Pages

ဖေဖေါ်ဝါရီ ၁၃ ရက် ဗိုလ်ချုပ် မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့

ကလေးများ ဗိုလ်ချုပ်အောင်ဆန်ရဲ့ ကြီးမြတ်သော ကိုယ်ကျိုးစွန့် အနစ်နာခံမှုနှင့် ရဲစွမ်းသတ္တိကို အားကျနိုင်စေရန်အတွက် နှစ်စဉ်နှစ်တိုင်း ဖေဖေါ်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို မြန်မာနိုင်ငံရဲ့ ကလေးများနေ့ အဖြစ်သတ်မှတ်ထားပါတယ်လို့ ငယ်ငယ်က သုံးတန်း မြန်မာဖတ်စာအုပ်ထဲမှာ ပါတဲ့ ကမ္ဘာ့ကလေးများနေ့ ခေါင်းစဉ်အောက်က သင်ခန်းစာမှာ သင်ရပါတယ်။ ဘ၀တလျှောက်လုံးမှာ သူ့ရဲ့ အချိန်တွေကို တိုင်းပြည်နှင့်လူမျိုးအတွက်ပဲ ပေးဆပ်သွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကမ္ဘာမှာ ပေါ်ထွန်းခဲ့ဖူးသော တော်လှန်ရး၊ နိုင်ငံရေး ခေါင်းဆောင်များအနက် အသက်အငယ်ဆုံး နိုင်ငံခေါင်းဆောင် (သို့) အမျိုးသားခေါင်းဆောင် အဖြစ်လည်းကောင်း၊ တိုင်းပြည်နှင့်လူမျိုးအတွက် ဘ၀သက်တမ်းရဲ့ အချိန်အများစုကို အတုမရှိသော ကိုယ်ကျိုးစွန့် အနစ်နာခံသူအဖြစ်လည်းကောင်း ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းမှာ လူသိရှင်ကြား (World Record) အဖြစ် မှတ်တမ်းတင်ကျန်နေသင့်တဲ့ အချိန်မှာ ယနေ့ခေတ် မြန်မာ့သမိုင်းမှာတောင် သူ့ရဲ့ အခန်းကဏ္ဍတွေကိုကောင်းစွာ ဖေါ်ပြခံရခြင်း မရှိသည်မှာ တကယ်ပဲ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ ဒီပို့စ်မှာ ဗိုလ်ချုပ်အောင်ဆန်းသီချင်း ဗွီဒယိုနှင့် စာသား၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်းတို့ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၅) နှစ်မြှောက် မွေးနေ့နှင့် မြန်မနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။


မဆလခေတ်က မူလတန်းအရွယ် ကျောင်းသားများကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲဘော်သုံးကျိပ်ဝင် နာမည်ဖြစ်တဲ့ သခင်အောင်ဆန်း ခေါ် ဗိုလ်တေဇကို အကြောင်းပြု၍ တေဇလူငယ်လို့ ခေါ်ပါတယ်။ အောင်ဆန်းဇာနည် ကဗျာလို ကျောင်းဖတ်စာအုပ်ထဲမှာ မပါဘဲ ငယ်ငယ်တုန်းက မကြာခဏ ဆိုရလေ့ရှိတဲ့ တေဇလူငယ်သီချင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့နီးတိုင်း သီဆိုရတဲ့ ကဗျာလေးကို အခုထိ သတိရနေပါတယ်။

 တေဇလူငယ် သီချင်း တေဇလူငယ် တို့လူငယ်
ပြည်ကျိုးတိုးစေကွယ်
အပြောအဆိုများမှာ
လိမ္မာရေးခြား ရှိကြရပါတယ်
နေထိုင်ရာမှာ စည်းကမ်းရှိမယ်
ပညာသင်ရာမှာ စည်းကမ်းရှိမယ်
တေဇလူငယ်များတို့ရယ်...

တို့တေဇလူငယ်
စည်းကမ်းရိုသေတယ်
လူတော်လူကောင်းဖြစ်အောင် ကြိုးစားကြရမယ်
ကျောင်းစာများကိုကွယ်
နေ့စဉ် ကျက်အံမယ်
နောင်တချိန်မှာ တိုင်းပြည် အကျိုးပြုမယ်..


ကဗျာ (နာမည်နဲ့ ရေးသူနာမည် မသိပါ)


ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူလိုကိုယ်ကျိုး စွန့်ဖို့ပင်
ငွေကိုမခင် ဂုဏ်မမက်
အာဏာအဆိပ် ထိပ်မတက်


ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူလိုရဲသွေး မွေးဖို့ပင်
ရန်သူဆိုလျှင် မကြောက်တတ်
မြန်မာ့သတ္တိစမ်းချင်စမ်း


ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင် 
သူလိုတာဝန်သိဖို့ပင်
မိခင်တိုင်းပြည် လွတ်မြောက်ကြောင်း 
ထမ်းဆောင်ခဲ့တဲ့သူရဲကောင်း


