မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀နှင့် ပညာရေးအမြင်

ဗွီဒီယို ကို ဒီနေရာမှ ကူးယူ ဖေါ်ပြပါတယ်

ဒီအချိန်မှာ တိုင်းပြည်ကို ချစ်မြတ်နိုးသူ အတော်များများက ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်မလိုပဲ လွမ်းဆွတ် နေကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ ကိုးတန်း ပင်ရင်းမြန်မာစကားပြေ လက်ရွေးစင် ဖတ်စာအုပ်ထဲက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းသားဘ၀နဲ့ ပညာရေး အမြင်ကို အမှတ်တရအဖြစ် ကျွန်မဘလော့ဂ်မှာ သိမ်းထားချင်လို့ မူရင်းအတိုင်း ပြန်ရိုက်ပြီး တင်လိုက်ပါတယ်။ ဒီပို့စ်က မနက်ဖြန် ကျရောက်မည့် ပြည်ထောင်စုနေ့ (၁၂-၂-၁၀) နှင့် သဘက်ခါ ကျရောက်မည့် ဗိုလ်ချုပ်မွေးနေ့ (သို့) မြန်မာနိုင်ငံ ကလေးများနေ့ (၁၃-၂-၁၀) အတွက် အမှတ်တရ အကြိုတင်တဲ့ပို့စ် ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့အတွက် သီးသန့်ပို့စ်ကို ရောက်တဲ့နေ့တွေမှာမှ ထပ်တင်ဖို့ရှိပါတယ်။ ဗွီဒီယိုက ပညာရေးနှင့်မဆိုင်ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်ပြီး မေ့လျှော့နေတဲ့သူတွေအတွက် ပြန်လည်သတိရစေရန် ရည်ရွယ်ပြီး DVB မှ တင်ထားတာကို ပြန်လည် ကူးယူ ဖေါ်ပြလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀နှင့် ပညာရေးအမြင်

ကျွန်တော်၏ မိခင် ဖခင် နှစ်ဦးစလုံးမှာ ဥာဏ်ကောင်းသော အမျိုးဖြစ်လေသည်။ ကျွန်တော်၏ ဖခင်သည် ရှေ့နေ စာမေးပွဲတွင် မြန်မာတပြည်လုံးတွင် တတိယ စွဲခဲ့လေသည်။ ကျွန်တော်တို့ ညီအစ်ကို အားလုံး ဥာဏ်ကောင်းကြသည်။ သို့သော် ဒုတိယ အစ်ကိုကြီးကား စာသင် အထူးပျင်းလှ၍ အခြားညီအစ်ကိုများကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာမတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ၀မ်းကွဲညီအစ်ကိုများ၊ ဦးလေးများမှာ မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲတွင် ထိပ်တန်းကျကျ အောင်မြင်သူများချည်းဖြစ်လေသည်။ ကျွန်တော်တို့ မိဘများသည် ပညာကိုလည်း အထူးလိုလားသည်။ ကျွန်တော်၏ အစ်ကိုများကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ ကျွန်တော်တယောက်တည်းသာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ကာ ထားသဖြင့် အသက် ၈ နှစ်ရောက်မှသာလျှင် ကျောင်းစနေရပေသည်။

ကျွန်နော် ကျောင်းနေလာရင်း ပြောပြရဦးမည်။ ကျွန်တော်၏ အထက် အစ်ကို ကိုအောင်သန်းအား အသက် ၁၁ နှစ်ခန့်တွင် ရှင်ပြုလေသည်။ ထိုအခါ ကိုအောင်သန်းမှာ မြန်မာ ၆ တန်းတွင်ရှိသည်။ ကျွန်တော်မှာ အသက် ၈ နှစ်ထဲ ရောက်သော်လည်း ကျောင်းတွင် မနေရသေးချေ။ ရှင်ပြုအခမ်းအနားတွင် ကိုအောင်သန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော်လည်း ရှင်လောင်း ဖြစ်ချင်သဖြင့် မိခင်အား ပူဆာသည်။ ထိုအခါ မိခင်က ရှင်လောင်းလုပ်တဲ့သူသည် စာတတ်မှ ဖြစ်သည်ဟု ပြောပြသဖြင့် ကျောင်းနေပါတော့မည်ဟု ဂတိပေးကာ ထိုတွင်မှ ကျောင်းစနေဖြစ်လေသည်။ တန်းကျော် တက်ခဲ့ရပြန်သဖြင့် လေးနှစ်နှင့် ၁၀ တန်းအောင်မြင်သည်။ အင်္ဂလိပ်မြန်မာ သတ္တမတန်း စာမေးပွဲတွင် မြန်မာတပြည်လုံးတွင် န၀မ စွဲခဲ့၍ အထက်တန်း စကောလားရှစ် ရခဲ့သည်။ ဗုဒ္ဓဘာသာ ကျောင်းနှင့် အမျိုးသားကျောင်းများတွင် ပထမစွဲခဲ့၍ ဦးရွှေခိုဆုကို ရရှိခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ၆ နှစ်ခွဲမျှ နေခဲ့သည်။

နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့ကျင့်သဖြင့် ဘီအေ အထက်တန်းအထိ အောင်ရုံသာ အောင်ခဲ့သည်။ ဘီအေ အထက်တန်း သပိတ်နှစ်တွင် ကျောင်းသား သပိတ်မှောက် ခေါင်းဆောင်တဦဖြစ်၍ အလုပ်ရှုပ်သဖြင့် ဘီအေ စာမေးပွဲကို တနှစ်မဖြေဘဲ နေခဲ့ရသည်။ ဘီအယ် အတန်းကို တက်ခဲ့သည်။ အတန်းလည်း မှန်မှန်မတက်၊ စာအုပ်လည်း မရှိ၊ မှတ်စုလည်းမထား၊ စာလည်းမကြည့် မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် ဘီအယ် ပထမနှစ် စာမေးပွဲတွင် ကျရှုံးလေသည်။ ဤကား ကျွန်တော့တသက်တွင် စာမေးပွဲ ပထမဦးဆုံးနှင့် နောက်ဆုံး ကျရှုံးခြင်းပေတည်း။ ရခဲ့သည်။ ဒုတိယ ဘီအယ်လ် နှစ်တွင် နှစ်စေ့အောင် ကျွန်တော် မနေတော့ပေ။ ဥရောပတိုက် မြူးနစ်စာချုပ်မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် မြန်မာပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောက်ဆ၍ တိုင်းပြည်အတွက် ကိုယ်ထိလက်ရောက် လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင် ထွက်၍ သခင်ဘ၀သို့ ကူးပြောင်းခဲ့သည်။

