ဆစ်ဒနီက
 Homebush Boys High School မှာ ဗမာကလေးဆိုလို့ သူတို့နှစ်မှာ သူတို့ 
နှစ်ယောက်ပဲ ရှိပါတယ်။ ဒီကလေးနှစ်ယောယက်စလုံးက အားကစားသမားတွေ ဖြစ်ပြီး 
ဆယ်တန်းနှစ်တုန်းကတော့ တယောက်က ကျောင်းရဲ့ အကောင်းဆုံး ဘောလုံးသမားဆုနဲ့ 
တယောက်ကအကောင်းဆုံး ဘောလီဘောသမားဆုကို အသီးသီး ရရှိထားသူနှစ်ဦးပါ။ 
လက်ရှိအခြေအနေမှာ ၁၂ တန်း HSC လုပ်နေရလို့ စာဘက်ကို အဓိကထားနေရတော့ 
အားကစားကိုသိပ် ဦးစားပေးမလုပ်နိုင်ပေမဲ့  School Sport Representative 
တွေအဖြစ် ဆက်လက်တာဝန်ယူနေရဆဲ ဖြစ်တယ်။  ဝေလျှံနဲ့ သားက ၁၂ တန်းမှာ ယူထားတဲ့
 ဘာသာတ၀က်ကျော်တူတယ်။ သူတို့နှစ်ယောက် သင်္ချာသာသာ ပြောင်းတာလည်း တူကြတယ်။ 
သားက သူယူထားတဲ့ Subject တွေကို မကြိုက်လို့ဆိုပြီး ဥပဒေနဲ့ စီးပွားရေးကို 
ကျောင်းဖွင့်ပြီး ငါးပတ်မြှောက်မှာမှ ဝေလျှံဆီက မှတ်စုတွေကူးပြီး 
ပြောင်းခဲ့တယ်။
၇ တန်းကစပြီး သားအထက်တန်းကျောင်း 
ရောက်ပြီးနောက်ပိုင်း အိမ်ကို မကြာခဏ သားသူငယ်ချင်းတွေခေါ်တတ်ပေမဲ့ 
အဲဒီကလေးက အိမ်ကို အခုမှတခါပဲ ရောက်ဖူးတယ်။ သူငယ်ချင်းတွခေါ်ရင် 
ဘာကြောင့်မပါလဲ မခေါ်ဘူးလား ဆိုတာမေးရင် "သားက ခေါ်တယ် သူကမလာချင်ဘူး၊ 
သားနဲ့သူနဲ့က အုပ်စုတခုစီ ဆိုတော့ သားအုပ်စုက သူငယ်ချင်းတွေနဲ့ ဝေလျှံနဲ့ 
မရင်းနှီးတော့ သူမလိုက်ချင်ဘူး" ဆိုတာမျိုး အမြဲပြောတတ်တယ်။  နောက်တခါ 
အိမ်ကို ဧည့်သည်ခေါ်လို့ အဲဒီကလေးမပါရင် ဘယ်ဧည့်သည်မှ မခေါ်နဲ့လို့ သားကို 
ကျွန်မပြောထားလို့ ထင်တယ် ပြီးခဲ့တဲ့ကျောင်းပိတ်ရက်တုန်းကတော့ ဥပဒေ 
Assignment အတူတူလုပ်ရင်း စာကြည့်တိုက်ကနေ အိမ်ကိုခေါ်လာလို့  ရောက်လာတုန်း 
ဓာတ်ပုံရိုက်ထားလိုက်တယ်။  ဒါကြောင့် " ပြေးကြည့်မှ ဗမာကလေးနှစ်ယောက်ပဲ ရှိတာ
 နင်က ဗမာကလေးနဲ့ကျတော့ မခင်ပဲ တခြားကလေးတွေနဲ့ပဲ ခင်တာက ဘယ်လိုဖြစ်ရတာလဲ" 
မေးတော့ "ခင်တယ် သားက ပျော်ပော်ျပါးပါး နေတဲ့အခါမှာပဲ သားအုပ်စုက 
သူငယ်ချင်းတွေနဲ့ ရင်းနှီးတာ အလေးအနက်ထားပြီး ရင်ဖွင့်ရမည့်ကိစ္စတွေကျတော့ 
