မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

တော်လှန်ရေးနှင့် အိမ်ထောင်ရေး (၁)

သို့
မငယ်ရေ
နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့် ခင်မင်ကြောင်း သတိရကြောင်း ပြောပေးပါ။
နင်တို့နှစ်ယောက် အိုအောင် မင်းအောင် ပေါင်းနိုင်ကြပါစေ။
တော်လှန်ရေးသစ္စုာဖြင့်
ရင်ရင်မြတ် (၂၀၁)

၁၉၉၆ ခုနှစ်တုန်းက ကျွန်မ ဗဟိုမှာ တာဝန်ကျနေစဉ် ကျွန်မဆီ ကျွန်မတို့တပ်ရင်းက တော်လှန်ရေး စကတည်းက တပ်ရင်းမှာ အတူရှိခဲ့တဲ့ ရဲမေတယောက် ပို့လာတဲ့ လက်ဆောင်နဲ့အတူ ပါလာတဲ့ စာဖြစ်တယ်။ လက်ဆောင်ထုပ်ကို ဖြေကြည့်တော့ ချုပ်ပြီးသား တိုင်းရင်းသားရိုးရာ အကောင်းစား ထမိန်တထည်ကို တွေ့ရတယ်။ တကယ်တော့ ဒီစာက ကျွန်မတို့ မင်္ဂလာမဆောင်ခင် တလခန့်က ရေးထားတဲ့ စာဖြစ်ပေမယ့် တပ်ရင်းက လူကြုံက KNU တပ်မဟာ ၄ နယ်မြေမှာ ရှိတဲ့ ကျွန်မတို့ တပ်ရင်းကနေ ဗဟိုကိုရောက်ဖို့ ထိုင်းထဲမှာရှိတဲ့ ABSDF ရုံးတွေမှာ လူကြုံ စောင့်ရင်း အတော်ကြာမှ ရောက်လို့ ဒီစာကို လက်ခံရရှိတဲ့အချိန်မှာ မင်္ဂလာဆောင်ပြီးနေပါပြီ။ စာပါ အကြောင်းအရာများက နားမလည်နိုင်စရာ အကြောင်းဘာမှ မပါ။ မိမိတပ်ရင်းမှ ဗဟိုမှာ တာဝန်ကျနေတဲ့ ရဲမေတဦး မင်္ဂလာဆောင်လို့ တပ်ရင်းမှာ ရှိနေတဲ့ ရဲမေတဦးအနေနဲ့ မင်္ဂလာလက်ဆောင်နဲ့ မင်္ဂလာဆုတောင်း ပို့ပေးတာ ဘာမှလည်း မထူးဆန်းလောက်ပါဘူး။

ဒါပေမယ့် တပ်ရင်းကထွက်လာကတည်းက ကျွန်မက နောက်မှ ရောက်လာတဲ့ တခြား ရဲမေတွေဆီ စာအကြိမ်ကြိမ် ရေးခဲ့ပေမယ့် ၈၈ တတည်းက အတူရှိခဲ့တဲ့ မရင်မြတ်ဆီကို စာတခါမှ မရေးခဲ့ဖူးဘူး။ အမှန်က တပ်ရင်းမှာ ရှိနေတဲ့ ရဲမေတွေထဲမှာ ၈၈ ကတည်း ရောက်ခဲ့သူဆိုလို့ ကျွန်မတို့လို ဗဟိုမှာ တာဝန်ကျနေသူတွေကလွဲရင် အဖွဲ့အစည်းထဲမှာ ကျန်နေသူဆိုလို့ အဲဒီအချိန်က တပ်ရင်းထဲမှာ သူတယောက်တည်းပဲ ကျန်တော့တာ။ သူရေးတဲ့ စာက သာမန်အားဖြင့်တော့ ဘာမှ မထူးဆန်းပေမယ့် ကျွန်မအတွက်တော့ ဒါနဲ့ ပတ်သက်ပြီး “ရိုးရိုးသားသား ဟုတ်ပါ့မလား၊ ဘာသဘောနဲ့များ သူငါ့ဆီ ပို့လာပါလိမ့်” ဆိုတဲ့ မလုံမလဲနဲ့ သံသယ ဖြစ်နေမိပြီး သူအိမ်ထောင်ပြုခဲ့တဲ့ လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကာလ၊ တော်လှန်ရေး စခါစ နှစ်တွေက အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ကျွန်မတို့ အဖြစ်သည်းခဲ့တာတွေကို ပြန်တွေးနေမိတယ်။

