Pages

ဗန်ဂူးဝါးမှာ ခဏတာ (၂) နှင့် အိုလံပစ်အခမ်းအနားပုံများ

ဗန်ဂူးဝါး ဆောင်းရာသီ အိုလံပစ် ပွဲတော် ဖွင့်ပွဲနှင့် ပိတ်ပွဲပုံများကို ထပ်ဖြည့်ပြီး ပြန်တင်ထားပါတယ်။ ပထမပို့စ်ကို မဖတ်ရသေးသူများ ဤနေရာမှာ ဖတ်နိုင်ပါတယ်။
ဗန်ဂူးဝါးမှာ ခဏတာ (၂)
တနေကုန် အစည်းအဝေး ကျင်းပရာမှာပဲ အချိန်ကုန်ပြီး မောပမ်းနွမ်းနယ်နေပေမဲ့ တကယ်တမ်း နားချိန်ဖြစ်တဲ့ ညဘက်ရောက်တော့ ရာသီဥတုနဲ့ အချိန် အပြောင်းလဲမှုကို ကျွန်မခန္ဓာကိုယ်က တော်တော်နဲ့ အကျင့်မရသေးဘဲ နားလို့ သက်တောင့်သက်သာ မရှိ ဖြစ်နေသေးတယ်။ နေ့ဘက် ကျွန်မတို့ အစည်းအဝေးကို ရောက်နေချိန်တွေမှာ ဘယ်သူနဲ့မှ ဖုန်းအဆက်အသွယ် မရှိပေမဲ့ ညဘက် အိမ်ပြန်ရောက်တာနဲ့ ကျွန်မတို့ ရောက်နေတာကို သိထားတဲ့ ကနေဒါ နဲ့ US က မိတ်ဆွေတွေ၊ တချို့ သတင်း မီဒီယာတွေနဲ့ ဗန်ဂူးဝါးမှာ ရှိနေတဲ့ တချို့ ကျောင်းသားအဖွဲ့အစည်းတွေ၊ ဆီက ဖုန်းတွေ ဆက်လာကြတော့ တော်တော်နဲ့ မအိပ်ရပြန်ဘူး။ အိပ်ရာဝင်ပြီးတော့လည်း ချက်ချင်း အိပ်မပျော်ဖြစ်ပြီး အိပ်ရေးမ၀တဲ့ ဒုက္ခကို ကျွန်မ ကောင်းကောင်း ခံခဲ့ရတယ်။ ဗန်ဂူးဝါးမှာ ကြာတဲ့ ၁၅ ရက်တာ ကာလမှာ ကျွန်မ ပြန်ခါနီး ၂ ရက်အလိုမှာမှ ညဘက် နှစ်နှစ်ချိုက်ချိုက် အိပ်လို့ရခဲ့တယ်။







Women Forum လုပ်ရာ Plaza of Nations မှာ

နောက်နေ့မနက်မှာ အစည်းအဝေး ကျင်းပရာ Plaza of Nation ကို ရောက်လာပြီး မနက်ပိုင်း Workshop အပြီး နေ့လည်စာ စားပြီးတဲ့အချိန်မှာတော့ နော်မန်အပါအ၀င် ASA က သုံးယောက်က ကျွန်မကို ခေါ်ဖို့ Plaza of Nation က Women Form လုပ်တဲ့ နေရာကို ရောက်လာတယ်။ ဒီသုံးယေက်က ကျွန်မနဲ့အတူ အာဆာကိုယ်စားလှယ် လေးယေက်အဖြစ် No to APEC က လုပ်တဲ့ Conference ကို တက်မဲ့သူတွေ ဖြစ်တယ်။ Debbie နဲ့ ကရင်နီမလေး ဆေးမယ်ကို နှုတ်ဆက်ပြီး ASA အစည်းအ၀း ယာယီ ဗဟိုပြုရာ Aboriginal Youth Centre ကို Plaza of Nation ကနေ Sky Train တဆင့် ဘတ်စကားတဆင့် စီးပြီး ကျွန်မတို့ ရောက်လာခဲ့တယ်။ ဘန်ကောက်မှာ မရှိတဲ့ Sky Train ကို ပထမဦးဆုံး စစီးဖူးခြင်းဖြစ်တယ်။

Vancouver မှာ မြို့ထဲကျတဲ့ နေရာတွေမှာ မြို့ပတ်ရထား Sky Train ရော ဘတ်စ်ကားပါ ရှိပြီး မြို့ထဲနဲ့ လှမ်းတဲ့ ရပ်ကွက်တွေကိုကျတော့ ဘတ်စ်ကားပဲ ပြေးဆွဲပါတယ်။ အရင်နေ့တွေလည်း Sky Train ပြေးနေတာကို တွေ့နေရပေမဲ့ ခရီးသည်စီးယာဉ် မဖြစ်မထင်ခဲ့ဘဲ အပျော်စီးတဲ့ ယာဉ်လေးတွေလို့ ထင်နေခဲ့တယ်။ ကိုယ်တိုင် ဘူတာရုံကို သွားပြီး စီးရမှပဲ ခရီးသည်တင်ယာဉ် Sky Train ဆိုတာလည်း သိရတယ်။ ၀ယ်ထားတဲ့ လက်မှတ်တစောင်ကို Zone တူတဲ့ နေရာတွေမှာ Sky Train မှာဖြစ်စေ၊ ဘတ်စ်ကားမှာ ဖြစ်စေ သတ်မှတ်ထားတဲ့ နာရီအတွင်း ကြိုက်သလောက် အတက်အဆင်းလုပ်ပြီး စီးနိုင်ပါတယ်။ Zone မတူတဲ့ နေရာကို သွားလိုမှ လိုအပ်တဲ့ ပိုက်ဆံကို ထပ်ပေးပြီး လက်မှတ်ကို ချိန်းနိုင်ပါတယ်။ ဗန်ဂူးဝါးမှာ Public Transportation ကို သုံးရတာ ဘန်ကောက်မှာလို ဘယ်လောက် နောက်ကျလို့ ကျမှန်းမသိ စောင့်နေတာမျိုး တခါမှ မရှိသလို ဆစ်ဒနီမှာလို နောက်လာတဲ့ ရထားဟာ ငါးမိနှစ်နောက်ကျမှာမို့ ခရီးသည်တွေအတွက် အဆင်မပြေ ဖြစ်ရတာကို တောင်းပန်ပါတယ် ဆိုပြီး ကြေညာနေသံလည်း တခါမှ မကြားရဘဲ ရောက်မယ်လို့ သတ်မှတ်ထားတဲ့ အချိန်ဇယားထဲက အချိန်အတိုင်း အတိအကျ အရှေ့မှာ ကျွီကနဲ လာရပ်တာပဲ တွေ့ရပါတယ်။

