မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Showing posts with label ဆုတောင်း. Show all posts
Showing posts with label ဆုတောင်း. Show all posts

ရွှေပြည်တော် မျှော်တိုင်းဝေး

  အခုချိန်မှာ အသက် ၈၉ နှစ်ပြည့်ပြီးလို့ ၉၀ ထဲမှာ ရောက်နေပြီ ဖြစ်တဲ့ သက်တမ်းရှည် မျိုးချစ် တော်လှန်ရေးသမားကြီးတဦးလည်းဖြစ် စာရေးဆရာ တဦးလည်း ဖြစ်တဲ့ မြ၀တီ ရဲခေါင်ခေါ် အဘဦးရဲခေါင်ဟာ အဆုပ်ကင်ဆာ ဝေဒနာကို ခံစားနေရပြီး ဘ၀ရဲ့ နောက်ဆုံးနေ့ရက်တွေကို ရင်ဆိုင်နေပါပြီ။ သူ့ရဲ့ ကိုယ်ရေးရာဇ၀င်ကို ဖတ်ကြည့်ခြင်းအားဖြင့် အဘ ဦးရဲခေါင်ဟာ  ခေတ်အဆက်ဆက်က မတရားတဲ့ ဖိနှိပ်တဲ့ နယ်ချဲ့၊ ဖက်ဆစ်၊ အာဏာရှင် စစ်အစိုးရ အဆက်ဆက်ကို BIA, BDA, ပြည်ချစ်တပ်မတော် နဲ့ ABSDF ကျောင်းသားတပ်မတော် စတဲ့ တပ်မတော် ၄ ခုမှာ ပါဝင်ပြီး တော်လှန်လာသူ မျိုးချစ်တော်လှန်ရေးသမားကြီး တယောက်ဖြစ်တာကို တွေ့ရမှာဖြစ်ပြီး အဘ တော်လှန်ရေး မလုပ်တဲ့ခေတ်ဆိုလို့ မြန်မာပြည်မှာ လွတ်လပ်ရေးရခါစက ဒီမိုကရေစီ ထွန်းကားတဲ့ ခေတ်တခေတ်ပဲ ရှိခဲ့တာကို တွေ့ရပါလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်ခန့်က အဘဆီက အဘလက်ရေးမူနဲ့ ရေးထားတဲ့ စာတချို့ကို သူပေးထားလို့ ကျွန်မရထားတာ ရှိပါတယ်။ ပို့စ်တချို့ကိုသာ တင်ဖြစ်ပြီး ကျန်တာကို အချိန်မရလို့ မတင်ဖြစ်ဘဲ သိမ်းထားရာကနေ မနေ့က ပြန်ထုတ်ကြည့်ဖြစ်တော့  "ရွှေပြည်တော် မျှော်တိုင်းဝေး" တဲ့ ခေါင်းစဉ်ကို တွေ့လိုက်ရရုံနဲ့တင် အဘရဲ့လက်ရှိအခြေအနေကို ကြည့်ပြီး ရင်ထဲမှာ နက်ကနဲ ဖြစ်အောင် ခံစားလိုက်ရပါတယ်။ အခုတော့ အဘမှာ ရွှေပြည်တော် ပြန်ဖို့ အချိန်လုံလောက်တော့မှာ မဟုတ်ဘူး။ မျိုးချစ် တော်လှန်ရေးသမားကြီးရဲ့ ဘ၀တလျှောက်လုံး ပေးဆပ်လာတဲ့ ပေးဆပ်မှုနဲ့ ဘ၀ဖြတ်သန်းမှုကို အသိအမှတ်ပြု လေးစားသောအားဖြင့် သူရေးခဲ့ဟောပြောခဲ့တဲ့ စာတွေကို ကွန်ပြူတာနဲ့ ပြန်ရိုက်ထုတ်ပြီး ကျွန်မ တခုပြီးတခု ဆက်ဖေါ်ပြပြီး မှတ်တမ်းတင်ပေးထားမှာ ဖြစ်သလို သူ့ဘ၀နောက်ဆုံးနေ့ရက်တွေကို အတတ်နိုင်ဆုံး သက်တောင့်သက်သာအဖြစ်ဆုံးနဲ့ ကျော်ဖြတ်သွားနိုင်ပါစေလို့ ကျွန်မ ဆုတောင်းပေးနေပါတယ်.... ၂၀၀၂ နှစ်တုန်းက နှစ်သစ်ကူး အခမ်းအနားတခုမှာ အဘဆုတောင်းခဲ့တဲ့ နှစ်သစ်ကူးဆုတောင်းလေးကို ဖတ်ကြည့်ပြီး မျှဝေခံစားနိုင်ကြပါစေ....
 

ရွှေပြည်တော် မျှော်တိုင်းဝေး

အော်.. ဘာလိုလိုနဲ့ တနှစ်ကုန်လို့ တနှစ်ဆန်းလာပြန်ပါကော... မယားခင်တဲ့ တရားမမြင်သူတွေကတော့ နှစ်ဆန်း (၁) ရက်နေ့ကို အချစ်စခန်းထွက်တဲ့နေ့အဖြစ် သတ်မှတ်ပြီး ဟိုဟိုဒီဒီ သွားကြလာကြ၊ စားကြသောက်ကြနဲ့ ငယ်ရွယ်သူတွေဘ၀ ပျော်နိုင်ကြပေမဲ့ ကျနော်တို့လို အသက်ကြီးတဲ့လူတွေအဖို့ရာမှာတော့ တနှစ်ဆိုတာဟာ သေတွင်းနှုတ်ခမ်းကို ခြေတလှမ်းဖို့ နီးသွားတဲ့သဘောမို့ ဘုရားဟောတဲ့ တရားသဘော 'အဘိဏှ' သုတ်တော်လာအတိုင်း ဆင်ခြင်သုံးသပ်လိုက်မယ်ဆိုရင် (၃၁) ဘုံမှာ ကျင်လည်နေကြရကုန်သော သတ္တ၀ါမှန်သမျှ အိုနာသေရေး ဒုက္ခဘေးက ဘာဆေးကိုပဲဝါးဝါး ဘာစက်ကိုပဲတပ်တပ် မရပ်မနား ဘယ်လိုပဲလွတ်အောင်ပြေးသွားပေမဲ့လို့ ဘယ်သူမှ မလွတ်နိုင်ပါဘူးတဲ့။ ဒါကြောင့်လဲ ဘုန်းတော်အနန္ဒ၊ ကံတော်အနန္ဒ၊ ဥာဏ်တော်အနန္ဒ၊ တန်ခိုးတော်အနန္ဒနဲ့ ပြည့်စုံတော်မူတဲ့ ကျနော်တို့ဘုရား ဂေါတမကအစ ခရစ်တော်အလယ် မိုဟာမက်အဆုံး လူ့လောကမှာ အမြင့်မြတ်ဆုံး အထူးချွန်ဆုံး အကောင်းဆုံး အတော်ဆုံးရယ်လို့ သတ်မှတ်ထားခြင်းခံရတဲ့ ဘုရားတွေတောင်မှ ကျနော်တို့ ဂေါတမဘုရားဆိုရင် နှစ်ပေါင်း ၂၅၄၅နှစ်ကျော်၊ ခရစ်တော်ဆိုရင်ပဲ နှစ်ပေါင်း ၂၀၀၂နှစ်၊ မိုဟာမက်ဆိုရင်လဲ ၁၇၂၂ နှစ်ကျော် ကြာတဲ့အထိ လူ့လောကကို စွန့်ခွာသွားကြတဲ့ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ကမ္ဘာ့သမိုင်းအလိုအားဖြင့် ဒီကမ္ဘာမှာ ပေါ်ပေါက်လာခဲ့တဲ့ အလက်ဇန္ဒား၊ ဂျူလီယက်ဆီဇာနဲ့ နပိုလီယံတို့လို စစ်ခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ နန်းစဉ်ဥပဒေအရ အမွေခံစနစ်နဲ့ မင်းဖြစ်လာကြတဲ့ ဘုရင်တွေနဲ့ အာဏာအတွက် ငန်းငန်းတက်ပြီး အဖသတ်သား အဇာတသတ်တို့လို နန်းလုပြီးတက်လာကြတဲ့ မင်းဆိုးမင်းညစ်တွေပဲ ဖြစ်ဖြစ် ပြည်သူကကြည်ဖြူစွာနဲ့ ရွေးကောက်တင်မြှောက်ချက်အရ  အအထွတ်အထိပ် ရောက်လာကြတဲ့ အီဘရာဟင်လင်ကွန်း၊ ဂျော့ဝါရှင်တန်၊ မဟတ္တမဂန္ဓီနဲ့ ဗိုလ်ချူပ်အောင်ဆန်း၊ လီနင်နဲ့ မော်ဆီတုန်းတို့လို ပြည်သူချစ်တဲ့ နိုင်ငံခေါင်းဆောင်တွေပဲ ဖြစ်ဖြစ် အဲဒီလူမျိုးတွေအားလုံးဟာ သူတို့လူမျိုး၊ သူတို့နိုင်ငံ သူတို့နဲ့ ဘ၀တူ ပစ္စည်းမဲ့လူတန်းစားများအတွက်သာ ဆောင်ရွက်သွားကြတဲ့ ခေါင်းဆောင်တွေ ဖြစ်ပြီး ကကျနော်တို့ ဂေါတမမြတ်စွာဘုရားလို (၃၁) ဘုံမှာ ကျင်လည်နေကြရတဲ့ ဝေနေယျ သသတ္တ၀ါပေါင်းများစွာတို့အတွက်နဲ့ ခရစ်တော်နဲ့ မိုဟာမက်အရှင်တို့လို ဒီကမ္ဘာမှာ ရှိသမျှလူသားအားလုံးတို့အတွက် လူမျိုးမရွေး၊ လူတန်းစားမရွေး၊ နိုင်ငံမရွေး၊ ဒေသမရွေးဆိုတဲ့ ဦးတည်ချက်နဲ့ ဆောင်ရွက်သွားကြတဲ့ ပုဂ္ဂိုလ်မျိုးကတော့သူတို့ကလွဲပြီး သူတို့ကလွဲပြီး တယောက်မှ မရှိပါဘူး။ ဒါကြောင့်လည်း နှစ်ပေါင်းများစွာ ထောင်ချီပြီး ပြောခဲ့ပေမဲ့ ဒီကမ္ဘာမှာ ရှိသမျှတိုင်းပြည်နိုင်ငံအသီးသီးက လူသားတွေက အဲဒီပုဂ္ဂိုလ်သုံးဦးကို ဘုရားအဖြစ် သတ်မှတ်ပြီး ကိုးကွယ်ဆည်းကပ်နေကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူမှန်သမျှ ယေဘုယျအားဖြင့် နှစ်ပေါင်း တရာအတွင်းမှာ သေဆုံးသွားရတာကို ဒီကမ္ဘာမှာ ရှိသမျှ အုတ်ဂူတွေပဲ သက်သေခံနေပါတယ်။ ဒီတော့ ကွယ်လွန်သူ ဆရာအောင်ဗလရဲ့ ခေတ်ပြိုင်အမှတ် ၁၀၄ ထဲက 'နှစ်သစ်နှစ်ဆန်း ကမ္မဌာန်း' ဆောင်းပါးအထဲကအတိုင်း အမျိုးကိုချစ်ပေမဲ့ စနစ်ကိုမကြိုက်တဲ့အတွက် တို့နိုင်ငံမှာ ဒီမိုကရေစီအစိုးရ မပေါ်ပေါက်လာသမျှ ဒီစစ်အစိုးရအောက်မှာ ဒူးထောက်ပြီး ကျွန်မခံဘူးဟေ့' ဆိုတဲ့ စိတ်ဓာတ်နဲ့ ထွက်လာကြတဲ့ ကျနော်တို့တတွေဟာ ငွေတကျပ်မှာ ၆၄ ပြားရှိပြီး တပြားတန်ကုန်ပစ္စည်း ၆၄ မျိုးကို ၀ယ်လို့ရတဲ့ သူ့လက်အောက်ခံ ကျွန်ဘ၀ အင်္ဂလိပ်ခေတ်ထက်ရော ငွေ တကျပ်မှာ ပြားတရာရှိပြီး ငါးပြားတန် ပစ္စည်းအစ ၀ယ်လို့ရတဲ့ လွတ်လပ်ရေး ရခါစ ၀န်ကြီးချုပ်ဦးနုရဲ့ ဒီမိုကရေစီ အစိုးရ (ဖဆပလ) ခေတ်ထက်ရော အဆပေါင်းများစွာ နှိမ့်ကျလာပြီး သူတောင်းစားကအစ လက်မခံတဲ့ ငါးကျပ်တန် စစ်အစိုးရ၊ ဆင်းရဲသား နင်းပြားတွေအဖို့ ပုလင်းတွေဖေါက်ပြီး ထမင်းရေသောက်နေရတဲ့ စစ်အစိုးရ၊ ငါတို့ကိုလာပြိုင်မယ်မကြံနဲ့ ဖါနိုင်ငံ အစိုးရဆိုတာ ဒို့ပဲဟေ့လို့ နှုတ်က မဟသော်လည်း အလုပ်ကပြနေတဲ့ ဒီအာဏာရှင် အစိုးရအောက်ကိုပါ မြင်တွေ့ခံစား ဒေါသပွားရတဲ့သူတွေ ဖြစ်တဲ့အတိုင်း ကျနော်တို့အဖို့ အဆိုးနဲ့အကောင်း၊ အဟောင်းနဲ့အသစ်၊ အစစ်နဲ့အတုကို မျှော်ရှုဝေဖန် အမြင်မှန်ရခဲ့တဲ့ လူများဖြစ်ကြတဲ့အတိုင်း မီးခဲကို ပတ္တမြားထင်ပြီး လက်ဝါးပေါ်တင်မိတဲ့ လူမိုက်လို မဖြစ်အောင် သူတို့ရဲ့ လိမ်ညာချက်ကိုလည်း အိမ်သာတက်သလို သဘောထားတာမို့ အမှန်စကားကို ဆိုရရင်ဖြင့် ပြန်သွားဖို့ ဆိုတာကတော့ ကြာလေဝေးလေ ဖြစ်နေကြပါပြီ။

ဒါကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မီးမလာ ရေလဲမရ ဒုက္ခမျိုးစုံ တောင်လိုပုံ တောင်လိုပုံနေတဲ့ကြားထဲမှာ လူလိုပီသ မနေကြရတဲ့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယားမွန် ရခိုင် ဗမာစတဲ့ ပြည်သူအားလုံးအတွက် ရေခြား မြေခြား ဒီသြစကြေးလျားကနေပြီး ဘုရားအလိုကျ တရားကိုပြလို့မို့ စကားချိုမြအောင် မေတ္တာပို့ရမယ်ဆိုရင်....

