မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဗန်ဂူးဝါးမှာ ခဏတာ


“သြစကြေးလျားက ရွှေတံဆိပ်နှစ်ခုရသွားပြီကွ” လို့ ကျွန်မ အမျိုးသားက ၀မ်းသာအားရ လှမ်းအော်လိုက်တဲ့အချိန်မှာ အားကစား ၀ါသနာမပါလို့ Winter Olumpic ကို တခါမှ မကြည့်ဖြစ်ခဲ့တဲ့ ကျွန်မတယောက် နည်းနည်းတော့ စိတ်ဝင်စားပြီး TV ကို ခဏသွားထိုင် ကြည့်ဖြစ်သွားတယ်။ Winter Olumpic ဆိုတဲ့အတိုင်း နှင်းထဲမှာ ကစားရတဲ့ ကစားနည်းသက်သက်ပဲ တွေ့လိုက်ရပြီး ဗန်ကူးဝါး (Vancourver) မြို့ရဲ့ အလှအပတွေကိုလည်း TV ဖန်သားပေါ်မှာ တချက်တချက် တွေ့လိုက်ရတယ်။ ကနေဒါနိုင်ငံ၊ ဗြိတိရှ်ကိုလံဘီယာ ပြည်နယ်မှာ ရှိတဲ့ မြို့တမြို့ ပြည်နယ်မြို့တော်တခုတောင် မဟုတ်ပေမဲ့ ကနေဒါနိုင်ငံမှာ ပြုလုပ်တဲ့ နိုင်ငံတကာအဆင့် အားကစားပွဲတော်တွေ၊ အစည်းအဝေး၊ နှီးနှောဖလှယ်ပွဲ စသည့် အတော်များများကို ဗန်ဂူးဝါးမှာပဲ ကျင်းပလေ့ ရှိတာကို တွေ့ရပါတယ်။ အခုလည်း နှင်းရှိမှ လုပ်လို့ရတဲ့ Winter Olumpic အားကစားပွဲတော်ကို ဗန်ဂူးဝါးထက် များစွာ ပိုအေးတဲ့ တခြားမြို့တွေမှာ ရွေးမလုပ်ပဲ ဗန်ဂူးဝါးကိုမှ ရွေးပြီးလုပ်တော့ နှင်းတွေကို တခြားမြို့က သွားသယ်နေရတယ်လို့ သိရပါတယ်။ ဒီလို ပြည်နယ်မြို့တော် အဆင့်တောင်မရှိတဲ့ မြို့လေးတမြို့ဟာ ကနေဒါနိုင်ငံအတွက် ဒီလောက် အရေးပါတာဟာ သူ့မှာ ထူးခြားတဲ့ဂုဏ်အင်္ဂါတွေ ရှိလို့သာဖြစ်တယ်ဆိုတာ တွေးမိရင်း ကျွန်မ နှစ်ပတ်မျှ သွားရောက်ခဲ့ဖူးတဲ့ ဗန်ကူးဝါးကို ရောက်ခဲ့စဉ်ကာလက ခရီးသွား အတွေ့အကြုံလေးတွေကို ရေးပြီး မှတ်တမ်းတင်ထားဖို့ စိတ်ကူးရသွားပါတယ်။ အပေါ်က ပုံကို ဤနေရာ မှ ကူးယူဖေါ်ပြပါတယ်။




