အရင်ပို့စ်မှ အဆက်
ကျွန်မက အမေ့ကို ဒီလိုပြောတော့ "သမီးကို တွေ့ချင်လို့ အခုလိုချိန် အိမ်မှာ လုပ်စရာတွေ ဒီလောက်များတာတွေတောင် ထားခဲ့ပြီး လာတွေ့တာ " လို့ အစချီပြီးတော့ ရွာမှာ ဖြစ်နေတဲ့ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြတယ်။ ပြီးခဲ့တဲ့နှစ်က စပါးခင်းတွေ ရေမြှုပ်လို့ ရွာက လယ်သမားတွေ အားလုံး ၀မ်းစာစပါးလည်း မရ ကျွဲနွားခ၊ သူရင်းငှားခနဲ့ ဒိုင် (အစိုးရ) ကိုသွင်းရတဲ့ စပါးကအစ တခြားနယ်က ပြန်ဝယ်ရတဲ့အကြောင်း၊ ဒိုင်ကို တာဝန်ကျေစပါး မသွင်းရင်လည်း လယ်အသိမ်းခံရမယ်ဆိုတော့ ဒီလိုပဲ ရှိတာကို ရောင်းချပြီး တခြားနယ်က စပါးပြန်ဝယ်သွင်းကြကြောင်း၊ အိမ်မှာလည်း အခုဆန်ဝယ်စားနေရပြီး ရွာမှာအခု လူတိုင်းပဲ တော်တော် ကြပ်တည်းကြတဲ့အကြောင်း အစ်ကိုကြီး တယောက် ရှိနေလို့သာ အိမ်မှာ အသက်ရှူ နည်းနည်းချောင်နေတာ ဖြစ်ပြီး သူသာ မရှိရင် အိမ်က ကျွန်မမောင်တွေ ညီမတွေကို ကျောင်းဆက်ထားနိုင်ဖို့ နေနေသာသာ ထမင်းတောင် နှပ်မှန်ဖို့ မလွယ်တဲ့အကြောင်း အစ်ကိုကြီးကလည်း အရင်ကလို မဟုတ်တော့ဘဲ အိမ်ရဲ့ စီးပွားရေးကို ဦးဆောင်နေတဲ့အကြောင်းတို့ကို ဆက်တိုက်ပြောပြလိုက်တော့ ကျွန်မ ဘာပြန်ပြောရမှန်း မသိဖြစ်သွားပါတယ်။
အမေ ပြောလိုက်တဲ့အထဲမှာ မောင်လေးတွေ ညီမလေးတွေ ဆိုတာနဲ့ လူမမယ်အရွယ်လေးတွေနဲ့ ကျန်ခဲ့တဲ့ ကျွန်မ မောင်လေး ညီမလေးတွေကို သတိရပြီး ကျွန်မမျက်ရည်လည်တယ်။ အခုစာရိုက်နေချိန်မှာလည်း လူမမယ်အရွယ် မောင်လေးညီမလေးတွေအတွက် ဘာမှနွေးထွေးမှု မပေးနိုင်ဘဲ ထားခဲ့ရတာကို ခံစားရတယ်။ ကျွန်မငယ်ငယ်က အိမ်မှာ မိဘတနေကုန် မရှိရင် ဘယ်တော့ ပြန်လာမလဲဆိုတာ ဘယ်တော့မှ မမေး၊ ဘယ်တော့မှ မိဘကို မတမ်းတတတ်ပေမဲ့ အစ်ကိုတွေ အစ်မတွေ တနေကုန် မရှိရင် နေမတတ်ဘဲ ဘယ်တော့ပြန်လာမလဲလို့ မိဘကို ခဏခဏ မေးရင်း တမျှော်မျှော်နဲ့ စောင့်နေတတ်တဲ့ အဖြစ်ကို ကျွန်မ ပြန်သတိရသွားတယ်။
ပြီးတော့ ကျွန်မသူငယ်တန်း ကျောင်းမတက်ခင် အသက် နှစ်နှစ်သုံးနှစ် အရွယ်ကဆို ကျွန်မကိုကြီးက ကျွန်မအောက် ညီမကို ပုခုံးတဖက်ပေါ်မှာထမ်း ကျွန်မကိုကျတော့ တခြားလက်နဲ့ တွဲခေါ်ပြီး ကျွန်မတို့ အိမ်ရှေ့က နွားစားကျက်အဖြစ် လုပ်ထားတဲ့ ကွင်းပြင်ကြီးမှာ ညနေဆည်းဆာအချိန် ရောက်တိုင်း တွံတေးသိန်းတန်ရဲ့ "စစ်ပွဲတရာ နွှဲလိုက်ချင်ပေမဲ့ အချစ်တပွဲမှ မနွှဲချင်တော့ဘူးကွယ်" ဆိုတဲ့ သီချင်းကို ညည်းဆိုကာ ထိန်းကျောင်းရင်း ကျွန်မတို့နှစ်ယောက်ကို အိမ်မှာမွေးတားတဲ့ ကျွဲတွေနွားတွေအပေါ် တင်ပေးပြီး ကျွဲနွား ပေးစီးတတ်တဲ့ အကိုကြီး စစ်တပ်ထဲ မ၀င်ခင် ကျွန်မတို့ ငယ်ငယ်က ဘ၀လေးကို ချက်ချင်း ပြေးမြင်သွားတယ်။