မူလတန်းအဆင့် ပညာသင်ကြားရစဉ်က မကြာခဏ ဆိုရတဲ့ သီချင်းနဲ့ ကဗျာ ဖြစ်ပါတယ်။ ဒီလို ပြန်ပြောနေခြင်းမှာ မဆလစနစ်ကို ပြန်ပြီး တမ်းတနေခြင်းမဟုတ်ဘဲ ဗိုလ်တေဇဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျွန်မတို့ နှလုံးသားထဲမှာ သံမှိုနဲ့ ရှိုက်သွင်းထားသလို နက်ရှိုင်းစွာ ရှိနေခဲ့တယ်ဆိုတာကို ပြောပြလိုခြင်းသာ ဖြစ်ပါတယ်။ မဆလနှင့် န၀တ၊ နအဖဟာ ဘာမှမကွာသော်လည်း မဆလခေတ်မှာ တခြားနေရာတွေဘယ်လောက်ပဲ ဆိုးခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းပြည်ရဲ့ ကျေးဇူးရှင်၊ တပ်မတော်ရဲ့ ဖခင်အဖြစ် အသိအမှတ်ပြုခဲ့တာကိုတော့ အဆိုးထဲက အကောင်းအဖြစ် ရှားရှားပါးပါး မှတ်တမ်းတင်အပ်တဲ့ အရာအဖြစ် ကျွန်မ အသိအမှတ်ပြုပါတယ်။ ကျွန်မတို့ ငယ်ငယ်က ကလေးများနေ့နှင့် ပြည်ထောင်စုနေ့ကို ကျရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် သမိုင်းမှတ်တမ်းများကို ဆရာဆရာမတွေက ဟောပြောပွဲတွေ လုပ်ပြီးတော့ ပြောပြခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁၂ နှင့် ၁၃ ရက်နေ့ မတိုင်ခင် ရက်တွေမှာ ကလေးများအား ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်စဉ်ဘ၀က အကျင့်စရိုက်တွေနှင့် လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ ကာလတလျှောက် သမိုင်းဖြစ်ရပ်တွေကို ကျွန်မတို့ ရင်ထဲနှလုံးထဲ အခုထိ စွဲနေအောင် ဆရာဆရာမတွေက ပြောပြခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတွေကို နားထောင်ပြီးတိုင်း တိုင်းပြည်အတွက် လိုအပ်လာလျင် ဗိုလ်ချုပ်အောင်ဆန်းလို ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အသက်စွန့်ကြိုးပမ်း ဆောင်ရွက်ပါမယ် ဆိုတဲ့ သိန္နိဋ္ဌာန်ကိုလည်း ကျွန်မတို့ အကြိမ်ကြိမ် ချခဲ့ဖူးပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်း


ဗိုလ်ချုပ်အောင်ဆန်းကို မကွေးတိုင်း နတ်မောက်မြို့တွင် မြန်မာနှစ် ၁၂၇၆ ခုနှစ်(ပြာသိုလဆန်း (၂) ရက်နေ့) ခရစ်နှစ် ၁၉၁၅၊ ဖေဖေါ်ဝါရီ (၁၃) ရက် စနေနေ့မှာ ဖွားမြင်သည်။ ဖခင်မှာ အမိန့်တော်ရ ရှေ့နေဦးဖာ၊ မိခင်မှာ ဒေါ်စု ဖြစ်သည်။

နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်း၊ ရေနံချောင်းမြို့အမျိုးသားအထက်တန်းကျောင်းနှင့် ရန်ကုန် တက္ကသိုလ်တို့တွင် ပညာသင်ခဲ့သည်။

၁၉၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအမှုဆောင် အဖွဲ့ဝင်၊ အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

ထိုနှစ် အိုးဝေမဂ္ဂဇင်း အင်္ဂလိပ်စာ ကဏ္ဍတွင်ပါသည့် “ခွေးသရမ်းကြီး (ငရဲခွေးကြီး) လွတ်နေပြီ” ဆောင်းပါးနှင့် ပတ်သက်၍ တက္ကသိုလ် အာဏာပိုင်တို့က အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်ခဲ့ပါသည်။

ထို့ကြောင့် ကျောင်းသားများ သပိတ်မှောက်ကြရာ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့သည်။
၁၉၃၇ ခုတွင် ၀ိဇ္ဇာဘွဲ့ကိုရသည်။ ၁၉၃၇-၃၈ ခုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီးလျှင် တို့ဗမာ အစည်းအရုံးသို့ ၀င်ရောက်၍ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။

ထို့နောက် ရဲဘော် သုံးကျိပ်ကို ဦးဆောင်၍ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကိုဖွဲ့စည်းကာ မြန်မာနိုင်ငံအတွင်းသို့ ချီတက်ခဲ့သည်။

မြန်မာနိုင်ငံကို ဂျပန်များ သိမ်းပိုက်ပြီးနောက် ဗမာ့ကာကွယ်ရေး တပ်မတော်ဖွဲ့သောအခါ စစ်သေနာပတိ ဖြစ်လာသည်။

၁၉၄၃ ခု ဂျပန်ခေတ် အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေး ၀န်ကြီးတာဝန်ကို ယူခဲ့သည်။

ဖက်ဆစ် ဂျပန်ကို တော်လှန်ရန် ”ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်” ကို လျှိ့ဝှက်ဖွဲ့စည်းသောအခါ ထိုအဖွဲ့တွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၄၅ ခု မတ်လ (၂၇) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ကာ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။

အင်္ဂလိပ် ပြန်ဝင်လာသောအခါ ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) အဖွဲ့ချုပ် ဥက္ကဌအဖြစ် ဆောင်ရွက်လျက် လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သည်။ အစိုးရအဖွဲ့ကိုလည်း ခေါင်းဆောင်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလန်နိုင်ငံသို့ သွားရောက် ဆွေးနွေးခဲ့ပြီးနောက် အောင်ဆန်း ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည်။

၁၉၄၇ ဖေဖေါ်ဝါရီလ ၁၂ ရက်ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၌ တောင်တန်းဒေသနှင့် မြန်မာပြည်မ လွတ်လပ်ရေးကို အတူတကွ တပြိုင်တည်း ရရှိရန် တောင်တန်းသားခေါင်းဆောင်များနှင့် သဘောတူညီချက် ရယူသည့် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။

၁၉၄၇ ခု ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်၌ နောက်ဆုံးမိန့်ခွန်းကို ဟောပြောခဲ့ပါသည်။
၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် အတွင်းဝန်ရုံး၌ အစည်းအဝေး ကျင်းပနေစဉ် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရရှာသည်။


ဗိုလ်ချုပ်အောင်ဆန်းသည် စာရေးစာဖတ် ၀ါသနာပါသူ ဖြစ်သည်။ စစ်မဖြစ်မီက ဒဂုန်မဂ္ဂဇင်းတွင် ဆောင်းပါးများ ရေးခဲ့သည်။ လွတ်လပ်ရေး ရပြီးလျှင် နိုင်ငံရေးမှ အနားယူလျက် စာအုပ်ရေးပြီး အေးအေးလူလူ နေရန် ကြံရွယ်ကြောင်း မိမိ၏ ဆန္ဒကို မကြာခဏ ထုတ်ဖေါ်ခဲ့ဖူးသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀နျင့် ပညာရေးအမြင်” ဆောင်းပါးမှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးသော အတ္ထုပ္ပတ္တိ တစိတ်တဒေသမှ ကောက်နှုတ်ထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရှင်းလင်းသော စာအရေးအသားကို လေ့လာနိုင်ပေသည်။


