မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

Daylight Saving and Day Life Saving


”၁၀ နာရီတောင် ထိုးနေပြီ ဟုတ်လား.. ဒုက္ခပဲ ဟိုဘက်ကျောင်းမှာ ဘုန်းကြီးသွားပင့်ပေးမယ်လို့ ညက ပြောထားခဲ့တာ ဘုန်းကြီး ဆွမ်းဘုန်းဖို့ အချိန်မှ မှီပါတော့လားမသိဘူး”
”၁၀ နာရီမဟုတ်တော့ဘူး ဘုန်းကြီး ဆွမ်းဘုန်းချိန် ၁၁ နာရီ တောင် ရှိနေပြီ ဒီနေ့က Dayl Life Saving နေ့”
”ဟာ အဲဒါမှ ပြဿနာပဲ”

ကျွန်မတို့အိမ်မှာ ဒီနေ့မနက် မထမဦးဆုံး စပြောဖြစ်တဲ့ စကားတွေ ဖြစ်တယ်။ မနေ့က သတင်းကျွတ်လပြည့်နေ့မှာ ကလေးနဲ့ အမျိုးသားကတော့ ဘုန်းကြီးကျောင်းမှာ တနေကုန်သွားဝိုင်းလုပ်တာ ညသန်းခေါင်နီးမှ ပြန်ရောက်လာတယ်။ ကျွန်မကတော့ တနင်္ဂနွေနေ့ည ၁၂ နာရီ မတိုင်ခင် အွန်လိုင်း Assignment တခု ပို့စရာရှိတာကို အချိန်မီ ပြီးဖို့အတွက် စာတွေဖတ်နေရလို့ ဘယ်ကိုမှ သွားမအားဘူး။ ဒါပေမယ့်လည်း သူတို့လို ဘုန်းကြီးကျောင်းမှာ ကုသိုလ် သွားလုပ်လို့ မအားပေမယ့် ညက သီတင်းကျွတ်လပြည့်ည အဘိဓမ္မာ အခါတော်နေ့ဆိုတော့ ဘုရားရှိခိုးပြီး ပန်း၊ ဆီမီး ရေချမ်းကို ကပ်ပြီးတာနဲ့ နေ့တိုင်း အတိုပဲ ရွှတ်ဖြစ်တဲ့၂၄ ပစ္စည်း ပဌာါန်းကို အရှည် ရွတ်ဖြစ်တယ်။




ဘုရာရှိခိုး ၀တ်ရွတ် ပြီးတာနဲ့ နေ့ကြီးရက်ကြီးဆိုပြီး လွတ်လွတ်လပ်လပ် ကုသိုလ်ယူနေဖို့ အခြေအနေလည်း မပေးတော့ လုပ်စရာရှိတဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ သတ်မှတ်ထားတဲ့ ပုဒ်ရေ ပြည့်အောင် ဆွေးနွေးဖို့ စာဖတ်ရတယ်။ စာကို လုံးဝစိတ်မ၀င်စားတော့ စာဖတ်တာနဲ့ ချက်ချင်းကို အိပ်ငိုက်တော့တာပဲ။ ဒါနဲ့ ဘလော့ဂ်ထဲ ၀င်ကြည့်တော့ အသစ်တင်ထားတဲ့ ဘလေဂ်တွေကို တွေ့ရပြီး ဘလော့ဂ်တွေဘက် လိုက်လည်ဖြစ်မှ မျက်စိက ပြန်ကြည်လာပြီး စာပြန်ဖတ်ဖြစ်တယ်။ ဒီလိုပဲ အိပ်ငိုက်ရင် ဘလော့ဂ်တခါလည်လိုက် မျက်စိကြည်ရင် Assignment ဆီပြန်လာလိုက် ဘလော့ဂ်ထဲ ၀င်ပြီး ဘယ်သူ အသစ်တင်ထားပြန်ပြီလဲ ဆိုတာ ၀င်ကြည့်ရင်း သွားလိုက်လာလိုက်နဲ့ Assignment လုပ်နေတာ တော်တော်နဲ့ မအိပ်ဖြစ်ဘူး။ သားအဖနှစ်ယောက် ဘုန်းကြီးကျောင်းမှာ သွားဝိုင်းလုပ်ရာကအပြန် (သားက ၀ိုင်းလုပ်တာမဟုတ် အပျော်လိုက်သွားတာ) သန်းခေါင်နီးပါးမှ သားကို သိပ်ရင်း အိပ်ယာဝင် ဖြစ်တယ်။

