မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label သမိုင်းဝင်နေ့များ. Show all posts
Showing posts with label သမိုင်းဝင်နေ့များ. Show all posts

ABSDF မကဒတ ၂၇ နှစ် မွေးနေ့ အခမ်းအနားတွင် Dr Myint Cho ပြောကြားသော ရွေးကောက်ပွဲ သုံးသပ်ချက်




“ရွေးကောက်ပွဲကို ကြီးကြပ်ပေးရမည့် ဒိုင်လူကြီးဖြစ်တဲ့ ကော်မရှင်ခေါင်းဆောင်တွေဟာ စစ်အစိုးရခေတ်က ဗိုလ်ချူပ်ကြီးဟောင်းနဲ့ စစ်ဗိုလ်ဟောင်းတွေ၊ လက်ရှိစစ်ဗိုလ်တွေ အများစုဖြစ်တဲ့အပြင် အာဏာရပြည်ခိုင်ဖြိုးပါတီနဲ့ မကင်းရာမကင်းကြောင်းတွေ ဖြစ်နေကြပါတယ်။ ဒီလူတွေဟာ နိုင်ငံတကာ ရွေးကောက်ပွဲ စံတွေကို မသိကြတဲ့အပြင် လိုက်နာအကောင်အထည် ဖေါ်ချင်တဲ့သူတွေလည်း မဟုတ်ကြဘူး။ လုပ်နိုင်တဲ့ အရည်အချင်းလည်း မရှိတာကြောင့် ဘက်မလိုက်တဲ့ မျှမျှတတ ဆောင်ရွက်မည့် ကော်မရှင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”

အားလုံး မင်္ဂလာပါ အခုလိုအရေးကြီးတဲ့ နိုင်ငံရေး အခမ်းအနားမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သုံးသပ်ပြောကြားဘို့ ဘိတ်ကြားတဲ့ ABSDF သြစကြေးလျား ဌာနခွဲကို ကျေးဇူးတင်တဲ့အကြောင်း အရင်ဆုံး ပြောကြားလိုပါတယ်။ 
 
အားလုံး သိကြတဲ့အတိုင်း လာမည့်နိုဝင်ဘာလ (၈) ရက်နေ့ဆိုရင် မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ (၉၃) ပါတီက ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ စုစုပေါင်း (၆၀၇၈) ဦးဟာ လွှတ်တော်နေရာ (၁၁၇၁) နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်သလို ပြည်သူ (၃၂) သန်းကျော်ကလည်း မဲပေးကြရတော့မှာ ဖြစ်ပါတယ်။ 
 
သြစကြေးလျား အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ဒီရွေးကောက်ပွဲကြီး လွတ်လပ်ပြီး တရားမျှတစေဘို့အတွက် ငွေကြေးနဲ့ နည်းပညာအကူအညီတွေ အားလုံး မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ကို ပေးနေကြပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေကိုလည်း စေလွှတ်ထားကြပြီး ဖြစ်တယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲကြီးဟာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အကန့်အသတ်ကြောင့် လက်ရှိရွေးကောက်ပွဲ ကော်မရှင်ရဲ့ မရိုးမသား လုပ်ရပ်နဲ့ လက်ရှိအစိုးရရဲ့ မမသာလုပ်ရပ်တွေကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ကျနော်သုံးသပ်ပါတယ်။ ကျနော်နည်းနည်း ထပ်ရှင်းချင်ပါတယ်။
ဒီရွေးကောက်ပွဲကို စစ်အစိုးရ အတည်ပြုထားတဲ့ (၂၀၀၈) ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေအရ ကျင်းပရတာဖြစ်လို့ ဒီအခြေခံဥပဒေအရ လွှတ်တော်အသီးသီးရဲ့ နေရာ (၇၅) % ကိုသာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခွင့် ရပါတယ်။ ကျန်တဲ့ (၂၅) % ကို ကာကွယ်ရေးဦးစည်းချုပ်က ရွေးချယ်ခန့်အပ်တဲ့ စစ်ဗိုလ်တွေအတွက် နေရာချန်ထားပေးရပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီကိုလည်း သမ္မတ ရွေးချယ်ခွင့် အစိုးရဖွဲ့ခွင့် တိုက်ရိုက်မပေးပါဘူး။ စစ်ဗိုလ် (၂၅) % နဲ့ထိမ်းချုပ်ထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ရွေးချယ်ရေးအဖွဲ့ကတဆင့် ရွေးချယ်ရပါတယ်။ ဒါကြောင့် စစ်တပ်က ထောက်ခံတဲ့ USDP ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ လွှ့တ်တော်နေရာ (၂၆)% ရရင်ပဲ စစ်တပ်က (၂၅) % ပေါင်းလို့ (၅၁) % ကျော်ရရင် စိတ်ကြိုက်သမ္မတရွေးခွင့်ရပြီ။ အဲဒီသမ္မတက ဆက်ပြီးအစိုးရသစ် ဖွဲ့နိုင်သွားပါတယ်။ ဒါပေမဲ့ NLD အနေနဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တွေမှာ ရော (၆၅)% ကျော်ရမှ ပြည်ထောင်စုလွှတ်တော် နေရာစုစုပေါင်းရဲ့ (၅၁) % ဖြစ်မှာမို့ အင်မတန်ခက်ခဲအောင် လုပ်ထားတာကို တွေ့ရပါတယ်။ 
 
ရွေးကောက်ပွဲကို ကြီးကြပ်ပေးရမည့် ဒိုင်လူကြီးဖြစ်တဲ့ ကော်မရှင်ခေါင်းဆောင်တွေဟာ စစ်အစိုးရခေတ်က ဗိုလ်ချူပ်ကြီးဟောင်းနဲ့ စစ်ဗိုလ်ဟောင်းတွေ၊ လက်ရှိစစ်ဗိုလ်တွေ အများစုဖြစ်တဲ့အပြင် အာဏာရပြည်ခိုင်ဖြိုးပါတီနဲ့ မကင်းရာမကင်းကြောင်းတွေ ဖြစ်နေကြပါတယ်။ ဒီလူတွေဟာ နိုင်ငံတကာ ရွေးကောက်ပွဲ စံတွေကို မသိကြတဲ့အပြင် လိုက်နာအကောင်အထည် ဖေါ်ချင်တဲ့သူတွေလည်း မဟုတ်ကြဘူး။ လုပ်နိုင်တဲ့ အရည်အချင်းလည်း မရှိတာကြောင့် ဘက်မလိုက်တဲ့ မျှမျှတတ ဆောင်ရွက်မည့် ကော်မရှင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူတို့ရဲ့ မဲစာရင်းတွေမှာ မဖြစ်သင့်တဲ့ အမှားအယွင်းတွေနဲ့ ပြည့်နှက်နေပြီး ဒီကိစ္စကြောင့် မဲပေးပိုင်ခွင့်ရှိသူ သန်းချီပြီး မဲပေးခွင့် ဆုံးရှုံးနေသလို သေဆုံးပြီးတဲ့သူတွေနဲ့ တခါမှ မရှိတဲ့သူတွေ နာမည်တွေ ပါနေတာကလည်း ပြည်ခိုင်ဖြိုးပါတီအတွက် ဒီမဲတွေကို ဖန်တီးပေးထားသလို ဖြစ်နေပါတယ်။ အတိုက်အခံ ပါတီတွေက အမတ်လောင်း (၁၀၀) နီးပါးကိုလည်း ရွေူးကောက်ပွဲ မ၀င်နိုင်အောင် ပယ်ဖျက်ထားသလလို ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်က တိုက်ပွဲမဖြစ်တဲ့ တချို့မြို့တွေကိုလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ မကျင်းပဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ဒါအပြင် ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ လူထုကို ငွေ (၃၀၀၀) စီပေးတာ၊ ဒန်ပေါက်ကျွေးပြီး စည်းရုံးတာ သူတို့ပါတီကို မဲပေးရင် ကွန်ကရက် လမ်းခင်းပေးမယ်၊ မီတာပုံးတွေပေးမယ်၊ ဆိုလာပြားတွေပေးမယ်၊ မှတ်ပုံတင်လုပ်ပေးမယ် ဆိုပြီး ပြောဆိုစည်းရုံးတာတွေဟာ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖေါက်ရာ ရောက်ပေမဲ့ အရေးမယူဘဲ လစ်လျှူ ရှုထားပေးတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲ ကော်မရှင်ဟာ ဘယ်လိုမှ တရားမျှတမှု မရှိဘူးလို့ ပြောနိုင်ပါတယ်။ 
 
လက်ရှိဦးသိန်းစိန် အစိုးရကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို ငြိမ်းချမ်းစွာ ကျင်းပပေးမယ်လို့ ဂတိပြုထားပေမဲ့ ဂတိအတိုင်း မလုပ်ပါဘူး။ သူ့ရဲ့ ပြည်ခိုင်ဖြိုးပါတီကို ဘက်ပေါင်းစုံ ပံ့ပိုးပေးနေချိန်မှာပဲ အတိုက်အခံ NLD ပါတီနဲ့ တခြားပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို နည်းအမျိုးမျိုးနဲ့ ကန့်သတ်ချူပ်ချယ်ထားပါတယ်။ ပြည်ခိုင်ဖြိုးပါတီနဲ့ဆက်နွယ်နေတဲ့ အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းနဲ့ ထောက်ခံသူ လူဆိုးလူမိုက်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် စော်ကားတိုက်ခိုက်တဲ့ အပြောအဆို၊ စာရွက်စာတမ်းတွေ ဖြန့်ပြီး NLD ကို မဲမထည့်ရအောင် လုပ်နေတဲ့ လုပ်ရပ်တွေကို အစိုးရက အရေးယူရမည့်အစား လစ်လျှူရှုထားပေးတယ်။ လွှတ်ထားပေးနေတယ်။ ဘာသာရေးကို ခုတုံးလုပ်ပြီး အကြမ်းဖက်မှုတွေ ဖြစ်အောင် ဆွပေးနေတာကိုလည်း အရေးမယူဘဲ လွှတ်ထားပေးတယ်။ နိုင်ငံတကာက ဒီကိစ္စကို ထောက်ပြဝေဘန်ပြေီး သတိပေးတော့ လူမိုက်အများစုပါတဲ့ ရွေးကောက်ပွဲ အထူးအရံ ရဲအဖွဲ့ဆိုတာကို လူလေးသောင်းကျော်နဲ့ ဖွဲ့စည်းခဲ့ပြန်တယ်။ ဒီလူတွေဟာ ခေတ်အဆက်ဆက်က NLD ကိုအကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေ၊ ကျောင်းသားဆန္ဒပြမှုတွေကို အင်အားသုံး တိုက်ခဲ့ကြသူတွေ အများစု ဖြစ်တာမို့ ပိုတောင်အန္တရယ်ကြီးပါတယ်။
 
တကယ်လို့ NLD ကိုဖြစ်ဖြစ် တိုင်းရင်းသားလူမျိုးပါတီကိုဖြစ်ဖြစ် ထောက်ခံတဲ့ နယ်မြေဒေသတွေမှာ အကြမ်းဖက်မှုတွေ ဖြစ်လာရင် လုံခြုံရေး အကြောင်းပြပြီး ရွေးကောက်ပွဲတွေ ဖျက်သိမ်းလိုက်ပြီး လွှတ်တော်နေရာ (၇၅)% ထဲက နောက်ထပ် ရာခိုင်နှုန်းတချို့ လျှော့သွားအောင် ထပ်လုပ်ဦးမယ်လို့ ကျနော်ထင်တယ်။ ဒါဆိုရင် NLD အနိုင်ရရင်တောင် လွှတ်တော်နေရာ (၅၀)% မကျော်တော့ပါဘူး ဒီလိုဖြစ်အောင်လည်း ရွေးကောက်ပွဲ ကော်မရှင်ရယ၊် အစိုးရရယ၊် ပြည်ခိုင်ဖြိုးပါတီရယ် မဟာဗျူဟာ လုပ်ငန်းစဉ်ချပြီး လုပ်နေတာပါ။ ဒီအချက်တွေကြောင့် လာမည့်ရွေးကောက်ပွဲကို လွှတ်လပ်ပြီး တရားမျှတမှု တစိတ်တပိုင်း ရှိအောင်လုပ်ဘို့ အင်မတန် ခက်ခဲပါတယ်။ ဒါပေမဲ့ အတိုက်အခံပါတီတွေနဲ့ ပြည်သူတွေကတော့ သပိတ်မှောက်ဘို့လည်း မဖြစ်နိုင်တော့တဲ့အတွက်ကြောင့် မတရားမှုတွေကို ရင်ဆိုင်ရင်းပဲ ရှေ့ဆက်လျှောက်နေကြရတယ်။ ဒီအတွက် နိုင်ငံတကာရဲ့ တွန်းအား၊ ဖိအားပေးမှုတွေက ပိုအရေးကြီးလာပါတယ်။ 
 
လောလောဆယ်မှာ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံး (၉) ခုက ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး သတိပေး ဖိအားပေးတာရှိတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က အစီရင်ခံစာ ရေးပြီး လက်ရှိမတရားမှုတွေကို တင်ပြတာ မှန်မှန်ကန်ကန် ဆောင်ရွက်ဘို့ တောင်းဆိုတာ ရှိတယ်။ အမေရိကန် အစိုးရကလည်း ဒီကိစ္စတွေကို မျက်မှာလွှဲထားမှာ မဟုတ်သလို ရွေးကောက်ပွဲ ဘယ်လိုကျင်းပသလဲ ဘယ်လိုရလဒ်ထွက်သလဲ၊ ဒီရလဒ်အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီသဘောထား၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေရဲ့ သဘေထား၊ သတင်းမီဒီယာတွေရဲ့ သဘေထားတွေကို ထည့်သွင်းစဉ်းစားပြီးမှ ရွေးကောက်ပွဲအလွန် ပေါ်လာမည့် အစိုးရသစ်နဲ့ ဆက်ဆံရေး အနေအထားကို ဆုံးဖြတ်မယ်လို့ တရားဝင်ထုတ်ဖေါ် သတိပေးထားပါတယ်။ 
 
