မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label Australian society and environment. Show all posts
Showing posts with label Australian society and environment. Show all posts

ဒီနှစ်ဆစ်ဒနီမြန်မာသင်္ကြန်ပွဲ


သင်္ကြန်ပွဲတော်နှစ်ခုစလုံးက မြင်ကွင်းတွေကို ပို့စ်တခုတည်း ပေါင်းပြီး ပြန်တင်ထားပါတယ်။

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ သင်္ကြန်ကာလကို ဘေးရန်ကင်းစွာနဲ့ဖြတ်သန်းပြီး မင်္ဂလာရှိသော နှစ်သစ်မှာ အားလုံး ကျက်သရေမင်္ဂလာ တိုးကာ ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ တလုံးတပါဒ ပြည့်ဝကြပါစေလို့ အားလုံးအတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို မြန်မာပြည်တွင်းမှာသာမက နိုင်ငံတကာရောက် မြန်မာလူမျိုးတွေ ရှိရာနေရာ အားလုံးနီးပါးမှာ ကျင်းပကြတာကို အွန်လိုင်းပေါ်မှာ တွေ့ရတော့ ယဉ်ကျေးမှုအမွေအနစ်ကို ဘယ်ပဲရောက်ရောက် ဆက်လက်ထိန်းသိမ်းနေကြတာ ဖြစ်လို့ ကျွန်မ တကယ်ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ပြည်ပ သင်္ကြန်ပွဲတွေမှာ မြန်မာ့ရိုးရာသင်္ကြန်ကို မြန်မာရိုးရာဆန်ဆန် ကျင်းပကြတာ တွေ့ရသလောက် ပြည်တွင်းက သင်္ကြန်ပွဲတချို့မှာ မြင်တွေ့ရတဲ့ သရုပ်ပျက်မြင်ကွင်း တချို့ကိုတော့ တကယ်ပဲ စိတ်ပျက်မိတာ အမှန်ပါ။ ဒါမေပဲ့လည်း "ဆယ်စုနှစ်နှစ်ခုနီးပါး တားဆီးပိတ်ပင်ထားခြင်း ခံခဲ့ရတဲ့ မြန်မာ့ရိုးရာ သင်္ကြန်သံချပ် အသံတွေကို ပြည်တွင်းမှာ အခုဒီနှစ်မှာမှ စပြီး ပြန်လည်ကြားလာရလို့ ဒီနှစ်သင်္ကြန်အတွက် အားတက်ဖွယ်ရာ၊ ၀မ်းမြောက်ဖွယ်ရာအဖြစ် တွေ့ရတော့ စိတ်ပျက်ဖွယ်ရာတွေကို လောလောဆယ်မှာ ခဏမေ့ထားပြီး ဆစ်ဒနီမြို့မှာ ကျင်းပတဲ့ မြန်မာသင်္ကြန်အကြောင်းကိုပဲ တင်ပြချင်ပါတယ်။"

ဒီနှစ်ဆစ်ဒနီ မြန်မာသင်္ကြန်ကို နှစ်တိုင်းနဲ့ မတူဘဲ တမူထူးခြားစွာ နှစ်နေရာမှာ အသွင်နှစ်မျိုးနဲ့ ကျင်းပသွားတာကို တွေ့ရပါတယ်။ ပထမတခုက ဧပြီလ (၁) ရက်နေ့မှာ ဆစ်ဒနီမြို့အနောက်ခြမ်းရှိ Blacktown show-ground ကွင်းကြီးထဲမှာ ABCD (Australian Burma Community Developmnet) network နဲ့ ရခိုင်အသင်းက ကြီးမှူးကျင်းပတယ်လို့ သိရပါတယ်။ ကွင်းငှားပြီး ရေပါကစားနိုင်အောင် စီစဉ်ပေးပြီးတဲ့အတွက် နှစ်စဉ်နှစ်တိုင်း Indoor အနေနဲ့ ခန်းမတွေထဲမှာပဲ ကျင်းပတဲ့ သင်္ကြန်ပွဲတွေနဲ့ မတူထူးခြားမှု ရှိတဲ့ပွဲတခုဖြစ်ပါတယ်။ ဒုတိယတခုကိုတော့ ဆစ်ဒနီရောက် မြန်မာလူမျိုးစု လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေအားလုံးက ABCD Network နဲ့ လက်တွဲပြီး သင်္ကြန်ဖြစ်မြောက်ရေးအဖွဲ့ တခုဖွဲ့စည်းကာ ၁၄-၀၄-၁၂ မှာ ဆစ်ဒနီမြို့အတွင်းဘက် ပိုကျတဲ့ Petersham Town Hall ထဲမှာ အရင်နှစ်တွေကလို သက်ကြီးပူဇော်ပွဲအပြင် စတုဒီသာကျွေးပွဲတို့နဲ့အတူ ကျင်းပပါတယ်။ သင်္ကြန်ဆိုတာ မြန်မာလူမျိုးတိုင်းနဲ့ သက်ဆိုင်တဲ့အတွက် နိုင်ငံရေး အယူအဆအပါအ၀င် တခြားနေရာ ဘယ်နေရာမှာမှ အယူအဆသဘောထား မတူရင်တောင်မှ မြန်မာ့ရိုးရာကို နှစ်သက်မြတ်နိုး တန်ဖိုးထားတဲ့ဆန္ဒ တူကြလို့ ပြည်ပရောက် မြန်မာတွေရဲ့ စည်းလုံးညီညွတ်မှုဆိုတာ သင်္ကြန်ကာလမှာသာ တွေ့နိုင်တယ်လို့ ပြောရလောက်အောင်ကို သင်္ကြန်အခမ်းအနားဟာ နှစ်စဉ်နှစ်တိုင်း ဆစ်ဒနီမှာ ကျင်းပနေတဲ့ တခြားဘယ်အခမ်းအနားထက်မဆို လူစုံတက်စုံ ရှိလှပါတယ်။ ဒီနှစ်အခမ်းအနားမှာ နှစ်တိုင်းထက် ပိုပြီးထူးခြားနေတာ တခုက စတုဒီသာကျွေးတဲ့ အစီစဉ်ပါ။ စတုဒီသာ အလှူရှင်တွေရဲ့ လာသမျှသောလူ အားလုံးကို ဖေါဖေါသီသီ ရက်ရက်ရောရောနဲ့ စိတ်ရှည်လက်ရှည် ခူးခပ်ထည့်ပေး ကျွေးမွေးနေကြတဲ့ အလှူရှင်တွေရဲ့ အံ့မခန်းလောက်တဲ့ ဒါနတရားနဲ့ မေတ္တာတရားကို ဘယ်လိုမှ သာဓုမခေါ်ဘဲ မနေနိုင်ဖြစ်ရကြောင်း ကျွန်မဘလော့ဂ်မှာ မှတ်တမ်းတင်လိုက်ပါတယ်။