ဗန်ဂူးဝါးမြို့ဆိုတာ ထိုင်းနိုင်ငံက မြို့တွေကလွဲရင် ပြင်ပကမ္ဘာမှာ ကျွန်မပထမဦးဆုံး ရောက်ဖူးတဲ့ မြို့တော်ဖြစ်ပါတယ်။ 1997 နိုဝင်ဘာမှာ ဗန်ဂူးဝါးမြို့မှာ ကျင်းပတဲ့ APEC (Asia Pacific Economic Council) အစည်းအဝေးက NGO Forum မှာ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကို ကိုယ်စားပြုပြီး အမျိုးသမီး အခွင့်အခွင့်အရေး ထိခိုက်မှုတွေကို တင်ဖို့ Alternative Asean Network on Burma (Altsean-Burms) မှာ အလုပ်သင်ဘ၀နှင့် ပထမဦှးဆုံး သွားဖူးတဲ့ ပြည်ပခရီးဖြစ်ပါတယ်။ တောရွာမှာမွေးပြီး ကိုယ်မွေးတဲ့တောထက် ပိုနက်တဲ့ တောကိုခိုခဲ့သူ ကျွန်မအတွက် ဗန်ဂူးဝါးဟာ မြို့အတွေ့အကြုံကို ပထမဦးဆုံး ရယူခဲ့တဲ့ မြို့တော်ဆိုလည်း မမှားပါဘူး။ ဒီမတိုင်ခင် ထိုင်းနိုင်ငံက ဘန်ကောက်၊ ချင်းမိုင်၊ မဲဟောင်ဆောင်မှာ ဗန်ဂူးဝါးမှာထက် ကြာကြာ သွားလာခဲ့ဖူးပေမဲ့ ပုလိပ်ကြောက်လို့ ဒါမှမဟုတ် မသွားလာတတ်သေးလို့ သွားလာတတ်သူတွေနဲ့သာ လိုက်တာ များပြီး မြို့မှာ ပထမဦးဆုံး တယောက်တည်း သွားလာလှုပ်ရှားခဲ့ဖူးတာ ဗန်ဂူးဝါးမှာ ပထမဦးဆုံးပါပဲ။

ဘန်ကောက်က Altsean-Burma ရုံးမှာ အလုပ်သင်အဖြစ် စရောက်လာပြီး မကြာခင်မှာပဲ မြို့အတွေ့အကြုံဆိုလို့ အစိမ်းသက်သက် ဖြစ်နေချိန်၊ ဘန်ကောက်မှာတောင် မိမိဖါသာတယောက်တည်း ဘယ်မှ မသွားတတ်၊ မလာတတ်သေးတဲ့ အချိန်မှာ Altsern-Burma ရဲ့ Coordinator ဖြစ်သူ Debbie Stothard က ရုံးမှာ အလုပ်သင် သုံးယောက် ရှိသည့်အနက် တောကလာတဲ့ နှစ်ယောက်ဖြစ်တဲ့ ကရင်နီမလေးနဲ့ ကျွန်မကို ဒီမိုကရေစီအတွက် နိုင်ငံတကာမှာ လှုပ်ရှားတဲ့ မြို့အတွေ့အကြုံရအောင် သူနဲ့အတူ Conference တက်ဖို့ ဗန်ဂူးဝါးကို ခေါ်လာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ Jakatar မြို့ကနေ အလုပ်သင်လာတဲ့ ကောင်လေးကိုကျတော့ တောတွင်းတွေမှာလည်း ဒီမိုကရေစီအရေးအတွက် ဘယ်လိုလုပ်ရှားနေကြတယ်ဆိုတဲ့ တောအတွေ့အကြုံရအောင် နယ်စပ်မှာ ရှိတဲ့ ABSDF ဗဟိုကို လေ့လာရေးခရီး လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ သူခေါ်လာခဲ့လို့ တောသားမြို့တက်ဘ၀နဲ့ ဗန်ဂူးဝါးမြို့တော်ကြီးကို မယောင်မလည်နဲ့ ကျွန်မရောက်လာခဲ့ပါတယ်။

