မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဒို့သာသနာ ဒို့ဘာသာ

မိမိဘာသာတရားကို စော်ကားလာသူများအား ပြန်လည် တုံ့ပြန်ရာ၌ ဒီပို့စ် ထဲက ဘုရားဟောခဲ့တဲ့ အချက်အလက် လေးတွေကို ကျွန်မအခုမှ သိရပြီး တခြားမသိသေးသူများကိုလည်း သိစေချင်တဲ့ စေတနာနဲ့ ထပ်ဆင့် မျှဝေလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်မလည်း ကိုတော်ချောနဲ့ စာဖတ်သူများသို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တခု တင်ဖြစ်ခဲ့ပေမဲ့ ကျွန်မပို့စ်ထဲမှာတော့ အခုဒီပို့စ်ထဲက ဘုရားဟောထားတဲ့ အချက်အလက်တွေ မပါခဲ့သလို အခုဒီပို့စ်လောက်လည်း အနှစ်သာရ ပြည့်စုံမှု မရှိခဲ့ပါဘူး။ ကျွန်မ အလုပ်များနေလို့ အသစ်မတင်နိုင် ဖြစ်နေတဲ့အချိန်မှာ သိပ်ကို အနှစ်သာရရှိပြီး တန်ဖိုးရှိတဲ့ ဒီပို့စ်လေးကို ဖတ်လိုက်ရပြီး အခုလို ပြန်လည် တင်ပြခွင့်ရတဲ့အတွက် ပို့စ်ပိုင်ရှင် ကိုအောင်ဦး (Dhammaratha) ကို ကျေးဇူးအထူး တင်ရှိပါတယ်။ မောင်လေး ကိုအောင်ဦးရဲ့ ဓမ္မဒါနကို သာဓုခေါ်ပါတယ်။ တဆက်တည်းမှာပဲ ပြန်ဖေါ်ပြတဲ့ ပို့စ်တွေပဲ ဆက်တိုက်နီးပါးဖြစ်နေလို့ စာလာဖတ်သူများကိုလည်း တောင်းပန်ထားချင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ပြန်ဖေါ်ပြတဲ့ ပို့စ်တွေအားလုံးက ကျွန်မကိုယ်ရေးပို့စ်တွေထက် ပိုကောင်းနေလို့သာ တင်ဖြစ်တယ်ဆိုတာ စာဖတ်သူများကိုယ်တိုင် လက်တွေ့ ဖတ်ကြည့်ရင် သဘောပေါက်ပြီး နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။


ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ …
ယနေ့ အချိန်မှာ ထေရ၀ါဒ သာသနာကို စော်ကားတိုက်ခိုက်တဲ့ ၀က်ဆိုဒ်တစ်ခု ပေါ်ထွက်လာတာနဲ့ ပတ်သတ်ပြီး ဗုဒ္ဓဘာသာဝင် အားလုံး စိတ်နှလုံး မအေးချမ်းနိုင်ပဲ ရင်နင့်ကြရတဲ့ အဖြစ်တွေကို သိမြင်မိပါတယ်။ တဦးနဲ့ တဦး ဘာသာ အယူဝါဒချင်း မတူညီတဲ့ အတွက် ဘာသာတရား အရ ငြင်းခုန်နေမယ်ဆိုရင် ဘယ်တော့မှ အမှန်တရားကို ရရှိကြမှာ မဟုတ်ပါဘူး။ ထို့ကြောင့် သူတပါး ပြောဆို စော်ကားနေတာတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဒေါသတွေ၊ မာန်မာနတွေ မဖြစ်ကြဖို့ ရှေးဦးစွာ သတိပေးပါရစေ…။

အခုလို ဆဲရေးတိုင်းထွာ စော်ကားတာတွေဟာ အခုမှ ပေါ်ပေါက်လာတာလည်း မဟုတ်ပါဘူး။ ဘုရားရှင် လက်ထက်ကတည်းက စိဉ္စမာနဆိုတဲ့ မိန်းမယုတ်က ကိုယ်ဝန်ရှိဟန်ဆောင်ပြီး စွပ်စွဲတယ်။ ဒေ၀ဒတ်က ဆင်ကို အရက်မူးအောင် တိုက်ပြီး ဘုရားရှင်ကို ဆင်နဲ့ တိုက်တယ်။ ကျောက်မောင်းဆင်ပြီး အသက်သေအောင် ကြံစည်လုပ် ဆောင်တယ်။ လေးသမားတွေလွှတ်ပြီး လေးမြှားနဲ့ ပစ်သတ်ခိုင်းတယ်။ ဘယ်လောက် ယုတ်မာလိုက်တဲ့ လုပ်ဆောင်ချက် တွေ ဆိုတာ တွေးကြည့်ယုံနဲ့ မြင်သာပါတယ်။ ဘုရားရှိစဉ်မှာပဲ ဘုရားနဲ့ အနီးကပ်နေတဲ့ ပုဂ္ဂိုလ်တွေထဲကတောင် ဘုရားကို သတ်ဖို့ ကြံစည်တဲ့ သူတွေ ပေါ်ပေါက်ခဲ့သေးတယ်ဆိုရင် ဘုရားမရှိတော့တဲ့ နောက်ပိုင်း ဘုရားသာသနာကို အခြား ဘာသာဝင်တွေက စော်ကား ပြက်ရယ်ပြုတာသည် မထူးဆန်းဘူးလို့ ဆိုရမှာပါပဲ။


ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားရမှာက အခြားဘာသာက ဖျက်လို့ သာသနာ ပျက်မသွားဘူးဆိုတာပါပဲ။
သူတို့ နှစ်သက်သလို ပြောကြပါစေ… စော်ကားကြပါစေ… သူတို့အတွက် ထိုက်တန်တဲ့ အကျိုးပေးဆိုတာ ရှိနှင့်ပြီးသားပါ။ ငရဲရှိလား မရှိဘူးလား ဆိုတာ မယုံကြည်သူကို ဖြေရှင်းနေလို့ အပိုဖြစ်နေမှာပါပဲ။ သူတို့ကိုယ်တိုင် ရောက်တဲ့ နေ့ကျရင်တော့ အဖြေသိမှာပေါ့။
ဗုဒ္ဓမြတ်စွာသည် အခြားဘာသာဝင်တို့က ဘုရား၊ တရား၊ သံဃာတို့ကို စော်ကား ပြောဆိုတာတွေနဲ့ ပတ်သတ်ပြီး တပည့်သာဝကတွေ နှလုံးသွင်း နာယူလိုက်နာဖို့ အတွက် ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်မှာ အောက်ပါအတိုင်း မိန့်မှာတော်မူခဲ့ပါတယ်။

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။

ယခုအခါမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ အထက်ပါ အဆုံးအမ အတိုင်း ခံယူလိုက်နာကြပါ။
ဘုရား၊ တရား သံဃာ ရတနာမြတ်သုံးပါး၏ အပြစ်ကို ပြောဆိုကြသည်ကို ကြားသိကြလျှင် ရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်ကြရန် မြတ်ဗုဒ္ဓသည် သတိပေးတော်မူပါတယ်။ အဘယ့်ကြောင့် သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း ဟူသော ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏ စိတ်ဓာတ်ငြိမ်းချမ်းရေး တရားရရေးကို အနှောင့်အယှက် ပေးနိုင်သောကြောင့် ဖြစ်ပါတယ်။

မဟုတ်တာကို မဟုတ်ကြောင်း၊ မမှန်တာကို မမှန်ကြောင်း ရှင်းလင်းပြောပြသော်လည်း ကောင်းစွာ ခံယူခြင်း မရှိသူများကို ဥပေက္ခာပြု ခြင်းဖြင့် ဆက်ဆံကြပါလို့ အလေးအနက် အသိပေးပါရစေ…။
လူတယောက်က ခွေးကို ခဲနဲ့ ပစ်ရင် အဲဒီခွေးက ခဲကို လိုက်ကိုက်တယ်။ ခြင်္သေ့ကို ပစ်ရင် ခြင်္သေ့က ပစ်တဲ့သူကို ကိုက်တယ်။ ဒီတော့ ခွေးလို အဖြစ်ခံမလား၊ ခြင်္သေ့လို ကျင့်မလားဆိုတာက စဉ်းစားကြပါ။ ဘုရားရှင်ဟောခဲ့တာက ခြင်္သေ့လို ကျင့်ဖို့ပါ။ အဓိက အကျိုးတရားတခုရဲ့ အကြောင်းရင်းကို သတ်ဖို့ပါပဲ။

ဘယ်လို ပုဂ္ဂိုလ်တွေက စော်ကားတိုက်ခိုက်နေပါစေ… မိမိတို့ကိုယ်တိုင် သီလ၊ သမာဓိ၊ ပညာသိက္ခာတွေ အပျက်ဆီး မခံပဲ ပိုမို ကောင်းမွန်လာအောင် ဖြည့်ဆည်း ဆောင်ရွက်ဖို့ အဓိကပဲ ဖြစ်ပါတယ်။ ခလုတ်တိုက်တဲ့ ကျောက်တုံးကို ခြေနင်းတုံး အဖြစ် အသုံးချတတ်ရမှာ ဖြစ်သလို ယနေ့တွေ့ကြုံလာရတဲ့ လောကဓံတရားတွေကိုလည်း ကိုယ့်ရဲ့ အသိတရားတွေ ကောင်းမွန် လာအောင် အသုံးချတတ်ကြရမယ်။ အားလုံး ကိုယ်စီ သတိရှိကြပါ။

