မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ကမ္ဘာကို ဘယ်ကစလဲ


ဆရာတော် ဦးကောဝိဒ (မြိတ်) က သူ့ဘလော့ဂ်မှာ သားသား မေးထားတဲ့ မေးခွန်းကို ပြန်ဖြေထားပေးတာကို ပြန်လည်ကူးယူပြီး တင်ပြလိုက်ပါတယ်။ ဖြေပေးတဲ့ ဆရာတော် ဦးကောဝိဒ (မြိတ်) ကို ကျေးဇူးတင်ပါတယ်။ ဘုရားမဟောခဲ့တဲ့ တရားနဲ့ ဟောခဲ့တဲ့တရားကို နှိုင်းယှဉ်ရင် လက်ခုပ်ထဲက မြေကြီးလက်တခုပ်စာနဲ့ ကမ္ဘာကြီးတခုလုံးမှာ ရှိတဲ့ မြေကြီးတွေလို ပမာဏ ကွာခြားလှပါတယ်ဆိုတာ ဘုရားကိုယ်တိုင် ဆိုခဲ့တဲ့အကြောင်း မဟောခဲ့တဲ့ တရားတွေအထဲမှာ စင်္ကြာဝဠာကို ဘယ်ကစတယ်ဆိုတဲ့ မေးခွန်းကို ဘုရားက ဟောနေလည်း အကျိုးမရှိလို့ဆိုပြီး မဟောခဲ့ဘူးဆိုတာ သူ့ကို ပြောပြခဲ့ပါတယ်။ သားဆိုလိုချင်တဲ့ ကမ္ဘာဆိုတာ စင်္ကြာဝဠာတခုလုံးမှာ ရှိတဲ့ ကမ္ဘာတွေ အားလုံးကို ဆိုလိုတာ ဖြစ်ပြီး ဒီကမ္ဘာမှာ လူသားနဲ့ တခြားတိရိစ္ဆာန်တွေရှိသလို တခြားကမ္ဘာ တချို့မှာလည်း တခြားဂြိုလ်သားတွေ ရှိတယ်ဆိုတာ သူယုံကြည်ပါတယ်။ တခြားဘာသာတွေမှာ ကမ္ဘာ (သို့) စင်္ကြ၀ဠာကို ဘုရား (God) က ဖန်တီးပြီး စတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘုရားကို ဘယ်သူက ဖန်တီးလဲလို့ သူ့မှာ ထပ်မေးစရာ ရှိသလို အခုလည်း ဗြမ္ဘာက စတယ်ဆိုရင် ဗြမ္ဘာကို ဘယ်ကစတယ်လဲလို့ ထပ်မေးစရာ ရှိလာပြန်တော့ အဲဒါလည်း ယုံကြည်မှုနဲ့ပဲ ဆိုင်နေပါတယ်လို့ ကျွန်မထင်ပါတယ်။ ဆရာတော် ဖြေထားတဲ့ အဖြေထဲမှာ သိပ္ပံနည်းအရ ကြည့်ရင် ကွာဟနေတာတွေလည်း ရှိတော့ ဘာသာတရားဆိုတာ ယုတ္တိတခုတည်းနဲ့ လက်ခံလို့မရပဲ ယုံကြည်မှု (မျက်ကန်းယုံကြည်မှုကို မဆိုလို) လည်း ပါမှရတယ်ဆိုတာ လုံးဝ သေချာနေပါတယ်။


အမေး။ ။ What does Buddhism believe how the world was made?ဗုဒ္ဓဘာသာမှာ ကမ္ဘာကို ဘယ်ကစတာလဲလို့ ယုံကြည်ပါသလဲဘုရား။မောင်တိုးနန္ဒSydney, Australia

