မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label ဓါတ်ပုံ. Show all posts
Showing posts with label ဓါတ်ပုံ. Show all posts

7 July, 1962 မှာ ဘာဖြစ်ခဲ့လဲ


7 July ဆိုတာ အရင်က တခါမှ မကြားဖူးလို့ 7 July အကြောင်းကိုလည်း ဘာဆိုဘာမှ မသိခဲ့ဘူး။ ကျွန်မ လူမဖြစ်ခင် ဆယ်စုနှစ်တခုစာနီးပါးခန့်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဆိုပေမဲ့ ဒီနေ့အကြောင်းကို စသိလိုက်ရတဲ့နေ့ကစပြီး ဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ဒီနေ့မှာ လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ တယောက်လို ကျွန်မ ခံစားရပါတယ်။ ၁၉၈၈ ကျွန်မ ဆယ်ကျော်သက်အရွယ် ဆယ်တန်းတက်နေချိန် စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့အတွက် ကျောင်းစာကလွဲပြီး တခြား ဘာကိုမှစိတ်မ၀င်စားပဲ စာကိုပဲ တကုတ်ကုတ် ကြိုစားနေတဲ့အချိန်၊ ဘေးပတ်ဝန်းကျင်မှာ ဘာတွေဖြစ်လို့ ဖြစ်မှန်းမသိ စိတ်ဝင်စားရကောင်းမှန်းလည်း မသိတဲ့အချိန်မှာ မမျှော်လင့်ဘဲ ကျွန်မ စာတစောင်ကို ကိုဖတ်ရပါတယ်။ အရှေ့တောင်အာရှ စပါးကျီနိုင်ငံတခု အဖြစ်ကနေ တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်ဖြစ်စေတဲ့အထိ ဆိုးရွားစေခဲ့တဲ့ ၂၆ နှစ်ကြာ တပါတီ အာဏာရှင်စနစ်ဆိုးကြီးကို အဆုံးသတ်ဖို့ တာဝန်ဟာ ငါတို့ကျောင်းသားတွေရဲ့ ပုခုံးပေါ်မှာ ရောက်နေပါပြီဆိုတာနဲ့ အစချီရေးထားတဲ့ အဲဒီအချိန်က ဗကသ ဥက္ကဌ ကိုမင်းကိုနိုင် လက်ရေးနဲ့ ဖြန့်ဝေခဲ့တဲ့ လက်ကမ်းစာထဲမှာ 7 July ဆိုတာ စတွေ့ဖူး ကြားဖူးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာရှင် ဦးနေ၀င်းက တိုင်းပြည်ချောက်ထဲကျမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီမိုကရေစီအစိုးရဆီကနေ အာဏာဓါးမြတိုက်ယူ လိုက်တဲ့အချိန်မှာ ပထမဦးဆုံး စတင်တော်လှန်ခဲ့သူတွေက ကျောင်းသားတွေ ဖြစ်ကြောင်း သိလိုက်ရပါတယ်။ ဦးန၀င်းဟာ အခု ၂၀၁၀ ဖွဲ့စည်းပုံကို ဦးသန်းရွှေတို့ လုပ်သလိုပဲ ၇၄ ဥပဒေကို သူ့သဘောနဲ့သူရေးဆွဲပြီး သူ့သဘာနဲ့သူ အတည်ပြုကာ ဆိုရှယ်လစ်စနစ် ထူထောင်ပေးမယ်လို့ လိမ်ပြီး တပါတီအာဏာရှင်စနစ်နဲ့ ကိုယ်ကျိုးရှာလိုက်တာ၂၆ နှစ်အကြာမှာ တိုင်းပြည်က ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်သွားခဲ့ပါတယ်။ 7 July မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက စတင်ဆန့်ကျင်လို့ ကျောင်းသားမြောက်များစွာကို ရက်ရက်စက်စက် သတ်ပစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတည်းက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လာတဲ့ ကျောင်းသားသမဂ္ဂ အဆောက်ဦးကြီးကိုလည်း ဖေါက်ခွဲပစ်လိုက်တယ်ဆိုတာ အရင်က တခါမှ မကြားဖူးတာတွေကို ၈၈ သြဂုတ်လမှာမှ ကျွန်မ ကြားသိလိုက်ရပါတယ်။ 7 July ဆိုတာ အာဏာရှင်စနစ်ကို ပထဦးဆုံး စတင်တော်လှန်ခဲ့တဲ့ မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲရဲ့ မြစ်ဖျားခံတဲ့နေ့ တနည်းအားဖြင့် ဒီမိုကရေစီတော်လှန်ရေးကို စတင်တဲ့နေ့လို့ ဆိုနိုင်ပါတယ်။ 7 July အကြောင်းကို စသိခဲ့တဲ့ နေ့ကစပြီး မြန်မာပြည်က စာသင်ခန်းကို ကျွန်မ စွန့်ခဲ့ပြီး စာသင်ခန်းထဲ ပြန်မရောက်တော့တာ အခုထိပါပဲ။

7 July ကို မမေ့ကြနဲ့လို့ သွေးနဲ့ရေးပြီး အသက်စတေးသွားတဲ့ သူရဲကောင်းတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ 7 July မှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကျွန်မမီလိုက်တဲ့ သမိုင်းတွေကို သိတဲ့သူတွေ တင်ထားတဲ့နေရာက ပြန်ကူးပြီး စုစည်းတင်ပြထားပါတယ်။ လာပေးထားတဲ့ မှတ်ချက်တွထဲမှာလည်း 7, July 1962 တုန်းက အဖြစ်အပျက်တွေကို Link အတိအကျနဲ့ လာထည့်ပေးထားသူတွေ ရှိတဲ့အတွက် စိတ်ဝင်စားသူများအနေနဲ့ Comment ထဲမှာပါ ဖတ်ရှုနိုင်ပါတယ်။ (ကျောင်းသားသမဂ္ဂ အဆောက်ဦး ပုံကို ကိုနစ်နေမန်း ဘလော့ဂ်မှ ကူးယူဖေါ်ပြပါတယ်။)


ဒေါင်းတမန်ဘလော့ဂ်မှ ကူးယူထားတဲ့ တက္ကသိုလ် တို့ကျောင်းတနေရာ သီချင်း
ABFSU+-+Track+6 by myomyintcho




၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပြောသော 7 July အကြောင်း
Linkကိုနစ်နေမန်းဘလော့ဂ်မှ




ကိုလူထွေးရဲ့ သွေးထွက်သံယို ဘလော့ဂါ စစ်ဆင်ရေးမှ ကူးယူဖေါ်ပြချက်

ပဏာမ
ဤ "ဇူလိုင် သမိုင်းဝင် ပြကွက် ဓာတ်ပုံများ" ကို ထုတ်ဖော် တင်ပြရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ကျွန်ုပ်တို့ ကျောင်းသားထု၏ အခွင့်အရေး တိုက်ပွဲတွင် တတပ်တအား အနေဖြင့် သမိုင်းဝင် ပစ္စည်းတရပ်ကို ထုတ်ဖော် တင်ပြခြင်းမျှသာ ဖြစ်ပါသည်။

ဤစာအုပ်တွင် ပါဝင်သည့် ဇူလိုင် သမိုင်းဝင် ဖြစ်ရပ် ဓာတ်ပုံများသည် ယုတ်မာရက်စက်မှု၏ တစိတ်တပိုင်းမျှသာ ဖြစ်ပါသည်။

ဇူလိုင် (၇) နေ့ ရက်စက်မှုကြီးကြောင့် တိုင်းပြည်နှင့် ကမ္ဘာအဝှမ်း မိဘ ပြည်သူ လူထုတရပ်လုံးမှာ စိတ်ဝမ်းမကြည်မသာ ဖြစ်ခဲ့ကြရပါသည်၊ မည်သို့မျှ ဖျောက်ဖျက် ရနိုင်တော့မည် မဟုတ်သည့် တော်လှန်ရေးအမည်ခံ လူသတ်အစိုးရ၏ မဟာအမှားကြီးပင် ဖြစ်ပေသည်။

ဤ တော်လှန်ရေး အမည်ခံ စစ်အစိုးရသည် အမှားပေါ်အမှား ဆင့်၍ ကျူးလွန်သည်ထက် ကျူးလွန်နေချေပြီ။ ကျဆုံးနေသော ကျွန်ုပ်တို့၏ ကျောင်းသား အခွင့်အရေးများ အတွက် ဆက်လက်တိုက်ပွဲ ဝင်ရန်မှာ ကျောင်းသား ရဲဘော် အပေါင်း၏ အဓိက တာဝန် ဖြစ်ပေသည်။ ကျဆုံးရှာလေသူ ကျောင်းသား ရဲဘော်များကို သစ္စာရှိသော အားဖြင့် ညီညွတ်စွာ တွန်းလှန်တိုက်ပွဲဝင်ကြရန် နှိုးဆော်လိုက်ရပေသည်။

