မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label မြ၀တီ ရဲခေါင်. Show all posts
Showing posts with label မြ၀တီ ရဲခေါင်. Show all posts

၁၉.၇.၄၇


ကဗျာစပ်သူရော အာဇာနည်ခေါင်းဆောင်ကြီးတွေပါ သက်ရှိထင်ရှား မရှိတော့တဲ့အတွက် ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးပြီး ၁၂ နှစ်မြောက်နေ့ဖြစ်တဲ့ ၁၉.၉.၅၉ ရက်မှာ အဘဦးရဲခေါင်က အာဇာနည်နေ့ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာလေးကို ပြန်ဖေါ်ပြရင်း ဂုဏ်ပြုသူ ဂုဏ်ပြုခံအားလုံးကို အလေးပြုပြီး ကောင်းရာသုဂတိလားကြပါစေလို့ ဆုတောင်းလိုက်ပါတယ်...

"၁၉.၇.၄၇"

ပြည်ဗမာ ရွှေအိမ်တွင်း မှာဖြင့်
မသတီစရာ ပွေလိမ်တဲ့ အခင်းရယ်ကြောင့်
(ဗိုလ်ချူပ်ရေ...)
ရေတိမ်အတွင်းမှာမှ နစ်ရသည်။ ။

သြော်.... အခင်းစစ်လိုက်ပြန်တော့
အတွင်းနှစ်မှာ လျော်ကန်တဲ့နည်းတွေနဲ့
တော်လှန်အပြီးမှာ မြန်ပြည်လွတ်ရန်ဘို့
ကြံစည်မချွတ်သနော် အားအင်သုံးလို့ရယ်
ပုန်းလျက်စစ်ချီ....။ ။

ရိုင်းလိုက်လေ မျိုးမစစ်တဲ့ အခင်းပေထင့်
ဂိုဏ်းမိုက်တွေ ဆိုးညစ်တဲ့ အခြင်းရယ်နဲ့
မျိုးချစ်တသင်းကိုတော့ သတ်ခဲ့ပြီ....
တပ်ဖွဲ့ဇာနည်တွေမှာဖြင့်
ခြောက်နတ်ရွာသို့ မြန်းကြွပြီတကား.....။
မြတ်တဲ့သာကီတွေဟာမို့
နောက်ထပ်လာဘို့ တမ်းတသည်အများ....။

ဖြစ်ကြောင်းငယ်ညွန်
နှစ်ဟောင်းကွယ်လွန်ခဲ့ပေမယ့်
ဆယ့်ကိုး,ခွန်,လေးခွန်နှစ်ကိုတော့
ဖန်တခါခါ ပြန်ကာစစ်ပါလျှင်ဖြင့်
အမြဲတိုင်သဲဆိုင်နစ်လို့ရယ်
မေ့ပစ်မသွား...။ ။

မြ၀တီ-ရဲခေါင်

(၁၉၅၉ ခု၊ ဇူလိုင်လထုတ် မြ၀တီမဂ္ဂဇင်းမှ)

အဘဦးရဲခေါင်ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုလည်း ဒီမှာ http://nge-naing.blogspot.com.au/2013/03/blog-post.html တင်ထားတာ ရှိပါတယ်။ 


အာဇာနည်ခေါင်းဆောင်ကြီးများအားလုံး ကောင်းရာသုဂတိ လားကြပါစေ။

 


အဘ မြ၀တီ ရဲခေါင်အမှတ်တရ





Dear all staff

This is a list of some useful words which could be requested by Mr Ye Goung. He is quite orientated with person, place and what he wants. He will point out what he wants in this list as he couldn't speak clearly. When you talk to him please keep your mouth close to his left ear otherwise he wouldn’t hear you. I think it will be helpful to communicate between staff and Mr Ye Goung.
With regards 
 (1)ဟုတ်ကဲ့ - Yes
(2) မဟုတ်ဘူး  - No
(3) ရေသောက်ချင်တယ်  (3) I’m Thirsty-
(4) ဗိုက်ဆာတယ် (4) I am hungry
(5) နာတယ် Pain
 
  အဘဦးရဲခေါင် ကွယ်လွန်ခဲ့တဲ့ တလပြည့်နေ့မှာ အဘဆုံးတဲ့နေ့က သူဆုံးတဲ့ လူအိုရုံကနေ ကျွန်မပြန်ယူလာခဲ့တဲ့ သူနာပြုတွေနဲ့ အဘအကြား ပြောဆိုဆက်ဆံရေးမှာ လွယ်ကူချောမွေ့အာင် သူနာပြုတွေကို အဘလိုအပ်တာ ထောက်ပြပြီး ပြောဖို့ လိုအပ်တဲ့ အကြောင်းအရာ တဆယ်ကျော်ခန့် ကျွန်မရေးထားပေးတဲ့ စာရွက်လေးကို ပြန်ကြည့်ဖြစ်ပြီး အဘရဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်လာတယ်။ အဘ ဆုံးခါစကတော့ အဘဆီ ကျွန်မ နေ့တိုင်းလိုလို ရောက်နေပြီး မရောက်ဖြစ်တဲ့ နေ့မှာမှ အဘတယောက် ကျွန်မ မထင်မှတ်ထားတဲ့အချိန်မှာ ရုတ်တရက် ဆုံးသွားတာကို မယုံကြည်နိုင်အောင် ဖြစ်ရပြီး သူ့ရဲ့နောက်ဆုံးထွက်သက်အချိန်မှာ ကျွန်မအဘဘေးနားမှာ မရှိလိုက်တာကို ယူကျုံးမရ ဖြစ်ရလို့ ဆုံးပြီး တပတ်နှစ်ပတ်အတွင်း အဘနဲ့ပတ်သက်ပြီး  ဘာမှပြောနိုင် ရေးနိုင်စွမ်း မရှိတော့လောက်တဲ့အထိ ကျွန်မကို စိတ်မကောင်း ဖြစ်ခဲ့ပါတယ်။

 အဲဒီအချိန်က အဘသားအငယ် ကိုနေလင်းကို အဘနောက်ဆုံးထွက်သက်အချိန်မှာ ဘယ်လိုအခြေအနေ ရှိခဲ့လဲလို့ ကျွန်မမေးကြည့်တော့ "မငယ်ရေ ဖါးသားကြီးအတွက်တော့ ဘာမှ မပူပါနဲ့ သေတာ အပြုံးတောင်မပျက်ဘူး သူအသက်မထွက်ခင်မှာ ကျွန်တော်အပါအ၀င် ဘေးနားမှာ ရှိနေသူအားလုံးကို ဘိုင့်ဘိုင်တွေဘာတွေ ပြောပြီးတောင် လက်ပြနှုတ်သွားသေးတယ် ဖါးသားကြီးကတော့ မနိုင်ဘူး. သူ့လက်ကို ကျွန်တော်ကိုင်ပေးထားပြီး တရားခွေ ပေးနားထောင်ထားတဲ့အချိန်မှာ သိပ်မကြာလိုက်ဘူး အသက်ပြင်းပြင်း သုံးကြိမ်လောက်ပဲ ရှူပြီး အေးအေးဆေးဆေးပဲ အသက်ထွက်သွားတယ်" လို့ အရယ်တ၀က်နဲ့ သူ့အဖေရဲ့ နောက်ဆုံးထွက်သက်အချိန်ကို ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောပြတော့ အဘ ဘ၀ကူးကောင်းကြောင်း သိရလို့ အနည်းငယ် စိတ်သက်သာရာ ရခဲ့ပါတယ်။ 

အဘရဲ့ ဈာပနအခမ်းအနား ကျင်းပတဲ့နေ့က အဘရဲ့ခန္ဓာကိုယ် ရုပ်ကလပ်ကို နောက်ဆုံးနှုတ်ဆက် ဂါရ၀မပြုမီ အနည်းငယ် ပိုနေသေးတဲ့အချိန်မှာ အခမ်းအနားမှူးက မိမိဖြတ်သန်းခဲ့တဲ့ ဘ၀မှာ အဘနဲ့ ပတ်သက်ပြီး အမှတ်တရလေးတွေ ရှိရင်မိနှစ်အနည်းငယ်စီ ပြောကြဖို့  ခွင့်ပေးတော့ တော်လှန်ရေး သို့မဟုတ် စာပေလောကမှာ အဘနှင့်အတူ ဖြတ်သန်းလာသူ တချို့က သူတို့ကြုံတွေ့ရတဲ့ အမှတ်တရလေးတွေကို လွမ်းလွမ်းဆွေးဆွေး ပြောပြကြပါတယ်။ ကျွန်မကတော့  တခြားသူတွေနဲ့လို အနှစ်နှစ်အလလက  သိကျွမ်းခင်မင် ရင်းနှီးလာသူလည်း မဟုတ် လုပ်ဖေါ်ကိုင်ဘက် ဖြစ်ဖူးသူလည်း မဟုတ်တော့ ပုံမှန်အတိုင်းဆို ပြောစရာ ဘာမှ မရှိလောက်ပေမဲ့ အဘနဲ့ ပတ်သက်ပြီး ကျွန်မမှာ ရင်နဲ့မဆံ့အောင် ပြောချင်စရာတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့က အဘအကြောင်း ပြောဖို့နေနေသာသာ အခမ်းအနား ပြီးခါနီးအချိန် ရောက်လေ ရင်ထဲကအလုံးကြီးက ပိုပြီးဆို့နစ်လာလေ ဖြစ်နေတော့ ဘေးနားကလူတွေ နှုတ်ဆက်ရင်တောင် ပြန်ပြောနိုင်စွမ်း မရှိတော့လောက်အောင်ကို ကျွန်မလျှာတွေကို လေးလံ၊ ဆွံ့အ၊ တုံ့ဆိုင်းစေခဲ့ပါတယ်။ အခုအဘဆုံးတာ တလကြာတဲ့အခါမှာတော့ တသက်လုံး မိမိအကျိုး၊ မိသားစုအကျိုးထက် အများအကျိုးကိုသာ ဦးစားပေးခဲ့တဲ့ အဘတယောက် ကောင်းရာဘုံဘ၀မှာ ရောက်ရှိနေလိမ့်မယ်ဆိုတာ ယုံကြည့်လို့ စိုးရိမ်မှုတွေ၊ ပူဆွေးမှုတွေ သူဆုံးခါစကလောက် မရှိတော့တဲ့အတွက် အဘနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကို ပြန်ပြောနိုင်ပါပြီ။
 
အဘကို ကျွန်မ စတွေ့ဖူးတာက သြစကြေးလျားနိုင်ငံကို ကျွန်မတို့ ရောက်ပြီးနောက်ပိုင်း အခုသူ့အတွက် တလပြည့်ဆွမ်းကပ်တဲ့ ဆစ်ဒနီမြန်မာ ဘုန်းတော်ကြီးကျောင်းမှာပဲ ၂၀၀၂ နှစ်ရဲ့ နှစ်သစ်ကူး အခမ်းအနားမှာ ဖြစ်တယ်။ အဲဒီအခမ်းအနားမှာ အဘအပါအ၀င် သက်ကြီးရွယ်အိုတွေက နှစ်သစ်မင်္ဂလာ သြ၀ါဒစကားချွေကြပြီး နှစ်သစ်အတွက် ဆုတောင်းမေတ္တာ ပို့သပေးကြပါတယ်။  ကျွန်မတို့ ဆစ်ဒနီမြန်မာ ကွန်မြူနီတီမှာ ကျင်းပတဲ့ အခမ်းအနားတွေ ပွဲတွေထဲမှာ ရှစ်လေးလုံးတို့လို နိုင်ငံရေး အခမ်းအနားတွေမှာသာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့သူနဲ့ စိတ်ဝင်စားသူတွေသာ လာကြပေမဲ့ ဒီလို ဘာသာရေး၊ ယဉ်ကျေးမှုစတဲ့ အခမ်းအနားတွေကျတော့ နောက်ခံပေါင်းစုံက မြန်မာနိုင်ငံသားတွေလာကြပြီး ဒီလိုအခမ်းအနားမျိုးတွေမှာ စကားပြောကြသူတွေဟာ နိုင်ငံရေးအကြောင်းတို့ စစ်အာဏာရှင်အကြောင်းတို့ကို ပြောခဲပါတယ်။ လာကြတဲ့ လူတွေကလည်း နိုင်ငံရေးကို အကြောင်းပြုတဲ့ အခမ်းအနားတွေထက် ဒိလိုအခမ်းအနားမျိုးမှာ လူပိုများလေ့ရှိပါတယ်။

 ဒီလို နောက်ခံပေါင်းစုံက သူတွေပါတဲ့အခမ်းအနားတခုမှာ နှစ်သစ်ဆုတောင်းကို တခြားသူတွေ ဆုတောင်းတွေနဲ့မတူ တမူထူးခြားစွာ ဆုတောင်းသူ အဘကို အဲဒီအခမ်းအနားမှာ စတွေ့ဖူးပြီး ထူးထူးခြားခြား သတိထားမိသွားပါတယ်။ အဲဒီအချိန်က ကျွန်မတို့က သြစကြေးလျားကို ရောက်ခါစ ဖြစ်ပြီး သားကလည်း ငယ်သေးတော့ ကျွန်မက ဟောခန်းမထဲမ၀င်ဘဲ ခန်းမအပြင်ဘက်ကနေပြီးပဲ  တွန်းလှည်းလေးနဲ့ ကလေးထိန်းရင်း အထဲမှာ ပြောနေတာကို နားထောင်နေခဲ့တယ်။ အတော်များများ အဖိုးအဖွားတွေက ဆုတောင်းကို တိုတိုလေးပဲ ပေးကြပါတယ်။ အဲဒီအချိန်မှာ ထူးခြားပြီး ရှည်လျားတဲ့ နိုင်ငံရေးလိုအပ်ချက်တွေနဲ့ ဆက်စပ်တဲ့ နှစ်သစ်ကူးဆုတောင်းတွေကို ကဗျာသံ ကာရန်သံတွေနဲ့ အဖိုးအိုတယောက်က ရွတ်ဆိုဆုတောင်းသံကို ကြားလိုက်ရတယ်။ ဒီလို ဘာသာရေး ယဉ်ကျေးမှု အခမ်းအနားမျိုးမှာ ဒီလိုဆုတောင်းမျိုးကို ဆုတောင်းပေးတဲ့အဖိုးအိုကို ကျွန်မ တော်တော်လေး စိတ်ဝင်စားသွားပါတယ်။ ကျွန်မတင်မဟုတ်ဘူး တခြားခန်းမအပြင်က လူတွေတချို့ကပါ အဘကတော့ မနိုင်ဘူး လုပ်ချလိုက်ပြန်ပြီလို့ ပြောပြီး အဘဆုတောင်း စာကြောင်းတခုကျတိုင်း ခန်းမထဲမှာ ထိုင်ပြီးနားထောင်နေတဲ့သူ တချို့နဲ့ အတူလက်ခုပ် သြဘာပေးကြတာကို တွေ့ရပါတယ်။ ကျွန်မက ခန်းမ အပြင်မှာ ရှိနေတဲ့ တယောက်ကို အဲဒီအဖိုးကြီးက တော်တော်ပြောတတ်တာပဲနော့် ဘယ်သူလဲလို့ မေးကြည့်တော့ ဟယ် အဘဦးရဲခေါင်ကိုတောင် မငယ်မသိဘူးလားဆိုပြီး ကျွန်မကို အံ့သြတဲ့ လေသံနဲ့ ပြန်မေးခံရလို့ ဒီအဖိုးကြီးကတော့ တော်တော်လူသိများတဲ့ အဖိုးကြီး ဖြစ်မယ်ဆိုတာ သဘောပေါက်လိုက်တယ်။ အဲဒီတုန်းက ကျွန်မတို့ရောက်တာလည်း တနှစ်တောင် မပြည့်သေးတော့ ကျွန်မအတွက်တော့ အဘကို မသိတာ ဘာမှမဆန်းဘူးလို့ပဲ တွေးနေတယ်။ 

အဲဒီနေ့က အဘရဲ့ ဆုတောင်းစာသားတွေကို သဘောကျပြီး ခန်းမအပြင်ဘက်မှာ ကလေးထိန်းရင်း နားထောင်နေရာကနေ ကလေးကို တခြားကလေးအကြီးတွေနဲ့ ခဏအပ်ထားခဲ့ပြီး ဘုန်းကြီးကျောင်းရဲ့  ကျောဘက် မီးဖိုဆောင်တံကားကနေ  ခန်းမထဲလှည့်ဝင်ပြီး အဘဦးရဲခေါင် ဆိုသူကို ဓာတ်ပုံ သွားရိုက်ဖို့ ခန်းမထဲ ကျွန်မ ၀င်လာပါတယ်။ အဘဦးရဲခေါင်ဆိုသူဟာ တိုက်ပုံအကျီနဲ့ ရခိုင်ပုဆိုးဝတ်ကာ မောင့်ကျက်သရေခေါင်းပေါင်းကြီးကို ကျကျနန ပေါင်းထားလိမ့်မယ်လို့ ထင်ထားတာ ကြည့်လိုက်တော့ ထင်တာနဲ့ တခြားစီ ဖြစ်နေတယ်။ သူက တခြားအဖိုးကြီးတွေလို ပုဆိုးနဲ့ တိုက်ပုံဝတ်ထားတာ မဟုတ် မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့လည်း မဟုတ် ခေါင်းပေါင်း တပ်ရမည့်နေရာမှာတော့ ဂျပန်စစ်သား ဆောင်းတဲ့ ဦးထုပ်လို နားရွက်နှစ်ဖက်အထိ အုပ်တဲ့ ဦးထုပ်အနက်ရောင်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ရင်ထိုးတံဆိပ်ကို တပ်ပြီးဆောင်းထားတာကို တွေ့ရပါတယ်။ အ၀တ်အစားကတော့ အပေါ်ပိုင်းမှာ အဖြူရောင် ရိုးရိုးရှတ်အကျီကိုဝတ်ထားပြီး အောက်ပိုင်းမှာတော့  အနက်ရောင်ထင်တယ် ရိုးရိုးဘောင်းဘီရှည်ကိုပဲ ၀တ်ထားပြီး ဦးထုပ်အောက်က တွေ့ရတဲ့ ဆံပင်က အဖိုးကြီးတယောက်လို တိုတိုမဟုတ်ဘဲ ကာလသားဆံပင်ဆန်ဆန် အရှည်နဲ့ နှုတ်ခမ်းမွေးအနေတော်၊ ပလီဆရာတယောက်လို မေးစေ့ကိုဖုံးပြီး တွဲလောင်းကျနေတဲ့ မုတ်ဆိတ်မွေးခပ်ရှည်ရှည်နဲ့  ပိန်ပိန်သွယ်သွယ် အဖိုးကြီးတယောက် ဖြစ်နေတာကို တွေ့ရတယ်။ ကုလားမဟုတ်၊ ဘာမဟုတ်ဘဲ မုတ်ဆိတ်မွေးကို ဒီလောက်အရှည်ထားတဲ့ ဗမာတယောက်ကို ကျွန်မ ပထမဦးဆုံး တွေ့ဖူးခြင်းဖြစ်တယ်။ သူ့ရဲ့ ၀တ်စားဆင်ယင်ပုံနဲ့ သူ့ပုံကိုကြည့်ရတာ သူ့အသက်အရွယ်နဲ့စာရင် ပိုနုနေသလိုရှိပေမဲ့ ကျွန်မမျက်စိမှာတော့  ဗမာအဖိုးအိုတယောက်ရဲ့ ဒီလိုပုံစံကို ကိုးယိုးကားယား နိုင်သလို ခံစားရတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆုတောင်းတွေကို သဘောကျလို့ အဲဒီကိုးယိုးကားယားနိုင်တာကို ကျွန်မ မေ့သွားပါတယ်။ 
 
