မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို ပထမဦးဆုံး သိလိုက်ရတယ်။ သြစကြေးလျား သမိုင်းနဲ့ပတ်သက်လာရင် Stolen Generation လို့ခေါ်တဲ့ လူဖြူတွေ သြစကြေးလျားကို ရောက်လာပြီး ဌာနေတိုင်းရင်းသားတွေရဲ့ ကလေးတွေကို လုယူသွားတဲ့ သမိုင်းကို သိခဲ့ရတဲ့အချိန်မှာ ကျွန်မ ရင်ထဲမှာ သည်းခြေပျက်မတတ် ခံစားခဲ့ရဖူးပါတယ်။ အခုလည်း Maritime Musium ထဲမှာ Child Migrantion အကြောင်းကို ဖတ်လိုက်ရတဲ့အချိန်မှာ ထပ်တူထပ်မျှ ခံစားခဲ့ရပြန်တယ်။



ဗြိတိသျှ ရေတပ်ဗိုလ် Captain James Cook က ၁၇၇၀ သြဂုတ်လမှာ Possession Island မှာ စတင်အလံစိုက်သည်မှစ၍ Australia ဟာ ဗြိတိသျှ အင်ပါယာရဲ့ ပိုင်နက်ဖြစ်လာပြီး ၁၇၈၈ ခုနှစ် ဇန္န၀ါရီလ (၂၆) ရက်နေ့မှာ Captain Aurthur Phillips က အင်္ဂလန်က အကျဉ်းသားတွေကို ခေါ်ဆောင်လာပြီး Botany Bay မှာ သဘောင်္ကျောက်ချ ရပ်နားကာ ဆစ်ဒနီမြို့ကို အကျဉ်းသားတွေနဲ့အတူ စတင်တည်ဆောက်ခဲ့တဲ့ နေ့ကို သြစကြေးလျားနေ့အဖြစ် သတ်မှတ် ကျင်းပခဲ့ပါတယ်။ စတင်အခြေချသည့်နှစ်မှ ရေတွက်သော် အခုဒီနှစ် ၂၀၁၁ ဇန္န၀ါရီလ ၂၆ ရက်နေ့ဟာ ဆစ်ဒနီမြို့ကို တည်ဆောက်ခဲ့တာ နှစ်ပေါင်း ၂၂၇ နှစ် ရှိပါပြီ။ ဆစ်ဒနီမြို့ကို စတင်ထူထောင်ခဲ့တဲ့နေ့ဟာ သြစကြေးလျားကို စတင်ထူထောင်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။ သြစကြေးလျားနေ့ (သို့) Foundation နေ့အဖြစ် စတင်ကျင်းပခဲ့တာကတော့ နယူးဆောက်ဝေးပြည်နယ်မှာ ၁၈၀၄ ခုနှစ်ကစခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ကျတော့ ၁၈၈၈ မှာမှ စတင်ပြီး ကျင်းပခဲ့ပါတယ်။

သြစကြေးလျားကို တွေ့ရှိပြီး စတင်ကမ်းကပ် အလံလွှင့်ထူသူ Captain James Cook (ပုံကို ဤနေရာမှ ယူသည်)

ပတမဦးဆုံး သြစကြေးလျား ကို စတင် အခြေချ ပြီး ဆစ်ဒနီမြို့ကို ထူထောင်သူ Captain Arthur Phillip (ပုံကို ဤနေရာမှ ယူသည်)

အဲဒီနေ့က သြစကြေးလျားနေ့ အထိမ်းအမှတ် အဖြစ် သားနဲ့ သူငယ်ချင်းနှစ်ယောက်ကို National Maritime Museum ထဲကို ခေါ်သွားပြပါတယ်။ အ၀င်ဝမှာ ၀င်ကြေးပေးဖို့ ပိုက်ဆံအိတ်နိုက်ပြီး အထဲဝင်သွားတော့ သြစကြေးလျားနေ့မှာ Museum Free ရတယ် သဘောင်္ပေါ် တက်ကြည့်မှ မိသားစုတစုလုံးအတွက် ၇ ဒေါ်လာပဲ ပေးရတယ်ဆိုလို့ ပိုက်ဆံ ငါးပြားမှ မကုန်ဘဲ Museum ထဲ ၀င်ခဲ့ရတယ်။ ပြီးတော့ သားသူငယ်ချင်းနှစ်ယောက် အပါအ၀င် ကလေးသုံးယောက်နဲ့အတူ Museum ရှေ့မှာ ပြတိုက်အဖြစ်ထားတဲ့ သဘောင်္ထဲ ၀င်ကြည့်ဖြစ်တယ်။

Museum ဒုတိယအထပ်ရဲ့ အရှေ့ဘက်ကို ရောက်တော့ မထင်မှတ်ဘဲ ON THEIR OWN Britain's Child Migrants ဆိုတဲ့ စာသားနဲ့ ကလေးလေးပုံတပုံကို တွေ့တော့ စိတ်ဝင်စားသွားတယ်။ မှတ်တမ်းတွေနဲ့ ဓါတ်ပုံတွေကို ကြည့်လိုက်တော့ သြစကြေးလျားကို အကျဉ်းသားတွေနဲ့ စထူထောင်ခဲ့ပြီး နောက်ပိုင်းတော့ Migrants တွေနဲ့ ထူထောင်ခဲ့တယ် ဆိုတာပဲ သိထားတဲ့ ကျွန်မဟာ Migrants တွေထဲမှာ မိဘအုပ်ထိန်းသူ မပါဘဲ သုံးနှစ်အရွယ်ပဲ ရှိသေးတဲ့ လူမမယ်ကလေးတွေလည်း ပါပါလားဆိုတာကို သိလိုက်ရတယ်။ ဓါတ်ပုံတွေ မှတ်တမ်းတွေကို ဆက်ကြည့်ပြီး ကျွန်မတို့ ရောက်ချိန်မှာ ရေကန်အသင့် ကြာအသင့် ဖြစ်နေတဲ့ သြစကြေးလျားကို ထူထောင်ခဲ့သူတွေထဲမှာ ပါတဲ့ ဒီလူမမယ်အရွယ် ကလေးတွေရဲ့ပုံကို ကြည့်ပြီး တကယ်ပဲ ဂရုဏာသက်မိသွားတယ်။


ဗြိတိသျှအစိုးရဟာ ၁၈၆၀ ကနေ ၁၉၆၀ အထိ အနှစ်တရာ ကာလအတွင်း ကလေးပေါင်း တသိန်းထက်မနည်းကို Child Migration Schemes ဥပဒေနဲ့ သြစကြေးလျား၊ ကနေဒါတို့လို အသစ်တည်ဆောက်တဲ့ နိုင်ငံတွေကို ပို့ပေးပြီး လူဦးရေကို ဖြည့်ဆည်း၊ အလုပ်သမားတွေကို ဖန်တီးခဲ့ပါတယ်။ အပို့ခံရတဲ့ ကလေးတွေအနက် တချို့က အငယ်ဆုံးကလေးက အသက်သုံးနှစ်အရွယ်ထိ ပါပြီး မိဘမဲ့ကလေးတချို့နဲ့ အများစုကတော့ မိဘရှိလျက်နဲ့ မိဘက ကောင်းမွန်စွာ မစောင့်ရှောက်နိုင်သူများ ဖြစ်ကြတယ်လို့ မှတ်တမ်းထဲမှာ ဖတ်ရပါတယ်။ Child Migration Schemes ရဲ့ ရည်ရွယ်ချက်က ကလေးတွေရဲ့ အနာဂတ်ဘ၀ကို တိုးတက်စေဖို့လို့ ရည်ရွယ်ပြီး ၎င်းကို အစိုးရရဲ့ အထောက်အပံ့နဲ့ ပို့ပေးပြီး ဘာသာရေးအဖွဲ့တွေက တာဝန်ယူပို့ပေး ထိန်းကျောင်းခဲ့ပါတယ်။


ကလေးတွေကို မပို့ခင် ဆေးစစ်ခြင်း ဆေးအောင်သူကို ကိုယ်တိုင်းယူပြီး ခရီးထွက်ဖို့ ၀တ်စုံချုပ်ချုပ်ခြင်း ပြုလုပ်ပါတယ်။

ရောက်လာတဲ့ ကလေးတွေကို အောက်ပါပုံတွေအထဲကအတိုင်း သင်တန်းတွေပေးပြီး အလုပ်တွေ ခိုင်းပါတယ်။



ကနေဒါက ၁၈၆၇ နှင့် သြစကြေးလျားက  ၁၉၀၁ မှာ ဗြိသိသျှ အင်ပါယာကနေ သီးခြားလွတ်လပ်သော ဓနသဟာရ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည့်တိုင်အောင် ဒီနှစ်နိုင်ငံမှာ လူဖြူလူမျိုးနွယ်တွေ လူဦးရေ တိုးပွားရေးအတွက် ကလေးများနဲ့ လူငယ်များကို ဗြိတိသျှ အစိုးရက ၁၉၆၀ အထိ ဆက်လက် ပို့ပေးခဲ့ပါတယ်။ တခြား ပြင်ပကမ္ဘာ နိုင်ငံတွေရဲ့ ဝေဖန်အပြစ်တင် ရှုပ်ချမှုတွေကို ရင်ဆိုင်လာရတဲ့အချိန်မှာတော့ Child Migration Schemes ကို ၁၉၆၀ မှာ ရပ်ဆိုင်းခဲ့ပါတယ်။ အပို့ခံရတဲ့ ကလေးတွေအထဲမှ တချို့က အောင်မြင်တဲ့ ဘ၀ကို ပိုင်ဆိုင်သွားကြသူများ ရှိသလို ဘ၀ကို အထီးကျန် လွမ်းမောစွာနဲ့ပဲ အဆုံးသတ်သွားသူတွေလည်း ရှိကြပါတယ်။ ဒီလို ကလေးတွေကို ကျူးလွန်ခဲ့တဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး သြစကြေးလျားအစိုးရက ၂၀၀၉ ခုနှစ်မှာ ဒီလုပ်ရပ်ဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း တရားဝင် တောင်းပန်ခဲ့ပြီး ဗြိတိသျှအစိုးရက ၂၀၁၀ မှာ တောင်းပန်ခဲ့ပါတယ်။

ဒီကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘရင်ခွင်ဆီကနေ မိဘကို ဘယ်တော့မှ ပြန်မတွေ့ကြတော့မည့် အခြေအနေနဲ့ ရာသီဥတုမတူ ရေခြားမြေခြားကို အပို့ခံရတာနဲ့ ပတ်သက်ပြီး ကျွန်မငယ်ငယ်က အိမ်နဲ့ဝေးရာမှာ တနှစ်သွားနေဖူးတာကို ပြန်ပြီး သတိရမိတယ်။ ကျွန်မ ငယ်ငယ်က ကျွန်မတို့အိမ်က ရွာပြင်က ခြံထဲမှာ ရှိတော့ စာသင်ကျောင်းရှိတဲ့ ရွာထဲကို ရောက်အောင် ကွင်းပြင်နဲ့ ရော်ဘာခြံကို ဖြတ်ပြီးမှ ရောက်ပါတယ်။ မိုးရာသီဆို ကွင်းလယ်က မြေနှိမ့်တဲ့နေရာမှာ မိုးများရင် ရေကြီးနေတတ်ပြီး အိုင်ထဲမှာ မျှော့တွေလည်း အင်မတန်ပေါများတော့ ကလေးတွေအတွက် တော်တော်လေး သွားရေးလာရေး အခက်အခဲရှိခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်မသူငယ်တန်းနှစ်က ကျွန်မ မိဘတွေက ကျွန်မကို အဖွားတို့ရှိတဲ့ ရွာမှာသွားနေခိုင်းပြီး အဖွားအိမ်ကနေ ကျောင်းတက်ခဲ့ရပါတယ်။ အိမ်က မောင်နှမတွေအထဲမှာ ကျွန်မက မျက်နှာအနှိမ့်ဆုံး ဖြစ်ပေမဲ့ အဖိုးအဖွားတွေကတော့ ကျွန်မမောင်နှမတွေအထဲမှာ ကျွန်မကို အချစ်ဆုံးလို့ ပြောလို့ရပါတယ်။ အဖိုးအဖွားတွေက ကျွန်မကို မိသားစုထက် ဘယ်လောက်ပဲ ပိုပြီးဂရုစိုက်ပေမဲ့ အိမ်နဲ့ဝေးပြီးသွားနေရတာ ကျွန်မလုံးဝမပျော်ခဲ့ အိမ်သားတွေက ကျွန်မကို အဖိုးအဖွားတွေလောက် မျက်နှာအသာမပေးပေးမဲ့ ကျွန်မမှာ အိမ်ကိုလွမ်းတဲ့ ဝေဒနာကို အသဲအသန် ခံစားရလို့ နောက်နှစ် ပထမတန်းတက်တဲ့နှစ်မှာ အိမ်မှာပဲ ပြန်လာနေပြီး ရွာကကျောင်းမှာပဲ တက်လိုက်ရတယ်။ သြစကြေးလျားကို အပို့ခံရတဲ့ ကလေးတွေကလည်း ဘယ်လောက်ပဲ သူ့မိဘတွေ သူတို့ကို ဂရုမစိုက်နိုင်ပေမဲ့ မိဘနဲ့ ဘယ်တော့မှ မတွေ့နိုင်တော့တဲ့ ပင်လယ်ရပ်ခြားမှာ ဒီကလေးတွေ ပျော်နိုင်ပါ့မလားဆိုတာ ကျွန်မ ကိုယ်ချင်းစာမိတယ်။

သြစကြေးလျား သမိုင်းကို လေ့လာရင် Stolen generation လို့ခေါ်တဲ့လူဖြူတွေက ဌာနေတိုင်းရင်းသားတွေရဲ့ ကလေးတွေကို မိဘတွေဆီက လုယူပြီး စနစ်တကျ အဖြူဇာတ်သွင်းပေးခဲ့လို့ ဌာနေတိုင်းရင်းသား ရင်သွေးတွေနဲ့ မိဘတွေရဲ့ နှလုံးသားမှာ ကုစားလို့မရနိုင်တဲ့ နာကျင်မှုကို ဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းကို အားလုံးသိကြပါတယ်။ သို့ပေမဲ့ အင်္ဂလန်က အဖြူကလေးတွေကို မိဘမပါဘဲ အပို့ခံရတယ်ဆိုတာကိုတော့ ကျွန်မအခုမှ လေ့လာ သိရှိခဲ့ပါတယ်။ ဒီနေ့ဒီအချိန်မှာ ယဉ်ကျေးမှုပေါင်းစုံ ထွန်းကားနေတဲ့ သြစကြေးလျားနိုင်ငံမှာ တချိန်ကတော့ လူဖြူယဉ်ကျေးမှုသာလျှင် တခုတည်းသော ယဉ်ကျေးမှုဖြစ်အောင် ကြိုးစားခဲ့ရာမှာ ဌာနေတိုင်းရင်းသား ကလေးတွေပဲ အနာတရ ဖြစ်ခဲ့ရတယ်ထင်နေခဲ့တာ လူဖြူကလေးတွေပါ မြေစာပင်ဖြစ်ခဲ့ရတယ် ဆိုတာ သိလိုက်ရပါတယ်။ ဒီလုပ်ရပ် နှစ်ခုစလုံးအတွက် Labour အစိုးရတက်ပြီးနောက်ပိုင်း ၂၀၀၉ ခုနှစ်မှာ နိုင်ငံတော် အခမ်းအနားနဲ့ တောင်းပန်ခဲ့လို့ အာဂါတဆိုတာ မရှိကြတော့ပေမဲ့ တကယ်ခံစားခဲ့ရတဲ့ သူတွေအတွက်တော့ ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့မှာ အမှန်ပဲ။ သြစကြေးလျားကို Migrants အနေဖြင့် ရောက်လာတဲ့ကလေးချင်း အတူတူမှာ မိဘရဲ့ နွေးထွေးမှုအောက် ရင်အုပ်မကွာဘဲ ရောက်လာတဲ့ ကျွန်မသားလေးကတော့ မိဘမပါဘဲ အပို့ခံရတဲ့ ဟိုတုန်းကလူဖြူကလေးတွေနဲ့ စာရင်တော့ အများကြီး ကုသိုလ်ကံကောင်းတယ်လို့ တွေးမိတယ်။ ငယ်စဉ်ဘ၀မှာ ဘယ်ကလေးမှ စိတ်ဒါဏ်ရာမရကြပါစေနဲ့လို့ ဆုတောင်းရင်း Museum ထဲက ပြန်အထွက်မှာတော့ အဲဒီအချိန်က ကလေးတွေအတွက် ခံစားရတဲ့ ဖေါ်မပြနိုင်သော ဝေဒါနာတခုက ကျွန်မ ရင်ထဲမှာ ကိန်းအောင်းနေဆဲ ဖြစ်တယ်။

Museum ထဲက ဓါတ်ပုံများကို ဆက်လက် ကြည့်ရှုနိုင်ပါတယ်။


(ဒီပို့စ်ကို တင်ဖို့ပြင်တာ Museum ကအပြန် ၂၆ ရက် ကတည်း ဖြစ်ပေမဲ့ မအားတာရော စာရေးဖို့ စိတ်ကိုစုစည်းလို့ မရတာပါ ပေါင်းပြီး အခုမှပဲတင်ဖြစ်ပါတယ်။ သြစကြေးလျားနေ့ကအပြန် ရင်ထဲက ခံစားရတာကို ခံစားရသလို ရေးတင်လိုက်ပါတယ်)

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

10 comments:

မိဝေး၊ ဖဝေး အပို့ခံရတဲ့ ကလေးတွေအကြောင်း ဖတ်ပြီး စိတ်မကောင်း ဖြစ်သွားတယ်၊ ဒီအကြောင်း အရင်က ကြားဖူးထားပေမယ့် အခုမှပဲ ပုံတွေနဲ့ ပြည့်ပြည့်စုံစုံ ဖြစ်သွားတော့တယ်၊ စကားမစပ်..သားက တော်တော့်ကို ထွားလာတာပဲ..၊

မျှဝေတာ ကျေးဇူးတင်ပါတယ်...။

သားတော် မောင် က သူ့အမေထက် ကို ပိုမြင့်နေပါရော့လား။

စိတ်ဝင်စားစရာ သမိုင်းကြောင်းဘဲ... ကျေးဇူးငယ်နိုင်

အမသားကတော်တော်ထွားလာတာပဲနော်...အရင်ပုံတွေနဲ့ အခုတော်တော်လေးကွာသွားပြီ...မြန်မာနိုင်ငံမှာတော့ရှိသေးတယ်ထင်တာပဲ...ကလေးတွေကိုဖမ်းပြီးနယ်စပ်မှာသွားေ၇ာင်းတယ်လို့ ပြောသံကြားတာပဲ...ဟုတ်မဟုတ်တော့မသိဘူးအမ

မင်္ဂလာပါ။ ပို့စ်မတင်တာကြာ ဘလော့ဂ်မလည်တာ ကြာလို့လားမသိဘူး မိတ်ဆွေတွေနဲ့လည်း မတွေ့တာ ကြာပြီ။ လာနေကျ မိတ်ဆွေတွေအထဲက ရှားရှားပါးပါး မှတ်ချက်ပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဟုတ်တယ် သားက ၁၀ နှစ်ခွဲတုန်းက အမေအရပ်ကို မီသွားပြီး အခု ၁၁ နှစ်ခွဲဆို မြင်တဲ့အတိုင်းပဲ။

ဂျူလိုင်ဖြူ - မြန်မာနိုင်ငံက ကလေးအခွင့်အရေးကို လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်ပေမဲ့ ကလေးစစ်သားတို့ ကလေးအလုပ်သမားတို့ အသက်မပြည့်သေးတဲ့ ကလေးမလေးတွေ ရောင်းစားခံရတာတို့ ရှိနေဆဲမို့ ကလေးတွေအတွက် လုံခြုံမှု လုံးဝမရှိပါဘူး။

Australia သမိုင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားရင် အရင်နှစ်က တင်ပြီးအပေါ်ဆွဲတင်ထားတဲ့ http://nge-naing.blogspot.com/2010/01/blog-post_28.html ဒီပို့စ်မှာ ပိုပြီး အသေးစိတ်ကျတာတွေ ရှိပါတယ်။

ကလေးစစ်သားလုပ်ခိုင်းတာတွေ....ခုထိကြားနေရတုန်း...

အန်ကယ်နိုင်မှတ်ချက်ကို ဖြည့်ပေးလိုက်ပါတယ်။

http://www.deyea.org/2011/02/blog-post_152.html

http://arzarni.blogspot.com/2011/01/blog-post_26.html

http://www.humanright-myanmar.com/2010/12/hrm_30.html

http://www.youtube.com/watch?v=7U-PlYDJJC8&feature=related

http://www.youtube.com/watch?v=qS4d8wUGwyA&feature=related

http://www.demowaiyan.co.cc/2010/09/blog-post_510.html

ကျေးဇူးပဲဗျို့.. သိသမျှ မျှဝေတာ...

လေ့လာထားသမျှ နောက်ထပ် မျှဝေနိုင်ပါစေ....

မငယ်နိုင်ရေ ...


Child Migration Schemes နဲ့ Stolen Generations က သမိုင်းရဲ့ အမဲစက်တွေ ပေါ့ဗျာ။

ဒါနဲ့ မငယ်နိုင်က "Schemes" မှာ "S" မေ့ကျန်ခဲ့တော့ "Chemes" ဆိုပြီး ဖြစ်နေတယ်။ "Chemes" ကို "S" ဖြည့်လိုက်ဦးနော်။


Chemes -----> Schemes


ဂရမ်မာကြာရွက်

ကျေးဇူးတင်ပါတယ် ဂရမ်မာကြာရွက် ပြင်လိုက်ပြီနော့်။