Pages

ပန်းသီတဲ့ကြိုး


တချိန်က

ငါ၏ပန်းခင်း၌ လှပသော ပန်းကလေးများ
ဝေဆာဖူးပွင့်နေကြသည်၊
လေယူရာ ယိမ်းနွဲ့လို့ နုပျိုစွာ လှပနေသော
အပြစ်ကင်းမဲ့သော ပန်းကလေးများ
လိပ်ပြာများ ပိတုံးတို့ ရစ်ဝဲနေသော
လှပနေသော ငါ၏ ပန်းခြံကလေး
ပွင့်သောပန်းတိုင်း လှနေ၏။

အခုတော့
လေနီတချက် ပြင်းစွာတိုက်လေပြီ
ငါ၏ခြံ၌ ပန်းကလေးများအား
ခါးသီးပြင်းထန်စွာ တိုက်လေပြီ
လေငြိမ်ချိန် ခြံထဲ ဆင်းကြည့်မိတော့
ပန်းကလေးများ တချို့ကြွေလေပြီ
အချို့ နုသစ်သော ပွင့်ဖတ်ကြွေလေပြီ
ကျန်သောပန်းများ နွမ်းချေပြီ
ငါ၏ရင်ထဲ ကျင်ကနဲ မျက်ရည် ဝေသီစွာ ခံစားလိုက်ရသည်၊
ကျန်သောပန်းများ ပို၍လှအောင် ငါ၏အလုပ်က ကြိုးစားသီရမည်။

သို့သော်
သီသောကြိုး၌ သွေးများစွန်း၍ နေလေပြီ။ ။

ရီရီထွန်း

(နေ့သစ်မှာ တင်ထားတဲ့ ၁၉၈၉ ခု၊ ဒီဇင်ဘာအတွက် ထုတ်ဝေတဲ့ ဒေါင်းအိုးဝေ အတွဲ (၁) အမှတ် (၈) မှ ပြန်လည်ကူးယူ ဖေါ်ပြပါတယ်။)

ပန်းသီတဲ့ကြိုးကဗျာလေးက သေအံ့ဆဲဆဲ သူတဦးက သေမင်းတံခါးဝကနေ ကျန်နေရစ်သူတွေကို ပြန်လှည့်ကြည့်ကာ ပြောကြားသွားတဲ့ ရင်ဖွင့်စကား (သို့) နှုတ်ဆက်အမှာစကားများ ဖြစ်သလို သေတမ်းစာလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ ဒီကဗျာကို ရေးတဲ့ မရီရီထွန်းဟာ ၁၉၈၈ ခုနှစ်စက်တက်ဘာလမှာ စစ်တပ်အာ အာဏာသိမ်းကာ ဆန္ဒပြကျောင်းသားပြည်သူတွေကို ရက်စက်စွာ ဖြိုခွင်းခဲ့ပြီးနောက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လက်နက်ကိုင်တော်လှန်ရေးဖြင့် ဆက်လက်တိုက်ပွဲဝင်ရန် နယ်စပ်ဒေသသို့ ထွက်ခွာလာသူ ကျောင်းသူတဦးဖြစ်ပြီး ABSDF ဘုရားသုံးဆူစခန်း တပ်ရင်း (၁၀၁) မှ တော်လှန် ရေးရဲမေတဦးဖြစ်ပါတယ်။ ၁၉၈၉ ခု တော်လှန်ရေးအတွက် စိတ်ဓါတ်အပြင်းထန်ဆုံး အချိန်အခါမှာ သွေးကင်ဆာ ရောဂါ စွဲကပ်နေပြီဆိုတာ သိလိုက်ရပြီးနောက် ဆေးကုသမှု ခံယူနေစဉ် ဒီကဗျာကို စပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ကင်ဆာရောဂါကုသခြင်း ဆိုတာဟာ ပျောက်အောင် ကုသခြင်းမဟုတ်ဘဲ ပုံမှန်ဆဲလ်တွေထက် ပွားနှုန်းပိုမြန်တဲ့ ကင်ဆာဆဲလ်တွေကို ပွားနှုန်းနှေးအောင် လုပ်ပြီး အသက်ရှင်နိုင်တဲ့ သက်တမ်းကို အတတ်နိုင်သလောက် ဆွဲဆန့်ခြင်းသာ ဖြစ်တဲ့အတွက် မရီရီထွန်းဟာ ၁၉၈၉ ခု ဖေါ်ဖေါ်ဝါရီလမှာ စတင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စတင်ဆေးကုသမှု ခံယူခဲ့ပြီး တနှစ်မပြည့်ခင် ၁၉၉၀ ခု ဇန်န၀ါရီလ (၄) ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ တိုက်ပွဲဝင်ရဲမေတဦးရဲ့ ကဗျာလေးကို ဘလော့ဂ်မှာ အမှတ်တရ သိမ်းထားရင်း အားလုံးဖတ်ဖို့ မျှဝေလိုက်ပါတယ်။ (မရီရီထွန်း ဓါတ်ပုံကို Facebook မှာ မိတ်ဆွေတဦး တင်ထားတာတွေ့လို့ ကူးယူဖေါ်ပြပါတယ်။ Nge Naing- 21/7/11).

