Pages

ကရင့်ရိုးရာ လက်ချည်ပွဲ (ဆစ္ဒနီ၊ သြစကြေးလျား)

ကရင်လူငယ် မောင်မယ်များမှ ကရင့်ရိုးရာ
ဝါးညှပ်အကို စတင် ကပြရန် ပြင်ဆင်နေစဉ်နှင့်


ဆစ္ဒနီမြို့ရှိ Villawood Senior Citizen Hall ၌ သြစတြေလျား ကရင် ယဉ်ကျေးမှု အဖွဲ့မှ ကြီးမှူး၍ ကရင်ရိုးရာ လက်ချည်ပွဲ အခမ်းအခနား တခုကို ၂၀၀၉ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့၊ နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ဆစ္ဒနီမြို့တွင် နေထိုင်ကြသော မြန်မာနိုင်ငံမှ တိုင်းရင်းသားများနှင့် သြစတြေးလျား လူမျိုးများ အပါအ၀င် လူဦးရေ စုစုပေါင်း၂၀၀ ခန့် တက်ရောက်ခဲ့ပါသည်။
သားသားအား ကရင့်ရိုးရာ အမှတ်တရ လက်ချည်ပေးနေစဉ်
အခမ်းအနားကို အပိုင်းနှစ်ပိုင်းဖြင့် စီစဉ်တင်ဆက်၍ သဘာပတိအဖြစ် စောတကောဝါးက ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် စောလေးလေးကဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနား အစီစဉ်ကို ကရင်အမျိုးသား အလံတော်နှင့် သြစတြေးလျား အလံတော်ကို အလေးပြုခြင်းဖြင့် အခမ်းအနားမှူး စောလေးလေးက စတင်ဖွင့်လှစ်ပြီး ပထမဦးစွာ သဘာပတိ စောတကောဝါးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဖွင့်အမှာစကား ပြောကြားရာ၌ စောတကောဝါးက ကရင်လူများများ၏ မြန်မာနိုင်တွင် ပြန့်နှံ့နေထိုင်ပုံနှင့် ကရင်ရိုးရာ ယဉ်ကျေးမှုစတင်ခဲ့သည့် သမိုင်းအကျဉ်းကို ပြောပြီး မိမိတို့ ကရင်အမျိုးသားများ အနေဖြင့် ရိုးရာယဉ်ကျေးမှု မတိမ်ကောစေရန် ရောက်ရာအရပ်၌ မိမိလူမျိုးများ၏ ထိန်းသိမ်းသင့်သော ယဉ်ကျေးမှုများကို ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါသည်။

ထို့နောက် ကရင့်လက်ချည်ပွဲ ဖြစ်ပေါ်လာသည့် နောက်ခံသမိုင်းကြောင်းကို စောနီကောလပ်က ပြောကြားခဲ့ရာတွင် လက်ချည်ပွဲသည် ရှေးကရင်လူမျိုးများက ၎င်းတို့၏ ခေါင်းဆောင်ကြီး ဖူးထိုမဲပါကို ယုံကြည်အားကိုးကြပြီး ၀ါခေါင်လ ကာလ၌ ရာသီဥတု ဖေါက်ပြန်မှုနှင့် ရန်သူများ၏ တိုက်ခိုက်မှုကို ခံရသောအခါ ၎င်း၏နောက်လိုက်ငယ်သားများအား ဘေးအန္တရယ်မှ ကင်းရှင်းစေရန်နှင့် တဦးနှင့်တဦး လွယ်ကူစွာ မှတ်မိနိုင်စေရန် ခေါင်းဆောင်ကြီး ဖူးထိုမဲပါက ၇ ရက်သားသမီးများအတွက် ၇ ရက် ၇ နံ ၇ မျိုးပါသော ပစ္စည်းများဖြင့် အဓိဌါန်ပြုပြီး လက်ကောက်ဝတ်တွင် ချည်ပေးခဲ့ရာမှ လက်ချည်ခြင်း ဓလေ့ကို စတင်ခဲ့သည်ဟု ဆိုပါသည်။

