မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label Genetics (မျိုးရိုးဗီဇ အကြောင်း). Show all posts
Showing posts with label Genetics (မျိုးရိုးဗီဇ အကြောင်း). Show all posts

ဗီဇနဲ့ အကျင့်စရိုက် ဘာကွာသလဲ

ညီမလေး ၀က်ဝံလေးက လူတယောက်ရဲ့ အကျင့်စရိုက်ဟာ ဗီဇနဲ့ ဆိုင်မဆိုင်၊ ဗီဇဆိုတာ ဘာလဲ၊ ဗီဇနဲ့ အကျင့် စရိုက်တူမတူ၊ ဗီဇကို ပြင်လို့ရမရ ဆိုတာနဲ့ပတ်သက်ပြီး အရင်တင်ခဲ့တဲ့ မျိုးရိုးဗီဇပိုပစ်တခုအောက်က မှတ်ချက်ထဲမှာ မေးထားပါတယ်။ တခြားစိတ်ဝင်စားသူတွေလည်း ဖတ်နိုင်စေရန် ပို့စ်တခု အနေနဲ့ တင်ပေးလိုက်ပါတယ်။ မျိုးရိုးဗီဇ ပို့စ်တွေက ဝေါဟာရတွေနဲ့ ရှုပ်ထွေးတော့ မလေ့လာဖူးသူတွေအနေနဲ့ ဖတ်ရ နားမရှင်းနိုင်တာကို ကျွန်မ သဘောပေါက်ပါတယ်။ အမှန်က တင်ထားတဲ့ ပို့စ်တွေ အားလုံးကို ဖတ်လို့ သေသေချာချာ နားလည်ရင် ဒီမေးခွန်းတွေရဲ့ အဖြေက ရှိထားပြီးသား ဖြစ်ပါတယ်။ အခု ဒီပို့စ်က အရင်တင်ထားတဲ့ မျိုးရိုးဗီဇ ပို့စ်တွေက အချက်အလက်တွေကို အရိုးရှင်းဆုံး ဝေါဟာရတွေနဲ့ ပြန်သုံးပြီး တခြား ဘာသာရေးဆိုင်ရာ ဥပမာတချို့နဲ့ ပေါင်းစပ်ကာ အတိုချုပ် ပြန်လုပ်ပေးထားတာသာ ဖြစ်ပါတယ်။ မရှင်းလင်းပါက ဇီဝသိပ္ပံခေါင်းစဉ်အောက်က မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ပို့စ်တွေကို ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

ဗုဒ္ဓဘာသာအရ သတ္တ၀ါတို့ရဲ့ ဖြစ်တည်မှုကို ကံ၊ စိတ်၊ဥတု၊ အာဟာရ တို့နဲ့ ပေါင်းစပ်ထားတယ်လို့ ဆိုထားသလို ဇီဝသိပ္ပံ အရ မျိုးရိုးဗီဇ (Genetic) မှာ သတ္တ၀ါတခုရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြစ်စေ၊ အပြုအမူ အကျင့်စရိုက် ဖြစ်စေ ဗီဇနှင့် ပတ်ဝန်းကျင် (Gene and Environmental factors) နှစ်ခုစလုံး က ပုံဖေါ်ထားပါတယ်လို့ ဆိုထားပါတယ်။ သိပ္ပံမှာကျတော့ လောကုတ္တရာနဲ့ ဆိုင်တဲ့ ကံဆိုတာမပါပေမဲ့ ဘုရားပြောထားတဲ့ စိတ်၊ ဥတုနဲ့ အာဟာရ သုံးခုက ဇီဝသိပ္ပံက ပြောထားတဲ့ Environmental Factors ခေါ် ပတ်ဝန်းကျင်ကို ကိုယ်စားပြုနေပါတယ်။ ကွဲပြားတာကတော့ ဘုရားပြောတဲ့ သတ္တ၀ါဆိုတာ အာရုံကြောအဖွဲ့အစည်း အပြည့်အစုံ ပါဝင်တဲ့ လူ၊ နတ်၊ ဗြဟ္မ၊ တိရိစ္ဆာန်နဲ့ တခြားသတ္တ၀ါတွေကိုပဲ ဆိုလိုပြီး ဇိဝသိပ္ပံက မျိုးရိုးဗီဇမှာ ညွန်းဆိုထားတဲ့ သက်ရှိဆိုတာကတော့ အာရုံကြောအဖွဲ့အစည်း အပြည့်အစုံ မပါဝင်တဲ့ Microorganisms တွေနဲ့ အပင်တွေပါ ပါဝင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် သက်ရှိတွေကို ဖွဲ့စည်းထားတာနဲ့ ပတ်သက်ပြီး အတိုချုပ်ကတော့ ဘုရားက ကံနဲ့ ပတ်ဝန်းကျင် ပေါင်းစပ်ထားတယ် လို့ပြောပြီး ဇီဝသိပ္ပံက ဗီဇနဲ့ ပတ်ဝန်းကျင် ပေါင်းစပ်ထားတယ်လို့ပဲ အဓိပ္ပါယ် ရပါတယ်။ ကံနဲ့ ပတ်သက်တာကိုတော့ ဗုဒ္ဓဘာသာဝင်တွေအတွက် ရှေးဘ၀၊ အခုဘ၀ အလုပ်တွေကို ဆိုလိုတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးဖြစ်ပါတယ်။

ဒီမေးခွန်းတွေကို ဖြေဖို့အတွက် ဗီဇဆိုတာ ဘာကိုဆိုလိုလဲလို့ နားလည်ဖို့လိုပါလိမ့်မယ်။ သူ့ဗီဇကိုက ဒီလိုရှိတာ ဘယ်လိုမှ ဖျောက်လို့ရမှာမဟုတ်ဘူး ဆိုတဲ့ စကားတွေကို ကြားဖူးကြပါလိမ့်မယ်။ ဗီဇဆိုတာဘာလဲ။ ဗီဇ ဆိုတာ အင်္ဂလိပ်လိုကတော့ Gene လို့ခေါ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အသေးငယ်ဆုံး အဖွဲ့အစည်းတခု ဖြစ်တဲ့ ဆဲလ် (cell) ထဲမှာ ပါဝင် ပေါင်းစပ်ဖွဲ့စည်းထားပြီး နောက်မျိုးဆက်ကို အမွေဆက်ခံစေတဲ့ အစိတ်အပိုင်းဖြစ်တယ်၊ ဆဲလ်တွေ တူရာ စုစည်းပြီး တစ်ရှူးဆိုတာဖြစ်လာတယ်၊ တူရာ တစ်ရှူးတွေစုပေါင်းပြီး အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်လာတယ် အင်္ဂါအစိတ်ပိုင်းတွေ စုစည်းပြီး စက်နဲ့တူတဲ့ အလုပ်လုပ်မှုစနစ် (System) ဖြစ်လာတယ်။ System လည်ပတ်မှုနဲ့ ဒီခန္ဓာကိုယ်ကြီး အသက်ရှင်နေတယ်ဆိုတာ အခြေခံသိပ္ပံသင်ဖူးသူတိုင်း သိပြီး ဖြစ်လိမ့်မယ်။

ဗီဇဆိုတာက ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ အသေးငယ်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ cell ရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိတဲ့ Nucleus ထဲက သေးငယ်တဲ့ DNA မော်လီကျူးကို ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းလေးတွေ ဖြစ်ပါတယ်။ သေးငယ်ဆုံး အစိတ်အပိုင်းထဲကမှ ထပ်ပြီးအသေးငယ်ဆုံး အစိတ်အပိုင်း ဖြစ်ပေမဲ့ သတ္တ၀ါတိုင်းရဲ့ မျိုးဆက်တခုနဲ့ တခုကြားမှာ ရုပ်သွင်လက္ခာတို့ အကျင့်စရိုက်တို့ကို ဒီ ဗီဇလို့ လို့ခေါ်တဲ့ အစိတ်အပိုင်းလေးတွေကပဲ သယ်ဆောင်ပေးပါတယ်။ ဆဲလ်တခုစီထဲမှာ လူတွေရဲ့ ရုပ်သွင်နဲ့ အကျင့်စရိုက်ကို ဖေါ်ညွန်းတဲ့ မရေတွက်နိုင်တဲ့ ဗီဇတွေ ရှိပါတယ်။ ဒီသေးငယ်တဲ့ ဗီဇတခု ဖြစ်လာဖို့အတွက် မိခင်နဲ့ ဖခင် နှစ်ယောက်စလုံးဆီက ဗီဇ၀က် တခုစီနဲ့ ဖွဲ့စည်းထားပါတယ်။ သို့သော်လည်း စရိုက် (သို့) ပုံပန်းသဏ္ဍန် လက္ခဏာပေါ်ရင်တော့ အားကောင်းတဲ့သူ တယောက်ရဲ့ လက္ခဏာပဲ ပေါ်တာများပါတယ်။ ဒါကြောင့် ဘယ်နေရာမှာတော့ အမေနဲ့ တူပြီး ဘယ်နေရာမှာတော့ အဖေနဲ့တူတယ် ဆိုတာပဲ တွေ့ရလိမ့်မယ်။ တခုတည်းမှာ အဖေရောအမေရော နှစ်ယေက်စလုံးနဲ့ တူတယ်ဆိုတာ မရှိလိုဘူး။ တခြား တယောက်ရဲ့ လက္ခဏာက မပေါ်ပေမဲ့ အဲဒီ ဗီဇ က သွေးထဲမှာတော့ ရှိနေတယ်။ ပြီးတော့ သူ့မိဘဆီမှာရှိပြီး သူ့ဆီမှာ မပေါ်တဲ့ လက္ခဏာက သူ့သားသမီးဆီမှာ သွားပေါ်နိုင်ပါတယ်။ ရုပ်သွင် (သို့) အကျင့်စရိုက် တခုခုမှာ အဖေတွေ အမေတွေ တယေက်နဲ့မှ မတူဘဲ အဖိုးအဖွားတွေနဲ့ သွားတူနေတဲ့သူတွေကို တွေ့ဖူးပါလိမ့်မယ်။ အဲဒါတွေဟာ ဗီဇကြောင့် ဖြစ်လာတာတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဗီဇဆိုတာ ရုပ်သွင်လက္ခာနဲ့ အကျင့်စရိုက်တွေကို ပုံဖေါ်တဲ့ သတ္တ၀ါတွေရဲ့ သွေးထဲမှာ ရှိနေပြီးသား မျိုးစေ့တွေဖြစ်လို့ လုံးဝဖျောက်ဖျက်လို့ မရပါဘူး။

သို့သော်လည်း ရုပ်သွင်လက္ခဏာနဲ့ အကျင့်စရိက်တိုင်းက ဗီဇကပဲ လာတာလားဆိုတော့ လုံးဝမဟုတ်ပါဘူး။ ဘုရားက ကံနဲ့ ပတ်ဝန်းကျင် ဇီဝသိပံ္ပက ဗီဇန ပတ်ဝန်းကျင်က ပုံဖေါ်တယ် ပြောထားပါတယ်။ မင်္ဂလာသုဒ်ထဲက ပထမပိုဒ်ဖြစ်တဲ့ လူမိုက်ကိုရှောင် သူတော်ကောင်းနဲ့ ပေါင်းဖက်ရမယ် ဆိုတဲ့ ဆုံးမစကားက ပတ်ဝန်းကျင် ကောင်းရင် လူကောင်းဖြစ်မယ်ဆိုတာ ဖေါ်ပြနေပါတယ်။ ပြီးတော့ ငယ်ငယ်က သင်ရတဲ့ ကျေးညီနောင်နှစ်ဦး ပုံပြင်မှာလည်း လေပြင်းမှုန်တိုင်းတိုက်ပြီး လွင့်သွားပြီးနောက်ပိုင်း လူဆိုးတွေဆီရောက်သွားတဲ့ ကျေးနဲ့ ရသေ့ရဟန်းတွေဆီရောက်သွားတဲ့ ကျေးညီနောင်နှစ်ဦးရဲ့ ကွာခြားပုံက မျိုးရိုးဗီဇ ဘာကြီးပဲ ဖြစ်နေပါစေ၊ ပတ်ဝန်းကျင်ရဲ့ ပြုပြင်ထိန်းကျောင်းမှုက ဘ၀တွေအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ဖေါ်ပြနေပါတယ်။ ဒါက သိပ္ပံနဲ့ မဆိုင်တဲ့ အထောက်အထားမှာ ပတ်ဝန်းကျင် ပါဝင်ပတ်သက်မှု ဖြစ်ပါတယ်။

ဇီဝသိပ္ပံမှာ မျိုးရိုးဗီဇ ရောဂါ (သို့) လက္ခဏာတွေကို လေ့လာထားတဲ့ အထောက်အထားတွေအရ ပေါ်နေတဲ့ လက္ခဏာတွေဟာ ဗီဇရော ပတ်ဝန်းကျင်ကြောင့်ပါ နှစ်ခုစလုံး ပေါင်းစပ်တာက ပိုများပြီး ပတ်ဝန်းကျင်ပရောဂ လုံးဝမပါဘဲ ဗီဇသက်သက်ကြောင့် ဖြစ်တာဆိုလို့ ၂၀% ပဲ ရှိပြီး မိဘမျိုးရိုးဗီဇမှာ လုံးဝမရှိဘဲ ဘ၀နေထိုင်မှု Environmental Factors (ဘုရားအဆိုရ စိတ်၊ ဥတု၊ အာဟာရ) ကြောင့် ဖြစ်တာ ၈၀% ရှိတယ်လို့ တွေ့ရှိရပါတယ်။ ပုံစံတူ အမွှာမောင်နှမတွေဟာ ဗီဇထဲမှာ ပါတဲ့အချက်အလက်တွ အကုန်လုံးတူပေမဲ့ အသွင်လက္ခာ အကျင့်စရိုက်တွေ မတူတာတွေ့ရလိမ့်မယ် ဒါဟာပတ်ဝန်ကျင်အပေါ် တုံ့ပြန်မှုမတူလို့ ဖြစ်ပါတယ်။ ဒီအထောက်အထားတွေအရ လူတယောက်ရဲ့ အကျင့်စရိုက်တွေကို ပတ်ဝန်းကျင်နဲ့ ဘ၀နေထိုင်မှု ပုံစံက မျိုးရိုးဗီဇထက် ပိုပြီး ပုံဖေါ်ထားတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ ဗီဇနဲ့ အကျင့်စရိုက် တူမတူ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဗီဇဆိုတာ သွေးထဲမှာ အမှန်တကယ်ရှိနေတဲ့ မိဘမျိုးရိုးကပါလာတဲ့ နဂိုရှိနေတဲ့အရာ၊ အကျင့်စရိုက်ဆိုတာ သွေးထဲမှာ ရှိရင်လည်းရှိမယ် မရှိရင်လည်းမရှိဘူး အပြင်မှာ တွေ့ရတဲ့အမူအကျင့် လက္ခဏာဆိုတာ ဒီလောက်ဆို ၀က်ဝံလေး သဘောပေါက်လောက်မယ် ထင်တယ်။

ဘယ်လောက်ပဲ ပြုပြင်လေ့ကျင့်ပါစေ သွေးထဲမှာ ဗီဇ မရှိရင် လိုက်လုပ်လို့ မဖြစ်နိုင်တဲ့ အမူအကျင့်တွေလည်း ရှိပါတယ်။ ဥပမာ တချို့လူတွေ တခြားမျက်လုံးတဖက်ကို ပုံမှန်အတိုင်းထားပြီး မျက်နှာဖွဲ့စည်းပုံ လုံးဝမပျက်ပဲ မျက်လုံးတလုံးကို မှိတ်လို့ရတယ်။ တချို့လူတွေ နားရွက်ကို လှုပ်ပြလို့ရတယ်၊ လျှာကို အပေါ်လိပ်တင်လိုက် အောက်ကိုခေါက်ချလိုက် မုန့်ကြိုးလိမ်လို လိမ့်လိုက် လုပ်ရတာ ရှိပါတယ်။ ဒီလို အမူအကျင့်တွေက သွေးထဲက ဗီဇမှာကို ရှိနေလို့သာ လုပ်လို့ရပါတယ်။ သွေးထဲမှာ ဗီဇမရှိရင် လုံးဝ လုပ်လို့မရနိုင်ပါဘူး။ ကျွန်မက ကျောင်းက ဇီဝဗေဒဘာသာရပ်မှာ မျိုးရိုးဗီဇအကြာင်းကို သင်ရတုန်းက ဒါတွေကို သိရတဲ့အချိန်မှာ အိမ်ရောက်တော့ သားမှာ ရှိတဲ့ လက္ခဏာတွေကို လာကြည့်တော့ သားက ကျွန်မ လုံးဝ လုပ်လို့မရဘဲ သူ့အဖေလုပ်လို့ရတဲ့ လျှာလိမ့်တာကို လုပ်လို့ရနေသလို သူ့အဖေ လုံးဝလုပ်လို့မရဘဲ ကျွန်မလုပ်လို့ရတဲ့ မျက်စိတဖက်တည်းကို မျက်နှာအမူအယာ မပျက်စေဘဲ မှိတ်တာကိုလုပ်လို့ ရနေတယ်။ ဒါပေမဲ့ သူ့အဖေရော ကျွန်မပါ လုပ်လို့မရတဲ့ နားရွက်ကို အပေါ်အအောက် အရှေ့အနာက် လှုပ်ပြတာ ကိုလည်း လုပ်လို့ရနေတယ်။ အဲဒါကတော့ ကျွန်မဘက်က မိဘ (သို့) သူ့အဖေဘက်က မိဘ နှစ်ဦးထဲက တဦးဦး ဆီက အမွေရတာ ဖြစ်နိုင်ပါတယ်။ ဒါကတော့ မေးထားတဲ့ မေးခွန်းနဲ့တော့ မဆိုင်ပေမဲ့ ဗီဇနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းလို့ ပြောပြတာဖြစ်တယ်။

