မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

သူ့အတွက် လက်ဆောင်


သူနဲ့ကျွန်မက အကြိုက်ဆိုလို့ ရွေးစရာဘာမှ မရှိတဲ့ ကာလနဲ့ဒေသမှာ တုန်းကတော့ ဘာမှ ထူးထူးခြားခြား ကွာခြားမှုမရှိခဲ့ပေမဲ့ အခုလို ရွေးစရာတပုံကြီး ရှိနေတဲ့ နေရာကိုရောက်လာတော့ ၀ါသနာမတူ၊ သူ့အကြိုက်၊ ကိုယ့်အကြိုက်လုံးဝမတူ၊ သူပျော်မွေ့တဲ့ ဘ၀နဲ့ ကိုယ်ပျော်မမွေ့တဲ့ဘ၀၊ သူမျှော်မှန်းတဲ့ ဘ၀နဲ့ ကျွန်မမျှော်မှန်းတဲ့ဘ၀ လုံးဝကွာခြားနေတာကို သိလာရသလို တယောက်နဲ့တယောက် တွေ့ချိန်သိပ်မရှိပဲ Communication မရှိဖြစ်ခဲ့တော့ စကားလည်း သိပ်မပြောဖြစ် ပြောဖြစ်တဲ့အခါတွေမှာလည်း တယောက်နဲ့တယောက် အတွေးအခေါ်တွေက အတော်ကို ကွာဟနေတာကိုသာ အများဆုံး တွေ့ရပါတယ်။ အကြိုက်မတူတဲ့ သူနှစ်ယောက်ဟာ ဘယ်လောက်ပဲချစ်ချစ် တယောက်နဲ့ တယောက် နားလည်မှု မပေးနိုင်ရင် ရေရှည်မဖြစ်နိုင်ပါဘူး။ ဒီလို နားလည်မှု ပေးဖို့ဆိုတာကလည်း Communication မရှိရင် မဖြစ်ပါဘူး။ Communication ဟာ လူလူချင်း ဆက်ဆံတဲ့ နေရာမှာ အရေးကြီးဆုံး ဖြစ်တယ်ဆိုတာကို ကျွန်မ လက်တွေ့ သိရပါတယ်။




ကျွန်မတို့ နှစ်ယောက်ဟာ အစားအစာမှာ ကျွန်မက ဟင်းသီးဟင်းရွက် သိပ်ကြိုက်ပေမဲ့ သူက ဒါကို မကြိုက်ပဲ ကျွန်မ လုံးဝအနံ့ခံလို့မရတဲ့ ဆိတ်ကလီစာတို့၊ အမဲသားတို့၊ အသားတို့ကို သိပ်ကြိုက်တယ်။ ကျွန်မက အသားဆိုလို့ ရေထွက်ပစ္စည်းတွေပဲ စားပြီး ရေထွက်ပစ္စည်းတွေမှာတောင်မှ ရေချိုကထွက်တဲ့ ကြေးခွံမပါတဲ့ ငါးတွေကို စိမ်းစိမ်းချောက်ချောက် ကျွန်မ လုံးဝအနံ့ခံလို့မရပဲ ပင်လယ်က ထွက်တဲ့ ငါးကိုပဲ ကြိုက်ပေမဲ့ သူက ကျွန်မအနံ့ခံလို့မရတဲ့ ရေချိုငါးတွေကိုမှ ကြိုက်တယ်။ နှစ်ယောက်စလုံး ငပိကြိုက်ကြပေမဲ့ သူက ရေကျိုငပိကို ကြိုက်ပြီး ကျွန်မက မျှင်ငပိကိုပဲကြိုက်တယ်။ ၀ါသနာအရလည်း သူက လူတရုန်းရုန်းနဲ့ သီဆိုတီးမှုတ် ကခုန်နေတာကို ကြိုက်ပေမဲ့ ကျွန်မက အေးအေးဆေးဆေး စာဖတ်နေရတာ၊ အင်တာနက်မှာ ဘလော့ဂ်တွေ တခြား Site တွေကို လိုက်လည်နေရတာ ပိုကြိုက်တယ်။ အဆိုးဆုံးက ကျွန်မသိပ်ဝါသနာပါတဲ့ ဘလော့ဂ်ဖတ်ခြင်း၊ ဖတ်ပြီးမှတ်ချက်တွေ ရေးခြင်းနှင့် ဘလော့ဂါတွေနဲ့ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံခြင်းကို သူကအရေမရ အဖတ်မရဆိုပြီး တော်တော်လေး ခါးခါးသီးသီး ပြစ်တင်ရှုပ်ချခဲ့ပါတယ်။ သူ အလုပ်က ပြန်ရောက်ချိန်က ကျွန်မအိပ်နေချိန်၊ မနက်ပိုင်းကျွန်မ ကျောင်းသွား/အလုပ်သွားချိန်မှာ သူကအိပ်တုန်းအချိန်ဆိုတော့ ကျွန်မတို့ နှစ်ယောက် ကွန်မြူနီကေးရှင်း လုပ်ဖို့အချိန်ကလည်း တော်တော်ကို ရှားပါတယ်။ အကြိုက် အားလုံးကလည်း ပြောင်းပြန်တွေချည်းပဲမို့ သူ့နဲ့ ကျွန်မနဲ့ တော်တော်လေးကို အကြိုက်မတူ စရိုက်မတူတဲ့ ဒဏ်ကိုခံခဲ့ရပြီး နားလည်မှုတွေ လွဲခဲ့ပြီး Communication မလုပ်ချင်လောက်တဲ့အဆင့် ရောက်ခဲ့ဖူးပါတယ်။

