မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label အကြွေစောသူများ. Show all posts
Showing posts with label အကြွေစောသူများ. Show all posts

သူမရဲ့နောက်ဆုံးအချိန် (၂)

သူမရဲ့နာက်ဆုံးအချိန် (၁) ကိုအရင်ဖတ်ပါ။

သူမဆုံးတဲ့နေ့က တနင်္လာနေ့ဖြစ်တော့ အသိမိတ်ဆွေတွေကို အကြောင်းကြားခဲ့ပေမဲ့ အလုပ်ထဲရောက်နေကြလို့ ဘယ်သူမှ ဆေးရုံကို ချက်ချင်းမလာဖြစ်ဘူး ညကျမှ လာမယ်လို့ ပြောကြတော့ သူ့ယောက်ျားကို အိမ်မှာပဲ ဧည့်သည်တွေအတွက် နေရာထိုင်ခင်း ပြင်ပြီး စောင့်ခိုင်းလိုက်တယ်။ အသက်ထွက်ဆွမ်းအတွက် ချက်ပြုတ်မည့်သူတွေ နာရေးမေးသူတွေ အတော်များများက အရင်အချိန်တွေကလည်း သေအံ့ဆဲဆဲ မကြာခဏဖြစ်ခဲ့ဖူးလို့ ရောက်လာကြတာ ရှိကြတော့ သူတို့အနေနဲ့ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို လာကြည့်ချင်ကြတော့မှာလည်း မဟုတ်တော့ဘူး၊ ဒါကြောင့် မေးလာတဲ့သူတွေကို အိမ်ကိုပဲ သွားကြဖို့ပြောလိုက်ပါတယ်။ ဆေးရုံက Staff တွေကိုလည်း မိသားစုတွေလာကြတော့မှာ မဟုတ်တဲ့အတွက် အလောင်းကို ဆက်လက်လုပ်ဖို့လိုအပ်တာ လုပ်နိုင်ကြောင်း အကြောင်းကြားပြီး ကျွန်မတယောက်တော့ ဆေးရုံက Staff တွေ အလောင်းလာပြင်ရင် အလောင်းမှာ ၀တ်ပေးဖို့ သူမ မဆုံးခင်နေ့တွေက သူမဆုံးပြီး အလောင်းပြင်ရင် ၀တ်ပေးဖို့ ဆိုပြီး သူမကိုယ်တိုင် ရွေးချယ်ပေးထားခဲ့တဲ့ မြန်မာရင်ဖုံးအကျီအဖြူနဲ့ ချိတ်ထမိန်ကို ဘေးမှာချပြီး သူမနားမှာ အကြာကြီးအထိ ထိုင်စောင့်နေတယ်။ Staff တွေက တော်တော်နဲ့ မရောက်လာတော့ သူမအလောင်းကို ကြည့်ပြီး အော်.. ဟိုတုန်းကတော့ ဒီမိုကရေစီရပြီးလို့ ပြည်တော်ပြန်ပြီး မြန်မာပြည်ထဲမှာပဲ မိမိကိုယ်မိမိ ခေါင်းခေါင်းချရမယ်လို့ ထင်ခဲ့မှာပဲ အခုလို တိုင်းတပါးမှာ ဘ၀ကို ဒီလိုအဆုံးသတ်ရလိမ့်မယ်လို့ ဘယ်ထင်မလဲလို့ တွေးပြီး သံဝေဂရနေမိတယ်။ သူမဆုံးခင် တရားစကားတွေ အများကြီး ပြောခဲ့ပြီး စုတိစိတ်ဖြစ်ရင် သိပ်ပြီးစိတ်ဝင်စားစရာ ကောင်းမှာပဲဆိုတဲ့ မသက်ဟာ အခုချိန်မှာ ဒီခန္ဓာကိုယ်ကြီးနားမှာ မကျွတ်လွှတ်တဲ့ ဘ၀နဲ့ ရစ်ဝဲရစ်ဝဲ လုပ်နေတော့မှာ မဟုတ်ဘူး ကောင်းရာမွန်ရာ ဘ၀တခုခုကို ရောက်နေလိမ့်မယ် ဆိုတာကိုတော့ ကျွန်မ သေချာအတတ်အပ် ယုံပါတယ်။ အသက်ရှင်စဉ်က ဘယ်လိုပဲ ဖြည့်တင်းခဲ့ ၀တ်ဆင်ခဲ့ပေမဲ့ အခုတော့ ဒီခန္ဓာကိုယ်ကြီးဟာ ဘယ်သူ့အတွက်မှ ဘာမှသုံးစားလို့ မရတော့လို့ စွန့်ပစ်ရတော့မှာပါလားလို့ တွေးပြီး သူမကို စတွေ့ဖူးတဲ့ အချိန်က စပြီးအခုလက်ရှိအချိန်ထိ သူမနဲ့ပတ်သက်ပြီး ကျွန်မမှာ ရှိနေတဲ့ အမှတ်တရတွေက ကျွန်မအတွေးထဲကို တခုပြီးတခု အစီအရီ ၀င်ရောက်လာပါတယ်။

မသက်ကို စတွေ့ဖူးတာကတော့ ၁၉၈၉ ခုနှစ် မင်းသမီးစခန်းမှာ ကျင်းပတဲ့ ABSDF ရဲ့ ဒုတိယအကြိမ် ညီလာခံကာလကပါ။ ညီလာခံကို ကျောင်းသားစခန်းထဲမှာ ကျင်းပတာ မဟုတ်ဘဲ ကျောင်းသားစခန်းနဲ့ တနာရီခန့် လမ်းလျှောက်ရတဲ့ ထီးထာခေါ် ခရိုင်မြို့မှာ ကျင်းပပေမဲ့ တခြားညီလာခံကိုယ်စားလှယ်တွေလို ညီလာခံကျင်းပရာကို တန်းသွားတာ မဟုတ်ဘဲ မသက်ကတော့ ရဲမေတွေနဲ့ တွေ့ချင်လို့ ဆိုပြီး ကျွန်မတို့စခန်းထဲကို အရင်ရောက်လာခဲ့တယ်။ အဲဒီနေ့က ကျွန်မက ဆေးရုံမှာ တာဝန်ကျတော့ နေ့လည်ဘက်မှာ အဆောင်က ရောက်လာတဲ့ ရဲမေတဦးက တပ်ရင်း ၆၀၁ ပအို့ဝ်မြေကတဲ့ ညီလာခံကိုယ်စားလှယ်ထဲမှာ ရဲမေတေယောက်ပါတယ် ယောက်ျားကြီးလိုပဲ ဆိုပြီးလာပြောလို့ သိထားတယ်။ ညနေဘက် ဆေးရုံတာဝန်ချိန် ပြီးလို့ အဆောင်ကိုသွားတော့ ဆံပင်တိုတိုနဲ့ ယောက်ျားပုံပေါက်နေတဲ့ မသက်ကိုစတွေ့ဖူးပါတယ်။ ကျွန်မရောက်တော့ အဆောင်က မိန်းကလေးတွေနဲ့ တ၀ါးဝါး တဟားဟား ပွဲကျနေတာကိုတွေ့ရပြီး ကျွန်မ အဆောင်ပေါ်တက်လာတော့ အလှည့်ကျတာဝန်ကျ အဆောင်မှူး ရဲမေက ကျွန်မနဲ့ မသက်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ညည်းတို့တပ်ရင်းမှာ ရဲမေတွေအများကြီးနဲ့ ပျော်စရာကောင်းလိုက်တာ ၆၀၁ မှာတော့ ရဲမေဆိုလို့ မသက်တယောက်ပဲ ရှိတယ်လို့ ရင်းရင်းနှီးနှီး ပြောပါတယ်။ ကျန်တဲ့ အဆောင်သူတွေအားလုံးကို ကြည့်လိုက်တော့လည်း မျက်ရည်ကျလောက်အောင်ကို ရယ်နေကြတဲ့သူတွေလည်း ရှိတော့ ကျွန်မက ဘာတွေများ ဒီလောက်တောင် ပွဲကျနေကြလဲလို့ မေးတော့ မသက်က အလှူမှာ ဘုန်းကြီးက ပွဲမငှားဖို့ တိုက်တွန်းတဲ့ ဇာတ်လမ်းအကြောင်းကို အစအဆုံး ပြန်ပြောပြပါတယ်။ အလှူမှာ ပွဲမငှားဖို့ တိုက်တွန်းခဲ့တဲ့ ဘုန်းကြီးက ဆိုင်းသံဗုံသံကြားတော့ ကွေးအောင်ထကနေရာကနေ ငါပြောသားပဲ မငှားနဲ့လို့ ပြောလိုက်တဲ့အကြောင်းကို ကိုယ်အမူအယာ လက်ဟန်ခြေဟန်တွေနဲ့ မသက် ပြောပြနေတဲ့ပုံကို သဘောကျလို့ ကျွန်မကလည်း ရီရသလို နားထောင်ပြီးသားဖြစ်တဲ့ ကျန်တဲ့သူတွေ အားလုံးကလည်း ထပ်ရယ်ကြတော့ အဲဒီညက အဆောင်တခုလုံး ဆူညံနေတာပဲ။ မသက်က ရီစရာလေးတွေ သိပ်ပြောတတ်တော့ အချိန်ခဏလေးအတွင်းမှာ ကျွန်မတို့ အားလုံးနဲ့ ခင်မင်သွားတယ်။

မသက်ဟာ ညီလာခံကာလမှာလည်း ဘယ်လိုတော်ကြောင်း သူဆွေးနွေးတဲ့အချက် အတော်များများကို ညီလာခံက အတည်ပြုခဲ့ရကြောင်း စသည်ဖြင့် မသက်တော်ပုံထက်မြက်ပုံကို ညီလာခံကိုယ်စားလှယ်တွေဆီက ပြန်ကြားသိရပါတယ်။ အဲဒီအချိန်က မသက်တို့ ၆၀၁ ကလာတက်တဲ့ ကိုယ်စားလှယ်တွေအထဲမှာ ကျွန်မမှတ်မိသလောက် ကိုသန်းကျော်ဌေး၊ ခွန်စံလွင်၊ ကိုတိုက်မောင်းနဲ့ နောက်တယောက်ပါပြီး အဲဒီ သူတို့တပ်ရင်းက အမျိုးသား ကိုယ်စားလှယ်တွေ အားလုံးကလည်း မသက်ကို တလေးတစား ရှိကြာတာကို တွေ့ရပါတယ်။ ညီလာခံပြီးတော့ မသက်ဟာ ဒီညီလာခံမှာ ဗဟိုကော်အတီဝင်အဖြစ် အရွေးချယ်ခံရလို့ ABSDF ရဲ့ ပထမဦးဆုံး အမျိုးသမီး ဗဟိုကော်အတီဝင်ဖြစ်လာခဲ့ပါတယ်။ ညီလာခံ မပြီးခင်ကာလ ပိတ်တဲ့ Weekend တနေ့မှာတော့ မသက်က မိန်းကလေးတွေ ကိစ္စ ဆွေးနွေးစရာရှိလို့ဆိုပြီး စခန်းမှာ မိန်းကလေးတွေ အားလုံးနဲ့ဆုံဖို့ ချိန်းလိုက်ပြီး မြန်မာအမျိုးသမီးစည်းအရုံးကို ဖွဲ့ဖို့ ဆွေးနွေးဖူးပါတယ်။ အဲဒီအချိန်က ဘုရားသုံးဆူ တပ်ရင်း ၁၀၁ က ရဲမေတဦးဖြစ်သူ အတာလည်း ရောက်နေတော့ သူတို့နှစ်ယောက်ကတော့ တော်တော်လေးကို တက်ကြွကြတာကို တွေ့ရပါတယ်။ ကျွန်မတို့ တပ်ရင်းမှာ ဆေးအဖွဲ့၊ ဆက်သွယ်ရေးအဖွဲ့နဲ့ ရုံးအဖွဲ့က မိန်းကလေးတွေ အားလုံးက အမျိုးသမီးအခွင့်အရေးဆိုတာကို သူတို့လောက်လည်း စိတ်မ၀င်စားခဲ့သလို ဒီလောက်ကိုယ့်အလုပ်နဲ့ကိုယ် လက်မလည်ဖြစ်နေတာ သူတို့ပြောတဲ့ လှုပ်ရှားမှုတွေကို ဘယ်လိုအချိန်ပေးပြီး သွားလုပ်မလဲဆိုလို့တောင် တွေးနေခဲ့ပါတယ်။ ပြီးတော့ ရည်ရွယ်ချက်မှာလည်း အမျိုးသမီးအမျိုးသား တန်းတူအခွင့်အရေး ဆိုတာပါတော့ ကျွန်မတို့တပ်ရင်းမှာ စစ်သင်တန်း မတက်ရသေးလို့ မိန်းကလေးတွေ ရှေ့တန်းမဆင်းရတာကလွဲလို့ ဘယ်နေရာမှာမှ တန်းတူအခွင့်အရေး မပေးတာ မရှိပါဘူးဆိုပြီး ထင်နေတဲ့အချိန်ဖြစ်တယ်။ ပြီးတော့ အဲဒီတုန်းက ကျွန်မတို့မှာ ရှေ့တန်းသွားရဖို့အရေးကလွဲပြီး တခြားဘာမှစိတ်မ၀င်စားသလို မသက်တို့ အတာတို့ လာချပြတဲ့ အမျိုးသမီးရေးကိစ္စဆိုတာကို ကျွန်မတို့ သိပ်ပြီး နားမလည်သေးသလို ဒီလောက်အထိ စိတ်မ၀င်စားခဲ့တာ အမှန်ပဲ။ ဒါပေမဲ့လည်း မိန်းကလေးတွေ ဘ၀တိုးတက်ရေးအတွက် ဆိုတော့ အားလုံးက သဘောတူပြီး လက်မှတ်တွေ ထိုးပေးခဲ့ပါတယ်။

သို့ပေမဲ့လည်း ကျွန်မတို့ တပ်ရင်းက ကိုယ်စားလှယ်တွေကပဲ အားမပေးလို့လား၊ ကျွန်မတို့ ကိုယ်တိုင်ကပဲ သိပ်စိတ်မ၀င်စားတာကို မသက်ကလည်း သဘောပေါက်လို့လား မသိဘူး အမျိုးသမီးအစည်းအရုံး ဖွဲ့ဖို့ကိစ္စ မအောင်မြင်ခဲ့ဘူး။ ဒုတိယအကြိမ် ညီလာခံမှာ မသက်ကဗဟိုကော်မတီဝင် ဖြစ်လာခဲ့ပြီး ထောက်ပံ့ေ၇းကိစ္စတွေနဲ့ တပ်ရင်းကို မကြာခဏ ရောက်လာတာတောင် ဒီအကြောင်း သိပ်မပြောဖြစ်ခဲ့ဘူး။ နောက်ပိုင်းမှာတော့ ကျွန်မတို့ တပ်ရင်းက မိန်းကလေးတွေ အတော်များများလည်း စစ်သင်တန်းတွေ ပြီးသွားတဲ့အချိန်မှာ ရှေ့တန်းဆင်းဖို့ကိုပဲ အားသန်နေပြီး ရှေ့တန်းဆင်းခွင့်ရဖို့အတွက် စခန်းကော်မတီတွေဆီမှာ အပြင်းအထန် ဆန္ဒပြတောင်းဆို နေခဲ့တယ်။ စခန်းကော်မတီဥက္ကဌက ပထမအကြိမ် ညီလာခံသက်တမ်းတုန်းက ဗဟိုကော်အတီဝင်တယောက် ဖြစ်ခဲ့ပြီး ဒုတိယအကြိမ် ညီလာခံမှာ ဗဟိုကပြုတ်လာပြီး စခန်းကော်အတီရွေးပွဲမှာ ဥက္ကဌအဖြစ် အရွေးချယ်ခံရသူ ဖြစ်တယ်။ အဲဒီအချိန်မှာ ပထမအကြိမ် ညီလာခံသက်တမ်းက ဗဟိုဥက္ကဌ ဦးထွန်းအောင်ကျော်က ကျွန်မတို့ စခန်းဥက္ကဌနဲ့ ခင်မင်ရင်းနှီးသူ ဖြစ်ပြီး ဗဟိုမှာ ဥက္ကဌအဖြစ် ပြုတ်လာချိန်မှာ သူ့မိခင်တပ်ရင်းကို မပြန်ဘဲ ကျွန်မတို့တပ်ရင်းကို တပ်ဖွဲ့ဝင်တယောက်အဖြစ် ၀င်ရောက်လာပါတယ်။ သူတို့နှစ်ယောက်စလုံးက မသက်နဲ့ သိပ်ပြီး မျက်နှာကျောတည့်ပုံ မရဘူး။ ကျွန်မတို့က ရှေ့တန်းဆင်းခွင့်ရဖို့ ဆန္ဒပြကြတာတွေ ရှိလာတော့ စခန်းဥက္ကဌက ရှေ့တန်းဆင်းခွင့်ပေးမယ်လို့ ကျွန်မတို့ကို လိုက်လျောခဲ့ပါတယ်။ ဒါပေမဲ့ အခုလို ဆန္ဒပြတောင်းဆိုတာကို ဥက္ကဌက ကျွန်မတို့ကို မသက်မြှောက်ပေးလို့ပဲ ထင်နေပြီး "ကိုထွန်းရေ အရင်ကဘာမှ နားမလည်တဲ့ ကျနော့်တပ်ရင်းက မိန်းကလေးတွေတော့ သက်သက်လွင် ပညာတွေ သင်ပေးထားခဲ့လို့ ပညာတတ်ကုန်ပြီး ဘာပညာတွေ ပေးထားခဲ့လဲမသိဘူး အရင်ကနည်း လုံးဝမတူတော့ဘူး" ဆိုပြီး ကျွန်မတို့က ရှေ့တန်းဆင်းခွင့်မပေးလို့ ကလန်ခဲ့တာကို ရည်ညွန်းပြီး ဦးထွန်းအောင်ကျော်ကို ကျွန်မရှေ့မှာ ပြောပြနေလို့ ကျွန်မက "မသက်နဲ့ မဆိုင်ပါဘူး အရင်ဥက္ကဌလက်ထက်တုန်းကလည်း ရှေ့တန်းထွက်ဖို့ ကျွန်မတို့ တောင်းဆိုခဲ့ပေမဲ့ စစ်သင်တန်း မတက်ရသေးဘဲနဲ့ ရှေ့တန်းထွက်လို့ မရဘူးဆိုလို့ ငြိမ်နေတာ အခုတော့ စစ်သင်တန်းပြီးပြီမို့ ပြန်တောင်းဆိုတာ မသက်နဲ့ ဘာမှကိုမဆိုင်ဘူး" လို့ ပြောလိုက်တယ်။ ဒါကို ကျွန်မက မသက်ဘက်က နာပြီး ကာပြောနေတယ်ထင်နေကြတယ်။

