မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

ဆစ်ဒနီက အထက်တန်းကျောင်း အားကစားသမားလေးနှစ်ဦး


ဆစ်ဒနီက Homebush Boys High School မှာ ဗမာကလေးဆိုလို့ သူတို့နှစ်မှာ သူတို့ နှစ်ယောက်ပဲ ရှိပါတယ်။ ဒီကလေးနှစ်ယောယက်စလုံးက အားကစားသမားတွေ ဖြစ်ပြီး ဆယ်တန်းနှစ်တုန်းကတော့ တယောက်က ကျောင်းရဲ့ အကောင်းဆုံး ဘောလုံးသမားဆုနဲ့ တယောက်ကအကောင်းဆုံး ဘောလီဘောသမားဆုကို အသီးသီး ရရှိထားသူနှစ်ဦးပါ။ လက်ရှိအခြေအနေမှာ ၁၂ တန်း HSC လုပ်နေရလို့ စာဘက်ကို အဓိကထားနေရတော့ အားကစားကိုသိပ် ဦးစားပေးမလုပ်နိုင်ပေမဲ့ School Sport Representative တွေအဖြစ် ဆက်လက်တာဝန်ယူနေရဆဲ ဖြစ်တယ်။ ဝေလျှံနဲ့ သားက ၁၂ တန်းမှာ ယူထားတဲ့ ဘာသာတ၀က်ကျော်တူတယ်။ သူတို့နှစ်ယောက် သင်္ချာသာသာ ပြောင်းတာလည်း တူကြတယ်။ သားက သူယူထားတဲ့ Subject တွေကို မကြိုက်လို့ဆိုပြီး ဥပဒေနဲ့ စီးပွားရေးကို ကျောင်းဖွင့်ပြီး ငါးပတ်မြှောက်မှာမှ ဝေလျှံဆီက မှတ်စုတွေကူးပြီး ပြောင်းခဲ့တယ်။

၇ တန်းကစပြီး သားအထက်တန်းကျောင်း ရောက်ပြီးနောက်ပိုင်း အိမ်ကို မကြာခဏ သားသူငယ်ချင်းတွေခေါ်တတ်ပေမဲ့ အဲဒီကလေးက အိမ်ကို အခုမှတခါပဲ ရောက်ဖူးတယ်။ သူငယ်ချင်းတွခေါ်ရင် ဘာကြောင့်မပါလဲ မခေါ်ဘူးလား ဆိုတာမေးရင် "သားက ခေါ်တယ် သူကမလာချင်ဘူး၊ သားနဲ့သူနဲ့က အုပ်စုတခုစီ ဆိုတော့ သားအုပ်စုက သူငယ်ချင်းတွေနဲ့ ဝေလျှံနဲ့ မရင်းနှီးတော့ သူမလိုက်ချင်ဘူး" ဆိုတာမျိုး အမြဲပြောတတ်တယ်။ နောက်တခါ အိမ်ကို ဧည့်သည်ခေါ်လို့ အဲဒီကလေးမပါရင် ဘယ်ဧည့်သည်မှ မခေါ်နဲ့လို့ သားကို ကျွန်မပြောထားလို့ ထင်တယ် ပြီးခဲ့တဲ့ကျောင်းပိတ်ရက်တုန်းကတော့ ဥပဒေ Assignment အတူတူလုပ်ရင်း စာကြည့်တိုက်ကနေ အိမ်ကိုခေါ်လာလို့ ရောက်လာတုန်း ဓာတ်ပုံရိုက်ထားလိုက်တယ်။ ဒါကြောင့် " ပြေးကြည့်မှ ဗမာကလေးနှစ်ယောက်ပဲ ရှိတာ နင်က ဗမာကလေးနဲ့ကျတော့ မခင်ပဲ တခြားကလေးတွေနဲ့ပဲ ခင်တာက ဘယ်လိုဖြစ်ရတာလဲ" မေးတော့ "ခင်တယ် သားက ပျော်ပော်ျပါးပါး နေတဲ့အခါမှာပဲ သားအုပ်စုက သူငယ်ချင်းတွေနဲ့ ရင်းနှီးတာ အလေးအနက်ထားပြီး ရင်ဖွင့်ရမည့်ကိစ္စတွေကျတော့ ဗမာသူငယ်ချင်းနဲ့ပဲ ရင်ဖွင့်တတ်တယ်" တဲ့။

အဲဒါကြောင့် "ဟယ်..မောင်တိုးရေ ခုတမျိုး တော်ကြာတမျိုးပါလား HSC ၁၂ တန်းမှာ အရေးကြီးလို့ အားကစားတောင်မှ မလုပ်နိုင်တာ ကျန်တာဘာမှ စိတ်ဝင်စားလို့ မအားဘူးဆိုပြီး ရင်ဖွင့်စရာတွေ ရှိနေပြီလား အမေကိုပွင့်ပွင့်လင်းလင်း ပြောပါလို့ ပြောထားရဲ့သားနဲ့ ဘာကြောင့် အမေကို ပွင့်ပွင့်လင်းလင်း မပြောတာလဲ" ဆိုပြီး မေးတော့ " မေမေက ဘာထင်နေလို့လဲ၊ တခြားဟာ မဟုတ်ဘူး မေမေတို့ ဗမာမိဘတွေက သားသမီးတွေကို Stress ဖြစ်အောင် လုပ်တတ်တဲ့အကြောင်းတွေပဲ ပြောဖြစ်တာပါ" တဲ့။ "ဘုရားရေ ဒုက္ခပါပဲ ၊ နင့်ကိုမိဘက ဘာစိတ်ဖိစီးအောင် လုပ်နေလို့လဲ" ဆိုတော့ " ဝေလျှံအဖေနဲ့ မေမေတို့နဲ့က အတူတူပဲ အဲဒါကြောင့် ဗမာသားသမီးတွေ အာရှကလာတဲ့သားသမီးတွေဆို ကျောင်းတက်ရတာ Pressure သိပ်များတယ် အဖြူသားသမီးတွေလို မဟုတ်ဘူး" တဲ့။ " မြတ်စွာဘုရား၊ ဒီလောက် အေးအေးဆေးဆေး ဘာမှမပူရဘဲ ပညာသင်နေရတာနင်ပဲ ရှိတယ်၊ ဒါတောင်မှ မိဘကြောင့် စိတ်ဖိစီးလို့ ရင်ဖွင့်ရလောက်အောင် မိဘတွေက နင်တို့ကို ဘာများစိတ်ဒုက္ခပေးနေလို့လဲ" ဆိုပြီးကျွန်မ မေးရတယ်။ ဒီတော့ နှစ်စက Subject တွေ သွားပြောင်းလို့ ကျွန်မဆူခဲ့တာကို ဥပမာပေးပြီးပြောတယ်။ အဲလိုမျိုး အိမ်နဲ့ပတ်သက်ပြီး အလားတူ စိတ်ညစ်စရာ ကြုံရင် သူတို့ဟာ အချင်းချင်း ရင်ဖွင့်ကြတယ် တခြားသူငယ်ချင်းတွေနဲ့ ဘယ်လောက်ခင်ခင် ဘယ်တော့မှ မပြောဘူးတဲ့။ ဝေလျှံလည်း သူ့လိုပဲ သူကြိုက်တဲ့ Subject တွေ ပြောင်းလိုက်တော့ သူ့အဖေဆူလို့ စိတ်ညစ်ရတဲ့အကြောင်း ပြောတယ်။

 ဒါကြောင့် "နင်တို့က မိဘတွေ ကောင်းစေချင်လို့ ပြောတာကို ဘယ်လောက်တောင် ခံစားရလို့ ရေးကြီးခွက်ကျယ် လုပ်ပြီးမိဘအတင်းပြောရတာလဲ။ အဲလိုအတင်းပြောတဲ့နေရာမှာပဲ ခင်ကြဆိုတော့ မိဘအတင်းပြောလို့ ကောင်းကျိုးရတယ်များ ထင်နေလားဆိုတော့ " ကောင်းတော့ တော်တော်ကောင်းတယ် မေမေ ဝေလျှံနဲ့ စကားပြောရတာ စိတ်ပေါ့သွားပြီးတော့ အရမ်း ရယ်ရတယ်၊ သြစတြေးလျားမှာ ကြီးတဲ့ဗမာကလေးတွေထဲမှာ ဗမာလိုကို ဗမာလူကြီးတွေနဲ့ တူအောင် လိုက်တုပြီး နိုင်ငံခြားအသံ လုံးဝမ၀ဲဘဲ ကျွမ်းကျွမ်းကျင် ပြောနိုင်တာ ရွယ်တူတွေထထဲမှာ ဝေလျှံကို ဘယ်သူမှ မမီဘူး" ဆိုတာနဲ့ အစချီပြီး ပြောပြတယ်။ သားက ကျွန်မတို့ လင်မယား ပြောတာတခါမှမကြားဖူးတဲ့ ဗမာလို ဘန်းစကားတွေကို ဝေလျှံဆီက အများကြီးသိရတယ်ဆိုပြီး ဝေလျှုံအဖေ ဝေလျှံကိုဆူတဲ့ပုံကို ဝေလျှံက သူ့ကိုပြောပြပြီး ကျွန်မသူ့ကို ဆူတဲ့ပုံကို ဝေလျှံကို သူက ပြန်ပြောလို့ အဲဒီတုန်းက စိတ်ဖိစီးတာတွေ ပေါ့သွားကြောင်း ပြောပြပါတယ်။ ကျွန်မသားက သူ့ကိုကျွန်မ ဘယ်လိုဆူတယ်ဆိုတဲ့အကြောင်း ဝေလျှံကို ပြောပြတာ ဘယ်လောက် တူမတူတော့ မသိဘူး။ ဝေလျှံပြောပြတဲ့ပုံအတိုင်း ဝေလျှံအဖေ သူ့သားကို ဆူပုံကို သားကျွန်မကို ပြန်ပြောပြတဲ့ ပုံကတော့ ဝေလျှံအဖေရဲ့ပုံရော အသံကိုပါ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်ယောင်လို့ရတယ်။

ဝေလျှံအဖေက အင်ဂျင်နီယာတယောက်ပါ။ ဝေလျှံက ကျွန်မသား မောင်တိုးလိုပဲ အထက်တန်းမှာ အမြင့်ဆုံးအဆင့် သင်္ချာကို ယူထားရာကနေ အနှိမ့်ဆုံးအဆင့်ကိုပြောင်းလိုက်တယ်။ ဝေလျှံက သူ့အဖေကို အဲဒီ Subject ပြောင်းမယ်လို့ ပြောတော့ သူ့အဖေက " ဘာပြောတယ် .. မင်းဘာပြောလိုက်လဲ ဝေလျှံ၊ ပြန်ပြောစမ်း ငါ့ကို အဲဒီစကား၊ (ဝေလျှံကလည်း မေးတိုင်း တခုခု ပြန်ပြောတယ်)၊ ဘာပြောတယ် ပြန်ပြောစမ်း. မင်းဘာထင်နေလဲ ဝေလျှံ၊ နားပန်ကျင်းထည့်လိုက်ရမလား၊ မင်းနားရင်းပူသွားချင်လား၊ မင်းထမင်းဘာနဲ့ စားမလဲ။ အဲဒီ Subject နဲ့ထမင်းစားလို့ ဖြစ်မလား၊ ဦးနှောက်နဲ့ စဉ်းစားစမ်းပါ၊ မင်းဦးနှောက်ထဲမှာ ဘာတွေရှိသေးလဲ ငါ့ကိုပြောစမ်း" ဆိုပြီး ပြောတော့ ဝေလျှံကလည်း မေးခွန်းတခုပြီးတခု သူ့အဖေဘာကိုဆိုလိုမှန်း မသိ သူဖြေချင်တာ ဖြေတော့ သူ့အဖေကပိုစိတ်တို၊ မသိတဲ့စကားလုံးဆိုရင်လည်း ဘာပြောလဲအဖေနဲ့ ပြန်မေးလိုမေး၊ ထမင်းဘာနဲ့စားမလဲဆိုရင် ကြက်သားနဲ့ စားမယ်ဆိုတာမျိုးတွေ မေးတာနဲ့ ဖြေတာတခြားစီတွေ ဖြစ်နေတာကို သားက ကျွန်မကို ပြန်ပြောပြတယ်။ ပြီးတော့ ဝေလျှံပြောတာလည်း မလွန်ဘူး အဲဒီမေးခွန်းတွေနဲ့ Subject ပြောင်းတာနဲ့ ဘာမှလည်း ဆိုင်တာမဟုတ်ဘူး ပြောပြီး တဟားဟားနဲ့ ရယ်နေလို့ အဲဒီမေးခွန်းတွေက Subject ပြောင်းတာနဲ့ ဆိုင်တယ် နင့်သူငယ်ချင်း ပြန်ဖြေတဲ့အဖြေနေ ပြန်မေးနေတာတွေကမှ မဆိုင်တာလို့ ပြောပြီးကျွန်မလလည်း သားသရုပ်ဆောင်ကောင်းအားကြီးလို့ ဝေလျှံတို့သားအဖပုံကို မြင်ယောင်ပြီး ရယ်လိုက်ရတာ အူကိုနာသွားလို့ ဆက်ပြီးအပြစ်မတင်ဖြစ်ခဲ့ဘူး။

ကျွန်မသား မောင်တိုးက ဝေလျှံထက်ပိုဆိုးတယ် ဝေလျှံကမှက မပြောင်းခင် သူ့အဖေကို Subject ပြောင်းတော့မည့်အကြောင်း ပြောဖေါ်ရသေးတယ် သားကတော့ အဲဒီတုန်းက ပြောင်းပြီးမှ အမေ သား Extension English ကနေ Advanced English နဲ့ Law, ကို Extension Maths ကနေ General Maths ကို Biology ကနေ Business ကို Subject ပြောင်းလိုက်ပြီ ဆိုပြီး ဖုန်းနဲ့ အကြောင်းကြားလာလို့ မောင်တိုး ဘာတွေလျှောက်နေလဲ မေမေသဘောမတူဘူး သင်္ချာကို General မလုပ်နဲ့ Advanced ဒါမှမဟုတ် အနည်းဆုံးတော့ Standard လုပ်ပါ၊ ကျန်တဲ့ဘာသာတွေလည်း မေမေ သဘောမတူဘူးဆိုတာ အခုချက်ချင်း နင့်ကျောင်းအုပ်ဆီ ဖုန်းဆက်ပြီးပြောမယ် ပြောတော့ မေမေတယောက်ပဲ သဘောမတူတာ သားလည်းသဘောတူတယ် ဆရာဆရာမတွေလည်း သဘောတူတယ်၊ ကျောင်းအုပ်လည်း သဘောတူလို့ ပြောင်းလိုက်ပြီ ဖုန်းမခေါ်နဲ့တော့ ထူးမှာမဟုတ်ဘူး ဆိုပြီးပြောလို့ ဖုန်းထဲမှာလည်း ရန်ဖြစ် အိမ်ရောက်တော့လည်း တခါ ရန်ဖြစ်ခဲ့ရတယ်။ ကျွန်မလည်းသားကို နင်လုပ်ချင်ရာ လျှောက်လုပ်မနေနဲ့ နင်ယူထားတဲ့ Subject တွေမှာ ထမင်းစားလို့ရတဲ့ Subject ဘာကျန်သေးလို့လဲ မေးတော့ ကိစ္စမရှိဘူး သားကထမင်းမှ မကြိုက်တာ ထမင်းမစားရလည်း ဘာမှမဖြစ်ဘူးဆိုပြီး ပြောလို့ မောင်တိုးနော် နင်ငါ့ကို ထော်လော်ကန့်လန့် မပြောနဲ့ ငါရိုက်ထည့်လိုက်မယ် ဆိုပြောပြီး တခါမှလည်း မရိုက်ထည့်ဘူး ကျွန်မက ပြောတဲ့အကြောင်းကို ဝေလျှံကို သူကပြောပြတယ်။ ဝေလျှံကလည်း သူ့အဖေက သူ့ကိုငါ နားပန်ကျင်းထည့်လိုက်ရင် နားရင်းပူသွားမယ် ပြောပြီး တခါမှလည်း မကျင်းထည့်ကြောင်း မိဘတွေအကြောင်းကို အတင်းပြောပြီး ရယ်တဲ့နေရာမှာတော့ သူတို့နှစ်ယောက် ရင်းနှီချစ်ခင်ကြပါတယ်။