ဗီဇကို ဖျောက်၍ရမရ ဆိုတဲ့မေးခွန်းကျတော့ ဖျောက်လို့တော့ မရနိုင်ဘူး မကောင်းတဲ့ အကျင့်စရိုက်ဖြစ်ရင် ပတ်ဝန်းကျင်ရဲ့ ပြုပြင်မွမ်းမံထိန်းကျောင်းမှုနဲ့ မဖြစ်အောင်တော့ လမ်းကြောင်းလွဲကာ ထိန်းသိမ်းလို့တော့ ရနိုင်ပါတယ်။ အရက်ကြိုက်သူရဲ့ Gene, ဆန့်ကျင်ဘက်လိင်ကို ပုံမှန်ထက် ပိုစိတ်ဝင်စားသူရဲ့ Gene ထဲမှာ အဲဒီစိတ်တွေကို စေ့ဆော်ပေးတဲ့ ဟော်မုန်းအားက တခြားသူတွေထက် ပိုများနေလို့ ဖြစ်ပါတယ်။ ခိုးတတ်၊ အကြမ်းဖက်တတ်သူတွေမှာလည်း ဒီအတိုင်းပါပဲ။ ဥပမာ ခိုးတတ်တဲ့ ၊ အကြမ်းဖက်တတ်တဲ့ အကျင့်ရှိသူကို ခိုးစရာ အကြမ်းဖက်စရာ မလိုတဲ့ ခိုးဖို့ အကြမ်းဖက်ဖို့ အခွင့်အလမ်းမပေးတဲ့ အခြေအနေနဲ့ ပတ်ဝန်းကျင်မှာ ထားရင် ခိုးစရာ အကြမ်းဖက်စရာ ဖန်လာဖို့ မရှိဘူး။ ထိုနည်းအတူ အရက်သေစာ၊ မူးယစ်ဆေးဝါး သုံးစွဲသူ ဆန့်ကျင်ဘက် လိင်ကိုသာမန်ထက် စိတ်ဝင်စားမှုပိုများလို့ ရည်းစားများသူတွေ၊ မိန်းမ ယောက်ျား လိုက်စားသူတွေကိုလည်း ဒီအတိုင်းပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။ မျိုးရိုးဗီဇမှာ မရှိဘဲ ပတ်ဝန်းကျင်နဲ့ အခြေအနေ အချိန်အခါက စေ့ဆော်လို့ အခြေအနေ ဖန်လာရင် ကျူးလွန်ဖြစ်သွားတတ်တာကလည်း ဗီဇကြောင့် ဖြစ်တာထက် ပိုများတာ ရှိသလို ဗီဇကြောင့် ဖြစ်တာကိုလည်း ရာခိုင်နှုန်းအတော်များများကို အခြေအနေ အချိန်အခါမဖန်အောင် လမ်းလွဲပြီး ပြုပြင်ထိန်းကျောင်းလို့ ရနိုင်ပါတယ်။ သွေးထဲမှာ ရှီနေတဲ့ ဗီဇကိုတော့ ထုတ်ပစ်လို့ လုံးဝမရပါဘူး။ ဒီလောက်ဆိုရင်တော့ ညီမလေး ၀က်ဝံလေးအနေနဲ့ အတော်လေး သဘောပေါက်လောက်ပြီ ထင်ပါတယ်။

သက်ဆိုင်သည့်ပို့စ်များ
မျိုးရိုးဗီဇ အမွေဆက်ခံခြင်း မိတ်ဆက် ဤနေရာမှာ
မျိုးရိုးဗီဇ ရောဂါများနှင့် အမွေဆက်ခံပုံ (၁) ဤနေရာမှာ
မျိုးရိုးဗီဇ ရောဂါများ (၂) ဤနေရာမှာ
မျိုးရိုးဗီဇ ရောဂါများ (၃) ဤနေရာမှာ




မျိုးရိုးဗီဇ ရောဂါများ (၃)

Complex Genetic Disorders

မျိုးရိုးဗီဇကြောင့် ဖြစ်ရသော ရောဂါ အုပ်စု သုံးခုအနက် Complex Disorders သည် အခြား နှစ်ခုထက် ပိုမို ရှုပ်ထွေးပြီး အဖြစ် အများဆုံး ဖြစ်သော်လည်း ၈၀%ကျော်ကို လုံးဝ ကာကွယ်၍ ရနိုင်သော ရောဂါများသာ ဖြစ်သည်ကို တွေ့ရပါသည်။ Multi-factorial Disorders (သို့) Complex Disorders ဟု ခေါ်ပြီး ထိုရာဂါများကို သုတေသနပြုချက်အရ မိသားစုဝင်များနှင့် ဆွေမျိုး များတွင် ဖြစ်လေ့ရှိသည့် အပေါ် မူတည်ပြီး မျိုးရိုး ဗီဇနှင့် ဆိုင်သည်ဟု သတ်မှတ်ထားသော်လည်း ထိုရောဂါ အများစုသည် Environmental Factors ဟုခေါ်သော ပတ်ဝန်းကျင် ဘ၀ လူနေမှု ပုံစံနှင့် များစွာ သက်ဆိုင်နေပြီး အနေအထိုင်၊ အစား အသောက် မဆင်ခြင်ပါက မိဘ မျိုးရိုးတွင် ထိုရောဂါများ မရှိသူများ အပါအ၀င် မည်သူမဆို ရရှိနိုင်သည့် ရောဂါများ ဖြစ်ပါသည်။ သို့သော် မိမိမျိုးရိုးတွင် ထိုရောဂါများ ရှိသည့်တိုင် အနေအထိုင်၊ အစားအသောက် ဆင်ခြင်နိုင်ပါက ကာကွယ်နိုင်သည့် ရောဂါများလည်း ဖြစ်ပါသည်။ ဤပို့စ်တွင် ဥပမာ အဖြစ် ဖေါ်ပြထားသည့် ရောဂါများထဲမှ အားလုံး နီးပါးကို Public Health in Myanmar ရှိ Non-Communicable Diseases, Heart Disease နှင့် Cancer ခေါင်းစဉ်များ အောက်တွင် ရှာဖွေ ဖတ်ရှုနိုင်သောကြောင့် ဤပို့စ်တွင် ထိုရောဂါများ အကြောင်းကို အသေးစိတ် ဖေါ်ပြမည် မဟုတ်ဘဲ ကာကွယ်၍ ရနိုင်သည်များကို ကာကွယ်နိုင်စေရန် မျိုးရိုး လိုက်သည့် ပုံစံနှင့် သဘော သဘာဝကိုသာ အသားပေး တင်ပြ သွားမည် ဖြစ်ပါသည်။

အဖြစ်များသော Complex Genetic Disorders ရောဂါ ဥပမာ တချို့ကို ခန္ဓာကိုယ် အလုပ်လုပ်မှု စနစ်အလိုက် အောက်ပါ အတိုင်း တွေ့ရှိနိုင်ပါသည်။

အစာခြေ အင်္ဂါ အဖွဲ့အစည်း

(၁) အူမကြီးကင်ဆာ (Colo-Rectal Cancer) - အဆီများသော အစားအစာများနှင့် အမျှင်နည်းသော အစားအစာများကို စားသုံးသောကြောင့် အဓိက ဖြစ်ရသည်။
(၂) နံပါတ် (၂) အမျိုးအစား ဆီးချိုရောဂါ ( Type (2) Diabetic Mellitus) - အ၀လွန်ခြင်းနှင့် အချိုဓါတ် လွန်ကဲစွာ စားသုံးသောကြောင့် ဖြစ်ရသည်။
(၃) နံပါတ် (၁) အမျိုးအစား ဆီးချိုရောဂါ ( Type (1) Diabetes Mellitus) - ခုခံမှုအား တုံ့ပြန်မှုကို ဗိုင်းရပ်စ် နှောင့်ယှက် ခံရသောကြောင့် ဖြစ်ရသည်။ (ဆီးချိုရောဂါ နှစ်ခုစလုံး အကြောင်းကို ကျန်းမာရေး/ဇီဝသိပ္ပံအောက်မှာ ဖတ်ပါ)
(၄) အ၀လွန်ခြင်း ရောဂါ (Obesity) - Body Mass Index (BMI) ၃၀ကျော် သူများကို ဆိုလိုပြီး ထမင်း အပါအ၀င် ကာဗိုဟိုက်ဒရိတ် အစားအစာများနှင့် အဆီ ပါသော အစားအစာများကို လိုသည်ထက် ပို၍ လွန်ကဲစွာ စားသုံးသောကြောင့် ဖြစ်ရသည်။ (အာဟာရ အကြောင်းကိုလည်း ကျန်းမာရေး/ဇီဝသိပ္ပံ အောက်မှာ ဖတ်နိုင်ပါတယ်။)

နှလုံးသွေးလှည့်ပတ် အင်္ဂါအဖွဲ့အစည်း

(၁) နှလုံးရောဂါ (Coronary Heart Disease)
(၂) သွေးတိုးရောဂါ (Hypertension)
(၃) လေဖြတ်ခြင်း (Stroke) စသည်တို့ ဖြစ်နိုင်ပြီး ၎င်းတို့ အားလုံးသည် အဆီစား များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ဆေးလိပ် သောက်ခြင်း၊ ကော်လက်စထရောလ်ဓါတ်များခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ဖြစ်ရသည်။

အာရုံကြောနှင့် ကြွက်သားအဖွဲ့အစည်း

(၁) အယ်လ်ဇီးမာ ရောဂါ (Alzheimer Disease) - အင်ဇိုင်း ချို့တဲ့မှုများနှင့် ဓါတုဗေဒ ဆိုင်ရာ ဓါတ်ပေါင်းများ မမျှတခြင်းကြောင့် ဟု ဆေးသုတေသီများ ခန့်မှန်းသည်။
(၂) စိတ်ရောဂါများ (Psychiatric Disorders) - အာရုံကြော၌ ဓါတုဗေဒ ဓါတ်ပေါင်း မညီမျှခြင်းကြောင့် ဖြစ်ရသည်ဟု ပညာရှင်များ ခန့်မှန်းသည်။
(၃) အရက်စွဲရောဂါ (Alcoholism) - လူမှုပတ်ဝန်းကျင်နှင့် ဘ၀နေထိုင်မှု ပုံစံ မှားယွင်းသောကြောင့် ဖြစ်ရသည်။

အမျိုးသမီး ရင်သား ကင်ဆာနှင့် သားအိမ် ကင်ဆာများသည် မျိုးရိုး လိုက်သည့် ရောဂါများတွင် ပါဝင်ပြီး ဖြစ်ရသည့် အကြောင်းရင်း အတိအကျ မသိရသော်လည်း အဆီစားများသူနှင့် အရက်သောက်သည့် အမျိုးသမီးများတွင် အများဆုံး ဖြစ်သည်ဟု လေ့လာ သိရှိ ရပါသည်။

အထက် ဖေါ်ပြပါ ဥပမာ ပေးထားသည့် ရောဂါများသည် မျိုးရိုးလိုက် ရောဂါများဟု အမည် ပေးထား သော်လည်း Type(1) ဆီးချို ရောဂါမှအပ အခြား ရောဂါများ အားလုံးတွင် ဖြစ်ရသည့် အကြောင်းရင်း အတိအကျ ရှိပြီး အနေအထိုင်၊ အစား အသောက် ဆင်ခြင်ပြီး ကာကွယ်၍ ရနိုင်ပါသည်။ သို့သော်လည်း မျိုးရိုး ရှိသူနှင့် မျိုးရိုး မရှိသူ နှစ်ဦး နေထိုင် စားသောက်မှု မဆင်ခြင်ပုံချင်း တူညီပါက မျိုးရိုး ရှိသူများတွင် ပိုအဖြစ် များသည်။ ဥပမာအားဖြင့် အ၀လွန်သူများ အားလုံးတွင် နံပါတ် (၂) အမျိုးအစား ဆီးချို ရောဂါ မရှိနိုင်သော်လည်း မျိုးရိုးတွင် ဆီးချို ရောဂါရှိသူ အ၀လွန်ပါက မျိုးရိုးတွင် ရောဂါ မရှိသူ အ၀လွန်သူထက် ရောဂါ ရရန် ပို သေချာပါသည်။ ထို့ကြောင့် မျိုးရိုး ဗီဇကြောင့် ဖြစ်နိုင်သည့် အခန်းကဏ္ဍကိုလည်း လုံးဝ ပစ်ပယ်၍ မရပဲ မျိုးရိုး တစ်ခုတည်းကြောင့် (သို့) ပတ်ဝန်းကျင် ဘ၀ နေထိုင်မှု ပုံစံ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ၎င်းတို့ နှစ်ခု စလုံး ပေါင်းစပ်မှုကြောင့် ထိုရောဂါများကို အများဆုံး ဖြစ်စေသည်ဟု သတ်မှတ်နိုင်ပါသည်။

မိသားစုဝင်များသည် ဗီဇနှင့် ပတ်ဝန်းကျင် (အစားအသောက်၊ လူနေမှုပုံစံ) နှစ်ခု စလုံးတွင် ထပ်တူနီးပါး တူညီပြီး ထိုအလေ့အထ အတိုင်း ကြီးပြင်းသည် အထိ ဆက်လက်၍ နေထိုင် စားသောက်သောကြောင့် ရောဂါရှိသော မိသားစုမှ ဆင်းသက်လာသော မွေးချင်း မောင်နှမများတွင် ရောဂါ ရရှိရန် အခွင့်အလမ်း များသည်မှာ သဘာဝပင် ဖြစ်သည်။ မွေးချင်းများ အားလုံးသည် အမွေ ဆက်ခံမှု သဘော သဘာဝ အရ တစ်ယောက်နှင့် တစ်ယောက် ဗီဇ ၅၀% ထပ်ထူ ကျပြီးသား ဖြစ်သည်။ Genetic အရ ရောဂါ အမွေ ဆက်ခံမှုသည် ရုပ်သွင် လက္ခဏာ အမွေ ဆက်ခံမှုနှင့် အတူတူ ဖြစ်သောကြောင့် အမြွှာ မောင်နှမများကို လေ့လာခြင်း ဖြင့်လည်း ရောဂါ တစ်ခုတွင် ဗီဇနှင့် ပတ်ဝန်းကျင် နှစ်ခု စလုံး အရေး ပါသည်ကို ပိုမို ရှင်းလင်းစွာ နားလည်နိုင်ပါသည်။

အမြွှာ မောင်နှမများတွင် Monozygotic (မျိုးဥ တစ်လုံးတည်း မှ မွေးလာသူများ)နှင့် Dizygotic (မျိုးဥ နှစ်လုံးနှင့် Sperm တစ်ကောင်စီဖြင့် မျိုးစပ်ပြီး မွေးလာသူများ) ဟူ၍ နှစ်မျိုး ရှိပြီး Monozygotic များသည် ဗီဇ အရ ရာနှုန်းပြည့် ထပ်တူကျသောကြောင့် ၎င်းတို့သည် ရုပ်သွင်၌ ပုံတူ (Concordant trait) ဖြစ်ပြီး ကွဲပြားစရာ ဆိုသည်မှာ ပတ်ဝန်းကျင်ကြောင့်သာ ရှိပါသည်။ Dizygotic များမှာမူ အတူတူ မွေးလာသော်လည်း မျိုးဥတစ်လုံးစီ၊ Sperm တစ်ခုစီမှ မွေးလာသောကြောင့် ၎င်းတို့သည် ရုပ်သွင်၌ ပုံတူ (Discordant trait) မဟုတ်ဘဲ ဗီဇအရ အခြား မွေးချင်းများကဲ့သို့ ၅၀%သာ တူပါသည်။ အကယ်၍ ဥတစ်လုံးတည်းနှင့် မွေးလာသည့် (Monozygotic) အမြွှာများ မျိုးရိုး ဗီဇကြောင့်သာ ရောဂါ ရရှိမည် ဆိုပါက နှစ်ဦး စလုံးတွင် တူတူ ရရှိ ရမည် ဖြစ်သည်။ သို့သော် လက်တွေ့တွင် အမြွှာ မောင်နှမထဲမှ တစ်ယောက်ယောက်တွင် ဆီးချို၊ နှလုံး၊ သွေးတိုး ရှိတိုင်း ကျန်တစ်ယောက်တွင် လိုက်ဖြစ်သည်ကို တွေ့ခဲပါသည်။ ဤသည်မှာ ထိုရောဂါများတွင် Gene က အဓိက မကျခြင်းကို ဖေါ်ပြနေခြင်းပင် ဖြစ်သည်။

