မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ကလေးအခွင့်အရေး

မြန်မာနိုင်ငံမှာ တွေ့ရတဲ့ လူ့ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အတော်များများမှာ သားသမီးတွေက မိဘတွေအပေါ် ဘယ်လို ရိုသေစွာ ဆက်ဆံရမယ်၊ မိဘစကားကိုသာ နားထောင်ရမယ် ဆိုတာပဲ ပါတာများပြီး လူကြီး မိဘတွေကိုကျတော့ သားသမီးတွေကို ဘယ်လိုဆက်ဆံပြီး ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာ ပါတဲ့ စာအုပ်စာပေသိပ်ကို နည်းတာကို တွေ့ရပါတယ်။ တလောက ကျွန်မတင်တဲ့ ပို့စ်တခုမှာ ကျွန်မသားက ကျွန်မကို မှားနေတာတခု ထောက်ပြတာကို ထည့်ရေးထားတော့ စာလာဖတ်တဲ့ မောင်လေးတယောက်က အစ်မသား ခံပြောတာကိုတောင် အစ်မ မနိုင်ဘဲ တခြားကို လျှောက်မပြောနဲ့ ဆိုတဲ့ လေသံနဲ့ မှတ်ချက်လာရေးတာ ကြုံရလို့ ခံပြောတာမဟုတ်ပါဘူး အမှားထောက်ပြတာလို့ ပြန်ရှင်းပြခဲ့ဖူးပါတယ်။ ဆိုလိုတာက အဲဒီလို လာရေးသူ တယောက်တည်း မဟုတ်ပါဘူး မိမိဦးနှောက်ကို မိမိအသုံးချပြီး ဘာမှစဉ်းစားတွေးတောနေစရာ မလိုအောင် အထက်လူကြီးတွေ ပြောတာ မှားမှားမှန်မှန် လက်ခံရမယ် ဆိုတာကို ကျွန်မတို့အားလုံး ငယ်ငယ်ကတည်းက Brain Wash အလုပ်ခံလာရတာ ဖြစ်တယ်။ တကယ်တော့ ကလေးတွေကို ဘယ်လိုပြုစု ပျိုးထောင်ရမယ်ဆိုတဲ့ ပညာပေးတွေနှင့် ကလေးတွေမှာ ရှိသင့်တဲ့ မွေးရာပါ အခွင့်အရေးတွေကို လူကြီးမိဘတွေ တကယ်ပဲ နားလည်ဖို့လိုအပ်ပါတယ်။ ကလေးနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အခွင့်အေရေးတွေက ကုလသမဂ္ဂက ချမှတ်ထားတဲ့ ကလေးအခွင့်အရေးဆိုင်ရာ သဘောတူညီချက် (CRC) စာချုပ်မှာ ပါရှိပါတယ်။

