Pages

(၂၁) ရက်နေ့မှာ ကျင်းပတဲ့ (၂၁) နှစ်မြောက် ABSDF နှစ်ပတ်လည် အခမ်းအနား (ဆစ်ဒနီ)


ကိုစည်သူနှင့် ကိုမင်းထိုက် သီချင်းသီဆို ဖျော်ဖြေနေစဉ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF, သြစကြေးလျားမှ (၂၁) ကြိမ်မြောက် ABSDF နှစ်ပတ်လည် အခမ်းအခနားနှင့် ရန်ပုံငွေ ရှာဖွေပွဲတော်တခုကို (၂၁၊ ၁၁၊ ၀၉) နေ့တွင် ဆစ်ဒနီမြို့ရှိ Lidcombe, Ukrainian Hall တွင် နယူးဆောက်သ်ဝေး စံတော်ချိန် ညနေ (၆) နာရီမှ ည (၁၁) နာရီအထိ ကျင်းပခဲ့ရာ ဆစ်ဒနီမြို့နေ မြန်မာနိုင်ငံသားများ ၁၅၀ ခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် မျိုးဆက်သစ် ညီမငယ် တဦးဖြစ်သူ မမေမြတ်မွန်က တာဝန်ယူပြီး မကဒတ နယူးဆောက်သ်ဝေး ဌာနခွဲ၏ တာဝန်ခံအဖွဲ့ဖြစ်သည့် အတွင်းရေးမှူးအဖွဲ့ဝင်များက တခြား လိုအပ်ချက်များကို ကြီးကြပ်ဆောင်ရွက် ခဲ့ပါသည်။ အခမ်းအနားအစီစဉ်များမှာ ABSDF နှင့်ပတ်သက်သည့် မှတ်တမ်းတင် ဗီဒယိုခွေများ ပြသခြင်း၊ ABSDF ဥက္ကဌ ကိုသံခဲ၏ ၂၁ နှစ်မြောက် ABSDF ဗွီဒယို အမှာစကားကို ဖွင့်ပြခြင်း၊ ဖိတ်ကြားထားသော ဧည့်သည်နှစ်ဦးမှ အမှာစကားပြောကြားခြင်း၊ Netbook တစ်လုံးကို ကလေးငယ်များအား ပရိတ်သတ် ရှေ့တွင်ပင် မဲဆွဲစေ၍ ပေါက်မဲကို ကြေညာပေးခြင်းနှင့် ခေတ်ပေါ်တေးဂီတနှင့် သီဆိုတင်ဆက်ခြင်း စသည်တို့ ပါဝင်ပါသည်။










ဖျော်ဖြေတီးခတ်ပေးနေသော အဖွဲ့ (အပေါ်) နှင့် Raffle Ticknet ပေါက်မဲကို အတွက် ဆုလက်ခံရရှိနေပုံ (အောက်)

တေးဂီတကို တီးခတ်ဖျော်ဖြေပေးသူများမျာ မဟာမိတ် ကရင်အဖွဲ့အစည်းများမှ ဂီတ၀ါသနာရှင်များ ဖြစ်ကြသော စောဒေးဘိုးခရစ် (Lead guitar)၊ စောတမလာထူး (Base guitar)၊ စောဘရိုက် (Drummer)၊ ကိုကိုသိုက် (Rhythm)၊ ဂျီဂျီ (Key board) တို့မှ ၀ိုင်းဝန်းကူညီ ဖျော်ဖြေ တင်ဆက်ပေးသွားပါသည်။ အခမ်းအနား ပထမပိုင်းနှင့် ဒုတိယပိုင်း အားလပ်ချိန်၌ Netbook တစ်လုံးကို ကလေးငယ်များအား ပရိတ်သတ် ရှေ့တွင်ပင် မဲဆွဲစေ၍ ပေါက်မဲကို ကြေညာပေးပါသည်။ ABSDF တပ်ရင်း (၂၀၁) မှ တပ်ဖွဲ့ဝင် ရဲမေဟောင်းတဦးဖြစ်သူမှ ကံထူးသူအဖြစ် Netbook ကို လက်ခံရရှိသွားပါသည်။


