မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

၂၀၁၅ အတွက် ကိုနေမျိုးဇင်ရဲ့ အကျဉ်းထောင်မှ အမှာစကား



ဟန်ချက်ညီတဲ့ တိုက်စစ်ကို မဆင်နိုင်ဘဲ အလဲလဲ အကွဲကွဲနဲ့ မှိုင်းတိုက်သမျှနောက်မှာ ယောင်နေကြမယ်ဆိုရင်တော့ ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာလည်း ခွေးလိုလို ခြင်္သေ့လိုလို တိရစ္ဆာန်တွေကို ဦးခိုက်နေတဲ့ လူတစုရဲ့ လက်အောက်မှာပဲ ထင်သလို အလုပ်ခံနေရဦးမယ်ဆိုတာ မှတ်ထားပါ။ တိရစ္ဆာန်ကိုးကွယ်တဲ့သူကို ကျနော်တို့ ခေါင်းဆောင်တင်မလား ပြည်သူကို တန်ဖိုးထားတဲ့သူကို ခေါင်းဆောင်အဖြစ်ထားမလား ပြည်သူအားလုံး ရွေးချယ်ပါလို့ ကျနော်ပြောချင်ပါတယ်။ (ဗိုလ်ကြီးဟောင်း နေမျိုးဇင်)

ကိုနေမျိုးဇင်အနေနဲ့ပေါ့နော့် 2015 မှာ ပြည်သူတွေကို တိုင်းပြည်အတွက် ပြည်သူတွေအားလုံးကို ဘာများ ပြောကြားချင်ပါသလဲချင်ဗျား။

အဓိကက နိုင်ငံရေးစိတ်ပါဝင်စားမှုကို နိုးကြွားတက်ကြွမှု အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတိုင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း အားလုံးဟာ နိုးကြွားဘို့ ပထမတချက်၊ ပြီးတော့မှ နိုးကြွားမှုနဲ့အတူ ဒီဆန္ဒမဲတပြားရဲ့ အရေးကြီးပုံ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလ ဒေါ်အောင်ဆန်းစုကြည် ပြောစကားအရဆိုရင် ဒုတိယအကြိမ် ရွေးကောက်ပွဲသာလျှင် တိုင်းပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးတယ်ဆိုတော့ကာ အခု ၂၀၁၅ သည် စစ်အာဏာရှင်ခေတ်ကနေ ဒီမိုကရေစီခေတ်ကို ကူးပြောင်းမည့် ဒုတိယကြိမ်မြှောက် ရွေးကောက်ပွဲ ဖြစ်တယ်။ ဒါကြောင့်မို့ အရေးကြီးဆုံး ဖြစ်တယ်။ ပထမအကြိမ်မှာ ကလိန်ခြုံကျ ကျပါစေ၊ စစ်အာဏာရှင်ခေတ်က အသွင်ပြောင်းစမို့ ဒုတိယအကြိမ်မှာတော့ ထပ်ကလိန်ခြုံကျလို့မရဘူး။ ဒါကြောင့် လက်ရှိ နှစ်ပြည့်ပြီးသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးသည် အတိတ်သမိုင်းရဲ့ သင်ခန်းစာတွေကို ကျေကြပါ။

 ၂၀၁၀ တုန်းက ဘယ်လိုကလိန်ခြုံလုပ်သွားတယ်၊ ဘယ်လိုကြိုတင်မဲတွေ အိတ်လိုက်နဲ့ ဘယ်လို ဘယ်လိုဓာတ်တိုင်တွေ အရောင်ပြစိုက်ပြီး ဘယ်လိုလမ်းခင်းကျောက်တွေနဲ့ မဲလိမ်သွားလဲ၊ ဘယ်လို ငွေချေးပြပြီး ဘယ်လိုနားလှည့်ပါးလှည့်လုပ်ပြီး ပါးရိုက်သွားလဲ ဒီသမိုင်း ဒီသမိုင်းသင်ခန်းစာတွေကို ယူပါ။ အဲဒီ မဲတခုခု ရိုးသားဖြောင့်မတ်မှုမရှိဘဲ မဲရယူခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လက်ရှိ ၄ နှစ်ကျော်သက်တမ်း လွှတ်တော်တွင်းက အစွမ်းအစကိုလည်း ကျနော်တို့ အားလုံး သိရှိပြီးဖြစ်တယ်။ သူ့လစာတိုးရေးကလွဲလို့ တိုင်းပြည်အတွက် မှန်ကန်တဲ့ ပြတ်သားတဲ့ မားမတ်တဲ့ မခြေခံ ပန္နက်တွေအထိ သက်ရောက်စေမယ့် ပြင်ဆင်ပြောင်းလဲရေး တခုမှ ယခုလွှတ်တော်အတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေ အများစုက လုပ်မသွားနိုင်ပါဘူး။ အနည်းစုကြိုးပမ်းပေမဲ့ လူညီရင် ဤကျွဲဖြစ်မယ်ဆိုတဲ့ စားဖားချင်းညီညွတ်နေတဲ့တသိုက် ကဖျက်ယဖျက်လုပ်လို့ တိုင်းပြည်အတွက် ကောင်းစေရာကောင်းစေကျိုး သယ်ပိုးဘို့ လွှတ်တော်ကိုယ်စားလှယ်အနည်းစုရဲ့ တင်ပြချက်တွေ အဟောသိကံ ဖြစ်သွားတာ အများကြီး ကျနော်တို့ သမိုင်းသင်ခန်းစာ ရပြီးပြီ။

 အဲတော့ ဒီလိုလူမျိုးတွေကို လွှတ်တော်ထဲကို နောက်တဖန်ခြေချခွင့် မရအောင် သူတို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းလာနိုင်ခြေရှိတဲ့ ကကြိုးလေးနဲ့ ပြောရရင် စနစ်ဆွေးပိုးလောက်တွေရဲ့ အသစ်ခွေးတိုးပေါက် PR ဆိုတာမျိုးကိုလည်း လက်မခံဘို့ မဲလိမ်၊ မဲခိုး၊ မဲဆွယ်၊ မဲညာ၊ မဲယောင် လုပ်ပြီးတော့ ပြည်သူ့မဲကို လတ်တလောရရင်ပြီးရော မဲရပြီးနောက်နေ့ ပြည်သူ့အကျိုး လှည့်ကြည့်စရာမလိုဘူး ပြည်သူ့မျက်နှာ ကြည့်စရာမလိုဘူးဆိုတဲ့ အချိုးရှိတဲ့ ကိုယ်စားလှယ်ဆိုးတွေ လွှတ်တော်ထဲကို နောက်တကြော့ ခြေချခွင့်မရဘို့ ဒါကိုကာကွယ်ရင်းနဲ့ တဘက်က ပြည်သူ့ကိုယ်စားလှယ်စစ်စစ် ပြည်သူ့ပါတီစစ်စစ် ဘယ်သူတွေဖြစ်မလဲ။ နေ့စဉ် လူသားစိတ်နဲ့ ကိုယ်ချင်းစားစိတ်နဲ့ အသိညာဏ် ဆင်ခြင်တုံတရားနဲ့ နိုင်ငံရေးစာပေ လေ့လာဖတ်ရှုသုံးပ်နိုင်တဲ့စွမ်းရည်နဲ့ ချိန်ထိုးပြီးတော့ ရွေးချယ်ပါ။
ဖြစ်မြှောက်အောင် မဲပေးပါ။ မဲပေးပိုင်ခွင့်ကိုလည်း မှန်မှန်ကန်ကန် ရရှိအောင် အခုကတည်းကကြိုးစားပါ။

ကိုယ်မဲပေးလိုက်တဲ့လူကို လွှတ်တော်ထဲမှာ တိတိကျကျ ထမ်းဆောင်နိုင်ခွင့် ရရှိအောင် ပြည်သူ့အစိုးရ စစ်စစ် တရပ်ပေါ်ပြီး ဆောင်ရွက်နိုင်ခွင့်ရရှိအောင် ခပ်ရှင်းရှင်းပြောရရင် ပြည်သူ့ခေါင်းဆောင် လူထုခေါင်းဆောင် သမ္မတဖြစ်ခွင့်၊ သမ္မတ မဖြစ်မနေ ဖြစ်ကိုဖြစ်ရမယ် ဘုရင့်နောင်ဖေါင်ဖျက်ကိန်းကို ပြည်သူတိုင်း အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုပါ မကျန် ၂၀၁၅ မှသည် နောက်ဆက်မယ့် ခေတ်အဆက်ဆက်အထိ ပြည်သူ့အစိုးရနှင့် ပြည်သူ့အာဏာသည်သာလျှင် တည်ပြီး ပြည်သူ့အကျိုးစီးပွားအတွက်ကို တကယ်ထမ်းဆောင်မယ့် ပြည်သူ့ကိုယ်စားလှယ်တွေနှင့် ပြည်သူများကောင်းကျိုးကို ပြည်သူများရဲ့ စုစည်းညီညွတ်တဲ့အားနဲ့ ကြိုးပမ်းသွားမယ့် ပြည်သူ့လက်ထဲမှာ အာဏာရှိအောင် ပြည်သူတွေ ၀ိုင်းဝန်း ကြိုးစားသွားမယ်ဆိုတဲ့ စိတ်ကို ပြည်သူတွေ အခုကတည်းက မွေးဘို့ မျိုးဆက်သစ်တွေကိုလည်း နောက်ရွေးကောက်ပွဲတွေမှာ မဲပေးလာရမည့် မျိုးဆက်သစ်တွေကိုလည်း အခုကတည်းက သွန်သင်ပေးသွားဘို့ အရေးတကြီးလိုနေပြီလို့ ကျနော်ပြောချင်ပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲကာလ မတိုင်ခင် ဖမ်းဆီးမှုတွေ ထပ်ကြမ်းကောင်းကြမ်းလာနိုင်ပါတယ်။

လတ်တလော ကျနော်တို့ အဖမ်းခံထားရတဲ့သူတွေ အခုဆိုရင် ထောင်ထဲမှာ သုံးရာကျော်လောက် ရှိနေပါပြီ။ ဒီလူတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်နဲ့မဆိုင်ရင် ဂလိုင်မဖေါက်ဘူး၊ ကိုယ့်ပေါင်ပေါ်မှာ မီးပွားမကျသေးသရွေ့ ငါပူမှာမဟုတ်ဘူးဆိုတဲ့စိတ်မျိုး မထားဘဲနဲ့ မတရား ဖမ်းဆီးခံရမှု သေးသေးလေးကအစ လက်မခံဘဲနဲ့ တရားဥပဒေအတိုင်း စစ်စစ် မှန်မှန် ပြည်သူ့အကျိုးကို ရှေ့ရှုတဲ့ စီရင်ထုံးတွေ ပေါ်ပေါက်လာအောင် ဥပဒေမဲ့ ပြုကျင့်မှု မျက်နှာပြောင်တိုက်၊ တိုက်လေ့တိုက်ထ ရှိတဲ့ အုပ်ချူပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးကို ရှက်ဖွယ်လိလိ ဖြစ်ကြောင်း ပြည်သူ့အား စတုတ္ထမဏ္ဍိုင်ရဲ့အား ပေါင်းစပ်ညီညွတ်တဲ့အားနဲ့ ၀ိုင်းဝန်းထောက်ပြ ဝေဖန်ရှုပ်ချခြင်းနည်းဖြင့် အမှန်တရားတွေ၊ ပြတ်သားတဲ့ စီရင်ထုံးတွေ မတရားဖမ်းဆီးထားခံထားရတဲ့ ပြည်သူ၊ နိုင်ငံသား အကျဉ်းသားတွေ လွှမြှောက်အောင်လည် တဘက်တလမ်းက ၀ိုင်းဝန်း ကြိုးပမ်းပေးပါ။

အဲလိုဟန်ချက်
ညီတဲ့ တိုက်စစ်ကို မဆင်နိုင်ဘဲ အလဲလဲ အကွဲကွဲနဲ့ မှိုင်းတိုက်သမျှနောက်မှာ ယောင်နေကြမယ်ဆိုရင်တော့ ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာလည်း ခွေးလိုလို ခြင်္သေ့လိုလို တိရစ္ဆာန်တွေကို ဦးခိုက်နေတဲ့ လူတစုရဲ့ လက်အောက်မှာပဲ ထင်သလို အလုပ်ခံနေရဦးမယ်ဆိုတာ မှတ်ထားပါ။ တိရစ္ဆာန်ကိုးကွယ်တဲ့သူကို ကျနော်တို့ ခေါင်းဆောင်တင်မလား ပြည်သူကို တန်ဖိုးထားတဲ့သူကို ခေါင်းဆောင်အဖြစ်ထားမလား ပြည်သူအားလုံး ရွေးချယ်ပါလို့ ကျနော်ပြောချင်ပါတယ်။



0:02/5:20
ရွင်လန်းချမ်းမြေ့ကြပါစေ



စာပေဟောပြောပွဲ ရသ

ဆရာ ဦးဘုန်း(ဓာတု) ရဲ့ ဟောပြောချက်




ဆရာညီမင်းညိုရဲ့ ဟောပြောချက်



မြန်မာလူမျိုးစု မြန်မာ့အသံကို ကျေးဇူးတင်ပါတယ်။



2/05/15 ညက ဆစ်ဒနီမှာ ကျင်းပသွားတဲ့ ဗိုလ်ချူပ် ရာပြည့် စာပေဟောပြောပွဲနဲ့
ဂီတဖျော်ဖြေပွဲကို ကျွန်မ သွားခဲ့ပါတယ်။ ဒီပွဲဟာ  စာပေဟောပြောတာမပါဘဲ ဂီတဖျော်ဖြေပွဲသက်သက်ဆိုရင် ကျွန်မသွားဖြစ်မှာ မဟုတ်တာ သေချာပါတယ်။ လူတကာ အားလပ်ရက်ဖြစ်တဲ့ စနေတနင်္ဂနွေမှာ အလုပ်လုပ်သူဆိုတော့ ဆစ်ဒနီမှာ ကျင်းပတဲ့ ရန်ပုံငွေပွဲတွေ အပါအ၀င်  မြန်မာကွန်မြူနီတီက ကျင်းပတဲ့ တခြား အခမ်းအနားတွေကိုလည်း ကျွန်မ သိပ်မရောက်ဖြစ်ဘူး။  ဒါကြောင့်မို့ ရန်ပုံငွေပွဲအတော်များများကို လက်မှတ်ပဲ ၀ယ်ဖြစ်ပြီး ပွဲကို လူကိုယ်တိုင် မသွားဖြစ်တာ အတော်ကြာနေပြီ။

စာပေဟောပြောပွဲတွေကို အွန်လိုင်းမှာ တခါတလေ နားထောင်ဖြစ်ပေမဲ့   လူကိုယ်တိုင် ဟောပြောနေတာကို အပြင်မှာ မျက်စိနဲ့ တပ်အပ် နားနဲ့ဆံ့ဆံ့ ကြားဖူးတာတော့ ကျွန်မတသက်မှာ ပြီးခဲ့တဲ့နှစ်က ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) တို့  လာဟောသွားတဲ့ တကြိမ်နဲ့ အခုဒီတကြိမ်ဆို နှစ်ကြိမ်ပဲ ရှိသေးတယ်။ နှစ်ကြိမ်စလုံးက နွှဲခဲ့ဖူးတဲ့ ပွဲတွေအထဲမှာ ကျွန်မအတွက်တော့ အနှစ်သာရ အပြည့်စုံဆုံးနဲ့ ရသအပေးနိုင်ဆုံး ပွဲတွေအဖြစ် ခံစားရပါတယ်။  အခုဒီပွဲအကြောင်း စကြားတဲ့နေ့က ပွဲမှာ စာပေဟောပြောပွဲ ပါမယ် ဘယ်စာရေးဆရာတွေ လာဟောမယ်ဆိုတာ ကြားလိုက်ရတာနဲ့ တကယ်သေချာလားဆိုတာ အရင် စုံစမ်းပြီး သေချာတယ်ဆိုတာနဲ့ အလုပ်မှာ ကြိုပြီးတော့ ခွင့်ယူထားလိုက်တယ်။ မေလ ၂ ရက်နေ့မှာ ကျွန်မတို့ မြန်မာကွန်မြူနီတီက ကျင်းပတဲ့ ပွဲတပွဲကို ကျွန်မ မဖြစ်မနေ သွားစရာရှိလို့ အဲဒီနေ့မှာ ကျွန်မကို Roster လည်းမပေးနဲ့ သူများနေမကောင်း ဖြစ်လို့ဆိုပြီးလည်း အစားမထိုးနဲ့လို့ Roster ဆွဲတဲ့ မန်နေဂျာနာ့စ်ဆီမှာ တခါတည်း အကြောင်းကြားပြီး ကြိုတင် ခွင့်ယူထားခဲ့လို့ ခါတိုင်း အလုပ်လုပ်တဲ့နေ့ဖြစ်ပေမဲ့ ဒီပတ်မှာတော့ ပွဲတော်ကျင်းပရာ Blacktown, Bowman Hall ကို ကျွန်မ ရောက်လာပါတယ်။

  လမ်းမှားပြီး Bowman Hall ကို မရောက်ဘဲ စာကြည့်တိုက်ကို ရောက်သွားလို့  လိုက်ရှာနေတာနဲ့ ကျွန်မရောက်တဲ့အချိန်မှာ ၅ နာရီခွဲခါနီးနေပြီ။  အခမ်းအနားကို ၅ နာရီမှာ စမယ်လို့ ကြော်ငြာထားပေမဲ့ မြန်မာစံတော်ချိန် ထုံးစံအတိုင်း  ကြော်ငြာထားတဲ့အတိုင်း မစဖြစ်သေးလို့ တော်သေးတယ်။ ကျွန်မ ရောက်တဲ့အချိန်မှာတော့ ခန်းမအပြင်ဘက် စာပွဲခုံတွေအပေါ်မှာ ခါတိုင်း ကျင်းပနေကျ အခမ်းအနားတွေလိုပဲ လက်မှတ်အပါအ၀င် စာအုပ်စာတမ်းနဲ့ တခြားရောင်းချစရာတွေ တွေ့ရပြီး အဲဒီရှေ့မှာတော့ လူတွေ အချင်းချင်း အခုမှတွေ့ကြလို့ နှုတ်ဆက်ပြီး သာလားမာလေး မေးနေကြတယ်။ ဒီထဲမှာ ကျွန်မနဲ့ ရင်းရင်းနှီးနှီးသိသူဆိုလို့ တယောက်စ၊ နှစ်ယေက်လောက်စပဲ တွေ့ရပြီး  အခမ်းအနားတွေမှာ မြင်နေကျမို့ အနည်းငယ် မျက်မှန်းတမ်းမိသူတွေနဲ့ လုံးဝမသိသူတွေက ပိုများလို့ ခန်းမအပြင်ဘက်မှာ ကျွန်မအတွက် နှုတ်ဆက်ရမည့်သူ မရှိသလောက်ပါပဲ။

 ခါတိုင်းဆိုရင်တော့ လက်မှတ်ကို ကြိုဝယ်ထားတာများပေမဲ့ ဒီတခါ ကြိုမ၀ယ်ထားဖြစ်လို့ ကျွန်မက လူတွေထက် လက်မှတ်ဝယ်ဖို့ လက်မှတ်ရောင်းတဲ့ စာပွဲခုံကိုပဲ အာရုံပိုရောက်နေတယ်။ လက်မှတ်ဝယ်ဖို့ လှမ်းအ၀င်မှာ ရှေ့ကတယောက်နှစ်ယောက်က  ၀မ်းသာအားရ နှုတ်ဆက်သွားတဲ့ မွန်ပုဆိုးနဲ့ တိုက်ပုံလိုလို အကျိင်္အနက်ရောင်ကို ၀တ်ထားတဲ့ အမျိုးသားတဦးကို ဘယ်မှာတွေ့ဖူးလဲဆိုတာသာမသိပေမဲ့ ဒီလူကို ရင်းရင်းနီးနီး တွေ့ဖူးပါတယ် ဘယ်မှာပါလိမ့်ဆိုပြီး စဉ်းစားနေရင်း သေချာကြည့်တော့ စာရေးဆရာ နှစ်ယောက်ထဲက တယောက်ဆိုတာ  သတိထားမိလိုက်တယ်၊ သူတို့နှစ်ယောက်က ဓာတ်ပုံထဲမှာ ရုတ်တရက်ကြည့်ရင် ခပ်ဆင်ဆင်ဆိုတော့ ဘယ်တယောက်ဆိုတာတော့ မမှတ်မိသေးဘူး။ နောက်မှ အွန်လိုင်းမှာ ဟောပြောတဲ့ ပုံနဲ့ လက်ရှိုမြင်နေရတဲ့ မျက်နှာကို စိတ်ကူးနဲ့ သေချာပြန်တိုက်ကြည့်မှ  ဒါဘုန်းကြီးလူထွက်နဲ့ တူတဲ့တယောက် ဆရာဦးဘုန်း (ဓာတု) ဆိုတာ မှတ်မိသွားတယ်။ ဦးဘုန်း (ဓာတု) က ရုပ်သံတွေမှာပြောနေတဲ့ ပုံတွေထဲကထက် အပြင်မှာ အများကြီး ပိုနုပျိုနေတာ တွေ့ရသလို စာပေဟောပြောနေစဉ်နဲ့ အပြင်မှာ ရိုးရိုးပုံမှန်အတိုင်း စကားပြောနေစဉ် ပြောပုံဆိုပုံ ဟန်ပန်အမူအယာ ကလည်း လုံးဝမတူတော့ ကျွန်မ ရုတ်တရက်မမှတ်မိတာ မမှားဘူးလို့ ထင်တယ်။

ဘယ်သူဆိုတာ မှတ်မိသွားပြီးတာနဲ့ သူနဲ့နှုတ်ဆက် ပြောဆိုနေတဲ့ ကျွန်မ ရှေ့ကတယောက် သွားလိုက်တော့ ဖေါ်ဖေါ်ရွှေရွှေ ရင်းနှီးခင်မင် နှစ်လိုဘွယ် မျက်နှာနဲ့ ကျွန်မနဲ့ အနီးဆုံး အရှေ့တည့်တည့်မှာ ရှိနေသူက ဒီပွဲမှာ ဟောပြောမည့် စာရေးဆရာပါလား ဆိုတဲ့ အသိနဲ့ ၀မ်းသာသွားတာတော့ အမှန်ပဲ ဒါပေမဲ့ ရုတ်တရက် ဘာပြောရမှန်း မသိဘူး။ ဘာမှမပြောဘဲ ဒီအတိုင်း လှည့်ထွက်သွားရင်လည်း ရိုင်းရာကျနေဦးမယ်ဆိုတော့  ကြံမိကြံရာနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ရင်း နေကောင်းလား တွေ့ရတာ ၀မ်းသာပါတယ် ပြောပြီးဆက်ပြောစရာ မရှိဖြစ်နေပြန်တယ်၊ ဒါနဲ့ အနောက်မှာလည်း သူ့ကို နှုတ်ဆက်ချင်လို့ စောင့်နေသူတွေ ရှိတာကို အကြောင်းပြုပြီး သွားလိုက်ဦးမယ်ဆိုပြီး လက်မှတ် ၀ယ်တဲ့ဘက်ကို လှည့်ထွက်လာလိုက်တယ်။ ဒါကို  ပြန်တွေးမိတော့ အိမ်ကယောက်ျားက ကျွန်မကို မကြာခဏ ပြောတတ်တဲ့ ကြောင်တောင်တောင်နဲ့ ဘယ်လိုဟာလဲမသိဘူး ဆိုတာနဲ့ ကျောင်းတက်တုန်းက ဒုတိယနှစ် Clinical Placement ကာလ တခုမှာ ကျွန်မတို့ ကျောင်းသားတွေကို စောင့်ရှောက်ဖို့ တက္ကသိုလ်ကနေ Royal North Shore ဆေးရုံမှာ တာဝန်ပေးထားတဲ့ Educator တယောက်က ကျွန်မကို ထောက်ပြဖူးတာကို သွားသတိရတယ်။  “ Professional တယောက် ဖြစ်ဖို့ဆိုရင် လူတယောက်ဟာ မိမိကို တွေ့လိုက်တာနဲ့ ရင်းနှီးဖေါ်ရွေပြီး ချည်းကပ်ဖို့ လွယ်ကူတဲ့ အမူအရာဖြစ်နဲ့ Interpersonal Skills ဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်၊ အဲဒီ Skill နင့်မှာ အရမ်းအားနည်းနေလို့ တိုးတက်အောင် လုပ်ဖို့လိုအပ်တယ်” လို့ ထောက်ပြခံရဖူးပါတယ်။