ဗိုလ်ချုပ်အောင်ဆန်း သီချင်း (စာသား)ပုံကို ဤနေရာမှ ကူးယူပါသည်။

(မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နှင့်လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်။ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်…)၂

ငါတို့မြန်မာပြည် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ်.. ငါတို့မြန်မာပြည် မိဘတိုင်းကကွယ် အာဇာနည်အစစ်တွေကို ရှိဖို့မွေးရမယ်…
အော်-- ဘုရာင့်နောင်နဲ့ ရာဇာဓိက္ကရစ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ် … မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေရဲ့ မြန်မာတွေ အောင်ပန်းဆွတ်ကြ ရှာလေတယ်…

(ရာဇ၀င် အတ္တုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂

တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ များဇာနည်နွယ် လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ် တို့ဗမာတွေစိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်…

(ရာဇ၀င် အတ္တုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂

(မြန်မာနိုင်ငံ ထူထောင်ရန်အတွက် မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်.. နေမျိုးသာကီ မြန်မာပြည်လက်ရုံး ကမ္ဘာနိုင်ငံလုံး ထင်ပေါ်စေတယ်.. စိတ်အားသန်သန် မာန်ကိုမလျှော့တယ် ငါတို့ လူမျိုးတန်ခိုးကြီးဖို့ သူရဲကောင်းတွေ ဂုဏ်ရည်တယ်… တကယ်ပင် သတိုး မဟာဗန္ဓုလရဲ့ အစွမ်းသတ္တိ ရာဇ၀င်ပြောင်တယ် သားကောင်းများလို့ ခေါ်ရလောက်ပေတယ် ဥဒါန်းမကျေစေဘွယ် မြန်မာသူရဲကောင်း အပေါင်းတွေရယ်)၂

(ရာဇ၀င် အတ္တုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂

(ဒီသီချင်းကို ကျွန်မတို့ ငယ်ငယ်တုန်းက သင်ရတဲ့ သုံးတန်းမြန်မာ ဖတ်စာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးနေတဲ့ ပန်းချီပုံနဲ့တကွ ဖေါ်ပြထားပါတယ်)



ဗွီဒယိုကို ဤနေရာမှ ကူးယူဖေါ်ပြပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိအကျဉ်းကို ငယ်ငယ်က သင်ခဲ့ရတဲ့ ကိုးတန်းမြန်မာစကားပြေ လက်ရွေးစဉ် စာအုပ်ထဲမှ ကူးယူဖေါ်ပြပြီး မူရင်းထဲတွင် မပါသည့်အချက်များကို စာလုံး အပြာများဖြင့် ဖြည့်စွက် ထည့်သွင်းထားပါတယ်။



မြန်မာနိုင်ငံ ကလေးများရဲ့ အနာဂတ် လှပပါစေ။
ဗိုလ်ချုပ်အောင်ဆန်းလို သူရဲကောင်းများ ထွန်းကားပါစေ။

2/13/10 6:34 PM မှာ တင်တဲ့ပို့စ်ကို ဗိုလ်ချုပ်မွေးနေ့အတွက် အပေါ်ခဏ တင်ထားပါတယ်။ ပြီးရင် သူ့နေ့စွဲရှိတဲ့နေရာမှာ ပြန်ထားမှာ ဖြစ်တယ်။ ကျေးဇူးပြုပြီး ဗိုလ်ချုပ်အောင်ဆန်းကို လေးစားသောအားဖြင့် ဒီပို့စ်အောက်မှာ မဆိုင်တဲ့ မှတ်ချက်တွေ မထည့်ကြပါနဲ့။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

13 comments:

  1. ကလေးများနေ့လို့ သတ်မှတ်ထားတယ်ဆိုတာ (မေ့သွားလို့လားမသိ) အခုမှ သိရတော့တာပါ....

းဝ)

    ReplyDelete
  2. အားလုံးသေချာသိရအောင် ပြန်ရေးပေးထားတာ အများကြီး ကျေးဇူးတင်ပါတယ် မငယ်နိုင်

    ReplyDelete
  3. ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ရွှန်းမီတို့လို ခုခေတ်လူငယ်တွေသာမက အရင်က သင်ကြားခဲ့ရဖူးတဲ့ သူတွေတောင် စိတ်မ၀င်စားကြတဲ့သူတွေဆို သိပ်ပြီး မသိတော့ မမှတ်မိတော့တာကို သတိထားမိပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ထားရုံပဲ ရှိပြီး ကလေးအခွင့်အရေးအတွက် သီးခြား လုပ်ပေးတာ ဘာမှ မရှိလို့ ဘယ်သူမှ သတိမထားမိကြတပါ ကိုလူထွေး။ အရပ်ထဲမှာလည်း ကလေးတွေကို အရက်ဝယ်ခိုင်း၊ ဆေးလိပ်ဝယ်ခိုင်း၊ မိဘတွေက အိမ်ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ၀ိုင်းကူခိုင်းပြီး ကလေးတွေရဲ့ အခွင့်အေရေးတွကို ချိုးဖေါက်နေကြတာ အစိုးရ အဆက်ဆက် မှာတာဝန်ရှိပါတယ်။ အခုဆိုရင် မိဘတွေ ခိုင်းစေခံရတဲ့အဆင့်မကတော့ဘဲ အစိုးရတွေကိုယ်တိုင်က စစ်ထဲအတင်းသွင်း၊ လုပ်အားပေး အတင်းစေခိုင်းတာတွေ ရှိနေလို့ ကလေးတွေရဲ့ အခြေအနေက အတော်ဆိုးရွားနေပါပြီ။