သို့သော်လည်း ကံကောင်းထောက်မစွာနဲ့ သူပေးထားတဲ့ လက်ဆောင်လေးက ကျွန်မတို့နှစ်ယေက်ကို စိတ်မပျက်အောင် တယောက်ကိုတယောက် ထိန်းထားနိုင်ခဲ့ပါတယ်။ နောက်တခုက အနောက်နိုင်ငံတွေ စီးပွားရေးကပ်ဆိုက်မှုကြီးကြောင့် ရိုက်ခတ်ခံရတဲ့ အော်စီ စီးပွားကျမှုက ကျွန်မတို့နှစ်ယောက်ကို နားလည်မှုပြန်ရအောင် ဖန်တီးလာခဲ့ပါတယ်။ အော်စီ စီးပွားကျတော့ သူအလုပ်လုပ်နေတဲ့ ကုပ္မဏီက အရှုံးပေါ်ပြီး ပြုတ်သွားလို့ လုပ်စရာ မရှိဖြစ်နေချိန်မှာ အစိုးရကို အလုပ်ပြစရာ ရှိသွားအောင် သူက TAFE (Technical And Further Education) လို့ ခေါ်တဲ့ နယူးဆောက်ဝေးက ကောလိပ်တခုမှာ Commersial အာဟာရတွေပါ တွက်ချက်ရတဲ့ ကို့စ်တခု တက်ဖြစ်သွားတယ်။ အဲဒီကို့စ်မှာ အစားအစာတိုင်းအတွက် ဘယ်အစားအစာမှာ ဘာအာဟာရ ဘယ်လောက်ရှိတယ်ဆိုတဲ့ Nutrition နဲ့ ပတ်သက်ပြီး Calory တွေကိုလည်း အတိအကျ သင်ရတော့ ဘယ်အစားအစာက ကောင်းတယ်၊ ဘယ်အစားအစာက မကောင်းဘူးဆိုတာ သူသိသွားတယ်။ ကျောင်းတက်တော့ အလုပ်လုပ်တုန်းကလို မဟုတ်ပဲ တယောက်နဲ့ တယောက် Communication လုပ်ဖို့ အချိန် ပိုရလာတော့ စကားတွေ ပိုပြောဖြစ်တယ်။ ခါတိုင်းဆို အာဟာရနဲ့ ပတ်သက်ပြီး ကျွန်မ ပြောပြတာကို စာအုပ်ကြီးအတိုင်းသာ လိုက်လုပ်နေရင်တော့ စားစရာသောက်စရာ ဘာမှရှိတာ့မှာမဟုတ်ဘူးလို့ ခနဲ့ပြီး ပြန်ပြောခဲ့တဲ့ သူကိုယ်တိုင်က ကျွန်မကို အစားအစာနဲ့ ပတ်သက်ပြီး ဂုဏ်ယူပြီး ဆရာပြန်လုပ်တာတွေ ရှိလာပါတယ်။

ကျွန်မ ဟင်းသီးဟင်းရွက် ချက်ထားပေးတာကို တခါမှ မစားခဲ့တဲ့သူက နောက်ပိုင်းတော့ ကျွန်မ မအားလို့ မချက်စားဖြစ်တဲ့ နေ့တွေမှာ သူကိုယ်တိုင် ချက်ပြီး ဟင်းသီးဟင်းရွက်ဆိုတာ နေ့တိုင်းစားသင့်တယ်၊ ဘာရောဂါကို ကာကွယ်တယ် ဆိုတာမျိုးတွေ ပြောပြီး ကျွန်မကို ဆရာပြန်လုပ်ပြီး ဆုံးမလာတာတွေ ရှိလာပါတယ်။ နောက်ပြီး အနှစ်နှစ်အလလက မီးဖိုချောင်အလုပ်ဟာ မိန်းမတွေအလုပ်လို့ သူယူဆလို့ ကျွန်မနဲ့ တချိန်လုံး ငြင်းခုန်လာခဲ့တဲ့ သူရဲ့ အတွေးအခေါ်တွေ ပြောင်းလာပြီး မီးဖိုချောင်ကိစ္စမှာ ၀ိုင်းလုပ်တာတွေ ရှိလာသလို သူစားချင်တာကို သူကိုယ်တိုင် ချက်ပြုတ်ပြီး စားတတ်လာတယ်၊ ကျွန်မတို့ သားအမိကိုလည်း လက်စွမ်းပြပြီး ချက်ကျွေးတတ်လာတယ်။ ခါတိုင်း ကျွန်မ Assignment Due Date တွေမှာ မအားလို့ မချက်ဖြစ်ရင် ဆူဆူအောင့်အောင့်နဲ့ ချက်စားတတ်တဲ့သူဟာ နောက်ပိုင်းကျတော့ ပျော်ပျော်ပါးပါးနဲ့ ချက်ပြီး စားတာကို တွေ့လာရတယ်။ ကိုယ်အလေးချိန် BMI ၂၅ ထက်ကျော်ရင် ၀ိတ်လျှော့ရကောင်းမှန်း သိလာတယ်။ ဒါကြောင့် သူ့ခန္ဓာကိုယ်ဟာ အမြဲတမ်း ပုံမှန် ရှိသင့်ရှိထိုက်တဲ့ အချိုးအစားမှာပဲ ရှိလာတယ်။ ကျန်းမာစွာ နေထိုင်စားသောက်မှု အပါအ၀င် ဗိုက်ကြွက်သားမှာ ရှိတဲ့ အဆီတွေဟာ နှလုံးရောဂါကို အများဆုံးဖြစ်စေတဲ့ အဆီတွေဆိုတဲ့ ကျွန်မ ပြောတာကို သူလက်ခံလာတယ်။ သူဟာ တဖြည်းဖြည်းနဲ့ ကျွန်မနဲ့ လိုင်းတူလာပြီး သူ့မှာ ကျွန်မအတွက် တဖြေးဖြေးနဲ့ အမှတ်ပေးစရာတွေ ပြန်များလာပါတယ်။ အဲဒါဟာ အော်စီ စီးပွားကျခြင်းကြောင့် သူကျောင်းတက်ရခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။ ကျွန်မထင်တယ် အခုဆိုရင် သူ့နေထိုင်နိုင်မယ့် သက်တမ်းကို တွက်ကြည့်ရင် အော်စီ စီးပွားမကျခင်က နှုန်းတိုင်း နေထိုင်စားသောက်တာထက် အခုလို ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင် စားသောက်ပုံက ၁၅ နှစ် အနှစ် ၂၀ လောက်တော့ သူအသက် ပိုရှည်လိမ့်မယ်ထင်တယ်။

