မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

မျိုးစောင့်ဥပဒေအား ဝေဖန်ဆန်းစစ် သုံးသပ်ခြင်း

မျိုးစောင့်ဥပဒေ ဆိုတာကို စပြီးကြားရစဉ်က အခုဖတ်ရတဲ့အတိုင်း တကယ်ရေးဆွဲထားတဲ့ ဥပဒေကြမ်းတခုလို့ ကျွန်မ မထင်ခဲ့မိဘူး။ အွန်လိုင်းပေါ်မှာ ကြာကြာမ၀င်ဖြစ်ဘဲ အကုန် လိုက်မဖတ်ဖြစ်ခဲ့တော့ ဆရာတော် ဦးဝီရသူရဲ့ လုပ်ရပ်တွေ၊ ဟောပြောမှုတွေကို မကြိုက်လို့ ဆန့်ကျင်သူတချို့က တမင်အရွဲ့တိုက် ဟာသလုပ်ပြီး တင်ထားတယ်လို့ ထင်ခဲ့တာ အမှန်ပါ။ နောက်တော့ အွန်လိုင်းပေါ် တခါဝင်လာတိုင်း ဒီအကြောင်းကိုပဲ လူတွေက ပြောနေတင်နေကြတာ တွေ့ရတော့မှ ဒါတကယ်ရေးထားတာပဲ ဆိုတာ သိလိုက်ရတယ်။ သိရပေမယ့်လည်း ဘာတွေရေးထားတယ်ဆိုတာကိုတော့ ကိုယ်တိုင်မဖတ်ရခင်ထိ တိတိကျကျ မသိရသေးဘဲနဲ့ ကျွန်မဘာမှ ၀င်မပြောဖြစ်ဘူး။ ဒီနေ့တော့ ကိုကိုးအိမ်ရဲ့ စာမျက်နှာမှာ တင်ထားတဲ့ မျိုးစောင့်ဥပဒေကို ပေးထားတဲ့လိပ်စာအတိုင်း ဒေါင်းလုပ်ပြီး ကိုယ်တိုင် ဖတ်လိုက်ရပြီးမှ မပြောချင်မရေးချင်ပေမဲ့ ပြောသင့်ရေးသင့်တယ်ထင်လို့ အခု ဒီပို့စ်ကို ရေးဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။

စာမျက်နှာ ၂၇ မျက်နှာရှိတဲ့ မျိုးစောင့်ဥပဒေကို ဖတ်ကြည့်တော့ ဒီဥပဒေကို ရေးသားတင်ပြရတဲ့အကြောင်းအရင်းနဲ့ အကိုးအကားတွေက ပိုများတာကို တွေ့ရပြီး ဖတ်ချင်နေတဲ့ အဓိက အကြောင်းအရာ မိန်းအိုင်ဒီယာကို နောက်ဆုံးမျက်နှာရောက်မှ တွေ့ရပါတယ်။ ဒီဥပဒေကြမ်းက ၂၀၀၈ ဖွဲ့စည်းပုံထဲက အချက်တွေကို ကိုးကားပြောဆိုထားတဲ့ တချို့နေရာတွေမှာ ဖတ်ရတာ ငြီးငွေ့သလို ဖြစ်ပေမဲ့ နောက်ဆုံးစာမျက်နှာ မရောက်ခင်အထိ အထူးသဖြင့် ရေးသားသူတွေက ဒီဥပဒေ ဖြစ်လာအောင် သူတို့ကို စေ့ဆော်ပေးတဲ့ အကြောင်းရင်းကို တင်ပြတဲ့ သမိုင်းနောက်ခံ အချက်အလက်တွေမှာတော့ ကျွန်မ စိတ်အစဉ်ကို တကယ်ပဲ ဆွဲဆောင်မှုပေးခဲ့ပြီး ဆွဲခေါ်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်တဲ့ ဟိန္ဒူ၊ မူစလင်၊ ခရစ်ယာန်ဘာသာတွေရဲ့ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွေသာ ဥပဒေတခုစီအနေနဲ့ တရားဝင် ရှိနေပြီး ဗုဒ္ဓဘာသာ မြန်မာ့ဓလေ့ထုံးတမ်း လက်ထပ်ထိမ်းမြားခြင်း ဥပဒေဆိုတာက ဥပဒေတခုအနေနဲ့ တရားဝင် ပြဌာန်းထားတာမျိုးမဟုတ်ဘဲ ဓလေ့ထုံးတမ်း တခုအနေနဲ့သာ ရှိနေသေးကြောင်းကိုလည်း ဒီဥပဒေကြမ်း ဖတ်ရမှပဲ ကျွန်မသိခဲ့ရတော့ ကျွန်မအတွက် ဗဟုသုတ အသစ်တခု တိုးစေခဲ့တာ အမှန်ပါ။ ဒါကိုဖတ်ရင်း ရေးသားတင်ပြသူတွေရဲ့ အမျိုးဘာသာ သာသနာအပေါ်ထားရှိတဲ့စေတနာနှင့်၊ သာသနာ ရောင်ဝါထွန်းလင်း တောက်ပနေတဲ့ ဒီတိုင်းပြည်ကြီးဟာ တနေ့တချိန်ကျရင် အာဖဂန်နစ္စတန်တို့ အင်ဒိုနီးရှားတို့လို ဘာသာခြားတွေ လွှမ်းမိုးခံသွားရပြီး ဗုဒ္ဓသာသနာတော်ကြီး အမိမြေမှ ပျောက်ကွယ်ပျက်စီးသွားမှာကို စိုးရိမ်မှုတွေက ကျွန်မကို ရေးသူတွေနဲ့အတူ ထပ်တူထပ်မျှ ခံစားရစေပါတယ်။

ဒီလိုနဲ့ ဖတ်ရင်းဖတ်ရင်း နောက်ဆုံး အဓိကမိန်းပွိုင့်ကို ရောက်လာတော့မှပဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အတွက် မယုံကြည်နိုင်လောက်အောင် အဓိပ္ပာယ်ကင်းမဲ့နေတဲ့ အချက်တွေ ဖြစ်နေတာကို တွေ့လိုက်ရလို့ ကျွန်မကို တကယ်ပဲ အံ့သြသက်စေပြီး ဆွေးနွေးစရာ မေးခွန်းထုတ်စရာတွေ အစီအရီဖြစ်လာစေခဲ့ပါတယ်။ အားနည်းချက် အားသာချက်ဆိုတာ အနည်းနဲ့ အများကွာတာကလွဲပြီး နေရာတိုင်းမှာ ရှိတတ်ပေမဲ့ ဒီဥပဒေကို ကျွန်မ ဖတ်ရတာ အားသာချက်တချက်မှ မတွေ့ရတော့ စေတနာနဲ့ ရေးဆွဲထားသူတွေကို အပြစ်တင်လိုချင်းမဟုတ်ဘဲ အမှန်ကို အမှန်အတိုင်း ထောက်ပြချင်လိုတဲ့စိတ်ကို တားမရဆီးမရ ဖြစ်စေခဲ့ပါတယ်။ ကျွန်မတချက်ချင်းစီကို ဆန်းစစ်သုံးသပ်ပြီး ဆွေးနွေးပြချင်ပါတယ်။ ပထမအချက် (၁) ဤဥပဒေကို ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိန်းမြားခြင်းဆိုင်ရာ (အရေးပေါ်) ဥပဒေဟု ခေါ်တွင်စေရမည်။

မျိုးစောင့်ဥပဒေ ဆိုလို့ ဒီလူမျိုးတွေမှီတင်းနေထိုင်ပြီး ဒီလူမျိုးကပဲ အုပ်ချူပ်နေတဲ့ နိုင်ငံမှာ မျိုးစောင့်ဥပဒေဆိုတော့ တမျိုးဖြစ်နေလို့ စကြားတုန်းက သူများ ဟာသလုပ်ထားတယ်လို့ ထင်တယ်ဆိုတာ အမှန်ပဲဖြစ်တယ်။ ဗြိတိသျှလက်ထက်က နီုင်ငံခြားသားက ကိုလိုနီပြုထားလို့ ကိုယ့်ဘာသာကိုယ့်ယဉ်ကျေးမှုကို ပေါ်လွင်အောင် ပေးထားတဲ့ ဒို့ဗမာအစည်းအရုံးတို့ ဗုဒ္ဓကလျာဏယုဝအသင်းတို့ဆိုတာက နားထောင်လို့ကောင်းသလို သဘာဝလည်းကျပါတယ်။ အခုတော့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ မှီတင်းနေထိုင်တဲ့ နီုင်ငံမှာ ဘာသာတခုတည်းကို ကိုယ်စားပြုပြီးခေါ်တဲ့ ဥပဒေက မျိုးစောင့်ဥပဒေဆိုတော့ ကျန်တဲ့ဘာသာ ကျန်တဲ့လူမျိုးတွေကို မလေးစားရာရောက်နေပါတယ်။ ဒါပေမဲ့ ဒါကိုထားလိုက်မယ် အဓိကပြောချင်တာက အောက်ကအချက်တွေ ဖြစ်တယ်။

(၂) မည်သူမဆို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်။ စဖတ်လာတုန်းက အကောင်းကြီး၊ ကျွန်မကို စိတ်ကုန်စေတာ အဲဒီအချက်ကနေ စပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှန်စင်စစ်က ဘာသာတူမှ လက်ထပ်ရမယ်လို့ ဗုဒ္ဓ မြတ်စွာဘုရား ဟောတဲ့တရားတွေထဲမှာ မရှိဘူး။ မြတ်စွာဘုရားလက်ထက်က ဗုဒ္ဓဘာသာကို လေးလေးနက်နက် ယုံကြည်ပြီး ဘုရားနဲ့ သံဃာတော်တွေကို အင်မတန်မှ ကြည်ညိုသဒ္ဒါပွားခဲ့တဲ့ ဥတ္တရဆိုတဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးရဲ့ ခင်ပွန်းဟာ ဘာသာခြားဖြစ်ပေမဲ့ သူဟာ အိမ်ထောင်ကျပြီးလည်း မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ကိုးကွယ်ယုံကြည်မှုမပျက်ဘဲ တခါတော့ သူက ဥပုဒ်သီလ ဆောက်တည်နေစဉ် ကာလမှာ ဘာသာခြား ခင်ပွန်းကို ပြည့်တန်ဆာမ သီရိမာနဲ့ ခဏထားပြီး သူကိုယ်တိုင်ကတော့ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ဘာသာခြားနဲ့အတူ နေတဲ့ အိမ်မှာပဲ ဆွမ်းပင့်ဖိတ် ကပ်လှူခဲ့တဲ့ သာဓက တခုရှိပါတယ်။ ပြီးတော့ ဘုရားလက်ထက်က နာမည်ကျော်ကြား လူသိများလှတဲ့ ကျောင်းအမကြီး ၀ိသာခါဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိမှာဖြစ်ပြီး သူ့ရဲ့ ခင်ပွန်းလည်း ဘာသာခြားလို့ သိရပါတယ်။ ဒီတော့ ဘုရားလက်ထက်က ၀ိသာခါတို့ ဥတ္တရတို့ကို ကြည့်ခြင်းအားဖြင့် အိမ်ထောင်ရေးမှာ ဘာသာမတူလို့ နစ်နာစရာမရှိ ဘာသာတူဖို့ထက် မိမိကိုးကွယ်ယုံကြည်တဲ့ ဘာသာကို မိမိလေးလေးနက်နက် ယုံကြည်ဖို့က ပိုပြီးအရေးကြီးတယ်ဆိုတာနဲ့ မြတ်စွာဘုရားဟာ ဗုဒ္ဓဘာသာအမျိုးသမီးကို ယူတဲ့အမျိုးသားဟာ ဗုဒ္ဓဘာသာဖြစ်ရမယ်လို့ မဟောခဲ့ဘူးဆိုတာ သက်သေဖြစ်ပါတယ်။ 


ဘုရားတောင်မှ အမျိုးသမီးအမျိုးသား မခွဲခြားဘဲ လွတ်လပ်စွာ ထိမ်းမြားလက်ထပ် ရွေးချယ်ခွင့်အပေါ် ဘာမှ စောဒက မတက်မှတော့ အခုဒီဥပဒေကြမ်းကို ရေးဆွဲတဲ့ဘုရားရဲ့ သာဝကတွေနဲ့ ထောက်ခံတဲ့ ဗုဒ္ဓဘာသာဝင်တွေက ဘုရားလမ်းစဉ်ကို မလိုက်နာနိုင်၊ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးကို ကန့်သတ်တာဟာ အဓိပ္ပာယ်မရှိ ဖြစ်စေပါတယ်။ တခြားဘာသာတွေဖြစ်တဲ့ ခရစ်ယာန်တို့ မူစလင်တို့မှာ သက်ဆိုင်ရာဘုရားတွေက ဘာသာတူမှ ယူရမယ်လို့ ဟောထားလို့ သူတို့ရဲ့ လက်ထပ်ထိမ်းမြားခြင်းမှာ ဒီလိုကန့်သတ်ထားပါတယ်။ ပြဌာန်းတဲ့ နေရာမှာလည်း အမျိုးသမီးမှ မဟုတ် သူတို့ဘာသာထဲက အမျိုးသားကိုပဲယူယူ အမျိုးသမီးကိုပဲ ယူယူ လက်ထပ်မည့်သူဟာ ဘာသာတူရမယ်လို့ ပြောတယ်။ 
  
အခု ဒီဥပဒေမှာ အမျိုးသမီးကိုမှ ရွေးချယ်ပြီး ကန့်သတ်တယ်ဆိုတော့ ဗုဒ္ဓဘာသာကို တခြားဘာသာတွေထက် ပိုပြီးအဆင့်နှိမ့်အောင် ချိုးနှိမ်ရာရောက်နေပါတယ်။ ပြီးတော့ သူများဘာသာမှာ ဘုရားကန့်သတ်လို့ လူတွေက လိုက်နာရတာကို ဘုရားက ဘာမှမကန့်သတ်ထားဘဲ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လူ့အခွင့်အရေး အပြည့်အ၀ ရှိတဲ့ ဗုဒ္ဓဘာသာက သူများဘာသာတွေမှာလည်း ဒီလိုပဲ ပြဌာန်းထားလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗုဒ္ဓဘာသာကလည်း ဒါကို အားကျမခံ လိုက်လုပ်ချင်တယ်ဆိုရင် ဘာဖြစ်သွားမလဲ။ ကိုယ်ပိုင် ရပ်တည်ချက်မရှိ ဘုရားဟောနဲ့လည်းမညီ မိမိဘာသာနဲ့ သဘောသဘာဝချင်းလည်း လုံးဝမတူတဲ့ ဘာသာခြားတွေရဲ့ ပြုမူကျင့်ကြံ လုပ်ဆောင်ပုံတွေကို ပုံတူခိုးချတဲ့ သူများနောက်လိုက်တွေပဲ ဖြစ်သွားမယ် မဟုတ်ဘူးလား။

(၃) ဘာသာခြား ဖြစ်ခဲ့သူက ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ထိမ်းမြားမည် ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ် ရရှိထားသူ ဖြစ်ရမည်။

ဒီနေရာမှာ စောဒက တက်စရာက ဗုဒ္ဓဘာသာဝင် တယောက် ဖြစ်အောင် ကိန်းကြီးခမ်းကြီး လုပ်ပြီးခက်ခက်ခဲခဲ လုပ်ရတာမဟုတ် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရာအဖြစ် လက်ခံပြီး ငါးပါးသီလကို ခံယူလိုက်တာနဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်သွားပြီ။ ဒီလောက်လွယ်တော့ ဘာသာခြား (သို့) ဘာသာမဲ့တယောက်က တကယ်ယုံကြည်တာ မဟုတ်ဘဲ သူ့ချစ်သူနဲ့ နီးစပ်ချင်ယုံသက်သက်နဲ့ ကျွန်တော် ဗုဒ္ဓဘာသာ ဖြစ်ပြီဆိုပြီး ဟန်ဆောင်လို့ကော မရနိုင်ဘူးလား။ ခရစ်ယာန်မလေးနဲ့ လက်ထပ်သွားတဲ့ ဘာသာရေး ကိုင်းရှိုင်းတဲ့ ကျွန်မ သူငယ်ချင်းတယောက်ဆိုရင် အဖွဲ့အစည်းမှာ လက်မထပ်ခင် ဘုရားကျောင်းမှာ အရင် လက်ထပ်တယ်ဆိုတာ သိရလို့ ဒါဆို နင်သူတို့ဘာသာ ၀င်လိုက်ပြီလားလို့ မေးကြည့်ဖူးတယ်။ သူက ရေနစ်ခံတာ ဘာခက်လို့လဲ အဲဒါလုပ်မှ လက်ထပ်လို့ရတယ်ဆိုတော့ အလုပ်ဖြစ်ရုံ ရေနစ်ခံလိုက်ပေမဲ့ ငါဘုရားပုံမှန်ရှိခိုးနေတာပဲလို့ ပြန်ဖြေတယ်။ တကယ်လည်း သူတကယ် ယုံကြည်တာက ဗုဒ္ဓဘာသာပဲ ဖြစ်ပြီး ဘုန်းကြီးကျောင်းရောက်ရင်လည်း ဘုရားရှိခိုး အဖွဲ့အစည်းမှာ အလှူလုပ်ရင်လည်း ရေစက်ခွက် ကိုင်နေသူပါ။ ဒီတော့ အခုလည်း တကယ်ယုံကြည်တာ မဟုတ်ဘဲ ဒီလိုမစစ်မှန်တဲ့ ဘာသာခံယူမှုတွေ ဖြစ်လာအောင် တွန်းအားပေးသလို ဖြစ်နေတော့ ဒီဥပဒေကြောင့် မဟုတ်ကို အဟုတ်ဖြစ်အောင် အမှန်တရားနဲ့ ကင်းကွာအောင် တမင်ဖန်တီးရာ ရောက်နေပါတယ်။

(၄) ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီး၏ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ စာဖြင့် တရားဝင် ခွင့်ပြုချက်ကို လက်ခံရယူရမည်။

ဒီအချက်ကို ကြည့်ရင် လက်ထပ်ပေါင်းသင်းမည့်သူ အမျိုးသမီးရဲ့ ဆန္ဒ၊ အသိဥာဏ်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လုံးဝ လစ်လျှရှုပြီး မိဘ အုပ်ထိန်းသူဆန္ဒကိုပဲ ထည့်တွက်ထားတာကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေကို လူသားတဦးရယ်လို့တောင် သတ်မှတ်ပုံမရတာကို တွေ့ရပါတယ်။ မြန်မာလူမျိုးတွေရဲ့ လူမှုဘ၀တိုးတက်ရေးနဲ့ မိသားစု စားဝတ်နေရေး ဖူလှုံမှုကို မဖန်တီးပေးနိုင်ဘဲနဲ့ ဒီလိုဥပဒေမျိုး ချမှတ်ရင်တော့ မိန်းကလေးတွေဟာ မိမိချစ်ခင်နှစ်သက်သူနဲ့ လက်ထပ်ထိမ်းမြားခွင့် ဘယ်တော့မှ ကြုံလာစရာ မရှိတော့ဘဲ ငွေမက်တဲ့မိဘတွေ ဒါမှမဟုတ် ဆင်းရဲမွဲတေလှတဲ့ မိဘတွေရဲ့ သမီးဖြစ်ရင် မိဘဆီက ငွေနဲ့ပေါက်ပြီး ငွေဝယ်ကျွန်အဖြစ် အ၀ယ်ခံရတဲ့ဘ၀ကို ခေတ်နောက်ပြန်ဆွဲ ပြန်ရောက်သွားအောင် တွန်းပို့ပေးနေတာနဲ့ အတူတူပဲ။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းဟာ မိမိအိမ်ထောင်ဘက်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာတွေက မြန်မာအမျိုးသမီးတွေအတွက် အိပ်မက်တောင် မက်ခွင့် မရှိတဲ့ အခြေအနေ ပြန်ရောက်သွားတယ်။

(၇) အထက်ပါ သတ်မှတ်ချက်များကို မလိုက်နာဘဲ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးသမီးကို လက်ထပ်ခြင်း၊ ပေါင်းသင်းခြင်း ပြုပါက ထိုသူကို ထောင်ဒဏ် (၁၀) နှစ် ကျခံရန် ပြစ်ဒဏ် ချမှတ်ရမည့်အပြင် ထိုသူပိုင်ဆိုင်သည့် ပစ္စည်းအားလုံးကို သိမ်းယူ၍ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးအား လွဲပြောင်းပေးအပ်ရမည်။

(၈) ထို့အပြင် ထိုသို့ကျူးလွန်သည့် ပုဂ္ကိုလ်အပေါ် ရာဇသတ်ကြီးဥပဒေ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မတို့ဖြင့်သာ သီးခြား အရေးယူ အပြစ်ပေးအရေးယူရမည်။

ဒီအချက်တွေက အတင်းဓမ္မပြုကျင့်ပြီး မယားအဖြစ် အသိမ်းသွင်းခံရတဲ့ အမျိုးသမီးတွေအတွက်ဆိုရင်တော့ ထောင် ၁၀ နှစ်မကလို့ အနှစ်တရာ သတ်မှတ်လည်း ဘာမှပြောစရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ နှစ်ဦးသဘောတူ ချစ်ခင်နှစ်သက်လို့ ဖြစ်တဲ့ကိစ္စဆိုရင်တော့ တခြားအချက်တွေထက်စာရင် ပိုတောင်ဆိုးသွားသေးတယ်။ လူသားတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခံစားမှု၊ သူသားဆန်မှုကို ထည့်တွက်စဉ်းစားမှု လုံးဝ မရှိရလောက်အောင်ကို ရေးတဲ့သူတွေဟာ Critical thinking နဲ့ Common Sense ကင်းမဲ့နေပြီလား၊ ဗုဒ္ဓဘာသာဝင်တွေမှာ ရှိသင့်ရှိအပ်တဲ့ အကြင်နာတရားနဲ့ ကိုယ်ချင်းစာတရားဆိုတာ မရှိတော့ဘူးလား။ မိမိက ချစ်နှစ်သက်လို့ မိဘတွေရဲ့ ဆန္ဒကိုတောင် လွန်ဆန်ပြီး မိဘသဘောမတူဘဲ ဘာသာမတူသူနောက်ကို ခိုးရာလိုက်သွားမိတဲ့ အမျိုးသမီးတဦးဟာ ချစ်စခင်စ ကြင်နာစမှာ ခင်ပွန်းသည်ကို သူ့ရင်ခွင်ထဲက ဆွဲထုတ်သွားပြီး ထောင်သွင်း အကျဉ်းချထားတဲ့အချိန်မှာ အတင်းအဓမ္မသိမ်းပိုက် ခံထားရတဲ့ ခင်ပွန်းဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ရွှေဘုံပေါ်မှာစံစားပြီး ပျော်နေနိုင်လိမ့်မယ်လို့ မထင်ပါ။ အဲလို ထင်နေတယ်ဆိုရင်တော့ ထင်သလောက်မလွယ်ဘူး ဆိုတာနဲ့ သမီးရင်ကွဲနာကျပြီး ခံစားနေတာကို ကြည့်ပြီး မိဘဖြစ်သူကတွေကလည်း ပျော်နိုင်မှာ မဟုတ်ဘူးဆိုတာကို ခန့်မှန်းကြည့်စေချင်ပါတယ်၊ ဒီလိုလုပ်တာဟာ ဓမ္မမဟုတ်ဘူး အဓမ္မဖြစ်သွားပြီဆိုတာနဲ့ လူ့အခွင့်အရေးနဲ့ ကိုက်ညီနေတဲ့ ဗုဒ္ဓဘာသာကို လူ့အခွင့်အရေးနဲ့ လုံးဝဆန့်ကျင်တဲ့ အကျည်းတန်ဘာသာ အထင်ခံရအောင် လုပ်ရာရောက်တယ်လို့လည်း ထောက်ပြချင်ပါတယ်။

