မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ အောက်ကပို့စ်တွေကတော့ ကိုယ်တိုင်ရေးထားတဲ့ပို့စ်ကို ကိုယ်တိုင်ကြိုက်လို့ အကြိမ်ကြိမ် ပြန်ဖတ်ဖြစ်တဲ့ မကြိုက်ဆုံး ပို့စ်တွေပါ။ ခေါင်းစဉ်ကို Click ပြီး ဖတ်နိုင်ပါတယ်။

(၁) တခါက ကျွန်မရဲ့ ဇာတ်လိုက်)၊ (၂)
ABSDF မှာ ကျွန်မရဲ့ ပထမဦးဆုံး ကြုံခဲ့တဲ့ ရှေ့တန်းတိုက်ပွဲ(၃) မေ့မရနိုင်သော စခန်းသိမ်းတိုက်ပွဲတခုအကြောင်း(၄) အကြွေစောသူများ အမှတ်တရ (၁) (၅)ရင်သွေးတခု ဖြစ်တည်မှု (၆) ပျော်၍မရသော အမေနေ့အတွေး (၇) Evolution လုပ်မလား Revolution လုပ်မလား၊ (၈) တော်လှန်ရေးနဲ့ အိမ်ထောင်ရေး (၉)ကိုယ်တော်ချောနဲ့ စာဖတ်သူများသို့ (၁၀) စစ်ခွေးတွေ စစ်ခွေးတွေ စစ်ခွေးတွေ

မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

သားပေးတဲ့ မိခင်များနေ့ လက်ဆောင် (၂)






အမှတ်တရများ

စက်လှေကို ကမ်းကပ်လာစဉ် နက်ရှိုင်းတောက်ပတဲ့နေရောင်ခြည် ဖုံးလွှမ်းထားတဲ့ မြစ်ကမ်း ရေပြင်က လှပစွာ တလက်လက် ထနေပါတယ်။ အ၀ါရောင် စက်လှေကို ဆိပ်မှာကပ်လိုက်တာနဲ့  တလိပ်လိပ်တက်နေတဲ့ ညင်သာတဲ့လှိုင်းလုံးလေးတွေနဲ့အတူ ကမ်းစပ်မြစ်ရေက ရေစက်ရေပေါက်တွေ ဒလိတ်ကောက်ကွေးနဲ့ ဖြာထွက်လျက် ရှိနေပါတယ်။ ခရီးသည်တွေ အားလုံး သစ်သားဆိပ်ကူးတံတားဟောင်း လေးကတဆင့် စက်လှေထဲကနေ ဆိပ်ပေါ်ကို တဖြေးဖြေးထွက်ခွာလျက် ရှိပါတယ်။ ဒီမြို့ကို မရောက်မီကပင် စက်လှေမှောင်းသမား ခေါင်းဆောင် ဖြစ်သူက အခုရောက်မယ့်ဆိပ်က နောက်ဆုံးဆိပ်ဖြစ်ကြောင်း ကြော်ငြာထားပြီး ဖြစ်တယ်။

စက်ဆီအနံ့တွေနဲ့ ရောနေတဲ့ မြစ်ရေအနံ့ကို သူသတိထားမိလိုက်တယ်။ ကမ်းနားတလျှောက် ဇင်ယော်ငှက်တွေက ဟိုမှသည်မှ တောင်ပံတဖျတ်ဖျတ်နဲ့ လူလာခေါက်တုန့် ပျံသန်းလှုပ်ရှားလျက် ရှိနေပါတယ်။ လမ်းမတွေပေါ်မှာ သစ်ပင်တွေ၊ မိုးမျှော်အဆောက်ဦးတွေကို  စိတ်ဝင်တစားနဲ့ သူတောင်ကြည့်မြောက်ကြည့် မော့ကြည့်နေစဉ် သူ့ရဲ့ စိတ်ဝင်စားမှုအားလုံးက အာခေါင်ခြစ်သံနဲ့ အော်ပြောလိုက်တဲ့ အသံပိုင်ရှင်လေးကြောင့် ပျက်စီးသွားပါတယ်။ သူမက ပန်းရောင် ကုတ်အကျိင်္လေးကို ၀တ်ထားပြီး လူရွယ်ရဲ့ အရပ်တ၀က်ခန့်ရှိတဲ့ ကလေးမလေး တဦး။

လူရွယ်က သက်ပြင်းချပြီး “လာ၊ အဖေဖေ့လက်ကို ကိုင်ထား” လို့ ယဉ်ကျေးစွာ ဆိုတယ်။ သူမရဲ့ပျော့ပြောင်းဖေါင်းအိတဲ့ လက်လေးကို သူရဲ့ ကြမ်းတမ်းပြီး ကျုံလီနေတဲ့လက်ထဲ ထည့်လိုက်တယ်။ သူက သက်ပြင်း ချလျက် သူ့ကိုယ်သူ သဘောကျတဲ့အပြုံးနဲ့ “အမေဖြစ်နေရတာ ကြာပြီပဲ”  လို့ တိုးညှင်းစွာ ပြောလိုက်တယ်။ သူက ကလေးကို စိတ်မရှည်စွာ ကြည့်လျက် “ကဲ သွားကြရအောင် သမီး”  လို့ အရယ်တ၀က်နဲ့ ပြောပြီး သူတို့သားအဖ ကမ်းမှ စတင်ထွက်ခွာကြပါတယ်။

နှစ်ယောက်သား မှန်ကြွေပြားခင်းလမ်းတလျှောက် အတန်ကြာလျှောက်လာကြပြီးနောက် မိုးထိမြင့်မားနေတဲ့ အဆောက်ဦးတွေက သူတို့ကိုယ်ပေါ် အုပ်မိုးလျက် နေရောင်ခြည် မကျရောက်နိုင်အောင် ကာကွယ်နေတယ်။ ကလေးမလေးက လမ်းတလျှောက် သီချင်းလေး အသံသေးအသံကြောင်နဲ့ ညည်းတွားရင်း ခုန်လိုက်ပေါက်လိုက်နဲ့ လျှောက်လာတယ်။ လူရွယ်ကတော့ ကလေးမလေးနဲ့ အနောက်ကနေပြီး မနီးမဝေးမှာ ကပ်ပြီး လျောက်လိုက်လာတယ်။ ကလေးကစားကွင်းဆီကို သွားနေပေမဲ့ သူသွားလိုတဲ့ ကလေးကစားကွင်း ရှိရာနေရာကို ဦးတည်သွားနေတာမျိုးထက် ရောက်တက်ရာရာ ငေးမောလျက် လျှောက်ကြည့်ပြီး သွားနေသလို ဖြစ်နေတယ်။ ငယ်စဉ်က သူနှစ်သက်ပျော်ပါးကျင်လည် ကျက်စားခဲ့ဖူးတဲ့ နေရာဟောင်းကို ရှာဖွေလိုက် အပြောင်းအလဲတွေအပေါ် သုံးသပ်လိုက်နဲ့ လျှောက်လာနေတယ်။ သူ့ရဲ့ ငယ်ဘ၀ကို ပြန်လည် သတိရစေတဲ့ အဖြစ်အပျက် အားလုံးကို သူ့ခေါင်းထဲမှာ စုစည်းလျက် ရှိပါတယ်။ သူ့ရဲ့ လူ့ဘ၀အစ ကလေးဘ၀ကာလ၊ လမ်းလျှောက်ပြီး လူမှန်းသိတတ်စရွယ်၊ မူကြိုကျောင်း၊ ချစ်ရသေအမေ အရာအားလုံးက သူ့အတွက် သတိတရ ဖြစ်စေပါတယ်။

“ကစားကွင်းက ဘယ်လိုမျိုးလဲ ဖေဖေ” ကလေးမလေးက မေးတယ်။
“ဟို.. ဖေဖေ ဒီကိုမရောက်တာ ကြာပြီဆိုတော့ ဖေဖေ (အခုဘယ်လိုနေလဲဆိုတာ) သိပ်တော့မသေချာဘူး သမီး”  လို့ မချင့်မရဲ တုံ့ဆိုင်းစွာနဲ့ သူဖြေလိုက်တယ်။
“သမီးတို့ အိမ်နားမှာ ရှိတဲ့ ကစားကွင်းထက် ပိုကောင်းလား ဖေဖေ” ကလေးမလေးက စိတ်ဝင်စားစွာနဲ့ မေးလိုက်တယ်။
“အဲဒါတော့ ဖေဖေမထင်ဘူး သမီး” လို့ သူရယ်သွမ်းသွေးစွာနဲ့ ဖြေတယ်။
အဲဒီအချိန်မှာပဲ ကလေးမလေးက စကားပြောရင်းနဲ့ တခုခုကို သတိထားမိသွားပြီး “ဒါဖေဖေ သမီးအရွယ်တုန်းက ကစားခဲ့တဲ့ ကစားကွင်း မဟုတ်လား ဖေဖေ” လို့ ကောက်ကာငင်ကာ မေးလိုက်တယ်။ သူမ ညွန်ပြနေရာကို ကြည့်ရင်း “ဟုတ်တယ် သမီး” လို့ သူဖြေလိုက်တယ်။
သမီး သွားကစားမယ် ဆိုပြီး သူမ ခုန်ပျံကျော်လွှားနဲ့ ပြေးထွက်သွားတယ်။

ကမ်းနားကနေ ဆယ်မိနှစ်ခန့် လမ်းလျှောက်လာပြီး နောက်ဆုံးမှာတော့ မြို့လယ်ကို ရောက်လာပါတယ်။ မြို့က မတူကွဲပြားတဲ့ လူမျိုးစုံနဲ့ ပြည့်နက်နေတယ်။ ဈေးဆိုင်တွေဆီက မီးရောင်တလက်လက်, တေးဂီတသံ၊ အကဖျော်ဖြေသံ၊ သီချင်းသံ တညံညံနဲ့ အသံစုံ ကြားနေရတယ်။ (လမ်းဘေးပလက်ဖေါင်းပေါ်က) မြေပြင်ပေါ်မှာ ဒူးထောက်ပြီး တောင်းရမ်းနေသူတွေကိုလည်း တွေ့ရတယ်၊ သတင်းစာ၊ ကြော်ငြာစာရွက် ဝေသူတွေ၊ စာအုပ်ကြော်ငြာသူတွေ မိနှစ်ပိုင်းအတွင်း သူတို့ဆီ ရောက်လာနေတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေက တယ်လီဖုန်းကိုယ်စီပြောလျက် လမ်းလျှောက်ရင်း အလုပ်များနေကြတယ်၊ ချစ်သူစုံတွဲတွေ လက်ချင်းချိတ်လျက်၊ အားကစားသမားတွေလည်း လမ်းလျှောက်လေ့ကျင့် ခန်းလုပ်လျက် တွေ့ရတယ်။ သူမှတ်မိခဲ့သမျှ ငယ်ဘ၀က မြင်တွေ့ရတဲ့ အရာအားလုံး တွေ့နေရတယ်။ အရာအားလုံး  ကျန်ရှိနေသေးပါလား  တခုတည်းကလွဲရင် ပေါ့ အဲဒီတခုကတော့ “ကစားကွင်း”။

ညီညာပြန့်ပြူမှု မရှိတဲ့ မြက်ခင်းကို သူကြည့်လိုက်တယ်။ သူငယ်ငယ်က သူ့အမေနဲ့ ပျော်ပျော်ပါးပါး လာကစားခဲ့တဲ့ ကစားကွင်း မရှိတော့ပါ၊ ကောင်စီက နှစ်အတော်ကြာတုန်းကတောင် ကစားကွင်းကို ဖြုတ်လိုက်ပုံရတယ်။ ဖြူနီဝါပြာ ရောင်စုံ ကလေးကစားကွင်းနေရာမှာ အခုတွေ့ရတာက ထိုင်ခုံရှည်တခုနဲ့ သစ်ပင်တပင်တည်း အောက်မှာ စာဖတ်နေသူ မြက်ခင်းပေါ် လဲလျောင်းသူ စုံတွဲတွေ ချစ်တင်းနှောနေသူတွေနဲ့ ပြည့်နက်နေတဲ့ သစ်ပင်တပင်ကိုသာ တွေ့ရတယ်။ ခိုငှက်တွေကို ပေါင်မုန့်တွေ ဆိတ်ပြီး အစာကြွေးတဲ့အချိန်မှာ ဗျိုင်းဖြူငှက်တွေက တကွပ်ကွပ် အော်မြည်လျက် သစ်ပင်အပေါ်နဲ့ အအောက်ကို တောင်ပံတဖျတ်ဖျတ်နဲ့ ရိုက်ခတ်ပြီး ပျံသန်းလှုပ်ရှားလျက်ရှိတဲ့ မြင်ကွင်းတခုပဲ ကလေးဘ၀က မြင်ကွင်းကို ဒီကစားကွင်းရှိတဲ့ နေရာမှာ မြင်တွေ့ရတော့တယ်။ သူစိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းတခုကို ချပြီး ကလေးဘ၀က ကစားခဲ့တဲ့ ကစားကွင်းလိုမျိုးကို တွေ့လိုတွေ့ငြား လျှောက်ကြည့်နေမိတယ်။ သေချာအောင်ဆိုပြီး သူ့အနီးနားပတ်ဝန်းကျင်မှာ  အရင်က ရှိခဲ့ဖူးတဲ့ ဒီနား ဟိုနား ရှိခဲ့ဖူးတဲ့ အရာတွေကို တခေါက်ပြန်ကြည့်တယ်။ ဘာမှမတွေ့တော့ပါ။

“ကစားကွင်း မရှိတော့ဘူး မဟုတ်လား” လို့ သမီးလေးက မေးတယ်။
“မရှိတော့ဘူး ထင်တာပဲ”
Shopping ထဲ သွားကြရအောင်လို့ သူမပြောခင် အနီရောင်တိုင်ပေါ်မှာ  သံချေးတက်တနတဲ့ မီးခိုးရောင်ကြိုးနဲ့ ချိတ်ဆွဲထားတဲ့ အနက်ရောင် ဒန်းတခုကို သူမက တွေ့ပြီး ဟိုမှာ ကြည့်ပါဦး ဒန်းတခု လို့ ပြောလိုက်တယ်။ ပြီးတာနဲ့ သူမက သူ့အဖေကို မစောင့်ဘဲ ဒန်းရှိရာကို ပြေးထွက်လာတယ်။ လူရွယ်က ပျော်ရွှင်သွားတဲ့ မျက်နှာနဲ့ သမီးဆီကို လိုက်လျှောက်လာပြီး ဒန်းနားရောက်တော့ သမီးကို ညင်သာစွာ ချီကာ ဒန်းပေါ်တင်တယ်။ ပြီးတော့ သူ့ဒူးကိုထောက်ပြီး ဒန်းစီးခါးပတ်ကို သေချာစွာ ပတ်ပေးတော့ “အဲဒါဘာအတွက်လဲ ဖေဖေ”  လို့ ကလေးမလေးက မေးတယ်။

“သမီးပြုတ်ကျမှာ စိုးလို့ပေါ့” လို့ လူရွယ်က ဖြေတယ်။
သူမက “ အိုကေ” လို့ ပြောပြီး စိတ်ဝင်စား စိတ်လှုပ်ရှားပြီး စူးရှတဲ့မျက်လုံနဲ့ စူးစမ်းစွာ သူ့အဖေကို စိုက်ကြည့်နေတယ်။
သူ့အဖေကလည်း အလားတူ ပြန်ကြည့်ရင်း “သမီးက ဖေဖေ့မေမေ သမီးအဖွားရဲ့ မျက်လုံးကို ပိုင်ဆိုင်ထားတယ်” သမီးသိလား လို့ ရုတ်တရက် မေးလိုက်တယ်။
“ဟုတ်လား” လို့ သူမက ပြန်မေးတော့ “ဟုတ်တယ်” လို့ သူက ပြန်ဖြေတယ်။

“အိုကေပါ” လို့ ပြောပြီး သူမ ကစားချင်တာကလွဲပြီး သူမ သိပ်စိတ်ဝင်စားပုံမရဘူး။
ပြီးတော့ သူမက “ဖေဖေ ဒီနေရာသမီးကြိုက်တယ် သမီးတို့ ခဏခဏ လာကစားရအောင်နော့် ဒီနေရာ ဘယ်လိုခေါ်လဲ တခေါက်ပြန်ပြောပြဦး” လို့ မေးလိုက်တယ်။
“Parramatta” သူဖြေတယ်။

အိုကေ ဒီနာမည် သမီးကြိုက်တယ် လို့ ပြောပြီး “ပါရာမာတာ” လို့ ရေရွတ်လိုက်တယ်။
သူမတ်တပ်ရပ်ပြီး သူမအနောက်ဘက်ကနေ ဒန်းကို ကိုင်ထားတယ်။
“သမီးအဆင်သင့် ဖြစ်ပြီလား” လို့ သူမေးတယ်။
“စောင့်ဦး” လို့ သူမက ဖြေတယ်။

သူမ လက်နှစ်ဘက်ကို အပေါ်မြှောက်တင်ပြီး ဒန်းလွှဲတဲ့အချိန်မှာ မပြုတ်ကျအောင် ဒန်းတွယ်ထာတဲ့ သံကြိုးကို ခေါင်းအရှေ့ရောက်အောင် ဆွဲချပြီး သေချာအောင် လုပ်လိုက်တယ်။
“အိုကေ” လွှဲလို့ ရပြီလို့ သူမပြောတဲ့အချိန်မှာတော့
သူငယ်ငယ် သူ့သမီးအရွယ်က သူ့ကိုသူ့အမေ ဒန်းလွှဲပေးတဲ့ နည်းအတိုင်း သူ့သမီးကို သူလွှဲပေးနေတယ်။

တိုးနန္ဒ (၁၁-၀၅-၁၅)


ပြီးခဲ့တဲ့ အမေများနေ့တုန်းက သားပေးတဲ့ မူရင်းအင်္ဂလိပ်လိုကို အနီးစပ်ဆုံး ဘာသာပြန်ဆိုပြီး fb မှာ တင်ခဲ့တာကို ဘလော့ဂ်မှာ သိမ်းထားချင်လို့ Face book မှ ပြန်လည် ကူးယူဖေါ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ

စာပေဟောပြောပွဲ ရသ

ဆရာ ဦးဘုန်း(ဓာတု) ရဲ့ ဟောပြောချက်




ဆရာညီမင်းညိုရဲ့ ဟောပြောချက်



မြန်မာလူမျိုးစု မြန်မာ့အသံကို ကျေးဇူးတင်ပါတယ်။



2/05/15 ညက ဆစ်ဒနီမှာ ကျင်းပသွားတဲ့ ဗိုလ်ချူပ် ရာပြည့် စာပေဟောပြောပွဲနဲ့
ဂီတဖျော်ဖြေပွဲကို ကျွန်မ သွားခဲ့ပါတယ်။ ဒီပွဲဟာ  စာပေဟောပြောတာမပါဘဲ ဂီတဖျော်ဖြေပွဲသက်သက်ဆိုရင် ကျွန်မသွားဖြစ်မှာ မဟုတ်တာ သေချာပါတယ်။ လူတကာ အားလပ်ရက်ဖြစ်တဲ့ စနေတနင်္ဂနွေမှာ အလုပ်လုပ်သူဆိုတော့ ဆစ်ဒနီမှာ ကျင်းပတဲ့ ရန်ပုံငွေပွဲတွေ အပါအ၀င်  မြန်မာကွန်မြူနီတီက ကျင်းပတဲ့ တခြား အခမ်းအနားတွေကိုလည်း ကျွန်မ သိပ်မရောက်ဖြစ်ဘူး။  ဒါကြောင့်မို့ ရန်ပုံငွေပွဲအတော်များများကို လက်မှတ်ပဲ ၀ယ်ဖြစ်ပြီး ပွဲကို လူကိုယ်တိုင် မသွားဖြစ်တာ အတော်ကြာနေပြီ။

စာပေဟောပြောပွဲတွေကို အွန်လိုင်းမှာ တခါတလေ နားထောင်ဖြစ်ပေမဲ့   လူကိုယ်တိုင် ဟောပြောနေတာကို အပြင်မှာ မျက်စိနဲ့ တပ်အပ် နားနဲ့ဆံ့ဆံ့ ကြားဖူးတာတော့ ကျွန်မတသက်မှာ ပြီးခဲ့တဲ့နှစ်က ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) တို့  လာဟောသွားတဲ့ တကြိမ်နဲ့ အခုဒီတကြိမ်ဆို နှစ်ကြိမ်ပဲ ရှိသေးတယ်။ နှစ်ကြိမ်စလုံးက နွှဲခဲ့ဖူးတဲ့ ပွဲတွေအထဲမှာ ကျွန်မအတွက်တော့ အနှစ်သာရ အပြည့်စုံဆုံးနဲ့ ရသအပေးနိုင်ဆုံး ပွဲတွေအဖြစ် ခံစားရပါတယ်။  အခုဒီပွဲအကြောင်း စကြားတဲ့နေ့က ပွဲမှာ စာပေဟောပြောပွဲ ပါမယ် ဘယ်စာရေးဆရာတွေ လာဟောမယ်ဆိုတာ ကြားလိုက်ရတာနဲ့ တကယ်သေချာလားဆိုတာ အရင် စုံစမ်းပြီး သေချာတယ်ဆိုတာနဲ့ အလုပ်မှာ ကြိုပြီးတော့ ခွင့်ယူထားလိုက်တယ်။ မေလ ၂ ရက်နေ့မှာ ကျွန်မတို့ မြန်မာကွန်မြူနီတီက ကျင်းပတဲ့ ပွဲတပွဲကို ကျွန်မ မဖြစ်မနေ သွားစရာရှိလို့ အဲဒီနေ့မှာ ကျွန်မကို Roster လည်းမပေးနဲ့ သူများနေမကောင်း ဖြစ်လို့ဆိုပြီးလည်း အစားမထိုးနဲ့လို့ Roster ဆွဲတဲ့ မန်နေဂျာနာ့စ်ဆီမှာ တခါတည်း အကြောင်းကြားပြီး ကြိုတင် ခွင့်ယူထားခဲ့လို့ ခါတိုင်း အလုပ်လုပ်တဲ့နေ့ဖြစ်ပေမဲ့ ဒီပတ်မှာတော့ ပွဲတော်ကျင်းပရာ Blacktown, Bowman Hall ကို ကျွန်မ ရောက်လာပါတယ်။