အင်ဂျင်နီယာတယေက်ရဲ့သားနဲ့ သင်္ချာကို Advanced Level အဆင့်ယူခဲ့တဲ့ အမေတယောက်ရဲ့သားတွေက အမြင့်ဆုံး ယူထားရာကနေ ကြားမှာ Advanced and Standard နှစ်ခု ရှိလျက်နဲ့ အနှိမ့်ဆုံး General သင်္ချာအဆင့်ကို ယူလိုက်ကြတဲ့အပေါ် မိဘတွေရဲ့ ရုတ်တရက်ခံစားမှုကို နားလည်နိုင်လိမ့်မယ်ထင်တယ်။ နောက်ဆုံးတော့ သူတို့သဘောအတိုင်းပဲ ကျေနပ်ပေးလိုက်ရပါတယ်။ ဒါပေမဲ့ သူတို့လုပ်နေတဲ့ အလုပ်မှာ သူတို့ပိုင်ပိုင်နိုင်နိုင် ရှိတဲ့အတွက်တော့ ၀မ်းသာပေးရပါတယ်။ ဗမာကလေးနှစ်ယောက်ပဲ ရှိတဲ့ကျောင်းမှာ နှစ်ယောက်စလုံး ကျောင်းရဲ့အကောင်းဆုံးဆုကို ချီြးုမှင့်ခံရတယ်ဆိုတာ ဂုဏ်ယူစရာပါ။ ဆုရတဲ့နှစ်တုန်းကတော့ ကျွန်မသား ရတာပဲကျွန်မသိပြီး တချိန်တည်းမှာပဲ ဝေလျှံပါ ရခဲ့တယ်ဆိုတာကို မပြောပြလို့ မသိလိုက်ဘူး။ ဘာကြောင့်မပြောပြလဲ မေးတော့ ပြောပြရင် " မေမေတို့က Show off လုပ်မယ်ဆိုတော့ သားတို့ Privacy ထိခိုက်တယ်" တဲ့။ အဲဒါကြောင့် အဲဒါမျိုးက ကြွားတာမဟုတ်ဘူးသား ဗမာဆိုလို့ သားတို့နှစ်ယောက်ပဲ ရှိပြီး နှစ်ယောက်စလုံး ရရှိခဲ့တယ်ဆိုတာ မိဘတွေအတွက်သာမဟုတ် ဗမာကွန်မြူနီတီအတွက်ပါ ဂုဏ်ယူစရာဖြစ်တယ်သား အရာရာတိုင်းကို ကြွားတယ်လို့ မသတ်မှတ်ရဘူးလို့ ပြောပြတယ် ဒါမေပဲ့ ကလေးတွေက လက်မခံဘူး။ သူတို့နှစ်ယောက်က သူတို့ယူထားတဲ့ Subject တွေမှာ Top ထဲမှာပါတယ်လို့တော့ မိဘတွေ ကျေနပ်အောင် ပြောကြတယ်။ သူတို့နှစ်ယောက် ဒီနှစ်ပြီးရင်တော့ ရောက်တဲ့တက္ကသိုလ်မှာ အားကစား ပြန်လုပ်ဖြစ်မယ်ထင်တယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။






No word for goodbye


the sun set,
the moon rise,
people cry,
birds fly,
a life gone,

while we mourn,
a life is born,
shall not worry,
but, we are sorry

Died by cancer
doctors couldn't find an answer
its like a gun
in your lung
making your loved ones numb
but worst your still young

when you close your eyes,
the angles say hi,
but we still aren't ready to say bye,


-Toee Nanda

6P

(For Miss Salhani who had gone on 3/9/10)


နှုတ်ဆက်စရာ စကားမရှိပါ

နေ၀င်ပြီးချိန်
လာသာနေချိန်
လူတွေ ငိုကြ
ငှက်တွေ ပျံကြ၊
ဘ၀တခု အဆုံးသတ်သွားလေပြီ။

အကြွေစောလို့ ကျွန်ုပ်တို့ ငိုကြွေးချိန်မှာ
တခြားအသက်တခု ထပ်မွေးဖွားလာ
စိုးရိမ်စရာတာ့ မဟုတ်ပါ
သို့သော် ကျွနုပ်တို့ ၀မ်းနည်းမဆုံးပါ။

ကင်ဆာနဲ့ ဘ၀အဆုံးသတ်တာ
ဒေါက်တာ အဖြေရှာမတွေ့ပါ
သင့်အဆုပ်ထဲမှာ သေနတ်တွေ့ရသလိုပဲ
သင့်ကို ချစ်ခင်သူတွေကို အံ့သြသင့်စေခဲ့ပြီ
အဆိုးဆုံးက သင်နုပျိုဆဲမှာ ဖြစ်လို့ပါပဲ။

သင်ကျွန်ုပ်တို့ကို မျက်ကွယ်ပြုသွားချိန်မှာ
သင့်အား ကောင်းကင်တမန်တွေက လှမ်းနှုတ်ဆက်ချိန်မှာ
ကျွန်ုပ်တို့မှာ သင့်ကို လမ်းခွဲနှုတ်ဆက်ဖို့ အဆင်သင့် မဖြစ်သေးပါ။

တိုးနန္ဒ (၆ တန်း P)


သားသားတို့ကျောင်းက ဆရာမတဦး ကင်ဆာရောဂါနဲ့ ညကကွယ်လွန်သွားလို့ တနင်္ဂလာနေ့ကျရင် သူတို့ကျောင်းက ကျောင်းသားတွေ ဆရာဆရာမတွေက ကျန်ရစ်တဲ့ မိသားစုကို ၀မ်းနည်ကြောင်း Message တွေ ပို့ပေးဖို့ရှိပါတယ်။ ပုံဆွဲတတ်တဲ့ ကျောင်းသားတွေကလည်း ပုံဆွဲပြီး တခြား Creative လုပ်တတ်တဲ့ ကျောင်းသားတွေကလည်း သူတို့သန်ရာကို ဖန်တီးပြီး ပို့ပေးကြမယ်လို့ သိရတယ်။ သားကတော့ ဒီကဗျာလေးကို ကဒ်ထဲမှာ ရေးပြီးပို့ပေးမယ်လို့ ပြောတယ်။ ကျွန်မလည်း အလုပ်များလို့ စာရေးမအားတာနဲ့ သူတို့ဆရာမအတွက် သားရေးထားတဲ့ ၀မ်းနည်းကြောင်း ကဗျာလေးကို မျှဝေခံစားပြီး တင်လိုက်ပါတယ်။ မြန်မာလို အနီးစပ်ဆုံး ဘာသာပြန်ထားတာ မပြည့်စုံပါဘူး။ အားနည်းပါက ကဲ့ရဲ့ပြစ်တင်ရှုပ်ချမှု မလုပ်ဘဲ ဘယ်သူမဆို အကြံပေးနိုင်ပါတယ်။ အပြာရောင်နဲ့ တပိုဒ်ကို ထပ်ဖြည့်ထားတာ ဖြစ်ပြီး သားတို့ကျောင်းမှာ လုပ်မည့် ၀မ်းနည်းကြောင်း အထိမ်းမှတ်အခမ်းအနားလုပ်ရင် သားက သူ့ကဗျာကို ရွတ်ရမယ်လို့ ပြောပါတယ်။

လာလည်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။




အောက်ဆုံးပိုဒ်

Sydney OperaHouse, We are the world




ဆစ်ဒနီ Operahouse, Concert Hall မှာ မနေ့ည (19/8/10 ) က Sydney Southwestern က ကျောင်းပေါင်းစုံ Public School Performance တခု ပြုလုပ်ခဲ့ပါတယ်။ ပို့စ်ရေးဖို့ အချိန်မရသေးလို့ သီဆိုတဲ့ အဖွဲ့မှာ ကျွန်မသားလေးလည်း ပါဝင်ပြီး အဲဒီပွဲတော်မှာ ကလေးတွ သီဆိုထားတဲ့ သီချင်းတွေအနက် အကြိုက်ဆုံး သီချင်းတခု ဖြစ်တဲ့ We are The Word ကို နောက်ဆုံး ပွဲသိမ်းအချိန်မှာ သီဆိုသွားတာကို အရင်တင်လိုက်ပါတယ်။ အဲဒီညက Operahouse မှာ ပြုလုပ်သွားတဲ့ Shool Performance ပွဲတော်အကြောင်း အပြည့်အစုံကိုတော့ နောက်အချိန်ရမှ Dance Groups က ပုံတွေကိုပါ ထည့်ပြီး ဓါတ်ပုံ၊ တခြားဗွီဒယိုတွေနဲ့တကွ ပို့စ်ကို အပြည့်အစုံ ရေးပြီး နောက်ပို့စ်တခုနေနဲ့ သီးသန့် ပြန်လည် ဖေါ်ပြပါမယ်။ ကင်မရာ မကောင်းလို့ ဆိုတာ သိပ်မကောင်းသလို၊ မူရင်းနဲ့ မတူသလို ဖြစ်နေလို့ We are the World ကို အောက်မှာ တခြားနေရာက သီဆိုထားတဲ့ ဗွီဒယိုနှစ်ခုကိုပါ စာသားနဲ့တကွ ဖေါ်ပြပေးထားပါတယ်။ မိုက်ကယ်ဂျပ်ဆင်အသည်းစွဲများလည်း မိုက်ကယ် ဂျပ်ဆင်ကို ပြန်လည်အမှတ်ရ တမ်းတနိုင်မှာ ဖြစ်ပြီး ကလေးရှိသူ မိတ်ဆွေများလည်း မိမိတို့ ကလေးများအတွက် ကော်ပီကူးထားလို့ ရပါတယ်။






We Are The World
There comes a time
When we head a certain call
When the world must come together as one
There are people dying
And it's time to lend a hand to life
The greatest gift of all

We can't go on
Pretneding day by day
That someone, somewhere will soon make a change
We are all a part of
God's great big family
And the truth, you know love is all we need

[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we'll make a better day
Just you and me

Send them your heart
So they'll know that someone cares
And their lives will be stronger and free
As God has shown us by turning stone to bread
So we all must lend a helping hand

[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we'll make a better day
Just you and me

When you're down and out
There seems no hope at all
But if you just believe
There's no way we can fall
Well, well, well, well, let us realize
That a change will only come
When we stand together as one

[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we'll make a better day
Just you and me




အပေါ်က ဗွီဒီယိုကို ဒီနေရာမှ ကူးယူဖေါ်ပြပါတယ်။








အပေါ်က ဗွီဒယိုကို ဒီနေရာမှ ကူးယူဖေါ်ပြပါတယ်။


အရင်နှစ်က Performance အကြောင်းကို ဒီနေရာမှာ တင်ထားတာ ရှိပါတယ်။

ဒုတိယကမ္ဘာစစ်နှင့် မြန်မာနိုင်ငံ

“ဒုတိယကမ္ဘာစစ်မှာ ဘယ်နိုင်ငံတွေက British side မှာပါပြီး ဘယ်နိုင်ငံတွေက German side မှာပါလဲ၊ မြန်မာပြည်ကကော ဘယ်ဘက်ကပါသလဲ မေမေ” လို့ သားဆီက မေးခွန်းတွေ မေးလာတဲ့ အချိန်ကစပြီး ကျွန်မမှာ တော်တော်လေး စဉ်းစားစရာတွေ ဖြစ်နေတယ်။ ၆ တန်း တက်နေတဲ့သားက သူတို့အတန်းမှာ ဒုတိယကမ္ဘာစစ်အကြောင်းတွေ စသင်နေပြီး ဒီအကြောင်းကို အတန်းထဲမှာ နောက်ပတ်ကျရင် ကောင်းကောင်း ဆွေးနွေးနိုင်ဖို့အတွက် စာကြည့်တိုက်တွေ၊ အင်တာနက်တွေမှာ အချက်အလက် ရှာဖွေစုဆောင်းရင်းနဲ့ အလုပ်များနေပါတယ်။ မြန်မာနိုင်ငံနဲ့ ဒုတိယ ကမ္ဘာစစ်အကြောင်း အထက်က မေးခွန်းကို ကျွန်မကို မေးလို့ ကျွန်မက ရှင်းပြခဲ့ရပါတယ်။ ကျွန်မက သားကို ရှင်းပြပြီး ဒုတိယ ကမ္ဘာစစ်ကာလမှာ ဖြစ်ပွားခဲ့တဲ့ ဂျပန်နဲ့ အင်္ဂလိပ်ကို လွတ်လပ်ရေးအတွက် တိုက်တဲ့ စစ်ပွဲတွေ သမိုင်းကို သားလည်း တော်တော်လေး သိသွားခဲ့ပါတယ်။ သို့ပေမဲ့ ဒါကို သိပြီးတဲ့အချိန်မှာ အထက်ပါ မေးခွန်းနဲ့ ပတ်သက်ပြီး သားနားလည်သွားပုံက ကျွန်မ ရှင်းပြခဲ့တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ သားပြောလိုက်တဲ့ မမျှော်လင့်တဲ့ သုံးသပ်ချက်ကြောင့် ကျွန်မကို တော်တော်လေး တုန်လှုပ်ကာ မကျေမနပ် ဖြစ်သွားစေခဲ့လို့ “ဟင့်အင်း..သား ဒီလိုတော့မဟုတ်ဘူး ဒီလိုမဟုတ်ဘူး မြန်မာနိုင်ငံဟာ သားထင်သလို လုံးဝ မဟုတ်ဘူးနော့်” လို့ ထပ်ခါတလဲလဲ ပြောပြီး အကြိမ်ကြိမ် ပြန်ရှင်းပြလေ ရှုပ်လေ ဖြစ်နေတယ်။



သားကဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံ ပါမပါဆိုတာက အခုမှ မေးတာဖြစ်ပြီး ဒါကို မမေးခင် ဒုတိယကမ္ဘာစစ်မှာ ဂျာမန်ဘက်က ဘယ်နိုင်ငံတွေ ပါပြီး အင်္ဂလိပ်ဘက်က ဘယ်နိုင်ငံတွေပါလဲ ဆိုတာ အရင် နှစ်ပတ်လောက်ကတောင် အရင်မေးခဲ့ပါတယ်။ အဲဒါမေးတုန်းက ကျွန်မကလည်း ရှစ်တန်းအထိ စနစ်ဟောင်း စနစ်သစ် အပိုင်းပိုင်း အပြတ်အပြတ် သင်ထားတဲ့ သမိုင်းထဲက မှတ်မိသလောက် "ဂျာမန်ဘက်က ဂျပန်တခုပဲ သိတယ် ကျန်တာအင်္ဂလိပ်ဘက်က ဖြစ်မှာပေါ့" လို့ အလွယ်ပဲ ပြောလိုက်တော့ သားက “မဟုတ်ဘူးလေ မေမေ အာရှနိုင်ငံ အတော်များများ အင်္ဂလိပ်ဘက်က ပါပြီး ဥရောပနိုင်ငံ အတော်များများက ဂျာမန်ဘက်က ပါတာတော့ သားသိတယ်၊ အခုသားသိချင်တာ ဘယ်နိုင်ငံတွေ ပါတယ်ဆိုတာ အတိအကျ သိချင်လို့ မေးတာ” ဆိုပြီး မသိလို့ မေးမှပဲ မှားပါတယ် ဆိုတဲ့ပုံစံနဲ့ ခွက်ထိုးခွက်လှန်ရယ်နေတယ်။ အမျိုးသားကလည်း “မငယ်ရေ မင်းဒီလောက်ပဲ ညံ့ရတာ အီတလီက မူဆိုလီနီတို့ ဒီလောက်နာမည် ကြီးတာကို မင်းမသိဘူးလားမေးလာတော့ "ဟုတ်သားပဲ သတိမထားမိလိုက်ဘူး အီတလီလည်း ဂျာမန်ဘက်ကကိုး” လို့ ကျွန်မလည်း ရှက်ရှက်နဲ့ပြောရင်း “ကျွန်မက သိပ္ပံကျောင်းသူလေ စနစ်ဟောင်းတုန်းကလို သမိုင်းကို ၁၀ တန်းအထိ သင်ခဲ့ရတာ မဟုတ်ဘူး ကျွန်မတို့ခေတ်က စနစ်သစ်သိပ္ပံ ကျောင်းသားတွေဟာ သမိုင်းကို ရှစ်တန်းအထိပဲ သင်ရတယ် သူ့ဖေတို့ ခေတ်တုန်းကလို စနစ်ဟောင်းမဟုတ်ဘူး၊ ကိုယ့်နိုင်ငံအကြောင်းမှ မဟုတ်တာ ဒီလောက်ပဲ သိမှာပေါ့” လို့ ရှက်ရှက်နဲ့ ပြန်ပြောလိုက်ရတယ်။

သားက ကျွန်မကို ပထမအကြိမ်တုန်းက ကမ္ဘာသမိုင်းနဲ့ ပတ်သက်ပြီး မေးတုန်းကတောင် ကျွန်မ အဲဒီလို တလွဲလွဲ တချော်ချော် ဖြေလိုက်ပြီးနောက်ပိုင်း သမိုင်းနဲ့ ပတ်သက်ပြီး ကျွန်မကို သိပ်အထင်မကြီးတော့လို့ ရှိစုမဲ့စု သိထားတာလေးတွေပေါ် မှန်နေတာတောင်မှ သိပ်မယုံချင်တော့ဘူး။ ကျွန်မကိုယ်တိုင်ကလည်း သားမေးတဲ့ သင်္ချာတို့၊ သိပ္ပံတို့နဲ့ ဆိုင်တဲ့မေးခွန်းတွေကို လွယ်လွယ်ကူကူ ၀ိုင်းရှင်းပေးနိုင်ပေမဲ့ သမိုင်းမေးခွန်းကျတော့ မလွယ်ပါလားလို့ သတိထားမိသွားပါတယ်။ ရှစ်တန်းအထိပဲ သမိုင်းကို စနစ်သစ်နဲ့ စနစ်ဟောင်းအကြား အဆက်အစပ်မရှိ အပိုင်းပိုင်း ပြတ်ပြီး သင်ခဲ့ရလို့ ပထမကမ္ဘာစစ်ရော ဒုတယကမ္ဘာစစ်ကာလပါ ကမ္ဘာ့သမိုင်းကို ကျွန်မ ကောင်းကောင်း မသိခဲ့ဘူး။ ကမ္ဘာ့သမိုင်းကို မသိပေမဲ့ ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံအကြောင်းတော့ ကျွန်မ ကောင်းကောင်းသိလို့ သားကိုလွတ်လပ်ရေး တိုက်ပွဲဝင်ကာလ ဗိုလ်ချုပ်အောင်ဆန်းတို့ ကြိုးစားခဲ့ရတဲ့ မြန်မာနိုင်ငံ သမိုင်းအကြောင်း သိသမျှကို ပြောပြဖြစ်ခဲ့ပါတယ်။ သားကလည်း မရှင်းတာကို ထပ်ခါတလဲလဲ မေးလို့ ကျွန်မလည်း ပြန်ဖြေခဲ့ရပါတယ်။ နောက်ဆုံးတော့ သားက ရှင်းသွားပြီထင်ခဲ့တယ်။