(၉) ဤအက်ဥပဒေအရ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများနှင့် အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဆိုင်ရာ အက်ဥပဒေကို မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအသစ် ရေးဆွဲပြဌာန်း ပြီးသည်အထိ ရပ်ဆိုင်းထားရမည်။

ရှိပြီးသား ၁၉၅၄ ခှုစ် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေက ဗုဒ္ဓဘာသာနဲ့လည်း ဆန့်ကျင်တာမရှိ အမျိုးသမီးတွေအတွက်လည်း အကာအကွယ်ပေးထားတာ ရှိပါလျှက်နဲ့ ဒါကိုရပ်ဆိုင်းပြီး အခုလို ဘုရားဟော တရားဓမ္မနဲ့လည်း မကိုက်ညီ လူ့အခွင့်အရေးနဲ့လည်း မကိုက်ညီတဲ့ ဥပဒေနဲ့ အစားထိုးမယ်ဆိုတာဟာ လုံးဝသဘာဝမကျတဲ့ အချက်ဖြစ်တယ်။ တခုတော့ ရှိတယ် လက်ရှိမြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ အမျိုးသားတဦးဟာ ကျွေးမွေးစောင့်ရှောက်နိုင်ရင် မိန်းမတယောက်ထက် ပိုယူခွင့်ပေးထားတော့ အမျိုးသားတွေဟာ လွတ်လပ်စွာ အငယ်အနှောင်းထားပြီး အိမ်ထောင်ရေး ဖေါက်ပြန်မှုတွေနဲ့ မိသားစုဘ၀ ပြိုကွဲမှုတွေကို ဖြစ်စေတဲ့ မယားပြိုင်စနစ်ကို ဖျက်ပြီး တလင်တမယားစနစ်ကို အစားထိုးပြီး ကျင့်သုံးမယ်ဆိုရင် လက်ရှိမြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဟာ တရားမျှတပြီး အတော်အသင့် ပြီးပြည့်စုံတဲ့ ဥပဒေတခု ဖြစ်လာမှာမို့ ဘာဥပဒေအသစ်မှ ထပ်လုပ်စရာလိုဘဲ ရှိပြီးသားကို ပိုကောင်းအောင် ပြုပြင်ပြီး လက်တွေ့ကျကျ ကျင့်သုံးဖို့ပဲ လိုတယ်လို့ အကြံပြုချင်ပါတယ်။

အချုပ်အားဖြင့် ပြောရရင်တော့ ဒီဥပဒေကို ရေးဆွဲသူတွေရဲ့ စေတနာကို နားလည်အသိအမှတ်ပြုပေမဲ့ အမျိုးသမီးတွေအတွက် ရေးဆွဲထားတဲ့ ဒီမျိုးစောင့်ဥပဒေဟာ အမျိုးသမီးတွေရဲ့ ဘ၀ကို ကာကွယ်ပေးထားတာ ဘာမှမရှိဘဲ လူ့အခွင့်အရေးနဲ့ ပြည့်စုံလှတဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို အကျည်းတန်အောင် ဘာသာခြားတွေက ဗုဒ္ဓဘာသာကို သေးသိမ်ပြီး အမြင်ကျဉ်းမြောင်းတဲ့ ဘာသာတခုလို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ရာရောက်နေပါတယ်။ အကယ်၍ ဒီလိုမဟုတ်ပါဘူးလို့ အမျိုးသမီးတွေ ကောင်းကျိုးအတွက် တကယ်ယုံကြည်ပြီး ရေးဆွဲထားတယ်ဆိုရင်လည်း ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ပဲ ရေးဆွဲပြီး ကျန်တဲ့အမျိုးသမီးတွေအတွက် မပါတော့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဒါဟာ တရားမျှတမှု မရှိတဲ့ဥပဒေလို့ ပြောလို့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ လူမျိုးတမျိုးတည်း ဘာသာတခုတည်း ရှိတာမဟုတ်၊ လူမျိုးတိုင်း ဘာသာတိုင်းဟာ မိမိလူမျိုး မိမိဘာသာကို တိုးတက်ချင်စိတ်ရှိကြပါတယ်။ ဒီနိုင်ငံဟာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံဖြစ်လို့ ဥပဒေဆိုတာ လူမျိုးတမျိုး ဘာသာတမျိုးတည်းအတွက် ကွက်ကွက်လေး မျက်နှာလိုက်ရေးဆွဲလို့ မဖြစ်၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ ကိုက်ညီပြီး သဟဇာတ ဖြစ်ဖို့လိုအပ်ပါတယ်။

အမျိုးသမီးတွေကို ဘာသာခြားတွေရဲ့ လွှမ်းမိုးမှုမှ ကင်းဝေးပြီး အမျိုးဘာသာ သာသနာကို တကယ်ထိန်းသိမ်းစေချင်တယ်ဆိုရင် အမျိုးသမီးတွေအတွက်ပဲ ကန့်သတ်လို့ မရနိုင်ဘူး။ လက်ရှိအမျိုးသမီးတွေရဲ့ ဘ၀ကို တိုးတက်မြင့်မားအောင် လုပ်ပေးပြီး မိမိအခွင့်အရေးကို မိမိနားလည်အောင် လုပ်ပေးဖို့လိုပါတယ်။ အနာဂတ်မှာ အရွယ်ရောက်လာမည့်သူတွေအတွက် ကလေးတွေကို မိမိကိုးကွယ်တဲ့ဘာသာရဲ့ တန်ဖိုးကို ကလေးတွေသိအောင် ငယ်စဉ်ကတေည်းက သင်ကြားပေးဖို့ လိုပါတယ်။ အခုတော့ ကျွန်မတို့ဟာ ငယ်စဉ်ကတည်းက ဘုရားရှိခိုးတွေကို ကြက်တူရွေးစာရွတ်သလိုပဲ တတွတ်တွတ်ရွတ်ရုံသာ ရွတ်လာပြီး အနှစ်သာရဘာမှန်းမသိရုံတင်မက တို့ဗမာသာကီမျိုးဆိုပြီး ကိုယ့်ဘာသာ ကိုယ့်လူမျိုးမှ မြတ်တယ် တခြားဘယ်သူနဲ့မှ မတူသလိုလို သွေးနားထင်ရောက် ဂုဏ်မောက်အောင်လည်း သင်ကြားပေးခံလာရတော့ ဗုဒ္ဓ ဘာသာရဲ့ အနှစ်သာနဲ့ ဆန့်ကျင်ပြီး စိတ်ကြီးဝင်စေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေမှာ အမျှော်အမြင်ကြီးမားတဲ့ မိဘတွေနဲ့ ကြီးလာတဲ့ ကလေးတွေကလွဲရင် ကြီးလာမှ စိတ်ဝင်စားလို့ ကိုယ့်ဖါသာကိုယ် လေ့လာတဲ့သူတွေကပဲ မိမိကိုးကွယ်တဲ့ဘာသာရဲ့ တန်ဖိုးကို သိရှိနားလည်ခွင့်ရပြီး စိတ်မ၀င်စားတဲ့သူကတော့ ဘာသာမဲ့ဖြစ်သွားသူနဲ့ မဖြစ်တဲ့သူကလည်း မိမိဘာသာရဲ့ တန်ဖိုးနဲ့ အနှစ်သာရကို နားမလည်ဘဲ မိရိုးဖလာအဖြစ်နဲ့ပဲ ရှိနေပြီး ဒီလိုနားမလည်ခြင်းက ဘာသာခြားနဲ့ လက်ထပ်ရင် ဘာသာကူးပြောင်းဖို့ လွယ်ကူစေတဲ့အကြောင်းရင်း ဖြစ်တယ်။

တကယ်တော့ ဒီလို ဥပဒေတွေ ထုတ်မည့်အစား ဗုဒ္ဓဘာသာ ကလေးတွေကို ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရနဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအတိုင်း နူးညံ့သိမ်မွေ့အောင် သင်ကြားပေးနိုင်တဲ့ အစီစဉ်တွေကို ရေးဆွဲသင့်ပါတယ်။ ဘာသာရေး အနှစ်သာရကို သင်ကြားပေးခံရတဲ့ ကလေးတွေကြီးလာရင် မိမိကိုးကွယ်တဲ့ ဘာသာမှာ အခြေခိုင်ပြီးသား ဖြစ်အောင် လုပ်ပေးသင့်တယ်။ လက်ရှိ အရွယ်ရောက်ပြီးတဲ့အမျိုးသမီးတွေကိုလည်း ဆင်းရဲကြပ်တည်းမှုနဲ့ အသိပညာနှိမ့်ကျနေမှု နွံထဲက ရုန်းထွက်နိုင်တဲ့ အစီစဉ်တွေကို ဖန်တီးပေးနိုင်ရင် အဲဒီအကြောင်းရင်းတွေကြောင့် ဘာသာခြားရဲ့ သိမ်းပိုက်ခံရစရာ အကြောင်းမရှိဘူး။ အကယ်၍ ခံရသည့်တိုင် ရှိပြီးသား မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေကို လက်တွေ့ကျကျ ကျင့်သုံးရင် အမျိုးသမီးတွေအတွက် အကာအကွယ် ရှိပြီးသား ဖြစ်တယ်။ ဒီလို မိမိဘက်က သက်လုံကောင်းအောင် လုပ်ထားရင် အခုလို အမျိုးပျေက်မှာကို တွေးကြောက်ပြီး ဘုရားဟောနဲ့ရော လူ့အခွင့်အရေးနဲ့ပါ မကိုက်ညီတဲ့အပြင် ရှိပြီးသား ဥပဒေထက်လည်း ပို နှိမ့်ကျတဲ့ ဥပဒေမျိုး ပြဌာန်းနေဖို့ မလိုအပ်တော့ဘူး ဆိုတာ အကြံပြုတင်ပြချင်ပါတယ်။



ရွှင်လန်းချမ်းမြေ့ကြပါစေ

အမျိုးသမီးအခွင့်အရေး

အူဝဲ ဆိုတဲ့အသံနဲ့အတူ မိခင် ဗိုက်ထဲမှ မွေးလာတဲ့ အချိန်မှာ သမီးမိန်းကလေးများနဲ့ သားယေက်ျားလေးများဟာ လွတ်လပ်စွာ တန်းတူ မွေးဖွားလာကြသော်လည်း ပြင်ပလောကကို ရောက်ပြီးမှ မိန်းကလေးတွေဟာ မိသားစု၊ ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအ၀ိုင်း တခုလုံးရဲ့ ဓလေ့ထုံးထမ်းတွေအောက်မှာ ဘောင်တွေခတ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ခြင်းစတာတွေကို ခံလာကြရပြီး အခွင့်အရေးတွေ ဆုံးရှုံးလာကြပါတယ်။ ဒီလို ခွဲခြားခံလာရာကနေ နှိမ့်ကျနေတဲ့ အမျိုးသမီးဘ၀တွေအတွက် အမျိုးသမီး လှုပ်ရှားမှုတွေကြောင့် အမျိုးသမီး အမျိုးသား တန်းတူအခွင့်အရေးတွေ ရရှိလာပြီး ပညာတတ် အမျိုးသမီးတွေအတွက် ယနေ့အချိန်မှာ အမျိုးသမီးမလုပ်ရ (သို့) အမျိုးသမီး မလုပ်နိုင်ဟူသည့် အလုပ် ကမ္ဘာပေါ်မှာ မရှိသလောက် ရှားပါးနေချိန် ဖြစ်သော်လည်း မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာဒေသတချို့ကနိုင်ငံတွေမှာ ပညာတတ် မဟုတ်တဲ့ သာမာန် အမျိုးသမီးများရဲ့ ဘ၀ကား ရှေးယခင်ကနဲ့ မည်သို့မှ ခြားနားခြင်း မရှိဘဲ ဆက်လက်၍ နှိမ့်ကျလျက် ရှိနေဆဲ ဖြစ်ပါတယ်။

 အခုလက်ရှိမှာ အမျိုးသမီးများ ရရှိနေတဲ့ အခွင့်အရေး အားလုံးဟာ အလိုလို နေရင်းထိုင်ရင်း ရလာဖြစ်လာခဲ့ခြင်းမဟုတ်ပါ၊ ကမ္ဘာပေါ်မှာ အမျိုးသမီးလှုပ်ရှားမှု ဆိုတာသာ မပေါ်ပေါက်ခဲ့ပါက ယနေ့ခေတ် အမျိုးသမီးတွေ ရရှိနေတဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ အဆင့်မြင့်ပညာ သင်ကြားပိုင်ခွင့်နှင့် လုပ်ငန်းအသီးသီးမှာ အမျိုးသားများနှင့် လစာတူ၊ အဆင့်တန်းတူ  ပါဝင်ဆောင်ရွက်ခွင့်၊ မဲပေးပိုင်ခွင့်ဆိုတာတွေဟာ အိပ်မက်ပင် မက်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒီအခွင့်အရေးတွေကို ရဖို့အတွက် အရင်ခေတ်က အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်နှင့် ရုရှား စသည့် ကမ္ဘာ့နိုင်ငံအသီးသီးက အမျိုးသမီးတွေဟာ လူမှုအသိုင်းအ၀ိုင်းတခုလုံးရဲ့ တံတွေးခွက်မှာ အမျောခံပြီး တိုက်ပွဲဝင်လာခဲ့ရတယ်။ အမျိုးသမီးတွေရဲ့ ဒီလို ပြင်းထန်တဲ့ အာသီသတွေနဲ့ တောင်းဆို တိုက်ပွဲဝင်လာခဲ့တာကို မိန်းမဟာ မိန်းမလိုမနေဘဲ တန်ရာတန်ရာကို မလုပ်၊ မိမိနဲ့ မအပ်စပ်တာကို တောင်းဆိုရကောင်းလားဆိုပြီး ဘဲဥပုပ်၊ ခရမ်းချဉ်သီးပုပ် အာလူးပုပ်တွေနဲ့ ပစ်ပေါက်ခံရခြင်း၊ ညှင်းဆဲခံခြင်း၊ တံတွေးခွက်ပေါ်မှာ ပက်လက်မျောကာ ပြက်ရယ်ပြုခံလာရပြီးမှ ရတဲ့အခွင့်အရေးတွေ ဆိုတာ ယနေ့ခေတ် အမျိုးသမီး၊ အမျိုးသား အားလုံးကို သိဖို့ လိုအပ်လှပါတယ်။ သူတို့သာ တိုက်ပွဲ မ၀င်လာခဲ့ပါက ကျွန်မလည်း ကွန်ပြူတာပေါ်မှာ အခုချိန်မှာ အခုလို စာထိုင်ရိုက်နေခွင့် ရှိချင်မှ ရှိပါလိမ့်မယ် ဆိုတာ တွေးပြီး အရင်ခေတ်က တိုက်ပွဲဝင်လာခဲ့တဲ့ အမျိုးသမီးတွေရဲ့ ကျေးဇူးကို အောက်မေ့တသမိပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁) အရ “လူသားအားလုံးသည် မွေးဖွားသန့်စင်သည့် အချိန်ကစပြီး တူညီသော လူ့ဂုဏ်သိက္ခာနှင့် တူညီသော လူ့အခွင့်အရေး ရှိကြသည်” လို့ ဆိုပါတယ်။ ဒီ အပိုဒ် (၁) ဟာ ကြေညာစာတမ်း တခုလုံးမှာ ပါတဲ့ အချက် (၃၀) လုံးကို အကျဉ်းချုပ်ထားတယ်လို့ ပြောလို့ရပါတယ်။ စစ်အာရှင်တွေ လက်ညိုးညွန်ရာ ရေဖြစ်နေသော ကျွန်မတို့ မြန်မာ့နိုင်ငံမှာ ဒီလူ့အခွင့်အရေးတွေက အမျိုးသမီးမှာရော အမျိုးသားတွေမှာပါ မရှိတာကို ဘယ်သူမှ ငြင်းနိုင်ပါဘူး။ သို့သော်လည်း အမျိုးသမီးတွေမှာ အခွင့်အရေး ချိုးဖေါက်ခံနေရတယ်လို့ ပြောရင် မြန်မာအမျိုးသမီးတွေက တခြားအမျိုးသမီးတွေနဲ့ စာရင် တော်ပါသေးတယ် ဆိုပြီး အမျိုးသမီးတွေ ကိုယ်တိုင်က ဒီလိုပဲ တင်းတိမ်ရောင့်ရဲပြီး ဖြေသိမ့်တတ်ကြတာကိုလည်း တွေ့ရပါတယ်။ မြန်မာ အမျိုးသမီးတွေမှာ အခွင့်အရေး ဘယ်လောက်ရှိမရှိ ဆိုတာ တိုင်းတာတဲ့ နိုင်းယှဉ်စရာ စံချိန်စံညွှန်းဆိုတာ ခေါင်းမမြှီးခြုံ အိမ်တွင်းပုန်း ကုလားမတွေ၊ တရုတ်မ ခြေသေးတွေနဲ့ မြန်မာပညာတတ် အမျိုးသမီးတွေကြား အခွင့်အရေး ကွာဟမှုကို တိုင်းတာရန်မဟုတ်ပါ။ မြန်မာအမျိုးသမီးထု အများစုကို ကိုယ်စားပြုတဲ့ ကျေးလက်ဒေသ အမျိုးသမီးထုမှာ ရှိတဲ့ အခွင့်အရေးနှင့် ကမ္ဘာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ စံစချိန်စံညွှန်းနဲ့သာလျင် တိုင်းတာရမှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းထဲက အချက်တွေဟာ လူသားအားလုံးအတွက် ဖြစ်ပြီး ဒီအချက်တွေက အမျိုးသမီး အမျိုးသား အားလုံးနဲ့ အကျုံးဝင်ပါတယ်၊ ဒါကြောင့် အမျိုးသမီးအခွင့်အရေးဆိုတာ အထူးသီးသန့် ရှိနေစရာ လိုသေးလားလို့ စောတက တက်သူများလည်း ရှိပါတယ်။ အမျိုးသမီးတွေဟာ လူထဲက လူတွေ ဖြစ်လို့ အဲဒီအခွင့်အရေးတွေဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေး ဆိုတာမှန်ပါတယ်။ သို့ပေမဲ့ ဒီအခွင့်အရေးတွေကို အမျိုးသမီးတွေနဲ့ အမျိုးသားတွေ တန်းတူ ၀င်ဆံ့လို့ မရနိုင်အောင် အမျိုးသမီးတွေမှာ မိရိုးဖလာ ထုံးတမ်းအစဉ်အလာ ရှေးရိုးစွဲအယူအဆအရ အဟန့်အတားတွေ များစွာရှိနေပါတယ် ။ အမျိုးသမီး လှုပ်ရှားမှုဆိုတာ ကမ္ဘာ့သမိုင်းမှာ ပေါ်လာခဲ့လို့ လုပ်ငန်းခွင်တွေ၊ တက္ကသိုလ်တွေမှာ အမျိုးသမီးတွေ ၀င်ဆံ့လာခဲ့လို့ ပညာတတ် အမျိုးသမီးတွေအတွက် အဆင်ပြေလာခဲ့ပေမဲ့ နိုင်ငံအသီးသီးက အထူးသဖြင့်၊ အာရှ၊ အာဖရိကနဲ့ အရှေ့ဥရောပ နိုင်ငံတွေက သာမန်အောက်ခြေ (Grass root) အမျိုးသမီးတွေအတွက်တော့ ရှေးကနှင့် ဘာမှ သိပ်မထူးခြားသလို ဖြစ်နေသေးလို့ ကမ္ဘာ့ကုလသမဂ္ဂက ဒီပြဿနာကို ဖြေရှင်းလာရပါတယ်။