မြန်မာစာသင် ဘုန်းကြီးကျောင်း နေရစဉ်က ကျွန်တော် အထူးမပျော်ပိုက်သည့် အချက်တချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုန်ကစားခြင်း၊ ကလေးဘ၀ သစ်ပင်တက် ရေကူးအလုပ်မျိုး ပိတ်ပင်ခြင်းပင် ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တသဘောတည်းလောက်ပင် ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင်တက်ခြင်း၊ ရေကူးခြင်း စသော ကိုယ်လက် ကျန်းမာရေး ကျင်လည်မှုကို လေ့လာခွင့်မရ။ သစ်ပင်တက်သည်ကို မြင်လျှင် အဆိုအမည် ခံရသည်။ ရေကူးသည်ကို မြင်ရလျှင် အရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိ ကျွန်တော့်မှာ ဥာဏ်ပညာဘက်က အခွင့်အလမ်းရခဲ့၍ ပေါက်မြောက်ခဲ့သလောက် ကိုယ်လက် ကျန်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်း မရခဲ့၍ များစွာ ချွတ်ယွင်းနေသည်။ ရေနံချောင်း အမျိုးသားကျောင်း နေစဉ်ကလည်း အခွင့်အလမ်းမရခဲ့။ မရခဲ့သည်မှာ အမျိုးသားကျောင်း ဖြစ်သည့်တိုင်း ဆင်းရဲသဖြင့် ကစားခုန် ကစားလေ့ကျင့်ရာ နေရာ၊ ကိရိယာ တန်ဆာပလာများ မထားနိုင်၍ပင် ဖြစ်သည်။ မြန်မာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီးများ၏ အချို့အယူအဆများကို ခေတ်နှင့်လျှော်အောင် ပြုပြင်သင့်နေသည်။ သို့မဟုတ်လျှင် မြန်မာပြည်နှင့် ဗမာလူမျိုးတို့ အခြေအနေသည် တိုးတက်သင့်သလောက် တိုးတက်မည် မဟုတ်ချေ။

ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟု မဆိုပေ။ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်။ လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။ ထို့ကြောင့် ပညာသင်သားတို့သည် အမှန်စင်စစ်အားဖြင့် သူ၏တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကိုလည်းကောင်း၊ မိမိဥာဏ်အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓါတ်တို့ကိုလည်းကောင်း (Emotion of the Education) ပြုပြင် ပြုစု စီမံထားခဲ့သူသာလျှင် ဖြစ်လေသည်။ ဘီအေပင် အောင်စေကာမူ၊ ပါရဂူဘွဲကြီးပင် ရစေကာမူ ပထမကျော်ကြီးပင် ဖြစ်စေကာမူ အသက်အရွယ် မည်မျှပင် ကြီးရင့်စေကာမူ ပညာဟူသော သဘာဝအဓိပ္ပါယ်ကို ကောင်းစွာ သုံးသပ်နားလည်ခြင်း မရှိခဲ့သော် တကယ်အရာမရောက် အသုံးမ၀င်ပေ။ ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်ကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။

ပညာဟူသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ယုံသာမဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူထု၏ဆန္ဒအား၊ လုပ်အားကို နူးညွတ်စေရမည်။ ရာဇ၀င်သိရုံမဟုတ်၊ ရာဇ၀င်ကို ဖန်တီးစေရမည်။ လောကဓါတ်ပညာကို သိရုံမဟုတ် လောကဓါတ်ပညာကို တိုးချဲ့နိုင်ရမည်။ ပထ၀ီ ပညာကို သိရုံသာမဟုတ် မြေသစ်၊ ရေသစ် တောတောင်တို့ကို ရှာဖွေစုံစမ်း နိုင်စွမ်းစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ် သည်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏သရုပ် အကျဉ်းမျှပင်တည်း။

ပညာသည် ကာလ၊ ဒေသ၊ ပယောဂနှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့အသုံးလည်း ကျရမည်။ ပညာတွင် ညာလည်းပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်။ ဥာဏ်ချည်းသာ တိုးတက်၍ သညာမရှိပါမူလည်း ဤမျှ ပိုမိုဆန်းကျယ် အပြောကျယ်လှသော ခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေ။ လောကဓာတ်ပညာကို မတတ်မသိဘဲ လောကဓာတ် ပညာဥာဏ်ကိုသာ ရလျှင် လောကဓာတ်ပညာ၏ တန်ဖိုးကို တင်းပြည့်မသုံးနိုင်ပေ။ တိုင်းပြည် အခြေအနေ ပြဿနာ၊ ခေတ်၏အခြေအနေ ပြဿနာ ခေတ်၏အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊ ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။ လူတယောက်၏ သက်တမ်းတွင် အစပထမက သိမြင်လာသော စိတ်နေ စိတ်ထားဝါဒတို့သည် အမှန်ချည်းမဟုတ်။ ပြုပြင်ပြောင်းလဲရမည် သာတည်း
ယနေ့အယူအဆနှင့် မနက်ဖြန်အယူအဆတို့မှာ တူချင်မှ တူပေမည်။ အမှန်ကား လူတဦး၏ တဘ၀တွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့ရသောအခါ ထိုလူသည် သမာဓိ မတည် ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖေါက်လွဲဖေါက်ပြန် ဖြစ်ခြင်းပေတည်း။ ၀ါဒ ပြောင်းမှုမှာ သမာဓိ မတည်ခြင်းမဟုတ်ပေ။ ဥာဏ်အမြင်၏ ပြောင်းလဲမှု ဖြစ်သောကြောင့် တနည်း တိုးတက်ခြင်းပေတည်း။

ဗိုလ်ချုပ်အောင်ဆန်း


ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပြီ ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းသော ပညာရေးကို အကောင်အထည်ဖေါ်နိုင်ပါစေ။

2/11/10 7:29 PM တင်တဲ့ပို့စ်ကို ဗိုလ်ချုပ်မွေးနေ့အတွက် အပေါ်ခဏ ပြန်တင်ထားပါတယ်။

16 comments:

ဗိုလ်ချုပ်ရီနေတယ်...

တခါမှမဖတ်ဖူုးဘူး ... အပင်ပန်းခံပြီး စာရိုက်တင်ပေးလို့ကျေးဇူးပါ ...

