Pages

ဘုရားမှာ ပန်း၊ ဆီမီး၊ ရေချမ်း၊ ဆွမ်း ကပ်လှုခြင်းဖြင့် အကျိုးရှိမရှိ

ကျွန်မကို ကျွန်မသားလေး မေးခဲ့တဲ့ အထက်ပါ မေးခွန်းနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ သြဂုတ်လက ကျွန်မ ဗုဒ္ဓဘာသာဝင်တွေဆီမှအကူအညီတောင်းခံခြင်း ဆိုတဲ့ပို့စ်တခုကို တင်ပြီး ဒီမေးခွန်းကို ကလေးတယောက် နားလည်အောင် ၀ိုင်းဖြေပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်က စာဖတ်သူတွေနဲ့ ဘလော့ဂ်မိတ်ဆွေ ရဟန်းရှင်လူ အသီသီးဆီက အကြံပြုလာကြတဲ့ အဖြေတွေကိုလည်း တော်တော်လေး ပြည့်ပြည့်စုံစုံ ရလိုက်ပါတယ်။ သားသားကိုလည်း ရှင်းပြသင့်သလောက် ရှင်းပြနိုင်ခဲ့ပြီး သူ့အရွယ်နဲ့ သဒ္ဓါတရားအပေါ်မှာ ဒီလောက်အလေးအနက် မရှိနိုင်သေးတာကို တွေ့ရလို့ သဒ္ဓါတရား ထက်သန်အောင် အချိန်ယူ လုပ်ပေးဖို့ လိုတာကို တွေ့ရပါတယ်။ နောက်ပိုင်းတော့ ဒီပို့စ်ကို မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့ရာမှ ပြီးခဲ့တဲ့လကတော့ ဒီပို့စ်ရဲ့ မှတ်ချက်ထဲမှာ ဆရာတော် ဦးလောကနာထက တခြား ဆရာတော်တပါးဆီမှာ မေးမြန်းလျှောက်ထားပေးတဲ့ အဖြေကို ရလို့ဆိုပြီး ပို့စ်ရဲ့ မှတ်ချက်နေရာမှာ လာရေးထားပေးခဲ့ပါတယ်။ သုတ္တန်ထဲက အကိုးအကားတွေနဲ့ ပြည့်ပြည့်စုံစုံ ဖြေကြားထားတာကို အများဖတ်လို့ရအောင် ဘလော့ဂ်မှာ ပြန်တင်ပေးဖို့အတွက် ဆရာတော်နှစ်ပါးရဲ့ အမည်၊ သတင်းသုံးရာနေရာ ကျောင်းတိုက်အတိအကျကို မှတ်ချက်နေရာမှာပဲ ပြန်မေးမြန်း လျှောက်ထားပြီး စောင့်နေခဲ့ပေမဲ့ အကြောင်းပြန်မလာတာနဲ့ အခုတော့ ဒီအတိုင်းပဲ ပြန်တင်ပေးလိုက်ပါတယ်။ ဘလော့ဂ်မှာ သိမ်းထားချင်တာရယ်၊ ဥဒ္ဒိဿစေတီ ကိုးကွယ်ခြင်းနဲ့ ပတ်သက်ပြီး ယုံမှား သံသယရှိသူတွေ အားလုံးကိုပါ ပြန်လည်မျှဝေပေးချင်တာနဲ့ Download လုပ်ပြီး ဖတ်လို့ရအောင် တင်ထားပေးတဲ့ ဆရာတော် ဦးလောကနာထရဲ့ စာသားမူရင်းကို ဇော်ဂျီလက်ကွက်နဲ့ ပြန်ရိုက်ပြီး တင်ပေးလိုက်ပါတယ်။

တကူးတက မေးခွန်းမေးပေးပြီး ပို့လာပေးတဲ့ ဆရာတော် ဦးလောကနာထနှင့် ဖြေကြားပေးတော်မူတဲ့ ဆရာတော် နှစ်ပါးစလုံးရဲ့ တရားဓမ္မကို သာဓုခေါ်ပါတယ်ဘုရား…
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ။


ဆရာတော်ဘုရား…. မျှတပါရဲ့လားဘုရား၊
တပည့်တော် အလိုတော်ပြည့်ကျောင်းက လောကနာထပါဘုရား။
ခုမေးခွန်းကတော့ နိုင်ငံတကာရောက် ဗုဒ္ဓဘာသာဝင်များအတွက် သိသင့်သိထိုက်သော မွေးခွန်းဖြစ်ပြီး အများနားလည်နိုင်မည့် အဖြေကောင်းတခု လိုအပ်ပါ၍ ဆရာတော်ဘုရားထံ ပို့ပေး၍ မေးလျှောက်ရခြင်း ဖြစ်ပါသည်ဘုရား။
ဆရာတော်ဘုရား မျှတစွာဖြင့် သာသနာအကျိုး သည်ပိုးနိုင်ပါစေဘုရားလို့ လို့အစချီထားပါတယ်။


မေးခွန်း။ ။ ကျွန်မ ရေးထားတဲ့ ဒီပို့စ်ကို တပုဒ်လုံး ပြန်ရေးထားပြီး သားသားမေးတဲ့ မေးခွန်းအပါအ၀င် တချို့နေရာတွေကို စာလုံးအထူနဲ့ ဖေါ်ပြထားပါတယ်။

အဖြေ။ ။ အလိုတော်ပြည့် ဘုန်းတော်ကြီး ဦးလောကနာထမှတဆင့် မေးလာတဲ့ မေးခွန်းရဲ့ လိုရင်းကတော့

  1. ဥဒ္ဒိဿစေတီကို လက်မခံခြင်း၊
  2. ဘုရားစေတီမှာ ဆွမ်းရေချမ်း လဗူဒါန်းပူဇော်မှုကို လက်မခံခြင်း၊
  3. ထိုလှူဒါန်းပူဇော်မှုဟာ အချိန်လဲဖြုန်း, ငွေလဲဖြုန်း-ဟု ယူဆခြင်းတို့ပင် ဖြစ်သည်။

ဒီမေးခွန်းပြဿနာကို ဖြေရှင်းရာမှာ

  1. စေတီ (၄) မျိုး ဖြစ်ပေါ်လာပုံကို သိဖို့လိုတယ်၊
  2. ဘုရားဆွမ်းတော် ကပ်တာဟာ ရဟန်းအား ဆွမ်းကျွေးတာမျိုး မဟုတ်ကြောင်း နားလည်ရမယ်။
  3. သဒ္ဓါဗုဒ္ဓဘာသာနှင့် ပညာဗုဒ္ဓဘာသာ (၂) မျိုးကို နားလည်ဖို့လဲ လိုပါတယ်၊

စေတီ လေးမျိုး ဖြစ်ပေါ်လာပုံမှာ “ဘုရားရှင် သာဝတ္တိမြို့တော်ဇေတ၀န် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရံဖန်ရံခါ အခြားနေရာဒေသတွေကို ဒေသစာရီ ကြွချီတော်မူလေ့ ရှိပါတယ်။ ဘုရားရှင် မရှိခိုက်မှာ သာဝတ္တိမြို့သူ မြို့သားတွေဟာ ပန်း၊ နံ့သာ စသည်များဖြင့် ပူဇော်အပ်သောအရာ (ဘုရားရှင်) လဲ မရှိခဲ့ပါ။ တောင်းပန်ပါတယ်၊ ဘုရားရှင်အား ဒီအကြောင်းကို လျှောက်ထား၍ တစုံတခု ပူဇော်အပ်သော အရာ၊ ရိုသေရာ ရှိသည်၏အဖြစ်ကို သိတော်မူကြပါဘုရား” ဟု လျှောက်ပါတယ်၊ အရှင်အာနန္ဒာမထေရဂ်က “ကောင်းပြီ” ဟု ၀န်ခံကာ ဒေသစာရီ ခရီးမှ ပြန်ကြွမြန်းတော်မူမူလာသော ဘုရားရှင်အား လျှောက်ထားတဲ့အခါ ဇာတ်အဋ္ဌကထာ တေရသကနိပါတ် ကာလိင်္ဂဗောဓိဇာတ် (၂၂၉) မှာ “ကိုးကွယ်ရာ ပူဇော်ရာ စေတီ (၃) မျိုးကို ဟောတော်မူပါတယ်။

  1. သာရီရိကစေတီ (ဘုရားရှင်၏ ကိုယ်တော်ဒြဗ်မှ ဖြစ်သမျှ ဓါတ်တော်များကို ဌာပနာ၍ ပြုလုပ်အပ်သော စေတီ)
  2. ပါရိဘေဂိက (ပရိဘောဂိယ) စေတီ ( ဗောဓိပင်နှင့်တကွ ဘုရားရှင်၏ အသုံးအဆောင်တော် ပရိက္ခရာများကို ဌာပနာ၍ ပြုလုပ်အပ်သော စေတီ)
  3. ဥဒ္ဒိဿစေတီ (ရုပ်ပွားဆင်းတုတော်) ….