၁။ လုံးစုံများစွာ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ...
၂။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ
၃။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၎။ ဆင်းရဲချမ်းသာ၊ ဆင့်တန်းကွာ၊ မောက်မာ နှိမ့်ချကင်းပါစေ။
၅။ ရာထူးကြီးသူ ကိုယ့်အောက်လူ ငြူစူနှိပ်စက် ကင်းပါစေ။
၆။ကြီးနိုင်ငယ်ညှဉ်း အချင်းချင်း ကင်းရှင်းကြပါစေ။
၇။ ကိုယ့်ထက်သာဆို မနာလို ၀န်တိုစိတ်ဓာတ်ကင်းပါစေ။
၈။ မနာလိုစိတ် မျိုကာသိပ် ဖိနှိပ်ဖျောက်ဖျက်နိုင်ပါစေ။
၉။ သူတပါးကို သေစေလို ထိုထို ဒေါသကင်းပါစေ။
၁၀။ သူ့စီးပွားကို ပိုင်ဆိုင်လို ထိုထို လောဘ ကင်းပါစေ။
၁၁။သူ့စီးပွားကို ပျက်စေလို ထိုထို ဤ္ကဿာကင်းပါစေ.
၁၂။ မှားမှန်းမသိ ကိုယ်လုပ်မိ ကြီးဘိ မောဟကင်းပါစေ။
၁၃။ မှားမှန်းကိုသိ ဆက်လုပ်၏ ကြီးဘိ လောဘကင်းပါစေ။
၁၄။ မှားမှန်းကိုသိ ဆက်လုပ်၏ ကြီးဘိ ဒေါသကင်းပါစေ။
၁၅။ မှားမှန်းကိုသိ ဆက်လုပ်၏ ကြီးဘိမာန ကင်းပါစေ။
၁၆။ မှားမှန်းကိုသိ ဇွတ်လုပ်၏ ကြီးဘိ အတ္တကင်းပါစေ။
၁၇။ မှားမှန်းကိုသိ ကိုယ်လုပ်မိ ကြီးဘိ နောင်တမြဲပါစေ။
၁၈။ ငွေတန်ဖိုးကျ သုံးစွဲရ ဒုက္ခဖုံဖုံလွတ်ပါစေ.။
၁၉။ ကျောင်းများ ပိတ်ထား အလုပ်ရှား ခိုင်းနွားဘ၀ လွတ်ပါစေ.။
၂၀။ ကျောင်းများဖွင့်ကာ ပြည်သာယာ များစွာ တိုးတက်လာပါစေ။
၂၁။ ကုန်ဈေးနှုန်းများ ထိုးကျသွား ထင်ရှား ပြောင်းလဲသွားပါစေ။
၂၂။ ကပ်ကြီးသုံးပါး တွေ့ကြုံညာ ရှောင်ရှားလွတ်မြောက်ကြပါစေ။
၂၃။ မီး ရေ လေ ဘေး ငလျှင်ဘေး ကင်းရှင်းလွတ်မြောက်ကြပါစေ။
၂၄။ ဘာသာခွဲခြား အမုန်းပွား ရှောင်ရှားထိုစိတ် ကင်းပါစေ။
၂၅။ လူမျိုးကွဲပြား ခွဲထွက်သွား မှောက်မှား ထိုစိတ်ကင်းပါစေ။
၂၆။ ၀ါဒကွဲပြား၊ ဖိနှိပ်ထား ဖေါက်ကြွားထိုစိတ် ကင်းပါစေ။
၂၇။ အချောင်သမား ဖေါ်လမ်ဖါး ဒို့များဝိုင်းပယ်နိုင်ပါစေ။
၂၈။ လက်နက်အားကိုး ထိုလူဆိုး မျိုးရိုးတိမ်ကောသွားပါစေ။
၂၉။ အာဏာဓါးမြ စစ်အစိုးရ ရှိခိုးရတဲ့ဘ၀ လွတ်ပါစေ။
၃၀။ ဒီမိုကရေစီ ဒို့တိုင်းပြည် အရှည်တည်တံ့ပါစေသတည်း.. လို့ မေတ္တာပို့လိုက်ပါတယ် ခင်ဗျား။

ကျနော်တို့ကတော့ ရွှေပြည်တော် ပြန်ဖို့အရေး ခုတိုင်းတော့ မစဉ်းစားသေးဘဲ ကုန်ဈေးနှုန်းတွေကျ ငွေစက္ကူတွေ မဖေါင်းပွဘဲ မူးယစ်ဆေးဝါး စက်ရုံကြီးတွေ ပျောက်ဆုံးသွားပြီး ဟိရိသြတ္တပ္ပတရား စစ်ဗိုလ်ကြီးတွေ လိုက်နာသွားတော့မှ ဘောင်းဘီကိုချွတ် ပုဆိုးဝတ်လို့ အကျွတ်တရားရ ပြန်နိုင်ကြတော့မှာမို့.....။
လူလိုပီသ ခုဘ၀ မုချရောက်ကြပါစေသော်....

 မြ၀တီရဲခေါင်
လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်

 ဇန္န၀ါရီ၊ ၂၀၀၂


မြ၀တီ ရဲခေါင်ရဲ့ ကိုယ်ရေးရာဇ၀င် အကျဉ်းကို ဒီနေရာ http://nge-naing.blogspot.com.au/2009/10/blog-post_13.html မှာ ဖတ်နိုင်ပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

အန်ကယ်နိုင် ကောင်းရာသုဂတိလားပါစေ

ဒီနေ့ ၃၀-၀၄-၁၂ နေ့က ကိုကြီးကျောက်လို့ အများခေါ်ကြတဲ့ ဘလော့ဂါ ရွှေရတုမှတ်တမ်း ကျွန်မအခေါ် အန်ကယ်နိုင်တယောက် အသည်းကင်ဆာနဲ့ဆုံးတဲ့ တနှစ်တိတိ ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်အခါမှာ ကျွန်မအတွက် အန်ကယ်နိုင်အပါအ၀င် ရင်းနှီးတဲ့သူတွေရဲ့ နာရေးကိစ္စတွေအတော်ကြုံခဲ့ရလို့ စိတ်ထိခိုက်ရတဲ့ အချိန်အခါ ဖြစ်ခဲ့ပါတယ်။ အန်ကယ်နိုင် ဆုံးတဲ့ တနှစ်တိတိ ပြည့်တဲ့ နေ့မှာတော့ ကျွန်မ ဒီမနက်ဘုရားမှာ ရေချမ်းနဲ့ ဆီမီးကပ်လှူပြီး ဘုရားရှိခိုးကာ ဂုဏ်တော်တွေ ပဌာန်းပရိတ်တွေရွတ်အပြီးမှာ ဓမ္မစင်္ကြာအပါအ၀င် ဘုရားရှိခိုးထဲက  အလွတ်ရတဲ့ သုတ်တွေအကုန်လုံးကိုလည်း ရွတ်ပြီး အန်ကန်နိုင် ကောင်းရာဘုံဘ၀မှာ ရောက်ရှိပါစေလို့ အမျှဝေဆုတောင်းလိုက်ပါတယ်။ 
ဒီပို့စ်က အန်ကယ်နိုင်ဆုံးတဲ့ တနှစ်ပြည့် ၀မ်းနည်းခြင်းအတွက် အမှတ်တရဆုတောင်းပေးတဲ့ ပို့စ်ဖြစ်သလို အခုနောက်ပိုင်း ကျွန်မဘလော့ဂ်ကို လာလည်နေတဲ့ မြန်မာပြည်က စာလာဖတ်သူတွေကို ဟာသရသနဲ့ ပြည့်စုံလှတဲ့ အန်ကယ်နိုင်ဘလော့ဂ်နဲ့ မိတ်ဆက်ပေးတဲ့ပို့စ်လည်း ဖြစ်ပါတယ်။ အန်ကယ်နိုင်နဲ့ ပတ်သက်ပြီး ကျွန်မအပါအ၀င် ဘလော့ဂါတိုင်းမှာ အမှတ်တရလေးတွေ ရှိကြလိမ့်မယ်လို့ ကျွန်မ ယုံပါတယ်။ အန်ကယ်နိုင်ဘလော့ဂ်နဲ့ ကျွန်မ ဘလော့ဂ်က ရှေ့ဆက်နောက်ဆက် စဖွင့်ဖြစ်ပြီး သူ့ဘလော့ဂ်နဲ့ ကျွန်မ ဘလော့ဂ်ကို ဘလော့ဂါ ကိုအောင်သာငယ်က မိတ်ဆက်ပေးလို့ စသိခဲ့ပါတယ်။

 နောက်ပိုင်းမှာ သူ့ဘလော့ဂ်က ဟာသတွေနဲ့ သူရဲအကြောင်းတွေကို သဘောကျပြီး သူ့ဘလော့ဂ်ကို ကျွန်မ အမြဲရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်မ ဘလော့ဂ်ကိုလည်း အဲဒီအချိန်မှာ သူလာလည်ပြီး သူ့ကိုယ်သူ လေးလေးကျောက် လာလည်သွားတယ်လို့ ရေးထားပြီး သူ့ Link လိပ်စာကို နိုင်ဖေလို့ ရေးထားတာကို တွေ့တာနဲ့ ကျွန်မကလည်း လာလည်တာ ကျေးဇူးတင်တယ် အန်ကယ်နိုင်လို့ ပြန်ရေးပြီး အန်ကယ်နိုင်လို့ ခေါ်ဖြစ်သွားတယ်။ တချို့ကလည်း သူ့ကို နေကျောက်ခဲလို့ ခေါ်နေကြတော့ ကျွန်မငယ်ငယ်က အသည်းစွဲဖတ်ခဲ့တဲ့ ပန်းချီကိုကိုဝင်းရဲ့ နေကျောက်ခဲ ရုပ်ပြကို ရေးသူလားလို့တောင် မေးဖူးတယ်။ သူက လေးလေးကျောက်ဆိုလို့ ကျွန်မက အန်ကယ်နိုင် လုပ်လိုက်ပေမဲ့ အန်ကယ်ခေါ်ရလောက်အောင် အသက်မကြီးသေးဘူးဆိုတာ နောက်ပိုင်းမှ သိရတဲ့အချိန်မှာ ခေါ်နေကျအတိုင်း လျှာကကျိုးနေပြီ။ အဲဒါနဲ့ပဲ အန်ကယ်နိုင် ဖြစ်သွားပါတယ်။

အန်ကယ်နိုင် ပို့စ်တွေထဲမှာ ကျွန်မ အမှတ်ရဆုံး ဟာသအဖြစ်ရဆုံး ပို့စ်ကတော့ ဗြိတိသျှတွေ အထက်မြန်မာပြည်ကို သိမ်းတုန်းက သူ့အဖွားက သူ့ကိုပြန်ပြောပြတဲ့ ရာဇ၀င်ဖြစ်တဲ့ မင်းလှခံတပ်မှာ မြန်မာတွေက ဗြိတိသျှကို ဟန်ရေးပြပုံကို ရေးထားတဲ့ သူ့ကျွန်မခံပြီနဲ့ ကျွန်တော့ဘွားအေကြီး ဆိုတဲ့ပို့စ်ပါ။ အဲဒီပို့စ်က ရီရလွန်းလို့ ကျွန်မက အိမ်က ယောက်ျားနဲ့ အပြင်က တွေ့တဲ့မိတ်ဆွေတွေကို အခုထိ မကြာခဏ ပြန်ပြောပြနေဆဲပဲ။ အန်ကယ်နိုင်က ကျွန်မနဲ့  လူချင်းသာ မရင်းနှီးပေမဲ့ အဲဒီအချိန်က စပြီး သူပို့စ်အသစ်တင်တိုင်း ကျွန်မရောက်သလို ကျွန်မ ပို့စ်အသစ်တင်တိုင်းမှာ သူအမြဲ ရောက်လာလေ့ရှိတယ်။ 