ကျနော်တို့ဟာ သြစကြေးလျားမှာ နေကြမှာမို့ သြစကြေးလျား အစိုးရက အလားတူတုန့်ပ်ြလာဘို့ စည်းရုံး ကြိုးပမ်းကြဘို့၊ နိုင်ငံတကာဆိုတာ သူတို့အကျိုးစီးပွားကို အဓိကထားတာမို့ ကျနော်တို့ နိုင်ငံအကျိုးအတွက် ဘာမှ သိပ်မလုပ်ပေးနိုင်ဘူးလို့ မြင်တဲ့သူတွေ ရှိပါတယ်။ ကျနော်တို့အနေနဲ့ ဒီအချက်တွေကို တစိတ်တပိုင်း လက်ခံခဲ့ပေမဲ့ ပြည်တွင်းက နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေအနေနဲ့ အခက်အခဲ အကြပ်အတည်း ဖြစ်နေချိန်မှာ နိုင်ငံတကာရဲ့ အကူအညီကို ရနိုင်သလောက် ရအောင်ယူဘို့ နိုင်ငံတကာဖိအားတွေ၊ တွန်းအားတွေနဲ့ ရွေးကောက်ပွဲမှာ တတ်နိုင်သလောက် လွတ်လပ်မှု ရှိအောင် ၀ိုင်းဝန်းကျိုးပမ်းပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
 
နိဂုံးချူပ်အနေနဲ့ ဒေါ်အောင်စုကြည် ဦးဆောင်တဲ့ NLD ကိုလွှတ်တော်နေရာ အများဆုံး အနိုင်ရအောင် အစိုးရဖွဲ့နိုင်အောင် အားလုံးက ဘက်ပေါင်းစုံ ပံ့ပိုးကူညီပေးကြဘို့ အစိုးရဖြစ်လာရင်လည်း NLD က ဆက်လက်ကြိုးပမ်းမည့် တရားဥပဒေ စိုးမိုးရေး အပစ်အခတ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ Constitution ဖွဲ့စည်းပုံအခြေဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်လက်အားပေး ထောက်ခံကူညီပေးကြဘို့ တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
 
ဒေါက်တာမြင့်ချို (၃၁-၁၀-၂၀၁၅)


ဖေဖေါ်ဝါရီ ၁၃ ရက် ဗိုလ်ချုပ် မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့

ကလေးများ ဗိုလ်ချုပ်အောင်ဆန်ရဲ့ ကြီးမြတ်သော ကိုယ်ကျိုးစွန့် အနစ်နာခံမှုနှင့် ရဲစွမ်းသတ္တိကို အားကျနိုင်စေရန်အတွက် နှစ်စဉ်နှစ်တိုင်း ဖေဖေါ်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို မြန်မာနိုင်ငံရဲ့ ကလေးများနေ့ အဖြစ်သတ်မှတ်ထားပါတယ်လို့ ငယ်ငယ်က သုံးတန်း မြန်မာဖတ်စာအုပ်ထဲမှာ ပါတဲ့ ကမ္ဘာ့ကလေးများနေ့ ခေါင်းစဉ်အောက်က သင်ခန်းစာမှာ သင်ရပါတယ်။ ဘ၀တလျှောက်လုံးမှာ သူ့ရဲ့ အချိန်တွေကို တိုင်းပြည်နှင့်လူမျိုးအတွက်ပဲ ပေးဆပ်သွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကမ္ဘာမှာ ပေါ်ထွန်းခဲ့ဖူးသော တော်လှန်ရး၊ နိုင်ငံရေး ခေါင်းဆောင်များအနက် အသက်အငယ်ဆုံး နိုင်ငံခေါင်းဆောင် (သို့) အမျိုးသားခေါင်းဆောင် အဖြစ်လည်းကောင်း၊ တိုင်းပြည်နှင့်လူမျိုးအတွက် ဘ၀သက်တမ်းရဲ့ အချိန်အများစုကို အတုမရှိသော ကိုယ်ကျိုးစွန့် အနစ်နာခံသူအဖြစ်လည်းကောင်း ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းမှာ လူသိရှင်ကြား (World Record) အဖြစ် မှတ်တမ်းတင်ကျန်နေသင့်တဲ့ အချိန်မှာ ယနေ့ခေတ် မြန်မာ့သမိုင်းမှာတောင် သူ့ရဲ့ အခန်းကဏ္ဍတွေကိုကောင်းစွာ ဖေါ်ပြခံရခြင်း မရှိသည်မှာ တကယ်ပဲ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ ဒီပို့စ်မှာ ဗိုလ်ချုပ်အောင်ဆန်းသီချင်း ဗွီဒယိုနှင့် စာသား၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်းတို့ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၅) နှစ်မြှောက် မွေးနေ့နှင့် မြန်မနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။


မဆလခေတ်က မူလတန်းအရွယ် ကျောင်းသားများကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲဘော်သုံးကျိပ်ဝင် နာမည်ဖြစ်တဲ့ သခင်အောင်ဆန်း ခေါ် ဗိုလ်တေဇကို အကြောင်းပြု၍ တေဇလူငယ်လို့ ခေါ်ပါတယ်။ အောင်ဆန်းဇာနည် ကဗျာလို ကျောင်းဖတ်စာအုပ်ထဲမှာ မပါဘဲ ငယ်ငယ်တုန်းက မကြာခဏ ဆိုရလေ့ရှိတဲ့ တေဇလူငယ်သီချင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့နီးတိုင်း သီဆိုရတဲ့ ကဗျာလေးကို အခုထိ သတိရနေပါတယ်။

 တေဇလူငယ် သီချင်း တေဇလူငယ် တို့လူငယ်
ပြည်ကျိုးတိုးစေကွယ်
အပြောအဆိုများမှာ
လိမ္မာရေးခြား ရှိကြရပါတယ်
နေထိုင်ရာမှာ စည်းကမ်းရှိမယ်
ပညာသင်ရာမှာ စည်းကမ်းရှိမယ်
တေဇလူငယ်များတို့ရယ်...

တို့တေဇလူငယ်
စည်းကမ်းရိုသေတယ်
လူတော်လူကောင်းဖြစ်အောင် ကြိုးစားကြရမယ်
ကျောင်းစာများကိုကွယ်
နေ့စဉ် ကျက်အံမယ်
နောင်တချိန်မှာ တိုင်းပြည် အကျိုးပြုမယ်..


ကဗျာ (နာမည်နဲ့ ရေးသူနာမည် မသိပါ)


ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူလိုကိုယ်ကျိုး စွန့်ဖို့ပင်
ငွေကိုမခင် ဂုဏ်မမက်
အာဏာအဆိပ် ထိပ်မတက်


ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူလိုရဲသွေး မွေးဖို့ပင်
ရန်သူဆိုလျှင် မကြောက်တတ်
မြန်မာ့သတ္တိစမ်းချင်စမ်း


ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင် 
သူလိုတာဝန်သိဖို့ပင်
မိခင်တိုင်းပြည် လွတ်မြောက်ကြောင်း 
ထမ်းဆောင်ခဲ့တဲ့သူရဲကောင်း


မူလတန်းအဆင့် ပညာသင်ကြားရစဉ်က မကြာခဏ ဆိုရတဲ့ သီချင်းနဲ့ ကဗျာ ဖြစ်ပါတယ်။ ဒီလို ပြန်ပြောနေခြင်းမှာ မဆလစနစ်ကို ပြန်ပြီး တမ်းတနေခြင်းမဟုတ်ဘဲ ဗိုလ်တေဇဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျွန်မတို့ နှလုံးသားထဲမှာ သံမှိုနဲ့ ရှိုက်သွင်းထားသလို နက်ရှိုင်းစွာ ရှိနေခဲ့တယ်ဆိုတာကို ပြောပြလိုခြင်းသာ ဖြစ်ပါတယ်။ မဆလနှင့် န၀တ၊ နအဖဟာ ဘာမှမကွာသော်လည်း မဆလခေတ်မှာ တခြားနေရာတွေဘယ်လောက်ပဲ ဆိုးခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းပြည်ရဲ့ ကျေးဇူးရှင်၊ တပ်မတော်ရဲ့ ဖခင်အဖြစ် အသိအမှတ်ပြုခဲ့တာကိုတော့ အဆိုးထဲက အကောင်းအဖြစ် ရှားရှားပါးပါး မှတ်တမ်းတင်အပ်တဲ့ အရာအဖြစ် ကျွန်မ အသိအမှတ်ပြုပါတယ်။ ကျွန်မတို့ ငယ်ငယ်က ကလေးများနေ့နှင့် ပြည်ထောင်စုနေ့ကို ကျရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် သမိုင်းမှတ်တမ်းများကို ဆရာဆရာမတွေက ဟောပြောပွဲတွေ လုပ်ပြီးတော့ ပြောပြခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁၂ နှင့် ၁၃ ရက်နေ့ မတိုင်ခင် ရက်တွေမှာ ကလေးများအား ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်စဉ်ဘ၀က အကျင့်စရိုက်တွေနှင့် လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ ကာလတလျှောက် သမိုင်းဖြစ်ရပ်တွေကို ကျွန်မတို့ ရင်ထဲနှလုံးထဲ အခုထိ စွဲနေအောင် ဆရာဆရာမတွေက ပြောပြခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတွေကို နားထောင်ပြီးတိုင်း တိုင်းပြည်အတွက် လိုအပ်လာလျင် ဗိုလ်ချုပ်အောင်ဆန်းလို ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အသက်စွန့်ကြိုးပမ်း ဆောင်ရွက်ပါမယ် ဆိုတဲ့ သိန္နိဋ္ဌာန်ကိုလည်း ကျွန်မတို့ အကြိမ်ကြိမ် ချခဲ့ဖူးပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်း


ဗိုလ်ချုပ်အောင်ဆန်းကို မကွေးတိုင်း နတ်မောက်မြို့တွင် မြန်မာနှစ် ၁၂၇၆ ခုနှစ်(ပြာသိုလဆန်း (၂) ရက်နေ့) ခရစ်နှစ် ၁၉၁၅၊ ဖေဖေါ်ဝါရီ (၁၃) ရက် စနေနေ့မှာ ဖွားမြင်သည်။ ဖခင်မှာ အမိန့်တော်ရ ရှေ့နေဦးဖာ၊ မိခင်မှာ ဒေါ်စု ဖြစ်သည်။

နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်း၊ ရေနံချောင်းမြို့အမျိုးသားအထက်တန်းကျောင်းနှင့် ရန်ကုန် တက္ကသိုလ်တို့တွင် ပညာသင်ခဲ့သည်။

၁၉၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအမှုဆောင် အဖွဲ့ဝင်၊ အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

ထိုနှစ် အိုးဝေမဂ္ဂဇင်း အင်္ဂလိပ်စာ ကဏ္ဍတွင်ပါသည့် “ခွေးသရမ်းကြီး (ငရဲခွေးကြီး) လွတ်နေပြီ” ဆောင်းပါးနှင့် ပတ်သက်၍ တက္ကသိုလ် အာဏာပိုင်တို့က အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်ခဲ့ပါသည်။

ထို့ကြောင့် ကျောင်းသားများ သပိတ်မှောက်ကြရာ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့သည်။
၁၉၃၇ ခုတွင် ၀ိဇ္ဇာဘွဲ့ကိုရသည်။ ၁၉၃၇-၃၈ ခုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီးလျှင် တို့ဗမာ အစည်းအရုံးသို့ ၀င်ရောက်၍ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။

ထို့နောက် ရဲဘော် သုံးကျိပ်ကို ဦးဆောင်၍ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကိုဖွဲ့စည်းကာ မြန်မာနိုင်ငံအတွင်းသို့ ချီတက်ခဲ့သည်။

မြန်မာနိုင်ငံကို ဂျပန်များ သိမ်းပိုက်ပြီးနောက် ဗမာ့ကာကွယ်ရေး တပ်မတော်ဖွဲ့သောအခါ စစ်သေနာပတိ ဖြစ်လာသည်။

၁၉၄၃ ခု ဂျပန်ခေတ် အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေး ၀န်ကြီးတာဝန်ကို ယူခဲ့သည်။

ဖက်ဆစ် ဂျပန်ကို တော်လှန်ရန် ”ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်” ကို လျှိ့ဝှက်ဖွဲ့စည်းသောအခါ ထိုအဖွဲ့တွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၄၅ ခု မတ်လ (၂၇) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ကာ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။

အင်္ဂလိပ် ပြန်ဝင်လာသောအခါ ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) အဖွဲ့ချုပ် ဥက္ကဌအဖြစ် ဆောင်ရွက်လျက် လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သည်။ အစိုးရအဖွဲ့ကိုလည်း ခေါင်းဆောင်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလန်နိုင်ငံသို့ သွားရောက် ဆွေးနွေးခဲ့ပြီးနောက် အောင်ဆန်း ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည်။

၁၉၄၇ ဖေဖေါ်ဝါရီလ ၁၂ ရက်ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၌ တောင်တန်းဒေသနှင့် မြန်မာပြည်မ လွတ်လပ်ရေးကို အတူတကွ တပြိုင်တည်း ရရှိရန် တောင်တန်းသားခေါင်းဆောင်များနှင့် သဘောတူညီချက် ရယူသည့် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။

၁၉၄၇ ခု ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်၌ နောက်ဆုံးမိန့်ခွန်းကို ဟောပြောခဲ့ပါသည်။
၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် အတွင်းဝန်ရုံး၌ အစည်းအဝေး ကျင်းပနေစဉ် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရရှာသည်။


ဗိုလ်ချုပ်အောင်ဆန်းသည် စာရေးစာဖတ် ၀ါသနာပါသူ ဖြစ်သည်။ စစ်မဖြစ်မီက ဒဂုန်မဂ္ဂဇင်းတွင် ဆောင်းပါးများ ရေးခဲ့သည်။ လွတ်လပ်ရေး ရပြီးလျှင် နိုင်ငံရေးမှ အနားယူလျက် စာအုပ်ရေးပြီး အေးအေးလူလူ နေရန် ကြံရွယ်ကြောင်း မိမိ၏ ဆန္ဒကို မကြာခဏ ထုတ်ဖေါ်ခဲ့ဖူးသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀နျင့် ပညာရေးအမြင်” ဆောင်းပါးမှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးသော အတ္ထုပ္ပတ္တိ တစိတ်တဒေသမှ ကောက်နှုတ်ထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရှင်းလင်းသော စာအရေးအသားကို လေ့လာနိုင်ပေသည်။


ဗိုလ်ချုပ်အောင်ဆန်း သီချင်း (စာသား)ပုံကို ဤနေရာမှ ကူးယူပါသည်။

(မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နှင့်လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်။ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်…)၂