ဗမာသူငယ်ချင်းနဲ့ပဲ ရင်ဖွင့်တတ်တယ်" တဲ့။
အဲဒါကြောင့် "ဟယ်..မောင်တိုးရေ 
ခုတမျိုး တော်ကြာတမျိုးပါလား HSC ၁၂ တန်းမှာ အရေးကြီးလို့ အားကစားတောင်မှ 
မလုပ်နိုင်တာ ကျန်တာဘာမှ စိတ်ဝင်စားလို့ မအားဘူးဆိုပြီး  ရင်ဖွင့်စရာတွေ 
ရှိနေပြီလား အမေကိုပွင့်ပွင့်လင်းလင်း ပြောပါလို့ ပြောထားရဲ့သားနဲ 
့ဘာကြောင့် အမေကို ပွင့်ပွင့်လင်းလင်း မပြောတာလဲ" ဆိုပြီး မေးတော့ " မေမေက 
ဘာထင်နေလို့လဲ၊ တခြားဟာ မဟုတ်ဘူး မေမေတို့ ဗမာမိဘတွေက သားသမီးတွေကို Stress
 ဖြစ်အောင် လုပ်တတ်တဲ့အကြောင်းတွေပဲ ပြောဖြစ်တာပါ" တဲ့။ "ဘုရားရေ ဒုက္ခပါပဲ ၊ 
နင့်ကိုမိဘက ဘာစိတ်ဖိစီးအောင် လုပ်နေလို့လဲ" ဆိုတော့ " ဝေလျှံအဖေနဲ့ 
မေမေတို့နဲ့က အတူတူပဲ အဲဒါကြောင့် ဗမာသားသမီးတွေ အာရှကလာတဲ့သားသမီးတွေဆို 
ကျောင်းတက်ရတာ Pressure သိပ်များတယ် အဖြူသားသမီးတွေလို မဟုတ်ဘူး" တဲ့။ " 
မြတ်စွာဘုရား၊ ဒီလောက် အေးအေးဆေးဆေး ဘာမှမပူရဘဲ ပညာသင်နေရတာနင်ပဲ ရှိတယ်၊ 
ဒါတောင်မှ မိဘကြောင့် စိတ်ဖိစီးလို့ ရင်ဖွင့်ရလောက်အောင် မိဘတွေက 
နင်တို့ကို ဘာများစိတ်ဒုက္ခပေးနေလို့လဲ" ဆိုပြီးကျွန်မ မေးရတယ်။ ဒီတော့ 
နှစ်စက Subject တွေ သွားပြောင်းလို့ ကျွန်မဆူခဲ့တာကို ဥပမာပေးပြီးပြောတယ်။ 
အဲလိုမျိုး အိမ်နဲ့ပတ်သက်ပြီး အလားတူ စိတ်ညစ်စရာ ကြုံရင် သူတို့ဟာ 
အချင်းချင်း ရင်ဖွင့်ကြတယ် တခြားသူငယ်ချင်းတွေနဲ့ ဘယ်လောက်ခင်ခင် ဘယ်တော့မှ
 မပြောဘူးတဲ့။  ဝေလျှံလည်း သူ့လိုပဲ သူကြိုက်တဲ့ Subject တွေ 
ပြောင်းလိုက်တော့ သူ့အဖေဆူလို့ စိတ်ညစ်ရတဲ့အကြောင်း ပြောတယ်။
 ဒါကြောင့် 
"နင်တို့က မိဘတွေ ကောင်းစေချင်လို့ ပြောတာကို ဘယ်လောက်တောင် ခံစားရလို့ 
ရေးကြီးခွက်ကျယ် လုပ်ပြီးမိဘအတင်းပြောရတာလဲ။  အဲလိုအတင်းပြောတဲ့နေရာမှာပဲ 
ခင်ကြဆိုတော့ မိဘအတင်းပြောလို့ ကောင်းကျိုးရတယ်များ ထင်နေလားဆိုတော့ " 
ကောင်းတော့ တော်တော်ကောင်းတယ် မေမေ ဝေလျှံနဲ့ စကားပြောရတာ 
စိတ်ပေါ့သွားပြီးတော့ အရမ်း ရယ်ရတယ်၊ သြစတြေးလျားမှာ 
