မင်္ဂလာပါ
လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..
မြတ်ဗုဒ္ဓ၏ မေတ္တာတရား
မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။
၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား
၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....
ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ
၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....
ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး
ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...
ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်
ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....
ဂုဏ်ယူစရာ ရွှေမြန်မာ
ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....
နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ
"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....
ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်
Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...
၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ
ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...
Child Migration
ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....
တော်လှန်ရေးနှင့် အိမ်ထောင်ရေး
သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....
Showing posts with label ဗွီဒီယို. Show all posts
Showing posts with label ဗွီဒီယို. Show all posts
ပုဒ်မ ၄၃၆ ကို ဘာကြောင့် ပြင်ဆင်ဘို့ လိုအပ်သလဲ
အဲဒီစာအုပ်က အဖုံးကလွဲရင် အကုန်ပြင်ရမှာ (အဖုံးလည်း မလိုချင်ပါဘူး - ပရိတ်သတ်အသံ) ဘာဖြစ်လို့ ခင်ဗျားက အဖုံးချန်ထားချင်တာလဲလို့ ကျနော့်ကို ကျနော့်မိတ်ဆွေ ဥိးကိုနီက မေးဖူးတယ်၊ ကျနော်က အရှေ့ကလူ လုပ်တာအကုန် ဖျက်တတ်တဲ့ အကျင့်မရှိဘူး၊ ဒါပေမဲ့ အတွင်းက ပိုးထိုးလောက်ကိုက်နေတာတွေကို ကျနော်တို့က ဖျက်ကိုဖျက်ရမယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဘယ်လောက်ရင်နာဘို့ ကောင်းသလဲဆိုရင် ဗမာပြည်မှာ မြစ်ဝကျွန်းပေါ်ဒေသ တခုလုံး ထောင်းထောင်းကြေအောင် ပျက်စီးသွားတဲ့ နာဂစ်ကာလ ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေ နာဂစ်မုန်တိုင်းထဲမှာ သေကြေခဲ့တယ်၊။ လူအသေကောင်တွေ သစ်ပင်တွေမှာ ချိတ်နေတယ်၊ လူအသေကောင်တွေ မြက်တောထဲမှာ မြောနေတယ် ရေထဲမှာ၊ အဲဒီလို ဒုက္ခသုက္ခတွေ ရောက်ပြီးတော့ ပင်ပမ်းဆင်းရဲမှုတွေနဲ့ ကြုံနေရတဲ့နေရာကို မြန်မာတနိုင်ငံလုံးက စေတနာတွေနဲ့ အထည်လိပ်တွေ စားသောက်ကုန်တွေ သွားပြီးတော့ ကူညီကြတယ်။ လူသားဆန်တဲ့သူတွေက အဲဒီလို လူဆန်ဆန် လုပ်နေတဲ့အချိန်မှာ လူစိတ်မရှိတဲ့သူတွေက အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဌာန်းဘို့ အသည်းအသန် ကြိုးစားခဲ့ကြတယ်။ 
အဲဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဗမာလူမျိုးတွေရဲ့ အလောင်းပေါ်ကနေ ပြဌာန်းခဲ့တဲ့ ဥပဒေ အင်မတန် ပုပ်စော်နံတယ်။ အင်မတန် ပုပ်စော်နံတယ်။ အဲဒီတော့ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ဘာကြောင့် အသည်းအသန် ရေးဆွဲဘို့ ကြိုးစားခဲ့သလဲ။ ကမ္ဘာမှာ ၁၃ နှစ်ကျော် အချိန်ယူပြီး ရေးဆွဲခဲ့တဲ့ ဥပဒေ၊ အဲဒီ ၁၃ နှစ်ကို တနှစ်မှာ ၃၆၅ ရက်နဲ့ မြှောက်လိုက်၊ ရလာတဲ့ အရေအတွက်ကို မှတ်ထား၊ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါတဲ့ပုဒ်မအရေအတွက်ကို မှတ်လိုက် ပြီးရင် စားကြည့်လိုက် တနေ့ကို ပုဒ်မတခုပဲ ရေးရင်တောင် ၁၃ နှစ်မကြာဘူး။ ဘာကြောင့် ၁၃ နှစ်ကြာအောင် ရေးလဲဆိုတာ သိချင်ရင် အဲဒီလူတွေ ဘယ်လောက်ချမ်းသာသွားလဲ သွားကြည့်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲနေတာမဟုတ်ဘူး ရေးဆွဲနေတယ်လို့ အကြောင်းပြပြီးတော့ နိုင်ငံက သယံဇာတတွေ ဘဏ္ဍာတွေ၊ ပြည်သူ့ပစ္စည်းတွေကို အကုန်လုံး သူတို့ဂိုဒေါင်ထဲ ကဲ့ယူနေတာ။ ဖွဲ့စည်းပုံ ဆွဲလို့ ကြာတာမဟုတ်ဘူး နိုင်ငံ့ဘဏ္ဍာကို ဒို့ဘိုးဘွားအမွေအနစ် လုပ်နေလို့ အဲလောက်ကြာသွားတာ၊ အဲဒါကို လူကြားကောင်းအောင် လျှောက်ပြောတာ နိုင်ငံတော်အကြီးအကဲက အမျှော်အမြင်ကြီးစွာနဲ့ အိပ်မက်အရ ဆွဲနေတာ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို။ ပြီးလည်းပြီးရော ထွက်လည်းထွက်လာရော ဟိုနားကတပိုင်းတစ၊ အင်ဒိုနီးရှားကဟာက နည်းနည်း၊ ဟို ဥရောပတိုင်းပြည်တွေက ဟာကနည်းနည်း အမေရိကန်ကဟာက နည်းနည်း အဲဒီလိုနဲ့ စုပေါင်းစပ်ပေါင်း ဥပဒေ၊ အဲဒီတော့ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေက စောစောက တယောက်ပြောတယ် ပြည်သူတွေနဲ့အစိုးရနဲ့ကြားမှာ ချူပ်ထားတဲ့စာချူပ် လွယ်လွယ်လေးရယ် ဒါပေမဲ့ ပြည်သူ့ရဲ့ အာဏာကို ပြန်ပေးရမည့်အချိန်မှာ သူတို့ကအကုန်လုံးကိုပိတ်တယ်နော့်၊ အကုန်လုံး ဘာပိတ်လဲဆိုတော့ သူတို့က အိမ်တလုံးကို နှစ်ပေါင်းများစွာပေါ့ တိတိကျကျ ပြောရင် ၂၂ နှစ်၊ အဲဒီအိမ်ကို သူတို့အပိုင်စီးတယ် အပိုင်စီြး့ပီးတော့ ၂၂ နှစ်ကျော်လို့ ပြန်ပေးရမယ်ဆိုတဲ့ အချိန်မှာ နောက်ဖေးတံခါးကို ဒလက်ထိုးပြီးပိတ်တယ်။ ပြူတင်းပေါက်တံခါးတွေကို ဒလက်ထိုးပြီးပိတ်တယ် အကုန်လုံး ရှိသမျှအပေါက် ပိတ်ပြီးတော့မှ နောက်ဆုံး အိမ်ရှေ့တံခါးမကြီးကို ဒလက်ထိုးပြီးတော့ သော့ခတ်ပိတ်ပစ်လိုက်တယ်။ အဲဒီနောက်ဆုံးပိတ်လိုက်တဲ့ သော့ခလောက်က အဲဒီပုဒ်မ ၄၃၆၊ ဖြစ်တယ်။ 
ကျနော်နည်းနည်းပြောပြမယ်။ ကျနော်တို့နိုင်ငံကို အခုဘာစနစ်နဲ့ တည်ဆောက်သလဲဆိုရ်င ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၇) မှာပြောတယ်၊ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်တယ်လို့ ပြောတယ်။ ဒီမိုကရေစီဆိုတာက ပြည်သူတွေရဲ့ ဆန္ဒကို ဦးစားပေးရတယ်။ ပြည်သူတွေရဲ့ဆန္ဒကို အစိုးရက နားထောင်ရတယ်။ အောက်ကမကျေနပ်ဘူးဆိုရင် အထက်က ဆင်းပေးရတယ်၊ အဲဒါ ပြည်သူတွေရဲ့ဆန္ဒ ဒိမိုကရေစီ၊ အဲဒီပုဒ်မ (၇) ရဲ့အပေါ်ဘက်ကလေးမှာပဲ တကြောင်းပါတယ်၊ ပုဒ်မ (၆) စ နိုင်ငံတော်ရဲ့ အမျိုးသားရေး ဦးဆောင်ကဏ္ဍတွင် အစဉ်ထာဝရ တပ်မတော်က ဦးဆောင်နေပါတယ်၊ ပုဒ်မ (၆) စလုံးမှာနော် ဖင်တခွန်းခေါင်းတခွန်းဆိုတာ အဲဒါကိုပြောတယ်။ ဘာကြောင့်လဲ လက်နက်ကိုင်အဖွဲ့အစည်း တပ်မတော်ဆိုတာ အပေါ်ကအမိန့်ပေးရင် ဟိုကုန်းတက်သိမ်းဆို ဟိုအပေါ်က လက်ပစ်ဗုံးကို လိမ့်ချတယ်ဆိုလည်း တက်ရတယ်။ ငြင်းလို့မရဘူး နော့် ကာကွယ်ရေး ဦးစီးချူပ်က အမိန့်ပေးလိုက်တယ်၊ အောက်ကလူတွေက အကုန်နားထောင်ရတယ်။ အဲဒီ ဗျူဟာမှူးက အမိန့်ပေးလိုက်ရင် တပ်ရင်းမှူး၊ တပ်ဖွဲ့ အောက်က အကုန်လုံးနားထောင်ရတယ်။ တပ်သားက ပြန်ပြောခွင့်မရှိဘူး။ အောက်ကနေ အပေါ်ကို တောက်လျှောက် ခေါင်းငုံ့ခံရတဲ့ တပ်မတော်ရဲ့ ဖွဲ့စည်းပုံနဲ့ ဒီမိုကရေစီဆိုတဲ့ အောက်ကနေ အပေါ်ကိုသွားတဲ့ လမ်းကြောင်းနှစ်ခု ဘယ်လိုလုပ်တူမလဲ။ အဲဒီတော့ ပွင့်ပွင့်လင်းလင်းပဲပြောတယ်၊ ဒီမိုကရေစီနိုင်ငံတခုကို တည်ဆောက်ချင်ရင် တပ်မတော်က လုံးဝဦးဆောင်လို့မရဘူး။ ပါတောင်ပါလို့မရဘူး ဦးဆောင်ဘို့တော့ ဝေးရော။ တပ်မတော်က ဦးဆောင်နေ ပါနေတဲ့ နိုင်ငံမှာလည်း ဘယ်တော့မှ ဒီမိုကရေစီ မထွန်းကားဘူး။ အဲဒီတော့ ခင်ဗျားတို့ အစိုးရက ဘာဖြစ်နေသလဲဆိုတော့ အိုးကင်းပူနဲ့ လှော်ထဲတဲ့ နှမ်းတို့ ပဲတို့ကို ချပြီး ဓာတ်မြေသြဇာလောင်းပြီး ရေလောင်းနေသလိုပဲ ဘယ်တော့မှ အပင်မပေါက်ဘူး။ ဗမာပြည်မှာ ဘယ်တော့မှ ဒီစစ်တပ်က ၂၅% အစိတ်ရာခိုင်နှုန်းပါနေသမျှ ကျနော်တို့ နိုင်ငံမှာ ဘယ်တော့မှ ဒီမိုကရေစီမထွန်းကားဘူး။ 