သို့ရာတွင် အခြား တစ်ဖက်တွင်မူ မွေးစား သားသမီးများကို လေ့လာသည့် သုတေသန ပြုမှု တစ်ခုတွင် အထက်ပါ ပုံစံ အတိုင်း မဟုတ်ဘဲ Geneက အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရပါသည်။ မွေးပြီးကတည်းက ၎င်းတို့၏ မူရင်း မိဘများ (Biological parents) ဆွေမျိုး များနှင့် လုံးဝ မတူညီသည့် လူနေမှု ဘ၀ပုံစံနှင့် ပတ်ဝန်းကျင်တွင် ကြီးပြင်းသော မွေးစား ကလေးများကို လေ့လာသောအခါ ထို ကလေး တချို့တွင် ၎င်းတို့၏ မူရင်း မိဘ ဆွေမျိုးများ၏ မျိုးရိုးတွင် ဖြစ်လေ့ ရှိသည့် ရောဂါများ အထူးသဖြင့် စိတ်ကြွရောဂါ အပါအ၀င် အခြား စိတ်ပိုင်းဆိုင်ရာ ထိခိုက်သည့် ရောဂါများသည်ကို တွေ့ရှိ ရပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ပတ်ဝန်းကျင် ဘ၀ နေထိုင်မှု မပါပဲ ဗီဇ တစ်ခုတည်းကြောင့်လည်း ရောဂါ ဖြစ်နိုင်သည်ကို လေ့လာ သိရှိ ရပါသည်။ ထို့ကြောင့် Complex Genetic Disorders တွင် မျိုးရိုး ဆက်ခံသည့် ပုံစံသည် ပိုမို ရှုပ်ထွေးပြီး အတိအကျ ပြော၍ မရနိုင်ပါ။ ခန့်မှန်း၍ ရနိုင်သည့် အချက်များ တွင် မိဘများနှင့် ဘိုးဘွားများ၏ မွေးချင်းများတွင် ထိုရောဂါများ ရရှိသူ အရေအတွက် မည်မျှရှိပြီး ရောဂါ ပြင်းထန်မှု အတိမ်အနက် (Intensity) မည်မျှ ရှိသည်ကို ကြည့်ပြီး မိမိနှင့် မိမိ သားသမီးများ၏ မျိုးရိုး အရ ရောဂါ ဖြစ်နိုင်ခြေ (Risk Factors) ကို ခန့်မှန်း နိုင်ပါသည်။ ကျန်သည့် ဖြစ်နိုင်ခြေ ရှိသည့် အပိုင်းက မိမိ၏ ဘ၀ လူနေမှုပုံစံနှင့်သာ အများဆုံး သက်ဆိုင်နေပါသည်။

မည်သို့ပင် ဖြစ်စေ ထိုရောဂါများ၏ ဖြစ်နိုင်ခြေ ရှိသည့် အချက်များ (Risk Factors) များကို လေ့လာသောအခါ ရာခိုင်နှုန်း အနေနှင့် မျိုးရိုး ဗီဇသည် အစိတ်အပိုင်း တစ်ခု အဖြစ်သာ ပါဝင် နေသည်ကို တွေ့ရပြီး အဓိက အကြောင်းရင်း မဟုတ်သည်ကို တွေ့ရပါသည်။ မျိုးရိုး မရှိသူများတွင်လည်း အနေအထိုင်၊ အစားအသောက် မဆင်ခြင်သောကြောင့် ထိုရောဂါများ ဖြစ်နေသူ များစွာရှိပြီး ဘ၀ နေထိုင်မှု ပုံစံ မှန်ကန်သောကြောင့် ရောဂါ မရသူများလဲ ရှိသည့်အတွက် ဖြစ်ရခြင်း အကြောင်းရင်း နှစ်ခုတွင် ပတ်ဝန်းကျင်၊ ဘ၀ နေထိုင်မှုပုံစံသည် ပို၍ အဓိကကျသည်ကို တွေ့ရမည် ဖြစ်သည်။ အဓိကအားဖြင့် ယနေ့ ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး စာရင်းဝင် နေသော နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာ ရောဂါ အတော် များများကို ကျန်းမာစွာ နေထိုင် စားသောက်ခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်း၊ စိတ်ဖိစီးမှု ကို ပြေပျောက် စေသည့် တရားမှတ်ခြင်း အပါအ၀င် နည်းလမ်းများစွာဖြင့် ကာကွယ်၍ ရနိုင်သည့်ရောဂါများသာ ဖြစ်သည်။ ဆီးချို ရောဂါ တစ်ခုတည်းမှာပင် ကာကွယ်၍ ရနိုင်သော Type (2) ဆီးချိုသည် ၈၅% ရှိပြီး သုတေသီများက ကာကွယ်ရန် နည်းလမ်း ရှာမတွေ့ သော Type (1) ဆီးချို ရောဂါမှာ ၁၅%သာ ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် အခြား ရောဂါများတွင်လဲ ကာကွယ်သင့်သည့်ကို မကာကွယ်သဖြင့် ရောဂါ ဝေဒနာ ခံစားနေရခြင်းမှာ ငြင်း၍ ရနိုင်မည် မဟုတ်ပါ။

အချုပ်အားဖြင့် မျိုးရိုးဗီဇ ရောဂါများတွင် ဗီဇ အမွေ ဆက်ခံသည့် ပုံစံကို တွက်ချက် ခန့်မှန်း၍ ရနိုင်သော ဗီဇ တစ်ခုခုတွင် ပုံမှန် မဟုတ်သည့် (Single Gene disorders) ရောဂါများနှင့် ခရိုမိုဇုမ်း ပုံမှန် မဟုတ်သည့် အထဲမှ တချို့မှ လွဲ၍ ကမ္ဘာပေါ်တွင် လက်ရှိ အဖြစ်များ နေသော မျိုးရိုးဗီဇ ရောဂါများ အားလုံးသည် ဗီဇ တစ်ခုတည်းတွင် အခြေခံခြင်း မဟုတ်ဘဲ ပတ်ဝန်းကျင် အခြေအနေများလည်း ပေါင်းစပ် ပါဝင်နေသောကြောင့် အနည်းနှင့် အများ ကာကွယ်၍ ရနိုင်သော ရောဂါများသာ ဖြစ်သည်ကို တွေ့ရပါသည်။ သို့သော်လည်း ထိုကာကွယ်၍ လုံးဝ မရနိုင်သော Single Genes disorders ရောဂါများသည် အနည်းအကျဉ်းသာတွေ့ရပြီး ကာကွယ်၍ ရနိုင်သော မျိုးရိုးဗီဇ ရောဂါများကိုသာ အများဆုံး တွေ့နေရသည်မှာ အမှန်ပင် ဖြစ်သည်။

ထိုရောဂါများ၏ သဘော သဘာဝနှင့် ရောဂါ ရရှိပုံကို သိရှိ ထားပါက ကာကွယ်သင့်သည်များကို ကာကွယ် နိုင်ပါလိမ့်မည်။ ထိုသို့ ကာကွယ်သင့်သည်ကို မကာကွယ်ခြင်းသည် အကြောင်း အမျိုးမျိုး ရှိနိုင်သော်လည်း လူအများစုအတွင်း ကျန်းမာရေး ဗဟုသုတ လေ့လာမှု အားနည်းခြင်းနှင့် ပညာရှင်များမှ ကျန်းမာရေး ပညာပေး အားနည်းနေခြင်း နှစ်ခု စလုံးကြောင့် ဖြစ်နိုင်ပါသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် များစွာ သက်သာပြီး ထိရောက်သောကြောင့် အသက်ရှင်စဉ် ကာလအတွင်း ဘ၀ကို ကျန်းကျန်းမာမာ သက်တောင့်သက်သာနှင့် ဖြတ်သန်းနိုင်ကြစေရန် လေ့လာသင့်သော ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများကို လေ့လာပြီး ကာကွယ် ကြပါရန် တိုက်တွန်း ဆန္ဒပြုလိုက်ပါသည်။

Public Health In Myanmar မှာ တင်ခဲ့တသည့် မူရင်းပို့စ်ကို ပြန်လည် ဖေါ်ပြပါသည်။ မျိုးရိုးဗီဇနှင့် ပတ်သက်သည့် မိတ်ဆက်ပို့စ်၊ မျိုးရိုးဗီဇ ရောဂါ (၁) နှင့် (၂) ဗီဇနဲ့ အကျင့်စာရိုက် တို့ကို ကျန်းမာရေး/ဇီဝသိပ္ပံ ကဏ္ဍအောက်မှာ ပြန်ဖတ်နိုင်ပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

Genetic Engineering and Modern Biotechnology မျိုးရိုးဗီဇ ပြုပြုင်ဖန်တီးခြင်းနှင့် ခေတ်သစ်ဇီဝနည်းပညာ

ကျွန်မဆီကို အသိဦးပဉ္ပဇင်း တပါးဆီကနေ လူမကျ တရိစ္ဆာန်မကျ ပုံတပုံ ပို့လာကာ ”တကာမကြီးရေ ဒီလိုပုံမျိုး အကယ်ရှိလား” လို့ မေးလာခဲ့တဲ့ မေးလ်တခုကို ပြီးခဲ့တဲ့နှစ် ကျောင်းမပိတ်ခင် ကျွန်မ အလုပ်တွေ သိပ်များနေချိန်မှာ ရခဲ့ပါတယ်။ နောက်မှပဲ အကြောင်းပြန်မယ် ဆိုပြီး ထားခဲ့တာ မေ့မေ့ပျောက်ပျောက် ဖြစ်နေပြီး အခုမှ အီးမေးလ် အဟောင်းတွေကို ပြန်ကြည့်ရင်းနဲ့ ဒီအီးမေးလ်ကို တွေ့ရပါတယ်။ အကြောင်းပြန်ဖို့ စဉ်းစားတော့ ကျွန်မ အတက်တန်း ပြန်တက်တုန်းက ဇီဝဗေဒ (Biology) ဘာသာမှာ သင်ခဲ့ဖူးတဲ့ Genetic Engineering အကြောင်းကို ဘလော့ဂ်မှာ တင်ချင်စိတ် ရှိလာတာနဲ့ စိတ်ဝင်စားသူ အားလုံးအတွက်လည်း ဖြစ်အောင် ကျွန်မ လုပ်ခဲ့ဖူးတဲ့ Assignment ထဲက တချို့ကို ပြန်လည် ကောက်နှုတ်ပြီး မေးလာတဲ့ ဦးပဉ္ပဇင်းကို ပြန်ဖြေရင်း တခြားသူတွေ အတွက်ပါ မျှဝေလိုက်ပါတယ်။ မြန်မာပြည်က အထက်တန်း Biology မှာ ဒီအကြောင်းတွေ မသင်ရပေမဲ့ ဒီပို့စ်ပါ အကြောင်းအရာ အားလုံးဟာ တက္ကသိုလ်မှာ သင်ခဲ့ရတာ မဟုတ်ပဲ သြစကြေးလျားက အထက်တန်းအဆင့် ၁၂ တန်း ဇီဝဗေဒဘာသာရပ်မှာ လုပ်ခဲ့ရတဲ့ Assignment ထဲကသာ ဖြစ်ပြီး Reference တွေက ၂၀၀၄ ခုနှစ် နောက်ဆုံး ဖြစ်လို့ ပြည့်စုံမှုမရှိနိုင်ပါ။ Genetic Engineering ကို တက္ကသိုလ်မှာ သင်ထားဖူးသူများအနေနှင့် ဖတ်မိပြီး Update ပိုဖြစ်တာကို ဖြည့်စွက်ချင်သူများ၊ ကွာဟနေတယ်ထင်လို့ အမှန်ပြင်ချင်သူများ ရှိပါက ၀မ်းသာစွာ ကြိုဆိုပါတယ်။


မျိုးရိုးဗီဇ ပြုပြင်ဖန်တီးခြင်းနှင့် ခေတ်သစ် ဇီဝနည်းပညာ Genetic Engineering and Modern Biotechnology

လူသားတွေဟာ ကမ္ဘာကြီးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့သိပ္ပံနည်းပညာတွေ တီထွင်ပြီး ကြိုးစားလာခဲ့ပါတယ်။ ဒီသိပ္ပံ နည်းပညာအမျိုးမျိုးအနက် ဇိဝသိပ္ပံဟာလည်း အတော်ကို အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဇီဝနည်းပညာမှာ အပင် တိရိစ္ဆာန် (လူအပါအ၀င်) စတဲ့ သက်ရှိတွေကို အသုံးပြုပြီး လူသားတွေရဲ့ အကျိုးအတွက် တီထွင်ဖန်တီးထားတဲ့ ပညာအားလုံး အကျုံးဝင်ပါတယ်။ သက်ရှိတို့ရဲ့ မျိုးရိုးဗီဇကို သယ်ဆောင်တဲ့ အချက်အလက်တွေ အားလုံးကို ဆဲလ်အတွင်းရှိ Nucleus ထဲမှာ ရှိတဲ့ DNA (Deoxyribonucleic Acid ) ခေါ် အချဉ်ဓါတ်ပါတဲ့ သက်ရှိမော်လီကျူး ဓါတ်ပေါင်းတခုထဲမှာ သိုလှောင်ထားပါတယ်။ DNA ဟာ သက်ရှိအားလုံးရဲ့ မျိုးရိုးဗီဇကို သယ်ဆောင်တဲ့ Genetic Code ဖြစ်ပြီး သက်ရှိတွေရဲ့ အသွင်လက္ခဏာ ကွဲပြားမှုဟာ DNA ထဲမှာ ရှိတဲ့ အချက်အလက်အပေါ် အများဆုံး မူတည်ပါတယ်။

 ခေတ်သစ် ဇီဝနည်းပညာ (Modern Biotechnology) ထွန်းကားလာပြီးနောက်ပိုင်းမှာ DNA မော်လီကျူးကို ပေါင်းစပ်ထားတဲ့ အစိတ်အပိုင်းတွေကို မျိုးမတူတဲ့ သက်ရှိတွေဆီက တခုနဲ့တခု ဖြတ်တောက် ပေါင်းစပ်ပြီးထာတဲ့ DNA (Recombinant DNA)  နဲ့ မျိုးရိုးဗီဇကို ပြုပြင်ဖန်တီးပြီး နေရာ အတော်များများမှာ အသုံးပြုလျက် ရှိပါတယ်။  ဒါကို Genetic Engineering လို့ ခေါ်ပြီး ဒီနည်းပညာကို အဆပေါင်း ထောင်သောင်းမက ဖြန့်ချဲ့ကြည့်လို့ ရတဲ့ အနုကြည့်မှန်ပြောင်းတွေကို အသုံးပြုကာ သက်ရှိတခုမှ တခု ပြောင်းလွဲနိုင်၊ ပေါင်းစပ် ဖန်တီးနိုင်ပါတယ်။ ခေတ်သစ် ဇီဝနည်းပညာဟာ ဆေးပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသုံးကုန် ထုတ်လုပ်ရေးတွေမှာ များစွာ အသုံးဝင်နေတာကို တွေ့ရသလို လူ့ကျင့်ဝတ်သိက္ခာ၊ ဓလေ့ထုံးတမ်းတို့နှင့် မသင့်လျော်မှုတွေလည်း ရှိနိုင်ပြီး၊ အကယ်၍ မလုပ်သင့်မလုပ်ထိုက်တာကို လုပ်မိပါက ဆိုးကျိုးကို ဦးတည်တဲ့ အချက်တွေကိုလည်း တွေ့ရပါတယ်။  ဘာကြောင့်လဲဆိုတော့ Genetic Engineering ကို အသုံးပြုပြီး သတ္တ၀ါ အသစ်တခုကို ဖန်တီးရင် ရနိုင်လို့ဖြစ်တယ်။

ဇီဝနည်းပညာကို လူတွေက ရှေးပဝေဏီကတည်းက အသုံးပြုလာကြပါတယ်။ အထူးသဖြင့် ကစော်ဖောက်ပြီး အရက်ချက်ခြင်းဟာ Microorganism organism လို့ခေါ်တဲ့ ပိုးမွှားတွေကို အသုံးပြု ထားတာ ဖြစ်လို့ ရှေးဟောင်း ဇီဝ နည်းပညာ (Primitive Biotechnology) တခုဖြစ်ပါတယ်။ ဒါကြောင့် ခေတ်သစ် ဇီဝနည်းပညာ မပေါ်ခင်ကတည်းက လူသားတွေက ရှေးနှစ်ပေါင်း ထောင်ချီကတည်းက အသုံးပြုလာခဲ့တာကို တွေ့ရပါတယ်။ ပေါင်မုန့်၊ ကိတ်မုန့် ဖုတ်ခြင်း၊ Yogurt, Cheese, စတဲ့ နို့ထွက်ပစ္စည်းတွေ ပြုလုပ်ခြင်းနဲ့ ဟင်းသီးဟင်းရွက် အချဉ်တည်ပြီး ချဉ်ဖတ်အဖြစ် စားသုံးခြင်းတွေဟာလည်း အဲဒီ အစားအစာထဲမှာ ခိုကပ်နေတဲ့ ဘက်တီးရီးယား၊ မှိုပိုးမွှားတွေရဲ့ လုပ်အားကို အသုံးပြုရတာ ဖြစ်လို့ ရှေးဟောင်း ဇီဝနည်းပညာတွေပဲ ဖြစ်ပါတယ်။ ခေတ်သစ် ဇီဝနည်းပညာ ထွန်းကားလာတဲ့ အခါမှာတော့ လူတွေက ဘက်တီးရီးယားတို့ Fungi တို့လို အသေးသေးမွှားမွှား သက်ရှိတွေကိုသာမက လူ၊ ဆိတ်၊ သိုး၊ ကျွဲ၊ နွား အပင်ပေါင်းစုံတို့ကိုပါ မျိုးရိုးဗီဇကို ပြုပြင်ဖန်တီးခြင်း ပညာ (Genetic Engineering) ဖြင့် ဇီဝနည်းပညာကို ပိုမို ကျယ်ပြန့်စွာ အသုံးပြုလာကြပါတယ်။