ကြီးတဲ့ဗမာကလေးတွေထဲမှာ ဗမာလိုကို ဗမာလူကြီးတွေနဲ့ တူအောင် လိုက်တုပြီး 
နိုင်ငံခြားအသံ လုံးဝမ၀ဲဘဲ ကျွမ်းကျွမ်းကျင် ပြောနိုင်တာ ရွယ်တူတွေထထဲမှာ 
ဝေလျှံကို ဘယ်သူမှ မမီဘူး" ဆိုတာနဲ့ အစချီပြီး ပြောပြတယ်။ သားက 
ကျွန်မတို့ လင်မယား ပြောတာတခါမှမကြားဖူးတဲ့ ဗမာလို ဘန်းစကားတွေကို  
ဝေလျှံဆီက အများကြီးသိရတယ်ဆိုပြီး ဝေလျှုံအဖေ ဝေလျှံကိုဆူတဲ့ပုံကို 
ဝေလျှံက သူ့ကိုပြောပြပြီး  ကျွန်မသူ့ကို ဆူတဲ့ပုံကို ဝေလျှံကို သူက 
ပြန်ပြောလို့ အဲဒီတုန်းက စိတ်ဖိစီးတာတွေ ပေါ့သွားကြောင်း ပြောပြပါတယ်။ 
ကျွန်မသားက သူ့ကိုကျွန်မ ဘယ်လိုဆူတယ်ဆိုတဲ့အကြောင်း ဝေလျှံကို ပြောပြတာ 
ဘယ်လောက် တူမတူတော့ မသိဘူး။  ဝေလျှံပြောပြတဲ့ပုံအတိုင်း ဝေလျှံအဖေ 
သူ့သားကို ဆူပုံကို သားကျွန်မကို ပြန်ပြောပြတဲ့ ပုံကတော့  
ဝေလျှံအဖေရဲ့ပုံရော အသံကိုပါ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း 
မြင်ယောင်လို့ရတယ်။
ဝေလျှံအဖေက အင်ဂျင်နီယာတယောက်ပါ။ ဝေလျှံက 
ကျွန်မသား မောင်တိုးလိုပဲ အထက်တန်းမှာ အမြင့်ဆုံးအဆင့် သင်္ချာကို ယူထားရာကနေ
 အနှိမ့်ဆုံးအဆင့်ကိုပြောင်းလိုက်တယ်။ ဝေလျှံက သူ့အဖေကို အဲဒီ Subject  
ပြောင်းမယ်လို့ ပြောတော့ သူ့အဖေက " ဘာပြောတယ် .. မင်းဘာပြောလိုက်လဲ ဝေလျှံ၊
 ပြန်ပြောစမ်း ငါ့ကို အဲဒီစကား၊ (ဝေလျှံကလည်း မေးတိုင်း တခုခု 
ပြန်ပြောတယ်)၊  ဘာပြောတယ် ပြန်ပြောစမ်း. မင်းဘာထင်နေလဲ ဝေလျှံ၊  
နားပန်ကျင်းထည့်လိုက်ရမလား၊ မင်းနားရင်းပူသွားချင်လား၊ မင်းထမင်းဘာနဲ့ 
စားမလဲ။ အဲဒီ Subject နဲ့ထမင်းစားလို့ ဖြစ်မလား၊ ဦးနှောက်နဲ့ 
စဉ်းစားစမ်းပါ၊ မင်းဦးနှောက်ထဲမှာ ဘာတွေရှိသေးလဲ ငါ့ကိုပြောစမ်း" ဆိုပြီး 
ပြောတော့ ဝေလျှံကလည်း မေးခွန်းတခုပြီးတခု သူ့အဖေဘာကိုဆိုလိုမှန်း မသိ 
သူဖြေချင်တာ ဖြေတော့ သူ့အဖေကပိုစိတ်တို၊ မသိတဲ့စကားလုံးဆိုရင်လည်း 
ဘာပြောလဲအဖေနဲ့ ပြန်မေးလိုမေး၊ ထမင်းဘာနဲ့စားမလဲဆိုရင် ကြက်သားနဲ့ 