အဲဒီတုန်းကတော့ “ရှင်ထင်သလို မဟုတ်ပါဘူး ကျွန်မက မလိုအပ်ဘဲနဲ့ စကားသိပ်မပြောတတ်လို့ ရှင်အထင်မှားတာပါ၊ မယုံရင် ကျွန်မ စောင့်ရှောက်ဖို့ တာဝန်ပေးထားတဲ့ လူနာတယောက်စီနဲ့ မိသားစုဝင်တွေကို လိုက်မေးကြည့်ပါ” လို့ ပြောပြီး ပြန်ချေပခဲ့ပေမဲ့ စာရေးဆရာ ဦးဘုန်း (ဓာတု) နဲ့ တွေ့တဲ့အချိန်မှာ ကျွန်မဟာ သူတို့ ပြောသလို တကယ်ပဲ ဖြစ်သွားတာ တွေးမိတယ်။ အမှန်ဆို ကိုယ်နေတဲ့မြို့မှာ ဟောပြောဖို့ မြန်မာပြည်ကနေ တကူးတက ရောက်လာတဲ့ စာရေးဆရာ ကိုယ်တိုင်ကလည်း သူတို့ဟောပြောတာကို နားထောင်ချင်လွန်းလို့ အလုပ်မှာ တကူးတက ကြိုတင်ခွင့်တိုင်ပြီး ရောက်လာသူဖြစ်ပြီး အဲဒီနေရာမှာ နည်းနည်းပါးပါးတော့ ၀မ်းသာအားရ ပြောပြီးမှ ထွက်လာသင့်တယ် မဟုတ်လား။ ဒါကိုပြန်တွေးပြီး အခုမှ အားနာနေမိတယ်။

ဟောပြောသွားတဲ့ စာရေးဆရာ ညီမင်းညိုနဲ့ ဦးဘုန်း (ဓာတု) နှစ်ယောက်စလုံးက ရသစာရေးတယ်လို့ သိရတယ်။ ဒါမေပဲ့ သူတို့ရေးတဲ့စာ ကျွန်မ တခါမှ မဖတ်ဖူးဘူး။ သူတို့ကို ကျွန်မသိတာ သူတို့ရေးတဲ့ စာတွေကို ဖတ်လို့ သိတာမဟုတ်ဘဲ သူတို့ဟောပြောတဲ့ စာပေဟောပြောပွဲ ရုပ်သံတွေကို ကြည့်ပြီး သိခဲ့တာ ဖြစ်လို့ သူတို့ရေးတဲ့ စာတွေကို ကျွန်မတခါမှ မဖတ်ဖူးတဲ့အဖြစ်ကို တွေးပြီး သူတို့ကို ကျွန်မအလိုလို အားနားမိတယ်။ ဒါပေမဲ့လည်း သူတို့ပြောတဲ့စကားတောင်မှ ဒီလောက် ရသမြှောက်နေရင် နှုတ်တရာ စာတလုံးဆိုတဲ့ မြန်မာစကားပုံအတိုင်းပဲ သူတို့ရေးတဲ့စာက ဒီထက်မက အဆပေါင်းများစွာ ရသမြှောက်လိမ့်မယ်ဆိုတာ စာကိုဖတ်စရာမလိုဘဲနဲ့တောင် ခန့်မှန်းလို့ ရနိုင်ပါတယ်။ ကျွန်မလိုပဲ  သြစကြေးလျားရောက် ပရိတ်သတ်အများစုက သူတို့ကို စာပေဟောပြောပွဲကြောင့် သိသူပိုများမယ်လို့ ကျွန်မထင်တယ်။ ဒါကြောင့်မို့ ကျွန်မအပေါအ၀င် သူတို့ရေးတဲ့စာကို မဖတ်ဖူးတဲ့ ပရိတ်သတ်တွေကြောင့် ၀မ်းနည်းလိမ့်မယ်လို့ ကျွန်မမထင်ဘူး။

ဒီစာပေဟောပြောပွဲက ဗိုလ်ချူပ်မွေးနေ့ အနှစ်တရာ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ပွဲဆိုတော့ စာရေးဆရာ နှစ်ယောက်စလုံးက ဗိုလ်ချူပ်အောင်ဆန်းနဲ့ ပတ်သက်တာကို တယောက်ပုံစံတမျိုးစီနဲ့ ပြောပြသွားတာ အကြောင်းအရာ မထပ်ဘဲ စိတ်ဝင်စားစရာ ကောင်းလှတယ်။ ဗိုလ်ချူပ်အောင်ဆန်းအကြောင်းကို ငယ်ငယ်က နေ့ကြီးရက်ကြီးနီးတိုင်း သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းမှာ ဆရာဆရာမတွေ အမြဲပြောပြနေလို့ လူမှန်းသိတတ်စအရွယ်ကနေ သိလာပြီး ကိုယ်တိုင် စာဖတ်တတ်တဲ့အချိန်မှာလည်း တွေ့သမျှ ဗိုလ်ချူပ်အောင်ဆန်းအကြောင်းကို သူကိုယ်တိုင်ရေးတဲ့ အတ္ထုပ္ပတ္တိရော အခြားသူတွေ ရေးထားတာတွေပါ လိုက်ဖတ်ဖူးပေမဲ့ သူတို့ပြောသွားတဲ့အထဲမှာ ကျွန်မ မဖတ်ဖူး မကြားဖူးတာတွေ အများကြီးပါနေတာကို တွေ့ရတယ်။  ဗိုလ်ချူပ်နဲ့ တိုက်ရိုက် မပတ်သက်ပေမဲ့ အကြောင်းအရာ ဆက်စပ်မှုရှိတဲ့ မြန်မာပြည်က မြို့ရွာတွေအကြောင်းနဲ့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ လက်ရှိအခြေအနေတွေကိုလည်း  ကြားညှပ်ပြီး ပြောသွားတာ သတင်းဌာနတွေက ဖေါ်ပြလို့ သိရတာထက် မျက်စိထဲမှာ ပိုမြင်လို့ရပြီး အသေးစိတ် ပိုကျတဲ့ အခြေအနေတွေကို ရသနဲ့တကွ တွဲပြီး သိခွင့်ရပါခဲ့ပါတယ်။

ဆရာညီမင်းညိုက လမ်းပမ်းဆက်သွယ်ရေးအကြောင်း ပြောရင်း ဆစ်ဒနီက ဘတ်စ်ကားတွေမှာ ဘီးတပ်ကုလားထိုင် ဒါမှမဟုတ် လျှပ်စစ်ကုလားထိုင် (Electric Chair) နဲ့ လာတဲ့ မသန်စွမ်းသူ ပန်စင်ဂျာတွေကို ဘတ်စ်အလုပ်သမားတွေက အတက်အဆင်း အဆင်ပြေအောင် လမ်းခင်းပေးတာကို မတွေ့ဖူးလို့ ဆိုပြီး တအံ့တသြအနေနဲ့ ပြောနေလို့ Disable မို့ လုပ်ပေးရတာ အထူးအဆန်းမှ မဟုတ်တာလို့ တွေးရင်း ဟုတ်သားပဲ မြန်မာပြည်က disable တွေခရီးသွားရင် ဒီလိုစီစဉ်ပေးတာတာမျိုး မရှိပါဘူး မြန်မာပြည်မှာ မွေးရပ်ဇာတိ မြို့သေးလေးကလွဲပြီး တခြားဘယ်မြို့မှ မရောက်ဖူးတာ ကျွန်မ ဘယ်သိမလဲ မြန်မာပြည်က Disable တွေ သနားစရာပဲလို့ တွေးနေချိန်မှာ သူဆက်ပြောတဲ့ ရန်ကုန်မှာ သာမန်လူတွေ ဘတ်စကားတိုးစီးရပုံကြောင့် Disable အတွက်တွေးပြီး သနားချိန် ကြာကြာ မလိုက်ရဘူး။ မွေးမြူရေးခြံက ကြက်တွေတောင်မှ ခြေချစရာ တပေပတ်ပတ်လည် နေရာ ရသေးတယ်၊ ဘတ်စ်ထဲကလူတွေမှာကျတော့ ခြေချစရာ နေရာ ၆ လက်မတောင် မရှိလို့ ကြက်လောက်တောင်မှ အခွင့်အရေးမရှိဘူး၊ အောက်ခြေတင် ကျပ်တာမဟုတ် အပေါ်ထိ လာတိုက်လို့ သူ့မျက်မှန် ကျွတ်ကျပြီး သူများနင်းမိလို့ ကွဲရပုံ၊ ဒါကြောင့် မျက်မှန်အပို အမြဲဆောင်ထားရပုံကို ဟာသအနေနဲ့ ပြောပြတော့ အားလုံးက တ၀ါးဝါး တဟားဟားနဲ့ ရယ်ကြတယ်။ ကျွန်မမှာတော့ ဒုက္ခပဲ ရန်ကုန်မှာ နေ့စဉ် ဘတ်စကား တိုးစီးပြီး သင်တန်းတက်နေတဲ့ ညီမလေးနဲ့ တူမလေး ဘယ်လိုများ စခန်းသွားနေလဲမသိလို့ တွေးပြီး ခုနက Disable တွေကို သနားနေတဲ့ စိတ်က ညီမနဲ့ တူမဆီ ရောက်သွားလို့ သူများလို မရယ်နိုင်ရှာဘူး။

စာရေးဆရာ နှစ်ယောက်စလုံးက  ဗိုလ်ချူပ်အောင်ဆန်းရဲ့ ရိုးသားမှုကို ပုံစံတမျိုးစီနဲ့ ပြောသွားတာ တကယ်ပဲ အရင်တုန်းက ကျောင်းမှာကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို ပြန်ရောက်ရသလို ခံစားရတယ်။ ဆရာညိမင်းညိုက ရိုးသားမှုကြောင့် ၀န်းရံသူတွေက ကူညီမှုကို ရပြီးအောင်မြင်ခဲ့တယ်ဆိုတာ သုံးသပ်ပြီး နိဂုံချူပ်ခဲ့ပါတယ်။ ဆရာ ဦးဘုန်း (ဓာတု) ကတော့ ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည် အဖွား) နေရာကနေ မိခင်တယောက် နေရာမှာ ၀င်ခံစားပြီး အကြောင်းအရာ တခုချင်းစီကို ကဗျာနဲ့တမျိုး၊ သီချင်းဆိုပြီးမျိုး ခုခေတ်အခြေအနေနဲ့ နှိုင်းယှဉ်ပြီးတမျိုး ဗိုလ်ချူပ်အကြောင်း တကယ်ကို အသေးစိတ်ကျကျ  ပြည့်ပြည့်စုံစုံ ပြောသွားတယ်။ ငယ်ငယ်က သူငယ်တန်းကနေ ဆယ်တန်းအထိ နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့၊ ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့နီးကပ်လာတိုင်း ဗိုလ်ချူပ်အောင်ဆန်းနဲ့ လွတ်လပ်ရေး ကျိုးပမ်းမှုအကြောင်း ဆရာ၊ ဆရာမတွေ ပြောပြခဲ့တာကို ပြန်အမှတ်ရစေပြီး ဗိုလ်ချူပ်ကို လွမ်းဆွတ်တဲ့ ဝေဒနာကလည်း အဲဒီအချိန်တုန်းကအတိုင်း ရင်ထဲမှာ ပြန်ခံစားရပြီး အထက်တန်းသူဘ၀ကို ပြန်ရောက်သွားစေပါတယ်။

တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို ရွှေပြည်ကြီးမှာ ဒီလိုရှိတယ်၊ ကျွန်တော်တို့ တိုင်းပြည်မှာ ဒီလိုဒီလိုတွေရှိပါတယ်ဆိုပြီး စာရေးဆရာနှစ်ယေက်က တယောက်တမျိုးစီနဲ့ အချက်အလက် သက်သက်မဟုတ်ဘဲ ရသနဲ့တွဲပြီး တခုပြီးတခု ပြောပြသွားတော့ ကျွန်မငယ်ငယ်က အင်မတန် ကြိုက်နှစ်သက်တဲ့ “ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ် ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်” ဆိုတဲ့ လွှမ်းမိုး သီချင်းကို သတိရသွားလို့ ဆယ်ကျော်သက်ဘ၀ကို ပြန်ပြီးအမှတ်ရသွားစေတယ်။ စာပေဟောပြောပွဲ ပြီးလို့ အိမ်ပြန်လာတဲ့အချိန်မှာတော့ ကားထဲမှာ လင်မယားနှစ်ယောက် စာပေဟောပြောပွဲမှာ စာရေးဆရာတွေ ပြောသွားတဲ့အကြောင်းတွေကို တလမ်းလုံး ပြောပြီးပြန်လာခဲ့သလို အခုထိလည်း ကြုံရင် ပြောနေတုန်းပဲ။

စာပေဟောပြောပွဲ စီစဉ်ဆောင်ရွက်သူတွေကိုရော ဟောပြောသွားတဲ့ စာရေးဆရာ ညီမင်းညိုနဲ့ ဦးဘုန်း (ဓာတု) တို့ကို အတူး ကျေးဇူးတင်ပါတယ်။ ဆစ်ဒနီမှာ စာပေဟောပြောပွဲ များများ ကျင်းပနိုင်ပါစေ။

ရွင်လန်းချမ်းမြေ့ကြပါစေ

7 July, 1962 မှာ ဘာဖြစ်ခဲ့လဲ


7 July ဆိုတာ အရင်က တခါမှ မကြားဖူးလို့ 7 July အကြောင်းကိုလည်း ဘာဆိုဘာမှ မသိခဲ့ဘူး။ ကျွန်မ လူမဖြစ်ခင် ဆယ်စုနှစ်တခုစာနီးပါးခန့်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဆိုပေမဲ့ ဒီနေ့အကြောင်းကို စသိလိုက်ရတဲ့နေ့ကစပြီး ဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ဒီနေ့မှာ လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ တယောက်လို ကျွန်မ ခံစားရပါတယ်။ ၁၉၈၈ ကျွန်မ ဆယ်ကျော်သက်အရွယ် ဆယ်တန်းတက်နေချိန် စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့အတွက် ကျောင်းစာကလွဲပြီး တခြား ဘာကိုမှစိတ်မ၀င်စားပဲ စာကိုပဲ တကုတ်ကုတ် ကြိုစားနေတဲ့အချိန်၊ ဘေးပတ်ဝန်းကျင်မှာ ဘာတွေဖြစ်လို့ ဖြစ်မှန်းမသိ စိတ်ဝင်စားရကောင်းမှန်းလည်း မသိတဲ့အချိန်မှာ မမျှော်လင့်ဘဲ ကျွန်မ စာတစောင်ကို ကိုဖတ်ရပါတယ်။ အရှေ့တောင်အာရှ စပါးကျီနိုင်ငံတခု အဖြစ်ကနေ တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်ဖြစ်စေတဲ့အထိ ဆိုးရွားစေခဲ့တဲ့ ၂၆ နှစ်ကြာ တပါတီ အာဏာရှင်စနစ်ဆိုးကြီးကို အဆုံးသတ်ဖို့ တာဝန်ဟာ ငါတို့ကျောင်းသားတွေရဲ့ ပုခုံးပေါ်မှာ ရောက်နေပါပြီဆိုတာနဲ့ အစချီရေးထားတဲ့ အဲဒီအချိန်က ဗကသ ဥက္ကဌ ကိုမင်းကိုနိုင် လက်ရေးနဲ့ ဖြန့်ဝေခဲ့တဲ့ လက်ကမ်းစာထဲမှာ 7 July ဆိုတာ စတွေ့ဖူး ကြားဖူးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာရှင် ဦးနေ၀င်းက တိုင်းပြည်ချောက်ထဲကျမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီမိုကရေစီအစိုးရဆီကနေ အာဏာဓါးမြတိုက်ယူ လိုက်တဲ့အချိန်မှာ ပထမဦးဆုံး စတင်တော်လှန်ခဲ့သူတွေက ကျောင်းသားတွေ ဖြစ်ကြောင်း သိလိုက်ရပါတယ်။ ဦးန၀င်းဟာ အခု ၂၀၁၀ ဖွဲ့စည်းပုံကို ဦးသန်းရွှေတို့ လုပ်သလိုပဲ ၇၄ ဥပဒေကို သူ့သဘောနဲ့သူရေးဆွဲပြီး သူ့သဘာနဲ့သူ အတည်ပြုကာ ဆိုရှယ်လစ်စနစ် ထူထောင်ပေးမယ်လို့ လိမ်ပြီး တပါတီအာဏာရှင်စနစ်နဲ့ ကိုယ်ကျိုးရှာလိုက်တာ၂၆ နှစ်အကြာမှာ တိုင်းပြည်က ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်သွားခဲ့ပါတယ်။ 7 July မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက စတင်ဆန့်ကျင်လို့ ကျောင်းသားမြောက်များစွာကို ရက်ရက်စက်စက် သတ်ပစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတည်းက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လာတဲ့ ကျောင်းသားသမဂ္ဂ အဆောက်ဦးကြီးကိုလည်း ဖေါက်ခွဲပစ်လိုက်တယ်ဆိုတာ အရင်က တခါမှ မကြားဖူးတာတွေကို ၈၈ သြဂုတ်လမှာမှ ကျွန်မ ကြားသိလိုက်ရပါတယ်။ 7 July ဆိုတာ အာဏာရှင်စနစ်ကို ပထဦးဆုံး စတင်တော်လှန်ခဲ့တဲ့ မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲရဲ့ မြစ်ဖျားခံတဲ့နေ့ တနည်းအားဖြင့် ဒီမိုကရေစီတော်လှန်ရေးကို စတင်တဲ့နေ့လို့ ဆိုနိုင်ပါတယ်။ 7 July အကြောင်းကို စသိခဲ့တဲ့ နေ့ကစပြီး မြန်မာပြည်က စာသင်ခန်းကို ကျွန်မ စွန့်ခဲ့ပြီး စာသင်ခန်းထဲ ပြန်မရောက်တော့တာ အခုထိပါပဲ။

7 July ကို မမေ့ကြနဲ့လို့ သွေးနဲ့ရေးပြီး အသက်စတေးသွားတဲ့ သူရဲကောင်းတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ 7 July မှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကျွန်မမီလိုက်တဲ့ သမိုင်းတွေကို သိတဲ့သူတွေ တင်ထားတဲ့နေရာက ပြန်ကူးပြီး စုစည်းတင်ပြထားပါတယ်။ လာပေးထားတဲ့ မှတ်ချက်တွထဲမှာလည်း 7, July 1962 တုန်းက အဖြစ်အပျက်တွေကို Link အတိအကျနဲ့ လာထည့်ပေးထားသူတွေ ရှိတဲ့အတွက် စိတ်ဝင်စားသူများအနေနဲ့ Comment ထဲမှာပါ ဖတ်ရှုနိုင်ပါတယ်။ (ကျောင်းသားသမဂ္ဂ အဆောက်ဦး ပုံကို ကိုနစ်နေမန်း ဘလော့ဂ်မှ ကူးယူဖေါ်ပြပါတယ်။)


ဒေါင်းတမန်ဘလော့ဂ်မှ ကူးယူထားတဲ့ တက္ကသိုလ် တို့ကျောင်းတနေရာ သီချင်း
ABFSU+-+Track+6 by myomyintcho




၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပြောသော 7 July အကြောင်း
Linkကိုနစ်နေမန်းဘလော့ဂ်မှ




ကိုလူထွေးရဲ့ သွေးထွက်သံယို ဘလော့ဂါ စစ်ဆင်ရေးမှ ကူးယူဖေါ်ပြချက်

ပဏာမ
ဤ "ဇူလိုင် သမိုင်းဝင် ပြကွက် ဓာတ်ပုံများ" ကို ထုတ်ဖော် တင်ပြရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ကျွန်ုပ်တို့ ကျောင်းသားထု၏ အခွင့်အရေး တိုက်ပွဲတွင် တတပ်တအား အနေဖြင့် သမိုင်းဝင် ပစ္စည်းတရပ်ကို ထုတ်ဖော် တင်ပြခြင်းမျှသာ ဖြစ်ပါသည်။

ဤစာအုပ်တွင် ပါဝင်သည့် ဇူလိုင် သမိုင်းဝင် ဖြစ်ရပ် ဓာတ်ပုံများသည် ယုတ်မာရက်စက်မှု၏ တစိတ်တပိုင်းမျှသာ ဖြစ်ပါသည်။

ဇူလိုင် (၇) နေ့ ရက်စက်မှုကြီးကြောင့် တိုင်းပြည်နှင့် ကမ္ဘာအဝှမ်း မိဘ ပြည်သူ လူထုတရပ်လုံးမှာ စိတ်ဝမ်းမကြည်မသာ ဖြစ်ခဲ့ကြရပါသည်၊ မည်သို့မျှ ဖျောက်ဖျက် ရနိုင်တော့မည် မဟုတ်သည့် တော်လှန်ရေးအမည်ခံ လူသတ်အစိုးရ၏ မဟာအမှားကြီးပင် ဖြစ်ပေသည်။

ဤ တော်လှန်ရေး အမည်ခံ စစ်အစိုးရသည် အမှားပေါ်အမှား ဆင့်၍ ကျူးလွန်သည်ထက် ကျူးလွန်နေချေပြီ။ ကျဆုံးနေသော ကျွန်ုပ်တို့၏ ကျောင်းသား အခွင့်အရေးများ အတွက် ဆက်လက်တိုက်ပွဲ ဝင်ရန်မှာ ကျောင်းသား ရဲဘော် အပေါင်း၏ အဓိက တာဝန် ဖြစ်ပေသည်။ ကျဆုံးရှာလေသူ ကျောင်းသား ရဲဘော်များကို သစ္စာရှိသော အားဖြင့် ညီညွတ်စွာ တွန်းလှန်တိုက်ပွဲဝင်ကြရန် နှိုးဆော်လိုက်ရပေသည်။

အောက်တိုဘာ တလ ပိတ်ခြင်းသည် ညီညွတ်မှု၏ သရုပ်ပြ အောင်ပွဲပင် ဖြစ်သည်။ ကျောင်းသားကျောင်းသူတိုင်း သွေးစည်း ညီညွတ်ရမည်။ ကျွန်ုပ်တို့ သထုံဆောင် အနေဖြင့် ပါတီနိုင်ငံရေး မစွက်ဖက်သော ကျောင်းသားအသိ ကျောင်းသားအမြင်ဖြင့် ကျောင်းသားအရေးကို ရဲရဲဝန့်ဝန့် ကျောင်းသားထုနှင့်အတူ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်မည် ဖြစ်ကြောင်း အလေးအနက် တင်ပြ အစီရင် ခံပါသည်။

ကျဆုံးသူ အပေါင်းအား ဦးညွှတ်ပါ၏။

အောင်ပွဲခံ တိုက်ပွဲသို့

အမှုဆောင်အဖွဲ့
သဟာယနှင့် စာဘတ်အသင်း (၁၉၆၃...၆၄)
သထုံဆောင်
ရန်ကုန်တက္ကသိုလ်



အဖွင့်သစ္စာ

တမလွန်ပြောင်း သွေးနီချောင်း၏
ဖြစ်ကြောင်းကုန်စင်
ရေးတော်အင်ကို


တင်သည်ကမ္ဗည်း တည်းသည်စာမူ
ထူသည်ကျောက်တိုင်
ဇွဲခိုင်ခိုင်တည်
ဇူလိုင်ကြေးမုံ
ပြကွက်စုံသည်
ရင်အုံ အိုးထိန်း စက်သို့တည်း။ ။

ကြည်ဝင်း (ပခုက္ကူ)
ဥက္ကဌ
သဟာယနှင့် စာဘတ်အသင်း (၁၉၆၃...၆၄)
သထုံဆောင်
ရန်ကုန် တက္ကသိုလ်

-၇-၆၂ နေ့ နေ့လည် ၂ နာရီအချိန်တွင် ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်းဆိုးများကို တ-က-သ မှ ဦးဆောင်၍ ဤသို့ ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်


၇-၇-၆၂ ဘွဲ့နှင်းသဘင်မှ အဓိပတိ လမ်းမအတိုင်း တက္ကသိုလ်ဝန်းအတွင် ဤသို့ အေးအေးချမ်းချမ်း ဆန္ဒပြကြသည်