တော်လှန်ရေး စခဲ့တဲ့ နှစ်တွေက ကျွန်မတို့ တပ်ရင်းမှာ မိန်းကလေး

အယောက် ၂၀ နီးပါး ရှိခဲ့ပါတယ်။ ဆေးတပ်ဆွယ်၊ ဆက်သွယ်ရေးတပ်ဆွယ်၊ ရုံးအဖွဲ့နဲ့ စည်းရုံး/ပြန်ကြားရေး ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်ကြပါတယ်။ အဲဒီတုန်းက ABSDF က ချမှတ်ခဲ့တဲ့ ဥပဒေအတိုင်း တော်လှန်ရေးကာလ နှစ်နှစ်ကြာတဲ့အထိ တယောက်မှ အိမ်ထောင်မကျခဲ့ဘူး။ တခြားတပ်ရင်းတွေမှာတော့ ဥပဒေက သတ်မှတ်ပေးထားတဲ့ နှစ်မတိုင်ခင် အိမ်ထောင်ပြုကြတာ ရှိခဲ့လို့ ဒုတိယအကြိမ် ညီလာခံလုပ်တဲ့အချိန်ဆို တော်တော်များများကို အိမ်ထောင်ကျကုန်ပြီလို့ သိရတယ်။ ကျွန်မတို့ တပ်ရင်းမှာတော့ စခန်းကော်မတီက ချမှတ်ခဲ့တဲ့ ”ည ၆ နာရီ နောက်ပိုင်း တာဝန်မှအပ မိန်းကလေးများ အဆောင်ပြင် မထွက်ရ၊ တာဝန်မှအပ အမျိုးသမီး အဆောင်အတွင်း မည်သည့် အမျိုးသားမှ မ၀င်ရ၊ ဆိတ်ကွယ်သောနေရာနှင့် မှောင်သောနေရာများတွင် အမျိုးသမီး တဦးနဲ့ အမျိုးသားတဦး နှစ်ယောက်တည်း မရှိရ” ဆိုတဲ့ စည်းကမ်းကြောင့်လား၊ ကျွန်မတို့ မိန်းကလေးတွေကပဲ တော်လှန်ရေးစိတ်ဓါတ် ပြင်းထန်လွန်းလို့လားတော့ မသိ၊ ရည်းစားထားသူတွေ ရှိကြပေမယ့် တခြားတပ်ရင်းတချို့မှာ ဖြစ်ခဲ့ဖူးတဲ့ ချိန်းတွေ့လို့ အပြစ်ပေးအရေးယူပြီး အတင်းပေးစားခံရတဲ့ အဖြစ်မျိုးတော့ တယေက်မှ မရှိခဲ့ဖူးဘူး။ ဒီအတွက် ကျွန်မတို့ တော်တော်လေး ဂုဏ်ယူခဲ့ပါတယ်။ အိမ်ထောင်ပြုတာဟာ တော်လှန်ရေးအတွက် မိမိဘ၀ကို ပေးဆပ်သင့်သလောက် မပေးဆပ်နိုင်တော့ဘဲ ကလေးတွေနဲ့ ဖြစ်လာရင် တော်လှန်ရေးအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်မှာပဲလို့ အတော်များများက သတ်မှတ်ခဲ့ပါတယ်။ ဒီအထဲမှာ ကျွန်မက အဆိုးဆုံးလို့ ဆိုရလိမ့်မယ်။ “တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အချိန်မှာ လူမှုရေးနဲ့ တခြား ကိစ္စများကို ရှေ့တန်းမတင်လိုပါ၊ ကိုယ့်သမိုင်းကိုယ်ရေးတဲ့ အချိန်မှာ အမဲစက်မထင်မိအောင် ကြိုးစားရန်ကား ကျွန်မ၏တာဝန်တည်း” ဆိုတဲ့ ဘယ်ကရတယ် ဆိုတာ မမှတ်မိတဲ့ စာပိုဒ်တပိုဒ်ကို ကျွန်မစာအုပ်တိုင်းရဲ့ ပထမစာမျက်နှာတိုင်းမှာ ရေးထားတယ်။ ကျွန်မလို သဘောထားရှိတဲ့သူတွေ ရှိသလို ဒီလောက် အဖြစ်မသည်းပေမယ့် အိမ်ထောင်ပြုတယ်ဆိုတာ တော်လှန်ရေးကို ထိခိုက်စေတယ်ဆိုတဲ့ အတွေးအခေါ်ကတော့ အတော်များများမှာ ရှိပြီး အချစ်ဆိုတာကို မရှောင်နိုင်လို့ ရည်းစားထားကြပေမယ့် အိမ်ထောင်ပြုဖို့ကိုတော့ တော်လှန်ရေးဆိုတဲ့ တံတိုင်းကြီးကြောင့် သိပ်မတွေးဝံ့ခဲ့ကြဘူး။

