Pages

၂၁ ကြိမ်မြောက် 8.8.88 နှစ်ပတ်လည် အခမ်းအနား (ဆစ္ဒနီ)

ဒေါက်တာမြင့်ချို (Burma office, Sydney) မှ အမှာစကားပြောကြားနေစဉ်


Dr John Kayne, (နယူးဆောက်ဝေးလ် ပါလီမန်အမတ်) မှ အမှာစကား ပြောကြားနေစဉ်


What do you know about Burma? ဟူသော ခေါင်းစဉ်ဖြင့် စာစီစာကုံး ၀င်ပြိုင်သည့် ပြိုင်ပွဲဝင် မျိုးဆက်သစ် ကလေးငယ်တချို့


မကဒတ ရန်ပုံငွေအတွက် ရောင်းချသော Raffle ticket ကို ကလေးငယ်များအား မဲနှိုက်စေ၍ ပေါက်မဲကို ကြေညာပေးနေစဉ်


စာစီစာကုံး ပြိုင်ပွဲဝင် ဆုရကလေးတဦးအား ကိုကိုးကျွန်းပြန် ဦးတင့်ဇော် (ခေါ်) ဦးလှဖေမှ ဆုချီးမြှင့်နေစဉ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ခေါ် ABSDF, သြစကြေးလျားရှိ နယူးဆောက်ဝေး ဌာနခွဲမှ ကြီးမှူး၍ ၈.၈.၀၉ ၌ ကျရောက်သော ၂၁ ကြိမ်မြောက် ၈.၈.၈၈ နှစ်ပတ်လည် အခမ်းအနားကို ဆစ်ဒနီမြို့ရှိ Lidcombe, Ukrainian Hall တွင် နယူးဆောက်သ်ဝေး စံတော်ချိန် ညနေ (၆) နာရီမှ ည (၁၀) နာရီအထိ ၈.၈.၀၉ တွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံ သြစကြေးလျား လူမျိုး အနည်းငယ် အပါအ၀င် ဆစ်ဒနီမြို့နှင့် နယူးဆောက်သ်ဝေး ပြည်နယ်၏ တခြားဒေသများတွင် နေထိုင်လျက်ရှိသော လူမျိုးပေါင်းစုံ မြန်မာလူမျိုး ၃၅၀ ခန့် တက်ရောက်ခဲ့ပါတယ်။ အခမ်းအနား အစီစဉ်များကို မစမီ မကဒတ တပ်ဖွဲ့ဝင်ဟောင်း မိသားစုများနှင့် အားပေးကူညီ ထောက်ပံ့သူများမှ မြန်မာစားစရာများ ချက်ပြုတ်ပြီး ညနေစာအဖြစ် ရောင်းချပေး၍ Fund raising တခုကိုပါ ပြုလုပ်ခဲ့ရာ တက်ရောက်လာသော ပရိတ်သတ်များမှ ၀ယ်ယူစားသောက်ကာ အားပေးခဲ့သည်ကို တွေ့ရပါသည်။


အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် မျိုးဆက်သစ် ညီမငယ် တဦးဖြစ်သူ နော်ဆေးဖောဝါးက တာဝန်ယူပြီး မကဒတ နယူးဆောက်သ်ဝေး ဌာနခွဲ၏ တာဝန်ခံအဖွဲ့ဖြစ်သည့် အတွင်းရေးမှူးအဖွဲ့ဝင်များ ဖြစ်သော ကိုအောင်နိုင် (၆၀၁) ၊ ကိုနိုင်အောင် (၁၀၁)၊ ကိုကျော်ကျော်နိုင် (၂၀၇)၊ ကိုမိုးအောင်လှိုင် (၂၁၁) တို့မှ လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက် ခဲ့ပါသည်။ အခမ်းအနားအစီစဉ်များမှာ ရှစ်လေးလုံးနှင့် ပတ်သက်သည့် မှတ်တမ်းတင် ဗီဒယိုခွေများ ပြသခြင်း၊ ဖိတ်ကြားထားသော ဧည့်သည်များမှ အမှာစကားပြောကြားခြင်း၊ ကလေးများအတွက် ပြုလုပ်ပေးသည့် What do you know about Burma? ဟူသည့် ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအကြောင်း စာစီစာကုံး ပြိုင်ပွဲဝင်သည့် ကလေးငယ်များအား အဆင့်လိုက် ဆုချီးမြှင့်ခြင်း၊ မကဒတ ရန်ပုံငွေအတွက် ရောင်းချသော Raffle ticket များအား ကလေးငယ်များအား ပရိတ်သတ် ရှေ့တွင်ပင် မဲဆွဲစေ၍ ပေါက်မဲကို ကြေညာပေးခြင်း၊ ခေတ်ပေါ်နှင့် မြန်မာသံစဉ် နှစ်ခုစလုံးဖြင့် ရှစ်လေးလုံး၊ ဒီမိုကရေစီ၊ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု အမှတ်တရ တေးသရုပ်ဖေါ်နှင့် တေးသီချင်းများကို သီဆိုတင်ဆက်ခြင်း စသည်တို့ ပါဝင်ပါသည်။