အဲဒီအချိန်က စခန်းဥက္ကဌရော ဦးထွန်းအောင်ကျော်ပါ ကျွန်မနဲ့ သိပ်ရင်းနှီးတော့ ပြောစရာရှိတာကို ကျွန်မက ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။ ကျွန်မက မသက်ဟာ ဥက္ကဌတို့ ဦးထွန်းတို့ ထင်နေသလို မဟုတ်ကြောင်း၊ ဘယ်လိုတော်ကြောင်း ဗဟုသုတရှိကြောင်း၊ သူ့တပ်ရင်းက လာတဲ့ကိုယ်စားလှယ်တွေကလည်း သူ့ကိုတလေးတစားရှိကြောင်း ပြောတော့ ကျွန်မတို့စခန်းဥက္ကဌက "သက်သက်လွင်ကို အထင်ကြီးပြီး ညည်းတို့ ဘာမှအတုယူဖို့ မစဉ်းစားနဲ့ သူကကောင်းတာ မဟုတ်ဘူး မိန်းကလေးတန်မဲ့ အရက်သောက်လိုသောက်နဲ့ နင်တို့အတုယူရင် နင်တို့ပါ ပျက်စီးသွားမယ် မယုံရင် ကိုထွန်းကိုမေးကြည့်ပါလား" လို့ ပြောလိုက်တယ်။ ဦးထွန်းအောင်ကျော်ကလည်း ဒါကို ထောက်ခံပြီး ဘန်ကောက်မှာ မသက်ဘယ်လိုမူးကြောင်း ပြောပြပါတယ်။ မသက်က ကျွန်မတို့ တပ်ရင်းမှာသာ မသောက်ပေမဲ့ ကျွန်မတို့တပ်ရင်းနဲ့ အဲဒီတုန်းက ပလောပီနံ စိုက်ခင်းတခင်းပဲ ခြားတဲ့ တပ်ရင်း ၂၀၃ မှာတောင် သောက်ကြောင်း ပြောပြတယ်။ ကျွန်မတို့တပ်ရင်းမှာတော့ တပ်ရင်း ၀င်းထဲမှာ လာသောက်ရင် ဗဟိုကော်အတီတွေဘာတွေ နားမလည်ဘူး အကုန်လုံး မြက်ရှင်း၊ တောရှင်း၊ အိမ်သာကျင်းတူး တခုခုနဲ့ အပြစ်ပေးခံရမှာ သေချာတယ်။ ကျွန်မလည်း ကျွန်မတို့ တပ်ရင်းက ဥက္ကဌ တယောက်တည်း ပြောတာဆိုရင်တော့ သူကအမြင်ကပ်လို့ ပြောတာပဲ ဖြစ်မယ်လို့ သတ်မှတ်ပြီး ယုံမှာမဟုတ်ပေမဲ့ ဘုရားဆုပန်ထားပြီး ဘာသာရေး အင်မတန်ကိုင်းရှိုင်းတယ်လို့ ကျွန်မယူဆထားတဲ့ ဦးထွန်းအောင်ကျော် ကိုယ်တိုင်ပြောတယ်ဆိုတော့ မသက်နဲ့ ပတ်သက်ပြီး သူတို့ ပြောတာတွေကို ယုံလိုက်တယ်။ မသက် အရက်သောက်တယ်ဆိုတာ သိပြီးနောက်ပိုင်း မသက်ကို ကျွန်မအပါအ၀င် ကျွန်မတို့တပ်ရင်းက မိန်းကလေးတချို့က သိပ်မကြည်တော့ပေမဲ့ မသက်က ဟာသလေးတွေ သိပ်ပြောတတ်ပြီး ထွေရာလေးပါး ဗဟုသုတလေးတွေလည်း ပြောပြတတ်တော့ အဆောင်ကို ရောက်လာရင် သူ့ကို တယောက်မှမခင်ဘဲ မနေနိုင်ဘူး။

အဲဒီအချိန်က ကျွန်မတို့တပ်ရင်းမှာ ရှိတဲ့ မိန်းကလေးတွေ တယောက်မှ အိမ်ထောင်မကျသေးဘူး။ တော်လှန်ရေးမအောင်ခင် အိမ်ထောင်ကျတာဟာ တကိုယ်ကောင်းဆန်တယ် တော်လှန်ရေးအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်တယ်လို့ သဘောထားနေပြီး ကျွန်မတို့ အားလုံးဟာ တကယ်ကို တော်လှန်ရေးအတွက် ရဲရဲတောက် တက်ကြွနေတဲ့အချိန်လည်း ဖြစ်တယ်။ မို့တောင်ကျပြီး တပ်ရင်း (၂၀၃) က ကျွန်မတို့မင်းသမီးကို စရောက်ခါစအချိန်လည်း ဖြစ်တော့ ကလေးပုစုကွေးတွဲလောင်းတွေနဲ့ ၂၀၃ ကအဖွဲ့တွေကို တွေ့ရတာ ကျွန်မတို့ မင်းသမီးစခန်းက ရဲမေတွေကို အတော်လေး အံ့သြစေခဲ့ပါတယ်။ တနေ့တော့ တပ်နဲ့မတူဘဲ အရပ်နဲ့တူနေတဲ့ ၂၀၃ အဖွဲ့တွေကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်ရင်း ကျွန်မ သက်ပြင်းချနေတာကို တွေ့ပြီး မသက်က "မငယ် ဘာတွေဖြစ်နေလဲ" မေးလို့ "ဒီလိုပုံစံနဲ့ တော်လှန်ရေး အောင်မှ အောင်ပါတော့မလား မသက်" လို့ ပြောပြီး တော်လှန်ရေးမှာ ဒီလိုကလေးတွဲလောင်းနဲ့ ဖြစ်နေရင် အခုလိုချိန် ရန်သူတက်လာရင် အဲဒီမိသားစုတွေ ကလေးတွေကို ကာကွယ်ပေးရင်းနဲ့ ကျွန်မတို့ ရန်သူကို ဘယ်လိုပြန်တိုက်မလဲ။ ရှေ့တန်းကို ဘယ်လိုထွက်မလဲလို့ ပြောတော့ "အဲဒါလည်း တော်လှန်ရေးပဲလေ မငယ် ပကတိအခြေအနေကို လက်ခံရမှာပေါ့ မငယ်တို့တပ်ရင်းလည်း တချိန်ကျရင် အဲလိုဖြစ်လာမှာပဲ" လို့ ပြောလို့ "မသက် ကျွန်မတို့တပ်ရင်း အဲလို လုံးဝမဖြစ်စေရဘူး" လို့ အသံခပ်မာမာနဲ့ ပြန်ပြောတာကို မသက်က ရယ်ပြီးတော့ ထားလိုက်ပါ Family တွေကို ကြည့်ပြီး စိတ်ပျက်နေသော ရဲမေကြီးပါလားလို့ စနောက်ပြီး ၂၀၃ အဖွဲ့တွေဆီ အားပေးစကားပြောဖို့ သွားလိုက်ပါတယ်။

အဲဒီနောက်ပိုင်းတော့ မသက်က မင်းသမီးကို ရောက်တိုင်း ကျွန်မတို့အဆောင်မှာ မအိပ်ဘဲ ၂၀၃ က အမျိုးသမီးအဆောင်မှာပဲ သွားအိပ်တော့တယ်။ နောက်ပိုင်းတော့ တပ်မဟာ (၄) ကို မသက် မရောက်လာတော့တာ အတော်ကြာသွားတယ်။ ဒီအတောအတွင်း ကျွန်မတို့တပ်ရင်းမှာ ပထမဦးဆုံးအနေနဲ့ ရဲမေထဲက တယောက်က တပ်ရင်း (၂၀၃) ကနေ ကျွန်မတို့တပ်ရင်းကို ပြောင်းလာတဲ့ ရဲဘော်တဦးနဲ့ မင်္ဂလာဆောင်ပြီး အိမ်ထောင်စပြုတော့ အဆောင်က မိန်းကလေးတွေ အားလုံးက တော်လှန်ရေးကာလမှာ အိမ်ထောင်ပြုလို့ဆိုပြီး အပြစ်မြင်ပြီး မကျေမချမ်းဖြစ်ကြပါတယ်။ (ဒီအကြောင်းကို တော်လှန်ရေးနဲ့ အိမ်ထောင်ရေး ပို့စ်မှာ ရေးထားတာ ရှိပါတယ်။) အဲဒီပြီး သိပ်မကြာခင်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မသက်က ဗဟိုကလာတဲ့ လူကြုံနဲ့အတူ မင်းသမီးစခန်းက ရဲမေများ ပျော်ရွှင်စွာ ရယ်မောနိုင်ကြပါစေလို့ ရေးပြီး ကာတွန်းရုပ်ပြောင်လေးတခုကို ပို့ပေးလိုက်တယ်။ ကြည့်လိုက်တော့ ကာတွန်းပုံမှာ အဖေက စည်းကမ်းချက်စာရွက်တခုကို ချထားပြီး သမီးကဟိုဘက်လှည့်ပြီး အဖေ့စည်းကမ်းပဲ အဖေပဲလိုက်နာ သမီးလိုက်မနာနိုင်ဘူးလို့ ကျောခိုင်းပြီး ပြောနေတဲ့ပုံကို တွေ့ရတယ်။

အဲဒါကို အဆောင်မှာ ညဘက် လူစုံချိန် ၀ိုင်းကြည့်ကြပြီး မသက်က ကျွန်မတို့တပ်ရင်းက ရဲမေတယောက် အိမ်ထောင်ပြုသွားလို့ ကျွန်မတို့ကို မသက်က တမင်သရော်တယ်လို့ အားလုံးက ထင်ကြတယ်။ အဲဒါကို မခံမရပ်နိုင်ဖြစ်ကာ ၀ိုင်းပြီး မသက်ကို စာပြန်ရေးပို့ကြတယ်။ ကျွန်မကလည်း "မသက်ရယ်စေချင်လို့ ပို့ပေးလိုက်တဲ့ ရုပ်ပြောင်ကို ရယ်ဖို့နေနေသာသာ မချိပြုံးလေးတောင် မပြုံးမိဘူး၊ ကျွန်မတို့တပ်ရင်းမှာ တော်လှန်ရေးသက်တမ်း နှစ်နှစ်ပြည့်ပြီးမှ မင်္ဂလာဆောင်တာ သက်တမ်းပြည့်ခင် တပ်စည်းကမ်း ချိုးဖေါက်ပြီး အိမ်ထောင်ပြုတာ မဟုတ်လို့ အဲဒါကို မသက်သရော်စရာ အကြောင်းမရှိဘူး" လို့ ရေးလိုက်တယ်။ အဲဒီနောက်ပိုင်း မသက်နဲ့ မတွေ့တော့တာ ၁၉၉၃ ကုန်ခါနီး ကျွန်မတို့ ဒေါင်းဂွင်ဗဟိုဌာနချုပ်ကို ရောက်မှပဲ ပြန်တွေ့တော့တယ်။ ဒါတွေကတော့ သူမနဲ့ ပတ်သက်တဲ့ ကျွန်မမှာ ရှိနေတဲ့ အစောပိုင်းကာလ အမှတ်တရတွေပါ။
ဆက်လက်ဖေါ်ပြပါမည်။

မနေ့က မသက်ဆုံးတဲ့ ၉ နှစ်မြှောက်နေ့မှာ တင်ချိန်မရလိုက်လို့ ဒီနေ့မှ တင်ဖြစ်ပါတယ်။

ဆရာဝင်းမြင့်သိန်းဈာပနနှင့် ရက်လည်ဆွမ်းကျွေးအခမ်းအနား




ဆစ်ဒနီမြို့ St. Vincent's ဆေးရုံရှိ Intensive Care Unit (ICU) မှာ 16/05/11 နေ့က ကွယ်လွန်သွားတဲ့ ဆရာ ၀င်းမြင့်သိန်းရဲ့ ဈာပန ကို ၂၀-၀၅-၁၁ ၌ West chapel, Rockwood cemetery, Lidcomoe မှာ နေ့လည် ၁ နာရီမှ ၂ နာရီ ၄၅ မိနှစ်အထိ ကျင်းပပြီးစီးခဲ့ပြီး ရက်လည်ဆွမ်းကျွေး တရားနာ အခမ်းအနားကို ၂၂-၀၅-၁၁ ၌ Merryland ရှိ နေအိမ်မှာ တနေကုန် ကျင်းပပြီးစီးခဲ့ပါတယ်။ ဈာပန အခမ်းအနားမှာ ဒေါက်တာမြင့်ချိုက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သွားပါတယ်။ အခမ်းအနား အစီစဉ်များကတော့ ပထမဦးစွာ ဘုန်းတော်ကြီးများ ကြွလာတာကို ကြိုဆိုအရိုအသေပေးခြင်း၊ ဆရာလေးဝင်းမြင့်သိန်းရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်းကို ဒေါက်တာမြင့်ချိုက ကိုယ်တိုင် ဖတ်ကြားခြင်း၊ ABSDF ဗဟိုမှ ပေးပို့လာသော ၀မ်းနည်းခြင်း သ၀ဏ်လွှာကို ကိုနိုင်အောင်မှ ဖတ်ကြားခြင်း၊ ဘုရားရှိခိုးပြီး သံဃာတော်များဆီမှ ငါးပါးသီလခံယူကာ ပရိတ်တရားတော်နှင့် မမြဲခြင်းသဘောကိုဆောင်သည့် သေခြင်းတရားကို နာယူပြီး နောက်ဆုံးအစီစဉ်ကို ဆရာဝင်းမြင့်သိန်း အသက်ရှိထင်ရှားရှိစဉ်နှင့် သေဆုံးတဲ့နေ့အထိ ဓါတ်ပုံမှတ်တမ်း နှင့် ဆေးရုံမှာ ရှိစဉ် အဆုတ်အလုပ်မလုပ်တော့လို့ အဆုပ်အစား အလုပ်လုပ်ပေးမည့် စက်ကိုပါးစပ်မှာ မတပ်ဆင်မီ စကားပြောလို့ရတုန်း ဘိုင်တင်ကိုကိုက မူဘိုင်းဖုန်းဖြင့် မှတ်တမ်းတင်ထားတဲ့ ဆရာ ၀င်းမြင့်သိန်းရဲ့ နှုတ်ဆက်စကားဗွီဒီယိုကို Slide Show ဖြင့် ကိုနိုင်အောင်က ပေါင်းစပ်ပြီး ဖန်တီးထားတာကို ဖွင့်ပြပြီး ဈာပန အခမ်းအနားကို အဆုံးသတ်လိုက်ပါတယ်။ ဆရာဝင်းမြင့်သိန်းရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်းကို ပူးတွဲဖေါ်ပြထားပါတယ်။ ဓါတ်ပုံနှင့် ဗွီဒယိုကို ဆက်လက် ကြည့်ရှုနိုင်ပါတယ်။

ကိုဝင်းမြင့်သိန်း ကိုယ်ရေးရာဇ၀င်အကျဉ်း

· ကိုဝင်းမြင့်သိန်းကို အဘ ဦးသန်းမောင်နဲ့ အမိ ဒေါ်မြင့်စိန်တို့က (၁၉၅၉) ခုနှစ် မေလ (ရ) ရက်မှာ ရန်ကုန်မှာ မွေးဖွားခဲ့ပါတယ်။

· (၁၉၈၅) ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က BSc သင်္ချာနဲ့ ကျောင်းပြီးပြီး ပုလောမြို့နယ် ပုလောကုန်းရွာ တွဲဘက်အလယ်တန်းကျောင်းမှာ ဆရာအဖြစ် တာဝန်ကျခဲ့ပါတယ်။

· (၁၉၈၆) ခုနှစ်မှာ အလယ်တန်းပြဆရာအဖြစ် ခန့်အပ်ခြင်းခံရပြီး ဇရပ်ဆိပ်ရွာကို ပြောင်းရွှေ တာဝန်ပေးခြင်းခံရပါတယ်။ ဇရပ်ဆိပ်ရွာမှာ (၁၉၈၈) အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

· (၁၉၈၈) ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီ်းမှာ ဇရပ်ဆိပ်ကျေးရွာ ကျောင်းသားသမဂ္ဂမှာ ဦးဆောင်သူအဖြစ် ပါဝင်လှုပ်ရှားခဲ့ပါတယ်။

· (၁၉၈၈) ခုနှစ် စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်မှာ လက်နက်ကိုင်တော်လှန်ရေး လုပ်ဖို့ နယ်စပ်ဒေသကိုထွက်ခွာလာပြီး KNU တပ်မဟာ(၄)နယ်မြေကို ရောက်ရှိခဲ့ပါတယ်။

· နယ်စပ်ရောက်ကျောင်းသားများ ABSDF ကို ဖွဲ့စည်းပြီးတဲ့အခါမှာ တပ်ရင်း (၂၀၁) မင်းသမီးစခန်းနဲ့ စစ် ပြေပြင်မှာ ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

· (၁၉၈၉) ခုနှစ် ABSDF ဒုတိယအကြိမ်ညီလာခံပြီးတော့ ဗဟိုဌာနချုပ်မှာ ဒုရုံးအဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

· (၁၉၉၅) ခုနှစ်မှာပြုလုပ်တဲ့ ABSDF စတုတ္ထအကြိမ်ညီလာခံနဲ့ (၁၉၉၆) ခုနှစ်မှာကျင်းပတဲ့ ABSDF ပြန်လည်ပေါင်းစည်းရေးညီလာခံမှာ ရွေးကောကပွဲကော်မရှင်ဥက္ကဌအဖြစ် တာဝန်ပေးခြင်းခံရပါတယ်။