ဟောင်ကောင် ဆိပ်ကမ်းကို လေယာဉ်ပေါ်မှ ရိုက်ထားပုံ

ဘန်ကောက် လေဆိပ်ကနေ ထိုင်းစံတော်ချိန်နှင့် တနင်္လာနေ့ မနက် ၁၀ နာရီမှာ စထွက်လာတာ ဗန်ဂူးဝါး လေဆိပ်ကိုလည်း ဗြိတိရှ် ကိုလံဘီယာပြည်နယ် စံတော်ချိန်နှင့် တနင်္လာနေ့မနက် ၁၀ နာရီမှာပဲ ရောက်ခဲ့ပါတယ်။ ဘန်ကောက်က စထွက်ပြီး ဟောင်ကောင်မှာ တနာရီနားတဲ့အချိန် အမှတ်တရအဖြစ် ၀ယ်ချင်တာလေးတွေ ၀ယ်လို့ရအောင် ခဏဆင်းကြည့်ပါတယ်။ အဲဒီတုန်းက ဟောင်ကောင်က ဗြိတိသျှလက်အေက်ကနေ တရုတ်လက်အောက်ကို ပြန်လွှဲပြောင်းခါစ ဖြစ်ပြီး ကျွန်မရောက်ဖူးခဲ့တဲ့ ဘန်ကောက်၊ ချင်းမိုင် မဲဟောင်ဆောင် လေဆိပ်တွေမှာ တခါမှ မတွေ့ဖူး မမြင်ဖူးပေမဲ့ လေယာဉ်ထဲက ထွက်လာတဲ့ ခရီးသည်တွေကို စူးစူးရဲရဲ လိုက်ကြည့်နေတဲ့ စစ်ယူနီဖေါင်းဝတ် တရုတ်စစ်သားတွေကို သေနတ်ကြီး တကားကားနဲ့ တွေ့လိုက်ရတော့ စိတ်ထဲမှာ “ဘုရားရေ လေဆိပ်နဲ့ စစ်သားနဲ့ ဘာဆိုင်လို့လဲ ကျက်သရေနည်းလိုက်တာ” လို့ စိတ်ထဲမှာ တွေးမိပြီးမှ အော်ငါတို့နိုင်ငံမှာဆို ဒီထက်ပိုဆိုးမှာပဲလို့ ပြန်ပြီး အကုသိုလ် အတွေးတွေကို နှိမ်နှင်းလိုက်ရတယ်။ ဗန်ဂူးဝါး လေဆိပ်ရောက်တော့ ဗန်ဂူးဝါးမှာ ရောက်နေတဲ့ ကျွန်မညီမ အိမ်မှာ တည်းဖို့ ပြောထားတော့ လေဆိပ်မှာ ညီမအမျိုးသား လာကြိုပါတယ်။

ရောက်တဲ့ နေ့မှာပဲ အစည်းအဝေး စတဲ့နေ့ဖြစ်နေတော့ တည်းခိုတဲ့ ညီမအိမ်ကိုရောက်တာနဲ့ ချက်ချင်း ရေမိုးချိုး စားသောက်ပြီး Down Town လို့ သူတို့ခေါ်တဲ့ အစည်းအဝေးကျင်းပရာ Pacific Bolaba Road ပေါ်မှာရှိတဲ့ Plasa of Nation ကို တနာရီနီးပါး ဘတ်စကားစီးပြီး ရောက်လာခဲ့ပါတယ်။ အဲဒီမှာ ရောက်ရှိကြောင်း စာရင်းပေးပြီးတာနဲ့ အချိန်က ဟိုမရောက် ဒီမရောက် ဖြစ်နေတော့ မီတဲ့ Workshop တချို့ကိုပဲ တပိုင်းတစနဲ့ လိုက်တက်ရတယ်။ ၂၂ နာရီကြာ လေယာဉ်စီးလာပြီး လေယာဏ်ထဲမှာလည်း လုံးဝအိပ်လို့မပျော်၊ ဒီရောက်တော့လည်း မနားရတော့ ကျွန်မမျက်စိက မျက်တွင်းဟောက်ပက်နဲ့ ကြောင်နေပြီး ကြည့်လိုက်တဲ့ နေရာတိုင်းကလည်း လေယာဉ် စီးနေရသလို နှိမ့်လိုက် မြင့်လိုက်နဲ့ ထိုင်နေတဲ့ အဆောက်ဦးကြီးတခုလုံး လှုပ်နေသလို ခံစားရပါတယ်။ အိပ်ငိုက်တာက လွဲပြီး ဘာကိုမှလည်း အာရုံစူးစိုက်မရခဲ့လို့ ကိုယ်ကဘာမှ မဆွေးနွေးနိုင်သလို အစည်းအဝေးမှာ သူများဘာပြောလို့ ပြောသွားမှန်းလည်း မသိခဲ့ဘူး။ ညဘက် အိပ်ပြန်ရောက်တော့ မျက်လုံးကြောင်ပြီး မအိပ်နိုင်ပြန်ဘူး။