  လမ်းမှားပြီး Bowman Hall ကို မရောက်ဘဲ စာကြည့်တိုက်ကို ရောက်သွားလို့  လိုက်ရှာနေတာနဲ့ ကျွန်မရောက်တဲ့အချိန်မှာ ၅ နာရီခွဲခါနီးနေပြီ။  အခမ်းအနားကို ၅ နာရီမှာ စမယ်လို့ ကြော်ငြာထားပေမဲ့ မြန်မာစံတော်ချိန် ထုံးစံအတိုင်း  ကြော်ငြာထားတဲ့အတိုင်း မစဖြစ်သေးလို့ တော်သေးတယ်။ ကျွန်မ ရောက်တဲ့အချိန်မှာတော့ ခန်းမအပြင်ဘက် စာပွဲခုံတွေအပေါ်မှာ ခါတိုင်း ကျင်းပနေကျ အခမ်းအနားတွေလိုပဲ လက်မှတ်အပါအ၀င် စာအုပ်စာတမ်းနဲ့ တခြားရောင်းချစရာတွေ တွေ့ရပြီး အဲဒီရှေ့မှာတော့ လူတွေ အချင်းချင်း အခုမှတွေ့ကြလို့ နှုတ်ဆက်ပြီး သာလားမာလေး မေးနေကြတယ်။ ဒီထဲမှာ ကျွန်မနဲ့ ရင်းရင်းနှီးနှီးသိသူဆိုလို့ တယောက်စ၊ နှစ်ယေက်လောက်စပဲ တွေ့ရပြီး  အခမ်းအနားတွေမှာ မြင်နေကျမို့ အနည်းငယ် မျက်မှန်းတမ်းမိသူတွေနဲ့ လုံးဝမသိသူတွေက ပိုများလို့ ခန်းမအပြင်ဘက်မှာ ကျွန်မအတွက် နှုတ်ဆက်ရမည့်သူ မရှိသလောက်ပါပဲ။

 ခါတိုင်းဆိုရင်တော့ လက်မှတ်ကို ကြိုဝယ်ထားတာများပေမဲ့ ဒီတခါ ကြိုမ၀ယ်ထားဖြစ်လို့ ကျွန်မက လူတွေထက် လက်မှတ်ဝယ်ဖို့ လက်မှတ်ရောင်းတဲ့ စာပွဲခုံကိုပဲ အာရုံပိုရောက်နေတယ်။ လက်မှတ်ဝယ်ဖို့ လှမ်းအ၀င်မှာ ရှေ့ကတယောက်နှစ်ယောက်က  ၀မ်းသာအားရ နှုတ်ဆက်သွားတဲ့ မွန်ပုဆိုးနဲ့ တိုက်ပုံလိုလို အကျိင်္အနက်ရောင်ကို ၀တ်ထားတဲ့ အမျိုးသားတဦးကို ဘယ်မှာတွေ့ဖူးလဲဆိုတာသာမသိပေမဲ့ ဒီလူကို ရင်းရင်းနီးနီး တွေ့ဖူးပါတယ် ဘယ်မှာပါလိမ့်ဆိုပြီး စဉ်းစားနေရင်း သေချာကြည့်တော့ စာရေးဆရာ နှစ်ယောက်ထဲက တယောက်ဆိုတာ  သတိထားမိလိုက်တယ်၊ သူတို့နှစ်ယောက်က ဓာတ်ပုံထဲမှာ ရုတ်တရက်ကြည့်ရင် ခပ်ဆင်ဆင်ဆိုတော့ ဘယ်တယောက်ဆိုတာတော့ မမှတ်မိသေးဘူး။ နောက်မှ အွန်လိုင်းမှာ ဟောပြောတဲ့ ပုံနဲ့ လက်ရှိုမြင်နေရတဲ့ မျက်နှာကို စိတ်ကူးနဲ့ သေချာပြန်တိုက်ကြည့်မှ  ဒါဘုန်းကြီးလူထွက်နဲ့ တူတဲ့တယောက် ဆရာဦးဘုန်း (ဓာတု) ဆိုတာ မှတ်မိသွားတယ်။ ဦးဘုန်း (ဓာတု) က ရုပ်သံတွေမှာပြောနေတဲ့ ပုံတွေထဲကထက် အပြင်မှာ အများကြီး ပိုနုပျိုနေတာ တွေ့ရသလို စာပေဟောပြောနေစဉ်နဲ့ အပြင်မှာ ရိုးရိုးပုံမှန်အတိုင်း စကားပြောနေစဉ် ပြောပုံဆိုပုံ ဟန်ပန်အမူအယာ ကလည်း လုံးဝမတူတော့ ကျွန်မ ရုတ်တရက်မမှတ်မိတာ မမှားဘူးလို့ ထင်တယ်။

ဘယ်သူဆိုတာ မှတ်မိသွားပြီးတာနဲ့ သူနဲ့နှုတ်ဆက် ပြောဆိုနေတဲ့ ကျွန်မ ရှေ့ကတယောက် သွားလိုက်တော့ ဖေါ်ဖေါ်ရွှေရွှေ ရင်းနှီးခင်မင် နှစ်လိုဘွယ် မျက်နှာနဲ့ ကျွန်မနဲ့ အနီးဆုံး အရှေ့တည့်တည့်မှာ ရှိနေသူက ဒီပွဲမှာ ဟောပြောမည့် စာရေးဆရာပါလား ဆိုတဲ့ အသိနဲ့ ၀မ်းသာသွားတာတော့ အမှန်ပဲ ဒါပေမဲ့ ရုတ်တရက် ဘာပြောရမှန်း မသိဘူး။ ဘာမှမပြောဘဲ ဒီအတိုင်း လှည့်ထွက်သွားရင်လည်း ရိုင်းရာကျနေဦးမယ်ဆိုတော့  ကြံမိကြံရာနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ရင်း နေကောင်းလား တွေ့ရတာ ၀မ်းသာပါတယ် ပြောပြီးဆက်ပြောစရာ မရှိဖြစ်နေပြန်တယ်၊ ဒါနဲ့ အနောက်မှာလည်း သူ့ကို နှုတ်ဆက်ချင်လို့ စောင့်နေသူတွေ ရှိတာကို အကြောင်းပြုပြီး သွားလိုက်ဦးမယ်ဆိုပြီး လက်မှတ် ၀ယ်တဲ့ဘက်ကို လှည့်ထွက်လာလိုက်တယ်။ ဒါကို  ပြန်တွေးမိတော့ အိမ်ကယောက်ျားက ကျွန်မကို မကြာခဏ ပြောတတ်တဲ့ ကြောင်တောင်တောင်နဲ့ ဘယ်လိုဟာလဲမသိဘူး ဆိုတာနဲ့ ကျောင်းတက်တုန်းက ဒုတိယနှစ် Clinical Placement ကာလ တခုမှာ ကျွန်မတို့ ကျောင်းသားတွေကို စောင့်ရှောက်ဖို့ တက္ကသိုလ်ကနေ Royal North Shore ဆေးရုံမှာ တာဝန်ပေးထားတဲ့ Educator တယောက်က ကျွန်မကို ထောက်ပြဖူးတာကို သွားသတိရတယ်။  “ Professional တယောက် ဖြစ်ဖို့ဆိုရင် လူတယောက်ဟာ မိမိကို တွေ့လိုက်တာနဲ့ ရင်းနှီးဖေါ်ရွေပြီး ချည်းကပ်ဖို့ လွယ်ကူတဲ့ အမူအရာဖြစ်နဲ့ Interpersonal Skills ဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်၊ အဲဒီ Skill နင့်မှာ အရမ်းအားနည်းနေလို့ တိုးတက်အောင် လုပ်ဖို့လိုအပ်တယ်” လို့ ထောက်ပြခံရဖူးပါတယ်။

အဲဒီတုန်းကတော့ “ရှင်ထင်သလို မဟုတ်ပါဘူး ကျွန်မက မလိုအပ်ဘဲနဲ့ စကားသိပ်မပြောတတ်လို့ ရှင်အထင်မှားတာပါ၊ မယုံရင် ကျွန်မ စောင့်ရှောက်ဖို့ တာဝန်ပေးထားတဲ့ လူနာတယောက်စီနဲ့ မိသားစုဝင်တွေကို လိုက်မေးကြည့်ပါ” လို့ ပြောပြီး ပြန်ချေပခဲ့ပေမဲ့ စာရေးဆရာ ဦးဘုန်း (ဓာတု) နဲ့ တွေ့တဲ့အချိန်မှာ ကျွန်မဟာ သူတို့ ပြောသလို တကယ်ပဲ ဖြစ်သွားတာ တွေးမိတယ်။ အမှန်ဆို ကိုယ်နေတဲ့မြို့မှာ ဟောပြောဖို့ မြန်မာပြည်ကနေ တကူးတက ရောက်လာတဲ့ စာရေးဆရာ ကိုယ်တိုင်ကလည်း သူတို့ဟောပြောတာကို နားထောင်ချင်လွန်းလို့ အလုပ်မှာ တကူးတက ကြိုတင်ခွင့်တိုင်ပြီး ရောက်လာသူဖြစ်ပြီး အဲဒီနေရာမှာ နည်းနည်းပါးပါးတော့ ၀မ်းသာအားရ ပြောပြီးမှ ထွက်လာသင့်တယ် မဟုတ်လား။ ဒါကိုပြန်တွေးပြီး အခုမှ အားနာနေမိတယ်။

ဟောပြောသွားတဲ့ စာရေးဆရာ ညီမင်းညိုနဲ့ ဦးဘုန်း (ဓာတု) နှစ်ယောက်စလုံးက ရသစာရေးတယ်လို့ သိရတယ်။ ဒါမေပဲ့ သူတို့ရေးတဲ့စာ ကျွန်မ တခါမှ မဖတ်ဖူးဘူး။ သူတို့ကို ကျွန်မသိတာ သူတို့ရေးတဲ့ စာတွေကို ဖတ်လို့ သိတာမဟုတ်ဘဲ သူတို့ဟောပြောတဲ့ စာပေဟောပြောပွဲ ရုပ်သံတွေကို ကြည့်ပြီး သိခဲ့တာ ဖြစ်လို့ သူတို့ရေးတဲ့ စာတွေကို ကျွန်မတခါမှ မဖတ်ဖူးတဲ့အဖြစ်ကို တွေးပြီး သူတို့ကို ကျွန်မအလိုလို အားနားမိတယ်။ ဒါပေမဲ့လည်း သူတို့ပြောတဲ့စကားတောင်မှ ဒီလောက် ရသမြှောက်နေရင် နှုတ်တရာ စာတလုံးဆိုတဲ့ မြန်မာစကားပုံအတိုင်းပဲ သူတို့ရေးတဲ့စာက ဒီထက်မက အဆပေါင်းများစွာ ရသမြှောက်လိမ့်မယ်ဆိုတာ စာကိုဖတ်စရာမလိုဘဲနဲ့တောင် ခန့်မှန်းလို့ ရနိုင်ပါတယ်။ ကျွန်မလိုပဲ  သြစကြေးလျားရောက် ပရိတ်သတ်အများစုက သူတို့ကို စာပေဟောပြောပွဲကြောင့် သိသူပိုများမယ်လို့ ကျွန်မထင်တယ်။ ဒါကြောင့်မို့ ကျွန်မအပေါအ၀င် သူတို့ရေးတဲ့စာကို မဖတ်ဖူးတဲ့ ပရိတ်သတ်တွေကြောင့် ၀မ်းနည်းလိမ့်မယ်လို့ ကျွန်မမထင်ဘူး။

ဒီစာပေဟောပြောပွဲက ဗိုလ်ချူပ်မွေးနေ့ အနှစ်တရာ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ပွဲဆိုတော့ စာရေးဆရာ နှစ်ယောက်စလုံးက ဗိုလ်ချူပ်အောင်ဆန်းနဲ့ ပတ်သက်တာကို တယောက်ပုံစံတမျိုးစီနဲ့ ပြောပြသွားတာ အကြောင်းအရာ မထပ်ဘဲ စိတ်ဝင်စားစရာ ကောင်းလှတယ်။ ဗိုလ်ချူပ်အောင်ဆန်းအကြောင်းကို ငယ်ငယ်က နေ့ကြီးရက်ကြီးနီးတိုင်း သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းမှာ ဆရာဆရာမတွေ အမြဲပြောပြနေလို့ လူမှန်းသိတတ်စအရွယ်ကနေ သိလာပြီး ကိုယ်တိုင် စာဖတ်တတ်တဲ့အချိန်မှာလည်း တွေ့သမျှ ဗိုလ်ချူပ်အောင်ဆန်းအကြောင်းကို သူကိုယ်တိုင်ရေးတဲ့ အတ္ထုပ္ပတ္တိရော အခြားသူတွေ ရေးထားတာတွေပါ လိုက်ဖတ်ဖူးပေမဲ့ သူတို့ပြောသွားတဲ့အထဲမှာ ကျွန်မ မဖတ်ဖူး မကြားဖူးတာတွေ အများကြီးပါနေတာကို တွေ့ရတယ်။  ဗိုလ်ချူပ်နဲ့ တိုက်ရိုက် မပတ်သက်ပေမဲ့ အကြောင်းအရာ ဆက်စပ်မှုရှိတဲ့ မြန်မာပြည်က မြို့ရွာတွေအကြောင်းနဲ့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ လက်ရှိအခြေအနေတွေကိုလည်း  ကြားညှပ်ပြီး ပြောသွားတာ သတင်းဌာနတွေက ဖေါ်ပြလို့ သိရတာထက် မျက်စိထဲမှာ ပိုမြင်လို့ရပြီး အသေးစိတ် ပိုကျတဲ့ အခြေအနေတွေကို ရသနဲ့တကွ တွဲပြီး သိခွင့်ရပါခဲ့ပါတယ်။

ဆရာညီမင်းညိုက လမ်းပမ်းဆက်သွယ်ရေးအကြောင်း ပြောရင်း ဆစ်ဒနီက ဘတ်စ်ကားတွေမှာ ဘီးတပ်ကုလားထိုင် ဒါမှမဟုတ် လျှပ်စစ်ကုလားထိုင် (Electric Chair) နဲ့ လာတဲ့ မသန်စွမ်းသူ ပန်စင်ဂျာတွေကို ဘတ်စ်အလုပ်သမားတွေက အတက်အဆင်း အဆင်ပြေအောင် လမ်းခင်းပေးတာကို မတွေ့ဖူးလို့ ဆိုပြီး တအံ့တသြအနေနဲ့ ပြောနေလို့ Disable မို့ လုပ်ပေးရတာ အထူးအဆန်းမှ မဟုတ်တာလို့ တွေးရင်း ဟုတ်သားပဲ မြန်မာပြည်က disable တွေခရီးသွားရင် ဒီလိုစီစဉ်ပေးတာတာမျိုး မရှိပါဘူး မြန်မာပြည်မှာ မွေးရပ်ဇာတိ မြို့သေးလေးကလွဲပြီး တခြားဘယ်မြို့မှ မရောက်ဖူးတာ ကျွန်မ ဘယ်သိမလဲ မြန်မာပြည်က Disable တွေ သနားစရာပဲလို့ တွေးနေချိန်မှာ သူဆက်ပြောတဲ့ ရန်ကုန်မှာ သာမန်လူတွေ ဘတ်စကားတိုးစီးရပုံကြောင့် Disable အတွက်တွေးပြီး သနားချိန် ကြာကြာ မလိုက်ရဘူး။ မွေးမြူရေးခြံက ကြက်တွေတောင်မှ ခြေချစရာ တပေပတ်ပတ်လည် နေရာ ရသေးတယ်၊ ဘတ်စ်ထဲကလူတွေမှာကျတော့ ခြေချစရာ နေရာ ၆ လက်မတောင် မရှိလို့ ကြက်လောက်တောင်မှ အခွင့်အရေးမရှိဘူး၊ အောက်ခြေတင် ကျပ်တာမဟုတ် အပေါ်ထိ လာတိုက်လို့ သူ့မျက်မှန် ကျွတ်ကျပြီး သူများနင်းမိလို့ ကွဲရပုံ၊ ဒါကြောင့် မျက်မှန်အပို အမြဲဆောင်ထားရပုံကို ဟာသအနေနဲ့ ပြောပြတော့ အားလုံးက တ၀ါးဝါး တဟားဟားနဲ့ ရယ်ကြတယ်။ ကျွန်မမှာတော့ ဒုက္ခပဲ ရန်ကုန်မှာ နေ့စဉ် ဘတ်စကား တိုးစီးပြီး သင်တန်းတက်နေတဲ့ ညီမလေးနဲ့ တူမလေး ဘယ်လိုများ စခန်းသွားနေလဲမသိလို့ တွေးပြီး ခုနက Disable တွေကို သနားနေတဲ့ စိတ်က ညီမနဲ့ တူမဆီ ရောက်သွားလို့ သူများလို မရယ်နိုင်ရှာဘူး။

စာရေးဆရာ နှစ်ယောက်စလုံးက  ဗိုလ်ချူပ်အောင်ဆန်းရဲ့ ရိုးသားမှုကို ပုံစံတမျိုးစီနဲ့ ပြောသွားတာ တကယ်ပဲ အရင်တုန်းက ကျောင်းမှာကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို ပြန်ရောက်ရသလို ခံစားရတယ်။ ဆရာညိမင်းညိုက ရိုးသားမှုကြောင့် ၀န်းရံသူတွေက ကူညီမှုကို ရပြီးအောင်မြင်ခဲ့တယ်ဆိုတာ သုံးသပ်ပြီး နိဂုံချူပ်ခဲ့ပါတယ်။ ဆရာ ဦးဘုန်း (ဓာတု) ကတော့ ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည် အဖွား) နေရာကနေ မိခင်တယောက် နေရာမှာ ၀င်ခံစားပြီး အကြောင်းအရာ တခုချင်းစီကို ကဗျာနဲ့တမျိုး၊ သီချင်းဆိုပြီးမျိုး ခုခေတ်အခြေအနေနဲ့ နှိုင်းယှဉ်ပြီးတမျိုး ဗိုလ်ချူပ်အကြောင်း တကယ်ကို အသေးစိတ်ကျကျ  ပြည့်ပြည့်စုံစုံ ပြောသွားတယ်။ ငယ်ငယ်က သူငယ်တန်းကနေ ဆယ်တန်းအထိ နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့၊ ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့နီးကပ်လာတိုင်း ဗိုလ်ချူပ်အောင်ဆန်းနဲ့ လွတ်လပ်ရေး ကျိုးပမ်းမှုအကြောင်း ဆရာ၊ ဆရာမတွေ ပြောပြခဲ့တာကို ပြန်အမှတ်ရစေပြီး ဗိုလ်ချူပ်ကို လွမ်းဆွတ်တဲ့ ဝေဒနာကလည်း အဲဒီအချိန်တုန်းကအတိုင်း ရင်ထဲမှာ ပြန်ခံစားရပြီး အထက်တန်းသူဘ၀ကို ပြန်ရောက်သွားစေပါတယ်။

တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို ရွှေပြည်ကြီးမှာ ဒီလိုရှိတယ်၊ ကျွန်တော်တို့ တိုင်းပြည်မှာ ဒီလိုဒီလိုတွေရှိပါတယ်ဆိုပြီး စာရေးဆရာနှစ်ယေက်က တယောက်တမျိုးစီနဲ့ အချက်အလက် သက်သက်မဟုတ်ဘဲ ရသနဲ့တွဲပြီး တခုပြီးတခု ပြောပြသွားတော့ ကျွန်မငယ်ငယ်က အင်မတန် ကြိုက်နှစ်သက်တဲ့ “ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ် ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်” ဆိုတဲ့ လွှမ်းမိုး သီချင်းကို သတိရသွားလို့ ဆယ်ကျော်သက်ဘ၀ကို ပြန်ပြီးအမှတ်ရသွားစေတယ်။ စာပေဟောပြောပွဲ ပြီးလို့ အိမ်ပြန်လာတဲ့အချိန်မှာတော့ ကားထဲမှာ လင်မယားနှစ်ယောက် စာပေဟောပြောပွဲမှာ စာရေးဆရာတွေ ပြောသွားတဲ့အကြောင်းတွေကို တလမ်းလုံး ပြောပြီးပြန်လာခဲ့သလို အခုထိလည်း ကြုံရင် ပြောနေတုန်းပဲ။

စာပေဟောပြောပွဲ စီစဉ်ဆောင်ရွက်သူတွေကိုရော ဟောပြောသွားတဲ့ စာရေးဆရာ ညီမင်းညိုနဲ့ ဦးဘုန်း (ဓာတု) တို့ကို အတူး ကျေးဇူးတင်ပါတယ်။ ဆစ်ဒနီမှာ စာပေဟောပြောပွဲ များများ ကျင်းပနိုင်ပါစေ။

ရွင်လန်းချမ်းမြေ့ကြပါစေ

Malala's Valuable Word, မာလာလာရဲ့ အဖိုးတန်စကား




(Burmese Translation to the speech of Malala (00:49 - 02:00 Minute)

ကျွန်မတို့ နှစ်ယောက်စလုံးက နိုဘယ်ဆု လက်ခံရသူတွေ ဖြစ်ပြီး တယောက်က
ပါကစ္စတန်က၊ တယောက်က အိန္ဒိယက၊ တယောက်က ဟိန္ဒ္ဒူဘာသာ ယုံကြည်သူ တယောက်
မူစလင်ဘာသာကို ယုံကြည်မှု ပြင်းထန်သူ ဖြစ်ပြီး ဒါဟာ ဘာသာနှစ်ခုကြားနှင့်
လူမျိုးနှစ်မျိုးကြား ချစ်ကြည်ရင်းမှုနှင့် အချင်းချင်း အပြန်အလှန်
အထောက်အကူပြုမှုကို ဖေါ်ပြနေပါ တယ်။


I am also really happy this time having this award  sharing with the person
from India whose name is Kailash Satyarthi. His great work for child
rights, his great work for against child slavery totally inspire me. I
am very happy that there are so many people working for child rights and
I'm not alone. He totally deserve this award. So I am feeling honor
that I am sharing this ward with him. He receives this ward and we both
are two Nobel award receivers one is from Pakistan and one is from
India, one is believer in Hindu and one is stronger believer in Islam
and it gives the message to people, to the people of love between
Pakistan and India and between different religions. And we both are
sporting each other. It does not matter what the colour of your skin,
what language do you speak, what religion you believe in you should all
consider as human being each other and you should respect each other and
you should all fight for rights, for rights of children, for the rights
of women, for the rights of every human being. (Malala - Nobel Peace
Prize Laureate 2014)

ကျွန်မဟာ ဒီဆုကို အိန္ဒိယနိုင်ငံသား ဖြစ်တဲ့ နဲ့အတူ
ဖက်စပ်ရရှိတဲ့အပေါ်မှာလည်း တကယ်ပဲ ၀မ်းသာမိပါတယ်။ သူ့ရဲ့ ကြီးမြတ်လှတဲ့
ကလေးအခွင့်အရေးအတွက် လှုပ်ရှားမှု၊ ကလေးကျွန်ပြုမှုကို
ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေက ကျွန်မကိုတကယ်ပဲ အားကျဂုဏ်ယူစရာ ဖြစ်စေပါတယ်။
ကလေးအခွင့်အရေးအတွက် လူတွေအများကြီး တိုက်ပွဲဝင်နေတာကို သိရတာ ကျွန်မ
အတိုင်းထက်လွန် ၀မ်းသာရပါတယ်။ ကလေးအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာဟာ
ကျွန်မတယောက်တည်းမဟုတ်ပါဘူး။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်စလုံးက နိုဘယ်ဆု
လက်ခံရသူတွေ ဖြစ်ပြီး တယောက်က ပါကစ္စတန်က၊ တယောက်က အိန္ဒိယက၊ တယောက်က
ဟိန္ဒ္ဒူဘာသာ ယုံကြည်သူ တယောက် မူစလင်ဘာသာကို ယုံကြည်မှု ပြင်းထန်သူ ဖြစ်ပြီး
ဒါဟာ ဘာသာနှစ်ခုကြားနှင့် လူမျိုးနှစ်မျိုးကြား ချစ်ကြည်ရင်းမှုနှင့်
အချင်းချင်း အပြန်အလှန် အထောက်အကူပြုမှုကို ဖေါ်ပြနေပါ တယ်။ သင့်အသားရောင်ဟာ
ဘာအရောင်ပဲ ဖြစ်နေပါစေ၊ သင်ဘာသာသာစကားကို ပြောသူပင်ဖြစ်ပါစေ၊
သင်ဘာဘာသာကိုပဲ ကိုးကွယ်ယုံကြည်သူ ဖြစ်ပါစေ အချင်းချင်း လူသားအဖြစ်ပဲ
လက်ခံစဉ်းစားကာ အပြန်အလှန် လေးစားမှု ရှိရမှာ ဖြစ်တယ်။ ပြီးတော့ 
အခွင့်အရေးတွေ၊ ကလေး အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လူသားတိုင်းရဲ့
အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်သင့်ပါတယ်။  (Malala - Nobel Peace Prize
Laureate 2014) 

မာလာလာရဲ့ Speech ထဲက (၄၉ စက္ကန့် - ၂ မိနှစ်အတွင်း ပြောထားတဲ့စစကား) ကို စာသားရိုက်ထုတ်ပြီးတော့ ဘာသာပြန်ထားတာပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ.