အာဆာအစည်းအဝေးနေ့

Aboriginal Youth Centre ဟိုရောက်တော့ တခြားနိုင်ငံတွေက ကျောင်းသူ ကျောင်းသားတွေနဲ့ပါ သူတို့က မိတ်ဆက်ပေးပြီး သူတို့ရဲ့ အရေးပေးဆက်ဆံမှု၊ ဖေါ်ရွေရင်းနှီးမှုတွေကြောင့် ကျွန်မလည်း နေရထိုင်ရတာ Plaza of Nation မှာနဲ့စာရင် အများကြီး သက်တောင့်သက်သာ ရှိသလို ခံစားရတယ်။ အမျိုးသမီး Forum မှာကတော့ အမျိုးသမီးတွေကလည်း ကျွန်မတို့နဲ့ ရွယ်တူ မရှိဘဲ အသက်ကြီးတဲ့သူတွေပဲ များပြီးကျွန်မနဲ့ ကရင်နီမလေး ဆေးမယ်ကို Debbie နဲ့ ပါလာတဲ့ အလုပ်သင်နှစ်ယေက် ဆိုတာလည်း သိထားတော့ တချို့ဆို နာမည်တောင် သိပ်မခေါ်ပဲ (Two little girls) လို့ခေါ်ပြီး ကလေးလိုပဲ ဆက်ဆံ ကြတယ်။ အာဆာမှာကျတော့ ကျွန်မက အလုပ်သင်မဟုတ်ဘူး ABSDF (သို့) မြန်မာပြည်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ကျန်တဲ့သူတွေနဲ့ တန်းတူရည်တူ Activist တဦးအဖြစ် ရှိနေတော့ နေ့ချင်းရက်ချင်းမှာ ကျွန်မရဲ့ Position နဲ့ စိတ်ခံစားမှုတွေက ပြောင်းသွားတယ်။

အာဆာ (ASA) အစည်းအဝေး

ကျွန်မက ABSDF ကိုယ်စားလှယ် အနေနဲ့ ASA အစည်းအဝေးမှာ ပြောဖို့ကို မြန်မာပြည် ကျောင်းသားသမိုင်းအကျဉ်းကို အနည်းငယ် ပြောပြီး ကိုအောင်နိုင်ဦးနဲ့ ဖုန်းပြောတုန်းက မေးထားတဲ့ ABSDF လက်ရှိ လှုပ်ရှားမှုတွေ ပြောဖို့လျာလားပြီး ASA ကိုယ်စားလှယ် အနေနဲ့ No to APEC Conference မှာ ပြောဖို့ကျတော့ တနသာင်္ရီတိုင်းမှာ လုပ်ခဲ့တဲ့ ရတနာ ဓါတ်ငွေ့ပိုက်လိုင်းကြောင့် ဒေသခံတွေ ဒုက္ခရောက်ရတာကို ပြောဖို့ လျာလားလိုက်ပါတယ်။ ဒီနေ့မှာပဲ အာဆာအစည်းအဝေးအတွက် အကြိုညှိနှိုင်းမှုတွေ ပြုလုပ်ပြီး ဗန်ဂူးဝါးမှာ ရှိနေစဉ် ဆောင်ရွက်မည့် အစီစဉ်တွေအတွက် ဆွေးနွေးကြတယ်။ ပြီးတော့ No To APEC conference အတွက် အတည်ပြုတဲ့ လူဦးရေနဲ့ တင်မည့်အကြောင်းအရာတွေကို သတင်းသွားပို့ပါတယ်။ အကုန်လုံးပြီးစီးတဲ့အချိန်မှာ ညကိုးနာရီ ထိုးပြီးသွားပြီ။

ASA က ကျောင်းသားတွေ အားလုံးက အဲဒီတ၀ိုက်က ဟော်တယ်တွေမှာပဲ တည်းတယ်ဆိုတော့ သူတို့အတွက် ဝေးဝေးပြန်စရာ မရှိပေမဲ့ ကျွန်မကတော့ ညီမနေတဲ့နေရာကို ပြန်ဖို့ Fraser ကို သွားတဲ့ ဘတ်စ်ကား စောင့်စီးရမယ်။ ဒါပေမဲ့ ဒီရပ်ကွက်မှာက တိုက်ရိုက်ရောက်တဲ့ ဘတ်စ်မရှိလို့ တနေရာမှာ ဘတ်စ်ပြောင်းစီးရမယ်။ ကျွန်မက ပြန်လို့ တတ်တယ်လို့ ပြောပြီး လာလိုက်ပေမဲ့ တခါမှ သွားဖူးတဲ့ နေရာမဟုတ်တော့ စမ်းတ၀ါးဝါးပါပဲ။ ဘန်ကောက်လို ပုလိပ်ဖမ်းစရာအကြာင်းမ ရှိတော့ ကြောက်စိတ်တော့ မရှိဘူး။ ပြန်တော့ ကျွန်မ တည်းခိုတဲ့ ညီမအိမ်ကို ကောင်းကောင်း သွားတတ်တဲ့ တခုတည်းသော နေရာ Plaza of Nation ကိုပဲ လက်မှတ်ဝယ်လိုက်တယ်။ အကြံအစည်က အဲဒီကနေပြီး အိမ်ပြန်ဖို့ပါ။

နောက်မှ ကျွန်မ သတိထားမိတာက Plaza of Nation ကို သွားဖို့ဆိုရင် လမ်းဆုံရောက်ပြီး မြောက်ဘက်ကို သီးသန့် အဝေးကြီးကို ဆက်သွာရဦးမယ်။ အဲဒီရောက်မှ Fraser က တောင်ဘက်မှာ ဒီတော့ မဖြစ်ဘူး လမ်းမှာ ဆင်းမှကို ဖြစ်မယ်ဆိုပြီး Down Town မရောက်ခင် တနေရာမှာ ဆင်းလိုက်တာ ဆင်းတဲ့နေရာက Fraser ဘတ်စ် မရှိလို့ Fraser သွားတဲ့ ဘတ်စ်ကို ဘယ်နားမှာ စောင့်နိုင်လဲဆိုတာ စုံစမ်းတော့ တလမ်းကျော်မှာ ရှိတယ်ဆိုလို့ လာလိုက်တယ်။ ဗန်ကူးဝါးမြို့က လမ်းတွေက လမ်းအကွေ့အေကာက်၊ အတိမ်းအစောင်း လုံးဝမတွေ့ရဘဲ အရှေ့နဲ့နောက် မြောက်နဲ့တောင် တကယ်ကို ဖြောင့်စင်းပြီး လမ်းဆုံတွေအားလုံးဟာ ၉၀ ဒီဂရီ ထောင့်မှန်ကျပါတယ်။ မြောက်နဲ့တောင် လမ်းတွေမှာ ပြေးဆွဲတဲ့ ဘတ်စ်ကားကို Fraser, Granville စတဲ့ နာမည်တွေနဲ့ သတ်မှတ်ထားပြီး အရှေ့နဲ့နောက် လမ်းတွေမှာ ပြေးဆွဲတဲ့ ဘတ်စ်တွေကို ၁၊၂၊ ၃၊ ၄ စတဲ့ နံပါတ်တွေနဲ့ သတ်မှတ်ထားပါတယ်။ ကျွန်မဆင်းလာခဲ့တဲ့ ဘတ်စ်က နံပါတ်နဲ့ ဘတ်စ်ဖြစ်ပြီး အဲဒီက ထောင့်ချိုးဖြစ်တဲ့ လမ်းမှာ Fraser bus မရှိလို့ နာမည်နဲ့ ဘတ်စ်တွေ ပြေးဆွဲတဲ့ တခြားလမ်းကို ကျွန်မက သွားနေတာ ဖြစ်တယ်။

