မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label ဂုဏ်ပြုအမှတ်တရ. Show all posts
Showing posts with label ဂုဏ်ပြုအမှတ်တရ. Show all posts

၁၉.၇.၄၇


ကဗျာစပ်သူရော အာဇာနည်ခေါင်းဆောင်ကြီးတွေပါ သက်ရှိထင်ရှား မရှိတော့တဲ့အတွက် ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးပြီး ၁၂ နှစ်မြောက်နေ့ဖြစ်တဲ့ ၁၉.၉.၅၉ ရက်မှာ အဘဦးရဲခေါင်က အာဇာနည်နေ့ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာလေးကို ပြန်ဖေါ်ပြရင်း ဂုဏ်ပြုသူ ဂုဏ်ပြုခံအားလုံးကို အလေးပြုပြီး ကောင်းရာသုဂတိလားကြပါစေလို့ ဆုတောင်းလိုက်ပါတယ်...

"၁၉.၇.၄၇"

ပြည်ဗမာ ရွှေအိမ်တွင်း မှာဖြင့်
မသတီစရာ ပွေလိမ်တဲ့ အခင်းရယ်ကြောင့်
(ဗိုလ်ချူပ်ရေ...)
ရေတိမ်အတွင်းမှာမှ နစ်ရသည်။ ။

သြော်.... အခင်းစစ်လိုက်ပြန်တော့
အတွင်းနှစ်မှာ လျော်ကန်တဲ့နည်းတွေနဲ့
တော်လှန်အပြီးမှာ မြန်ပြည်လွတ်ရန်ဘို့
ကြံစည်မချွတ်သနော် အားအင်သုံးလို့ရယ်
ပုန်းလျက်စစ်ချီ....။ ။

ရိုင်းလိုက်လေ မျိုးမစစ်တဲ့ အခင်းပေထင့်
ဂိုဏ်းမိုက်တွေ ဆိုးညစ်တဲ့ အခြင်းရယ်နဲ့
မျိုးချစ်တသင်းကိုတော့ သတ်ခဲ့ပြီ....
တပ်ဖွဲ့ဇာနည်တွေမှာဖြင့်
ခြောက်နတ်ရွာသို့ မြန်းကြွပြီတကား.....။
မြတ်တဲ့သာကီတွေဟာမို့
နောက်ထပ်လာဘို့ တမ်းတသည်အများ....။

ဖြစ်ကြောင်းငယ်ညွန်
နှစ်ဟောင်းကွယ်လွန်ခဲ့ပေမယ့်
ဆယ့်ကိုး,ခွန်,လေးခွန်နှစ်ကိုတော့
ဖန်တခါခါ ပြန်ကာစစ်ပါလျှင်ဖြင့်
အမြဲတိုင်သဲဆိုင်နစ်လို့ရယ်
မေ့ပစ်မသွား...။ ။

မြ၀တီ-ရဲခေါင်

(၁၉၅၉ ခု၊ ဇူလိုင်လထုတ် မြ၀တီမဂ္ဂဇင်းမှ)

အဘဦးရဲခေါင်ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုလည်း ဒီမှာ http://nge-naing.blogspot.com.au/2013/03/blog-post.html တင်ထားတာ ရှိပါတယ်။ 


အာဇာနည်ခေါင်းဆောင်ကြီးများအားလုံး ကောင်းရာသုဂတိ လားကြပါစေ။

 


ကိုမင်းကိုနိုင် ပြောသော 7 July အဓိဋ္ဌာန်




မြန်မာပြည်က အွန်လိုင်းသုံးသမားတွေ လိုင်းမကောင်းလို့  ဗွီဒီယိုကို နားထောင်မရင် ဖတ်လို့ရအောင် စာကိုအချိန်ယူပြီး ရိုက်ထားပေးပါတယ်။

၁၉၆၂ 7 July လို့ခေါ်တဲ့ ကျောင်းသားလှုပ်ရှားမှုနဲ့ သွေးမြေကျခဲ့ရဲ့ မှတ်တမ်းဟာ  ကျနော်တို့ မမွေးခင်ကတည်းက ဖြစ်ခဲ့တာပါ။ ကျနော်တို့ လူမှန်းသိလာတတ်စ အရွယ်မှာဆိုရင် ဂျူလိုင် (၇) ရက်ဝန်းကျင်မှာ ရောက်လာတိုင်း ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်းခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေရဲ့ တက်ခေါက်သံကို ကျနော်တို့ ကြားနေခဲ့ရတာပဲ။ အဲဒီမှာ ကိုယ်တိုင်ပေးဆပ်လိုက်ရတဲ့ မိသားစုတွေရဲ့ ငိုရှိုက်သံတွေကို ကျနော်တို့ ကြာုးနေရတာပဲ။ ကျနော်တို့ ကြီးပြင်းပြီးတော့ သိတတ်လာတဲ့အ၇ွယ်မှာတော့ အဲဒီအချိန်က အစိုးရက ဒါကို တတ်နိုင်သမျှ ဖုံးဖိပြီးတော့ ဖျောက်ဖျက်ဖို့ ကြိုးစားတာပါပဲ။ ဒါပေမဲ့ တကယ့်သမိုင်းဖြစ်ရပ်မှန်တွေက ဖျောက်ဖျက်လို့ မရပါဘူး။ ပြည်သူလူထုကြားထဲကို ဖြစ်ရပ်မှန်တွေကို ပြန်ပြောပြကြတာ လက်ဆက်ကမ်းကြတဲ့ နည်းနဲ့ ရောက်လာပါတယ်။ အဲဒီအချိန်မှာ ငယ်နုသေးပေမဲ့ ကျနော်တို့ရဲ့ နှလုံးသားထဲမှာ စောစောစည်းစည်း ဒါဏ်ရာတွေ ရခဲ့ပါတယ်။ ငါတို့ကျောင်းသားတွေ ဒီလို ရက်ရက်စက်စက် ဖြိုခွင်းခံခဲ့ရပါလားဆိုတာကို ကျနော်တို့ ခံစားတတ်လာတယ်။

ကျောင်းသားတွေဟာ အဲဒီအချိန်မှာ ကျောင်းဝင်းထဲမှာ လှည့်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာပါ။ ကျောင်းအပြင်တောင် ထွက်ခဲ့ကြတာ မဟုတ်ပါဘူး။ အဲဒါကို ကျနော်တို့ တက္ကသိုလ်ကျောင်းတံခါးကြီးကို ကျောင်းသူတွေက မင်းဒုံးလို သူတို့ရဲ့ လက်တံတွေကို ထည့်ပြီးတော့ ထိုးပိတ်လိုက်ပြီးတော့ ကားကို ၀င်ချင်ရင် ငါတို့ရဲ့ လက်တွေကို တိုက်ပြီးမှ ၀င်သွား၊ ကားနဲ့တိုက်ပြီးမှ ၀င်သွားဆိုပြီးတော့ ပိတ်ပြီးတော့ ခံခဲ့ကြတဲ့ အဖြစ်တွေကိုလည်း ကျနော်တို့ ပြန်ကြားရပါတယ်။ အဲဒီမှာ နောက်ဆုံးတော့ အဖြိုခွင်းခံလိုက်ရတဲ့အခါမှာ သမိုင်းဆိုင်ရာ အထွတ်အမြတ်ထားရမယ့် တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦကို ဖြိုချအခွဲခံလိုက်ရတာကို ကျနော်တို့ သိပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မိသားစုတွေရဲ့ ဂီတကို ဖေါ်ကျူးမယ့် စောင်းကြိုးတွေ တချောင်းပြီးတချောင်း ပြတ်ခဲ့တယ် ဆိုတာကို ကျနော်တို့ တွေ့ပါတယ်၊ ကျနော်တို့ မြင်ပါတယ်။ အိမ်ဂေဟာတွေရဲ့ ဆည်းလည်းတွေ အက်ကွဲခဲ့တာ ပျောက်ဆုံးခဲ့တာတွေကို ကျနော်တို့ ကြာုးရပါတယ်၊ ကျနော်တို့သိပါတယ်။ နောက်ပိုင်းမှာတော့ ဘုရားစဉ်ရှေ့က ကြမ်းပြင်မှာ အဲမှာ မိသားစုတွေရဲ့ မျက်ရည်တွေ အိုင်ထွန်းခဲ့ရတာတွေကို ကျနော်တို့ နားလည်လိုက်ရပါတယ်။ တိုင်းပြည်တခုအတွက်တော့ အနာဂတ်ပျိုးခင်းထဲက ပျိုးပင်လေးတွေ နင်းချေခံလိုက်ရတာပေါ့ဗျာ။ အဲဒါ 7 July ရဲ့ မြင်ကွင်းပါ။

ဖျက်ဆီးခံလိုက်ရတာဟာ ကျောင်းသားသမဂဂ္ဂဆိုတဲ့ အဆောက်ဦလို့ ရုပ်ဝတ္တုအားဖြင့် မြင်နိုင်ပါလိမ့်မယ်။ အဲဒီတော့ ရုပ်ဝတ္တုဖြစ်တဲ့ ကျောင်းသားသမဂ္ဂ အဆောက်ဦဟာ ဖြိုခွင်းခံလိုက်ရတာ ပြိုကျသွားတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ ရှိတဲ့ကျောင်းသားတွေရဲ့ စိတ်ဓာတ်အင်အား မမြင်နိုင်တဲ့ ဖမ်းဆုပ်ကိုင်ပြလို့ မရတဲ့စိတ်ဓာတ်အင်အားတွေကတော့ လက်ဆက်ကမ်းပြီး ဒီကနေ့ ကျနော်တို့ နှလုံးသားထဲအထိ၊ ကျနော်တို့ရဲ့ ရင်ထဲအထိ စွဲစွဲမြဲမြဲ ရှိနေတုန်ပါ။ သမိုင်းတန်ဖိုးအရ အင်မတန် အဖိုးတန်လှတဲ့ ကျောင်းသားသမဂဂ္ဂ အဆောက်ဦ ဒါဟာ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါခဲ့တာပါ။ ဒါကို ဖြိုချဖျက်ဆီးပစ်လိုက်နိုင်ပေမဲ့ လက်ဆက်ကမ်း သယ်ဆောင်လာတဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖေါ်ဆောင်လာတဲ့ ကျောင်းသားသမဂဂ္ဂ စိတ်ဓာတ်ကိုတော့ ဖျောက်ဖျက်လို့ ဒီနေ့အထိ မရနိုင်သေးပါဘူး။

 တိုင်းတပါးသား အစိုးရ လက်ထက်တုန်းကတောင်မှ ကျောင်းသားသမဂဂ္ဂ ကို တရားဝင် ခွင့်ပြုပြီးတော့ ကျောင်းသားသမဂဂ္ဂ အခွင့်အရေးတွေကို ပေးခဲ့ပါတယ်။ ကျောင်းအပ်ပြီးပြီ ဆိုတာနဲ့ ကျောင်းသားသမဂဂ္ဂကြေးကို တက္ကသိုလ်များ အုပ်ချူပ်ရေးကောင်စီကနြေ့ပီးတော့ ကောက်ပေးခဲ့တာပါ။ နောက် ကျောင်းသား သမဂဂ္ဂကို တရားဝင် ရပ်တည်ခွင့် ကျောင်းသား သမဂဂ္ဂ တရားဝင်စည်းရုံး လှုပ်ရှားခွင့်၊ အစိုးရကို ဝေဖန်ခွင့် ဒါအပြည့်အ၀ ပေးခဲ့ပါတယ်။ အဲဒီလို တိုင်းတပါးသား အစိုးရကတောင် ပေးနိုင်ခဲ့ရင် ကိုယ့်အမျိုးသားချင်း ဘာကြောင့် မပေးနိုင်ရမှာလဲ။ သူတို့လိုချင်တာက ကျောင်းသားတွေအတွက် ထိုက်တန်တဲ့ အခွင့်အရေးကို ပေးပါ၊ အဲလိုပေးပြီးရင် ပြည်သူလူထုအတွက်လည်း ထိုက်တန်တဲ့ အခွင့်အရေးကို ပေးပါ။ ပြည်သူလူထု အတွက် ဘယ်အခွင့်အရေးလဲ ဆိုတော့ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ပါ။  ဒါ အကြပ်အတည်းပေါင်းစုံက ဖြေရှင်းဖို့၊ အကြပ်အတည်းပေါင်းစုံက ဖေါက်ထွက်နိုင်ဖို့အတွက် နည်းလမ်းကို ကျနော်တို့ အကြိမ်ကြိမ်အခါခါ ပြောနေရတာပါ။ ဒီကနေ့ အရေးကြီးဆုံးက ဒီအချက်ပါပဲဗျာ။