    ReplyDelete
  4. အောင်ဆန်းဇာနည် ကဗျာFebruary 11, 2012 at 6:53 PM

    အောင်ဆန်းဇာနည် ကဗျာ

    ဖေဖော်ဝါရီ ဆယ့်သုံးမှာ၊
    ဗိုလ်ချုပ် မွေးနေ့ပါ။
    တထောင့်ကိုးရာ တဆယ့်ငါး၊
    ရှေ့နေ ဦးဖာ သား။
    ဇာတိ နတ်မောက်၊ မကွေးခရိုင်၊
    သိကြများ ခုတိုင်။
    ကြံကြံ့ခိုင်တဲ့ ဇာနည်ဘွား၊
    မိခင် ဒေါ်စု သား။
    တထောင့်ကိုးရာ လေးဆယ့်ခွန်၊
    ပြောင်းကြွ တမလွန်။
    မျက်ရည်သွန်လို့ ဘဝင်ညှိုး၊
    ဇူလိုင် တစ်ဆယ့်ကိုး။
    ပြည်ထောင်စုရဲ့ ကျေးဇူးရှင်၊
    ဗိုလ်ချုပ် တို့ဖခင်။
    ကောင်းစေချင်တဲ့ မှာစကား၊
    ငါတို့ မမေ့အား။
    ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်၊
    ပြည်ချစ် တို့ခေါင်းဆောင်။
    ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ၊
    ဗိုလ်ချုပ် ချမှတ်သွား။


    (တတိယတန်း မြန်မာဖတ်စာမှ ကူးယူ ဖော်ပြသည်။)

    ReplyDelete
  5. မငယ်နိုင်
    ပိုစ်က အခုမှတင်တာ
    အောက်က မှတ်ချက်တွေက ၂၀၁၀ က မှတ်ချက်တွေဖြစ်နေတယ်နော်
    ပိုစ်တင်စရာမရှိတာနဲ အဟောင်းတွေကို ဒိတ်ပြောင်းပြီးအသစ်လုပ်တင်တာလားဟင်

    ReplyDelete
  6. ပို့စ်ကို ဆုံးအောင်ဖတ်ရင် အခုလို မှတ်ချက်မျိုး ဖြစ်လာစရာအကြောင်း မရှိလို့ ပို့စ်ကို သေသေချာချာ အဆုံးထိရောက်အောင် ဖတ်ပါလို့ပဲ တိုက်တွန်းပါတယ် Anonymous ။

    ReplyDelete
  7. .
    မဟာအာဇာနည် ဗိုလ်ချုပ်အောင်ဆန်း


    မိုးပေါ်က ကျလာတဲ့ လူတစ်ယောက် မဟုတ်ပါဘူး
    လူထဲက လူတစ်ယောက်
    သူ ငယ်ငယ်တုန်းက တစ္ဆေ သရဲ အလွန်ကြောက်တတ်သတဲ့
    ခဏခဏ ချူချာတယ်
    ရေမကူးတတ်ဘူး
    စက်ဘီး မစီးတတ်ဘူး
    လေးငါးခြောက်နှစ်ထိ အိပ်ရာထဲမှာသေးပါတယ်

    မိုးပေါ်က ကျလာတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး
    လူထဲက လူတစ်ယောက်
    သူ လိမ်မပြောဘူး ညာမပြောဘူး
    ဟန်မဆောင်တတ်ဘူး
    ကလေးဘ၀ ကတည်းက
    ဗမာပြည် အင်္ဂလိပ်လက်ထဲက ပြန်ရဖို့သာ စိတ်ကူးနေခဲ့
    မျက်နှာလိုမျက်နှာရ အထက်လူကြီးကို တိုင်တာတွေကို မုန်းခဲ့
    ရှင်အဂ္ဂသမာဓိရဲ့ မျိုးရိုး
    ဗိုလ်မင်းရောင်ရဲ့ မြေး
    ရှေ့နေဦးဖာရဲ့ သား
    မိခင်ဒေါ်စုရဲ့ သား
    နတ်မောက်မှာ သူမွေးခဲ့တယ်
    ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာပေါ့

    မိုးပေါ်က ကျလာတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး
    လူထဲက လူတစ်ယောက်
    အသက် (၈) နှစ်မှ ကျောင်းစနေရပေမယ့်
    ငယ်နာမည် ထိန်လင်း ဆိုတဲ့သူဟာ
    အတန်းတွေ ကျော်တက်နိုင်ခဲ့တယ်
    အရပ် ၅ ပေ ၅ လက်မ ရှိတဲ့သူဟာ
    အသက် (၂၀) မှာ ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့တယ်
    “အိုးဝေ” ဆိုတာ သူပေးခဲ့တဲ့ နာမည်ပါ
    သူဟာ အင်္ဂလိပ်နယ်ချဲ့ရဲ့ ရန်သူတော်နံပါတ် (၅)
    ရန်သူတွေက သူ့ကိုလေးစား
    “အနီးဆုံးရန်သူကို ရှာတိုက်ကြ” တဲ့
    ဂျပန်တွေ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားကြရ
    အင်္ဂလန်ထိသွားပြီး “တောင်တန်းပြည်မ မကျန် တသွေးတသားထဲပါ
    ကျွန်ုပ်တို့မြန်မာတစ်နိုင်ငံလုံးကို လွတ်လပ်ရေးပေးလော့”
    ဖေဖော်ဝါရီ (၁၂) ပင်လုံညီလာခံကို နယ်ချဲ့တွေ အရှုံးပေးခဲ့ရတာ
    ကမ္ဘာက အံ့သြ ချီးကျူးခဲ့ကြ