သွားရင်းနဲ့ လမ်းမှာ အသက် ၆၀ နီးပါးခန့် ရှိမယ် ထင်ရတဲ့ အဖိုးကြီးတယောက် ဦးထုပ်အဖြူတလုံး ဆောင်းပြီး လာတာကို တွေ့လို့ Fraser bus ရှိတဲ့ မှတ်တိုင်ကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ မေးကြည့်တော့ သူက မှတ်တိုင် ရှိတဲ့နေရာကို ညွန်ပြပြီး ကျွန်မက ကျေးဇူးတင်တယ်လို့ ပြောပြီး ပြန်ထွက်လာဖို့ အလုပ်မှာ ခဏနေဦး ဆိုပြီးတော့ သူဆောင်းထားတဲ့ ဦးထုပ်ကို ချွတ်လိုက်ကာ ခွက်လိုခံလိုက်ပြီး သူ့မှာ အိမ်ပြန်ဖို့ ပိုက်ဆံငါးပြားမှ မကျန်တော့တဲ့အကြောင်း၊ ညနေစာလည်း မစားရသေးလို့ တော်တော် ဗိုက်ဆာနေကြောင်း လမ်းစာရိတ်က ၁ကျပ်နဲ့ ပြား ၄၀ ကျပြီး သူ့မှာ ပြားလေးဆယ် ပဲရှိလို့ စားစရာအတွက် မရရင်နေပါ လမ်းစာရိတ် ပြည့်အောင် ပိုက်ဆံ တကျပ်လောက်တော့ ပေးခဲ့ပါလို့ အသနားခံပြီး တောင်းလာတယ်။ ကျွန်မလည်း ဒီလိုချမ်းသာတဲ့ နိုင်ငံမှာလည်း ဒီလို ဒုက္ခရောက်တဲ့သူက ရှိသေးတယ်လို့ တွေးပြီး အသက်အရွယ်လည်း ကြီးနေပြီဆိုတော့ သနားလို့မဆုံး ဖြစ်ပြီး ကျွန်မမှာ တကျပ်စေ့မရှိတော့ ရှိတဲ့နှစ်ကျပ်စေ့တစေ့နဲ့ တကျပ်မပြည့်တဲ့ အကြွတွေအကုန်လုံးကိုပါ ပေးထားခဲ့တယ်။

မှတ်တိုင်ရောက်တော့ Fraser ကားတစီးက ကပ်ပြီး လွဲသွားတယ်။ နောက်ထပ် Fraser ဘတ်စ်တစီး ထပ်လာဖို့ ၁၀ မိနှစ်စောင့်ရမယ်။ ကားစောင့်နေသူတွေကို ကျွန်မ လိုက်မေးကြည့်တော့ Fraser ကိုသွားမည့်သူ တယောက်မှ မရှိဘူး။ ကျွန်မနဲ့ကပ်ရက် စုံတွဲတတွဲ ရှိနေပြီး ဖက်နေနမ်းနေကြတော့ ကျွန်မစိတ်ထဲမှာ ကျက်သရေမရှိလိုက်တာလို့ တွေးပြီး လူရှေ့သူရှေ့မရှောင် ဒီလောက်ပဲ ရိုင်းစိုင်းရတာ ကျွန်မကိုယ်ကျွန်မ တိရိစ္ဆာန်နဲ့လူ အရှက်အကြောက်မှာ ဘာမှ သိပ်မကွာခြားတဲ့ ကျောက်ခေတ်ကိုပဲ ပြန်ရောက်နေလား၊ ရုပ်ရှင်ပဲ ကြည့်နေရတာလားလို့ အိပ်ရေးပျက်လို့ ခေါင်းကလည်း မူးနေတာနဲ့ မကယ်ဟုတ်မဟုတ် ဇဝေဇ၀ါတောင် ဖြစ်သွားသေးတယ်။ (တောကလာသူအတွေး..နောက်တော့ ရိုးသွားတယ်) ကျွန်မဘ၀မှာ ရုပ်ရှင်ထဲမှာ မဟုတ်ပဲ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး လူသူရှေ့မှောက်မှာ ဒီလို ဖက်ယမ်းနမ်းရှုပ်နေတာ ကို တွေ့ဖူးတာ ဒီတခါပထမဦးဆုံးပဲ ဖြစ်တယ်။ ကျွန်မလည်း ကျက်သရေနည်းတယ်ဆိုပြီး ဟိုဘက်ကို ကပ်သွားတော့ အာရှသူ အမျိုးသမီးတဦးက ကျွန်မကို စိတ်ဝင်စားပြီး ရောက်တာ ဘယ်လောက်ကြာပြီလဲလို့ မေးတော့ ကျွန်မက ဧည့်သည် ဖြစ်ကြောင်း ပြောပြတယ်။ သူက “ဧည့်သည်ဆိုရင် နင့်ကိုငါ ပြောထားမယ် နင်ဘတ်စ်ကားစောင့်ရင်း ဦးထုပ်ဆောင်းထားတဲ့သူတွေ နင့်နားကပ်လာပြီး ပိုက်ဆံလာတောင်းရင် လုံးဝမပေးနဲ့ အဲဒီလူတွေဟာ ဆေးသမားတွေ” လို့ ပြောပြလိုက်မှ ကျွန်မလည်း သဘောပေါက်သွားတယ်။ ကျွန်မက “သတိပေးတာ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ နောက်တောင် ကျသွားပြီ ပေးခဲ့ရပြီးပြီ” လို့ ပြောလိုက်တယ်။ သူက ဖိလစ်ပိုင်ကနေ ရောက်နေတာ ကြာပြီလို့ သိရတယ်။ သူစောင့်တဲ့ ကားလာတော့ ဒီအမျိုးသမီးက နှုတ်ဆက်ပြီး သွားလိုက်တယ်။