အဲဒီတော့ စောစောက ၄၃၆ ဒီ ၄၃၆ က သော့ခလောက်ခပ်ထားတယ်။ ဘာတွေအတွက် ခပ်တာလဲ ပြည်ထောင်စုကြီးပဲ့ထွက်သွားမှာ စိုးလို့၊ ရူးနေလား၊ ဘယ်တိုင်းရင်းသားမှ ဒီပြည်ထောင်စုကြီးက ခွဲထွက်သွားမယ်လို့ တခွန်းမှ မပြောကြဘူး။ သူတို့လိုချင်တာ သူ့တို့ရဲ့ အချူပ်အခြာ အာဏာကိုပဲ လိုချင်တာ၊ သူတို့ကံကြမ္မာကို သူတို့ဖန်တီးခွင့် လိုချင်တာ၊ ကျနော်တနင်္သာရီတိုင်းကို ပြီးခဲ့တဲ့ပတ်က ကိုမင်းကိုနိုင်တို့နဲ့အတူတူ သွားတယ်၊ တနင်္သာရီတိုင်းမှာ သဘာဝဓာတ်ငွေ့အလွန်ထွက်တယ်၊ အဲဒီသဘာဝ ဓတ်ာငွေ့ကို ထိုင်းကိုပို့ပြီး ရောင်းစားတယ်။ တနင်္သာရီတိုင်းက လူတွေက အဲဒီသဘာဝဓာတ်ငွေ့ကို တချက်ကလေးမှ လက်နဲ့ပွတ်ထိပိုင်ခွင့် မရှိဘူး။ သဘာဝဓာတ်ငွေ့ထွက်တဲ့ နေရာမှာ အခုကျောက်မီးသွေး စက်ရုံဆောက်ဘို့လုပ်နေတယ်။ အဲဒီတော့ တင်္သာရီတိုင်းက လူတွေက ဘယ်လိုခံနိုင်မလဲ။ တနင်္သာရီတိုင်းက ၀န်ကြီးချူပ်ကို ဘယ်သူခန့်လဲ။ ကဲ တနင်္သာရီတိုင်းဆို ဝေးတယ် ပြောပြမယ်။ ဒီရန်ကုန်တိုင်း ၀န်ကြီးချူပ်ကို ဘယ်သူခန့်လဲ ခင်ဗျားတို့ရွေးမိသလား၊ ရန်ကုန်တိုင်း ၀န်ကြီးချူပ်ကို မဲတပြား ပေးမိလား။ ကျူပ်တို့ မလိုချင်ဘဲနဲ့ ကျူပ်တို့ မခန့်ဘဲနဲ့ အဲဒီဝန်ကြီးချူပ်ကို ဘယ်သူခန့်လိုက်သလဲ။ (သမ္မတခန့်တာ - ပရိတ်သတ်အသံ) အေး အဲဒီသမ္မတက နေရာတကာ ငါခန့်မယ် ငါခန့်မယ်လုပ်လို့မရဘူး။ မိဘနဲ့ သားသမီးတောင် မှ သားသမီးအခန်းထဲကို မိဘ ၀င်ချင်တိုင်း ၀င်လို့မရဘူး။ မင်းအခန်းထဲမှာ ဟိုပုံမချိတ်နဲ့ ဒီပုံမချိတ်နဲ့ လုပ်လို့မရဘူး။ အခုတော့ အဲဒီတိုင်းနှင့်ပြည်နယ် အကုန်လုံးက ၀န်ကြီးချူပ်ကို အဲဒီသမ္မတက ခန့်နေမှတော့ ဘယ်မှာလဲ ပြည်ထောင်စုစနစ်၊ နားမလည်တဲ့သူတွေကို လိမ်မှာ လူတွေက ငတုံးတွေမဟုတ်ဘူး။ 
အဲဒီ ၄၃၆ က ဘာကိုအကာအကွယ်ပေးလဲဆိုရင် အဲဒီလွှတ်တော်ထဲမှာ ပြည်သူတွေက သိလဲမသိ ဘာမှလည်း ဆန္ဒမပြုဘဲနဲ့ အဲဒီတပ်မတော်သား ကိုယ်စားလှယ်ဆိုတဲ့သူတွေကို ၀င်ပါဘို့အတွက် အကာအကွယ်ပေးထားတာ၊ ဒါပဲ ဘယ်ပြည်သူကိုမှ အကာအကွယ်ပေးတာ မဟုတ်ဘူး။ တပ်မတော်သား ၂၅% ကို ပုဒ်မ ၇၄ အရ ထည့်ထားတယ် ကာကွယ်ရေးဦးစီးချူပ်က ပုဒ်မ ၁၆၁ အရထည့်ထားတယ်။ အဲဒီ ပုဒ်မတွေကို ပြင်လိုက်ရင် သူတို့သည် လွှတ်တော်ထဲမှာ ဥပဒေပြုအာဏာကို လွှမ်းမိုးလို့ မရတော့ဘူး။ အဲဒါဖြစ်မှာစိုးလို့ ၄၃၆ နဲ့ ပိတ်ထားတာ၊ အဲတော့ ကျနော်အမှတ်မထင်လို့ ပြောပြလိုက်တာ ဒါလေး မှတ်သွားလို့ရတယ် ၇၄ နဲ့ ၁၆၁ ပြင်မှာစိုးလို့ ဒါကြီးနဲ့ ပိတ်ထားတာ ၄၃၆ ကြီးနဲ့။ နောက်တခုထပ်ပြောပေးမယ် အဲဒါက ဘာလဲဆိုတော့ နိုင်ငံတော်ရဲ့ အချူပ်အခြာအာဏာကို ကိုင်ထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းတဲ့ကိစ္စ အဲဒီမှာ ပုဂ္ဂိုလ် ၁၁ ဦးပါတယ်။ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ယောက်၊ ပြီးရင်လွှတ်တော်ဥပက္ကဌ နှစ်ယောက်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး စသည်ဖြင့် ၁၁ ယောက်ပါတယ်။ အဲဒီ ၁၁ ယောက်မှာ ဒုသမ္မတတယောက်က စစ်တပ်က ခန့်တယ်။ ရေထားကြည့်နော့် ဘယ်နှစ်ယေက်ရှိလဲဆိုတာ၊ သမ္မတကို ကာကွယ်ရေးဦးစည်းချူပ်က ပြန်ခန့်တာ ကမ္ဘာပေါ်မှာ မြန်မာပြည်ပဲ ရှိတယ်။ နော့် ဂုဏ်ယူလိုက်စမ်းပါ ဟုတ်လား တလွဲဂုဏ်ယူရတဲ့ဘ၀၊ သမ္မတကို ကာကွယ်ရေးဦးစီးချူပ်ကခန့်တာ မြန်မာပြည်မှာ တယောက်ရှိသွားပြီ။
 နောက်တခါ ကာကွယ်ရေး ဦးစီးချူပ်ရယ် ဒုတိယကာကွယ်ရေး ဦးစီးချူပ်ရယ် ဘယ်နှစ်ယောက် ရှိပြီလဲ၊ သုံးယောက်ရှိသွားပြီ။ နိုင်ငံတော်သမ္မတက စောစောက ပြောတဲ့ နိုင်ငံတော်ဝန်ကြီး ၀န်ကြီးတွေနဲ့ တနင်္သာရီတိုင်း ၀န်ကြီး ရန်ကုန်တိုင်းဝန်ကြီးစသည်ဖြင့် ၀န်ကြီးချူပ်တွေ အကုန်ခန့်ခွင့်ရှိတယ်။ ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီးကို သူခန့်ခွင့်မရှိဘူး၊ အင်မတန်မှ သနားစရာကောင်းတဲ့ သမမ္မတ၊ နိုင်ငံတော် သမ္မတကြီးနော့် နိုင်ငံတော်ရဲ့ အကြီးအကဲ အထွတ်အထိပ်ပုဂ္ဂိုလ်ကြီးက ကာကွယ်ရေး ၀န်ကြီးကို ခန့်ခွင့်မရှိဘူး။ ဘယ်သူခန့်ပေးလဲ ကာကွယ်ရေး ဦးစီးချူပ်က ခန့်တယ်။ ၀န်ကြီးကို ဦးစီးချူပ်က ပြောင်းပြန်ပြန်ခန့်တဲ့ နိုင်ငံ၊ေ-ာက်တလွဲနိုင်ငံ၊ ကျနော်တို့ရဲ့ အဲဒီချစ်လှစွာသော နိုင်ငံမှာ အဲဒီလူတွေ ဘာတွေ ကပြောင်းကပြန်လုပ်နေလဲဆိုတာ စဉ်းစားကြည့်၊ ကာကွယ်ရေးဦးစီးချူပ်က အပေါ်မှာ ၀န်ကြီးက အောက်မှာ၊ ပြည်ထဲရေးဝန်ကြီး ဘယ်သူခန့်လဲ၊ ကာကွယ်ရေး ဦးစီးချူပ်ခန့်တယ်၊ ငါးယောက်ရှိသွားပြီ။ နယ်စပ်ရေးရာဝန်ကြီး ဘယ်သူခန့်လဲ ကာချူပ်ခန့်တယ် (ပရိတ်သတ်အသံ) အဲတော့ သူအပါအ၀င် သူ့အောက်မှာ ၆ မဲရှိတယ်။ နိုင်ငံတော် ကိစ္စတွေကို ဆုံးဖြတ်ချက်ချဘို့ မဲခွဲလိုက်တိုင်း သူက ၆ မဲအမြဲတမ်းရှိတယ်။ ဘယ်မှာလဲ မဲပြည်သူတွေအတွက်၊ ဘယ်မှာလဲ။ အဲဒီလို ကာကွယ်ရေးဦးစီးချူပ်၊ တပ်မတော်၊ တပ်မတော်၊ ကာကွယ်ရေး ဦးစီးချူပ် တပ်မတော်၊ တပ်မတော် အဲလောက်ကြီး တမိုးလုံးခြောက်စိတ်လုပ်ပြီးတော့ ဘယ်လိုလုပ်ပြီး ဒီမိုကရေစီ ထွန်းကားမယ့် နိုင်ငံတုန်း ဒီနိုင်ငံ။ ဘယ်လိုမှ မထွန်းကားဘူး အဲဒီတော့ ကျနော်တို့ နိုင်ငံမှာ ဘာကြောင့် အဲဒီ ၄၃၆ နဲ့ တပ်မတော်ရဲ့ စွက်ဖက်မှု ချူပ်ကိုင်မှုတွေကို အကာအကွယ်ပေးထားလဲ ဆိုရင် လွယ်ပါတယ်။ ဗမာပြည်မှာ တပ်မတော်က အကြီးမားဆုံး စီးပွားရေး လုပ်ငန်းကို ပိုင်ဆိုင်ထားလို့ပဲ။ လိမ်မနေနဲ့ ဘာမှ လျှောက် မပြောမနေနဲ့ အမျိုးသားရေးကို ကာကွယ်ပါ၊ ဘာညာ လျှောက်ပြောမနေနဲ့ ဦးပိုင်ကို ကာကွယ်နေတာ မဟုတ်ဘူးလား။ ကမ္ဘာာပေါ်မှာ တနိုင်ငံလုံးက စီးပွားေ၇း လုပ်ငန်းတွေကို ဦးပိုင်ကုမ္ပဏီကို လွှဲပေးထားတဲ့ တခုတည်းသော နီုင်ငံ မြန်မာနိုင်ငံ၊ စစ်တပ်က စီးပွားရေး အကြီးအကျယ် လုပ်သောနိုင်ငံ မြန်မာနိုင်ငံ၊ အဲဒါကြီးကို အကာအကွယ်ပေးဘို့ ဒီ ၄၃၆ ကြီးကို လုပ်ထားတာ၊ ဘာမှ နိုင်ငံတော်ရဲ့ အချူပ်အခြာ အာဏာတွေ ပြည်သူတွေကို ကာကွယ်ပေးဘို့တွေ မဟုတ်ဘူး။ 
အဲဒီတော့ နိဂုံးချူပ်ပြောမယ် နော့်၊ နိုင်ငံတော်မှာ တပ်မတော်က အဲလိုစွက်ဖက်နေပြီ ဆိုရင် ဒီမိုကရေစီ ဘယ်တော့မှ မထွန်းကားဘူး။ ကျနော်တို့ဟာ တပ်မတော်သားတွေကို မုန်းလို့ ဒီစကားတွေကို ပြောနေတာ မဟုတ်ပါဘူး။ တပ်မတော်က နိုင်ငံတော်ရဲ့ အင်္ဂါတွေထဲမှာ ခြေလက်အင်္ဂါနဲ့ တူတယ်လို့ နော် စာပေတွေမှာ အကုန်လုံးပါတယ်။ ပြည်ဦးကင်းဆိုတာ ရှိတယ်၊ ပြည့်ဝမ်းဗိုက်ဆိုတာ ရှိတယ်။ ပြည့်ခြေ ပြည့်လက်၊ ပြည့်နားဆိုတာ ရှိတယ်။ တပ်မတော်က နိုင်ငံတော်ရဲ့ အင်္ဂါရပ်တခု ပြည့်ခြေပြည့်လက် မကောင်းလို့ ဖြတ်ပစ်လို့ ရမလား၊ မရဘူး ဒီလက်တွေခြေတွေ မကောင်းလို့ ဆိုပြီး ကျနော်တို့ ဖြတ်ပစ်လို့မရဘူး။ ဒါပေမဲ့ အဲဒီလက်က ခေါင်းနေရာမှာ လာပေါက်ရင်တော့ ကျူပ်တို့လက်မခံဘူး။ လက်က လက်နေရာမှာ နေပေး၊ ခြေတောက်က ခြေတောက်တေနရာမှာ နေပေး၊ တပ်မတော်က တပ်မတော်က နိုင်ငံကို ကာကွယ်မယ်ဆိုတဲ့နေရာမှာ နေပေး။ နိုင်ငံကို ဘယ်နေရာကနေပြီး. ကာကွယ်မလဲ၊ ကိုယ့်နိုင်ငံရဲ့ နယ်နမိတ်တွေကနေ ကာကွယ်ပေါ့၊ ဘာကြောင့်မို့လို့ ရန်ကုန်မြို့လယ်ခေါင်မှာ လာပြီးတပ်ပိုင်မြေ မကျူးကျော်ရ လာလုပ်သတုန်း။ ရန်ကုန်မြို့လယ်ခေါင်ကြီးမှာဗျာ တခါတည်း လာပြီး ဟိုနားကြည့်လိုက်လည်း တပ်ပိုင်မြေ မကျူးကျော်ရ၊ ဒီနားကြည့်လိုကလည်း တပ်ပိုင်မြေ မကျူးကျော်ရ၊ အဲဒီတပ်ပိုင်မြေ ဘယ်သူက ပေးထားလို့တုန်း၊ ခင်ဗျားတို့ကို ဘယ်သူကပေးထားတာလဲ။