ဒီနေရာမှာ ကျနော်တို့ မပြောမဖြစ် ပြောရမှာကတော့ အဲဒီ 7 July အဲဒီတုန်းက ဒီမိုကရေစီ အစိုးရလက်ထဲက အာဏာသိမ်းပြီးလိုက်ခါစ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချူပ်ကြီးနေ၀င်းရဲ့ မိန့်ခွန်းမှာ အဲဒါကို စိန်ခေါ်ချက်လို့ ပြောရင်လည်း ရပါတယ်။ မြန်မာ့အသံထဲကနေပြီးတော့ အဲဒီ 7 July နဲ့ပတ်သက်ပြီးတော့ ထုတ်လွှင့်လိုက်တဲ့ သူ့ရဲ့မိန့်ခွန်းမှာ အင်မတန်မှ ဒေါသ၊ မာန၊ အတ္တတွေ ပြင်းထန်နေတဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ကျောင်းသားတွေကို ဓါးဓါးချင်း လှံလှံချင်း ဆိုပြီးတော့ စိန်ခေါ်ခဲ့ပါတယ်။ အဲဒါ သူ့ရဲ့ ပထမဆုံး အဖွင့်မိန့်ခွန်းမှာ သူ့ရဲ့အာဏာသိမ်းပြီးပြီးချင်း အရင်ဆုံးပြောတဲ့ မိန့်ခွန်းအဖွင့်မိန့်ခွန်းမှာ အဲဒီလို ဓါးဓါးချင်း လှံလှံချင်းလို့ စိန်ခေါ်ခြင်းကို ခံခဲ့ရတဲ့ ကျောင်းသားတွေက လက်နက်မဲ့ကျောင်းသားတွေပါ။ စာအုပ်ကိုယ်စီ မင်တံကိုယ်စီနဲ့ပဲ ကျောင်းဝင်းထဲမှာ လှည့်နေကြတဲ့ ကျောင်းသားတွေပါ။ အဲဒီလို စတင်ပြီးတော့ အဖွင့်မှာ စိန်ခေါ်ခဲ့သလို နောက်ဆုံး သူမတတ်သာလွန်းလို့ ဆင်းရတော့မဲ့ အခြေအနေမျိုးမှာ ပြောတဲ့မိန့်ခွန်း ဒါဒီကနေ့ မျိုးဆက်သစ်တွေ အားလုံးသိပါတယ်။

 "စစ်တပ်ဆိုတာ မိုးပေါ်ထောင်ပြီး ချောက်တာမပါဘူး ပစ်ရင်တည့်တည့်ပစ်တယ်" ဆိုတဲ့ မိန့်ခွန်း၊ နောက်တခါ ဆူဆူပူပူ လုပ်ရင်ရင်တော့ မတတ်သာဘူးသာ မှတ်ပေတော့ ဆိုပြီးတော့  လက်ညိုးငေါက်ငေါက်နဲ့ ကြိမ်းမောင်းပြီးတော့ ဆင်းသွားတာပါ။ အဲဒါဟာ သူ့ရဲ့ နိဒါန်းနဲ့ နိဂုံး မိန့်ခွန်းနှစ်ခုပါ။ အဲဒီနောက်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အားလုံး ကျနော်တို့ ပြည်သူတွေအသိဆုံးပါ။ ကျေကွဲစရာ နာကျည်းစရာ ဆိုးကျိုးသက်ရောက်ခဲ့တယ်ဆိုတာကိုပါ၊ အဲဒီသဘောမျိုး သက်ရောက်စေတာမျိုးကို မပြုမိဖို့ မကြံစည်မိဖို့ လိုပါတယ်။ အဲဒါဟာ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် အုပ်ချုပ်ရေး အာဏာနဲ့ သက်ဆိုင်တဲ့သူတိုင်း ဆင်ချင်ကြဖို့ သတိပြုဖို့ လိုပါတယ်။ ဒီလိုမပြောသော်လည်း ပြောသကဲ့သို့ မကြံစည်ခဲ့သသော်လည်း ကြံစည်သကဲ့သို့ အဲဒီသဘောသက်ရောက်တဲ့ အပြုအမူတွေ မလုပ်မိဖို့ လိုပါတယ်။ အဲဒါက ကျနော်တို့ ပြည်သူလူထုကြီးကလည်း အဲဒီသဘောကို သတိပြုနေကြဖို့ လိုပါတယ်။ ဘယ်သူမဆို ဒီလိုပြောသလား၊ သို့တည်းမဟုတ် ဒီလို ပြုမူနေကြသလားဆိုတာကို သတိပြုနေဖို့လိုပါတယ်။ အဲဒီတော့ ကျနော်တို့ လိုချင်တယ်ဆိုတာက အပြစ်မဲ့တဲ့ ပြည်သူတွေ ကျောင်းသားတွေ၊ လက်နက်မရှိတဲ့ ကျောင်းသားတွေကို လက်နက်နဲ့ စိန်ခေါ်တဲ့စကားမျိုး၊ စိန်ခေါ်တဲ့ အပြုမူမျိုး၊ အကြမ်းဖက်ပြီးတော့ ဖြေရှင်းတဲ့ကိစ္စမျိုးကို မဖြစ်အောင်လို့ စနစ်သစ်တခုကို ကျနော်တို့ တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ အဲဒါက ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုကို ကျနော်တို့ တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ လူသားပီသပြီးတော့ ယဉ်ကျေးတဲ့ လူ့အဖွ့အစည်းတခုကို တည်ဆောက်ကြဖို့ ကျနော်တို့ ဒီကနေ့ တိုက်တွန်းနေရတာပါ။

ဆိုလိုတာကတော့ ကျနော်တို့တတွေ အကျဉ်းတောင်ထဲမှာဗျာ ၁၇ နှစ်နှစ်လောက်လည်း သီးခြား အကျဉ်းသားအနေနဲ့ သီးခြားတဦးတည်း နေခဲ့ရတယ်။ အဲဒီတော့လည်း ဒီနိုင်ငံရေးမှာ ပတ်သက်နေပြန်ပြီ၊ ပြောနေပြန်ပြီ ဆိုနေပြန်ပြီ လှုပ်ရှားနေပြန်ြ့ပီဆိုတော့ တချို့လည်း ကျနော်တို့ကို ဝေဖန်ကြတယ် မင်းတို့ မကြောက်ကြသေးဘူးလား၊ မလန့်ကြသေးဘူးလား ဘာဖြစ်လို့ ဒီလောက်မှ နစ်နာဆုံးရှုံးရတဲ့ဘ၀ကို အန္တရယ်ဖြစ်ရတဲ့ အလုပ်ကို ဘာလို့ဒီလောက် လုပ်နေကြသလဲဆိုတော့ ကျနော်တို့ ရှေ့လာမဲ့ ကျနော်တို့အနာဂတ်ကို ကျနော်တို့ ကြည့်တယ်လေ၊ ကျနော်တို့လို ကျောင်းသားတွေဟာ အကျဉ်းထောင်ထဲမှာ ဘ၀ကို မပေးလိုက်ရဖို့ နောက်တခါ ယဉ်ကျေးပြီးတော့ လူသားပီသတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ဖို့အတွက် ကျနော်တို့ ကြိုးစားရမှာပဲ။ ကျနော်တို့ လုပ်ကြရမှာပဲ၊ ဒါကကျနော်တို့ ပေးဆပ်ရသည်ဖြစ်စေ၊ မပေးဆပ်ရသည်ဖြစ်စေ လိုအပ်ရင်လည်း ထပ်ပေးဆပ်ဖို့ အသင့်ပါပဲ။

အဲဒီတော့ 7 July နေပြီးတော့ စခဲ့တယ် ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ မိန့်ခွန်း၊ ရက်စက်တဲ့ လုပ်ရပ်တွေနဲ့ စခဲ့တဲ့ 7 July ရဲ့နောက်ဆက်တွဲမှာ ဘာဖြစ်သလဲဆိုတော့ ကျနော်တို့ကျောင်းသားတွေဘက်က လက်လျှော့သွားသလား ကြောက်ဒူးတုန်သွားသလား၊ သွေးကြောင်သွားသလားလို့ မေးစရာ ရှိပါတယ်။ဆက်ပြီးတော့ ကြည့်လိုက်ပါ ဦးသန့်အရေးတော်ပုံတဲ့ မှိုင်းရာပြည့်အရေးတော်ပုံတဲ့ ကျနော်တို့ နောင်တော်တို့ရဲ့ ခွပ်ဒေါင်းအလံကို ကျနော်တို့ မျိုးဆက်တွေက လက်ဆက်ကမ်းပြီး သယ်ဆောင်ခဲ့တာပဲ။ အဲဒီတော့ ခေတ်အဆက်ဆက်က ကျနော်တို့ နောင်တော် ကျောင်းသားတွေရဲ့ ကောင်းမွေဖြစ်တဲ့ ပြည်သူတွေအတွက် စွန့်လွှတ် အနစ်နာခံမှု ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်မှုတွေကို ကျနော်တို့ အတုယူပြီးတော့ ဆက်လက်ပြီးတော့ သစ္စာရှိရှိကြိုးပမ်းသွားကြမယ်လို့ ကျနော်တို့ ကျောင်းသားများ အားလုံးကိုယ်စား အဓိဋ္ဌာန်ပြုလိုက်ပါတယ်ဗျာ။

ကိုမင်းကိုနိုင်ပြောထားတဲ့ ဗွီဒီယိုထဲက အသံကို စာသားအဖြစ် ပြန်ရိုက်ထားခြင်း ဖြစ်ပါတယ်။

7 July မှာ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများ ကောင်းရာသုဂတိ လားကြပါစေ

ကိုမင်းကိုနိုင် သက်တော်ရာကျော်ရှည်ပါစေ


ကိုမင်းကိုနိုင်ရဲ့ ရွှေရတုမွေးနေ့ကို လွန်ခဲ့တဲ့ ၂၄ နှစ်က သူကိုယ်တိုင် စပ်ခဲ့တဲ့ ကျွန်မ အကြိုက်ဆုံး ကဗျာလေးကို ပြန်ဖေါ်ပြပြီး ဂုဏ်ပြုလိုက်ပါတယ်။ မင်းကိုနိုင်ဆိုတဲ့ နာမည်ကို ကျွန်မ စကြားဖူး တွေ့ဖူးခဲ့တာကတော့ ၈၈ အရေးတော်ပုံမတိုင်ခင် ရက်ပိုင်းမှာပါ။ ("ခွေးအိုဆင်းလို့ ခွေးရူးတက် မြန်မာနိုင်ငံပျက်” ဆိုတဲ့ ခေါင်းစဉ်ပါ ကိုမင်းကိုနိုင် လက်ရေးမူနဲ့ ကော်ပီဆွဲထားတဲ့ ဗကသများ အဖွဲ့ချုပ်က လှုံ့ဆော်စာတစောင်ကို ကျွန်မတို့ အတန်းက ယောက်ျားလေးတွေကြားထဲမှာ ရှစ်ရက်နေ့ မတိုင်ခင် နေ့ရက်တွေကတည်းက ရောက်နေရာကနေ ကျွန်မတို့ မိန်းကလေးတွေ ဆီအထိ ပြန့်နှံ့လာခဲ့ပါတယ်။ စာထဲမှာ ပါတဲ့အကြောင်းအရာတွေကတော့ ၆၂ အာဏာသိမ်းတဲ့နေ့ ကနေ ၈၈ တံတားနီအရေးခင်းကို နှိမ်နင်းရာမှာ ကျောင်းသူတွေကို စိန်လွင်လက်ပါးစေတွေက အင်းယားကန်မှာ ရေနစ်သတ်တာ၊ အချုပ်ခန်းအတွင်း မုဒိန်းကျင့်ခံခဲ့ရတာတွေနဲ့၊ အခုချိန်မှာ မဆလကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်သွားပြီဆိုတာအထိ မဆလ တပါတီအာဏာရှင်တွေရဲ့ စံပြလုပ်ရပ်တွေနဲ့ ဖုံးကွယ်ထားတဲ့ သမိုင်းအမှန်တွေကို ဖေါ်ပြထားပါတယ်။ စာရဲ့ အဆုံးပိုင်းမှာတော့ ဒီမကောင်းတဲ့ မိစ္ဆာအယုတ်မာတွေကို ဖြုတ်ချဖို့ သမိုင်းပေးတာဝန်ဟာ ကျောင်းသားတွေရဲ့ ပုခုံးပေါ်မှာ ရောက်နေပြီ ဆိုတဲ့အကြောင်း၊ ခေတ်အဆက်ဆက်မှာ စနစ်တခုကို ပြောင်းချင်ရင် ကျောင်းသားတွေကပဲ အနှစ်နာခံပြီး ရှေ့ကအသေခံ ဦးဆောင်ခဲ့လို့သာ ပြောင်းခဲ့ကြောင်း ဒါကြောင့်မို့ ၈.၈.၈၈ မှာ မြန်မာ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသူကျောင်းသားများ အားလုံးလမ်းမပေါ်ထွက် ဆန္ဒပြပြီး ပြည်သူတွေကို ရှေ့ကလမ်းပြဖို့ ရေးထားပါတယ်။

ဒီစာကို ဖတ်ပြီး ကိုယ့်တိုင်းပြည်နဲ့ အုပ်ချုပ်နေတဲ့ အစိုးရက ကိုယ်ထင်ထားတာနဲ့ တခြားစီ ဖြစ်နေတာကို အခုမှ သိရတာကို ယူကျုံးမရ ခံစားရပြီး ကျွန်မတို့ အထက်တန်း ကျောင်းသားတွေကြားမှာ အစိုးရကို မုန်းတီးရွံရှာတဲ့စိတ်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေခဲ့ပါတယ်။ ဒီစာကို ဖတ်ပြီးနောက်ပိုင်း ကျွန်မတို့ ကျောင်းသားတွေ မလုပ်ရင်တော့ ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ တကယ်ပဲ ယုံကြည်သွားခဲ့ပါတယ်) 

 စာသင်ခန်းကို စွန့်ခွာတဲ့နေ့ ပို့စ်ထဲက ပြန်ကူးထားတဲ့ စာပိုဒ်ပါ။ အဲဒီစာကြောင့်ပဲ အစိုးရကို ဘယ်တော့မှ ဆန့်ကျင်ရကောင်းမှန်းမသိခဲ့တဲ့ ကျွန်မဟာ အတွေးအခေါ် အယူဆတွေလည်း လုံးဝပြောင်းလဲသွားပြီး အစိုးရကို ဆန့်ကျင်တဲ့ ဒီအရေးတော်ပုံကြီးမှာ ပါဝင်လာခဲ့ရာကနေ ဘ၀တဆစ်ချိုးကို ဖြစ်စေခဲ့ပါတယ်။ အဲဒီစာကြောင့်ပဲ ကျွန်မတို့ မြို့က အထက်တန်းကျောင်းလေးမှာ ရှစ်လေးလုံး အရေးတော်ပုံကို စတင်ခဲ့ပြီး ကျွန်မတို့တမြို့နယ်လုံး ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်လာခဲ့ပါတယ်။ အဲဒီတုန်းက အကြောင်း အသေးစိတ်ကိုတော့ အပေါ်မှာ ညွန်းထားတဲ့ စာသင်ခန်းကို စွန့်ခွာတဲ့နေ့ ပို့စ်ထဲမှာ ရေးထားတာ ရှိပါတယ်။ အခုပြန်ဖေါ်ပြတဲ့ အောက်က ကဗျာကိုတော့ ၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တောတွင်းကို ရောက်မှ ဖတ်ဖူးတဲ့ ကဗျာပါ။ ကျွန်မရဲ့ အာဏာရှင်ကို တော်လှန်မှ ဖြစ်မယ်ဆိုတဲ့ အသိတရားကို ကိုမင်းကိုနိုင်ရေးတဲ့စာကို ဖတ်ပြီး စတင်သိရသလို အာဏာရှင်ကို တော်လှန်တဲ့စိတ် ဆက်လက်ရှင်သန်ဖို့အတွက်ကိုလည်း ကိုမင်းကိုနိုင်ရေးတဲ့ ဒီကဗျာလေးကပဲ ကျွန်မကို ပေးခဲ့ ပေးနေဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုမင်းကိုနိုင်ရဲ့ အရင်နှစ်မွေးနေ့တွေကိုလည်း ဒီကဗျာလေးနဲ့ ဂုဏ်ပြုခဲ့သလို အခုဒီနေ့ကျရောက်တဲ့ ရွှေရတုမွေးနေ့ကိုလည်း ဒီကဗျာလေးနဲ့ပဲ ဂုဏ်ပြုလိုက်ပါတယ်။ ကိုမင်းကိုနိုင် မွေးနေ့အနှစ်တရာတိုင်ပါစေ..