နောက်နေ့ကျတော့ International Women Fourm ရှိတဲ့ Plaza of Nation ကို ပြန်ရေက်လာတယ်။ Plaza of Naition အဆောက်ဦးနဲ့ ကပ်လျက် ရင်ပြင်ထဲမှာ အမျိုးသမီး Forum လုပ်တဲ့နေရာကို ကျွန်မကြည့်လိုက်တော့ မှန်ခေါင်မိုးတွေနဲ့ မိုးထားတဲ့ရင်ပြင်တခုလုံး အပြည့် အရွယ်စုံ၊ အရာင်စုံ ပုံစံမျိုးစုံ ၀တ်စားဆင်ယင်မှုမျိုးစုံနဲ့ ဒီလောက်များတဲ့ အမျိုးသမီးထုကြီးကို တွေ့ဖူးတာ ကျွန်မဘ၀မှာ ဒီတခါ ပထမဦးဆုံးပဲ ဖြစ်တယ်။ ညဘက်မှာ အိပ်မရဘဲ မျက်လုံးကြောင် နေ့ဘက်မှာ အိပ်ငိုက်ဆဲပဲမို့ ကျွန်မ ဘာမှ တက်တက်ကြွကြွ စိတ်ဝင်စားလို့မရ ဖြစ်ခဲ့တယ်။ အမျိုးသမီး Fourm နားချိန်မှာတော့ ကျွန်မတို့ရဲ့ ထိုင်းကပါလာတဲ့ ဖြန့်ဝေစရာ စာအုပ်၊ စာရွက်စာတမ်း၊ ပစ္စည်း နေရာချထားတဲ့ စားပွဲခုံရှိရာ နေရာကို ရောက်တော့ Debbie က ASA (Asia Student Assiociation) က ဥက္ကဌ ဖိလစ်ပိုင် ကျောင်းသား နော်မန် ဆိုသူနဲ့ မိတ်ဆက်ပေးပါတယ်။ “ ရောက်တဲ့နေ့က နင့်အကြောင်းသူ့ကို ပြောပြထားပြီးကတည်းက သူနင့်ကို တွေ့ချင်နေတာ” လို့ Debbie က ကျွန်မကို ပြောပြပြီးတာနဲ့ ကျွန်မကို အနှစ်နှစ်အလလက သူနဲ့သိနေတဲ့ သူ့မိတ်ဆွေတဦးကို တွေ့ရသလို ၀မ်းသာအားရနဲ့ ABSDF အဖွဲ့ဝင်တယောက် Debbie နဲ့ ပါလာတယ် ဆိုတာ ကြားကတည်းက ငါနင့်ကို လိုက်ရှာနေတာ ကြာပြီ"ဆိုပြီး” ကျွန်မကို အတင်းပဲ ဖက်ယမ်းနှုတ်ဆက်ဖို့ လုပ်နေလို့ ကျွန်မက လက်ပဲ ကမ်းပေးပြီး နှုတ်ဆက်လိုက်ရတယ်။ ကျွန်မက တွေ့ရတာ ၀မ်းသာတဲ့အကြောင်း တခွန်းပဲ ပြောပြီး ဘာမှ ဆက်မပြောရသေးခင် သူက နှုတ်ဆက်ပြီးတာနဲ့ ရေပက်မ၀င်အောင် ပြောလိုက်တဲ့စကားကြောင့် ကြားမှာ ကျွန်မ ၀င်ပြောဖို့ အချိန်မရလိုက်ဘူး။ အမျိုးသားတဦး ဒီလောက်စကားများတာလည်း ဒီတခါ ပထမဦးဆုံး တွေဖူးသွားတယ်။

