၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား
၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....
ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ
၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....
ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး
ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...
ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်
ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....
ဂုဏ်ယူစရာ ရွှေမြန်မာ
ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....
နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ
"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....
ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်
Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...
၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ
ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...
Child Migration
ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....
တော်လှန်ရေးနှင့် အိမ်ထောင်ရေး
သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....
ပုဒ်မ ၄၃၆ ကို ဘာကြောင့် ပြင်ဆင်ဘို့ လိုအပ်သလဲ
ဖေဖေါ်ဝါရီ ၁၃ ရက် ဗိုလ်ချုပ် မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့
တေဇလူငယ် သီချင်း တေဇလူငယ် တို့လူငယ်
ပြည်ကျိုးတိုးစေကွယ်
အပြောအဆိုများမှာ
လိမ္မာရေးခြား ရှိကြရပါတယ်
နေထိုင်ရာမှာ စည်းကမ်းရှိမယ်
ပညာသင်ရာမှာ စည်းကမ်းရှိမယ်
တေဇလူငယ်များတို့ရယ်...
တို့တေဇလူငယ်
စည်းကမ်းရိုသေတယ်
လူတော်လူကောင်းဖြစ်အောင် ကြိုးစားကြရမယ်
ကျောင်းစာများကိုကွယ်
နေ့စဉ် ကျက်အံမယ်
နောင်တချိန်မှာ တိုင်းပြည် အကျိုးပြုမယ်..
ကဗျာ (နာမည်နဲ့ ရေးသူနာမည် မသိပါ)
ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူလိုကိုယ်ကျိုး စွန့်ဖို့ပင်
ငွေကိုမခင် ဂုဏ်မမက်
အာဏာအဆိပ် ထိပ်မတက်
ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူလိုရဲသွေး မွေးဖို့ပင်
ရန်သူဆိုလျှင် မကြောက်တတ်
မြန်မာ့သတ္တိစမ်းချင်စမ်း
ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူလိုတာဝန်သိဖို့ပင်
မိခင်တိုင်းပြည် လွတ်မြောက်ကြောင်း
ထမ်းဆောင်ခဲ့တဲ့သူရဲကောင်း
မူလတန်းအဆင့် ပညာသင်ကြားရစဉ်က မကြာခဏ ဆိုရတဲ့ သီချင်းနဲ့ ကဗျာ ဖြစ်ပါတယ်။ ဒီလို ပြန်ပြောနေခြင်းမှာ မဆလစနစ်ကို ပြန်ပြီး တမ်းတနေခြင်းမဟုတ်ဘဲ ဗိုလ်တေဇဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျွန်မတို့ နှလုံးသားထဲမှာ သံမှိုနဲ့ ရှိုက်သွင်းထားသလို နက်ရှိုင်းစွာ ရှိနေခဲ့တယ်ဆိုတာကို ပြောပြလိုခြင်းသာ ဖြစ်ပါတယ်။ မဆလနှင့် န၀တ၊ နအဖဟာ ဘာမှမကွာသော်လည်း မဆလခေတ်မှာ တခြားနေရာတွေဘယ်လောက်ပဲ ဆိုးခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းပြည်ရဲ့ ကျေးဇူးရှင်၊ တပ်မတော်ရဲ့ ဖခင်အဖြစ် အသိအမှတ်ပြုခဲ့တာကိုတော့ အဆိုးထဲက အကောင်းအဖြစ် ရှားရှားပါးပါး မှတ်တမ်းတင်အပ်တဲ့ အရာအဖြစ် ကျွန်မ အသိအမှတ်ပြုပါတယ်။ ကျွန်မတို့ ငယ်ငယ်က ကလေးများနေ့နှင့် ပြည်ထောင်စုနေ့ကို ကျရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် သမိုင်းမှတ်တမ်းများကို ဆရာဆရာမတွေက ဟောပြောပွဲတွေ လုပ်ပြီးတော့ ပြောပြခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁၂ နှင့် ၁၃ ရက်နေ့ မတိုင်ခင် ရက်တွေမှာ ကလေးများအား ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်စဉ်ဘ၀က အကျင့်စရိုက်တွေနှင့် လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ ကာလတလျှောက် သမိုင်းဖြစ်ရပ်တွေကို ကျွန်မတို့ ရင်ထဲနှလုံးထဲ အခုထိ စွဲနေအောင် ဆရာဆရာမတွေက ပြောပြခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတွေကို နားထောင်ပြီးတိုင်း တိုင်းပြည်အတွက် လိုအပ်လာလျင် ဗိုလ်ချုပ်အောင်ဆန်းလို ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အသက်စွန့်ကြိုးပမ်း ဆောင်ရွက်ပါမယ် ဆိုတဲ့ သိန္နိဋ္ဌာန်ကိုလည်း ကျွန်မတို့ အကြိမ်ကြိမ် ချခဲ့ဖူးပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်း
ဗိုလ်ချုပ်အောင်ဆန်းကို မကွေးတိုင်း နတ်မောက်မြို့တွင် မြန်မာနှစ် ၁၂၇၆ ခုနှစ်(ပြာသိုလဆန်း (၂) ရက်နေ့) ခရစ်နှစ် ၁၉၁၅၊ ဖေဖေါ်ဝါရီ (၁၃) ရက် စနေနေ့မှာ ဖွားမြင်သည်။ ဖခင်မှာ အမိန့်တော်ရ ရှေ့နေဦးဖာ၊ မိခင်မှာ ဒေါ်စု ဖြစ်သည်။
နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်း၊ ရေနံချောင်းမြို့အမျိုးသားအထက်တန်းကျောင်းနှင့် ရန်ကုန် တက္ကသိုလ်တို့တွင် ပညာသင်ခဲ့သည်။
၁၉၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအမှုဆောင် အဖွဲ့ဝင်၊ အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
ထိုနှစ် အိုးဝေမဂ္ဂဇင်း အင်္ဂလိပ်စာ ကဏ္ဍတွင်ပါသည့် “ခွေးသရမ်းကြီး (ငရဲခွေးကြီး) လွတ်နေပြီ” ဆောင်းပါးနှင့် ပတ်သက်၍ တက္ကသိုလ် အာဏာပိုင်တို့က အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်ခဲ့ပါသည်။
ထို့ကြောင့် ကျောင်းသားများ သပိတ်မှောက်ကြရာ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့သည်။
၁၉၃၇ ခုတွင် ၀ိဇ္ဇာဘွဲ့ကိုရသည်။ ၁၉၃၇-၃၈ ခုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီးလျှင် တို့ဗမာ အစည်းအရုံးသို့ ၀င်ရောက်၍ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။
ထို့နောက် ရဲဘော် သုံးကျိပ်ကို ဦးဆောင်၍ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကိုဖွဲ့စည်းကာ မြန်မာနိုင်ငံအတွင်းသို့ ချီတက်ခဲ့သည်။
မြန်မာနိုင်ငံကို ဂျပန်များ သိမ်းပိုက်ပြီးနောက် ဗမာ့ကာကွယ်ရေး တပ်မတော်ဖွဲ့သောအခါ စစ်သေနာပတိ ဖြစ်လာသည်။
၁၉၄၃ ခု ဂျပန်ခေတ် အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေး ၀န်ကြီးတာဝန်ကို ယူခဲ့သည်။