  (9/03/13) ရက်က အဘ ဈာပန အခမ်းအနားမှာ ကျွန်မ ဝေခဲ့တဲ့ အဘရဲ့ ဆုတောင်းတွေက အဲဒီတုန်းက ကျွန်မကြားခဲ့တဲ့ အခမ်းအနားက ဆုတောင်းတွေပါ။ အဘကို ကျွန်မ အဲဒီအခမ်းအနားမှာ ပထမဦးဆုံး တွေ့ဖူးတာဖြစ်ပြီး ယောက်ျားက အဲဒါမြ၀တီရဲခေါင်ပေါ့ စာပေရော နိုင်ငံရေးပါ နှံ့စပ်တဲ့ တကယ့် တော်လှန်ရေးသမားကြီးလို့ တလေးတစား ပြောပြတဲ့အခါမှာ ဘယ်တုန်းက ဘယ်အဖွဲ့မှာ ဘာလုပ်တဲ့တော်လှန်ရေးသမားမှန်းလည်း မသိ၊ သူ့နာမည်ကို ကြားဖူးသလို ရှိပေမဲ့ ဘယ်နေရာမှာ စာရေးလို့ စာပေနဲ့ နှံ့စပ်မှန်းလည်း ကျွန်မ မသိဘဲ သူ့အရင်ကအကြောင်းကို ကျွန်မ သိပ်ပြီး စိတ်မ၀င်စားလှဘူး။ အရင်က သူလုပ်လာတဲ့ သူ့အကြောင်းထက် လက်ရှိသူ့ဆုတောင်းကိုပဲ ကျွန်မ ပိုစိတ်ဝင်စား ပိုသဘောကျနေပြီး အဲဒီအဖိုးကြီးက တော်တော်လေး ထိအောင် ပြောတတ်တယ်နော်လို့ပဲ မှတ်ချက်ပေးခဲ့ပါတယ်။ ကျန်တဲ့သူတွေကလည်း အဘကို စိတ်ကောင်းရှိကြောင်း၊ တော်ကြောင်း ရဲဘော်ရဲဘေက်တွေကို သားသမီးလိုချစ်ကြောင်း စသည်ဖြင့် သူ့ဂုဏ်ပုဒ်တွေကို ပြောပြီး ချီးမွမ်းခန်း ထုတ်နေလေတော့ ဒီအဖိုးကြီးဟာ လူသိများတဲ့အပြင် လူချစ်လူခင်လည်း တော်တော်များတာပဲဆိုတာ တခုထပ်သိသွားတယ်။ တဆက်တည်းမှာပဲ အဘဟာ ပြည်ချစ်ခေတ်က တော်လှန်ရေးလုပ်လာသူဆိုတာ သိခဲ့ရတယ်။ ဒါက အဘကိုစတွေ့ဖူးတဲ့အချိန်မှာ စစချင်း သိရတဲ့ အချက်တွေပါ။
 
နောက်တခါ ဒီဘုန်းကြီးကျောင်းမှာပဲ မြန်မာနှစ်သစ်ကူး အခမ်းအနားမှာ အဘစကားပြောနေတာ  တခါထပ်တွေ့ရတယ်။ အဲဒီတုန်းကလည်း အရင်တခါလိုပဲ ကလေးထိန်းရင်း အပြင်က နားထောင်ရတော့ ကြားတချက် မကြားတချက်နဲ့ ဆိုတော့ သူပြောနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အဆက်အစပ်ကို မသိလိုက်ဘူး။ ပထမကြားတာ ၃၈ ဖြာမင်္ဂလာဆိုတာ တချက်ကြားလိုက်တော့ ဘုန်းကြီးကျောင်းမှာလည်း ဖြစ်တော့ ဘုရားသမိုင်း ပြောနေတယ်လို့ ထင်လိုက်ပါတယ်။ အာရုံက ခန်းမဆီမှာ တလှည့် ကလေးဆီမှာ တလှည့်ဖြစ်နေလို့ မကြားတချက် ကြားတချက်ပါပဲ။ နောက်တခါ ကြားလိုက်တာက အာဝါဟ၊ ၀ိဝါဟ ဆိုတဲ့စကားလုံးတွေ ဖြစ်တယ်။ ကျွန်မ ကြားဖူးသလောက် အာဝါဟ ၀ိဝါဟဆိုတာ မင်္ဂလာဆောင်ရင် မင်္ဂလာမောင်နှံကို ဘိဿိက်ဆရာက သြ၀ါဒပေးတဲ့ စကားဖြစ်ပြီး ဒါကို ဇာတ်ပွဲတွေမှာ လူရွှင်တော်တွေက မကြာခဏ ပြက်လုံးလုပ်ပြီး ပြောနေတာကို အများဆုံး ကြားဖူးထားတော့ ဘယ်လိုကနေ ဘယ်လို ၃၈ ဖြာမင်္ဂလာကနေ အာဝါဟ ၀ိဝါဟ ဖြစ်သွားပြန်တာလဲမသိဘူး၊ အဘလည်း ဟာသပြောနေတာပဲ ဖြစ်မယ်လို့ ကျွန်မက ထင်လိုက်တယ်။  ဒီအဖိုးကြီးတယောက်တော့ ဘုရားအကြောင်းပြောလိုက် အာဝါဟ ၀ိဝါဟတွေ ပြောလိုက်နဲ့ တော်တော်စုံတာပဲလို့ တွေးနေခဲ့ပေမဲ့ အဲဒီနေ့က အဘ ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မ မသိလိုက်ဘူး။ အမှန်က အဘပြောတာ ကျွန်မတို့က အစွန်အဖျားကြားပြီး ထင်ကြသလို မဟုတ်ဘူးဆိုတာ ကျွန်မကို အဘပေးထားခဲ့တဲ့ စာထုပ်ထဲက အဘလက်ရေးမူနဲ့ ရေးထားတဲ့ စာရွက်တခုမှာ အဲဒီတုန်းက ပြောထားတဲ့ စာရွက်လည်း ပါလာပြီး အခုပြန် တွေ့မှရမှ အဘပြောတဲ့ စကားက ကျွန်မတို့ ထင်သလို ဟာသမဟုတ် မင်္ဂလာနဲ့ ပတ်သက်တဲ့ တိကျတဲ့အချက်အလက်တွေကို ပြောထားတယ်ဆိုတာ သိရတယ်။ (ဒါကို ကျွန်မ လာမည့်မြန်မာနှစ်သစ်ကူးနေ့မှာ တင်ဖို့ရှိပါတယ်)။ 

ဘာသာရေး အခမ်းအနားတွေအပြင် နောက်ပိုင်းကျတော့ ကျွန်မရောက်တဲ့ နိုင်ငံရေးအခမ်းအနားတိုင်းမှာလည်း အဘကို မကြာခဏ တွေ့ရပြီး အဲဒီ အခမ်းအနားတွေမှာ စကားပြောတာကိုလည်း မကြာခဏ တွေ့ရတယ်။ အဘနဲ့ ရင်းရင်းနှီးနှီး သိသွားတာက ကျွန်မတို့ မကြာခင်ကမှ ပြောင်းလာပြီး အခုလက်ရှိနေတဲ့ ရပ်ကွက်မှာ ညနေပိုင်း မြန်မာအမျိုးသားတွေ ခြင်းလုံးခတ်ပြီး အမျိုးသမီးတွေက ကလေးလာပေးကစားတဲ့ Park ရှိပါတယ်။ အဘက အဲဒီ ရပ်ကွက်မှာနေပြီး ညနေပိုင်းမှာ Park ကို လမ်းလျှောက်လေ့ရှိတော့  ခြင်းလုံးသွားခတ်တဲ့ ကျွန်မ အမျိုးသားနဲ့ ရင်းနှီးလာပြီး ပြည်ချစ်ခေတ်က တော်လှန်ရေးလုပ်ခဲ့တဲ့ အဖိုးကြီးအဖြစ် သိထားရာကနေ အဘဟာ BIA နဲ့ BDA တပ်တွေမှာ ပါဝင်ခဲ့တဲ့ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ဖြစ်တဲ့အပြင် ၈၈ နောက်ပိုင်း ကျွန်မတို့လို တောခိုတော်လှန်ရေး လုပ်ခဲ့သူဆိုတာကိုပါ သိလိုက်ရပြီး BIA, BDA ခေတ်တုန်းက အတွေ့အကြုံတွေ မေးရင်း ခြင်းလုံးအမြဲသွားခတ်တဲ့ ကျွန်မ ယောက်ျားနဲ့ ရင်းနှီးသွားပါတယ်။ နောက်ပိုင်းမှာ ယောက်ျားက အဘကို အိမ်အထိခေါ်လာလည်တာတွေ ရှိလာပြီး ခြင်းကွင်းကို သိပ်မသွားတဲ့ ကျွန်မလည်း အဘနဲ့သိပြီးနောက်ပိုင်း တခါတလေ ယောက်ျားခြင်းလုံး သွားခတ်ရင် လိုက်လည်ဖြစ်တယ်။ ခြင်းကွင်းမှာ ခြင်းခတ်တဲ့သူက ခတ်နေရင် ကလေးငယ်ငယ်တွေရဲ့ အမေတွေက ကလေးကို ကလေးကစားတဲ့နေရာမှာ သွားပေးဆော့ပြီး ကျွန်မတို့လို ကလေးကြီးကြီးတွေရဲ့ မိခင်တွေနဲ့ အဘတို့လို သက်ကြီးရွယ်အိုတွေက မြက်ခင်းပြင်ပေါ်မှာ ထိုင်စကားပြောပြီး ခြင်းပွဲကိုကြည့်ရှု အားပေးကြတယ်။ အဲဒီမှာ အဘနဲ့ စကားတွေဘာတွေ ပြောဖြစ်မှ အဘအကြောင်းနဲ့ အဘရဲ့ စိတ်ဓာတ်ကို ကျွန်မ ပိုသိလာပါတယ်။

နောက်ပိုင်းမှာ အိမ်မရောက် ဖြစ်ပေမဲ့ ဆစ်ဒနီမှာ ကျင်းပတဲ့ အခမ်းအနားတွေမှာ အဘကို အမြဲတမ်းလိုလို တွေ့ရပြီး စကားတွေ ပြောဖြစ်တယ်။ နောက်တော့ ကျွန်မက အဘအကြောင်းတွေ ပိုစိတ်ဝင်စားလာတော့ ယောက်ျားက အဘရေးတဲ့စာတချို့ ဘလော့ဂ်မှာ တင်သင့်ကြောင်း အကြံပြုလို့ သူ့ဆီကတဆင့် အဘ ရေးတဲ့တချို့အကြောင်းအရာတွေကို ကျွန်မဘလေ့ဂ်မှာ တင်ချင်ကြောင်း ပြောတော့ အဘက စက္ကူဖါအသေးတဖါနဲ့ ထည့်ထားတဲ့ သူ့စာမူထုပ်တထုပ်ကို ကြိုက်တာသုံးဆိုပြီး ယောက်ျားနဲ့  ပေးလိုက်တယ်။ အဲဒီကစပြီး အဘရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်းကို ပထမဦးဆုံး စတင်ဖြစ်ပြီး အဘလက်ရေးမူနဲ့ ရေးထားတဲ့ စာတချို့ကို ကွန်ပြူတာနဲ့ ပြန်ရိုက်ထုတ်ပြီး ကျွန်မဘလော့ဂ်မှာဆက်တင်ဖြစ်ခဲ့တယ်။ ဘလော့ဂ်က ဆိုက်ဘားရှိ Label အောက်မှာ မြ၀တီရဲခေါင်လို့ ရေးထားတဲ့ Label ကိုနှိပ်လိုက်ရင် ကျွန်မတင်ထားပြီးသား အဘပို့စ်တွေကို တစုတစည်းတည်း တွေ့နိုင်ပါတယ်။

အိမ်ကသားမူလတန်းကျောင်းပြီးသွားတဲ့အချိန်မှာတော့  သားပညာဆက်သင်မည့် အထက်တန်းကျောင်းကို ကိုယ်လိုချင်တဲ့ကျောင်းမှာ ရနိုင်ဖို့အတွက် ကျွန်မတို့က အဲဒီကျောင်းရှိရာ ရပ်ကွက်ကို ပြောင်းပြီးသွားနေလိုက်တော့ မြန်မာအများစုနဲ့ ဝေးရာကို ရောက်သွားသလို ခြင်းကွင်းကိုလည်း ကောင်စီက စနစ်တကျ ကော်ဇောခင်းပေးဖို့ ပြန်ပြင်နေချိန် ဖြစ်လို့ Park ကို ပိတ်ထားလိုက်တာနဲ့ တိုက်ဆိုင်သွားတော့ မြန်မာအများစု စုဆုံရာ ခြင်းကွင်းနဲ့ပါ အဆက်ပြတ်သွားပြီး ဒီဘက်ကို သိပ်မရောက်ဖြစ်ဘဲ အခမ်းအနားတွေ သွားဖြစ်မှ အခမ်းအနားတွေမှာ တွေ့တာကလွဲလို့ အဘနဲ့လည်း မတွေ့ဖြစ်တာ တော်တော်လေးကို ကြာသွားပါတယ်။ ကလေးကျောင်းအခြေကျသွားလို့ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးက ဒီဘက်ကို ပြန်ပြောင်းလာပြီး အိမ်အပြောင်းအရွှေ့နဲ့ အလုပ်များနေချိန်မှာ အဘနေမကောင်းလို့ ဆေးရုံတက်ရတယ်ဆိုတာ ကြားသိလိုက်ရတယ်။ ဒီလောက်အထိ မထင်ထားတော့ အိမ်ပြန်ရောက်မှပဲ သွားကြည့်တော့မယ်ဆိုပြီး စီစဉ်ထားစဉ်မှာ အဘကို အိမ်ပြန်မခေါ်လာဖြစ်တော့ဘူး Nursing Home ကို ပို့လိုက်တယ်ဆိုတာ ကြားရတယ်။

၂၀၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ Burma Campaign Australia က ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ် မွေးနေ့ပွဲမှာအဘကို ကျန်းမာနေစဉ် ကျွန်မ နောက်ဆုံးတွေ့ခဲ့ပြီး အပေါ်ပုံက အဲဒီအချိန်က ညနေစာအခမ်းအနားတုန်းက ထောင့်အကျဆုံး စာပွဲခုံမှာ ထိုင်တဲ့အဘကို ကျွန်မ အမှတ်တရ ရိုက်လာတဲ့ပုံ ဖြစ်တယ်။ ဒီကြားထဲ အနေဝေးသွားတာရော၊ အလုပ်များတာပါ စုဆုံပြီး ကျွန်မလည်း စနေတနင်္ဂနွေအလုပ်လုပ်ပြီး အခမ်းအနားတွေလည်း သိပ်မရောက်ဖြစ်တော့တာနဲ့ အဘကို အကြာကြီးမတွေ့တော့ဘဲနဲ့  နောက်တခါ ပြန်တွေ့ရတဲ့အချိန်မှာ အဘက နေမကောင်းသူတယောက် အဖြစ်နဲ့ သူနောက်ဆုံးနေသွားတဲ့ Nursing Home ကိုရောက်နေပါပြီ။

 ကံအားလျော်စွာပဲ အဘ ရောက်နေတဲ့ လူအိုရုံက ကျွန်မ အလုပ်လုပ်တဲ့ ရပ်ကွက်မှာ ဖြစ်ပြီး ကျွန်မ လုပ်တဲ့ဆေးရုံနဲ့လည်း သိပ်မဝေးတော့ မနက်ပိုင်း အလုပ်လုပ်တဲ့ နေ့တွေမှာ အလုပ်ဆင်းရင် အိမ်မပြန်ခင် နေ့တိုင်းလိုလို ရောက်ဖြစ်ပါတယ်။ ကျွန်မ ပထမဆုံး ရောက်သွားတဲ့နေ့မှာ အဘက ညကအန်ပြီး အဖျားတွေတက်၊ အသက်ရှုတွေကြပ်လို့ အောက်စီဂျင်ပေးခဲ့ရတယ်လို့ သိရပြီး အဘ ကျွန်မကို စကားတောင် မပြောနိုင်ဘူး။ ကျွန်မကို မှတ်မိလားမမှတ်မိလား ခန့်မှန်းလို့ မရလောက်အောင်ကို အဘအခြေအနေက တော်တော်လေး ဆိုးနေခဲ့ပါတယ်။ အဲဒီအချိန်အထိ အဘဘာဖြစ်တယ်ဆိုတာ မသိသေးပေမဲ့ အခြေအနေ မကောင်းတော့ဘူးဆိုတာ ကျွန်မ သဘောပေါက်ပြီး အဘနေမကောင်း စဖြစ်တာ မသိလိုက်ဘဲ အဘဆီ တခေါက်မှ မရောက်ဖြစ်ခဲ့တာကို နောင်တရလို့မဆုံး ခံစားရတယ်။ အဘ ဘာမှမဖြစ်ပါစေနဲ့ဦးလို့ ကျွန်မအိမ်အပြန် တလမ်းလုံးဆုတောင်းလာခဲ့တယ်။ အိမ်ပြန်ရောက်တော့ အဘသားအငယ် ကိုနေလင်းဆီကို ဖုန်းဆက်ပြီး အဘဘာရောဂါ ဖြစ်တာလဲဆိုတာ မေးကြည့်တော့မှ အဆုပ်ကင်ဆာဆိုတာ သိလိုက်ရတဲ့အချိန်မှာ သွားပြီ အဘကို ဘယ်လိုမှ ကယ်လို့မရနိုင်တော့ဘူး၊ အဘရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီ ဆိုတဲ့အသိက ကျွန်မကို တော်တော်လေး တုန်လှုပ်ချောက်ချားသွားစေတယ်။

  နောက်ဆုံးတော့ အဘရဲ့ နောက်ဆုံးခရီးမှာ အဘအတွက် အကောင်းဆုံး လုပ်ပေးနိုင်တာ လုပ်ပေးမယ်လို့ ဆုံးဖြတ်ပြီး အဘဆီ မနက်ပိုင်းအလုပ်လုပ်တဲ့နေ့တွေမှာ အိမ်မပြန်ခင် နေ့တိုင်းလိုလို ရောက်အောင်သွားပြီး လိုအပ်တာတွေကို လုပ်ပေးဖြစ်ခဲ့တယ်။ အဲဒီလူအိုရုံမှာ အဘိုးအို အဖွားအို ၃၃ ယောက်ကို ပြုစုတဲ့ တာဝန်ခံ သူနာပြုတယောက်နဲ့ ပြုစုသူ သူနာပြုသုံးသောက်သာ တွေ့ရပြီး ကျွန်မကိုယ်တိုင်ကလည်း တချိန်က လူအိုရုံမှာ အလုပ်လုပ်ဖူးတော့ သူနာပြုတွေကို လူအိုရုံမှာ တော်တော်လေး အကန့်အသတ်နဲ့သာ ခန့်ထားပြီး လူနာတယောက်ကို မလစ်ဟင်းအောင် အချိန်ပေး ပြုစုနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုတာ သိတော့ အဘအတွက် တချို့ လိုအပ်တာတွေကို သူတို့ကို ပြောမနေတော့ဘဲ ကိုယ့်ဖါသာပဲ လုပ်ပေးပြီး သူနာပြုတွေ သေသေချာချာ မကျွေးမှာစိုးလို့ ညနေစာ ခွပ်ကျွေးပြီးမှ ကျွန်မ အိမ်ပြန်တာ များပါတယ်။ ဒါပေမဲ့ ညနေပိုင်းအလုပ်လုပ်တဲ့နေ့ကျတော့ အဘဆီ ကျွန်မ မှန်မှန် မရောက်ဖြစ်ဘူး။ ဒီကာလအတွင်း အဘစာတွေ ရိုက်မအားလို့ ဘလော့ဂ်မှာ မတင်တာ ကြာရာကနေ အချိန်ရရင် ရသလို ရိုက်ပြီး အဘရဲ့ ရွှေပြည်တော် မျှော်တိုင်းဝေးဆိုတဲ့ အပေါ်မှာ ကျွန်မ ညွန်းခဲ့တဲ့ နှစ်သစ်ကူးဆုတောင်းပို့စ်ကို ဘလော့ဂ်မှာရော Face Book မှာပါ တင်ပြီး အဘအခြေအနေကို မိတ်ဆွေတွေ သိအောင် တင်ပေးခဲ့ပါတယ်။

