မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဗောဇ္ဈင်္ဂသုတ်



ဗောဇ္ဈင်္ဂသုတ် ရွတ်ဖတ်ရခြင်းအကျိုး

ဗောဇ္ဈင်သုတ်ကို ရွတ်ဖတ်ခြင်းဖြင့် "လူမမာများကို ရောဂါသက်သာစေသည်၊ ပျောက်ကင်းစေနိုင်သည်၊ ဆေးရုံများတွင် အထူး ရွတ်ဖတ်သင့်သည်၊ ပင်ရင်း ဗောဇ္ဈင်သုတ် သုံးသုတ်ကိုတွဲ၍ ရွတ်ဖတ်လျှင် ပိုကောင်းသည်" လို့ သာသနာရေး ဦးစည်းဌာနက ထုတ်ဝေတဲ့ ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်ထဲမှာ ရေးထားတာကို တွေ့ရပါတယ်။ ပရိတ်စာသားထဲက အနက်အဓိပ္ပါယ်ထဲမှာလည်း အရှင်မဟာမောဂ္ဂလာန်နဲ့ အရှင်မဟာကဿပတို့ နေမကောင်း ဖြစ်ကြတော့ မြတ်စွာဘုရားက ဗောဇ္ဈင်ခုနှစ်ပါးတရားကို ဟောပေးပြီးသက်သာရာ ရရှိသလို မြတ်စွာဘုရားကိုယ်တော်တိုင် နေမကောင်းဖြစ်တဲ့ အခါမှာလည်း စုန္ဒရဟန်းတော်ကို ဗောဇ္ဈင်္ဂသုတ်ကို ဟောကြားစေပြီး သက်သာရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့်မို့ သရဏာဂုံ သုံးပါးနဲ့ ငါးပါးသီလကို ဆောက်တည်ပြီး အကုသိုလ်ကင်းစင်နေချိန်မှာ ဗောဇ္ဈင်သုတ်ကို ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်ပါက ဝေဒနာခံစားနေရသူ တကယ်သက်သာ ပျောက်ကင်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒီပို့စ်ကို နာမကျန်းဖြစ်နေပြီး ကုနေလည်း ဘာမှထူးလာမှာ မဟုတ်ဘူးလို့ ယူဆပြီး ဆေးရုံဆေးခန်းသွားဖို့ ငြင်းဆန်နေတဲ့ အဖေအတွက် ဆုတောင်းပေးရင်းနဲ့ တခြားသူတွေအတွက်လည်း အသုံးတည့်ရင် အသုံးပြုလို့ ရအောင် တင်ဖြစ်ပါတယ်။ ဗောဇ္ဈင်သုတ်ကို လက်တွေ့မရွတ်ဖူး အခုမှ စရွတ်ရမှာ ဖြစ်ပေမဲ့ လွန်ခဲ့တဲ့နှစ် ၁၆- ၂၀ ခန့်ကတော့ ကလေးမွေးဖို့ ဗိုက်နာနေတဲ့ ကိုယ်ဝန်သည်တွေအတွက် ကျွန်မက အင်ဂုလိမာလ သုတ်ကိုရွတ်ပေးခဲ့ဖူးတုန်းကတော့ တကယ်ကို အခက်အခဲမရှိ မွေးခဲ့ရတဲ့ မိခင်တွေကို ကြုံတွေ့ဖူးသလို ကိုယ်တိုင်မွေးပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ သွေးမတော်သားမစပ် သူတွေအတွက် ရွတ်ခဲ့တုန်းကတောင် ပရိတ်ကြီး ၁၁ သုတ်ထဲက တခုဖြစ်တဲ့ အင်ဂုလိမာလသုတ်တော်ရဲ့အစွမ်းက ထက်ခဲ့ရင် အခုလည်း ပရိတ်ကြီး ၁၁ သုတ်ထဲက တခုအပါအ၀င် ဖြစ်တဲ့ ဗေဇ္ဈင်္ဂသုတ်ကို ဖခင်အရင်းအတွက် ရွတ်တယ်ဆိုရင် သံသယ၀င်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် ဒီသုတ်တော်ရဲ့ တန်ခိုးအာနိသင်ကြောင့် အဖေနေကောင်းလာပါစေလို့ ဆေးရုံဆေးခန်းမှာ ပြန်ပြနိုင်ပြီး အဆင်ပြေလာပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ဘယ်သူမဆို မိမိတို့ မိဘဆွေမျိုး၊ မိတ်ဆွေထဲက နေမကောင်းသူတွေအတွက် ဆုတောင်းမေတ္တာ ပို့သပေးလိုသူများလည်း အသုံးပြုနိုင်ပါတယ်။ ဘုရားလက်ထက်က တကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ဆိုတော့ အမှန်တရားဟာ သစ္စာစကား ဖြစ်လို့ အမှန်ကို ရွတ်ဖတ်သူတွေအတွက် မှန်ကန်တဲ့ အကျိုးရလဒ်ကို ခံစားရမယ်လို့ ယုံကြည်ပါတယ်။

