မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label အချစ်/မေတ္တာ. Show all posts
Showing posts with label အချစ်/မေတ္တာ. Show all posts

သားပေးတဲ့ မိခင်မျာျးနေ့ လက်ဆောင်


Happy Mothers Day!!! I Love You!!

You always give me my wants and needs,
And even though I might not exceed to your expectations,
You gave me everything toys games and even education,
Helped me with all my problems and incidents that I was facing,
No matter how simple bad the problem was,
You were always there for me and gave me much love,
A mum like you is irreplaceable,
Who's going to give me food on the table,
Who will help me through rough days if I'm not able,
Everything you did was always for me in the first place,
And all the steps that you took, I won't be able to retrace,

"I know it's not easy for a woman to raise a man,
There's no way I can pay you back, and for that my plan is to show you that I understand
You are appreciated" - Tupac Shakur
I love you mum
Toee Nanda Oo

တခါက ကျွန်မရဲ့ ဇာတ်လိုက်



ဒီနေ့ ဖခင်များနေ့ဆိုတော့ ဖခင်များနေ့ အမှတ်တရ ပို့စ်တခု တင်ချင်ပေမဲ့ အဖေလို့ တွေးလိုက်တာနဲ့ ကျွန်မတို့ကို သတ်ဖို့ဆိုပြီး ဓါးမြှောင်တချောင်းနဲ့ လိုက်လို့ ပြေးရတဲ့ အိပ်မက်ဆိုးတွေပဲ မကြာခဏ မက်တတ်တဲ့ ကျွန်မက အဖေနေ့ အမှတ်တရ မရေးတာပဲကောင်းပါတယ်လို့ စဉ်းစားပြီး မရေးပဲ နေခဲ့ပါတယ်။ သို့သော်လည်း အမေနေ့တုန်းက အမေအကြောင်း ရေးပြီး အခုအဖေနေ့မှာ အဖေ့အကြောင်း မရေးရင် ကျွန်မ မျက်နှာလိုက်ရာ၊ မတရားရာ ကျနေမှာစိုးတယ်။ ပြီးတော့ အမေနေ့တုန်းက လူအတော်များများ အမေတွေအကြောင်း ရေးကြဖွဲ့ကြတာ တွေ့ပေမဲ့ အခု အဖေနေ့မှာကျတော့ ရေးတာ သိပ်မတွေ့တော့ အဖေတွေက အမေတွေထက် သားသမီးတွေရဲ့ အသိအမှတ်ပြု ခံရမှု အားနည်းနေတာ တွေ့လို့ အားငယ်သူကို အားပေးတဲ့အနေနဲ့ အဖေနေ့အမှတ်တရပို့စ်ကို ကျွန်မ ကောက်ကာငင်ကာ ရေးလိုက်ရခြင်း ဖြစ်ပါတယ်။ တကယ်တော့ ကျွန်မဘ၀မှာ အဖေဟာ အိပ်မက်ဆိုးတွေကို ပေးခဲ့သလို တခါကတော့ ကျွန်မအဖေဟာ ကျွန်မရဲ့ ဇာတ်လိုက်ကောင်း တယောက်ဖြစ်ခဲ့ပါတယ်။


ကျွန်မတို့ ငယ်ငယ်က အဖေက လကုန်တိုင်း မြို့မှာ သူ့ရဲ့ပင်စင်လစာ သွားထုတ်တတ်ပြီး ညနေအေးလောက်မှ အိမ်ပြန်ရောက်လေ့ ရှိပါတယ်။ ကျွန်မတို့ အိမ်ရှေ့မှာက နွားစားကျက်အတွက် မြက်ခင်းစိမ်းစိမ်း ကွင်းပြင်ရှိပြီး အိမ်ကနေကြည့်လိုက်ရင် ကွင်းအလယ်မှာ ကန့်လန့်ဖြန့် ရေမြောင်းတခု ရှိပါတယ်။ ရေမြောင်းဆိုပေမဲ့လည်း မိုးတွင်းမှပဲ ရေရှိတတ်ပါတယ်။ ကွင်းအဆုံးမှာတော့ ဘကြီးရဲ့ ရော်ဘာခြံ ရှိပါတယ်။ အပြင်ကနေ အိမ်ပြန်လာရင် ရော်ဘာခြံကို ဖြတ်ပြီးမှ ကျွန်မတို့ အိမ်ကို ရောက်ပါတယ်။ လခထုတ်တဲ့နေ့တွေမှာ ညနေပိုင်း ရောက်တာနဲ့ အဖေ ဘယ်တော့ ပေါ်ထွက်လာမလဲဆိုတာ ရော်ဘာခြံရှိရာ တောစပ်ကို ကြည့်ပြီး ကျွန်မတို့ ညီအစ်မ မျှော်နေတတ်ပါတယ်။ အဖေက အင်္ကျီအဖြူပဲ အမြဲဝတ်တတ်တော့ ရော်ဘာခြံထဲကနေ မြက်ခင်းထဲကို အင်္ကျီအဖြူနဲ့ အဖေ ပေါ်ထွက်လာတာကို တွေ့လိုက်တာနဲ့ တပြိုင်နက် ကျွန်မတို့ ညီအစ်မ "ဖေဖေလာပြီလေလေ ဖေဖေလာပြီလေလေ" လို့ ပါးစပ်ကအော်ရင်း အိမ်ပေါ်က ပြေးဆင်းပြီး ဆီးကြိုရင်အဖေနဲ့ ကွင်းလယ်မှာ ဆုံတယ်။ အဖေက ကျွန်မတို့နှစ်ယောက်ကို ဘယ်တယောက် ညာတယောက် ပွေ့ချီပြီး တရွှတ်ရွှတ်နဲ့ ဖက်နမ်းကာ ငါ့သမီးတွေအတွက် မုန့်တွေပါတယ်ဟေ့ လို့ပြောကာ အိမ်ပေါ်အထိ ချီလာပြီး အိမ်ပေါ်ရောက်မှ ၀ယ်လာတဲ့ မုန့်တွေကို ထုတ်ကျွေးပါတယ်။ အမေ၀ယ်ကျွေးခဲလှတဲ့ ဈေးကြီးတဲ့ တရုတ်စက်လုပ်မုန့်တွေကို အဖေလစာထုတ်တိုင်း ၀ယ်ကျွေးခဲ့လို့ ငယ်ငယ်က ပျော်ပျော်ပါးပါး စားခဲ့တာကို အမြဲအမှတ်ရနေပါတယ်။ (ကျွန်မညီမ စာလာဖတ်ပြီးနောက်ပိုင်း သတိရလာလို့ ထပ်ဖြည့်ထားတဲ့ အပိုဒ်ဖြစ်ပါတယ်။ ၇-၀၉-၁၀)
ကျွန်မ ငယ်ငယ်က အိမ်နဲ့ဝေးတဲ့ တခြားရွာမှာ အဖေ့မိဘတွေဘက်က အမွေရခဲ့တဲ့ ဒူးရင်း၊ မင်းဂွတ်၊ သရက်ပင်တွေ ရှိတဲ့ ခြံမှာ ရာသီသီးနှံပေါ်ချိန်တိုင်း အဖေနဲ့အတူခြံထဲ တဲထိုးပြီး ဒူးရင်းသီး သွားစောင့်ရပါတယ်။ ကျောင်းပိတ်တဲ့ ရာသီတွေမှာလည်း အိမ်နဲ့ ဝေးလံပြီး ကုန်းတွင်းကျတဲ့ နေရာတွေမှာ အဖေနှမ်းသွားစိုက်ရင် ကျွန်မပဲ အမြဲဈေးဝယ်ပြီး သွားပို့ရပြီး တခါတလေ အဖေနဲ့အတူ တောင်ယာတဲမှာပဲ နေခဲ့တယ်။ ဒါကြောင့်မို့ အဲဒီအချိန်က အဖေနဲ့ ကျွန်မက တခြားသားသမီးတွေထက် ပိုရင်းနှီးပြီး အိမ်မှာ မျက်နှာနှိမ့်တဲ့ ကျွန်မကို နွေးထွေးမှု အပေးနိုင်ဆုံးဟာ အဖေပဲ ဖြစ်ခဲ့ပါတယ်။ အိမ်က သားသမီးတွေထဲမှာလည်း ကျွန်မက ပညာအထူးချွန်ဆုံး ဖြစ်တော့ အဖေက ကျွန်မကို သိပ်ပြီး အားပေးတယ်။ ပညာတော်လို့ အမေ့ဆီက အသိအမှတ်ပြုမှု သိပ်မရခဲ့ပေမဲ့လည်း အဖေ့ဆီကတော့ ချီးကျူးထောပနာ ပြုမှုတွေကို ကျွန်မ အပြည့်အ၀ ရရှိခဲ့ပါတယ်။ "အဖေတို့က ဘုန်းကြီးကျောင်းစာပဲ သင်ပြီး ကြီးလာရာကနေ စစ်တပ်ထဲရောက်လို့သာ အင်္ဂလိပ်စာတွေ သင်ခဲ့ရပြီး စာပေတွေ ကောင်းကောင်းတတ်ကာ သမီးတို့ကို အခုလို စာတွေပြန်ပြပေးနိုင်တယ်၊ အဖေတို့တုန်းက သမီးတို့ခေတ်လို ကျောင်းတက်ဖို့ လွယ်တာမဟုတ်ဘူး။ ပညာရေးအတွက်ဆိုရင် ကျွန်ဖြစ်သွားပါစေ သမီးတို့ ပညာထူးချွန်ရင် ထူးချွန်သလောက် ပံ့ပိုးပေးမယ် စာသာကြိုးစားပါ" ဆိုတဲ့ အဖေ့ အားပေးစကားက ကျွန်မအတွက် ခွန်အား ဖြစ်စေခဲ့ပါတယ်။


မိန်းကလေးဆိုရင် သေစာရှင်စာ တတ်ရင်တော်ပြီလို့ သဘောထားပြီး ကျောင်းထွက်ခိုင်းဖို့ အမြဲစဉ်းစားနေတတ်တဲ့ အမေနဲ့ စာရင်တော့ ကျွန်မ အဖေကတော့ ကျွန်မအတွက် တကယ့်ကို သူရဲကောင်းပါပဲ။ "သမီး ကျောင်းကြီးကို ရောက်ရင် သမီးတို့ဆီကို မသမာလူတွေဆီက စာတွေ ရောက်လာနိုင်တယ် အဲဒီအချိန်ကျရင် မဖုံးကွယ်ထားဘဲ အဖေ့ကို လာပြရမယ် ကြားလား" လို့ ပြောတော့ ကျွန်မက ရည်းစားစာ လာပေးရင် လာပြရမယ် ပြောတယ်ထင်လို့ "အဲဒီအတွက်တော့ စိတ်ချအဖေ သမီးက ပညာမပြည့်စုံဘဲ ယောက်ျားလေးတွေကို လုံးဝစိတ်ဝင်စားမှာ မဟုတ်ဘူး" လို့ ပြောဖို့ လုပ်နေတုန်းပဲ ရှိသေးတယ် "အဖေဆိုလိုတာ ရည်းစားစာကို ပြောတာ မဟုတ်ဘူးနော့် သောင်းကျန်းသူတွေဆီက သွေးထိုးပက်ကော်စာတွေကို ပြောတာ" လို့ ပြောတော့ အဖေပြောတာ ကျွန်မ နားမလည်ခဲ့ဘူး။ အဖေဆိုလိုတဲ့ ကျောင်းကြီးဆိုတာ မြို့မှာရှိတဲ့ အထက်တန်းကျောင်းတွေ ကောလိပ် တက္ကသိုလ်တွေကို ကျွန်မတို့ ဒေသက အခေါ်ဖြစ်တယ်။

ကျွန်မအဖေက တကယ်ကို တော်တဲ့လူတေယောက်ပါ။ ရွာက အဖေထက် အတန်းပညာပိုတတ်တဲ့ တခြားစစ်မှုထမ်းဟောင်းတွေ တယောက်မှ အင်္ဂလိပ်စာတွေ သင်္ချာတွေကို အဖေလောက် နားမလည်ဘူး။ ကျွန်မတို့ငယ်ငယ်က တခြားကျောင်းသားတွေ ကျူရှင်ယူရလေ့ရှိတဲ့ သင်္ချာနဲ့ အင်္ဂလိပ်ဘာသာတွေကို ကျွန်မတို့ငယ်ငယ်က တခါမှ ကျူရှင် မယူဖူးဘူး။ အဖေပဲ ကျွန်မတို့ အိမ်စာတွေကို ၀ိုင်းကူပြပေးပါတယ်။ အဖေက ငယ်ငယ်က အတန်းကျောင်း မနေဖူးဘဲ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးသင်ပေးလို့ စာတတ်ခဲ့ပေမဲ့ လူပျိုဖြစ်တော့ စစ်တပ်ထဲရောက်သွားပြီး စစ်တပ်ထဲမှာ အင်္ဂလိပ်စာတွေ သင်ရပြီး လေ့လာရေးလည်း အားကောင်းတော့ အတန်းကျောင်းစာတွေလည်း သင်ခွင့်ရခဲ့တယ်လို့ သိရတယ်။ အဖေက ဟိုတုန်းကတောင် မြန်မာ့အလင်း အင်္ဂလိပ်သတင်းစာကို ကောင်းကောင်း ဖတ်နိုင်တယ်။ သူငယ်ငယ်က ပညာကောင်းကောင်း မသင်ခဲ့ရတဲ့အတွက် သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တဲ့ ဆန္ဒလည်း အပြည့်အ၀ ရှိပါတယ်။ စစ်တပ်ထဲက ပါလာတဲ့ Alibaba ပုံပြင်အပါအ၀င် တခြားအင်္ဂလိပ် ပုံပြင်စာအုပ်တွေနဲ့ နပိုလီယံက မော်စကိုကို တိုက်ခဲ့တဲ့ ဆောင်းတွင်း တိုက်ပွဲမှာ နပိုလီယံ ရှုံးတဲ့စစ်ပွဲအကြောင်းကို အဖေ ဖတ်ပြပြီး ဘာသာပြန်ပြခဲ့လို့ ကျွန်မတို့ စိတ်ဝင်တစား နားထောင်ခဲ့ သိခဲ့ရတယ်။

အဖေက သူကိုယ်တိုင် လုပ်ထားတဲ့ ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး ကျွန်မနဲ့ ကျွန်မအောက် ညီမကို ဘယ်ဘက်တယောက် ညာဘက်တယောက် ထားပြီး ဒီပုံပြင် စာအုပ်တွေကို မကြာခဏ ဖတ်ပြတာကို ကျွန်မတို့ ညီနှမနှစ်ယောက် စိတ်ဝင်တစား နားထောင်ခဲ့တယ်။ ကျွန်မတို့ ရွာမှာ အဖေ့လို အင်္ဂလိပ်စာ ဖတ်တတ်တာ လက်ချိုးရေလို့ရပြီး တခြားမိဘတွေက သူတို့သားသမီးကို ဒီလိုတခါမှ မဖတ်ပြတော့ ကျွန်မတို့ အဖေက ကျွန်မတို့အတွက် တကယ်ကို ဂုဏ်ယူစရာ ဖြစ်ခဲ့တယ်။ ကျွန်မတို့ ငယ်ငယ်က အင်္ဂလိပ်စာကို လေးတန်းမှာ စသင်ရပြီး ကျွန်မက အဖေသင်ထားပေးလို့ ကျောင်းမှာ ABCD စသင်တဲ့အချိန်ဆို ကျွန်မက သူများထက် ပိုသိနေပြီ။ ပြီးတော့ အဖေက စစ်တပ်ထဲက အတွေ့အကြုံတွေတွေ ဖြစ်တဲ့ ကောက်ရိုးခြေတောက် မြက်ခြေတောက်၊ ကျည်ဆံတတောင့် ရန်သူတယောက် ဆိုတာ အပေါအ၀င် သင်တန်းအတွေ့အကြုံ ရှေ့တန်းတိုက်ပွဲ အတွေ့အကြုံတွေကိုလည်း ပြောပြတတ်တော့ ဟာသ၊ စွန့်စားခန်း၊ သဲထိတ်ရင်ဖို စတဲ့ ရသမျိုးစုံပါတဲ့ အဖေရဲ့ ဘ၀အတွေ့အကြုံတွေကို ကျွန်မ ရင်သပ်ရှုမော နားထောင်ခဲ့ဖူးပါတယ်။ တိုင်းပြည်ကို ချစ်ပြီး ကြီးလာရင် တိုင်းပြည်အကျိုးကို သယ်ပိုးဖို့ကိုလည်း အမြဲဆုံးမသြ၀ါဒ ပေးခဲ့တော့ အိမ်မှာ အဖေ့ဆီက ဒီသြ၀ါဒကို ကောင်းကောင်း လက်ခံရရှိခဲ့သူဟာ ကျွန်မပဲဖြစ်တယ်။

ကျွန်မအဖေက ဒီလို ကျောင်းစာတွေပြပေး အင်္ဂလိပ်ပုံပြင် စာအုပ်တွေ ဖတ်ပြ ဘ၀အတွေ့အကြုံတွေ ပြောပြတာတင်မကဘူး နိုင်ငံရေးအကြောင်း သိပ္ပံအကြောင်းဆိုလည်း BBC နဲ့ VOA ကို အမြဲနားထောင်ပြီး ပြန်ပြောပြတတ်ပါတယ်။ ဟိုတုန်းက BBC, VOA ကို လွတ်လပ်စွာ နားထောင်လို့ ရပါတယ်။ လွတ်လပ်စွာ နားထောင်လို့ မရတာက တရုတ်ကလွှင့်တဲ့ ပီကင်းအသံလွှင့်ဌာနပဲ ဖြစ်တယ်။ ည ရှစ်နာရီမှာ မြန်မာ့အသံက မြန်မာသတင်း ကြေညာပြီးတာနဲ့ ရှစ်နာရီ ၁၅ မိနှစ်မှာ ဘီဘီစီ လာတယ်။ ဘီဘီစီက ကိုးနာရီမှာ ပြီးတာနဲ့ VOA တန်းလာတယ်။ ကျွန်မက ဦးဖေသန်းရဲ့ အင်္ဂါနေ့ည မေးပါများစကားရ၊ ဒေါ်ကြည်ကြည်မေရဲ့ သောကြာနေ့ည ငွေဗျိုင်းဖြူကဏ္ဍတို့ ပါတဲ့ BBC ကိုပဲ စွဲပါတယ် VOA ကို တခါမှ နားမထောင်ဘူး။ အဖေကတော့ ဘီဘီစီက နိုင်ငံရေးသတင်းတွေ ပိုကောင်းပြီး VOA က သိပ္ပံသတင်းတွေ ပိုကောင်းတယ်လို့ ပြောတယ်။ တခါတလေ မီးငယ် လာနားထောင်ကြည့် ဆိုဗီယက်က ဂြိုလ်တုက ဘယ်လို အမေရိကန်က ဂြိုလ်တုက ဘယ်လိုနဲ့ ဗွီအိုအေ နားမထောင်တဲ့ ကျွန်မကို ခေါ်ပြီး နားထောင်ခိုင်းတတ်ပါတယ်။

တခါတလေ အဖေ မအားတဲ့အချိန် ကျွန်မကို ရေဒီယိုဖွင့်ခိုင်းလို့ မြန်မာ့အသံ မဟုတ်တဲ့ နေရာမှာ မြန်မာလို အသံကြားရလို့ နားထောင်ကြည့်ရင် ဦးနေ၀င်းက ဘာလုပ်နေတယ် ဘာဖြစ်တယ် ဆိုပြီး ပီကင်းအသံလွှင့်ဌာနက အမျိုးသမီးတဦး နှာခေါင်းအသံခပ်များများနဲ့ အစိုးရမကောင်းကြောင်းတွေ ကြေညာနေတာ ကြားရတတ်ပါတယ်။ အဲဒါကို ကြားမိရင် "အဲဒီကွန်မြုနစ်မ နှာခေါင်းကို ညစ်ညစ်ပြီး ပြောနေတဲ့အသံ အစိုးရကို စော်ကားတိုက်ခိုက်နေတဲ့ သောင်းကျန်းသူတွေ အသံ ငါနားထောင်လို့မရဘူး ချက်ချင်းပိတ်ပစ်" ဆိုလို့ ပိတ်ပစ်ရတတ်ပါတယ်။ ကျွန်မလည်း အဖေပြောထားလို့လားမသိဘူး အဲဒီအမျိုးသမီးအသံကြားရင် သူဘာပြောနေတယ် ဆိုတာစိတ်မ၀င်စားဘူး အလိုလို နေရင်း အမြင်ကပ်နေတတ်တယ်။ အဖေက ကွန်မြူနစ်ဆိုတာ ဘုရားမရှိ၊ တရားမရှိကောင်တွေပေါ့၊ မိဘကျေးဇူးဆိုတာလည်း မရှိဘူး အမေနဲ့အဖေကို ရာဂစိတ်ဖြစ်လို့ ကလေးရတယ် ဒီလိုရလာလို့ မိဘက စောင့်ရှောက်ရတဲ့အတွက် မိဘတွေက သားသမီးတွေနဲ့ ပတ်သက်ပြီး ဘာကျေးဇူးမှ မရှိဘူးလို့ ယုံကြည်နေတဲ့ မိစ္ဆာဓိဋ္ဌိတွေပေါ့ သမီး" လို့ ပြောပြတော့ ကျွန်မလည်း ကွန်မြူနစ်ဆိုတာကို တကယ်ကို ရွံသွားတယ်။ နောက်ပိုင်းတော့ ပီကင်းအသံလွှင့်ဌာနက အသံလွှင့်တာ ကြားတိုင်း ကျွန်မလည်း ချက်ချင်းကို လိုင်းပြောင်းပစ်တော့တယ်။

အဖေက ကျွန်မကို ဒီလို အသိတရားတွေ ပေးတဲ့အပြင် အနာဂတ်အတွက် မျှော်လင့်ချက်တွေလည်း အများကြီးပေးခဲ့ပါတယ်။ ကျွန်မ ကြီးလာရင် ပညာတတ်အောင် သင်ပြီး မင်္ဂလာဒုံ စစ်ဆေးရုံမှာ စစ်ဗိုလ်မကြီး အဖြစ်သူမြင်ချင်ကြောင်း၊ ပြီးတော့ ပညာသိပ်ပြီးထူးချွန်ရင် စကောလားရှစ်ဆိုတာ ဖြေပြီး နိုင်ငံခြားမှာလည်း ပညာတော်သင် လျှောက်လို့လို့ရကြောင်း၊ ကျွန်မလို စာတော်တဲ့သူအတွက် ဖြစ်နိုင်ကြောင်း ပြောပြတော့ ကြီးလာရင် ပညာတော်သင်လျှောက်ပြီး နိုင်ငံခြားမှာ ပညာသွားသင်မယ် ဆိုတဲ့ ရည်ရွယ်ချက်က ကျွန်မရဲ့ တကယ့်အိပ်မက်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်မတို့ရွာမှာ စကောလားရှစ်ဆိုတာကို ဒီလိုသိတဲ့လူဆိုတာ အဖေတယောက်ပဲ ရှိတယ်လို့ ကျွန်မထင်တယ်။ ကျွန်မတို့ ရွယ်တူ အတန်းဖေါ်တွေထဲမှာ ဒါကို ကြားဖူးသူတောင် မရှိဘူး။ တခါတလေ ဒီအကြောင်းကို အမေ့ဘက်က ဆွေမျိုးတွေကို ပြောပြရင် တောစွန်အုံဖျားကနေပြီး စကားလုံးကလည်း ကြီးတယ် သူ့အဖေလိုပဲလို့ ကဲ့ရဲ့ခံရတတ်တယ်။ လယ်ယာကိုင်းကျွန်း လုပ်စားတဲ့ အမေနဲ့ အမေ့ဘက်က ဆွေမျိုးတွေကို ကျွန်မက ဗဟုသုတမရှိတဲ့သူတွေ တိုင်းပြည်အကြောင်း နိုင်ငံအကြောင်း နားမလည်တဲ့ မျိုးချစ်စိတ် မရှိသူတွေအဖြစ်ပဲ ကျွန်မမြင်ထားတယ်။