· နောက်ပိုင်း (၁၉၉၇) ခုနှစ်အထိ ဗဟိုဌာနချုပ်မှာ ဗဟိုရုံးအဖွဲ့မှူးအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

· (၁၉၉၇) ခုနှစ်ကုန်မှာ တတိယနိုင်ငံတခုခုမှာ အခြေချရပ်တည်နိုင်ဖို့အတွက် ဘန်ကောက်မြို့ကို ရောက်လာခဲ့ပါတယ်။

· (၁၉၉၈) ခုနှစ် ဆန်းကစပြီး NCGUB Bangkok ရုံးမှာ Accountant အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

· (၁၉၉၈) ခုနှစ် August (၂၄) မှာ မစန်းစန်းအေးနဲ့ လက်ထပ်ခဲ့ပါတယ်။

· (၂၀၀၀) ခုနှစ် October (၁၉) ရက်မှာ Australia နိုင်ငံကို အခြေချနေထိုင်ဖို့အတွက်ရောက်ရှိခဲ့ပါတယ်။

· (၂၀၀) ခုနှစ်မှာ နှလုံးရောဂါ စခံစားခဲ့ရပြီး နှလုံးပုံမှန်အလုပ်မလုပ်တော့လို့ Westmead ဆေးရုံက နှလုံးအကူပေးတဲ့စက် Pacemaker တပ်ပေးခဲ့ပါတယ်။

· (၂၀၁၁) ခုနှစ်မှာ နှလုံးအစားထိုးမှရတော့မဲ့ အခြေအနေကို ရောက်လာတော့ Westmead ဆေးရုံကနေ St. Vincent ဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်။

· St.Vincent ဆေးရုံမှာ နှလုံးအစားထိုးကုသနိုင်ဖို့ အတွက် နှလုံးစောင့်ဆိုင်းရင်း အခြေအနေက ပိုဆိုးလာခဲ့ပြီး ကျောက်ကပ်နဲ့ အဆုတ်ကိုပါ ထိခိုက်လာခဲ့ပါတယ်။

· (၂၀၁၁) ခုနှစ် May (၁၆) ရက် ညနေ (၃) နာရီ မိနှစ် (၅၀) မှာ သက်တောင့်သက်သာနဲ့ ဘ၀ကူးသွားခဲ့ပါတယ်။



ဈာပနအခမ်းအနားမှ ပုံများ

West Chapel အပြင်ဘက် အလောင်းသယ်လာသည့် အသုဘကား

အလောင်းကို အထဲသယ်သွားစဉ်

အလောင်းကို အထဲမှာ နေရာချထားစဉ်

အလောင်းကို နေရာချပြီး ကျန်ရစ်သူမိသားစုမှ နောက်ဆုံးကန်တော့စဉ်

အခမ်းအနားစတင်ခါနီး

ဒေါက်တာမြင့်ချိုမှ အခမ်းအနားအစီစဉ်စတင်ကြေညာပြီး နေရာယူရန် ကြေညာစဉ်

ဆရာတော်ဘုရားများ နေရာယူပြီးနောက် အခမ်းအနားအစီစဉ်များကို ဖတ်ကြားပြီး၊ ဆရာဝင်းမြင့်သိန်းရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်းကို ဒေါက်တာမြင့်ချိုမှ ဖတ်ကြားနေစဉ်

ကျန်ရစ်သူမိသားစုမှ ဆရာတော်ဘုရားများအား သင်္ဃန်းနှင့် ၀တ္ထုကပ်နေစဉ်




တရားနာယူနေကြစဉ်

တရားနာပြီးအလောင်းကို ခန်းဆီးအောက်မယူသွားမီ

အလောင်းကို ခန်းဆီးအောက်မယူသွားမီ နောက်ဆုံး ဖွင့်ကြည့်စဉ်



ခန်းဆီးအထဲသွင်းနေစဉ်



ရက်လည် ဆွမ်းကျွေးတရားနာပွဲမှ ပုံများ

ဆွမ်းမဘုန်းခင် တရားအရင်နာစဉ်

ဆွမ်းကပ်နေစဉ်






ဆွမ်းဘုန်းပြီး အချိုပွဲကပ်စဉ်
ဝတ္ထုကပ်နေစဉ်

ရေစက်ချစဉ်

ဧည့်သည်များအား ကိုယ်တိုင်ထည့်စားသည့် စနစ်ဖြင့် ဧည့်ခံပါသည်


အိမ်အနောက်ဘက်မှာ

အိမ်ဘေးမှာ

ထမင်းစားပြီး အိမ်ရှေ့မှာ တချို့

Facebook မိတ်ဆွေများအနေနှင့် ကိုနိုင်အောင်က ဓါတ်ပုံတွေကို ဆရာ့နှုတ်ဆက်စကားဗွီဒီယိုနဲ့ ဘ၀သံသရာသီချင်း မိုးကုတ်ဆရာတော်ရဲ့ မမြဲခြင်းတရားတွေကို ပေါင်းစပ် စီစဉ် ပြုလုပ်ထားတဲ့ ဆရာဝင်းမြင့်သိန်းရဲ့ Life memory slide show နှင့် နှုတ်ဆက်စကားကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။

အသုဘအတွက် လူအား (သို့) ငွေအား (သို့) နှုတ်၏စောင်မခြင်း (သို့) နည်းအားလုံးနှင့် ဖြစ်စေ တနည်းနည်းနှင့် ဖြစ်စေ ၀ိုင်းဝန်းပံ့ပိုးပြီး ကူညီပေးခဲ့သည့် သြစကြေးလျား၊ ကနေဒါ၊ အမေရိကနှင့် ဥရောပရောက် မကဒတ တပ်ဖွဲ့ဝင်ရဲဘော်ရဲမေဟောင်းများနှင့် တခြားမိတ်ဆွေများအားလုံးကို တချိန်က ဆရာဝင်းမြင့်သိန်းရဲ့ တပည့်ဖြစ်ခဲ့ဖူးသူ တယောက်အနေနှင့် သူရဲ့ ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ကျေးဇူးဥပကာရ တင်ရှိကြောင်း ဒီနေရာမှာ မှတ်တမ်းတင်အပ်ပါတယ်။

ဆရာကောင်းရာသုဂတိလားပါစေ။



(စာကြွင်း - ဗွီဒီယို သုံးပိုင်းကို ပေါင်းထားတာကို Upload လုပ်တာ အဆင်မပြေလို့ နောက်ဆုံးပိုင်းတခုကိုပဲ တင်ထားပါတယ်။ တခုလုံးကို တင်ဖြစ်အောင် နောက်မှ ပြန်ကြိုးစားကြည့်မယ်။ နောက်ပိုင်း အချိန်ရပါက သိပ္ပံနဲ့ဘာသာရေး နှစ်ခုစလုံးနဲ့ ဆက်စပ်တဲ့ ပို့စ်တခုကို " သေခြင်းတရား၏ တခြားတဘက်မှာ" ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဖို့ စဉ်းစားထားပါတယ်။)

ရွှင်လန်းချမ်းမြေ့ကြပါစေ။



သူမရဲ့ နောက်ဆုံးအချိန်

ဗုဒ္ဓါနံ ဇိဝိတဿ နသက္ကာ ကေနစိ အန္တရာရော ကာတုံ တထာမေဟောန္တု အဓိပ္ပါယ်ကတော့ ဗုဒ္ဓမြတ်စွာဘုရားတို့၏ အသက်ကို တစုံတယောက်သောသူသည် အန္တရယ်ပြုခြင်းငှာ မတတ်နိုင် ထို့အတူ အကျွန်ုပ်အား ဖြစ်ပါစေသတည်းတဲ့။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပဋိဟတံ ဥာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပဋိဟတံ ဥာဏံ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘ၀၀တော အပဋိစတံ ဥာဏံ၊ အဓိပ္ပါယ်ကတော့ ဗုဒ္ဓမြတ်စွာဘုရားတို့မည်သည် အတိတ်၊ အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးမှာ ဥာဏ်နဲ့ အမြဲယှဉ်တွဲလျက်ရှိပြီး ဥာဏ်နဲ့ ကင်းကွာသွားတယ်ဆိုတာ ဘယ်တော့မှမရှိခဲ့ဘူးတဲ့ တွေ့လား မြတ်စွာဘုရားဟာ ဘယ်လောက် ကြည်ညိုဖို့ ကောင်းလဲ၊ မြတ်စွာဘုရားပုံတော်ကို စိတ်မှန်းနဲ့ မြင်အောင်ကြည့်ပြီး ကြည်ညိုပါနော့်လို့ သူမကို ကျွန်မ ပြောပြီး ဓါရဏပရိတ်ကို ဆက်ဖတ်ပြနေတယ်။

တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရရဲ့ ပရိတ်တရားတော်အကျမှာ တခြားတရားနဲ့ပတ်သက်တာ တခုခုကို သူမအိပ်မပျော်ခင် ကျွန်မ ဖတ်ပြနေတာပါ။ ဒီအချိန်မှာ လူနာလာမေးတဲ့ ဇနီးမောင်နှံနှစ်ဦး ရာက်လာလို့ ခဏနားပြီး သူမနဲ့ စကားပေးပြောပါတယ်။ သူမကတော့ လာမေးတာ ကျေးဇူးတင်ကြောင်း၊ သူမနေရတာ သက်တောင့်သက်သာ ရှိကြောင်းပြောပြီး သူမကလေးတွေနဲ့ တွေ့သေးလားလို့ မေးနေတယ်။ ဟိုက မတွေ့ဘူးပြောတော့ ပြန်ရင် သူတို့အဆင်ပြေမပြေ ခဏလောက် ၀င်ကြည့်ပေးလို့ရမလားနဲ့ မေးနေလို့ ဧည့်သည် ဇနီးမောင်နှံက ဘာပြန်ပြောရမှန်း မသိဖြစ်နေချိန်မှာ ကျွန်မက "ကလေးတွေ အခုလောက်ဆို အိပ်ပြီ ကလေးတွေအတွက် ဘာမှ စိတ်မပူပါနဲ့" လို့ ကြားက ၀င်ပြောပေးလိုက်ရတယ်။ ဧည့်သည်ဇနီးမောင်နှံပြန်ပြီးနောက် ကျွန်မ ပရိတ်ဆက်ဖတ်ပြလည်း သူမက ခုနကလောက် စိတ်ဝင်စားမှု မရှိတော့တာကို တွေ့ပြီး သူမက တခြားအကြောင်းအရာတွေကို ပြောနေတာနဲ့ ကျွန်မလည်း သူပြောတာကို လိုက်ပြောဖြစ်ပါတယ်။

"အလောင်းကို အိမ်သယ်လို့ မရဘူးလားမသိဘူးနော့်" လို့ သူမ မေးလိုက်တော့ ကျွန်မက "ရမယ်မထင်ဘူး ဒီမှာက အိမ်မှာသေမလား ဆေးရုံမှာ သေမလားဆိုတာ လူနာနဲ့ မိသားစုမှာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ရွေးချယ်ပြီးရင် သေပြီးတဲ့ ခန္ဓာကိုယ်ကို သေတဲ့နေရာနဲ့ သချိင်းအကြား ဆိုရင် Funeral service တနေရာကိုပဲ သယ်ခွင့် ရှိပါတယ်။ အဲလို သယ်တာကိုလည်း တခြားလူသယ်လို့ မရဘူး Funeral Director ကပဲ သယ်ခွင့် ရှိတယ်" လို့ သူမကို ကျွန်မ ရှင်းပြလိုက်တယ်။ "အေးပါ ဒါကို သိပါတယ် အခုပြောနေတာကလည်း သယ်ဖို့ ပြောနေတာ မဟုတ်ပါဘူး သယ်လို့ရရင်တော့ သိပ်ကောင်းမှာပဲလို့ စဉ်းစားကြည့်တာပါ အိမ်မှာဆိုတော့ မြန်မာပြည်မှာလို ဧည့်သည်တွေလာရင် လွတ်လွတ်လပ်လပ် ကျယ်ကျယ်ဝန်းဝန်း ကြိုက်သလို စီစဉ်လို့ရတာပေါ့၊ ဆေးရုံမှာကျတော့ လူကရှုပ်ပြီး ဧည့်ချိန်ခဏလေးမှာ ဧည့်သည်တွေလာရင်လည်း ကျဉ်းကျဉ်းကြုတ်ကြုတ်နဲ့ တခြား အခန်းက လူနာတွေကိုလည်း အားနာရသေးတယ်" လို့ သူမက ဆက်ပြောတယ်။"အဲဒါတော့ ဟုတ်တယ် ဒါပေမဲ့ ဆေးရုံမှာလည်း အစီစဉ် တခုခု လုပ်ချင်ရင်တော့ လုပ်လို့ရပါတယ်၊ ဘုရားဝတ်ပြုတဲ့ နေရာရှိတယ်။ တကယ်လို့ ဘုန်းကြီးပင့်ပြီး အသက်ထွက်တရား နာချင်တယ် ဆိုပါတော့ အဲဒီနေရာကို ကုတင်တခုလုံး တွန်းသွားပြီး တရားသွားနာပြီး အမျှဝေလို့ ရပါတယ်" လို့ ကျွန်မက ပြောလိုက်တော့ "ဒီလောက်အထိလည်း မလိုအပ်ပါဘူး သေပြီပဲ သေတဲ့သူကတော့ စုတိစိတ်ဆိုတာကို ရပြီး ဘ၀ကူးပြီဆိုတာနဲ့ ဒီခန္ဓာကိုယ်ကြီးနဲ့အတူ ရှိတော့မှာမှ မဟုတ်တာ၊ ကျန်ရစ်တဲ့ သူတွေအတွက် တွေးကြည့်တာပါ" လို့ သူမက ဆက်ပြောတယ်။ ဒါတွေက သူမရဲ့ နောက်ဆုံးနေ့မတိုင်ခင် တရက်ကျော်ကျော်အလိုမှာ ပြောခဲ့တဲ့ စကားဖြစ်တယ်။

သူမရဲ့ နောက်ဆုံးအချိန်

ဆရာဝန်မနဲ့ သူနာပြု ရောက်လာတဲ့အချိန် အခန်းထဲမှာ သူမနားမှာ ကျွန်မတယောက်ပဲ ရှိပါတယ်။ သူမရဲ့ နောက်ဆုံးအချိန်မှာ သူမမှာထားတဲ့အတိုင်း တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရရဲ့ ပရိတ်တရားတော်ကို မတိုးမကျယ်လေး ဖွင့်ထားပေးပါတယ်။ ပြီးတော့ ကျွန်မက သူမ ဘယ်အချိန်မှာ နှလုံးသွေးခုန်တာ ရပ်ဆိုင်းသွားတယ် ဆိုတာ သိချင်လို့ သူမရဲ့ လက်ကောက်ဝတ်က သွေးခုန်နှုန်းကို အမိအရဖမ်းထားပြီး သူမနှလုံးသွေး ရပ်ဆိုင်းသွားမည့် နောက်ဆုံးအချိန်ကို စောင့်ဆိုင်းနေပါတယ်။ ဒီအချိန်မှာ မနက် Round လှည့်လာတဲ့ ဆရာဝန်မနဲ့အဖွဲ့ ရောက်လာတယ်။
"ဟိုင်း ကောင်းသော မနက်ပါ သူမအခြေအနေ ဘယ်လိုရှိလဲ" လို့ သူမကို စောင့်ရှောက်တဲ့ ဆရာဝန်မ ၀င်လာရင်းနဲ့ ကျွန်မကို မေးလိုက်ပါတယ်။ သူမ လက်ကောက်ဝတ်မှာ သွေးခုန်နှုန်းစမ်းနေတာကို ကျွန်မ ရပ်လိုက် ပြီးတော့ ဒီမနက် သူမကိုယ်တိုင် ညစောင့် သူနာပြုဆီက မော်ဖိန်းတောင်းထိုးပြီးနောက်မှာ အောက်စီဂျင်တွေ ဖြုတ်ခိုင်းလိုက်ပြီး သူမကို ဘာအကူအညီ ဘာကုသမှုမှ လာမပေးဖို့ သူမရဲ့ နောက်ဆုံးအချိန်ကို တရားမှတ်ပြီး အေးအေးဆေးဆေး အနားယူသွားတော့မှာ ဖြစ်ကြောင်း မှာထားပြီး အိပ်နေတာ အခုထိတော့ နှလုံးခုန်နှုန်းရှိဆဲပဲ လို့ ကျွန်မက ဆရာဝန်မကို ရှင်းပြလိုက်တယ်။ ဆရာဝန်မက သူမကို တချက်စမ်းပြီး "She's gone" သူမ အသက်မရှိတော့ဘူးလို့" ပြောလိုက်တယ်။ ကျွန်မက "မဟုတ်ဘူး ဆရာမ သူမအသက်ရှိသေးတယ်လို့" ပြန်ပြောပြီး ကျွန်မ သူမမျက်နှာကို ကြည့်လိုက်တော့ ခုနကလို မျက်လုံးကိုမှိတ်ပြီး တရားမှတ်နေတဲ့ပုံ မဟုတ်တော့ဘဲ မျက်စိဖွင့်လျက် သူမငြိမ်သက်နေပြီ။