ခုဒ္ဒကပါဌ အဌကထာ နီဓိကဏ္ဍသုတ်အဖွင့် (နှာ ၁၈၈)၊ ဓမ္မပဒအဋ္ဌကထာ ကဿပဘုရားရှင်ရဲ့ ရွှေစေတီသတ္ထု (ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၁၆၃) တို့၌လည်း အလားတူစေတီ (၃) မျိုးတို့ကို ပူဇော်ဖို့ရန် ဟောညွှန်တော်မူခဲ့တယ်။ သာရတ္ထဒီပနီဋီတာ အာစရိယ ပရပ္ပရကထာအဖွင့် (သာရတ္တ၊ ဋီ၊ ၁၊ ၁၇၂)

4. ဓမ္မစေတီ (ဘုရားရှင် ဟောကြားတော်မူတဲ့ တရားနှင့် ပဋိစ္စသမုပ္ပါဒ် စသည်တရားတော်များ ရေးသားထားတဲ့ စာအုပ်များကို ဌာပနာထားသော စေတီ) ပါ ထည့်သွင်း၍ ကိုးကွယ်ပူဇော်ဖွယ်ရာ စေတီလေးမျိုးကို ပြဆိုထားပါတယ်။

ဘုရားရှင်က သူမရှိတဲ့နောက်ပိုင်းမှာ သူ့ရဲ့ကိုယ်စား ကိုးကွယ်ဆည်းကပ်ကြဖို့ ဒီစေတီလေးမျိုးကို ညွှန်ပြထားခဲ့ခြင်း ဖြစ်တယ်။ ကိုးကွယ်ဆည်းကပ်တယ်ဆိုတာက ဒီစေတီတွေ သူ့ဘာသာ တည်ရှိနေတာကို ဆိုတာမဟုတ်ဘူး။ ထိုစေတီတွေအပေါ်မှာ ဘုရားဂုဏ်တော်တွေကို အာရုံယူနိုင်မှ ကိုးကွယ်ဆည်းကပ်ရာ ရောက်ပါတယ်။ ဒီလိုမှ ဘုရားဂုဏ်အာရုံ မယူနိုင်ရင် ဘာသာခြားအိမ်တွေမှာ ရှိတဲ့ ဆင်းထုတော်တွေကို အဆင်တန်ဆာ (Decoration) သဘောသာ ဖြစ်နေပါမယ်။ ဘုရားရှိခိုးတယ်ဆိုတာ ရုပ်ပွားဆင်းတော်သာမဟုတ် ကျန်မည်သည့် စေတီအမျိုးအစားကိုမဆို ဘုရားရှင်ကိုယ်စား ကိုးကွယ် ဆည်းကပ်ရမည့် အရာဝတ္ထုတွေပဲလို့ လေးလေးနက်နက် သဘောထားကာ ဂုဏ်တော်တွေကို အာရုံပြု၍ ပူဇော်ကြရမယ်။ အမှန်တော့ စေတီတော်တွေဟာ ဘုရားရှင် ကိုယ်တော်စား Symbols တွေသာဖြစ်တယ်။ အဲဒီပုံတော်ကို မကျော်လွန်နိုင်ရင်တော့ သာသားပြောသလို လက်ခံမည့်ပုဂ္ဂိုလ် အထင်အရှားမရှိတော့ ဘုရားရှိခိုးတာ၊ ဆွမ်းကပ်၊ ရေကပ်၊ သစ်သီကပ်၊ ပန်းကပါတာတွေဟာ အကျိုးမရှိ အချည်းနှီး အချိန်ကုန် ပိုက်ဆံကုန်တာသာ အဖတ်တင်တယ် ဆိုတဲ့ အတွေးအခေါ်အယူအဆမျိုး ရောက်သွားမှာပဲ။
(ပါဠိလို အကိုးအကားတွေကို ရေးထားပါတယ်)

မျက်မှောက် အနေအထားအရ ပုံစံတခု ပြောရရင် “Washington, D.C မှာရှိတဲ့ President Abraham Lincoln ရဲ့ ရုပ်တုကို လှည့်လည်ကြရှုတဲ့ ခရီးသည်တွေအနက် သမ္မတကြီး အေးဘရဟန် လင်းကွန်ရဲ့အကြောင်းကို မသိကြသေးတဲ့ သူတွေက သာမန်ရုပ်ထုကြီးတခု အနေနဲ့ပဲ ကြည့်သွားမှာပဲ၊ သမ္မတကြီးရဲ့ ဆောင်ရွက်ချက်တွေကြောင့် အမဲလူမျိုးတွေ ကျွန်ဘ၀က လွတ်ခဲ့ပုံ၊ တောင်၊ မြောက် အမေရိကန် ပြည်တွင်းစစ်ပွဲ ချုပ်ငြိမ်းသွားပုံ၊ သူ့ရဲ့ မိန့်ခွန်းကို ယနေ့တိုင် အမေရိကန် ပြည်သူပြည်သားများ လေးစားကြပုံကို သိကြတဲ့လူတွေကတော့ သမ္မတကြီးကိုယ်စား ရုပ်တုကြီကို အရိုအသေပေးကြ၊ ပန်းစည်းပန်းကုံးများ ချကြနဲ့ အမှတ်တရ ဂုဏ်ပြုကြ ပူဇော်ကြသလိုပဲ၊ ကွယ်လွန်သွားပြီဖြစ်တဲ့ သမ္မတကြီးကတော့ သူ့ဂုဏ်ကျေးဇူးကို သိ၍ သူ့ရုပ်တုကို ဂုဏ်ပြုကြိုဆိုကြတာ ဘယ်မှာ သိပါ့မလဲ။ ဂုဏ်ပြုပူဇော်ကြသူ၊ အရိုအသေ ပြုကြသူတွေမှာတော့ ကောင်းတဲ့စိတ်ဖြစ်လို့ ကုသိုလ်ရကြပါတယ်”။

အမှန်တော့ ဘုရားဆွမ်းကပ်၊ ရေချမ်းကပ်၊ သစ်သီးကပ်၊ ပန်းကပ်တယ် ဆိုတာက ဘုန်းကြီးဆွမ်း ကပ်တာမျိုး မဟုတ်ဘူး၊ ပုံတော်အပေါ်မှာ ဂုဏ်တော်တွေ တင်ပြီး (အရဟံ အစရှိတဲ့ ဂုဏ်တော်တွေကို နှလုံးသွင်းကာ) ပူဇော်ခြင်းသာ ဖြစ်တယ်၊ ဘုန်းကြီးတွေ ဘုးပေးသလို ဘုန်းပေးဖို့ ကပ်လှူတာမဟုတ်ဘူး။ အဲဒီ ဂုဏ်တော်တွေကို နှလုံးသွင်း၍ ပူဇော်မှုဟာ သက်တော်ထငရှား ဘုရားမှာဖြစ်စေ၊ ပရိနိဗ္ဗာန် ၀င်စံသွားတော်မူတဲ့ ကိုယ်တော်စား စေတီလေးမျိုးမှာဖြစ်စေ စိတ်ထားတူညီလျင် အကျိုးရမှုလည်း အတူတူပါပဲ။