အမျိုးသမီးတွေမှာပဲ ထိခိုက်နှစ်နာစေပြီး အမျိုးသားတွေအတွက် ပြဿနာမရှိတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်တွင်း အကြမ်းဖက်မှုတွေ မိရိုးဖလာအစွဲအလန်းကြောင့် ယုတ်ညံ့သူတွေအဖြစ် အစွပ်စွဲခံနေရတာတွေကို ခံစားနေရတဲ့ သားကောင်တွေက အမျိုးသမီးတွေသာ အများဆုံး ဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်သုံးဆယ်ဟာ အမျိုးသမီးတွေအတွက် လုံလောက်တဲ့ အချက်တွေ မဟုတ်တော့ပဲ နောက်ထပ် သီးသန့် အချက်တွေ လိုအပ်နေတာကိ ဖြေရှင်းဖို့ “အမျိုးသမီးများအား အကြောင်းအမျိုးမျိုးဖြင့် ခွဲခြားထားမှု ပပျောက်ရေး သဘောတူညီချက် Convention on the Elimination of All form of Discrimination Against Women (CEDAW)” ဆိုတဲ့ အမျိုးသမီးကဏ္ဍ အတွက် သီးသန့် စာချုပ်တခုကို ကုလသမဂ္ဂက မွေးထုတ်ခဲ့ပါတယ်။ ဒီစာချုပ်ရဲ့ လိုရင်းချက်ကတော့ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး မရှိအောင် ကန့်သတ်ထားတဲ့ မိရိုးဖလာ ယုံကြည်မှု အစွဲအလန်းတွေကို သက်ဆိုင်ရာ အစိုးရတွေက ဥပဒေတွေ ချမှတ်ပြီး အမျိုးသမီးအခွင့်အရေးကို ချိုးဖေါက်ရာ ရောက်နေတဲ့ အယူအဆအစွဲအလန်း အမှန်သမျှကို ပျောက်ကွယ်အောင် လုပ်ပေးရမယ်ဆိုတဲ့အချက်တွေ ဖြစ်တယ်။ မြန်မာနိုင်ငံဟာ CEDAW စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ဆိုလိုတာက ဒါတွေ လုပ်ပေးပါမယ်လို့ အစိုးရကိုယ်တိုင် လက်မှတ်ထိုးထားပြီးတော့ စာချုပ်ပါအကြောင်းအရာများ အတိုင်း မြန်မာအမျိုးသမီးများ အတွက် အစိုးရက ဘာတခုမှ လုပ်ပေးတာကို မတွေ့ရတဲ့အပြင် အစိုးရစစ်တပ်တွေကိုယ်တိုင်က ရှေ့တန်းဒေသတွေမှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်နေတာကို မကြာခဏ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မြန်မာနိုင်ငံက စစ်မြေပြင်တွေမှာ အမျိုးသမီးများနဲ့ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်များ အတင်းအဓမ္မ ပေါ်တာအဖြစ်ဆွဲခေါ် အသုံးပြုခံရရာကနေ စစ်တပ်ရဲ့ အဓမ္မပြုကျင့်ခံနေရခြင်း၊ လူကုန်ကူးခံရခြင်းရဲ့ သားကောင်များအဖြစ် အိမ်နီးနားချင်း နိုင်ငံများတွင် ပြည့်တန်ဆာအဖြစ် မြန်မာအမျိုးသမီးများ ခန္ဓာကိုယ် ရောင်းစားခံနေရခြင်း၊ ကျေးလက်ဒေသက အမျိုးသမီးများ အိမ်တွင်းမှာ လင်ယောက်ျားဖြစ်သူများရဲ့ ဆိုးရွားစွာ ရက်စက်အကြမ်းဖက်မှုကို ခံနေရခြင်း၊ ပညာမတတ်တဲ့ အသိုင်းအ၀ိုင်း ရပ်ထဲရွာထဲနဲ့ ကျေးလက်ဒေသ လူထုတွေထဲမှာ အမျိုးသမီးမို့ ယုတ်ညံ့သူတွေအဖြစ် အယူရှိနေပြီး မလုပ်ရမကိုင်ရ ကန့်သတ်ချက်တွေ ယနေ့အထိ ရှိသေးခြင်း စသည်တို့ဟာ CEDAW စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး အစိုးရရဲ့ တာဝန်မကျေမှုကို ပြသနေပါတယ်။ CEDAW စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အစိုးရတိုင်းဟာ အယူသီးမှုတွေ အားလုံး အမျိုးသမီးတွေကို ထိခိုက်နစ်နာစေတဲ့ အချက်တွေအားလုံးကို ရှာဖွေစစ်ဆေးဖေါ်ထုတ်ပြီး ဥပဒေအရ တားမြစ်အရေးယူရမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေပြုခြင်း အပါအ၀င် တိုင်းပြည်အုပ်ချုပ်ခြင်းက စစ်တပ်လုပ်ရမည့် အလုပ်မဟုတ်၊ စစ်တပ်ဆိုတာ တိုင်းပြည် ကာကွယ်ဖို့သာဖြစ်တဲ့အတွက် စစ်တပ်ကြီးစိုးတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို လုပ်ပေးနိုင်ဖို့ မျှော်လင့်ချက် မရှိပါဘူး။ ဒါကြောင့် စစ်တပ်ကိုတော့ CEDAW ပါအချက်တွေကို ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုလို့လည်း ထူးမှာမဟုတ်လို့ ကျွန်မ ဘာမှ မတောင်းဆိုလိုပါဘူး။ စစ်ခေါင်းဆောင်တွေကို ပြောလိုတာက စစ်တပ်နဲ့ ဆိုင်တာကိုပဲ လုပ်ပါ။ စစ်တပ်နဲ့ မဆိုင်တဲ့ နိုင်ငံရေးမှာ စစ်တပ်က မဆီမဆိုင် ၀င်လုပ်နေလို့ အရင်က ချမ်းသာတဲ့ မြန်မာပြည်က အခုတော့ ထည်ကြီးပျက် ဖြစ်နေပါပြီ။ နိုင်ငံရေးဆိုတာ ပြည်သူလူထုနဲ့သာ ဆိုင်တဲ့အတွက် ပြည်သူလူထုကို သူ့အလုပ်သူ လုပ်ခွင့်ပေးပါ စစ်တပ်က ကိုယ်နဲ့ မဆိုင်တာကို ဆက်မလုပ်ဘဲ ရပ်တန်က ရပ်ပြီး ပြည်သူလူထု ပြန်လည်ချစ်ခင်လေးစားလာအောင် ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်ပါ ဆိုတာပဲ ပြောချင်ပါတယ်။

သို့သော်လည်း မြန်မာအမျိုးသားတွေကို အထူး တောင်းဆိုလိုတာကတော့ ချက်ပြုတ်ခြင်း၊ လျှော်ဖွပ်ခြင်း ကလေးမွေးပြီး စောင့်ရှောက်ခြင်းတွေကလွဲရင် အခုခေတ် အမျိုးသမီးတွေ လုပ်နေတဲ့ အလုပ်တွေ အားလုံးဟာ အမျိုးသမီးတွေ ဒါတွေကို လုပ်လိုက်ရင် ကမ္ဘာကြီးပဲ ပျက်တော့မည့်အတိုင်း အမျိုးသမီးတွေနဲ့ မတန်၊ မလုပ်ရမကိုင်ရ ဆိုပြီး အရင်ခေတ်က ပြင်းထန်စွာ တားမြစ်ခံလာရတဲ့ အလုပ်တွေသာ ဖြစ်ပါတယ်၊ အခု ဒီအလုပ်တွေကို အမျိုးသမီးတွေ လုပ်လာကြတော့ လုပ်အားတွေ တိုးလာပြီး လူ့အဖွဲ့အစည်းကြီးက ပိုပြီးတိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့်မို့ ရှေးရိုးစွဲတွေကို သိပ်မထားကြဘဲ မိမိတို့ရဲ့ ဇနီးမယားတွေ၊ သမီး၊ မြေးတွေ၊ တူမတွေက စိတ်ဝင်စားတဲ့ အိမ်ပြင်ပ အလုပ်တွေကို အမျိုးသားတွေက မကန့်ကွက်ဘဲ ပါရမီဖြည့်ပြီး အားပေးကြဖို့ ကျွန်မ တိုက်တွန်းချင်ပါတယ်။ အမျိုးသမီးတွေကိုလည်း မိမိတို့ရဲ့ နှိမ့်ကျနေတဲ့ အခန်းကဏ္ဍကို မြှင့်တင်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းပါတယ်။

ခေတ်အဆက်ဆက်က အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်လာခဲ့တဲ့ အမျိုးသမီးများ၊ လက်ရှိမှာ အမျိုးသမီးများရဲ့ ဘ၀တိုးတက်ရေးအနှင့် အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူများ အားလုံး၊ ဒီနေ့ကျရောက်သော မတ်လ (၈) ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများနေ့နှင့် လာမည့် ဇွန်လ (၁၉) ရက်နေ့မှာ ကျရောက်မည့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို ဒီပို့စ်နဲ့အတူ ဂုဏ်ပြုလိုက်ပါတယ်။

အမျိုးသမီးထုဘ၀ တိုးတက်မြင့်မားရေးသို့ ရှေ့ရှုလျက်

လွန်ခဲ့တဲ့ သုံးနှစ် (8/03/10) ရက် 3:33PM မှာ တင်ခဲ့တဲ့ပို့စ်ကို ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အပေါ်ခဏ ပြန်တင်ထားပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

သဘောကောင်းသူ (မြ၀တီ ရဲခေါင်)


အတိတ်၌ ကျန်ရစ်ခဲ့ပြီးဖြစ်သော ကမ္ဘာ့ နိုင်ငံရေး သမိုင်းအစီအစဉ် တွင် အထူးထူး အပြားပြားသော ဂုဏ်အင်္ဂါ များကြောင့် ပြည်သူတို့၏ ချစ်ကြောက်ရိုသေ ခြင်းခံရသော ခေါင်းဆောင်များကား ကမ္ဘာနဲ့အဝန်း တိုင်းပြည်တိုင်း၌ပင် လျှင် အခြေအနေအရ ပေါ်ထွက်ခဲ့ဘူးကြပြီ ဖြစ်သည်။ ယင်းသို့သော ခေါင်းဆောင်များ အနက် အချို့မှာ အပြောကောင်း၏။ အချို့မှာ သဘောကောင်း၏။ အချို့မှာ သတ္တိကောင်း၏။ အချို့မှာ ကိုယ်ကျင့်တရားကောင်း၏။ အချို့မှာ မှတ်ဥာဏ်ကောင်း၏။ အချို့မှာ စာရေးကောင်း၏။ အချို့မှာ အစီအမံ ကောင်း၏။ အချို့မှာ ပညာဥာဏ်ကြီးကျယ်၏။ဤသို့လျှင် ကာလ ဒေသ ပယောဂ အားလျော်စွာ နှောင်းခေတ်တွင် ပေါ်ထွက်ခဲ့ဘူးသော ခေါင်းဆောင်ထူးများ အနက် ယခု ကျွန်တော် ရေးသားလတ္တံ့သော သခင်အောင်ဆန်းခေါ် ၊ ငမိုးခေါ် ၊ အိုမိုတ ခေါ် ၊ ဗိုလ်တေဇ ခေါ် ၊ ဦးနောင်ချိုခေါ် ၊ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း အပါအဝင်ဖြစ်၏။

အခြားသူများအဖို့ ဗိုလ်ချုပ်အောင်ဆန်းအား မည်သို့ရှု့မြင်မည်ကို မသိနိုင်သော်လည်း ကျွန်တော် ကမူ တရံရောအခါက ဗိုလ်ချုပ်အောင်ဆန်းအပေါ်၌ ``သဘောကောင်းသူ`` တစ်ဦး အဖြစ် ရိုးသားစွာ မြင်တွေ့ သိရှိခဲ့ဘူးပါ၏။

အချိန်ကား ---- ၁၉၄၂ ခုနှစ် ဇွန်လ အတွင်း၌ ဖြစ်သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့် နိပွန် တပ်မတော်သည် ရန်ကုန်မှ ဗြိတိသျှ နယ်ချဲ့ စစ်တပ်များအား မောင်းနှင်ထုတ်ပြီးသည့် နောက် မြို့ပြ အုပ်ချုပ် ရေးကို အုတ်မြစ်ချစ အချိန်တွင် တပ်မတော်မှ ရဲဘော်သုံးကျိပ်ဝင် ထိပ်တန်းအရာရှိ အချို့နှင့် ဒို့ဗမာ အစည်းအရုံးဝင် အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ခံအချို့မှာ ရွှေတောင်ကြားလမ်းအတွင်း၌ နေထိုင်ကြ၏။

ထိုအခါက ယခု အလံပြဘုရားလမ်းရှိ အင်္ဂလိပ် မက်သဒစ်ကျောင်း ၌ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရုံးထိုင်သော စစ်သေနာပတိချုပ်ရုံး G-S-O ဖွင့်လှစ်ထားရာ ထိုရုံးမှနေ၍ ရန်ကုန်မြို့တွင်း၌ တပ်စွဲထားသော တပ်အသီးသီးနှင့် တကွ မြန်မာပြည် အနှံ့အပြားသို့ ရောက်ရှိနေသော ဗမာ့လွတ်လပ်ရေး တပ်မတော် တစ်ခု လုံး၏ စစ်ဆင်ရေးနှင့် တာဝန်ဝတ္တရားများကို ခွဲဝေချမှတ်ပေး၏။

ထိုအချိန်၌ပင် ကျွန်တော် အပါအဝင်ဖြစ်သော ယိုးဒယား ဦးလှဖေ ဦးစီးသည့် တပ်သည် မြစ်ဝ ကျွန်းပေါ် ရှိ သူပုန်၊ သူကန်များအား နှိမ်နင်း၍ ရန်ကုန်မြို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း ၌ အနားယူဆဲ ဖြစ်ရာ ထိုနေ့က အထက်အမိန့်အရ ထားဝယ်သား ဗိုလ်ကျော်ဒင် (ထိုခောတ်က တပ်စိပ်မှုးကို တပ်စိပ်ဗိုလ် ဟုခေါ်သည်) တိုက်ရိုက် အုပ်ချုပ်ရသော ကျွန်တော်တို့ ကင်းတပ်စိပ် တစ်စိပ်အား ရွှေတောင်ကြားလမ်းရှိ တပ်မတော် အရာရှိကြီး တစ်ဦး၏ အိမ်၌ စောင့်ရှောက်ရန် စေလွှတ်သောကြောင့် ဝတ္တရားအလျောက် နေရင်း တပ်စခန်းမှ ထွက်လာခဲ့ရလေသည်။

အမှန်ကိုဝန်ခံရမည် ဆိုသော် ထိုအချိန်အထိ ကျွန်တော်သည် တပ်သားသစ်တို့၏ သဘာဝ စိတ်အား တတ်ကြွနေချိန်ဖြစ်သောကြောင့် အရာရာ၌ ထောင့်မကျိုးပဲ ဆတ်ကော့ လတ်ကော့ ဖြစ်နေ၏။ စစ်ပညာ ဟူ၍လည်း သေနတ်ထမ်း သေနတ်ချ အလေးပြု ချီတတ် သေနတ်ပစ်မှ လွဲ၍ ဘာကိုမဆ စနစ်တစ်ကျ မယ်မယ်ရရ မတတ်သေး ။ စစ်စည်းကမ်းဆိုသည်မှာလည်း ဝေလာဝေး။

ထိုအချိန်က ကျွန်တော်၏ ခံယူချက်မှာ အထက်လူကြီးများ တားမြစ်သော အချက်မှန်သမျှ ကိုရှောင်ကျဉ်၍ အထက်လူကြီးများက တိုက်တွန်းစေခိုင်းသော အရာ မှန်သမျှကို ဘာပဲဖြစ်ဖြစ် အမှား အမှန် ဝေဖန်ရန်မလို အရှုံး အမြတ် တွက်နေရန်မလိုဘဲ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရေးသာလျှင်ဖြစ်၏။



ဆိုခဲ့သည့်အတိုင်း ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှသည် ရွှေတောင်ကြားလမ်းသို့ ခြေလျှင် ချီတတ် လာကြရင်း တာဝန်ထမ်းဆောင်ရမည့် နေအိမ်သို့ ရောက်သောအခါ ကျွန်တော်တို့သည် ရှိရင်းစွဲတပ်စိပ် နှင့် ကင်းချင်းလဲလှယ်၍ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ရလေသည်။

ထိုအိမ်ကား ( ဗိုလ်အောင် ၊ ခြံအမှတ် ၅၆ ) ယခု အီတလီသံအမတ် အိမ်နှင့် ကပ်လျှက် ဖြစ်၏။

ကျွန်တော် စောင့်ရမည့် ကင်း အလှည့်သို့ ရောက်သည်ဆိုလျှင်ပင် နေအိမ်အတွင်း ကျွန်တော်တို့အတွက် ပေးထားသော သီးသန့်ခန်းမှ အိမ်ဝရှိ ကင်းဂိတ် ထွက်လာခဲ့ရသော ကျွန်တော့ အဖို့ တာဝန်ချိန်အတွင်း သက်ပြင်းတချချ ရင်တမမဖြင့် ဆက်ဆံရဦးမည့် ဧည့်သည်အမျိုးမျိုး၏ အကြောင်းကို စဉ်းစား မျှော်တွေး ရင်လေး၍ နေမိပေသည်။

ထိုခေတ်က ဗိုလ်မှုးအောင် (ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဟောင်း ) မှာ အိမ်ထောင်မကျသေး ၊ လူပျိုကြီး ဖြစ်၏။ ထို့ကြောင့်လည်း အိမ်သို့ လာသော ဧည့်သည်များအနက် စစ်ဘက်ဆိုင်ရာ အရာရှိများ ၊ နိုင်ငံရေးသမား များ ၊ အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ ၊ သက်ဆိုင်ရာ ဆွေမျိုး ၊ မိတ်ဆွေများနှင့် အမျိုးအစား များပြားလှသော အရပ်သား ဧည့်သည်များအပြင် ဆွေမျိုးတော်ချင်သူများလည်းပါ၏။ လာရောက်သူများကို ကြည့်ပါဦး။ လေသံအမျိုးမျိုးဖြစ်သည်ကို တွေ့ရမည်။

``ဟေ့ -- မင်းတို့ ဗိုလ်အောင် ရှိလားကွ ၊ ငါသူ့ဦးလေးဘဲ၊ သူနဲ့ တွေ့ချင်လို့ ``

ဤသို့တစ်မျိုး မာန်ဝင့်၍ လာသူများ။

``ကျုပ် သခင်စံလှိုင်နဲ့ တွေ့ချင်လို့ ကိစ္စအရေးကြီးတယ် ``

ဤသို့ ဂမူးရှုးဒိုး နှင့်လာသူများ။

``ဒီမယ် ဒကာလေး မင်းတို့ဗိုလ်မှုးကို သွားပြောချေစမ်း ၊ မန္တလေးက အာဇာနည် အရှင်ဓမ္မိဿရ ကိုယ်တော် ကြွလာတယ်လို့ ၊ သွား-- သွား-- မြန်မြန်သွား ၊ ငါသူနဲ့ မတွေ့လို့မဖြစ်ဘူး``

ဤသို့ လူမြင်သမျှ ကပ္ပိယ ကဲ့သို့ သဘောထားသော ဘုန်းဘုန်းများ။

``ဒါက မောင်စံလှိုင်နေတဲ့ အိမ်မဟုတ်လား -- ပြောလိုက်ပါ ကျုပ်နာမည်က ``------`` တဲ့ ၊ သူသိပါတယ်--``
ဤသို့ အလွန်တရာ ရင်းနှီးဟန် နှင့် ဘာကောင်မှန်း မသိရသော (ဝါ) လူလော နတ်လော ခွဲခြား၍ မရသော သူတို့သည် တစ်နေ့ တစ်နေ့ ဝင်၍ ဝင်၍သာ သွားကြပြီး ပြန်ထွက်ကြသည် မရှိသောကြောင့် ဧည့်ခန်းမဆံ့ မခန့်မညား ဖြစ်လာသောအခါ ကင်းဗိုလ်ဖြစ်သူမှာ မနေသာတော့ဘဲ ကျွန်တော့်ထံသို့ ပြေးလာ၍ -----------

``ဟေ့ကောင်-- ရဲခေါင် ၊ ကြည့်လဲလုပ်ပါဦးကွာ--မင်းဥစ္စာကလဲ ငါ့လခွေးမှဘဲ၊ လူတွေကို အရမ်းမလွှတ်ပါနဲ့ကွ၊ အခု ဟိုမှာ ဧည့်ခန်းမဆံ့ တော့ဘူး။ ဒါကထားဦး --ဒို့ဗိုလ်မှုး ခုထိ ထမင်းမစားရသေး ဘူး။ ကြည့်စမ်း ဘယ်အချိန်ရှိနေပလဲ။ နမ်းမေဂရိုး-- ဒီလိုသာ လူတိုင်းလက်ခံ စကားပြောရရင် သေးတောင် ပေါက်ရမှာ မဟုတ်ဘူး``ဟု ဆိုပါလေတော့သည်။

ပြောမည်ဆိုလည်း ပြောစရာပင် ၊လာရောက်သော ဧည့်သည်များတွင် အလည်အပတ် သက်သက် ၊ သားရေး သမီးရေး ကိစ္စ နှင့် အချိန်ဖြုံးတီးရန် လာသူများ အောက်လက်ငယ်သား ပုလိပ် ဆယ်အိမ်ခေါင်းမျှ နှင့် ပြီးစီးနိုင်သော ကိစ္စများကိုပင် မြစ်ချောင်းအသွယ် မြို့နယ်အစုစု လူမှုအဆင့်ဆင့် ကို ဖြတ်ကျော်၍ တကူးတကန့် ဒုက္ခပေးရန်အတွက် လာသူများ။ မိမိတို့ အရေးကိစ္စကို တိုတိုတုတ်တုတ် နှင့် လိုရင်း မပြောဘဲ အတိတ်ကိုဆောင်၍ နမိတ်တော်ခင်းပြီး ``မိုးအလင်း`` ပြောမည့်သူများမှာ အဆိုးဆုံးဖြစ်လေသည်။ ထိုသူများ သည် အလိုက်ကန်းဆိုး လုံးဝမသိသူများ ဖြစ်သည့်အတွက် သူတို့၏ အပြုအမူများကိုလည်း တားမြစ်တိမ်းဖယ် ပြုပြင်ရလွယ်သူများ မဟုတ်ကြ။

ထို့ကြောင့် ဧည့်သည်များလာလျှင် ဧည့်သည်၏ အရေးကိစ္စကို အမျိုးအစားခွဲခြား၍ ရုံးကိစ္စဖြစ်လျှင် ရုံးသို့စေလွှတ်လိုက်ရန်နှင့် အိမ်ကိစ္စဖြစ်ပါမူလည်း သူ့အားရှေးဦးစွာ အသိပေးအကြောင်းကြားရန် မှာထားသောကြောင့် နောင်သောအခါ၌ ကျွန်တော်သည် ဗိုလ်မှုးအောင်နှင့် တွေ့လိုသော ဧည့်သည်များကို တပ်စိပ်ဗိုလ်၏ သြဝါဒ အမိန့်တော်အတိုင်း ဦးထိပ်ရွက် ပန်ဆင်ရန် ဟန်ပြင်ရလေတော့သည်။

ဤသို့ ပြုလုပ်လိုက်ပြန်ပါသော်လည်း ကျွန်တော်၏ တပ်စိပ်ဗိုလ်ခမျာမှာ သက်သာလှသည်တော့ မဟုတ်။ ကျွန်တော်တို့က ဘယ်လိုပင် လူဝင်ကန့်သက်ရေးအတွက်`` မူ``ပြောင်းထားပေမယ့် လာရောက်သောလူများမှာ မပြောင်းသောကြောင့် လာလာသမျှအား အဘိယာစက စကားမြွက်ကြား ပြောဆို နေရသည်ကပင်လျှင် တံတွေး မျိုချချိန်မရ၊ တစ်ယောက်ပြီးတစ်ယောက် လူရိပ်မပျောက်အောင် သူတို့ပဲ လာနိုင် လွန်းကြသည်။

ဤတွင် ကျွန်တော်တို့ တပ်စိပ်ဗိုလ်မှာ အိမ်ကိစ္စအတွက်လူလာတိုင်း သူပါရသည်ဖြစ်သောကြောင့် မီတာ ၂၀ ခန့်မျှဝေးသော အိမ်ဝနှင့် ကင်းဂိတ်ကို တောင်ပြေး မြောက်ပြေး ရွာဆော်ကြီးခွေး ကဲ့သို့ လျှာထွက် မတတ် ပြေးရဖန်များသောအခါ ဖဝါးနာပြီး မစားသာသောအခြေ သို့ ဆိုက်ရောက်လာရကား ချမှတ်ပြီးသော လမ်းစဉ်ကို နောက်ထပ်တစ်ဖန် ပြန်ရပြန်သည်။