Petersham Town Hall မှာ ကျင်းပတဲ့သင်္ကြန် မြင်ကွင်း


်ပီတာသျှံခန်းမမှာ ကျင်းပတဲ့ပွဲမှာ ပထမဦးဆုံးအနေနဲ့ သက်ကြီးပူဇော်ပွဲကို အရင်စပြီး အသက် ၇၀ ပြည့်ပြီးတဲ့ အဖိုးအဖွားတွေကို ကန်တော့ပြီးလို့ တရားနာပြီး ဘုန်းကြီးတွေ ပြန်ကြွသွားချိန်မှာ စတုဒီသာ ညနေစာကျွေးပါတယ်။ မုန့်ဟင်းခါး၊ ခေါက်ဆွဲကြော်၊ အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲသုပ်၊ မုန့်ဖက်ထုပ်အပါအ၀င် လက်လုပ်မုန့်မျိုးစုံနဲ့ သောက်ရေသန့် တို့ပါဝင်ပါတယ်။ အစားအသောက် ကျွေးနေစဉ်မှာပဲ ဖျော်ဖြေရေးအစီစဉ်ကို စတင်ကာ အစားအသောက်စားရင်း ကြည့်ရှုကြပါတယ်။ ပထမပိုင်းမှာ မြန်မာယဉ်ကျေးမှုဆိုင်းဝိုင်းတွေနဲ့ တီးမှုတ်သီဆိုကပြပြီး နောက်ပိုင်းမှာတော့ ခေတ်ပေါ်တီးဝိုင်းနဲ့သီဆို တီးမှုတ်ကပြပါတယ်။ ခေတ်ပေါ်တီးဝိုင်းနဲ့ ဖျော်ဖြေတာကို ကျွန်မခဏပဲ ကြည့်ခဲ့တဲ့အတွက် ဒီထဲမှာ ပုံတွေကို ပြည့်ပြည့်စုံစုံ မဖေါ်ပြနိုင်ခဲ့ဘူး။ ဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

သင်္ကြန်ယိမ်းအက


အမျိုးသမီး သံချပ်အဖွဲ့


သင်္ကြန်ခေတ်ဟောင်းသီချင်း တပုဒ်ကို မန်းကျော်ဆန်းက သီဆိုနေစဉ် (ဒီညသီဆိုသွားတဲ့အထဲမှာ ကျွန်မ အကြိုက်ဆုံးသီချင်းဖြစ်တယ်)



၁၂ ထွေအကကို ကျွမ်းကျင်စွာကပြနေသော ဆစ်ဒနီမှ ကလေးမလေးတဦး (၁၂ ထွေဆိုပေမဲ့ မျောက်က၊ ဘီလူးအကနဲ့ ဇော်ဂျီအကကိုပဲ ရိုက်ထားပါတယ်)




သင်္ကြန်မိုးသီချင်းကို ခေတ်ပေါ်တေးဂီတနဲ့ ဖျော်ဖြေနေတာကိုဗွီဒီယိုရိုက်နေစဉ် ကင်မရာဘက်ထရီကုန်သွားလို့ တပိုင်းတစနဲ့ ရပ်လိုက်ရတယ်။





သက်ကြီးပူဇော်ပွဲ
အမေကသီချင်းဆိုစဉ် သမီးနှစ်ယောက်က ကပါတယ်

ရခိုင်ကလေးမလေး နှစ်ဦးရဲ့ ရခိုင်အက

စောင်းတီးပြီး ဆိုရတဲ့ မြန်မာ ခေတ်ဟောင်းသီချင်းကြီး တပုဒ်ကို ကျွမ်းကျင်စွာ သီဆိုနေသော ဂျပန်အမျိုးသမီးတဦး (စောင်းတီးနေသူက ပန်တျာကျောင်းဆင်း စောကောဝါးဖြစ်တယ်။)

အမျိုးသမီးသံချပ်အဖွဲ့၊ ဗွီဒီယိုကို အောက်မှာ ဆက်ကြည့်နိုင်ပါတယ်။

မြန်မာသင်္ကြန်သီချင်းတပုဒ်နဲ့ တကိုယ်တော် မြန်မာရိုးရာအက

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုတေးတပုဒ်ကို သီချင်းစပ်ဆိုသူကိုယ်တိုင်နဲ့ မန်းကျော်ဆန်း (စာရွက်ကိုင်ထားသူ) တို့ အတူသီဆိုနေကြစဉ်

မြန်မာသင်္ကြန်သီချင်းပုဒ်နဲ့ တကိုယ်တော်အက
ယိမ်းအက


ဒေါက်တာကျော်မြင့်မှ ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့မှာ လုပ်ဆောင်ချက်များကို ရှင်းလင်းပြီး အားလုံးကို ကျေးဇူးတင်စကားပြောကြားစဉ်

မြန်မာသံစဉ်ဆိုင်းဝိုင်းနဲ့ ဖျော်ဖြေ အပြီးမှာ ခေတ်ပေါ်တီးဝိုင်းနဲ့ သင်္ကြန်သီချင်းတွေကို ဆက်လက် ဖျော်ဖြေရာမှာ ရွှေမန်းမာလာ သီချင်းကို ခေတ်ပေါ်တူရိယာနဲ့ တီးဆိုပြီး ဖျော်ဖြေနေစဉ်

သင်္ကြန်မိုးသီချင်းကို ခေတ်ပေါ်တေးဂီတနဲ့ တီးဆိုကပြပြီး ဖျော်ဖြေနေစဉ်။






၁-၀၄-၁၂ က Blacktown Show-ground မှာ ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲပုံ

ရေကစားနေတဲ့မြင်ကွင်း



ရခိုင်မဏ္ဍပ်
အ၀င်ဝကနေ စရောက်ရောက်ချင်း ရခိုင်မဏ္ဍပ်ကို အရင်တွေ့ရပါတယ်။ ရခိုင်မဏ္ဍပ်အတွင်းကြည့်လိုက်တော့ ရခိုင်မောင်မယ်တွေ ကဖို့ပြင်နေတာကို တွေ့ရပါတယ်။
ရခိုင်မဏ္ဍပ်အတွင်း