ညီမအိမ်မှာ

ကျွန်မလည်း ဘတ်စကား စောင့်ရင်းနဲ့ Taxi တစီးလာတာ တွေ့တာနဲ့ ကျွန်မ ချက်ချင်း စိတ်ပြောင်းသွားပြီး မထူးပါဘူး မနက်အစောကြီး ပြန်ထရဦးမယ် ဘတ်စ်နဲ့ဆို အချိန်က မှတ်တိုင်တိုင်းမှာ ရပ်နေတာနဲ့ အတော်ကို နောက်ကျဦးမှာမို့ Taxi နဲ့ပဲ သွားတော့မယ်လို့ ဆုံးဖြတ်ပြီး Taxi တားပြီး ပြန်လာလိုက်တယ်။ Taxi သမားနဲ့ စကားပြောဖြစ်တော့ သူက တချိန်က ချီလီနိုင်ငံက တော်လှန်ရေးသမားလို့ ပြောပြတယ် ကျွန်မကလည်း မြန်မာနိုင်ငံက လက်ရှိတော်လှန်ရေးသမား တယောက်ဖြစ်ကြောင်း ပြောတော့ ကျွန်မတို့ နှစ်ယောက်က မိတ်ဆွေနှစ်ဦး ပြန်တွေ့ရသလိုပဲ စကားတွေဖေါင်ဖွဲ့ တော်လှန်ရေးအကြောင်းတွေ အပြန်အလှန် ပြောပြီးလာလိုက်တာ Taxi သမား ကားရပ်လိုက်မှပဲ အိမ်ရောက်မှန်းသိတယ်။ Taxi ခ ၁၅ ကျပ်ခွဲကျတယ်။ ကျွန်မ အိမ်ရောက်တော့ Debbie နဲ့ ကျွန်မညီမက ကျွန်မ Taxi နဲ့ ပြန်လာတာကို အံ့သြပြီး “ဘယ်ပဲ သွားသွား ပိုက်ဆံ ၁ ကျပ်နဲ့ ပြားလေးဆယ် ပေးပြီး ဘတ်စ်ကား စီးလို့ရတဲ့ ဒီလောက် Public Transportation ကောင်းတဲ့ မြို့မှာ နင်မို့လို့ ဆယ်ဆ မက အကုန်ခံပြီးTaxi ကိုစီးတယ်၊ ဒီမှာ နေတဲ့သူတွေ ဘယ်သူမှ Taxi ကို မလိုအပ်ဘဲနဲ့ မစီးဘူး” ဆိုပြီး ကျွန်မကို အပြစ်တင်ကြတယ်။ ကျွန်မက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြတော့ ဆေးသမား သူတောင်းစားကို ပိုက်ဆံပေးခဲ့ရတာကိုပါ သိသွားပြီး ကျွန်မကို သူတို့အပြစ်တင်စရာက တခုထပ်တိုးသွားတယ်။ ကျွန်မ ညီမက “ဒီနိုင်ငံမှာ လူတယောက်ရဲ့ အနှိမ့်ဆုံး အဆင့်အတန်းကို သတ်မှတ်ပြီး အလုပ်မရှိသူ၊ အိုနာမသန်စွမ်းသူတွေကို လူတယောက်လို သိက္ခာရှိရှိနေနိုင်အောင် အစိုးရက ထောက်ပံ့ထားပြီးသား ဘယ်သူမှ ငတ်တဲ့သူမရှိဘူး၊ တောင်းနေတဲ့သတွေက ဘိန်းစားတွေ ပေးသမားတွေ ရှိလို့ ရမှန်းသိလို့ တောင်းနေတာ” လို့ ရှင်းလည်းပြပြီး သူတို့အပြစ်တင်လိုက်ကြတာ ကျွန်မ မျက်နှာလည်း ဇီးရွက်လောက်ပဲ ကျန်တော့တယ်။

အဲဒီညက အာဆာက လုပ်တဲ့ အစီစဉ်မှာ ကျွန်မ လုပ်ရမှာတွေကို Debbie ကို ပြောပြတော့ Debbie က အာဆာ ကိုယ်စားလှယ်အဖြစ် No to APEC မှာ တက်တဲ့ အစည်းအဝေးအပေါ်မှာ မကြိုက်တဲ့ လေသံတွေ့ရပြီး အဲဒီမှာ တက်ရင် အဲဒီက အပြန်အတွက် လေယာဉ် လက်မှတ်ဖိုး တောင်းရမယ်လို့ ပြောတယ်။ ကျွန်မလည်း အခုတမျိုးတော်ကြာတမျိုး သူပဲ ၀မ်းသာအားရ လက်ခံထားပြီး ပိုက်ဆံစကား ပြောတယ်ဆိုပြီး Debbie ကို နားလည်လို့ မရ ဖြစ်ခဲ့တယ် ”နင်ပဲ နော်မန်နဲ့ လာမိတ်ဆက်ပေးပြီးတော့ ငါ့ကိုတိုက်တွန်းခဲ့တယ်။ ငါသွားတက်မယ်ဆိုတော့ နင်လည်း ၀မ်းသာအားရ လက်ခံခဲ့ပြီးမှ အခုတော့ ပိုက်ဆံစကားတွေ ပြောပြီး အခုတမျိုး တော်ကြာတမျိုး ငါနင့်ကို နားလည်လို့ မရဘူး” လို့ ပြောပြီး တော်တော်ကို စိတ်ထဲမှာ Debbie ကို တမျိုးထင်သွားတယ်။ Debbie က “လာနင့်ကို ငါသေသေချာချာ ရှင်းပြမယ်” ဆိုပြီး ရှင်းပြတယ်။

