မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label Tags. Show all posts
Showing posts with label Tags. Show all posts

အသိနှင့်အသိတရား


ဘလော့ဂ်လောကမှာ ဘလော့ဂ်မောင်နှမတွေ အချင်းချင်း ခင်မင်ရင်းနှီးမှုနှင့် အပြန်အလှန် လေးစားမှု လက္ခဏာကို ဆောင်ပြီး စိတ်ဝင်တစား Tag ကြတာဟာ ကောင်းတဲ့ ဓလေ့လေးတခုလို့ ကျွန်မ ယူဆပါတယ်။ ဘလော့ဂါ မောင်လေးတယောက်ဖြစ်တဲ့ မောင်မိုးက ကျွန်မကို အသိတရားနဲ့ ပတ်သက်ပြီး Tag လိုက်တော့ အစပထမတော့ ဘာရေးရမှန်းမသိလို့ တော်တော်လေးတော့ ခေါင်းစားသွားတယ်။ နောက်တော့...

ကျွန်မဘ၀မှာ ထူးထူးခြားခြား အသိတရားရရှိခဲ့တာ ဗုဒ္ဓာသာကို လေးလေးနက်နက် ယုံကြည်သွားတဲ့ ဘာသာရေးအသိတရားနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးလေးနက်နက် ယုံကြည်သွားတဲ့ နိုင်ငံရေး အသိတရားဆိုပြီး ဘ၀တဆစ်ချိုးကို ဖြစ်စေတဲ့ အသိတရား နှစ်ခုကို သွားပြီး သတိရပါတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ အသိတရားကို မျှဝေလိုတဲ့ ဆန္ဒပိုပြီး ပြင်းပြပေမဲ့ လက်ရှိအခြေအနေနဲ့ အကိုက်ညီဖို့ ရည်ရွယ်ပြီး လူမုန်းသမားများပြီး အဆဲလည်းခံရတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အသိတရားကိုပဲ ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီပို့စ်မှာ ကျွန်မက အသိတရားနဲ့ အသိကို နှစ်ပိုင်းထားပြီး အသိ ဆိုတာ အမှန်အမှားဆိုတဲ့ ဆုံးဖြတ်ချက် မပါဘဲ သာမန်အတိုင်း စိတ်အာရုံထဲမှာ သိထားတာကို ရည်ညွန်းပါတယ်။ အသိတရား ဆိုတာကတော့ အသိနောက်မှာ တရားပါလာပြီမို့ မှန်ကန်တယ်လို့ ဆုံးဖြတ်ထားတဲ့ အသိကိုပဲ ရည်ညွှန်းချင်ပါတယ်။


အသိ

မဆလ လက်ထက်က မြန်မာပြည်ရဲ့ တောစွန်အုံဖျား တနေရာမှာ ကြီးပြင်းပြီး စာကြည့်တိုက်မရှိ လေ့လာမှတ်သားစရာ ရှားပါးတဲ့ နေရာမှာ ပညာသင်ကြားလာခဲ့ရပေမဲ့လည်း ကျွန်မ အသိမှာ ငယ်ငယ်တုန်းက စပြီး မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန် ဆိုတာတွေကို မူလတန်းအရွယ်ကတည်းကတောင် အိမ်က အဖေနဲ့ ကျောင်းကဆရာဆရာမတွေက ရိုက်သွင်းပေးခဲ့လို့ ရခဲ့ပါတယ်။ သူတို့ရိုက်သွင်းပေးခဲ့လို့သာ ကျွန်မမှာ အများနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တချို့တွေလို မိမိနဲ့မဆိုင်သလို နေနိုင်စွမ်းမရှိဘဲ တိုင်းချစ်ပြည်ချစ်တဲ့ စိတ်ဗီဇကို သူတို့တွေရဲ့ ကျေးဇူးကြောင့် အမွေရခဲ့ပါတယ်။

ကျွန်မ ငယ်ငယ်က ကျွန်မ ပတ်ဝန်းကျင်မှာ ရှိတဲ့ မိသားစုတွေဟာ ထမင်းတလုပ်စားဖို့အရေး နေ့စဉ်နဲ့အမျှ ငြီးတွားသံတွေကို သတိထားမိပါတယ် (ဟိုတုန်းကထက် အခုပိုဆိုးပါတယ်)။ ဘာပဲလုပ်လုပ် တခုခု လုပ်ရင် ငယ်စဉ်ကြီးလိုက် လာတ်ထိုးရတာတွေကို ပုံမှန်လုပ်ရိုးလုပ်စဉ် အစဉ်အလာကြီးလို ဖြစ်နေတာကို သိရှိထားပါတယ်။ အဲဒီတုန်းက စစ်တပ်က ကျွန်မတို့ ဒေသတ၀ိုက်မှာ အမြဲတမ်း ဖြတ်သွားဖြတ်လာရှိပြီး တပ်စွဲထားတဲ့ ရွာတွေမှာ ပြဿနာ သိပ်မရှိပေမဲ့ တပ်မစွဲထာတဲ့ ရွာထဲ စစ်တပ်ဝင်ရင် ရွာကို မကောင်းဆိုးရွား နာနာဘ၀တွေ ၀င်တာထက် ပိုပြီး ရုပ်ပျက်ဆင်းပျက် နိုင်လှတာကို တွေ့ရပါတယ်။ ဟိုဘက်ရွာမှာ စစ်တပ်ရောက်နေတယ်ဟေ့ ဆိုတာနဲ့ ဒီဘက်ရွာမှာ ရှိရှိသမျှ အရွယ်ရောက်တဲ့ အမျိုးသားတွေက ကြားရာအရပ် ရောက်ရာနေရာကနေ ပေါ်တာဆွဲခေါ်ခြင်း၊ လုပ်အားပေး ခိုင်းစေဖို့ ခေါ်ဆောင်ခြင်း (သို့) ပြဿနာတခုခု ရှာပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရမျာစိုးလို့ ပြေးပုန်းလေ့ ရှိပါတယ်။ ရွာထဲကို စစ်တပ် တခါတခါဝင်တိုင်း ငိုနေတဲ့ ကလေးကအစ လုံးဝ အသံတိတ်ကာ ခွေးဟောင်သံနဲ့ ကျီးအာသံလို တိရိစ္ဆာန် အသံကလွဲပြီး လူသံဆိုလို့ ဘာမှ မကြားရတော့ဘဲ တရွာလုံးက တစပြင်လိုပဲ ဆိတ်ငြိမ်နေတတ်ပါတယ်။ စစ်တပ်ဝင်ရင် ရွာထဲက အိမ်တွေမှာ တွေ့သမျှအရွယ်ရှိ ယောက်ျားတွေကို စစ်တပ်က ခေါ်သွားကြသလို တခါတလေ ဟောင်နေတဲ့ ခွေးတွေကိုပါ ပစ်သတ်ပြီး စားဖို့ ယူသွားတတ်တာ၊ ခွေးသားဆိုရင် သိပ်ရွံတတ်တဲ့ ကျွန်မတို့ နယ်ဘက်ကလူတွေဟာ စစ်တပ်ကိုလည်း ခွေးသားထက် ပိုရွံရှာကြတာ ငယ်ငယ်က ရင်ဆိုင် ကြုံနေကျ အဖြစ်အပျက်တွေပါပဲ။

စစ်တပ်က ရွာတွေထဲဝင်ပြီး မကြာခဏ ဒုက္ခပေးခံရတာတွေ၊ တော်ကြာ ဘယ်ရွာက ဘယ်သူ့ကို ဖမ်းသွားလိုက်တာ ပြန်မလွတ်သေးဘူး၊ ဘယ်သူ့ကို ညှင်းဆဲပြန်ပြီ၊ သတ်လိုက်ပြန်ပြီ ဆိုတာတွေကလည်း မကြာခဏ ကြားရတတ်ပါတယ်။ ဘာရာဇ၀တ်မှုမှ ကျူးလွန်ထားသူများ မဟုတ်ပါလျက် ဘာအပြစ်မှ မရှိပါလျက်နဲ့ စစ်တပ်ရွာထဲဝင်ရင် ရွာသားတွေ ကြောက်နေရတာ၊ အစဉ်အမြဲ ဒုက္ခပေးခံနေရတာကို ကျွန်မ စိတ်ထဲမှာ မဟုတ်သေးဘူး၊ တခုခုတော့ မှားနေပြီဆိုတာ သတိထားမိပေမဲ့ ဘာကြောင့်၊ ဘယ်လို ဆိုတာဝေခွဲနိုင်စွမ်းမရှိတော့ လူ့ဘ၀ရဲ့ သာမန် ဖြတ်သန်းရတဲ့ သဘောသဘာဝပဲ ဖြစ်မှာပါလို့ အလွယ်ပဲ လက်ခံထားလိုက်တယ်။ စစ်တပ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်လာခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကို တိုက်ပေးခဲ့တဲ့ သူရဲကောင်းတွေအဖြစ် အဖေဆီက သိထားတော့ တိုင်းပြည်အတွက် စစ်တပ်ကို မုန်းသူ၊ အစိုးရကို မကောင်းပြောသူတွဟာ မျိုးချစ်စိတ်မရှိသူတွေ၊ နိုင်ငံရေး နားမလည်သူတွေ၊ မိမိတိုင်းပြည်ကို ကျွန်ဘ၀ ပြန်ရောက်ချင်သူတွေ အဖြစ်ပဲ လူကြီးမိဘတွေ ပြောသလို လက်ခံလိုက်ပြီး အမှန်တကယ် သိရှိနားလည်အောင်လုပ်ဖို့ မကြိုးစားနိုင်ခဲ့တာ အမှန်ပဲ။

ကျွန်မက ကျွန်မရဲ့ နိုင်ငံရေးအသိနဲ့ ပတ်သက်ပြီး ငယ်ငယ်က သင်ရသမျှ၊ ဆရာဆရာမတွေ ပြောပြသမျှတွေကိုလည်း သိပ်ပြီးမှတ်မိတတ်ပါတယ်။ တိုင်းပြည်ရဲ့ အထွေထွေယိုယွင်းမှုများကြောင့် ပြည်ထောင်းစုကြီး မပျိုကွဲစေရန် ကာကွယ်ဖို့ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်တဲ့ တပ်မတော်က နိုင်ငံတော် အာဏာကို ၆၂ ခုနှစ်က လွှဲပြောင်းရယူပြီး တော်လှန်ရေးကောင်စီကို ဖွဲ့စည်းရတဲ့အကြောင်း၊ တော်လှန်ရေး ကောင်စီက မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ထားတဲ့ ဆိုရှယ်လစ် လမ်းစဉ်ကို ဆက်လက်အကောင်ထည် ဖေါ်နေကြာင်း၊ ဆိုရှယ်လစ် လမ်းစဉ်ဆိုတာ လူတန်းစား ကွာဟမှုကို ထိန်းညှိပေးပြီး သာယာဝဖြိုးတဲ့ လူ့ဘောင်ကြီးကို ဆိုလိုကြောင်း၊ သဘာဝ သယံဇာတ ပေါများကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ ချမ်းသာပြီး သာယာဝဖြိုးလျက် ရှိကြောင်း စတဲ့အချက်တွေက လက်တွေ့ပတ်ဝန်းကျင်မှာ ကြားနေရတဲ့ ကျပ်တည်းလွန်းလို့ ငြီးတွားသံတွေကို ကျော်ဖြတ်ပြီး ကျွန်မရဲ့ ဦးနှောက်ထဲ၊ နှလုံးသားထဲမှာ စွဲနေအောင် သင်ကြား သိရှိခဲ့ရတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။ ကျွန်မဟာ ၈၈ အရေးတော်ပုံ မတိုင်ခင်ကလအထိ မြန်မနိုင်ငံရဲ့ နိုင်ငံရေးကို ဒီအတိုင်းပဲ သိနားလည်ထားခဲ့သူ ဖြစ်ခဲ့ပါတယ်။


အသိတရား

ကျွန်မ အသိတွေကို ပြောင်းပြန် ဖြစ်သွားစေခဲ့တာကတော့ ၈၈ လူထုအုံကြွမှုကြီးပါပဲ။ ဒီအရေးတော်ပုံကြီး ဖြစ်လုဆဲဆဲမှာ မတ်လအရေးအခင်းက ကျောင်းပိတ်ပြီး ပြန်ဆင်းလာတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့အတူ ပါလာတဲ့ ကိုမင်းကိုနိုင်လက်ရေးမူနဲ့ အစိုင်းထိုးထားတဲ့ စာတစောင်ကို ကျွန်မတို့ အထက်တန်း ကျောင်းသားတွေဆီ လက်ဆက်ကမ်း ဖြန့်ဝေခဲ့လို့ ဖတ်လိုက်ရတဲ့ အချိန်မှာ ကျွန်မသိထား ထင်ထားတဲ့ အရာအားလုံးဟာ လုံးဝ ဆန့်ကျင်ဘက် ပြောင်းပြန်တွေ ဖြစ်နေပြီး သယံဇာတ ပေါများကြွယ်ဝလှတဲ့ မြန်မာနိုင်ငံက ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်သွားပြီဆိုတာ အပါအ၀င် ကျွန်မ လုံးဝ အဖြေရှာလို့မရခဲ့တဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေအားလုံးရဲ့ အဖြေတွေကို တွေ့လိုက်ရပြီး တရားခံကို သိလိုက်ရပါတယ်။ ၆၂ နှစ်ကစပြီး ဖြစ်လာခဲ့တဲ့ 7 July, ကျွန်းဆွယ်၊ ရခိုင်ဆန်ပြဿနာ၊ မှိုင်းရာပြည့်၊ ဦးသန့်၊ ငွေစက္ကူ၊ ကိုဖုန်းမော် တံတားနီ၊ ဇွန်လ အရေးအခင်းတွေမှာ အာဏာရှင်တွေရဲ့ ယုတ်မာရက်စက်ခဲ့တဲ့ အကြောင်းတွေကို သိလိုက်ရတာနဲ့ တပြိုင်နက် အလိမ်ခံလာခဲ့ရတဲ့ အဖြစ်ကို ယူကျုံးမရ ခံစားလိုက်ရပါတယ်။ ဒီလို သိရှိသွာတဲ့ အသိတရားကြောင့် မိသားစုနဲ့ ဆန့်ကျင်ပြီး ကျွန်မရဲ့ ဘ၀တဆစ်ချိုးကို ဒီအရေးတော်ပုံကြီးမှာ စခဲ့ပါတယ်။ အကယ်၍များ ဒီ ၈၈ အရေးတော်ပုံကြီးသာ ဖြစ်မလာခဲ့ပါက ဒီအကြောင်းတွေကို ကျွန်မ အခုထိ သိပါ့မလားလို့ တခါတခါ ပြန်တွေးမိပါတယ်။

တကယ်တော့ အလိမ်ခံရတယ်ဆိုတာက တကြိမ်ခံရရင် လိမ်သူရဲ့အပြစ်လို့ ပြောလို့ရနိုင်ပေမဲ့ နောက်တကြိမ် ထပ်အလိမ်ခံရတယ်ဆိုရင်တော့ လိမ်သူရဲ့ အပြစ်မဟုတ်တော့ဘဲ အလိမ်ခံထားရတာကို သင်ခန်းစာမယူဘဲ ထပ်အလိမ်ခံသူရဲ့ အပြစ်ပဲဖြစ်လိမ့်မယ်လို့ ကျွန်မဆိုချင်တယ်။ အရင်တခါ အာဏာသိမ်းတုန်းကတော့ ၇၄ ဖွဲ့စည်းပုံအခြခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြီး ပညာသားပါပါ မသိမသာ လိမ်လည် အတည်ပြုကာ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ် ဆိုပြီး လုပ်လိုက်တာ ဥရောပနိုင်ငံတွေမှာ ကမ္ဘာ့အဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံတွေအဖြစ် အောင်မြင်စွာ ကျင့်သုံးနေတဲ့ ဆိုရှယ်လစ်စနစ်ဟာ မြန်မာနိုင်ငံမှာကျတော့ သုံးစားလို့ မရအောင် ပျက်စီးသွားတဲ့ ဆိုရှယ်လစ် ဖြစ်သွားပြီး နိုင်ငံလည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင် ဖြစ်သွားခဲ့တယ်။ အခုတခါ မသိမသာတောင် မဟုတ်တော့ဘဲ ၂၀၀၈ ဖွဲ့စည်းပုံကို ၎င်းတို့စိတ်ကြိုက်ဆွဲပြီး မျက်နှာဗြောင်တိုက်ကို လိမ်ပြီး အတည်ပြုကာ အရင် လုပ်ထားတဲ့ ရွေးကောက်ပွဲ ရလဒ်ကိုတောင် ဘာမှ အကောင်အထည်မဖေါ်ဘဲနဲ့ နောက်တကြိမ် ရွေးကောက်ပွဲကို ပြည်သူလူထု ဆန္ဒမပါပဲနဲ့ အတင်းအဓမ္မလုပ်ပြီး မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီဆိုပြီး ဒီမိုကရေစီကို ဖျက်ဆိးဖို့ လုပ်နေပြန်ပြီ။