ငါတို့မြန်မာပြည် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ်.. ငါတို့မြန်မာပြည် မိဘတိုင်းကကွယ် အာဇာနည်အစစ်တွေကို ရှိဖို့မွေးရမယ်…
အော်-- ဘုရာင့်နောင်နဲ့ ရာဇာဓိက္ကရစ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ် … မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေရဲ့ မြန်မာတွေ အောင်ပန်းဆွတ်ကြ ရှာလေတယ်…

(ရာဇ၀င် အတ္တုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂

တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ များဇာနည်နွယ် လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ် တို့ဗမာတွေစိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်…

(ရာဇ၀င် အတ္တုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂

(မြန်မာနိုင်ငံ ထူထောင်ရန်အတွက် မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်.. နေမျိုးသာကီ မြန်မာပြည်လက်ရုံး ကမ္ဘာနိုင်ငံလုံး ထင်ပေါ်စေတယ်.. စိတ်အားသန်သန် မာန်ကိုမလျှော့တယ် ငါတို့ လူမျိုးတန်ခိုးကြီးဖို့ သူရဲကောင်းတွေ ဂုဏ်ရည်တယ်… တကယ်ပင် သတိုး မဟာဗန္ဓုလရဲ့ အစွမ်းသတ္တိ ရာဇ၀င်ပြောင်တယ် သားကောင်းများလို့ ခေါ်ရလောက်ပေတယ် ဥဒါန်းမကျေစေဘွယ် မြန်မာသူရဲကောင်း အပေါင်းတွေရယ်)၂

(ရာဇ၀င် အတ္တုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂

(ဒီသီချင်းကို ကျွန်မတို့ ငယ်ငယ်တုန်းက သင်ရတဲ့ သုံးတန်းမြန်မာ ဖတ်စာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးနေတဲ့ ပန်းချီပုံနဲ့တကွ ဖေါ်ပြထားပါတယ်)



ဗွီဒယိုကို ဤနေရာမှ ကူးယူဖေါ်ပြပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိအကျဉ်းကို ငယ်ငယ်က သင်ခဲ့ရတဲ့ ကိုးတန်းမြန်မာစကားပြေ လက်ရွေးစဉ် စာအုပ်ထဲမှ ကူးယူဖေါ်ပြပြီး မူရင်းထဲတွင် မပါသည့်အချက်များကို စာလုံး အပြာများဖြင့် ဖြည့်စွက် ထည့်သွင်းထားပါတယ်။



မြန်မာနိုင်ငံ ကလေးများရဲ့ အနာဂတ် လှပပါစေ။
ဗိုလ်ချုပ်အောင်ဆန်းလို သူရဲကောင်းများ ထွန်းကားပါစေ။

2/13/10 6:34 PM မှာ တင်တဲ့ပို့စ်ကို ဗိုလ်ချုပ်မွေးနေ့အတွက် အပေါ်ခဏ တင်ထားပါတယ်။ ပြီးရင် သူ့နေ့စွဲရှိတဲ့နေရာမှာ ပြန်ထားမှာ ဖြစ်တယ်။ ကျေးဇူးပြုပြီး ဗိုလ်ချုပ်အောင်ဆန်းကို လေးစားသောအားဖြင့် ဒီပို့စ်အောက်မှာ မဆိုင်တဲ့ မှတ်ချက်တွေ မထည့်ကြပါနဲ့။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ပင်လုံစာချုပ်နှင့် ပြည်ထောင်စုတည်ဆောက်ရေး




ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ပြည်ထောင်စု စစ်စစ် နိုင်ငံတခု တည်ဆောက်ရေးအတွက် အခုထိ အရေးကြီးတဲ့ အချက်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးကို တောင်တန်းဒေသ တိုင်းရင်းသားများ လူမျိုးစုများနှ့င် တပြိုင်တည်း ရယူနိုင်ရန် တိုင်းရင်းသားတွေနှင့် အကြိတ်အနယ် ဆွေးနွေးပြီး ၁၂-၂-၄၇ မှာ ပင်လုံစာချုပ်ကို ချုပ်ဆိုပြီး သဘောတူညီမှု ရယူခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးလျှင် ဖွဲ့စည်းတည်ဆောက်မည့် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲရန် လမ်းညွန်ချက် ခုနှစ်ချက်ကိုလည်း ပြဋ္ဌာန်းခဲ့ပါတယ်။ အကယ်၍ မြန်မာနိုင်ငံကို ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့သည့် ခုနှစ်ချက်အတိုင်း ဖွဲ့စည်းနိုင်ခဲ့ရင် ပြည်ထောင်စု မြန်မာနိုင်ငံဟာ အခုချိန်မှာ ကမ္ဘာပေါ်မှာ အဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံတခုထဲ ပါဝင်နေနိုင်ပါတယ်။


ပင်လုံစာချုပ်အား ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ထိုးနေစဉ် (ကိုနစ်နေမန်းဆီမှ)
ပင်လုံစာချုပ်မှာ အချက်ကိုးချက် ပါဝင်ပြီး ကျန်တဲ့ အချက်တွေကို မလေ့လာလို့ ဖြစ်ပေမဲ့ နံပါတ် (၇) ချက်ဟာ ဘာကိုဆိုလိုလဲ ဆိုတာ အားလုံးလေ့လာသင့်တဲ့ အချက်ဖြစ်ပါတယ်။ ဗိုလ်ချုပ် လမ်းညွန်ချက် (၇) ချက်အထဲက နံပါတ် (၂) မှာပါတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာ ဆိုတာနှင့် ပင်လုံစာချုပ်ရဲ့ နံပါတ် (၇) မှာပါတဲ့ ဒီမိုကရေစီ နိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားပိုင်ခွင့် ရှိစေရမည် ဆိုတဲ့ အချက် ဒီနှစ်ခုကို ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကို တည်ဆောက်လိုသူ အားလုံး သိသင့်ပြီး၊ မသိသေးရင်လည်း လေ့လာသင့်တဲ့ အချက်တွေ ဖြစ်တယ်ထင်လို့ ပင်လုံစာချုပ်နှင့် ပြည်ထောင်စု ဖွဲ့စည်းမှုအတွက် ဗိုလ်ချုပ်လမ်းညွှန် (၇) ချက်ကို ဘလော့ဂ်မှာ သိမ်းထားလိုက်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ဒီလမ်းညွန်ချက် (၇) ချက်နှင့် ပင်လုံစာချုပ်ကို လေ့လာခြင်းဖြင့် ဗိုလ်ချုပ်ရဲ့ ပြည်ထောင်စုကြီးအပေါ် ဖြစ်စေချင်တဲ့ စေတနာ စည်းရုံးနိုင်တဲ့ စွမ်းရည်၊ တိုင်းရင်းသားတွေနဲ့ တန်းတူငြိမ်းချမ်းသာယာ ၀ဖြိုးတဲ့ ပြည်ထောင်စုကြီးကို တည်ထောင်လိုတဲ့ စေတနာတွေကို မြင်တွေ့ရနိုင်ပါတယ်။ (ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် ခုနှစ်ချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားတွေကို ဗိုလ်ချုပ်ကိုယ်တိုင် အစည်းအဝေးမှာ အကျယ်ပြန်ရှင်း ပြထားချက်များကိုလည်း နေရာအခက်အခဲကြောင့် ဒီဘလော့ဂ်ထဲမှာ မဖေါ်ပြနိုင်ပေမဲ့ လေ့လာမှတ်သားသင့်တဲ့ အချက်တွေအဖြစ် တွေ့ရပါတယ်။)


ပင်လုံစာချုပ် (၁၂-၂-၄၇)


မြန်မာပြည် ဘုရာင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်တချို့နှင့် စပ်ဖများ အားလုံးတို့အပြင် ရှမ်းပြည်နယ်များ၊ ချင်းတောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။

၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်ဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံက ရွေးချယ်၍ နယ်စပ်ဒေသများ ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

၂။ ဤအတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တဦးအဖြစ် ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသ ကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့် အာဏာကို ပေးအပ်ရမည်။

၃။ အဆိုပါ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယ အတိုင်ပင်ခံ နှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယ အတိုင်ပင်ခံ နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့် နယ်များ၏ ကိစ္စရပ်မျာကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန် ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်း ဥပဒေအရ တွဲဖက်တာဝန်ယူရသည့် မူအတိုင်း ရွက်ဆောင်စေရမည်။

၎။ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည် ဖြစ်သော်လည်း ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့် ရှိစေရမည်။

၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန် အဆိုပါ ကောင်စီက ပြုလုပ်နိုင်ခြင်း မရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသည့် မြန်မာပြည်တွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွတ်တော်က ဆုံးဖြတ်ရန် ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီ နိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားပိုင်ခွင့် ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင် အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရန်။

၉။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေး အကူအညီကို ထိခိုက်ခြင်း မရှိစေရ။ မြန်မာပြည်နှင့် အဒေသရာဇ် ရှမ်းပြည်နယ်မြေစုတို့၏ ဘဏ္ဍာရေး အစီစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူ အစီစဉ်များကို ထားရှိ ကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

မြန်မာနိုင်ငံတော် အစိုးရ
(ပုံ) အောင်ဆန်း
၁၂-၂-၄၇

ကချင်ကော်မတီ
(ပုံ) ဆမားဒူးဝါး ဆင်ဝါးနောင် (မြစ်ကြီးနား)
(ပုံ) ဇော်ရစ် (မြစ်ကြီးနား)
(ပုံ) ဒိန်ရတန် (မြစ်ကြီးနား)
(ပုံ) ဇော်လ (ဗန်းမော်)
(ပုံ) ဇော်လွန်း (ဗန်းမော်)
(ပုံ) လဗန်းဂရောင်း (ဗန်းမော်)

ချင်းကော်မတီ
(ပုံ) ဦးလွှာမှုန်း (အေတီအမ်၊ အိုင်တီအက်(စ်)အမ်၊ ဖလမ်း)
(ပုံ) ဦးသောင်ဇာခပ် (အေတီအမ်၊ တီးတိန်)
(ပုံ) ဦးကွယ်မန်း (အေတီအမ်၊ ဟားခါ)

ရှမ်းကော်မတီ
(ပုံ) ခွန်ပန်းစိန် (တောင်ပိုင်းစပ်ဖလုံ)
(ပုံ) စပ်ရွှေသိုက် (ညောင်ရွှေ စပ်ဖလုံ)
(ပုံ) စပ်ဟုံဖ (မြောက်ပိုင်း သိန္နီစပ်ဖလုံ)
(ပုံ) စပ်နွံ (လဲချားစပ်ဖလုံ)
(ပုံ) စပ်စံထွန်း (မိုင်းပွန်စပ်ဖလုံ)
(ပုံ) စပ်ထန်းအေး (သာမိုင်းစပ်ဖလုံ)
(ပုံ) ဦးဖြူ (သထုံစပ်ဖလုံ၏ ကိုယ်စားလှယ်)
(ပုံ) ခွန်ဖုံး (မြောက်ပိုင်း သနန္နီစပ်ဖလုံ)
(ပုံ) ဦးတင်ဧ
(ပုံ) ဦးထွန်းမြင့်
(ပုံ) ဦးကြာပု
(ပုံ) ဦးခွန်စော
(ပုံ)စပ်ရစ်ဖ
(ပုံ) ဦးခွန်ထီး

တိုင်းရင်းသားတွေနဲ့ ဗမာတွေအကြား ပြုလုပ်ခဲ့တဲ့
47 ခုဖွဲ့စည်းပုံနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွန်ချက် (၇) ချက်

(လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ပြဌာန်းချက်)။

တောင်တန်းဒေသများနှင့် ကရင်နီနယ်များ အပါအ၀င် ဖြစ်သော မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့၏ ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို့၏ အာသီသဆန္ဒနှင့် လျော်ညီစွာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စီစဉ်ရေးဆွဲရန် အလို့ငှာ၊ စုံညီစုဝေးလျက် အောက်ပါ ပြဋ္ဌါန်းချက်များကို ချမှတ်ကြကြောင်း။

၁။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံသပဒေ ဖြစ်စေရမည်။ ထို့ပြင်-

၂။ ပြည်ထောင်စု နိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံသပဒေက သတ်မှတ်ဖေါ်ပြသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံတွင် သတ်မှတ်ဖေါ်ပြထာသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ရှိစေရမည်။ ထို့ပြင်-

၃။ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော သမ္မတ မြန်မာနိုင်ငံတော်နှင့်တကွ အပါအ၀င်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာ ဟူသမျှတို့သည် တိုင်းသူပြည်ပြည်သားတို့ထံမှ သက်ဆင်းဆစရမည်။ ထို့ပြင်-

၎။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေး၌လည်းကောင်း၊ နိုင်ငံရေး၌လည်းကောင်း၊ တရားမျှတမှု ရှိစေလျက် အဆင့်အတန်း အခွင့်အရေးနှင့် ဥပဒေ သက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိတူညီစေရမည့်အပြင် တရားဥပဒေနှင့်သော်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ခွင့်၊ ၀တ်ပြုပိုင်ခွင့်၊ ပရိယေသန ရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံသတ်မှတ် ထားရှိစေရမည်။ ထို့ပြင်-

၅။ ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစုများအဘို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမည်။ ထို့ပြင်-

၆။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမတ မြန်မာနိုင်ငံ၏ နယ်မြေကို တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကို သော်လည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကိုသော်လည်းကောင်း တရားဓမ္မနှင့်တကွ ပြည်ထောင်ချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိစေမည်။ ထို့ပြင်-

၇။ ရာဇ၀င်တွင် ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ ဂုဏ်ကျက်သရေနှင့် လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တ၀ါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့်တကွ ကျင့်ဝတ်သိက္ခာကို အခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေ့ရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်ဘဲ တွဲဘက်ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။

ပြည်ထောင်စုနေ့ အတွက် အမှတ်တရပို့စ် ဖြစ်ပါတယ်။ ဗွီဒီယိုကို ဤနေရာမှ ကူးယူပြီး ပင်လုံ စာချုပ်ကို တို့ပြည်ထောင်စုကို တို့ချစ်သည် ဘလော့ဂ်မှ ကူးယူပြီး ပင်လုံစာချုပ်ပါ ဓါတ်ပုံများ အားလုံးကို ကိုဒီမိုဝေယံ ဘလော့ဂ်မှ ကူးယူဖေါ်ပြပါသည်။ ၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် ဗိုလ်ချုပ် လမ်းညွန်ချက် (၇) ချက်ကို ခွန်ကြာနု အမှာစကား ရေးထားသော ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း (သို့မဟုတ်) ဖက်ဒရယ်မူ စာအုပ်ထဲမှ ကူးယူဖေါ်ပြထားတယ်။ (၁၉၆၁ ခု၊ ဖေဖေါ်ဝါရီလ ၂၅ ရက် တောင်ကြီးမြို့တွင် ကျင်းပသော ပြည်လုံးကျွတ် ညီလာခံမှ အတည်ပြုသည်)

စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီးကို ထူထောင်ပြီး ပြည်ထောင်စု တိုင်းရင်းသား အားလုံး ချစ်ခင်ငြိမ်းချမ်းစွာဖြင့် အတူလက်တွဲ နေထိုင်နိုင်သည့် နေ့ကို အမြန်ဆုံး ရောက်လာပါစေလို့ ဆုတောင်းလျက်.. ပြည်ထောင်စုသားများ အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ။

၂၃-၂-၁၀ မှာ ပြန်လည် ဖြည့်စွက်ချက်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်ရွယ်နုပျိုတဲ့ အသက်အရွယ်နဲ့ ဒီလို အံ့မခန်းနိုင်တဲ့ စွမ်းဆောင်နိုင်မှုတွေကို ပေါ်လွင်စေချင်လို့ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုရာမှာ သူပြုခဲ့တဲ့ ဒီအရေးကြီးတဲ့ လုပ်ရပ်နှစ်ခုဟာ ပြည်ထောင်စုကြီးအတွက် ဘယ်လောက် အရေးကြီးခဲ့တယ်ဆိုတာ သီးသန့်ညွှန်းပြီး ကျွန်မ ဂုဏ်ပြုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးယူခဲ့စဉ်က အကယ်၍ ဒီလို တောင်တန်းဒေသတွေနဲ့ အတူတူတပြိုင်တည်း မယူနိုင်ခဲ့ရင် ပြည်မမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်းလည်း ဗြိတိသျှတွေက ချင်း၊ ကချင်၊ ရှမ်းပြည်နယ်တွေမှာ ဆက်လက်ကျန်ရှိနေမှာ ဖြစ်ပြီး မြန်မာပြည်မကို အချိန်မရွေး ပြဿနာထပ်ရှာဖို့ လွယ်ပါတယ်။ ရန္တပိုစာချုပ်နဲ့ မြန်မာပြည်အောက်ပိုင်း တခုလုံးကို သိမ်းသွင်းခဲ့သလို ဒုတိယ၊ တတိယ ရန္တပိုစာချုပ်လေးတွေ ဆက်ချုပ်လာရနိုင်ပြီး အချိန်မရွေး မြန်မာပြည်ကို ပြန်သိမ်းနိုင်သွားနိုင်ပါတယ်။ ဒါကို အရွယ်နဲ့မလိုက်အောင် လိမ္မာပါးနပ်စွာ သဘောပေါက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားတွေနဲ့ အခုလို သဘောတူညီမှုကို ရအောင် ယူနိုင်ခဲ့တာဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အံ့မခန်းလောက်တဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ကိုချုပ်ဆိုပြီးလို့ အနာဂတ်မှာ တည်ဆောက်မည့် ပြည်ထောင်စုအတွက် သူရေးထားတဲ့ လမ်းညွန်ချက်ကလည်း သိပ်ကို မျှတပါတယ်။

အင်္ဂလိပ်နဲ့ရော တိုင်းရင်းသားတွေနဲ့ပါ မြန်မာနိုင်ငံ လွတ်လပ်ရေးတွက် ဘာမှ ခဲရာခဲဆစ် ဆက်လက်ပြီး ဆောင်ရွက်စရာ မလိုလောက်အောင် ရေကန်အသင့် ကြာအသင့် ဖြစ်အောင် လုပ်ပေးခဲ့ပြီး မကြာခင်မှာပဲ မာသမာသူတွေရဲ့ လုပ်ကြံမှုကြောင့် လူ့လောကကို စွန့်ခွာသွားခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အခုချိန်မှာ တိုင်းပြည် အုပ်ချုပ်သူတွေက ဂုဏ်မပြုကြတဲ့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ၂၀၁၁ မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့ မိန့်ခွန်းမှာတောင် ဗိုလ်ချုပ်အောင်ဆန်းအကြာင်းနဲ့ ပင်လုံစာချုပ်သမိုင်းအကြောင်း တခွန်းမှ ထည့်မပြောသွားတာဟာ ကျေးဇူးရှင်ကို ကျေးဇူးကန်းရာ ရောက်တဲ့အပြင် တကယ်ကို မိုက်ရိုင်းစော်ကားရာ ရောက်ပါတယ်။ ပြည်ထောင်စုနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပင်လုံစာချုပ်အကြောင်း မပြောရင် တခြားဘာမှ ပြောစရာ အကြောင်း ရှိမယ်မထင်ပါ။ တိုင်းပြည်ကို ချစ်မြတ်နိုးသူအားလုံး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဆောင်ချက်တွေကို အမြဲမသွေ အသိအမှတ်ပြု လေးစားဂုဏ်ပြုနေရမှာ ဖြစ်ပါတယ်။

(12/2/10 2:51 တုန်းက တင်တဲ့ပို့စ်ကို ပြည်ထောင်စုနေ့အကြို အတွက် အပေါ်ခဏပြန်ဆွဲတင်ထားခြင်း ဖြစ်ပါတယ်။)

၂၄ နှစ်မြောက် ABSDF အခမ်းအနား (ဆစ်ဒနီ)


၂၄ နှစ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အခမ်းအနားနှင့် ABSDF တပ်ဖွဲ့ဝင်ဟောင်းများနှင့် မိတ်ဆွေများ ညစာ မိတ်ဆုံစားပွဲ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး သြစကြေးလျားနိုင်ငံ၊ နယူးဆောက်ဝေးဌာနခွဲမှ ကြီးမှူး၍ဆစ်ဒနီမြို့ Granville Youth Center တွင် 2/11/12 နေ့၌ ညနေ ၇ နာရီခန့်မှ ည ၁၀ နာရီခွဲခန့်အထိ ကျင်းပခဲ့ရာ နယူးဆောက်ဝေး ပြည်နယ်နှင့် သြစကြေးလျားနိုင်ငံ မြို့တော် ကမ်ဘာရာရောက် ABSDF တပ်ဖွဲ့ဝင် ရဲဘော်ဟောင်းများ၊ ဆစ်ဒနီရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းများများမှ အဖွဲ့သင်များ၊ ဆစ်ဒနီမြန်မာ ကွန်မြူနီတီအဖွဲ့ဝင်များ စုစုပေါင်း အင်အား၂၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြပါသည်။

အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် မျိုးဆက်သစ် ညီမငယ်တဦး ဖြစ်သူ သံစဉ်ရတနာက ဆောင်ရွက်ခဲ့ပြီး  ABSDF Australia, Sydney Branch မှ အတွင်းရေးမှူးများ အဖွဲ့ဝင် တဦးဖြစ်သူ ကိုသန်းထွဋ်ဆွေက အခမ်းအနားကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားကို ညနေ ၇ နာရီခန့်မှာ စတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး  ည ၁၀ နာရီခွဲခန့်အထိ ကျင်းပခဲ့ပါသည်။

 အခမ်းအနား အစီစဉ်များတွင် ပထမဦးစွာ အခမ်းအနားမှူးက အခမ်းအနား ဖွင့်လှစ်ကြောင်း စတင် ကြေညာပြီးနောက် တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို အလးပြုပြီး ABSDF မှာ တိုက်ပွဲဝင်ရင်း ကျဆုံးသေဆုံး ရဲဘော်များအား ဂုဏ်ပြုပြီး ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ် တမိနှစ်ငြိမ်သက်ခြင်းဖြင့် အခမ်းအနားအား စတင်ခဲ့ပါသည်။ ဒံပေါက်ထမင်းမြင့် ညနေစာ မိတ်ဆုံ စားသောက်နေစဉ် ABSDF ၂၄ နှစ်ကြာ လှုပ်ရှားခဲ့သည့် မှတ်တမ်းတင် ဓာတ်ပုံတွေကို ဆလိုက်ထိုး ပြသခဲ့ပါသည်။

ပြီးနောက် ဗွီဒီယိုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဥက္ကဌ ရဲဘော်သံခဲမှ ပေးပို့သော ဗီဒီယိုကို ပြသခြင်း၊ ABSDF ဗဟိုမှ ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခြင်း၊ ကိုသန်းထဋ်ဆွေမှ အခမ်းအနားဖြစ်မြောက်ရေးအတွက် လုပ်အား ငွေအားဖြင့် ၀ိုင်းဝန်းကူညီပေးသူများအား ကျေးဇူးတင်စကားနှင့် အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်အား ပြောကြားခြင်း၊ အခမ်းအနား အထိမ်းအမှတ်အဖြစ် အခမ်းအနားအကြိုနေ့ရက်တွေမှာ ကျင်းပခဲ့သည့် ပိုက်ကျော်ခြင်းပွဲတွင် ဆုရရှိသော အသင်းများစာရင်းကို ကိုနိုင်အောင်က ကြေညာပြီး ဆုချီးမြှင့်ခဲ့ပါသည်။ ပြီးနောက်မှာတော့ တေးဂီတ ဖျော်ဖြေမှု အစီစဉ်ဖြင့် အခမ်းအနားကို ဆက်တိုက်ကျင်းပသွားပြီး အဆုံးသတ်ခဲ့ပါသည်။
 
ABSDF ဗဟိုမှ ၂၄ နှစ်မြောက် ထုတ်ပြန်ချက်ကို ABSDF တပ်ရင်း (၂၀၇) မှ တပ်ဖွဲ့ဝင်ဟောင်းတဦး ဖြစ်ခဲ့သူ ကိုဝင်းဦးက ဖတ်ကြားပြီးနောက်၊ ကိုသန်းထွဋ်ဆွေက  အခမ်းအနားအတွက် ကဏ္ဍအသီးသီးမှာ လုပ်အား၊ ငွေအား ၀ိုင်းဝန်းကူညီပေးကြသူများအား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။  ပြီးနောက် တဆက်တည်းမှာ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ABSDF တပ်ဖွဲ့ဝင်ဟောင်းများအား ABSDF ကို နိုင်သည့်နည်းနှင့် ပံ့ပိုးကူညီကြရန် တိုက်တွန်း ပြောကြားသွားခဲ့ပါသည်။ ပြောကြားချက် အသေးစိတ်ကို အောက်မှာ ဖေါ်ပြထားပါသည်။   

အခမ်းအနားသို့  တက်ရောက်သူ တဦးချင်းစီအား လက်မှတ်တစောင်လျှင် ၁၅ ဒေါ်လာဖြင့် ကြိုတင်ရောင်းချထားခြင်း (သို့) အခမ်းအနားအ၀င်ဝတွင် ရောင်းချပြီး ABSDF ဗဟိုကို ပို့ပေးရန် အတွက် ရန်ပုံငွေကို စုဆောင်းခဲ့ပါသည်။ ညစာစားပွဲမှ လက်မှတ်ရောင်းချရာမှ ရရှိသည့် ရန်ပုံငွေအပြင် ABSDF တပ်ဖွဲ့ဝင်ဟောင်းမိသားစုတချို့မှ စေတနာထက်သန်စွာဖြင့် သီးသန့် ငွေသားထည့်ဝင်လှူဒါန်းခြင်းများလည်း ရှိကြောင်းသိရပြီး ညစာစားပွဲလက်မှတ် ရောင်းချ၍ ရရှိသောရန်ပုံငွေနှင့် ငွေသားသီးသန့်လှူဒါန်း၍ ရရှိသည့် ဤအခမ်းအနား အထိမ်းအမှတ်အဖြစ် ရရှိသော ရန်ပုံငွေ အားလုံးကို နယ်စပ်ဒေသများတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေသည့် ABSDF ဗဟိုသို့ ပို့ပေးမည်ဖြစ်ကြောင်း သိရပါသည်။ ကိုသန်းထွဋ်ဆွေ ပြောကြားခဲ့သည့် အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက် အသေးစိတ်ကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ကိုအေးပိုင်မှ ဒေါင်းတမန်သီချင်းကို သီဆိုနေစဉ်

ပိုက်ကျော်ခြင်း ဆုရသည့်အသင်းများ စာရင်းကို ကိုနိုင်အောင်က ကြေညာခဲ့ပြီး ပထမဆုကို ရရှိသည့် အသင်းကိုယ်စားလှယ် ကိုစနေက ဆုယူစဉ်

အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်

 မြန်မာနိုင်ငံရေးသမိုင်းမှာ စစ်အာဏာရှင်တွေဟာ လက်နက်မဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ခဲ့တယ်။ ဖိနှိပ်အုပ်ချုပ်မှုတွေရဲ့ အကျိုးဆက်အဖြစ် ABSDF ကျောင်းသားတပ်မတော်ဆိုတာ ပေါ်ပေါက်လာခဲ့တယ်ဆိုတာ မျိုးဆက်သစ် လူငယ်တွေကြားမှာ အမြဲသတိရနေစေချင်ပြီး စစ်အာဏာရှင်စနစ်ဆိုး မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထပ်မံမပေါ်ပေါက်ရန်အတွက် ပညာပေးအစီစဉ်တရပ်ဖြစ်တယ်။ ABSDF ရဲ့ စစ်အာဏာရှင်စနစ် တော်လှန်ရေးအတွင်း အသက် သွေးချွေးပေါင်းများစွာနဲ့ တိုက်ပွဲဝင်လာခဲ့ တိုက်ပွဲဝင်နေဆဲ ရဲဘော်တွေကို ငါတို့အသက်ခန္ဓ္ဒ‘ာတည်မြဲနေသ၍ ဘယ်တော့မှ မမေ့ဘူးဆိုတာ အသိအမှတ်ပြု လေးစားတဲ့အနေနဲ့ ကျင်းပတဲ့ပွဲဖြစ်သလို နောက်တခုက ဆစ်ဒနီမှာရှိတဲ့ ရဲဘော်ဟောင်းတွေသာမက ကျွန်တော်တို့ မိသားစုတွေဟာ မွေးနေ့ပွဲ ပါတီပွဲတွေမှာ ခဏခဏ တွေ့ခဲ့ကြပေမဲ့ ဒီလိုမျိုး တနေရာ တချိန်တည်းမှာ တွေ့ခဲ့တာမျိုး မဟုတ်တဲ့အတွက်ကြောင့် အေးအေးဆေးဆေး တွေ့ဆုံကြပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိရေးအတွက် ရည်ရွယ်ပါတယ်။