ဘေး ပယောဂ အတွက်ကြောင့် ဒို့သာသနာ ဒို့ဘာသာ ပျက်ဆီးမသွားဘူး။ ဖျက်ဆီးလို့လည်း မရဘူး။ သာသနာရဲ့ အကျင့်တွေကို လိုက်ပါကျင့်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသမျှ ကာလပတ်လုံး၊ သာသနာ အကျိုးကို စွမ်းဆောင်နေ ကြတဲ့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ရှိနေသ၍ မိမိတို့ ဘာသာ ဘယ်တော့မှ နိမ့်ကျမသွားဘူးဆိုတာ ယုံကြည်ထားကြပါ။

အခုလို အဖျက်တွေ များလာတာနဲ့ အတူ မိမိတို့ လုပ်ဆောင်ရမှာက အပြု သဘောဆောင်တဲ့ လုပ်ဆောင်မှုတွေပဲ အဓိက ထားပြီး လုပ်ဆောင်ကြဖို့ပါ။ သာသနာတော် စည်ပင်ထွန်းကားရေး အတွက် ကိုယ်စီ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့ သာသနာ အကျိုးကို တတ်နိုင်တဲ့ ဘက်ကနေ စွမ်းနိုင်သမျှ ဆောင်ရွက်ပေးနိုင်တဲ့ သူတွေ ဖြစ်အောင် ကြိုးစားကြပါလို့… အချင်းချင်း မေတ္တာရှေ့ရှု၍ သတိပေးပါရစေ…။

သာသနာအကျိုး မိမိအကျိုး အတွက် သူတော်ကောင်းတရားများ လက်ခံကျင့်သုံး အားထုတ်နိုင်ကြသဖြင့် သူတော် ကောင်းတို့ ရောက်ရာ ပန်းတိုင်ကို ရောက်ရှိ ခံစား၊ စံစားနိုင်ကြပါစေ…


သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်… (ကိုအောင်ဦး- Dhammaratha)

(စော်ကားတဲ့ ဘလော့ဂ်နဲ့ ဘလော့ဂါအကြောင်း ကျွန်မတင်တဲ့ ပို့စ်ကို ဤနေရာမှာ ဖတ်နိုင်ပါတယ်။)

ဗုဒ္ဓမြတ်စွာ သာသနာ
ရောင်ဝါနေသို့ လင်းစေသော်...


33 comments:

သာဓု..သာဓု..သာဓု..
ပါခင်ဗျာ..။

ပြန်လည်ဖော်ပြပေးလို့ ဖတ်ရပါတယ်။ ကျေးဇူးတင်ပါတယ်..မငယ်နိုင်

စာတွေ လာဖတ်တယ် မငယ်နိုင်၊ အားပေးလျက်ပါ။

ဘုရား လက်ထက် က ဘာရဒွါဇ ပုဏ္ဏား ကြီးဟာ အင်မတန် ရုတ်ရင်း ကြမ်းတမ်း တဲ့ ဖရုသ၀ါစာ စကားလုံးတွေနဲ့ မြတ်စွာဘုရား ဆွမ်းခံ တဲ့ လမ်းတလျှောက် မှာ ဆဲရေးခဲ့ဖူးတယ်။ "ဘာလို့လဲ ဆိုတော့ သူ့ အစ်ကို က ဘုရားကို တိုက်ခိုက်စွပ်စွဲမယ်ဆိုပြီး ကြိမ်းဝါးပြီးထွက်သွားတာ ပြန်မရောက်လာပဲ ဘုရားထံမှာ ရဟန်းပါပြုသွားလို့ အခဲမကြေလို့တဲ့။" ဆွမ်းခံလမ်း တလျှောက်လုံး လိုက်ဆဲနေသော်လည်း ဘုရား ကတော့ ဘာမှမဖြစ်သည့်ပုံ အေးအေးဆေးဆေးပဲ ။ ကြာတော့ ဘာရဒွါဇ ပုဏ္ဏား ကြီး တော်တော် မောလာ ပြီး... ကြိတ်မနိုင် ခဲမရဖြစ်လာကာ ဘုရားရှင်ကို တိုက်ရိုက်သွားမေး ရတော့တယ်။ ဘာလို့ ငြိမ်နေသလဲ... ပြန်မဆဲသလဲပေါ့။
ဘုရားရှင်က အမေးကို အမေးဖြင့် ဖြေတော်မူတယ်တဲ့...

“သင် သူတပါးကို ပစ္စည်း လက်ဆောင်တွေ ပေးဖူးပါသလား ချစ်သား ဘာရဒွါဇ”

မဖြေချင့်ဖြေချင်ဖြင့်.... “အို ပေးဖူးတာပေါ့”

“သူတပါးက သင်ပေးတဲ့ ပစ္စည်းကို မယူရင် သင်ဘာလုပ်ပစ်လဲ”

“ကိုယ်ပဲ ပြန်သိမ်းထားရတာပေါ့”

“ထို့အတူပဲ ဘာရဒွါဇ၊ သင်ပေးသော ဆဲရေးတိုင်းထွာမှုကို ငါ မယူ”

ဘုရားရှင် စကားကြောင့် ညီဘာရဒွါဇလည်း ဘုရားရှင်ကို ကြည်ညို ကာ ဗုဒ္ဓဘာသာဖြစ် သွားတော့သည်။

http://www.myanmaritpros.com က ကူးလာတာပါ။

မငယ်...အားပေးတယ်...
ဆက်လုပ်...

သာဓု သာဓု သာဓု ပါ အစ်မရေ သူပြုတဲ့ကံ သူထံပြန်သွားလိမ့်မယ် မယူရင် မရဘူးပေါ့..ညီမလေးလဲ ဖတ်ကာစက သွေးတောင်တိုးတယ်...ဒါပေမယ့် သူ့အကုသိုလ်နဲ့သူသွားပါလိမ့်မယ်

ကိုယ်တော်ချောဆိုတာ တစ်ခြားသူဟုတ် ရိုးလား....
ဘာသာရေးအရှုပ်တော်ပုံကြီးဖန်တီးပြီး...
သူတို့ လုပ်သမျှကိုလူတွေအာရုံမစိုက်နိုင်အောင် လုပ်နေတဲ့အာဏာရူးကြီးတွေ.....

သိပ်ကောင်းတယ်..။ သာဓုခေါ်ပါတယ်ဗျာ..။

ရိုင်းရိုင်းစိုင်းစိုင်းတုန့်ပြန်ရင် ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင်တာကို သတိမူပြီး၊ ဥပေက္ခာပြုထားတာက ပိုသင့်တော်ပါတယ်။
ဧရာ

ဆိုင်မဆိုင်တော့ မသိဘူး

“မော်လဝီနဲ့ ယောဂီ” ဆိုတဲ့ စကားက ခေါင်းထဲ ပြန်ပြန်ရောက်လာနေတယ် မငယ်ရေ...

းဝ)

ဒီပို့စ်ကို အများဖတ်ရှုနိုင်အောင် ပြန်လည်တင်ပြတာ ဖြစ်ပြီး လာဖတ်ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။

သာဓုခေါ်သွားတဲ့ AATO, မဆုမွန်၊ ကိုနှင်းလှိုင်တို့ကို သာဓုပြန်ခေါ်ပါတယ်နော့်။ ဒါပေမယ့် AATO တယောက် သာဓုတော့ ခေါ်ပြီး ဘုရားမကြိုက်တာကို သောက်နေတာလည်း ကို face book မှာ မကြာခစတွေ့နေရလို့ ကောင်းတာကို သာဓုခေါ်သလို မကောင်းတာကို ကိုယ်တိုင်လည်း ရှောင်တတ်အောင် ကြိုးစားဖို့ လိုတယ်ဆိုတာ အစ်မကြီးယောက် လေသံနဲ့ ပြောလိုက်မယ်နော့်။

ဘုရားလက်ထက်က ဗဟုသုတတွေ မျှဝေပေးသွားတဲ့ TZ ကို ကျေးဇူးတင်ပါတယ်။ ကျွန်မက အကြောင်းအရာကို သိပေမဲ့ အခု TZ ပြောသလို နာမည်တွေနဲ့ အတိအကျ မသိခဲ့ဘူး။
SDL, ကိုအောင်၊ အဖြူရောင် နတ်သမီး၊ လင်းလက် တို့ရဲ့ အားပေးမှုကို ကျေးဇူးတင်ပါတယ်။

မဆုမွန်ရေ ဒီလို တရားနဲ့ ဆင်ခြင်တာ ကောင်းပါတယ်။ ပုထုစဉ်တွေမို့ ဒေါသနဲ့ မကင်းနိုင်ပေမဲ့ ဒေါသ အလွန်အမင်း ဖြစ်ရင် ဆင်ခြင်တုံတရားတွေ ကင်းမဲ့သွားပြီး ထိန်းလို့ မမှီဖြစ်ရင် ကိုယ်ပဲ နစ်နာပါတယ်။