ရခိုင်မဏ္ဍပ်အနောက်ဘက်မှာ ရေစည်သုံးခုကို တွေ့ရပြီး ရေစည်ရှိရာမှာ ရေကစားနေသူတွေကို တွေ့ရပါတယ်။ နှစ်တိုင်းဆို မြန်မာတွေ ကျင်းပတဲ့သင်္ကြန်မှာ ရေကစားတာ မရှိဘဲ ရေကစားတာကို ထိုင်းဘုန်းကြီးကျောင်းထဲမှာ ကျင်းပတဲ့ ထိုင်းသင်္ကြန်မှာပဲ တွေ့ရတတ်ပါတယ်။


ရေစည်ရှိရာ နေရာတခု

ကလေးတွေရေကစားနေစဉ်

အစားအသောက်ရောင်းတဲ့ ဆိုင်တန်းတချို့




သံချပ်အဖွဲ့

ရောင်ပေစူး မရှိဘဲ ရောင်ပေစူးသီချင်းဆိုနေသူများ

အိုးစည်အဖွဲ့

ရခိုင်ဖျော်ဖြေရေးအစီစဉ်ကို ရခိုင်ကလေးတဦးမှ ကြေညာနေစဉ်

ရခိုင်ရိုးရာ သင်္ကြန်အက

ရခိုင်ရိုးရာ ရေကစားအက

ဦးပန်တရာနဲ့အဖွဲ့ ဆိုင်းသံကြားရင် မနေနိုင်လို့ ကြိုတင်အစီစဉ်မရှိဘဲနဲ့ လက်တန်းဝင်ရောက်သီဆို ကပြနေစဉ်

ပွဲတော်ထဲက မြင်ကွင်းတွေကို ရေးပြီး နှစ်ပိုင်းခွဲ တင်ဖို့စီစဉ်ခဲ့ပေမဲ့ ရေးဖို့အချိန်မရှိတော့လို့ ပုံတွေနဲ့ ဗွီဒီယိုတချို့ကိုပဲ တင်ပြီး မနေ့က တင်ခဲ့တဲ့ ၁ ရက်နေ့က ပွဲတော်ကို အောက်မှာချပြီး ၁၄ ရက်က ပွဲတော်ကို အပေါ်မှာ ထပ်ဖြည့်ကာ ပို့စ်တခုတည်း ပြန်လုပ်ပြီး ဒီနေ့နေ့စွဲနဲ့ ပြန်တင်လိုက်ပါတယ်။

သင်္ကြန်ကာလကို ဘေးရန်ကင်းစွာနဲ့ဖြတ်သန်းပြီး မင်္ဂလာရှိသော နှစ်သစ်မှာ ကျက်သရေမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကာ ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ အားလုံး ပြည့်ဝနိုင်ကြပါစေ...

ကံကောင်းသော ခရစ်စမတ်နေ့

ဘုရားပန်းကို အလျှင်စလို ထိုးပြီးတာနဲ့ ဘုရားရှိခိုးပြီး ထိုင်ကပ်ဖို့တောင် အချိန်မရဘဲ အလုပ်နောက်ကျမှာ စိုးလို့ ရထားမီအောင် အိမ်ကနေ ငါးမိနှစ်ခန့် လမ်းလျှောက်ရတဲ့ ဘူတာရုံကို အပြေးအလွှား လျှောက်လာတဲ့အခါမှာ ကျွန်မတို့နေတဲ့ ရပ်ကွက်ရဲ့ လူသွားလူလာနဲ့ ကားသွားကားလာ ပြတ်နေပုံက မသိတဲ့သူဆိုရင် လူနေတဲ့ရပ်ကွက် ဟုတ်ပါ့မလားလို့တောင် ထင်မိမှာ သေချာတယ်။ ခါတိုင်းဆို ရထားသံကို အဝေးကတောင် ကြားနေရပါတယ်။ အခုတော့ လမ်းထိပ်ရောက်လို့ ဘူတာရုံကို လှမ်းမြင်ရတဲ့အထိ ခါတိုင်းလို ဒီဘူတာမှာ မရပ်တဲ့ အမြန်ရထားတွေ တစီးပြီးတစီး ဖြတ်သွားနေခြင်းမျိုး မတွေ့ရ၊ ရထားစောင့်နေတဲ့ ခရီးသည်တွေကိုလည်း တယောက်မှ မတွေ့၊ ဒီနေ့ရထားလမ်း ပိတ်မယ်ဆိုတာ ကြိုတင်ကြေညာထားတာလည်း မရှိလေတော့ ရထားအလုပ်သမားတွေ သပိတ်မှောက်နေတာများလားမသိ လို့အတွေးဝင်လာကာ စိုးရိမ်သွားတယ်။ ယောက်ျားအလုပ်ကအပြန်ကို စောင့်ပြီး ကားနဲ့လိုက်ပို့ခိုင်းဖို့ စဉ်းစားကြည့်တော့ အိမ်ကို သူပြန်ရောက်မည့်အချိန်က ကျွန်မ ဆေးရုံကိုရောက်ပြီး အလုပ်ဝင်နေရမည့်အချိန် ဖြစ်နေလို့ လမ်းမှာကြာမည့်အချိန်နဲ့ဆို ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပြီး စိုးရိမ်စိတ်နဲ့ ရင်ကို တထိန့်တလန့်ကို ဖြစ်သွားတယ်။