လက်ချည်ပေးသည့် ပုဂ္ဂိုလ်သည် သီလ၊ သမာဓိ ပညာနှင့် ရိုးသားတည်ကြည် ဖြောင့်မတ်ပြီး တရားမျှတမှု ရှိရမည်ဖြစ်ပြီး လက်အချည်ခံရသူမှာလည်း ကိုယ်ကာယ သန်မာထွားကြိုင်း၍ ကျန်းမာခြင်း၊ အပေါင်းအသင်းဆံ့ခြင်း၊ ဥဏ်ရည်ထက်မြက်ခြင်း၊ ပစ္စည်းဥစ္စာ ပေါများ၍ ဘေးရန်ကင်းရှင်းခြင်း စသည့် အကျိုးကျေးဇူးများ ခံစားရသည်ဟု ရှေးကရင်များက ယုံကြည်ပြီး အစဉ်ဆက် ပြုလုပ်လာသည့် ဓလေ့တခု ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။ လက်ချည်ပွဲတွင် ပါဝင်သော ပစ္စည်း ခုနှစ်မျိုး ဖြစ်သည့် ချည်ဖြူ၊ ရေ၊ ထမင်းဆုပ်၊ ကြံ၊ ငှက်ပျောသီး၊ ပန်းနှင့် ကောက်ညှင်းထုပ် စသည့်ပစ္စည်း တခုစီ၏ ပါဝင်သည့် အဓိပ္ပာယ်ကို စောနီကောလပ်က ဆက်လက်ရှင်းပြခဲ့ပါသည်။

ကရင့်ရိုးရာ ယဉ်ကျေးမှု အဖွဲ့မှ လူငယ်အဖွဲ့ဝင်တဦး ဖြစ်သူ စောအယ်စိုးမှ လက်ရှိမြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်ဒေသ တလျှောက်တွင် နေထိုင်လျက်ရှိသော ကရင့်အမျိုးသားများအား နအဖ၏ ညှင်းပမ်းနှိပ်စက်မှု အမျိုးမျိုးခံနေရပြီး ဒုက္ခရောက်ရသည့် လက်ရှိအခြေအနေများကို ရှင်းပြသွားခဲ့ပါသည်။

အခမ်းအနားတွင်တက်ရောက်လာသော ပရိတ်သတ်များအား မငြီးငွေ့စေရန်အတွက် ကရင် ရိုးရာယဉ်ကျေးမှု အကများ ဖြစ်သည့် ကရင်ဒုံးရိမ်း၊ ၀ါးညှပ်အကများဖြင့် ကပြခြင်း ကရင် ရိုးရာ သီချင်းများကို အုပ်စုအလိုက်နှင့် တယောက်ချင်း သီဆိုဖြေဖျော်ခြင်း၊ ကရင်ရိုးရာ အ၀တ်အစားများဖြင့် ကလေးနှင့် လူငယ်များမှ သရုပ်ပြခြင်း၊ လက်ချည်ပုံချည်နည်း သရုပ်ပြခြင်း စသည်တို့ကို ကြားအစီစဉ်များတွင် ထည့်သွင်း ဧည့်ခံ ဖြေဖျော်ခဲ့ပါသည်။

ထို့နောက် စောနီကောလပ်နှင့် အဖွဲ့က လက်ချည်ပေးခြင်း အစီစဉ်ကို စတင်ခဲ့ရာ တက်ရောက်လာကြသော ပရိတ်သတ်များထဲမှ ကလေးများနှင့် စိတ်ပါဝင်စားသည့် ကလေးလူကြီးများ သွားရောက် လက်အချည်ခံခဲ့ပါသည်။ ထို့နောက် မန်းကျော်ဆန်းက တက်ရောက်လာသော ပရိတ်သတ်များအား ကျေးဇူးတင်စကားနှင့် အပိတ်အမှာစကား ပြောကြားပြီး အခမ်းအနား ပထမိုင်းကို သြစကြေးလျားနိုင်ငံတော် သီချင်းနှင့် ကရင်အမျိုးသားရေးသီချင်း ဖြင့်အဆုံးသတ်ခဲ့ပါသည်။ ပြီးနောက် တက်ရောက်လာသော ပရိတ်သတ်များအား မုန့်ဟင်းခါး၊ မုန့်ကျွဲသဲ၊ မုန့်ဦးနှောက်တို့ဖြင့် ဧည့်ခံကျွေးမွေးပြီး အခမ်းအနား ဒုတိယပိုင်းကို စောတာမလာထူး ဦးဆောင်သည့်အဖွဲ့မှ ခေတ်ပေါ်တေးဂီတများဖြင့် သီဆိုတီးမှုတ် ဖြေဖျော်ခဲ့ပါသည်။

အခမ်းအနားမှူး စောလေးလေးမှ အခမ်းအနားအစီစဉ်များကို ဖတ်ကြားစဉ်
သဘာပတိ စောတကောဝါးမှ အဖွင့်အမှာစကား ပြောကြားစဉ်
စောနီကောလပ်မှ ကရင့်လက်ချည်ပွဲ နောက်ခံသမိုင်းကြောင်းအား ပြောကြားစဉ်
ရိုးးရာ လက်ချည် သရုပ်ပြစဉ်
အခမ်းအနား ဒုတိယအပိုင်းတွင် ကရင်လူငယ်များမှ ခေတ်ပေါ် တေးဂီတဖြင့် ဖျော်ဖြေစဉ်