မနက်အာရုဏ်တက်တော့ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ဘုရားရှိခိုးပြီးတာနဲ့ ကလေးလည်း ကျောင်ပို့စရာ မရှိတဲ့နေ့ဆိုတော့ ညကအိပ်ရေးသိပ်မ၀တာနဲ့ သားနားမှာ ပြန်မှိန်းနေလိုက်တာ သားကလည်း ချမ်းလို့ဆိုပြီး အမေရင်ခွင်ထဲမှာ လာမှိန်းနေလိုက်တာ နဲ့ တော်တော်နဲ့ အိပ်ယာက ပြန်မထဖြစ်ဘူး။ အိပ်ရာထတဲ့အချိန် နာရီကြည့်လိုက်တော့ ၁၀ နာရီထိုခါနီးနေပြီ ခဏနေတော့ သားသူငယ်ချင်းဆီက ဖုန်းလာလို့ သားလည်း နိုးလာတယ်။ သူ့အဖေကလည်း ဖုန်းသံကြောင့် နိုးလာပြီး နာရီမှာ ၁၀ နာရီ ထိုးနေတာတွေ့တော့ ”၁၀ နာရီတောင် ထိုးနေပြီလား ဒုက္ခပဲ ဟိုဘက်ကျောင်းမှာ ဘုန်းကြီးသွားပင့်ပေးမယ်လို့ ညက ပြောထားခဲ့တာ ဘုန်းကြီး ဆွမ်းဘုန်းဖို့ အချိန်မှ မှီပါတော့မလားမသိဘူး” လို့ ပြောပြီး သူ့အခန်းထဲက ကတန်းကမန်း ထွက်လာတယ်။ ကျွန်မက ဘယ်မှ သွားဖို့မရှိတဲ့သူဆိုတော့ Assignment နဲ့ တခြားဘာမှမလုပ်ခင် ဘလော့ဂ်ကြည့်ဖို့ ကွန်ပြူတာ ဖွင့်လိုက်တော့ ကွန်ပြူတာထဲမှာ ၁၁ နာရီတောင် ဖြစ်နေပြီ။ အစတော့ သူတို့သားအဖများ တယောက်ယောက် အချိန်လာပြောင်းထားတယ် ထင်ခဲ့တယ် နောက်မှ သတိထားမိတာက ဒီလ အောက်တိုဘာလ ဆိုတာနဲ့ ပတမပတ် တနင်္ဂနွေနေ့ ဆိုတာကို သတိထားမိတော့ ဒီနေ့ Day life saving နေ့ဆိုတာ သိလိုက်တယ်။ ဒါနဲ့ ချက်ချင်းပဲ ”၁၀ နာရီမဟုတ်တော့ဘူး ဘုန်းကြီး ဆွမ်းစားချိန် ၁၁ နာရီ ဖြစ်သွားပြီ ဒီနေ့ Day Life Saving နေ့” လို့ သူ့အဖေကို လှမ်းသတိပေးလိုက်တော့ သူလည်း ကပြာကရာနဲ့ ”ဟာ အဲဒါမှ ပြဿနာပဲ” ဆိုပြီး သူငယ်ချင်းဆီ ဖုန်းဆက်ပြီး လှမ်းမေးကြည့်နေတယ်။ တော်သေးတယ် ဘုန်းကြီးကို တခြားလူတွေ ပင့်လာပေးပြီးသွားပြီ ဆိုတာ သိရမှ သက်ပြင်းချလို့ ရသွားတယ်။ သတိမမူ ဂူမမြင်ဆိုတဲ့ အတိုင်းပဲ နှစ်တိုင်း ဒီလိုနေ့မှာ နာရီပြောင်းတာ သိပေမယ့် သတိမထားမိလိုက်တော့ မသိလိုက်ဘူး။