  အဲဒီအချိန်က ကျွန်မရဲ့ နိုင်ငံရေးအကြောင်း တော်လှန်ရေးအကြောင်း ပို့စ်တွေကြောင့် မာသမာလူတွေက ကျွန်မ C-Box မှာ အယုတ်အရိုင်းတွေ လာလာရေးပြီး ဘလော့ဂ်မိတ်ဆွေတွေက ကျွန်မကို လာနှုတ်ဆက်ရင်လည်း  အဲဒီမိတ်ဆွေရဲ့ နာမည်ကို အသုံးပြုပြီး အယုတ်အရိုင်းတွေ ၀င်ရေးကြလို့ မိတ်ဆွေတွေထဲက ဘယ်သူမှ C-Box ကို အနားမကပ်ဝံ့အောင် ဖြစ်နေတဲ့ အချိန်တွေမှာတောင် အန်ကယ်နိုင်က ကျွန်မ ဘလော့ဂ်ကို ရောက်တိုင်း C-Box မှာ နှုတ်ဆက်သွား၊ ပို့စ်အသစ်တိုင်တိုင်း မှတ်ချက် လာပေးသွားတတ်လို့ သူ့ဘလော့ဂ်မှာ လိုက်ပြီး အနှောင့်အယှက် ပေးခံရတဲ့အထိ ဖြစ်ခဲ့တာကို ကျွန်မ မှတ်မိနေပါတယ်။ နောက်ပိုင်းတော့ သူ့နာမည်ကို အန်ကယ်နိုင်အစား အန္တရာယ်နိုင် လာသွားတယ်လို့ ရေးပြီး C-Box မှာ နှုတ်ဆက်သွားတာမျိုးလည်း ရှိတော့ ဖတ်ပြီး ရယ်နေရပါတယ်။ 
သူ့ရဲ့ ဟာသပို့စ်တွေနဲ့သူ့ကို အားလုံနဲ့ ရင်းနှီးပြီးသွားပြီးတဲ့အခါမှာတော့ သူ့မှာ အသည်းမကောင်းလို့ ဆေးကုသနေရတယ်ဆိုတာကို စပြီးကြားသိရပါတယ်။ အမှန်က အဲဒီအချိန်ကတောင် အသည်းကင်ဆာ ဖြစ်နေပြီး အသိမပေးခဲ့တာ ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်က ကျွန်မက အသည်းနဲ့ အသည်းကင်ဆာဆိုတဲ့ ပို့စ်တခုကို တင်တော့ အန်ကယ်နိုင်က လာဖတ်သွားခဲ့ပါတယ်။ ကျွန်မက ဒီပို့စ်မှာ သူ့နာမည်မတတ်ပေမဲ့ သူ့မှာ အသည်းခြောက်နေတယ်ဆိုတာ သိတော့ အသည်းခြောက်ခြင်းက အသည်းကင်ဆာ ဖြစ်တဲ့အကြောင်းရင်းထဲမှ တခုပါတာ သိလို့ ဒီပို့စ်ကို အန်ကယ်နိုင်အတွက်ပါ ရည်ရွယ်ခဲ့တာပါ။  အသည်းခြောက်လို့ အသည်းအစိတ်အပိုင်းတခုကို အော်ပရေးရှင်းလုပ်ပြီး ဖြတ်ထုတ်ရမယ်ဆိုတာ ပို့စ်မှာ ရေးထားလို့ ကျွန်မတို့ဘလော့ဂ် မောင်နှမတွေက အော်ပရေးရှင်း အဆင်ပြေပါစေလို့ ၀ိုင်းပြီး ဆုတောင်းပေးကြတာကို မှတ်မိနေပါတယ်။ 
နောက်ပိုင်းတော့  သူ့မှာ အသည်းကင်ဆာ ရှိနေပြီ ၆ လ ပဲခံတော့မယ်ဆိုတာ ဘလော့ဂ်မောင်နှမတွေကို အတိအကျ အသိပေးတဲ့ ပို့စ်ကိုလည်း သူက ဟာသတွေနဲ့ နှောပြီးတင်ခဲ့ပေမဲ့ အားလုံးက ယူကျုံးမရ ၀မ်းနည်းပက်လက် ခံစားခဲ့ရပါတယ်။ အဲဒီပို့စ်ကို ဖတ်ပြီးတဲ့အချိန်မှာ အန်ကယ်နိုင်အတွက် လက်ဆောင် ဆိုတဲ့နာမည်နဲ့ ပို့စ်တခုကို တင်ပေးပြီး ကျွန်မ အားပေးခဲ့ပါတယ်။ ပြီးတော့ အစာအိမ်ကင်ဆာနဲ့ Renal failure ဖြစ်ခဲ့ပြီးမှ ၀ိပဿနာ ဘ၀နာ တရားမှတ်ရင်းနဲ့ ကင်ဆာရော ကျောက်ကပ်ပျက်စီးတဲ့ ရောဂါပါ လုံးဝပြန်မဖြစ်တော့တဲ့ ကျွန်မတို့ ဆစ်ဒနီရောက် ကိုရဲအောင်နိုင်ဆိုတဲ့ အကိုတယောက်နဲ့ အန်ကယ်နိုင်ကို မိတ်ဆက်ပေးခဲ့လို့  သူတို့အချင်းချင်း တရားတွေ ဆွေးနွေးပြီး စိတ်ဓာတ်အင်အားနဲ့ ဝေဒနာကို ဘယ်လိုအနိုင်ယူတယ်ဆိုတဲ့ အတွေ့အကြုံတွေ ဖလှယ်ခဲ့တယ်လို့ နှစ်ယောက်စလုံးဆီက ပြန်သိရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ကုရင်းနဲ့ ကင်ဆာပဲ ရှာမတွေ့တော့သလိုလို အောက်ကအတိုင်း သူ့ရဲ့ အစမ်းသပ်ခံကျောက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တခုမှာ ရေးထားတော့ ကျွန်မက တကယ်ပဲ ကိုရဲအောင်နိုင်လို ရောဂါတွေကို ပျောက်သွားပြီထင်လို့ ကိုရဲအောင်နိုင်ဆီကို ၀မ်းသာအားရနဲ့ ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပါတယ်။ အဲဒီအကြောင်းကို ကိုရဲအောင်နိုင်ဆီ သတင်းပို့တော့ ထုံးစံအတိုင်း ကိုရဲအောင်နိုင်ရဲ့ တရားစကားနဲ့ ၀ိပဿနာလုပ်ဖို့ တိုက်တွန်းတဲ့စကားကို အလုပ်များတဲ့ကြားက ကျွန်မ နှစ်နာရီကျော် သီးခံနားထောင်လိုက်ရသေးတယ်။  အန်ကယ်နိုင်ရဲ့ သူ့ပို့စ်မှာ ရေးထားတဲ့ သူ့အခြေအနေက အောက်ကအတိုင်းပါ။
ကိုင်း....CT Scan ရိုက်ပြီးပြီဆိုတော့ ဆရာဝန်နဲ့ တွေ့ဖို့ ၁၃ ထပ်ကို တက်ရတာပေါ့၊ အဲဒီမှာ ကိုကြီးကျောက်ကို အရပ်တိုင်း၊ အလေးချိန်ပြီးတော့၊ ကိုကြီးကျောက်ရယ်၊ coordinator ရယ်၊ ဆရာဝန်ရယ်၊ ဆွေးနွေးပွဲ စကြတော့တာပဲ၊ ကိုကြီးကျောက်ကို follow up လုပ်တဲ့ ဆရာဝန်က ဘာဆေးတွေတိုက်သလဲလို့ မေးတော့ spironolactone လို ဆီးဆေးလောက်ပဲတိုက်တာလို့ sorafenib က ကိုကြီးကျောက်နဲ့ မတည့်လို့ ဒီဇင်ဘာကထဲက ရပ်ထားတာလို့ ပြောလိုက်တယ်၊ ဒါပေမဲ့ သူ့တို့ နားမလည်နိုင်အောင်ဖြစ်နေတာက ကိုကြီးကျောက်ရဲ့ သွေးစစ်အဖြေတွေက ကောင်းနေတာ၊ သွေးထဲမှာ billirubin ဆိုတဲ့ အဝါရောင်ပါဝင်မှုက ဇန်နဝါရီမှာ ၆ ၊ ဖေဖေါ်ဝါရီမှာ ၄ ၊ ခု စစ်တော့ ၃ ၊ဖြစ်နေပြီ၊ တဖြေးဖြေး ကျလာတာ၊ ဒါနဲ့ ကိုကြီးကျောက်ကို တခြားဘာတွေလုပ်သလဲလို့မေးတော့ ...အ...ဟတ်...ဟတ်...ဒီတခါတော့ ကိုကြီးကျောက်က ကောင်းကောင်း ဒိုင်သွင်းတဲ့ အလှည့်ဖြစ်လာပြီလေ...၊ငါကတော့ တနေကုန် မထတန်း တရားမှတ်နေတာပဲလဲ ပြောလိုက်ရော...အို.... ရှားရှားပါးပါး တွေ့ရတဲ့ သူတော်စင်ကို ဖူးတောင့်ဖူးခဲ တွေ့လိုက်ရသလို ...သူတို့မှာလေ...စိတ်ဝင်တစားတွေဖြစ်ကုန်ရော၊ ဗမာတိုင်းရင်းဆေးလဲသောက်တာပဲလို့ ပြောတော့၊ ဘာတွေလဲ သိချင်ပြန်ရော..၊sour sop ဒူရင်းဩဇာ အရွက် ၂၀ လောက်ကို ရေ တဂါလံလောက်နဲ့ ကြိုပြီး တနေကုန်သာက်တာပဲလို့၊ အင်္ဂလိပ်လို ဘယ်လိုခေါ်မှန်းမသိတဲ့ တပင်တိုင်မြနန်းကိုလဲ ပျားရည်နဲ့ စားတယ်လို့ပြောတော့၊ ဗမာအသံကို အင်္ဂလိပ်လိုပေါင်းခိုင်းပြီး ဘာပင်လဲဆိုတာ ဗမာပြည်ကိုမေးမယ်တဲ့..၊ အဲဒီနောက်တော့ NIH ဆရာဝန်က ကိုကြီးကျောက်ကို CT Scan အရ ကင်ဆာလို့ ပြောချင်ပြောနိုင်ပေမဲ့ ကိုကြီးကျောက် သွေးစစ်ချက်တွေက ပြောဖို့ခက်နေသတဲ့၊ ကိုကြီးကျောက်ရဲ့ ဆရာဝန်ဆီကို ဧပြီ ၁ ရက်နေ့မှာသွားပြီး၊ သူဘာဆက်လုပ်မယ်ဆိုတာတိုင်ပင်ပါတဲ့၊ biopsy လုပ်ကြည့်မှ ကင်ဆာဆိုတာ သေသေချာချာကွဲကွဲပြားပြား သိနိုင်မယ်တဲ့၊ ကိုင်း....ဆရာဝန်တွေတောင် ကိုကြီးကျောက်ကို နားမလည်နိုင်အောင် ဖြစ်နေလေတော့ အရပ်ထဲကလူတွေ ကိုကြီးကျောက်ကို ကင်ဆာလား...လင်ဆာလား...ကွဲကွဲပြားပြား မသိကြတာ အပြစ်မတင်သာပေဘူးပေါ့ဗျာ” ဆိုပြီးရေးထားတော့ အခုလို စောစောစီးစီး ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့တာ အမှန်ပါ။” 
ပြီးခဲ့တဲ့နှစ်က အန်ကယ်နိုင် ဆုံးတဲ့ဒီနေ့မှာ ချက်ချင်းမသိလိုက်ဘဲ နောက်နေ့ မေလ တရက်နေ့မှာမှ သိလိုက်ရပြီး ၀မ်းနည်းခြင်း အထိန်းအမှတ်ပို့စ်တခုကို တင်ဖို့ အကြံအစည် ရှိခဲ့ပေမဲ့ ရှေ့ဆက်နောက်ဆက်ဆိုသလို ကျွန်မတို့ဆရာအရင်းတယောက်ကလည်း ဆေးရုံကို အသဲအသန် တင်လိုက်ရလို့ အလုပ်များနေတာနဲ့ မတင်လိုက်နိုင်ဘူး။ အန်ကယ်နိုင် ဆုံးတယ်လို့ စကြားရတဲ့အချိန်မှာ ပြီးခဲ့တဲ့ သုံးရက်ခန့်က Fb က ကျွန်မပို့စ်တခုမှာ လာပြီးမှတ်ချက်လာပေးခဲ့သေးတယ်၊ ပြီးတော့ ဧပြီလ ၂၆ ရက်နေ့ကမှ သူ့ဘလော့ဂ်မှာ အခုနောက်ဆုံး တင်ထားတဲ့ ပို့စ်အသစ်တင်သေးတော့ ဘယ်လိုမှ မယုံကြည်နိုင်အောင်ကို အံ့သြ၀မ်းနည်း ဖြစ်ခဲ့ရတယ်။ ဘလောဂ်မောင်နှမ အားလုံးကလည်း ဘယ်လိုခံစားရတယ်ဆိုတာ အဲဒီတုန်းက သူ့ C-Box ထဲက နာရေးလာမေးဝမ်းနည်စကား ဆိုထားတာတွေကို ကြည့်ရင် သိနိုင်ပါတယ်။


အန်ကယ်နိုင်တယောက် ဘ၀သံသရာခရီးကို ကောင်းရာဘုံဘ၀မှာ ပျော်ရွှင်ချမ်းမြေ့စွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေ။