ဗိုလ်ချုပ် တကယ်ရီနေတယ် ဆိုရင်တော့ သူ့သမိုင်းတွေကို လက်နက်မိုးပြီး တိမ်မြှပ်အောင် လုပ်နေသူတွေ ရှိနေတဲ့ကြားက ပြန်ဖေါ်ပေးနေသူတွေလည်း ရှိနေသးလို့ ဖြစ်မှာပေါ့ Anonymous. ကျွန်မကတော့ သူတိုက်ပေးလို့ လွတ်လပ်ရေးရလာခဲ့တဲ့ တိုင်းပြည်ကြီးနဲ့ သူထူထာင်ခဲ့တဲ့ တပ်မတော်ကြီး သုံးစားမရအောင် ဖြစ်နေတာကို ကြည့်ပြီး ဗိုလ်ချုပ်ရီနိုင်မယ် မထင်ဘူး။ ရီနေတယ် ထင်တဲ့သူက ဦးနှောက်မမှန်သူပဲ ဖြစ်လိမ့်မယ်။

ကြယ်ပြာရေ အဲဒါ ၂၀၀၀-၂၀၀၁ ပညာသင်နှစ်မှာ ပုံနှိပ်ထားတဲ့ ဖတ်စာအုပ်က ကူးယူထားတာ။ အစ်မတို့တုန်းကလည်း သင်ခဲ့ရတယ်။

11 Feb 10, 23:54
thura: သမိုင်းမကျေ ကြဘူးလားဗျာ လွပ်လပ်ရေးကို ဗိုလ်ချုပ်တစ်ယောက်တည်း တိုက်သွား တာမှ မဟုတ်တာဗျာ .။လွပ်လပ်ရေး ရဖို. ဘီအိုင်အေ လို.ခေါတဲ. မြန်မာလွပ်လပ်ရေး တပ်မတော်နဲ. ဘီဒိအေ လို.ခေါတဲ. မြန်မာကာကွယ်ရေ တပ်မတော် တေနဲ.အတူ ဗိုလ်ချုပ်က ပူးပေါင်း တိုက်ခဲ.တာဗျ
11 Feb 10, 23:57
thura: ဗိုလ်ချုပ် က တိုင်းပြည် ကိုလွပ်လပရေးရ ဖို. တိုက်ပေးခဲ.လို. သူ.သမိးကို အာဏာပေး ရမယ်ဆို အဲဒါတွေကမှ အာဏာ၇ူးနေတာ ကွ
11 Feb 10, 23:58
thura: အတိတ်ကိုဘဲ ပြောမနေနဲ.ဗျို. လက်ရှီ နိုင်ငံတော်တိုးတက်ဖို. စည်းလုံးညီညွတ် ဖို.လိုတယ်နော်

12 Feb 10, 06:39
Nge Naing: BIA နဲ့ BDA မှာ ဗိုလ်ချုပ်က သွားပူးပေါင်းပြီး တိုက်တာမဟုတ်ဘူးသူရ၊ အဲဒါတွေကို ဖြစ်လာအောင် ရဲဘော်သုံးကျိပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ဘယ်လိုစခဲ့တယ် ဆိုတာလောက်တော့ စစ်သားတယောက်ဖြစ်တဲ့ သူရ သိသင့်တာပေါ့။
12 Feb 10, 06:41
Nge Naing: သူရက စစ်သားမဟုတ်ရင်တော့ ဆောရီးနော့်။ ရုရှားက IP နဲ့လာလို့ စစ်သားထင်ပြီး ပြောလိုက်ပါ။ C-Box က နှုတ်ဆက်ဖို့ အတွက်ပဲ ဖြစ်တယ်။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ရင် ပို့စ်အောက်မှာ ဆွေးနွေးစေချင်တယ်။

တင်ထားတဲ့ ပို့စ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဘာမှမပါပေမဲ့ သူကရ C-Box မှာ ထည့်သွင်း ပြောကြားသွားတယ်ဆိုတော့ မကြိုက်ပေမဲ့ အသိအမှတ်ပြုနေသေးတာကို ၀မ်းသာပါတယ်။ ဗိုလ်ချုပ်သမီးကို သူရ မကြိုက်ရင် မကြိုက်ဘဲ၊ မထောက်ခံဘဲ နေလို့ရတဲ့ အခွင့်အရေး ရှိပါတယ် ရွေးကောက်ပွဲမှာ သူ့ပါတီကို မဲမပေးနဲ့ပေါ့၊ ဘယ်သူမှ ဘာမှ ပြောလို့မရဘူး။ ဒါပေမဲ့ အများစုက ကြိုက်လို့ မဲပေးထားတာကို လက်မခံလို့မရဘူး။ လက်မခံသူသာ အာဏာရှုးဖြစ်တယ်။ ဆိုလိုတာက အာဏာရှုးဆိုတာ ပြည်သူလူထုက မရွေးပဲ လက်နက်နဲ့ ဓါးမြတိုက်ပြီး အာဏာရယူထားတာကိုမှ ခေါ်ပါတယ်။ သူရပြောလိုက်တာက ထောက်ခံသူ အားလုံးက အာဏာရှုးတွေဖြစ်နေတယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက စစ်တပ်မြို့တွေ အားလုံးလည်း ဒေါ်အောင်ဆန်းစုကြည်ကိုပဲ မဲပေးကြတယ်လေ။ ပြည်သူလူထု အများစုက ကြိုက်လို့ မဲပေးပြီး ရွေးချယ်တာကို အာဏာရှုးမခေါ်ဘူး ပြည်သူလူထုက တရားဝင် အာဏာအပ်နှင်းထားခံရသူလို့ ခေါ်ပါတယ်။

စည်းလုံးညီညွတ်မှုဆိုတာ လက်နက်နဲ့ ချိန်ပြီး ငါပြောသလို လုပ်ရမယ်ဆိုတဲ့ နည်းနဲ့ လုပ်လို့ မရဘူး။ သူရ ဆက်ပြောချင်ရင် C-Box ထဲမှာ မပြောပါနဲ့ ဒီထဲမှာပဲ ယဉ်ယဉ်ကျေးကျေး လာပြောပါ။