  ဒီနေ့ဟာ ၈၈ အရေးတော်ပုံကြီးကနေ ပုခုံးပြောင်းတာဝန်ပေးလိုက်လို့ ပေါ်ပေါက်လာတဲ့ ABSDF ဟာ ဦးတည်ချက် ၄ ရပ်ကိုချမှတ်ကာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ရပိုင်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပထမဦးဆုံး အသိအမှတ်ပြုခဲ့တဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ ကျောင်းသား လက်နက်ကိုင် တော်လှန်ရေးကို စတင်ထူထောင်ခဲ့တဲ့ ၂၄ နှစ်မြောက် နေ့ဖြစ်ပါတယ်။ ဒီနေ့ဟာ ဒီမိုကရေစီအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တာကို လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ဓါးဓါးချင်း လှံလှံချင်း ရင်ဆိုင်တိုက်ပွဲဝင်မယ်ဆိုပြီး လက်နက်ကိုင်လမ်းစဉ် ချမှတ်ကာ စစ်အာဏာရှင်ကို စိန်ခေါ်ခဲ့တဲ့ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ နေ့တနေ့ဖြစ်သလို တိုင်းရင်းသားလူမျိုးစုတွေက သူတို့ကြုံတွေ့ခံစားခဲ့ရတဲ့ ခါးသီးတဲ့အတွေ့အကြုံအရ ဗမာလူမျိုးတွေအပေါ် မြင်နေကြတဲ့ မဟာဗမာလူမျိုးကြီးဝါဒ ဆိုတဲ့ အမြင်တွေကို လျှော့နည်းစေပြီး ဗမာလူမျိုးများနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကြားမှာ နားလည်မှုတွေ စတင်ကြိုးပမ်းတည်ဆောက်ခဲ့တဲ့ သမိုင်းဝင်နေ့လည်း ဖြစ်ပါတယ်။

ယခုအချိန်မှာ အာဏာရှင်တဖြစ်လဲ အရပ်သားအမည်ခံ အစိုးရဲ့ ပြောင်းလဲမှုတွေဟာ ၎င်းတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ဖုံးကွယ်နိုင်ဖို့အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အကာအကွယ်ယူတဲ့ ပြောင်းလဲမှု ဖြစ်စဉ်တွေပဲဆိုတာ အားလုံးနားလည်ထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို အသေချူပ်ကိုင်ထားတာ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲနိုင်ခြင်းမရှိသေးတာ၊ လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြည်သူလူထုရဲ့ လယ်ယာမြေတွေ အဓမ္မသိမ်းတာ၊ တရားစီရင်နေရးမှာ အထက်အမိန့်အတိုင်း စီရင်ဆုံးဖြတ်နေတာ၊ နိုင်ငံရေး အကျည်းသားတွေ ကျန်ရှိနေသေးတာ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ခြင်း မရှိသေးတာ စတဲ့အချက်တွေကို ကြည့်ရင် လက်ရှိပြောင်းလဲမှုတွေဟာ တကယ်မဟာဗျူဟာအရ ပြောင်းလဲမှု မဟုတ်ဘဲ အစိုးရတရပ်အနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိဖို့အတွက် နည်းဗျူဟာအရ အပေါ်အယံ ပြုပြင်ပြောင်းလဲမှုများသာဖြစ်နေတာကို တွေ့ရပါတယ်။

ကျွန်တော်တို့အနေဖြင့် မဟာဗျူဟာ အဂ္ဂမဟာဗျူဟာအရ အပြောင်းအလဲတွေ ဖြစ်စေမယ့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲ အတည်ပြုခြင်း၊ နိုင်ငံရေး စစ်ရေးနဲ့ ဆက်နွယ်နေတဲ့ အကျဉ်းသားတွေကို ချွင်းချက်မရှိလွတ်ပေးခြင်း၊ အမျိုးသားပြန်လည် သက်မြတ်ရေးအတွက် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအရ တွေ့ဆုံနွေးအဖြေရှာရေးနှင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ အသိအမှတ်ပြုခြင်း အစရှိတဲ့ ပြောင်းလဲမှုတွေကို အကောင်အထည်မဖေါ်နိုင်သ၍ အစိုးရရဲ့ ဒီပြောင်းလဲမှုတွေဟာ အာဏာထိန်းချုပ် ပြောင်းလဲမှုတွေသာ ဖြစ်ကြောင်းကို သိထားရမှာ ဖြစ်တယ်။ အနှစ်သာရရှိပြီး တိုင်းပြည်ဆင်းရဲတွင်းမှ ကယ်တင်နိုင်မဲ့ ပြောင်းလဲမှု၊ ဒီမိုကရေစီ ရှင်သန်ပြီး ပြည်တွင်းစစ်မဲ့ နိုင်ငံမျိုး ဖြစ်တည်မယ့် ပြောင်းလဲမှုဆိုတာကို မတွေ့ရသေးဘူး။

 ယနေ့အချိန်မှာ ABSDF ကျောင်းသားတပ်မတော်ရဲ့ ဦးတည်ချက် ၄ ရပ်ကို ပြန်ကြည့်ရင် ကျွန်တော်တို့ ပြည်သူတွေဟာ (၁) စစ်အာဏာရှင် စနစ်အောက်မှာ ဖိနှိပ်ခံနေရတုန်း၊ (၂) ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာကို တားဆီးပိတ်ပင်ခံနေရတုန်း၊ (၃) ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာ အိပ်မက်သဖွယ် ဖြစ်နေတုန်း၊ (၄) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ တန်းတူညီမျှမှု ရှိပြီး တွေ့ဆုံဆွေးနွေး အဖြေမရှာနိုင်သေးသ၍ ဖက်ဒရယ်ပြည်ထောင်စုဆိုတာေ၀၀ါးနေဆဲပဲ ဖြစ်တယ်။ အခုချိန်မှာ ABSDF ဟာ အတွင်းသဏ္ဍန်အရ တိုင်းရင်းသား လူမျိုးစုတွေရဲ့ နယ်မြေပေါ်မှာ အခြေခံထားပြီး တိုင်းရင်းသား လူမျိုးစုတွေနဲ့အတူ တိုက်ပွဲဝင်နေတယ်။ အခုဆို ကချင်မှာရှိတဲ့ ABSDF ရဲဘော်တွေက KIA နဲ့ လက်တွဲပြီး အရပ်ဝတ်လဲအာဏာရှင် အစိုးရကို တိုက်ပွဲဝင်နေကြတယ်။ ကျွန်တော်တို့တတွေဟာ အချိန်ပြည့် တာဝန်ထမ်းဆောင်နေသူတွေ မဟုတ်သော်လည်း တတ်နိုင်သည့်နေရာကနေ လက်ရှိအချိန်ပြည့် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေအတွက် ကူညီနိုင်ပါတယ်။ ABSDF အတွက် အကူအညီတွေ လိုအပ်နေပါတယ်။

ဒါကြောင့် ဒီမှာရှိတဲ့ ABSDF ရဲဘော်ဟောင်းတွေကို မေတ္တာရပ်ခံ တိုက်တွန်းချင်တာကတော့ ABSDF Australia Branch နဲ့ ဖြစ်စေ၊ ဗဟိုနဲ့ တိုက်ရိုက်ဆက်သွယ်၍ ဖြစ်စေ ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

ဆက်သွယ်ရန်
သန်းထွဋ်ဆွေ  (Co-ordinator) 614 21 148 141

၂၄ နှစ်မြောက် (၈) လေးလုံး နှစ်ပတ်လည်အတွက် ဒေါက်တာမြင့်ချို ပြောခဲ့တဲ့ မိန့်ခွန်း



 အခမ်းအနားတခုမှာ ပြောခဲ့တဲ့ မိန့်ခွန်းတခုဟာ အခမ်းအခမ်းပြီးသွားတာနဲ့ ပြောခဲ့တဲ့အချက်အလက်တွေက အခမ်းအနားတက်တဲ့ သူတွေနဲ့အတူ ကျန်ခဲ့ချင်မှ ကျန်ခဲ့မယ်။ အများမြင်တွေ့နိုင်တဲ့ တနေရာမှာ သိမ်းထားပေးလိုက်ရင်တော့ အခမ်းအနားမတက်သူတွေလည်း အချိန်မရွေး ဖတ်လို့ရမယ်၊ မှတ်တမ်းလည်း အမြဲရှိနေမှာဖြစ်တယ်။ ဒါကြောင့်မို့ ဒေါက်တာမြင့်ချို ပြောခဲ့တဲ့ အချက်တွေကို ဘလော့ဂ်မှာ တင်ပေးဖို့ ယူလာခဲ့ပေမဲ့ အခမ်းအနား ပြီးဆုံးပြီးနောက်ပိုင်း ကျွန်မ ဆက်တိုက်အလုပ်များခဲ့ပြီး စာပြန်ရိုက်မအားတာကြောင့် အခုမှ တင်ပေးရတဲ့အတွက် အားလုံးကို တောင်ပန်ပါတယ်။  ဆစ်ဒနီမှာ ကျင်းပခဲ့တဲ့ ၂၄ ကြိမ်မြောက် (၈) လေးလုံး နှစ်ပတ်လည် အခမ်းအနားအကြောင်း သတင်းကိုတော့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ အခုဒီိပို့စ်က အခမ်းအနားမှာ ဒေါက်တာမြင့်ချိုပြောခဲ့တာကို သီးသန့်တင်ပေးထားတာ ဖြစ်တယ်။

အားလုံးမင်္ဂလာပါ။
 အခုလို သမိုင်းဝင် (၈) လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ခဲ့တဲ့ (၂၄) နှစ်မြှောက် အထိမ်းအမှတ် အခမ်းအနားမှာ၊ ကျနော်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ (၈) လေးလုံးနဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေ ပြောကြားခွင့်ရတဲ့အတွက် ကျနော့်အနေနဲ့ အထူးဂုဏ်ယူမိပါတယ်။ အခုလို စကားပြောဖို့ ဖိတ်ကြားခဲ့တဲ့ ABSDF, Australia branch ကိုလည်း ကျေးဇူးတင်ပါတယ်။

လွန်ခဲ့တဲ့ (၂၄) နှစ်တုန်းက မြန်မာနိုင်ငံတ၀ှမ်းလုံး ကျောင်းသားတွေ ဦးဆောင်ပြီး ရဟန်းရှင်လူ ပြည်သူတရပ်လုံး လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ကျနော်တို့လည်း ဖားအံမြို့မှာ လှုပ်ရှားခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေက စစ်တပ်ကိုသုံးပြီး ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ပစ်ခတ်ချေမှုန်းခဲ့လို့ အာဇာနည် (၃၀၀၀) ကျော် အသက်ပေးကြွေလွင့်ခဲ့ရပါတယ်။ ဒါအပြင် ရာပေါင်းများစွာကို ဖမ်းဆီးထောင်ချပစ်ပြီး တသောင်းကျော်ကိုလည်း နယ်စပ်ဒေသတွေကို မောင်းထုတ်ခဲ့ကြတယ်။ ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားသူ တသောင်းကျော်ဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်တာမရခဲ့လို့ လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးချယ်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ရပါတယ်။ တိုင်းရင်းသား လူမျိုးစု တော်လှန်ရေး အဖွဲ့တွေနဲ့ မိတ်ဆွေဖွဲ့၊ နိုင်ငံတကာကို ထိုးဖေါက်စည်းရုံး၊ ပြည်တွင်းလူထုကို နိုင်ငံရေး စည်းရုံးမှုတွေလုပ်၊ ဒီလိုနဲ့ ကြမ်းတမ်းခက်ခဲတဲ့ တော်လှန်ရေးခရီးကြမ်းကို နှစ်ပေါင်းများစွာ ဖြတ်သန်းလှုပ်ရှားလာခဲ့ကြတယ်။ အသက်တွေလည်း ပေးခဲ့ရတယ်။  တကယ်တော့ ဒီနေ့ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အဆက်ဖြစ်သလို ရှစ်လေးလုံး အရေးတော်ပုံကြီးကလဲ (၁၉၆၂) ခုနှစ်၊ (၁၉၇၄) ခုနှစ်၊ (၁၉၇၆) ခုနှစ် ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှုတွေရဲ့ အဆက်ဖြစ်တယ်လို့ ကျနော်ခံယူပါတယ်။

ဒီ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မအောင်မြင်ခဲ့ပေမဲ့ အင်မတန် တန်ဖိုးကြီးတဲ့ သင်ခန်းစာတွေပေးခဲ့သလို သမိုင်းအမွေအနစ်တွေကိုလည်း ပေးခဲ့ပါတယ်။ ကျနော်တို့ ဘာသင်ခန်းစာ ရသလဲဆိုတာကို ကျနော်ပွင့်ပွင့်လင်းလင်း ပြောပါရစေ။ အရေးတော်ပုံကာလမှာ ကျောင်းသားနဲ့ ရဟန်းရှင်လူ ညီညွတ်မှုကြောင့် အာဏာရှင် လက်ပါးစေ အစိုးရ (၃) ဆက်ပြုတ်ကျခဲ့ပေမဲ့ နိုင်ငံရေးခေါင်းဆောင်တွေကြား ညီညွတ်ခိုင်မာတဲ့ နိုင်ငံရေး ဦးဆောင်မှု မရှိခဲ့လို့ မဟာဗျူဟာ ရေရှည်လုပ်ငန်းတွေ မချမှတ်နိုင်ခဲ့လို့ စစ်တပ်ကို ကြားမချနိုင်ခဲ့လို့ အောင်ပွဲနဲ့လွဲခဲ့ရတယ်။ ဒါပေမဲ့ ဒီအရေးတော်ပုံကြီးကပဲ ဒေါ်အောင်ဆန်းစုကြည် မင်းကိုနိုင်အပါအ၀င် ဒီမိုကရေစီ ခေါင်းဆောင်တွေကို အနာဂတ် မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် မွေးထုတ်ပေးခဲ့တယ်။  ပြည်သူလူထုကြီးတရပ်လုံးကိုလည်း ဒီမိုကရေစီလိုချင်လာအောင် ကိုယ်တိုင်လည်း ပါဝင်ထောက်ခံ လှုပ်ရှားချင်လာတဲ့ စိတ်ဓာတ်ကို မွေးစေခဲ့တယ်။ တံခါးပိတ်ဝါဒနဲ့ အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကိုလည်း တကမ္ဘာလုံး သိလာအောင် လှုံ့ဆော်ပေးခဲ့တယ်။