ဖက်ဆစ် ဂျပန်ကို တော်လှန်ရန် ”ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်” ကို လျှိ့ဝှက်ဖွဲ့စည်းသောအခါ ထိုအဖွဲ့တွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၄၅ ခု မတ်လ (၂၇) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ကာ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။
အင်္ဂလိပ် ပြန်ဝင်လာသောအခါ ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) အဖွဲ့ချုပ် ဥက္ကဌအဖြစ် ဆောင်ရွက်လျက် လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သည်။ အစိုးရအဖွဲ့ကိုလည်း ခေါင်းဆောင်ခဲ့သည်။
၁၉၄၇ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလန်နိုင်ငံသို့ သွားရောက် ဆွေးနွေးခဲ့ပြီးနောက် အောင်ဆန်း ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည်။
၁၉၄၇ ဖေဖေါ်ဝါရီလ ၁၂ ရက်ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၌ တောင်တန်းဒေသနှင့် မြန်မာပြည်မ လွတ်လပ်ရေးကို အတူတကွ တပြိုင်တည်း ရရှိရန် တောင်တန်းသားခေါင်းဆောင်များနှင့် သဘောတူညီချက် ရယူသည့် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။
၁၉၄၇ ခု ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်၌ နောက်ဆုံးမိန့်ခွန်းကို ဟောပြောခဲ့ပါသည်။ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် အတွင်းဝန်ရုံး၌ အစည်းအဝေး ကျင်းပနေစဉ် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရရှာသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် စာရေးစာဖတ် ၀ါသနာပါသူ ဖြစ်သည်။ စစ်မဖြစ်မီက ဒဂုန်မဂ္ဂဇင်းတွင် ဆောင်းပါးများ ရေးခဲ့သည်။ လွတ်လပ်ရေး ရပြီးလျှင် နိုင်ငံရေးမှ အနားယူလျက် စာအုပ်ရေးပြီး အေးအေးလူလူ နေရန် ကြံရွယ်ကြောင်း မိမိ၏ ဆန္ဒကို မကြာခဏ ထုတ်ဖေါ်ခဲ့ဖူးသည်။
“ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀နျင့် ပညာရေးအမြင်” ဆောင်းပါးမှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးသော အတ္ထုပ္ပတ္တိ တစိတ်တဒေသမှ ကောက်နှုတ်ထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရှင်းလင်းသော စာအရေးအသားကို လေ့လာနိုင်ပေသည်။
ပုံကို ဤနေရာမှ ကူးယူပါသည်။(မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နှင့်လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်။ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်…)၂
ငါတို့မြန်မာပြည် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ်.. ငါတို့မြန်မာပြည် မိဘတိုင်းကကွယ် အာဇာနည်အစစ်တွေကို ရှိဖို့မွေးရမယ်…
အော်-- ဘုရာင့်နောင်နဲ့ ရာဇာဓိက္ကရစ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ် … မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေရဲ့ မြန်မာတွေ အောင်ပန်းဆွတ်ကြ ရှာလေတယ်…
(ရာဇ၀င် အတ္တုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂
တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ များဇာနည်နွယ် လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ် တို့ဗမာတွေစိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်…
(ရာဇ၀င် အတ္တုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂
(မြန်မာနိုင်ငံ ထူထောင်ရန်အတွက် မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်.. နေမျိုးသာကီ မြန်မာပြည်လက်ရုံး ကမ္ဘာနိုင်ငံလုံး ထင်ပေါ်စေတယ်.. စိတ်အားသန်သန် မာန်ကိုမလျှော့တယ် ငါတို့ လူမျိုးတန်ခိုးကြီးဖို့ သူရဲကောင်းတွေ ဂုဏ်ရည်တယ်… တကယ်ပင် သတိုး မဟာဗန္ဓုလရဲ့ အစွမ်းသတ္တိ ရာဇ၀င်ပြောင်တယ် သားကောင်းများလို့ ခေါ်ရလောက်ပေတယ် ဥဒါန်းမကျေစေဘွယ် မြန်မာသူရဲကောင်း အပေါင်းတွေရယ်)၂
(ရာဇ၀င် အတ္တုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂
(ဒီသီချင်းကို ကျွန်မတို့ ငယ်ငယ်တုန်းက သင်ရတဲ့ သုံးတန်းမြန်မာ ဖတ်စာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးနေတဲ့ ပန်းချီပုံနဲ့တကွ ဖေါ်ပြထားပါတယ်)
မြန်မာနိုင်ငံ ကလေးများရဲ့ အနာဂတ် လှပပါစေ။ဗိုလ်ချုပ်အောင်ဆန်းလို သူရဲကောင်းများ ထွန်းကားပါစေ။
2/13/10 6:34 PM မှာ တင်တဲ့ပို့စ်ကို ဗိုလ်ချုပ်မွေးနေ့အတွက် အပေါ်ခဏ တင်ထားပါတယ်။ ပြီးရင် သူ့နေ့စွဲရှိတဲ့နေရာမှာ ပြန်ထားမှာ ဖြစ်တယ်။ ကျေးဇူးပြုပြီး ဗိုလ်ချုပ်အောင်ဆန်းကို လေးစားသောအားဖြင့် ဒီပို့စ်အောက်မှာ မဆိုင်တဲ့ မှတ်ချက်တွေ မထည့်ကြပါနဲ့။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပင်လုံစာချုပ်နှင့် ပြည်ထောင်စုတည်ဆောက်ရေး
ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ပြည်ထောင်စု စစ်စစ် နိုင်ငံတခု တည်ဆောက်ရေးအတွက် အခုထိ အရေးကြီးတဲ့ အချက်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးကို တောင်တန်းဒေသ တိုင်းရင်းသားများ လူမျိုးစုများနှ့င် တပြိုင်တည်း ရယူနိုင်ရန် တိုင်းရင်းသားတွေနှင့် အကြိတ်အနယ် ဆွေးနွေးပြီး ၁၂-၂-၄၇ မှာ ပင်လုံစာချုပ်ကို ချုပ်ဆိုပြီး သဘောတူညီမှု ရယူခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးလျှင် ဖွဲ့စည်းတည်ဆောက်မည့် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲရန် လမ်းညွန်ချက် ခုနှစ်ချက်ကိုလည်း ပြဋ္ဌာန်းခဲ့ပါတယ်။ အကယ်၍ မြန်မာနိုင်ငံကို ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့သည့် ခုနှစ်ချက်အတိုင်း ဖွဲ့စည်းနိုင်ခဲ့ရင် ပြည်ထောင်စု မြန်မာနိုင်ငံဟာ အခုချိန်မှာ ကမ္ဘာပေါ်မှာ အဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံတခုထဲ ပါဝင်နေနိုင်ပါတယ်။