အာဆာ Workshop တခုမှာ

Debbie သိထားတာက ABSDF ကို ကိုယ်စားပြုပြီး အာဆာ အစည်းအဝေးကို တက်တာ တခုကိုပဲ သူသိထားတယ်။ ကျွန်မလည်း နော်မန် ကျွန်မကို ပြောတဲ့ အစီစဉ် နှစ်ခုစလုံးကို Debbie သိထားပြီးပြီလို့ ထင်ခဲ့တယ်။ ASA က ကျောင်းသားအဖွဲ့အစည်းမို့ ဒီရောက်တုန်း ကြုံလို့ အာဆာမှာ ABSDF အနေနဲ့ သွားတက်တာက အကြောင်းမဟုတ်ပေမဲ့ No to APEC မှာက ဒီအစည်းအဝေးအတွက် Project အကြီးကြီးရှိပြီးသား ဖြစ်လို့ အဲဒီမှာ တက်ရင် Women Forum က လူတွေကို လက်တလုံးခြား လှည့်စားသလို ဖြစ်နေတယ်လို့ Debbie ကရှင်းပြတယ်။ ကျွန်မတို့လာတာ အမျိုးသမီး Forum က လေယာဉ်လက်မှတ်ဖိုးတွေ ဒီမှာ နေထိုင်သွားလာစာရိတ်၊ ကနေဒါသံရုံးမှာ ဗီဇာရဖို့အတွက် ထောက်ခံစာ စပွန်ဆာ အစစအရာရာ တာဝန်ယူခဲ့ရတယ်။ ဘန်ကောက်ရော ဗန်ဂူးဝါးပါ လေဆိပ်နှစ်ခုစလုံးမှာ အကြီးအကျယ် အစစ်အဆးခံရလို့ အမျိုးသမီး Forum က ပေးထားတဲ့ ထောက်ခံစာတွေ ထုတ်ပြခဲ့ရတယ်။ ကျွန်မကို Women Forum က ခေါ်လိုက်လို့ ဒီလို ခက်ခက်ခဲခဲ ရောက်လာပြီး အခုလို အစည်းအဝေးတက်ဖို့ အဆင်သင့် ဖြစ်နေတဲ့ အချိန်မှ No to APEC က ကျွန်မကို ငါးပြားမှ အိတ်မစိုက်ရဘဲ အသုံးပြုလိုက်သလို ဖြစ်နေတယ်။ ဒီတော့ အပြန်အတွက် ကျွန်မတွက် လေယာဉ်လက်မှတ်စာရိတ်ကို အဲဒီအဖွဲ့မှာ တောင်းရင် သူလည်း Women Forum မှာ ရှင်းပြရလွယ်တယ်လို့ Debbie က ကျွန်မကို ပြောတယ်။

ဆန္ဒပြရာ တနေရာ

ကျွန်မက “ဒါဆိုရင်လည်း မတက်တော့ဘူးလို့ နော်မန်ကို ပြန်ပြောလိုက်မယ် မျက်နှာပူလို့ အာဆာမှာ တက်ဖို့တောင် မသေချာတော့ဘူး” လို့ ပြောတော့ Debbie က တက်မယ်လို့ ပြောထားပြီးမှတော့ တက်လိုက်ပါ။ Women Forum ကတွေလည်း ကျွန်မကို နေ့တိုင်းတွေ့နေရအောင် ဟိုမှာနေ့တ၀က် ဒီမှာနေ့တ၀က် တက်ပါလို့ အကြံပြုလို့ ဒီအတိုင်းပဲ လက်ခံလိုက်တယ်။ လေယာဉ်ခ ပိုက်ဆံတော့ မတောင်းဖြစ်ဘူး။ ကျွန်မလည်း အဲဒီချိန်ကစပြီး Women Forum လုပ်တဲ့ Plaza of Nation နဲ့ ASA က Aborininal Youth Centre ကြား ခေါက်တုန့်ခေါက်ဖြန့် သွားရသလို ဗန်ဂူးဝါး မြို့အနံ့မှာ လုပ်တဲ့ Workshop တွေ၊ ဆန္ဒပြပွဲတွေကို Debbie နဲ့ ဆေးမယ်မပါပဲ ASA အဖွဲ့တွေနဲ့အတူ လိုက်တက်တာ မပြန်ခင် နေ့အထိပဲ။ Taxi ငှားပြန်တဲ့ နေ့နောက်ပိုင်း နောက်ထပ် တခါမှ Taxi မငှားဖြစ်တော့သလို ဗန်ဂူးဝါး မြို့လယ် ဘတ်စကား မှတ်တိုင်တွေနားမှာ ဦးထုပ်လေးတွေကို တောင်းစားတဲ့ ခွက်လို ပေါ်တင်ကိုင်ပြီးတမျိုး၊ ဦးထုပ်ကို ဆောင်းထားပြီး လူနားရောက်မှ ခေါင်းမှဆွဲချွတ်ကာ ခွက်လိုခံပြီးတမျိုး ပိုက်ဆံတောင်းတတ်တဲ့ သူတောင်းစားတွေကိုလည်း ပိုက်ဆံ ထပ်မပေးဖြစ်ခဲ့ဘူး။ အချိန်လုပြီး သွားလာလှုပ်ရှားနေရလို့ စုံတွဲတွေ ကဲတာကိုတွေ့ရင်လည်း အမြင်ကပ်ဖို့ အချိန် သိပ်မရခဲ့ဘူး။ ထိုင်းကိုပြန်ဖို့ ထိုင်းသံရုံးမှာလည်း ဗီဇာကို Debbie နဲ့ ဆေးမယ် သွားလျှောက်တဲ့အချိန်မှာ လိုက်မအားလို့ ကိုယ့်ဖါသာကိုယ် သွားလျှောက်ခဲ့ရတယ်။ ဗန်ဂူးဝါးမြို့အနံ့ အစည်းအဝေးလုပ်တဲ့ နေရာတွေ အကုန်လုံးကိုတော့ တယောက်တည်း ကောင်းကောင်း သွားလာလို့ တတ်သွားပါတယ်။ လေ့လာချင်စိတ်၊ တက်ကြွမှု အားနည်းတယ်ဆိုပြီး အမြဲတမ်း ပြောတတ်တဲ့ Debbie လည်း ကျွန်မကို တခါမှ ထပ်မပြောတော့ဘူး။