ရန်ပုံငွေအတွက် ရောင်းချသည့် အစားအစာတချို့

အခမ်းအနားကို မစတင်မီ ရန်ပုံငွေအတွက် ညနေစာအဖြစ် မြန်မာအစားအစာများနှင့် မြန်မာများကြိုက်သော အန္ဒိယ အစားအစာတချို့ကို ရောင်းချပေးပါသည်။ နိုင်ငံတကာရောက် ABSDF ရဲဘော်ဟောင်းများအနက် သြစကြေးလျားနိုင်ငံ နယူးဆောက်သ်ဝေး ပြည်နယ်ရောက်သူ အများစုသည် နိုင်ငံရေးမှာ ဆက်လက်ပါဝင်လှုပ်ရှားရာ၌ ABSDF အနေနှင့်ပင် ဆက်လက်လှုပ်ရှားလျက်ရှိပြီး နယ်စပ်ဒေသတွင် ဆက်လက် တိုက်ပွဲဝင်နေသူများအား နိုင်ငံရေးနှင့် ဘဏ္ဍာရေးမှာ တတ်အားသမျှ ဆက်လက်ပံ့ပိုးလျက် ရှိပါသည်။ ABSDF နယူးဆောက်သ်ဝေး ဌာနခွဲကို ယခင်က ဥက္ကဌ၊ ဒုက္ကဌ စသည် ဦးဆောင်ကော်မီတီ စနစ်ဖြင့် သွားသော်လည်း ယခုအချိန်တွင် အတွင်းရေးမှူးများ စံနစ်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး လှုပ်ရှားမှုများကို တခြားအဖွဲ့အစည်းများနှင့် ပူတွဲကာ Joint committee ထဲတွင် အမြဲတမ်း အဖွဲ့ဝင် တခုအနေနှင့် ပါဝင်လှုပ်ရှားပါသည်။ မိမိတို့၏ သီးခြား လုပ်ငန်းစဉ်အနေဖြင့် နယူးဆောက်သ်ဝေး ပြည်နယ်အတွင် ရောက်ရှိနေထိုင်ကြသော မကဒတ တပ်ဖွဲ့ဝင် ရဲဘော်ဟောင်းများမှ လစဉ် ရန်ပံငွေထည့်ဝင်ခြင်း အခါအားလျှော်စွာ အခုလို Fund raising အစီစဉ်များ ပြုလုပ်ပြီး ဘဏ္ဍာငွေ ရှာဖွေခြင်းဖြင့် ရရှိလာသော ဘဏ္ဍငွေများကို ထိုင်းမြန်မာ နယ်စပ်တွင် ရှိသော မကဒတ ဗဟိုဌာနချုပ်သို့ နှစ်စဉ် ပို့ပေးလျက် ရှိပါသည်။ ထို့ကြောင့် အခုပြုလုပ်သော အခမ်းအနားသည် ABSDF ၏ ပွဲဖြစ်ပါသည်။



Australia Campaign for Burma မှ ဒေါက်တာကျော်မြင့် အမှာစကား ပြောကြားနေပုံ

ဖိတ်ကြားထားခြင်း ခံထားရသော ဧည့်သည် နှစ်ဦးမှာ Australia Campaign for Burma မှ ဥက္ကဌ ဖြစ်သူ ဒေါက်တာကျော်မြင့်နှင့် ABSDF တပ်ဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ ဒေါက်တာ မြင့်ချိုတို့ ဖြစ်ပါသည်။ ဒေါက်တာ ကျော်မြင့်က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ဗြိတိသျှနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန် ကျောင်းသားများ စတင်လှုပ်ရှားခဲ့သည့် ၁၉၂၀ ခုနှစ် ပထမ ကျောင်းသားသပိတ်မှ ယခုလက်ရှိအခြေအနေအထိ ကျောင်းသားလှုပ်ရှားမှု သမိုင်းကြောင်းကို အကျဉ်းချုပ် ပြောကြားပြီး မြန်မာ့နိုင်ငံရေးတွင် ကျောင်းသားများ၏ အခန်းကဏ္ဍ အရေးပါခဲ့ပုံကို ထောက်ပြသွားပါသည်။