အဖေ ကျန်းမာပါစေ။


ဗောဇ္ဈင်သုတ် ပါဋ္ဌိနှင့် မြန်မာပြန် အဓိပ္ပါယ်

၁။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ ၀ိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာမဒ္ဒနေ။

၁။ မြန်မာပြန် အဓိပ္ပါယ်- ဗေဇ္ဈင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစေနိုင်၏။ ထကြွ သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။

၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘ၀ါ မုတ္တကုတ္တမာ။
အဇာတိ မဇရာဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

၂။ မြန်မာပြန် အဓိပ္ပါယ်- သတ္တ၀ါတို့သည် ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌသိမြင်ကြပါလျှင် ဘ၀သုံးပါးမှ ကျွတ်လွှတ်ကြကုန်၏။ မြတ်ရာသို့လည်း ရောက်ကုန်၏။ ပဋိသန္ဓေ္ဓနေရသည့်ဘေး၊ အိုရသည့်ဘေး၊ နာရသည့်ဘေး၊ သေရသည့်ဘေးတို့ကင်းသော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။

၃။ ဧ၀မာဒိ ဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
သြသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။

၃။ မြန်မာပြန် အဓိပ္ပါယ်- ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးနှင့်သာမက တခြားသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဈင်သုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။

၎။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ၀ိစယော တထာ။
ဝိရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ' ပရေ။

၅။ သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ' တေ သဗ္ဗဒဿိနာ။
မုနိနာ သမ္မဒက္ခာတာ၊ ဘာဝတာ ဗဟုလီကတာ။

၎-၅။ မြန်မာပြန် အဓိပ္ပါယ်- ဗောဓိဥာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မ၀ိစယ)၊ ၀ိရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဗောဇ္ဈင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖေါ်ပြောကြားပေ၏၊ ထိုဗောဇ္ဈင်ခုနှစ်ပါးတို့ကို ပွားများအပ်ကုန်၏၊ ထပ်၍ထပ်၍ ပွားများအပ်ကုန်၏။

၆။ သံပတ္တန္တိ အဘိညာယ၊ နိဗ္ဗ္ဗာနာယ စ ဗောဓိယာ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၆။ မြန်မာပြန် အဓိပ္ပါယ်- ဤဗောဇ္ဈင်ခုနှစ်ပါး တရားမြတ်ကို ပွားများသည်ရှိသော် တရားထူး တရားမြတ်တို့ကိုလည်း တိုးတက်သိစေနိုင်သည့် အကျိုးရှိ၏၊ ကိလေသာ ငြိမ်းအေးခြင်း အကျိုးလည်း ရှိ၏။ ဤသို့မှန်သောစကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။


၇။ ဧကသိံ္မ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။

၇။ မြန်မာပြန် အဓိပ္ပါယ်- အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပမထေရ် နှစ်ပါးအား ဗေဇ္ဈင်ခုနှစ်ပါး တရားမြတ်စွာကို ဟောကြားတော်မူခဲ့၏။

၈။ တေ စ တံအဘိနန္ဒိတွာ၊ ရောဂါ မုဒိံ္စသု တင်္ခဏေ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၈။ မြန်မာပြန် အဓိပ္ပါယ်- ထိုမထေရ် နှစ်ပါးသည် ဗောဇ္ဈင်တရားတော်ကို လွန်စွာ နှစ်သက်ကြသည့်အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ရလေသည်။ ဤသို့ မှန်ကန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၉။ ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ' ဘိပီဠိတော။
စုန္ဒတ္ထေရေန တံယေ၀၊ ဘဏာပေတွာန သာဒရံ။