သူပြောတဲ့စကားတွေထဲမှာ အာဆာ (ASA) မှာ အဖွဲ့ဝင်အဖွဲ့အစည်းကိုယ်စားလှယ်တွေ အားလုံးပြည့်ဖို့ ABSDF တခုပဲ လိုနေတဲ့အချိန်မှာ အခုတော့ ကျွန်မနဲ့ဆို ပြည့်သွားပြီဆိုတာနဲ့ စပြီး ဒီဗန်ဂူးဝါးက လှုပ်ရှားမှုကြီးမှာ အာဆာက ဦးဆောင်ပြီး Organise လုပ်ထားတဲ့ အစီစဉ်တွေအကြောင်း၊ ဗြိတိရှ် ကိုလံဘီယာ တက္ကသိုလ်က ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး ဆန္ဒပြဖို့ အာရှကလာတဲ့ ကျောင်းသားတွေသာမက လက်တင်အမေရိကက လာတဲ့ကျောင်းသားတွေကိုပါ သူလိုက်စုထားပြီဆိုတဲ့အကြောင်း၊ အာဆာက လုပ်မဲ့ Workshop အသေးတွေအပြင် No to Apec Conference ကြီးကို အာဆာက စပယ်ရှယ် ကိုယ်စားလှယ် လေးယောက်သွားတက်ဖို့ ရှိပြီး ကျွန်မကိုလည်း အဲဒီလေးယောက်ထဲက တယောက် နေရာမှာ Resource Person အဖြစ် လျာထားကြောင်း၊ အာဆာ အစည်းအဝေးကိုလည်း ဒီမှာ တခါတည်းလုပ်ဖို့ ရှိတယ်ဆိုတာတွေ ပြောပြီး အတင်းပဲ ကျွန်မကို ဘယ်အစည်းအဝေးမှာ Resoure Person လုပ်ပါ ကြိုက်တဲ့ အာဂျင်တာကိုတင်ပါ ဆိုပြီး အချိန်ဇယားမှာ ရေးမှတ်နေလို့ ABSDF တာဝန်နဲ့ ရောက်နေတာ မဟုတ်တဲ့ ကျွန်မအတွက် ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေခဲ့တယ်။ နောက်တော့ "ခဏနေဦး ကျွန်မနာမည် မရေးမှတ်နှင့်ဦး ရှင်ပြောတာ ကျွန်မ စိတ်တော့ဝင်စားတယ် ဒါပေမဲ့ အစည်းအဝေးတက်ဖြစ်ဖို့ မသေချာဘူး.. ဘာဖြစ်လို့ဆိုတော့ ကျွန်မက ABSDF နိုင်ငံခြားရေးဌာန အဖွဲ့ဝင် တယောက်မဟုတ်သလို ဒီကိုလာတာလည်း ABSDF တာဝန်နဲ့ လာတာမဟုတ်တဲ့အတွက် ABSDF နိုင်ငံခြားရေးတာဝန်ခံနဲ့ မေးကြည့်လိုက်ဦးမယ် တက်လို့ရတယ်ဆိုရင်တောင်မှ တင်မဲ့အချက်အလက်တွေ စုဆောင်းရဦးမယ်" လို့ ပြောပြတော့ သူက “မရမရှိစေရဘူး ABSDF အဖွဲ့ဝင်တယောက်လုံး ဒီကိုရောက်နေပြီးမှ ဒီအခွင့်အရေးကို လက်လွှတ်ခံဖို့ မစဉ်းစားပါနဲ့၊ အမျိုးသမီး Forum နဲ့ အချိန်ကိုက်နေရင် Debbie နဲ့ ညှိလို့ရတယ် နင့်နာမည်ကို ထည့်ထားလိုက်ပြီ၊ ငါမနက်ဖန် အစောကြီး ဒီကို တခေါက်ပြန်လာမယ်” ဆိုပြီး နှုတ်ဆက်ပြီး ပြန်သွားလိုက်တယ်။