Anonyous ရေ ဟုတ်ရင်လည်း ဟုတ်နိုင်တယ်၊ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဒါမျိုးက အထောက်အထား မရှိဘဲနဲ့တော့ တတ်အပ်ပြောလို့တော့ မဖြစ်နိုင်ပါဘူး။

ကိုဧရာကို သဘောတူပါတယ်။ မှတ်ချက်အတွက် ကျေးဇူးနော့်။

ကိုလူထွေး ပြောတာ ကျွန်မသဘောမပေါက်ဘူး။ ကျွန်မ မြန်မာစာ သိပ်ညံ့တယ် အတည့်ပြောတာတောင် တ၀က်ရိပ်မမိတတ်ဘူးလို့ မကြာခဏ ၀န်ခံဖူးတယ်နော့်။

အမ ဘလော့ကို ဖတ်ဖြစ်နေကြပါ။
ကိုလူထွေးပြောသွားတဲ့အကြောင်းက မြန်မာပြည်မှာ ဒုတိယကမ္ဘာစစ် မဖြစ်ခင် စစ်ကြိုခေတ်တုန်းက ဗလီဆရာ မောင်ရွှေဖီဆိုသူ ရေးတဲ့ မော်လဝီနဲ့ ယောဂီ စာအုပ်ကြောင့် လူမျိုးရေး အထိကရုန်း ဖြစ်ဘူးတာ ကို ပြောတာဖြစ်ပါလိမ့်မယ်။


ခင်မင်လျက်
ခမမ

ခက်တော့ ခက်သားကလားပဲ :(

ရွှေဝါရောင်တော်လှန်ရေးမှာ ဘုန်းကြီးတွေကို ပြစ်မှားခဲ့တဲ့
သန်းရွှေတပည့် ဘာသာခြားစစ်ထောက်လှမ်းရေးတွေရဲ့လက်ချက် သန်းရွှေအကြိုက် ဆက်လက်မိုက်ရိုင်းပြနေတဲ့ စစ်ထောက်လှမ်းရေးဘလော့၈ါတွေရဲ့ ဗုဒ္ဓဘာသာကိုစော်ကားတဲ့ဘလော့တခု ပေါ်ထွက်လာတာလို့ ထင်မြင်မိတယ်ဗျာ
မငယ်ကိုလေးစားလျှက်
မောင်အိုး

မည်သည့်စကားက ဆဲတာလဲ..မည်သည့်စကားက ပုတ်ခတ်စော်ကားတာလဲ..ဆိုတာ .. သိနားလည်ဖို့ တော့လိုအပ်ပါတယ်။ တိကျတဲ့ ဒဖနေးရှင်းရှိပါတယ်။ လိုအပ်ရင် နောင်အကျယ်ရေး ပို့စ်တင်ပါ့မယ်။


ဆဲရေးစကားကို ပုတ်ခတ်စော်ကား တယ်လို့ နှလုံးသွင်းရမယ်..

ပုတ်ခတ်စော်ကား တာကို ဆဲရေးတယ် လို့ မှတ်ယူ ပြီး လစ်လျူရှုရမယ်..လို့

ဘုရားရှင်ရဲ့ မိန့်မှာ ညွှန်ကြားချက်.

အထောက်အထား တစ်စုံတရာ.. ဗုဒ္ဓစာပေများမှာ ယနေ့ထိတော့.. မတွေ့ဖူး. မဖတ်ဖူး သေးပါ။

( စာပေ မနှံ့စပ်လို့လဲဖြစ်နိုင်ပါတယ်.. အထောက်အထားတစ်စုံတရာ တွေ့ရင်..ဖေါ်ပြပေးစေလိုပါတယ်)


အဆိပ်ခတ်သူ နဲ့ အဆိပ်သင့် သူ .

ထိုနှစ်မျိုးတွင်..

အဆိပ်ခပ်သူ ရှိနေသမျှ အဆိပ်သင့်သူတွေ တစ်နေ့ တခြားများသထက်များလာမှာအသေအချာပါ။

အဆိပ်ခတ်သူကို ဘယ်လိုမှ ဖမ်းလို့.မမိနိုင် ဘူး..ဆိုရင်လဲ.. အဆိပ်သင့်သူ တွေကို ဖြေဆေးပေးဖို့လိုအပ်ပါတယ်။

ခပ်ချင်သလောက် ခပ်ပစေ.ဖြေရှိရှိနေသမျှ အဆိပ်သင့်သူ တိုးပွါးလာဖို့မရှိပါ။


.အဆိပ်သင့်သူမျးအတွက်.. ဖြေဆေးပေးနိုင်ဖို့ ကြိုးစားစေချင်ပါတယ်။


သို့မဟုတ်..

အဆိပ်ဖြေဆေးဖေါ်ဖို့ အားအစွမ်းမရှိဘူး ဆိုရင်လဲ.. မရှိဘူးလို့ပဲ သဘောပေါက်သင့်ပါတယ်။


ထိုသို့မဟုတ်မူဘဲ..

မိမိအယူအဆများရှေးတန်တင် ဆင်ဝှေ့ရန်ရှောင် နေကြရင် ထေရ၀ါဒ အဆုံးအမ များမှ ချော်ကျသွားဖွယ်ရာ ရှိပါတယ်။


...

ဥပမာ... မြတ်ဘုရားက.. စော်ကားလာသူကို တုန့်ပြန်ဖြေရှင်း နည်းပေးလမ်းပြတော်မူတယ်။ အဆိပ်မှိုင်းမိသူများကို ဖြေဆေးပေးတော်မူတယ်။

--
မိမိ တို့က ခန္တီ တရားကို ..ငြိမ်ခံခြင်း ဟု ဘာသာပြန်ကာ...ဘာသာခြားတို့စော်ကားမှု ကို လစ်လျူရှု ထားတယ်။

ထိုသို့ လစ်လျူရှု ငြိမ်ခံခြင်းကိုပဲ..သူတော်ကားတရားနဲ့အညီ ဖြစ်တယ် ဟု စွဲမှတ်ယုံကြည်နေတယ်..


ဆိုပါက..


၁- ဗုဒ္ဓဘုရားသည် မိမိ တို့လောက် သူတော်ကောင်းတရားမရှိ ..

၂- ဗုဒ္ဓဘုရားသည် မိမိ တို့လောက် အမျှော်အမြင် ပညာမရှိ.

၃- ဗုဒ္ဓဘုရားသည် မိမိတို့လောက် မဟာကရုဏာ တရားမပြည့်ဝ.

၎- ဗုဒ္ဓဘုရားသည် မိမိ တို့လောက် ခန္တီ စ တရား မပြည့်ဝ..


ဟု ပြောသကဲ့ သို့ ဖြစ်နေပါ၏။

..............................
သို့ဖြစ်ပါ၍ ..

ဗုဒ်ဓ ဘုရား သီးမခံနိုင်တဲ့အရာကို သီးခံနိုင်ကြသူများ အဖြစ် မိမိတို့ကိုယ်တိုင်က ၀န်ခံပြီးသားဖြစ်သွားပါတယ်။



ခန္တီ မေတ္တာ ကရုဏာ ဂုဏ်အားဖြင့် ဘုရားထက်သာလွန်သည့်အတွက်ကြောင့်..ခေတ်သစ်မဟာသဗ္ဗညူဘုရားကြီးများ အဖြစ်သို့ရောက်မှန်းမသိ ရောက်သွားနိုင်ပါကြောင်း..



အတွေးအကြံ.အမြင်မှန် အလျှင်အမြန် ရကြပါစေသော်..


မေတ္တာဖြင့်

Khet Myint Myint ရေ ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ အစ်က ငယ်ငယ်က သမိုင်းကို ရှစ်တန်းအထိပဲ သင်ဖူးပြီး နောက်ပိုင်းလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး လေ့လာဖူးတဲ့အထဲမှာ မပါလို့ မသိလိုက်ဘူး။

ကိုလူသစ်ရေ သိပ်မခက်ပါဘူး။

ကိုအိုးဝေ ပြောသလိုဖြစ်ချင်လည်း ဖြစ်နိုင်တယ် အတိအကျတော့ ပြောလို့မရပါဘူး။

ဆရာတော် အရှင်ကုမာရကို တပည့်တော်မ သီးသန့် ဆွေးနွေးမယ်နော့်။

ဆရာတော် အရှင် ကုမာရအတွက်

အရှင်ဘုရား
သာသနာ့အကျိုးကို အချိန်ပြည့် သယ်ပိုးနေတဲ့ သာသနာ့ဝန်ထမ်း သံဃာတော်တပါးရဲ့ အဆုံးအမ အနေနဲ့ အရှင်ဘုရားရဲ့ မှတ်ချက်ကို တပည့်တော်မ အခေါက်အခေါက်အခါခါ ဖတ်ဖြစ်ပါတယ်ဘုရား။