Busy Fullmoon Day

အဘိဓမ္မာ အခါတော်နေ့ သတင်းကျွတ်လပြည့်နေ့မှာ မနက်ဆိုင်း ညဆိုင်း Double shift လုပ်ပြီး မောမောနဲ့ အိမ်ပြန်လာတော့ ရောက်တာနဲ့ ဘုရားစဉ်ကို အရင်ကြည့်ဖြစ်ပြီး ဘုရားစဉ်လေး လန်းနေတာ တွေ့တော့ စိတ်ချမ်းသာသွားတယ်။ ပြီးတာနဲ့ အိတ်တွေချ အနွေးထည်အင်္ကျှီ ချိတ်ရင်း သားသားကို ဖယောင်းခွက် (Tea Light) လေးတွေ ထုတ်ပြီး ဘုရားမီးထွန်းဖို့ ပြင်ခိုင်းလိုက်ပြီး ကပြာကယာ ရေပြေးချိုပြီးတာနဲ့ သားအမိနှစ်ယောက် ဘုရားအတူတူ ၀တ်ပြုကာ ပဌာန်းအတူတူ ရွတ်ကြတယ်။ ခါတိုင်းကျွန်မ တယောက်တည်း ဘုရားရှိခိုးရင် ငါးပါးသီလရော အာဇိဝဌမက သီလပါ နှစ်ခုယူပေမဲ့ သားသားက ငါးပါးသီလပဲရတော့ ကျွန်မလည်း သူနဲ့အတူ ရှိခိုးစဉ် ငါးပါးသီလပဲ ယူပြီး မဟုတ်သေးပါဘူး နေ့ကြီးရက်ကြီးမှာ သီလက ပိုယူရမှာကို လျှော့သွားတယ်ဆိုတာတော့ မဖြစ်သင့်ဘူးဆိုပြီး အာဇိဝဌမကသီလကို နောက်မှ ပြန်ယူရတယ်။

ကျွန်မ မှတ်မိသလောက်တော့ အရင်နှစ်တွေကဆို ဆက်တိုက်ဆိုသလိုပဲ သတင်းကျွတ်လပြည့်နေ့ ဖြစ်တဲ့ အဘိဓမ္မာအခါတော်နေ့က အောက်တိုဘာ အလယ်ကျော်ပြီး တတိယပတ်ထဲမှာမှ ကျရောက်လေ့ရှိပေမဲ့ ဒီနှစ်ကျတော့ ၈ ရက်နေ့မှာ လာဖြစ်နေတာကို သိတာတော်တော် နောက်ကျသွားပါတယ်။ အကျိုးဆက်အနေနဲ့ ပန်းကို ၀ယ်နေကျပန်းဈေးဖြစ်တဲ့ Sdyney Market မှာ စနေနေ့က မ၀ယ်ဖြစ်လိုက်ဘူး။ မနက်ကတည်းကနေ အလုပ်သွားလိုက်တာ မနက်ပိုင်း အလုပ်ချိန် ပြီးတော့လည်း  တယောက်နေမကောင်းလို့ မလာနိုင်တာနဲ့ ညနေပိုင်းဆက်လုပ်ဖို့ မန်နေဂျာနာ့စ်က ခေါ်လို့ ဆက်လုပ်လိုက်တာ ည ၉ နာရီထိုးမှ အလုပ်ပြီးပြီး ၁၀ နာရီထိုးခါနီးမှ အိမ်ပြန်ရောက်ခဲ့တယ်။ ဒါကြောင့် ကိုယ်လိုတဲ့ပန်းကို ဝေးဝေးမှာ သွားရှာဝယ်နေဖို့လည်း အချိန်မရတာနဲ့ အလုပ်နဲ့နီးတဲ့ AlDI store မှာပဲ နေ့လည် နာရီဝက် အချိန်ရတာနဲ့  ရတဲ့ပန်း နှင်းဆီအ၀ါနဲ့ ပန်းရောင်တစီးစီကို ပြေးဝယ်လာခဲ့ရပါတယ်။

 ပုံမှန်ဆိုရင်တော့ နှင်းဆီပန်းက တပတ်ကြာအောင် မခံလို့ ကျွန်မဘုရားစဉ်မှာ တင်ခဲလှပါတယ်။ မှတ်မိသလောက် တခါပဲ ၀ယ်ကပ်ဖူးပါတယ်။ လှသလောက် အညှိုးမြန်လို့ နောက်ပိုင်း ၀ယ်မကပ်ဖြစ်ခဲ့ဘူး။ ကျွန်မအိမ်က ဘုရားစဉ်မှာ ပတ်စဉ် အမြဲတမ်းလိုလို နေရာယူလေ့ရှိတာက ဂန္ဓမာပန်း၊ လီလီပန်းနဲ့ သစ်ခွပန်း ဒီသုံးမျိုပဲ ရှိပါတယ်။ ကျွန်မ အိမ်ပြန်ရောက်တော့ ဆွမ်းလှည့်ကျလို့ ဆွမ်းချက်ပေးတာကလွဲပြီး ခါတိုင်းဆို ဘုရားတရားကိစ္စ ဘယ်တော့မှ ၀ိုင်းကူဖေါ်မရတဲ့ အမျိုးသားက ရပ်ကွက်ထဲက Shopping မှာ ကျွန်မ ၀ယ်ကပ်နေကျ ဂန္ဓမာပန်းဝယ်ပြီး ဘုရားပန်း ထိုးထားတာတွေ့တယ်။ ဂန္ဓမာပန်းနဲ့အတူ ကျွန်မ၀ယ်လာတဲ့ နှင်းဆီလောက် မလတ်တဲ့ နှင်းဆီပန်းအနီ ၆ ပွင့်ကိုလည်းတပွင့် တဒေါ်လာနဲ့ ၀ယ်ပြီး အကျအနထိုးထားပေးတယ်။ ဒါအပြင် ဘုရားစဉ်မှာ ရှိနှင့်ပြီးသား ဖြစ်တဲ့ ကျောက်စိမ်းပန်းခက်တွေမှာ ခြောက်နေတဲ့ အရွက်တွေကို ညှပ်ထုတ်ပြီး စိမ်းစိုသပ်ယပ်နေအောင် လုပ်ထားပေးလို့ ကျေးဇူးတင်ရတယ်။ အလုပ်ပင်ပန်းလာသလောက် ဘုရားစဉ်ကြည့်ပြီး ကြည်နူးခဲ့ရပါတယ်။

ပဌာန်းရွတ်တော့ သားအမိနှစ်ယောက် စာအုပ်က တယောက်တအုပ်စီ။ ကျွန်မကြည့်တဲ့ စာအုပ်က မြန်မာပြည်က သာသနာရေးဦးစီးဌာနက ထုတ်တဲ့ ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်ထဲက ပါဠိလို မြန်မာစာလုံးနဲ့၊ သူကြည့်တဲ့စာအုပ်က ပြီးခဲ့နဲ့ နှစ်နှစ်ခန့်က ကနေဒါက သူ့အဒေါ်သားအမိ လာလည်တုန်းက ယူလာပေးတဲ့ သူတို့မြို့ မြန်မာဘုန်းကြီးကျောင်းမှာ ၀တ်ရွတ်တဲ့စာအုပ်။ သားရွတ်တဲ့ စာအုပ်ကထဲက ပဌာန်းက ပါဠိကိုအင်္ဂလိပ်လို ရေးထားပြီး စာအုပ်သေးသေးပါးပါး စာရွက်ထူထူ အရောင်ဖြူဖြူ ဒါပေမဲ့ ကျွန်မ စာအုပ်က ပါဠိကိုဗမာစာနဲ့ ရေးထားပြီး သူ့စာအုပ်နဲ့ ဆန့်ကျင်ဘက် စာအုပ်ခပ်ထူထူ၊ စာရွက်ပါးပါး စာအုပ်အဖုံးက အ၀ါရောင် ဖြစ်သလို အထဲက စာရွေက်တွေကလည်း ခပ်ဝါ၀ါပါပဲ။ ပဌာန်းကို ဘုန်းကြီးကျောင်းမှာ လူကြီးတွေ ရွတ်ရင် ကလေးတွေပါ ရွတ်လို့ရအောင် ပါဠိစာသားကို အင်္ဂလိပ်လိုနဲ့ပါ ရိုက်ပေးပြီး လှူထားတဲ့ သူငယ်ချင်း မစောစောအေး Sawaye Sawနဲ့ စိုးမြင့်လေးတို့ ဇနီးမောင်နှံကို သိပ်ကျေးဇူးတင်မိတယ်။ စာအုပ်ကို ဆစ်ဒနီရောက်အောင် ယူလာပေးတဲ့ ညီမကိုလည်း တကယ်ကို ကျေးဇူးတင်တယ်။ သူတို့ကျေးဇူးကြောင့် သားက ပဌာန်းကို ကောင်းကောင်းရွတ်တတ်လာခဲ့တယ်။ 

အဘိဓမ္မာအခါတော်နေ့မှာ ဘုရားဝတ်ပြုပြီး ပန်း၊ ရေချမ်း ဆီမီး၊ လျှပ်စစ်မီး ဖယောင်းမီးနဲ့ ဖယောင်းအမွှေးရနံ့တို့ကို ကပ်လှူပူဇော်ရသောအကျိုး၊ ပရိတ်ကြီး၊ မင်္ဂလသုတ်၊ မေတ္တာသုတ်၊ ဗောဇ္ဖင်္ဂသုတ်၊ ပုဗ္ဗဏှသုတ်စတဲ့ ပရိတ်တရားတော်တွေနဲ့အတူ ပဌာန်းပစ္စယနဒ္ဒေသ ပါဠိတော်ကို ရွတ်ဖတ်သရဈာယ်ရသော အကျိုးကြောင့် ဝေနေယျ သတ္တ၀ါ အားလုံးအား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒများအားလုံး ပြည့်စုံပြီး မကောင်းသည့်အရာမှန်သမျှကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးဖြင့် ရှောင်ရှားနိုင်ကြပါစေ။ ဗုဒ္ဓမြတ်စွာ သာသနာသည်လည်း စင်္ကြာဝဠာတခွင်လုံးသို့  ထွန်းလင်းတောက်ပနိုင်ပါစေ..


ရွင်လန်းချမ်းမြေ့ကြပါစေ











ကြားသိရသော ရွှေမြို့တော်အကြောင်း


လွန်ခဲ့တဲ့ သြဂုတ်လက ညီမဖြစ်သူက မြန်မာပြည်ကို သွားလည်ပြီး ပြန်လာတော့ သူနေတဲ့တိုင်းပြည်နဲ့ ကိုယ်နေတဲ့တိုင်းပြည် အချိန်မတူ၊ ပြီးတော့ သူအားတဲ့အချိန်နဲ့ ကိုယ်အားတဲ့အချိန်လည်း မတူဆိုတော့ တော်တော်နဲ့ စကားမပြောဖြစ်ခဲ့ဘူး။ သူဘုရားဖူးသွားတဲ့မြို့တွေမှာ ရိုက်ထားတဲ့ပုံတွေနဲ့ စုတ်ပြတ်သပ်နေတဲ့ ကျွန်မတို့ရွာပုံကိုတော့ fb မှာ တင်ထားလို့ တွေ့ပြီးခဲ့တာ ကြာပါပြီ။ လူချင်းတော့ ပြီးခဲ့တဲ့လကမှ ဖုန်းနဲ့စကားပြောဖြစ်တော့ ရွာအကြောင်း၊ ရွာကမိသားစုတွေအကြောင်း၊ မြန်မာပြည်က သူရောက်ခဲ့တဲ့ မြို့တွေအကြောင်းတွေ ပြောပြပါတယ်။

ရန်ကုန်မြို့ဆိုတာ ကျွန်မ တခါမှ မရောက်ဖူးပေမဲ့ ကျွန်မ အသိနဲ့နှလုံးသားထဲမှာတော့ ကြီးကျယ်ခမ်းနားသော အိပ်မက်ထဲက ရွှေမြို့တော်ပါ။ နိုင်ငံခြားတိုင်းပြည်က မြို့တွေကို ရောက်တိုင်း မိခင်တိုင်းပြည်က မြို့တော်ရန်ကုန်ကို မရောက်ဖူးတော့ ထိုင်းနိုင်ငံက ဘန်ကောက်နဲ့ပဲ ရောက်တဲ့မြို့နဲ့ ဘာကွာလဲဆိုတာ နှိုင်းယှဉ်ကြည့်ရပါတယ်။ ဒါကြောင့် ရန်ကန်ုက လောလောလတ်လတ် ပြန်လာတဲ့ ညီမဖြစ်သူကို ရန်ကုန်မြို့အကြောင်း မေးကြည့်တော့ ကျွန်မအံ့သြရဆုံး စကားတခွန်းက "မငယ်ရေ တနေ့မြန်မာပြည်မှာ ပြန်နေဖြစ်ရင်တောင်မှ ရန်ကုန်လိုနေရာမျိုးမှာတော့ ငါမနေနိုင်ဘူး နင်လည်းနေနိုင်မှာ မဟုတ်တာ သေချာတယ်၊ ငါရွာမှာပဲ ပြန်နေနိုင်ရင် နေနိုင်ဦးမယ် ရန်ကုန်တော့ ဘယ်လိုမှနေလို့ မဖြစ်နိုင်တဲ့ နေရာပဲ" လို့ ပြောပါတယ်။

ရန်ကုန်နဲ့စာရင် ရွာမှာပဲ နေရင်နေနိုင်ဦးမယ်ဆိုတော့ သူ့အပြောအရ ဆိုရင် လွန်ခဲ့တဲ့ ၂၆ နှစ်ကထက်တောင် အခြေအနေပိုဆိုးပြီး စုတ်ပြတ်သပ်နေတဲ့ သူတင်ထားတဲ့ ဓာတ်ပုံထဲက ကျွန်မတို့ရွာကပဲ ရန်ကုန်ထက် သာတဲ့သဘော ဖြစ်နေတယ်။ ဒါကြောင့် ပြောစမ်းပါဦး ရန်ကုန်က ဘယ်လိုတောင် ဖြစ်နေလို့လဲလို့ ကျွန်မရဲ့ ရွှေမြို့တော်အကြောင်းကို မေးကြည့်တော့ လမ်းတွေပေါ်မှာ ကားတွေလူတွေနဲ့ ပြည့်ကျပ်ပြီးတော့ လူသွားလမ်းဖြစ်တဲ့ ပလက်ဖေါင်းပေါ်မှာဘယ်သူမှ မလျှောက်ဘူး။ ပလက်ဖေါင်းပေါ်မှာ ဈေးသည်တွေ၊ ကွမ်းတံထွေးတွေ၊ ခွေးချေးတွေ အမှိုက်တွေနဲ့ ခြေနင်းချဖို့နေရာတောင် မရှိတဲ့အပြင် နံစော်ပြီးတော့ လုံးဝကျန်းမာရေးနဲ့ မညီညွတ်ဘူး မြို့နဲ့တူတာဆိုလို့ မန္တလေးပဲ တွေ့တယ်လို့ ပြောခဲ့တာကို ကျွန်မ တော်တော်လေး ဘ၀င်မကျ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ သူပြောတာကို မေးစရာမလိုဘဲ ဟုတ်မှန်ကြောင်း သက်သေထူလိုက်တဲ့သူတွေကတော့ ဆရာအောပီကျယ်နဲ့ ဆရာမောင်စိန်ဝင်းပုတီးကုန်းတို့ပဲ ဖြစ်တယ်။

(၀၄-၁၀-၁၄) ရက်က ဆစ်ဒနီမှာ ကျင်းပသွားတဲ့ စာပေဟောပြောပွဲမှာ ဟောပြောသွားတဲ့ စာရေးဆရာတွေ ပြောလိုက်မှ ရန်ကုန်မြို့ ဖြစ်နေပုံက ကျွန်မညီမ ပြောတာထက် ပိုမိုပြည့်စုံပြီး မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်းကို မြင်လို့ ရသွားတယ်။ သူတို့ပြောလိုက်မှ ကျွန်မအိပ်မက်ထဲက ရွှေမြို့တော်ဟာ မျက်စိရှေ့မှာတင် တစစီ ယိုယွင်းပျက်စီးသွားသလို ခံစားလိုက်ရပါတယ်။ မြင့်မိုရ်မဏ္ဍိုင်က စာပေဟောပြောပွဲ ရုပ်သံတင်မှ တခေါက်ပြန်နားထောင်ရဦးမယ်။ ဒီစာပေဟောပြောပွဲမှာ မြန်မာပြည်မှာ ဖြစ်နေတဲ့ မြို့ပြနဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေအပြင် တခြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေကို တကယ်မျက်စိမြင်ယောင်လို့ရပြီး ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသလို သိခွင့်ရခဲ့ပါတယ်။

စာပေဟောပြောပွဲကို အပြင်မှာ နားထောင်ဖူးတာ ကျွန်မတသက်မှာ ဒီတခါ ပထမဦးဆုံးပါ။ အရင်ကတော့ အွန်လိုင်းပေါ်က ရုပ်သံတွေ ဒါမှမဟုတ် Audio နဲ့ပဲ နားထောင်ဖူးပါတယ်။ ဒီတခါ နားထောင်ရတဲ့ စာပေဟောပြောပွဲက အပြင်မှာ လူကိုယ်တိုင် ပြောတာကို နားထောင်ရလို့လား တကယ်ပဲ ပြောတဲ့အကြောင်းအရာတွေနဲ့ ပြောတဲ့သူတွေက ကောင်းလို့လားတော့ ပြောမတတ်ဘူးထင်ထားတာထက် အများကြီးကို ပိုကောင်းပါတယ်။ ဒါအပြင် ဆစ်ဒနီရောက်ပြီးမှ ကျွန်မသွားဖူးတဲ့ပွဲတွေ၊ အခမ်းအနားတွေထဲမှာ စကြည့်တဲ့အချိန်ကနေ ပြီးဆုံးတဲ့အချိန်ထိ စက္ကန့်တိုင်းမိနှစ်တိုင်းမှာ ကျွန်မကို လုံးဝမငြီးငွေ့စေဘဲ ကျေနပ်အားရစေတဲ့ပွဲကလည်း ဒီပွဲလို တပွဲမှ မရှိဖူးသေးတာအမှန်ပဲ။ ရသစာတွေက ကျွန်မငယ်ငယ် မူလတန်းအရွယ်ကပြီး စာရေးစာဖတ်ကို ၀ါသနာထုံလာအောင် ဆွဲခေါ်လာတဲ့ စာပေဖြစ်ပေမဲ့ နည်းနည်းကြီးလာတဲ့အချိန်မှာတော့ ဖြစ်ရပ်မှန် သုတစာတွေကိုပဲ အားသန်သွားပြီး ရသစာတွေ မဖတ်ဖြစ်တော့တာ ဆယ်စုနှစ်နှစ်စုခန့်တောင် ရှိနေပါပြီ။

သုတစာတွေကိုပဲ အားသန်သွားလို့ ရသစာဖတ်နည်းလှပြီး ကဗျာလည်း မဖတ်တတ်တဲ့ ကျွန်မဟာ စာရေးဆရာ သုံးယောက်မှာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာတွေကို ခပ်ငယ်ငယ်က ကဗျာရူးသူ ခုနက ကျွန်မ ပြောတဲ့ ကျွန်မအောက် ညီမဖြစ်သူက တတွတ်တွတ် ရွတ်နေတာကို နားယဉ်နေပြီး သူဖတ်တဲ့ကဗျာစာအုပ်တွေ ခဏယူဖတ်လို့ သောကေခြေရာ ရတနာနဲ့ သမုဒယ ၀တ်ရည်ကဗျာစာအုပ်ထဲက တချို့ကို မှတ်မိနေတာကလွဲပြီး ကျန်တဲ့ ဆရာမ သာယာဝတီ စန်းစန်းနွဲ့ရဲ့ စာတွေနဲ့ ဆရာအော်ပီကျယ်ရဲ့ ကာတွန်းတွေကို ကျွန်မသိပ်မမှတ်မိတော့တာလည်း အမှန်ပဲ။ ဒါမေပဲ့ ဒီဟောပြောပွဲမှာ သူတို့ပေးသွားတဲ့ Message, သူတို့ရဲ့ တိုင်းပြည်အပေါ် ထားတဲ့စေတနာ၊ သူတို့ရဲ့ ပြည်သူလူအပေါ် ထားတဲ့ ဥာဏ်အမြှော်အမြင်ကြီးမှုကို ကျွန်မ ကောင်းကောင်းခံစား နားလည်ရခဲ့ပါတယ်။ စာရေးဆရာဆိုတာ ပြည်သူလူထုကို အထိရောက်ဆုံး မျက်စိဖွင့်ပေးနိုင်သူတွေဆိုတာလည်း ကျွန်တကယ်ကို သဘောပေါက် လက်ခံသွားပါတယ်။ ဟောပြောပေးသွားတဲ့ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာအော်ပီကျယ်နဲ့ ဆရာမ သာယာဝတီစန်းစန်းနွဲ့ တို့ကိုရော စာပေဟောပြောပွဲ ဖြစ်မြောက်အောင် ဆောင်ရွက်သူတွေကိုပါ အထူးပဲကျေးဇူးတင်မိပါတယ်။ နှလုံးသားထဲက ရွှေမြို့တော်ဆီကိုတော့ အလည်တခေါက် သွားရောက်ပြီး သူတို့ပြောတဲ့အတိုင်း တကယ်ဟုတ်မဟုတ် ကြည့်ခွင့်ကြုံတဲ့နေ့ကို အမြန်ရောက်ပါစေလို့ ဆုတောင်းပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ..