ကျွန်မလည်း Debbie နဲ့ တိုင်ပင်တော့ Debbie က ၀မ်းသာအားရပဲ ကျွန်မအတွက် အတွေ့အကြုံတခုတိုးတဲ့ အခွင့်အရေးပဲ ဆိုပြီး အားပေးတယ်။ ညကျတော့ အဲဒီတုန်းက ဘန်ကောက်က ABSDF ရုံးမှာ ထိုင်နေတဲ့ နိုင်ငံခြားရေးတာဝန်ခံ ကိုအောင်နိုင်ဦးကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ရှင်းပြတော့ ကိုအောင်နိုင်ဦးကလည်း လက်ခံပြီး အချက်အလက်တချို့ကို ပို့ပေးပါတယ်။ အမျိုးသမီး Forum အတွက်လာတာ အမျိုးသမီး Forum အတွက် အလုပ်မရှုပ်ဘဲနဲ့ ABSDF အတွက် လာပြီး အလုပ်ရှုပ်နေတယ်။ ဗန်ဂူးဝါးဟာ ကမ္ဘာမှာ တတိယအလှဆုံးမြို့လို့ ကျွန်မညီမလင်မယား တချိန်လုံးကြွားနေတဲ့ မြို့အလှကိုလည်း ဘာမှမခံစားနိုင်သေးဘူး၊ အခုထိ နေ့ဘက်အိပ်ငိုက် ညဘက်မျက်စိကြောင်နေတာကို ခံစားနေရဆဲ၊ ဒီည အိပ်မပျော်ရင် နောက်နေ့လည်း လန်းဆန်းမှာ မဟုတ်ပဲ အိပ်ငိုက်နေဦးမှာ သေချာတယ်ဆိုပြီး ဒီညကိုတော့ အိပ်ယာ စောစောဝင်ပြီး အိပ်ပျော်အောင် အိပ်မှ ဖြစ်မယ်လို့ တွေးနေခဲ့တယ်။

(ဗန်ဂူးဝါးရောက် အတွေ့အကြုံများကို ရေးထားသည့် အဆက်ကို ဤနေရာမှာ ဖတ်နိုင်ပါတယ်)



16 comments:

လောလောဆယ် သားအဖြစ်နဲ့တူနေပြီ။ နေ့ဘက်အိပ်ငိုက်၊ ညဘက် မျက်စိကြောင် :)))
post လိုက်ဖတ်ရတာ မောတွားဘီ.. အအေးတိုက် :P

လေယာဉ် ခရီးရှည်စီးရတာ တော်တော်လေး ပင်ပန်းမှာပဲ၊ ကျမတို့ ရွာပြန်ရင်တောင် ၃နာရီိကျော်ကို ပျင်းလှပြီ...မငယ် အတွေ့အကြုံလေး ဖတ်သွားပါတယ် နောက်တပိုင်းက ပိုစိတ်ဝင်စားဖို့ ကောင်းမယ်ထင်ပါရဲ့ ခုက မငယ် အိပ်ငိုက်နေတုန်း ဆိုတော့လေ... :))