``ကဲ--- ရဲခေါင်ရေ ၊ဒီတစ်ခါတော့ ဒီလိုလုပ်ကြမှထင်တယ်။ အိမ်ကိစ္စနဲ့ လူလာတိုင်းလဲ မင်းငါ့ကို မခေါ်နဲ့တော့ကွာ မင်းဘာသာမင်း လူရိပ်လူကဲကြည့်ပြီး အထဲကို လွှတ်သင့်တယ်ထင်မှ လွှတ်တော့ ဟုတ်လား။ တော်ရုံတန်ရုံတော့ကွာ မင်းသဘောနဲ့ မင်းကြည့်ပြီး ကောင်းသလိုသာ ရှင်းလိုက်ပေတော့ နားလည်သလား--``

``ဟုတ်ကဲ့ ဗိုလ်လေး စိတ်ချပါ-- ဒီလိုဆို ကျွန်တော် ကြည့်လုပ်လိုက်မယ်``

ထိုသို့ လူဝင်ကန့်သက်ရေးအတွက် အချုပ်အခြာအာဏာ ကျွန်တော့လက်တွင်းသို့ ရောက်လာသည် နှင့်တပြိုင်နက် ကျွန်တော်နှင့် လူ့ဂွစာများ လူ့ကပ်ဖဲ့များ စိတ်ကြီးဝင်နေသော သူများ မှာ ခွေးနှင့် ကြောင်ကဲ့သို့ တစောင်စောင်ဖြစ်ရုံမျှမက မီးခဲနှင့် ဗျောက်အိုးကဲ့သို့ ဝင်တိုးတိုင်းမီးပွင့်လေတော့ သည်။

နုနုနှင့် ပြောမရသူများကို ခပ်ထန်ထန်ပြောရ၏။ ပြောရင်းက ကဲတတ်လာသောသူများကို မူ လက်မောင်းရင်းကို ဆွဲ၍၎င်း၊ ရင်ပတ်ကို တွန်း၍၎င်း ထုတ်ရတော့သည်။ ဤသို့မှ မလုပ်လျှင်လည်းမရ။ လူလူခြင်းဆက်ဆံရသည်မှာ အတော်ခက်လှပေသည်။ လက်နက်ရုံတစ်ရုံကို စောင့်ရှောက်ရခြင်းထက် လူတစ်ယောက်ကို ထိမ်းသိမ်းရသည်မှာ အလွန်တရာ တာဝန်ကြီးလှပါ၏။လက်နက်နှင့် လူမှာ ပေါက်ကွဲ ထိရှပုံခြင်း တူသော်လည်း တန်ပြန်ပုံ၌ မတူချေ။ လူသည် လက်နက်ထက် ပရိယာယ်များ၏။ အချို့သောသူ များမှာ အလိုက်လည်းမသိ ကိုယ်ချင်းစာတရားလည်းမရှိချေ။ ထိုသူများသည် တဖက်သားအား စကားဖြင့် မခံချင်အောင်ပြော၏။ အမူအရာဖြင့် မသိမသာ စော်ကား၏။ ထိုအခါ စစ်သားများက မခံနိုင်လွန်းသဖြင့် စိတ်လိုကမာန်ပါ ပြန်၍လုပ်လိုက်သောအခါ ကာလပျက်ခမန်း ``စစ်သားတွေ ကြမ်းသည် ရမ်းသည် ရိုင်းသည်`` ဟု ဆိုရိုးပြုကြတော့သည်။ ဒီတော့ မခက်ပါလား။




သို့နှင့်ပင် ကျွန်တော်၏ ကင်းတာဝန်ချိန် ၂- နာရီကား ပြီးဆုံးခဲ့ပါပြီ ။ ကျွန်တော်သည် စိတ်ရော ကိုယ်ပါ အနားရတော့မည်ဖြစ်သဖြင့် လေကလေး တချွန်ချွန်နှင့် အလွန်ပင်ပျော်နေမိသည်။ သို့ရာတွင် ကျွန်တော်၏ ပျော်ရွှင်မှုများ ရေပွက်ပမာ ခဏသာတည်း။ အကြောင်းကို ဆိုရသော်---

``ရဲခေါင်ရေ---- ကျင်မောင်တစ်ယောက်ကွာ ၊ အဖျားတတ်နေလို့ မင်း သူ့အစား နောက် နှစ်နာရီ စောင့်ပေးလိုက်ပါအုံးကွာ ။``

ကျွန်တော်တို့ တပ်စိပ်ဗိုလ်၏ စကားမဆုံးမီပင် ကျွန်တော်သည် လွတ်ခါနီးမှ နောက်အမှုပေါ်လာသော အကျဉ်းသားနှင့်မခြား စိတ်တွင်းမှ ဘုရားတ၍ သက်ပြင်းကို ချလိုက်မိသည်။

``အင်း နောက်နှစ်နာရီ -- နောက် နှစ်နာရီ ``

ကျွန်တော်သည် စိတ်ထဲမှ ရေရွတ်ရင်း နောက် ၂ နာရီအတွင်း ထပ်မံတွေ့ဆုံရဦးမည့် လူသတ္တဝါများ အကြောင်းကို တဖြည်းဖြည်းတွေး၍ ရင်လေးနေတော့သည်။ သို့သော်ယခု ကိစ္စမှာနာမကျန်းဖြစ်နေသော ရဲဘော် တစ်ဦးအတွက် ကူညီရမည့် ကိစ္စဖြစ်သောကြောင့် ကမ္မဿကာ ဖြစ်ချင်တိုင်းဖြစ် နစ်ချင်တိုင်းနစ် ကရော စိတ်မညစ်သာပြီဘူး ပဉ္စဝုဓ မင်းသားထုံးစံ မလွဲသာ၍ ရန်သူတွေ့ ခြင်္သေ့ခံခံရအောင် `` ဟူသော ဝိဇယ ပြဇာတ်ထဲမှ ဦးပုည စာချိုးအတိုင်း ကိုယ့်ကိုယ်ကို ပြန်၍ အားပေးရပါတော့သည်။

ကျွန်တော်သည် သေနတ်ကိုပိုက်၍ ထိုမှ ဤမှ လမ်းသလားနေရသည်နှင့်အမျှ ကျွန်တော်၏ စိတ်များ မှာလည်း ဂဏာမငြိမ်ဖြစ်နေသည်။ ကျွန်တော်၏ မျက်လုံးမှာမူ ရွှေတောင်ကြားလမ်း တလျှောက် နောက်ရောက်မည့် ဂွငနဲ ကိုသာ စိတ်ထဲမှ ကျိန်ဆဲရင်း စောင့်မျှော်နေမိ၏။

ထိုအချိန်တွင် လူတစ်ယောက်သည် ချင်းချောင် အဲဗားနယူး ဘက်မှသည် ရွှေတောင်ကြားလမ်းအတိုင်း ကျွန်တော်ရှိရာဘက်သို့ နှေးကွေးစွာ လျှောက်လာနေ၏။ အချိန်မှာ ညနေ ၅ နာရီနှင့် ၆ နာရီကြား လူလုံးလှချိန် ဖြစ်သော်လည်း ဝဿန်ကာလ၏ သဘာဝစုတ်ချက်များက မီးခိုးရောင်မှုံး၍ လူလုံးမှိန်ထားသော ကြောင့်၎င်း။ မိုးဥတု ဇာငွေမျှင်များက သူ့ပတ်ဝန်းကျင်တွင် တဖွဲဖွဲ ကျနေသောကြောင့်တစ်ကြောင်း မည်သူ မည်ဝါဖြစ်သည်ကို မသိနိုင်။

သို့သော် တစ်ခုတော့ပြောနိုင်သည် ။ ဤသို့ မိုးတဖွဲဖွဲကျနေသည့်ကြားထဲ၌ ထီးမပါ အကာမရှိ ဘယ်ကိုဆို ဘယ်ကိုမျှမကြည့်ဘဲ ဦးခေါင်းငုံ့ကာ စဉ်းစား၍ လာနေသူသည် ဧကန္တ စိတ္တဇရောဂါသည် တစ်ဦးသာ ဖြစ်ရပေမည်။ ဤသို့ ကျွန်တော်က ထင်၏။

သူသည် တဖြည်းဖြည်း ကျွန်တော်နှင့် နီးကပ်လာရာမှ လွန်၍သွား၏။ ထိုအချိန်ထိ သူသည် ဘယ်ကိုမျှ မကြည့်သေး။ လမ်းထိပ် ကွေ့သို့ရောက်သောအခါကျမှ သူသည် ရုတ်တရက် သတိရဟန်ဖြင့် ဖျတ်ကနဲ ခေါင်းထောင်၍ ဗိုလ်မှုးအောင် အိမ်ဘက်သို့ တစ်ချက်မျှော်ကြည့်လိုက်ရင်း ကျေနပ်ပြုံးပြုံးကာ ပြန်လှည့်လာပြန်သည်။ သို့သော် သူ၏ ခေါင်းမှာမူ ငုံ့မြဲငုံ့လျှက်----

``ရော--- ဘယ်ကိုများ လာအုံးမလို့ပါလိမ့် ``

ကျွန်တော်သည် ဤသို့တွေးရင်း သူ့အား ပို၍ပို၍ စိတ်ဝင်စားလာမိသည်။ သူသည် ခြံပေါက်အတွင်း သို့ တန်းတန်းမတ်မတ် ဝင်လာသော်လည်း ဘာကိုမျှ ဂရုမပြု။ ဘယ်သူ့ကိုမှ မေးမြန်းခြင်း မရှိ။

သူသည် ကျွန်တော့်ကိုရှေ့မှ ဖြတ်၍ တတ်ရန်ပြင်လိုက်သည်နှင့် တပြိုင်နက် လှံစွတ်တပ်ထားသော ကျွန်တော်၏ ရိုင်ဖယ်သေနတ်သည် သူ၏ ရင်ဘတ်သို့ ကန့်လန့်ဖြတ် တားထားလိုက်ရပါတော့သည်။ ထိုအခါ သူသည် သေနတ်ကိုတလှည့် ကျွန်တော့ကိုတလှည့် အေးစက်သောအမူအရာဖြင့် ကြည့်ပြီးမှ---

``သြ---- ရဲဘော် ခင်ဗျားကို ကျုပ် မမြင်မိဘူး ``

အလို--- ဘုရားရေ--- ၊ လူတစ်ယောက်လုံးရပ်နေတာတောင် မမြင်မိဘူးတဲ့။ ကဲ-- ကျွန်တော်က သူ့ကို အံ့သြစွာပင် ကြည့်လိုက်ရင်း စိတ်တွင်းမှလည်း သူ့ပေါ်၌ တမျိုးတမည် ထင်မှတ်မိပြန်သည်။

``တန်တော့ ဒီလူဟာ ကြောင်တောင်ကန်းများလား``
ကျွန်တော်သည် ဤသို့တွေးတောရင်း သူ၏ ပုံပန်းသဏ္ဍန်ကို တစ်ရစ်စီ ခြေဆုံးခေါင်းဆုံးလေ့လာ နေမိ၏။

ကြည့်ပါ --ခေါင်းမွေးစုတ်ဖွား ၊ မေးရိုးကားကား ၊ မျက်ပေါက်ကျဉ်းကျဉ်း ၊ စွပ်ကျယ်လက်တို ၊ တပတ်ရစ် ယောပုဆိုး ၊ သဲကြိုးနီ လေယာဉ်ပျံ ဖိနပ်နှင့် ပိန်ကပ်ကပ် မွဲခြောက်ခြောက် လူတစ်ယောက်။

``ခင်ဗျားက ဘယ်ကလဲ၊ ဘယ်သူလဲ ၊ ဘယ်သွားမလို့လဲ---``

ကျွန်တော်က သူ့အား သိလိုသော မေးခွန်းများကို ဆက်တိုက် တရစပ် မေးချလိုက်သည်။ သို့ရာတွင် သူသည် ကျွန်တော်၏ မေးခွန်းများကို ပြည့်စုံစွာ မဖြေ။ ကျွန်တော်က သူ့ကို စိတ်ဝင်စားနေသော်လည်း သူက ကျွန်တော့အား ပြန်လည်၍ စိတ်ဝင်စားဟန်မတူ။ သူ့ကြည့်ရသည်မှာ ခပ်ကြောင်ကြောင်ပင် ဖြစ်၏။ သူသည် ကျွန်တော့အား မကြည့်ဘဲ ဗိုလ်မှုးအောင် အိမ်ဘက်သို့ကြည့်ရင်း ကျွန်တော့မေးခွန်းကိုဖြေ၏။

``ဒီကိုပါဘဲ--- ကျုပ်နေတာ ဒီနားမှာဘဲ---``

ကဲကြည့်----။ ဖြေ ပုံကိုက ငုံးတိတိနှင့် ဘယ်လောက်များ ဂွကျသော လူစားထဲက ပါလဲ။ ဒီလို ဂွငနဲ မျိုးပေါင်းများစွာကို လွန်ခဲ့သောအချိန်များက ကျွန်တော်သည် လက်မောင်းကို ဆွဲ၍၎င်း၊ ရင်ဘတ်ကို တွန်း၍၎င်း။ နားရင်းကို အုပ်၍၎င်း ၊ ထုတ်ခဲ့ဘူးပြီ မဟုတ်ပါလား ။ ယခုလည်း လာပြန်ပြီတစ်ယောက် ၊ ကျွန်တော်သည် စိတ်နောက်နောက်ဖြင့် သူ့အားကြည့်၍----

``ဒီမှာ ဗျို့ဆရာ-- ခင်ဗျားဒီကို လာတဲ့ကိစ္စပြောစမ်းပါ--``

``ကျုပ် ဗိုလ်အောင်နဲ့ တွေ့ချင်လို့--``

``ရုံးကိစ္စလား အိမ်ကိစ္စလား``

``အိမ်မှာ တွေ့ပြီး ပြောမှဖြစ်မယ့် ရုံးကိစ္စဘဲ``

``ဟင်------``

သူပြောသောစကားကြောင့် ကျွန်တော့မှာ ကြောင်အမ်းအမ်းဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ကျွန်တော်က ဘာကိုမျှပြန်၍ မပြောနိုင်မီ သူသည် သူပြောလိုသောစကားများကို ဆက်ပြောသွား၏။

``ကျုပ်အဖို့ရာ အိမ်ကလည်းရုံး ရုံးကလဲ အိမ်ပဲ၊ အိမ်နဲ့ ရုံးကို ခွဲခြားနေဘို့၇ာ အချိန်မရဘူး ရဲဘော် ၊ ဒါကြောင့် အခု ကျုပ်------``

သူသည် စကားကိုပင် အဆုံးမသတ်ဘဲ ခြံတွင်းသို့ ပြောပြောဆိုဆိုဖြင့် တစ်လှမ်းခြင်းဝင်သွား၏။ ကျွန်တော်သည် စက္ကန့်ပိုင်းမျှ သူ၏အပြုအမူကို အံ့အားသင့်ကာ ကြည့်နေပြီးမှ ကပျာကရာ သူ၏ လက်မောင်းရင်းကို ပြေးကိုင်ပြီး ခြံဝသို့ ဆွဲထုတ်ခဲ့၏။ သူသည် ကျွန်တော်၏ လက်တွင်းဝယ် ယက်ကန် ယက်ကန် ဖြင့် ပါလာရင်း ခြံပြင်သို့ေ၇ာက်သည်နှင့် တပြိုင်နက် ကျွန်တော်၏ မာန်မဲကျိမ်းမောင်းခြင်းကို ခံရရှာတော့သည်။ သို့ရာတွင် သူက အပြုံးမပျက်ပါ။ ထိုသို့အပြုံးမပျက်လေလေ ကျွန်တော်က ဒေါပွလေလေ။

``------ခင်ဗျား ဘယ်လိုလူလဲဟင် ၊ ခင်ဗျား ဘာကောင်လဲ ၊ ဒီလို ဗိုလ်မှုးတစ်ယောက် အိမ်ထဲကို အရမ်းဝင်ချင်တိုင်း ဝင်လို့ရမလား ၊ ခင်ဗျား တယ်ဇွတ်တရွတ် နိုင်တဲ့လူပါလား။ ခင်ဗျားကို ဘယ်သူက ဝင်ခွင့် ပေးသေးလို့လဲ--``

ကျွန်တော်က ဒေါပွပွဖြင့် သူ့အား ကြိမ်းမောင်းနေစဉ်ပင် သူသည် ကျွန်တော် ကြိမ်းမောင်းသမျှကို စိတ်ရှည်လက်ရှည် နားထောင်နေပြီးခါမှ စကားတစ်ခွန်းကို လေးကန်စွာ ပြောလိုက်လေသည်။

``မဟုတ်ဘူး ရဲဘော်--- ကျုပ်ဟာ အောင်ဆန်းဘဲ ၊ ရဲဘော် ကျုပ်ကို မသိလို့ ဖြစ်ပါလိမ့်မယ် ၊ ရဲဘော်တို့ ကင်းဗိုလ်ကို ခေါ်လိုက်ပါလေ-- ၊ ကျူပ်သူနဲ့တွေ့ပါ့မယ်--``

ထိုအခါမှ ကျွန်တော်၏ ခေါင်းထဲသို့ အကြောင်းတစ်ရပ်သည် ဖျတ်ကနဲ ဝင်လာ၏။ (ဗိုလ်တေဇ ခေါ် သခင်အောင်ဆန်း)။

ထိုအတွေးနှင့် အတူပင် ကျွန်တော်၏ ပါးစပ်မှာ အဟောင်းသားပွင့်ကာ သူ့အား ခြေဆုံးခေါင်းဆုံး ပြန်၍ စေ့စပ်စွာကြည့်ရင်း မယုံရအခက် ယုံရအခက် ဖြစ်နေ၏။ ဝေခွဲမရသော ကျွန်တော်၏ မျက်လုံးများမှာ လည်း သူ့အား အချိန်ကြာမြင့်စွာ တွေဝေငေးငိုင် ၍ကြည့်နေမိသည်။ သူသည် ကျွန်တော်၏ ဝမ်းတွင်းသဏ္ဍန် ကို ဝေဖန်ရိပ်စားမိ၍လား မပြောတတ်။

``ကဲပါလေ-- ကင်းဗိုလ်ကိုသာ ခေါ်လိုက်ပါ ရဲဘော် ၊ ကျုပ်ချမ်းလှပြီ--``

ဟုဆိုရှာပါသည်။ သူကထိုသို့ ပြောလိုက်မှ ကျွန်တော်သည် သတိရ၍ ဤကိစ္စတွင် ကျွန်တော့အနေဖြင့် ဘုမသိ ၊ ဘမသိ ဆုံးဖြတ်လိုက်ခြင်းထက် ကင်းဗိုလ်၏ အကူအညီကို ယူ၍ ဆုံးဖြတ်လုပ် ကိုင်ခြင်းသည်သာလျှင် ကျွန်တော့ အဖို့ အကောင်းဆုံးဖြစ်မည်ကို တွေးမိ၏။ ဗိုလ်ကျော်ဒင်မှာ ကျွန်တော့ ထက် စစ်ဝါရင့်သူလည်းဖြစ်သည်။ တပ်မတော်မှ အရာရှိကြီးများကို အတော်များများ သိမြင်ထားသူလည်း ဖြစ်သည်။

ထို့ကြောင့် ကျွန်တော်သည် ကင်းဗိုလ်အား ခွန်းဆင့်၍ ခေါ်လိုက်ရ တော့သည်။ ကျွန်တော်၏ ခေါ်သံ ကြောင့် ဗိုလ်ကျော်ဒင်သည် ကင်းဂိတ်သို့ ဒရောသောပါး ပြေးလာကာ သူ့ကိုယ်သူ အောင်ဆန်း ပါဟု ဆို၍ နေသော လူကို မြင်လိုက်သည်နှင့်တပြိုင်နက် ဖျတ်ကနဲ အလေးပြုလိုက်ရင်း---

``ဟာ --- ဗိုလ်ချုပ် ရေတွေစိုလို့ပါလား ၊ ကြွပါ ဗိုလ်ချုပ် အထဲကို ကြွပါ--`` ဟု ပြောပြောဆိုဆို ခရီးဦးကြိုပြုပါတော့သည်။
ဤဖြစ်ရပ်ကို မြင်ရသော ကျွန်တော့မှာမူ ကောင်းကင်အတတ် ပြဒါးရှင် လုံးထွက်ကျသော ပဋိက္ခယား မင်းသားကဲ့သို့ ထွက်သက် ဝင်သက်တို့သည် ရပ်တန့်ကုန်၏။ ၂၀ ရာစုနှစ် သမီးပျို၏ ခါး၌ တင်၍ မွှေ့အပ်သော ဖင်လိမ်ကွင်းကဲ့သို့ လည်း မြင်ကွင်းအားလုံးတို့သည် ချာလပတ်လည်နေ၏။ ကျွန်တော်၏ နှုတ်ဖျားမှာလည်း ချုပ်ထားသကဲ့သို့ ဖွင့်၍မရတော့။ နားထင်နားရင်းများ မှာလည်း ဒေါက်ဘိနပ်ဖြင့် အရိုက်ခံရ သူကဲ့သို့ ထူပူ၍လာ၏။ ကိုင်ထားအပ်သော သေနတ်မှာလည်း အရက်ဖြတ်ထားသော စာရေးဆရာ လက်မှ ဖောင်တိန်ကဲ့သို့ တဆတ်ဆတ် တုံနေ၏။ ရင်တွင်း၌မူ သန့်ရှင်းနှင့်တည်မြဲ မဲခွဲသောနေ့က ပြည်သူ လူထု၏ နှလုံးသားကို ကျွန်တော်တစ်ဦးတည်း မြိုထားရသကဲ့သို့ စိုးရိမ်ပူပန်မှုများ ပြင်းစွာဖြစ်၏။

``သြော်---- ငါမှားလေခြင်း ၊ ငါ -- မိုက်လေခြင်း ``ဟု မသိတတ်သား ဆိုးရွားလှသော ကျွန်တော့ ကိုယ်ကို လည်း ကျွန်တော် ပြန်၍ အပြစ်တင်မဆုံးတော့။

``ပြောမယုံ ကြုံဖူးမှသိ`` ဆိုသကဲ့သို့ နယ်ချဲ့စစ်တပ်များမှ ကြေးစား အရာရှိကြီးများနှင့် လွတ်လပ်ရေး တပ်မတော်မှ မျိုးချစ် အရာရှိကြီးများ၏ ခြားနားမှုကိုလည်း စံပြု၍ နှိုင်းယှဉ်မိတော့သည်။ သူတို့ ထွက်သွားပြီးနောက် အချိန်ကား သိပ် မကြာလိုက်ပါ။ ဗိုလ်ကျော်ဒင် ခမျာ သုတ်သီးသုတ်ပြာဖြင့် ပြေးဆင်းလာ၏။ သူ့နောက်၌လည်း ရဲဘော်တစ်ယောက် အပိုပါလာသည်။

``ဟေ့ -ရဲခေါင် မင်း ဗိုလ်ချုပ်ကို ဘာလုပ်လိုက်တာလဲ ဟင်---``

``အာ----- ဗိုလ်ချုပ်မှန်း ဘယ်သိမလဲဗျ ၊ ယူနီဖောင်းမပါ ၊ ဘာမပါနဲ့ သူ့ကိုလဲ ကျွန်တော်က သိတာ မှမဟုတ်ဘဲ။ နောက်ပြီး သူကလည်း အစက ဘာမှပြောတာ မှုတ်ဘူး။ အပြင်ကို ဆွဲထုတ်ပြီးမှ သူကပြောတာ။ အဲဒီတော့မှ ကျွန်တော်လည်း ဗိုလ်လေးကို ခေါ်လိုက်တာ---``