စစ်အုပ်စု လိမ်တာကို လိမ်မှန်းသိလျက်နဲ့ လက်ခံခဲ့ရင် လိမ်သူရဲ့ အပြစ်မဟုတ်ဘဲ လက်ခံသူရဲ့ အပြစ်သာ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီဟာ ဒီမိုကရေစီပဲ ဖြစ်လို့ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ ဖြစ်အောင် လုပ်လို့မရပါဘူး လုပ်ရင်လည်း ပျက်စီးဖို့ပဲ ရှိမှာပဲ။ ဥပမာအားဖြင့် Spaghetti ခေါ် အီတလီခေါက်ဆွဲတမျိုးကို အီတလီတွေက ခရမ်းချဉ်သီး အနှစ်ထဲမှာ အမဲသားကိုစင်း၊ ဟင်းသီးဟင်းရွက်နဲ့ ပြန်နှပ်ပြီး စားခါနီး Cheese အမှုန့်ဖြူးပြီး စားကြပါတယ်။ အမဲသားမစားတဲ့ ကျွန်မက အဲဒီခေါက်ဆွဲကို လုပ်စားရင် ခရမ်းချဉ်သီး အနှစ်တခုကလွဲပြီး ကျန်တဲ့သူတို့ သုံးတာ ဘာမှ မသုံးပဲ ပုဇွန်အသားနဲ့ ပြန်နှပ်ပြီး ကြက်သွန်စိမ်းနဲ့ ငရုပ်သီးစိမ်း၊ ပါးပါးလှီးထည့်၊ သံပုရာရည်ထည့်ကာ နံနံပင် အုပ်ပြီး Cheese အမှုန့်နေရာမှာ ငန်ပြာရည်ကို ထည့်စားတယ်။ ချဉ်ငန်စပ်ကြိုက်တဲ့ ကျွန်မအတွက်တော့ ဆောင်းတွင်းမှာတောင် နဖူးမှာ ချွေးစိုတဲ့အထိ အရသာရှိတဲ့ စားစရာတခွက်ပါပဲ။

ဒါပေမဲ့ ဒီလိုလုပ်စားတာကို တခြားဘယ်သူမှ ကြိုက်မှာ မဟုတ်ပါဘူး။ ကိုယ့်အိမ်မှာ ကိုယ်စားချင်သလို ကိုယ့်ပါးစပ်နဲ့ တည့်အောင် လုပ်စားချင်ရင် အဲဒီလို လုပ်စားလို့ ရနိုင်ပေမဲ့ ကျန်တဲ့ အိမ်သားတွေ စားဖို့ (သို့) ရောင်းတန်းဝင်ဖို့အတွက်ဆိုရင် အဲဒီလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ချဉ်၊ ငန်၊ စပ် လုပ်လို့မရသလို ဒါကို Spaghetti လို့ လည်း ခေါ်လို့မရပါဘူး။ ထိုနည်းအတူ ဒီမိုကရေစီကိုလည်း ဒီလို အုပ်ရောရော ကျောက်ရောရောလုပ်ပြီး မြန်မာမှုပြုချင်ရင် စစ်ခေါင်းဆောင်တွေက အိမ်သားအားလုံးနဲ့ ကြည်ဖြူလို့ သူ့အိမ်မှာ (သို့) စစ်တပ်မှာ ငါ့စကားကိုပဲ နားထောင်ရမယ်ဆိုတဲ့ တသွေးတသံတမိန့်ကို လုပ်လို့တော့ရနိုင်တယ်။ အများပြည်သူတွေအတွက်တော့ ကိုယ်ကြိုက်တာကို အကုန်လုံးကြိုက်ရမယ်လို့ အတင်း လိုက်ကြိုက်ခိုင်းလို့ မရနိုင်ပါဘူး။ ဒီမိုကရေစီမှာ ပြည်သူလူထုကို အုပ်ချုပ်တာ စစ်တပ်ကိုအုပ်ချုပ်သလို အုပ်ချုပ်လို့ မရပါဘူး။ မိမိအိမ်က မိမိ မိသားစုကို တသွေးတသံ တမိန့်နဲ့ အုပ်ချုပ်တာကိုလည်း ဒီမိုကရေစီလို့ ပြောလို့မရပါဘူး။ စစ်အုပ်ချုပ်ရေးကို ထောက်ခံသူတွေက မြန်မာပြည်သားတွေဟာ စည်းကမ်းမရှိလို့ ပြောကြ၊ ရေးကြတာကို ကြားဖူးဖတ်ဖူးပါတယ်။ စစ်အာဏာရှင်နဲ့ပဲ တန်တယ်လို့ ယုံကြည်ထားရင် မိမိယုံကြည်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရဲရလိမ့်မယ်။ အခုတာ့ မိမိယုံကြည်တာကိုလည်း ပြောမရဲ ကလိန်အကျစ်ကျပြီး မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုရေစီဆိုပြီး ဒီမိုကရေစီကို အမည်ခံ ခုတုံးလုပ်ကာ ပြည်သူလူထုနဲ့ ကမ္ဘာကို လိမ်ညာ လှည့်ဖြားနေတာကတော့ စစ်အုပ်စု လုံးဝ မရိုးသားဘူးဆိုတာ ပြသနေပါတယ်။

ဒီမိုကရေစီဆိုတာ အများစုရဲ့ဆန္ဒကို လိုက်နာခြင်း အနည်းစုရဲ့ဆန္ဒကို အသိအမှတ်ပြုခြင်း ဖြစ်လို့ မတူကွဲပြားမှုတွေအကြား ကျင့်သုံးဖို့အကောင်းဆုံး ကျင့်စဉ်တခုဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီကို လက်ခံမလား၊ အာဏာရှင်စနစ်ကို လက်ခံမလားဆိုတာ နှစ်ခုပဲ ရွေးစရာ ရှိပါတယ်။ ဒီမိုကရေစီကို လက်ခံသူ ဖြစ်ရင် အခုစစ်အုပ်စု လုပ်နေတာတွေဟာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းနဲ့ လုံးဝ မကိုက်ညီတဲ့အတွက် ပြတ်ပြတ်သားသား ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲက မြန်မာပြည်မှာ ဖြစ်နေတဲ့ တိုင်းရင်းသားပြဿနာ၊ ဒီမိုကရေစီရေး ပြဿာတွေ အပါအ၀င် မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာ သောင်းခြောက်ထောင်ကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲဟာ စစ်အုပ်စုကို ၂၅% အမြဲတမ်း အာဏာ ပေးအပ်လိုက်ပြီး ၁၀၀% အချိန်မရွေးအာဏာ ပြန်သိမ်းပိုင်ခွင့်ကို တရားဝင် ပေးအပ်လိုက်ခြင်းသာ ဖြစ်လို့ ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေးနဲ့ ပတ်သက်ပြီး ခေါင်းစားခံပြီး စဉ်းစားနေစရာတောင် မလိုတဲ့ အချက်ဖြစ်ပါတယ်။ NLD ရွေးကောက်ပွဲ ၀င်ခြင်းအားဖြင့် NLD ဟာ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်နဲ့ ရှိသမျှနိုင်ငံရေး အကျဉ်းသားတွေရဲ့ ပေးဆပ်မှုတွေနဲ့ အနှစ် ၂၀ လုံးလုံး တိုက်လာတဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်သူ အားလုံးရဲ့ တိုက်ပွဲကြီးကို အရှုံးပေး ရပ်ဆိုင်းပြီး ပြည်သူလူထုရဲ့ ဆန္ဒကို ဆန့်ကျင်စော်ကားရာ ရောက်သွားလိမ့်မယ်။

ဒါဆိုရင် NLD ဟာ ပြည်သူလူထုရဲ့ ယုံကြည်မှုကိုလည်း ရတော့မှာ မဟုတ်ဘဲ ရွေးကောက်ပွဲမာ နိုင်ပြီး အာဏာရနိုင်တဲ့ အလားအလာလည်းမရှိပဲ မြောင်းထဲရောက်ဖို့သာ ရှိနိုင်ပါတယ်။ ဒါအပြင် လမ်းမှားရောက်နေတဲ့ စစ်တပ်ကို မတည့်မှတ်ပေးတဲ့အပြင် စစ်တပ်ကို လုပ်ချင်သလို လုပ်နေတဲ့ ပြည်သူ့ချဉ်ဖတ် အမြဲတမ်း ဖြစ်နေအောင်၊ ပြည်သူလူထုကိုလည်း တသက်လုံး စစ်ကျွန်ဘ၀ကို လုံးလုံး ရောက်သွားအောင် တရားဝင် တွန်းပို့သူတွေအဖြစ် သမိုင်းမှတ်တမ်း တွင်ကျန်နေမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ တိုက်ပွဲဝင်သူတွေအနေနှင့် NLD ဘယ်လိုပဲ ရပ်တည်ရပ်တည် ပြည်သူလူထုဟာ NLD ဆိုတာ မပေါ်ပေါက်ခင်ကလည်း တိုက်ပွဲဝင်လာခဲ့သလို NLD က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး စစ်တပ်ကြိုးဆွဲရာ ကသူဖြစ်သွားရင်လည်း အခုထက်ပိုဆိုးလာမှာ ဖြစ်တဲ့ စစ်ကျွန်ဘ၀ကို တွန်းလှန်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီ ရပြီး မြန်မာပြည်မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံအတွက် အာမခံချက်ရှိတဲ့ နိုင်ငံတခု ပေါ်ပေါက်လာတဲ့အထိ ဒီမိုကရေစီတိုက်ပွဲက ဆက်လက်ရှိနေမှာပဲ ဖြစ်တယ်။ အနှစ်ချုပ်ကတော့ မြန်မာပြည်သူလူထုအတွက် ဘာအမကျိုးရလဒ်ကိုမှ မရနိုင်ပဲ စစ်တပ်ကို တရားဝင် အာဏာအပ်နှင်းတဲ့ ရွေးကောက်ပွဲကို NLD နဲ့ ပြည်သူလူထု အားလုံး ဆန့်ကျင်ဖို့ လိုအပ်ပါတယ်။

မောင်မိုးရေ မိဘတွေရဲ့ စွန့်ပစ်ခံ ဘ၀နဲ့ရင်းပြီး ရထားတဲ့ အသိတရားတွေကို တင်ပြခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အသိတရားကို ရွေးလိုက်လို့ သဘောထားမတိုက်ဆိုင်တာတွေ ရှိကြရင်လည်း အနာဂတ် မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီထက်မက ရှုပ်ထွေးပွေလီတဲ့ မတူကွဲပြားတဲ့ သဘောထားတွေအတွက် ကြိုတင်ပြင်ဆင်တဲ့ အလေ့အကျင့်အဖြစ် သဘောထားကြစေချင်တယ်။ ဆက် Tag ချင်သူတွေကတော့

(၁) ပို့စ်တွေ့မှာ အတွေ့အကြုံလေးတွေ ထည့်ရေးတတ်တဲ့ မောင်လေး ကိုဂျူလိုင်အိပ်မက်၊
(၂) ကျွန်မဘလော့ဂ်ကို အခုနောက်ပိုင်း ပုံမှန် လာလာအားပေးနေတဲ့ ညီမလေး ဒဏ္ဍရီ
(၃)့ အလွမ်းအဆွေးတွေကနေ ခေတ္တပေးနားစေချင်တဲ့ စေတနာနဲ့ အမြဲတမ်း လာလည်သူ အားနည်းပြီး ပြန်ရလောက်အောင် လွမ်းနေဆွေးနေတတ်တဲ့ အစ်ကို အောင်သာငယ်
(၄) အရွယ်နဲ့မလိုက်အောင် စာရေးကောင်းတဲ့ သားလေး Craton
(၅) ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာရေးကို သိပ်လိုက်စားပြီး သူသိထားတာကိုလည်း အမြဲတမ်းမျှဝေတတ်တဲ့ အဖြူရောင်မေတ္တာ ဘလော့ဂ်ကို ရေးတဲ့ မောင်လေး ဖိုးသား
(၆) ဘလော့ဂ်လောကထဲက အခုမှ အသစ်စစ်စစ်လေး ရောက်လာတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး မဗေဒါ (သူ့ဘလော့ဂ်ပြင်ဆင်နေတဲ့အချိန် ဖြစ်နေလို့ သူ့ဘလော့ဂ်ကို ပြင်ဆင်ပြီးစီးသွားရင် တခြားဘလာ့ဂ် မိတ်ဆွေတွေနဲ့ မိတ်ဆက်တဲ့ ပို့စ်လေး တင်ပေးဖို့ ရှိပါတယ်။)
(၇) ၂၀၀၈ ခုနှစ် ဇန်န၀ါရီမှာ ဘလော့ဂ်ဆိုတာကို ကျွန်မ ပထမဦးဆုံး ဖတ်ဖူးတဲ့ ဘလော့ဂ် ပိုင်ရှင် ဆရာမမေငြိမ်း တို့ကို Tag ချင်ပါတယ်။ ဘာနဲ့ပတ်သက်တဲ့ အသိတရားပဲ ဖြစ်ဖြစ် ရေးလို့ရပါတယ် အချိန်ရရင် ရေးပေးကြပါနော့်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

((This article was posted on 21/03/10 at 7:24 PM and temporaryly situated it on top for some readers who haven't read it)

အသွင်တူခြင်း မတူခြင်း

အသွင်တူမှ အိမ်တူဖြစ်မယ် ဆိုတာ မြန်မာဆိုရိုးစကား တခုဖြစ်ပါတယ်။ သို့ပေမဲ့လည်း ဒါကို ကျွန်မအနေနဲ့တော့ လုံးဝ ယုံကြည်မှု မရှိပါဘူး။ အကြောင်းရင်းကတော့ ကျွန်မတို့လင်မယား အသွင်မတူဘဲနဲ့ တူယှဉ်တွဲနေလာတာ ကြာပါပြီ အခုချိန်ထိ ကြီးကြီးမားမား ပြဿနာဘာမှ မရှိခဲ့ပါဘူး။ အသွင် မတူတာတွေကို ရေးရရင်တော့ ၀တ္ထုစာအုပ် တအုပ်စာလည်း လောက်မှာမဟုတ်ပေမဲ့ ကျွန်မတို့ နှစ်ယောက်ကြားမှာ တူစရာ ရှားလွန်းလို့ မသက်ဝေ Tag ပြီးနောက်ပိုင်း တူတာတွေဘာများရှိမလဲလို့ ရှာလိုက်တာ တော်တော်ကို ခက်ခက်ခဲခဲ ရှာရပါတယ်။ ခေါင်းစဉ်က အသွင်တူခြင်း မတူခြင်း ဆိုတော့ တူတာနဲ့ အရင်လာတဲ့အတွက် ရှိစုမဲ့စု တူတာလေးနဲ့ အရင်စလိုက်ပါရစေ။ ခင်မောင်တိုးရဲ့ အရုံးမပေးနဲ့ မိငယ် သီချင်းကို ဆိုထားတာ ပုံပါနေလို့ ခင်မောင်တိုးမဟုတ်ဘူး ဆိုတာ အားလုံးသိကြမှာ သေချာပါတယ်။ စန္ဒရားချစ်ဆွေရဲ့ ချစ်ရသည်က အသက်ထက်ဆုံးကို ဆိုထားတာ စန္ဒရားချစ်ဆွေ ထင်နေမှာစိုးလို့ မဟုတ်ဘူးဆိုတာ ကြိုပြီး အသိပေးထားပါတယ်နော့်။





တူတာတွေကို ပြောရရင် ကျွန်မတို့ နှစ်ယောက်စလုံးက မြန်မာသံစဉ်သီချင်းတွေ အကုန်လုံးကို ကြိုက်ကြပါတယ်။ ခေတ်ပေါ် တေးဂီတနဲ့ ဆိုထားတဲ့ သီချင်းတွေကို သိပ်နားထောင်လေ့မရှိတဲ့ ကျွန်မက သူသိပ်ကြိုက်တဲ့ ခင်မောင်တိုးတို့ ခင်ဝမ်းတို့ သီချင်းတွေကိုကျတော့ ကြိုက်နေတာ အကြိုက်ချင်း တိုက်ဆိုင်မှု တခုဖြစ်ပါတယ်။ သူနဲ့ကျွန်မနဲ့ တူတာသိပ်ရှားတဲ့အတွက် ရှားရှားပါးပါး တူတာလေးတွေထဲက ထူးထူးခြားခြားလေး တင်ပြချင်လို့ မြန်မာသံစဉ်တပုဒ်၊ ခင်မောင်တိုး သီချင်းတပုဒ် ဆိုပြီး ဒီပို့စ်အတွက် လက်ဆောင်ပေးပါလို့ တောင်းတော့ သူက အခုထည့်ထားတဲ့ နှစ်ပုဒ်အနက် စန္ဒရားချစ်တွေရဲ့ ချစ်ရသည်က အသက်ထက်ဆုံးကို လိုလိုလားလား ဆိုပေးပါတယ်။ ဒီသီချင်းကို သူကြိုက်သလို ကျွန်မလည်း ထပ်တူထပ်မျှ သိပ်ကြိုက်ပါတယ်။ ဘာကြောင့်ပဲ ကြိုက်ကြိုက် ဒါလည်း အကြိုက်ချင်းတူညီတဲ့ တိုက်ဆိုင်မှု တခုဖြစ် ဖြစ်နေပါတယ်။