ရထားလမ်းပိတ်တာ၊ ရထားအလုပ်သမားတွေ သပိတ်မှောက်တာ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း လျှောက်လာတာ ဘူတာရုံအဆောက်ဦးပေါ် တက်တဲ့ လှေခါးကို ခြေချမိတဲ့အချိန်ထိ ရထားတစီးမှ ဖြတ်သွားတာ မတွေ့သေးတော့ စိုးရိမ်မှုရေချိန်က ပိုပြီးမြင့်တက်လာတယ်။ အဆောက်ဦးပေါ်ရှိ ရထားလက်မှတ်ဝယ်ရာ ကောင်တာရှေ့ကျွန်မ ရောက်တော့ အမြန်ရထားတစီး တဂျုံးဂျုံးနဲ့ ဖြတ်သွားမှပဲ ဆုတောင်းပြည့်ပြီး စိတ်အေးသွားလို့ သက်ပြင်းချလို့ရသွားတယ်။ ဒါပေမဲ့ ကျွန်မစီးမည့်ရထား ရပ်တော့လည်း ရထားတွဲအကုန်လုံးမှာမှ တယောက်စ နှစ်ယောက်စပဲတွေ့ရပြီး ကျွန်မရှေ့က ကျတဲ့ ရထားတွဲထဲမှာ လူတယောက်မှ မရှိတာ တစ္ဆများခြောက်နေလားလို့ ထင်မှတ်ရလောက်အောင်ကို ခရီးသွားမရှိတာကို တွေ့ရတော့ ဒီဘူတာရုံမှာတင် လူမရှိတာ တခြားဘူတာတွေမှာလည်း ဒီလိုပဲဖြစ်မယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ရထားတတွဲလုံးမှာ ကျွန်မတယောက်ကလွဲရင် တခြားဘယ်သူမှ မရှိတာကတော့ အောက်ကပုံမှာ မြင်တဲ့အတိုင်းပါပဲ။ အမှန်က ကျွန်မစိုးရိမ်ခဲ့သလို မဟုတ်ဘဲ ရထားမလာတာ အဝေးပြေးရထားတွေ ခရစ်စမတ်ကာလမှာ အလုပ်မလုပ်လို့၊ ဘူတာရုံမှာ လူမရှိတာက မနက်အစောကြီးလည်းဖြစ် ခရစ်စမတ်နေ့မို့ ခရီးသွားလာနည်းနေလို့သာ ဖြစ်တယ်။


ဆေးရုံရောက်ပြီး Nursing Admins အခန်းရှေ့ကို ရောက်တဲ့အချိန်ကစပြီး ပြန်လာတဲ့အချိန်ထိ အလုပ်ထဲမှာ တွေ့တွေ့သမျှ လူနာတွေ Staff တွေကို Merry Christmas လို့ ကျွန်မ နှုတ်ဆက်လိုက်တဲ့ နှုတ်ဆက်စကားက အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင်ကို များပါတယ်။ Ward ထဲဝင်လိုက်တာနဲ့ ယူနီဖေါင်းဝတ်တဲ့သူကို တယောက်နှစ်ယောက်ပဲ တွေ့ရပြီး ခရစ်စမတ်အင်္ကျီ၊ ခရစ်စမတ်အမှတ်အသားပါတဲ့ နားဆွဲ၊ ရင်ထိုး၊ မီးကြိုး၊ ဦးထုတ်စတဲ့ တခုခု ၀တ်ဆင်လျက်အသီးသီးတွေ့ရမှ ကျွန်မတယောက်ပဲ ခရစ်စမတ် အထိမ်းအမှတ် ဘာမှမ၀တ်လာပါလားဆိုတာ သတိထားမိသွားတယ်။ ဒါနဲ့သူတို့အထဲက တယောက်စီက ကျွန်မကို ဒါတပ်ထားဆိုပြီး ခရစ်စမတ် မီးကြိုး၊ ခရစ်စမတ်သစ်ပင်ပုံနှစ်ခုကို ဦးချိုလိုလုပ်ထားတဲ့ ဘီးကုတ်တခုနဲ့ ရင်ထိုးတခုကို ပေးတော့ ကျွန်မလည်း ယူတပ်လိုက်မှ သူတို့နဲ့ တသားတည်း ဖြစ်သွားတယ်။ ဓါတ်ပုံရိုက်တဲ့အချိန်မှာ တွေးမိတာက အာရှကနှစ်ယောက်၊ ဥရောပကတယောက်၊ အန္ဒိယတယောက်၊ အော်စီနှစ်ယေက်ဆိုတော့ တကယ်ကို Multicultural team ပါလားဆိုတာကို သတိထားမိတယ်။


မနေ့က တော်တော်လေး အခြေအနေဆိုးနေတဲ့ လူနာတွေ ရှိတော့ ဒီနေ့ရေးရမည့်ပို့စ်ဟာ Merry Christmas အစား Sad Christmas လို့ အမည်ပေးရမည့် ခရစ်စမတ်ဖြစ်နေမလားလို့တောင် စိုရိမ်နေမိတဲ့ ကျွန်မရဲ့ အထင်တွေက တခြားစီဖြစ်နေပြီး ထူးထူးခြားခြား ဒီနှစ်ခရစ်စမတ်ရဲ့ ကံကောင်းပုံကို တကယ်ပဲ အမှတ်တရ လုပ်ထားချင်လို့ ဒီပို့စ်ကို တင်တယ်ဆိုရင်မမှားပါဘူး။ တကယ်လို့ ကျွန်မသာ ခရစ်ယာန်တယောက် ဖြစ်ခဲ့ရင် ဒီနှစစ်ခရစ်မတ်နေ့ရဲ့ ကံကောင်းပုံက ခရစ်တော် (သို့) ဘုရားသခင် တကယ်ကို ကောင်းချီးပေးတယ်လို့ ထင်မိမှာ သေချာပါတယ်။

ကျွန်မ လတ်တလော တာဝန်ကျနေတာက ကုလို့မရတော့တဲ့ သူတွေအတွက် ဘ၀ရဲ့နောက်ဆုံးအချိန်တွေမှာ အကောင်းဆုံး သက်တောင့်သက်သာ အဖြစ်ဆုံး ဘ၀ကိုဖြတ်သန်းသွားလို့ရအောင် နှစ်သိပ်ကုသပေးတဲ့ Ward, Palliative Care Unit ဖြစ်တော့ လူနာတွေက တပတ်မှာ အနည်းဆုံး တဦးခန့်တော့ သေဆုံးနေပြီး ရေခဲတိုက်ကို အမြဲတမ်းပို့ရတာရှိပါတယ်။ မနေ့က အသက်ဖုတ်လိုက်ဖုတ်လိုက်နဲ့ အသက်ငင်နေတဲ့ လူနာတွေက ဒီနေ့မှာ အနည်းဆုံး နှစ်ဦးခန့်တော့ သွားနိုင်ပြီး Merry Christmas လို့ ပြောလို့ ရလောက်တဲ့အခြေအနေ ရှိမယ်လို့တောင် မထင်ထားဘူး။ ဒါပေမဲ့လည်း လူနာတွေဟာ ဒီနေ့မှာ တကယ်ပဲ လန်းလန်းဆန်းဆန်းနဲ့ ပြန်ရှိလာနေတာ တွေ့ပြီး နှစ်ရက်လုံးလုံး သတိလစ်နေတဲ့ လူနာတယောက်တောင် သတိပြန်ရလာလို့ ပန်းသီးရေတောင် နည်းနည်းပြန်သောက်နိုင်ခဲ့တယ်။