အဖြေ။ ။ တစ်ခြားခြားသော ဘာသာများက ကမ္ဘာကြီးကို ထာဝရဘုရားက ဖန်ဆင်းတယ်လို့ ပြောပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကတော့ ကမ္ဘာကြီးကို ဘယ်သူမှ ဖန်ဆင်းတာ မဟုတ်ပါဘူး၊ သဘာဝတရားက ဖြစ်လာတာပါ လို့ ပြောရပါ့မယ်။ လူသားများဟာ ဘယ်က စတင်ဖြစ်တယ်ဆိုတာ မမြင်နိုင်သလို ကမ္ဘာကြီးဟာ ဘယ်ကစဖြစ်တာလဲဆိုတဲ့ အမေးအတွက် အဖြေမရှိပါဘူး၊ ကြက်ဥအစရှာမရသလိုပါပဲ။ ဒါပေမဲ့ မြတ်စွာဘုရားက ကမ္ဘာကြီး ဖြစ်ပေါ်လာပုံကိုတော့ မိန့်တော်မူထားတာရှိပါတယ်။ အဲဒါကို ခေတ်နဲ့လျော်ညီအောင် ပြောပေးပါ့မယ်။မှောင်မိုက်မဲမဲ ဟင်းလင်းပြင်ကြီးအတွင်း တစ်နေရာမှာ ကမ္ဘာစတင်ဖြစ်ဖို့အတွက် ရှေးဦးစွာ ကမ္ဘာပြုမိုးလို့ခေါ်တဲ့ မိုးဖွဲလေးများကျ လာပါတယ်။ ဒါကြောင့် ကမ္ဘာအစ မိုးဖွဲက လို့ ပြောရမလိုလိုပင်။ ထိုမိုးဖွဲလေးများဟာ တစ တစနှင့် ကြာရိုးလောက် ကြီးလာပါတယ်၊ ကြာလာတော့ ၀ါးလုံးလောက် ကြီးလာပါတယ်၊ ၀ါးလုံးလောက်ကနေ၊ ကျည်ပွေ့လောက်ကြီးလာပါတယ်၊ ကျည်ပွေ့မှတဆင့် ထန်းပင်လုံးလောက် မိုးရေအယဉ်ကြီးပြီး အဆက်မပြတ်ရွာသွန်းတဲ့အခါ ယခင်က ကမ္ဘာမီးလောင်ခဲ့တဲ့နေရာမှာ ရေများပြည့်လာပါတယ်။ထိုရေများကို အောက်သို့ မဆင်းသွားရလေအောင် “အဇဋာကာသ” လို့ အောက်ဖက်ကောင်းကင်မှ လေအဟုန်ထပြီး အထက်သို့ပင့်တိုက်တင်ထားသလို၊ ရေအယဉ်များ နံဘေးသို့ မထွက်အောင် လေများ ပတ်လည်တိုက်ပြီး တားဆီးပေးထားတယ်။ ရေအယဉ်များ ဟာ လေကြောင့် အောက်သို့လည်းမကျ နံဘေးကိုလည်း မထွက်ဘဲ ပဒုမ္မာကြာရွက်ပေါ်က ရေပေါက်များလို တလုံးတခဲတည်း တည်နေပါတော့ တယ်။ကာလကြာတဲ့အခါ ကမ္ဘာဖြစ်မဲ့ ရေအယဉ်လုံးကြီးဟာ တဖြည်းဖြည်း အောက်သို့ လျှောချ ခန်းခြောက်လာပြီး ယခင်က ကမ္ဘာမြေကြီး တည်ရာအရပ်ကို ရောက်တဲ့အခါ အလွန်အားကြီးတဲ့ လေအဟုန်ကြီးတစ်ခု ဖြစ်ပေါ်လာပါတယ်။ ဥပမာ- မတ်ခွက်ကို ဖင်အောက်မှာ အပေါက်ဖေါက်ထားပြီး မတ်ခွက်ထိပ်ကို ပိတ်ထားလိုက်ရင် လေကချူပ်ထားတဲ့အတွက် ရေအောက်ကို မဆင်းတော့ပါဘူး။ ထို့အတူ လေအဟုန်က ရေအယဉ်တွေကို ချူပ်ထားတဲ့အတွက် ရေအယဉ်များ အောက်သို့ မလျှောကျဘဲ ရေပြင်ကြီး ရပ်တည်နေပါတယ်။ဒီလို ရေပြင်ကြီး ရပ်တည်နေလာရာက ကာလကြာတဲ့အခါ ထိုရေအယဉ်များဟာ ရသပထ၀ီ လို့ခေါ်တဲ့ မြေအဆီအဖြစ်သို့ ပြောင် လွဲလာပါတော့တယ်။ (ရေများအနည်ထိုင်လို့ကြာရင် နွံဖြစ်သလို) ထိုရသပထ၀ီ မြေအဆီများဟာ နို့ရည်အထက်၌ တက်နေတဲ့ မလှိုင်များလို ကြိုင်မွေး ချိုဆိမ့်သော