ခင်မောင်တိုးရဲ့ အရှုံးမပေးနဲ့ မိငယ်သီချင်းကိုတော့ သူအရင်လက စမ်းဆိုကြည့်ထားတာ ကင်မရာထဲမှာ တွေ့လို့ ကျွန်မက သုံးမယ်ဆိုတော့ သိပ်မကေင်းလို့ မထည့်ပါနဲ့ နောက်မှ အေးအတူ ပူအမျှကို သီးသန့် ဆိုပေးမယ်လို့ ပြောပေမဲ့ မသက်ဝေ Tag ထားတာ ကြာပြီမို့ ကျွန်မ ထပ်မစောင့်နိုင်တော့လို့ ရှိတာကိုပဲ ယူထည့်လိုက်ပါတယ်။ အခုဒီသီချင်းမှာ သူဆိုတာ အသံလုံးနေ၊ ပြာနေတာ ကြားရပေမဲ့ အမှန်က သူက ခင်မောင်တိုး သီချင်းဆိုတာ အရင်ကသိပ်ကောင်းပါတယ်။ ကျွန်မတို့ မယူခင်ကတောင် သူဆိုပြဖူးပါတယ်။ အရုံးမပေးနဲ့ မိငယ် သီချင်းကို အခုဆိုထားတာ ကျွန်မတောင်းဆိုလို့ ဆိုထားတာ မဟုတ် သူ့ဖါသာသူ ဆိုထားတာ ဖြစ်ပေမဲ့ ဒါကျွန်မကို ဆိုတယ်ဆိုတာ ကျွန်မလုံးဝ ယုံကြည်ပါတယ်။ ဘာဖြစ်လို့ ဆိုတော့ သူက ကျွန်မနဲ့ မရခင်တုန်းကတောင် ဒီသီချင်းနဲ့ အေးအတူပူအမျှ သီချင်းကို မကြာခဏ ဂီတာတီးပြီး ဆိုပြတတ်ပါတယ်။ မြန်မာသံစဉ်သီချင်းတွေကို သူကြိုက်တတ် ဆိုတတ်တယ် ဆိုတာကတော့ ခင်မောင်တိုးတို့ ခင်ဝမ်းတို့ သီချင်းတွေကို နားထောင်ရပြီး နောက်ပိုင်းမှ သိရပါတယ်။

အနုပညာနဲ့ ပတ်သက်ပြီး မြန်မာ့ဇာတ်သဘင်ကို နှစ်ယောက်စလုံး ကြိုက်ကြပါတယ်။ ဒါပေမဲ့ ကျွန်မက ကြည့်တာပဲ ကြိုက်ပါတယ် သူက ကတာဆိုတာပါ ကြိုက်ပြီး ငယ်ငယ်တုန်းက ကျောင်းကပွဲတွေမှာ ဆိုဖူးကဖူးပြီး လူပျိုဖြစ်စကလည်း ပြဇာတ်မင်းသား ရူးဖူးတယ်လို့ ပြောပြလို့ ကျွန်မတို့ သားအမိမှာ ဟားတိုက်ပြီး ရီရတယ်။ ကျွန်မက မင်းသားအက နှစ်ပါးသွား အကကို သိပ်ကြိုက်ပြီး မြန်မာပြည်က မင်းသားအက အခွေတွေကို မကြာခဏ ကြည့်တတ်ပါတယ်။ ဒါဆိုရင် ဒီမင်းသားလောက်တော့ သူလည်း ကတတ်တယ်ဆိုပြီး တခါတခါ ကွေးအောင် ထကပြတတ်တော့ အစပိုင်းမှာ ရီရပေမဲ့ နောက်ပိုင်း စိတ်ဝင်စားတဲ့ အခွေသစ်တွေ ကြည့်နေတဲ့ အချိန်တွေမှာ ဒီလိုလာလုပ်ရင်တော့ ရှေ့မှာဖယ်စမ်းပါလို့ မကြာခဏ ထဆွဲထုတ်ရပြီး သူဝင်ရှုပ်လို့ မင်းသားကနေတဲ့ ဗွီဒယိုလွတ်သွားတဲ့ အကွက်ကို အမြဲပဲ ပြန်ရစ်ရတယ်။ ဒါကြောင့်မို့ နောက်ပိုင်း သူဝင်ရှုပ်မှာစိုးလို့ သူ့ရှေ့မှာ မင်းသားအက သိပ်မကြည့်ဖြစ်တော့ဘူး။

ဒီမှာလည်း ယဉ်ကျေးမှု ကပွဲတွေ တခါတလေ လုပ်ရင် အမျိုးသမီးတွေထဲက ကတတ်သူ မရှားပေမဲ့ မင်းသားအကကို ကတတ်တဲ့သူက သိပ်ရှားတော့ သူကလို့ကောင်းကောင်းဖြစ်တယ် ယဉ်ကျေးမှု ကပွဲအတွက် မင်းသားကဖို့ လူလိုနေတယ် ၀င်ကရမလားလို့ အိမ်မှာ လာလာမေးတတ်တယ်။ တကယ်လို့များ ခွင့်ပြုလိုက်မယ် ဆိုရင်တော့ သူ့ခန္ဓာကိုယ် အရပ်အမောင်းကြီးနဲ့ နုနုရွရွ မင်းသားက အမူအယာ လည်တတုန်တုန်၊ မေးဖျားတတုန်တုန်၊ ပုခုံးတလှုပ်လှုပ်နဲ့ မလိုက်မဖက် သွားကနေမည့် သူ့ပုံကို မျက်စိထဲက ကွက်ကွက်ကွင်းကွင်းကို မြင်ယောင်မိပြီး "ကလေးလည်း မဟုတ်တော့ဘူး မင်းသားအကဆိုတာ ပေါ့ပေါ့ပါးပါး ခန္ဓကိုယ် သေးသေးလေးတွပဲ ကလို့ ကြည့်ကောင်းပါတယ် ဒီခန္ဓာကိုယ် အရပ်အမောင်းကြီးကိုမှ အားမနာဘဲ မျက်နှာပူစရာ သွားမလုပ်ပါနဲ့။ ဆိုင်းဝိုင်းဖွဲ့မှာ စည်းဝါးလေး ခေါက်ပေးတာနဲ့ မြန်မာသံစဉ် အစီစဉ်တွေမှာ သီချင်းလေး ဆိုရတာကိုပဲ ကျေနပ်ပါတော့နော့်၊ သားမယားကို ဒီလောက်လည်း အရှက်မခွဲချင်ပါနဲ့" လို့တောင်းပန်ထားရတယ်။

တခြားတူတာ ဘာရှိသေးလဲလို့ လိုက်စဉ်းစားကြည့်တော့ အစားအသောက်မှာ တခြားစားစရာတွေအတွက် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပေမဲ့ မြန်မာအစားအစာ လက်ဘက်သုပ်နဲ့ မုန့်ဟင်းခါး၊ ထိုင်းသဘောင်္သီးထောင်း၊ အသီးအရွက် အစုံနဲ့ (သူက၀က်သား၊ ကျွန်မက ပုဇွန်၊ သားက ကြက်သား) ကြော်ထားတဲ့ တရုတ်ခေါက်ဆွဲကြော်ကို ကြိုက်တာချင်း တူတယ်။ မျှစ်၊ မျှစ်ချဉ် (သူက ၀က်သားနဲ့ ကျွန်မက ငါး (သို့) ပုဇွန်နဲ့) ဟင်းကို နှစ်ယောက်စလုံး ကြိုက်ကြပါတယ်။ နောက်တူတာ ဘာကျန်သေးလဲ ကျွန်မ စဉ်းစားလိုက်ဦးမယ်နော့်။ အစားအသောက်မှာ တူတာ ဘာမှမရှိတော့ဘူး ဒါအကုန်ပဲ။ တခြားတူတာတွေလည်း သိပ်မတွေ့တော့ဘူး။

တူတာတွေ ကုန်ပြီဆိုတော့ မတူတာတွေပဲ ကျန်တော့တယ် မတူတာတွေက သိပ်ကိုများလွန်းတော့ ကျွန်မ ပြောကို ပြောမနေချင်တော့ပါဘူး။ အပေါ်မှာ ပြောထားတဲ့ အချက်တွေကလွဲရင် အကြိုက်ချင်းက အားလုံး ဆန့်ကျင်ဘက်တွေချည်းပါပဲ။ ကျွန်မစားတဲ့စားစရာ သူမကြိုက်၊ သူစားတဲ့စားစရာ ကျွန်မအနံ့မခံနိုင်၊ သူကြိုက်တဲ့ အားကစား ကျွန်မ မကြိုက် ကျွန်မကြိုက်တဲ့ ဘလော့ဂ်ဖတ်တာ သူမကြိုက်၊ ကိုယ့်မိသားစုလေးပဲ အေးအေးဆေးဆေး နေတာကိုပဲ သဘောကျတဲ့ ကျွန်မက သူ့လို လူတရုန်းရုန်းနဲ့ ပြောဆိုရယ်မော သီဆို တီးမှုတ် ကခုန်နေတာမျိုး နေမတတ်တော့ သိပ်ဂွကျပါတယ်။

တခါတလေကျတော့ မတူတာတွေကလည်း သိပ်များ ကျွန်မကျောင်းတက်နေချိန်မှာ အလုပ်ကလည်း သိပ်များတော့ သူ့အပေါ်မှာ တာဝန်ပျက်ကွက်တာတွေလည်း သိပ်များလာလို့ သူ့ရဲ့ပွစိပွစိ ပြောတာကိုလည်း နာညည်းလာတာနဲ့ ကျောင်းပြီးတဲ့အထိ ခဏလောက် Single Mother အဖြစ်နေချင်လို့ ခဏခွဲနေရအောင် ခွင့်ပြုမလားလို့ မေးရတဲ့အထိ ဖြစ်ခဲ့တယ်။ အဲဒါ ကျွန်မ စနောက်ပြီး ပြောတာမဟုတ် တကယ်ကို မေးခဲ့ဖူးပါတယ်။ သူက ဘာပြန်ပြောလဲဆိုတော့ ခဏတော့ မရဘူး တသက်လုံးဆိုရင်တော့ ရပါတယ်တဲ့။ တကယ်ပြောတာလား နောက်ပြောတာလားတော့ မသိပါဘူး။ ကျွန်မလည်း သူဒီလိုပြောတော့ သူနဲ့ ကျွန်မနဲ့ တသက်လုံး ခွဲပြီးနေတဲ့ ဘ၀ကို စိတ်မှန်းနဲ့ စိတ်ကူးယဉ်ကာ ကြိုတင်စမ်းပြီး ခံစားကြည့်ပါတယ်။ ဒီသားလေးကို မိတကွဲဖတကွဲ ဖြစ်စေနိုင်တဲ့နှလုံးသား၊ ဒီသီချင်းသံတွေကို ကြားရရင် မလွမ်းဘဲနေနိုင်တဲ့ နှလုံးသား၊ အခက်အခဲ အမျိုးစုံကို အတူဖြတ်သန်းလာတဲ့ ဘ၀ကို ပြန်မတွေးမိဘဲ နေနိုင်တဲ့ နှလုံးသား ကျွန်မမှာ လုံးဝမရှိတဲ့အတွက်
မဖြစ်ဘူး၊ မဖြစ်ဘူး ဘယ်လိုမှကို တသက်လုံး ခွဲဖို့ မဖြစ်နိုင်ဘူး ဆိုတာ အဖြေရပါတယ်။ ဒါနဲ့ပဲ အသွင်မတူပေမဲ့ အိမ်တူ ဖြစ်လာတာ မကြာခင်မှာ ဆယ်စုနှစ် တခုခွဲတိုင်တော့မယ်။

လင်မယားနှစ်ယောက်ကြားမှာ တခြားဘာမှ မတူရင်တောင်မှ နောက်ဆုံး တူတာတခုတော့ အမှန်ကို ရှိလိမ့်မယ်။ အဲဒါက ရင်သွေးရှိတဲ့သူတွေအတွက် ရင်သွေးကို ချစ်တဲ့အချစ်ပဲ ဖြစ်ပါတယ်။ အဲဒါတခု တူပြီဆိုတာနဲ့ ကျန်တဲ့မတူတာတွေက အသေးအမွှားတွေ ဖြစ်ကုန်ပါပြီ။ တချို့ကို တူအောင်လုပ်ပြီး တူအောင်လုပ်လို့ မရတာတွေကို သဟဇာတ ဖြစ်အောင် လုပ်လို့ရပါပြီ။ သူပျော်သလို နေချင်တဲ့ ဘ၀နေထိုင်မှု ပုံစံကို ကျွန်မတခါ လိုက်လျောရင် လူတရုန်းရုန်းနဲ့ ကျွန်မ မပျော်ပေမဲ့ သူ့အပျော်တွေ ကျွန်မဆီကို ကူးစက်ပြီး ပီတိဖြစ်ပါတယ်။ ကလေးကစားကွင်းမှာ ကလေးကို သွားပေးကစားတဲ့ မိခင်တွေလိုပေါ့။ ကစားကွင်းမှာ လူကြီးအတွက် ပျော်စရာဆိုလို့ ဘာမှမရှိပေမဲ့ ကလေးလေးကို လျှောပေးစီး၊ ဒန်းပေးစီး ကလေးပျော်တော့ အမေပျော်သလိုပေါ့။ ကျွန်မလည်း သူ့အပျော်တွေကို ကျွန်မဆီ ဒီနည်းနဲ့ ကူးစက်စေခဲ့ပါတယ်။ သူသိပ်ကြိုက်ပြီး ကျွန်မလုံးဝ အနံ့ခံလို့မရတဲ့
အမဲသားကို လက်အိပ်စွပ်ပြီး ဟင်းချက်လို့ ရတဲ့အထိ ပြင်ပေးလို့ တတ်လာတယ်။ သူအမဲကလီစာတို့ ဆိတ်ကလီစာတို့ကို ဟင်းချက်နေရင် မီးဖိုခန်းတံခါးပိတ်ပြီး နေလို့တတ်နေပြီ၊ အရင်က အခါးကို လုံးဝစားမတတ်တဲ့ ကျွန်မ သူသိပ်ကြိုက်တဲ့ တမာဖူး တို့စရာ၊ ကြက်ဟင်းခါးသီးကို ချက်နည်းအမျိုးမျိုးနဲ့ သူ့ကိုလုပ်ပေးရင်းနဲ့ စားလို့တတ်သွားပြီ။ တမာဖူးကို ငပိနဲ့ ကျွန်မတခါတို့ရင် သူသုံးခါစာလောက် တို့ရတဲ့အထိ စားတတ်နေပြီ။ ဒီတော့ တူအောင်လုပ်လို့ရတာကိုလုပ်ပြီး မရတာကို အတ္တတွေထားမနေဘဲ အပြန်အလှန် နားလည်မှုနဲ့ သဟဇာတရှိအောင် လုပ်ပြီး လက်တွဲသွားရင် အသွင်မတူလည်း အိမ်တူဖြစ်နိုင်ပါတယ် ဆိုတာကို ကျွန်မ ပြောချင်ပါတယ်။ ဒီလောက်ဆို မသက်ဝေလည်း ကျေနပ်မယ် ထင်ပါတယ်။ အသွင်တူမတူ နဲ့ပတ်သက်ပြီး မသက်ဝေ Tag ထားတာ ကြာပြီ ဖြစ်ပေမဲ့ အခုမှ ရေးဖြစ်တဲ့အတွက် မသက်ဝေကို တောင်းပန်ပါတယ်နော့်။ (တူတာတွေအထဲမှာ မေ့ကျန်ခဲ့တာတခု ထပ်ဖြည့်ပါရစေ အပေးအကမ်း အလှူအတန်း သိပ်ရက်ရောပြီး အသုံးအစွဲ သိပ်ကြီးတာ တူပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့လင်မယား ဘယ်လောက်ပဲ အလုပ်လုပ် ပိုက်ဆံအပိုအလျှံ တခါမှ မစုမိဘူး။ 3/07/10)


ပို့စ်ကို မရေးခင် ကျွန်မ ပြန် Tag ချင်သူတွေကို ကြည့်လိုက်တော့ သူတို့အထဲက အတော်များများက ကျွန်မထက်အရင် အ Tag ခံထားရလို့ ရေးထားပြီးကုန်ပြီ။ ဒါကြောင့် အပြင်မှာ တကယ်သိဖူး၊ လက်တွဲဖူးတဲ့ ရဲဘော်ရဲဘက်ဟောင်းတွေကိုပဲ Tag လိုက်တော့မယ်။ Tag ဖူးပြီး မရေးဖြစ်ခဲ့သူတွေကိုတော့ ၀န်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့ မTag တော့ပါဘူး။ Tag ချင်တဲ့သူတွေကတော့...