မရီရီထွန်း ကောင်းရာသုဂတိ လားပါစေ။








16 comments:

  1. စိတ်မကောင်းပါဘူးဗျာ။

    ReplyDelete
  2. ကျနော့်ကိုမွေးပြီး လေးရက်အကြာမှာ သူဆုံးတာပဲ။
    စိတ်မကောင်း။ ရင်နာ။ သနား။ ကြေကွဲ။ မချိ။ စိတ်နာ။ etc.

    ReplyDelete
  3. ကဗျာပိုင်ရှင်အတွက် စိတ်မကောင်းပါဘူး အမရေ၊ ကဗျာဖတ်ခွင့်ရအောင် မျှဝေပေးတာ ကျေးဇူးပါ။

    ReplyDelete
  4. ကဗျာလေးကိုဖတ်ပြီး ကဗျာရေးတဲ့သူအကြောင်း ကြားရတာ စိတ်မကောင်းဘူး...
    မျှဝေပေးတာ ကျေးဇူးတင်ပါတယ်...

    ReplyDelete
  5. ကဗျာရှင်ရဲ့ နောက်ခံ ဘဝကို သိပြီး ကဗျာကို ပြန်ဖတ်ကြည့်တော့ ပိုပြီး ထိထိရှရှဖြစ်ရပါတယ်။

    အကြောင်းအမျိုးမျိုးနဲ့ မိသားစုနဲ့ နောက်ဆုံး အချိန်ထိ နေခွင့်မရတဲ့ သူတွေ မရေတွက်နိင် အောင်ပါပဲ။

    ReplyDelete
  6. မရီရီထွန်း တယောက် ကောင်းရာသုဂတိ လားပါစေ ...

    mie nge

    ReplyDelete
  7. အမှတ်တရရှိနေဆဲကဗျာလေးကို သတိတရအဖြစ်ဖတ်သွားခဲ့ပါတယ် မငယ်ရေ။

    မိသားစုကျန်းမာရွှင်လန်းနိုင်ကြပါစေ

    ReplyDelete
  8. မရီရီထွန်းအတွက် ၀ိုင်းပြီး ဆုတောင်ပေးကြသူ အားလုံး၊ မှတ်ချက်ရေးပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ မြစ်ကျိုးအင်း ပြောသလိုပဲ ဒီကဗျာလေးက ဒီအတိုင်းဖတ်ရင်တော့ သိပ်ပြီး မထင်ရပေမဲ့ သေခါနီး လူတဦးက ရေးထားတဲ့ ကဗျာမှန်းသိမှပဲ ကဗျာရှင်က ဘာကို ဆိုလိုတယ်ဆိုတာ ပိုပြီး လေးနက်သွားတာ အမှန်ပဲ။

    ReplyDelete
  9. မငယ်နိုင်ရေ...

    အောက်က စာကို သေချာဖတ်ပြီးမှ ကဗျာကို စဖတ်တာလေ...

    အဆုံးထိရောက်ဖို့ မနည်း ကြိုးစားခဲ့ရတယ်...

    စိတ်တွေလေ ဘယ်လိုဖြစ်မှန်းကို မသိဘူး။

    ReplyDelete
  10. အချိန်မတန်မီ စောစောစီးစီးကြွေရရှာတဲ့ ပန်းလေးတပွင့် အကြောင်း ဖတ်ရတာ စိတ်မကောင်းလိုက်ထာ မငယ်နိုင်ရေ...

    ကင်ဆာဆိုတဲ့ ရောဂါဆိုးကြီး အကြောင်းကြားလိုက်တာနဲ့ စိတ်ခြောက်ခြားရတယ် ၊ အမ တုံးကလဲ ၃ လပဲ ခံတယ်။

    မရီရီထွန်း ကောင်းရာဘုံဘဝမှာ ရှိနေမှာပါ ..

    ReplyDelete
  11. မငယ်နိုင်ရေ ကဗျာဖတ်ပြီး ကဗျာရှင်အကြောင်း သိလိုက်ရတာ ရင်ထဲနင့်သွားတာပဲ...
    အကြွေစောပေမယ့် လေးစားဂုဏ်ယူပါတယ်...

    မရီရီထွန်း ကောင်းရာသုဂတိ လားပါစေ ...