ရာဇဂြိုလ်မြို့သူလေးတဦးဟာ သပွတ်ခါးပန်းပွင့် လေးပွင့်ဖြင့် စေတီတော်ကို ပူဇော်ရန်အသွား လမ်းမှာ နွားဝှေ့ခံရပြီး သေရသော်လည်း စေတီတော်ကို ပန်းပူဇော်မည့် ကုသိုလ်စိတ်ကြောင့် တ၀တိံသာ နတ်ပြည်၌ ရွှေဗိမာန်မှာ ရွှေနတ်သမီးလေး ဖြစ်ရပါတယ်။ ( ၀ိမာန ၀တ္ထုပါဠိ၊ ပီတ၀ိမာန၀တ္ထု၊ ၆၅-၆၆)။

ဂန္ဓောဒကိယမထေရ် ၀တ္တုမှာ သူကပဒုမတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းပူဇော်ခဲ့သော ကောင်းမှုကြောင့် နတ်ပြည်၌ ဖြစ်ရခြင်း၊ စကြ၀တေးမင်း ဖြစ်ရခြင်း၊ သ့သရာတလျှောက်မှာ မနာရောဂါမရှိခြင်း၊ ကိုယ်စိတ်ပူပန်မှု မရှိဘဲ၊ နောက်ဆုံးဘ၀မှာ ရဟန္တာ ဖြစ်ရပါတယ်။ (ထေရာပဒါနပါဠိ ၁၊ ဂန္ဓောဒကိယတ္ထေဂ အပဒါန်၊ ၁၁၇။)

ဥမာပုပ္ဖိယမထေရ်ဝတ္ထုမှာ သူက ပရိနိဗ္ဗာန် စံဝင်ပြီးသော သိဒ္ဓတ္ထဘုရားရှင်ရဲ့ စေတီပုထိုးတော်အား အောက်မဲညိုပန်း လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကြောင့် ၉၄ ကမ္ဘာ္တတိုင် အပါယ်လေးပါး စကားမှကိုပင် အကြားသိရဘဲ စကြာမင်း အကြိမ်ကြိမ် ဖြစ်လျက် နောက်ဆုံးဘ၀မှာ ရဟန္တာဖြစ်ရပါတယ်။ (ထေရာပဒါန်ပါဠိတေည် ၁၊ ဥမာပုပ္ဖိယတ္ထေရအပဒါန်၊ ၁၉၀။)

သပြေကန်၊ သပြေကန်ဆရာတော်ဘုရားကြီး၏ အနေကဇာတင်သဘင် ဆင်ယင်ကျင်းပရာ၌ ဟောကြားတော်မူခဲ့တဲ့ အနုမောဒနာ တရားတော်မှာ “ သဒ္ဒါ ဗုဒ္ဓဘာသာ၊ ပညာ ဗုဒ္ဓဘာသာလို့ နှစ်မျိုးရှိရာတွင် သဒ္ဒါဗုဒ္ဓဘာသာဆိုတာက မိရိုးဖလာ မိဘတွေ ဗုဒ္ဓဘာသာဖြစ်လို့ ဗုဒ္ဓဘာသာဝင်ဖြစ်နေကြရတာ၊ ဗုဒ္ဓဘာသာနဲ့ စပ်ပြီးတော့ ဘာမှ မယ်မယ်ရရ ကောင်းကောင်းမွန်မွန်တော့ သိတာမဟုတ်ဘူး၊

ပညာ ဗုဒ္ဓဘာသာဆိုတာက ဘုရားအကြောင်း၊ တရားတော်အကြောင်း၊ သံသရာအကြောင်းလဲ သိတယ်၊ ကုသိုလ်ကောင်းမှုတွေရဲ့ အကြောင်းလဲသိတယ်၊ တော်တော်ရေရေလည်လည် သိပြီေးတာ့ ဘုရားကိုးကွယ်ကြ၊ တရားကိုးကွယ်ကြ၊ သံဃာကိုးကွယ်ကြ ဒီပုဂ္ဂိုလ်တွေကျတော့ ပညာဗုဒ္ဓဘာသာ ခေါ်တယ်။

လောကမှာ သဒ္ဓါဗုဒ္ဓဘာသာသက်သက်ဆိုရင် ကုသိုလ်တော့ရပါတယ်။ လေးလေးနက်နက်တာ့ မရှိလှဘူး။ ဒါနပြုရင် ကောင်းကျိုး များများရတယ်လို့ နားမလည်ကြဘူး။ ဘယ်လိုစိတ်ထားရမယ်၊ ဘယ်လိုပြုရင်၊ ဘယ်လိုကောင်းကျိုးတွေ မျာများရမယ်ဆိုတာ နားမလည်ကြဘူး။ သီလဆောက်တည်ရင်လဲ ဘယ်လိုဆောက်တည်တာက အကျိုးရှိတယ်၊ ကောင်းကောင်းမွန်မွန် ရေရေလည်လည် နားလည်တာမဟုတ်ဘူး။ ဘ၀နာစီးဖြန်းလဲ ဘယ်လိုစီးဖြန်းတာက ကောင်းကျိုးရှိတယ် ကောင်းကောင်းမွန်မွန် နားလည်တာမဟုတ်ဘူး။ အဲဒီလို ဗုဒ္ဓဘာသာဆိုင်ရာ ဘယ်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက်၊ နားလည်မှုတော့ သိပ်မရှိလှဘူး ဒါပေမဲ့ ကုသိုလ်ရမှန်းတော့ သိကြတာပဲ။ အဲဒါမျိုးကို သဒ္ဓါဗုဒ္ဓဘာသာလို့ ခေါ်တယ်။

အဲဒီလိုမဟုတ်ပဲနဲ့ ကိုယ်ကဥာဏ်ရှိတယ် လေ့လာထားတာ ဘုရားတရားတော်တွေ တတ်နိုင်သလောက် လေ့လာထားတော့ ဘယ်လိုလှူရင် အကျိုးရှိတယ်၊ လယ်လိုလှူရင် အကျိုးမရှိဘူး ဆိုတာ နားလည်တယ်။ ဘုရားကို ဘယ်လိုလှူရင် အကျိုးရှိတယ် ဘယ်လိုလှုရင် အကျိုးမရှိဘူးဆိုတာ နားလည်ထားတယ်။ အဲဒီတော့ နားလည်မှု အင်မတန်အရေးကြီးပါတယ်။ နားလည်မှု ရှိမှကိုးကွယ်မှုဟာ လေးနက်တယ်၊ လေးနက်မှ အကျိုးများလည်း ကောင်းကောင်းရတယ်၊ ဒါကြောင့် ပညာဗုဒ္ဓဘာသာဆိုတဲ့ ပညာရှိတဲ့ ဗုဒ္ဓဘာသာဖြစ်ဖို့ အရေးကြီးပါတယ်။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ရည်မှန်းပြီးတော့ ဥဒ္ဒိဿစေတီဆင်းတုတော်မြတ်တို့ကို ဗုဒ္ဓါဘိသေသမင်္ဂလာ အနေကဇာတင်တင်ကြတယ်၊ အနေကဇာတင်သဘင် ဆင်နွှဲပြီးတော့ ပူဇော်ကြတယ်။ ဒီတော့ ဘုရားမရှိဘဲ ဘုရားပူဇော်လို့ ဘာအမကျိုးရှိမတုံး။ ဒီလိုပြောစရာ ရှိတယ်၊ ဒီစေတီတော် ဆင်းတုတော်တွေက တကယ်ဘုရားမှမဟုတ်ဘဲ၊ ဘယ်သွားအကျိုးရှိမတုံ၊ ဒီလိုလဲ ပြောစရာရှိတယ်။

တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေစိတ္တေ သမံဖလ့။
စေတောပဏိဓိဟေဆူ ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂိံ။

တိဋ္ဌန္တေ- သက်တော်ထင်ထင် တည်ရှိစဉ်ဝယ် ဖူးမြင်အပ်ငြင်း မြတ်စွာဘုရား၌လည်းကောင်း၊္တ နိဗ္ဗုတေ စာပိ- ပရိနဗ္ဗာန် ၀င်စံကြွသွား ဘုရားရှင်ကိုယ်တော်မြတ်၌လည်းကောင်း၊ စိတ္တေ- ဘုရားဂုဏ် အာရုံရောက်တဲ့စိတ်သည်၊ သမေ- တူမျှသည်ရှိသော်၊ ဖလံ- အကျိုးသွားသည်၊ သမံ- တပြေးတည်းညီ တူမျှသည်သာတည်း။ ဟိ-သက်တော်ထင်ရှား ဘုရားနှင့် ပရိနိဗ္ဗာန် ၀င်စံကြွသွားသော ဘုရားနှစ်ဆူ အတူတူသော စကားမှာ အမှန်သင့်မြတ်လှပါပေ၏၊ သတ္တာ- သူသူငါငါ သတ္တ၀ါမှန်သမျှတို့သည် စေတောပဏိဓိဟေတု- စိတ်ထားကောင်းခြင်း၊ အကြောင်းရင်းမှန် အခြေခံအရ၊ သုဂတိံ-သုဂတိဘ၀သို့၊ ဂစ္ဆန္တိ- လားရောက်ကြရလေကုန်သတည်း။

ဝိမာန၀တ္ထုပါဠိတော်လာ ဒီဒေသနာက “ဘုရားမရှိဘဲ ဘုရားပူဇော်လို့ ဘာအကျိုးရှိမတုံး” ဒီအမေးကို အဖြေပေးထားတာ၊ ပရိနိဗ္ဗာန် စံဝင်သွားတဲ့ ဘုရားကိုလည်းကောင်း၊ သက်တော်ထင်ရှား ဘုရားကိုလည်းကောင်း၊ ပူဇော်ရတာ စိတ်ထားတူရင် အကျိုးအတူတူပါပဲတဲ့။ ပူဇော်တိုင်း အတူတူလားဆိုတော့ (သမေ စိတ္တေသမံ ဖလံ) စိတ်ထားတူရင် အကျိုးအတူတူပဲ၊ ကိုယ်က ဒီစေတီမြတ်ကို သက်တော်ထင်ရှား ဘုရားကဲ့သို့ သဘောမထားနိုင်ရင် အကျိုးပေးတာ ကွာတာဘဲ၊ သဘောမထားနိုင်ရင် အကျိုးပေးတူတာပဲ၊ သဘောထားတယ်ဆိုတာ ဂုဏ်တော်အောက်မေ့ရတာ၊ စေတီတော် ဆင်းတုတော်မြတ်တင် စိတ်က ဆုံးမနေရဘူး။

အဲဒါကြောင့် သက်တော်ထင်ရှား ဘုရားရှင်ကိုလဲ ဒီဂုဏ်တော် အာရုံပြုပြီး ပူဇော်ရတယ်၊ ပရိနိဗ္ဗာန် စံသွားတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကိုလဲ အာရုံပြုပြီး ဒီဆင်းတုတော်တွေ ပူဇော်တဲ့အခါ ဂုဏ်တော်တွေ အာရုံပြုပြီး ပူဇော်ရင်လဲ တကယ်မွန်မြတ်တဲ့ ပူဇော်ခြင်း ဖြစ်သွားတဲ့အတွက် အကျိုးပေးလဲ အတူတူပဲလို့ ဆိုလိုတာပါလို့ သပြေကုန်း ဆရာတော်ဘုရားက ဟောတော်မူခဲ့ပါတယ်။

ဒါကြောင့် ဘုရားရှင်ကိုယ်တော်စား ဥဒ္ဒိဿစေတီ ရုပ်ပွား၊ ဆင်းတုတော်များအား ဂုဏ်တော်တွေ အာရုံပြုလျက် ဆွမ်း၊ ပန်း၊ ရေချမ်း စသည်ကို လှူဒါန်းပူဇော်ခြင်းသည် အကျိုးကြီးမား၍ အချည်းအနှီးမဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။


23 comments:

  1. ပြန်လည် မျှဝေပေးတာ ကျေးဇူးတင်ပါတယ် အမရေ။ သာဓုလည်း ခေါ်ပါတယ်

    ReplyDelete
  2. တော်တော်ဗဟုသုတရသွားပါကြောင်း၊ ကျေးဇူးတင်ပါကြောင်း

    ReplyDelete
  3. သက်တော်ထင်ရှား ဘုရားရှင်ကိုလဲ ဒီဂုဏ်တော် အာရုံပြုပြီး ပူဇော်ရတယ်၊ ပရိနိဗ္ဗာန် စံသွားတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကိုလဲ အာရုံပြုပြီး ဒီဆင်းတုတော်တွေ ပူဇော်တဲ့အခါ ဂုဏ်တော်တွေ အာရုံပြုပြီး ပူဇော်ရင်လဲ တကယ်မွန်မြတ်တဲ့ ပူဇော်ခြင်း ဖြစ်သွားတဲ့အတွက် အကျိုးပေးလဲ အတူတူပဲဆိုတာ ကျွန်တော်လဲ ယုံကြည်ပါတယ်။ ဆရာတော်တွေဆိုမိန့်တာ ကြားခဲ့ဖူးပါတယ်။ တကယ်ဘုရားရှင်ကို သက်တော်ထင်ရှား ဆွမ်းကပ်လှုတန်းနေတယ်လို့ ယူဆတဲ့ သဒ္ဒါတရားအား ကြီးမားမှုကို လက်တွေ့ ခံစားဖူပါတယ်ဗျာ။ မျှဝေတဲ့အတွက်လဲ အမရေ သာဓုသုံးကြိမ် ခေါ်ဆိုပါတယ်။ မသိသူများ သိရှိနားလည်သွားကြရင် အမလဲ ပိတိဝမ်းဖျာနေမယ်ဆိုတာ ယုံကြည်နေပါတယ်။

    ReplyDelete
  4. Thanks so much for sharing again, that is totally useful for all of us.

    ReplyDelete
  5. စိတ်ထဲမှာ အဲဒီလိုပဲ သိထားတော့ ကိုယ်ထင်ထားတာတွေများ လွဲနေမှာလားလို့ အသေအချာဖတ်ရတယ်...

    သမ္မတကြီးလင်ကွန်းနဲ့ ဥပမာပေးသွားပုံကလည်း သဘာဝကျပါပေတယ်...

းဝ)

    ReplyDelete
  6. ဒီpost လေးအတွက် မကြီးငယ်နိုင်သားလေးကိုရော အမကို တကယ်ကျေးဇူးတင်ပါတယ် ခင်ဗျာ။

    ReplyDelete
  7. အသေအချာ ဖတ်သွားတယ် မငယ်၊ သေသွားတဲ့ မိဘဓါတ်ပုံ အိမ်မှာ ချိတ်ပြီး ရှိခိုးသလိုပေါ့ ၊ ဓါတ်ပုံမှန်ဘောင်ကြီးကို ရှိခိုးတာမဟုတ်၊ မိဘရဲ့ ကျေးဇူးဂုဏ် အထူးထူးကို အောင်းမေ့ အမှတ်ရပြီး ကန်တော့ရတာလိုပေါ့။ အချုပ်ပြောရရင် စိတ်ထားတတ်ဖို့ အဓိက ပါပဲ...။

    ReplyDelete
  8. သိသင့်တဲ့အကြောင်းအရာတစ်ခုပဲဗျ.. နော်..