ကိုယ်မရောက်ဘူးတဲ့ အရပ်ဒေသတွေဖြစ်လို့ စောင့်ပြီး ဖတ်နေပါတယ်။ ဒေသန္တရဗဟုသုတလေးတွေပါအောင် ထည့်ရေးပေးပါ မငယ်နိုင်။

San Francisco was voted second most beautify city recently. I forgot which city was first. I suspect it was Paris.

ct

What a bad guy? They are just rubbish. Please continue on the right way.
Your Brother

ဗန်ကူးဗါး အိုလံပစ် ပွဲ တွေ ကို အိမ်မှာ အကြည့်ဆုံး က တော့ ကျမ သမီး ဘဲ ... သူ ကြည့်ရင်း နဲ့ မှ ကိုယ် ပါ လိုက် ကြည့်ဖြစ်သွားတယ် ... ညီမ ရေး တဲ့ ပို့စ် ကို ပါ အခုလို ထပ်ဖတ်လိုက် ရ ပြန်တော့ ဗန်ကူးဗါး မြို့ လေး အကြောင်း ပို ပြီး စိတ်ဝင်စားမိသွားတယ် .. နောက် အပိုင်း ကျရင်တော့ ပိုစိတ်ဝင်စားစရာ ကောင်းမှာနော်..
ခုလို ကိုယ်တွေ့ လေး တွေ ကိုဖတ်ရတာ တို့တော့ စိတ်
ဝင်တစား ပို ရှိ လှ တယ် ... ကျေးဇူး ပါ ညီ မလေး ...

mie nge

မရောက်ဘူးလို့ သုတတွေရပါတယ်

ကိုယ့်ကို ခင်လို့ မေတ္တာနဲ့ ကွန်မန့်လာရေးသူတွေနဲ့ ကိုယ့်ကို အပမာန စီဘောက်စ်မှာ လာရေးတဲ့သူတွေကို ကိုယ်က ဥပေက္ခာစိတ်နဲ့ ညီမျှစွာကြည့်နေနိုင်မယ်ဆိုရင်.. သင်ဟာ အာဂဘလော့ဂါပင်...

လာဖတ်ပြီး မှတ်ချက်ပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒုတိယပိုင်းကို ချက်ချင်း တင်ဖို့ရည်ရွယ်ခဲ့ပေမဲ့ ကျောင်းပြန်ဖွင့်တဲ့ နေ့တဲ့ တိုက်ဆိုင်နေတော့ စာရိုက်ဖို့ အချိန်မရလိုက်လို့ ချက်ချင်း မတင်ဖြစ်ခဲ့ဘူ။

C-Box မှာ လာရေးသွားတာတွေနဲ့ ပတ်သက်ပြီး ရည်ညွှန်းပြောသွားတဲ့ ကိုသက်ဦးနဲ့ K တို့ရဲ့ သဘောထားတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်မအနေနဲ့ ကျွန်မကိုလာရေးတာ ဘာမှ မခံစားရလို့ ကျွန်မအတွက် ဘာမှ မထိခိုက်သွားပေမဲ့ လာလည်သူတွေကို သိပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သလို လာရေးသူကိုယ်တိုင်လည်း သိပ်ပြီး အကုသိုလ်များစေပါတယ်။