ခေတ်သစ် ဇီဝနည်းပညာ (Modern Biotechnology) ကို အသုံးပြုပြီး ဆေးပညာမှာ ရောဂါတွေကို အလွယ်တကူ ရှာဖွေစစ်ဆေး၊ ကုသနိုင်လာတယ်။ မျိုးမတူတဲ့ သက်ရှိတွေကို ပေါင်းစပ်ပြီး လိုအပ်တဲ့ အရည်အသွေးရှိတဲ့ အမျိုးကို ဖန်တီးယူလို့ ရပါတယ်။ ဥပမာ ဆီးချိုသမားတွေအတွက် လိုအပ်နေတဲ့ လူရဲ့ ပန်ကရိယထဲက ထွက်တဲ့ အင်ဆူလင် လူဟော်မုန်းကို လူသားတွေဆီက ထုတ်ယူဖို့ မသင့်လျော်ခြင်း (သို့) အခက်အခဲ ရှိနိုင်ခြင်း တို့ကြောင့် ဘက်တီးရီးယားရဲ့ DNA နဲ့ လူရဲ့ DNA ကို ပေါင်းစပ်ပြီး ဘက်တီးရီးယား တမျိုးကို ဖန်တီးကာ ဘက်တီးရီးယားတွေက တဆင့် အင်ဆူလင်ကို ပြန်လည်ထုတ်ယူပြီး သုံးစွဲပါတယ်။ မွေးမြူရေးမှာလည်း အသားထွက်ကောင်းရန် (သို့) တာရှည်ခံနိုင်ရန် အပင် (သို့) မျိုးမတူတဲ့ တရိစ္ဆာန်တွေရဲ့ DNA အချင်းချင်း ပေါင်းစပ်ပြီး ပိုမိုအရည်အသွေး ကောင်းတဲ့အသား ထွက်အောင် ထုတ်လုပ်လာကြပါတယ်။ ဥပမာ ပန်းဂေါ်ဖီပွင့်နဲ့ အစိမ်းရောင် Broncholi ကိုပေါင်းစပ်ပြီး အရောင်နဲ့၊ အပွင့်နဲ့ အရသာ နှစ်ခုစလုံးရ အာနိသင်တွေရအောင် လုပ်ထားတာတွေမျိုး ရှိပါတယ်။

အကောင်အချင်းချင်း၊ အပင်အချင်းချင်းသာ DNA ပေါင်းစပ်နိုင်သည် မဟုတ်ပဲ၊ အကောင်နှင့် အပင်တို့ရဲ့ DNA ကိုလည်း ပေါင်းစပ် နိုင်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးမှာ ပိုမိုကောင်းမွန် အရည်အသွေးကောင်းတဲ့ အစားအသောက်တွေကို ရရှိရန် တရိစ္ဆာန်တွေရဲ့ DNA နဲ့ အပင်တွေရဲ့ DNA ကို ပေါင်းစပ်ပါတယ်။ ဥပမာ ဆယ်လမွန်ငါးနဲ့ စတော်ဘယ်ရီသီး DNA တွေကို ပေါင်းစပ်ပြီး စထရောဘယ်ရီ သီးရဲ့ အရောင်ကို လှပအောင် ဖန်တီး၍ ရသလို အရသာကိုလည်း ထူးကဲအောင် လုပ်ကြတယ်လို့ သိရပါတယ်။ ထိုနည်းအတူ ကောက်ပဲ သီးနှံတွေ ပိုးမစားနိုင်စေရန်နှင့် ကြီးထွားမှုနှုန်းနှင့် အထွက်နှုန်း ကောင်းအောင်စသည့် လိုအပ်ချက် အမျိုးမျိုးအတွက်လည်း မျိုးရိုးဗီဇကို ပေါင်းစပ်ပြီး ရာသီဥတုနဲ့ သင့်လျော်တဲ့ မျိုးစပ်မှုတွေ ဖန်တီးယူလို့ ရနိုင်ပါတယ်။ ဒါကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေမှာ Modern Biotechnology ကို အသုံးပြုပြီး စိုက်ပျို့းရေး၊ မွေးမြူရေးကို မြှင့်တင်နိုင်ပါက စားနပ်ရိက္ခာအတွက် များစွာ အထောက်အကူ ပြုပြီး ငတ်မွတ် ခေါင်းပါးတဲ့ အကြပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

သို့သော်လည်း အထက်ဖေါ်ပြချက်တွေက ခေတ်သစ် ဇိဝနည်းပညာရဲ့ အားသာချက်များသာ ဖြစ်ပြီး ခေတ်သစ် ဇီဝနည်းပညာမှာ အားနည်းချက်များလည်း ရှိတဲ့အပြင် ကမ္ဘာကြီးကို အန္တရယ်ကျရောက်တဲ့အထိ ဖြစ်စေနိုင်တဲ့ အချက်တွေကိုလည်း ဦးတည် သွားနိုင် ပါတယ်။ ခေတ်သစ် ဇီဝနည်းပညာ ပေါ်ပေါက်လာပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက ထွက်တဲ့ အစားအစာ အတော်များများဟာ သဘာဝကို ကျော်လွန်တဲ့ အစားအစာများသာ ဖြစ်လာခဲ့ပြီး ဈေးထဲမှာ ရောင်းနေတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေအနက် ဘယ်အစားအစာက Genetic Engineering အရ အမျိုးအစားမတူတဲ့ ဘာသက်ရှိတွေနဲ့ ပေါင်းစပ်ပြီး ဖြစ်လာတယ်၊ ဘယ်အစားအစာ ကတော့ သဘာဝအတိုင်း အစစ်အမှန်ဆိုတာ ဖေါ်ပြထားတာ မဟုတ်တဲ့အတွက် လူတချို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ မကိုက်ညီတဲ့ အစားအစာတွေ ဖြစ်နေနိုင်လို့ စားသုံးသူတွေအတွက် စိတ်မသန့် ဖြစ်နိုင်ပါတယ်။ ဥပမာ ၀က်သားမစားတဲ့ မူစလင်တွေအတွက် အကယ်၍ အသီးနှံတခုခုဟာ ၀က်ရဲ့ DNA နဲ့ ပေါင်းစပ်ထားခဲ့ရင်၊ အသက်သတ်လွတ် စားသုံးသူတွေအတွက် ငါးရဲ့ DNA နဲ့ ပေါင်းစပ် ထားတဲ့ စထရော်ဘယ်ရီလို အသီးနှံတွေကို အကောင်တွေရဲ့ DNA နဲ့ ပေါင်းစပ်ထားခဲ့ရင် စားသုံးသူတွေအတွက် လက်မခံနိုင်သော အစားအစာ ဖြစ်နေနိုင်လို့ Ethical အရ လုံးဝ မသင့်လျော် တာကိုလည်း တွေ့ရပါတယ်။

နောက်ထပ် အဆိုးဆုံးအခြေအနေတခုက လူသားကို ဥာဏ်ရည်ဖွံ့ဖြိုးမှုတွေ များစွာပါတဲ့ DNA တွေ ပေါင်းစပ်ပြီး တမူထူးခြားတဲ့ လူသားတမျိုး (သို့) ဥာဏ်ရည်မရှိ ခိုင်းလို့ကောင်းအောင် လူနဲ့ တရိစ္ဆာန်တို့ကို ပေါင်းစပ်ထားတဲ့ တမူထူးခြားတဲ့ သတ္တ၀ါတွေကို သိပ္ပံပညာရှင်တွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂက တရားဝင် ခွင့်မပြုပေမဲ့ မာသမာတဲ့ လူတချို့က လျို့ဝှက် ဖန်တီးလာကြပြီး ၎င်းတို့ ကိုယ်ကျိုးအတွက် အသုံးပြုလာကြရင် ဒါဟာ ကျင့်ဝတ်သက္ခာအရ လက်ခံနိုင်စရာ အကြောင်းမရှိ (ethnically unacceptable) တဲ့ အပြင် ကမ္ဘာကြီးကိုလည်း ပျက်စီးစေနိုင်တဲ့ အန္တရယ် ရှိနိုင်ပါတယ်။ အချုပ်အားဖြင့် Genetic Engineering မှာ အကျိုးနှင့် အပြစ်နှစ်ခုစလုံး ရှိပေမဲ့အပြစ်ထက် အကျိုးက ပိုများတဲ့ အတွက်လူသားတွေအနေနဲ့ တိုးတက်အောင် ဆောင်ရွက်သင့်တဲ့ ပညာရပ်ဖြစ်ဖြစ်ပါတယ်။ တခြားတဘက်မှာလည်း မလိုလားအပ်သော ဆိုးကျိုးများ မဖြစ်ပွားစေရန်၊ ကျင့်ဝတ်သိက္ခာနဲ့ ကိုက်ညီစေရန် အတတ်နိုင်ဆုံး ကြိုးစားပြီး သတိရှိရှိနှင့် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဈေးတွေမှာ ရောင်းနေတဲ့ အစားအစာများကို သဘာဝ အစားအစာနှင့် Genetically modified food ဆိုပြီး Label တပ်ထားပေးခြင်း၊ Genetically modified food တွေမှာ ပေါင်းစပ် ပါဝင်နေသော အမျိုးအစားများကို ဖေါ်ပြပေးထားခြင်းကို စီမံဆောင်ရွက်နိုင်ပါက စားသုံးသူများအတွက် လိပ်ပြာသန့်စွာ ၀ယ်ယူ စားသောက်နိုင်ပါလိမ့်မယ်။

အပေါ်က ရေးထား တာတွေကတော့ Assignment ထဲက ကောက်နှုတ်ချက် တချို့ ဖြစ်ပါတယ်။ ဦးပဉ္ပဇင်း မေးတဲ့ "ဒါမျိုးတကယ်ရှိလား တကာမကြီး" ဆိုတဲ့ မေးခွန်းကို ဖြေရရင် သဘာဝ အားဖြင့်တော့ မရှိပါဘူး ဒါပေမဲ့ သဘာဝကို ကျော်လွန်ပြီး ခေတ်သစ် ဇိဝနည်းပညာ ဖြစ်တဲ့ Genetic Engineering ကို အသုံးပြုပြီး ဒါမျိုးကို ဖန်တီးလို့ ရနိုင်ပါတယ်၊ သို့သော်လည်း ဒီပညာကို ဖန်တီးသူ ဇီဝသိပ္ပံ ပညာရှင်တွေက ကမ္ဘာသူ ကမ္ဘာသားများ တိုးတက်ရေး အတွက်သာ အသုံးပြုဖို့ ခွင့်ပြုပြီး ဒါမျိုး ဖန်တီးဖို့ကိုကျတော့ ကျင့်ဝတ်သိက္ခာအရ ခွင့်မပြုသလို ကမ္ဘာ့ခေါင်းဆာင်တွေကလည်း ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာကို ဖြေကြားလိုက်ပါတယ် ဘုရား။

Bibliography
Aubusson, K., Hickman, P. (2004). Biology in context: the spectrum of life. Oxford University press, Melbourne.
Brotherton & Mudie. (2004). Prelimanary and HSC: Biology. (2nd Ed). Malcolm Parson. Hong Kong.
Campbell, N., Reece, J. (2006). Biology: Concepts & connections, International Edition.Pearson Education: Sanfransisco.
Humphreys, K. (2003). Surfing biology: Blueprint of life. Science Press. Australia.

စာလာဖတ်တဲ့ မောင်နှမတွေရဲ့ ပုံကို ကျက်သရေနည်းလို့ ဖျက်လိုက်တာ ကောင်းတယ်လို့ အကြံပြုကြတာကို နမူနာအဖြစ် ရှိနေ စေချင်တာ အပါအ၀င် မူလ မေးခွန်းမေးတဲ့ ဦးပဉ္ပဇင်းနှင့် ကြည့်ချင်သူတွေလည်း ကြည့်လို့ရအောင် မဖျက်ဘဲနှင့် အပေါ်ဆုံးကနေ အောက်ဆုံးကိုပဲ ရွှေ့ထားလိုက်ပါတယ်။




မျိုးရိုးဗီဇ ရောဂါ များ (၂)




ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်း (Chromosomal Abnormality)

ကျပ်မပြည့်သူ (သို့) အင်္ဂါမစုံသူဟု အရပ်ထဲတွင် ပြောကြသည်ကို ကြားဖူးပါလိမ့်မည်။ ၎င်းတို့သည် သွေးထဲတွင် ရှိသင့်ရှိထိုက်သော ခရိုမိုဇုမ်းများ အရေအတွက် (သို့) ဖွဲ့စည်းပုံ ပုံမှန်မဟုတ်ပဲ မွေးလာသောကြောင့် ဖြစ်သည်။ မျိုးရိုးဗီဇ ရောဂါနှင့် ပတ်သက်ပြီး ယခင်ပို့စ်မှာ ဗီဇတခုခု၌ ချွတ်ယွင်းခြင်း Single Genes disorderကို တင်ပြခဲ့ပြီး ဖြစ်၍ ယခုပို့စ်တွင် ၎င်း၏ အဆက်ဖြစ်သော ဗီဇတခုစီ ပြဿနာမရှိသော်လည်း ဗီဇဖြင့် ဖွဲ့စည်းထားသော ခရိုမိုဇုမ်းများ ချွတ်ယွင်းခြင်းကို တင်ပြသွားမည်။ လူသား၏ ပုံမှန် ဆဲလ်တစ်ခုတွင် ခရိုမိုဇုမ်း တစ်တွဲတွင် ၂၃ စုံ (သို့) ၄၆ခုစီသည် ပုံမှန် အခြေအနေတွင် သူ့အတွဲနှင့်သူ အရေအတွက် မှန်ကန်စွာဖြင့် အစီစဉ်တကျ အတွဲလိုက် (Homologous) ရှိရပါသည်။ ထိုသို့ ပုံမှန် မဟုတ်ဘဲ ချွတ်ယွင်းနေခြင်းမှာ မျိုးပွားသည့် ကာလ၌ မိခင်နှင့် ဖခင်ထံမှ ခွဲထွက်လာသော ဆဲလ်နှစ်ခုအနက် တစ်ခုခုတွင် အပို၊ အလို ပါလာခြင်း(သို့) ပေါင်းစပ်ရာ၌ သူ့နေရာနှင့်သူ မတွဲဖက်ခြင်းနှင့် ခရိုမိုဇုမ်း အစိတ်အပိုင်း တစ်ခု ကျိုးပြတ်ပြီး တစ်နေရာမှာ တွယ်ကပ်ခြင်းတို့ကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ပုံမှန် မဟုတ်ဘဲ တစ်စုံတစ်ရာ ချွတ်ယွင်းနေသည့် အခြေအနေများတွင်




(၁) အရေအတွက် ပုံမှန် မဟုတ်ခြင်း (Numerical Abnormalities )
(၂) ဖွဲ့စည်း တည်ရှိပုံ ပုံမှန် မဟုတ်ခြင်း ( Structural Abnormality)


ဟူ၍ နှစ်မျိး ရှိသည်ကို တင်ပြလိုက်ပါသည်။

၁။ Numerical abnormalities အရေအတွက် ပုံမှန် မဟုတ်ခြင်း

အရေအတွက် ပုံမှန် မဟုတ်ခြင်းကို Aneuploidyဟု ခေါ်၍ ခရုမိုဇုမ်း တစ်စုံတွင် ရှိသင့်သည့် အရေအတွက် လိုခြင်း(သို့) ပိုခြင်းကို ဆိုလိုပါသည်။ ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်းကို မွေးဖွားသည့် ဦးရေ ၁၅၀တွင် တစ်ဦးနှုန်း ရှိသည်ဟု သိရပြီး ယင်းသည် ကိုယ်ဝန် ပျက်ကျခြင်းနှင့် ကလေး၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှေးကွေးခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်ဟုလည်း သိရပါသည်။ ခရိုမိုဇုမ်း အရေအတွက် ပုံမှန် မဟုတ်ခြင်းကိုလည်း Autosomal Chromosome Aneuploidy, ပထမ ၂၂ စုံ အထဲမှ ခရုမိုဇုမ်း အရေအတွက် ပုံမမှန်ခြင်းနှင့် Sex Chromosome Aneuploidy, ကျာ၊းမ(လိင်) ခရိုမိုဇုမ်း အရေအတွက် ပုံမှန် မဟုတ်ခြင်း ဟူ၍ နှစ်မျိုး တွေ့ရပါသည်။

ပထမ ၁-၂၂ စုံမြောက် ခရိုမိုဇုမ်းများအထဲမှ ပုံမှန်မဟုတ်ခြင်း Autosomal Chromosomes Aneuploidy