ကလေးအခွင့်အရေးဆိုင်ရာ သဘောတူညီချက် စာချုပ်ဟာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ စာချုပ်စာတမ်းများအနက် ကမ္ဘာပေါ်မှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အများဆုံးပါဝင်တဲ့ ၁၉၃ နိုင်ငံ လက်မှတ်ထိုးထားတဲ့ စာချုပ် ဖြစ်ပါတယ်။ (CRC) ကို လက်မှတ် မထိုးထားတဲ့ ကုသသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဆိုလို့ ဆိုမားလီးယားနှင့် United State of America နှစ်နိုင်ငံပဲ ကျန်ပါတယ်။ အဲဒီလိုလည်း ပြောလိုက်တော့ ကျွန်မသားကတော့ မယုံကြည်နိုင်စွာနဲ့ “မေမေဘာပြောတယ် မဖြစ်နိုင်တာ” ဆိုပြီး တအံ့တသြကို ဖြစ်သွားပါတယ်။ စာဖတ်သူများအများစုကတော့ သိပြီး ဖြစ်ပါလိမ့်မယ်၊ သို့သော် အခုမှ သိတဲ့သူတွေ ဖြစ်ရင်တော့ ကျွန်မသားလေးလိုပဲ တအံ့တသြဖြစ်မှာ သေချာပါတယ်။ မယုံရင်တော့ ကျွန်မသားလေးကို ကျွန်မ ဖွင့်ပြတဲ့ ဟောဒီနေရာ ကိုသာ Click ပြီး သွားကြည့်နိုင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ပါတဲ့ အချက်သုံးဆယ်က လူသားအားလုံးအတွက် အခွင့်အရေးတွေ ဆိုပေမဲ့ တချို့ သာမန်နဲ့ မတူတဲ့ တမူထူးခြားတဲ့ အစုအဖွဲ့တွေအတွက် ဖြစ်လာတဲ့ ပြဿနာတွေကို စဉ်းစားပေးရင်း ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ဌာနေတိုင်းရင်းသား အခွင့်အရေး စတာတွေနဲ့ ဆိုင်တဲ့ စာချုပ်စာတမ်းတွေ UN မှာ ပေါ်လာရတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ အချက်တွေ အားလုံးဟာ တဦးချင်းတယောက်ချင်းစီရဲ့ အခွင့်အရေးကို အခြေခံတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေး (Civil and Political Rights) နှင့် အစုအဖွဲ့ကို အခြေခံတဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေး (Economic Social and Cultural Rights) နှစ်ခု ပေါင်းစပ်ထားတဲ့ အချက်တွေ ဖြစ်ပါတယ်။ အမေရိကန်က လူ့အခွင့်အရေးမှာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးကိုပဲ လက်ခံပြီး လူသားလို့ သတ်မှတ်ထားသူ တဦးချင်းရဲ့ အခွင့်အရေးကို ကာကွယ်ပေးထားရင် ကျန်တဲ့ သီးခြား အခွင့်အရေး ဆိုတာတွေကို မလိုအပ်ဘူးလို့ ယူဆကြောင်း လူ့အခွင့်အရေး သင်တန်းတွေမှာ သင်ခဲ့ရဖူးပါတယ်။

လက်တွေ့အားဖြင့်လည်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ နှစ်စဉ် ပြုလုပ်တဲ့ လူ့အခွင့်အရေး ကော်မရှင်ကို တခေါက်ရောက်ခဲ့စဉ်က UN မှာ Economic Social and Cultural Right ထဲက ပါတဲ့ အမျိုးသမီး အခွင့်အရေး၊ ကလေးအခွင့်အရေး စတာတွေကို ဆွေးနွေးရာမှာနှင့် ဆုံးဖြတ်ချက် ချရာမှာ အမေရိကန် တနိုင်ငံတည်းတဖက် ကျန်တဲ့နိုင်ငံ အားလုံးကတဖက်နဲ့ အတိုက်အခံ ဖြစ်နေတာကို တွေ့ခဲ့ရလို့ ကျွန်မလည်း အံ့သြခဲ့ဖူးပြီး ခေါင်းမာတဲ့ အမေရိကန်ကိုလည်း သိပ်ကို အမြင်ကပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက အဲဒီအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတိုင်း ကော်မရှင် ဥက္ကဌက လက်ခံသူလက်ထောင် ဆိုရင် ကျန်တဲ့နိုင်ငံတွေ အားလုံးက လက်ထောင်ပြီး ကန့်ကွက်သူ ရှိပါသလား ရှိရင် လက်ထောင်ပါ ဆိုရင် အမေရိကန် တနိုင်ငံတည်း လက်ထောင်တာကို တွေ့ရတယ်။ ပြီးတာနဲ့ ကော်မရှင် ဥက္ကဌက “Thank you very much United States of America. It’s very easy to count” လို့ အမေရိကန်ကို နောက်ပြီး တုံ့ပြန်လိုက်ရင် အမေရိကန် ဘာပဲပြောပြော တခြား အာဂျင်ဒါတွေမှာလည်း အမြဲတမ်းလိုလို အမေရိကန်ကို အတိုက်အခံထလုပ် ထကန့်ကွက်နေတတ်တဲ့ ကျူးဗားလို နိုင်ငံတွေကလည်း အဲဒါကို သိပ်ဘောကျပြီး တ၀ါးဝါး တဟားဟားနဲ့ ရယ်ကာ Thank you very much Mr. Chairman လို့ ကော်မရှင်ဥက္ကကို ကျေးဇူးတင်စကားပြောပြီး အမေရိကန်ကို ငပွကြီးလို အားလုံးက ပြက်ရယ်ပြုကြ သရော်ကြတယ်။