    မိုးပေါ်က ကျလာတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး
    လူထဲက လူတစ်ယောက်
    သူ့တိုင်းပြည်အတွက် သူ့ဘ၀ကို
    “အရိုင်း” လို့ ထင်ရအောင် လူတွေနဲ့ ကွဲခဲ့တယ်
    သူ့ရဲ့စိတ်က ဖြူစင်တယ် မြင့်မြတ်တယ်
    သူက သူ့နိုင်ငံလွတ်လပ်ရေးကိုပဲ အမြဲစဉ်းစားနေတာ
    သူ့လူငယ်ဘ၀ ဆိုတာ
    စာအုပ်တွေရယ် သူ့နိုင်ငံလွတ်လပ်ရေးရယ်
    ဒါပဲ
    သူက ရာထူးနေရာရနေလို့ ကားတစ်စီးနဲ့သွားလို့ရ
    သူ့မိတ်ဆွေ ဦးချစ်မောင်ရဲ့ စာကြည့်ခန်းက စာအုပ်လာယူ
    အဲဒီမှာ
    ဦးချစ်မောင်သားတွေက သူ စီးလာတဲ့ကားကို စီးချင်သတဲ့
    ဘာလုပ်တယ် ထင်လဲ
    ကလေးတွေကို ကားပေးစီးပြီး သူက စာအုပ်ထိုင်ဖတ်နေတာ
    လှလိုက်တာ
    သူ ကလေးတွေကို ချစ်လိုက်တာ
    ဂျာနယ်ဂျောာ်မမလေးက တောင်းပန်တော့ သူပြောတယ်
    “ကလေးတွေကို သူတို့ ဖြစ်ချင်တာ လုပ်ချင်တာတွေ တတ်နိုင်သမျှ လုပ်ပေးရမှာ
    မိဘ လူကြီးတွေရဲ့တာဝန်” တဲ့
    ဒီလို ကလေးချစ်တဲ့ သူ
    တိုင်းပြည်လွတ်လပ်ရေး ရပြီးရင် စာရေးနေမယ်
    ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်ရမှာလဲက အစ
    မြန်မာ့လူမှုဘ၀တွေ တိုးတက်ဖို့ စာရေးမယ် တဲ့

    မိုးပေါ်က ကျလာတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး
    လူထဲက လူတစ်ယောက်
    သီချင်းတွေ ကြိုက်တယ်
    ကီးမကိုက်တဲ့ သူ့အသံနဲ့ သီချင်းဆိုတယ်
    သူ့မှာ ၀တ်စုံဘယ်နှစုံ ကောင်းကောင်း ရှိသလဲ
    အင်္ဂလန်သွားတော့ အိန္ဒိယ ခဏ၀င်
    နေရူး ပေးလိုက်လို့ ခန့်ခန့်ငြားငြား ၀တ်စုံလေးရ
    သနားစရာ
    ငါတို့ လေးစားသူကြီးလေ
    ငါတို့ ချစ်ရသူကြီးလေ
    ငါတို့ရဲ့ ထာဝရခေါင်းဆောင်ကြီးလေ
    မြန်မာတည်သ၍ ကြီးမြတ်တဲ့ မဟာအာဇာနည်လေ

    မိုးပေါ်က ကျလာတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး
    လူထဲက လူတစ်ယောက်
    တစ်မတ်တန်းက ရုပ်ရှင်ကြည့်တယ်
    “ကြည် ပဲပြုတ်နဲ့ နံပြား ရရင် စားချင်တယ်” တဲ့
    တော်တော် ရယ်စရာကောင်းတဲ့သူ
    သူ ချစ်တာ “လွတ်လပ်ရေး”
    သူ အမြဲလိုချင်တာ “လွတ်လပ်ရေး”
    သူ အသက်ရှင်နေတာ “လွတ်လပ်ရေး”
    သူ ကျဆုံးသွားတော့ အသက်က (၃၂) နှစ် ၁၉၄၇ ဇူလိုင် ၁၉ မှာ
    သူဟာ မိုးပေါ်ကကျလာတဲ့ လူတစ်ယောက် မဟုတ်ပေမယ့်
    ငါတို့တိုင်းပြည်အတွက်ကတော့
    သူ လို လူမျိုးမရှိ
    သူ ဟာ
    မြန်မာပြည်အတွက်
    မဟာ အာဇာနည်
    ကြီးမြတ်သော သူရဲကောင်း
    တုနှိုင်းမဲ့တဲ့ ကျေးဇူးရှင်


    (သော်ဇင်အုန်း)
    ၆၊ ၂၊ ၂၀၁၃


    (၂၀၁၃၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ ၉း၀၀ နာရီ ကနေ ၁၂း၀၀ နာရီ မှာ
    မြောက်ဥက္ကလာ ဂုံးတံတားအဆင်းက ဥတ္တရခန်းမမှာ
    ကိုမိုဃ်းဇော်၊ ကိုရင်နီ၊ ကိုသော်ဇင်အုန်း၊ ကိုAမွန် နှင့် မြောက်ဥက္ကလာ ကလေးများ ရွတ်မဲ့ ကဗျာ)


    Credit - ကိုသော်ဇင်အုံး

    ReplyDelete

  8. .
    (ခေါင်းစဉ်ကိုနှိပ်ပြီး ဗမာ့သူရဲကောင်း သီချင်း (ကိုမြကြီး နှင့် အဖွဲ့ ) ဗီဒီယို ကို ကြည့်ရှု နားဆင်နိုင်ပါတယ်။)


    သီချင်း၏ အမည်ရင်း - ဗမာ့သူရဲကောင်း

    သီချင်း၏ အမည်ခွဲများ

    ဗိုလ်ချုပ်အောင်ဆန်းသီချင်း
    အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း
    ဗမာ့သားကောင်း
    ဗမာ့လွတ်လပ်ရေး


    တေးရေး - သဟာယဆရာတင်
    စပ်ဆိုသည့် ခုနှစ် - ၁၉၄၁ ခုနှစ်
    တေးဆို - ကိုမြကြီး နှင့် အဖွဲ့ 


    တေးသံရှင် ကိုမြကြီး သီဆို အသံသွင်းခဲ့တဲ့ ဗမာ့သူရဲကောင်း သီချင်း စာသား


    ( ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်
    တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊
    သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်။) x ၂

    ငါတို့ ဗမာပြည် အမိဖ တိုင်းကကွယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်၊
    ငါတို့ ဗမာပြည်ဝယ် အမိဖ အပေါင်းတို့ကကွယ်၊ အာဇာနည်အစစ်ကို တို့တတွေ မွေးရမယ်။