နောက်တခုက အရင်က ဘလော့ဂ်ဖတ်တာကိုတောင် အရေမရအဖတ်မရလို့ ပြောခဲ့တဲ့သူဟာ နောက်တော့ ကျွန်မ မဖတ်ဖူးတဲ့ ဘလော့ဂ်တွေ လိုက်ဖတ်ပြီး ကျွန်မတို ညွှန်းပေးလို့ ကိုလူထွေး ဘလော့ဂ်အပါအ၀င် နောက်ပိုင်း ဖတ်ဖြစ်တဲ့ တချို့ဘလော့ဂ်တွေမှာ သူညွှန်းပေးလို့ ဖတ်ဖြစ်တဲ့ ဘလော့ဂ်တွေ ရှိလာတယ်။ အရင်က ကျွန်မနဲ့ အစစအရာရာ ဆန့်ကျင်ဘက် ဖြစ်နေခဲ့တဲ့ သူဟာ ကျွန်မကို ချစ်လို့ ယူခဲ့တာ လုံးဝ မဟုတ်နိုင်ဘူးလို့တောင် ကျွန်မထင်ခဲ့ရာကနေ သူကျွန်မကို ချစ်ကြောင်းကို ပြီးခဲ့တဲ့နှစ် ဒီအချိန်က ပြဿနာတခု ဖြစ်တဲ့အချိန်မှာ သိသိသာသာကို သိလိုက်ရပါတယ်။ ကျွန်မဟာ ကျောင်းသွားရင်သွား၊ မသွားရင် အလုပ်သွားနေတာပဲ များလို့ ကျွန်မဘ၀မှာ Holiday ဆိုတာ တကယ်ပဲ မရှိခဲ့ဖူးဘူးလို့ ပြောရလောက်အောင် ရှားပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ မိသားစုဟာ ၃ ယောက် ဆုံတဲ့အချိန်ဆိုလို့ သိပ်ကို နည်းပါတယ်။ အခု ဒီနှစ်တော့ ကျွန်မ လုပ်တဲ့ ဆေးရုံက Ward တွေ Holiday ကာလမှာ Combine လုပ်ထားလို့ ကျွန်မတို့လို Casual Staff တွေ အလုပ်သိပ်မရှိဘူး။ ဒါကြောင့်မို့ ဒီကျောင်းပိတ်ရက်မှာ အလုပ်မလုပ်ပဲ ထောက်ပံ့ကြေးနဲ့ပဲ ရပ်တည်လို့ ရအောင် မနေ့က Job-Network လို့ ခေါ်တဲ့ အစိုးရက အလုပ်ရှာဖွေပေးရေး ဌာနမှာ Register သွားလုပ်ပြီး အလုပ်မရှိတဲ့သူ စာရင်းထဲ သွားထည့်ကာ ဒီတခါတော့ ကျွန်မ Holiday တကယ်ကို ယူပြီးမိသားစုအတွက် အချိန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မိသားစုဘ၀ကို ပျော်ရွှင်စေဖို့ဆိုတာ မိသားစု အတူရှိချိန်ဟာ လူတိုင်းအတွက် တကယ်လိုအပ်ပါတယ်။ အတူမရှိရင် Communication လည်းမရှိဘူး Communication မရှိရင် တယောက်နဲ့တယောက် နားလည်မှု လွဲဖို့ဆိုတာ သိပ်ကို လွယ်ပါတယ်။

ကျွန်မ သူ့ဆီက လက်ဆောင် ရဖူးတာ လက်စွပ်လေး တကွင်းနဲ့ တခြားလက်ဆောင်လေးတခုပဲ ရှိပြီး လက်စွပ်ကတော့ ကျွန်မလက်နဲ့ မကိုက်တော့လို့ လဲလိုက်တာ ကြာပါပြီ။ ဒီကျန်တဲ့ လက်ဆောင်လေးကတော့ ကျွန်မအတွက် ပြန်လည် အစားထိုးလို့ ရနိုင်တဲ့ လက်ဆောင်အမျိုးအစား မဟုတ်သလို ဘာနဲ့မှ အလဲအလည် ပြုလို့လည်း မရပါဘူး။ ဒီလက်ဆောင်မျိုးကို ကျွန်မအနေနဲ့ သူ့ဆီကလွဲလို့ တခြားဘယ်သူ့ဆီကမှလည်း လက်ခံရယူလို့မဖြစ်နိုင်တဲ့ သူသာလျင် ကျွန်မကိုပေးနိုင်တဲ့ လက်ဆောင်လေးပါ။ ဒီလက်ဆောင်လေးကို ကျွန်မ အသက်ထက်မက တန်ဖိုးထားပြီး နှစ်သက်စွဲလမ်းရပြီး ဒီလက်ဆောင်လေးကို ထိန်းသိမ်းပြီး ပြုစုပျိုးထောင်ဖို့ ဆိုရင် ကျွန်မဘ၀မှာ ဘာပဲစွန့်ရစွန့်ရ ထိန်းသိမ်းဖို့ လိုတဲ့ တသက်မှာ တခါသာ ရနိုင်တဲ့ လက်ဆောင်မျိုးပါ။ ဒီလက်ဆောင်လေးက သူနဲ့ ကျွန်မ နှစ်ယောက်ပိုင် ဖြစ်တော့ အခုချိန်မှာ သူကကျွန်မကို ပေးထားတဲ့ တခုတည်းသောလက်ဆောင် ဖြစ်သလို ကျွန်မကသူ့ကိုပေးထားတဲ့ တခုတည်းသော တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ ရတနာ လက်ဆောင်လို့လည်း ပြောလို့ရပါတယ်။ ဒီလက်ဆောင်လေးကို ရတဲ့အတွက် သူ့ကို ကျွန်မသိပ်ပြီး ကျေးဇူးတင်ပါတယ်။ နောက်ဆုံး သူနဲ့ ကျွန်မ ဘာတခုမှ အကြိုက်ချင်းမတူတော့ဘူး ဆိုရင်တောင်မှ နောက်ဆုံး ဒီလက်ဆောင်လေး အပေါ်ထားတဲ့ သံယောဇဉ်နဲ့ အချစ်တွေတူလို့ သူ့ကို ကျွန်မချစ်ပါတယ်။ အခုတော့ တခြားတူတာတွေလည်း တဖြေးဖြေးနဲ့ များလာပြီဆိုတော့ သူ့ကို ကျွန်မ အရင်ကထက် ပိုချစ်လာပါတယ်။ အခုချိန်မှာ ကျွန်မကျောင်းတက်လို့ အလုပ်များစဉ် သူ့အတွက် တာဝန် ပျက်ကွက်ခဲ့တာ အားလုံးကို ပြန်ဖြည့်ဆည်းဖို့ ကျွန်မဘက်က အဆင်သင့် ဖြစ်နေပါပြီ။ သူ့ရဲ့ ဒီနေ့ (8/12/09) မျာ ကျရောက်တဲ့ မွေးနေ့အတွက် ကျွန်မပေးတဲ့ လက်ဆောင်ကတော့ ဒီနှစ်ကျရောက်တဲ့ Holiday ကာလ အချိန်တွေပါပဲ။

အကြိုက်မတူ၊ သဘောထား မတိုက်ဆိုင်တဲ့ စုံတွဲတွေ အားလုံး Communication ဖြင့် နားလည်မှုကို တည်ဆောက်နိုင်ကြပါစေ။

32 comments:

ဘာလက်ဆောင်လဲအမရေ။ သားသားမီးမီးတွေလား။ အမပြောတာမှန်တယ်။ ချစ်သူဘဝမှာတောင် ကျွန်တော်တို့မောင်နှံ စိတ်တူကိုယ်တူဖြစ်အောင်မနဲ လုပ်ရတယ်။ အိမ်ထောင်ပြုတော့လဲ ကြိုးစား ညှိယူထားရတယ်။ နီးတဂျက်ဂျက် ဝေးတသက်သက်ပဲလေ။ သူကျွန်တော်အတွက်ပေးတဲ့ ထာဝရလက်ဆောင်ကလေးက သားသားလေးတွေလေ။ သူတို့လေးတွေ မျက်နှာလေးတွေ မြင်ရင် ကျွန်တော်တို့ လင်မယားလဲ တစ်ဦးအပေါ်တစ်ဦး နားလည်မှုနဲ့ မျှဝေယူကြရတာပေါ့ဗျာ။ အမတို့မိသားစုလဲ ပျော်ရွှင်ပါစေဗျာ။