အမရေ တကူးတက စာရိုက်ပြီးတင်ပေးထားတာ ကျေးဇူးပါ သိမ်းဆည်းထားဖို့ ကူးယူသွားပါတယ်ဗျာ ... အမရေ ဒေါ်စုကို သီးသန့် မုန်းနေတာ လူတွေက အမှန်တရားတွေ ဖုံးကွယ်နေတဲ့ လူတွေပါ ... သူတို့က ဒီတသက်မပြောနဲ့ နောင် ဆယ်သက်လည်း အမှန်တရားကို ရှာဖွေလို့ တွေ့မှာ မဟုတ်တော့ဘူး ဒီတော့ သူတို့ကို ဒီအတိုင်းသာ ထားလိုက်တာ ကောင်းပါတယ်ဗျာ

ကိုဇော်ရေ..သိလျက်နဲ့ ပြောနေတဲ့သူဆိုရင်တော့ ဘာမှပြန်ပြောနေစရာ မလိုပါဘူး။ ပို့စ်နဲ့ ဘာမှမဆိုင် အများအတွက်လည်း အဆိပ်အတောက်ဖြစ်စေရင် ဖျက်လိုက်ရုံပါပဲ။ ဒါပေမဲ့ အခုဟာက ဗိုလ်ချုပ် ဘာလုပ်ခဲ့တယ်ဆိုတာကိုတောင် မသိပဲ ဖြစ်နေတယ်။ မဲဆန္ဒရှင်ပြည်သူလူထုကြီးတခုလုံးကို အာဏာရှုးလို့ ပြောနေတယ်။ ပြီးတော့ အခုနောက်ပိုင်း စာသင်ကျောင်းတွေမှာ အစ်မတို့တုန်းကလို ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို သိပ်သင်တာ၊ ဆရာ၊ ဆရာမတွေက နေ့ကြီးရက်ကြီးနီးတိုင်း သိပ်ပြီး သီကာပတ်ကုံး ပြောပြတာလည်း မရှိတော့ဘူး ဆိုတာ သိထားတယ်။ ၈၈ မတိုင်ခင်က မဆလခေတ်မှာ အစ်မတို့ကိုယ်တိုင်လည်း ဗိုလ်ချုပ်အကြောင်းကို သိရတာကလွဲလို့ ကျန်တဲ့နေရာတွေမှာ အဲဒီလို မျက်စိပိတ် နားပိတ်ခံလာခဲ့ရဖူးတာကို ကိုယ်ချင်းစာလို့ သူလက်မခံဘူးဆိုတာ သိပေမဲ့ အစ်မတင်တဲ့ ပို့စ်နဲ့ပတ်သက်ပြီး လာရေးတာကို အစ်မမှာ ပြန်ရှင်းပြဖို့ တာဝန်ရှိတယ်ယူဆလို့ ရှင်းပြရတာသာ ဖြစ်ပါတယ်။ ကိုဇော့်မှတ်ချက်အတွက် ကျေးဇူးပဲ။ ဘေးကကြည့်ပြီး စိတ်မရှည်နိုင်တာ ကိုယ်ချင်းစာပါတယ်။

ကျေနပ်မိတဲ့အရာတစ်ခု
ဗီဒီယို ကို ကြည့် ပြီး အလွန်ဝမ်းနဲ စိတ်မကောင်း ဖြစ်မိပါရဲ့.....
ခေတ်သစ်လူများဗိုလ်ချုပ်ကို သိကြသေး တယ်ဆိုတာကိုယ်တွေ့တစ်ခု ဝေမျှပါ၇စေ....ဘုန်းကြီးကျောင်းပညာ ရေးဘဲရှိ တဲ့ ရှမ်းလူ မျိုး၊တောသား၂၀နှစ်သားဝမ်းကွဲညီ ကို ကျွန်တော်က..တို့ဘုရားရှင် ဘယ်မှာ မွေးခဲ့သလဲလို့ မေးတဲ့အခါ...သူက မသိ ဘူးလေ...တို့ ရွာဦးကျောင်းမှာ မွေးခဲ့တာမဟုတ်လားလို့ ဖြေတယ်...အဲလောက်တုံးတာ..ဒါပေမဲ့ ကျွန်တော့ထံ လာလည်ယင်းအင်တာနက် က မတော် တဆတွေ့တဲ့ ဗိုလ်ချုပ် အောင် ဆန်းပုံ ကိုတွေ့တာနဲ့ ဟာ ...ဗိုလ်ချုပ်အောင်ဆန်း
ပုံလို့ ၀မ်းသာအားရ ရေရွတ်ပါတယ်...

BDA(Burma Defense Army) was formed in 1942 by Japanese after BIA(Burma Independent Army)was formed on 28-12-1942. What I understanding is Gen Aung San lead the BIA together with 30 (some passed before entering to Burma) comrades to attack British for Burma Independent. Of course, along with Japanese forces. When British retreated then Burma got Independent from Japan then recruited 3000 men and formed the BDA.

အရူးရင့်ချိန်

ပန်းတွေ ကြွေလှချည့်၊

အပင်မှာ ပန်းမှ ရှိသေးရဲ့လား။

နက်ဖြန်ဆို ပန်းတွေ ထပ်ပွင့်မှာပေါ့၊

တော်လှန်ရေးကတော့ နေမြင့်ခဲ့ပြီ။

(မင်းဒင်)
Just share from blogger Ko Min Din.



"အောင်ဆန်းဇာနည် ကဗျာ


ဖေဖော်ဝါရီ ဆယ့်သုံးမှာ၊
ဗိုလ်ချုပ် မွေးနေ့ပါ။
တထောင့်ကိုးရာ တဆယ့်ငါး၊
ရှေ့နေ ဦးဖာ သား။
ဇာတိ နတ်မောက်၊ မကွေးခရိုင်၊
သိကြများ ခုတိုင်။
ကြံကြံ့ခိုင်တဲ့ ဇာနည်ဘွား၊
မိခင် ဒေါ်စု သား။
တထောင့်ကိုးရာ လေးဆယ့်ခွန်၊
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘဝင်ညှိုး၊
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်၊
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား၊
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်၊
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ၊
ဗိုလ်ချုပ် ချမှတ်သွား။"




("ဖေဖေါ်ဝါရီ ၁၃ ရက် ဗိုလ်ချုပ် မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့" မှ ကူးယူ ဖော်ပြသည်။)



မဟာအာဇာနည် ဗိုလ်ချုပ်အောင်ဆန်း


မိုးပေါ်က ကျလာတဲ့ လူတစ်ယောက် မဟုတ်ပါဘူး
လူထဲက လူတစ်ယောက်
သူ ငယ်ငယ်တုန်းက တစ္ဆေ သရဲ အလွန်ကြောက်တတ်သတဲ့
ခဏခဏ ချူချာတယ်
ရေမကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
လေးငါးခြောက်နှစ်ထိ အိပ်ရာထဲမှာ သေးပါတယ်