    သြော်၊ ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို
    မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရားတို့လိုကွယ်
    ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေတယ်၊
    မကြောက်တမ်း မရွံ့တမ်း ဗမာတွေ အောင်ပန်း ဆွတ်ရှာလေတယ်။

    (သံပြိုင်) ( ရာဇ၀င် အထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊
    မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။ ) x ၂

    တိုင်းပြည်အကျိုး စွန့်ခဲ့တဲ့ များဇာနည်နွယ်၊ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်၊
    တို့ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။

    ( ဗမာနိုင်ငံ ထူထောင်ရန် နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်၊
    နေမျိုးသာကီ ဗမာပြည်လက်ရုံး ဗမာနိုင်ငံအလုံး ထင်ပေါ်စေတယ်။
    စိတ်အားသန်သန် မာန်ကိုမလျှော့တယ်၊
    ငါတို့လူမျိုး တန်ခိုးရှိဖို့ သူရဲကောင်းတွေ စုံညီတယ်။
    တကယ်ပင် သတိုးမဟာဗန္ဓုလနဲ့
    အစွမ်းသတ္တိ ရာဇ၀င်ပြောင်တဲ့ သားကောင်းများတို့
    ခေါ်ရလောက်ပေတယ်။
    ဥဒါန်းတွင်စေဘွယ်၊ ဗမာသူရဲကောင်း အပေါင်းတွေရယ်။ ) x ၂

    (သံပြိုင်) ( ရာဇ၀င် အထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊
    မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။ ) x ၂


    ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့
    (ဗိုလ်ချုပ်အောင်ဆန်း ၉၈ နှစ် မွေးနေ့) အမှတ်တရ


    (ခေါင်းစဉ်ကိုနှိပ်ပြီး ဗမာ့သူရဲကောင်း သီချင်း (ကိုမြကြီး နှင့် အဖွဲ့ ) ဗီဒီယို ကို ကြည့်ရှု နားဆင်နိုင်ပါတယ်။)

    ReplyDelete

  9. .
    (ခေါင်းစဉ်ကိုနှိပ်ပြီး ဗိုလ်အောင်ဆန်းသီချင်း (ခင်ညွန့်ရည်) ဗီဒီယို ကို ကြည့်ရှု နားဆင်နိုင်ပါတယ်။)


    သီချင်း၏ အမည်ရင်း - ဗမာ့သူရဲကောင်းသီချင်း

    သီချင်း၏ အမည်ခွဲများ

    ဗိုလ်ချုပ်အောင်ဆန်းသီချင်း
    အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း
    ဗမာ့သူရဲကောင်း
    ဗမာ့သားကောင်း
    ဗမာ့လွတ်လပ်ရေး


    တေးရေး - သဟာယဆရာတင်
    စပ်ဆိုသည့် ခုနှစ် - ၁၉၄၁ ခုနှစ်
    တေးဆို - ခင်ညွန့်ရည်


    သဟာယဆရာတင် က "ဗမာ့သူရဲကောင်း" သီချင်း စာသားထဲမှာ "ဗမာ" လို့ စပ်ဆိုခဲ့ပေမယ့် တေးသံရှင် ခင်ညွန့်ရည် က သီဆိုတဲ့အခါမှာ "မြန်မာ" လို့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ တခြားစာသား နည်းနည်းပါးပါးလည်း ပြောင်းလဲပြီး သီဆို အသံသွင်းခဲ့တာပါ။


    တေးသံရှင် ခင်ညွန့်ရည် သီဆို အသံသွင်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသီချင်း စာသား


    ( မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်
    တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊
    သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်။) x ၂

    ငါတို့ မြန်မာပြည် မိဘတိုင်းကရယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်း မွေးရမယ်၊
    ငါတို့ မြန်မာပြည် မိဘအပေါင်းတို့ကရယ်၊ အာဇာနည်အစစ်ကို ရှိဖို့ မွေးရမယ်။

    သြော်၊ ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို
    မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ်
    မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေတယ်၊
    မကြောက်တမ်း မရွံ့တမ်း မြန်မာတွေ အောင်ပန်း ဆွတ်ကြရှာလေတယ်။

    (သံပြိုင်) ( ရာဇ၀င် အထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊
    မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။ ) x ၂

    တိုင်းပြည်ကျိုး စွန့်ခဲ့တဲ့ များဇာနည်နွယ်၊ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်၊
    တို့မြန်မာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။

    ( မြန်မာနိုင်ငံ ထူထောင်ရန် နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်၊
    နေမျိုးသာကီ ဗမာပြည် လက်ရုံး ဗမာနိုင်ငံ အလုံး ထင်ပေါ်စေတယ်။ *
    စိတ်အားသန်သန် မာန်ကိုမလျှော့တယ်၊
    ငါတို့လူမျိုး တန်ခိုးရှိဖို့ သူရဲကောင်းတွေ စုံညီတယ်။
    တကယ်ပင် သတိုးမဟာဗန္ဓုလနဲ့
    အစွမ်းသတ္တိ ရာဇ၀င်ပြောင်တဲ့ သားကောင်းများလို့
    ခေါ်ရလောက်ပေတယ်။
    ဥဒါန်းတွင်စေဘွယ်၊ မြန်မာသူရဲကောင်း အပေါင်းတွေရယ်။ ) x ၂

    (သံပြိုင်) ( ရာဇ၀င် အထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊
    မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။ ) x ၂


    (* တေးသံရှင် ခင်ညွန့်ရည်က ဒုတိယအခေါက် ပြန်ကျော့ရာမှာ "နေမျိုးသာကီ ဗမာပြည် လက်ရုံး ဗမာနိုင်ငံ အလုံး ထင်ပေါ်စေတယ်။" ဆိုတဲ့ စာသားကို "နေမျိုးသာကီ မြန်မာပြည် လက်ရုံး မြန်မာနိုင်ငံလုံး ထင်ပေါ်စေတယ်။" လို့ ပြောင်းပြီး သီဆိုထားပါတယ်။)


    ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့
    (ဗိုလ်ချုပ်အောင်ဆန်း ၉၈ နှစ် မွေးနေ့) အမှတ်တရ


    (ခေါင်းစဉ်ကိုနှိပ်ပြီး ဗိုလ်အောင်ဆန်းသီချင်း (ခင်ညွန့်ရည်) ဗီဒီယို ကို ကြည့်ရှု နားဆင်နိုင်ပါတယ်။)

    ReplyDelete


  10. ငယ်စဉ်ကတည်းက ရိုးသားဖြူစင်ခဲ့
    (၉၉ နှစ် ပြည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်)



    ကိုဗလိုင်
    February 13, 2013


    ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။
    ဒီနေ့ ဒီအချိန်ခါကို ရောက်ရင်ဖြင့်
    နှမြောတမ်းတစိတ်နဲ့ စိတ်အစဉ်ထဲက
    လွမ်းနေရပါသည်။


    လွတ်လပ်ရေးသမိုင်းတလျှောက်
    သြချလောက်အောင် သူ့ရဲ့စွမ်းပကား
    မီးလျှံထဲက ဌက်လို
    ဟုန်းဟုန်းတောက် ကျော်ဇောခဲ့တယ်။
    အံ့မခမ်းလောက်တဲ့ သတ္တိတွေနဲ့
    နယ်ချဲ့ကို တွန်းလှန်
    ရရင်ရ မရရင်ချမယ့် ဒို့- ဗိုလ်ချုပ်။

    သူမသေခင် မကြွေခင်
    ဟောခဲ့ ပြောခဲ့တဲ့
    လျှမ်းလျှမ်းတောက်မိန့်ခွန်းတွေ
    ကနေ့ထိတိုင် သွေးထွက်အောင် မှန်နေဆဲ။


    အရောင်အစွန်း စွန်းထင်းထားခြင်း မရှိ
    ရိုးစင်းတဲ့ ဒို့- ဗိုလ်ချုပ်ရဲ့ အတ္ထုပတ္တိ
    အားကျပြီး စံပြုလောက်ပါပေတယ်။


    ပြီးတော့… ငယ်စဉ်တုန်းက
    အမေနဲ့ အတူတူ ဈေးရောင်းနေရင်း
    သူ့ရဲ့အရှေ့မှာ မဟုတ်မမှန်
    အမေပြောလည်း လက်မခံ
    ငယ်စဉ်ကတည်းက ရိုးသားဖြူစင်ခဲ့။


    ကိုဗလိုင်


    (( ၉၉ နှစ် ပြည့် လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအား ဤကဗျာဖြင့် အလေးနက်ထား၍ ဦးညွှတ် ကန်တော့လိုက်ပါသည် ))


    မှတ်ချက်။ ။ ဗိုလ်ချုပ်ကို အမှန်တကယ် ချစ်မြတ်နိုးကြလျှင် ဗိုလ်ချုပ်လို တိုင်းပြည်အပေါ်ထားတဲ့ ရိုးသားဖြူစင်တဲ့ စိတ်တွေ ကျနော်တို့တတွေ သူသူ ငါငါ မွေးကြရမယ်။

    ReplyDelete


  11. " စဉ်းစားလေလေ "


    ဝင်းမြင့်ဦး
    Wednesday, February 12, 2014



    ကြည်ရေ....
    ဒို့ .....
    နတ်မောက်ကိုသွား
    သမီးလေးပြ
    အမွေတောင်းကြစို့လား.... တဲ့။


    ရထားလက်မှတ် ကိုယ်တိုင်ဖြတ်၍
    သက်စောင့်မပါ စစ်သေနာပတိမပါ
    အဓိပတိဖြစ်လျက် သတိမထား ခရီးသွားရဲ့။


    နတ်မောက်ကိုရောက် ဝင်အပေါက်မှမြင်လျှင်
    မိခင်ဖြစ်သူက ကြိုဆိုသတင်း ဆိုလိုက်ခြင်းမှာ
    "ဟဲ့..... အောင်ဆန်း... နင် ဘုရင်ဖြစ်ပြီ ဆို... "
    "ဟုတ်တယ်၊ အမေ၊ ကျနော့်သမီး အမေ့မြေးလေး ကြည့်စမ်းပါ။"


    ခု လာရင်းမှာ အမေ့ဆီက
    ကျနော့်သမီးလေး ခမဲပေးသလို
    နားဆွဲလိုလို့ အမွေအဖြစ် လာတောင်းတာပါ.... တဲ့။


    "ဟယ်... အောင်ဆန်း၊
    တိုင်းပြည်မှာ နင် ဘုရင်ဆို၊
    သမီးလေး နားဆွဲလိုတာများ
    ငါ့ဆီမှာ လာတောင်းနေရသလား။"


    "ကဲ.... ကြည်ရေ၊ အထုပ်တွေ သယ်၊
    ဘူတာဆင်းကြမယ်၊ ပြန်ကြစို့။


    သူ့လို စိတ်ဓာတ်၊ အကဲခတ်ဖို့
    မြားမြတ်ဥာဏ်မြင်၊ ဥာဏ်သိယှဉ်မှ
    ဆင်ခြင်မှန်ကန် သိရှိရန်ပင်... ။


    ဝင်းမြင့်ဦး


    Posted by minyekyawswar8888


    " စဉ်းစားလေလေ "

    ReplyDelete


  12. “ဗိုလ်ချုပ်၏ ၉၉ နှစ်မြောက်မွေးနေ့ (၁၃-၁-၂၀၁၄ ရက်နေ့) ကို ဂုဏ်ပြုပါ၏။"

    ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


    Moe Hnin Pwint
    ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့


    ဗိုလ်ချုပ်အောင်ဆန်းကို မကွေးတိုင်း နတ်မောက်မြို့တွင် မြန်မာနှစ် ၁၂၇၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်နေ့ (ခရစ်နှစ် ၁၉၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၃ ရက်) စနေနေ့မှာ ဖွားမြင်သည်။ ဖခင်မှာ အမိန့်တော်ရ ရှေ့နေ ဦးဖာ၊ မိခင်မှာ ဒေါ်စု ဖြစ်သည်။


    နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်း၊ ရေနံချောင်းမြို့အမျိုးသားအထက်တန်းကျောင်း တွင် ပညာသင်ခဲ့သည်။


    ၁။ မောင်အောင်ဆန်းသည် ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်သို့ရောက်၏။ ထိုစဉ်က သူ့အသက် ၁၇ နှစ်သာ ရှိသေး၏။


    ၂။ အသက် ၂၀ အရွယ်တွင် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့၏။


    ၃။ ၁၉၃၆ ခုနှစ်၊ အသက် ၂၁ နှစ်အရွယ်တွင် ကျောင်းသား သပိတ်ကြီး၏ ခေါင်းဆောင်အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့၏။


    ၄။ အသက် ၂၂ နှစ်အရွယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၏။


    ၅။ အသက် ၂၃ နှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ (သခင်)အစည်းအရုံး၌ အထွေထွေအတွင်းရေးမှူး ဖြစ်လာ၏။


    ၆။ သာယာဝတီ ညီလာခံ၌ ဗြိတိသျှအစိုးရကို လက်နက်ဖြင့် တော်လှန် ပုန်ကန်ရန် အစီအစဉ်များ ရေးဆွဲပေးခဲ့စဉ်က သူ၏အသက်မှာ ၂၅ နှစ်သာ ရှိသေး၏။

    (ထိုစဉ် သူ၏ ရဲဘော် ရဲဘက်များက "သူ၏ လက်နက်ကိုင် ပုန်ကန် တော်လှန်ရေး အစီအစဉ်များကို လုပ်လို့ဖြစ်ပါ့ မလား၊ လက်နက် ဘယ်က ရမှာမို့လဲ" စသည်ဖြင့် သံသယရှိကြ၏။ မောင်အောင်ဆန်းသည် ခေါင်းဆောင်ပီပီ မိမိလုပ်ငန်း၌ တွေဝေခြင်းမရှိ စိတ်အားလျော့တတ်ခြင်းမရှိ "ဓားပြဂိုဏ်း တွေတောင်မှ လက်နက်ရအောင် ရှာနိုင်သေးတာ၊ ကျုပ်တို့ကော ဘာဖြစ်လို့ လက်နက်မရှာ နိုင်ရမှာလဲ" ဟု တွေဝေနေသော သူ၏ ရဲဘော်များကို ပြန်ပြောခဲ့၏။)


    ၇။ အသက် ၂၅ နှစ်သာသာတွင် လက်နက်ကိုင်တော်လှန် ပုန်ကန်ရေးအတွက် နိုင်ငံခြား အကူအညီ ရနိုင်ရန် မြန်မာပြည်မှ တိတ်တဆိတ် ထွက်ခွာသွားခဲ့၏။


    ၈။ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် "ဗမာ့လွတ်လပ်ရေး တပ်မတော်" ကို ဖွဲ့စည်းကာ စစ်ဦးစီးဗိုလ်ချုပ်အဖြစ် ခေါင်းဆောင် ကွပ်ကဲ၍ မြန်မာပြည်တွင်း ချီတက်လာချိန်မှာ သူ့အသက်ကား ၂၆ နှစ်အရွယ်ပင် ရှိသေး၏။


    ၉။ အသက် ၃၀ အရွယ်တွင် ဖက်ဆစ်ဂျပန်များကို ဦးဆောင်မှုပြု၍ တိုက်ခိုက်ခဲ့သည်။ မြန်မာနိုင်ငံရေးလောကတွင် မကြုံစဘူးသော အမျိုးသားညီညွတ်ရေး တပ်ဦးဖြစ်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကို တောင့်တင်း ကြီးမားအောင် တည်ဆောက် စည်းရုံးခဲ့၏။


    ၁၀။ အသက် ၃၁ နှစ်အရွယ်တွင် သူ့တိုင်းပြည် လွတ်လပ်ရေးအတွက် နိုင်ငံရေးနယ်ပယ်တွင် ကမ္ဘာ့ဝါရင့် နိုင်ငံရေးသမားကြီးများဖြစ်သော ဗြိတိသျှအစိုးရအဖွဲ့ ဗြိတိသျှဘုရင်ခံတို့နှင့် ဥာဏ်ကစားလျက် နိုင်ငံရေး ဆွေးနွေးနိုင်ခဲ့ ပြောဆိုနိုင်ခဲ့၏။


    ၁၁။ ဗြိတိသျှတို့နှင့် အကြိတ်အနယ် အင်အားပြိုင် အရေးဆို ပြောကြားပြီးနောက် "တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေး ရရမယ်" ဟု ကြုံးဝါး ကတိပေးခဲ့စဉ်က အသက်မှာ ၃၂ နှစ်သာ ရှိသေး၏။


    ၁၂။ သူ့အသက် ၃၂ နှစ်တွင် ပထမဆုံး တိုင်းပြုပြည်ပြု လွတ်တော် ခေါ်ယူ ကျင်းပပြီးလျှင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံကို စတင် အုတ်မြစ်ချပေးခဲ့၏။


    ၁၃။ သူ့အသက် ၃၃ နှစ်တွင် လွတ်လပ်ရေး ဗိမာန်ကြီးကို အုတ်မြစ်ချ တည်ဆောက်ပေးပြီး မသမာသူများ၏ လုပ်ကြံမှုဖြင့် ကျဆုံးသွားရလေ၏။


    ဤအသက်အပိုင်းမျှဖြင့် သူလုပ်သွားခဲ့သော ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ကြည့်၍ အောင်ဆန်းသည် ဘယ်လိုလူ ဖြစ်သည်၊ ဘယ်လို ပညာ ထက်မြက်ခဲ့သည်၊ ဘယ်လို ဆရာသမားတွေက နိုင်ငံရေး၊ ပညာရေး မျက်စိဖွင့်ပေးခဲ့သည် ဆိုသည်တို့ကို အတုယူ လိုက်နာသင့်ပေသည်။

    ReplyDelete
  13. ဗိုလ်ချုူပ်အားနှမြောပါတယ်

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။