ဗန်ဂူးဝါး ဆိပ်ကမ်း တနေရာမှာ

ရောက်တဲ့နေ့ကနေ မပြန်ခင်နေ့ရဲ့ ညအထိ တရက်မှ မနားဘဲ အစည်းအဝေးနှစ်ခုကို နေ့တိုင်း တက်ခဲ့ရဲ့အတွက် ဗန်ဂူးဝါးရဲ့ အလှအပတွေကို ခံစားဖို့ အချိန်မရလိုက်ဘူး။ ညီမတို့ မိသားစုနဲ့ စားသောက်ဆိုင်မှာ ထမင်းတည သွားစားဖြစ်တယ်။ အဲဒီမှာရှိတဲ့ မြန်မာ ကျောင်းသားအဖွဲ့က မပြန်ခင်တညအလိုမှာ ထမင်းဖိတ်ကျွေးလို့ သွားစားဖြစ်တာကလွဲပြီး တခြား တသီးပုဂ္ဂလ ဖိတ်တဲ့သူတွေဆီ ဘယ်သူ့ဆီမှ မသွားလိုက်ရဘူး၊ ဗန်ဂူးဝါးမှာ ဆိပ်ကမ်းတနေရာနဲ့ Chinatown ကလွဲပြီး နာမည်ကြီးနေရာတွေ ဘယ်ကိုမှ မရောက်လိုက်ဘူး။ ဗန်ဂူးဝါးက ဆင်ခြေဖုံးရပ်ကွက်တွေမှာ ကုန်းမို့မို့လေးတွေနဲ့ အိမ်တိုင်းဟာ လှပသပ်ရပ်ပြီး စိမ်းစိုနေတဲ့ အပင်လေးတွေကို စိုက်ထားတာ ကြည့်လိုက်တဲ့ နေရာတိုင်း ပန်းခြံလေးတွေလို လှလှပပ ရှိတာကို သတိတော့ ထားမိပေမဲ့ ရောက်တဲ့ နှစ်နေရာမှာဖြစ်တဲ့ China Town က Chinese Garden က ဆစ်ဒနီ Chinese Garden လောက်မလှသလို ကျွန်မရောက်ခဲ့တဲ့ ဆိပ်ကမ်းကလည်း Opera House နဲ့ Harbour Bridge ရှိရာ ဆစ်ဒနီဆိပ်ကမ်းကို မမီဘူးလို့ ထင်ရပါတယ်။ ကျန်တဲ့နေရာတွေတော့ ကျွန်မမရောက်လို့ မသိဘူး။ လမ်းပမ်းဆက်သွယ်ရေးကတော့ ရောက်ဖူးတဲ့ မြို့တွေထဲမှာ အကောင်းဆုံးလို့ ယူဆရတယ်။

ကျွန်မ ညီမကတော့ ဗန်ဂူးဝါးဟာ Spring နဲ့ Summer မှာ အပင်တွေအားလုံးဟာ ပန်းတွေ ပွင့်နေပြီး မြို့တော်တခုလုံးဟာ ပန်းမြိ့တော်ကြီးလို့ ခေါ်ရလောက်အောင် ပန်းတွေနဲ့ အမြဲဝေနေတယ်လို့ ပြောပါတယ်။ ဗန်ဂူးဝါး ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွက် ပြင်ဆင်ထားလို့ ဗန်ဂူးဝါးဟာ ကျွန်မလာခဲ့တဲ့ အချိန်တုန်းကထက် အများကြီး ပိုမိုတိုးတက်ပြီး လမ်းပမ်းဆက်သွယ်ရေးတွေလည်း ပိုမို ကောင်းမွန်လာသေးတယ်လို့ ပြောပြပါတယ်။ အစည်းအဝေး မရှိ ဘာမရှိနဲ့ Holiday သက်သက် ပန်းပွင့်တဲ့ ရာသီမှာ ကမ္ဘာရဲ့ တတိယအလှဆုံးမြို့လို့ သူတို့ပြောတဲ့ နှစ်ပတ်တည်းနဲ့ ကျွန်မကို မြို့အတွေ့အကြုံတွေ အများကြီး ပေးလိုက်တဲ့ Vancouver ပန်းမြို့တော်ကို မိသားစုနဲ့ တခေါက်လောက်တော့ အလည်ရောက်ချင်သေးတယ်လို့ ဆောင်းရာသီ အိုလံပစ် အားကစားပိတ်ပွဲကို ကြည့်ရင်း စဉ်းစားနေမိတယ်။


(ကျွန်မ ညီမပို့လာပေးထားတဲ့ ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားပုံများကို ဆက်လက် ကည့်ရှုကြပါ။)

အိုလံပစ် ဖွင့်ပွဲအခမ်းအနားပုံများ



အိုလံပစ် ပိတ်ပွဲ အခမ်းအနားပုံများ



ပို့စ်တင်ပြီးမှ ကနေဒါက ညီမက ဗန်ဂူးဝါး ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားပုံတွေ ပို့လာလို့ မကြည့်ရသေးသူများ ကြည့်လို့ရအောင် ထပ်ဖြည့်ပြီး ပြန်တင်လိုက်ပါတယ်။ ကြည့်ပြီးသူများအတွက်တော့ ကျော်သွားနိုင်ပါတယ်။ ဓါတ်ပုံတွေ ပို့လာပေးတဲ့ ညီမ နီဌေးကို အထူးကျေးဇူးတင်ပါတယ်။

ရွှင်လန်း ချမ်းမြေ့ကြပါစေ။



17 comments:

  1. ခရီးသွားဆောင်းပါး တွေ ထပ်ရေးသင့်နေပြီနော်....။

    ReplyDelete
  2. အမရဲ့ ခရီးသွားမှတ်တမ်းလေးက စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ ရှေ့ကပိုစ့်တွေပါ ပြန်လှန် ဖတ်နေလို့ အမရေ...။
    သူများတိုင်းပြည်မှာ ကိုယ်မသိတာတွေ သိရသလို အတုယူစရာရော ရှောင်သင့်တာလေးတွေပါ သိလိုက်ရတယ်။ ဒါပေမယ့် တို့အမ နောက်ကျသွားလို့ ပါသွားတယ်။း)
    နေရာလေးတွေကအစ သေချာရေးထားပေးတော့ ကိုယ်တိုင် ရောက်သွားပြီး ဘတ်(စ)ကား စောင့်နေရသလိုပဲ။
    နောက်တခေါက်ဆို မခံရတော့ဘူးပေါ့ အမရယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  3. ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တောင်းစားတဲ့သူတွေကတော့ ရှိနေပါတယ် မငယ်။ ဒါကလည်း နိုင်ငံတစ်နိုင်ငံရဲ့အဆင်တန်ဆာ တစ်ခုပါ။ ဟဲ..ဟဲ.။ နောက်ထပ်နိုင်ငံရဲ့ အဆင်တန်ဆာတွေအများကြီးရှိသေးတယ်။

    ဘန်ကောက်လည်းတိုးတက်နေပါပြီ။ ကောင်းကင်ရထားတွေဘာတွေနဲ့။

    ReplyDelete
  4. ကိုမိုးပြောသလိုပဲ တောင်းစားတဲ့သူကတော့ နိုင်ငံတိုင်းမှာ ဒီဇိုင်းမျိုးစုံပဲ၊ ရွှေနိုင်ငံမှာတောင် ယူနီဖောင်းဝတ်ပြီးရော မဝတ်ပဲနဲ့ရော တောင်းနေလိုက်ကြတာ..