သစ္စာ
 
အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည် သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်၏သွေး မနီသေးလျှင်
အသင်တို့ သွေးပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ၀ိညာဉ် ပူးကပ်ဝင်၍
ကျွနိုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ် ပေးကြပါလေ။

မပြီးပြတ်သေးလေသာ တော်လှန်ရေးအတွက်
ကျွနိုပ် အသက်လမ်းတ၀က်မှ ပေးဆက်ရလည်း
လူဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တရပ် ကျွေပြွန် မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွနိုပ် ၀ိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွနိုပ်လာမည်
ရင်ဖွင့် ကြိုဆိုကြပါလေ။

(မင်းကိုနိုင်)

ကိုမင်းကိုနိုင် ကျန်းမာရွှင်လန်း ချမ်းမြေ့စွာဖြင့် သက်တော်ရာကျော်ရှည်ပါစေ။ မပြီးပြတ်သေးသော ဒီမိုကရေစီ တော်လှန်ရေးကို အောင်ပွဲရတဲ့အထိ ဆက်လက် ဦးဆောင်နိုင်ပါစေ...

ကိုမင်းကိုနိုင် ၄၈ နှစ်မြောက်မွေးနေ့ အထိမ်းမှတ် တင်ခဲ့တဲ့ကဗျာကို ပြန်လည်ကူးယူဖေါ်ပြထားပါတယ်။

စာဖတ်သူများအာလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
 

7 July, 1962 မှာ ဘာဖြစ်ခဲ့လဲ


7 July ဆိုတာ အရင်က တခါမှ မကြားဖူးလို့ 7 July အကြောင်းကိုလည်း ဘာဆိုဘာမှ မသိခဲ့ဘူး။ ကျွန်မ လူမဖြစ်ခင် ဆယ်စုနှစ်တခုစာနီးပါးခန့်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဆိုပေမဲ့ ဒီနေ့အကြောင်းကို စသိလိုက်ရတဲ့နေ့ကစပြီး ဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ဒီနေ့မှာ လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ တယောက်လို ကျွန်မ ခံစားရပါတယ်။ ၁၉၈၈ ကျွန်မ ဆယ်ကျော်သက်အရွယ် ဆယ်တန်းတက်နေချိန် စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့အတွက် ကျောင်းစာကလွဲပြီး တခြား ဘာကိုမှစိတ်မ၀င်စားပဲ စာကိုပဲ တကုတ်ကုတ် ကြိုစားနေတဲ့အချိန်၊ ဘေးပတ်ဝန်းကျင်မှာ ဘာတွေဖြစ်လို့ ဖြစ်မှန်းမသိ စိတ်ဝင်စားရကောင်းမှန်းလည်း မသိတဲ့အချိန်မှာ မမျှော်လင့်ဘဲ ကျွန်မ စာတစောင်ကို ကိုဖတ်ရပါတယ်။ အရှေ့တောင်အာရှ စပါးကျီနိုင်ငံတခု အဖြစ်ကနေ တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်ဖြစ်စေတဲ့အထိ ဆိုးရွားစေခဲ့တဲ့ ၂၆ နှစ်ကြာ တပါတီ အာဏာရှင်စနစ်ဆိုးကြီးကို အဆုံးသတ်ဖို့ တာဝန်ဟာ ငါတို့ကျောင်းသားတွေရဲ့ ပုခုံးပေါ်မှာ ရောက်နေပါပြီဆိုတာနဲ့ အစချီရေးထားတဲ့ အဲဒီအချိန်က ဗကသ ဥက္ကဌ ကိုမင်းကိုနိုင် လက်ရေးနဲ့ ဖြန့်ဝေခဲ့တဲ့ လက်ကမ်းစာထဲမှာ 7 July ဆိုတာ စတွေ့ဖူး ကြားဖူးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာရှင် ဦးနေ၀င်းက တိုင်းပြည်ချောက်ထဲကျမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီမိုကရေစီအစိုးရဆီကနေ အာဏာဓါးမြတိုက်ယူ လိုက်တဲ့အချိန်မှာ ပထမဦးဆုံး စတင်တော်လှန်ခဲ့သူတွေက ကျောင်းသားတွေ ဖြစ်ကြောင်း သိလိုက်ရပါတယ်။ ဦးန၀င်းဟာ အခု ၂၀၁၀ ဖွဲ့စည်းပုံကို ဦးသန်းရွှေတို့ လုပ်သလိုပဲ ၇၄ ဥပဒေကို သူ့သဘောနဲ့သူရေးဆွဲပြီး သူ့သဘာနဲ့သူ အတည်ပြုကာ ဆိုရှယ်လစ်စနစ် ထူထောင်ပေးမယ်လို့ လိမ်ပြီး တပါတီအာဏာရှင်စနစ်နဲ့ ကိုယ်ကျိုးရှာလိုက်တာ၂၆ နှစ်အကြာမှာ တိုင်းပြည်က ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်သွားခဲ့ပါတယ်။ 7 July မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက စတင်ဆန့်ကျင်လို့ ကျောင်းသားမြောက်များစွာကို ရက်ရက်စက်စက် သတ်ပစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတည်းက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လာတဲ့ ကျောင်းသားသမဂ္ဂ အဆောက်ဦးကြီးကိုလည်း ဖေါက်ခွဲပစ်လိုက်တယ်ဆိုတာ အရင်က တခါမှ မကြားဖူးတာတွေကို ၈၈ သြဂုတ်လမှာမှ ကျွန်မ ကြားသိလိုက်ရပါတယ်။ 7 July ဆိုတာ အာဏာရှင်စနစ်ကို ပထဦးဆုံး စတင်တော်လှန်ခဲ့တဲ့ မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲရဲ့ မြစ်ဖျားခံတဲ့နေ့ တနည်းအားဖြင့် ဒီမိုကရေစီတော်လှန်ရေးကို စတင်တဲ့နေ့လို့ ဆိုနိုင်ပါတယ်။ 7 July အကြောင်းကို စသိခဲ့တဲ့ နေ့ကစပြီး မြန်မာပြည်က စာသင်ခန်းကို ကျွန်မ စွန့်ခဲ့ပြီး စာသင်ခန်းထဲ ပြန်မရောက်တော့တာ အခုထိပါပဲ။

7 July ကို မမေ့ကြနဲ့လို့ သွေးနဲ့ရေးပြီး အသက်စတေးသွားတဲ့ သူရဲကောင်းတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ 7 July မှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကျွန်မမီလိုက်တဲ့ သမိုင်းတွေကို သိတဲ့သူတွေ တင်ထားတဲ့နေရာက ပြန်ကူးပြီး စုစည်းတင်ပြထားပါတယ်။ လာပေးထားတဲ့ မှတ်ချက်တွထဲမှာလည်း 7, July 1962 တုန်းက အဖြစ်အပျက်တွေကို Link အတိအကျနဲ့ လာထည့်ပေးထားသူတွေ ရှိတဲ့အတွက် စိတ်ဝင်စားသူများအနေနဲ့ Comment ထဲမှာပါ ဖတ်ရှုနိုင်ပါတယ်။ (ကျောင်းသားသမဂ္ဂ အဆောက်ဦး ပုံကို ကိုနစ်နေမန်း ဘလော့ဂ်မှ ကူးယူဖေါ်ပြပါတယ်။)


ဒေါင်းတမန်ဘလော့ဂ်မှ ကူးယူထားတဲ့ တက္ကသိုလ် တို့ကျောင်းတနေရာ သီချင်း
ABFSU+-+Track+6 by myomyintcho




၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပြောသော 7 July အကြောင်း
Linkကိုနစ်နေမန်းဘလော့ဂ်မှ




ကိုလူထွေးရဲ့ သွေးထွက်သံယို ဘလော့ဂါ စစ်ဆင်ရေးမှ ကူးယူဖေါ်ပြချက်

ပဏာမ
ဤ "ဇူလိုင် သမိုင်းဝင် ပြကွက် ဓာတ်ပုံများ" ကို ထုတ်ဖော် တင်ပြရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ကျွန်ုပ်တို့ ကျောင်းသားထု၏ အခွင့်အရေး တိုက်ပွဲတွင် တတပ်တအား အနေဖြင့် သမိုင်းဝင် ပစ္စည်းတရပ်ကို ထုတ်ဖော် တင်ပြခြင်းမျှသာ ဖြစ်ပါသည်။

ဤစာအုပ်တွင် ပါဝင်သည့် ဇူလိုင် သမိုင်းဝင် ဖြစ်ရပ် ဓာတ်ပုံများသည် ယုတ်မာရက်စက်မှု၏ တစိတ်တပိုင်းမျှသာ ဖြစ်ပါသည်။

ဇူလိုင် (၇) နေ့ ရက်စက်မှုကြီးကြောင့် တိုင်းပြည်နှင့် ကမ္ဘာအဝှမ်း မိဘ ပြည်သူ လူထုတရပ်လုံးမှာ စိတ်ဝမ်းမကြည်မသာ ဖြစ်ခဲ့ကြရပါသည်၊ မည်သို့မျှ ဖျောက်ဖျက် ရနိုင်တော့မည် မဟုတ်သည့် တော်လှန်ရေးအမည်ခံ လူသတ်အစိုးရ၏ မဟာအမှားကြီးပင် ဖြစ်ပေသည်။

ဤ တော်လှန်ရေး အမည်ခံ စစ်အစိုးရသည် အမှားပေါ်အမှား ဆင့်၍ ကျူးလွန်သည်ထက် ကျူးလွန်နေချေပြီ။ ကျဆုံးနေသော ကျွန်ုပ်တို့၏ ကျောင်းသား အခွင့်အရေးများ အတွက် ဆက်လက်တိုက်ပွဲ ဝင်ရန်မှာ ကျောင်းသား ရဲဘော် အပေါင်း၏ အဓိက တာဝန် ဖြစ်ပေသည်။ ကျဆုံးရှာလေသူ ကျောင်းသား ရဲဘော်များကို သစ္စာရှိသော အားဖြင့် ညီညွတ်စွာ တွန်းလှန်တိုက်ပွဲဝင်ကြရန် နှိုးဆော်လိုက်ရပေသည်။

အောက်တိုဘာ တလ ပိတ်ခြင်းသည် ညီညွတ်မှု၏ သရုပ်ပြ အောင်ပွဲပင် ဖြစ်သည်။ ကျောင်းသားကျောင်းသူတိုင်း သွေးစည်း ညီညွတ်ရမည်။ ကျွန်ုပ်တို့ သထုံဆောင် အနေဖြင့် ပါတီနိုင်ငံရေး မစွက်ဖက်သော ကျောင်းသားအသိ ကျောင်းသားအမြင်ဖြင့် ကျောင်းသားအရေးကို ရဲရဲဝန့်ဝန့် ကျောင်းသားထုနှင့်အတူ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်မည် ဖြစ်ကြောင်း အလေးအနက် တင်ပြ အစီရင် ခံပါသည်။

ကျဆုံးသူ အပေါင်းအား ဦးညွှတ်ပါ၏။

အောင်ပွဲခံ တိုက်ပွဲသို့

အမှုဆောင်အဖွဲ့
သဟာယနှင့် စာဘတ်အသင်း (၁၉၆၃...၆၄)
သထုံဆောင်
ရန်ကုန်တက္ကသိုလ်



အဖွင့်သစ္စာ

တမလွန်ပြောင်း သွေးနီချောင်း၏
ဖြစ်ကြောင်းကုန်စင်
ရေးတော်အင်ကို


တင်သည်ကမ္ဗည်း တည်းသည်စာမူ
ထူသည်ကျောက်တိုင်
ဇွဲခိုင်ခိုင်တည်
ဇူလိုင်ကြေးမုံ
ပြကွက်စုံသည်
ရင်အုံ အိုးထိန်း စက်သို့တည်း။ ။