ကျန်တဲ့လူနာတွေ အားလုံးကလည်း တော်တော်လေးကို ငြိမ်းငြိမ်းချမ်းချမ်း ရှိကြတယ်။ ခါတိုင်း မလိုအပ်ဘဲနဲ့ ဘဲလ်ခဏခဏနှိပ်ပြီး နာ့စ်တွေကို အလုပ်ရှုပ်စေတဲ့ လူနာတွေလည်း ဒီနေ့မှာ ငြိမ်လို့ ဘာမှကိုပြောစရာ မရှိဘူး။ ၊ ရန်လိုပြီး ပစိပစပ်များနေတဲ့ လူနာတွေ အားလုံးကလည်း စိတ်ကောင်းဝင်နေတယ်၊ လူနာမိသားစုတွေထဲကလည်း ပြဿနာလာရှာတဲ့သူတွေ မရှိသလို မေးခွန်းပေါင်း အခါတရာမက လူကိုယ်တိုင် (သို့) ဖုန်းတဂွမ်ဂွမ် မေးနေလို့ ဖြေရတာတွေလည်း သိပ်မရှိဘူး၊ Ward ထဲက Staff တွေအားလုံးကလည်း တက်ညီလက်ညီနဲ့ ဆောင်ရွက်ခဲ့တာ အားလုံးကို လွယ်ကူအဆင်ပြေချောမွေ့စွာနဲ့ပဲ စောစောစီးစီး ပြီးသွားတာ မနေ့ကနဲ့ တခြားစီပဲ။ နောက်တော့ ခရစ်စမတ် နေ့လည်စာအဖြစ် Kitchen staff တွေက တခြား staff တွေ အားလုံးအတွက် Free lunch ပေးတယ်။ ညနေဘက်တာဝန်ကျတဲ့ နာ့စ်တွေကို Handover Report ကို မြန်မြန်ပေးပြီးတာနဲ့ ချက်ချင်းမနက်ပိုင်း Staff တွေကို ပေးပြန်တော့ အိမ်ကို အလုပ်ချိန်မပြီးခင် ၄၅ မိနှစ်မှာ ပြန်ခွင့်ရကြတယ်။ အိမ်အပြန်လမ်းမှာတော့ ကျွန်မဟာ အလုပ်ကပြန်လာသလို မဟုတ်ဘဲ ပါတီပွဲတခုက ပြန်လာသလိုပဲ ခံစားရတယ်။ ဘူတာရုံနဲ့ ဆေးရုံအကြား လျှောက်လာရင် Auburn Central ကုန်တိုက်ရဲ့ အတွင်းဘက် ရင်ပြင်ပေါ်မှာ ခရစ်မတ်သစ်ပင်ရှိတော့ အမှတ်တရ ဓါတ်ပုံရိုက်လာလိုက်တယ်။


အိမ်ပြန်ရောက်တော့ မနေ့က၀ယ်ပြီး ဒီမနက် အလုပ်မသွားခင် ထိုးထားခဲ့တဲ့ အချိန်က ဖူးငုံတွေပဲ ရှိခဲ့တဲ့ ဘုရားပန်းက အနံ့သင်းသလို အပွင့်တွေအာထွက်လာပြီး ထူးထူးခြားခြား လှပနေတာကို တွေ့ရပြန်တော့ စိတ်ချမ်းသာရပြန်တယ်။ ခါတိုင်းဆို အနံ့ရော အပွင့်တွေ အရွက်တွေပါ ကောင်းတဲ့ ဒီပန်းအမျိုးအစားက ဈေးကြီးလို့ နေ့ကြီးရက်ကြီးတွေကလွဲရင် တော်တော်နဲ့ မ၀ယ်ကပ်ဖြစ်ဘူး။ အနံ့မပါဘဲ အပွင့်ပဲကောင်းပြီး အရွက်လည်း ညှိုးမြန်တဲ့ လီလီပန်း (သို့) ဂန္ဒမာပန်းပဲကိုပဲ အမြဲတမ်း ၀ယ်ထိုးတာ များပါတယ်။ ဒီပတ်မှာတော့ ဒီပန်းက ပုံမှန်ဆို အနည်းဆုံး တစည်းကို ၁၀ဒေါ်လာခန့် ပေးရပေမဲ့ မနေ့က ခရစ်စမတ်အကြိုနေ့မှာတော့ နှစ်စည်းကို ငါးကျပ်နဲ့ရလို့ အမျိုးသားက ၀ယ်လာပေးလို့ မွှေးကြိုင်လှပစွာ ဘုရားကပ်နိုင်သလို အမြင်အားဖြင့်လည်း ဘုရားစဉ်မှာ အခုလို ဝေေ၀ဆာဆာလေး တွေ့ရတော့ ဒါလည်းပဲ ဒီနှစ်ခရစ်စမတ်နေ့ရဲ့ ကံကောင်းခြင်း တခုပါပဲလားလို့ တွေးပြီး ဒီကံကောင်းမှုတွေ အားလုံးကို ဒီနှစ်ခရစ်မတ် လက်ဆောင်လို့ သဘောထားလိုက်ပါတယ်။ နှစ်သစ်မှာလည်း ဒီနေ့လိုပဲ နေ့တိုင်းကံကောင်းပါစေလို့ ဆုတောင်းနေမိတယ်။



ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလမှာ အားလုံး အန္တရယ်ကင်းစွာနဲ့ ပျော်ရွှင်ကြပါစေ။



Funeral Service ကို အလောင်းမှားပြီး ထုတ်ပေးမိတဲ့ ကျွန်မတင်တဲ့ ကံမကောင်းသော နေ့တနေ့အကြောင်းလည်း ဒီ Ward ထဲမှာပဲ ဖြစ်သွားပြီး ဒီအကြောင်းကို တင်ထားတာ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။