ဗောဇ္ဈင်္ဂသုတ်



ဗောဇ္ဈင်္ဂသုတ် ရွတ်ဖတ်ရခြင်းအကျိုး

ဗောဇ္ဈင်သုတ်ကို ရွတ်ဖတ်ခြင်းဖြင့် "လူမမာများကို ရောဂါသက်သာစေသည်၊ ပျောက်ကင်းစေနိုင်သည်၊ ဆေးရုံများတွင် အထူး ရွတ်ဖတ်သင့်သည်၊ ပင်ရင်း ဗောဇ္ဈင်သုတ် သုံးသုတ်ကိုတွဲ၍ ရွတ်ဖတ်လျှင် ပိုကောင်းသည်" လို့ သာသနာရေး ဦးစည်းဌာနက ထုတ်ဝေတဲ့ ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်ထဲမှာ ရေးထားတာကို တွေ့ရပါတယ်။ ပရိတ်စာသားထဲက အနက်အဓိပ္ပါယ်ထဲမှာလည်း အရှင်မဟာမောဂ္ဂလာန်နဲ့ အရှင်မဟာကဿပတို့ နေမကောင်း ဖြစ်ကြတော့ မြတ်စွာဘုရားက ဗောဇ္ဈင်ခုနှစ်ပါးတရားကို ဟောပေးပြီးသက်သာရာ ရရှိသလို မြတ်စွာဘုရားကိုယ်တော်တိုင် နေမကောင်းဖြစ်တဲ့ အခါမှာလည်း စုန္ဒရဟန်းတော်ကို ဗောဇ္ဈင်္ဂသုတ်ကို ဟောကြားစေပြီး သက်သာရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့်မို့ သရဏာဂုံ သုံးပါးနဲ့ ငါးပါးသီလကို ဆောက်တည်ပြီး အကုသိုလ်ကင်းစင်နေချိန်မှာ ဗောဇ္ဈင်သုတ်ကို ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်ပါက ဝေဒနာခံစားနေရသူ တကယ်သက်သာ ပျောက်ကင်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒီပို့စ်ကို နာမကျန်းဖြစ်နေပြီး ကုနေလည်း ဘာမှထူးလာမှာ မဟုတ်ဘူးလို့ ယူဆပြီး ဆေးရုံဆေးခန်းသွားဖို့ ငြင်းဆန်နေတဲ့ အဖေအတွက် ဆုတောင်းပေးရင်းနဲ့ တခြားသူတွေအတွက်လည်း အသုံးတည့်ရင် အသုံးပြုလို့ ရအောင် တင်ဖြစ်ပါတယ်။ ဗောဇ္ဈင်သုတ်ကို လက်တွေ့မရွတ်ဖူး အခုမှ စရွတ်ရမှာ ဖြစ်ပေမဲ့ လွန်ခဲ့တဲ့နှစ် ၁၆- ၂၀ ခန့်ကတော့ ကလေးမွေးဖို့ ဗိုက်နာနေတဲ့ ကိုယ်ဝန်သည်တွေအတွက် ကျွန်မက အင်ဂုလိမာလ သုတ်ကိုရွတ်ပေးခဲ့ဖူးတုန်းကတော့ တကယ်ကို အခက်အခဲမရှိ မွေးခဲ့ရတဲ့ မိခင်တွေကို ကြုံတွေ့ဖူးသလို ကိုယ်တိုင်မွေးပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ သွေးမတော်သားမစပ် သူတွေအတွက် ရွတ်ခဲ့တုန်းကတောင် ပရိတ်ကြီး ၁၁ သုတ်ထဲက တခုဖြစ်တဲ့ အင်ဂုလိမာလသုတ်တော်ရဲ့အစွမ်းက ထက်ခဲ့ရင် အခုလည်း ပရိတ်ကြီး ၁၁ သုတ်ထဲက တခုအပါအ၀င် ဖြစ်တဲ့ ဗေဇ္ဈင်္ဂသုတ်ကို ဖခင်အရင်းအတွက် ရွတ်တယ်ဆိုရင် သံသယ၀င်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် ဒီသုတ်တော်ရဲ့ တန်ခိုးအာနိသင်ကြောင့် အဖေနေကောင်းလာပါစေလို့ ဆေးရုံဆေးခန်းမှာ ပြန်ပြနိုင်ပြီး အဆင်ပြေလာပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ဘယ်သူမဆို မိမိတို့ မိဘဆွေမျိုး၊ မိတ်ဆွေထဲက နေမကောင်းသူတွေအတွက် ဆုတောင်းမေတ္တာ ပို့သပေးလိုသူများလည်း အသုံးပြုနိုင်ပါတယ်။ ဘုရားလက်ထက်က တကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ဆိုတော့ အမှန်တရားဟာ သစ္စာစကား ဖြစ်လို့ အမှန်ကို ရွတ်ဖတ်သူတွေအတွက် မှန်ကန်တဲ့ အကျိုးရလဒ်ကို ခံစားရမယ်လို့ ယုံကြည်ပါတယ်။

အဖေ ကျန်းမာပါစေ။


ဗောဇ္ဈင်သုတ် ပါဋ္ဌိနှင့် မြန်မာပြန် အဓိပ္ပါယ်

၁။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ ၀ိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာမဒ္ဒနေ။

၁။ မြန်မာပြန် အဓိပ္ပါယ်- ဗေဇ္ဈင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစေနိုင်၏။ ထကြွ သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။

၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘ၀ါ မုတ္တကုတ္တမာ။
အဇာတိ မဇရာဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

၂။ မြန်မာပြန် အဓိပ္ပါယ်- သတ္တ၀ါတို့သည် ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌသိမြင်ကြပါလျှင် ဘ၀သုံးပါးမှ ကျွတ်လွှတ်ကြကုန်၏။ မြတ်ရာသို့လည်း ရောက်ကုန်၏။ ပဋိသန္ဓေ္ဓနေရသည့်ဘေး၊ အိုရသည့်ဘေး၊ နာရသည့်ဘေး၊ သေရသည့်ဘေးတို့ကင်းသော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။

၃။ ဧ၀မာဒိ ဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
သြသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။

၃။ မြန်မာပြန် အဓိပ္ပါယ်- ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးနှင့်သာမက တခြားသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဈင်သုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။

၎။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ၀ိစယော တထာ။
ဝိရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ' ပရေ။

၅။ သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ' တေ သဗ္ဗဒဿိနာ။
မုနိနာ သမ္မဒက္ခာတာ၊ ဘာဝတာ ဗဟုလီကတာ။

၎-၅။ မြန်မာပြန် အဓိပ္ပါယ်- ဗောဓိဥာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မ၀ိစယ)၊ ၀ိရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဗောဇ္ဈင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖေါ်ပြောကြားပေ၏၊ ထိုဗောဇ္ဈင်ခုနှစ်ပါးတို့ကို ပွားများအပ်ကုန်၏၊ ထပ်၍ထပ်၍ ပွားများအပ်ကုန်၏။

၆။ သံပတ္တန္တိ အဘိညာယ၊ နိဗ္ဗ္ဗာနာယ စ ဗောဓိယာ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၆။ မြန်မာပြန် အဓိပ္ပါယ်- ဤဗောဇ္ဈင်ခုနှစ်ပါး တရားမြတ်ကို ပွားများသည်ရှိသော် တရားထူး တရားမြတ်တို့ကိုလည်း တိုးတက်သိစေနိုင်သည့် အကျိုးရှိ၏၊ ကိလေသာ ငြိမ်းအေးခြင်း အကျိုးလည်း ရှိ၏။ ဤသို့မှန်သောစကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။


၇။ ဧကသိံ္မ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။

၇။ မြန်မာပြန် အဓိပ္ပါယ်- အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပမထေရ် နှစ်ပါးအား ဗေဇ္ဈင်ခုနှစ်ပါး တရားမြတ်စွာကို ဟောကြားတော်မူခဲ့၏။

၈။ တေ စ တံအဘိနန္ဒိတွာ၊ ရောဂါ မုဒိံ္စသု တင်္ခဏေ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၈။ မြန်မာပြန် အဓိပ္ပါယ်- ထိုမထေရ် နှစ်ပါးသည် ဗောဇ္ဈင်တရားတော်ကို လွန်စွာ နှစ်သက်ကြသည့်အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ရလေသည်။ ဤသို့ မှန်ကန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၉။ ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ' ဘိပီဠိတော။
စုန္ဒတ္ထေရေန တံယေ၀၊ ဘဏာပေတွာန သာဒရံ။

၉။ မြန်မာပြန် အဓိပ္ပါယ်- အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏၊ ထိုအခါ စုန္ဒမထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဈင်တရား ဟောစေပြီး မြတ်စွာဘုရား တရားနာတော်မူသည်။

၁၀။ သမ္မောဒိတွာန အာဗာဓာ၊ တမှာ ၀ုဋ္ဌာသိ ဌာနသော။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိတေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၁၀။ မြန်မာပြန် အဓိပ္ပါယ်- ဗောဇ္ဈင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာပျောက်ကင်းလေသည်။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။

၁၁။ ပဟိနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ' နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၁၁။ မြန်မာပြန် အဓိပ္ပါယ်- မဟာကဿပထေရ်၊ မာမောဂ္ဂလာန်ထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ်မဖြစ်နိုင်ကြတော့ပေ။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။

(သာသနာရေး ဦးစီးဌာနက ထုတ်ဝေတဲ့ ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်ထဲမှ ပါဠိသက်သက် မြန်မာပြန်သက်သက် သီးခြားစီ ရေးထားတာကို အဓိပ္ပါယ်နဲ့ တွဲပြီး မှတ်မိနေအောင် နံပါတ်အလိုက် ပြန်စီထားပါတယ်။ ကွင်းထဲမှာ ရေးထားတဲ့ (မေ/ပီတ - ကျွန်ုပ်အား/ဖခင်အား) တွေက မူရင်းစာအုပ်ထဲမှာ ပါတာမဟုတ်ဘဲ မိမိကိုယ်တိုင်အတွက် ရွတ်ဆိုချင်သူများအတွက်နှင့် ကျွန်မလို အဖေအတွက် ရွတ်ဆိုချင်သူများအတွက် ထည့်ထားပေးပါတယ်။ အမေအတွက်ဆိုရင်တော့ တေ၊ မေ၊ ပီတ နေရာမှာ မာတာကို အစားထိုးရမှာ ဖြစ်တယ်။)


သံသရာ တပတ်ပြန်လည်လာသော ဖြတ်လေးဖြတ် စီမံကိန်း

မကြားရတာ ကြာပြီဖြစ်တဲ့ ဖြတ်လေးဖြတ်အကြောင်းကို ပြန်ကြားရတဲ့အချိန်မှာ ကျွန်မတို့ ငယ်ငယ်က ကျွန်မတို့ရွာရဲ့ တဘက်ကမ်းမှာ ရှိတဲ့ ကရင်ရွာတွေအားလုံး ဗမာရွာတွေအနီး တန်းလျားထိုးပြီး လာနေကြတဲ့အချိန်ကို မနေ့တနေ့ကလို ပြန်သတိရလာတယ်။ ဖြတ်လေးဖြတ်ဆိုတာက အာဏာရှင် အဆက်ဆက်က တော်လှန်ရေးအင်အားစုတွေရဲ့ အသက်သွေးကြောကို ဖြတ်တောက်ရန် ရည်ရွယ်ချက်ဖြင့် လူထုဆီက ဆေးဝါး၊ ရိက္ခာ၊ ဘဏ္ဍာ၊ သတင်းနှင့် အဆက်အသွယ်တို့ကို မရအောင် လက်နက်ကိုင် အင်အားစုတွေ ၀င်ထွက်သွားလာနေတဲ့ ရွာတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းစေပြီး တော်လှန်ရေး အင်အားစုတွေကို လူထုနဲ့ ဖြတ်တောက်ပစ်တဲ့ စီမံကိန်းဖြစ်တယ်။ တော်လှန်ရေး အင်အားစုတွေ ပျက်စီးသွားမယ် ထင်ပြီး ဒီလိုလုပ်တာဖြစ်ပေမဲ့ တကယ်တော့ တော်လှန်ရေး အင်အားစုတွေ ဘာမှဖြစ်မသွားဘဲ ပြည်သူလူထုမှာသာ ပျက်စီးဆုံးရှုံးပြီး ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ရပါတယ်။ အဲဒီတုန်းကတော့ ငယ်သေးတော့ ဒါကို ဖြတ်လေးဖြတ် စီမံကိန်းလို့ ခေါ်မှန်းလည်း မသိခဲ့ဘူး။ ကျွန်မတို့နယ်မှာ KNU တပ်တွေကို ကရင်တပ်လို့ မခေါ်ဘဲ ကော်သူးလေတပ်တွေလို့ ခေါ်လေ့ရှိပြီး ကရင်လို့ ပြောလိုက်ရင် ရိုးရိုးအရပ်သားတွေကိုသာ ရည်ညွန်းပြီး ကော်သူးလေဆိုရင်တော့ KNU တပ်က စစ်သားတွေကို ရည်ညွန်းပါတယ်။ အဲဒီတုန်းက ကျွန်မတို့ ရွာနားမှာ ကရင်တွေလာနေကြတာကို ကော်သူးလေတွေ ဆက်ကြေးကောက်ပြီး ရွာသားတွေကို ညှင်းဆဲမှာစိုးလို့ ကရင်ရွာတွေကို ဗမာရွာနား ရွှေ့ထားတယ်ဆိုတာပဲ ကျွန်မတို့ နားလည်ခဲ့ပါတယ်။


မြန်မာပြည်က ကျွန်မတို့နယ်ဘက်မှာ သဘာဝတောတောင်တွေ အင်မတန်များပြီး ဗမာတွေအခေါ် ချောင်းဖျားလို့ ခေါ်တဲ့ ကရင်ရွာတွေအလွန် တောတောင်တွေထဲမှာ သဘာဝအလျောက် ပေါက်နေတဲ့ ဟင်းသီးဟင်းရွက်နှင့် လယ်ယာခြံမြေသုံး ပစ္စည်းတွေကို ချောင်းရင်းမှာ နေတဲ့ ဗမာတွေက သွားရှာလို့ ရသလို ချောင်းဖျားရှိ ကရင်တွေကလည်း ဗမာရွာတွေကို ဖြတ်ပြီး ငါး၊ ရှပ်ခေါ် ဂုံးကောင်တွေနဲ့ ပင်လယ်ပြင်မှ ထွက်တဲ့ တခြားအသားငါး အသုံးအဆောင်တွေကို သွားရောက် ရှာဖွေစားသောက်လို့ ရပါတယ်။ ကျွန်မတို့ ရွာတွေက ရေချိုရေငန်စပ်မှာ ရှိပြီး ကျွန်မတို့ခြံက ဒီရေထတဲ့အပတ်(လပြည့်နဲ့ လပြည့်ခါနီးကာလ) မှာ ဒီရေတက်ရင် ရေငန်ရောက်ပြီး ဒီရေပြန်ကျသွားတဲ့အချိန်နဲ့ ရေသေတဲ့ပတ်တွေ (လကွယ်နဲ့ လကွယ်ရက်အနီးကာလ) မှာတော့ ချောင်းထဲမှာ ရေချိုပဲရှိတဲ့ ချောင်းရင်းနဲ့ ချောင်းဖျား ကြားမှာ ရှိပါတယ်။