ဒီလိုနဲ့ အဘဆီ ကျွန်မ သွားပြီး နောက်နေ့တွေမှာ အဘပိုလန်းလာသလို သတိလည်း ပိုကောင်းလာတာကို တွေ့ရပါတယ်။ ကျွန်မ အဘဆီ ရောက်တိုင်း အဘအိပ်ပျော်နေရင် သူနိုးလာတဲ့အခါမှာ လုပ်ပေးဖို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးရင် ဘုရားစာရွတ်ပေး၊ တရားခွေဖွင့်ပေးတာ တခုခုကို လုပ်နေပြီး အဘနိုးနေတာနဲ့ ကြုံရင် ဒါမှမဟုတ် အဘအိပ်ရာက နိုးလာရင် ကျွန်မအမြဲတမ်း မေးဖြစ်တဲ့ မွေးခွန်းတွေက အပူချိန်နဲ့ သွေးခုန်နှုန်းကို စမ်းသပ်တဲ့အနေနဲ့ အဘလက်ဖမိုးနဲ့ လက်ကောက်ဝတ်ကို စမ်းသပ်ဆုပ်ကိုင်ပြီး ဒီနေ့ အဘ နေရထိုင်ရတာ သက်တောင့်သက်သာ ရှိသလား၊ အသက်ရှုရတာ အဆင်ပြေလား၊ နာတာကျင်တာ ရှိလား၊ စားလို့သောက်လို့ ရလား၊ ဆိုတာနဲ့ ဘယ်သူတွေ လာသွားသေးလဲဆိုတာကို မေးလေ့ရှိပါတယ်။ မေးတိုင်းမှာ နာကျင်တယ် အသက်ရှူကြပ်တယ် စသည်ဖြင့် တခါမှ ဖြေတာမရှိဖူးဘူး။ ဒါပေမဲ့ ပထမနေ့တွေမှာ အိပ်ပျော်နေရင်းနဲ့ နှုတ်ခမ်းတ၀ိုက်နဲ့ ကိုယ်တွေ မျက်နှာတွေကို ထထကုတ်တာ တွေ့ရတယ်။ အဲဒီအချိန်မှာ အဘကို ကလေးစားစရာလို စက်နဲ့ ညက်အောင်ကြိတ်ချေထားတဲ့ အစာတွေနဲ့ ချောင်းဆိုးမှာစိုးလို့ ပျစ်အောင် လုပ်ထားတဲ့ ရေကိုသာ တိုက်ကျွေးရပြီး နှုတ်ခမ်းမွေးတွေက ရှည်လာနေတော့ အစာခွပ်ကျွေးရင်လည်း အစာတွေနဲ့ ထိပြီး ပေတယ်။ သူနာပြုတွေက အစာခွပ်ကျွေးပြီး စင်အောင် မသုတ်ပေးရင် နောက်ပိုင်း ယားလာတာ ဖြစ်တယ်။ ပြီးတော့ ရေမချိုးပေးဘဲ ရေပတ်ပဲ တိုက်ပေးတော့ ဆပ်ပြာရေတွေက အရေပြားကို ယားစေတာလည်း ဖြစ်နိုင်တယ်။ တနေ့တော့ အဘအိပ်ရာက နိုးလာတဲ့အချိန်မှာ ကျွန်မ အစာခွပ်ကျွေးရင်း စားစရာနဲ့ နှုတ်ခမ်းမွေး ထိပြီး ပေတာကို ခဏခဏ သုတ်ပေးနေရလို့ အဘနှုတ်ခမ်းမွေးတွေက ရှည်လာပြီ ပြောတော့ အဘက နှုတ်ခမ်းမှာရော အရေပြားတွေပါ ယားတဲ့အကြောင်း၊ နှုတ်ခမ်းမွေး ရိပ်ချင်ကြောင်းပြောလို့ သူနာပြုတွေဆီက နှုတ်ခမ်းမွေးရိပ်တဲ့ဓါး တောင်းပြီး ကျွန်မ ရိုက်ပေးလိုက်တယ်။ ခန္ဓာကိုယ်ကိုလည်း ရေပတ် ပြန်တိုက်ပေးသင့်တဲ့ နေရာကို ပြန်တိုက်ပေးပြီး ကျွန်မ ၀ယ်လာတဲ့  Sorbolene Cream လူးရှင်းနဲ့ မျက်နှာအစ ခြေဖ၀ါးအဆုံး တကိုယ်လုံး လိမ်းထားပေးတော့ နောက်နေ့တွေမှာ ကုတ်တာ မတွေ့ရတော့ဘဲ အဘနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတတ်ပြီး အဘအသားအရေတွေ ခြောက်သွေ့ခြင်းမရှိဘဲ စမ်းကြည့်တိုင်းမှာ စိုပြေ ပျော့ပြောင်းပြီး အမြဲတမ်းနွေးနေတာကိုပဲ တွေ့ရပါတယ်။

ဘယ်သူလာသွားလဲလို့ မေးတာနဲ့ ပတ်သက်ပြီး အဘက လာလည်တဲ့ လူနာမည်တွေ အကုန်လုံးကို မမှတ်မိပေမဲ လင်မယားနှစ်ယောက်လာတယ်၊ ယောက်ျား သုံးလေးယောက်လာတယ် အကုန်လုံးကိုတော့ မမှတ်မိဘူး စသည်ဖြင့် အတိအကျ ပြန်ပြောပြနိုင်တယ်။ တနေ့တော့ဘယ်သူလာသွားသေးလဲမေးတော့ ညကလာကြတာ အများကြီးပဲ မောလို့ စကားတောင် ကောင်းကောင်းဧည့်ခံ မပြောလိုက်နိုင်ဘူး သူတို့ပြန်သွားပြီးနောက်ပိုင်းလည်း ဘေးအိမ်က ဆူညံနေတာ အိပ်လို့မရဘူး တရားလည်း မှတ်လို့မရဘူးလို့ ပြောတယ်။ အဲဒါကြောင့် ကျွန်မက အဲလိုဆူညံလို့ တရားမှတ်မရရင် အဘ ပုတီးစိပ်ကြည့်ပါလားလို့ အကြံပေးတော့ ပုတီးစိပ်ချင်တယ်ပြောလို့ နောက်နေ့ ကျွန်မအိမ်က စပ်ပုတီး ယူလာပေးလိုက်တယ်။ ရေပတ်တိုက်တဲ့အချိန်ပဲ ဖြုတ်ထားပြီး အခြားအချိန်တွေမှာတော့ လည်ပင်းမှာ ဆွဲထားတာ တွေ့တယ်။ ဈာပနနေ့က အဘရုပ်အလောင်း လည်ပင်းမှာ ဆွဲထားတဲ့ စိပ်ပုတီးက ကျွန်မ ယူလာပေးထားတဲ့ စိပ်ပုတီး ဖြစ်တယ်။

အဘရဲ့ ထူးခြားချက်က တခြားကင်ဆာ ဝေဒနာရှင်တွေလို နာကျင်ကိုက်ခဲလို့ မော်ဖိန်း အိပ်ဆေးတောင်းထိုးရတာ တခါမှ မရှိ၊ တခြားအဆုပ်ကင်ဆာသမားတွေလို အသက်ရှူမ၀လို့ အောက်စီဂျင်အမြဲတပ်ထားစရာမလို၊ အသက်ရှုမ၀ဖြစ်ကာ၊ အဆုပ်ထဲက ချွဲတွေလိုက်လာလို့ စုပ်ထုပ်ပေးရတာတွေမျိုး တခါမှ မတွေ့ရဘူး။ အမြဲတမ်းမှာ အသက်ကို သက်တောင့်သက်သာ မှန်မှန်နဲ့ ဖြေးဖြေးရှူပြီး အဘတရားမှတ်နေတာကိုပဲ တွေ့ရပြီး အဘမျက်နှာဟာ အိပ်ပျော်နေရင်တောင် အမြဲတမ်းလန်းနေပါတယ်။ အဘရဲ့ နောက်ဆုံးအချိန်မှာ သူရထားတဲ့ ရောဂါနဲ့ စာရင် ဒီလိုအခြေအနေကောင်းတွေကို ကြည့်ခြင်းအားဖြင့် သူ့လို အဆုပ်ကင်ဆာသမားတယောက်အတွက်တော့ တခြားဘာသာဆိုရင် ဘုရားပေးတဲ့ လက်ဆောင်လို့တင်စား ပြောရမှာ ဖြစ်သလို ဗုဒ္ဓဘာသာဝင်တေယာက်အတွက်တော့ တကယ့်ကံထူးသူလို့ ပြောရမှာဖြစ်တယ်။

အဘ အဆုပ်ကင်ဆာဖြစ်တာလို့ သိလိုက်တဲ့အချိန်ကစပြီး ကျွန်မအလုပ်လုပ်တဲ့ ဆေးရုံရှိ Palliative Unit  က အဆုပ်ကင်ဆာလူနာတချို့လို ဖုတ်လိုက်ဖုတ်လိုက်နဲ့ အောက်စီဂျင်မလုံလောက်လို့ ဖြစ်ရတဲ့ အသက်ရှူမ၀တဲ့ ဝေဒနာ၊ ကင်ဆာကြောင့်ဖြစ်တဲ့ ပြင်းထန်စွာ နာကျင်တဲ့ ဝေဒနာကို အလူးအလဲ ခံစားရပြီး နောက်ဆုံး Terminal agitation လို့ခေါ်တဲ့ သေခါနီးမှာ ဘေးနားမှာ ရှိတဲ့လူတိုင်းကို အကောင်းမမြင်တော့ဘဲ ကန့်လန့်တိုက် ရန်တွေ့လို့ မူးယစ်ထုံထိုင်းစေတဲ့ ဆေးတွေထိုးပြီးပေးအိပ်ရာကနေ သတိပြန်မရတော့ဘဲ အသက်ရှူရပ်သွားတာ၊ ဒါမှမဟုတ် မသေခင် အသက်ရှူမ၀တော့ အောက်စီဂျင်ပေးထားတဲ့ကြားက ရုန်းကန်အသက်ရှူရင်း မသေချင်ဘဲ စိတ်ဂယောင်ချောက်ချား ကြောက်အားလန့်အားနဲ့ သေသွားရတာမျိုးတွေ လုံးဝမဖြစ်ပါစေနဲ့လို့ အကြိမ်ကြိမ်  ဆုတောင်းခဲ့တာ အဘနဲ့ ပတ်သက်ပြီး ကျွန်မ ဆုတောင်းပြည့်ပါတယ်။ ဒါဟာ အဘရဲ့ ဘ၀ဖြတ်သန်းစဉ်က ဆောက်တည်ခဲ့တဲ့ သီလသမာဓိနဲ့ ဖြည့်စွက်ခဲ့တဲ့ ပါရမီတွေကြောင့်သာ အဲလိုသက်သာရာ ရခဲ့တာလို့ ကျွန်မ ယုံကြည်တယ်။

လူတယောက်ရဲ့ ဘ၀တလျှောက်လုံးမှာ အထပ်ထပ် ဖြည့်ဆည်းလာတဲ့ အကောင်းအဆိုး အမူအကျင့်တွေဟာ သသိကောင်းနေချိန်မှာ ဦးနှောက်က အသိတရားနဲ့ အကျင့်ဆိုးစရိုက်ဆိုးတွေ မပေါ်အောင် ထိန်းချုပ်ထားလို့ ရနိုင်ပေမဲ့ နေမကောင်းဖြစ်ပြီး ဦးနှောက်ကိုအောက်စီဂျင် လုံလုံလောက်လောက်မရောက်လို့ ဦးနှောက်ပုံမှန် အလုပ်မလုပ်နိုင်တော့တဲ့အချိန် အထူးသဖြင့် အသိစိတ်မှာ ပုံမှန်သတိအပြည့်အ၀ ရှိမနေတဲ့ စိတ်ထွေပြားနေချိန်မှာကျတော့ ဒီအမူအကျင့်တွေကို မသိစိတ်မှာ ဖုံးကွယ်လို့မရပါဘူး  မသိစိတ်မှာ အတိုင်းသား တွေ့မြင်ရတတ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့အမူအကျင့်တွေနဲ့ ကျင်လည်လာသူတဦးဟာ စိတ်ထွေပြား သတိလက်လွတ် ဖြစ်နေချိန်မှာ မကောင်းတဲ့အမူအကျင့်တွေနဲ့ အပြောအဆိုတွေကို တွေ့ရမှာ ဖြစ်ပြီး  ဘ၀ကို ကောင်းတဲ့အမူအကျင့် အလေ့အထတွေနဲ့ ဖြတ်သန်းလာသူတွေဆိုရင်လည်း ဒီအချိန်မှာ ကောင်းတဲ့အမူအကျင့်တွေ အပြောအဆိုတွေကို တွေ့မြင်နိုင်ပါတယ်။  တချို့လူနာတွေဟာ စိတ်ထွေပြားချိန်တွေမှာ စောင့်ရှောက်တဲ့ သူနာပြုတွေအပေါ် ကိုယ်၊ နှုတ် အမူအယာနဲ့ Sexual assault တွေဟာ စိတ်ထွေပြားပြီး အသိစိတ်ကင်းနေချိန်မှာ တချိန်က ပြုမူခဲ့တဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ ပေါ်လာတာ ဖြစ်တယ်။

 အဘစိတ်ထွေပြားနေချိန်မှာ ဖြစ်ပေါ်တဲ့ အမူအကျင့်တွေကို အနည်းငယ် ပြောပြချင်ပါတယ်။ အဘဟာ သတိတော်တော်ကောင်းပြီး ဟိုအရင်တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ အားလုံး (long term memory) ကို တခုမကျန် ပြန်ပြောပြနိုင်ပေမဲ့ ခဏလေးအတွင်း ဖြစ်နေတဲ့ အဖြစ်တွေ (Short term memory) နဲ့ ပတ်သက်ပြီး အဘနေမကောင်း ဖြစ်နေစဉ်မှာ တခါတလေ သတိမေ့ကာ စိတ်ထွေပြားတာတွေကို တွေ့ရပါတယ်။ ဒါမျိုးကို အဘ အိပ်ပျော်နေရာကနေ နိုးလာစအချိန်မှာ အများဆုံး တွေ့ရပါတယ်။ တခါတလေ သူနိုးလာတဲ့အချိန် သူ့ကိုယ်သူ တရားအားထုတ်နေတဲ့ ယောဂီတယောက်လို့ပဲ အမှတ်မှားနေတတ်ပြီး သီလဆောက်တည်ခဲ့တဲ့ အမူအကျင့်တွေက အဘဆီမှာ အထုံပါရမီအဖြစ် ရှိနေပါတယ်။ အိပ်ရာက နိုးရင် "အဘ ဗိုက်ဆာတယ်သမီး အဘ မနက်ကတည်းက ဘာမှမစားရသေးဘူး" လို့ ပြောပြီး ဘယ်အချိန် ရှိပြီလဲလို့ မေးတတ်ပါတယ်။ ကျွန်မက နှစ်နာရီ (သို့) သုံးနာရီလို့ ပြောရင် "အဲဒါဆိုရင်တော့ အဘကို တခြားဘာမှ မပေးနဲ့တော့ ရေပဲပေးသမီး အဘဆယ်ပါးသီလ ယူထားတယ်" လို့ စိတ်ထွေပြားပြီး ပြောလို့ ဆယ်ပါးသီလက နေမကောင်း ဖြစ်နေတဲ့အချိန် ယူစရာမလိုလိုဘူးအဘ မကျန်းမာတဲ့အချိန် အစားအသောက်ဝင်အောင် စားမှ အဘနေရထိုင်ရ သက်တောင့်သက်သာ ရှိမယ်၊ နေရထိုင်ရ သက်သာမှ အဘတရားမှတ်လို့ အာရုံရမယ်၊ နေကောင်းလာမှ သီလပြန်ယူပါ အခုတော့ စားဖို့လိုတယ်လို့ ပြောရင် အဘနေကောင်းပါတယ် ဘာမှမဖြစ်ပါဘူးလို့ ပြောလို့ သူ့အခြေအနေမှန်ကို သေသေချာချာ ပြန်ရှင်းပြမှ သတိပြန်ဝင်လာပြီး အေးဟုတ်သားပဲ လို့ပြောပြီး အသိစိတ်နဲ့ ပြန်သတိရတယ်။
         
တခါတော့ အဘ အိပ်ပျော်နေစဉ် အဘဆီ မိတ်ဆွေတချို့လာလည်ပြီး သူနိုးလာတော့ မောပမ်းနေတဲ့ကြားက သူ့ဆီလာလည်တဲ့သူတွေနဲ့ သူစကားထပြောပါတယ်။ ပြီးတော့ အဲဒီနေ့က လာလည်တဲ့သူတွေကို အဘက တရား ဟောလိုက်သေးတယ်။ သူဟောတဲ့တရားက "အခမ်းအနား တခုခုလုပ်စရာ ရှိလို့ မင်းတို့ အစည်းအဝေးလုပ်ရင် ဟိုတစု ဒီတစုနဲ့ နှစ်နေရာ သုံးနေရာမှာ မလုပ်ကြနဲ့ တနေရာတည်းမှာ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ တိုင်တိုင်ပင်ပင် လုပ်ကြပါ" လို့ စိတ်ထွေပြားနေတဲ့ကြားက  သူပြောခဲ့တဲ့ စကားက ကျန်းမာသန်စွမ်းနေသူ ကျန်ရစ်သူတွေအတွက် တကယ်ကို လိုက်နာ မှတ်သားစရာ ဖြစ်နေပါတယ်။

အဘစိတ်ထွေပြားတဲ့ အထဲမှာ တခါကျတော့ အဘက ကျွန်မကိုလည်း သူ့ချွေးမနဲ့ မှားပြီး သမီးဖေဖေဗိုက်ဆာလို့ ရေပေးပါလို့ ပြောလို့ ကျွန်မက ရေနှစ်ဇွန်းလောက်တိုက်ပြီး အဘက ချဉ်ချဉ်လေး စားချင်တယ်ဆိုလို့ ၀ယ်လာတဲ့ စထရော်ဘယ်ရီ ဒိန်ချည်ခွပ်ကျွေးရင်း အော်.. အဘကတော့ ကျွန်မကိုတောင် မမှတ်မိတော့ပါလားလို့ တွေးပြီး ၀မ်းနည်းသလို ခံစားနေချိန်မှာ မောင်ကျော်နိုင်က ကလေးနဲ့ ကျန်ခဲ့တာလား အလုပ်သွားတာလား သူ့အလုပ်က ဘယ်အချိန်လဲလို့ မေးပြန်တော့ ဟယ် အဘ ကျွန်မကို မှတ်မိသွားပြီ လို့ပြောပြီး ကျွန်မ တော်တော်လေး ပျော်သွားတယ်။ ဒီတော့ အဘက ဘာလို့မမှတ်မိရမလဲလို့ ပြောပြီး ၂၀၁၁ခု ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တုန်းက ကျွန်မ ယေက်ျားက အလုပ်ရှိလို့ ကျွန်မကို အသွားမှာပဲ ပို့ထားခဲ့ပြီး မွေးနေ့အခမ်းအနား ပြီးလို့ အပြန်မှာ ကျွန်မက အဘတို့သားအဖ ကားနဲ့ လိုက်လာတာကိုတောင် အဘက ကောင်းကောင်း မှတ်မိနေပြန်တယ်။ တချက်တချက် မေ့တတ်ပေမဲ့ ဒီလိုမျိုး အရင်က အကြောင်းအရာတွေကျတေ့ အဘက ကောင်းကောင်း မှတ်မိနေတတ်တယ်။
 
တနေ့တော့ ကျွန်မသွားတော့ သူနာပြုနှစ်ယောက်က အဘကို ရေချိုးပေးရာကအပြန် ကျောရိုးနဲ့ တင်ပုဆုံရိုးဆုံရာမှာ ရှိတဲ့ နေရာ (Sacrum) မှာ ရှိတဲ့ အိပ်ရာနာမှာ ဆေးထည့်ပေးပြီး ဒိုင်ပါတပ်ပေးနေတယ်။ ပြီးတဲ့အချိန် ခန်းဆီးဖွင့်လိုက်တော့ ကျွန်မကိုတွေ့တဲ့အချိန်မှာ သမီးရောက်နေတာ ကြာပြီလားလို့ မေးပြီး ကိုယ့်ဖါသာကိုယ် ဘာမှမလုပ်နိုင်တော့ ကြီးကောင်ကြီးမနဲ့ လူလည်းမွေးခါစကလို ပြန်ဖြစ်သွားတာပဲ ဟီးဟီးလို့ ပြောပြီး ရီနေတယ်။ နောက်တော့ သူနာပြုတွေ ဆေးထည့်ပေးပြီး ထားခဲ့တာ အဘကိုယ်လုံးက ကုတင်ခြေရင်းဘက်မှာ ပိုများနေပြီး ကုတင်ကို ခေါက်ချိုးပြီး ထထိုင်တဲ့အချိန်မှာ ကုတင်ချိုးထားတဲ့ နေရာနဲ့ အဘခန္ဓာကိုယ် ချိုးရမည့်နေရာက အချိုးမကျဘဲ အဆင်မပြေ ဖြစ်နေလို့ ကျွန်မက ခေါင်းရင်းကိုသွားပြီး အဘအိပ်နေတဲ့ မွေ့ရာပေါ်က အခင်းကို ဆွဲတင်ပေးလိုက်တော့ အဘခန္ဓာကိုယ်လည်း အခင်းနဲ့အတူ အပေါ်ဘက် ပြန်ရောက်ပြီး အနေအထားမှန်သွားတယ်။ အဲဒီတော့ အဘက သမီးတယောက်တည်းနဲ့ အဘကိုရွှေ့နိုင်တယ်လို့ ပြောပြီး သြအံ့နေတယ်။ အဲဒါကြောင့် ကျွန်မက နိုင်တာပေါ့ အဘက သေးသေးလေးပဲရှိတာလို့ ပြောတော့မလို့ လုပ်ပြီးမှ အဲလိုပြောရင် သူတော်တော်ပိန်တယ်ဆိုတာ သတိထားမိပြီး စိတ်မကောင်း ဖြစ်သွားနိုင်တာကို သတိရပြီး နိုင်တာပေါ့ ကျွန်မ ဒီလောက် သန်တာ တွေ့လားလို့ လက်နှစ်ဘက်ကို လက်သီးဆုပ်ပြီး ကြံခိုင်တဲ့ပုံ လုပ်ပြတော့ လက်မောင်းအပေါ်ပိုင်းကိုပဲ ဖုံးနေတဲ့ အင်္ကျီလက်မောင်းဝက်ခန့်ရှည် ယူနီဖေါင်း အင်္ကျီလက်အာက်က ကီလိုတိုးနေလို့ တွဲကျနေတဲ့ လက်မောင်းသားတွေကို တွေ့လို့လားတော့ ပြောမတတ်ဘူး အဲဒီနေ့က ကျွန်မပုံကိုကြည့်ပြီး အဘက သဘောကျပြီး ရီနေတယ်။ အိမ်ကယောက်ျားတွေ့ရင် ဘယ်လိုကဲ့ရဲ့ဦးမလဲမသိဘူးလို့ တွေးမိသေးတယ်။