``အဲဒါမှ စောက် ဂွ ပဲကွာ -- အစက ငါ့ကို ဘာလို့ မပြောတာလဲ-- ဟကောင်ရ ``

``နို့--- ဗိုလ်လေးက လူကဲခတ်ပြီး ကြည့်လုပ်ရမယ်ဆို------``

``အားပါး----- ကျွတ် ကျွတ်-- နင့်မေဂရိုးဘဲ-- အိုး-----------ဟိုး-------ဟိုးးး ``

သူသည် သူ၏ နှဖူးကို လက်ဝါးဖြင့်ရိုက်၍ ငြုတ်သီးစပ်သကဲ့သို့ စုပ်သတ် ငြီးညူလိုက်ကာ --ဘာမျှမပြောတော့ချေ။
``ကဲ--- ဒါဖြင့် မင်းလိုက်ခဲ့အုံး။ ဗိုလ်ချုပ်က မင်းကို ခေါ်ခိုင်းလို့။ ငါတော့ သေသာ သေချင်တော့တာ ဘဲ၊ ---ရဲခေါင်ရာ--``

ထို့နောက် ပါလာသော ရဲဘော်အား ကျွန်တော့ နေရာ၌ ခေတ္တအစားထားပြီး ဗိုလ်ချုပ်ရှိရာ ဧည့်ခန်းသို့ ကျွန်တော်တို့ နှစ်ဦးသား ထွက်ခဲ့ကြပါသည်။ အတွေးမှာ ကိုယ်စီနှင့်။

အိမ်၏ ဘယ်ဘက်အဆောင်ရှိ ဧည့်ခန်းအတွင်း စန္ဒယားခုံကို ဖင်တစ်ဝက်မှေးကာ မတ်တပ်ရပ် လက်ပိုက်၍ ခေါင်းငုံ့ရင်း တစ်စုံတစ်ခု စဉ်းစားနေသော သခင်အောင်ဆန်း။

အနီး၌မူ ဗိုလ်မှုးအောင်သည် တည်ငြိမ်သောအပြုံးဖြင့် ဆိုဖာတစ်လုံးပေါ်တွင် ထိုင်နေ၏။

လူမှာ ဧည့်ခန်းဝသို့ ရောက်နေသော်လည်း အထဲသို့ဝင်ရန် မရွံ့မရဲဖြင့် ခြေဆွဲ၍ နေသူကား ကျွန်တော်-----

ဗိုလ်ကျော်ဒင်၏ စစ်သံပါပါ အော်ကာ ဟစ်ကာ သတင်းပို့လိုက်သော အသံကြောင့် ကျောက်ရုပ်ပမာ ငြိမ်ချက်သားကောင်းနေသော ဗိုလ်ချုပ်သည် တဖြည်းဖြည်း ခေါင်းမော့လာကာ စောစောက ကျွန်တော်သူ့ကို ကြည့်နည်းမျိုးဖြင့်သူက ကျွန်တော့ကို ပြန်ကြည့်၏။ ဝဋ်ဟူသည်ကား မသေမီက လိုက်သည်ကို ကျွန်တော်ချက်ချင်း နားလည်လိုက်ပါ၏။ ထို့နောက်သူသည် သူ၏ လက်ဖျားများကို လက်ဖြင့်ပွတ်သပ်နေရင်း-

``အင်း --- ရဲဘော်နာမည်--``

``ရဲခေါင်-``

``တပ်ထဲ ဝင်တာ မကြာသေးဘူး ထင်တယ်``

``ဟုတ်ကဲ့``

``အင်း`` သူသည် ရှေ့သို့စကားမဆက်ဘဲ စဉ်းစားနေရာက---

``အေးပေါ့ကွာ--------ရဲဘော်ရဲ့ တာဝန်ကျေပြွန်မှုကို ချီးကျူးပါတယ်-- ဟုတ်လား။ စောစောက ကိစ္စကို ဘာမှ ခေါင်းထဲထည့်ပြီး စဉ်းစားမနေနဲ့ ဟုတ်လား။ ဒီအချိန်မှာ ဒီလိုလုပ်ရမှာဘဲ။ အဲဒါ ရဲဘော်မှန်တယ်။ ဟုတ်လား။ ကဲ--- ကဲ--- သွားနိုင်ပါဘီ။``

ထိုအချိန်၌ ဗိုလ်ချုပ် ပါးစပ်ဖျားမှ ထွက်လာသေားစကားများကို ကျွန်တော့်နားက သံသယ ဖြစ်နေသည်။ ``ဟုတ်မှ ဟုတ်ပါ့မလား`` ဟူ၍လည်း ဝမ်းမသာဝန့်အောင် ဖြစ်နေမိသည်။ ထို့ကြောင့်လည်း ``ခင်ဗျာ``ဟု နားမရှင်းဟန်ဖြင့် ထပ်မေးလိုက်တော့မှ----

``သြော်--- ရဲဘော်မမှားဘူး။ အဲဒါကိုပြောတာ။ ဒီတော့ လုပ်စရာရှိတာသာ ဆက်လုပ်ဟုတ်လား။ အေး---- တစ်ခုတော့သတိထား။ စိတ်လိုက်မာန်ပါ မလုပ်နဲ့ အဲဒါပဲ``

ကျွန်တော်သည် ဗိုလ်ချုပ်စကား ဆုံးသည်နှင့်တပြိုင်နက် မူလတာဝန်ကျရာ အရပ်သို့ ကလေးငယ်ပမာ ခုန်ပေါက် မြူးတူးကာ ပြန်လာမိသည်။ စောစောက ရင်တွင်း၌ ပူလောင်လှစွာ ရေငတ်လွန်း သော ဝေဒနာမှာလည်း အဘယ်သို့ ပျောက်သွားသည်မသိ။

ကျွန်တော်၏ ဦးဏှောက်တွင်း၌ မူ ``သဘောကောင်းသူ`` ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းကိုသာ ထပ်လောင်းခါခါ စဉ်းစားနေမိ၏။

ယနေ့မှစ၍ ရက်သတ္တပါတ် နှစ်ပါတ်ကျော်လျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ရှေ့တန်းခေါင်းဆောင်ကြီးများ ကုန်သလောက် နီးနီး ကျဆုံးပြီးသော ဂျူလိုင် ၁၉ ရက် အာဇာနည်နေ့သို့ေ၇ာက်ပြန်လေဦးတော့မည်။

ရှေးအခါက ဆိုမူ ကျွန်တော်သည် ပြည်သူ လူထုတစ်၇ပ်လုံးနှင့်အတူ အာဇာနည်နေ့ အထိမ်းအမှတ် သဘင် ဆင်ယင်ကျင်းပရာ တရားပွဲဥပစာများသို့ သွား၍၎င်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သိကောင်းစရာ အဖြာဖြာ ကို ပုဂ္ဂိုလ်အသီးသီး ရှာမှီးတင်ပြကြသော သတင်းဆောင်းပါး ဖြစ်၇ပ်များကို၎င်း၊ ကြားနာမှတ်သား ကျေးဇူးပွားခြင်းဖြင့်သာ နေလာခဲ့ရသော်လည်း ယခုအခါ၌ဆိုလျှင် အိမ်ထောင်ရှင် အဖြစ်သို့ရောက်၍ နေသော ကျွန်တော့ပတ်ဝန်းကျင်တွင် တရားနာပုဂ္ဂိုလ်အဖြစ် ကျွန်တော်၏ သားငယ်များသည် ကျွန်တော်ပြောပြ မည့် ``သဘောကောင်းသူ``ခေါင်းဆောင်ကြီးတစ်ဦး၏ အကြောင်းကို စုတ်သပ် အံ့သြ နှမြောတမ်းတကာ ကြားနာနေရှာပေလိမ့်မည်။ ထိုအခါ၌ ကျွန်တော်သည် ---

``သားရေ---- ဟောဒီလောက မှာလေ လူသတ္တဝါတွေရဲ့အကျိုးအတွက် ပေါ်ထွက်ခဲ့ကြတဲ့ ဘာသာရေးဆိုင်ရာ ၊ နိုင်ငံရေးဆိုင်ရာ ၊ စီးပွားရေးဆိုင်ရာ ၊ ပညာရေးဆိုင်ရာ ၊ ကျန်းမာရေးဆိုင်ရာ ၊ ခေါင်းဆောင် အမျိုးမျိုးအနက် ဖေဖေတို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ တခါက ပေါ်ထွက်ခဲ့ဘူးတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဟာလေ ဖေဖေ သိရသလောက်တော့ အလွန်ကို သဘောကောင်းတဲ့ ခေါင်းဆောင်ကြီးတစ်ယောက်ပေါ့ကွယ် သူနဲ့ ဖေဖေ စပြီးတွေ့ခဲ့ရတဲ့ အချိန်ကတော့------``

ဤသို့ အစချီကာ ဗမာ့လွတ်လပ်ရေးသမိုင်း၏ ကွေ့တစ်ကွေ့တွင် အမှတ်မထင် ကျွန်တော်နှင့် ရှေးဦးပထမ တိုက်ဆိုင် ဆုံစည်းခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းကို ထပ်လောင်းပြောပြ ရပေလတ္တံ့။

သို့သော် ဤဖြစ်ရပ်သည် ကျွန်တော်ငယ်ငယ်က ကျွန်တော့ဖေဖေ ပြောပြသည့် ``ရွှေယုန်နှင့်ရွှေကျား`` သက်ကယ်ရိတ်သွားသော ဒဏ္ဍာရီ ပုံပြင်စကားမဟုတ်။ စင်စစ် ကျွန်တော်ပြောပြမည့် ရဲဘော်ဓလေ့ ကိုယ်တွေ့ဖြစ်စဉ်များ သည် ကျွန်တော့ သားငယ်များ၏ နှလုံးသား တွင် ရာသက်ပန် စွဲဝင်သွားစေရုံ သာမက သူတို့၏ ပတ်ဝန်းကျင် ကစားဖော်များရှေ့တွင်လည်း ``အဲဒီ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဟာလေ တခါက ငါတို့ဖေဖေနဲ့ တွေ့ခဲ့ရဘူးသတဲ့-- ``ဟူ၍၎င်း၊ (သို့မဟုတ်) သူတို့ပတ်ဝန်းကျင် ၊ သူတို့သားငယ်များရှေ့တွင်လည်း ``အဲဒီ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဟာလေ တခါတုန်းက သားသားဖိုးဖိုးနဲ့ တွေ့ခဲ့ရဘူးသတဲ့`` ဟူ၍၎င်း။

ထိုသို့ ထိုသို့ အစချီကာ သားစဉ်မြေးဆက် ဂုဏ်ယူစရာ မှတ်တမ်း တစ်ကွက် ဖြစ်လိမ့်အုံးမည် သာတည်း။  ။ မြ၀တီ ရဲခေါင် (လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်)

ဒီပို့စ်ထဲက ဗိုလ်ချူပ်အောင်ဆန်းကို သူစတွေ့ဖူးပုံအကြောင်းကို ပါးစပ်နဲ့ ပြောပြဖူးတာကို ကြားဖူးပေမဲ့ စာကို ဖတ်ရသလောက်တော့ ကြောင်းအရာ ပြည့်ပြည့်စုံစုံ မသိရှိခဲ့သလို ရသလည်း စာကိုဖတ်ရသလောက် မခံစားခဲ့ရဘူး။ အခုဒီပို့စ်က အဘ ဦးရဲခေါင် ဘယ်နှစ်ခုနှစ်က ရေးခဲ့တဲ့ စာမှန်း မသိပေမဲ့ မှတ်ချက်မှာ လာထည့်ထားတဲ့ Link ကို လိုက်ကြည့်တော့ ဒီနေရာမှာ တင်ထားတာကို တွေ့ပါတယ်။ မူရင်းတင်ထားတဲ့ နေရာမှာလည်း ဘယ်က ပြန်လည်ကူးယူဖေါ်ပြတယ်ဆိုတာ မပါတဲ့အတွက် လောလောဆယ်  ဒီအတိုင်းပဲ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ နောက်နေ့ သူ့ဆီရောက်ရင်တော့ ဘယ်နှစ်ခုနှစ်က ရေးခဲ့တယ်ဆိုတာ မေးကြည့်ပြီး ပြန်လာထည့်ပေးမယ်။ အဘဦးရဲခေါင် အခု နေမကောင်း ဖြစ်နေတဲ့ အခြေအနေက အစားအသောက် နည်းနည်းပဲ ၀င်လို့အားနည်းတာ ရှိပေမဲ့ နေရထိုင်ရ သက်တောက်သက်သာ ရှိတာကိုတွေ့ရပါတယ်။ မှတ်ဥာဏ်နဲ့ ပတ်သက်ပြီး အချိန်တိုကာလတွင်းမှာ ဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီး မေ့တတ်ပေမဲ့ အရင်ကအကြောင်းတွေ ပြန်မေးရင် တလုံးမကျန် အကုန်ပြန်ပြောနိုင်တာကို တွေ့ရပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

မပြီးဆုံးသေးသော ပြည်ထောင်စု မြန်မာနိုင်ငံတည်ဆောက်ရေး (မြ၀တီ ရဲေါခါင်)


 ဒီမိုကရေစီခေတ်က စာပြင်ဆရာ လုပ်ဖူးသူ ဖြစ်တဲ့အပြင် နောက်ပိုင်းမှာလည်း ပိဋကတ်သုံးပုံကို ဘာသာပြန်လာသူ တယောက်အနေနဲ့ အဘ ဦးရဲခေါင်ဟာ မဆလခေတ်က ပြောင်းထားတဲ့ မြန်မာစာ သတ်ပုံကျမ်းကို လုံးဝလက်မခံဘဲ သူ့စာမူတွေ အားလုံးဟာ ဟိုခေတ်က သတ်ပုံအတိုင်း ရေးထားတာကို တွေ့ရပြီး ၀ါကျကြီးတွေကလည်း ရှည်လို့ ၀ါကျတကြောင်း စာတပိုဒ်လို ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလို ထူးထူးဆန်းဆန်းနိုင်လှတဲ့ သတ်ပုံနဲ့ ရှည်လျားလှတဲ့ ၀ါကျကြီးတွေကို ဖတ်ပြီး ရိုက်ရတာဟာ မဆလခေတ်မှာ ကြီးပြီး မဆလခေတ်မှာ ပြောင်းထားတဲ့ သတ်ပုံတွေကိုပဲ အဟုတ်ထင်လာခဲ့တဲ့ ကျွန်မအတွက်တော့ အဘစာမူတွေကို ရိုက်နေစဉ်မှာ ခံစားမှုက  ကမ္ဘာကြီးဟာ ကျောင်းမှာလုံးပြီး အိမ်မှာပြားနေပါသည် ဆိုသလိုပါပဲ အဘ သတ်ပုံတွေ ဘယ်လိုပဲ ရေးထားရေးထား ကျွန်မ ကွန်ပြူတာပေါ်ရောက်တော့ ကျွန်မနားလည်ထားတဲ့ သတ်ပုံအတိုင်း ဖြစ်ကုန်ပါတယ်။

အဘ ဦးရဲခေါင်တယောက် ဆေးရုံဆင်းပြီးနောက် Long term care အနေနဲ့ စောင့်ရှောက်နိုင်ရန်အတွက် ပြည်နယ်အစိုးရရဲ့ Public Health အောက်မှာ ရှိတဲ့ ဆေးရုံကနေ ဖက်ဒရယ် အစိုးရရဲ့ Community Service အောက်မှာ ရှိတဲ့ Nursing Home ကိုပြောင်းပေးလိုက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူရောက်လာတဲ့ လူအိုရုံက ကျွန်မ အလုပ်လုပ်တဲ့ ရပ်ကွက်မှာ ဖြစ်နေပြီး အလုပ်နဲ့လည်း သိပ်မဝေးတော့ ကံကောင်းထောက်မစွာဖြင့် မြန်မာ့လွတ်လပ်ရေးအတွက်ရော ဒီမိုကရေစီအရေးအတွက်ပါ မတရားတဲ့ အစိုးရမှန်သမျှကို တက်တက်ကြွကြွ တိုက်ပွဲဝင်ပြီး နိုင်ငံအကျိုးပြုခဲ့သူ၊ ခေတ်အလိုက် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို စာပေတွေ ကဗျာကာရန်တွေနဲ့ တင်ပြပြီး စာပေအကျိုးပြုခဲ့သူ၊  ပိဋကတ် သုံးပုံကို မြန်မာလို ဘာသာပြန်ဆိုစဉ်က ၀န်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်တဲ့ ပိဋကတ်သုံးပုံ ဘာသာပြန်အဖွဲ့မှာ ပါဝင်ပြီး သာသာနာအကျိုး ပြုခဲ့သူ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် သမိုင်းဝင် ပုဂိုလ်ကြီးတဦး နာမကျန်းဖြစ်နေစဉ်မှာ ကုသိုလ်ပြုခွင့်ရနေတာကိုက မိမိကိုယ်ကို တကယ့်ကံထူးရှင်လို့ ခံစားရပါတယ်။ အလုပ်က မနက်ပိုင်းမှာ စတဲ့နေ့ဖြစ်ရင် အဘဆီ နေ့လည်အလုပ်ဆင်းချိန်သွားလိုက်၊ အလုပ်က နေ့လည်မှာစတဲ့နေ့ဖြစ်ရင် အဘင်္ဆီ အလုပ်မစခင် မနက်ပိုင်းသွားလိုက်နဲ့ အခုတလော အဘကို နေ့တိုင်းသွားကြည့်ဖြစ်ပြီး ကျွန်မဟာ အိမ်၊ အလုပ်နဲ့၊ အဘဆီ ပြေးလိုက်လွှားလိုက်နဲ့ အစားအသောက်ကို ဆေးရုံစာတွေစားလိုက် အိမ်ပြန်ရောက်ရင်လည်း ဘာမှမလုပ်ချင်၊ မလုပ်နိုင်တော့ဘဲ ယောက်ျားချက်ထားတဲ့ ဟင်းနဲ့ပဲ စားရင်စား၊ သူဘာမှမချက်ထားရင်လည်း ၀ယ်ထားတဲ့ ငါးသေတ္တာတို့ ကြက်ဥတို့နဲ့ပဲ ထမင်းစားဖြစ်သွားတဲ့ နေ့တွေပဲ များပါတယ်။ အဘအရင်က ရေးထားတဲ့ ပို့စ်တွေကို အဘ အသက်ရှိထင်ရှား ရှိနေဆဲမှာ ပြီးသလောက်လေး ဘလော့ဂ်မှာ တင်ချင်လို့ စာမူတွေကိုရိုက်တာ တော်တော်နဲ့ မပြီးဘူး။  ရိုက်ရင်းတန်းလန်းနဲ့ ဆိုဖာပေါ်မှာ ထိုင်လျက် အိပ်ပျော်သွားလို့ သတိရတာနဲ့ ကတန်းကမန်းနဲ့ ဘုရားရှိခိုးကို အတိုချုပ်ပဲ ရှိခိုးပြီး အိပ်ရတဲ့နေ့တွေပဲ ဖြစ်နေတယ်။ ဒါကြောင့် ရိုက်လက်စ ပို့စ်တခုအဆုံးသတ် ပြီးဖို့အရေး တော်တော်လေးကို အချိန်ယူရပါတယ်။
ဒီနေ့တော့ အဘရေးခဲ့တဲ့ စာမူတခုကို အဘကို သွားကြည့်ရင်းနဲ့ပဲ ပြီးအောင် ရိုက်ပြီး လက်စသပ်နိုင်ခဲ့ပါတယ်။ နေ့လည်က အလုပ်ပြီးလို့ အဘဆီ ရောက်တဲ့အချိန်မှာ  အဘကုတင်ခြေရင်းက လူနာစားစရာတင်တဲ့ စားပွဲခုံပေါ်မှာ Laptop ကိုတင်ပြီး အဘကို မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ သစ္စာလေးပါး တရားတော် CD ကို ဖွင့်ပေးပြီး နားထောင်ခိုင်းထားတဲ့အချိန်မှာပဲ ရိုက်လက်စ စာတွေကို အဲဒီ Laptop မှာပဲ ဆက်ရိုက်လိုက်တာ ပြီးသွားပါတယ်။ ဒီပို့စ်မှာ အဲဒီအချိန်ကာလက ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး  တန်ဖိုးရှိတဲ့ အချက်အလက်လေးတွေ အများကြီးကိုတွေ့ရပါတယ်။ သို့ပေမဲ့ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သာသာထိုးထိုး ပြောပြီးအမွမ်းတင်ထားတာ အပါအ၀င် တချို့အချက်တွေမှာ အဘနဲ့ကျွန်မနဲ့ လုံးဝသဘောထားကွဲလွဲတယ်ဆိုတာကိုတော့ ပြန်ဖေါ်ပြတဲ့သူတယောက်အနေနဲ့  ရိုးသားစွာ အသိပေးထားချင်ပါတယ်။ ပို့စ်နာမည်က “မပြီးဆုံးသေးသော ပြည်ထောင်စု မြန်မာနိုင်ငံတည်ဆောက်ရေး” တဲ ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီက ရေးထားတဲ့ ရေးထားတဲ့ စာမူပါ။ ပြောရင်းဆိုရင်း အခု ကျွန်မရေးနေတဲ့ စာမိတ်ဆက်ကို အစကနေ အဆုံးပြန်ဖတ်ကြည့်တော့ မထင်မှတ်ဘဲ ကျွန်မ၀ါကျတွေက အဘ၀ါကျတွေနဲ့ ခပ်ဆင်ဆင် စာပိုဒ်အရှည်ကြီးတွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒီနေရာမှာကျတော့ ကမ္ဘာကြီးဟာ ကျောင်းမှာလုံးပြီး အိမ်မှာ ပြားတယ်ဆိုတဲ့ စကားပုံကို မယူတော့ဘူး ရောမရောက် ရောမလိုကျင့်ဆိုတာကိုပဲ ယူလိုက်တော့မယ်။ သူ့စာကို မိတ်ဆက်မှတော့ သူ့စာနဲ့ အတော်အသင့်တူတာ ပြန်မပြင်တော့ဘူး ဒီအတိုင်းပဲ တင်လိုက်တော့မယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။