မိုးပေါ်က ကျလာတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး
လူထဲက လူတစ်ယောက်
သူ လိမ်မပြောဘူး ညာမပြောဘူး
ဟန်မဆောင်တတ်ဘူး
ကလေးဘ၀ ကတည်းက
ဗမာပြည် အင်္ဂလိပ်လက်ထဲက ပြန်ရဖို့သာ စိတ်ကူးနေခဲ့
မျက်နှာလိုမျက်နှာရ အထက်လူကြီးကို တိုင်တာတွေကို မုန်းခဲ့
ရှင်အဂ္ဂသမာဓိရဲ့ မျိုးရိုး
ဗိုလ်မင်းရောင်ရဲ့ မြေး
ရှေ့နေဦးဖာရဲ့ သား
မိခင်ဒေါ်စုရဲ့ သား
နတ်မောက်မှာ သူမွေးခဲ့တယ်
၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာပေါ့


မိုးပေါ်က ကျလာတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး
လူထဲက လူတစ်ယောက်
အသက် (၈) နှစ်မှ ကျောင်းစနေရပေမယ့်
ငယ်နာမည် ထိန်လင်း ဆိုတဲ့သူဟာ
အတန်းတွေ ကျော်တက်နိုင်ခဲ့တယ်
အရပ် ၅ ပေ ၅ လက်မ ရှိတဲ့သူဟာ
အသက် (၂၀) မှာ ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့တယ်
“အိုးဝေ” ဆိုတာ သူပေးခဲ့တဲ့ နာမည်ပါ
သူဟာ အင်္ဂလိပ်နယ်ချဲ့ရဲ့ ရန်သူတော်နံပါတ် (၅)
ရန်သူတွေက သူ့ကိုလေးစား
“အနီးဆုံးရန်သူကို ရှာတိုက်ကြ” တဲ့
ဂျပန်တွေ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားကြရ
အင်္ဂလန်ထိသွားပြီး “တောင်တန်းပြည်မ မကျန် တသွေးတသားထဲပါ
ကျွန်ုပ်တို့မြန်မာတစ်နိုင်ငံလုံးကို လွတ်လပ်ရေးပေးလော့”
ဖေဖော်ဝါရီ (၁၂) ပင်လုံညီလာခံကို နယ်ချဲ့တွေ အရှုံးပေးခဲ့ရတာ
ကမ္ဘာက အံ့သြ ချီးကျူးခဲ့ကြ


မိုးပေါ်က ကျလာတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး
လူထဲက လူတစ်ယောက်
သူ့တိုင်းပြည်အတွက် သူ့ဘ၀ကို
“အရိုင်း” လို့ ထင်ရအောင် လူတွေနဲ့ ကွဲခဲ့တယ်
သူ့ရဲ့စိတ်က ဖြူစင်တယ် မြင့်မြတ်တယ်
သူက သူ့နိုင်ငံလွတ်လပ်ရေးကိုပဲ အမြဲစဉ်းစားနေတာ
သူ့လူငယ်ဘ၀ ဆိုတာ
စာအုပ်တွေရယ် သူ့နိုင်ငံလွတ်လပ်ရေးရယ်
ဒါပဲ
သူက ရာထူးနေရာရနေလို့ ကားတစ်စီးနဲ့သွားလို့ရ
သူ့မိတ်ဆွေ ဦးချစ်မောင်ရဲ့ စာကြည့်ခန်းက စာအုပ်လာယူ
အဲဒီမှာ
ဦးချစ်မောင်သားတွေက သူ စီးလာတဲ့ကားကို စီးချင်သတဲ့
ဘာလုပ်တယ် ထင်လဲ
ကလေးတွေကို ကားပေးစီးပြီး သူက စာအုပ်ထိုင်ဖတ်နေတာ
လှလိုက်တာ
သူ ကလေးတွေကို ချစ်လိုက်တာ
ဂျာနယ်ဂျောာ်မမလေးက တောင်းပန်တော့ သူပြောတယ်
“ကလေးတွေကို သူတို့ ဖြစ်ချင်တာ လုပ်ချင်တာတွေ တတ်နိုင်သမျှ လုပ်ပေးရမှာ
မိဘ လူကြီးတွေရဲ့တာဝန်” တဲ့
ဒီလို ကလေးချစ်တဲ့ သူ
တိုင်းပြည်လွတ်လပ်ရေး ရပြီးရင် စာရေးနေမယ်
ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်ရမှာလဲက အစ
မြန်မာ့လူမှုဘ၀တွေ တိုးတက်ဖို့ စာရေးမယ် တဲ့

မိုးပေါ်က ကျလာတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး
လူထဲက လူတစ်ယောက်
သီချင်းတွေ ကြိုက်တယ်
ကီးမကိုက်တဲ့ သူ့အသံနဲ့ သီချင်းဆိုတယ်
သူ့မှာ ၀တ်စုံဘယ်နှစုံ ကောင်းကောင်း ရှိသလဲ
အင်္ဂလန်သွားတော့ အိန္ဒိယ ခဏ၀င်
နေရူး ပေးလိုက်လို့ ခန့်ခန့်ငြားငြား ၀တ်စုံလေးရ
သနားစရာ
ငါတို့ လေးစားသူကြီးလေ
ငါတို့ ချစ်ရသူကြီးလေ
ငါတို့ရဲ့ ထာဝရခေါင်းဆောင်ကြီးလေ
မြန်မာတည်သ၍ ကြီးမြတ်တဲ့ မဟာအာဇာနည်လေ


မိုးပေါ်က ကျလာတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး
လူထဲက လူတစ်ယောက်
တစ်မတ်တန်းက ရုပ်ရှင်ကြည့်တယ်
“ကြည် ပဲပြုတ်နဲ့ နံပြား ရရင် စားချင်တယ်” တဲ့
တော်တော် ရယ်စရာကောင်းတဲ့သူ
သူ ချစ်တာ “လွတ်လပ်ရေး”
သူ အမြဲလိုချင်တာ “လွတ်လပ်ရေး”
သူ အသက်ရှင်နေတာ “လွတ်လပ်ရေး”
သူ ကျဆုံးသွားတော့ အသက်က (၃၂) နှစ် ၁၉၄၇ ဇူလိုင် ၁၉ မှာ
သူဟာ မိုးပေါ်ကကျလာတဲ့ လူတစ်ယောက် မဟုတ်ပေမယ့်
ငါတို့တိုင်းပြည်အတွက်ကတော့
သူ လို လူမျိုးမရှိ
သူ ဟာ
မြန်မာပြည်အတွက်
မဟာ အာဇာနည်
ကြီးမြတ်သော သူရဲကောင်း
တုနှိုင်းမဲ့တဲ့ ကျေးဇူးရှင်