Day Life Saving ဆိုတာက အမှန်က Daylight Saving ကို ပြောတာဖြစ်တယ်။ နေ့တာ အတိုအရှည် အပြောင်းအလဲ ရှိတဲ့ ရာသီတွေမှာ နေ့ဘက် အလင်းရောင်ရရှိတဲ့ အချိန်တွေကို နေ့ဘက်မှာ ရှိနေအောင် အချိန်ကို လိုက်ရွှေ့ထားခြင်း ဖြစ်တယ်။ လူတွေက နေ့ဘက် အလင်းရောင် ရှိတဲ့ အချိန်တွေမှာ သွားလာလှုပ်ရှား ပျော်ပါးကြတဲ့ ဘ၀ကို အကြောင်းပြု၍ Daylight Saving for Day Life Saving ဆိုပြီး တင်စား ပြောကြပါတယ်။ မြန်မာနိုင်ငံနှင့် အပူပိုင်း ဒေသတွေမှာတော့ ရာသီဥတု တခုနဲ့ တခု အပြောင်းအလဲမှာ အချိန် ကွာဟမှု သိပ်မရှိလို့ ပြောင်းစရာမလိုပေမယ့် အေးသမပိုင်း ရာသီဥတု နိုင်ငံတွေဖြစ်တဲ့ ဥရောပ၊ အမေရိကနိုင်ငံတွေနဲ့ သြစကြေးလျားမှာ တနှစ်ကို နှစ်ကြိမ် အချိန်ပြောင်းရပါတယ်။ ဆောင်းရာသီမှာ နေ့တာတိုပြီး နွေရာသီမှာ နေ့တာရှည်တာ နေရာတိုင်းလိုလိုမှာ ဖြစ်ပေမယ့် အေးတဲ့နိုင်ငံတွေမှာ ပိုပြီး အချိန်ကွာခြားလို့ လိုက်ရွှေ့ပေးရဆာ ဖြစ်ပါတယ်။ နွေကူး (Spring) မှာတကြိမ်၊ ဆောင်းကူး (Autumn) မှာ တကြိမ် အချိန်ကို တနာရီစီ အရှေ့အနောက် နေ့ဘက်မှာ နေ့အချိန်တွေ အများဆုံး ရှိနေဖို့ ပြောင်းပေးတာဖြစ်တယ်။

Day Life Saving ကို သြစကြေးလျားမှာ နှစ်တိုင်း အောက်တိုဘာလ ပထမပတ်မှာကျတဲ့ စနေနေ့ည (သို့) တနင်္ဂနွေနေ့မနက်မှာ စပြီး နောက်နှစ် မတ်လနောက်ဆုံးပတ်မှာကျတဲ့ စနေနေ့ည (သို့) တနင်္ဂနွေနေ့မနက်မှာ ဆုံးပါတယ်။ ဒါကြောင့် နှစ်စဉ် တနှစ်ကို နှစ်ကြိမ် အချိန်ပြောင်းပြီး တနာရီ အတိုးအလျှော့လုပ်ရပါတယ်။ နယူးဆောက်ဝေး ပြည်နယ်အပါအ၀င် သြတြေးလျားနိုင်ငံ အရှေ့တောင်ဘက်နဲ့ တောင်ဘက်မှာ ရှိတဲ့ ပြည်နယ်တွေနဲ့ တချိန်က နယူးဆောက်သ်ဝေး ပြည်နယ်ရဲ့ အစိတ်အပိုင်း တခုဖြစ်တဲ့ နယူးဇီလန်နိုင်ငံမှာ နွေကူး၊ နွေ၊ ဆောင်းကူး၊ ဆောင်း ဆိုပြီး ရာသီဥတု လေးမျိုး ရှိပါတယ်။ အပူဆုံးလတွေ ဖြစ်တဲ့ နိုဝင်ဘာအလယ်ခန့်ကနေ ဖေဖေါ်ဝါရီအလယ်အထိကို နွေရာသီ၊ အသင့်အတင့် စအေးလာတဲ့ လတွေဖြစ်တဲ့ ဖေဖေါ်ဝါရီ အလယ်ကနေ မေလအလယ်ခန့်ထိကို ဆောင်းကူးရာသီ (Autumn)၊ အလွန်အေးတဲ့ လတွေဖြစ်တဲ့ မေလအလယ်ခန့်ကနေ သြဂုတ်လ အလယ်ခန့်ထိကို ဆောင်းရာသီနှင့် စပြီး ပြန်နွေးလာတဲ့ လတွေဖြစ်တဲ့ သြဂုတ်လ အလယ်ကနေ နိုဝင်ဘာ အလယ်အထိကို နွေကူးရာသီ (Spiring) အဖြစ် သတ်မှတ်ပြီး ရာသီဥတု လေးမျိုးခွဲထားပါတယ်။