အဖေက သူ့တုန်းက ပညာမတတ်လို့ စစ်ဗိုလ် မဖြစ်လိုက်ရတဲ့အကြောင်း ပြောပြပြီး ကျွန်မကို စစ်ဗိုလ်မကြီး ဖြစ်အောင် ကြိုးစားဖို့ အားပေးတာ ဖြစ်တယ်။ စစ်တပ်မှာ အခုတော့ မသိဘူး အရင်က တပ်ကြပ်နေရာကို အသက်ငယ်ငယ်နဲ့ ရတဲ့သူက ဗိုလ်လောင်း ဖြေပိုင်ခွင့် ရှိပါတယ်။ အဖေဒုတပ်ကြပ်ကနေ တပ်ကြပ်အဖြစ် ရာထူးတိုးခံရတဲ့နေ့က ဗိုလ်လောင်းစာမေးပွဲ နောက်တကြိမ်ခေါ်တဲ့ နေ့နဲ့ဆို တရက်တည်းနဲ့ ဗိုလ်လောင်းအတွက် သတ်မှတ်ထားတဲ့အသက် တရက်တည်း ကပ်ပြည့်သွားလို့ ကပ်လွဲသွားတဲ့ အကြောင်း ပြောပြပါတယ်။ ဒါကြောင့် အဖေက ဗိုလ်လောင်းဖြေခွင့် မရတော့ဘဲ တပ်ကြပ်ကြီးအဆင့်အထိပဲ ရောက်ခဲ့ပြီး အဲဒီအချိန်မှာ ဒဏ်ရာရခဲ့လို့ ပင်စင်လျှောက်လိုက်တယ်လို့ သူ့ဘ၀အကြောင်းကို မကြာခဏ ပြန်ပြောပြတတ်ပါတယ်။ အဖေ့အကြောင်းကို ဒီလိုကြားရရင် ကျွန်မက အဖေသာ ပညာတတ်ခဲ့ရင် အများကြီးတက်လမ်း ရှိမှာပဲလို့ အဖေငယ်ငယ်က ပညာမသင်ခဲ့ရတာကို တွေးပြီး အဖေ့ကို သနားနေတတ်တယ်။ အဖေ့လက်ထက်မှာ မဖြစ်ခဲ့တဲ့ ပညာတတ်တယောက် ဖြစ်အောင် ကျွန်မရအောင် ကြိုးစားမယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်လည်း ကျွန်မဟာ ပထမတန်း၊ ဒုတိယတန်းတွေမှာ ဆရာဆရာမတွေက ကြီးလာရင် ဘာလုပ်မလဲမေးရင် အဖေ့ကို ပြောထားခဲ့တဲ့အတိုင်း စစ်ဗိုလ်မကြီးလုပ်မယ်ပဲ ပြောခဲ့လို့ သူငယ်ချင်းတွေက ၀ိုင်းဟားခံရသေးတယ်။ အဖေဆိုပြတဲ့ "တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ် ဗမာ့သတ္တိကမ္ဘာကသိအောင် ငါတို့ပြလိုက်မယ် ဗမာ့ရဲ့သတ္တိကို ဘယ်မှာယှဉ်နိုင်မလဲ" ဆိုတဲ့ စစ်ချီသီချင်းဆိုရင် ကျွန်မ အခုထိ ညည်းဆိုတုန်းဖြစ်တယ်။ ကျွန်မ နည်းနည်း ကြီးလာတဲ့ အချိန်မှာတော့ သူများရီမှာစိုးလို့ ဆရာမတွေ မေးရင် စစ်ဗိုလ်မကြီး လုပ်မယ်လို့ မပြောတော့ဘဲ စာရေးဆရာမလုပ်မယ်လို့ ပြောခဲ့ပေမဲ့ ရင်ထဲက အိပ်မက်ဆန္ဒကတော့ ရှိနေခဲ့တယ်။

ရင်ထဲက အိပ်မက်တွေ တကယ်ပျက်သွားတာက ၈၈ မှာမှ ဖြစ်တယ်။ ပျက်သွားတယ်ဆိုတာထက် မလိုလားတော့လို့ စွန့်ပစ်လိုက်တယ်လို့ ပြောရင်ပိုမှန်ပါတယ်။ ၈၈ မှာ ကိုမင်းကိုနိုင် လက်ရေးနဲ့ ရေးထားတဲ့ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသားတွေအားလုံး အဲဒီနေ့မှာ ကျောင်းမတက်ဘဲ လမ်းမပေါ် ဆန္ဒပြပြီး ဒီမကောင်းတဲ့ လူသတ်အစိုးရကို ဆန္ဒပြပြီး ဖြုတ်ချကြပါလို့ တိုက်တွန်းထားတဲ့ စာကို ဖတ်ရတဲ့အချိန်မှာ သမီးတို့ကြီးလာရင် မသမာလူတွေဆီက လက်ခံရရှိနိုင်တယ်ဆိုတဲ့ အဖေပြောတဲ့စာပါလားလို့ ကျွန်မကောင်းကောင်း သဘောပေါက်ခဲ့သလို အဲဒါဟာ မသမာလူတွေဆီက စာမှမဟုတ်တာ မသမာအစိုးရကို တိုက်ပွဲဝင်ဖို့ သူတော်ကောင်းတွေဆီက စာပဲဆိုတာကိုလည်း ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ အဖေမှာခဲ့တဲ့အတိုင်း အဖေ့ကို ပြလို့မဖြစ်ဘူး ဆိုတာကိုလည်း နားလည်ခဲ့ပါတယ်။

အံ့သြစရာ ကောင်းတာက ဒီအရေးတော်ပုံမှာ ကျွန်မ ပါဝင်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်ထဲက ခွင့်ယူပြီး အိမ်ပြန်ရောက်နေတဲ့ ကိုကြီးတယေက် ဘီလူးဆိုင်းတီးသလို တင်းမာပြီး ကျွန်မကို ကိုယ်ထိလက်ရောက် ပြဿနာရှာခဲ့တဲ့အထိတောင် ဖြစ်ခဲ့ပေမဲ့ အဖေကတော့ ကျွန်မထင်ခဲ့သလို လုံးဝမတင်းမာခဲ့တာကိုတော့ ထူးထူးခြားခြား တွေ့ရပါတယ်။ သူ့ခေတ်နဲ့သူ့ခါပေါ့ကွာလို့ သူငယ်ချင်းတွေကို ပြောနေတာ ကြားရပြီး လူကွယ်ရာမှာတော့ "မီးငယ်နဲ့ ဌေးငယ် သမီးတို့ပါချင်လို့ အဖေပေးပါထားပါတယ်။ ဒါပေမဲ့ ပါတယ်ဆိုရုံပဲ လုပ်ပါ အရေးကြီးတဲ့ ခေါင်းဆောင်နေရာမှာတော့ လုံးဝ ၀င်မလုပ်နဲ့နော့်" ပြောလို့မရဘူး တိုင်းပြည်က ဗိုလ်ချုပ်ကြီးစောမောင် လက်ထဲရောက်နိုင်တယ် လို့ပြောလိုက်တော့ ဘာတွေပြောနေလဲ မသိဘူးလို့ နားမလည်ခဲ့ပေမဲ့ အဲဒီချိန်မှာ အဖေဒီလောက် ကျွန်မတို့ပါဝင်ခွင့် ပေးထားတာကိုတောင် ကျွန်မတို့မောင်နှမ ၀မ်းသာလှပြီ။ ဒါပေမဲ့ အဖေ ပြောတဲ့အတိုင်း စက်တက်ဘာ ၁၈ ရက်နေ့ ညနေကျတော့ တကယ်ပဲ ဖြစ်လာခဲ့တော့ အဖေဘယ်လိုသိလဲဆိုတာ ကျွန်မတို့ မောင်နှမနှစ်ယောက် အံ့သြလို့မဆုံး ဖြစ်ခဲ့ရတယ်။

စစ်တပ်အာဏာသိမ်းပြီးတာနဲ့ အဖေရဲ့ ရာဇအသံကလည်း စတော့တာပဲ။ "မီးငယ်နဲ့ ဌေးငယ် သမီးတို့ ပါချင်လို့ ပေးပါပြီးပြီ ဒီလောက်ဆိုလုံလောက်ပြီ သမီးတို့က ခေါင်းဆောင်လည်း မဟုတ်လို့ အများနဲ့ ဖြစ်တဲ့ကိစ္စမို့ ဘာအပြစ်မှ မရှိဘူး ခေါင်းဆောင်တွေပဲ အပြစ်ရှိတယ်။ ဒါကြောင့် သမီးတို့ကို သက်ဆိုင်ရာက ဘယ်သူမှ ပြဿနာရှာလို့မရဘူး သူများတွေလို ပုန်းရှောင်ဖို့လည်း မလိုဘူး၊ သူပုန်တွေဆီ သွားဖို့လည်း မလိုဘူး အိမ်မှာ အေးအေးဆေးဆေး နေကြ ဘာပြဿနာမှ မဖြစ်စေရဘူး" လို့ ရာဇသံစပေးနေပြီ။ ကျွန်မတို့ မောင်နှမမှာ သမဂ္ဂက ဘယ်အဖွဲ့က ဘယ်ရောက်နေတယ် ဘယ်အဖွဲ့က တောထဲသွားစဉ် ရေနစ်ပြီးလည်း လမ်းမှာ သေဆုံးကြတဲ့သူတွေလည်း ရှိတယ် စသည့် မဟုတ်တာရော ဟုတ်တာရော အမျိုးမျိုး ကြားနေရတယ်။ တောထဲ ရောက်သွားသူတွေရဲ့ အခြေအနေကို စဉ်းစားချိန်မှာ VOA နဲ့ ဘီဘီစီ က ကျွန်မတို့အတွက် သတင်းရရာ နေရာတွေ ဖြစ်လာတယ်။ ခါတိုင်း ဘီဘီစီပဲ နားထောင်ပြီး နောက်ပိုင်းတော့ ဗွီအိုအေက နယ်စပ်ရောက် ကျောင်းသားတွေ အခြေအနေ ပိုပါတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ VOA ကို ပိုကြိုက်သွားပြီး ပိုနားထောင်ဖြစ်တယ်။ အဲဒီအချိန်မှာ သိပ္ပံသတင်းဆောင်းပါးတွေပါလို့ VOA ကောင်းကြောင်း တလျှောက်လုံး ပြောလာခဲ့တဲ့ အဖေက VOA သတင်းကြေညာနေတာကို ကြားရင် လူငယ်တွေ လမ်းမှားရောက်အောင် သွေးထိုးပက်ကော်နေတယ် ဆိုပြီး စတင်အပြစ်တင်ရှုပ်ချတာကို တွေ့ရလို့ ကျွန်မတို့ ညီနှမကတော့ ပြောမရဲလို့ ဘာမှမပြောပေမဲ့ ဘာမှဆိုင်တာလည်း မဟုတ်ဘူးလို့ ကြိတ်တွေးနေတယ်။ ရေဒီယိုက စစ်အစိုးရလို့ ပြောတာကို အဖေဟာ ဆတ်ဆတ်တုန်အောင် နာတာတွေ့တော့ "စစ်အစိုးရကို စစ်အစိုးရမခေါ်လို့ ဘယ်လိုခေါ်စေချင်လဲ မသိဘူး" လို့ ကျွန်မ စိတ်ထဲထဲမှာ ပြောနတတ်တယ်။

ဒီလိုနဲ့ ကျွန်မတို့ညီအစ်မကလည်း တခြားသူတွေနဲ့ အဆက်အသွယ်ရအောင် ဘယ်လိုလုပ်ရမလဲလို့ အမြဲတွေးတော ကြံဆနေတယ်။ အဖေကလည်း ရိပ်မိလားမသိဘူး တနေ့ထက်တနေ့ တင်းကြပ်လာပြီး နောက်ပိုင်း သတင်းတောင် ကောင်းကောင်း နားထောင်လို့မရအောင် ဖြစ်လာတယ်၊ ကျွန်မတိုကိုလည်း စစ်လားဆေးလား လုပ်လာတယ်၊ ရုတ်ရုတ်လုပ်ရင် လူသတ်ပြီး ထောင်ထဲသွားနေဖို့ ၀န်မလေးဘူးတွေ ပြောလာတယ်ဆိုတော့ ကျွန်မတို့လည်း ဒီအတိုင်းတော့ ရေရှည် မဖြစ်တော့ဘူးဆိုပြီး စတင်ကြံဆတော့တယ်။ နောက်ဆုံးတော့ ကျွန်မတို့က တံငါရွာမှာ ရှိတဲ့ အမေ့ဆွေမျိုးတွေဆီ သွားလည်ပြီး ခြံထဲက သစ်သီးဝလံတွေကို လက်ဆောင်သွားပေးမယ်လို့ ပြောတော့ ဆွေမျိုးတွေက ဒီလိုသွားလည်ရင် ငပိ၊ ငါးခြောက် ငံပြာရည်တို့ လက်ဆောင်ပြန်ပေးလေ့ရှိတော့ မဆိုးဘူးထင်ပုံရတယ် ပင်လယ်ဘက်ဆိုတော့ သူပုန်နဲ့ ဝေးတယ် မဟုတ်လား အဖေက ကျွန်မတို့ အကြံအစည်ကို လက်ခံခဲ့တယ်။ တကယ်တမ်း အိမ်ကနေ ကျွန်မတို့ ထွက်လာတာကတော့ ပင်လယ်ဘက်မှာ ရှိတဲ့ တံငါရွာဆီကိုမဟုတ်၊ တဘက်ကမ်းက ကရင်တွေရဲ့ အကူအညီနဲ့ KNU ကို ဆက်သွယ်ကာ ပင်လယ်နဲ့ ဆန့်ကျင်ဘက်အရပ် တောင်တန်းတွေ ရှိရာ နေရာကိုသာ ထွက်လာခဲ့ပါတယ်။ KNU တွေရဲ့ အကူအညီနဲ့ တောင်တန်းတွေ တောတောင် စမ်းချောင်း အထပ်ထပ်တွေကို ကျော်ဖြတ်ကာ သမဂ္ဂတုန်းက လုပ်ဖေါ်ကိုင်ဖက်တွေ အရင်ရောက်နေပြီဖြစ်တဲ့ နယ်စပ်ဒေသဆီ ညီအစ်မ နှစ်ယောက် ခရီးဆက်ခဲ့ပါတယ်။

နောက်ပိုင်းတော့ အဖေဟာ ကျွန်မတို့ ညီအစ်မ သူ့ကို လိမ်သွားတာကို လုံးဝကြိတ်မနိုင်ခဲမရ ဖြစ်ပြီး မိတ်ဆွေတွေကြားမှာ သူ့သမီးနှစ်ယောက် တောခိုသွားတယ်ဆိုတဲ့အဖြစ်ကို ရှက်လည်းတော်တော် ရှက်ပုံရပါတယ်။ တွေ့ရင်သတ်ပစ်ပြီး ထောင်ထဲသွားဝင်နေမယ်လို့ ကြိမ်းဝါးနေကြောင်း ကြားသိရတယ်။ ကျွန်မတို့ တောထဲရောက်ပြီး အဆက်အသွယ်လုပ်ပေမဲ့ လုံးဝအဆက်အသွယ် ပြန်မလုပ်ခဲ့ဘူး။ ကျွန်မ ရှေ့တန်းရောက်တော့လည်း စာရေးအဆက်အသွယ်လုပ်ပြီး ကျွန်မတို့ လိမ်ပြီး ထွက်လာခဲ့တာကို တောင်းပန်ကြောင်း ကျွန်မတို့ လုပ်နေတဲ့ တော်လှန်ရေးဟာ တရားသော တော်လှန်ရေး ဖြစ်ကြောင်း၊ အဖေပေးတဲ့ မျိုးချစ်စိတ်ကြောင့် တိုင်းပြည်ကို ချစ်လို့သာ ဒီလိုလုပ်ဖြစ်ကြောင်း စာရေးပြီး ရှင်းပြခဲ့ပေမဲ့ လုံးဝအဆက်အသွယ် ပြန်မလုပ်ခဲ့ဘူး။ ကျွန်မ တပ်ရင်းပြန်ရောက်ပြီးနောက် ၁၉၉၃ ခုနှစ်မှာ ကျွန်မတို့ မြို့နယ်က ကျွန်မတို့ တပ်တွေ စိုးမိုးထားတဲ့ ကျေးရွာတရွာမှာ ဘုန်းကြီးပျံရှိလို့ ကျွန်မညီမက အမေနဲ့ တွေ့ဖို့ခွင့်ယူပြီး သွားတော့ အဲဒီရွာက ဘုန်းကြီးပျံမှာ မမျော်လင့်ဘဲ အဖေ့ကို ဘုန်းကြီးအ၀တ်နဲ့ သွားတွေ့ခဲ့တယ်။ ကျွန်မ ရှေ့တန်းဒေသမှာ တောက်လျှောက်သွားလာ လှုပ်ရှားနေခဲ့တာ တခါမှ မတွေ့ခဲ့ရဘဲ အခုလို ညီမဆီက ဘုန်းကြီးဝတ်နေတယ်ဆိုတာ သိရလို့ ၀မ်းသာနေတဲ့အချိန်မှာ ကျွန်မ ညီမ တပ်ရင်းပြန်ရောက်လာတော့ "နင်ဝမ်းသာနေလည်း အပိုပဲ အဖေက ဘုန်းကြီးဝတ်ထားလို့ စိတ်တွေဘာတွေ လျှော့ပြီး တရားရနေတယ်များ နင်ထင်လား ငါဝိပဿနာတရားတွေ ပွားထားလို့ နင်တို့နဲ့ အခုလို လက်ခံစကားပြောလို့ ရတယ်လို့ ရဲဘော်တွေကိုရော ငါ့ကိုပါ ရည်ရွယ်ပြီး ပြောလိုက်တယ်" လို့ ညီမက ပြောပြတယ်။

အိမ်ကထွက်လာပြီးနောက်ပိုင်း အဖေကျွန်မတို့ကို လိုက်ရှာပြီး တွေ့ရင် စစ်တပ်မှာ သွားအပ်မယ်ဆိုပြီး သတ်ဖို့ ဓါးမြှောင်တချောင်းနဲ့ လိုက်ရှာနေလို့ ပြေးနေရတဲ့ အိပ်မက်တွေကို ကျွန်မ မက်ခဲ့တာ သြစကြေးလျားကို မလာခင် ၂၀၀၁ ခုနှစ်အထိ ဖြစ်ပါတယ်။ ဒီလို အိပ်မက်ဆိုးကို သြစကြေးလျားရောက်ပြီး အကြာကြီးမမက်ဘဲ နေခဲ့ရာကနေ မကြာခင်က တခါ ပြန်မက်လာတယ်။ အဖေ့ကို အရင်က ဆက်သွယ်လို့ မရခဲ့ပေမဲ့ နိုင်ငံခြားရောက်ပြီး ဆက်သွယ်တော့ သူပုန်မဟုတ်တော့ဘူး ဆိုတော့ အဖေက လက်ခံစကားပြောပါတယ်။ ဒါပေမဲ့ အိမ်ကလိမ်ပြီးထွက်လာတဲ့ အကြောင်းတွေကို ကျွန်မ ပြန်မပြောဖြစ်ဘူး ပြောမထွက်ဘူး။ အိမ်က မထွက်လာခင်က သစ်သီးတွေကို အဖေရှေ့မှာခူးပြီး အဖေသံသယ မရှိအောင် ယူသွားမည့် ထည့်စရာထဲမှာ အပီအပြင်နေရာချတယ် မသွားခင်ည အဖေအိပ်နေချိန်မှာ ရာဝင်စဉ်းအိုးထဲ အကုန်ထည့်ထားခဲ့ပြီး မိုးလင်းမှ သွားမယ်လို့ ပြောခဲ့ပေမဲ့ မနက် ၄ နာရီမှာ ညီအစ်မနှစ်ယောက် အိမ်က တိတ်တိတ်လေး ထွက်လာခဲ့တယ်။ ဒီလို လိမ်ပြီး ထွက်လာခဲ့တဲ့အပေါ် အဖေဘယ်လိုများ ခံစားခဲ့ရလဲ၊ မိတ်ဆွေ အပေါင်းအသင်းတွေ ကြားမှာ အရှက်ရကာ ဒေါသသိပ်ကြီးတဲ့ အဖေတယောက် ကျွန်မတို့ကို ခွင့်လွတ်နိုင်ပါ့မလားဆိုတာ ကျွန်မ အမြဲတွေးနေမိတယ်။ အဖေ့ကို ပြန်မတွေ့ရတာ ထွက်လာကတည်းက ဖြစ်တယ်။ ဒီတသက် ပြန်တွေ့ရပါတော့မလားလို့ ကျွန်မ သံသယ ဖြစ်မိတယ်။

အဖေကို ကျွန်မ သိစေချင်တာကတော့ ကျွန်မဟာ အဖေ့ဆီက မျိုးချစ်စိတ်ဓါတ်တွေ မရခဲ့ရင် တော်ရုံတန်ရုံ စိတ်ဓါတ်နဲ့တော့ တိုင်းပြည်အတွက်ဆိုပြီး မိဘကို ဆန့်ကျင် စွန့်စားလုပ်ရတဲ့ လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်ဘဲ ရွာမှာ ရှိနေတဲ့ သူငယ်ချင်းတွေလိုပဲ အခုချိန်မှာ ကြံ့ဖွတ်စာရင်းထဲမှာ ပါနေမှာ သေချာပါတယ်။ မျိုးချစ် စိတ်ဓါတ် အမွေအနစ်တွေကို အဖေ့ဆီကသာ ကျွန်မ မရခဲ့ရင် ကျွန်မဘ၀ ဆယ်စုနှစ်တခုစာကိုလည်း အဖေမကြိုက်တဲ့ အလုပ်တွေနဲ့ ကုန်ခဲ့မှာ မဟုတ်ဘူး။ ဒီလိုလုပ်ခဲ့တာကို အဖေမကြိုက်ပေမဲ့လည်း ဒါဟာ အဖေဖြစ်စေချင်တဲ့ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ကြောင့် ဆိုတာ ကျွန်မ အာမခံရဲပါတယ်။ ဒီလို လုပ်ခဲ့တဲ့အတွက် ဘယ်တော့မှ နောင်တမရပေမဲ့ အဖေတယောက် ကျွန်မတို့အတွက် ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရတဲ့ ခံစားမှုအတွက်တော့ ကျွန်မ ထပ်တူခံစားရပါတယ်။ ကျွန်မ အဖေဟာ ကျွန်မတို့နဲ့ သဘောထား မတိုက်ဆိုင်ပေမဲ့ တိုင်းပြည်ကို တကယ်ချစ်တဲ့ စစ်သားဟောင်းတဦးအဖြစ် ကျွန်မ ဂုဏ်ပြုဆဲ၊ သူပြန်ပြောခဲ့တဲ့ စစ်သားဘ၀က သူ့ဘ၀အတွေ့အကြုံတွေကို ကျွန်မ အမှတ်ရနေဆဲဖြစ်ပါတယ်။ ကျွန်မမှာ ရှိတဲ့ တိုင်းပြည်ချစ်တဲ့စိတ်၊ မျိုးချစ်စိတ်ဓါတ် အပါအ၀င် ဗဟုသုတ လေ့လာလိုက်စားလိုစိတ်၊ စာဖတ်ဝါသနာပါခြင်း စတဲ့ ကောင်းတဲ့ အလေ့အကျင့်တွေကို ကျွန်မ အဖေ့ဆီကပဲ ရရှိခဲ့တာဖြစ်ပြီး အဖေဟာ တခါက ကျွန်မရဲ့ ဇာတ်လိုက် ဖြစ်ခဲ့သလို အခုထိလည်း အဖေ့ရဲ့ ကောင်းမွေတွေကို ကျွန်မ ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။


အဖေ့စိတ်နှလုံး ကြည်သာချမ်းမြပါစေ။
ကျွန်မရဲ့ အဖေနဲ့ ပတ်သက်တဲ့ အိပ်မက်ဆိုးတွေ ကုန်ဆုံးပါစေ