အခမ်းအနား ဒုတိယပိုင်းတွင် ကြွရောက်လာသော ပရိတ်သတ်များ ထဲမှ ကလေး လူကြီးများအား စောနီကောလပ်နဲ့ အဖွဲ့မှ ရိုးရာ လက်ချည် ပေးနေစဉ်။







ကရင့်ရိုးရာ ၀ါးညှပ်အကကို ဆက်လက် ကြည့်ရှုကြပါရန်


16 comments:

  1. ဓါတ်ပုံတွေ လာကြည့်ပါ တယ် မငယ်နိုင်ရေ
    ရေခြားမြေခြားမှာရှိနေပေမဲ့ ရိုးရာဓလေ့တွေ ထိမ်းသိမ်းစောင့်ရှောင်ချင်သူတွေ ရှိတဲ့အတွက်
    တော်သေးတာပေါ့နော်..

    ReplyDelete
  2. အမရေ အခုလို တိုင်းတပါးရောက်နေပေမယ့်လည်း Ausi မှာ ရှိတဲ့ မြန်မာနိုင်ငံသားများဖြစ်တဲ့ ကရင်လူမျိုးတွေ အခုလို ရိုးရာ အမွေအနှစ်ကို ထိန်းသိမ်းကြတာ တွေ့ရတော့ ၀မ်းသာပါတယ်.. Sydney မှာ ကရင်လူမျိုးတွေ နည်းတယ်နော်....

    ReplyDelete
  3. ကရင်နှစ်သစ်ကူးနေ့အခမ်းအနားတွေကိုလွမ်းသွားတယ်

    ReplyDelete
  4. မမရေ....ဓာတ်ပုံလေး တွေ ဝေေ၀ဆာဆာနဲ့ တော်တော် ကြည့်ကောင်းပါတယ် ၊ ကျေးဇူးနော်..။

    ReplyDelete
  5. ငယ်ငယ်တုန်းက အိမ်နားက ကရင် အဘွားတစ်ယောက်က ကရင် ရိုးရာလိပ်ပြာခေါ်တယ်ဆိုလား သူမြေးလေးတွေရဲ့ လက်ကို အပ်ချည်ကြိုးလိုကြိုးလေးတွေစီးပြီး ဘာဂါထာတွေရွတ်တာလဲတော့မသိဘူး။အဲဒီလိုတော့တွေ့ဘူးတယ်။မငယ်ရေးသလို ရိုးရာလက်ချည်များလားတော့မသိဘူး။

    ReplyDelete
  6. ၀ါးညှပ်အကတော့ စိတ်ဝင်စားတယ်။ စည်းချက် မှားသွားခဲ့ရင် ခြေထောက်တွေ အညှပ်ခံရမှာ အသည်းယားမိတယ်။

    ReplyDelete
  7. ကရင်ရိုးရာလက်ချည်ပွဲအကြောင်းဆိုလို့
    မကိအိမ်ကနေမြင်ပြီးပြေးလာကြည့်တာပါ
    သေသေချာချာမှတ်သားသွားပါတယ်
    ကျနော်ရဲ့ပိုစ်နောက်ဆက်တွဲအတွက်အထောက်အကူ
    ရအောင်လို့ပါ
    ကျေးဇူးဗျိုးးး

    ReplyDelete
  8. အမွေဆိုတာ ဒီလိုပဲ လက်ဆင့်ကမ်းယူကြရမှာပဲလေ...

    ပျော်စရာ ချစ်ခင်စည်းလုံးတဲ့ ပွဲမို့ ဝင်နွဲချင်မိသေးတယ်...

    မျှဝေပေးတာ ကျေးဇူးပါ...

    ReplyDelete
  9. အမ ရေ.. အချိန်ယူ၍ လာဖတ်သွားပါတယ်။ ဇာတ်သိမ်းပိုင်းရော... နောက်ဆုံး သတင်း ပါ
    ဖတ်သွားပါတယ် စိတ်ဝင်စားစရာကောင်း တဲ့ ကရင်ရိုးရာပွဲပါဗျာ။
    အကိုနဲ့ အမ၊တူတော် တို့ မိသားစု ပျော်ရွှင် အေးချမ်းလန်းဆန်းပါစေဗျာ။

    ခင်တဲ့
    အားလုံးကိုပျော်စေချင်တဲ့

    ReplyDelete
  10. စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။မှတ်သားလေ့လာသွားပါတယ်။

    ReplyDelete
  11. မငယ်နိုင်ရေ
    အင်မတန်အလုပ်များနေတာမို့ ဘလောဂ့်ဆက်မရေးနိုင်တာပါ။
    မငယ်နိုင်ဘလောဂ့်လေးဝေဝေဆာဆာတွေ့ရတော့
    ကြည်နူးမိပါတယ်။
    အားပေးလျက်ပါ
    ချစ်ခင်လျက်

