ရန်အောင်ရဲ့ မြန်မာသံစဉ်သီချင်းတွေ၊ ၀င်းဦးသီချင်းတွေနဲ့ သင်္ကြန်သီချင်းတွေကြားမှာ မြောပါသွားလိုက်တာ ပွဲတောင် မပြီးစေချင်ဘဲ ပွဲပြီးသွားတော့ တသသနဲ့ ကျန်ခဲ့တယ်။ ငယ်ငယ်က ရွာက ဇာတ်ပွဲတွေမှာ ကတဲ့ နှစ်ပါးသွားမင်းသား သီဆိုကပြလေ့ရှိတဲ့ ပွဲကြိုက်ခင် သီချင်းကိုစွဲခဲ့စဉ်က အကြောင်းကို ပြေးပြီးသွားသတိရမိတယ်။ နောက်ပတ် မဲလ်ဘုန်းမှာ ဖျော်ဖြေမယ်ဆိုတော့ ဖြစ်နိုင်ရင် မဲလ်ဘုန်းအထိတောင် လိုက်ကြည့်ချင်ပါတယ်။ ဒီမှာလာသွားတဲ့ အဆိုတော်တွေ၊ ရုပ်ရှင် မင်းသမီးမင်းသားတွေထဲမှာ မြန်မာသံစဉ်ကို ရန်အောင်လောက် အဆိုကောင်းတာ တယောက်မှ မတွေ့သေးဘူး။ အိပ်မက်စေတမန်သီချင်းတခုမှာပဲ အသံနည်းနည်းထောက်နေတာကလွဲရင် တခြားသီချင်းတွေ အားလုံးဟာ တကယ့်မူရင်း ဆိုတဲ့သူတွေအတိုင်းကို နားထောင်လိုက်ရပါတယ်။ သင်္ကြန်သီချင်းတွေဆိုရင်လည်း ဇော်ဝမ်းအတိုင်း၊ ၀င်းဦးသီချင်းတွေဆိုလည်း ၀င်းဦးအတိုင်း တခြားမြန်မာသံစဉ် သီချင်းတွေဆိုရင်လည်း ရေဒီယိုထဲမှာ ငယ်ငယ်က နားထောင်ခဲ့ရတဲ့ မူရင်းအသံရှင်တွေ ဆိုတဲ့အတိုင်း ဆိုနိုင်တာ ရန်အောင်တယောက်ပဲ တွေ့သေးတယ်။ ဆစ်ဒနီမှာ နောက်ထပ် ပွဲတော်တွေ ကျင်းပဖို့ရှိရင် မြန်မာသံစဉ်အတွက် အမျိုးသားအဆိုတော် ဖိတ်ဖို့လိုရင် ရန်အောင်ကိုပဲ ထပ်ဖိတ်ကြဖို့ ပွဲတော် စီစဉ်သူအားလုံးကို အကြံပြုချင်ပါတယ်။
ပွဲ တင်ဆက်ပုံကလည်း ရှေ့မှာ တခြား မြန်မာသံစဉ်၊ ခေတ်ပေါ်သံစဉ် ၀င်းဦးသီချင်း စသည်ဖြင့် တမျိုးပြီးတမျိုး တင်ဆက်သွားပြီး နောက်ဆုံးမှာမှ သင်္ကြန်သီချင်းတွေကို တင်ဆက်သွားတာကို တွေ့ရတယ်။ ရန်အောင်နဲ့ မေသန်းနု အစီစဉ်တခုနဲ့တခုကြား အ၀တ်လဲနေစဉ်မှာ ဆစ်ဒနီမြန်မာ အနုပညာဝါသနာရှင်တွေ တင်ဆက်တဲ့ အဆိုအကတွေကလည်း လာသမျှ အနုပညာရှင်တွေ ချီးကျူးသွားကြတာ ပွဲတိုင်းမှာ ကြားရပြီး အခုလည်း ရန်ကုန်က ကလေးမလေးတွေတောင် မြန်မာအကကို ဒီလောက်ကတတ်ဖို့ မလွယ်ဘူးလို့ ရန်အောင်ကိုယ်တိုင် ချီးကျူးသွားတောကို တွေ့ရတယ်။ တင်ဆက်တဲ့ သီချင်းတွေက ခေတ်ဟောင်းခေတ်ပေါ်၊ လူကြီးအကြိုက် လူငယ်အကြိုက် အကုန်ပါပြီး အစီစဉ်တင်ဆက်ရာမှာ တခြားအစီစဉ်တွေကို အရင်တင်ဆက်ပြီး သင်္ကြန်ကို နောက်ဆုံးမှ တင်ဆက်ကာ သင်္ကြန်သီချင်းတွေကို