စားမယ်ဆိုတာမျိုးတွေ မေးတာနဲ့ ဖြေတာတခြားစီတွေ ဖြစ်နေတာကို သားက ကျွန်မကို 
ပြန်ပြောပြတယ်။ ပြီးတော့ ဝေလျှံပြောတာလည်း မလွန်ဘူး အဲဒီမေးခွန်းတွေနဲ့ 
Subject ပြောင်းတာနဲ့ ဘာမှလည်း ဆိုင်တာမဟုတ်ဘူး ပြောပြီး တဟားဟားနဲ့ 
ရယ်နေလို့ အဲဒီမေးခွန်းတွေက Subject ပြောင်းတာနဲ့ ဆိုင်တယ် နင့်သူငယ်ချင်း 
ပြန်ဖြေတဲ့အဖြေနေ ပြန်မေးနေတာတွေကမှ မဆိုင်တာလို့ ပြောပြီးကျွန်မလလည်း 
သားသရုပ်ဆောင်ကောင်းအားကြီးလို့ ဝေလျှံတို့သားအဖပုံကို မြင်ယောင်ပြီး 
ရယ်လိုက်ရတာ အူကိုနာသွားလို့ ဆက်ပြီးအပြစ်မတင်ဖြစ်ခဲ့ဘူး။
ကျွန်မသား
 မောင်တိုးက ဝေလျှံထက်ပိုဆိုးတယ် ဝေလျှံကမှက မပြောင်းခင် သူ့အဖေကို Subject
 ပြောင်းတော့မည့်အကြောင်း ပြောဖေါ်ရသေးတယ် သားကတော့ အဲဒီတုန်းက 
ပြောင်းပြီးမှ အမေ သား Extension English ကနေ Advanced English နဲ့ Law, 
ကို  Extension Maths ကနေ General Maths ကို Biology ကနေ Business ကို 
Subject ပြောင်းလိုက်ပြီ ဆိုပြီး ဖုန်းနဲ့ အကြောင်းကြားလာလို့ မောင်တိုး 
ဘာတွေလျှောက်နေလဲ မေမေသဘောမတူဘူး သင်္ချာကို General မလုပ်နဲ့ Advanced 
ဒါမှမဟုတ် အနည်းဆုံးတော့ Standard လုပ်ပါ၊ ကျန်တဲ့ဘာသာတွေလည်း မေမေ 
သဘောမတူဘူးဆိုတာ အခုချက်ချင်း နင့်ကျောင်းအုပ်ဆီ ဖုန်းဆက်ပြီးပြောမယ် 
ပြောတော့ မေမေတယောက်ပဲ သဘောမတူတာ သားလည်းသဘောတူတယ် ဆရာဆရာမတွေလည်း 
သဘောတူတယ်၊ ကျောင်းအုပ်လည်း သဘောတူလို့ ပြောင်းလိုက်ပြီ ဖုန်းမခေါ်နဲ့တော့ 
ထူးမှာမဟုတ်ဘူး ဆိုပြီးပြောလို့ ဖုန်းထဲမှာလည်း ရန်ဖြစ် အိမ်ရောက်တော့လည်း 
တခါ ရန်ဖြစ်ခဲ့ရတယ်။ ကျွန်မလည်းသားကို နင်လုပ်ချင်ရာ လျှောက်လုပ်မနေနဲ့ 
နင်ယူထားတဲ့ Subject တွေမှာ ထမင်းစားလို့ရတဲ့ Subject ဘာကျန်သေးလို့လဲ 
မေးတော့ ကိစ္စမရှိဘူး သားကထမင်းမှ မကြိုက်တာ ထမင်းမစားရလည်း 
ဘာမှမဖြစ်ဘူးဆိုပြီး ပြောလို့ မောင်တိုးနော် နင်ငါ့ကို ထော်လော်ကန့်လန့် 
မပြောနဲ့ ငါရိုက်ထည့်လိုက်မယ် ဆိုပြောပြီး တခါမှလည်း မရိုက်ထည့်ဘူး ကျွန်မက