ဤအခမ်းအနားအား မကဒတ နယူးဆောက်သ်ဝေးမှ ကမကထပြုပြီး ကြီးမှူးကျင်းပသော်လည်း တခြားသော မိတ်ဆွေများနှင့် အဖွဲ့အစည်းများ၏ တခဲတနက် ပူးပေါင်းကူညီ ပါဝင်ဆောင်ရွက်မှုများလည်း များစွာ ပါရှိသောကြောင့် မိမိတို့ အဖွဲ့အစည်းတခုတည်း ပြုလုပ်သည့် အခမ်းအနားတခုအဖြစ် ပြော၍မရပဲ အားလုံးပူးပေါင်း ဆောင်ရွက်သည့် အခမ်းအနားတခုအဖြစ်သာ သတ်မှတ်ရမည်ဟု မကဒတ နယူးဆောက်သ်ဝေး ဌာနခွဲ၏ အတွင်းရေးမှူးများ အဖွဲ့ဝင်နှင့် ပြောရေးဆိုခွင့် ရှိသူ ကိုအောင်နိုင်က ပြောပါသည်။ မကဒတ နယူးဆောက်သ်ဝေး ဌာနခွဲကို ယခင်က ဥက္ကဌ၊ ဒုက္ကဌ စသည်ဖြင့် ဦးဆောင်ကော်မီတီ စနစ်ဖြင့် သွားသော်လည်း ယခုအချိန်တွင် အတွင်းရေးမှူးများ စံနစ်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး လှုပ်ရှားမှုများကို တခြားအဖွဲ့အစည်းများနှင့် ပူတွဲကာ Joint committee ထဲတွင် အမြဲတမ်း အဖွဲ့ဝင် တခုအနေနှင့် ပါဝင်လှုပ်ရှားပြီး မိမိတို့၏ သီးခြား လုပ်ငန်းစဉ်အနေဖြင့် နယူးဆောက်သ်ဝေး ပြည်နယ်အတွင် ရောက်ရှိနေထိုင်ကြသော မကဒတ တပ်ဖွဲ့ဝင် ရဲဘော်ဟောင်းများမှ လစဉ် ရန်ပံငွေထည့်ဝင်ခြင်း အခါအားလျှော်စွာ အခုလို Fund raising အစီစဉ်များ ပြုလုပ်ပြီး ဘဏ္ဍာငွေ ရှာဖွေခြင်းဖြင့် ရရှိလာသော ဘဏ္ဍငွေများကို ထိုင်းမြန်မာ နယ်စပ်တွင် ရှိသော မကဒတ ဗဟိုဌာနချုပ်သို့ နှစ်စဉ် ပို့ပေးလျက် ရှိကြောင်း ကိုအောင်နိုင်မှ ပြောပြခဲ့ပါသည်။

ရှစ်လေးလုံးကာလတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအား ပြန်လည်ပြသသည့် အနေဖြင့် အခမ်းအနား အစီစဉ်ကို ရှစ်လေးလုံး ကာလ လုပ်ရှားမှုများကို ရိုက်ကူးထားသော Documentary ဗွီဒယို ခွေများကို ပြသပါသည်။ ထို့နောက် ဖိတ်ကြားထားခြင်း ခံထားရသော အထူးဧည့်သည် နှစ်ဦးဖြစ်သည့် နယူးဆောက်ဝ်ဝေး ဥပဒေ ပြုရေးကောင်စီ အဖွဲ့ဝင်ဖြစ်သူ လွှတ်တော်အမတ် Dr John Kayne နှင့် Burma office မှ Dr မြင့်ချိုတို့မှ အမှာစကားများ ပြောကြားပါသည်။ Dr John Dayne မှ ပြောကြားရာတွင် စစ်အုပ်စုသည် ၈၈ က စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်ရန် အကြောင်းပြချက်ဖြင့် အာဏာကို သိမ်းထားသော်လည်း ယခုအချိန်ထိ ဒီမိုကရေစီနှင့် ပတ်သက်သည့် တိုးတက်မှု တစုံတရာမှ ဖေါ်ဆောင်သည်ကို မတွေ့ရကြောင်း၊ န၀တမှ နအဖသို့ အမည်သာ ပြောင်းခဲ့သော်လည်း လုပ်ဆောင်မှုတွေဘာမှ ပြောင်းသွားတာ မတွေ့ကြောင်း၊ ၉၀ ခုနှစ် ရွေးကောက်ပွဲ လုပ်ပေးခဲ့သော်လည်း အာဏာကို အခုထိ မလွဲပေးပဲ လူထုဆန္ဒမပါပဲ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံကို အသုံးပြုကာ နောက်ရွေးကောက်ပွဲတခုကို ပြန်လုပ်ဖို့ ကြိုးစားနေခြင်းမှာ ဒီမိုကရေစီနဲ့ လုံးဝ မကိုက်ညီကြောင်းနှင့် ရွေးကောက်ပွဲတခုကို ထပ်လုပ်မည်ဆိုပါက ပထမဦးဆုံး အဆင့်အနေနဲ့ နိုင်ငံရေး အကျဉ်းသားများကို အရင်လွတ်ပေးရမည် ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အများဆန္ဒနှင့်အညီ ပြန်လည် ရေးဆွဲပြီးမှ ပြုလုပ်ရမည် ဖြစ်ကြောင်း နယူးဆောက်ဝေး အစိုးရအနေနှင့် မြန်မာနိုင်ငံ၏ အရေးကို အမြဲတမ်း မျက်ခြေမပြတ် စောင့်ကြည့်နေပြီး သြစတြေးလျား အစိုရ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်လာအောင် ကြိုးစားလျက်ရှိကြောင်း ပြောကြားသွားခဲ့ပါသည်။