ကိုကြီး စစ်တပ်ထဲမ၀င်ခင် အိမ်က ထွက်သွားတုန်းက ကိုကြီးကို လွမ်းပြီး ကိုကြီးဘယ်တော့ ပြန်လာမလဲလို့ ကျွန်မအိမ်မှာ မကြာခဏ မေးလေ့ရှိတာ၊ စစ်တပ်ထဲဝင်တော့မှ တိုင်းပြည်တာဝန်ကို သွားထမ်းနေလို လွမ်းစရာမဟုတ်ဘူး ဂုဏ်ယူရမယ်တယ်ဆိုတာ အဖေပြောပြထားတာနဲ့ ပြန်လာဖို့မလွယ်ဘူးဆိုတာ သိပြီး နောက်ထပ်မမေးတော့တာကို ကျွန်မသတိရသွားတယ်။ ကျွန်မ အိမ်ကထွက်လာပြီးနောက်ပိုင်း အငယ်ဆုံး ညီမလေးက မငယ်ဘယ်တာ့ ပြန်လာမလဲလို့ မေးတာကို လူကြုံကတဆင့် ကြားရတော့ ကျွန်မ ယူကျုံးမရအောင် ခံစားခဲ့ရတယ်။ ကျွန်မတို့ ငယ်ငယ်က သူအိမ်ကထွက်သွားတော့ သူဘယ်တော့ ပြန်လာမလဲဆိုတာ ကျွန်မတို့ တမ်းတမ်းတတ လွမ်းခဲ့ရတဲ့ ကိုကြီးက အခုတော့ ကျွန်မပြန်လာမှာကို တမ်းတမ်းတတ လွမ်းဆွတ်နေတဲ့ မောင်လေးညီမလေးတွေကို ခုလို ကျွန်မတို့ကိုယ်စား အစားထိုး ၀င်ရောက်ပြီး အငယ်တွေအပေါ် နွေးထွေးမှုပေး တာဝန်ယူပေးနေတာကို သိရတော့ ကျွန်မ ကိုကြီးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သွားပါတယ်။
ပြီးတော့ ကျွန်မတို့ ဒေသမှာ မိုးတွင်းကာလအတွက် ဆန်စပါးကို မသိုထားနိုင်ရင် ဆန်ဈေးက မိုးတွင်းမှာ ပုံမှန်ဈေးထက် နှစ်ဆသုံးဆအထိ တက်ပြီး ပိုက်ဆံရှိတာတောင် ၀ယ်ဖို့ ဆန်မရှိတာနဲ့ မကြာခဏ ကြုံရတတ်တယ်။ ဒီလို မိုးတွင်းကာလမှာ ဆန်ဝယ်စားနေရတဲ့ မိသားစုတခုအတွက် ဘယ်လောက် ဒုက္ခရောက်တယ် ဆိုတာ ကျွန်မတို့ နယ်သားတွေ အသိဆုံး ဖြစ်ပါတယ်။ ကိုကြီးသာ မရှိရင် ခုလိုအချိန် အိမ်မှာ တော်တော်ကို ဒုက္ခရောက်မယ် ဆိုတာအမေပြောတာ အမှန်ပဲ ဖြစ်တယ်။ ကိုကြီးသာ ဒဏ်ရာရပြီး ပင်စင်မယူခဲ့ရင် ဒီလိုအချိန်မှာ တချိန်က ကျွန်မအထင်ကြီးတဲ့အတိုင်း စစ်တပ်ထဲမှာ အရာရှိတဦး ဖြစ်နေခဲ့ရင် အိမ်ကို အခုလို ဘာမှအကူအညီ ပေးနိုင်မှာ မဟုတ်ဘူး။ အခု ကိုကြီးဟာ မဆလ စစ်တပ်ထဲမှာ မဟုတ်တော့ဘူးဆိုတဲ့ အသိနဲ့ အငယ်တွေအတွက် ကျွန်မတို့ ဖြည့်ပေးရမည့် လိုအပ်ချက်ကို လာဖြည့်ပေးနေသူ ဆိုတဲ့အသိ၊ အိမ်မှာရှိတဲ့ အခက်အခဲအားလုံးကို တာဝန်ယူဖြေရှင်းပေးနေသူအဖြစ် ကျွန်မကိုကြီးကို ကျွန်မ တကယ် ကျေးဇူးတင်သွားပြီး အာဂါတအမုန်းတွေ တဖြေးဖြေး ပြယ်စပြုလာတယ်။
ကျွန်မ အတွေးလွန်နေတဲ့ချိန်မှာ အမေက "ဟိုမှာ နင့်ကိုကြီးလိုက်လာပြီ" ပြောလို့ လှည့်ကြည့်လိုက်တော့ ဟိုဘက်အိမ်ကနေပြီး ကျွန်မတို့ရှိတဲ့ အိမ်ဘက်ကို ရဲဘော်တယောက်နဲ့အတူ လျှောက်လာနေတဲ့ ကိုကြီးကို တွေ့လို့ ကျွန်မ လူများမှားနေသလားလို့တောင် ထင်ရတယ်။ လက်တတောင်ဆစ်ခန့် ရှည်တဲ့ ရှတ်အင်္ကျီအမဲရောင်နဲ့ ကချင်ပုဆိုး အမဲပေါ်မှာ အစိမ်းကွက်ကြားကို ဒူးခေါင်းလောက်အထိ လုံးတင်ပြီး အင်္ကျီ အပေါ်ကနေ ၀တ်ထားတော့ သူ့အရပ်က နဂိုထက် ပိုနှိမ့်နေတယ်လို့ ထင်မှတ်ရသလို လူကလည်း ပိုပိန်သွားသလို ထင်ရတယ်။ ခေါင်းပေါ်မှာ တောင်ထန်းနဲ့ ယက်လုပ်ထားတဲ့ လယ်သမားဆောင်း ခေါင်းတလုံးလုံ ခမောက်ကို ဆောင်းထားပြီး အထဲမှာ ကွမ်းတွေ ဆေးတွေထည့်ထားတဲ့ ကြိုးသိုင်းကို ခပ်တိုတိုလေး ဖြစ်အောင် ထုံးထားတဲ့ အဖြူအစင်းကြောင်းနဲ့ ကရင်လွယ်အိတ် အောက်ခံ အနီရောင် ခပ်နွမ်းနွမ်း တလုံးကိုလည်း လွယ်ထားကာ ကွမ်းတမြှုံ့မြှုံ့နဲ့ တွေ့ရတာ့ သူ့ပုံက စစ်သားတယောက် ဖြစ်ခဲ့ဖူးတယ်လို့ ပြောလို့ ဘယ်လိုမှ မယုံနိုင်စရာ။ ဒီပုံစံအတိုင်းပဲဆို လယ်တောထဲဆင်းခါနီး လယ်သမားတယောက်နဲ့ တူတယ်လို့ ပြောလို့ရနိုင်ပေမဲ့ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ထီးရိုးကောက်တချောင်းကလည်း ရှိနေပြန်တော့ ဘယ်လယ်သမားကမှ လယ်ထဲသွားရင် ထီးယူသွားလေ့ မရှိတဲ့အတွက် လယ်သမားနဲ့ တူတယ်လို့လည်း ပြောလို့မရပြန်ဘူး။ ဒီတော့ သူ့ပုံကိုကြည့်ရင်း ကျွန်မ အလိုလို ရီချင်လာကာ တင်းနေခဲ့တဲ့ စိတ်တွေလည်း ဘယ်ပျောက်လို့ ပျောက်သွားမှန်းမသိ ပြေလျှော့သွားခဲ့တယ်။