အနံ့အရသာ ရှိတယ်။ဒီလို ကမ္ဘာသစ်တည်ထောင်မိသော်လည်း လ နေ နေက္ခတ်တို့ မစုံသေးပါဘူး။ လ နေ နေက္ခတ်ပြည့်စုံမှ ကမ္ဘာတည်တာပြည့်စုံတယ် လို့ ဆိုရပါမယ်။ ဒီလိုနဲ့ ရသပထ၀ီ မြေအဆီများတည်နေတဲ့အချိန်မှာ ယခင်ကမ္ဘာပျက်တုန်းက မပါတဲ့ ဗြဟ္မာ့ဘုံမှ ဗြဟ္မာများဟာ ကံအရှိန်ကုန်လို့ ဖြစ်စေ၊ သက်တမ်းစေ့လို့ပဲဖြစ်စေ၊ စုတေကြကာ အောက်ဘုံများသို့ ရောက်ခဲ့ကြတယ်။ တစ်ချို့ဆိုရင် လူ့ပြည်မှာ ပဋိသန္ဓေ တည်ကြပါတယ်။ (ဆိုလိုတာက ဗြဟ္မပြည်မှ စုတေပြီး လူ့ပြည်မှာ လူလာဖြစ်တာပါ) ကမ္ဘာဦးလူသားတွေဟာ ဗြဟ္မစိတ်အထုံပါတဲ့အတွက် ကာမစိတ်ကို အားပေးတဲ့ ဣတ္ထိဘာဝ၊ပုရိသာဘ၀ရုပ် မပေါ်သေးပါ။ ကိုယ်ရောင်ကိုယ်ဝါတို့ဖြင့် ကောင်းကင်မှာ သွားလာနိုင်ကြတယ်။ ဘာအစားအစာမှ မစားရဘဲ ပီတိနဲ့သာ နေနိုင်ကြပါတယ်။
ကာလအတန်ကြာတဲ့အခါ လူတစ်ယောက် လက်ဆော့ပြီး မြေဆီလွှာကို “ဘယ်လိုများနေမလဲ” ဆိုပြီး လက်နဲ့တို့ကာ စားကြည့်တော့ အရသာရှိလှတာ တွေ့ရပါတယ်။ “ ကောင်းမှန်းသိ သာအိတစိုစို” ဆိုတဲ့အတိုင်း ထပ်ကာထပ်ကာ လျက်စားပါတော့တယ်။ အတုမြင်အတတ်သင် ဆိုသလို တစ်ခြားသူများကလည်း လိုက်ပြီး လျက်ကြည့်ကြရာ နောက်တော့ အဆုပ်လေးလုပ်ပြီး ထမင်းလို စားလာကြ ပါတယ်။ အဲဒီအခါမှာ အရသာပေါ်တတ်မက်တဲ့ ရသတဏှာ ဖြစ်လာကာ ကိုယ်ရောင်များ ပျောက်ကွယ်ပြီး အမှောင်ကြီး ကျရောက်လာတော့ တယ်။ကမ္ဘာဦးလူအများဟာ အမှောင်ကြီးထဲ နေရတာ အလွန်ကြောက်ကြတဲ့အတွက် ရဲ့ရင့်စေနိုင်ရန် ကံအားလျော်စွာ အရှေ့လောကဓာတ်မှ ယူဇနာအားဖြင့် (၅၀)မိုင်အားဖြင့် (၄၀၀)ခန့် အချင်းရှိတဲ့ အရောင်ဝန်းကြီးတစ်ခု ထွန်းတောက်လာပါတယ်။ ထိုအရောင် ၀န်းကြီးဟာ ကမ္ဘာ့လူများကို ရဲရင့်စေတတ်တဲ့အတွက် ‘နေ’ လို့ခေါ်တွင်ပါတယ်။ သူရံ ဇနေတိ သူရိယံ = အရဲဓါတ်ကိုဖြစ်စေတတ်တဲ့အတွက် သူရိယ (နေ)လို့ ခေါ်တွင်ခဲ့ပါတယ်။ နေ၀န်းကြီးပျောက်သွားတဲ့နောက် ညဉ့်အခါသို့ ရောက်သောအခါ လူတွေက “ အရင်ရောင်ဝန်းကြီးနှင့်တူတဲ့ အရောင်တစ်ခု ထပ်ထွက်ရင်ကောင်းမှာပဲ” လို့ ဆန္ဒတွေ ဖြစ်ပေါ်ကြပြန်တယ်။ အလိုဆန္ဒအတိုင်း ၄၉ ယူဇနာ၊ ၃၉၂ မိုင်ခန့် ရှိတဲ့ အရောင်ဝန်းတမျိုး ဖြစ်ပေါ်ခဲ့ပြန်ပါတယ်။ ကမ္ဘာဦးလူသားများ ဆန္ဒအတိုင်းဖြစ်ပေါ်လာတဲ့အတွက် ကာလကြာတဲ့အခါ ဆန္ဒမှ စန္ဒ ဖြစ်လာပါ တယ်။ နေနဲ့လတို့ ဖြစ်ပေါ်လာတဲ့အခါ အခြား နက္ခတ်များလည်း ပေါ်လာပါတော့တယ်။ ဒါဟာ ကမ္ဘာကြီး ဖြစ်ပေါ်လာပုံပါပဲ။(သဂြိလ်ဘာသာဋီကာ၊ နှာ -၃၂၃၊၃၂၄)