 ဟောဒီမှာ ဒီဘုရားရဲ့ ပရ၀ဏ်ကို ချဲ့ချင်တယ် အနောက်မှာ နေရာလွှတ်ရှိတယ် ဆိုရင်တောင် ချက်ချင်း ၀င်းခတ်ပြီး ချဲ့လို့ရလို့လား။ (မရပါဘူး ပရိတ်သတ်အသံ) လျှောက်ရတယ်၊ သာသနာရေးဝန်ကြီးကို လေ။ျှာက်ရတယ်။ အဲဒီကနေမှတဆင့် လွှတ်တော် ဟိုတုန်းကတော့ လွှတ်တော်မရှိသေးဘူးပေါ့ တရားဝင် လျှောက်ရတယ်။ အဲဒီတော့မှ အဲဒီ ပလပ်မြေကို ဘုရားပိုင်မြေအဖြစ် ပေးလိုက်ပါဆိုမှ တရားဝင် ပေးလို့ရတယ်။ အဲဒီတပ်ပိုင်မြေကို ဘယ်သူက သူတို့ကို တရားဝင်ပေးလို့ သူတို့က တပ်ပိုင်မြေလို့ ပြောရသတုန်း၊ ဘယ်ဥပေဒေနဲ့ ပေးလဲ။ သူတို့ တောက်လျှောက် အုပ်ချူပ်လာတဲ့အချိန်မှာ သူတို့ရဲ့ အတွင်းရေးမှူး (၁) ကိုယ်တိုင်ပြောထားတာနော့်။ ဟို ၁၉၉၀ ကို ပြည်သူတွေက ပြည့်သူ့ကိုယ်စားလှယ်တွေကို လွှဲမပေးတော ဘာဖြစ်လို့လဲဆို တောင်းဆိုတော့ ဘာပြောခဲ့လဲ ဘာဥပဒေနဲ့ လွှဲပေးရမလဲလို့ ပြောဖူးတယ်။ အဲဒီတုန်းက ဗိုလ်ချူပ်ခင်ညွန့် ကျူပ်တို့မှာ လွှဲပေးစရာဥပဒေမရှိဘူးတဲ့ ခင်ဗျားတို့ ဥပဒေ အရင်ဆွဲဆိုပြီးတော့ ၂၂ နှစ် အုပ်ချူပ်သွားတာ တိုင်းပြည်ကို။ သူလည်းပဲ ကာလ၀ိဘက်တော့ တက်သွားတာပါပဲ။
 အဲတော့ ကျနော်ပြောချင်တာက အဲဒါတွေ နောက်ဆုံး ပြောချင်တာက ခင်ဗျားတို့က တပ်ပိုင်မြေ မကျူးကျော်ရလို့ ဆိုင်းဘုတ်စိုက်ရမှာ မဟုတ်ဘူး။ ကျနော်တို့က ကျနော်တို့ ပိုင်မြေကို ခင်ဗျားတို့ ကျူးကျော်နေတာလို့ ဆိုင်းဘုတ်စိုက်ရမှာ၊ ပြည်သူပိုင်မြေ ခင်ဗျားတို့ ကျူးကျော်စရာအကြောင်း လုံးဝမရှိဘူး။ ခင်ဗျားတို့ ၀န်ထမ်းတွေအတွက် တပ်မတော်အတွက် နေရာတိုးချဲ့ဘို့ လိုအပ်တယ်ဆိုရင် ခင်ဗျားတို့လျှောက်၊ လွှတ်တော်မှာ လျှောက်ပါ အဆောက်အဦးအတွက် ဘယ်လောက်လိုအပ်တယ် ဘာတွေ တိုးချဲ့ဘိုလိုတယ်။ စစ်လေ့ကျင့်ကွင်း ကွင်းတွေ တည်ဆောက်ဘို့လိုတယ် ဒါကြောင့်နေရာပေးပါ ဆိုပြီးတောင်း။ အဲဒီပြည်သူ့ကိုယ်စားလှယ်တွေက တဆင့် ကျူပ်တို့က ပေးသင့်တယ်ဆိုရင် ပေးမယ်။ ခွင့်ြ့ပုသင့်ရင် ခွင့်ပြုမယ်။ 
ခင်ဗျားတို့ဟာ ခင်ဗျားတို့ ဗီနိုင်းလေးတချပ် အကုန်ခံပြီးတော့ ပြည်သူပိုင်မြေတွေကို ကျူးကျော်ပြီး ပြည်သူကို ပြန်သူခိုးစွဲနေတာကိုတော့ ရပ်တန်းကရပ်ပေးပါ။ အဲဒီတော့ လွှတော်ဆိုတာ ဘယ်သူတွေရဲ့ နေရာလဲ။ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ နေရာ၊ အဲဒီပြည်သူ့ကိုယ်စားလှယ်တွေရဲ့ နေရာထဲကို ပြည်သူတွေရဲ့ ဆန္ဒတပြားတချပ်မှ မပါဘဲနဲ့ ခပ်တည်တည် ၀င်လာလိုက်၊ လူစားထိုးလိုက် တော်ကြာအလှည့်ကျလာလိုက် အဲလိုလုပ်နေတာကို လက်မခံဘူး။ ဒါက ၁၁ ယောက်စလုံး လဲပြီးကစားခွင့်ရှိတဲ့ ဘောလုံးပွဲမဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့တော့ လူလဲ၊ ဒီမှာတော့ သေသွားလို့တောင် လူတယောက် အစားထိုးလို့မရဘူး။ သူက အစုလိုက်အပြုံလိုက် အစားထိုးလိုက် အစုလိုက်အပြုံလိုက် အစားထိုးလိုက် လုပ်နေတယ်။ လွယ်လွယ်လေး ၂၅% က တပ်မတော်သား တဦးချင်းရဲ့ ဆန္ဒလား အဲဒီတယောက်တည်းရဲ့ ဆန္ဒလား၊ (တယောက်တည်းရဲ့ ဆန္ဒပါ - ပရိတ်သတ်အသံ) အဲဒီတယောက်တည်းရဲ့ ဆန္ဒကြောင့် ဟောဒီက ကျန်တဲ့ သန်း ၆၀ က ဘာမှလုပ်လို့မရဘူးဆိုရင်တော့  နည်းနည်းလူပါးဝရာ ရောက်တယ်။ အဲဒါကြောင့် တောင်းဆိုပါတယ် ပုဒ်မ ၄၃၆ ကို ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဖွင့်ပေးပါ ပြည်သူတွေ တောင်းဆိုပါတယ်။ 
လွှတ်တော်ထဲကနေပြီးလည်း ကိုယ်နဲ့မဆိုင်တဲ့ နေရာမှာ မနေနဲ့ ခေါင်းနေရာမှာ လက်ပေါက်နေတာ ကြည့်မကောင်းဘူး ကျက်သရေလည်းမရှိဘူး၊ အမြန်ဆုံး ထွက်ပေးပါလို့ တောင်းဆိုရင်းနဲ့ နိဂုံးချူပါတယ်။
Malala's Valuable Word, မာလာလာရဲ့ အဖိုးတန်စကား
(Burmese Translation to the speech of Malala (00:49 - 02:00 Minute)
ကျွန်မတို့ နှစ်ယောက်စလုံးက နိုဘယ်ဆု လက်ခံရသူတွေ ဖြစ်ပြီး တယောက်က
ပါကစ္စတန်က၊ တယောက်က အိန္ဒိယက၊ တယောက်က ဟိန္ဒ္ဒူဘာသာ ယုံကြည်သူ တယောက်
မူစလင်ဘာသာကို ယုံကြည်မှု ပြင်းထန်သူ ဖြစ်ပြီး ဒါဟာ ဘာသာနှစ်ခုကြားနှင့်
လူမျိုးနှစ်မျိုးကြား ချစ်ကြည်ရင်းမှုနှင့် အချင်းချင်း အပြန်အလှန်
အထောက်အကူပြုမှုကို ဖေါ်ပြနေပါ တယ်။
I am also really happy this time having this award  sharing with the person
from India whose name is Kailash Satyarthi. His great work for child
rights, his great work for against child slavery totally inspire me. I
am very happy that there are so many people working for child rights and
I'm not alone. He totally deserve this award. So I am feeling honor
that I am sharing this ward with him. He receives this ward and we both
are two Nobel award receivers one is from Pakistan and one is from
India, one is believer in Hindu and one is stronger believer in Islam
and it gives the message to people, to the people of love between
Pakistan and India and between different religions. And we both are
sporting each other. It does not matter what the colour of your skin,
what language do you speak, what religion you believe in you should all
consider as human being each other and you should respect each other and
you should all fight for rights, for rights of children, for the rights
of women, for the rights of every human being. (Malala - Nobel Peace
Prize Laureate 2014)
ကျွန်မဟာ ဒီဆုကို အိန္ဒိယနိုင်ငံသား ဖြစ်တဲ့ နဲ့အတူ
ဖက်စပ်ရရှိတဲ့အပေါ်မှာလည်း တကယ်ပဲ ၀မ်းသာမိပါတယ်။ သူ့ရဲ့ ကြီးမြတ်လှတဲ့
ကလေးအခွင့်အရေးအတွက် လှုပ်ရှားမှု၊ ကလေးကျွန်ပြုမှုကို
ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေက ကျွန်မကိုတကယ်ပဲ အားကျဂုဏ်ယူစရာ ဖြစ်စေပါတယ်။
ကလေးအခွင့်အရေးအတွက် လူတွေအများကြီး တိုက်ပွဲဝင်နေတာကို သိရတာ ကျွန်မ
အတိုင်းထက်လွန် ၀မ်းသာရပါတယ်။ ကလေးအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာဟာ
ကျွန်မတယောက်တည်းမဟုတ်ပါဘူး။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်စလုံးက နိုဘယ်ဆု
လက်ခံရသူတွေ ဖြစ်ပြီး တယောက်က ပါကစ္စတန်က၊ တယောက်က အိန္ဒိယက၊ တယောက်က
ဟိန္ဒ္ဒူဘာသာ ယုံကြည်သူ တယောက် မူစလင်ဘာသာကို ယုံကြည်မှု ပြင်းထန်သူ ဖြစ်ပြီး
ဒါဟာ ဘာသာနှစ်ခုကြားနှင့် လူမျိုးနှစ်မျိုးကြား ချစ်ကြည်ရင်းမှုနှင့်
အချင်းချင်း အပြန်အလှန် အထောက်အကူပြုမှုကို ဖေါ်ပြနေပါ တယ်။ သင့်အသားရောင်ဟာ
ဘာအရောင်ပဲ ဖြစ်နေပါစေ၊ သင်ဘာသာသာစကားကို ပြောသူပင်ဖြစ်ပါစေ၊
သင်ဘာဘာသာကိုပဲ ကိုးကွယ်ယုံကြည်သူ ဖြစ်ပါစေ အချင်းချင်း လူသားအဖြစ်ပဲ
လက်ခံစဉ်းစားကာ အပြန်အလှန် လေးစားမှု ရှိရမှာ ဖြစ်တယ်။ ပြီးတော့ 
အခွင့်အရေးတွေ၊ ကလေး အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လူသားတိုင်းရဲ့
အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်သင့်ပါတယ်။  (Malala - Nobel Peace Prize
Laureate 2014) 
မာလာလာရဲ့ Speech ထဲက (၄၉ စက္ကန့် - ၂ မိနှစ်အတွင်း ပြောထားတဲ့စစကား) ကို စာသားရိုက်ထုတ်ပြီးတော့ ဘာသာပြန်ထားတာပါ။
ရွှင်လန်းချမ်းမြေ့ကြပါစေ.