ပင်လုံစာချုပ်အား ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ထိုးနေစဉ် (ကိုနစ်နေမန်းဆီမှ)ပင်လုံစာချုပ်မှာ အချက်ကိုးချက် ပါဝင်ပြီး ကျန်တဲ့ အချက်တွေကို မလေ့လာလို့ ဖြစ်ပေမဲ့ နံပါတ် (၇) ချက်ဟာ ဘာကိုဆိုလိုလဲ ဆိုတာ အားလုံးလေ့လာသင့်တဲ့ အချက်ဖြစ်ပါတယ်။ ဗိုလ်ချုပ် လမ်းညွန်ချက် (၇) ချက်အထဲက နံပါတ် (၂) မှာပါတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာ ဆိုတာနှင့် ပင်လုံစာချုပ်ရဲ့ နံပါတ် (၇) မှာပါတဲ့ ဒီမိုကရေစီ နိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားပိုင်ခွင့် ရှိစေရမည် ဆိုတဲ့ အချက် ဒီနှစ်ခုကို ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကို တည်ဆောက်လိုသူ အားလုံး သိသင့်ပြီး၊ မသိသေးရင်လည်း လေ့လာသင့်တဲ့ အချက်တွေ ဖြစ်တယ်ထင်လို့ ပင်လုံစာချုပ်နှင့် ပြည်ထောင်စု ဖွဲ့စည်းမှုအတွက် ဗိုလ်ချုပ်လမ်းညွှန် (၇) ချက်ကို ဘလော့ဂ်မှာ သိမ်းထားလိုက်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ဒီလမ်းညွန်ချက် (၇) ချက်နှင့် ပင်လုံစာချုပ်ကို လေ့လာခြင်းဖြင့် ဗိုလ်ချုပ်ရဲ့ ပြည်ထောင်စုကြီးအပေါ် ဖြစ်စေချင်တဲ့ စေတနာ စည်းရုံးနိုင်တဲ့ စွမ်းရည်၊ တိုင်းရင်းသားတွေနဲ့ တန်းတူငြိမ်းချမ်းသာယာ ၀ဖြိုးတဲ့ ပြည်ထောင်စုကြီးကို တည်ထောင်လိုတဲ့ စေတနာတွေကို မြင်တွေ့ရနိုင်ပါတယ်။ (ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် ခုနှစ်ချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားတွေကို ဗိုလ်ချုပ်ကိုယ်တိုင် အစည်းအဝေးမှာ အကျယ်ပြန်ရှင်း ပြထားချက်များကိုလည်း နေရာအခက်အခဲကြောင့် ဒီဘလော့ဂ်ထဲမှာ မဖေါ်ပြနိုင်ပေမဲ့ လေ့လာမှတ်သားသင့်တဲ့ အချက်တွေအဖြစ် တွေ့ရပါတယ်။)
မြန်မာပြည် ဘုရာင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်တချို့နှင့် စပ်ဖများ အားလုံးတို့အပြင် ရှမ်းပြည်နယ်များ၊ ချင်းတောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။
၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်ဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံက ရွေးချယ်၍ နယ်စပ်ဒေသများ ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
၂။ ဤအတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တဦးအဖြစ် ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသ ကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့် အာဏာကို ပေးအပ်ရမည်။
၃။ အဆိုပါ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယ အတိုင်ပင်ခံ နှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယ အတိုင်ပင်ခံ နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့် နယ်များ၏ ကိစ္စရပ်မျာကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန် ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်း ဥပဒေအရ တွဲဖက်တာဝန်ယူရသည့် မူအတိုင်း ရွက်ဆောင်စေရမည်။

၎။ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည် ဖြစ်သော်လည်း ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့် ရှိစေရမည်။
၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန် အဆိုပါ ကောင်စီက ပြုလုပ်နိုင်ခြင်း မရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။
၆။ ပူးပေါင်းထားပြီးသည့် မြန်မာပြည်တွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွတ်တော်က ဆုံးဖြတ်ရန် ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။
၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီ နိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားပိုင်ခွင့် ရှိစေရမည်။
၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင် အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရန်။
၉။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေး အကူအညီကို ထိခိုက်ခြင်း မရှိစေရ။ မြန်မာပြည်နှင့် အဒေသရာဇ် ရှမ်းပြည်နယ်မြေစုတို့၏ ဘဏ္ဍာရေး အစီစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူ အစီစဉ်များကို ထားရှိ ကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။
မြန်မာနိုင်ငံတော် အစိုးရ
(ပုံ) အောင်ဆန်း
၁၂-၂-၄၇
ကချင်ကော်မတီ
(ပုံ) ဆမားဒူးဝါး ဆင်ဝါးနောင် (မြစ်ကြီးနား)
(ပုံ) ဇော်ရစ် (မြစ်ကြီးနား)
(ပုံ) ဒိန်ရတန် (မြစ်ကြီးနား)
(ပုံ) ဇော်လ (ဗန်းမော်)
(ပုံ) ဇော်လွန်း (ဗန်းမော်)
(ပုံ) လဗန်းဂရောင်း (ဗန်းမော်)
ချင်းကော်မတီ
(ပုံ) ဦးလွှာမှုန်း (အေတီအမ်၊ အိုင်တီအက်(စ်)အမ်၊ ဖလမ်း)
(ပုံ) ဦးသောင်ဇာခပ် (အေတီအမ်၊ တီးတိန်)
(ပုံ) ဦးကွယ်မန်း (အေတီအမ်၊ ဟားခါ)
ရှမ်းကော်မတီ
(ပုံ) ခွန်ပန်းစိန် (တောင်ပိုင်းစပ်ဖလုံ)
(ပုံ) စပ်ရွှေသိုက် (ညောင်ရွှေ စပ်ဖလုံ)
(ပုံ) စပ်ဟုံဖ (မြောက်ပိုင်း သိန္နီစပ်ဖလုံ)
(ပုံ) စပ်နွံ (လဲချားစပ်ဖလုံ)
(ပုံ) စပ်စံထွန်း (မိုင်းပွန်စပ်ဖလုံ)
(ပုံ) စပ်ထန်းအေး (သာမိုင်းစပ်ဖလုံ)
(ပုံ) ဦးဖြူ (သထုံစပ်ဖလုံ၏ ကိုယ်စားလှယ်)
(ပုံ) ခွန်ဖုံး (မြောက်ပိုင်း သနန္နီစပ်ဖလုံ)
(ပုံ) ဦးတင်ဧ
(ပုံ) ဦးထွန်းမြင့်
(ပုံ) ဦးကြာပု
(ပုံ) ဦးခွန်စော
(ပုံ)စပ်ရစ်ဖ
(ပုံ) ဦးခွန်ထီး
တိုင်းရင်းသားတွေနဲ့ ဗမာတွေအကြား ပြုလုပ်ခဲ့တဲ့
47 ခုဖွဲ့စည်းပုံနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွန်ချက် (၇) ချက်
(လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ပြဌာန်းချက်)။
တောင်တန်းဒေသများနှင့် ကရင်နီနယ်များ အပါအ၀င် ဖြစ်သော မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့၏ ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို့၏ အာသီသဆန္ဒနှင့် လျော်ညီစွာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စီစဉ်ရေးဆွဲရန် အလို့ငှာ၊ စုံညီစုဝေးလျက် အောက်ပါ ပြဋ္ဌါန်းချက်များကို ချမှတ်ကြကြောင်း။
၁။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံသပဒေ ဖြစ်စေရမည်။ ထို့ပြင်-
၂။ ပြည်ထောင်စု နိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံသပဒေက သတ်မှတ်ဖေါ်ပြသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံတွင် သတ်မှတ်ဖေါ်ပြထာသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ရှိစေရမည်။ ထို့ပြင်-