ကြည်ဝင်း (ပခုက္ကူ)
ဥက္ကဌ
သဟာယနှင့် စာဘတ်အသင်း (၁၉၆၃...၆၄)
သထုံဆောင်
ရန်ကုန် တက္ကသိုလ်

-၇-၆၂ နေ့ နေ့လည် ၂ နာရီအချိန်တွင် ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်းဆိုးများကို တ-က-သ မှ ဦးဆောင်၍ ဤသို့ ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်


၇-၇-၆၂ ဘွဲ့နှင်းသဘင်မှ အဓိပတိ လမ်းမအတိုင်း တက္ကသိုလ်ဝန်းအတွင် ဤသို့ အေးအေးချမ်းချမ်း ဆန္ဒပြကြသည်

၇-၇-၆၂ အေးချမ်းစွာ ဆန္ဒပြနေသူများကို ဤသို့ နံပါတ်တုတ် ကိုင်ရဲသားများနှင့် မတရား နှိပ်ကွပ်သည်။ ဦးဆောင်သူ တ-က-သ မှ ရဲဘော်ကျောင်းသားအများကိုလည်း ဖမ်းဆီး သွားကြသေးသည်။

၇-၇-၆၂ မျက်ရည်ယို ဗုံးများကို သုံး၍ အကြမ်းဖက် နှိမ်နင်းသည်အထိ ယုတ်မာ ရိုင်းစိုင်းလာကြသည်။ အဓိပတိလမ်း ရေတမာတန်းအောက်ဝယ် ဤသို့ နေရာယူ တပ်ဆွဲလျက် ပစ်ကြခတ်ကြသည်။

၇-၇-၆၂ အဓိပတိဘက်မှ ကျောင်းသာထု မခံနိုင်၍ ခဲနှင့်ပေါက်ကာ ပုလိပ်များနှင့် ရုံးရင်းဆန်ခတ် ဖြစ်ကြရတော့သည်။

၇-၇-၆၂ နေ့က မန္တလေးဆောင်ဘက်မှ ကျောင်းသားထုကလည်း မခံနိုင်လွန်း၍ ဤသို့ လက်သီးလက်မောင်းတန်းကာ ဆန္ဒပြကြသည်။

၇-၇-၆၂ နေ့က လက်နက်မပါဘဲ အေးချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားထုကို ရန်သူ့နယ်မြေသဖွယ် စစ်သားများ ဤသို့ ဝိုင်းဝန်း ပစ်ခတ်ကြသည်။

၈-၇-၆၂ နေ့က ကျဆုံးရှာလေသူ ရဲဘော်အချို့မှာ ဤသို့ တိတ်တဆိတ် သုဿာန်ပို့ မြေမြုပ် သဂြိုဟ် ခံခဲ့ရရှာလေသည်။ တက္ကသိုလ် ကျောင်းတော်ကြီးကိုလည်း ရက်အကန်းအသတ်မရှိ ပိတ်လိုက်ကြသည်။

၂၁-၁၁-၆၂ တက္ကသိုလ်ကြီးကို ရက်ပေါင်း ၄၁ ကျော် ပိတ်ပြီး ကျောင်းပြန်အဖွင့်၊ ၂၁-၁၁-၆၂ အမျိုးသားနေ့တွင် ကျောင်းသားထု ဆန္ဒပြမည်ကိုသိ၍၊ စစ်ဗိုလ်ကြီးများ၏ အမိန့်ဖြင့် ဆရာများက စတုဒီသာ ကျွေးမွေးကျင်းပသည်။ ကျောင်းသားထုက "အမျိုးသားနေ့နဲ့ စတုဒီသာ ရီစရာဗျာ ဘာလုပ်တာလဲ" ဟူသည့် ဒိုးပတ်သံချပ်များဖြင့် တက္ကသိုလ်ဝန်းအတွင်း လှည့်လည်ဆန္ဒပြကြသည်။

၂၁-၁၂-၆၂ ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်းဆိုးများအတွက် ၇-၁၂-၆၂ နေ့၊ ၅ လမြောက် ၇ ဇူလိုင်ညတွင် အဆောင်မှထွက်၍ ဆန္ဒပြကြပြီးနောက် ၂၀-၁၂-၆၂ အောင်ကျော်နေ့တွင် ဤသို့ခန်းနားကြီးကျယ်စွာ စည်းစည်းလုံးလုံးစုဝေး၍ အောင်ကျော်နေ့ အခန်းအနားကို စုပေါင်းကျင်းပကြသည်။

၈-၇-၆၂ သားငယ်များကို ရိုက်နှက်သတ်ဖြတ် သွားကြသည့်အတွက် မချိတင်ကဲ ဝမ်းနည်းကြေကွဲစွာဖြင့် ရှိနေရှာသည့် မော်ကွန်းဝင် မိခင် တကသ အဆောက်အဦကြီး ကို ၈-၇-၆၂ နံနက် ၆ နာရီခန့်ထိ တွေ့မြင်နိုင်သေးသည်။

၈-၇-၆၂ သားငယ်များကို ရိုက်နှက်သတ်ဖြတ် သွားကြသည့်အတွက် မချိတင်ကဲ ဝမ်းနည်းကြေကွဲစွာဖြင့် ရှိနေရှာသည့် မော်ကွန်းဝင် မိခင် တကသ အဆောက်အဦကြီး ကို ၈-၇-၆၂ နံနက် ၆ နာရီခန့်ထိ တွေ့မြင်နိုင်သေးသည်။

၈-၇-၆၂နေ့က ကျောင်းသားထုတရာကျော်အောင် သတ်ရုံဖြင့် အားမရနိုင်သေးဘဲ... ကျောင်းသားထု မှီခိုအားထားရာ ဗမာ့မော်ကွန်းဝင် မိခင် တ-က-သ အဆောက်အဦကြီးကို ၈-၇-၆၂ နံနက် ၆ နာရီတွင် ယမ်းဗုံးများဖြင့် ဖြိုခွဲ ဖျက်ဆီးပစ်လိုက်ကြသည်။ အောင်ကျော် ကျောက်တိုင်မှာ မျက်နှာငယ်စွာ အထည်းကျန် ရပ်တည်ခဲ့ရရှာသည်။



နောက်ဆုံး ဆန္ဒ

ငါ့ရင်ဝတွင် ကြည်ဆံဝင်၍
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ...

ငါမသေခင် မှာခဲ့ချင်သည်
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲ ဝင်ကြပါ...

ဝင်းမြင့်ထွန်း (ရန်ကုန် တက္ကသိုလ်)

မြတ်လေးငုံ ဘလော့ဂ်မှ ကူးယူဖေါ်ပြချက်

ကျောင်းတော်ခရီး
လမ်းမကြီး၌
သွေးစီးပွက်ပွက်
ခုနစ်ရက်နေ့ 
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင်အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ကောင်းရာ လားစေသော်ဝ်။


ခံစားမှု (၂)။

လက်သီးဆုပ်လျက် ၊ ကြွေးကြော်တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသားလူရွယ် ရဲဘက်များ ...
နီရဲပူနွေး သတ္တ္တိသွေးကား
စွန်းထင်းကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့ တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီတကား
သြော် ....
သမိုင်းစာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့ သွေးကွက်မူ
အသူဖျက်၍ ရအံ့နည်း။

ခံစားမှု (၃)။

သူရူးမ တစ်ယောက်
သားပျောက်ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်းဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့။

ခံစားမှု (၄)။
ငါ့ရင်ဝတွင် ကျည်ဆံဝင်၍
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲဝင်ကြပါ။

(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းများကနေ ခံစားရေးဖွဲ့ ခဲ့ကြမှုများထဲမှ အချို့ အား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။


ကိုအောင်နိုင်ဘလော့ဂ်မှ ကူးယူဖေါ်ပြချက်

from Maya Magazine by Maung Aye Win
[(၄၈) နှစ်မြောက်၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၆၂ ဂျူလိုင် ၇ရက်၊ အမှတ်တရ အဖြစ် 'အောင်ပြည့်' ရဲ့ 'ပြိုမှာလေလားမိုးရဲ့' ၀တ္ထုမှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။]

......... တက္ကသိုလ်တွင် ကျင်လည်ကျက်စားခဲ့သူတို့၏ ဘ၀ဟောင်းကို ပြန်လည် တမ်းတစရာ......
[မောင်ကိုယု ရဲ့ ၀တ္ထုစာအုပ် မိတ်ဆက်စကားမှ]

.... အဆောင် ပြန်ရောက်ချိန်တွင်တော့ ခင်ညို စာကြည့်လို့ မရ။ နက်ဖြန် နေ့ခင်း တကသ အစည်းအဝေးမှာ ဘာတွေ ဆုံးဖြတ်ကြမလဲ။ မြို့နယ်အသင်း အမှုဆောင် အစည်းအဝေးကော ကျေကျေ လည်လည် ပြီးပါ့မလား။

ခင်ညို တွေးနေဆဲမှာပင် ပင်မကျောင်းဆောင်များဆီမှ အသံတွေ ဆူလာသည်။ ခင်ညို နားစိုက်ထောင် လိုက်မှပင် အသံတွေက ပိုပြီး ကျယ်လာသည်။

"ထောင်လို ချုပ်ထားတာ မလိုချင်ဘူးကွ"
"ဟေး"

"ဟေး" ဆိုသောအသံထုကြီးက ကြက်သီးထခမန်း။

"မီးတွေပိတ်ကွ"
"ပဲခူးဆောင်က ရဲဘော်တွေ ဆင်းခဲ့ကွ"

ခင်ညို အဆောင်သံစကာ ကြားက ကြည့်မိသည်။ ဗဟိုဆောင်များတွင် မှောင်နှင့်မဲမဲ မီးပျက်သည်ကစပြီး ဆူကြဟန်တူသည်။ ပြီးတော့ အပြင်ကို ပြိုထွက်လာကြဟန် တူသည်။

မန္တလေးဆောင်တွင်းမှာတော့ အဆောင်မှူး ဆရာ ဦးခင်မောင်ဝင်းတို့၊ ဦးထွန်းဦးတို့ ပျာနေကြပြီ။ ညစောင့် မောင်သောင်းပင် မျက်လုံးပြူးပြီး ဘာလုပ်ရမှန်းမသိ။ တဖြည်းဖြည်းနှင့် ကျောင်းသားတွေ အားလုံးလိုလို အဆောင်ဝ တံခါးမကြီးတွင် စုမိကြသည်။

"ရဲဘော်တို့ ထွက်ခဲ့ပါ၊ ကျုပ်တို့ ဖိနှိပ်ချုပ်ချယ်မှုကို ကန့်ကွက်ဖို့ ဆိတ်ငြိမ် ဆန္ဒပြမယ်"
"မကြောက်ပါနဲ့ လာသာ လာခဲ့ပါ"

မောင်သောင်းက လန့်ပြီး သော့အားလုံးကို ဆရာဦးခင်မောင်ဝင်းလက် အပ်လိုက်သည်။ တံခါးက ပိတ်မြဲ။

"ဟေ့ မိန်းမရှာတွေလားကွ"

ပေါ်တီဂိုအောက်တွင် ရပ်နေသော ရဲဘော်တယောက်က အော်သည်။
"ချလွမ်"

ခင်ညိုက အံကို ကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားချိန် ဘာကို စလုပ်ရမှန်း မသိချိန်မှာပင် ဘယ်အချိန်က အပြင်ရောက်နေမှန်းမသိသော မန္တလေးဆောင်သား စိန်အစ်က မီးချောင်းကို ပစ်ခွဲလိုက်သည်။
ပေါ်တီဂို တခုလုံး မှောင်သွားပေပြီ။

"ထွက်ဟေ့၊ ထွက်ဟေ့"

ပြောပြောဆိုဆိုနှင့် အပြင်တွင်ရှိသော ကျောင်းသားထုက သံဆွဲတံခါးကို ၀ိုင်းမသည်။ ကြောင်ပြီး ကြည့်နေရာမှ အသက်ဝင်လာသေ ခင်ညိုတို့ အဆောင်သားတွေက ခုမှ တံခါးကို ၀ိုင်းတွန်းသည်။
မကြာလှပါ။
တံခါးကြီး ကော့လန်သွားသည်။
ကျောင်းဆောင်သား အားလုံးလိုလို ငုံ့ပြီးထွက်လိုက်ကြသည်။
အို ကျောင်းသားထုက မနဲပါလား။

"လာကြဟေ့ ရဲဘော်တို့၊ အမရဆောင်ကို ဒီနည်းအတိုင်း ဖွင့်မယ်"
ရှေ့ဆုံးက ရဲဘော် ကျောင်းသားတယောက်က ပြေးရင်း အော်ပြောသွားသည်။ ကျောင်းသားထုကြီး လည်း သူ့နောက် ပြေးလိုက်သွားသည်။

"ဟေ့ ဖိုးစိုးလွင်"
အမရဆောင် လှေခါးအောက်တွင် အဆောင်သားတွေ စုပြုံနေကြပြီး ဖြစ်သည်။ စိုးလွင်ဂျပုက ရှေ့ဆုံးမှာ သံတံခါးနှင့် ကပ်လို့။
"ဘယ်လိုလဲဗျ ကိုခင်ညို"စိုးလွင်က မျက်နှာသေလေးနှင့် မေးသည်။
"ဟ ဘယ်လိုမလဲနေနဲ့ ကိုယ့်လူ၊ တံခါးသာ ၀ိုင်းတွန်းပေးတော့"
ခင်ညို ပြောနေချိန်တွင် 'ဆွဲဆွဲ' နှင့် အပြင်ကျောင်းသားထုက ဆွဲပြီး 'တွန်း တွန်း' နှင့် အတွင်း ကျောင်းသားထုက တွန်းသည်။

"ဟေး"