သူက မရယ်မပြုံးနဲ့ ခပ်တည်တည်ပဲ စိုက်ကြည့်ပြီး ကျွန်မနားကို လျှောက်လာနေတယ်။ အနားရောက်တော့ ကျွန်မက "ကိုကြီး" လို့ အရင်ခေါ်လိုက်ပြီး ဘာမှ ဆက်မပြောသေးဘဲ သူ့ပုံက ရီစရာ ဖြစ်နေတာနဲ့ "ဟိ-ဟိ" လို့ ရီပြီးကြည့်လိုက်တော့ သူက တည်နေရာကနေ ပြန်ပြုံးပြတယ်။ ပြီးတော့ ကျွန်မက ဘာပြောလို့ ပြောရမှန်းမသိဘဲနဲ့ "ကိုကြီးအခုထိမိန်းမ မယူသေးဘူးလား" လို့ ရယ်ပြီး ပါးစပ်ကထွက်ရာနဲ့ စနောက်ပြီး မေးလိုက်တယ်။ သူက "မိန်းမယူလို့ ဖြစ်မလား၊ ငါမိန်းမယူရင် ညည်းမောင်တွေ ညီမတွေကို ဘယ်သူလာ လုပ်ကျွေးမလဲ" လို့ ပြုံးရယ်ပြီး ပြောလိုက်တယ်။ ကျွန်မတို့ မောင်နှမ ချက်ချင်းပဲ အရင်ကလို ပြန်ရင်းနှီးသွားတယ်။ ကိုကြီး ပြောတဲ့ "ညည်း" ဆိုတဲ့ အသုံးအနှုံးက ကျွန်မတို့ဘက်မှာ မပြောဘူး။ အဲဒါ ကိုကြီး စစ်တပ်ထဲက ပြန်လာမှ ပါလာတဲ့ စကားဖြစ်တယ်။ ကျွန်မနားထဲမှာ အဲလိုပြောတာက နင်လို့ ပြောတာထက် ပိုနားထောင်လို့ ကောင်းသလို ပိုယဉ်ကျေးသလို ခံစားရတယ်။
ကျွန်မက "ကိုကြီးပုဆိုးကို ဒီလောက်တောင် တိုတို ၀တ်မည့်အစား ခါးထောင်းကျိုက်လိုက်ပါတော့လား၊ ကိုကြီး ဒီပုံအတိုင်း ဆိုရင်တော့ မိန်းမရဖို့ မရှိဘူးထင်တယ်" လို့ ကျွန်မ စလိုက်တာကို "ညည်းရှိတဲ့နေရာကို ဒီလိုဝတ်ပြီး မလာလို့ ဘယ်လိုလာရမလဲ၊ မင်းသားလို ၀တ်ပြီး လာလို့ရတဲ့ နေရာမှမဟုတ်တာ" လို့ ပြန်ပြောရင်း ကျွန်မတို့ မောင်နှမ စရင်းနောက်ရင်းနဲ့ သူစစ်တပ်ထဲက ပြန်ရောက်ခါစကအတိုင်း မောင်နှမနှစ်ယောက် ပြန်ရင်းနှီးသွားတယ်။ ဒီစကားတွေက အကြီးအကျယ် ရန်ဖြစ်ပြီး ခွဲခွာလာတဲ့ မောင်နှမနှစ်ယောက် ပထမဦးဆုံး ပြန်တွေ့တဲ့အချိန်မှာ စတင်ပြောခဲ့တဲ့ စကားတွေအဖြစ် ကျွန်မ တသက်မမေ့ဘူး။
ကျွန်မတို့ တည်းတဲ့အိမ်က လူနာတွေနဲ့ အလုပ်များနေလို့ ဟိုဘက်အိမ်ကိုပဲ ပြန်သွားပြီး စကားပြောဖြစ်တယ်။ ကိုကြီးနဲ့ ကျွန်မ တွေ့တဲ့အချိန် ပြောဖြစ်တဲ့ စကားက အစိုးရအကြောင်းမပါ၊ တော်လှန်ရေးအကြောင်းမပါ၊ အိမ်က မောင်လေးညီမလေးတွေရဲ့ ပညာရေးအကြောင်းပဲ ဖြစ်တယ်။ မောင်တယောက်က ၁၂ နှစ်ပဲ ရှိသေးတယ် အရပ်သိပ်ကို ရှည်ကြောင်း နေမကောင်းဖြစ်လို့ ကျောင်းပျက်ရာကနေ ကျောင်းပြန်သွားချင်စိတ် မရှိတော့ဘဲ စာမလိုက်နိုင်တော့ဘူး ဆိုတာကို အကြောင်းပြကာ ကာလသားတွေနဲ့ ပေါင်းပြီး လူပျိုလုပ်နေလိုက်တာ ဘယ်လိုမှ တားလို့မရကြောင်း ပြောပြတယ်။ ကျွန်မက မောင်လေးကို ရအောင် ပြန်ဖြောင်းဖြပြီး ကျောင်းပြန်တက်ခိုင်းဖို့ ကျွန်မ ကိုကြီးကို တိုက်တွန်းခဲ့တယ်။ ကိုကြီးက ရမရ ဆိုတာ မသေချာပေမဲ့ မောင်လေးကို သူက ကျောင်းပြန်တက်ဖို့ ကြိုးစားပြီး ပြန်ဖြောင်းဖြမယ်လို့ ကျွန်မကို ကတိပေးသွားခဲ့ပါတယ်။
