တောင်တန်းပြာက ဆစ်ဒနီမြို့ထဲကနေ အနောက်မြောက်ဘက် ကီလိုမီတာ ၈၀ ခန့်အကွာမှာကားနဲ့ သွားပါက တနာရီခွဲခန့် မောင်းရတဲ့ Katoomba မှာ ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ် ကျွန်မတို့ နေတဲ့ ဆစ်ဒနီအနောက်ခြမ်းက City လို့ ခေါ်တဲ့ မြို့ထဲနဲ့ Blue Mountain ကြားမှာ ရှိတော့ ၅၁ မိနှစ်ပဲ မောင်းရပါတယ်။ ကျွန်မ Blue Mountains ကို နှစ်ခေါက်သွားလည်ဖူးပြီး ပထမဦးဆုံးခေါက်ကို သားနှင့် သူ့သူငယ်ချင်းရဲ့ အလည်သွားချင်တဲ့ ဆန္ဒအရသာ သူတို့ကို လိုက်ပို့ရင်း ရောက်ဖူးခဲ့တာ ဖြစ်ပေမဲ့ ဒုတိယအခေါက်ကတော့ ကျွန်မကိုယ်တိုင် လိုလိုလားလားနဲ့ သွားချင်ခဲ့လို့ ရောက်ဖူးခဲ့ပါတယ်။ Blue Mountains ကို ပထမအခေါက် စရောက်ဖူးပြီးတာနဲ့ ဒေသခံ ဌာနေတိုင်းရင်းသားတွေရဲ့ ပါးစပ်ပြော ရာဇ၀င်ဖြစ်တဲ့ ညီနှမသုံးဖေါ်နှင့် မှော်ဆရာ အကြာင်းကိုပါ သိခဲ့ရ ပြီးတော့ သဘာဝတောကို လွန်ဆန်ပြီး တောင်အတက်အဆင်းအတွက် စနစ်တကျ စီမံထားတာတွေကိုပါ တွေ့ရတော့ တကယ်ကို စိတ်ဝင်စားသွားပြီး နောက်တခေါက် ထပ်သွားဖြစ်အောင် တွန်းပို့ခဲ့ပါတယ်။
အဲဒီနေ့က ကျွန်မတို့ မနက် ၉ နာရီခန့်မှာ ဆစ်ဒနီက စထွက်ပါတယ်။ ဆစ်ဒနီမြို့ပြင်ကိုရောက်တာနဲ့ ကားအသွားအလာ သိသိသာသာ ကျဲသွားတာကို တွေ့ရပြီး လမ်းတလျှောက် ဘေးတဘက်တချက်မှာ ခြုံပုတ်တွေ စိုက်ခင်းတွေကို တလှည့်စီတွေ့ရတော့ မြင်ရတဲ့ ရှုခင်းက ဆစ်ဒနီမြို့ထဲမှာ ကားစီးရင် တွေ့ရတဲ့ ရှုခင်းနဲ့တော့ ဘာမှမဆိုင် မြို့ပြရဲ့ မွန်းကြပ်မှုမှ ခဏတာ မေ့ထားနိုင်ခဲ့ပါတယ်။ တနာရီနီးပါး ကားမောင်းပြီးတာနဲ့ Katoomba ကို ရောက်ခါနီး ဆိုင်းဘုတ်ကို တွေ့ရပါတယ်။ ခပ်လှမ်းလှမ်းမှာတော့ ကုန်းမြင့်မြင့်ကို ရေးရေးလေး တချက်တချက် တွေ့ရရပေမဲ့ တောင်တန်းပြာလို့ ခေါ်ရလောက်အောင် တောင်ကုန်းတွေက ပြာနေတာ မတွေ့ရဘဲ ရာသီဥတု သာယာလို့ ကောင်းကင်ကပဲ ပြာနေတာကို တွေ့ရပါတယ်။
Katoomba ကိုရောက်ပြီးတာနဲ့ မြို့ပြင်ကို မိနှစ်အနည်းငယ် (၅-၁၀ မိနှစ်ခန့်) ဆက်မောင်းမှ ညီနှမ သုံးဖေါ် (Three sisters) ကျောက်ဆောင်ကို အနီးကပ်ဆုံး တွေ့နိုင်တဲ့ နေရာ ဖြစ်သလို တောင်ခြေ ရှုမျှော်ခင်း တခုလုံးကို တွေ့နိုင်တဲ့ သျှိုဘက်ကို ငေါထွက်နေတဲ့ တောင်ထွတ်အငူကို အကာအရံတွေနဲ့ ခတ်ထားတဲ့ Echo Point ကို စရောက်တယ်။ အဲဒီနေရာကို ရောက်တာနဲ့ ကျွန်မ စိတ်ထဲမှာ ကျွန်မတို့ဟာ နယူးဆောက်ဝေးပြည်နယ်ရဲ့ အမြင့်ဆုံးနေရာမှာ ခြေချမိလျှက် ဖြစ်နေတာကို သတိထားမိပြီး ပီတိဖြစ်ရပါတယ်။