တံခါးကြီး လန်သွားပေပြီ။

"ရဲဘော်တို့ ရာမညကလဲ ထွက်လာကြပြီ၊ အားလုံး အဓိပတိလမ်းမှာ စုမယ်၊ စည်းကမ်းအတတ် နိုင်ဆုံးထားပြီး လိုက်ခဲ့ကြပါ"

"ဟေး"

ကိုဗဆွေလေးက အမရဆောင် အုတ်ခုံမြင့်လေးပေါ်က အော်ပြောလိုက်ပြီး ရှေ့က ထွက်သွားသည်။ ကျောင်းသားအားလုံး သူ့နောက် ပါလာကြသည်။

"တပည့်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါကွာ မှားကုန်ပါ့မယ်"

သမဂ္ဂရှေ့ စုမိကြလျှင်ပင် ကျောင်းသားရေးမှူး ဆရာ ဦးစံထွန်းရောက်လာသည်။ ရောက်ရောက်ချင်း ဆရာက အော်ပြောခြင်း ဖြစ်သည်။

"စိတ်ချပါဆရာ၊ ကျွန်တော်တို့ စည်းကမ်း အရှိဆုံး ဆန္ဒပြကြမှာပါ"

မတတ်သာတော့သည့် အဆုံး ဆရာက ပြုံးပြုံးပင် လက်လျှော့လိုက်သည်။

"လာကြဟေ့၊ အ၀ိုင်းလေးမှာ စုမယ်။ တကောင်းတို့ ပြည်တို့က ရဲဘော်တွေလဲ ဆူနေပြီ၊ သူတို့နဲ့ သွားပေါင်းမယ်"

ကျောင်းသားခေါင်းဆောင်တယောက်က လက်မြှောက်ရင်း အော်ပြောသည်။

"အေးဟေ့၊ ကောင်းတယ်"
ကျောင်းသားထု အသံက ဆူညံသွားသည်။ ပြီးတော့ တရွေ့ရွေ့နှင့် အဓိပတိလမ်း တံခါးဝနား ရောက်လာသည်။ ဆရာဦးစံထွန်းသည် ကျောင်းသားထု၏ ရှေ့က ပြေးပြီး အ၀ိုင်းလေး မြေမြင့်ပေါ် တက်လိုက်သည်။ ပြီးတော့ သူ့ခေါင်းက ကက်ဦးထုပ်ကလေးကို မြှင့်ဆောင်းလိုက်ပြီး မျက်မှန်အောက်က ပြုံးသော သူ့မျက်လုံးကို ထုတ်ပြရင်း ကျောင်းသားထုကို လက်နှင့် အရှိန်ရပ်လိုက်သည်။ အားလုံး ရပ်သွားမှ

"တပည့်တို့ကို ကျောင်းပြင် မထွက်စေချင်ဘူးကွာ၊ အခွင့်အရေး တခုခုအတွက် ဆန္ဒပြရင် ကျောင်းထဲမှာ ဘဲ စည်းကမ်းရှိရှိ ဖြစ်စေချင်တယ်။ တကောင်းဘက် မသွားပါနဲ့တော့"

ဆရာဦးစံထွန်း ရပ်နေရာ အ၀ိုင်းလေးပေါ်တွင်လည်း ကျောင်းသားတအုပ် ရှိသည်။ ခပ်နောက်နောက် တယောက်က ဆရာ့ခေါင်းပေါ်က လက်တချောင်းကျော်ပြီး 'အလကားလှိမ့်တာ' ဟူသော ဟန်မျိုးဖြင့် လက်ခါပြသည်။ ကျောင်းသားတွေက ပြုံးလို့။

"ရဲဘော်တို့၊ ဆရာပြောတဲ့စကားက လမ်းကျပါတယ်။ အားလုံး ပြန်ဝင်ကြစေချင်ပါတယ်"

ကိုဗဆွေလေးက ဆရာ့အနားတိုးလာပြီး အော်ပြောလိုက်သည်။ ကျောင်းသားထုက ငြိမ်သွားသည်။ ကျောင်းသားတွေ တဖြည်းဖြည်း များလာလိုက်သည်မှာလည်း အဓိပတိတလမ်းလုံး မဲလို့။
"အေးကွာ၊ ငါ့တပည့်တွေက နားလည်မှု ရှိပါတယ်။ ကျောင်းဝင်းထဲမှာဘဲ စနစ်တကျ လုပ်ကြစမ်းပါ"ဆရာဦးစံထွန်းက သူ့စကားနားထောင်သော ကျောင်းသားများအတွက် ကျေနပ်သွားဟန်၊ နှစ်နှစ်ကာ ကာ ပြုံးရင်း ပြောသည်။ ကျောင်းသားအားလုံး ဘွဲ့နှင်းသဘင်ကို ပြန်ပြီး မျက်နှာမူလိုက်ကြသည်။

(စာမျက်နှာ ၂၆၀- ၂၆၄)။

"ခေါင်းဆောင်တွေ ဆွဲကုန်ပြီဗျို့"

မန္တလေးဆောင်ရှေ့မှ အသံတသံက စူးစူးရှရှ ထွက်လာသည်"

"ပုလိပ်ကားတွေ ရောက်နေပြီဟေ့"

"ဘဆွေလေးတို့ ဆွဲသွားပြီဗျ။ ခင်ဗျာ့ ကိုတင်ထွန်းကြီးလဲ ပါသွားပြီ ဟိုမှာမြင်လား။ ပုလိပ်ကားတွေ ထွက်သွားပြီ။ အဲဒီပေါ် ပါကုန်ပြီဗျ"
ကိုမောင်မောင်က ဆို့ဆို့နင့်နင့် ပြေးလာရင်း ပြောသည်။ ခင်ညိုလည်း ဘာလုပ်ရမည် မသိတော့။

"ရဲဘော်တို့ ကျုပ်တို့ခေါင်းဆောင်တွေကို ဟိုကောင်တွေ ၀င်ဆွဲသွားပြီဗျ"

"ရဲဘော်တို့၊ ပုလိပ်တွေ ထပ်ရောက်လာကုန်ပြီ။ အတင့်မရဲကြနဲ့ဟေ့၊ မျက်ရည်ယို ဗုံးတွေလဲ ပါတယ်။ သတိရှိကြပါ"

မကြာလှပါ။ ဗုံးမိုးသည်းထန်စွာ ရွာပါတော့သည်။

ခင်ညိုတို့လည်း ခုမှပင် ရေစိုအ၀တ်၏ တန်ဘိုးကို နားလည်တော့၏။ ဗုံးလုံးတွေက သိပ်ပြီး အရှိန်ပြင်းလှသည် မဟုတ်သောကြောင့် အဂျလာတို့ အုပ်စုက ကလို့ ခုန်လို့ပင် ဗုံးကို ရှောင်သည်။ အနီးအနားလာကျလျှင် ပြန်ကောက်ပြီး ပစ်လိုက်သေးသည်။
ထိုစဉ်တွင် ကျောင်းသားတစုသည် ဆရာကာ အိမ်တွင်းမှ ဗော့က်စ်ဝဂ်ဂွန်ကား အနီရဲရဲလေးတစင်းကို တွန်းလာကြ၏။ ဘွဲ့နှင်းသဘင် တံခါးမကြီးအထိ။ တံခါးမကြီးရှေ့အရောက်တွင် ကားကို ပက်လက်လှန်လိုက်ကြ၏။ ပြီးတော့ မီးရှို့ပစ်လိုက်ကြ၏။

ကားနီနီလေးနှင့်အတူ မီးတောက်ကရဲရဲ။ လက်ခုပ်သံ ဆူညံ အော်ဟစ်သံတွေကလည်း တသဲသဲ။

အော် သွေးဆူနေကြချိန်တကား။ဒါနှင့် မနားသေးပေ။ နောက်ထပ် ကျောင်းသားတစုက ကားပြာလေးတစီး ထုတ်လာပြန်သည်။ သည်လိုပင် အိမ်ရှေ့အရောက် လှန်ပြီး မီးရှို့လိုက်ကြပြန်သည်။
ထိန်းနိုင် ဦးဆောင်နိုင်သည့် ခေါင်းဆောင်တွေလည်း မရှိတော့ပြီ။ သည်အချိန်တွင် အသံကျယ်ကျယ် ရဲရဲတင်းတင်းနှင့် ရှေ့ကရှောက်သူသာ ခေါင်းဆောင် ဖြစ်တော့၏။
ကားနှစ်စီး မီးတောက် ငြိမ်းသောအခါတွင်ကား ကျောင်းသားတွေသည် အစုလိုက် အစုလိုက် ခြေပစ်လက်ပစ် ထိုင်နေကြတော့သည်။ တချို့က အဓိပတိ လမ်းမပေါ်မှာ။ တချို့တွေက မြက်ခင်းဆီမှာ။
အဓိပတိ ၀င်းတံခါးမကြီးကတော့ ပိတ်ထားဆဲ။ အထဲတွင် ကျောင်းသားတွေ ငြိမ်သူငြိမ်၊ လှုပ်ရှားသူ လှုပ်ရှား၊ စကားများသူ များနေသော်လည်း သံတံတိုင်းအပြင်တွင် စစ်ကားတွေ စီရရီနှင့်။

ခင်ညိုတို့တတွေလည်း အာညောင်း လက်ညောင်းမို့ အဓိပတိ ကပ်တရာလမ်းမပေါ်တွင် နှစ်နှစ် ခြိုက်ခြိုက် လှဲနေလိုက်ကြသည်။
တောင်ဆီမှာတော့ မိုးတွေညို့လို့။ မိုးသေးမိုးဖွဲလေးတွေကလည်း လွမ်းလောက်စရာ။ မရဲတရဲ ရွာနေပြန်သည်။ ခင်ညို့ မျက်နှာပေါ်တွင် မိုးသီးလေးတွေ ကွက်ကျားစိုလျက် ရှိနေ၏။ မှောင်ရီပင် သန်းလာချေပြီ။

"ဟိုရဲဘော် ကြည့်ပါအုန်းဗျာ၊ တံခါးဝက အုတ်ခုံပေါ်မှာ"

ချစ်ဆွေပြော၍ အားလုံး လှည့်ကြည့်လိုက်သောအခါ ကျောင်းသားတယောက် ခါးတောင်း မြှောင်အောင် ကြိုက်ပြီး အုတ်ခုံမြင့်ပေါ်တွင် ထိုင်အော်နေသည်ကို တွေ့၏။ မကြာလိုက်ပါ။ခင်ညိုတို့တတွေ ခေါင်းပြန်မလှည့်မီမှာပင် ရန်ကုန်တက္ကသိုလ်ကြီးအတွက် အခြေအနေ အားလုံး ပြောင်းလဲစေလိုက်မည့် ပထမဆုံး သေနတ်သံကို ကြားလိုက်ရပေသည်။ ပြီးတော့ ဆက်၍ ဆက်၍။

သည်လိုနှင့်ပင် တည ချုပ်ခဲ့ရသည်။ နှစ်ရက်ဆက်ပြီး အသံပေါင်းစုံလျှံ ဂယက်ညံနေသော တက္ကသိုလ်ကြီးသည် ပကတိ ငြိမ်သက်သွားသည်။ ရေဒီယိုက တက္ကသိုလ်နှင့် ကောလိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ကျေညာ လေသည်။ တညလုံး အိပ်မရသော အတွေးကြောင့် ခင်ညို တလူးလှိမ့်လှိမ့် ခံစားနေရသည်။ အိပ်ရေးပျက် မခံသော ၀င်းမောင်ကြီးပင် တလှုပ်လှုပ် ဖြစ်နေသည်။ နှစ်ယောက်သား အံကြိတ်ရင်း အတွေးကိုယ်စီနှင့် ငြိမ်နေမိကြသည်။ည ၂ နာရီထိ မီးဖွင့်ထားသော်လည်း သည့်နောက်တွင် မီးပိတ်ပြီး ဆိတ်ငြိမ်ခြင်း အာရုံကို ၀င်စား နေမိလိုက်သည်။ နက်ဖြန်ဆို အိမ်ပြန်ရတော့မည်။ ဘယ်အချိန် အိပ်ပျော်သွားသည်မသိ။ '၀ုန်း' ဆိုသော အသံကြီးနှင့်အတူ မြေတုန်ပြီး အဆောင်လှုပ်ခါ သွားတော့မှ ခင်ညို အိပ်ရာက နိုးတော့သည်။ နိုးသည်ဆိုတော့လည်း အဆောင်လှုပ်ခါမှု အရှိန်ကြောင့် ခင်ညိုတို့ နှစ်ယောက်လုံး ကုတင်အောက် ရောက်သွားသည်။

"အဆောင်ကြီး ပြိုပြီထင်တယ်ဗျ" "လာဗျာ၊ ခြေသံတွေလဲ ကြားတယ်၊ ထွက်ကြည့်ရအောင်"
အခန်းပြင်ရောက်သော အခါတွင်ကား ယူနီယံဘက်ကို ငေးကြည့်နေသည့် ကျောင်းသားများကို တွေ့ရသည်။

"ဟင်"
တကသ အဆောက်အဦးကြီး မရှိတော့ပြီ။

ခင်ညို့ ရင်ထဲတွင် ဟာသွားတော့သည်။

"ဖိုးခင်ညို အပေါ်ထပ်သွားကြည့်ရအောင်"

ဘယ်အချိန်က သူ့အနား ရောက်နေသည်မသိ။ ချစ်ဆွေက သူ့လက်ကို ဆွဲခေါ်သွားသည်။ အဆောင်ပေါ်တွင်လည်း အမိုးအုတ်ကြွတ်တွေ ဖွာလျာကြဲနေသည်မို့ ရှောင်ကွင်း သွားရသည်။

ဟိုမှာ ကြည့်စမ်းဗျာ ဖုံငွေ့တွေပဲ ရှိတော့တယ်"