 ဒါတွေအပြင် မြန်မာ့သမိုင်းမှာ မရှိခဲ့ဖူးတဲ့ ကျောင်းသားတပ်မတော် ABSDF ကိုလည်း နယ်စပ်ဒေသမှာ ပေါက်ဖွားစေခဲ့ပါတယ်။ တချိန်က တသီးတခြားစီ ရှိနေခဲ့တဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုနဲ့ တိုင်းရင်းသား လူမျိုးစု တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် လှုပ်ရှားမှု နှစ်ခုကို ပေါင်းစပ်ပေးနိုင်ခဲ့တယ်။ နိုင်ငံရေး ခေါင်းဆောင်မှု ကွက်လပ်ကို ဖြည့်ဆည်းပေးမည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုလည်း ပေါ်ပေါက်စေခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ အကြိမ်ကြိမ် ထောင်ကျခဲ့ပေမဲ့ လူထုထောက်ခံမှုနဲ့ NLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရသော်လည်း တိုင်းပြည်အုပ်ချုပ်ခွင့်မရဘဲ ချေမှုန်းဖြိုခွင်းခံခဲ့ရပေမဲ့ ကနေ့အထိ သတ္တိရှိရှိ ဇွဲရှိရှိနဲ့ ကြံ့ကြံ့ခံ ရပ်တည်ဦးဆောင်နေတာဟာလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးက ပေးလိုက်တဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး စိတ်ဓာတ်ကြောင့်ပါပဲ။

ဒါတွေကိုကြည့်ခြင်းအားဖြင့် ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ သမိုင်းလက်ဆက်ကမ်းအမွေတွေကို အောက်မေ့ကျေနပ်နေဖို့ထက် ရှစ်လေးလုံးစိတ်ဓာတ် အာဏာရှင်စနစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ကျနော်တို့တတွေ ရောက်ရာအရပ် ကျရာအခန်းကဏ္ဍကနေ တတ်နိုင်သလောက် ၀ိုင်းဝန်းကြိုးပမ်းနေကြဖို့လိုပါတယ်။ မိတ်ဆွေတချို့ကတော့ နိုင်ငံခြားမှာ နေပြီး ဒီမိုကရေစီရေးအတွက် ဘာလုပ်ပေးနိုင်မလဲလို့ ပြောကြဆိုကြတာတွေ ကနေ့အထိ ကျနော်ကြားနေရပါတယ်။ ဒါလည်း မဆန်းပါဘူး။ မြန်မာစကားပုံတခု ရှိပါတယ် "လိုရင်ကြံဆ နည်းလမ်းရ" ကျနော်တို့ တကယ်လုပ်ပေးချင်တယ်ဆိုရင် ကျနော်တို့ကိုယ်တိုင် လုပ်နိုင်တဲ့နည်းလမ်းတွေကို တွေးတောကြံစည် အကောင်အထည်ဖေါ်ရပါမယ်။ တိုင်ပင်ဆွေးနွေးရပါမယ်။ ကျနော်တို့အားလုံး ပြိုင်တူတွန်းလျှင် အရွေ့ တခုကို ဖြစ်စေနိုင်ပါတယ်။  အားလုံးကြားသိနေရတဲ့အတိုင်း (၂၄) နှစ်ကျော်ကာလမှာ ပြည်တွင်း၊ နယ်စပ်နဲ့ ပြည်ပလှုပ်ရှားမှုတွေ တွန်းအားတွေ၊ ဖိအားတွေနဲ့ နိုင်ငံတကာရဲ့ ဖိအားနဲ့ ဒဏ်ခတ်အရေးယူမှုတွေကြောင့် စစ်အာဏာရှင်တွေဟာ တိုက်ရိုက်စစ်အုပ်ချုပ်ရေးကိနေ စစ်တပ်ကြိုးကိုင်တဲ့ အရပ်သားအာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ပြောင်းခဲ့ရတယ်။ ဒါဟာ အရွေ့ တခုပါပဲ။ ဒီအရွေ့ကို ကျေနပ်နေလို့မရပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီရေးဘက်ကို ဆက်ရွှေ့အောင် လုပ်ရမှာတွေ အများကြီး ရှိသေးတယ်။

ကျနော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအပေါအ၀င် တရားဥပဒေ စိုးမိုးရေးရှိအောင် တိုင်းရင်းသား လူမျိုးစုတွေနဲ့ တိုက်ပွဲတွေ ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး ရှိအောင် စစ်တပ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လာအောင် အဓိကကြိုးပမ်းသွားမယ်။ ဒီအတွက် ပြည်တွင်းပြည်ပက အင်အားစုတွေ အားလုံး ထောက်ခံကူညီကြပါလို့ အတိအလင်း ထုတ်ဖေါ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအချိန်မှာ ကျနော်တို့ အားလုံးအတွက် ခိုင်မာတဲ့ နိုင်ငံရေး ခေါင်းဆောင်မှုမျိုး ရှိနေပြီး မဟာဗျူဟာ လုပ်ငန်းစဉ်တွေလည်း ရှိနေပြီ။. လုပ်ချင်တဲ့စိတ်မွေးပြီး လုပ်သင့်တဲ့လုပ်ငန်း၊ သင့်တော်တဲ့ လုပ်နနည်းလုပ်ဟန်တွေကို ကြံဆပြီး ကြိုးပမ်းလုပ်ဆောင်ကြဖို့ပဲ လိုပါတယ်။  အဓိကက ကျနော်တို့ သြစကြေးလျားမှာ  လုပ်ဆောင်မှုတွေဟာ ပြည်တွင်းက  ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်တွေ၊ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍကို ထောက်ခံအားပေး ကူညီတာမျိုးပဲ ဖြစ်ရပါမယ်။ 

နိုင်ငံရေးပညာပေးမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး အကူအညီပေးရေးတွေလို ဆောင်ရွက်ပေးနေကြတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကို ကူညီဖို့ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းတွေရဲ့ အခြေအနေနဲ့ လုပ်ဆောင်မှုတွေကို မျက်ခြေမပြတ်လေ့လာပြီး သူတို့ကို ဘက်ပေါင်းစုံက ထောက်ခံကူညီလာအောင် သြစကြေးလျား အစိုးရ၊ ပါလီမန်၊ အလုပ်သမားသမဂ္ဂ၊ လူမှုကူညီရေး အသင်းအဖွဲ့တွေကို စည်းရုံးလှုပ်ဆော်ကြဖို့လိုပါတယ်။ ကျနော်တို့ Burma office ကလည်း ဒီအတွက် ကြိုးပမ်းသွားမယ်။ တချိန်တည်းမှာပဲ ကျနော်တို့ကိုယ်တိုင်လည်း နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေး လူမှုအထောက်အကူပြုရေးဘက်မှာ ကိုယ်စိတ်အားထက်သန်ရာ ကဏ္ဍကနေ ပါဝင်ကူညီကြဖို့လိုပါတယ်။ ကျနော်တို့ မိသားစုတွေ၊ မိတ်ဆွေတွေကိုလည်း ပြောပြတိုက်တွန်းဖို့လိုပါတယ်။

 အရေးကြီးတဲ့ နောက်တခုကတော့ ကျနော်တို့ လှုပ်ရှားမှုတွေဟာ ဦးသိန်းစိန် အစိုးရကို နိုင်ငံရေး အကျဉ်းသားတွေ လွတ်အောင်၊ တိုင်းရင်းသားလူမျိုးစုတွေကို တိုက်ခိုက်နေတာ ရပ်ဆိုင်းအောင်၊ လူ့အခွင့်အရေး ချိုးဖေါက်နေတာတွေ ရပ်ဆိုင်းအောင်၊ လက်ရှိမတရားတဲ့ ဥပဒေတွေကို ဖျက်သိမ်းလာအောင်၊ ပြည်တွင်းငြိမ်းချမ်းရေး အမြန်မဆုံး ဖေါ်ဆောင်အောင်၊ စစ်တပ်ကြီးစိုးရေး အခြေခံထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်အောင် တွန်းအားပေးတာမျိုး ဖြစ်ရပါမယ်။ အရွေ့တွေကို အသိအမှတ်ပြုနေ ကျေနပ်နေရုံနဲ့ မရပါဘူး။ ဆက်တွန်းကြဖို့လိုပါတယ်။  သြစကြေးလျား အစိုးရနဲ့ ပါလီမန်၊ အလုပ်သမားသမဂ္ဂတွေကိုလည်း ဦးသိန်းစိန်အစိုးရကို ဒါတွေ လုပ်ဆောင်လာအောင် ဖိအားပေးဖို့ တောင်းဆိုရမယ်။

နောက်အရေးကြီးတာတခုကတော့ လက်ရှိအာဏာရှင်လက်ကိုင်ဒုတ် ဖြစ်နေတဲ့ စစ်တပ်ကို တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့  အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တဲ့ ပြည်သူ့တပ်မတော် ဖြစ်လာအောင် ကြိုစားပြီး စည်းရုံးကြဖို့လိုပါတယ်။  နောက်ဆုံးအနေနဲ့  ရှစ်လေးလုံး အရေးတော်ပုံကြီးက ပေးလိုက်တဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ါ်ဓာတ်၊ ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲပြီး ကျနော်တို့ တိုင်းရင်းသားလူမျိုးအားလုံး လိုလားတောင်းတတဲ့ စစ်မှန်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာတဲ့အထိ ဆထက်တပိုး ကြိုးပမ်းသွားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါက်တာမြင့်ချို 



ရွှင်လန်းချမ်းမြေ့ကြပါစေ။

24th Anniversary of 8888, Sydney

24th Anniversary of 888, Sydney






၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF  သြစကြေးလျားနိုင်ငံ၊ နယူးဆောက်ဝေးဌာနခွဲမှ ကြီးမှူး၍ဆစ်ဒနီမြို့ Granville Youth Center တွင် 5/08/12 နေ့၌ ကျင်းပခဲ့ရာ ဆစ်ဒနီရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းများနှင့် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊  မြန်မာ ကွန်မြူနီတီအဖွဲ့ဝင်များ၊ ဆစ်ဒနီဒေသခံများ စုစုပေါင်း အင်အား၂၀ ကျော်ခန့် တက်ရောက် ခဲ့ကြပါသည်။  ထိုအခမ်းအနားတွင်  အခမ်းအနားမှူးအဖြစ် ABSDF နယူးဆောက်ဝေး ဌာနခွဲ အတွင်းရေးမှူးများအဖွဲ့ဝင် တဦးဖြစ်သူ ကိုဝင်းဇော်ဦးက ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို  ညနေ ၃နာရီမှ  ၇ နာရီအထိ ကျင်းပခဲ့ပါသည်။
အခမ်းအနား အစီစဉ်များတွင် ပထမဦးစွာ အခမ်းအနားမှူးက အခမ်းအနား ဖွင့်လှစ်ကြောင်း စတင် ကြေညာပြီးသည်နှင့် အလေးပြုခြင်းသုံးရပ်ဖြစ်သော တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အားအလေးပြုခြင်း၊ ဗိုလ်ချူပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲတွင်းကျဆုံးသွားသော ရဟန်း ရှင်လူ ကျောင်းသားပြည်သူအပေါင်းအား ဂုဏ်ပြုသောအားဖြင့်တမိနစ်ငြိမ်သက်ခြင်းဖြင့် အခမ်းအနားအား စတင်ခဲ့ပါသည်။ ပြီးနောက် ရှစ်လေးလုံးကာလ ကျောင်းသားလှုပ်ရှားမှု မှတ်တမ်းတင် ဗွီဒီယိုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဥက္ကဌ ရဲဘော်သံခဲမှ ပေးပို့ သော အဖွင့်အမှာစကားအား ဗွီဒီယိုဖြင့် ပြသခြင်း၊ ABSDF ဗဟိုမှ ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခြင်း၊ အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်များဖြစ်ကြသည့်မှ ဆစ်ဒနီမြန်မာ ကွန်မြူနီတီမှ ဒေါက်တာကျော်မြင့်၊ ၉၀ ခုနှစ်မှ ရွေးကောက်ခံခဲ့ရသည့် NLD အမတ်တဦးဖြစ်သူ ဦးမောင်မောင်အေး၊ Burma office မှ ဒေါက်တာမြင့်ချိုနှင့် နယူးဆောက်ဝေး ပါလီမန်မှ လွှတ်တော်အမတ်များဖြစ်ကြသော  Jamie Parker နှင့် John Mckay တို့မှ အသီးသီး မိန့်ခွန်းပြောကြားခြင်း၊ ဒီမိုကရေစီ တိုက်ပွဲဝင်သီချင်း ဒေါင်းတမန်အပါအ၀င် တေးဂီတများဖြင့် သီဆိုဖြေဖျော်ခြင်း၊ ရန်ပုံငွေအတွက် ကံစမ်းမဲဖေါက်ခြင်း စသည့်အစီစဉ်များကို ပြုလုပ်၍ ညနေ ၇ နာရီတွင် အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာခဲ့ပါသည်။ 
ABSDF မှ ပေးပို့သော သ၀ဏ်လွှာကို ကိုနိုင်အောင်က ဖတ်ကြားပြီးနောက် တဆက်တည်းမှာ  အခမ်းအနားအတွက် ကဏ္ဍအသီးသီးမှာ ၀ိုင်းဝန်းကူညီပေးကြသူများအား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။  ဖိတ်ကြားထားသော ဧည့်သည်များမှ မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။

ပထမဦးစွာ ဒေါက်တာကျော်မြင့်က မြန်မာဒီမိုကရေစီအရေးအတွက် ရှစ်လေးလုံးကာလအတွင်းတွင် အသက်ပေးဘ၀ပေးတိုက်ပွဲဝင်ခဲ့သော သူရဲကောင်းအပေါင်းအား အလေးပြုကြောင်းနှင့် မပြီးပြတ်သေးသည့် တိုက်ပွဲအတွက် ကျန်သောသူများမှ အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်ဖို့ လိုအပ်ကြောင်း တိုက်ပွဲဝင်နေသူအားလုံးကိုလည်း အလေးပြုကြောင်း ပြောကြားခဲ့ပါသည်။ 
ဦးမောင်မောင်အေးက ပြောကြားရာတွင် ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာပုံနှင့်  မြန်မာ့နိုင်ငံရေးတွင် အရေးပါသည့်အခန်းကဏ္ဍများ၊ လက်ရှိနိုင်ငံရေးအပြောင်းအလဲအပေါ် ၎င်း၏သဘောထားနှင့် ဆက်လက်လုပ်ဆောက်သင့်သည့် အကြံပြုချက်များဟူ၍  ကဏ္ဍသုံးခုခွဲ၍ ပြေကြားသွားခဲ့ပါသည်။