ABSDF တပ်ဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ ဒေါက်တာမြင့်ချိုမှ အမှာစကား ပြောကြားနေပုံ

ဒေါက်တာမြင့်ချိုမှ ပြောကြားရာတွင် ABSDF ပေါ်ပေါက်လာပုံနှင့် ၂၁ နှစ်ကာလအတွင်း ABSDF ၏ နိုင်ငံရေး လှုပ်ဆောင်ချက်များနှင့် ABSDF အဖွဲ့ဝင်များမှ မွေးဖွားသန့်စင်ပေး၍ ပေါ်ပေါက်လာပြီး ယခုလက်ရှိ မြန်မာ့အရေးတွင် ရှေ့တန်းမှ ပါဝင်နေသော အဖွဲ့အစည်းများအကြောင်း၊ ABSDF နဲ့ မဟာမိတ်တို့ ပူးပေါင်း၍ ပေါ်ပေါက်လာသော ဖက်ဒရယ် ပြည်ထောင်စုမူအတွက် ကြိုးပမ်း ဆောင်ရွက်မှုများအကြောင်း နိုင်ငံတကာနှင့် ဆက်စပ်ပတ်သက်သည့် လှုပ်ရှားမှုများအကြောင်းကို ပြောကြားသွားခဲ့ပါသည်။