စော်ကားနေတဲ့ ဘလော့ဂါနဲ့ ပတ်သက်ပြီး တပည့်တော်မ ကိုယ်ပိုင်ပို့စ် တခုလည်း တင်ဖြစ်ခဲ့ပေမဲ့ ဘုရားဟောတရား မပါတော့ မပြည့်စုံလို့ ဘုရားဟောပါတဲ့ ကိုအောင်ဦးရဲ့ ပို့စ်ကို တပည့်တော်မ ပြန်ဖေါ်ပြပေးတာ ဖြစ်ပါတယ်။ အခု အရှင်ဘုရားက ဘုရားဟောတရား ပါတဲ့ပို့စ်ကိုမှ လာပြီး ဘုရားဟောနဲ့ မကိုက်ညီ ဖြစ်နေတယ် ဆိုလာတော့ ဘာကို ဆိုလိုတယ်ဆိုတာ တပည့်တော်မ သိပ်နားမလည် ဖြစ်နေပါတယ်ဘုရား။

အရှင်ဘုရားက အဆိပ်ခတ်သူ နဲ့ အဆိပ်သင့်သူလို့ ဥပမာပေးရင် အဆိပ်သင့်သူဟာ ဗုဒ္ဓဘာသာဝင်တွေထဲက ဒေါသဖြစ်ကာ ဆဲရေးတိုင်းထွာပြီး တုံ့ပြန်နေသူတွေသာ ဖြစ်လိမ့်မယ်လို့ တပည့်တော်မက ယူဆပြီး အရှင်ဘုရားက ကိုယ်တော်ချော စကားကို နားယောင်သွားမည့်သူများဖြစ်တယ်လို့ ယူဆနေပါတယ်။ ကိုအောင်ဦးပို့စ်နဲ့ တပည့်တော်မပို့စ် နှစ်ခုစလုံးဟာ ဒေါသဖြစ်တာတွေ၊ ဆဲဆိုနေတာတွေကို တွေ့ရဖန်များလို့ အဲဒါတွေဟာ မိမိအတွက်နဲ့ မိမိဘာသာအတွက် ဘာမှ အကျိုးမရှိတဲ့ အကုသိုလ်တရားတွေသာ ဖြစ်လို့ ဒေါသထွက်ပြီး သူ့မှာရှိနေတဲ့ အကုသိုလ် တရားတွေ သူ့ဆီက မျှဝေမယူဖို့နဲ့ သူ့အကုသိုလ်နဲ့ သူသွားပါစေဆိုတဲ့ Message ကို ပေးတဲ့ ပို့စ်သာလျှင် ဖြစ်ပါတယ်။ ဒါဟာ ဒေါသဆိုတဲ့ အဆိပ်သင့် ခံနေရသူတွေကို ဖြေဆေးပေးခြင်းသာ ဖြစ်ပါတယ်။ ဒါကို အရှင်ဘုရားက ဘုရားဟောနဲ့ ကွဲလွဲနေတယ် ဆိုတော့ အဲဒီဒေါသထွက်နေတဲ့ ဘာသာတူ မောင်နှမတွေကို သွေးချောင်းစီးရင်လည်း စီးပါစေ ဒေါသကြိုက်သလောက် ထွက်ဖို့ အားပေးရတော့မလို ဖြစ်နေပါတယ်ဘုရား။ အရှင်ဘုရား အောက်မှာ ကောက်ချက်ချထားတွေကိုလည်း ဘာကြောင့်ဆိုတာ တပည့်တော်မ သိပ်မရှင်းဘူးဘုရား။

(((((အဆိပ်ဖြေဆေးဖေါ်ဖို့ အားအစွမ်းမရှိဘူး ဆိုရင်လဲ.. မရှိဘူးလို့ပဲ သဘောပေါက်သင့်ပါတယ်။
ထိုသို့ လစ်လျူရှု ငြိမ်ခံခြင်းကိုပဲ..သူတော်ကားတရားနဲ့အညီ ဖြစ်တယ် ဟု စွဲမှတ်ယုံကြည်နေတယ်..
ဆိုပါက..
၁- ဗုဒ္ဓဘုရားသည် မိမိ တို့လောက် သူတော်ကောင်းတရားမရှိ ..
၂- ဗုဒ္ဓဘုရားသည် မိမိ တို့လောက် အမျှော်အမြင် ပညာမရှိ.
၃- ဗုဒ္ဓဘုရားသည် မိမိတို့လောက် မဟာကရုဏာ တရားမပြည့်ဝ.
၎- ဗုဒ္ဓဘုရားသည် မိမိ တို့လောက် ခန္တီ စ တရား မပြည့်ဝ..
ဟု ပြောသကဲ့ သို့ ဖြစ်နေပါ၏။
..............................
သို့ဖြစ်ပါ၍ ..
ဗုဒ်ဓ ဘုရား သီးမခံနိုင်တဲ့အရာကို သီးခံနိုင်ကြသူများ အဖြစ် မိမိတို့ကိုယ်တိုင်က ၀န်ခံပြီးသားဖြစ်သွားပါတယ်။
ခန္တီ မေတ္တာ ကရုဏာ ဂုဏ်အားဖြင့် ဘုရားထက်သာလွန်သည့်အတွက်ကြောင့်..ခေတ်သစ်မဟာသဗ္ဗညူဘုရားကြီးများ အဖြစ်သို့ရောက်မှန်းမသိ ရောက်သွားနိုင်ပါကြောင်း..
အတွေးအကြံ.အမြင်မှန် အလျှင်အမြန် ရကြပါစေသော်..))))

ဆိုတဲ့ အထက်က အပိုဒ်တွေမှာ အရှင်ဘုရား ပြောထားတာ ရည်ရွယ်ရင်းကတော့ ဘုရားဟောနဲ့ ကွဲလွဲသွားမှာစိုးလို့ စေတနာနဲ့ သတိပေး ပြောတာ ဖြစ်နိုင်ပေမဲ့ အပြောအဆို အသုံးအနှုံးတွေက ဒီသဘောနဲ့ သွေဖည်ပြီး ကြံကြံဖန်ဖန် အချက်တွေ ရှာဖွေပြီး တပည့်တော်မတို့ကို မဆီမဆိုင် စွပ်စွဲထားသလို ဖြစ်နေပါတယ်ဘုရား။

ကိုယ်တော်ချောဆိုတဲ့လူဟာ ဘာသာရေးကို ပျက်ပြားအောင် လုပ်နေတာမဟုတ်ဘူး။ ပျက်ပြားအောင် လုပ်နိုင်တဲ့ အရည်အချင်းလည်း သူ့မှာ မရှိလောက်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဒေါသကိုသာ ဆွပေးနေတာသက်သက် ဖြစ်ပြီး ဗုဒ္ဓဘာသာကို ဒီနည်းနဲ့ ပျက်ပြားအောင်လုပ်လို့မရနိုင်ဘူး ဆိုတာလည်း သူကိုယ်တိုင်လည်း သိမှာ သေချာပါတယ်။ ဒါကို အရှင်ဘုရားက သူ့ကိုအထင်ကြီးပြီး ကိုယ့်လူတွေ သူပြောစကား နားယောင်သွားမှာကို စိုးရိမ်နေတယ်လို့ တပည့်တော်မ ထင်တယ်။ သူ့စာအဆင့်အတန်းနဲ့ ယုတ်ညံ့တဲ့ အပြောအဆိုကို ကြည့်ပြီး ကိုယ်တော်ချော ပြောတဲ့စကားကို ဗုဒ္ဓဘာသာဝင်တွေထဲက နားယောင်ပြီး မိမိဘာသာကို တွေဝေလိမ့်မယ်လို့ တပည့်တော်မကတော့ ကိုယ်တော်ချောကို အရှင်ဘုရားထင်သလို လုံးဝအထင်မကြီးပါဘူး ဘုရား။ တပည့်တော်မတို့ ပြောတဲ့အထဲမှာ ဘုရာဟောနဲ့ သွေဖည်တာ တခုမှ မပါပါဘူး။ မထင်မှတ်ပဲ ပါသွားခဲ့ရင်လည်း ဘယ်ဟာ၊ ဘယ်လိုဖြစ်လို့ ဆိုတာ နားလည်အောင် ကောင်းကောင်း ပြောပြ ထောက်ပြရင်လည်း လက်ခံမှာ ဖြစ်ပါတယ်ဘုရား။ ဒါပေမဲ့ တပည့်တော်မတို့ စိုးရိမ်နေတာနဲ့ အရှင်ဘုရား စိုးရိမ်တာ မတူတာနဲ့ပဲ အပေါ်မှာ ဘုရားထက်သိတဲ့ ပုဂ္ဂိုလ်တွေအဖြစ် အထင်ရောက်နေသလိုလို တပည့်တော်မတို့ကို ပြောဆိုထားတာကိုတော့ မသင့်လျော်ဘူးလို့ ထင်ပါတယ်ဘုရား။