တော်လှန်ရေးက တပ်ဖွဲ့ဝင်တွေအထဲမှာ အိမ်ထောင်သည်ဆိုတာကို ကျွန်မတို့ စတွေ့ဖူးတာကတော့ ၁၉၉၀ ခုနှစ် KNU တပ်မဟာ ၄ က တခြားတပ်ရင်းနယ်မြေ တခုမှာ ရှိတဲ့ မို့တောင်စခန်းကျတော့ အဲဒီမှာ ရှိခဲ့တဲ့ ABSDF တပ်ရင်း ၂၀၃ က ကျွန်မတို့ မင်းသမီးကို ရောက်လာခဲ့တဲ့အချိန် ဖြစ်တယ်။ မို့တောင်ကျတော့ ၂၀၃ တပ်ရင်းကို KNU က မင်းသမီးမှာ ကျွန်မတို့ ၂၀၁ တပ်ရင်းနဲ့ ကပ်လျက်မှာပဲ စခန်းချရာ မြေနေရာ ပေးပါတယ်။ သူတို့ စရောက်ချိန်မှ စခန်းဆောက်လို့ မပြီးခင် အထိ ကျွန်မတို့ စခန်းထဲမှာပဲ ယာယီတည်းခိုရပါတယ်။ ရှေ့တန်းထွက်လို့ လိုက်လာတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါလာတော့ ကလေးကြီးကြီးတွေနဲ့ တပ်ဖွဲ့ဝင်မဟုတ်တဲ့ မီခိုမျိုးသမီး အသက် ခပ်ကြီးကြီးတွေ ပါတဲ့ မိသားစုတွေ တပြုံလိုက်၊ ကလေးသေးသေး ကွေးကွေးကနေ ကြီး၊ ငယ်၊ လယ်၊ လတ် အရွယ်စုံကို တွေ့ရတယ်။ ကိုယ့်တပ်ရင်းမှာလည်း ဒီလိုမရှိခဲ့တော့ ကျွန်မတို့ အမြင်မှာ ၂၀၃ တပ်ရင်းက တပ်နဲ့မတူပဲ ပြည်တွင်းမှာတုန်းကလို အရပ်နဲ့ တူနေတယ်။ ၂၀၃ အဖွဲ့တွေကိုကြည့်ပြီး "ဘုရားရေ ဘယ်လိုလုပ်ပြီး တော်လှန်ရေး သွားလုပ်တော့မလဲ” လို့ တွေးပြီး ကျွန်မတို့ တော်တော်လေးကို စိတ်ပျက်ခဲဖူးတယ်။ နှစ်နှစ်တာကာလမှာ အသက်ကြီးကြီး အမျိုးသမီးတွေနဲ့ ကလေးတွေဆိုလို့ ကရင်တွေကိုပဲ တွေ့ဖူးပြီး ဗမာနဲ့ မတွေ့ရတာကြာလို့ သူတို့နဲ့ ပြောဆိုဆက်ဆံတဲ့အခါ အစပိုင်းမှာ ၂၀၃ က မျိုးသမီးတွေကို အစ်မတွေ၊ အဒေါ်တွေ ခေါ်ရမည့်အစား အနော၊ အမိုး လို့ ခေါ်ပြီး ကလေးတွေကိုကျတော့ ဖိုးမူ (သမီး)၊ ဖိုးခွား (သား)၊ တန်ပေါ်မူ (ကောင်မလေး)၊ တန်ပေါ်ခွား(ကောင်ကလေး) လို့ပဲ ခေါ်တာ အကျင့်ရနေလို့ မြန်မာလိုအခေါ်အဝေါ်ကို ပြန်ပြီး အကျင့်ရအောင် ကျွန်မတို့ မနည်းပြန်ပြင်ခဲ့ရတယ်။