Dr မြင့်ချိုမှ ရှစ်လေးလုံး၏ အကျိုးဆက်များကို ပြောကြားသွားရာတွင် ရှစ်လေးလုံးကြောင့် တော်လှန်ရေးကို ဆက်လက် တိုက်ပွဲဝင်နေနိုင်ခြင်း၊ မျိုးဆက်သစ်များကို အမွေအနစ်အဖြစ် ပေးနိုင်ခဲ့ခြင်း၊ မြန်မာ့ အရေးကို ကမ္ဘာက သိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ တိုင်းရင်းသား ပေါင်းစုံ နေထိုင်သည့် မြန်မာနိုင်ငံမှာ တိုင်းရင်းသား အရေးကို ဒီမိုကရေစီ အရေးနှင့် တန်းတူ ထည့်သွင်းစဉ်းစား လာနိုင်ခြင်း၊ ကျောင်းသားတပ်မတော် တရပ်ကို မွေးထုတ်နိုင်ခဲ့ခြင်း ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကောင်းများနှင့် NLD ကို မွေးဖွားပေးနိုင်ခဲ့ခြင်း စသည့် အားသာချက် အကျိုးရလဒ် ၆ ခု ထွက်လာခဲ့သည်ဟု ဆိုပါသည်။ သို့သော်လည်း အောင်ပွဲရအောင် မဆောင်ရွက်နိုင်သေးသည့်အတွက် ဤရလဒတ်များသည် အသက်ပေးခဲ့သော သူရဲကောင်းတို့ အတွက်မထိုက်တန်သေးကြောင်း အောင်ပွဲကို အရယူနိုင်မှသာ ထိုက်တန်မည် ဖြစ်ကြောင်း၊ အောင်ပွဲကို အရယူဖို့အတွက်ခိုင်မာသည့် ဦးဆောင်မှု တခုလိုအပ်သဖြင့် ပြည်တွင်းမှာ NLD ကို ခိုင်မာလာစေရန် ပံ့ပိုးဖို့လိုပြီး ပြည်ပမှာ ရောက်နေသူများမှလည်း နိုင်ငံတခု ရှင်သန်ရပ်တည်ဖို့ ဆိုသည်မှာ နိုင်ငံတကာမှ အသိအမှတ်ပြုမှသာ ရပ်တည်နိုင်သောကြောင့် မိမိတို့ ရောက်ရှိရာ နိုင်ငံမှ အစိုးရများကို စစ်အုပ်စုကို မထောက်ခံပဲ စီးပွားရေးအရ၊ သံတမန်အရ ၀ိုင်းပယ်အောင် အတတ်နိုင်ဆုံး ကြိုးစားဖို့ လိုကြောင်း ပြောကြားသွားခဲ့ပါသည်။

ရှစ်လေးလုံး အမှတ်တရ တေးဂီတနှင့် တေးသရုပ်ဖေါ် အပါအ၀င် အခြားအစီစဉ် တချို့ကို ဆက်လက် ဖေါ်ပြပါမည်။




1 comment:

  1. အမ ရေ အသစ်တွေ လာဖတ်တယ် ။လာကြည့်သွားပါတယ်။ခုတလော အလုပ်နည်းနည်းများနေလို့အွန်လိုင်းမှာ ကြာကြာ မရှိတာပါ။ ခဏခဏ ရောက်ဖြစ်ပါတယ်။မိသားစု အဆင်ပြေပျော်ရွှင်ပါစေဗျာ။
    ခင်မင်မှုဖြင့်
    အားလုံးကိုပျော်စေချင်တဲ့

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။