သားက ဘာပြောလဲဆိုတော့ “ဒါဆို သားသဘောပေါက်ပြီ စစ်က ၁၉၃၉ မှာ စပြီး ၁၉၄၅ မှာ ပြီးတယ်ဆိုတော့ မြန်မာနိုင်ငံက ကမ္ဘာစစ် အစပိုင်းမှာ ဂျာမန် (ဂျပန်) ဘက်ကပါပြီး စစ်ပြီးခါနီးမှာမှ အင်္ဂလိပ်ဘက်ကို ဘက်ပြောင်းသွားတယ် မြန်မာနိုင်ငံကတော့ Funny ပဲ နှစ်ဘက်စလုံးမှာ ပါခဲ့တယ်” တဲ့လေ ကျွန်မနားထဲမှာ ကြားရခက်လိုက်တာ ဥပမာပေးလို့တောင် မတတ်ဖြစ်သွားတယ်။ သူက အဲဒီလိုပဲ သုံးသပ်ပြီး နောက်ပတ် သူ့ကျောင်းက ဆွေးနွေးခန်းမှာ ဒီလိုပဲ သွားပြောမှာ ဖြစ်တယ်။ ကျွန်မက လုံးဝ လက်မခံနိုင်ဘဲ “သား အဲဒါ ဒုတိယ ကမ္ဘာစစ်အတွက် တိုက်တဲ့ စစ်ပွဲတွေ မဟုတ်ဘူး သူ့ကျွန်ဘ၀က လွတ်မြှောက်ဖို့ လွတ်လပ်ရေးအတွက် တိုက်တဲ့ တိုက်ပွဲတွေပဲ ဖြစ်တယ် ဒါကြောင့် ဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံဘယ်ဘက်ကမှ မပါဘူးလို့ မေမေ ဘယ်နှစ်ကြိမ် ပြောရမလဲ" လို့ စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောလိုက်တော့ emotion တွေ ပါကုန်တယ်။ သားက “ထိုင်းနိုင်ငံပဲ ဒုတိယကမ္ဘာစစ်မှာ မပါတာပါ မေမေရယ်၊ မြန်မာနိုင်ငံ ဒုတိယကမ္ဘာစစ်မှာ ပါတာအကုန်လုံးသိပါတယ် မပါဘူးလို့ ဘယ်လို သွားပြောမလဲ။ ဘာကြောင့်ပဲ စစ်ဖြစ်ဖြစ် စစ်ပွဲမှာ ပါတဲ့သူတိုင်းဟာ ဘက်နှစ်ဘက် တဘက်ဘက်မှာပါခဲ့ပါတယ်" လို့ ထပ်ပြောလိုက်တော့ ဒီကလေး ပြောလေကဲလေပါလား ဆိုပြီး ကျွန်မကို ပိုပြီး ထူပူသွားစေတယ်။


သားက စာကြည့်တိုက်က စာအုပ်တွေ အကိုးအကားနဲ့ ကျွန်မကို ခုနှစ်သက္ကသရာဇ် အတိအကျတွေနဲ့ ဖတ်ပြပြီး ဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံဟာ နှစ်ဘက်စလုံးပါတဲ့အကြောင်းကို လာပြောနေလို့ အခုထိ ရှင်းလို့ မပြီးဘူး။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာထက် ကျွန်မ စိတ်ထဲမှာ ကျွန်မတို့ နိုင်ငံက အစကတမျိုး နောက်တော့တမျိုး ဂျာမန် စစ်ရှုံးတော့မယ်ဆိုတာ သိမှဗြိတိသျှဘက်ကို ပြောင်းပြီး သာကူးလို့ သူများမထင်သွားနိုင်ဘူးလားလို့ သံသယဖြစ်မိတယ်။ ပြီးတော့ မြန်မာနိုင်ငံဟာ ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်ကို ခံခဲ့ရတယ်ဆိုတာပဲ နားလည်ထားပြီး ကျွန်မတို့ဘိုးဘွား ဘီဘင်တွေ အင်္ဂလိပ်နဲ့ ဂျပန်ကို တော်လှန်ခဲ့တာဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တယ်ဆိုတာပဲ ခံယူထားတယ်။ မြန်မာနိုင်ငံ ဒုတိယကမ္ဘာစစ်မှာ ပါတယ် မပါဘူး ဆိုတာ ကျွန်မတခါမှ မစဉ်းစားခဲ့မိတာလည်း အမှန်ပဲဖြစ်တယ်။ မျိုးဆက်သစ်တွေကိုလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ အသက်သွေးချွေးပေးပြီး တိုက်လာတဲ့ လွတ်လပ်ရေးတိုက်ပွဲကို ဒုတိယကမ္ဘာစစ်အတွက် တိုက်တယ်လို့ မထင်စေချင်ဘူး။ ဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံက တကယ်ပဲ နှစ်ဘက်ပါတယ်လို့ မြင်နေသူ ဘယ်နှစ်ယောက် ရှိလဲဆိုတာ ကျွန်မ တကယ်စိတ်ဝင်စားပါတယ်။ ပြီးတော့ စာလာဖတ်သူ ကြီး၊ ငယ်၊ လယ်လတ် မရွေးဆီကလည်း ကျွန်မက သားကို ပြောလိုက်တာ မှားနေရင်လည်း အမှန်ကို ဆွေးနွေးပေးကြဖို့နဲ့ မှန်နေရင်လည်း သားကိုဘယ်လို ထပ်မံဖြည့်စွက် ပြောပြသင့်တယ်ဆိုတာ ဆွေးနွေးပေးကြဖို့ အားလုံးဆီမှ မျှောင်လင့်ပါတယ်။


ဖြည့်စွက်ချက် (၂၇. ၀၅. ၁၀)


ကျွန်မ အနေနဲ့ မြန်မာနိုင်ငံက ဒုတိယကမ္ဘာစစ်မှာ ဘယ်ဘက်ကမှ မပါဘူးလို့ ထင်ခဲ့တာက ကျွန်မတို့ ကျောင်းမှာတုန်းက သင်ရတာရော နေ့ကြီးရက်ကြီးတွေ နီးတိုင်း ဆရာဆရာမတွေ ပြောပြတဲ့ သမိုင်းတွေမှာပါ အင်္ဂလိပ်နဲ့ ဂျပန်ကိုတော်လှန်ခဲ့တာဟာ ဒုတိယကမ္ဘာစစ်ရဲ့ အစိတ်အပိုင်းအနေနဲ့ မသင်ခဲ့ရ၊ မကြားသိခဲ့ရဘဲ လွတ်လပ်ရေးအတွက် တိုက်တဲ့ တိုက်ပွဲတွေအဖြစ်ပဲ သိခဲ့ရလို့ ဖြစ်တယ်။ ပြီးတော့ ဒုတိယကမ္ဘာစစ်အကြောင်းကို ရှစ်တန်းမှာ သင်ခဲ့ရပေမဲ့ ရုရှားနိုင်ငံ အောက်တိုဘာ တော်လှန်ရေးလို စာမေးပွဲမှာ မေးလေ့မရှိတော့ ဖြစ်သလိုပဲ သင်ခဲ့ရပြီး ထပ်ခါထပ်ခါ ပြန်ဖတ်မှုမရှိလို့ မှတ်သားမှု နည်းတာလည်းပါတယ်။ ဒါကြောင့် ဖြစ်ခဲ့တဲ့ စစ်ပွဲတွေကို ဒုတိယကမ္ဘာစစ်ရဲ့ အစိတ်အပိုင်းအဖြစ် လုံးဝ မထင်ခဲ့သလို ဒုတိယကမ္ဘာစစ်မှာ မြန်မနိုင်ငံ ပါခဲ့တယ်ဆိုတဲ့ အမြင်မျိုး ကျွန်မစိတ်ထဲမှာ လုံးဝမရှိခဲ့ဘူး။ သားဆီက မေးလာတဲ့မေးခွန်းနဲ့ ဒီမှာ မှတ်ချက်ပေးလာတဲ့ မိတ်ဆွေတွေရဲ့ မှတ်ချက်တွေကို ဖတ်ကြည့်ပြီး သားဖတ်နေတဲ့ စာကြည့်တိုက်က စာအုပ်ကိုလည်း ပြန်ဖတ်ကြည့်တော့ ကျွန်မတို့ မြန်မာနိုင်ငံဟာ ဗြိတိသျှဦးဆောင်တဲ့ မဟာမိတ်တွေဘက်ကနေပြီး ဒုတိယကမ္ဘာစစ်မှာ ဂျာမန်ဦးဆောင်တဲ့ ဂျပန်တွေကို ပါဝင် တိုက်ခိုက်ခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။

ဂျပန်ကို ပြန်တိုက်ဖို့ အင်္ဂလိပ်အကူအညီကို ယူစဉ်က အင်္ဂလိပ်တပ်တွေလို့ မသုံးဘဲ မဟာမိတ်တပ်တွေလို့ သုံးထားတာကို ကျွန်မ ပြန်မှတ်မိတယ်။ အင်္ဂလိပ်ကို ဂျပန်နဲ့ ပေါင်းပြီးတိုက်ခဲ့တုန်းက ဂျာမန်ဦးဆောင်တဲ့ဘက်က ပါတဲ့ ဂျပန်တွေကို ထောက်ခံလို့မဟုတ်၊ မိမိနိုင်ငံကို ကိုလိုနီပြုနေတဲ့ အင်္ဂလိပ်ကို မြန်မာ့မြေပေါ်က မှောင်းထုတ်ချင်လို့သာ ဖြစ်တယ်။ ဒါကြောင့် အဲဒီစစ်ပွဲဟာ ဒုတိယကမ္ဘာစစ်ရဲ့ အစိတ်အပိုင်း မဟုတ်ဘူး။ ဂျပန်ကို အင်္ဂလိပ်နဲ့ ပေါင်းပြီးပြန်တိုက်ခဲ့တဲ့ အခါမှာတော့ မြန်မာ့လွတ်လပ်ရေးအတွက် တခုတည်းမဟုတ်ဘဲ ဖက်ဆစ်စနစ်ကို ကမ္ဘာ့မြေပေါ်က မှောင်းထုတ်ဖို့အတွက်ပါ ပူးတွဲပါဝင်တဲ့အတွက် ဒုတိယကမ္ဘာစစ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ နောက်တချက်က ဒုတိယကမ္ဘာစစ်မှာ စစ်နိုင်တဲ့ နိုင်ငံတွေက ဖွဲ့စည်းထားတဲ့ ကမ္ဘာကုလသမဂ္ဂအဖွဲ့ထဲမှာ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရတာနဲ့ ချက်ချင်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ဦးဆောင်တဲ့ မဟာမိတ်ဘက်က ပါခဲ့တယ်လို့ ကျွန်မနားလည် လက်ခံလိုက်တယ်။

သားကလည်း မှတ်ချက်တွေနဲ့ သူဖတ်တဲ့ စာအုပ်က သိသမျှတွေပေါင်းပြီး သုံးသပ်ချက်အရ ဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံဟာ အခြေအနေအရ တိုင်းပြည် လွတ်လပ်ရေးအတွက် ရည်ရွယ်ပြီး နှစ်ဘက်စလုံးက တိုက်ခဲ့ပါတယ် ။သို့ပေမဲ့ ဘယ်ဘက်က ပါတယ်ဆိုတာကိုကျတော့ ဒုတိယကမ္ဘာစစ်မှာ ဗြိတိသျှဘက်က ပါတယ်လို့ လက်ခံသွားတယ်။ နောက်ပတ်မှာ ပြုလုပ်မည့် ကျောင်းက အတန်းဆွေးနွေးပွဲမှာ သူတို့ ရရှိထားတဲ့ အချက်အလက်တွကို အတန်းထဲမှာ ၀ိုင်းဆွေးနွေးရင် သူဒီအတိုင်းပဲ ဆွေးနွေးမယ်လို့ ပြောတယ်။ ကျွန်မလည်း လုံးဝမထင်ထားတဲ့ ဒုတိယကမ္ဘာစစ်မှာ ပါတဲ့ ဥရောပ နိုင်ငံအတော်များများဟာ ဂျာမန်ဘက်က ပါတယ်ဆိုတာ အခုမှပဲ သိရတာအမှန်ပဲ။

သို့သော်လည်းပဲ ဒုတိယကမ္ဘာစစ်အတွင်းကလို စစ်၏အနိဌာရုံများနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုများကို နောင်လာနောက်သားများ ဘယ်သောအခါမှ မခံစားရစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ထားတဲ့ 1948 ခု၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ Universal Decalration of Human Rights ကို မဲခွဲ အတည်ပြု ဆုံးဖြတ်ရာမှာ ပါဝင်ခဲ့ မြန်မာနိုင်ငံဟာ အခုတော့ ဒီအခွင့်အရေးတွေကို လုံးဝဂရုမစိုက်တော့ဘဲ ဖက်ဆစ်စနစ်ကို ပြန်လည်ကျင့်သုံးနေသည်မှာ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက စစ်ရှုံးတဲ့ဘက်က ဦးဆောင်ခဲ့တဲ့ ဂျာမဏီနဲ့ ဂျပန်က အခုချိန်မှာ ဖက်ဆစ်စနစ်ကို လုံးဝမကျင့်သုံးတော့ဘဲ လူ့အခွင့်အရေးတွေ ဒီမိုကရေစီတွေကို အပြည့်အ၀ ကျင့်သုံးနေချိန်မှာ ကျွန်မသားလေးအခေါ် modern Hitler (သို့) Burmese Hitler ခေါ်တဲ့ ဗိုလ်သန်းရွှေက ဖက်ဆစ်စနစ်ကို မြန်မာပြည်မှာ ပြန်လည်သွတ်သွင်းနေတာ မြန်မာပြည်သူတွေအတွက် ရှေးဘ၀ကုသိုလ်ကံလို့တော့ မှတ်ယူလို့ရမယ်မထင်ဘူး။

(အင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ စစ်ပွဲနဲ့ပတ်သက်တဲ့ တစိတ်တဒေသကို ဂျပန်ရှုဒေါင့်ကနေပြီး ဖေါ်ပြထားတဲ့ ဗွီဒယို ကျွန်မ ပြန်ဖေါ်ပြထားတာ ဒီနေရာမှာ ရှိပါတယ်။ ဒါပေမဲ့ အခုပြန်ကြည့်တော့ ဗီဒယိုကို ဖျက်ထားတာ တွေ့ရပါတယ်။ သို့သော်လည်း ဗီဒယိုထဲက ဂျပန်လို ပြောပြီး အင်္ဂလိပ်လို စာတန်းထိုးထားတာတွေကို ကျွန်မ မြန်မာလိုပြန်ထားတဲ့ စာသားကတော့ ကျန်နေတာမို့ အဲဒီခေတ်က စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ BIA နဲ့ ဂျပန်တွေရဲ့ အနေအထားကို အနည်းအကျဉ်း တွေ့ရှိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း Label အောက်က ဗွီဒယိုအတော်များများမှာလည်း လွတ်လပ်ရေး တိုက်ပွဲကာလက ပုံတွေကို တွေ့နိုင်ပါတယ်)

ရွှင်လန်းချမ်မြေ့ကြပါစေ။


နယူးဆောက်ဝေး သူနာပြုများ၏ လုပ်ငန်းခွင်နှင့် အလုပ်အကိုင် အခြေအနေ

နယူးဆောက်ဝေးပြည်နယ် သူနာပြုများ၏ အလုပ်အကိုင်အခြေအနေသည် ယခုနှစ်များအတွက် လစာတိုးမြှင့်ပေးခြင်းနှင့်အတူ ယခင်ကထက် များစွာ မြင့်မားလျက် ရှိပါသည်။ သို့သော်လည်း သူနာပြုများတွင် အကြောင်းအမျိုးမျိုးဖြင့် အခက်အခဲများစွာကို ရင်ဆိုင်နေရဆဲပင် ဖြစ်ပါသည်။ ဤ Essay တွင် နယူးဆောက်ဝေး ပြည်နယ်ရှိ သူနာပြုများ၏ လက်ရှိ အလုပ်အကိုင် အခြေအနနှင့် ဖက်ဒရယ် အစိုးရက ပါလီမန်မှာ တင်သွင်းထားပြီး အတည်မပြုရသေးသည့် ဥပဒေအသစ်နှင့် ပတ်သက်၍ သူနာပြုများတွင် ဖြစ်လာနိုင်သည့် ပြဿနာများကို ဆွေးနွေးတင်ပြထားပါသည်။ သူနာပြုများသည် အလုပ် ၀န်ထုပ်ဝန်ပိုး၊ လုပ်အားခမတူညီမှုနှင့် ၎င်းတို့၏ အလုပ်လုံခြုံစိတ်ချရမှု ( Job security) ကို ဖျက်သိမ်းမည့် လက်ရှိ ဖက်ဒရယ်အစိုးရ တင်သွင်းထားသော ဥပဒေအသစ်၏ ခြိမ်းချောက်မှုများသည်လည်း သူနာပြုများ အမှန်တကယ် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ ဖြစ်ပေသည်။ ထို့ကြောင့် သူနာပြုများအနေဖြင့် မိမိတို့ ရရှိထားသော အခြေအနေ (Status) ဆက်လက်တည်တံ့ခိုင်မြဲရေး၊ မတူကွဲပြားသည့် ကျန်းမာရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်နေသည့် အရည်ချင်းတူသော်လည်း လစာမတူဖြစ်နေသည့် ပြဿနာကို ဖြေရှင်းနိုင်ရေးနှင့် ပုံမှန်ထက် ပိုမိုနေသော အလုပ်ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ရေးတို့အတွက် ဆက်လက်၍တိုက်ပွဲ ၀င်လျက် ရှိပါသည်။