အောက်တိုဘာ တလ ပိတ်ခြင်းသည် ညီညွတ်မှု၏ သရုပ်ပြ အောင်ပွဲပင် ဖြစ်သည်။ ကျောင်းသားကျောင်းသူတိုင်း သွေးစည်း ညီညွတ်ရမည်။ ကျွန်ုပ်တို့ သထုံဆောင် အနေဖြင့် ပါတီနိုင်ငံရေး မစွက်ဖက်သော ကျောင်းသားအသိ ကျောင်းသားအမြင်ဖြင့် ကျောင်းသားအရေးကို ရဲရဲဝန့်ဝန့် ကျောင်းသားထုနှင့်အတူ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်မည် ဖြစ်ကြောင်း အလေးအနက် တင်ပြ အစီရင် ခံပါသည်။

ကျဆုံးသူ အပေါင်းအား ဦးညွှတ်ပါ၏။

အောင်ပွဲခံ တိုက်ပွဲသို့

အမှုဆောင်အဖွဲ့
သဟာယနှင့် စာဘတ်အသင်း (၁၉၆၃...၆၄)
သထုံဆောင်
ရန်ကုန်တက္ကသိုလ်



အဖွင့်သစ္စာ

တမလွန်ပြောင်း သွေးနီချောင်း၏
ဖြစ်ကြောင်းကုန်စင်
ရေးတော်အင်ကို


တင်သည်ကမ္ဗည်း တည်းသည်စာမူ
ထူသည်ကျောက်တိုင်
ဇွဲခိုင်ခိုင်တည်
ဇူလိုင်ကြေးမုံ
ပြကွက်စုံသည်
ရင်အုံ အိုးထိန်း စက်သို့တည်း။ ။

ကြည်ဝင်း (ပခုက္ကူ)
ဥက္ကဌ
သဟာယနှင့် စာဘတ်အသင်း (၁၉၆၃...၆၄)
သထုံဆောင်
ရန်ကုန် တက္ကသိုလ်

-၇-၆၂ နေ့ နေ့လည် ၂ နာရီအချိန်တွင် ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်းဆိုးများကို တ-က-သ မှ ဦးဆောင်၍ ဤသို့ ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်


၇-၇-၆၂ ဘွဲ့နှင်းသဘင်မှ အဓိပတိ လမ်းမအတိုင်း တက္ကသိုလ်ဝန်းအတွင် ဤသို့ အေးအေးချမ်းချမ်း ဆန္ဒပြကြသည်

၇-၇-၆၂ အေးချမ်းစွာ ဆန္ဒပြနေသူများကို ဤသို့ နံပါတ်တုတ် ကိုင်ရဲသားများနှင့် မတရား နှိပ်ကွပ်သည်။ ဦးဆောင်သူ တ-က-သ မှ ရဲဘော်ကျောင်းသားအများကိုလည်း ဖမ်းဆီး သွားကြသေးသည်။

၇-၇-၆၂ မျက်ရည်ယို ဗုံးများကို သုံး၍ အကြမ်းဖက် နှိမ်နင်းသည်အထိ ယုတ်မာ ရိုင်းစိုင်းလာကြသည်။ အဓိပတိလမ်း ရေတမာတန်းအောက်ဝယ် ဤသို့ နေရာယူ တပ်ဆွဲလျက် ပစ်ကြခတ်ကြသည်။

၇-၇-၆၂ အဓိပတိဘက်မှ ကျောင်းသာထု မခံနိုင်၍ ခဲနှင့်ပေါက်ကာ ပုလိပ်များနှင့် ရုံးရင်းဆန်ခတ် ဖြစ်ကြရတော့သည်။

၇-၇-၆၂ နေ့က မန္တလေးဆောင်ဘက်မှ ကျောင်းသားထုကလည်း မခံနိုင်လွန်း၍ ဤသို့ လက်သီးလက်မောင်းတန်းကာ ဆန္ဒပြကြသည်။

၇-၇-၆၂ နေ့က လက်နက်မပါဘဲ အေးချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားထုကို ရန်သူ့နယ်မြေသဖွယ် စစ်သားများ ဤသို့ ဝိုင်းဝန်း ပစ်ခတ်ကြသည်။

၈-၇-၆၂ နေ့က ကျဆုံးရှာလေသူ ရဲဘော်အချို့မှာ ဤသို့ တိတ်တဆိတ် သုဿာန်ပို့ မြေမြုပ် သဂြိုဟ် ခံခဲ့ရရှာလေသည်။ တက္ကသိုလ် ကျောင်းတော်ကြီးကိုလည်း ရက်အကန်းအသတ်မရှိ ပိတ်လိုက်ကြသည်။

၂၁-၁၁-၆၂ တက္ကသိုလ်ကြီးကို ရက်ပေါင်း ၄၁ ကျော် ပိတ်ပြီး ကျောင်းပြန်အဖွင့်၊ ၂၁-၁၁-၆၂ အမျိုးသားနေ့တွင် ကျောင်းသားထု ဆန္ဒပြမည်ကိုသိ၍၊ စစ်ဗိုလ်ကြီးများ၏ အမိန့်ဖြင့် ဆရာများက စတုဒီသာ ကျွေးမွေးကျင်းပသည်။ ကျောင်းသားထုက "အမျိုးသားနေ့နဲ့ စတုဒီသာ ရီစရာဗျာ ဘာလုပ်တာလဲ" ဟူသည့် ဒိုးပတ်သံချပ်များဖြင့် တက္ကသိုလ်ဝန်းအတွင်း လှည့်လည်ဆန္ဒပြကြသည်။

၂၁-၁၂-၆၂ ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်းဆိုးများအတွက် ၇-၁၂-၆၂ နေ့၊ ၅ လမြောက် ၇ ဇူလိုင်ညတွင် အဆောင်မှထွက်၍ ဆန္ဒပြကြပြီးနောက် ၂၀-၁၂-၆၂ အောင်ကျော်နေ့တွင် ဤသို့ခန်းနားကြီးကျယ်စွာ စည်းစည်းလုံးလုံးစုဝေး၍ အောင်ကျော်နေ့ အခန်းအနားကို စုပေါင်းကျင်းပကြသည်။

၈-၇-၆၂ သားငယ်များကို ရိုက်နှက်သတ်ဖြတ် သွားကြသည့်အတွက် မချိတင်ကဲ ဝမ်းနည်းကြေကွဲစွာဖြင့် ရှိနေရှာသည့် မော်ကွန်းဝင် မိခင် တကသ အဆောက်အဦကြီး ကို ၈-၇-၆၂ နံနက် ၆ နာရီခန့်ထိ တွေ့မြင်နိုင်သေးသည်။

၈-၇-၆၂ သားငယ်များကို ရိုက်နှက်သတ်ဖြတ် သွားကြသည့်အတွက် မချိတင်ကဲ ဝမ်းနည်းကြေကွဲစွာဖြင့် ရှိနေရှာသည့် မော်ကွန်းဝင် မိခင် တကသ အဆောက်အဦကြီး ကို ၈-၇-၆၂ နံနက် ၆ နာရီခန့်ထိ တွေ့မြင်နိုင်သေးသည်။

၈-၇-၆၂နေ့က ကျောင်းသားထုတရာကျော်အောင် သတ်ရုံဖြင့် အားမရနိုင်သေးဘဲ... ကျောင်းသားထု မှီခိုအားထားရာ ဗမာ့မော်ကွန်းဝင် မိခင် တ-က-သ အဆောက်အဦကြီးကို ၈-၇-၆၂ နံနက် ၆ နာရီတွင် ယမ်းဗုံးများဖြင့် ဖြိုခွဲ ဖျက်ဆီးပစ်လိုက်ကြသည်။ အောင်ကျော် ကျောက်တိုင်မှာ မျက်နှာငယ်စွာ အထည်းကျန် ရပ်တည်ခဲ့ရရှာသည်။



နောက်ဆုံး ဆန္ဒ

ငါ့ရင်ဝတွင် ကြည်ဆံဝင်၍
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ...

ငါမသေခင် မှာခဲ့ချင်သည်
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲ ဝင်ကြပါ...