    ReplyDelete
  9. ဒီပို့စ်ကို မျှဝေပေးခွင့်ရလို့ ၀မ်းသာပါတယ်။ ဒီပို့စ်ကို ဖတ်ပြီး ဥဒ္ဒိဿစေတီကို ကိုးကွယ်မှုနဲ့ ပတ်သက်ပြီး အရင်ကထက် တစုံတရာ ပိုသိသွားတယ်ဆိုရင် ကျွန်မ တင်ရကျိုးနပ်ပါတယ်။ မေးခွန်းမေးပြီးပို့ပေးတဲ့ ဆရာတော် ဦးလောကနာထနဲ့ ဖြေကြားပေးတဲ့ ဆရာတော်ရဲ့ ဓမ္မဒါနကိုလည်း သာဓုခေါ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ လာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  10. စနစ်တကျလေ့လာပြီး ..စာကောင်းလေးတွေရေးတတ်တဲ့
    ငါ့တူမကိုတော့ ချီးကျူးတယ်ဗျာ..

    ReplyDelete
  11. အန်ကယ်နိုင်ကလည်း အဲဒါ ကျွန်မရေးထားတာ မဟုတ်ဘူး။ ဘုန်းကြီးတပါးက ဖြေထားပေးတာကို အများသိအောင် ပြန်ပြီး မျှဝေထားတာသာ ဖြစ်တယ်။

    ReplyDelete
  12. မငယ်နိုင်ရေ ဘုရားရှင်ရဲ့ ဆင်းတုတော်ကို သက်ရှိထင်ရှား ဘုရားရှင်ကို ဆွမ်းဆက်ကပ် လှူဒါန်း ပူဇော်တဲ့ အမျိုးသမီးကြီး တစ်ဦးအကြောင်းကို စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။ စာအုပ်ထဲမှာ ကရေနံချောင်းကလို့ထင်ပါတယ်။ သီလသမာဓိနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးတစ်ပါး နာမကျန်းဖြစ်ပြီး မေ့မြောသွားတဲ့ အချိန်မှာ နတ်ပြည်ကို ရောက်သွားပါတယ်။ နတ်ပြည်ရောက်တဲ့ အချိန်မှာ နတ်သားတစ်ပါးက ကောင်းမှုကုသိုလ် ပြုလို့ နတ်ပြည်ရောက်လာတဲ့ သူတွေရဲ့ဗိမ္မာန်တွေကို လိုက်ပြပါတယ်။ တနေရာရောက်တော့ ဗိမ္မာန်တစ်ခုမှာ လူမရှိပဲ နာမည်ပဲရှိတဲ့ ဗိမ္မာန်တစ်ခုတွေ့လို့ မေးကြည့်တော့ ဗိမ္မာန်ရှင်က လူ့ပြည်မှာပဲရှိသေးကြောင်း အဲ့ဒီအမျိုးသမီးကြီးရဲ့ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုကြောင့် ကြိုတင်ပြီးနတ်ပြည်မှာ နတ်ဗိမ္ဗာန် ကြိုတင် ပေါ်နေကြောင်း နာမည် နေရပ်လိပ်စာနဲ့ အတိအကျ ပြောပြလိုက်ပါတယ်။ ဆရာတော်ကြီး သတိပြန်လည်လာချိန်မှာ ဘေးက ဒကာကို ချက်ချင်းပဲနေရပ် လိပ်စာကို ချက်ချင်းရေးမှတ်ခိုင်းပြီး စုံစမ်းခိုင်းပါတယ်။ ဘာကောင်းမှုတွေလုပ်နေတယ် ဆိုတာလည်းစုံစမ်းဖို့မှာ လိုက်ပါတယ်။ နေရပ်လိပ်စာကို စုံစမ်းကြည့်တဲ အခါ အမျိုးသမီးကြီး အမှန်တကယ် ရှိနေပြီး ရိုးရိုးအေးအေးနဲ့ လုပ်ကိုင်စားသောက် နေသူဖြစ်ကြောင်းတွေ့ရတယ်တဲ့.. ဘာကောင်းမှုတွေလုပ်သလဲ မေးကြည့်တော့ မနက်အာရုံဆွမ်း၊ နေ့ဆွမ်းအချိန်တွေမှာ ဘုရားရှင်ကိုယ်တော် မြတ်ကြီးကို ရည်မှန်းပြီး သက်ရှိထင်ရှားရှိသကဲ့ သို့ဆွမ်းရေချမ်း သေချာကျကျနန ဆွမ်းပွဲပြင်ပြီးကပ်လှူတဲ့ အကြောင်း၊ ဆွမ်းချိန်မှာဆွမ်း ရေချမ်းကပ်ချိန်မှာ ရေချမ်း ကပ်လှူကြောင်း ပြောပြပါတယ်တဲ့။ အဲ့ဒီ သဒ္ဒါတရားနဲ့ ဆွမ်းကပ်လှူတဲ့ ကောင်းမှုကြောင့် လူ့ပြည်မှာ ရှိနေသေးပေမယ့် နတ်ပြည်မှာ ကြိုပြီးနတ်ဗိမ္မာန် ပေါ်နေတာပါ။ စာအုပ်ထဲမှာတော့ အဲ့ဒီ အမျိုးသမီးကြီးရဲ့ နေထိုင်ရာမြို့တွေတော့ ရေးထားပါတယ်။ ကျွန်တော်မမှတ်မိတော့ လို့ပါ။ မငယ်နိုင် ဒီပို့စ်ကိုရေးတဲ့ အတွက်ကျွန်တော် အထူးကျေးဇူး တင်ပါတယ်။ အဲ့ဒါကြောင့် ဆွမ်းရေချမ်း ကပ်လှူပူဇော်တာ အင်မတန် အကျိုးကျေးဇူးကြီးတာ အမှန်ပါပဲ။ ..။

    ReplyDelete
  13. ခုလို ဗုဒ္ဓမြတ်စွာ ဘုရား ရဲ့ ဂုဏ်ကျေးဇူးတော် တွေကို လေးလေးနက်နက်အာရုံထား ရမယ်ဆိုတာ တွေ ကိုသေချာ မသိ မိခဲ့ လို့  ၊ အရင်က ဘုရား ဆွမ်းကပ် ၊ပန်း ဆီမီး ရေ ပူဇော် ခဲ့ တဲ့ အချိန်တွေ မှာ သာမန်ကာလျှံကာ အဆင့်လောက်နဲ့ ပဲ ပြီးဆုံး စေမိတာ ကို နှမြောမိတယ် မငယ်နိုင် ရေ ...
    ခုလို သေချာ ညွှန်ပြ ဖေါ်ပြပေးတာ ကျေးဇူးအထူးတင်ပါတယ် ။

    ReplyDelete
  14. ဒီမိုဝေယံရေ- မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ သဒ္ဒါတရားနဲ့ ဆိုင်တာဖြစ်လို့ လှူတဲ့အချိန်မှာ ထားတဲ့ စိတ်ထားက သိပ်အရေးကြီးပါတယ်။ ဘုရားကို ဆွမ်းကပ်တာ ဘုရားဂုဏ်တော်ကို အောက်မေ့တာတွေက ရပ်ထဲရွာထဲမှာ အလှူပေးတာနဲ့ ကွာပါတယ်။ လူမြင်သူမြင်ကောင်းအောင် လုပ်ရတာ ဘာတခုမှ မပါပဲ ဘယ်သူမှမသိ မိမိသဒ္ဒါတရားသက်သက်သာ ဖြစ်လို့ ဘာပကာသနမှ မဖက်တာ သေချာတယ်။ ဘုရားကို ကြည်ညိုတဲ့ သဒ္ဒါတရားနဲ့ ပေါင်းလိုက်တော့ အဲဒီကုသိုလ်က သိပ်ကို အင်အား ရှိသွားတာ ဖြစ်နိုင်ပါတယ်။