နွေကူးရာသီမှာ နေ့တာ စရှည်လာကာ နွေဘက်မှာ နေ့တာက ပိုရှည်လာပြီး မိုးချုပ်နောက်ကျမှာ ဖြစ်လို့ ပြီးခဲ့တဲ့ ညသန်းခေါင်မှာ အချိန်ကို တနာရီ အရှေ့တိုးလိုက်တာ ဖြစ်တယ်။ ဒါကြောင့် ဒီနေ့ ၁၀ နာရီမှာ ၁၁ နာရီ ဖြစ်နေပါတယ်။ ဆန့်ကျင်ဘက် ပြန်ယူရင် ဆောင်းကူးရာသီ မတ်လမှာလည်း ဒီအတိုင်းပဲ နေ့တာ စပြီးတိုလာပြီး မိုးချုပ်စောလာမှာ ဖြစ်လို့ မတ်လရဲ့ နောက်ဆုံးပတ် (သို့) ဧပြီလ ပထမပတ် စနေ့ည သန်းခေါင်ချိန်မှာ နာရီကို တနာရီနောက်ပြန်ဆုတ်လိုက်ပါတယ်။ ဒါကြောင့်မို့ မတ်လရဲ့ နောက်ဆုံးပတ် (သို့) ဧပြီလ ပထမပတ် စနေနေ့ညဟာ အမြဲတမ်း တညကို ၁၃ နာရီရှိပြီး အောက်တိုဘာလ ပထမပတ်ရဲ့ စနေနေ့ညတိုင်းမှာ တညကို ၁၁ နာရီပဲ ရှိပါတယ်။ ဒါကြောင့် ဆေးရုံမှာ Night duty လုပ်တဲ့ Staff တွေဟာ ရတဲ့ ပိုက်ဆံ အတူတူ ဖြစ်ပေမယ့် အခုလို အောက်တိုဘာ Day life Saving မှာ တနာရီ ရှေ့တိုးလို့ ခုနှစ်နာရီပဲ လုပ်ရပြီး အိမ်ကို တနာရီ စောစော ပြန်ရပေမဲ့ မတ်လ Day Life Saving နေ့မှာကျတော့ Night Duty ကျတဲ့ staff တွေဟာ တနာရီ နောက်ဆုတ်လို့ တနာရီ ပိုလုပ်ရပြီး အိမ်ကို တနာရီ နောက်ကျ ပြန်ရပါတယ်။ အများပြည်သူတွေကတော့ တနာရီ ပိုအိပ်ရတာနဲ့ တနာရီလျှော့အိပ်ရာတာ ရှိတယ်ဆိုတော့ စနေနေ့ ညဦးကတည်းက ကြိုတင်ပြီးတော့ စောစော အိပ်ရာဝင်တာ နောက်ကျမှ အိပ်ရာဝင်တာ လုပ်ရပါတယ်။ ကျွန်မတို့လို မေ့နေတဲ့ သူတွေကတော့ အလုပ် ဒါမှမဟုတ် အဲဒီပတ် တနင်္ဂနွေနေ့မှာ သွားစရာ ရှိတဲ့နေရာကို တနာရီ နောက်ကျပြီး ဒါမှမဟုတ် စောပြီး ရောက်တာက ပိုများပါတယ်။ ဒါကြောင့်မို့ Daylight Saving (or) Day Life Saving ရှိတဲ့ အရပ်ဒေသမှာ နေထိုင်သူတွေကို ကျွန်မတို့လို မမေ့အောင် အချိန်ပြောင်းမည့်နေ့ကို ကြိုပြီး ကြည့်ထားဖို့ သတိပေးလိုက်ပါတယ်။