(၁) အတိုက်အခံ သိပ်များတဲ့ သူငယ်ချင်း မဗေဒါ (၈၈)။ သူငယ်ချင်း ချစ်ချစ်က ကျော်ရဲအောင်နဲ့ တူတာတင်မက အဆိုပါကောင်းတယ်ဆိုလို့ ဗဟိုမှာတုန်းကတော့ မှုန်ကုပ်ကုပ်နဲ့ပဲ တွေ့တာများပြီး သီချင်းဆိုနေတာ တခါမှမတွေ့ဖူးလို့ ရေးရင် ချစ်ချစ်ဆိုတဲ့ သီချင်းလေးပါ အားကျမခံ ထည့်ပေးပါနော့်။
(၂) ရဲဘော်ကြီး ဦးဂင်ကြီး ပို့စ်တင်တာ တော်တော် ကျဲနေပြီး တင်တဲ့ပို့စ်တွေကလည်း နိုင်ငံရေးပို့စ်တွေ များနေတတော့ Holiday ခဏယူတဲ့ သဘောနဲ့ အချိန်ရရင် ပေါ့ပေါ့ပါးပါးလေး ရေးပေးစေချင်ပါတယ်။
(၃) ဆရာယောဟန်အောင် ဆရာ့ဘလော့ဂ်ကို ကျွန်မ မကြာခဏ ရောက်ဖြစ်ပါတယ်။. စာအုပ်ကောက်နှုတ်ချက်တွေပဲ ဖတ်နေရလို့ အသစ်အဆန်းလေး တခုရေးစေချင်လို့ tag လိုက်ပါတယ်။ အချိန်ရရင် ရေးပေးစေချင်ပါတယ်။
(၄) ကိုဆောင်းယွန်းလ ကဗျာပဲ ရေးနေတာ တွေ့လို့ ကျွန်မလည်း ကဗျာဆိုရင် တခါတလေ ဖတ်လို့ နားမလည်တာနဲ့ စကားပြေလေးလည်း တခါတလေ ရေးစေချင်လို့ Tag လိုက်ပါတယ်။ ရဲဘော်ကြီး နော်မန်နဲ့ လူလတို့ နှစ်ယောက်ကိုတော့ အရင်တခါ Tag တာ မရေးပေးလို့ မ Tag တော့ဘူး။ We fight we win ကိုတော့Tag ရင်လည်း ရေးမယ်မထင်လို့ မ Tag တော့ဘူး။ အနာဂတ်လမ်းကိုလည်း ဘလော့ဂါအသစ်ပဲ ဖြစ်သေးတော့ အခုတခါ မtag သေးဘူး။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

ကိုယ့်အကြိုက်

ဝတ်စားဆင်ယင် ထုံးဖွဲ့မှုမှာဖြစ်စေ၊ အစာအာဟာရမှာဖြစ်စေ၊ ဘာသာ အယူဝါဒ အတွေးအခေါ် ယုံကြည်လက်ခံမှုမှာ ဖြစ်စေ၊ လူတိုင်းလူတိုင်းဟာ မိမိကြိုက်နှစ်သက်သလို ဆင်ယင်ထုံးထုံးဖွဲ့၊ ချက်ပြုတ်စားသောက်၊ ယုံကြည်လက်ခံကြတာကို မတူတဲ့သူတိုင်းက အပြန်အလှန် လေးစားနားလည်မှု ပေးဖို့ လိုအပ်လိမ့်မယ်။ မိမိနဲ့ သဘောထားမတူ၊ အကြိုက်မတူတဲ့သူတွေကို ရန်သူလို သဘောထားကာ ရွံရှာမုန်းတီးတတ်သူတွေကို ကျွန်မတို့ ပတ်ဝန်းကျင်မှာ များစွာ တွေ့လာရတဲ့အခါမှာ လူသားအချင်းချင်း ယဉ်ကျေးတဲ့ ဆက်ဆံရေးမှာ ရင်းနှီးမှု ကင်းဝေးကာ နားလည်မှု ကင်းမဲ့လာမှာကို ကျွန်မ စိုးရိမ်မိပါတယ်။

သတ္တ၀ါ အားလုံးသာ အကြိုက်ချင်း တူနေရင် အဲဒီတူနေတဲ့ အရာ တခုတည်းအတွက် Demanding သိပ်များနေမှာဖြစ်ပြီး ပြဿနာတောင် ပိုရှိနိုင်ပါသေးတယ်။ ဒါကြောင့် အကြိုက်မတူခြင်း၊ သဘောထား မတူခြင်းကို အပြစ်ရှာဖို့ မလိုဘဲ အကျိုးကိုပဲ ရှာပြီး ကြည့်တတ်အောင် ကျွန်မတို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုအဖြစ် မတူကွဲပြားမှုတွေကို သဟဇာတ ရှိရှိနဲ့ ပေါင်းစပ် ထူထောင်ပြီး ငြိမ်းချမ်းပျော်ရွှင်စွာ အတူလက်တွဲ အသက်ရှင် ရပ်တည်နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။


လူသတ္တ၀ါတွေ ဆိုတာ တယောက်နဲ့တယောက် အကြိုက်ချင်း ဘယ်သူမှ ထပ်တူကျတာ မရှိနိုင်ပါဘူး။ မိမိမကြိုက်တာကို သူတပါးကြိုက်တာ ရှိသလို သူတပါးမကြိုက်တာကို မိမိကြိုက်တာလည်း ရှိနိုင်ပါတယ်။ တယောက်နဲ့တယောက် အကြိုက်မတူတဲ့အတွက် မိမိနဲ့ အကြိုက်ချင်း မတူလို့ မှားတယ်လို့ သတ်မှတ်ဖို့ မလိုအပ်သလို မိမိကြိုက်တာကမှ အမှန်လို့လည်း ဘယ်လိုမှ သတ်မှတ်လို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ကိုယ်မကြိုက်ပေမဲ့ သူများကြိုက်လို့ သဘောကျလို့ သူများနဲ့ သင့်တော်တယ် ထင်လို့ လက်ခံထားသူကိုယ်တိုင်က လိုလိုလားလား သဘောကျ လက်ခံထားတာ တခုကို မိမိမကြိုက်ပေမဲ့လည်း နားလည်လက်ခံပေးနိုင်တဲ့ စိတ်နှလုံးကို မွေးတတ်ဖို့ လိုပါတယ်။

ကျွန်မ အကြိုက်တွေကို စပြောရရင် ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ကျွန်မမှာ အကြိုက်နှစ်မျိုးရှိပါတယ်။ ပထမတမျိုးက မျက်စိနဲ့ ကြည့်ပြီး ကြိုက်တဲ့ကြိုက်နှင့် ဒုတိယ တမျိုးက တကယ်အသုံးပြုတဲ့ အချိန်မှာ သက်တောင့်သက်သာ ရှိမှုအပေါ် မူတည်ပြီး ကြိုက်တဲ့အကြိက်ပါ။ ကျွန်မ မွေးရပ်မြေက ကျွန်မတို့ မြို့မှာ အလယ်တန်းပြ ဆရာမ လုပ်နေသူ တချိန်က ကျောင်းနေဖက် သူငယ်ချင်း တယောက်ဆီက လွန်ခဲ့တဲ့ လေးငါးနှစ်က အဆက်အသွယ် ပြန်ရတော့ စာတစောင် ရောက်လာပါတယ်။ သူရေးထားတာက ”မီးငယ်ရေ တို့ရွာက ဌေးဌေး တယောက်တော့ ဂျပန်မှာ သွားလုပ်စားပြီး ရွာကိုတခေါက် အလည်ပြန်လာတာ ဘောင်းဘီရှည်ကြီး ၀တ်လာတယ်တော် ငါတော့ ကြည့်ပြီး အံ့သြလို့တောင် မဆုံးဘူး” ဆိုတဲ့ ၀ါကျတကြောင်းပါလာတယ်။ 

ဟုတ်ပါတယ် ကျွန်မတို့ ရွာမှာ အမျိုးသမီးတယောက် ဘောင်းဘီရှည်ဝတ်တာ တကယ်ကို မျက်စိနောက်စရာ ဖြစ်မှာကို မြင်ယောင်လို့တော့ ရပါတယ်။ သူပြောတဲ့ ဌေးဌေးက ငယ်ငယ်တုန်းကဆိုရင် ကျွန်မတို့လို စကားခပ်နည်းနည်း မဟုတ်ဘဲ သွက်သွက်လက်လက်နဲ့ တကယ်ကို ခေတ်ဆန်ဆန်နေတတ်တဲ့ တယောက်ဖြစ်တယ်။ အဲဒီတယောက် ဘောင်းဘီဝတ်တာကိုတောင် ဒီလိုပြောနေရင် ကျွန်မ၀တ်နေတာသာ သိရင် ဘယ်လိုများ ပြောနေမလဲဆိုတာ စဉ်းစားပြီး ကျွန်မ နေမကျ ထိုင်မကျ ဖြစ်နေခဲ့တယ်။

နောက်တော့ ကျွန်မ သူ့ဆီကို စာပြန်ရေးလိုက်တယ်။ “သူငယ်ချင်းရေ ဘောင်းဘီရှည် ၀တ်တာ ဘာများဆန်းလို့လဲ။ ဒီဘက်နိုင်ငံတွေမှာ ကျားမ မရွေး လုပ်နေတဲ့ အလုပ်တွေက အတူတူပဲ ဖြစ်ပြီး သွားလာလှုပ်ရှားနေရတဲ့ အခြေအနေတွေကလည်း အတူတူပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာလို မိန်းကလေးတွေက တမိန်စလေးကိုဆွဲပြီး ဆင်မယဉ်သာလို သွားဖို့ အချိန်မရဘူး။ ဒါကြောင့်မို့ ကာလံ၊ ဒေသံအရ သူ့နေရာနဲ့သူ သင့်တင့်လျှောက်ပတ်သလို ၀တ်ရစားရတာတွေ ရှိပါတယ်။

ဝတ်စားဆင်ယင်မှုနဲ့ စိတ်နေသဘောထားကို သွားပြီး ဆုံးဖြတ်လို့ မရပါဘူး။ ဘောင်းဘီ ၀တ်ခြင်းရဲ့ အကျိုးက ပထမအချက် ခြေလှမ်းကို စိတ်စိတ်ပဲဖြစ်ဖြစ် ကျဲကျဲပဲ ဖြစ်ဖြစ် ကြိုက်သလို လျှောက်နိုင်တယ်။ မိုးရွာရွာ၊ နေပူပူ၊ လေတိုက်တိုက် ဘာကရိကထမှ မရှိဘဲ ထမိန်ဝတ်ရင် ထိန်းရသလို လိုက်မထိန်းနေရဘူး။ နောက်တခုက ထမိန်စရွှေ့သွားလို့ ပုံမကျ ပန်းမကျ ဖြစ်သွားတာကို ခဏခဏ ပြန်ပြင်ဝတ်ရတာမျိုး မရှိဘူး။ လေတိုက်ရင် လွှင့်နေလို့ လိုက်ထိန်းရတာမျိုးလည်း မရှိဘူး။ နောက်တခုက လမ်းလျှောက်မြန်သူတွေအတွက် ခြေသားလုံးနဲ့ ထမိန်နဲ့ ထိပြီး တဖတ်ဖတ် အသံမြည်နေတာမျိုး မဖြစ်သလို လွတ်လွတ်လပ်လပ် လျှောက်လို့ ရပါတယ်။ ဒါကြောင့် ငါလည်း ဘုန်းကြီးကျောင်းနဲ့ မလှူ၊ မင်္ဂလာပွဲသွားတာနှင့် အိမ်နေရင်း ၀တ်တာလွဲပြီး အပြင်သွား၊ အပြင်လာ ထမိန် ဘယ်တော့မှ မ၀တ်ဘူး” လို့ ကျွန်မသူငယ်ချင်းဆီကို ကျွန်မ စာပြန်ရေးလိုက်ပါတယ်။

တကယ်လက်တွေ့မှာလည်း ကျွန်မ သူ့ကို စာပြန်ရေးလိုက်တဲ့အတိုင်းပါပဲ သက်တောင့်သက်သာ ဖြစ်မှုအတွက်တော့ ကျွန်မဟာ Casual အ၀တ်အစားလို့ ခေါ်တဲ့ အနောက်တိုင်းက ၀တ်နေတာကို ကြိုက်နှစ်သက် သဘောကျပါတယ်။ ကျွန်မကိုယ်ကျွန်မ မျက်စိနဲ့ ကြည့်လို့ သဘောကျတောကတော့ ကျွန်မက မြန်မာ ချိတ်တမိန်၊ တိုင်းရင်းသား ရိုးရာ အ၀တ်အစားတွေ အစုံကြိုက်တယ်။ ဒါကြောင့် တခါတလေ ကျွန်မ ကျောင်းသွားဖို့ ထမိန်စကပ်လေးတွ ချုပ်ဝတ်တတ်ပါတယ်။ ကျွန်မ မျက်စိက ကျွန်မကိုယ်ကျွန်မ မှန်ထဲမှာ ပြန်ကြည့်ရင်လည်း ချိတ်ထမိန်လေး မြန်မာအင်္ကျီ (ရင်ဖုံး၊ ရင်စေ့) လေးနဲ့ ဆို ရိုးရိုးယဉ်ယဉ်နဲ့ နဂို မလှတဲ့ ပုံက ပိုလှသွားတယ်လို့ ထင်မိတယ်။

ဒါပေမဲ့ အိမ်က ကျေးဇူးရှင် နှစ်ယောက် မြင်တာကတော့ ကျွန်မကိုယ်ကျွန်မ ပြန်မြင်တဲ့ပုံနဲ့ ပြောင်းပြန်ပဲ။ ကျေးဇူးရှင်လေးကတော့ "မေမေ ဒါတွေ ၀တ်ရင် ဒုက္ခသည်နဲ့ တူတယ်” တဲ့။ ကျေးဇူးရှင် အကြီးကလည်း "မငယ်ရေ မင်းကလည်း နဂိုကတည်းက အဖွားကြီးအိုနဲ့ တူရတဲ့ ကြားထဲ ဒါကြီးတွေနဲ့ မလိုက်ပါဘူး..ဆန်းဆန်းလေးတွေပဲ ၀ယ်ဝတ်ပါ” ဆိုလို့ ကျေးဇူးရှင်နှစ်ယောက် သဘောကျအောင်လည်း ၀တ်ရသေးလို့ မြန်မာ အ၀တ်အစား ၀တ်ချင်တိုင်းလည်း ၀တ်လို့မရသလို များများစားစားလည်း မရှိပါဘူး။ ရှိတာလေးတွေကို ထုတ်ကြွားလိုက်မယ်။

ဒါကတော့ ကျွန်မက မြန်မာပြည်မှာတုန်းက ပိုးချိတ်ထမိန် တခါမှ မ၀တ်ဖူးလို့ မြန်မာပြည်က မှာရောင်းသူက ရောက်လာတာနဲ့ စပ်ရောင်းလို့ နှစ်ထည်တောင် ၀ယ်ပြီး ချူပ်ဝတ်လိုက်တယ်။ ပန်းရောင်က ထမိန်စကပ် ဖြစ်ပြီး အစိမ်းရောင်ကတော့ ရိုးရိုး ကွင်းထမိန် ဖြစ်တယ်။ အပေါ်အင်္ကျီကို အဖြူရောင်နဲ့လည်း ၀တ်ပါတယ်။ ကျွန်မမှာ ရှိတဲ့ ချိတ်တွေအနက် ဈေးအကြီးဆုံး ပေးဝယ်ရတဲ့ နှစ်ထည်ဖြစ်ပြီး ကျွန်မ သိပ်ကြိုက်ပါတယ်။

ဒီသုံးထည်ကတော့ ကျွန်မကို သူများလက်ဆောင်ပေးထားတဲ့ ချည်ချိတ်တမိန်လေးတွေ ဖြစ်ပါတယ်း။ ဒီဘက်က အစိမ်းရောင်လေးက ကျွန်မတို့ မင်္ဂလာဆောင်တုန်းက ၀တ်တဲ့ ထမိန်နဲ့ တူလို့ နောက်နှစ်မင်္ဂလာဆောင်တဲ့ နှစ်ပတ်လည် နေ့ကျရင် မင်္ဂလာဆောင်တုန်းက အင်္ကျီနဲ့ ပြန်ဝတ်ဖို့ စဉ်းစားထားပါတယ်။ အဲဒီထမိန်တွေကိုလည်း ကျွန်မ သိပ်ကြိုက်ပါတယ်။