၃။ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော သမ္မတ မြန်မာနိုင်ငံတော်နှင့်တကွ အပါအ၀င်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာ ဟူသမျှတို့သည် တိုင်းသူပြည်ပြည်သားတို့ထံမှ သက်ဆင်းဆစရမည်။ ထို့ပြင်-
၎။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေး၌လည်းကောင်း၊ နိုင်ငံရေး၌လည်းကောင်း၊ တရားမျှတမှု ရှိစေလျက် အဆင့်အတန်း အခွင့်အရေးနှင့် ဥပဒေ သက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိတူညီစေရမည့်အပြင် တရားဥပဒေနှင့်သော်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ခွင့်၊ ၀တ်ပြုပိုင်ခွင့်၊ ပရိယေသန ရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံသတ်မှတ် ထားရှိစေရမည်။ ထို့ပြင်-
၅။ ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစုများအဘို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမည်။ ထို့ပြင်-
၆။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမတ မြန်မာနိုင်ငံ၏ နယ်မြေကို တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကို သော်လည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကိုသော်လည်းကောင်း တရားဓမ္မနှင့်တကွ ပြည်ထောင်ချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိစေမည်။ ထို့ပြင်-
၇။ ရာဇ၀င်တွင် ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ ဂုဏ်ကျက်သရေနှင့် လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တ၀ါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့်တကွ ကျင့်ဝတ်သိက္ခာကို အခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေ့ရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်ဘဲ တွဲဘက်ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။
ပြည်ထောင်စုနေ့ အတွက် အမှတ်တရပို့စ် ဖြစ်ပါတယ်။ ဗွီဒီယိုကို ဤနေရာမှ ကူးယူပြီး ပင်လုံ စာချုပ်ကို တို့ပြည်ထောင်စုကို တို့ချစ်သည် ဘလော့ဂ်မှ ကူးယူပြီး ပင်လုံစာချုပ်ပါ ဓါတ်ပုံများ အားလုံးကို ကိုဒီမိုဝေယံ ဘလော့ဂ်မှ ကူးယူဖေါ်ပြပါသည်။ ၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် ဗိုလ်ချုပ် လမ်းညွန်ချက် (၇) ချက်ကို ခွန်ကြာနု အမှာစကား ရေးထားသော ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း (သို့မဟုတ်) ဖက်ဒရယ်မူ စာအုပ်ထဲမှ ကူးယူဖေါ်ပြထားတယ်။ (၁၉၆၁ ခု၊ ဖေဖေါ်ဝါရီလ ၂၅ ရက် တောင်ကြီးမြို့တွင် ကျင်းပသော ပြည်လုံးကျွတ် ညီလာခံမှ အတည်ပြုသည်)
စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီးကို ထူထောင်ပြီး ပြည်ထောင်စု တိုင်းရင်းသား အားလုံး ချစ်ခင်ငြိမ်းချမ်းစွာဖြင့် အတူလက်တွဲ နေထိုင်နိုင်သည့် နေ့ကို အမြန်ဆုံး ရောက်လာပါစေလို့ ဆုတောင်းလျက်.. ပြည်ထောင်စုသားများ အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ။
၂၃-၂-၁၀ မှာ ပြန်လည် ဖြည့်စွက်ချက်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်ရွယ်နုပျိုတဲ့ အသက်အရွယ်နဲ့ ဒီလို အံ့မခန်းနိုင်တဲ့ စွမ်းဆောင်နိုင်မှုတွေကို ပေါ်လွင်စေချင်လို့ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုရာမှာ သူပြုခဲ့တဲ့ ဒီအရေးကြီးတဲ့ လုပ်ရပ်နှစ်ခုဟာ ပြည်ထောင်စုကြီးအတွက် ဘယ်လောက် အရေးကြီးခဲ့တယ်ဆိုတာ သီးသန့်ညွှန်းပြီး ကျွန်မ ဂုဏ်ပြုထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးယူခဲ့စဉ်က အကယ်၍ ဒီလို တောင်တန်းဒေသတွေနဲ့ အတူတူတပြိုင်တည်း မယူနိုင်ခဲ့ရင် ပြည်မမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်းလည်း ဗြိတိသျှတွေက ချင်း၊ ကချင်၊ ရှမ်းပြည်နယ်တွေမှာ ဆက်လက်ကျန်ရှိနေမှာ ဖြစ်ပြီး မြန်မာပြည်မကို အချိန်မရွေး ပြဿနာထပ်ရှာဖို့ လွယ်ပါတယ်။ ရန္တပိုစာချုပ်နဲ့ မြန်မာပြည်အောက်ပိုင်း တခုလုံးကို သိမ်းသွင်းခဲ့သလို ဒုတိယ၊ တတိယ ရန္တပိုစာချုပ်လေးတွေ ဆက်ချုပ်လာရနိုင်ပြီး အချိန်မရွေး မြန်မာပြည်ကို ပြန်သိမ်းနိုင်သွားနိုင်ပါတယ်။ ဒါကို အရွယ်နဲ့မလိုက်အောင် လိမ္မာပါးနပ်စွာ သဘောပေါက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားတွေနဲ့ အခုလို သဘောတူညီမှုကို ရအောင် ယူနိုင်ခဲ့တာဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အံ့မခန်းလောက်တဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ကိုချုပ်ဆိုပြီးလို့ အနာဂတ်မှာ တည်ဆောက်မည့် ပြည်ထောင်စုအတွက် သူရေးထားတဲ့ လမ်းညွန်ချက်ကလည်း သိပ်ကို မျှတပါတယ်။
အင်္ဂလိပ်နဲ့ရော တိုင်းရင်းသားတွေနဲ့ပါ မြန်မာနိုင်ငံ လွတ်လပ်ရေးတွက် ဘာမှ ခဲရာခဲဆစ် ဆက်လက်ပြီး ဆောင်ရွက်စရာ မလိုလောက်အောင် ရေကန်အသင့် ကြာအသင့် ဖြစ်အောင် လုပ်ပေးခဲ့ပြီး မကြာခင်မှာပဲ မာသမာသူတွေရဲ့ လုပ်ကြံမှုကြောင့် လူ့လောကကို စွန့်ခွာသွားခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အခုချိန်မှာ တိုင်းပြည် အုပ်ချုပ်သူတွေက ဂုဏ်မပြုကြတဲ့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ၂၀၁၁ မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့ မိန့်ခွန်းမှာတောင် ဗိုလ်ချုပ်အောင်ဆန်းအကြာင်းနဲ့ ပင်လုံစာချုပ်သမိုင်းအကြောင်း တခွန်းမှ ထည့်မပြောသွားတာဟာ ကျေးဇူးရှင်ကို ကျေးဇူးကန်းရာ ရောက်တဲ့အပြင် တကယ်ကို မိုက်ရိုင်းစော်ကားရာ ရောက်ပါတယ်။ ပြည်ထောင်စုနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပင်လုံစာချုပ်အကြောင်း မပြောရင် တခြားဘာမှ ပြောစရာ အကြောင်း ရှိမယ်မထင်ပါ။ တိုင်းပြည်ကို ချစ်မြတ်နိုးသူအားလုံး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဆောင်ချက်တွေကို အမြဲမသွေ အသိအမှတ်ပြု လေးစားဂုဏ်ပြုနေရမှာ ဖြစ်ပါတယ်။
(12/2/10 2:51 တုန်းက တင်တဲ့ပို့စ်ကို ပြည်ထောင်စုနေ့အကြို အတွက် အပေါ်ခဏပြန်ဆွဲတင်ထားခြင်း ဖြစ်ပါတယ်။)