နယူးဆောက်ဝေးပြည်နယ်မှာ ရှိသော မတူသည့် အလုပ်ရှင်များ လည်ပတ်နေသည့် ကျန်းမာရေး လုပ်ငန်းခွင်များမှ သူနာပြုများသည် ၎င်းတို့၏ လုပ်ငန်းခွင် အဆင့်အတန်းနှင့် လစာတိုးမြှင့်ပေးရေးအတွက် နယူးဆောက်ဝေး သူနာပြုများ အစည်းအရုံး (NSWNA) မှာ ပါဝင်ပြီး တိုက်ပွဲဝင်လျက် ရှိပါသည်။ ၎င်းအဖွဲ့အစည်းသည် သူနာပြုများ၏ ဘ၀မြင့်မားရေးအတွက် Campaigns အမျိုးမျိုးကို အသုံးပြုပြီး အလုပ်သမားသမဂ္ဂနဲ့အတူ လုပ်ရှားမှုပေါင်းများစွာမှာ ပူးပေါင်းပါဝင်လျက် ရှိပါသည်။ ထိုလှုပ်ရှားမှုများကြောင့်ပင် အပြုသဘောဆောင်သည့် တိုက်ပွဲရလဒ်များကို သုံးလေးနှစ်စာ ရရှိထားပါသည်။ အစိုးရကျန်းမာရေးဌာနရှိ သူနာပြုများအတွက်သက်သက် သက္ကရာဇ် ၂၀၀၀-၂၀၀၇ ခုနှစ်အတွင်း လက်ရှိအခြေခံလစမှ ၃၉.၅% အထိ တိုးမြှင့်ပေးခြင်း ခံရပါသည်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေး သူနာပြုများအတွက် ၂၀၀၄-၂၀၀၆ အထိ ၂၅% နှင့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများရှိ သူနာပြုများအတွက် ၃.၅% တိုးမြှင့်ပေးရန် သဘောတူထားခြင်း ခံထားရသည်။

ထို့အပြင် သက်ကြီးရွယ်အို စောက်ရှောက်ရေးနှင့် အစိုးရကျန်းမာရေးဌာနရှိ သူနာပြုများတွင် သီးသန့် တက်ရောက် သင်ကြားထားသော အောင်လက်မှတ် (Additional educational qualification) ရှိသူများအား တပတ်လျင် ဒေါ်လာ ၃၀ အထိ အပိုရရှိမည် ဖြစ်သည်။ ၎င်းအပြင် အစိုးရကျန်းမာရေးဌာန သူနာပြုများအတွက် အမှုထမ်းသက်တမ်း ၁၀ နှစ် ကြာမှ ပေးရန် သတ်မှတ်ထားသည့် ရက်ရှည်အားလပ်ရက် လစာ (Long Service Leave) ကိုလည်း ၇ နှစ်သို့ လျှော့ချ သတ်မှတ်ပေးလိုက်ပြီး ကလေးမွေးသည့် သူနာပြု မိခင်များအတွက် နို့သက်ကာလ အားလပ်ရက်ကို ကိုးပတ်မှ ၁၄ ပတ်အထိ တိုးမြှင့် သတ်မှတ်လိုက်ပါသည်။ ထိုအောင်မြင်မှုများ အားလုံးသည် သက်ဆိုင်ရာ အစိုးရများနှင့် သူနာပြုများ အစည်းအရုံး (NSWNA) အကြား လတ်တလော သဘောတူညီချက် ရထားသည့် ရလဒ်များပင်ဖြစ်သည်။ သို့သော်လည်း ဖက်ဒရယ်အစိုးရ တင်သွင်းထားသော ဥပဒေသစ်ကို တရားဝင် အတည်ပြုလိုက်မည် ဆိုပါက ထိုအောင်မြင်မှုများအပြင် နယူးဆောက်ဝေး ပြည်နယ်အစိုးရ ပေးထားသည့် အခွင့်အရေများ (NSW state award) အားလုံးကို ဖက်ဒရယ်အစိုးရက မကြာခင် ပြန်လည်သိမ်းယူသွားမည်ကို အထူး စိုးရိမ်ဖွယ်ရာ ဖြစ်နေပါသည်။

သြစကြေးလျား လုပ်ငန်းခွင် သဘောတူညီချက် (AWA) ဟုခေါ်သည့် ဖက်ဒရယ် အစိုးရ လတ်တလော တင်သွင်းထားသည့် လုပ်ငန်းခွင် ဥပဒေသစ်သည် အလုပ်သမား သမဂ္ဂများမှ မည်သို့မှ ၀င်ရောက် စွက်ဖက်၍ မရနိုင်သည့် အလုပ်သမားနှင့် အလုပ်ရှင် တသီးပုဂ္ဂလ စာချုပ်ချုပ် ဆိုခြင်းအပေါ်မှာ အခြေခံပါသည်။ ယင်းဥပဒေကို ၁၉၉၇ မှာ လစ်ဘရယ်အစိုးရက စတင်မိတ်ဆက်ခဲ့ပြီး ယခုအချိန်တွင် အလုပ်သမာား ၇ သိန်းခန့် ယင်းဥပဒေအောက်တွင် အလုပ်လုပ်ကိုင်လေ့ ရှိပါသည်။ အကယ်၍ ၎င်းဥပဒေသည် ကျန်းမာရေး လုပ်ငန်းခွင်အတွင်းသို့ စိမ့်ဝင်လာမည်ဆိုပါက သူနာပြုများနှင့် ကျန်းမာရေးဌာန တခုလုံးအတွက် ဆိုးကျိုးများစွာ သက်ရောက်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ပထမဦးဆုံး အချက်အနေဖြင့် ဥပဒေသစ်ကို အတည်ပြုဖြစ်သွားခဲ့သော် လက်ရှိ နယူးဆောက်ဝေး သူနာပြုများ ရရှိထားသည် အခွင့်အရေးများ အားလုံးနှင့် ယခု တိုက်ပွဲဝင်၍ ရရှိထားသော အခွင့်အရေးများ အားလုံး ရုပ်သိမ်းခံရနိုင်ဖွယ် ရှိပါသည်။ လက်ရှိ တိုက်ပွဲဝင်၍ ရရှိသော အခွင့်အရေးများကို အထက်၌ ဖေါ်ပြထားပြီး ဖြစ်ပါသည်။

လောလောဆယ် NSW Industrial Relation Law အရ နယူးဆောက်ဝေး သူနာပြု အခွင့်အရေးများမှာ အလုပ်သက်တမ်းအလိုက် နှစ်အတိုင်းအတာ တခုအထိ လစာနှစ်စဉ် ပုံမှန်တိုးမြှင့်ပေးခြင်း၊ Overtime Payment, စနေ၊ တနင်္ဂနွေနှင့် ညပိုင်းလုပ်အားခကို အခြေခံနှုန်းအပြင် သတ်မှတ်ထားသည့်အတိုင်း ပိုမိုရရှိခွင့်၊ နှစ်စဉ် အားလပ်ခွင့်ရက်၊ နို့သက်ကာလ အားလပ်ခွင့်ရက် စသည်တို့ကို ခံစားပိုင်ခွင့် ရှိပြီး ဥပဒေသစ်အရ ၎င်းအခွင့်အရေးများနှင့် အခုတိုက်ပွဲဝင်၍ ရရှိထားသော အခွင့်အရေးများသည် လုံးဝသေချာ ရေရာမှု ရှိနိုင်တော့မည် မဟုတ်ပါ။ ဖက်ဒရယ်အစိုးရ၏ ဥပဒေသစ်ကြောင့် အလုပ်သမားများ၏ အလုပ်အခြေအနေသည် အလုပ်ရှင်များအပေါ်တွင်သာ အများဆုံး မူတည်သွားပေလိမ့်မည်။ အကျိုးရလဒ်အနေဖြင့် သူနာပြုများမှာ အလုပ်လုံခြုံစိတ်ချရမှု မရှိတော့သောကြောင့် လုပ်ငန်းခွင်မှာ မပျော်ပိုက်သော်လည်း အလုပ်ရှင်များ တောင်းဆိုသော စာချုပ်ကို မတရားသည့်တိုင်အောင် စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ငွေရေးကြေးရေး လိုအပ်ချက်အတွက် လက်ခံစာချုပ်ချုပ်ဆိုပြီး လုပ်နေရမည် ဖြစ်သည်။ ထို့ကြောင့် ထိုသို့ မဖြစ်လာစေရန် သူနာပြုများအတွက် NSW Industrial Relation Law ကို အမိအရ ဆုပ်ကိုင်ထားဖို့ လိုအပ်ပါသည်။

ဆက်လက်၍ သူနာပြုများသည် တက္ကသိုလ်များတွင် Professional Study ကို သင်ကြားထားသူများဖြစ်သော်လည်း တခြား အစိုးရဌာနများမှ ၀န်ထမ်းများ ဖြစ်သည့် ကျောင်းဆရာ၊ စာရင်းကိုင် စသည် ၀န်ထမ်းများထက် အခြေခံလစာမှာ ပိုနည်းသောကြောင့် လူတကာ အနားယူသည့် စနေတနင်္ဂနွေ၊ ညဘက်၊ အချိန်ပို အလုပ်များမှ ပိုရသည့် လစာကို အားကိုးပြီး အိမ်ထောင်စု လိုအပ်ချက်အတွက် လိုအပ်နေသော ၀င်ငွေကို ဖြည့်ဆည်းရပါသည်။ အကယ်၍ ဥပဒေအသစ်ကို အတည်ပြုပြီး တသီးပုဂ္ဂလ စာချုပ်အရ ပိုရသည့်အချိန်ဟူ၍ မရှိတော့ဘဲ မည်သည့်အချိန်မှာလုပ်သည်ဖြစ်စေ လစာအားလုံး အတူတူ ဖြစ်သွားပါက လူတကာ အနားယူသည့် အချိန်တွင် မည်သူမှ ပိုက်ဆံပိုမရဘဲ အလုပ်လုပ်ချင်ကြမည် မဟုတ်ပါ။ လူတိုင်းလူတိုင်းသည် မိမိတို့ မိသားစုနဲ့ ကောင်းစွာ အပန်းဖြေ အနားယူချင်ကြသည်ချည်းသာ ဖြစ်ပါသည်။ လစာပိုမရဘဲ ထိုအနားယူချိန်များတွင် မည်သူမှ မလုပ်ကြသည့်အခါ ဆေးရုံများတွင် သူနာပြု မလုံလောက်သည့် အန္တရယ်သည် ကြီးမားသော ပြဿနာတရပ်အဖြစ် ပေါ်ထွက်လာနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် သူနာပြု အလုပ်သည် တရက်မှာ ၂၄ နာရီလုံး၊ တပတ်မှာ ခုနှစ်ရက်လုံး လိုအပ်နေသည့် အလုပ်ဖြစ်ပြီး သူနာပြု မလုံလောက်ပါက ပြည်သူလူထုအတွက် ကြီးစွာသော ဒုက္ခကို ရစေနိုင်ပါသည်။ လက်ရှိအခြေအနေမှာပင် လုပ်ငန်းခွင်အတွင်း သူနာပြုများအတွက် အလုပ်ဝန်ထုပ်ဝန်ပိုး ပြဿနာကို ဖြေရှင်း၍ မပြီးသေးတဲ့အချိန်မှာ ဥပဒေသစ်ကိုသာ အတည်ပြုလိုက်ပါက လုပ်ငန်းခွင်အခြအနေသည် ငါးပါးမှောက်ရန်သာ (မြန်မာမှုပြုထားသည်) ရှိတော့သည်။

လက်ရှိအခြေအနေတွင် နယူးဆောက်ဝေး လုပ်ငန်းခွင် ဥပဒေအရ သူနာပြုများ လိုက်နာရန် Occupational Health & Safety Policy ရှိနေသည့်တိုင် အပြည့်အ၀ မလိုက်နာနိုင်သေးဘဲ ဖြစ်နေခဲ့ပြီး မည်သည့် ဥပဒေမှ အတိအကျ ပြဌာန်းပါရှိမည် မဟုတ်ဘဲ အလုပ်သမားနှင့် အလုပ်ရှင် နှစ်ဦးသဘောတူအရ လုပ်ရမည့် ဥပဒေအသစ်မှာ သူနာပြုများကို အာမခံချက်ပေးထားသည့် အချက်ဟူ၍ တိကျရေရာမှု ရှိတော့မည် မဟုတ်ပါ။ ထိုအခါ Unresonable work load သည် ယခုထက် ပိုမိုဆိုးရွားလာနိုင်စရာ အကြောင်းရှိပြီး လူနာများအတွက် Quality Care ဆိုသည်မှာ ရှိနိုင်တော့မည် မဟုတ်ဘဲ လုပ်ငန်းခွင်မှာ မဖြစ်သင့်ဘဲ မတော်တဆ ထိခိုက်အနာတရမှုနှင့် အသေနှုန်း တက်လာပြီး အားထားလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုသည်မှာ ရှိတော့မည် မဟုတ်ပါ။ သူနာပြုများသည်လည်း လုပ်ငန်းခွင်အတွင်း အလုပ်ဝန်ထုပ်ဝန်ပိုးကြောင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပမ်းနွမ်းနယ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ မကျေနပ်သည့် စိတ်ဖိစီးမှုတွေနဲ့သာ နေ့စဉ် ရင်ဆိုင်နေရနိုင်ပြီး လုပ်ငန်းခွင်ကို စိတ်ကုန်သည့် အတွေ့အကြုံများနှင့်သာ ဆက်တိုက် ကြုံတွေ့နေရပေမည်။ နောက်ဆုံး အဆုံးစွန်အထိ ဖြစ်သွားနိုင်သည်မှာ သူနာပြုများသည် မိမိတို့ ကျွမ်းကျင်ပြီးသော ပညာရပ်ကို စွန့်ခွါသွားပြီး တခြားပြင်ပအလုပ်များကို ရှာဖွေလုပ်ကိုင်သွား နိုင်သည့်အတွက် သူနာပြုမလုံလောက်သည့် ပြဿနာကို ပိုမို ကြီးထွားသွားစေနိုင်ပါသည်။ ကျန်းမာရေးဌာန၏ အရေးကြီးဆုံး အဓိကအလုပ်သမားများ ဖြစ်သည့် သူနာပြု မလုံလောက်ပဲ ကျန်းမာရေးလုပ်ငန်းခွင်တခုဟာ မည်သို့မှ ကျန်းမာလုံခြုံစိတ်ချစွာ လုပ်ငန်းလည်ပတ်နိုင်လိမ့်မည် မဟုတ်တော့ပါ။ သူနာပြုမရှိဘဲ (သို့) မလုံလောက်ဘဲ ပြည်သူလူထု၏ ကျန်းမာရေးကို မဆာင်ရွက်နိုင်ပါ။ ထို့ကြောင့် ဖက်ဒရယ် အစိုးရ၏ စိတ်ကူးယဉ်အိပ်မက်ကို အတည်မဖေါ်ဖြစ်အောင် ကြိုးစားဖို့ အားလုံးမှာ တာဝန်ရှိပါသည်။

နယူးဆောက်ဝေး သူနာပြုများနှင့် ပတ်သက်၍ နောက်တခု အရေးကြီးစွာ ဖြေရှင်းရမည့် ပြဿနာ တခုမှာ Qualification တခုတည်းကို ကိုင်ဆောင်ထားသော သူနာပြုများသည် မတူကွဲပြားတဲ့ ကျန်းမာရေး လုပ်ငန်းခွင်မှာ လစာမတူကြသည့် ပြဿနာပင် ဖြစ်ပါသည်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေး သူနာပြုများနှင့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများမှ သူနာပြုများသည် ပြည်သူ့ဆေးရုံနှင့် အစိုးရဌာနမှ သူနာပြုများထက် လစာပိုနည်းနေပါသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး နယူးဆောက်ဝေး သူနာပြုများ အစည်းအရုံး အထွေထွေ အတွင်းရေးမှူး Mr Brett Holmes နှင့် ဒုတိယ အထွေထွေ အတွင်းရေးမှူး Ms Judith Kiejda နှစ်ယောက်စလုံးက သုံသပ်သည်မှာ အစိုးရဆေးရုံနှင့် ဌာနများအောက်တွင် လုပ်နေသော သူနာပြုများ၏ အစည်းအရုံးတွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အရေအတွက်က တခြားလုပ်ငန်းခွင်များမှ သူနာပြုအရေအတွက်ထက် ပိုများပြီး လစာတိုးမြှင့်ပေးမှု ကွာဟနေခြင်းမှာ ပါဝင်တိုက်ပွဲဝင်နေသည့် သူနာပြု အရေအတွက် မတူသည့်အပေါ်တွင် အများဆုံးမူတည်သည်ဟု ဆိုပါသည်။ ထိုစကားသည် ပါဝင်မှု၊ အားထုတ်မှု နည်း၍ အခွင့်အရေးရနည်းသည် ဆိုသည့်အချက်ကို ဆိုလိုခြင်း ဖြစ်သည့်အတွက် သူနာပြုများအတွက်သာမက အခွင့်အရေးတခုကို လိုချင်၍ တိုက်ပွဲဝင်နေသူ အားလုံးနှင့်လည်း အကျုံးဝင်ပါသည်။ နယူးဆောက်ဝေးမှာ သူနာပြုများ အရည်အချင်းတူပြီး လစာမတူညီကြသည့် ပြဿနာကား ဆက်လက် ဖြေရှင်းရမည့် ပြဿနာ တခုအဖြစ် ဆက်ရှိနေပါသည်။