    ReplyDelete
  5. မငယ်နိုင်ရဲ့ အတွေ့အကြုံတွေကို ဖတ်ခွင့်ရတာ ကျေးဇူးဗျာ။

    ReplyDelete
  6. မငယ်နိုင်က သူ့ညီမချောကလက်စက်ရုံမှာအလုပ်လုပ်ပြီး ချောကလက် အပိုင်းအစတွေယူလာကြွေးတာတော့ ထည့်မရေးဘူးနော် သူတောင်းစားကို ပိုပ်ဆံနှစ်ကျပ်ကြီးများတောင်ပေးလို့ အဆူခံရတာတော့ ထည့်ရေးတယ်။ ဗန်ကူးဝါးကို မိသားစုနဲ့အတူ အေးအေးဆေးဆေး နောက်တခေါက်ပြန်လာလည်မယ် ဆိုရင်တော့ လမ်းစရိတ်ကို တ၀က်ခံပေးမယ် အချိန်မရွေးနော်။

    ReplyDelete
  7. ဒီနေ့တော့ ဓါတ်ပုံလေးတွေနဲ့ပါ လာပြန်ကြည့်သွားတယ်နော် အမ။

    ReplyDelete
  8. Live Show ကြည့်လိုက်ရရင် သိပ်ကောင်းမှာပဲ။။ ဘေဂျင်းအိုလံပစ်တုန်းကလည်း ပုံတွေနဲ့ပဲ ကျေနပ်လိုက်ရတယ်။

    ReplyDelete
  9. စာကို လိုရင်းတိုရှင်း ရေမတတ်လို့ လူတကာပို့စ်ထက် ရှည်တဲ့ ပို့စ်ရှည်ရှည်ကြီးကို လာဖတ်ပြီး မှတ်ချက်ပေးခဲ့သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

    AATO ရေ ခရီးသွား အတွေ့အကြုံ ၂၁ နှစ်ကျော်တောင် ရှိလို့ ရေးစရာက အများကြီး ရှိပါတယ်။ ဒါပေမဲ့ ရေးလို့ သိပ်မတတ်လို့ ဆက်ရေးစေချင်ရင် ခရီးသွားဆောင်းပါး ရေးနည်းလေး တွေ့ရင်လည်း ညွန်ပေးပါနော့်။

    အန်ကယ်နိုင်နဲ့ မောင်မိုးရေ သူတောင်းစားက နိုင်ငံတိုင်းမှာ ရှိပေမဲ့ တခြားချမ်းသာတဲ့ နိုင်ငံတွေမှာ ကျွန်မတွေ့တာ ဗန်ဂူးဝါးက တောင်းသမားတွေလောက် အမြင်မဆိုးဘူး။

    ဒဏ္ဍာရီရေ အစ်မမှာ ခရီးသွားအတွေ့အကြုံတွေ တောတွင်းရော မြို့ပေါ်တွေမှာပါ အများကြီးရှိပါတယ်။ နောက်ရေးဖြစ်ရင်လည်း လာအားပေးနော့်။

    ကိုအောင် လာအားပေးတာ ကျေးဇူးတင်တယ်။

    ဌေးငယ်- နင်ယူလာပေးတဲ့ ချော့ကလက်ကို ငါစားတာ ပထမဦးဆုံး တကြိမ်ပဲ စားတယ်။ နေ့တိုင်းစားကြတာက Debbie နဲ့ ဆေးမယ်ပဲ။ နင်က ငါတို့ တကယ်မလာဘူးထင်ပြီး သဘောကောင်းနေတာလား။ လူသိရှင်ရှား လမ်းစာရိတ် တ၀က်စိုက်မယ် ဘာမယ်ပြောပြီး တကယ်လာဖြစ်တဲ့အချိန်မှ ကပ်စီးနှဲပြီး တွန့်တိုဖို့တော့ မကြံနဲ့။ ဒီမှာ နင့်တူက ကနေဒါကို သွားဖို့ပဲ အမြဲပြောနေတာ။

    ReplyDelete
  10. ကျွန်တော်တို့လို မရောက်ဖူးသူတွေ၊ ဘာမှ မသိသေးတဲ့သူတွေအတွက် ဗဟုသုတ ရပါတယ်... ကျေးဇူးပါ...

    ReplyDelete
  11. အစ်မ အတွေ့အကြုံလေးတွေ ဖတ်သွားပါတယ်.. အိုလံပစ်အခမ်းအနားက ပုံလေးတွေ ကြည့်ရတာ ကျေးဇူးပဲ။

    ReplyDelete
  12. အိုလံပစ် ဖွင့်ပိတ်ပွဲ ဓါတ်ပုံမှတ်တမ်းများ ကောင်းပါသည်၊ ဗဟုသုတ ရပါသည် မငယ်ညီမကို ထပ်ဆင့် ကျေးဇူးတင်ပါသည်။

    ReplyDelete
  13. မငယ်နိုင်ရဲ့  ခရီးရှည် အတွေ့ အကြုံတွေ အများကြီးကို မှတ်မိနိုင်တာ ချီးကျူးစရာပဲ .. ဒိုင်ယာရီ ရေးတတ်တဲ့ အလေ့အကျင့်ရှိမယ်နဲ့တူတယ် ..အမှတ်တရ များ ပြန်လည်ဖေါ်ဆောင်လို့ ရတာပေါ့လေ ။

    ကိကီတို့ ကတော့ ခရီးတွေထွက်ပြီး ပြန်လာတာနဲ့ မေ့ကုန်ရော .. ဓါတ်ပုံသက်သေလောက်ပဲ ကျန်ရစ်တာလေ.. အိုလံပစ်ဆိုလို့  Sydney 2000 တုန်းက တခါပဲရောက်ဖူးပါတယ် ။

    သူတောင်းစားဆိုတာကလည်း တိုးတက်တဲ့နိုင်ငံတွေမှာလည်း ရှိကြတာပဲနော် ..
    အော်ဇီမှာလည်း ဆေးသမားတွေ နေတဲ့ ရပ်ကွက်သပ်သပ်ရှိသေးတယ် ဟုတ် .. လမ်းဘေးမှာ ဆေးမူးပြီး အိပ်နေကြတာတွေ ..လူရှေ့သူရှေ့  ဆေးချ နေကြတာတွေ .. ရဲကလည်း လက်ပိုက်ကြည့်နေတာ မြင်ခဲ့ဖူးတယ် .။ ကြောက်စရာတွေပဲလေ ။

    ချမ်းမြေ့ ပါစေ ..