ခရိုမိုဇုမ်း တစ်စုံတွင် နှစ်ခု စုံတွဲ ဖြစ်ရမည့်အစား ၁ ခု (Monosomy)သာ ရှိခြင်း(သို့) နှစ်ခုထက် ပိုနေခြင်း (Polysomy)တို့ကြောင့် ဖြစ်သည်။ Monosomyသည် မပြည့်စုံခြင်း ဖြစ်၍ Polysomyကြောင့် ဖြစ်သော ရောဂါထက် ဆိုးကျိုး ရလဒ် ပိုများသည်။ Polysomyများ၌ Down Syndromeသည် အဖြစ်များဆုံးနှင့် အထင်ရှားဆုံး ဖြစ်ပြီး ၂၁ စုံမြောက် ခရိုမိုဇုန်းတွင် ခရိုမိုဇုမ်း နှစ်ခု ဖြစ်ရမည့်အစား ၃ ခု ဖြစ်နေခြင်းကြောင့် ဖြစ်ပြီး အသက်ရှင်သည့် ကလေး ၈၀၀ မွေးလျှင် တစ်ယောက်နှုန်း ဖြစ်သည်ကို တွေ့ရသည်။ အကြောင်းရင်း အတိအကျ မသိရသော်လည်း သုတေသနအရ အသက်ကြီးမှ အထူးသဖြင့် အသက်(၃၀)နောက်ပိုင်း ကလေးယူသည့် အမျိုးသမီးများ၊ အရက် စွဲလမ်းစွာ သောက်သော အမျိုးသမီများမှ မွေးလာသော ကလေးများတွင် အဖြစ်များသည်ကို တွေ့ရပါသည်။

Down Syndromသည် ကော့ကေးရှန်း ကလေးများတွင် အခြား ကလေးများထက် ပိုအဖြစ်များပြီး ပြင်ပ လက္ခဏာအရ မျက်နှာ၊ နားရွက်နှင့် နှာခါင်း ပြားချပ်ပြီး တရုတ် မျက်နှာပေါက်နှင့် မွေးလာသောကြောင့် အနောက်တိုင်းသားများက ထိုရောဂါကို ယခင်က Mongolism (မွန်ဂို တရုတ်ရောဂါ) ဟု ခေါ်ခဲ့သည်။ ကိုယ်ဝန်ဆောင်စဉ် ၎င်းရောဂါ ရရှိသော သန္ဓေသား လေးပုံ၊ သုံးပုံသည် ကိုယ်ဝန်ဆောင်စဉ် ကာလမှာပင် ပျက်ကျလေ့ရှိပြီး အသက်ရှင်လျက် မွေးလာသည့် ကလေးများအနက် ၂၀% ခန့်မှာ မွေးရာပါ နှလုံးရောဂါ (သို့) အခြား ရောဂါ တစ်ခုခုနှင့် မွေးလာပြီး ၁၀ နှစ်ကာလ အထိ အသက်ရှင်နိုင်သည်။ ထိုထက် ပို၍ အသက်ရှည်သူများမှာ အသက် ၆၀ခန့် အထိ (သို့) ပျမ်းမျှ သက်တမ်း ၅၅ နှစ် နေရနိုင်ပါသည်။ အသက် ရှိစဉ် ကာလတွင် Down Syndrome ၏ အခြား သိသာထင်ရှားသည့် လက္ခဏာများမှာ အရပ် ပုံမှန်ထက် နိမ့်ခြင်း၊ လျှာနှင့် ကြွက်သား တောင့်တင်းနိုင်မှု အားနည်းခြင်း၊ အသက်ရှုလမ်းကြောင်းနှင့် ပတ်သက်သည့် ရောဂါများ အပေါ် အခြားသူများထက် ခံနိုင်ရည်နည်းခြင်း၊ သွေးကင်ဆာ ရောဂါကို ရရှိနှုန်း ပိုများခြင်း စသည့် လက္ခဏာများကို တွေ့ရပါသည်။ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ၌ တယောက်နှင့်တယောက် ကွဲပြားပါသည်။ Down Syndromeနှင့် မွေးရာပါ နှလုံးရောဂါ ဆက်စပ်ပုံကို စိုးသီဟ ရေးသည့် ကျိန်စာ သင့်နေသူလေးများ ပို့စ် ကို ဤနေရာ တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။

Sex-Chromosome Aneuploidy ကျား၊မ ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်း

ကျား၊ မ ခရိုမိုဇုမ်းသည် ခရိုမိုဇုမ်းအတွဲရှိ နောက်ဆုံးအစုံ ၂၃ စုံမြောက် ခရိုမိုဇုမ်း ဖြစ်သည်။ ကျားမ ခရိုမိုဇုမ်းတွင် ပုံမှန်မိန်းကလေး ဖြစ်ပါက (XX)နှင့် ပုံမှန် ယောက်ျားလေး ဖြစ်ပါက (XY) ဟူ၍ ခရိုမိုဇုမ်း တစ်စုံတွင် နှစ်ခုသာ ရှိရမည် ဖြစ်သည်။ ထိုသို့ စုံတွဲ မှန်ကန်လျက် (Homologous) မဟုတ်ပဲ လိင် ခရိုမိုဇုန်း X (သို့) Y တစ်ခုသာ ဖြစ်နေခြင်းနှင့် တစ်စုံထက် ပိုများနေခြင်းကို Sex- Chromosome ပုံမှန် မဟုတ်ခြင်းဟု ခေါ်ပါသည်။ ကျား၊ မ ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်းသည် ပထမ ၂၂ စုံ (Autosomes) ပုံမှန် မဟုတ်ခြင်းထက် ရောဂါ အခြေအနေ သက်တောင့်သက်သာ ပိုဖြစ်သည်ကို တွေ့ရပါသည်။

X ခရိုမိုဇုမ်း အရေအတွက် နှစ်ခုထက် ပိုပါလာပြီး မွေးလာသည့် အမျိုးသမီးများ

X ခရိုမိုဇုန်း နှစ်ခုထက် ပိုများပြီး မွေးဖွားနှုန်းသည် အယောက် ၄၀၀မှာ ၁ ယောက်နှုန်း ဖြစ်ပြီး အဖြစ် အများဆုံးနှင့် အထင်ရှားဆုံး တစ်ခုမှာ X နှစ်ခု ဖြစ်ရမည့် အစား ၃ ခုဖြင့် မွေးလာသော မိန်းကလေးများ ဖြစ်သည်။ အယောက် ၁၀၀၀ မွေးလျင် ၁ ယောက်နှုန်း ဖြစ်ပြီး ၄င်းတို့ ကြီးပြင်းသည့် ကာလတွင် ကလေး မွေးနိုင်မှု၊ ရာသီသွေး ပုံမှန်လာမှု စသည်တို့တွင် ပုံမှန် မဟုတ်ဘဲ ပြဿနာ တစ်စုံတစ်ရာ ရှိနိုင်သော်လည်း အခြား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတွင် ရောဂါအဖြစ် သတ်မှတ်ရလောက်သည့် ထူးထူးခြားခြား လက္ခဏာများကို မတွေ့ရပါ။ သို့သော်လည်း အရေအတွက် အနည်းငယ်သော တချို့ အမျိုးသမီးများတွင် X ခရိုမိုဇုမ်း ၄ ခုဖြင့် မွေး လာသော အမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု မရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ၌ ချွတ်ယွင်းနိုင်ပါသည်။ ထို့အပြင် X ခရိုမိုဇုမ်း ၅ ခုနှင့် အထက်ဖြင့် မွေးလာသူများတွင် ပိုမို ဆိုးဝါးသည့် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု အပြင် ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကိုပါ တွေ့ရပါသည်။

Turner Syndrome

X ခရိုမိုဇုမ်း တစ်ခုတည်း အခြား မည်သည့် X (သို့) Y နှင့်မှ မတွဲဖက်ဘဲ မွေးဖွားလာသူများ ဖြစ်သည်။ ယင်းသို့ မွေးဖွားလာသူများ၏ ဆဲလ်တွင်း၌ ခရိုမိုဇုမ်း ၄၆ ခု ရှိရမည့် အစား ၄၅ ခုသာ ရှိပါသည်။ ၎င်းရောဂါကို။ ထိုကဲ့သို့ မွေးလာသော အမျိုးသမီးများတွင် အခြား အမျိုးသမီး အင်္ဂါများ ပါရှိသော်လည်း မျိုးဥအိမ် မပါရှိသောကြောင့် ရာသီသွေး လာခြင်းနှင့် ကလေး ရနိုင်ခြင်း မရှိပါ။ ပြင်ပ လက္ခဏာ အရ ၎င်းတို့သည် အရပ် ပုံမှန်ထက် နိမ့်ခြင်း၊ လည်ပင်း အရေပြား တွဲပြီး ခုံးခြင်း စသည်တို့ကို တွေ့နိုင်ပါသည်။ ၉၉% သော Turner Syndrome ရှိသည့် သန္ဓေသားများသည် ကိုယ်ဝန်ဆောင်စဉ် ကာလမှာပင် ပျက်ကျနိုင်ပြီး အသက်ရှင်သည့် ကလေးအယောက် ၃၀၀၀မွေးမှ တစ်ယောက်နှုန်း ခန့်သာ ဖြစ်နိုင်ပါသည်။

Klineflter Syndrome

Y ခရိုမိုဇုမ်း တစ်ခုနှင့် X ခရိုမိုဇုန်း တစ်ခုထက် ပိုပြီး မွေးလာသူများ ဖြစ်သည်။ ၄င်းတို့တွင် Y ခရိုမိုဇုမ်း ပါရှိနေသောကြောင့် အမျိုးသားများ၏ ရုပ်သွင် ရှိပါသည်။ သို့သော်လည်း ထိုသူများတွင် ဝှေးစေ့ ပုံမှန်ထက် သေးခြင်း၊ သုတ်ထုတ်နိုင်မှု အားနည်း၍ ထိုသူများတွင် ကလေး ရနိုင်ခြင်း မရှိပါ။ အရပ်ရှည်၍ ပိန်ခြင်း၊ အခြား ယောက်ျားများနှင့် မတူဘဲ ရင်သားကြီးခြင်းတို့ကို ထိုရောဂါ ရှိသူများ၏ ၅၀%တွင် တွေ့ရပြီး မျက်နှာနှင့် ခန္ဓာကိုယ်၌ အမွေးအမျှင် နည်းခြင်း စသည်တို့ကိုလည်း တွေ့နိုင်ပေသည်။ အသက်ရှင်၍ မွေးဖွားလာသူ အမျိုးသား ၁၀၀၀မှာ တစ်ယောက်နှုန်းခန့် တွေ့ရပါသည်။

Y ခရိုမိုဇုမ်း နှစ်ခုဖြင့် မွေးလာသူများ ထိုသူများသည် ပုံမှန် အမျိုးသားများထက် ပျမ်းမျှ အရပ် ပိုရှည်ပြီး ဉာဏ်ရည် ဖွံ့ဖြိုးမှုတွင် ပျမ်းမျှ IQထက် ၁၀-၁၅ အထိ ပိုနိမ့်ပါသည်။ အကြမ်းဖက်လိုသည့် အမူအကျင့်နှင့် စိတ်ပိုင်းဆိုင်ရာ ကြမ်းတမ်းသည့် လက္ခဏာများကို တွေ့နိုင်ပါသည်။ ရာဇ၀တ်မှုများကို ကျူးလွန်သည့် နှုန်းသည် ပုံမှန် ယောက်ျားများထက် ပိုများသည်ကို သုတေသန ပြုသူများစွာမှ ဖေါ်ပြထားပါသည်။

၂။ Structural Chromosomal abnormality ခရိုမိုဇုမ်း ဖွဲ့ စည်းပုံ ပုံမှန် မဟုတ်ခြင်း

အရေအတွက် ပုံမှန် မဟုတ်၍ ဖြစ်သော ပြဿနာများနှင့် မတူဘဲ ဖွဲ့စည်းပုံ မမှန်ကန်ခြင်းကြောင့် ဖြစ်သော ရောဂါသည် ပြင်းထန်သည့် အခြေအနေ ရှိသလို တစ်ခါတစ်ရံ၌ သာမန် လူတစ်ယောက်၏ ကျန်းမာရေးကို လုံးဝ မထိခိုက်သည်ကိုလဲ တွေ့ရပါသည်။ မျိုးပွားသည့် ကာလ၌ မိခင်နှင့် ဖခင်ဆီမှ ရရှိသော ခရိုမိုဇုမ်းများ ပုံမှန်အတိုင်း မတွဲဖက်ခြင်းနှင့် ကျိုးပြတ် ပျက်စီးခြင်း တစ်ခုခုကြောင့် ဖြစ်ရသည်။ ထင်ရှားသည့် ရောဂါများမှာ Cri-du-chat syndrome, Robertsonian Translocation နှင့် Fragile X တို့ ဖြစ်ပါသည်။

Cri-du chat syndrome

၎င်းရောဂါသည် နံပါတ် ၅ စုံမြောက် ခရိုမိုဇုမ်း၌ ချွတ်ယွင်းသောကြောင့် ဖြစ်ရပြီး အင်မတန် အဖြစ်နည်းပါသည်။ မွေးလာသော ကလေးသည် မွေးရာပါ ကြောင်အော်သံကဲ့သို့ ငိုခြင်း၊ ကိုယ်အလေးချိန် ပုံမှန်ထက် ပိုနည်းခြင်၊ ခေါင်း အဆမတန် သေးနေခြင်း၊ နှလုံး အားနည်းခြင်း မျက်နှာ လုံးဝန်းခြင်း စသည့် လက္ခဏာများကို တွေ့ရပါသည်။ ဖွံ့ဖြိုး တိုးတက်မှု တွင် ဧရိယာ အားလုံး၌ နှေးကွေးပါသည်။

Robertsonian Translocation

မိခင်နှင့် ဖခင်ဆီမှ ရရှိသော ခရိုမိုဇုမ်းများ ပေါင်းစပ်ရာ၌ ခရိုမိုဇုမ်း နံပါတ် ၁၃၊ ၁၄၊ ၁၅၊ ၂၁ နှင့် ၂၂ တို့ အနက် တစ်ခုခု လုံးဝ ဆက်သွားသောကြောင့် အစုံ မဖြစ်ဘဲ တစ်ခုတည်း ဖြစ်သွားသည်။ ထို့ကြောင့် ဤရောဂါတွင်လည်း ခရိုမိုဇုမ်း ၄၆ ခုရှိရမည့်အစား ၄၅ ခုသာ ရှိပါသည်။ ထိုရောဂါရှိသူ ကိုယ်တိုင်၌ ကျန်းမာရေးကို သိသိသာသာ မထိခိုက်သော်လည်း ထိုရောဂါ ရှိသူ မိခင်မှ မွေးလာသော ကလေးသည် Down Syndrome ရရှိနိုင်သည့် အခွင့်အလမ်း ပိုများပါသည်။

Fragile X Syndrome

၎င်းရောဂါသည် ခရိုမိုဇုန်း အစိတ်အပိုင်း တစ်ခု ကျိုးပဲ့ ပျက်စီးပြီး ကွက်လပ် ဖြစ်နေသောကြောင့် ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သိသိသာသာ ထိခိုက်သည်ကို မတွေ့ရဘဲ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှေးကွေးသည့် အချက်တွင် Down Syndrome ပြီးလျှင် ဒုတိယ လိုက်သော ရောဂါ ဖြစ်ပါသည်။ ဘာသာစကား သင်ကြားရာ၌ တတ်မြောက်မှု နှေးကွေးခြင်း အပြင် စိတ်ပိုင်းဆိုင်ရာ နယ်ပယ် အသီးသီးတွင် ဖွံ့ဖြိုးမှု နောက်ကျသည်။ လူ အများစုနှင့် ဆက်ဆံမှုကို ရှောင်ပြီး လူစုလူဝေးနှင့် ၀ိုင်းဖွဲ့ နေထိုင်ခြင်းထက် အထီးကျန် ဆန်ဆန် နေလိုသည့် အလေ့အထ ရှိပါသည်။ ရောဂါ ဖြစ်ရခြင်း အကြောင်းရင်းကို ဆေးသုတေသီများ လေ့လာနေဆဲ ဖြစ်သည်။ ၎င်းတို့၏ သက်တမ်းသည် လူသာမန် တစ်ယောက်၏ ပုံမှန် သက်တမ်း အတိုင်းပင် ဖြစ်သည်။

အချုပ်အားဖြင့် Chbromosomal abnormalityကြောင့် ဖြစ်ရသော ရောဂါများ အနက် ခရိုမိုဇုမ်း အရေအတွက် ပုံမှန် မဟုတ်၍ ဖြစ်ရသော ရောဂါသည် ဖွဲ့စည်းပုံ ပုံမှန် မဟုတ်၍ ဖြစ်ရသော ရောဂါများထက် ကျန်းမာရေး အခြေအနေ ပိုဆိုးသည်ကို တွေ့ရပါသည်။ ရောဂါများကို အတိအကျ ပျောက်ကင်းအောင် ကုသ၍ မရနိုင်ဘဲ စိတ်ပိုင်းဆိုင်ရာ counselling Programmesများနှင့် ဟော်မုန်းနှင့် ဆိုင်သည့် အချို့ ပြဿနာများကို ဟော်မုန်းဖြင့် ကုသပြီး အသက်ရှင်စဉ် ကာလတွင် သက်သာရာရအောင်သာ ပြုလုပ်ပေးနိုင်ပါသည်။ ထိုရောဂါများသည် အလွန် အဖြစ်နည်းသော ရောဂါများ ဖြစ်ပြီး ဗီဇ တစ်ခုခု ချွတ်ယွင်း၍ ဖြစ်သော ရောဂါများကဲ့သို့ တိကျသည့် ရောဂါ အမွေ ဆက်ခံပုံ မရှိသည်ကို တွေ့ရပြီး ကာကွယ်နိုင်သည့် အခြေအနေများလည်း ရှိသည်ကို တွေ့ရ ပါသည်။