ဒီလိုနေလာခဲ့ရကနေ ကျွန်မတို့ တပ်ရင်းမှာ အိမ်ထောင်ပြုဖို့ ဆိုပြီး ပထမဦးဆုံး စဖေါက်ခဲ့တာက ကျွန်မတို့ မိန်းကလေးတွေအထဲမှာ ဒုတိယ အသက် အကြီးဆုံးလည်းဖြစ် ပညာအတတ်ဆုံးလည်း ဖြစ်တဲ့ မရင်မြတ်ပါပဲ။ မရင်မြတ် ရုံးမှာ လက်ထပ်စာ တင်လိုက်ပြီဆိုတာ ရုံးအဖွဲ့မှာ လုပ်နေတဲ့ ရဲမေတဦး ဆီကတဆင့် သိတာနဲ့ ဒါငါတို့ တပ်ရင်းရဲ့ အစဉ်အလာကို ဖျက်ဆီးတာပဲ ဆိုပြီး အဆောင် တဆောင်လုံး မိုးမီးလောင်တော့တယ်။ ချက်ချင်းပဲ အဲဒီနေ့မှာ အလှည့်ကျတဲ့ အမျိုးသမီးအဆောင် တာဝန်မှူးကို အဆောင်အစည်းအဝေး ခေါ်ပေးဖို့ တောင်းဆိုပြီး အစည်းအဝေးလုပ်ကာ မရင်မြတ်တင်ထားတဲ့ လက်ထပ်ခွင့်စာကို ပြန်ရုပ်သိမ်းဖို့ ၀ိုင်းတိုက်တွန်းခဲ့တယ်။ သူက “တော်လှန်ရေး စည်းမျဉ်းစည်းကမ်း၊ တပ်ရင်းက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ အဆောင်စည်းကမ်းတွေကိုလည်း ငါဘာတခုမှ မချိုးဖေါက်ခဲ့ဘူး၊ အခု အချိန်တန်လို့ လက်ထပ်ခွင့်တောင်းပြီး အိမ်ထောင်ပြုတဲ့ကိစ္စမှာ တော်လှန်ရေးအတွက် ဒါမှမဟုတ် နင်တို့အတွက် ဘာမှထိခိုက်သွားတာ မရှိဘူး၊ နင်တို့ အခုပြောနေတာတွေဟာ ဘာမှအဓိပ္ပါယ် မရှိလို့ ငါလုပ်စရာ ရှိတာ ဆက်လုပ်မှာပဲ” လို့ ပြောတဲ့အခါမှာတော့ ကျွန်မတို့ကို အကြီးအကျယ် ဒေါသ ဖြစ်စေပြီး ”တော်လှန်ရေးထဲကို လာတာ ယောက်ျားယူဖို့ လာတာလား” လို့ အမေးခံရရာကနေ သူတယောက်တည်းနဲ့ ကျွန်မတို့အကြား အကြီးအကျယ် အချေအတင် ဖြစ်ခဲ့ပါတယ်။

(ဆက်လက်ဖေါ်ပြပါမည်။)

(အပိုင်း - ၂)
(အပိုင်း - ၃)
(အပိုင်း - ၄)

30 comments:

စိတ်ဓါတ်ခိုင်မာတဲ့ ညီမလေးငယ်နိုင်ရဲ့ တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ တကယ့်အဖြစ်အပျက် ဇာတ်လမ်းမျိုးတွေကို တအားကိုဖတ်ချင်နေခဲ့တာ အခုတော့ဖတ်ရလို့ ကျေးဇူးပါနော်....ဆက်ရန်မျှော်နေမယ် ညီမလေး...

mie nge

အထက်က မမီးမီးပြောတဲ့အတိုင်းပါပဲ ဆက်ဖတ်ရန် မျှော်နေပါ့မယ်နော် ...