    Kiki ရေ မသိသူကျော်သွား သိသူ ဖေါ်စားဆိုတဲ့ စကားပုံ ရှိတယ်မဟုတ်လား။ အခုသိသွားပြီဆိုတော့ ဖေါ်စားဖို့ အချိန်မှီပါသေးတယ်လေ။

    ReplyDelete
  15. ဒီမိုဝေယံရဲ့မှတ်ချက်အပေါ် ပြန်ဆွေးနွေးတဲ့ Tint ဆိုတဲ့ နာမည်နဲ့ ရေးနေတဲ့ ဒေါက်တာတင့်ဦးရဲ့ အီးမေးလ်နဲ့ ပို့လာတဲ့ မှတ်ချက်ကို ရှည်လို့ နှစ်ခုခွဲ ထည့်ပေးလိုက်ပါတယ်။

    ဒီမိုဝေယံတင်တဲ့  စာပေါ် သုံးသပ်ချက်ပါ
    ကိုယ်ဆွမ်းတော်တင်တာ ဘုရားရှင်ထံ ဒါနပြုရုံသက်သက်သာ မဟုတ် ဗုဒ္ဓနုသတိ ကမ္မဋ္ဌာန်းပါမြောက်တာယ်ဆိုတာ အရင်ပြောပြီးသားပါ
    ဒါပေမဲ့  ခုစာကိုကျတော့ ခေါင်းအေးအေးနဲ့  သုံးသပ်ကြည့်ရအောင်
    တခုတော့ ရှိတယ်နော် စာဖတ်မဲ့ သူ အဆွေဟာ အောက်ပါ လူ ၄မျိုးဆို ဆက်ဖတ်မနေနဲ့ တော့  မိတ်ဆွေအချိန်ကုန်တယ်
    ၁) တသက်မှာ တခါ ဘုရားဆွမ်းတော်တောင်ကပ်ဘူးတဲ့ သူဆိုရင်
    ၂)ငရဲမရှိ နတ်မရှိ သံသရာရှိလို့ ယုံတဲ့ သူဆိုရင်
    ၃)ဟာ ငါတို့ ကတော့ ဘုန်းကြီးပြော လိုက်လုပ်ပြီးတာဘဲ။ ခေါင်းခြောက်ခံ ဟိုစာ ဒီစာ မဖတ်နိုင်ပါဘူးဆိုရင်
    ၄)ဂရုကံ အာသန္နကံ အာစိဏ္ဏကံဆိုတာ ကုန်းသတ္တ၀ါလားရေသတ္တ၀ါလားစဉ်းစားနေရင်
    သူ့ စာ အလိုအရ
    ၁) ဆရာတော်တပါးဟာ နတ်ပြည်ရောက် (သို့ မဟုတ် ) မြင်တယ်
    ထေရ၀ါဒအရ နတ်ပြည်ရောက်နိုင်တာ ၂လမ်းဘဲရှိပါတယ် ။
    က) သေလို့  ခုရုပ်နာမ်ကျေပျက် နတ်ရုပ်နာမ်ကို ကံကြောင့်ဖြစ်
    ခ)စတုတ္တဈာန်ထိ ၀သီဘော်နိုင်ပြီးလို့  အဘိဥာဉ် ၅တန်ရပြီး နတ်ပြည် ၆ထပ် ဗြဟ္မာ ၂၀ကို ခေါက်တုန့် ခေါက်ပြန်သွားနိုင်ရင်
    ခုကိစ္စမှာ ဆရာတော်မပျံလွန်သေးတော့ က)ဟာာမဟုတ်တာသေချာပြီ
    ခ)ဟုတ်မဟုတ်ကတော့ ၀ိနည်းတော်အရ ဆရာတော်က မိန့် မှာမဟုတ်
    ဒီတော့ မှန်နိုင်ခြေ ၅၀%
    နတ်ပြည်မြင်တယ်
    က)ဈာန်တံခိုး (အထက်ပါအတိုင်း ) နဲ့  လောကဓါတ်အကုန်မြင်လို့ 
    ခ)နတ်တွေက ကြည်ညို လို့  ချစ်လို့  ပြလို့ 
    ဂ) ရောဂါကြောင့် သွေးရူးသွေးတန်းဖြစ်လို့  (halucination )
    ဃ) စိတ်စွဲလို့ 
    အဲ ၄ချက်မှာ ပထမ ၂မျိုးက အမှန်မြင် နောက် ၂မျိုးက အလွဲမြင်
    ဒီမှာလဲ မှန်နိုင်ခြေ ၅၀%

    ReplyDelete
  16. ဒေါက်တာ တင့်ဦးမှတ်ချက် အဆက်

    ၂) အရပ်က ဒကာမဘယ်သူ
    ဒီမှာကတော့ ရေနံချောင်း အဲအချိန်က အိမ်နံပါတ်တို့  လမ်းတို့ အတိအကျရှိမရှိ မသိလို့ မဝေဘန်တတ်ပါ ။
    နာမည်ကိစ္စကတော့ တွေးမိတာက ဗမာနာမည်တွေဟာ ခုနောက်ပိုင်းမှသာ မိုးပြာပြာထက်ပေါ်သိန်း ၊ ပင်လယ်ကြားဆားတကုတေ ၊ စသဖြင့် မှည့်လာတာပါ ။ လွန်ခဲ့တဲ့  နှစ် ၂၀ထိ မငွေ ၊ မကြီးမငယ် ဒီလောက်ဘဲ ဆိုတော့ နာမည်တူတွေ အလွန်များနိုင်ပါတယ် ။
    ၃) ဒီဟာကတော့ အရေးကြီးလာပါဘီ
    ပြုခဲ့တဲ့  ဆွမ်းတော်ဝတ်ကြောင့် နတ်ပြည်မှာ ဗိဗ္မာန်ပေါက်နေပြီ ။ နတ်ပြည်သွားလက်မှတ်ကြီးသေချာနေပြီဆိုတာပါ
    ကဲစီစစ်စို့ 
    ဘုရားဆွမ်းတော်ကပ်တာ ဒါနကုသိုလ်နဲ့  ဗုဒ္ဓနုသတိ ကမ္မဋ္ဌန်း သမထ ကုသိုလ်ပါ
    ဒီမှာ သမထက ဈာန်အဆင့်ရောက်နေရင် ဗြဟ္မာဖြစ်မှာမို့  ဈာန်ဆိုတဲ့  ဂရုကံကို ထည့်စဉ်းစားစရာမလိုတော့ပါ
    ဒီတော့ ဒါနကုသိုလ် နေ့ စဉ်ပြုနေသော ကုသိုလ်သည် အာစိဏ္ဏကံပါ
    ဒီကံဟာ သေရင် ကတိမြဲတဲ့ ကံလား စီစစ်တော့
    သေရင်ဖြစ်မဲ့  ဂတိကိုအကျိးပေးတဲ့ ကံတွေအဆင့်ဟာ
    ဂရုကံ မရှိမှ သေခါနီးဖြစ်တဲ့  အာသန္နကံ သူမရှိမှ အာစိဏ္ဏကံဖြစ်ပါတယ် ။
    ဒီတော့ ပုထုစဉ်တယောက်ဟာ ( သူ့ စာမှာကိုပါပြီးသား တခြားဘာမှ မလုပ်ဘူးတဲ့  ဒီတော့ သောတာပန်အရိယာထည့်စဉ်းစားစရာမလို )
    နေ့ စဉ်ဆွမ်းကပ်ရုံနဲ့  နတ်ပြည်သေချာသွားလက်မှတ်မရနိုင်ပါ
    ဒီနေရ ဒါတွေပြောနေရတာဟာ ဆွမ်းမကပ်နဲ့ ဆိုနေမဟုတ်ပါ ။ ကပ်ပါ
    နေ့ စဉ် ကပ်ပါ ။
    ဒါပေမဲ့  သဘောက စလေငခွေးလိုပေါ့ မင်းဖြစ်မဲ့  နိမိတ်ကို ရွှေလင်ပန်း ၇ချပ်လောက်နဲ့  ကျိန်းကြေမခံသလို
    သာသနာလဲကြုံခိုက်
    ဟောမဲ့ လူဘဲ မရှား
    ကိုယ်တိုင်လဲ ကျန်းမာ
    ဥာဏ်လေးလဲရွှင်ခိုက်
    ကာလလဲ မပျက်ခင်လေးမှာ
    မသေချာတဲ့  ဒါန ကုသိုလ်လေးလောက်နဲ့ မတင်းတိမ်ဘဲ သေချာတဲ့  ဂရုကံ ဘာဝနာထိ ပေါက်မြောက်အောင်အားထုတ်သင့်ပါကြောင်း