အစ်မရေ..
အစ်မပြောတာတွေ သဘာဝကျပါတယ်..
ကိုလူချောဆိုတဲ့လူရဲ့ အရေးအသားတွေဟာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ စိတ်ထဲမှာတောင် ထည့်ထားသင့်တဲ့ အရာမဟုတ်ပါဘူး။ စိတ်ထဲထည့်ထားလောက်အောင်လည်း သူပြောတဲ့စကားတွေက အဆင့်အတန်းမရှိပါဘူး။ ဒါကိုသူနဲ့လိုက်တုပြီး လိုက်ပြောနေမယ်ဆိုရင် သူ့အဆင့်နဲ့ တန်းတူဖြစ်သွားပါလိမ့်မယ်..။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘုရားအဆုံးမကို သိဖို့လိုတယ်.. ဘုရားရှင်ရဲ့ အောင်ခြင်းရှစ်ပါးကို ကိုယ်တိုင်အောင်မြင်တော်မူပုံတွေကို ကြည့်ရှုရင်သိနိုင်ပါတယ်..။ အမျိုးမျိုး စွပ်စွဲပုတ်ခတ်မှုတွေကို ဘယ်လိုအနိုင်ယူပြသွားလဲဆိုတာ ဗုဒ္ဓဘာဝင်မှန်တဲ့သူတိုင်း နားလည်နိုင်ပါတယ်..။ ဒါကိုမှ ဘုရားဟောနဲ့ လွဲပြီး လုပ်ချင်တာလုပ်မယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်စစ်စစ် မဟုတ်ဖူးလို့ပဲ ပြောလိုက်ပါရစေ..။ ကိုယ့်အဆင့်ကိုသိပြီး ဗုဒ္ဓရဲ့အဆုံးမနဲ့အညီ နေထိုင်ကျင့်ကြံနိုင်ပါစေလို့ ဆန္ဒပြုပါတယ်အစ်မရေ..။ သာသနာကို အမှန်တကယ်ချစ်မြတ်နိုးပြီး စောင့်ထိန်းတတ်ကြပါစေလို့လည်း ဆန္ဒပြုပါတယ်.. အစ်မလင့်လေးလည်း တခါထဲယူသွားပါတယ်..။ ဆက်လက်အားပေးနေပါတယ်အစ်မရေ..။ ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့ဖို့ပဲ လိုပါတယ်..။
သာဓုပါအစ်မရေ..။

ဒကာမကြီးကွန်မန့်တွေဖတ်ပီးရေချင်စိတ်ပေါက်တာနဲ့ရေးလိုက်ပါသည်. ဦးဇင်းဦးကုမာရပေးတဲ့ကွန်မန့်ကိုဖတ်ပီးဦးဇင်တစ်ခေါက်ဖတ်ပီးနာလည်လိုက်တာက.ကိုယ်တော်ချောသူဆိုတဲ့သူက ဘာမသိညာမသိနဲ့မဟုတ်တာတွေ တနည်းပြောရရင် ဗုဒ်ဓဘာသာဝင်တွေစိတ်မတိုတိုအောင်ရေးမယ်၊စိတ်ကိုဆွမယ်၊ ဖတ်မိတဲ့သူတွေကလည်းအနည်းအမျးဆိုသလို စိတ်ဆိုဒေါသဖြစ်မယ်. ဒါကြောင့် သူဟာအဆိတ်ခတ်နေတာဖြစ်တယ်.ဒါ့ကြောင့်အဆိတ်သင့်ခံတဲ့သူတွေမဖြစ်ကြနဲ့လို့ဆိုလိုတာဖြစ်တယ်လို့ထင်ပါတယ်. ဦးဇင်းဆို အဲ့ဒီဘလော့ကိုတစ်ခါမှကောင်းကောင်းမဖတ်ဘူး သူတင်ပြထားတဲ့ သတင်းကလဲအမှန်မဟုတ်ဘူး၊ ဒါပေမဲ့သူတင်ပြထားတာ ကောင်းနေတယ် တချို့တစ်ဝက်တောင်မှန်နေမယ်ဆိုရင် ဖတ်သင့်ပါတယ်. အခုဟာက အရူးချီးပန်းပါ. ဦးဇင်ထင်တော့ အဲဒီကောင်အတော်ပျော်နေလောက်ပီ ဘာဖြစ်လို့လဲဆိုတော့ သူဘလော့လူစည်သွားတယ် ပီတော့ အင်တာနက်အပေါ်မှာချက်ချင်ပြန့်သွားတယ်. ဒါ့ကြောင့် နာမည်ကြည်းခြင်ရင် မကောင်းဘူး မဟုတ်တာများများလုပ်ဆိုတာ. တချို့ကလည်း ဒီဘလော့ကိုဖတ်ပီး စိတ်ရိုင်သွားနိုင်တယ်. ဘာဖြစ်လို့လဲဆိုတော့ ငါတို့အာဏာထိလို့ကတော့ မဟာမြတ်မုနိတောင်မထားဘူးဆိုပဲ.အဲဒီလိုကောင်တွေလဲရှိတယ်ဗျာ.

သာသနာအကျိုး နိုင်သလောက်သယ်ပိုးနေတာ ကို များစွာ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဘာသာကို ချစ်တဲ့ စိတ်.ကိုယ့်ဘာသာကို ကာကွယ်လိုတဲ့စိတ် အပြည့် ရှိကြတယ်..ဆိုတာကို လဲ ချီးကျူး ရပါတယ်။


အောင်ဦး စိုက်မှာ..ကော်မန်း ပေးသူ နဲတဲ့ အတွက် တိုတို ပဲ ရေးပေးခဲ့ပါတယ်။ ငယ် နိုင် ရဲ့ စိုက်ကတော့.. ကော်မင်း ရေးသူ များတဲ့အတွက် ပို မို ထင်ရှားစေ ဖို့ ပိုမို အသေးစိတ် တဲ့ ကော်မန်း ကို ရေးပေးခဲ့ပါတယ်။

နားမလည်ဘူး ဆိုတဲ့ အတွက် ထပ်ဆင့် ရှင်းပြပေးပါ့မယ်။

ကိုယ်ရေးမဲ့ စာက အများရေးတဲ့ကော်မန်း နဲ့ဆန့်ကျင်နေတယ်ဆိုတာ သိပါရဲ့။ အများနဲ့ဆန့်ကျင်နေပါလျက် ဘာလို့ရေးရသလဲ ဆိုတော့.......



ကိုးကား တဲ့ ဘုရားဟော က.. " မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။ .ဖြစ်ပါတယ်။

ဘုရားအလိုတော်က .. သင်တို့ ဖြေရှင်းရမယ်။ (.......မဟုတ်ရင် မဟုတ်ဘူးလို့ ဖြေရှင်းပါ)။

အဲဒါက ပါဠိတော် ဖြစ်ပါတယ်။ တပ်ချုပ်ကြီးရဲ့ အမိန့်လိုပါဘဲ။


ဖြေရှင်းရမယ်..ဆိုတဲ့ ပါဠိတော်ကို ကိုးကားလျက် နဲ့ ဥပေက္ခာပြု ခြင်းဖြင့် ဆက်ဆံကြပါလို့ အလေးအနက် အသိပေးပါရစေ။ (ဥပေက္ခာပြု ခြင်းဖြင့် ဆက်ဆံကြပါလို့ အလေးအနက် အသိပေးပါရစေ)။


ဒီစကားက ကိုးကားလိုက်တဲ့ ပါဠိတော် နဲ့ အလိုက်သင့်အလျားသင့် လိုက်လျောညီထွေဖြစ်ပါရဲ့လား။ ပါဠိတော်အားလျော်စွာ .. ရေးထားတဲ့ စာ .ဟုတ်ပါသလား..မဟုတ်ဘူးလား..ဆိုတာ ..သေချာဆန်းစစ်ကြည့်ပါ။ဝေဖန်ကြည့်ပါ။ အဖြေထုတ်ကြည့်ပါ။

..............

ကိုးကားတာက ဖြေရှင်းပါ.လို့ပဲပါတယ်။ (ဘာကြောင့် ညာကြောင့်.. ဆိုတဲ့ အကြောင်းပြချက်.ချွင်းချက် မပါဘူး)။

ဒါကို အောင်ဦး အဖြေထုတ်လိုက်တာက..... ဥပေက္ခာပြု (လစ်လျူရှု) ပါ။


ဖြေရှင်းပါ (ဘုရားစကား ). နှင့် ဥပေက္ခာပြုပါ .(အောင်ဦးစကား ) တို့သည် လိုက်လျောညီထွေမှု ရှိသလား... အဓိပ်ပါယ်အတူတူ ဟုတ်သလား..မဟုတ်ဘူးလား။

အဓိပ္ပါယ်တူတယ်. လိုက်လျောညီထွေမှုရှိတယ်။

ဖြေရှင်းပါ နဲ့ ဥပေက္ခာပြုပါ..ဆိုတဲ့စကားနှစ်ရပ် အီကွေးရှင်းချ...ထပ်တူညီ အဓိပ္ပါယ် ထွက်တယ်...လို့ အများ နားလည်သဘောပေါက်ကြပါတယ်..ဆိုရင်တော့ ဒါဟာ. ဦးဇင်းရဲ့ ညံ့ဖျင်းမှုပါ.(၁၀ တန်း. မြန်မာစာ ဂုဏ်ထူးမှတ်မရခဲ့ပါ)။


-------------------------------------------------------------------------------

အဲဒီစကား နှစ်ရပ် ရှေ့နောက် ဆန့်ကျင်တယ်.ကွဲလွဲ နေတယ်.လို့ အများနားလည်ကြပါတယ်.ဆိုရင် ..