Assignment လုပ်ဖို့ စိတ်မပါတာနဲ့ သူများနိုင်ငံတွေမှာ အအေးဆုံးလတွေဖြစ်တဲ့ ဒီဇင်ဘာနဲ့ ဇန်န၀ါရီ လတွေဟာ ကျွန်မရောက်နေတဲ့ သြစကြေးလျား အရှေ့တောင်ခြမ်းနဲ့ နယူးဇီလန်မှာ အပူဆုံးလ ဖြစ်နေတော့ ဂွကျလှတဲ့ ရာသီဥတုအကြာင်းနဲ့ Day Life Saving အကြောင်းကို မျှဝေရင်း ဒီပို့စ်ကို တင်ဖြစ်သွားပါတယ်။

သီတင်းကျွတ်နဲ့အတူ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။




22 comments:

နာရီကိုရွှေ့ရတာလား..
တစ်ခါမှ မသိဖူးသေးဘူး... GK တွေ လာယူသွားပါတယ် မငယ်နိုင်

မငယ်နိုင်ရေ
မအယ်ရောက်စက အချိန်ပြောင်းတာ မသိပဲ ဘူတာကို ရောက်သွားတာ။ ရထား တနာရီ ပိုစောင့်ရတယ်။

day light saving time လို့ နောက်မှ သိတာ။

ကြုံဖူးတယ် မငယ်ရေ...
ခဏခဏပဲ...
စောသွားတာကတမျိုး...
နောက်ကျသွားတာကတမျိုး...
ကိုယ်က အလေ့အကျင့်မှ မရှိပဲကိုး...

းဝ)

SDL ရေ ပျောက်နေရာက ပြန်ပေါ်လာတာ ၀မ်းသာလိုက်တာ။ ဟုတ်တယ် နာရီကို ဆောင်းကူးရာသီမှာ မတ်လ နောက်ဆုံးပတ်ရဲ့ စနေ့ည တင်္ဂနွေနေ့မနက်၁ နာရီထိုးတဲ့အချိန်မှာ ၁ နာရီ ကို နောက်ပြန်ဆုတ်လိုက်တော့ တင်္ဂနွေနေ့ကို စဖို့ တနာရီ နောက်ကျသွားတယ်။ အခု နွေကူးရာသီကျတော့ မနေ့ညက ညသန်းခေါင် ၁၂ နာရီထိုးတော့ နာရီကို ရှေ့ကို တနာရီ တိုးပြီး တနင်္ဂနွေနေ့မနက် တနာရီ လုပ်လိုက်ပြီး တနင်္ဂနွေနေ့ကို တနာရီ စောစာ စလိုက်တယ်။ အဓိကက အချိန်ကို အလင်းရောင်ရှိတဲ့ အချိန်တွေမှာ နေ့ဘက် ဖြစ်နေအောင် လိုက်ညှိတာပါပဲ။
KG က ဘာလဲ နားမလည်ဘူး။

မအယ်ရေ ကျွန်မလည်း ရေက်ခါစ နှစ်နှစ်သုံးနှစ် အလုပ်ကို တနာရီစောရောက်တာနဲ့ နောက်ကျရောက်တော အမြဲဖြစ်တယ်။

Day light saving time အကြောင်းလေး လာဖတ်တယ် မငယ်နိုင်
အလုပ်တွေ များနေလို့ မရောက်တာ အတော်ကြာခဲ့ပြီ
ခုမှ ပဲ စာတွေ လဲ စု ဖတ်ဖြစ်တော့တာ

ညီမမပျောက်ပါဘူး အစ်မ၊ ခါတိုင်းလဲ လာဖတ်ပါတယ်..
နှုတ်ဆက်မသွားမိတာပါ။

GK က General Knowledge ပါ။
သူငယ်ချင်းတွေနဲ့ စကားပြောရင်း ဖဲ့ချင်ရင် "နင်က GK လည်း မရှိဘူး" လို့ နောက်နေကျ /
အကျင့်ပါသွားလို့..။:P

အချိန်နဲ့ ရာသီတွေအကြောင်း ဖတ်သွားတယ် မငယ်နိုင်ရေ...
ဂွကျလှတဲ့ ရာသီဥတု ...ပြုံးသွားတယ်း)

သြော်.. အဲ့ဒီလိုကိုး
ကွန်ပျူတာထဲမှာ time zone ရွေးပြီးရင်သူ့အလိုလိုပြောင်းပေးတာလား မငယ်