ဆွဲရိုက်ထားတဲ့ မြင်ကွင်း
Echo Point မှာ ခဏတာ ဓါတ်ပုံရိုက်ပြီးတာနဲ့ အနီးနားရှိ လက်ဆောင်ပစ္စည်းရောင်းဆိုင်ကို တချက်ဝင်ကြည့်ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ထွေထွေထူးထူးတော့ ဘာမှမတွေ့၊ ဌာနေတိုင်းရင်းသားတို့ရဲ့ လက်လုပ်ပစ္စည်းတွေနဲ့ Blue Mountains, Australia လို့ ရေးထားတဲ့ အ၀တ်အစား အသုံးအဆောင်တွေကိုပဲ တွေ့ရပါတယ်။ Echo Points ကနေပြီး ညီအစ်သုံးဖေါ်နဲ့ မှော်ဆရာ ရုပ်ထု ရှိရာ Cable တွေ ရထားတွေ စီးပြီး အောက်ဆင်းလို့ရတဲ့ Scenic World ကို သွားတဲ့ ဘတ်စ်လည်း မကြာခဏ ရောက်လာတာ တွေ့ရပါတယ်။ ကိုယ့်ကားနဲ့လာသူတွေအတွက်တော့ အခပေးပြီး ရပ်လို့ရတဲ့ နေရာ ရှိပါတယ်။ တောင်အောက်ကို မဆင်းသူတွေက Three Sisters ကျောက်ဆောင်ကို Echo Point ကနေ ၁၅ မိနှစ်ခန့် လမ်းလျှောက်သွားပြီး ပထမ စစ္စတာအောက်ခြေ ဖြစ်တဲ့ ကျောက်ဂူအောက်မှာ အမှတ်တရဓါတ်ပုံ သွားရိုက်ပြီး Scenic World ကို ဘတ်စီးစရာ မလိုဘဲ ကိုယ့်ကားနဲ့ကိုယ်ပဲ သွားကြပါတယ်။
အမျိုးသားက ကျွန်မတို့ထက် ပိုရောက်ဖူးသူမို့ Three Sisters ကျောက်ဆောင်ကို မလိုက်တော့ဘဲ Echo Point မှာ ရပ်ထားတဲ့ ကားပေါ်မှာ အိပ်စောင့်ကျန်ခဲ့ပြီး ကျွန်မတို့ ကျောက်ဆောင်ကနေ ပြန်လာမှ Sinic World ကို သွားဘို့ စောင့်ကျန်ခဲ့တယ်။ ကျွန်မနဲ့ ကလေးသုံးယောက်က Echo Point ကနေ ညီနှမသုံးဖေါ် ကျောက်ဆောင် ရှိရာနေရာကို ၁၅ မိနှစ်ခန့် လမ်းလျှောက်ပြီး ညီနှမသုံးဖေါ်ရဲ့ ပထမ Sister ကျောက်ဆောင်ကို ရောက်လာပါတယ်။
လမ်းဘေးတနေရာမှာ ကလေးတွေ ကုန်းပေါ်တွယ်တက်ကစားနေစဉ်
ပထမ Sisters ကနေ တောင်အောက်ကိုဆင်းရန် ကျောက်ကမ်းပါးတွေကို တွယ်တက်တွယ်ဆင်း လုပ်လို့ရတဲ့ သံစကာနှင့် စနစ်တကျ ငြမ်းဆင်ထားပေးတာကို တွေ့ရပါတယ်။ အဲဒီ ငြမ်းတွေသာ မရှိပါက ဒီနေရာကနေ တောင်တက်တောင်ဆင်း လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အရင်တခါလာတုန်းကတော့ ပထမ Sister ကနေ ပြန်လှည့်ပြီး Echo Point ကနေ Scenic World ကို ကားနဲ့ ပြန်ခဲ့ပေမဲ့ ဒီတခါတော့ ကလေးတွေက အောက်ဘက်ကို နည်းနည်းဆင်းကြည့်ချင်တယ်ဆိုလို့ ဆင်းကြည့်ဖြစ်သွားပါတယ်။ ကျွန်မတို့လို အဆင်းသမားတွေ ရှိသလို Scenic World နဲ့ တခြားနေရာတွေကနေ တောင်အောက်ကို ရထားတွေ Cable တွေနဲ့ ဆင်းပြီး တောင်ခြေကနေ လမ်းလျှောက်လာပြီး three sister ကို တက်လာသူတွေကိုလည်း တွေ့ရပါတယ်။