စောင့်ဖတ်နေပါသည်။

အဲ...... ကမ္ဘာမှာ ဒီလို စစ်စည်းကမ်းမျိုးက tamil Tiger တွေမှာပဲ ရှိတယ်ထင်နေတာ... ABSDF မှာ တကယ်ရှိခဲ့တာကိုးဗျ....
အရွယ်တွေ ငယ်ကြသေးတော့ စိတ်ဓာတ် အစွန်းရောက်တတ်တာ ဓမ္မတာပါပဲဗျာ....ဟီးးးးး လက်ထပ်တာလဲ ဓမ္မတာပါပဲ.... စည်းကမ်းရှိဖို့တော့ လိုတာပေါ့လေ..... ဒီနေရာမှာ မရင်မြတ် မှန်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တကယ်ဖြစ်ပျက်ခဲ့ကြတဲ့ ဖြစ်ရပ်မှန်တွေတော့ ဖတ်ချင်ပါသေးတယ်ဗျာ။ သင်ခန်းစာ ယူစရာတွေ ပါလာမယ် ထင်ပါ၏။

မမရေ...စောင့်ဖတ်ရန် မျှော်လင့် နေပါတယ်... ဖတ်လို့ကောင်းတယ်ဆိုတာအပြင် ရှိသေးတယ်...ဒါပေမယ့် မပြောတတ်ဘူး.....။

လာဖတ်ပါတယ် အစ်မရေ..

အပိုင်းတွဲတွေကို စောင့်အားပေးနေမယ်နော့်

မငယ်နိုင်ရေ...

မနက်ထဲက လာဖတ်ပြီးပါပြီ...
ဆက်ရေးလာမယ့် အကြောင်းတွေကို စောင့်မျှော်နေပါတယ်

ချစ်ခင်စွာဖြင့်
သက်ဝေ

တကယ့်အဖြစ်အပျက်တွေကို တကယ်ကိုယ်တွေ့ကြုံခဲ့သူက ပြောပြတာမို့ အင်မတန် စိတ်ဝင်တစား သိချင်မိပါတယ်။

အမရေ ကျွန်တော်လည်း ဆက်ရန်ကို မျှော်လင့်နေပါတယ်
တစ်ချိန်မှာ ပါဟာ သမိုင်းပါ
ဒါကြောင့် ဆက်ရေးဖို့  တောင်းဆိုပါတယ်

ဒီအရွယ်လေးတွေ သူတို့ ခံစားချက်တွေကို ဘယ်လိုဖြတ်သန်းခဲ့ကြပါလိမ့်လိုပ အမြဲ တွေးကြည့်ပြီး သိချင်နေခဲ့တာ.. ခုတော့ သိရပြီ။ ဆက်ရေးနော်...

" mont taung" camp is not the KUN 5 divison. it is the 4 divisontoo.

ကျမစိတ်ထင်တော့ မငယ်ရေးတာမှန်သလားလို့ မိုးတောင်စခန်းက ၁၉၉၀ မတိုင်ခင်က KNU တပ်မဟာ ၅ ဖြစ်ပြီး မင်းသမီးကိုပြောင်းလာပြီးမှ တပ်မဟာ ၄ ဖြစ်သွားတယ်ထင်တယ်။ နှစ်တွေကြာသွားလို့ ဇဝေဇ၀ါဖြစ် သွားသလားတော့ မသိဘူး။