ကျွန်မကို ဒေါသဖြစ်စေချင်လို့ လာရေးတာ ဖြစ်နိုင်ပေမဲ့ ကျွန်မ ဒေါသမထွက်တော့ သူတို့ရဲ့ ရည်ရွယ်ချက် မအောင်မြင်ပါဘူး။ အတွေးအခေါ်အယူအဆ မတူလို့ လာရေးတာမျိုးက အကြောင်းမဟုတ်ပေမဲ့ ယုတ်ရိုင်းကြမ်းတမ်းစွာနဲ့ ဖိုမကိစ္စ၊ ညစ်ညမ်းတဲ့ စကားလုံးတွေနဲ့ သားပြောမယားပြော လာရေးတာ ညစ်ညမ်းတဲ့ ပုံတွေလာတင်တာကိုတော့ ကိုသက်ဦးပြောသလို ဥက္ခာပြုထားလို့ မဖြစ်နိုင်ဘူး။ ကျွန်မဘလော့ဂ်ကို ရဟန်းသံဃာတွေ မိန်းကလေးတွေလည်း လာကြလို့ သိပ်ပြီး အားနာဖို့ ကောင်းပါတယ်။ ကျွန်မ ဒေါသထွက်ရင် သူတို့ခင်းပေးတဲ့ လမ်းကို ကျွန်မလျှောက်ရာ သူတို့အကုသိုလ်ကို ကျွန်မ မျှဝေယူရာကျသွားမှာမို့ ကျွန်မဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ စာလာဖတ်သူ အားလုံးအတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တာကိုတော့ ကျွန်မ ဥပက္ခာ ပြုလို့ ရဦးမှာမဟုတ်သေးဘူး။

အစ်မငယ်နိုင်
စာကြွေးတွေအားလုံးဖတ်သွားပါတယ်

အမရေ ဗင်ကူဗားမြို့ အကြောင်း စိတ်ဝင်စားပါတယ်
စောင့်နေမယ်နော်

အစ်မရေ..
ဒီပို့စ်ဆက်ရန်ကို စိတ်ဝင်စားပါတယ်။

"မသွားတတ်၊ မလာတတ်"လို့ မပြောပဲ မငယ်နိုင်လို "သွားမတတ်၊ လာမတတ် " လို့ပြောကြတာ ဘားအံမှာ ကြားဖူးတယ်။ :P

ဒီပို့စ်ရဲ့ အဆက်ကို စောင့်နေတဲ့ သူတွေအတွက် မနက်ဖန်မှ တင်ပေးမယ်နော့်။ C-Box မှာ လာအစော်ကားခံရတာနဲ့ ပတ်သက်ပြီးအလုပ်များသွားလို့ တင်ဖို့ ရက်ရွှေ့လိုက်ရလို့ နောက်ကျသွားတာ တောင်းပန်ပါတယ်။

SDL ရေ ပြင်လိုက်ပါပြီ။ အစ်မတို့ နယ်ဘက်မှာ ဒီစကားလုံးနှစ်ခုကို ဒီလိုပဲ ကြိုက်သလို သန်သလို ပြောကြတယ်။ တကယ် ပြန်စဉ်းစားကြည့်တော့ အဓိပ္ပါယ်က ကွာတယ်နော့်။

မြို့လေးက အရမ်းလှတယ်နော်။ တီဗွီ သတင်းမှာ ကြည့်လိုက်ရတယ် အမရဲ့။ မလေး(အိမ့်ချမ်းမြေ့) ရေးကတည်းက စိတ်ဝင်စားပြီး ကြည့်မိတယ်။ အခုဆို ပိုပြီး စိတ်ဝင်စားသွားတယ် အမ။
ကျေးဇူးနော်။

ခင်မင်လေးစားလျှက်

ဘုရားလဲဖူးရင်း လိပ်ဥလည်းတူးရင်းပေါ့ .. အမျိုးသမီး အတွက်လာရင်း မိခင် အဖွဲ့အစည်းအတွက် ပြောခွင့်ရ လိုက်တာ အရမ်းကောင်းတာပေါ့ဗျာ ..

ဗြိတိန် ကိုလန်ဘီယာက ကနေဒါ
မှာ အကျယ်ဆုံး province
ဖြစ်တယ်။ အမှန်တကယ်ပြောရ ရင် ကနေဒါ
summer views အရမ်းလှတယ်။ မငယ် အ
ခုလို Vancouver city အ
ကြောင်းပါရေးဖွဲ့ပြတော့ ကနေဒါကိုပိုစိတ်ဝင်စားသွား
ပြီး ကျေးဇူးပါပဲနော်မငယ်။