ကိုမင်းကိုနိုင် ပြောသော 7 July အဓိဋ္ဌာန်
မြန်မာပြည်က အွန်လိုင်းသုံးသမားတွေ လိုင်းမကောင်းလို့  ဗွီဒီယိုကို နားထောင်မရင် ဖတ်လို့ရအောင် စာကိုအချိန်ယူပြီး ရိုက်ထားပေးပါတယ်။
၁၉၆၂ 7 July လို့ခေါ်တဲ့ ကျောင်းသားလှုပ်ရှားမှုနဲ့ သွေးမြေကျခဲ့ရဲ့ မှတ်တမ်းဟာ  ကျနော်တို့ မမွေးခင်ကတည်းက ဖြစ်ခဲ့တာပါ။ ကျနော်တို့ လူမှန်းသိလာတတ်စ အရွယ်မှာဆိုရင် ဂျူလိုင် (၇) ရက်ဝန်းကျင်မှာ ရောက်လာတိုင်း ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်းခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေရဲ့ တက်ခေါက်သံကို ကျနော်တို့ ကြားနေခဲ့ရတာပဲ။ အဲဒီမှာ ကိုယ်တိုင်ပေးဆပ်လိုက်ရတဲ့ မိသားစုတွေရဲ့ ငိုရှိုက်သံတွေကို ကျနော်တို့ ကြာုးနေရတာပဲ။ ကျနော်တို့ ကြီးပြင်းပြီးတော့ သိတတ်လာတဲ့အ၇ွယ်မှာတော့ အဲဒီအချိန်က အစိုးရက ဒါကို တတ်နိုင်သမျှ ဖုံးဖိပြီးတော့ ဖျောက်ဖျက်ဖို့ ကြိုးစားတာပါပဲ။ ဒါပေမဲ့ တကယ့်သမိုင်းဖြစ်ရပ်မှန်တွေက ဖျောက်ဖျက်လို့ မရပါဘူး။ ပြည်သူလူထုကြားထဲကို ဖြစ်ရပ်မှန်တွေကို ပြန်ပြောပြကြတာ လက်ဆက်ကမ်းကြတဲ့ နည်းနဲ့ ရောက်လာပါတယ်။ အဲဒီအချိန်မှာ ငယ်နုသေးပေမဲ့ ကျနော်တို့ရဲ့ နှလုံးသားထဲမှာ စောစောစည်းစည်း ဒါဏ်ရာတွေ ရခဲ့ပါတယ်။ ငါတို့ကျောင်းသားတွေ ဒီလို ရက်ရက်စက်စက် ဖြိုခွင်းခံခဲ့ရပါလားဆိုတာကို ကျနော်တို့ ခံစားတတ်လာတယ်။
ကျောင်းသားတွေဟာ အဲဒီအချိန်မှာ ကျောင်းဝင်းထဲမှာ လှည့်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာပါ။ ကျောင်းအပြင်တောင် ထွက်ခဲ့ကြတာ မဟုတ်ပါဘူး။ အဲဒါကို ကျနော်တို့ တက္ကသိုလ်ကျောင်းတံခါးကြီးကို ကျောင်းသူတွေက မင်းဒုံးလို သူတို့ရဲ့ လက်တံတွေကို ထည့်ပြီးတော့ ထိုးပိတ်လိုက်ပြီးတော့ ကားကို ၀င်ချင်ရင် ငါတို့ရဲ့ လက်တွေကို တိုက်ပြီးမှ ၀င်သွား၊ ကားနဲ့တိုက်ပြီးမှ ၀င်သွားဆိုပြီးတော့ ပိတ်ပြီးတော့ ခံခဲ့ကြတဲ့ အဖြစ်တွေကိုလည်း ကျနော်တို့ ပြန်ကြားရပါတယ်။ အဲဒီမှာ နောက်ဆုံးတော့ အဖြိုခွင်းခံလိုက်ရတဲ့အခါမှာ သမိုင်းဆိုင်ရာ အထွတ်အမြတ်ထားရမယ့် တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦကို ဖြိုချအခွဲခံလိုက်ရတာကို ကျနော်တို့ သိပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မိသားစုတွေရဲ့ ဂီတကို ဖေါ်ကျူးမယ့် စောင်းကြိုးတွေ တချောင်းပြီးတချောင်း ပြတ်ခဲ့တယ် ဆိုတာကို ကျနော်တို့ တွေ့ပါတယ်၊ ကျနော်တို့ မြင်ပါတယ်။ အိမ်ဂေဟာတွေရဲ့ ဆည်းလည်းတွေ အက်ကွဲခဲ့တာ ပျောက်ဆုံးခဲ့တာတွေကို ကျနော်တို့ ကြာုးရပါတယ်၊ ကျနော်တို့သိပါတယ်။ နောက်ပိုင်းမှာတော့ ဘုရားစဉ်ရှေ့က ကြမ်းပြင်မှာ အဲမှာ မိသားစုတွေရဲ့ မျက်ရည်တွေ အိုင်ထွန်းခဲ့ရတာတွေကို ကျနော်တို့ နားလည်လိုက်ရပါတယ်။ တိုင်းပြည်တခုအတွက်တော့ အနာဂတ်ပျိုးခင်းထဲက ပျိုးပင်လေးတွေ နင်းချေခံလိုက်ရတာပေါ့ဗျာ။ အဲဒါ 7 July ရဲ့ မြင်ကွင်းပါ။
ဖျက်ဆီးခံလိုက်ရတာဟာ ကျောင်းသားသမဂဂ္ဂဆိုတဲ့ အဆောက်ဦလို့ ရုပ်ဝတ္တုအားဖြင့် မြင်နိုင်ပါလိမ့်မယ်။ အဲဒီတော့ ရုပ်ဝတ္တုဖြစ်တဲ့ ကျောင်းသားသမဂ္ဂ အဆောက်ဦဟာ ဖြိုခွင်းခံလိုက်ရတာ ပြိုကျသွားတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ ရှိတဲ့ကျောင်းသားတွေရဲ့ စိတ်ဓာတ်အင်အား မမြင်နိုင်တဲ့ ဖမ်းဆုပ်ကိုင်ပြလို့ မရတဲ့စိတ်ဓာတ်အင်အားတွေကတော့ လက်ဆက်ကမ်းပြီး ဒီကနေ့ ကျနော်တို့ နှလုံးသားထဲအထိ၊ ကျနော်တို့ရဲ့ ရင်ထဲအထိ စွဲစွဲမြဲမြဲ ရှိနေတုန်ပါ။ သမိုင်းတန်ဖိုးအရ အင်မတန် အဖိုးတန်လှတဲ့ ကျောင်းသားသမဂဂ္ဂ အဆောက်ဦ ဒါဟာ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါခဲ့တာပါ။ ဒါကို ဖြိုချဖျက်ဆီးပစ်လိုက်နိုင်ပေမဲ့ လက်ဆက်ကမ်း သယ်ဆောင်လာတဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖေါ်ဆောင်လာတဲ့ ကျောင်းသားသမဂဂ္ဂ စိတ်ဓာတ်ကိုတော့ ဖျောက်ဖျက်လို့ ဒီနေ့အထိ မရနိုင်သေးပါဘူး။
 တိုင်းတပါးသား အစိုးရ လက်ထက်တုန်းကတောင်မှ ကျောင်းသားသမဂဂ္ဂ ကို တရားဝင် ခွင့်ပြုပြီးတော့ ကျောင်းသားသမဂဂ္ဂ အခွင့်အရေးတွေကို ပေးခဲ့ပါတယ်။ ကျောင်းအပ်ပြီးပြီ ဆိုတာနဲ့ ကျောင်းသားသမဂဂ္ဂကြေးကို တက္ကသိုလ်များ အုပ်ချူပ်ရေးကောင်စီကနြေ့ပီးတော့ ကောက်ပေးခဲ့တာပါ။ နောက် ကျောင်းသား သမဂဂ္ဂကို တရားဝင် ရပ်တည်ခွင့် ကျောင်းသား သမဂဂ္ဂ တရားဝင်စည်းရုံး လှုပ်ရှားခွင့်၊ အစိုးရကို ဝေဖန်ခွင့် ဒါအပြည့်အ၀ ပေးခဲ့ပါတယ်။ အဲဒီလို တိုင်းတပါးသား အစိုးရကတောင် ပေးနိုင်ခဲ့ရင် ကိုယ့်အမျိုးသားချင်း ဘာကြောင့် မပေးနိုင်ရမှာလဲ။ သူတို့လိုချင်တာက ကျောင်းသားတွေအတွက် ထိုက်တန်တဲ့ အခွင့်အရေးကို ပေးပါ၊ အဲလိုပေးပြီးရင် ပြည်သူလူထုအတွက်လည်း ထိုက်တန်တဲ့ အခွင့်အရေးကို ပေးပါ။ ပြည်သူလူထု အတွက် ဘယ်အခွင့်အရေးလဲ ဆိုတော့ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ပါ။  ဒါ အကြပ်အတည်းပေါင်းစုံက ဖြေရှင်းဖို့၊ အကြပ်အတည်းပေါင်းစုံက ဖေါက်ထွက်နိုင်ဖို့အတွက် နည်းလမ်းကို ကျနော်တို့ အကြိမ်ကြိမ်အခါခါ ပြောနေရတာပါ။ ဒီကနေ့ အရေးကြီးဆုံးက ဒီအချက်ပါပဲဗျာ။
ဒီနေရာမှာ ကျနော်တို့ မပြောမဖြစ် ပြောရမှာကတော့ အဲဒီ 7 July အဲဒီတုန်းက ဒီမိုကရေစီ အစိုးရလက်ထဲက အာဏာသိမ်းပြီးလိုက်ခါစ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချူပ်ကြီးနေ၀င်းရဲ့ မိန့်ခွန်းမှာ အဲဒါကို စိန်ခေါ်ချက်လို့ ပြောရင်လည်း ရပါတယ်။ မြန်မာ့အသံထဲကနေပြီးတော့ အဲဒီ 7 July နဲ့ပတ်သက်ပြီးတော့ ထုတ်လွှင့်လိုက်တဲ့ သူ့ရဲ့မိန့်ခွန်းမှာ အင်မတန်မှ ဒေါသ၊ မာန၊ အတ္တတွေ ပြင်းထန်နေတဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ကျောင်းသားတွေကို ဓါးဓါးချင်း လှံလှံချင်း ဆိုပြီးတော့ စိန်ခေါ်ခဲ့ပါတယ်။ အဲဒါ သူ့ရဲ့ ပထမဆုံး အဖွင့်မိန့်ခွန်းမှာ သူ့ရဲ့အာဏာသိမ်းပြီးပြီးချင်း အရင်ဆုံးပြောတဲ့ မိန့်ခွန်းအဖွင့်မိန့်ခွန်းမှာ အဲဒီလို ဓါးဓါးချင်း လှံလှံချင်းလို့ စိန်ခေါ်ခြင်းကို ခံခဲ့ရတဲ့ ကျောင်းသားတွေက လက်နက်မဲ့ကျောင်းသားတွေပါ။ စာအုပ်ကိုယ်စီ မင်တံကိုယ်စီနဲ့ပဲ ကျောင်းဝင်းထဲမှာ လှည့်နေကြတဲ့ ကျောင်းသားတွေပါ။ အဲဒီလို စတင်ပြီးတော့ အဖွင့်မှာ စိန်ခေါ်ခဲ့သလို နောက်ဆုံး သူမတတ်သာလွန်းလို့ ဆင်းရတော့မဲ့ အခြေအနေမျိုးမှာ ပြောတဲ့မိန့်ခွန်း ဒါဒီကနေ့ မျိုးဆက်သစ်တွေ အားလုံးသိပါတယ်။
 "စစ်တပ်ဆိုတာ မိုးပေါ်ထောင်ပြီး ချောက်တာမပါဘူး ပစ်ရင်တည့်တည့်ပစ်တယ်" ဆိုတဲ့ မိန့်ခွန်း၊ နောက်တခါ ဆူဆူပူပူ လုပ်ရင်ရင်တော့ မတတ်သာဘူးသာ မှတ်ပေတော့ ဆိုပြီးတော့  လက်ညိုးငေါက်ငေါက်နဲ့ ကြိမ်းမောင်းပြီးတော့ ဆင်းသွားတာပါ။ အဲဒါဟာ သူ့ရဲ့ နိဒါန်းနဲ့ နိဂုံး မိန့်ခွန်းနှစ်ခုပါ။ အဲဒီနောက်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အားလုံး ကျနော်တို့ ပြည်သူတွေအသိဆုံးပါ။ ကျေကွဲစရာ နာကျည်းစရာ ဆိုးကျိုးသက်ရောက်ခဲ့တယ်ဆိုတာကိုပါ၊ အဲဒီသဘောမျိုး သက်ရောက်စေတာမျိုးကို မပြုမိဖို့ မကြံစည်မိဖို့ လိုပါတယ်။ အဲဒါဟာ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် အုပ်ချုပ်ရေး အာဏာနဲ့ သက်ဆိုင်တဲ့သူတိုင်း ဆင်ချင်ကြဖို့ သတိပြုဖို့ လိုပါတယ်။ ဒီလိုမပြောသော်လည်း ပြောသကဲ့သို့ မကြံစည်ခဲ့သသော်လည်း ကြံစည်သကဲ့သို့ အဲဒီသဘောသက်ရောက်တဲ့ အပြုအမူတွေ မလုပ်မိဖို့ လိုပါတယ်။ အဲဒါက ကျနော်တို့ ပြည်သူလူထုကြီးကလည်း အဲဒီသဘောကို သတိပြုနေကြဖို့ လိုပါတယ်။ ဘယ်သူမဆို ဒီလိုပြောသလား၊ သို့တည်းမဟုတ် ဒီလို ပြုမူနေကြသလားဆိုတာကို သတိပြုနေဖို့လိုပါတယ်။ အဲဒီတော့ ကျနော်တို့ လိုချင်တယ်ဆိုတာက အပြစ်မဲ့တဲ့ ပြည်သူတွေ ကျောင်းသားတွေ၊ လက်နက်မရှိတဲ့ ကျောင်းသားတွေကို လက်နက်နဲ့ စိန်ခေါ်တဲ့စကားမျိုး၊ စိန်ခေါ်တဲ့ အပြုမူမျိုး၊ အကြမ်းဖက်ပြီးတော့ ဖြေရှင်းတဲ့ကိစ္စမျိုးကို မဖြစ်အောင်လို့ စနစ်သစ်တခုကို ကျနော်တို့ တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ အဲဒါက ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုကို ကျနော်တို့ တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ လူသားပီသပြီးတော့ ယဉ်ကျေးတဲ့ လူ့အဖွ့အစည်းတခုကို တည်ဆောက်ကြဖို့ ကျနော်တို့ ဒီကနေ့ တိုက်တွန်းနေရတာပါ။