(ကျွန်မတို့ ရပ်ကွက်မှာ ကောင်စီက လမ်းပြင်တာတွေ လုပ်နေတော့ မတော်တဆ ဖုန်းလိုင်း သွားထိပြီး ပြတ်သွားတယ်။ ဖုန်းလိုင်းပြတ်တာနဲ့ အင်တာနက်ပါ ပါသွားလို့ လောလောဆယ် အိမ်မှာ ဖုန်းရော အင်တာနက်ပါ မရဖြစ်နေပါတယ်။ ဒီပို့စ်ကို ကျောင်းကနေတင်လိုက်တာ ဖြစ်ပြီး ကျောင်းက ကွန်ပြူတာမှာ မြန်မာစာ မရှိတဲ့အတွက် ကျွန်မဘလော့ဂ် အပါအ၀င် မြန်မာဘလော့ဂ်တွေကို ကျွန်မလောလောဆယ် ဖတ်လို့မရပါဘူး။ ဒီပို့စ်ကို အင်တာနက် မပြတ်ခင်က သားသားအတွက် ကူးပြီး Microsoft Word ထဲမှာ ထည့်ထားပေးခဲ့လို့ အခုလို ပြန်ကူးလို့ရတာ ဖြစ်တယ်။ ဘလော့မှာ သိမ်းထားချင်တဲ့အတွက်ရော ကျွန်မ မအားတဲ့အချိန်မှာ ဘလော့ဂ်ကို လာလည်သူများအတွက် ဖတ်စရာ ရှိနေစေရန်အတွက်ပါ ဒီပို့စ်ကို တင်ထားလိုက်ပါတယ်။ အိမ်ရှင်မရှိခင် ရောက်လာကြသူအားလုံး ကိုယ့်အိမ်ကိုယ့်ယာလို သဘာထားကြစေလိုပါတယ်။)