၉။ မြန်မာပြန် အဓိပ္ပါယ်- အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏၊ ထိုအခါ စုန္ဒမထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဈင်တရား ဟောစေပြီး မြတ်စွာဘုရား တရားနာတော်မူသည်။

၁၀။ သမ္မောဒိတွာန အာဗာဓာ၊ တမှာ ၀ုဋ္ဌာသိ ဌာနသော။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိတေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၁၀။ မြန်မာပြန် အဓိပ္ပါယ်- ဗောဇ္ဈင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာပျောက်ကင်းလေသည်။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။

၁၁။ ပဟိနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ' နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၁၁။ မြန်မာပြန် အဓိပ္ပါယ်- မဟာကဿပထေရ်၊ မာမောဂ္ဂလာန်ထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ်မဖြစ်နိုင်ကြတော့ပေ။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။

(သာသနာရေး ဦးစီးဌာနက ထုတ်ဝေတဲ့ ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်ထဲမှ ပါဠိသက်သက် မြန်မာပြန်သက်သက် သီးခြားစီ ရေးထားတာကို အဓိပ္ပါယ်နဲ့ တွဲပြီး မှတ်မိနေအောင် နံပါတ်အလိုက် ပြန်စီထားပါတယ်။ ကွင်းထဲမှာ ရေးထားတဲ့ (မေ/ပီတ - ကျွန်ုပ်အား/ဖခင်အား) တွေက မူရင်းစာအုပ်ထဲမှာ ပါတာမဟုတ်ဘဲ မိမိကိုယ်တိုင်အတွက် ရွတ်ဆိုချင်သူများအတွက်နှင့် ကျွန်မလို အဖေအတွက် ရွတ်ဆိုချင်သူများအတွက် ထည့်ထားပေးပါတယ်။ အမေအတွက်ဆိုရင်တော့ တေ၊ မေ၊ ပီတ နေရာမှာ မာတာကို အစားထိုးရမှာ ဖြစ်တယ်။)


11 comments:

မငယ်နိုင်

ဗောဇ္ဈင်္ဂသုတ် (ဗောဇ္ဈင်သုတ်)၊ အင်္ဂုလိမာလသုတ် ရွတ်ဖတ်ခြင်းရဲ့ အကျိုးတရားကို လက်တွေ့ ခံစားဖူးသူတွေ အများအပြား ရှိပါတယ်။ အဲဒီတော့ မငယ်နိုင်ရဲ့ ဖခင်အတွက် ဗောဇ္ဈင်သုတ်ကိုလည်း ယုံယုံကြည်ကြည် ရွတ်ပေးပါ။

"ကုနေလည်း ဘာမှထူးလာမှာ မဟုတ်ဘူး" လို့ ယူဆပြီး ဆေးရုံဆေးခန်းသွားဖို့ ငြင်းဆန်နေတဲ့ မငယ်နိုင်ရဲ့ မွေးသဖခင်ကိုလည်း အားပေးစကား ပြောပေးပါ။ "ကုနေလည်း ဘာမှထူးလာမှာ မဟုတ်ဘူး" ဆိုတာက နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေက စနစ်တကျ စမ်းသပ်ပြီး ပြောပြထားတာ မဟုတ်သေးတော့ လက်တွေ့မှာ အဲဒီလို ဟုတ်ချင်မှ ဟုတ်မှာပါ။ သမားတော်ကြီးတွေ ကိုယ်တိုင် သေသေချာချာ စမ်းသပ်ပြီး "၆ လလောက် ခံမယ်" ဆိုတဲ့ လူနာတွေထဲမှာတောင် ၅ နှစ်လောက် အထိ ကျန်းကျန်းမာမာ ရှိနေသူတွေလည်း ရှိပါတယ်။

ဘယ်လိုဖြစ်ဖြစ် မငယ်နိုင်ရဲ့ မွေးသဖခင်ကို ဆေးရုံ၊ ဆေးခန်းကို မရောက်ရောက်အောင် ခေါ်သွားပြီး ထိရောက်တဲ့ ဆေးကုသမှုကို ခံယူနိုင်အောင် စီစဉ်ပေးတာက အကောင်းဆုံး ဖြစ်မှာပါ။ ဆေးရုံ၊ ဆေးခန်းမှာဆိုတော့ လုံးဝ ပျောက်ကင်းအောင် ကုလို့ မရတဲ့ ရောဂါ ဆိုရင်တောင် ဝေဒနာခံစားရမှုတွေ သက်သာအောင် လုပ်ပေးနိုင်ပါတယ်။