ဆိုလိုတာကတော့ ကျနော်တို့တတွေ အကျဉ်းတောင်ထဲမှာဗျာ ၁၇ နှစ်နှစ်လောက်လည်း သီးခြား အကျဉ်းသားအနေနဲ့ သီးခြားတဦးတည်း နေခဲ့ရတယ်။ အဲဒီတော့လည်း ဒီနိုင်ငံရေးမှာ ပတ်သက်နေပြန်ပြီ၊ ပြောနေပြန်ပြီ ဆိုနေပြန်ပြီ လှုပ်ရှားနေပြန်ြ့ပီဆိုတော့ တချို့လည်း ကျနော်တို့ကို ဝေဖန်ကြတယ် မင်းတို့ မကြောက်ကြသေးဘူးလား၊ မလန့်ကြသေးဘူးလား ဘာဖြစ်လို့ ဒီလောက်မှ နစ်နာဆုံးရှုံးရတဲ့ဘ၀ကို အန္တရယ်ဖြစ်ရတဲ့ အလုပ်ကို ဘာလို့ဒီလောက် လုပ်နေကြသလဲဆိုတော့ ကျနော်တို့ ရှေ့လာမဲ့ ကျနော်တို့အနာဂတ်ကို ကျနော်တို့ ကြည့်တယ်လေ၊ ကျနော်တို့လို ကျောင်းသားတွေဟာ အကျဉ်းထောင်ထဲမှာ ဘ၀ကို မပေးလိုက်ရဖို့ နောက်တခါ ယဉ်ကျေးပြီးတော့ လူသားပီသတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ဖို့အတွက် ကျနော်တို့ ကြိုးစားရမှာပဲ။ ကျနော်တို့ လုပ်ကြရမှာပဲ၊ ဒါကကျနော်တို့ ပေးဆပ်ရသည်ဖြစ်စေ၊ မပေးဆပ်ရသည်ဖြစ်စေ လိုအပ်ရင်လည်း ထပ်ပေးဆပ်ဖို့ အသင့်ပါပဲ။
အဲဒီတော့ 7 July နေပြီးတော့ စခဲ့တယ် ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ မိန့်ခွန်း၊ ရက်စက်တဲ့ လုပ်ရပ်တွေနဲ့ စခဲ့တဲ့ 7 July ရဲ့နောက်ဆက်တွဲမှာ ဘာဖြစ်သလဲဆိုတော့ ကျနော်တို့ကျောင်းသားတွေဘက်က လက်လျှော့သွားသလား ကြောက်ဒူးတုန်သွားသလား၊ သွေးကြောင်သွားသလားလို့ မေးစရာ ရှိပါတယ်။ဆက်ပြီးတော့ ကြည့်လိုက်ပါ ဦးသန့်အရေးတော်ပုံတဲ့ မှိုင်းရာပြည့်အရေးတော်ပုံတဲ့ ကျနော်တို့ နောင်တော်တို့ရဲ့ ခွပ်ဒေါင်းအလံကို ကျနော်တို့ မျိုးဆက်တွေက လက်ဆက်ကမ်းပြီး သယ်ဆောင်ခဲ့တာပဲ။ အဲဒီတော့ ခေတ်အဆက်ဆက်က ကျနော်တို့ နောင်တော် ကျောင်းသားတွေရဲ့ ကောင်းမွေဖြစ်တဲ့ ပြည်သူတွေအတွက် စွန့်လွှတ် အနစ်နာခံမှု ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်မှုတွေကို ကျနော်တို့ အတုယူပြီးတော့ ဆက်လက်ပြီးတော့ သစ္စာရှိရှိကြိုးပမ်းသွားကြမယ်လို့ ကျနော်တို့ ကျောင်းသားများ အားလုံးကိုယ်စား အဓိဋ္ဌာန်ပြုလိုက်ပါတယ်ဗျာ။
ကိုမင်းကိုနိုင်ပြောထားတဲ့ ဗွီဒီယိုထဲက အသံကို စာသားအဖြစ် ပြန်ရိုက်ထားခြင်း ဖြစ်ပါတယ်။
7 July မှာ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများ ကောင်းရာသုဂတိ လားကြပါစေ
ရန်အောင် မေသန်းနုနဲ့ ၂၀၁၃ ခုနှစ် ဆစ်ဒနီသင်္ကြန်
နှစ်စဉ်နှစ်တိုင်း ဆစ်ဒနီသင်္ကြန်ကို ဒီမှာရှိတဲ့ ဆိုတတ်ကတတ်သူတွေနဲ့ပဲ ကျင်းပလာခဲ့ရာကနေ ဒီနှစ်တော့  မြန်မာပြည်က အကယ်ဒမီ ရုပ်ရှင်မင်းသမီး၊ မင်းသားတွေဖြစ်တဲ့ မေသန်းနုနဲ့ ရန်အောင်တို့ကို ဖိတ်ပြီး ထူးထူးခြားခြား ကျင်းပတော့ ပွဲက စည်သည်ထက် ပိုစည်သွားပါတယ်။ ဒီနှစ် ဆစ်ဒနီမြန်မာသင်္ကြန်ကတော့  သင်္ကြန်ပြီးမှ ကျင်းပတော့ အခါလွန်တဲ့မိုး အငြိုးနဲ့ရွာ ဆိုသလိုပဲ ဖြစ်မယ် နောက်ကျမှ ကျင်းပပေမဲ့ ပျိုပျိုအိုအို အားလုံးက နှစ်တိုင်းကျင်းပနေကျ သင်္ကြန်တွေမှာထက် ပိုပြီးပျော်နေကြတာ တွေ့ရပါတယ်။ ပြီးတော့ ဘာကြောင့်ရယ်မသိ ပွဲလာကြည့်သူ အများစုဟာ formal ကျတဲ့အ၀တ်ကောင်းစားလှတွေကို ၀တ်ဆင်လာကြပြီး မိတ်ကပ် ကောင်းကောင်းမွန်မွန် ချယ်သလာကြသူတွေ များတာကို တွေ့ရပါတယ်။ ပွဲမစခင် အပေါ့အပါးသွားကြတဲ့အချိန်မှာ တွေ့ရတဲ့ အမျိုးသမီး ပျိုပျို အိုအိုမှန်သမျှဟာ ရေအိမ်သုံးတာထက် အလှဆင်ဖို့ဝင်လာကြတဲ့အချိန်က ပိုများနေတာ တွေ့ရပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တော့လည်း ပြီးခဲ့တဲ့ပတ်က မဲလ်ဘုန်းသွားလည်တုန်းက လုပ်ဖေါ်ကိုင်ဖက်ဟောင်း အသိတယောက် လက်ဆောင်ပေးလိုက်တဲ့ ချိတ်ထမိန်တထည်ကို သွားချုပ်ဖို့ အချိန်မရလို့ အလုပ်ကအပြန် ပွဲလာခါနီးမှ ကတန်းကတမန်း လက်ချူပ်အပ်နဲ့ ချူပ်ပြီး ၀တ်ကာ အပေါ်က သူနဲ့အရောင်လိုက်ဖက်တဲ့ မြန်မာရင်ဖုံးအကျီင်္ တွဲဖက်ဝတ်ထားလို့ မှန်ထဲမှာ အရောင်တောက်နေတာ တွေ့လိုက်တော့မှ ကိုယ်ကိုယ်တိုင်လည်း ကျန်တဲ့သူတွေနဲ့ ဘာမှမကွာပါလားဆိုတာ သတိထားမိပြီး သူများကို မြင်နေတဲ့ အမြင်တွေကို ဘရိတ်အုပ်လိုက်ရတယ်။
  ရန်အောင်ရဲ့ မြန်မာသံစဉ်သီချင်းတွေ၊ ၀င်းဦးသီချင်းတွေနဲ့ သင်္ကြန်သီချင်းတွေကြားမှာ မြောပါသွားလိုက်တာ ပွဲတောင် မပြီးစေချင်ဘဲ ပွဲပြီးသွားတော့ တသသနဲ့ ကျန်ခဲ့တယ်။ ငယ်ငယ်က ရွာက ဇာတ်ပွဲတွေမှာ ကတဲ့ နှစ်ပါးသွားမင်းသား သီဆိုကပြလေ့ရှိတဲ့ ပွဲကြိုက်ခင် သီချင်းကိုစွဲခဲ့စဉ်က အကြောင်းကို ပြေးပြီးသွားသတိရမိတယ်။ နောက်ပတ် မဲလ်ဘုန်းမှာ ဖျော်ဖြေမယ်ဆိုတော့ ဖြစ်နိုင်ရင် မဲလ်ဘုန်းအထိတောင် လိုက်ကြည့်ချင်ပါတယ်။ ဒီမှာလာသွားတဲ့ အဆိုတော်တွေ၊ ရုပ်ရှင် မင်းသမီးမင်းသားတွေထဲမှာ မြန်မာသံစဉ်ကို ရန်အောင်လောက် အဆိုကောင်းတာ တယောက်မှ မတွေ့သေးဘူး။ အိပ်မက်စေတမန်သီချင်းတခုမှာပဲ အသံနည်းနည်းထောက်နေတာကလွဲရင် တခြားသီချင်းတွေ အားလုံးဟာ တကယ့်မူရင်း ဆိုတဲ့သူတွေအတိုင်းကို နားထောင်လိုက်ရပါတယ်။ သင်္ကြန်သီချင်းတွေဆိုရင်လည်း ဇော်ဝမ်းအတိုင်း၊ ၀င်းဦးသီချင်းတွေဆိုလည်း ၀င်းဦးအတိုင်း တခြားမြန်မာသံစဉ် သီချင်းတွေဆိုရင်လည်း ရေဒီယိုထဲမှာ ငယ်ငယ်က နားထောင်ခဲ့ရတဲ့ မူရင်းအသံရှင်တွေ ဆိုတဲ့အတိုင်း ဆိုနိုင်တာ ရန်အောင်တယောက်ပဲ တွေ့သေးတယ်။ ဆစ်ဒနီမှာ နောက်ထပ် ပွဲတော်တွေ ကျင်းပဖို့ရှိရင် မြန်မာသံစဉ်အတွက် အမျိုးသားအဆိုတော် ဖိတ်ဖို့လိုရင် ရန်အောင်ကိုပဲ ထပ်ဖိတ်ကြဖို့ ပွဲတော် စီစဉ်သူအားလုံးကို အကြံပြုချင်ပါတယ်။
ပွဲ တင်ဆက်ပုံကလည်း ရှေ့မှာ တခြား မြန်မာသံစဉ်၊ ခေတ်ပေါ်သံစဉ် ၀င်းဦးသီချင်း စသည်ဖြင့် တမျိုးပြီးတမျိုး တင်ဆက်သွားပြီး နောက်ဆုံးမှာမှ သင်္ကြန်သီချင်းတွေကို တင်ဆက်သွားတာကို တွေ့ရတယ်။ ရန်အောင်နဲ့ မေသန်းနု အစီစဉ်တခုနဲ့တခုကြား အ၀တ်လဲနေစဉ်မှာ ဆစ်ဒနီမြန်မာ အနုပညာဝါသနာရှင်တွေ တင်ဆက်တဲ့ အဆိုအကတွေကလည်း  လာသမျှ အနုပညာရှင်တွေ ချီးကျူးသွားကြတာ ပွဲတိုင်းမှာ ကြားရပြီး အခုလည်း ရန်ကုန်က ကလေးမလေးတွေတောင် မြန်မာအကကို ဒီလောက်ကတတ်ဖို့ မလွယ်ဘူးလို့ ရန်အောင်ကိုယ်တိုင် ချီးကျူးသွားတောကို တွေ့ရတယ်။ တင်ဆက်တဲ့ သီချင်းတွေက ခေတ်ဟောင်းခေတ်ပေါ်၊ လူကြီးအကြိုက် လူငယ်အကြိုက် အကုန်ပါပြီး အစီစဉ်တင်ဆက်ရာမှာ တခြားအစီစဉ်တွေကို အရင်တင်ဆက်ပြီး သင်္ကြန်ကို နောက်ဆုံးမှ တင်ဆက်ကာ သင်္ကြန်သီချင်းတွေကို ရောက်တာနဲ့ ပရိတ်သတ်တွေပါ ၀င်ကကြပြီး နှုတ်ခွန်းဆက်သီချင်းနဲ့ အဆုံးသတ်သွားတော့ ပွဲကြည့်သူတွေမှာ ပွဲပြီးလို့ ပြီးမှန်းမသိ လွမ်းတသသနဲ့ ကျန်ခဲ့အောင် လုပ်သလို ဖြစ်နေတော့ ဒီလိုတင်ဆက်တာကိုကပဲ အစီစဉ်တင်ဆက်တာ အိုင်ဒီယာကောင်းတယ်လို့ မှတ်ချက်ချပါတယ်။ အဆိုတွေ အကတွေနဲ့ ဓာတ်ပုံတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း
နှစ်ကိုယ်တူ ချစ်သမျှ
တိမ်လွှာမို့မို့လွင်သီချင်းကို စဉ်ပေါ်မှာ မဟုတ်ဘဲ စဉ်အောက်မှာ ဆင်းဆိုနေတော့ အစမှာတော့ အသံပဲအရင်လာပြီး လူကတော့ ခန်းဆီင်္းနောက်က ဆိုနေတယ်ထင်နေတာ နောက်မှာ အောက်မှာ ဆင်းဆိုနေတာ တွေ့ရတယ်။ စဉ်အောက်မှာ ဆိုနေတာ ဖြစ်တဲ့အတွက် ဘေးနားမှာ လူတွေဝိုင်းအုံနေတော့ ရန်အောင်ပုံကို တော်တော်နဲ့ မရလိုက်ဘူး အသံကိုပဲ အဓိကထား နားထောင်လို့ရအောင် ရိုက်ထားပါတယ်။
ဆည်းဆာ
ရွှေဘိုသနပ်ခါး- ကနေတဲ့သူက ဆစ်ဒနီရောက် မင်းသမီးဟောင်းတဦး ဖြစ်တယ်။ ဒီပွဲတော်မှာ အခမ်းအနား အစီစဉ် ကြေညာသူ သုံးဦးထဲထဲက တဦးလည်းဖြစ်တယ်။