ကျွန်မ မယုံကြည်နိုင်စွာနဲ့ သူမ လက်ကောက်ဝတ်ကို ချက်ချင်းကောက်စမ်းတာ မရလို့ လည်ပင်းသွေးကြောမကြီးကိုပါ စမ်းကြည့်တော့လည်း မရ။ သွေး မခုန်တော့ဘူး ဆိုတော့ ဆရာဝန်မ ပြောတာမှန်တယ် သူမအသက်မရှိတော့ဘူး။ နာရီကို ကြည့်လိုက်တာ့ မနက် ၁၀ နာရီထိုးဖို့ ဆယ်မိနှစ်တိတိလိုသေးတယ်။ ဆရာဝန်မကို ကျွန်မ စကားပြောချိန် သူမလက်ကို ကျွန်မ အခုပဲ လွတ်လိုက်တာ ဖြစ်တယ်။ မလွတ်ခင် အချိန်ထိ သွေးခုန်နှုန်းက ရှိဆဲပဲ။ ဆယ်စက္ကန့်တောင် ပြည့်မယ်မထင်ဘူး။ ကျွန်မ နာရီတကြည့်ကြည့်နဲ့ သွေးခုန်နှုန်း စမ်းနေတဲ့အချိန်မှာ အသက်မထွက်ဘဲ ဆရာဝန်မနဲ့ လှည့်စကားပြောလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်းမှာ ဘယ်သူမှမသိဘဲ အသက်ထွက်သွားတာ မျက်စိတမှိတ် လျှပ်တပြက်ဆိုတဲ့ ဘုရားဟောခဲ့တဲ့ အချိန်ထက်တောင်မှ ပိုပြီး တိုတောင်းသေးတယ်လို့ ကျွန်မ ခံစားရတယ်။ တယေက်တည်းပဲ သေချင်တယ်ဆိုတဲ့ သူမ ပြောသွားတဲ့အတိုင်း ဘေးနားမှာ လူတွေ ရှိနေလျှက်နဲ့ တကယ်ပဲ ဘယ်သူ့ကိုမှ ပေးမသိစေဘဲ လူ့လောကထဲက သူမ ထွက်ခွာသွားခဲ့တယ်။

ဆရာဝန်မနဲ့အတူ ပါလာတဲ့ သူနာပြုက ကျွန်မကို ဖက်ကာ "နင့်လို အကြင်နာတရား ကြီးမားပြီး စိတ်ရှည်တဲ့ သူငယ်ချင်းမျိုး ငါတခါမှ မတွေ့ဖူးပါဘူး သူမအတွက် နင်သိပ်ကို တာဝန်ကျေပါတယ်။ နင်ငိုချင်ရင် အားရပါးရသာ ငိုချလိုက်ပါ။ သူ့ယောက်ျားကို ငါတို့ ဖုန်းဆက်ပေးလိုက်မယ်" လို့ ပြောပြီး နှစ်သိပ့်အားပေးပါတယ်။ ကျွန်မက "ရပါတယ် ကျွန်မ သူသေမယ်ဆိုတာ သိပါတယ်၊ ဒီအခြေအနေအတွက် ကျွန်မ စိတ်ကို ကျွန်မ ကြိုပြင်ထားပြီးသားပါ၊ ကျွန်မအတွက် မစိုးရိမ်ပါနဲ့ ကျွန်မပဲ ဖုန်းဆက်သင့်တဲ့သူတွေ အားလုံးဆီကို ဖုန်းဆက်လိုက်ပါ့မယ် ဆရာမ တခြား လုပ်စရာ ရှိတတာသာ သွားလုပ်ပါ" လို့ ပြောလိုက်ပြီး ကျွန်မ သူ့အမျိုးသားနဲ့ တခြား ဖုန်းဆက်သင့်သူတွေဆီ ဖုန်းသွားဆက်တယ်။

သူမဆိုတာ တခြားသူ မဟုတ်ပါ။ အစာအိမ်ကင်ဆာ ရောဂါနဲ့ ဆစ်ဒနီမြို့က St. Joseph's ဆေးရုံမှာ ဆုံးသွားတဲ့ တချိန်က ABSDF တပ်ရင်း ၆၀၁ က မသက်သက်လွင် ခေါ် မသက် ဖြစ်ပါတယ်။ မသက်ကို ဆစ်ဒနီမြို့ Westmend ဆေးရုံကနေ ကျွန်မနေတဲ့ ရပ်ကွက်မှာရှိတဲ့ St.Joseph's ဆေးရုံရှိ သေအံ့ဆဲဆဲ လူနာတွေနဲ့ ကုလို့မရတော့တဲ့ လူနာတွေကို နှစ်သိမ့်အားပေး စောင့်ရှောက်တဲ့ Ward ကို လွှဲပြောင်းခဲ့ပြီး သေတော့မလိုလို ခဏခဏ ဖြစ်လိုက် ပြန်လန်းလာလိုက်နဲ့ တလကျော်ကျော်ကြာမှ ဆုံးခဲ့ပါတယ်။ တလကျော် ကာလအတွင်း အကြိမ်ကြိမ်၊ သေတော့မလိုလို ဖြစ်ပြီး တခါတော့ ဆရာဝန်က အကြောင်းကြားသင့်သူကို အကြောင်းကြားခိုင်းပြီးတဲ့အချိန်မှာ အသက်မထွက်ခင်လေးမှာ တရားလေး နာသွားရအောင်ဆိုပြီး မသက်စိတ်ကို နည်းနည်းလေးတင်းထားပါလို့ ပြောပြီး ဘုန်းကြီးကို ဆေးရုံပင့်ပြီး သူ့အခန်းထဲမှာပဲ တရားပေးနာခဲ့ပါတယ်။ အဲဒီနေ့ကလည်း မသေဘဲ တရားနာပြီးတော့ ပြန်လန်းလာခဲ့တယ်။ အိပ်ပျော်သွားပြီး ပြန်နိုးလာလာတိုင်း ဒီနေရာကို ပြန်ရောက်လာပြန်ပြီလားနဲ့ ဘ၀င်မကျ ဖြစ်ခဲ့တာလည်း အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ သတိလစ်တာမဟုတ်ဘဲနဲ့ ရုပ်ပိုင်းဆိုင်ရာ အာရုံတုံ့ပြန်မှု ဘာမှ မလုပ်နိုင်တော့တာကြောင့် ဘာမှ ပြန်မတုန့်ပြန်နိုင်ဘဲ အကြောဆွဲနေလို့ အားလုံးက သေတော့မလိုလို ထင်ခဲ့ပေမဲ့ မသေဘဲဖြစ်ခဲ့တာ တကြိမ် အဲဒီလို သေလုနီးပါး အကြိမ်ကြိမ် ဖြစ်ပြီးတဲ့နောက် 7/4/03 တနင်္ဂလာနေ့မနက် နယူးဆောက်ဝေး စံတော်ချိန် ၉ နာရီ မိနှစ် ၅၀ တိတိ မှာတော့ မသက်တကယ်ပဲ အသက်ထွက်သွားခဲ့လို့ ဒီနေ့ဆိုရင် မသက်ဆုံးတာ ရှစ်နှစ်တိတိ ရှိသွားပါပြီ။ ဆရာဝန်မနဲ့ နာ့စ်တွေ မလာခင် သူအသက်မထွက်ခင်အထိ မသက်ရဲ့ နောက်ဆုံးအချိန်မှာ မသက်နားမှာ ကျွန်မတယောက်ပဲ ရှိနေခဲ့ပါတယ်။ ဒီအကြောင်းတွေကို ဆက်ရေးစရာတွေ အများကြီး ကျန်ပါသေးတယ်။ မသက် မဆုံးခင် ရေးသွားခဲ့တဲ့ ၀ိပဿနာ ဆိုတဲ့စာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

မသက် ကောင်းရာသုဂတိလားပါစေ။

ဆက်လက်ဖေါ်ပြပါမည်။
သူမရဲ့ နောက်ဆုံးအချိန် (၂) ကို ဒီနေရာမှာ ဆက်ဖတ်နိုင်ပါတယ်

စစ်ခွေးတွေ - စစ်ခွေးတွေ - စစ်ခွေးတွေ (အပိုင်း ၂)

အရင်ပို့စ်မှ အဆက်Link

ကျွန်မက အမေ့ကို ဒီလိုပြောတော့ "သမီးကို တွေ့ချင်လို့ အခုလိုချိန် အိမ်မှာ လုပ်စရာတွေ ဒီလောက်များတာတွေတောင် ထားခဲ့ပြီး လာတွေ့တာ " လို့ အစချီပြီးတော့ ရွာမှာ ဖြစ်နေတဲ့ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြတယ်။ ပြီးခဲ့တဲ့နှစ်က စပါးခင်းတွေ ရေမြှုပ်လို့ ရွာက လယ်သမားတွေ အားလုံး ၀မ်းစာစပါးလည်း မရ ကျွဲနွားခ၊ သူရင်းငှားခနဲ့ ဒိုင် (အစိုးရ) ကိုသွင်းရတဲ့ စပါးကအစ တခြားနယ်က ပြန်ဝယ်ရတဲ့အကြောင်း၊ ဒိုင်ကို တာဝန်ကျေစပါး မသွင်းရင်လည်း လယ်အသိမ်းခံရမယ်ဆိုတော့ ဒီလိုပဲ ရှိတာကို ရောင်းချပြီး တခြားနယ်က စပါးပြန်ဝယ်သွင်းကြကြောင်း၊ အိမ်မှာလည်း အခုဆန်ဝယ်စားနေရပြီး ရွာမှာအခု လူတိုင်းပဲ တော်တော် ကြပ်တည်းကြတဲ့အကြောင်း အစ်ကိုကြီး တယောက် ရှိနေလို့သာ အိမ်မှာ အသက်ရှူ နည်းနည်းချောင်နေတာ ဖြစ်ပြီး သူသာ မရှိရင် အိမ်က ကျွန်မမောင်တွေ ညီမတွေကို ကျောင်းဆက်ထားနိုင်ဖို့ နေနေသာသာ ထမင်းတောင် နှပ်မှန်ဖို့ မလွယ်တဲ့အကြောင်း အစ်ကိုကြီးကလည်း အရင်ကလို မဟုတ်တော့ဘဲ အိမ်ရဲ့ စီးပွားရေးကို ဦးဆောင်နေတဲ့အကြောင်းတို့ကို ဆက်တိုက်ပြောပြလိုက်တော့ ကျွန်မ ဘာပြန်ပြောရမှန်း မသိဖြစ်သွားပါတယ်။

အမေ ပြောလိုက်တဲ့အထဲမှာ မောင်လေးတွေ ညီမလေးတွေ ဆိုတာနဲ့ လူမမယ်အရွယ်လေးတွေနဲ့ ကျန်ခဲ့တဲ့ ကျွန်မ မောင်လေး ညီမလေးတွေကို သတိရပြီး ကျွန်မမျက်ရည်လည်တယ်။ အခုစာရိုက်နေချိန်မှာလည်း  လူမမယ်အရွယ် မောင်လေးညီမလေးတွေအတွက် ဘာမှနွေးထွေးမှု မပေးနိုင်ဘဲ ထားခဲ့ရတာကို ခံစားရတယ်။ ကျွန်မငယ်ငယ်က အိမ်မှာ မိဘတနေကုန် မရှိရင် ဘယ်တော့ ပြန်လာမလဲဆိုတာ ဘယ်တော့မှ မမေး၊ ဘယ်တော့မှ မိဘကို မတမ်းတတတ်ပေမဲ့ အစ်ကိုတွေ အစ်မတွေ တနေကုန် မရှိရင် နေမတတ်ဘဲ ဘယ်တော့ပြန်လာမလဲလို့ မိဘကို ခဏခဏ မေးရင်း တမျှော်မျှော်နဲ့ စောင့်နေတတ်တဲ့ အဖြစ်ကို ကျွန်မ ပြန်သတိရသွားတယ်။

ပြီးတော့ ကျွန်မသူငယ်တန်း ကျောင်းမတက်ခင် အသက် နှစ်နှစ်သုံးနှစ် အရွယ်ကဆို ကျွန်မကိုကြီးက ကျွန်မအောက် ညီမကို ပုခုံးတဖက်ပေါ်မှာထမ်း ကျွန်မကိုကျတော့ တခြားလက်နဲ့ တွဲခေါ်ပြီး ကျွန်မတို့ အိမ်ရှေ့က နွားစားကျက်အဖြစ် လုပ်ထားတဲ့ ကွင်းပြင်ကြီးမှာ ညနေဆည်းဆာအချိန် ရောက်တိုင်း တွံတေးသိန်းတန်ရဲ့ "စစ်ပွဲတရာ နွှဲလိုက်ချင်ပေမဲ့ အချစ်တပွဲမှ မနွှဲချင်တော့ဘူးကွယ်" ဆိုတဲ့ သီချင်းကို ညည်းဆိုကာ ထိန်းကျောင်းရင်း ကျွန်မတို့နှစ်ယောက်ကို အိမ်မှာမွေးတားတဲ့ ကျွဲတွေနွားတွေအပေါ် တင်ပေးပြီး ကျွဲနွား ပေးစီးတတ်တဲ့ အကိုကြီး စစ်တပ်ထဲ မ၀င်ခင် ကျွန်မတို့ ငယ်ငယ်က ဘ၀လေးကို ချက်ချင်း ပြေးမြင်သွားတယ်။

ကိုကြီး စစ်တပ်ထဲမ၀င်ခင် အိမ်က ထွက်သွားတုန်းက ကိုကြီးကို လွမ်းပြီး ကိုကြီးဘယ်တော့ ပြန်လာမလဲလို့ ကျွန်မအိမ်မှာ မကြာခဏ မေးလေ့ရှိတာ၊ စစ်တပ်ထဲဝင်တော့မှ တိုင်းပြည်တာဝန်ကို သွားထမ်းနေလို လွမ်းစရာမဟုတ်ဘူး ဂုဏ်ယူရမယ်တယ်ဆိုတာ အဖေပြောပြထားတာနဲ့ ပြန်လာဖို့မလွယ်ဘူးဆိုတာ သိပြီး နောက်ထပ်မမေးတော့တာကို ကျွန်မသတိရသွားတယ်။ ကျွန်မ အိမ်ကထွက်လာပြီးနောက်ပိုင်း အငယ်ဆုံး ညီမလေးက မငယ်ဘယ်တာ့ ပြန်လာမလဲလို့ မေးတာကို လူကြုံကတဆင့် ကြားရတော့ ကျွန်မ ယူကျုံးမရအောင် ခံစားခဲ့ရတယ်။ ကျွန်မတို့ ငယ်ငယ်က သူအိမ်ကထွက်သွားတော့ သူဘယ်တော့ ပြန်လာမလဲဆိုတာ ကျွန်မတို့ တမ်းတမ်းတတ လွမ်းခဲ့ရတဲ့ ကိုကြီးက အခုတော့ ကျွန်မပြန်လာမှာကို တမ်းတမ်းတတ လွမ်းဆွတ်နေတဲ့ မောင်လေးညီမလေးတွေကို ခုလို ကျွန်မတို့ကိုယ်စား  အစားထိုး ၀င်ရောက်ပြီး အငယ်တွေအပေါ် နွေးထွေးမှုပေး တာဝန်ယူပေးနေတာကို သိရတော့ ကျွန်မ ကိုကြီးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သွားပါတယ်။

ပြီးတော့ ကျွန်မတို့ ဒေသမှာ မိုးတွင်းကာလအတွက် ဆန်စပါးကို မသိုထားနိုင်ရင် ဆန်ဈေးက မိုးတွင်းမှာ ပုံမှန်ဈေးထက် နှစ်ဆသုံးဆအထိ တက်ပြီး ပိုက်ဆံရှိတာတောင် ၀ယ်ဖို့ ဆန်မရှိတာနဲ့ မကြာခဏ ကြုံရတတ်တယ်။ ဒီလို မိုးတွင်းကာလမှာ ဆန်ဝယ်စားနေရတဲ့ မိသားစုတခုအတွက် ဘယ်လောက် ဒုက္ခရောက်တယ် ဆိုတာ ကျွန်မတို့ နယ်သားတွေ အသိဆုံး ဖြစ်ပါတယ်။ ကိုကြီးသာ မရှိရင် ခုလိုအချိန် အိမ်မှာ တော်တော်ကို ဒုက္ခရောက်မယ် ဆိုတာအမေပြောတာ အမှန်ပဲ ဖြစ်တယ်။ ကိုကြီးသာ ဒဏ်ရာရပြီး ပင်စင်မယူခဲ့ရင် ဒီလိုအချိန်မှာ တချိန်က ကျွန်မအထင်ကြီးတဲ့အတိုင်း စစ်တပ်ထဲမှာ အရာရှိတဦး ဖြစ်နေခဲ့ရင် အိမ်ကို အခုလို ဘာမှအကူအညီ ပေးနိုင်မှာ မဟုတ်ဘူး။ အခု ကိုကြီးဟာ မဆလ စစ်တပ်ထဲမှာ မဟုတ်တော့ဘူးဆိုတဲ့ အသိနဲ့ အငယ်တွေအတွက် ကျွန်မတို့ ဖြည့်ပေးရမည့် လိုအပ်ချက်ကို လာဖြည့်ပေးနေသူ ဆိုတဲ့အသိ၊ အိမ်မှာရှိတဲ့ အခက်အခဲအားလုံးကို တာဝန်ယူဖြေရှင်းပေးနေသူအဖြစ် ကျွန်မကိုကြီးကို ကျွန်မ တကယ် ကျေးဇူးတင်သွားပြီး အာဂါတအမုန်းတွေ တဖြေးဖြေး ပြယ်စပြုလာတယ်။