သူတို့အရွယ် သူတို့အတွေး



ဗုဒ္ဓဟူးနေ့ (၀၁-၁၀-၁၄) က  အိမ်မှာ ဧည့်သည်တွေ ညနေစာစားပြီးလို့ ပြန်တော့ အိပ်ရာမ၀င်ခင် အိမ်ရှေ့ဧည့်ခန်းမှာ ကျွန်မ ကွန်ပြူတာ ခဏထိုင်သုံးနေစဉ် တ၀ါးဝါး တဟားဟားနဲ့ သားအခန်းထဲက သူ့အဖေရဲ့ အော်ရယ်သံကြားရလို့ ဘာဖြစ်လဲမေးကြည့်တော့ မငယ်မင်းသားတော့ ခေသူမဟုတ်တော့ဘူး မိန်းကလေးတွေကို ဖေါဖေါဖိတ်ဖိတ်တွေ လိုက်လုပ်လို့တတ်နေပြီတဲ့။ အကျိုးအကြောင်း မေးကြည့်တော့မှ အဲဒီနေ့က နေ့လည်ဘက် သားနဲ့ သူငယ်ချင်း တယောက် ခဏပျောက်ထွက်သွားတာ ဘယ်ရောက်နေလဲဆိုတာ သိလိုက်ရတယ်။

အဲဒီနေ့က အိမ်မှာ ထိုင်းကရောက်လာတဲ့ ကိုစိုးအောင်နဲ့တကွ မိတ်ဆွေတွေကို ညနေစာ ဖိတ်ကျွေးတာကို သားတော်မောင်က သူငယ်ချင်းအိမ်ကို သွားလည်ရာက အပြန်မှာ ငါတို့အိမ်မှာ ဒီနေ့ ပါတီရှိတယ်ဆိုပြီး သူငယ်ချင်းနှစ်ယောက် ခေါ်ပြန်လာတယ်။ နေ့လည် တနာရီခွဲခန့် အဖေရော အမေရော အလုပ်များနေချိန်မှာ ရောက်လာပြီး နေ့လည်စာ စားမလို့တဲ့။ ဒါကြောင့် ကျွန်မက အိမ်မှာဧည့်သည်ဖိတ်တာ ညနေစာပါသားရယ် နေ့လည်စာမှမဟုတ်တာ ဆိုတော့ ဖေဖေက ခေါ်လာလို့ရတယ်ပြောလို့ ခေါ်လာတာ အခုနေ့လည်စာ စားမှဖြစ်မယ်ဆိုလို့ သူ့အဖေခမျာ လုပ်လက်စ ပြင်ဆင်နေတာတွေကို ရပ်ပြီး Star City မှာချက်တဲ့ အစားအသောက်တွေကို လူကြီးတွေအတွက် ဘာမှ မချက်ရသေးခင် သူတို့ ကလေးသုံးယောက်အတွက် စားဦးစားဖျား လုပ်ပေးရပါတယ်။ ဖိတ်ထားတဲ့ ဧည့်သည်တွေထဲမှာ မူစလင်မပါလို့ ၀ယ်ထားတဲ့ အသားတွေထဲမှာလည်း ဟာလာလုပ်ထားတဲ့ (လည်လှီး) အသား မပါခဲ့ဘူး။ ဒါမေပဲ့ သူ့သူငယ်ချင်းနှစ်ယောက်မှာ တယောက်က တူရကီကလေးဆိုတော့ သူ့သူငယ်ချင်းတွေက အသားပဲ ကြိုက်တယ် Seafood မကြိုက်ဘူးလို့ ပြောထားပေမဲ့လည်း တတ်မနိုင်ဘူးဆိုပြီး အဲဒီတူရဂီကလေးအတွက်ကို Seefood နဲ့ လုပ်ပေးပြီး သားနဲ့အော်စီကလေးအတွက်တော့ ကြက်သားနဲ့ ချက်ပေးခဲ့ရတယ်။ မိဘကို ကူညီဖို့နေနေသာသာ ဒီလောက် အလုပ်များနေတဲ့အချိန်မှာတောင် ပိုပြီးအလုပ်ရှုပ်စေတဲ့သား။

စားပြီးတာနဲ့ တနာရီခန့်အကြာမှာ သူ့သူငယ်ချင်းတယောက်က ပြန်တော့မလို့ဆိုလို့ ညနေစာချက်ပြုတ်ဖို့ ပြင်ဆင်နေတဲ့ သူ့အဖေက တန်းလန်းထားခဲ့ပြီး ဘူတာရုံကို လိုက်ပို့ရပြန်တယ်။ သူ့တို့နှစ်ယေက်လည်း သူ့အဖေနဲ့အတူ ဘူတာရုံကို လိုက်သွားတယ်။ မပြန်သေးတဲ့ တယောက်က Boxing ထိုးသမား ဆိုတော့ အရင်တခါလာတုန်းက သူ့ကို ကြွက်သားထွက်အောင် ဘယ်လိုကစားရသလဲဆိုတာ ပြရင်း အိမ်နားက Park မှာ နှစ်ယောက်သွားကစားဖူးတယ်။ ဘူတာရုံက အပြန် သိပ်မကြာခင်မှာပဲ ကလေးနှစ်ယောက် ပျောက်ထွက်သွားတာ အဲဒီ Perk မှာပဲ ကြွက်သားထွက်တဲ့ ကစားနည်းနဲ့ အားကစားသွားလုပ်နေတယ်ထင်တာ ဘယ်ဟုတ်မလဲ ပြန်ရောက်လာတော့ ကောင်မလေးနှစ်ယောက်နဲ့ တွဲရိုက်ထားတဲ့ ပုံတွေကိုတယ်လီဖုန်းထဲမှာ ဖွင့်ပြပြီး အဆိုတော်တွေနဲ့ ဓာတ်ပုံရိုက်လာတယ်တဲ့။ ကျွန်မလည်း ချက်ပြုတ်နေ၊ ဧည့်သည်တွေ ဧည့်ခံနေတာနဲ့ မအားတာရယ်၊ သိပ်လည်း စိတ်မ၀င်စားတာရယ်ကြောင့် ကောင်းကောင်း မကြည့်မိဘူး။

ပြန်သွားတဲ့သူငယ်ချင်းကို ဘူတာရုံ သွားပို့ရင်း ကားပေါ်ကနေပြီး Queen Street ရဲ့ တနေရာမှာ လူတွေတန်းစီနေတာတွေ့လို့ အိမ်ပြန်ရောက်တာနဲ့ သူငယ်ချင်းကိုခေါ်ပြီး ဘာလုပ်နေလဲဆိုတာ သွားကြည့်ရအောင်ဆိုပြီး လမ်းပြန်လျှောက်သွားတယ်တဲ့။ ဟိုရောက်တော့ အဆိုတော်တွေ ရောက်နေလို့ မိတ်ဆက်ချင်လို့ တန်းစီနေတယ်ဆိုတာ သိရပြီး သူတို့နှစ်ယောက်လည်း ဘုမသိဘမသိနဲ့ တခြားသူတွေ လက်ထဲမှာ တခုခုကိုင်ပြီး တန်းစီနေတဲ့အချိန်မှာ လက်ဗလာနဲ့ ၀င်တန်းစီတယ်လို့ ပြောတယ်။ တန်းစီရင်း သူတို့နှစ်ယောက်က ငါတို့ဘယ်လိုနှုတ်ဆက်မလဲ ဘာပြောကြမလဲနဲ့ သူက သူငယ်ချင်းကို မေးနေပြီး သူ့သူငယ်ချင်းကလည်း မသိဘူးလေ နင်တွေ့ချင်တယ်ဆိုလို့ ငါလိုက်လာတာ ဘယ်သိမလဲ နင်ပြောပေါ့ ငါပြောမတတ်ဘူးလို့ ပြောတယ်တဲ့။ သူတို့နှစ်ယောက်က နင်အရင်ပြော နင်ပြောပြီးမှ ငါပြောမယ်ဆိုပြီး အပြန်အလှန် ပြောနေကြသလို ဓာတ်ပုံရိုက်ရင်လည်း အရပ်ပိုရှည်တဲ့တယောက်နားမှာ သူရပ်မယ်ငါရပ်မယ်နဲ့ ငြင်းခုန်နေတာကို သူတို့အရှေ့နဲ့ အနောက်နဲ့မှာ တန်းစီနေတဲ့ အဆိုတော်တွေကို တကယ်လေးလေးနက်နက် တွေ့ချင်လို့ ရောက်နေသူတွေက စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေကြတယ်တဲ့။

ဒီအချိန်မှာ သူတို့အနောက်မှာ တန်းစီနေတဲ့ယောက်က မနေသာလို့ ဖြစ်ပုံရတယ် နင်တို့မှာ CD ကောဘယ်မှာလဲလို့ မေးတယ်တဲ့။ ဒီအချိန်မှ ဘာ CD လဲလို့ ပြန်မေးတော့မှ အခုတန်းစီနေသူတွေ အကုန်လုံးက သူတို့ကြိုက်တဲ့ အဆိုတော်တွေ ဆိုထားတဲ့သီချင်းခွေတွေမှာ အဆိုတော် ကိုယ်တိုင်ရဲ့ အမှတ်တရ လက်မှတ်လေးတွေ ထိုးပေးတာကို လိုချင်လို့ တန်းစီနေကြမှန်း သိရပြီး အားလုံးက CD အနည်းဆုံး တယောက်တခုစီတော့ ကိုင်ထားတာကို သတိထားမိတယ်လို့ ပြောတယ်။ အဲဒီအချိန်မှပဲ စီဒီဘယ်မှာဝယ်လဲလို့ မေးပြီး ပိုက်ဆံလည်းပါမသွားတော့ သူငယ်ချင်းရဲ့ ဘဏ်ကဒ်နဲ့ ဘဏ်ရှိတဲ့နေရာကို ပြေး ပိုက်ဆံထုတ်၊ CD ပြန်လာဝယ်ပြီးမှ ပြန်သွားတန်းစီရတယ်တဲ့။ တန်းစီရင်း သူတို့အလှည့်ရောက်လာတော့ သူ့သူငယ်ချင်းက အော်စီကလေးလို့သာပြောတယ် အရမ်းစကားနည်းပြီး အေးတော့ သူကပဲ အရင်မိတ်ဆက်ရတယ်တဲ့။ သားသား သူငယ်ချင်းတွေထဲမှာ အော်စီကလေးတွေထက် အာရှကလေးတွေက ပိုပြီးသွက်လက်ချက်ချာတာကို တွေ့ရတယ်။ အဆိုတော်တွေနဲ့ မိတ်ဆက်တော့ ငါက မူလတန်းကလေးဘ၀ကတည်းက နင်တို့သီချင်းတွေကို စွဲစွဲမြဲမြဲနားထောင်လာတာ သိပ်ကောင်းတာပဲ အခုလိုကိုယ်ကြိုက်တဲ့ အဆိုတော်တွေနဲ့ လူချင်းတွေရတာ သိပ်ကိုဝမ်းသာတာပဲလို့ ဟုတ်တာလည်း မဟုတ်ဘဲနဲ့ ပြောတော့ ဟိုက You are so cute လို့ ပြောလိုက်ပြီး အခွေမှာ လက်မှတ်ထိုးပေးလိုက်တာကို ပီတိသောမန ဖြစ်ပြီးပြန်လာပြောပြတာဖြစ်တယ်။ သူပြောနေတဲ့အချိန်မှာ သူ့နားက သူငယ်ချင်းနေရာမှာသာ တခြား အာရှသူငယ်ချင်းတွေဆိုရင် တိုးကြီးဟုတ်မှလည်း ပြောပါလို့ မပြောရင်တောင် အနည်းဆုံးတော့ ရီကြမှာသေချာပြီး အခုပါသွားတဲ့ သူငယ်ချင်းက မရီပဲ ခပ်တည်တည် နေခဲ့တာကို ကျေးဇူးတင်တဲ့အကြောင်း ပြောလိုက်သေးတယ်။

သူ့အဖေ အော်ရယ်နေတာ သူ့သားက အဆိုတော်တွေကို အဲလို ဖြည်းဖြန်းပြောတာကို သဘောကျပြီး ရယ်နေမှန်း အဲဒီအခါမှ ကျွန်မလည်း သိရတယ်။ ဒါကြောင့် ကျွန်မလည်း နင့်ကိုငယ်ငယ်ကတည်းက ငါးပါးသီလ သင်ထားပေးတာ အဲလိုလုပ်စရာလား၊ အဖေကလည်း ကလေးအဲလို လုပ်တာ မတားဘဲနဲ့ ရယ်စရာလားလို့ ဆူလိုက်တော့ သားအဖနှစ်ယောက် ကျွန်မ ရှိနေတဲ့ ဧည့်ခန်းထဲကို မရောက်လာတော့ဘူး။ ဒါပေမဲ့ သားက ဒီဇင်ဘာကျရင် ဆစ်ဒနီအိုလံပစ်ကွင်းမှာ အမေရိကက ရောက်လာမည့် အဆိုတော်နှစ်ယောက်ရဲ့ စတိတ်ရှိုးတာကို အဲဒီအချန်ကျရင် ရောက်လာမည့် ကနေဒါက သူ့ညီအတွက်ပါ လက်မှတ်နှစ်စောင် Book လုပ်ဖို့ လုပ်နေတယ်။ ပြီးတော့ မနေနိုင်မထိုင်နိုင် ကနေဒါအချိန်နဲ့ မနက်အစောကြီးပဲ ရှိသေးပေမဲ့ သူ့ညီကို အတင်းသွားနိုးပြီး သူအဆိုတော်တွေနဲ့ မိတ်ဆက်တဲ့အကြောင်း နင်ရောက်လာလို့ရှိရင်လည်း စတိတ်ရှိုးသွားပြီး အမေရိကားက ရောက်လာမဲ့ အဆိုတော်တွေကို သွားမိတ်ဆက်ကြမယ်ဆိုတဲ့အကြောင်း ပြောပြီး i-pot ထဲကနေကြွားနေလို့ ညနက်နေပြီ အိပ်တော့ ဟိုကလည်း ကျောင်းသွားချိန်နီးပြီ ပြင်တော့လို့ ပြောပြီး ရပ်ခိုင်းပေမဲ့ တော်တော်နဲ့ မရပ်ကြဘူး။ ဟိုကလည်း အော်စီမှာ နာမည်ကြီးအဆိုတော်တွေနဲ့ သူ့အကိုနဲ့ တွေ့တယ်ဆိုတာကို အားကျနေပြီး ဒီဇင်ဘာကျရင် တွေ့ရမည့် အမေရိကက လာဖျော်ဖြေကြမယ် ဆိုတဲ့ အဆိုတော်တွေကလည်း သူကြိုက်တဲ့ အဆိုတော်တွေ ဖြစ်တဲ့အကြောင်း ပြောပြီးစကားဖေါင်ဖွဲ့နေကြတယ်၊ သားလည်း တော်တော်နဲ့ မအိပ်ဘဲ ဒီမှာရှိနေတဲ့ သူငယ်ချင်းတွေနဲ့ ထပ်ကြွားနေတယ်။

ဒီမနက်တော့ တော်တော်နဲ့ အိပ်ရာမထဘဲ ၁၂ နာရီ ထိုးခါနီးမှထပြီး ထထချင်းရေမိုးချိုး မနက်စာစားပြီးတာနဲ့ ၀ဏ္ဏအောင် (ကိုတင့်အောင် မစန်းစန်းမြင့်) အိမ်သွားမယ်ဆိုလို့ ဘာသွားလုပ်မလဲမေးတော့ ညကဒီသီချင်တွေကို သေသေချာချာ နားထောင်ကြည့်မှ ကိုတင့်အောင် သမီးတွေရဲ့ အသည်းစွဲသီချင်းတွေ ဖြစ်နေတာကိုကိုတွေ့ရလို့ သူငယ်ချင်းဆီသွားရင်း သွားပေးမယ်လို့ ပြောတယ်။ ဒီနေ့ညနေ စာပေဟောပြောပွဲကို သားအမိနှစ်ယောက် အတူတူသွားမယ်လို့ ပြောထားတဲ့ကြားက သူဟိုကပဲ တခါတည်း သွားတော့မယ်ဆိုလို့ အခုတော့ စာပေဟောပြောပွဲကို တယောက်တည်း သွားရတော့မယ်။ ပုံက သူအိမ်ကမထွက်ခင် သီချင်းခွေကို ခဏကိုင်ကြည့်ပြီး ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ


မျိုးစောင့်ဥပဒေကို ဘာကြောင့်ကန့်ကွက်ရသလဲ



မြန်မာနိုင်ငံမှာအငြင်းပွားဘွယ်ရာ ဖြစ်နေသည့် မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး အမျိုးဘာသာ၊
သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ မဘသက ဥပဒေပေါ်ပေါက်အောင် မဖြစ်မနေလုပ်မယ်
ပြောနေချိန်မှာ အရပ်ဘက်အဖွဲ့အစည်း တရာကျော်က လက်မှတ်ရေးထိုးပြီး တရားဝင်
ကန့်ကွက်လိုက်ပါပြီ။
 မျိုးစောင့်ဥပဒေ ဘယ်လောက်တောင် အန္တရယ်ကြီးလို့လဲ၊ မျိုးစောင့်ဥပဒေဟာ ရည်ရွယ်ချက် ကောင်းပေမဲ့ ရလဒ်တော့ မကောင်းနိုင်ဘူးလို့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချူပ် (WLB) ရဲ့ အကြံပေးအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က ဆိုပါတယ်။ တိုင်းရင်းသားတွေ၊ လူမျိုးစုအလွှာအသီးသီးနဲ့ လူတန်းစားအလွှာအသီးသီး ပိုပြီးစိတ်စိတ်အမွှာမွှာဖြစ်စေနိုင်တယ်လို့ မေလ (၉) ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

" ရည်ရွယ်ချက်ကတော့ကောင်းပါတယ်။ ရည်ရွယ်ချက်က အမျိုးသမီးတွေကို ကာကွယ်ချင်လို့ ဆိုတော့ ဒါပေမဲ့လည်း သူတို့ရည်ရွယ်ချက်အတိုင်း ဖြစ်မှာမဟုတ်ပါဘူး။ ဒီမျိုးစောင့်ဥပဒေဆိုတဲ့ ဟာကိုပြဌာန်းလိုက်လို့ရှိရင် အမျိုးသမီးတွေကို တကယ်ထိရောက်စွာ မကာကွယ်နိုင်တဲ့အပြင်ကိုမှာ အစနေကတည်းက မညီညွတ်ကြတဲ့ ကျမတို့ မြန်မာလူမှုအသိုင်းအ၀ိုင်း ကြားမှာ စိတ်ဝမ်းကွဲနေကြတယ်၊ တိုင်းရင်းသားလူမျိုး အချင်းချင်းကြားပဲ ပြောမလား၊ အလွှာအသီးသီး အုပ်ချူပ်သူနဲ့ အုပ်ချူပ်ခံကြား စသည်ဖြင့် အဲဒီလိုမျိုး ကွဲပြားနေကြတဲ့ စိတ်ဝမ်းတွေက အခုဒီလိုပြဌာန်းလိုက်လို့ရှိရင် ပိုပြီးတော့မှ အစိတ်စိတ်အမွှာမွှာ အရင်တုန်းက ခင်မင်ရင်းနှီးတဲ့သူတွေ အချင်းချင်းတောင်မှ ကွဲကြလိမ့်မယ် စိတ်ဝမ်းတွေ။ ပိုပြီးတော့မှ လူ့အသိုင်းအ၀ိုင်းမှာ အစိတ်စိတ်အမွှာမွှာ  စိတ်ဝမ်းကွဲမှာကို မြင်တဲ့အတွက်ကြောင့်မို့ ကျမတို့က ဒါကိုတားခြင်းဖြစ်တယ် " ဒေါ်သင်းသင်းအောင် (WLB အကြံပေး)။

ရန်ကုန်မြို့ Media Library မှာ ကျင်းပသွားတဲ့ ဒီသတင်းစာ ရှင်းလင်းပွဲနဲ့ ကန့်ကွက်တဲ့ လက်မှတ်ရေးထိုးပွဲမှာ အဖွဲ့အစည်းပေါင်း (၁၁၀) ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်ကလည်း အရပ်ဘက်အဖွဲ့အစည်း (၉၀) ကျော်က  တရားဝင်ကန့်ကွက်ခဲ့လို့ (၉၆၉) လို့ လူသိများတဲ့ အစ္စလမ် ဆန့်ကျင်ရေးအဖွဲ့ မဘသက ကန့်ကွက်သူတွေဟာ အမျိုးသားရေး သစ္စဖေါက်လို့ စွပ်စွဲတိုက်ခိုက်ခဲ့ပါတယ်။ (၂၀၀၈) ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို ပြည်သူလူထု အာရုံမရောက်အောင် မျိုးစောင့်ဥပဒေဆိုတာနဲ့ ရန်တိုက်ပေးနေတာ ဖြစ်ပြီး ဒါဟာ နိုင်ငံရေးအမြတ်ထုတ်မှုလို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်က မေစပယ်ဖြူက ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ အဓိကနဲ့ သာမညကို ခွဲခြားသိစေချင်ပြီး
ဒီအမြတ်ထုတ်မှုကို မမြင်နိုင်ရင် မလွတ်မြောက်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ချင်တဲ့အတွက်ကြောင့် ကျမတို့အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအချင်းချင်း
ပြန်ရန်တိုက်ပေးထားတဲ့သဘောပေါ့နော်။ အဲဒီ သဘောလို့ ကျမတို့ကမြင်ပါတယ်။ မျိုးစောင့်ဥပဒေလိုမျိုးပေါ့နော့် အမျိုး၊ ဘာသာ၊ သာသနာကို အကြောင်းပြပြီးတော့မှ လူတွေရဲ့ သည်းခြေကြိုက် ဖြစ်တဲ့၊ လူတွေဘယ်လိုမှ မခံမရပ်နိုင်ဖြစ်တဲ့ ကိစ္စကို အသုံးပြုပြီးတော့ နိုင်ငံရေး အမြတ်ထုတ်နေတယ်လို့ ကျမတို့ကတော့ အဲလိုမြင်ပါတယ်။ ကျမတို့ဟာ အဓိကနဲ့ သာမညကို ခွဲခြားပြီး ကြည့်တတ်ဖို့လိုနေတာပါ။ ကျမတို့နိုင်ငံ နှစ်ပေါင်းများစွာ ဘာကြောင့် ဒီလိုအခြေအနေနဲ့ပဲ နေနေရသလဲ၊ ဘယ်သူ့ကြောင့်လဲ၊ အဲဒါတွေကို ပြန်ပြီးတော့မှ တွေးတောသုံးသပ်တဲ့ အချိန်ရောက်နေပါပြီ။ လွတ်မြောက်ရမယ့်ဟာက ဘာလဲဆိုတာကို ကျမတို့ ပြည်သူတွေ ရှင်းရှင်းလင်းလင်း မသိသရွေ့၊ မမြင်သရွေ့ ကျမတို့အတွက် လွတ်မြောက်လမ်းဆိုတာ မရှိပါဘူး။ အဲဒါလေးကိုပဲ ကျမက အဓိကပြောချင်ပါတယ်" မေစပယ်ဖြူ(ကချင်အမျိုးသမီးကွန်ယက်)။ 