ဝင်းမြင့်ထွန်း (ရန်ကုန် တက္ကသိုလ်)

မြတ်လေးငုံ ဘလော့ဂ်မှ ကူးယူဖေါ်ပြချက်

ကျောင်းတော်ခရီး
လမ်းမကြီး၌
သွေးစီးပွက်ပွက်
ခုနစ်ရက်နေ့ 
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင်အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ကောင်းရာ လားစေသော်ဝ်။


ခံစားမှု (၂)။

လက်သီးဆုပ်လျက် ၊ ကြွေးကြော်တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသားလူရွယ် ရဲဘက်များ ...
နီရဲပူနွေး သတ္တ္တိသွေးကား
စွန်းထင်းကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့ တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီတကား
သြော် ....
သမိုင်းစာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့ သွေးကွက်မူ
အသူဖျက်၍ ရအံ့နည်း။

ခံစားမှု (၃)။

သူရူးမ တစ်ယောက်
သားပျောက်ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်းဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့။

ခံစားမှု (၄)။
ငါ့ရင်ဝတွင် ကျည်ဆံဝင်၍
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲဝင်ကြပါ။

(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းများကနေ ခံစားရေးဖွဲ့ ခဲ့ကြမှုများထဲမှ အချို့ အား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။


ကိုအောင်နိုင်ဘလော့ဂ်မှ ကူးယူဖေါ်ပြချက်

from Maya Magazine by Maung Aye Win
[(၄၈) နှစ်မြောက်၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၆၂ ဂျူလိုင် ၇ရက်၊ အမှတ်တရ အဖြစ် 'အောင်ပြည့်' ရဲ့ 'ပြိုမှာလေလားမိုးရဲ့' ၀တ္ထုမှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။]

......... တက္ကသိုလ်တွင် ကျင်လည်ကျက်စားခဲ့သူတို့၏ ဘ၀ဟောင်းကို ပြန်လည် တမ်းတစရာ......
[မောင်ကိုယု ရဲ့ ၀တ္ထုစာအုပ် မိတ်ဆက်စကားမှ]

.... အဆောင် ပြန်ရောက်ချိန်တွင်တော့ ခင်ညို စာကြည့်လို့ မရ။ နက်ဖြန် နေ့ခင်း တကသ အစည်းအဝေးမှာ ဘာတွေ ဆုံးဖြတ်ကြမလဲ။ မြို့နယ်အသင်း အမှုဆောင် အစည်းအဝေးကော ကျေကျေ လည်လည် ပြီးပါ့မလား။

ခင်ညို တွေးနေဆဲမှာပင် ပင်မကျောင်းဆောင်များဆီမှ အသံတွေ ဆူလာသည်။ ခင်ညို နားစိုက်ထောင် လိုက်မှပင် အသံတွေက ပိုပြီး ကျယ်လာသည်။

"ထောင်လို ချုပ်ထားတာ မလိုချင်ဘူးကွ"
"ဟေး"

"ဟေး" ဆိုသောအသံထုကြီးက ကြက်သီးထခမန်း။

"မီးတွေပိတ်ကွ"
"ပဲခူးဆောင်က ရဲဘော်တွေ ဆင်းခဲ့ကွ"

ခင်ညို အဆောင်သံစကာ ကြားက ကြည့်မိသည်။ ဗဟိုဆောင်များတွင် မှောင်နှင့်မဲမဲ မီးပျက်သည်ကစပြီး ဆူကြဟန်တူသည်။ ပြီးတော့ အပြင်ကို ပြိုထွက်လာကြဟန် တူသည်။

မန္တလေးဆောင်တွင်းမှာတော့ အဆောင်မှူး ဆရာ ဦးခင်မောင်ဝင်းတို့၊ ဦးထွန်းဦးတို့ ပျာနေကြပြီ။ ညစောင့် မောင်သောင်းပင် မျက်လုံးပြူးပြီး ဘာလုပ်ရမှန်းမသိ။ တဖြည်းဖြည်းနှင့် ကျောင်းသားတွေ အားလုံးလိုလို အဆောင်ဝ တံခါးမကြီးတွင် စုမိကြသည်။

"ရဲဘော်တို့ ထွက်ခဲ့ပါ၊ ကျုပ်တို့ ဖိနှိပ်ချုပ်ချယ်မှုကို ကန့်ကွက်ဖို့ ဆိတ်ငြိမ် ဆန္ဒပြမယ်"
"မကြောက်ပါနဲ့ လာသာ လာခဲ့ပါ"

မောင်သောင်းက လန့်ပြီး သော့အားလုံးကို ဆရာဦးခင်မောင်ဝင်းလက် အပ်လိုက်သည်။ တံခါးက ပိတ်မြဲ။

"ဟေ့ မိန်းမရှာတွေလားကွ"

ပေါ်တီဂိုအောက်တွင် ရပ်နေသော ရဲဘော်တယောက်က အော်သည်။
"ချလွမ်"

ခင်ညိုက အံကို ကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားချိန် ဘာကို စလုပ်ရမှန်း မသိချိန်မှာပင် ဘယ်အချိန်က အပြင်ရောက်နေမှန်းမသိသော မန္တလေးဆောင်သား စိန်အစ်က မီးချောင်းကို ပစ်ခွဲလိုက်သည်။
ပေါ်တီဂို တခုလုံး မှောင်သွားပေပြီ။

"ထွက်ဟေ့၊ ထွက်ဟေ့"

ပြောပြောဆိုဆိုနှင့် အပြင်တွင်ရှိသော ကျောင်းသားထုက သံဆွဲတံခါးကို ၀ိုင်းမသည်။ ကြောင်ပြီး ကြည့်နေရာမှ အသက်ဝင်လာသေ ခင်ညိုတို့ အဆောင်သားတွေက ခုမှ တံခါးကို ၀ိုင်းတွန်းသည်။
မကြာလှပါ။
တံခါးကြီး ကော့လန်သွားသည်။
ကျောင်းဆောင်သား အားလုံးလိုလို ငုံ့ပြီးထွက်လိုက်ကြသည်။
အို ကျောင်းသားထုက မနဲပါလား။

"လာကြဟေ့ ရဲဘော်တို့၊ အမရဆောင်ကို ဒီနည်းအတိုင်း ဖွင့်မယ်"
ရှေ့ဆုံးက ရဲဘော် ကျောင်းသားတယောက်က ပြေးရင်း အော်ပြောသွားသည်။ ကျောင်းသားထုကြီး လည်း သူ့နောက် ပြေးလိုက်သွားသည်။

"ဟေ့ ဖိုးစိုးလွင်"
အမရဆောင် လှေခါးအောက်တွင် အဆောင်သားတွေ စုပြုံနေကြပြီး ဖြစ်သည်။ စိုးလွင်ဂျပုက ရှေ့ဆုံးမှာ သံတံခါးနှင့် ကပ်လို့။
"ဘယ်လိုလဲဗျ ကိုခင်ညို"စိုးလွင်က မျက်နှာသေလေးနှင့် မေးသည်။
"ဟ ဘယ်လိုမလဲနေနဲ့ ကိုယ့်လူ၊ တံခါးသာ ၀ိုင်းတွန်းပေးတော့"
ခင်ညို ပြောနေချိန်တွင် 'ဆွဲဆွဲ' နှင့် အပြင်ကျောင်းသားထုက ဆွဲပြီး 'တွန်း တွန်း' နှင့် အတွင်း ကျောင်းသားထုက တွန်းသည်။

"ဟေး"

တံခါးကြီး လန်သွားပေပြီ။

"ရဲဘော်တို့ ရာမညကလဲ ထွက်လာကြပြီ၊ အားလုံး အဓိပတိလမ်းမှာ စုမယ်၊ စည်းကမ်းအတတ် နိုင်ဆုံးထားပြီး လိုက်ခဲ့ကြပါ"

"ဟေး"

ကိုဗဆွေလေးက အမရဆောင် အုတ်ခုံမြင့်လေးပေါ်က အော်ပြောလိုက်ပြီး ရှေ့က ထွက်သွားသည်။ ကျောင်းသားအားလုံး သူ့နောက် ပါလာကြသည်။

"တပည့်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါကွာ မှားကုန်ပါ့မယ်"

သမဂ္ဂရှေ့ စုမိကြလျှင်ပင် ကျောင်းသားရေးမှူး ဆရာ ဦးစံထွန်းရောက်လာသည်။ ရောက်ရောက်ချင်း ဆရာက အော်ပြောခြင်း ဖြစ်သည်။

"စိတ်ချပါဆရာ၊ ကျွန်တော်တို့ စည်းကမ်း အရှိဆုံး ဆန္ဒပြကြမှာပါ"

မတတ်သာတော့သည့် အဆုံး ဆရာက ပြုံးပြုံးပင် လက်လျှော့လိုက်သည်။

"လာကြဟေ့၊ အ၀ိုင်းလေးမှာ စုမယ်။ တကောင်းတို့ ပြည်တို့က ရဲဘော်တွေလဲ ဆူနေပြီ၊ သူတို့နဲ့ သွားပေါင်းမယ်"