မငယ် နင့်ကိုလာအားပေးနေတယ်။ အမှန်တွေသိပ်မရေးနဲ့ ကာရကံရှင်တွေ ရှက်နေဦးမယ်။

အစ်မ ရေ လာချောင်းနေတယ်နော် ဆက်ရေးပါဦး

မ Mie mie, ကိုခြေလမ်းသစ်၊ Sin dan lar, Heartmuseum, မေဇင်၊ မဆုမွန်၊ သစ်ဝေ၊ Rita, ရွက်လွင့်ခြင်း၊ ဆရာမမေငြိမ်း၊ ကိုပိန် နှင့် Nolan စာလာဖတ်သူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဆက်ရန်ကို တင်ဖို့ရှိပေမယ့် ကျွန်မတို့ဆီမှာ ဆောင်းရာသီ ကျောင်းပိတ်ရက်ဆိုတော့ အိမ်က ကျေးဇူးရှင်လေးက ကျောင်းမသွားရတာနဲ့ တနေကုန် Game ဆော့တော့ အမေကို ကွန်ပြူတာ အလှည့်မပေးချင်ဘူး။ ကျေးဇူးရှင်အကြီးကလည်း ကျောင်းဖွင့်တဲ့ အချိန်တုန်းကလည်း တချိန်လုံး Assignment ၊ စာမေးပွဲ အကြောင်းပြ၊ ကျောင်းပိတ်ပြန်တော့လည်း အိမ်အတွက် အချိန်မပေးပဲ ဘလော့ဂ်လုပ်နေပြန်ပြီဆိုပြီး အပြစ်တင်မှာကိုလည်း စိုးရိမ်ရဆိုတော့ ဒီကျေးဇူးရှင် နှစ်ယောက် စိတ်မငြိုငြင်အောင်လည်း နေရထိုင်ရတယ်ဆိုတော့ နည်းနည်းနောက်ကျတာကို သည်းခံပေးဖို့ ဆက်ရန်ကို မျှော်နေသူများကို တောင်းပန်ပါတယ်။

ကိုပိန်ရေ- ကိုပိန်က ၂၀၃ က ကိုပိန်ထင်တယ်။ နောက်တခါလာလည်ရင် ဘလော့ဂ် Link ပေးထားခဲ့ပါလား။
ကျွန်မက တပ်မဟာ ၄ ဆိုတာ ကျွန်မတို့ မင်းသမီးတခုပဲ ထင်ခဲ့တာ ဒါပေမယ့် မို့တောင်နဲ့ မင်းသမီးက တပ်မဟာ တခုတည်း ဖြစ်ပြီး တပ်ရင်းပဲ မတူတာ ဖြစ်နိုင်တယ်။ မင်းသမီးကတော့ တပ်ရင်း ၁၀ ဖြစ်တယ်။ ကျွန်မ ပြန်ပြင်လိုက်ပါ့မယ်။ အခုလို အသိပေးတာ ကျေးဇူးတင်ပါတယ်။
Nloan ရေ - တို့တပ်ရင်းက ထွက်လာတဲ့ နင်တို့ဆီမှာ ရှိတဲ့ တခြားလူတွေကိုလည်း ငါ့ဘလော့ဂ်လိပ်စာ ပေးလိုက်ပါ။ အထူးသဖြင့် အေင်နိုင်ဦးနဲ့ စိုးနိုင်ကို ဖြစ်အောင်ပေးလိုက်ပါ။

အမစာကိုဖတ်ရတော့ သခင်သန်းထွန်း၏နောက်ဆုံးနေ့များစာအုပ်ကိုသွားသတိရမိတယ်။တူတာကိုပြောတာမဟုတ်ပါဘူး။ တောထဲကဇာတ်လမ်းလေးတွေအဖြစ်မြင်တာပါ။ အမအရေးအသားလေးလဲကောင်းတယ်။ဝတ္ထုရှည်ရေးရင် ပိုဖတ်လို့ကောင်းမှာပါ။စောင့်ဖတ်မယ်နော်။

မငယ်နိုင်ရေ...
ရောက်အောင်လာပြီး ဖတ်ဖြစ်အောင် လိုက်ဖတ်သွားပါတယ်။ မငယ်နိုင်ပြောသလို ကျနော်က စီနီယာ ဘလော့ဂါဆိုတဲ့ စိတ်မျိုးနဲ့ မဟုတ်ဘဲ ကျနော့်ထက် များစွာ သာလွန်တဲ့ အတွေ့အကြုံတွေကို လေ့လာဖတ်ရှုတဲ့ သဘောပါ။ ကျနော် ဘာမှအကြံပေးစရာ မလိုပါဘူး။ မငယ်နိုင် စာရေးကျင့် ရှိပြီးသားပါ။ :)
လေးစားခင်မင်စွာ