တို့ပြည်ထောင်စုသားတွေ


ဆစ်ဒနီ ရာသီဥတု ဖေါက်ပြန်ပုံကို ပြောရင်တော့ ပြီးမှာ မဟုတ်ဘူး။ မနေ့က မြန်မာ့ယဉ်ကျေးမှု ပွဲတော်ကျင်းပတဲ့နေ့မှာတော့ တနေကုန် မိုးရွာပြီး ဒီနေ့မနက်လည်းကျရော နေပွင့်နေပြီး တနေကုန်လည်း ရာသီဥတုက သာသာယာယာဖြစ်နေတယ်။ အလုပ်မှာ တွေ့တဲ့ သူတွေ အားလုံးကလည်း "ရာသီဥတုလေး သာယာလိုက်တာနော် မနေ့ကနဲ့ တခြားစီပဲ" လို့ ပြောပြီး မလိုအပ်ဘဲ သာယာနေတဲ့ ရာသီဥတုအကြောင်းကိုပဲ ပုံကြီးချဲ့ပြောကာ ၀မ်းသာအားရ ညွန်းပြီး နှုတ်ဆက်ကြတော့ ကျွန်မကို စိတ်မသက်မသာတောင် ပိုပြီး ဖြစ်စေခဲ့တယ်။ ခါတိုင်းဆိုရင်တော့ "ဟုတ်တယ်နော့် ရာသီဥတုလေးက သာယာလိုက်တာ သိပ်ကောင်းတာပဲ ဒီလိုနေ့မျိုးမှာ အလုပ်မလုပ်ဘဲ တနေရာရာ သွားရင်မကောင်းဘူးလား" လို့ ၀မ်းသာအားရ ပြန်ပြောမိမှာပဲ။ အခုတော့ ရာသီဥတုသာယာပါစေလို့ ဆုတောင်းတဲ့နေ့မှာ ရာသီဥတုက မသာယာဘဲ ဘာမှဆုမတောင်းတဲ့ ဒီနေ့မှာမှ လာပြီး နေသာယာနေတဲ့အချိန်မှာ လာနှုတ်ဆက်ပြီး ဒါကိုပဲ အားလုံးက အမွမ်းတင်ပြီး ပြောနေကြတော့ " ဆေးရုံထဲမှာ အလုပ်လုပ်နေသူအတွက် အပြင်မှာရာသီဥတု သာယာလို့ကော ဘာများအသုံးဝင်ပြီး အကျိုးထူးမှာမို့လဲ" လို့ ပြန်မပြောရုံတမယ်ပဲ ကျွန်မမျက်နှာက သိသိသာသာ မကျေမနပ်ဖြစ်နေပြီး " အေးဟုတ်တယ် ဒီနေ့ရာသီဥတုသာယာတယ်" ဆိုတာနဲ့ပဲ ၀တ်ကျေတန်းကျေ ပြန်ဖြေဖြစ်တယ်။

မနေ့ (25/09/11 ) က ဆစ်ဒနီမြို့ ဒါလင်ဟားဗားမှာ ကျင်းပတဲ့ ပွဲတော်ကတော့ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းတိုက်ခိုက်သွားပြီးနောက်ပိုင်း နာဂစ်မှာ ဒုက္ခရောက်သူများကို ကူညီဖို့ ရည်ရွယ်ချက်နဲ့ ဆစ်ဒနီရောက် မြန်မာတွေက နာဂစ် ဖြစ်တဲ့နှစ် ၂၀၀၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Australia Burma Community Development Network (ABCD Network) က ကျင်းပတဲ့ Burmese food and cultural festival ဖြစ်ပြီး ဒီပွဲတော်ကို နှစ်စဉ်ကျင်းပလာတာ အခုဒီနှစ်ပွဲတော်က ၄ ကြှိမ်မြောက် ကျင်းပတဲ့ပွဲတော်ပါ။ ဒီပွဲတော် ကျင်းပတဲ့အချိန်ကာလက ကျွန်မအတွက် အလုပ်များဆုံး အချိန်ဖြစ်ပေမဲ့ ဒီလေးနှစ်မှာ ပွဲတော်ကို ကျွန်မ မရောက်တဲ့နှစ်ဆိုလို့ အခုထိ တနှစ်မှ မရှိသေးပါဘူး။ အကြောင်းကတော့ အိမ်ကတယောက်က ဒီပွဲမှာ နှစ်စဉ် ခြင်းလုံးခတ်တဲ့ ခြင်းမင်းသားလည်းအဖြစ် သီချင်းဆိုတဲ့ အဆိုတော်လည်းဖြစ်တော့ ကျွန်မမှ အားမပေးရင် ဘယ်သူအားပေးမလဲ ဆိုတာကို တွေးပြီး ရှိတဲ့အလုပ်ကို မသွားဘဲ Cancel လုပ်ပစ်၊ ကျောင်းက လုပ်လက်စ Assignment တွေကိုလည်းရပ်ပြီး မဖြစ်ဖြစ်အောင် သွားအားပေးရပါတယ်။