အမေနေ့ အမှတ်တရပို့စ်က ဒီမှာ ရှိပါတယ်။

5/9/10 - 9:27 PM က အဖေများနေ့မှာ တင်တဲ့ပို့စ် ဖြစ်တယ်။

အခုတော့ ဒီပို့စ်ထဲက ကျွန်မရဲ့ Message နဲ့ ဆုတောင်းတွေကို အဖေ ဘယ်တော့မှ မရနိုင်တော့ဘူး။ တခါက ကျွန်မဇာတ်လိုက်ဖြစ်တဲ့ ကျွန်မအဖေဟာ ( ၇-၇-၁၁ ) ရက် ပြီးခဲ့တဲ့ တင်္ဂနွေနေ့က ဘ၀နိဂုံးချုပ်သွားပါပြီ။ ခွဲခွါလာကတည်းက ၂၃ နှစ်ကြာတဲ့အထိ မျက်နှာချင်းဆိုင် တခါမှ ပြန်မတွေ့ရတော့ပေမဲ့ မဆုံးခင် ရက်အနည်းငယ်အလိုမှာ စကားပြောလိုက်ရသေးလို့ သားသမီးနဲ့ ခွဲခွာခဲ့တဲ့နေ့ကစပြီး တခါမှ ထိတွေ့မှုမရဘဲ ဘ၀နိဂုံးချုပ်ခဲ့ရတဲ့ မိတ်ဆွေတချို့ရဲ့ မိဘတွေနဲ့ စာရင်တော့ တော်သေးတယ်လို့ပဲ ဖြေသိမ့်ပြီး အဖေ ကောင်းရာဘုံဘ၀ကို ရောက်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။


ငါသည် အိုခြင်းသဘော ရှိ၏ အိုခြင်းသဘောကို မလွန်ဆန်နိုင်ချေ။
ငါသည် နာခြင်းသဘောရှိ၏ နာခြင်းသဘောကို မလွန်ဆန်နိုင်ချေ။
ငါသည် သေခြင်းသဘောရှိ၏ သေခြင်းသဘောကို မလွန်ဆန်နိုင်။
ငါ၏ ချစ်မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်။
ငါသည် ကံသာလျှင် မိမိဥစ္စာရှိ၏၊ ကံ၏အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏။ ကံသာလျှင် အဆွေအမျိုးရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်။ (အဘိဏှသုတ် မြန်မာပြန်မှ ကောက်နှုတ်ချက်)


1-1-1996 AND 1-1-2012 (၁၆ နှစ်မြောက် အမှတ်တရ)

တခြားဘာတွေပဲ ပြောင်းလဲခဲ့ပါစေ တူတာတွေတော့ အများကြီး ရှိနေသေးတာကို တွေ့ရပါတယ်။ ကျွန်မဟာ ဘာတွေ ပြောင်းလဲသွားလဲဆိုတာကို မပြောချင်ဘူး မပြောင်းမလဲဘဲ ဆက်လက် ထိန်းထားနိုင်တာကိုပဲ ဒီနေ့ ဘ၀မှတ်တမ်းမှာ အမှတ်တရ သိမ်းထားချင်ပါတယ်။

တနေကုန် ချက်ပြုတ်၊ လျှော်ဖွပ်၊ ဆေးကြော သန့်ရှင်းစတဲ့ အိမ်အလုပ်တွေနဲ့ ပင်ပန်းနွမ်းနယ်နေခဲ့ရာကနေ ရေမိုးချိုး စားသောက်ပြီး အားလုံး ပြီးစီးသွားလို့ နာရီကြည့်လိုက်တဲ့ အခါမှာတော့ ၁၁ နာရီတောင် ခွဲပြီးနေပါပြီကော ဆိုပြီး နေ့မကူးခင် ကတန်းကမန်းပဲ အ၀တ်အစားလဲ၊ ဘုရားမီးထွန်း ဘုရားရေလဲကာ ဘုရားကို အတိုချုပ်ပဲ ရှိခိုးလိုက်ရတယ်။ ပြီးတော့ ၁၆ နှစ်မြောက် နှစ်ပတ်လည် မင်္ဂလာအထိမ်းအမှတ် အဖြစ် သားကိုခေါ်ပြီး ဓါတ်ပုံရိုက်ထားပေးခိုင်းတယ်။ အဲဒါကတော့ ကျွန်မတို့ရဲ့ ၁၆ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည်နေ့ ဖြစ်တဲ့ မနေ့က ၁-၁-၁၂ ရက်မှာ ဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၆ နှစ်ကာလကို နောက်ပြန်လှည့်ကြည့်လိုက်ရင် ကျွန်မတို့မှာ ဘ၀အတက်ကျ၊ အနှိမ့်အမြင့် ဖြတ်သန်းမှုတွေက ပြောလို့ မကုန်နိုင်မခမ်းနိုင်လောက်အောင် အပြောင်းအလဲ များပြားလှပေမဲ့ လွန်ခဲ့တဲ့ ၁၆ နှစ်တိတိဖြစ်တဲ့ ၁-၁-၉၆ ရက်နေ့နဲ့ ဒီနှစ် ၁-၁-၂၀၁၂ ရက် ဒီနှစ်ရက်တည်းကိုပဲ ကြည့်မယ်ဆိုရင်တော့ တခြားဘာတွေပဲ ပြောင်းလဲခဲ့ပါစေ တူတာတွေတော့ အများကြီး ရှိနေသေးတာကို တွေ့ရပါတယ်။ ကျွန်မအခုပြောလိုတာ ဘာတွေ ပြောင်းလဲသွားလဲဆိုတာကို မပြောချင်ဘူး မပြောင်းမလဲဘဲ ဆက်လက် ထိန်းထားနိုင်တာကိုပဲ ဒီနေ့ ဘ၀မှတ်တမ်းမှာ အမှတ်တရ သိမ်းထားချင်ပါတယ်။ ဘာတွေမပြောင်းမလဲဘဲ တူနေသလဲဆိုတော့ ကျွန်မတို့ မင်္ဂလာဆောင်ခဲ့တဲ့ နှစ်ဆန်းတရက်နေ့မှာ တနင်္ဂနွေနေ့ဖြစ်ပြီး ဒီနှစ်ကျရောက်တဲ့ နှစ်ဆန်းတရက်နေ့ဟာလည်း တနင်္ဂနွေနေ့နဲ့ တိုက်နေတယ်။ နောက်တချက်က လွန်ခဲ့တဲ့ ၁၆ နှစ်က ကျွန်မတို့ မင်္ဂလာဆောင်ရာမှာ ၀တ်ခဲ့တဲ့ အ၀တ်အစားကိုပဲ ဒီနှစ် ၁-၁-၁၂ မှာ ၀တ်ထားတာ တူတယ်။ ပြီးတော့ ကျွန်မရဲ့ ဆံပင်အရှည်ကလည်း လွန်ခဲ့တဲ့ ၁၆ နှစ်က အရှည်အတိုင်းပဲ ဖြစ်တာ တူပါတယ်။ နောက်ဆုံးတချက်ကတော့ ကျွန်မတို့ရဲ့ ရင်ထဲက အချစ်တွေက လွန်ခဲ့တဲ့ ၁၆ နှစ်နဲ့ အခု အတူတူ ဖြစ်နေဆဲဆိုတာပါပဲ။ နေ့စွဲနှစ်ခု အောက်ကပုံတွေကို ဆက်လက် ကြည့်ရှုနိုင်ပါတယ်။

1-1-96 Sunday (၁-၁-၉၆ တနင်္ဂနွေနေ့)


၁-၁-၉၆ ခု၊ ABSDF ဗဟို ကရင်နီနယ်မြေကို ရောက်နေစဉ် ကျွန်မတို့နှစ်ယေက် ဘ၀တခုကို ထူထောင်ဖို့ လက်ထပ်ခွင့်တင်တားတာ လက်ထပ်ခွင့်ရတာနဲ့ ထတမမောလဲလို့ ခေါ်တဲ့ ထိုင်းရွာအနီးက ကရင်နီတောင်ခြေ တနေရာမှာABSDF ဗဟိုဌာနချုပ်အဖြစ် ဆောက်လုပ်ခဲ့တတဲ့ စခန်းရှိ မိသားစု တန်းလျားမှာ ဒီအိမ်လေးကို မင်္ဂလာမဆောင်ခင် အပြီးဆောက်ပြီး ဒီအိမ်လေးပေါ်မှာ ကျွန်မတို့ နှစ်ယောက် မင်္ဂလာဆောင်ခဲ့ပါတယ်။ (မင်္ဂလာဆောင်ပြီး နှစ်လပဲနေလိုက်ရပြီး ရန်သူစစ်ကြောင်းထိုးလို့ တခြားတနေရာကို ဗဟိုရွှေ့ရပါတယ်။)


အဲဒီတုန်းက ABSDF ဗဟိုတရားသူကြီးဖြစ်သူ ဦးတင်ရွှေ (ကွယ်လွန်) က မင်္ဂလာ သြ၀ါဒပေးနေစဉ်၊ သူပေးတဲ့ သြ၀ါဒက သူများတွေလို လင်ရယ်မယားရယ်လို့ ဖြစ်လာရင် ရန်မဖြစ်ဖို့ မပြောဘဲ ရန်မကြာခဏ ဖြစ်ပေးပါတဲ့ အဲဒါမှ ပိုပြီးတော့ အသစ်တဖန် ပြန်ချစ်ကြတာတဲ့။ အခုထိ အမှတ်ရနေပါတယ်။


သူများတွေရဲ့ တောင်းဆိုမှုအရ တယောက်ကိုတယောက် ခွံ့ကျွေးရပါတယ်။


ကျွန်မက မရှက်ဘဲ အရေးထဲသူက ရှက်နေတယ်။ (ဆံပင်စည်းထားတဲ့ ခေါင်းစည်းကိုတော့ သူငယ်ချင်း မဗေဒါက သိုးမွေးနဲ့ တချောင်းထိုး ထိုးထားပေးတာပါ)


ဗဟိုတရားသူကြီးအဖွဲ့ဝင် နောက်တဦးဖြစ်တဲ့ ဦးတင်မောင်လွင်က လက်ထပ်ချုပ်ပေးအပ်တာကို လက်ခံယူနေစဉ်


မင်္ဂလာပွဲပြီးခါနီးမှာ ကျွန်မတို့ထက် တလစောပြီး မင်္ဂလာဆောင်ခဲ့တဲ့ ကိုထူးမြတ် မဆူးပွင့် ဇနီးမောင်နှံနဲ့ အမှတ်တရ



နှစ်ယောက်တွဲရိုက်ထားတဲ့ ပုံကောင်းကောင်း မကျန်လို့ အဲဒီအချိန်က ကျွန်မတို့ကို အင်္ဂလိပ်စာလာသင်ပေးနေတဲ့ နိုင်ငံခြားသားတဦးနဲ့ တွဲပြီးရိုက်ထားတဲ့ပုံကို ဖြတ်ညှပ်လုပ်ထားပါတယ်။


1-1-12 Sunday, ၁-၁-၁၂ တနင်္ဂနွေနေ့




အခု ဒီနှစ် ၁-၁-၂၀၁၂ နေ့မှာ ရိုက်ထားတဲ့ပုံမှာ ကျွန်မ ၀တ်ထားတဲ့ ထမီကလွဲရင် ကျန်တာ လွန်ခဲ့တဲ့ ၁၆ နှစ်က ကျွန်မတို့ မင်္ဂလာဆောင်တုန်းက ၀တ်ခဲ့တဲ့ အ၀တ်အစားတွေ ဖြစ်ပြီး ကျွန်မ ၀တ်ထားတဲ့အင်္ကျီက မင်္ဂလာဆောင်ရင် ၀တ်ဖို့ဆိုပြီး ကျွန်မကိုယ်တိုင် လက်ချုပ်အပ်နဲ့ ချုပ်ထားတဲ့ အင်္ကျီပါ။ ဒီအ၀တ်အစားတွေကို လျှော်ဖွပ် ကြယ်သီးပြုတ်နေတာ မခိုင်တာကို ပြန်တပ်ရတာလည်း တနေကုန် အလုပ်များတဲ့ အကြောင်းရင်းထဲမှာ ပါပါတယ်။ အမှတ်တရအဖြစ် သားက ရိုက်ပေးထားပါတယ်။

ဒီနှစ်ချက်တာ အားလုံးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထိုင်းစားစရာတွေပဲ ဖြစ်တော့ ဗမာစားစရာပဲ ကြိုက်တယ်ဆိုသူများအတွက် အရင်နှစ်ကတင်တဲ့ မြန်မာမုန့်ဟင်းခါးကို ထည့်ထားပေးလိုက်ပါတယ်။ ဒီနှစ် ၁၆ နှစ်မြောက် မင်္ဂလာနေ့မှာ ဘာချက်မလဲဆိုတာ စဉ်းစားတော့ သုံးယောက်စလုံး ကြိုက်တဲ့ စားစရာဆိုလို့ မုန့်ဟင်းခါး အမျိုးပဲ ရှိတော့ မုန့်ဟင်းခါးကိုပဲ စဉ်းစားမိပါတယ်။ ဒါပေမဲ့ မုန့်ဟင်းခါးက အရင်နှစ်ကလည်း ချက်တယ်၊ ပြီးတော့ ကျွန်မတို့ လင်မယားက ထိုင်းမုန့်ဟင်းခါးကို ပိုကြိုက်ပြီး သားက မြန်မာမုန့်ဟင်းခါးကို ပိုကြိုက်တာကို စဉ်းစားပြီး စိတ်အိုက်နေတဲ့အချိန်မှာ သားက မေမေတို့ကြိုက်တာကိုပဲ ချက်ပါလို့ နားလည် ပေးလိုက်လို့ အဖေကြိုက်တဲ့ ထိုင်းမုန့်တီကိုပဲ ချက်ပေးလိုက်ပါတယ်။ ဒါဟာ ကျွန်မ တသက်မှာ သားကြိုက်တာထက် ယောက်ျားကြိုက်တာကို ပိုဦးစားပေးလိုက်တာ ပထဦးဆုံးအကြိမ် ဖြစ်တယ်။ သားနဲ့ယှဉ်လာရင် ကျွန်မဟာ သူ့ကို တခါမှ ပိုပြီးဦးစားပေးလေ့ မရှိပါဘူး။ ဒီနေ့မှာတော့ မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ် လက်ဆောင်အဖြစ် သဘောထားပြီး သူ့ကို ဦးစားပေးလိုက်ပါတယ်။ အောက်ကထိုင်းမုန့်တီကတော့ ဒီနှစ် နှစ်ပတ်လည်နေ့မှာ ၁၆ နှစ်မြောက် အမှတ်တရ ချက်ထားတဲ့ လာလည်သူများ အားလုံး မြိန်ရှက်စွာ သုံးဆောင်နိုင်ရန် ဖြစ်ပြီး ထိုင်းမုန့်ဟင်းခါး မကြိုက်သူများက ထမင်းကို ထိုင်းသင်္ဘောသီးထောင်း၊ ထိုင်း Toyom ဟင်းချို၊ ပုဇွန်ကင်နဲ့ သုံးဆောင်နိုင်ပါတယ်။

ထိုင်းမုန့်ဟင်းခါး
ထိုင်းမုန့်ဟင်းခါး အမျိုးမျိုး ရှိသည့်အနက်က ငါးနဲ့ချက်ပြီး ငါးဆုပ်လုံးနဲ့ စားတဲ့ ဟင်းဖြစ်တယ်။ ထိုင်းမုန့်ဟင်းခါးကို ပဲတီ၊ ပီးတောင့်ရှည်၊ သခွါးသီး၊ ပင်စိမ်းရွက်၊ မုန်ညှင်းချည်ဖတ်၊ ထိုင်းထိကရုဏ်းပင်တို့ထည့်ပြီး အသီးအရွက်များများနဲ့ စားတဲ့အတွက် ဗမာမုန့်ဟင်းခါးနဲ့စာရင် ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ အခုဒီမှာတော့ ထိကရုဏ်းလည်းမရနိုင်လို့ မပါဘူး။ ပင်စိမ်းကလည်း အိမ်နဲ့နီးတဲ့ဆိုင်မှာ မရလို့ ပင်စိမ်းအစား ထိုင်း Basil အရွက်ကို သုံးထာပါတယ်။

ဒါက ထမင်းနဲ့စားဖို့ ထိုင်းသင်္ဘောသီးထောင်း၊ ထိုင်း Seafood Toyam soup နဲ့ ပုဇွန်ကင်


လွန်ခဲ့တဲ့ ၁၆ နှစ်နဲ့ အခု မတူတာမပြောချင်ဘူး တူတာကိုပဲ ပြောချင်တယ်လို့ အပေါ်မှာ ဆိုထားပေမဲ့ တခုတော့ ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ် မင်္ဂလာဆောင်တုန်းက ရှင်မတောင် သနပ်ခါးတုံးကို ကိုယ်တိုင်ကျောက်ပျဉ်နဲ့ သွေးပြီးလိမ်းထားတဲ့ မျက်နှာပေါ်က အနံ့သင်းသင်း ရှင်မတောင် သနပ်ခါး၊ ကိုယ်တိုင်ဆောက်ထားတဲ့ အင်ဖက်မိုး ကျူထရံကာအိမ်နဲ့ ၀ိုင်းဝန်းပံ့ပိုးပေးခဲ့တဲ့ မိတ်ဆွေတွေကို လွမ်းမိတာတော့ အမှန်ပဲ။

ဒီနှစ်နှစ်သစ်ဟာ အားလုံးအတွက် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကောင်းသောလိုရာဆန္ဒများ အသီးသီး ပြည့်ဝကြပါစေ။ မကောင်းမှုတွေကို အသီးသီးရှောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

(မနေ့က အချိန်မရလို့ ဒီနေ့မှ တင်ဖြစ်ပါတယ်။)

မွေးနေ့ မင်္ဂလာ အနှစ်တရာ တိုင်စေသော်

တကယ်တော့ သူကသာ ဟိုနေ့က ပြောတဲ့ "ကြာသပတေးနေ့ကျရင် အလုပ်မှာ ခွင့်ယူလိုက်ရင် ကောင်းမယ်ထင်တယ်" လို့ မပြောခဲ့ရင် ဒီနှစ်ကျရောက်တဲ့ သူ့မွေးနေ့ကို သတိထားမိလိုက်မှာ မဟုတ်ဘဲ အမှတ်တမဲ့နဲ့ ဖြတ်သွားပြီး ရက်ကျော်မှ သတိထားမိမလား မသိဘူး။ ဒီလိုဖြစ်လာဖူးတဲ့ နှစ်တွေကလည်း အများကြီးရှိခဲ့ပါတယ်။ မသိတဲ့သူတယောက်အနေနဲ့ ကျွန်မ ဒီလိုပြောလိုက်တဲ့အပေါ်မှာ ကိုယ့်ယောက်ျား မွေးနေ့ကိုတောင် အလေးအနက်မထားထားဘူးဆိုပြီး အပြစ်တင်စရာ အဖြစ် မြင်နိုင်ပေမဲ့ သူကိုယ်တိုင်ကလည်း ကျွန်မမွေးနေ့နဲ့ ပတ်သက်ပြီး ဒီလိုပဲ မသိလိုက်တဲ့ နှစ်တွေ အများကြီးရှိခဲ့တယ်ဆိုတော့ ကျွန်မတို့နှစ်ယောက်ကြားမှာ ဒီအတွက်နဲ့ တယောက်ကိုတယောက် အပြစ်တင်စရာ မရှိတာတော့ အမှန်ပဲ။ အမှန်က ဒီလိုဖြစ်ရတာ တယောက်ကိုတယောက် အလေးအနက်မထားလို့လည်း မဟုတ်ပါဘူး။ ဂရုမစိုက်လို့လည်း မဟုတ်ပါဘူး။ အဓိက ကတော့ ကျွန်မတို့နှစ်ယောက်စလုံးက မွေးနေ့နဲ့ပတ်သက်ပြီး အလေးအနက်မထားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့လို့ ဒီယဉ်ကျေးမှုက ကျွန်မတို့ကို လွှမ်းမိုးလာခဲ့လို့ ဖြစ်ဖို့များပါတယ်။

ကျွန်မဟာ တကယ်ပဲ ငယ်ငယ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့တခုကိုပဲ ကောင်းကောင်းသိပြီး ကျွန်မ ကိုယ်တိုင်ရဲ့ မွေးနေ့ကိုတောင် အမေပြောပြထားလို့ မြန်မာသက္ကရာဇ်နဲ့ပဲ ကောင်းကောင်းသိပါတယ်။ ခရစ်သက္ကရာဇ်နဲ့ မွေးနေ့ကို တော်တော်ကြီးမှ သိတဲ့အပြင် တခြား ဘယ်သူ့မွေးနေ့ကိုမှ ထူးထူးခြားခြား မှတ်မိတတ်သူလည်း မဟုတ်ဘူး။ ကျွန်မဟာ စာတခုဖတ်ပြီး ဖြစ်စေ၊ ဟောပြောတာ တခုခုကို နားထောင်ပြီးဖြစ်စေ အကြောင်းအရာနဲ့ ပတ်သက်ရင် ခရေစေ့အတွင်းကျ တခုမကျန် အကုန် မှတ်မိတတ်ပေမဲ့ နာမည်တွေ၊ ခုနှစ်တွေ၊ နံပါတ်တွေနဲ့ ပတ်သက်ရင်တော့ ကျွန်မ ဦးနှောက်ဟာ တော်တော်လေး မှတ်ဥာဏ်နည်းပြီး သီခြား အားထုတ်ပြီး မမှတ်ထားရင် ဘာမှမမှတ်မိတတ်ဘူး။ အလားတူပဲ မွေးနေ့နဲ့ ပတ်သက်ပြီး အခုထိ ကျွန်မ ကောင်းကောင်း မှတ်မိပြီး အမှတ်တရ ဖြစ်နေတဲ့ မွေးနေ့ဆိုလို့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ သားမွေးနေ့ ဒီသုံးယောက်ရဲ့ မွေးနေ့ပဲ ရှိပါတယ်။ ကျွန်မ ကြီးပြင်းတဲ့ ပတ်ဝန်းကျင်က လူတွေဟာ နောက်လ ဘယ်နေ့ကျရင်တော့ ဘယ်သူဆုံးတာ ဘယ်နှစ်နှစ်ပြည့်ပြီဆိုတာမျိုး ပြောပြီး သက်ရှိထင်ရှား ရှိနေတဲ့သူတွေရဲ့ မွေးနေ့ထက် မရှိတော့တဲ့သူတွေရဲ့ သေဆုံးတဲ့နေ့ကိုပဲ မှတ်မိနေတတ်ပါတယ်။ ဒါကြောင့်မို့ သေဆုံးသူအတွက် ဘယ်နှစ်နှစ်ပတ်လည် ပရိတ်တရားနာဆွမ်းကျွေး အထိမ်းအမှတ်ဆိုတာသာ မကြာခဏ ရှိတတ်ပြီး မွေးနေ့မင်္ဂလာ အထိမ်းအမှတ်ဆိုတာကတော့ ကျွန်မ ငယ်ငယ်က ကြီးပြင်းတဲ့ ပတ်ဝန်းကျင်မှာ မရှိသလောက်ကို ရှားပါတယ်။