ဒီအောက်က တိုင်းရင်းသား ရိုးရာ ထမိန်သုံးထည်မှာ ကရင်ထမိန်လေးက လက်ဆောင်ရထားတာ ဖြစ်ပြီး ကျန်တဲ့ နှစ်ထည်က ကျွန်မ ၀ယ်ထားတဲ့ ကြိုးချည်တဲ့ ပတ်ထမိန်တွေ ဖြစ်ပါတယ်။ ဒီထမိန်သုံးထည်ကိုလည်း ကျွန်မက တခါတလေ ဗမာအင်္ကျီနဲ့ ၀တ်ပြီး တခါတလေကျတော့ တခြား Blouse တွေနဲ့ ၀တ်ပါတယ်။
ဒီအောက်က အပြာရောင် တစုံက ကျွန်မ ချုပ်ပြီး ၀တ်တောင် မ၀တ်ရသေးဘူး။ မချစ်ကြည်အေး Tag လိုက်တာနဲ့ ဓါတ်ပုံ ရိုက်ပြီး ကြွားတာ။ ဗေဒါရောင်ကတော့ ချုပ်ပြီးသား ၀ယ်တာ ဖြစ်ပြီး ကရင်ပိတ်စကို ဗမာပုံအင်္ကျီ ချုပ်ထားတာ ဖြစ်တယ်။
အောက်က နှစ်စုံမှာ ပန်းရောင်က ထိုင်းပြန်လည်တဲ့ မိတ်ဆွေတဦး ပြန်လာတော့ ၀မ်းဆက်တစုံစာ ပိတ်စ လက်ဆောင်ရထားတာကို ချုပ်ဝတ်ထားတာ ဖြစ်ပြီး အစိမ်းရောင်ကတော့ ၀ယ်ပြီး ချုပ်ဝတ်ထားတာဖြစ်တယ်။

အောက်က တိုင်းရင်းသား ထမိန်တွေနဲ့ ချိတ်တမိန်တွေက ကျွန်မ အခုလတ်တလော အိမ်နေရင်း ၀တ်နေလို့ တော်တော် နွမ်းနေပြီဖြစ်ပေမဲ့ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် ၀တ်နေဆဲ ဖြစ်ပါတယ်။
အောက်က ပိတ်စ ၀မ်းဆက် သုံးစုံကတော့ ၀ယ်ထားတာ မချုပ်ရသေးဘူး ဒါတွေကိုလည်း ကျွန်မက အလယ်က တစကို ရင်ဖုံးအင်္ကျီ ချုပ်ပြီး ဘေးက နှစ်စုံကိုတော့ ရင်စေ့ခါးအတို ချုပ်ဝတ်မယ်လို့ စဉ်းစားထားပါတယ်။
အကြိုက်နဲ့ ပတ်သက်ပြီး ခြုံပြောရရင်တော့ အ၀တ်အစား ဖြစ်စေ၊ တခြားအကြောင်းအရာ အခြေအနေ တစုံတရာကိုဖြစ်စေ၊ မိမိကြိုက်ပေမဲ့လည်း အသုံးပြုဖို့ အခြေအနေ အချိန်အခါ မပေးလို့ဖြစ်စေ၊ မသင့်လျှော်လို့၊ အသုံးပြုဖို့ မဖြစ်နိုင်တဲ့ အခြေအနေ ရှိသလို မကြိုက်ဘဲနဲ့ အသုံးပြုရတာတွေလည်း အများကြီး ရှိနိုင်ပါတယ်။ မကြိုက်ဘဲနဲ့ အသုံးတည့်လို့ပဲ သုံးသုံး ကြိုက်လို့ပဲသုံးသုံး နှလုံးသွင်းထားသင့်တာက အနောက်တိုင်း ၀တ်စုံဖြစ်စေ၊ အရှေ့တိုင်းဝတ်စုံ ဖြစ်စေ၊ မိမိနဲ့ လိုက်ဖက်လို့ ကြည့်ကောင်းမယ် ထင်လို့ သုံးစွဲ ၀တ်ဆင်ကြတဲ့အပေါ် တယောက်အကြိုက်နဲ့ တယောက်အကြိုက် တူနိုင်မှာ မဟုတ်သလို မိမိ ကြိုက်တာကမှ မှန်တယ်လို့ သတ်မှတ်လို့ မရပါ။

 ပြီးတော့ ကြိုက်တိုင်းလည်း အသုံးမတည့်ရင် သုံးလို့မရ၊ မကြိုက်ပေမဲ့လည်း မိမိနဲ့ အသုံးတည့်ပြီး သင့်တော်ရင် သုံးနေရတဲ့ ဘ၀လည်း ရှိတတ်တယ် ဆိုတာ အားလုံးနားလည်ကြရင် ကျွန်မတို့ရဲ့အစွဲတွေ၊ အတ္တတွေကို အတတ်နိုင်ဆုံး ဖျောက်နိုင်ပြီး လောကကြီးဟာ ပိုမိုလှပလာလိမ့်မယ်လို့ ကျွန်မထင်တယ်။ Tag ထားတဲ့ မချစ်ကြည်အေး တယောက် ကျေနပ်လိမ့်မယ် ထင်တယ်။

ပြန် Tag ချင်သူများကတော့ မဆုမွန်၊ Kiki, မြတ်လေးငုံ၊ မမေအိခင် နဲ့ အမျိုးသားထဲက မောင်မိုးတယောက်ကို Tag ချင်ပါတယ်။ တခြားအမျိုးသားတွေကိုကျတော့ ကြိုက်မှန်း မကြိုက်မှန်းမသိ Tag လို့ မရဲဘူး။ မောင်မိုးကတော့ စာရေး ကောင်းလွန်းတော့ Tag တာ မကြိုက်ရင်တောင်မှ ကေင်းကောင်းရေးလိမ့်မယ် ဆိုတာယုံလို့ Tag လိုက်တာ ဖြစ်တယ်။

ရွင်လန်းချမ်းမြေ့ကြပါစေ။

ကမ္ဘာဖြစ်ခြင်းနှင့် ပျက်ခြင်းအပေါ် သိပ္ပံအထောက်အထားနဲ့ ဗုဒ္ဓတရား



ကမ္ဘာပျက်တဲ့အကြောင်း ပြောရင် ကမ္ဘာ စတဲ့အကြောင်းလည်း မပါလို့ မဖြစ်ဘူး ထင်တယ်။ ဗုဒ္ဓဘာသာတရား အရဖြစ်စေ၊သိပ္ပံ အထောက်အထားများအရ ဖြစ်စေ အခုလက်ရှိ ကျွန်မတို့ နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ အစဉ် ဖြစ်ပျက် ပြောင်းလဲနေပါတယ်။ ကိုအောင်သာငယ်က ကမ္ဘာမပျက်ခင် တလအလို ကာလမှာ ဘယ်လိုရင်ဆိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး Tag ထားတဲ့ မေးခွန်း (10) ခုကို မဖြေခင် ကျွန်မ အထက်တန်း ပြန်တက်တုန်းက လုပ်ခဲ့ဖူးတဲ့ သိပ္ပံနဲ့ ပတ်သက်တဲ့ Assignment တွေအထဲက သိရတဲ့ အချက်အလက်တွေအရရော ဖတ်ဖူးတဲ့ ဘုရားဟောတရားအရပါ ပြန်သုံးသပ်ပြီး ကမ္ဘာဖြစ်ခြင်း၊ ပျက်ခြင်းနှင့် ပတ်သက်တဲ့ Fact ကိုအရင် တင်ပြပြီးမှ မေးခွန်းတွေကို ဖြေလိုက်ပါတယ်။



သိပ္ပံကျောင်းသူတစ်ယောက် ဖြစ်ခဲ့တဲ့အတွက် သိပ္ပံနဲ့ ပတ်သက်တာကိုပဲ အရင်ပြောပါရစေ။ သိပ္ပံဆိုင်ရာ ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာမှုအရ ဒီကမ္ဘာကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလီယံက စခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာကိုစပြီးနောက် သက်ရှိသတ္တ၀ါဆိုတာ မပေါ်ခင် ဓါတုဗေဒမှာ ကျွန်မတို့ သင်ခဲ့ရတဲ့ သက်ရှိဓါတ်ပေါင်း (organic compound) တွေ ဖြစ်လာဖို့ အချိန်တော်တော် ယူရပါတယ်။ ကမ္ဘာကြီး စခဲ့တဲ့အချိန်မှာ ကမ္ဘာကြီးကို သံတို့ ကြေးတို့လို ကျောက်စိုင်ကျောက်ခဲ တွေပါတဲ့ inorganic compound (သက်မဲ့ ဓါတ်ပေါင်း) တွေနဲ့ပဲ ဖွဲ့စည်းထားပြီး သက်ရှိတွေရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ ကာဗွန်၊ အောက်စီဂျင်၊ နိုက်ထရိုဂျင်၊ ဟိုက်ဒရိုဂျင် စတဲ့ organic compound (သက်ရှိဓါတ်ပေါင်း) တွေက Evolution နည်းအရ နှစ်ကာလ အတော်ကြာပြီးမှ တရွေ့ရွေ့ ပြောင်းလဲနည်းနဲ့ ဖြစ်လာခဲ့တယ်လို့ သိရတယ်။

 အောက်စီဂျင်မရှိပဲနဲ့ လူတွေ အသက်ရှင်လို့ မရသလို ကာဗွန်ဒိုင် အောက်ဆိုက် မရှိပဲနဲ့ အပင်တွေ အသက်ရှင်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါတွေ ဖြစ်လာပြီးမှ အဲဒီက ဓါတ်ပေါင်းတွေက တဖန် တရွေ့ရွေ့ပြောင်းတဲ့နည်းနဲ့ ဘက်တီးရီးယားလို သေးငယ်တဲ့အရွယ် သတ္တ၀ါကနေ အကြီးတွေ အဲဒီကတဆင့် ဒီလိုပဲ တရွေ့ရွေ့ ထပ်ပြောင်းရင်းနဲ့ လူနဲ့တူတဲ့ အကောင်တွ ဖြစ်လာပြီးမှ လူသားအဆင့် ရောက်ဖို့က အများကြီး ထပ်ကြာသေးတယ်။ ဒါကြောင့် ဘာသာရေးအရ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ရခဲ့လှတဲ့ အရာတွေထဲမှာ လူ့အဖြစ်ဟာ ရခဲတယ်လို့ ဘုရားဟောခဲ့တာဟာ သိပ္ပံအထောက်အထားအရလည်း တကယ်ကို မှန်ကန်နေပါတယ်။

ဒီလိုသက်မဲ့ ဓါတ်ပေါင်း ကျောက်စိုင်ကျောက်ခဲတွေနဲ့ ကမ္ဘာကို နှစ်ပေါင်း ၄.၅ ဘီလီယံက စပြီး သက်ရှိသတ္တ၀ါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၈ ဘီလီယံကမှ စတင်ပေါ်လာပါတယ်။ ဒီအထဲမှာမှ လူ၊ မျောက်အပါအ၀င် Hominidae family လို့ခေါ်တဲ့ လူနဲ့တူတဲ့ ခြေနှစ်ချောင်းပေါ်မှာ မတ်တတ်ရပ်ပြီး သွားနိုင်တဲ့ သတ္တ၀ါတွေကတော့ လွန်ခဲ့တဲ့အနှစ် နှစ်သန်းပေါင်း ၂၀ ခန့် Cainozoic ခေတ်မှာမှ ပေါ်ထွန်းခဲ့ပါတယ်။ လူနဲ့ လူလိုသတ္တ၀ါတွေမတိုင်ခင် နောက်ဆုံးခေတ် Mesozoic ခေတ်မှာ နှစ်သန်းပေါင်း ၁၈၀ ခန့်က ပျံသန်းနိုင်တဲ့ ဒိုင်နိုဆောတွေ ဒီကမ္ဘာကို လွှမ်းမိုးခဲ့တယ်။

 ဒီမတိုင်ခင် ခေတ်အဆက်ဆက်ကို လေ့လာပါက Palaeozoic ခေတ်မှာ သန်းပေါင်း ၆၀၀ ခန့်က ကျောရိုးမဲ့သတ္တ၀ါတွေ၊ နှစ်သန်းပေါင်း ၄၄၀ ခန့်က မေးရိုးပါတဲ့ ငါးမျိုးတွေ၊ နှစ်သန်းပေါင်း ၄၀၀ ခန့်က အင်းဆက်ပိုးကောင်တွေ၊ နှစ်သန်းပေါင်း ၃၀၀ ခန့်က ကျောရိုးရှိပြီးသား တွားသွားသတ္တ၀ါတွေ။ နှစ်သန်းပေါင်း ၂၅၀ ခန့်က ဒိုင်နိုဆော နို့တိုက်သတ္တ၀ါတွေ ကမ္ဘာကို လွှမ်းမိုးခဲ့တယ်ဆိုတာ ကျောက်ဖြစ်ရုပ်ကြွင်းများရဲ့ သက်တမ်းကို တွက်ချက်ပြီး သိရပါတယ်။ သိပ္ပံ အထောက်အထားများအရ ခေတ်တခုခုကို သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးပြီး နှစ်သန်းပေါင်း အတော်ကြာ အချိန်ပြန်ယူပြီးမှ Organic compound တွေ ပြန်ရ၊ သတ္တ၀ါတွေ ပြန်ဖြစ်ပြီး Evolution ဆိုတဲ့ တရွေ့ရွေ့ပြောင်းလဲပြီးမှ သတ္တ၀ါကို အသစ်ကနေပြန်စတာ ဖြစ်တယ်။ ဒါကြောင့် ကမ္ဘာပျက်ပြီးလို့ နှစ်သန်းနဲ့ ချီပြီးမှ လူသတ္တ၀ါတွေကို ပြန်ဖြစ်ပေါ်စေတာ ဖြစ်တယ်။

ဒါကတော့ ရှာဖွေတွေ့ရှိထားသမျှ သိပ္ပံအထောက်အထားများသာ ဖြစ်ပြီး နှစ်သန်းပေါင်း ၆၀၀ မတိုင်ခင်က သက်ရှိတွေရဲ့ အထောက်အထားကို သိပ္ပံပညာရှင်တွေ ရှာမတွေ့သေးပါဘူး။ ကြားကာလတွေမှာလည်း သိပ္ပံပညာရှင်တွေ မတွေ့သေးတာ အများကြီးရှိနိုင်ပါတယ်။ အလုံးစုံကို သိတော်မူခဲ့တဲ့ မြတ်စွာဘုရားကတော့ အကုန်လုံးကို သိသွားခဲ့ပေမယ့် ဟောဖို့လိုအပ်တဲ့ တရားတွေကိုပဲ ဟောခဲ့ပါတယ်။

 ကမ္ဘာဖြစ်ခြင်း ပျက်ခြင်းနဲ့ ပတ်သက်ပြီး သိပ္ပံအထောက်အထားနဲ့ ဗုဒ္ဓတရားက သိပ်ပြီး မကွာခြားလှတာကို တွေ့ရပါတယ်။ မြတ်စွာဘုရားက အဖန်တလဲလဲ မပြတ်ပျက်စီးလိုက် ပြန်ဖြစ်လိုက် ဖြစ်တဲ့ သံသရာကြီးဟာ သိပ်ရှည်ပါတယ်။ ဒီကမ္ဘာဟာ မရေတွက်နိုင်တဲ့ ကမ္ဘာပေါင်း မြောက်များစွာထဲက တခုသာ ဖြစ်ပါတယ်လို့ ဟောထားခဲ့ပါတယ်။ အရင်အရင် ကမ္ဘာတွေတုန်းကလည်း လူသတ္တ၀ါတွေဟာ တကွေ့ကွေ့မှာ ကြုံဖူး၊ သိဖူး၊ သားအမိ၊ ချစ်သူ၊ မောင်နှမ မဖြစ်ဖူးသူ တယောက်မှ မရှိခဲ့လို့ သတ္တ၀ါတိုင်း (တိရိစ္ဆာန်အပါအ၀င်) ကို မိဘ၊ ညီအစ်ကို မောင်နှမလို မေတ္တာထားဖို့ ဟောခဲ့ပါတယ်။

ကမ္ဘာပျက်တယ် ဆိုတဲ့နေရာမှာ ငလျင်လှုပ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း ရေခဲဖုံးလွှမ်းခြင်း စတာတွေအမျိုးမျိုး ဖြစ်နိုင်ပြီး လုံးဝ ပျက်စီးသွားတာမဟုတ်ပဲ ဖြစ်လိုက်ပျက်လိုက်နဲ့ နာလိုက် နလံပြန်ထလိုက် ဖြစ်တာမျိုး ရှိပါတယ်။ ဒီလိုဖြစ်ရင် အခုရေပေါ်မှာ ရောက်နေတဲ့ ကုန်းမြေတွေက ရေအောက် ပြန်ရောက်ပြီး ရေအောက် ရောက်နေတဲ့အပိုင်းက ကုန်းပေါ် ပြန်ရောက်တာမျိုး၊ ဆက်နေတဲ့ ကုန်းမြေတခုခုဟာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး ကျွန်းအသေးတွေ ဒါမှမဟုတ် ရေအောက်မြှုပ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