7 July, 1962 မှာ ဘာဖြစ်ခဲ့လဲ
.jpg)
7 July ကို မမေ့ကြနဲ့လို့ သွေးနဲ့ရေးပြီး အသက်စတေးသွားတဲ့ သူရဲကောင်းတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ 7 July မှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကျွန်မမီလိုက်တဲ့ သမိုင်းတွေကို သိတဲ့သူတွေ တင်ထားတဲ့နေရာက ပြန်ကူးပြီး စုစည်းတင်ပြထားပါတယ်။ လာပေးထားတဲ့ မှတ်ချက်တွထဲမှာလည်း 7, July 1962 တုန်းက အဖြစ်အပျက်တွေကို Link အတိအကျနဲ့ လာထည့်ပေးထားသူတွေ ရှိတဲ့အတွက် စိတ်ဝင်စားသူများအနေနဲ့ Comment ထဲမှာပါ ဖတ်ရှုနိုင်ပါတယ်။ (ကျောင်းသားသမဂ္ဂ အဆောက်ဦး ပုံကို ကိုနစ်နေမန်း ဘလော့ဂ်မှ ကူးယူဖေါ်ပြပါတယ်။)
ပဏာမဤ "ဇူလိုင် သမိုင်းဝင် ပြကွက် ဓာတ်ပုံများ" ကို ထုတ်ဖော် တင်ပြရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ကျွန်ုပ်တို့ ကျောင်းသားထု၏ အခွင့်အရေး တိုက်ပွဲတွင် တတပ်တအား အနေဖြင့် သမိုင်းဝင် ပစ္စည်းတရပ်ကို ထုတ်ဖော် တင်ပြခြင်းမျှသာ ဖြစ်ပါသည်။
ဤစာအုပ်တွင် ပါဝင်သည့် ဇူလိုင် သမိုင်းဝင် ဖြစ်ရပ် ဓာတ်ပုံများသည် ယုတ်မာရက်စက်မှု၏ တစိတ်တပိုင်းမျှသာ ဖြစ်ပါသည်။
ဇူလိုင် (၇) နေ့ ရက်စက်မှုကြီးကြောင့် တိုင်းပြည်နှင့် ကမ္ဘာအဝှမ်း မိဘ ပြည်သူ လူထုတရပ်လုံးမှာ စိတ်ဝမ်းမကြည်မသာ ဖြစ်ခဲ့ကြရပါသည်၊ မည်သို့မျှ ဖျောက်ဖျက် ရနိုင်တော့မည် မဟုတ်သည့် တော်လှန်ရေးအမည်ခံ လူသတ်အစိုးရ၏ မဟာအမှားကြီးပင် ဖြစ်ပေသည်။
ဤ တော်လှန်ရေး အမည်ခံ စစ်အစိုးရသည် အမှားပေါ်အမှား ဆင့်၍ ကျူးလွန်သည်ထက် ကျူးလွန်နေချေပြီ။ ကျဆုံးနေသော ကျွန်ုပ်တို့၏ ကျောင်းသား အခွင့်အရေးများ အတွက် ဆက်လက်တိုက်ပွဲ ဝင်ရန်မှာ ကျောင်းသား ရဲဘော် အပေါင်း၏ အဓိက တာဝန် ဖြစ်ပေသည်။ ကျဆုံးရှာလေသူ ကျောင်းသား ရဲဘော်များကို သစ္စာရှိသော အားဖြင့် ညီညွတ်စွာ တွန်းလှန်တိုက်ပွဲဝင်ကြရန် နှိုးဆော်လိုက်ရပေသည်။
အောက်တိုဘာ တလ ပိတ်ခြင်းသည် ညီညွတ်မှု၏ သရုပ်ပြ အောင်ပွဲပင် ဖြစ်သည်။ ကျောင်းသားကျောင်းသူတိုင်း သွေးစည်း ညီညွတ်ရမည်။ ကျွန်ုပ်တို့ သထုံဆောင် အနေဖြင့် ပါတီနိုင်ငံရေး မစွက်ဖက်သော ကျောင်းသားအသိ ကျောင်းသားအမြင်ဖြင့် ကျောင်းသားအရေးကို ရဲရဲဝန့်ဝန့် ကျောင်းသားထုနှင့်အတူ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်မည် ဖြစ်ကြောင်း အလေးအနက် တင်ပြ အစီရင် ခံပါသည်။
ကျဆုံးသူ အပေါင်းအား ဦးညွှတ်ပါ၏။
အောင်ပွဲခံ တိုက်ပွဲသို့
အမှုဆောင်အဖွဲ့
သဟာယနှင့် စာဘတ်အသင်း (၁၉၆၃...၆၄)
သထုံဆောင်
ရန်ကုန်တက္ကသိုလ်
တမလွန်ပြောင်း သွေးနီချောင်း၏
ဖြစ်ကြောင်းကုန်စင်
ရေးတော်အင်ကို
ထူသည်ကျောက်တိုင်
ဇွဲခိုင်ခိုင်တည်
ပြကွက်စုံသည်
ရင်အုံ အိုးထိန်း စက်သို့တည်း။ ။
ကြည်ဝင်း (ပခုက္ကူ)
ဥက္ကဌ
သဟာယနှင့် စာဘတ်အသင်း (၁၉၆၃...၆၄)
သထုံဆောင်
ရန်ကုန် တက္ကသိုလ်
-၇-၆၂ နေ့ နေ့လည် ၂ နာရီအချိန်တွင် ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်းဆိုးများကို တ-က-သ မှ ဦးဆောင်၍ ဤသို့ ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်
၇-၇-၆၂ ဘွဲ့နှင်းသဘင်မှ အဓိပတိ လမ်းမအတိုင်း တက္ကသိုလ်ဝန်းအတွင် ဤသို့ အေးအေးချမ်းချမ်း ဆန္ဒပြကြသည်
၇-၇-၆၂ အေးချမ်းစွာ ဆန္ဒပြနေသူများကို ဤသို့ နံပါတ်တုတ် ကိုင်ရဲသားများနှင့် မတရား နှိပ်ကွပ်သည်။ ဦးဆောင်သူ တ-က-သ မှ ရဲဘော်ကျောင်းသားအများကိုလည်း ဖမ်းဆီး သွားကြသေးသည်။
၇-၇-၆၂ မျက်ရည်ယို ဗုံးများကို သုံး၍ အကြမ်းဖက် နှိမ်နင်းသည်အထိ ယုတ်မာ ရိုင်းစိုင်းလာကြသည်။ အဓိပတိလမ်း ရေတမာတန်းအောက်ဝယ် ဤသို့ နေရာယူ တပ်ဆွဲလျက် ပစ်ကြခတ်ကြသည်။
၇-၇-၆၂ အဓိပတိဘက်မှ ကျောင်းသာထု မခံနိုင်၍ ခဲနှင့်ပေါက်ကာ ပုလိပ်များနှင့် ရုံးရင်းဆန်ခတ် ဖြစ်ကြရတော့သည်။
၇-၇-၆၂ နေ့က မန္တလေးဆောင်ဘက်မှ ကျောင်းသားထုကလည်း မခံနိုင်လွန်း၍ ဤသို့ လက်သီးလက်မောင်းတန်းကာ ဆန္ဒပြကြသည်။
၇-၇-၆၂ နေ့က လက်နက်မပါဘဲ အေးချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားထုကို ရန်သူ့နယ်မြေသဖွယ် စစ်သားများ ဤသို့ ဝိုင်းဝန်း ပစ်ခတ်ကြသည်။
၈-၇-၆၂ နေ့က ကျဆုံးရှာလေသူ ရဲဘော်အချို့မှာ ဤသို့ တိတ်တဆိတ် သုဿာန်ပို့ မြေမြုပ် သဂြိုဟ် ခံခဲ့ရရှာလေသည်။ တက္ကသိုလ် ကျောင်းတော်ကြီးကိုလည်း ရက်အကန်းအသတ်မရှိ ပိတ်လိုက်ကြသည်။
၂၁-၁၁-၆၂ တက္ကသိုလ်ကြီးကို ရက်ပေါင်း ၄၁ ကျော် ပိတ်ပြီး ကျောင်းပြန်အဖွင့်၊ ၂၁-၁၁-၆၂ အမျိုးသားနေ့တွင် ကျောင်းသားထု ဆန္ဒပြမည်ကိုသိ၍၊ စစ်ဗိုလ်ကြီးများ၏ အမိန့်ဖြင့် ဆရာများက စတုဒီသာ ကျွေးမွေးကျင်းပသည်။ ကျောင်းသားထုက "အမျိုးသားနေ့နဲ့ စတုဒီသာ ရီစရာဗျာ ဘာလုပ်တာလဲ" ဟူသည့် ဒိုးပတ်သံချပ်များဖြင့် တက္ကသိုလ်ဝန်းအတွင်း လှည့်လည်ဆန္ဒပြကြသည်။
၂၁-၁၂-၆၂ ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်းဆိုးများအတွက် ၇-၁၂-၆၂ နေ့၊ ၅ လမြောက် ၇ ဇူလိုင်ညတွင် အဆောင်မှထွက်၍ ဆန္ဒပြကြပြီးနောက် ၂၀-၁၂-၆၂ အောင်ကျော်နေ့တွင် ဤသို့ခန်းနားကြီးကျယ်စွာ စည်းစည်းလုံးလုံးစုဝေး၍ အောင်ကျော်နေ့ အခန်းအနားကို စုပေါင်းကျင်းပကြသည်။
၈-၇-၆၂ သားငယ်များကို ရိုက်နှက်သတ်ဖြတ် သွားကြသည့်အတွက် မချိတင်ကဲ ဝမ်းနည်းကြေကွဲစွာဖြင့် ရှိနေရှာသည့် မော်ကွန်းဝင် မိခင် တကသ အဆောက်အဦကြီး ကို ၈-၇-၆၂ နံနက် ၆ နာရီခန့်ထိ တွေ့မြင်နိုင်သေးသည်။
၈-၇-၆၂ သားငယ်များကို ရိုက်နှက်သတ်ဖြတ် သွားကြသည့်အတွက် မချိတင်ကဲ ဝမ်းနည်းကြေကွဲစွာဖြင့် ရှိနေရှာသည့် မော်ကွန်းဝင် မိခင် တကသ အဆောက်အဦကြီး ကို ၈-၇-၆၂ နံနက် ၆ နာရီခန့်ထိ တွေ့မြင်နိုင်သေးသည်။
၈-၇-၆၂နေ့က ကျောင်းသားထုတရာကျော်အောင် သတ်ရုံဖြင့် အားမရနိုင်သေးဘဲ... ကျောင်းသားထု မှီခိုအားထားရာ ဗမာ့မော်ကွန်းဝင် မိခင် တ-က-သ အဆောက်အဦကြီးကို ၈-၇-၆၂ နံနက် ၆ နာရီတွင် ယမ်းဗုံးများဖြင့် ဖြိုခွဲ ဖျက်ဆီးပစ်လိုက်ကြသည်။ အောင်ကျော် ကျောက်တိုင်မှာ မျက်နှာငယ်စွာ အထည်းကျန် ရပ်တည်ခဲ့ရရှာသည်။နောက်ဆုံး ဆန္ဒ
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ...