ချစ်ဆွေလှမ်းပြ၏။ ခင်ညို ကြည့်လိုက်သောအခါ အငွေ့တထောင်းထောင်းနှင့် အုတ်ပုံကြီးသာ မြင်တော့ သည်။ သံဘောင်ကြီးတွေ ထိုးထိုးထောင်ထောင် ထွက်နေသည့်ကြားက အငွေ့တွေ........။

(စာမျက်နှာ ၂၇၀- ၂၇၇)အောင်ပြည့်' ရဲ့ 'ပြိုမှာလေားမိုးရဲ့' စာအုပ်မှ။

(12/07/10 11:52 မှာ တင်ခဲ့တဲ့ပို့စ်ကို ဒီနှစ် 7 July အမှတ်တရပို့စ်သီးသန့် မတင်နိုင်လို့ အပေါ်ခဏ ပြန်ဆွဲတင်ထားပါတယ်။)

7 July မှာ အသက်ပေးသွားသော သူရဲကောင်းများ ကောင်းရာ သုဂတိ လားပါစေ။

ဦးသန့်အကြောင်းနဲ့ ဦးသန့်ဈာပနသီချင်း


ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အကြောင်း






ဦးသန့်ဈာပဏသီချင်း

U Thant Strike by Nay Won Ni Ni



မှတ်ချက်လာပေးထားတဲ့ Link က ရတဲ့ ကိုမြတ်သူရဲ့ အသံကို သမိုင်းထဲက ရုပ်ပုံတွေနဲ့ ပြန်လည်ချယ်သထားတဲ့ ဗွီဒီယိုကို ထပ်ဖြည့်ပေးလိုက်ပါတယ်။ မှတ်ချက်လာထည့်ပေးသူကိုရော ဗွီဒီယို ဖန်တီးသူကိုပါ ကျေးဇူးတင်ပါတယ်။ Nge Naing (13/12/12)





သီချင်း စာသား

(၁၉၆၂ သမိုင်းရိပ် သွေးမတိတ်မီ ကွယ်လွန်သူတို့ နိုးထလာလေပြီ)

(တို့ကျောင်းသားများ စောင့်မျှော်ခဲ့သည့် အခွင့်အရေးကို ရရှိခဲ့သည့် တကမ္ဘာလုံးလေးစားရသည့် ဦးသန့်ဈာပ အကြောင်းပြလို့တည် ၇၄ ဒီဇင်ဘာ မဖြေသာအကြောင်းတရားက ဇာတ်လမ်းစလေသည်… ငြိမ်းချမ်းရေးကို ဖက်တွယ်ခဲ့သူ စစ်အုပ်စုကို ဆန့်ကျင်ခဲ့သူ ဦးသန့်လိုလူ ရာဇ၀င်ထူးလို့ အာဏာရူးတို့ ရန်စမီးပျိုး အညိုးထားခဲ့သည်…)၂

(လူသာမန်လို ဆက်ဆံခဲ့ပြီ တို့ပြည်သူ အများစုနဲ့ ကျောင်းသားထုက မခံမရပ်နိုင်ပြီ.. ထိုက်တန်စွာ ဦးညွတ်ရမည် ထိုက်တန်စွာ ဂုဏ်ပြုရမည် ဒို့ဗမာတွေ သိက္ခာမနွမ်းရအောင် ကျောင်းသားခေါင်းဆောင် တင်မောင်ဦးက ဦးဆောင်စခဲ့သည်... အဓိပဓိလမ်းပေါ်မှာ ခွပ်ဒေါင်းတွေစုဝေးလို့ စစ်အုပ်စု ဆန့်ကျင်ရေးနှင့် ဂူဗိမာန်ဖြစ်မြောက်ရေး ဆုံးဖြတ်ခဲ့ကြသည်.. ကျောင်းသား၊ ပြည်သူ ပေါင်းစုဝေးလို့ ဈာပန အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေသည်.. သမဂ္ဂအဆောက်ဦးရင်ပြင် ကမ္ဘာရဲ့ခေါင်းဆောင်ကြီး လဲလျောင်းမှေးစက်နေစေရန်ရည်...)၂

ဂူဗိမာန်ကြီးတည်ဆောက်ကြသည် ပြည်သူများနှင့် ပေါင်းစည်းလို့ရည် ခွပ်ဒေါင်းဇာနည် ဘာမထီသွေးတို့ ပြည်သူရေးအတွက် ရှေ့ကလှမ်းတက်ချီ…. အယုတ်တမာ အာရူးတွေက လူသားမဆန် မောင်းပြန်သေနတ်များနှင့် ပစ်ခတ်ဖြိုခွင်း ဖြေရှင်းခဲ့လေပြီ ကမ္ဘာမကြေနိုင်ပြီ တက္ကသိုလ်မြေမဟီ ခွပ်ဒေါင်းသွေးတို့ နီရဲ့ခဲ့ကြသည်…

(ဘယ်လိုပင် သတ်ကြပါစေ ဒို့မသေ၊ ဘယ်လိုပင် ဖြိုခွင်းပါစေ ဒို့မမူပေ)၂ ခွပ်ဒေါင်းသွေး သိန္နိဌါန် ဒူးထောက်လို့ အညံ့မခံဘူးဟေ့.. အရိုးကြေကြေ အရေခမ်းခမ်း မကြောက်တမ်း မရွံ့တမ်း သွေးလမ်းလို့ ဖြတ်ချီလှမ်းမည် ညီ ညီ ညီ ညီ ချီ ချီ ချီ ချီ ခေတ်ဟောင်းဖြိုဖျက် တိုက်ပွဲဆက်ကြမည်။)၂



သီချင်းသီဆိုသူများ


ABSDF မှာ ဒီသီချင်းအပါအ၀င် နေ၀န်းနီနီအခွေက သီချင်းတွေကို တိုက်စဉ်အချိန်က ၁၉၉၁ နှစ်ဖြစ်ပြီး အင်ဖက်မိုး စောင်ကာ ABSDF စတူဒီယိုမှာ ရိုက်ထားတဲ့ ABSDF စဦး အဆိုတော် သုံးဦးရဲ့ပုံ ဖြစ်ပါတယ်။ ကိုမြတ်သူ (အလယ်) ဘယ်ဘက်ဘေးက တယောက်က နေ၀န်းနီနီကို သီဆိုခဲ့တဲ့ မင်းမင်းထွေးငယ် ဖြစ်ပြီး ညာဘက်ကတော့ ဘ၀တက္ကသိုလ်ကို သီဆိုခဲ့တဲ့ မစန်းစန်းမြင့် ဖြစ်ပါတယ်။ ဒီသီချင်းက ကျောင်းသားတပ်မတော်က ထုတ်ဝေသည့် နေ၀န်းနီနီ သီချင်းခွေမှ ဖြစ်တယ်။


ဦးသန့်အရေးအခင်းဆိုတာကို ၈၈ မတိုင်ခင်ကတောင် ကြားဖူးခဲ့ပေမဲ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ ၈၈ မှာမှ သိခဲ့ရပြီး။ ကိုတင်မောင်ဦး အကြောင်းကိုတော့ တောတွင်းရောက်မှ ဒီသီချင်းထဲမှာတွေ့မှ သိခဲ့ရတယ်။ အကျဉ်းချုပ်ကတော့ ဒီသီချင်းထဲက အတိုင်းပါပဲ။ နိုင်ငံခြားမှာ ကွယ်လွန်ခဲ့တဲ့ ကမ္ဘာ့ကုလ သမဂ္ဂအတွင်းရေးမှူးဟောင်း ဦးသန့်ရဲ့ အလောင်းကို မြန်မာပြည်ကို ပြန်သယ်လာခဲ့ပါတယ်။ ဦးသန့်ဈာပဏကို ဦးနေ၀င်းဦးဆောင်တဲ့ စစ်အုပ်စုက နိုင်ငံတော်ဈာပန အခမ်းအနားအနေနဲ့ မကျင်းပပဲ လူသာမန်တဦးရဲ့ အသုဘအနေနဲ့ပဲ ကျင်းပတာကို မခံမရပ်နိုင်လို့ ကျောင်းသားတွေက နိုင်ငံတော်ဈာပဏအနေနဲ့ ကျင်းပဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီလိုတောင်းဆိုရာမှာ ပြည်သူတွေပါ အများကြီးပါလာခဲ့ပါတယ်။ ဒါကို ဦးနေ၀င်းက မဆလ အစိုးရက လုံးဝလစ်လျူရှုခဲ့တဲ့အတွက် နောက်ဆုံးမှာ ကျောင်းသားတွေနဲ့ ပြည်သူတွေက ဦးသန့်အလောင်းကို ၀င်လုပြီး ၆၂ က ဖြိုခွဲခံလိုက်ရတဲ့ တက္ကသိုလ် သမမဂ္ဂအဆောက်ဦးနေရာမှာ ဦးသန့်နဲ့ ထိုက်တန်တဲ့ ဈာပနအခမ်းအနားကို ကျင်းပနေစဉ်မှာ စစ်တပ်က ကျောင်းသားတွေကို ပစ်ခတ်ဖြိုခွင်းပြီး အလောင်းကို ပြန်လုယူသွားပြီး သာမာန်လူကို သင်္ဂြလ်သလို သင်္ဂြုလ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ ကျောင်းသားအမြာက်အများ သွေးမြေကျခဲ့ရပြီး အမြောက်အများ ဖမ်းဆီးအကျဉ်းချ ညှင်းဆဲခံခဲ့ရတယ်။ ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးကို အခု ဒီပို့စ်ထဲမှာ ပါတဲ့အတိုင်း ၇၆ ခုနှစ်မှာ ကြိုးမိန့်ပေးခံခဲ့ရတယ်။ ကြိုးစင်ပေါ် တက်ခါနီးအထိ “စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုပြီး သေခါနီး မကြောက်ရွံ့ဘဲ အရှုံးမပေးသည့် ကျုံးဝါးသံကို ခေတ်အဆက်ဆက်က စစ်ခေါင်းဆာင်တွေ အခုထိ တုန်လှုပ်ချောက်ခြားစေနေတုန်းပါပဲ။




ဦးသန့်အရေးအခင်းကို ဦးဆောင်ခဲ့သူ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး


ကျွန်မတင်ထားတဲ့ အာဇာနည်သူရဲကောင်း ဆလိုင်းတင်မောင်ဦး ပို့စ်ကို တွေ့ပြီး ကိုမြတ်သူက သူ့ရဲ့ Face book မှာ သူသီဆိုတဲ့ ဦးသန့်ဈာပန သီချင်းကို တင်ထားပေးကြောင်း မှတ်ချက်ရေးပြီး လာအကြောင်းကြားပေးထားခဲ့လို့ ဒီသီချင်းကို ပြန်နားထောင်ခွင့် ရတော့ ရေငတ်တုန်း ရေတွင်းထဲကျသလို ခံစားရလိုက်ရပါတယ်။ တခြားသူတွေလည်း နားထောင်လို့ ရအောင် ဒီသီချင်းကို ဘလော့ဂ်မှာ ပြန်လည်မျှဝေလိုက်ပါတယ်။ ကိုမြတ်သူကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ တခြားသီချင်းတွေ ရှိရင်လည်း တပုဒ်ပြီးတပုဒ် တင်ပေးဖို့ တောင်းဆိုပါတယ်။

အပေါ်က ဦးသန့်အရေးအခင်းကို စတင်ဦးဆောင်ခဲ့လို့ ကြိုးမိန့်ကျခံရတဲ့ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးရဲ့ပုံက မူရင်းပို့စ်တင်ထားတဲ့ Arakan Review ကမဟုတ်ဘဲ ကျွန်မဖတ်ခဲ့ရဲ့ မျိုးသာကီအတွက် ရဲဝံ့ဒို့ဇာနည်က ဖြစ်ပါတယ်။ အပေါ်က ဓါတ်ပုံနေရာမှာ ဘယ်သူလဲဆိုတာကို ရေးထားရင် စစ်အုပ်စုက နိုင်ငံရေးဆိုတာ ပြည်သူလူထုနဲ့ မဆိုင်ပဲ သူတို့စစ်တပ်နဲ့သာ ဆိုင်တယ်လို့ ၀ါဒဖြန့်ထားတဲ့အတိုင်း ယုံကြည်နေကြတဲ့ စာလာဖတ်သူတွေထဲက ကျောင်းသားအကြောင်း၊ နိုင်ငံရေးအကြောင်းတွေ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး မဖတ်ပဲ ပြန်သွားရင် သိသင့်သိထိုက်တဲ့ သမိုင်းဖြစ်ရပ်တွေကို မသိသွားမှာစိုးလို့၊ အထူးသဖြင့် ဒီလိုငယ်ရွယ်နုပျိုတဲ့ ကျောင်းသားလူငယ်တဦးဟာ အရေးခင်းတခုကို ဦးဆောင်ခဲ့ပြီး ကြိုးစင်ပေါ် ရင်ကော့ပြီး တက်သွားရတဲ့ သမိုင်းကို သိစေချင်တဲ့ စေတနာနဲ့ ပြန်လည်ကောက်နှုတ်တင်ပြပါတယ်။

နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဆိုင်ပြီး စစ်တပ်နဲ့ ဘာမှမဆိုင်ဘူးဆိုတာ ပြည်သူတွေ များများသိပြီး အမိတိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ၀ိုင်းဝန်းတွေးတောကြံဆ အဖြေထုတ် အကောင်အတည်ဖေါ်မှ မြန်မာပြည်သူတွေ လက်ရှိခံစားနေရတဲ့ ဒုက္ခအ၀၀ကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ စစ်တပ်ကြီးစိုးတဲ့ခေတ် အဆုံးမသတ်သရွေ့ မြန်မာပြည်မှာ ဒီလိုအဖြစ်ဆိုးတွေကို ဘယ်တော့မှ အဆုံးသတ်မှာမဟုတ်ပဲ ကျွန်မတို့ရဲ့ နောင်လာနောက်သားတွေ ဆက်လက်ခံနေရဦးမှာ ဖြစ်လို့ စစ်အာဏာရှင် ကြီးစိုးတဲ့စနစ် ၂၅% မကလို့ ၁% တောင် မကျန်ရှိရလေအောင် အဆုံးသတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်ကြဖို့ လိုပါတယ်။ ကိုတင်မောင်ဦး၊ ၇၄ ဒီဇင်ဘာ၊ ဦးသန့်အရေးအခင်းဆိုတာကို မမေ့သင့်တဲ့အတွက် ဒီသမိုင်းတွေကို အားလုံးသိဖို့နဲ့ မမေ့ဖို့ လိုအပ်လို့ မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။