ဒေါက်တာမြင့်ချိုမှ  ရှစ်လေးလုံး ကာလနှင့် ရှစ်လေးလုံးနောက်ပိုင်း  မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု၏ အရေးပါသော အခန်းကဏ္ဍကို ၎င်းဖြတ်သန်းခဲ့သော အတွေ့အကြုံများဖြင့် ယှဉ်တွဲ၍ ပြောကြားသွားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် ရှစ်လေးလုံးနောက်ပိုင်း ပေါ်ပေါက်လာသည့် ABSDF ၏ ဗမာနှင့်တခြား တိုင်းရင်းသားများအကြား ရေရှည်ဖြစ်ပေါ်နေသည့် ပြဿနာများကို ပြေလည်စေရန် ၀င်ရောက်ပါဝင်ဆောင်ရွက်ခဲ့ပုံနှင့် ယနေ့  အခမ်းအနားသည် မျိုးဆက်သစ် လူငယ်များလည်း တက်ရောက်သဖြင့် ၈ လေးလုံး စိတ်ဓာတ် အမြဲတမ်းရှင်သန်နေရန် လိုအပ်ကြောင်းနှင့် နောင်အနာဂတ်တွင် သမိုင်းဆိုး အမွေအနှစ်များ မပေါ်ပေါက်စေရန်ပညာပေး မြှင့်တင် သွားရန်လိုအပ်ကြောင်း ထောက်ပြပြောဆိုသွားပါသည်။
 New South Wales ပြည်နယ်အစိုးရ၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြသော Green Party မှ John Mckay က မြန်မာ့နိုင်ငံရေးကို သုံးသပ်ရာတွင် မြန်မာပြည်၏ လက်ရှိပြောင်းလဲမှုများသည်မလုံလောက်သေးကြောင်း တိုးတက်သော ဒီမိုကရက်တစ်နိုင်ငံတော် တရပ်ဖြစ်ရန် ပြုပြင်ပြောင်းလဲမှုများစွာ လိုအပ်နေသေးကြောင်းင့် မိမိအနေနှင့် မြန်မာ့နိုင်ငံရေးအကြောင်းကို ပြောကြားသည့်အခါတိုင်း ၁၉၈၈ ပြည်သူ့ အရေးတော်ပုံကာလ အတွင်း မြန်မာနိုင်ငံရှိ လမ်းမများပေါ်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲလုပ်ခဲ့ပြီး အာဏာလွှဲအပ်ခြင်းမခံရသည့် အဖြစ်အပျက်များကို အမြဲတမ်း ထည့်ပြောလေ့ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေ မည်သို့ပင် ပြောင်းလဲနေသည်ဟု ပြောနေစေကာမူ မိမိအနေနှင့် မည်သူမဆို  မိမိ၏ နိုင်ငံရေးခံယူချက်ကို လွတ်လပ်စွာ စိုးရိမ်ကြောက်ရွံမှုကင်းစွာနှင့် ရဲရဲဝံ့ဝံ့ မပြောနိုင်သေးသ၍ ဒီမိုကရေစီ အရေးအောင်မြင်မှု ရှိနေပြီဟု မယူဆကြောင်း၊ သို့သော်လည်း တနေ့တွင် အောင်ကိုအောင်မြင်ရမည်ဟု လုံးဝယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
Jamie Parker မှလည်း  ၎င်းသည် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မြန်မာ့နိုင်ငံရေးကို လေ့လာသိရှိခဲ့သူဖြစ်ကြောင်း ယခင်ကတည်းကပင် ABSDF  နှင့်ထိစပ်မှုရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ပတ်ခန့် က မြန်မာနိုင်ငံသို့ အလည်ရောက်ရှိခဲ့ပြီး ဦးဝင်းတင်၊ ကိုမင်းကိုနိုင် ကိုကိုကြီးတို့နှင့်လည်း တွေ့ဆုံစကားပြောခဲ့ကြောင်း၊ မြန်မာ့လွှတ်တော်မှာ ဒီမိုကရေစီကို ကိုယ်စားပြုသည့် ထိုင်ခုံ (seat) က အလွန်ပင်နည်းပါးနေသေးကြောင်းနှင့် မြန်မာ့ နိုင်ငံရေးသည် အပေါ်ရံအားဖြင့် ပြောင်းလဲသည်ဟု ထင်ရသော်လည်း အနှစ်သာရအားဖြင့် လွန်ခဲသည့် အနှစ်နှစ်ဆယ်ခန့် မှ အခြေအနေများနှင့် မကွာခြားသေးကြောင်း ပြောကြားပြီး မြန်မာ့နိုင်ငံရေးအခြေအနေကို သုံးသပ်ပြသွားခဲ့ပါသည်။
 

အခမ်းအနားတွင် ရန်ပုံငွေအတွက် ကံစမ်းမဲဖေါက်ခြင်းအပြင် မြန်မာအစားအစာများ ချက်ပြုတ်ရောင်းခြခြင်းလည်း ပါဝင်ပြီး ရရှိသည့် ရန်ပုံငွေကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှ မွေးဖွားပေါ်ပေါက်ပြီးနယ်စပ်ဒေသများတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေသည့် ABSDF ဗဟိုသို့ ပို့ပေးမည်ဖြစ်ကြောင်း သိရပါသည်။

ဆက်သွယ်ရန်
သန်းထွဋ်ဆွေ  (Co-ordinator) 614 21 148 141
ဝင်းဇော်ဦး     (News and Information Dept.)  614 49 880 400
ABSDF Australia Branch မှ ပြန်လည် ကူးယူဖေါ်ပြထားပြီး ဒေါက်တာမြင့်ချိုနှင့် ဦးမောင်မောင်အေးတို့ရဲ့ သုံးသပ်ပြောကြားထားတဲ့ မိန့်ခွန်းကို သီးသန့်ပြန်လည်ဖေါ်ပြပါမည်။  

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအတွက် ကျဆုံးသွားသော သူရဲကောင်းအပေါင်းအား အလေးပြုလိုက်ပါတယ်။

ဥသြမဆွဲသော အာဇာနည်နေ့ကို စတဲ့နှစ်


နေ့စဉ်လုပ်နေကျ ပုံမှန် တန်းစီအလံအလေးပြုချိန်ဖြစ်တဲ့ မနက် ၇ နာရီအချိန်မှာ နိုင်ငံတော်လံ၊ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆာင်ကြီးများ၊ ဒီမိုကရေစီတော်လှန်ရေးအတွက် အသေက်ပေးသွားသူများ အားလံးကို အလေးပြုတဲ့အချိန် တန်းစီကတည်းက အာဇာနည်နေ့ အထိမ်းအမှတ်အတွက် ၁၀ နာရီတိတိမှာ လူနာနဲ့ လူနာစောင့်ဆေးမှူး တယောက်နှစ်ယောက်မှအပ တပ်ရင်းမှာ ရှိနေတဲ့ တပ်ဖွဲ့ဝင်အားလုံး တန်းပြန်စီရမယ်ဆိုတာ သိထားလို့ အားလုံးက အဆင်သင့်ဖြစ်နေကြပါတယ်။ ၀ီစီသံ ကြားလိုက်တာနဲ့ အားလုံးက ယူနီဖေါင်းအပြည့်အစုံနဲ့ အလံတိုင်ရှိရာ ကွင်းထဲကို ရောက်လာကြပါတယ်။ တပ်စုတပ်ဖွဲ့အသီးသီး ကွင်းထဲရောက်လာပြီးတဲ့ အခါမှာ စောစောက အလံတိုင်ဖျားအထိ လွှင့်ထားတဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို အာဇာနည်နေ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလံတိုင်တ၀က်အထိ လျှော့ချနေတဲ့အချိန်မှာတော့ အားလုံးက လက်တင်ပြီး အလေးပြုနေကြပါတယ်။ နေ့စဉ် အလေးပြုတဲ့အတိုင်း လွှင့်ထားတဲ့အထဲမှာမပါဘဲ စိတ်ကူးထဲက နိုင်ငံတော်အလံ၊ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံနဲ့ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆာင်ကြီးတွေကို အလေးပြုခြင်းကို ၁၀ နာရီခွဲမတိုင်ခင်မှာ အပြီးလုပ်ပြီး ဆယ်နာရီခွဲတဲ့အချိန်မှာတော့ ဗိုလ်ချုပ်တို့ စတင်ပစ်ခတ် ခံရတဲ့အချိန် ဆယ်နာရီ ၃၇ ခုနှစ်မိနှစ်မှာ မြည်လာမည့် မြန်မာ့အသံက ဥသြဆွဲသံကို စောင့်ကြိုရန် အသင့်ပြင်ထားပြီး အားလုံးက ရေဒယိုဖွင့်ပြီး ဥသြဆွဲသံကို သတိဆွဲလျှက် စောင့်နေကြပါတယ်။ သြဥဆွဲသံအဆုံးမှာ အလေးပြုကြမှာဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ကျွန်မတို့ တောတွင်း ABSDF တပ်ရင်း (၂၀၁) မင်းသမီးခန်းမှာ ကြုံခဲ့ရတဲ့ အာဇာနည်နေ့တုန်းကအကြောင်း ဖြစ်ပါတယ်။ ၁၀ နာရီခွဲတိတိမှာ ကျွန်မတို့ သတိဆွဲပြီး မြန်မာ့အသံက ဥသြဆွဲသံကို စောင့်နေလိုက်ကြတာ ၁၀ နာရီ ၃၇ ခုနှစ်မိနှစ် မကလို့ ၄၅ မိနှစ်အထိ ရောက်လာတာတောင် ရေဒယိုက ဘာဥသြဆွဲသံမှ မထွက်လာခဲ့ဘူး။ အရှေ့တည့်တည့်ကိုပဲ ကြည့်ပြီးသတိဆွဲနေရာကနေ အားလုံးက ခန္ဓာကိုယ်ကပဲ သတိအနေအထားမှာ ရှိပြီး မျက်လုံးတွေကိုတော့ ရေဒယိုက ဥသြဆွဲသံ ဘာကြောင့် မပေါ်လာသေးတာလဲ၊ ဘယ်တော့ ထွက်လာမလဲ ဥသြမဆွဲတော့ဘူးလား ဆိုတာတွေကို စူးစမ်းလိုဇောနဲ့ ရေဒီယိုရှိရာကိုပဲ အားလုံးက ပေကလပ် ပေကလပ်နဲ့ ကြည့်လာကြတယ်။ နောက်တော့ အရှေ့ကတပ်မှူးက သက်သာအနေအထား ပြန်နေဖို့ အားလုံးသက်သာ လို့အမိန့်ပေးလိုက်ပြီး ရေဒယိုက ဥသြဆွဲသံက နှစ်တိုင်းဆို ၃၇ မိနှစ်တိတိမှာ လာတယ် အခုဘာဖြစ်လို့လဲမသိဘူး မြန်မာ့အသံမှာ စက်တခုခု ချွတ်ယွင်းတာ ဖြစ်နိုင်တယ်၊ ကိုယ့်ဖါသာကိုယ်ပဲ အာဇာနည်ကြီးများ ကျဆုံးတဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ခေတ္တငြိမ်ရအောင် ဆိုပြီး ပြန်အမိန့်ပေးလို့ အားလုံးက သတိဆွဲပြီး အာဇာနည်တွေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဥသြဆွဲသံမပါဘဲ ကိုယ့်အစီစဉ်နဲ့ကိုယ် ခေတ္တ ပြန်ငြိမ်လိုက်တယ်။

အဲဒီိလို ကိုယ့်အစီအစဉ်နဲ့ကိုယ် ၀မ်းနည်းတဲ့ အထိမ်အမှတ်အဖြစ် ငြိမ်သက်ပြီးတဲ့အချိန်မှာ ရုတ်တရက် တန်းမဖြုတ်သေးဘဲ မြန်မာ့အသံက ဥသြဆွဲသံ ပြန်လာလိမ့်မယ် မတော်တဆ အခန့်မသင့် ဖြစ်သွားတာပဲ ဖြစ်မယ် ဆိုပြီး အားလုံးက အစပိုင်းမှာ ဒီလိုပဲ ထင်နေကြတယ်။ အသံလွှင့်ရုံ စက်ပျက်နေလို့လည်း ဖြစ်နိုင်တယ် တော်ကြာ ဥသြပြန်ဆွဲရင် ဆွဲနိုင်တယ်ဆိုပြီး တကယ်လို့ ဥသြဆွဲသံ ရုတ်တရက် ပေါ်လာရင် အားလုံး ချက်ချင်း သတိပြန်ဆွဲကြမယ်ဆိုပြီး ကျွန်မတို့ အလံတိုင်ရှေ့မှာ စောင့်နေကြပါသေးတယ်။ ဒါပေမဲ့ ၁၁ နာရီ ထိုးပြီးတဲ့အထိလည်း ဥသြဆွဲသံ ပေါ်မလာတော့ တန်းဖြုတ်လိုက်ရတယ်။ တန်းဖြုတ်ပြီးတဲ့အချိန်မှာ အားလုံးက ဥသြမဆွဲတာ ဘာကြောင့်ဘာလိမ့်၊ မြန်မာ့အသံက အသံလွှင့်ဌာန စက်တခုခုများ ချွတ်ယွင်းတာလား၊ ဒါမှမဟုတ် အသံလွှင့်ရုံပဲ မီးလောင်နေပြီလား သူပုန်ဝင်စီးတာတော့ မဟုတ်လောက်ပါဘူး၊ အသံလွှင့်ရုံ ဘာများဖြစ်ပါလိမ့် စသည်ဖြင့် တယောက်တပေါက် ပြောနေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို မေ့မရနိုင်တာ ဒီမိုကရေစီ လိုလားသူတွေမှ မဟုတ်ဘူး စစ်အာဏာရှင်တွေလည်း တပ်မတော်က တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်ကို ဘယ်တော့မှ မေ့လိမ့်မယ် မထင်လို့ အစပထမမှာ တမင်ဥသြမဆွဲတာဖြစ်တယ်လို့ ဘယ်သူမှ မထင်ကြဘူး။ နောက်တော့မှ တယောက်က (ဘယ်သုဆိုတာ မမှတ်မိတော့ပါ) “ခါတိုင်းနှစ်တွေ ဒီလိုတခါမှ မဖြစ်ဘူး အခုမှ ဒီလိုဖြစ်တယ် ပြီးတော့ အသံလွှင့်တယ်ဆိုကတည်းက သေချာအောင် အရင် ကြိုတင် စမ်းသပ်ထားပြီးမှ လွှင့်တာ ဖြစ်လို့ စက်ပျက်တာလည်း မဖြစ်နိုင်ဘူး၊ အသံလွှင့်ရုံမှာ ပြဿနာတခုခု ကြုံတာလည်း မဖြစ်နိုင်ဘူး၊ သေချာတယ် ဒီယုတ်မာတဲ့ကောင်တွေ တမင် လုပ်တာဖြစ်ရမယ်” လို့ ပြောလိုက်တဲ့အချိန်မှာ “အေးဟုတ်တယ် ဖြစ်နိုင်တယ် ကြည့်စမ်း ဒီကောင်တွေ ဘယ်လောက်ယုတ်မာလဲဆိုတာ အာဇာနည်နေ့မှာတောင် ဥသြမဆွဲတော့ါဘူး” လို့ စခန်းကော်မတီထဲက ခေါင်းဆောင်တွေ အချင်းချင်း ပြောနေကြတယ်။ တချို့ကလည်း “ဟုတ်မယ်မထင်ပါဘူး နှစ်တိုင်းလုပ်နေကျပဲ သူတို့လည်း အာဇာနည်နေ့ကိုတော့ ဒီလိုတမင် လစ်လျူရှုမှာ မဟုတ်ပါဘူး တခုခုချွတ်ယွင်းလို့ပဲ ဖြစ်မှာပါ” ဆိုပြီး ပြောတဲ့သူကလည်း ပြောနေကြတယ်။