သင်္ကြန် နောက်ဆုံးအစီစဉ် - သင်္ကြန်သီချင်းနဲ့ နောက်ဆုံးမှ ကတော့ ၀င်းဦးသီချင်းအစီစဉ် စတဲ့အချိန်ကတည်းက ကျွန်မ ကင်မရာမှာ မင်မိုရီကုန်သွားလို့ ဒါလေးတောင် တခြားပုံတွေ လိုက်ဖျက်ပြီး ရိုက်ထားရတယ်။ နောက်ဆုံးအစီစဉ်ဖြစ်လို့ ပရိတ်သတ်တွေလည်း ၀င်ကနေကြပြီး ပရိတ်သတ်နဲ့ ဖျော်ဖြေသူ မကွဲတော့တဲ့ အချိန်ဖြစ်တယ်။ ကနေတဲ့ ပရိတ်သတ်ထဲမှာ နာရေးကူညီမှုအသင်း ရန်ကုန်က ဒေါ်ရွှေဇီးကွက်ကိုလည်း တွေ့ရပါတယ်။ ပွဲကို အခုမြင်နေရတဲ့ဒီအတိုင်းပဲကပြီး နှုတ်ခွန်းဆက်သီချင်းနဲ့ အဆုံးသတ်သွားပါတယ်။ နောက်ပတ် စနေနေ့ မေလ ၄ ရက်နေ့ကျရင် ညနေ (၅) နာရီကနေကနေ (၁၀) နာရီအထိ ဒီဟောခန်းမ၊ ဒီနေရာ (Bowman Hall, Civic centre, Campbell Street, Blacktown) မှာပဲ နာရေးကူညီမှုအသင်း (ရန်ကုန်) က ကိုကျော်သူနှင့် ဆစ်ဒနီမြန်မာ တွေ့ဆုံပွဲရှိကြောင်း ဘယ်သူမှ ကြော်ငြာခိုင်းတာ မဟုတ်ဘဲနဲ့ ကြုံလို့ ကြော်ငြာပေးလိုက်ပါတယ်။
တချိန်က နာမည်ကျော်ကြားခဲ့တဲ့ ဆစ်ဒနီရောက် အဆိုတော်တဦးနဲ့ တွဲဆိုစဉ်
 ရန်အောင်နဲ့ တွဲဆိုနေသူကတော့ မအေးမြသီတာတဲ့ တချိန်က နာမည်ကျော်ကြားခဲ့တဲ့ ဆစ်ဒနီရောက် မြန်မာ အမျိုးသမီး အဆိုတော်တဦးဖြစ်သသလို ရန်အောင် အတော်ကြိုက်တဲ့ အဆိုတော်လို့ ပြောပါတယ်၊ မအေးမြသီတာက ဒီသီချင်းကို အဆိုတော် စိန်လွင်နဲ့ အတူတွဲဆိုခဲ့တဲ့ သီချင်းလို့ ပြောတယ်။ ဆစ်ဒနီရောက် အဆိုတော်နဲ့ တွဲဆိုထားတာ ဖြစ်လို့အမှတ်တရ ရိုက်ယူခဲ့ပါတယ်။ နှစ်ပုဒ်ဆိုခဲ့ပေမဲ့ ကျွန်မ သိတဲ့သီချင်းထဲက မဟုတ်တဲ့အတွက် တပုဒ်ပဲ ရိုက်ယူထားခဲ့ပါတယ်။ 
အောက်က ဗွီဒီယိုက လောကနတ်အဖွဲ့က ရိုက်ယူထားတဲ့ သင်္ကြန်အစီစဉ် ဖြစ်ပြီး ပိုမိုပြည့်စုံလို့ ပြန်ကူးယူဖေါ်ပြလိုက်ပါတယ်။
ဓာတ်ပုံတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
ရန်အောင်က မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်းအပါအ၀င် မြန်မာသံစဉ်သီချင်းများဖြင့် သီဆိုဖျော်ဖြေနေစဉ်
မေသန်းနုက မြန်မာသံစဉ်သီချင်း တချို့နဲ့ ဖျော်ဖြေနေစဉ်
ရန်အောင်နဲ့ မေသန်းနု ခေတ်ပေါ်သီချင်း စုံတွဲသီချင်းတပုဒ်နဲ့ ဖျော်ဖြေနေစဉ်
ရန်အောင်က ဂျင်းဘောင်းဘီသီချင်းနဲ့ ဖျော်ဖြေနေစဉ်
ဆစ်ဒနီရောက် အဆိုတော်ဟောင်းတဦးဖြစ်သူ မအေးမြသီတာနဲ့အတူ မအေးမြသီတာ ခေတ်က စိန်လွင်နဲ့ သီဆိုခဲ့တဲ့ သီချင်းတပုဒ်ကို ရန်အောင်နဲ့ တွဲဆိုပြီး ဖျော်ဖြေနေစဉ် (ဗွီဒီယိုပါ တင်ထားပါတယ်)
 ပွဲတော်ကျင်းပရာ Blacktown ဧရိယာ မြို့တော်ဝန်ကလည်း ဖျော်ဖြေရေး အစီစဉ်ခဏနားတဲ့အချိန်မှာ အမှာစကားနဲ့ ကျေးဇူးတင်စကား ပြောသွားခဲ့ပါတယ်။ မြို့ဝန်က ဒီပွဲတော်နဲ့ ပတ်သက်ပြီး ဖျော်ဖြေသူတွေရဲ့ အရည်ချင်းနဲ့ ပရိတ်သိတ်တွေရဲ့ အားပါးတရ အားပေးမှုတွေကို တွေ့ရတော့ ၀မ်းသာအားရကြောင်း ချီးကျူးစကား ပြောခဲ့ပြီး သူက သြစကြေးလျားမှာ နိုင်ငံခြားက ပြောင်းရွှေ့နေထိုင်လာတဲ့ မိသားစု နောက်ခံကလာသူ တဦးဖြစ်တော့ ဘယ်ကိုပဲ ရောက်နေရောက်နေ နိုင်ငံခြားရောက်နေတဲ့ မိမိတို့ ကလေးတွေအတွက် မိခင်ဘာသာစကားကို တတ်မြောက်ဖို့ဟာ အရေးကြီးကြောင်းကို သီရိလင်္ကာက သူ့အသိ မိတ်ဆွေတွေရဲ့ မတူတဲ့ နိုင်ငံမှာ ရောက်နေတဲ့ ကလေးတွေအချင်းချင်း မိခင်ဘာသာစကား မတတ်လို့ အချင်းချင်း ကွန်မြူနီကိတ်လုပ်လို့မရတာကို ဥပမာပေးပြီး ပြောပြသွားပါတယ်။  မြန်မာကွန်မြူနီတီအနေနဲ့ မြန်မာကလေးတွေ မြန်မာလိုတတ်ဖို့အရေး မ မဖြစ်မနေ လုပ်ပေးဖို့ လိုအပ်ကြောင်း၊ သူ့အနေနဲ့ မြန်မာကွန်မြူနီအပါအ၀င် အင်္ဂလိပ်ဘာသာစကားဟာ ဒုတိယဘာသာစကား ဖြစ်သူတွေ အားလုံးအတွက် မိခင်ဘာသာစကား တတ်မြောက်ဖို့ အရေး အစီစဉ်တွေကို အစွမ်းကုန် အားပေး ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း အပါအ၀င် မြန်မာကွန်မြူနီတွေ စုစုစည်းစည်းနဲ့ လုပ်နိုင်ဖို့ အကြံပြုမှုတချို့ ပေးခဲ့ပါတယ်။
 မြို့တော်ဝန် အမှာစကား ပြောကြားစဉ်
  ရန်အောင်က သင်္ကြန်သီချင်းတပုဒ်ဆိုစဉ် ကလေးတွေကို အကသင်ပေးတဲ့ ဆစ်ဒနီမင်းသမီး မ၀င်းဝင်းမူက ကပါတယ် (သီချင်းနာမည် မေ့နေလို့ နောက်မှ ပြန်မေးပြီး ဖြည့်ပေးမယ်)
ဒေါက်တာကျော်မြင့်က မ၀င်းဝင်းမူကို ပန်းကုံးစွပ်ပြီးတဲ့အချိန်
မမကိုယ်တိုင်က သီချင်းကို ရန်အောင်က ဆိုပြီး မေသန်းနုက ကစဉ်
မေသန်းနုက သင်္ကြန်သီချင်း တပုဒ်ဆိုပြီး ဆစ်ဒနီရောက် မိန်းကလေးများမှ ကစဉ်
ဝင်ကတဲ့ ပရိတ်သတ်ထဲမှာ ဒေါ်ရွှေဇီးကွက်လည်း ပါတယ်
ဘလော့ဂ်မှာ ပွဲလာကြည့်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပွဲလာကြည့်သူတွေထဲမှာ Facebook မိတ်ဆွေများ ပါပါက Fb ဟာ မိတ်ဆွေဟောင်းတွေနဲ့ ပြန်လည် ဆက်သွယ်ရဖို့ ရည်ရွယ်ပြီး ကျွန်မ ဖွင့်ခဲ့ပေမဲ့ fb ထဲကို ၀င်ပြီးရင် ပြန်ထွက်ရခက်တဲ့ရောဂါနဲ့ သုံးနေစဉ် တခြားလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေ မလုပ်ဖြစ်ဘဲ ပျက်ကွက်ခဲ့တာ များလာတာကတကြောင်း၊ လတ်တလော အလုပ်များလွန်းတာကတကြောင်းကြောင့်  facebook က ခဏ အနားယူထားကြောင်း အသိပေးအပ်ပါတယ်။
 နှစ်သစ်မှာ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
ဖေဖေါ်ဝါရီ ၁၃ ရက် ဗိုလ်ချုပ် မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့
ကလေးများ ဗိုလ်ချုပ်အောင်ဆန်ရဲ့ ကြီးမြတ်သော ကိုယ်ကျိုးစွန့် အနစ်နာခံမှုနှင့် ရဲစွမ်းသတ္တိကို အားကျနိုင်စေရန်အတွက် နှစ်စဉ်နှစ်တိုင်း ဖေဖေါ်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို မြန်မာနိုင်ငံရဲ့ ကလေးများနေ့ အဖြစ်သတ်မှတ်ထားပါတယ်လို့ ငယ်ငယ်က သုံးတန်း မြန်မာဖတ်စာအုပ်ထဲမှာ ပါတဲ့ ကမ္ဘာ့ကလေးများနေ့ ခေါင်းစဉ်အောက်က သင်ခန်းစာမှာ သင်ရပါတယ်။ ဘ၀တလျှောက်လုံးမှာ သူ့ရဲ့ အချိန်တွေကို တိုင်းပြည်နှင့်လူမျိုးအတွက်ပဲ ပေးဆပ်သွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကမ္ဘာမှာ ပေါ်ထွန်းခဲ့ဖူးသော တော်လှန်ရး၊ နိုင်ငံရေး ခေါင်းဆောင်များအနက် အသက်အငယ်ဆုံး နိုင်ငံခေါင်းဆောင် (သို့) အမျိုးသားခေါင်းဆောင် အဖြစ်လည်းကောင်း၊ တိုင်းပြည်နှင့်လူမျိုးအတွက် ဘ၀သက်တမ်းရဲ့ အချိန်အများစုကို အတုမရှိသော ကိုယ်ကျိုးစွန့် အနစ်နာခံသူအဖြစ်လည်းကောင်း ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းမှာ လူသိရှင်ကြား (World Record) အဖြစ် မှတ်တမ်းတင်ကျန်နေသင့်တဲ့ အချိန်မှာ ယနေ့ခေတ် မြန်မာ့သမိုင်းမှာတောင် သူ့ရဲ့ အခန်းကဏ္ဍတွေကိုကောင်းစွာ ဖေါ်ပြခံရခြင်း မရှိသည်မှာ တကယ်ပဲ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ ဒီပို့စ်မှာ ဗိုလ်ချုပ်အောင်ဆန်းသီချင်း ဗွီဒယိုနှင့် စာသား၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်းတို့ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၅) နှစ်မြှောက် မွေးနေ့နှင့် မြန်မနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။
မဆလခေတ်က မူလတန်းအရွယ် ကျောင်းသားများကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲဘော်သုံးကျိပ်ဝင် နာမည်ဖြစ်တဲ့ သခင်အောင်ဆန်း ခေါ် ဗိုလ်တေဇကို အကြောင်းပြု၍ တေဇလူငယ်လို့ ခေါ်ပါတယ်။ အောင်ဆန်းဇာနည် ကဗျာလို ကျောင်းဖတ်စာအုပ်ထဲမှာ မပါဘဲ ငယ်ငယ်တုန်းက မကြာခဏ ဆိုရလေ့ရှိတဲ့ တေဇလူငယ်သီချင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့နီးတိုင်း သီဆိုရတဲ့ ကဗျာလေးကို အခုထိ သတိရနေပါတယ်။
 တေဇလူငယ် သီချင်း တေဇလူငယ် တို့လူငယ်
ပြည်ကျိုးတိုးစေကွယ်
အပြောအဆိုများမှာ
လိမ္မာရေးခြား ရှိကြရပါတယ်
နေထိုင်ရာမှာ စည်းကမ်းရှိမယ်
ပညာသင်ရာမှာ စည်းကမ်းရှိမယ်
တေဇလူငယ်များတို့ရယ်...
တို့တေဇလူငယ်
စည်းကမ်းရိုသေတယ်
လူတော်လူကောင်းဖြစ်အောင် ကြိုးစားကြရမယ်
ကျောင်းစာများကိုကွယ်
နေ့စဉ် ကျက်အံမယ်
နောင်တချိန်မှာ တိုင်းပြည် အကျိုးပြုမယ်..