12/14/10 4:00PM မှာ တင်ခဲ့တဲ့ ပို့စ်ကို ဦးသန့်အရေးအခင်း နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဦးသန့်အကြောင်း ရုပ်သံဗွီဒီယိုကို ထပ်ဖြည့်ပြီး မဖတ်ရသေးသူများဖတ်လို့ရအောင် အပေါ်ခဏပြန်တင်ထားပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

22 ကြိမ်မြောက် စစ်အာဏာသိမ်းသည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်





"ဓါတ်ပုံ=>၈၈ တွင်ကျဆုံးခဲ့သည့် အာဇာနည် ကျောင်းသူ မဝင်းမော်ဦး ကျဆုံးချိန်တွင် အသက်(၁၆ ) နှစ်သာရှိသေးသည်။" သူမအား သယ်ပြေးနေသော ဆရာဝန်နှစ်ဦးအနက် ကျောဘက်မှ ပင့်သယ်နေသည့် တယောက်မှာ ABSDF တပ်ရင်း (၂၁၀) စောထစခန်း တပ်ဖွဲ့ဝင်တယောက် ဖြစ်လာခဲ့ပြီး ရှေ့တန်း ညတိုက်ပွဲ တခုမှာ ရန်သူလူနှင့် ကိုယ့်လူရောသွားရာကနေ လူစုကွဲပြီး ကျန်ရစ်ခဲ့သည်ဟု ထိုစစ်ကြောင်းတွင် ပါဝင်ခဲ့သည့် တပ်မှူးတဦး၏ ပြောပြချက်အရ သိရပါသည်။ ဆရာဝန်နှစ်ဦး၏ နောက်ဆက်တွဲ ဖြစ်ရပ်များကို ဧရာဝတီသတင်း၊ မမေအိခင်ဘလော့ဂ်၊ ကိုလူထွေး ဘလော့ဂ်နှင့် ကိုနစ်နေမန်း ဘလော့ဂ်များတွင် ဖတ်ရှု/နားဆင်နိုင်ပါသည်။
Photo by : Google
၂၀၀၉ ခုနှစ်က တင်တဲ့ပို့စ် ကို အရင်နှစ် (9/18/10 2:18 PM )က သီချင်းထည့်သွင်ဖြည့်စွက်ကာ ပြန်တင်ထားတာကို အခုဒီနှစ်တော့ ပို့စ်ရေးချိန်မရလို့ စစ်အာဏာသိမ်းတဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ စစ်အာဏာသိမ်းတဲ့ ၂၃ သုံးနှစ်မြောက်နေ့မှာ အပေါ်ခဏပြန်တင်ထားပါတယ်။


အာဏာရှင်ကို ဆန့်ကျင်တဲ့ သီချင်းကို အောက်မှာ Click ပြီး နားဆင်နိုင်ပါတယ်။



အရင်က သီချင်းစာသားပဲ တင်ခဲ့တဲ့ပို့စ်ကို သီချင်းအသံနဲ့တကွ ပြန်တင်ထားပါတယ်။ သီချင်းကို နားထောင်ဖို့ အပေါ်က သီချင်းဖိုင်ကို Click ပါ။

အာဏာရှင်ရဲ့ ပစ်မိန့်ပေးသံ
မောင်းပြန်သေနတ် သံတွေကြား
ပြည်သူတွေရဲ့ ဟစ်ကြွေးသံ
မိုးယံမှာ လွင့်နေ
နိုင်ငံတော်ကို အသစ်မွေးဖွားရန်
သမိုင်းက လိုလားနေပြီလေ..
မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ.....။

ပလူပျံနေတဲ့ စစ်သေနတ်ပြောင်းရှေ့
ကျည်ဆံတွေကြားမှာ
ပြည်သူတွေဟာ အလောင်းချင်းထပ်၍
ဖီဆန် အော်ဟစ်နေ။
မြန်မာပြည်မှာ မဆလ (န၀တ၊ အနဖ) ကို
မလိုချင်တော့ဘူးလေ…


မြန်မာပြည် နာဇိလက်သစ်ဂိုဏ်းကို
ဥပဒေတွေနဲ့ အရေခြုံပြီး
အာဏာပိုင် အဖွဲအစည်းအသွင်
လုပ်မနေပါနဲ့လေ..
ပြည်သူတွေနဲ့ ကျောင်းသားအလောင်းတွေ
ရိုးတွန်ချိန် ရောက်လာပြီလေ
နိုင်ငံတော် လူသတ်မှုတွေ
ရုံးတင် စစ်ဆေးပေး။

နိုင်ငံတော်အသစ်မွေးဖွားခြင်းရဲ့ နေအာရုံတက်နေ
ဒီမိုကရေစီမထွန်းကားသေးတဲ့ မြန်မာပြည်အမှောင်ကျနေ
လူကို လူလိုအုပ်ချုပ်ရေးမျိုး မြန်မာပြည်မှာမရှိပေ

အာဏာရှင်ရဲ့ ပစ်မိန့်ပေးသံ
မောင်းပြန်သေနတ် သံတွေကြား
ပြည်သူတွေရဲ့ ဟစ်ကြွေးသံ
မိုးယံမှာ လွင့်နေ
နိုင်ငံတော်ကို အသစ်မွေးဖွားရန်
သမိုင်းက လိုလားနေပြီလေ..
မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ.....။


ပြည်သူတွေဟာ လက်နက်မဲ့တဲ့ သာမန်အရပ်သားတွေ
ကျည်ဆံကို လည်စင်းပေးကြမည့် အသေခံမဲ့သိုးတွေ
ရင်နာနာနဲ့ အလေးပြုလိုက်တယ်
အာဇာနည်တို့ရေ....


အာဏာရှင်ရဲ့ ပစ်မိန့်ပေးသံ
မောင်းပြန်သေနတ် သံတွေကြား
ပြည်သူတွေရဲ့ ဟစ်ကြွေးသံ
မိုးယံမှာ လွင့်နေ
နိုင်ငံတော်ကို အသစ်မွေးဖွားရန်
သမိုင်းက လိုလားနေပြီလေ..
မြန်မာနိုင်ငံ ပဉ္စမြောက်ကို တို့ထူတောင်စို့လေ...


မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ။
မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ။မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ။
(အစအဆုံး ပြန်ဆိုရန်)
ရေးသူ - နိုင်မြန်မာ
သီဆိုသူကတော့ အန္ဒိယက ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ သီချင်း File ပို့ပေးလာတဲ့ ကိုတေဇသူရကို ကျေးဇူးတင်ပါတယ်။



(ဂီတာနဲ့ ဆိုချင်သူများအတွက်)

(Foxtrot)
C - - -
အာဏာရှင်ရဲ့ ပစ်မိန့်ပေးသံ
F - C -
မောင်းပြန်သေနတ် သံတွေကြား
C - G -
ပြည်သူတွေရဲ့ ဟစ်ကြွေးသံ
F - C -
မိုးယံမှာ လွင့်နေ
C - - -
နိုင်ငံတော်ကို အသစ်မွေးဖွားရန်
F - C -
သမိုင်းက လိုလားနေပြီလေ..
C - G - F - C -
မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ။ ။
Am - - -
ပလူပျံနေတဲ့ စစ်သေနတ်ပြောင်းရှေ့
Em - - -
ကျည်ဆံတွေကြားမှာ
Am - - -
ပြည်သူတွေဟာ အလောင်းချင်းထပ်၍
Em - - -
ဖီဆန် အော်ဟစ်နေ။
Am - - -
မြန်မာပြည်မှာ မဆလ (န၀တ၊ အနဖ) ကို
F - G -
မလိုချင်တော့ဘူးလေ

(ဂီတာတီးတဲ့ ကီးတွေကို မှတ်ချက်မှာ လာထည့်ပေးခဲ့တဲ့ KKL ကို ကျေးဇူးတင်ပါတယ်)


ဒီသီချင်းရေးသူနာမည်ကို ပို့စ်တင်ခါစက အသေအချာ အမှတ်မိခဲ့လို့ စာလာဖတ်သူတွေထဲက သိတဲ့သူတွေရှိရင် ပြောပြခဲ့ဖို့ အကူအညီတောင်းခဲ့ပါတယ်။ ကျွန်မဘလော့ဂ်ကို လာလည်ပြီး စာလာဖတ်သူ မိတ်ဆွေများထဲမှာ ၈၈ က ရန်ကုန်မှာ ကိုယ်တိုင်သီဆို တီးခတ်ဖူးသူတွေနဲ့ ကြားဖူးသူတွေကိုယ်တိုင်က မှတ်ချက်မှာ လာပြီး ပြောပြခဲ့လို့ ရေးသူ နိုင်မြန်မာဆိုတာ သိခဲ့ရပါတယ်။ လာပြောပြသူ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

ဒီသီချင်းက ၈၈ အရေးတော်ပုံ ကာလက စပ်ခဲ့တဲ့ သီချင်းဖြစ်ပေမယ့် အရေးအခင်း ကာလတုန်းက မြို့ပေါ်မှာ လှုပ်ရှားတဲ့သူတွေပဲ အသိများပြီး အဲဒီတုန်းက နယ်တွေကို မရောက်ခဲ့လို့ နယ်မှာ လှုပ်ရှားခဲ့တဲ့ ကျွန်မတို့က ဒီသီချင်းကို တောတွင်းရောက်မှ ကြားဖူးခဲ့ပါတယ်။ ကျွန်မတို့ တောတွင်းကာလက ABSDF က နိုင်ငံရေး၊ စစ်ရေး စည်းရုံးရေးသင်တန်းတွေမှာ သင်ခဲ့၊ ဆိုခဲ့ရပါတယ်။ တောတွင်းမှာတုန်းက အခုလို အာဇာနည်တွေ သွေးကျတဲ့နေ့တွေမှာလည်း မကြာခဏ ဆိုရလေ့ရှိတဲ့ သီချင်းဖြစ်ပါတယ်။ ဆိုတဲ့သူအနေနဲ့ကတော့ ကျွန်မတို့ တပ်ရင်းမှာ စနားထောင်ရတာ ဘုရားသုံးဆူစခန်း (၁၀၂) မှာလား သေ့ဘိုးဘောစခန်း (၂၀၄/၂၀၅) မှာလားဆိုတာတော့ အသေအချာ မမှတ်မိတော့ပေမယ့် အဲဒီမှာ အဆိုတော် ကိုမွန်းအောင် ဆိုထားတဲ့အခွေက ပထမအကြိမ် ညီလာခံအပြီး ဗဟိုက ပြန်လာကြတဲ့ ကျွန်မတို့ တပ်ရင်း (၂၀၁) မင်းသမီးခန်း ကိုယ်စားလှယ်တွေနဲ့ ပါလာလို့ နားထောင်ရပါတယ်။ အဲဒီ နောက်ပိုင်း ကျွန်မတို့တပ်ရင်းက ကျင်းပတဲ့ သင်တန်းတွေမှာ သင်တန်းသားတွေကို သင်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ရဲဘော်ဗားတိုက်တိုင်းလိုလိုမှာ ဂီတသံ တဒေါင်ဒါင်နဲ့ ဒီသီချင်းသံကို နေ့စဉ် ကြားလာရပြီး ကျွန်မတို့ တပ်ရင်းက ရဲဘော်တွေနဲ့ သိပ်ပြီးရင်နှီးခဲ့ပါတယ်။

၁၉၈၈ ခု စက်တင်လ (၁၈) ရက်နေ့ စစ်အာဏာရှင်တွေ အာဏာသိမ်းတဲ့ နေ့မှာ သွေးမြေကျခဲ့ရတဲ့ အာဇာနည် ကျောင်းသားပြည်သူတွေကို အမှူးထား၍ ခေတ်အဆက်ဆက်မှာ အများကောင်းကျိုးအတွက် တိုက်ပွဲဝင်ရင်း အသက်စွန့် သွေးမြေကျခဲ့ရတဲ့ ကျောင်းသား၊ ပြည်သူ ရဟန်းရှင်လူ အာဇာနည် ထောင်သောင်းတို့အား ဤသီချင်းနဲ့ အလေးပြုလိုက်ပါတယ်။ အမိမြန်မာပြည်ကို ချစ်မြတ်နိုးပြီး အသက်စတေးသွားသော အာဇာနည်သူရဲကောင်းများရဲ့ စွန့်လွှတ်မှုကို အသိအမှတ်ပြုသူအားလုံး ဤသီချင်းရဲ့ အနှစ်သာရနဲ့အတူ စစ်ကျွန်ဘ၀ကို ရောက်ခဲ့တဲ့ ၂၂ နှစ်မြောက်နေ့မှာ သွားလေသူ အာဇာနည်များအား ကျွန်မတို့ အတူတကွ ရင်နာနာနဲ့ အလေးပြုကြရအောင်...