ဒီလောက် မတ်စောက်လှတဲ့ ကျောက်ကမ်းပါး နံရံကြီးပေါ်မှာ လူအတက်အဆင်း လုပ်လို့ရအောင် ငြမ်းတွေ ဆင်ထားနိုင်တာကို တအံ့တသြ တွေ့ရပြီး ဘယ်အထိ လုပ်ထားလဲဆိုတာကို ဆင်းရင်းကြည့်ရင်းနဲ့ အောက်ဘက်ကို ကျွန်မတို့ တော်တော်လေး ရောက်လာခဲ့ပါတယ်။ တထောက်နားလို့ရတဲ့ နေရာတွေမှာ နားစရာ ထိုင်ခုံလေးတွေ လုပ်ထားပေးတာကိုလည်း တွေ့ရလို့ တောင်အောက်ကနေ တက်လာသူတွေနည်းတူ ထိုင်နားဖြစ်ပါတယ်။
ဆင်းရင်း နားရင်းနဲ့ ပြန်တက်ဖို့ ခေါ်လို့မရဘဲ ကလေးသုံးယောက်က စူးစမ်းလိုဇောနဲ့ ဆင်းလာခဲ့ပြီးမှ အောက်ကတက်လာသူတွေကို အခုရောက်နေတဲ့ နေရာနဲ့ တောင်ခြေနဲ့ ဘယ်လောက်ဝေးလဲ မေးကြည့်တော့ အဆင်းဆိုရင်တော့ သိပ်မဆင်းရတော့ဘူး ပြောတော့ ကလေးသုံးယောက်ကို အပေါ်တက်ဖို့ ဘယ်လိုမှ ပြန်ခေါ်လို့ မရတော့ဘဲ တောင်ခြေအရောက်ဆက်ဆင်းဖို့ပဲ ပူဆာနကြတယ်။ တက်လာတဲ့သူ အားလုံးကလည်း အောက်မှာ တော်တော်လေး သာယာတဲ့အကြောင်းနဲ့ ပြန်တက်မည့်အစား တောင်ခြေရောက်တဲ့အထိ ဆက်ဆင်းပြီးတော့ တနာရီနီးပါး မြေပြန့်မှာ လမ်းဆက်လျှောက်သွားပြီး Scenic World (သို့) တနေရာကိုရောက်ရင် အဲဒီမှာရှိတဲ့ တောင်ပေါ်တက်တဲ့ Cable (သို့) ရထားနဲ့ ပြန်တက်ဖို့ကိုပဲ အကြံပြုကြပါတယ်။
ကလေးသုံးယောက်ကို ကြည့်လိုက်တော့လည်း အဆင်းမှာတောင် တွယ်ဆင်းရတာ ပင်ပမ်းလို့ မကြာခဏ နားနေရရင် ပြန်တက်တော့ တော်တော်နဲ့ ပြန်ရောက်မှာ မဟုတ်ဘူးဆိုတာ ခန့်မှန်းမိတယ်။ ဒီလိုနဲ့ပဲ အစားအသောက်မပါ ဘာမပါနဲ့ အစီစဉ်မရှိဘဲ တောင်အောက်အထိ ဆက်ဆင်းဖို့ အကြောင်း ဖန်လာပါတယ်။ အစားအစာ မပါပေမဲ့ ရေတပုလင်း ပါလာလို့ တော်ပါသေးရဲ့။ Echo Point မှာ ရပ်ထားတဲ့ ကားထဲမှာ အိပ်ပြီး ကျွန်မတို့ ပြန်အလာကို စောင့်နေတဲ့ ကလေးအဖေကို ကျွန်မတို့ကို မစောင့်တော့ဘဲ Scenic World မှာပဲ သွားစောင့်ဖို့ ဖုန်းဆက်အကြောင်းကြားပြီး တောင်အောက်ဆက်ဆင်း ဖြစ်ပါတယ်။