ကဗျာ (နာမည်နဲ့ ရေးသူနာမည် မသိပါ)
ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူလိုကိုယ်ကျိုး စွန့်ဖို့ပင်
ငွေကိုမခင် ဂုဏ်မမက်
အာဏာအဆိပ် ထိပ်မတက်
ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူလိုရဲသွေး မွေးဖို့ပင်
ရန်သူဆိုလျှင် မကြောက်တတ်
မြန်မာ့သတ္တိစမ်းချင်စမ်း
ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင် 
သူလိုတာဝန်သိဖို့ပင်
မိခင်တိုင်းပြည် လွတ်မြောက်ကြောင်း 
ထမ်းဆောင်ခဲ့တဲ့သူရဲကောင်း
မူလတန်းအဆင့် ပညာသင်ကြားရစဉ်က မကြာခဏ ဆိုရတဲ့ သီချင်းနဲ့ ကဗျာ ဖြစ်ပါတယ်။ ဒီလို ပြန်ပြောနေခြင်းမှာ မဆလစနစ်ကို ပြန်ပြီး တမ်းတနေခြင်းမဟုတ်ဘဲ ဗိုလ်တေဇဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျွန်မတို့ နှလုံးသားထဲမှာ သံမှိုနဲ့ ရှိုက်သွင်းထားသလို နက်ရှိုင်းစွာ ရှိနေခဲ့တယ်ဆိုတာကို ပြောပြလိုခြင်းသာ ဖြစ်ပါတယ်။ မဆလနှင့် န၀တ၊ နအဖဟာ ဘာမှမကွာသော်လည်း မဆလခေတ်မှာ တခြားနေရာတွေဘယ်လောက်ပဲ ဆိုးခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းပြည်ရဲ့ ကျေးဇူးရှင်၊ တပ်မတော်ရဲ့ ဖခင်အဖြစ် အသိအမှတ်ပြုခဲ့တာကိုတော့ အဆိုးထဲက အကောင်းအဖြစ် ရှားရှားပါးပါး မှတ်တမ်းတင်အပ်တဲ့ အရာအဖြစ် ကျွန်မ အသိအမှတ်ပြုပါတယ်။ ကျွန်မတို့ ငယ်ငယ်က ကလေးများနေ့နှင့် ပြည်ထောင်စုနေ့ကို ကျရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် သမိုင်းမှတ်တမ်းများကို ဆရာဆရာမတွေက ဟောပြောပွဲတွေ လုပ်ပြီးတော့ ပြောပြခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁၂ နှင့် ၁၃ ရက်နေ့ မတိုင်ခင် ရက်တွေမှာ ကလေးများအား ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်စဉ်ဘ၀က အကျင့်စရိုက်တွေနှင့် လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ ကာလတလျှောက် သမိုင်းဖြစ်ရပ်တွေကို ကျွန်မတို့ ရင်ထဲနှလုံးထဲ အခုထိ စွဲနေအောင် ဆရာဆရာမတွေက ပြောပြခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတွေကို နားထောင်ပြီးတိုင်း တိုင်းပြည်အတွက် လိုအပ်လာလျင် ဗိုလ်ချုပ်အောင်ဆန်းလို ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အသက်စွန့်ကြိုးပမ်း ဆောင်ရွက်ပါမယ် ဆိုတဲ့ သိန္နိဋ္ဌာန်ကိုလည်း ကျွန်မတို့ အကြိမ်ကြိမ် ချခဲ့ဖူးပါတယ်။ 
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်း
ဗိုလ်ချုပ်အောင်ဆန်းကို မကွေးတိုင်း နတ်မောက်မြို့တွင် မြန်မာနှစ် ၁၂၇၆ ခုနှစ်(ပြာသိုလဆန်း (၂) ရက်နေ့) ခရစ်နှစ် ၁၉၁၅၊ ဖေဖေါ်ဝါရီ (၁၃) ရက် စနေနေ့မှာ ဖွားမြင်သည်။ ဖခင်မှာ အမိန့်တော်ရ ရှေ့နေဦးဖာ၊ မိခင်မှာ ဒေါ်စု ဖြစ်သည်။
နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်း၊ ရေနံချောင်းမြို့အမျိုးသားအထက်တန်းကျောင်းနှင့် ရန်ကုန် တက္ကသိုလ်တို့တွင် ပညာသင်ခဲ့သည်။
၁၉၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအမှုဆောင် အဖွဲ့ဝင်၊ အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
ထိုနှစ် အိုးဝေမဂ္ဂဇင်း အင်္ဂလိပ်စာ ကဏ္ဍတွင်ပါသည့် “ခွေးသရမ်းကြီး (ငရဲခွေးကြီး) လွတ်နေပြီ” ဆောင်းပါးနှင့် ပတ်သက်၍ တက္ကသိုလ် အာဏာပိုင်တို့က အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်ခဲ့ပါသည်။
ထို့ကြောင့် ကျောင်းသားများ သပိတ်မှောက်ကြရာ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့သည်။
၁၉၃၇ ခုတွင် ၀ိဇ္ဇာဘွဲ့ကိုရသည်။ ၁၉၃၇-၃၈ ခုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီးလျှင် တို့ဗမာ အစည်းအရုံးသို့ ၀င်ရောက်၍ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။
ထို့နောက် ရဲဘော် သုံးကျိပ်ကို ဦးဆောင်၍ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကိုဖွဲ့စည်းကာ မြန်မာနိုင်ငံအတွင်းသို့ ချီတက်ခဲ့သည်။
မြန်မာနိုင်ငံကို ဂျပန်များ သိမ်းပိုက်ပြီးနောက် ဗမာ့ကာကွယ်ရေး တပ်မတော်ဖွဲ့သောအခါ စစ်သေနာပတိ ဖြစ်လာသည်။
၁၉၄၃ ခု ဂျပန်ခေတ် အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေး ၀န်ကြီးတာဝန်ကို ယူခဲ့သည်။
ဖက်ဆစ် ဂျပန်ကို တော်လှန်ရန် ”ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်” ကို လျှိ့ဝှက်ဖွဲ့စည်းသောအခါ ထိုအဖွဲ့တွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၄၅ ခု မတ်လ (၂၇) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ကာ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။
အင်္ဂလိပ် ပြန်ဝင်လာသောအခါ ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) အဖွဲ့ချုပ် ဥက္ကဌအဖြစ် ဆောင်ရွက်လျက် လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သည်။ အစိုးရအဖွဲ့ကိုလည်း ခေါင်းဆောင်ခဲ့သည်။
၁၉၄၇ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလန်နိုင်ငံသို့ သွားရောက် ဆွေးနွေးခဲ့ပြီးနောက် အောင်ဆန်း ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည်။
၁၉၄၇ ဖေဖေါ်ဝါရီလ ၁၂ ရက်ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၌ တောင်တန်းဒေသနှင့် မြန်မာပြည်မ လွတ်လပ်ရေးကို အတူတကွ တပြိုင်တည်း ရရှိရန် တောင်တန်းသားခေါင်းဆောင်များနှင့် သဘောတူညီချက် ရယူသည့် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။
၁၉၄၇ ခု ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်၌ နောက်ဆုံးမိန့်ခွန်းကို ဟောပြောခဲ့ပါသည်။
၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် အတွင်းဝန်ရုံး၌ အစည်းအဝေး ကျင်းပနေစဉ် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရရှာသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် စာရေးစာဖတ် ၀ါသနာပါသူ ဖြစ်သည်။ စစ်မဖြစ်မီက ဒဂုန်မဂ္ဂဇင်းတွင် ဆောင်းပါးများ ရေးခဲ့သည်။ လွတ်လပ်ရေး ရပြီးလျှင် နိုင်ငံရေးမှ အနားယူလျက် စာအုပ်ရေးပြီး အေးအေးလူလူ နေရန် ကြံရွယ်ကြောင်း မိမိ၏ ဆန္ဒကို မကြာခဏ ထုတ်ဖေါ်ခဲ့ဖူးသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀နျင့် ပညာရေးအမြင်” ဆောင်းပါးမှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးသော အတ္ထုပ္ပတ္တိ တစိတ်တဒေသမှ ကောက်နှုတ်ထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရှင်းလင်းသော စာအရေးအသားကို လေ့လာနိုင်ပေသည်။
ဗိုလ်ချုပ်အောင်ဆန်း သီချင်း (စာသား)ပုံကို ဤနေရာမှ ကူးယူပါသည်။
(မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နှင့်လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်။ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်…)၂
ငါတို့မြန်မာပြည် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ်.. ငါတို့မြန်မာပြည် မိဘတိုင်းကကွယ် အာဇာနည်အစစ်တွေကို ရှိဖို့မွေးရမယ်…
အော်-- ဘုရာင့်နောင်နဲ့ ရာဇာဓိက္ကရစ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ် … မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေရဲ့ မြန်မာတွေ အောင်ပန်းဆွတ်ကြ ရှာလေတယ်…
(ရာဇ၀င် အတ္တုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂
တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ များဇာနည်နွယ် လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ် တို့ဗမာတွေစိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်…
(ရာဇ၀င် အတ္တုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂
(မြန်မာနိုင်ငံ ထူထောင်ရန်အတွက် မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်.. နေမျိုးသာကီ မြန်မာပြည်လက်ရုံး ကမ္ဘာနိုင်ငံလုံး ထင်ပေါ်စေတယ်.. စိတ်အားသန်သန် မာန်ကိုမလျှော့တယ် ငါတို့ လူမျိုးတန်ခိုးကြီးဖို့ သူရဲကောင်းတွေ ဂုဏ်ရည်တယ်… တကယ်ပင် သတိုး မဟာဗန္ဓုလရဲ့ အစွမ်းသတ္တိ ရာဇ၀င်ပြောင်တယ် သားကောင်းများလို့ ခေါ်ရလောက်ပေတယ် ဥဒါန်းမကျေစေဘွယ် မြန်မာသူရဲကောင်း အပေါင်းတွေရယ်)၂
(ရာဇ၀င် အတ္တုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂
(ဒီသီချင်းကို ကျွန်မတို့ ငယ်ငယ်တုန်းက သင်ရတဲ့ သုံးတန်းမြန်မာ ဖတ်စာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးနေတဲ့ ပန်းချီပုံနဲ့တကွ ဖေါ်ပြထားပါတယ်)
ဗွီဒယိုကို ဤနေရာမှ ကူးယူဖေါ်ပြပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိအကျဉ်းကို ငယ်ငယ်က သင်ခဲ့ရတဲ့ ကိုးတန်းမြန်မာစကားပြေ လက်ရွေးစဉ် စာအုပ်ထဲမှ ကူးယူဖေါ်ပြပြီး မူရင်းထဲတွင် မပါသည့်အချက်များကို စာလုံး အပြာများဖြင့် ဖြည့်စွက် ထည့်သွင်းထားပါတယ်။
မြန်မာနိုင်ငံ ကလေးများရဲ့ အနာဂတ် လှပပါစေ။
ဗိုလ်ချုပ်အောင်ဆန်းလို သူရဲကောင်းများ ထွန်းကားပါစေ။
2/13/10 6:34 PM မှာ တင်တဲ့ပို့စ်ကို ဗိုလ်ချုပ်မွေးနေ့အတွက် အပေါ်ခဏ တင်ထားပါတယ်။ ပြီးရင် သူ့နေ့စွဲရှိတဲ့နေရာမှာ ပြန်ထားမှာ ဖြစ်တယ်။ ကျေးဇူးပြုပြီး ဗိုလ်ချုပ်အောင်ဆန်းကို လေးစားသောအားဖြင့် ဒီပို့စ်အောက်မှာ မဆိုင်တဲ့ မှတ်ချက်တွေ မထည့်ကြပါနဲ့။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပင်လုံစာချုပ်နှင့် ပြည်ထောင်စုတည်ဆောက်ရေး
ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ပြည်ထောင်စု စစ်စစ် နိုင်ငံတခု တည်ဆောက်ရေးအတွက် အခုထိ အရေးကြီးတဲ့ အချက်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးကို တောင်တန်းဒေသ တိုင်းရင်းသားများ လူမျိုးစုများနှ့င် တပြိုင်တည်း ရယူနိုင်ရန် တိုင်းရင်းသားတွေနှင့် အကြိတ်အနယ် ဆွေးနွေးပြီး ၁၂-၂-၄၇ မှာ ပင်လုံစာချုပ်ကို ချုပ်ဆိုပြီး သဘောတူညီမှု ရယူခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးလျှင် ဖွဲ့စည်းတည်ဆောက်မည့် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲရန် လမ်းညွန်ချက် ခုနှစ်ချက်ကိုလည်း ပြဋ္ဌာန်းခဲ့ပါတယ်။ အကယ်၍ မြန်မာနိုင်ငံကို ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့သည့် ခုနှစ်ချက်အတိုင်း ဖွဲ့စည်းနိုင်ခဲ့ရင် ပြည်ထောင်စု မြန်မာနိုင်ငံဟာ အခုချိန်မှာ ကမ္ဘာပေါ်မှာ အဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံတခုထဲ ပါဝင်နေနိုင်ပါတယ်။
ပင်လုံစာချုပ်အား ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ထိုးနေစဉ် (ကိုနစ်နေမန်းဆီမှ)
ပင်လုံစာချုပ်မှာ အချက်ကိုးချက် ပါဝင်ပြီး ကျန်တဲ့ အချက်တွေကို မလေ့လာလို့ ဖြစ်ပေမဲ့ နံပါတ် (၇) ချက်ဟာ ဘာကိုဆိုလိုလဲ ဆိုတာ အားလုံးလေ့လာသင့်တဲ့ အချက်ဖြစ်ပါတယ်။ ဗိုလ်ချုပ် လမ်းညွန်ချက် (၇) ချက်အထဲက နံပါတ် (၂) မှာပါတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာ ဆိုတာနှင့် ပင်လုံစာချုပ်ရဲ့ နံပါတ် (၇) မှာပါတဲ့ ဒီမိုကရေစီ နိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားပိုင်ခွင့် ရှိစေရမည် ဆိုတဲ့ အချက် ဒီနှစ်ခုကို ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကို တည်ဆောက်လိုသူ အားလုံး သိသင့်ပြီး၊ မသိသေးရင်လည်း လေ့လာသင့်တဲ့ အချက်တွေ ဖြစ်တယ်ထင်လို့ ပင်လုံစာချုပ်နှင့် ပြည်ထောင်စု ဖွဲ့စည်းမှုအတွက် ဗိုလ်ချုပ်လမ်းညွှန် (၇) ချက်ကို ဘလော့ဂ်မှာ သိမ်းထားလိုက်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ဒီလမ်းညွန်ချက် (၇) ချက်နှင့် ပင်လုံစာချုပ်ကို လေ့လာခြင်းဖြင့် ဗိုလ်ချုပ်ရဲ့ ပြည်ထောင်စုကြီးအပေါ် ဖြစ်စေချင်တဲ့ စေတနာ စည်းရုံးနိုင်တဲ့ စွမ်းရည်၊ တိုင်းရင်းသားတွေနဲ့ တန်းတူငြိမ်းချမ်းသာယာ ၀ဖြိုးတဲ့ ပြည်ထောင်စုကြီးကို တည်ထောင်လိုတဲ့ စေတနာတွေကို မြင်တွေ့ရနိုင်ပါတယ်။ (ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် ခုနှစ်ချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားတွေကို ဗိုလ်ချုပ်ကိုယ်တိုင် အစည်းအဝေးမှာ အကျယ်ပြန်ရှင်း ပြထားချက်များကိုလည်း နေရာအခက်အခဲကြောင့် ဒီဘလော့ဂ်ထဲမှာ မဖေါ်ပြနိုင်ပေမဲ့ လေ့လာမှတ်သားသင့်တဲ့ အချက်တွေအဖြစ် တွေ့ရပါတယ်။)