၇-၇-၆၂ အေးချမ်းစွာ ဆန္ဒပြနေသူများကို ဤသို့ နံပါတ်တုတ် ကိုင်ရဲသားများနှင့် မတရား နှိပ်ကွပ်သည်။ ဦးဆောင်သူ တ-က-သ မှ ရဲဘော်ကျောင်းသားအများကိုလည်း ဖမ်းဆီး သွားကြသေးသည်။

၇-၇-၆၂ မျက်ရည်ယို ဗုံးများကို သုံး၍ အကြမ်းဖက် နှိမ်နင်းသည်အထိ ယုတ်မာ ရိုင်းစိုင်းလာကြသည်။ အဓိပတိလမ်း ရေတမာတန်းအောက်ဝယ် ဤသို့ နေရာယူ တပ်ဆွဲလျက် ပစ်ကြခတ်ကြသည်။

၇-၇-၆၂ အဓိပတိဘက်မှ ကျောင်းသာထု မခံနိုင်၍ ခဲနှင့်ပေါက်ကာ ပုလိပ်များနှင့် ရုံးရင်းဆန်ခတ် ဖြစ်ကြရတော့သည်။

၇-၇-၆၂ နေ့က မန္တလေးဆောင်ဘက်မှ ကျောင်းသားထုကလည်း မခံနိုင်လွန်း၍ ဤသို့ လက်သီးလက်မောင်းတန်းကာ ဆန္ဒပြကြသည်။

၇-၇-၆၂ နေ့က လက်နက်မပါဘဲ အေးချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားထုကို ရန်သူ့နယ်မြေသဖွယ် စစ်သားများ ဤသို့ ဝိုင်းဝန်း ပစ်ခတ်ကြသည်။

၈-၇-၆၂ နေ့က ကျဆုံးရှာလေသူ ရဲဘော်အချို့မှာ ဤသို့ တိတ်တဆိတ် သုဿာန်ပို့ မြေမြုပ် သဂြိုဟ် ခံခဲ့ရရှာလေသည်။ တက္ကသိုလ် ကျောင်းတော်ကြီးကိုလည်း ရက်အကန်းအသတ်မရှိ ပိတ်လိုက်ကြသည်။

၂၁-၁၁-၆၂ တက္ကသိုလ်ကြီးကို ရက်ပေါင်း ၄၁ ကျော် ပိတ်ပြီး ကျောင်းပြန်အဖွင့်၊ ၂၁-၁၁-၆၂ အမျိုးသားနေ့တွင် ကျောင်းသားထု ဆန္ဒပြမည်ကိုသိ၍၊ စစ်ဗိုလ်ကြီးများ၏ အမိန့်ဖြင့် ဆရာများက စတုဒီသာ ကျွေးမွေးကျင်းပသည်။ ကျောင်းသားထုက "အမျိုးသားနေ့နဲ့ စတုဒီသာ ရီစရာဗျာ ဘာလုပ်တာလဲ" ဟူသည့် ဒိုးပတ်သံချပ်များဖြင့် တက္ကသိုလ်ဝန်းအတွင်း လှည့်လည်ဆန္ဒပြကြသည်။

၂၁-၁၂-၆၂ ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်းဆိုးများအတွက် ၇-၁၂-၆၂ နေ့၊ ၅ လမြောက် ၇ ဇူလိုင်ညတွင် အဆောင်မှထွက်၍ ဆန္ဒပြကြပြီးနောက် ၂၀-၁၂-၆၂ အောင်ကျော်နေ့တွင် ဤသို့ခန်းနားကြီးကျယ်စွာ စည်းစည်းလုံးလုံးစုဝေး၍ အောင်ကျော်နေ့ အခန်းအနားကို စုပေါင်းကျင်းပကြသည်။

၈-၇-၆၂ သားငယ်များကို ရိုက်နှက်သတ်ဖြတ် သွားကြသည့်အတွက် မချိတင်ကဲ ဝမ်းနည်းကြေကွဲစွာဖြင့် ရှိနေရှာသည့် မော်ကွန်းဝင် မိခင် တကသ အဆောက်အဦကြီး ကို ၈-၇-၆၂ နံနက် ၆ နာရီခန့်ထိ တွေ့မြင်နိုင်သေးသည်။

၈-၇-၆၂ သားငယ်များကို ရိုက်နှက်သတ်ဖြတ် သွားကြသည့်အတွက် မချိတင်ကဲ ဝမ်းနည်းကြေကွဲစွာဖြင့် ရှိနေရှာသည့် မော်ကွန်းဝင် မိခင် တကသ အဆောက်အဦကြီး ကို ၈-၇-၆၂ နံနက် ၆ နာရီခန့်ထိ တွေ့မြင်နိုင်သေးသည်။

၈-၇-၆၂နေ့က ကျောင်းသားထုတရာကျော်အောင် သတ်ရုံဖြင့် အားမရနိုင်သေးဘဲ... ကျောင်းသားထု မှီခိုအားထားရာ ဗမာ့မော်ကွန်းဝင် မိခင် တ-က-သ အဆောက်အဦကြီးကို ၈-၇-၆၂ နံနက် ၆ နာရီတွင် ယမ်းဗုံးများဖြင့် ဖြိုခွဲ ဖျက်ဆီးပစ်လိုက်ကြသည်။ အောင်ကျော် ကျောက်တိုင်မှာ မျက်နှာငယ်စွာ အထည်းကျန် ရပ်တည်ခဲ့ရရှာသည်။



နောက်ဆုံး ဆန္ဒ

ငါ့ရင်ဝတွင် ကြည်ဆံဝင်၍
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ...

ငါမသေခင် မှာခဲ့ချင်သည်
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲ ဝင်ကြပါ...

ဝင်းမြင့်ထွန်း (ရန်ကုန် တက္ကသိုလ်)

မြတ်လေးငုံ ဘလော့ဂ်မှ ကူးယူဖေါ်ပြချက်

ကျောင်းတော်ခရီး
လမ်းမကြီး၌
သွေးစီးပွက်ပွက်
ခုနစ်ရက်နေ့ 
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင်အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ကောင်းရာ လားစေသော်ဝ်။


ခံစားမှု (၂)။

လက်သီးဆုပ်လျက် ၊ ကြွေးကြော်တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသားလူရွယ် ရဲဘက်များ ...
နီရဲပူနွေး သတ္တ္တိသွေးကား
စွန်းထင်းကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့ တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီတကား
သြော် ....
သမိုင်းစာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့ သွေးကွက်မူ
အသူဖျက်၍ ရအံ့နည်း။

ခံစားမှု (၃)။

သူရူးမ တစ်ယောက်
သားပျောက်ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်းဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့။

ခံစားမှု (၄)။
ငါ့ရင်ဝတွင် ကျည်ဆံဝင်၍
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲဝင်ကြပါ။

(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းများကနေ ခံစားရေးဖွဲ့ ခဲ့ကြမှုများထဲမှ အချို့ အား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။


ကိုအောင်နိုင်ဘလော့ဂ်မှ ကူးယူဖေါ်ပြချက်

from Maya Magazine by Maung Aye Win
[(၄၈) နှစ်မြောက်၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၆၂ ဂျူလိုင် ၇ရက်၊ အမှတ်တရ အဖြစ် 'အောင်ပြည့်' ရဲ့ 'ပြိုမှာလေလားမိုးရဲ့' ၀တ္ထုမှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။]

......... တက္ကသိုလ်တွင် ကျင်လည်ကျက်စားခဲ့သူတို့၏ ဘ၀ဟောင်းကို ပြန်လည် တမ်းတစရာ......
[မောင်ကိုယု ရဲ့ ၀တ္ထုစာအုပ် မိတ်ဆက်စကားမှ]

.... အဆောင် ပြန်ရောက်ချိန်တွင်တော့ ခင်ညို စာကြည့်လို့ မရ။ နက်ဖြန် နေ့ခင်း တကသ အစည်းအဝေးမှာ ဘာတွေ ဆုံးဖြတ်ကြမလဲ။ မြို့နယ်အသင်း အမှုဆောင် အစည်းအဝေးကော ကျေကျေ လည်လည် ပြီးပါ့မလား။

ခင်ညို တွေးနေဆဲမှာပင် ပင်မကျောင်းဆောင်များဆီမှ အသံတွေ ဆူလာသည်။ ခင်ညို နားစိုက်ထောင် လိုက်မှပင် အသံတွေက ပိုပြီး ကျယ်လာသည်။

"ထောင်လို ချုပ်ထားတာ မလိုချင်ဘူးကွ"
"ဟေး"

"ဟေး" ဆိုသောအသံထုကြီးက ကြက်သီးထခမန်း။

"မီးတွေပိတ်ကွ"
"ပဲခူးဆောင်က ရဲဘော်တွေ ဆင်းခဲ့ကွ"

ခင်ညို အဆောင်သံစကာ ကြားက ကြည့်မိသည်။ ဗဟိုဆောင်များတွင် မှောင်နှင့်မဲမဲ မီးပျက်သည်ကစပြီး ဆူကြဟန်တူသည်။ ပြီးတော့ အပြင်ကို ပြိုထွက်လာကြဟန် တူသည်။

မန္တလေးဆောင်တွင်းမှာတော့ အဆောင်မှူး ဆရာ ဦးခင်မောင်ဝင်းတို့၊ ဦးထွန်းဦးတို့ ပျာနေကြပြီ။ ညစောင့် မောင်သောင်းပင် မျက်လုံးပြူးပြီး ဘာလုပ်ရမှန်းမသိ။ တဖြည်းဖြည်းနှင့် ကျောင်းသားတွေ အားလုံးလိုလို အဆောင်ဝ တံခါးမကြီးတွင် စုမိကြသည်။

"ရဲဘော်တို့ ထွက်ခဲ့ပါ၊ ကျုပ်တို့ ဖိနှိပ်ချုပ်ချယ်မှုကို ကန့်ကွက်ဖို့ ဆိတ်ငြိမ် ဆန္ဒပြမယ်"
"မကြောက်ပါနဲ့ လာသာ လာခဲ့ပါ"

မောင်သောင်းက လန့်ပြီး သော့အားလုံးကို ဆရာဦးခင်မောင်ဝင်းလက် အပ်လိုက်သည်။ တံခါးက ပိတ်မြဲ။

"ဟေ့ မိန်းမရှာတွေလားကွ"

ပေါ်တီဂိုအောက်တွင် ရပ်နေသော ရဲဘော်တယောက်က အော်သည်။
"ချလွမ်"

ခင်ညိုက အံကို ကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားချိန် ဘာကို စလုပ်ရမှန်း မသိချိန်မှာပင် ဘယ်အချိန်က အပြင်ရောက်နေမှန်းမသိသော မန္တလေးဆောင်သား စိန်အစ်က မီးချောင်းကို ပစ်ခွဲလိုက်သည်။
ပေါ်တီဂို တခုလုံး မှောင်သွားပေပြီ။

"ထွက်ဟေ့၊ ထွက်ဟေ့"

ပြောပြောဆိုဆိုနှင့် အပြင်တွင်ရှိသော ကျောင်းသားထုက သံဆွဲတံခါးကို ၀ိုင်းမသည်။ ကြောင်ပြီး ကြည့်နေရာမှ အသက်ဝင်လာသေ ခင်ညိုတို့ အဆောင်သားတွေက ခုမှ တံခါးကို ၀ိုင်းတွန်းသည်။
မကြာလှပါ။
တံခါးကြီး ကော့လန်သွားသည်။
ကျောင်းဆောင်သား အားလုံးလိုလို ငုံ့ပြီးထွက်လိုက်ကြသည်။
အို ကျောင်းသားထုက မနဲပါလား။

"လာကြဟေ့ ရဲဘော်တို့၊ အမရဆောင်ကို ဒီနည်းအတိုင်း ဖွင့်မယ်"
ရှေ့ဆုံးက ရဲဘော် ကျောင်းသားတယောက်က ပြေးရင်း အော်ပြောသွားသည်။ ကျောင်းသားထုကြီး လည်း သူ့နောက် ပြေးလိုက်သွားသည်။

"ဟေ့ ဖိုးစိုးလွင်"
အမရဆောင် လှေခါးအောက်တွင် အဆောင်သားတွေ စုပြုံနေကြပြီး ဖြစ်သည်။ စိုးလွင်ဂျပုက ရှေ့ဆုံးမှာ သံတံခါးနှင့် ကပ်လို့။
"ဘယ်လိုလဲဗျ ကိုခင်ညို"စိုးလွင်က မျက်နှာသေလေးနှင့် မေးသည်။
"ဟ ဘယ်လိုမလဲနေနဲ့ ကိုယ့်လူ၊ တံခါးသာ ၀ိုင်းတွန်းပေးတော့"
ခင်ညို ပြောနေချိန်တွင် 'ဆွဲဆွဲ' နှင့် အပြင်ကျောင်းသားထုက ဆွဲပြီး 'တွန်း တွန်း' နှင့် အတွင်း ကျောင်းသားထုက တွန်းသည်။

"ဟေး"

တံခါးကြီး လန်သွားပေပြီ။

"ရဲဘော်တို့ ရာမညကလဲ ထွက်လာကြပြီ၊ အားလုံး အဓိပတိလမ်းမှာ စုမယ်၊ စည်းကမ်းအတတ် နိုင်ဆုံးထားပြီး လိုက်ခဲ့ကြပါ"

"ဟေး"

ကိုဗဆွေလေးက အမရဆောင် အုတ်ခုံမြင့်လေးပေါ်က အော်ပြောလိုက်ပြီး ရှေ့က ထွက်သွားသည်။ ကျောင်းသားအားလုံး သူ့နောက် ပါလာကြသည်။

"တပည့်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါကွာ မှားကုန်ပါ့မယ်"

သမဂ္ဂရှေ့ စုမိကြလျှင်ပင် ကျောင်းသားရေးမှူး ဆရာ ဦးစံထွန်းရောက်လာသည်။ ရောက်ရောက်ချင်း ဆရာက အော်ပြောခြင်း ဖြစ်သည်။

"စိတ်ချပါဆရာ၊ ကျွန်တော်တို့ စည်းကမ်း အရှိဆုံး ဆန္ဒပြကြမှာပါ"

မတတ်သာတော့သည့် အဆုံး ဆရာက ပြုံးပြုံးပင် လက်လျှော့လိုက်သည်။

"လာကြဟေ့၊ အ၀ိုင်းလေးမှာ စုမယ်။ တကောင်းတို့ ပြည်တို့က ရဲဘော်တွေလဲ ဆူနေပြီ၊ သူတို့နဲ့ သွားပေါင်းမယ်"

ကျောင်းသားခေါင်းဆောင်တယောက်က လက်မြှောက်ရင်း အော်ပြောသည်။

"အေးဟေ့၊ ကောင်းတယ်"
ကျောင်းသားထု အသံက ဆူညံသွားသည်။ ပြီးတော့ တရွေ့ရွေ့နှင့် အဓိပတိလမ်း တံခါးဝနား ရောက်လာသည်။ ဆရာဦးစံထွန်းသည် ကျောင်းသားထု၏ ရှေ့က ပြေးပြီး အ၀ိုင်းလေး မြေမြင့်ပေါ် တက်လိုက်သည်။ ပြီးတော့ သူ့ခေါင်းက ကက်ဦးထုပ်ကလေးကို မြှင့်ဆောင်းလိုက်ပြီး မျက်မှန်အောက်က ပြုံးသော သူ့မျက်လုံးကို ထုတ်ပြရင်း ကျောင်းသားထုကို လက်နှင့် အရှိန်ရပ်လိုက်သည်။ အားလုံး ရပ်သွားမှ

"တပည့်တို့ကို ကျောင်းပြင် မထွက်စေချင်ဘူးကွာ၊ အခွင့်အရေး တခုခုအတွက် ဆန္ဒပြရင် ကျောင်းထဲမှာ ဘဲ စည်းကမ်းရှိရှိ ဖြစ်စေချင်တယ်။ တကောင်းဘက် မသွားပါနဲ့တော့"

ဆရာဦးစံထွန်း ရပ်နေရာ အ၀ိုင်းလေးပေါ်တွင်လည်း ကျောင်းသားတအုပ် ရှိသည်။ ခပ်နောက်နောက် တယောက်က ဆရာ့ခေါင်းပေါ်က လက်တချောင်းကျော်ပြီး 'အလကားလှိမ့်တာ' ဟူသော ဟန်မျိုးဖြင့် လက်ခါပြသည်။ ကျောင်းသားတွေက ပြုံးလို့။

"ရဲဘော်တို့၊ ဆရာပြောတဲ့စကားက လမ်းကျပါတယ်။ အားလုံး ပြန်ဝင်ကြစေချင်ပါတယ်"

ကိုဗဆွေလေးက ဆရာ့အနားတိုးလာပြီး အော်ပြောလိုက်သည်။ ကျောင်းသားထုက ငြိမ်သွားသည်။ ကျောင်းသားတွေ တဖြည်းဖြည်း များလာလိုက်သည်မှာလည်း အဓိပတိတလမ်းလုံး မဲလို့။
"အေးကွာ၊ ငါ့တပည့်တွေက နားလည်မှု ရှိပါတယ်။ ကျောင်းဝင်းထဲမှာဘဲ စနစ်တကျ လုပ်ကြစမ်းပါ"ဆရာဦးစံထွန်းက သူ့စကားနားထောင်သော ကျောင်းသားများအတွက် ကျေနပ်သွားဟန်၊ နှစ်နှစ်ကာ ကာ ပြုံးရင်း ပြောသည်။ ကျောင်းသားအားလုံး ဘွဲ့နှင်းသဘင်ကို ပြန်ပြီး မျက်နှာမူလိုက်ကြသည်။

(စာမျက်နှာ ၂၆၀- ၂၆၄)။

"ခေါင်းဆောင်တွေ ဆွဲကုန်ပြီဗျို့"

မန္တလေးဆောင်ရှေ့မှ အသံတသံက စူးစူးရှရှ ထွက်လာသည်"

"ပုလိပ်ကားတွေ ရောက်နေပြီဟေ့"

"ဘဆွေလေးတို့ ဆွဲသွားပြီဗျ။ ခင်ဗျာ့ ကိုတင်ထွန်းကြီးလဲ ပါသွားပြီ ဟိုမှာမြင်လား။ ပုလိပ်ကားတွေ ထွက်သွားပြီ။ အဲဒီပေါ် ပါကုန်ပြီဗျ"
ကိုမောင်မောင်က ဆို့ဆို့နင့်နင့် ပြေးလာရင်း ပြောသည်။ ခင်ညိုလည်း ဘာလုပ်ရမည် မသိတော့။

"ရဲဘော်တို့ ကျုပ်တို့ခေါင်းဆောင်တွေကို ဟိုကောင်တွေ ၀င်ဆွဲသွားပြီဗျ"

"ရဲဘော်တို့၊ ပုလိပ်တွေ ထပ်ရောက်လာကုန်ပြီ။ အတင့်မရဲကြနဲ့ဟေ့၊ မျက်ရည်ယို ဗုံးတွေလဲ ပါတယ်။ သတိရှိကြပါ"

မကြာလှပါ။ ဗုံးမိုးသည်းထန်စွာ ရွာပါတော့သည်။

ခင်ညိုတို့လည်း ခုမှပင် ရေစိုအ၀တ်၏ တန်ဘိုးကို နားလည်တော့၏။ ဗုံးလုံးတွေက သိပ်ပြီး အရှိန်ပြင်းလှသည် မဟုတ်သောကြောင့် အဂျလာတို့ အုပ်စုက ကလို့ ခုန်လို့ပင် ဗုံးကို ရှောင်သည်။ အနီးအနားလာကျလျှင် ပြန်ကောက်ပြီး ပစ်လိုက်သေးသည်။
ထိုစဉ်တွင် ကျောင်းသားတစုသည် ဆရာကာ အိမ်တွင်းမှ ဗော့က်စ်ဝဂ်ဂွန်ကား အနီရဲရဲလေးတစင်းကို တွန်းလာကြ၏။ ဘွဲ့နှင်းသဘင် တံခါးမကြီးအထိ။ တံခါးမကြီးရှေ့အရောက်တွင် ကားကို ပက်လက်လှန်လိုက်ကြ၏။ ပြီးတော့ မီးရှို့ပစ်လိုက်ကြ၏။

ကားနီနီလေးနှင့်အတူ မီးတောက်ကရဲရဲ။ လက်ခုပ်သံ ဆူညံ အော်ဟစ်သံတွေကလည်း တသဲသဲ။

အော် သွေးဆူနေကြချိန်တကား။ဒါနှင့် မနားသေးပေ။ နောက်ထပ် ကျောင်းသားတစုက ကားပြာလေးတစီး ထုတ်လာပြန်သည်။ သည်လိုပင် အိမ်ရှေ့အရောက် လှန်ပြီး မီးရှို့လိုက်ကြပြန်သည်။
ထိန်းနိုင် ဦးဆောင်နိုင်သည့် ခေါင်းဆောင်တွေလည်း မရှိတော့ပြီ။ သည်အချိန်တွင် အသံကျယ်ကျယ် ရဲရဲတင်းတင်းနှင့် ရှေ့ကရှောက်သူသာ ခေါင်းဆောင် ဖြစ်တော့၏။
ကားနှစ်စီး မီးတောက် ငြိမ်းသောအခါတွင်ကား ကျောင်းသားတွေသည် အစုလိုက် အစုလိုက် ခြေပစ်လက်ပစ် ထိုင်နေကြတော့သည်။ တချို့က အဓိပတိ လမ်းမပေါ်မှာ။ တချို့တွေက မြက်ခင်းဆီမှာ။
အဓိပတိ ၀င်းတံခါးမကြီးကတော့ ပိတ်ထားဆဲ။ အထဲတွင် ကျောင်းသားတွေ ငြိမ်သူငြိမ်၊ လှုပ်ရှားသူ လှုပ်ရှား၊ စကားများသူ များနေသော်လည်း သံတံတိုင်းအပြင်တွင် စစ်ကားတွေ စီရရီနှင့်။

ခင်ညိုတို့တတွေလည်း အာညောင်း လက်ညောင်းမို့ အဓိပတိ ကပ်တရာလမ်းမပေါ်တွင် နှစ်နှစ် ခြိုက်ခြိုက် လှဲနေလိုက်ကြသည်။
တောင်ဆီမှာတော့ မိုးတွေညို့လို့။ မိုးသေးမိုးဖွဲလေးတွေကလည်း လွမ်းလောက်စရာ။ မရဲတရဲ ရွာနေပြန်သည်။ ခင်ညို့ မျက်နှာပေါ်တွင် မိုးသီးလေးတွေ ကွက်ကျားစိုလျက် ရှိနေ၏။ မှောင်ရီပင် သန်းလာချေပြီ။

"ဟိုရဲဘော် ကြည့်ပါအုန်းဗျာ၊ တံခါးဝက အုတ်ခုံပေါ်မှာ"

ချစ်ဆွေပြော၍ အားလုံး လှည့်ကြည့်လိုက်သောအခါ ကျောင်းသားတယောက် ခါးတောင်း မြှောင်အောင် ကြိုက်ပြီး အုတ်ခုံမြင့်ပေါ်တွင် ထိုင်အော်နေသည်ကို တွေ့၏။ မကြာလိုက်ပါ။ခင်ညိုတို့တတွေ ခေါင်းပြန်မလှည့်မီမှာပင် ရန်ကုန်တက္ကသိုလ်ကြီးအတွက် အခြေအနေ အားလုံး ပြောင်းလဲစေလိုက်မည့် ပထမဆုံး သေနတ်သံကို ကြားလိုက်ရပေသည်။ ပြီးတော့ ဆက်၍ ဆက်၍။

သည်လိုနှင့်ပင် တည ချုပ်ခဲ့ရသည်။ နှစ်ရက်ဆက်ပြီး အသံပေါင်းစုံလျှံ ဂယက်ညံနေသော တက္ကသိုလ်ကြီးသည် ပကတိ ငြိမ်သက်သွားသည်။ ရေဒီယိုက တက္ကသိုလ်နှင့် ကောလိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ကျေညာ လေသည်။ တညလုံး အိပ်မရသော အတွေးကြောင့် ခင်ညို တလူးလှိမ့်လှိမ့် ခံစားနေရသည်။ အိပ်ရေးပျက် မခံသော ၀င်းမောင်ကြီးပင် တလှုပ်လှုပ် ဖြစ်နေသည်။ နှစ်ယောက်သား အံကြိတ်ရင်း အတွေးကိုယ်စီနှင့် ငြိမ်နေမိကြသည်။ည ၂ နာရီထိ မီးဖွင့်ထားသော်လည်း သည့်နောက်တွင် မီးပိတ်ပြီး ဆိတ်ငြိမ်ခြင်း အာရုံကို ၀င်စား နေမိလိုက်သည်။ နက်ဖြန်ဆို အိမ်ပြန်ရတော့မည်။ ဘယ်အချိန် အိပ်ပျော်သွားသည်မသိ။ '၀ုန်း' ဆိုသော အသံကြီးနှင့်အတူ မြေတုန်ပြီး အဆောင်လှုပ်ခါ သွားတော့မှ ခင်ညို အိပ်ရာက နိုးတော့သည်။ နိုးသည်ဆိုတော့လည်း အဆောင်လှုပ်ခါမှု အရှိန်ကြောင့် ခင်ညိုတို့ နှစ်ယောက်လုံး ကုတင်အောက် ရောက်သွားသည်။

"အဆောင်ကြီး ပြိုပြီထင်တယ်ဗျ" "လာဗျာ၊ ခြေသံတွေလဲ ကြားတယ်၊ ထွက်ကြည့်ရအောင်"
အခန်းပြင်ရောက်သော အခါတွင်ကား ယူနီယံဘက်ကို ငေးကြည့်နေသည့် ကျောင်းသားများကို တွေ့ရသည်။

"ဟင်"
တကသ အဆောက်အဦးကြီး မရှိတော့ပြီ။

ခင်ညို့ ရင်ထဲတွင် ဟာသွားတော့သည်။

"ဖိုးခင်ညို အပေါ်ထပ်သွားကြည့်ရအောင်"

ဘယ်အချိန်က သူ့အနား ရောက်နေသည်မသိ။ ချစ်ဆွေက သူ့လက်ကို ဆွဲခေါ်သွားသည်။ အဆောင်ပေါ်တွင်လည်း အမိုးအုတ်ကြွတ်တွေ ဖွာလျာကြဲနေသည်မို့ ရှောင်ကွင်း သွားရသည်။

ဟိုမှာ ကြည့်စမ်းဗျာ ဖုံငွေ့တွေပဲ ရှိတော့တယ်"

ချစ်ဆွေလှမ်းပြ၏။ ခင်ညို ကြည့်လိုက်သောအခါ အငွေ့တထောင်းထောင်းနှင့် အုတ်ပုံကြီးသာ မြင်တော့ သည်။ သံဘောင်ကြီးတွေ ထိုးထိုးထောင်ထောင် ထွက်နေသည့်ကြားက အငွေ့တွေ........။

(စာမျက်နှာ ၂၇၀- ၂၇၇)အောင်ပြည့်' ရဲ့ 'ပြိုမှာလေားမိုးရဲ့' စာအုပ်မှ။

(12/07/10 11:52 မှာ တင်ခဲ့တဲ့ပို့စ်ကို ဒီနှစ် 7 July အမှတ်တရပို့စ်သီးသန့် မတင်နိုင်လို့ အပေါ်ခဏ ပြန်ဆွဲတင်ထားပါတယ်။)

7 July မှာ အသက်ပေးသွားသော သူရဲကောင်းများ ကောင်းရာ သုဂတိ လားပါစေ။

သူမရဲ့နောက်ဆုံးအချိန် (၂)

သူမရဲ့နာက်ဆုံးအချိန် (၁) ကိုအရင်ဖတ်ပါ။

သူမဆုံးတဲ့နေ့က တနင်္လာနေ့ဖြစ်တော့ အသိမိတ်ဆွေတွေကို အကြောင်းကြားခဲ့ပေမဲ့ အလုပ်ထဲရောက်နေကြလို့ ဘယ်သူမှ ဆေးရုံကို ချက်ချင်းမလာဖြစ်ဘူး ညကျမှ လာမယ်လို့ ပြောကြတော့ သူ့ယောက်ျားကို အိမ်မှာပဲ ဧည့်သည်တွေအတွက် နေရာထိုင်ခင်း ပြင်ပြီး စောင့်ခိုင်းလိုက်တယ်။ အသက်ထွက်ဆွမ်းအတွက် ချက်ပြုတ်မည့်သူတွေ နာရေးမေးသူတွေ အတော်များများက အရင်အချိန်တွေကလည်း သေအံ့ဆဲဆဲ မကြာခဏဖြစ်ခဲ့ဖူးလို့ ရောက်လာကြတာ ရှိကြတော့ သူတို့အနေနဲ့ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို လာကြည့်ချင်ကြတော့မှာလည်း မဟုတ်တော့ဘူး၊ ဒါကြောင့် မေးလာတဲ့သူတွေကို အိမ်ကိုပဲ သွားကြဖို့ပြောလိုက်ပါတယ်။ ဆေးရုံက Staff တွေကိုလည်း မိသားစုတွေလာကြတော့မှာ မဟုတ်တဲ့အတွက် အလောင်းကို ဆက်လက်လုပ်ဖို့လိုအပ်တာ လုပ်နိုင်ကြောင်း အကြောင်းကြားပြီး ကျွန်မတယောက်တော့ ဆေးရုံက Staff တွေ အလောင်းလာပြင်ရင် အလောင်းမှာ ၀တ်ပေးဖို့ သူမ မဆုံးခင်နေ့တွေက သူမဆုံးပြီး အလောင်းပြင်ရင် ၀တ်ပေးဖို့ ဆိုပြီး သူမကိုယ်တိုင် ရွေးချယ်ပေးထားခဲ့တဲ့ မြန်မာရင်ဖုံးအကျီအဖြူနဲ့ ချိတ်ထမိန်ကို ဘေးမှာချပြီး သူမနားမှာ အကြာကြီးအထိ ထိုင်စောင့်နေတယ်။ Staff တွေက တော်တော်နဲ့ မရောက်လာတော့ သူမအလောင်းကို ကြည့်ပြီး အော်.. ဟိုတုန်းကတော့ ဒီမိုကရေစီရပြီးလို့ ပြည်တော်ပြန်ပြီး မြန်မာပြည်ထဲမှာပဲ မိမိကိုယ်မိမိ ခေါင်းခေါင်းချရမယ်လို့ ထင်ခဲ့မှာပဲ အခုလို တိုင်းတပါးမှာ ဘ၀ကို ဒီလိုအဆုံးသတ်ရလိမ့်မယ်လို့ ဘယ်ထင်မလဲလို့ တွေးပြီး သံဝေဂရနေမိတယ်။ သူမဆုံးခင် တရားစကားတွေ အများကြီး ပြောခဲ့ပြီး စုတိစိတ်ဖြစ်ရင် သိပ်ပြီးစိတ်ဝင်စားစရာ ကောင်းမှာပဲဆိုတဲ့ မသက်ဟာ အခုချိန်မှာ ဒီခန္ဓာကိုယ်ကြီးနားမှာ မကျွတ်လွှတ်တဲ့ ဘ၀နဲ့ ရစ်ဝဲရစ်ဝဲ လုပ်နေတော့မှာ မဟုတ်ဘူး ကောင်းရာမွန်ရာ ဘ၀တခုခုကို ရောက်နေလိမ့်မယ် ဆိုတာကိုတော့ ကျွန်မ သေချာအတတ်အပ် ယုံပါတယ်။ အသက်ရှင်စဉ်က ဘယ်လိုပဲ ဖြည့်တင်းခဲ့ ၀တ်ဆင်ခဲ့ပေမဲ့ အခုတော့ ဒီခန္ဓာကိုယ်ကြီးဟာ ဘယ်သူ့အတွက်မှ ဘာမှသုံးစားလို့ မရတော့လို့ စွန့်ပစ်ရတော့မှာပါလားလို့ တွေးပြီး သူမကို စတွေ့ဖူးတဲ့ အချိန်က စပြီးအခုလက်ရှိအချိန်ထိ သူမနဲ့ပတ်သက်ပြီး ကျွန်မမှာ ရှိနေတဲ့ အမှတ်တရတွေက ကျွန်မအတွေးထဲကို တခုပြီးတခု အစီအရီ ၀င်ရောက်လာပါတယ်။

မသက်ကို စတွေ့ဖူးတာကတော့ ၁၉၈၉ ခုနှစ် မင်းသမီးစခန်းမှာ ကျင်းပတဲ့ ABSDF ရဲ့ ဒုတိယအကြိမ် ညီလာခံကာလကပါ။ ညီလာခံကို ကျောင်းသားစခန်းထဲမှာ ကျင်းပတာ မဟုတ်ဘဲ ကျောင်းသားစခန်းနဲ့ တနာရီခန့် လမ်းလျှောက်ရတဲ့ ထီးထာခေါ် ခရိုင်မြို့မှာ ကျင်းပပေမဲ့ တခြားညီလာခံကိုယ်စားလှယ်တွေလို ညီလာခံကျင်းပရာကို တန်းသွားတာ မဟုတ်ဘဲ မသက်ကတော့ ရဲမေတွေနဲ့ တွေ့ချင်လို့ ဆိုပြီး ကျွန်မတို့စခန်းထဲကို အရင်ရောက်လာခဲ့တယ်။ အဲဒီနေ့က ကျွန်မက ဆေးရုံမှာ တာဝန်ကျတော့ နေ့လည်ဘက်မှာ အဆောင်က ရောက်လာတဲ့ ရဲမေတဦးက တပ်ရင်း ၆၀၁ ပအို့ဝ်မြေကတဲ့ ညီလာခံကိုယ်စားလှယ်ထဲမှာ ရဲမေတေယောက်ပါတယ် ယောက်ျားကြီးလိုပဲ ဆိုပြီးလာပြောလို့ သိထားတယ်။ ညနေဘက် ဆေးရုံတာဝန်ချိန် ပြီးလို့ အဆောင်ကိုသွားတော့ ဆံပင်တိုတိုနဲ့ ယောက်ျားပုံပေါက်နေတဲ့ မသက်ကိုစတွေ့ဖူးပါတယ်။ ကျွန်မရောက်တော့ အဆောင်က မိန်းကလေးတွေနဲ့ တ၀ါးဝါး တဟားဟား ပွဲကျနေတာကိုတွေ့ရပြီး ကျွန်မ အဆောင်ပေါ်တက်လာတော့ အလှည့်ကျတာဝန်ကျ အဆောင်မှူး ရဲမေက ကျွန်မနဲ့ မသက်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ညည်းတို့တပ်ရင်းမှာ ရဲမေတွေအများကြီးနဲ့ ပျော်စရာကောင်းလိုက်တာ ၆၀၁ မှာတော့ ရဲမေဆိုလို့ မသက်တယောက်ပဲ ရှိတယ်လို့ ရင်းရင်းနှီးနှီး ပြောပါတယ်။ ကျန်တဲ့ အဆောင်သူတွေအားလုံးကို ကြည့်လိုက်တော့လည်း မျက်ရည်ကျလောက်အောင်ကို ရယ်နေကြတဲ့သူတွေလည်း ရှိတော့ ကျွန်မက ဘာတွေများ ဒီလောက်တောင် ပွဲကျနေကြလဲလို့ မေးတော့ မသက်က အလှူမှာ ဘုန်းကြီးက ပွဲမငှားဖို့ တိုက်တွန်းတဲ့ ဇာတ်လမ်းအကြောင်းကို အစအဆုံး ပြန်ပြောပြပါတယ်။ အလှူမှာ ပွဲမငှားဖို့ တိုက်တွန်းခဲ့တဲ့ ဘုန်းကြီးက ဆိုင်းသံဗုံသံကြားတော့ ကွေးအောင်ထကနေရာကနေ ငါပြောသားပဲ မငှားနဲ့လို့ ပြောလိုက်တဲ့အကြောင်းကို ကိုယ်အမူအယာ လက်ဟန်ခြေဟန်တွေနဲ့ မသက် ပြောပြနေတဲ့ပုံကို သဘောကျလို့ ကျွန်မကလည်း ရီရသလို နားထောင်ပြီးသားဖြစ်တဲ့ ကျန်တဲ့သူတွေ အားလုံးကလည်း ထပ်ရယ်ကြတော့ အဲဒီညက အဆောင်တခုလုံး ဆူညံနေတာပဲ။ မသက်က ရီစရာလေးတွေ သိပ်ပြောတတ်တော့ အချိန်ခဏလေးအတွင်းမှာ ကျွန်မတို့ အားလုံးနဲ့ ခင်မင်သွားတယ်။

မသက်ဟာ ညီလာခံကာလမှာလည်း ဘယ်လိုတော်ကြောင်း သူဆွေးနွေးတဲ့အချက် အတော်များများကို ညီလာခံက အတည်ပြုခဲ့ရကြောင်း စသည်ဖြင့် မသက်တော်ပုံထက်မြက်ပုံကို ညီလာခံကိုယ်စားလှယ်တွေဆီက ပြန်ကြားသိရပါတယ်။ အဲဒီအချိန်က မသက်တို့ ၆၀၁ ကလာတက်တဲ့ ကိုယ်စားလှယ်တွေအထဲမှာ ကျွန်မမှတ်မိသလောက် ကိုသန်းကျော်ဌေး၊ ခွန်စံလွင်၊ ကိုတိုက်မောင်းနဲ့ နောက်တယောက်ပါပြီး အဲဒီ သူတို့တပ်ရင်းက အမျိုးသား ကိုယ်စားလှယ်တွေ အားလုံးကလည်း မသက်ကို တလေးတစား ရှိကြာတာကို တွေ့ရပါတယ်။ ညီလာခံပြီးတော့ မသက်ဟာ ဒီညီလာခံမှာ ဗဟိုကော်အတီဝင်အဖြစ် အရွေးချယ်ခံရလို့ ABSDF ရဲ့ ပထမဦးဆုံး အမျိုးသမီး ဗဟိုကော်အတီဝင်ဖြစ်လာခဲ့ပါတယ်။ ညီလာခံ မပြီးခင်ကာလ ပိတ်တဲ့ Weekend တနေ့မှာတော့ မသက်က မိန်းကလေးတွေ ကိစ္စ ဆွေးနွေးစရာရှိလို့ဆိုပြီး စခန်းမှာ မိန်းကလေးတွေ အားလုံးနဲ့ဆုံဖို့ ချိန်းလိုက်ပြီး မြန်မာအမျိုးသမီးစည်းအရုံးကို ဖွဲ့ဖို့ ဆွေးနွေးဖူးပါတယ်။ အဲဒီအချိန်က ဘုရားသုံးဆူ တပ်ရင်း ၁၀၁ က ရဲမေတဦးဖြစ်သူ အတာလည်း ရောက်နေတော့ သူတို့နှစ်ယောက်ကတော့ တော်တော်လေးကို တက်ကြွကြတာကို တွေ့ရပါတယ်။ ကျွန်မတို့ တပ်ရင်းမှာ ဆေးအဖွဲ့၊ ဆက်သွယ်ရေးအဖွဲ့နဲ့ ရုံးအဖွဲ့က မိန်းကလေးတွေ အားလုံးက အမျိုးသမီးအခွင့်အရေးဆိုတာကို သူတို့လောက်လည်း စိတ်မ၀င်စားခဲ့သလို ဒီလောက်ကိုယ့်အလုပ်နဲ့ကိုယ် လက်မလည်ဖြစ်နေတာ သူတို့ပြောတဲ့ လှုပ်ရှားမှုတွေကို ဘယ်လိုအချိန်ပေးပြီး သွားလုပ်မလဲဆိုလို့တောင် တွေးနေခဲ့ပါတယ်။ ပြီးတော့ ရည်ရွယ်ချက်မှာလည်း အမျိုးသမီးအမျိုးသား တန်းတူအခွင့်အရေး ဆိုတာပါတော့ ကျွန်မတို့တပ်ရင်းမှာ စစ်သင်တန်း မတက်ရသေးလို့ မိန်းကလေးတွေ ရှေ့တန်းမဆင်းရတာကလွဲလို့ ဘယ်နေရာမှာမှ တန်းတူအခွင့်အရေး မပေးတာ မရှိပါဘူးဆိုပြီး ထင်နေတဲ့အချိန်ဖြစ်တယ်။ ပြီးတော့ အဲဒီတုန်းက ကျွန်မတို့မှာ ရှေ့တန်းသွားရဖို့အရေးကလွဲပြီး တခြားဘာမှစိတ်မ၀င်စားသလို မသက်တို့ အတာတို့ လာချပြတဲ့ အမျိုးသမီးရေးကိစ္စဆိုတာကို ကျွန်မတို့ သိပ်ပြီး နားမလည်သေးသလို ဒီလောက်အထိ စိတ်မ၀င်စားခဲ့တာ အမှန်ပဲ။ ဒါပေမဲ့လည်း မိန်းကလေးတွေ ဘ၀တိုးတက်ရေးအတွက် ဆိုတော့ အားလုံးက သဘောတူပြီး လက်မှတ်တွေ ထိုးပေးခဲ့ပါတယ်။

သို့ပေမဲ့လည်း ကျွန်မတို့ တပ်ရင်းက ကိုယ်စားလှယ်တွေကပဲ အားမပေးလို့လား၊ ကျွန်မတို့ ကိုယ်တိုင်ကပဲ သိပ်စိတ်မ၀င်စားတာကို မသက်ကလည်း သဘောပေါက်လို့လား မသိဘူး အမျိုးသမီးအစည်းအရုံး ဖွဲ့ဖို့ကိစ္စ မအောင်မြင်ခဲ့ဘူး။ ဒုတိယအကြိမ် ညီလာခံမှာ မသက်ကဗဟိုကော်မတီဝင် ဖြစ်လာခဲ့ပြီး ထောက်ပံ့ေ၇းကိစ္စတွေနဲ့ တပ်ရင်းကို မကြာခဏ ရောက်လာတာတောင် ဒီအကြောင်း သိပ်မပြောဖြစ်ခဲ့ဘူး။ နောက်ပိုင်းမှာတော့ ကျွန်မတို့ တပ်ရင်းက မိန်းကလေးတွေ အတော်များများလည်း စစ်သင်တန်းတွေ ပြီးသွားတဲ့အချိန်မှာ ရှေ့တန်းဆင်းဖို့ကိုပဲ အားသန်နေပြီး ရှေ့တန်းဆင်းခွင့်ရဖို့အတွက် စခန်းကော်မတီတွေဆီမှာ အပြင်းအထန် ဆန္ဒပြတောင်းဆို နေခဲ့တယ်။ စခန်းကော်မတီဥက္ကဌက ပထမအကြိမ် ညီလာခံသက်တမ်းတုန်းက ဗဟိုကော်အတီဝင်တယောက် ဖြစ်ခဲ့ပြီး ဒုတိယအကြိမ် ညီလာခံမှာ ဗဟိုကပြုတ်လာပြီး စခန်းကော်အတီရွေးပွဲမှာ ဥက္ကဌအဖြစ် အရွေးချယ်ခံရသူ ဖြစ်တယ်။ အဲဒီအချိန်မှာ ပထမအကြိမ် ညီလာခံသက်တမ်းက ဗဟိုဥက္ကဌ ဦးထွန်းအောင်ကျော်က ကျွန်မတို့ စခန်းဥက္ကဌနဲ့ ခင်မင်ရင်းနှီးသူ ဖြစ်ပြီး ဗဟိုမှာ ဥက္ကဌအဖြစ် ပြုတ်လာချိန်မှာ သူ့မိခင်တပ်ရင်းကို မပြန်ဘဲ ကျွန်မတို့တပ်ရင်းကို တပ်ဖွဲ့ဝင်တယောက်အဖြစ် ၀င်ရောက်လာပါတယ်။ သူတို့နှစ်ယောက်စလုံးက မသက်နဲ့ သိပ်ပြီး မျက်နှာကျောတည့်ပုံ မရဘူး။ ကျွန်မတို့က ရှေ့တန်းဆင်းခွင့်ရဖို့ ဆန္ဒပြကြတာတွေ ရှိလာတော့ စခန်းဥက္ကဌက ရှေ့တန်းဆင်းခွင့်ပေးမယ်လို့ ကျွန်မတို့ကို လိုက်လျောခဲ့ပါတယ်။ ဒါပေမဲ့ အခုလို ဆန္ဒပြတောင်းဆိုတာကို ဥက္ကဌက ကျွန်မတို့ကို မသက်မြှောက်ပေးလို့ပဲ ထင်နေပြီး "ကိုထွန်းရေ အရင်ကဘာမှ နားမလည်တဲ့ ကျနော့်တပ်ရင်းက မိန်းကလေးတွေတော့ သက်သက်လွင် ပညာတွေ သင်ပေးထားခဲ့လို့ ပညာတတ်ကုန်ပြီး ဘာပညာတွေ ပေးထားခဲ့လဲမသိဘူး အရင်ကနည်း လုံးဝမတူတော့ဘူး" ဆိုပြီး ကျွန်မတို့က ရှေ့တန်းဆင်းခွင့်မပေးလို့ ကလန်ခဲ့တာကို ရည်ညွန်းပြီး ဦးထွန်းအောင်ကျော်ကို ကျွန်မရှေ့မှာ ပြောပြနေလို့ ကျွန်မက "မသက်နဲ့ မဆိုင်ပါဘူး အရင်ဥက္ကဌလက်ထက်တုန်းကလည်း ရှေ့တန်းထွက်ဖို့ ကျွန်မတို့ တောင်းဆိုခဲ့ပေမဲ့ စစ်သင်တန်း မတက်ရသေးဘဲနဲ့ ရှေ့တန်းထွက်လို့ မရဘူးဆိုလို့ ငြိမ်နေတာ အခုတော့ စစ်သင်တန်းပြီးပြီမို့ ပြန်တောင်းဆိုတာ မသက်နဲ့ ဘာမှကိုမဆိုင်ဘူး" လို့ ပြောလိုက်တယ်။ ဒါကို ကျွန်မက မသက်ဘက်က နာပြီး ကာပြောနေတယ်ထင်နေကြတယ်။

အဲဒီအချိန်က စခန်းဥက္ကဌရော ဦးထွန်းအောင်ကျော်ပါ ကျွန်မနဲ့ သိပ်ရင်းနှီးတော့ ပြောစရာရှိတာကို ကျွန်မက ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။ ကျွန်မက မသက်ဟာ ဥက္ကဌတို့ ဦးထွန်းတို့ ထင်နေသလို မဟုတ်ကြောင်း၊ ဘယ်လိုတော်ကြောင်း ဗဟုသုတရှိကြောင်း၊ သူ့တပ်ရင်းက လာတဲ့ကိုယ်စားလှယ်တွေကလည်း သူ့ကိုတလေးတစားရှိကြောင်း ပြောတော့ ကျွန်မတို့စခန်းဥက္ကဌက "သက်သက်လွင်ကို အထင်ကြီးပြီး ညည်းတို့ ဘာမှအတုယူဖို့ မစဉ်းစားနဲ့ သူကကောင်းတာ မဟုတ်ဘူး မိန်းကလေးတန်မဲ့ အရက်သောက်လိုသောက်နဲ့ နင်တို့အတုယူရင် နင်တို့ပါ ပျက်စီးသွားမယ် မယုံရင် ကိုထွန်းကိုမေးကြည့်ပါလား" လို့ ပြောလိုက်တယ်။ ဦးထွန်းအောင်ကျော်ကလည်း ဒါကို ထောက်ခံပြီး ဘန်ကောက်မှာ မသက်ဘယ်လိုမူးကြောင်း ပြောပြပါတယ်။ မသက်က ကျွန်မတို့ တပ်ရင်းမှာသာ မသောက်ပေမဲ့ ကျွန်မတို့တပ်ရင်းနဲ့ အဲဒီတုန်းက ပလောပီနံ စိုက်ခင်းတခင်းပဲ ခြားတဲ့ တပ်ရင်း ၂၀၃ မှာတောင် သောက်ကြောင်း ပြောပြတယ်။ ကျွန်မတို့တပ်ရင်းမှာတော့ တပ်ရင်း ၀င်းထဲမှာ လာသောက်ရင် ဗဟိုကော်အတီတွေဘာတွေ နားမလည်ဘူး အကုန်လုံး မြက်ရှင်း၊ တောရှင်း၊ အိမ်သာကျင်းတူး တခုခုနဲ့ အပြစ်ပေးခံရမှာ သေချာတယ်။ ကျွန်မလည်း ကျွန်မတို့ တပ်ရင်းက ဥက္ကဌ တယောက်တည်း ပြောတာဆိုရင်တော့ သူကအမြင်ကပ်လို့ ပြောတာပဲ ဖြစ်မယ်လို့ သတ်မှတ်ပြီး ယုံမှာမဟုတ်ပေမဲ့ ဘုရားဆုပန်ထားပြီး ဘာသာရေး အင်မတန်ကိုင်းရှိုင်းတယ်လို့ ကျွန်မယူဆထားတဲ့ ဦးထွန်းအောင်ကျော် ကိုယ်တိုင်ပြောတယ်ဆိုတော့ မသက်နဲ့ ပတ်သက်ပြီး သူတို့ ပြောတာတွေကို ယုံလိုက်တယ်။ မသက် အရက်သောက်တယ်ဆိုတာ သိပြီးနောက်ပိုင်း မသက်ကို ကျွန်မအပါအ၀င် ကျွန်မတို့တပ်ရင်းက မိန်းကလေးတချို့က သိပ်မကြည်တော့ပေမဲ့ မသက်က ဟာသလေးတွေ သိပ်ပြောတတ်ပြီး ထွေရာလေးပါး ဗဟုသုတလေးတွေလည်း ပြောပြတတ်တော့ အဆောင်ကို ရောက်လာရင် သူ့ကို တယောက်မှမခင်ဘဲ မနေနိုင်ဘူး။

အဲဒီအချိန်က ကျွန်မတို့တပ်ရင်းမှာ ရှိတဲ့ မိန်းကလေးတွေ တယောက်မှ အိမ်ထောင်မကျသေးဘူး။ တော်လှန်ရေးမအောင်ခင် အိမ်ထောင်ကျတာဟာ တကိုယ်ကောင်းဆန်တယ် တော်လှန်ရေးအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်တယ်လို့ သဘောထားနေပြီး ကျွန်မတို့ အားလုံးဟာ တကယ်ကို တော်လှန်ရေးအတွက် ရဲရဲတောက် တက်ကြွနေတဲ့အချိန်လည်း ဖြစ်တယ်။ မို့တောင်ကျပြီး တပ်ရင်း (၂၀၃) က ကျွန်မတို့မင်းသမီးကို စရောက်ခါစအချိန်လည်း ဖြစ်တော့ ကလေးပုစုကွေးတွဲလောင်းတွေနဲ့ ၂၀၃ ကအဖွဲ့တွေကို တွေ့ရတာ ကျွန်မတို့ မင်းသမီးစခန်းက ရဲမေတွေကို အတော်လေး အံ့သြစေခဲ့ပါတယ်။ တနေ့တော့ တပ်နဲ့မတူဘဲ အရပ်နဲ့တူနေတဲ့ ၂၀၃ အဖွဲ့တွေကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်ရင်း ကျွန်မ သက်ပြင်းချနေတာကို တွေ့ပြီး မသက်က "မငယ် ဘာတွေဖြစ်နေလဲ" မေးလို့ "ဒီလိုပုံစံနဲ့ တော်လှန်ရေး အောင်မှ အောင်ပါတော့မလား မသက်" လို့ ပြောပြီး တော်လှန်ရေးမှာ ဒီလိုကလေးတွဲလောင်းနဲ့ ဖြစ်နေရင် အခုလိုချိန် ရန်သူတက်လာရင် အဲဒီမိသားစုတွေ ကလေးတွေကို ကာကွယ်ပေးရင်းနဲ့ ကျွန်မတို့ ရန်သူကို ဘယ်လိုပြန်တိုက်မလဲ။ ရှေ့တန်းကို ဘယ်လိုထွက်မလဲလို့ ပြောတော့ "အဲဒါလည်း တော်လှန်ရေးပဲလေ မငယ် ပကတိအခြေအနေကို လက်ခံရမှာပေါ့ မငယ်တို့တပ်ရင်းလည်း တချိန်ကျရင် အဲလိုဖြစ်လာမှာပဲ" လို့ ပြောလို့ "မသက် ကျွန်မတို့တပ်ရင်း အဲလို လုံးဝမဖြစ်စေရဘူး" လို့ အသံခပ်မာမာနဲ့ ပြန်ပြောတာကို မသက်က ရယ်ပြီးတော့ ထားလိုက်ပါ Family တွေကို ကြည့်ပြီး စိတ်ပျက်နေသော ရဲမေကြီးပါလားလို့ စနောက်ပြီး ၂၀၃ အဖွဲ့တွေဆီ အားပေးစကားပြောဖို့ သွားလိုက်ပါတယ်။

အဲဒီနောက်ပိုင်းတော့ မသက်က မင်းသမီးကို ရောက်တိုင်း ကျွန်မတို့အဆောင်မှာ မအိပ်ဘဲ ၂၀၃ က အမျိုးသမီးအဆောင်မှာပဲ သွားအိပ်တော့တယ်။ နောက်ပိုင်းတော့ တပ်မဟာ (၄) ကို မသက် မရောက်လာတော့တာ အတော်ကြာသွားတယ်။ ဒီအတောအတွင်း ကျွန်မတို့တပ်ရင်းမှာ ပထမဦးဆုံးအနေနဲ့ ရဲမေထဲက တယောက်က တပ်ရင်း (၂၀၃) ကနေ ကျွန်မတို့တပ်ရင်းကို ပြောင်းလာတဲ့ ရဲဘော်တဦးနဲ့ မင်္ဂလာဆောင်ပြီး အိမ်ထောင်စပြုတော့ အဆောင်က မိန်းကလေးတွေ အားလုံးက တော်လှန်ရေးကာလမှာ အိမ်ထောင်ပြုလို့ဆိုပြီး အပြစ်မြင်ပြီး မကျေမချမ်းဖြစ်ကြပါတယ်။ (ဒီအကြောင်းကို တော်လှန်ရေးနဲ့ အိမ်ထောင်ရေး ပို့စ်မှာ ရေးထားတာ ရှိပါတယ်။) အဲဒီပြီး သိပ်မကြာခင်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မသက်က ဗဟိုကလာတဲ့ လူကြုံနဲ့အတူ မင်းသမီးစခန်းက ရဲမေများ ပျော်ရွှင်စွာ ရယ်မောနိုင်ကြပါစေလို့ ရေးပြီး ကာတွန်းရုပ်ပြောင်လေးတခုကို ပို့ပေးလိုက်တယ်။ ကြည့်လိုက်တော့ ကာတွန်းပုံမှာ အဖေက စည်းကမ်းချက်စာရွက်တခုကို ချထားပြီး သမီးကဟိုဘက်လှည့်ပြီး အဖေ့စည်းကမ်းပဲ အဖေပဲလိုက်နာ သမီးလိုက်မနာနိုင်ဘူးလို့ ကျောခိုင်းပြီး ပြောနေတဲ့ပုံကို တွေ့ရတယ်။

အဲဒါကို အဆောင်မှာ ညဘက် လူစုံချိန် ၀ိုင်းကြည့်ကြပြီး မသက်က ကျွန်မတို့တပ်ရင်းက ရဲမေတယောက် အိမ်ထောင်ပြုသွားလို့ ကျွန်မတို့ကို မသက်က တမင်သရော်တယ်လို့ အားလုံးက ထင်ကြတယ်။ အဲဒါကို မခံမရပ်နိုင်ဖြစ်ကာ ၀ိုင်းပြီး မသက်ကို စာပြန်ရေးပို့ကြတယ်။ ကျွန်မကလည်း "မသက်ရယ်စေချင်လို့ ပို့ပေးလိုက်တဲ့ ရုပ်ပြောင်ကို ရယ်ဖို့နေနေသာသာ မချိပြုံးလေးတောင် မပြုံးမိဘူး၊ ကျွန်မတို့တပ်ရင်းမှာ တော်လှန်ရေးသက်တမ်း နှစ်နှစ်ပြည့်ပြီးမှ မင်္ဂလာဆောင်တာ သက်တမ်းပြည့်ခင် တပ်စည်းကမ်း ချိုးဖေါက်ပြီး အိမ်ထောင်ပြုတာ မဟုတ်လို့ အဲဒါကို မသက်သရော်စရာ အကြောင်းမရှိဘူး" လို့ ရေးလိုက်တယ်။ အဲဒီနောက်ပိုင်း မသက်နဲ့ မတွေ့တော့တာ ၁၉၉၃ ကုန်ခါနီး ကျွန်မတို့ ဒေါင်းဂွင်ဗဟိုဌာနချုပ်ကို ရောက်မှပဲ ပြန်တွေ့တော့တယ်။ ဒါတွေကတော့ သူမနဲ့ ပတ်သက်တဲ့ ကျွန်မမှာ ရှိနေတဲ့ အစောပိုင်းကာလ အမှတ်တရတွေပါ။
ဆက်လက်ဖေါ်ပြပါမည်။

မနေ့က မသက်ဆုံးတဲ့ ၉ နှစ်မြှောက်နေ့မှာ တင်ချိန်မရလိုက်လို့ ဒီနေ့မှ တင်ဖြစ်ပါတယ်။

၈၈ မတ်လရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ အရောင် ပြောင်းခဲ့တယ်။ ဒီသမိုင်းတွေကို ကျွန်မကိုယ်တိုင်ကြုံတွေ့ရလို့တော့ မဟုတ်ပါဘူး။ ကိုယ်တိုင် မကြုံတွေ့ခဲ့ရပေ့မဲ့ ကြုံတွေ့ခဲ့သူတွေက လက်ဆက်ကမ်းပေးခဲ့တာကို ဘလော့ဂ်မှာ မှတ်တမ်းတင်ရင်း ၈၈ မတ်လရာဇ၀င်နဲ့ အင်းလျားလို့ တင်စားပြီး ဧရာဝတီက ပို့စ်နှစ်ခုကို ပြန်လည် မျှဝေလိုက်ပါတယ်။



၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်ရဲ့ နွေနေ့ခင်းအောက်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းတော်သားတွေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ မတရားမှုတွေကို ရှုတ်ချသပိတ်မှောက် ဆန့်ကျင်ရင်း ပြည်လမ်းတလျှောက် ချီတက်ခဲ့ကြတယ်။

အင်းလျားကန်ဘောင်ရိုးတလျှောက် အော်ဟစ်ချီတက်နေဆဲ လုံထိန်းရဲတွေနဲ့ စစ်တပ်ဟာ လမ်းနှစ်ဖက်စလုံးက ရှေ့ကရော၊ နောက်ကပါ ရောက်လာကြပြီး ညှပ်ပူး ညှပ်ပိတ် လူမဆန်စွာ အတင်းရိုက်နှက် နှိမ်နင်းခဲ့တယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသူကျောင်းသားတွေဟာ ကစဥ့်ကလျားနဲ့ လူစုခွဲ ထွက်ပြေးကြရတယ်။ လူနေရပ်ကွက်တွေထဲ ပြေးဝင်နိုင်သူတွေက ဘေးကနေ လွတ်ငြိမ်းခဲ့ပေမယ့် ကန်ဘောင်ရိုးဘက် ထွက်ပြေးသူတွေကို တရားလက်လွတ် ရိုက်နှက်ဖမ်းဆီးတာကြောင့် ကျောင်းသားကျောင်းသူတွေရဲ့သွေး မြေကျခဲ့ရတယ်။

ငယ်ရွယ်နုပျိုတဲ့ ကျောင်းသူတချို့ အသက်ဆုံးရှုံးခဲ့တယ်။ တံတားဖြူဟာ တံတားနီလို့ သမိုင်းတွင်ရတဲ့အထိ ကျောင်းတော်သားတွေရဲ့ ရင်ထဲ နာကျင်ခံစားခဲ့ရတယ်။

ဒီသီချင်းကို ၁၉၈၉ ခုနှစ် ဘုရားသုံးဆူနယ်မြေမှာ ရေးဖြစ်ခဲ့တယ်။ အမှတ်တရ ဒဏ်ရာအဖြစ်ပေါ့။ ကိုမွန်းအောင်က “ငြိမ်းချမ်းရေးတိုက်ပွဲ” ဆိုတဲ့ သီချင်းခွေ ၁၉၉၂ ခုနှစ်မှာ ထုတ်တော့ ဒီသီချင်း ပါတယ်။

ယခုနှစ်ပတ်လည်မှာ ကျဆုံးသွားသူတွေရော ထောင်ထဲရောက်နေသူတွေကိုပါ လွမ်းလို့ရယ်၊ နားမထောင်ဖူးသေးတဲ့ မျိုးဆက်သစ်တွေကို နားဆင်စေချင်တာရယ်ကြောင့် တင်ပေးလိုက်ပါတယ်။

ရဲနည်
ဧရာဝတီဘလော့ဂ်မှ ပြန်လည်ကူးယူ ဖေါ်ပြပါတယ်။

ခြေကုန်သုတ်ပြေးရင်း အင်းလျားလမ်းမပေါ်က ခြံတခြံထဲကို ကျော်ဝင်ခဲ့သည်။ ပြေးလွှားနေစဉ် ကြည့်ခဲ့ဖူးသော ရုပ်ရှင်များထဲက စစ်မြေပြင်ကို ကိုယ်တိုင်ရောက်နေသလို ခံစားရသည်။ နောက်လှည့်ကြည့်လိုက်တော့ အဖြူ အစိမ်းဝတ် ၁၂ နှစ်၊ ၁၃ နှစ် အရွယ်ကျောင်းသားလေးတဦးကို လုံထိန်းတယောက်က တုတ်ဖြင့် အားပါးတရ ရိုက်နေသည်။ သွေးများ ဖြာခနဲဖြစ်သွားတော့ သူတို့အားလုံးမထိန်းနိုင်မသိမ်းနိုင် အော်မိကြသည်။

“ဟေး ခြံထဲတွေကို လိုက်ကြ ..၊ အဲဒီမှာ ပုန်းနေကြတယ်” ဆိုသည့် အော်သံများ အဆုံးတွင် လုံထိန်းများ သူတို့ ရှိရာဘက် ပြုံဆင်းလာတာ တွေ့လိုက်ရသည်။ ပြေးစရာမြေမရှိ၊ ခြံပိုင်ရှင်ကလည်း အိမ်တံခါးကို ဖွင့်မပေး။ ကံကောင်းထောက်မစွာ တဘက်ခြံက ခြံစောင့်ကြီးက လှေခါးထောင်ပေးပြီး သူတို့ခြံထဲ လာပုန်းနေရန် ခွင့်ပြုခဲ့ သည်။

“အဲဒီနေ့က လူက တော်တော်လေးကို သွေးပျက်သွားတာ။ အရမ်းလည်း တုန်လှုပ်သွားပြီး မတရားမှုကို တော်လှန်မယ် ဆိုတဲ့စိတ်က ဒုံးဒုံးကျသွားတာ” ဟု မခင်ဥမ္မာက ပြောပြသည်။ တံတားနီနေ့ဟု ပြောစမှတ် တွင်ခဲ့ရသည့် ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် မြင်ကွင်းကို မခင်ဥမ္မာက ပြန်ပြောင်းပြောပြနေခြင်း ဖြစ်သည်။

ယနေ့ မတ်လ ၁၃ ရက်နေ့သည် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် စစ်အာဏာရှင်တို့ လက်ချက်ဖြင့် ကွယ်လွန်ခဲ့သည်မှာ ၂၁ နှစ်ပြည့်သည့်နေ့ဖြစ်သည်။ ထို့ကြောင့် မတ်လ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးနေ့ အဖြစ် ဒီမိုကရေစီ အင်အားစုများက သတ်မှတ်ထားခဲ့ကြသည်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ညက စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် လုံထိန်းများ လက်ချက်ဖြင့် ကျဆုံးခဲ့သည့် သတင်းကို ၁၄ ရက်နေ့ နံနက်ကျတော့ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒ နောက်ဆုံးနှစ် ကျောင်းသူ မခင်ဥမ္မာနှင့် သူငယ်ချင်းတစုတို့ ကြားလိုက်ရသည်။





သူတို့ကျောင်းသူ ကျောင်းသားများကြားတွင် ထိုသတင်းက တီးတိုးပျံ့နှံ့နေသည်။ ၁၅ ရက်နေ့တွင် စက်မှုတက္ကသိုလ်ကို ပိတ်လိုက်ပြီ ကြားလိုက်ရသည်။ ၁၆ ရက်နေ့ကျတော့ ရန်ကုန်တက္ကသိုလ်က ကျောင်းသူ ကျောင်းသားများ စက်မှုတက္ကသိုလ်သို့ ချီတက်ကြမည်၊ RC 2 ခေါ် ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေနှင့် ပူးပေါင်း မည်။ ကျောင်းသားကျောင်းသူများက စီးပွားရေးတက္ကသိုလ်ဝင်ပေါက်က တဆင့် ချီတက် ထွက်ခွာရာ မခင်ဥမ္မာနှင့် သူငယ်ချင်း တစုတို့လည်း လူအုပ်ကြီး၏ ထိပ်ပိုင်း သုံးပုံတပုံခန့်တွင် လိုက်ပါသွားသည်။

သူတို့အားလုံး ရှေ့ကိုသာ သွားနေကြသည်။ သို့သော်လည်း ရှေ့မှာက စစ်သားတွေ။ သံဆူးကြိုးများကာဆီးကာ လှိုင်နယ်မြေကို သွားလို့မရအောင် ပိတ်ထားလိုက်ပြီ။ ထိုစဉ် လှည်းတန်းဘက်က အသံများကြားရပြီး စစ်ကားများ အတင်းမောင်းဝင်လာကာ လူစုခွဲသည်။ သူတို့ကျောင်းသားများအားလုံး ကစဥ့်ကလျား ပြေးလွှားကြသည်။

အများစုက အင်းလျားကန်ဘောင်ပေါ် တက်ပြေးသည်။ ထိုနေ့က တံတားဖြူကို “တံတားနီ” ဟု အမည်တွင်သွား လောက်အောင် ကျောင်းသား ကျောင်းသူတို့၏ သွေးများဖြင့် စွန်းပေစေခဲ့သည်ကို မခင်ဥမ္မာကိုယ်တိုင် မျက်ဝါး ထင်ထင် မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့်လည်း သူ့ယုံကြည်ချက် ခိုင်မာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“စိတ်ထဲမှာ မတရားလိုက်တာ၊ ငါတို့ ဘာလုပ်လို့ ငါတို့ကို ဒီလို ဆက်ဆံခဲ့တာလဲ ဆိုပြီး မခံနိုင်ဖြစ်နေတယ်။ အဲဒီ နေ့ကနေ လုံးဝမရပ်တော့တာ” ဟု မခင်ဥမ္မာက ထိုစဉ်က အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသည်။

သူ့ယုံကြည်ချက် ပိုမို ခိုင်မာသွားစေသည်က ကိုစိုးနိုင်ကြောင့်ဖြစ်သည်ဟု မခင်ဥမ္မာက ဆိုသည်။ ကိုဖုန်းမော် ကျဆုံးခဲ့သော်လည်း ကိုစိုးနိုင်မှာ သေနတ်ဒဏ်ရာဖြင့် ရန်ကုန်ဆေးရုံကြီး အချုပ်ထောင်တွင် ရှိနေသည်။ ကိုစိုးနိုင်၏ အဆုတ်ထဲတွင် သေနတ်ကျည်ဆန်က ပြေးနေသောကြောင့် ခွဲစိတ်ထုတ်ယူ၍ မရဘဲ ဖြစ်နေသည် ဟု သူတို့စုံစမ်း သိရှိရသည်။

အကျဉ်းသားများ ဆေးကုသရာ ဆေးရုံကြီးအချုပ်ဆောင်ကို သူတို့ ကြံဖန်ကြိုးစား ဝင်ကြရခြင်း ဖြစ်သည်။ ကိုစိုးနိုင်ကို တွေ့လိုက်တော့ မခင်ဥမ္မာ၏ စိတ်ထဲတွင် တုန်လှုပ်ခြင်း လုံးဝမရှိတော့ဘဲ တည်ငြိမ်သွားတော့သည်။

“ကိုစိုးနိုင်က လူကောင်သေးသေးလေး။ ဒဏ်ရာကြီးနဲ့ ကုတင်ပေါ်မှာပက်လက်။ ဒါပေမယ့် သူ့လက်တွေ ခြေတွေကို ကုတင်တိုင်နဲ့ ပူးပြီး လက်ထိပ်ခတ်ထားတယ်။ အဲဒီမြင်ကွင်းကို မြင်လိုက်တော့ လူက လုံးဝ ငြိမ်သွားတယ်” ဟု သူက ပြောပြသည်။

သာမန်ကျောင်းသူတယောက် ဘဝဖြင့် နိုင်ငံရေး မျိုးဆက်လည်း မရှိသည့် မခင်ဥမ္မာသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီ ဆိုသည့် ကိစ္စရပ်များကို ယခင်က နားလည်ခဲ့ခြင်းလည်း မရှိခဲ့။ ၈ လေးလုံး အရေးတော်ပုံကြီး မတိုင် ခင်အထိ တပါတီစနစ်ကို ဖြုတ်ချရမည် ဆိုသည်ကိုလည်း စိုးစဉ်းမျှ နားမလည်ခဲ့။

“ပညာရေးစနစ်ကြီး မကောင်းတာကို ဝေဖန်တာမျိုး၊ မတရားတာကို မကြိုက်တာမျိုးတော့ ရှိတယ်။ စ လုပ်ဖြစ်တာ ကလည်း မတရားတာကို မခံနိုင်လို့ပဲ။ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ ဆိုတာ နောက်မှ လိုက်လာတာပါ” ဟု မခင်ဥမ္မာက ပြောပြသည်။

ထိုကာလက နောက်ဆုံးနှစ်ကျောင်းသား တဦးဖြစ်နေခဲ့သော ကိုတင်အေးသည်လည်း တံတားနီ အရေးအခင်း တွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သူဖြစ်သည်။

၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ကျောင်းသားအရေးကိစ္စ ဖြစ်လာတိုင်း တောင်းဆိုခဲ့ကြသည်မှာ ကျောင်းသား သမဂ္ဂ ပြန်လည်ဖွဲ့စည်းပေးရေးဖြစ်သည်ဟု ကိုတင်အေးက ပြောပြသည်။

၁၉၈၇ စက်တင်ဘာလ၊ ၅ ရက်နေ့တွင် ငွေစက္ကူများ တရားမဝင်ကြောင်းကို မဆလ အစိုးရက ကြေညာခဲ့သည်။ ထိုနောက်ပိုင်းတွင် ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းကြရန် လက်ကမ်းစာစောင်များကို တက္ကသိုလ်များတွင် ဖြန့်ကြသည်။ ထိုသို့ ဖြန့်ဝေကြသည့်ထဲတွင် ကိုတင်အေးလည်း ပါဝင်ခဲ့သည်။

ကိုဖုန်းမော် ကွယ်လွန်ခဲ့သည့် ညကမှ ကိုတင်အေးက မိဘရပ်ထံ မအူပင်မှ ပြန်လာခြင်းဖြစ်ရာ ထိုကိစ္စကို ၁၄ ရက်နေ့နံနက်မှ သိလိုက်ရသည်။ ကိုဖုန်းမော်၏ ဈာပနကို ၁၇ ရက်နေ့တွင် ကျင်းပကြမည်၊ ထိုနေ့တွင် ကျောင်းသား အလံ (ခွပ်ဒေါင်းတံဆိပ်) ကို ပြန်လွှင့်မည်၊ ထိုဈာပနကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများ လိုက်ပါပို့ဆောင်ကြမည် .. စသည်ဖြင့် စီစဉ်ထားကြသည်။

ထိုသတင်းက ကျောင်းသားများကြားတွင်လည်း ပျံ့နှံ့နေပြီ။ ထိုသို့စီစဉ်နေစဉ် ၁၅ ရက်နေ့တွင် စက်မှုတက္ကသိုလ် ပိတ်လိုက်သည်။ ၁၆ ရက်နေ့ကြတော့ စက်မှုတက္ကသိုလ်က ကျောင်းသားတအုပ် ရန်ကုန်တက္ကသိုလ်သို့ ရောက်လာကာ ပူးပေါင်းသည်။

ကျောင်းသားများ ချီတက်ကြတော့ ကိုတင်အေးက ကျောင်းသားအလံကို မြှောက်တင်ပေးလိုက်ရာ တယောက်က ဝါးလုံးတွင်ချည်၍ ချီတက်သွားသည်ဟု ဆိုသည်။

“နောက်ဆုံးမြင်လိုက်ရတာက အင်းလျားကန်ဘောင်ပေါ်မှာ ခွပ်ဒေါင်းအလံ တလူလူနဲ့ ပြေးနေတဲ့မြင်ကွင်းပဲ” ဟု ကိုတင်အေးက ပြောပြသည်။ ထိုအလံကို ကိုင်ဆောင်ထားသည်မှာ မည်သူမည်ဝါဟု မသိရဘဲ ရန်ကုန် တက္ကသိုလ် အရန်တပ်ရင်းက ကျောင်းသားတယောက်ဟု ယူဆရကြောင်း ကိုတင်အေးက ပြောသည်။

ကိုတင်အေးသည် ငွေစက္ကူအရေးအခင်း၊ ကိုဖုန်းမော်အရေးအခင်းများ မတိုင်မီကတည်းက အာဏာရှင်တို့၏ မတရားမှုများကို နာကြည်းနေခဲ့ပြီဟု ဆိုသည်။

“တက္ကသိုလ်ရောက်လာတော့ တခြားတိုင်းပြည်တွေနဲ့ ကွာဟတာတွေ၊ အာဏာရှင်အသိုင်းအဝန်းနဲ့ သာမန်အရပ်သား ခြားနားတာတွေ၊ အစစအရာရာ ဆုတ်ယုတ်တာတွေ ပိုသိ၊ ပိုခံစားလာရတယ်” ဟု သူက ပြောပြသည်။

စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် ၁၅ နှစ်နှင့် ၉ လကျော် အကျဉ်းချခံခဲ့ရပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင် ကျောင်းသားခေါင်းဆောင် တဦးအဖြစ် ရှေ့တန်းမှ ပါဝင်ခဲ့သော ကိုတင်အေးသည် ကျောင်းသားဘဝက စစ်တုရင် လက်ရွေးစင်တဦး ဖြစ်ခဲ့သည်။

စစ်တုရင်သမား တဦးအဖြစ် တက္ကသိုလ်လက်ရွေးစင်မှ တဆင့် နိုင်ငံ့လက်ရွေးစင်အဆင့်အထိ အရွေးခံ ခဲ့ရသော်လည်း သူ့ကို အစိုးရက ရှေ့ဆက် သွားခွင့်မပေးခဲ့၊ နိုင်ငံတကာ ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရခဲ့။

၁၉၈၅ ခုနှစ်က ဆိုဗီယက်ယူနီယံ အစိုးရက နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် မြန်မာနိုင်ငံမှ စစ်တုရင် လက်ရွေးစင် ၅ ဦးကို စားရိတ်ငြိမ်း ပညာတော်သင်စေလွှတ်ရန် ဖိတ်ခေါ်ခဲ့သည်။ ထိုနှစ်က ကိုတင်အေး လက်ရွေးစင်ဖြစ်ခဲ့သည်။ သို့သော် သူတို့ သွားခွင့်မရခဲ့။ မည်သည့်နိုင်ငံတကာ ပြိုင်ပွဲများတွင်မှ ပါဝင်ယှဉ်ပြိုင်ခွင့် မရခဲ့။

“ဒီအဖြစ်အပျက်တွေက ကျနော့်ရဲ့ သီးခြား ခံစားချက်ပါ။ ဒါပေမယ့် ကျနော် နိုင်ငံရေးကို စိတ်ဝင်စားခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ ဒါတွေလည်း ပါတယ်” ဟုကိုတင်အေးက ပြောသည်။

၁၉၈၉ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်အစိုးရ၏ ဖိနှိပ် နှိမ်နင်းမှုများကြောင့် မြန်မာပြည်တွင်း နေထိုင်ရန် မဖြစ်နိုင်တော့သည့် အနေအထားတွင် ကျောင်းသားများ တောခိုခဲ့ရာ မခင်ဥမ္မာလည်း ထိုအထဲတွင်ပါဝင်ခဲ့သည်။

ထိုစဉ်မှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိရေးအတွက် တရက်မနား ဆောင်ရွက် နေခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ချင်သည့် စိတ်ဓာတ်၏ အရင်းခံမှာ စစ်အာဏာရှင် အစိုးရ၏ မတရားမှု၊ ရက်စက်မှုများမှ စတင် သန္ဓေတည်ခဲ့ခြင်း ဖြစ်သည်ဟု မခင်ဥမ္မာက ပြောပြသည်။

ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခြင်းများ အပါအဝင် တံတားဖြူသွေးစွန်းခဲ့ရသည့် အဖြစ်အပျက်များကို စစ်အာဏာရှင်တို့က ဖျောက်ဖျက်ကာ မှေးမှိန်စေခဲ့သော်လည်း သူတို့၏ ပေးဆပ်မှုကြောင့် သူတို့ဝိညာဉ်များက မည်သည့်အခါမှ သေဆုံးမည် မဟုတ်ကြောင်း ထိုင်း - မြန်မာ နယ်စပ်အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး (NDD) ဥက္ကဌ တာဝန် ယူထားသူ မခင်ဥမ္မာက ဆိုသည်။

“ကိုဖုန်းမော်အပါအဝင် ကျဆုံးခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ တွေရဲ့ သွေးတွေ အလကား မဖြစ်စေရဘူး။ အဲဒီအတွက် ကျမတို့ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲ ဆက်ဝင်နေဦးမယ်။ သူတို့ရဲ့ပေးဆပ်မှုကို အားယူပြီး ဆက်သွားမယ်။ သူတို့ ရောက်ရာအရပ်က ဂုဏ်ယူစေရမယ်” ဟု မခင်ဥမ္မာက ပြောသည်။

မြန်မာနိုင်ငံ သမိုင်းတွင် ကျောင်းသားမျိုးဆက်ဆိုသည်မှာ အစဉ်အမြဲ အသစ်ဖြစ်ပေါ်နေသည်ဟု ၁၉၈၈ ခုနှစ်က ကျောင်းသားသမဂ္ဂကို ပြန်လည်တည်ထောင်ရာတွင် တဦးအပါအဝင်ဖြစ်ခဲ့သူ ကိုတင်အေးက ပြောပြသည်။ ကိုတင်အေးမှာ လက်ရှိတွင် ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင် နေထိုင်လျှက်ရှိပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်၏ နိုင်ငံခြားရေး တာဝန်ခံအဖြစ် ထမ်းဆောင်လျှက်ရှိသည်။

“တချို့က မြန်မာ့ ဒီမိုကရေစီအရေး တိုက်ပွဲကြီးက ကြာလာပြီ အီနေပြီလို့ ပြောကြတယ်။ ဒါပေမယ့် ကျောင်းသားတွေ ကြားမှာ ဒီပြဿနာမရှိဘူး။ ကျနော်တို့ရှေ့က ကျောင်းသားတွေဆီကတဆင့် ကျနော်တို့ လက်ဆင့်ကမ်း သယ်ခဲ့ကြတယ် .. ။ ခွပ်ဒေါင်းအလံ ဆိုတာ ကျနော်တို့ လက်ထက်ကျမှ ဖြစ်လာတာ မဟုတ်ဘူး။ ကျနော်တို့သယ်လာတဲ့ ကျောင်းသားအလံကို ၂၀၀၇ ကျောင်းသားတွေအထိ ဆက်သယ်တာ တွေ့ရတယ်။ အဲဒီတော့ ကိုယ်နေတဲ့ နိုင်ငံရဲ့ ကျောင်းသားတာဝန်၊ ကိုယ့်ပြည်သူလူထုအတွက် သမိုင်းပေးတာဝန်တွေကို အဲဒီခေတ်ရဲ့ ကျောင်းသားတွေက ထမ်းကို ထမ်းရမယ်။ ထမ်းမယ်လို့လည်း ကျနော် ယုံကြည်တယ်” ဟု ကိုတင်အေးက ကိုဖုန်းမော်နေ့ အထိမ်းအမှတ်အဖြစ် ပြောသည်။

အေးချမ်းမြေ့
၂၀၀၉၊ မတ်လ ၁၃ ရက်နေ့က လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးကို အနည်းငယ် ပြင်ဆင်၍ ပြန်လည် ဖော်ပြသည်။

ဧရာဝတီမှ ကူးယူဖေါ်ပြသည်။


12/3/11 12:51 AM မှာ တင်တဲ့ပို့စ်ကို ဒီနှစ် ကိုဖုန်းမော်နေ့ အထိမ်းအမှတ်အဖြစ် အပေါ်ခဏ ပြန်တင်ထားပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ခံစားသိမြင်နိုင်ပါစေ

သူအာဏာရစဉ်က ဒီမိုကရေစီအရေးမှာ ပါဝင်ပတ်သက်တဲ့ ကျောင်းသားလူငယ်တွေကို နိုင်ငံတော်ကို ပျက်စီးရာပျက်စီးကြောင်း လုပ်သူလို့ စွပ်စွဲပြီး နည်းမျိုးစုံနဲ့ ဖမ်းဆီးနှိပ်စက် ညှဉ်းဆဲခဲ့သူ၊ ပြီးခဲ့တဲ့ပတ်မှာ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် တယောက် နိုင်ငံရေးဆိုတာ အုပ်ချုပ်သူ အစိုးရနဲ့သာ ဆိုင်ပြီး တခြားသူတွေအတွက်ဆိုရင် မကောင်းဆိုးဝါး အလုပ်လို့ အခုထိသတ်မှတ်နေပုံရပါတယ်။ နိုင်ငံရေးလုပ်မယ်လို့ အထင်ခံရရင် ပြန်လည်ဖမ်းဆီး ထိန်းသိမ်းခံရမည်ကို စိုးရိမ်နေလို့လားတော့ ပြောမတတ်ဘူး သတင်းထောက်တွေက ဘာလုပ်ဖို့ အစီစဉ်ရှိလဲလို့ မေးတာကို လောလောဆယ်တော့ ဘာသာရေးလုပ်နေပါတယ် ပြောပြီး တဆက်တည်းမှာ ချက်ချင်းပဲ နိုင်ငံရေးတော့ လုပ်ဖို့မရှိဘူးလို့ အဆောတလျှင် ဖြေလိုက်တာကို သတိထားမိပါတယ်။ အမှန်က နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်၊ နိုင်ငံသားတွေ နိုင်ငံရေးအသိအမြင် နိုးကြွားနေမှ ကောင်းမွန်မှန်ကန်ပြီး ပြည်သူထူထုကို အကျိုးပြုတဲ့ အစိုးရကို ရွေးချယ်တင်မြောက်ပြီး ကောင်းတဲ့အစိုးရကို လူထုကိုယ်တိုင် ဖန်တီးနိုင်မှာ ဖြစ်တယ်။ ဒါကြောင့်မို့ လူတိုင်းလူတိုင်းဟာ မိမိတိုင်းပြည်ရဲ့ ဖြစ်ပေါ်တိုးတက်မှုအတွက် နိုင်ငံရေးမှာ တနည်းနည်းနဲ့ ပါဝင်ပတ်သက်ဖို့ လိုအပ်တယ်ဆိုတဲ့ အသိ မြန်မာလူမျိုးတွေကြားမှာ စိမ့်ဝင် ပြန့်နှံ့ဖို့ တကယ်ပဲလိုအပ်နေပါတယ်။ ဦးခင်ညွန့် နိုင်ငံရေးမှာ ပါတာ မပါတာကိုတော့ ကျွန်မ စိတ်မ၀င်စားဘူး သူ့ရဲ့ဘ၀အပြောင်းအလဲကိုတော့ စိတ်ဝင်စားတယ်။

အခုတလော ကျွန်မဘလော့ဂ်မှာ စာဖတ်သူတွေထဲက တယောက်ယောက်က ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ ပတ်သက်ပြီး Links တွေကို မှတ်ချက်ထဲမှာ လာထည့်ပြီး ကြော်ငြာပေးလို့ အချိန်တိုတို ကာလအတွင်း လူတွေ အဆမတန် လာဖတ်နေကြတာကို တွေ့ရပါတယ်။ အဲဒီမှတ်ချက် ရှိတဲ့ပို့စ်က ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး ဘ၀ဖြတ်သန်းမှုကို ရေးထားတဲ့ ကျွန်မတို့ အိမ်ထောင်သက်တမ်း ၁၆ နှစ်မြောက် အမှတ်တရပို့စ်သာ ဖြစ်ပြီး ၀င်ကြည့်သူ တထောင်ကျော်ပဲ ရှိနေခဲ့ရာကနေ လူတွေ အစုလိုက်အပြုံလိုက် ၀င်ကြည့်နေကြလို့ တရက်နှစ်ရက်အတွင်း Page Viewers တသောင်းနီးပါး ဖြစ်လာပြီး လူလာအများဆုံး ပို့စ် ၁၀ ခုစု စာရင်းထဲ ချက်ချင်းကို ၀င်သွားပါတယ်။ အရင်က ဗိုလ်ချုပ်ခင်ညွန့် စကားပြောသော ဗွီဒီယိုတခုဆိုတဲ့ နာမည်နဲ့ KNU နဲ့ စေ့စပ်ဆွေးနွေးတဲ့ ဗွီဒီယိုကို ညဘက်မှာ တံခါးခေါက်ပြီး သူ့ကို လာခေါ်သွားခံရတဲ့ အသံတိတ်ဗွီဒီယိုနဲ့အတူ တွဲတင်တဲ့ပို့စ်တုန်းကလည်း ဒီလိုပဲ လူတွေတော်တော်လေး လာဖတ်ကြလို့ လူအလာများဆုံး ပို့စ် ၁၀ ခုထဲမှာ ၀င်သွားခဲ့ဖူးတယ်။ ဒါကြောင့်မို့ အခုဆိုရင် ဦးခင်ညွန့်ကို အကြောင်းပြုပြီး ကျွန်မဘလော့ဂ်မှာ လူအလာအများဆုံး ၁၀ ခုစာရင်းထဲဝင်သွားတဲ့ပို့စ် နှစ်ခုရှိနေပါပြီ။ ဒါကို ကြည့်ခြင်းအားဖြင့် ချစ်လို့ဖြစ်စေ၊ မုန်းလို့ဖြစ်စေ အခြားအကြောင်းတခုခုကြောင့် ဖြစ်စေ ဦးခင်ညွန့်ဟာ မြန်မာလူမျိုးတွေကြားမှာ လူစိတ်ဝင်စားမှုကို အတော်လေး ရနေတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်နေသေးတာတော့ အမှန်ပဲ။ ဒီလို စိတ်ဝင်စားတဲ့အထဲမှာ ကျွန်မလည်း ပါပါတယ်။ ကျွန်မကတော့ ချစ်လို့လည်းမဟုတ် မုန်းလို့လည်းမဟုတ် လူတယောက်ရဲ့ ဘ၀အလှည့်အပြောင်းကို စိတ်ဝင်စားလို့ပါ။

ဗိုလ်ချုပ်ခင်ညွန့် စကားပြောသော ဗွီဒီယိုပို့စ်ကို တင်တုန်းကဆိုရင် လူတယောက်ရဲ့ ဘ၀တဆစ်ချိုးကို ကြည့်ပြီး ကျွန်မ တော်တော်လး သံဝေဂရမိပါတယ်။ ဒီလို သံဝေဂတရားကို ဦးခင်ညွန့်ကိုယ်တိုင်မှာလည်း ရသင့်ပါတယ်။ သူပေးတဲ့ ဒုက္ခကို ခံစားဖူးသူ ခံစားနေရဆဲ သူတွေရဲ့ ဒုက္ခနဲ့အညီ ရုပ်ပိုင်းဆိုင်ရာအရ သူပြန်မခံရပေမဲ့ စိတ်ပိုင်းဆိုင်ရာအရတော့ သူဒုက္ခပေးလို့ခံရတဲ့ သူတွေရဲ့ ဒုက္ခနဲ့ ညီမျှတဲ့ စိတ်ဒုက္ခကို သူကောင်းကောင်း ခံစားနားလည် သဘောပေါက်လောက်ပြီလို့ ကျွန်မ ထင်တယ်။ ဒါကြောင့်မို့ ကျွန်မ ပို့စ်အသစ် ရေးမအားသေးတဲ့ အချိန်မှာ တလက်စတည်း သူ့လက်ထက်က အကြောင်းမဲ့ စွပ်စွဲပြီး ထောင်ချခံရတဲ့သူတယောက်ဆီက အောက်ပါ ပေးစာကို ဒီနေရာက ကူးယူပြီး ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က လာဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ သူတွေကို ဖေါ်ညွန်းထားတဲ့ ကိုမွန်းအောင်ရဲ့ ဧည့်ဆိုးသီချင်းလေးကို နားထောင်ရင်း တချိန်တည်းမှာ ဦးခင်ညွန့်လည်း ဒီလိုညကြီးမင်းကြီးမှာ တံခါးခေါက်ပြီး လာခေါ်သွားခြင်း ခံရဖူးတာကို အောက်ကဗွီဒီယိုမှာ နှိုင်းယှဉ်ကြည့်ရှု နားဆင်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ကို လာခေါ်သွားသူတွေကတော့ သီချင်းထဲကအတိုင်း သူမမြင်ဖူးတဲ့ မျက်နှာစိမ်းလည်းမဟုတ် ဇနီးကိုပါ အတူခေါ်သွားခံရတဲ့အတွက် ချစ်ဇနီးကိုလည်း တမ်းတစရာမလိုလို့ အဲဒီသီချင်းထဲကသူတွေ ခံရတာလောက်
ဇာတ်နာမှာမဟုတ်၊ ဒုက္ခကြီးမှာ မဟုတ်ပါဘူး။ သို့ပေမဲ့လည်း သင်္ခန်းစာ ယူဖို့လုံလောက်တဲ့ ဘ၀အတွေ့အကြုံကို ရထားပြီးပြီမို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်တယောက် သူဒုက္ခပေးလို့ ခံရသူတွေရဲ့ ဒုက္ခကို ဆင်ခြင်တုံတရားနဲ့ တွေးမြင်ပြီး ထပ်တူထပ်မျှ ခံစား၊ သိမြင် နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Unwelcome visitor by lawkaanat

ဒီသီချင်းလိပ်စာကို Face book လာထည့်ပေးတဲ့ ကိုဇော်မျိုးလွင်နဲ့ Angel Shaper တို့ကို အထူးပဲ ကျေးဇူးတင်ပါတယ်။


khin nyunt from 88bigguy on Vimeo.

ဦးခင်ညွန့်ကို ညဘက် တံခါးလာခေါက်ပြီး ခေါ်သွားတဲ့ အသံတိတ်ဗွီဒယိုနဲ့ အပေါ်က သီချင်းကို နှိုင်းယှဉ်ကြည့်ပြီး ဧည့်ဆိုးရဲ့ ခေါ်ဆောင်သွားခြင်း ခံရပြီး အခုထိ အကျဉ်းထောင်ထဲမှာ ရှိနေသေးသူတယောက် အကြောင်းနဲ့အတူ အောက်က ပေးစာကို ဆက်ဖတ်ကြပါရန်...


ရွှင်လန်းချမ်းမြေ့ကြပါစေ။
Nge Naing


ဗိုလ်ချုပ်ကြီးခင်ညွန့်သို့ အိတ်ဖွင့်ပေးစာ (၁)

ဗိုလ်ချပ်ကြီး ခင်ညွန့်ခင်ဗျား

ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ တိုင်းပြည်မှာ တာဝန်အရှိဆုံး လူတွေထဲက တစ်ယောက် အဖြစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာ သိမ်းယူပြီးသည့် အချိန်က စပြီး ၂၀၀၄ ခုနှစ်အထိ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ အဖြစ်ရော၊ အတွင်းရေးမှူး (၁) အနေနဲ့ရော ၀န်ကြီးချုပ် အဖြစ်နဲ့ပါ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲလို တာဝန် ထမ်းဆောင်နေတဲ့ ကာလတွေက မှားယွင်းခဲ့တာတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ အဲဒီထဲက ကျနော် အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေကို သတင်းအမှား အမြောက်အမြားကို အခြေခံပြီး မတရားသဖြင့် နှိပ်စက် ညှဉ်းပန်းခြင်းနဲ့ မျှတသော တရားစီရင်ခြင်း မရှိဘဲ ထောင်သွင်း အကျဉ်းချ ထားတာကလည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

အဲဒီလို မတရားသဖြင့် အနှိပ်စက်ခံ၊ အကျဉ်းချခံရလို့ ဘ၀ပျက်သွားတဲ့ မိသားစုတွေ သာမက အခုချိန်အထိ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေသူတွေလည်း အများကြီး ရှိနေပါတယ်။ ဒီအထဲက ကိုသန်းဇော် (ခ) သန့်ဇော် တစ်ယောက်က နမူနာပါ။ သူ့လိုမျိုး ဖြစ်ရပ်တွေ အများကြီး ရှိပါသေးတယ်။ ဒီ့အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့် အနေနဲ့ မှားယွင်းခဲ့ကြောင်း ၀န်ခံဖို့နဲ့ ကိုသန့်ဇော် လွတ်မြောက်ဖို့ ၀ိုင်းဝန်း ကြိုးပမ်းပေးဖို့ လိုအပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမ္မတ ဦးသိန်းစိန်မှာလည်း တာဝန်ရှိပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ အဖွဲ့က မှားယွင်းပြီး ဖမ်းခဲ့တဲ့သူတွေကို ပြန်လွှတ်ပေးပါတယ် ဆိုပြီး လွှတ်ပေးခဲ့တုန်းကလည်း ကိုသန့်ဇော် မပါဝင်ခဲ့ပါဘူး။ အဲဒီတုန်းက ပြန်လွတ်လာတဲ့သူတွေကို ဘယ်တာဝန်ရှိသူတွေကမှ တောင်းပန်မှုမျိုး မလုပ်ခဲ့သလို ပြန်လွှတ်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရ မလိုတောင် ပြောခဲ့တာတွေ ရှိပါတယ်။ ပြန်လွတ်လာသူတွေဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ဒုက္ခတွေ ဝေခဲ့တယ်။ ဘယ်တာဝန်ရှိသူကမှ လျော်ကြေးပေးတာမျိုး၊ ပြန်လည် ကုစားပေးခဲ့တာမျိုး မရှိခဲ့ဘူး။ ဒါဟာ မှားယွင်းကြောင်း သိတယ်ဆိုရင် အစိုးရတရပ် အနေနဲ့ လူသိရှင်ကြား တောင်းပန် ရမှာပါ။ နောက်ဆက်တွဲ အနေနဲ့ ထိုက်သင့်တဲ့ လျော်ကြေးတွေ၊ ပြန်လည် ကုစားမှုတွေ ပေးရမှာပါ။ ဒါ နိုင်ငံတကာ အစိုးရများရဲ့ ကျင့်ဝတ် ဖြစ်ပါတယ်။

မှားခဲ့တာကို ‘မှားပါတယ်’ လို့ ၀န်ခံ ပြောဆိုခြင်းဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါ။ ဒါမှ မဟုတ်ရင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အကောင်အထည် ဖော်နေပါတယ် ဆိုတာကို ပြည်သူတွေ ယုံကြည်ဖို့ အင်မတန် ခက်ပါလိမ့်မယ်။

ကိုသန့်ဇော်ရဲ့ ဖြစ်စဉ်ဟာ အစိုးရရဲ့ တာဝန် ပျက်ကွက်မှုတွေကို မီးမောင်းထိုးပြနေတဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ မှားယွင်းစွာ ဖမ်းဆီးခဲ့ကြောင်း ပေါ်လွင်နေတာတောင်မှ မတောင်းပန်တဲ့အပြင် အခုချိန်အထိ ဖမ်းဆီး ချုပ်နှောင်ထားတာဟာ အလွန် ရှက်စရာကောင်းတဲ့ အပြုအမူ ဖြစ်သလို ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုလည်း ဖြစ်ပါတယ်။
နှိပ်စက် ညှဉ်းပန်းခြင်း မပြုရလို့ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေတွေက ပြဋ္ဌာန်းထားပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဦးသိန်းစိန်တို့ နှိပ်စက်ခြင်းတွေ ကျူးလွန်ခဲ့သူတွေအပေါ် အရေးယူတာမျိုး မလုပ်ဘဲ ကာကွယ်ပေးထားခြင်းဟာ နိုင်ငံတော်က နှိပ်စက်ညှဉ်းပန်းခြင်းကို မူဝါဒ ချမှတ်ပြီး ကျူးလွန်နေသလို ဖြစ်နေပါတယ်။ ဒီအတွက် တာဝန်ရှိပါတယ်။

အခု ကိုသန့်ဇော် ကိုယ်တိုင် ရေးခဲ့တဲ့ သူ့အမှုအကြောင်းကို ဖတ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးတို့ ဘယ်လောက် ရက်စက်ခဲ့တယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။

ကျွန်ုပ်၏ ဖြစ်စဉ်အကျဉ်း

နေ့စွဲ။ ။ ၃၁၊ ၇၊ ၉၅

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နံနက် ၄ နာရီခန့်မှာ ကျွန်ုပ်၏ ခြံဝင်းတံခါးကို ဖျက်ဆီးဝင်ရောက်ပြီး ဧည့်စာရင်း စစ်မည်ဟုဆိုကာ အိမ်တံခါးကို ဖွင့်ခိုင်းပါသည်။ အိမ်တံခါးဖွင့်၍ ပေးပြီး ချက်ချင်းဆိုသလို ကျွန်ုပ်အား လက်ထိပ်ခတ်ပြီး အမျိုးသားထောက်လှမ်းရေးမှ ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ကျွန်ုပ်၏ နေအိမ်နှင့် ခြံဝင်း အတွင်း တို့ကိုလည်း ကျွန်ုပ်ကို ခေါ်ဆောင်ပြီး နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် ပိုက်စိပ်တိုက် ရှာဖွေ ကြသည်ဟု နောက်မှ သိရပါသည်။

ကျွန်ုပ်အား ဖမ်းဆီးချိန်တွင် ကျွန်ုပ် သဘောပေါက်သည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနား ကိစ္စနှင့် လာမည့် ၁၉ ရက်နေ့ အာဇာနည်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်တွင် ဦးဆောင်မှု အခန်း၌ ပါဝင် ပတ်သက်ခြင်းကို သိရှိသွားသဖြင့် ဖမ်းဆီးခံရသည်ဟု ယူဆမိပါသည်။ သို့သော် ကျွန်ုပ်အား တင်ဆောင်သွားသည့် သံလျင်မြို့နယ်ရဲစခန်းမှ လင့်ရိုဗာ ကားပြာလေးသည် တနေရာတွင် ခေတ္တရပ်ပြီး ‘မိုးကျော်သူ’ (၁၈ နှစ်) အား ဖမ်းဆီး လာသည်ကို တွေ့ရသောအခါ ကျွန်ုပ် အဖမ်းခံရသည့်ကိစ္စမှာ ဇဝေဇဝါ ဖြစ်သွားရပါတယ်။ အဘယ့်ကြောင့်ဆိုသော် အာဏာဖီဆန်ရေး ပြုလုပ်မည့် အစီအစဉ်တွင် သော်လည်းကောင်း၊ ကျွန်ုပ်၏ နိုင်ငံရေး လှုပ်ရှားမှုများတွင်သော် လည်းကောင်း၊ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ငန်းရေးရာ အသီးသီးတွင် လည်းကောင်း၊ ပါဝင်ပတ်သက်မှု (အတွင်းစည်း) မရှိသူ (သို့မဟုတ်) မသိသူတစ်ဦး ဖြစ်နေသည့်အပြင် ‘မိုးကျော်သူ’ ဆိုသော လူငယ်လေးမှာ ရိုးသားပြီး အိမ်၏ စားဝတ်နေရေးအတွက် ကျောင်းမှထွက်ကာ အလုပ်လုပ်နေသူ တစ်ဦး ဖြစ်တာကြောင့် ဖြစ်ပါတယ်။ သေချာသည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနားတွင် အခမ်းအနားလာပြီး တက်ရောက်သူအဖြစ် တစ်ကြိမ်သာ ကျွန်ုပ်နှင့် စကားပြောဖူးသူ ဖြစ်ပါတယ်။ ယခင် ဒီမှာ ကျင်းပသော စည်းဝေးပွဲများတွင် လည်းကောင်း စည်းရုံးရေးလုပ်ငန်းများတွင် လည်းကောင်း ကျွန်ုပ် တစ်ကြိမ်မျှ မတွေ့ဖူးသူ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ကျွန်ုပ်ဖမ်းဆီးခံရခြင်း အကြောင်းရင်းမှာ စဉ်းစား မရနိုင်အောင်ပင် ဖြစ်နေပါတော့တယ်။ ထပ်ပြီး ခွဲခြမ်း စိတ်ဖြာကြည့်မယ် ဆိုပါကလည်း ၁၂၊ ၇၊ ၈၉ ရက်နေ့ နေ့လယ်တွင် ကျွန်ုပ်တို့ သန်လျင်မြို့နယ်မှ ဒေါက်တာဝင်းနိုင်(MP)၊ ဦးမြင့်ဆွေ၊ ဦးခင်မောင်ဦး (မခ) တို့ကိုသာလျှင် ဇူလိုင် ၁၉ ရက်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်ကို အနည်းငယ်သာ ပြောပြထားတာပဲ ရှိပါတယ်။

ကျွန်ုပ်တို့ကို သန်လျင်ဘက်ကမ်းမှ သင်္ဘောဖြင့် ရန်ကုန်ဘက်သို့ မျက်နှာကို အဝတ်စည်း၍ ခေါ်ဆောင် သွားပါတယ်။ တနေရာအရောက်တွင် ဆင်းခိုင်းပြီး အခန်းငယ်တစ်ခု အတွင်းသို့ လူခွဲ၍ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို လက်ထိပ်ခတ်သည့်အပြင် ဝါယာကြိုးများဖြင့်ပါ တကိုယ်လုံးကို ပတ်ပြီး ချည်နှောင်ထားပါသည်။ နောက် ကျွန်ုပ်ကိုမေးပါတယ် “သန်လျင်ရေနံချက်စက်ရုံကို ခွဲတာ မင်းမဟုတ်လားတဲ့၊ ဘာမှ မငြင်းနေနဲ့တော့တဲ့၊ ဒီဗုံးကို ဘယ်က ရလဲ” တဲ့။ ကျွန်ုပ် ခေါင်းနားပန်း ကြီးသွားရပါတယ်။ ကျွန်ုပ် တသက်တာတွင် မခံစားဖူးသော ထိတ်လန့် တုန်လှုပ်မှုကြီးကို တမုဟုတ်ချင်း ခံစားလိုက်ရပါတယ်။ ကျွန်ုပ်လည်း ချက်ချင်းပင် လုံးဝ မဟုတ်ကြောင်း၊ လုံးဝ မသက်ဆိုင်ကြောင်း ပြန်လည် ချေပပါတယ်။ ချက်ချင်း ဆိုသလိုပဲ ကျွန်ုပ်၏ မျက်နှာဆီသို့ လက်သီးများဖြင့် မိတ်ဆက်လိုက်ကြပါတယ်။ လက်သီး ဆုကြေးများပင် မကတော့ဘဲ ဝါယာကြိုးဖြင့် လည်းကောင်း၊ တုတ်များဖြင့် လည်းကောင်း ရိုက်နှက်ပါတော့တယ်။ ကျွန်ုပ်၏ မျက်နှာအား အဝတ်စည်းထား၍ ဘယ်နှစ်ယောက်က ဝိုင်းပြီး ရိုက်နှက်နေသည်ကို မခန့်မှန်းနိုင်တော့ပါ။ နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် နှစ်ယောက်တစ်ဖွဲ့ ခွဲကာဖြင့် လည်းကောင်း၊ တစ်ယောက်ချင်းဖြင့် လည်းကောင်း ကျွန်ုပ်အား နည်းမျိုးစုံဖြင့် နှိပ်စက်၍ ဗုံးဖောက်ခွဲကြောင်း အတင်းအဓမ္မ ဝန်ခံခိုင်းကြပါတယ်။ ကျွန်ုပ်လည်း သေချင် သေပလေ့စေတော့ အမှန်တရားပဲ၊ လုံးဝ ဝန်မခံဘူး ဆိုပြီး ကြိတ်မှိတ်ခံနေပါတယ်။ ကျွန်ုပ်သည် ၎င်းဗုံးကိစ္စတွင် လုံးဝ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း အချိန်နေရာ၊ သွားလာလှုပ်ရှားမှု အတိအကျကို အထောက်အထား ခိုင်လုံစွာဖြင့် သက်သေ သက္ကာယများ ခိုင်လုံစွာဖြင့် မည်မျှပင် ထပ်တလဲလဲ ပြောပြသော်လည်း ကျွန်ုပ်ကို စစ်ဆေးနေသော ထောက်လှမ်းရေးများသည် အတင်းအဓမ္မပင် ဗုံးခွဲသည်ဟု ရိုက်နှက် ထိုးကြိတ်၍ ဝန်ခံခိုင်းသည်။ ၎င်းတို့ ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်မှုများထဲတွင် နှစ်ရက်တိတိ အစာမကျွေး၊ ရေမတိုက်ခြင်း၊ ဦးခေါင်းကို လုံးပတ် တစ်ကျပ်လုံးရှိ တုတ်ထိပ်ဖျားဖြင့် အချက်ပေါင်း မြောက်မြားစွာ ရိုက်ခြင်း၊ မတ်တတ်ရပ် ခြေကားပြီး ဒူးကို ကွေးခိုင်း၊ ခြေဖျားထောက်ပြီး ခြေဖနောင့်အောက်တွင် အပ် ထောင်ထားခြင်း၊ နှစ်ရက်တိတိ မတ်တတ်ရပ်ခိုင်းခြင်းနှင့် ကျွန်ုပ်၏ လိင်တံကို တုတ်ဖြင့် ရိုက်နှက်ခြင်းတို့မှာ ကျွန်ုပ်အတွက် အရှင်လတ်လတ် ငရဲခန်းသို့ ရောက်နေသလို ခံစားရပါတယ်။ ၎င်းတို့ မည်မျှပင် နှိပ်စက်သည်ဖြစ်စေ ကျွန်ုပ်သည် ကျွန်ုပ် လုံးဝ ကျူးလွန်ခြင်း မရှိသော သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ကွဲမှုကို ကျွန်ုပ် လုံးဝ မလုပ်ကြောင်း အဖန်ဖန် ငြင်းဆိုနေပါတယ်။ ကျွန်ုပ်၏ နေအိမ်ကို ရှာဖွေရာတွင်လည်း အစိုးရဆန့်ကျင်ရေး စာရွက် စာတမ်း တစောင်တလေသော် လည်းကောင်း ဖောက်ခွဲရေးပစ္စည်း တပိုင်းတစသော် လည်းကောင်း အလျဉ်း ရှာဖွေ တွေ့ရှိခြင်း မရှိကြပါ။ သို့သော်လည်း ကျွန်ုပ်အား အတင်းပင် ရိုက်နှက် ညှဉ်းဆဲ၍ ဝန်ခံခိုင်းနေပါတယ်။ ကျွန်ုပ်ထက် စော၍ အဖမ်းခံရသူ ‘+++’ (၂၂ နှစ်၊ NLD လူငယ်) ကို ကျွန်ုပ်၏ ရှေ့မှောက်သို့ ခေါ်လာပြီး +++ ထောက်လှမ်းရေးများက ပြောခိုင်းစေသည်မှ…“ကိုသန်းဇော် အသား အနာမခံနဲ့တော့၊ ကျနော်တော့ ဝန်ခံလိုက်ပြီ်။ ခင်ဗျားလည်း ယောက်ျားပဲ ဟုတ်တယ်လို့ ဝန်ခံလိုက်တော့”လို့ ပြောပါတယ်။ ကျွန်ုလည်း လွန်စွာ ဒေါသဖြစ်မိပြီးတော့ “မင်းလည်း မဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ မဟုတ်ဘဲနဲ့ ဘာကြောင့် ဝန်ခံရမှာလဲ”လို့ ပြောအပြီးမှာ ကျွနု၏ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့အပြားအပေါ် လက်သီးများ တုတ်များဖြင့် ထိုးကြိတ် ရိုက်နှက်တာကိုလည်း ခံရပါတယ်။

++++ဟာ ဇူလိုင် ၇ ရက်နေ့ ဗုံးပေါက်ကွဲမှု မဖြစ်ခင်ကရော ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်မှာရော ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတုန်းကရော ကျွန်ုပ်နှင့် အနီးကပ်ဆုံး အချိန်များစွာ ပါတီလုပ်ငန်းများ နိုင်ငံရေး လုပ်ငန်းများကို ကျွန်ုပ်၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာ အောက်ခြေစည်းရုံးရေးက အစ အတူတူ အနီးကပ်ဆုံး တွဲလာခဲ့သူ တက်ကြွသူတစ်ဦး ဖြစ်ပါတယ်။ ချက်ချင်း သဘောပေါက်မိပါတယ်။ ထောက်လှမ်းရေးများဟာ ညီညီဦးကို ရိုက်နှက် ညှဉ်းပန်း၍ အတင်းအဓမ္မ ဝန်ခံခိုင်းပြီး ကျွန်ုပ်အား ++++ ကဲ့သို့ ဝန်ခံစေရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်သည် ဆက်လက်၍ပင် ငြင်းဆန်ခဲ့ပါသည်။ မည်သို့ပင် ရိုက်နှက်စေကာမူ ကျွန်ုပ်သည် အခင်းဖြစ်ပွားချိန် ဇူလိုင် ၇ ရက်နေ့ မတိုင်မီ တစ ရက် နှစ်ရက်ကပင် N.L.D ဇူလိုင်လ ၇ ရက်နေ့ အခမ်းအနား အတွက် ရန်ကုန်တိုင်း NLD ရုံးတွင် အမှတ်တရ စာစောင်ထုတ်ဝေရေးကို ကျနော်က ဦးဆောင်၍ သန်လျင်မြို့နယ်အတွက် ဆောင်ရွက်နေကြောင်း ကျွန်ုပ်နှင့် အတူတူပင် ညီညီဦးလည်း ကျွန်ုပ်အနီးတွင် ရှိကြောင်း ၎င်းတို့ကို အခမ်းအနား တက်ရောက်လာသူ ပါတီအဖွဲ့အစည်း ပေါင်းစုံမှ ပုဂ္ဂိုလ်များ သိကြသည့်အပြင် ကျွန်ုပ်တို့ ရုံးခန်း NLD ပတ်ဝန်းကျင်မှ လူများလည်း သိကြောင်း စသည့် တိကျ သေချာ ခိုင်လုံသည့် အထောက်အထားများ ပြဆိုသော်လည်း ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်၍ အတင်းအဓမ္မ ဝန်ခံခိုင်းနေပါတယ်။ မရှေးမနှောင်းမှာပင် +++ ကို ခေါ်လာပြီး ကျွန်ုပ်ကို ထပ်မံ ပြောခိုင်းပါတယ်။ “ကိုသန်းဇော် ပြောလိုက်ပါတော့။ လုပ်တယ် ဆိုတာကို ကျနော်တော့ ပြောလိုက်ပြီ”ဟု မိုးကျော်သူက ငိုပြီး ပြောပါတယ်။ ကျွန်ုပ်၏ ရင်ထဲတွင် ဝမ်းနည်းခြင်း၊ စိတ်မကောင်းဖြစ်ခြင်း၊ ဒေါသထွက်ခြင်းတို့ ရောပြွန်းပြီး “+++ မင်းလည်း ဘာမှမလုပ်ဘူး။ ငါလည်း မဟုတ်ဘူး။ ငါတို့ထဲက ဘယ်သူမှ မလုပ်ဘူး။ ဒီကိစ္စ ငါတို့နဲ့ လုံးဝ မပတ်သက်ဘူး။ မင်းတို့ မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ဝန်ခံရတာလဲ” လို့ မဆိုင်းမတွဘဲ ပြန်ပြောလိုက်ပါတယ်။ ကျွန်ုပ်၏ ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာဒဏ်ချက်များ ဗရပွ ဖြစ်နေပြီး ကျွန်ုပ်၏ မျက်နှာတပြင်လုံး သွေးချင်းချင်း ရဲနေပါပြီ၊ ဦးခေါင်းကလည်း ရေအိုးကို ခေါင်းတွင် စွပ်ထားပြီး မြင်းမိုရ်တောင်ကြီးကို ရေအိုးပေါ် ဖိထားသလို တင်းကျပ် လေးလံစွာ ခံစားနေရပါပြီ။

ကျွန်ုပ် ထပ်တလဲလဲ သက်ဆိုင်ရာများကို ပြောပါသည်။ သန်လျင် ရေနံချက် စက်ရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် ကျွန်ုပ်တို့ လုံးဝ မပါဝင် မပတ်သက်ကြပါ။ တရားခံ အစစ်အမှန်ကို ကြိုးစားပြီး စုံစမ်း ထောက်လှမ်းကြပါ။ ကျွန်ုပ်တို့မှာ တရားခံ အစစ်အမှန်များ လုံးဝ အလျဉ်း မဟုတ်သည့်အတွက် ကျွန်ုပ်တို့လည်း နစ်နာသည်။ မြန်မာနိုင်ငံ ထောက်လှမ်းရေးအဖွဲ့ အရှက်တကွဲ ဖြစ်မယ်။ ကျွန်ုပ် တိုင်းပြည်ကို အလွန်ချစ်ပါသည်။ ရေနံချက်စက်ရုံကြီး ပေါက်ကွဲသွားအောင်နှင့် တခြား ပြည်သူလူထု နစ်နာစေမည့် အဖျက်လုပ်ငန်းများကို ဘယ်တော့မှ လုပ်ဆောင်မည် မဟုတ်ကြောင်း လှိုက်လှိုက်လှဲလှဲ ကျွန်ုပ်၏ ရင်တွင်းမှ ခံစားချက်များကို သေချာဂဏစွာ ပြောပြပါသော်လည်း ရိုက်နှက်၍သာ အတင်း ဝန်ခံခိုင်းနေပါသည်။

ကျွန်ုပ်အား စစ်ဆေး နှိပ်စက်မှုများ သုံးရက်ကြာသောအခါ +++ ကို ညသန်းခေါင်ယံတွင် ထပ်မံ၍ ကျွန်ုပ်၏ ရှေ့သို့ ခေါ်လာပြီး ကျွန်ုပ်အား ဝန်ခံဖို့ တိုက်တွန်းပါတယ်။ +++ ၏ မျက်ဝန်းတွင်းမှာလည်း ကျွန်ုပ်အတွက် စိတ်မကောင်းခြင်းနှင့် ဝမ်းနည်းကြေကွဲမှု အရိပ်အရောင်များ မြင်နေရပါတယ်။ ကျွန်ုပ်ကတော့ စူးစူးရဲရဲပဲ သူ့ကို ပြန်ကြည့်တယ်။ ဒေါသဖြင့် သူ့ကို ပြန်ပြောတယ်။ “မင်း မဟုတ်ဘဲနဲ့ ဘာလို့ ဝန်ခံရတာလဲ မင်းပြောတာတွေ ဘာမှ မဟုတ်ဘူး” ကျွန်ုပ်၏စိတ်တွေ ထူပူနေပြီ အိပ်ခွင့်မပေးတာ၊ နားခွင့်မပေးတာ၊ အစာစားခွင့် မပေးတာ၊ ရေသောက်ခွင့်မပေးတာ၊ နည်းမျိုးစုံဖြင့် ရိုက်နှက်နေတာ၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေတာ၊ သုံးရက်သုံးညရှိပြီ၊ +++ ပြောပုံကိုလည်းကြည့်ဦး “ကျွန်ုပ်အိမ်မှာ သူနဲ့ ကျွန်ုပ် ၆ ရက်နေ့ တညလုံး ဗုံးကို ပြုလုပ်တပ်ဆင်တယ်” တဲ့။ “ကိုသန်းဇော် ဘာမှ ငြင်းမနေနဲ့တော့ အသားနာခံ မနေနဲ့တော့”တဲ့၊ “လုပ်ရဲရင် ခံရဲရမှာပေါ့” တဲ့။

ကျွန်ုပ် အပြတ်ငြင်းလိုက်တဲ့ အသံရဲ့နောက်ပိုင်း ကျွန်ုပ်မှတ်မိတယ်၊ ၁ဝ ယောက်လောက်က ကျွန်ုပ်ကို ၀ိုင်းရိုက်တယ်။ နံကြားထဲကို လက်သီးနဲ့ ထိုးတဲ့သူက ထိုးတယ် (ကျွန်ုပ်ကို အဲဒီအချိန်က မျက်နှာကို အဝတ် မစည်းထားဘူး) ကျွန်ုပ် ခွေလဲသွားတယ်၊ လက်ထိပ်ကို နောက်ပြန်ခတ်ထားတယ်။ ကိုယ်ကိုလည်း လက်ထိပ် အပြင် ထပ်ပြီး ကြိုးနဲ့တုပ်ထားတယ်။ နာကြည်းမှု၊ ဝမ်းနည်းမှု၊ ဒေါသဖြစ်မှု၊ ပြန်လည်တုံ့ပြန်လိုမှု မခံမရပ်နိုင်ဖြစ်မှု၊ စိတ်ကြေကွဲ ယူကျုံးမရဖြစ်မှု စတာတွေဟာ ရောယှက်ပြင်းထန်စွာ ပေါက်ကွဲနေစဉ်မှာပဲ ကျွန်ုပ် အကြံတစ်ခု ရလာတယ်။ (ကျွန်ုပ်နှင့် ပတ်သက်သည်ဟု ယူဆပြီး ဖမ်းဆီးထားသူတွေလည်း အယောက် ၂ဝ ကျော်နေပြီ) အဲဒါက ကျွန်ုပ်မဖြတ်ရင် ဒီကိစ္စပြီးမှာ မဟုတ်ဘူး။ အားလုံးက အသား အနာမခံနိုင်ကြတော့ဘူး၊ တလေသံတည်း ဖြစ်ကုန်ပြီ ကျွန်ုပ်ဆီမှ ဂိတ်ဆုံးနေပြီး ကျွန်ုပ် တခုခု လုပ်ရတော့မယ်ပေါ့ သေမလား သို့မဟုတ် ပြန်တုံ့ပြန်မလား ဒါပဲ ရှိတော့တယ်။

ကျွန်ုပ် အကောင်းဆုံးဖြစ်မယ်လို့ ယူဆပြီး ပြန်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျွန်ုပ် ခွေပြီး လဲကျသွားတာကို နှစ်ယောက်က ချုပ်ပေးတယ်။ ထိုးကြိတ်လိုက်၊ ရိုက်လိုက်ပေါ့။ ကျွန်ုပ် တစ်ခွန်းပဲ ပြောလိုက်တယ်။ “ခင်ဗျားတို့ ဖြစ်ချင်တာ ကျနော်ပြောမယ်” ကျွန်ုပ်ကို ရိုက်နှက်တာ ရပ်သွားတယ်။ သူတို့မျက်နှာတွေ ပြုံးလာတယ်၊ ခက်ထန်နေတာက ကျွန်ုပ်ပေါ့။

ကျွန်ုပ်ကို ဗုံးပေးတဲ့သူက ‘မိုးသီဟ’ ဆိုသူ ကျောက်တံတားမြို့နယ် လမ်း ၄ဝ တွင် နေထိုင်သူ၊ ကျွန်ုပ်က လိပ်စာကို အိမ်နံပါတ်မှ အစ အတိအကျ ပြောလိုက်တယ်။ ၎င်း မိုးသီဟသည် ၁၉၈၉ ဧပြီလ ၁ ရက်နေ့က တောခိုသွားတာက အစပေါ့၊ တနေ့ ကျွန်ုပ်ဆီ ရောက်လာပြီး ဗုံးခွဲရန် လာရောက် ပြောဆိုကြောင်း၊ ကျွန်ုပ်ကလည်း လုပ်ပေးမည်ဟု ပြောပြီး လုပ်ပေးလိုက်ကြောင်းပေါ့၊ ထောက်လှမ်းရေးတွေက ချက်ချင်းပဲ မိုးသီဟ လိပ်စာအတိုင်း သွားဖမ်းတာပေါ့၊ မမိဘူးတဲ့ (ဘယ်မိမှာလဲ မိုးသီဟက ရှိမှ မရှိတာ၊ သူက တောထဲမှာပဲ။ မရှိတဲ့သူ၊ ဖမ်းလို့ မရမယ့် သူတွေကို ပြောရတာ။ မဟုတ်ဘဲနဲ့ ကိုယ်ပြောလို့ အဖမ်းခံရရင် သမိုင်းပျက်မှာပေါ့၊ သမိုင်းတော့ ဘယ်အပျက်ခံပါ့မလဲ) ထောက်လှမ်းရေးတွေ ပြန်ရောက်တော့ “မင်းပြောတာတွေ ဟုတ်တယ်။ ဒါပေမယ့် ဒီကောင် တောခိုသွားပြီး ကတည်းက အိမ်ကို ပြန်မလာဘူး”တဲ့၊ အိမ်က ဓာတ်ပုံတချို့ကို သိမ်းဆည်း လာပြီး ထောက်လှမ်းရေးတွေက ကျွန်ုပ်ကို ပြတယ်။ မိုးသီဟ အလှရိုက်ထားတဲ့ ပို့စကတ်ဆိုက် အဖြူအမည်းဓာတ်ပုံတွေ၊ ကျွန်ုပ်က “ဟုတ်တယ် အခု သူနဲ့တွေ့တာ ဒီပုံစံအတိုင်းပဲ” ဆိုပြီး အသားနားဆုံး ပုံတစ်ပုံကို ညွှန်ပြလိုက်တယ်။

ကျွန်ုပ် ထင်ထားသည့်အတိုင်းပဲ နောက်နေ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းတွေထဲမှာ ပါလာပါတော့တာပါပဲ။ တကမ္ဘာလုံး သိကုန်ပြီပေါ့ ဒီသတင်းက အမှန်လား အမှားလား တကယ်လား လံကြုပ်လားဆိုတာ ဘန်ကောက် သတင်းစာရှင်းလင်းပွဲက အဖြေပေးလိုက်တယ်။ မိုးသီဟက နိုင်ငံတကာ သတင်းထောက်တွေ သတင်းစာဆရာတွေကို ကျွန်ုပ်တို့ မဟုတ်ကြောင်း၊ NLD ကို သိက္ခာချခြင်း ဖြစ်ကြောင်းပေါ့။
မရှေးမနှောင်းတင်မှာပဲ KNU အဖွဲ့က ခေါင်းဆောင် စောဘိုမြကလည်း သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲသူမှာ မိမိတို့၏ လက်ချက် ဖြစ်ကြောင်း၊ NLD မှ လူငယ်များနှင့် လုံးဝ မပတ်သက်ကြောင်း၊ နိုင်ငံတကာသို့ လည်းကောင်း နဝတ သို့ လည်းကောင်း အသိပေး ကြေညာပါတယ်။ (ထိုအကြောင်းများမှာ အင်းစိန်ထောင်တွင်းရောက်မှ ကြားသိရခြင်းဖြစ်ပါတယ်။)

၁၇၊ ၇၊ ၈၉ နေ့မှာ ကျွန်ုပ်တို့ကို အင်းစိန်အကျဉ်းထောင်သို့ ပို့ပါတယ်။ ထိုနေ့တွင် ကျွန်ုပ်ကို ထားရှိရာ အထူးတိုက်ခန်းမှနေ၍ စောင်ဖြင့်အုပ်ပြီး အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို ထိုင်စေပြီးမှ အုပ်ထားသောစောင်ကို ခွာချလိုက်ပါတယ်။ ကျွန်ုပ်၏ရှေ့တွင် ပထမဦးဆုံးတွေ့ရှိသူမှာ တရားသူကြီးတစ်ယောက်ဖြစ် ပြီး (သူ့ကိုယ်သူ ကျွန်ုပ်အား မိတ်ဆက်ပေးသောကြောင့် တရားသူကြီးမှန်း သိရပါတယ်) လက်ဝဲဘက်ဘေးတွင် အမျိုးသမီးနှစ်ယောက် တွေ့ရပါတယ်။ သူတို့သည် သက်သေများဟု ပြောပါတယ်။ ကျွန်ုပ်၏ လက်ယာဘက်တွင် အဝေးထိန်း ဗွီဒီယိုကင်မရာတစ်ခု ထောင်ထားပြီး ၎င်းမှန်ဘီလူးက ကျွန်ုပ်အား ချိန်ရွယ်ထားပါတယ်။ ၎င်းဗွီဒီယို ကင်မရာဘေးတွင် မြန်မာသတင်းစဉ် (သို့) ထောက်လှမ်းရေးမှဟု ယူဆရသော ကျွန်ုပ်အား ဓာတ်ပုံရိုက်ယူနေသည့် ဓာတ်ပုံကင်မရာသမားတစ်ဦးကို တွေ့ရပါတယ်။ ကျွန်ုပ်၏ရှေ့ နှစ်ပေခန့်အကွာ စားပွဲခင်း၏အောက်တွင် အသံဖမ်း မိုက်ကရိုဖုန်း (Microphone) အပြာလေးကို တွေ့ရပါတယ်။ ၎င်းမှထွက်လာသော ဓာတ်ကြိုးသည် ကျွန်ုပ်၏ နောက်ကျော ဆယ့်နှစ်ပေခန့်အကွာရှိ တိတ်ခွေနှစ်ခွေထည့်ထားသော ကက်ဆက်ရီကော်ဒါ နှစ်လုံးဆီသို့ ဆက်သွယ်ထားကြောင်း တွေ့ရှိရပါတယ်။ ၎င်းအနီးအနားတွင် စစ်တပ်မှ အရာရှိအချို့ကိုလည်း ကျွန်ုပ် လှည့်ကြည့်သောကြောင့် တွေ့ခဲ့ရပါတယ်။

တရားသူကြီးဆိုသူက သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျွန်ုပ်ကို ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးရန် ဖြစ်ကြောင်း မပေးလိုပါက မပေးဘဲ နေလို့ရကြောင်း ပြောပါတယ်။ ကျွန်ုပ်သည် မဆိုင်းမတွပင် “ကျွန်ုပ်သည် ဖြောင့်ချက်ပေးရန် ဆန္ဒ လုံးဝမရှိကြောင်း၊ ကျွန်ုပ်မှာ ကျန်းမာရေး မကောင်းကြောင်း၊ တရားရုံး ရောက်မှသာ အများရှေ့မှောက်တွင် ဖြောင့်ချက်ပေးမှာဖြစ်ကြောင်း” ပြောရာ တရားသူကြီးက ကျွန်ုပ်အား “စဉ်းစားပါဦး။ အခု တခါတည်း ဖြောင့်ချက်ပေးစေလိုကြောင်း” ပြောရာ ကျွန်ုပ်က “အနူးအညွတ် တောင်းပန်ပါကြောင်း၊ ဖြောင့်ချက်ပေးရန် ကျွန်ုပ်တွင် လုံးဝ ဆန္ဒမရှိပါကြောင်း၊ စဉ်းစားပြီးမှ တရားသူကြီးမင်းအား ပြောခြင်းဖြစ်ကြောင်း” ပြောရာ တရားသူကြီးက “ထပ်မံစဉ်းစားပါရန်” စဉ်းစားဖို့ ခဏ အချိန်ပေးလိုက်ပါတယ်။ အဲဒီအချိန်က နေ့လယ် ၁၂းဝဝ နာရီကျော် ဖြစ်ပါတယ်။

အဲဒါနဲ့ ထောက်လှမ်းရေးများဟာ ကျွန်ုပ်ကို စောင်ခြုံစေ၍ အပြင်သို့ခေါ်သွားပြီး တခြားအခန်းတစ်ခုထဲသို့ ခေါ်သွားပါတယ်။ ကျွန်ုပ်ကို ဆဲဆိုပြီး ဝိုင်းထိုးကြိတ်ကြတယ်။ ခြေထောက်တွေနဲ့ ဆောင့်ကန်တယ်။ စောင်ကို ခွာလိုက်ပြီး မျက်နှာကို လက်သီးတွေနဲ့ ထိုးတယ်။ ကျွန်ုပ်အား စတင်ဖမ်းဆီး စစ်ဆေးနှိပ်စက်သော ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ အောင်သပြေ ရဲရိပ်သာမှ ထောက်လှမ်းရေးများပင် ဖြစ်ပါတယ်။ ကျွန်ုပ်လည်း ဖြောင့်ချက်မပေးနိုင်ကြောင်း တရားရုံးရောက်မှ အမှန်အတိုင်း အများရှေ့မှောက်တွင် ပြောမည်ဖြစ်ကြောင်း အဖန်ဖန် တောင်းပန် တိုးလျှိုး၍ ပြောပါတယ်။ အချိန်မှာလည်း တဖြည်းဖြည်း ညအချိန်သို့ ရောက်ရှိလာပါတယ်။ ရေဒီယိုမှ ည ၈ နာရီ ထိုးသည့်အသံ သတင်းကြေညာသော အသံကို ကြားနေရပါတယ်။ ကျွန်ုပ် ကောင်းစွာ ကြားနေသည်မှာ ၎င်းသတင်းတွင် စစ်ခုံရုံးများ ဖွင့်လှစ်ခြင်းကို ကြေညာသံ ကြားရပါတယ်။ မရှေးနှောင်းတွင် နဝတ အတွင်းရေးမှူး(၁) ဦးခင်ညွန့်က သန်လျင်ရေနံချက်စက်ရုံ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြောင်း ကြေညာသံကို ကြားနေရပါတယ်။ ထို့နောက် ချက်ချင်းပင် ထောက်လှမ်းရေးများက တခြား မကြားနိုင်သည့်နေရာကို ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်သည် ဖြောင့်ချက် မပေးချင်၍ တမင် အချိန်ဆွဲနေလည်း မရပါ။ အတင်းအဓမ္မပင် ဖြောင့်ချက်ပေးခိုင်းပါသည်။ ကျွန်ုပ်၏ ရှေ့မှ ညီညီဦးနှင့် မိုးကျော်သူ တို့ ဖြောင့်ချက်ပေးသွားကြောင်း ကျွန်ုပ်အား ပြပါတယ်။ ကျွန်ုပ် ဆက်လက်၍ပင် ငြင်းဆန်နေပါတယ်။ နှိပ်စက်မှု ပြင်းထန်ပြီး မပေးလျှင် မရကြောင်း အဓမ္မ ပြုလုပ်ခိုင်းပါသည်။ အချိန်မှာ ည ၉ နာရီ ကျော်နေပါပြီ၊ ဖြောင့်ချက်ပေးမည့် တရားသူကြီးနှင့် သက်သေဆိုသူ အမျိုးသမီးနှစ်ယောက်မှာ ကျွန်ုပ်က ဖြောင့်ချက် မပေးမချင်း စောင့်နေပါတယ်။ ထောက်လှမ်းရေးများသည် အတင်းအဓမ္မ အခန်းထဲ ဆွဲသွင်းပြီး ကုလားထိုင်တွင် အတင်းထိုင်စေ၍ ၎င်းတို့ အောင်သပြေရဲရိပ်သာ စစ်ကြောရေးစခန်းတွင် လံကြုပ် ပြောခဲ့သည့် ဗုံးပေါက်ကွဲမှုအကြောင်း ပြောခိုင်းပါသည်။ ကျွန်ုပ်လည်း ဘာမှ မတတ်နိုင်တော့ဘဲ စိတ်မပါ့တပါဖြင့် လည်းကောင်း မေးခွန်းများကို ပြန်လည် ဖြေဆိုခြင်းကို တုံဏှိဘာဝေ နေခြင်းဖြင့် လည်းကောင်း ဂရုမထားသည့် ဟန်မျိုးဖြင့်လည်းကောင်း၊ ရှေ့နောက် မညီအောင် လံကြုပ် ဖြောင့်ချက်ကြီးကို ညသန်းခေါင် ၁၂းဝဝ နာရီအထိ ပြောခဲ့ရပါတယ်။

၂၇၊ ၇၊ ၈၉ နေ့ နံနက်ပိုင်းတွင် ကျွန်ုပ်အား တိုက်ခန်းဝင်း ရှေ့တံခါးမှ ထုတ်၍ ကားဖြင့် လာရောက်ခေါ်သွားပါတယ်။ အင်းစိန် အကျဉ်းထောင်ဘေးရှိ ခန်းမတစ်ခုသို့ ခေါ်သွားခြင်း ဖြစ်ပါတယ်။ ၎င်းနေရာတွင် ညီညီဦးနှင့် မိုးကျော်သူတို့ကို တွေ့ရပါတယ်။ သူတို့နှစ်ယောက်ရော ကျွန်ုပ်ပါ လက်ထိပ်ခတ်ထားပြီး အတူ ထိုင်ခိုင်းထားပါတယ်။ ကျွန်ုပ်တို့၏ မျက်နှာများကို မဖုံးထားသည့်အတွက် ပတ်ဝန်းကျင် အားလုံးကို မြင်နေရပါတယ်။ တရားစစ်ဆေး ကြားနာဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ ကျွန်ုပ်က အထင်ဖြင့် ညီညီဦးနှင့် မိုးကျော်သူတို့အား ယခု လုပ်နေသည်မှာ စစ်ခုံရုံးဖြစ်ကြောင်း ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း ပြတ်ပြတ်သားသား ပြောရန် အထပ်ထပ် မှာကြားပါတယ်။
သေချာပါတယ်။ စစ်ခုံရုံး ဖြစ်ပါတယ်။ ပြင်ဆင်ပြီးတာနဲ့ ကျွန်ုပ်တို့ သုံးဦးကို ၎င်းခုံရုံးစင်မြင့်ရှေ့တွင် ထိုင်စေပါတယ်။ ဒုတိယဗိုလ်မှူးကြီး အောင်ညွန့်(လေ) ဥက္ကဋ္ဌ ပြုလုပ်သော စစ်ခုံရုံး ဖြစ်ပါတယ်။

ကျွန်ုပ်တို့ကို ဗုံးဖောက်ခွဲသည်ဟု ဆိုကာ ထောက်လှမ်းရေးများက စာတတန် ပေတတန်ဖြင့် စစ်ခုံရုံး တရားသူကြီးများအား ဖတ်ပြပြီး ကျွန်ုပ်တို့ တရားခံသုံးယောက်အား ပြင်းထန်သော ပြစ်ဒဏ်ပေးပါရန် ပြောပါသည်။ ကျွန်ုပ်တို့ကို စွဲဆိုထားသော ပုဒ်မများမှာ ၃ဝ၂/၁ (ခ) ၃၄ ဟုလည်း တပ်ထားပါတယ်။ ၎င်းစွဲချက်များသည် ကျွန်ုပ်တင်မဟုတ် ကျွန်ုပ်တို့၏ ပါတီကိုပါ စော်ကား သိက္ခာချခြင်း ဖြစ်ကြောင်း အဆိုပါ ဗုံးဖောက်ခွဲမှုတွင် ကျွန်ုပ်တို့နှင့် လုံးဝ မပတ်သက်ကြောင်း၊ ကျွန်ုပ်တို့ လုံးဝ မဟုတ်ကြောင်း၊ ဗုံးဖောက်ခွဲမှု မဖြစ်သွားမီ နေ့များ၊ ဗုံးကွဲသည့် ဇူလိုင် ၇ ရက်နေ့နှင့် ဗုံးကွဲပြီး နောက်ပိုင်းအထိ ကျွန်ုပ်တို့ ဘယ်နေရာတွင် ရှိသည်၊ ဘယ်သူတွေနှင့် ရှိနေသည်၊ ဘယ်အချိန်တွင် ရှိနေသည် စသည်ဖြင့် တိကျ ခိုင်လုံသော အထောက်အထားများ သက်သေများ ပြဆိုနိုင်ကြောင်း၊ ကျွန်ုပ်တို့အား စစ်ဆေးသော ထောက်လှမ်းရေးများသည် ကျွန်ုပ်တို့အား အရွယ်ဖြင့် မလိုက်အောင် နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်မှုတို့ကို မခံမရပ်နိုင် ဖြစ်ခြင်းကြောင့် ထောက်လှမ်းရေးများ အလိုကျ ပြောခဲ့ရကြောင်း ကျွန်ုပ်တို့တွင် လုံးဝ လုံးဝ အပြစ်မရှိပါကြောင်း နှစ်နာရီခန့် ကျွန်ုပ် လျှောက်လဲ ပြောဆိုခဲ့ပါတယ်။ ထိုအခါ တရားသူကြီး ဥက္ကဋ္ဌ အောင်ညွန့်က ခေတ္တနားမည်ဟု အမိန့်ပေး၍ တရားစစ်ဆေးခြင်းကို နေ့လယ် ၁၁းဝဝ နာရီတွင် ခေတ္တရပ်နားပါသည်။ ကျွန်ုပ်တို့အား ထောက်လှမ်းရေးများက အတင်းဆွဲဆောင့်၍ ကားပေါ်တင်ပြီး အင်းစိန်ထောင်တွင်းသို့ ပြန်ပို့ပါတယ်။ ကားပေါ်တွင်လည်း အကန်ခံရပါသေးတယ်။

နေ့လယ် ၁းဝဝ နာရီတွင် ထပ်မံပြီး ထောက်လှမ်းရေးများက လာခေါ်၍ တရားရုံးသို့ ကားဖြင့်ပို့ပါတယ်။ ကျွန်ုပ်တို့အား တရားရုံးစင်မြင့်ရှေ့တွင် ထိုင်ခိုင်းပြီး တရားရုံးအစီအစဉ်ကို စတင်ရာ တရားသူကြီးဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး အောင်ညွန့်(လေ)က “တရားခံများ ဖြစ်ကြသော နံပါတ်(၁)တရားခံ မောင်သန်းဇော်၊ (၂) တရားခံ ညီညီဦး၊ (၃) တရားခံ မောင်မိုးကျော်သူ တို့အား စစ်တရားခုံရုံး အမှတ်(၁)မှ အပြစ်ရှိသည်ဟု ယူဆသောကြောင့် အပြစ်ပေးမည် ဖြစ်သည့်အတွက် ဘာပြောချင်သေးလဲ” ဟု မေးပါသည်။ ထိုအခါ ကျွန်ုပ်က စတင်ပြီး ၇၊ ၇၊ ၈၉ နေ့ ရေနံချက် စက်ရုံးဝန်းအတွင်း ဗုံးပေါက်ကွဲမှုအတွက် ကျွန်ုပ် လုံးဝပတ်သက်ခြင်း မရှိကြောင်း ကျွန်ုပ်တို့ လုံးဝ မပြုလုပ်ကြောင်း၊ ကျွန်ုပ်တို့တွင် အပြစ် မရှိသည့်အတွက် အပြစ်ပေးစရာ မလိုအပ်ကြောင်း လုံးဝလွှတ်ပေးရန် လိုလားကြောင်း၊ ဓမ္မပါလ သြဝါဒတွင် “ပြစ်မှု ကျူးလွန်သော တရားခံ ဆယ်ဦး လွတ်သွားခြင်းထက် လုံးဝ အပြစ် မရှိသော သူတယောက်အား အပြစ်မပေးမိပါစေနှင့်”ဟု မိန့်ဆိုထားသည်ကို သတိပြုရန်၊ ကျွန်ုပ်တို့အား တရားသေ လွှတ်ပေးပါရန် စသည့် အချက်များ အပါအဝင် အမှုကျူးလွန်ခြင်း မရှိသည့် သက်သေ အထောက်အထားများ ထုချေ လျှောက်လဲပါတယ်။ သို့သော်လည်း စစ်ခုံရုံးတရားသူကြီးသည် ကျွန်ုပ် အပါအဝင် ညီညီဦးနှင့် မိုးကျော်သူတို့ပါ အပြစ်ရှိကြောင်း ယူဆသည်ဟု ဆိုကာ ‘သေဒဏ်’ အမိန့် ချမှတ်လိုက်ပါတယ်။

ကျွန်ုပ်၏ဖြစ်စဉ်မှာ ‘သေဒဏ်’ အပြစ် တစ်ခုတည်းတွင်သာ မကပါ။ ၅၊ ၉၊ ၈၉ နေ့တွင် ကျွန်ုပ်နှင့် ညီညီဦး အား လက်ကို ကြိုးများဖြင့်တုပ်ပြီး အင်းစိန်ကြိုးတိုက်မှ နေ့လယ် ၁၁းဝဝ နာရီခန့်တွင် ခေါ်သွားပြီး၊ သံခြေကျင်းများ ခတ်စေပါသည်။ ထို့နောက် ကျွန်ုပ်တို့အား ခေါင်းစွပ်များစွပ်၍ ကားဖြင့် တနေရာသို့ ခေါ်ဆောင်သွားပါတယ်။ အဲဒီနေရာမှာ ယခင် ‘သေဒဏ်’ ချမှတ်ခဲ့သော စစ်ခုံရုံးအမှတ်(၁)နေရာပင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့အား အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ ပြုလုပ်သည်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁)ဖြင့် တရားစွဲဆိုခြင်းဖြစ်ပါသည်။

ဤအထက်ပါ အမှုတွင်လည်း ကျွန်ုပ်တို့ အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ မပြုလုပ်ကြောင်း ကြောင်းကျိုးဆက်နွယ်ပြီး အထောက်အထား ခိုင်လုံ ပြည့်ဝစွာဖြင့် တစ်ဦးချင်း အပြစ်မရှိကြောင်း အချိန်များစွာ လျှောက်လဲ ချေပ သော်ငြားလည်း ကျွန်ုပ် အပါ အဝင်

မောင်ညီညီဦး (NLD လူငယ်တာဝန်ခံ သန်လျင်မြို့နယ်)
ဒေါက်တာထွန်းသူ (သန်လျင်မြို့နယ် ဖားကူးကျေးရွာ စည်းရုံးရေး NLD အဖွဲ့ဝင်)
မောင်အောင်ကျော်ဆန်း (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်ဌေးလွင် (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်ထွေးမောင် (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်အုံးဝင်း (သန်လျင်မြို့နယ် NLD လူငယ်)
မောင်စန်းအောင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်အောင်သန်း (သန်လျင်မြို့နယ် NLD လူငယ်)
မောင်မိုးကျော် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်နေလင်းစိုးရင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်အောင်နိုင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်ဇော်ထွန်းသက် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်သက်ခိုင် (ဗကသ၊ သုဝဏ္ဏမြို့နယ်)
မောင်အောင်အောင် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကော့မှူးမြို့နယ်)
မောင်မိုးသက် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကော့မှူးမြို့နယ်)

စုစုပေါင်း ၁၆ ယောက်အား ပုဒ်မ ၁၂၂(၁) နိုင်ငံတော်ပုန်ကန်မှုဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ထိုသို့ ပြစ်ဒဏ်များဖြင့် အင်းစိန်အကျဉ်းထောင် ကြိုးတိုက်ထဲတွင် ခါးသီးသော အတွေ့အကြုံများကို လက်သီးဆုပ်မပျက် ရင်ကော့ခံစားရင်း ၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထောင်တွင်းမှ နိုင်ငံရေး တောင်းဆိုမှုများ သပိတ်တိုက်ပွဲများ ပြုလုပ် ဖန်တီးသည်ဟုဆိုကာ သရက် အကျဉ်းထောင်သို့ သွေးရဲရဲ သံရဲရဲ အရိုက်အနှက် ကြမ်းတမ်းစွာ ပြုလုပ်၍ ကျွန်ုပ်အား လုံခြုံရေးအစောင့်များဖြင့် ၂၆၊ ၉၊ ၉ဝ နေ့တွင် ပို့လိုက်ပါသည်။

ယခု ကျွန်ုပ်အား ၁/၉၃ဖြင့် သေဒဏ်မှ အနှစ် ၂ဝ၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်မှ ၁ဝ နှစ် စုစုပေါင်း ၃ဝ နှစ်သို့ ပြောင်းပေးလိုက်ပါတယ်။

မည်သို့ မည်သို့ပင် ဆိုစေ အမှုနှစ်ခုလုံးတွင် ကျွန်ုပ်၌ ထင်ရှားစေသည့် စာရွက်စာတမ်း သဲလွန်စ ခိုင်လုံသည့် အထောက်အထား တစုံတရာ စိုးစဉ်းမျှ မရှိဘဲနှင့် ပြစ်ဒဏ်များ အတင်းအဓမ္မ ချပြီး ယနေ့အချိန်အထိ အကျဉ်းထောင် တိုက်ခန်းအတွင်း လှောင်ပိတ်ထားခြင်းကို အကျဉ်းချုံး၍ အစီရင်ခံ တင်ပြအပ်ပါတယ် ခင်ဗျား။ ။

မောင်သန်းဇော်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)

ကိုဘိုကြည်

တွဲဖက်အတွင်းရေးမှူး၊

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)