(ရောဂါနာမည်တွေကို မြန်မာလို သိသူများ ရှိပါက အကြံပြုကြဖို့ မေတ္တာရပ်ခံပါတယ်)

သက်ဆိုင်သည့်ပို့စ်များ
မျိုးရိုဗီဇ အမွေဆက်ခံပုံ မိတ်ဆက် ဤနေရာမှာ
မျိုးရိုးဗီဇ ရောဂါများနှင့် အမွေဆက်ခံပုံ (၁) ဤနေရာမှာ
မျိုးရိုးဗီဇ ရောဂါများ (၃) ဤနေရာမှာဗီဇနဲ့ အကျင့်စာရိုက် ဘာကွာလဲ ဤနေရာမှာ

မျိုးရိုးဗီဇ ရောဂါများနှင့် အမွေဆက်ခံပုံ (၁)



မျိုးရိုး ဗီဇနှင့် ဆိုင်သည့် ရောဂါများ ကို (1) ဗီဇ ချွတ်ယွင်းမှု (Single gene abnormality) (2) ခရိုမိုဇုမ်း ချွတ်ယွင်းမှု (Chromosome abnormality) နှင့် (3) ပိုမိုရှုပ်ထွေးသည့် မျိုးရိုးလိုက်ခြင်း (Complex Genetic Disease ) သို့မဟုတ် ပတ်ဝန်းကျင်နှင့် ဘ၀ လူနေမှုပုံစံ ပေါင်းစပ်မှုကြောင့် ဖြစ်သော ရောဂါများ အဖြစ် ၃ မျိုးတွေ့ နိုင်ပါသည်။ ဤပို့စ်တွင် ဗီဇတခုခု ချွတ်ယွင်းမှု ကြောင့် ဖြစ်သော ရောဂါများ အကြောင်းကို တင်ပြမည်ဖြစ်ပြီး တခြားမျိုးရိုးလိုက်ပုံကို နောက်ပိုင်းမှာ ဆက်လက် တင်ပြသွားမည်။ အကယ်၍ ဝေါဟာရ ရှုပ်ထွေးမှုကြောင့် ဖတ်ပြီး နားမလည်ပါက မျိးရိုး ဗီဇ ဝေါဟာရ များနှင့် အခြေခံ သဘောတရား များကို ဖေါ်ပြထားသည့် မျိုးရိုး ဗီဇ မိတ်ဆက် ပို့စ်ကို ဤနေရာမှာ ပြန်ကြည့်ရန် အကြံပြုပါသည်။




Single gene disorder ဗီဇ တခုခုတွင် ချွတ်ယွင်းမှု ဖြစ်ခြင်း ကြောင့် ဖြစ်သော ရောဂါ
ဗီဇ တခုစီသည် ခရိုမိုဇုမ်း ထဲတွင် တိကျသော နေရာ၊ ပုံသဏ္ဍန် (Locus) ရှိပြီး Gene တခုခု ချွတ်ယွင်းခြင်းမှာ ၎င်းတို့သည် သူ့ နေရာနှင့်သူ မဟုတ်ပဲ တစုံတရာ ချို့ယွင်းနေခြင်းကြောင့် ဖြစ်ပါသည်။ အပင်၊ တိရိစ္ဆာန်နှင့် လူသား စသည့် သက်ရှိ တိုင်းတွင် အမျိုးအစား ကွဲပြားသည့် အလျောက် ခရိုမိုဇုမ်း အရေ အတွက်နှင့် ဗီဇ အစီစဉ် (Sequence) လည်း ကွဲပြား ပါသည် ။ လူသား ဆဲလ် တခုတွင် ခရိုမိုဇုမ်း ၄၆ ခု (သို့) ၂၃ စုံ ပါရှိပြီး ထိုအထဲ၌ ၁-၂၂ စုံ မြှောက်ထိ ခရိုမိုဇုမ်း များ အားလုံးကို Autosomes (သို့) Autosomal chromosomes များ ဟု ခေါ်ပြီး နောက်ဆုံး အစုံ ဖြစ်သည့် ၂၃ စုံမြောက် ခရိုမိုဇုမ်း ကို ကျား/မ (သို့) လိင်ခရိုမိုဇုမ်း (Sex chromosome) ဟု ခေါ်ပါသည်။ မျိုးရိုး ဗီဇ လက္ခဏာ များကို ထိုခရိုမိုဇုန်းများ အပေါ် မူတည်ပြီး လက်ဆက်ကမ်းပုံ ခြားနားပါသည်။ ဗီဇ တခုခု၏ ပုံမှန် မဟုတ်သော အမွေ ဆက်ခံပုံ ကို ပုံ သဏ္ဍန် ၄ မျိုးဖြင့် တွေ့ရ ပါသည်။

(၁) မျိုးဆက်မခြားဘဲ ကူးစက်ခြင်း (Autosomal dominant disorder)

၁-၂၂ စုံမြှောက် ခရိုမိုဇုန်း များ၏ ပုံမှန် မဟုတ်သော ဗီဇမှ ပုံမှန် ဖြစ်သော ဗီဇကို စိုးမိုး သောအခါ ရရှိသည်။ ရောဂါ ရသော မိဘ တဦးဦး ဆီမှ သားသမီး များသို့ တိုက်ရိုက် ကူးစက် သောကြောင့် ကူးစက် ခံရသော သားသမီး တိုင်း၏ မိဘ တဦးဦးတွင် ရောဂါ ရှိရမည်။ ရောဂါ ရသူနှင့် ရောဂါ မရှိသူ လက်ထပ် သောအခါ သား သမီး များ၏ အရေအတွက် တ၀က် ခန့်တွင် ရောဂါ ရနိုင်ခြင်း၊ ရောဂါများသည် သား သမီး များတွင် ကျားမ သီးသန့် ရွေးမဖြစ်ပဲ နှစ်မျိုး စလုံးတွင် တူညီစွာ ကူးစက် နိုင်ပါသည်။ ရောဂါသည် မျိုးဆက် မခြားပဲ မျိုးဆက် တိုင်းတွင် ဖြစ်လေ့ ရှိပါသည်။ Huntington Disease နှင့် Neurofibromatiosis သည် ထင်ရှား သည့် Autosomal Dominant Disease များ ဖြစ်ပါသည်။ ရောဂါရနိုင်မှု တွက်ချက်ပုံကို မိတ်ဆက်ပို့စ်မှာ ပြန်ကြည့်နိုင်ပါသည်။

(၂) မျိုးဆက်ခြားပြီး ကူးစက်ခြင်း (Autosomal Recessive)

၁-၂၂ စုံမြှောက် ခရိုမိုဇုန်း များ၏ လက်ခံဗီဇ ခေါ် ငုတ်ဗီဇကို သယ်ဆောင်ထားသူ H(eterozygous Carriers ) များ မှ တဆင့် ကူးစက်ခြင်း ဖြစ်သည် ရောဂါရ နေသည့် မိဘဆီမှ တိုက်ရိုက် ကူးစက်ခြင်း မဟုတ်ပါ။ Systic Fibrosis သည် ထင်ရှား သော မျိုးဆက်ခြား ကူးစက်သည့် ရောဂါတခု ဖြစ်သည်။ မျိုးဆက်ခြား ကူးစက်ခြင်း (Autosomal Recessive ) ၏ လက္ခဏာများမှာ ရောဂါကို မိဘတွင် မတွေ့ရှိနိုင်ပဲ အဖိုးအဖွား တဦးဦး နှင့် မွေးချင်းများ၊ တ၀မ်းကွဲ မောင်နှမ များ တွင်သာ တွေ့နိုင်ပြီး မျိုးဆက်မခြားပဲ ကူးစက်သည့် ရောဂါ (Autosomal dominant) ကဲ့သို့ပင် ကျားမ မရွေး တူညီစွာ ဖြစ်နိုင်သော်လည်း ရောဂါသည် မျိုးဆက် တိုင်းတွင် မဖြစ်နိုင်ပဲ မျိုးဆက် ခြား၍ ဖြစ်လေ့ရှိပါသည်။ ရောဂါ ကူးစက် ခံရသော ကလေး၏ မိဘ နှစ်ပါး စလုံး သည် ရောဂါသည် များ မဟုတ်ပဲ ရောဂါ သယ်ဆောင်သူ (Carrier) များသာ ဖြစ်ပြီး ရောဂါ သယ်ဆောင်သူ နှစ်ဦး လက်ထပ်ခြင်း (Hh x Hh) ဖြင့် သားသမီး များ၏ ၂၅% ကို ရောဂါ ကူးစက် စေပါသည်။ (တွက်ချက်ပုံကို မိတ်ဆက်ပို့စ်တွင် ပြန်ကြည့်ပါ)။

မျိုးဆက်ခြား ကူးစက်သည့်ရောဂါ (သို့) ဗီဇ တခု၏ လက်ဆက်ကမ်းမှုသည် ကြား ကာလတွင် လုံးဝ လက္ခဏာ မပေါ်ပဲ မျိုးဆက် သုံးလေးခုကြာ မှပြန်ပေါ်လာသည်များလည်း ရှိနိုင်ပါသည်။ မြန်မာပြည်တွင် အင်္ဂလိပ်ဝင်စားသည်ဟု ယုံကြည်ရသည့် အသားမဖြူမညို ဗမာမိဘနှစ်ဦးမှ မွေးဖွားလောသော အသွင်သဏ္ဌန်(Phenotype) အရ ရွေဝါရောင် ဆံပင်၊ မျက်လုံး ညိုပြာ၊ အသား ဖြူစပ်စပ် ကော့ကေးရှန်း ပုံ ဗမာများ ကို တွေ့ဖူး ပါလိမ့်မည်။ ထိုသူများသည် ဘာသာရေး အရ လူဝင်စားခြင်း ဖြစ်နိုင်သော်လည်း မျိုးရိုး ဗီဇအရ တကယ် စင်စစ်တွင် ဘိုးဘွား၊ ဘီဘင် လက်ထက်က အမွေ ပေးခဲ့သည့် ထိုကလေးတွေ မွေးဖွားသူ၏ သွေးထဲတွင် ငုပ်ဗီဇ ကော့ကေးရှန်းသွေး မရှိပဲနှင့် Asian စစ်စစ် ကနေ ကော့ကေးရှန်း စစ်စစ် လူသား ကို မွေးဖို့မည်သို့မှ မဖြစ်နိုင်ကြောင်း ကို မျိုးရိုး ဗီဇ ဘာသာရပ် ကို လေ့လာခြင်း ဖြင့် သိနိုင် ပေသည်။ ထို့ကြောင့် အင်္ဂလိပ်သည် လူတိုင်းဆီမှာ ၀င်စားနိုင်သော်လည်း အင်္ဂလိပ်သွေး ရှိသည့်မိခင်မှာ ၀င်စားမှသာ အင်္ဂလိပ်ပုံ ကလေးကိုမွေးနိုင်ပါသည်။ ထိုသူများ၏ ဘိုး၊ ဘွားဘီဘင် ထဲမှ တဦးဦး သည် အင်္ဂလိပ် လက်ထက်က အင်္ဂလိပ် တစ်ဦးဦး နှင့် အကြောင်းပါ သွေးနှောဖူးပြီး ယခင် မျိုးဆက် များတွင် ကော့ကေးရှန်း ဗီဇ ငုပ်နေ ၍ မပေါ်ပဲ မျိုးဆက် သုံးလေးခု ကြာမှ စိုးမိုး ဗီဇအဖြစ် ပြန်ပေါ် လာခြင်းသာ ဖြစ်ပြီး ကော့ကေးရှန်းကလေးကို မွေးခြင်း ဖြစ်ပါသည်။

အာဖရိကန် တယောက်နှင့် အဖြူတယောက် လက်ထပ်သောအခါ အရေပြား၌ တယောက်ယောက်က အပြည့်အ၀ စိုးမိုးနေပါက ပြင်ပလက္ခဏာအရ အာဖရိကန်စစ် (သို့) အဖြူစစ်စစ် တယောက်ကို မွေးဖွားနိုင်သော်လည်း ထိုကလေး၏ သွေးထဲရှိ ရှိရင်းဗီဇတွင်မူ အဖြူနဲ့အမဲ ဗီဇမျှတူပင် ဖြစ်ပြီး ၎င်းတွင်မပေါ်သည့် ငုပ်ဗီဇသည် ၎င်း၏သားနှင့် မြေးများတွင် အပြည့်အ၀ သော်လည်းကောင်၊ အပြည့်မ၀ သော်လည်းကောင်း စိုးမိုးပြီး ပေါ်နိုင်ပါသည်။ မပြည့်မ၀ စိုးမိုးခြင်းမှာ မိဘနှစ်ဦးစလုံး၏ လက္ခဏာ (အဖြူအမဲဖြစ်က မဖြူမမဲ) တ၀က်တပြက်စီ ပေါ်ခြင်းဖြစ်သည်။ (စိုးမိုးခြင်းနှင့်ပတ်သက်ပြီး မရှင်းလင်းပါက မိတ်ဆက်ပို့စ်တွင် ပြန်ကြည့်နိုင်ပါသည်။)

(၃) လိင်ခရိုမိုဇုန်း ချွတ်ယွင်းမှု မျိုးဆက်ခြားကူးစက်ခြင်း (Sex linked recessive)

လူသား ဆဲလ်၏ နောက်ဆုံး (သို့) ၂၃ စုံမြှောက် ခရိုမိုဇုန်း သည် ကျား မ လက္ခဏာ ကို ဖေါ်ဆောင်သည့် ခရိုမိုဇုန်း ဖြစ်သည်ကို သိရှိပြီး ဖြစ်ပါသည်။ ကျား ၊မ ခရိုမိုဇုန်း တွင် အမျိုးသား များသည် X နှင့် Y ဟူ၍ အမည် ပေးထားသော လိင် ခရိုမိုဇုမ်း နှစ်မျိုး စလုံး ပိုင်ဆိုင် သော်လည်း အမျိုးသမီး များတွင် X ခရိုမိုဇုမ်း သာ ရှိပါသည်။ ထို့ကြောင့် ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွား ရာ၌ ပထမ ဦးဆုံး သက်ရှိဆဲလ် Gametocyte ကိုဖွဲ့စည်းရာမှာ အမျိုးသမီး သည် X ခရိုမိုဇုန်းကိုသာ ထုတ်ပေး နိုင်းပြီး အမျိုးသားသည် X (သို့) Y ကို ထုတ်ပေးနိုင်ပါသည်။ အမျိုးသမီးဆီမှ ရရှိသော ထို X ခရိုမိုဇုန်းနှင့် ပေါင်းရန် အမျိုးသားဆီမှ X ခရိုမိုဇုန်း နှင့် လာတွဲပါက သနွေသား၏ လိင်ခရိုမိုဇုမ်းတွင် (XX) ကို ဖြစ်စေပြီး သမီး မိန်းကလေး ကို ရရှိမည်ဖြစ်သည်။ အမျိုးသားဆီက Y ခရိုမိုဇုန်း ကို ရရှိပါက သန္ဓေသားမှာ (XY) ခရိုမိုဇုမ်းကို ဖြစ်စေပြီး သား ယောက်ျားလေး ကို ရရှိမည် ဖြစ်ပါသည်။ ( မှတ်ချက် - မိမိ၏ ဇနီးမယားများအား သားယောက်ျားလေး မမွေးပေး၍ အသုံးမကျသည့် မိန်းမအဖြစ် အပြစ်တင်လေ့ရှိသော အမျိုးသားများကို မကြာခဏ တွေ့ဖူးပါလိမ့်မည်။ ဤအချက်ရ မိန်းကလေးမွေးခြင်း ယောကျားလေး မွေးခြင်းသည် အမျိုးသားများ၏ Spam မှ ထုတ်ပေးသော လိင်ခရိုမိုဇုန်းနှင့်သာ တိုက်ရိုက်သက်ဆိုင်သည်ကို အထူးအလေးပေး သတိပြု မှတ်သားသင့်ပါသည်။)