ပင်လုံစာချုပ် (၁၂-၂-၄၇)
မြန်မာပြည် ဘုရာင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်တချို့နှင့် စပ်ဖများ အားလုံးတို့အပြင် ရှမ်းပြည်နယ်များ၊ ချင်းတောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။
၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်ဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံက ရွေးချယ်၍ နယ်စပ်ဒေသများ ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
၂။ ဤအတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တဦးအဖြစ် ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသ ကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့် အာဏာကို ပေးအပ်ရမည်။
၃။ အဆိုပါ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယ အတိုင်ပင်ခံ နှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယ အတိုင်ပင်ခံ နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့် နယ်များ၏ ကိစ္စရပ်မျာကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန် ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်း ဥပဒေအရ တွဲဖက်တာဝန်ယူရသည့် မူအတိုင်း ရွက်ဆောင်စေရမည်။
၎။ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည် ဖြစ်သော်လည်း ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့် ရှိစေရမည်။
၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန် အဆိုပါ ကောင်စီက ပြုလုပ်နိုင်ခြင်း မရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။
၆။ ပူးပေါင်းထားပြီးသည့် မြန်မာပြည်တွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွတ်တော်က ဆုံးဖြတ်ရန် ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။
၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီ နိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားပိုင်ခွင့် ရှိစေရမည်။
၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင် အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရန်။
၉။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေး အကူအညီကို ထိခိုက်ခြင်း မရှိစေရ။ မြန်မာပြည်နှင့် အဒေသရာဇ် ရှမ်းပြည်နယ်မြေစုတို့၏ ဘဏ္ဍာရေး အစီစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူ အစီစဉ်များကို ထားရှိ ကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။
မြန်မာနိုင်ငံတော် အစိုးရ
(ပုံ) အောင်ဆန်း
၁၂-၂-၄၇
ကချင်ကော်မတီ
(ပုံ) ဆမားဒူးဝါး ဆင်ဝါးနောင် (မြစ်ကြီးနား)
(ပုံ) ဇော်ရစ် (မြစ်ကြီးနား)
(ပုံ) ဒိန်ရတန် (မြစ်ကြီးနား)
(ပုံ) ဇော်လ (ဗန်းမော်)
(ပုံ) ဇော်လွန်း (ဗန်းမော်)
(ပုံ) လဗန်းဂရောင်း (ဗန်းမော်)
ချင်းကော်မတီ
(ပုံ) ဦးလွှာမှုန်း (အေတီအမ်၊ အိုင်တီအက်(စ်)အမ်၊ ဖလမ်း)
(ပုံ) ဦးသောင်ဇာခပ် (အေတီအမ်၊ တီးတိန်)
(ပုံ) ဦးကွယ်မန်း (အေတီအမ်၊ ဟားခါ)
ရှမ်းကော်မတီ
(ပုံ) ခွန်ပန်းစိန် (တောင်ပိုင်းစပ်ဖလုံ)
(ပုံ) စပ်ရွှေသိုက် (ညောင်ရွှေ စပ်ဖလုံ)
(ပုံ) စပ်ဟုံဖ (မြောက်ပိုင်း သိန္နီစပ်ဖလုံ)
(ပုံ) စပ်နွံ (လဲချားစပ်ဖလုံ)
(ပုံ) စပ်စံထွန်း (မိုင်းပွန်စပ်ဖလုံ)
(ပုံ) စပ်ထန်းအေး (သာမိုင်းစပ်ဖလုံ)
(ပုံ) ဦးဖြူ (သထုံစပ်ဖလုံ၏ ကိုယ်စားလှယ်)
(ပုံ) ခွန်ဖုံး (မြောက်ပိုင်း သနန္နီစပ်ဖလုံ)
(ပုံ) ဦးတင်ဧ
(ပုံ) ဦးထွန်းမြင့်
(ပုံ) ဦးကြာပု
(ပုံ) ဦးခွန်စော
(ပုံ)စပ်ရစ်ဖ
(ပုံ) ဦးခွန်ထီး
တိုင်းရင်းသားတွေနဲ့ ဗမာတွေအကြား ပြုလုပ်ခဲ့တဲ့
47 ခုဖွဲ့စည်းပုံနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွန်ချက် (၇) ချက်
(လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ပြဌာန်းချက်)။
တောင်တန်းဒေသများနှင့် ကရင်နီနယ်များ အပါအ၀င် ဖြစ်သော မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့၏ ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို့၏ အာသီသဆန္ဒနှင့် လျော်ညီစွာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စီစဉ်ရေးဆွဲရန် အလို့ငှာ၊ စုံညီစုဝေးလျက် အောက်ပါ ပြဋ္ဌါန်းချက်များကို ချမှတ်ကြကြောင်း။
၁။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံသပဒေ ဖြစ်စေရမည်။ ထို့ပြင်-
၂။ ပြည်ထောင်စု နိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံသပဒေက သတ်မှတ်ဖေါ်ပြသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံတွင် သတ်မှတ်ဖေါ်ပြထာသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ရှိစေရမည်။ ထို့ပြင်-
၃။ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော သမ္မတ မြန်မာနိုင်ငံတော်နှင့်တကွ အပါအ၀င်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာ ဟူသမျှတို့သည် တိုင်းသူပြည်ပြည်သားတို့ထံမှ သက်ဆင်းဆစရမည်။ ထို့ပြင်-
၎။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေး၌လည်းကောင်း၊ နိုင်ငံရေး၌လည်းကောင်း၊ တရားမျှတမှု ရှိစေလျက် အဆင့်အတန်း အခွင့်အရေးနှင့် ဥပဒေ သက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိတူညီစေရမည့်အပြင် တရားဥပဒေနှင့်သော်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ခွင့်၊ ၀တ်ပြုပိုင်ခွင့်၊ ပရိယေသန ရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံသတ်မှတ် ထားရှိစေရမည်။ ထို့ပြင်-
၅။ ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစုများအဘို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမည်။ ထို့ပြင်-
၆။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမတ မြန်မာနိုင်ငံ၏ နယ်မြေကို တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကို သော်လည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကိုသော်လည်းကောင်း တရားဓမ္မနှင့်တကွ ပြည်ထောင်ချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိစေမည်။ ထို့ပြင်-
၇။ ရာဇ၀င်တွင် ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ ဂုဏ်ကျက်သရေနှင့် လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တ၀ါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့်တကွ ကျင့်ဝတ်သိက္ခာကို အခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေ့ရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်ဘဲ တွဲဘက်ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။
ပြည်ထောင်စုနေ့ အတွက် အမှတ်တရပို့စ် ဖြစ်ပါတယ်။ ဗွီဒီယိုကို ဤနေရာမှ ကူးယူပြီး ပင်လုံ စာချုပ်ကို တို့ပြည်ထောင်စုကို တို့ချစ်သည် ဘလော့ဂ်မှ ကူးယူပြီး ပင်လုံစာချုပ်ပါ ဓါတ်ပုံများ အားလုံးကို ကိုဒီမိုဝေယံ ဘလော့ဂ်မှ ကူးယူဖေါ်ပြပါသည်။ ၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် ဗိုလ်ချုပ် လမ်းညွန်ချက် (၇) ချက်ကို ခွန်ကြာနု အမှာစကား ရေးထားသော ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း (သို့မဟုတ်) ဖက်ဒရယ်မူ စာအုပ်ထဲမှ ကူးယူဖေါ်ပြထားတယ်။ (၁၉၆၁ ခု၊ ဖေဖေါ်ဝါရီလ ၂၅ ရက် တောင်ကြီးမြို့တွင် ကျင်းပသော ပြည်လုံးကျွတ် ညီလာခံမှ အတည်ပြုသည်)
စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီးကို ထူထောင်ပြီး ပြည်ထောင်စု တိုင်းရင်းသား အားလုံး ချစ်ခင်ငြိမ်းချမ်းစွာဖြင့် အတူလက်တွဲ နေထိုင်နိုင်သည့် နေ့ကို အမြန်ဆုံး ရောက်လာပါစေလို့ ဆုတောင်းလျက်.. ပြည်ထောင်စုသားများ အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ။
၂၃-၂-၁၀ မှာ ပြန်လည် ဖြည့်စွက်ချက်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်ရွယ်နုပျိုတဲ့ အသက်အရွယ်နဲ့ ဒီလို အံ့မခန်းနိုင်တဲ့ စွမ်းဆောင်နိုင်မှုတွေကို ပေါ်လွင်စေချင်လို့ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုရာမှာ သူပြုခဲ့တဲ့ ဒီအရေးကြီးတဲ့ လုပ်ရပ်နှစ်ခုဟာ ပြည်ထောင်စုကြီးအတွက် ဘယ်လောက် အရေးကြီးခဲ့တယ်ဆိုတာ သီးသန့်ညွှန်းပြီး ကျွန်မ ဂုဏ်ပြုထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးယူခဲ့စဉ်က အကယ်၍ ဒီလို တောင်တန်းဒေသတွေနဲ့ အတူတူတပြိုင်တည်း မယူနိုင်ခဲ့ရင် ပြည်မမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်းလည်း ဗြိတိသျှတွေက ချင်း၊ ကချင်၊ ရှမ်းပြည်နယ်တွေမှာ ဆက်လက်ကျန်ရှိနေမှာ ဖြစ်ပြီး မြန်မာပြည်မကို အချိန်မရွေး ပြဿနာထပ်ရှာဖို့ လွယ်ပါတယ်။ ရန္တပိုစာချုပ်နဲ့ မြန်မာပြည်အောက်ပိုင်း တခုလုံးကို သိမ်းသွင်းခဲ့သလို ဒုတိယ၊ တတိယ ရန္တပိုစာချုပ်လေးတွေ ဆက်ချုပ်လာရနိုင်ပြီး အချိန်မရွေး မြန်မာပြည်ကို ပြန်သိမ်းနိုင်သွားနိုင်ပါတယ်။ ဒါကို အရွယ်နဲ့မလိုက်အောင် လိမ္မာပါးနပ်စွာ သဘောပေါက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားတွေနဲ့ အခုလို သဘောတူညီမှုကို ရအောင် ယူနိုင်ခဲ့တာဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အံ့မခန်းလောက်တဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ကိုချုပ်ဆိုပြီးလို့ အနာဂတ်မှာ တည်ဆောက်မည့် ပြည်ထောင်စုအတွက် သူရေးထားတဲ့ လမ်းညွန်ချက်ကလည်း သိပ်ကို မျှတပါတယ်။
အင်္ဂလိပ်နဲ့ရော တိုင်းရင်းသားတွေနဲ့ပါ မြန်မာနိုင်ငံ လွတ်လပ်ရေးတွက် ဘာမှ ခဲရာခဲဆစ် ဆက်လက်ပြီး ဆောင်ရွက်စရာ မလိုလောက်အောင် ရေကန်အသင့် ကြာအသင့် ဖြစ်အောင် လုပ်ပေးခဲ့ပြီး မကြာခင်မှာပဲ မာသမာသူတွေရဲ့ လုပ်ကြံမှုကြောင့် လူ့လောကကို စွန့်ခွာသွားခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အခုချိန်မှာ တိုင်းပြည် အုပ်ချုပ်သူတွေက ဂုဏ်မပြုကြတဲ့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ၂၀၁၁ မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့ မိန့်ခွန်းမှာတောင် ဗိုလ်ချုပ်အောင်ဆန်းအကြာင်းနဲ့ ပင်လုံစာချုပ်သမိုင်းအကြောင်း တခွန်းမှ ထည့်မပြောသွားတာဟာ ကျေးဇူးရှင်ကို ကျေးဇူးကန်းရာ ရောက်တဲ့အပြင် တကယ်ကို မိုက်ရိုင်းစော်ကားရာ ရောက်ပါတယ်။ ပြည်ထောင်စုနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပင်လုံစာချုပ်အကြောင်း မပြောရင် တခြားဘာမှ ပြောစရာ အကြောင်း ရှိမယ်မထင်ပါ။ တိုင်းပြည်ကို ချစ်မြတ်နိုးသူအားလုံး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဆောင်ချက်တွေကို အမြဲမသွေ အသိအမှတ်ပြု လေးစားဂုဏ်ပြုနေရမှာ ဖြစ်ပါတယ်။
(12/2/10 2:51 တုန်းက တင်တဲ့ပို့စ်ကို ပြည်ထောင်စုနေ့အကြို အတွက် အပေါ်ခဏပြန်ဆွဲတင်ထားခြင်း ဖြစ်ပါတယ်။)