    ReplyDelete
  12. မငယ်နိုင်...ဝေမျှပေးတာကျေးဇူးပါ။
    (သားသားကလည်း အိမ်က သားတွေလိုပဲ ညိုညိုသွယ်သွယ်)

    ReplyDelete
  13. အိန္ဒိယမှာလဲ (ရာခီ) လက်ချည်ပွဲလုပ်နေပြီ။ Raksha Bandhan လို့ခေါ်တယ်။ ဟိန္ဒူဘာသာအရ (ရှရာဗန်)လပြည့်နေ့ သြဂုတ်လထဲမှာ လုပ်တယ်။ မိန်းကလေးများဟာ အဲဒီနေ့ရောက်ရင် မနက်အိပ်ရာထ၊ ရေမိုးချိုးပြီး၊ ဟိန္ဒူကိုရှိခိုးပြီးနောက် သူတို့ မောင်-အစ်ကိုတွေဆီသွားပြီး အထွတ်အမြတ်ထားတဲ့ (ရာခီ)ကြီုးကို လက်ကောက်ဝတ်မှာ ချည်ပေးကြရတယ်။ အစ်ကိုတွေမောင်တွေကလဲ ဒီကြိုးကို ရက်တွေအကြာကြီး မဖြုတ်ဘဲ တန်ဘိုးထားကြတယ်။

    တင့်ဆွေ

    ReplyDelete
  14. အရင်ကကြားဖူးနားဝ ကိုအခု ဗဟုသုတအဖြစ် သိခွင့်ရလို့
    ကျေးဇူးအထူးပါ
    တခါမှမတွေ.ဖူးပါ(အပြင်မှာ)


    အပင်ပန်းခံပြီးရေးတဲ့ စာ သေချာဖတ်သွား၏
    ပျော်ရွှင်ပါစေ

    ReplyDelete
  15. လက်ချည်ပွဲအကြောင်း သိသွားပါတယ်
    အားပေးနေမယ် ဆက်ရေးပါဗျာ

    ReplyDelete
  16. ကျွန်မ ဘလော့ဂ်မှာ စာလာဖတ်ပြီး တကူးတက မှတ်ချက်ပေးခဲ့တဲ့ မမသီရိ၊ ခြေလှမ်းသစ်၊ Rose၊ မေဇင်၊ ချမ်းလင်းနေ၊ ကိုဂျူလိုင်၊ သားကြီး၊ ကိုလူထွေး၊ ကိုလတ် (မိုးသွေးငယ်)၊ မယ်ကိုး၊ မသက်ဇင်၊ ကိုဧရာ-မသီတာ၊ ဆရာ Dr တင့်ဆွေ၊ ကိုကြယ်ကလေး၊ သက်ပိုင်သူတို့ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

    ကိုဧရာနဲ့ မသီတာရေ- ဟုတ်ပါတယ် ကျွန်မသားလေးက သူကိုယ်ဝန်နဲ့တုန်းက အသားအရောင် ကျွန်မနဲ့ မတူပါစေနဲ့ သူ့အဖေနဲ့ပဲ တူပါစေလို့ ဆုတောင်းနေတဲ့ကြားက အရေပြားနဲ့ ပတ်သက်ပြီး Dominate genes က သူ့ဖေဆီက လုံးဝမရပဲ ကျွန်မဆီကပဲ ရတော့ အဲဒီလိုပဲ ဖြစ်သွားတယ်။ သူ့အဖေကတော့ ဘင်္ဂလား ပင်လယ်အော်က မြောလာပြီး မြန်မာပြည်မှာ လာတင်နေလို့ ဗမာလာဖြစ်နေကြတဲ့ သားအမိဆိုပြီး အမြဲပဲ လိုက်စတယ်။ ကျွန်မကလည်း သူ့အဖေလို မျက်လုံးမျက်ခုံး မျက်ရစ်မရစ်မရှိပဲ ပွေးမျက်လုံးနဲ့ ဆံပင်လည်း ကောက်ကွေးပြီး မမွေးလာတာ မနည်းကံကောင်းသေးတယ်၊ သူ့အဖေနဲ့သာ တူရင် ဒီအသားရောင်နဲ့ဆို တော်တော်ရုပ်ဆိုးမှာ၊ ကျွန်မနဲ့ အကုန်လုံး လာတူနေတာကမှ ကုသိုလ်ကံကောင်းသေးတယ်လို့ ပြန်ပြောလိုက်တယ်။ တခါတလေ အသားရောင်ခွဲခြားတာ တခြားလူမျိုးတွေထက် မြန်မာလူမျိုးတွေမှာ ပိုဆိုးတာ တွေ့ရတယ်။

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။