မိသားစု နွေးနွေးထွေးထွေးဖြစ်နေတာကို ၀မ်းသာပါတယ်။ အသွင်တူမှ အိမ်သူဖြစ်တယ် ဆိုပေမယ့်၊ အသွင်းမတူပဲနဲ့လည်း အဆင်ပြေနေတဲ့ မိသားစုတွေလည်းရှိတာပဲလေ။

ကျွန်တော်ထင်တာကတော့ အခြေခံသဘောထားတွေ နဲ့ တန်ဖိုးထားတာခြင်းတူဖို့က အဓိပဲ။

ဥပမာ ဘာငါးကို ကြိုက်တာချင်းတူတာထက်၊ စာဖတ်တာကို တန်ဖိုးထားတာချင်းတူဖို့ ပိုအရေးကြီးတယ်လို့ ထင်တာပဲ။

ထာဝရ ပျော်ရွှင်နိုင်ပါစေ...

ကျွန်တော်တို့လည်း အသွင် အမြင်ရောမတူကြဘူး။ အဲဒါတွေက တခါတခါ advantages တွေ ဖြစ်ဖြစ်နေတတ်တယ်။ ( ခြွင်းချက်။ ။ နှစ်ခါနှစ်ခါ disadvantages တွေ။ ဟွန်း ^_^ )

တဦးနဲ့တဦးဆက်ဆံရာမှာ နားလည်မှု ၊ ယုံကြည်မှု နဲ့ ဆက်သွယ်မှု ၊ ဆိုတာတွေ အားလုံး အရေးကြီးကြပါတယ် မငယ်နိုင်ရေ ...
ခုလို အဆင်ပြေတဲ့ အိမ်ထောင်စုလေး အကြောင်း သိရတာ ဝမ်းသာ စရာပါပဲ ။
အစဉ် အမြဲ သာယာ ပျော်ရွှင်ဖွယ် မိသားစုလေး ဖြစ်ပါစေ ။

မငယ်ရေ.ကိုယ်ဝါသနာပါတာကို လုပ်ရင်း တဖက်ကလည်း ညှိယူနိုင်တာကိုက အိမ်ထောင်ရေးအနုပညာ လို့ပြောရမလားပဲနော..
ဖတ်နေရင်းနဲ့
ဆရာမြသန်းတင့် ဘာသာပြန်ခဲ့တဲ့ “ဘ၀နေနည်း အနုပညာ” စာအုပ်လေးကို သွားသတိယမိတယ်..အဆင်ပြေသထက်ပြေသော ပျော်ရွှင်ဖွယ်မိသားစုဘ၀ကို ထာဝရ တည်ဆောက်နိုင်ပါစေ..

ဒီပို့စ်လေး ဖတ်မိတော့ နားလည်မှုတွေ ကူးစက်ပြီး စိတ်ချမ်းသာလိုက်တာ..။
သူ့ဖက်က အများကြီး ပြောင်းလဲ လိုက်လျောတယ်ဆိုတာ ဒီစာကို ဖတ်လို့ သိလိုက်ရပြီ၊ ညီမဖက်ကလဲ ပြန်ပြီး အသိအမှတ်ပြု နွေးထွေးမှု ပေးလိုက်တယ်ဆိုရင် သိပ်ကောင်းမှာ။
နှစ်ဦးစလုံး ဝေမျှ ပိုင်ဆိုင်ထားတဲ့ ကျေးဇူးရှင်လေးလဲ စိတ်ချမ်းသာမှာ အမှန်ပဲ။
နှစ်သစ်မှာ အချစ် နဲ့ နားလည်မှု အသစ်အသစ်တွေ တိုးတက် ပိုင်ဆိုင်ပါစေ။

ပျော်ရွှင်ကြည်နူးစရာပေါ့..း)

မှတ်ချက်ပေးသွားကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုချမ်းလင်းနေရေ များများ မရှိဘူး တယောက်ပဲရှိပါတယ်။

P.Ti နှင့် AATO ရေ - အကြိုက်မတူ၊ အသွင်မတူပေမဲ့ နားလည်မှု ရှိရင် အိမ်တူ ဖြစ်လို့ရပါတယ်။ နားလည်မှု ရှိဖို့က အရေးကြီးဆုံးပါပဲ။

Kiki, သိင်္ဂါကျော်နဲ့ မကေ ရေ - ပျော်ရွှင်ဖွယ် မိသားစုဘ၀ မဖြစ်သေးပါဘူး။ ဖြစ်အောင် အခုမှစပြီး တည်ဆောက်ရဦးမှာ။

ကိုချစ်ဖေ ပြောတဲ့ စာအုပ်ကို ဖတ်ချင်လိုက်တာ။ မြသန်းတင့်ရေးတဲ့စာအုပ် ရှေ့ကနေ၀န်းထွက်သည့်ပမာနဲ့ ဓါတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မယ် နှစ်အုပ်ပဲ ဖတ်ဖူးတယ်။ ပြီးတော့ အိုခြင်းအနုပညာဆိုတဲ့ ဆောင်းပါး တပုဒ်ဖတ်ဖူးတယ်။

မမိုးချိုသင်းရေ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ။ ကျောင်းတက်နေလို့ ကျွန်မဘက်က ပျက်ကွက်ထားတာတွေကို အခုမှ ပြန်ဖြည့်ဆည်းရမှာပါ။

နွေးထွေးပျော်ရွှင်တဲ့ မိသားစုဘ၀ကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေလို့ ရိုးသားစွာ ဆန္ဒပြုပါတယ်


လေးစားစွာဖြင့်

မငယ်နိုင် အမျိုးသား မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ဒီမိသားစု ချစ်ချစ်ခင်ခင် နားလည်းမူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြပါစေ။

မအယ်

ဖြစ်တတ်တယ်.... စိတ်ဆိုးလာရင် ဘယ်သူမှ ရိုက်ပြီး ယူခိုင်းထားတာ မဟုတ်ဘူးလို့ ကိုယ့်ဖာသာ ပြန် သတိပေးနေရတယ် :)

ချစ်ခြင်းမေတ္တာ များ .. အပြန်အလှန် နားလည်မှုများ နဲ့ မိသားစု ဘ၀ခရီးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ...

mie nge

ငါ့တူမစာ ဖတ်ရတာ မ၈င်္လာရှိလိုက်တာ..
အဲဒါမျိုးလေးဖတ်ရတာ..ဝမ်းသာတယ်..
သက်ဆုံးတိုင် နားလည်မှုရကြပါစေ..
မအားလွန်းလို့ စာလဲမရေးနိုင်..အလည်လဲခုမှရောက်ဖြစ်တယ်

ပျော်ရွှင်ဖွယ် မွေးနေ့ဇြစ်ပါစေလို့ ကိုကျော်နိုင်ကိုပြောပေးပါ မငယ်ရေ..
ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘဝကိုလည်း ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်...