ကျွန်မ အတွေးလွန်နေတဲ့ချိန်မှာ အမေက "ဟိုမှာ နင့်ကိုကြီးလိုက်လာပြီ" ပြောလို့ လှည့်ကြည့်လိုက်တော့ ဟိုဘက်အိမ်ကနေပြီး ကျွန်မတို့ရှိတဲ့ အိမ်ဘက်ကို ရဲဘော်တယောက်နဲ့အတူ လျှောက်လာနေတဲ့ ကိုကြီးကို တွေ့လို့ ကျွန်မ လူများမှားနေသလားလို့တောင် ထင်ရတယ်။ လက်တတောင်ဆစ်ခန့် ရှည်တဲ့ ရှတ်အင်္ကျီအမဲရောင်နဲ့ ကချင်ပုဆိုး အမဲပေါ်မှာ အစိမ်းကွက်ကြားကို ဒူးခေါင်းလောက်အထိ လုံးတင်ပြီး အင်္ကျီ အပေါ်ကနေ ၀တ်ထားတော့ သူ့အရပ်က နဂိုထက် ပိုနှိမ့်နေတယ်လို့ ထင်မှတ်ရသလို လူကလည်း ပိုပိန်သွားသလို ထင်ရတယ်။ ခေါင်းပေါ်မှာ တောင်ထန်းနဲ့ ယက်လုပ်ထားတဲ့ လယ်သမားဆောင်း ခေါင်းတလုံးလုံ ခမောက်ကို ဆောင်းထားပြီး အထဲမှာ ကွမ်းတွေ ဆေးတွေထည့်ထားတဲ့ ကြိုးသိုင်းကို ခပ်တိုတိုလေး ဖြစ်အောင် ထုံးထားတဲ့ အဖြူအစင်းကြောင်းနဲ့ ကရင်လွယ်အိတ် အောက်ခံ အနီရောင် ခပ်နွမ်းနွမ်း တလုံးကိုလည်း လွယ်ထားကာ ကွမ်းတမြှုံ့မြှုံ့နဲ့ တွေ့ရတာ့ သူ့ပုံက စစ်သားတယောက် ဖြစ်ခဲ့ဖူးတယ်လို့ ပြောလို့ ဘယ်လိုမှ မယုံနိုင်စရာ။ ဒီပုံစံအတိုင်းပဲဆို လယ်တောထဲဆင်းခါနီး လယ်သမားတယောက်နဲ့ တူတယ်လို့ ပြောလို့ရနိုင်ပေမဲ့ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ထီးရိုးကောက်တချောင်းကလည်း ရှိနေပြန်တော့ ဘယ်လယ်သမားကမှ လယ်ထဲသွားရင် ထီးယူသွားလေ့ မရှိတဲ့အတွက် လယ်သမားနဲ့ တူတယ်လို့လည်း ပြောလို့မရပြန်ဘူး။ ဒီတော့ သူ့ပုံကိုကြည့်ရင်း ကျွန်မ အလိုလို ရီချင်လာကာ တင်းနေခဲ့တဲ့ စိတ်တွေလည်း ဘယ်ပျောက်လို့ ပျောက်သွားမှန်းမသိ ပြေလျှော့သွားခဲ့တယ်။

သူက မရယ်မပြုံးနဲ့ ခပ်တည်တည်ပဲ စိုက်ကြည့်ပြီး ကျွန်မနားကို လျှောက်လာနေတယ်။ အနားရောက်တော့ ကျွန်မက "ကိုကြီး" လို့ အရင်ခေါ်လိုက်ပြီး ဘာမှ ဆက်မပြောသေးဘဲ သူ့ပုံက ရီစရာ ဖြစ်နေတာနဲ့ "ဟိ-ဟိ" လို့ ရီပြီးကြည့်လိုက်တော့ သူက တည်နေရာကနေ ပြန်ပြုံးပြတယ်။ ပြီးတော့ ကျွန်မက ဘာပြောလို့ ပြောရမှန်းမသိဘဲနဲ့ "ကိုကြီးအခုထိမိန်းမ မယူသေးဘူးလား" လို့  ရယ်ပြီး ပါးစပ်ကထွက်ရာနဲ့ စနောက်ပြီး မေးလိုက်တယ်။ သူက "မိန်းမယူလို့ ဖြစ်မလား၊ ငါမိန်းမယူရင် ညည်းမောင်တွေ ညီမတွေကို ဘယ်သူလာ လုပ်ကျွေးမလဲ" လို့ ပြုံးရယ်ပြီး ပြောလိုက်တယ်။ ကျွန်မတို့ မောင်နှမ ချက်ချင်းပဲ အရင်ကလို ပြန်ရင်းနှီးသွားတယ်။ ကိုကြီး ပြောတဲ့ "ညည်း" ဆိုတဲ့ အသုံးအနှုံးက ကျွန်မတို့ဘက်မှာ မပြောဘူး။ အဲဒါ ကိုကြီး စစ်တပ်ထဲက ပြန်လာမှ ပါလာတဲ့ စကားဖြစ်တယ်။ ကျွန်မနားထဲမှာ အဲလိုပြောတာက နင်လို့ ပြောတာထက် ပိုနားထောင်လို့ ကောင်းသလို ပိုယဉ်ကျေးသလို ခံစားရတယ်။

 ကျွန်မက "ကိုကြီးပုဆိုးကို ဒီလောက်တောင် တိုတို ၀တ်မည့်အစား ခါးထောင်းကျိုက်လိုက်ပါတော့လား၊ ကိုကြီး ဒီပုံအတိုင်း ဆိုရင်တော့ မိန်းမရဖို့ မရှိဘူးထင်တယ်" လို့ ကျွန်မ စလိုက်တာကို "ညည်းရှိတဲ့နေရာကို ဒီလိုဝတ်ပြီး မလာလို့ ဘယ်လိုလာရမလဲ၊ မင်းသားလို ၀တ်ပြီး လာလို့ရတဲ့ နေရာမှမဟုတ်တာ" လို့ ပြန်ပြောရင်း ကျွန်မတို့ မောင်နှမ စရင်းနောက်ရင်းနဲ့ သူစစ်တပ်ထဲက ပြန်ရောက်ခါစကအတိုင်း မောင်နှမနှစ်ယောက် ပြန်ရင်းနှီးသွားတယ်။ ဒီစကားတွေက အကြီးအကျယ် ရန်ဖြစ်ပြီး ခွဲခွာလာတဲ့ မောင်နှမနှစ်ယောက် ပထမဦးဆုံး ပြန်တွေ့တဲ့အချိန်မှာ စတင်ပြောခဲ့တဲ့ စကားတွေအဖြစ် ကျွန်မ တသက်မမေ့ဘူး။

ကျွန်မတို့ တည်းတဲ့အိမ်က လူနာတွေနဲ့ အလုပ်များနေလို့ ဟိုဘက်အိမ်ကိုပဲ ပြန်သွားပြီး စကားပြောဖြစ်တယ်။ ကိုကြီးနဲ့ ကျွန်မ တွေ့တဲ့အချိန် ပြောဖြစ်တဲ့ စကားက အစိုးရအကြောင်းမပါ၊ တော်လှန်ရေးအကြောင်းမပါ၊ အိမ်က မောင်လေးညီမလေးတွေရဲ့ ပညာရေးအကြောင်းပဲ ဖြစ်တယ်။ မောင်တယောက်က ၁၂ နှစ်ပဲ ရှိသေးတယ် အရပ်သိပ်ကို ရှည်ကြောင်း နေမကောင်းဖြစ်လို့ ကျောင်းပျက်ရာကနေ ကျောင်းပြန်သွားချင်စိတ် မရှိတော့ဘဲ စာမလိုက်နိုင်တော့ဘူး ဆိုတာကို အကြောင်းပြကာ ကာလသားတွေနဲ့ ပေါင်းပြီး လူပျိုလုပ်နေလိုက်တာ ဘယ်လိုမှ တားလို့မရကြောင်း ပြောပြတယ်။ ကျွန်မက မောင်လေးကို ရအောင် ပြန်ဖြောင်းဖြပြီး ကျောင်းပြန်တက်ခိုင်းဖို့ ကျွန်မ ကိုကြီးကို တိုက်တွန်းခဲ့တယ်။ ကိုကြီးက ရမရ ဆိုတာ မသေချာပေမဲ့ မောင်လေးကို သူက ကျောင်းပြန်တက်ဖို့ ကြိုးစားပြီး ပြန်ဖြောင်းဖြမယ်လို့ ကျွန်မကို ကတိပေးသွားခဲ့ပါတယ်။

အဲဒီတုန်းက ကျွန်မတို့ရွာ အပါအ၀င် ကျေးရွာစုတွေမှာ ပြည်သူ့စစ်သင်တန်းတွေ ပေးဖို့လုပ်နေတယ်ဆိုတာ ကြားထားတော့ မောင်နှမနှစ်ယောက် ပြန်တွေ့ရလို့ ပျော်နေတဲ့ အပျော်တွေ ပျက်သွားမှာ စိုးလို့ ကိုကြီးကို ဘာမှ မပြောခဲ့ပေမဲ့ အမေ့ကိုတော့ ကိုကြီးကို ရွာမှာ ပြည်သူ့စစ်အဖွဲ့မှာ သင်တန်းနည်းပြ လုပ်တာတို့ ပြည်သူ့စစ်ခေါင်းဆောင် လုပ်ခိုင်းဖို့အတွက် စစ်တပ်က တာဝန်ပေးတာတို့ လုပ်လာရင် လုံးဝ ၀င်မလုပ်ခိုင်းပါနဲ့လို့ မှာလိုက်ပါတယ်။ အဲဒီလို ကိုကြီးဝင်လုပ်လို့ကတော့ KNU သို့မဟုတ် ကျွန်မတို့ ABSDF တပ်တွေက ပြဿနာရှာလို့ တခုခုဖြစ်ရင် ကျွန်မ တာဝန်မယူနိုင်ဘူးလို့ ပြောလိုက်တယ်။ အမေကတော့ အိမ်မှာ ဒီလောက်အလုပ်များတာ ဒါတွေ ဘယ်လုပ်လို့ ဖြစ်မလဲလို့ပဲ ပြောတယ်။

ကိုကြီးတို့ ပြန်သွားပြီး နှစ်ပတ်ခန့် အကြာမှာတော့ ကိုကြီးဆီက စာတစောင် ရောက်လာပါတယ်။ ကျွန်မက မျက်နှာချင်းဆိုင် တွေ့တုန်းက ခေါ်ရမှာ အားနာလို့ ဒါမှမဟုတ်ရင်လည်း ခေါ်မရဲလို့ စာရေးပြီး ကျွန်မကို ပြန်ခေါ်တာများလားလို့ ထင်ခဲ့တယ်။ တောခိုလာတဲ့ ကျွန်မတို့ ABSDF ရဲမေတဦးကို သူ့အစ်ကို စစ်ဗိုလ်က ရေးတဲ့စာတစောင်ကို သွားပြီးသတိရတယ်။ အဲဒီစာမှာ "ရွှေသမင် အလိုက်မှားပြီး မိုက်မှားတဲ့ အဖြစ်မျိုးကို မရောက်စေနဲ့ ညီမငယ်၊ ပြန်လာပါ မိခင်(အမေကိုမဆိုလို တိုင်းပြည်ကိုဆိုလို) ရင်ခွင်က ကြိုဆိုနေပါတယ်" ဆိုတဲ့ စာသားလေးက ကျွန်မတို့ တော်လှန်ရေး ရဲမေတွေကြားမှာ "ဟာနင့်အစ်ကို မဆလက စာရေးမိုက်လှချည်လား" လို့ အဲဒီရဲမေကို လိုက်စပြီး ရေပန်းစားခဲ့ဖူးတယ်။ အခုလည်း ကိုကြီးက ကျွန်မကို အဲဒီလိုများ ရေးပြီးပြန်ခေါ်တာလားမသိဆိုတဲ့ အတွေးနဲ့ ဖတ်ကြည့်လိုက်တော့ စာက ပြန်ခေါ်တဲ့စာမဟုတ်ဘူး။

သူကျွန်မကို ဂတိပေးခဲ့တဲ့အတိုင်း မောင်လေးကို ကျောင်းပြန်တက်ဖို့ သူ ဖြောင်းဖြပေမဲ့ မောင်လေးက အရမ်းထွားပြီး အပြင်က ကာလသားတွေထက်တောင် အရပ်က ပိုမြင့်နေတော့ ကလေးတွေကြားမှာ ကျောင်းပြန်တက်ရမှာကို ရှက်ပြီးတော့ စာကိုလည်း ဘယ်လိုမှ စိတ်မ၀င်စားတော့ဘူး ပြောပြီး ဘယ်လိုမှ ဖြောင်းဖြလို့ မရတော့ကြောင်း အကြောင်းကြားတဲ့စာ ဖြစ်တယ်။ လတွေ ရက်တွေ မမှတ်မိတော့ပေမဲ့ ကျွန်မတို့ တွေ့ခဲ့တာ ၉၂ နှစ်မိုးတွင်းကာလ ဖြစ်တယ်။ ဒီနောက်ပိုင်း ကျွန်မလည်း တပ်ရင်းခဏပြန်တက်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခွင့်တောင်းပြီး တပ်ရင်း ပြန်ရောက်ခဲ့ပြီး ရှေ့တန်းကို ပြန်မရောက်တော့ဘဲ ABSDF ဗဟိုကို ရောက်သွားခဲ့ရာကနေ တပ်ရင်းရော ရှေ့တန်းပါ လုံးဝပြန်မရောက်တော့ဘဲ အိမ်နဲ့ အဆက်အသွယ်လည်း လုံးဝ ပြတ်သွားခဲ့တယ်။

အမှန်တော့ ကျွန်မတို့ မောင်နှမ သဘောထား ကွဲလွဲမှုက အရေးအခင်းမတိုင်ခင်ကတောင် စခဲ့တာပါ။ ကျွန်မကိုကြီး စစ်တပ်အထဲက အတွေ့အကြုံတွေကို ပြောပြရာမှာ စစ်ကြောင်းထွက်ဖို့ ပေါ်တာဖမ်းတာ မိန်းကလေးတွေပါ ပါတယ်ဆိုတာ သိရလို့ ကျွန်မနဲ့ စတင်ပြီး အငြင်းအပွား ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ဘက်မှာ ယောက်ျားတွေကိုပဲ ပေါ်တာဖမ်းတာ တွေ့ဖူးပြီး အဲဒါကိုတောင် လူထုက စစ်တပ်ကို တော်တော်လေး စက်ဆုတ်ရွံရှာတာတွေ့တော့ ရှမ်းပြည်နယ်မှာက ဒီထက်ပိုဆိုးပြီး မိန်းကလေးပါမချန် ပေါ်တာဖမ်းတယ်တယ်ဆိုတာ သိရတော့ တကယ်ကို တအံ့တသြ ဖြစ်ပြီး ကိုကြီးနဲ့ အချေအတင်ဖြစ်ကာ ကြည့်လို့မရတဲ့အဆင့်ထိ ဖြစ်ခဲ့တယ်။ သူကတော့ ထမင်းစားရေသောက် အလုပ်လိုပဲ "စစ်ကြောင်းမှာ ပစ္စည်းသယ်ဖို့ လူလိုနေတာ ယောကျာ်းတွေမှ တယောက်မှ မတွေ့တော့ တွေ့တဲ့သူတွေကိုပဲ ခေါ်ရတာပေါ့ ဒါကိုယ့်ကိုယ်ကျိုးအတွက်မှ မဟုတ်ပဲ တိုင်းပြည်အကျိုးအတွက် လိုအပ်လို့ လုပ်လုပ်ရတာပဲ" တဲ့ ဒီလောက် ရက်စက်ကြမ်းကြုတ် ရွံစရာကောင်းတဲ့ အလုပ်ကို ဘာမှမထူးမဆန်းဘဲ ပုံမှန် လုပ်ရိုးလုပ်စဉ် အလုပ်တခုလို ပြောတော့ အဲဒီနောက်ပိုင်း ကျွန်မကိုကြီးကိုရော တပ်မတော်ဆိုတာကိုပါ ကျွန်မ သိပ်အထင်ကြီးလို့ မရတော့တာ အရေးအခင်းဖြစ်တော့ ပိုဆိုးသွားတယ်။

အဲဒီ ပေါ်တာအကြောင်းကို အဖေကို ပြောပြပြီး အဖေတို့ တပ်မတော်ထဲမှာတုန်းကလည်း ဒီလိုပဲလားလို့ မေးကြည့်တော့ အဖေက "ဘယ်ဟုတ်မလဲသမီးရယ် အဲလိုလုပ်တော့ တပ်မတော်ကို ပြည်သူက ဘယ်လက်ခံတော့မလဲ၊ အဖေတို့တုန်းက အခုလိုလည်း လိုက်ဖမ်းစရာတောင် မလိုဘူး၊ ပြည်သူလူထုက တပ်မတော်ကို ကူညီဖို့ အမြဲတမ်း အဆင်သင့်ရှိတယ်၊ လမ်းစဉ်ပါတီခေတ်မှာတော့ သွားပါပြီ ဒီအတိုင်းဆို တိုင်းပြည်ကိုရော တပ်မတော်ကိုပါ ဖျက်ဆီးနေတာ သေချာပြီ" လို့ အဖေ ကောက်ချက်ချဖူးတယ်။ ကျွန်မကို ကိုကြီး လာတွေ့ပြီးနောက်ပိုင်းမှာတော့ ကိုကြီးလည်း အရပ်သားဖြစ်သွားပြီ ကျွန်မတို့ မိသားစု စားဝတ်နေရေး၊ စီးပွားရေးအတွက်လည်း ဦးဆောင် ဖြေရှင်းပေးနေသူ ဖြစ်နေပြီဆိုတော့ ဒါတွေကို ကျွန်မ မေ့ထားလိုက်ပါတယ်။

ကျွန်မကိုကြီးက ဗကပနဲ့ ရှမ်းသူပုန်တွေကို တလျှောက်လုံး တိုက်လာတာ ဘာမှမဖြစ်ဖူးဘူး ကရင်ပြည်နယ် ဒေါနတောင်တန်း စစ်ဆင်ရေးမှာ စစ်ကူလိုလို့ စစ်ကူလေး တခါသွားလိုက်မှ လက်မောင်းမှာ ဒဏ်ရာရပြီး လက်တဘက်သေသွားလို့ ဆိုပြီး သူက သူပုန်တွေထဲမှာ ကရင်သူပုန်တွေကို စိတ်အနာဆုံးပဲလို့လည်း အမြဲပြောတတ်တော့ ကရင်သူပုန်တွေ လှုပ်ရှားတဲ့ ဒေသမှာ နေပြီး ဒါကို အခုထိ ထပ်ပြောနေရင် ကရင်တွေကြားပြီး ရွာထဲဝင် ချောင်းပစ်သတ်ခံရရင် ဒုက္ခပဲလို့လည်း ကိုကြီးအတွက် ကျွန်မ အမြဲတွေးပူနေခဲ့တာတော့ အမှန်ပဲ။  ကိုကြီးနဲ့ ရှေ့တန်းမှာ တွေ့ပြီး နောက်ပိုင်းမှာတော့ သူစစ်တပ်ထဲမှာတုန်းက အတွေ့အကြုံတွေကို ပြောပြခဲ့ဖူးတဲ့အထဲက ကောင်းတာတွေကိုပဲ ကျွန်မ အမြဲပြန်သတိရနေတတ်ပါတယ်။ သူအမြဲဆိုလေ့ရှိတဲ့ စိုင်းထီးဆိုင်ရဲ့ လေညာအရပ်ကအချစ်ကို ပြန်နားထောင်လို့ ကောင်းလာတယ်။ ဒီသီချင်းကို မကြာခဏ နားထောင်ပြီး အလွမ်းဖြေတတ်လာတယ်။