(သော်ဇင်အုန်း)
၆၊ ၂၊ ၂၀၁၃


(၂၀၁၃၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ ၉း၀၀ နာရီ ကနေ ၁၂း၀၀ နာရီ မှာ
မြောက်ဥက္ကလာ ဂုံးတံတားအဆင်းက ဥတ္တရခန်းမမှာ
ကိုမိုဃ်းဇော်၊ ကိုရင်နီ၊ ကိုသော်ဇင်အုန်း၊ ကိုAမွန် နှင့် မြောက်ဥက္ကလာ ကလေးများ ရွတ်ခဲ့တဲ့ ကဗျာ)


Credit - ကိုသော်ဇင်အုံး



သီချင်း၏ အမည်ရင်း -
ဗမာ့သူရဲကောင်း


သီချင်း၏ အမည်ခွဲများ

ဗိုလ်ချုပ်အောင်ဆန်းသီချင်း
အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း
ဗမာ့သားကောင်း
ဗမာ့လွတ်လပ်ရေး



တေးရေး - သဟာယဆရာတင်
စပ်ဆိုသည့် ခုနှစ် - ၁၉၄၁ ခုနှစ်
တေးဆို - ကိုမြကြီး နှင့် အဖွဲ့ 




တေးသံရှင် ကိုမြကြီး သီဆို အသံသွင်းခဲ့တဲ့
ဗမာ့သူရဲကောင်း သီချင်း စာသား


( ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်
တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်။) x ၂


ငါတို့ ဗမာပြည် အမိဖ တိုင်းကကွယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်၊
ငါတို့ ဗမာပြည်ဝယ် အမိဖ အပေါင်းတို့ကကွယ်၊ အာဇာနည်အစစ်ကို တို့တတွေ မွေးရမယ်။


သြော်၊ ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို
မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရားတို့လိုကွယ်
ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေတယ်၊
မကြောက်တမ်း မရွံ့တမ်း ဗမာတွေ အောင်ပန်း ဆွတ်ရှာလေတယ်။


▀ (သံပြိုင်)
( ရာဇ၀င် အထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။ ) x ၂



တိုင်းပြည်အကျိုး စွန့်ခဲ့တဲ့ များဇာနည်နွယ်၊ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်၊
တို့ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။


( ဗမာနိုင်ငံ ထူထောင်ရန် နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်၊
နေမျိုးသာကီ ဗမာပြည်လက်ရုံး ဗမာနိုင်ငံအလုံး ထင်ပေါ်စေတယ်။
စိတ်အားသန်သန် မာန်ကိုမလျှော့တယ်၊
ငါတို့လူမျိုး တန်ခိုးရှိဖို့ သူရဲကောင်းတွေ စုံညီတယ်။
တကယ်ပင် သတိုးမဟာဗန္ဓုလနဲ့
အစွမ်းသတ္တိ ရာဇ၀င်ပြောင်တဲ့ သားကောင်းများတို့
ခေါ်ရလောက်ပေတယ်။
ဥဒါန်းတွင်စေဘွယ်၊ ဗမာသူရဲကောင်း အပေါင်းတွေရယ်။ ) x ၂


▀ (သံပြိုင်)
( ရာဇ၀င် အထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။ ) x ၂





၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့
(ဗိုလ်ချုပ်အောင်ဆန်း ၉၉ နှစ် မွေးနေ့) အမှတ်တရ




ဗမာ့သူရဲကောင်း သီချင်း (ကိုမြကြီး နှင့် အဖွဲ့ ) ဗီဒီယို ကို
ဒီမှာ နှိပ်ပြီး ကြည့်ရှု နားဆင်နိုင်ပါတယ်။



ဗိုလ်အောင်ဆန်းသီချင်း (ခင်ညွန့်ရည်)


သီချင်း၏ အမည်ရင်း -
ဗမာ့သူရဲကောင်း



သီချင်း၏ အမည်ခွဲများ

ဗိုလ်ချုပ်အောင်ဆန်းသီချင်း
အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း
ဗမာ့သားကောင်း
ဗမာ့လွတ်လပ်ရေး



တေးရေး - သဟာယဆရာတင်
စပ်ဆိုသည့် ခုနှစ် - ၁၉၄၁ ခုနှစ်
တေးဆို - ခင်ညွန့်ရည်



တေးသံရှင် ခင်ညွန့်ရည် သီဆို အသံသွင်းခဲ့တဲ့
ဗိုလ်ချုပ်အောင်ဆန်း သီချင်း စာသား


( မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်
တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်။) x ၂


ငါတို့ မြန်မာပြည် မိဘတိုင်းကရယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်း မွေးရမယ်၊
ငါတို့ မြန်မာပြည် မိဘအပေါင်းတို့ကရယ်၊ အာဇာနည်အစစ်ကို ရှိဖို့ မွေးရမယ်။


သြော်၊ ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို
မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ်
မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေတယ်၊
မကြောက်တမ်း မရွံ့တမ်း မြန်မာတွေ အောင်ပန်း ဆွတ်ကြရှာလေတယ်။


▀ (သံပြိုင်)
( ရာဇ၀င် အတ္ထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။ ) x ၂


တိုင်းပြည်ကျိုး စွန့်ခဲ့တဲ့ များဇာနည်နွယ်၊ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်၊
တို့မြန်မာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။


( မြန်မာနိုင်ငံ ထူထောင်ရန် နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်၊
နေမျိုးသာကီ ဗမာပြည် (မြန်မာပြည်) လက်ရုံး ဗမာနိုင်ငံအလုံး (မြန်မာနိုင်ငံလုံး) ထင်ပေါ်စေတယ်။ *
စိတ်အားသန်သန် မာန်ကို မလျှော့တယ်၊
ငါတို့လူမျိုး တန်ခိုးရှိဖို့ သူရဲကောင်းတွေ စုံညီတယ်။
တကယ်ပင် သတိုးမဟာဗန္ဓုလနဲ့
အစွမ်းသတ္တိ ရာဇ၀င်ပြောင်တဲ့ သားကောင်းများလို့
ခေါ်ရလောက်ပေတယ်။
ဥဒါန်းတွင်စေဘွယ်၊ မြန်မာသူရဲကောင်း အပေါင်းတွေရယ်။ ) x ၂