ကျွန်မတို့ နယ်မှာ မင်္ဂလာတွေနဲ့ ပတ်သက်ရင်လည်း ကိုယ်ဝန်ဆောင်တွေက မွေးရက်နီးရင် ကျင်းပတဲ့ ခေါင်းဆေးမင်္ဂလာ၊ ကလေးမွေးပြီး ကလေးကင်မွန်းတပ်မင်္ဂလာ၊ အိမ်တက်မင်္ဂလာ၊ ရှင်ပြုမင်္ဂလာ၊ ထိမ်းမြားမင်္ဂလာ စသည်ဖြင့် အထိမ်းအမှတ် မင်္ဂလာတွေ ပေါများသလောက် မွေးနေ့မင်္ဂလာ အထိမ်းအမှတ်ဆိုပြီး တကူးတက ကျင်းပတာကိုတော့ ကျွန်မ သိရသလောက် ထွက်လာတဲ့အချိန် ၁၉၈၈ အထိ တခါမှ မကြုံဖူး မကြားဖူးတာတော့ အမှန်ပဲ။ အခုနောက်ပိုင်းတော့ တချို့တွေ ကျင်းပတယ်လို့ ကြားသိရပါတယ်။ မွေးနေ့ကို အလေးမထားတဲ့ အလေ့အထက ကျွန်မမှာ အခုထိ ကိန်းအောင်းနေပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်အထိ ကိုယ့်မွေးနေ့ကိုယ်တောင် အမှတ်တမဲ့နဲ့ ဖြတ်သွားတဲ့နှစ်တွေက ပိုများပါတယ်။ သူ့မွေးနေ့က ဒီဇင်ဘာမှာဆိုတာ ကျွန်မသိပေမဲ့ ဘယ်နေ့ဆိုတာကို တိတိကျကျ တခါမှ မမှတ်ထားလို့ နှစ်တိုင်း ပြန်ပြန်မေးရပါတယ်။ အခုတော့ သူ့မွေးနေ့ကို နောက်နှစ်တွေကျရင် မေးစရာလည်းမလို၊ အမှတ်တမဲ့ ဖြတ်သွားတာမျိုးလည်း မဖြစ်အောင် ဒီနေ့ကစပြီး ဘယ်တော့မှ မမေ့အောင် မှတ်ထားလိုက်တော့မယ်။

လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်ခန့်က သူ့မွေးနေ့တနေ့က အဖြစ်အပျက်တခုကို ကျွန်မ မှတ်မိနေပါတယ်။ အဲဒီနေ့က ကျွန်မက သူ့မွေးနေ့မှန်းလည်း မသိခဲ့တော့ အမှတ်တမဲ့ပဲ နေခဲ့ပါတယ်။ အဲဒီညက ကျွန်မက သားကို သိပ်ပြီးအိမ်ခန်းထဲကနေ အပြင်ထွက်လာတော့ ဧည့်ခန်းထဲမှာ သူ့ကို တယောက်တည်း ဘီယာထိုင် သောက်နေတာကို တွေ့တယ်။ အရက်သေစာကို လုံးဝအနံ့မခံနိုင်တဲ့ ကျွန်မက သူသောက်တိုင်း အမြဲတမ်း အပြစ်တင်တတ်ပြီး အဲဒီနေ့ကလည်း ချည်စုပ်စုပ်အနံ့ကို မခံနိုင်လို့ နှာခေါင်းရှုံ့ပြီး အပြစ်တင်ဖို့ စဉ်းစားနေတုန်းပဲ ရှိသေးတယ် သူက ဒီနေ့ သူ့မွေးနေ့ဆိုတာ ပြောပြလိုက်လို့ သူ့မွေးနေ့မှန်း သိခဲ့ရတယ်။ အဲဒီနေ့က တနေ့တည်းမှာပဲ ဆေးရုံက ကျွန်မလုပ်တဲ့ Ward မှာ Staff တယောက်ရဲ့ မွေးနေ့ဖြစ်ပြီး ကျွန်မတို့ တခြား Staff တွေက မွေးနေ့ရှင်မသိအောင် ပိုက်ဆံ အနည်းငယ်စီ ၀ိုင်းထည့်ပြီး လက်ဆောင်ပစ္စည်းနဲ့ ကိတ်မုန့်ကို ၀ယ်ကာ မွေးနေ့ရှင်ကို ရုတ်တရက် လက်ဆောင်သွားပေးပြီး Happy Birthday to you လို့ ၀ိုင်းဆိုပြီး ဆုတောင်းပေးကြတယ်။ ဒီတော့ မွေးနေ့ရှင်က အံ့သြ၀မ်းသာပြီး ကျေးဇူးတင်စကားဆိုတယ်၊ လက်ဆောင်ထုပ်ကို ဘာများပါလိမ့်ဆိုတာ သိလိုဇောနဲ့ မွေးနေ့ရှင်က ဖြည်ကြည့်နေတာကို ကြည့်ပြီး အားလုံးက ပျော်နေကြတယ်။ မွေးနေ့ရှင်လည်း တော်တော်ပျော်ခဲ့ပါတယ်။

အလုပ်က လုပ်ဖေါ်ကိုင်ဖက်တယောက်ရဲ့ မွေးနေ့အတွက် ဒီလိုပျော်အောင် လုပ်ပေးရာမှာ ပါခဲ့ပေမဲ့ အိမ်က ခင်ပွန်းရဲ့ မွေးနေ့ကိုတော့ သိတောင် မသိလိုက်လေခြင်းဆိုပြီး ကျွန်မ အဲဒီအချိန်က သူ့အတွက် တကယ်ပဲ စိတ်မကောင်း ဖြစ်သွားတယ်။ ဒါကြောင့် အဲဒီနေ့က သူသောက်တာနဲ့ ပတ်သက်ပြီး ကျွန်မ ဘာမှအပြစ်မတင်တော့ဘဲ စောစောက ပြောတာမဟုတ်ဘူး ပြောရင် တခုခုလုပ်ပေးတာပေါ့လို့ပဲ ပြောဖြစ်ခဲ့တယ်။ ဒီအပြောတခုနဲ့ ဘီယာသောက်တာကို ဆက်လက်အပြစ်မတင်တာကပဲ အဲဒီနှစ်က ကျွန်မရဲ့ သူ့အတွက် မွေးနေ့လက်ဆောင် ဖြစ်သွားခဲ့ပါတယ်။ အမှန်က သူပြောနေစရာ မလိုဘဲနဲ့ ကျွန်မ သိသင့်တာပေါ့။ အဲဒီနောက်ပိုင်းတော့ ဒီဇင်ဘာလထဲရောက်လာရင် မွေးနေ့ဘယ်နေ့လဲဆိုတာ အမြဲမေးပြီး အိမ်မှာ တခုခု လုပ်စား၊ ဘုရားရှိခိုးဆုတောင်းပေးတယ်၊ မြန်မာပြည် (သို့) လိုအပ်နေတဲ့နေရာ တခုခုမှာ ကုသိုလ်အဖြစ်လှူပေးတာမျိုး လုပ်ပေးလေ့ ရှိပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေကို ဖိတ်ပြီး မွေးနေ့ပါတီတော့ တခါမှ မလုပ်ပေးဖြစ်ဘူး အကြောင်းကတော့ ဒီနိုင်ငံမှာ မွေးနေ့ဆိုရင် အရက်သေစာတွေက အမြဲတမ်းဒွန်တွဲပြီး ပါလာစမြဲမို့ မွေးနေ့ မင်္ဂလာအချိန်အခါမှာ ကုသိုလ်ထက် အကုသိုလ် ပိုများနေတာကို အားမပေးချင်လို့ပါ။ ပြီးခဲ့တဲ့နှစ် သူ့မွေးနေ့ဟာ ကားတိုက်မှုတခုကို ဖြစ်ခဲ့ပြီး တကယ်ပဲ အမင်္ဂလာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုဒီနှစ်မွေးနေ့ကတော့ အကုသိုလ်အပေါင်း အမင်္ဂလာအပေါင်းကို အဆုံးသတ်တဲ့နေ့ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

မွေးနေ့ဆိုတာ လူတယောက်ရဲ့ တသက်မှာ တနေ့တည်းသာ ရှိတဲ့အတွက် အမှတ်တမဲ့ ဖြတ်သွားတာမျိုး အလေးအနက်မထားတာမျိုး မဖြစ်သင့်သလို မင်္ဂလာရှိတဲ့ နေ့ရက်ကို အကုသိုလ် ဖြစ်စေတဲ့ အရက်သေစာတွေနဲ့ မဖြတ်သန်းသင့်တာလည်း အမှန်ပဲ။ ဒီနှစ် မွေးနေ့ကစပြီး မင်္ဂလာရှိသော မွေးနေ့ဖြစ်ပြီး ဘ၀မှာ ရင်ဆိုင်လာရတဲ့ အခက်အခဲနဲ့ လောကဓံတရား မှန်သမျှကို ခံနိုင်ရည်ရှိပြီး အလိုရှိအပ်တောင်းတပ်အပ် ရည်မှန်းအပ်သော ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝအောင်မြင်ပြီး မကောင်းမှုတွေကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးနဲ့ ရှောင်နိုင်ပါစေ။ မွေးနေ့အနှစ်တရာတိုင်အောင် ကျန်းမာ၊ ချမ်းသာ အကုသိုလ်ကင်းစွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ မာကြာခင် မိနှစ်ပိုင်းအတွင်း ကျရောက်လာမည့် မွေးနေ့ရှင်အတွက် ဆုတောင်းပေးလိုက်ပါတယ်။

မွေးနေ့မင်္ဂလာ အနှစ်တရာ တိုင်စေသော်

ချစ်ခြင်းမေတ္တာနှင့် အကြင်နာတရား ပြည့်ဝစွာဖြင့်

ဗောဇ္ဈင်္ဂသုတ်



ဗောဇ္ဈင်္ဂသုတ် ရွတ်ဖတ်ရခြင်းအကျိုး

ဗောဇ္ဈင်သုတ်ကို ရွတ်ဖတ်ခြင်းဖြင့် "လူမမာများကို ရောဂါသက်သာစေသည်၊ ပျောက်ကင်းစေနိုင်သည်၊ ဆေးရုံများတွင် အထူး ရွတ်ဖတ်သင့်သည်၊ ပင်ရင်း ဗောဇ္ဈင်သုတ် သုံးသုတ်ကိုတွဲ၍ ရွတ်ဖတ်လျှင် ပိုကောင်းသည်" လို့ သာသနာရေး ဦးစည်းဌာနက ထုတ်ဝေတဲ့ ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်ထဲမှာ ရေးထားတာကို တွေ့ရပါတယ်။ ပရိတ်စာသားထဲက အနက်အဓိပ္ပါယ်ထဲမှာလည်း အရှင်မဟာမောဂ္ဂလာန်နဲ့ အရှင်မဟာကဿပတို့ နေမကောင်း ဖြစ်ကြတော့ မြတ်စွာဘုရားက ဗောဇ္ဈင်ခုနှစ်ပါးတရားကို ဟောပေးပြီးသက်သာရာ ရရှိသလို မြတ်စွာဘုရားကိုယ်တော်တိုင် နေမကောင်းဖြစ်တဲ့ အခါမှာလည်း စုန္ဒရဟန်းတော်ကို ဗောဇ္ဈင်္ဂသုတ်ကို ဟောကြားစေပြီး သက်သာရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့်မို့ သရဏာဂုံ သုံးပါးနဲ့ ငါးပါးသီလကို ဆောက်တည်ပြီး အကုသိုလ်ကင်းစင်နေချိန်မှာ ဗောဇ္ဈင်သုတ်ကို ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်ပါက ဝေဒနာခံစားနေရသူ တကယ်သက်သာ ပျောက်ကင်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒီပို့စ်ကို နာမကျန်းဖြစ်နေပြီး ကုနေလည်း ဘာမှထူးလာမှာ မဟုတ်ဘူးလို့ ယူဆပြီး ဆေးရုံဆေးခန်းသွားဖို့ ငြင်းဆန်နေတဲ့ အဖေအတွက် ဆုတောင်းပေးရင်းနဲ့ တခြားသူတွေအတွက်လည်း အသုံးတည့်ရင် အသုံးပြုလို့ ရအောင် တင်ဖြစ်ပါတယ်။ ဗောဇ္ဈင်သုတ်ကို လက်တွေ့မရွတ်ဖူး အခုမှ စရွတ်ရမှာ ဖြစ်ပေမဲ့ လွန်ခဲ့တဲ့နှစ် ၁၆- ၂၀ ခန့်ကတော့ ကလေးမွေးဖို့ ဗိုက်နာနေတဲ့ ကိုယ်ဝန်သည်တွေအတွက် ကျွန်မက အင်ဂုလိမာလ သုတ်ကိုရွတ်ပေးခဲ့ဖူးတုန်းကတော့ တကယ်ကို အခက်အခဲမရှိ မွေးခဲ့ရတဲ့ မိခင်တွေကို ကြုံတွေ့ဖူးသလို ကိုယ်တိုင်မွေးပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ သွေးမတော်သားမစပ် သူတွေအတွက် ရွတ်ခဲ့တုန်းကတောင် ပရိတ်ကြီး ၁၁ သုတ်ထဲက တခုဖြစ်တဲ့ အင်ဂုလိမာလသုတ်တော်ရဲ့အစွမ်းက ထက်ခဲ့ရင် အခုလည်း ပရိတ်ကြီး ၁၁ သုတ်ထဲက တခုအပါအ၀င် ဖြစ်တဲ့ ဗေဇ္ဈင်္ဂသုတ်ကို ဖခင်အရင်းအတွက် ရွတ်တယ်ဆိုရင် သံသယ၀င်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် ဒီသုတ်တော်ရဲ့ တန်ခိုးအာနိသင်ကြောင့် အဖေနေကောင်းလာပါစေလို့ ဆေးရုံဆေးခန်းမှာ ပြန်ပြနိုင်ပြီး အဆင်ပြေလာပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ဘယ်သူမဆို မိမိတို့ မိဘဆွေမျိုး၊ မိတ်ဆွေထဲက နေမကောင်းသူတွေအတွက် ဆုတောင်းမေတ္တာ ပို့သပေးလိုသူများလည်း အသုံးပြုနိုင်ပါတယ်။ ဘုရားလက်ထက်က တကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ဆိုတော့ အမှန်တရားဟာ သစ္စာစကား ဖြစ်လို့ အမှန်ကို ရွတ်ဖတ်သူတွေအတွက် မှန်ကန်တဲ့ အကျိုးရလဒ်ကို ခံစားရမယ်လို့ ယုံကြည်ပါတယ်။

အဖေ ကျန်းမာပါစေ။


ဗောဇ္ဈင်သုတ် ပါဋ္ဌိနှင့် မြန်မာပြန် အဓိပ္ပါယ်

၁။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ ၀ိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာမဒ္ဒနေ။

၁။ မြန်မာပြန် အဓိပ္ပါယ်- ဗေဇ္ဈင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစေနိုင်၏။ ထကြွ သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။

၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘ၀ါ မုတ္တကုတ္တမာ။
အဇာတိ မဇရာဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

၂။ မြန်မာပြန် အဓိပ္ပါယ်- သတ္တ၀ါတို့သည် ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌသိမြင်ကြပါလျှင် ဘ၀သုံးပါးမှ ကျွတ်လွှတ်ကြကုန်၏။ မြတ်ရာသို့လည်း ရောက်ကုန်၏။ ပဋိသန္ဓေ္ဓနေရသည့်ဘေး၊ အိုရသည့်ဘေး၊ နာရသည့်ဘေး၊ သေရသည့်ဘေးတို့ကင်းသော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။

၃။ ဧ၀မာဒိ ဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
သြသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။

၃။ မြန်မာပြန် အဓိပ္ပါယ်- ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးနှင့်သာမက တခြားသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဈင်သုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။

၎။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ၀ိစယော တထာ။
ဝိရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ' ပရေ။

၅။ သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ' တေ သဗ္ဗဒဿိနာ။
မုနိနာ သမ္မဒက္ခာတာ၊ ဘာဝတာ ဗဟုလီကတာ။

၎-၅။ မြန်မာပြန် အဓိပ္ပါယ်- ဗောဓိဥာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မ၀ိစယ)၊ ၀ိရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဗောဇ္ဈင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖေါ်ပြောကြားပေ၏၊ ထိုဗောဇ္ဈင်ခုနှစ်ပါးတို့ကို ပွားများအပ်ကုန်၏၊ ထပ်၍ထပ်၍ ပွားများအပ်ကုန်၏။

၆။ သံပတ္တန္တိ အဘိညာယ၊ နိဗ္ဗ္ဗာနာယ စ ဗောဓိယာ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၆။ မြန်မာပြန် အဓိပ္ပါယ်- ဤဗောဇ္ဈင်ခုနှစ်ပါး တရားမြတ်ကို ပွားများသည်ရှိသော် တရားထူး တရားမြတ်တို့ကိုလည်း တိုးတက်သိစေနိုင်သည့် အကျိုးရှိ၏၊ ကိလေသာ ငြိမ်းအေးခြင်း အကျိုးလည်း ရှိ၏။ ဤသို့မှန်သောစကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။


၇။ ဧကသိံ္မ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။

၇။ မြန်မာပြန် အဓိပ္ပါယ်- အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပမထေရ် နှစ်ပါးအား ဗေဇ္ဈင်ခုနှစ်ပါး တရားမြတ်စွာကို ဟောကြားတော်မူခဲ့၏။

၈။ တေ စ တံအဘိနန္ဒိတွာ၊ ရောဂါ မုဒိံ္စသု တင်္ခဏေ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၈။ မြန်မာပြန် အဓိပ္ပါယ်- ထိုမထေရ် နှစ်ပါးသည် ဗောဇ္ဈင်တရားတော်ကို လွန်စွာ နှစ်သက်ကြသည့်အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ရလေသည်။ ဤသို့ မှန်ကန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၉။ ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ' ဘိပီဠိတော။
စုန္ဒတ္ထေရေန တံယေ၀၊ ဘဏာပေတွာန သာဒရံ။

၉။ မြန်မာပြန် အဓိပ္ပါယ်- အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏၊ ထိုအခါ စုန္ဒမထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဈင်တရား ဟောစေပြီး မြတ်စွာဘုရား တရားနာတော်မူသည်။

၁၀။ သမ္မောဒိတွာန အာဗာဓာ၊ တမှာ ၀ုဋ္ဌာသိ ဌာနသော။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိတေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၁၀။ မြန်မာပြန် အဓိပ္ပါယ်- ဗောဇ္ဈင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာပျောက်ကင်းလေသည်။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။

၁၁။ ပဟိနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ' နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၁၁။ မြန်မာပြန် အဓိပ္ပါယ်- မဟာကဿပထေရ်၊ မာမောဂ္ဂလာန်ထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ်မဖြစ်နိုင်ကြတော့ပေ။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။

(သာသနာရေး ဦးစီးဌာနက ထုတ်ဝေတဲ့ ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်ထဲမှ ပါဠိသက်သက် မြန်မာပြန်သက်သက် သီးခြားစီ ရေးထားတာကို အဓိပ္ပါယ်နဲ့ တွဲပြီး မှတ်မိနေအောင် နံပါတ်အလိုက် ပြန်စီထားပါတယ်။ ကွင်းထဲမှာ ရေးထားတဲ့ (မေ/ပီတ - ကျွန်ုပ်အား/ဖခင်အား) တွေက မူရင်းစာအုပ်ထဲမှာ ပါတာမဟုတ်ဘဲ မိမိကိုယ်တိုင်အတွက် ရွတ်ဆိုချင်သူများအတွက်နှင့် ကျွန်မလို အဖေအတွက် ရွတ်ဆိုချင်သူများအတွက် ထည့်ထားပေးပါတယ်။ အမေအတွက်ဆိုရင်တော့ တေ၊ မေ၊ ပီတ နေရာမှာ မာတာကို အစားထိုးရမှာ ဖြစ်တယ်။)


ပျောက်ဆုံးနေသော မောင်လေးတယောက်

ဇွန်လဟာ မြန်မာပြည်မှာ ကျောင်းဖွင့်တဲ့ လရာသီမို့ ဇွန်လရောက်တိုင်း မိတ်ဆွေ အသစ်တွေ ရတတ်ပြီး ကျွန်မအတွက် အမှတ်ရစရာတွေ အမြဲရတတ်တဲ့ လဖြစ်လည်း ဖြစ်သလို ဇွန်လမှာ ကျွန်မအတွက် ပြောမကုန်တဲ့ အကြောင်းအရာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ အခုပြောမှာက အိမ်က ထွက်ခွါသွားကတည်းက မိဘ၊ ဆွေမျိုး၊ ညီအစ်ကို မောင်နှမတွေကို တခါမှ အဆက်အသွယ်မလုပ်ခဲ့သူ ကျွန်မထက် ကိုးနှစ်တိတိငယ်တဲ့ ဇွန်လဖွား ကျွန်မ မောင်လေးတယောက် အကြောင်းပါ။

ဘယ်ရောက်လို့ ရောက်မှန်းမသိ ကျွန်မမှာ သူ့အကြောင်း တွေးမိတိုင်း သူ့အတွက် စိုးရိမ်ရတဲ့ ဒုက္ခက တကယ်ကို မသေးလှပါဘူး။ အမေအဖေတွေတောင်မှ သူ့အတွက် ကျွန်မလောက် စိုးရိမ်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ အစပိုင်းမှာတော့ သူကိုယ်တိုင် အိမ်ကို အဆက်အသွယ် မလုပ်ပေမဲ့ သူရောက်ခဲ့တဲ့နေရာ၊ သူသွာခဲ့တဲ့နေရာတွေမှာ သူနဲ့တွေ့တဲ့ သူတွေဆီကတဆင့် သူ့အကြောင်းကို ခြေရာခံလို့ ရနိုင်ခဲ့ပေမဲ့ အခုတော့ ခြေရာခံလို့မရတာ ကြာလေ၊ ကျွန်မရဲ့ စိုးရိမ်မှု ရေချိန်ကလည်းပိုလေ ဖြစ်လာပါတယ်။ အိမ်ကို စာမလာ သတင်းမကြား လုပ်ထားတာ အိမ်ကလူတွေ သူ့အတွက် ဘယ်လောက် စိုးရိမ်နေတယ်ဆိုတာများ မတွေးမိလို့လား မဆက်သွယ်နိုင်တဲ့ ဘ၀ဆီကိုများ ရောက်သွားပြီလားဆိုတာ ကျွန်မ တကယ်ပဲ တွေးပြီး စိုးရိမ်မိတယ်။

ကျွန်မမောင်လေးဟာ ငယ်ငယ်ကတည်းက ကျွန်မ လက်ပေါ်မှာပဲ ကြီးခဲ့ပါတယ်။ သူ့ကိုမွေးပြီး အမေက နောက်ထပ်မောင်လေးတဦးကို သူနှစ်နှစ်မပြည့်ခင်မှာ ထပ်မွေးတော့ သူ့ကို ကျွန်မကပဲ အဓိကထိန်းကျောင်းရပါတယ်။ မောင်လေးက ငယ်ငယ်က တော်တော်အးဆေးပြီး သိပ်လိမ္မာတယ်။ ကျွန်မတို့အိမ်ဘေးက စင်္ကြာပန်းပင်အခွပေါ်မှာ သံပုံးက သံပြားတပြားခင်းပြီး အဲဒီအပေါ်မှာ အရုပ်တခုပေးပြီး ထိုင်ခိုင်းထားရင် တနေကုန် ငြိမ်ပြီးကစားပါတယ်။ ကျွန်မသူငယ်ချင်းမှာက ညီမလေးတယောက်ရှိပြီး သူ့ညီမကတော့ ကျွန်မမောင်လေးလို ငြိမ်ငြိမ်မနေတတ်ဘူး၊ ငိုလည်း ငိုပြဲတော့ သူကကျွန်မထက် ခလေးထိန်းရ ပိုပင်ပန်းတယ်။ မောင်လေး ညီမလေးတွေ ကောင်းကြောင်း ပြောကြရင် သူ့ညီမလေးနဲ့ ပတ်သက်ပြီး ကျွန်မကို သူကြွားပြောလို့မရဘူး။ တခြား မောင်လေး ညီမလေးတွေ မရှိတဲ့ သူငယ်ချင်းတွေက မရှိတဲ့ မောင်လေး ညီမလေးတွေအကြောင်းကို ဘယ်လို လိမ္မာကြောင်း လုပ်ကြံ ကြွားပြောတတ်ကြပါတယ်။