 သြစတြေးလျားနိုင်ငံ အလယ်ပိုင်း အခုသဲကန္တာရ ရှိတဲ့နေရာဟာ လွန်ခဲ့တဲ့ နှစ် သန်း ၄၀၀ ခန့်က ရေအာက်မှာရှိခဲ့ပါတယ်လို့ ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာသူတွေက ဆိုပါတယ်။ ကမ္ဘာ တကယ်လုံးဝ ပျက်စီးခြင်းဆိုတာလည်း တချိန်ချိန်မှာ ရှိလာမှာဖြစ်ပြီး ကမ္ဘာကြီး လုံးဝမပျက်စီးခင် ဒီကမ္ဘာမှာ အရိမေတ္တယျ မြတ်စွာဘုရားတဆူ ပွင့်ဖို့ ရှိသေးတယ်လို့ ဟောထားတဲ့အတွက် အခုချိန်မှာ လုံးဝပျက်စီးသွားတာမျိုးတော့ မဖြစ်နိုင်သေးဘူး။

နောက်တချက်က အရိမေတ္တယျ ဘုရားပွင့်တဲ့အချိန်မှာ လူတွေရဲ့ သက်တမ်းက အနှစ်တသောင်း ရှိတယ်လို့သိရတော့ အဲဒီအခြေအနေကို ရောက်ဖို့ အချိန် အတော်ကြာဦးမှာ ဖြစ်လို့ ကျွန်မတို့ အခုဘ၀မှာတော့ နောက်ပွင့်မည့် ဘုရားကို တွေ့ရဖို့ မရှိသေးဘူး။ ဘုရားမပွင့်ခင် ကမ္ဘာကို ဆေးကြောသန့်စင်ရင်လည်း သာသနာ ရှင်သန်နေတဲ့အထိ သူတော်ကောင်းတွေဟာ ရှိနေဦးမှာဖြစ်လို့ သာသနာကွယ်ပြီး အတော်ကြာ လူတွေဟာ အကျင့်စာရိတ္တတွေ လုံးဝပျက်ပြားနေတဲ့ အချိန်မှသာ ကမ္ဘာပျက်တာ ဖြစ်နိုင်တယ်။

 ဂေါတမ မြတ်စွာဘုရားရဲ့ သာသနာက အနှစ် ငါးထောင်တောင် မပြည့်သေးဘူး အနှစ်ငါးထောင် ပြည့်ပြီးနောက်ပိုင်း သာသနာ ပျက်ပြီးမှ ကမ္ဘာ တခုခု ဖြစ်ဖို့ ရှိတယ်ဆိုတာလည်း သိထားတယ်။ အခုထိ ဝေနေယျ သတ္တ၀ါတွေအတွက် နေ့တိုင်းမေတ္တာပို့ပေးနေတဲ့ လူနဲ့ ရဟန်း သူတော်ကောင်းတွေ ရှိနေဆဲမို့ သာသနာက ရှင်သန်ဆဲ၊ ဘာသာခြားတွေမှာလည်း စိတ်ကောင်း စေတနာကောင်းတွေ အများကြီး ရှိနေဆဲဆိုတော့ ပုံမှန်အတိုင်း မီးစာကုန် ဆီခမ်းမှ သက်တမ်းကုန်ရမယ်ဆိုရင် ကမ္ဘာက အခုလာမည့် ၂၀၁၂ မှာ ပျက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အကိုးအကားတွေက တခြား သာသာဝင်တွေအတွက် အနှစ်သာရ မရှိနိုင်၊ အကျုံးမ၀င်နိုင်လို့ ဘာသာရေးနဲ့ လုံးဝ မသက်ဆိုင်တာကို ကျွန်မနည်းနည်း ထပ်ဖြည့်ချင်ပါတယ်။ ၂၀၁၂ ရုပ်ရှင်ကြော်ငြာကို ကိုအိုးဝေအောင် ဘလောဂ်မှာ ကျွန်မ ကြည့်ဖြစ်ပါတယ်။ တကယ်ဖြစ်ရင် မဖြစ်ခင် ကြိုရှောင်လို့ပဲ ရနိုင်လိမ့်မယ်၊ ဒီလိုအခြေအနေမှာ ကမ္ဘာကြီးတခုလုံးကို တိုက်မိမှတော့ တိုက်မိတဲ့အရှိန်၊ ပေါက်ကွဲတဲ့ အရှိန်တွေကြောင့် လျှပ်စစ်လှိုင်း လေထုဖိအား၊ ကမ္ဘာမြေကြီးရဲ့ ဆွဲအားတွေ ဆိုရင် ပုံမှန်အတိုင်း ဘယ်လိုမှ မဟုတ်နိုင်တော့လို့ ဒီဗွီဒယိုထဲကလို ဖြစ်တဲ့အချိန်မှ လေယဉ်နဲ့ ထွက်ပြေးလို့ ဘယ်လိုမှ ရနိုင်မယ်မထင်ဘူး။ ပရိတ်သတ် စိတ်ဝင်စားအောင် ရိုက်ပြထားတာပဲ ဖြစ်နိုင်ပါထင်တယ်။

ပြီးတော့ ၂၀၁၂ ဆိုတာ သိပ်ကို နီးနေပါပြီ။ ဒီလိုအခြေအနေမှာ ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတိုင်းမှာ ရှိတဲ့ အစိုးရတွေက ဒီကိစ္စကို အရေးတကြီးထားပြီး ဘာကြောင့် မဆွေးနွေးနေကြတာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ကမ္ဘာပျက်ဖို့ အခြေအနေကို အမှန်တကယ် တွန်းအားပေးနေတဲ့ သစ်တောပြုန်းတီးမှု၊ ကမ္ဘာပူနွေးလာမှုကြောင့် ၀င်ရိုးစွန်းဒေသ ရေခဲ ပျော်လာမှုနဲ့ ပင်လယ် သမုဒ္ဒရာရေ မြင့်တက်လာမှု၊ သဘာဝတွင်းထွက် စွမ်းအင်တွေက ရတဲ့ လောင်စာတွေကို အတတ်နိုင်ဆုံး ထိန်သိမ်းပြီး ဇိဝလောင်စာ တီတွင်သုံးစွဲမှု စတဲ့ အဝေးကြီးကြာမှ ကမ္ဘာပျက်နိုင်စေတဲ့ အကြောင်းရင်းတွေကို ကာကွယ်ဖို့ပဲ ကမ္ဘာ့ခေါင်းဆောင်တွေက အဓိက ဆွေးနွေးနေကြတယ်။ 

သိပ္ပံဘာသာ တက်နေတဲ့ ကျောင်းသားတွေကလည်း Assignment တွေမှာ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမယ် ဆိုတာပဲ Research တွေလုပ်ပြီး ဖေါ်ပြနေရတယ်။ မကြာခင်ဖြစ်မှာ ဖြစ်လာတော့မယ့် နောက်သုံးနှစ်ကြာမှာ ကမ္ဘာပျက်မည့် အကြောင်းအရာကိုတော့ ဘယ်သူမှ ဘာမှ ဆွေးလည်းမဆွေးနွေး အရေးလည်းမထားတာကို ကြည့်ခြင်းအားဖြင့် ၂၀၁၂ ကိစ္စဟာ ဘာမှ အခြေအမြစ်မရှိတာကို သက်သေပြနေပါတယ်။ ဒါကြောင့်မို့ နေအဖွဲ့အစည်းရဲ့ အာကာသ ဟင်းလင်းပြင်ထဲကို လမ်းကြောင်းမှားပြီး ၀င်လာနေတယ်လို့ ကြားထားတဲ့ ဂြိုလ်တခုဆိုတာကိုလည်း သပ္ပံပညာရှင်တွေက တနည်းနည်းနဲ့ ရှောင်နိုင်ရှားနိုင်အောင် လုပ်ထားနိုင်ကြပါလိမ့်မယ်။

ဒါပေမယ့်လည်း အိုမှ နာမှ မဟုတ်ပဲ ငယ်ငယ် ရွယ်ရွယ်တွေလည်း တစုံတခုကြောင့် သေကြေ ပျက်စီးနေတာတွေကို မကြာခဏ တွေ့နေရတယ်။ မျက်စိတမှိတ် လျှပ်တပြက်အတွင်း ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ အချိန်မရွေး တခုခု ဖြစ်နိုင်တယ်ဆိုတာလည်း ဘုရားက ဟောထားတာ ရှိသေးတော့ ကမ္ဘာမပျက်သေးဘူး ဆိုတာကိုလည်း လုံးဝ ယုံကြည်စိတ်ချနေလို့လည်း မဖြစ်သေး။ ဒါကြောင့်မို့ မိုမပြို ပြိုခဲ့သည် ရှိသော်၊ အကယ်၍များ များပျက်ခဲ့သည် ရှိသော် မပျက်ခင်တလမှာ ဘယ်လို ရင်ဆိုင်မလဲဆိုတဲ့ မေးခွန်းတွေကို ဖြေဖို့အတွက် စိတ်ကူးယဉ် အခန်းကဏ္ဍကို စတင်လိုက်ပါပြီ။

၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
ကျွန်မ ဘယ်သူနဲ့မှ မတွေ့ချင်ဘူး။ ကျွန်မသားလေးတယောက်ကို ရင်ခွင်ထဲမှာ ပိုက်ထားပြီး သားလေးကိုပဲ တရားဓမ္မအကြောင်းတွေ ဘာမှ မတည်မြဲဘူးဆိုတဲ့ အကြောင်းတွေ ပြောပြလိုက် တရားမှတ်လိုက်နဲ့ အချိန်ကုန်ချင်တယ်။

၂။ ဘာတွေခံစားနေရမလဲ..
သားလေးမှာ သာသနာနဲ့ ကြုံတဲ့အချိန် နည်းလိုက်တာလို့ပဲ တွေးပြီး ခံစားမိလိမ့်မယ်။

၃။ ဘာတွေပြင်ဆင်ထားမလဲ
ဘုရားအဆုံးအမ တွေကလွဲပြီး ဘာမှ ပြင်ဆင်ထားဖြစ်မယ် မထင်ဘူး။

၎။ ၀မ်းနည်းမိမှာက
အသက် ၄၀ မှ လူ့ဘ၀ကို စမယ်လို့ ရည်ရွယ်ထားတော့ လူ့ဘ၀ စပြီး မကြာခင်မှာပဲ ချက်ချင်း သေရတော့မှာကို ၀မ်းနည်းမိတယ်။ သံသရာမှာ ဘယ်တော့မှ သာသနာနဲ့ မလွဲရအောင် သာသနာနဲ့ ကြုံတုန်းကြုံခိုက် အနှိမ့်ဆုံး သောတာပန် အဆင့်လေးအထိတောင် မရယူလိုက်နိုင်တာ ဗုဒ္ဓဘာသာ ဖြစ်ရရှုံးတယ်ဆိုတာ တွေးပြီး ၀မ်းနည်းမိလိမ့်မယ်။

၅။ကြောက်လန့်မိတာက..
ချက်ချင်းမသေမှာကို

၆။ဆောင်ထားချင်တာ..
သားလေးအတွက် စားစရာ သောက်စရာတချို့ ဘုရားပုံတချို့ကလွဲပြီး တခြားဘာမှ မဆောင်ထားချင်ဘူး။

၇။ဘာတွေရေးမိမလဲ..
ဘယ်သူမှ ဆက်ပြီး အသက်ရှင်ကျန်နေဖို့ မရှိဘူးဆိုရင်တော့ ဘာမှ ရေးဖြစ်တော့မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် တခုတော့ရှိတယ် ကမ္ဘာမပျက်ခင် သိပ္ပံပညာရှင်တွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တိုင်ပင်ပြီး လူသားမျိုးနွယ်ကို နှစ်သန်းနဲ့ ချီပြီးမှ ပြန်စရတာမျိုး မဖြစ်ရလေအောင် လူသားမျိုးနွယ်ကို စောင့်ထိန်းဖို့ အစီစဉ်တခု လုပ်ရင်လုပ်နိုင်တယ်။ အဲဒီအစီစဉ်က လက်ရှိ ရှာဖွေတွေ့ရှိထားတဲ့ သိပ္ပံပညာတွေကို ထိန်းသိမ်းဖို့ သိပ္ပံပညာရှင် တချို့နဲ့ လူသားမျိုးနွယ်ကို ဆက်ထိန်းဖို့ တနိုင်ငံကို လူနည်းနည်းစီ အနည်းဆုံးတော့ တနိုင်ငံကို ဥာဏ်ရည်ထက်မြက်တဲ့ လူငယ်စုံတွဲ တတွဲစီခန့် လကမ္ဘာမှာ Stay ခဏသွားရှောင်ဖို့ ၀န်ဆောင်ပေးတာမျိုး ဒါမှမဟုတ် အဲဒီလို ဆင်တူရိုးမား အစီစဉ် တခုခု ကုလသမဂ္ဂအနေနဲ့ စီစဉ်နိုင်လိမ့်မယ်။ ဒီလောက်တိုးတက်နေတဲ့ ခေတ်မှာ အကုန်လုံးတော့ အသေခံမယ် မထင်ဘူး။ အထူးသဖြင့် ကျွန်မသာ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး ဒါမှမဟုတ် ကြီးငါးကြီးနိုင်ငံရဲ့ ခေါင်းဆောင် တဦးဖြစ်နေမယ်ဆိုရင် ဒါကို မဖြစ်မနေလုပ်ဖို့ အကြံပြုဖြစ်လိမ့်မယ်။ ကုလသမဂ္ဂက မဆောင်ရွက်ရင်တောင်မှ အနည်းဆုံးတော့ ပိုက်ဆံချမ်းသာတဲ့ သိပ္ပံပညာရှင် မိသားစုတွေတော့ ဒီလို တိမ်းရှောင်ပြီး အသက်ရှင် ကျန်ခဲ့နိုင်ပါတယ်။ အဲဒီတော့ အသက်ရှင် ကျန်နေခဲ့သူတွေအတွက် အင်တာနက်ကနေ ဖတ်လို့ရအောင် သေတမ်းစာတခု Message ထားခဲ့ချင်တယ်။ နောက်ထပ် ပြန်လည်တည်ဆောက်တဲ့ ကမ္ဘာမှာ လူသားမျိုးနွယ်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ချစ်ချစ်ခင်ခင်နဲ့ နေဖို့ ဗီတိုအာဏာမရှိတဲ့ တကယ်ကို ဒီမိုကရေစီ နည်းကျတဲ့ ကမ္ဘာကုလသမဂ္ဂကို ဖွဲ့ဖို့ သေတမ်းစာတခု ရေးခဲ့ချင်တယ်။

ဂ။တွေးမိတွေးရာ အတွေး
သာသနာနဲ့ နောက်ထပ် ထပ်ကြုံဖို့ဆိုတာ မသေချာတော့ဘူး ထပ်ကြုံဖို့နေနေသာသာ ကမ္ဘာပျက်သွားပြီးရင် အပေါ်က အချက်အလက်တွေအရ လူပြန်ဖြစ်ဖို့က သိပ်ကိုမလွယ်တော့ဘူး။ လူဖြစ်ဖို့ နေနေသာသာ သတ္တ၀ါ တခုခု ပြန်ပေါ်ပေါက်ဖို့တောင် နှစ်က သန်းနဲ့ချီကြာဦးမယ်။ နတ်ပြည်လို ကိလေသာ များလွန်းတဲ့ နေရာကိုလည်း မရောက်ချင်ဘူး။ ဘုရားစာအုပ်ထဲမှာတော့ ကမ္ဘာပျက်ခါနီး လူတွေဟာ မေတ္တာ၊ ဂရုဏာ ပွားများပြီး ဗြဟ္မာစိုရ်တရားတွေ ထားလွန်းလို့ ဗြဟ္မာပြည်ကို ရောက်တာများတယ်လို့ ဖတ်ဖူးတယ်။ ဗြဟ္မာပြည်ရောက်ရင်လည်း ရုပ်မရှိဘဲ နာမ်သက်သက်ရှိတဲ့ အရူပဘုံနဲ့ နာမ်မရှိပဲ ရုပ်သက်သက်ဘဲ ရှိတဲ့ ရှုပဘုံကိုသွားရောက်ရင်တော့ ဒုက္ခပဲ လို့တွေးနေမိမှာ ဖြစ်ပြီး လူပြန်မဖြစ်ခင်စပ်ကြား အဲဒီ ကြားကာလအချိန်မှာ ပျံသန်းနိုင်တဲ့ ဒိုင်နိုဆော ဖြစ်နေရင်လည်း အကောင်းသားလို့ တွေးနေမိလိမ့်မယ်။