    ReplyDelete
  17. http://dhammadownload.com/File-Library/Ashin-Janakabhivamsa/Ashin-Janakabhivamsa-KoKyintAbhidhamma.pdf
    http://dhammadownload.com/File-Library/Ashin-Janakabhivamsa/AshinJanakabhivamsa-AhChayPyuPaHtanTaYarTaw.pdf
    http://dhammadownload.com/File-Library/Ashin-Janakabhivamsa/AshinJanakabhivamsa-ThatePanAhMyinNhitBuddhaAhBeatDhammaAhMaeAhPhayMyar.pdf
    http://paramis.org/a/A11/A11F.pdf
    http://www.lknt11.com/2009/12/blog-post_5474.html
    ဆက်ဆွေးနွေးချင်သူများအတွက် ဖတ်ညွှန်းလေးပါ

    ReplyDelete
  18. http://dhammadownload.com/File-Library/Ashin-Janakabhivamsa/Ashin-Janakabhivamsa-KoKyintAbhidhamma.pdf
    http://dhammadownload.com/File-Library/Ashin-Janakabhivamsa/AshinJanakabhivamsa-AhChayPyuPaHtanTaYarTaw.pdf
    http://dhammadownload.com/File-Library/Ashin-Janakabhivamsa/AshinJanakabhivamsa-ThatePanAhMyinNhitBuddhaAhBeatDhammaAhMaeAhPhayMyar.pdf
    http://paramis.org/a/A11/A11F.pdf
    http://www.lknt11.com/2009/12/blog-post_5474.html
    ဆက်ဆွေးနွေးချင်သူများအတွက် ဖတ်ညွှန်းလေးပါ

    ReplyDelete
  19. ဒကာမကြီး Nge Naing

    ဒကာမကြီးရဲ့ နောက်ဆက်တွဲ လိပ်စာမေးခွန်းကို သတိမထားမိပဲ ဖြစ်သွားပါတယ်၊

    သည်မေးခွန်းကို ဖြေပေးတဲ့ဆရာတော်က ဓမ္မာနန္ဒဝိဟာရကျောင်းက ယခု ကျောင်းထိုင်ဆရာတော် ဦးဇောတာလင်္ကာရ jotalankara@gmail.com ဖြစ်ပါတယ်။ နောင် လိုအပ်သည်များ ဆရာတော်ထံမှာ မေးမြန်းနိုင်ပါတယ်။

    ဒါက ဆရာတော် သီတင်းသုံနေတဲ့ကျောင်းဖြစ်ပါတယ်။
    Theravada Buddhist Society of America
    17450 S. Cabrillo Highway
    Half Moon Bay, CA 94019
    (650) 726-7604
    http://www.tbsa.org/

    ဘုန်းကြီးကတော့ ဒီနေရာမှာ သီတင်းသုံးပါတယ်။
    Alotawpyie Bodhisukha Society of America
    1102 Kelvin Road
    El Sobrante CA, 94803
    (510) 223-8853
    http://www.lknt.org

    ဒကာဒကာမအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။
    ဦးလောကနာထ
    ၁၂.၁၃.၂၀၀၉

    ReplyDelete
  20. ဘာသာရေး Site ရဲ့ Link တွေပေးသွားတဲ့ ဒေါက်တာတင့်ဦးနှင့် လိပ်စာ မေးခွန်းဖြေပေးတဲ့ ဆရာတော်ရဲ့ အပြည့်အစုံပေးသွားတဲ့ ဆရာတော် ဦးလောကနာထကို ကျေးဇူးတင်ပါတယ်။ နောက်ပိုင်း တခြားသူတွေလည်း မေးခွန်းမေးချင်ရင် ရအောင် ဘလော့ဂ်ထဲမှာ ဖြည့်ပေးလိုက်ပါ့မယ် သာဓုပါဘုရား။

    ဆရာ ဒေါက်တာတင့်ဦး ပေးတဲ့ Link တွေကိုလည်း ကျွန်မ သွားဖတ်ပြီး လိုအပ်တဲ့ Link တွေကို ဘလော့ဂ်ထဲမှာ သွင်းထားလိုက်မယ် ကျေးဇူးတင်ပါတယ် ဆရာ။

    ReplyDelete
  21. မငယ်နိုင်ရေ ကျွန်တော်ရေးခဲ့တာလေးနဲ့ ပတ်သတ်ပြီး ပြန်လည်ဆွေးနွေးပေးတဲ့ ဒေါက်တာတင့်ဦးနဲ့ မငယ်နိုင်တို့ကို ကျေးဇူးတင်ပါတယ်... ကျွန်တော်လည်း ကျွန်တော် သိသလောက်လေး အများသိအောင် ရေးထားခဲ့တာပါ။ အဲ့ဒီအချက်တွေထဲက ဆရာတော်ကြီး နတ်ပြည်ရာက်သွားတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးချင်တာကတော့ မရဏသန္နဇော ဖြစ်တဲ့အချိန်မှာ ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တွေထင်တတ်ပါတယ်။ အသက်ရှင်ဖို့နဲ့ သေဖို့ ၅၀ရာခိုင်နှုန်းဆီ ဖြစ်နေတဲ့ အချိန်မှာ မိမိတို့လားရာ ဂတိနိမိတ်တွေမြင်တတ်ပါတယ်။ နောက်တစ်ခုက သေရွာပြန်တို့ရဲ့ အကြောင်းဝတ္ထု သာဓကတွေရှိပါတယ်.. ဆရာတော်နတ်ပြည် ရောက်သွားတယ် ဆိုတာ အလားတူဖြစ်ရပ်မျိုးတွေလို့ ထင်မိပါတယ်.. သေရွာပြန် ဇာတ်လမ်းတွေမှာတော့ များသောအားဖြင့် ငရဲဘုံတို့ ပြိတ္တာဘုံတို့ ခေတ္တရောက်သွားတာ များပါတယ်.. သီလ၊သမာဓိရှိတဲ့ ဆရာတော်ကြီးကတော့ ကုသိုလ်ကံအစွမ်းကြောင့် ဒီလိုနတ်ပြည်ကို ခေတ္တ ရောက်သွားတာ များလားလို့ ကျွန်တော်ထင်မြင် ယူဆမိပါတယ်.. ဒီတခုကိုပဲကျွန်တော် ဥာဏ်မှီသလောက်ဆက်လက် ဆွေးနွေးတင်ပြခဲ့ပါတယ်.. ဆွမ်းကပ်တဲ့ အမျိုးသမီးကြီး အကြောင်းကတော့ စာအုပ်ထဲပါတာ သေချာပြန်ဖတ်ပြီးမှပဲ ဆွေးနွေးပါရစေ..

    link တွေပေးသွာခဲ့တဲ့ ဒေါက်တာတင်ဦးနဲ့ မငယ်နိုင်တို့ကို ကျေးဇူးတင်ပါတယ်...
    လေးစားလျှက်..