( ကမာရွတ်မီဒီယာက Youtube ကို ပြန်လည် ကူးယူဖေါ်ပြရာမှာ မြန်မာပြည်က လိုင်းမကောင်းသူများ ကြည့်မရမှာစိုးလို့ ပြောထားတာတွေနဲ့ ပြန်ရိုက်ပြီး တင်ပေးလိုက်ပါတယ် Nge Naing။)

မျိုးစောင့်ဥပဒေရေးဆွဲရန်ကြိုးပမ်းနေမှုအပေါ်ကန့်ကွက်သည့် အဖွဲ့အစည်း ၁၁၀ ၏ ယုံကြည်ချက်နှင့်လုပ်ငန်းစဉ် ..... 
၁။ (စီဒေါ) သဘောတူညီချက်ပါအခြေခံမူများနှင့်အညီ ကျားမ တန်းတူညီမျှမှုကိုဖော်ဆောင်သော၊ ဒီမိုကရေစီအခြေခံသဘောတရားများပြည့်ဝသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြဌာန်းနိုင်ရန်ကြိုးပမ်းသွားမည်။
၂။ တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်ပြီး အမျိုးသမီးများအားခွဲခြားထားသော ဥပဒေများအားပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ဥပဒေအသစ်ရေးဆွဲခြင်းတို့ကို လုပ်ဆောင်သွားမည်။
၃။ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍနှင့် ငြိမ်းချမ်းမှုတည်ဆောက်ရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင် လာအောင်ကြိုးပမ်းသွားမည်။
၎။ အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် မှန်ကန်စွာဆုံးဖြတ်ရွေးချယ်နိုင်စွမ်းကို မြှင့်တင်သည့် လုပ်ငန်းစဉ်များကို အမျိုးသား၊အမျိုးသမီးများအားလုံးနှင့်အတူပူးပေါင်းကာ အကောင်ထည် ဖော်ဆောင်ရွက် သွားမည်။
၅။ အထက်ပါယုံကြည်ချက်နှင့်လုပ်ငန်းစဉ်များကို အကြမ်းမဖက်သောနည်းလမ်းများဖြင့် ကြိုးပမ်းသွားမည်။
 (ဒါကိုတော့ facebook ဒီနေရာက https://www.facebook.com/tin.nyo.33/posts/10204057985597057 က ကူးယူဖေါ်ပြထားပါတယ်။ Nge Naing)

အမျိုးဘာသာ၊ သာသနာကို ဘာသာရေးအစွန်းရောက်မှုနဲ့ ကာကွယ်၍မရနိုင်ပါ၊ ဘာသာရေး လူ့အခွင့်အရေးနဲ့ ကိုက်ညီပြီး တရားမျှတတဲ့ ဖွဲ့စည်းပုံနဲ့ တရားဥပဒေစိုးမိုးမှု ရှိမှသာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးဘာသာ ကျားမမရွေး အားလုံးရဲ့ အမျိုးဘာသာ၊ သာသနာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ..

မျိုးစောင့်ဥပဒေ ပြဌာန်းရေး ရဟန်းသံဃာနဲ့သက်ဆိုင်သလား???

အမျိုးသားရေးဝါဒ နဲ့ ဗုဒ္ဓ၀ါဒဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။ ဥပမာ - ဂေါတမဗုဒ္ဓ နဲ့ ရှင်ဒေ၀ဒတ္တ တို့ဟာ သာကီဝင်မင်းမျိုးမှ ဆင်းသက်လာသူများ ဖြစ်ကြပြီး ဝမ်းကွဲ ညီအကိုလည်း တော်စပ်ကြပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘုရားရှင်က အဂ္ဂသာဝကနှစ်ပါးကို ရွေးချယ်ရာမှာ ရှင်ဒေဝဒတ်ကို မရွေးချယ်ဘဲ ဗြဟ္မဏအနွယ်မှ လာတဲ့ ရှင်သာရိပုတ္တရာ နဲ့ ရှင်မောဂ္ဂလာန် တို့ကို သာ ရွေးချယ်ခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ဟာ အမျိုးအနွယ်ကို မကြည့်ပါဘူး။ သီလ သမာဓိ ပညာ ဆိုတဲ့ အရည်အချင်းကိုသာ ကြည့်ပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်မှာ အမျိုးမာန် အမျိုးစွဲ ထားဖို့ ဟောခဲ့တဲ့ တရား မပါဝင်ပါဘူး။ ရုပ်နာမ် ပရမတ်ကို ထွင်းဖေါက်မြင်တော်မူတဲ့ ဘုရားရှင်အနေဖြင့် အဝိဇ္ဇာဖုံးတဲ့ ပုဂ္ဂိုလ် သတ္တဝါ ပညတ် အမြင် အပေါ် အခြေခံတဲ့ လူမျိုးစွဲ ဘာသာစွဲကို ဟောရန် အကြောင်းမရှိပါဘူး။ အစွဲဆိုတာ တဏှာလောဘပါ။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ဟာ တဏှာကင်းရာ ကုန်ရာကို ကျင့်ဖို့ ဟောတော် မူခဲ့တဲ့ တရားတော်သာ ဖြစ်ပါတယ်။ တဏှာပွားကြောင်းကို ဖြစ်စေမယ့် မည်သည့်အစွဲကိုမျှ မြတ်စွာဘုရား အားပေးမှာ မဟုတ်ပါဘူး။ မြတ်စွာ ဘုရား က သူ့ရဲ့ သာကီဝင် မင်းမျိုးအတွက်ကိုသာ ရည်ရွယ်ပြီး တရားဟောခဲ့တာလည်း မဟုတ်ပါဘူး။ မြတ်စွာဘုရားက (၃၁) ဘုံမှာ ရှိကြတဲ့ သတ္တဝါအားလုံးအတွက် တရားဟောခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓရဲ့ ၀ါဒ က လူမျိုးတမျိုးတည်း၊ ဗုဒ္ဓဘာသာ ဆိုတဲ့ ဘာသာတခုတည်းနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဝါဒက သတ္တဝါအားလုံးနဲ့ သက်ဆိုင်တဲ့ ဝါဒပါ။ အမျိုးသားရေးဝါဒကတော့ လူမျိုးတမျိုးနဲ့သာ သက်ဆိုင်ပါတယ်။ ဗုဒ္ဓ၀ါဒ နဲ့ အမျိုးသားရေးဝါဒကို မရောထွေး သင့်ပါဘူး။ အမျိုးသားရေးဝါဒ စွဲကိုင်ခြင်းဟာ ဘုရားရှင်ရဲ့ အလိုတော် ဟုတ်သလား မဟုတ်ဘူးလား ဆိုတာကို ခုဒ္ဒကနိကာယ်လာ ဝသလသုတ္တန်မှာ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ ဝသလသုတ္တန်ကို မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ် မြို့ထဲသို့ ဆွမ်းခံ ကြွလာတော်မူတဲ့ ဘုရားရှင်ကို အမျိုးဇာတ်ကြောင့် မာန်မာန ထောင်လွှားနေတဲ့ အဂ္ဂိကဘာရဒွါဇ ဗြဟ္မဏရဲ့ ရဟန်းယုတ် ဦးပြည်းယုတ် သူယုတ်မာ စသည်ဖြင့် ရိုင်းစိုင်း ကြမ်းတမ်းစွာ ခေါ်ဝေါ် ပြောဆိုမှုကို အကြောင်းပြုပြီး ဟောတော်မူခဲ့ပါတယ်။ သာဝတ္ထိပြည် တည်ရှိရာ အိန္ဒိယနိုင်ငံဟာ ရှေးယခင်မှ စပြီး ယနေ့တိုင်အောင် ဇာတ်ခွဲခြားမှုစနစ် အား ကောင်းပြီး အမျိုးသားရေးဝါဒ အလွန် ပြင်းထန်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဝသလသုတ္တန်မှ အောက်ပါ ဂါထာ နှစ်ဂါထာကို ထုတ်နှုတ် ဖေါ်ပြလိုပါတယ်။ ကောဓနော ဥပနာဘိ စ၊ ပါပမက္ခီ စ ယော နရော ဝိပန္နဒိဋ္ဌိ မာယာဝီ၊ တံ ဇညာ ဝသလော ဣတိ “အကြင်သူသည် အမျက် ထွက်လေ့ ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူးကို ချေဖျက် တတ်၏၊ အယူပျက်စီးသူ ဖြစ်၏၊ လှည့် ပတ် တတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏” န ဇစ္စာ ဝသလော ဟောတိ၊ န ဇစ္စာ ဟောတိ ဗြဟ္မဏော ကမ္မုနာ ဝသလော ဟောတိ၊ ကမ္မုနာ ဟောတိ ဗြဟ္မဏော “အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့်သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏” ဒေသနာအဆုံးမှာ အဂ္ဂိကဘာရဒွါဇဗြဟ္မဏဟာ မြတ်စွာဘုရားကို လေးစားကြည်ညိတဲ့ ဥပါသကာ ဒါယကာတယောက် ဖြစ်သွားခဲ့ပါတယ်။ ဗုဒ္ဓအဆုံးအမကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်တဲ့ ဘုရားသားတော်ဆိုပါက ပြင်းထန်တဲ့ လူမျိုး ဘာသာ အယူဝါဒကို လက်ခံကျင့်သုံးရန် သင့် မသင့် လေးနက်စွာ ပြန်လည် ဆင်ခြင် စဉ်းစားသင့်ပါ တယ်။ ပြင်းထန်တဲ့ လူမျိုး ဘာသာ အယူဝါဒမှ တဖက်စွန်း အမျိုးသားရေးဝါဒကို ဦးတည်သွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အန္တရာယ်ရဲ့ ခါးသီးတဲ့ အရသာကို မကြာလှသေးတဲ့ ကာလတွေမှာ အပြစ်မဲ့ မြန်မာပြည်သူတွေ ခံစားခဲ့ရပြီးပါပြီ။ ပြင်းထန်တဲ့ လူမျိုး ဘာသာဝါဒဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုး ဖြစ်စေသလား။ ဆိုးကျိုး ဖြစ်စေ သလား ဆိုတာ ကမ္ဘာ့သမိုင်းမှာလည်း သက်သေ ပြခဲ့ပြီးပါပြီ။ ယခုလည်း ဆီးရီးယား အီရတ် နိုက်ဂျီးရီးယား စတဲ့ နိုင်ငံတွေမှာ အပြစ်မဲ့ သာမာန်ပြည်သူတွေဟာ ပြင်းထန် တဲ့ လူမျိုး ဘာသာ အယူဝါဒရဲ့ သားကောင်ဘဝကို ကျရောက်နေကြရတဲ့ သတင်းတွေကို နေ့စဉ်လိုလို တွေ့မြင်ကြားသိနေရပါတယ်။ မြတ်စွာဘုရားရဲ့ သန့်စင်မွန်မြတ်တဲ့ တရားတော်ကို လူမျိုးစွဲ ဘာသာစွဲ ဆိုတဲ့ တဏှာအစွဲနဲ့ အရောင် ဆိုးတဲ့ လုပ်ရပ်မှန်သမျှဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မဇိုရ်တရားရဲ့ ပြယုဂ်ဖြစ်တဲ့ မွန်မြတ်သန့်စင်တဲ့ ဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံတနိုင်ငံဖြစ်ပါလျှက်နဲ့ မငြိမ်းချမ်းနိုင်တဲ့ နိုင်ငံ၊ ကမ္ဘာမှာ အဆင်းရဲဆုံး အမွဲတေဆုံး နိုင်ငံ ဖြစ်နေရခြင်းရဲ့ အဓိက တရားခံဟာ အာဏာရှင်တို့ရဲ့ အာဏာအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာဥပါဒါန် အစွဲကြောင့်ပဲ ဖြစ်ပါတယ်။ အာဏာကို မစွန့်နိုင် ဖြစ်နေကြတဲ့ စစ်အာဏာရှင် မျိုးဆက် ဗိုလ်ချုပ်ကြီးတွေကို အာဏာအပေါ် တပ်မက် မော တဲ့ တဏှာကို စွန့်ဖို့ ဟောပြော ပြသ ဆိုဆုံးမခြင်းသည်သာလျှင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများရဲ့ တာဝန် ဖြစ်ပါတယ်။ ထိုတာဝန်ကို ထမ်းဆောင်ခြင်းဟာ လက်ရှိ မြန်မာ့နိုင်ငံ အရေးအတွက် အလိုအပ်ဆုံးနဲ့ အရေးအကြီးဆုံး လည်း ဖြစ်ပါတယ်။ ယနေ့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် ရည်ရွယ်ပြီး ပြဌာန်းဖို့ ကြိုးစားနေကြတဲ့ မျိုးစောင့်ဥပဒေ ဆိုတာ သူတို့အတွက် လို မလို၊ အဓိက ကျ မကျ ဆိုတာ စနစ်တကျ လေ့လာသုံးသပ်ဖို့ လိုအပ်မယ် ထင်ပါတယ်။ ခေတ်ပညာတတ် ဘွဲ့ရတွေတောင် ပါဝင်တဲ့ မြန်မာအမျိုးသမီးငယ်များဟာ ဘာ့ကြောင့် ဟောင်ကောင်ကို သွားပြီး အိမ်ဖေါ်လုပ်နေကြရပါသလဲ။ မြန်မာအမျိုးသမီးငယ် အများစု ကြုံတွေ့နေရတဲ့ အဓိက ပြဿနာက ဘာလဲ ဆိုတာ အရိပ်အမြွက်မျှ သိချင် ရင် အထည်ချုပ်စက်ရုံ တရုံလောက်ကိုပဲ သွားကြည့်လိုက်ရင် အဖြေပေါ်မယ် ထင်ပါတယ်။ သူတို့အတွက် မျိုးစောင့်ဥပဒေ လို မလို ဆိုတာ သူတို့အနေနဲ့ စဉ်းစားဖို့ အချိန်ရကြမယ် မထင်ပါဘူး။ မြန်မာနိုင်ငံမှာ ပရိယတ်နဲ့ ပဋိပတ်အလုပ်ကိုသာ အားထုတ်နေတော်မူကြတဲ့ ဆရာတော် သံဃာတော် များစွာ ရှိကြပါတယ်။ ထိုဆရာတော် သံဃာတော်များဟာ ရဟန်းသဃာများနဲ့ လားလားမျှ မသက်ဆိုင်တဲ့ မျိုးစောင့်ဥပဒေ ဆိုတာကို မကြိုက်ပေမယ့် ရှုတ်ရှုတ်ရှက်ရှက် ကိစ္စတွေမှာ ဝင်မပါချင်ဘဲ ကင်းကင်းရှင်းရှင်း နေတော်မူ လိုတာကြောင့် ဒီကိစ္စအပေါ်မှာ တခွန်းတပါဒမျှ မိန့်ကြားမှု မပြုကြတာပါ။ မျိုးစောင့်ဥပဒေအတွက် သဲသဲမဲမဲ ကြိုးပမ်းနေကြတဲ့ ရဟန်းသံဃာ တချို့ကို မြင်ရတော့ နူရာဝဲစွဲ လဲရာ သူခိုးထောင်း ဆိုသလို မငြိမ်းချမ်းနိုင်တဲ့ နိုင်ငံကို ပိုပြီး မငြိမ်းချမ်းအောင်၊ ဆင်းရဲတွင်း နက်ပြီးသား နိုင်ငံကို ဆင်းရဲတွင်း နက်သထက် နက်အောင် တွန်းပို့နေသလိုပါပဲ။ မျိုးစောင့်ဥပဒေဆိုတာ ထိုင်ခုံမြဲရေး ပဓာနတရား လက်ကိုင်ထားကြတဲ့ စစ်အာဏာရှင် မျိုးဆက်အတွက် တော့ အကြိုက်တွေ့မယ့် ဥပဒေဖြစ်မှာ သေချာပါတယ်။ အရှင်စန္ဒိမာ (မွန်စိန်တောရ) - See more at: http://www.dawnmanhon.com/2014/05/blog-post_2880.html#sthash.CzhBbrN0.dpuf

ဒေါင်းမာန်ဟုန် < http://www.dawnmanhon.com/2014/05/blog-post_2880.html#sthash.CzhBbrN0.dpbs > မှ ပြန်လည်ကူးယူဖေါ်ပြထားပါတယ်။

၂၅ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် ငွေရတု အခမ်းအနား၊ ဆစ်ဒနီ








၂၅ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် ငွေရတု အခမ်းအနားအခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF သြစကြေးလျားနိုင်ငံ၊ နယူးဆောက်ဝေးဌာနခွဲမှ ကြီးမှူး၍ဆစ်ဒနီမြို့ Granville Town Hall တွင် 9/08/13 နေ့၌ ည ၆ နာရီမှ ၁၀ နာရီအထိ ကျင်းပခဲ့ရာ ဆစ်ဒနီရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းများနှင့် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ မြန်မာ ကွန်မြူနီတီအဖွဲ့ဝင်များ၊ ဆစ်ဒနီဒေသခံ သြစကြေးလျားလူမျိုးများ စုစုပေါင်း အင်အား၂၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြပါသည်။ ထိုအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် နော်ဆေးဖေါက ဆောင်ရွက်ခဲ့ပြီး ရုပ်သံမှတ်တမ်းတင်ခြင်းကို မြင့်မိုမန်တိုင်မီဒီယာမှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။အခမ်းအနားမှူးက အခမ်းအနား ဖွင့်လှစ်ကြောင်း စတင် ကြေညာပြီးသည်နှင့် အလေးပြုခြင်းသုံးရပ်ဖြစ်သော တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အားအလေးပြုခြင်း၊ ဗိုလ်ချူပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲတွင်းကျဆုံးသွားသော ရဟန်း ရှင်လူ ကျောင်းသားပြည်သူအပေါင်းအား ဂုဏ်ပြုသောအားဖြင့်တမိနစ်ငြိမ်သက်ခြင်းဖြင့် အခမ်းအနားအား စတင်ခဲ့ပါသည်။ ပြီးနောက် အခမ်းအနားကို ဖိတ်ကြားထားသော ဧည့်သည်များမှ မိန့်ခွန်းပြောကြားခြင်း၊ ရှစ်လေးလုံး မျိုးဆက်မှ ပေါက်ဖွားလာသော မျိုးဆက်သစ် ကလေးငယ်များမှ 8.8.88 သမိုင်းကို ပြောကြားခြင်း၊ အခမ်းအနားကျင်းပရေး ကော်မတီခေါင်းဆောင်ဖြစ်သူ ABSDF Australia Branch မှ ကိုသန်းထွဋ်ဆွေမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ရှစ်လေးလုံး အရေးတော်ပုံကာလနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်ကာလများတွင် ဖေါ်စပ်ခဲ့သည့် တေးသီချင်းများကို တေးသရုပ်ဖေါ်များဖြင့် သီဆို သရုပ်ဖေါ်ပြခြင်းတို့ကို တင်ဆက်ခဲ့ပါသည်။

ပထမဦးစွာ အလံအလေးပြုခြင်း၊ ကျဆုံးသွားသော သူရဲကောင်းအပေါင်းအား လေးပြုခြင်းနှင့် ၀မ်းနည်းသည့် အထိမ်းအမှတ်ဖြင့် တမိနှစ် ငြိမ်သက်ပြီးနောက် အမှာစကား ပြောကြားပေးသည့် ဧည့်သည် လေးဦးအနက် ကချင်အဖွဲ့ ကိုယ်စားလှယ်နှင့် ကရင်အဖွဲ့ကိုယ်စားလှယ်မှ စတင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ကချင်အဖွဲ့ ကိုယ်စားလှယ်မှ ရှစ်လေးလုံးကာလက သူမ၏အတွေ့အကြုံများနှင့် စကာ အခုလက်ရှိကာလမှာ ဖြစ်နေသည့် နိုင်ငံရေးအခြေအနေနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများကို ပြောကြားသွားပြီး ကရင်ကိုယ်စားလှယ် စောလွင်ဦးမှလည်း ၂၅ နှစ်ကာလ ဒီမိုကရေစီရေး ဖြတ်သန်းမှုကို အကြမ်းဖြင်းပြောကြား၍ စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် ပြည်ထောင်စုတခု ဖြစ်ပေါ်လာဖို့အရေးအတွက် လက်ရှိလုပ်ဆောင်ရန့် လိုအပ်နေသည့် အချက်များကို ပြောကြားခဲ့ပါသည်။

ပြီးနောက် နိုင်ငံခြားသား အမှာစကား ပြောကြားသူ နှစ်ဦးအနက် လေဘာပါတီမှ ဖက်ဒရယ် ပါလီမန်အမတ် Laurie Ferguson မှ အမှာစကား ပြောကြားခဲ့ပြီး တခြားအစီစဉ် သုံးလေးခုအပြီးမှာ နယူးဆောက်ဝေး ပါလီမန် Green ပါတီမှ လွှတ်တော်အမတ် Jamie Parker က ဆက်ပြောပါသည်။ နှစ်ဦးစလုံး၏ ပြောကြားချက်များကို လေ့လာချက်အရ မြန်မာနိုင်ငံ၏ သမိုင်းနောက်ခံ အနှစ် ၆၀ ပြည်တွင်းစစ်နှင့် ရှစ်လေးလုံးမှ စတင်တင်သည့် ၂၅ နှစ်ကြာ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ကောင်းစွာ လေ့လာထားသူများ ဖြစ်သည်ကို တွေ့ရသည်။ လက်ရှိ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုကို ဒီမိုကရေစီအရေး တိုက်ပွဲဝင်သူများ၏ လှုပ်ရှားဆောင်ရွက်မှုများကြောင့် ပြောင်းလဲလာသည့် ပြောင်းလဲမှုအဖြစ် အပြုသဘောဖြင့် မြင်ပြီး ဆက်လက်ပြီး ပန်းတိုင်ရောက်သည်အထိ ပြောင်းလဲသွားစေရန် လမ်းကြောင်း မတိမ်းမစောင်းအောင် တည့်မှတ်ပေးသွားရန်လိုကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း ပါဝင်ခဲ့ပါသည်။ Green party အမတ် Jamie Parker မှ ပြောကြားချက်တွင် မြန်မာနိုင်ငံကို စီးပွားရေးအရ နိုင်ငံခြားတိုင်းပြည်များမှ ရင်းနှီးမြှုပ်နှံရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး ထိခိုက်နိုင်သည့် အချက်များ ထည့်သွင်းစဉ်းစားပြီး ကာကွယ်သည့် အစီစဉ်များ ရှိထားဖို့လိုအပ်ကြောင်းကိုပါ ထည့်သွင်း ပြောကြားခဲ့ပါသည်။