 ပြောတဲ့အကြောင်းကို ဝေလျှံကို သူကပြောပြတယ်။ ဝေလျှံကလည်း သူ့အဖေက သူ့ကိုငါ
 နားပန်ကျင်းထည့်လိုက်ရင် နားရင်းပူသွားမယ် ပြောပြီး တခါမှလည်း 
မကျင်းထည့်ကြောင်း မိဘတွေအကြောင်းကို အတင်းပြောပြီး ရယ်တဲ့နေရာမှာတော့ 
သူတို့နှစ်ယောက် ရင်းနှီချစ်ခင်ကြပါတယ်။
အင်ဂျင်နီယာတယေက်ရဲ့သားနဲ့
 သင်္ချာကို Advanced Level အဆင့်ယူခဲ့တဲ့ အမေတယောက်ရဲ့သားတွေက အမြင့်ဆုံး 
ယူထားရာကနေ  ကြားမှာ Advanced and Standard နှစ်ခု ရှိလျက်နဲ့ အနှိမ့်ဆုံး 
General သင်္ချာအဆင့်ကို ယူလိုက်ကြတဲ့အပေါ် မိဘတွေရဲ့ ရုတ်တရက်ခံစားမှုကို 
နားလည်နိုင်လိမ့်မယ်ထင်တယ်။ နောက်ဆုံးတော့ သူတို့သဘောအတိုင်းပဲ 
ကျေနပ်ပေးလိုက်ရပါတယ်။ ဒါပေမဲ့ သူတို့လုပ်နေတဲ့ အလုပ်မှာ 
သူတို့ပိုင်ပိုင်နိုင်နိုင် ရှိတဲ့အတွက်တော့ ၀မ်းသာပေးရပါတယ်။ 
ဗမာကလေးနှစ်ယောက်ပဲ ရှိတဲ့ကျောင်းမှာ  နှစ်ယောက်စလုံး 
ကျောင်းရဲ့အကောင်းဆုံးဆုကို ချီြးုမှင့်ခံရတယ်ဆိုတာ ဂုဏ်ယူစရာပါ။ 
ဆုရတဲ့နှစ်တုန်းကတော့ ကျွန်မသား ရတာပဲကျွန်မသိပြီး တချိန်တည်းမှာပဲ 
ဝေလျှံပါ ရခဲ့တယ်ဆိုတာကို မပြောပြလို့ မသိလိုက်ဘူး။ ဘာကြောင့်မပြောပြလဲ 
မေးတော့ ပြောပြရင် " မေမေတို့က Show off လုပ်မယ်ဆိုတော့ သားတို့ Privacy 
ထိခိုက်တယ်" တဲ့။ အဲဒါကြောင့် အဲဒါမျိုးက ကြွားတာမဟုတ်ဘူးသား ဗမာဆိုလို့ 
သားတို့နှစ်ယောက်ပဲ ရှိပြီး နှစ်ယောက်စလုံး ရရှိခဲ့တယ်ဆိုတာ 
မိဘတွေအတွက်သာမဟုတ် ဗမာကွန်မြူနီတီအတွက်ပါ ဂုဏ်ယူစရာဖြစ်တယ်သား 
အရာရာတိုင်းကို ကြွားတယ်လို့ မသတ်မှတ်ရဘူးလို့ ပြောပြတယ် ဒါမေပဲ့ ကလေးတွေက 
လက်မခံဘူး။ သူတို့နှစ်ယောက်က သူတို့ယူထားတဲ့ Subject တွေမှာ Top 
ထဲမှာပါတယ်လို့တော့ မိဘတွေ ကျေနပ်အောင် ပြောကြတယ်။ သူတို့နှစ်ယောက် 
ဒီနှစ်ပြီးရင်တော့ ရောက်တဲ့တက္ကသိုလ်မှာ အားကစား ပြန်လုပ်ဖြစ်မယ်ထင်တယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။ 

Hello world!
6 years ago
 
 
 










0 comments:
Post a Comment