မပြီးဆုံးသေးသော ပြည်ထောင်စု မြန်မာနိုင်ငံ တည်ဆောက်ရေး

အစိုးရအဖွဲ့ ထားရှိ အုပ်ချုပ်သော နိုင်ငံမှန်သမျှ အခြေခံအားဖြင့် အုပ်ချုပ်သော လူတန်းစားနှင့် အုပ်ချုပ်ခံ လူတန်းစားဟူ၍ လူတန်းစားနှစ်ရပ် ရှိမြဲဖြစ်ရာ ဤလူတန်းစား နှစ်ရပ်တွင် ယေဘုယျ အားဖြင့် အုပ်ချုပ်သူ လူတန်းစားများသည် မိမိတို့ အုပ်ချုပ်မှု လွယ်ကူချောမောရေး၊ မိမိတို့ ထုတ်ပြန်ထားသည့် အမိန့်နှင့် ဥပဒေများ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး၊ ဆန့်ကျင်ဘက် အတိုက်အခံများ မပေါ်ပေါက်ရေး၊ အချိန်မကုန်ဆုံးဘဲ မိမိတို့ ရည်မှန်းချက်များ အောင်မြင်ရေး  အထူးသဖြင့် မိမိတို့ရရှိထားသော အာဏာအခွင့်အရေး ဟူသမျှအား မိမိတို့ သားစဉ်မြေးဆက် (သို့မဟုတ်) မိမိတို့ပါတီဝင်အချင်းချင်း (သို့မဟုတ်) မိမိတို့အမျိုးနွယ်တူ အုပ်ချုပ်သူ လူတန်းစားအချင်းချင်း သာလျှင်အလံကိုင်ပြေးပွဲနှင့်မခြား အာဏာကို လက်ဆက်ကမ်းသွားလျှက်  ရာသက်ပန် အုပ်ချုပ်လိုစိတ် ရှိခဲ့သည်ကို နှစ်ပေါင်းခြောက်ထောင်ခရီးအတွင်း ဖြစ်ပေါ်လာသမျှ သက်ဦးဆံပိုင် ဘုရင်များ ကြီးစိုးသည့်ခေတ်၊ တပါတီအာဏာရှင်များ ချယ်လှယ်သွားသည့်ခေတ်၊ စစ်အာဏာရှင်ကြီးများ အာဏာလုယက် တက်ရောက်လာကြသည့်ခေတ်ဟူ၍ လူ့သမိုင်းတခွင် မျက်မြင်ထင်ရှား တွေ့ကြုံနေရပြီဖြစ်၏။

အမှန်စင်စစ် ထိုဘုရင်ခေတ်၊ ကွန်မြူနစ်ခေတ်နှင့် စစ်အာဏာရှင်ခေတ်တို့သည် တည်ဆောက်မှု အသွင်သဏ္ဍန်၊ ဖွဲ့စည်းဖြစ်ပေါ်လာပုံ၊ ခေတ်အလိုက် ဆင်ယင်ထုံးဖွဲ့မှုများ၌ မည်သို့ပင် ကွဲပြားနေစေကာမူ လူ့အခွင့်အရေးကို အပြည့်အ၀ ဖေါ်ထုတ်ပေးရာ၌လည်းကောင်း၊ အစိုးရမဟုတ်သော အတိုက်အခံများကို တရားဝင်တည်ရှိခွင့် ပေးရာ၌လည်းကောင်း၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုမှု အာဏာနှင့် အုပ်ချုပ်ရေးအာဏာတည်းဟူသော အချုပ်အခြာအာဏာ သုံးရပ်အတွင်း၌ ပါတီပေါင်းစုံမှ ပြည်သူလူထုအား မိမိတို့အရည်အချင်းအလျောက် ပါဝင်ခွင့်ပြုရာ၌လည်းကောင်း၊ အထူးသဖြင့် ပြည်သူလူထု၏ တရားဝင်ဆန္ဒပြ သပိတ်မှောက်ခြင်းများကို ဆူပူသောင်းကျန်းမှု၊ ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်မှု၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးမှုဟူ၍ လွှဲမှားစွာ အဓိပ္ပာယ်မကောက်ဘဲ  ကြည်သာစွာ အားပေးခွင့်ြ့ပုရာ၌လည်းကောင်း ပါလီမန် ဒီမိုကရေစီစနစ်အား မည်သည့်နည်းနှင့်မျှ ရင်ဆိုင်ယှဉ်ပြိုင်ခြင်း မပြုနိုင်ခဲ့ကြသဖြင့် မည်မျှပင် အသံကောင်းဟစ်ကာ လိမ်လည်လာကြစေကာမူ လူ့သဘာဝနှင့် လူ့အလိုဆန္ဒကို ဆန့်ကျင်သော ထိုခေတ်ဆိုးစနစ်ဆိုးများသည်သာ လူ့သမိုင်းတလျှောက် တခုပြီးတခု ကျဆုံးပျက်စီးသွားကြသည်ကို ကြုံတွေ့နေရပြီ ဖြစ်ပါ၏။

ထို့ကြောင့်လည်း ကွယ်လွန်သူ ကျွန်ုပ်တို့၏ တဦးတည်းသော အတုမရှိခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်ကို တော်လှန်ပြီးသည့်နောက် နယ်ချဲ့အင်္ဂလိပ်များ ပြန်ဝင်လာချိန်၌ ကန္နီစာချုပ်အရ နောက်ထပ်ပြန်ဖွဲ့သည့် ဗမာ့တပ်မတော်တွင် မြေကြီးလက်ခတ်မလွဲ ရနိုင်သော စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရာထူးကို လက်မခံဘဲ တပ်မှထွက်ကာ ဖဆပလ အဖွဲ့ချုပ်ကို နိုင်ငံရေးအရ ဆင်းရဲပင်ပမ်းစွာ ဦးဆောင်ခဲ့ရရှာသည်။ ဤအချက်ကပင်လျှင် မည်မျှဘုကျ၍ အပေါက်ဆိုးသူဟု ထင်ကြစေကာမူ ရာထူးငတ်သူ အာဏာရူးသူမဟုတ်ကြောင်း၊ အချုပ်အချယ်ကင်း၍ ဒိုမီနီယန်မဟုတ်သော မြန်မာ့လွတ်လပ်ရေး စစ်စစ်ကို တချိန်တည်း အလျှင်မြန် လိုချင်သူသာ ဖြစ်ကြောင်း၊ ထို့အပြင် သူသည် ယူနီဖေါင်းဝတ်၍ လက်နက်ကိုင်ဆောင်ထားသည့် စစ်မှုထမ်းမှန်သမျှ နိုင်ငံရေးမလုပ်ရ ဟူသော ဒီမိုကရေစီ အစဉ်အလာကို လေးစားလိုက်နာသူ ဖြစ်ကြောင်း ထင်ရှားလွန်းလှပါသည်။

တဖန် သူနိုင်ငံရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်လိုက်သည့် အချိန်ကလည်း သူအမြော်မြင်ရှိရှိ စေတနာအပြည့် ထားခဲ့သော တောင်တန်းဒေသများတွင် ဒီမိုကရေစီစနစ်ကြောင့် မိမိတို့စော်ဘွားများ၏ အာဏာနှင့် အခွင့်အရေးများ လက်လွတ်ဆုံးရှုံးသွားမည်ကို စိုးရိမ်သောက ဖြစ်နေကြသည့် ရှမ်းစော်ဘွားတချို့ကတမျိုး၊ မြေမျက်နှာပြင် အနေအထား အခက်အခဲများကြားမှ သီးခြားပြည်နယ် ထူထောင်လိုသော ဒူးဝါးတချို့ကတဖုံ၊ ဒိုမီနီယန်ယူ၍ ဗြိတိသျှအုပ်ချုပ်မှု အောက်၌ပင် နေသွားချင်ကြသည့် တောင်ပေါ်ခေါင်းဆောင်တချို့ကတ၀၊ “သူတို့ဒေသသည် မြန်မာဘုရင်များ လက်ထက်နှင့် အင်္ဂလိပ်အစိုးရ လက်ထက်ကပင် ထိုအစိုးရများက သီးခြား ကင်းလွတ်ခွင့် ပြုထားသည့် လွတ်လပ်နယ်မြေဖြစ်သည်၊ ကျွန်နိုင်ငံမဟုတ်၊ မြန်မာမြေထဲ၌မပါ” ဟု ဆိုသူကဆို၊ တနင်္သာရီတိုင်း တခုလုံး ကရင်ပြည်နယ်အတွင်း အတင်းသွတ်သွင်းပြီး သီးခြားနိုင်ငံ ထူထောင်ရန် ကြံသူကကြံ၊ ဗမာပြည်မ အစိုးရနှင့် လုံးဝမဆိုင်သည့် တောင်တန်းဒေသများကို  စုစည်း၍ တခုတည်းသော ‘ဖက်ဒရယ် ပြည်ထောင်စု’ ကိုထူထောင်ရန် စိတ်ကူးယဉ် အိပ်မက်ဖြင့် အမျိုးမျိုး အဖုံဖုံ ဗရုတ်သုတ်ခ ဖြစ်နေကြသော တောင်ပေါ်ဒေသ အသီးသီးရှိ တိုင်းရင်းသား လူမျိုးများအား စုစည်းလျှက် တခုတည်းသော ပြည်ထောင်စု မြန်မာနိုင်ငံကြီး စပေါ်လာရေးအတွက် မနားမနေ ကြိုးပမ်းအားထုတ်ခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းခမျာ တဘက်တွေင် တနှစ်အတွင်း လွတ်လပ်ရေး သေချာရန်အပြင် ထိုလွတ်လပ်ရေး ဂွင်ထဲ၌ တောင်တန်းဒေသများကို ချန်မထားဘဲ ထည့်သွင်းပေးရန်  အင်္ဂလန်သို့သွား၍ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီအစိုးရအဖွဲ့ဝင်များနှင့် ဆွေးနွေးပြောဆိုနေသည့် အချိန်၌ပင် အင်ဒီယားမှ မဟာရာဂျာများကို အားကျနေသော ရှမ်းစော်ဘွားတစုက ယခုအင်္ဂလန်သို့ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အရေးဆိုရန် ရောက်နေသူများသည် တောင်တန်းဒေသ၏ ကိုယ်စားလှယ်များ မဟုတ်ဟု သံကြိုးရိုက်လိုက်ခြင်းကြောင့် ထိုအချက်ကို ပြန်လှန်ချေပသည့်အနေဖြင့် မြန်မာနိုင်ငံ၌ ကျန်ရစ်သော ဖဆပလအဖွဲ့ချုပ် ဒုဥက္ကဌ သခင်နု၊ ဗမာမူစလင် အဖွဲ့ချုပ် ဥက္ကဌနှင့် ဖဆပလတောင်တန်းနယ်ဒေသရေးရာ အတွင်းရေးမှူး ဦးဖေခင်၊ ရှမ်းပြည်လွတ်မြောက်ရေး အဖွဲ့ချူပ် အမှုဆောင်လူကြီးနှင့် ကျောင်းသားခေါင်းဆောင် ကိုတင်မြ၊ ကိုထွန်းမြင့် စသည်တို့က စသူတို့က တောင်ကြီးမြို့ဈေးနေ့၌ လူထုအစည်းအဝေး ကျင်းပပြီး ဗမာပြည်မနဲ့အတူ ရှမ်းပြည်အား တချိန်တည်း လွတ်လပ်ရေး ပေးရန်ကိုလည်းကောင်း လန်ဒန်ရောက် ဗိုလ်ချူပ်အောင်ဆန်းနှင့် အဖွဲ့အား တညီညွတ်တည်း ထောက်ခံကြောင်းကိုလည်းကောင်း၊ အဆိုပြုဆုံးဖြတ်ချက် ချကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီထံ သံကြိုးစာပေးပို့လိုက်တော့မှ ပြဿနာအားလုံး အဆင်ပြေချောမောသွားပါတော့သည်။

ထိုမှတပါး ပထမအကြိမ် ပင်လုံညီလာခံသို့  အင်္ဂလန်မှအပြန် အရေးကြီးသော ကိစ္စတခုကြောင့် ရခိုင်ဘက်ကို ခရီးလွန်နေသည့် ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက်နိုင်ခဲ့ဘဲ သ္ခင်နုနှင့် ဂဠုန်စောတို့၏ ထိပ်တိုက်ပွဲဖြစ်သွားရာ ထိုဟောပြောပွဲတွင် ရှေ့ဆုံးမှ ထွက်သူ သခင်နုက အသာစည်းရသွားခဲ့ပါသည်။ သို့သော် ဒုတိယအကြိမ် ကျင်းပသည့် ပင်လုံညီလာခံကိုမူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်၍ တနှစ်အတွင်း လွတ်လပ်ရေးကို ကြိုးပမ်းရာ၌ တောင်တန်းဒေသ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ မိမိတို့သဘောထားကို ပြောင်းလဲနောက်ဆုတ်သွားလိမ့်မည် မဟုတ်ကြောင်း သို့သော် တောင်တန်းဒေသများမပါဘဲ ပြည်မသက်သက် မြန်မာ့လွတ်လပ်ရေးမှာလည်း ရှေ့အဖို့ရာတွင် နယ်ချဲ့ဗြိတိသျှ အစိုးရ၏ အမျိုးမျိုးသော သွေးထိုးနှောက်ယှက်မှုများကြောင့် နိုင်ငံတော် ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး၊ ကြီးပွားရေးတို့ထက် စစ်ရေးနှင့်သာ အချိန်ကုန်ဆုံး လူလုံးမလှဖွယ်ရှိ၍ ထိုအဖြစ်ကို မိမိတို့မလိုလားကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယ္ခုလောလောဆယ်၌ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား ပါဝင်သော ပြည်နယ်ငါးခုနှင့် မြန်မာပြည်မ မြေပြန့်ဒေသကို ပေါင်း၍ အတတ်နိုင်ဆုံး လိုက်လျောမှုဖြင့် မြန်မာပြည်ထောင်စုကို ဖွဲ့စည်းသွားမည်ဖြစ်ရာ ဤနေရာတွင် ကချင်ပြည်၏ လက်ရှိအနေအထားမှာ ဗြိတိသျှအစိုးရ တောင်တန်းဒေသ ဖွဲ့စည်းသတ်မှတ်ပုံများအရ အလွန်ကျဉ်းမြောင်းနေခြင်းကြောင့် အခြားပြည်နယ်များနှင့် တန်းတူညီမျှမှု လူအမြင်လှအောင် မြစ်ကြီးနား၊ ဗန်းမော်နှင့် ကသာခရိုင်အတွင်းရှိ မြေပြန့်ဒေသတချို့ကို ထည့်သွင်းပေးရေးအတွက် မိမိအနေဖြင့် ဖဆပလအစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း၊ ထို့အပြင် နယ်ချဲ့သမားများ၏ နှစ်ရှည်လများ သွေးခွဲအုပ်ချုပ်ထားမှုကြောင့် ယနေ့အထိ ကျွန်ုပ်တို့ ဗမာများအပေါ်တွင် အကောင်းမမြင်ဘဲ အဆိုးထင်နေသော အင်္ဂလိပ်ခေတ်တွေင်မွေး၍ ခရစ်ယာန်သွေးဝင်နေသည့် စစ်မှုထမ်းဟောင်း တောင်တန်းသားများ၏ စိုးရိမ်ကြီးမား သံသယများ သက်သာရာ ရရေးအတွက် သူတို့တတွေ အလိုရှိနေသည့် ခွဲထွက်လိုက ခွဲထွက်ခွင့်ကိုလည်း အချိန်ကာလ အပိုင်းအခြားဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း တို့ကို ရိုးသား၊ ပွင့်လင်း အမြင်ရှင်းအောင် တင်ပြဆွေးနွေးကာ တောင်တန်းသားများ ညီညွတ်ရေး ကောင်စီအား ကျေနှပ်နှစ်သိမ့် ဦးခေါင်းညိတ်စေရုံမျှမက (၁၂-၂-၄၇) ရက်နေ့တွင် ဒုတိယအကြိမ် ပင်လုံညီလာခံကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးလျှက် ပြည်ထောင်စုဖွဲ့စည်းရေးအတွက် အခြေခံမူများ ပါဝင်သော ပင်လုံစာချုပ်ကြီးကို ကန့်ကွက်ဆန့်ကျင်သူမရှိ အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါ၏။
ထိုနှင့် ငါးလခန့်မျှအကွာ ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများ ကျဆုံးသွားပြီးနောက် ၀န်ကြီးချုပ်ဦးနု၏ ပါလီမန် ဒီမိုကရေစီခေတ်တွင် ပီပီပြင်ပြင် အသက်ဝင်လာသော ၄၇ ခုနှစ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ငါးခု ပြည်မတခုပါဝင်သည့် ခြောက်ပြည်ထောင်စု မူကြီးသည်လည်း ထီးထီးမားမား ပေါ်ပေါက်လာပါ၏။ သို့သော် ပြည်ထောင်စု ပြဿနာကား မပြီးသေးပါ။ ဖဆပလလက်ထက် တာဝန်ကြွေးတရပ်အဖြစ် ကျန်ရှိနေသေးသော ရှေးအခါကပင် ဗမာဘုရင်များနှင့် ထီးပြိုင်၊ နန်းပြိုင်ဖြစ်ခဲ့သည့် မွန်နှင့်ရခိုင်တို့ကိုပါ မဆလအစိုးရလက်ထက်တွင် ပြည်နယ်စာရင်း သွတ်သွင်းပေးလိုက်ခြင်းကြောင့် ပြည်နယ် ၇ ခု တိုင်း ၇ တိုင်းမူဖြင့် ပိုမိုတရားမျှတ သဘာဝကျသွားသည် မှန်သော်လည်း ပြည်ထောင်စု ပြဿနာကား မပြီးဆုံးသေးပါ။  လက်ရှိ ပြည်ထောင်စုကြီးကို ပြိုကွဲပျက်စီးအောင် လုပ်လိမ့်မည်ဟု စစ်ဘက်က စွပ်စွဲထားသော ပုံကြမ်းရေးဆွဲရုံအဆင့်မျှသာ ရှိသေးသည့် တော်လှန်ရေး အင်အားစုများ၏ ဖက်ဒရယ်ပြည်ထောင်စုမူနှင့် ယ္ခုန၀တတို့က ပုံစံချနေသည့် စစ်အာဏာရှင်များ ကြီးစိုးသွားမည့် ဘုရားကားအောက် မျောက်ကားအထက် ပြည်ထောင်စုမူအပြင် NLD ကရေးဆွဲတင်ပြမည့် ပြည်ထောင်စုမူလည်း ရှိပါလိမ့်ဦးမည်။ မည်သို့ပင်ဖြစ်စေ မည်သည့်မူပင်ဖြစ်စေ၊ စာပွဲဝိုင်းနည်းအရ မဟုတ်ဘဲ၊ ဒီမိုကရေစီနည်းအတိုင်း ပြည်သူ့ကိုယ်စားလှယ်များ၏ လိုအင်ဆန္ဒနှင့် ပြည်သူလူထုများ၏ သဘောထားမပါဘဲ လက်နက်ရှိသူ စစ်အစိုးရနှင့် သူပုန်များက ငြိမ်းချောက်စေခိုင်းသမျှ လက်ညိုးထောင် လက်မှတ်ထိုးခေါင်းညီတ်ရသည့် မြို့ရောတောပါ  ပြည်ထောင်စုမူမျိုး ဖြစ်ပါမူ ပြီးသွားလိမ့်ဦးမည် မဟုတ်ချေ ဆက်ရန်ရှိပေလိမ့်ဦးမည်။

မြ၀တီ ရဲခေါင် (လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်)
(၁၆-၂-၉၇)
 


တခါက ကျွန်မရဲ့ ဇာတ်လိုက်



ဒီနေ့ ဖခင်များနေ့ဆိုတော့ ဖခင်များနေ့ အမှတ်တရ ပို့စ်တခု တင်ချင်ပေမဲ့ အဖေလို့ တွေးလိုက်တာနဲ့ ကျွန်မတို့ကို သတ်ဖို့ဆိုပြီး ဓါးမြှောင်တချောင်းနဲ့ လိုက်လို့ ပြေးရတဲ့ အိပ်မက်ဆိုးတွေပဲ မကြာခဏ မက်တတ်တဲ့ ကျွန်မက အဖေနေ့ အမှတ်တရ မရေးတာပဲကောင်းပါတယ်လို့ စဉ်းစားပြီး မရေးပဲ နေခဲ့ပါတယ်။ သို့သော်လည်း အမေနေ့တုန်းက အမေအကြောင်း ရေးပြီး အခုအဖေနေ့မှာ အဖေ့အကြောင်း မရေးရင် ကျွန်မ မျက်နှာလိုက်ရာ၊ မတရားရာ ကျနေမှာစိုးတယ်။ ပြီးတော့ အမေနေ့တုန်းက လူအတော်များများ အမေတွေအကြောင်း ရေးကြဖွဲ့ကြတာ တွေ့ပေမဲ့ အခု အဖေနေ့မှာကျတော့ ရေးတာ သိပ်မတွေ့တော့ အဖေတွေက အမေတွေထက် သားသမီးတွေရဲ့ အသိအမှတ်ပြု ခံရမှု အားနည်းနေတာ တွေ့လို့ အားငယ်သူကို အားပေးတဲ့အနေနဲ့ အဖေနေ့အမှတ်တရပို့စ်ကို ကျွန်မ ကောက်ကာငင်ကာ ရေးလိုက်ရခြင်း ဖြစ်ပါတယ်။ တကယ်တော့ ကျွန်မဘ၀မှာ အဖေဟာ အိပ်မက်ဆိုးတွေကို ပေးခဲ့သလို တခါကတော့ ကျွန်မအဖေဟာ ကျွန်မရဲ့ ဇာတ်လိုက်ကောင်း တယောက်ဖြစ်ခဲ့ပါတယ်။