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲ ဝင်ကြပါ...
ကျောင်းတော်ခရီး
လမ်းမကြီး၌
သွေးစီးပွက်ပွက်
ခုနစ်ရက်နေ့ 
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင်အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ကောင်းရာ လားစေသော်ဝ်။
ခံစားမှု (၂)။
လက်သီးဆုပ်လျက် ၊ ကြွေးကြော်တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသားလူရွယ် ရဲဘက်များ ...
နီရဲပူနွေး သတ္တ္တိသွေးကား
စွန်းထင်းကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့ တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီတကား
သြော် ....
သမိုင်းစာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့ သွေးကွက်မူ
အသူဖျက်၍ ရအံ့နည်း။
ခံစားမှု (၃)။
သူရူးမ တစ်ယောက်
သားပျောက်ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်းဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့။
ခံစားမှု (၄)။
ငါ့ရင်ဝတွင် ကျည်ဆံဝင်၍
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲဝင်ကြပါ။
(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းများကနေ ခံစားရေးဖွဲ့ ခဲ့ကြမှုများထဲမှ အချို့ အား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။
ကိုအောင်နိုင်ဘလော့ဂ်မှ ကူးယူဖေါ်ပြချက်
from Maya Magazine by Maung Aye Win
......... တက္ကသိုလ်တွင် ကျင်လည်ကျက်စားခဲ့သူတို့၏ ဘ၀ဟောင်းကို ပြန်လည် တမ်းတစရာ......
[မောင်ကိုယု ရဲ့ ၀တ္ထုစာအုပ် မိတ်ဆက်စကားမှ]
.... အဆောင် ပြန်ရောက်ချိန်တွင်တော့ ခင်ညို စာကြည့်လို့ မရ။ နက်ဖြန် နေ့ခင်း တကသ အစည်းအဝေးမှာ ဘာတွေ ဆုံးဖြတ်ကြမလဲ။ မြို့နယ်အသင်း အမှုဆောင် အစည်းအဝေးကော ကျေကျေ လည်လည် ပြီးပါ့မလား။
ခင်ညို တွေးနေဆဲမှာပင် ပင်မကျောင်းဆောင်များဆီမှ အသံတွေ ဆူလာသည်။ ခင်ညို နားစိုက်ထောင် လိုက်မှပင် အသံတွေက ပိုပြီး ကျယ်လာသည်။
"ထောင်လို ချုပ်ထားတာ မလိုချင်ဘူးကွ"
"ဟေး"
"ဟေး" ဆိုသောအသံထုကြီးက ကြက်သီးထခမန်း။
"မီးတွေပိတ်ကွ"
"ပဲခူးဆောင်က ရဲဘော်တွေ ဆင်းခဲ့ကွ"
ခင်ညို အဆောင်သံစကာ ကြားက ကြည့်မိသည်။ ဗဟိုဆောင်များတွင် မှောင်နှင့်မဲမဲ မီးပျက်သည်ကစပြီး ဆူကြဟန်တူသည်။ ပြီးတော့ အပြင်ကို ပြိုထွက်လာကြဟန် တူသည်။
မန္တလေးဆောင်တွင်းမှာတော့ အဆောင်မှူး ဆရာ ဦးခင်မောင်ဝင်းတို့၊ ဦးထွန်းဦးတို့ ပျာနေကြပြီ။ ညစောင့် မောင်သောင်းပင် မျက်လုံးပြူးပြီး ဘာလုပ်ရမှန်းမသိ။ တဖြည်းဖြည်းနှင့် ကျောင်းသားတွေ အားလုံးလိုလို အဆောင်ဝ တံခါးမကြီးတွင် စုမိကြသည်။
"ရဲဘော်တို့ ထွက်ခဲ့ပါ၊ ကျုပ်တို့ ဖိနှိပ်ချုပ်ချယ်မှုကို ကန့်ကွက်ဖို့ ဆိတ်ငြိမ် ဆန္ဒပြမယ်"
"မကြောက်ပါနဲ့ လာသာ လာခဲ့ပါ"
မောင်သောင်းက လန့်ပြီး သော့အားလုံးကို ဆရာဦးခင်မောင်ဝင်းလက် အပ်လိုက်သည်။ တံခါးက ပိတ်မြဲ။
"ဟေ့ မိန်းမရှာတွေလားကွ"
ပေါ်တီဂိုအောက်တွင် ရပ်နေသော ရဲဘော်တယောက်က အော်သည်။
"ချလွမ်"
ခင်ညိုက အံကို ကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားချိန် ဘာကို စလုပ်ရမှန်း မသိချိန်မှာပင် ဘယ်အချိန်က အပြင်ရောက်နေမှန်းမသိသော မန္တလေးဆောင်သား စိန်အစ်က မီးချောင်းကို ပစ်ခွဲလိုက်သည်။
ပေါ်တီဂို တခုလုံး မှောင်သွားပေပြီ။
"ထွက်ဟေ့၊ ထွက်ဟေ့"
ပြောပြောဆိုဆိုနှင့် အပြင်တွင်ရှိသော ကျောင်းသားထုက သံဆွဲတံခါးကို ၀ိုင်းမသည်။ ကြောင်ပြီး ကြည့်နေရာမှ အသက်ဝင်လာသေ ခင်ညိုတို့ အဆောင်သားတွေက ခုမှ တံခါးကို ၀ိုင်းတွန်းသည်။
မကြာလှပါ။
တံခါးကြီး ကော့လန်သွားသည်။
ကျောင်းဆောင်သား အားလုံးလိုလို ငုံ့ပြီးထွက်လိုက်ကြသည်။
အို ကျောင်းသားထုက မနဲပါလား။
"လာကြဟေ့ ရဲဘော်တို့၊ အမရဆောင်ကို ဒီနည်းအတိုင်း ဖွင့်မယ်"
ရှေ့ဆုံးက ရဲဘော် ကျောင်းသားတယောက်က ပြေးရင်း အော်ပြောသွားသည်။ ကျောင်းသားထုကြီး လည်း သူ့နောက် ပြေးလိုက်သွားသည်။
"ဟေ့ ဖိုးစိုးလွင်"