ကိုကြီး စစ်တပ်ထဲမှာ ရှိနေတုန်းကတော့ ကိုကြီးကို သတိရတိုင်း ကျွန်မတို့ ငယ်ငယ်က ကျွန်မတို့ကို ချီပြီး သူဆိုခဲ့တဲ့ တွံတေးသိန်းတန် သီချင်းကို ကြားရတိုင်း ကိုကြီးကို သတိရတယ်။ သူစစ်တပ်ထဲက ပြန်ရောက်လာတော့ စိုင်းထီးဆိုင်နဲ့ ခွန်သန်းထွန်း သီချင်းတွေကိုပဲ ထပ်ခါတလဲလဲ ဆိုနေပြီး တွံတေးသိန်းတန် သီချင်းကို မဆိုတော့ဘူး တောသီချင်းကြီးတဲ့။ သူဆိုတဲ့ သီချင်းတွေအထဲက သူ့အသံက တခြားသီချင်းတွေ ဆိုတာ သံစဉ်သိပ်မမှန်လို့ နားထောင် မကောင်းပေမမဲ့ စိုင်းထီးဆိုင်ရဲ့ လေညာအရပ်က အချစ်သီချင်းကတော့ သူဆိုတာ စိုင်းထီးဆိုင်အသံနဲ့ တော်တော်လေး တူတာ သတိထားမိတယ်။ ကိုကြီးနဲ့ ရန်ဖြစ်ပြီးနောက်ပိုင်း အဝေးကို ရောက်လာတဲ့အချိန် သူ့ကို ရှေ့တန်းမှာ ပြန်မတွေ့ခင်အထိ ဒီသီချင်းကို ကြားရင် သူ့ကို စိတ်နာပြီး လုံးဝမခံနိုင်လောက်အောင် ဖြစ်ပေမဲ့ သူကျွန်မကို လာတွေ့ပြီးတဲ့အချိန်ကစလို့ အခုထိ ဒီသီချင်းက ကိုကြီးကို သတိရရင် အလွမ်းဖြေစရာ သီချင်း ပြန်ဖြစ်လာပါတယ်။

ကျွန်မတို့ အိမ်က မထွက်လာခင် ကိုကြီး စစ်တပ်ထဲက ခွင့်တင်ပြီး ပြန်ရောက်လာတော့ သူဟာ စစ်သားဘ၀ကို တော်တော်လေး စိတ်ကုန်ပြီး ကုန်သည်ဘ၀ကို တော်တော်လေး အားကျနေခဲ့ပါတယ်။ သူက ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ တာဝန်စကျပြီး နောက်ပိုင်းမှာတော့ မြန်မာပြည် အလယ်ပိုင်း ပုပ္ပါးကိုပြောင်းရတယ်။ မြန်မာပြည်မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကလွဲရင် ကျန်တဲ့ ပြည်နယ်နဲ့တိုင်း အားလုံးကို ရောက်ဖူးပြီး ဘယ်ဒေသမှာ ဘာပစ္စည်းဈေးက ဘယ်လိုဈေးရှိတယ် တနေရာနဲ့ တနေရာ ကွာခြားတာကို သိတဲ့အတွက် တပ်ကထွက်ရင် ပိုက်ဆံအရင်းအနှီး ရှာဖွေစုဆောင်းပြီး ကုန်သည်လုပ်စားမယ်လို့ မကြာခဏ ပြောဖူးတယ်။ ရှမ်းပြည်က ပစ္စည်းကို ဗမာပြည် (မြန်မာပြည် အလယ်ပိုင်း) သယ်၊ ဗမာပြည်ကပစ္စည်း ရှမ်းပြည်ကိုသယ်ရင် အတင်အချခ၊ ခရီးစာရိတ်၊ အလေအလွှင့်တွေနှုတ်ပြီး အကျန် တခေါက်ဆိုရင် ဘယ်လောက်မြတ်နိုင်ကြောင်း အမြဲတွက်ပြီး သွားရေယိုနေတတ်လို့ ရွာကလူတွေကတောင် စိတ်ကူးနဲ့ချမ်းသာနေတယ်လို့ သူ့ကို ပြောဖူးပါတယ်။

သူစကားပြောရင် ရှမ်းပြည်နယ်နဲ့ မြန်မာပြည်အလယ်ပိုင်းကို ရှမ်းပြည်နဲ့ ဗမာပြည်လို့ ပြောတာ သတိထားမိတယ်။ အဲဒါကြောင့် "ကိုကြီးကလည်း တနိုင်ငံတည်းကို ရှမ်းပြည်တွေ ဗမာပြည်တွေ ဆိုပြီး လိုက်ခေါ်နေတော့ ကိုကြီးပြောမှပဲ ရှမ်းပြည်နဲ့ ဗမာပြည်က နှစ်နိုင်ငံကျနေတာပဲ" လို့ ကျွန်မပြောတော့ အဲဒီဘက်က ဒီလိုပဲ ခေါ်တဲ့အကြောင်း သူပြောပြလို့ သိရတယ်။ ကိုကြီးက သူ ရောက်ဖူးတဲ့အထဲမှာ ရှမ်းပြည်လောက် နေချင့်စဖွယ် ကောင်းတဲ့နေရာ မြန်မာပြည်မှာ မရှိဘူးလို့ ပြောပြပြီး မိုးခေါင်ရေရှားဖြစ်တဲ့ ဗမာပြည် မှာလည်း (မြန်မာပြည်အလယ်ပိုင်းကို ဆိုလို) ပုပ္ပားလောက် သာယာ နေချင့်စဖွယ် ကောင်းပြီး ရာသီဥတုကောင်းတဲ့နေရာ မရှိဘူးလို့ သူတာဝန်ကျဖူးတဲ့ နှစ်နေရာအကြောင်းကို အမွမ်းတင်ပြီး အမြဲ ပြောပြတတ်ပါတယ်။ အဲဒီဘက်က ချက်ပြုတ် စားသောက်တဲ့နည်းအတိုင်း သူချက်ကျွေးတာကို ကျွန်မတို့ မြိန်ယှက်စွာ စားသောက်ခဲ့ဖူးတယ်။ ကျွန်မတို့ကို အဲဒီနေရာတွေက အလှအပတွေကို တွေ့ဖူးအောင် တနေ့တော့ ခေါ်သွားပြမယ်လို့ မကြာခဏ ပြောဖူးတယ်။ ဒါပေမဲ့ ကိုကြီး ကျွန်မတို့ကို အဲဒီနေရာတွေရောက်အောင် ဘယ်တော့မှ ခေါ်သွားနိုင်တော့မှာ မဟုတ်ဘူး။

ကျွန်မ ABSDF ဗဟိုရောက်ပြီး ၉၇ မှာ ဘန်ကောက်ကနေ ရွာကသတင်း အစအန ပြန်ရတော့ ကိုကြီး မရှိတော့ကြောင်း သိရတယ်။ ကျွန်မ စိုးရိမ်နေသလို ကရင်သူပုန်ကို စိတ်နာတယ် အမြဲပြောနေလို့ KNU အသတ်ခံပြီး သေရတာတော့ မဟုတ်ဘူး။ သူသေတာ စစ်ခွေးတွေ သတ်လို့ သေရတာ။ ကျွန်မအစ်ကိုဟာ ရော်ဘာတို့ ဓနိသကြားတို့ကို တင်ပြီး စက်လှေနဲ့ မိသားစုအတွက် စီးပွားထွက်ရှာရင်း စစ်ခွေးတွေနဲ့ မိပြီး ကုန်တွေလည်းသိမ်းခံရ လူကိုပါ ရဲဘက်အပို့ခံရကာ အကျဉ်းသားဘ၀နဲ့ စစ်ခွေးတွေ ညှင်းဆဲလို့သေခဲ့တယ်လို့ သိရတယ်။ ပုံမှန်ဆိုရင်တော့ ကျွန်မတို့ဘက်မှာ မှောင်ခိုလှေထွက်တဲ့ သူတွေ ဒီလိုဖြစ်လေ့ မရှိပါဘူး ကံမကောင်းလို့ မိရင်တောင်မှ သူ့နည်းသူ့ဟန်နဲ့ လာဘ်ပေးလာဘ်ယူနဲ့ ပြီးသွားတာပဲ အမြဲတမ်း ကြားဖူးပါတယ်။

 ကျွန်မအစ်ကိုကျမှ ဘာကြောင့် ကံဆိုးမိုးမှောင်ကျပြီး သေတဲ့အထိ ညှင်းဆဲခံရတယ်ဆိုတာကတော့ မိန်းကလေးတွေကို ပေါ်တာဆွဲတာအပါအ၀င် သူစစ်တပ်ထဲမှာတုန်းက အကျဉ်းသားတွေကို အပြစ်မရှိဘဲ ညှင်းဆဲဖူးတာလည်း ရှိချင်ရှိနိုင်ပါတယ်။ ဒါကြောင့် ကံ၊ ကံ၏အကျိုးဆိုတာ ပြေးမလွှတ်လို့ သူပြုခဲ့တဲ့အပြစ် သူ ပြန်ခံရတယ်လို့ပဲ သဘောထားလိုက်ပါတယ်။ သေချာတာက တိုင်းပြည်အတွက်မို့ ဘာလုပ်လုပ် တရားတယ်ထင်ခဲ့တဲ့ ကျွန်မကိုကြီးဟာ သူ့ကို ညှင်းဆဲခံရတဲ့အချိန်မှာတော့ တိုင်းပြည်အတွက်မို့ ငါ့ကို ဒီကောင်တွေအခုလို ညှင်းဆဲတာ တရားတယ်လို့ ဘယ်လိုမှ လက်ခံနိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် အမှန်တရားဟာ ဒါမဟုတ်ဘူး ဆိုတာနဲ့ လူထုကို ဒုက္ခပေးတာ တိုင်းပြည်အတွက်မဟုတ် အာဏာရူး စစ်ခေါင်းဆောင်တွေအတွက်သာ ဖြစ်ပြီး ပြည်သူလူထုကို တိုင်းပြည်အတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒုက္ခပေးတာဟာ လုံးဝမရားဘူးဆိုတဲ့ အမှန်တရားကို မသေခင် ကိုကြီးကောင်းကောင်း အ မြင်မှန် ရသွားမယ်ဆိုတာ ကျွန်မ လုံးဝယုံကြည်ပါတယ်။ ၀မ်းနည်းတာကတော့ သူစစ်တပ်ထဲမှာ ရွာသူတွေကို ပေါ်တာဆွဲကာ ဒုက္ခပေးတုန်းက မဖြစ်ဘဲ အခုလို မိသားစုအတွက် ကောင်းကောင်းမွန်မွန် အလုပ်အကျွေး ပြုနေတဲ့အချိန်မှာမှ ပြန်ခံရတာကိုပဲ ၀မ်းနည်းမိတယ်။ တကယ်တော့ ကျွန်မအစ်ကိုကြီးက စစ်ခွေးမဟုတ်ပါဘူး ကံမကောင်းစွာနဲ့ တိုင်းပြည်မှာ စစ်ခွေးကြီးစိုးတဲ့ခေတ်မှာ တပ်မတော်သား ဖြစ်ရလို့ စစ်ခွေးတို့ရဲ့ သားကောင်တကောင်သာ ဖြစ်ခဲ့ပါတယ်။ ကျွန်မအစ်ကို စစ်ခွေးလုံးဝ မဟုတ်ပါ။

စစ်ခွေးတွေဟာ အခုလည်း ပြည်တွင်းပြည်ပ နေရာတိုင်းမှာ ဒုက္ခပေးနေဆဲ၊ တိုင်းပြည်ကို ဖျက်ဆီးနေဆဲ ဖြစ်တယ်။ ကျွန်မအစ်ကိုလို မိမိကိုယ်မိမိ ဘယ်သူ့အတွက် အလုပ်လုပ်နေတယ်ဆိုတာ အမှန်အတိုင်း မြင်နိုင်လောက်အောင် အခွင့်မကြုံတဲ့ စစ်ခွေးစစ်စစ်တွရဲ့ အသုံးချခံ ပြည်တွင်းစစ်ရဲ့ သားကောင်တွေလည်း တပ်မတော်ထဲမှာ အများကြီး ရှိနေလိမ့်မယ်။

1962 ကစပြီး သွေးစွန်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုရင် ဘာလုပ်လုပ် တရားတယ်ဆိုပြီး လူ့အခွင့်အရေးကို တရားဝင် ချိုးဖေါက်ပြီး တိုင်းပြည်ကိုရော တပ်မတော်ကိုပါ ကိုယ်ကျိုးအတွက် အသုံးချနေကြတယ်ဆိုတာ အားလုံးသိအောင် လုပ်ဖို့က ကျွန်မတို့ရဲ့ သမိုင်းပေးတာဝန် ဖြစ်တယ်။ တောစွန်အုံဖျား တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေကို မုဒိန်းကျင့် သတ်ဖြတ်နေတဲ့ စစ်ခွေးတွေ၊ ရန်ကုန်လို မြို့လယ်ခေါင်မှာ သံဃာတော်နဲ့ ပြည်သူတွေကို ပစ်သတ်တဲ့အထိ သောင်းကျန်းနေတဲ့ စစ်ခွေးတွေ၊ အသက်မပြည့်သေးတဲ့ ကလေးတွေကို မိဘရင်ခွင်က ဆွဲခွါပြီး သူတို့လို စစ်ခွေးဖြေစ်အောင် အတင်းသွတ်သွင်းနေတဲ့ စစ်ခွေးတွေ၊ နိုင်ငံခြားအထိ ပြည်သူ့ဘဏ္ဍာနဲ့ ပညာလာသင်ပြီး အဲဒီရတဲ့ နည်းပညာနဲ့ အွန်လိုင်းပေါ်မှာ လူတကာကို ဒုက္ခလိုက်ပေးနေတဲ့ စစ်ခွေးတွေ၊ မြန်မာပြည်မှာ အဲဒီ (စစ်ခွေးတွေ - စစ်ခွေးတွေ - စစ်ခွေးတွေ ) အမြန်ဆုံ့း နိဂုံးချုပ်ပြီး ဟိုယခင်တုန်းကလို ပြည်သူချစ်တဲ့ တပ်မတော် အဖြစ် အမြန်ဆုံး ပြန်လည်အဖတ်ဆည်လို့ ရပါစေလို့ ဆုတောင်းပါတယ်။





ဒီသီချင်းက ကိုကြီး လက်မောင်းမှာ ဒါဏ်ရာရပြီးနောက် သူ့ချစ်သူက မိဘပေးစားတဲ့ အရပ်သားတယောက်နဲ့ လက်ထပ်လိုက်ပြီးနောက်ပိုင်း အမြဲဆိုဖြစ်တဲ့ သီချင်း ဖြစ်ပုံရတယ်၊ အိမ်ကိုရောက်ကတည်းက ဒီသီချင်းကိုပဲ စွဲစွဲမြဲမြဲ ဆိုနေတတ်ပါတယ်။ ရွာက ကာလသားတွေကလည်း သူ့ဆီမှာ ဒီသီချင်းကို လာသင်ကြပါတယ်။ ကိုကြီးဆီက မောင်လေးကို ကျောင်းပြန်တက်ဖို့ ဖြောင်းဖြလို့မရကြောင်း ပြန်ရေးလာတဲ့စာဟာ သူ့ဆီက ကျွန်မ နောက်ဆုံးဖတ်ရတဲ့ စာဖြစ်သလို ဒီတခါတွေ့ရတာဟာ ကျွန်မ သူ့ကို နောက်ဆုံးတွေ့ခြင်း ဖြစ်တယ်။ အာရုံနှစ်ခု တပြိုင်တည်း မရတတ်တဲ့ ကျွန်မဟာ အခုဒ်ီသီချင်းကို နားထောင်ရင်း ဒီစာကို ရိုက်နေစဉ်မှာ စာရိုက်တဲ့အာရုံနဲ့ သီချင်းနားထောင်တဲ့ အာရုံကို တခုတည်းလိုပဲ ခံစားနေရနေတယ်။ တချိန်ကတော့ အမုန်းအာဂါတကို သတိရစေတဲ့ အခုတော့ အလွမ်းတွေကို သယ်လာပေးတဲ့ ကိုကြီး အမြဲဆိုလေ့ရှိတဲ့ စိုင်းထီးဆိုင်ရဲ့ လေညာအရပ်ကအချစ် သီချင်းလေးကို နားထောင်ရင်း နောင်ဘ၀များမှာ လူပြန်ြဖစ်ရင် ကိုကြီးတယောက် စစ်ခွေးတွေရဲ့ သားကောင် ဘယ်တော့မှ မဖြစ်ပါစေနဲလို့ ဆုတောင်းရင်း

"မုတ်.. သုန်.. လေ.. လို မြောက်.. ပြန်.. လေ.. လို.. ရာသီလေမျိုး မဟုတ်ပါ၊ ကိုယ့်.. အချစ်.. က.. အမြဲတမ်း အချိန်မရွေး တိုက်ခတ်နေတဲ့ အရာ... ဟို...တောင်ပေါ် နှင်းငွေ့လည်းပါရဲ့ ဟိုး...တောင်ခြေ ဖုန်းငွေ့လည်းပါရဲ့..ဟိုး..အင်းအိုင် ပင်လယ်သမုဒ္ဒရာ ဂန္တာရမကျန်အောင် အဝေးကြီးဝေးပြီး အနီးကြီးနီးတဲ့ နှလုံးသားရဲ့ နယ်ပယ်ကလာ..( လေ..ညာအရပ်ကအချစ်...)၂ တိုက်နေခဲ့ တိုက်နေဆဲ နောင်များလည်း တိုက်နေအုန်းမှာပဲ.."