ပင်လယ်ပြင်က ထွက်တဲ့အစားအစာကို ဗမာတွေက ရှာပြီး ချောင်းဖျားမှာ သွားရောင်းတာကို ကရင်တွေက ပြန်ဝယ်စားတာ များပြီး ချောင်းဖျားက သဘာဝဟင်းသီးဟင်းရွက်တွေကို ကရင်တွေက ရှာဖွေပြီး ဗမာရွာတွေမှာ ပြန်လာရောင်းတာကို ဗမာတွေက ပြန်ဝယ်စားတာ များပါတယ်။ အစားအသောက်တွေကိုသာ ၀ယ်စားတာ များပေမဲ့ လယ်သမာား အတော်များများက သစ်၊ ၀ါး၊ ကြိမ် စတဲ့ အိမ်နဲ့ လယ်ယာ ခြံမြေသုံး ပစ္စည်းတွေနဲ့ မိုးဦးကျကာလ မိုးစာထင်း စသည်တို့ကိုတော့ မ၀ယ်ဘဲ ရိက္ခာအလုံအလောက် ယူသွားပြီး တောတောင်တွေအထဲမှာ ညအိပ်ညနေ ကိုယ်တိုင် သွားခုတ်ကာ ဖေါင်နဲ့ မျောချလာတာ များပါတယ်။ ချောင်းရင်းက လူတွေက အသီးနှံတွေကို များများ လိုအပ်လို့ဖြစ်စေ၊ အပျော်သဘောနဲ့ တောထဲကိုယ်တိုင် သွားရှာချင်လို့ ဖြစ်စေ တောထဲမှာ ညအိပ်ညနေ သွားခူးပြီး သစ်ဖေါင်ဝါးဖေါင်ဖွဲ့ကာ မျောချလာတာမျိုး ရှိသလို ချောင်းဖျားက လူတွေကလည်း လက်လှော်လှေ ငှားပြီး ပင်လယ်ကမ်းခြေက သဲသောင်မှာ ကိုယ်တိုင် ရှပ်(ဂုံးကောင်တမျိုး) သွားကောက် ငါးသွားဖမ်းကြတာ တခါတလေ ရှိပါတယ်။ ဒညှင်းသီးက ကျွန်မတို့ နယ်မှာ ကိုယ်ပိုင်ခြံထဲမှာ စိုက်ထားစရာ မလိုဘဲ ပေါ်ချိန်မှာ ဘယ်သူမဆို သွားခူးလို့ရတဲ့ တောထဲမှာ သဘာဝအတိုင်း ပေါက်နေတဲ့ အသီးနှံတခု ဖြစ်တယ်။ ကျွန်မဆယ်နှစ်ခန့်က ကျွန်မအဖေနဲ့ အိမ်နားခြံက မိတ်ဆွေတဦး ဒညှင်းသီးပေါ်တဲ့ မိုးရာသီမှာ တောထဲက ဒညှင်းသီး သွားခူးပြီး ဂုံနီအိတ်ကြီးတွေနဲ့ ထည့်ပြီး ၀ါးဖေါင်နဲ့ မျှောချလာလို့ မိသားစုဝင်တွေက ကမ်းနားမှာ ဆင်းသယ်ရတာကို ကောင်းကောင်း မှတ်မိနေသလို လက်လှော်လှေတစီး ငှားပြီး ပင်လယ်ကမ်းနားက သဲသောင်မှာ ရှပ်သွားကောက်လာလို့ သွားသယ်ရတာကိုလည်း သတိရနေတယ်။

ကျွန်မတို့ ရွာကနေပြီး ရော်ဘာခြံတို့ လယ်ကွက်တို့ကို ဖြတ်ပြီး ချောင်းကို ကူးပြီးတာနဲ့ ဟိုဘက်ရောက်ရင် တောက်လျှောက် ကရင်ရွာတွေကိုပဲ တွေ့ရတော့တယ်။ ကျွန်မတို့က ရွာစွန် ခြံထဲမှာနေတော့ ကရင်ရွာနဲ့ ပိုနီးပြီး သမ၀ယမမှာ ပစ္စည်းထုတ်ရင် ကရင်တွေထုတ်တဲ့ နေရာမှာပဲ ထုတ်ရပါတယ်။ ကရင်ရွာတွေနဲ့ ဗမာရွာတွေအကြား စက်လှေတွေ၊ လှည်းတွေနဲ့ ဖြစ်စေ၊ ခြေကျင်ဖြစ်စေ နေ့စဉ် အသွားအပြန်ရှိကြပါတယ်။ ဗမာရွာမှာ ဘုရားပွဲလုပ်ရင် ကရင်ရွာသားတွေလည်း ရွာလုံးကျွတ်လာပြီး ကရင်ရွာတွေမှာ ကရင်နှစ်သစ်ကူးနေ့တို့ ခရစ်စမတ်နေ့တို့ လုပ်ရင်လည်း ဗမာတွေ ရွာလုံးကျွတ်နီးပါး သွားကြပါတယ်။ ဒီလို ကူးသန်း ရောင်းဝယ်ကာ ကူးလူးဆက်ဆံရင်းနဲ့ ကရင်နဲ့ ဗမာ လူငယ်ချင်း ရင်းနှီးကာ ချစ်ခင်စုံမက်ကြပြီး တအိုးတအိမ် ထူထောင်ကြတဲ့ စုံတွဲတွေလည်း များစွာ ရှိပါတယ်။ ဆိုလိုတာက ရွာသားတွေအချင်းချင်း ကြားမှာ ကရင်ရွာတွေနဲ့ ဗမာရွာတွေ အပြန်အလှန် ကူးလူးဆက်ဆံမှုက ဘာပြဿနာမှကို မရှိခဲ့တာ အမှန်ပါ။

ချောင်းဖျားက ကရင်ရွာတွေကို မ၀င်ခင် ပထမဦးဆုံး တွေ့ရတာက ကျွန်မတို့ရွာက မစိန်နဲ့ အဲဒီရွာက ကရင်အမျိုးသား စောဘမောင် အိမ်ထောင်ကျပြီး ဈေးဆိုင်လေး တဆိုင်တည်ထားတဲ့ ဈေးဆိုင်လေးကို တွေ့ရပါတယ်။ ချောင်းဖျားနဲ့ ချောင်းရင်း ခရီးသွား အတော်များများ သူတို့ဆိုင်မှာ တထောက်နားပြီးမှ ခရီးဆက်လေ့ရှိတော့ ချောင်းဖျားကလာတဲ့ပစ္စည်းနဲ့ ချောင်းရင်းကလာတဲ့ ပစ္စည်းတွေကို သူတို့ဆိုင်လေးမှာ ရနိုင်ပါတယ်။ တချို့ကရင်တွေက သူတို့သားသမီးတွေကို သူတို့ရွာက စာသင်ကျောင်းမှာ မအပ်ဘဲ ကျွန်မတို့ ရွာက ကျောင်းမှာ လာအပ်တာလည်း ရှိပါတယ်။ ကျွန်မ မှတ်မိသလောက် ကျွန်မ သုံးတန်းနဲ့ လေးတန်းနှစ်မှာ စောဝင်းမြင့်တို့ မောင်နှမ သုံးယောက်အပါအ၀င် ကရင်ကျောင်းသားတချို့ ကျွန်မတို့ ရွာက ကျောင်းကို ပြောင်းလာခဲ့ပါတယ်။ သူတို့အားလုံးက စာတော်ကြပြီး အတန်းထဲမှာ အတော်ဆုံးကျောင်းသားတွေ စာရင်းထဲ ပါဝင်ပါတယ်။

ဒီလိုနဲ့ နွေရာသီကျောင်းပိတ်ရက်ရောက်လာတဲ့ အခါမှာတော့ ကျွန်မတို့ ရွာက စစ်တပ်မှာ စစ်သားဦးရေ တိုးလာတာ တွေ့ပြီး အနီးနား ပတ်ဝန်းကျင်က ကရင်ရွာတွေ အားလုံးကို ကျွန်မတို့ ရွာနဲ့ အနီးတ၀ိုက်မှာ တန်းလျားထိုးပြီး လာနေရမယ်လို့ စစ်တပ်က အမိန့်ချကြောင်း ကြားရတယ်။ အကြောင်းပြချက်ကတော့ အပေါ်မှာ ပြောတဲ့အတိုင်း ကော်သူးလေတပ်တွေ အနှောင့်အယှက်မှ ကင်းအောင်လို့ ပြောပါတယ်။ ကျွန်မက ဒါဆိုရင်တော့ စောဝင်းမြင့်တို့လည်း ကျောင်းနဲ့ နီးသွားလို့ အဝေးကနေ လာစရာမလိုတော့ဘူးလို့ တွေးနေတယ်။ ရွာသားတွေကလည်း မစိန်တို့မိသားစုတော့ တခြားသူတွေလို တန်းလျားထိုး နေစရာမလိုဘဲ သူ့မိဘတွေအိမ်မှာ နေလို့ရတာပေါ့လို့ ပြောနကြတယ်။

အဲဒီအမိန့်ချပြီးနောက်ပိုင်း ပြောင်းရွှေ့ဖို့ သတ်မှတ်ထားတဲ့ ကာလမှာတော့ မကြာခဏ ဆိုသလို စစ်တပ်နဲ့ ကော်သူးလေ တပ်တွေတိုက်ပွဲ ဖြစ်ပြီး စစ်တပ်က ဘယ်သူ့ကို ကော်သူးလေ သတင်းပေးဆိုပြီး ဖမ်းသွားပြန်ပြီ၊ ကော်သူးလေတပ်ကလည်း ဘယ်သူ့ကို စစ်တပ်သတင်းပေးလို့ ဆိုပြီး ဖမ်းသွားပြန်ပြီနဲ့ အရပ်သားတွေဟာ အရင်လို အေးအေးအေးဆေးဆေး နေခွင့်လုံးဝ မရတော့ဘဲ ဗမာရွာသားတွေရော ကရင်ရွာသားတွေပါ ကျီးလန့်စာစား ဘ၀ကို ရောက်သွားပါတော့တယ်။ ဒီအချိန်မှာပဲ ကျွန်မတို့ရွာက မစိန်နဲ့ ယူထားတဲ့ စောဘမောင်ကိုလည်း စစ်တပ်က ကော်သူးလေ သတင်းပေးဆိုပြီး စွပ်စွဲကာ လိုက်ဖမ်းလို့ တောခိုသွားတယ် ဆိုတဲ့သတင်းက တရွာလုံးကို ပြန့်နှံ့သွားတယ်။ ဗမာမနဲ့ ယူထားတဲ့ စောဘမောင်တယောက် အဲလိုမျိုး လုပ်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားလို့ အားလုံးက အံ့သြလို့ မဆုံး ဖြစ်ခဲ့ကြတယ်။ မစိန်နဲ့ ကလေးနှစ်ယောက်ကတော့ အများ အကြံပြုတဲ့အတိုင်းပဲ ဗမာရွာက သူ့မိဘအိမ်မှာ ပြန်လာနေဖို့ကို မျှော်လင့်နေကြတယ်။

အတော်ကြာတော့ ကရင်ရွာက တချို့က ကော်သူးလေတပ်တွေကို ကြောက်လို့ မြို့ကိုအပြီး ပြောင်းသွားကြပြီဆိုတာ ကြားရသလို တချို့ကလည်း စစ်တပ်ကို ကြောက်လို့ ကော်သူးလေထဲ ၀င်သွားပြန်ပြီ၊ ဘယ်သူ့ကို စစ်တပ်က သတ်လိုက်ပြန်ပြီ စသည်ဖြင့် အဖမ်းခံရသူ အသတ်ခံရသူတွေရဲ့ အနိဋ္ဌာရုံ သတင်းတွေက တနေ့တခြား နားနဲ့ မဆံ့အောင် ကြားလာရပါတယ်။ ညဘက်ရောက်ရင်လည်း အေးအေးဆေးဆေး အိပ်လို့မရ ဘယ်တော့ အနားကပ်ပြီး သေနတ်သံ ကြားရမလဲဆိုတာ အမြဲတွေးပူနေရတယ်။ စစ်တပ်အမိန့်ကို စသိရတဲ့နေ့က စပြီး စစ်တပ်နဲ့ ကော်သူးလေတပ်တွေ တိုက်ပွဲဖြစ်ရင် အချိန်မရွေး အထုပ်ဆွဲပြေးပြီး ၀ပ်လို့ရအောင် အမြဲတမ်း အဆင်သင့် ပြင်ထားရတယ်။ ကရင်ပဲဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် ရွာသားတွေကတော့ ဘယ်သူမှ မလုံခြုံဘူးလို့ ခံစားရပါတယ်။ ဒီဒုက္ခတွေကို မြို့ပေါ်ကလူတွေ မခံစားဖူးလို့ သိမယ်မထင်ဘူး။ ကျွန်မတို့ခြံက နည်းနည်းချောင်ကျတော့ စစ်တပ်နဲ့ ကော်သူးလေတပ် တိုက်ပွဲဖြစ်ရင် ကျည်ဆံမရောက်နိုင်တဲ့ နေရာဖြစ်လို့ ညဘက်ဆို ကရင်ဘက်ကမ်းမှာ နေတဲ့ ဗမာအတော်များများ ကျွန်မတို့ အိမ်မှာ လာအိပ်ကြပါတယ်။

ရွာတွေ ပြောင်းရွှေ့ဖို့ သတ်မှတ်ထားတဲ့နေ့ နီးကပ်လာလေ အဖမ်းအဆီးကလည်း များလာလေနဲ့ တချို့က သတင်းပေးလည်း မဟုတ် ဘာမှလည်း မဟုတ်ဘဲ အထင်မှားခံရကာ အဖမ်းခံရ ညှင်းဆဲခံရတာလည်း ရှိတော့ ဘယ်သူနဲ့မှ မပတ်သက် ဘာမှအပြစ်မလုပ်ထားတဲ့ ရွာသားတွေကလည်း အမြဲတမ်း ကျီးလန့်စာ စားသလိုပဲကြောက် နေရပါတယ်။ ကရင်ရွာတွေကို ပြောင်းရွှေ့ဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးနေ့ နီးကပ်လာတဲ့အချိန်မှာတော့ မမျှော်လင့်ဘဲ မစိန်တို့ သားအမိက သူ့မိဘအိမ်ကို ရောက်မလာဘဲ စောဘမောင်နောက်ကို လိုက်ပြီး တောခိုသွားတယ် ဆိုတာနဲ့ စောဝင်းမြင့်တို့ မိသားစု တစုလုံးလည်း တောခိုသွားပြီ ဆိုတဲ့သတင်းက တရွာလုံးကို ပြန့်နှံ့သွားတော့ ဘယ်သူမှ မထင်ထားတဲ့သူတွေ ဖြစ်တော့ တရွာလုံးက အံ့သြရပြန်တယ်။ ဗမာဖြစ်ပြီး ကရင်နဲ့ယူတာကို နဂိုကတည်းက သိပ်သဘောမတူတဲ့ မစိန်မိဘတွေလည်း ဒီလောက်ပဲ မိုက်ရတဲ့သမီးဆိုပြီး ယူကျုံးမရ ဖြစ်ပြီး ကျန်ခဲ့ပါတယ်။ ကျောင်းပြန်ဖွင့်တဲ့ အချိန်မှာတော့ ကျောင်းကို ပြန်မရောက်လာတော့တဲ့ အတန်းထဲမှာ ပညာတော်ကြတဲ့ စောဝင်းမြင့်တို့ မောင်နှမတွေကိုလည်း ကျောင်းသားတွေရော ဆရာတွေပါ လွမ်းပြီးကျန်ခဲ့ပါတယ်။