သိပ်ကောင်းတဲ့ ရည်ရွယ်ချက်၊ လှပတဲ့ အတွေးနဲ့ ချစ်စရာ ပိုစ့်လေးတခုပါ... ရိုးသား ရှင်းလင်း ပြီး ပွင့်လင်းတဲ့ အရေးအသားကလဲ တကယ်ကို စာဖတ်သူရဲ့ စိတ်ကို ချမ်းမြေ့ ကြည်နူးစေပါတယ်...။

တစိမ်း နှစ်ယောက် ပေါင်းစပ်တဲ့ ဘဝ ကို ကာလကြာရှည် အဆင်ပြေပြေဖြစ်အောင် စိတ်ချမ်းသာအောင် ကြည်လင်သာယာအောင် အဓိက အရေးအကြီးဆုံးအရာက နားလည်မှုလို့ ကိုယ်တိုင်က သေသေချာချာ လက်ခံယုံကြည်ထားမိတယ်...။

ပျော်ရွှင်ဖွယ်ရာ မိသားစု ဘဝလေးကို နားလည်မှုများစွာဖြင့် ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။ မွေးနေ့ရှင်ကိုလဲ မွေးနေ့အတွက် ဆုတောင်းပေးတယ်လို့ ပြောလိုက်ပါနော်....

နောက်ထပ် စာလာဖတ်ပြီး ကျွန်မတို့ ဇနီးမောင်နှံအတွက် အသိအမှတ်ပြု မှတ်ချက်တွေ ရေးပေးသွားကြတဲ့ မောင်လေးဝင်းဇော် (Welcome)၊ မအယ်၊ မီယာ၊ မမီးငယ်၊ အန်ကယ်နိုင်၊ ကိုဆောင်းယွန်းလတို့ကို အမှတ်တရ ကျေးဇူးဆိုပါရစေ။

- ၀င်းဇော်က ရိုးသားစွာ ဆန္ဒမပြုလို့ ဘယ်လိုဆန္ဒပြုတာ ရှိသေးလို့လဲ။

-မအယ်၊ မမီးငယ်၊ အန်ကယ်နိုင်နှင့် ကိုဆောင်းယွန်းလတို့ ဆုတောင်းပေးကြတဲ့အတိုင်း ဖြစ်အောင် ကြိုးစားနေပါတယ်။

-မီယာရေ ဟုတ်ပါ့- တခါတခါ ဒီလိုပဲ ဖြေသိမ့်ရပါတယ်။

-မသက်ဝေရေ- နားလည်မှုက အရေးကြီးဆုံး ဆိုတာ တချို့က လက်မခံကြဘူး။ အချစ်ပဲ အရေးကြီးတယ်လို့ ပြောပြီး ညားခါစမှာ တချစ်တည်း ချစ်နေကြတဲ့ စုံတွဲတွေ သွေးလည်း အေးသွားရော ခွာပြဲတာပဲ တွေ့ရတယ်။ ချစ်ပဲချစ်ပြီး နားလည်မှုမရှိကြရင် အမုန်းဘက်ကို မချိန်မရွေး ဦးတည်သွားပြီး လမ်းခွဲခြင်းနဲ့သာ စိတ်မချမ်းမြေ့စွာ အဆုံးသတ်ရတယ်ဆိုတာ သတိထားမိသူ သိပ်နည်းပါတယ်။ နားလည်မှု မရှိပဲ အချစ်တခုတည်းနဲ့ ဘ၀နှစ်ခု ရေရှည်ပေါင်းစပ်လို့ မဖြစ်ဘူးဆိုတာ အချစ်ကို သိပ်ကိုးကွယ်တဲ့ လူငယ်လူရွယ်တွေ သတိပြုသင့်ပါတယ်။

ကျမတို့ လင်မယားနှစ်ယောက်တော့ စကားပြောကြလွန်းလို့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဘဲ...

ဖတ်ရတာ ကြည်နူးစရာပာပဲ။ အမြဲတမ်း ပျှောရွှင်နိုင်ကြပာစေ။ :)

မငယ်နိုင်ရေ

ဖတ်ရတာ ကြည်နူးစရာပါပဲ။ အတူတူ ချက်ပြုတ်ရတာ ပျော်စရာကောင်းပါတယ်။ အမပြောမှ ဒီနေ့ ရုံးစောတုန်း သွားကူလိုက် ဦးမယ်။ အမတို့ ၂ ယောက် အတွက် လက်ဆောင် ကို လက်ဆောင် ပေးခဲ့ပါတယ်။

"လက်ဆောင်"

ကံ့ကော်ပန်းတွေနဲ့ လုပ်ထားတဲ့
ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ
သူ့ကို ရည်စူးခဲ့တာပါ။

ကျွန်တော်ပျံသန်းဖို့ ကောင်းကင်တစ်ခု
သူ့မျက်ဝန်းကနေရတယ်။

သန့်စင်ပြီးလှပတဲ့ အိပ်မက်လေးတစ်ခု
သူ့ကို ကျွန်တော်ပေးခဲ့တယ်။

သူ့ရဲ့ရနံ့တွေကို သယ်ဆောင်လာတဲ့
အပြာရောင် လက်ကိုင်ပုဝါလေးတစ်ထည်က
ကျွန်တော့်ကို ချွေးသိပ်ယုယခဲ့ပါတယ်။

ကျွန်တော်တို့အပေါ် အမြဲတမ်းဖိစီးနေတဲ့
အမှောင်ခေတ်ထဲက ရတတ်သမျှအလင်းရောင်
အကောင်းဆုံး လက်ဆောင်အဖြစ်
သူ့အတွက် ကျွန်တော့်ကိုပေးတယ်။
ကျွန်တော့်အတွက် သူ့ကိုရတယ်။

သစ်ရွက်လေးတစ်ရွက်
လှုပ်ခတ်တာကအစ
အဓိပ္ပာယ် ရှိခဲ့ပါတယ်။

တင်မင်းထက်
(ရန်ကုန်စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၉၆)

ဒီဇင်ဘာ မွေးနေ့ရှင်တွေ အသက်ရှည်ရှည်နေရတယ်နော်
အားလပ်ရက်မှာ လက်ဆောင်အသစ်ထပ်ပေးရင် ဘယ်လိုလုပ်မလဲ ကျန်းမာအသက်ရှည် လက်ဆောင်တွေ ပေးနိုင်ပါစေ ကိုကျော်နိုင်ငယ်ရေ...