တောင်ခြေမြေကို ချေချမိတာနဲ့ တွယ်ဆင်းစရာ အကြောင်းမရှိတော့ဘူး မြေပြန့်မှာပဲ လျှောက်ရတေ့မယ် ဆိုတဲ့ အသိနဲ့ ကလေးသုံးယောက်က အောင်ပွဲခံနဲ့ လက္ခဏာနဲ့ ပျော်နေကြပါတယ်။ ဆင်းတဲ့သူတွေ တောင်ခြေရောက်တာတာင် ဒီလောက်ပျော်နေရင် တက်လာတဲ့သူတွေ Three Sisters ကျောက်ဆောင်အောက်က အမှတ်တရ ဓါတ်ပုံ ရိုက်တဲ့နေရာကို ရောက်ရင် ဘယ်လောက်ပျော်ကြမလဲဆိုတာကို ခန့်မှန်းလို့ ရနိုင်ပါတယ်။ တောင်အောက်ရောက်တာနဲ့ ဆက်သွားမည့်နေရာကို လမ်းညွန်ထားတာကို တွေ့ရပါတယ်။ မြေပြန့်အတိုင်း ဆက်လျှောက်တော့ တကယ်ကိုတောရိုင်း သစ်ပင်ခြံနွယ်ပိတ်ပေါင်းတွေကို လမ်းဘေးတဘက်တချက်မှာ တွေ့ရတာ ကလေးသုံးယောက်အတွက်တော့ ကျောင်းသင်ခန်းစာမှာ သင်ရတဲ့ Rain Forest ဆိုတာကို လက်တွေ့ ထိတွေ့ခံစားလိုက်ရလို့ ပီတိတွေ ဖြစ်နေခဲ့ပါတယ်။ ငှက်ကျေးမြည်တွန်သံ တချက်ချက် ကြားရပေမဲ့ မြန်မာပြည်က တောတောင်တွေမှာ တခါတလေ ကြားရတတ်တဲ့ ဂျီဟောင်သံ ကျားဟိန်းသံကိုမကြားရသလို ရွှေစက်တော်သွား တောလားမှာလို ဒေါင်းတွေရဲ့ အိုးဝေ အိုးဝေသံ၊ မျောက်တွေရဲ့ ကျိုးခွေ ကျိုးခွေ သံနဲ့ ငှက်မျိုးစုံရဲ့ သံစုံတေးသံတွေကိုတော့ မကြားရပါဘူး။ သို့သော်လည်း လမ်းတလျှောက် ဍရင်ကောက်ပင်တွေ ချုံနွယ်ပိတ်ပေါင်းတွေကို ပြန်တွေ့ရ၊ တောင်ကြားရှိ စိမ့်စမ်းရေတွေနဲ့ စမ်းရေကျသံကို တခါပြန်ကြားရတော့ ကျွန်မကိုယ်တိုင်လည်း အရင်က ကျင်လည်ကျက်စားခဲ့ရာ တောတွင်းကို အလည်တခေါက် ပြန်ရောက်သွားသလို တကယ်ပဲ ခံစားလိုက်ရပါတယ်။
Scenic World ကို တောင်အာက်မှ တက်လာသူတွေအတွက် အ၀င် တောင်အောက်ဆင်းသူတွေအတွက် အထွက် လက်ဆောင်ပစ္စည်း ရောင်းဆိုင်
တကယ်တော့ တောင်ပြာတန်းက သဘာဝပတ်ဝန်းကျင် ရှုခင်းနှင့် တောတောင်ရေမြေ သျှိုမြောင်စိမ့်စမ်း တခုတည်း စိတ်ဝင်စားစရာ ကောင်းတာ မဟုတ်ဘဲ သြစကြေးလျှဌာနေတိုင်းရင်းသားတို့ အမှန်တကယ် ယုံကြည်နေကြတဲ့ ဒဏ္ဍာရီဆန်ဆန် ပါးစပ်ပြော ရာဇ၀င်ကလည်း တကယ်ပဲ စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။ ဒီရာဇ၀င်က ဌာနေတိုင်းရင်းသားတွေရဲ့ အထွတ်အမြတ် ထားတဲ့ ရာဇ၀င်ဖြစ်လို့ ဌာနေတိုင်းရင်းသားတို့ကို အပြန်အလှန် လေးစားတဲ့အနေနှင့် Scenic World ကို ရောက်တဲ့အချိန်မှာ ပထဦးစွာ ညီနှမသုံးဖေါ်
နှင့် မှော်ဆရာတို့ရဲ့ ကိုယ်တုံးလုံး ကျောက်ရုပ်တွေ ရှိပြီး အဲဒီပုံတွကို ကြည့်ပြီး ပြက်ရယ်မပြုဖို့ ကြိုတင်သတိပေး စာကို နံရံမှာ ရေးထားတာ တွေ့ရပါတယ်။