ကျွန်မကလည်း ကျွန်မမောင်လေး အကြောင်းကို ဘယ်လိုလိမ္မာကြောင်း ကြီးလာရင် စစ်ဗိုလ်ကြီး ဖြစ်မည့်မောင်လေး ဖြစ်ကြောင်း ဟုတ်တာရော မဟုတ်တာပါ အကုန် သူငယ်ချင်းတွေ ကြားမှာ ကြွားပြောတတ်ပါတယ်။ မောင်လေး စကားသင်စ စကားမပီကလာ ပီကလာ ပြောတတ်တဲ့ အရွယ်ကစပြီး ကြီးလာရင် ဘာလုပ်မလဲမေးရင် စစ်ဗိုလ်ကြီး လုပ်မယ်လို့ ဖြေရမယ်လို့ပဲ ကျွန်မက သင်ပေးထားပါတယ်။ ဒါကြောင့် ကျွန်မမေးရင် စစ်ဗိုလ်ကြီး လုပ်မယ် ဆိုတဲ့အဖြေက သူ့အတွက် ပုံသေနည်းလို ဖြစ်နေတယ်။ ကျွန်မ မေးရင်သာ ဒီလို ဖြေပေမဲ့ သူက တခြားသူတွေ မေးရင် လေးခွနဲ့ ငှက်ပစ်မယ်တို့ သစ်ပင်ပေါ်တက်မယ်တို့လို ပေါက်ကရတွေကို ဖြေတတ်ပါတယ်။ ဒါဆိုရင် ကျွန်မက ဘာပြောတယ် ပြန်ပြောစမ်း ကြီးလာရင် ဘာလုပ်မလဲ ဆိုပြီး အသံမာမာနဲ့ လှမ်းမေးရင် “စစ်ဗိုလ်ကြီးလုပ်မယ်” လို့ ချက်ချင်း ပြန်ဖြေတတ်တယ်။ ဒီလိုနဲ့ မောင်လေးကို ချီရင်းပိုးရင်း ကျွန်မလည်း အပျိုဖေါ်ဝင်စအရွယ် ရောက်လာပြန်တော့ ကျွန်မဘယ်ပဲသွားသွား အမေက သူ့ကိုပဲ အဖေါ်ထည့်ပေးတော့ ကျွန်မအဖေါ်အဖြစ် ကျွန်မဘယ်သွားသွား အနောက်က တကောက်ကောက် ပါနေသူ ဖြစ်လာတယ်။

မောင်နှမတွေအထဲမှာ ဒီမောင်လေးကို ကျွန်မက အကြာဆုံး ထိန်းရတယ် ဆိုတော့ သူ့ကို မောင်နှမတွေအထဲမှာ သံယောဇဉ် အရှိဆုံး အချစ်ဆုံးလို့ ပြောလို့ရပါတယ်။ ဒီလိုနဲ့ ၈၈ အရေးတော်ပုံကြီး ဖြစ်ပြီး ကျွန်မတို့တွေ တောတွင်းရောက်တော့ လူမမယ် အရွယ်လေးတွေ အဖြစ်နဲ့ပဲ ကျန်ခဲ့ပါတယ်။ သူ့ကို ကျွန်မ ပြန်တွေ့တဲ့အချိန်ဆို ကျွန်မတို့ ABSDF တပ်တွေ ရှေ့တန်းဒေသတွေမှာ လှုပ်ရှားနေချိန် ကရင်ရွာတရွာမှာ သူနဲ့အမေ ကျွန်မကို လာတွေ့တော့ လူပျိုပေါက်လေး ဖြစ်နေပြီ။ အမေက သူ့ကို ကျောင်းနေချင်စိတ်မရှိလို့ ကျွန်မတို့ထွက်လာပြီး မကြာခင်ပဲ ကျောင်းထွက်ခိုင်းလိုက်တယ်တဲ့။ ကျွန်မသူ့ကိုစတွေ့တော့ ဆေးပေါ့လိပ်လေးတလိပ် လက်ကြားညှပ်ပြီးတော့ ကျွန်မမှာ ကိုယ့်မျက်စိကိုတောင် ကိုယ်မယုံ ဖြစ်ခဲ့ရတယ်။ သူ့ကိုတွေ့လို့ ၀မ်းသာရမည့်အစား “ဘုရားဘုရား သားငယ် နင့်အရွယ် ဆေးလိပ်သောက်တဲ့အရွယ်လား” ဆိုပြီး မြင်မြင်ချင်းပဲ ကျွန်မ သူ့ကို ဂရုဏာသက်စွာနဲ့ ကြည့်ပြီးမေးမိတယ်။ သူကတော့ ဘာမှ ခံစားရပုံမပေါ်ဘဲ “မငယ်ကလည်း ဆေးလိပ်သောက်တာများ အဆန်းလုပ်လို့” ဆိုပြီး အချိုးမပြေတဲ့ မျက်နှာနဲ့ ကြည့်ပြီး ကျွန်မကို ပြောနေလို့ ကျွန်မက အမေဘာမှ မဆုံးမဘူးလားဆိုတဲ့ သဘောနဲ့ အမေကို ကြည့်လိုက်ပြန်တော့ အမေကလည်း “နင်ပဲ နင့်မောင်ကို ကလေးလိုမြင်နေတာ ရည်းစားက ဘယ်နှစ်ယောက် ရနေပြီလဲလို့ မေးကြည့်လိုက်ဦး” တဲ့။

ကျွန်မကလည်း “သားငယ်ရေ နင့်အရွယ် ရည်းစားထားတဲ့ အရွယ်လည်း မဟုတ်သေးပါဘူး အရွယ်ရောက်လာလို့ ထားရင်လည်း တယောက်ဆိုတယောက် သတ်သတ်မှတ်မှတ်ပဲ ထားပါနော့် မောင်လေး” လို့ ကျွန်မကိုငယ် လူပျိုတုန်းကလို ရည်စားများတာကို အတုခိုးမှာစိုးလို့ ပြောလိုက်တော့မှ ကိုငယ်ထက်တောင် ပိုဆိုးနေသေးတာ တွေ့ရတယ်။ သူက “အလကားပါ မငယ်ကလည်း အမေပြောတာ ယုံနေပြန်ပြီ၊ ကျွန်တော်နဲ့ ဘာမှ ဆိုင်တာမဟုတ်ဘူး သူတို့က ခင်လို့ ပြန်ခင်တဲ့ မိတ်ဆွေတွေပါ” တဲ့။ ကျွန်မက "ခင်တာပဲဖြစ်ဖြစ် ရည်းစားပဲ ဖြစ်ဖြစ် မိန်းကလေးတွေနဲ့ တရုန်းရုန်းနဲ့ ရှုပ်ရှုပ်ယှက်ယှက် လုပ်နေတာ မကောင်းဘူး မိန်းကလေးတွေကို ဟိုလိုလို ဒီလိုလိုလည်း လိုက်မလုပ်ရဘူး ရည်းစားစားရင်လည်း အတည်တကျ တယောက်ဆိုတယောက်ပဲ ထားရတယ်" လို့ ကျွန်မက ပြောလိုက်တော့ "မဟုတ်ဘူးဆိုမှပဲ ထင်ချင်သလိုထင်ပါဗျာ" လို့ ဆောင့်ကြီးအောင့်ကြီး ပြန်ပြောပြီး စိတ်ကောက်လို့ ကျွန်မမှာ အသဲအသန် ပြန်ချော့ပြီး စကားစဖြတ်လိုက်ရတယ်။ အမေကလည်း သူ့သား ငယ်ငယ်လေးနဲ့ ရည်းစားထားတာကို ဂုဏ်ယူတဲ့ လေသံနဲ့ ပြောနေတော့ ကျွန်မသဘောမတွေ့ ဖြစ်ရတယ်။ ကျွန်မတို့တောဘက်မှာ ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် ၁၀ ကျော်အသက်မှာ ကျောင်းထွက်လိုက်ပြီဆိုတာနဲ့ ဘာပွဲပဲလုပ်လုပ် ရွာက ကာလသမီး ကာလသားစရင်းထဲ အလိုလို ၀င်ပြီးသား ဖြစ်သွားပြီး အဖိတ်ခံရပြီ။ ဒါနဲ့ပဲ လူပျိုတွေ၊ အပျိုတွေလို နေလိုက်ကြပြီး မိဘတွေကလည်း ဆေးလိပ်သောက်တာလောက် မိန်းကလေးပိုးတာတို့လောက်ကို ကျောင်းသားမှမဟုတ်တော့တာ စာဘက်အာရုံမရောက်မှာ စိုးရိမ်စရာ အလိုတော့ဘူးဆိုပြီး ဘာမှမပြောပဲ နေလိုက်တာ သဘာဝပါပဲ။

နောက်တော့ သူရည်းစားထားလို့ ကျွန်မ လက်ချာရိုက်နေတာလည်း စကားစပြတ်ပြီးတာနဲ့ သူက ကျွန်မတို့ တပ်တွေကို အမျိုးမျိုး လိုက်သရော်ပြီး ကျွန်မကို လိုက်စနေတယ်။ “မငယ်တို့ တပ်တွေက လူကတယောက်နဲ့ တပိုင်း စစ်တပ်က မလိုက်လို့ တော်သေးတာပေါ့ လိုက်များလိုက်ရင် ၆၀ မမ တလုံးစာတောင်မရှိဘူး။ မငယ်တို့က နိုင်မှာလည်း မဟုတ်ဘဲနဲ့ လုပ်နေလို့ဘာမှ မထူးပါဘူး။ အိမ်ပြန်လိုက်မလား” နဲ့ မေးနေလို့ “သားငယ် နင့်ပါးစပ်ပိတ်ထားစမ်း” လို့ပဲကျွန်မ ပြောလိုက်တယ်။ အမေကလည်း တခြားကျွန်မတို့ ရဲဘော်တွေ ကြားရင် ကျွန်မ မျက်နှာပူမှာစိုးလို့ သားငယ် ဘာတွေလျှောက်ပြောနေလဲ လို့ သတိပေးလိုက်လို့ တပ်အကြောင်းကိုတော့ ဆက်မပြောတော့ဘူး။ ဒါပေမဲ့ ကျွန်မကိုတော့ အမျိုးမျိုး လိုက်စနေသေးတယ်။ "ခုလိုချိန် စစ်တပ် လိုက်ရင် ယောက်ျားလေးတွေကတော့ ထားလိုက်တော့ မငယ်တို့ မိန်းကလေးတွေ ဘယ်လိုပြေးမလဲ ပြေးနိုင်ပါ့မလား။ မငယ် သေနတ်က ဘယ်မှာလဲ ကျွန်တော့်ကို တချက်ပြကြည့် ကျွန်တော်ကြည့်ချင်လို့" နဲ့ အမျိုးမျိုး လိုက်စနေလို့ “ငါကသေနတ်မလွယ်ဘူး ဆေးအိတ်ပဲ လွယ်တယ်၊ ငါတို့တပ်တွေက ရွာထဲမှာ ရှိနေစဉ် စစ်တပ်က လိုက်လာမှ ရွာနာမှာစိုးလို့ ရှောင်ပေးတာမျိုး ရှိပေမဲ့ ရွာပြင်ရောက်ရင် ငါတို့က ပြေးသမားမဟုတ်ဘူး လိုက်သမားသာ ဖြစ်တယ်။ ငါတို့တပ်တွေကလည်း နင်မြင်အောင် ပြနေရမလား ကင်းပုန်းဝပ်နေတာ တပုံကြီးရှိတယ်” လို့ ပြောလိုက်တယ်။

အမှန်တိုင်း ပြောရရင် အဲဒီတုန်းက ကျွန်မ သူနဲ့ တွေ့ရတာ သူ့ပုံကြည့်ပြီး သိပ်မပျော်ဘူး။ သူ့ရဲ့ ငယ်ငယ်ကပုံလေးကိုပဲ ကျွန်မ လွမ်းနေမိတယ်။ တခုတော့ ရှိတယ် သူ့ရဲ့ နေပုံထိုင်ပုံ ပြောပုံဆိုပုံတွေကို သဘောမကျပေမဲ့ ငယ်ငယ်တုန်းက သူ့ကိုကျွန်မ ဖြစ်စေချင်ခဲ့သလို ကြီးလာရင် စစ်ဗိုလ်တယောက် ဖြစ်ဖို့ ရည်ရွယ်ချက် ရှိနေတာနဲ့ စာရင် အခုချိန်မှာ ဒီလိုတွေ့ရတာကမှ တော်သေးတယ်၊ ကျွန်မကို ဘယ်လိုပဲ လိုက်ခနဲ့နေပါစေ သူစစ်သား ဖြစ်ချင်စိတ်မရှိတာကိုပဲ ကျေးဇူးတင်လှပြီလို့ အဲဒီတုန်းက ကျွန်မ တွေးနေခဲ့တာတော့ အမှန်ပဲ။ မောင်လေးကို ကျွန်မ နောက်ထပ် တခါမှ ထပ်မတွေ့ရတော့ဘူး။ 

 ကျွန်မတို့ တောထဲကထွက်လို့ ဘန်ကောက်ရောက်ပြီး UNHCR က အသိအမှတ်ပြုလို့ တတိယနိုင်ငံကို ထွက်ခွာဖို့ လျှောက်ထားဆဲ ကာလမှာတော့ အိမ်ကစာတစောင်လာတယ် မောင်လေးက ကျွန်မဆီကိုပဲ သွားတော့မယ်ဆိုပြီး အိမ်ကထွက်သွားတယ်တဲ့။ အမေဆီကတဆဆင့် သူ့သတင်းတွေ ကြားရတာ ကောင်းတာ တခုမှမရှိဘူး ရည်းစား တရွာတယောက် လိုက်ထားလို့ ကောင်မလေး အချင်းချင်း ပြဿနာဖြစ်တာတွေ အိမ်မှာ သူရည်းစားများတဲ့ ပြဿနာနဲ့ ဟိုကအတိုင်ခံရ ဒီက အတိုင်ခံရလို့ ပြောတယ်။ အတည်တကျ တောင်းပေးသင့်ရင်လည်း တောင်းပေးဖို့ ဘယ်သူနဲ့ ကြိုက်နေလဲ မေးတော့လည်း တယောက်မှ မကြိုက်ဘူး သူများတွေက ထင်တာသာ ဖြစ်တယ်လို့ ငြင်းတယ်တဲ့။ နောက်ဆုံးတော့ စစ်တပ်က ပေါ်တာဖမ်းရာမှာ ပါသွားပြီး သူတို့ကို ရွာတရွာက ဗွီဒယိုရုံထဲမှာ လှောင်ထားစဉ် ဗွီဒယိုရုံ နံရံကို သူကဦးဆောင်ပြီး အုပ်စုလိုက် ၀ိုင်းကန်ဖြဲပြီးတော့ ထွက်ပြေးပြီး အိမ်ပြန်ရောက်လာတယ်။

ဒီနောက်ပိုင်း တားမရဘဲနဲ့ မငယ်ရှိတဲ့နေရာကိုပဲ စုံစမ်းပြီး လိုက်သွားတော့မယ်ဆိုပြီး ရွာကထွက်လာတယ်လို့ သိရတယ်။ ထိုင်းက မထွက်လာခင်အထိ ကျွန်မ သူရောက်လာမလားလို့ မျှော်နေခဲ့တယ်။ ကျွန်မဆီကိုလည်း မရောက်လာခဲ့ဘူး။ နိုင်ငံခြားရောက်ပြီး အခုထိလည်း သူဆက်သွယ်လာမလားလို့ မျှော်နေတာ မောင်နှမတွေထဲက ကျွန်မကို တခါမှ အဆက်အသွယ် မလုပ်ဖူးသူကပဲ ဆက်သွယ်လာခဲ့တယ် ကျွန်မဆီ သွားမယ်လို့ ပြောပြီးထွက်လာတဲ့ သူကတော့ ဆက်လည်း မဆက်သွယ်လာ ရောက်လည်းမရောကလာခဲ့ဘူး။ ထိုင်းနိုင်ငံက မဟာချိုင်ရောက်နေတယ် ကြားလို့ စုံစမ်းတယ် ဘာမှအစအန မရဘူး၊ မလေးရှားသွားဖို့ လုပ်နေတာ တွေ့တယ်ဆိုလို့ စုံစမ်းကြည့်တယ် ဘာမှ ရေရာတဲ့ အချက်အလက်မရခဲ့ဘူး။ ဒီလိုနဲ့ မောင်လေးသတင်းဟာ အစပျောက်နေတာ ကြာပါပြီ။

ဆစ်ဒနီမှာ မြန်မာမိသားစုတွေ လမ်းလျှောက်ရင်း ညနေဘက် ကျွန်မ အမျိုးသားတို့ ခြင်းလုံးခတ်တဲ့ ပန်းခြံကို တခါတလေ လမ်းလျှောက်ရင်း လိုက်လည်ဖြစ်ရင် အကယ်၍များ မောင်လေးသာ ရောက်လာခဲ့ရင် အခုခြင်းလုံးခတ်နေတဲ့ ခြင်းဝိုင်းမှာ သူလည်းတယောက် ပါဝင်မှာပဲဆိုပြီး ကျွန်မအမြဲတွေးမိပါတယ်။ ကျွန်မ မောင်လေးဟာ ကျွန်မဆီကို လာမယ်ဆိုပြီး အခုထိ အဆက်အသွယ် မလုပ်တာ အသက်ရှိထင်ရှားမှ ရှိပါသေးရဲ့လားလို့ တခါတခါ တွေးပြီး ကျွန်မ အကြိမ်ကြိမ် စိုးရိမ်မိတိုင်း ဟုတ်သည်ရှိ မဟုတ်သည်ရှိ၊ ၀ါဆိုလဖွား ယောက်ျားလေးတွက ကောင်းစားတတ်တယ်လို့ပဲ ကြားဖူးလို့ မောင်လေးတနေ့ ကောင်းစားဦးမှာပါ မောင်လေး ဘာမှ ဖြစ်မှာမဟုတ်ဘူး ဆိုတာနဲ့ ဖြေသိမ့်ရပါတယ်။ မောင်လေး တနေ့တော့ ကျွန်မဆီ ဆက်သွယ်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်နေပါတယ်။

ဗုဒ္ဓါနံ ဇိဝိတဿ နသက္ကာ ကေနစိ အန္တရာရော ကာတုံ တထာ မောင်လေး ဟောန္တု။

ဗုဒ္ဓမြတ်စွာဘုရားတို့၏ အသက်အန္တရာယ်ကို တစုံတယောက်သောသူသည် ပြုခြင်းငှာ မတတ်နိုင် ထို့အတူ မောင်လေးအား ဖြစ်ပါစေသတည်း။

-မောင်လေး ဘေး၊ ရန်၊ ကြောင့်ကြ ဆင်းရဲခြင်း ကင်းပါစေ၊
-ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍ ချမ်းသာပါစေ။
-ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝပါစေ၊
-မကောင်းမှုများကို ရှောင်နိုင်ပါစေ၊
-ဒုက္ခနဲ့ ရင်ဆိုင်နေရပါက ဒုက္ခမှ ကင်းလွှတ်ပါစေ၊
-ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရပါက ဘေးအန္တရာယ်က လွန်မြောက်ပါစေ၊
-သောကနဲ့ ကြုံတွေ့နေရပါက သောကမှ လွန်မြောက်ပါစေ။

မောင်လေး တနေရာမှာ အိမ်ထောင်ကျပြီး တအိုးတအိမ်ထူထောင်နေပြီ ဆိုရင်လည်း ဇနီးကောင်းကောင်းလေး ရပြီး မိသားစုဘ၀ကို ဘ၀တလျှောက်လုံး ပျော်ရွှင်စွာ ဖြတ်သန်းပြှး သမ္မအာဇီဝနဲ့ အသက်မွေးပါစေလို့ ဆုတောင်းပါတယ်။ မောင်လေးက ဆန္ဒမရှိလို့ အဆက်အသွယ် မလုပ်ချင်ရင်တောင်မှ သူအသက်ရှိထင်ရှားနဲ့ ရှိနေသေးတယ်ဆိုတာနဲ့ အခြေအနေ အကျိုးအကြောင်းလေး နည်းနည်း သိရရင်တောင် ကျွန်မအတွက် အလိုလားအတောင်းတဆုံး မျှော်လင့်ချက် တခုပြည့်ပါပြီ။




စစ်ခွေးတွေ - စစ်ခွေးတွေ - စစ်ခွေးတွေ (အပိုင်း ၂)

အရင်ပို့စ်မှ အဆက်Link

ကျွန်မက အမေ့ကို ဒီလိုပြောတော့ "သမီးကို တွေ့ချင်လို့ အခုလိုချိန် အိမ်မှာ လုပ်စရာတွေ ဒီလောက်များတာတွေတောင် ထားခဲ့ပြီး လာတွေ့တာ " လို့ အစချီပြီးတော့ ရွာမှာ ဖြစ်နေတဲ့ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြတယ်။ ပြီးခဲ့တဲ့နှစ်က စပါးခင်းတွေ ရေမြှုပ်လို့ ရွာက လယ်သမားတွေ အားလုံး ၀မ်းစာစပါးလည်း မရ ကျွဲနွားခ၊ သူရင်းငှားခနဲ့ ဒိုင် (အစိုးရ) ကိုသွင်းရတဲ့ စပါးကအစ တခြားနယ်က ပြန်ဝယ်ရတဲ့အကြောင်း၊ ဒိုင်ကို တာဝန်ကျေစပါး မသွင်းရင်လည်း လယ်အသိမ်းခံရမယ်ဆိုတော့ ဒီလိုပဲ ရှိတာကို ရောင်းချပြီး တခြားနယ်က စပါးပြန်ဝယ်သွင်းကြကြောင်း၊ အိမ်မှာလည်း အခုဆန်ဝယ်စားနေရပြီး ရွာမှာအခု လူတိုင်းပဲ တော်တော် ကြပ်တည်းကြတဲ့အကြောင်း အစ်ကိုကြီး တယောက် ရှိနေလို့သာ အိမ်မှာ အသက်ရှူ နည်းနည်းချောင်နေတာ ဖြစ်ပြီး သူသာ မရှိရင် အိမ်က ကျွန်မမောင်တွေ ညီမတွေကို ကျောင်းဆက်ထားနိုင်ဖို့ နေနေသာသာ ထမင်းတောင် နှပ်မှန်ဖို့ မလွယ်တဲ့အကြောင်း အစ်ကိုကြီးကလည်း အရင်ကလို မဟုတ်တော့ဘဲ အိမ်ရဲ့ စီးပွားရေးကို ဦးဆောင်နေတဲ့အကြောင်းတို့ကို ဆက်တိုက်ပြောပြလိုက်တော့ ကျွန်မ ဘာပြန်ပြောရမှန်း မသိဖြစ်သွားပါတယ်။

အမေ ပြောလိုက်တဲ့အထဲမှာ မောင်လေးတွေ ညီမလေးတွေ ဆိုတာနဲ့ လူမမယ်အရွယ်လေးတွေနဲ့ ကျန်ခဲ့တဲ့ ကျွန်မ မောင်လေး ညီမလေးတွေကို သတိရပြီး ကျွန်မမျက်ရည်လည်တယ်။ အခုစာရိုက်နေချိန်မှာလည်း  လူမမယ်အရွယ် မောင်လေးညီမလေးတွေအတွက် ဘာမှနွေးထွေးမှု မပေးနိုင်ဘဲ ထားခဲ့ရတာကို ခံစားရတယ်။ ကျွန်မငယ်ငယ်က အိမ်မှာ မိဘတနေကုန် မရှိရင် ဘယ်တော့ ပြန်လာမလဲဆိုတာ ဘယ်တော့မှ မမေး၊ ဘယ်တော့မှ မိဘကို မတမ်းတတတ်ပေမဲ့ အစ်ကိုတွေ အစ်မတွေ တနေကုန် မရှိရင် နေမတတ်ဘဲ ဘယ်တော့ပြန်လာမလဲလို့ မိဘကို ခဏခဏ မေးရင်း တမျှော်မျှော်နဲ့ စောင့်နေတတ်တဲ့ အဖြစ်ကို ကျွန်မ ပြန်သတိရသွားတယ်။