အဲဒီတုန်းက ကျွန်မတို့ရွာ အပါအ၀င် ကျေးရွာစုတွေမှာ ပြည်သူ့စစ်သင်တန်းတွေ ပေးဖို့လုပ်နေတယ်ဆိုတာ ကြားထားတော့ မောင်နှမနှစ်ယောက် ပြန်တွေ့ရလို့ ပျော်နေတဲ့ အပျော်တွေ ပျက်သွားမှာ စိုးလို့ ကိုကြီးကို ဘာမှ မပြောခဲ့ပေမဲ့ အမေ့ကိုတော့ ကိုကြီးကို ရွာမှာ ပြည်သူ့စစ်အဖွဲ့မှာ သင်တန်းနည်းပြ လုပ်တာတို့ ပြည်သူ့စစ်ခေါင်းဆောင် လုပ်ခိုင်းဖို့အတွက် စစ်တပ်က တာဝန်ပေးတာတို့ လုပ်လာရင် လုံးဝ ၀င်မလုပ်ခိုင်းပါနဲ့လို့ မှာလိုက်ပါတယ်။ အဲဒီလို ကိုကြီးဝင်လုပ်လို့ကတော့ KNU သို့မဟုတ် ကျွန်မတို့ ABSDF တပ်တွေက ပြဿနာရှာလို့ တခုခုဖြစ်ရင် ကျွန်မ တာဝန်မယူနိုင်ဘူးလို့ ပြောလိုက်တယ်။ အမေကတော့ အိမ်မှာ ဒီလောက်အလုပ်များတာ ဒါတွေ ဘယ်လုပ်လို့ ဖြစ်မလဲလို့ပဲ ပြောတယ်။
ကိုကြီးတို့ ပြန်သွားပြီး နှစ်ပတ်ခန့် အကြာမှာတော့ ကိုကြီးဆီက စာတစောင် ရောက်လာပါတယ်။ ကျွန်မက မျက်နှာချင်းဆိုင် တွေ့တုန်းက ခေါ်ရမှာ အားနာလို့ ဒါမှမဟုတ်ရင်လည်း ခေါ်မရဲလို့ စာရေးပြီး ကျွန်မကို ပြန်ခေါ်တာများလားလို့ ထင်ခဲ့တယ်။ တောခိုလာတဲ့ ကျွန်မတို့ ABSDF ရဲမေတဦးကို သူ့အစ်ကို စစ်ဗိုလ်က ရေးတဲ့စာတစောင်ကို သွားပြီးသတိရတယ်။ အဲဒီစာမှာ "ရွှေသမင် အလိုက်မှားပြီး မိုက်မှားတဲ့ အဖြစ်မျိုးကို မရောက်စေနဲ့ ညီမငယ်၊ ပြန်လာပါ မိခင်(အမေကိုမဆိုလို တိုင်းပြည်ကိုဆိုလို) ရင်ခွင်က ကြိုဆိုနေပါတယ်" ဆိုတဲ့ စာသားလေးက ကျွန်မတို့ တော်လှန်ရေး ရဲမေတွေကြားမှာ "ဟာနင့်အစ်ကို မဆလက စာရေးမိုက်လှချည်လား" လို့ အဲဒီရဲမေကို လိုက်စပြီး ရေပန်းစားခဲ့ဖူးတယ်။ အခုလည်း ကိုကြီးက ကျွန်မကို အဲဒီလိုများ ရေးပြီးပြန်ခေါ်တာလားမသိဆိုတဲ့ အတွေးနဲ့ ဖတ်ကြည့်လိုက်တော့ စာက ပြန်ခေါ်တဲ့စာမဟုတ်ဘူး။
သူကျွန်မကို ဂတိပေးခဲ့တဲ့အတိုင်း မောင်လေးကို ကျောင်းပြန်တက်ဖို့ သူ ဖြောင်းဖြပေမဲ့ မောင်လေးက အရမ်းထွားပြီး အပြင်က ကာလသားတွေထက်တောင် အရပ်က ပိုမြင့်နေတော့ ကလေးတွေကြားမှာ ကျောင်းပြန်တက်ရမှာကို ရှက်ပြီးတော့ စာကိုလည်း ဘယ်လိုမှ စိတ်မ၀င်စားတော့ဘူး ပြောပြီး ဘယ်လိုမှ ဖြောင်းဖြလို့ မရတော့ကြောင်း အကြောင်းကြားတဲ့စာ ဖြစ်တယ်။ လတွေ ရက်တွေ မမှတ်မိတော့ပေမဲ့ ကျွန်မတို့ တွေ့ခဲ့တာ ၉၂ နှစ်မိုးတွင်းကာလ ဖြစ်တယ်။ ဒီနောက်ပိုင်း ကျွန်မလည်း တပ်ရင်းခဏပြန်တက်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခွင့်တောင်းပြီး တပ်ရင်း ပြန်ရောက်ခဲ့ပြီး ရှေ့တန်းကို ပြန်မရောက်တော့ဘဲ ABSDF ဗဟိုကို ရောက်သွားခဲ့ရာကနေ တပ်ရင်းရော ရှေ့တန်းပါ လုံးဝပြန်မရောက်တော့ဘဲ အိမ်နဲ့ အဆက်အသွယ်လည်း လုံးဝ ပြတ်သွားခဲ့တယ်။
အမှန်တော့ ကျွန်မတို့ မောင်နှမ သဘောထား ကွဲလွဲမှုက အရေးအခင်းမတိုင်ခင်ကတောင် စခဲ့တာပါ။ ကျွန်မကိုကြီး စစ်တပ်အထဲက အတွေ့အကြုံတွေကို ပြောပြရာမှာ စစ်ကြောင်းထွက်ဖို့ ပေါ်တာဖမ်းတာ မိန်းကလေးတွေပါ ပါတယ်ဆိုတာ သိရလို့ ကျွန်မနဲ့ စတင်ပြီး အငြင်းအပွား ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ဘက်မှာ ယောက်ျားတွေကိုပဲ ပေါ်တာဖမ်းတာ တွေ့ဖူးပြီး အဲဒါကိုတောင် လူထုက စစ်တပ်ကို တော်တော်လေး စက်ဆုတ်ရွံရှာတာတွေ့တော့ ရှမ်းပြည်နယ်မှာက ဒီထက်ပိုဆိုးပြီး မိန်းကလေးပါမချန် ပေါ်တာဖမ်းတယ်တယ်ဆိုတာ သိရတော့ တကယ်ကို တအံ့တသြ ဖြစ်ပြီး ကိုကြီးနဲ့ အချေအတင်ဖြစ်ကာ ကြည့်လို့မရတဲ့အဆင့်ထိ ဖြစ်ခဲ့တယ်။ သူကတော့ ထမင်းစားရေသောက် အလုပ်လိုပဲ "စစ်ကြောင်းမှာ ပစ္စည်းသယ်ဖို့ လူလိုနေတာ ယောကျာ်းတွေမှ တယောက်မှ မတွေ့တော့ တွေ့တဲ့သူတွေကိုပဲ ခေါ်ရတာပေါ့ ဒါကိုယ့်ကိုယ်ကျိုးအတွက်မှ မဟုတ်ပဲ တိုင်းပြည်အကျိုးအတွက် လိုအပ်လို့ လုပ်လုပ်ရတာပဲ" တဲ့ ဒီလောက် ရက်စက်ကြမ်းကြုတ် ရွံစရာကောင်းတဲ့ အလုပ်ကို ဘာမှမထူးမဆန်းဘဲ ပုံမှန် လုပ်ရိုးလုပ်စဉ် အလုပ်တခုလို ပြောတော့ အဲဒီနောက်ပိုင်း ကျွန်မကိုကြီးကိုရော တပ်မတော်ဆိုတာကိုပါ ကျွန်မ သိပ်အထင်ကြီးလို့ မရတော့တာ အရေးအခင်းဖြစ်တော့ ပိုဆိုးသွားတယ်။
အဲဒီ ပေါ်တာအကြောင်းကို အဖေကို ပြောပြပြီး အဖေတို့ တပ်မတော်ထဲမှာတုန်းကလည်း ဒီလိုပဲလားလို့ မေးကြည့်တော့ အဖေက "ဘယ်ဟုတ်မလဲသမီးရယ် အဲလိုလုပ်တော့ တပ်မတော်ကို ပြည်သူက ဘယ်လက်ခံတော့မလဲ၊ အဖေတို့တုန်းက အခုလိုလည်း လိုက်ဖမ်းစရာတောင် မလိုဘူး၊ ပြည်သူလူထုက တပ်မတော်ကို ကူညီဖို့ အမြဲတမ်း အဆင်သင့်ရှိတယ်၊ လမ်းစဉ်ပါတီခေတ်မှာတော့ သွားပါပြီ ဒီအတိုင်းဆို တိုင်းပြည်ကိုရော တပ်မတော်ကိုပါ ဖျက်ဆီးနေတာ သေချာပြီ" လို့ အဖေ ကောက်ချက်ချဖူးတယ်။ ကျွန်မကို ကိုကြီး လာတွေ့ပြီးနောက်ပိုင်းမှာတော့ ကိုကြီးလည်း အရပ်သားဖြစ်သွားပြီ ကျွန်မတို့ မိသားစု စားဝတ်နေရေး၊ စီးပွားရေးအတွက်လည်း ဦးဆောင် ဖြေရှင်းပေးနေသူ ဖြစ်နေပြီဆိုတော့ ဒါတွေကို ကျွန်မ မေ့ထားလိုက်ပါတယ်။
ကျွန်မကိုကြီးက ဗကပနဲ့ ရှမ်းသူပုန်တွေကို တလျှောက်လုံး တိုက်လာတာ ဘာမှမဖြစ်ဖူးဘူး ကရင်ပြည်နယ် ဒေါနတောင်တန်း စစ်ဆင်ရေးမှာ စစ်ကူလိုလို့ စစ်ကူလေး တခါသွားလိုက်မှ လက်မောင်းမှာ ဒဏ်ရာရပြီး လက်တဘက်သေသွားလို့ ဆိုပြီး သူက သူပုန်တွေထဲမှာ ကရင်သူပုန်တွေကို စိတ်အနာဆုံးပဲလို့လည်း အမြဲပြောတတ်တော့ ကရင်သူပုန်တွေ လှုပ်ရှားတဲ့ ဒေသမှာ နေပြီး ဒါကို အခုထိ ထပ်ပြောနေရင် ကရင်တွေကြားပြီး ရွာထဲဝင် ချောင်းပစ်သတ်ခံရရင် ဒုက္ခပဲလို့လည်း ကိုကြီးအတွက် ကျွန်မ အမြဲတွေးပူနေခဲ့တာတော့ အမှန်ပဲ။ ကိုကြီးနဲ့ ရှေ့တန်းမှာ တွေ့ပြီး နောက်ပိုင်းမှာတော့ သူစစ်တပ်ထဲမှာတုန်းက အတွေ့အကြုံတွေကို ပြောပြခဲ့ဖူးတဲ့အထဲက ကောင်းတာတွေကိုပဲ ကျွန်မ အမြဲပြန်သတိရနေတတ်ပါတယ်။ သူအမြဲဆိုလေ့ရှိတဲ့ စိုင်းထီးဆိုင်ရဲ့ လေညာအရပ်ကအချစ်ကို ပြန်နားထောင်လို့ ကောင်းလာတယ်။ ဒီသီချင်းကို မကြာခဏ နားထောင်ပြီး အလွမ်းဖြေတတ်လာတယ်။
ကိုကြီး စစ်တပ်ထဲမှာ ရှိနေတုန်းကတော့ ကိုကြီးကို သတိရတိုင်း ကျွန်မတို့ ငယ်ငယ်က ကျွန်မတို့ကို ချီပြီး သူဆိုခဲ့တဲ့ တွံတေးသိန်းတန် သီချင်းကို ကြားရတိုင်း ကိုကြီးကို သတိရတယ်။ သူစစ်တပ်ထဲက ပြန်ရောက်လာတော့ စိုင်းထီးဆိုင်နဲ့ ခွန်သန်းထွန်း သီချင်းတွေကိုပဲ ထပ်ခါတလဲလဲ ဆိုနေပြီး တွံတေးသိန်းတန် သီချင်းကို မဆိုတော့ဘူး တောသီချင်းကြီးတဲ့။ သူဆိုတဲ့ သီချင်းတွေအထဲက သူ့အသံက တခြားသီချင်းတွေ ဆိုတာ သံစဉ်သိပ်မမှန်လို့ နားထောင် မကောင်းပေမမဲ့ စိုင်းထီးဆိုင်ရဲ့ လေညာအရပ်က အချစ်သီချင်းကတော့ သူဆိုတာ စိုင်းထီးဆိုင်အသံနဲ့ တော်တော်လေး တူတာ သတိထားမိတယ်။ ကိုကြီးနဲ့ ရန်ဖြစ်ပြီးနောက်ပိုင်း အဝေးကို ရောက်လာတဲ့အချိန် သူ့ကို ရှေ့တန်းမှာ ပြန်မတွေ့ခင်အထိ ဒီသီချင်းကို ကြားရင် သူ့ကို စိတ်နာပြီး လုံးဝမခံနိုင်လောက်အောင် ဖြစ်ပေမဲ့ သူကျွန်မကို လာတွေ့ပြီးတဲ့အချိန်ကစလို့ အခုထိ ဒီသီချင်းက ကိုကြီးကို သတိရရင် အလွမ်းဖြေစရာ သီချင်း ပြန်ဖြစ်လာပါတယ်။