▀ (သံပြိုင်)
( ရာဇ၀င် အတ္ထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။ ) x ၂


တိုင်းပြည်ကျိုး စွန့်ခဲ့တဲ့ များဇာနည်နွယ်၊ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်၊
တို့မြန်မာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။




(* တေးသံရှင် ခင်ညွန့်ရည်က ဒုတိယအခေါက် ပြန်ကျော့ရာမှာ "နေမျိုးသာကီ ဗမာပြည် လက်ရုံး ဗမာနိုင်ငံ အလုံး ထင်ပေါ်စေတယ်။" ဆိုတဲ့ စာသားကို "နေမျိုးသာကီ မြန်မာပြည် လက်ရုံး မြန်မာနိုင်ငံလုံး ထင်ပေါ်စေတယ်။" လို့ ပြောင်းပြီး သီဆိုထားပါတယ်။)



၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့
(ဗိုလ်ချုပ်အောင်ဆန်း ၉၉ နှစ် မွေးနေ့) အမှတ်တရ



ဗိုလ်ချုပ်အောင်ဆန်း သီချင်း (ခင်ညွန့်ရည်) ဗီဒီယို ကို
ဒီမှာ နှိပ်ပြီး ကြည့်ရှု နားဆင်နိုင်ပါတယ်။



ငယ်စဉ်ကတည်းက ရိုးသားဖြူစင်ခဲ့
(၉၉ နှစ် ပြည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်)



ကိုဗလိုင်
February 13, 2013


ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။
ဒီနေ့ ဒီအချိန်ခါကို ရောက်ရင်ဖြင့်
နှမြောတမ်းတစိတ်နဲ့ စိတ်အစဉ်ထဲက
လွမ်းနေရပါသည်။


လွတ်လပ်ရေးသမိုင်းတလျှောက်
သြချလောက်အောင် သူ့ရဲ့စွမ်းပကား
မီးလျှံထဲက ဌက်လို
ဟုန်းဟုန်းတောက် ကျော်ဇောခဲ့တယ်။
အံ့မခမ်းလောက်တဲ့ သတ္တိတွေနဲ့
နယ်ချဲ့ကို တွန်းလှန်
ရရင်ရ မရရင်ချမယ့် ဒို့- ဗိုလ်ချုပ်။

သူမသေခင် မကြွေခင်
ဟောခဲ့ ပြောခဲ့တဲ့
လျှမ်းလျှမ်းတောက်မိန့်ခွန်းတွေ
ကနေ့ထိတိုင် သွေးထွက်အောင် မှန်နေဆဲ။


အရောင်အစွန်း စွန်းထင်းထားခြင်း မရှိ
ရိုးစင်းတဲ့ ဒို့- ဗိုလ်ချုပ်ရဲ့ အတ္ထုပတ္တိ
အားကျပြီး စံပြုလောက်ပါပေတယ်။


ပြီးတော့… ငယ်စဉ်တုန်းက
အမေနဲ့ အတူတူ ဈေးရောင်းနေရင်း
သူ့ရဲ့အရှေ့မှာ မဟုတ်မမှန်
အမေပြောလည်း လက်မခံ
ငယ်စဉ်ကတည်းက ရိုးသားဖြူစင်ခဲ့။


ကိုဗလိုင်



(( ၉၉ နှစ် ပြည့် လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအား ဤကဗျာဖြင့် အလေးနက်ထား၍ ဦးညွှတ် ကန်တော့လိုက်ပါသည် ))


မှတ်ချက်။ ။ ဗိုလ်ချုပ်ကို အမှန်တကယ် ချစ်မြတ်နိုးကြလျှင် ဗိုလ်ချုပ်လို တိုင်းပြည်အပေါ်ထားတဲ့ ရိုးသားဖြူစင်တဲ့ စိတ်တွေ ကျနော်တို့တတွေ သူသူ ငါငါ မွေးကြရမယ်။



" စဉ်းစားလေလေ "


ဝင်းမြင့်ဦး
Wednesday, February 12, 2014



ကြည်ရေ....
ဒို့ .....
နတ်မောက်ကိုသွား
သမီးလေးပြ
အမွေတောင်းကြစို့လား.... တဲ့။


ရထားလက်မှတ် ကိုယ်တိုင်ဖြတ်၍
သက်စောင့်မပါ စစ်သေနာပတိမပါ
အဓိပတိဖြစ်လျက် သတိမထား ခရီးသွားရဲ့။


နတ်မောက်ကိုရောက် ဝင်အပေါက်မှမြင်လျှင်
မိခင်ဖြစ်သူက ကြိုဆိုသတင်း ဆိုလိုက်ခြင်းမှာ
"ဟဲ့..... အောင်ဆန်း... နင် ဘုရင်ဖြစ်ပြီ ဆို... "
"ဟုတ်တယ်၊ အမေ၊ ကျနော့်သမီး အမေ့မြေးလေး ကြည့်စမ်းပါ။"


ခု လာရင်းမှာ အမေ့ဆီက
ကျနော့်သမီးလေး ခမဲပေးသလို
နားဆွဲလိုလို့ အမွေအဖြစ် လာတောင်းတာပါ.... တဲ့။


"ဟယ်... အောင်ဆန်း၊
တိုင်းပြည်မှာ နင် ဘုရင်ဆို၊
သမီးလေး နားဆွဲလိုတာများ
ငါ့ဆီမှာ လာတောင်းနေရသလား။"


"ကဲ.... ကြည်ရေ၊ အထုပ်တွေ သယ်၊
ဘူတာဆင်းကြမယ်၊ ပြန်ကြစို့။


သူ့လို စိတ်ဓာတ်၊ အကဲခတ်ဖို့
မြားမြတ်ဥာဏ်မြင်၊ ဥာဏ်သိယှဉ်မှ
ဆင်ခြင်မှန်ကန် သိရှိရန်ပင်... ။


ဝင်းမြင့်ဦး


Posted by minyekyawswar8888


" စဉ်းစားလေလေ "



“ဗိုလ်ချုပ်၏ ၉၉ နှစ်မြောက်မွေးနေ့ (၁၃-၁-၂၀၁၄ ရက်နေ့) ကို ဂုဏ်ပြုပါ၏။"