ပြီးတော့ ကျွန်မသူငယ်တန်း ကျောင်းမတက်ခင် အသက် နှစ်နှစ်သုံးနှစ် အရွယ်ကဆို ကျွန်မကိုကြီးက ကျွန်မအောက် ညီမကို ပုခုံးတဖက်ပေါ်မှာထမ်း ကျွန်မကိုကျတော့ တခြားလက်နဲ့ တွဲခေါ်ပြီး ကျွန်မတို့ အိမ်ရှေ့က နွားစားကျက်အဖြစ် လုပ်ထားတဲ့ ကွင်းပြင်ကြီးမှာ ညနေဆည်းဆာအချိန် ရောက်တိုင်း တွံတေးသိန်းတန်ရဲ့ "စစ်ပွဲတရာ နွှဲလိုက်ချင်ပေမဲ့ အချစ်တပွဲမှ မနွှဲချင်တော့ဘူးကွယ်" ဆိုတဲ့ သီချင်းကို ညည်းဆိုကာ ထိန်းကျောင်းရင်း ကျွန်မတို့နှစ်ယောက်ကို အိမ်မှာမွေးတားတဲ့ ကျွဲတွေနွားတွေအပေါ် တင်ပေးပြီး ကျွဲနွား ပေးစီးတတ်တဲ့ အကိုကြီး စစ်တပ်ထဲ မ၀င်ခင် ကျွန်မတို့ ငယ်ငယ်က ဘ၀လေးကို ချက်ချင်း ပြေးမြင်သွားတယ်။

ကိုကြီး စစ်တပ်ထဲမ၀င်ခင် အိမ်က ထွက်သွားတုန်းက ကိုကြီးကို လွမ်းပြီး ကိုကြီးဘယ်တော့ ပြန်လာမလဲလို့ ကျွန်မအိမ်မှာ မကြာခဏ မေးလေ့ရှိတာ၊ စစ်တပ်ထဲဝင်တော့မှ တိုင်းပြည်တာဝန်ကို သွားထမ်းနေလို လွမ်းစရာမဟုတ်ဘူး ဂုဏ်ယူရမယ်တယ်ဆိုတာ အဖေပြောပြထားတာနဲ့ ပြန်လာဖို့မလွယ်ဘူးဆိုတာ သိပြီး နောက်ထပ်မမေးတော့တာကို ကျွန်မသတိရသွားတယ်။ ကျွန်မ အိမ်ကထွက်လာပြီးနောက်ပိုင်း အငယ်ဆုံး ညီမလေးက မငယ်ဘယ်တာ့ ပြန်လာမလဲလို့ မေးတာကို လူကြုံကတဆင့် ကြားရတော့ ကျွန်မ ယူကျုံးမရအောင် ခံစားခဲ့ရတယ်။ ကျွန်မတို့ ငယ်ငယ်က သူအိမ်ကထွက်သွားတော့ သူဘယ်တော့ ပြန်လာမလဲဆိုတာ ကျွန်မတို့ တမ်းတမ်းတတ လွမ်းခဲ့ရတဲ့ ကိုကြီးက အခုတော့ ကျွန်မပြန်လာမှာကို တမ်းတမ်းတတ လွမ်းဆွတ်နေတဲ့ မောင်လေးညီမလေးတွေကို ခုလို ကျွန်မတို့ကိုယ်စား  အစားထိုး ၀င်ရောက်ပြီး အငယ်တွေအပေါ် နွေးထွေးမှုပေး တာဝန်ယူပေးနေတာကို သိရတော့ ကျွန်မ ကိုကြီးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သွားပါတယ်။

ပြီးတော့ ကျွန်မတို့ ဒေသမှာ မိုးတွင်းကာလအတွက် ဆန်စပါးကို မသိုထားနိုင်ရင် ဆန်ဈေးက မိုးတွင်းမှာ ပုံမှန်ဈေးထက် နှစ်ဆသုံးဆအထိ တက်ပြီး ပိုက်ဆံရှိတာတောင် ၀ယ်ဖို့ ဆန်မရှိတာနဲ့ မကြာခဏ ကြုံရတတ်တယ်။ ဒီလို မိုးတွင်းကာလမှာ ဆန်ဝယ်စားနေရတဲ့ မိသားစုတခုအတွက် ဘယ်လောက် ဒုက္ခရောက်တယ် ဆိုတာ ကျွန်မတို့ နယ်သားတွေ အသိဆုံး ဖြစ်ပါတယ်။ ကိုကြီးသာ မရှိရင် ခုလိုအချိန် အိမ်မှာ တော်တော်ကို ဒုက္ခရောက်မယ် ဆိုတာအမေပြောတာ အမှန်ပဲ ဖြစ်တယ်။ ကိုကြီးသာ ဒဏ်ရာရပြီး ပင်စင်မယူခဲ့ရင် ဒီလိုအချိန်မှာ တချိန်က ကျွန်မအထင်ကြီးတဲ့အတိုင်း စစ်တပ်ထဲမှာ အရာရှိတဦး ဖြစ်နေခဲ့ရင် အိမ်ကို အခုလို ဘာမှအကူအညီ ပေးနိုင်မှာ မဟုတ်ဘူး။ အခု ကိုကြီးဟာ မဆလ စစ်တပ်ထဲမှာ မဟုတ်တော့ဘူးဆိုတဲ့ အသိနဲ့ အငယ်တွေအတွက် ကျွန်မတို့ ဖြည့်ပေးရမည့် လိုအပ်ချက်ကို လာဖြည့်ပေးနေသူ ဆိုတဲ့အသိ၊ အိမ်မှာရှိတဲ့ အခက်အခဲအားလုံးကို တာဝန်ယူဖြေရှင်းပေးနေသူအဖြစ် ကျွန်မကိုကြီးကို ကျွန်မ တကယ် ကျေးဇူးတင်သွားပြီး အာဂါတအမုန်းတွေ တဖြေးဖြေး ပြယ်စပြုလာတယ်။

ကျွန်မ အတွေးလွန်နေတဲ့ချိန်မှာ အမေက "ဟိုမှာ နင့်ကိုကြီးလိုက်လာပြီ" ပြောလို့ လှည့်ကြည့်လိုက်တော့ ဟိုဘက်အိမ်ကနေပြီး ကျွန်မတို့ရှိတဲ့ အိမ်ဘက်ကို ရဲဘော်တယောက်နဲ့အတူ လျှောက်လာနေတဲ့ ကိုကြီးကို တွေ့လို့ ကျွန်မ လူများမှားနေသလားလို့တောင် ထင်ရတယ်။ လက်တတောင်ဆစ်ခန့် ရှည်တဲ့ ရှတ်အင်္ကျီအမဲရောင်နဲ့ ကချင်ပုဆိုး အမဲပေါ်မှာ အစိမ်းကွက်ကြားကို ဒူးခေါင်းလောက်အထိ လုံးတင်ပြီး အင်္ကျီ အပေါ်ကနေ ၀တ်ထားတော့ သူ့အရပ်က နဂိုထက် ပိုနှိမ့်နေတယ်လို့ ထင်မှတ်ရသလို လူကလည်း ပိုပိန်သွားသလို ထင်ရတယ်။ ခေါင်းပေါ်မှာ တောင်ထန်းနဲ့ ယက်လုပ်ထားတဲ့ လယ်သမားဆောင်း ခေါင်းတလုံးလုံ ခမောက်ကို ဆောင်းထားပြီး အထဲမှာ ကွမ်းတွေ ဆေးတွေထည့်ထားတဲ့ ကြိုးသိုင်းကို ခပ်တိုတိုလေး ဖြစ်အောင် ထုံးထားတဲ့ အဖြူအစင်းကြောင်းနဲ့ ကရင်လွယ်အိတ် အောက်ခံ အနီရောင် ခပ်နွမ်းနွမ်း တလုံးကိုလည်း လွယ်ထားကာ ကွမ်းတမြှုံ့မြှုံ့နဲ့ တွေ့ရတာ့ သူ့ပုံက စစ်သားတယောက် ဖြစ်ခဲ့ဖူးတယ်လို့ ပြောလို့ ဘယ်လိုမှ မယုံနိုင်စရာ။ ဒီပုံစံအတိုင်းပဲဆို လယ်တောထဲဆင်းခါနီး လယ်သမားတယောက်နဲ့ တူတယ်လို့ ပြောလို့ရနိုင်ပေမဲ့ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ထီးရိုးကောက်တချောင်းကလည်း ရှိနေပြန်တော့ ဘယ်လယ်သမားကမှ လယ်ထဲသွားရင် ထီးယူသွားလေ့ မရှိတဲ့အတွက် လယ်သမားနဲ့ တူတယ်လို့လည်း ပြောလို့မရပြန်ဘူး။ ဒီတော့ သူ့ပုံကိုကြည့်ရင်း ကျွန်မ အလိုလို ရီချင်လာကာ တင်းနေခဲ့တဲ့ စိတ်တွေလည်း ဘယ်ပျောက်လို့ ပျောက်သွားမှန်းမသိ ပြေလျှော့သွားခဲ့တယ်။

သူက မရယ်မပြုံးနဲ့ ခပ်တည်တည်ပဲ စိုက်ကြည့်ပြီး ကျွန်မနားကို လျှောက်လာနေတယ်။ အနားရောက်တော့ ကျွန်မက "ကိုကြီး" လို့ အရင်ခေါ်လိုက်ပြီး ဘာမှ ဆက်မပြောသေးဘဲ သူ့ပုံက ရီစရာ ဖြစ်နေတာနဲ့ "ဟိ-ဟိ" လို့ ရီပြီးကြည့်လိုက်တော့ သူက တည်နေရာကနေ ပြန်ပြုံးပြတယ်။ ပြီးတော့ ကျွန်မက ဘာပြောလို့ ပြောရမှန်းမသိဘဲနဲ့ "ကိုကြီးအခုထိမိန်းမ မယူသေးဘူးလား" လို့  ရယ်ပြီး ပါးစပ်ကထွက်ရာနဲ့ စနောက်ပြီး မေးလိုက်တယ်။ သူက "မိန်းမယူလို့ ဖြစ်မလား၊ ငါမိန်းမယူရင် ညည်းမောင်တွေ ညီမတွေကို ဘယ်သူလာ လုပ်ကျွေးမလဲ" လို့ ပြုံးရယ်ပြီး ပြောလိုက်တယ်။ ကျွန်မတို့ မောင်နှမ ချက်ချင်းပဲ အရင်ကလို ပြန်ရင်းနှီးသွားတယ်။ ကိုကြီး ပြောတဲ့ "ညည်း" ဆိုတဲ့ အသုံးအနှုံးက ကျွန်မတို့ဘက်မှာ မပြောဘူး။ အဲဒါ ကိုကြီး စစ်တပ်ထဲက ပြန်လာမှ ပါလာတဲ့ စကားဖြစ်တယ်။ ကျွန်မနားထဲမှာ အဲလိုပြောတာက နင်လို့ ပြောတာထက် ပိုနားထောင်လို့ ကောင်းသလို ပိုယဉ်ကျေးသလို ခံစားရတယ်။

 ကျွန်မက "ကိုကြီးပုဆိုးကို ဒီလောက်တောင် တိုတို ၀တ်မည့်အစား ခါးထောင်းကျိုက်လိုက်ပါတော့လား၊ ကိုကြီး ဒီပုံအတိုင်း ဆိုရင်တော့ မိန်းမရဖို့ မရှိဘူးထင်တယ်" လို့ ကျွန်မ စလိုက်တာကို "ညည်းရှိတဲ့နေရာကို ဒီလိုဝတ်ပြီး မလာလို့ ဘယ်လိုလာရမလဲ၊ မင်းသားလို ၀တ်ပြီး လာလို့ရတဲ့ နေရာမှမဟုတ်တာ" လို့ ပြန်ပြောရင်း ကျွန်မတို့ မောင်နှမ စရင်းနောက်ရင်းနဲ့ သူစစ်တပ်ထဲက ပြန်ရောက်ခါစကအတိုင်း မောင်နှမနှစ်ယောက် ပြန်ရင်းနှီးသွားတယ်။ ဒီစကားတွေက အကြီးအကျယ် ရန်ဖြစ်ပြီး ခွဲခွာလာတဲ့ မောင်နှမနှစ်ယောက် ပထမဦးဆုံး ပြန်တွေ့တဲ့အချိန်မှာ စတင်ပြောခဲ့တဲ့ စကားတွေအဖြစ် ကျွန်မ တသက်မမေ့ဘူး။

ကျွန်မတို့ တည်းတဲ့အိမ်က လူနာတွေနဲ့ အလုပ်များနေလို့ ဟိုဘက်အိမ်ကိုပဲ ပြန်သွားပြီး စကားပြောဖြစ်တယ်။ ကိုကြီးနဲ့ ကျွန်မ တွေ့တဲ့အချိန် ပြောဖြစ်တဲ့ စကားက အစိုးရအကြောင်းမပါ၊ တော်လှန်ရေးအကြောင်းမပါ၊ အိမ်က မောင်လေးညီမလေးတွေရဲ့ ပညာရေးအကြောင်းပဲ ဖြစ်တယ်။ မောင်တယောက်က ၁၂ နှစ်ပဲ ရှိသေးတယ် အရပ်သိပ်ကို ရှည်ကြောင်း နေမကောင်းဖြစ်လို့ ကျောင်းပျက်ရာကနေ ကျောင်းပြန်သွားချင်စိတ် မရှိတော့ဘဲ စာမလိုက်နိုင်တော့ဘူး ဆိုတာကို အကြောင်းပြကာ ကာလသားတွေနဲ့ ပေါင်းပြီး လူပျိုလုပ်နေလိုက်တာ ဘယ်လိုမှ တားလို့မရကြောင်း ပြောပြတယ်။ ကျွန်မက မောင်လေးကို ရအောင် ပြန်ဖြောင်းဖြပြီး ကျောင်းပြန်တက်ခိုင်းဖို့ ကျွန်မ ကိုကြီးကို တိုက်တွန်းခဲ့တယ်။ ကိုကြီးက ရမရ ဆိုတာ မသေချာပေမဲ့ မောင်လေးကို သူက ကျောင်းပြန်တက်ဖို့ ကြိုးစားပြီး ပြန်ဖြောင်းဖြမယ်လို့ ကျွန်မကို ကတိပေးသွားခဲ့ပါတယ်။

အဲဒီတုန်းက ကျွန်မတို့ရွာ အပါအ၀င် ကျေးရွာစုတွေမှာ ပြည်သူ့စစ်သင်တန်းတွေ ပေးဖို့လုပ်နေတယ်ဆိုတာ ကြားထားတော့ မောင်နှမနှစ်ယောက် ပြန်တွေ့ရလို့ ပျော်နေတဲ့ အပျော်တွေ ပျက်သွားမှာ စိုးလို့ ကိုကြီးကို ဘာမှ မပြောခဲ့ပေမဲ့ အမေ့ကိုတော့ ကိုကြီးကို ရွာမှာ ပြည်သူ့စစ်အဖွဲ့မှာ သင်တန်းနည်းပြ လုပ်တာတို့ ပြည်သူ့စစ်ခေါင်းဆောင် လုပ်ခိုင်းဖို့အတွက် စစ်တပ်က တာဝန်ပေးတာတို့ လုပ်လာရင် လုံးဝ ၀င်မလုပ်ခိုင်းပါနဲ့လို့ မှာလိုက်ပါတယ်။ အဲဒီလို ကိုကြီးဝင်လုပ်လို့ကတော့ KNU သို့မဟုတ် ကျွန်မတို့ ABSDF တပ်တွေက ပြဿနာရှာလို့ တခုခုဖြစ်ရင် ကျွန်မ တာဝန်မယူနိုင်ဘူးလို့ ပြောလိုက်တယ်။ အမေကတော့ အိမ်မှာ ဒီလောက်အလုပ်များတာ ဒါတွေ ဘယ်လုပ်လို့ ဖြစ်မလဲလို့ပဲ ပြောတယ်။

ကိုကြီးတို့ ပြန်သွားပြီး နှစ်ပတ်ခန့် အကြာမှာတော့ ကိုကြီးဆီက စာတစောင် ရောက်လာပါတယ်။ ကျွန်မက မျက်နှာချင်းဆိုင် တွေ့တုန်းက ခေါ်ရမှာ အားနာလို့ ဒါမှမဟုတ်ရင်လည်း ခေါ်မရဲလို့ စာရေးပြီး ကျွန်မကို ပြန်ခေါ်တာများလားလို့ ထင်ခဲ့တယ်။ တောခိုလာတဲ့ ကျွန်မတို့ ABSDF ရဲမေတဦးကို သူ့အစ်ကို စစ်ဗိုလ်က ရေးတဲ့စာတစောင်ကို သွားပြီးသတိရတယ်။ အဲဒီစာမှာ "ရွှေသမင် အလိုက်မှားပြီး မိုက်မှားတဲ့ အဖြစ်မျိုးကို မရောက်စေနဲ့ ညီမငယ်၊ ပြန်လာပါ မိခင်(အမေကိုမဆိုလို တိုင်းပြည်ကိုဆိုလို) ရင်ခွင်က ကြိုဆိုနေပါတယ်" ဆိုတဲ့ စာသားလေးက ကျွန်မတို့ တော်လှန်ရေး ရဲမေတွေကြားမှာ "ဟာနင့်အစ်ကို မဆလက စာရေးမိုက်လှချည်လား" လို့ အဲဒီရဲမေကို လိုက်စပြီး ရေပန်းစားခဲ့ဖူးတယ်။ အခုလည်း ကိုကြီးက ကျွန်မကို အဲဒီလိုများ ရေးပြီးပြန်ခေါ်တာလားမသိဆိုတဲ့ အတွေးနဲ့ ဖတ်ကြည့်လိုက်တော့ စာက ပြန်ခေါ်တဲ့စာမဟုတ်ဘူး။

သူကျွန်မကို ဂတိပေးခဲ့တဲ့အတိုင်း မောင်လေးကို ကျောင်းပြန်တက်ဖို့ သူ ဖြောင်းဖြပေမဲ့ မောင်လေးက အရမ်းထွားပြီး အပြင်က ကာလသားတွေထက်တောင် အရပ်က ပိုမြင့်နေတော့ ကလေးတွေကြားမှာ ကျောင်းပြန်တက်ရမှာကို ရှက်ပြီးတော့ စာကိုလည်း ဘယ်လိုမှ စိတ်မ၀င်စားတော့ဘူး ပြောပြီး ဘယ်လိုမှ ဖြောင်းဖြလို့ မရတော့ကြောင်း အကြောင်းကြားတဲ့စာ ဖြစ်တယ်။ လတွေ ရက်တွေ မမှတ်မိတော့ပေမဲ့ ကျွန်မတို့ တွေ့ခဲ့တာ ၉၂ နှစ်မိုးတွင်းကာလ ဖြစ်တယ်။ ဒီနောက်ပိုင်း ကျွန်မလည်း တပ်ရင်းခဏပြန်တက်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခွင့်တောင်းပြီး တပ်ရင်း ပြန်ရောက်ခဲ့ပြီး ရှေ့တန်းကို ပြန်မရောက်တော့ဘဲ ABSDF ဗဟိုကို ရောက်သွားခဲ့ရာကနေ တပ်ရင်းရော ရှေ့တန်းပါ လုံးဝပြန်မရောက်တော့ဘဲ အိမ်နဲ့ အဆက်အသွယ်လည်း လုံးဝ ပြတ်သွားခဲ့တယ်။

အမှန်တော့ ကျွန်မတို့ မောင်နှမ သဘောထား ကွဲလွဲမှုက အရေးအခင်းမတိုင်ခင်ကတောင် စခဲ့တာပါ။ ကျွန်မကိုကြီး စစ်တပ်အထဲက အတွေ့အကြုံတွေကို ပြောပြရာမှာ စစ်ကြောင်းထွက်ဖို့ ပေါ်တာဖမ်းတာ မိန်းကလေးတွေပါ ပါတယ်ဆိုတာ သိရလို့ ကျွန်မနဲ့ စတင်ပြီး အငြင်းအပွား ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ဘက်မှာ ယောက်ျားတွေကိုပဲ ပေါ်တာဖမ်းတာ တွေ့ဖူးပြီး အဲဒါကိုတောင် လူထုက စစ်တပ်ကို တော်တော်လေး စက်ဆုတ်ရွံရှာတာတွေ့တော့ ရှမ်းပြည်နယ်မှာက ဒီထက်ပိုဆိုးပြီး မိန်းကလေးပါမချန် ပေါ်တာဖမ်းတယ်တယ်ဆိုတာ သိရတော့ တကယ်ကို တအံ့တသြ ဖြစ်ပြီး ကိုကြီးနဲ့ အချေအတင်ဖြစ်ကာ ကြည့်လို့မရတဲ့အဆင့်ထိ ဖြစ်ခဲ့တယ်။ သူကတော့ ထမင်းစားရေသောက် အလုပ်လိုပဲ "စစ်ကြောင်းမှာ ပစ္စည်းသယ်ဖို့ လူလိုနေတာ ယောကျာ်းတွေမှ တယောက်မှ မတွေ့တော့ တွေ့တဲ့သူတွေကိုပဲ ခေါ်ရတာပေါ့ ဒါကိုယ့်ကိုယ်ကျိုးအတွက်မှ မဟုတ်ပဲ တိုင်းပြည်အကျိုးအတွက် လိုအပ်လို့ လုပ်လုပ်ရတာပဲ" တဲ့ ဒီလောက် ရက်စက်ကြမ်းကြုတ် ရွံစရာကောင်းတဲ့ အလုပ်ကို ဘာမှမထူးမဆန်းဘဲ ပုံမှန် လုပ်ရိုးလုပ်စဉ် အလုပ်တခုလို ပြောတော့ အဲဒီနောက်ပိုင်း ကျွန်မကိုကြီးကိုရော တပ်မတော်ဆိုတာကိုပါ ကျွန်မ သိပ်အထင်ကြီးလို့ မရတော့တာ အရေးအခင်းဖြစ်တော့ ပိုဆိုးသွားတယ်။

အဲဒီ ပေါ်တာအကြောင်းကို အဖေကို ပြောပြပြီး အဖေတို့ တပ်မတော်ထဲမှာတုန်းကလည်း ဒီလိုပဲလားလို့ မေးကြည့်တော့ အဖေက "ဘယ်ဟုတ်မလဲသမီးရယ် အဲလိုလုပ်တော့ တပ်မတော်ကို ပြည်သူက ဘယ်လက်ခံတော့မလဲ၊ အဖေတို့တုန်းက အခုလိုလည်း လိုက်ဖမ်းစရာတောင် မလိုဘူး၊ ပြည်သူလူထုက တပ်မတော်ကို ကူညီဖို့ အမြဲတမ်း အဆင်သင့်ရှိတယ်၊ လမ်းစဉ်ပါတီခေတ်မှာတော့ သွားပါပြီ ဒီအတိုင်းဆို တိုင်းပြည်ကိုရော တပ်မတော်ကိုပါ ဖျက်ဆီးနေတာ သေချာပြီ" လို့ အဖေ ကောက်ချက်ချဖူးတယ်။ ကျွန်မကို ကိုကြီး လာတွေ့ပြီးနောက်ပိုင်းမှာတော့ ကိုကြီးလည်း အရပ်သားဖြစ်သွားပြီ ကျွန်မတို့ မိသားစု စားဝတ်နေရေး၊ စီးပွားရေးအတွက်လည်း ဦးဆောင် ဖြေရှင်းပေးနေသူ ဖြစ်နေပြီဆိုတော့ ဒါတွေကို ကျွန်မ မေ့ထားလိုက်ပါတယ်။