ကျွန်မတို့ အိမ်က မထွက်လာခင် ကိုကြီး စစ်တပ်ထဲက ခွင့်တင်ပြီး ပြန်ရောက်လာတော့ သူဟာ စစ်သားဘ၀ကို တော်တော်လေး စိတ်ကုန်ပြီး ကုန်သည်ဘ၀ကို တော်တော်လေး အားကျနေခဲ့ပါတယ်။ သူက ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ တာဝန်စကျပြီး နောက်ပိုင်းမှာတော့ မြန်မာပြည် အလယ်ပိုင်း ပုပ္ပါးကိုပြောင်းရတယ်။ မြန်မာပြည်မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကလွဲရင် ကျန်တဲ့ ပြည်နယ်နဲ့တိုင်း အားလုံးကို ရောက်ဖူးပြီး ဘယ်ဒေသမှာ ဘာပစ္စည်းဈေးက ဘယ်လိုဈေးရှိတယ် တနေရာနဲ့ တနေရာ ကွာခြားတာကို သိတဲ့အတွက် တပ်ကထွက်ရင် ပိုက်ဆံအရင်းအနှီး ရှာဖွေစုဆောင်းပြီး ကုန်သည်လုပ်စားမယ်လို့ မကြာခဏ ပြောဖူးတယ်။ ရှမ်းပြည်က ပစ္စည်းကို ဗမာပြည် (မြန်မာပြည် အလယ်ပိုင်း) သယ်၊ ဗမာပြည်ကပစ္စည်း ရှမ်းပြည်ကိုသယ်ရင် အတင်အချခ၊ ခရီးစာရိတ်၊ အလေအလွှင့်တွေနှုတ်ပြီး အကျန် တခေါက်ဆိုရင် ဘယ်လောက်မြတ်နိုင်ကြောင်း အမြဲတွက်ပြီး သွားရေယိုနေတတ်လို့ ရွာကလူတွေကတောင် စိတ်ကူးနဲ့ချမ်းသာနေတယ်လို့ သူ့ကို ပြောဖူးပါတယ်။
သူစကားပြောရင် ရှမ်းပြည်နယ်နဲ့ မြန်မာပြည်အလယ်ပိုင်းကို ရှမ်းပြည်နဲ့ ဗမာပြည်လို့ ပြောတာ သတိထားမိတယ်။ အဲဒါကြောင့် "ကိုကြီးကလည်း တနိုင်ငံတည်းကို ရှမ်းပြည်တွေ ဗမာပြည်တွေ ဆိုပြီး လိုက်ခေါ်နေတော့ ကိုကြီးပြောမှပဲ ရှမ်းပြည်နဲ့ ဗမာပြည်က နှစ်နိုင်ငံကျနေတာပဲ" လို့ ကျွန်မပြောတော့ အဲဒီဘက်က ဒီလိုပဲ ခေါ်တဲ့အကြောင်း သူပြောပြလို့ သိရတယ်။ ကိုကြီးက သူ ရောက်ဖူးတဲ့အထဲမှာ ရှမ်းပြည်လောက် နေချင့်စဖွယ် ကောင်းတဲ့နေရာ မြန်မာပြည်မှာ မရှိဘူးလို့ ပြောပြပြီး မိုးခေါင်ရေရှားဖြစ်တဲ့ ဗမာပြည် မှာလည်း (မြန်မာပြည်အလယ်ပိုင်းကို ဆိုလို) ပုပ္ပားလောက် သာယာ နေချင့်စဖွယ် ကောင်းပြီး ရာသီဥတုကောင်းတဲ့နေရာ မရှိဘူးလို့ သူတာဝန်ကျဖူးတဲ့ နှစ်နေရာအကြောင်းကို အမွမ်းတင်ပြီး အမြဲ ပြောပြတတ်ပါတယ်။ အဲဒီဘက်က ချက်ပြုတ် စားသောက်တဲ့နည်းအတိုင်း သူချက်ကျွေးတာကို ကျွန်မတို့ မြိန်ယှက်စွာ စားသောက်ခဲ့ဖူးတယ်။ ကျွန်မတို့ကို အဲဒီနေရာတွေက အလှအပတွေကို တွေ့ဖူးအောင် တနေ့တော့ ခေါ်သွားပြမယ်လို့ မကြာခဏ ပြောဖူးတယ်။ ဒါပေမဲ့ ကိုကြီး ကျွန်မတို့ကို အဲဒီနေရာတွေရောက်အောင် ဘယ်တော့မှ ခေါ်သွားနိုင်တော့မှာ မဟုတ်ဘူး။
ကျွန်မ ABSDF ဗဟိုရောက်ပြီး ၉၇ မှာ ဘန်ကောက်ကနေ ရွာကသတင်း အစအန ပြန်ရတော့ ကိုကြီး မရှိတော့ကြောင်း သိရတယ်။ ကျွန်မ စိုးရိမ်နေသလို ကရင်သူပုန်ကို စိတ်နာတယ် အမြဲပြောနေလို့ KNU အသတ်ခံပြီး သေရတာတော့ မဟုတ်ဘူး။ သူသေတာ စစ်ခွေးတွေ သတ်လို့ သေရတာ။ ကျွန်မအစ်ကိုဟာ ရော်ဘာတို့ ဓနိသကြားတို့ကို တင်ပြီး စက်လှေနဲ့ မိသားစုအတွက် စီးပွားထွက်ရှာရင်း စစ်ခွေးတွေနဲ့ မိပြီး ကုန်တွေလည်းသိမ်းခံရ လူကိုပါ ရဲဘက်အပို့ခံရကာ အကျဉ်းသားဘ၀နဲ့ စစ်ခွေးတွေ ညှင်းဆဲလို့သေခဲ့တယ်လို့ သိရတယ်။ ပုံမှန်ဆိုရင်တော့ ကျွန်မတို့ဘက်မှာ မှောင်ခိုလှေထွက်တဲ့ သူတွေ ဒီလိုဖြစ်လေ့ မရှိပါဘူး ကံမကောင်းလို့ မိရင်တောင်မှ သူ့နည်းသူ့ဟန်နဲ့ လာဘ်ပေးလာဘ်ယူနဲ့ ပြီးသွားတာပဲ အမြဲတမ်း ကြားဖူးပါတယ်။