ဒီလိုနဲ့ ကရင်ရွာတွေက ဗမာရွာနားနီးတဲ့ နေရာတွေကို ရွှေ့ပြီး နေလာရတာ မိမိဥယာဉ်ခြံထဲမှာ အသီးအရွက် သွားခူးတာတို့ ထင်းသွားခွေတာတို့လည်း လုပ်လို့မရ တခါတလေ ကိုယ့်ဥယာဉ်မှာကိုယ် အသီးအနှံသွားခိုးခူးမိလို့ စစ်တပ်နဲ့ တွေ့ရင်တော့ မထင်ရင် မထင်သလို ရန်သူသတင်းပေးလို့ စွတ်စွဲပြီး ပြဿနာအရှာခံရ အသတ်ခံရတဲ့အဆင့်ထိ ရှိပါတယ်။ အရင်က သစ်ခုတ်၊ ၀ါးခုတ်၊ ထင်းခုတ်၊ ကြိမ်ခုတ်နဲ့ သဘာဝဟင်းသီးဟင်းရွက်ကို ကရင်ရွာတွေကို ကျော်ပြီး တောထဲတောင်ထဲမှာ ကရင်ဗမာ ဘယ်သူမဆို အချိန်မရွေး သွားရှာလို့ရနေတဲ့ အခြေအနေကနေ ကရင်တွေက မိမိတို့ ကိုယ်ပိုင် လယ်ယာခြံမြေမှာတောင် သွားခူးစားလို့မရတော့တဲ့ အခြေအနေကို ရောက်သွားပါတယ်။ ကရင်တွေအတွက် ဒီလို အိုးပစ်အိမ်ပစ်ပြီး ဘာမှလုပ်ကိုင်စားသောက်စရာ မရှိဘဲ ဗမာရွာနားမှာ လာနေရတာ တော်တော်လေးကို အနေအစား ကြပ်တည်းစေပါတယ်။ တချို့ကိုကျတော့ ကော်သူးလေတပ်တွေက မဆလ လက်ပါးစေတွေဆိုပြီးတော့ စွတ်စွဲခံရတာလည်း ရှိတော့ တပ်နှစ်တပ်ကြားမှာ ပြည်သူလူထုဟာ တကယ်ကို ဘေးကြပ်နံကြပ်နဲ့ ဒုက္ခ ရောက်ခဲ့ပါတယ်။

အဲဒီတုန်းက ကျွန်မတို့ရွာက ပြည်သူ့ကောင်စီအတွင်းရေးမှူးကို ကရင်တပ်စိတ်တစိတ်က စစ်တပ်ယူနီဖေါင်းတွေဝတ်ကာ စစ်တပ်ဟန်ဆောင်ပြီး ကျွန်မတို့ ရွာထဲက လက်ဘက်ရည်ဆိုင်မှာ ညဘက် ရှောင်တခင်ဝင်ရောက် လာလုပ်ကြံခဲ့ရာမှာ လူမှားပြီး ပစ်မိလို့ ကျွန်မနဲ့ ဆွေမျိုးမကင်းသူ အစ်ကိုတယောက် သေဆုံးခဲ့ရဖူးပါတယ်။ ဖြစ်ပုံက အဲဒီအချိန်က ကျွန်မတို့နယ်မှာ အမျိုးသားအတော်များများက ခေတ်မီသူတိုင်း ဗီယက်နာမ်ဂျာကင် ၀တ်တယ်ဆိုပြီး တပ်မတော်အရောင် ဗီယက်နာမ်လုပ် အနွေးထည်ကို လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသား အတော်များများ ၀ယ်ဝတ်ကြတဲ့အချိန်ဖြစ်နေတယ်။ လာလုပ်ကြံတဲ့ သူတွေက အတွင်းရေးမှူးကို တခါမှမမြင်ဖူးဘဲ အသက်အရွယ်၊ လူပုံပန်းသဏ္ဍန်နဲ့ ဗီယက်နာမ်ဂျာကင်ဝတ်ပြီး ဒီအချိန် ဒီလက်ဘက်ရည်ဆိုင်ထဲမှာ ညတိုင်း ထိုင်တတ်တယ်ဆိုတာပဲ သိထားတော့ ဗီယက်နာမ် ဂျာကင်ဝတ်ထားတဲ့ သူနဲ့ ခပ်ဆင်ဆင် ကျွန်မ အစ်ကိုတော်သူကို ညဘက်မီးအိမ် မှိန်မှိန်အောက်မှာ မှားပြီး ပစ်သတ်သွားတာ ဖြစ်တယ်။ အမှန်က အဲဒီလက်ဘက်ရည်ဆိုင်က စစ်တပ်အောက်တည့်တည့်မှာ ရှိပြီး ဒီလက်ဘက်ရည်ဆိုင်ကို ရောက်ဖို့အတွက် စစ်တပ်ရှိရာ ဘုန်းကြီးကျောင်းကုန်း အရှေ့မျက်နှာစာဘက် လမ်းကိုဖြတ်ပြီး အနောက်တည့်တည့်ကို လျှောက်လာပြီး ဘယ်ဘက်ကို အကွေ့ ဘုန်းကြီးကျောင်းကုန်းရဲ့ အောက်အနောက်တည့်တည့်မှာ ရှိပါတယ်။ ကော်သူးလေတွေက ပစ်သတ်ပြီးတာနဲ့ ချက်ချင်း တခြားလုပ်စရာ ရှိသေးလို့ သွားဦးမယ်ဆိုပြီး ဟန်မပျက်ဘဲ ထသွားတဲ့အထိ ရွာသားတွေက သူတို့ကို ကော်သူးလေတွေဆိုတာ အတိအကျ မသိသေးဘဲ စစ်တပ်ပဲ ထင်ပြီး ဘာပြောလို့ပြောရမှန်းမသိ အံ့သြပြီးကျန်ခဲ့နေရာကနေ အတော်ကြာမှ ကုန်းပေါ်က စစ်တပ်ကလည်း ဆင်းလာ လူတွေကလည်း စုလာမှ ကော်သူးလေတပ်က ဟန်ဆောင်ပြီး လာပစ်ခဲ့တယ်ဆိုတာ သဘောပေါက်သွားတယ်။ စစ်တပ်က ဘယ်လိုပဲ အကာအကွယ် ပေးထားတယ်ပြောပြော ဘယ်လိုပဲ ဖြစ်လေးဖြတ် လုပ်ထားတယ် ပြောပြော စစ်တပ်နားမှာ ကပ်ပြီးနေတဲ့ လူတယောက်ကိုတာင် ကော်သူးလေတပ်က သူတို့ သတ်ချင်ရင် ဒီလောက်အထိ လွယ်လွယ်ကူကူ ၀င်သတ်လို့ ရနိုင်တဲ့အခြေအနေ ရှိတယ်ဆိုတဲ့ သင်ခန်းစာ ရသွားပါတယ်။

၈၈ နောက်ပိုင်းမှာ ကျွန်မတို့ ABSDF တပ်တွေနဲ့ KNU တပ်တွေ ပူးပေါင်းထားတဲ့ DAB စစ်ကြောင်း (၃) က အဲဒီဒေသက ရှေ့တန်းနယ်မြေဒေသတေချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လှုပ်ရှားနယ်မြေတွေကို တိုးချဲ့နိုင်ခဲ့ပေမဲ့ ၉၃ နောက်ပိုင်းမှာတော့ နယ်မြေအတော်များများကို ပြန်လက်လွှတ်လိုက်ရပြီး ၉၅ နောက်ပိုင်းမှာ အဲဒီလိုပဲ ဖြတ်လေးဖြတ် စီမံကိန်းကို ကျွန်မတို့နယ်မှာ ပြန်လုပ်ခဲ့တယ်လို့ ကျွန်မ ကရင်နီဘက် ဗဟိုရောက်ပြီး နောက်ပိုင်း ကြားသိရပါတယ်။ ရွာသားတွေကို ပြည်သူ့စစ်မလုပ်မနေရ စနစ်နဲ့ လုပ်ခဲ့လို့ အဲဒီတုန်းကလည်း ကျွန်မအမေရဲ့ မောင်အရင်း ကျွန်မဦးလေးက ပြည်သူ့စစ်ခေါင်းဆောင် လုပ်ရပြီး ကရင်တပ်တွေ ညဘက်ဝင်ပစ်သတ်လို့ သေဆုံးခဲ့ရပါတယ်။ ကျွန်မ ဦးလေးက ကျွန်မတို့ ရှေ့တန်းဒေသမှာ ရှိနေစဉ် ၉၂ ခုနှစ်တုန်းကတောင် ကျွန်မတို့ရွာမှာ ပြည်သူ့စစ်ခေါင်းဆောင် လုပ်နေပြီး ကျွန်မတို့ ABSDF တပ်တွေ အမြဲတမ်း ၀င်ဖမ်းဖို့ပြောနေလို့ ဦးလေးကို ပြည်သူ့စစ်ခေါင်းဆောင် မလုပ်ပါနဲ့လို့ လူကြုံတိုင်း အကြိမ်ကြိမ် ကျွန်မ မှာခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဦးလေးတယောက်တည်းမကဘူး ရွာတိုင်းနီးပါးမှာ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူတွေက ကျွန်မနဲ့ ဆွေမျိုးမကင်းသူတွေချည်းဖြစ်နေတော့ ကျွန်မတော်တော်လေးကို မျက်နှာပူခဲ့ရတယ်။ တခါတော့ အမေ တ၀မ်းကွဲအစ်မရဲ့ အမျိုးသား ကျွန်မနဲ့ ဘကြီး တော်သူတယောက်ကိုလည်း ပြည်သူ့စစ်ခေါင်းဆောင် လုပ်လို့ ကျွန်မတို့တပ်က တခါဖမ်းမိတော့ နောက်မလုပ်တော့ဘူးလို့ လက်မှတ်ထိုးခဲ့လို့ ပြန်လွှတ်လိုက်ပေမဲ့ ကျွန်မ တော်တော်လေးကို မျက်နှာပူခဲ့တာတော့ အမှန်ပဲ။ တကယ်တော့ ဒီခေတ်ဒီစနစ်မှာ လူလာဖြစ်ကြတဲ့ သူတွေအားလုံးက သတင်းလွတ်လပ်ခွင့်မရှိ၊ အခြေအနေတခုကို မိမိကိုယ်ပိုင်ဥာဏ်နဲ့ လေ့လာဆန်းစစ်ခွင့်မရှိဘဲ နီးရာလူပြောတာကိုပဲ ယုံနေရ၊ နီးရာဓါးကို ကြောက်နေရပြီး ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောနဲ့ ဆိုတဲ့ခေတ်မှာ အာဏာရှင်တွေကလွဲရင် အားလုံးက ပြည်တွင်းစစ်ရဲ့ မြေစာပင်တွေသာ ဖြစ်ပါတယ်။

အခုလည်း ကြံ့ဖွံ့အာဏာရှင်တွေက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခန်းကဏ္ဍကို လစ်လျူရှုကာ ငါပြောတဲ့အတိုင်း လက်မခံရင် အားလုံးကို အမြစ်ဖြုတ်ပစ်မယ်ဆိုတဲ့ အကြံအစည်နဲ့ ခေတ်အဆက်ဆက်က ဆရာ့ဆရာကြီးတွေရဲ့ နည်းနာအတိုင်း ဖြတ်လေးဖြတ် စီမံကိန်းကို ပြန်လုပ်နေတယ်ဆိုတာ ကြားရတော့ ပြည်သူလူထုက မြေစာပင်ဖြစ်ရဦးမယ် ဆိုတာကို မြေကြီးလက်ခတ်မလွဲ သေချာနေပါတယ်။ ဟိုတုန်းကတောင် သူပုန်တွေက ဆေးဝါး၊ ရိက္ခာနဲ့ ဘဏ္ဍာငွေကို ပြည်သူလူထုဆီက အဓိက စုဆောင်းတာ မဟုတ်ဘဲ ထိုင်းကစုဆောင်းတာပဲ များလို့ ဖြတ်လေးဖြတ်ကြောင့် ပြည်သူလူထုသာ နစ်နာပြီး သူပုန်တွေမှာ ဘာမှမနစ်နာပါဘူး၊ ခုခေတ်မှာ သတင်းအချက်အလက်ကလည်း လူကိုယ်တိုင် တောတောင်ဖြတ်ပြီး လာသတင်းပေးမှ ရတဲ့ခေတ် မဟုတ်တော့လို့ ခုခေတ်ဆို သတင်းရဖို့ ပိုတောင်လွယ်ပါသေးတယ် ။ တော်လှန်ရေးဆိုတာ ပြည်သူလူထုက ပေါက်ဖွားလာတာဖြစ်လို့ တော်လှန်ရေးနဲ့ ပြည်သူလူထုကို ဖြတ်တောက်ပစ်လို့ မရနိုင်ပါဘူး။ ဖိနှိပ်မှု ရှိနေသရွေ့ တော်လှန်ရေးဆိုတာ ရှိနေမှာ ဖြစ်ပြီး စစ်မှန်တဲ့ ပြည်ထောင်စုကို မတည်ဆောက်နိုင်သေးသရွေ့ ဖြတ်လေးဖြတ် မကလို့ ဘယ်လို စီမံကိန်းပဲသုံးသုံး ပြည်တွင်းစစ်မီး ငြိမ်းမှာမဟုတ် သူပုန်ဆိုတာလည်း ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ ပြည်သူလူထုပဲ မြေစာပင် အဖြစ်နဲ့ အမြဲခံနေရလိမ့်မယ်။