Rose ရေ ဟုတ်ပါတယ် မလိုအပ်ပဲ စကားများလွန်းရင်လည်း မကောင်းဘူး။ တချို့ကလည်း Communication မရှိခင်က သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်နဲ့ ရန်ဖြစ်ဖို့ မချိန်မရဘူး Holiday လည်းရောက်ရော မကျေနပ်တာတွေ အကုန်လုံးပေါက်ကွဲပြီး ရန်ဖြစ်ရာကနေ ကွဲကြတယ်လို့ သိရတယ်။ သူတို့မို့ အဲလိုအဖြစ်ခံတယ်။ ရှားရှားပါးပါး ရတဲ့ Holiday ကာလလေးကို အဲဒီလို အဖြစ်ခံတော့ ရှုံးတာပေါ့ မဟုတ်ဘူးလား။

တော်ကီရေ-လာလည်တာ ကျေးဇူးပဲနော့်။

ကိုတင်မင်းထက် ကဗျာကောင်းလေးကို လက်ဆောင်ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အိမ်ထောင်သည် ယောက်ျားတိုင်း ဇနီးမယားတွေရဲ့ အချစ်တွေ အကြင်နာတွေကို လိုချင်ရင် နိုင်ထက်စီးနင်း ဘယ်တော့မှ ပြုမူပြောဆိုတာ မလုပ်ပါနဲ့၊ အိမ်မှုကိစ္စတွေမှာ ၀ိုင်းသာလုပ်ကြည့်ပါလို့ အကြံပြုပါတယ်။ ဇနီးကို မီးဖိုချောင် ၀ိုင်းကူပေးမယ်ဆိုလို့ ၀မ်းသာပါတယ်။

အမည်မဖေါ်လိုသူဆိုပြီး မှတ်ချက်လာပေးသွားသူကတော့ အသိထဲကပဲ ဖြစ်လိမ့်မယ်။ ဘုရားဟောထားတဲ့ မေတ္တာဆိုတာ မိခင်က တဦးတည်းသောသားကို ချစ်တဲ့အချစ်နဲ့ နှိုင်းထားတော့ ဘုရားတင်စားတဲ့ ဒီလိုအချစ်မျိုးကို တသက်လုံး ထိန်းသိမ်းထားချင်လို့ ကျွန်မ သူ့ဆီက အဲဒီလို လက်ဆောင်မျိုး နောက်ထပ် လက်ခံဖို့မရှိပါဘူး။ လာဖတ်တဲ့အတွက် ကျေးဇူးပါနော့်။

0 Dec 09, 13:12
ကိုဇော်: အမရေ အလည်လာသွားပါတယ်ဗျာ မွေးနေ့ရှင်အတွက်လည်း ဒီကနေ ဆုတောင်းပေးသွားပါတယ်ဗျာ (C-Box မှ)

လာလည်သွားပါတယ်
ကျနော် တို့ ရဲ့၁၁နှစ် ချစ်ခရီးကိုလည်း လာခံစားပါအုန်းနော်

မငယ် အယူအဆက ကျနော်လည်း အဲသလို တွေးထားတာ သိပ်တူနေတယ် ...(ဘုရားဟောထားတဲ့ မေတ္တာဆိုတာ မိခင်က တဦးတည်းသောသားကို ချစ်တဲ့အချစ်နဲ့ နှိုင်းထားတော့ ဘုရားတင်စားတဲ့ ဒီလိုအချစ်မျိုးကို တသက်လုံး ထိန်းသိမ်းထားချင်လို့ ကျွန်မ သူ့ဆီက အဲဒီလို လက်ဆောင်မျိုး နောက်ထပ် လက်ခံဖို့မရှိပါဘူး။...)
ကျနော်က မိခင်မဟုတ်ပေမယ့် ဖခင်အနေနဲ့လည်း အဲ့ဒီအယူအဆကို ကျင့်သုံးချင်တယ်..သားဆက်ခြားတာ နောက်ခလေးမရအောင် တားမြစ်တာ ကြိုးစားနေတယ် အဲဒီ တဦးတည်းသောသားကိုချစ်တဲ့ အယူအဆ အောင်မြင်မယ်လို့ ထင်တယ် တချို့ကပြောတယ် ခလေးက ခေါင်းငုံ့ပြီး ခြေထောက်ကြားကနေ အနောက်ကို ကုန်းပြီးကြည့်ပြီဆိုရင် နောက်လာမယ့် ကစားဖော် ညီ ညီမကို ရှာတာတဲ့ သနားပါတယ် ကလေးတယောက်ထပ်ယူပါလားလို့ တွန်းကြတယ် ကျနော်တို့လည်း ၄၀ နားနီးလာပြီမို့ ခလေးထပ်မယူဖို့ သဘောတူထားကြတယ် ကျနော့အယူအဆ မှန်မမှန် ဖြေပေးပါဦး

ကိုအိုးဝေ ကလေးထပ်မယူတာ မယူတာကတော့ အဲဒီလို သဘောထားတိုင်းလည်း မမှန်နိုင်ပါဘူး။ ကိုအိုးဝေ ကလေးက ငယ်သေးတယ် ပြီးတာ့ အမျိုးသမီးက ၃၅ နှစ်အောက်မှာဆိုရင်တော့ ကလေးတယောက် မဖြစ်မနေ ထပ်ယူသင့်တယ်လို့ ကျွန်မက အကြံပြုပါတယ်။ ၃၅ နှစ်ကျော်ပြီးလည်း လိုချင်ရင် OG နဲ့ တိုင်ပင်ပြီး ယူသင့်ပါတယ်။ ကလေးတွေက တယောက်တည်းဖြစ်ရင် ငယ်ရွယ်တဲ့အချိန်မှာ အဖေါ်သိပ်လိုချင်ကြပါတယ်။ ကြီးလာရင်ပဲ ကိုယ့်လမ်းကိုယ်လျှောက် သူ့လမ်းသူလျှောက်ကြတာ ဖြစ်ပေမဲ့ ကျောင်းစတက်တဲ့အချိန် မူလတန်းကျောင်းသားဘ၀မှာ ညီအစ်ကို မောင်နှမ ရှိတာကို သူတို့က သိပ်ပြီး ဂုဏ်ယူတတ်ကြတယ်။ ဒါကို မဖြည့်ပေးနိုင်ခဲ့လို့ ကျွန်မသားလေးအတွက် ကျွန်မ တော်တော် စိတ်မကောင်း ဖြစ်ပါတယ်။ ကလေးယူဖို့အစီစဉ်ရှိရင် ဆက်တိုက်ယူသင့်ပါတယ် မိခင်ပင်ပမ်းနိုင်ပေမယ့် အကြာကြီးနေမှ ယူတာနဲ့စာရင် တခါပဲ ပင်ပမ်းတယ် နှစ်ခါ မပင်ပမ်းဘူး။ ပြီးတော့ ကလေးနှစ်ယောက် အသက်သိပ်ကွာရင် အဖေါ်မဖြစ်တော့ဘူး သီးချားစီဖြစ်သွားတယ်။ ကြီးလာလည်း အတူတူ မကစားတော့ဘူး။ ကိုအိုးဝေ သားလေးက ကျွန်မသား ၁၀ နှစ်ပြည့်တုန်းကမှ ၆ လပဲ ရှိသေးတယ်ဆိုတော့ သန္ဓေတားမနေနဲ့ ဆက်ယူဖို့ ကျွန်မ အကြံပြုပါတယ်။ မေတ္တာနဲ့ ပတ်သက်ပြီး ဘုရားက အနီးစပ်ဆုံး ဥပမာပေးတာသာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ပုထုစဉ်တွေအတွက် တွယ်တာမှု ရှိနေသ၍ မေတ္တာစစ်စစ် ဖြစ်ဖို့ သိပ်ကို ခဲယဉ်းပါလိမ့်မယ်။ ကျွန်မလိုတော့ စိတ်ကူးသိပ်မယဉ်ပါနဲ့ ကိုအိုးဝေ အချိန်ရှိသေးရင် ကလေးကို ဖြစ်အောင်ထပ်ယူပါ။