လူတယောက်ဟာ ဘ၀တသက်တာမှာ ဘယ်လိုပဲ ခက်ခဲကြမ်းတမ်း (သို့) လွယ်ကူ ချောမွေ့စွာနဲ့ ဖြတ်သန်းလာပါစေ ဘ၀ရဲ့နောက်ဆုံးအချိန်မှာတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆုံးသတ်ပြီး ဘ၀ကူးနိုင်ဖို့ထက် အရေးကြီးတာ တခြားဘာမှ မရှိပါဘူး။ အဖေလို ချစ်ခင်ရပြီး အဖေထက် တိုင်းပြည်ကောင်းကျိုးပိုပြုခဲ့ပြီး အဖေထက် ပိုလေးစားစရာကောင်းတဲ့ အဘကို အဖေတုန်းက ကျွန်မ မပြုစုလိုက်ရလို့ အဖေအရင်းကို ပြုစုနေသလိုမျိုး သဘောထားပြီး ကျွန်မအဘကို ကောင်းကောင်း ပြုစုခွင့် ရခဲ့ပေမဲ့ သူမဆုံးခင် နေ့တွေမှာ မရောက်ဖြစ်လိုက်တာကို ကျွန်မ အခုထိ ၀မ်းနည်းလို့ မဆုံး ခံစားရပါတယ်။ အဘအသက်ရှိထင်ရှား ရှိနေစဉ် အဘဆီ ကျွန်မ နောက်ဆုံးရောက်ခဲ့တဲ့နေ့က အဘက အိပ်နေပြီး နိုးလာတော့ သတိလည်းကောင်းတယ် တော်တော်လေးလည်းလန်းပါတယ်။ အဘက သမီးဝယ်လာတဲ့ ဒိန်ချဉ်ပန်းရောင်လေးလေ ကုန်သွားပြီလို့ ပြောတယ်။ ကျွန်မ ၀ယ်လာပြီး ဆရာမတွေကို ပေးထားခဲ့ရင် ဆရာမတွေက အစာကျွေးချိန်မှာ ထုတ်ကျွေးတဲ့ စထရော်ဘယ်ရီ ဒိန်ချဉ်ကို ဆိုလိုတာ ဖြစ်တယ်။ အဘက ကျန်တဲ့ဒိန်ချဉ်တွေဆို ခွပ်ကျွေးရင် တဗူး ကုန်အောင် တခါမှ မစားပဲ တ၀က်လောက်နဲ့ တော်ပြီလို့ အမြဲပြောပေမဲ့ အဲဒီအမျိုးအစားကျတော့ ကုန်အောင်စားတယ်။ ဒါပေမဲ့ အဲဒီနေ့က အဲဒီအမျိုးစား ဆိုင်မှာ ရှာမရလို့ ၀ယ်သွာပေးတာ အဲဒီ အမျိုးအစားတော့မဟုတ်ဘူး တခြားအမျိုးအစားပဲရပြီး နောက်တခါလာမှ အဘကြိုက်တဲ့ အမျိုးအစား ၀ယ်လာမယ်လို့ ပြောခဲ့တယ်။ အစားအသောက် စားလို့ဝင်တယ်လို့ သူကိုယ်တိုင်ရော သူနာပြုကပါ ပြောလို့ ကျွန်မလည်း အဘကို လောလောဆယ်တော့ ဘာမှ ဖြစ်သွားမှာ မဟုတ်သေးဘူးလို့ တွေးပြီး တော်တော်လေး စိတ်ချသွားတယ်။ အဘကို အစားအသောက် ဆက်ပြီးတော့ဝင်အောင်စားဖို့ တိုက်တွန်းပြီး သွေးပေါင်ချိန်တွေ ဘာတွေတိုင်းကြည့်လို့ အဆင်ပြေရင် ရာသီဥတုကောင်းတဲ့တနေ့မှာ ဘီးတပ်ကုလားထိုင်နဲ့ အရင်ကလမ်းလျှောက်တဲ့ ခြင်းကွင်းကို တနေ့ခေါ်သွားပေးမယ်၊ ခြင်းကွင်းက အရင်လို မြက်တောထဲမှာ ဟုတ်တော့တဲ့အကြောင်း ကောင်စီက ဗမာကွန်မြူနီတီအတွက် ကော်ဇောခင်းထားပေးတဲ့အကြောင်းတွေကိုပါ သူ့ကို ပြောပြတော့ အဘ၀မ်းသာပါတယ်။ ကျွန်မ တကယ်လည်း အဘအစားအသောက်ပိုဝင်ပြီး ကျန်းမာလာရင် ခေါ်သွားပေးမယ်လို့ စဉ်းစားထားပါတယ်။ ဒီတခါတွေ့ခြင်းဟာ အဘကို သက်ရှိထင်ရှားနဲ့ နောက်ဆုံးတွေ့ခြင်းလို့ အဲဒီနေ့က ကျွန်မ လုံးဝမထင်ခဲ့တာ အမှန်ပါ။


 အဲဒီပတ်မှာ ကျွန်မ သူကြိုက်တဲ့ ဒိန်ချဉ် ရှာဝယ်ဖို့မတွေ့တာရယ် အလုပ်တာဝန်ကျတာကလည်း မနက်ပိုင်း မဟုတ်တော့ဘဲ ညနေပိုင်း အလုပ်ဆင်းရတဲ့နေ့တွေ ဖြစ်နေတာရယ်ကြောင့် နောက်နေ့ ဒိန်ချဉ်ရမှ သွားမယ်ဆိုပြီး နေ့ရွှေ့ရက်ရွှေ့နဲ့ အဘဆုံးတဲ့အချိန်ထိ အဘဆီ ကျွန်မ မရောက်ဖြစ်လိုက်ဘူး။ အဲဒီရက်တွေအတွင်း  ရောက်တဲ့သူတွေကလည်း အဘလန်းလန်းဆန်းဆန်း ရှိတယ်၊ စားလို့သောက်လို့ ၀င်တယ်ဆိုတာ ပြောပြကြတော့ ကျွန်မလည်း စိတ်အေးပြီး စိတ်ချနေခဲ့တယ်။ သူဆုံးတဲ့နေ့မှာ အလုပ်က မနက်ပိုင်းလုပ်ရပြီး အလုပ်ပြီးတာနဲ့ ဒီန်ချဉ်ဝယ်ပြီး အဘဆီသွားမယ်လို့ စီစဉ်ထားတဲ့အချိန်မှာပဲ Palliative Care Unit မှာ တယောက်နေမကောင်း ဖြစ်ပြီး အလုပ်မလာနိုင်တော့လို့ ကျွန်မကို ညနေပိုင်းဆက်လုပ်ပေးပါဆိုလို့ နောက်နေ့မှာ အလုပ်မရှိတာနဲ့ နောက်နေ့မှ အဘဆီ စောစောသွားတော့မယ်လို့ စဉ်းစားပြီး ကျွန်မအဲဒီနေ့က Double shift လုပ်ဖြစ်သွားလို့အဘဆီ မရောက်ဖြစ်လိုက်ဘူး။ ညနေ သုံးနာရီခွဲ Afternoon tea ချိန်မှာ Mobile phone ဖွင့်ကြည့်တော့ အဘဆုံးပြီဆိုတာ ကိုမြတ်သူက Facebook မှာ တင်ထားတာ တွေ့လို့ သိလိုက်ရတော့ မကြာတော့ဘူးဆိုတာ သိပေမဲ့ အခုလောက် မြန်မြန် ဖြစ်သွားလိမ့်မယ်ဆိုတာ လုံးဝမတွက်ထားတော့ ကျွန်မ ခံစားရတာကို ပြောပြမတတ် ဘာမှမပြောချင်လောက်အောင် ကျွန်မ ငြိမ်သက်သွားပါတယ်။ ညကိုးနာရီထိုး အလုပ်ပြီးချိန် လူအိုရုံကို သွားကြည့်ပြီး ဘော်ဒီရှိနေသေးရင် ခဏကြည့်ခွင့်ပေးပါလို့ တာဝန်ကျ သူနာပြုဆီမှာ ခွင့်တောင်းတော့ အဘရုပ်အလောင်းကို Funeral service ဆီ သယ်သွားလိုက်ပြီဆိုတာ သိရတယ်။ ကျွန်မ ၀ယ်သွားပေးပြီး ရောက်တဲ့နေ့တိုင်း လိမ်းပေးပြီး ခြေတောက်တွေ လက်တွေကို နှိပ်ပေးတဲ့ Sorbolene Cream နဲ့၊ သူလျှာဝတ်တက်နေတာကို ပါးစပ်ဆေးပေးတဲ့ ဆေးရည်၊ အဘနဲ့ သူနာပြုတွေ ပြောဆိုဆက်ဆံတဲ့အခါ အဆင်ပြေချောမွေ့အောင် စာလုံးဆိုက် ၄၈ နဲ့ အဘမြင်သာအောင့် လုပ်ထားပေးတဲ့ ပြောဆိုဆက်ဆံတဲ့ စာရွက်နဲ့ ဖိနပ်နှစ်ရံကို ကုတင်ဘေးက အန်ဆွဲထဲမှာ  ရှိနေသေးတာ တွေ့လို့ အဘအမှတ်တရ သိမ်းထားဖို့ ကျွန်မ သူနာပြုတွေကို ပြောပြီး ယူပြန်လာလိုက်တယ်။

အဘဆုံးသွားတဲ့အချိန်မှာ ကျွေးချင်တာ မကျွေးလိုက်ရလို့ ၀မ်းနည်းရသလို မေးချင်တာ မမေးလိုက်ရတာ တခုလည်း ရှိပါတယ်။ အဘရေးတဲ့ စာမူတိုင်းမှာ စာဆုံးရင် နေ့စွဲအမြဲတပ်ထားပေမဲ့ သူများဆီက ပြန်ကူးပြီးဖေါ်ပြထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဆောင်းပါး  စိတ်ကောင်းရှိသူ မှာ နေ့စွဲမတွေ့ရလို့ နောက်တခါ သွားရင်မေးမယ်လို့ လုပ်ထားတာမမေးလိုက်ရဘူး။ အဘတလျှောက်လုံး အချိန်တွေကို အများအတွက်ပဲ ပေးသွားခဲ့တဲ့ မျိုးချစ် တော်လှန်ရေးသမားကြီးတဦး ဘ၀ခရီးနောက်ဆုံးအချိန်ကို ငြိမ်းချမ်းစွာနဲ့ အဆုံးသတ်သွားခဲ့ပြီ။ ဒီဘ၀မှာ အဘနဲ့ ပြန်ဆုံဖို့ မရှိနိုင်တော့ပေမဲ့ အဘပေးထားခဲ့တဲ့ စာတွေကျွန်မ လက်ထဲမှာ ရှိနေတာကို သိမ်းဆည်းထားပြီး အချိန်ရရင် ရသလိုအများပြည်သူတွေအတွက် ပြန်တင်ပေးမယ်လို့ အဘကိုကျွန်မ သက်ရှိထင်ရှား ရှိစဉ်တုန်းက ဂတိပေးခဲ့သလို အခုလည်း ထပ်ပြီးဂတိပေးပြီး အဘအနားယူသွားပြီ ဖြစ်ပေမဲ့ အဘရဲ့ အားထုတ်မှုတွေ ဆက်လက်ရှင်သန်စေရဦးမယ်။ အဘဟာ သူလေးစားချစ်မြတ်နိုးသူတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ၀န်ကြီးချူပ်ဟောင်း ဦးနုတို့ကို သုတိသာ နတ်ပြည်မှာ စံမြန်းရောက်ရှိပါစေလို့ သူဆုတောင်းပေးခဲ့သလို ကျွန်မကလည်း အဘကို အခုချိန်မှာ နတ်ပြည်ခြောက်ထပ်မှာ ဘုရားလောင်းတွေနဲ့ သူတော်ကောင်းတွေသေဆုံးရင် ရောက်တဲ့ဘုံလို့ဆိုတဲ့ အဲဒီသုတိသာ နတ်ပြည်မှာ ရောက်ရှိနေပါစေလို့ ဆုတောင်းပါတယ်။ လူအိုရုံမှာ ရှိနေစဉ် တခါက အဘရဲ့ mental status ကို စမ်းသပ်တဲ့အနေနဲ့ ကျွန်မက အဘဘယ်မှာ ရောက်နေလဲ သိလားမေးတော့ Auburn မှာ မဟုတ်ဘူးလားလို့ ပြောလို့ Auburn ကတော့ ဟုတ်ပြီ Auburn ဘာလဲလို့ မေးတော့ အဘက ကျွန်မ မေးတာကို တော်တော်နဲ့ သဘောပေါက်ဘဲ အဘ Auburn မှာရောက်နေတယ်လေ သမီး အဲဒါမဟုတ်ဘူးလားဆိုပြီး ထပ်မေးနေလို့ ကျွန်မ မေးခွန်းကို အဘမရှင်းဘူးဆိုတော့ သူ့ကို ထပ်မမေးတော့ဘဲ ဟုတ်တယ် အဘ Auburn က Nursing Home တခုကို ကို ရောက်နေတာ အဘသိတယ်နော့် ပြောတော့ နားကြားမှားပြီး နတ်ပြည်မှာ ရောက်နေတယ် ဟုတ်လားလို့ ပြန် မေးလို့ ကျွန်မမှာ အဘနားကြားမှားပုံကို ကြားရတော့့ ငိုရမလို ရည်ရမလိုနဲ့ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားပြီး ချက်ချင်းပဲ အဘဆုံးရင် ရောက်မည့်နမိတ်များလားမသိဘူးလို့ အစွဲဝင်သွားသေးတယ်။

အခုတော့ အစွဲမဟုတ်ဘူး မသေခင်တွေ့ရတဲ့ သူ့ရဲ့အမူအကျင့်တွေနဲ့ တည်ငြိမ်မှုကို ထောက်ရင် အဘဟာ ဘုရားလောင်းတွေရယ် အကျင့်သီလနဲ့ ပြည့်စုံတဲ့ သူတွေသာ ရောက်တဲ့ သုတိသာ နတ်ပြည်ကို တကယ်ရောက်နေပြီလို့ ကျွန်မ လုံးဝယုံကြည်လိုက်ပါတယ်။ သူစားချင်တဲ့ ဒိန်ချဉ်ကို အချိန်မီ မယူလာပေးနိုင်၊ သူ့နောက်ဆုံးထွက်သက်ချိန်ထိ ကျွန်မ သူ့နားပြန်မရောက်တော့တာကို သူ့ရဲ့ဈာပန အခမ်းအနားမှာ ကျွန်မ နောက်ဆုံး ဂါရ၀ပြုစဉ် တောင်းပန်လိုက်ပါတယ်။ အဘခွင့်လွတ်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။ ဒါကြောင့် ကျွန်မမှာ အဘအတွက် စိုးရိမ်မိတာ ကျွန်မ ကျွေးချင်တဲ့ ဒိန်ချဉ်ကို မကျွေးလိုက်ရတဲ့အတွက် ခံစားရတာ ဘာမှမရှိတော့ဘူး။  ခုချိန်မှာ ဒိန်ချဉ်ထက် ကောင်းတဲ့ နတ်သုဒ္ဒါကို စားနေလောက်ပြီမို့ အဘအတွက် ကျွန်မ စိတ်ချသွားပါပြီ။ ကောင်းရာ ဘုံဘ၀မှာ ရောက်ရှိနေပြီဆိုတာ ယုံကြည်လို့ အဲဒီအတွက်တော့ ဆုတောင်းပေးစရာ မလိုတော့ဘူး။

အဘ သုတိသာ နတ်ပြည်မှာ သူချစ်ခင်လေးစားတဲ့ သူတွေနဲ့ ဆုံတွေ့နိုင်ပါစေ..



8/03/13 ရက်က Auburn က funeral Service မှာ အသုဘရှုတဲ့နေ့က ဖြစ်ပြီး အဘဆီ နောက်ဆုံးရောက်တဲ့နေ့က နောက်တခါ ပြန်တွေ့ရင် အခုလိုအသက်မဲ့ခန္ဓာကိုယ်ကြီးကိုပဲ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ခဲ့တာ အမှန်ပါ။



နေမကောင်း ဖြစ်နေစဉ်က စမ်းလိုက်ရင် အမြဲတမ်း ပျော့ပြောင်းပြီးနွေးထွေနေတဲ့ အဘလက်တွေက အခုကျတော့ ရေခဲတိုက်က ထုတ်လာလို့ အေးစက်ပြီး မာကျောနေတာကို တွေ့ရတယ်။



PS. ဒီပို့စ်ကိုတင်တဲ့အခါမှာ ဓာတ်ပုံတွေ Upload လုပ်လို့မရတာနဲ့ နောက်ဆုံး အခုမတင်ခင်လေးမှာတင် တင်လို့မရဘဲ Error ပဲ ခဏခဏ ပြနေလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေချိန်မှာ အဘ ကောင်းရာ ဘုံဘ၀မှာ အမှန်တကယ် ရောက်ရှိနေတာ သေချာရင် ချက်ချင်းတင်လို့ရပါစေလို့ ဘုရားမှာ တိုင်တည် ဆုတောင်းပြီး တင်လိုက်တာနဲ့ ဘာ Error မှ မပြတော့ဘဲ ချက်ချင်းကို တင်လို့ရသွားတယ်။ ဒါဟာ တိုက်ဆိုင်မှု သက်သက်လုံးဝမဟုတ်ပါ။ အဘ အမှန်တကယ်ကို ကောင်းရာဘုံဘ၀မှာ ရောက်ရှိနေမှာ သေချာတယ်လို့ ကျွန်မ ယုံကြည်သွားတယ်။

အဘ ဦးရဲခေါင်ခေါ် (မြ၀တီရဲခေါင်) ၏ နာရေးသတင်း အစီအစဉ်

 အဘ ဦးသာဆိုင် အမိဒေါ်ရွှေမှတ်တို့၏သား၊ ဒေါ်ခင်လှိုင်၏ ခင်ပွန်း၊ ကိုနေလင်းနှင့် ကိုမိုးကြယ်တို့၏ အဖေ အဘ မြ၀တီ ဦးရဲခေါင်သည် 21/01/1924 ခုနှစ်တွင် မြစ်ဝကျွန်းပေါ် ဖျာပုံမြို့တွင် မွေးဖွားခဲ့ပြီး 06/03/2013 ခုနှစ် အသက် ၈၉ နှစ်အရွယ်တွင် အဆုပ်ကင်ဆာ ရောဂါဖြင့် သြစကြေးလျားနိုင်ငံ ဆစ်ဒနီမြို့ရှိ Aubrun Nursing Home တွင် ယနေ့နေ့လည် 13:15 နာရီတွင် ဘ၀တပါးသို့ ပြောင်းလဲကွယ်လွန်ခဲ့ပါသည်။ 

အဘဦးရဲခေါင်သည် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တွင် နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ရေးတွင် ပါဝင်လာခဲ့သည့် လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊  မြ၀တီမဂ္ဂဇင်း အယ်ဒီတာဟောင်း၊ ပြည်ချစ်တပ်မတော် ဗဟိုကော်မတီဝင်နှင့် အသံလွှင့်ဌာနမှူး၊ ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစုတွင် စိတ်ဓာတ်စစ်ဆင်ရေးဌာနတာဝန်ခံနှင့် လူငယ်ရေးရာ ဒုဥက္ကဌ၊ ၀န်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်သော ပိဋကတ်သုံးပုံ ပါဠိမှ မြန်မာလို ဘာသာပြန်ရာ၌ အဖွဲ့ဝင်တဦးဖြစ်သူ၊ ခေတ်ပြိုင်သတင်းစာ အယ်ဒီတာ စသည့်တာဝန်များကို ထမ်းဆောင်လာခဲ့ရုံသာမက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲများတွင်လည်း နောက်ဆုံးအချိန်ထိ အရှုံးမပေး၊ ဒူးမထောက်ဘဲ တော်လှန် တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။ 