အချုပ်အားဖြင့် လတ်တလော တိုးမြှင့်ပေးခြင်းခံထားရသော အခွင့်အရေးများဖြင့် နယူးဆောက်ဝေး သူနာပြုများသည် အလုပ်အခြေအနေ ခါတိုင်းထက် အမြင့်မားဆုံး အခြေအနေမှာ ရောက်နေသော်လည်း အခက်အခဲများနှင့် ဖြေရှင်းစရာ ပြဿနာများ၊ ခြိမ်းချောက်မှုများ များစွာ ဆက်ရှိနေသေးသည်။ အဓိက ခြိမ်းချောက်မှုမှာ ဖက်ဒရယ်အစိုးရတင်သွင်းထားသော ဥပဒေအသစ် ဖြစ်သည်။ သူနာပြုများတွင် မတူကွဲပြားသည့် လုပ်ငန်းခွင်တွင် လစာမတူသည့် ပြဿနာကိုရင်ဆိုင်နေရသလို နေရာတိုင်းတွင် အဆမတန် အလုပ်ဝန်ထုပ်ဝန်ပိုးများ ရှိနေသည်။ သူနာပြုများ အချင်းချင်းအကြား လစာမညီမျှသည့် ပြဿနာကို ညီညွတ်စွာ ဖြေရှင်းရန် မတူကွဲပြားသည့် လုပ်ငန်းခွင်တွင် ရှိသော သူနာပြုများအားလုံး သူနာပြုအစည်းအရုံးမှာ ပိုမိုပါဝင်လာပြီး မိမိတို့အခွင့်အရေးများကို ညီညွတ်စွာ တိုက်ပွဲဝင်ရန် လိုအပ်ပါသည်။

ထိုဖက်ဒရယ် အစိုးရတင်သွင်းထားသော ဥပဒေသည် ကျန်းမာရေး လုပ်ငန်းခွင်အသီးသီးအား ဆိုးကျိုးများကိုသာ ဖြစ်လာနိုင်သည့်အတွက် လုပ်သားပြည်သူများအကြား အသိပေးနိုးဆော်ပြီး ထိုဥပဒေကို အတည်မပြုဖြစ်အောင် ၀ိုင်းဝန်းကြိုးစားရန်လိုနေသည်။ လုပ်ငန်းခွင်အတွင်း အဆမတန် အလုပ်ဝန်ထုပ်ဝန်ပိုးများကို ဖြေရှင်းရန် NSWNA နှင့် Health Department ပူးပေါင်းကာ အမြန်ဆုံး စုံစမ်းစစ်ဆေး ရှာဖွေဖေါ်ထုတ်မှုများ ပြုလုပ်ပြီး ဖြစ်နေသော ပြဿနာကို ဖြေရှင်းသင့်ပေသည်။ ပြည်သူလူထုများအတွက် ကျန်းမာရေးဆိုင်ရာ Safe and quality care ဖြစ်ဖို့အတွက် သူနာပြုများ၏ အခန်းကဏ္ဍသည် အင်မတန်မှ အရေးကြီးပြီး သူနာပြု မလုံလောက်သည့် ပြဿနာဖြစ်ပါက သူနာပြုများတွင်သာ နစ်နာမည် မဟုတ်ဘဲ ပြည်သူလူထုမှာပါ နစ်နာမည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းလူတိုင်း NSW, Industrial Relation Law ကို ဆုပ်ကိုင်ထားပြီး အခုတင်သွင်းထားသော ဖက်ဒရယ် အစိုးရ၏ ဥပဒေအသစ်ကို ဆန့်ကျင်သည့် Campaigns မှန်သမျှတွင် ပါဝင်ဆင်နွှဲသင့်ပါသည်။


(၂၀၀၆ ခုနှစ်က High School အဆင့် ပညာရေးကို ပြန်တက်စဉ်က ၁၁ တန်း (မြန်မာပြည် ၉ တန်း) အဆင့် အင်္ဂလိပ်စာဘာသာမှ Working conditions and wokpalce situations for nurses in NSW အမည်ဖြင့် ကျွန်မ ရေးခဲ့တဲ့ Essay ကို မလိုအပ်တာတချို့ ဖယ်ပြီး သင့်လျှော်သလို ဘာသာပြန်ထားပါတယ်။ တက္ကသိုလ်မှာ အဆင့်မြင့်ပညာ သင်ကြားနေသူမှ မဟုတ်ဘဲ အခြေခံပညာအဆင့်မှာလည်း Assignment တွေမှာ မိမိမြင်တွေ့နေရသည်များကို လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ကြောင်းကို မျှဝေလို၍ တင်ပြခြင်း ဖြစ်ပါတယ်။ ဒီ Essay ကို အမှတ် ၂၀ ပေးတဲ့အနက် ကျွန်မ ၁၈ မှတ် ရခဲ့ပါတယ်)

ရွှင်လန်းချမ်းမြေ့ကြပါစေ

Genetic Engineering and Modern Biotechnology မျိုးရိုးဗီဇ ပြုပြုင်ဖန်တီးခြင်းနှင့် ခေတ်သစ်ဇီဝနည်းပညာ

ကျွန်မဆီကို အသိဦးပဉ္ပဇင်း တပါးဆီကနေ လူမကျ တရိစ္ဆာန်မကျ ပုံတပုံ ပို့လာကာ ”တကာမကြီးရေ ဒီလိုပုံမျိုး အကယ်ရှိလား” လို့ မေးလာခဲ့တဲ့ မေးလ်တခုကို ပြီးခဲ့တဲ့နှစ် ကျောင်းမပိတ်ခင် ကျွန်မ အလုပ်တွေ သိပ်များနေချိန်မှာ ရခဲ့ပါတယ်။ နောက်မှပဲ အကြောင်းပြန်မယ် ဆိုပြီး ထားခဲ့တာ မေ့မေ့ပျောက်ပျောက် ဖြစ်နေပြီး အခုမှ အီးမေးလ် အဟောင်းတွေကို ပြန်ကြည့်ရင်းနဲ့ ဒီအီးမေးလ်ကို တွေ့ရပါတယ်။ အကြောင်းပြန်ဖို့ စဉ်းစားတော့ ကျွန်မ အတက်တန်း ပြန်တက်တုန်းက ဇီဝဗေဒ (Biology) ဘာသာမှာ သင်ခဲ့ဖူးတဲ့ Genetic Engineering အကြောင်းကို ဘလော့ဂ်မှာ တင်ချင်စိတ် ရှိလာတာနဲ့ စိတ်ဝင်စားသူ အားလုံးအတွက်လည်း ဖြစ်အောင် ကျွန်မ လုပ်ခဲ့ဖူးတဲ့ Assignment ထဲက တချို့ကို ပြန်လည် ကောက်နှုတ်ပြီး မေးလာတဲ့ ဦးပဉ္ပဇင်းကို ပြန်ဖြေရင်း တခြားသူတွေ အတွက်ပါ မျှဝေလိုက်ပါတယ်။ မြန်မာပြည်က အထက်တန်း Biology မှာ ဒီအကြောင်းတွေ မသင်ရပေမဲ့ ဒီပို့စ်ပါ အကြောင်းအရာ အားလုံးဟာ တက္ကသိုလ်မှာ သင်ခဲ့ရတာ မဟုတ်ပဲ သြစကြေးလျားက အထက်တန်းအဆင့် ၁၂ တန်း ဇီဝဗေဒဘာသာရပ်မှာ လုပ်ခဲ့ရတဲ့ Assignment ထဲကသာ ဖြစ်ပြီး Reference တွေက ၂၀၀၄ ခုနှစ် နောက်ဆုံး ဖြစ်လို့ ပြည့်စုံမှုမရှိနိုင်ပါ။ Genetic Engineering ကို တက္ကသိုလ်မှာ သင်ထားဖူးသူများအနေနှင့် ဖတ်မိပြီး Update ပိုဖြစ်တာကို ဖြည့်စွက်ချင်သူများ၊ ကွာဟနေတယ်ထင်လို့ အမှန်ပြင်ချင်သူများ ရှိပါက ၀မ်းသာစွာ ကြိုဆိုပါတယ်။


မျိုးရိုးဗီဇ ပြုပြင်ဖန်တီးခြင်းနှင့် ခေတ်သစ် ဇီဝနည်းပညာ Genetic Engineering and Modern Biotechnology

လူသားတွေဟာ ကမ္ဘာကြီးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့သိပ္ပံနည်းပညာတွေ တီထွင်ပြီး ကြိုးစားလာခဲ့ပါတယ်။ ဒီသိပ္ပံ နည်းပညာအမျိုးမျိုးအနက် ဇိဝသိပ္ပံဟာလည်း အတော်ကို အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဇီဝနည်းပညာမှာ အပင် တိရိစ္ဆာန် (လူအပါအ၀င်) စတဲ့ သက်ရှိတွေကို အသုံးပြုပြီး လူသားတွေရဲ့ အကျိုးအတွက် တီထွင်ဖန်တီးထားတဲ့ ပညာအားလုံး အကျုံးဝင်ပါတယ်။ သက်ရှိတို့ရဲ့ မျိုးရိုးဗီဇကို သယ်ဆောင်တဲ့ အချက်အလက်တွေ အားလုံးကို ဆဲလ်အတွင်းရှိ Nucleus ထဲမှာ ရှိတဲ့ DNA (Deoxyribonucleic Acid ) ခေါ် အချဉ်ဓါတ်ပါတဲ့ သက်ရှိမော်လီကျူး ဓါတ်ပေါင်းတခုထဲမှာ သိုလှောင်ထားပါတယ်။ DNA ဟာ သက်ရှိအားလုံးရဲ့ မျိုးရိုးဗီဇကို သယ်ဆောင်တဲ့ Genetic Code ဖြစ်ပြီး သက်ရှိတွေရဲ့ အသွင်လက္ခဏာ ကွဲပြားမှုဟာ DNA ထဲမှာ ရှိတဲ့ အချက်အလက်အပေါ် အများဆုံး မူတည်ပါတယ်။

 ခေတ်သစ် ဇီဝနည်းပညာ (Modern Biotechnology) ထွန်းကားလာပြီးနောက်ပိုင်းမှာ DNA မော်လီကျူးကို ပေါင်းစပ်ထားတဲ့ အစိတ်အပိုင်းတွေကို မျိုးမတူတဲ့ သက်ရှိတွေဆီက တခုနဲ့တခု ဖြတ်တောက် ပေါင်းစပ်ပြီးထာတဲ့ DNA (Recombinant DNA)  နဲ့ မျိုးရိုးဗီဇကို ပြုပြင်ဖန်တီးပြီး နေရာ အတော်များများမှာ အသုံးပြုလျက် ရှိပါတယ်။  ဒါကို Genetic Engineering လို့ ခေါ်ပြီး ဒီနည်းပညာကို အဆပေါင်း ထောင်သောင်းမက ဖြန့်ချဲ့ကြည့်လို့ ရတဲ့ အနုကြည့်မှန်ပြောင်းတွေကို အသုံးပြုကာ သက်ရှိတခုမှ တခု ပြောင်းလွဲနိုင်၊ ပေါင်းစပ် ဖန်တီးနိုင်ပါတယ်။ ခေတ်သစ် ဇီဝနည်းပညာဟာ ဆေးပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသုံးကုန် ထုတ်လုပ်ရေးတွေမှာ များစွာ အသုံးဝင်နေတာကို တွေ့ရသလို လူ့ကျင့်ဝတ်သိက္ခာ၊ ဓလေ့ထုံးတမ်းတို့နှင့် မသင့်လျော်မှုတွေလည်း ရှိနိုင်ပြီး၊ အကယ်၍ မလုပ်သင့်မလုပ်ထိုက်တာကို လုပ်မိပါက ဆိုးကျိုးကို ဦးတည်တဲ့ အချက်တွေကိုလည်း တွေ့ရပါတယ်။  ဘာကြောင့်လဲဆိုတော့ Genetic Engineering ကို အသုံးပြုပြီး သတ္တ၀ါ အသစ်တခုကို ဖန်တီးရင် ရနိုင်လို့ဖြစ်တယ်။

ဇီဝနည်းပညာကို လူတွေက ရှေးပဝေဏီကတည်းက အသုံးပြုလာကြပါတယ်။ အထူးသဖြင့် ကစော်ဖောက်ပြီး အရက်ချက်ခြင်းဟာ Microorganism organism လို့ခေါ်တဲ့ ပိုးမွှားတွေကို အသုံးပြု ထားတာ ဖြစ်လို့ ရှေးဟောင်း ဇီဝ နည်းပညာ (Primitive Biotechnology) တခုဖြစ်ပါတယ်။ ဒါကြောင့် ခေတ်သစ် ဇီဝနည်းပညာ မပေါ်ခင်ကတည်းက လူသားတွေက ရှေးနှစ်ပေါင်း ထောင်ချီကတည်းက အသုံးပြုလာခဲ့တာကို တွေ့ရပါတယ်။ ပေါင်မုန့်၊ ကိတ်မုန့် ဖုတ်ခြင်း၊ Yogurt, Cheese, စတဲ့ နို့ထွက်ပစ္စည်းတွေ ပြုလုပ်ခြင်းနဲ့ ဟင်းသီးဟင်းရွက် အချဉ်တည်ပြီး ချဉ်ဖတ်အဖြစ် စားသုံးခြင်းတွေဟာလည်း အဲဒီ အစားအစာထဲမှာ ခိုကပ်နေတဲ့ ဘက်တီးရီးယား၊ မှိုပိုးမွှားတွေရဲ့ လုပ်အားကို အသုံးပြုရတာ ဖြစ်လို့ ရှေးဟောင်း ဇီဝနည်းပညာတွေပဲ ဖြစ်ပါတယ်။ ခေတ်သစ် ဇီဝနည်းပညာ ထွန်းကားလာတဲ့ အခါမှာတော့ လူတွေက ဘက်တီးရီးယားတို့ Fungi တို့လို အသေးသေးမွှားမွှား သက်ရှိတွေကိုသာမက လူ၊ ဆိတ်၊ သိုး၊ ကျွဲ၊ နွား အပင်ပေါင်းစုံတို့ကိုပါ မျိုးရိုးဗီဇကို ပြုပြင်ဖန်တီးခြင်း ပညာ (Genetic Engineering) ဖြင့် ဇီဝနည်းပညာကို ပိုမို ကျယ်ပြန့်စွာ အသုံးပြုလာကြပါတယ်။

ခေတ်သစ် ဇီဝနည်းပညာ (Modern Biotechnology) ကို အသုံးပြုပြီး ဆေးပညာမှာ ရောဂါတွေကို အလွယ်တကူ ရှာဖွေစစ်ဆေး၊ ကုသနိုင်လာတယ်။ မျိုးမတူတဲ့ သက်ရှိတွေကို ပေါင်းစပ်ပြီး လိုအပ်တဲ့ အရည်အသွေးရှိတဲ့ အမျိုးကို ဖန်တီးယူလို့ ရပါတယ်။ ဥပမာ ဆီးချိုသမားတွေအတွက် လိုအပ်နေတဲ့ လူရဲ့ ပန်ကရိယထဲက ထွက်တဲ့ အင်ဆူလင် လူဟော်မုန်းကို လူသားတွေဆီက ထုတ်ယူဖို့ မသင့်လျော်ခြင်း (သို့) အခက်အခဲ ရှိနိုင်ခြင်း တို့ကြောင့် ဘက်တီးရီးယားရဲ့ DNA နဲ့ လူရဲ့ DNA ကို ပေါင်းစပ်ပြီး ဘက်တီးရီးယား တမျိုးကို ဖန်တီးကာ ဘက်တီးရီးယားတွေက တဆင့် အင်ဆူလင်ကို ပြန်လည်ထုတ်ယူပြီး သုံးစွဲပါတယ်။ မွေးမြူရေးမှာလည်း အသားထွက်ကောင်းရန် (သို့) တာရှည်ခံနိုင်ရန် အပင် (သို့) မျိုးမတူတဲ့ တရိစ္ဆာန်တွေရဲ့ DNA အချင်းချင်း ပေါင်းစပ်ပြီး ပိုမိုအရည်အသွေး ကောင်းတဲ့အသား ထွက်အောင် ထုတ်လုပ်လာကြပါတယ်။ ဥပမာ ပန်းဂေါ်ဖီပွင့်နဲ့ အစိမ်းရောင် Broncholi ကိုပေါင်းစပ်ပြီး အရောင်နဲ့၊ အပွင့်နဲ့ အရသာ နှစ်ခုစလုံးရ အာနိသင်တွေရအောင် လုပ်ထားတာတွေမျိုး ရှိပါတယ်။