Burma Campaign Australia မှ ဒေါက်တာကျော်မြင့်မှ ဒီမိုရေစီ အရေးအတွက် ကျောင်းသားလူငယ်များ အသက်ပေးရခြင်း၊ ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံရခြင်း၊ တောတွင်းဒေသများကို ထွက်ခွာခဲ့ရခြင်း စသည့် အဖြစ်အပျက်များကို တသက်မေ့လို့ မရနိုင်ကြောင်းနဲ့ အစချီပြောကြားခဲ့ပါသည်။ စစ်တပ်မှ အရပ်ဝတ်လဲလိုက်ရခြင်းနှင့် လက်ရှိ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုသည် ရလဒ်များသည် ၈၈ အရေးတော်ပုံရဲ့ အကျိုးဆက်ကြောင့် ရလာသည့် ရလဒ်များဖြစ်ကြောင်း၊ နိုင်ငံခြားတိုင်းပြည်မှ မမြန်မာများအနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုအတွက် လုပ်နိုင်သည့် နည်းလမ်းများ ရှိကြောင်း၊ လက်ရှိပြောင်းလဲမှုကို စစ်မှန်သည့် ပြောင်းလဲမှု ဖြစ်လာစေရန် ပြည်တွင်းတွင် တကယ်ဦးဆောင်နေသော ရှစ်လေးလုံးမျိုးဆက်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သွားနေသော လမ်းကြောင်းကို ၀ိုင်းဝန်းပံ့ပိုးပေးဖို့လိုကြောင်း၊ လက်ရှိအစိုးရလက်ထက် ကျန်ရှိနေသေးသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ထုတ်ဖေါ်ပြောကြားပြီး မိမိတို့ နေထိုင်ရာ တိုင်းပြည်ရှိ အစိုးရများကို တောင်းဆိုပြီး ဖိအားပေးရန် လိုသလို ဦးသိန်းစိန်အစိုးရကိုလည်း လူ့အခွင့်အရေးချိုးဖေါက်နေမှုကို ရပ်တန့်ဖို့ တောင်းဆိုနေဖို့လိုကြောင်း စသည်တို့ကို ပြောကြားခဲ့ပါသည်။ မြန်မာဒီမိုကရေစီအရေးအတွက် ရှစ်လေးလုံးကာလအတွင်းတွင် အသက်ပေးဘ၀ပေးတိုက်ပွဲဝင်ခဲ့သော သူရဲကောင်းအပေါင်းအား အလေးပြုကြောင်းနှင့် မပြီးပြတ်သေးသည့် တိုက်ပွဲအတွက် ကျန်သောသူများမှ အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်ဖို့ လိုအပ်ကြောင်း တိုက်ပွဲဝင်နေသူအားလုံးကိုလည်း အလေးပြုကြောင်း ပြောကြားခဲ့ပါသည်။

ရှစ်လေးလုံးသမိုင်းနှင့် နောက်ဆက်တွဲ အခြေအနေများကို အထက်တန်းကျောင်းများတွင် လက်ရှိပညာသင်ကြားနေဆဲ ဖြစ်သော ABSDF တပ်ဖွဲ့ဝင်များမှ ပေါက်ဖွားလာသော မျိုးဆက်သစ် ကလေး သုံးဦးမှ အသေးစိတ် ဟောပြောခဲ့ပါသည်။ မောင်ထွန်းလင်းမိုး (၁၀ တန်း) က မိတ်ဆက်၊ ရှစ်လေးလုံးမတိုင်ခင်အခြေအနေနှင့် အားလုံးပြီးဆုံးသည့်အချိန်တွင် နိဂုံးချူပ်စကားကိုလည်းကောင်း၊ မဆူဇီ (၉ တန်း) က ရှစ်လေးလုံး ကာလလှုပ်ရှားမှု သမိုင်းကို Power Point နှင့် မှတ်တမ်းဖိုင်များဖြင့် တွဲ၍လည်းကောင်း၊ မနန္ဒာက (၁၁ တန်း)က ရှစ်လေးလုံး နောက်ဆက်တွဲနှင့် မပြီးပြတ်သေးသော ဒီမိုကရေစီ လှုပ်ရှားမှုအတွက် လက်ရှိ ရှစ်လေးလုံးမျိုးဆက်မျာ၏ လုပ်ဆောင်ချက်များကို မှတ်တမ်းရုပ်သံဖိုင် တချို့နှင့်လည်းကောင်း အသီးသီး ပြောကြားသွားသည်ကို တွေ့ရပါသည်။ မောင်ထွန်းလင်းမိုး၏ နိဂုံးချူပ်ပြောကြားချက်တွင်
 
"We salute all martyrs who sacrificed for democracy and human rights in Burma against illegal military regime. We never forget, never give up. The long journey, for over 50 years struggle for the democracy and human rights which started in 1962 has been a mournful, devastating, intense journey. However the search for democracy hasn’t been completed yet. We, the children of the 8888 generations have a responsibility to know and continue the history of what our parents attempted to achieve. We would like to request that the Australian people and Government assists in what our parents’ goal is reached. The struggle and search for democracy in Burma hasn’t been completed. Not yet. တရားမ၀င် စစ်အုပ်စုကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ရတဲ့ အာဇာနည်သူရဲကောင်းအပေါင်းအား ကျွန်တော်တို့ အလေးပြုပါတယ်။ ကျွန်တော်တို့ ဘယ်တော့မှလက်မြှောက်အရှုံးပေးမှာ မဟုတ် မေ့လည်းမေ့မှာ မဟုတ်ပါဘူး။ ၁၉၆၂ မှာ စခဲ့တဲ့ အနှစ် ၅၀ ဒီမိုကရေစီ တိုက်ပွဲဝင် ခရီးရှည်ကြီးက ၀မ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေ၊ ကြီးမားတဲ့ ခက်ခဲကြမ်းတမ်းမှုတွေ ပေးဆပ်မှုတွေနဲ့ ပြည့်နက်နေပါတယ်။ သို့ပေမဲ့လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပန်းတိုင်ကိုတော့ မရောက်သေးပါဘူး။ 8.8.88 မျိုးဆက်တွေက ပေါက်ဖွားလာတဲ့ ကျွန်တော်တို့ မျိုးဆက်သစ် ကလေးတွေဟာ ကျွန်တော်တို့ မိဘတွေလိုလားတဲ့ သမိုင်းကို သိဖို့နဲ့ မပြီးဆုံးသေးတဲ့ ဒီသမိုင်းကို ပန်းတိုင်အောင် ရောက်အောင်လျှောက်လှမ်းဖို့ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ မိဘတွေ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ဖို့အတွက် သြစကြေးလျားလူထုကိုလည်း ၀ိုင်းဝန်းကူညီပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဟာ မပြီးသေးပါဘူး" ဟု ရှစ်လေးလုံးသမိုင်း နိဂုံးချူပ်မှာ မောင်ထွန်းလင်းမိုးက ထည့်သွင်း ပြောကြားသွားပါသည်။

အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီခေါင်းဆောင် ကိုသန်းထွဋ်ဆွေမှ ပြောကြားရာတွင် ဤအခမ်ဒအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဦးစွာတင်ပြထားပြီး ၀ိုင်းဝန်းပါဝင်ဆောင်ရွက်သူများကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဤအခမ်းအနားကို ABSDF Australia Branch မှ ကြီးမှူးကျင်းပသည် ဆိုသော်လည်း ဆစ်ဒနီမြန်မာကွန်မြူနီရှိ တတခြားအဖွဲံ့အစည်းများ၊ တိုင်းရင်းသား လူမျိုးစု ကိုယ်စားပြုအဖွဲ့များနှင့် အများပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် ဖြစ်လာခဲ့ကြောင်း ၎င်းတို့၏ပူးပေါင်းပါဝင်မှု မရှိဘဲနှင့် ယခုကဲ့သို့ အဆင်ပြေချောမွေ့ အောင်မြင်စွာ ကျင်းပနိုင်ရှိရှိမည် မဟုတ်ကြောင်း စတင်ပြောကြားခဲ့ပြီး အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဆက်လက်ပြောကြားသွားပါသည်။ ဤအခမ်းအနားကို ကျင်းပရခြင်းမှာ (၁) အချင်းချင်း ချစ်ကြည်ငြိမ်းချမ်းမှုကို ထိန်းသိမ်းရန် (၂) ဒီမိုကရေစီတိုက်ပွဲအတွက် အသက်ပေးသွားသူများအပေါ် အစဉ်ဦးညွတ်ဂုဏ်ပြုမှု ပေးရန်၊ (၃) မြန်မာ့နိုင်ငံရေးမှာ စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန် မပေါ်ပေါက်စေရန် မိမိတို့မျိုးဆက်မှ မျိုးဆက်မှ မွေးဖွားလာသော မျိုးဆက်သစ်များကို မိမိတို့သမိုင်းကို အသိပညာပေးပြီး လက်ဆက်ကမ်းသွားရန် ဟူ၍ ရည်ရွယ်ချက် သုံးခုဖြင့် ကျင်းပရကြောင်း ပြောကြားခဲ့ပါသည်။

ပြီးနောက် အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဟောခန်းမငှားပေးသည့် ဒေါက်တာကျော်မြင့်မှ အစပြု၍ ဤအခမ်ဒအနားအတွက် အခမ်းအနား ပြင်ဆင်ရေး၊ ချက်ပြုတ်ရောင်းချပေးရေး၊ အခမ်းအနားအတွက် လိုအပ်သည့် အလံအစရှိသည်တို့ကို စုဆောင်းရှာဖွေရေး၊ ကျွေးမွေးဧည့်ခံရေး စသည်တို့တွင် ပါဝင်သူ အားလုံး၊ အမှာစကားများ မိန့်ခွန်းများ ပြောကြားပေးသူများ အားလုံး၊ သီဆိုတီးမှုတ် တေးသရုပ်ဖေါ်ပေးသူများ အားလုံး၊ မှတ်တမ်းတင်ပေးသူ မြင့်မိုရ်မန်တိုင်၊ ရှစ်လေးလုံးသမိုင်း ဟောပြောမှုအတဆွက် စာစီစာရိုက်ပေးသူ၊ အချောသပ် ဆောင်ရွက်ပေးသူများ စသည်ဖြင့် အခမ်းအနားအတွက် ကဏ္ဍအလိုက် လုပ်အား၊ ငွေအားဖြင့် ဥာဏ်အားဖြင့် ၀ိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးသူ များအားလုံးကို အဘက်ဘက်မှ အဖွဲ့အစည်းအလိုက်သော်လည်းကောင်း၊ ပုဂ္ဂိုလ်တဦးချင်းစီကိုလည်းကောင်း ကျေုးဇူးတင်စကား ပြောကြားသွားခဲ့ပါသည်။

အခမ်းအနား အစီစဉ်များကို စတင်မကြေညာမီကပင် အခမ်းအနားတွင် ရန်ပုံငွေအတွက် 8.8.88 သော့ချိပ်များ ရောင်းချခြင်း၊ မြန်မာအစားအစာများ ချက်ပြုတ်ရောင်းခြခြင်းနှင့် တသီးပုဂ္ဂလထည့်ဝင်လှူဒါန်းမှုကို လက်ခံခြင်းလည်း ရှိပြီး ရရှိသည့် ရန်ပုံငွေအားလုံးကို ABSDF ဗဟိုသို့ ပို့ပေးမည်ဖြစ်ကြောင်း သိရပါသည်။ ကဏ္ဍတခုပြီးမှ တခုတင်ဆက်ခြင်းမျိုး မဟုတ်ဘဲ တလှည့်စီ ကြားညှပ် တင်ဆက်သွားသည်ကို တွေ့ရပြီး ည ၁၀ နာရီခန့်တွင် တေးသရုပ်ဖေါ်များကို တာဝန်ယူတီးခတ်ပေးသော လောကနတ် တီးဝိုင်းမှ အဖွဲ့သားတဦးဖြစ်သူ မန်းကျော်ဆန်း၏ သွေးမှုန်တိုင်းသီချင်း အပြီးမှာ အရေးကြီးပြီ သီချင်းကို အားလုံးသံပြိုင် ပါဝင်သီဆိုပြီး အခမ်းအနားကိုအောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။

ဆက်သွယ်လိုပါက
သန်းထွဋ်ဆွေ (Co-ordinator) 614 21 148 141 
ရှစ်လေးလုံး ငွေရတု အခမ်းအနား ဖြစ်မြှောက်ရေး ကော်မတီ တာဝန်ခံ


မျိုးစောင့်ဥပဒေအပေါ် ဥပဒေပညာရှင်များ သဘောထား


မျိုးစောင့်ဥပဒေ ပြဌာန်းရန် မလိုဟု မြန်မာနိုင်ငံ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာ တိုးတက်ပြန့်ပွားရေးအသင်း ပြောကြား
မျိုးစောင့်ဥပဒေ ပြဌာန်းချက်တချို့သည် လူမျိုးရေး ဘာသာရေး ပြဿနာများကို ပိုမိုကြီးထွားရာရောက်စေသောအချက်များ ပါဝင်သောကြောင့် မြန်မာနိုင်ငံတွင် ပြဌာန်းရန် မလိုအပ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေရှေ့ရပ်များ ဥပဒေပညာတိုးတက် ပြန့်ပွားရေးအသင်းက
သတင်းထုတ်ပြန်သည်။ "နိုင်ငံအတွင်းမှာရှိတဲ့ ချင်း၊ ကချင်၊ ကရင် စတဲ့တိုင်းရင်းသား အအများစုကတော့ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြတာပါ။ မျိုးစောင့်ဥပဒေ ပြဌာန်းလိုက်ရင် ညီညွတ်မှုအတွက် မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်။ နိုင်ငံတော်ကလည်း တိုင်းရင်းသားအချင်းချင်း ညီညွတ်မှု၊ ငြိမ်းချမ်းမို့ ရရှိဖို့ လုပ်ဆောင်နေရပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုးက ပြောသည်။ ထို့အပြင် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေတွင် (နိုက်) မြန်မာအမျိုးသမီးများအနေနှင့် ဘာသာခြားအမျိုးသားများနှင့် လက်ထပ်ထိမ်းမြားရာတွင် အကာအကွယ် အပြည့်အ၀ ပေးထားကြောင်း၊ ကိုးကွယ်ရာ ဘာသာပြောင်းရန် မလိုအပ်သည့်အပြင် ကွာရှင်းပြတ်စဲမှု၊ အမွေဆက်ဆံမှုတို့တွင် နစ်နာမှု မရှိစေရန် ရေးဆွဲထားကြောင်း၊ လိုအပ်ပါကလည်း ၁၉၅၄ ခုနှစ် ဥပဒေကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်မှု ပြုလုပ်၍ ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာတိုးတက်ပြန့်ပွားရေး အသင်းထံမှ သိရသည်။
မျိုးစောင့်ဥပဒေ ပြဌာန်းခြင်းနှင့်ပတ်သက်၍ မည်သည့်ဘာသာမဆို ထိမ်းသိမ်းစောင့်ရှောက်သည့် ဥပဒေများ ရှိသော်လည်း ထေရ၀ါဒ ဗုဒ္ဓဘာသာတွင် မရှိသည့်အတွက် ဧည့်သည်များ၏ အနိုင်ကျင့်မှုများ ကြုံတွေ့ရသောကြောင့် ယင်းဥပဒေ ပေါ်ပေါက်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ဦးဆောင်ကြိုးပမ်းသည့် ဆရာတော်များက မိန့်ကြားထားသည်။
၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု ဥပဒေတွင် ပုဒ်မ ၂၄၊ ၂၅၊ ၂၆ ပြဌာန်းချက်များတွင် (နိုက်) "`ဤဥပဒေအရ ထိမ်းမြားကြသူ (သို့မဟုတ်) ထိမ်းမြားသည်ဟု မှတ်ယူခြင်း ခံရသူတို့၏ (ပစ္စည်းပိုင်ဆိုင်ခွင့်၊ လင်မယားကွာရှင်းမှု၊ ပစ္စည်းခွဲဝေမှု၊ အမွေဆက်ခံမှု) ကိစ္စ အားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏ မိသားစုတို့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်း ဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာ ဓမ္မသတ်အတိုင်း ဆုံးဖြတ်ရမည်" ဟု ပါရှိပြီး ဖြစ်ရာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦးနှင့် တခြားဘာသာဝင် ယောက်ျားတဦးလက်ထပ်ရာတွင် ကိစ္စရပ်တိုင်းသည် ဗုဒ္ဓဘာသာ ဓမ္မသတ်အတိုင်း ဆုံးဖြတ်ရမည်ဖြစ်ရာ အကာအကွယ် အပြည့်အ၀ ရထားကြောင်း ဥပဒေပညာရှင်များက ထောက်ပြပြောဆိုသည်။
ဥပဒေတရပ် ပြဌာန်းရာတွင် အများပြည်သူတို့၏ ရေရှည်အကျိုးစီးပွားကို အဓိကထား၍ ရေးဆွဲပြဌာန်းရပြီး မျိုးစောင့်ဥပဒေသည် ရှေရှည်တွင် တိုင်းရင်းသားလူမျိုးအတွက် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း အထက်ပါအသင်းမှ ဥပဒေပညာရှင်များက ပြောကြားသည်။ မျိုးစောင့်ဥပဒေကို ပြည်သူလူထု၏ ထောက်ခံလက်မှတ်ပေါင်း နှစ်သန်းကျော်ဖြင့် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွတ်တော်နှင့် ပအမျိုးသားလွှတ်တော်သို့ ယခုရက်ပိုင်းအတွင်း ပေးပို့ထားသည်။
(၂၈-၇-၂၉၁၃ ဆဲဗင်းဒေး နေ့စဉ်သတင်းစာ)

သတင်းစာဖြတ်ပိုင်း ဓာတ်ပုံကို Baydar Lam facebook မှ ကူးယူဖေါ်ပြပြီး ဓာတ်ပုံထဲက စာသားကို ပြန်ရိုက်ထုတ်ပြီး ပြန်လည်ဖေါ်ပြထားပါတယ်။

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေနဲ့ပတ်သက်တဲ့ အချက်အလက်ကို အောင်စည်တော်ကြီး ဖေ့ဘုတ်မှ ကူးယူပြီး ထပ်ဖြည့်စွက်လိုက်ပါတယ်။


မဟာဗေဒင် (အစ္စလမ်) ဘာသာဝင်တို့နှင့် ထိမ်းမြားရေး
ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ နစ်နာဆုံးရှုံးနေသည့် အခွင့်အရေးများအား ပေးအပ်ရန်အတွက် ၁၉၅၄ ခုနှစ်တွင် "ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ" ကိုပြဌာန်းခဲ့သည်။ အဆိုပါ အက်ဥပဒေပုဒ်မ (၂၀) အရ မဟာဗေဒင် အမျိုးသားတဦးနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦး အကြင်လင်မယားအဖြစ် အထင်အရှားပေါင်းသင်းနေထိုင်ခဲ့ပါက မဟာဗေဒင် တရားဥပေဒနှင့် ဓလေ့ထုံးတမ်းများက မည်သို့ပင် ရှိစေကာမူ ထိုသို့နေထိုင်ပေါင်းသင်းချိန်မှစ၍ "၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ" အရ ထိမ်းမြားခဲ့သည်ဟု မှတ်ယူနိုင်လေသည်။ ထိုသူတို့၏ လင်မယားကွာရှင်းမှုကိစ္စ၊ မွေဆက်ခံမှုကိစ္စ၊ သားသမီးထိန်းသိမ်းမှုကိစ္စတို့မှာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရသာလျှင် ဆုံးဖြတ်ရန် ဖြစ်ပေသည်။
 
*******************************************
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာသည် ဘာသာရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍတို့တွင် ရောယှက်ခြင်းမရှိ တသီးတခြားစီပိုင်းခြားထားပေသည်။

ဗုဒ္ဓဘာသာ၏ ရင်းမြစ်သဘောတရားမှာ လောကီရေးနှင့် သက်ဆိုင်သည်မဟုတ်ပေ။

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဆိုသည်မှာ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်း တစ်လျှောက်တွင် အဓွန့်ရှည်စွာ လက်ခံကျင့်သုံးခဲ့သည့် ဓလေ့ထုံးတမ်းများကို အခြေခံပြီး ပေါက်ဖွားလာသော လူမှုရေးဥပဒေ ဖြစ်သည်။

ဗုဒ္ဓဘာသာ တရားဥပဒေဟူသည့်ဝေါဟာရသည် အဓိပ္ပါယ်လွဲမှားနေကြောင်း ဥပဒေ ပညာရှင်များက တညီတညွတ်တည်း လက်ခံဆုံးဖြတ်ခဲ့ကြသည်။
မြန်မာဗုဒ္ဓဘာသာဝင်များနှင့် သက်ဆိုင်သည့် လူမှုရေးဥပဒေ ကိုပြဆိုရာ၌မူ မြန်မာဗုဒ္ဓဘာသာ ၀င်များနှင့် သက်ဆိုင်သည့် လူမှုရေးဥပဒေမှာ "မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေ"ဖြစ်သင့်ကြောင်း ဥပဒေပညာရှင်အသီးသီးက တညီတညွတ်တည်း လက်ခံဆုံးဖြတ်ခြဲ့ ကသည်။

ဤအချက်များကိုဖော်ပြရခြင်းမှာ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ ၏ လူမှုရေးနှင့် တသီးတခြားတည်ရှိမှုကို ဦးစွာပထမ သိရှိစေလိုခြင်းကြောင့်ဖြစ်ပါသည်။
အခြားသောဘာသာများတွင်ကား ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမှာကဲ့သို့ မဟုတ်ပဲ ဘာသာရေးနှင့် လူမှုရေးရောယှက်နေသည့်ဘာသာများလည်း ရှိသည်ကိုတွေ့ရှိရ သည်။

မြန်မာဗုဒ္ဓဘာသာ မိန်းမများ၏ ထိမ်းမြားလက်ထပ်ရေးနှင့် သက်ဆိုင်သော ဥပဒေဖြစ်သည်။ ထိမ်းမြားလက်ထပ်ရေးသည် လူမှုရေးကိစ္စ သက်သက်သာ ဖြစ်သည်။ ထိမ်းမြားလက်ထပ်ရေးနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ၏ ဘာသာရေးရှုထောင့်မှ ၀င်ရောက် စွက်ဖက်ခြင်း တစ်စုံတစ်ရာမရှိပေ။