ကိုချမ်းလင်းနေ
လာဖတ်တာကို ကျေးဇူးတင်ပါတယ်။ နောက်လည်း အမြဲလာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ပို့စ်က သခင်သန်းထွန်း နောက်ဆုံးနေ့နဲ့ ဘယ်နေရာမှာများ သွားတူနေလဲဆိုတာတော့ ကျွန်မ စဉ်းစားလို့မရဘူး။
သခင်သန်းထွန်း နောက်ဆုံးနေ့တို့ မြက်ခင်းသစ် တို့ဆိုတာ မဆလ န၀တ၊ နအဖ တွေရဲ့ တော်လှန်မကောင်းကြောင်း ၀ါဒဖြန့် ရေးထားတဲ့ မဟုတ်တမ်းတရား စာတွေပါ။ အခုကျွန်မရေးထားတာက ၀ါဒဖြန့်တဲ့ အလိမ်အညာ စာတွေမဟုတ်ပါဘူး။ ပညာတပိုင်းတစနဲ့ စာသင်ခန်းကို စွန့်ခွာလာပြီးနောက်ပိုင်း ကျွန်မတို့ တကယ်ဖြတ်သန်းခဲ့တဲ့ ဘ၀တွေအကြောင်း ရေးထားတဲ့ တကယ့် အဖြစ်အပျက်တွေပါ။ ကိုချမ်းလင်းနေ ပြောတဲ့ စာအုပ်နဲ့ လုံးဝမတူပါဘူး။ ပြီးတော့ ကျွန်မဘလော့ဂ်က အကြောင်းအရာ အစုံရေးဖို့ ရည်ရွယ်ထားတဲ့ အထွေထွေဘလော့ဂ်ပါ။ အဲဒီထဲမှာမှ တောထဲက အတွေ့အကြုံတွေကို ပြန်ပြီးမျှဝေရတဲ့ ရည်ရွယ်ချက်က မြန်မာပြည်တွင်းက ပြည်သူတွေ ကျွန်မတို့ တော်လှန်ရေးကို ခုနကပြောတဲ့ စာတွေထဲကလိုမျိုး အရိုင်းအဆိုင်းတွေ ထင်နေမှာစိုးလို့ ကျွန်မတို့ဟာ လက်နက်ကိုင် တော်လှန်ရေးကို လုပ်ခဲ့တာ စည်းနဲ့စနစ်နဲ့ လုပ်ခဲ့တယ် ဆိုတာ ပြောပြချင်လို့ပါ။ ရည်ရွယ်ချက်မတူဘူးဆိုတာ ဆက်ဖတ်မှ သိမှာမို့ အမြဲတမ်း လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။

ကိုကလိုစေထူး -အားပေးတာ ကျေးဇူးနော့်။

ရေးစရာနေရာ သီးခြားမတွေ့လို့။ ကျန်းမာချမ်းသာပါစေ။

မငယ် ကိုချမ်းနေလင်းရေးတာက တောထဲကတွေ့အကြုံတွေ အခက်ခဲတွေကို ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာကို ဖတ်ရတဲ့အချိန်မှာ သခင်သန်းထွန်းနောက်ဆုံးနေ့များစာအုပ်ကို ဖတ်ရသလိုခံစားရတယ်လို့ ပြောချင်ပုံပါ။ အဲဒါ မငယ်အတွက် ဂုန်ယူစရာမဟုတ်လား။ ဒီလောက် ကောင်းတဲ့စာအုပ်နဲ့ နိုင်းယှဉ်ပြောခံရတာကိုပေါ့။ မြက်ခင်းသစ်က ဘာမဆိုင်ညာမဆိုင် ဘာလို့ဝင်ပါခိုင်းလိုက်ရတာလဲ။

ဒီလိုမျိုး တကယ့်အဖြစ်အပျက်တွေ အမြဲ ဖတ်ချင်မိတယ်။ ပုံရိပ်ယောင် ကမ္ဘာထဲမှာ လူပီပီ ဖြစ်ခဲ့ ပျက်ခဲ့ မှားခဲ့ မှန်ခဲ့တာတွေကို ဖတ်ရင်း ဆင်ခြင် တွေးတောရတာ ပိုအားသန်မိတယ်။
စောင့်ဖတ်နေမှာပါ မငယ်နိုင်။ ကိုယ်မလုပ်နိုင်ခဲ့တဲ့ အလုပ်တွေကို လုပ်နိုင်တဲ့ အမျိုးသမီးတွေကို အမြဲလေးစား တန်ဖိုးထားလျက်ပါ။