ကိုလူထွေးရေ ဟုတ်တယ် ဒီနေ့လည်း Assignment တွေနဲ့မို့ အလုပ်ကို နားထားလို့ မနားထားရင် ၁ နာရီ နောက်ကျမှ အလုပ်ရောက်မှာ သေချာတယ်။

လွန်ခဲ့တဲ့ နှစ်လ ကဘလော့ဂ်ဖွင့်ခါစက C-Box တပ်ဖို့ စာလာဖတ်သူတွေက အားပေးကြလို့ ဖွင့်ထားတာ အခုတော့ အားပေးခဲ့တဲ့သူတွေ တယောက်မှ ပေါ်မလာတော့ဘူး Sdl လိုတွေ များလာရင် ပြီးတော့ ပြီးခဲ့တဲ့ ပတ်ကလည်း အဆဲခံထားရတယ်ဆိုတော့ C-Box ပိတ်တာပဲ ကောင်းမယ်ထင်တယ်။

မမသီရိလည်း ပေါ်လာခဲပဲ အခုလို ရောက်လာတာ ၀မ်းသာပါတယ်။ မအားတာ နားလည်ပါတယ်။

ကိုဧရာ မသီတာရေ- ဟုတ်တယ် သူများနိုင်ငံမှာ ဒီဇင်ဘာ ခရစ်စမတ်ကာလမှာ အေးတာပဲ ကြားဖူးတယ် ဒီမှာ အပူဆုံး ဖြစ်နေတာ ရောက်ခါစကတော့ တကယ်ကို ဟာသပဲ။

ဟုတ်ပါတယ် စိမ်း ကွန်ပြူတာထဲမှာ တခါတည်း ပြောင်းတယ်။ ကွန်ပြူတာထဲမှာ ပြောင်းနေလို့ စသိပြီးမှာ နာရီတွေ TV တွေမှာ ကိုယ့်ဖါသာကိုယ် လိုက်ပြောင်းရတယ်။ ကွန်ပြူတာ ထဲမှာ သူဘာသာသူ မပြောင်းရင် အခုထိတောင် သိသေးမှာမဟုတ်ဘူး ထင်တယ်။ အားလုံးပဲ ကျေးဇူးတင်ပါတယ်။ အိပ်တော့မယ်နော့် G.N.

စိတ်ဝင်စားစရာ ကောင်းပါတယ် ..အချိန်တွက်ရတာ ထူးဆန်းတယ် ..

အဲ့ဒီနေရာမျိုးနေရတာ .. အတော်ကို ဂွကျတာပဲနော် ..
သူများတကာ ခရစ်စမတ်ဆို အေးလွန်းလို့  ..ဦးထုပ်ထူ မာဖလာနဲ့  santa clause လဲ အော်ဇီရောက်မှ ပူအိုက်နေတော့တာ ..
လူတွေ ကလည်း ဘောင်းဘီတို စွတ်ကျယ်ပြတ်နဲ့  ခရစ်စမတ် တဲ့ ။။

ညီမလေးလဲ ရောက်ကာစ မသိတော့ ချမ်းချမ်းစီးစီး အလုပ် အပြင်မှာ ၁နာရီ ရပ်စောင့်လိုက်ရတယ်ပြောတယ် ။
အရင်ရောက်နေလို့လဲ တံခါးမဖွင့်ပေးဘုးတဲ့ ..သတ်မှတ်ချိန်ရောက်မှ ဖွင့်တာဆိုတော့ ..သူလဲ တခါတည်းနဲ့  အသေ မှတ်မိတယ် ဆိုပဲ..
ခုတော့လဲ အကျင့်ရသွားကြပြီပေါ့ ..

ဒီမှာကတော့ အောက်တိုဘာ ၂၅ ရက်မှ အချိန်ပြောင်းမယ်။
ကွန်ပျူတာက အလိုလိုပြောင်းပေမဲ့ ကျောင်းကနာရီတို့ လမ်းသွားရင် အမြဲကြည့်နေကျ ဘုရားကျောင်းက နာရီတွေတို့ကို ချက်ချင်းမပြောင်းပေးကြတော့ နည်းနည်းတော့ ကသိကအောက် ဖြစ်မိတယ်။ ရောက်ခါစတော့ အသားမကျသလိုပဲ။ ဒါပေမဲ့ မြန်မာပြည်မှာတောင် သံဃာတော်တွေ အရုဏ်ဆွမ်းစားဖို့ အရုဏ်တက်ချိန်က ရာသီတခုနဲ့တခု မတူတာမို့ ဒီလို နာရီရွှေ့တာက လိုအပ်ချက်တခုလို့ပဲ မှတ်ယူလိုက်ပါတယ်။