မငယ်နိုင်ရဲ့ မွေးသဖခင် ခံစားနေရတဲ့ ရောဂါဝေဒနာတွေ သက်သာ ပျောက်ကင်းပါစေ။

ကောင်းတော.ကောင်းပါတယ်
ဒါပေမယ်. http://oppositeyes.blogspot.com/2011/06/blog-post.html က ဘာသာရေးအကြောင်းရေးတဲ. စစ်ဗိုလ်လေးတွေရဲ.ခြေဖျားတော.အမှီသေးဘူး.. ဆက်ကြိုးစားပါ.. အားပေးနေပါတယ်

ကိုအာယုမှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မအဖေက အကောင်းပကတိကြီး ဘာမှဖြစ်တာမဟုတ်ဘူး။ ကင်ဆာလို ကုလို့မရတဲ့ ရောဂါ တခုခု ဖြစ်နေတာလည်း မဟုတ်ဘူး။ ခဏခဏ ခြေတောက်ဖေါရာင် ပြီး နာကျင်နေလို့ သေသေချာချာ ဆေးစစ်လိုက်ရင် ဘာဖြစ်တယ်ဆိုတာ အတိအကျသိပြီး ဆေးကုလို့ရနိုင်ပါတယ်။ အခုလောလောဆယ်က အဖေဆေးရုံသွားချင်စိတ်ရှိအောင် လုပ်ဖို့နဲ့ အနီးမှာရှိတဲ့သားသမီးတွေကို အဲဒါ အဲဒါသူတို့ထင်သလို သေရမည့်အနာ မဟုတ်ဘူးဆိုတာ ရှင်းပြဖို့ပဲ လိုပါတယ်။ အဆင်ပြေလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဘာရောဂါ ဖြစ်နေတယ်ဆိုတာ သေသေချာချာ ဆေးစစ်ပြီး ဆေးကုလိုက်ရင် သက်သာသွားလိမ့်မယ်ဆိုတာ ကျွန်မ ယုံပါတယ်။

စစ်သည်နာမည်နဲ့ လာရေးထားသူ အဲဒါစစ်သည် မဟုတ်ဘူးဆိုတာ စာလုံးပေါင်းသတ်ပုံကို ကြည့်ပြီး ကျွန်မသိပါတယ်။ ပြောလိုတာက ဒါမဟုတ်ဘူး ဒီပို့စ်က ကောင်းမကောင်း သုံးသပ်ရလောက်အောင် ဘာမှ အားစိုက်ပြီး ကြိုးစားထားတဲ့ပို့စ် မဟုတ်ဘူး။ အဖေ့အတွက် ရွတ်ပေးနေတဲ့သုတ်ကို တခြားသူတွေလည်း အသုံးတည့်ရင် သုံးလို့ရအောင် စာအုပ်ထဲက ကူးပြီးတင်ထားပေးတာ တခုပါပဲ။ ကျွန်မ အချိန်ပေးအားစိုက်ခဲ့တဲ့ ပို့စ်က http://nge-naing.blogspot.com/2011/07/blog-post.html ဖြစ်တယ်။ ဒီပို့စ်က နေမကောင်းသူအတွက် ဖြစ်စေ၊ကျန်းမာသူအတွက် ဖြစ်စေ အားလုံးအတွက် အသုံးဝင်ပါတယ်။ C-Box အပေါ်နဲ့ အောက်မှာ ညှပ်ပေးထားပါတယ်။ သွားပြီးလေ့လာနိုင်တယ်။

"စစ်သည်" နာမည်သုံးပီးေ၇းသွားသူဟာ ဟိုတလောကမငယ်နိုင်ကိုလာအ၇ူးလုပ်တဲ့ "စစ်သည်" (Slip) မဟုတ်ပါဘူး.. အခု "စစ်သည်" က မောင်၊ mg ၊ zaw ၊ ဦးသူတော်၊ မှော်ဆရာ၊ ဒီမိုကျော်ကျော်၊ ..... နာမည်ပေါင်းစုံသုံးပီး မငယ်နိုင်ကိုတချိန်လုံးနှောင့်ယှက်နေတဲ့ ၇ု၇ှားကစစ်သားဖြစ်ပါတယ်..