ကျွန်မကိုကြီးက ဗကပနဲ့ ရှမ်းသူပုန်တွေကို တလျှောက်လုံး တိုက်လာတာ ဘာမှမဖြစ်ဖူးဘူး ကရင်ပြည်နယ် ဒေါနတောင်တန်း စစ်ဆင်ရေးမှာ စစ်ကူလိုလို့ စစ်ကူလေး တခါသွားလိုက်မှ လက်မောင်းမှာ ဒဏ်ရာရပြီး လက်တဘက်သေသွားလို့ ဆိုပြီး သူက သူပုန်တွေထဲမှာ ကရင်သူပုန်တွေကို စိတ်အနာဆုံးပဲလို့လည်း အမြဲပြောတတ်တော့ ကရင်သူပုန်တွေ လှုပ်ရှားတဲ့ ဒေသမှာ နေပြီး ဒါကို အခုထိ ထပ်ပြောနေရင် ကရင်တွေကြားပြီး ရွာထဲဝင် ချောင်းပစ်သတ်ခံရရင် ဒုက္ခပဲလို့လည်း ကိုကြီးအတွက် ကျွန်မ အမြဲတွေးပူနေခဲ့တာတော့ အမှန်ပဲ။  ကိုကြီးနဲ့ ရှေ့တန်းမှာ တွေ့ပြီး နောက်ပိုင်းမှာတော့ သူစစ်တပ်ထဲမှာတုန်းက အတွေ့အကြုံတွေကို ပြောပြခဲ့ဖူးတဲ့အထဲက ကောင်းတာတွေကိုပဲ ကျွန်မ အမြဲပြန်သတိရနေတတ်ပါတယ်။ သူအမြဲဆိုလေ့ရှိတဲ့ စိုင်းထီးဆိုင်ရဲ့ လေညာအရပ်ကအချစ်ကို ပြန်နားထောင်လို့ ကောင်းလာတယ်။ ဒီသီချင်းကို မကြာခဏ နားထောင်ပြီး အလွမ်းဖြေတတ်လာတယ်။

ကိုကြီး စစ်တပ်ထဲမှာ ရှိနေတုန်းကတော့ ကိုကြီးကို သတိရတိုင်း ကျွန်မတို့ ငယ်ငယ်က ကျွန်မတို့ကို ချီပြီး သူဆိုခဲ့တဲ့ တွံတေးသိန်းတန် သီချင်းကို ကြားရတိုင်း ကိုကြီးကို သတိရတယ်။ သူစစ်တပ်ထဲက ပြန်ရောက်လာတော့ စိုင်းထီးဆိုင်နဲ့ ခွန်သန်းထွန်း သီချင်းတွေကိုပဲ ထပ်ခါတလဲလဲ ဆိုနေပြီး တွံတေးသိန်းတန် သီချင်းကို မဆိုတော့ဘူး တောသီချင်းကြီးတဲ့။ သူဆိုတဲ့ သီချင်းတွေအထဲက သူ့အသံက တခြားသီချင်းတွေ ဆိုတာ သံစဉ်သိပ်မမှန်လို့ နားထောင် မကောင်းပေမမဲ့ စိုင်းထီးဆိုင်ရဲ့ လေညာအရပ်က အချစ်သီချင်းကတော့ သူဆိုတာ စိုင်းထီးဆိုင်အသံနဲ့ တော်တော်လေး တူတာ သတိထားမိတယ်။ ကိုကြီးနဲ့ ရန်ဖြစ်ပြီးနောက်ပိုင်း အဝေးကို ရောက်လာတဲ့အချိန် သူ့ကို ရှေ့တန်းမှာ ပြန်မတွေ့ခင်အထိ ဒီသီချင်းကို ကြားရင် သူ့ကို စိတ်နာပြီး လုံးဝမခံနိုင်လောက်အောင် ဖြစ်ပေမဲ့ သူကျွန်မကို လာတွေ့ပြီးတဲ့အချိန်ကစလို့ အခုထိ ဒီသီချင်းက ကိုကြီးကို သတိရရင် အလွမ်းဖြေစရာ သီချင်း ပြန်ဖြစ်လာပါတယ်။

ကျွန်မတို့ အိမ်က မထွက်လာခင် ကိုကြီး စစ်တပ်ထဲက ခွင့်တင်ပြီး ပြန်ရောက်လာတော့ သူဟာ စစ်သားဘ၀ကို တော်တော်လေး စိတ်ကုန်ပြီး ကုန်သည်ဘ၀ကို တော်တော်လေး အားကျနေခဲ့ပါတယ်။ သူက ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ တာဝန်စကျပြီး နောက်ပိုင်းမှာတော့ မြန်မာပြည် အလယ်ပိုင်း ပုပ္ပါးကိုပြောင်းရတယ်။ မြန်မာပြည်မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကလွဲရင် ကျန်တဲ့ ပြည်နယ်နဲ့တိုင်း အားလုံးကို ရောက်ဖူးပြီး ဘယ်ဒေသမှာ ဘာပစ္စည်းဈေးက ဘယ်လိုဈေးရှိတယ် တနေရာနဲ့ တနေရာ ကွာခြားတာကို သိတဲ့အတွက် တပ်ကထွက်ရင် ပိုက်ဆံအရင်းအနှီး ရှာဖွေစုဆောင်းပြီး ကုန်သည်လုပ်စားမယ်လို့ မကြာခဏ ပြောဖူးတယ်။ ရှမ်းပြည်က ပစ္စည်းကို ဗမာပြည် (မြန်မာပြည် အလယ်ပိုင်း) သယ်၊ ဗမာပြည်ကပစ္စည်း ရှမ်းပြည်ကိုသယ်ရင် အတင်အချခ၊ ခရီးစာရိတ်၊ အလေအလွှင့်တွေနှုတ်ပြီး အကျန် တခေါက်ဆိုရင် ဘယ်လောက်မြတ်နိုင်ကြောင်း အမြဲတွက်ပြီး သွားရေယိုနေတတ်လို့ ရွာကလူတွေကတောင် စိတ်ကူးနဲ့ချမ်းသာနေတယ်လို့ သူ့ကို ပြောဖူးပါတယ်။

သူစကားပြောရင် ရှမ်းပြည်နယ်နဲ့ မြန်မာပြည်အလယ်ပိုင်းကို ရှမ်းပြည်နဲ့ ဗမာပြည်လို့ ပြောတာ သတိထားမိတယ်။ အဲဒါကြောင့် "ကိုကြီးကလည်း တနိုင်ငံတည်းကို ရှမ်းပြည်တွေ ဗမာပြည်တွေ ဆိုပြီး လိုက်ခေါ်နေတော့ ကိုကြီးပြောမှပဲ ရှမ်းပြည်နဲ့ ဗမာပြည်က နှစ်နိုင်ငံကျနေတာပဲ" လို့ ကျွန်မပြောတော့ အဲဒီဘက်က ဒီလိုပဲ ခေါ်တဲ့အကြောင်း သူပြောပြလို့ သိရတယ်။ ကိုကြီးက သူ ရောက်ဖူးတဲ့အထဲမှာ ရှမ်းပြည်လောက် နေချင့်စဖွယ် ကောင်းတဲ့နေရာ မြန်မာပြည်မှာ မရှိဘူးလို့ ပြောပြပြီး မိုးခေါင်ရေရှားဖြစ်တဲ့ ဗမာပြည် မှာလည်း (မြန်မာပြည်အလယ်ပိုင်းကို ဆိုလို) ပုပ္ပားလောက် သာယာ နေချင့်စဖွယ် ကောင်းပြီး ရာသီဥတုကောင်းတဲ့နေရာ မရှိဘူးလို့ သူတာဝန်ကျဖူးတဲ့ နှစ်နေရာအကြောင်းကို အမွမ်းတင်ပြီး အမြဲ ပြောပြတတ်ပါတယ်။ အဲဒီဘက်က ချက်ပြုတ် စားသောက်တဲ့နည်းအတိုင်း သူချက်ကျွေးတာကို ကျွန်မတို့ မြိန်ယှက်စွာ စားသောက်ခဲ့ဖူးတယ်။ ကျွန်မတို့ကို အဲဒီနေရာတွေက အလှအပတွေကို တွေ့ဖူးအောင် တနေ့တော့ ခေါ်သွားပြမယ်လို့ မကြာခဏ ပြောဖူးတယ်။ ဒါပေမဲ့ ကိုကြီး ကျွန်မတို့ကို အဲဒီနေရာတွေရောက်အောင် ဘယ်တော့မှ ခေါ်သွားနိုင်တော့မှာ မဟုတ်ဘူး။

ကျွန်မ ABSDF ဗဟိုရောက်ပြီး ၉၇ မှာ ဘန်ကောက်ကနေ ရွာကသတင်း အစအန ပြန်ရတော့ ကိုကြီး မရှိတော့ကြောင်း သိရတယ်။ ကျွန်မ စိုးရိမ်နေသလို ကရင်သူပုန်ကို စိတ်နာတယ် အမြဲပြောနေလို့ KNU အသတ်ခံပြီး သေရတာတော့ မဟုတ်ဘူး။ သူသေတာ စစ်ခွေးတွေ သတ်လို့ သေရတာ။ ကျွန်မအစ်ကိုဟာ ရော်ဘာတို့ ဓနိသကြားတို့ကို တင်ပြီး စက်လှေနဲ့ မိသားစုအတွက် စီးပွားထွက်ရှာရင်း စစ်ခွေးတွေနဲ့ မိပြီး ကုန်တွေလည်းသိမ်းခံရ လူကိုပါ ရဲဘက်အပို့ခံရကာ အကျဉ်းသားဘ၀နဲ့ စစ်ခွေးတွေ ညှင်းဆဲလို့သေခဲ့တယ်လို့ သိရတယ်။ ပုံမှန်ဆိုရင်တော့ ကျွန်မတို့ဘက်မှာ မှောင်ခိုလှေထွက်တဲ့ သူတွေ ဒီလိုဖြစ်လေ့ မရှိပါဘူး ကံမကောင်းလို့ မိရင်တောင်မှ သူ့နည်းသူ့ဟန်နဲ့ လာဘ်ပေးလာဘ်ယူနဲ့ ပြီးသွားတာပဲ အမြဲတမ်း ကြားဖူးပါတယ်။

 ကျွန်မအစ်ကိုကျမှ ဘာကြောင့် ကံဆိုးမိုးမှောင်ကျပြီး သေတဲ့အထိ ညှင်းဆဲခံရတယ်ဆိုတာကတော့ မိန်းကလေးတွေကို ပေါ်တာဆွဲတာအပါအ၀င် သူစစ်တပ်ထဲမှာတုန်းက အကျဉ်းသားတွေကို အပြစ်မရှိဘဲ ညှင်းဆဲဖူးတာလည်း ရှိချင်ရှိနိုင်ပါတယ်။ ဒါကြောင့် ကံ၊ ကံ၏အကျိုးဆိုတာ ပြေးမလွှတ်လို့ သူပြုခဲ့တဲ့အပြစ် သူ ပြန်ခံရတယ်လို့ပဲ သဘောထားလိုက်ပါတယ်။ သေချာတာက တိုင်းပြည်အတွက်မို့ ဘာလုပ်လုပ် တရားတယ်ထင်ခဲ့တဲ့ ကျွန်မကိုကြီးဟာ သူ့ကို ညှင်းဆဲခံရတဲ့အချိန်မှာတော့ တိုင်းပြည်အတွက်မို့ ငါ့ကို ဒီကောင်တွေအခုလို ညှင်းဆဲတာ တရားတယ်လို့ ဘယ်လိုမှ လက်ခံနိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် အမှန်တရားဟာ ဒါမဟုတ်ဘူး ဆိုတာနဲ့ လူထုကို ဒုက္ခပေးတာ တိုင်းပြည်အတွက်မဟုတ် အာဏာရူး စစ်ခေါင်းဆောင်တွေအတွက်သာ ဖြစ်ပြီး ပြည်သူလူထုကို တိုင်းပြည်အတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒုက္ခပေးတာဟာ လုံးဝမရားဘူးဆိုတဲ့ အမှန်တရားကို မသေခင် ကိုကြီးကောင်းကောင်း အ မြင်မှန် ရသွားမယ်ဆိုတာ ကျွန်မ လုံးဝယုံကြည်ပါတယ်။ ၀မ်းနည်းတာကတော့ သူစစ်တပ်ထဲမှာ ရွာသူတွေကို ပေါ်တာဆွဲကာ ဒုက္ခပေးတုန်းက မဖြစ်ဘဲ အခုလို မိသားစုအတွက် ကောင်းကောင်းမွန်မွန် အလုပ်အကျွေး ပြုနေတဲ့အချိန်မှာမှ ပြန်ခံရတာကိုပဲ ၀မ်းနည်းမိတယ်။ တကယ်တော့ ကျွန်မအစ်ကိုကြီးက စစ်ခွေးမဟုတ်ပါဘူး ကံမကောင်းစွာနဲ့ တိုင်းပြည်မှာ စစ်ခွေးကြီးစိုးတဲ့ခေတ်မှာ တပ်မတော်သား ဖြစ်ရလို့ စစ်ခွေးတို့ရဲ့ သားကောင်တကောင်သာ ဖြစ်ခဲ့ပါတယ်။ ကျွန်မအစ်ကို စစ်ခွေးလုံးဝ မဟုတ်ပါ။

စစ်ခွေးတွေဟာ အခုလည်း ပြည်တွင်းပြည်ပ နေရာတိုင်းမှာ ဒုက္ခပေးနေဆဲ၊ တိုင်းပြည်ကို ဖျက်ဆီးနေဆဲ ဖြစ်တယ်။ ကျွန်မအစ်ကိုလို မိမိကိုယ်မိမိ ဘယ်သူ့အတွက် အလုပ်လုပ်နေတယ်ဆိုတာ အမှန်အတိုင်း မြင်နိုင်လောက်အောင် အခွင့်မကြုံတဲ့ စစ်ခွေးစစ်စစ်တွရဲ့ အသုံးချခံ ပြည်တွင်းစစ်ရဲ့ သားကောင်တွေလည်း တပ်မတော်ထဲမှာ အများကြီး ရှိနေလိမ့်မယ်။

1962 ကစပြီး သွေးစွန်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုရင် ဘာလုပ်လုပ် တရားတယ်ဆိုပြီး လူ့အခွင့်အရေးကို တရားဝင် ချိုးဖေါက်ပြီး တိုင်းပြည်ကိုရော တပ်မတော်ကိုပါ ကိုယ်ကျိုးအတွက် အသုံးချနေကြတယ်ဆိုတာ အားလုံးသိအောင် လုပ်ဖို့က ကျွန်မတို့ရဲ့ သမိုင်းပေးတာဝန် ဖြစ်တယ်။ တောစွန်အုံဖျား တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေကို မုဒိန်းကျင့် သတ်ဖြတ်နေတဲ့ စစ်ခွေးတွေ၊ ရန်ကုန်လို မြို့လယ်ခေါင်မှာ သံဃာတော်နဲ့ ပြည်သူတွေကို ပစ်သတ်တဲ့အထိ သောင်းကျန်းနေတဲ့ စစ်ခွေးတွေ၊ အသက်မပြည့်သေးတဲ့ ကလေးတွေကို မိဘရင်ခွင်က ဆွဲခွါပြီး သူတို့လို စစ်ခွေးဖြေစ်အောင် အတင်းသွတ်သွင်းနေတဲ့ စစ်ခွေးတွေ၊ နိုင်ငံခြားအထိ ပြည်သူ့ဘဏ္ဍာနဲ့ ပညာလာသင်ပြီး အဲဒီရတဲ့ နည်းပညာနဲ့ အွန်လိုင်းပေါ်မှာ လူတကာကို ဒုက္ခလိုက်ပေးနေတဲ့ စစ်ခွေးတွေ၊ မြန်မာပြည်မှာ အဲဒီ (စစ်ခွေးတွေ - စစ်ခွေးတွေ - စစ်ခွေးတွေ ) အမြန်ဆုံ့း နိဂုံးချုပ်ပြီး ဟိုယခင်တုန်းကလို ပြည်သူချစ်တဲ့ တပ်မတော် အဖြစ် အမြန်ဆုံး ပြန်လည်အဖတ်ဆည်လို့ ရပါစေလို့ ဆုတောင်းပါတယ်။





ဒီသီချင်းက ကိုကြီး လက်မောင်းမှာ ဒါဏ်ရာရပြီးနောက် သူ့ချစ်သူက မိဘပေးစားတဲ့ အရပ်သားတယောက်နဲ့ လက်ထပ်လိုက်ပြီးနောက်ပိုင်း အမြဲဆိုဖြစ်တဲ့ သီချင်း ဖြစ်ပုံရတယ်၊ အိမ်ကိုရောက်ကတည်းက ဒီသီချင်းကိုပဲ စွဲစွဲမြဲမြဲ ဆိုနေတတ်ပါတယ်။ ရွာက ကာလသားတွေကလည်း သူ့ဆီမှာ ဒီသီချင်းကို လာသင်ကြပါတယ်။ ကိုကြီးဆီက မောင်လေးကို ကျောင်းပြန်တက်ဖို့ ဖြောင်းဖြလို့မရကြောင်း ပြန်ရေးလာတဲ့စာဟာ သူ့ဆီက ကျွန်မ နောက်ဆုံးဖတ်ရတဲ့ စာဖြစ်သလို ဒီတခါတွေ့ရတာဟာ ကျွန်မ သူ့ကို နောက်ဆုံးတွေ့ခြင်း ဖြစ်တယ်။ အာရုံနှစ်ခု တပြိုင်တည်း မရတတ်တဲ့ ကျွန်မဟာ အခုဒ်ီသီချင်းကို နားထောင်ရင်း ဒီစာကို ရိုက်နေစဉ်မှာ စာရိုက်တဲ့အာရုံနဲ့ သီချင်းနားထောင်တဲ့ အာရုံကို တခုတည်းလိုပဲ ခံစားနေရနေတယ်။ တချိန်ကတော့ အမုန်းအာဂါတကို သတိရစေတဲ့ အခုတော့ အလွမ်းတွေကို သယ်လာပေးတဲ့ ကိုကြီး အမြဲဆိုလေ့ရှိတဲ့ စိုင်းထီးဆိုင်ရဲ့ လေညာအရပ်ကအချစ် သီချင်းလေးကို နားထောင်ရင်း နောင်ဘ၀များမှာ လူပြန်ြဖစ်ရင် ကိုကြီးတယောက် စစ်ခွေးတွေရဲ့ သားကောင် ဘယ်တော့မှ မဖြစ်ပါစေနဲလို့ ဆုတောင်းရင်း

"မုတ်.. သုန်.. လေ.. လို မြောက်.. ပြန်.. လေ.. လို.. ရာသီလေမျိုး မဟုတ်ပါ၊ ကိုယ့်.. အချစ်.. က.. အမြဲတမ်း အချိန်မရွေး တိုက်ခတ်နေတဲ့ အရာ... ဟို...တောင်ပေါ် နှင်းငွေ့လည်းပါရဲ့ ဟိုး...တောင်ခြေ ဖုန်းငွေ့လည်းပါရဲ့..ဟိုး..အင်းအိုင် ပင်လယ်သမုဒ္ဒရာ ဂန္တာရမကျန်အောင် အဝေးကြီးဝေးပြီး အနီးကြီးနီးတဲ့ နှလုံးသားရဲ့ နယ်ပယ်ကလာ..( လေ..ညာအရပ်ကအချစ်...)၂ တိုက်နေခဲ့ တိုက်နေဆဲ နောင်များလည်း တိုက်နေအုန်းမှာပဲ.."

ဆိုပြီး လေညာအရပ်က သီချင်းကို စဆိုရာမှာ တလုံးစီကို တခွန်းချင်း နှေးနှေးနဲ့ ပီပီသသ စတင်သီဆိုတတ်တဲ့ ကိုကြီးရဲ့ အသံကို ကြားယောင်နေမိတယ်။ အခုတော့ ဒီသီချင်းနဲ့ပဲ အလွမ်းဖြေဦးမယ်။ တနေ့တချိန်မှာ အခြေအနေပေးရင်တော့ ကိုကြီး စစ်တပ်ထဲမှာတုန်းက ကျင်လည် ကျက်စားခဲ့တဲ့ သိပ်ကို သာယာလှပပါတယ်ဆိုတဲ့ သူကိုယ်တိုင် လိုက်ပြချင်ပြီး လိုက်မပြလိုက်ရတဲ့ ရှမ်းပြည်တောင်ပိုင်း ကလော၊ အောင်ပန်း၊ တောင်ကြီးနဲ့ မြန်မာပြည် အလယ်ပိုင်းက ပုပ္ပားနဲ့ ကျောက်ပန်းတောင်းမြို့တွေကို သွားပြီး အဲဒီမြို့တွေက အလှတွေကို ကိုယ့်ဖါသာကိုယ် သွားကြည့်ပြီး ကိုကြီးကို အလွမ်းဖြေချင်ပါသေးတယ်။

ကိုကြီး ကောင်းရာသုဂတိလားပါစေ။ မြန်မာပြည်မှာ စစ်ခွေးစနစ် ကျဆုံးပါစေ။


(လေညာအရပ်က အချစ်သီချင်းကို Download လုပ်တဲ့နေရာ ပို့ပေးတဲ့ ပြီးခဲ့တဲ့လက ဖင်လန်နိုင်ငံရောက် နိုင်ငံခြားသားတွေ အထဲမှ အကောင်းဆုံး လူမှုထူးချွန်ဆုကို ဆွတ်ခူးရရှိသွားတဲ့ ဇနီးမောင်နှံဖြစ်တဲ့ ကိုသားဆွေနဲ့ မျိုးမျိုး တို့ကို အထူးကျေးဇူးတင်ပါတယ်။)

၁၅ နှစ်မြောက်နှင့် နှစ်သစ်အမှတ်တရ


ဒီနှစ် နှစ်သစ်ကူး မီးပန်းဖေါက်တာကို အရင်နှစ်ကလို မြို့ထဲမှာ သွားမကြည့်တော့ဘဲ အိမ်ကနေပြီးပဲ တီဗွီမှာ Live Show ပြတာကို ထိုင်ကြည့်လိုက်တယ်။ ညက အိမ်ရာဝင် နောက်ကျခဲ့ပြီး နေ့တာရှည်တဲ့ နွေရာသီလည်း ဖြစ်တော့ ဒီမနက်မိုးလင်း ခါတိုင်းလိုပဲ အိပ်ရာထ ဘုရားရှိခိုးတဲ့အချိန်မှာ အပြင်မှာ မိုးစင်စင်လင်းနေပါပြီ။ အပြင်မှာ လင်းနေပေမဲ့ ခန်းဆီးပိတ်ထားလို့ အိမ်ထဲမှာ မှောင်နေဆဲမို့ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းနဲ့အတူ ဘုရားမီးကိုပါထွန်းပြီး ကပ်လိုက်ပါတယ်။ ဒီနှစ်အတွက် နှစ်သစ်ကူးနှင့် ၁၅ နှစ်မြောက်ခရီးစဉ် အမှတ်တရ အဖြစ် ထမင်းမချက်စားဘဲ မုန့်ဟင်းခါးချက်စားဖို့ စီစဉ်ထားတဲ့အတိုင်း ဘုရားရှိခိုးပြီးတာနဲ့ မုန့်ဟင်းခါးချက်ဖို့ စတင်ပြင်ဆင်လိုက်ပါတယ်။