နောက်ဆုံး သူနဲ့ ကျွန်မ ဘာတခုမှ အကြိုက်ချင်းမတူတော့ဘူး ဆိုရင်တောင်မှ နောက်ဆုံး ဒီလက်ဆောင်လေး အပေါ်ထားတဲ့ သံယောဇဉ်နဲ့ အချစ်တွေတူလို့ သူ့ကို ကျွန်မချစ်ပါတယ်။

:)))

ညွတ်နူးပျော်ဝင်စွာ ဖတ်မိပါသည်။

လာဖတ်သွားပါ၏

Rita နဲ့ မခင်ဦးမေရေ လာဖတ်သွားတာ ကျေးဇူးတင်ပါတယ်။ ကျွန်မသိတဲ့ စုံတွဲတွေ အကြာကြီး အဆက်အသွယ် မရှိခဲ့ပဲ အခုအဆက်အသွယ် ပြန်ရတဲ့အခါမှာ တ၀က်ကျော်ကျော်လေက်က ကွာရှင်းပြတ်စဲထားတာ Separate လုပ်ထားတာတွေပဲ ကြားသိနေရာတဲ့အတွက် တချိန်က သူတို့အချင်းချင်း ကြင်နာကြတဲ့ပုံကို အခုထိ ပြန်မြင်ယောင်နေပြီး သူတို့ရဲ့ တချိန်က အပျော်တွေကို သူတို့တော့ လွမ်းသလား မလွမ်းသလား မသိဘူး ကျွန်မတော့ ပြန်တွေးပြီး သူတို့ကို တကယ်လွမ်းတယ်။ ဒီအတိုင်း ဆိုရင်တော့ ဒီလောက် ချစ်ကြတဲ့ ချစ်သူတွေ ဘာကြောင့် ဒီလို ဖြစ်သွားကြတယ်။ ဒီလို မဖြစ်အောင် ဘယ်လို ပြုမူကျင့်ကြံ နေထိုင်ရမယ် ဆိုတာ သုတေသန ပြုထားတာလေးတော့ ရှာဖတ်မှ ဖြစ်တော့မယ် ထင်တယ်။

မပွင့်လင်းကြလို့၊ မာနထားကြလို့၊ မကောင်းတာတွေချည်းရွေ:ကြည့်ပီး ကောင်းတာလေးတွေပြန်သတိရဖို့ မေ့နေလို့ပါ၊ စပြန်ခေါ်ရမာ အရှုံးပေးရတယ် ထင်ပီးရှက်လို့ပါ၊

မငယ်ရေ၊ အလုပ် နဲ့ ကျောင်းနဲ့ မအားခဲ့ဘူး၊ ခု ကျောင်း မပီး တပြီး မှာ အချိန်ရတာနဲ့ အင်တာနက်မှာ လိုက် ဖတ် နေတာ။ အစဉ် တကျတော့ မဟုတ်ဘူး။ ကျနော်က ဘလော့ မလုပ်သေးပေမဲ့ ဖေါ်ရမ်တခု မှာ ရေးနေတယ်။ ကျနော် မငယ်တို့ရဲ့ မင်္ဂလာဆောင်ပွဲကို ရေးတေးတေး အမှတ်ရနေတယ်။သေခြာ မှတ်မိတာက စမ်းစမ်း ချိုတို့မင်္ဂလာဆောင်ပွဲ အကြိုညမှာ ကျနော် တို့ဘက်က ရိုးရာ မီးဖြတ်များသွားလို့ နောက်တနေ့မနက်မှာ အရက်နာ ကျပြီး ကျနော်တို့ အဲ့ဒိ အချိန်အခါက တစ်လမှာ တခါတောင် မစားရတဲ့ ကြက်သားဟင်း တောင် မစား နိုင်တော့ဘူး။ တည လုံး အရက်နာကျတော့ မနက်စောစော ထ၊ ရေနွေး အိုးတည်ပြီး ခေါင်းကနေ အစလောင်း ရေ ချိုး နေတုံး ဘေးနားက ပြန်ကြားရေး ဌာနက ဦး စိုးခိုင် ထလာပြီး ဟေ့ကောင် မင်း သေလိမ့်မယ် ပြောလို့ သူ့ကို ကျနော့ အကြောင်း ကျနော် သိပါတယ် လို့ ပြန်ဖြေရှင်းခဲ့ရတယ်။ တနေကုန် အရက် နာ ကျပြီး ဘာမှ မစား နိုင်တော့ဘူး။ တကယ်တော့ တောထဲမှာ ကျနော်တို့ ရဲဘော်တွေ ဆောင်ခဲ့တဲ့ မင်္ဂလာဆောင် အခမ်း အနားလေးတွေကို သဘော အကျဆုံးဘဲ။ ဘာမှ ပကာ သနမရှိဘူး။ ကိုရဲခင်ဗျာ မင်္ဂလာသာ ဆောင်ပြီးတယ်၊ အိမ်မရှိသေးဘူး။ မင်္ဂလာ ဦးညကို ဘယ်လို စခန်းသွားရမယ် ဆိုတာကို တော်တော် အကြပ် ရိုက်နေတုံး တဲ တလုံးရလို့ သူ့မှာ ပျော်လိုက်ရတာ။ ခုနကဘဲ ကျနော်တို့ဘက်ကို စပြောင်းလာကစ အတိ ‘ဒုက်ခ ရောက်ပုံတွေကို ဖတ်မိနေတယ်။ ကျနော်ရေး တဲ့ အထဲမှာလည်း အဲ့ဒါတွေ ထည့်ထားတယ်။ ဗဟိုက လူတွေ ဖင်မပူသေးဘူး၊ ကရင် နီရဲ့ သမိုင်း မှာ ‘နှစ် ၅၀ အတွင်း ဒုတိ အကြိမ် အကြီးမားဆုံး၊ ပထမဦး ဆုံး အကြိမ် လေယာဉ်နဲ့ ဗုံးလာကြဲခြင်း တိုက်ပွဲကြီးတွေ မတ်လမှာ ဖြစ်ခဲ့တာပေါ့။ ကျနော်တို့ ကျောင်းသားတွေ ဦးဆောင် တိုက်ပွဲ ဝင် နိုင်ခဲ့ပါတယ်။
မငယ်တို့က ဘဝတူ၊ အတွေ့ အကြုံတူ တွေ နဲ့ မေတာ မျခဲ့ကြတာပါ။ ကိုကျော် နိုင် တခါ ပြောဘူးတာ မှတ်မိတယ်။ ရယ်ရယ် မောမော နဲ့ဘဲ့။ ကျနော်တို့ ဒီ ကျွန်း နိုင်ငံကြီးကို မထွက်ခင် ကမ့်ပ် မှာ နေတုန်းက အဲ့ဒိ နှစ်မှာ ထူးထူးခြားခြား တနှစ်လုံး ပူတဲ့ဒေသက အအေး လှိုင်းခတ်ပြီး ဒီဇင်ဘာမှာ အေး လိုက်တာ။ နှစ်သစ်ကူးညမှာ ကိုကျော် နိုင်က တစ်ယေက်တည်း မဲခေါင် တပြား သောက်ပြီး အိပ်ယာဝင်ပြီး ချမ်း ချမ်း နဲ့ ရှိသမျ စောင်တွေ အကုန်ယူ ခြုံလိုက်တယ်။ မနက် စောစော နိုးလာပြီး ကြည့်လိုက်တော့ မငယ်က စောင်မပါချမ်းချမ်းနဲ့ နံဘေးမှာ ငုတ်တုတ်လေး ထိုင်လို့တဲ့။