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


Moe Hnin Pwint
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့


ဗိုလ်ချုပ်အောင်ဆန်းကို မကွေးတိုင်း နတ်မောက်မြို့တွင် မြန်မာနှစ် ၁၂၇၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်နေ့ (ခရစ်နှစ် ၁၉၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၃ ရက်) စနေနေ့မှာ ဖွားမြင်သည်။ ဖခင်မှာ အမိန့်တော်ရ ရှေ့နေ ဦးဖာ၊ မိခင်မှာ ဒေါ်စု ဖြစ်သည်။


နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်း၊ ရေနံချောင်းမြို့အမျိုးသားအထက်တန်းကျောင်း တွင် ပညာသင်ခဲ့သည်။


၁။ မောင်အောင်ဆန်းသည် ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်သို့ရောက်၏။ ထိုစဉ်က သူ့အသက် ၁၇ နှစ်သာ ရှိသေး၏။


၂။ အသက် ၂၀ အရွယ်တွင် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့၏။


၃။ ၁၉၃၆ ခုနှစ် အသက် ၂၁ နှစ်အရွယ်တွင် ကျောင်းသား သပိတ်ကြီး၏ ခေါင်းဆောင်အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့၏။


၎။ အသက် ၂၂ နှစ်အရွယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၏။


၅။ အသက် ၂၃ နှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ (သခင်)အစည်းအရုံး၌ အထွေထွေအတွင်းရေးမှူး ဖြစ်လာ၏။


၆။ သာယာဝတီ ညီလာခံ၌ ဗြိတိသျှအစိုးရကို လက်နက်ဖြင့် တော်လှန် ပုန်ကန်ရန် အစီအစဉ်များ ရေးဆွဲပေးခဲ့စဉ်က သူ၏အသက်မှာ ၂၅ နှစ်သာ ရှိသေး၏။


(ထိုစဉ် သူ၏ ရဲဘော် ရဲဘက်များက "သူ၏ လက်နက်ကိုင် ပုန်ကန် တော်လှန်ရေး အစီအစဉ်များကို လုပ်လို့ဖြစ်ပါ့ မလား၊ လက်နက် ဘယ်က ရမှာမို့လဲ" စသည်ဖြင့် သံသယရှိကြ၏။ မောင်အောင်ဆန်းသည် ခေါင်းဆောင်ပီပီ မိမိလုပ်ငန်း၌ တွေဝေခြင်းမရှိ စိတ်အားလျော့တတ်ခြင်းမရှိ "ဓားပြဂိုဏ်း တွေတောင်မှ လက်နက်ရအောင် ရှာနိုင်သေးတာ၊ ကျုပ်တို့ကော ဘာဖြစ်လို့ လက်နက်မရှာ နိုင်ရမှာလဲ" ဟု တွေဝေနေသော သူ၏ ရဲဘော်များကို ပြန်ပြောခဲ့၏။)


၇။ အသက် ၂၅ နှစ်သာသာတွင် လက်နက်ကိုင်တော်လှန် ပုန်ကန်ရေးအတွက် နိုင်ငံခြား အကူအညီ ရနိုင်ရန် မြန်မာပြည်မှ တိတ်တဆိတ် ထွက်ခွာသွားခဲ့၏။


၈။ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် "ဗမာ့လွတ်လပ်ရေး တပ်မတော်" ကို ဖွဲ့စည်းကာ စစ်ဦးစီးဗိုလ်ချုပ်အဖြစ် ခေါင်းဆောင် ကွပ်ကဲ၍ မြန်မာပြည်တွင်း ချီတက်လာချိန်မှာ သူ့အသက်ကား ၂၆ နှစ်အရွယ်ပင် ရှိသေး၏။


၉။ အသက် ၃၀ အရွယ်တွင် ဖက်ဆစ်ဂျပန်များကို ဦးဆောင်မှုပြု၍ တိုက်ခိုက်ခဲ့သည်။ မြန်မာနိုင်ငံရေးလောကတွင် မကြုံစဘူးသော အမျိုးသားညီညွတ်ရေး တပ်ဦးဖြစ်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကို တောင့်တင်း ကြီးမားအောင် တည်ဆောက် စည်းရုံးခဲ့၏။


၁၀။ အသက် ၃၁ နှစ်အရွယ်တွင် သူ့တိုင်းပြည် လွတ်လပ်ရေးအတွက် နိုင်ငံရေးနယ်ပယ်တွင် ကမ္ဘာ့ဝါရင့် နိုင်ငံရေးသမားကြီးများဖြစ်သော ဗြိတိသျှအစိုးရအဖွဲ့ ဗြိတိသျှဘုရင်ခံတို့နှင့် ဥာဏ်ကစားလျက် နိုင်ငံရေး ဆွေးနွေးနိုင်ခဲ့ ပြောဆိုနိုင်ခဲ့၏။


၁၁။ ဗြိတိသျှတို့နှင့် အကြိတ်အနယ် အင်အားပြိုင် အရေးဆို ပြောကြားပြီးနောက် "တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေး ရရမယ်" ဟု ကြုံးဝါး ကတိပေးခဲ့စဉ်က အသက်မှာ ၃၂ နှစ်သာ ရှိသေး၏။


၁၂။ သူ့အသက် ၃၂ နှစ်တွင် ပထမဆုံး တိုင်းပြုပြည်ပြု လွတ်တော် ခေါ်ယူ ကျင်းပပြီးလျှင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံကို စတင် အုတ်မြစ်ချပေးခဲ့၏။


၁၃။ သူ့အသက် ၃၃ နှစ်တွင် လွတ်လပ်ရေး ဗိမာန်ကြီးကို အုတ်မြစ်ချ တည်ဆောက်ပေးပြီး မသမာသူများ၏ လုပ်ကြံမှုဖြင့် ကျဆုံးသွားရလေ၏။


ဤအသက်အပိုင်းမျှဖြင့် သူလုပ်သွားခဲ့သော ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ကြည့်၍ အောင်ဆန်းသည် ဘယ်လိုလူ ဖြစ်သည်၊ ဘယ်လို ပညာ ထက်မြက်ခဲ့သည်၊ ဘယ်လို ဆရာသမားတွေက နိုင်ငံရေး၊ ပညာရေး မျက်စိဖွင့်ပေးခဲ့သည် ဆိုသည်တို့ကို အတုယူ လိုက်နာသင့်ပေသည်။