အကောင်အချင်းချင်း၊ အပင်အချင်းချင်းသာ DNA ပေါင်းစပ်နိုင်သည် မဟုတ်ပဲ၊ အကောင်နှင့် အပင်တို့ရဲ့ DNA ကိုလည်း ပေါင်းစပ် နိုင်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးမှာ ပိုမိုကောင်းမွန် အရည်အသွေးကောင်းတဲ့ အစားအသောက်တွေကို ရရှိရန် တရိစ္ဆာန်တွေရဲ့ DNA နဲ့ အပင်တွေရဲ့ DNA ကို ပေါင်းစပ်ပါတယ်။ ဥပမာ ဆယ်လမွန်ငါးနဲ့ စတော်ဘယ်ရီသီး DNA တွေကို ပေါင်းစပ်ပြီး စထရောဘယ်ရီ သီးရဲ့ အရောင်ကို လှပအောင် ဖန်တီး၍ ရသလို အရသာကိုလည်း ထူးကဲအောင် လုပ်ကြတယ်လို့ သိရပါတယ်။ ထိုနည်းအတူ ကောက်ပဲ သီးနှံတွေ ပိုးမစားနိုင်စေရန်နှင့် ကြီးထွားမှုနှုန်းနှင့် အထွက်နှုန်း ကောင်းအောင်စသည့် လိုအပ်ချက် အမျိုးမျိုးအတွက်လည်း မျိုးရိုးဗီဇကို ပေါင်းစပ်ပြီး ရာသီဥတုနဲ့ သင့်လျော်တဲ့ မျိုးစပ်မှုတွေ ဖန်တီးယူလို့ ရနိုင်ပါတယ်။ ဒါကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေမှာ Modern Biotechnology ကို အသုံးပြုပြီး စိုက်ပျို့းရေး၊ မွေးမြူရေးကို မြှင့်တင်နိုင်ပါက စားနပ်ရိက္ခာအတွက် များစွာ အထောက်အကူ ပြုပြီး ငတ်မွတ် ခေါင်းပါးတဲ့ အကြပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

သို့သော်လည်း အထက်ဖေါ်ပြချက်တွေက ခေတ်သစ် ဇိဝနည်းပညာရဲ့ အားသာချက်များသာ ဖြစ်ပြီး ခေတ်သစ် ဇီဝနည်းပညာမှာ အားနည်းချက်များလည်း ရှိတဲ့အပြင် ကမ္ဘာကြီးကို အန္တရယ်ကျရောက်တဲ့အထိ ဖြစ်စေနိုင်တဲ့ အချက်တွေကိုလည်း ဦးတည် သွားနိုင် ပါတယ်။ ခေတ်သစ် ဇီဝနည်းပညာ ပေါ်ပေါက်လာပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက ထွက်တဲ့ အစားအစာ အတော်များများဟာ သဘာဝကို ကျော်လွန်တဲ့ အစားအစာများသာ ဖြစ်လာခဲ့ပြီး ဈေးထဲမှာ ရောင်းနေတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေအနက် ဘယ်အစားအစာက Genetic Engineering အရ အမျိုးအစားမတူတဲ့ ဘာသက်ရှိတွေနဲ့ ပေါင်းစပ်ပြီး ဖြစ်လာတယ်၊ ဘယ်အစားအစာ ကတော့ သဘာဝအတိုင်း အစစ်အမှန်ဆိုတာ ဖေါ်ပြထားတာ မဟုတ်တဲ့အတွက် လူတချို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ မကိုက်ညီတဲ့ အစားအစာတွေ ဖြစ်နေနိုင်လို့ စားသုံးသူတွေအတွက် စိတ်မသန့် ဖြစ်နိုင်ပါတယ်။ ဥပမာ ၀က်သားမစားတဲ့ မူစလင်တွေအတွက် အကယ်၍ အသီးနှံတခုခုဟာ ၀က်ရဲ့ DNA နဲ့ ပေါင်းစပ်ထားခဲ့ရင်၊ အသက်သတ်လွတ် စားသုံးသူတွေအတွက် ငါးရဲ့ DNA နဲ့ ပေါင်းစပ် ထားတဲ့ စထရော်ဘယ်ရီလို အသီးနှံတွေကို အကောင်တွေရဲ့ DNA နဲ့ ပေါင်းစပ်ထားခဲ့ရင် စားသုံးသူတွေအတွက် လက်မခံနိုင်သော အစားအစာ ဖြစ်နေနိုင်လို့ Ethical အရ လုံးဝ မသင့်လျော် တာကိုလည်း တွေ့ရပါတယ်။

နောက်ထပ် အဆိုးဆုံးအခြေအနေတခုက လူသားကို ဥာဏ်ရည်ဖွံ့ဖြိုးမှုတွေ များစွာပါတဲ့ DNA တွေ ပေါင်းစပ်ပြီး တမူထူးခြားတဲ့ လူသားတမျိုး (သို့) ဥာဏ်ရည်မရှိ ခိုင်းလို့ကောင်းအောင် လူနဲ့ တရိစ္ဆာန်တို့ကို ပေါင်းစပ်ထားတဲ့ တမူထူးခြားတဲ့ သတ္တ၀ါတွေကို သိပ္ပံပညာရှင်တွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂက တရားဝင် ခွင့်မပြုပေမဲ့ မာသမာတဲ့ လူတချို့က လျို့ဝှက် ဖန်တီးလာကြပြီး ၎င်းတို့ ကိုယ်ကျိုးအတွက် အသုံးပြုလာကြရင် ဒါဟာ ကျင့်ဝတ်သက္ခာအရ လက်ခံနိုင်စရာ အကြောင်းမရှိ (ethnically unacceptable) တဲ့ အပြင် ကမ္ဘာကြီးကိုလည်း ပျက်စီးစေနိုင်တဲ့ အန္တရယ် ရှိနိုင်ပါတယ်။ အချုပ်အားဖြင့် Genetic Engineering မှာ အကျိုးနှင့် အပြစ်နှစ်ခုစလုံး ရှိပေမဲ့အပြစ်ထက် အကျိုးက ပိုများတဲ့ အတွက်လူသားတွေအနေနဲ့ တိုးတက်အောင် ဆောင်ရွက်သင့်တဲ့ ပညာရပ်ဖြစ်ဖြစ်ပါတယ်။ တခြားတဘက်မှာလည်း မလိုလားအပ်သော ဆိုးကျိုးများ မဖြစ်ပွားစေရန်၊ ကျင့်ဝတ်သိက္ခာနဲ့ ကိုက်ညီစေရန် အတတ်နိုင်ဆုံး ကြိုးစားပြီး သတိရှိရှိနှင့် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဈေးတွေမှာ ရောင်းနေတဲ့ အစားအစာများကို သဘာဝ အစားအစာနှင့် Genetically modified food ဆိုပြီး Label တပ်ထားပေးခြင်း၊ Genetically modified food တွေမှာ ပေါင်းစပ် ပါဝင်နေသော အမျိုးအစားများကို ဖေါ်ပြပေးထားခြင်းကို စီမံဆောင်ရွက်နိုင်ပါက စားသုံးသူများအတွက် လိပ်ပြာသန့်စွာ ၀ယ်ယူ စားသောက်နိုင်ပါလိမ့်မယ်။

အပေါ်က ရေးထား တာတွေကတော့ Assignment ထဲက ကောက်နှုတ်ချက် တချို့ ဖြစ်ပါတယ်။ ဦးပဉ္ပဇင်း မေးတဲ့ "ဒါမျိုးတကယ်ရှိလား တကာမကြီး" ဆိုတဲ့ မေးခွန်းကို ဖြေရရင် သဘာဝ အားဖြင့်တော့ မရှိပါဘူး ဒါပေမဲ့ သဘာဝကို ကျော်လွန်ပြီး ခေတ်သစ် ဇိဝနည်းပညာ ဖြစ်တဲ့ Genetic Engineering ကို အသုံးပြုပြီး ဒါမျိုးကို ဖန်တီးလို့ ရနိုင်ပါတယ်၊ သို့သော်လည်း ဒီပညာကို ဖန်တီးသူ ဇီဝသိပ္ပံ ပညာရှင်တွေက ကမ္ဘာသူ ကမ္ဘာသားများ တိုးတက်ရေး အတွက်သာ အသုံးပြုဖို့ ခွင့်ပြုပြီး ဒါမျိုး ဖန်တီးဖို့ကိုကျတော့ ကျင့်ဝတ်သိက္ခာအရ ခွင့်မပြုသလို ကမ္ဘာ့ခေါင်းဆာင်တွေကလည်း ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာကို ဖြေကြားလိုက်ပါတယ် ဘုရား။

Bibliography
Aubusson, K., Hickman, P. (2004). Biology in context: the spectrum of life. Oxford University press, Melbourne.
Brotherton & Mudie. (2004). Prelimanary and HSC: Biology. (2nd Ed). Malcolm Parson. Hong Kong.
Campbell, N., Reece, J. (2006). Biology: Concepts & connections, International Edition.Pearson Education: Sanfransisco.
Humphreys, K. (2003). Surfing biology: Blueprint of life. Science Press. Australia.

စာလာဖတ်တဲ့ မောင်နှမတွေရဲ့ ပုံကို ကျက်သရေနည်းလို့ ဖျက်လိုက်တာ ကောင်းတယ်လို့ အကြံပြုကြတာကို နမူနာအဖြစ် ရှိနေ စေချင်တာ အပါအ၀င် မူလ မေးခွန်းမေးတဲ့ ဦးပဉ္ပဇင်းနှင့် ကြည့်ချင်သူတွေလည်း ကြည့်လို့ရအောင် မဖျက်ဘဲနှင့် အပေါ်ဆုံးကနေ အောက်ဆုံးကိုပဲ ရွှေ့ထားလိုက်ပါတယ်။




IT ဘွဲ့ရများအနေဖြင့် Australia Master of Information Technology ကို Business (MBA) နှင့်တွဲ ယူနိုင်ပြီ


ယနေ့ခေတ်တွင် ဘာသာရပ်နှစ်ခုပေါင်းထားသော Australia Degree များကို ကျောင်းသူကျောင်းသားများပိုမိုစိတ်ဝင်စားလာကြသည်၊၊ Marketing နှင့် Management ကိုလည်းကောင်း၊ Marketing နှင့် Tourism ကိုလည်းကောင်း၊ Public Relation နှင့် Journalism ကိုလည်းကောင်း၊ Information Technology နှင့် Business Administration ကိုလည်းကောင်း တွဲပြီး Double Major အဖြစ်ရယူ နိုင်ပြီ ဖြစ်သည်။ ၄င်းဘွဲ့များသည် အခြားဘွဲ့များထက် စာသင်နှစ်ပိုကြာပြီး ဘာသာရပ် လည်းပိုများသောလည်း ကျောင်းပြီးဆုံးပါက အခြားဘွဲ့များထက် လုပ်ငန်းခွင်အနေ အထားပိုမိုကျယ်ပြန့်ကြောင်းသိရသည်။

မြန်မာနိုင်ငံမှ IT ဘွဲ့ရများအနေဖြင့် Master ကို Business Administration နှင့်တွဲကာ Joint Master အဖြစ်တက်ရောက် နိုင်သည်။ IT လုပ်ငန်းခွင် တွင်လည်း ၄င်းဘွဲ့ရများအနေဖြင့် သာမန် IT ဘွဲ့ရများထက် အခွင့်အရေးများသည်။ သြစတေးလျ JCU University မှ ၄င်း program ကို Singapore campus တွင် 16 လ ကြာတက်ရောက်နိုင်ပြီဖြစ်သည်။ Total 16 subjects ရှိပြီး Project 2 ခု၊ Business subject 7 ခုရှိသည်။ Terms 3ခုဖြင့်သင်ကြားရမည်ဖြစ်သည်။ အနီးဆုံး Intake မှာ Oct, March ,July တို့ဖြစ်သည်။

Course fee ကို 2 installments ဖြင့်သွင်းနိုင်သည်။ IT ဘွဲ့ရများအနေဖြင့် Master ကို တိုက်ရိုက်တက်ရောက်နိုင်ပြီး လုပ်သက်ရှိရန်မလိုကြောင်းသိရသည်။ IELTS 6 ရှိထားသူများအနေဖြင့် စတင်လျောက်ထားနိုင်သည်။ သြစတေးလျ University ဖြစ်သဖြင့် Singapore campus မှတိုက်ရိုက် Transfer လုပ်နိုင်ကြောင်းသိရသည်။ Visa အနေအထား ပိုမိုလွယ်ကူသဖြင့် သြစတေးလျသို့ သွားရောက် အခြေချလိုသူများအတွက် အဆင်ပြေသည်။ စင်္ကာပူတွင်အ လုပ်အကိုင်ရှာ ဖွေလိုသူများ အနေဖြင့်လည်းကျောင်းပြီးပါက EPEC 1 year ကိုရရှိနိုင်သည်။

အသေးစိတ် အချက်အလက်များကို Crown Education ဖုန်း 211888 ext : 228/ 229 သို့ဆက်သွယ် စုံစမ်းနိုင်သည်။

Source by;http://www.crown-education.com/

Sydney Opera house အတွင်းသို့ အလည်တခေါက်


Circular Quay ဘူတာရုံမှ ဆင်းပြီး ဆစ်ဒနီဆိပ်ကမ်းကို ဖြတ်၍ Oprera House ရှိရာသို့ အသွား

ဆစ်ဒနီကိုရောက်တာ ရှစ်နှစ်ရှိပါပြီ အော်ပရာဟောက်စ် အပြင်ကို အကြိမ်ကြိမ် ရောက်ဖူးပေမယ့် အထဲကိုတော့ အခုမှ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်တယ်။ အထဲမှာဝင်ပြီး တခါလောက်တော့ ပွဲဝင်ကြည့်မယ်လို့ ရောက်တဲ့နှစ်ကစပြီး စဉ်းစားခဲ့ပေမယ့် တော်တော်နဲ့ အခွင့်အခါ မကြုံခဲ့ဘူး။ ဒီတခါတော့ သားတော်မောင်ကိုယ်တိုင် သွားကရမယ်ဆိုတော့ သွားစရာအကြောင်းက ကိုယ်ဖန်တီးစရာ မလိုပဲ သူ့အလိုလို ဖန်လာတော့တယ်။ သားသားတယောက် သူတို့ကျောင်းက လုပ်တဲ့ အခမ်းအနားတွေမှာ ကတာကို ဒုတိယတန်းနှစ်ကတကြိမ်နဲ့ အခု ငါးတန်းနှစ်စခါစက တကြိမ် သွားကြည့်ဖူးပါတယ်။ အခုလို အော်ပရာဟောက်စ်မှာ သွားကရမယ်ဆိုတာတော့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ Opera house ဆိုတာ တကယ့်အနုပညာရှင်တွေ ကခုန်၊ သီဆိုရာ၊ ပြဇာတ်ကရာ နေရာဖြစ်ပြီး ကျောင်းသူကျောင်းသားတွေ ကရတယ်ဆိုတာ တခါမှ မကြားဖူးသလို ကရတယ်ဆိုရင်တောင်မှ သားသားလို ဗမာတွေ ကဲ့ရဲ့ထူလွန်းလို့ ဆိုပြီး သူကတာကို ဗမာဆိုလို့ အမေအဖေ သွားကြည့်တာကိုတောင် မလိုချင်ပဲ သိပ်ပြီး အရှက်အကြောက်ကြီးတဲ့ ကလေးတော့ ဘယ်တော့မှ ပါလိမ့်မယ် မထင်ခဲ့ဘူး။ ဒါပေယ့် သူ့ကျောင်းက ကဖွဲ့မှာ ကျောင်းသားအယောက်နှစ်ဆယ် အရွေးခံရတဲ့အထဲမှာ သူပါသွားပါတယ်။

Opera House အောက်ခြေ ကော်ဖီဆိုင်
Opera House အတွင်း ကပွဲရုံရှိရာသို့ မသွားမီ လူစုသည့်နေရာတွင် ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားတချို့ကို တွေ့ရစဉ်၊ Opera House ၏ အတွင်း နံရံနှင့် မျက်နှာကျက် လက်ရာများကိုလည်း မြင်တွေ့နိုင်ပါသည်။
ကဇာတ်ရုံ Concert Hall

ကဇာတ်ရုံအတွင်း ပရိတ်သတ်တချို့နှင့် သီချင်းဆိုအဖွဲ့ ကလေးများ စတင် နေရာယူနေစဉ် (အပေါ်ပုံ) နှင့် အောက်က ပုံများက ကဖွဲ့တွင်ပါဝင်သည့် ကျောင်းသားများက သိပ္ပံဆိုင်ရာ သရုပ်ဆောင်ကပြနေသည့် ကျောင်းတချို့မှ ကကွက်များ ဖြစ်သည်။





အောက်ကပုံက ကဖွဲ့ဝင်များအားလုံးနှင့် သီချင်းဆိုအဖွဲ့ဝင်များ အားလုံး နောက်ဆုံးနှုတ်ဆက် သီချင်းကို သီဆိုနှုတ်ဆက်နေပုံ ဖြစ်သည်။ ခုံများပေါ်တွင် ထိုင်နေသောကလေးများသည် သီချင်းဆိုအဖွဲ့မှာ ကလေးများ ဖြစ်ပြီး မတ်တပ်ရပ်သီဆိုနေသူများမှာ ကဖွဲ့မှာ ကလေးများနှင့် ဆရာဆရာမတချို့ ဖြစ်ပါသည်။