အဘ မြ၀တီရဲခေါင်၏ ရုပ်ကလပ်အား Auburn ရှိ Funeral Service တွင် ထားရှိသည်။ အဘဦးရဲခေါင်၏ အသိမိတ်ဆွေ သူငယ်ချင်းများအားလုံး နောက်ဆုံးအနေဖြင့် တွေ့ဆုံဂါဝရ ပြုရန်အတွက် 08/03/13 ရက်နေ့ ညနေ ၆ နာရီမှ ၇ အထိ စီစဉ်ထားပါသည်။ ၇ နာရီ နောက်ပိုင်းတွင် အဘဦးရဲခေါင်၏သား ကိုနေလင်း၏ နေအိမ် ဖြစ်သည့် 217, Park Road, Auburn တွင် ဈာပန အခမ်းအနားနှင့် ပတ်သက်သည့် အစီအစဉ်များအား ကျန်ရစ်သူ မိသားစုနှင့်အတူ အဘဦးရဲခေါင်၏ မိတ်ဆွေများက တွေ့ဆုံဆွေးနွေး တိုင်ပင်သွားမည် ဖြစ်သည်။ 


07/03/13 ရက် မနက်ဖြန် ကြာသပတေးနေ့တွင် အသက်ပျောက်ဆွမ်းနှင့် 12/03/13 ရက် အင်္ဂါနေ့တွင် ရက်လည်ဆွမ်းကျွေး တရာတော်နာခြင်းအစီစဉ်ကို ကိုနေလင်းအိမ်တွင် ပြုလုပ်သွားမည်။

   ဈာပန အခမ်းအနားအား 9/03/13 တွင် Lidcobme ရှိ Rockwood သုသာန်တွင် မီးသဂြိုလ်သွားမည် ဖြစ်ကြောင်း အဘဦးရဲခေါင်၏ ရပ်နီးရပ်ဝေးမှ မိတ်ဆွေသူငယ်ချင်းများအား အသိပေး အကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန်
ဦးနေလင်း - 614 24240983
ဦးသူရ - 614 21418449
ဦးအုန်းမြင့်- 612 96753280
ဦးမောင်မောင်သန်း - 614 4337816
ဦးဖိုးဇော် - 614 33725289
ဦးစိုးလွင် - 61412388263
ဦးသာနိုင် - 614 11871932
ဦးခင်မောင်ကျော် (ကိုဂဏန်း) - 614 21045091

အဘ မြ၀တီရဲခေါင်၏ ကိုယ်ရေးရာဇ၀င်အကျဉ်းကို  <http://nge-naing.blogspot.com.au/2009/10/blog-post_13.html > မှာဖတ်နိုင်ပါသည်။ ဓာတ်ပုံကို မြတ်သူ fb မှ ကူးယူထားပါသည်။ 


မြ၀တီ ရဲခေါင် လို့ပေးထားတဲ့ Label ကိုနှိပ်ပြီး အဘရေးထားတဲ့ ပို့စ်တွေကို ဖတ်နိုင်ပါတယ်။

အဘကောင်းရာသုဂတိ လားပါစေ။

 

သဘောကောင်းသူ (မြ၀တီ ရဲခေါင်)


အတိတ်၌ ကျန်ရစ်ခဲ့ပြီးဖြစ်သော ကမ္ဘာ့ နိုင်ငံရေး သမိုင်းအစီအစဉ် တွင် အထူးထူး အပြားပြားသော ဂုဏ်အင်္ဂါ များကြောင့် ပြည်သူတို့၏ ချစ်ကြောက်ရိုသေ ခြင်းခံရသော ခေါင်းဆောင်များကား ကမ္ဘာနဲ့အဝန်း တိုင်းပြည်တိုင်း၌ပင် လျှင် အခြေအနေအရ ပေါ်ထွက်ခဲ့ဘူးကြပြီ ဖြစ်သည်။ ယင်းသို့သော ခေါင်းဆောင်များ အနက် အချို့မှာ အပြောကောင်း၏။ အချို့မှာ သဘောကောင်း၏။ အချို့မှာ သတ္တိကောင်း၏။ အချို့မှာ ကိုယ်ကျင့်တရားကောင်း၏။ အချို့မှာ မှတ်ဥာဏ်ကောင်း၏။ အချို့မှာ စာရေးကောင်း၏။ အချို့မှာ အစီအမံ ကောင်း၏။ အချို့မှာ ပညာဥာဏ်ကြီးကျယ်၏။ဤသို့လျှင် ကာလ ဒေသ ပယောဂ အားလျော်စွာ နှောင်းခေတ်တွင် ပေါ်ထွက်ခဲ့ဘူးသော ခေါင်းဆောင်ထူးများ အနက် ယခု ကျွန်တော် ရေးသားလတ္တံ့သော သခင်အောင်ဆန်းခေါ် ၊ ငမိုးခေါ် ၊ အိုမိုတ ခေါ် ၊ ဗိုလ်တေဇ ခေါ် ၊ ဦးနောင်ချိုခေါ် ၊ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း အပါအဝင်ဖြစ်၏။

အခြားသူများအဖို့ ဗိုလ်ချုပ်အောင်ဆန်းအား မည်သို့ရှု့မြင်မည်ကို မသိနိုင်သော်လည်း ကျွန်တော် ကမူ တရံရောအခါက ဗိုလ်ချုပ်အောင်ဆန်းအပေါ်၌ ``သဘောကောင်းသူ`` တစ်ဦး အဖြစ် ရိုးသားစွာ မြင်တွေ့ သိရှိခဲ့ဘူးပါ၏။

အချိန်ကား ---- ၁၉၄၂ ခုနှစ် ဇွန်လ အတွင်း၌ ဖြစ်သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့် နိပွန် တပ်မတော်သည် ရန်ကုန်မှ ဗြိတိသျှ နယ်ချဲ့ စစ်တပ်များအား မောင်းနှင်ထုတ်ပြီးသည့် နောက် မြို့ပြ အုပ်ချုပ် ရေးကို အုတ်မြစ်ချစ အချိန်တွင် တပ်မတော်မှ ရဲဘော်သုံးကျိပ်ဝင် ထိပ်တန်းအရာရှိ အချို့နှင့် ဒို့ဗမာ အစည်းအရုံးဝင် အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ခံအချို့မှာ ရွှေတောင်ကြားလမ်းအတွင်း၌ နေထိုင်ကြ၏။

ထိုအခါက ယခု အလံပြဘုရားလမ်းရှိ အင်္ဂလိပ် မက်သဒစ်ကျောင်း ၌ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရုံးထိုင်သော စစ်သေနာပတိချုပ်ရုံး G-S-O ဖွင့်လှစ်ထားရာ ထိုရုံးမှနေ၍ ရန်ကုန်မြို့တွင်း၌ တပ်စွဲထားသော တပ်အသီးသီးနှင့် တကွ မြန်မာပြည် အနှံ့အပြားသို့ ရောက်ရှိနေသော ဗမာ့လွတ်လပ်ရေး တပ်မတော် တစ်ခု လုံး၏ စစ်ဆင်ရေးနှင့် တာဝန်ဝတ္တရားများကို ခွဲဝေချမှတ်ပေး၏။

ထိုအချိန်၌ပင် ကျွန်တော် အပါအဝင်ဖြစ်သော ယိုးဒယား ဦးလှဖေ ဦးစီးသည့် တပ်သည် မြစ်ဝ ကျွန်းပေါ် ရှိ သူပုန်၊ သူကန်များအား နှိမ်နင်း၍ ရန်ကုန်မြို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း ၌ အနားယူဆဲ ဖြစ်ရာ ထိုနေ့က အထက်အမိန့်အရ ထားဝယ်သား ဗိုလ်ကျော်ဒင် (ထိုခောတ်က တပ်စိပ်မှုးကို တပ်စိပ်ဗိုလ် ဟုခေါ်သည်) တိုက်ရိုက် အုပ်ချုပ်ရသော ကျွန်တော်တို့ ကင်းတပ်စိပ် တစ်စိပ်အား ရွှေတောင်ကြားလမ်းရှိ တပ်မတော် အရာရှိကြီး တစ်ဦး၏ အိမ်၌ စောင့်ရှောက်ရန် စေလွှတ်သောကြောင့် ဝတ္တရားအလျောက် နေရင်း တပ်စခန်းမှ ထွက်လာခဲ့ရလေသည်။

အမှန်ကိုဝန်ခံရမည် ဆိုသော် ထိုအချိန်အထိ ကျွန်တော်သည် တပ်သားသစ်တို့၏ သဘာဝ စိတ်အား တတ်ကြွနေချိန်ဖြစ်သောကြောင့် အရာရာ၌ ထောင့်မကျိုးပဲ ဆတ်ကော့ လတ်ကော့ ဖြစ်နေ၏။ စစ်ပညာ ဟူ၍လည်း သေနတ်ထမ်း သေနတ်ချ အလေးပြု ချီတတ် သေနတ်ပစ်မှ လွဲ၍ ဘာကိုမဆ စနစ်တစ်ကျ မယ်မယ်ရရ မတတ်သေး ။ စစ်စည်းကမ်းဆိုသည်မှာလည်း ဝေလာဝေး။

ထိုအချိန်က ကျွန်တော်၏ ခံယူချက်မှာ အထက်လူကြီးများ တားမြစ်သော အချက်မှန်သမျှ ကိုရှောင်ကျဉ်၍ အထက်လူကြီးများက တိုက်တွန်းစေခိုင်းသော အရာ မှန်သမျှကို ဘာပဲဖြစ်ဖြစ် အမှား အမှန် ဝေဖန်ရန်မလို အရှုံး အမြတ် တွက်နေရန်မလိုဘဲ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရေးသာလျှင်ဖြစ်၏။



ဆိုခဲ့သည့်အတိုင်း ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှသည် ရွှေတောင်ကြားလမ်းသို့ ခြေလျှင် ချီတတ် လာကြရင်း တာဝန်ထမ်းဆောင်ရမည့် နေအိမ်သို့ ရောက်သောအခါ ကျွန်တော်တို့သည် ရှိရင်းစွဲတပ်စိပ် နှင့် ကင်းချင်းလဲလှယ်၍ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ရလေသည်။

ထိုအိမ်ကား ( ဗိုလ်အောင် ၊ ခြံအမှတ် ၅၆ ) ယခု အီတလီသံအမတ် အိမ်နှင့် ကပ်လျှက် ဖြစ်၏။

ကျွန်တော် စောင့်ရမည့် ကင်း အလှည့်သို့ ရောက်သည်ဆိုလျှင်ပင် နေအိမ်အတွင်း ကျွန်တော်တို့အတွက် ပေးထားသော သီးသန့်ခန်းမှ အိမ်ဝရှိ ကင်းဂိတ် ထွက်လာခဲ့ရသော ကျွန်တော့ အဖို့ တာဝန်ချိန်အတွင်း သက်ပြင်းတချချ ရင်တမမဖြင့် ဆက်ဆံရဦးမည့် ဧည့်သည်အမျိုးမျိုး၏ အကြောင်းကို စဉ်းစား မျှော်တွေး ရင်လေး၍ နေမိပေသည်။

ထိုခေတ်က ဗိုလ်မှုးအောင် (ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဟောင်း ) မှာ အိမ်ထောင်မကျသေး ၊ လူပျိုကြီး ဖြစ်၏။ ထို့ကြောင့်လည်း အိမ်သို့ လာသော ဧည့်သည်များအနက် စစ်ဘက်ဆိုင်ရာ အရာရှိများ ၊ နိုင်ငံရေးသမား များ ၊ အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ ၊ သက်ဆိုင်ရာ ဆွေမျိုး ၊ မိတ်ဆွေများနှင့် အမျိုးအစား များပြားလှသော အရပ်သား ဧည့်သည်များအပြင် ဆွေမျိုးတော်ချင်သူများလည်းပါ၏။ လာရောက်သူများကို ကြည့်ပါဦး။ လေသံအမျိုးမျိုးဖြစ်သည်ကို တွေ့ရမည်။

``ဟေ့ -- မင်းတို့ ဗိုလ်အောင် ရှိလားကွ ၊ ငါသူ့ဦးလေးဘဲ၊ သူနဲ့ တွေ့ချင်လို့ ``

ဤသို့တစ်မျိုး မာန်ဝင့်၍ လာသူများ။

``ကျုပ် သခင်စံလှိုင်နဲ့ တွေ့ချင်လို့ ကိစ္စအရေးကြီးတယ် ``

ဤသို့ ဂမူးရှုးဒိုး နှင့်လာသူများ။

``ဒီမယ် ဒကာလေး မင်းတို့ဗိုလ်မှုးကို သွားပြောချေစမ်း ၊ မန္တလေးက အာဇာနည် အရှင်ဓမ္မိဿရ ကိုယ်တော် ကြွလာတယ်လို့ ၊ သွား-- သွား-- မြန်မြန်သွား ၊ ငါသူနဲ့ မတွေ့လို့မဖြစ်ဘူး``

ဤသို့ လူမြင်သမျှ ကပ္ပိယ ကဲ့သို့ သဘောထားသော ဘုန်းဘုန်းများ။

``ဒါက မောင်စံလှိုင်နေတဲ့ အိမ်မဟုတ်လား -- ပြောလိုက်ပါ ကျုပ်နာမည်က ``------`` တဲ့ ၊ သူသိပါတယ်--``
ဤသို့ အလွန်တရာ ရင်းနှီးဟန် နှင့် ဘာကောင်မှန်း မသိရသော (ဝါ) လူလော နတ်လော ခွဲခြား၍ မရသော သူတို့သည် တစ်နေ့ တစ်နေ့ ဝင်၍ ဝင်၍သာ သွားကြပြီး ပြန်ထွက်ကြသည် မရှိသောကြောင့် ဧည့်ခန်းမဆံ့ မခန့်မညား ဖြစ်လာသောအခါ ကင်းဗိုလ်ဖြစ်သူမှာ မနေသာတော့ဘဲ ကျွန်တော့်ထံသို့ ပြေးလာ၍ -----------

``ဟေ့ကောင်-- ရဲခေါင် ၊ ကြည့်လဲလုပ်ပါဦးကွာ--မင်းဥစ္စာကလဲ ငါ့လခွေးမှဘဲ၊ လူတွေကို အရမ်းမလွှတ်ပါနဲ့ကွ၊ အခု ဟိုမှာ ဧည့်ခန်းမဆံ့ တော့ဘူး။ ဒါကထားဦး --ဒို့ဗိုလ်မှုး ခုထိ ထမင်းမစားရသေး ဘူး။ ကြည့်စမ်း ဘယ်အချိန်ရှိနေပလဲ။ နမ်းမေဂရိုး-- ဒီလိုသာ လူတိုင်းလက်ခံ စကားပြောရရင် သေးတောင် ပေါက်ရမှာ မဟုတ်ဘူး``ဟု ဆိုပါလေတော့သည်။

ပြောမည်ဆိုလည်း ပြောစရာပင် ၊လာရောက်သော ဧည့်သည်များတွင် အလည်အပတ် သက်သက် ၊ သားရေး သမီးရေး ကိစ္စ နှင့် အချိန်ဖြုံးတီးရန် လာသူများ အောက်လက်ငယ်သား ပုလိပ် ဆယ်အိမ်ခေါင်းမျှ နှင့် ပြီးစီးနိုင်သော ကိစ္စများကိုပင် မြစ်ချောင်းအသွယ် မြို့နယ်အစုစု လူမှုအဆင့်ဆင့် ကို ဖြတ်ကျော်၍ တကူးတကန့် ဒုက္ခပေးရန်အတွက် လာသူများ။ မိမိတို့ အရေးကိစ္စကို တိုတိုတုတ်တုတ် နှင့် လိုရင်း မပြောဘဲ အတိတ်ကိုဆောင်၍ နမိတ်တော်ခင်းပြီး ``မိုးအလင်း`` ပြောမည့်သူများမှာ အဆိုးဆုံးဖြစ်လေသည်။ ထိုသူများ သည် အလိုက်ကန်းဆိုး လုံးဝမသိသူများ ဖြစ်သည့်အတွက် သူတို့၏ အပြုအမူများကိုလည်း တားမြစ်တိမ်းဖယ် ပြုပြင်ရလွယ်သူများ မဟုတ်ကြ။

ထို့ကြောင့် ဧည့်သည်များလာလျှင် ဧည့်သည်၏ အရေးကိစ္စကို အမျိုးအစားခွဲခြား၍ ရုံးကိစ္စဖြစ်လျှင် ရုံးသို့စေလွှတ်လိုက်ရန်နှင့် အိမ်ကိစ္စဖြစ်ပါမူလည်း သူ့အားရှေးဦးစွာ အသိပေးအကြောင်းကြားရန် မှာထားသောကြောင့် နောင်သောအခါ၌ ကျွန်တော်သည် ဗိုလ်မှုးအောင်နှင့် တွေ့လိုသော ဧည့်သည်များကို တပ်စိပ်ဗိုလ်၏ သြဝါဒ အမိန့်တော်အတိုင်း ဦးထိပ်ရွက် ပန်ဆင်ရန် ဟန်ပြင်ရလေတော့သည်။

ဤသို့ ပြုလုပ်လိုက်ပြန်ပါသော်လည်း ကျွန်တော်၏ တပ်စိပ်ဗိုလ်ခမျာမှာ သက်သာလှသည်တော့ မဟုတ်။ ကျွန်တော်တို့က ဘယ်လိုပင် လူဝင်ကန့်သက်ရေးအတွက်`` မူ``ပြောင်းထားပေမယ့် လာရောက်သောလူများမှာ မပြောင်းသောကြောင့် လာလာသမျှအား အဘိယာစက စကားမြွက်ကြား ပြောဆို နေရသည်ကပင်လျှင် တံတွေး မျိုချချိန်မရ၊ တစ်ယောက်ပြီးတစ်ယောက် လူရိပ်မပျောက်အောင် သူတို့ပဲ လာနိုင် လွန်းကြသည်။

ဤတွင် ကျွန်တော်တို့ တပ်စိပ်ဗိုလ်မှာ အိမ်ကိစ္စအတွက်လူလာတိုင်း သူပါရသည်ဖြစ်သောကြောင့် မီတာ ၂၀ ခန့်မျှဝေးသော အိမ်ဝနှင့် ကင်းဂိတ်ကို တောင်ပြေး မြောက်ပြေး ရွာဆော်ကြီးခွေး ကဲ့သို့ လျှာထွက် မတတ် ပြေးရဖန်များသောအခါ ဖဝါးနာပြီး မစားသာသောအခြေ သို့ ဆိုက်ရောက်လာရကား ချမှတ်ပြီးသော လမ်းစဉ်ကို နောက်ထပ်တစ်ဖန် ပြန်ရပြန်သည်။

``ကဲ--- ရဲခေါင်ရေ ၊ဒီတစ်ခါတော့ ဒီလိုလုပ်ကြမှထင်တယ်။ အိမ်ကိစ္စနဲ့ လူလာတိုင်းလဲ မင်းငါ့ကို မခေါ်နဲ့တော့ကွာ မင်းဘာသာမင်း လူရိပ်လူကဲကြည့်ပြီး အထဲကို လွှတ်သင့်တယ်ထင်မှ လွှတ်တော့ ဟုတ်လား။ တော်ရုံတန်ရုံတော့ကွာ မင်းသဘောနဲ့ မင်းကြည့်ပြီး ကောင်းသလိုသာ ရှင်းလိုက်ပေတော့ နားလည်သလား--``

``ဟုတ်ကဲ့ ဗိုလ်လေး စိတ်ချပါ-- ဒီလိုဆို ကျွန်တော် ကြည့်လုပ်လိုက်မယ်``

ထိုသို့ လူဝင်ကန့်သက်ရေးအတွက် အချုပ်အခြာအာဏာ ကျွန်တော့လက်တွင်းသို့ ရောက်လာသည် နှင့်တပြိုင်နက် ကျွန်တော်နှင့် လူ့ဂွစာများ လူ့ကပ်ဖဲ့များ စိတ်ကြီးဝင်နေသော သူများ မှာ ခွေးနှင့် ကြောင်ကဲ့သို့ တစောင်စောင်ဖြစ်ရုံမျှမက မီးခဲနှင့် ဗျောက်အိုးကဲ့သို့ ဝင်တိုးတိုင်းမီးပွင့်လေတော့ သည်။

နုနုနှင့် ပြောမရသူများကို ခပ်ထန်ထန်ပြောရ၏။ ပြောရင်းက ကဲတတ်လာသောသူများကို မူ လက်မောင်းရင်းကို ဆွဲ၍၎င်း၊ ရင်ပတ်ကို တွန်း၍၎င်း ထုတ်ရတော့သည်။ ဤသို့မှ မလုပ်လျှင်လည်းမရ။ လူလူခြင်းဆက်ဆံရသည်မှာ အတော်ခက်လှပေသည်။ လက်နက်ရုံတစ်ရုံကို စောင့်ရှောက်ရခြင်းထက် လူတစ်ယောက်ကို ထိမ်းသိမ်းရသည်မှာ အလွန်တရာ တာဝန်ကြီးလှပါ၏။လက်နက်နှင့် လူမှာ ပေါက်ကွဲ ထိရှပုံခြင်း တူသော်လည်း တန်ပြန်ပုံ၌ မတူချေ။ လူသည် လက်နက်ထက် ပရိယာယ်များ၏။ အချို့သောသူ များမှာ အလိုက်လည်းမသိ ကိုယ်ချင်းစာတရားလည်းမရှိချေ။ ထိုသူများသည် တဖက်သားအား စကားဖြင့် မခံချင်အောင်ပြော၏။ အမူအရာဖြင့် မသိမသာ စော်ကား၏။ ထိုအခါ စစ်သားများက မခံနိုင်လွန်းသဖြင့် စိတ်လိုကမာန်ပါ ပြန်၍လုပ်လိုက်သောအခါ ကာလပျက်ခမန်း ``စစ်သားတွေ ကြမ်းသည် ရမ်းသည် ရိုင်းသည်`` ဟု ဆိုရိုးပြုကြတော့သည်။ ဒီတော့ မခက်ပါလား။