ကျွန်မတို့ ငယ်ငယ်က အဖေက လကုန်တိုင်း မြို့မှာ သူ့ရဲ့ပင်စင်လစာ သွားထုတ်တတ်ပြီး ညနေအေးလောက်မှ အိမ်ပြန်ရောက်လေ့ ရှိပါတယ်။ ကျွန်မတို့ အိမ်ရှေ့မှာက နွားစားကျက်အတွက် မြက်ခင်းစိမ်းစိမ်း ကွင်းပြင်ရှိပြီး အိမ်ကနေကြည့်လိုက်ရင် ကွင်းအလယ်မှာ ကန့်လန့်ဖြန့် ရေမြောင်းတခု ရှိပါတယ်။ ရေမြောင်းဆိုပေမဲ့လည်း မိုးတွင်းမှပဲ ရေရှိတတ်ပါတယ်။ ကွင်းအဆုံးမှာတော့ ဘကြီးရဲ့ ရော်ဘာခြံ ရှိပါတယ်။ အပြင်ကနေ အိမ်ပြန်လာရင် ရော်ဘာခြံကို ဖြတ်ပြီးမှ ကျွန်မတို့ အိမ်ကို ရောက်ပါတယ်။ လခထုတ်တဲ့နေ့တွေမှာ ညနေပိုင်း ရောက်တာနဲ့ အဖေ ဘယ်တော့ ပေါ်ထွက်လာမလဲဆိုတာ ရော်ဘာခြံရှိရာ တောစပ်ကို ကြည့်ပြီး ကျွန်မတို့ ညီအစ်မ မျှော်နေတတ်ပါတယ်။ အဖေက အင်္ကျီအဖြူပဲ အမြဲဝတ်တတ်တော့ ရော်ဘာခြံထဲကနေ မြက်ခင်းထဲကို အင်္ကျီအဖြူနဲ့ အဖေ ပေါ်ထွက်လာတာကို တွေ့လိုက်တာနဲ့ တပြိုင်နက် ကျွန်မတို့ ညီအစ်မ "ဖေဖေလာပြီလေလေ ဖေဖေလာပြီလေလေ" လို့ ပါးစပ်ကအော်ရင်း အိမ်ပေါ်က ပြေးဆင်းပြီး ဆီးကြိုရင်အဖေနဲ့ ကွင်းလယ်မှာ ဆုံတယ်။ အဖေက ကျွန်မတို့နှစ်ယောက်ကို ဘယ်တယောက် ညာတယောက် ပွေ့ချီပြီး တရွှတ်ရွှတ်နဲ့ ဖက်နမ်းကာ ငါ့သမီးတွေအတွက် မုန့်တွေပါတယ်ဟေ့ လို့ပြောကာ အိမ်ပေါ်အထိ ချီလာပြီး အိမ်ပေါ်ရောက်မှ ၀ယ်လာတဲ့ မုန့်တွေကို ထုတ်ကျွေးပါတယ်။ အမေ၀ယ်ကျွေးခဲလှတဲ့ ဈေးကြီးတဲ့ တရုတ်စက်လုပ်မုန့်တွေကို အဖေလစာထုတ်တိုင်း ၀ယ်ကျွေးခဲ့လို့ ငယ်ငယ်က ပျော်ပျော်ပါးပါး စားခဲ့တာကို အမြဲအမှတ်ရနေပါတယ်။ (ကျွန်မညီမ စာလာဖတ်ပြီးနောက်ပိုင်း သတိရလာလို့ ထပ်ဖြည့်ထားတဲ့ အပိုဒ်ဖြစ်ပါတယ်။ ၇-၀၉-၁၀)
ကျွန်မ ငယ်ငယ်က အိမ်နဲ့ဝေးတဲ့ တခြားရွာမှာ အဖေ့မိဘတွေဘက်က အမွေရခဲ့တဲ့ ဒူးရင်း၊ မင်းဂွတ်၊ သရက်ပင်တွေ ရှိတဲ့ ခြံမှာ ရာသီသီးနှံပေါ်ချိန်တိုင်း အဖေနဲ့အတူခြံထဲ တဲထိုးပြီး ဒူးရင်းသီး သွားစောင့်ရပါတယ်။ ကျောင်းပိတ်တဲ့ ရာသီတွေမှာလည်း အိမ်နဲ့ ဝေးလံပြီး ကုန်းတွင်းကျတဲ့ နေရာတွေမှာ အဖေနှမ်းသွားစိုက်ရင် ကျွန်မပဲ အမြဲဈေးဝယ်ပြီး သွားပို့ရပြီး တခါတလေ အဖေနဲ့အတူ တောင်ယာတဲမှာပဲ နေခဲ့တယ်။ ဒါကြောင့်မို့ အဲဒီအချိန်က အဖေနဲ့ ကျွန်မက တခြားသားသမီးတွေထက် ပိုရင်းနှီးပြီး အိမ်မှာ မျက်နှာနှိမ့်တဲ့ ကျွန်မကို နွေးထွေးမှု အပေးနိုင်ဆုံးဟာ အဖေပဲ ဖြစ်ခဲ့ပါတယ်။ အိမ်က သားသမီးတွေထဲမှာလည်း ကျွန်မက ပညာအထူးချွန်ဆုံး ဖြစ်တော့ အဖေက ကျွန်မကို သိပ်ပြီး အားပေးတယ်။ ပညာတော်လို့ အမေ့ဆီက အသိအမှတ်ပြုမှု သိပ်မရခဲ့ပေမဲ့လည်း အဖေ့ဆီကတော့ ချီးကျူးထောပနာ ပြုမှုတွေကို ကျွန်မ အပြည့်အ၀ ရရှိခဲ့ပါတယ်။ "အဖေတို့က ဘုန်းကြီးကျောင်းစာပဲ သင်ပြီး ကြီးလာရာကနေ စစ်တပ်ထဲရောက်လို့သာ အင်္ဂလိပ်စာတွေ သင်ခဲ့ရပြီး စာပေတွေ ကောင်းကောင်းတတ်ကာ သမီးတို့ကို အခုလို စာတွေပြန်ပြပေးနိုင်တယ်၊ အဖေတို့တုန်းက သမီးတို့ခေတ်လို ကျောင်းတက်ဖို့ လွယ်တာမဟုတ်ဘူး။ ပညာရေးအတွက်ဆိုရင် ကျွန်ဖြစ်သွားပါစေ သမီးတို့ ပညာထူးချွန်ရင် ထူးချွန်သလောက် ပံ့ပိုးပေးမယ် စာသာကြိုးစားပါ" ဆိုတဲ့ အဖေ့ အားပေးစကားက ကျွန်မအတွက် ခွန်အား ဖြစ်စေခဲ့ပါတယ်။


မိန်းကလေးဆိုရင် သေစာရှင်စာ တတ်ရင်တော်ပြီလို့ သဘောထားပြီး ကျောင်းထွက်ခိုင်းဖို့ အမြဲစဉ်းစားနေတတ်တဲ့ အမေနဲ့ စာရင်တော့ ကျွန်မ အဖေကတော့ ကျွန်မအတွက် တကယ့်ကို သူရဲကောင်းပါပဲ။ "သမီး ကျောင်းကြီးကို ရောက်ရင် သမီးတို့ဆီကို မသမာလူတွေဆီက စာတွေ ရောက်လာနိုင်တယ် အဲဒီအချိန်ကျရင် မဖုံးကွယ်ထားဘဲ အဖေ့ကို လာပြရမယ် ကြားလား" လို့ ပြောတော့ ကျွန်မက ရည်းစားစာ လာပေးရင် လာပြရမယ် ပြောတယ်ထင်လို့ "အဲဒီအတွက်တော့ စိတ်ချအဖေ သမီးက ပညာမပြည့်စုံဘဲ ယောက်ျားလေးတွေကို လုံးဝစိတ်ဝင်စားမှာ မဟုတ်ဘူး" လို့ ပြောဖို့ လုပ်နေတုန်းပဲ ရှိသေးတယ် "အဖေဆိုလိုတာ ရည်းစားစာကို ပြောတာ မဟုတ်ဘူးနော့် သောင်းကျန်းသူတွေဆီက သွေးထိုးပက်ကော်စာတွေကို ပြောတာ" လို့ ပြောတော့ အဖေပြောတာ ကျွန်မ နားမလည်ခဲ့ဘူး။ အဖေဆိုလိုတဲ့ ကျောင်းကြီးဆိုတာ မြို့မှာရှိတဲ့ အထက်တန်းကျောင်းတွေ ကောလိပ် တက္ကသိုလ်တွေကို ကျွန်မတို့ ဒေသက အခေါ်ဖြစ်တယ်။

ကျွန်မအဖေက တကယ်ကို တော်တဲ့လူတေယောက်ပါ။ ရွာက အဖေထက် အတန်းပညာပိုတတ်တဲ့ တခြားစစ်မှုထမ်းဟောင်းတွေ တယောက်မှ အင်္ဂလိပ်စာတွေ သင်္ချာတွေကို အဖေလောက် နားမလည်ဘူး။ ကျွန်မတို့ငယ်ငယ်က တခြားကျောင်းသားတွေ ကျူရှင်ယူရလေ့ရှိတဲ့ သင်္ချာနဲ့ အင်္ဂလိပ်ဘာသာတွေကို ကျွန်မတို့ငယ်ငယ်က တခါမှ ကျူရှင် မယူဖူးဘူး။ အဖေပဲ ကျွန်မတို့ အိမ်စာတွေကို ၀ိုင်းကူပြပေးပါတယ်။ အဖေက ငယ်ငယ်က အတန်းကျောင်း မနေဖူးဘဲ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးသင်ပေးလို့ စာတတ်ခဲ့ပေမဲ့ လူပျိုဖြစ်တော့ စစ်တပ်ထဲရောက်သွားပြီး စစ်တပ်ထဲမှာ အင်္ဂလိပ်စာတွေ သင်ရပြီး လေ့လာရေးလည်း အားကောင်းတော့ အတန်းကျောင်းစာတွေလည်း သင်ခွင့်ရခဲ့တယ်လို့ သိရတယ်။ အဖေက ဟိုတုန်းကတောင် မြန်မာ့အလင်း အင်္ဂလိပ်သတင်းစာကို ကောင်းကောင်း ဖတ်နိုင်တယ်။ သူငယ်ငယ်က ပညာကောင်းကောင်း မသင်ခဲ့ရတဲ့အတွက် သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တဲ့ ဆန္ဒလည်း အပြည့်အ၀ ရှိပါတယ်။ စစ်တပ်ထဲက ပါလာတဲ့ Alibaba ပုံပြင်အပါအ၀င် တခြားအင်္ဂလိပ် ပုံပြင်စာအုပ်တွေနဲ့ နပိုလီယံက မော်စကိုကို တိုက်ခဲ့တဲ့ ဆောင်းတွင်း တိုက်ပွဲမှာ နပိုလီယံ ရှုံးတဲ့စစ်ပွဲအကြောင်းကို အဖေ ဖတ်ပြပြီး ဘာသာပြန်ပြခဲ့လို့ ကျွန်မတို့ စိတ်ဝင်တစား နားထောင်ခဲ့ သိခဲ့ရတယ်။

အဖေက သူကိုယ်တိုင် လုပ်ထားတဲ့ ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး ကျွန်မနဲ့ ကျွန်မအောက် ညီမကို ဘယ်ဘက်တယောက် ညာဘက်တယောက် ထားပြီး ဒီပုံပြင် စာအုပ်တွေကို မကြာခဏ ဖတ်ပြတာကို ကျွန်မတို့ ညီနှမနှစ်ယောက် စိတ်ဝင်တစား နားထောင်ခဲ့တယ်။ ကျွန်မတို့ ရွာမှာ အဖေ့လို အင်္ဂလိပ်စာ ဖတ်တတ်တာ လက်ချိုးရေလို့ရပြီး တခြားမိဘတွေက သူတို့သားသမီးကို ဒီလိုတခါမှ မဖတ်ပြတော့ ကျွန်မတို့ အဖေက ကျွန်မတို့အတွက် တကယ်ကို ဂုဏ်ယူစရာ ဖြစ်ခဲ့တယ်။ ကျွန်မတို့ ငယ်ငယ်က အင်္ဂလိပ်စာကို လေးတန်းမှာ စသင်ရပြီး ကျွန်မက အဖေသင်ထားပေးလို့ ကျောင်းမှာ ABCD စသင်တဲ့အချိန်ဆို ကျွန်မက သူများထက် ပိုသိနေပြီ။ ပြီးတော့ အဖေက စစ်တပ်ထဲက အတွေ့အကြုံတွေတွေ ဖြစ်တဲ့ ကောက်ရိုးခြေတောက် မြက်ခြေတောက်၊ ကျည်ဆံတတောင့် ရန်သူတယောက် ဆိုတာ အပေါအ၀င် သင်တန်းအတွေ့အကြုံ ရှေ့တန်းတိုက်ပွဲ အတွေ့အကြုံတွေကိုလည်း ပြောပြတတ်တော့ ဟာသ၊ စွန့်စားခန်း၊ သဲထိတ်ရင်ဖို စတဲ့ ရသမျိုးစုံပါတဲ့ အဖေရဲ့ ဘ၀အတွေ့အကြုံတွေကို ကျွန်မ ရင်သပ်ရှုမော နားထောင်ခဲ့ဖူးပါတယ်။ တိုင်းပြည်ကို ချစ်ပြီး ကြီးလာရင် တိုင်းပြည်အကျိုးကို သယ်ပိုးဖို့ကိုလည်း အမြဲဆုံးမသြ၀ါဒ ပေးခဲ့တော့ အိမ်မှာ အဖေ့ဆီက ဒီသြ၀ါဒကို ကောင်းကောင်း လက်ခံရရှိခဲ့သူဟာ ကျွန်မပဲဖြစ်တယ်။

ကျွန်မအဖေက ဒီလို ကျောင်းစာတွေပြပေး အင်္ဂလိပ်ပုံပြင် စာအုပ်တွေ ဖတ်ပြ ဘ၀အတွေ့အကြုံတွေ ပြောပြတာတင်မကဘူး နိုင်ငံရေးအကြောင်း သိပ္ပံအကြောင်းဆိုလည်း BBC နဲ့ VOA ကို အမြဲနားထောင်ပြီး ပြန်ပြောပြတတ်ပါတယ်။ ဟိုတုန်းက BBC, VOA ကို လွတ်လပ်စွာ နားထောင်လို့ ရပါတယ်။ လွတ်လပ်စွာ နားထောင်လို့ မရတာက တရုတ်ကလွှင့်တဲ့ ပီကင်းအသံလွှင့်ဌာနပဲ ဖြစ်တယ်။ ည ရှစ်နာရီမှာ မြန်မာ့အသံက မြန်မာသတင်း ကြေညာပြီးတာနဲ့ ရှစ်နာရီ ၁၅ မိနှစ်မှာ ဘီဘီစီ လာတယ်။ ဘီဘီစီက ကိုးနာရီမှာ ပြီးတာနဲ့ VOA တန်းလာတယ်။ ကျွန်မက ဦးဖေသန်းရဲ့ အင်္ဂါနေ့ည မေးပါများစကားရ၊ ဒေါ်ကြည်ကြည်မေရဲ့ သောကြာနေ့ည ငွေဗျိုင်းဖြူကဏ္ဍတို့ ပါတဲ့ BBC ကိုပဲ စွဲပါတယ် VOA ကို တခါမှ နားမထောင်ဘူး။ အဖေကတော့ ဘီဘီစီက နိုင်ငံရေးသတင်းတွေ ပိုကောင်းပြီး VOA က သိပ္ပံသတင်းတွေ ပိုကောင်းတယ်လို့ ပြောတယ်။ တခါတလေ မီးငယ် လာနားထောင်ကြည့် ဆိုဗီယက်က ဂြိုလ်တုက ဘယ်လို အမေရိကန်က ဂြိုလ်တုက ဘယ်လိုနဲ့ ဗွီအိုအေ နားမထောင်တဲ့ ကျွန်မကို ခေါ်ပြီး နားထောင်ခိုင်းတတ်ပါတယ်။

တခါတလေ အဖေ မအားတဲ့အချိန် ကျွန်မကို ရေဒီယိုဖွင့်ခိုင်းလို့ မြန်မာ့အသံ မဟုတ်တဲ့ နေရာမှာ မြန်မာလို အသံကြားရလို့ နားထောင်ကြည့်ရင် ဦးနေ၀င်းက ဘာလုပ်နေတယ် ဘာဖြစ်တယ် ဆိုပြီး ပီကင်းအသံလွှင့်ဌာနက အမျိုးသမီးတဦး နှာခေါင်းအသံခပ်များများနဲ့ အစိုးရမကောင်းကြောင်းတွေ ကြေညာနေတာ ကြားရတတ်ပါတယ်။ အဲဒါကို ကြားမိရင် "အဲဒီကွန်မြုနစ်မ နှာခေါင်းကို ညစ်ညစ်ပြီး ပြောနေတဲ့အသံ အစိုးရကို စော်ကားတိုက်ခိုက်နေတဲ့ သောင်းကျန်းသူတွေ အသံ ငါနားထောင်လို့မရဘူး ချက်ချင်းပိတ်ပစ်" ဆိုလို့ ပိတ်ပစ်ရတတ်ပါတယ်။ ကျွန်မလည်း အဖေပြောထားလို့လားမသိဘူး အဲဒီအမျိုးသမီးအသံကြားရင် သူဘာပြောနေတယ် ဆိုတာစိတ်မ၀င်စားဘူး အလိုလို နေရင်း အမြင်ကပ်နေတတ်တယ်။ အဖေက ကွန်မြူနစ်ဆိုတာ ဘုရားမရှိ၊ တရားမရှိကောင်တွေပေါ့၊ မိဘကျေးဇူးဆိုတာလည်း မရှိဘူး အမေနဲ့အဖေကို ရာဂစိတ်ဖြစ်လို့ ကလေးရတယ် ဒီလိုရလာလို့ မိဘက စောင့်ရှောက်ရတဲ့အတွက် မိဘတွေက သားသမီးတွေနဲ့ ပတ်သက်ပြီး ဘာကျေးဇူးမှ မရှိဘူးလို့ ယုံကြည်နေတဲ့ မိစ္ဆာဓိဋ္ဌိတွေပေါ့ သမီး" လို့ ပြောပြတော့ ကျွန်မလည်း ကွန်မြူနစ်ဆိုတာကို တကယ်ကို ရွံသွားတယ်။ နောက်ပိုင်းတော့ ပီကင်းအသံလွှင့်ဌာနက အသံလွှင့်တာ ကြားတိုင်း ကျွန်မလည်း ချက်ချင်းကို လိုင်းပြောင်းပစ်တော့တယ်။

အဖေက ကျွန်မကို ဒီလို အသိတရားတွေ ပေးတဲ့အပြင် အနာဂတ်အတွက် မျှော်လင့်ချက်တွေလည်း အများကြီးပေးခဲ့ပါတယ်။ ကျွန်မ ကြီးလာရင် ပညာတတ်အောင် သင်ပြီး မင်္ဂလာဒုံ စစ်ဆေးရုံမှာ စစ်ဗိုလ်မကြီး အဖြစ်သူမြင်ချင်ကြောင်း၊ ပြီးတော့ ပညာသိပ်ပြီးထူးချွန်ရင် စကောလားရှစ်ဆိုတာ ဖြေပြီး နိုင်ငံခြားမှာလည်း ပညာတော်သင် လျှောက်လို့လို့ရကြောင်း၊ ကျွန်မလို စာတော်တဲ့သူအတွက် ဖြစ်နိုင်ကြောင်း ပြောပြတော့ ကြီးလာရင် ပညာတော်သင်လျှောက်ပြီး နိုင်ငံခြားမှာ ပညာသွားသင်မယ် ဆိုတဲ့ ရည်ရွယ်ချက်က ကျွန်မရဲ့ တကယ့်အိပ်မက်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်မတို့ရွာမှာ စကောလားရှစ်ဆိုတာကို ဒီလိုသိတဲ့လူဆိုတာ အဖေတယောက်ပဲ ရှိတယ်လို့ ကျွန်မထင်တယ်။ ကျွန်မတို့ ရွယ်တူ အတန်းဖေါ်တွေထဲမှာ ဒါကို ကြားဖူးသူတောင် မရှိဘူး။ တခါတလေ ဒီအကြောင်းကို အမေ့ဘက်က ဆွေမျိုးတွေကို ပြောပြရင် တောစွန်အုံဖျားကနေပြီး စကားလုံးကလည်း ကြီးတယ် သူ့အဖေလိုပဲလို့ ကဲ့ရဲ့ခံရတတ်တယ်။ လယ်ယာကိုင်းကျွန်း လုပ်စားတဲ့ အမေနဲ့ အမေ့ဘက်က ဆွေမျိုးတွေကို ကျွန်မက ဗဟုသုတမရှိတဲ့သူတွေ တိုင်းပြည်အကြောင်း နိုင်ငံအကြောင်း နားမလည်တဲ့ မျိုးချစ်စိတ် မရှိသူတွေအဖြစ်ပဲ ကျွန်မမြင်ထားတယ်။

အဖေက သူ့တုန်းက ပညာမတတ်လို့ စစ်ဗိုလ် မဖြစ်လိုက်ရတဲ့အကြောင်း ပြောပြပြီး ကျွန်မကို စစ်ဗိုလ်မကြီး ဖြစ်အောင် ကြိုးစားဖို့ အားပေးတာ ဖြစ်တယ်။ စစ်တပ်မှာ အခုတော့ မသိဘူး အရင်က တပ်ကြပ်နေရာကို အသက်ငယ်ငယ်နဲ့ ရတဲ့သူက ဗိုလ်လောင်း ဖြေပိုင်ခွင့် ရှိပါတယ်။ အဖေဒုတပ်ကြပ်ကနေ တပ်ကြပ်အဖြစ် ရာထူးတိုးခံရတဲ့နေ့က ဗိုလ်လောင်းစာမေးပွဲ နောက်တကြိမ်ခေါ်တဲ့ နေ့နဲ့ဆို တရက်တည်းနဲ့ ဗိုလ်လောင်းအတွက် သတ်မှတ်ထားတဲ့အသက် တရက်တည်း ကပ်ပြည့်သွားလို့ ကပ်လွဲသွားတဲ့ အကြောင်း ပြောပြပါတယ်။ ဒါကြောင့် အဖေက ဗိုလ်လောင်းဖြေခွင့် မရတော့ဘဲ တပ်ကြပ်ကြီးအဆင့်အထိပဲ ရောက်ခဲ့ပြီး အဲဒီအချိန်မှာ ဒဏ်ရာရခဲ့လို့ ပင်စင်လျှောက်လိုက်တယ်လို့ သူ့ဘ၀အကြောင်းကို မကြာခဏ ပြန်ပြောပြတတ်ပါတယ်။ အဖေ့အကြောင်းကို ဒီလိုကြားရရင် ကျွန်မက အဖေသာ ပညာတတ်ခဲ့ရင် အများကြီးတက်လမ်း ရှိမှာပဲလို့ အဖေငယ်ငယ်က ပညာမသင်ခဲ့ရတာကို တွေးပြီး အဖေ့ကို သနားနေတတ်တယ်။ အဖေ့လက်ထက်မှာ မဖြစ်ခဲ့တဲ့ ပညာတတ်တယောက် ဖြစ်အောင် ကျွန်မရအောင် ကြိုးစားမယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်လည်း ကျွန်မဟာ ပထမတန်း၊ ဒုတိယတန်းတွေမှာ ဆရာဆရာမတွေက ကြီးလာရင် ဘာလုပ်မလဲမေးရင် အဖေ့ကို ပြောထားခဲ့တဲ့အတိုင်း စစ်ဗိုလ်မကြီးလုပ်မယ်ပဲ ပြောခဲ့လို့ သူငယ်ချင်းတွေက ၀ိုင်းဟားခံရသေးတယ်။ အဖေဆိုပြတဲ့ "တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ် ဗမာ့သတ္တိကမ္ဘာကသိအောင် ငါတို့ပြလိုက်မယ် ဗမာ့ရဲ့သတ္တိကို ဘယ်မှာယှဉ်နိုင်မလဲ" ဆိုတဲ့ စစ်ချီသီချင်းဆိုရင် ကျွန်မ အခုထိ ညည်းဆိုတုန်းဖြစ်တယ်။ ကျွန်မ နည်းနည်း ကြီးလာတဲ့ အချိန်မှာတော့ သူများရီမှာစိုးလို့ ဆရာမတွေ မေးရင် စစ်ဗိုလ်မကြီး လုပ်မယ်လို့ မပြောတော့ဘဲ စာရေးဆရာမလုပ်မယ်လို့ ပြောခဲ့ပေမဲ့ ရင်ထဲက အိပ်မက်ဆန္ဒကတော့ ရှိနေခဲ့တယ်။