သူတို့ တနာရီ လျော့တော့..ဒို့ကတနာရီပိုရလို့..
ပိုအိပ်ရတယ်ဟေ့..........း))

ဒီမှာမွေးပြီး ဒီမှာကြီးသူတွေကလွဲရင် အချိန်ပြောင်းတာကို မေ့နေတတ်တာ လူတိုင်းပဲ ထင်တယ်။ kiki ညီမက အော်စီမှာလား။

မMaydarwii တို့ဆီမှာက လကုန်ခါနီးမှ ပြောင်မယ်ဆိုတော့ စအေးတဲ့ ရာသီ Autumn ဖြစ်ဖို့များတယ်။ ဒီမှာက စနွေးတဲ့ရာသီ Spring ဆိုတော့ ဒီမှာက ရာသီဥတုမှာ တကမ္ဘာလုံးနဲ့ ပြောင်းပြန် ဖြစ်ပြီး သူများနေရာမှာ စအေးရင် ဒီမှာ စနွေးတယ်။

ကို Nai တို့ဆီမှာက အေးတဲ့ရာသီကို ပြောင်းမှာမို့ တနာရီ ပိုအိပ်ရတာပါ။ ကျွန်မတို့ဆီမှာက နွေးတဲ့ရာသီကို ပြောင်းတာ ဖြစ်လို့ တနာရီလျှော့အိပ်ရပါတယ်။ ဒါပေမယ့် ညဘက် အလုပ်လုပ်ရတဲ့ သူတွေကျတော့ ကို Nai တို့ဆီမှာ တနာရီ ပိုလုပ်ရပြီး ဒီမှာက တနာရီ လျှော့လုပ်ရလို့ အခုအချိန်ပြောင်းတာ ကျွန်မတို့ဆီက ညအလုပ်သမားတွေ အတွက် ပိုတန်ပါတယ်။

မငယ်နိုင်ရေ့ 
အချိန်တွေလုနေရတယ်လို့ပဲပြောရမှာပဲလေ
လုံးဝမအားလပ်တာနဲ့ဘလောဒ့်မရေးနိုင်သလို
ဘယ်မှမလည်နိုင်ခဲ့ဘူး။
မငယ်နိုင်ဘလောဒ့်လေးက ပြည့်စုံကောင်းမွန်လိုက်တာ။
အကြွေးတွေအတိုးချဖတ်သွားတယ်နော်။
ခင်မင်သတိရလျက်ပါ

G K
means General knowledge...

အမည်မဖေါ်လိုသူရေ ကျေးဇူးတင်ပါတယ်။ Sdl လည်း ပြန်ရှင်းပြထားပါတယ်။ ကျွန်မက အတိုကောက်တွေ၊ ဘမ်းစကားတွေ ကိုယ်တိုင်လည်း သိပ်မပြောလို့ သူများပြောတာလည်း သိပ်မမှတ်ထားတတ်လို့ အခုတော့ မှတ်ထားလိုက်ပြီ။

မသက်ဇင်ရေ ပျောက်နေရာက ရုတ်တရက် လာလည်တာ ၀မ်းသာပါတယ်။ ပိုစ့် အသစ်မြန်မြန် ပြန်တင်နိုင်ပါစေ။

ီိDay Life savingဆိုတာတော့ ကြားဖူးတယ်။ဘာမှန်းအသေအချာလဲမသိတော့ ဂရုမထားမိဘူး။အမရေတာဖတ်ရမှ Day Light saving ဆိုတာအသေအချာသိသွားတယ်။ ဗဟုသုတရသွားတယ်အမရေ။ ရာသီတွေအပြောင်းမှာ နာရီတစ်နာရီပြောင်းရတာ စိတ်ဝင်စားဖို့တော့ကောင်းတယ်။