ဖြတ်လေးဖြတ်ကြောင့် ပြည်တွင်းစစ် ငြိမ်းသွားမှာ မဟုတ်ပါဘူး။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှသာ ငြိမ်းမှာ ဖြစ်တယ်။ စစ်တပ်က နိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲ ဗြောင်ကျကျ အဓမ္မ စိုးမိုးနေသရွေ့ နိုင်ငံမှာ လူမျိုးစုတွေနဲ့ ပြည်တွင်းစစ် ဆက်ဖြစ်နေဦးမယ်၊ ဒီမိုကရေစီကို တကယ်မြတ်နိုးသူတွေနဲ့ အာဏာရှင်ကြားမှာလည်း နိုင်ငံရေးပြဿနာတွေ ဆက်ရှိနေဦးမယ်။ အခုလက်ရှိထက် ပိုမိုဆိုးရွားတဲ့ ပဋိပက္ခတွေ ဆက်ရှိနေမယ်။ အရေးအခင်းတွေ နောက်ထပ် အများကြီး ပေါ်လာပြီး ပဋီပက္ခတွေ ဆက်ဖြစ်နေမယ်။ တိုင်းပြည် မငြိမ်းချမ်းသရွေ့ တိုင်းရင်းသားအချင်းချင်း၊ မောင်နှမအချင်းချင်း သူငယ်ချင်းအချင်းချင်း ရန်သူဖြစ်နေရတဲ့ အဖြစ်တွေ ဆက်ဖြစ်နေမယ်။ တိုင်းပြည်က ပိုပြီး ဆင်းရဲသထက် ဆင်းရဲလာမယ်။ ပြည်သူလူထုတွေမှာ အတင်းအဓမ္မ နေရာ ဒေသတွေ ပြောင်းရွှေ့ခံရ၊ လမ်းတွေတံတားတွေ ဆောက်လုပ်ရာမှာ အဓမ္မအခေါ်ခိုင်းခံရ၊ လက်နက်ကိုင် အင်အားစုတွေရှိတဲ့ဆီ အမြဲတမ်း စစ်ကြောင်းထိုးနေမှာ ဖြစ်ပြီး စစ်ကြောင်းထိုးတိုင်း ပြည်သူလူထုက ပေါ်တာအဖြစ် ဖမ်းဆီးခိုင်းစေခံရတဲ့ဘ၀က ဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ ဒီလိုဘ၀က လွတ်မြောက်ဖို့ဆိုရင် စစ်ကျွန်ဘ၀ကို တပြည်လုံး တွန်းလှန်ပြီး အဆုံးသတ်ကာ စစ်မှန်တဲ့ ဒီမိုကရေစီ ရပြီး မြန်မာပြည်မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံအတွက် အာမခံချက်ရှိတဲ့ ပြည်ထောင်စုတခု ပေါ်ပေါက်လာအောင် ကြိုးစားဖို့လိုပါတယ်။

လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ခန့်က ဖြတ်လေးဖြတ်ကို ရင်ဆိုင်ရတဲ့အချိန်မှာ ကျွန်မက အခုကျွန်မသားရဲ့ အသက်အရွယ် ဖြစ်တာကို သတိထားမိပြီး မြန်မာပြည်သူလူထုရဲ့ စစ်ကျွန်ဘ၀က လွန်ခဲ့တဲ့အနှစ် သုံးဆယ်ခန့်ကနဲ့ အခုဘာမှ မကွာပါလားလို့ သတိထားမိသလို ရွာသားတွေရဲ့ ဒုက္ခကတော့ အရင်ကထက် အခုပိုဆိုးလိမ့်မယ်ဆိုတာကို တွေးနေမိတယ်။ ကျွန်မသားအရွယ်က ကျွန်မ ကြုံတွေ့ရတဲ့ ဒီအနိဌာရုံ ဒုက္ခကို အခုချိန်မှာ ကျွန်မသား မခံစားရလို့ ၀မ်းသာပေမဲ့ ဒီဒေသမှာ ရှိနေတဲ့ ကျွန်မသားအရွယ် ကလေးတွေနဲ့ ပြည်သူလူထုတွေကတော့ ကျွန်မငယ်ငယ်တုန်းက မဆလခေတ် ဖြတ်လေးဖြတ်ထက် နအဖနဲ့ ကြံဖွံ့ခေတ် ဖြတ်လေးဖြတ် အတွေ့ကြုံက ပိုပြီး ခါးသီးစွာ ခံစားရလိမ့်မယ်ဆိုတာကို တွေးနေမိတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီကလေးတွေရဲ့ဘ၀ ငြိမ်းချမ်းတဲ့ ခေတ်စနစ်ကို အမြန်ရောက်ပါစေ၊ ကျွန်မဦးလေးတို့ အစ်ကိုတော်သူတို့ အပါအ၀င် ပြည်တွင်းစစ်မှာ မြေစာပင် ဘ၀ကို ရောက်ရသူတွေလို နောက်ထပ် ဘယ်သူမှ ထပ်အဖြစ်မခံရပါစေနဲ့လို့ ဆုတောင်းပါတယ်။


မြန်မာပြည်မှာ စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ပါစေ


ဗုဒ္ဓနေ့ ဆုတောင်း (ဆရာ ကောင်းရာသုဂတိလားပါစေ)


ဒီနေ့ ကျရောက်တဲ့ ကဆုန်လပြည့်နေ့က ဂေါတမ မြတ်စွာဘုရားလောင်းဟာ ဒီပင်္ကရာ မြတ်စွာဘုရားဆီကနေ နောင်တချိန်မှာ ဗုဒ္ဓဧကန်စင်စစ် ဖြစ်တော်မူမယ်လို့ ဗျာဒိတ်တော် ရတဲ့နေ့၊ ဘုရားလောင်းကိုမွေးဖွားတဲ့နေ့၊ မဟာဗောဓိ ညောင်ပင်အောက်မှာ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရပြီး ဘုရားအဖြစ်ပွင့်တော်မူတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့ စတဲ့နေ့ထူးနေ့မြတ်တွေ အသီးသီးတိုက်ဆိုင်လို့ ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ထားတဲ့နေ့ ဖြစ်ပါတယ်။ 17/5/11 မှာ ကျရောက်တဲ့ ဗုဒ္ဓနေ့အတွက်တော့ ဆစ်ဒနီမြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ကဆုန်ညောင်ရေ သွန်းပွဲကို ပြီးခဲ့တဲ့ပတ်က ကြိုပြီး ပြုလုပ်ခဲ့ပါတယ်။ အဲဒီနေ့က သားအမိနှစ်ယောက် ဘုန်းကြီးကျောင်းသွားပြီး ကောင်းမှု ကုသိုလ်ပြုခဲ့ပါတယ်။ ယခင်က ပြုခဲ့သော ကုသိုလ်အားလုံးနဲ့ ဗုဒ္ဓနေ့အတွက် ပြုခဲ့သော ကောင်းမှုကုသိုလ် အားလုံးကို ဒီနေ့ 16/5/11 ညနေ ၃နာရီ မိနှစ် ၅၀ မှာ ဘ၀တပါးသို့ ပြောင်းလဲသွားသော တချိန်က ကျွန်မရဲ့ဆရာ ဆရာဝင်းမြင့်သိန်းအတွက် အမျှပေးဝေလိုက်ပါတယ်။

ဆစ်ဒနီမြို့ကဆုန်ညောင်ရေသွန်းပွဲက ဓါတ်ပုံများ

ကျောင်းတွင်းမှာ




ဗောဓိညောင်ပင်အောက်မှာ











ကျောင်းပြင်မှာ ဆွမ်းဆန်စိမ်းလောင်းစဉ်


ဆရာဝင်းမြင့်သိန်းမှာ နှလုံးအလုပ်မလုပ်နိုင်တဲ့ ရောဂါကိုစတင်ခံစားရချိန်က Westmead ဆေးရုံက စောင့်ရှောက်ပြီး နှလုံးမှာ Pacemaker တပ်ထားခဲ့ရပါတယ်။ နှလုံးအစားထိုးမှ ရတော့မည့်အခြေအနေကို ရောက်လာတဲ့အခါမှာတော့ Westmead ကနေ St. Vincent ဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်။ St. Vincent ဆေးရုံမှာ နှလုံးအစားထိုး ကုသနိုင်ဖို့အတွက် နှလုံးစောင့်ဆိုင်းရင်း အခြေအနေက ပိုဆိုးလာခဲ့ပြီး တခြား Organ တွေဖြစ်တဲ့ ကျောက်ကပ်နဲ့ အဆုတ်ကိုပါ ထိခိုက်လာစေပါတယ်။ ပြီးခဲ့တဲ့ ပတ်က ဆရာဝန်နဲ့ ချိန်းထားချက်အရ ဒီနေ့ နေ့လည် ၁၂ နာရီမှာတော့ ဆရာဝန်ဦးဆောင်တဲ့ St. Vincent ဆေးရုံက Cardiology Health Care Team က လူနာရဲ့ မိသားစုနဲ့မိတ်ဆွေတွေကို တွေ့ဆုံပြီး ဆရာ့အခြေအနေကို ရှင်းပြခဲ့ပါတယ်။

ဆရာ နှလုံး ပုံမှန်အလုပ်မလုပ်တော့လို့ နှလုံးအစားထိုးဖို့ နှလုံးမရခင်စပ်ကြား နှလုံးအကူပေးတဲ့ စက်တပ်ဆင်ထားပေမဲ့ အခြေအနေက ပိုဆိုးလာနေတယ်။ ဒီလိုနဲ့ နှလုံးရရှိဖို့ စောင့်ဆိုင်းရင်းနဲ့ ကျောက်ကပ်နဲ့ အဆုတ်ပါ အလုပ်မလုပ် ဖြစ်လာလို့ ကျောက်ကပ်နဲ့ အဆုတ်လုပ်ရမည့် အလုပ်တွေကိုပါ စက်နဲ့ လုပ်ပေးနေရပါတယ်။ အခုပြီးခဲ့တဲ့ ပတ်မှာတော့ အစာအိမ်နဲ့ အူလမ်းကြောင်းပါ အလုပ်မလုပ်ဖြစ်လာလို့ အစာအာဟာရကို နှာခေါင်းပိုက်ကတဆင့် အစာအိမ်ထဲ သွင်းနေခဲ့ရာကနေ သွေးကြောမကြီးထဲကို ပြောင်းပြီး တိုက်ရိုက်သွင်းပေးခဲ့ရပါတယ်။ ဒါပေမဲ့ နှလုံးအလုပ်မလုပ်တော့ အစာကိုသွေးက လက်မခံနိုင်လို့ ပြန်ဖြုတ်ခဲ့ရပါတယ်။ အခြေအနေတွေက ပိုပိုပြီး ဆိုးလာလို့ အခုချိန် Organ အစားသွင်းမယ်ဆိုရင် နှလုံးတခုတည်းမဟုတ် ကျောက်ကပ်ရော အဆုတ်ပါ အစားသွင်းရမည့် အခြေအနေကို ဖြစ်လာတယ်။ အကယ်၍ အစားသွင်းဖို့ organs တွေ အဆင်သင့် ရှိနေရင်တောင်မှ ဆရာ့အခြေအနေက ခွဲစိတ်ကုသခံနိုင်ရည် မရှိနိုင်တော့ဘူးဆိုတာ ဆရာဝန်က ရှင်းပြပါတယ်။ ဆရာ့အတွက် သက်သာလာနိုင်တဲ့အခြေအနေ မရှိတော့ဘူး၊ တပ်ထားတဲ့စက်တွေ အားလုံးက သူ့ကို သက်တောင့်သက်သာ မဖြစ်စေတော့ဘူးဆိုတာ ဆရာဝန်က ရှင်းပြပြီး မိသားတွေ မိတ်ဆွေတွေအနေနဲ့ ဘာလုပ်ပေးစေချင်လဲ ဘာဖြစ်ချင်လဲ ဆိုတာ မေးပါတယ်။ ကုသဖို့ နည်းလမ်းမရှိတော့ဘူးဆိုတာ သိပေမဲ့လည်း သူတို့အနေနဲ့ မိသားစုက ကုသမှုကို ရပ်လိုက်ဖို့ ဘာမှမပြောမချင်း ဒီလိုပဲ ဆက်ပြီးလုပ်ပေးနေမှာ ဖြစ်ကြောင်း အသေးစိတ်ကို ရှင်းပြပါတယ်။

ဒါကြောင့် ကျန်ရစ်သူ သူ့မိသားစုနဲ့ ကျွန်မတို့ ဆစ်ဒနီရှိ မိတ်ဆွေတွေက ဒီနေ့မှာပဲ ချက်ချင်း ဘုန်းကြီးပင့် သာရဏဂုံတင် ပရိတ်တရားတော်ကို ဆေးရုံက သူ့အခန်းထဲမှာပဲ နာကြားပေးပြီး ဆရာအတွက် အားလုံးဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။ တရားနာပြီးမှာတော့ လူနာရှင်ရဲ့ ခွင့်ပြုချက်အရ စက်တွေနဲ့ သွင်းထားတဲ့ ပိုက်တွေ အကုန်လုံးကို ဖြုတ်လိုက်ပါတယ်။ ဆေးသွင်းထားတဲ့ပိုက်တွေ၊ ကျောက်ကပ်နဲ့ အဆုပ်ကို အလုပ်လုပ်ပေးတဲ့စက်တွေကို အရင်ဖြုတ်ပြီး နှလုံးမှာ ကူပေးထားတဲ့ စက်ရဲ့ ပိုက်ကိုတော့ နောက်ဆုံးမှ ဖြုတ်ပါတယ်။ နှလုံးအကူစက်ကို ၃ နာရီ ၄၃ မိနှစ်မှာ ဖြုတ်ပြီး ၃ နာရီ မိနှစ် ၅၀ မှာ နှလုံးရပ်ပြီး ရုန်းကန် လှုပ်ရှားမှုမရှိ သက်တောင့်သက်သာနဲ့ ဘ၀ကူးသွားပါတယ်။