ကျား၊မဆိုင်ရာ မျိုးရိုးဗီဇ ရောဂါ (Sex linked genetic disease) သည် Y ခရိုမိုဇုန်း မှ တဆင့် ကူးစက်ခြင်းမရှိပဲ X ခရိုမိုဇုန်းမှ တဆင့် သာ ကူးစက် လေ့ ရှိပါသည်။ လိင်ခရိုမိုဇုန်း မျိုးဆက်မခြားဘဲ တိုက်ရိုက် လက်ဆက်ကမ်းမှု (Sex Linked Dominant) သည် မရှိ သလောက် ရှားပြီး မျိုးဆက်ခြား လက်ဆက်ကမ်းမှု (Sex Linked recessive) သာ ကျား၊မ မျိုးရိုး ဗီဇ၏ ပုံမှန် လက်ဆက် ကမ်းမှုဖြစ်သည်။ ထို့ကြောင့် ရောဂါရ နေသော မိဘမှ တိုက်ရိုက် ကူးစက်မှု နည်းပါးပါသည်။ ကျားမ ဗီဇ အမွေ ဆက်ခံမှုအရ အမျိုးသမီး များသည် ပုံမှန်အားဖြင့် ရောဂါသည် မဖြစ်ဘဲ ရောဂါ သယ်ဆောင်သူ များသာ ဖြစ်များဖြစ်သည်။ X နှင့် Y တွင် X ဗီဇ သည်သာ ရောဂါကို လက်ဆက် ကမ်းသယ်ဆောင်ပြီး Y ဗီဇသည် ရောဂါကို မသယ်ဆောင် နိုင်သောကြောင့်
ရောဂါလက္ခဏာ သည် အမျိုးသား များတွင်သာ ပေါ်ပါသည်။ သားယောက်ျားများသည် ဖခင်ဆီမှ Y ဗီဇသာ ရရှိပြီး X ဗီဇ ရရန်အကြောင်းလုံးဝ မရှိသောကြောင့် အဖေမှ သားများ ဆီသို့ လက္ခဏာ ကူးစက်ရန် လုံးဝမ ဖြစ်နိုင်သလို သယ်ဆောင်သူများလည်း မဖြစ်နိုင်ပါ။ သို့သော်လည်း ဖခင်တိုင်းသည် သမီးတိုင်းသို့ X ဗီဇကို ထုတ်ပေးရသောကြောင့် ရောဂါရှိသော ဖခင်သည် သမီးများအားလုံးသို့ ရောဂါကို လက်ဆက်ကမ်းပေး ပါသည်။ ထို့ကြောင့် ရောဂါရှိသူဖခင်၏ သမီးများအားလုံးသည် ရောဂါသယ်ဆောင်သူများ ဖြစ်ပြီး ၎င်းတို့မွေးဖွားမည့် သားအားလုံး၏ တ၀က် (၅၀%) ကို ရောဂါလက်ဆက်ကမ်း ကူးစက်စေနိုင်ပါသည်။ အရောင်မကွဲခြင်း (Colour blindness), Duchenne muscular dystrophy, clotting factor abnormality နှင့် Haemophilia စသည် တို့သည် ထင်ရှား သော Sex Linked Disease များ ဖြစ်ပါသည်။

ရောဂါသယ်ဆောင်သော မိခင်၏ သမီးများသည် မိခင်ဆီမှ ရောဂါ ရရှိသော X ဗဇကို ရထားသော်လည်း တခြား X ဗီဇကို ကျန်းမာသေသော ဖခင်ဆီမှ ရထားသောကြောင့် ရောဂါ တယောက်မှ မရနိုင်ဘဲ သယ်ဆောင်သူများ ဖြစ်လာပြီး ၎င်းတို့ သားနှစ်ယောက် မွေးပါက တယောက်တွင် ရောဂါ ရနေသည်ကို တွေ့ရသည်။ အမျိုးသားများသည် ရောဂါသယ်ဆောင်သူ ဟူ၍မရှိဘဲ ရောဂါသည် (သို့) ရောဂါကင်းသူများ ကိုသာ တွေ့နိုင်ပါသည်။ အကြောင်းမှာ အမျိုးသားကို ဖြစ်စေသည့် လိင်သင်္ကေတ (XY) ဗီဇတွင် ၎င်းတို့သည် X ဗီဇကို မိခင်များ ဆီကသာ ရရှိပြီး ထို X ခရိုမိုဇုမ်း၌ ရောဂါပါလာပါက ၎င်းတို့သည် ရောဂါသည်များ ဖြစ်သွားပြီး သမီးများအားလုံးကို ထိုအမွေပေးသည်။ ရောဂါရှိသော အဖေသည် သားများသို့ X ဗီဇကို ပေးစရာအကြောင်း မရှိသောကြောင့် သားတယောက်မှ အဖေဆီက ရောဂါကို လက်ခံသူ၊ သယ်ဆောင်သူ နှစ်ခုစလုံး ဖြစ်စရာအကြောင်း မရှိပါ။

ဆံပင်၏ သိပ်သည်းခြင်း သည် Sex Linked လက္ခဏာ တခုဖြစ်ပြီး အကယ် ၍ အမျိုးသား တဦးသည် အသက် အသက် ၃၀ ကျော် အသက် အရွယ်၌ နှဖူး ပြောင်ပါက ထိုဗီဇ ကို ဖခင် ဆီမှ ရသည်မဟုတ်ပဲ မိခင်ဘက်မှ တော်စပ်သည့် အဖိုး ဆီမှ ရရှိခြင်း ဖြစ်ပါသည်။ ထို နဖူးပြောင်သော အမျိုးသားသည် ထိုဗီဇအား ၎င်း၏သားဆီမှ မွေးသော မြေးယောက်ျားများဆီသို့ လက်ဆက်ကမ်းရန် မရှိဘဲ သမီးမှ မွေးဖွားလာသည့် မြေးယောက်ျား တ၀က်ခန့်တွင် ထိုလက္ခကို လက်ဆက်ကမ်းနိုင်ပါသည်။
ထို့ကြောင့် နဖူးပြောင်သူ၏ သမီးမှ မွေးသော မြေးယောက်ျားသည် အရွယ်ရောက်ပါက နဖူးပြောင်နိုင်သော်လည်း သားမှမွေးသော မြေးယောက်ျားတွင် နဖူးပြောင်သည်ကို တွေ့ရမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသေည် အမျိုးသားများသည် ရောဂါကို မိခင်ဆီမှသာ လက်ခံရရှိပြီး သမီးများဆီသို့သာ လက်ဆက် ကမ်းနိုင်သောကြောင့် ဖြစ်ပါသည်။ မိမိ၏ အဖိုး၌ နဖူးပြောင်နေပါက မိမိ၌ နဖူးပြောင်နိုင်ခြေ ရှိမရှိကို ဤနည်းဖြင့် တွက်ကြည့်နိုင်ပါသည်။ Sex Linked Disease ၏ အနှစ်ချုပ်မှာ အမျိုးသမီးများသည် ရောဂါသည် မဖြစ်နိုင်ဘဲ သားများဆီသို့ ရောဂါသယ်ဆောင် ဖြန့်ဖြူးသူများသာ ဖြစ်သည် သို့သော် သမီးများသို့ လုံးဝ အမွေမပေးနိုင်ပါ။ အမျိုးသားများသည် ရောဂါသည် (သို့) ရောဂါကင်းသူနှစ်မျိုး ဖြစ်နိုင်ပြီး သယ်ဆောင်သူ မဖြစ်နိုင်ပါ။ အမျိုးသားများ၏ ရောဂါကို သားများသို့ လုံးဝ မကူးစက်နိုင်သော်လည်း သမီးများအားလုံးသို့ အမွေပေးပါသည်။

ခရိုမိုဇုန်း ပုံမှန်မဟုတ်ခြင်း (Chromosomal Abnormality) နှင့် Complex Genetic disease ကို ဆက်လက် တင်ပြပါမည်။

Public Health in Myanmar တွင် ဖေါ်ပြခဲ့ဖူးသော မူရင်းပို့စ် ကို အနည်းငယ် ပြန်လည် ပြင်ဆင်ကာ ပြန်လည်ဖေါ်ပြပါသည်။


မျိုးရိုး ဗီဇ အမွေဆက်ခံခြင်း မိတ်ဆက်

အဖေ အမေတူ မိဘနှစ်ပါးမှ မွေးဖွား ဆင်းသက် လာသော မွေးချင်း ညီအစ်ကို မောင်နှမ များ၏ ရုပ်သွင်၊ အပြုအမူနှင့် အကျင့် စရိုက် များသည် အမေ နှင့် တူသူများ ရှိသလို အဖေ နှင့် တူသူ များ ကိုလည်း တွေ့ရ သည်။ သို့သော် တချို့မှာ နှစ်ယောက် စလုံး နှင့် မတူပဲ အဖိုး အဖွား (သို့) တ၀မ်းကွဲ မောင် နှမများ နှင့် တူသည် ကို တွေ့ရ နိုင်သည်။ ထိုနည်း အတူ မိဘ တဦးဦးတွင် ရောဂါ (သို့) ခန္ဓာကိုယ်၌ ပုံမှန် မဟုတ်သည့် လက္ခဏာ တစ်ခု ရှိ၍ သား သမီးများထဲမှ အကုန်လုံး သို့ မကူးစက်ပဲ အချို့ ကိုသာ ကူးစက်ခြင်း၊ ကျားမ ကူးစက်ပုံ ခြားနား ခြင်း (သို့) သားသမီး များသို့ လုံးဝ မကူးစက်ပဲ မြေး၊ မြစ် များ လက်ထက်မှ သွားရောက် ကူးစက်ခြင်း စသည်တို့ကို တွေ့ဖူး ကြ ပါလိမ့်မည်။


အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။

ခရိုမိုဇုမ်း နှင့် ဗီဇ (Chromosome and Genes)


သက်ရှိ အားလုံး၏ ခန္ဓာကိုယ်အား ဆဲလ်ကလပ်စည်း (cells) ပေါင်း မြောက်များစွာဖြင့် ဖွဲ့စည်းထားသည်ကို လူတိုင်းသိပြီး ဖြစ်ပါသည်။ ထိုဆဲလ်ကလပ်စည်းတိုင်း၏ ဗဟိုချက်ဖြစ်သည့် နြူကလိယ (Nucleus) များ ထဲတွင် ရှည်လျားပြီး ချည်မျှင် ကဲ့သို့ ဖွဲ့စည်းပုံ ရှိပါသည့် ခရိုမိုဇုမ်း တတွဲစီ ပါရှိ ပါသည်။ ထို ခရိုမိုဇုမ်း ထဲတွင် ဆဲလ်၏ လုပ်ငန်း အတွက် လိုအပ်သော အချက်အလက် ပစ္စည်း အားလုံး ပါဝင်သည့်အပြင် နောက်မျိုးဆက်များသို့ လက်ဆင့် ကမ်းပေးသည့် မျိုရိုးဗီဇ အမှတ်အသား (Genetic Code) (သို့) genes (သို့) Genome ဟုခေါ်သော ဗီဇ (gene) ကို သိုလှောင်ထားပါသည်။ ဗဇတခုနှင့်တခု နောက်မျိုးဆက်သို့ ရောဂါ၊ ရုပ်သွင် လက္ခဏာ၊ အမူအရာ၊ အကျင့် စရိုက် စသည် တို့ကို လက်ဆင့်ကမ်း အမွေပေးရာမှာ ကွဲပြားမှု ရှိပြီး ထိုသို့ ကွဲပြားခြင်းသည် ထိုခရိုမိုဇုမ်း တစ်ခုစီရှိ ဗီဇများ၏ အပြစ် အနာအဆာများနှင့် အားသာချက်များ ပေါ်တွင် မူတည်ပါသည်။


ဗီဇစတင်ခြင်းနှင့် အမွေဆက်ခံခြင်း၊ Genotype (ရှိရင်းဗီဇ) နှင့် Phenotype (အသွင်သဏ္ဍန်)

ဗီဇသည် မျိုးဆက် တစ်ခုနှင့် တစ်ခုကြား အမွေ ဆက်ခံနိုင်သည့် အသေးငယ် ဆုံးသော အခြေခံအင်္ဂါ အစိတ်အပိုင်း ဖြစ်သည်။ ခရိုမိုဇုမ်း ထဲတွင် မျိုးရိုး ဗီဇပေါင်း ၅၀ ၀၀၀ - ၁ ၀၀၀ ၀၀၀ အထိ ပါရှိပါသည်။ သက်ရှိ တို့၏ ဗီဇ(gene) တစ်ခုစီ ကို မိခင်နှင့် ဖခင် တဦးစီမှ ရရှိသော alleles (ဗီဇ၀က်) တခုစီဖြင့် ပေါင်းစပ်ဖွဲ့စည်း ထားပါသည်။ ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွားခြင်း (Fertilisation) ကို အောင်မြင်စွာ ပြီးစီးသွားသောအခါ လူသားတွင် ဖခင်၏ သုတ်ရည် (sperm) မှ ရရှိသော allele (ဗီဇ၀က်) နှင့် မိခင်၏ မျိုးဥမှ ရရှိသော ဗီဇ၀က်တို့ ပေါင်းစပ်၍ ဗီဇ (Gene ) တခုကို ဖြစ်စေပြီး ထိုမှတဆင့် ဆဲလ်အသစ် (gamete) ဟုခေါ်သော ပထမဦးဆုံး သက်ရှိ ဆဲလ်တခုကို လိင်ရှိ ဆဲလ်ပွားခြင်း (Meiosis) နည်းဖြင့် ရရှိပါသည်။ ထိုမိခင်နှင့် ဖခင်ဆီမှ ဗီဇ တ၀က်စီပါသော ပထမဦးဆုံး သက်ရှိဆဲလ် တစ်ခုမှ တဆင့် ပုံစံတူ (Identical) ထပ်တူကျသည့် ဆဲလ်များကို လိင်မဲ့ ဆဲလ်ပွားခြင်း (Mitosis) ဖြင့် လူသား (သို့) သတ္တ၀ါ လောင်းလျာလေးကို ဖြစ်လာစေပြီး ထိုမှတဆင့် နောက်ဆုံးတွင် ပြီးပြည့်စုံသည့် သတ္တ၀ါတခုကို ဖြစ်လာစေပါသည်။ ထိုအသစ်ဖြစ်လာသော သတ္တ၀ါတွင် မိခင်နှင့် ဖခင် နှစ်ဦးစလုံးဆီမှ အရိုက်အရာများကို တွေ့မြင်နိုင်သည်များ ရှိသလို မတွေ့မြင် နိုင်သည်များလည်း ရှိပါသည်။ လက္ခဏာကို မြင်တွေ့ရသည်ဖြစ်စေ၊ မမြင်တွေ့သည်ဖြစ်စေ သွေးထဲတွင် အမှန်တကယ် ရှိနေသည့် ဗီဇကို Genotype (ရှိရင်းဗီဇ) ဟုခေါ်၍ မျက်စိနှင့် တွေ့မြင်နိုင်သည့် (သို့) စမ်းသပ်တွေ့ရှိနိုင်သည့် ရောဂါ ချွတ်ယွင်းမှု၊ ရုပ်သွင်၊ အရောင်၊ အကျင့်စရိုက်၊ အမူအရာ စသည့်အားလုံးကိုမူ Phenotype (ပြင်ပလက္ခဏာ) ဟုခေါ်ပါသည်။ သားသမီးတွင် ရုပ်သွင်လက္ခဏာ ပေါ်ရာ၌ များအားဖြင့် မိခင် (သို့) ဖခင်ဆီမှ အားကောင်းသော ဗီဇ၀က်တခုကသာ စိုးမိုးပြီး သားသမီး၏ ပြင်ပလက္ခာကို ပေါ်လွင်စေပါသည်။


စိုးမိုးဗီဇ (Dominant alllele) နှင့် လက်ခံဗီဇ (သို့) ငုပ်ဗီဇ (Recessive alllele)

မိခင်နှင့် ဖခင်ဆီမှ ရရှိသော ဗီဇ၀က်နှစ်ခု ပေါင်းစပ်ထားသော ဗီဇတွင် မြင်တွေ့နိုင်သည့် လက္ခဏာပေါ်သည့် ဗီဇသည် စိုးမိုးဗီဇ (Dominant allele) ဖြစ်ပြီး လက္ခဏာ မပေါ်သည့် ဗီဇသည် လက်ခံဗီဇ (သို့) ငုပ်ဗီဇ (Recessive allele) ဖြစ်သည်။ အသားဖြူသည့် အဖေနှင့် အသားညိုသည့် အမေမှ မွေးလာသော ကလေးသည် အသားဖြူပါက အရေပြာ်းအအရောင်နှင့် ပတ်သက်သည့် ဗီဇ၌ အဖေ၏ သွေးက စိုးမိုးပြီး အသားညို ပါက အမေ၏ သွေးမှ စိုးမိုးသည်။ အရပ် ရှည်သူနှင့် အရပ်နိမ့်သူ နှစ်ဦးမှ မွေးလာသော ကလေးသည်လည်း စိုးမိုးသည့် ဗီဇအပေါ် မူတည်ပြီး အရပ်ရှည်ခြင်း ပုခြင်းကို စိုးမိုးသူ မိဘတဦး၏ ပုံစံအတိုင်း အမွေ ရမည်ဖြစ်သည်။ သို့သော်လည်း ထိုပုဂ္ဂိုလ် များ၏ သွေးထဲတွင် အမှန်တကယ်ရှိနေပြီး အသွင်သဏ္ဍန်တွင် မပေါ်သည့် အသား အရောင်နှင့် အရပ် အနိမ့် အမြင့်စည့် လက္ခဏာများသည် သွေးထဲတွင် အမှန်တကယ် ရှိနေပြီး ၎င်းတို့၏ သားသမီးများသို့ အမွေ ပေးရန် သယ်ဆောင် သွားမည် ဖြစ်သည်။ စိုးမိုးဗီဇ (Dominate gene) သည် အများစု (သို့) ပုံမှန်အခြေအနေကို အများဆုံး ကိုယ်စားပြုပါသည်။ ငုပ်ဗီဇ (Recessive gene) သည် ကျန်းမာရေး နှင့် မသက်ဆိုင်သည့် သာမန် အခြေအနေတွင် အနည်းစု (သို့) လူဦးရေ အများစု အတွက် ပုံမှန် မဟုတ်ပဲ ထူးခြားသည့် လက္ခဏာကို ဖေါ်ဆောင်ပြီး ကျန်းမာရေး၊ ဇီဝ၊ ဓါတုနှင့် ဆေး ပညာရပ်နှင့် သက်ဆိုင်သည့် အခြေအနေတွင်မူ ရောဂါ တခုခု (သို့) တစုံတရာ ချွတ်ယွင်းမှုကို ဖေါ်ညွှန်းပါသည်။
ထို့ကြောင့် ပုံမှန်ဗီဇ၀က်သည် များသောအားဖြင့် စိုးမိုးဗီဇနေရာတွင် ယူလေ့ရှိပါသည်။