    ReplyDelete
  12. မိုးမြတ်သူFebruary 21, 2010 at 5:57 AM

    မငယ်နိုင်...“ပန်းသီတဲ့ကြိုး”ကဗျာလေးကို ဖတ်မိသွားပါတယ်။ ရေးသားသူ “ရီရီထွန်း”ဆိုတာနဲ့ စိတ်ဝင်စားလို့ အလည်သွားလိုက်ပါတယ်။ ကဗျာဆရာရဲ့ နောက်ဆုံးချိန်အထိ အတူရှိနေခဲ့တဲ့ “ဘိုဘို”က ကျနော်တို့ကို ကဗျာဆရာရဲ့ အဖြစ်အပျက်တွေကို မှတ်မှတ်ရရ ဆွေးဆွေးမြေ့မြေ့ မျက်ရည်တွေကျပြီး ထောင်ထဲမှာ ပြောပြခဲ့ဘူးလို့ ကျွန်တော်တို့ နင့်နင့်သီးသီးခံစားခဲ့ရဘူးပါတယ်။ ၁၉၉၅ ခုနှစ်ကပေါ့။ အခုတော့ ပန်းသီတဲ့ကြိုးကို သူ့နှလုံးသားမှာဆွဲပြီး ကျွန်တော်တို့ဆီ အရောက်သယ်လာပေးခဲ့တဲ့ “ဘိုဘို”လဲ ၁၂.၀၆.၂၀၀၁ မှာ ရန်ကုန်မှာ ဆုံးသွားခဲ့ပါတယ်။ ထောင်ထဲမှာရခဲ့တဲ့ “အသက်ရှင်နိုင်တဲ့ သက်တမ်းကို အတတ်နိုင်ဆုံး ဆွဲဆန့်ထားရုံသာ ရတဲ့”ရောဂါနဲ့ပါဘဲ။ သွေးစွန်းခဲ့တဲ့ “ပန်းသီကြိုး”လေးတွေကို ဂုဏ်ပြုတမ်းတရင်း ကောင်းရာသုဂတိ လားကြပါစေ...ဗျာ။

    ReplyDelete
  13. မငယ်နိုင်ရေ ကဗျာဖတ်ပြီး တော်တော် စိတ်မကောင်းဘူး။
    ဒါပေမဲ့ နောက်ဆုံးချိန်ထိ စိတ်ကို စုစည်း ရေးချင် ပြောချင်တာတွေ ကြိုးစားရေးခဲ့နိုင်တာ တကယ်ပဲ လေးစားစရာ ကောင်းပါတယ်။

    ဘယ်သူ မဆို ဘ၀မှာ ဒီလို အဖြစ်ဆိုး ရောဂါဆိုးတွေ ဆိုတာ ကြုံလာနိုင်တာပဲလေ။ အဲ့ဒီအခါမှာ ရင်ထဲရှိတာတွေ ဒီလို ရေးချနိုင်ဖို့ဆိုတာ တော်ရုံ စိတ်ဓါတ် ခိုင်မာရုံနဲ့ ရမှာ မဟုတ်ဘူး။

    မအယ်

    ReplyDelete
  14. ပန်းသီတဲ့ကြိုးကဗျာနဲ့ မရီရီထွန်းရဲ့ ဆုံးရှုံးမှုကို အသိအမှတ်ပြု မှတ်ချက် ပေးလာကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ တော်လှန်ရေးကာလမှာ တိုက်ပွဲအတွေင်း ကျဆုံးရသူများ (သို့) တခြား အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသူများ ရှိသလို တိုက်ပွဲအတွက် အာသီသ အပြင်းထန်ဆုံး အချိန်တွေမှာ အခုလို သေဆုံးသွားသူ ရဲမေတဦးလည်း ရှိခဲ့တယ်ဆိုတာကို မမေ့မပျောက်ကြစေချင်လို့ အခုလို မျှဝေခြင်း ဖြစ်ပါတယ်။

    ကိုမိုးမြတ်သူ-ကျွန်မက မရီရီထွန်းကို လူချင်းလည်း မသိသလို ကင်ဆာရောဂါနဲ့ ဆုံးသွားတဲ့ ABSDF တပ်ရင်း (၁၀၁) ဘုရားသုံးဆူ စခန်းက ရဲမေတဦးဆိုကလွဲပြီး ကျန်တာဘာမှ မသိခဲ့ဘူး။ သိထားတာတွေကို ထပ်ဆင့် မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ သူ့သူငယ်ချင်း ဘိုဘိုကိုလည်း ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်းပါတယ်။

    ReplyDelete
  15. စိတ်ထဲ မကောင်းဘူး။
    အောက်ကစာဖတ်ပြီးမှ ကဗျာကို ပြန်ဖတ်မိတယ်။ ရင်ထဲနင့်နေအောင် ထပ်တူခံစားရပါတယ်။
    မရီရီထွန်း ကောင်းရာသုဂတိ လားပါစေ။

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။