ကျောင်းသားခေါင်းဆောင်တယောက်က လက်မြှောက်ရင်း အော်ပြောသည်။

"အေးဟေ့၊ ကောင်းတယ်"
ကျောင်းသားထု အသံက ဆူညံသွားသည်။ ပြီးတော့ တရွေ့ရွေ့နှင့် အဓိပတိလမ်း တံခါးဝနား ရောက်လာသည်။ ဆရာဦးစံထွန်းသည် ကျောင်းသားထု၏ ရှေ့က ပြေးပြီး အ၀ိုင်းလေး မြေမြင့်ပေါ် တက်လိုက်သည်။ ပြီးတော့ သူ့ခေါင်းက ကက်ဦးထုပ်ကလေးကို မြှင့်ဆောင်းလိုက်ပြီး မျက်မှန်အောက်က ပြုံးသော သူ့မျက်လုံးကို ထုတ်ပြရင်း ကျောင်းသားထုကို လက်နှင့် အရှိန်ရပ်လိုက်သည်။ အားလုံး ရပ်သွားမှ

"တပည့်တို့ကို ကျောင်းပြင် မထွက်စေချင်ဘူးကွာ၊ အခွင့်အရေး တခုခုအတွက် ဆန္ဒပြရင် ကျောင်းထဲမှာ ဘဲ စည်းကမ်းရှိရှိ ဖြစ်စေချင်တယ်။ တကောင်းဘက် မသွားပါနဲ့တော့"

ဆရာဦးစံထွန်း ရပ်နေရာ အ၀ိုင်းလေးပေါ်တွင်လည်း ကျောင်းသားတအုပ် ရှိသည်။ ခပ်နောက်နောက် တယောက်က ဆရာ့ခေါင်းပေါ်က လက်တချောင်းကျော်ပြီး 'အလကားလှိမ့်တာ' ဟူသော ဟန်မျိုးဖြင့် လက်ခါပြသည်။ ကျောင်းသားတွေက ပြုံးလို့။

"ရဲဘော်တို့၊ ဆရာပြောတဲ့စကားက လမ်းကျပါတယ်။ အားလုံး ပြန်ဝင်ကြစေချင်ပါတယ်"

ကိုဗဆွေလေးက ဆရာ့အနားတိုးလာပြီး အော်ပြောလိုက်သည်။ ကျောင်းသားထုက ငြိမ်သွားသည်။ ကျောင်းသားတွေ တဖြည်းဖြည်း များလာလိုက်သည်မှာလည်း အဓိပတိတလမ်းလုံး မဲလို့။
"အေးကွာ၊ ငါ့တပည့်တွေက နားလည်မှု ရှိပါတယ်။ ကျောင်းဝင်းထဲမှာဘဲ စနစ်တကျ လုပ်ကြစမ်းပါ"ဆရာဦးစံထွန်းက သူ့စကားနားထောင်သော ကျောင်းသားများအတွက် ကျေနပ်သွားဟန်၊ နှစ်နှစ်ကာ ကာ ပြုံးရင်း ပြောသည်။ ကျောင်းသားအားလုံး ဘွဲ့နှင်းသဘင်ကို ပြန်ပြီး မျက်နှာမူလိုက်ကြသည်။

(စာမျက်နှာ ၂၆၀- ၂၆၄)။

"ခေါင်းဆောင်တွေ ဆွဲကုန်ပြီဗျို့"

မန္တလေးဆောင်ရှေ့မှ အသံတသံက စူးစူးရှရှ ထွက်လာသည်"

"ပုလိပ်ကားတွေ ရောက်နေပြီဟေ့"

"ဘဆွေလေးတို့ ဆွဲသွားပြီဗျ။ ခင်ဗျာ့ ကိုတင်ထွန်းကြီးလဲ ပါသွားပြီ ဟိုမှာမြင်လား။ ပုလိပ်ကားတွေ ထွက်သွားပြီ။ အဲဒီပေါ် ပါကုန်ပြီဗျ"
ကိုမောင်မောင်က ဆို့ဆို့နင့်နင့် ပြေးလာရင်း ပြောသည်။ ခင်ညိုလည်း ဘာလုပ်ရမည် မသိတော့။

"ရဲဘော်တို့ ကျုပ်တို့ခေါင်းဆောင်တွေကို ဟိုကောင်တွေ ၀င်ဆွဲသွားပြီဗျ"

"ရဲဘော်တို့၊ ပုလိပ်တွေ ထပ်ရောက်လာကုန်ပြီ။ အတင့်မရဲကြနဲ့ဟေ့၊ မျက်ရည်ယို ဗုံးတွေလဲ ပါတယ်။ သတိရှိကြပါ"

မကြာလှပါ။ ဗုံးမိုးသည်းထန်စွာ ရွာပါတော့သည်။

ခင်ညိုတို့လည်း ခုမှပင် ရေစိုအ၀တ်၏ တန်ဘိုးကို နားလည်တော့၏။ ဗုံးလုံးတွေက သိပ်ပြီး အရှိန်ပြင်းလှသည် မဟုတ်သောကြောင့် အဂျလာတို့ အုပ်စုက ကလို့ ခုန်လို့ပင် ဗုံးကို ရှောင်သည်။ အနီးအနားလာကျလျှင် ပြန်ကောက်ပြီး ပစ်လိုက်သေးသည်။
ထိုစဉ်တွင် ကျောင်းသားတစုသည် ဆရာကာ အိမ်တွင်းမှ ဗော့က်စ်ဝဂ်ဂွန်ကား အနီရဲရဲလေးတစင်းကို တွန်းလာကြ၏။ ဘွဲ့နှင်းသဘင် တံခါးမကြီးအထိ။ တံခါးမကြီးရှေ့အရောက်တွင် ကားကို ပက်လက်လှန်လိုက်ကြ၏။ ပြီးတော့ မီးရှို့ပစ်လိုက်ကြ၏။

ကားနီနီလေးနှင့်အတူ မီးတောက်ကရဲရဲ။ လက်ခုပ်သံ ဆူညံ အော်ဟစ်သံတွေကလည်း တသဲသဲ။

အော် သွေးဆူနေကြချိန်တကား။ဒါနှင့် မနားသေးပေ။ နောက်ထပ် ကျောင်းသားတစုက ကားပြာလေးတစီး ထုတ်လာပြန်သည်။ သည်လိုပင် အိမ်ရှေ့အရောက် လှန်ပြီး မီးရှို့လိုက်ကြပြန်သည်။
ထိန်းနိုင် ဦးဆောင်နိုင်သည့် ခေါင်းဆောင်တွေလည်း မရှိတော့ပြီ။ သည်အချိန်တွင် အသံကျယ်ကျယ် ရဲရဲတင်းတင်းနှင့် ရှေ့ကရှောက်သူသာ ခေါင်းဆောင် ဖြစ်တော့၏။
ကားနှစ်စီး မီးတောက် ငြိမ်းသောအခါတွင်ကား ကျောင်းသားတွေသည် အစုလိုက် အစုလိုက် ခြေပစ်လက်ပစ် ထိုင်နေကြတော့သည်။ တချို့က အဓိပတိ လမ်းမပေါ်မှာ။ တချို့တွေက မြက်ခင်းဆီမှာ။
အဓိပတိ ၀င်းတံခါးမကြီးကတော့ ပိတ်ထားဆဲ။ အထဲတွင် ကျောင်းသားတွေ ငြိမ်သူငြိမ်၊ လှုပ်ရှားသူ လှုပ်ရှား၊ စကားများသူ များနေသော်လည်း သံတံတိုင်းအပြင်တွင် စစ်ကားတွေ စီရရီနှင့်။

ခင်ညိုတို့တတွေလည်း အာညောင်း လက်ညောင်းမို့ အဓိပတိ ကပ်တရာလမ်းမပေါ်တွင် နှစ်နှစ် ခြိုက်ခြိုက် လှဲနေလိုက်ကြသည်။
တောင်ဆီမှာတော့ မိုးတွေညို့လို့။ မိုးသေးမိုးဖွဲလေးတွေကလည်း လွမ်းလောက်စရာ။ မရဲတရဲ ရွာနေပြန်သည်။ ခင်ညို့ မျက်နှာပေါ်တွင် မိုးသီးလေးတွေ ကွက်ကျားစိုလျက် ရှိနေ၏။ မှောင်ရီပင် သန်းလာချေပြီ။

"ဟိုရဲဘော် ကြည့်ပါအုန်းဗျာ၊ တံခါးဝက အုတ်ခုံပေါ်မှာ"

ချစ်ဆွေပြော၍ အားလုံး လှည့်ကြည့်လိုက်သောအခါ ကျောင်းသားတယောက် ခါးတောင်း မြှောင်အောင် ကြိုက်ပြီး အုတ်ခုံမြင့်ပေါ်တွင် ထိုင်အော်နေသည်ကို တွေ့၏။ မကြာလိုက်ပါ။ခင်ညိုတို့တတွေ ခေါင်းပြန်မလှည့်မီမှာပင် ရန်ကုန်တက္ကသိုလ်ကြီးအတွက် အခြေအနေ အားလုံး ပြောင်းလဲစေလိုက်မည့် ပထမဆုံး သေနတ်သံကို ကြားလိုက်ရပေသည်။ ပြီးတော့ ဆက်၍ ဆက်၍။