ဗီဇ အမျိုးအစားများ

မျိုးရိုးဗီဇ လေ့လာသည့် ပညာတွင် စိုးမိုးဗီဇနှင့် လက်ခံဗီဇတို့၏ အဓိပ္ပါယ် သတ်မှတ်ချက်ကို အောက်ပါ ဇယားကို လေ့လာခြင်း ဖြင့် ရှင်းလင်းစွာ တွေ့နိုင်ပါသည်။ အောက်ပါဇယားတွင် ကျန်းမာသည့် ဗီဇ (သို့) ပုံမှန်လက္ခဏာ ဖြစ်သည့် စိုးမိုးဗီဇ၀က်ကို အင်္ဂလိပ် အက္ခရာ စာလုံးအကြီး တခုခု (D) ဟု သတ်မှတ်ပြီး မကျန်းမာ သည့်ဗီဇ (ပုံမှန်မဟုတ်သည့် လက္ခဏာ) လက်ခံဗီဇ၀က်ကို (d) အဖြစ် သတ်မှတ်ပါက ရှိရင်းဗီဇနှင့် လက်ခံဗီဇ အမည်ပေးပုံကို အောက်ပါ ဇယားအတိုင်း တွေ့ရမည်ဖြစ်သည်။




ဗီဇတိုင်းကို ဗီဇ၀က် တခုစီဖြင့် ပေါင်းစပ်ထားသည် ဖြစ်ရာ လူပုဂ္ဂိုလ်တဦး၏ ဗီဇတွင် မိခင် နှင့် ဖခင်ဆီမှ စိုးမိုး ဗီဇ၀က်ဖြစ်စေ၊ လက်ခံ ဗီဇ၀က် ဖြစ်စေ မျိုးတူသော ဗီဇ၀က်နှစ်ခုပေါင်းစပ် ထားပါက ဇယားပါ ဥပမာတွင် မျိုးတူဗီဇ (DD) နှင့် (dd) ကို (Homozygote) ဟု ခေါ်၍ ၎င်းတွင် စိုးမိုးဗီဇ (DD) နှင့် လက်ခံဗီဇ(dd) နှစ်မျိုးကို တွေ့ရသည်။ ထိုကဲ့သို့မျိုးမတူပဲ စိုးမိုး ဗီဇ၀က်တခုနှင့် လက်ခံ ဗီဇ၀က်တခုစီ ပေါင်းစပ်ထားသည့် ဗီဇ ကို မျိုးမတူ ဗီဇ (Dd) ကို (Heterozygote) ဟု ခေါ်ပါသည်။ များသော အားဖြင့် Homozygous dominant DD (မျိုးတူသည့် စိုးမိုးမှု) သည် ကျန်းမာ သူသာဖြစ်ပြီး Homozygous recessive dd (မျိုးတူငုပ်ဗီဇ) စိုးမိုးပါက ပုံမှန်မဟုတ်ခြင်း (သို့) ရောဂါလက္ခဏာကို ဆောင်ပါသည်။

အမျိုးမတူသည့် ဗီဇ၀က်တခုစီ ပေါင်းစပ်ထားပါက Heterozygote Dd (မျိုးမတူဗီဇ) ဟု ခေါ်ပြီး ၎င်းတွင် ကျန်းမာသည့် စိုးမိုးဗီဇ၀က်တခုက စိုးမိုးနေသောကြောင့် ၎င်းကိုယ်တိုင် ကျန်းမာသူ ဖြစ်သော်လည်း အပြင်မှာ လက္ခဏာမပေါ်ပဲ ၎င်း၏ သွေးထဲတွင် တိမ်မြှပ်နေသော ပုံမှန်မဟုတ်သည့် ဗီဇ၀က်ကို နောက်မျိုးဆက်သို့ သယ်ဆောင်သူ (Carrier) ဖြစ်သည်။ ဤသည်ပင် မိဘ၏ရောဂါ (သို့) အသွင်လက္ခဏာ သားသမီးတွင် မပေါ်ပဲ မြေး၊ မြစ်တွင်မှ သွားပေါ်သည့် အကြောင်းအရင်း ဖြစ်သည်။ ကျန်းမာ သည့် မျိုးတူစိုးမိုးဗီဇ (Homozygous dominant alleles) DD နှစ်ခုစလုံး ရထားသူသည် ရောဂါမရှိနိုင် သလို သယ်ဆောင်သူ လည်းမဟုတ်ပါ။ မျိုးတူသည့် လက်ခံဗီဇ၀က် (Homozygous recessive alleles, dd) နှစ်ခုစလုံး ရထား သူသည် ရောဂါ ရှိသူ ဖြစ်သလို သယ်ဆောင် သူ (Career) လည်း ဖြစ်သည်။


အမျိုးမတူဗီဇ အချင်းချင်း ပေါင်းစပ်ခြင်း အမွေဆက်ခံပုံ (Heterozygous Inheritance)

အမျိုး မတူသည့် ဗီဇ၀က်နှစ်ခုကို ရရှိထားသည့် အမျိုးသမီးနှင့် အမျိုးသား တစ်ဦး လက်ထပ် ပါက ၎င်းတို့၏ သားသမီးများတွင် အမွေ ရနိုင်သည့် အသွင် သဏ္ဍန်ကို သိရှိနိုင်ရန် မိဘ တဦးစီမှာ ရှိသည့် ရှိရင်းဗီဇ များ အချင်းချင်း မြှောက်ခြင်း (Dd X Dd) ဖြင့် ရနိုင်သည့် အဖြေကို အောက်ပါ ဇယားတွင် လေ့လာသိရှိနိုင်ပါသည်။




အထက်ပါ ဇယား၏ အဖြေကို ဘာသာပြန်ပါက ရောဂါသယ်ဆောင်သူ နှစ်ဦး လက်ထပ်ပါက သားသမီးတွင် မျိုးတူဗီဇ ၅၀% (DD နှင့် dd) နှင့် မျိုးမတူဗီဇ (Heterozygous Dd ) 50% ကို ရသည်ကို တွေ့ရမည် ဖြစ်သည်။ မျိုးတူဗီဇ တ၀က် (DD) မှာ ရောဂါလုံးဝ ကင်းပြီး ကျန်သည့် တ၀က် (dd) မှာ ရောဂါသည်များဖြစ်သည်။ ရောဂါကင်းသည့် မျိုးတူဗီဇ (Homozygous DD) 25% နှင့် မျိုးမတူ ဗီဇ (Heterozygote Dd) 50% ပေါင်း စုစုပေါင်း ၇၅% (DD+Dd) မှာ ကျန်းမာသူများ ဖြစ်ပြီး ကျန်သည့် မျိုးတူ ဗီဇ (dd)၂၅% မှာ လုံးဝရောဂါရှိသူများ ဖြစ်သည်။ ကျန်းမာသူ များ အနက် ၅၀% (Dd) များမှာ ကိုယ်တိုင် ရောဂါမရှိသော်လည်း ရောဂါသယ်ဆောင်သူများ ဖြစ်ပြီး ကိုယ်တိုင်လည်းကျန်းမာ သယ်ဆောင်စရာ ရောဂါလည်း သွေးထဲတွင်လုံးဝမပါသည့် လုံးဝကျန်းမာသူ (DD)၂၅% ရသည်ကို တွေ့ရ ပါသည်။


Incomplete Dominant (မပြည့်မ၀ စိုးမိုးခြင်း)

များသောအားဖြင့် ဗီတခုတိုင်းသည် မိခင် (သို့) ဖခင် တဦးဦး၏ ဗီဇက စိုးမိုးလျက်ရှိသော်လည်း ရံဖန်ရံခါတွင် မိခင် (သို့) ဖခင်တဦးစီ၏ လက္ခဏာကို အပြည့်အ၀ မပြပဲ မိခင်နှင့် ဖခင် နှစ်ဦး စလုံးဆီမှ ရရှိသောဗီဇများသည် တခုအပေါ်တခု အပြည့်အ၀ မစိုးမိုး နိုင်သည့် အခြေအနေများကိုလည်း တွေ့ရနိုင်ပါသည်။ ထိုအခါ နှစ်ဦးစလုံး၏ အရိုက်အရာများကို သားသမီးတွင် ရောထွေးစွာ တွေ့ရပြီး ဤသည်ကို မပြည့်မ၀ စိုးမိုးခြင်း (incomplete Dominant) ဟု ခေါ်ပါသည်။ ဥပမာ အရပ် ရှည်သူနှင့် အရပ်ပုသူ မိဘ နှစ်ပါးမှ မွေးလာသော သားသမီးသည် အရပ်မတိုမရှည် ဖြစ်နေခြင်း၊ အသား ဖြူသူနှင့် အသား ညိုသူ မိဘ နှစ်ပါးမှ မွေးလာသော သား သမီးများသည် အသား မဖြူမညို ဖြစ်နေခြင်း၊ မျက်လုံးသေးသူနှင့် မျက်လုံးကြီးသူ၊ ဆံပင်အရောင်မတူတူ မိဘနှစ်ပါး သည်တို့မှ မွေးလာသောသားသမီးများတွင် မျက်လုံးအရွယ်အစားနှင့် ဆံပင်အရောင်တွင် နှစ်ဦးစလုံး၏ အရိုက်အရာများကို ပေါင်းစပ်နေခြင်းများ တွေ့ရှိနိုင်ပါသည်။ ဤကဲ့သို့ တဦးတည်းမှ အပြည့်အ၀ မစိုးမိုးနိုင်ခြင်းများသည် မပြည့်မ၀ စိုးမိုးခြင်း ( Incomplete Dominant) ၏ လက္ခဏာ များ ဖြစ်သည်။


Co-dominant (အတူတကွစိုးမိုးခြင်း)

အတူတကွ စိုးမိုးခြင်း ဆိုသည်မှာ ငုပ်ဗီဇနှင့် စိုးမိုးဗီဇဟူ၍ မရှိပဲ မိခင်နှင့် ဖခင်နှစ်ဦးစလုံးဆီမှ လာသော ဗီဇ၀က်နှစ်ခုစလုံး သားသမီးတွင် တွေ့ရခြင်းကို ခေါ်ပါသည်။ အတူတကွ စိုးမိုးခြင်းကို တခြားအမွေဆက်ခံသည့် နေရာတွင် မတွေ့ရပဲ သွေးအုပ်စု အမွေဆက်ခံသည့် နေရာမှာသာ တွေ့ရပါသည်။ သွေးအုပ်စု အမွေဆက်ခံရာ၌ မိခင်နှင့် ဖခင် နှစ်ဦးစလုံးဆီမှ လာသော ဗီဇ၀က် နှစ်ခုစလုံး သားသမီးမှာ ပေါ်ပါသည်။ သွေးအုပ်စု သတ်မှတ်ရာ၌ သွေးနီဥ၏ မျက်နှာပြင်တွင် Antigenes များ ရှိသော သွေးကို A နှင့် B နှစ်ခု ခွဲခြား သတ်မှတ်ထားပြီး Antigen မရှိသော သွေး အမျိုးအစားကို O အဖြစ် သတ်မှတ် ထားပါသည်။ အတူတကွ စိုးမိုးခြင်းကြောင့်သာ အမေနှင့်အဖေ တယောက်စီမှ မတူသည့် Antigenes A နှင့်B ဗီဇ၀က် တခုစီ ရရှိသော သားသမီးသည် AB သွေးပိုင်ရှင်များ ဖြစ်လာပါသည်။ သို့သော် နှစ်ယောက်စလုံး Antigens မရှိသည့်သွေး O သွေးမိခင်နှင့် O သွေး ဖခင် တို့လက်ထပ်ပါက Antigene ပေါ်စရာအကြောင်း လုံဝ မရှိသောကြောင့် တခြားသွေး အမျိုးအစား သားသမီး ရနိုင်စရာ အကြောင်းမရှိပဲ Antigine မရှိသည့် O သွေး အမျိုးအစား ကလေးကိုသာ မွေးမည်ဖြစ်သည်။

သို့သော်လည်း Antigens ရှိသည့် A သွေးပိုင်ရှင်နှင့် B သွေး ပိုင်ရှင် လက်ထပ်ပါက ၎င်းတို့ လက်ဆက်ကမ်း ပေးလိုက်သော သွေးက မွေးလာသော သားသမီးတွင် အပြည့်အ၀ သွားပေါ်သောကြောင့် AB သွေးအပါအ၀င် တခြား A, B, နှင့် O သွေးပါ လေးမျိုးလုံးကို မွေးဖွားနိုင်ပါသည်။ အောက်ပါ ဇယားကို ကြည့်ခြင်းအားဖြင့် မိခင်သွေး (အပြာရောင်) နှင့် ဖခင်သွေး (အနီရောင်) တို့ လက်ထပ်ပါက မွေးလာသည့် ကလေးများတွင် ရရှိနိုင်သည့် သွေး (အနက်ရောင်) အမျိုးအစားများကို လွယ်ကူစွာ တွေ့ရှိနိုင်ပါသည်။




(ဇယားကို Dr Zero ရဲ့ပို့စ် ဖြစ်သည့် Blood group မှ ကူးယူဖေါ်ပြပါသည်။)

အချုပ်အားဖြင့် မျိုးရိုးဗီဇတွင် မိခင်နှင့်ဖခင်ဆီမှ ဗီဇတ၀က်စီဖြင့် သားသမီးများ၏ ဗီဇကို စတင်ဖြစ်ပေါ်စေသောကြောင့် သားသမီးတိုင်းသည် ၄င်းတို့၏မိဘများဆီမှ အရိုက်အရာ တ၀က်စီကိုသာ ရရှိပါသည်။ ဗီဇတွင် ငုပ်ဗီဇနှင့် စိုးမိုးဗီဇဟူ၍ ရှိပြီး စိုးမိုးဗီဇသည်သာ ပြင်ပ လက္ခာမှာပေါ်ပြီး ငုပ်ဗီဇကို မမြင်တွေ့နိုင်ပါ။ သို့သော် ငုပ်ဗီဇသည် ခန္ဓာကိုယ်အတွင်း၌ မမြင်ရပဲ တိမ်မြှပ်နေပြီး နောက်မျိုးဆက်များတွင် ပြန်လည်တွေ့ရှိနိုင်ပါသည်။ အမွေဆက်ခံရာ၌ အပြည့်အ၀ စိုးမိုးခြင်း၊ မပြည့်မ၀စိုးမိုးခြင်းနှင့် အတူတကွ စိုးမိုးခြင်းဟူ၍ သုံးခုရှိပြီး သားသမီးများ၏ ပြင်ပြရုပ်သွင်လက္ခာသည် ၎င်း၏ ရုပ်သွင်အား စိုးမိုးသည့် မိဘအပေါ်မူတည်၍ အမေ၏အရိုက်အရာ စိုးမိုးပါက အမေနှင့်တူခြင်း၊ အဖေ၏ အရိုက်အရာ စိုးမိုးပါက အဖေနှင့်တူခြင်း၊ အဖေနှင့်အမေ မပြည့်မ၀ စိုးမိုးပါကနှင့် နှစ်ဦးစလုံးနှင့် အနည်းငယ်စီတူခြင်း စသည်တို့ကို တွေ့ရပါသည်။ သို့သော် သွေးအုပ်စုကို အမွေဆက်ခံရာ၌ စိုးမိုးဗီဇ၊ ငုပ်ဗီဇဟူ၍ မရှိပဲ မိခင်နှင့် ဖခင်နှစ်ဦးစလုံးဆီမှ ရရှိသော ဗီဇများကို အတူတကွ တွေ့ရသောကြောင့် ၎င်းတခုတည်းမှာသာလျင် မိဘနှစ်ပါးစလုံးဆီမှ လက်ခံရရှိထားသော အမွေအနစ်ကို သားသမီးများတွင် အပြည့်အ၀ စိုးမိုးသည်ကို တွေ့ရပါသည်။


(Public Health in Myanmar တွင် ကျွန်မတင်ခဲ့သော မူရင်းပို့စ် ကို အနည်းငယ် ပြင်ဆင် ဖြည့်စွက်ပြီး ပြန်လည် ဖေါ်ပြပါသည်။

တခြားသက်ဆိုင်သည့် ပို့စ်များ

မျိုးရိုးဗီဇ ရောဂါများနှင့် အမွေဆက်ခံပုံ (၁) ဤနေရာမှာ
မျိုးရိုးဗီဇ ရောဂါများ (၂) ဤနေရာမှာ
မျိုးရိုးဗီဇ ရောဂါများ (၃) ဤနေရာမှာဗီဇနဲ့ အကျင့်စာရိုက် ဘာကွာလဲ ဤနေရာမှာ