ကျွန်မကလည်း တမင်လုပ်တာမဟုတ်ဘူး မတော်တဆ တခုခု ဖြစ်သွားတာ ဖြစ်မယ်လို့ ထင်တဲ့ဘက်မှာ ရှိပါတယ်။ ဘာဖြစ်လို့ဆိုတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်ဖြစ်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင် ဖြစ်တဲ့အတွက်လည်း စစ်သားတွေဟာ အရပ်သားတွေထက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကို ပိုပြီးလေးစားလိမ့်မယ်လို့ အဲဒီတုန်းကအထိ ကျွန်မထင်ခဲ့တာအမှန်ပဲ။ တပ်မတော်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတဲ့အာဇာနည်နေ့ကို တပ်မတော်က ဘယ်တော့မှ လစ်လျူရှုမှာ မဟုတ်ဘူးလို့ ကျွန်မက လုံးဝ ယုံကြည်ခဲ့ပါတယ်။ အဲဒီနေ့က ကျွန်မတို့ ကိုယ်စီ ထင်ကြေးတွေ ပြောပြီးတန်းဖြုတ်လိုက်ခဲ့တယ်။ နောက်တော့ နောက်နေ့တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ ဖမ်းတယ်ဆိုတဲ့ သတင်းကို ကြားလာရတယ်။ အာဇာနည်နေ့ ဥသြမဆွဲဖြစ်တာနဲ့ ပတ်သက်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာ ရေဒယိုမှာ ဘာမှ ပြောသံဆိုသံ မကြားတော့ ဒါမတော်တဆ ဖြစ်တာမဟုတ်၊ တမင်ကို ဥသြမဆွဲတာ ဖြစ်ကြောင်းနားလည်လိုက်တယ်။

နောက်ပိုင်းကျတော့ ၈၉ ခုနှစ် အာဇာနည်နေ့ အခမ်းအနားအကြောင်းကို မြက်ခင်းသစ် မဂ္ဂဇင်းထဲမှာလား မြန်မာ့အလင်း သတင်းစာထဲမှာလားဆိုတာတော့ ကျွန်မ မမှတ်မိတော့ဘူး ကျွန်မဖတ်ခဲ့ရတယ်။ အဲဒီထဲမှာ ရေးထားတာက အဲဒီတုန်းက အာဇာနည်တွေရဲ့ မိသားစုတွေကို န၀တက အာဇာနည်ဗီမာန်ကို အတူတူ ချီတက်အလေးပြုဖို့ ကြိုတင် အကြောင်းကြားထားခဲ့တယ်။ အာဇာနည်နေ့မှာ တခြား အာဇာနည် ၈ ဦးရဲ့ မိသားစုတွေ အကုန်ရောက်လာကြပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုတွေ မရောက်လာလို့ အချိန်ပေးပြီး စောင့်နေခဲ့ပါသေးတယ်။ နောက်တော့ မရောက်လာတာနဲ့ ဆက်မစောင့်တော့ဘဲ လာတဲ့ အာဇာနည် မိသားစုတွေနဲ့ပဲ အလေးပြုလိုက်ရတယ်လို့ ရေးထားတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က န၀တလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကို မလာဘဲ NLD အနေနဲ့ သူ့အစီအစီနဲ့သူ သွားအလေးပြုတာတာဟာ အာဏာဖီဆန်ပြီး လူထုကို ဆူပူစေလိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်လို့ ရေးထားတာ တွေ့တယ်။ ဥသြမဆွဲဖြစ်တဲ့ အကြောင်းတော့ ဘယ်မှာမှ ရေးထားတာ မတွေ့ရဘူး။

ဒီတော့ ကျွန်မသိထားတာ အာဏာရှင်တွေဟာ အာဇာနည်နေ့မှာ ဥသြမဆွဲတော့ပေမဲ့ အာဇာနည်နေ့ အခမ်းအနားကိုတော့ ၁၉၈၉ ခုနှစ်ကလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစု မပါပေမဲ့ ကျန်တဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုတွေနဲ့ နိုင်ငံတော် အခမ်းအနားအနေနဲ့ နှစ်တိုင်း ဆက်လုပ်နေသေးတယ်လို့ ကျွန်မထင်ခဲ့တယ်။ ကျွန်မတို့ ဒီမိုကရေစီ လိုလားသူတချို့ ရေးတဲ့စာတွေမှာ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း လူမသိသူမသိဖြစ်လာပြီ အာဇာနည်နေ့ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့ ဆိုတာလည်း လူငယ်တွေကြားမှာ ဘာလုပ်တဲ့နေ့မှန်းမသိ ဖြစ်လာကြပြီ၊ ငွေစက္ကူတွေမှာလည်း ဗိုလ်ချုပ်ပုံ ပျောက်ကုန်ပြီလို့ ရေးထားတဲ့ စာတွေကို စတွေ့ရတုန်းက ကိုယ်တိုင်မဆန်းစစ်ရရင် မယုံတတ်ဘဲ အကောင်းမြင်ဝါဒလည်း သိပ်ထားတတ်တဲ့ ကျွန်မဟာ ပိုက်ဆံမှာ ဗိုလ်ချုပ်ပုံ ပျောက်ကုန်တာတော့ လက်တွေ့မြင်နေရလို့ လွယ်လွယ်ကူကူ ယုံခဲ့ပြီး တခြား အကြောင်းအရာတွေ အပေါ်မှာတော့ အကောင်းဘက်ကပဲ တွေးပြီး ဒါအစိုးရနဲ့ သိပ်ဆိုင်မယ်မထင်ဘူး၊ ကျောင်းတွေမှာ Educate လုပ်လျက်နဲ့ လူငယ်တွေကိုယ်တိုင်က စိတ်မ၀င်စားလို့ ခေါင်းထဲမှာ မထားလို့လည်း ဖြစ်နိုင်ပါတယ်လို့ အကောင်းဘက်ကပဲ အမြဲမြင်ပေးတတ်ပါတယ်။ ၆၂ နောက်ပိုင်း သမိုင်းကိုပဲ ဖုံးကွယ်တာ ဖြစ်နိုင်တယ် ၆၂ မတိုင်ခင်နဲ့ လွတ်လပ်ရေး လှုပ်ရှားမှု ကာလကသမိုင်းတွေကိုတော့ ဖုံးကွယ်စရာအကြောင်း မရှိဘူးလို့ ထင်ခဲ့ပါတယ်။ သို့ပေမဲ့ အခုဘလော့ဂ်ရေးတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့အကြောင်း ပို့စ်တွေ တင်ပြီးနောက်ပိုင်း မှတ်ချက်နဲ့ C-Box တွေမှာ လာရေးတဲ့ တချို့လူငယ်တွေရဲ့ မှတ်ချက်တွေကို ကြည့်ပြီး ဒီအခြေအနေတွေဟာ တကယ်ပဲ ဖြစ်နေတယ်၊ စစ်ခေါင်းဆောင်တွေဟာ ၎င်းတို့ အာဏာတည်မြဲရေးအတွက် သမိုင်းကို တကယ်ပဲ လိမ်ညာ/ဖုံးကွယ်နေတယ်ဆိုတာ လုံးဝလက်ခံလိုက်ရတယ်။

ကျွန်မ ဘလော့ဂ်မရေးခင်က ဘလော့ဂ်တခုမှာ လူငယ်တွေက ကျန်စစ်သားဆိုတာ ဘယ်သူမှန်းမသိတော့ဘူး ဆိုတာနဲ့ ပတ်သက်ပြီး မှတ်ချက်တွေနဲ့ ဆွေးနွေးထားတာ တွေ့တုန်းကလည်း ကျွန်မမှာ အံ့သြလို့ မဆုံးဖြစ်ခဲ့ဖူးတယ်။ အခုတော့ ဗိုလ်ချုပ်အောင်ဆန်းကိုတောင် ကောင်းကောင်းမသိကြရင် ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား ဗန္ဓုလတို့ကို မသိကြတာ ဘာမှမဆန်းပါဘူးလို့ သဘောပေါက်သွားတယ်။ လူငယ်တွေ မိမိလူမျိုး၊ နိုင်ငံနဲ့ ဆိုင်တာကို မသိတာဟာလည်း လက်ရှိအုပ်စိုးနေသူ အစိုးရနဲ့ဆိုင်တယ်၊ အစိုးရမှာ အများကြီးတာဝန်ရှိတယ်ဆိုတာ လုံးဝလက်ခံသွားတယ်။ မြန်မာလူမျိုးက မြန်မာနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တိုင်းပြည်ရဲ့အခြေခံ အကြောင်းအရာ လေးတွေကိုတောင် မသိထားရင် အမျိုး၊ ဘာသာ၊ သာသနာ ယဉ်ကျေးမှုကို တန်ဖိုးထားတတ်ဖို့ မလွယ်ပါဘူး။ အာဏာရှင်တွေ မှိုင်းတိုက်ခံထားရပြီး အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တင်ဖို့နဲ့ စောင့်လေမျိုးနွယ်လို့ တဖွဖွ ပြောနေတဲ့ စစ်ဘက်အရပ်ဘက် လူငယ်တချို့ဟာ မြန်မာပြည်ရဲ့ နောက်ခံသမိုင်းကြောင်း၊ လွတ်လပ်ရေးပိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တခြား သိသင့်သိထိုက်တဲ့ မြန်မာသူရဲကောင်းတွေရဲ့ အကြောင်း၊ မြန်မာပြည်က အထွတ်အမြတ်ထားတဲ့ နေ့ကြီးရက်မြတ်တွေရဲ့ အကြောင်းကို မသိကြဘဲနဲ့ ဘယ်လိုလုပ်ပြီး မြန်မာရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တင်လို့ ရနိုင်မလဲဆိုတာ လူငယ်တွေ တကယ်ကို ဆန်းစစ်သင့်ပါတယ်။

ဥသြမဆွဲတဲ့ ပထမဦးဆုံး အာဇာနည်နေ့ဟာ 19/07/89 မှာ စခဲ့ပါတယ်။ ကျွန်မကတော့ ငယ်စဉ်ဘ၀က ဥသြမဆွဲတဲ့ အာဇာနည်နေ့ဆိုတာ မြန်မာပြည်မှာ တနေ့တချိန် ရှိလာလိမ့်မယ်လို့ စိတ်ကူး၊ အိပ်မက်ထဲမှာတောင်  ဘယ်တုန်းကမှ မထင်ခဲ့ဖူးတာ အမှန်ပဲ။ အခုတော့ မထင်ခဲ့တာတွေက တကယ်ဖြစ်လာပြီး ဥသြဆွဲတာ ဘာအတွက်ဆိုတာ သိဖို့နေနေသာသာ အာဇာနည်နေ့ဆိုတာတောင် ဘာကြောင့် ဖြစ်လာရတယ်ဆိုတာ မသိတဲ့သူတွေ အများကြီး ရှိတယ်ဆိုတာ မျက်ဝါးထင်ထင် သိလာရချိန်မှာ ဥသြမဆွဲတဲ့ အာဇာနည်နေ့တွေအထဲမှာ ပထမဦးဆုံးနေ့ဖြစ်တဲ့ 19/07/89 တုန်းကတောင် ဒီလောက်ဝမ်းမနည်းခဲ့ပေမဲ့ အခု 19/07/10 မှာတော့ လူငယ်တွေက အာဇာနည်နေ့ကို မသိတဲ့အတွက်၊ အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်က ကျယ်ကျယ်ပြန့်ပြန့် မလုပ်ပေးတာ့တဲ့အတွက်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးများ လုပ်ကြံခံခဲ့ရတဲ့အတွက်ပါ ပေါင်းပြီး ကျွန်မ အရင်ကထက် နှစ်ဆပိုပြီး ၀မ်းနည်းရပါတယ်။ (အောက်က ဥသြဆွဲ အသံဖိုင်ကို အခု ဒီနေ့ 19/7/11 မှာမှ မြတ်လေးငုံ ဘလော့၈်မှ ကူးယူထားပါတယ်။ )



အာဇာနည်များကို လွတ်လွတ်လပ်လပ် ဂုဏ်ပြုနိုင်တဲ့ ခေတ်ကို အမြန်ဆုံး ပြန်ရောက်ပါစေ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ကြီးများ ကောင်းရာသုဂတိ လားပါစေ။

(19/July/10, 6:21 PM က တင်တဲ့ပို့စ်ကို ဒီနှစ်အာဇာနည်နေ့အထိမ်းအမှတ်အတွက် အပေါ်ခဏ ပြန်တင်ထားပါတယ်။)