ကျွန်မအပါအ၀င် ဆစ်ဒနီရောက် မိတ်ဆွေများအားလုံးအနေနှင့် ကျန်ရစ်သူမိသားစုနဲ့အတူ ရှိနေပြီး ကျန်ရစ်သူမိသားစုနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းကြောင်းနဲ့ ၀ိုင်းဝန်းကူညီနေပေးလျက်ရှိကြောင်းကို သြစကြေးလျားနိုင်ငံ တခြားမြို့များနှင့် နိုင်ငံတကာမှာ ရောက်နေတဲ့ ဆရာဝင်းမြင့်သိန်းရဲ့ မိတ်ဆွေအားလုံးကို Face book မှ အသိပေးအကြောင်းကြားခဲ့ပါတယ်။ Facebook မိတ်ဆွေများအနေနဲ့ ဒီနေရာမှာ ဓါတ်ပုံတွေကို ကြည့်ရှုနိုင်ပါတယ်။

ဆရာဝင်းမြင့်သိန်း ကောင်းရာသုဂတိလားပါစေ
ကဆုန်ညောင်ရေသွန်းပွဲ ဗုဒ္ဓနေ့မှာ ကျွန်မတို့သားအမိ ပြုလုပ်သော ကုသိုလ်အားလုံးနဲ့ အရင်က ပြုလုပ်ဖူးသော ကုသိုလ်၊ ဒီနေ့ပြုလုပ်သောကောင်းမှုအားလုံးကို ဆရာ့အတွက် အမျှပေးဝေလိုက်ပါတယ်။ ဆရာ ရောက်ရာဘုံဘ၀က သာဓုခေါ်ကာ အမျှယူနိုင်ပါစေလို့ ဆုတောင်းပါတယ်။

ဆရာ့မွေးနေ့အတွက် ဆုတောင်း

ဒီနေ့ 7/5/11 မှာ မွေးနေ့ကျရောက်တဲ့ ဆရာ့မွေးနေ့မှာ အများသူငှာ မွေးနေ့တွေအတွက် ကျွန်မ အမြဲဆုတောင်းနေတဲ့အတိုင်း မွေးနေ့ အနှစ်တရာတိုင်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေလို့ ဆုတောင်းပေးတဲ့အထိ လောဘတက်ပြီး ဆုမတောင်းလိုပါ။ Happy Birthday လို့ ပြောလို့မရလောက်အောင် မွေးနေ့မှာ Procedure တွေ လုပ်ရ၊ Scan တွေလုပ်နေရတဲ့ ဆရာ့မွေးနေ့မှာ ကျွန်မ ဆုတောင်းလိုတာကတော့ "မွေးနေ့ အနှစ်တရာ မတိုင်လည်း နေပါစေ နောက်ထပ်မွေးနေ့တွေ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် နှလုံးအစားထိုးဖို့ စောင့်နေတဲ့နှလုံးကိုသာ မြန်မြန်ရပြီး ဆရာ့လိုရာဆန္ဒကို ပြည့်ဝအောင် ဖြည့်စွမ်းသွားနိုင်ဖို့အတွက် လုံလောက်တဲ့ သက်တမ်းအထိ မွေးနေ့တွေ ဆက်လက်ရှင်သန်နေပါစေ" လို့ပဲ ဆုတောင်းပေးပါတယ်။

ဆရာဆိုတာက ကျွန်မ ငယ်ငယ် ရှစ်တန်းတုန်းက သင်္ချာသင်ပေးခဲ့တဲ့ အဲဒီတုန်းက သင်္ချာဆရာ အခုတော့ Heart Failure ဖြစ်ပြီး နှလုံးအလုပ်မလုပ်နိုင်တော့လို့ ဆစ်ဒနီမြို့ St. Vincent ဆေးရုံ ICU မှာ နှလုံးစောင့်ဆိုင်းရင်း ရောက်ရှိနေတဲ့ ဆရာလေးလို့ အများခေါ် ဆရာဝင်းမြင့်သိန်းပါ။ ကျွန်မလည်း ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်အပြီး တော်တော်လေး အလုပ်များခဲ့သလို ဒီမတိုင်ခင် အိမ်မှာလည်း တယောက်ပြီးတယောက် ကျန်းမာရေးမကောင်းတော့ ဆရာ့ဆီ မရောက်ဖြစ်ခဲ့တာ ကြာသွားပါတယ်။ ဒီနေ့မနက်မှာတော့ ဆရာ့ဆီသွားဖို့ ရည်ရွယ်ထားပြီး မနေ့ညက သူ့ဇနီးဆီ ဖုန်းဆက်ကြည့်တော့ ဒီနေ့ဆရာ့မွေးနေ့ဆိုတာပါ သိရလို့ လူနာလည်းကြည့်ရင်း မွေးနေ့ပွဲကိုလည်း အားပေးရင်း ဆရာတက်နေတဲ့ St.Vincent ဆေးရုံကို ရောက်လာခဲ့တယ်။

ရောက်တော့ နှစ်နာရီထိုးပြီးနေပြီ ကျွန်မတို့ ရောက်တဲ့အချိန်မှာ ဆရာ့အဆုပ် အလုပ်မလုပ်လို့ အောက်စီဂျင်အလုံအလောက် မရတဲ့အတွက် အဆုပ်အစား အလုပ်လုပ်ဖို့ အဆုပ်ထဲ ပါးစပ်ကနေ စက်နဲ့ ဆက်သွယ်တဲ့ Procedure တခု လုပ်နေတဲ့အချိန်မို့ ချက်ချင်း ၀င်မကြည့်ရဘူး။ တနာရီခန့်စောင့်ပြီးမှ Procedure က ပြန်လာပြီး CT scan သွားလုပ်ဦးမယ်ဆိုတော့ နောက်ထပ် တနာရီနီးပါး ထပ်စောင့်ရပါတယ်။ ၀င်ခွင့်ရတဲ့အချိန်မှာတော့ ခါတိုင်းဆို ICU ကို လူနာတယောက်ဆီ တခါဝင်ရင် နှစ်ယောက်ပဲ ပေးဝင်ရာကနေ ဒီတခါတော့ မွေးနေ့ကြောင့်လားမသိဘူး ငါးယောက် ရှိနေတာ ၀င်လို့ရပြီလို့ လာအကြောင်းကြားတဲ့ သူနာပြုက ကျွန်မတို့ အားလုံးကို ပေးဝင်ပါတယ်။ ကျွန်မတို့ ရောက်တဲ့အချိန်မှာ ဆရာ့ကို စောင့်ရှောက်နေတဲ့ သူနာပြုက အမျိုးသားတဦး အမျိုးသမီးတဦး ဖြစ်ပြီး နှစ်ယောက်စလုံးက သဘောကောင်းကြပါတယ်။

ကျွန်မတို့ အထဲရောက်တော့ ဆရာ့တကိုယ်လုံးကို စက်နဲ့ဆက်သွယ်ထားတဲ့ ပိုက်တွေ ပြည့်နှက်ပြီး တွေ့ရတယ်။ နှာခေါင်းမှာ မစာအိမ်နဲ့ ဆက်ထားတဲ့ အစာကြွေးတဲ့ပိုက်၊ ပါးစပ်မှာ ချွဲစုပ်တဲ့ပိုက်နဲ့ အဆုပ်နဲ့ စက်ကိုဆက်သွယ်ထားတဲ့ပိုက်၊ ရင်ဘတ်မှာ နှလုံးအတုနဲ့ အပြင်က စက်ကိုဆက်သွယ်ထားတဲ့ ပိုက်၊ ပေါင်ခြံသွေးကြောမှာကျတော့ ကျောက်ကပ်အလုပ်မလုပ်နိုင်လို့ ကျောက်ကပ်အစား သွေးသန့်စင်တဲ့စက်နဲ့ ဆက်သွယ်တဲ့ပိုက်၊ လက်တွေမှာလည်း ဆေးသွင်းတဲ့ အပ်တွေနဲ့ဆေးပိုက်တွေနဲ့ဆိုတော့ ဆရာ့တကိုယ်လုံးဟာ အရာဝတ္ထုတွေနဲ့ ပြည့်နေပါတယ်။ ဆရာ ဘာမှ မတုံ့ပြန်နိုင်ပေမဲ့ တချက်တချက်တော့ သတိရပြီး ကျွန်မတို့ ပြောနေတာကို ကြားနေပုံတော့ ရပါတယ်။ ကျွန်မတို့ ရောက်ပြီးနောက် ကျွန်မတို့ ရှိနေတဲ့အချိန်မှာပဲ သူနာပြုနှစ်ယောက်ကလည်း သူတို့လုပ်ပေးစရာရှိတာ ဆက်ပြီးလုပ်ပေးနေပါတယ်။

ဒီနေ့မတိုင်ခင် ဆရာ့ကို ကျွန်မ နောက်ဆုံး သိထားတဲ့ အခြေအနေက ဆရာ နှလုံးအစားထိုးကုသမှ ရတော့မှာ ဖြစ်တဲ့အတွက် နှလုံးစောင့်နေလို့ ဆေးရုံက အနီးကပ်ကြည့်ပေးနေတယ်ဆိုတာပဲ သိထားပါတယ်။ ဒီလောက်အထိ စက်တွေနဲ့ ခန္ဓာကိုယ်ကို လည်ပတ်နေရတယ်ဆိုတာ မသိခဲ့ဘူး။ အခုဒီနေ့ရောက်တော့ သူ့နှလုံးက အလုပ်မလုပ်တော့လို့ နှလုံးအတု တပ်ထားရတယ်၊ တခါ ဒီနေ့မှာပဲ အဆုပ်ကလည်း ရေတွေပြည့်ပြီး အလုပ်မလုပ်ပြန်လို့ အဆုပ်ကနေ နှလုံးကို အောက်စီဂျင် မပို့နိုင်တော့လို့ အောက်စီဂျင်အလုံအလောက် မရလို့ အဆုပ်အစား အလုပ်လုပ်ဖို့ စက်တပ်ရပြန်တယ်။ ပြီးတော့တခါ ကျွန်မတို့ ဆရာ့အခန်းထဲ ရောက်ပြီးမှ သူနာပြုတယောက်က Dialysis (သွေးသန့်စင်ခြင်း) လုပ်နေတာတွေ့လို့ အဆုပ်ထဲ စက်သွင်းတဲ့ Procedure က ပြန်လာလို့ ကျောက်ကပ်ခဏတာ အားနည်းနေလို့ Dialysis လုပ်ရတယ်ထင်ပြီး အဲဒါ အကြိမ် ဘယ်လောက်များများ လုပ်ဖို့လိုလဲလို့ မေးကြည့်တော့ ၂၄ နာရီလုံးလုံး မပြတ် လုပ်ထားရတယ်လို့ ပြောတယ်ဆိုတော့ ဆရာ့မှာ အဓိက အင်္ဂါအစိတ်အပိုင်းများဖြစ်တဲ့ နှလုံး၊ အဆုပ်၊ ကျောက်ကပ် သုံးခုစလုံးက စက်နဲ့အလုပ်လုပ်နေရတာကို ဒီနေ့မှ ကျွန်မ သိလိုက်ပါတယ်။

ဆရာ့ခန္ဓာကိုယ်မှာ ခန္ဓာဗေဒနဲ့ ဇီဝကမ္မဗေဒတွေကို စက်ကပဲ လည်ပတ်နေတဲ့ အခြေအနေ ဖြစ်နေတယ်။ နှလုံး မရခင်စပ်ကြား ဘယ်လောက်အထိ စက်နဲ့ ထိန်းထားပေးနိုင်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ နှလုံးကော ဘယ်တော့ ရမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဆရာ သက်သာနေတုန်း အိမ်ကနေ အပြင်လူနာအဖြစ် လာတွေ့နေတုန်းကတော့ ကျွန်မ တခါနှစ်ခါ လိုက်လာပေးဖူးပြီး အဲဒီတုန်းက ဆရာဝန်မကို ကျွန်မ မေးကြည့်လို့ ဆရာဝန်မ ပြောတာက ဘယ်တော့ ရမယ်ဆိုတာ အတိအကျ မပြောနိုင်ပေမဲ့ ဆရာ့သွေးက B သွေးမို့ လူဦးရေ အများစုမှာ ရှိတဲ့သွေးအမျိုးအစားဖြစ်လို့ တခြားသွေးအမျိုးအစားနဲ့ စာရင်တော့ ပိုပြီးစောစော ရနိုင်တဲ့သွေး ဖြစ်တယ်လို့ ပြောပါတယ်။

ကိုယ်ပိုင် အင်္ဂါအစိတ်အပိုင်းတွေနဲ့ ခန္ဓာကိုယ် အလုပ်မလုပ်နိုင်တော့လို့ စက်တွေ၊ ဆေးတွေရဲ့ အကူအညီနဲ့ အသက်ဆက်လက် ရှင်သန်နေရတဲ့ ဆရာအတွက် နှလုံးမြန်မြန်ရပြီး အဆင်ပြေချောမွေ့စွာ အစားထိုးလို့ရနိုင်ပါစေလို့ ဆုတောင်းတာကလွဲပြီး တခြားဘာမှမတတ်နိုင်တော့ပါ။ ဒီနှစ်မွေးနေ့မှသည် နောက်ထပ် မွေးနေ့ပေါင်းများစွာ ဆက်လက်ရှင်သန်နေပါစေ၊ မိသားစုနဲ့အတူ ဆရာပြုလိုတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုနိုင်ပါစေ၊ ဆရာဖြစ်ချင်တဲ့ ဘ၀ခရီးကို အောင်မြင်စွာ လျှောက်လှမ်းသွားနိုင်ဖို့ စောင့်ဆိုင်းနေတဲ့ နှလုံးမြန်မြန်ရပြီး အဆင်ပြေချောမွေ့စွာ အစားထိုးနိုင်ပါစေလို့ ကျွန်မ ဆုတောင်းပေးလိုက်ပါတယ်။ ဆရာ့ရဲ့ တခြားမိတ်ဆွေများလည်း ကျွန်မနဲ့အတူ ဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။