နှစ်သစ်ကို ရောက်တိုင်း ကျွန်မတို့ အိမ်ထောင်သက်တမ်း တနှစ်တိုးတဲ့အတွက် နှစ်စဉ်နှစ်တိုင်း အမှတ်တရအဖြစ် ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ABSDF မှာ မိခင်တပ်ရင်း မတူတဲ့ တပ်ရင်း (၂၀၈) က သူနဲ့ တပ်ရင်း (၂၀၁) က ကျွန်မတို့နှစ်ယောက်ဟာ ဗဟိုဌာနချုပ်မှာ ဆုံတွေ့ကြပြီး နှစ်ဦးသဘောတူ ကြည်ဖြူစွာဖြင့် ၁၉၉၆ က ဒီလိုနေ့မှာ တောတွင်းတနေရာ၌ ကိုယ်တိုင်ဆောက်ထားတဲ့ အိမ်မှာ ကိုယ်တိုင် လက်နဲ့ချုပ်ထားတဲ့ အ၀တ်အစားကို ၀တ်ပြီး နှစ်ဘက် မိဘဆွေမျိုးမရှိဘဲ အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ရှေ့မှာ လက်မှတ်ထိုးပြီး ရဲဘော်ရဲဘက်တွေကို မုန့်နဲ့ လက်ဘက်ရည် ကျွေးမွေးဧည့်ခံကာ မင်္ဂလာဆောင်ခဲ့ပါတယ်။ အခု ဒီနေ့မှာ ကျွန်မတို့ နှစ်ယောက် အိမ်ထောင်သက်တမ်းဟာ ၁၅ နှစ် တိတိပြည့်ပါပြီ။ ဒါကြောင့် နှစ်သစ်ကူးတိုင်း ကျွန်မတို့ မိသားစုအတွက် အမြဲတမ်း အမှတ်တရ ကျန်နေပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်က ကျွန်မတို့နှစ်ယောက်ကို ဘ၀နှစ်ခု ပေါင်းစပ်နိုင်ဖို့အတွက် ၀ိုင်းဝန်းကူညီပေးခဲ့သူ မိတ်ဆွေ အပေါင်းအသင်း ရဲဘော်ရဲဘက်များကို ကျွန်မ ဒီနေ့ကျေးဇူးဆိုလိုက်ပါတယ်။ ကျွန်မတို့ နှစ်ယောက်က တပ်ရင်း မတူကြတော့ ကျွန်မသူနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ပြီး အဖွဲ့အစည်းကို လက်ထပ်စာမတင်ခင် ကျွန်မတို့တပ်ရင်းက ဗဟိုမှာ အတွင်းရေးမှူး (၂) နဲ့ စစ်ကော်မရှင် ဥက္ကဌ အဖြစ် တာဝန်ကျနေတဲ့ ဦးဌေးအောင် (ယခု စစ်ရေးလေ့လာသူ) အပါအ၀င် တခြားတပ်ဖွဲ့ဝင် တယောက်စီကို အသိပေး တိုင်ပင်တော့ တယောက်မှ မကန့်ကွက်ခဲ့ပဲ သဘောတူကြပါတယ်။ သူ့တပ်ရင်းကတော့ ဗဟိုမှာ များများစားစား မရှိ ရှိတဲ့သူ သုံးလေးယောက်ကလည်း ကျွန်မနဲ့ ခင်မင်ရင်းနှီးပြီးသား ဆိုတော့ တိုင်ပင်စရာ အများကြီး မရှိပါဘူး။ ပြီးတာနဲ့ ကျွန်မတို့ လက်ထပ်ခွင့် စာတင်ခဲ့တယ်။

အဲဒီတုန်းက ကျွန်မတို့ လက်ထပ်ခွင့် စာတင်တဲ့အချိန်မှာ တပ်ရင်း ၃၀၃ က ဗဟိုပြန်ကြားရေးမှာ တာဝန်ကျနေတဲ့ မဆူးပွင့်နဲ့ တပ်ရင်း ၂၀၇ က ဗဟိုကျန်းမာရေးမှာ တာဝန်ကျနေတဲ့ စန်းစန်းချိုကလည်း ကျွန်မ မတင်ခင်ကတောင် လက်ထပ်ခွင့်စာ တင်ထားပြီးနေပြီ။ အားလုံး သဘောတူရင် ဗဟိုလည်း သိပ်အလုပ်မများပဲ အကုန်အကျလည်း သက်သောအောင် သုံးတွဲအတူတူ မင်္ဂလာဆောင်ရင် ကောင်းမယ်ထင်ပြီး မဆူးပွင့်နဲ့ ကျွန်မနဲ့ တိုင်ပင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်မတို့ အမျိုးသားတွေက ဒီအစီစဉ်ကို သဘောကျတဲ့ အရိပ်ယောင် မပြလို့ လက်ထပ်စာတင်ထားတဲ့ နေ့စွဲအစီစဉ်လိုက်ပဲ မိမိတို့စုံတွဲအတွက် မိမိတို့ဖါသာ သီးခြားစီ ရက်ရွေးပြီး အရင်စောတဲ့ အတွဲက အရင်မင်္ဂလာဆောင်ဖြစ်ခဲ့ပါတယ်။ ဒီသုံးတွဲမှာ ကျွန်မတို့က နောက်ဆုံးအတွဲဖြစ်တယ်။

မင်္ဂလာဆောင်ဖို့နေ့ကို ရွေးခဲ့တုန်းက နှစ်သစ်ကူးတိုင်း အိမ်ထောင်သည်ဘ၀ကို စခဲ့တာကို အမြဲသတိရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီနေ့ကို ရွေးခဲ့ပါတယ်။ ကျွန်မတို့ မင်္ဂလာဆောင်ခဲ့တဲ့ နေ့ဟာ တနင်္ဂနွေနေ့လည်း ဖြစ်ခဲ့တော့ တကယ်ဆို အဲဒီလိုနေ့မှာ ပုံမှန်အတိုင်းဆို ရုံးပိတ်ရက် ဖြစ်ပြီး အားလုံး အနားယူရမယ့်ရက် ဖြစ်သင့်ပါတယ်။ သို့သော်လည်း တော်လှန်ရေးမှာ နားရက်ဆိုတာ မရှိတတ်ဘဲ အဲဒီတုန်းက နှစ်သစ်ကူးနေ့နဲ့ တနင်္ဂနွေနေ့တိုက်နေတာတောင်မှ မနားပဲ ကျွန်မတို့ ရွေးတဲ့နေ့ကို လက်ခံပြီး အခမ်းအနားလုပ်ပေးခဲ့တဲ့ ရုံးအဖွဲ့နဲ့ လက်ထပ်ခွင့်ပေးတဲ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေကိုလည်း အခုမှ ပြန်တွေးပြီး ကျေးဇူးတင်နေမိတယ်။

မင်္ဂလာဆောင်တဲ့ စုံတွဲတိုင်းကို အိမ်ဆောက်တဲ့ ပစ္စည်းတချို့နဲ့ အိုးခွက်ပန်းကန်တချို့ကို ထောက်ပံ့ရေးဌာနက ၀ယ်ပေးပြီး အိမ်မိုးဖို့ ဖက်ဖိုးနဲ့ ကျွေးမွေးဧည့်ခံစာရိတ် လဘက်ရည်နဲ့ မုန့်အတွက်စာရိတ် အနည်းငယ်ကိုလည်း အဖွဲ့အစည်းက ပေးပါတယ်။ ကျွန်မတို့အိမ်ကို ကျွန်မတို့ ကိုယ်တိုင်ဆောက်ပြီး အိမ်ဆောက်လို့ အပြီးမှာ မင်္ဂလာမဆောင်ခင် ၉၅ ရဲ့ နောက်ဆုံးနေ့ ဒီဇင်ဘာ ၃၁ မှာ သူ့ဗားတိုက်က သူ့ပစ္စည်းတွေနဲ့ အမျိုးသမီးအဆောင်က ကျွန်မအ၀တ်အစား အသုံးအဆောင်တွေကို ဆောက်ထားတဲ့ အိမ်ကိုအပြီးရွှေ့ပြီး နေရာချခဲ့ပါတယ်။ ပြီးတော့ နောက်နေ့ မနက် ၉၆ ရဲ့နှစ်ဆန်းတရက်နေ့ မနက် ရှစ်နာရီခွဲမှာ မင်္ဂလာဆောင်ပြီးတာနဲ့ အတူတူဆောက်ထားတဲ့ အိမ်အသစ်ကြပ်ချွတ်မှာ အတူတူ စနေခဲ့ပါတယ်။

အိမ်ဆောက်တဲ့ အချိန်မှာ တပ်ရင်း (၂၀၈) သူ့တပ်ရင်းက ဗဟိုမှာ တာဝန်ကျနေတဲ့ ရဲဘော်တွေက ကျွန်မတို့နှစ်ယောက်နဲ့အတူ သစ်ဝါး၊ ၀ိုင်းခုတ်တာ အမိုးအတွက် အင်ဖက်ဝိုင်းကောက်တာနဲ့ ကောက်ထားတဲ့ အင်ဖက်ရွက်တွေကို ဖက်ဖြစ်အောင် ပြန်လုပ်တာ အပါအ၀င် အိမ်ကိုပြီးတဲ့အထိ ၀ိုင်းပြီး တာဝန်ယူခဲ့ပါတယ်။ ကျွေးမွေးဧည့်ခံဖို့ ချက်ပြုတ်တာကို ကျွန်မတို့ တပ်ရင်း (၂၀၁) က ကိုမြင့်အောင်၊မနီနီစန်းက ဦးဆောင်ပြီး တပ်ရင်း (၂၁၆) က မဌေးတို့ မမွှေးတို့ ဦးဆောင်တဲ့ ဗဟိုမိသားစုတွေ လုပ်ပေးပါတယ်။ အိမ်မှာ လိုအပ်တဲ့ တချို့အိမ်သုံးပစ္စည်းတွေကို ကျွန်မတို့ တပ်ရင်းက ကိုကင်းရှင်က ၀ယ်ပေးပါတယ်။ မင်္ဂလာဆောင်ရာမှာ ဆံပင်စည်းဖို့ ခေါင်းစည်းကြိုးကို တပ်ရင်း ၂၁၆ က ဗဟိုပြန်ကြားရေးမှာ တာဝန်ကျနေတဲ့ ကျွန်မသူငယ်ချင်း အခု ဘလော့ဂါမဗေဒါက သိုးမွေးနဲ့ ထိုးပေးပါတယ်။ ကျွန်မတို့တပ်ရင်းက အဲဒီအချိန်က စစ်ရုံးမှာ တာဝန်ကျနေတဲ့ အတွင်းရေးမှူး (၂) တာဝန်နဲ့ စစ်ကော်မရှင်ဥက္ကဌ တာဝန်ယူထားတဲ့ ဦးဌေးအောင် (အခု-ဆစ်ဒနီ) နဲ့ တပ်ရင်း (၂၁၆) က နေ တာဝန်ကျနေတဲ့ ဗဟို တရားသူကြီးအဖွဲ့ဝင် ဦးတင်ရွှေ (ကွယ်လွန်) က မင်္ဂလာ သြ၀ါဒ စကားပြောကြားခဲ့ပါတယ်။ ဒီမနက် ကျွန်မ မုန့်ဟင်းခါး ချက်နေတုန်း အမျိုးသားက ဘလော့ဂ်ထဲဝင်တော့ ဦးဌေးအောင်က ကျွန်မ C_Box မှာ မင်္ဂလာသက်တမ်း ၁၅နှစ် အမှတ်တရ ဆုတောင်းကို လာရေးထားတာကို ပြလို့ တွေ့တော့ ကာရကံရှင်တွေ မဟုတ်ဘဲ အခုလို ၁၅ နှစ်ကြာတဲ့အထိ သတိရနေတာကို တကယ်ပဲ အံ့သြ၀မ်းသာသွားပြီး ကျေးဇူးတင်မိတယ်။

မင်္ဂလာဆောင်ရာမှ ကူညီတဲ့သူတွေအကြောင်း ပြန်စရရင် မင်္ဂလာဆောင်တဲ့ မှတ်တမ်းတင်ဓါတ်ပုံကို ပြန်ကြားရေးက မဆူးပွင့်နဲ့ တပ်ရင်း ၂၀၄/၂၀၅ က ဦးစိုးခိုင်က ရိုက်ပေးပါတယ်။ ဓါတ်ပုံရိုက်ထားတဲ့ ဖလင်ကို ကျွန်မတို့ တပ်ရင်းက အဲဒီချိန်က ပြန်ကြားရေးမှာ (CEC) တာဝန် ယူထားတဲ့ ကိုခင်မောင်ဝင်း (ယခု DVB) က ကူးပေးပါတယ်။ ဒါပေမဲ့ သူကဓါတ်ပုံကို မြို့မှာ ကူးပြီးဗဟိုကို ပြန်မရောက်ခင် ကျွန်မအမျိုးသား တပ်ရင်းဖြစ်တဲ့ (၂၀၈) ကို လမ်းကြုံလို့ ခဏရောက်သွားပြီး ဒီမှာ တို့တပ်ရင်းက ရဲမေနဲ့ နင်တို့တပ်ရင်းက ရဲဘော် မင်္ဂလာဆောင်တဲ့ပုံတွေ ဆိုပြီးသွားပြတော့ ဟိုက ပုံကောင်းကောင်းတွေ အကုန် တောင်းယူထားခဲ့တာကိုလည်း ဖလင်ရှိရင် ပြန်ကူးလို့ ရတယ်ဆိုတဲ့ အကြံအစည်နဲ့ ပေးခဲ့တယ်။ ပြီးတော့ ဖလင်နှစ်လိပ်လုံးကိုလည်း ဖျောက်ပစ်လိုက်တော့ ကျွန်မတို့မှာ မင်္ဂလာဆောင် ဓါတ်ပုံကောင်းကောင်း အမှတ်တရ မကျန်ခဲ့တဲ့ တရားခံက ကိုခင်မောင်ဝင်းပဲ ဖြစ်တယ်။ ကျွန်မတို့ မင်္ဂလာပွဲဟာ ဗဟိုမိသားစုတွေ၊ နှစ်ဘက်တပ်ရင်းက ရဲဘော်ရဲဘက်တွေ၊ ဒေသခံတပ်ရင်းတွေ ဖြစ်တဲ့ တပ်ရင်း ၆၀၁၊ ၃၀၃၊ ၂၁၀၊ ၈၀၁ မိသားစုတွေအားလုံးရဲ့ အကူအညီကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ် ဒီလိုနေ့မှာ သိုက်သိုက်မြိုက်မြိုက်နဲ့ ချောချောမောမော ပြီးသွားခဲ့ပါတယ်။

မင်္ဂလာ ဆောင်တုန်းက သြ၀ါဒစကား ပြောတဲ့နှစ်ယောက်မှာ ဦးဌေးပြောတဲ့ သြ၀ါဒစကားက နားလည်မှု ရှိရှိနဲ့ ဘယ်လိုချစ်ချစ်ခင်ခင် နေထိုင်သွားဖို့စသည်ဖြင့် သာမန် သြ၀ါဒသာ ဖြစ်ပြီး သူများနဲ့မတူ တမူထူးခြားစွာ ပြောသွားတဲ့ ကွယ်လွန်ခဲ့ပြီ ဖြစ်တဲ့ ဆရာတင်ရွှေကတော့ လင်မယားဆိုတာ ခဏခဏ ရန်ဖြစ်ပေးမှ သမီးရည်းစားဘ၀ကို ခဏခဏ ပြန်ရောက်ပြီး ရန်ဖြစ်ရာက ပြန်တည့်တဲ့အချိန်မှာ အသစ်မင်္ဂလာ ပြန်ဆောင်ခါစလို ခံစားရပြီး ပိုချစ်တယ်၊ ဒါကြောင့် ခဏခဏ ရန်ဖြစ်ကြပါ ချစ်ကြပါလို့ ပြောသွားတာကို အခုထိ သတိရနေသေးတယ်။ ဒါပေမဲ့ ဆရာတင်ရွှေတို့ လင်မယား ရန်ဖြစ်တာ ကျွန်မတခါမှ မတွေ့ဖူးတော့ ဆရာတင်ရွှေဇနီး မဌေးကိုကျွန်မက မဌေးတို့လင်မယားက လူမသိအောင် ခဏခဏ ရန်ခိုးဖြစ်ကြလားလို့ စနောက်ပြီးမေးဖူးပါတယ်။

ကျွန်မတို့ လင်မယားက တော်တော်လေး ရန်ဖြစ်ခဲတယ် ဒါကြောင့် ဦးဌေးရဲ့ သြ၀ါဒ အောင်မြင်ပါတယ်။ တပ်ထဲမှာတုန်းက ကျွန်မတို့ လင်မယား ဘယ်တော့ ရန်ဖြစ်မလဲလို့ စောင့်ကြည့်နေတဲ့သူတွေ ကျွန်မတို့ ရန်ဖြစ်တာကို မြင်ခွင့်ကြားခွင့် မရခဲ့လို့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ အပြင်ရောက်လာပြီး နောက်ပိုင်းမှာ တပ်ထဲမှာတုန်းကလို မဟုတ် ရွေးစရာတွေက များလာတော့ အနေအထိုင် အစားအသောက် ဘ၀လူနေမှု ပုံစံတွေနဲ့ ပတ်သက်ပြီး
အကြိုက်မတူတာတွေက များလာတော့ မကြာခဏ အချေအတင် ဖြစ်ရတာတွေ ရှိလာပြီး ပြန်ညှိရတာတွေ ရှိလာတော့ ဆရာတင်ရွှေ ပြောခဲ့တဲ့ သြ၀ါဒကလည်း ဆရာတင်ရွှေ ကွယ်လွန်ပြီးမှပဲ ကျွန်မတို့အတွက် မှန်ကန်နေပါလားလို့ တွေးမိပြီး ဆရာတင်ရွှေကို လွမ်းမိတယ်။


လွန်ခဲ့တဲ့ ၁၅ နှစ်က မင်္ဂလာအခမ်းအနား စတင်တဲ့အချိန်ဖြစ်တဲ့ ဒီနှစ် ဒီနေ့ မနက် ရှစ်နာရီခွဲမှာတော့ ကျွန်မက မုန့်ဟင်းခါးချက်ဖို့အတွက် မီးဖိုချောင်ထဲမှာ အလုပ်များနေခဲ့တယ်။ ဘာမှလည်း ဖီးလိမ်း ချယ်သထားခြင်းမရှိဘဲ မုန့်ဟင်းခါးချက်ဖို့ မနေ့က၀ယ်လာတဲ့ ငါးတွေကိုကိုင်ပြီး နံစော်နေတဲ့ ကျွန်မကို အလုပ်က ပြန်ရောက်လာတဲ့သူက မီးဖိုခန်းထဲဝင်လာပြီး ငါ့မိန်းမက လွန်ခဲ့တဲ့ ၁၅ နှစ်ကထက် အခုပုံက ပိုချောတယ်ဆိုပြီး လာနောက်နေလို့ "သွားစမ်းပါ အပိုတွေ လာမပြောနေနဲ့ ဒီမှာ ငါးတွေနဲ့ နံစော်နေရတဲ့အထဲ၊ အိပ်ရာထမှ မုန့်ဟင်းခါး အတူတူစားမယ် အခုတော့ အေးအေးဆေးဆေး သွားအိပ်လိုက်ပါ" လို့ ပြန်ပြောလိုက်ရတယ်။

အမှန်ကတော့ စတာပဲဖြစ်ဖြစ် အတည်ပဲဖြစ်ဖြစ် သူပြောတဲ့ ဒီစကားက ကျွန်မအတွက် အသစ်အဆန်း ဖြစ်နေတာတော့ အမှန်ပဲ။ သူက ကျွန်မကို မကြာခဏ ကဲ့ရဲ့ပြီး ပြောတတ်တာက မင်းက ဗမာတော့ မဖြစ်နိုင်ဘူး ကုလားဒိန် ဖြစ်ဖို့များတယ် လို့ပြောပြီး ကလေးရပြီး နောက်ပိုင်းမှာ သားသားကလည်း ကိုယ်ဝန်ရစဉ်က အသားအရောင်နဲ့ ပတ်သက်ပြီး ကျွန်မနဲ့ မတူပါစေနဲ့လို့ ဆုတောင်းနေတဲ့ကြားထဲက ဆုတောင်းမပြည့်ဘဲ ကျွန်မထက်တောင် မဲပြီး မွေးလာတော့ ကျွန်မတို့ သားအမိကို မင်းတို့သားအမိက ဗမာမဟုတ်ဘူး ဘင်္ဂလားက သင်္ဘောပျက်ပြီး မြန်မာပြည်မှာ လာတင်နေတဲ့ သားအမိဖြစ်မယ်နဲ့ သူ့အတွက် စရာတယောက် ထပ်တိုးသွားလို့ ကျွန်မလည်း အဖေါ်ရသွားတယ်။ သူစတာကို သားကတော့ ဖေဖေဟာ တော်တော်ကို လူမျိုး အသားအရောင်ခွဲခြားတတ်သူလို့ မှတ်ချက်ပေးပေမဲ့ ကျွန်မကတော့ သူစတာတွေကို ခေါင်းထဲထည့်လေ့ မရှိပါဘူး။

ဒီနှစ်နှစ်သစ်ကူးနေ့မှာ ဘုရားရှိခိုးပြီး ကျွန်မဆုတောင်းက ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆုတောင်းခဲ့ပြီး ဘုရားရှိခိုးအပြီး ဟိုတုန်းက ဓါတ်ပုံတွေနဲ့ ယှဉ်ပြီး မှန်ထဲမှာ ကိုယ့်ပုံကိုယ် ပြန်ကြည့်မိတော့ အခုတောင် တော်တော်အိုနေပြီပဲဆိုတာ သတိထားမိလိုက်ပြီး ဇရာရဲ့ခြိမ်းချောက်မှုကို စတင်ခံစားလိုက်ရပါတယ်။ ဒီနေ့မှာ ဘယ်တုန်းကမှ မလှခဲ့တဲ့ ကျွန်မကို လွန်ခဲ့တဲ့ ၁၅ နှစ်ကထက်ချောတဲ့အကြောင်း သူကပြောတယ်ဆိုတော့ မဟုတ်ဘူးဆိုတာ သိပေမဲ့ အဲဒါသူ့ဆီက ရှားရှားပါးပါး ကြားရတဲ့စကားဆိုတော့ ၁၅ နှစ်မြောက်မှာ သူ့ဆီက ရတဲ့လက်ဆောင် အဖြစ်ပဲ သဘောထားလိုက်ပါတယ်။ သူပြောတဲ့အတိုင်း ဟုတ်မဟုတ်ဆိုတာကိုတော့ အောက်က ဓါတ်ပုံတွေကို ယှဉ်ကြည့်ပြီးပဲ ဆုံးဖြတ်ကြတော့။ နောက်ထပ် အနှစ် ၆၀ ဆိုရင် မင်္ဂလာ သက်တမ်း စိန်ရတုတိုင်မှာမို့ နှစ်ယောက်စလုံး အသက်တရာကျော်တဲ့အထိ နေရရင်တော့ မင်္ဂလာသက်တမ်း စိန်ရတုတိုင်မှာ သေချာပါတယ်။ အသက်တရာကျော်တဲ့အထိ ကျန်းကျန်းမာမာ နေသွားရမယ်ဆိုရင်တော့ စိန်ရတုတိုင်အောင် နေသွားချင်ပါတယ်။

နှစ်သစ်မှာ အားလုံး ပျော်ရွှင်ပြီး လိုရာဆန္ဒ ပြည့်ဝကာ ရွှင်လန်းချမ်းမြေ့ကြပါစေ။



လွန်ခဲ့တဲ့ ၁၅ နှစ်က ကိုယ်တိုင်ဆောက်ခဲ့တဲ့ အိမ်

လွန်ခဲ့တဲ့ ၁၅ နှစ်ကပုံ(လက်ထပ်စာချုပ်လက်ခံယူနေစဉ်)










ဒီနေ့ပုံ (Camera child က သားသားပါ)

ဒီနေ့ ထမင်းမချက်စားဘူး မုန့်ဟင်းခါးပဲ ချက်စားတယ် သုံးယောက်စလုံး ကြိုက်တဲ့အစားအစာဆိုလို့ ရှားရှားပါးပါး မုန့်ဟင်းခါးတမျိုးပဲ ရှိပါတယ်။


ဒီနှစ် နှစ်သစ်ကူးကာလမှာ ပန်းဆိုင်တွေ အကုန်ပိတ်ထားလို့ နှစ်သစ်ကူးနေ့နဲ့ ၁၅ နှစ်မြောက် အမှတ်တရနေ့မှာ ဘုရားမှာ အိမ်နား Park ထဲက သဖြေခက်တွေနဲ့ တောပန်းတွေနဲ့ပဲ သွားခူးပြီး ဘုရားကပ်လိုက်ရတယ်။


(ဒီပို့စ်မှာ တော်လှန်ရေးနဲ့ အိမ်ထောင်ရေး နိဂုံးပိုင်းနဲ့ ပြီးခဲ့တဲ့နှစ်က တင်တဲ့ ၁၄ နှစ်မြောက်အမှတ်တရမှ ဓါတ်ပုံ၊ အချက်အလက်တချို့နဲ့ စာသားတချို့ကိုလည်း ပြန်လည် ယူသုံးထားပါတယ်။)