"ဝါး ကို ဖျက် ဝါးမျက်" "လူကို ဖျက် အရက်" "ရှင် ကို ဖျက် ဓဇက်"... ဒီ အကြောင်းလေးလည်း အချိန်ရရင် ရေးပေးပါ အမငယ်....

မမရေ.. အချိန်ရရင် မေတာသုတ်မြန်မာပြန်လေးလဲ တင်ပေးစေချင်ပါတယ်.. ကျေးဇူးပါနော်..

မငယ်နိုင် အဖေ ဆေးရုံသွားချင်စိတ် ရှိအောင်လုပ်တာ အောင်မြင်ပါစေဗျာ။

အနီးမှာရှိတဲ့ သားသမီးတွေကို အဲဒါ သူတို့ထင်သလို သေရမည့်အနာ မဟုတ်ဘူး ဆိုတာ ရှင်းပြတာ အဆင်ပြေပါစေဗျာ။

မငယ်နိုင် အဖေရဲ့ ကျန်းမာရေး တိုးတက်ကောင်းမွန်လာပါစေဗျာ။

ပွင့်မြူဇင် - မေတာသုတ်တော့ နောက်အကြောင်းတိုက်ဆိုင်ပြီး အချိန်ရလို့ တင်ရင် အကြောင်းကြားပေးမယ်။ အခုလောလောဆယ်တော့ မေတ္တာသုတ်တော့မမဟုတ်ဘူး မေတ္တာသုတ်ပါ အနှစ်သာရတွေကို မေတ္တာပို့တဲ့ ဘုရားရှိခိုးကို သီချင်းနဲ့ စာသားကို ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာစလုံးနဲ့ တင်ထားတဲ့ပို့စ်တော့ ဒီမှာ တင်ထားတာ ရှိပါတယ်။ ဆိုက်ဘားက C-Box အပေါ်နဲ့ အောက်မှာ Click လိုက်ရင်လည်း ရောက်ပါတယ်။

ဂရမ်မာ ကြာရွက် ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်။

(( ကျွန်မအဖေက အကောင်းပကတိကြီး၊ ဘာမှဖြစ်တာ မဟုတ်ဘူး။ ကင်ဆာလို ကုလို့မရတဲ့ ရောဂါတခုခု ဖြစ်နေတာလည်း မဟုတ်ဘူး။ အနီးမှာရှိတဲ့ သားသမီးတွေကို အဲဒါ သူတို့ထင်သလို သေရမည့်အနာ မဟုတ်ဘူးဆိုတာ ရှင်းပြဖို့ပဲ လိုပါတယ် )) လို့ မငယ်နိုင်က ရေးထားတာ ဖတ်မိလို့ မငယ်နိုင် အဖေ ပြန်ကျန်းမာလာမယ်လို့ ထင်ထားတာ။

(( မငယ်နိုင် အဖေရဲ့ ကျန်းမာရေး တိုးတက်ကောင်းမွန်လာပါစေဗျာ )) လို့ လွန်ခဲ့တဲ့ နှစ်ပတ်က ကျွန်တော် ဆုတောင်းပေးတဲ့အတိုင်း ဆုတောင်းပြည့်မယ်လို့ ထင်ထားတာ။

မငယ်နိုင် အိမ်ကို ဒီတခေါက် လာလည်တော့ မငယ်နိုင်အဖေ မရှိတော့ဘူး။ နေ့မြင်ညပျောက် ဆိုတဲ့ စကားအတိုင်း ဖြစ်နေလို့ စိတ်မကောင်း ဖြစ်ရပါတယ်။

ဘယ်လို ဖြစ်သွားတာလဲ၊ မငယ်နိုင်။ မြန်လိုက်တာ။

ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ ဖြစ်နိုင်တဲ့ သင်္ခါရသဘောကို သိပေမယ့် ဒီလောက်ကြီး မြန်မြန်ဆန်ဆန် ဖြစ်သွားမယ်လို့တော့ မထင်ခဲ့မိဘူးဗျာ။

မငယ်နိုင် အဖေ ကောင်းရာမွန်ရာကို ရောက်ပါစေဗျာ။