ဒေါက်တာမြင့်ချို၏ ပြောကြားချက်များတွင် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)၊ Burma Lawer Council (BLC)၊ Burma Medical Association (BMA)၊ Green Novenbver 32 (သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ) စသည့် အရေးပါသည့် အဖွဲ့များကို ABSDF တပ်ဖွဲ့ဝင် အများစုကပင် မြေတောင်မြောက်ကာ မွေးဖွားပေးခဲ့သည့် အဖွဲ့အစည်းများ ဖြစ်သည်၊ ယနေ့အချိန်တွင် ဒုက္ခရောက်ရှိလာသူပေါင်း မြောက်များစွာ၏ ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးနေသော ဒေါက်တာစင်သီယာ ဆေးခန်းကို စတင်ဖွဲ့စည်းစဉ်ကလည်း ABSDF တပ်ဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စတင်ခဲ့သည်ဖြစ်ကြောင်း စသည့် ABSDF ၏ မြန်မာ့သမိုင်းတွင် အရေးပါပုံကို ပြောကြားသွားခဲ့ပါသည်။ [ဒါပေမဲ့ ဒေါက်တာမြင့်ချိုက အမျိုးသမီးအရေးကို အရေးမပါဘူး ထင်လို့လားတော့ မသိဘူး ABSDF မြေတောင် မြောက်ပေးလိုက်လို့ ပေါ်ပေါက်လာတဲ့ အဖွဲ့ထဲမှာ ယနေ့ မြန်မာ့နိုင်ငံရေးကို ဦးဆောင်နေတဲ့ အထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးအချုပ်ကို ပေါ်ပေါက်အောင် စတင်ဆော်အော လှုပ်ရှားခဲ့တဲ့ မြန်မာ့အမျိုးမသမီး သမဂ္ဂ (BWU) ကို ထည့်ပြောဖို့ ကျန်ခဲ့တာ တွေ့ရတယ် (ငယ်နိုင်)]။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ဒီမိုကရေစီအရေး လှုပ်ရှားသူများသည် တိုင်းရင်းသားအရေးကို ချန်လှပ်ထား၍ မရသလို တိုင်းရင်းသားအရေး လှုပ်ရှားသူများသည်လည်း ဒီမိုကရေစီအရေးကို ချန်လှပ်ထား၍ မရဘဲ တိုင်းရင်းသားအရေးနှင့် ဒီမိုကရေစီအရေးကို ခွဲခြား၍မရကြောင်း၊ ဒီမိုကရေစီအရေး ပြဿနာနှင့် တိုင်းရင်းသားအရေး ပြဿနာ နှစ်ရပ်စလုံးကို အတူတကွ တပြိုင်တည်း ဖြေရှင်းမှသာလျှင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿာနာ ပြေလည်မည်ဖြစ်ကြောင်း ဒေါက်တာ မြင့်ချိုက ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ဆစ်ဒနီမှာ ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနားတုန်းကလည်း ဒေါက်တာ မြင့်ချိုမှ ရှစ်လေးလုံး၏ အကျိုးဆက်များကို ပြောကြားသွားရာတွင် ရှစ်လေးလုံးကြောင့် တော်လှန်ရေးကို ဆက်လက် တိုက်ပွဲဝင်နေနိုင်ခြင်း၊ မျိုးဆက်သစ်များကို အမွေအနစ်အဖြစ် ပေးနိုင်ခဲ့ခြင်း၊ မြန်မာ့ အရေးကို ကမ္ဘာက သိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ တိုင်းရင်းသား ပေါင်းစုံ နေထိုင်သည့် မြန်မာနိုင်ငံမှာ တိုင်းရင်းသား အရေးကို ဒီမိုကရေစီ အရေးနှင့် တန်းတူ ထည့်သွင်းစဉ်းစား လာနိုင်ခြင်း၊ ကျောင်းသားတပ်မတော် တရပ်ကို မွေးထုတ်နိုင်ခဲ့ခြင်း ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကောင်းများနှင့် NLD ကို မွေးဖွားပေးနိုင်ခဲ့ခြင်း စသည့် အားသာချက် အကျိုးရလဒ် ၆ ခု ထွက်လာခဲ့သည်ဟု ဆိုပါသည်။ သို့သော်လည်း အောင်ပွဲရအောင် မဆောင်ရွက်နိုင်သေးသည့်အတွက် ဤရလဒတ်များသည် အသက်ပေးခဲ့သော သူရဲကောင်းတို့ အတွက် မထိုက်တန်သေးကြောင်း အောင်ပွဲကို အရယူနိုင်မှသာ ထိုက်တန်မည် ဖြစ်ကြောင်း၊ အောင်ပွဲကို အရယူဖို့အတွက်ခိုင်မာသည့် ဦးဆောင်မှု တခုလိုအပ်သဖြင့် ပြည်တွင်းမှာ NLD ကို ခိုင်မာလာစေရန် ပံ့ပိုးဖို့လိုပြီး ပြည်ပမှာ ရောက်နေသူများမှလည်း နိုင်ငံတခု ရှင်သန်ရပ်တည်ဖို့ ဆိုသည်မှာ နိုင်ငံတကာမှ အသိအမှတ်ပြုမှသာ ရပ်တည်နိုင်သောကြောင့် မိမိတို့ ရောက်ရှိရာ နိုင်ငံမှ အစိုးရများကို စစ်အုပ်စုကို မထောက်ခံပဲ စီးပွားရေးအရ၊ သံတမန်အရ ၀ိုင်းပယ်အောင် အတတ်နိုင်ဆုံး ကြိုးစားဖို့ လိုကြောင်း ပြောကြားသွားခဲ့ပါသည်။

မြန်မာ့အရေးအတွက် ကိုယ်အား၊ စိတ်အား၊ ငွေအားဖြင့် အမြဲတမ်း အတတ်နိုင်ဆုံး ကူညီပေးသလို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်လျက် ရှိသည့် Australia Campaingn for Burma မှ ဥက္ကဌ ဒေါက်တာ ကျော်မြင့်အား မကဒတ တပ်ဖွဲ့ဝင် ရဲမေဟောင်း တဦးမှ ABSDF သြစကြေးလျား ကိုယ်စား ဂုဏ်ပြုလက်ဆောင် ပေးနေစဉ်

ကျွန်မတင်ခဲ့တဲ့ ABSDF ၂၁ နှစ်မြောက် အမှတ်တရ ပို့စ်ကို ဤနေရာမှာ ဖတ်နိုင်ပါတယ်။


18 comments:

  1. လာဖတ်ပါတယ် အစ်မရေ ပျော်စရာကြီးနေမယ်နော်

    ReplyDelete
  2. ဖတ်သွားပါတယ်။ “စီးပွားရေးအရ၊ သံတမန်အရ ၀ိုင်းပယ်အောင်” ဆိုတာလေးကိုဖတ်မိတော့ တမျိုးလေးပဲ။ ရင်လေးမိပါတယ်။

    ReplyDelete
  3. အခမ်းအနားကို တက်လာတဲ့ ပရိသတ်ပုံတင်မထားတော့ ဘယ်သူတွေ လာတယ်၊ ဘယ်နှစ်ယောက်လာတယ်ဆိုတာကို မသိရဘူး ဖြစ်နေတာပေါ့။

    ReplyDelete
  4. လာကြည့်ပါတယ် ရှင်
    အမှတ်တရတွေပေါ့နော်

    ReplyDelete
  5. ယုဝရီရေ နအဖကို ၀ိုင်းပယ်တာနဲ့ ပတ်သက်ပြီး ဆန့်ကျင်ဘက် အမြင်နှစ်မျိုးစလုံးမှာ အားနည်းချက် အားသာချက် ကိုယ်စီ ရှိကြပါတယ်။ လူထုဆန္ဒနဲ့မညီပဲ ဒီမိုကရေစီနည်းလမ်းမကျတာတွေ လုပ်နေသရွေ့ နအဖကို စီးပွားရေး၊ သံတမန်ရေး ၀ိုင်းပယ်သင့်တဲ့ဘက်မှာ ကျွန်မတို့ အမြဲ ရပ်တည်နေမှာ ဖြစ်ပါတယ်။ နအဖ သက်ဆိုးရှည်စေတဲ့ လုပ်ရပ်တွေထက် ရင်လေးစရာ ကောင်းတာ ဘာမှ မရှိပါဘူး။

    ကိုသက်ဦးရ ပိုမို ပြည့်စုံအအောင် တချို့ကို ကျွန်မ ထပ်ဖြည့်ထားပါတယ်။ ပရိတ်သတ်ပုံကိုကျတော့ ကျွန်မ မရိုက်ထားမိလိုက်ဘူး။

    မဆုမွန်ရေ အဲဒီနေ့က လူအတော်များများက ဖျော်ဖြေရေး အချိန်မှပဲ ရောက်လာကြတော့ ABSDF က ပေးချင်တဲ့ Message ကို မရလိုက်ကြလို့ သိပ်မပျော်ဘူး။

    မနန်းရေ လာဖတ်တာ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  6. ADSDF တောင် လူပျိုကြီးဖားဖားဖြစ်သွားပြီကိုး..
    ဘကျောက်တို့တောမှာတော့ ၂၀ကျော်ရင်..လူပြိုဟိုင်းပဲ

    ReplyDelete
  7. ဆရာဒေါက်တာမြင့်ချိုက မြန်မာအမျိုးသမီးများသမဂ္ဂကို
    မေ့သွားတာထက် ကျန်သွားတာဖြစ်မယ်ထင်ပါတယ် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့။ မြန်မာနိုင်ငံအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ စောကျောင်း ရောင်နီဦးကျောင်း နဲ့ အခြား အေဘီအက်ဒီအက်ဖ်က မွေးဖွားလာတဲ့ အဖွဲ့ အစည်းတွေလည်း ရှိပါသေးတယ် လို့ ကျနော်သိသလောက်လေးပြောပါရစေ.