ဒီနှစ်အပါအ၀င် နှစ်စဉ်နှစ်တိုင်း ပွဲတော်မှာ နယူးဆောက်ဝေးပြည်နယ်နဲ့ သြစကြေးလျားနိုင်ငံရဲ့ မြို့တော်စီရင်စုနယ်မြေရောက် မြန်မာပြည်က တိုင်းရင်းသားပေါင်းစုံ အဖွဲ့တွေ ပါဝင်ဆောင်ရွက်ပြီး ဖျော်ဖြေကြ၊ အစားအစာတွေ ချက်ပြုတ်ရောင်းချကြပါတယ်။ ပွဲတော်ကျင်းပတဲ့ နေရာ Darling Harbour ဆိုတာ Sydney Aquarium, Sydney Wild life world, Australian National Maritime Museum, Riverside Shopping Centre, Star City Casino, Sydney Convention Centre စတဲ့ ထင်ရှားတဲ့ နေရာတွေ ရှိတဲ့နေရာ ဖြစ်တော့ နိုင်ငံခြားသားတွေ လှည့်လည်သွားလာ ကြည့်ရှုရာနေရာ ဖြစ်သလို ရုံးပိတ်ရက်တွေမှာ ဆစ်ဒနီဒေသခံတွေ အပမ်းဖြေအနားယူရာနေရာ ဖြစ်လို့ ဘယ်တော့မှ လူမပြတ်တယ်ရယ်လို့ မရှိဘူး။ Star City လို့ ခေါ်တဲ့ Casino ကြီးနဲ့ စားသောက်ဆိုင်တွေကလည်း ရှိတော့ ညဘက်မှာတောင် လူမပြတ်တဲ့နေရာ ဖြစ်တယ်။ ဒီတော့ ဒေသခံရော နိုင်ငံခြားသားတွေပါ ရောက်လာတဲ့ ဧည့်သည်တွေက ဈေးအင်မတန်ချိုလှတဲ့ မြန်မာ အစားအစာတွေကို ၀ယ်စားရင်း မြန်မာ့ယဉ်ကကျေးမှု အကတွေ၊ ပြကွက်တွေကို လာကြည့်ကြတာကို မျှော်လင့်ပြီး ရန်ပုံငွေရအောင် ရှာတဲ့ ပွဲဖြစ်ပါတယ်။ ဒီလိုနေ့မှာချက်ပြုတ် ရောင်းချတဲ့ အစားအစာတွေကိုတော့ မြန်မာဘုန်းကြီးကျောင်း ရန်ပုံငွေအတွက် ဈေးရောင်းပွဲမှာ မြန်မာတွေကိုပဲ ရောင်းချတဲ့ အစားအစာတွေကို ချက်သလို ချဉ်ငန်စပ်နဲ့ ဟင်းချိုမှုန့်ကို ကြိုက်သလို ထည့်လို့ရတာမျိုး မဟုတ်ဘဲ ချက်ပြုတ်ရောင်းချမည့် အစားအစာတွေရဲ့ ပါဝင်တဲ့ ပစ္စည်းတွေကို Food safety အတွက် ကောင်စီမှာတင်ပြကာ ချက်ပြုတ်စမ်းသပ်ခံပြီးမှ ရောင်းလို့ရပါတယ်။

ဒီနှစ်နဲ့ အရင်နှစ် ၂၀၁၀ က ရရှိတဲ့ ရန်ပုံငွေကို မြန်မာပြည်မှာ မျက်လုံးဒုက္ခရောက်နေသူများကို ကုသမှုအတွက် အကူအညီပေးတယ်လို့ သိရပြီး ပထမဦးဆုံး နှစ် ၂၀၀၈ နဲ့ ဒုတိယနှစ် ၂၀၀၉ က ရတဲ့ ရံပုံငွေကိုတော့ နာဂစ်ကြောင့် ဒုက္ခရောက်သူတွေကို အကူအညီပေးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ABCD Network က နာဂစ်ကြောင့် ပေါ်လာတဲ့အဖွဲ့အစည်းတခု ဖြစ်တယ်။ မြန်မာပြည်က တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့အတွက် ဒီပွဲတော်က ပြည်ထောင်စုပွဲတော်လို့တောင် ပြောလို့ရပါတယ်။ ရှမ်း၊ ဗမာ၊ ရခိုင် အစားအစာတွေအပြင် မြန်မာမူစလင်အဖွဲ့ကလည်း ပန်းသေးခေါက်ဆွဲအပါအ၀င် စားစရာတချို့ ရောင်းချနေတာ တွေ့ရပါတယ်။ ဒါအပြင် မြန်မာတိုင်းရင်းသား အစားအစာ မဟုတ်တဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယအစားအစာ တချို့ကိုလည်း ရောင်းချတာ တွေ့ရပါတယ်။ ဒီနှစ်မှာ မိုးရွာနေလို့ အရင်သုံးနှစ်တွေကလောက် လူမများပေမဲ့ မိုးရေထဲက ပွဲတော်ကို မိုးရေထဲမှာပဲ ထီးတွေဆောင်းပြီး ၀ယ်စားကြပြီး စိတ်ဝင်တစား ကြည့်ရှုကြတာ တွေ့ရပါတယ်။ ယဉ်ကျေးမှု ပြကွက်တွေမှာလည်း တိုင်းရင်းသား အကမျိုးစုံ နဲ့ ကိန္နရီ ကိန္နရာ အက၊ ရုပ်သေးအကတွေနဲ့ အားကစားလည်းဖြစ် အနုပညာလည်း ဖြစ်တဲ့ မြန်မာ့ဝိုင်းခြင်းကိုလည်း ခတ်ပြတော့ တင်ဆက်မှုမှာ တော်တော်လေးကို အမျိုးစုံတာ တွေ့ရပါတယ်။

သို့သော်လည်း အချိန်မရသေးလို့ ဒီပို့စ်မှာတော့ ဒီပွဲတော်အကြောင်းအသေးစိတ်ကို ဖေါ်ပြပေးမှာ မဟုတ်ဘဲ ကျွန်မရဲ့ကင်မရာ အစုတ်နဲ့ ရိုက်ထားတဲ့ အန်တီ ဒေါ်မာမာအေး ဦးဆောင်ပြီး သီဆိုထားတဲ့ ပြည်ထောင်စု သီချင်းကိုပဲ အဓိကထားပြီး တင်ပေးလိုက်ပါတယ်။ အဆိုတော် ဒေါ်မာမာအေးက ဒီပွဲတော်အတွက် အမေရိကနေ ရောက်လာတာပါ။ ဒီသီချင်းကို စန္ဒရားလှထွဋ်က ရေးစပ်ခဲ့တယ်လို့ သိရပြီး လွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်က အဲဒီတုန်းက အထင်ရှားဆုံး တက်သစ်စ နိုင်ငံကျော် အဆိုတော်တွေဖြစ်ကြတဲ့ အမျိုးသမီး အဆိုတော် မာမာအေး၊ အေ၀မ်းတင်တင်လှ နဲ့ အမျိုးသားအဆိုတော် မောင်မောင်ကြီးနဲ့ သန်းဖေလေးတို့ လေးယောက် သီဆိုခဲ့တယ်ဆိုတာ သိရပါတယ်။ ကျွန်မငယ်ငယ်က မြန်မာ့အသံက ရေဒီယိုမှာ အမြဲကြားဖူးပါတယ်။ ဒီပွဲတော်မှာတော့ ဒေါ်မာမာအေးကလွဲရင် ကျန်တဲ့သုံးယောက်နေရာမှာတော့ ဆစ်ဒနီရောက် လက်လုပ်အဆိုတော်တွေနဲ့ အစားထိုးထားပါတယ်။ ဒီထဲမှာ အိမ်ကတယောက်က မောင်မောင်ကြီးနေရာမှာ ၀င်ဆိုထားတော့ ကျွန်မနားထောင်ရတာ မြန်မာ့အသံထဲမှာ ငယ်ငယ်က အမြဲတမ်း ကြားနေရတဲ့ မောင်မောင်ကြီးအသံထက်တောင် ကောင်းသေးသလိုပဲ။ ဒါပေမဲ့ ဒီဗွီဒီယိုထဲမှာ မကောင်းရင်တော့ ကျွန်မ ကင်မရာ အစုတ်ကြောင့်သာ ဖြစ်ပြီးတော့ ရာသီဥတု ၁၈ ဒီဂရီ ရှိတယ်ဆိုလို့ အနွေးထည် ပါးပါးပဲ ၀တ်သွားရာကနေ မထင်မှတ်ပဲ မိုးကထင်တာထက် ပိုများပြီး ရာသီဥတုက သိပ်အေးတော့ ဓါတ်ပုံရိုက်ရာမှာ လက်တုန်နေလို့ ဗွီဒီယိုက ရုပ်ရောအသံပါ မငြိမ်ဖြစ်ပြီး မကောင်းတာ ဖြစ်ကြောင်း ကြိုတင်အသိပေးထားပါရစေ။