သို့နှင့်ပင် ကျွန်တော်၏ ကင်းတာဝန်ချိန် ၂- နာရီကား ပြီးဆုံးခဲ့ပါပြီ ။ ကျွန်တော်သည် စိတ်ရော ကိုယ်ပါ အနားရတော့မည်ဖြစ်သဖြင့် လေကလေး တချွန်ချွန်နှင့် အလွန်ပင်ပျော်နေမိသည်။ သို့ရာတွင် ကျွန်တော်၏ ပျော်ရွှင်မှုများ ရေပွက်ပမာ ခဏသာတည်း။ အကြောင်းကို ဆိုရသော်---

``ရဲခေါင်ရေ---- ကျင်မောင်တစ်ယောက်ကွာ ၊ အဖျားတတ်နေလို့ မင်း သူ့အစား နောက် နှစ်နာရီ စောင့်ပေးလိုက်ပါအုံးကွာ ။``

ကျွန်တော်တို့ တပ်စိပ်ဗိုလ်၏ စကားမဆုံးမီပင် ကျွန်တော်သည် လွတ်ခါနီးမှ နောက်အမှုပေါ်လာသော အကျဉ်းသားနှင့်မခြား စိတ်တွင်းမှ ဘုရားတ၍ သက်ပြင်းကို ချလိုက်မိသည်။

``အင်း နောက်နှစ်နာရီ -- နောက် နှစ်နာရီ ``

ကျွန်တော်သည် စိတ်ထဲမှ ရေရွတ်ရင်း နောက် ၂ နာရီအတွင်း ထပ်မံတွေ့ဆုံရဦးမည့် လူသတ္တဝါများ အကြောင်းကို တဖြည်းဖြည်းတွေး၍ ရင်လေးနေတော့သည်။ သို့သော်ယခု ကိစ္စမှာနာမကျန်းဖြစ်နေသော ရဲဘော် တစ်ဦးအတွက် ကူညီရမည့် ကိစ္စဖြစ်သောကြောင့် ကမ္မဿကာ ဖြစ်ချင်တိုင်းဖြစ် နစ်ချင်တိုင်းနစ် ကရော စိတ်မညစ်သာပြီဘူး ပဉ္စဝုဓ မင်းသားထုံးစံ မလွဲသာ၍ ရန်သူတွေ့ ခြင်္သေ့ခံခံရအောင် `` ဟူသော ဝိဇယ ပြဇာတ်ထဲမှ ဦးပုည စာချိုးအတိုင်း ကိုယ့်ကိုယ်ကို ပြန်၍ အားပေးရပါတော့သည်။

ကျွန်တော်သည် သေနတ်ကိုပိုက်၍ ထိုမှ ဤမှ လမ်းသလားနေရသည်နှင့်အမျှ ကျွန်တော်၏ စိတ်များ မှာလည်း ဂဏာမငြိမ်ဖြစ်နေသည်။ ကျွန်တော်၏ မျက်လုံးမှာမူ ရွှေတောင်ကြားလမ်း တလျှောက် နောက်ရောက်မည့် ဂွငနဲ ကိုသာ စိတ်ထဲမှ ကျိန်ဆဲရင်း စောင့်မျှော်နေမိ၏။

ထိုအချိန်တွင် လူတစ်ယောက်သည် ချင်းချောင် အဲဗားနယူး ဘက်မှသည် ရွှေတောင်ကြားလမ်းအတိုင်း ကျွန်တော်ရှိရာဘက်သို့ နှေးကွေးစွာ လျှောက်လာနေ၏။ အချိန်မှာ ညနေ ၅ နာရီနှင့် ၆ နာရီကြား လူလုံးလှချိန် ဖြစ်သော်လည်း ဝဿန်ကာလ၏ သဘာဝစုတ်ချက်များက မီးခိုးရောင်မှုံး၍ လူလုံးမှိန်ထားသော ကြောင့်၎င်း။ မိုးဥတု ဇာငွေမျှင်များက သူ့ပတ်ဝန်းကျင်တွင် တဖွဲဖွဲ ကျနေသောကြောင့်တစ်ကြောင်း မည်သူ မည်ဝါဖြစ်သည်ကို မသိနိုင်။

သို့သော် တစ်ခုတော့ပြောနိုင်သည် ။ ဤသို့ မိုးတဖွဲဖွဲကျနေသည့်ကြားထဲ၌ ထီးမပါ အကာမရှိ ဘယ်ကိုဆို ဘယ်ကိုမျှမကြည့်ဘဲ ဦးခေါင်းငုံ့ကာ စဉ်းစား၍ လာနေသူသည် ဧကန္တ စိတ္တဇရောဂါသည် တစ်ဦးသာ ဖြစ်ရပေမည်။ ဤသို့ ကျွန်တော်က ထင်၏။

သူသည် တဖြည်းဖြည်း ကျွန်တော်နှင့် နီးကပ်လာရာမှ လွန်၍သွား၏။ ထိုအချိန်ထိ သူသည် ဘယ်ကိုမျှ မကြည့်သေး။ လမ်းထိပ် ကွေ့သို့ရောက်သောအခါကျမှ သူသည် ရုတ်တရက် သတိရဟန်ဖြင့် ဖျတ်ကနဲ ခေါင်းထောင်၍ ဗိုလ်မှုးအောင် အိမ်ဘက်သို့ တစ်ချက်မျှော်ကြည့်လိုက်ရင်း ကျေနပ်ပြုံးပြုံးကာ ပြန်လှည့်လာပြန်သည်။ သို့သော် သူ၏ ခေါင်းမှာမူ ငုံ့မြဲငုံ့လျှက်----

``ရော--- ဘယ်ကိုများ လာအုံးမလို့ပါလိမ့် ``

ကျွန်တော်သည် ဤသို့တွေးရင်း သူ့အား ပို၍ပို၍ စိတ်ဝင်စားလာမိသည်။ သူသည် ခြံပေါက်အတွင်း သို့ တန်းတန်းမတ်မတ် ဝင်လာသော်လည်း ဘာကိုမျှ ဂရုမပြု။ ဘယ်သူ့ကိုမှ မေးမြန်းခြင်း မရှိ။

သူသည် ကျွန်တော့်ကိုရှေ့မှ ဖြတ်၍ တတ်ရန်ပြင်လိုက်သည်နှင့် တပြိုင်နက် လှံစွတ်တပ်ထားသော ကျွန်တော်၏ ရိုင်ဖယ်သေနတ်သည် သူ၏ ရင်ဘတ်သို့ ကန့်လန့်ဖြတ် တားထားလိုက်ရပါတော့သည်။ ထိုအခါ သူသည် သေနတ်ကိုတလှည့် ကျွန်တော့ကိုတလှည့် အေးစက်သောအမူအရာဖြင့် ကြည့်ပြီးမှ---

``သြ---- ရဲဘော် ခင်ဗျားကို ကျုပ် မမြင်မိဘူး ``

အလို--- ဘုရားရေ--- ၊ လူတစ်ယောက်လုံးရပ်နေတာတောင် မမြင်မိဘူးတဲ့။ ကဲ-- ကျွန်တော်က သူ့ကို အံ့သြစွာပင် ကြည့်လိုက်ရင်း စိတ်တွင်းမှလည်း သူ့ပေါ်၌ တမျိုးတမည် ထင်မှတ်မိပြန်သည်။

``တန်တော့ ဒီလူဟာ ကြောင်တောင်ကန်းများလား``
ကျွန်တော်သည် ဤသို့တွေးတောရင်း သူ၏ ပုံပန်းသဏ္ဍန်ကို တစ်ရစ်စီ ခြေဆုံးခေါင်းဆုံးလေ့လာ နေမိ၏။

ကြည့်ပါ --ခေါင်းမွေးစုတ်ဖွား ၊ မေးရိုးကားကား ၊ မျက်ပေါက်ကျဉ်းကျဉ်း ၊ စွပ်ကျယ်လက်တို ၊ တပတ်ရစ် ယောပုဆိုး ၊ သဲကြိုးနီ လေယာဉ်ပျံ ဖိနပ်နှင့် ပိန်ကပ်ကပ် မွဲခြောက်ခြောက် လူတစ်ယောက်။

``ခင်ဗျားက ဘယ်ကလဲ၊ ဘယ်သူလဲ ၊ ဘယ်သွားမလို့လဲ---``

ကျွန်တော်က သူ့အား သိလိုသော မေးခွန်းများကို ဆက်တိုက် တရစပ် မေးချလိုက်သည်။ သို့ရာတွင် သူသည် ကျွန်တော်၏ မေးခွန်းများကို ပြည့်စုံစွာ မဖြေ။ ကျွန်တော်က သူ့ကို စိတ်ဝင်စားနေသော်လည်း သူက ကျွန်တော့အား ပြန်လည်၍ စိတ်ဝင်စားဟန်မတူ။ သူ့ကြည့်ရသည်မှာ ခပ်ကြောင်ကြောင်ပင် ဖြစ်၏။ သူသည် ကျွန်တော့အား မကြည့်ဘဲ ဗိုလ်မှုးအောင် အိမ်ဘက်သို့ကြည့်ရင်း ကျွန်တော့မေးခွန်းကိုဖြေ၏။

``ဒီကိုပါဘဲ--- ကျုပ်နေတာ ဒီနားမှာဘဲ---``

ကဲကြည့်----။ ဖြေ ပုံကိုက ငုံးတိတိနှင့် ဘယ်လောက်များ ဂွကျသော လူစားထဲက ပါလဲ။ ဒီလို ဂွငနဲ မျိုးပေါင်းများစွာကို လွန်ခဲ့သောအချိန်များက ကျွန်တော်သည် လက်မောင်းကို ဆွဲ၍၎င်း၊ ရင်ဘတ်ကို တွန်း၍၎င်း။ နားရင်းကို အုပ်၍၎င်း ၊ ထုတ်ခဲ့ဘူးပြီ မဟုတ်ပါလား ။ ယခုလည်း လာပြန်ပြီတစ်ယောက် ၊ ကျွန်တော်သည် စိတ်နောက်နောက်ဖြင့် သူ့အားကြည့်၍----

``ဒီမှာ ဗျို့ဆရာ-- ခင်ဗျားဒီကို လာတဲ့ကိစ္စပြောစမ်းပါ--``

``ကျုပ် ဗိုလ်အောင်နဲ့ တွေ့ချင်လို့--``

``ရုံးကိစ္စလား အိမ်ကိစ္စလား``

``အိမ်မှာ တွေ့ပြီး ပြောမှဖြစ်မယ့် ရုံးကိစ္စဘဲ``

``ဟင်------``

သူပြောသောစကားကြောင့် ကျွန်တော့မှာ ကြောင်အမ်းအမ်းဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ကျွန်တော်က ဘာကိုမျှပြန်၍ မပြောနိုင်မီ သူသည် သူပြောလိုသောစကားများကို ဆက်ပြောသွား၏။

``ကျုပ်အဖို့ရာ အိမ်ကလည်းရုံး ရုံးကလဲ အိမ်ပဲ၊ အိမ်နဲ့ ရုံးကို ခွဲခြားနေဘို့၇ာ အချိန်မရဘူး ရဲဘော် ၊ ဒါကြောင့် အခု ကျုပ်------``

သူသည် စကားကိုပင် အဆုံးမသတ်ဘဲ ခြံတွင်းသို့ ပြောပြောဆိုဆိုဖြင့် တစ်လှမ်းခြင်းဝင်သွား၏။ ကျွန်တော်သည် စက္ကန့်ပိုင်းမျှ သူ၏အပြုအမူကို အံ့အားသင့်ကာ ကြည့်နေပြီးမှ ကပျာကရာ သူ၏ လက်မောင်းရင်းကို ပြေးကိုင်ပြီး ခြံဝသို့ ဆွဲထုတ်ခဲ့၏။ သူသည် ကျွန်တော်၏ လက်တွင်းဝယ် ယက်ကန် ယက်ကန် ဖြင့် ပါလာရင်း ခြံပြင်သို့ေ၇ာက်သည်နှင့် တပြိုင်နက် ကျွန်တော်၏ မာန်မဲကျိမ်းမောင်းခြင်းကို ခံရရှာတော့သည်။ သို့ရာတွင် သူက အပြုံးမပျက်ပါ။ ထိုသို့အပြုံးမပျက်လေလေ ကျွန်တော်က ဒေါပွလေလေ။

``------ခင်ဗျား ဘယ်လိုလူလဲဟင် ၊ ခင်ဗျား ဘာကောင်လဲ ၊ ဒီလို ဗိုလ်မှုးတစ်ယောက် အိမ်ထဲကို အရမ်းဝင်ချင်တိုင်း ဝင်လို့ရမလား ၊ ခင်ဗျား တယ်ဇွတ်တရွတ် နိုင်တဲ့လူပါလား။ ခင်ဗျားကို ဘယ်သူက ဝင်ခွင့် ပေးသေးလို့လဲ--``

ကျွန်တော်က ဒေါပွပွဖြင့် သူ့အား ကြိမ်းမောင်းနေစဉ်ပင် သူသည် ကျွန်တော် ကြိမ်းမောင်းသမျှကို စိတ်ရှည်လက်ရှည် နားထောင်နေပြီးခါမှ စကားတစ်ခွန်းကို လေးကန်စွာ ပြောလိုက်လေသည်။

``မဟုတ်ဘူး ရဲဘော်--- ကျုပ်ဟာ အောင်ဆန်းဘဲ ၊ ရဲဘော် ကျုပ်ကို မသိလို့ ဖြစ်ပါလိမ့်မယ် ၊ ရဲဘော်တို့ ကင်းဗိုလ်ကို ခေါ်လိုက်ပါလေ-- ၊ ကျူပ်သူနဲ့တွေ့ပါ့မယ်--``

ထိုအခါမှ ကျွန်တော်၏ ခေါင်းထဲသို့ အကြောင်းတစ်ရပ်သည် ဖျတ်ကနဲ ဝင်လာ၏။ (ဗိုလ်တေဇ ခေါ် သခင်အောင်ဆန်း)။

ထိုအတွေးနှင့် အတူပင် ကျွန်တော်၏ ပါးစပ်မှာ အဟောင်းသားပွင့်ကာ သူ့အား ခြေဆုံးခေါင်းဆုံး ပြန်၍ စေ့စပ်စွာကြည့်ရင်း မယုံရအခက် ယုံရအခက် ဖြစ်နေ၏။ ဝေခွဲမရသော ကျွန်တော်၏ မျက်လုံးများမှာ လည်း သူ့အား အချိန်ကြာမြင့်စွာ တွေဝေငေးငိုင် ၍ကြည့်နေမိသည်။ သူသည် ကျွန်တော်၏ ဝမ်းတွင်းသဏ္ဍန် ကို ဝေဖန်ရိပ်စားမိ၍လား မပြောတတ်။

``ကဲပါလေ-- ကင်းဗိုလ်ကိုသာ ခေါ်လိုက်ပါ ရဲဘော် ၊ ကျုပ်ချမ်းလှပြီ--``

ဟုဆိုရှာပါသည်။ သူကထိုသို့ ပြောလိုက်မှ ကျွန်တော်သည် သတိရ၍ ဤကိစ္စတွင် ကျွန်တော့အနေဖြင့် ဘုမသိ ၊ ဘမသိ ဆုံးဖြတ်လိုက်ခြင်းထက် ကင်းဗိုလ်၏ အကူအညီကို ယူ၍ ဆုံးဖြတ်လုပ် ကိုင်ခြင်းသည်သာလျှင် ကျွန်တော့ အဖို့ အကောင်းဆုံးဖြစ်မည်ကို တွေးမိ၏။ ဗိုလ်ကျော်ဒင်မှာ ကျွန်တော့ ထက် စစ်ဝါရင့်သူလည်းဖြစ်သည်။ တပ်မတော်မှ အရာရှိကြီးများကို အတော်များများ သိမြင်ထားသူလည်း ဖြစ်သည်။

ထို့ကြောင့် ကျွန်တော်သည် ကင်းဗိုလ်အား ခွန်းဆင့်၍ ခေါ်လိုက်ရ တော့သည်။ ကျွန်တော်၏ ခေါ်သံ ကြောင့် ဗိုလ်ကျော်ဒင်သည် ကင်းဂိတ်သို့ ဒရောသောပါး ပြေးလာကာ သူ့ကိုယ်သူ အောင်ဆန်း ပါဟု ဆို၍ နေသော လူကို မြင်လိုက်သည်နှင့်တပြိုင်နက် ဖျတ်ကနဲ အလေးပြုလိုက်ရင်း---

``ဟာ --- ဗိုလ်ချုပ် ရေတွေစိုလို့ပါလား ၊ ကြွပါ ဗိုလ်ချုပ် အထဲကို ကြွပါ--`` ဟု ပြောပြောဆိုဆို ခရီးဦးကြိုပြုပါတော့သည်။
ဤဖြစ်ရပ်ကို မြင်ရသော ကျွန်တော့မှာမူ ကောင်းကင်အတတ် ပြဒါးရှင် လုံးထွက်ကျသော ပဋိက္ခယား မင်းသားကဲ့သို့ ထွက်သက် ဝင်သက်တို့သည် ရပ်တန့်ကုန်၏။ ၂၀ ရာစုနှစ် သမီးပျို၏ ခါး၌ တင်၍ မွှေ့အပ်သော ဖင်လိမ်ကွင်းကဲ့သို့ လည်း မြင်ကွင်းအားလုံးတို့သည် ချာလပတ်လည်နေ၏။ ကျွန်တော်၏ နှုတ်ဖျားမှာလည်း ချုပ်ထားသကဲ့သို့ ဖွင့်၍မရတော့။ နားထင်နားရင်းများ မှာလည်း ဒေါက်ဘိနပ်ဖြင့် အရိုက်ခံရ သူကဲ့သို့ ထူပူ၍လာ၏။ ကိုင်ထားအပ်သော သေနတ်မှာလည်း အရက်ဖြတ်ထားသော စာရေးဆရာ လက်မှ ဖောင်တိန်ကဲ့သို့ တဆတ်ဆတ် တုံနေ၏။ ရင်တွင်း၌မူ သန့်ရှင်းနှင့်တည်မြဲ မဲခွဲသောနေ့က ပြည်သူ လူထု၏ နှလုံးသားကို ကျွန်တော်တစ်ဦးတည်း မြိုထားရသကဲ့သို့ စိုးရိမ်ပူပန်မှုများ ပြင်းစွာဖြစ်၏။

``သြော်---- ငါမှားလေခြင်း ၊ ငါ -- မိုက်လေခြင်း ``ဟု မသိတတ်သား ဆိုးရွားလှသော ကျွန်တော့ ကိုယ်ကို လည်း ကျွန်တော် ပြန်၍ အပြစ်တင်မဆုံးတော့။

``ပြောမယုံ ကြုံဖူးမှသိ`` ဆိုသကဲ့သို့ နယ်ချဲ့စစ်တပ်များမှ ကြေးစား အရာရှိကြီးများနှင့် လွတ်လပ်ရေး တပ်မတော်မှ မျိုးချစ် အရာရှိကြီးများ၏ ခြားနားမှုကိုလည်း စံပြု၍ နှိုင်းယှဉ်မိတော့သည်။ သူတို့ ထွက်သွားပြီးနောက် အချိန်ကား သိပ် မကြာလိုက်ပါ။ ဗိုလ်ကျော်ဒင် ခမျာ သုတ်သီးသုတ်ပြာဖြင့် ပြေးဆင်းလာ၏။ သူ့နောက်၌လည်း ရဲဘော်တစ်ယောက် အပိုပါလာသည်။

``ဟေ့ -ရဲခေါင် မင်း ဗိုလ်ချုပ်ကို ဘာလုပ်လိုက်တာလဲ ဟင်---``

``အာ----- ဗိုလ်ချုပ်မှန်း ဘယ်သိမလဲဗျ ၊ ယူနီဖောင်းမပါ ၊ ဘာမပါနဲ့ သူ့ကိုလဲ ကျွန်တော်က သိတာ မှမဟုတ်ဘဲ။ နောက်ပြီး သူကလည်း အစက ဘာမှပြောတာ မှုတ်ဘူး။ အပြင်ကို ဆွဲထုတ်ပြီးမှ သူကပြောတာ။ အဲဒီတော့မှ ကျွန်တော်လည်း ဗိုလ်လေးကို ခေါ်လိုက်တာ---``