ကျွန်မအစ်ကိုကျမှ ဘာကြောင့် ကံဆိုးမိုးမှောင်ကျပြီး သေတဲ့အထိ ညှင်းဆဲခံရတယ်ဆိုတာကတော့ မိန်းကလေးတွေကို ပေါ်တာဆွဲတာအပါအ၀င် သူစစ်တပ်ထဲမှာတုန်းက အကျဉ်းသားတွေကို အပြစ်မရှိဘဲ ညှင်းဆဲဖူးတာလည်း ရှိချင်ရှိနိုင်ပါတယ်။ ဒါကြောင့် ကံ၊ ကံ၏အကျိုးဆိုတာ ပြေးမလွှတ်လို့ သူပြုခဲ့တဲ့အပြစ် သူ ပြန်ခံရတယ်လို့ပဲ သဘောထားလိုက်ပါတယ်။ သေချာတာက တိုင်းပြည်အတွက်မို့ ဘာလုပ်လုပ် တရားတယ်ထင်ခဲ့တဲ့ ကျွန်မကိုကြီးဟာ သူ့ကို ညှင်းဆဲခံရတဲ့အချိန်မှာတော့ တိုင်းပြည်အတွက်မို့ ငါ့ကို ဒီကောင်တွေအခုလို ညှင်းဆဲတာ တရားတယ်လို့ ဘယ်လိုမှ လက်ခံနိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် အမှန်တရားဟာ ဒါမဟုတ်ဘူး ဆိုတာနဲ့ လူထုကို ဒုက္ခပေးတာ တိုင်းပြည်အတွက်မဟုတ် အာဏာရူး စစ်ခေါင်းဆောင်တွေအတွက်သာ ဖြစ်ပြီး ပြည်သူလူထုကို တိုင်းပြည်အတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒုက္ခပေးတာဟာ လုံးဝမရားဘူးဆိုတဲ့ အမှန်တရားကို မသေခင် ကိုကြီးကောင်းကောင်း အ မြင်မှန် ရသွားမယ်ဆိုတာ ကျွန်မ လုံးဝယုံကြည်ပါတယ်။ ၀မ်းနည်းတာကတော့ သူစစ်တပ်ထဲမှာ ရွာသူတွေကို ပေါ်တာဆွဲကာ ဒုက္ခပေးတုန်းက မဖြစ်ဘဲ အခုလို မိသားစုအတွက် ကောင်းကောင်းမွန်မွန် အလုပ်အကျွေး ပြုနေတဲ့အချိန်မှာမှ ပြန်ခံရတာကိုပဲ ၀မ်းနည်းမိတယ်။ တကယ်တော့ ကျွန်မအစ်ကိုကြီးက စစ်ခွေးမဟုတ်ပါဘူး ကံမကောင်းစွာနဲ့ တိုင်းပြည်မှာ စစ်ခွေးကြီးစိုးတဲ့ခေတ်မှာ တပ်မတော်သား ဖြစ်ရလို့ စစ်ခွေးတို့ရဲ့ သားကောင်တကောင်သာ ဖြစ်ခဲ့ပါတယ်။ ကျွန်မအစ်ကို စစ်ခွေးလုံးဝ မဟုတ်ပါ။
စစ်ခွေးတွေဟာ အခုလည်း ပြည်တွင်းပြည်ပ နေရာတိုင်းမှာ ဒုက္ခပေးနေဆဲ၊ တိုင်းပြည်ကို ဖျက်ဆီးနေဆဲ ဖြစ်တယ်။ ကျွန်မအစ်ကိုလို မိမိကိုယ်မိမိ ဘယ်သူ့အတွက် အလုပ်လုပ်နေတယ်ဆိုတာ အမှန်အတိုင်း မြင်နိုင်လောက်အောင် အခွင့်မကြုံတဲ့ စစ်ခွေးစစ်စစ်တွရဲ့ အသုံးချခံ ပြည်တွင်းစစ်ရဲ့ သားကောင်တွေလည်း တပ်မတော်ထဲမှာ အများကြီး ရှိနေလိမ့်မယ်။
1962 ကစပြီး သွေးစွန်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုရင် ဘာလုပ်လုပ် တရားတယ်ဆိုပြီး လူ့အခွင့်အရေးကို တရားဝင် ချိုးဖေါက်ပြီး တိုင်းပြည်ကိုရော တပ်မတော်ကိုပါ ကိုယ်ကျိုးအတွက် အသုံးချနေကြတယ်ဆိုတာ အားလုံးသိအောင် လုပ်ဖို့က ကျွန်မတို့ရဲ့ သမိုင်းပေးတာဝန် ဖြစ်တယ်။ တောစွန်အုံဖျား တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေကို မုဒိန်းကျင့် သတ်ဖြတ်နေတဲ့ စစ်ခွေးတွေ၊ ရန်ကုန်လို မြို့လယ်ခေါင်မှာ သံဃာတော်နဲ့ ပြည်သူတွေကို ပစ်သတ်တဲ့အထိ သောင်းကျန်းနေတဲ့ စစ်ခွေးတွေ၊ အသက်မပြည့်သေးတဲ့ ကလေးတွေကို မိဘရင်ခွင်က ဆွဲခွါပြီး သူတို့လို စစ်ခွေးဖြေစ်အောင် အတင်းသွတ်သွင်းနေတဲ့ စစ်ခွေးတွေ၊ နိုင်ငံခြားအထိ ပြည်သူ့ဘဏ္ဍာနဲ့ ပညာလာသင်ပြီး အဲဒီရတဲ့ နည်းပညာနဲ့ အွန်လိုင်းပေါ်မှာ လူတကာကို ဒုက္ခလိုက်ပေးနေတဲ့ စစ်ခွေးတွေ၊ မြန်မာပြည်မှာ အဲဒီ (စစ်ခွေးတွေ - စစ်ခွေးတွေ - စစ်ခွေးတွေ ) အမြန်ဆုံ့း နိဂုံးချုပ်ပြီး ဟိုယခင်တုန်းကလို ပြည်သူချစ်တဲ့ တပ်မတော် အဖြစ် အမြန်ဆုံး ပြန်လည်အဖတ်ဆည်လို့ ရပါစေလို့ ဆုတောင်းပါတယ်။