လာလည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပြီး ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ။


5 comments:

ကျမ လာလည်ပါတယ်။ စာလဲဖတ်သွားပါတယ်ရှင်။

ဖတ်တော့ဖတ်တယ် အမ

လိုက်မမှီသေးဘူး (မတွေးတတ်ပါ)
ဗဟုသုတရသွားပါတယ်

ီရှင်မဟာသီလ၀ံသရေးတဲ့ ပါရာယန ၀တ္တုမှာတော့ ဒီအကြောင်း ဖတ်ဖူးလိုက်တယ်..။ အဲဒီကမ္ဘာဖြစ်တည်လာပုံဆိုတာ တကယ်ပဲ ဗုဒ္ဓဘုရားဟောခဲ့သလား...။ ဟိန္ဒူကျမ်းတွေမှာပါတဲ့ ကမ္ဘာကို ဗြဟ္မာတွေ နဲ့ စခဲ့ တယ်ဆိုတဲ့ သီဝရီ လို့ထင်တာပဲ...။ ဘုရားက လုံးဝ ကမ္ဘာဖြစ်တည်ပုံမဟောခဲ့ဖူး လူဖြစ်တည်လာပုံ မဟောခဲ့ဖူးလို့ပဲ တချို့ ရေးတာဖတ်ဖူးတယ်...။ ပြောဖို့ခက်တာက ဗုဒ္ဓစာပေတွေကိုတစိုက်မတ်မတ် လိုက်စားတဲ့ ဆရာထေရ်တွေထဲမှာကို ဒီလို အယူအဆ ဘုရားဟောပါတယ် ရေးကြတော့ ဘယ်ဟာအမှန်လဲ မပြောတတ်တော့ဘူး...။ ဒဂုန်ဦးစန်းငွေရေးတဲ့ ဗုဒ္ဓ ကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့်ပြဿနာများ အပိုင်း (၁+၂+၃+၄+၅) ကိုလည်း အောက်ပါလင့်ခ်မှာ ဒေါင်းလုပ်ပြီး ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်...။
http://dhammadownload.com/Others-eBookInMyanmar.htm

ဒီပို့စ်ကို သူ့ဘလော့ဂ်မှာ ဖြေပေးတဲ့ ဆရာတော်ကိုရော ဒီမှာ မျှဝေပေးတာကို လာဖတ်တဲ့ မြလေးငုံ၊ ကိုကြယ်ကလေးနဲ့ ကိုမင်းညိုတို့ကို ကျေးဇူးတင်ပါတယ်။

မေးခွန်းမေးတဲ့ ကျွန်မသားကတော့ သဘာဝနဲ့ ဖန်တီးတာ နှစ်ခုပဲ သိချင်ပြီး ကျန်တာ သူနားလည်တာမဟုတ်ပါဘူး။ အခုဘုန်းဘုန်းက သဘာဝလို့ ပြောထားတာတခုတည်းနဲ့ သူလိုချင်တဲ့ အဖြေရသွားပါပြီ။

ဖြည့်စွက်ဆွေးနွေးပေးတဲ့ ကိုမင်းညိုကို ထပ်ဆင့်ကျေးဇူးတင်ပါတယ်။ ဘုရားဟောတရား ဟုတ်မဟုတ်ဆိုတာက လက်တွေ့နဲ့ ကိုက်မကိုက်ဆိုတာနဲ့ တိုင်းတာရလိမ့်မယ်ထင်တယ်။ လက်တွေ့မှာလည်း ကိုယ်မမြင်နိုင် ကိုယ့်ဦးနှောက်နဲ့ မမီနိုင်လို့ မယုံနိုင်စရာ ရှိနေလို့ မဟုတ်ဘူးပြောလို့လည်း အတတ် ပြောလို့ မရနိုင်ဘူး။ ပေထက်အက္ခရာ တင်တဲ့အချိန်နဲ့ ဘုရားဟောခဲ့တဲ့ အချိန်က အတော်ကို ကွာခြားခဲ့တယ်ဆိုတော့ အဆင့်ဆင့် ပြန်လည် မှတ်တမ်းတင်တဲ့နေရာမှာ မိမိ နားလည်သလို ဘာသာပြန်ပြောတာလည်း ပါနိုင်လို့ ဘာသာပြန်ရာမှာ အလွဲအမှားတော့ ရှိနိုင်ပါတယ်။ ဥပမာ အခုဒီထဲမှာ နေနဲ့ လတို့ရဲ့အချင်းနဲ့ ပတ်သက်ရင် ကွာဟနေတာ လုံးဝ သိသာပါတယ်။ ဒါမျိုးကျတော့ သဗ္ပညုတ ရွှေဥာဏ်တော်ရှင် ဘုရားဟောတာ မဟုတ်နိုင်ဘူးဆိုတာ အတတ်ပြောလို့ ရနိုင်ပါတယ်။ ဒါကြောင့်မို့ ပိတကဋ် သုံးပုံမှာ အပိုအလိုတော့ အနည်းအကျင်း ရှိနိုင်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။

Humans want to know everything.When they can not find the about thunderstorm,they belive"god makes it.When they found out,they know that it was not from God.If the humans can not find the answer,the answer is God make it.