``အဲဒါမှ စောက် ဂွ ပဲကွာ -- အစက ငါ့ကို ဘာလို့ မပြောတာလဲ-- ဟကောင်ရ ``

``နို့--- ဗိုလ်လေးက လူကဲခတ်ပြီး ကြည့်လုပ်ရမယ်ဆို------``

``အားပါး----- ကျွတ် ကျွတ်-- နင့်မေဂရိုးဘဲ-- အိုး-----------ဟိုး-------ဟိုးးး ``

သူသည် သူ၏ နှဖူးကို လက်ဝါးဖြင့်ရိုက်၍ ငြုတ်သီးစပ်သကဲ့သို့ စုပ်သတ် ငြီးညူလိုက်ကာ --ဘာမျှမပြောတော့ချေ။
``ကဲ--- ဒါဖြင့် မင်းလိုက်ခဲ့အုံး။ ဗိုလ်ချုပ်က မင်းကို ခေါ်ခိုင်းလို့။ ငါတော့ သေသာ သေချင်တော့တာ ဘဲ၊ ---ရဲခေါင်ရာ--``

ထို့နောက် ပါလာသော ရဲဘော်အား ကျွန်တော့ နေရာ၌ ခေတ္တအစားထားပြီး ဗိုလ်ချုပ်ရှိရာ ဧည့်ခန်းသို့ ကျွန်တော်တို့ နှစ်ဦးသား ထွက်ခဲ့ကြပါသည်။ အတွေးမှာ ကိုယ်စီနှင့်။

အိမ်၏ ဘယ်ဘက်အဆောင်ရှိ ဧည့်ခန်းအတွင်း စန္ဒယားခုံကို ဖင်တစ်ဝက်မှေးကာ မတ်တပ်ရပ် လက်ပိုက်၍ ခေါင်းငုံ့ရင်း တစ်စုံတစ်ခု စဉ်းစားနေသော သခင်အောင်ဆန်း။

အနီး၌မူ ဗိုလ်မှုးအောင်သည် တည်ငြိမ်သောအပြုံးဖြင့် ဆိုဖာတစ်လုံးပေါ်တွင် ထိုင်နေ၏။

လူမှာ ဧည့်ခန်းဝသို့ ရောက်နေသော်လည်း အထဲသို့ဝင်ရန် မရွံ့မရဲဖြင့် ခြေဆွဲ၍ နေသူကား ကျွန်တော်-----

ဗိုလ်ကျော်ဒင်၏ စစ်သံပါပါ အော်ကာ ဟစ်ကာ သတင်းပို့လိုက်သော အသံကြောင့် ကျောက်ရုပ်ပမာ ငြိမ်ချက်သားကောင်းနေသော ဗိုလ်ချုပ်သည် တဖြည်းဖြည်း ခေါင်းမော့လာကာ စောစောက ကျွန်တော်သူ့ကို ကြည့်နည်းမျိုးဖြင့်သူက ကျွန်တော့ကို ပြန်ကြည့်၏။ ဝဋ်ဟူသည်ကား မသေမီက လိုက်သည်ကို ကျွန်တော်ချက်ချင်း နားလည်လိုက်ပါ၏။ ထို့နောက်သူသည် သူ၏ လက်ဖျားများကို လက်ဖြင့်ပွတ်သပ်နေရင်း-

``အင်း --- ရဲဘော်နာမည်--``

``ရဲခေါင်-``

``တပ်ထဲ ဝင်တာ မကြာသေးဘူး ထင်တယ်``

``ဟုတ်ကဲ့``

``အင်း`` သူသည် ရှေ့သို့စကားမဆက်ဘဲ စဉ်းစားနေရာက---

``အေးပေါ့ကွာ--------ရဲဘော်ရဲ့ တာဝန်ကျေပြွန်မှုကို ချီးကျူးပါတယ်-- ဟုတ်လား။ စောစောက ကိစ္စကို ဘာမှ ခေါင်းထဲထည့်ပြီး စဉ်းစားမနေနဲ့ ဟုတ်လား။ ဒီအချိန်မှာ ဒီလိုလုပ်ရမှာဘဲ။ အဲဒါ ရဲဘော်မှန်တယ်။ ဟုတ်လား။ ကဲ--- ကဲ--- သွားနိုင်ပါဘီ။``

ထိုအချိန်၌ ဗိုလ်ချုပ် ပါးစပ်ဖျားမှ ထွက်လာသေားစကားများကို ကျွန်တော့်နားက သံသယ ဖြစ်နေသည်။ ``ဟုတ်မှ ဟုတ်ပါ့မလား`` ဟူ၍လည်း ဝမ်းမသာဝန့်အောင် ဖြစ်နေမိသည်။ ထို့ကြောင့်လည်း ``ခင်ဗျာ``ဟု နားမရှင်းဟန်ဖြင့် ထပ်မေးလိုက်တော့မှ----

``သြော်--- ရဲဘော်မမှားဘူး။ အဲဒါကိုပြောတာ။ ဒီတော့ လုပ်စရာရှိတာသာ ဆက်လုပ်ဟုတ်လား။ အေး---- တစ်ခုတော့သတိထား။ စိတ်လိုက်မာန်ပါ မလုပ်နဲ့ အဲဒါပဲ``

ကျွန်တော်သည် ဗိုလ်ချုပ်စကား ဆုံးသည်နှင့်တပြိုင်နက် မူလတာဝန်ကျရာ အရပ်သို့ ကလေးငယ်ပမာ ခုန်ပေါက် မြူးတူးကာ ပြန်လာမိသည်။ စောစောက ရင်တွင်း၌ ပူလောင်လှစွာ ရေငတ်လွန်း သော ဝေဒနာမှာလည်း အဘယ်သို့ ပျောက်သွားသည်မသိ။

ကျွန်တော်၏ ဦးဏှောက်တွင်း၌ မူ ``သဘောကောင်းသူ`` ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းကိုသာ ထပ်လောင်းခါခါ စဉ်းစားနေမိ၏။

ယနေ့မှစ၍ ရက်သတ္တပါတ် နှစ်ပါတ်ကျော်လျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ရှေ့တန်းခေါင်းဆောင်ကြီးများ ကုန်သလောက် နီးနီး ကျဆုံးပြီးသော ဂျူလိုင် ၁၉ ရက် အာဇာနည်နေ့သို့ေ၇ာက်ပြန်လေဦးတော့မည်။

ရှေးအခါက ဆိုမူ ကျွန်တော်သည် ပြည်သူ လူထုတစ်၇ပ်လုံးနှင့်အတူ အာဇာနည်နေ့ အထိမ်းအမှတ် သဘင် ဆင်ယင်ကျင်းပရာ တရားပွဲဥပစာများသို့ သွား၍၎င်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သိကောင်းစရာ အဖြာဖြာ ကို ပုဂ္ဂိုလ်အသီးသီး ရှာမှီးတင်ပြကြသော သတင်းဆောင်းပါး ဖြစ်၇ပ်များကို၎င်း၊ ကြားနာမှတ်သား ကျေးဇူးပွားခြင်းဖြင့်သာ နေလာခဲ့ရသော်လည်း ယခုအခါ၌ဆိုလျှင် အိမ်ထောင်ရှင် အဖြစ်သို့ရောက်၍ နေသော ကျွန်တော့ပတ်ဝန်းကျင်တွင် တရားနာပုဂ္ဂိုလ်အဖြစ် ကျွန်တော်၏ သားငယ်များသည် ကျွန်တော်ပြောပြ မည့် ``သဘောကောင်းသူ``ခေါင်းဆောင်ကြီးတစ်ဦး၏ အကြောင်းကို စုတ်သပ် အံ့သြ နှမြောတမ်းတကာ ကြားနာနေရှာပေလိမ့်မည်။ ထိုအခါ၌ ကျွန်တော်သည် ---

``သားရေ---- ဟောဒီလောက မှာလေ လူသတ္တဝါတွေရဲ့အကျိုးအတွက် ပေါ်ထွက်ခဲ့ကြတဲ့ ဘာသာရေးဆိုင်ရာ ၊ နိုင်ငံရေးဆိုင်ရာ ၊ စီးပွားရေးဆိုင်ရာ ၊ ပညာရေးဆိုင်ရာ ၊ ကျန်းမာရေးဆိုင်ရာ ၊ ခေါင်းဆောင် အမျိုးမျိုးအနက် ဖေဖေတို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ တခါက ပေါ်ထွက်ခဲ့ဘူးတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဟာလေ ဖေဖေ သိရသလောက်တော့ အလွန်ကို သဘောကောင်းတဲ့ ခေါင်းဆောင်ကြီးတစ်ယောက်ပေါ့ကွယ် သူနဲ့ ဖေဖေ စပြီးတွေ့ခဲ့ရတဲ့ အချိန်ကတော့------``

ဤသို့ အစချီကာ ဗမာ့လွတ်လပ်ရေးသမိုင်း၏ ကွေ့တစ်ကွေ့တွင် အမှတ်မထင် ကျွန်တော်နှင့် ရှေးဦးပထမ တိုက်ဆိုင် ဆုံစည်းခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းကို ထပ်လောင်းပြောပြ ရပေလတ္တံ့။

သို့သော် ဤဖြစ်ရပ်သည် ကျွန်တော်ငယ်ငယ်က ကျွန်တော့ဖေဖေ ပြောပြသည့် ``ရွှေယုန်နှင့်ရွှေကျား`` သက်ကယ်ရိတ်သွားသော ဒဏ္ဍာရီ ပုံပြင်စကားမဟုတ်။ စင်စစ် ကျွန်တော်ပြောပြမည့် ရဲဘော်ဓလေ့ ကိုယ်တွေ့ဖြစ်စဉ်များ သည် ကျွန်တော့ သားငယ်များ၏ နှလုံးသား တွင် ရာသက်ပန် စွဲဝင်သွားစေရုံ သာမက သူတို့၏ ပတ်ဝန်းကျင် ကစားဖော်များရှေ့တွင်လည်း ``အဲဒီ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဟာလေ တခါက ငါတို့ဖေဖေနဲ့ တွေ့ခဲ့ရဘူးသတဲ့-- ``ဟူ၍၎င်း၊ (သို့မဟုတ်) သူတို့ပတ်ဝန်းကျင် ၊ သူတို့သားငယ်များရှေ့တွင်လည်း ``အဲဒီ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဟာလေ တခါတုန်းက သားသားဖိုးဖိုးနဲ့ တွေ့ခဲ့ရဘူးသတဲ့`` ဟူ၍၎င်း။

ထိုသို့ ထိုသို့ အစချီကာ သားစဉ်မြေးဆက် ဂုဏ်ယူစရာ မှတ်တမ်း တစ်ကွက် ဖြစ်လိမ့်အုံးမည် သာတည်း။  ။ မြ၀တီ ရဲခေါင် (လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်)

ဒီပို့စ်ထဲက ဗိုလ်ချူပ်အောင်ဆန်းကို သူစတွေ့ဖူးပုံအကြောင်းကို ပါးစပ်နဲ့ ပြောပြဖူးတာကို ကြားဖူးပေမဲ့ စာကို ဖတ်ရသလောက်တော့ ကြောင်းအရာ ပြည့်ပြည့်စုံစုံ မသိရှိခဲ့သလို ရသလည်း စာကိုဖတ်ရသလောက် မခံစားခဲ့ရဘူး။ အခုဒီပို့စ်က အဘ ဦးရဲခေါင် ဘယ်နှစ်ခုနှစ်က ရေးခဲ့တဲ့ စာမှန်း မသိပေမဲ့ မှတ်ချက်မှာ လာထည့်ထားတဲ့ Link ကို လိုက်ကြည့်တော့ ဒီနေရာမှာ တင်ထားတာကို တွေ့ပါတယ်။ မူရင်းတင်ထားတဲ့ နေရာမှာလည်း ဘယ်က ပြန်လည်ကူးယူဖေါ်ပြတယ်ဆိုတာ မပါတဲ့အတွက် လောလောဆယ်  ဒီအတိုင်းပဲ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ နောက်နေ့ သူ့ဆီရောက်ရင်တော့ ဘယ်နှစ်ခုနှစ်က ရေးခဲ့တယ်ဆိုတာ မေးကြည့်ပြီး ပြန်လာထည့်ပေးမယ်။ အဘဦးရဲခေါင် အခု နေမကောင်း ဖြစ်နေတဲ့ အခြေအနေက အစားအသောက် နည်းနည်းပဲ ၀င်လို့အားနည်းတာ ရှိပေမဲ့ နေရထိုင်ရ သက်တောက်သက်သာ ရှိတာကိုတွေ့ရပါတယ်။ မှတ်ဥာဏ်နဲ့ ပတ်သက်ပြီး အချိန်တိုကာလတွင်းမှာ ဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီး မေ့တတ်ပေမဲ့ အရင်ကအကြောင်းတွေ ပြန်မေးရင် တလုံးမကျန် အကုန်ပြန်ပြောနိုင်တာကို တွေ့ရပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

မပြီးဆုံးသေးသော ပြည်ထောင်စု မြန်မာနိုင်ငံတည်ဆောက်ရေး (မြ၀တီ ရဲေါခါင်)


 ဒီမိုကရေစီခေတ်က စာပြင်ဆရာ လုပ်ဖူးသူ ဖြစ်တဲ့အပြင် နောက်ပိုင်းမှာလည်း ပိဋကတ်သုံးပုံကို ဘာသာပြန်လာသူ တယောက်အနေနဲ့ အဘ ဦးရဲခေါင်ဟာ မဆလခေတ်က ပြောင်းထားတဲ့ မြန်မာစာ သတ်ပုံကျမ်းကို လုံးဝလက်မခံဘဲ သူ့စာမူတွေ အားလုံးဟာ ဟိုခေတ်က သတ်ပုံအတိုင်း ရေးထားတာကို တွေ့ရပြီး ၀ါကျကြီးတွေကလည်း ရှည်လို့ ၀ါကျတကြောင်း စာတပိုဒ်လို ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလို ထူးထူးဆန်းဆန်းနိုင်လှတဲ့ သတ်ပုံနဲ့ ရှည်လျားလှတဲ့ ၀ါကျကြီးတွေကို ဖတ်ပြီး ရိုက်ရတာဟာ မဆလခေတ်မှာ ကြီးပြီး မဆလခေတ်မှာ ပြောင်းထားတဲ့ သတ်ပုံတွေကိုပဲ အဟုတ်ထင်လာခဲ့တဲ့ ကျွန်မအတွက်တော့ အဘစာမူတွေကို ရိုက်နေစဉ်မှာ ခံစားမှုက  ကမ္ဘာကြီးဟာ ကျောင်းမှာလုံးပြီး အိမ်မှာပြားနေပါသည် ဆိုသလိုပါပဲ အဘ သတ်ပုံတွေ ဘယ်လိုပဲ ရေးထားရေးထား ကျွန်မ ကွန်ပြူတာပေါ်ရောက်တော့ ကျွန်မနားလည်ထားတဲ့ သတ်ပုံအတိုင်း ဖြစ်ကုန်ပါတယ်။

အဘ ဦးရဲခေါင်တယောက် ဆေးရုံဆင်းပြီးနောက် Long term care အနေနဲ့ စောင့်ရှောက်နိုင်ရန်အတွက် ပြည်နယ်အစိုးရရဲ့ Public Health အောက်မှာ ရှိတဲ့ ဆေးရုံကနေ ဖက်ဒရယ် အစိုးရရဲ့ Community Service အောက်မှာ ရှိတဲ့ Nursing Home ကိုပြောင်းပေးလိုက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူရောက်လာတဲ့ လူအိုရုံက ကျွန်မ အလုပ်လုပ်တဲ့ ရပ်ကွက်မှာ ဖြစ်နေပြီး အလုပ်နဲ့လည်း သိပ်မဝေးတော့ ကံကောင်းထောက်မစွာဖြင့် မြန်မာ့လွတ်လပ်ရေးအတွက်ရော ဒီမိုကရေစီအရေးအတွက်ပါ မတရားတဲ့ အစိုးရမှန်သမျှကို တက်တက်ကြွကြွ တိုက်ပွဲဝင်ပြီး နိုင်ငံအကျိုးပြုခဲ့သူ၊ ခေတ်အလိုက် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို စာပေတွေ ကဗျာကာရန်တွေနဲ့ တင်ပြပြီး စာပေအကျိုးပြုခဲ့သူ၊  ပိဋကတ် သုံးပုံကို မြန်မာလို ဘာသာပြန်ဆိုစဉ်က ၀န်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်တဲ့ ပိဋကတ်သုံးပုံ ဘာသာပြန်အဖွဲ့မှာ ပါဝင်ပြီး သာသာနာအကျိုး ပြုခဲ့သူ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် သမိုင်းဝင် ပုဂိုလ်ကြီးတဦး နာမကျန်းဖြစ်နေစဉ်မှာ ကုသိုလ်ပြုခွင့်ရနေတာကိုက မိမိကိုယ်ကို တကယ့်ကံထူးရှင်လို့ ခံစားရပါတယ်။ အလုပ်က မနက်ပိုင်းမှာ စတဲ့နေ့ဖြစ်ရင် အဘဆီ နေ့လည်အလုပ်ဆင်းချိန်သွားလိုက်၊ အလုပ်က နေ့လည်မှာစတဲ့နေ့ဖြစ်ရင် အဘင်္ဆီ အလုပ်မစခင် မနက်ပိုင်းသွားလိုက်နဲ့ အခုတလော အဘကို နေ့တိုင်းသွားကြည့်ဖြစ်ပြီး ကျွန်မဟာ အိမ်၊ အလုပ်နဲ့၊ အဘဆီ ပြေးလိုက်လွှားလိုက်နဲ့ အစားအသောက်ကို ဆေးရုံစာတွေစားလိုက် အိမ်ပြန်ရောက်ရင်လည်း ဘာမှမလုပ်ချင်၊ မလုပ်နိုင်တော့ဘဲ ယောက်ျားချက်ထားတဲ့ ဟင်းနဲ့ပဲ စားရင်စား၊ သူဘာမှမချက်ထားရင်လည်း ၀ယ်ထားတဲ့ ငါးသေတ္တာတို့ ကြက်ဥတို့နဲ့ပဲ ထမင်းစားဖြစ်သွားတဲ့ နေ့တွေပဲ များပါတယ်။ အဘအရင်က ရေးထားတဲ့ ပို့စ်တွေကို အဘ အသက်ရှိထင်ရှား ရှိနေဆဲမှာ ပြီးသလောက်လေး ဘလော့ဂ်မှာ တင်ချင်လို့ စာမူတွေကိုရိုက်တာ တော်တော်နဲ့ မပြီးဘူး။  ရိုက်ရင်းတန်းလန်းနဲ့ ဆိုဖာပေါ်မှာ ထိုင်လျက် အိပ်ပျော်သွားလို့ သတိရတာနဲ့ ကတန်းကမန်းနဲ့ ဘုရားရှိခိုးကို အတိုချုပ်ပဲ ရှိခိုးပြီး အိပ်ရတဲ့နေ့တွေပဲ ဖြစ်နေတယ်။ ဒါကြောင့် ရိုက်လက်စ ပို့စ်တခုအဆုံးသတ် ပြီးဖို့အရေး တော်တော်လေးကို အချိန်ယူရပါတယ်။
ဒီနေ့တော့ အဘရေးခဲ့တဲ့ စာမူတခုကို အဘကို သွားကြည့်ရင်းနဲ့ပဲ ပြီးအောင် ရိုက်ပြီး လက်စသပ်နိုင်ခဲ့ပါတယ်။ နေ့လည်က အလုပ်ပြီးလို့ အဘဆီ ရောက်တဲ့အချိန်မှာ  အဘကုတင်ခြေရင်းက လူနာစားစရာတင်တဲ့ စားပွဲခုံပေါ်မှာ Laptop ကိုတင်ပြီး အဘကို မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ သစ္စာလေးပါး တရားတော် CD ကို ဖွင့်ပေးပြီး နားထောင်ခိုင်းထားတဲ့အချိန်မှာပဲ ရိုက်လက်စ စာတွေကို အဲဒီ Laptop မှာပဲ ဆက်ရိုက်လိုက်တာ ပြီးသွားပါတယ်။ ဒီပို့စ်မှာ အဲဒီအချိန်ကာလက ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး  တန်ဖိုးရှိတဲ့ အချက်အလက်လေးတွေ အများကြီးကိုတွေ့ရပါတယ်။ သို့ပေမဲ့ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သာသာထိုးထိုး ပြောပြီးအမွမ်းတင်ထားတာ အပါအ၀င် တချို့အချက်တွေမှာ အဘနဲ့ကျွန်မနဲ့ လုံးဝသဘောထားကွဲလွဲတယ်ဆိုတာကိုတော့ ပြန်ဖေါ်ပြတဲ့သူတယောက်အနေနဲ့  ရိုးသားစွာ အသိပေးထားချင်ပါတယ်။ ပို့စ်နာမည်က “မပြီးဆုံးသေးသော ပြည်ထောင်စု မြန်မာနိုင်ငံတည်ဆောက်ရေး” တဲ ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီက ရေးထားတဲ့ ရေးထားတဲ့ စာမူပါ။ ပြောရင်းဆိုရင်း အခု ကျွန်မရေးနေတဲ့ စာမိတ်ဆက်ကို အစကနေ အဆုံးပြန်ဖတ်ကြည့်တော့ မထင်မှတ်ဘဲ ကျွန်မ၀ါကျတွေက အဘ၀ါကျတွေနဲ့ ခပ်ဆင်ဆင် စာပိုဒ်အရှည်ကြီးတွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒီနေရာမှာကျတော့ ကမ္ဘာကြီးဟာ ကျောင်းမှာလုံးပြီး အိမ်မှာ ပြားတယ်ဆိုတဲ့ စကားပုံကို မယူတော့ဘူး ရောမရောက် ရောမလိုကျင့်ဆိုတာကိုပဲ ယူလိုက်တော့မယ်။ သူ့စာကို မိတ်ဆက်မှတော့ သူ့စာနဲ့ အတော်အသင့်တူတာ ပြန်မပြင်တော့ဘူး ဒီအတိုင်းပဲ တင်လိုက်တော့မယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။