အမရဆောင် လှေခါးအောက်တွင် အဆောင်သားတွေ စုပြုံနေကြပြီး ဖြစ်သည်။ စိုးလွင်ဂျပုက ရှေ့ဆုံးမှာ သံတံခါးနှင့် ကပ်လို့။
"ဘယ်လိုလဲဗျ ကိုခင်ညို"စိုးလွင်က မျက်နှာသေလေးနှင့် မေးသည်။
"ဟ ဘယ်လိုမလဲနေနဲ့ ကိုယ့်လူ၊ တံခါးသာ ၀ိုင်းတွန်းပေးတော့"
ခင်ညို ပြောနေချိန်တွင် 'ဆွဲဆွဲ' နှင့် အပြင်ကျောင်းသားထုက ဆွဲပြီး 'တွန်း တွန်း' နှင့် အတွင်း ကျောင်းသားထုက တွန်းသည်။
"ဟေး"
တံခါးကြီး လန်သွားပေပြီ။
"ရဲဘော်တို့ ရာမညကလဲ ထွက်လာကြပြီ၊ အားလုံး အဓိပတိလမ်းမှာ စုမယ်၊ စည်းကမ်းအတတ် နိုင်ဆုံးထားပြီး လိုက်ခဲ့ကြပါ"
"ဟေး"
ကိုဗဆွေလေးက အမရဆောင် အုတ်ခုံမြင့်လေးပေါ်က အော်ပြောလိုက်ပြီး ရှေ့က ထွက်သွားသည်။ ကျောင်းသားအားလုံး သူ့နောက် ပါလာကြသည်။
"တပည့်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါကွာ မှားကုန်ပါ့မယ်"
သမဂ္ဂရှေ့ စုမိကြလျှင်ပင် ကျောင်းသားရေးမှူး ဆရာ ဦးစံထွန်းရောက်လာသည်။ ရောက်ရောက်ချင်း ဆရာက အော်ပြောခြင်း ဖြစ်သည်။
"စိတ်ချပါဆရာ၊ ကျွန်တော်တို့ စည်းကမ်း အရှိဆုံး ဆန္ဒပြကြမှာပါ"
မတတ်သာတော့သည့် အဆုံး ဆရာက ပြုံးပြုံးပင် လက်လျှော့လိုက်သည်။
"လာကြဟေ့၊ အ၀ိုင်းလေးမှာ စုမယ်။ တကောင်းတို့ ပြည်တို့က ရဲဘော်တွေလဲ ဆူနေပြီ၊ သူတို့နဲ့ သွားပေါင်းမယ်"
ကျောင်းသားခေါင်းဆောင်တယောက်က လက်မြှောက်ရင်း အော်ပြောသည်။
"အေးဟေ့၊ ကောင်းတယ်"
ကျောင်းသားထု အသံက ဆူညံသွားသည်။ ပြီးတော့ တရွေ့ရွေ့နှင့် အဓိပတိလမ်း တံခါးဝနား ရောက်လာသည်။ ဆရာဦးစံထွန်းသည် ကျောင်းသားထု၏ ရှေ့က ပြေးပြီး အ၀ိုင်းလေး မြေမြင့်ပေါ် တက်လိုက်သည်။ ပြီးတော့ သူ့ခေါင်းက ကက်ဦးထုပ်ကလေးကို မြှင့်ဆောင်းလိုက်ပြီး မျက်မှန်အောက်က ပြုံးသော သူ့မျက်လုံးကို ထုတ်ပြရင်း ကျောင်းသားထုကို လက်နှင့် အရှိန်ရပ်လိုက်သည်။ အားလုံး ရပ်သွားမှ
"တပည့်တို့ကို ကျောင်းပြင် မထွက်စေချင်ဘူးကွာ၊ အခွင့်အရေး တခုခုအတွက် ဆန္ဒပြရင် ကျောင်းထဲမှာ ဘဲ စည်းကမ်းရှိရှိ ဖြစ်စေချင်တယ်။ တကောင်းဘက် မသွားပါနဲ့တော့"
ဆရာဦးစံထွန်း ရပ်နေရာ အ၀ိုင်းလေးပေါ်တွင်လည်း ကျောင်းသားတအုပ် ရှိသည်။ ခပ်နောက်နောက် တယောက်က ဆရာ့ခေါင်းပေါ်က လက်တချောင်းကျော်ပြီး 'အလကားလှိမ့်တာ' ဟူသော ဟန်မျိုးဖြင့် လက်ခါပြသည်။ ကျောင်းသားတွေက ပြုံးလို့။
"ရဲဘော်တို့၊ ဆရာပြောတဲ့စကားက လမ်းကျပါတယ်။ အားလုံး ပြန်ဝင်ကြစေချင်ပါတယ်"
ကိုဗဆွေလေးက ဆရာ့အနားတိုးလာပြီး အော်ပြောလိုက်သည်။ ကျောင်းသားထုက ငြိမ်သွားသည်။ ကျောင်းသားတွေ တဖြည်းဖြည်း များလာလိုက်သည်မှာလည်း အဓိပတိတလမ်းလုံး မဲလို့။
"အေးကွာ၊ ငါ့တပည့်တွေက နားလည်မှု ရှိပါတယ်။ ကျောင်းဝင်းထဲမှာဘဲ စနစ်တကျ လုပ်ကြစမ်းပါ"ဆရာဦးစံထွန်းက သူ့စကားနားထောင်သော ကျောင်းသားများအတွက် ကျေနပ်သွားဟန်၊ နှစ်နှစ်ကာ ကာ ပြုံးရင်း ပြောသည်။ ကျောင်းသားအားလုံး ဘွဲ့နှင်းသဘင်ကို ပြန်ပြီး မျက်နှာမူလိုက်ကြသည်။
(စာမျက်နှာ ၂၆၀- ၂၆၄)။
"ခေါင်းဆောင်တွေ ဆွဲကုန်ပြီဗျို့"
မန္တလေးဆောင်ရှေ့မှ အသံတသံက စူးစူးရှရှ ထွက်လာသည်"
"ပုလိပ်ကားတွေ ရောက်နေပြီဟေ့"
"ဘဆွေလေးတို့ ဆွဲသွားပြီဗျ။ ခင်ဗျာ့ ကိုတင်ထွန်းကြီးလဲ ပါသွားပြီ ဟိုမှာမြင်လား။ ပုလိပ်ကားတွေ ထွက်သွားပြီ။ အဲဒီပေါ် ပါကုန်ပြီဗျ"
ကိုမောင်မောင်က ဆို့ဆို့နင့်နင့် ပြေးလာရင်း ပြောသည်။ ခင်ညိုလည်း ဘာလုပ်ရမည် မသိတော့။
"ရဲဘော်တို့ ကျုပ်တို့ခေါင်းဆောင်တွေကို ဟိုကောင်တွေ ၀င်ဆွဲသွားပြီဗျ"
"ရဲဘော်တို့၊ ပုလိပ်တွေ ထပ်ရောက်လာကုန်ပြီ။ အတင့်မရဲကြနဲ့ဟေ့၊ မျက်ရည်ယို ဗုံးတွေလဲ ပါတယ်။ သတိရှိကြပါ"
မကြာလှပါ။ ဗုံးမိုးသည်းထန်စွာ ရွာပါတော့သည်။
ခင်ညိုတို့လည်း ခုမှပင် ရေစိုအ၀တ်၏ တန်ဘိုးကို နားလည်တော့၏။ ဗုံးလုံးတွေက သိပ်ပြီး အရှိန်ပြင်းလှသည် မဟုတ်သောကြောင့် အဂျလာတို့ အုပ်စုက ကလို့ ခုန်လို့ပင် ဗုံးကို ရှောင်သည်။ အနီးအနားလာကျလျှင် ပြန်ကောက်ပြီး ပစ်လိုက်သေးသည်။