"သေသူတွေဟာ လက်နက်မဲ့တဲ့
သာမန်အရပ်သားတွေ
ကျည်ဆံကို လည်စင်းပေးခဲ့ကြတဲ့
အသေခံတဲ့သိုးတွေ
ရင်နာနာနဲ့ အလေးပြုလိုက်တယ်
အာဇာနည်တို့ရေ……။"

အာဇာနည်များ ကောင်းရာသုကတိ လားကြပါစေ။

စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။
ဒီမိုကရေစီ တော်လှန်ရေး မုချအောင်ပွဲ ခံရမည်။

မ၀င်းမော်ဦး အမှတ်တရ

.
မ၀င်းမော်ဦး (၂၁)နှစ်ပြည့် အထိမ်းအမှတ်
၁၉.၉.၂၀၀၉ မှာဝေငှတဲ့
အာဇာနည် မ၀င်းမော်ဦး၏ အတ္တုပတ္တိအကျဉ်း

အာဇာနည်''မ၀င်းမော်ဦး" ကို အဖ ဦးဝင်းကြု၊အမိ ဒေါ်ခင်ဌေးဝင်း တို့မှ ၁၉၇၂- ခုနှစ်၊နိုဝင်ဘာ( ၁၉ )ရက် ၊ ဗုဒ္ဓဟူးနေ.တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၆ယောက်တွင် သမိး အကြီးဆုံးဖြစ်သည်။ သူမ၏ ဇာတိမှာ ကြည့်မြင်တိုင်မြို.နယ် ၊ ပန်းပင်ကြီးလမ်းတွင် နေထိုင်ခဲ့ပြီး၊ အမှတ်(၄) အလယ်တန်းကျောင်း။ ကြည့်မြင်တိုင်မြို.နယ်တွင် (၈)တန်း ပညာသင်ကြားရင်း ၁၉၈၈ ဒီမိုကရေစီ တိုက်ပွဲကာလ အတွင်းမှာ ဖွဲ့စည်းသည့် ကျောင်းသားသမဂ္ဂ တွင်တက်ကြွ စွာပါဝင်ခဲ့ပြီး ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် ၊စက်တင်ဘာလ ၁၉ရက်နေ. ဒီမိုကရေစီတိုက်ပွဲဝင် ကျောင်းသားထုနှင့်အတူ မိမိကျောင်း၏ ကျောင်းသားသမဂ္ဂ ဆိုင်းဘုတ်အောက်တွင် ''ဗိုလ်ချုပ်အောင်ဆန်း" ဓါတ်ပုံ ကိုင်ဆောင်ပြီး စိတ်ဓါတ်တက်ကြွစွာ ချီတက်ဆန္ဒပြ ခဲ.သည်။ (ဗိုလ်ချုပ်ပုံကို ကိုင်ထားရင်း ကျည်ဆံ ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်.



ထိုအချိန် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် အရောက် အဏာပိုင် တို့၏ ပြစ်ခတ်မှုကြောင့် သူမ၏ခြေသလုံး(ဘယ်)၊ ပေါင်(ဘယ်)တို့ ကျည်ဆန်မှန်ခဲ့သည်။ ထိုအချိန် ကျောင်းနေဘက်တို့မှ ၀င်းမော်ဦး အား ၀ပ်နေရန် လှမ်းအော်သည့်အခါ ၊ဗိုလ်ချုပ်ပုံကိုင်ဆောင် ပြီး ဒူးထောက်နေသော ၀င်းမော်ဦးက ''မ၀ပ်ဘူး ငါဝပ်လိုက် ရင် ဗိုလ်ချုပ်ပုံ မြေခလိမ့်မယ်၊ ဗိုလ်ချုပ်ပုံမြေခရင် ငါတို့ ရှုံးတာပဲ''ဟု ပြန်အော်ခဲ့သေးသည်။ ထို့နောက်အာဏာပိုင်တို့၏ ဆက်လက် ပစ်ခတ်မှု တို့ကြောင့် ကြိုးစား ဒူးထောက်နေသော မ၀င်းမော်ဦး ၏ ညာဘက် လက်မောင်းဘေးမှ ဖေါက်ပြီး ခန္ဓာကိုယ်အတွင်းထိ ကျည်ဆန်ဝင်ခဲ့သည်။ ၄င်းနေရာတွင်ပုန်းခိုနေရာမှ ကယ်ဆယ်ရေး ဆရာဝန်( ၂ )ဦး မှာနေ.လည် ၁၂း၃၀ နာရီ နှင့် ၀၁း၀၀ နာရီ လောက်မှ ကယ်ဆယ်ခွင့်ရခဲ့သည်။ ၄င်းကယ်ဆယ်ခဲ့သူ ခေါင်းဖက်မှမသူ ဆရာဝန်လောင်းကိုမင်းသိန်း အား "သမီးကို ကယ်ပါ" သူ.နှုတ်ခမ်းမှ ပြောဆိုသည့်စကားကို ကိုမင်းသိန်းမှ ပြောမှ သိခဲ့ရပါသည်။ ခြေရင်းမှမတာ ဆရာဝန်လောင်းကိုစောလွင် ဟုလည်းပြောပါသည်။


သူမဆေးရုံရောက်သည်အထိ ၊မိဘများထံ တယ်လီဖုန်းဆက်ရန်၊ ဖုန်းနံပါတ် ကိုလည်း သူမ ကိုယ်တိုင်ပေးခဲ့သည်။ မိဘ၊ ဦးလေး၊ ဘကြီးတို့ ဆေးရုံသို့ လိုက်သွားသည့် ၃း၀၀ နာရီလောက်တွင် အရေးပေါ်ဌာန၌ စုံစမ်းခဲ့ရာ (၃+၄) အခန်းသို့ တင်လိုက်ကြောင်း ပြောသဖြင့် လိုက်ရှာခဲ့ပါသည် မတွေ့ရပါ။ သမီးဇောနှင့်ဆေးရုံတခုလုံး လိုက်ရှာသော်လည်းမတွေ.ပါ။ အရေးပေါ်ဌာနသို့ ပြန်စုံစမ်း ကြည့်မှ သူမအား ကိုယ်တိုင်ခွဲစိတ်ကုသပေးခဲ့သော ''ဆရာဝန်ကြီး ဦးညွန့်ဝင်းမြင့်" နှင့်တွေ့ဆုံမှ (၃+၄)အခန်းက အသည်းအသန်ခန်းတွင် ရှိကြောင်းပြောသဖြင့် သွားကြည့်မှတွေ့ခဲ့ရပါသည်။ သူမအား အနီးကပ် စောင့်ရှောက်ပေးနေသော သူနာပြုဆရာမ အားဝင်ရောက်မေးမြန်းရာ မ၀င်းမော်ဦး ဖြစ်ကြောင်း သူနာပြုဆရာမက သူမ၏ ဆေးမှတ်တမ်းအား ထုတ်ပြခဲ့ပါသည်။ သို့ပေမယ်. မိဘများရောက်လာသည်အထိ မေ့ဆေးမပြယ် သေးသဖြင့် သတိမရသေးပါ။ သူမမေ့နေချိန်၌ လူခွဲပြီး အိမ်ကို သူမအခြေအနေပြောရန် လူလွတ်ရပါသည်။ အချိန်မကြာပါ သူနာပြုဆရာမ မှခေါ်ပြီး သူမတွင် အသက်မရှိတော့ကြောင်း ပြောပါသည်။

"မ၀င်းမော်ဦး" သည် ၁၉.၉.၈၈ -ခုနှစ် ညနေ ၅း၃၅ နာရီတွင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးလှူခဲ့ပါသည်။

(နိုင်ငံသူနိုင်ငံသားအချင်းချင်း ၊ ကမ္ဘာသူကမ္ဘာသားအချင်းချင်း ၊ သက်ရှိအချင်းချင်း မေတ္တာထား ဆက်ဆံခြင်းဖြင့် ကမ္ဘာမြေတ၀ှမ်း အကြားမလပ် ငြိမ်းချမ်းသာယာကြပါစေ)

ပါသည်။



မီးမသဂြိုလ်ခင်မှာ နောက်ဆုံး တွေ့ရတဲ့ အာဇာနည် မဝင်းမော်ဦးရဲ့ နောက်ဆုံးပုံပါ...

"မ၀င်းမော်ဦး" သည် ၁၉.၉.၈၈ -ခုနှစ် ညနေ ၅း၃၅ နာရီတွင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးလှူခဲ့ပါသည်။
(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်မှ စစ်အာဏာ ပါးကွက်သားတွေရဲ့လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့.. မောင်တင်ထွန်း. မဝင်းမော်ဦးနှင့် မောင်သန်းဋ္ဌေး

အင်မတန်ကြေကွဲဖွယ် ကောင်းတဲ့ အဖြစ်အပျက်ပါ.. ခံစားချက်များစွာနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပြန်ပြောင်းသတိရရင်း အာဇာနည် မ၀င်းမော်ဦးရဲ့ အတ္တုပတ္တိကို ဖတ်လိုက်ရပါတယ်။ နှစ်စဉ်နှစ်တိုင်း စစ်အာဏာရှင် စံနစ်အောက် ထပ်မံကျရောက် ခဲ့ရသည့်.... စစ်အာဏာသိမ်း ပြီးနောက်တစ်နေ့၌ ကျဆုံးခဲ့ရတဲ့ (၁၉)ရက် (၉)လ ရောက်တိုင်း မဝင်းမော်ဦး အတွက် ဆွမ်းသွပ်တရားနာပွဲ နှစ်စဉ် မိသားစုမှကျင်းပ ပြုလုပ်ခဲ့ကြပါတယ်...။ မဝင်းမော်ဦး မသေဆုံးခင် ပြောသွားခဲ့တဲ့ မြန်မာပြည်မှာ ဒီမိုကရေစီရမှ သူ့အတွက် အမျှဝေပေးပါလို့ ရင်နင့်ဖွယ် မှာကြားသွားခဲ့တဲ့အတွက်.. ယခုအချိန်အထိ မဝင်းမော်ဦးအတွက် အမျှမပေးနိုင်သေးတာ (၂၂)နှစ်ရှိနေပါပြီ.... အာဇာနည်မဝင်းမော်ဦးကို အမျှပေးဝေနိုင်ဖို့ ကျွန်တော်တို့ အားလုံး မစွမ်းဆောင်နိုင်သေးပါဘူး.. မဝင်းမော်ဦး ကောင်းရာ သုဂတိလားပါစေ...။

ဒီမိုဝေယံ...

(နိုင်ငံသူနိုင်ငံသားအချင်းချင်း ၊ ကမ္ဘာသူကမ္ဘာသားအချင်းချင်း ၊ သက်ရှိအချင်းချင်း မေတ္တာထား ဆက်ဆံခြင်းဖြင့် ကမ္ဘာမြေတ၀ှမ်း အကြားမလပ် ငြိမ်းချမ်းသာယာကြပါစေ)

ဓာတ်ပုံ ပေးပို့သူ BP နှင့် blue.peaceforu အားကျေးဇူးတင်ပါသည်...။



လက်ရှိ လှိုင်သာယာက မဝင်းမော်ဦးရဲ့ မိဘတွေရဲ့ နေအိမ်ပါ....

(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်မှ ကျဆုံးသွားခဲ့ရတဲ့.. မ၀င်းမော်ဦး နှစ်ပတ်လည်များအား အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။ မ၀င်းမော်ဦးမိသားစုသည် တချိန်က ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်ခဲ့ပြီး အာဏာပိုင်တို့၏ အနှောက်အယှက် ပေးခဲ့မှုကြောင့် မိသားစုများ ဒုက္ခရောက်ပြီး မိသားစုလိုက် လှိုင်သာယာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ မဝင်းမော်ဦး မိသားစုအား လေ့လာချက်အရ အထက်ပါ.. အိမ်ကလေးတွင် လူအမြောက်အများ ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရပါသည်။ ထိုကြောင့် မ၀င်းမော်ဦး နှစ်ပတ်လည် ကျင်းပရန်လဲ ခက်ခဲခဲ့ပါသည်။ နောက်ပိုင်းနှစ်များအား ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှား သူများမှ ဖိတ်စာမှစပြီး တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ မ၀င်းမော်ဦး၏ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံခဲ့မှုအား အသိအမှတ် ပြုသူများအနေဖြင့် အာဇာနည် ကျောင်းသူ မ၀င်းမော်ဦး၏ နှစ်ပတ်လည် နှစ်စဉ်နှစ်တိုင်း ဖြစ်မြောက်ရေးအား ၀ိုင်းဝန်းကူညီကြပါရန် ... ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။ blue.peaceforu@gmail.com , babagyi67@gmail.com skype-shwekyaungtharr 0044-07915157660 shwekyaungtharr@gmail.com သို့ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများ
(မြန်မာနိုင်ငံ)
ပုံပြင်မဟုတ် ဒဏ္ဍာရီမဟုတ် လုပ်ကြံဖန်တီးထားတဲ့ ပုံမဟုတ်ပါ။ ရှစ်ဆယ့်ရှစ်မှာ စစ်တပ်က တကယ်ပစ်သတ်ခံရလို့ တကယ်သွေးမြေကျခဲ့တဲ့ ကျောင်းသူစစ်စစ် ဖြစ်ပါတယ်။ ဒီပို့စ်ကို ဒီမိုဝေယံ ဘလော့ဂ်မှ ကူးယူဖေါ်ပြထားပြီး သူမတကယ်ကျဆုံးခဲ့တဲ့ ၁၉ ရက်နေ့ကျမှ ကိုယ်တိုင်ရေးတဲ့ ၀မ်းနည်းကြောင်း ဂုဏ်ပြု အမှတ်တရဆောင်းပါးတင်မှာ ဖြစ်ပါတယ်။ (9/17/10 9:22 PM မှာ တင်တဲ့ပို့စ်ကို အပေါ်ခဏ ပြန်တင်ထားပါတယ်။)

မ၀င်းမော်ဦးနဲ့ အဲဒီတုန်းက ကျဆုံးခဲ့ရတဲ့ အာဇာနည်များအားလုံး ကောင်းရာသုဂတိလားကြပါစေ။