ညီမလေးငယ်နိုင်ရေ...ဘ၀တူတွေဘဲမို့ ကိုယ်ချင်းစာပါတယ်...ကိစ္စမရှိပါ
ဘူး..စိတ်ရှည်ရှည်နဲ့ စောင့်နေပါ့မယ်..တို့လည်းဒီလိုဘဲ ကွန်ပျုတာလုနေရတယ်...ဒီမှာကနွေရာသီကျောင်း ၂လ ပိတ်တယ်လေ...
ကွန်ပျုတာ ၂ လုံး လူ ၃ ယောက် မလောက်ဖူး...ဒီကြားထဲ ဗမာဖောင့်တွေနဲ့က တချို့ ဘလော့ဂ်တွေက ဖတ်မရ..ကိုယ်ကလည်းနားမလည်...သူတို့အိပ်ချိန်မှ ကိုယ့်အိပ်ချိန်ထဲကနေ စာလိုက်ဖတ်နေရတယ်...

mie nge

မငယ်နိုင်ရေ
အတိတ်ဒိုင်ယာရီတခုကိုဖတ်ရတာ
အနာဂတ်အတွက် အလင်းတန်းတခုကို ဆုပ်ကိုင်လိုက်ရသလိုပါပဲ။
ချစ်ခင်လျက်

အတော့်ကို ဖတ်လို့ ကောင်းတဲ့ ပို့စ်လေးပါ မငယ်နိုင် ရေ
တော်လှန်းရေး ရဲမေလေးတွေ ရဲ့ နှလုံးသား က ဘယ်လိုလဲ လို့
ကျမတို့ သိခွင့်ရတော့မှာပေါ့ နော်..

ကိုယ့်တွေ့ အကြောင်းအရာတွေက ၀တ္တုတွေ ထက် ဖတ်လို့ ကောင်းမှာ အမှန်ပါ..။

ဒီလိုပါပဲ နှလုံးသား ရှိတဲံ လူသားတွေ.. ခံစားချက်နဲ့ လူသားတွေ ဆိုတော့ ခံယူချက် နဲ့ ခံစားချက် လွန်ဆွဲ တဲ့ ဇာတ်လမ်းလေးတွေ
တော်လှန်ရေးထဲ မှာ ရှိမှာ အမှန်ပါပဲ

ဆက်ပြီး အားပေးနေပါမယ်

link လဲ ယူသွားတယ်

စောင့်နေပါ၏။

ကိုယ်မသိခဲ့ဘူးတဲ့ အကြောင်းအရာတခုဆိုတော့ ဆက်ဖတ်ချင်ပါတယ်။ ဝေမျှပေးလို့ကျေးဇူးနော်။

မသိဖူးတဲ့အတွေ့အကြုံတချို့ကို လာဖတ်သွားပါတယ် အမ မငယ်နိုင်ရေ။ အရင်အခါတွေလည်း အားတဲ့အခါ လာဖတ်တတ်ပေမယ့်ညီမကွန်ပြူတာမှာ စာလုံးတွေ က ပေါက်ကရတွေ ပေါ်နေလို့ ဖတ်မရတာတွေကြောင့်မို့ပါ။ ခုတော့ micosoft word မှာတင်ပြီးဖတ်လိုက်ပါတယ်။ ::P

ခင်မင်လျှက်
မွန်းသက်ပန်

အာဇာနည်များကို အလေးပြုကြစို့။

လာဖတ်သွားတယ်နော်... ဆက်ရန်မျှော်နေမယ်

အချိန်ရတာနဲ့ အာဇာနည်နေ့နဲ့ ကြုံကြိုက်လို့ ပြီးတော့ အာဇာနည်နေ့က ပိုအရေးကြီးလို့ အာဇာနည်နေ့ အကြောင်းကိုပဲ အရင်တင်လိုက်ရလို့ ဆက်ရန်ကို မျှော်နေသူတွေကို တကယ်ပဲ အားနာမိတယ်။ ဒီပို့စ်ရဲ့အဆက်ကို ကျွန်မ အမြန်ဆုံးဖြစ်အောင် တင်ပေးပါ့မယ်။ လာဖတ်သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။