ရောက်တာနဲ့ ပရိတ်သတ်တွေပါ ၀င်ကကြပြီး နှုတ်ခွန်းဆက်သီချင်းနဲ့ အဆုံးသတ်သွားတော့ ပွဲကြည့်သူတွေမှာ ပွဲပြီးလို့ ပြီးမှန်းမသိ လွမ်းတသသနဲ့ ကျန်ခဲ့အောင် လုပ်သလို ဖြစ်နေတော့ ဒီလိုတင်ဆက်တာကိုကပဲ အစီစဉ်တင်ဆက်တာ အိုင်ဒီယာကောင်းတယ်လို့ မှတ်ချက်ချပါတယ်။ အဆိုတွေ အကတွေနဲ့ ဓာတ်ပုံတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း
နှစ်ကိုယ်တူ ချစ်သမျှ
တိမ်လွှာမို့မို့လွင်သီချင်းကို စဉ်ပေါ်မှာ မဟုတ်ဘဲ စဉ်အောက်မှာ ဆင်းဆိုနေတော့ အစမှာတော့ အသံပဲအရင်လာပြီး လူကတော့ ခန်းဆီင်္းနောက်က ဆိုနေတယ်ထင်နေတာ နောက်မှာ အောက်မှာ ဆင်းဆိုနေတာ တွေ့ရတယ်။ စဉ်အောက်မှာ ဆိုနေတာ ဖြစ်တဲ့အတွက် ဘေးနားမှာ လူတွေဝိုင်းအုံနေတော့ ရန်အောင်ပုံကို တော်တော်နဲ့ မရလိုက်ဘူး အသံကိုပဲ အဓိကထား နားထောင်လို့ရအောင် ရိုက်ထားပါတယ်။
ဆည်းဆာ
ရွှေဘိုသနပ်ခါး- ကနေတဲ့သူက ဆစ်ဒနီရောက် မင်းသမီးဟောင်းတဦး ဖြစ်တယ်။ ဒီပွဲတော်မှာ အခမ်းအနား အစီစဉ် ကြေညာသူ သုံးဦးထဲထဲက တဦးလည်းဖြစ်တယ်။
သင်္ကြန် နောက်ဆုံးအစီစဉ် - သင်္ကြန်သီချင်းနဲ့ နောက်ဆုံးမှ ကတော့ ၀င်းဦးသီချင်းအစီစဉ် စတဲ့အချိန်ကတည်းက ကျွန်မ ကင်မရာမှာ မင်မိုရီကုန်သွားလို့ ဒါလေးတောင် တခြားပုံတွေ လိုက်ဖျက်ပြီး ရိုက်ထားရတယ်။ နောက်ဆုံးအစီစဉ်ဖြစ်လို့ ပရိတ်သတ်တွေလည်း ၀င်ကနေကြပြီး ပရိတ်သတ်နဲ့ ဖျော်ဖြေသူ မကွဲတော့တဲ့ အချိန်ဖြစ်တယ်။ ကနေတဲ့ ပရိတ်သတ်ထဲမှာ နာရေးကူညီမှုအသင်း ရန်ကုန်က ဒေါ်ရွှေဇီးကွက်ကိုလည်း တွေ့ရပါတယ်။ ပွဲကို အခုမြင်နေရတဲ့ဒီအတိုင်းပဲကပြီး နှုတ်ခွန်းဆက်သီချင်းနဲ့ အဆုံးသတ်သွားပါတယ်။ နောက်ပတ် စနေနေ့ မေလ ၄ ရက်နေ့ကျရင် ညနေ (၅) နာရီကနေကနေ (၁၀) နာရီအထိ ဒီဟောခန်းမ၊ ဒီနေရာ (Bowman Hall, Civic centre, Campbell Street, Blacktown) မှာပဲ နာရေးကူညီမှုအသင်း (ရန်ကုန်) က ကိုကျော်သူနှင့် ဆစ်ဒနီမြန်မာ တွေ့ဆုံပွဲရှိကြောင်း ဘယ်သူမှ ကြော်ငြာခိုင်းတာ မဟုတ်ဘဲနဲ့ ကြုံလို့ ကြော်ငြာပေးလိုက်ပါတယ်။
တချိန်က နာမည်ကျော်ကြားခဲ့တဲ့ ဆစ်ဒနီရောက် အဆိုတော်တဦးနဲ့ တွဲဆိုစဉ်