ထေရ၀ါဒ ရဲ့ ခိုင်မာမှု စံ သတ်မှတ်ချက်အရ...ဘယ်ဟာ က ပိုပြီး အားကောင်း ခိုင်မာသလဲ ဆိုတာ ဆန်းစစ်ရပါတယ်။ (ပါဠိတော်နှစ်ရပ် ဖြစ်နေရင် ကျမ်းညှိတတ် ရပါတယ်.... ကျမ်းကြည့်မခက် .ကျမ်းညှိ ခက် ဆိုတဲ့စကား ရှိပါသေးတယ်)။

အယူဝါဒ နှစ်ခု တိုက်ဆိုင်လာပီ ဆိုရင်... ၁. သုတ္တ.၂.သုတ္တနုလောမ.၃. အာစရိယ၀ါဒ.. ၄.အတ္တနော မတိ .. ဖြစ်မဖြစ် ညှိ နိုင်း စစ်ဆေးရပါတယ်. (ပရိယတ္တိ စာသင်ခဲ့ရသူများ နားလည်ပါတယ်.)။

သုတ္တ ဆိုတာက ပါဠိတော်...ခိုင်မာမှု အားအကောင်းဆုံး.ပါ. (ဒီအကြောင်း http://www.ashinkumara.com/2010/01/blog-post_23.html မှာ အကျယ်ရေးထားပါတယ်)။
အောင်ဦးရဲ့ စကား က .သာမန် အရပ်သား တစ်ယောက်ရဲ့စကား .။

ဒီနှစ်ခု ဆန့်ကျင်နေတဲ့အတွက်. . ထေရ၀ါဒစံ အရ.. အားကောင်းခိုင်မာ တဲ့ ပါဠိတော်ကို ပဲ ယူရပါတယ်။ အောင်ဦးစကား ကို ပယ်ရပါတယ်. (အဌကထာ.ဋီကာ.ဘယ်ဆရာတော်..ညာဆရာတော်..စတဲ့ စကားဖြစ်ပစေဦးတော့.. ပယ်ရမယ်)။


--------------------------------------------------------------------------------

ဆက်ပါဦးမယ်.။

အစ်မ
ကျနော့် ပိုစ့်မှာ ပါတဲ့ အောက်ပါစာကြောင်း ကိုပဲ အရှင်ကုမာရက ထောက်ပြတာလို့ ယူဆပါတယ်။

<<< မဟုတ်တာကို မဟုတ်ကြောင်း၊ မမှန်တာကို မမှန်ကြောင်း ရှင်းလင်းပြောပြသော်လည်း ကောင်းစွာ ခံယူခြင်း မရှိသူများကို ဥပေက္ခာပြု ခြင်းဖြင့် ဆက်ဆံကြပါလို့ အလေးအနက် အသိပေးပါရစေ…။ >>>

အဲဒီ စာကြောင်းရဲ့ ဆိုလိုရင်းကို နားလည်မှု လွဲသွားသလားပဲ။ ကျနော် ရေးတဲ့ အထဲမှာ ငြိမ်ခံရမယ်လို့ မဖြေရှင်းရဘူးလို့ မဆိုလိုပါဘူး။ ဖြေရှင်းပြောပြသော်လည်း တဖက်က လက်မခံကြတဲ့ အတွက် ဥပေက္ခာပြုခြင်းဖြင့် ဆက်ဆံပါလို့ သုံးခြင်းပါ။

ကျနော်တို့ စာေ၇းနေသူတွေ အတွက် သူတပါး အသိမှား အမှတ်မှား ဖြစ်စေမယ့် အသုံတွေ မရေးမိဖို့ အထူးသတိထားရပါတယ်။ ကိုယ့်ကြောင့် သူတပါး အမှားတွေ မှတ်သွားရင် ရေးသူမှာ အပြစ်ရှိပါတယ်။ ကျနော်လည်း သတိထားပြီး စေတနာ ရှေ့ရှု ရေးထားတာပါ။ ဆရာတော်များ၊ သီလရှင်များကို ဖတ်ရှုပြီးမှ အခုလို ပိုစ့်တင်ရတာပါ။

ဆက်လက်ဆောင်ရွက်နိုင်ပါစေ...

စိတ်ချမ်းသာပါစေ အစ်မ...

မောင်ကောင်း၊ ဆရာတော် အရှင်ကမာရနဲ့ တခြားဦးဇင်းတပါး၊ မောင်လေးကိုအောင်ဦးတို့ရဲ့ မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။

ဆရာတော် အရှင်ကုမာရ အခုလို ဝေါဟာရတွေကို တိတိကျကျ ထောက်ပြတာကို ကျေးဇူးတင်ပါတယ်၊ လက်ခံလို့လည်း ရပါတယ် ဘုရား။ စောစောက မှတ်ချက်မှာ အရှင်ဘုရား ပြောထားတာက ထောက်ပြတာထက် မဆိုင်တာတွေက ပိုများနေလို့ ဝေါဟာရ အသုံးအနှုန်း မဟုတ်လို့ ထောက်ပြတဲ့ အရှင်ဘုရား ကိုယ်တိုင်က ထောက်ပြတဲ့ ဝေါဟာရအသုံးအနှုန်းတွေမှာ ဒေါသထွက်တဲ့သူတွေကိုပဲ အားပေးရမလိုလို၊ တပည့်တော်မတို့ကပဲ ဘာသာရေး အသင်းခွဲ လုပ်နေသလိုလို ပြောထားတာမျိုး ဖြစ်နေလို့ Reply ပြန်လုပ်ရတာ ဖြစ်ပါတယ်ဘုရား။ အခု ဒုတိယ မှတ်ချက်ကြောင့် ရှင်းသွားပါပြီ။ မောင်လေး ကိုအောင်ဦးကလည်း သူဆိုလိုတဲ့အချက်နဲ့ နားလည်မှုလွဲနိုင်တဲ့အချက်ကို လာပြောပြသွားခဲ့ပြီ၊ တပည့်တော်မလည်း အတော်အသင့် ဆွေးနွေးခဲ့ပြီး ဖြစ်လို့ ဆိုလိုတာကို သဘောပေါက်လိမ့်မယ် ထင်ပါတယ်ဘုရား။ စော်ကားသူကို သွားပြီး ကောင်းကောင်းမွန်မွန် ရှင်းလင်း ပြသနေသူတွေကို တပည့်တော်မတို့က မလုပ်သင့်ဘူးလို့ ပြောနေခြင်း မဟုတ်ပါဘူး။ ရှင်းပြတာတွေ ကိုယ်တော်ချော ခေါင်းထဲဝင်မှာ မဟုတ်ပေမဲ့ သူ့ဆီမှာ စာသွားဖတ်တဲ့သူတွေ အတွက်တော့ အကျိုးရှိပါတယ် ဆိုတာ လက်ခံပါတယ်။ မိမိကိုယ်တိုင် ဘာမှ သွားမရှင်းပြလိုပေမဲ့ ရိုင်းစိုင်းစွာ ဆဲဆိုခြင်းမရှိပဲ ဘုရားဟောတွေကို အမှန်တိုင်း သွားရှင်းပြနေသူတွေကို တပည့်တော်မတို့က ကန့်ကွက်တာ မဟုတ်ဘဲ တပည့်တော်မတို့ ဆိုလိုတဲ့ အဓိကအချက်က ဒေါသဖြစ်ကြသူတွေကိုဘဲ ဒေါသနဲ့ မတုံ့ပြန်ဖို့ ပြောတာသာ ဖြစ်ပါတယ်ဘုရား။

စော်ကားမှုအပေါ် တုံ့ပြန်တဲ့နေရာမှာ ခံစားရတဲ့ Emotion ကို ထိန်းသိမ်းတာချင်းသာ မတူပေမဲ့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးက စော်ကားမှုကို မခံမရပ်နိုင် ဖြစ်ကြတာချင်းတော့ အတူတူပဲလို့ ထင်ပါတယ်။ ဒီဆွေးနွေးမှုမှာ ဝေါဟာရ အသုံးအနှုံးတွေကြောင့် နားလည်မှု လွဲနိုင်တယ်ဆိုတာကို အလေးအနက်ထားပြီး မိမိဘာသာ သာသနာ အကျိုးအတွက် သတိရှိရှိနဲ့ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာ အဖြေရလို့ ဆရာတော် အရှင်ကုမာရနဲ့ ပါဝင်ဆွေးနွေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းစေသော်

သာသနာအကျိုးကို ရှေးရှုလျက်
Nge Naing

မငယ်နိုင်ရေ...

ရဟန်းဝိနည်းကို ပြင်ဆင်ချင်နေတဲ့ ရဟန်းတု ရဟန်းယောင်တွေ ကြောင့်သာ သာသနာပျက်စီးရမှာပါ။

အဲဒီလို ရဟန်းတွေ တနေ့တခြား များပြားလာတာကိုက ထေရဝါဒဗုဒ္ဓဘာသာဝင်တွေအတွက် အရှက်ခွဲခံရမှာ ပိုပို များလာလေပါပဲ။

ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ပြောပြောလုပ်လုပ် တကယ့် ဘုရားသားတော် အစစ်အမှန်ဆိုရင် ပရိယတ်စာပေတကယ်လေ့လာနေသူဆိုရင် အခုလို ပေါက်ကရ အတွေးအခေါ်မျိုးကို စိတ်ကူးထဲတောင်မထည့်ဝံ့ကြပါဘူး......