မပြီးဆုံးသေးသော ပြည်ထောင်စု မြန်မာနိုင်ငံ တည်ဆောက်ရေး

အစိုးရအဖွဲ့ ထားရှိ အုပ်ချုပ်သော နိုင်ငံမှန်သမျှ အခြေခံအားဖြင့် အုပ်ချုပ်သော လူတန်းစားနှင့် အုပ်ချုပ်ခံ လူတန်းစားဟူ၍ လူတန်းစားနှစ်ရပ် ရှိမြဲဖြစ်ရာ ဤလူတန်းစား နှစ်ရပ်တွင် ယေဘုယျ အားဖြင့် အုပ်ချုပ်သူ လူတန်းစားများသည် မိမိတို့ အုပ်ချုပ်မှု လွယ်ကူချောမောရေး၊ မိမိတို့ ထုတ်ပြန်ထားသည့် အမိန့်နှင့် ဥပဒေများ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး၊ ဆန့်ကျင်ဘက် အတိုက်အခံများ မပေါ်ပေါက်ရေး၊ အချိန်မကုန်ဆုံးဘဲ မိမိတို့ ရည်မှန်းချက်များ အောင်မြင်ရေး  အထူးသဖြင့် မိမိတို့ရရှိထားသော အာဏာအခွင့်အရေး ဟူသမျှအား မိမိတို့ သားစဉ်မြေးဆက် (သို့မဟုတ်) မိမိတို့ပါတီဝင်အချင်းချင်း (သို့မဟုတ်) မိမိတို့အမျိုးနွယ်တူ အုပ်ချုပ်သူ လူတန်းစားအချင်းချင်း သာလျှင်အလံကိုင်ပြေးပွဲနှင့်မခြား အာဏာကို လက်ဆက်ကမ်းသွားလျှက်  ရာသက်ပန် အုပ်ချုပ်လိုစိတ် ရှိခဲ့သည်ကို နှစ်ပေါင်းခြောက်ထောင်ခရီးအတွင်း ဖြစ်ပေါ်လာသမျှ သက်ဦးဆံပိုင် ဘုရင်များ ကြီးစိုးသည့်ခေတ်၊ တပါတီအာဏာရှင်များ ချယ်လှယ်သွားသည့်ခေတ်၊ စစ်အာဏာရှင်ကြီးများ အာဏာလုယက် တက်ရောက်လာကြသည့်ခေတ်ဟူ၍ လူ့သမိုင်းတခွင် မျက်မြင်ထင်ရှား တွေ့ကြုံနေရပြီဖြစ်၏။

အမှန်စင်စစ် ထိုဘုရင်ခေတ်၊ ကွန်မြူနစ်ခေတ်နှင့် စစ်အာဏာရှင်ခေတ်တို့သည် တည်ဆောက်မှု အသွင်သဏ္ဍန်၊ ဖွဲ့စည်းဖြစ်ပေါ်လာပုံ၊ ခေတ်အလိုက် ဆင်ယင်ထုံးဖွဲ့မှုများ၌ မည်သို့ပင် ကွဲပြားနေစေကာမူ လူ့အခွင့်အရေးကို အပြည့်အ၀ ဖေါ်ထုတ်ပေးရာ၌လည်းကောင်း၊ အစိုးရမဟုတ်သော အတိုက်အခံများကို တရားဝင်တည်ရှိခွင့် ပေးရာ၌လည်းကောင်း၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုမှု အာဏာနှင့် အုပ်ချုပ်ရေးအာဏာတည်းဟူသော အချုပ်အခြာအာဏာ သုံးရပ်အတွင်း၌ ပါတီပေါင်းစုံမှ ပြည်သူလူထုအား မိမိတို့အရည်အချင်းအလျောက် ပါဝင်ခွင့်ပြုရာ၌လည်းကောင်း၊ အထူးသဖြင့် ပြည်သူလူထု၏ တရားဝင်ဆန္ဒပြ သပိတ်မှောက်ခြင်းများကို ဆူပူသောင်းကျန်းမှု၊ ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်မှု၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးမှုဟူ၍ လွှဲမှားစွာ အဓိပ္ပာယ်မကောက်ဘဲ  ကြည်သာစွာ အားပေးခွင့်ြ့ပုရာ၌လည်းကောင်း ပါလီမန် ဒီမိုကရေစီစနစ်အား မည်သည့်နည်းနှင့်မျှ ရင်ဆိုင်ယှဉ်ပြိုင်ခြင်း မပြုနိုင်ခဲ့ကြသဖြင့် မည်မျှပင် အသံကောင်းဟစ်ကာ လိမ်လည်လာကြစေကာမူ လူ့သဘာဝနှင့် လူ့အလိုဆန္ဒကို ဆန့်ကျင်သော ထိုခေတ်ဆိုးစနစ်ဆိုးများသည်သာ လူ့သမိုင်းတလျှောက် တခုပြီးတခု ကျဆုံးပျက်စီးသွားကြသည်ကို ကြုံတွေ့နေရပြီ ဖြစ်ပါ၏။

ထို့ကြောင့်လည်း ကွယ်လွန်သူ ကျွန်ုပ်တို့၏ တဦးတည်းသော အတုမရှိခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်ကို တော်လှန်ပြီးသည့်နောက် နယ်ချဲ့အင်္ဂလိပ်များ ပြန်ဝင်လာချိန်၌ ကန္နီစာချုပ်အရ နောက်ထပ်ပြန်ဖွဲ့သည့် ဗမာ့တပ်မတော်တွင် မြေကြီးလက်ခတ်မလွဲ ရနိုင်သော စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရာထူးကို လက်မခံဘဲ တပ်မှထွက်ကာ ဖဆပလ အဖွဲ့ချုပ်ကို နိုင်ငံရေးအရ ဆင်းရဲပင်ပမ်းစွာ ဦးဆောင်ခဲ့ရရှာသည်။ ဤအချက်ကပင်လျှင် မည်မျှဘုကျ၍ အပေါက်ဆိုးသူဟု ထင်ကြစေကာမူ ရာထူးငတ်သူ အာဏာရူးသူမဟုတ်ကြောင်း၊ အချုပ်အချယ်ကင်း၍ ဒိုမီနီယန်မဟုတ်သော မြန်မာ့လွတ်လပ်ရေး စစ်စစ်ကို တချိန်တည်း အလျှင်မြန် လိုချင်သူသာ ဖြစ်ကြောင်း၊ ထို့အပြင် သူသည် ယူနီဖေါင်းဝတ်၍ လက်နက်ကိုင်ဆောင်ထားသည့် စစ်မှုထမ်းမှန်သမျှ နိုင်ငံရေးမလုပ်ရ ဟူသော ဒီမိုကရေစီ အစဉ်အလာကို လေးစားလိုက်နာသူ ဖြစ်ကြောင်း ထင်ရှားလွန်းလှပါသည်။

တဖန် သူနိုင်ငံရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်လိုက်သည့် အချိန်ကလည်း သူအမြော်မြင်ရှိရှိ စေတနာအပြည့် ထားခဲ့သော တောင်တန်းဒေသများတွင် ဒီမိုကရေစီစနစ်ကြောင့် မိမိတို့စော်ဘွားများ၏ အာဏာနှင့် အခွင့်အရေးများ လက်လွတ်ဆုံးရှုံးသွားမည်ကို စိုးရိမ်သောက ဖြစ်နေကြသည့် ရှမ်းစော်ဘွားတချို့ကတမျိုး၊ မြေမျက်နှာပြင် အနေအထား အခက်အခဲများကြားမှ သီးခြားပြည်နယ် ထူထောင်လိုသော ဒူးဝါးတချို့ကတဖုံ၊ ဒိုမီနီယန်ယူ၍ ဗြိတိသျှအုပ်ချုပ်မှု အောက်၌ပင် နေသွားချင်ကြသည့် တောင်ပေါ်ခေါင်းဆောင်တချို့ကတ၀၊ “သူတို့ဒေသသည် မြန်မာဘုရင်များ လက်ထက်နှင့် အင်္ဂလိပ်အစိုးရ လက်ထက်ကပင် ထိုအစိုးရများက သီးခြား ကင်းလွတ်ခွင့် ပြုထားသည့် လွတ်လပ်နယ်မြေဖြစ်သည်၊ ကျွန်နိုင်ငံမဟုတ်၊ မြန်မာမြေထဲ၌မပါ” ဟု ဆိုသူကဆို၊ တနင်္သာရီတိုင်း တခုလုံး ကရင်ပြည်နယ်အတွင်း အတင်းသွတ်သွင်းပြီး သီးခြားနိုင်ငံ ထူထောင်ရန် ကြံသူကကြံ၊ ဗမာပြည်မ အစိုးရနှင့် လုံးဝမဆိုင်သည့် တောင်တန်းဒေသများကို  စုစည်း၍ တခုတည်းသော ‘ဖက်ဒရယ် ပြည်ထောင်စု’ ကိုထူထောင်ရန် စိတ်ကူးယဉ် အိပ်မက်ဖြင့် အမျိုးမျိုး အဖုံဖုံ ဗရုတ်သုတ်ခ ဖြစ်နေကြသော တောင်ပေါ်ဒေသ အသီးသီးရှိ တိုင်းရင်းသား လူမျိုးများအား စုစည်းလျှက် တခုတည်းသော ပြည်ထောင်စု မြန်မာနိုင်ငံကြီး စပေါ်လာရေးအတွက် မနားမနေ ကြိုးပမ်းအားထုတ်ခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းခမျာ တဘက်တွေင် တနှစ်အတွင်း လွတ်လပ်ရေး သေချာရန်အပြင် ထိုလွတ်လပ်ရေး ဂွင်ထဲ၌ တောင်တန်းဒေသများကို ချန်မထားဘဲ ထည့်သွင်းပေးရန်  အင်္ဂလန်သို့သွား၍ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီအစိုးရအဖွဲ့ဝင်များနှင့် ဆွေးနွေးပြောဆိုနေသည့် အချိန်၌ပင် အင်ဒီယားမှ မဟာရာဂျာများကို အားကျနေသော ရှမ်းစော်ဘွားတစုက ယခုအင်္ဂလန်သို့ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အရေးဆိုရန် ရောက်နေသူများသည် တောင်တန်းဒေသ၏ ကိုယ်စားလှယ်များ မဟုတ်ဟု သံကြိုးရိုက်လိုက်ခြင်းကြောင့် ထိုအချက်ကို ပြန်လှန်ချေပသည့်အနေဖြင့် မြန်မာနိုင်ငံ၌ ကျန်ရစ်သော ဖဆပလအဖွဲ့ချုပ် ဒုဥက္ကဌ သခင်နု၊ ဗမာမူစလင် အဖွဲ့ချုပ် ဥက္ကဌနှင့် ဖဆပလတောင်တန်းနယ်ဒေသရေးရာ အတွင်းရေးမှူး ဦးဖေခင်၊ ရှမ်းပြည်လွတ်မြောက်ရေး အဖွဲ့ချူပ် အမှုဆောင်လူကြီးနှင့် ကျောင်းသားခေါင်းဆောင် ကိုတင်မြ၊ ကိုထွန်းမြင့် စသည်တို့က စသူတို့က တောင်ကြီးမြို့ဈေးနေ့၌ လူထုအစည်းအဝေး ကျင်းပပြီး ဗမာပြည်မနဲ့အတူ ရှမ်းပြည်အား တချိန်တည်း လွတ်လပ်ရေး ပေးရန်ကိုလည်းကောင်း လန်ဒန်ရောက် ဗိုလ်ချူပ်အောင်ဆန်းနှင့် အဖွဲ့အား တညီညွတ်တည်း ထောက်ခံကြောင်းကိုလည်းကောင်း၊ အဆိုပြုဆုံးဖြတ်ချက် ချကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီထံ သံကြိုးစာပေးပို့လိုက်တော့မှ ပြဿနာအားလုံး အဆင်ပြေချောမောသွားပါတော့သည်။

ထိုမှတပါး ပထမအကြိမ် ပင်လုံညီလာခံသို့  အင်္ဂလန်မှအပြန် အရေးကြီးသော ကိစ္စတခုကြောင့် ရခိုင်ဘက်ကို ခရီးလွန်နေသည့် ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက်နိုင်ခဲ့ဘဲ သ္ခင်နုနှင့် ဂဠုန်စောတို့၏ ထိပ်တိုက်ပွဲဖြစ်သွားရာ ထိုဟောပြောပွဲတွင် ရှေ့ဆုံးမှ ထွက်သူ သခင်နုက အသာစည်းရသွားခဲ့ပါသည်။ သို့သော် ဒုတိယအကြိမ် ကျင်းပသည့် ပင်လုံညီလာခံကိုမူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်၍ တနှစ်အတွင်း လွတ်လပ်ရေးကို ကြိုးပမ်းရာ၌ တောင်တန်းဒေသ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ မိမိတို့သဘောထားကို ပြောင်းလဲနောက်ဆုတ်သွားလိမ့်မည် မဟုတ်ကြောင်း သို့သော် တောင်တန်းဒေသများမပါဘဲ ပြည်မသက်သက် မြန်မာ့လွတ်လပ်ရေးမှာလည်း ရှေ့အဖို့ရာတွင် နယ်ချဲ့ဗြိတိသျှ အစိုးရ၏ အမျိုးမျိုးသော သွေးထိုးနှောက်ယှက်မှုများကြောင့် နိုင်ငံတော် ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး၊ ကြီးပွားရေးတို့ထက် စစ်ရေးနှင့်သာ အချိန်ကုန်ဆုံး လူလုံးမလှဖွယ်ရှိ၍ ထိုအဖြစ်ကို မိမိတို့မလိုလားကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယ္ခုလောလောဆယ်၌ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား ပါဝင်သော ပြည်နယ်ငါးခုနှင့် မြန်မာပြည်မ မြေပြန့်ဒေသကို ပေါင်း၍ အတတ်နိုင်ဆုံး လိုက်လျောမှုဖြင့် မြန်မာပြည်ထောင်စုကို ဖွဲ့စည်းသွားမည်ဖြစ်ရာ ဤနေရာတွင် ကချင်ပြည်၏ လက်ရှိအနေအထားမှာ ဗြိတိသျှအစိုးရ တောင်တန်းဒေသ ဖွဲ့စည်းသတ်မှတ်ပုံများအရ အလွန်ကျဉ်းမြောင်းနေခြင်းကြောင့် အခြားပြည်နယ်များနှင့် တန်းတူညီမျှမှု လူအမြင်လှအောင် မြစ်ကြီးနား၊ ဗန်းမော်နှင့် ကသာခရိုင်အတွင်းရှိ မြေပြန့်ဒေသတချို့ကို ထည့်သွင်းပေးရေးအတွက် မိမိအနေဖြင့် ဖဆပလအစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း၊ ထို့အပြင် နယ်ချဲ့သမားများ၏ နှစ်ရှည်လများ သွေးခွဲအုပ်ချုပ်ထားမှုကြောင့် ယနေ့အထိ ကျွန်ုပ်တို့ ဗမာများအပေါ်တွင် အကောင်းမမြင်ဘဲ အဆိုးထင်နေသော အင်္ဂလိပ်ခေတ်တွေင်မွေး၍ ခရစ်ယာန်သွေးဝင်နေသည့် စစ်မှုထမ်းဟောင်း တောင်တန်းသားများ၏ စိုးရိမ်ကြီးမား သံသယများ သက်သာရာ ရရေးအတွက် သူတို့တတွေ အလိုရှိနေသည့် ခွဲထွက်လိုက ခွဲထွက်ခွင့်ကိုလည်း အချိန်ကာလ အပိုင်းအခြားဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း တို့ကို ရိုးသား၊ ပွင့်လင်း အမြင်ရှင်းအောင် တင်ပြဆွေးနွေးကာ တောင်တန်းသားများ ညီညွတ်ရေး ကောင်စီအား ကျေနှပ်နှစ်သိမ့် ဦးခေါင်းညိတ်စေရုံမျှမက (၁၂-၂-၄၇) ရက်နေ့တွင် ဒုတိယအကြိမ် ပင်လုံညီလာခံကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးလျှက် ပြည်ထောင်စုဖွဲ့စည်းရေးအတွက် အခြေခံမူများ ပါဝင်သော ပင်လုံစာချုပ်ကြီးကို ကန့်ကွက်ဆန့်ကျင်သူမရှိ အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါ၏။
ထိုနှင့် ငါးလခန့်မျှအကွာ ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများ ကျဆုံးသွားပြီးနောက် ၀န်ကြီးချုပ်ဦးနု၏ ပါလီမန် ဒီမိုကရေစီခေတ်တွင် ပီပီပြင်ပြင် အသက်ဝင်လာသော ၄၇ ခုနှစ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ငါးခု ပြည်မတခုပါဝင်သည့် ခြောက်ပြည်ထောင်စု မူကြီးသည်လည်း ထီးထီးမားမား ပေါ်ပေါက်လာပါ၏။ သို့သော် ပြည်ထောင်စု ပြဿနာကား မပြီးသေးပါ။ ဖဆပလလက်ထက် တာဝန်ကြွေးတရပ်အဖြစ် ကျန်ရှိနေသေးသော ရှေးအခါကပင် ဗမာဘုရင်များနှင့် ထီးပြိုင်၊ နန်းပြိုင်ဖြစ်ခဲ့သည့် မွန်နှင့်ရခိုင်တို့ကိုပါ မဆလအစိုးရလက်ထက်တွင် ပြည်နယ်စာရင်း သွတ်သွင်းပေးလိုက်ခြင်းကြောင့် ပြည်နယ် ၇ ခု တိုင်း ၇ တိုင်းမူဖြင့် ပိုမိုတရားမျှတ သဘာဝကျသွားသည် မှန်သော်လည်း ပြည်ထောင်စု ပြဿနာကား မပြီးဆုံးသေးပါ။  လက်ရှိ ပြည်ထောင်စုကြီးကို ပြိုကွဲပျက်စီးအောင် လုပ်လိမ့်မည်ဟု စစ်ဘက်က စွပ်စွဲထားသော ပုံကြမ်းရေးဆွဲရုံအဆင့်မျှသာ ရှိသေးသည့် တော်လှန်ရေး အင်အားစုများ၏ ဖက်ဒရယ်ပြည်ထောင်စုမူနှင့် ယ္ခုန၀တတို့က ပုံစံချနေသည့် စစ်အာဏာရှင်များ ကြီးစိုးသွားမည့် ဘုရားကားအောက် မျောက်ကားအထက် ပြည်ထောင်စုမူအပြင် NLD ကရေးဆွဲတင်ပြမည့် ပြည်ထောင်စုမူလည်း ရှိပါလိမ့်ဦးမည်။ မည်သို့ပင်ဖြစ်စေ မည်သည့်မူပင်ဖြစ်စေ၊ စာပွဲဝိုင်းနည်းအရ မဟုတ်ဘဲ၊ ဒီမိုကရေစီနည်းအတိုင်း ပြည်သူ့ကိုယ်စားလှယ်များ၏ လိုအင်ဆန္ဒနှင့် ပြည်သူလူထုများ၏ သဘောထားမပါဘဲ လက်နက်ရှိသူ စစ်အစိုးရနှင့် သူပုန်များက ငြိမ်းချောက်စေခိုင်းသမျှ လက်ညိုးထောင် လက်မှတ်ထိုးခေါင်းညီတ်ရသည့် မြို့ရောတောပါ  ပြည်ထောင်စုမူမျိုး ဖြစ်ပါမူ ပြီးသွားလိမ့်ဦးမည် မဟုတ်ချေ ဆက်ရန်ရှိပေလိမ့်ဦးမည်။

မြ၀တီ ရဲခေါင် (လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်)
(၁၆-၂-၉၇)