    ReplyDelete
  8. ၂၁ နှစ်ဆိုတာ ငယ်ပါသေးတယ် အသက် ၄၀ မှ လူ့ဘ၀ကို စတယ်ဆိုတော့ နောက်ထပ် လူဖြစ်ဖို့ ၁၉ နှစ်လိုသေးတယ်လေ အန်ကယ်နိုင်။

    ကိုချစ်ဖေရင် ကျွန်မက မေ့တယ်ဆိုရင်လည်း မမေ့သင့်၊ ချန်ထားခဲ့တယ်ဆိုရင်လည်း မချန်သင့်ဘူးထင်လို့ ပြောတာပါ။ စာလာဖတ်တာ ကျေးဇူးတင်တယ်နော့်။

    ReplyDelete
  9. မငယ်နိုင်ရေ...အဲဒါမျိုးတွေဖတ်ရရင် သွေးတွေက အမြဲနွေးလာတတ်တယ်၊ ၁၉၈၈တုန်းက ကျမတို့က တတိယနှစ်ကျောင်းသူလေ၊ မိန်းထဲမှာပေါ့....။

    ReplyDelete
  10. 21 နှစ်တောင်ပြည့်ခဲ့ပြီနော် ယခုထိတိုင် စစ်အာဏာရှင်ကို ဆက်လက်တိုက်ပွဲဝင်နေတဲ့ ABFDF ကို အစဉ်အမြဲလေးစားလျှက်
    ----------------
    မကြီးငယ်နိုင် သတင်းထောက်သင်တန်းတွေ ဘာဘာတွေတက်ဖူးလား အမ အရေးအသားကောင်းတယ်။ ပွဲကို မျက်လုံးထဲမှာမြင်လာတယ် အရမ်းကောင်းတယ် အမရေ ...

    ReplyDelete
  11. အားကျစရာပါပဲ...
    ကျနော်တို့လည်း သည်မှာ ကိုယ့်ဘာသာ သူငယ်ချင်းတွေစုပြီး မွေးနေ့လုပ်လိုက်ပါသေးတယ်... အခမ်းအနားနဲ့တော့ မဟုတ်ဘူး... အိမ်တအိမ်မှာ စုလုပ်ဖြစ်ကြတာပါ...

    ReplyDelete
  12. တခမ်းတနားလုပ်နိုင်တာ ဂုဏ်ယူစရာပဲ...

းဝ)

    ReplyDelete
  13. လူသားအချင်းချင်း တိုင်းရင်းသားရယ် ပြည်မသားရယ် ဆိုပြီး ခွဲခြားမနေမှသာ ဒီမိုကရေစီလို့ ခေါ်လို့ရမပေါ့...

    လူဖြစ်ပြီး လူသားတယောက်ရဲ့ လုံခြုံမှုကိုမရရင် ရတောင့်ရခဲလူ့ဘဝဟာ လူဖြစ်ရှုံးတာအမှန်ပဲ...

    ReplyDelete
  14. မြန်မာပြည်အဖြစ်ကတော့ တော်လှန်ရေးအဓွန့်ရှည်ပါစေလို့ ဆုတောင်းမှားခဲ့မိလေသလား တွေးမိတယ်...

း(

    ReplyDelete
  15. 25 Nov 09, 06:58
    ကိုအောင်: အခမ်းအနားအကြောင်း စာလာဖတ် မငယ်နိုင်၊ အားပေးလျက်ပါ။ ရေးထားတာ ဖတ်လို့ ကောင်းတယ် အမ
    (ပို့စ်နဲ့ ပတ်သက်တဲ့အကြောင်းအရာမို့ C-Box မှာ ရေးထားတာကို ကူးပြီး သိမ်းထားလိုက်ပါတယ်။)

    ကိုအောင်ကလည်း သတင်းဆိုတာ Creative writing မှမဟုတ်တာ အဖြစ်အပျက်ကို ရေးထားတော့ ဖတ်လို့ ကောင်းမကောင်းဆိုတာ အရေးအသားနဲ့ မဆိုင်ပဲ အကြောင်းအရာနဲ့ပဲ ဆိုင်လိမ့်မယ်။ အကြောင်းအရာကတော့ ကောင်းတာလုပ်တော့ ကောင်းမှာပေါ့ မဟုတ်ဘူးလား။