၉။ ဂုဏ်ယူချင်တာက
ဂုဏ်ယူရလောက်တာ ဘာတခုမှ မလုပ်သွားရလို့ ဂုဏ်ယူစရာတော့ သိပ်မရှိလှဘူး။ ဒါပေမယ့် တခုတော့ရှိတယ် မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီး သန်းရွှေကလည်း အဲဒီအချိန်လောက်ဆို တရားတွေရပြီး သံဃာတွေကို ဓါတ်တိုင်မှာ ကြိုးချည်ရိုက်နှက်တာကအစ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာ သတ်ထားတာတွေအတွက် မှားကြောင်း တောင်းပန်ပြီး ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ပြည်သူလူထု တောင်းဆိုတာကိုလည်း အကုန်လုံး လိုက်လျောပြီး အဖသတ်တဲ့ အဇာတသတ် မသေခင်ကလို တရားဓမ္မနဲ့ နေလို့ ပြည်သူလူထုကလည်း သူ့တရား သူစီရင်လိမ့်မယ်ဆိုပြီး အာဃာတ မထားတော့ပဲ ကမ္ဘာပျက်ခါနီး အားလုံးမှာ တရားဓမ္မနဲ့ ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ မြန်မာပြည်ဟာ လုံးဝငြိမ်းချမ်းနေမှာ ဖြစ်ပြီး ကမ္ဘာမှာ စံပြအထားရဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေပါလိမ့်မယ်။ အဲလို အခြေအနေဆိုရင်တော့ ကမ္ဘာပျက်ခါနီး သေအံ့ဆဲဆဲမှာတောင်မှ မြန်မာနိုင်ငံမှာ အနှစ်နှစ်အလလက ပွားလာခဲ့တဲ့ ရန်မီးဟာ ကမ္ဘာပျက်မှပဲ ငြိမ်းတော့တာပဲလို့ ကမ္ဘာပျက်တာကိုတောင် ကျေးဇူးတင်ရမလို ဖြစ်ပြီး ဂုဏ်ယူမိမှာသေချာပါတယ်။

၁၀။ ရှာကြံဖြေသိမ့်မိတာက
သာသနာနဲ့ ကြုံတုန်းကြုံခိုက် ဗုဒ္ဓဘာသာ တယောက်ဖြစ်ခွင့် ရလိုက်တာကို ဂုဏ်ယူမိတယ်။

၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
နံပါတ် ၉ ကအတိုင်း ဖြစ်ရင် “ကမ္ဘာတည်သရွှေ့ မြန်မာပြည် ငြိမ်းချမ်းသွားပြီဟေ့” လို့ ကျူးရင့်မိမှာ သေချာပါတယ်။

အကိုအောင်သာငယ်ရေ Tag post ကိုဖတ်ပြီး ကိုယ့်ထက်ပိုပြီး စိတ်ကူးယဉ်တဲ့သူက ရှိသေးတယ်လို့ သ၀န်မတိုနေနဲ့နော့်။  Fact နဲ့ Imagination ကို ပေါင်းစပ်ပြီး ရေးရတော့ ပို့စ်က သာမန်ထက် နည်းနည်း ရှည်သွားတယ် ဆောရီးပါ။

တကယ်ကမ္ဘာပျက်သေးမှာ မဟုတ်ဘူးလို့ ယုံကြည်လို့ ဘယ်သူ့ကိုမှ ပြန်မ tag တော့ဘူး။

ရွင်လန်းချမ်းမြေ့ကြပါစေ။


“N” for Nge, “င” for ငယ်

အခုတလော Semester ကုန်ခါနီးဖြစ်လို့ Assignment တွေ သိပ်များပြီး အလုပ်တွေ ရှုပ်နေတဲ့အချိန်မှာ သွားနေကျ ဘလော့ဂ်တွေ ဘယ်ဘလော့ဂ်ကိုမှ မရောက်ဖြစ်ပဲ အားတဲ့အချိန်မှ ဘလော့ဂ်တွေ ပြန်လည်ပြီး စာကြွေးတွေ အတိုးချ ဖတ်မယ်လို့ စဉ်းစားနေတာ ကျွန်မကို ဘယ်သူ tag လို့ tag ထားမှန်း မသိလိုက်ဘူး။ tag ထားတဲ့ ညီမလေး မချစ်ရက C-Box မှာ လာအကြောင်းကြားလို့ သွားကြည့်တော့ ဦးနှောက်စားတဲ့ tag ဆိုတဲ့ ခေါင်းစဉ်နဲ့ tag ထားတဲ့ ပို့စ်ကို ရေးထားတာ ငါးရက်တောင် ရှိနေပြီ။ ကျွန်မက တနေ့က ကိုဆောင်းယွန်းလ tag ထားတဲ့ ညည်းဖြစ်တဲ့ သီချင်းများကို ရေးပြီး ပြန် tag ဖို့ အွန်လိုင်းပေါ်မှာပဲ သိတဲ့ မိတ်ဆွေတွေကို စဉ်းစားတော့ ဘလော့ဂ်သက်တမ်းကလည်း သုံးလပြည့်ရုံလေးပဲ ရှိသေးလို့ မောင်လေး မိုးသွေးငယ် တယောက်ကလွဲပြီး ကျွန်မနဲ့ tag ရ လောက်အောင် ရင်းနှီးတဲ့ အွန်လိုင်းပေါ်မှာပဲ သိတဲ့ ဘလော့ဂ်မိတ်ဆွေ မရှိသေးဘူးလို့ ထင်နေတာ အခုတော့ ကျွန်မကို tag တဲ့သူက အဲဒီပို့စ် မတိုင်ခင်ကတောင် ရှိနေတာ သိရလို့ ကျွန်မ ထင်တာ မှားသွားပြီဆိုတာ အခုမှ သိလိုက်ရတယ်။ အဲဒါကြောင့် သိသိချင်းပဲ ညီမလေး မချစ်ရကို အရင်ပို့စ်မှာ တင်ခဲ့တဲ့ ညည်းဖြစ်သော သီချင်းများကို ပြန် tag ရင်း ညီမလေးရဲ့ tag ကို ဖြေပေးလိုက်ပါတယ်။
မြန်မာလို “င” နဲ့ အင်္ဂလိပ်လို "N" နှစ်ခုစလုံး ပေါင်းပြီးတောင်မှ မေးခွန်းတွေကို ကုန်အောင် မဖြေနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ညံ့တယ်၊ လူမှုရေး ဗဟုသုတ သိပ်နည်းတယ် ဆိုတာကိုတော့ ကြိုပြီး ၀န်ခံပါတယ်နော့်။


1. What is your mame …Nge Naing ငယ်နိုင်

2. N as four letter word…Name

3.Boy’s Name… Naing Aung (သူငယ်ချင်း တယောက်ရဲ့ နာမည်)

4. Girl’s name….Ni Ni Win ( ဘလော့ဂါ ညီမလေးတယောက်ရဲ့ နာမည်)

5. Occupation…Nurse

6. Flower…ငုဝါပန်း

7. Something you’ll wear…made in Myanmar (ငွေရောင် ခေါင်းစည်းကြိုး)

8. Food….Noodle

9.Something found in the bathroom…Nivea shower gel

10. Country…Norway

11. Colour…ငွေရောင်

12.Exclamation …No way!

13. Movie title…N. C. l. S (မြူသျှရီရဲ့ အကြံပြုချက်အရ)

14.Something you drink…No added sugar juice (အိမ်မှာ ဆော်ဒါတွေ သကြားတွေ ပါတဲ့ အချိုရည် ဘယ်တော့မှ မသောက်ဘူး၊ အသီးမျိုးစုံ ရောထားတဲ့ ၁၀၀% သစ်သီးရည်တွေပဲ သောက်ပါတယ်)

15. A musical group… N. Dubz (မြူသျှရီရဲ့ အကြံပြုချက်အရ)

16. An animal… ငန်း

17. Street name… Nobel (ရပ်ကွက်ထဲက လမ်းတခုရဲ့ နာမည်ပါ)

18. A type of car Nissan

19..The title of sound… Never say good bye

20. The reason for being late…No train today (ရထားနဲ့ပဲ ခရီးသွားတယ် ရထားပြင်တဲ့ Weekend တွေမှာ အလုပ်သွားရင် အမြဲနောက်ကျတတ်တယ်)


ညီမလေး မချစ်ရရေ- ဖြေမတတ်တဲ့ မေးခွန်းနှစ်ခုကိုတော့ ကိုယ့်ဖါသာကိုယ်ပဲ ရှာလိုက်ပါတော့။ ခေါင်းစားမှာစိုးလို့ ဘယ်သူ့ကိုမှ မ tag တော့ပါဘူး။


ရွင်လန်းချမ်းမြေ့ပါစေ။


ကိုဆောင်းယွန်းလ တပ်ထားတဲ့ ညည်းဖြစ်သော သီချင်းများ


တောတွင်း ABSDF မှာတုန်းက တပ်ရင်း တရင်းတည်းအောက်မှာ အတူတူ တိုက်ပွဲဝင်လာခဲ့တဲ့ ကိုဆောင်းယွန်းလ က ကျွန်မကို စကားများများ ပြောတာတောင် တခါမှ မတွေ့ဖူးလို့ ဘာသီချင်းတွေများ ညည်းလဲဆိုတာ စိတ်ဝင်စားပုံရပါတယ်။ ညည်းဖြစ်သော သီချင်းများနဲ့ ပတ်သက်ပြီး ဘလော့ဂ် သက်တမ်း နှစ်လပြည့်ခါစတောင် တပ်ထားတာ အခုဆို တလခန့်တောင် ရှိနေပါပြီ။ ကျွန်မလည်း ကိုယ့်အသံကိုယ် သဘောပေါက်လို့ လူရှေ့သူရှေ့မှာ သီချင်း တခါမှ မညည်းဖူးပေယ့် တယောက်တည်း ရှိတဲ့အချိန်တွေမှာ ညည်းဖြစ်တဲ့ သီချင်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဘယ်သူရေးပြီး ဘယ်သူဆိုတယ်ဆိုတာ မသိတဲ့ အပြင် သီချင်းနာမည်တွေကိုလည်း မမှတ်မိတာက ပိုများပြီး တပုဒ်လုံး ပြည့်အောင်ရတာလည်း မရှိတဲ့သီချင်းတွေသာ ဖြစ်နေတယ်။ သီချင်းရေးသူနဲ့ ဆိုသူတွေ သိတဲ့အထိ စောင့်နေရင် ဘယ်တော့မှ ရေးဖြစ်မှာ မဟုတ်လို့ ရှာမနေတော့ပဲ ရသလောက်ကို တင်ပေးလိုက်ပါတယ်။


ကျွန်မက ဘ၀မှာ မိဘ၊ မောင်နှမ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ အိမ်မွေးတိရိစ္ဆာန် ခွေး၊ ကြောင်၊ ကျွဲ၊ နွားတို့လို သက်ရှိတွေတင်မက သက်မဲ့ရုပ်ဝတ္ထု ပစ္စည်းတွေဖြစ်တဲ့ နေရာဒေသ၊ သုံးစွဲခဲ့ဖူးတဲ့ ပစ္စည်းတွေကိုတောင်မှ ငြိတွယ်တဲ့ သံယောဇဉ် လုံးဝထားခွင့် မရတဲ့ဇာတာပါလာပုံ ရပါတယ်။ တစုံတယောက် (သို့) တခုခုကို နည်းနည်းလေး သံယောဇဉ် ဖြစ်မိတာနဲ့ ချက်ချင်းကို ကွေကွင်းဖို့ အကြောင်းက ဖန်လာပြီး အဲဒီ ကွေကွင်းရတဲ့ ဒုက္ခကို တသက်စာ ခံစားလို့ မဆုံး ဖြစ်ရပါတယ်။ ဒါကြောင့်မို့ မင်္ဂလာတရားနဲ့ ညီအောင် kiki ဘလော့ဂ်မှာ ရေးထားတဲ့ မချစ်မမုန်း အကောင်းဆုံး ဆိုတဲ့ သဘောတရားအတိုင်း လိုက်နာပြီး ဘယ်သူနဲ့မှ မရင်းနှီးအောင် ဘာကိုမှ မကပ်ငြိအောင် ကြိုးစား နေလာခဲ့ပါတယ်။ ဒါပေမဲ့ အရိယာ သူတော်စင်မှ မဟုတ်ပဲ ကြုံတွေ့ဖူးပြီး ကပ်ငြိဖူးတာမှန်မျှကို တွယ်တာမိလို့ ရင်နဲ့မဆံ့အောင် ခံစားရပါတယ်။ အဲဒီလို သံယောဇဉ် ဖြစ်ဖူးတဲ့ သက်ရှိသက်မဲ့တွေကို သတိရတိုင်း ၎င်းတို့နဲ့ ပတ်သက်တဲ့ သီချင်းလေးတွေကို ညည်းဖြစ်ပါတယ်။

ကျွန်မငယ်ငယ်က ဆရာဆရာမတွေက ကျွန်မဘ၀ကို နွေးထွေးမှု သိပ်ပေးခဲ့လို့ ၀လုံးကို လက်ထပ်ပြီး သင်ကြားပေးတဲ့ သူငယ်တန်းက ဆရာမကနေ ရှုပ်ထွေးလှတဲ့ Organic Chemistry formulae တွေကို ရှင်းအောင် ရှင်းပြတဲ့ ၁၀ တန်း သိပ္ပံခန်းက ဆရာမအထိကို အမြဲအမှတ်ရနေပါတယ်။ အဲဒီလို ဆရာဆရာမတွေနဲ့ ငယ်ငယ်က ပညာ စတင် သင်ကြားဖူးတဲ့ မူလတန်းကျောင်းက သူငယ်ချင်းတွေကို သတိရရင်

”မိမိ ကိုယ်ကို ကောင်းအောင် ကြိုးစားမည်၊ မိမိ အတန်းကို ကောင်းအောင် ကြိုးစားမည် မိမိ ကျောင်းကို ကောင်းအောင် ကြိုးစားမည်၊ မိမိ တိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်။ ဂတိလေးချက်ကို မူတည် ဖွဲ့စည်းခဲ့တဲ့ ကျောင်းကောင်စီ အသင်းလေးသင်းဖွဲ့ကာရယ် ကျန်စစ်သားနဲ့ ဘုရင့်နောင် အလောင်းဘုရားနဲ့ ဗန္ဓုလရဲ့အမည်” အဲဒါမဆလ ခေတ်က ကျောင်းသားတွေ ဆိုရတဲ့ ကျောင်းကောင်စီ သီချင်းပါ။ ခုခေတ် ကျောင်းသားတွေတော့ ဘာတွေဆိုရလဲမသိဘူး။

အိမ်က အဖေကို သတိရရင် ဆိုတာက အဖေအမြဲဆိုတတ်တဲ့ သီချင်း ဖြစ်တဲ့ ”တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်၊ ဗမာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့ ပြလိုက်မယ်၊ ဗမာ့ရဲ့ သတ္တိကို ဘယ်မှာ ယှဉ်နိုင်မယ် ဝေးစွာ ရှောင်ကြပါလို့ ငါတို့ ဟစ်ကြွေးတယ်။ တို့ဗိုလ်က ဓါးဆွဲလို့ ရှေ့ကတက်ပါတယ်။ သူတို့အလောင်းကောင် ကွယ်ကာပြုလို့ ငါတို့တိုက်ခိုက်တယ်“ တဲ့။ ဒါက ခေတ်အဆက်ဆက်က ရဲရဲတောက် စစ်သည်တော်တွေ ဆိုတဲ့သီချင်း ဖြစ်ဖို့များတယ်။

အမေကို သတိရရင်တော့ အမေအမြဲဆိုတတ်တဲ့ "သံသရာဘုံ မလွတ်ကင်းနိုင်ကြကုန် ဤကမ္ဘာမြေ၀သုန် မေတ္တာနယ်ထဲ သက်ဆင်းကာကြုံ လွဲရှောင်နိုင်မရကုန်…… ….... ....မေတ္တာဖြန်းမှ လန်းဆန်းမယ်သာယုံ" ဆိုတဲ့သီချင်း ရေးသူရော ဆိုသူပါ မမှတ်မိတော့ပါ။

ကျွန်မအကိုအကြီးဆုံးက ကျွန်မသုံးလေးနှစ်လောက်မှာ အိပ်ကနေ ထွက်သွားပါတယ်။ကျွန်မတို့ မိသားစုနဲ့ မခွဲခွာမီက ကျွန်မကို လက်ဆွဲ၊ ကျွန်မညီမလေးကို ပုခုံးမှာထမ်းပြီး အမြဲဆိုတတ်တဲ့ ”တယောက်မှတဆင့် ပိတောက်မ အချစ်ကို ပြောရရင် မောင်တော့ ရှက်လှပါပေတယ်၊ စစ်ပွဲတရာ နွှဲလိုက်ချင်ရဲ့ အချစ်တပွဲမှ မနွှဲချင်တော့ဘူးကွယ်” ဆိုတဲ့ တွံတေးသိန်းတန်ရဲ့ အချစ်တပွဲနဲ့ စစ်ပွဲတရာ သီချင်းကို အမြဲဆိုတတ်လို့ ကျွန်မအကိုကို သတိရတိုင်း ဒီသီချင်းကို မကြာခဏ ညည်းဖြစ်ပါတယ်။