သာသနာအဓွန့်ရှည်တည်တံ့ပါစေ...

မကလျာလား မောင်ကလျာ လား ဘာပြောတာတောင် ဘုန်းကြီးကခင်များကိုဘာလုပ်လို့လဲ.

အပေါ်က anonymous ပြောတဲ့ စကားက မိုက်ရိုင်းလွန်းပါတယ်။ ဟိုအရှင်ကိုယ်တိုင်ဆိုရင်တော့ ဦးဇင်း ဒီလို ဆိုးဆိုးရွားရွား မရေးသင့်ဘူးလို့ပဲ သတိပေးပါရစေ။

မကလျာလားကိုကလျာလား ဘာတွေလျောက်ရေးနေတာ
လဲဗျာ မင်းမြန်မာစာရောတတ်လားမြန်မာစာများများဖက်
နော် ဘုန်းကြီးကုမာရဘာကိုရေးနေတယ်ဆိုတာခင်များ
သိလို့လားခပ်ပေါပေါ စကားလုံးတွေနဲ့ ရဟန်းတွေကိုမ
ပုတ်ခတ်နဲ့ ခင်များသာဘာကိုရေးတယ်ဆိုတာကိုအရင်
သဘောပေါက်အောင်ဖက်ပြီးမှ ကွန်မင့်ပေးပါဗျ အခုဟာ
ကဘုန်းကြီးရေးတာကတခုခင်များတို့ကဝေဘန်တက
တခုဘုန်းကြီးရေးလိုတဲ့ဟာကတခုခင်များတို့ဝေဘန်
မယ်ဆိုရင် ဘုန်းကြီးဘာရေးတယ်ဆိုကိုကျကျနနသိေ
အာင်အရင်ဖက်ဗျ ခင်များတို့ကဘုန်းကြီးကိုဝေဘန်ေ
နပေမဲ့ ခင်များတို့ကိုယ်စားဘေးကဖက်တဲ့လူတွေက
ရှက်တယ်ဗျ ထိုင်နေအကောင်းထမှအကျိုးမှန်းသိဆို
သလို မြန်မာစာတောင်လိုရင်းရောက်အောင်မဖက်တတ်တာ
ခင်များတို့ ကွန်မင့်ဝင်ပေးနေတာ အံ့သြစရာကောင်း
တယ်နော် အကြံပေးလိုတာကတော့ရှက်တတ်ပါစေလို့ဘဲပြောပါ
ရစေခင်များတို့တွေကမြန်မာစာကိုရေးတတ်ဖက်တက်
အဆင့်ထက်ကျော်အပုံမရဘူး ဒါကြောင့်မြန်မာစာကို
အရင်ဖက်တတ်ရေးတတ်အောင်အရင်အားထုတ်ပါလို့
တိုက်တွန်းပါရစေ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါ

မိမိနဲ့ သဘောထားမတူသူတွေကို မှတ်ချက် ပြန်ပေးရာမှာလွတ်လပ်စွာ သဘောထားကွဲပိုင်ခွင့်ကို တန်ဖိုးရှိရှိ အသုံးချပြီး အပြုသဘောဆောင်တဲ့ ပုံစံနဲ့ စကားလုံး အသုံးအနှုန်း ယဉ်ကျေးသိမ်မွေ့စွာ ပြန်လည်မေးမြန်း ပြောဆို၊ ဆွေးနွေးတာမျိုးပဲ အားလုံးကို ဖြစ်စေချင်ပါတယ်။

ကလျာ၊ Anonmous, ကျော်လေး၊ Zay Tar Yar တို့ကို စာလာဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မှတ်ချက်ရေးရင်တော့ ခုနက ပြောထားတဲ့ အတိုင်းပဲ ဖြစ်စေချင်ပါတယ်။

ဘုရားဟောတဲ့ တရားတွေကို အဆက်ဆက် သယ်ဆောင်လာခဲ့တဲ့ သံဃာတော်ဆိုတာသာ မရှိခဲ့ရင် အခုလက်ရှိ ကျွန်မတို့ ကိုးကွယ်နေတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဟာ အန္ဒိယမှာ အာသောကမင်း ကျဆုံးပြီးနောက်ပိုင်း ဘယ်လိုမှ အမွေအနစ် အဖြစ် လက်ဆက်ကမ်း ကျန်ခဲ့နိုင်စရာ အကြောင်းမရှိပါဘူး။ သံဃာတော်တွေက အသက်နဲ့လဲပြီး သယ်လာပေးခဲ့လို့သာ ဘုရားရဲ့တရားတွေကို ကျွန်မတို့ လက်ထက်မှာ အခုကြားနာခွင့်ရခဲ့တာ ဖြစ်တယ်။ ဒါကြောင့် ဘုရားမရှိတဲ့နောက်ပိုင်းမှာ ကျွန်မတို့အတွက် သံဃာတော်တွေရဲ့ ကျေးဇူးဟာ ကြီးမားလှပါတယ်။ ဒီကျေးဇူးတွေကြောင့် ပုထုစဉ် သံဃာတော်တွေမှာ အမှားရှိရင်တောင်မှ စေတနာအမှားအဖြစ် နားလည်ပြီး သာသနာ အဓွန့်ရှည်ရေးအတွက် သံဃာနဲ့တကာ အပြန်အလှန် ထိန်းကျောင်းပဲ့ကိုင်ပြီး သွားရလိမ့်မယ်လို့ ကျွန်မ နားလည်လက်ခံထားပါတယ်။ ဒါကြောင့် ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောရင် မှားနေတာကို ထောက်ပြတာပဲ ဖြစ်ဖြစ် မှန်နေတာကိုပဲ ထောက်ခံတာပဲဖြစ်ဖြစ် စိတ်ထဲမှာ သာသနာအတွက်ဖြစ်တယ် ဆိုတာ အားလုံး နှလုံးသွင်းနိုင်ရင် တဦးကိုတဦး မထိခိုက်စေပဲ အပြုသဘောဆောင်တဲ့ စကားကို စေတနာနဲ့ ပြောနိုင် ဆွေးနွေးနိုင် လိမ့်မယ်လို့ ထင်ပါတယ်။

anonymous ဘယ်သူလဲ ဆိုတာရေးသူပဲသိပါလိမ့်မယ်..ကျော်လေး။


ဓမ္မရသ ဆိုက်မှာ ပေးထားတဲ့ ကော်မန်းကို လိုတိုးပိုလျှော့လုပ်ပီး ဒီမှာ ဖေါ်ပြပါရစေ။

ဆိုက်ပိုင်ရှင် .ငယ်နိုင် ခွင့်ပြုပေးပါဦး.။
ကလျာ သဘောမကျ နိုင် ဖြစ်နေမယ် ထင်တဲ့ စာ ကို လိုရင်း လေး ကော်ပီ ကူးဖေါ်ပြပါ့မယ်။

အဲဒီပို့စ်က .. http://www.ashinkumara.com/2009/12/suffering-is-practice-of-those-in.html ပါ။


SUFFERING IS THE PRACTICE OF THOSE IN CONFLICT............ 2 . တဲ့။

" အဇ္ဈတ္တံဝါ ကာယေ ကာယာ နုပဿီ ၀ိဟရတိ
ဗဟိဒ္ဓါဝါ ကာယေ ကာယာ နုပဿီ ၀ိရဟတိ
အဇ္ဈတ္တ ဗဟိဒ္ဓါဝါ ကာယေ ကာယာ နုပဿီ ၀ိဟရတိ ၊ (သတိပဋ္ဌါန သုတ်၊ ဒီဃနိကာယ).

မင်းတို့တွေ အတွင်းချည်းမကြည့်နေနဲ့၊ အပြင်ကိုလဲ ကြည့်ဦး။ ၀ိပဿနာသမားတွေ။ တွေ့တယ်မို့လား.. သတိပဋ္ဌါန်သုတ်မှာ ဘယ်လိုဟောထားတယ်ဆိုတာ။

ပြောတော့ အတွင်းကြည့် အတွင်းကြည့်နဲ့။ အပြင်ကိုပါ ကြည့်ပါ၊ ကြည့်ရမယ် လို့ ဘုရားမဟောဘူးလား။ ကဲ..

အတွင်းချည်းကြည့်နေ တော့ ဘာမြင်မတုံး...ချီး..ပဲမြင်မှာပေါ့ကွ။

ပီနန်ဆရာတော်ကြီး အားမလို အားမရ နဲ့ မိန့်ဆိုတော်မူတာပါ။"

--------------------------------------

" ညီညွှတ်မှုလိုချင်ရင် ..တဦးနဲ့တစ်ဦး အပြစ်တွေ့ရင် ခွင့်လွှတ်ကြ၊

တစ်ယောက်လုပ်တာအောင်မြင်ရင် ကျန်တဲ့သူတွေက appreciate လုပ်ကြ။

.... ဒါက သီတဂူ ဆရာတော်ကြီး သွန်သင်တဲ့ ညီညွှတ်ရေးသြ၀ါဒ။"

------------------------------------
"အချင်းချင်း ညီရင်းအစ်ကို လိုစိတ်ဓါတ်ဖြင့်.. တူတာတွေ ကိုကြည့် ပြီး၊ မဟာယာနဖြစ်ပစေဦးတော့..