    အစ်မချစ်ကြည်အေး- ၈၈ တုန်းက ကျွန်မက ၁၀ တန်းတက်စပဲ ရှိပြီး အရေးအခင်းကို ကျွန်မတို့ နယ်မြို့လေးမှာပဲ ပါဝင်ခဲ့တော့ အစ်မက ကျွန်မထက် အရေးအခင်း အတွေ့အကြုံ ပိုရှိမှာ သေချာပါတယ်။

    ဖြိုးဝေရေ- ၉၆ ခုနှစ်တုန်းက ကရင်နီ ဒုက္ခသည် စခန်း (၃) ထဲမှာ အခု DVB မှာ လုပ်နေတဲ့ ကိုမောင်တူးတို့နဲ့အတူ နှစ်ပတ်ကြာ ရက်တိုသင်တန်း တခုတက်ဖူးပါတယ်။ ဒါပေမဲ့ မသုံးဖြစ်လို့ မေ့ကုန်ပါပြီ။ အခုရေးထားတာ ရေးတတ်သလို ရေးထားတာသာဖြစ်တယ်။ သတင်းထောက် လုပ်လို့မရဘူးလေ စကားသံသိပ်ဝဲတယ်။ ဒါပေမယ့် ဗမာစစ်စစ်ပါ တခြားတိုင်းရင်းသားထဲက မဟုတ်ပါဘူး။

    အကိုအောင်သာငယ်ရေ ကျွန်မတို့ဆီမှာလည်း နှစ်တိုင်း မလုပ်ဖြစ်ဘူး။ တချို့နှစ်တွေမှာ Park တခုခုမှာ (သို့) အိမ်တအိမ်မှာ ရဲဘော်ဟောင်းတွေ တွေ့ဆုံပွဲလေးပဲ လုပ်ပြီး စားကြသောက်ကြ သီဆိုကြတဲ့ မိတ်ဆုံစားပွဲ အဆင့်ပဲ ဖြစ်များတယ်။ ဒီနှစ်က နယ်စပ်က ဗဟိုမှာလည်း ငွေရေးကြေးရေး လိုအပ်နေတယ်ဆိုတာ သိရတာနဲ့ Fundraising ပါ တွဲလုပ်လို့ ပွဲတော်ကို လုပ်ဖြစ်သွားတယ်။

    လာဖတ်ပြီး စိတ်ဝင်တစား မှတ်ချက် ရေးသွားကြတာ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုလူထွေးကိုတော့ သီးသန့်ဆွေးနွေးမယ်နော့်။

    ReplyDelete
  16. ကိုလူထွေးရေ
    မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ မှီတင်း နေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အခွင့်ရေး တခုတည်းနဲ့ မလုံလောက်ပါဘူး။ လူမျိုးစုတွေအတွက် သီးခြားအခွင့်အရေးဆိုတာ ရှိဖို့လိုအပ်ပါတယ်။ ဖဆပလခေတ်က မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံပါ။ ဗမာတွေအတွက် ဒီမိုကရေစီ အခွင့်အရေး ရှိခဲ့ပေမယ့် လူမျိုးစုတွေအတွက် ကိုယ်ပိုင်ပြဌါန်းခွင့် မရှိခဲ့လို့ ပြည်တွင်းစစ်မီးဟာ မငြိမ်းခဲ့ပါဘူး။ အခုလက်ရှိအခြေအနေကျတော့ ဒီမိုကရေစီအခွင့်အရေးလည်း မရှိ၊ လူမျိုးစု အခွင့်အရေးလည်း မရှိတဲ့အတွက် ဒီမိုကရေစီအခွင့်အရေးနဲ့ တိုင်းရင်းသားလူမျိးစု အခွင့်အရေးကို တပြိုင်နက်တည်း တိုက်ပွဲဝင်ရမယ်လို့ Dr မြင့်ချိုက Message ပေးတာ ဖြစ်ပါတယ်။

    ReplyDelete
  17. ပြန်ဖော်ပြပေးတာကျေးဇူးတင်တယ် အမ

    ReplyDelete
  18. This comment has been removed by the author.

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။