သည်လိုနှင့်ပင် တည ချုပ်ခဲ့ရသည်။ နှစ်ရက်ဆက်ပြီး အသံပေါင်းစုံလျှံ ဂယက်ညံနေသော တက္ကသိုလ်ကြီးသည် ပကတိ ငြိမ်သက်သွားသည်။ ရေဒီယိုက တက္ကသိုလ်နှင့် ကောလိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ကျေညာ လေသည်။ တညလုံး အိပ်မရသော အတွေးကြောင့် ခင်ညို တလူးလှိမ့်လှိမ့် ခံစားနေရသည်။ အိပ်ရေးပျက် မခံသော ၀င်းမောင်ကြီးပင် တလှုပ်လှုပ် ဖြစ်နေသည်။ နှစ်ယောက်သား အံကြိတ်ရင်း အတွေးကိုယ်စီနှင့် ငြိမ်နေမိကြသည်။ည ၂ နာရီထိ မီးဖွင့်ထားသော်လည်း သည့်နောက်တွင် မီးပိတ်ပြီး ဆိတ်ငြိမ်ခြင်း အာရုံကို ၀င်စား နေမိလိုက်သည်။ နက်ဖြန်ဆို အိမ်ပြန်ရတော့မည်။ ဘယ်အချိန် အိပ်ပျော်သွားသည်မသိ။ '၀ုန်း' ဆိုသော အသံကြီးနှင့်အတူ မြေတုန်ပြီး အဆောင်လှုပ်ခါ သွားတော့မှ ခင်ညို အိပ်ရာက နိုးတော့သည်။ နိုးသည်ဆိုတော့လည်း အဆောင်လှုပ်ခါမှု အရှိန်ကြောင့် ခင်ညိုတို့ နှစ်ယောက်လုံး ကုတင်အောက် ရောက်သွားသည်။

"အဆောင်ကြီး ပြိုပြီထင်တယ်ဗျ" "လာဗျာ၊ ခြေသံတွေလဲ ကြားတယ်၊ ထွက်ကြည့်ရအောင်"
အခန်းပြင်ရောက်သော အခါတွင်ကား ယူနီယံဘက်ကို ငေးကြည့်နေသည့် ကျောင်းသားများကို တွေ့ရသည်။

"ဟင်"
တကသ အဆောက်အဦးကြီး မရှိတော့ပြီ။

ခင်ညို့ ရင်ထဲတွင် ဟာသွားတော့သည်။

"ဖိုးခင်ညို အပေါ်ထပ်သွားကြည့်ရအောင်"

ဘယ်အချိန်က သူ့အနား ရောက်နေသည်မသိ။ ချစ်ဆွေက သူ့လက်ကို ဆွဲခေါ်သွားသည်။ အဆောင်ပေါ်တွင်လည်း အမိုးအုတ်ကြွတ်တွေ ဖွာလျာကြဲနေသည်မို့ ရှောင်ကွင်း သွားရသည်။

ဟိုမှာ ကြည့်စမ်းဗျာ ဖုံငွေ့တွေပဲ ရှိတော့တယ်"

ချစ်ဆွေလှမ်းပြ၏။ ခင်ညို ကြည့်လိုက်သောအခါ အငွေ့တထောင်းထောင်းနှင့် အုတ်ပုံကြီးသာ မြင်တော့ သည်။ သံဘောင်ကြီးတွေ ထိုးထိုးထောင်ထောင် ထွက်နေသည့်ကြားက အငွေ့တွေ........။

(စာမျက်နှာ ၂၇၀- ၂၇၇)အောင်ပြည့်' ရဲ့ 'ပြိုမှာလေားမိုးရဲ့' စာအုပ်မှ။

(12/07/10 11:52 မှာ တင်ခဲ့တဲ့ပို့စ်ကို ဒီနှစ် 7 July အမှတ်တရပို့စ်သီးသန့် မတင်နိုင်လို့ အပေါ်ခဏ ပြန်ဆွဲတင်ထားပါတယ်။)

7 July မှာ အသက်ပေးသွားသော သူရဲကောင်းများ ကောင်းရာ သုဂတိ လားပါစေ။

ဒီနှစ်ဆစ်ဒနီမြန်မာသင်္ကြန်ပွဲ


သင်္ကြန်ပွဲတော်နှစ်ခုစလုံးက မြင်ကွင်းတွေကို ပို့စ်တခုတည်း ပေါင်းပြီး ပြန်တင်ထားပါတယ်။

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ သင်္ကြန်ကာလကို ဘေးရန်ကင်းစွာနဲ့ဖြတ်သန်းပြီး မင်္ဂလာရှိသော နှစ်သစ်မှာ အားလုံး ကျက်သရေမင်္ဂလာ တိုးကာ ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ တလုံးတပါဒ ပြည့်ဝကြပါစေလို့ အားလုံးအတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို မြန်မာပြည်တွင်းမှာသာမက နိုင်ငံတကာရောက် မြန်မာလူမျိုးတွေ ရှိရာနေရာ အားလုံးနီးပါးမှာ ကျင်းပကြတာကို အွန်လိုင်းပေါ်မှာ တွေ့ရတော့ ယဉ်ကျေးမှုအမွေအနစ်ကို ဘယ်ပဲရောက်ရောက် ဆက်လက်ထိန်းသိမ်းနေကြတာ ဖြစ်လို့ ကျွန်မ တကယ်ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ပြည်ပ သင်္ကြန်ပွဲတွေမှာ မြန်မာ့ရိုးရာသင်္ကြန်ကို မြန်မာရိုးရာဆန်ဆန် ကျင်းပကြတာ တွေ့ရသလောက် ပြည်တွင်းက သင်္ကြန်ပွဲတချို့မှာ မြင်တွေ့ရတဲ့ သရုပ်ပျက်မြင်ကွင်း တချို့ကိုတော့ တကယ်ပဲ စိတ်ပျက်မိတာ အမှန်ပါ။ ဒါမေပဲ့လည်း "ဆယ်စုနှစ်နှစ်ခုနီးပါး တားဆီးပိတ်ပင်ထားခြင်း ခံခဲ့ရတဲ့ မြန်မာ့ရိုးရာ သင်္ကြန်သံချပ် အသံတွေကို ပြည်တွင်းမှာ အခုဒီနှစ်မှာမှ စပြီး ပြန်လည်ကြားလာရလို့ ဒီနှစ်သင်္ကြန်အတွက် အားတက်ဖွယ်ရာ၊ ၀မ်းမြောက်ဖွယ်ရာအဖြစ် တွေ့ရတော့ စိတ်ပျက်ဖွယ်ရာတွေကို လောလောဆယ်မှာ ခဏမေ့ထားပြီး ဆစ်ဒနီမြို့မှာ ကျင်းပတဲ့ မြန်မာသင်္ကြန်အကြောင်းကိုပဲ တင်ပြချင်ပါတယ်။"

ဒီနှစ်ဆစ်ဒနီ မြန်မာသင်္ကြန်ကို နှစ်တိုင်းနဲ့ မတူဘဲ တမူထူးခြားစွာ နှစ်နေရာမှာ အသွင်နှစ်မျိုးနဲ့ ကျင်းပသွားတာကို တွေ့ရပါတယ်။ ပထမတခုက ဧပြီလ (၁) ရက်နေ့မှာ ဆစ်ဒနီမြို့အနောက်ခြမ်းရှိ Blacktown show-ground ကွင်းကြီးထဲမှာ ABCD (Australian Burma Community Developmnet) network နဲ့ ရခိုင်အသင်းက ကြီးမှူးကျင်းပတယ်လို့ သိရပါတယ်။ ကွင်းငှားပြီး ရေပါကစားနိုင်အောင် စီစဉ်ပေးပြီးတဲ့အတွက် နှစ်စဉ်နှစ်တိုင်း Indoor အနေနဲ့ ခန်းမတွေထဲမှာပဲ ကျင်းပတဲ့ သင်္ကြန်ပွဲတွေနဲ့ မတူထူးခြားမှု ရှိတဲ့ပွဲတခုဖြစ်ပါတယ်။ ဒုတိယတခုကိုတော့ ဆစ်ဒနီရောက် မြန်မာလူမျိုးစု လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေအားလုံးက ABCD Network နဲ့ လက်တွဲပြီး သင်္ကြန်ဖြစ်မြောက်ရေးအဖွဲ့ တခုဖွဲ့စည်းကာ ၁၄-၀၄-၁၂ မှာ ဆစ်ဒနီမြို့အတွင်းဘက် ပိုကျတဲ့ Petersham Town Hall ထဲမှာ အရင်နှစ်တွေကလို သက်ကြီးပူဇော်ပွဲအပြင် စတုဒီသာကျွေးပွဲတို့နဲ့အတူ ကျင်းပပါတယ်။ သင်္ကြန်ဆိုတာ မြန်မာလူမျိုးတိုင်းနဲ့ သက်ဆိုင်တဲ့အတွက် နိုင်ငံရေး အယူအဆအပါအ၀င် တခြားနေရာ ဘယ်နေရာမှာမှ အယူအဆသဘောထား မတူရင်တောင်မှ မြန်မာ့ရိုးရာကို နှစ်သက်မြတ်နိုး တန်ဖိုးထားတဲ့ဆန္ဒ တူကြလို့ ပြည်ပရောက် မြန်မာတွေရဲ့ စည်းလုံးညီညွတ်မှုဆိုတာ သင်္ကြန်ကာလမှာသာ တွေ့နိုင်တယ်လို့ ပြောရလောက်အောင်ကို သင်္ကြန်အခမ်းအနားဟာ နှစ်စဉ်နှစ်တိုင်း ဆစ်ဒနီမှာ ကျင်းပနေတဲ့ တခြားဘယ်အခမ်းအနားထက်မဆို လူစုံတက်စုံ ရှိလှပါတယ်။ ဒီနှစ်အခမ်းအနားမှာ နှစ်တိုင်းထက် ပိုပြီးထူးခြားနေတာ တခုက စတုဒီသာကျွေးတဲ့ အစီစဉ်ပါ။ စတုဒီသာ အလှူရှင်တွေရဲ့ လာသမျှသောလူ အားလုံးကို ဖေါဖေါသီသီ ရက်ရက်ရောရောနဲ့ စိတ်ရှည်လက်ရှည် ခူးခပ်ထည့်ပေး ကျွေးမွေးနေကြတဲ့ အလှူရှင်တွေရဲ့ အံ့မခန်းလောက်တဲ့ ဒါနတရားနဲ့ မေတ္တာတရားကို ဘယ်လိုမှ သာဓုမခေါ်ဘဲ မနေနိုင်ဖြစ်ရကြောင်း ကျွန်မဘလော့ဂ်မှာ မှတ်တမ်းတင်လိုက်ပါတယ်။

