှိခဲ့ကြပါသည်။

    မော်စကိုရောက်ပြီး နောက်တစ်ရက်တွင် ကျောင်းမှ အပြန် ရုရှား ဆိုးသွမ်းလူငယ် တစ်စုက မြန်မာပြည်တွင် ဘယ်သူမှ မော်မကြည့်ရဲသော စစ်ဗိုလ် ၁၀၀ လောက်ကို အသားလွတ် လမ်းမပေါ်တွင် ဆော်ပလော် တီးခဲ့ပါသည်။ ကွဲသူကွဲ၊ လဲသူလဲနှင့် တကယ့်ကို အမင်္ဂလာ ကျောင်းဖွင့်ရက် ဖြစ်လေသည်။

    မိမိတို့ အကြောင်းကို ပြည်ပတွင် တစ်ခုတည်းသော အားကိုးရာဖြစ်သည့် မြန်မာသံရုံးမှ သံအမတ်ကြီးဟောင်း ဦးတင်စိုး (ယခင် လပခ ဒုတိုင်းမှူး) အား တိုင်ကြားကြပါသည်။ သံအမတ်ကြီး ဦးတင်စိုးသည် သတင်းကြားကြားချင်း ကျောင်းသားအိပ်ဆောင်သို့ အပြေးရောက်လာကာ မြန်မာကျောင်းသားများကို မိုက်မိုက်ရိုင်းရိုင်း ဆဲပါတော့သည်။

    သံအမတ်ကြီး ဦးတင်စိုး၏ အဖြေက မြန်မာကျောင်းသားများ မနေတတ် မထိုင်တတ်၍ ယခုလို ရုရှားလူငယ်များ၏ ရိုက်နှက်ခြင်းကို ခံရခြင်း ဖြစ်သည်ဟု ကောက်ချက် ချခြင်း ဖြစ်ပါသည်။

    PhD ဘွဲ့ယူရန် လိုက်ပါလာသည့် ကျောင်းသားခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ခမျာ ကြီးကောင်ကြီးမား အရွယ်ကျမှ ကလေးတွေ ရှေ့တွင် အခုလို သံအမတ်ကြီး၏ အဆဲခံရ၍ မျက်နှာမှာ နီရဲနေပါတော့သည်။

    ရုရှားတွင် နေစဉ်ကာလ တစ်လျှောက်လုံးတွင် မြန်မာသံအမတ်ကြီး၏ တာဝန်မဲ့မှုကြောင့် ရုရှား ဆိုးသွမ်းလူငယ်များ ရိုက်နှက်မှုကို မြန်မာကျောင်းသားများ အလူးအလဲ ခံကြရပါသည်။ အချို့ မြန်မာကျောင်းသားများ ဆိုလျှင် နားရွက်ကို ဓါးဖြင့် အလှီးခံရခြင်း၊ ပယ်ပယ်နယ်နယ် အရိုက်ခံရသောကြောင့် သွားအုံတစ်ခုလုံး ကျွတ်သွားခြင်း၊ မြေအောက် လမ်းကူးများတွင် ၀ိုင်းရိုက်ခံရခြင်း စသည်တို့မှာ နောင်ဆိုရင် အရိုးစင်းဆုံး သတင်းများသာ ဖြစ်သွားခဲ့ရသည်။

    ထို ဒုက္ခများ အပါအဝင် အခြား ဒုက္ခများကို သံအမတ်ကြီး ဦးတင်စိုးကို တင်ပြကြသော်လည်း လက်မခံပေ။ သံအမတ်ကြီး ဦးတင်စိုးက "စစ်သားဆိုတာ ခိုင်းတာလုပ်၊ ကျွေးတာစား" ဆိုသည့် ဦးနှောက်မဲ့စကားဖြင့် တုံ့ပြန်သည်။ မကျေနပ်သည့် ကျောင်းသား အများက ထိုကဲ့သို့ မနာခံလျှင် မြန်မာပြည်သို့ ပြန်ပို့တတ်ပါသည်။ ထိုသို့ပြန်ပို့ခံရသော ကျောင်းသားများ၊ တပ်မတော်မှ ထုတ်ပယ်ခံရသူများ မနည်းလှတော့ပါ။

    မြန်မာ သံအမတ်ကြီး ဦးတင်စိုးက မသိကျိုးကျွံပြုပြီး "အားလုံး ကောင်းပါသည်" ဟု လစဉ် Report ရေးခြင်းမျိုး မလုပ်သင့်ပါ။ ကျောင်းသားများ နစ်နာလှပါသည်။

    ဆောင်းပါးရှင် – မောင်ကျောင်းသား (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)

    ("ရုရှားပြန် စီနီယာ တစ်ဦးရဲ့  ကနဦး အတွေ့အကြုံ" ဆောင်းပါးမှ ကောက်နုတ် ဖော်ပြသည်။)

    http://photayokeking.org/specialpart/foreign-training/199-for-friends-who-are-unkindness

    ReplyDelete
  21. မငယ်နိုင်
    ပိုစ်.ထက် ကွန်းမန်.တွက ဒိတ် စောနေတယ်နော်
    ထူးဆန်းတယ်

    ReplyDelete
  22. (((မငယ်နိုင်
    ပိုစ်.ထက် ကွန်းမန်.တွက ဒိတ် စောနေတယ်နော်
    ထူးဆန်းတယ်))))

    ဒီမှတ်ချက်အရ မှတ်ချက်ပေးသူဟာ ပို့စ်ကို သေသေချာချာမဖတ် ပို့စ်တင်ထားတာ တွေ့တာနဲ့ ဘာအပြစ်တင်ရမလဲ အကုသိုလ်စိတ်တွေပဲ တဖွားဖွား ဖြစ်ပေါ်နေတာ သေချာတယ်။ ပို့စ်ကို ဖတ်ခဲ့တဲ့သူဆိုရင် "(ဒီနေ့ ဇန်န၀ါရီလ (၂၆) ရက်နေ့မှာ ကျရောက်တဲ့ သြစကြေးလျားနေ့ အထိမ်းအမှတ် အဖြစ် ၂၈-၁-၁၀ 6:37 မှာ တင်တဲ့ပို့စ်ကို အပေါ် ခဏပြန်တင်ထားခြင်း ဖြစ်ပါတယ်" ကို တွေ့မှာဖြစ်လို့ ဘာမှထူးဆန်းတယ်လို့ ပြောစရာအကြောင်း မရှိပါဘူး။ နောက်တခါ ကျွန်မဘလော့ဂ်မှာ မှတ်ချက်ပေးချင်ရင် ပို့စ်ကိုသေသေချာချာ ဖတ်ပြီးမှ ပေးပါ။ နောက်တခါ ဒီလိုမှတ်ချက်မျိုးကို ခေါင်းထဲထည့်ပြီး အကြောင်းပြန်မှာမဟုတ်ဘူး။

    ReplyDelete
  23. I savor, result in I found exactly what I used to be looking for.

    You've ended my 4 day long hunt! God Bless you man. Have a great day. Bye

    Have a look at my web-site ... Kreowaniezieleni.pl

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။