ပြည်ထောင်စုသားသီချင်း



နောက်အေးအေးဆေးဆေး အချိန်ရမှပဲ "မိုးရွာထဲက ရွှေပွဲတော်" နာမည်နဲ့ အဲဒီနေ့ပွဲတော်တခုလုံး အကြောင်းကို အသေးစိတ် ဓါတ်ပုံ အပြည့်အစုံနဲ့ ဝေေ၀ဆာဆာ ပြန်တင်ဖို့ ရှိပါတယ်။ ပြီးတော့ ဆစ်ဒနီခြင်းဝိုင်းအကြောင်း အသေးစိတ်၊ ဒီပွဲတော်မှာ အန်တီ မာမာအေး သီဆိုတဲ့ အစီစဉ်နဲ့ ပျူခေတ်ကနေ အခုခေတ်အထိ ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့ရဲ့ ဆင်ယင်ထုံးဖွဲ့ပုံ ပြောင်းလဲလာပုံကိုလည်း ဓါတ်ပုံနဲ့တကွ ဘလော့ဂ်မှာ သီးသန့်ပို့စ် အဖြစ်တင်ပေးဖို့နိုင်ဖို့အတွက် မြန်မာ အမျိုးသမီးတို့ရဲ့ ၀တ်စားဆင်ယင်ထုံးဖွဲ့ပုံ အစီစဉ်ကို တာဝန်ယူတဲ့ တာဝန်ခံဆီက ပွဲတော်မှာ သူရှင်းလင်းပြောပြတဲ့ စာမူကို ကျွန်မ တောင်းထားပါတယ်။ သူ့ဆီက လက်ရေးစာမူရရင် ကျွန်မက ပြန်ရိုက်ပြီး ကျွန်မ ရိုက်ထားတဲ့ ဓါတ်ပုံတွေနဲ့တကွ တွဲပြီး တင်ပြဖို့ ရှိပါတယ်။ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်ထုံးဖွဲ့ပုံ ဘာကြောင့်ဘယ်လို ပြောင်းလဲလာတယ်ဆိုတဲ့ နောက်ခံသမိုင်းကို ရှင်းပြထားတဲ့ ဒီအစီစဉ်က ဒီပွဲတော်မှာ ကျွန်မ စိတ်ဝင်စားဆုံးဖြစ်သလို မြန်မာ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ကျွန်မအတွက် အသစ်အဆန်းတွေ သိခွင့်ရတဲ့ ဗဟုသုတရဆုံး အစီစဉ်လည်း ဖြစ်တယ်။ မသိသေးတဲ့သူတွေလည်း အများကြီး ရှိနိုင်တယ်ဆိုတာ တွေးမိလို့ အစီစဉ်တာဝန်ခံဆီက တကူးတက ကျွန်မ ခွင့်တောင်းထားခြင်းဖြစ်တယ်။ စိတ်ဝင်စားသူများ စောင့်မျှော် ကြည့်ရှုနားထောင်နိုင်ပါတယ်။

အလုပ်များလွန်းလို့ ဘလော့ဂ်ကို လှည့်ကြည့်မအားတာ ကြာပြီမို့ ကျွန်မနဲ့ တွေ့တိုင်းမှာ " ညည်းလည်း ဘလော့ဂ်မှာ ပိုစ်အသစ်တင်တာမတွေ့တော့ဘူး ညည်းယောက်ျားလည်း ဘယ်ပွဲမှာမှ သီချင်းဆိုတာ မတွေ့တော့ဘူး ညည်းတို့ဘယ်တွေ ပျောက်နေကြလဲ ညည်းလည်း ပို့စ်လေးဘာလေး ပြန်တင်ဦး ညည်းယောက်ျားကိုလည်း သီချင်းလေးဘာလေး ပြန်ဆိုခိုင်းပါဦး" လို့ တွေ့တိုင်းပြောနေတဲ့ ဆစ်ဒနီမြို့ မြန်မာလူမျိုးစု မြန်မာ့အသံက အန်ကယ် ဦးပန်တျာနဲ့ ပို့စ်တင်ကျဲရင် အမြဲမေးတတ်တဲ့ မိတ်ဆွေတွေအတွက်တော့ ဒီပို့စ်လေးကြောင့် အခိုက်အတန်တော့ ဘလော့ဂ်ကို လာလည်ရကျိုးနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တချိန်တည်းမှာပဲ အနာဂတ် ပြည်ထောင်စုမှာ ပြည်ထောင်စု တိုင်းရင်းသား အားလုံးတန်းတူ ညီမျှမှုနဲ့ ညီညွတ်မှုအတွက် ဒီပြည်ထောင်စု သီချင်းနဲ့ ဂုဏ်ပြု ဆန္ဒပြုလိုက်ပါတယ်။ သီချင်းကို ဆက်လက်နားဆင်ပြီး ဓါတ်ပုံတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဓါတ်ပုံတွေကိုတော့ နောက်မှပဲ ဘာပုံတွေဆိုတာ လေဘယ်တပ်ပေးမယ်။ ထပ်ဖြည့်ဖို့လည်း ကျန်သေးတယ်။

လောလောဆယ်တော့ ရန်ကုန်မှာ ဆန္ဒပြနေတယ်ဆိုတဲ့ အရေးကြီးတဲ့သတင်းက ၀င်လာနေလို့ သွားလိုက်ပါဦးမယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။