    ReplyDelete
  14. မငယ်နိုင်ရေ တစ်ခေါက်ပြန်လာကြည့်သွားတယ် ဟီးဟီး ရွှီးလိုက်တာ သားသားကလည်း အော်စီသွားချင်နေတာ သူ့ဘကြီးက လမ်းစရိတ်တ၀က်ခံပေးမယ်ပြောထားလို့လေ ဒီလိုပဲပေါ့ တဦးအပေါ်တဦးမှာ ရစရာတွေရှိနေတာ ဆိုသလိုပေါ့။ အပေါ်မှာသူငယ်ချင်းတစ်ယောက်ကပြောသွားတာ မှတ်တမ်းပုံတွေကောင်းတယ်ဆိုလို့ အချီးကျူးလည်းမစောနဲ့ဦး ကျမကိုယ်တိုင်ရိုက်တာမဟုတ်ဘူး ရာဟူးကနေ ပွဲတော်ကိုစောင့်ကြည့်ရင်း ပေါ်လာပုံတွေကို ကူးယူထားလိုက်တာလေ။ ဘန်ကူးဝါးကသူတောင်းစားလောက် ဘယ်နိုင်ငံကမှမဆိုးဘူးဆိုလို့ စိတ်ဆိုးတယ်နော် ဒီလိုမပြောနဲ့ ဒီကသူတောင်းစားတွေက လမ်းဘေးမှာ လူကအိပ်ပြီး ခွေးကတောင်းပေးတာတောင်ရှိနေတာ ဒီလောက် အဆင့်တန်းမြင့်တာကို ဘာလို့ဆိုးတယ်ပြောရတာလဲ။

    ReplyDelete
  15. မငယ်နိုင်ရေ ဗန်ကူးဗားကို လိုက်လည်ပါတယ်။

    ဆေးစွဲသူတွေ အရက်စွဲနေသူတွေ လိုက်တောင်းတာတွေ ဒီလိုပဲ ရှိတယ်ထင်ပါတယ်။ ရောက်ဖူးခဲ့သမျှ အနောက်ဥရောပမှာတော့ နယ်သာလန်က အဆိုးဆုံး ထင်တယ်။

    ကြုံလို့ ပြောရရင် မအယ်ရောက်စက ကျောင်းဝင်းထဲ ရဲတွေ မြင်လို့ လန့်သွားခဲ့တယ်။ ကျောင်းထဲ ဘာဖြစ်တာလဲလို့ လိုက်လိုက်မေးတာ ကိုယ့်တောင် လူတွေက မသင်္ကာ ဖြစ်ရော။

    မငယ်နိုင် တက်ဆီ စီးတာ မအံသြဘူး။ မအယ်က အမြန်ရထားကိုမ ပထမတန်းကနေ ၀ယ်စီးလို့ မြင်သမျှလူ လက်ဖျားခါ သွားတယ်။ ဗမာပြည်လို ထင်လို့ပါ။

    မအယ်

    ReplyDelete
  16. စိတ်ဝင်စားစွာ ဖတ်သွားပါတယ်ရှင်၊ ဒီလိုပဲ ကျမတို့ မြန်မာလူမျိုး တွေက သနားတတ်တာကိုး၊ စကားမစပ် မငယ် နဲနဲ ဝလာသလိုပဲနော်...:)

    ReplyDelete
  17. ပို့စ်ရှည်ရှည်ကြီးကို စိတ်ဝင်စားစွာ ထပ်ပြီး လာဖတ်သွားသူတွေကို ကျေးဇူးတင်ပါတယ်။

    ကိုလင်းဦးရေ ဗဟုသုတ ရတယ်ဆိုလို့ ၀မ်းသာပါတယ်။

    သိင်္ဂါကျော်နဲ့ sosegado ရေ ဓါတ်ပုံတွေကတော့ ပို့ပေးတဲ့သူရဲ့ ကျေးဇူးပါ။

    ကိကိပြောတာ ဟုတ်ပါတယ်။ အဲဒါ မူးယစ်ဆေးကို တရားဝင်သုံးလို့ရတဲ့ နိုင်ငံတိုင်းပဲ အော်စီတခုတည်း မဟုတ်ပါဘူး။ ဆစ်ဒနီမှာ မြို့ထဲလမ်းတွေမှာတော့ ဆေးသမားတွေ ရှိပေမဲ့ ပေါ်တင်တောင်းတဲ့သူ ဗန်ကူးဝါးလောက် မများဘူး ဗန်ဂူးဝါးမှာက မြို့ထဲလမ်းတွေမှာ ဦးထုပ်ကိုင်ပြီး တောင်းတာ စတိုင်လို ဖြစ်နေတယ်။

    မအယ်ရေ မူယစ်ဆေး တရားဝင် ပေါ်တင်ပေးသုံးတဲ့ နိုင်ငံတိုင်းက မြို့တွေက သိပ်မခြားနားဘူး ထင်တယ်။

    မချစ်ကြည်အေးကတော့ အဲဒီပို့စ်ထဲက ပုံကို ကြည့်ပြီး ၀လာတယ်ဆိုရင် အဲဒီအချိန်တုန်းက ၄၇-၄၈ ကီလို ရှိတယ်။ အခုက ၅၁ ကီလိုရှိတော့ အခု ပိုဝတယ်လို့ ပြောရမယ်။ ဒါပေမဲ့ အဲဒါ သူ့နဂိုအရွယ်အစား မဟုတ်ဘူးနော့် ချမ်းလွန်းလို့ အင်္ကျီဘောင်းဘီတွေ သုံးလေးထပ် ၀တ်ထားတာ ၀တယ်လို့ ထင်သွားပြီ အဟီး..။ ကျွန်မက သားမွေးပြီးနောက်ပိုင်း ၃-၄ နှစ်ပဲ ၀ဖူးတယ်။ အရင်ကဆို ဘယ်သူကမှ ကျွန်မကို ပိန်တယ် ၀တယ်လို့ မပြောဖူးဘူး။ အမြဲတမ်း Healthy Weight မှာရှိတယ်။ ဘယ်လောက်ဝလာတယ် ဆိုတာကို တိုင်းချင်ရင် မင်္ဂလာဆောင်တုန်းက အင်္ကျီကို ပြန်ဝတ်ကြည့်ပြီး တိုင်းကြည့်ပါတယ်။ အခုလည်း မင်္ဂလာဆောင်တုန်းက ၀တ်တဲ့ အင်္ကျီကို ၀တ်လို့ရတုန်းပဲ အကြိုက်ကို Tag ထားသူမို့ အ၀တ်အစားနဲ့ ပတ်သက်ပြီး အရှိန်မကုန်သေးလို့ မချစ်ကြည်အေးကို ပွားလိုက်တာပါ။

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။