ဒီသီချင်းက ကိုကြီး လက်မောင်းမှာ ဒါဏ်ရာရပြီးနောက် သူ့ချစ်သူက မိဘပေးစားတဲ့ အရပ်သားတယောက်နဲ့ လက်ထပ်လိုက်ပြီးနောက်ပိုင်း အမြဲဆိုဖြစ်တဲ့ သီချင်း ဖြစ်ပုံရတယ်၊ အိမ်ကိုရောက်ကတည်းက ဒီသီချင်းကိုပဲ စွဲစွဲမြဲမြဲ ဆိုနေတတ်ပါတယ်။ ရွာက ကာလသားတွေကလည်း သူ့ဆီမှာ ဒီသီချင်းကို လာသင်ကြပါတယ်။ ကိုကြီးဆီက မောင်လေးကို ကျောင်းပြန်တက်ဖို့ ဖြောင်းဖြလို့မရကြောင်း ပြန်ရေးလာတဲ့စာဟာ သူ့ဆီက ကျွန်မ နောက်ဆုံးဖတ်ရတဲ့ စာဖြစ်သလို ဒီတခါတွေ့ရတာဟာ ကျွန်မ သူ့ကို နောက်ဆုံးတွေ့ခြင်း ဖြစ်တယ်။ အာရုံနှစ်ခု တပြိုင်တည်း မရတတ်တဲ့ ကျွန်မဟာ အခုဒ်ီသီချင်းကို နားထောင်ရင်း ဒီစာကို ရိုက်နေစဉ်မှာ စာရိုက်တဲ့အာရုံနဲ့ သီချင်းနားထောင်တဲ့ အာရုံကို တခုတည်းလိုပဲ ခံစားနေရနေတယ်။ တချိန်ကတော့ အမုန်းအာဂါတကို သတိရစေတဲ့ အခုတော့ အလွမ်းတွေကို သယ်လာပေးတဲ့ ကိုကြီး အမြဲဆိုလေ့ရှိတဲ့ စိုင်းထီးဆိုင်ရဲ့ လေညာအရပ်ကအချစ် သီချင်းလေးကို နားထောင်ရင်း နောင်ဘ၀များမှာ လူပြန်ြဖစ်ရင် ကိုကြီးတယောက် စစ်ခွေးတွေရဲ့ သားကောင် ဘယ်တော့မှ မဖြစ်ပါစေနဲလို့ ဆုတောင်းရင်း
"မုတ်.. သုန်.. လေ.. လို မြောက်.. ပြန်.. လေ.. လို.. ရာသီလေမျိုး မဟုတ်ပါ၊ ကိုယ့်.. အချစ်.. က.. အမြဲတမ်း အချိန်မရွေး တိုက်ခတ်နေတဲ့ အရာ... ဟို...တောင်ပေါ် နှင်းငွေ့လည်းပါရဲ့ ဟိုး...တောင်ခြေ ဖုန်းငွေ့လည်းပါရဲ့..ဟိုး..အင်းအိုင် ပင်လယ်သမုဒ္ဒရာ ဂန္တာရမကျန်အောင် အဝေးကြီးဝေးပြီး အနီးကြီးနီးတဲ့ နှလုံးသားရဲ့ နယ်ပယ်ကလာ..( လေ..ညာအရပ်ကအချစ်...)၂ တိုက်နေခဲ့ တိုက်နေဆဲ နောင်များလည်း တိုက်နေအုန်းမှာပဲ.."
ဆိုပြီး လေညာအရပ်က သီချင်းကို စဆိုရာမှာ တလုံးစီကို တခွန်းချင်း နှေးနှေးနဲ့ ပီပီသသ စတင်သီဆိုတတ်တဲ့ ကိုကြီးရဲ့ အသံကို ကြားယောင်နေမိတယ်။ အခုတော့ ဒီသီချင်းနဲ့ပဲ အလွမ်းဖြေဦးမယ်။ တနေ့တချိန်မှာ အခြေအနေပေးရင်တော့ ကိုကြီး စစ်တပ်ထဲမှာတုန်းက ကျင်လည် ကျက်စားခဲ့တဲ့ သိပ်ကို သာယာလှပပါတယ်ဆိုတဲ့ သူကိုယ်တိုင် လိုက်ပြချင်ပြီး လိုက်မပြလိုက်ရတဲ့ ရှမ်းပြည်တောင်ပိုင်း ကလော၊ အောင်ပန်း၊ တောင်ကြီးနဲ့ မြန်မာပြည် အလယ်ပိုင်းက ပုပ္ပားနဲ့ ကျောက်ပန်းတောင်းမြို့တွေကို သွားပြီး အဲဒီမြို့တွေက အလှတွေကို ကိုယ့်ဖါသာကိုယ် သွားကြည့်ပြီး ကိုကြီးကို အလွမ်းဖြေချင်ပါသေးတယ်။
ကိုကြီး ကောင်းရာသုဂတိလားပါစေ။ မြန်မာပြည်မှာ စစ်ခွေးစနစ် ကျဆုံးပါစေ။
(လေညာအရပ်က အချစ်သီချင်းကို Download လုပ်တဲ့နေရာ ပို့ပေးတဲ့ ပြီးခဲ့တဲ့လက ဖင်လန်နိုင်ငံရောက် နိုင်ငံခြားသားတွေ အထဲမှ အကောင်းဆုံး လူမှုထူးချွန်ဆုကို ဆွတ်ခူးရရှိသွားတဲ့ ဇနီးမောင်နှံဖြစ်တဲ့
ကိုသားဆွေနဲ့ မျိုးမျိုး တို့ကို အထူးကျေးဇူးတင်ပါတယ်။)