လွန်ခဲ့တဲ့ ခြောက် နှစ်လောက်က ကျနော် အသဲကွဲ ဝေဒနာတွေနဲ့ စိတ်ဖိ စီး မှု ဖြစ်နေတုံး ကိုကျော် နိုင်နဲ့ ချက်တင်မှာလား၊ အင်တာ နက်မှာ လား ပြောဘူးတယ်။ ကိုကျော် နိုင်က အကြိုက် ခြင်း၊ အသွင် ခြင်း မတူ ပေမဲ့ လက်တွဲလို့ ရတယ်ဆိုတဲ့ အကြောင်း ကျနော့ကို ပြောဖူးပါတယ်။ အဲ့ဒိတုံးက စိတ်ပြေလက်ပျောက် စစ်ဒနီထွက်လာရင်း မငယ် တို့အိမ်မှာ ဘဲ တည်းခဲ့တာပါဘဲ။
ဒီလိုပါဘဲ မငယ်။ ကျနော့ အိမ်ထောင်သက်တမ်းလည်း ၂ နှစ်စွန်းပါပြီ။ ကျနော့ ဇနီးက ကျနော့ကို ချစ်ပေမဲ့ မယူခင်ကတည်းက သူတို့က ဗေဒင်တွေ ဘာတွေ တွက်ပြီး ကီး မကိုက်ဘူးလို့ ပြောကြတယ်။ ဟုတ်ပါတယ်။ ‘ကျနော်ကလည်း ကျနော် ငယ်ငယ်ကတည်းက ဖြတ်သန်းလာခဲ့ တဲ့ ဘဝ အတွေ့အကြုံ (မိသားစု ဘဝ မရှိခဲ့) နဲ့ တောတွင်း အတွေ့အကြုံတွေအရ လူတွေနဲ့ သဟာ ဇာတ သိပ် မဖြစ်တာတော့ အမှန်ပါဘဲ။ စကားလည်း ခဏခဏ များတာပေါ့။ ‘နောက်ဆုံး ကျနော်လည်း ဆင်ခြင်ပြီး သူ့ကို နာလည်းပေရပါတယ်။
လူတွေဟာ အသွင်တူဖို့ခက်ပါတယ်။ ဒါပေမဲ့ နားလည်မှု နဲ့ဘဲ ။

ကို ZL ရေ အိမ်ထောင်သက် နှစ်နှစ်တုန်းက ကျွန်မတို့က စကားများ ရန်ဖြစ်ဖို့ နေနေသာသာ တယောက်မျက်နှာ တယောက် ကြည့်လို့တောင် ၀သေးတာ မဟုတ်ဘူး အဟိ..။ အိမ်ထောင်ရေးမှာ တယောက်နဲ့တယောက် နားလည်မှု ရှိဖို့က သိပ်အရေးကြီးပါတယ်။ နှစ်ယောက် တွေ့ဆုံ စကားပြောချိန်လိုအပ်ပါတယ်။ ထမင်းဟင်းချက်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာ အပါအ၀င် အိမ်မှာ လုပ်စရာရှိတဲ့ အိမ်မှုကိစ္စတွေကို နှစ်ယောက်အတူတူလုပ်တာပဲ ဖြစ်ဖြစ် Holiday လို ခရီး အတူတူ သွားတာပဲဖြစ်ဖြစ် လုပ်ကြည့်ရင် သိပ်ပျော်စရာကောင်းတာ သိရလိမ့်မယ်။ မီးဖိုချောင်အလုပ်ဟာ မိန်းမတွေရဲ့အလုပ်၊ အိမ်အလုပ်ဟာ ငါနဲ့ မဆိုင်ဘူးဆြို့ပီး မပစ်ထားပါနဲ့။ မှတ်ချက် အရှည်ကြီးအတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်း အမြဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

မမ စာတွေလာဖတ်နေကျပါ။ မီးဖိုချောင်ကို သူတို့မဆိုင်ဘူးပြောရင် ကျမလည်း အင်မတန်စိတ်ဆိုးပါတယ်။ ဒီလို ထမင်းဟင်း တူတူချက်စားရတာလောက် ကြည်နူးစရာ ရင်းနှီးချစ်ခင်စရာ ဘာမှမရှိပါဘူး။ ပိုတောင် ချစ်လာရသေးတယ်။ communication ကလည်း အရေးပါပါတယ်။ Happy New Year ပါ မမ။