ဆိုပြီး လေညာအရပ်က သီချင်းကို စဆိုရာမှာ တလုံးစီကို တခွန်းချင်း နှေးနှေးနဲ့ ပီပီသသ စတင်သီဆိုတတ်တဲ့ ကိုကြီးရဲ့ အသံကို ကြားယောင်နေမိတယ်။ အခုတော့ ဒီသီချင်းနဲ့ပဲ အလွမ်းဖြေဦးမယ်။ တနေ့တချိန်မှာ အခြေအနေပေးရင်တော့ ကိုကြီး စစ်တပ်ထဲမှာတုန်းက ကျင်လည် ကျက်စားခဲ့တဲ့ သိပ်ကို သာယာလှပပါတယ်ဆိုတဲ့ သူကိုယ်တိုင် လိုက်ပြချင်ပြီး လိုက်မပြလိုက်ရတဲ့ ရှမ်းပြည်တောင်ပိုင်း ကလော၊ အောင်ပန်း၊ တောင်ကြီးနဲ့ မြန်မာပြည် အလယ်ပိုင်းက ပုပ္ပားနဲ့ ကျောက်ပန်းတောင်းမြို့တွေကို သွားပြီး အဲဒီမြို့တွေက အလှတွေကို ကိုယ့်ဖါသာကိုယ် သွားကြည့်ပြီး ကိုကြီးကို အလွမ်းဖြေချင်ပါသေးတယ်။

ကိုကြီး ကောင်းရာသုဂတိလားပါစေ။ မြန်မာပြည်မှာ စစ်ခွေးစနစ် ကျဆုံးပါစေ။


(လေညာအရပ်က အချစ်သီချင်းကို Download လုပ်တဲ့နေရာ ပို့ပေးတဲ့ ပြီးခဲ့တဲ့လက ဖင်လန်နိုင်ငံရောက် နိုင်ငံခြားသားတွေ အထဲမှ အကောင်းဆုံး လူမှုထူးချွန်ဆုကို ဆွတ်ခူးရရှိသွားတဲ့ ဇနီးမောင်နှံဖြစ်တဲ့ ကိုသားဆွေနဲ့ မျိုးမျိုး တို့ကို အထူးကျေးဇူးတင်ပါတယ်။)

အကြွေစောသူများ အမှတ်တရ (၁) ကိုဖေသင်




ခွဲမှူးကို သူတို့ လာဖမ်းတဲ့ နေ့က သူသာ အဖမ်းမခံရင် စစ်တပ်က ဘယ်လိုမှ မမိနိုင်ဘူး၊ ရွာသားတွေဘယ်သူမှ ပြောတာမဟုတ်ဘူး ခွဲမှူးက ရွာသားတွေကို ညှင်းဆဲနေတာ မကြည့်ရက်လို့ သွားအဖမ်းခံလိုက်လို့သာ မိသွားပါတယ်” လို့ အစချီပြီး တပ်ခွဲမှူး ဦးဖေသင်ကို ရွာထဲမှာ စစ်တပ် ၀င်ဖမ်းတုန်းက အကြောင်းကို အဲဒီတုန်းက ရှိနေတဲ့ရွာသား တယောက်က သူ့အတွေ့အကြုံကို ပြန်ပြောပြနေပါတယ်။ “စစ်တပ်က ရွာသားတွေ တယောက်ပြီးတယောက် ရမ်းပြီး မင်းကျောင်းသားတပ်ခွဲမှူး ဖေသင်လားလို့ မေးပြီး ရိုက်စစ်နေတယ်။ မဟုတ်ဘူးလို့ ပြောလည်းမရဘူး မင်းမဟုတ်ရင် ခွဲမှူးဖေသင် ဘယ်သူလဲပြ ငါတို့ သတင်း အတိအကျရထားတယ် ဒီလူအုပ်ထဲမှာ ခွဲမှူးဖေသင် အတိအကျရှိတယ်၊ မပြောပြရင် တရွာလုံးကို အကုန်သစ်ပစ်မယ် ရွာကိုလည်း မီးရှို့ပစ်ပြီးမှ ပြန်မယ်လို့ ပြောပြီး ရွာသားတွေကို တယောက်ပြီးတယောက် ဆွဲထိုးဆွဲရိုက်ပြီး အကြပ်ကိုင်ပေမဲ့ ဘယ်သူမှ မပြောခဲ့ကြဘူး၊ ခွဲမှူးက ရွာသားတွေ တားနေတဲ့ ကြားထဲက ငါဖေသင်ပဲ ရွာသားတွေကို ဘာမှမလုပ်နဲ့လို့ ပြောပြီး သွားအဖမ်းခံလိုက်တယ်” လို့ ဆက်ပြောပြတော့ ကျွန်မ နားထောင်နိုင်စွမ်း မရှိဖြစ်ခဲ့ရတယ်။ (ဘယ်ဘက် အပေါ်ဒေါင့်ကပုံက ဦးဖေသင်ဖြစ်ပါတယ်။)

ဦးဖေသင်ကို တပ်ရင်းက စခန်းကော်မတီအောက်မှာ တပ်ရင်းတခုလုံးကို စီမံခန့်ခွဲတဲ့သူ အဖြစ် Whistle တလုံးနဲ့ အလုပ်များနေခဲ့တာကို စတင်တွေ့ဖူးချိန်ကနေ ABSDF ဒုတိယအကြိမ် ညီလာခံကို ကျွန်မတို့ တပ်ရင်းမှာ ကျင်းအပြီးမှာတော့ တပ်ဖွဲ့စည်းပုံတွေ ပြန်ဖွဲ့ပြီး တပ်ခွဲ (၁) ရဲ့ တပ်ခွဲမှူး တာဝန်နဲ့ ရှေတန်းဆင်းသွားခဲ့တဲ့အထိ ဦးဖေသင်နဲ့ ပတ်သက်တာတွေကို မျက်စိထဲမှာ အကုန်လုံး ပြန်မြင်ယောင်နေမိတယ်။ ၁၉၈၉ ခုနှစ်မှာ တက်ရတဲ့ ကျွန်မတို့ရဲ့ အခြေခံစစ်ပညာသင်တန်း ပတ်စဉ် ၁/၈၉ မှာ ဒုသင်တန်းမှူးအဖြစ် သူတာဝန်ယူစဉ်က အဖြစ်အပျက်လေးတခုကို ကောင်းကောင်း ပြန်သတိရနေပါတယ်။ ၈၈ မှာ တောတွင်းရောက်ခါစက ကရင်တွေဆီမှာ ယောက်ျားလေးတွေပဲ တက်တဲ့ စစ်သင်တန်းပဲ ရှိခဲ့ပါတယ်။ ကျွန်မတို့ မိန်းကလေး ရှစ်ယောက်ပါတဲ့ စစ်သင်တန်းက ကျွန်မတို့ တပ်ရင်းမှာ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်တွေအချင်းချင်း ပေးတဲ့ ပထမဦးဆုံး စစ်သင်တန်း ဖြစ်ပါဖြစ်တယ်။ သင်တန်းသား ၃၈ ယောက်ရှိပြီး အမျိုးသားတွေထဲမှာ တချို့က KNU တွေဆီမှာ စစ်သင်တန်း တက်ထားပြီးသား ဖြစ်ပေမဲ့ သဘောတရားရေးရာတွေကိုလည်း လေ့လာချင်လို့ ပြန်တက်ကြသူ အနည်းငယ်မှအပ ကျန်တဲ့ သင်တန်းသား အားလုံးက စစ်သင်တန်းနဲ့ ပတ်သက်ပြီး အသစ်စစ်စစ်တွေ ဖြစ်ကြပါတယ်။ (ဓာတ်ပုံက မနက်ပိုင်း တန်းစီအလေးပြုပြီး သစ္စာအဓိဌာန်ဆိုတဲ့ချိန်ပါ)

သင်တန်းမှူးနဲ့ ဒုသင်တန်းမှူးတို့က မဆလ ပါတီဝင်ဟောင်းတွေ ဖြစ်ကြလို့ လမ်းစဉ်လူငယ် ဘ၀က စစ်ရေးပြနဲ့ သင်တန်းအတွေ့အကြုံ ရှိကြပါတယ်။ စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဆရာတွေကလည်း မဆလတပ်ကနေ ရောက်လာတဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ သဘောတရားရေးရာတွေ သင်တဲ့ဆရာတွေကတော့ စခန်းကော်မတီထဲက လေ့လာမှု အားကောင်းသူတွေက သူတို့သိရှိထားတာကို ပြန်ဖြန့်ဝေတာ ဖြစ်တယ်။ KNU အကူအညီလုံးဝ မပါဘဲ ကိုယ့်ဒူးကိုယ်ချွန်ပြီး မိမိတပ်ရင်းမှာ ပေးတဲ့ ပထမဦးဆုံး သင်တန်းဖြစ်လို့ အားလုံးက တက်ကြွကြပါတယ်။ ဆရာတွေရော သင်တန်းသားတွေရော အားလုံးက ၈၈ က အတူထွက်လာသူတွေသာ ဖြစ်ကြလို့ စစ်ရေးနဲ့ ပတ်သက်ပြီး တယောက်မှ Professional တွေ မဟုတ်ကြပါဘူး။


ဒီသင်တန်းမှာ ဦးဖေသင်က ဒုသင်တန်းမှူး တယောက်ဖြစ်ပြီး မနက်အစောကြီး PT ထပြေးရာမှာနဲ့ စစ်ရေးပြဘာသာမှာ အဓိက တာဝန်ယူပြီး ကျန်ဘာသာတွေ အားလုံးအတွက်လည်း သင်တန်းဆရာအားလုံးကို ကြီးကြပ်ရသူ ဖြစ်ပါတယ်။ ကျွန်မတို့ကို မနက်တိုင်း ပီတီပြေးရာမှာ တာဝန်ယူပါတယ်။ P.T ပြေးရင် ဘယ်ညာဘယ် တိုင်ပေးတာတွေ မှတ်စဉ်တွေ ဆောင်ပုဒ်တွေ ဆိုဖို့တိုင်ပေးတာတွေ လုပ်ပါတယ်။ ကျောင်းသားတပ်ရင်း ရှိရာ အမရာရွာအနီးကနေ သုံးမိုင်ခန့် ဝေးမယ်ထင်ရတဲ့ KNU တပ်မဟာ ၄ ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဌာနတွေ ရှိတဲ့နေရာ ခရိုင်မြို့ဖြစ်တဲ့ ထီးထာ (ချောင်းရင်းလို့အဓိပ္ပါယ်ရ) အထိ မနက်အစောကြီး နေ့တိုင်း ထပြေးပြီး ထီးထာဆေးရုံကနေ ပြန်ကွေ့ပြီး စခန်းကို အပြန်မှာ ထီးထာနဲ့ ကျောင်းသားစခန်းကြား အလယ်လို့ပြောလို့ရတဲ့ KNDO (ကရင် ရဲတပ်ဖွဲ့) ကုန်းအောက်ဘက် မင်းသမီးချောင်းဘေးမှာ လေညှင်းခံရင်း ခဏနားလေ့ရှိပါတယ်။ ကျေးရွာကြီးကြီး တရွာစာလောက်တောင် အိမ်ခြေနဲ့ အကျယ်အ၀န်း မရှိတဲ့ ထီးထာတို့ ထီးခီးတို့ဆိုတဲ့ နေရာတွေကတော့ ကျွန်မတို့အတွက်တော့ အဲဒီအချိန်က တကယ်ကို ရွှေမြို့တော်ပါပဲ။ (ပီတီ ပြေးရာက အပြန် တပ်ရင်းထဲမှာ ရိုက်ထားတဲ့ပုံ။ ဓာတ်ပုံ - ကိုစိုးမင်းအောင် facebook မှ)

KNDO ကုန်းနဲ့ ကျွန်မတို့ ကျောင်းသားစခန်းကြားမှာတော့ စိမ်းစို အုပ်ဆိုင်းနေတဲ့ တောတောင်တွေသာ ရှိပြီး ထိုင်းက သစ်လာခုတ်တဲ့ ကားလမ်းမသာ မရှိခဲ့ရင် လူသူအရောက်အပေါက် ရှိတဲ့နေရာ ဟုတ်ပါ့မလားလို့ ထင်ရလောက်အောင် တောနက်လှပါတယ်။ အဲဒီလို အချိန်တွေမှာ သင်တန်းသားတွေရဲ့ ပီတီပြေးရင်ဆိုတဲ့ စလိုဂမ်တွေက အများတောင်ကြားလမ်းရှိ ရိုးမတောတခုလုံးကို ပဲ့တင်ထပ်ပြီး မြည်ဟီးစေပါတယ်။

ဘာ.လုပ်.နေ.လဲ……………………………….လေ့ ကျင့် နေ တယ်
ဘာ လုပ် ဖို့ လဲ………………………………………တိုက် ပွဲ ၀င် ဖို့
ဘယ် သူ့ အတွက် လဲ…………………………….ပြည် သူ့ အတွက် ပဲ
ဘာ စိတ် ဓါတ် လဲ..................................... ခွပ် ဒေါင်း စိတ် ဓါတ်
ငါ တို့ ဘာ လဲ ………………………………………ခွပ် ဒေါင်း စစ် သည်

(ဘယ် ညာ ဘယ် ညာ ဘယ် ညာ ဘယ်)၂

တိုင်ပေးသူက ပီတီပြေးတာကို တာဝန်ယူတဲ့ ဒုသင်တန်းမှူး ဦးဖေသင် ဖြစ်ပြီး ကျန်တာကို ဆိုတဲ့သူတွေကတော့ သင်တန်းသား အားလုံးနဲ့ တခြားသင်တန်းဆရာတွေ ဖြစ်ပါတယ်။ သင်တန်းဆရာတွေက အလှည့်ကျ တိုင်ပေးတာလည်း ရှိပါတယ်။

ကျွန်မတို့ ဒီလိုပဲ စလိုဂမ်တွေ မှတ်စဉ်တွေကို ဆိုရင်း ပီတီပြေးနေရာကနေ အခုပြောမည့် တနေ့မှာတော့ KNDO ကုန်းအောက်က နားနေကျ ချောင်းနံဘေးမှာ မနားဖြစ်တဲ့ အကြောင်းရင်းတခု ပေါ်ခဲ့ပါတယ်။ (ပတ်စဉ် ၂ မှာ ဦးဖေသင်က သင်တန်းမှူး ဖြစ်ပြီး သင်တန်းဆင်းပွဲမှာ ဆုရကျောင်းသား တဦးကို ဆုပေးနေတဲ့ပုံ ဖြစ်တယ်။ ဓါတ်ပုံ - ကိုစိုးမင်းအောင် face book)

မှတ်စဉ်.. မှတ်စဉ်.. မှတ်စဉ်ဆို… (ဦးဖေသင်)
တစ်…. နှစ်… သုံး… လေး… တစ်နှစ်သုံးလေး..
တစ်နှစ်သုံးလေး ပြည် သူ့ ကျောင်း သား.. ခွပ် ဒေါင်း စစ် သည်…
 ပြည် သူ့ ကျောင်း သား … ခွပ် ဒေါင်း စစ် သည် (အားလုံး)


ဆောင်ပုဒ်.. ဆောင်ပုဒ်.. ဆောင်ပုဒ်ဆို… (ဦးဖေသင်)
လေ့ ကျင့် ရေး မှာ ချွေး ထွက် များမှ စစ် မြေ ပြင် မှာ သွေး ထွက် နည်း မယ်.. စစ် မြေ ပြင် မှာ သွေး ထွက် နည်း မှ… လေ့ ကျင့် ရေး မှာ ချွေး ထွက် များ မယ် (သင်တန်းသားများ)

ကျွန်မတို့ ခါတိုင်းလိုပဲ ပါးစပ်ကလည်းအော် ခြေတောက်ကလည်း နားဖို့သတ်မှတ်ထားတဲ့ နေရာမရောက်မချင်း ပြေးနေတဲ့အချိန် လမ်းဆုံးဖြစ်တဲ့ ထီးထာဆေးရုံမှ ပြန်ကွေ့လာပြီး ထီးထာရွာလည် ကွင်းပြင်ကို အရောက်မှာတော့ ထီးထာ (ချောင်းရင်း) အသင်းနဲ့ စစ်ရေးနဲ့ဆိုင်တဲ့ ခရိုင်အဆောက်အဦးတွေ ပိုများပြီး နယ်စပ်နဲ့ ပိုနီးတဲ့ ခရိုင်စစ်ဌာနချုပ်ရှိရာ ထီးခီး (ချောင်းဖျား) အသင်းတို့ ဘောလုံးကန်နေကြတာနဲ့ ကြုံပါတယ်။ ကျွန်မတို့ သင်တန်းသားတွေကလည်း ဘယ်ညာမှန်အောင် တိုင်ပေးတာတွေနဲ့ မှတ်စဉ်တွေကို ဆိုကာ ဘောလုံးကွင်းနားရောက်တော့ မျက်နာတွေက ရှေ့တည့်တည့်ကို လှည့်နေပေမဲ့ မျက်လုံးတွေကတော့ လမ်းဘယ်ဘက်ဘေးရှိ ဘောလုံးကွင်းထဲကိုပဲ ရောက်နေပါတယ်။ ဘောလုံးပွဲရဲ့ ဖမ်းစားမှုကြောင့် ခြေတောက်တွေကလည်း ဘယ်ညာ မမှန်ချင်တော့ဘူး။ တိုင်ပေးနေတဲ့ ဦးဖေသင်ကိုယ်တိုင်ကလည်း အသံက ခါတိုင်းလောက် မအောင်ဘူးလို့ ထင်လာရတယ်။ ဒီအချိန်မှာ မမျှော်လင့်ဘဲ..