မြန်မာဗုဒ္ဓ ဘာသာဝင်များနှင့် သက်ဆိုင်သော လူမှုရေးဥပဒေဟု ဥပဒေပညာရှင် အသီးသီး က တညီတညွတ်တည်း လက်ခံဆုံးဖြတ်ခဲ့ကြသော " မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ "ကလည်း ထိမ်းမြားလက်ထပ်ရေးနှင့် ပတ်သက်၍ အချုပ်အခြယ်မရှိ လွတ်လပ်ခွင့်ပေးထားသည်။

မြန်မာဗုဒ္ဓဘာသာတစ်ယောက်အား ဘာသာခြားနှင့်ထိမ်းမြားမှုကို တားမြစ်ပိတ်ပင်ခြင်း မရှိပေ။ သို့သော် ဘာသာခြားတို့၏ ဓလေ့ထုံးတမ်းများ၊ ဘာသာခြားတို့၏ ဘာသာရေး တရားဥပဒေများကမူ များစွာ ကြပ်တည်းလှသည်ကိုတွေ့ရ သည်။

ဘာသာခြားနှင့် ထိမ်းမြားလက်ထပ်ခြင်းကို ကြပ်တည်းစွာ တားမြစ် ပိတ်ပင်ထားခြင်း၊ ၄င်းတို့၏ ဘာသာသို့မကူးပြောင်းဘဲ ၄င်းတို့ဘာသာဝင်နှင့် တရားဝင်ထိမ်းမြားမှုမပြုနိုင်ခြင်း အမျိုးဇာတ်မတူသူနှင့် ထိမ်းမြားမှု မပြုနိုင်ခြင်းတို့ကို တွေ့ရပေသည်။

သို့ဖြစ်၍ ၄င်းတို့၏ဘာသာရေး ဓလေ့ထုံးတမ်းများ ဥပဒေများအရဆိုလျှင် အခြေအနေ အရပ်ရပ်ကြောင့် ဘာသာခြားများနှင့်အိမ်ထောင်ပြုကြရသည့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများသည် တရားဝင်မယားဖြစ်မြောက်ရန် ကိစ္စမှာ မိမိတို့၏ ကိုးကွယ်ရင်းဘာသာဖြစ်သည့် ဗုဒ္ဓဘာသာကို စွန့်လွှတ်မှသာ ဖြစ်နိုင်မည့်အခြေအနေတွင်ရှိပေသည်။

ထိုသို့မိမိကိုးကွယ်ရာ ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာကိုစွန့်လွှတ်ရန် ဘာသာကူးပြောင်း ရန်လိုပါသလား? မလိုပါ။

မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးရခြင်း မရှိစေရန်အလို့ငှာ ၁၉၅၄ ခုနှစ်ကပင် " ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ " ကိုပြဌာန်း၍ ဘာသာခြားနှင့် လက်ထပ်ရသော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတို့အနေနှင့် လင်ယောကျာ်း၏ ဘာသာသို့ ဘာသာကူးပြောင်းခြင်းမပြုဘဲ တရားဝင် လက်ထပ် ထိမ်းမြားနိုင်ခြင်း၊ တရားဝင် ဇနီးမယားအဖြစ်ဖြင့် လင်ယောကျာ်း၏အမွေကို တရားဝင် ဆက်ခံနိုင်ခြင်းစသည့် အခွင့်အရေးများကို ဖော်ဆောင်ပေးခဲ့ပါသည်။

၎င်း " ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ " သည် အထူးဥပဒေတစ်ရပ် ဖြစ်သည်နှင့်အညီ အခြားဥပဒေ၊ ဓလေ့ထုံးတမ်းနှင့် မိသားစု ဥပဒေများအပေါ်လွှမ်းမိုးသည်။

၎င်းဥပဒေ ပုဒ်မ- ၄ တွင်``အခြားတည်ဆဲ တရားဥပဒေများတွင် သော်လည်းကောင်း၊ တရားဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးစံများတွင် သော်လည်းကောင်း ၊မည်သို့ပင်ဆန့်ကျင် လျက်ပါရှိစေကာမူ ဤအက်
ဥပဒေပါ ပြဌာန်းချက်များသည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင် မဟုတ်သော လင်ယောကျာ်းတိုင်းအပေါ် အာဏာ သက်ရောက်ရမည်´´ဟုပြဌာန်းထားပေသည်။

နိုင်ငံတကာကလက်ခံသည့် ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှု (Conflict of Laws) ဆိုင်ရာ ယေဘူယျစည်းမျဉ်းအရလည်း-``ထိမ်းမြားသူတို့၏ အရည်အချင်းနှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးရမည့် ဥပဒေမှာ နေရင်း ဒေသ ဥပဒေ (lexdomicilii) ဖြစ်ပြီး၊ ပုံစံအားဖြင့် တရားဝင်မှုနှင့် ပတ်သက်၍ အဆုံး
အဖြတ်ပေးရမည့် ဥပဒေမှာ ထိမ်းမြားမှု ပဋိညာဉ်ပြုရာဒေသဥပဒေ (lax loci celebrationis) ဖြစ်ပေသည်။´´

ထို့ကြောင့် ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့် ထိုအမျိုးသမီး၏ ဗုဒ္ဓဘာသာဝင် မဟုတ်သောလင်ယောကျာ်းတို့ အကြားဖြစ်ပွားသည့် ထိမ်းမြားမှု၊ အမွေဆက်ခံမှု ကိစ္စများကို " ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ" အရသာလျှင် အဆုံးအဖြတ်ပေးရမည် ဖြစ်ပေသည်။

***************************************

 မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေကို ဒီနေရာမှာ Download  ပြီးဖတ်နိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ

၁၉.၇.၄၇


ကဗျာစပ်သူရော အာဇာနည်ခေါင်းဆောင်ကြီးတွေပါ သက်ရှိထင်ရှား မရှိတော့တဲ့အတွက် ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးပြီး ၁၂ နှစ်မြောက်နေ့ဖြစ်တဲ့ ၁၉.၉.၅၉ ရက်မှာ အဘဦးရဲခေါင်က အာဇာနည်နေ့ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာလေးကို ပြန်ဖေါ်ပြရင်း ဂုဏ်ပြုသူ ဂုဏ်ပြုခံအားလုံးကို အလေးပြုပြီး ကောင်းရာသုဂတိလားကြပါစေလို့ ဆုတောင်းလိုက်ပါတယ်...

"၁၉.၇.၄၇"

ပြည်ဗမာ ရွှေအိမ်တွင်း မှာဖြင့်
မသတီစရာ ပွေလိမ်တဲ့ အခင်းရယ်ကြောင့်
(ဗိုလ်ချူပ်ရေ...)
ရေတိမ်အတွင်းမှာမှ နစ်ရသည်။ ။

သြော်.... အခင်းစစ်လိုက်ပြန်တော့
အတွင်းနှစ်မှာ လျော်ကန်တဲ့နည်းတွေနဲ့
တော်လှန်အပြီးမှာ မြန်ပြည်လွတ်ရန်ဘို့
ကြံစည်မချွတ်သနော် အားအင်သုံးလို့ရယ်
ပုန်းလျက်စစ်ချီ....။ ။

ရိုင်းလိုက်လေ မျိုးမစစ်တဲ့ အခင်းပေထင့်
ဂိုဏ်းမိုက်တွေ ဆိုးညစ်တဲ့ အခြင်းရယ်နဲ့
မျိုးချစ်တသင်းကိုတော့ သတ်ခဲ့ပြီ....
တပ်ဖွဲ့ဇာနည်တွေမှာဖြင့်
ခြောက်နတ်ရွာသို့ မြန်းကြွပြီတကား.....။
မြတ်တဲ့သာကီတွေဟာမို့
နောက်ထပ်လာဘို့ တမ်းတသည်အများ....။

ဖြစ်ကြောင်းငယ်ညွန်
နှစ်ဟောင်းကွယ်လွန်ခဲ့ပေမယ့်
ဆယ့်ကိုး,ခွန်,လေးခွန်နှစ်ကိုတော့
ဖန်တခါခါ ပြန်ကာစစ်ပါလျှင်ဖြင့်
အမြဲတိုင်သဲဆိုင်နစ်လို့ရယ်
မေ့ပစ်မသွား...။ ။

မြ၀တီ-ရဲခေါင်

(၁၉၅၉ ခု၊ ဇူလိုင်လထုတ် မြ၀တီမဂ္ဂဇင်းမှ)

အဘဦးရဲခေါင်ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုလည်း ဒီမှာ http://nge-naing.blogspot.com.au/2013/03/blog-post.html တင်ထားတာ ရှိပါတယ်။ 


အာဇာနည်ခေါင်းဆောင်ကြီးများအားလုံး ကောင်းရာသုဂတိ လားကြပါစေ။

 


မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် သြ၀ါဒခံယူပွဲ

အမှောင်ထဲမှ အလင်းရောင်ခြည်

အခုတလော ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးတွေဆီက ထွက်လာတဲ့အသံတွေမှာ  ဟိုတုန်းက ကြားရလေ့ရှိတဲ့ ဘုရားဟောတဲ့ မေတ္တာ၊ ကရုဏာတရားတွေ အင်မတန်မှကို ကြားရခဲလှပြီး  ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့အမျိုးဆိုပြီး နေရာတကာ ငါလွှမ်းမိုးနေတဲ့ အတ္တတွေနဲ့ ဘာသာခြားတွေအပေါ် အမုန်းတရားတွေကိုပဲ ထပ်ခါတလဲလဲ ကြားခဲ့ရပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲအဖြစ် ဗုဒ္ဓသာသနာမှာ ဘယ်တုန်းကမှ ဘုရားနဲ့ ဘုရားသားတော်တွေ ၀င်မစပ်စုခဲ့သလို ဘယ်တုန်းကမှ မခွဲခြားခဲ့ဖူးတဲ့ လူမျိုး၊ ဘာသာ၊ ကျားမခွဲခြားထားတဲ့ မျိုးစောင့်ဥပဒေဆိုတဲ့ ဥပဒေတခုကိုလည်း သန္ဓေတည်ပေးဖို့ ဘုန်းကြီးတွေ အင်တိုက်အားတိုက် ကြိုးစားနေကြတာစိတ်မချမ်းသာစွာ တွေ့တော့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အနတ္တတရားတွေကို ဒီအတ္တတွေတရားတွေက လွှမ်းမိုးသွားတော့မလားဆိုတဲ့ စိုးရိမ်မှုနဲ့ တကယ်ပဲ စိတ်မှာ ပူပြင်းခဲ့ရပါတယ်။ မေတ္တာတရားနဲ့ ပြည့်နှက်နေတဲ့ စစ်မှန်တဲ့ ဗုဒ္ဓတရားတော်တွေက ဒီလိုပဲ အမုန်းတရားတွေ၊ အာဂါတတရားတွေနဲ့ အရောင်ဆိုး အဖျက်ဆီးခံရတော့မလား၊ မြန်မာပြည်သာသနာ အမှောင်လွှမ်းတဲ့ခေတ်ကို ရောက်တော့မလားနဲ့ တွေးပြီး ဆောက်တည်ရာမရ ဖြစ်နေချိန်မှာ အောက်က သတင်းဗွီဒီယိုလေးက ကျွန်မအတွက် တကယ်ပဲ အမှောင်ထုအတွင်းမှ အလင်းရောင်ခြည် ဖြစ်ခဲ့ပြီး စိတ်သက်သာရာ ရစေခဲ့ပါတယ်။ မြန်မာပြည်မှာ ဘယ်သူတွေ အတ္တဘယ်လောက်ပဲကြီးကြီး မေတ္တာ ကရုဏာလွှမ်းခြုံတဲ့  ဗုဒ္ဓသာသနာစစ်စစ်ကို ဟောကြားနေသေးတဲ့ ရဟန်းပညာရှင်တွေ လူဘာသာရေး ပညာရှင်တွေ ရှိနေသေးသ၍ သာသနာ ဘယ်တော့မှ မပျောက်ဘူးဆိုတာ ယုံကြည်လိုက်ပါတယ်။ အောက်ကဗီဒီယိုသတင်းလေးကို ဆက်လက်နားထောင်နိုင်ပါတယ်။ လိုင်းမကောင်းသူများအတွက် စာသားကို ဖတ်နိုင်အောင် တကူးတက ပြန်ရိုက်ထုတ်ထားပေးပါတယ်။
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
မြန်မာပြည်အတွင်း ဗြဟ္မာဇိုရ်တရား ထွန်းကားပါစေ

မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်တွေကို ဟောကြားတဲ့နေရာမှာ ဘယ်ဘာသာတွေကိုမှ မထိခိုက်ဘဲ မူဘောင်အတွင်း ဟောကြားကြဖို့ မိုးကုတ်ဝိပဿနာ အဖွဲ့ချူပ် နာယကဆရာတော်ကြီးတွေက မိုးကုတ်တရားဟော ဓမ္မကထိကတွေကို ဂျူလိုင် (၁၀) ရက်နေ့မှာ သီးသန့် သြ၀ါဒပေး မိန့်ကြားလိုက်ပါတယ်။

 ဘုရားရှင်ရဲ့ တရားတော်တွေကို ဟောပြောပို့ချရာမှာ သူတပါးစိတ်အနှောင့်အယှက် မဖြစ်အောင် အထူစောင့်စည်းကြဖို့ အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းရေး သြ၀ါဒခံယူပွဲမှာ မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။ ဘာသာ သာသနာရေးအတွက် သီးခြားကိုယ့်ဆိုင်ရာ ဆိုင်ရာပုဂ္ဂိုလ်များကို အဖွဲ့ချူပ်ကြီးက ဖိတ်ကြားပြီး နာယကဆရာတော်များက သာသနာပြုတဲ့နေရာမှာ တပါးသော လူမျိုးဘာသာ၊ သာသနာကို မထိပါး မပုတ်ခတ်ဘဲနဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ မပျောက်ပျက်အောင်၊ ကြီးပွားအောင်၊ တိုးတက်အောင် စည်ပင်အောင်၊ ပြန့်ပွားအောင် ဓမ္မအဓိဋ္ဌာန်ကျကျ မဇ္ဈိမပဋိပဋာ လမ်းကြောင်းကနေပြီးတော့ ပြုနိုင်ကြစေဖို့အတွက် အဲဒါလေးကို အကျိုးအားဖြင့် ဖိတ်ခေါ်ပြီးတော့ သြ၀ါဒပေးခြင်း ဖြစ်ပါတယ်။ (အရှင်စန္ဒာသီရိ (ဓမ္မစရိယ))

 မိုးကုတ်ဝိပဿနာ လမ်းညွန်ချက်နဲ့ ဖွင့်လှစ်ထားတဲ့ အနယ်နယ်အရပ်ရပ်က ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းတွေမှာလည်း မုန်းတီးမှုကို ခြေခံတဲ့စကားအသုံးအနှုန်းတွေ ဝေါဟာရတွေ မပါဝင်စေဖို့နှင့် ဗုဒ္ဒရဲ့တရားတော် စစ်စစ်ဖြစ်တဲ့ ကရုဏာတရား ရှေ့ရှုတဲ့သင်ကြားမှုတွေသာ လုပ်ဆောင်ဖို့ ညွန်ကြားချက်တွေ ထုတ်ပြန်ထားလိုက်ပြီလို့ ဆိုပါတယ်။ အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောင့်မှုဟာ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့တရားတော်အတိုင်း လုပ်ဆောင်ဖို့ မိုးကုတ်ဓမ္မကထိကတွေကို သီးသန့်သြ၀ါဒပေးဖို့ ကျင်းပတာဖြစ်တဲ့ အခမ်းအနားကို ရဟန်းဓမ္မကထိက ၃၅၀ ကျော်နှင့် လူဓမ္မကထိက ၄၀ ကျော်တက်ရောက်ခဲ့ပါတယ်။ ဗုဒ္ဓရဲ့ ဟောတဲ့အရ ဗုဒ္ဓရဲ့အဆုံးအမကတော့ အကုန်လုံး ဆွေမျိုးမတော်စပ်သူဆိုတာ မရှိပါဘူး။ အကုန်လုံးတော်စပ်တယ် သံသရာခရီးတောက်လျှောက်မှာ တော်နေတဲ့အတွက် ဒါနဲ့ပတ်သက်လို့တော့ ဦးလေးတို့အနေအထားနဲ့ ဘာသာရေး ဒီ.. အဖွဲ့အစည်းတရပ် ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ဘာသာဝင်တွေကို ကျနော်တို့က မေတ္တာတရားနဲ့ ရှင်းပြရင်ကောင်းမယ်လို့ ဒါလောက်ပဲ ဒီဟာကြီးကို သွားပြီးတော့ ဦးလေးတို့ အလေးအနက်မထားပါဘူး မထားလိုပါဘူး။ (ဦးစိန်တင့် (မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေး အဖွဲ့ချူပ် ဥက္ကဌ))

 မူစလင်မုန်းတီးရေး တရားတချို့ကို မန္တလေးနဲ့ မော်လမြိုင်အခြေစိုက် ဓမ္မကထိကရဟန်းတချို့က တရားပွဲတွေမှာ ဟောပြောနေမှုနှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံက မြို့အများစုမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာမှာ မြန်မာပြည်ရဲ့ပုံရိပ် အလွန်အမင်း ကျဆင်းလာခဲ့ပြီလို့ လေ့လာစောင့်ကြည့်သူ အားလုံးလိုလိုက သတိပေးနေခဲ့တာ ဖြစ်ပါတယ်။

အောက်က ဓာတ်ပုံနဲ့ စာသားကိုလည်း facebook မှ ကူးယူဖေါ်ပြထားပါတယ်။


Thursday, 11 July 2013 04:21

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးနှင့် ပတ်သက်၍ နာယက ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူပွဲ ကျင်းပစဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအတွက် အခြားဘာသာများကို မထိခိုက်စေဘဲ ဗုဒ္ဓဘာသာအပေါ် ဘာသာဝင်များ ယုံကြည်ချက် ခိုင်မာစေရန် သံဃာတော်များက ဓမ္မ၀ိနယနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ဟု ဇူလိုင် ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေး အဖွဲ့ချုပ်တွင် ကျင်းပသည့် အမျိုးဘာသာ သာသနာတော်ကို ဓမ္မ၀ိနယနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ် နာယက ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူပွဲတွင် နာယက ဆရာတော်ကြီးများက မိန့်ကြားသည်။

အဆိုပါ အခမ်းအနားသို့ မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေး အဖွဲ့ချုပ်၏ ဓမ္မကထိက၊ ကမ္မဋ္ဌာနာစရိယ သံဃာတော် စုစုပေါင်းအပါး ၁၅၀ ကျော် တက်ရောက်ခဲ့သည်။

နာယက ဆရာတော် ဦးအဂ္ဂဥာဏက "အမျိုး၊ ဘာသာ၊ သာသနာနဲ့ ပတ်သက်၍ ဟောပြောတဲ့အခါ မည်သည့်ဘာသာကိုမျှ မထိခိုက်အောင် တစ်ပါးသူတွေကို စိတ်အနှောင့်အယှက် မဖြစ်အောင် အထူးစောင့်စည်းပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ရှေ့တန်းထား၍ သက်ဝင်ယုံကြည်အောင် ဟောပြောဖို့ လိုအပ်ပါတယ်။ တပည့်တော်တို့အားလုံး အစွန်းလွတ်အောင်နေပြီး ဖြောင့်မှန်သော တရားကို ရှေးရှုပြီး ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်" ဟု မိန့်ကြားသည်။

နာယက ဆရာတော်ကြီး ဒေါက်တာစန္ဒာဝရာဘိဝံသက "နိုင်ငံရေးခေါင်းဆောင် တစ်ယောက်က ပြောပါတယ်။ ဘာလဲဆိုတော့ ကိုယ့်ဘာသာကနေ သူများဘာသာကို ပြောင်းသွားတာဟာ ကိုယ့်ဘာသာအပေါ်မှာ ယုံကြည်ချက် မခိုင်မာလို့၊ ယုံကြည်ချက် ခိုင်မာနေတဲ့ ပုဂ္ဂိုလ်များအတွက် ဘယ်ဥပဒေမှ ထုတ်စရာ မလိုပါဘူးဆိုပြီး ပြောသွားတာကို တပည့်တော်တို့ တွေ့လိုက်ရပါတယ်။ ဒါဟာဟုတ်ပါတယ်။ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် ယုံကြည်မှုပါပဲ။ ဘယ်လောက်ပဲ ဥပဒေတွေနဲ့တားတား ယုံကြည်မှု မခိုင်မာရင် တခြားဘာသာ ပြောင်းသွားမှာပါ" ဟု မိန့်ကြားသည်။
ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး လူကြီးများကိုယ်တိုင် အသေအချာသိရှိသူ ရှားပါးသည့်အတွက် ကလေးရော လူကြီးပါ ဘာသာသာသနာနဲ့ ပတ်သက်ပြီး သိအောင်လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ လူကြီးများ၏ စိတ်ထဲတွင် ဘာသာသာသနာနဲ့ ပတ်သက်ပြီး ပြည့်ပြည့်၀၀ နားလည်မှု ရှိမှသာ သားသမီးများအား ပြန်လည်သွန်သင် နိုင်မည်ဖြစ်ကြောင်း . . . . .