    ReplyDelete
  22. မငယ်နိုင်ရေ ...
    ဒီပို့စ်လေး အခုမှ ဖတ်ဖြစ်တယ်။ ပထမပို့စ်တုန်းကတော့ ပို့စ်ရော ကွန်မန့်တွေပါ ဖတ်ပြီးသားပါ။ ဆရာတော် ပြန်ဖြေပေးထားတာ အင်မတန်ကောင်းမွန် ပြည့်စုံပါတယ်။ မသိသေးတာတွေလဲ သိရလို့ အလွန်အကျိုးရှိတဲ့ ပို့စ်တခုပါပဲ။
    မေးပေးတဲ့ ဆရာတော်၊ ဖြေပေးတဲ့ ဆရာတော်နဲ့ ဖော်ပြပေးတဲ့ မငယ်နိုင်တို့ကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  23. ယခုအခါ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားတွေ အဆက်မပြတ် ရောက်လာနေကြတယ်။

    ရောက်လာရင် အများအားဖြင့် ရွှေတိဂုံဘုရား ပုဂံဘုရားများ မန္တလေးမဟာမြတ်မုနိဘုရား စစ်ကိုင်းဘုရားများကို လည်ပတ်ဖူးမြော်ပြီး အဆင်သင့်ရင် တောင်ကြီးနဲ့ အင်းလေးကန်သို့ တစ်ရက်သွားလည်ကြတယ်။

    ပြီးတော့ပြန်ကြတာပဲ။

    မကြာသေးမီအချိန်က အင်္ဂလိပ် ပါမောက္ခ နှစ်ယောက်နဲ့ အမေရိကန် ပါမောက္ခတို့ မြန်မာနိုင်ငံသို့ ရောက်လာကြတယ်။

    ထုံးစံအတိုင်း ဘုရားဖူးကြတဲ့အခါ 'အုတ်ပုံစေတီကို လူတို့က ပန်းပူဇော်တာ မီးပူဇော်တာ ရှိခိုးတာတွေဟာ ဘာအကျိုးကျေးဇူးရှိသလဲ'လို့ တွေ့တဲ့လူကြီးတွေကို မေးကြတယ်။

    အင်္ဂလိပ်လိုမေးတယ်ဆိုတော့ မြန်မာဂေါပကလူကြီးတို့က ဖြေဖို့ခက်နေကြတယ်။

    အဲ ... ဆူးလေးဘုရားကို ပါမောက္ခအဖွဲ့ ရောက်လာကြတယ်။

    ထုံးစံအတိုင်း သူတို့ရဲ့မေးခွန်းကို ဂေါပကလူကြီးများကို မေးတယ်။

    လူကြီးတွေ စေတီရင်ပြင်မှာ နေ့စဉ် တစ်နေကုန် ဝေယျာဝစ္စပြု လုပ်နေတဲ့ မစ္စတာဘဲလူး ကို အခေါ်ခိုင်းလိုက်ကြတယ်။

    မစ္စတာ ဘဲလူးဟာ ဘရုတ်ကင်း အင်္ဂလိပ်ရှ် (Broken English) တော်တော်ပြောနိုင်တာကိုး။

    မစ္စတာဘဲလူး ရောက်လာတဲ့အခါ အမေရိကန်ပါမောက္ခက မေးတယ်။

    Why do you worship this Pagoda?
    ဒီစေတီကို သင်တို့ဘာကြောင့် ကိုးကွယ်ကြသလဲ။

    This Pagoda is made of bricks.
    ဒီစေတီဟာ အုတ်နဲ့ တည်ဆောက်ထားတယ်။

    Your houses are made of bricks.
    သင်တို့ရဲ့အိမ်များကို အုတ်နဲ့ပဲ ပြု လုပ်ထားကြတယ်။

    And your offices are made of bricks.
    ပြီတော့ သင်တို့ရဲ့ရုံးများကိုလဲ အုတ်နဲ့ပဲ ပြု လုပ်ထားကြတယ်။

    What is the difference?
    ဘာခြားနားမှုရှိသလဲတဲ့။

    အဲဒီအခါ မစ္စတာဘဲလူးက အမေရိကန်ပါမောက္ခကို ပြန်မေးတယ်။

    Do you have a wife, mister?
    ဆရာ ... သင့်မှာ ဇနီးမယား ရှိသလား။

    Oh yes. အိုး ... ရှိတာပေါ့။

    Do you have mother?
    သင့်မှာ အမေရှိရဲ့လား။

    Oh yes, I have.
    ဟ ... ရှိတာပေါ့ကွာ။

    Do you have sister?
    သင့်မှာ ညီမကော ရှိသလား။

    Oh yes. အိုး ... ရှိပါတယ်။

    Now at night with whom do you sleep?
    ကဲ... မိုးချုပ်တဲ့အခါ သင် ဘယ်သူနဲ့ အိပ်သလဲ။

    Of course, I sleep with my wife.
    ဟာကွာ ... ငါ့ဇနီးနဲ့အတူ ငါအိပ်တာပေါ့။

    Why don't you sleep with your mother?
    သင့်အမေနဲ့ ဘာကြောင့် အတူမအိပ်သလဲ။

    Why don't you sleep with your sister?
    သင့်နှမနဲ့ ဘာကြောင့် အတူမအိပ်သလဲ။

    Your mother is woman.
    သင့်ရဲ့အမေဟာ မိန်းမပဲ။

    Your sister is also woman.
    သင့်နှမကလဲ မိန်းမပဲ။

    And your wife is woman.
    ပြီးတော့ သင့်ဇနီးကလဲ မိန်းမပဲ။

    What is the difference?
    ဘာခြားနားမှုရှိသလဲ။

    အဲဒီအခါ အမေရိကန်ပါမောက္ခက မျက်လုံးမျက်ဆံပြူးပြီး ပြောလိုက်တယ်။

    Oh boy, I get your point.
    ဟုတ်ပြီကွာ မင်းဆိုလိုတာကို ငါနားလည်ပြီ။

    မစ္စတာဘဲလူး နှာနှပ်ပေးလိုက်တာ အမေရိကန် အင်္ဂလိပ်ပါမောက္ခတွေ မေးခွန်းထပ်မမေးနိုင်ကြတော့ဘဲ နှုတ်ပိတ်ပြီး ခေါင်းတညိတ်ညိတ်နဲ့ ထွက်ခွာသွားကြတော့တယ်။

    အခြားဘာသာအယူရှိကြတဲ့ နိုင်ငံခြားသားတို့ဟာ စေတီကို အုတ်ပုံလို့မြင်နေကြတယ်။

    သစ္စာလေးပါးကိုမြင်သိတဲ့ ဗုဒ္ဓဉာဏ်တော်နဲ့ သဗ္ဗညု တဉာဏ်တော်ကို ကိုယ်စားပြု တဲ့အထိမ်းအမှတ်ဖြစ်တာကို သူတို့ မမြင်နိုင်ကြဘူး။

    ဒီဉာဏ်တော်တို့ဟာ ထိပ်တန်းအကျဆုံး အမြတ်ဆုံး ဉာဏ်တော်များဖြစ်ကြလို့ ဒီဉာဏ်တော်ဆီသို့ အာရုံညွှတ်သွားနိုင်တယ်ဆိုရင်ပဲ ကြည်ညို စိတ်ဖြစ်သွားတယ်ဆိုရင်ပဲ ကြီးကျယ်တဲ့ ကုသိုလ်ကံစေတနာတွေ ကုဋေချီပြီး ဖြစ်ပေါ်လာကြတာကို သူတို့မသိကြဘူး။

    (ဒေါက်တာမင်းတင်မွန်)
    မြတ်ဗုဒ္ဓ စာအုပ်မှ

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။