ညီညွှတ်ရေးကို တည်ဆောက်နိုင်လိမ့်မယ်။

တို့တစ်တွေဟာ ဆရာတူတပည့်တွေပဲ။

တို့တစ်တွေဟာ ရတနာသုံးပါး ကို သက်ဝင်ကြည်ညိုကြသူတွေချည်းပဲ..

နောက်ဆုံး.. ကုန်ကုန်ပြောရရင်..

တိတ်တိတ်ပုန်းမိန်းမယူ ထားတဲ့ အရေခြုံဒုဿီလ ရဟန်းတု ရဟန်းယောင်ကို ပင်လျှင်...

အော်.. သမ္မာဒိဌိ အယူရှိပါသေးလား၊ ဘာသာခြားဖြစ်မသွားတာကိုပဲ တော်လှပြီ။ကောင်းမြတ်လှပါပီ..။

ဘုန်းကြီး ဒုဿီလ( ပါရာဇိကကျပီးသူ) ဟာ လူဒုဿီလ ထက် အင်္ဂါ၁၀ချက် သာသေးတာပဲ(မိလိန္ဒပဥှာ)။ သမုဒ္ဒရာရေသည် အသေကောင်ပုတ်ကိုလက်မခံသကဲ့သို့ သူ့တရားသူ စီရင်သွားလိမ့်မယ် (ပဟာရာဒ သုတ်..အင်္ဂုတ္ထိုရ်) ။ ဘယ်လိုပဲဖြစ်နေပါစေဦးတော့ .. သမ္မာဒိဌိ ၀င်ပဲမို့ ..

ဘာသာခြား တွေ ထက် သာသေးတာပဲ ဆင်ခြင်သဘောကျ နိုင်ပါလိမ့်မယ်."


သမဂ္ဂါနံ တပေါ သုခေါ(ဓမ္မပဒ) ... ဆိုတဲ့စကားသည် အပြောသာမဟုတ် လက်တွေ့ကျင့်သုံး နိုင်ကြလျက် ပစ္စုပ္ပန် သံသရာကြီးပွါးရေး ဆထက်တိုးစုပေါင်းလုပ်ဆောင်နိုင်ကြမည် ဟု ယူဆမိပါကြောင်း.......။

-----------------------------------


ဒီ . SUFFERING IS THE PRACTICE OF THOSE IN CONFLICT............ 2 မှာ.

အကိုးအကား တွေက...

ဒီဃနိကာယ်. အဂုတ္တရ နိကာယ်. ခုဒ္ဒက နိကာယ်. ( ပါဠိတော် ၃ နေရာ ) နှင့် ဆရာတော်ကြီး နှစ်ပါး ၏ သြ၀ါဒများ. ( ပီနန်ဆရာတော်ကြီး နှင့် သီတဂူ ဆရာတော်ကြီး)

ဖြစ်ပါတယ်။

ကိုးကားထားတဲ့ ပါဠိတော်များ၊ နာယူဖူးတဲ့ ဆရာတော်ကြီးတွေ ရဲ့ သြ၀ါဒ တော်များ နဲ့ လိုက်လျောညီထွေ မှု ရှိ မရှိ.. စာဖတ်သူများပဲ ဆုံးဖြတ်ကြပါ။

............

ကဲ့ရဲ့ ချီးမွမ်း ခြင်းဆိုတာ က လောကမှာ ရှောင်လွဲ လို့ရကောင်းတဲ့အရာမဟုတ်ပါဗျာ.. (နတ္ထိ လောက အနိန္ဒိတော).

ဒါပေမဲ့. နစ ခုဒ္ဒ မာစရေ ကိဉ္စိ ယေန ၀ိညူ ပရေ ဥပ၀ ဒေယျုံ.. လို့ ဆိုထားတော့...

ကလျာ .တစ်ယောက်. အမှန် ၀ိညူ ဖြစ်ပါစေ.လို့ ဆန္ဒပြုအပ်ပါတယ်။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဘာမှ ၀င်မပြောဘူးလို့ သဘောထားခဲ့ပေမယ့်
ခုတော့ ၀င်ပြောပါအုံးမယ်

(((Anonymous said...
မကလျာလား မောင်ကလျာ လား ဘာပြောတာတောင် ဘုန်းကြီးကခင်များကိုဘာလုပ်လို့လဲ.))))

အဲဒီစကားကို သတ္တိရှိရှိ ဖြောင်ပြောရဲလား
ကိုယ့်နာမည်တောင် ကိုယ်မဖော်ရဲဘဲနဲ မိုက်မိုက်ရိုင်းရိုင်း
စကားကို ဓမ္မကို ဆွေးနွေးနေသူတွေကြား ၀င်ပြောနေတာ အရုပ်ဆိုး အကျည်းတန်ပါတယ်
ကလျာ ဘယ်သူလဲ ဆိုတာတော့ မသိဘူး
သူပြောတဲ့ စကားကိုတော့ လုံးဝ ထောက်ခံတယ်
မှန်တယ်
((ရဟန်းဝိနည်းကို ပြင်ဆင်ချင်နေတဲ့ ရဟန်းတု ရဟန်းယောင်တွေ ကြောင့်သာ သာသနာပျက်စီးရမှာပါ။

အဲဒီလို ရဟန်းတွေ တနေ့တခြား များပြားလာတာကိုက ထေရဝါဒဗုဒ္ဓဘာသာဝင်တွေအတွက် အရှက်ခွဲခံရမှာ ပိုပို များလာလေပါပဲ။))))

ဘယ်သူတွေလဲဆိုတာ သိချင်ရင် ပြောပြလို့ရသေးတယ်
မဟုတ်မမှန်တရားတွေကို မသိနားမလည်တဲ့
လူတွေကို လိင်လည်ဟောပြောပြီး ဘုရားတရားကို
ဖျက်ဆီးနေတဲ့ အဓမ္မ၀ါဒ ဘုန်းကြီးတွေ ပေါ်နေတာ
ဘာသာခြားက စော်ကားတာထက် အသားထဲက လောက်ထွက်ပြီး ကိုယ့်သာသနာထဲက ဗုဒ္ဓဘာသာ အမည်ခံပြီး အရိပ်နေနေ အခက်ချိုးချိုး ဗုဒ္ဓကို စော်ကားတာလောက် ခံပျင်းစရာကောင်းတာ
မရှိဘူး ဆိုတာ
မင်းသဘောပေါက်ထား ရဟန်းတု ရဟန်းယောင်တွေ
အင်အားကြီးလာရင် ထေရဝါဒဗုဒ္ဓဘာသာဝင်တွေအတွက် အရှက်ခွဲခံရမှာ
ပိုများလာလေပဲ ဖြစ်မှာ
အဲဒီလို မဖြစ်အောင် အဲဒီ ရဟန်းတု ရဟန်းယောင်
တွေကို အရင်ဆုံး တိုက်ခိုက်ချေမူန်းပစ်ရမယ်
နံလန်မထူနိုင်အောင် အရင်ချေမှုန်းရမယ်

အော်ရီဂျင်နယ် ကွန်မန့်လေးတွေ သွားဖတ်ကြဗျာ ...
http://www.dhammaratha.com/2010/01/blog-post_22.html

ဒီပို့စ်လေးကိုလဲ ဖတ်ကြည့်ကြဦး ... ဓမ္မရသကွန်မန့်ထဲမှာတော့ ပါပြီးပြီ ... မတွေ့မိမှာစိုးလို့ ...
http://dhammaguardian.blogspot.com/2010/01/p.html
ပြီးရင် ဟုတ်မဟုတ်ဆိုတာကို စဉ်းစားကြည့် ...

နောက်တခု အဲဒီမှာ ရေးနေတဲ့ ကလျာဆိုတာလဲ ဘယ်သူဆိုတာ သူ့အရေးအသားလေးတွေကို ဖတ်ကြည့်ကြဦးပေါ့ ... http://dhammaguardian.blogspot.com/2010/01/blog-post_22.html ဒီမှာ သိမ်းထားတာ တချို့ရှိတယ် ... ဓမ္မရသကွန်မန့်တွေမှာလဲ သူရေးထားတာ တချို့ရှိတယ် ... သူ့ဘာသာရေး knowledge နဲ့ ၊ သူ့အရေးအသားတွေကိုကြည့် ... ပြီးရင် သူဘာကြောင့် အဲလိုရေးလဲဆိုတာ ထင်မြင်ယူဆချက်လေးလဲ ပေးကြဦးပေါ့ ... ဟုတ်တာ မဟုတ်တာ ကျနော် ဘာမှ မပြောဘူးနော် ... ကိုယ်တိုင်ဆုံးဖြတ်ကြပေါ့ ...

ပြီးတော့ နောက်တဖက်က ရေးသားသူကိုလဲ ဘာကြောင့် အဲလိုရေးရလဲဆိုတာ သေချာမဆန်းစစ်ပဲ ရေးတာမျိုးကတော့ ဘယ်တရားပါ့မလဲလေ ... နှစ်ဖက်စလုံးကို သေချာလေ့လာဦးမှပေါ့ ... မဟုတ်ဖူးလား ...

ကျေးဇူးတင်ပါတယ်
ဖတ်ကြား နာကြားခွင့်ရတာ ...