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ဘာသာတရားကို ကာကွယ်တာဟာ အဓိကက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားသူတွေရဲ့ ယုံကြည်မှု ခိုင်မာရင် ဘယ်အရာကမှ ဘယ်သူကမှ လာလှုပ်လို့မရဘူး" ဟု ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ရပ်နားစဉ် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

"ယုံကြည်မှု မခိုင်မာသေးတဲ့ ပုဂ္ဂိုလ်တွေကို ယုံကြည်မှုခိုင်မာအောင် လုပ်ပေးရမှာ အရှင်ဘုရားတို့ တပည့်တော်တို့ရဲ့ အဓိက တာဝန်ပါ။ ကိုယ့်ဘာသာဝင်တွေရဲ့ စိတ်ထဲမှာ ဘာသာသာသနာနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ ယုံကြည်မှုဖြစ်အောင် ယုံကြည်မှု အပြည့်အ၀ ရရှိအောင် လုပ်ရပါမယ်။ ယုံကြည်မှု ခိုင်မာအောင်လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းက သံဃာပါပဲ။ ဘုရားတရားပေါ် ယုံကြည်ချက် ခိုင်မာဖို့ တာဝန်သည် သံဃာတော် အရှင်သူမြတ်တွေဆီမှာပဲ ရှိတယ်။ အရှင်ဘုရားတို့ တပည့်တော်တို့ ပေါ့ပေါ့တန်တန် နေလို့မရဘူး။ သံဃာတော်အရှင် သူမြတ်တွေက ဘာသာရေးနဲ့ ပတ်သက်တဲ့ ဆုံးမစကားတွေ ပြောပေးရပါမယ်" ဟု နာယက ဆရာတော်ကြီး ဒေါက်တာစန္ဒာဝရာဘိဝံသက ဆက်လက်မိန့်ကြားသည်။

ထိုသို့ ဆုံးမစကားများ ပြောကြားရာတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး လူကြီးများကိုယ်တိုင် အသေအချာသိရှိသူ ရှားပါးသည့်အတွက် ကလေးရော လူကြီးပါ ဘာသာသာသနာနဲ့ ပတ်သက်ပြီး သိအောင်လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ လူကြီးများ၏ စိတ်ထဲတွင် ဘာသာသာသနာနဲ့ ပတ်သက်ပြီး ပြည့်ပြည့်၀၀ နားလည်မှု ရှိမှသာ သားသမီးများအား ပြန်လည်သွန်သင် နိုင်မည်ဖြစ်ကြောင်း ဒေါက်တာစန္ဒာဝရာဘိဝံသက မိန့်ကြားသည်။

လွန်ခဲ့သည့် နှစ်များအတွင်း ဘာသာသာသနာအတွက် လုပ်ဆောင်ခဲ့သည့် သံဃာတော် အရှင်သူမြတ်အချို့သည် အဖွဲ့အစည်း အချို့၏ ခုတုံးလုပ်မှုကို ခံခဲ့ရကြောင်း၊ ထိုသို့ ခုတုံးလုပ်ခံခဲ့ရခြင်းမှာ လောကအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မလေ့လာခဲ့သည့်အတွက် ဖြစ်သောကြောင့် သံဃာတော်များ အနေဖြင့် ဒါယကာ၊ ဒါယိကာမများကို အသိဥာဏ် ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးရမည် ဖြစ်သကဲ့သို့ သံဃာတော်များ အနေဖြင့်လည်း လေ့လာမှုများ ပြုလုပ်သင့်ကြောင်း ဒေါက်တာစန္ဒာဝရာဘိဝံသက အခမ်းအနားသို့ တက်ရောက်လာသည့် သံဃာတော်များအား တိုက်တွန်းပြောကြားသည်။

နိဂုံးချုပ်တွင် ဆရာတော် ဒေါက်တာစန္ဒာဝရာဘိဝံသက "ကမ္ဘာအရပ်ရပ်က တပည့်တော်တို့ကို ထင်ကြေးပေးနေတဲ့ ဘာသာရေး လူမှုရေး အကြမ်းဖက် အစွန်းရောက်ဆိုပြီး စွပ်စွဲတယ်။ အဲဒါတွေကိုလည်း မဟုတ်ပါဘူးဆိုတာ ပြောပေးနိုင်ရမယ်။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလိုမဖြစ်အောင် နေထိုင်ရပါမယ်။ ဘာသာသာသနာနဲ့ ပတ်သက်တဲ့ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ရမယ်။ အဲဒီလို လုပ်မယ်ဆိုရင် တပည့်တော်တို့ သာသနာသည် တပည့်တော်တို့ လက်ထက်မှာ ဘယ်တော့မှ ကွယ်ပျောက်မသွားနိုင်ဘူးဆိုတာ အပြည့်အ၀ ယုံကြည်ပါတယ်" ဟု မိန့်ကြားသည်။



(ဒီအစည်းအဝေးက ဗုဒ္ဓဘာသာ အနှစ်သာရစစ်စစ်ကိုသာ ဟောပြောဖို့ ဟောကြားနေတဲ့ သံဃာတော်တွေနဲ့ ခေတ်အဆက်ဆက်နေ ယနေ့အထိ ဗုဒ္ဒသာသနာတော်ကြီးကို လူတွေဆီ အရောက်သယ်လာပေးခဲ့တဲ့ သံဃာတော်အရှင်မြတ်များ အားလုံးကို ရိုသေမြတ်နိုးလက်စုံမျိုး၍ ရှိခိုးဦးတိုက် ကန်တော့လိုက်ပါတယ်)


ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေလို့ လင်းစေသော်


လက်ထပ်ထိမ်းမြားခြင်းအပေါ် ဗုဒ္ဓဘာသာ အမြင်


ဗုဒ္ဓဘာသာတွင် လက်ထပ် ထိမ်းမြားခြင်း ဆိုသည်မှာ လူတဦးတယောက်တည်းနှင့်သာ သက်ဆိုင်သော ကိစ္စရပ်ဖြစ်ပြီး ဘာသာရေးဆိုင်ရာ တာဝန်တရပ် မဟုတ်ပေ။
 
လက်ထပ်ခြင်းဆိုသည်မှာ လူမှုရေး သဘောတူညီချက် တခုဖြစ်သည်။ ဘ၀ကို ကောင်းမွန်ပျော်ရွှင်စွာ နေထိုင်ရေးအတွက် လူသားက ဖန်တီးသော အဖွဲ့အစည်းတခု ဖြစ်သည်။ လူသားမျိုးနွယ်ကို တိရိစ္ဆာန်ကဲ့သို့သော အနေအထားမှ စည်းခြားလိုက်ခြင်းဖြစ်ပြီး မျိုးဆက်ပြန့်ပွားခြင်းကို စနစ်တကျနှင့် လိုက်လျောညီထွေစွာ ဖြစ်စေရန် ဖြစ်သည်။ ဗုဒ္ဓ၀ါဒ ကျမ်းစာများတွင် တလင်တမယားစနစ် သို့မဟုတ် မယားပြိုင်စနစ်ဟူ၍ ခွဲခြားသတ်မှတ်ခြင်းမျိုး မရှိသော်လည်း ဗုဒ္ဓဘာသာဝင် ယောက်ျားတို့သည် ဇနီးမယားတယောက်သာ ယူရန် မိမိဖာသာ သတ်မှတ်ထားကြသည်။

ဗုဒ္ဓက အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်၍ စည်းကမ်းဥပဒေများ ချမှတ်ပေးခဲ့ခြင်း မရှိသော်လည်း အိမ်ထောင်သည်ဘ၀တွင် ပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် အကြံဥာဏ်များ ပေးခဲ့သည်။ ဗုဒ္ဓဟောကြားခဲ့သော တရားအမြောက်အများထဲတွင် ဇနီးမယား တယောက်ထဲကိုသာ သစ္စာရှိရှိ ပေါင်းသင်းရန်နှင့် ရမ္မက်တဏှာနောက်သို့ လိုက်ပြီး တခြားသောမိန်းမများ အတွက် ဇနီးမယားကို စွန့်ခွာခြင်းမပြုရန် ဆုံးမခြင်းများ ပါဝင်ခဲ့သည်။ ယောက်ျားတယောက်ကို ပျက်စီး ကျဆုံးစေသော အကြောင်များထဲတွင် မိမိ၏ ဇနီးမယားမှ အပဖြစ်သော တခြားမိန်းမများနှင့် ဖောက်ပြန်ခြင်းသည်လည်း  တကြောင်းဖြစ်သည်ဟု ဗုဒ္ဓက သတိပေး ဟောကြားခဲ့သည်။

အမျိုးသားများကလည်း ကြုံတွေ့ရမည့် အခက်အခဲနှင့် အမှုကိစ္စများကို ၀န်ထုပ်ဝန်ပိုး တခုသဖွယ် သဘောပေါက် လက်ခံကြသည့်အတွက် ဇနီးမယား တယောက်နှင့် အိမ်ထောင်စု တခုကိုသာ စောင့်ရှောက် ထိန်းသိမ်းခဲ့ကြသည်။ သို့သော်လည်း ကံအကြောင်းမလှသည့် အခါမျိုးတွင် ပြဿနာကို ကြီးအောင် ချဲ့သလိုဖြစ်နေသည်။ လူသားသဘာဝ၏ အားနည်းချက်ကို သိနားလည်သော ဗုဒ္ဓက သူ့ကိုဆည်းကပ်သူများအား အိမ်ထောင်ရေး ဖောက်ပြန်ခြင်းနှင့် မတရားသော လိင်မှုကိစ္စကို ရှောင်ကြဉ်ရန် တားမြစ်ခဲ့သည်။ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်သော ဗုဒ္ဓဘာသာ၏ အမြင်မှာ လွတ်လပ်သည်။ လက်ထပ်ထိမ်းမြားခြင်းကို လူတဦးတယောက်တည်းနှင့်သာ သက်ဆိုင်သော ကိစ္စရပ်တခု အဖြစ်သဘောထားပြီး ဘာသာရေးဆိုင်ရာ တာဝန်တရပ်ဟု မသတ်မှတ်ပေ။ ဗုဒ္ဓဘာသာတွင် လူတဦးတယောက်ကို လက်ထပ်ရန် သို့မဟုတ် လက်မထပ်ဘဲ ဗြဟ္မစရိယကျင့်ရန် အတင်းအကျပ် ဆောင်ရွက်သော ဥပဒေ သတ်မှတ်ချက်များ မရှိပေ။

ထို့နည်းတူပင် ဗုဒ္ဓဘာသာဝင် မိသားစုများ အနေဖြင့် ကလေး မဖြစ်မနေ မွေးရမည် သို့မဟုတ် ကလေး အရေအတွက် မည်မျှ မွေးရမည် စသည်ဖြင့် စည်းကမ်း ချမှတ်ထားခြင်းမျိုး မရှိပေ။ ဗုဒ္ဓဘာသာက ၎င်း၏ ဘာသာဝင်တိုင်းကို အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသမျှကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားသည်။
အိမ်ထောင်ပြုခြင်းကို ကန့်သတ် ပိတ်ပင်ထားသည့် ဥပဒေသများ မရှိသော်လည်း ဗုဒ္ဓဘာသာ ရဟန်းများ အဘယ်ကြောင့် အိမ်ထောင် မပြုကြသနည်းဟု မေးခွန်းထုတ်ရန် ရှိလာသည်။ ထင်ရှားစွာတွေ့ရသည့် အကြောင်းပြချက်မှာ ရဟန်းများသည် လူသားတို့ အကျိုးအတွက် ဆောင်ရွက်ပေးနိုင်ရန် ဗြဟ္မစရိယအကျင့်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ရဟန်းများသည် လောကီနှင့် စပ်ဆိုင်သော အိမ်ရာထူထောင်ခြင်းကို ရှောင်ရှားခြင်းအားဖြင့် စိတ်၏ငြိမ်းချမ်းမှုကို ထိန်းသိမ်းကာ အခြားသူများကိုလည်း စိတ်အနှောင်အဖွဲ့များမှ လွတ်မြောက်နိုင်ရန် ကူညီရေးအတွက် အိမ်ထောင်မပြုကြခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် လက်ထပ်မင်္ဂလာ အခမ်းအနားများနှင့် စပ်ဆိုင်မှုမရှိဟု ဆိုနိုင်သော်လည်း လက်ထပ်သူများကို ဘာသာရေးအရ ဆုံးမသြ၀ါဒပေးရန်နှင့် ၎င်းတို့၏ လှူဒါန်းမှုစသော ကောင်းမှုများကို ချီးမြှောက်ပေးရန် ကြွရောက် ပေးလေ့ရှိကြသည်။

ဗုဒ္ဓ၏ အဆုံးအမများကို တင်းကျပ်စွာ လိုက်နာကြသည့်အတွက် လက်ထပ်ပြီးမှ ကွာရှင်းပြတ်စဲခြင်းများ နည်းပါးသော်လည်း ဗုဒ္ဓဘာသာတွင် ကွာရှင်းပြတ်စဲမှုကို တားမြစ်ပိတ်ပင်ထားခြင်း မရှိပေ။ ယောက်ျားနှင့် မိန်းမသည် တယောက်နှင့် တယောက် သဘောထားချင်း တိုက်ဆိုင်မှု အမှန်တကယ် မရှိတော့လျှင် လွတ်လပ်စွာ ကွာရှင်းပြတ်စဲနိုင်ခွင့် ရှိသည်။ ကွာရှင်းပြတ်စဲလိုက်ခြင်းအားဖြင့် နောင်တွင် ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့် ပြဿနာ အခက်အခဲများမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။ ဗုဒ္ဓက အသက်ကြီးရင့်သော ယောက်ျားများ အနေနှင့် ငယ်ရွယ်သော ဇနီးမယား မယူသင့်ကြောင်း အကြံပြုခဲ့သည်။ အသက်အရွယ် ကွာခြားမှုကြောင့် လိုက်ဖက်မညီဖြစ်ပြီး မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာနိုင်ကာ အိမ်ထောင်ရေးကို ပျက်စီးဆုံးရှုံးစေနိုင်သည်။

လူ့အဖွဲ့အစည်းသည် လူသားအချင်းချင်း အပြန်အလှန် ဆက်သွယ်မှု ကွန်ရက်မှတဆင့် ဖွံ့ဖြိုးတိုးတက်လာသည်။ ဆက်သွယ်မှုတိုင်းသည် မိမိတို့ အသိုင်းအ၀ိုင်းအတွင်းမှ အခြားသူများကို ထောက်ကူခြင်း၊ ကာကွယ်ခြင်းကို ရင်ထဲမှလာသော စိတ်အမှန်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ လက်ထပ်ထိမ်းမြားခြင်းသည် ကူညီလို၊ ကာကွယ်လိုသော ဆက်သွယ်မှု၏ အရေးပါသော အားကောင်းသည့် အစိတ်အပိုင်းတခု ဖြစ်သည်။
ကောင်းမွန်သော လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုသည်မှာ စစ်မှန်သော သစ္စာရှိခြင်းနှင့် နားလည်ခြင်းမှ အရှိန်မှန်မှန် ဖွံ့ဖြိုးလာခြင်းဖြစ်ပြီး တယောက်အလိုကို တယောက်က လိုက်လျောခြင်း သက်သက် မဟုတ်ပေ။ လက်ထပ်ထိမ်းမြားခြင်းကြောင့် လူ့အသိုက်အ၀န်းကိုလည်း ဖွံ့ဖြိုးတိုးတက်စေနိုင်သည်။ လူသားနှစ်ယောက် ပေါင်းစည်းခြင်းဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော အသိုက်အမြုံတခုကို တည်ထောင်နိုင်ပြီး အထီးကျန်ခြင်း၊ ချို့ငဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့မှလည်း ကင်းဝေးစေနိုင်၏။

လက်ထပ်ထိမ်းမြားခြင်းအားဖြင့် နှစ်ဦး နှစ်ဖက်လုံး၏ အခန်းကဏ္ဍကို မြင့်တက်စေနိုင်ပြီး ခွန်အားနှင့် သတ္တိများကို အပြန်အလှန် ပေးအပ်နိုင်ကြသည်။ တယောက်၏ စွမ်းရည်ကို တယောက်က ထောက်ကူပြီး အသိအမှတ်ပြုကာ ကျေနပ် လက်ခံနိုင်စေသည်။ ယောက်ျားနှင့် မိန်းမတွင် မည်သူကပို၍ သာလွန်ကြီးမြတ်သည်ဟူ၍ မရှိ။ တန်းတူညီမျှဖြစ်ခြင်း၊ ပွင့်လင်းသော ကြင်နာခြင်း၊ စိတ်သဘောထားကြီးခြင်း၊ စိတ်ကိုငြိမ်းအေးစေခြင်း စသည်တို့ဖြင့်  အပြန်အလှန် အမှီသဟဲ ပြုခြင်းမျိုးသာ ရှိသည်။
လူသားသည် မိသားစုကို ၎င်း၏ ကိုယ်ပိုင်အယူအဆဖြင့် စီစဉ် တည်ဆောက်နိုင်သော်လည်း ကိုယ်ဝန်ဖျက်ချ ခြင်းကိုမူ တရားမျှတမှုဟု မဆိုနိုင်ပေ။
ကလေးမွေးဖွားခြင်းကို ထိန်းချုပ်ကြပ်မတ်ရန် ဗုဒ္ဓ၀ါဒတွင် အကြောင်းပြချက်မရှိပေ။ ပဋိသန္ဓေ တားဆီးရာတွင်လည်း ခေတ်ဟောင်း ခေတ်သစ်နည်းများကို လွတ်လပ်စွာ သုံးစွဲခွင့်ရှိသည်။ ကလေးမွေးဖွားမှု ထိန်းချုပ်ခြင်းကို ဆန့်ကျင် ကန့်ကွက်ခြင်းသည် လိုက်နာကျင့်သုံးရမည့် ဗုဒ္ဓ၏ တရားများကို ဆန့်ကျင်ခြင်းပင်ဖြစ်ပြီး ၎င်းတို့၏ အယူအဆသည် ကြောင်းကျိုး ဆီလျော်မှု မရှိသည်ကို သတိပြုသင့်သည်။ ပဋိသန္ဓေ တားဆီးခြင်းဆိုသည်မှာ အသက်ရှင်သန်မှုတခု ဖြစ်ပေါ်မလာမီ ကြိုတင်တားဆီးခြင်းသာ ဖြစ်သည်။ ယင်းကိစ္စတွင် သတ်ဖြတ်ခြင်း မပါဝင်သကဲ့သို့ အကုသိုလ်လည်း မဖြစ်ပေ။ သို့သော် ဖြစ်လာပြီးသော ကိုယ်ဝန်ကို ဖျက်ချလျှင်ကား မှားယွင်းမှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မျက်လုံးဖြင့် မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ဘ၀တခုကို ဖျက်ဆီး ဖယ်ထုတ်လိုက်ခြင်း ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ကိုယ်ဝန်ဖျက်ချခြင်းသည် မတရားသောအမှု ဖြစ်သည်။

ဗုဒ္ဓ၏ အဆုံးအမများအရဆိုလျှင် ဖော်ပြပါ အကြောင်းငါးချက်နှင့် ငြိစွန်းပါက သူ့တပါးအသက်ကို သတ်ခြင်း မည်သည်။ ၎င်းတို့မှာ (၁) အသက်ရှိခြင်း၊ (၂) အသက်ရှိကြောင်းကိုသိခြင်း (သို့) သတိပြုမိခြင်း၊ (၃) သေစေလိုသော ဆန္ဒရှိခြင်း၊ (၄) သတ်ရန်အားထုတ်ခြင်း နှင့် (၅) အထက်ပါ အကြောင်းတို့ကြောင့် သေဆုံးရခြင်းတို့ ဖြစ်သည်။ အမျိုးသမီးတယောက် ကိုယ်ဝန်ရှိလာပါက သူ၏သားအိမ်တွင်းတွင် အသက်တခု ဖြစ်လာသည်။ ၎င်းက အမှတ်စဉ် (၁) အချက်နှင့် ကိုက်ညီသည်။ လအနည်းငယ် ကြာပြီးသည့်အခါ ကိုယ်အတွင်းတွင် ရှိနေသောအရာမှာ သက်ရှိဖြစ်သည်ကို သိလာသည်။ ၎င်းက အမှတ်စဉ် (၂) အချက်နှင့် ကိုက်ညီသည်။ ထို့နောက် အကြောင်းပြချက် တစုံတရာဖြင့် ကိုယ်ဝန်ကို ဖြစ်သည့်နည်းနှင့် ဖယ်ထုတ်ရန် ဆန္ဒရှိလာသည်။ ထို့ကြောင့် ဖျက်ချပေးမည့်သူကို ရှာဖွေပြီး ဖျက်ချပေးရန် ခိုင်းစေသည်။ ၎င်းက အမှတ်စဉ် (၃) အချက်နှင့် ကိုက်ညီသွား၏။

ကိုယ်ဝန်ဖျက်ချသူက ၎င်း၏အလုပ်ကို ဆောင်ရွက်လိုက်သည့် အခါ အမှတ်စဉ် (၄) အချက်နှင့် ကိုက်ညီသွားပြီး နောက်ဆုံးတွင် သူတပါးအသက်ကို သတ်ခြင်း ဖြစ်သွားတော့သည်။ ယင်းသို့ဆိုလျှင် “သူ့အသက်ကို မသတ်ရာ” ဆိုသည့် ပထမဆုံးသော သီလ (ပါဏာတိပါတာ) ကို ကျူးလွန်ဖောက်ဖျက်ခဲ့ပြီဖြစ်၍ လူ့အသက်ကို သတ်ရာရောက်ပေသည်။ ဗုဒ္ဓဘာသာတွင် အခြားသူတဦး တယောက်၏ အသက်နှင့်ဘ၀ကို ဖျက်ဆီးခွင့် ပေးအပ်ထားခြင်း လုံးဝ မရှိပေ။ တိကျသော အခြေအနေတခု၏ အောက်တွင် လူတို့သည် မိမိတို့အတွက် အဆင်ပြေရာကို လုပ်ရန်အတွက် အတင်းအကြပ် တားဆီးထားသလို ခံစားကြရသည်။ သို့သော်လည်း ကိုယ်ဝန်ဖျက်ချခြင်း ကဲ့သို့သော အမှုကို ကျူးလွန်ပါက အပြစ်မှ ကင်းလွတ်ခွင့် မရသင့်သလို အခြားနည်းလမ်းအားဖြင့်လည်း ဆိုးဝါးသည့် ကံကြမ္မာနှင့် ကြုံဆုံနိုင်သေးသည်။ အချို့ သော နိုင်ငံများတွင် ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင် ခွင့်ပြုထားသည်။ သို့သော် ခွင့်ပြုထားသည့်အတွက် ပြဿနာများလည်း ရှိနေသည်။

 ဘာသာရေး စည်းမျဉ်းစည်းကမ်းများသည် လူသားတို့၏ စိတ်ဆန္ဒကို နေရာတိုင်းတွင် အလျှော့ပေးနေ၍ မဖြစ်နိုင်ပေ။ စည်းကမ်းဆိုသည်မှာ လူသားမျိုးနွယ်တခုလုံး၏ ချောင်ချိမျှတမှုအတွက်သာ ရပ်တည်ရမည်ဖြစ်သည်။
မည်သည့် အခြေအနေအရဖြစ်စေ တစုံတယောက်၏ အသက်ကို ရယူခြင်းသည့် လူ့ကျင့်ဝတ်အရရော ကိုးကွယ်ရာ ဘာသာတရား အတွက်ပါ မှားယွင်းသောအမှု ဖြစ်သည်။ တစုံတယောက်၏ အသက်ကို ဖျက်ဆီး နှောက်ယှက်သူသည် ပြင်းထန်သော ၀ဋ်ကြွေးကို ခံစားရမည် ဖြစ်သည်။

(ဆရာတော် ကေ သီရိ ဓမ္မာနန္ဒ မဟာထေရ် (Venerable K. Sri Dhammananda Maha Thera) ၏ What Buddhists Believe စာအုပ်ပါ Buddhist Views on Marriage ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။ သီရိလင်္ကာတွင် ဖွားမြင်သော ဆရာတော် ဒေါက်တာ ကေ သီရိ ဓမ္မာနန္ဒ မဟာထေရ်သည် မလေးရှားနိုင်ငံသို့ ကြွရောက်သီတင်းသုံးခဲ့ပြီး မလေးရှား ဗုဒ္ဓဘာသာ သာသနာပိုင်လည်း ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ပျံလွန်တော်မူသည်။)

မူရင်းကို ဧရာဝတီဘလော့၈် http://burma.irrawaddy.org/archives/44071 မှ ကူးယူဖေါ်ပြပါသည်။ 


ရွှငလန်းချမ်းမြေ့ကြပါစေ။