25/08/09 ညနေ ၇ နာရီမှ ည ၁၀ နာရီအထိ ပြုလုပ်တဲ့ ဆစ်ဒနီ အနောက်တောင်ပိုင်း ဒေသမှာရှိတဲ့ အစိုးရမူလတန်းနှင့် အထက်တန်းကျောင်းတွေက ပြုလုပ်တဲ့ သိပ္ပံသရုပ်ဖေါ် ကပွဲဖြစ်ပါတယ်။ နယူးဆောက်ဝေး ပြည်နယ် Public Education (အစိုးရ ဦးစီးသည့် ပညာရေးစနစ်) ကို မြှင့်တင်တဲ့အနေနဲ့ ဒီအစီစဉ်ကို နယူးဆောက်ဝေး အစိုးရ ပညာရေးဌာနက ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဆစ်ဒနီ အနောက်တောင်ခြမ်း ဧရိယာမှာရှိတဲ့ ပြည်နယ်အစိုးရ ပညာရေးဌာနအောက်က မူလတန်းနဲ့ အထက်တန်းကျောင်းတွေက ကျောင်းသူ ကျောင်းသားတွေက Out of this world လို့ခေါ်တဲ့ သိပ္ပံဆိုင်ရာ စိတ်ကူးယဉ် သရုပ်ဖေါ်ကပွဲတခုကို ဖန်တီးပြီး အော်ပရာဟောက်စ်ထဲက ကဇာတ်ရုံမှာ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ မူလတန်းနဲ့ အထက်တန်း ကျောင်းပေါင်း ၃၀ က ကလေးပေါင်း ၆၀၀ ခန့် ပါဝင်ပြီး သီချင်းဆိုအဖွဲ့မှာ တ၀က် ကဖွဲ့မှာ တ၀က် ပါဝင်ခဲ့ပါတယ်။

သီချင်းဆိုအဖွဲ့မှာ ပါဝင်တဲ့ ကျောင်းပေါင်းစုံက ကလေးတွေက ဇာတ်ရုံထဲက မိမိတို့ ထိုင်ခုံရှိရာ နေရာကနေပြီး အကုန်လုံး အတူတူ ကဖွဲ့တွေရဲ့ ကြားအစီစဉ်တွေမှာ သီဆိုရပေမယ့် ကတဲ့ ကလေးတွေကတော့ ကျောင်းအလိုက် အဖွဲ့နဲ့ ကပြခဲ့တာ တွေ့ပါတယ်။ ဒီပွဲဟာ နယူးဆောက်ဝေးပြည်နယ်က မိဘတွေကို အစိုးရပညာရေး စနစ်အောက်မှာ ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ရန် စီစဉ်ခြင်း ဖြစ်ပြီး ပထမဦးဆုံးအကြိမ် စီစဉ်သည့် အစီစဉ် ဖြစ်တဲ့အကြောင်း၊ ပါဝင် သီဆိုကြ၊ ကပြကြတဲ့ ကလေးများအနေနဲ့ လည်း မိမိတို့ရဲ့ ပါဝင်မှုကို အမြဲသတိရနေစေရန်နှင့် Public Education စနစ်ကို နည်းသစ်တွေနဲ့ မြှင့်တင်ပေးနိုင်တဲ့ အနာဂတ် သားကောင်းရတနာများအဖြစ် မျှော်မှန်းကြောင်း ငါးဒေါ်လာ ပေးပြီး ၀ယ်ရတဲ့ အစီစဉ် စာအုပ်လေးထဲမှာ ရေးထားတာ တွေ့ရပါတယ်။ ဒီပွဲက အစိုးရပညာရေးစနစ်ကို ဆစ်ဒနီလူထုနဲ့ မိတ်ဆက်ပေးတဲ့ပွဲဆိုလည်း မမှားပါဘူး။

ကပွဲကို ပထမဦးဆုံး ကလေးတွေက သြစကြေးလျား အလံတော်သျီင်းကို သီဖိုဖွင့်လှစ်ပြီး အစီစဉ်တွေကို ကြညာကာ စတင်ခဲ့ပါတယ်။ ကြားကာလတွေမှာ သီချင်းသီဆိုဖွဲ့တွေက သီဆိုတာ ရှိသလို Public Education ရဲ့ အခန်းကဏ္ဍတွေကို ထည့်ထည့်ပြောတာလည်း ရှိပါတယ်။ ကျောင်းပေါင်းစုံက ကလေးတွေက သူတို့ကတဲ့ အကွက်တွေကို စိတ်ကူးယဉ် ဂြိုလ်သားပုံပြင် တခုခုနဲ့ သရုပ်ဆောင်ကပြကြတာ ဖြစ်တယ်။

သားသားတို့ကရတဲ့ ကကွက်ကတော့ သိပ္ပံပညာရှင်တယောက်က ဂြိုလ်သားတွေကို မွေးထုတ်ဖို့အတွက် ဥတွေကို ဖေါ်စပ်ထားပြီး အဲဒီဥတွေကို သားဖေါက်ဖို့လုပ်ထားတယ်။ ဥကနေ အကောင်ပေါက်လာတာနဲ့ ဂြိုလ်သားလေးတွေက ချက်ချင်းပဲ ထပြီး ကခုန်ပျံဝဲနေကြတယ်။ ဒါကို ပညာရှင်က အကြီးအကဲ ပုဂ္ဂိုလ် တယောက်ကို ပြဖို့ သွားခေါ်တယ်။ သူတို့နှစ်ယောက် ရောက်လာတော့ ဂြိုလ်သားလေးတွေက မြေကြီးမှာ ၀ပ်ပြီးပုန်းအောင်းနေတာကို သူတို့နှစ်ယောက် လုံးဝရှာမတွေ့ ဖြစ်ကြတယ်။ အဲဒီတော့ အကြီးအကဲက ပညာရှင်ကို သူလာရတာ အချိန်ကုန်တာပဲ အဖတ်တင်တယ်၊ သူ့အချိန်တွေကို ဖြုန်းတယ်ဆိုပြီး စိတ်ညစ်တဲ့ အမူအရာနဲ့ ပြန်ဖို့အလုပ်မှာ ချက်ချင်းပဲ ဂြိုလ်သားလေးတွေက ထပြီးကခုန် ပျံဝဲကြတော့ ပညာရှင်ရော အကြီးအကဲပါ သူတို့နဲ့အတူ တပျော်တပါး လိုက်ကကြပါတယ်။ ကကွက်တွေကတော့ ဂြိုလ်သားတွေနဲ့ လူသားတွေ ပူးပေါင်းပြီး အာကာသတခွင်မှာ ဆက်သွယ်ရေး လမ်းပမ်းဆက်သွယ်ရေး နည်းစနစ်တွေကို ပူးပေါင်းဖန်တီးကြပြီး ကမ္ဘာနဲ့ အာကာသကို ရွှေလမ်းငွေလမ်းအဖြစ် တိုးတက်အောင် လုပ်ကြပုံ၊ဖြစ်တယ်လို့ သားသားက ပြောပြလို့ သိရပါတယ်။ ဒီအတိုင်းကြည့်ရုံနဲ့တော့ သူတို့ကကွက်အပေါ် အဓိပ္ပါယ်ဖေါ်လို့ မတတ်လို့ ဒီလိုသဘောပေါက်စရာ အကြောင်းမရှိနိုင်ဘူး။ တခြားကျောင်းက ကလေးတွေရဲ့ ကကွက်မှာလည်း ဒီလို အလားတူ ပုံပြင်လေးတွေကို ဖန်တီးကာ သရုပ်ဆောင် ကပြကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ ကပွဲနာမည်ကို Out of this world လို့ အမည်ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီကပွဲလေးဟာ နယူးဆောက်ဝေးပြည်နယ်ရဲ့ ကျောင်းသားတွေ Opera House အတွင်းမှာ ပထမဦးဆုံးအနေနဲ့ သူတို့ရဲ့ အစွမ်းအစများကို နယူးဆောက်သ်ဝေး ပြည်သူတွေ သိအောင် ဖေါ်ပြခွင့်ရတဲ့ ပွဲလေးဖြစ်သလို ကျွန်မတို့ မိသားစုသည်လည်း Opera House အတွင်းကို ပထမဦးဆုံး ရောက်ဖူးတဲ့ ပွဲလေးဖြစ်တဲ့အတွက် ကျွန်မအမြဲ အမှတ်ရနေမှာ ဖြစ်ပါတယ်။ နောက်တခုအနေနဲ့ Private Education သာလျင် ပိုပြီး မီခိုအားထားစရာ ဖြစ်တယ် Public Education က အားထားလောက်စရာ မရှိဘူးလို့ ယူဆနေတဲ့ ကျောင်းသားမိဘတွေကို နယူးဆောက်သ်ဝေး အစိုးရအား အားပေးလိုက်တဲ့ ပွဲလေးလည်း ဖြစ်တဲ့အတွက် Public Education အောက်မှာ မိမိတို့သားသမီးတွေကို ပညာသင်ကြားနေစေတဲ့ ကျွန်မတို့လို မိဘတွေအတွက်လည်း အမှတ်တရ ဖြစ်နေမှာ သေချာပါတယ်။

နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ Public Education ကို အစိုးရများက အားပေးနိုင်ကြပါစေ။




ဗုဒ္ဓဘာသာဝင် တွေဆီက အကူအညီတောင်းခံခြင်း




အခုတလော ကျွန်မ Clinical အတွက် ဆေးရုံ သွားရတဲ့ ကာလမှာ မနက်အစောကြီး အိမ်က ထွက်ရင် တနေကုန် ဆေးရုံမှာပဲ အချိန်ကုန်ပြီး မိုးချုပ်မှ အိမ်ပြန်ရောက်တော့ မောပမ်းနွမ်းနယ်နေပေမယ့် မနားရတဲ့အပြင် တက္ကသိုလ်က မပါမနေရ အွန်လိုင်း ဆွေးနွေးပွဲတွေအတွက်လည်း စာတွေ ဖတ်ရ၊ ဆွေးနွေးရတော့ ဘလော့ဂ်နဲ့ အိမ်က အိမ်အလုပ်တွေ အပါအ၀င် ကလေးနဲ့ ယောက်ျားကိုပါ လှည့်ကြည့်မအားတာ အတော်ကြာနေပါပြီ။ Clinical ပြီးတာနဲ့ Assignment က Due တော့မယ်ဆိုတော့ ဘုရား.. ဘုရား.. ငါဘာမှ မလုပ်ရသေးပါလား ဆိုတဲ့အတွေးနဲ့ စိတ်ကို ချောက်ချားစေတာကလည်း တမျိုးဆိုတော့ အခုလောလောဆယ်မှာ ကျွန်မ လူရော စိတ်ရော သိပ်ကို ပင်ပမ်းနေတာအမှန်ပဲ။ အခုတော့ Clinical ကာလမှာ Assignment လုပ်ပြီး သတ်မှတ်ထားတဲ့ နေ့မှာ ဘယ်လိုမှ မပြီးနိုင်ဘူးဆိုတဲ့ ကျောင်းသားအများစုရဲ့ တင်ပြတောင်းဆိုမှုကြောင့် Assignment Due date ကို တပတ်နီးပါး ရွှေ့ပေးလိုက်လို့ အသက်ရှူချောင်ရုံပဲ ရှိသေးတယ် တိုက်တိုက်ဆိုင်ဆိုင် သားသားက သူ့ကျောင်းမှာသင်ရတဲ့ ဗုဒ္ဓဘာသာ သင်ခန်းစာကို အိမ်အထိ သယ်လာပြီး မေးခွန်းလာမေးတာနဲ့ ကြုံရပြန်တယ်။ ကျွန်မ အတတ်နိုင်ဆုံး ရှင်းပြပေမယ့် သူဘ၀င်မကျပဲ ဖြစ်နေတယ်။ ဗုဒ္ဓဘာသာဝင် မိဘတိုင်း စဉ်းစားသင့်တဲ့ အချက်လည်း ဖြစ်လို့ ဥဒိဿစေတီနဲ့ ပတ်သက်ပြီး ၁၀ နှစ်သား ကလေးတယောက် နားလည်အောင် ကျွန်မ ဘယ်လို ရှင်းပြသင့်တယ် ဆိုတာ မိတ်ဆွေတွေကို ဒီပို့စ်နဲ့ အကူအညီ တောင်းလိုက်ပါတယ်။ ၀ိုင်းပြီး မျှဝေပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ သူမေးတဲ့ မေးခွန်းကတော့...





”ဗုဒ္ဓက နိဗ္ဗန်ရောက်သွားပါပြီ ဆိုတော့ မေမေ ဘုရားစဉ်ပေါ်မှာ တင်နေတဲ့ အစားအစာတွေ ရေတွေကို ဗုဒ္ဓက ဘယ်လိုမှ အသုံးပြုနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီတော့ ဘာအဓိပ္ပါယ်မှ မရှိပဲနဲ့ အချိန်ဖြုန်း ပိုက်ဆံဖြုန်းပြီး ဒါတွေကို မေမေ ဘာအတွက် လုပ်နေတာလဲ” တဲ့။ သူ့ကျောင်းက တခြားကလေးတွေက သူ့ကို ဒီမေးခွန်း မေးတော့ သူမဖြေနိုင်ပဲ ဖြစ်နေခဲ့တယ်လို့ ပြောတယ်။ သူကိုယ်တိုင်ကလည်း ဒါကို လက်ခံလို့ မရလို့ အကြောင်းပြချက်ကို သိချင်လို့ မေးတာပါတဲ့။

ဒီနေရာမှာ ကျွန်မသားရဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့ ခံယူချက်ကို ကျွန်မ နည်းနည်း ရှင်းပြချင်တာက သူဟာ အဲဒီမေးခွန်း တခုကလွဲရင် ကျန်တဲ့ ဗုဒ္ဓဘာသာ အနှစ်သာရတွေ ဖြစ်တဲ့ ထာဝရ ဘုရားသခင်ဆိုတာ မရှိပဲ ကိုယ်လုပ်မှ ကိုယ်ဖြစ်တယ် ဆိုတဲ့ ကံ၊ ကံ၏အကျိုး၊ ဆင်းရဲခြင်းကို လွန်မြောက်အောင် လုပ်ရင် နိဗ္ဗန်ဆိုတာ ဒီလောကသုံးပါးရဲ့ တခြားနေရာမှာ တကယ်ရှိကြောင်းနဲ့ ဗုဒ္ဓနဲ့ ရဟန္တာတွေဟာ အဲဒီကို ပရိဗ္ဗန်စံသွားကြတာ ဖြစ်ကြောင်း ယုံကြည်သူတယောက် ဖြစ်ပါတယ်။ ပြီးတော့ အောင်ခြင်းရှစ်ပါးတို့ ဗုဒ္ဓ၀င်တို့ကိုလည်း ကျောင်းကသင်တာရော သူကျောင်းမတက်ခင်က ကျွန်မ အမြဲပြောပြခဲ့လို့ပါ သူသိပါတယ်။ ဘုရားရှိခိုးတာ၊ ဘုန်းကြီးကို ဆွမ်းကပ်တာ သင်္ဃန်းကပ်တာ ဘုရားကို အာရုံပြုတာ တရားမှတ်တာ စတဲ့ လက်တွေ့ကျတဲ့ အရာတွေကို အကျိုးရှိတယ်ဆိုတာ သူလက်ခံ ယုံကြည်ပါတယ်။

ငယ်ငယ်ကတည်းက ကျွန်မ ပြောပြလာတဲ့ ဗုဒ္ဓ၀င်တွေ၊ အောင်ခြင်းရှစ်ပါးတွေ အပါအ၀င် ကျောင်းက ဘာသာရေးအတန်းမှာ သင်ရတဲ့ အချက်တွေနဲ့ ပေါင်းပြီး သူဟာ တချိန်ချိန်မှာ ဗုဒ္ဓဘာသာကို အကြောင်းအမျိုးမျိုးကြောင့် တွေဝေပြီး တခြားဘာသာ ပြောင်းနိုင်လောက်တဲ့ အခြေအနေတော့ မရှိနိုင်လောက်ဘူးလို့ ကျွန်မထင်ပါတယ်။ နယူးဆောက်ဝေး ပြည်နယ်က အစိုးရကျောင်းတွေမှာ ကျောင်းသားဦးရေ အလုံအလောက် ရှိရင် လူအနည်းစုတွေအတွက် သက်ဆိုင်ရာ ဘာသာစကားနဲ့ ဘာသာရေး အတန်းတွေ လုပ်ပေးပါတယ်။ သားသားတို့ကျောင်းမှာ ဗုဒ္ဓဟူးနေ့တိုင်း ဘာသာရေး အတန်းရှိပြီး ကြာသပတေးနေ့တိုင်း COMMUNITY LANGUAGE အတန်းဆိုတာ ရှိပါတယ်။ မြန်မာလူမျိုးထဲက ကျောင်းသားနည်းလို့ မြန်မာဘာသာအတွက် သီးသန့် COMMUNITY LANGUAGE CLASS ဆိုတာ မရှိပေမယ့် ဗုဒ္ဓဘာသာ ကျောင်းသားဦးရေတော့ အလုံအလောက် ရှိလို့ ဗုဒ္ဓဘာသာ အတန်းရှိပါတယ်။ ကျောင်းမှာ ဘာသာမရှိတဲ့သူတွေရဲ့ သားသမီးတွေလည်း ရှိတော့ သူတို့တွေအတွက်ကျတော့ ဘာသာရေးအချိန်တွေမှာ ပန်းချီဆွဲတာတို့ တခြား ပုံပြောတာတို့ စတဲ့ ဘာသာရေးနဲ့ မဆိုင်တဲ့ တခြား လုပ်စရာတွေကို ဖန်တီးထားပေးပါတယ်။ ဒါကတော့ သူတို့ ကျောင်းရဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့ သင်ကြားပုံဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်မသားမေးတဲ့ မေးခွန်းက အဲဒီ ဘာသာရေး အတန်းက လာတဲ့ မေးခွန်းမဟုတ်ပဲ သူတို့ ကျောင်းက သီးသန့်အစီစဉ် ဖြစ်တဲ့ SOCIETY AND CULTURE နဲ့ ပတ်သက်ပြီး ဗဟုသုတအဖြစ် သင်ရာမှာ လူ့အဖွဲ့အစည်းမှာ ရှိတဲ့ မတူကွဲပြားတဲ့ အလေ့အထတွေကို သင်ရင်း ဘာသာအသီးသီးရဲ့ ယျေဘုယျ သဘောသဘာဝကို သင်တဲ့ အစီစဉ်ရှိပါတယ်။ အဲဒီအစီစဉ်အရ ဒီနေ့ သူတို့အတန်းက ကျောင်းသားတွေ အားလုံးကို ဗုဒ္ဓဘာသာအကြောင်းသင်တော့ ဗုဒ္ဓဘာသာဝင်ဆိုလို့ အားလုံးမှ ဗီယက်နာမ် ကောင်လေးတယောက်နဲ့ သူနဲ့နှစ်ယောက်ပဲ ရှိပြီး သူတို့နှစ်ယောက်ကို ကျန်တဲ့သူတွေက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ၀ိုင်းမေးကြတော့ ခုနက ပြောတဲ့ မေးခွန်းအပါအ၀င် တချို့မေးခွန်းတွေကို သူတို့ မဖြေနိုင်လို့ အိမ်မှာ ပြန်လာမေးတာ ဖြစ်တယ်။

သူမေးတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်မက ဒီလိုလုပ်ခြင်းဖြင့် ဘုရားမှာ ဘာမှအကျိုး မရသွားဘူးဆိုတာ မှန်တယ်ဆိုတဲ့ အကြောင်းနဲ့ ဒါပေမယ့် လှူတဲ့သူတွေမှာ အကျိုးရှိပါတယ် ဆိုတဲ့ အကြောင်း ရှင်းပြပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေက ဘုရားကိုယုံကြည်လို့ ဘုရားပရိနိဗ္ဗန် စံသွားပြီဖြစ်ပေမယ့် သက်ရှိထင်ရှား ရှိနေတဲ့အတိုင်း ယုံကြည် အားကိုးတဲ့ သဘောဖြစ်တယ်လို့ ပြောပြပါတယ်။ ဒီလိုယုံကြည်နေတာကို မဖြစ်နိုင်တဲ့ဟာကို အဓိပ္ပါယ်မရှိ ယုံကြည်နေတယ်လို့ သူက ဆိုချင်ပါတယ်။ ကျွန်မက အမျိုးမျိုး ပြောပြတယ် တကယ်လို့ မေမေတို့ မိဘတွေ မရှိတော့ရင် သားသားက ဓါတ်ပုံတွေ သိမ်းထားပြီး ဓါတ်ပုံတွေကို တခါတခါ ပြန်ကြည့်နိုင်တယ်။ အမေအသက်ရှိထင်ရှား ရှိနေသေးသလို သဘောထားပြီး စကားပြောတာမျိုး လုပ်နိုင်တယ်။ ဒါကို အဓိပ္ပါယ်မရှိဘူးလို့ ပြောလို့ရမလားလို့ ကျွန်မ ပြန်မေးတော့ ကျွန်မသူ့ကို မေးတာ သူ့မေးတဲ့ မေးခွန်းရဲ့ အဖြေမဟုတ်ဘူးတဲ့ ဘုရားရှိခိုးတာ ဘုရားရုပ်တုကို ရှိခိုးတာနဲ့ ပတ်သက်ပြီး အခုပြောတဲ့ ဓါတ်ပုံဥပမာအတိုင်း သူနားလည်ပြီးသားဖြစ်တယ်။

ကျွန်မကိုယ်တိုင်လည်း ကျွန်မသားလေးလိုအတွေးမျိုး လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်ခန့်က ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်မက ညမနက် အမြဲတမ်း ဘုရားရှိခိုးပြီး ဆီမီး၊ ရေချမ်းကပ်တဲ့ အလုပ်ကို အမြဲတမ်းလုပ်လေ့ရှိတော့ ကျွန်မ အစ်မရင်းလို ချစ်ခင်ရတဲ့ အစ်မကြီးတယောက်က ”ညည်းကတော်တော် အယူသီးတာပဲ ကိုယ်ကလှူဒါန်း ပေးကမ်းစွန့်ကြဲတယ်ဆိုတာ အလှူခံရတဲ့သူမှာ အကျိုးရှိသွားမှ ဒါနမြောက်တာ အခုညည်းလုပ်နေတာ ဘုရားက ရှိမှ မရှိတော့တာ ဘာအဓိပ္ပါယ်ရှိမှာလဲ" လို့ အခုသားသားက ကျွန်မကို ပြောတာနဲ့ ထပ်တူကျတဲ့ စကားကို ပြောခဲ့ဖူးပါတယ်။ အဲဒီအစ်မကြီးကြောင့် ဘာသာရေးနဲ့ မဆိုင်တဲ့ ကျွန်မရဲ့ တခြား မိရိုးဖလာ အစဉ်အလာအတိုင်း ယုံကြည်လာခဲ့တဲ့ အစွဲအလန်းတချို့လည်း ကျွတ်ခဲ့သလို အဲဒီတုန်း အရှင်ဥက္ကဌရေးတဲ့ စာအုပ်တအုပ်မှာလည်း ဒီသဘောတရားနဲ့ အလားတူ စာမျိုးကို ဖတ်ဖူးခဲ့ဖူးလို့ သူတို့ ပြောတာ ဟုတ်သားပဲ ကိုယ်က လှူတာ ကိုယ့်အတွက် ဘာမှမရည်ရွယ်ပဲ ပေးလှူခံရတဲ့ သူတွေအတွက်ပဲ ဖြစ်ရမှာပေါ့ဆိုတာကို လက်ခံလိုက်ပြီး ဘုရားဆွမ်းတော်တွေ မကပ်တော့ပဲ တနှစ်လောက်နေခဲ့ဖူးပါတယ်။ အခုလက်ရှိ ဘာသာရေးနဲ့ ပတ်သက်ပြီး ဟောပြောနေတဲ့ ထင်ရှားတဲ့ ဆရာတော်တွေ တချို့မှာလည်း ဓမ္မသာလျင်အဓိက ဖြစ်တယ် ဒါတွေက အယူသီးပြီး ဟိန္ဒူဘာသာက ကူးစက်လာတာတွေ ဖြစ်တယ်လို့ ဟောထားတာတွေကိုလည်း နာကြားဖူးပါတယ်။

ဓမ္မသာ အဓိကဖြစ်တယ်ဆိုတာကို ကျွန်မ လက်ခံပါတယ်။ ဒါပေမယ့် အဲဒီဓမ္မ တည်တံ့ခိုင်မြဲရေးအတွက် ယုံကြည်မှု သဒ္ဒါတရားမရှိပဲနဲ့ မဖြစ်နိုင်ပါဘူး။ စေတီပုထိုးတို့ ရုပ်ထုတို့ဆိုတာ သဒ္ဒါတရားမရှိရင် တရားနဲ့ ဘာမှမပတ်သက်တော့ပဲ အင်ဒိုနီးရှားမှာ အခုထိလက်ရှိအထိ ရှိနေသေးတယ်ဆိုတဲ့ ဒေသခံတွေထဲက ဘယ်သူမှ တန်ဖိုးမထားတဲ့ ရှေးဗုဒ္ဓ ရုပ်ပွားတော်တွေ၊ အာဖဂန်နစ္စတန်မှာ ဖေါက်ခွဲခံလိုက်ရတဲ့ ရုပ်ပွားတော်တွေလိုပဲ ဖြစ်မှာ သေချာပါတယ်။ သဒ္ဒါတရား မရှိလို့ ဒီလို ဖြစ်ကုန်ကြတာပါ သဒ္ဒါတရားရှိတဲ့ မြန်မာနိုင်ငံမှာဆို ဒီလို ဖြစ်ပါ့မလား။ ထိုနည်းအတူ ဘုရားဟောတရားတွေကို ဘယ်လောက်ပဲ တဖက်ကမ်းခတ်အောင် လေ့လာထားလို့ ပိတကဋ် သုံးပုံကို ခရေစေ့တွင်းကျ ရထားသူပင် ဖြစ်စေ သဒ္ဒါတရားနဲ့ မယှဉ်ပါက စာအုပ်ထဲမှာ ရှိနေတဲ့ စာသားတွေ (သို့) မလိုက်နာပဲ ပြယုဒ်အဖြစ်သာ ရှိနေတဲ့ ဥပဒေတွေလို ပဲ ဖြစ်နေလိမ့်မယ်။

အာသောကမင်း လက်ထက်က ထွန်းထွန်းတောက်ခဲ့တဲ့ အိန္ဒိယ နိုင်ငံအပါအ၀င် ကျယ်ပြန့်လှတဲ့ ဗုဒ္ဓသာသနာ အင်ပါယာကြီးမှာ ဘာကြောင့် သာသနာ ကွယ်ပျောက်ခဲ့လဲဆိုတာ ဆန်းစစ်ကြည့်ရင် ကိုးကွယ်တဲ့ သူတွေထဲမှာ သဒ္ဒါတရား အားနည်းကြလို့ဆိုတဲ့ အဖြေပဲ ထွက်မှာ သေချာနေပါတယ်။ ဒီသာဓကတွေကို ကြည့်ခြင်းအားဖြင့် သာသနာ တည်တံ့ခိုင်မြဲ အဒွန့်ရှည်ဖို့အတွက် ရင်ထဲနှလုံးထဲက ယုံကြည်မှု သဒ္ဒါတရားမရှိပဲ သိပ္ပံနည်းကျ ခွဲခြမ်းဝေဖန်သုံးသပ်တဲ့ ဒဿန ဆန်ဆန် ယုံကြည်မှု တခုတည်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သိသာ ထင်ရှားနေပါတယ်။ ဒါကြောင့်မို့ ဘုရားကို တခုခုလှူခြင်းအားဖြင့် ဘုရားမှာ ဘာမှ အကျိုးမရှိပေမယ့် မိမိနဲ့တကွ ဘုရားချန်ခဲ့တဲ့ သာသနာအတွက်တော့ အကျိုးရှိတာတော့ အမှန်ပဲ။ ဘုရားဟာ မိမိအပါးမှာ သက်ရှိထင်ရှားသလို အမြဲရှိနေတယ်လို့ ခံစားရပြီး ရင်ထဲက သဒ္ဒါတရားကြောင့် စိတ်တွေ အမြဲကြည်လင်နေမယ်၊ လောဘ၊ ဒေါသ၊ မောဟပါတဲ့ မကောင်းမှု ဒုစရိုက်တွေကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးနဲ့ ရှောင်နိုင်လာမယ်။

ဘာသာရေး သိပ်ကိုင်းရှိုင်းတဲ့ သူတွေကို အယူသီးလွန်းတယ်လို့ ကျွန်မ ဆယ်ကျော်သက်အရွယ် ခပ်ငယ်ငယ်က ထင်ခဲ့ပေမယ့် တကယ်တော့ ရင်ထဲ နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း သဒ္ဒါတရားရှိတဲ့ သူတွေရှိလို့သာ ဗုဒ္ဓသာသနာက အခုထိ တည်တံ့နေပြီး ရေရှည် တည်တံ့နေတယ်လို့ ကျွန်မ မြင်တတ်လာပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓရဲ့ ဓမ္မကို အရှင်ဥက္ကဌတို့ ကျွန်မက အစ်မရင်းလို ချစ်ခဲ့တဲ့ သူငယ်ချင်းတို့လို လောကုတ္တရာအတွက် သဒ္ဒါတရားမပါပဲ သိပ္ပံနည်းအရ၊ အတွေးအခေါ်အရသာ လေ့လာလက်ခံ ထားတာလောက်နဲ့တော့ ရှားရှားပါးပါး သာသနာနဲ့ ကြုံတုန်းကြုံခိုက် ဗုဒ္ဓဘာသာဝင် ဖြစ်ရတာ အဖြစ်ရှုံးတယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မရဲ့ တခြားမှားယွင်းနေတဲ့ မိရိုးဖလာ အစွဲအလန်းတွေကိုသာ အပြီးစွန့်ပစ်နိုင်ခဲ့ပေမယ့် သက်ရှိထင်ရှား ဘုရားရှိနေတယ်လို့ သဘောထားပြီး ကပ်လှူပူဇော်တဲ့ အလုပ်ကိုတော့ သူတို့ ပြောတာ ရေးတာဟောတာတွေကို ကျွန်မ ကြာကြာ နားမယောင်လိုက်မိပဲ သတိတရားရပြီး ပြန်လုပ်ဖြစ်ခဲ့ပါတယ်။ ဒါက သဒ္ဒါတရားသာ ဖြစ်ပြီး မရှိတာကို အရှိလိုက်လုပ်တာ မဟုတ်ပါဘူး။ ဘာသာရေးကို အတွေးအခေါ်အရပဲ ယုံကြည်ကြသူတွေအနေနဲ့ ဒါကို မယုံရင် ဘုရားရှိခိုးတဲ့အချိန် မိမိစိတ်ကို မိမိ ခဏလောက် ညွတ်ကြည့်ပြီး စမ်းသပ်လုပ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ဘုရားဟောတဲ့ တရားတွေဟာ အမှန်တရားတွေ ဖြစ်တယ်ဆိုတာ လက်ခံဖို့ သဒ္ဒါတရားဆိုတာ မရှိမဖြစ် လိုအပ်တဲ့အတွက် ကျွန်မသားကိုလည်း ဗုဒ္ဓဘာသာကို သိပ္ပံနည်းအရ ဒဿနိကဆန်ဆန် ခွဲခြမ်းစိတ်ဖြာပြီး လက်ခံတဲ့ လောကီအမြင်နဲ့ ယုံကြည်တာလောက်နဲ့ မဖြစ်စေချင်ဘူး။ ဓမ္မဆိုတာ မလိုက်နာရင် တခြားစာတွေနဲ့ ဘာမှမခြားသလို စေတီပုထိုးနဲ့ ဆင်းတုတော်တွေ ဆိုတာလည်း တန်ဖိုး မထားတတ်ရင် တခြားအရာဝတ္ထုတွေနဲ့ ဘာမှ မခြားပါဘူး။ ရှိနေတဲ့ ဓမ္မနှင့် ရုပ်ပွားတော်တွေကို သဒ္ဒါတရားနဲ့ ယုံကြည်ကိုးကွယ် ဆည်းကပ်နေမှသာလျင် သာသနာ တည်တံ့ခိုင်မြဲမှာ ဖြစ်ပါတယ်။

ကျွန်မက လူကြီးတယောက် အနေနဲ့ ဒီလိုနားလည်ပေမယ့် ကလေးကို ဒီလိုသွားပြောလို့ မဖြစ်နိုင်ပါဘူး။ ကျွန်မသားလေးကို ကျွန်မ လိုအပ်နေတာက သူဘယ်လိုမှ နားလည်လို့ မရတဲ့ လှလှပပ သပ်သပ်ရပ်ရပ်လေး ပြင်ဆင်ပြီး မရှိတော့တဲ့အတွက် လာစားလို့လည်း ရတော့မှာ မဟုတ်တဲ့ ဘုရားအတွက် ဘုရားစဉ်မှာ အချိန်ကုန်ခံပြီး တင်တင်ပေးနေတဲ့ အလုပ်ကို လုံးဝ အဓိပ္ပါယ်မရှိဘူးလို့ ထင်နေတာကို အထက်က ကျွန်မ ဆွေးနွေးခဲ့တဲ့အတိုင်း အဓိပ္ပါယ် ရှိတယ် ဆိုတဲ့ကြောင်းကို ကလေး နားလည်တဲ့ စကားလုံးနဲ့ ရှင်းပြဖို့ တခုပဲ ဖြစ်ပါတယ်။ ပန်းတင်တာ မီးပူဇော်တာကိုကျတော့ အလှ ကျက်သရေအတွက်လို့ သဘောထားပြီး သူက လက်ခံပါတယ်။ ဆွမ်းနဲ့ ရေကိုပဲ စောတကတက်တာ ဖြစ်တယ်။ သားသမီးတွေဆီက အဲဒီလို ဆင်တူမေးခွန်းတွေကို အမေးခံရတာ ကျွန်မတယောက်တည်း ဟုတ်မယ်မထင်ဘူး။ တချို့မိဘတွေလည်း ကျွန်မလို ကြုံဖူးလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ ခုခေတ်ကလေးတွေဟာ လက်တွေ့တွေကိုပဲ အများကြီး လေ့လာရပြီး လက်တွေ့ကျတာတွေကို အကုန်လုံး စမ်းသပ်ပြီး လက်ခံနိုင်ပေမယ့် သဒ္ဒါတရားနဲ့ ပတ်သက်တာကို သူတို့နှလုံးသားထဲရောက်အောင် ဘယ်လို လုပ်ပေးသင့်လဲဆိုတာ ၀ိုင်းဝန်းကျိုးစားသင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ ဗုဒ္ဓ ဘာသာနဲ့ ပတ်သက်ပြီး ဓါတုစေတီ၊ ဓမ္မစေတီ၊ ဥဒိဿစေတီ၊ ပရိဘောကစေတီ အဲဒီလေးမျိုးထဲက ကျန်တဲ့ သုံးမျိုးကို လက်ခံပြီး ဥဒိဿစေတီကို လက်မခံတဲ့ ကျွန်မသားကို ရှင်းပြနိုင်ဖို့အတွက် ၁၀ နှစ်သားကလေး နားလည်နိုင်တဲ့ အရိုးရှင်းဆုံး ဥပမာတွေကို အကူအညီပေးဖို့ အားလုံးဆီက ကျွန်မ မေတ္တာရပ်ခံလိုက်ပါတယ်။

ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ။