မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မေတ္တာဆိုတာ


ကျွန်မဘ၀မှာ ကျွန်မကို ပထမနေရာမှာ ထားမည့်သူ ဒီဘ၀မှာ မရှိနိုင်၊ မရနိုင်တော့ပဲ အချစ်၊ မေတ္တာတွေ သံယောဇဉ်တွေကို ကျွန်မနဲ့ ပတ်သက်သူ အားလုံးအတွက် ကျွန်မကသာ ပေးဆပ်သူသက်သက်အဖြစ်နဲ့ ဒီဘ၀ကို အဆုံးသတ်ရလိမ့်မယ် ထင်နေခဲ့ရာကနေ ကျွန်မကို ပထမ နေရာမှာ အမြဲထားတဲ့ သူတယောက် ကျွန်မဘ၀ထဲကို မမျှော်လင့်ပဲ ရောက်လာပါတယ်။ မျှော်လင့်ထားခြင်း ကြိုတင်ပြင်ဆင်ထားခြင်းမရှိပဲ သူရောက်လာပေမယ့် ကျွန်မဘ၀ထဲ သူရောက်လာပြီဆိုတာ သိတဲ့နေ့ကစပြီး စကားလုံးနဲ့ ဖေါ်ပြမတတ်လောက်အောင် ကြည်နူးခြင်းနဲ့အတူ ဘာခံစားမှုနဲ့မှ မတူတဲ့ တသက်တာမှာ တခါမှ မခံစားဖူးတဲ့ ပီတိမျိုးကို ပထမဦးဆုံး ခံစားလိုက်ရပါတယ်။ သူ့ကို မတွေ့ဖူးခင်ကပင် သူ့ကို ကြိုဆိုဖို့အတွက် ကျွန်မရဲ့ ဘ၀တက်လမ်းတွေ၊ အနာဂတ်အစီစဉ်တွေ အားလုံးကို လစ်လျူရှုခဲ့ပါတယ်။ သူ့ကို ပထမဦးဆုံး စတင်တွေ့ဖူးတဲ့ နေ့မှာတော့ ကျွန်မရဲ့ စိတ်နှလုံးမှာ ဘယ်တုန်းကမှ မဖြစ်ပေါ်ဖူးခဲ့တဲ့ အချစ်တွေ၊ မေတ္တာတရားတွေနဲ့အတူ ကျွန်မဘ၀ဟာ တကယ်ပဲ အရာရာ ပြီးပြည့်စုံသွားပြီလို့ ခံစားလိုက်ရပြီး မေတ္တာစစ် မေတ္တာမှန် ဆိုတာကို ကျွန်မကောင်းကောင်းကြီး နားလည်ခံစားလို့ တတ်သွားပါတယ်။ အဲဒီ မေတ္တာနဲ့အတူ ကျွန်မရဲ့ အတွေး၊ ခံယူချက်၊ မျှော်လင့်ချက်၊ ဘ၀ရည်မှန်းချက်တွေနဲ့ အနာဂတ်အစီစဉ် အားလုံးဟာ သူ့အတွက်ပဲ ဖြစ်သွားပါတော့တယ်။

ကျွန်မဘ၀ထဲ သူရောက်လာပြီး သူ့ကို စတွေ့ဖူးတဲ့ နေ့ကစပြီး ကျွန်မဘ၀ ဆိုတာ လုံးဝပျောက်သွားပြီး ကျွန်မဘ၀ဟာ သူ့အတွက် အစိတ်အပိုင်းတခုသာ ဖြစ်သွားတော့တယ်။ ကျွန်မရဲ့ အချိန်တွေဟာလည်း သူ့အတွက်ပဲ အများဆုံး အသုံးပြု ဖြစ်သွားပါတယ်။ မိန်းမတိုင်းဟာ အလှကြိုက်တယ် အဆိုရှိပေမယ့် ကျွန်မဟာ တခြားမိန်းမတွေနဲ့ မတူပဲ ဘယ်တုန်းကမှ နှုတ်ခမ်းနီတွေ မိတ်ကပ်တွေ မသုံးဖူးပဲ သနပ်ခါး ရေကျဲပဲ လိမ်းကာ မိမိကိုယ်မိမိ မပြင်မဆင်နဲ့ ကပိုကရိုနေတတ်တဲ့ ကျွန်မဟာ အလှဆိုတာကို သူကြည့်တတ်လာတဲ့ အချိန်ကစပြီး ပတ်ဝန်းကျင်မှာ သူများနဲ့ မတူပဲ ဖြစ်နေရင် သူငယ်ချင်းတွေကြားမှာ သူ့အတွက် သိမ်ငယ်စရာ  ဖြစ်မှာစိုးလို့ အလှတွေ ပြင်တတ်လာတယ်။ သနပ်ခါးရေကျဲပဲ အမြဲ လိမ်းလာခဲ့တဲ့ မျက်နှာမှာ မိတ်ကပ်တွေ ဖို့တတ်လာတယ်၊ အရင်က တခါမှ မဆိုးဖူးတဲ့ နှုတ်ခမ်းနီတွေ ဆိုးတတ်လာတယ်။ ဒါတွေအားလုံးဟာ သူ့အပေါ်ထားတဲ့ မေတ္တာကြောင့်လို့ ပြောရင် ယုတ္တိမရှိဘူးဆိုတာ သိပေမယ့် ကျွန်မကတော့ တကယ်ပဲ သူ့ကြောင့် ပြောင်းလဲခဲ့တာ အမှန်ပဲ။

မေတ္တာဆိုတာ သူ့အကျိုးကို လိုလားခြင်းလို့ ဘုရားဟောတရားမှာ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ မေတ္တမှာ ကိုယ့်အကျိုးဆိုတဲ့ မျှော်လင့်ချက် ဘာတခုမှ မရှိရဘူး။ ဒါကြောင့်မို့ ကိုယ့်အကျိုးအတွက် မျှော်လင့်ချက် တစုံတရာနဲ့ ပြုအပ်တဲ့ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးနဲ့ ပြုအပ်သမျှဟာ သူ့အတွက် ကောင်းကျိုး ဖြစ်နေစေကာမူ မေတ္တာလို့ သတ်မှတ်လို့ မရနိုင်ပဲ ကောင်းမှုတခု ပြုတယ်လို့သာ သတ်မှတ်လို့ ရနိုင်ပါတယ်။ ဒီတော့ မေတ္တာဆိုတာ အစုံသက်သက်ပါပဲ။ ဒါပေမယ့် ကပ်ညှိတွယ်တာတဲ့ သမုဒယတွေနဲ့ အခုတမျိုး တော်ကြာတမျိုး ဖေါက်ပြန်၊ ပြောင်းလဲတတ်တဲ့ သံသရာထဲမှာ ကျင်လည်ကျက်စားနေတဲ့ ကိလေသာ သားကောင် ကျွန်မတို့ ပုထုစဉ်တွေမှာ ကိုယ့်အတွက်ဆိုတဲ့ အတ္တမကင်းနိုင်လို့ အကြွင်းမဲ့ မေတ္တာစစ် မေတ္တာမှန်ဆိုတာ ဘယ်လိုမှ မရှိနိုင်ပါဘူး။ ဒီလို ပြောလိုက်လို့ ပုထုစဉ်တွေမှာ မေတ္တာဆိုတာ မရှိနိုင်ဘူးလို့ ဆိုလိုခြင်းမဟုတ်ပါ။ မြတ်စွာဘုရားက ကျွန်မတို့ ပုထုစဉ်တွေအတွက် ပေးတဲ့ ဥပမာမှာ မေတ္တာနဲ့ပတ်သက်ပြီး မိခင်က တဦးတည်းသော သားအပေါ် ထားတဲ့ မေတ္တာအတိုင်း ဝေနေယျ သတ္တ၀ါတွေအပေါ် ထားရမယ်ဆိုပြီး "မာတာ ယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ" လို့  မေတ္တာသုတ်မှာ ဟောထားတာ တွေ့ရပါတယ်။ ဒါကြောင့် ပုထုစဉ်တွေမှာ ရှိတဲ့ အစစ်မှန်ဆုံး မေတ္တာဆိုတာ မိခင်က တဦးတည်းသောသားအပေါ် ထားတဲ့ မေတ္တာထက် ပိုပြီး ကြီးမြတ်တာ မရှိနိုင်တော့ဘူးလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ 


ဒါကြောင့်မို့ ဘယ်လောက်ပဲ ဆိုးယုတ်တဲ့သူ ဖြစ်နေပါစေ ဒီလောက်ဆိုးနေတဲ့ ဒီလူ့နေရာမှာ သားလေးများ ဖြစ်နေရင် ဘယ်လိုခံစားရမလဲဆိုတာနဲ့ တိုင်းတာပြီး အကုသိုလ်ကို နားမလည်တဲ့ ဘ၀သံသရာရဲ့ သားကောင်တွေအဖြစ် ဂရုဏာသက်ပြီး အတိုင်းအတာ တခုထိတော့ မေတ္တာပွားလို့ ရသွားတယ်။ ကမ္ဘာပေါ်မှာ ဘယ်တဦးတည်းသောသားရဲ့ မိခင်ကမှ တခြားပုဂ္ဂိုလ်တဦးဦးရဲ့ အကျိုးကို မိမိရင်သွေးရဲ့ အကျိုးထက်ပိုပြီး မလိုလားနိုင်ပါဘူး ဆိုတာ သားသမီးမရှိသူတွေ အနေနဲ့လည်း ယုတ္တိကျကျ တွေးပြီးနားလည်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် ဒီမေတ္တာကြောင့် ရတဲ့တကယ့်ပီတိကိုတော့ စိတ်ကူးနဲ့ ခံစားနားလည်လို့ ဘယ်လိုမှ မရနိုင်ပဲ သားသမီးရှိဖူးတဲ့သူမှသာ ခံစားနားလည်နိုင်မှာ သေချာပါတယ်။ သားသမီး ရှိသူတွေမှာတောင်မှ ဘယ်သားသမီးကိုမှ မျှဝေပေးစရာမလိုတဲ့ သားတယောက်တည်းကိုသာ မွေးထားတဲ့ မိခင်တွေကသာ ဘုရားပေးတဲ့ မေတ္တာဥပမာကို ပိုပြီး ခံစားနားလည်လို့ တတ်မှာ သေချာပါတယ်။  ဘုရားပေးတဲ့ မေတ္တာဥပမာဟာ ကျွန်မအတွက်တော့  လက်တွေ့ပါပဲ။

မိဘတိုင်း သားသမီးပေးတဲ့ ပီတိကို ခံစားနိုင်ကြပါစေ။

(လွန်ခဲ့တဲ့ ၁၀ နှစ် ၂၄. ၀၇. ၉၉ မှာ မွေးပြီး အခု ဒီပို့စ်ကို စရေးတဲ့ ၂၄.၀၇.၀၉ မှာ ၁၀ နှစ်တိတိ ပြည့်ပြီး အမေကိုသိပ်ချစ်ပြီး ဦးစားပေးတဲ့ သားသား အတွက် အမှတ်တရ ပို့စ်ဖြစ်ပါတယ်။ သားသားကို 24/07/99 ည ၇ နာရီ ၁၃ မိနှစ်မှာ မွေးပေမယ့် ကျွန်မသူ့ကို နောက်နေ့ မနက် ၂၅ ရက်နေ့မှာမှ စတွေ့ဖူးပါတယ်)

11 comments:

တုနှိုင်းမဲ့ မေတ္တာဆိုတာ ဒါပါပဲလေ။

အမ သမီးလေးလည်း ဇူလိုင်မွေးတာဘဲလေ..သမီးက ဆယ်ရက်နေ့ ...
အရာရာအားလုံး သူ့အတွက်ချည်းဘဲ စဉ်းစားပေးနေရတာပေါ့

ဒီနေ့ဒီရက်မှာ ဆယ်နှစ်ပြည့်တဲ့ သားသားတယောက် တတ်သိလိမ္မာပြီး
လူသားတွေကို အကျိုးပြုနိုင်မယ့် ထူးချွန်ထက်မြက်တဲ့ သားကောင်းရတနာ
တယောက်ဖြစ်ပါစေ...

mie nge

ကောင်းလိုက်တာ
ကြည်နူးမိပါတယ်

happy birthday ပါ သားသား

လူရည်ချွန် လူရည်မွန် ဖြစ်ပါစေ

အမ သမီးကလေးလည်း ၉၉ မွေးတာပဲ။ အမကတော့ ၃ယောက်ဆိုတော့ မေတ္တာအများကြီးပေါ့နော်..။ အမြဲတမ်းလိမ္မာတဲ့ အမေချစ် သားလေးနဲ့ ပျော်ရွှင်စွာ နှစ်များစွာ တိုင်ပါစေ။

မိဘမေတ္တာထဲမှာ မိခင်ရဲ့မေတ္တာက အကြီးမားဆုံးပါပဲ

အမေကို သိပ်ချစ်ပြီး ဦးစားပေးတဲ့ သားတယောက်ကို ပိုင်ဆိုင်ခွင့်ရတဲ့ မိခင်တယောက်ရဲ့ ကြည်နူးမှုကို လေးစားအားကျမိပါတယ်။

မိဘမေတ္တာဆိုတော့ ဘာနဲ့မှ တုနှိုင်းမရတာ ယုံကြည်ပါတယ်။
ကိုယ်တိုင် မိခင် ဖြစ်ခွင့်မရပေမဲ့ အမေ ဆိုတာကို ကမ္ဘာမှာ အလှဆုံးစကားလုံးလို့ ယုံကြည်လေးနက်တယ်။
စုန်ရေသာ ဖြစ်တဲ့ မိဘမေတ္တာကနေ သားလေးက သိပ်ချစ်ပြီး ဦးစားပေးခံရတယ်ဆိုတဲ့ အမေဘ၀ကတော့ ပိုပြီး ကြည်နူးချမ်းမြေ့စရာ ကောင်းမှာ အမှန်ပဲ။
Happy Birthday ပါ သားသားရေ..

မေတ္တာရဲ့ ငြိမ်းချမ်းအေးမြမှုကို တစေ့တစောင်း မြင်မိပါတယ်။
မငယ်နိုင် ကံကောင်းမှာပါ။
ဇူလိုင်ဖွားတွေက တော်တယ် ထက်မြက်တယ်။
မိဘကျေးဇူးကို အထူးသိတတ်တယ်ဗျ။
မှတ်ချက်။ ။ ဇူလိုင်ဖွားမို့ ကိုယ့်ဖက်ကိုယ်ယက်ပြီး သာသာထိုးထိုး ပြောသွား၏။ :D :P

သားသားလေးကိုHappy birthday လို့ wish လုပ်လိုက်ပါတယ်.... ငယ်နိုင်နှင့်ချစ်သောသားသားလေး..... ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေ....

ဒါဆို သားသားက Leo born ပေါ့။ ဇူလိုင်ချင်း တူပေမယ့် Zodiac လေး ကွာသွားတယ်။ တပတ်လောက် စောမွေးရင် ကန့်လန့်တိုက်တဲ့ ဂဏန်းလေး ဖြစ်နေမှာဗျ။

ပို့စ်တင်ခဲ့ပြီး ဘယ်မှလိုက်မလည်အားပဲ ဖြစ်သွားလို့ ဘယ်မှမရောက်ဖြစ်ပေမယ့် အခုလို လာလည်ပြီး မှတ်ချက်ပေးသွားသူအားလုံးကို ကျေးဇူးတင်ပါတယ်။ံHeartmuseum ပြောသလို ဂျူလိုင်ဖွားသားသမီးတွေ တော်တယ်လို့တော့ ကျွန်မလည်း ကြားဖူးပါတယ်။ ဒါပေမယ့် ကျွန်မသားက ဒီလောက်မတော်ပါဘူး။ ကိုဂျူလိုင် ပြောသလို ကန့်လန့်လုပ်တတ်တာတော့ Zodiac တွေ leo တွေ ခွဲထားစရာမလိုဘူး ကန့်လန့်လုပ်တဲ့ နေရာမှာတော့ ဇူလိုင်ဖွားတိုင်း တူတယ်ထင်တယ်။ ကလေးမရှိကြပဲနဲ့ မိဘမေတ္တာကို နားလည်ခံစားတတ်တဲ့ Rita, မမိုးချိုသင်းနှင့် S.C တို့ စုံတွဲကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကိုဒူကဘာ၊ ကိုအောင်သာငယ်နှင့် ဆရာမမေငြိမ်း Rose of Shron တို့ကတော့ သားသမီးတွေ ရှိကြတယ်ဆိုတော့ မိဘမေတ္တာနဲ့ ပတ်သက်ပြီး အထူးအထွေ ပြောစရာ လိုမယ်မထင်ပါဘူး။ သုံးယောက်ဆိုတော့ ရှိတဲ့မေတ္တာကို သုံးစုဖြစ်အောင် မျှဝေပေးရတာပါ ဆရာမ။ သုံးယောက်ရှိလို့ ဆရာမက ကျွန်မထက် မေတ္တာပိုများသွားတာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အခုစာလာဖတ်တဲ့ မိဘတွေထဲက ဆရာမလို သားသမီး တယောက်ထက် ပိုရှိတဲ့မိဘတွေရှိရင် ငယ်စဉ်ဘ၀ကစပြီး အခုချိန်ထိ မောင်နှမတွေကြားမှာ သိပ်ကို သိမ်ငယ်ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ရင်းပြီး သတိပေး တိုက်တွန်းလိုတာက သားသမီးတွေကို အကြီးကဘာဖြစ်တယ်၊ အငယ်က ဘာဖြစ်တယ်ဆိုပြီး နှိပ်တဲ့စကားလုံးတွေမပါစေပဲ မျှတနိုင်သမျှ မျှတအောင် အကြင်နာပေးပြီး ဆက်ဆံဖို့ ကျွန်မတိုက်တွန်းပါရစေ။ ကျွန်မမှာတော့ တယောက်ပဲ ရှိတော့ ဒီတယောက်ကိုပဲ အကြင်အနာတွေ အကုန်လုံးပေးနိုင်လို့ ကျွန်မသားမှာ ကျွန်မလို မိဘဘက်လိုက်ပြီး ချိုနှိပ်လို့ ခံစားရတဲ့ ဝေဒနာ ဒီတသက်ဘယ်တော့မှ မရှိနိုင်ပါဘူး။