နေ့အိပ်မက်သာ အဲလိုနိုင်ငံမှာနေရရင် နာရီရွှေ့ဖို့တော့ အမြဲမေ့မှာပဲ။ ဒါနဲ့မမ နွေဦး ဆောင်းဦးဟုတ်ဘူးလားဟင်။ နေ့အိပ်မက်ပဲ ပိန်းတာလားတော့မသိဘူး.. နွေကူးဆောင်းကူးလို့သုံးတာ မတွေ့ဖူးလို့ မေးကြည့်တာမမ

အောင်မယ်။ နာ ဗဟုသုတတွေ တော်တော်ရသွားပါလား။

Spring နဲ့ Autumn ကို နွေကူးနဲ့ ဆောင်းကူးလို့ သုံးတာက ဝေါဟာရကို ငယ်ငယ် ကမ္ဘာ့ပထ၀ီ ဘာသာသင်ဖူးတဲ့ အထဲမှာ သင်ဖူးတဲ့ ဝေါဟာရကို ယူသုံးထားတာ ဖြစ်တယ်။ နွေဦး၊ ဆောင်းဦးဆိုလည်း ရနိုင်ပေမယ့် အဓိပ္ပါယ်က နွေနဲ့ ဆောင်းထဲကို ရောက်သွားတယ်။ ဒါပေမယ့် Spring နဲ့ Autumn က အကြို ရာသီတွေ ဖြစ်ကြတယ် နွေနဲ့ဆောင်းထဲ မရောက်သေးတဲ့အတွက် နွေကြို၊ ဆောင်းကြိုလို့ ပြောရင်တောင် ပိုပြီးသင့်တော်နိုင်တယ်။ ဘယ်လိုပဲ ခေါ်ခေါ် ဟိုမရောက် ဒီမရောက် ကြားရာသီကို ပြောတယ်လို့ နားလည်ထားဖို့ပဲ အရေးကြီးတယ် မဟုတ်လား။

ကိုလူသစ်ရေ-ဘာဗဟုသုတ ရသွားတာလဲ ရာသီဥတုအကြောင်းကို ငယ်ငယ်က ကမ္ဘာ့ ပထ၀ီထဲမှာ သင်ဖူးလို့ အချိန်ပြောင်းတာတော့ ဒီရောက်မှ သိတယ်။

လာဖတ်ကြတဲ့အတွက် နေ့အိပ်မက်နဲ့ ကိုလူသစ်ကို ကျေးဇူးတင်ပါတယ်နော့်။

ကြားဘူးနေပေမယ့် သိဘူး မမရေ... ညီမဆိုလည်း ဖြစ်မှာပဲ။ အစကတည်းက ရှပ်ပြာရှပ်ပြာနဲ့လေ.. အချိန်ပြောင်းလို့ ပြောင်းမှန်းတောင် သိမှာ ဟုတ်ဘူး။း))

ခင်မင်လေးစားလျှက်

အချိန်ဆိုတာကို သတ်မှတ်ချက်ပဲလို့ မြင်မိတယ် အချိန်(နာ၇ီ) အတိုင်း လှုပ်ရှားနေတဲ့ သူတွေအတွက်တော့  အချိန်က တန်ဖိုးရှိမှာပေါ့  စက္ကန့် တိုင်းပေါ့ ၊ လယ်သမားတွေ( ကျွန်တော်အပါအ၀င်) ကတော့  နာရီကြည့်ပြီး လှုပ်ရှားနေတဲ့ သူတွေ မဟုတ်ပါဘူး ကျွန်တော့ အမြင်တော့  အဲလိုပြောင်းလိုက်လို့  မြို့ ပြမှာ အချိန်နဲ့ ပတ်သက်ပြီး ကိုးယိုကားယား ဖြစ်သွားတာက လွဲပြီး သိပ်တော့ မထူးခြားဘူးထင်တာပဲ။ အိုင်စတိုင်း ကတော့  ပြောဖူးတယ် အလင်းသွားနှုန်း အတိုင်းမြန်တဲ့ .ာဉ်နဲ့ စီးသွားနိုင်ရင်အချိန် ဆိုတာ ရှိမှာ မဟုတ်တော့ ဘူး တဲ့ ။ သူပြောခဲ့ တာကိုပြောပြတာပါ သိပ္ပံပညာရှင်တွေကတော့  အဲလိုယာဉ် ကိုမတီထွင်နိုင်သေးပါဘူး။
ငမူး