ရင်ထဲက အိပ်မက်တွေ တကယ်ပျက်သွားတာက ၈၈ မှာမှ ဖြစ်တယ်။ ပျက်သွားတယ်ဆိုတာထက် မလိုလားတော့လို့ စွန့်ပစ်လိုက်တယ်လို့ ပြောရင်ပိုမှန်ပါတယ်။ ၈၈ မှာ ကိုမင်းကိုနိုင် လက်ရေးနဲ့ ရေးထားတဲ့ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသားတွေအားလုံး အဲဒီနေ့မှာ ကျောင်းမတက်ဘဲ လမ်းမပေါ် ဆန္ဒပြပြီး ဒီမကောင်းတဲ့ လူသတ်အစိုးရကို ဆန္ဒပြပြီး ဖြုတ်ချကြပါလို့ တိုက်တွန်းထားတဲ့ စာကို ဖတ်ရတဲ့အချိန်မှာ သမီးတို့ကြီးလာရင် မသမာလူတွေဆီက လက်ခံရရှိနိုင်တယ်ဆိုတဲ့ အဖေပြောတဲ့စာပါလားလို့ ကျွန်မကောင်းကောင်း သဘောပေါက်ခဲ့သလို အဲဒါဟာ မသမာလူတွေဆီက စာမှမဟုတ်တာ မသမာအစိုးရကို တိုက်ပွဲဝင်ဖို့ သူတော်ကောင်းတွေဆီက စာပဲဆိုတာကိုလည်း ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ အဖေမှာခဲ့တဲ့အတိုင်း အဖေ့ကို ပြလို့မဖြစ်ဘူး ဆိုတာကိုလည်း နားလည်ခဲ့ပါတယ်။

အံ့သြစရာ ကောင်းတာက ဒီအရေးတော်ပုံမှာ ကျွန်မ ပါဝင်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်ထဲက ခွင့်ယူပြီး အိမ်ပြန်ရောက်နေတဲ့ ကိုကြီးတယေက် ဘီလူးဆိုင်းတီးသလို တင်းမာပြီး ကျွန်မကို ကိုယ်ထိလက်ရောက် ပြဿနာရှာခဲ့တဲ့အထိတောင် ဖြစ်ခဲ့ပေမဲ့ အဖေကတော့ ကျွန်မထင်ခဲ့သလို လုံးဝမတင်းမာခဲ့တာကိုတော့ ထူးထူးခြားခြား တွေ့ရပါတယ်။ သူ့ခေတ်နဲ့သူ့ခါပေါ့ကွာလို့ သူငယ်ချင်းတွေကို ပြောနေတာ ကြားရပြီး လူကွယ်ရာမှာတော့ "မီးငယ်နဲ့ ဌေးငယ် သမီးတို့ပါချင်လို့ အဖေပေးပါထားပါတယ်။ ဒါပေမဲ့ ပါတယ်ဆိုရုံပဲ လုပ်ပါ အရေးကြီးတဲ့ ခေါင်းဆောင်နေရာမှာတော့ လုံးဝ ၀င်မလုပ်နဲ့နော့်" ပြောလို့မရဘူး တိုင်းပြည်က ဗိုလ်ချုပ်ကြီးစောမောင် လက်ထဲရောက်နိုင်တယ် လို့ပြောလိုက်တော့ ဘာတွေပြောနေလဲ မသိဘူးလို့ နားမလည်ခဲ့ပေမဲ့ အဲဒီချိန်မှာ အဖေဒီလောက် ကျွန်မတို့ပါဝင်ခွင့် ပေးထားတာကိုတောင် ကျွန်မတို့မောင်နှမ ၀မ်းသာလှပြီ။ ဒါပေမဲ့ အဖေ ပြောတဲ့အတိုင်း စက်တက်ဘာ ၁၈ ရက်နေ့ ညနေကျတော့ တကယ်ပဲ ဖြစ်လာခဲ့တော့ အဖေဘယ်လိုသိလဲဆိုတာ ကျွန်မတို့ မောင်နှမနှစ်ယောက် အံ့သြလို့မဆုံး ဖြစ်ခဲ့ရတယ်။

စစ်တပ်အာဏာသိမ်းပြီးတာနဲ့ အဖေရဲ့ ရာဇအသံကလည်း စတော့တာပဲ။ "မီးငယ်နဲ့ ဌေးငယ် သမီးတို့ ပါချင်လို့ ပေးပါပြီးပြီ ဒီလောက်ဆိုလုံလောက်ပြီ သမီးတို့က ခေါင်းဆောင်လည်း မဟုတ်လို့ အများနဲ့ ဖြစ်တဲ့ကိစ္စမို့ ဘာအပြစ်မှ မရှိဘူး ခေါင်းဆောင်တွေပဲ အပြစ်ရှိတယ်။ ဒါကြောင့် သမီးတို့ကို သက်ဆိုင်ရာက ဘယ်သူမှ ပြဿနာရှာလို့မရဘူး သူများတွေလို ပုန်းရှောင်ဖို့လည်း မလိုဘူး၊ သူပုန်တွေဆီ သွားဖို့လည်း မလိုဘူး အိမ်မှာ အေးအေးဆေးဆေး နေကြ ဘာပြဿနာမှ မဖြစ်စေရဘူး" လို့ ရာဇသံစပေးနေပြီ။ ကျွန်မတို့ မောင်နှမမှာ သမဂ္ဂက ဘယ်အဖွဲ့က ဘယ်ရောက်နေတယ် ဘယ်အဖွဲ့က တောထဲသွားစဉ် ရေနစ်ပြီးလည်း လမ်းမှာ သေဆုံးကြတဲ့သူတွေလည်း ရှိတယ် စသည့် မဟုတ်တာရော ဟုတ်တာရော အမျိုးမျိုး ကြားနေရတယ်။ တောထဲ ရောက်သွားသူတွေရဲ့ အခြေအနေကို စဉ်းစားချိန်မှာ VOA နဲ့ ဘီဘီစီ က ကျွန်မတို့အတွက် သတင်းရရာ နေရာတွေ ဖြစ်လာတယ်။ ခါတိုင်း ဘီဘီစီပဲ နားထောင်ပြီး နောက်ပိုင်းတော့ ဗွီအိုအေက နယ်စပ်ရောက် ကျောင်းသားတွေ အခြေအနေ ပိုပါတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ VOA ကို ပိုကြိုက်သွားပြီး ပိုနားထောင်ဖြစ်တယ်။ အဲဒီအချိန်မှာ သိပ္ပံသတင်းဆောင်းပါးတွေပါလို့ VOA ကောင်းကြောင်း တလျှောက်လုံး ပြောလာခဲ့တဲ့ အဖေက VOA သတင်းကြေညာနေတာကို ကြားရင် လူငယ်တွေ လမ်းမှားရောက်အောင် သွေးထိုးပက်ကော်နေတယ် ဆိုပြီး စတင်အပြစ်တင်ရှုပ်ချတာကို တွေ့ရလို့ ကျွန်မတို့ ညီနှမကတော့ ပြောမရဲလို့ ဘာမှမပြောပေမဲ့ ဘာမှဆိုင်တာလည်း မဟုတ်ဘူးလို့ ကြိတ်တွေးနေတယ်။ ရေဒီယိုက စစ်အစိုးရလို့ ပြောတာကို အဖေဟာ ဆတ်ဆတ်တုန်အောင် နာတာတွေ့တော့ "စစ်အစိုးရကို စစ်အစိုးရမခေါ်လို့ ဘယ်လိုခေါ်စေချင်လဲ မသိဘူး" လို့ ကျွန်မ စိတ်ထဲထဲမှာ ပြောနတတ်တယ်။

ဒီလိုနဲ့ ကျွန်မတို့ညီအစ်မကလည်း တခြားသူတွေနဲ့ အဆက်အသွယ်ရအောင် ဘယ်လိုလုပ်ရမလဲလို့ အမြဲတွေးတော ကြံဆနေတယ်။ အဖေကလည်း ရိပ်မိလားမသိဘူး တနေ့ထက်တနေ့ တင်းကြပ်လာပြီး နောက်ပိုင်း သတင်းတောင် ကောင်းကောင်း နားထောင်လို့မရအောင် ဖြစ်လာတယ်၊ ကျွန်မတိုကိုလည်း စစ်လားဆေးလား လုပ်လာတယ်၊ ရုတ်ရုတ်လုပ်ရင် လူသတ်ပြီး ထောင်ထဲသွားနေဖို့ ၀န်မလေးဘူးတွေ ပြောလာတယ်ဆိုတော့ ကျွန်မတို့လည်း ဒီအတိုင်းတော့ ရေရှည် မဖြစ်တော့ဘူးဆိုပြီး စတင်ကြံဆတော့တယ်။ နောက်ဆုံးတော့ ကျွန်မတို့က တံငါရွာမှာ ရှိတဲ့ အမေ့ဆွေမျိုးတွေဆီ သွားလည်ပြီး ခြံထဲက သစ်သီးဝလံတွေကို လက်ဆောင်သွားပေးမယ်လို့ ပြောတော့ ဆွေမျိုးတွေက ဒီလိုသွားလည်ရင် ငပိ၊ ငါးခြောက် ငံပြာရည်တို့ လက်ဆောင်ပြန်ပေးလေ့ရှိတော့ မဆိုးဘူးထင်ပုံရတယ် ပင်လယ်ဘက်ဆိုတော့ သူပုန်နဲ့ ဝေးတယ် မဟုတ်လား အဖေက ကျွန်မတို့ အကြံအစည်ကို လက်ခံခဲ့တယ်။ တကယ်တမ်း အိမ်ကနေ ကျွန်မတို့ ထွက်လာတာကတော့ ပင်လယ်ဘက်မှာ ရှိတဲ့ တံငါရွာဆီကိုမဟုတ်၊ တဘက်ကမ်းက ကရင်တွေရဲ့ အကူအညီနဲ့ KNU ကို ဆက်သွယ်ကာ ပင်လယ်နဲ့ ဆန့်ကျင်ဘက်အရပ် တောင်တန်းတွေ ရှိရာ နေရာကိုသာ ထွက်လာခဲ့ပါတယ်။ KNU တွေရဲ့ အကူအညီနဲ့ တောင်တန်းတွေ တောတောင် စမ်းချောင်း အထပ်ထပ်တွေကို ကျော်ဖြတ်ကာ သမဂ္ဂတုန်းက လုပ်ဖေါ်ကိုင်ဖက်တွေ အရင်ရောက်နေပြီဖြစ်တဲ့ နယ်စပ်ဒေသဆီ ညီအစ်မ နှစ်ယောက် ခရီးဆက်ခဲ့ပါတယ်။

နောက်ပိုင်းတော့ အဖေဟာ ကျွန်မတို့ ညီအစ်မ သူ့ကို လိမ်သွားတာကို လုံးဝကြိတ်မနိုင်ခဲမရ ဖြစ်ပြီး မိတ်ဆွေတွေကြားမှာ သူ့သမီးနှစ်ယောက် တောခိုသွားတယ်ဆိုတဲ့အဖြစ်ကို ရှက်လည်းတော်တော် ရှက်ပုံရပါတယ်။ တွေ့ရင်သတ်ပစ်ပြီး ထောင်ထဲသွားဝင်နေမယ်လို့ ကြိမ်းဝါးနေကြောင်း ကြားသိရတယ်။ ကျွန်မတို့ တောထဲရောက်ပြီး အဆက်အသွယ်လုပ်ပေမဲ့ လုံးဝအဆက်အသွယ် ပြန်မလုပ်ခဲ့ဘူး။ ကျွန်မ ရှေ့တန်းရောက်တော့လည်း စာရေးအဆက်အသွယ်လုပ်ပြီး ကျွန်မတို့ လိမ်ပြီး ထွက်လာခဲ့တာကို တောင်းပန်ကြောင်း ကျွန်မတို့ လုပ်နေတဲ့ တော်လှန်ရေးဟာ တရားသော တော်လှန်ရေး ဖြစ်ကြောင်း၊ အဖေပေးတဲ့ မျိုးချစ်စိတ်ကြောင့် တိုင်းပြည်ကို ချစ်လို့သာ ဒီလိုလုပ်ဖြစ်ကြောင်း စာရေးပြီး ရှင်းပြခဲ့ပေမဲ့ လုံးဝအဆက်အသွယ် ပြန်မလုပ်ခဲ့ဘူး။ ကျွန်မ တပ်ရင်းပြန်ရောက်ပြီးနောက် ၁၉၉၃ ခုနှစ်မှာ ကျွန်မတို့ မြို့နယ်က ကျွန်မတို့ တပ်တွေ စိုးမိုးထားတဲ့ ကျေးရွာတရွာမှာ ဘုန်းကြီးပျံရှိလို့ ကျွန်မညီမက အမေနဲ့ တွေ့ဖို့ခွင့်ယူပြီး သွားတော့ အဲဒီရွာက ဘုန်းကြီးပျံမှာ မမျော်လင့်ဘဲ အဖေ့ကို ဘုန်းကြီးအ၀တ်နဲ့ သွားတွေ့ခဲ့တယ်။ ကျွန်မ ရှေ့တန်းဒေသမှာ တောက်လျှောက်သွားလာ လှုပ်ရှားနေခဲ့တာ တခါမှ မတွေ့ခဲ့ရဘဲ အခုလို ညီမဆီက ဘုန်းကြီးဝတ်နေတယ်ဆိုတာ သိရလို့ ၀မ်းသာနေတဲ့အချိန်မှာ ကျွန်မ ညီမ တပ်ရင်းပြန်ရောက်လာတော့ "နင်ဝမ်းသာနေလည်း အပိုပဲ အဖေက ဘုန်းကြီးဝတ်ထားလို့ စိတ်တွေဘာတွေ လျှော့ပြီး တရားရနေတယ်များ နင်ထင်လား ငါဝိပဿနာတရားတွေ ပွားထားလို့ နင်တို့နဲ့ အခုလို လက်ခံစကားပြောလို့ ရတယ်လို့ ရဲဘော်တွေကိုရော ငါ့ကိုပါ ရည်ရွယ်ပြီး ပြောလိုက်တယ်" လို့ ညီမက ပြောပြတယ်။

အိမ်ကထွက်လာပြီးနောက်ပိုင်း အဖေကျွန်မတို့ကို လိုက်ရှာပြီး တွေ့ရင် စစ်တပ်မှာ သွားအပ်မယ်ဆိုပြီး သတ်ဖို့ ဓါးမြှောင်တချောင်းနဲ့ လိုက်ရှာနေလို့ ပြေးနေရတဲ့ အိပ်မက်တွေကို ကျွန်မ မက်ခဲ့တာ သြစကြေးလျားကို မလာခင် ၂၀၀၁ ခုနှစ်အထိ ဖြစ်ပါတယ်။ ဒီလို အိပ်မက်ဆိုးကို သြစကြေးလျားရောက်ပြီး အကြာကြီးမမက်ဘဲ နေခဲ့ရာကနေ မကြာခင်က တခါ ပြန်မက်လာတယ်။ အဖေ့ကို အရင်က ဆက်သွယ်လို့ မရခဲ့ပေမဲ့ နိုင်ငံခြားရောက်ပြီး ဆက်သွယ်တော့ သူပုန်မဟုတ်တော့ဘူး ဆိုတော့ အဖေက လက်ခံစကားပြောပါတယ်။ ဒါပေမဲ့ အိမ်ကလိမ်ပြီးထွက်လာတဲ့ အကြောင်းတွေကို ကျွန်မ ပြန်မပြောဖြစ်ဘူး ပြောမထွက်ဘူး။ အိမ်က မထွက်လာခင်က သစ်သီးတွေကို အဖေရှေ့မှာခူးပြီး အဖေသံသယ မရှိအောင် ယူသွားမည့် ထည့်စရာထဲမှာ အပီအပြင်နေရာချတယ် မသွားခင်ည အဖေအိပ်နေချိန်မှာ ရာဝင်စဉ်းအိုးထဲ အကုန်ထည့်ထားခဲ့ပြီး မိုးလင်းမှ သွားမယ်လို့ ပြောခဲ့ပေမဲ့ မနက် ၄ နာရီမှာ ညီအစ်မနှစ်ယောက် အိမ်က တိတ်တိတ်လေး ထွက်လာခဲ့တယ်။ ဒီလို လိမ်ပြီး ထွက်လာခဲ့တဲ့အပေါ် အဖေဘယ်လိုများ ခံစားခဲ့ရလဲ၊ မိတ်ဆွေ အပေါင်းအသင်းတွေ ကြားမှာ အရှက်ရကာ ဒေါသသိပ်ကြီးတဲ့ အဖေတယောက် ကျွန်မတို့ကို ခွင့်လွတ်နိုင်ပါ့မလားဆိုတာ ကျွန်မ အမြဲတွေးနေမိတယ်။ အဖေ့ကို ပြန်မတွေ့ရတာ ထွက်လာကတည်းက ဖြစ်တယ်။ ဒီတသက် ပြန်တွေ့ရပါတော့မလားလို့ ကျွန်မ သံသယ ဖြစ်မိတယ်။

အဖေကို ကျွန်မ သိစေချင်တာကတော့ ကျွန်မဟာ အဖေ့ဆီက မျိုးချစ်စိတ်ဓါတ်တွေ မရခဲ့ရင် တော်ရုံတန်ရုံ စိတ်ဓါတ်နဲ့တော့ တိုင်းပြည်အတွက်ဆိုပြီး မိဘကို ဆန့်ကျင် စွန့်စားလုပ်ရတဲ့ လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်ဘဲ ရွာမှာ ရှိနေတဲ့ သူငယ်ချင်းတွေလိုပဲ အခုချိန်မှာ ကြံ့ဖွတ်စာရင်းထဲမှာ ပါနေမှာ သေချာပါတယ်။ မျိုးချစ် စိတ်ဓါတ် အမွေအနစ်တွေကို အဖေ့ဆီကသာ ကျွန်မ မရခဲ့ရင် ကျွန်မဘ၀ ဆယ်စုနှစ်တခုစာကိုလည်း အဖေမကြိုက်တဲ့ အလုပ်တွေနဲ့ ကုန်ခဲ့မှာ မဟုတ်ဘူး။ ဒီလိုလုပ်ခဲ့တာကို အဖေမကြိုက်ပေမဲ့လည်း ဒါဟာ အဖေဖြစ်စေချင်တဲ့ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ကြောင့် ဆိုတာ ကျွန်မ အာမခံရဲပါတယ်။ ဒီလို လုပ်ခဲ့တဲ့အတွက် ဘယ်တော့မှ နောင်တမရပေမဲ့ အဖေတယောက် ကျွန်မတို့အတွက် ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရတဲ့ ခံစားမှုအတွက်တော့ ကျွန်မ ထပ်တူခံစားရပါတယ်။ ကျွန်မ အဖေဟာ ကျွန်မတို့နဲ့ သဘောထား မတိုက်ဆိုင်ပေမဲ့ တိုင်းပြည်ကို တကယ်ချစ်တဲ့ စစ်သားဟောင်းတဦးအဖြစ် ကျွန်မ ဂုဏ်ပြုဆဲ၊ သူပြန်ပြောခဲ့တဲ့ စစ်သားဘ၀က သူ့ဘ၀အတွေ့အကြုံတွေကို ကျွန်မ အမှတ်ရနေဆဲဖြစ်ပါတယ်။ ကျွန်မမှာ ရှိတဲ့ တိုင်းပြည်ချစ်တဲ့စိတ်၊ မျိုးချစ်စိတ်ဓါတ် အပါအ၀င် ဗဟုသုတ လေ့လာလိုက်စားလိုစိတ်၊ စာဖတ်ဝါသနာပါခြင်း စတဲ့ ကောင်းတဲ့ အလေ့အကျင့်တွေကို ကျွန်မ အဖေ့ဆီကပဲ ရရှိခဲ့တာဖြစ်ပြီး အဖေဟာ တခါက ကျွန်မရဲ့ ဇာတ်လိုက် ဖြစ်ခဲ့သလို အခုထိလည်း အဖေ့ရဲ့ ကောင်းမွေတွေကို ကျွန်မ ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။


အဖေ့စိတ်နှလုံး ကြည်သာချမ်းမြပါစေ။
ကျွန်မရဲ့ အဖေနဲ့ ပတ်သက်တဲ့ အိပ်မက်ဆိုးတွေ ကုန်ဆုံးပါစေ

အမေနေ့ အမှတ်တရပို့စ်က ဒီမှာ ရှိပါတယ်။

5/9/10 - 9:27 PM က အဖေများနေ့မှာ တင်တဲ့ပို့စ် ဖြစ်တယ်။

အခုတော့ ဒီပို့စ်ထဲက ကျွန်မရဲ့ Message နဲ့ ဆုတောင်းတွေကို အဖေ ဘယ်တော့မှ မရနိုင်တော့ဘူး။ တခါက ကျွန်မဇာတ်လိုက်ဖြစ်တဲ့ ကျွန်မအဖေဟာ ( ၇-၇-၁၁ ) ရက် ပြီးခဲ့တဲ့ တင်္ဂနွေနေ့က ဘ၀နိဂုံးချုပ်သွားပါပြီ။ ခွဲခွါလာကတည်းက ၂၃ နှစ်ကြာတဲ့အထိ မျက်နှာချင်းဆိုင် တခါမှ ပြန်မတွေ့ရတော့ပေမဲ့ မဆုံးခင် ရက်အနည်းငယ်အလိုမှာ စကားပြောလိုက်ရသေးလို့ သားသမီးနဲ့ ခွဲခွာခဲ့တဲ့နေ့ကစပြီး တခါမှ ထိတွေ့မှုမရဘဲ ဘ၀နိဂုံးချုပ်ခဲ့ရတဲ့ မိတ်ဆွေတချို့ရဲ့ မိဘတွေနဲ့ စာရင်တော့ တော်သေးတယ်လို့ပဲ ဖြေသိမ့်ပြီး အဖေ ကောင်းရာဘုံဘ၀ကို ရောက်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။


ငါသည် အိုခြင်းသဘော ရှိ၏ အိုခြင်းသဘောကို မလွန်ဆန်နိုင်ချေ။
ငါသည် နာခြင်းသဘောရှိ၏ နာခြင်းသဘောကို မလွန်ဆန်နိုင်ချေ။
ငါသည် သေခြင်းသဘောရှိ၏ သေခြင်းသဘောကို မလွန်ဆန်နိုင်။
ငါ၏ ချစ်မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်။
ငါသည် ကံသာလျှင် မိမိဥစ္စာရှိ၏၊ ကံ၏အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏။ ကံသာလျှင် အဆွေအမျိုးရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်။ (အဘိဏှသုတ် မြန်မာပြန်မှ ကောက်နှုတ်ချက်)