Petersham Town Hall မှာ ကျင်းပတဲ့သင်္ကြန် မြင်ကွင်း


်ပီတာသျှံခန်းမမှာ ကျင်းပတဲ့ပွဲမှာ ပထမဦးဆုံးအနေနဲ့ သက်ကြီးပူဇော်ပွဲကို အရင်စပြီး အသက် ၇၀ ပြည့်ပြီးတဲ့ အဖိုးအဖွားတွေကို ကန်တော့ပြီးလို့ တရားနာပြီး ဘုန်းကြီးတွေ ပြန်ကြွသွားချိန်မှာ စတုဒီသာ ညနေစာကျွေးပါတယ်။ မုန့်ဟင်းခါး၊ ခေါက်ဆွဲကြော်၊ အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲသုပ်၊ မုန့်ဖက်ထုပ်အပါအ၀င် လက်လုပ်မုန့်မျိုးစုံနဲ့ သောက်ရေသန့် တို့ပါဝင်ပါတယ်။ အစားအသောက် ကျွေးနေစဉ်မှာပဲ ဖျော်ဖြေရေးအစီစဉ်ကို စတင်ကာ အစားအသောက်စားရင်း ကြည့်ရှုကြပါတယ်။ ပထမပိုင်းမှာ မြန်မာယဉ်ကျေးမှုဆိုင်းဝိုင်းတွေနဲ့ တီးမှုတ်သီဆိုကပြပြီး နောက်ပိုင်းမှာတော့ ခေတ်ပေါ်တီးဝိုင်းနဲ့သီဆို တီးမှုတ်ကပြပါတယ်။ ခေတ်ပေါ်တီးဝိုင်းနဲ့ ဖျော်ဖြေတာကို ကျွန်မခဏပဲ ကြည့်ခဲ့တဲ့အတွက် ဒီထဲမှာ ပုံတွေကို ပြည့်ပြည့်စုံစုံ မဖေါ်ပြနိုင်ခဲ့ဘူး။ ဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

သင်္ကြန်ယိမ်းအက


အမျိုးသမီး သံချပ်အဖွဲ့


သင်္ကြန်ခေတ်ဟောင်းသီချင်း တပုဒ်ကို မန်းကျော်ဆန်းက သီဆိုနေစဉ် (ဒီညသီဆိုသွားတဲ့အထဲမှာ ကျွန်မ အကြိုက်ဆုံးသီချင်းဖြစ်တယ်)



၁၂ ထွေအကကို ကျွမ်းကျင်စွာကပြနေသော ဆစ်ဒနီမှ ကလေးမလေးတဦး (၁၂ ထွေဆိုပေမဲ့ မျောက်က၊ ဘီလူးအကနဲ့ ဇော်ဂျီအကကိုပဲ ရိုက်ထားပါတယ်)




သင်္ကြန်မိုးသီချင်းကို ခေတ်ပေါ်တေးဂီတနဲ့ ဖျော်ဖြေနေတာကိုဗွီဒီယိုရိုက်နေစဉ် ကင်မရာဘက်ထရီကုန်သွားလို့ တပိုင်းတစနဲ့ ရပ်လိုက်ရတယ်။





သက်ကြီးပူဇော်ပွဲ
အမေကသီချင်းဆိုစဉ် သမီးနှစ်ယောက်က ကပါတယ်

ရခိုင်ကလေးမလေး နှစ်ဦးရဲ့ ရခိုင်အက

စောင်းတီးပြီး ဆိုရတဲ့ မြန်မာ ခေတ်ဟောင်းသီချင်းကြီး တပုဒ်ကို ကျွမ်းကျင်စွာ သီဆိုနေသော ဂျပန်အမျိုးသမီးတဦး (စောင်းတီးနေသူက ပန်တျာကျောင်းဆင်း စောကောဝါးဖြစ်တယ်။)

အမျိုးသမီးသံချပ်အဖွဲ့၊ ဗွီဒီယိုကို အောက်မှာ ဆက်ကြည့်နိုင်ပါတယ်။

မြန်မာသင်္ကြန်သီချင်းတပုဒ်နဲ့ တကိုယ်တော် မြန်မာရိုးရာအက

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုတေးတပုဒ်ကို သီချင်းစပ်ဆိုသူကိုယ်တိုင်နဲ့ မန်းကျော်ဆန်း (စာရွက်ကိုင်ထားသူ) တို့ အတူသီဆိုနေကြစဉ်

မြန်မာသင်္ကြန်သီချင်းပုဒ်နဲ့ တကိုယ်တော်အက
ယိမ်းအက


ဒေါက်တာကျော်မြင့်မှ ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့မှာ လုပ်ဆောင်ချက်များကို ရှင်းလင်းပြီး အားလုံးကို ကျေးဇူးတင်စကားပြောကြားစဉ်

မြန်မာသံစဉ်ဆိုင်းဝိုင်းနဲ့ ဖျော်ဖြေ အပြီးမှာ ခေတ်ပေါ်တီးဝိုင်းနဲ့ သင်္ကြန်သီချင်းတွေကို ဆက်လက် ဖျော်ဖြေရာမှာ ရွှေမန်းမာလာ သီချင်းကို ခေတ်ပေါ်တူရိယာနဲ့ တီးဆိုပြီး ဖျော်ဖြေနေစဉ်

သင်္ကြန်မိုးသီချင်းကို ခေတ်ပေါ်တေးဂီတနဲ့ တီးဆိုကပြပြီး ဖျော်ဖြေနေစဉ်။






၁-၀၄-၁၂ က Blacktown Show-ground မှာ ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲပုံ

ရေကစားနေတဲ့မြင်ကွင်း



ရခိုင်မဏ္ဍပ်
အ၀င်ဝကနေ စရောက်ရောက်ချင်း ရခိုင်မဏ္ဍပ်ကို အရင်တွေ့ရပါတယ်။ ရခိုင်မဏ္ဍပ်အတွင်းကြည့်လိုက်တော့ ရခိုင်မောင်မယ်တွေ ကဖို့ပြင်နေတာကို တွေ့ရပါတယ်။
ရခိုင်မဏ္ဍပ်အတွင်း

ရခိုင်မဏ္ဍပ်အနောက်ဘက်မှာ ရေစည်သုံးခုကို တွေ့ရပြီး ရေစည်ရှိရာမှာ ရေကစားနေသူတွေကို တွေ့ရပါတယ်။ နှစ်တိုင်းဆို မြန်မာတွေ ကျင်းပတဲ့သင်္ကြန်မှာ ရေကစားတာ မရှိဘဲ ရေကစားတာကို ထိုင်းဘုန်းကြီးကျောင်းထဲမှာ ကျင်းပတဲ့ ထိုင်းသင်္ကြန်မှာပဲ တွေ့ရတတ်ပါတယ်။