အရင်တခါသွားတုန်းက အောက်ထိ ရောက်ပေမဲ့ ဒီတခါတော့ အလည်လောက်အထိပဲ ဆင်းပြီး ပြန်တက်လာလိုက်ပါတယ်။ ရေတံခွန်မှ ပြန်တော့ ကလေးတွေကို Katoomba Park မှာခဏပေးကစားပါတယ်။ ကျောင်းမှာ ဓါတ်ပုံရိုက်သင်တန်း တက်ထားတဲ့ သားသူငယ်ချင်း ကလေးတယာက်က Katoomba Park ထဲမှာ Blue Mountains တောတန်းပြာ အမှတ်တရ မိသားစု ဓတ်ပုံရိုက်ပေးပြီးတာနဲ့ Blue Mountains ကို နှုတ်ဆက်ပြီး ပြန်လာလိုက်ပါတယ်။ နွေရာသီမှာ တခေါက်ပြန်လာပါဦးမယ်။
ကျွန်မအတွက်တော့ Blue Mountain ဟာ အားလပ်ရက် ထမင်းမိန်စားသွားဖို့ အကောင်းဆုံးနေရာလို့ မှတ်ယူပါတယ်။ နှစ်စဉ်နှစ်တိုင်း နွေရာသီမှာ ကျွန်မတို့သွားဖြစ်တာက တအိမ်ကို အစားအစာ တခုစီချက်ပြုတ်ပြီး ကမ်းခြေမှာ ကလေးတွေကို ရေသွားပေးကူးကြပါတယ်။ ဒီနှစ်လာမည့် နွေရာသီမှာတော့ မိသားစုတွေ ကမ်းခြေကို သွားမည့်အစား ကလေးတွေကို တောင်ပြာတန်းခေါ်သွားပြဖို့ အကြံရပါတယ်။ သွားဖြစ်ရင်တော့ Katoomba Park မှာ စခန်းချပြီး ဘယ်မှမသွားချင်ဘဲ ခြင်းလုံးခတ်ချင်တဲ့ အမျိုးသားတွေနဲ့ ကလေးငယ်တဲ့ မိခင်တွေကိုကို စခန်းစောင့်ထားပြီး တောင်အောက်မှာ ရှိတဲ့ နေရာအသီးသီးကို ခြေကျင် ဆင်းချင်တဲ့သူကဆင်း၊ Cable တွေ ရထားတွေ စီးပြီးဆင်းချင်သူ တခြားနေရာတွေကို ကူးချင်သူကူးပြီး နောက်ဆုံး Katoomba မှာဆုံဖို့ အစီစဉ်လေး လုပ်ပြီး တောင်ပြာတန်းကို သွားလည်ဖို့ အကြံရပါတယ်။ လာမည့် Spring (or) Summer မှာတော့ အရင်ခေါက်တွေက မရောက်လိုက်တဲ့ Echo Point နဲ့ Scenic World ကြားက Cable စီးပြီးသွားလို့ရတဲ့ နေရာကို ရောက်အောင်သွားဖို့ စဉ်းစားထားပါတယ်။ အဲဒီနေရာကို ရောက်ပြီးရင်တော့ Blue Mountain မှာ တခြားသူတွေကို ကျွန်မ ဂိုက်လုပ်လို့ရလောက်ပါပြီ။
တောင်ပြာတန်းက ဌာနေတိုင်းရင်းသားတို့ရဲ့  ရင်နှစ်သည်းချာ နေရာဖြစ်ပြီး သြစကြေးလျားမှာ ထင်ရှားတဲ့ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ နေရာတခုဖြစ်လို့ သွားရောက်လေ့လာသင့်ပါတယ်။ သို့သော်လည်း ရာသီဥတုက နယူးဆောက်ဝေးမှာ တခြားနေရာတွေထက် ပိုအေးတော့ နွေရာသီမှာသာ လည်ပတ်လို့ ကောင်းတဲ့နေရာ အဖြစ်တွေ့ရပါတယ်။ နယူးဆောက်ဝေးပြည်နယ်ကို နွေးတဲ့ရာသီမှာ ရောက်လာသူတိုင်း တောင်ပြာတန်းကို အလည်ရောက်သင့်ပါတယ်။ ကျောင်းတက်တဲ့ ကလေးအရွယ်ရှိတဲ့ ဆစ်ဒနီက မိသားစုများလည်း မရောက်သေးရင် ကလေးတွေကိုခေါ်ပြီး Blue Mountains ခေါ် တောင်ပြာတန်းကို အလည်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။
ရွင်လန်းချမ်းမြေ့ကြပါစေ