တန်း……. ရပ် (ဦးဖေသင်)
မှတ်.. တစ်.. နှစ်.. (အားလုံး မတ်တပ်ရပ်ဖြစ်သွားကြတယ်)

ခါတိုင်းဆို ဒီမှာ တခါမှ တန်းမရပ်ဘဲ ဘာကြောင့် ဒီနေ့မှာ ဒီမှာတန်းရပ်ရတယ် ဆိုတာကိုတော့ အားလုံးက ညှိထားစရာ မလိုဘဲ သဘောပေါက်ပြီးသား ဖြစ်ပါတယ်။

“ရဲဘော်တို့ ဒီမှာ ခဏနားမယ် KNDO ကုန်းအောက်က ချောင်းကမ်းနံဘေး ရောက်ရင် နားတော့မှာမဟုတ်ဘူး” လို့ ဦးဖေသင်က ပြောလိုက်တော့ အားလုံးက ဘယ်ပြောကောင်းမလဲ သင်တန်းစည်းကမ်း အချိန်ဇယားနဲ့ တချိန်လုံး သတိနဲ့ နေလာရာကနေ အခုလို ဘောလုံးပွဲ ကြည့်ရမယ်ဆိုတော့ ခဏပဲ ဖြစ်ပါစေတော့ အားလုံးက ပျော်ကြတာပေါ့။ တချိန်လုံး အိနြေ္ဒတခွဲသားနဲ့ နေလာတဲ့ ဒီသင်တန်းမှာ ဒုတိယ တာဝန်အကြီးဆုံး ကျွန်မတို့ကို စည်းကမ်းကို မသွေမတိမ်းလိုက်နာဖို့ အမြဲပြောနေတဲ့ ဒုသင်တန်းမှူး ကိုယ်တိုင်လည်း အိနြေ္ဒ မဆည်နိုင်တော့သလို အားလုံးက ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ။ အိုလံပစ်တို့ ကမ္ဘာ့ဖလားတို့ဆိုတာ အဲဒီတုန်းက ကြည့်ရတဲ့ ဘောလုံးပွဲလောက် မပျော်ဘူးလို့တောင် ထင်ရပါတယ်။ တန်းဖြုတ်ပြီးတဲ့အချိန်ကစပြီး ကျွန်မတို့ သင်တန်းသားအဖွဲ့ တဖွဲ့လုံး ကြည့်ဖြစ်လိုက်တာ နားဖို့သတ်မှတ်ထားတဲ့ အချိန်ပြည့်သွားလည်း ဦးဆောင်လာတဲ့ ဒုသင်တန်းမှူးကြီးကိုယ်တိုင် ဘာမှမပြောဘဲ ဆက်ကြည့်နေတော့ ကျန်တဲ့သူတွေလည်း မေ့နေတယ်ထင်ပြီး သတိရရင် ထပြန်မှာစိုးလို့ တိတ်တိတ်နေပြီး သတိမပေးဘဲ ဆက်ကြည့်နေလိုက်တာ ဘောလုံးပွဲပြီးသွားမှပဲ ထဖြစ်တော့တယ်။ ဦးဖေသင်ကတော့ ဘောလုံးပွဲမှာ နစ်မြောပြီး နာရီကိုကြည့်ဖို့ မေ့သွားတာတော့ လုံးဝမဖြစ်နိုင်ဘူးလို့ ကျွန်မထင်တယ်။

ကျွန်မတို့ တပ်ရင်းထဲ ပြန်ရောက်တော့ မနက်ပိုင်း တန်းစီအလေးပြုအချိန် ပြီးသွားပြီ။ တပ်ရင်းက ရဲဘော်တွေ အသီးသီး လုပ်စရာရှိတာ လုပ်ပြီး မနက်စာ စားချိန်တောင် နီးနေပြီ။ ခါတိုင်းဆိုရင် မနက်ခုနှစ်နာရီ တန်းစီအချိန်မီ တပ်ရင်းထဲကိုပြန်ရောက်ပြီး တပ်ရင်းက တခြားတပ်ဖွဲ့ဝင်တွေနဲ့ အတူ အလံအလေးပြု သစ္စာအဓိဌာန်တွေ ဆိုပြီးရင် ပြန်ကြားရေးဌာနက တင်ဆက်တဲ့ ဘီဘီစီနဲ့၊ ဗွီအိုအေ သတင်းတွေကို အလံတိုင်ရှေ့ရေဒီယိုယူလာပြီး လာဖွင့်ပြတာ ဖြစ်စေ၊ Record လုပ်ထားတာကို လက်ရေးနဲ့ ပြန်ရေးထုတ်ထားပြီး ပြန်ကြားရေး ရဲဘော်/ရဲမေ တယောက်ယောက်က ဖတ်ပြတာကို ဖြစ်စေ သတင်းနားထောင်ရတယ်။ ပြီးတာနဲ့ တပ်ရင်းမှာ ဘာလုပ်မယ် ဆိုတာကို ပြောပြီး လူစုခွဲကာ တပ်ခွဲ၊ တပ်စုအလိုက် လုပ်စရာရှိတာလုပ်ပြီး ကျွန်မတို့ သင်တန်းသားတွေအတွက်က စစ်ရေးပြအချိန် ရောက်ပါတယ်။ စစ်ရေးပြအချိန် ပြီးတာနဲ့ ရေမိုးချိုး မနက်စာစားပြီး မနက်ကိုးနာရီမှာ သဘောတရားရေးရာ အချိန်တွေအတွက် အတန်းတက်တယ်၊ နေ့လည် နားချိန်ပြီးတာနဲ့ စစ်ရေးပြနဲ့ လက်နက်ငယ်၊ ပြောက်ကျားတိုက်ပွဲ၊ အခက်အခဲ ကျော်ဖြတ်ခြင်း စတဲ့ အချိန်တွေ ဆက်သွားရပါတယ်။

အဲဒီနေ့ကတော့ ဘောလုံးပွဲကြည့်နေလို့ နောက်ကျသွားတဲ့အတွက် မနက်ပိုင်း စစ်ရေးပြအချိန် မရလိုက်ဘူး။ ဘောလုံးပွဲကြည့်လို့ အပြန်နောက်ကျတဲ့အတွက် ပီတီပြေးတဲ့ အဖွဲ့မှာ ပါဝင်တဲ့ ဒုသင်တန်းမှူးအပါအ၀င် တခြားသင်တန်းဆရာတွေပါ သင်တန်းသားတွေနဲ့အတူ သင်တန်းမှူးရဲ့ အပြစ်ပေးတာကို ခံခဲ့ရပါတယ်။ ကျွန်မတို့ သင်တန်းသားတွေ နေ့လည်စာစားပြီး ခါတိုင်း သင်တန်းခဏနားတဲ့အချိန်ကို ပေးမနားဘဲ တပ်ရင်းထဲရှိ ဘုန်းကြီးကျောင်းရှေ့က ကုဂ္ဂိုလ်ပင်အောက်မှာ မြက်ရှင်းခိုင်းတယ်။ ဦးဖေသင်ကတော့ သင်တန်းကာလ မဟုတ်တဲ့အချိန် စခန်းကော်မတီအောက်ကနေပြီး စခန်းတခုလုံးကို တပ်ရေးနေရာကနေ စီမံခန့်ခွဲခဲ့ရသလို သင်တန်းကာလမှာလည်း ဒုသင်တန်းမှူးဆိုတော့ သင်တန်းတခုလုံးကို သင်တန်းမှူးအောက်ကနေ စီမံခန့်ခွဲရပါတယ်။

တချိန်လုံး စခန်းကို စီမံခန့်ခွဲလိုက်၊ သင်တန်းသားတွေကို စီမံခန့်ခွဲလိုက်နဲ့ ခပ်တည်တည်နဲ့ပဲ နေလာခဲ့တဲ့ ဦးဖေသင်ဟာ အပြစ်ပေးခံရပြီး အဲဒီမြက်ရှင်းနေတဲ့ အချိန်မှာတော့ ကျွန်မ သူ့ကိုကြည့်တာ တကယ်ကို ပေါ့ပါးသွက်လက်နေပြီး တခြား သင်တန်းသားတွေနဲ့အတူ သင်တန်းသားတယောက်လို ဘောလုံးပွဲကြည့်လို့ အပြစ်ကျတာကို ပျော်ပျော်ပါးပါး တွေ့ရပါတယ်။ သူ့ကို အဲဒီလို ကလေးဆန်ဆန် ဒီတခါပဲ ကျွန်မတွေ့ဖူးပါတယ်။ သင်တန်းက စည်းကမ်းသေ၀ပ်မှုမရှိ၊ အမိန့်နာခံမှု မရှိရင် အမှတ်နှုတ်တဲ့ စနစ်နဲ့ သွားနေတော့ ခါတိုင်းဆို အမှတ်နှုတ်ခံရမှာစိုးလို့ သင်တန်းသားတွေက သင်တန်းဆရာတွေ ရှေ့မှာ အိနြေ္ဒရရနေကြတာပဲ များပါတယ်။ အခုတော့ သင်တန်းမှာ ကျွန်မတို့ သင်တန်းသားတွေ တခုခုမှားရင် သင်တန်းသားတွေကို အပြစ်ပေးလေ့ရှိတဲ့ သူနဲ့ တခြား သင်တန်းဆရာတချို့ကိုယ်တိုင် သင်တန်းသားတွေနဲ့အတူ ရောပြီးဘောလုံးပွဲ ကြည့်လို့အပြစ်ခံရတာ ဖြစ်တဲ့အတွက် အားလုံးက တသွေးတည်းတသားတည်းလို ပျော်ပျော်ပါးပါးပဲ ရယ်မောကာ အပြစ်ခံနေကြတယ်။

ကျွန်မတို့ ငြိမ်ပြီး မြက်နှုတ်နေရာကနေ ဦးဖေသင်က ဒီအတိုင်း နှုတ်နေရတာ ပြင်းစရာကောင်းလိုက်တာ ဆိုပြီး PT ပြေးရာမှာ အော်တဲ့ စလိုဂမ်ကို သူက အသံကျယ်ကြီးနဲ့ စတင်အော်ပြီး တိုင်ပေးလိုက်တယ်။

ဦးဖေသင်။ ။ ဘာ လုပ် နေ လဲ….
အားလုံး။ ။ လေ့ကျင့်နေတယ်…
ဦးဖေသင်။ ။ ဟာ…ဘာကို လေ့ကျင့်နေတာလဲ အဲဒါလေ့ကျင့်နေတာမှ မဟုတ်တာ အမှန်တိုင်း ဖြေလေ ပြန်အော်မယ် ကိုယ်လုပ်နေတာကို အမှန်အတိုင်း ဖြေကြနော့်၊ ဘာ လုပ် နေ လဲ…
အားလုံး။ ။ မြက် ရှင်း နေ တယ် (အားလုံး အသံညီသွားတယ်)
ဦးဖေသင်။ ။ ဘာ ဖြစ် လို့ လဲ
အားလုံး။ ။ ဘောလုံးပွဲကြည့်လို့ (ဒီမှာတော့ တခါတည်းနဲ့ အားလုံးညီတယ်)
ဦင်္းဖေသင်။ ။ ဘယ် သူ့ အတွက် လဲ…
အားလုံး။ ။ (အပြစ်ပေးခံရလို့ မြက်ရှင်းတာကို ပြည်သူ့အတွက်ပဲ ဖြေလို့မဖြစ်တာကိုတော့ အားလုံး သဘောပေါက်ပါတယ်။ ကျွန်မတို့ သင်တန်းသားတွေနဲ့ တခြားသင်တန်းဆရာတွေက ဘာဖြေရမှန်းမသိ ဖြစ်နေချိန်မှာ ဒီအပြစ်ကို ဘယ်သူပေးတာလဲလို့ ဦးဖေသင်က မေးလိုက်တော့ အားလုံးက သဘောပေါက်သွားကြပြီး ဖြေလိုက်တယ်) သင်တန်းမှူးအတွက်ပဲ…
ဦးဖေသင်။ ။ ငါ တို့ ဘာ လဲ
အားလုံး။ ။ ခွပ် ဒေါင်း စစ် သည်

ကျွန်မတို့ရဲ့ PT ပြေးရာမှာ အော်တဲ့ စလိုဂမ်ကို မြက်ရှင်းတဲ့နေရာမှာ ဖျက်ပြီး ခါတိုင်း စစ်ရေးပြနဲ့ ပီတီပြေးရာမှာ အော်တဲ့အသံထက် နှစ်ဆပိုကျယ်အောင် မြက်ရှင်းလို့ ပြီးတဲ့အထိ ထပ်ခါတလဲလဲ အော်လိုက်တာ တပ်ရင်းကွင်းရဲ့ ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်အတွင်းဘက် အကျဆုံးနေရာ တပ်ရင်းရုံးအထိ အတိုင်းသား ကြားရပါတယ်။ နေမွန်းတည့်ချိန် တပ်ရင်းတရင်းလုံး အနားယူချိန်ဖြစ်လို့ တပ်ရင်းထဲမှာ ရှိတဲ့ ရုံးတိုင်း၊ ဗားတိုက်တိုင်းက ရဲဘော်တွေ အကုန်ကြားရပါတယ်။ အပြစ်ပေးခံရတဲ့အထဲမှာ ဒီလောက်ပျော်ပျော်ပါးပါး အပြစ်ပေးခံရတာမျိုးလည်း ကျွန်မ တခါမှ မကြုံဖူးပါဘူး။ ဒီအချိန်လေး ပြီးသွားတဲ့အချိန်မှာတော့ အပြစ်ပေးခံရသူ အားလုံးက ဒုသင်တန်းမှူး၊ သင်တန်းဆရာ၊ သင်တန်းသား ဆိုပြီး ပုံမှန်အတိုင်း ကွဲကွဲပြားပြား ဖြစ်ဖြစ်သွားပြန်တယ်။ ဒါက ဦးဖေသင်နဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ ရှိနေခဲ့တဲ့ သင်တန်းကာလ အဖြစ်အပျက်လေး တခုဖြစ်ပါတယ်။

ABSDF ရဲ့ ဒုတိယအကြိမ် ညီလာခံ အပြီးမှာတော့ တပ်ဖွဲ့စည်းပုံတွေ တိတိကျကျ ဖွဲ့ပြီးနောက်ပိုင်းမှာ ဦးဖေသင်က တပ်ခွဲ (၁) မှာ တပ်ခွဲမှူးအဖြစ် တာဝန်ကျပြီး ရှေ့တန်းဆင်းသွားခဲ့ပါတယ်။ သူ့လက်ထက်မှာ ရှေ့တန်း ပြောက်ကျားအခြေခံဒေသ အမာခံကျေးရွာတွေ အများကြီး စည်းရုံးနိုင်ခဲ့ပါတယ်။ ကျွန်မတို့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေ ရှေ့တန်းဆင်းခွင့် တောင်းခဲ့တုန်းက တပ်ရင်းက အကန့်အသတ်အမျိုးမျိုးနဲ့ ကျွန်မတို့ကို ရှေ့တန်းပေးမဆင်းဘဲ အကြောင်းပြခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ ရှေ့တန်းမှာ ရှိနေတဲ့ တပ်မှူးတွေ လက်မခံရင် မဖြစ်နိုင်တာလည်း ပါပါတယ်။ နောက်တော့ သူ့တပ်ခွဲကို ကျွန်မတို့ ဆင်းခွင့်ရသွားပါတယ်။ သို့သော်လည်း ကျွန်မတို့ သူ့ကို မတွေ့လိုက်ရပါဘူး။

၁၉၉၁ ခုနှစ် နှစ်ဆန်းစ၊ တပ်ခွဲ (၁) ရှေ့တန်းနယ်မြေကို ကျွန်မတို့ ဆင်းခါနီးမှာ ဦးဖေသင်က ရှေ့တန်းကျေးရွာတရွာမှာ အရပ်ဝတ်နဲ့ သတင်းထောက်လှန်းရန် ရောက်နေချိန် သတင်းပေါက်ကြားသွားလို့ ရန်သူတပ်နဲ့ အ၀ိုင်းခံရပါတယ်။ အပေါ်မှာ ကျွန်မတို့ ရှေ့တန်းသွားစဉ် အဲဒီရွာဘေးကရွာကို ရောက်တုန်း ရွာသားက ပြောပြခဲ့တဲ့အတိုင်း တရွာလုံးကို ၀ိုင်းပြီး ညှင်းဆဲနေလို့ သူကိုယ်တိုင် အဖမ်းခံလိုက်ပြီး တောထဲမှာ သွားအသတ်ခံလိုက်ရပါတယ်။ ယေရှုခရစ်ကို ဖမ်းစဉ်က ယေရှုဘယ်သူလဲ ဘယ်မှာလဲလို့ မေးခဲ့တာကို လူအုပ်ထဲက ဘယ်သူမှ မဖြေခဲ့လို့ ညှင်းဆဲခံနေရတာကို မကြည့်ရက်လို့ ခရစ်တော်က ငါယေရှုပဲလို့ သွားအဖမ်းခံလိုက်တဲ့ ခရစ်တော် ဇာတ်တွေကို ကြည့်တိုင်း ဦးဖေသင်ကို အမြဲတမ်း ပြေးသတိရမိပါတယ်။ ဦးဖေသင်သာ အဲဒီရွာသားများအတွက် ယေရှုခရစ် နေရာကို မ၀င်ခဲ့ရင် နယ်မြေကျွမ်းကျင်ပြီးသား ဖြစ်လို့ တနည်းနည်းနဲ့ ပုန်းပြီး ထွက်ပြေးလို့ ရနိုင်မှာ သေချာပါတယ်။ ဒါပေမဲ့ ဒီရွာသားတွေရဲ့ ကံကြမ္မာကတော့ မတွေးဝံ့စရာ ဖြစ်လိမ့်မယ်။ မြန်မာပြည်မှာ ဦးဖေသင်လို အသတ်ခံရပြီး အသေဆိုးနဲ့ သေရတာတွေဟာ အာဏာရှင် ကြီးစိုးတဲ့ စနစ်ကြောင့်သာ ဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ် အမြန်မဆုံး ကျဆုံးပြီး နောင်လာနောက်သားများက အာဏာရှင်စနစ်ဆိုတာ ချိုနဲ့လားလို့ မေးရလောက်တဲ့ အခြေအနေကို ရောက်ရှိပါစေလို့ ဆုတောင်းရင်း…

ဦးဖေသင်နဲ့ ABSDF မှာ ကျဆုံးသွားသော ရဲဘော်များအားလုံး ကောင်းရာသုဂတိလားပါစေ။