ရေစည်ရှိရာ နေရာတခု

ကလေးတွေရေကစားနေစဉ်

အစားအသောက်ရောင်းတဲ့ ဆိုင်တန်းတချို့




သံချပ်အဖွဲ့

ရောင်ပေစူး မရှိဘဲ ရောင်ပေစူးသီချင်းဆိုနေသူများ

အိုးစည်အဖွဲ့

ရခိုင်ဖျော်ဖြေရေးအစီစဉ်ကို ရခိုင်ကလေးတဦးမှ ကြေညာနေစဉ်

ရခိုင်ရိုးရာ သင်္ကြန်အက

ရခိုင်ရိုးရာ ရေကစားအက

ဦးပန်တရာနဲ့အဖွဲ့ ဆိုင်းသံကြားရင် မနေနိုင်လို့ ကြိုတင်အစီစဉ်မရှိဘဲနဲ့ လက်တန်းဝင်ရောက်သီဆို ကပြနေစဉ်

ပွဲတော်ထဲက မြင်ကွင်းတွေကို ရေးပြီး နှစ်ပိုင်းခွဲ တင်ဖို့စီစဉ်ခဲ့ပေမဲ့ ရေးဖို့အချိန်မရှိတော့လို့ ပုံတွေနဲ့ ဗွီဒီယိုတချို့ကိုပဲ တင်ပြီး မနေ့က တင်ခဲ့တဲ့ ၁ ရက်နေ့က ပွဲတော်ကို အောက်မှာချပြီး ၁၄ ရက်က ပွဲတော်ကို အပေါ်မှာ ထပ်ဖြည့်ကာ ပို့စ်တခုတည်း ပြန်လုပ်ပြီး ဒီနေ့နေ့စွဲနဲ့ ပြန်တင်လိုက်ပါတယ်။

သင်္ကြန်ကာလကို ဘေးရန်ကင်းစွာနဲ့ဖြတ်သန်းပြီး မင်္ဂလာရှိသော နှစ်သစ်မှာ ကျက်သရေမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကာ ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ အားလုံး ပြည့်ဝနိုင်ကြပါစေ...

ကံကောင်းသော ခရစ်စမတ်နေ့

ဘုရားပန်းကို အလျှင်စလို ထိုးပြီးတာနဲ့ ဘုရားရှိခိုးပြီး ထိုင်ကပ်ဖို့တောင် အချိန်မရဘဲ အလုပ်နောက်ကျမှာ စိုးလို့ ရထားမီအောင် အိမ်ကနေ ငါးမိနှစ်ခန့် လမ်းလျှောက်ရတဲ့ ဘူတာရုံကို အပြေးအလွှား လျှောက်လာတဲ့အခါမှာ ကျွန်မတို့နေတဲ့ ရပ်ကွက်ရဲ့ လူသွားလူလာနဲ့ ကားသွားကားလာ ပြတ်နေပုံက မသိတဲ့သူဆိုရင် လူနေတဲ့ရပ်ကွက် ဟုတ်ပါ့မလားလို့တောင် ထင်မိမှာ သေချာတယ်။ ခါတိုင်းဆို ရထားသံကို အဝေးကတောင် ကြားနေရပါတယ်။ အခုတော့ လမ်းထိပ်ရောက်လို့ ဘူတာရုံကို လှမ်းမြင်ရတဲ့အထိ ခါတိုင်းလို ဒီဘူတာမှာ မရပ်တဲ့ အမြန်ရထားတွေ တစီးပြီးတစီး ဖြတ်သွားနေခြင်းမျိုး မတွေ့ရ၊ ရထားစောင့်နေတဲ့ ခရီးသည်တွေကိုလည်း တယောက်မှ မတွေ့၊ ဒီနေ့ရထားလမ်း ပိတ်မယ်ဆိုတာ ကြိုတင်ကြေညာထားတာလည်း မရှိလေတော့ ရထားအလုပ်သမားတွေ သပိတ်မှောက်နေတာများလားမသိ လို့အတွေးဝင်လာကာ စိုးရိမ်သွားတယ်။ ယောက်ျားအလုပ်ကအပြန်ကို စောင့်ပြီး ကားနဲ့လိုက်ပို့ခိုင်းဖို့ စဉ်းစားကြည့်တော့ အိမ်ကို သူပြန်ရောက်မည့်အချိန်က ကျွန်မ ဆေးရုံကိုရောက်ပြီး အလုပ်ဝင်နေရမည့်အချိန် ဖြစ်နေလို့ လမ်းမှာကြာမည့်အချိန်နဲ့ဆို ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပြီး စိုးရိမ်စိတ်နဲ့ ရင်ကို တထိန့်တလန့်ကို ဖြစ်သွားတယ်။

ရထားလမ်းပိတ်တာ၊ ရထားအလုပ်သမားတွေ သပိတ်မှောက်တာ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း လျှောက်လာတာ ဘူတာရုံအဆောက်ဦးပေါ် တက်တဲ့ လှေခါးကို ခြေချမိတဲ့အချိန်ထိ ရထားတစီးမှ ဖြတ်သွားတာ မတွေ့သေးတော့ စိုးရိမ်မှုရေချိန်က ပိုပြီးမြင့်တက်လာတယ်။ အဆောက်ဦးပေါ်ရှိ ရထားလက်မှတ်ဝယ်ရာ ကောင်တာရှေ့ကျွန်မ ရောက်တော့ အမြန်ရထားတစီး တဂျုံးဂျုံးနဲ့ ဖြတ်သွားမှပဲ ဆုတောင်းပြည့်ပြီး စိတ်အေးသွားလို့ သက်ပြင်းချလို့ရသွားတယ်။ ဒါပေမဲ့ ကျွန်မစီးမည့်ရထား ရပ်တော့လည်း ရထားတွဲအကုန်လုံးမှာမှ တယောက်စ နှစ်ယောက်စပဲတွေ့ရပြီး ကျွန်မရှေ့က ကျတဲ့ ရထားတွဲထဲမှာ လူတယောက်မှ မရှိတာ တစ္ဆများခြောက်နေလားလို့ ထင်မှတ်ရလောက်အောင်ကို ခရီးသွားမရှိတာကို တွေ့ရတော့ ဒီဘူတာရုံမှာတင် လူမရှိတာ တခြားဘူတာတွေမှာလည်း ဒီလိုပဲဖြစ်မယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ရထားတတွဲလုံးမှာ ကျွန်မတယောက်ကလွဲရင် တခြားဘယ်သူမှ မရှိတာကတော့ အောက်ကပုံမှာ မြင်တဲ့အတိုင်းပါပဲ။ အမှန်က ကျွန်မစိုးရိမ်ခဲ့သလို မဟုတ်ဘဲ ရထားမလာတာ အဝေးပြေးရထားတွေ ခရစ်စမတ်ကာလမှာ အလုပ်မလုပ်လို့၊ ဘူတာရုံမှာ လူမရှိတာက မနက်အစောကြီးလည်းဖြစ် ခရစ်စမတ်နေ့မို့ ခရီးသွားလာနည်းနေလို့သာ ဖြစ်တယ်။


ဆေးရုံရောက်ပြီး Nursing Admins အခန်းရှေ့ကို ရောက်တဲ့အချိန်ကစပြီး ပြန်လာတဲ့အချိန်ထိ အလုပ်ထဲမှာ တွေ့တွေ့သမျှ လူနာတွေ Staff တွေကို Merry Christmas လို့ ကျွန်မ နှုတ်ဆက်လိုက်တဲ့ နှုတ်ဆက်စကားက အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင်ကို များပါတယ်။ Ward ထဲဝင်လိုက်တာနဲ့ ယူနီဖေါင်းဝတ်တဲ့သူကို တယောက်နှစ်ယောက်ပဲ တွေ့ရပြီး ခရစ်စမတ်အင်္ကျီ၊ ခရစ်စမတ်အမှတ်အသားပါတဲ့ နားဆွဲ၊ ရင်ထိုး၊ မီးကြိုး၊ ဦးထုတ်စတဲ့ တခုခု ၀တ်ဆင်လျက်အသီးသီးတွေ့ရမှ ကျွန်မတယောက်ပဲ ခရစ်စမတ် အထိမ်းအမှတ် ဘာမှမ၀တ်လာပါလားဆိုတာ သတိထားမိသွားတယ်။ ဒါနဲ့သူတို့အထဲက တယောက်စီက ကျွန်မကို ဒါတပ်ထားဆိုပြီး ခရစ်စမတ် မီးကြိုး၊ ခရစ်စမတ်သစ်ပင်ပုံနှစ်ခုကို ဦးချိုလိုလုပ်ထားတဲ့ ဘီးကုတ်တခုနဲ့ ရင်ထိုးတခုကို ပေးတော့ ကျွန်မလည်း ယူတပ်လိုက်မှ သူတို့နဲ့ တသားတည်း ဖြစ်သွားတယ်။ ဓါတ်ပုံရိုက်တဲ့အချိန်မှာ တွေးမိတာက အာရှကနှစ်ယောက်၊ ဥရောပကတယောက်၊ အန္ဒိယတယောက်၊ အော်စီနှစ်ယေက်ဆိုတော့ တကယ်ကို Multicultural team ပါလားဆိုတာကို သတိထားမိတယ်။