ထိုစဉ်တွင် ကျောင်းသားတစုသည် ဆရာကာ အိမ်တွင်းမှ ဗော့က်စ်ဝဂ်ဂွန်ကား အနီရဲရဲလေးတစင်းကို တွန်းလာကြ၏။ ဘွဲ့နှင်းသဘင် တံခါးမကြီးအထိ။ တံခါးမကြီးရှေ့အရောက်တွင် ကားကို ပက်လက်လှန်လိုက်ကြ၏။ ပြီးတော့ မီးရှို့ပစ်လိုက်ကြ၏။
ကားနီနီလေးနှင့်အတူ မီးတောက်ကရဲရဲ။ လက်ခုပ်သံ ဆူညံ အော်ဟစ်သံတွေကလည်း တသဲသဲ။
အော် သွေးဆူနေကြချိန်တကား။ဒါနှင့် မနားသေးပေ။ နောက်ထပ် ကျောင်းသားတစုက ကားပြာလေးတစီး ထုတ်လာပြန်သည်။ သည်လိုပင် အိမ်ရှေ့အရောက် လှန်ပြီး မီးရှို့လိုက်ကြပြန်သည်။
ထိန်းနိုင် ဦးဆောင်နိုင်သည့် ခေါင်းဆောင်တွေလည်း မရှိတော့ပြီ။ သည်အချိန်တွင် အသံကျယ်ကျယ် ရဲရဲတင်းတင်းနှင့် ရှေ့ကရှောက်သူသာ ခေါင်းဆောင် ဖြစ်တော့၏။
ကားနှစ်စီး မီးတောက် ငြိမ်းသောအခါတွင်ကား ကျောင်းသားတွေသည် အစုလိုက် အစုလိုက် ခြေပစ်လက်ပစ် ထိုင်နေကြတော့သည်။ တချို့က အဓိပတိ လမ်းမပေါ်မှာ။ တချို့တွေက မြက်ခင်းဆီမှာ။
အဓိပတိ ၀င်းတံခါးမကြီးကတော့ ပိတ်ထားဆဲ။ အထဲတွင် ကျောင်းသားတွေ ငြိမ်သူငြိမ်၊ လှုပ်ရှားသူ လှုပ်ရှား၊ စကားများသူ များနေသော်လည်း သံတံတိုင်းအပြင်တွင် စစ်ကားတွေ စီရရီနှင့်။
ခင်ညိုတို့တတွေလည်း အာညောင်း လက်ညောင်းမို့ အဓိပတိ ကပ်တရာလမ်းမပေါ်တွင် နှစ်နှစ် ခြိုက်ခြိုက် လှဲနေလိုက်ကြသည်။
တောင်ဆီမှာတော့ မိုးတွေညို့လို့။ မိုးသေးမိုးဖွဲလေးတွေကလည်း လွမ်းလောက်စရာ။ မရဲတရဲ ရွာနေပြန်သည်။ ခင်ညို့ မျက်နှာပေါ်တွင် မိုးသီးလေးတွေ ကွက်ကျားစိုလျက် ရှိနေ၏။ မှောင်ရီပင် သန်းလာချေပြီ။
"ဟိုရဲဘော် ကြည့်ပါအုန်းဗျာ၊ တံခါးဝက အုတ်ခုံပေါ်မှာ"
ချစ်ဆွေပြော၍ အားလုံး လှည့်ကြည့်လိုက်သောအခါ ကျောင်းသားတယောက် ခါးတောင်း မြှောင်အောင် ကြိုက်ပြီး အုတ်ခုံမြင့်ပေါ်တွင် ထိုင်အော်နေသည်ကို တွေ့၏။ မကြာလိုက်ပါ။ခင်ညိုတို့တတွေ ခေါင်းပြန်မလှည့်မီမှာပင် ရန်ကုန်တက္ကသိုလ်ကြီးအတွက် အခြေအနေ အားလုံး ပြောင်းလဲစေလိုက်မည့် ပထမဆုံး သေနတ်သံကို ကြားလိုက်ရပေသည်။ ပြီးတော့ ဆက်၍ ဆက်၍။
သည်လိုနှင့်ပင် တည ချုပ်ခဲ့ရသည်။ နှစ်ရက်ဆက်ပြီး အသံပေါင်းစုံလျှံ ဂယက်ညံနေသော တက္ကသိုလ်ကြီးသည် ပကတိ ငြိမ်သက်သွားသည်။ ရေဒီယိုက တက္ကသိုလ်နှင့် ကောလိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ကျေညာ လေသည်။ တညလုံး အိပ်မရသော အတွေးကြောင့် ခင်ညို တလူးလှိမ့်လှိမ့် ခံစားနေရသည်။ အိပ်ရေးပျက် မခံသော ၀င်းမောင်ကြီးပင် တလှုပ်လှုပ် ဖြစ်နေသည်။ နှစ်ယောက်သား အံကြိတ်ရင်း အတွေးကိုယ်စီနှင့် ငြိမ်နေမိကြသည်။ည ၂ နာရီထိ မီးဖွင့်ထားသော်လည်း သည့်နောက်တွင် မီးပိတ်ပြီး ဆိတ်ငြိမ်ခြင်း အာရုံကို ၀င်စား နေမိလိုက်သည်။ နက်ဖြန်ဆို အိမ်ပြန်ရတော့မည်။ ဘယ်အချိန် အိပ်ပျော်သွားသည်မသိ။ '၀ုန်း' ဆိုသော အသံကြီးနှင့်အတူ မြေတုန်ပြီး အဆောင်လှုပ်ခါ သွားတော့မှ ခင်ညို အိပ်ရာက နိုးတော့သည်။ နိုးသည်ဆိုတော့လည်း အဆောင်လှုပ်ခါမှု အရှိန်ကြောင့် ခင်ညိုတို့ နှစ်ယောက်လုံး ကုတင်အောက် ရောက်သွားသည်။
"အဆောင်ကြီး ပြိုပြီထင်တယ်ဗျ" "လာဗျာ၊ ခြေသံတွေလဲ ကြားတယ်၊ ထွက်ကြည့်ရအောင်"
အခန်းပြင်ရောက်သော အခါတွင်ကား ယူနီယံဘက်ကို ငေးကြည့်နေသည့် ကျောင်းသားများကို တွေ့ရသည်။
"ဟင်"
တကသ အဆောက်အဦးကြီး မရှိတော့ပြီ။
ခင်ညို့ ရင်ထဲတွင် ဟာသွားတော့သည်။
"ဖိုးခင်ညို အပေါ်ထပ်သွားကြည့်ရအောင်"
ဘယ်အချိန်က သူ့အနား ရောက်နေသည်မသိ။ ချစ်ဆွေက သူ့လက်ကို ဆွဲခေါ်သွားသည်။ အဆောင်ပေါ်တွင်လည်း အမိုးအုတ်ကြွတ်တွေ ဖွာလျာကြဲနေသည်မို့ ရှောင်ကွင်း သွားရသည်။
ဟိုမှာ ကြည့်စမ်းဗျာ ဖုံငွေ့တွေပဲ ရှိတော့တယ်"
ချစ်ဆွေလှမ်းပြ၏။ ခင်ညို ကြည့်လိုက်သောအခါ အငွေ့တထောင်းထောင်းနှင့် အုတ်ပုံကြီးသာ မြင်တော့ သည်။ သံဘောင်ကြီးတွေ ထိုးထိုးထောင်ထောင် ထွက်နေသည့်ကြားက အငွေ့တွေ........။
(စာမျက်နှာ ၂၇၀- ၂၇၇)အောင်ပြည့်' ရဲ့ 'ပြိုမှာလေားမိုးရဲ့' စာအုပ်မှ။
(12/07/10 11:52 မှာ တင်ခဲ့တဲ့ပို့စ်ကို ဒီနှစ် 7 July အမှတ်တရပို့စ်သီးသန့် မတင်နိုင်လို့ အပေါ်ခဏ ပြန်ဆွဲတင်ထားပါတယ်။)