ကျွန်မတို့ ငယ်ငယ်က ချီပိုးထိန်းကျောင်း ကျွေးမွေးပြုစုလာတဲ့ ကျွန်မအစ်မကြီးကို သတိရရင်တော့ ” ပြာရည်မှိုင်းကာမို့မို့... ညို့ညို့ညိုလွင်... ညင်းလေပြေ သွေးလို့ကာ ဖေးမကူချင်…” အစချီတဲ့ ၀င်းဦးရဲ့ တိမ်လွှာမို့မို့လွင် (ဦးဂင်ကြီးနဲ့ အကြိုက်ချင်းတူနေတယ်) သီချင်း အပါအ၀င် မာမာအေး၊ ချိုပြုံး၊ တင်တင်မြ၊ ကိုတင်လှိုင်၊ ကိုသန်းလှိုင် စန္ဒယားချစ်ဆွေ၊ စန္ဒရားလှထွဋ် တို့ ဆိုတဲ့ အစ်မတို့ခေတ်က ပေါ်တဲ့ အလွမ်းသီချင်း အတော်များများ ကျွန်မကြိုက်လည်းကြိုက်တယ် ညည်းလည်း ညည်းဖြစ်တယ်။

အဲဒီအလွမ်းသီချင်းတွေ အထဲက အကြိုက်ဆုံးတပုဒ်ကတော့ ကိုတင်လှိုင်ဆိုတဲ့ ရွက်ဝါကြွေလူး သီချင်းဖြစ်တယ်။ ” ရွက်ဝါကြွေလူး... နွေဦး.. ပုရွက်ဖူးဝေ၍ ဖူးငုံစီမြ ပွင့်သည့်လကို မျှော်တလေသည့် မေ့အဖြစ်များ... မျှော်ကာ မျှော်ကာလေတိုင်း... စိတ်ရိုင်းတွေ..ရင်မှာမစဲ သူ့ကိုပဲ သတိရခြင်းနဲ့ ရင်မှာ ကုဋေကဋာ ပြန်လည်တသ မေ့မရနိုင်ပြီ” တောတွင်းရောက်လာပြီး နောက်ပိုင်း ကျွန်မတို့ မင်္ဂလာဆောင်ပြီး နောက်နေ့မှာ အစ်မကို သတိရလို့ ဒီသီချင်းကို ညည်းလိုက်မိတယ်။ အဲဒါနဲ့ ပြဿနာက စပြီး စစ်လားဆေးလား အလုပ်ခံရတော့တာပဲ ”ရည်းစား မရှိဖူးဘူးဆိုတာ ဟုတ်ကော ဟုတ်ရဲ့လား၊ ဒီသီချင်းကို ဘာအတွက် ဆိုရတာလဲ” နဲ့ ပုလိပ်စစ်သလို အလုပ်ခံရတော့ ပြဿနာ မဖြစ်ချင်တာနဲ့ ”ကဲ ကဲ မကြိုက်ရင်လည်း မဆိုတော့ဘူး အဓိပ္ပါယ် မရှိတာတွေ လာမမေးပါနဲ့” လို့ ပြောပြီး နောက်တော့ အစ်မကို သတိရလည်း သူ့ရှေ့မှာ ဒီသီချင်းကို ဘယ်တော့မှ မညည်းဖြစ်တော့ဘူး။

တောတွင်းကာလ စစ်သင်တန်းတက်တဲ့အချိန်ကို သတိရရင်တော့ တော်လှန်ရေး သီချင်းများအားလုံးနဲ့ ”ကျောင်းသားတပ်မတော် သီချင်းနဲ့ အရေးကြီးပြီ (ထူးအိမ်သင်)” သီချင်းတွေကို အများဆုံး ညည်းဖြစ်တယ်။ (သီချင်းစာသားကို နောက်မှ ပြန်ဖြည့်ပေးမယ်)

တပ်ရင်းမှာ အခမ်းအနားတွေ လုပ်တဲ့အချိန်ကို သတိရရင်တော့ စန်းစန်းမြင့် သီဆိုခဲ့တဲ့ ဘ၀တက္ကသိုလ်ကို ညည်းဖြစ်တယ်။ ” ကျမတို့ လူငယ်ပီပီ.. ရေမြေတကွဲတပြား.... တသီးတခြား နေလာခဲ့ကြတယ်... ဒါပေမဲ့ ယနေ့အခါ… ဘ၀တက္ကသိုလ်မှာ ၀င်လာဆုံစည်းလို့ရယ်.... သွေးကပြောလာစဉ်အခါ.... အကိုညီငယ် မောင်ငယ်နှမတို့လို... ခင်ကြတယ် မင်ကြတယ်… ခင်ကြမင်ကြပါပေတယ်....။ တစည်းတည်း တလုံးတည်း… လက်တွဲ တိုင်ပင် တူယှဉ်ညှိနှိုင်းလို့… ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်... တဘက်တလမ်း တာဝန်ထမ်းလို့ရယ်... ဒီလမ်းကိုလျှောက် ဒီစခန်း ဒီလမ်းရောက်မှ... ဒီစမ်းကရေကို သောက်ရမည် … ရည်မှန်းချက် အနီရောင် တောက်ရမည်” ကို မကြာခဏ ညည်းဖြစ်ပါတယ်။

အမျိုးသားက တခါတလေ တခြားမြို့တွေကို ညအိပ်ညနေ သွားလည်တဲ့အခါ သူတောထဲမှာတုန်းက ကျွန်မကို ဆွဲဆောင်ခဲ့တဲ့ သီချင်းတွေ အများကြီးအနက် အကြိုက်ဆုံးသီချင်း နှစ်ပုဒ်ကတော့ ” အရှုံးမပေးနဲ့ မိငယ်ရေ… ရဲရင့်မှ ကျော်ဖြတ်သွား... အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ တကယ်ကိုယ်ကျိုး စွန့်နိုင်မှာ........” ဆိုတဲ့ ”ခွန်အားဖြည့်မိငယ်” သီချင်းနဲ့ ”အေးအတူ ပူအမျှတို့ဘ၀လေးမှာ... သာယာစိုပြေ ချမ်းမြေ့တလှည့်နဲ့... ပူပင်ဆူလောင် ပွက်ပွက်ညံခြင်းရယ် … သွားတလှည့်လာတလှည့်နဲ့... ခဏခဏ ကြုံမှာပဲလို့ …စိတ်မညစ်နဲ့လေ အားပေးရင်းနဲ့...” ဆိုတဲ့ ”အေးအတူပူအမျှ” သီချင်းကို ညည်းဖြစ်တယ်။ ကျွန်မ အမျိုးသားက ခင်မောင်တိုး သီချင်းကို ခင်မောင်တိုးနဲ့ တသံတည်း ဖြစ်အောင် ဆိုတတ်တယ်။


ကျွန်မ ညအိပ်ရာဝင်ခါနီးတိုင်း ဆိုဖြစ် ညည်းဖြစ်တဲ့ သီချင်းတွေကတော့ ကျွန်မသားက ကျွန်မကို Burmese Idlol ၀င်ပြိုင်ရင် ပထမရနိုင်တယ် လို့ချီးကျူးတဲ့ ကလေးကဗျာတွကို ဖျက်ဆိုတဲ့ သီချင်းပါ။ ”twinkle twinkle little star how I wonder what you are” သံစဉ်ကိုယူပြီး ”မေမေသားလေး လိမ္မာတယ်…. မေမေသားလေး အိပ်တော့မယ်” ဆိုတဲ့ နှစ်ခွန်းတည်းနဲ့ တေးကဗျာပုဒ်လုံး ပြီးအောင် အစားသွင်းပြီး ထည့်ဆိုတယ်။ This old man ကဗျာရဲ့ သံစဉ်ကိုတော့ ”မေမေသား…သားလိမ္မာ.. မေမေသား.. သားလိမ္မာကို မေမေချစ်.. မေမေသားလေး လိမ္မာတယ်… မေမေသားလေး အိပ်တော့မယ်…” ဆိုတာနဲ့ အစားသွင်းပြီး ယခုထိ နေ့တိုင်းဆိုဖြစ်တယ်။

ကိုဆောင်းယွန်းလ တပ်ပြီးမှ ညည်းဖြစ်တဲ့သီချင်းကတော့ ”ကိုကိုချစ်” သီချင်းပါ။ အကြောင်းရင်းကတော့ ကျွန်မတို့ တပ်ရင်းမှာ ကိုဆောင်းယွန်းလကို သိပ်ပြီး နှစ်သက်မြတ်နိုးခဲ့တဲ့ နီနီ (အမည်ရင်းမဟုတ်ပါ) ဆိုတဲ့ ကောင်မလေးတယောက် ရှိခဲ့ပါတယ်။ ကိုဆောင်းယွန်းလက အဲဒီအချိန်က အခုလို ကတုံးဆံပင်နဲ့ မဟုတ်ပဲ ဆံပင်ကို ရှည်ရှည်ထားပြီး ခပ်ပွပွ ညှပ်ထားတော့ နီနီကို သိပ်ပြီးမျက်စိကျစေတယ်။ ဒီတော့ နီနီက အဆောင်မှာ ရောက်ရင် ဒီသီချင်းကို ကိုကိုချစ်ရေလို့ မူရင်းအတိုင်း မဆိုပဲ ”ကိုကိုတူးရေ တို့ကတော့ ခေါ်မှာပဲလေ” နဲ့ အစချီပြီး အဆောင်မှာ အမြဲတမ်း လာလာဆိုတတ်လို့ မိန်းကလေးဟာ မိန်းကလေးလိုနေပါလို့ အမြဲဆုံးမရပါတယ်။ ကိုဆောင်းယွန်းလက ကျွန်မကို တပ်လိုက်တေ့ ပျော်တတ်တဲ့ နီနီကို သိပ်သတိရမိပြီး ဒီသီချင်းကို ညည်းဖြစ်တယ်။ (ဆောရီး ဒီပို့စ်ကို NM မတွေ့စေနဲ့နော့်၊ သတိပေးရက်နဲ့ တွေ့သွားလို့ ပြဿနာဖြစ်ရင်တော့ တာဝန်မယူဘူး)။
 





ပြီးခဲ့တဲ့ စနေနေ့က ကျွန်မတို့ ဆစ်ဒနီမြို့မှာ မြန်မာပြည်က အနုပညာရှင်တွေ နာဂစ်ဒေသ ရန်ပုံငွေအတွက် ပွဲလာကပြီးနောက်ပိုင်းမှာတော့ အခုရက်တွေထဲမှာ ညည်းဖြစ်တာက ၂၁ နှစ်ကျော်မှ ပထမဦးဆုံး ပြန်ကြည့်ရတဲ့ နှစ်ပါးသွားအကမှာ ဇာတ်မင်းသားတွေ သီဆိုကကြတဲ့ ရွှေမန်းတင်မောင်ရဲ့သီချင်း ”အောင်ပါစေ” သီချင်းပါပဲ။ ဒီသီချင်းကိုတော့ ကျွန်မ မညည်းပြတော့ပါဘူး ရွှေမန်းတင်မောင်ရဲ့မြေး တင်မောင်ဆန်းမင်းဝင်း ကိုယ်တိုင် သီဆို ကပြထားတဲ့ပုံကိုသာ ဆက်ကြည့်ပြီး နားထောင်ပေတော့။ ဒီလောက်ဆို ကိုဆောင်းယွန်းလ tag ထားတာနဲ့ ပတ်သက်ပြီး ကျေနပ်လိမ့်မယ် ထင်ပါတယ်။

ပို့စ်ကို စတင်တုန်းက ပြန်တပ်ဖို့ မေ့သွားလို့ အခုမှ ထပ်ဖြည့်ပြီး တပ်လိုက်ပါတယ်။ ဆက်ပြီးတပ်ချင်တဲ့ သူတွေကတော့ အများကြီးရှိပေမဲ့ ဘလော့ဂ်သက်တမ်း သုံးလပဲ ရှိသေးတယ်ဆိုတော့ ဘယ်လောက်ရင်းနှီးတဲ့သူကို တပ်ရတယ်ဆိုတဲ့ တပ်တာနဲ့ ပတ်သက်ပြီး သဘောသဘာဝကို သိပ်နားမလည်သေးတာရယ် ကျွန်မက လူတိုင်းကို ခင်ပေမယ့် အွန်လိုင်းပေါ်မှာပဲ သိတဲ့ဘလော့ဂါတွေအထဲမှာ ကျွန်မကို တပ်ရလောက်အောင် ခင်မင်ရင်းနှီးသူတွေ ဘယ်သူတွေ ရှိတယ်ဆိုတာ မသိတာရယ်ကြောင့် နဂိုကတည်းက အပြင်မှာ သိပြီးသားဖြစ်တဲ့ ဘလော့ဂါတွေကိုပဲ တပ်ဖို့ အရင်စဉ်းစားလိုက်မယ်။ ရဲဘော်ကြီး နော်မန် နဲ့ မောင်လေး စောကျော်ခွိ (ကရင်သီချင်း ဖြစ်ရင် ဗမာလိုပြန်ပေးရမယ်) ဘာသတင်းထူးလဲဆိုတာပဲ လိုက်ရှာပြီး တင်နေရတာကို ခဏလေး Relax လုပ်ပေးစေချင်လို့ တပ်ပါတယ်။ နောက်တယောက်က တောထဲမှာတုန်းကတော့ ရှေ့တန်းမှာပဲ တိုက်ပွဲတွေနဲ့ အချိန်ကုန်ပြီး အခုကျတော့ သတင်းတွေနဲ့ပဲ အချိန်ကုန်နေတဲ့ သူငယ်ချင်း လူလ ကို relax ဖြစ်စေချင်လို့ ရေးပေးစေချင်တယ်။ ပြီးတော့ လာမည့် ABSDF နှစ်ပတ်လည် အခမ်းအနားအတွက် အလုပ်များနေရှာလို့ ခဏတာ relax ဖြစ်စေချင်တဲ့ စေတနာနဲ့ တပ်ချင်တာက ကျွန်မတို့ ABSDF New South Wale Branch ဥက္ကဌ အဲ.. ဦးဆောင်ကော်မတီ စနစ်မဟုတ်တော့ဘူးဆိုတော့ အတွင်းရေးမှူးများ အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုအောင်နိုင်လေး နှင့် ဘလော့ဂ် ဆိုတာကို ကျွန်မ စတွေ့ဖူးတုန်းက အမြဲမပြတ် ဖတ်ခဲ့တဲ့ ဘလော့ဂ်တခု ဖြစ်ပြီး အခုချိန်မှာ ပို့စ်သိပ်မတင်တော့တဲ့ ဆရာယောဟန်အောင် ကို တပ်ချင်ပါတယ်။ ဆရာ အလုပ် များနေလို့ နားထားတယ်ဆိုတာ သိပေမယ့် ခဏ အချိန်ရရင် Relax လုပ်တဲ့အနေနဲ့ ရေးပေးစေချင်ပါတယ်။ အပြင်မှာသိတဲ့ ဘလော့ဂါတွေတော့ ကုန်သွားပြီ ချွင်းချက်အနေနဲ့ အပြင်မှာ လူချင်း တခါမှ မတွေ့ဖူး၊ မမြင်ဖူးပေမယ့် အွန်လိုင်းပေါ်မှာ တကယ်ကို မောင်နှမ အရင်းလို ရင်းနှီးနေပြီး ကျွန်မဘလော့ရဲ့ လိုအပ်ချက်တွေကို အမြဲတမ်း လာကူညီပေးနေတဲ့ မိုးသွေးငယ် ခေါ် မောင်လေး ကိုလတ်ကို တပ်လိုက်ပါတယ်။ နောက်ထပ်တယောက်က ကျွန်မဒီပို့စ်ကို ရေးတဲ့အချိန်မှာ ကျွန်မကို tag ထားပြီးသားဖြစ်တဲ့ ညီမလေး မချစ်ရ ကို ပြန်တပ်လိုက်ပါတယ်။ ဖြစ်အောင် ရေးပေးကြစေချင်ပါတယ်။


(သီချင်းစာသားတွေက မှတ်မိသလို ရေးထားတာသာ ဖြစ်လို့ အမှားပါရင် ခွင့်လွတ်ကြပါ၊ ပြီးတော့ မွေးရပ်မြေမှ အဝေးရောက်နေတဲ့ မြန်မာတွေအားလုံး မြန်မာ့ ယဉ်ကျေးမှု အနုပညာ စစ်စစ်ကို ခံစားချင်ရင် တင်ထားတဲ့ ဗွီးဒယိုကို ဖြစ်အောင်ကြည့်ပြီး သီချင်းကို နားထောင်ဖို့ မမေ့ပါနဲ့။ အဲဒီပွဲတော်နဲ့ ပတ်သက်တဲ့ပို့စ်ကိုနောက်ပိုင်း အချိန်ရင် တင်ဖို့ ရှိပါတယ်)

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။