မနေ့က တော်တော်လေး အခြေအနေဆိုးနေတဲ့ လူနာတွေ ရှိတော့ ဒီနေ့ရေးရမည့်ပို့စ်ဟာ Merry Christmas အစား Sad Christmas လို့ အမည်ပေးရမည့် ခရစ်စမတ်ဖြစ်နေမလားလို့တောင် စိုရိမ်နေမိတဲ့ ကျွန်မရဲ့ အထင်တွေက တခြားစီဖြစ်နေပြီး ထူးထူးခြားခြား ဒီနှစ်ခရစ်စမတ်ရဲ့ ကံကောင်းပုံကို တကယ်ပဲ အမှတ်တရ လုပ်ထားချင်လို့ ဒီပို့စ်ကို တင်တယ်ဆိုရင်မမှားပါဘူး။ တကယ်လို့ ကျွန်မသာ ခရစ်ယာန်တယောက် ဖြစ်ခဲ့ရင် ဒီနှစစ်ခရစ်မတ်နေ့ရဲ့ ကံကောင်းပုံက ခရစ်တော် (သို့) ဘုရားသခင် တကယ်ကို ကောင်းချီးပေးတယ်လို့ ထင်မိမှာ သေချာပါတယ်။

ကျွန်မ လတ်တလော တာဝန်ကျနေတာက ကုလို့မရတော့တဲ့ သူတွေအတွက် ဘ၀ရဲ့နောက်ဆုံးအချိန်တွေမှာ အကောင်းဆုံး သက်တောင့်သက်သာ အဖြစ်ဆုံး ဘ၀ကိုဖြတ်သန်းသွားလို့ရအောင် နှစ်သိပ်ကုသပေးတဲ့ Ward, Palliative Care Unit ဖြစ်တော့ လူနာတွေက တပတ်မှာ အနည်းဆုံး တဦးခန့်တော့ သေဆုံးနေပြီး ရေခဲတိုက်ကို အမြဲတမ်းပို့ရတာရှိပါတယ်။ မနေ့က အသက်ဖုတ်လိုက်ဖုတ်လိုက်နဲ့ အသက်ငင်နေတဲ့ လူနာတွေက ဒီနေ့မှာ အနည်းဆုံး နှစ်ဦးခန့်တော့ သွားနိုင်ပြီး Merry Christmas လို့ ပြောလို့ ရလောက်တဲ့အခြေအနေ ရှိမယ်လို့တောင် မထင်ထားဘူး။ ဒါပေမဲ့လည်း လူနာတွေဟာ ဒီနေ့မှာ တကယ်ပဲ လန်းလန်းဆန်းဆန်းနဲ့ ပြန်ရှိလာနေတာ တွေ့ပြီး နှစ်ရက်လုံးလုံး သတိလစ်နေတဲ့ လူနာတယောက်တောင် သတိပြန်ရလာလို့ ပန်းသီးရေတောင် နည်းနည်းပြန်သောက်နိုင်ခဲ့တယ်။

ကျန်တဲ့လူနာတွေ အားလုံးကလည်း တော်တော်လေးကို ငြိမ်းငြိမ်းချမ်းချမ်း ရှိကြတယ်။ ခါတိုင်း မလိုအပ်ဘဲနဲ့ ဘဲလ်ခဏခဏနှိပ်ပြီး နာ့စ်တွေကို အလုပ်ရှုပ်စေတဲ့ လူနာတွေလည်း ဒီနေ့မှာ ငြိမ်လို့ ဘာမှကိုပြောစရာ မရှိဘူး။ ၊ ရန်လိုပြီး ပစိပစပ်များနေတဲ့ လူနာတွေ အားလုံးကလည်း စိတ်ကောင်းဝင်နေတယ်၊ လူနာမိသားစုတွေထဲကလည်း ပြဿနာလာရှာတဲ့သူတွေ မရှိသလို မေးခွန်းပေါင်း အခါတရာမက လူကိုယ်တိုင် (သို့) ဖုန်းတဂွမ်ဂွမ် မေးနေလို့ ဖြေရတာတွေလည်း သိပ်မရှိဘူး၊ Ward ထဲက Staff တွေအားလုံးကလည်း တက်ညီလက်ညီနဲ့ ဆောင်ရွက်ခဲ့တာ အားလုံးကို လွယ်ကူအဆင်ပြေချောမွေ့စွာနဲ့ပဲ စောစောစီးစီး ပြီးသွားတာ မနေ့ကနဲ့ တခြားစီပဲ။ နောက်တော့ ခရစ်စမတ် နေ့လည်စာအဖြစ် Kitchen staff တွေက တခြား staff တွေ အားလုံးအတွက် Free lunch ပေးတယ်။ ညနေဘက်တာဝန်ကျတဲ့ နာ့စ်တွေကို Handover Report ကို မြန်မြန်ပေးပြီးတာနဲ့ ချက်ချင်းမနက်ပိုင်း Staff တွေကို ပေးပြန်တော့ အိမ်ကို အလုပ်ချိန်မပြီးခင် ၄၅ မိနှစ်မှာ ပြန်ခွင့်ရကြတယ်။ အိမ်အပြန်လမ်းမှာတော့ ကျွန်မဟာ အလုပ်ကပြန်လာသလို မဟုတ်ဘဲ ပါတီပွဲတခုက ပြန်လာသလိုပဲ ခံစားရတယ်။ ဘူတာရုံနဲ့ ဆေးရုံအကြား လျှောက်လာရင် Auburn Central ကုန်တိုက်ရဲ့ အတွင်းဘက် ရင်ပြင်ပေါ်မှာ ခရစ်မတ်သစ်ပင်ရှိတော့ အမှတ်တရ ဓါတ်ပုံရိုက်လာလိုက်တယ်။


အိမ်ပြန်ရောက်တော့ မနေ့က၀ယ်ပြီး ဒီမနက် အလုပ်မသွားခင် ထိုးထားခဲ့တဲ့ အချိန်က ဖူးငုံတွေပဲ ရှိခဲ့တဲ့ ဘုရားပန်းက အနံ့သင်းသလို အပွင့်တွေအာထွက်လာပြီး ထူးထူးခြားခြား လှပနေတာကို တွေ့ရပြန်တော့ စိတ်ချမ်းသာရပြန်တယ်။ ခါတိုင်းဆို အနံ့ရော အပွင့်တွေ အရွက်တွေပါ ကောင်းတဲ့ ဒီပန်းအမျိုးအစားက ဈေးကြီးလို့ နေ့ကြီးရက်ကြီးတွေကလွဲရင် တော်တော်နဲ့ မ၀ယ်ကပ်ဖြစ်ဘူး။ အနံ့မပါဘဲ အပွင့်ပဲကောင်းပြီး အရွက်လည်း ညှိုးမြန်တဲ့ လီလီပန်း (သို့) ဂန္ဒမာပန်းပဲကိုပဲ အမြဲတမ်း ၀ယ်ထိုးတာ များပါတယ်။ ဒီပတ်မှာတော့ ဒီပန်းက ပုံမှန်ဆို အနည်းဆုံး တစည်းကို ၁၀ဒေါ်လာခန့် ပေးရပေမဲ့ မနေ့က ခရစ်စမတ်အကြိုနေ့မှာတော့ နှစ်စည်းကို ငါးကျပ်နဲ့ရလို့ အမျိုးသားက ၀ယ်လာပေးလို့ မွှေးကြိုင်လှပစွာ ဘုရားကပ်နိုင်သလို အမြင်အားဖြင့်လည်း ဘုရားစဉ်မှာ အခုလို ဝေေ၀ဆာဆာလေး တွေ့ရတော့ ဒါလည်းပဲ ဒီနှစ်ခရစ်စမတ်နေ့ရဲ့ ကံကောင်းခြင်း တခုပါပဲလားလို့ တွေးပြီး ဒီကံကောင်းမှုတွေ အားလုံးကို ဒီနှစ်ခရစ်မတ် လက်ဆောင်လို့ သဘောထားလိုက်ပါတယ်။ နှစ်သစ်မှာလည်း ဒီနေ့လိုပဲ နေ့တိုင်းကံကောင်းပါစေလို့ ဆုတောင်းနေမိတယ်။



ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလမှာ အားလုံး အန္တရယ်ကင်းစွာနဲ့ ပျော်ရွှင်ကြပါစေ။



Funeral Service ကို အလောင်းမှားပြီး ထုတ်ပေးမိတဲ့ ကျွန်မတင်တဲ့ ကံမကောင်းသော နေ့တနေ့အကြောင်းလည်း ဒီ Ward ထဲမှာပဲ ဖြစ်သွားပြီး ဒီအကြောင်းကို တင်ထားတာ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။