ရန်အောင်နဲ့ တွဲဆိုနေသူကတော့ မအေးမြသီတာတဲ့ တချိန်က နာမည်ကျော်ကြားခဲ့တဲ့ ဆစ်ဒနီရောက် မြန်မာ အမျိုးသမီး အဆိုတော်တဦးဖြစ်သသလို ရန်အောင် အတော်ကြိုက်တဲ့ အဆိုတော်လို့ ပြောပါတယ်၊ မအေးမြသီတာက ဒီသီချင်းကို အဆိုတော် စိန်လွင်နဲ့ အတူတွဲဆိုခဲ့တဲ့ သီချင်းလို့ ပြောတယ်။ ဆစ်ဒနီရောက် အဆိုတော်နဲ့ တွဲဆိုထားတာ ဖြစ်လို့အမှတ်တရ ရိုက်ယူခဲ့ပါတယ်။ နှစ်ပုဒ်ဆိုခဲ့ပေမဲ့ ကျွန်မ သိတဲ့သီချင်းထဲက မဟုတ်တဲ့အတွက် တပုဒ်ပဲ ရိုက်ယူထားခဲ့ပါတယ်။
အောက်က ဗွီဒီယိုက လောကနတ်အဖွဲ့က ရိုက်ယူထားတဲ့ သင်္ကြန်အစီစဉ် ဖြစ်ပြီး ပိုမိုပြည့်စုံလို့ ပြန်ကူးယူဖေါ်ပြလိုက်ပါတယ်။
ဓာတ်ပုံတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
ရန်အောင်က မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်းအပါအ၀င် မြန်မာသံစဉ်သီချင်းများဖြင့် သီဆိုဖျော်ဖြေနေစဉ်
မေသန်းနုက မြန်မာသံစဉ်သီချင်း တချို့နဲ့ ဖျော်ဖြေနေစဉ်
ရန်အောင်နဲ့ မေသန်းနု ခေတ်ပေါ်သီချင်း စုံတွဲသီချင်းတပုဒ်နဲ့ ဖျော်ဖြေနေစဉ်
ရန်အောင်က ဂျင်းဘောင်းဘီသီချင်းနဲ့ ဖျော်ဖြေနေစဉ်
ဆစ်ဒနီရောက် အဆိုတော်ဟောင်းတဦးဖြစ်သူ မအေးမြသီတာနဲ့အတူ မအေးမြသီတာ ခေတ်က စိန်လွင်နဲ့ သီဆိုခဲ့တဲ့ သီချင်းတပုဒ်ကို ရန်အောင်နဲ့ တွဲဆိုပြီး ဖျော်ဖြေနေစဉ် (ဗွီဒီယိုပါ တင်ထားပါတယ်)
ပွဲတော်ကျင်းပရာ Blacktown ဧရိယာ မြို့တော်ဝန်ကလည်း ဖျော်ဖြေရေး အစီစဉ်ခဏနားတဲ့အချိန်မှာ အမှာစကားနဲ့ ကျေးဇူးတင်စကား ပြောသွားခဲ့ပါတယ်။ မြို့ဝန်က ဒီပွဲတော်နဲ့ ပတ်သက်ပြီး ဖျော်ဖြေသူတွေရဲ့ အရည်ချင်းနဲ့ ပရိတ်သိတ်တွေရဲ့ အားပါးတရ အားပေးမှုတွေကို တွေ့ရတော့ ၀မ်းသာအားရကြောင်း ချီးကျူးစကား ပြောခဲ့ပြီး သူက သြစကြေးလျားမှာ နိုင်ငံခြားက ပြောင်းရွှေ့နေထိုင်လာတဲ့ မိသားစု နောက်ခံကလာသူ တဦးဖြစ်တော့ ဘယ်ကိုပဲ ရောက်နေရောက်နေ နိုင်ငံခြားရောက်နေတဲ့ မိမိတို့ ကလေးတွေအတွက် မိခင်ဘာသာစကားကို တတ်မြောက်ဖို့ဟာ အရေးကြီးကြောင်းကို သီရိလင်္ကာက သူ့အသိ မိတ်ဆွေတွေရဲ့ မတူတဲ့ နိုင်ငံမှာ ရောက်နေတဲ့ ကလေးတွေအချင်းချင်း မိခင်ဘာသာစကား မတတ်လို့ အချင်းချင်း ကွန်မြူနီကိတ်လုပ်လို့မရတာကို ဥပမာပေးပြီး ပြောပြသွားပါတယ်။ မြန်မာကွန်မြူနီတီအနေနဲ့ မြန်မာကလေးတွေ မြန်မာလိုတတ်ဖို့အရေး မ မဖြစ်မနေ လုပ်ပေးဖို့ လိုအပ်ကြောင်း၊ သူ့အနေနဲ့ မြန်မာကွန်မြူနီအပါအ၀င် အင်္ဂလိပ်ဘာသာစကားဟာ ဒုတိယဘာသာစကား ဖြစ်သူတွေ အားလုံးအတွက် မိခင်ဘာသာစကား တတ်မြောက်ဖို့ အရေး အစီစဉ်တွေကို အစွမ်းကုန် အားပေး ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း အပါအ၀င် မြန်မာကွန်မြူနီတွေ စုစုစည်းစည်းနဲ့ လုပ်နိုင်ဖို့ အကြံပြုမှုတချို့ ပေးခဲ့ပါတယ်။
မြို့တော်ဝန် အမှာစကား ပြောကြားစဉ်
ဝင်းဦး အကယ်ဓမီရခဲ့တဲ့ ဇာတ်ကားက မှုန်ရွှေရည် သီချင်းကို ရန်အောင်က ဆိုပြီး မေသန်းနုက ကပါတယ်
ရန်အောင်က သင်္ကြန်သီချင်းတပုဒ်ဆိုစဉ် ကလေးတွေကို အကသင်ပေးတဲ့ ဆစ်ဒနီမင်းသမီး မ၀င်းဝင်းမူက ကပါတယ် (သီချင်းနာမည် မေ့နေလို့ နောက်မှ ပြန်မေးပြီး ဖြည့်ပေးမယ်)
ဒေါက်တာကျော်မြင့်က မ၀င်းဝင်းမူကို ပန်းကုံးစွပ်ပြီးတဲ့အချိန်
မမကိုယ်တိုင်က သီချင်းကို ရန်အောင်က ဆိုပြီး မေသန်းနုက ကစဉ်
မေသန်းနုက သင်္ကြန်သီချင်း တပုဒ်ဆိုပြီး ဆစ်ဒနီရောက် မိန်းကလေးများမှ ကစဉ်
ဝင်ကတဲ့ ပရိတ်သတ်ထဲမှာ ဒေါ်ရွှေဇီးကွက်လည်း ပါတယ်
ဘလော့ဂ်မှာ ပွဲလာကြည့်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပွဲလာကြည့်သူတွေထဲမှာ Facebook မိတ်ဆွေများ ပါပါက Fb ဟာ မိတ်ဆွေဟောင်းတွေနဲ့ ပြန်လည် ဆက်သွယ်ရဖို့ ရည်ရွယ်ပြီး ကျွန်မ ဖွင့်ခဲ့ပေမဲ့ fb ထဲကို ၀င်ပြီးရင် ပြန်ထွက်ရခက်တဲ့ရောဂါနဲ့ သုံးနေစဉ် တခြားလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေ မလုပ်ဖြစ်ဘဲ ပျက်ကွက်ခဲ့တာ များလာတာကတကြောင်း၊ လတ်တလော အလုပ်များလွန်းတာကတကြောင်းကြောင့် facebook က ခဏ အနားယူထားကြောင်း အသိပေးအပ်ပါတယ်။
နှစ်သစ်မှာ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
These are actually impressive ideas in on the topic of blogging.
ReplyDeleteYou have touched some fastidious factors here. Any way keep up wrinting.
Stop by my web blog: michael kors runway clutch
http://www.ash.harvard.edu/extension/ash/docs/creating.pdf
ReplyDeletehttp://www.ash.harvard.edu/extension/ash/docs/creating.pdf
ReplyDelete