ဆုံးဖြတ်ချက်ချဖို့ သဘောတူပါသလားလို့ ထုံးစံအတိုင်း ကော်မရှင်ဥက္ကဋ္ဌက နောက်ဆုံး သုံးကြိမ်ပြည့်အောင် မေးရင် ကျန်တဲ့သူတွေက Yes သုံးကြိမ်ဆို သူ့တနိုင်ငံတည်းက အသံကို အတတ်နိုင်ဆုံး ကျယ်အောင် No သုံးကြိမ် မျက်နှာပြောင်တိုက် အော်တယ်။ ထောက်ခံမဲက ဘယ်လောက် ကန့်ကွက်မဲက တမဲနဲ့ အများစု ဆန္ဒအရ အတည်ပြုလိုက်ပါပြီလို့ ကြေညာလိုက်တာနဲ့ ကျန်တဲ့သူတွေက လက်ခုပ်တီးရင် အမေရိကန်က သူရှုံးလို့ မျက်နှာပျက်နေရမည့်အစား သူကိုယ်တိုင်လည်း လက်ခုပ်တီးပြီး တခါဆို ထတောင်ခုန်လိုက်သေးတယ်။ ကျွန်မလည်း အမေရိကန် ဒီလောက်ပေါတာ အဲဒီကိုရောက်ဖူးမှပဲ တွေ့ဖူးတယ်။ ကျွန်မတို့ မြန်မာပြည်က စစ်ခေါင်းဆောင်တွေ မျက်နှာပြောင်တာ အရှက်နည်းတာ အမေရိကန်ကို မမီဘူးလို့ ကျွန်မတွေးမိတယ်။ ကျွန်မလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး UN လူ့အခွင့်အရေး ကော်မရှင် ကွန်ဖရင့်ခန်းမထဲ ရောက်မှ ပြောင်းပြန်တွေ လာတွေ့နေရတယ်လို့ ခံစားရပြီး အဲဒီတုန်းက အမေရိကန်ကို ကြည့်ပြီး တကယ်ပဲ တအံ့တသြ ဖြစ်ခဲ့ပါတယ်။

ဒါကတော့ ကျွန်မတို့က လူ့အခွင့်အရေးဆိုတာ အမေရိကန် လက်ခံထားတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်ရေးအောက်က အခွင့်အရေးတွေပဲလို့ ထင်ပြီး ကျန်တဲ့ စားဝတ်နေရေး၊ လူမှုဖူလုံရေး ပညာရေး၊ ကျန်းမာရေး အခွင့်အရေးတွေကို လူ့အခွင့်အရေးတွေအဖြစ် မသိစိတ်ထဲမှာ မသတ်မှတ်ထားလို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အခွင့်အရေးမှ လူ့အခွင့်အရေးမဟုတ် လူမှုရေး အခွင့်အရေးတွေ အားလုံးဟာလည်း လူ့အခွင့်အရေးတွေသာ ဖြစ်ပါတယ်။ ဒါကို အမေရိကန်က လူ့အခွင့်အရေး အဖြစ် မသတ်မှတ်တိုင်း ကျွန်မတို့ မသတ်မှတ်ဘဲ နေလို့ မဖြစ်ပါဘူး။ ကလေးတွေဟာ လူကြီးတွေလို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှု မရှိသေးလို့ လူ့အခွင့်အရေးဖြစ်တဲ့ အချက် သုံးဆယ်ဟာ ကလေးအခွင့်အရေးပါပဲ ကလေးတွေအတွက် အခွင့်အရေးဆိုပြီး သီးသန့် မလိုဘူးဆိုပြီး လူကြီးတွေ အခွင့်အရေးနဲ့ သွားရောထွေးလို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကလေးအခွင့်အရေးဆိုတာ သီးသန့် မဖြစ်မနေ လိုအပ်ပါတယ်။

လေ့လာကြည့်ရင် ကလေးအခွင့်အရေး ချိုးဖေါက်မှုနှင့် ကလေးများအပေါ် လစ်လျူရှုခံရမှုကို ကလေးအခွင့်အရေးအဖြစ် လက်မှတ်မထိုးထားတဲ့ အမေရိကန်နိုင်ငံမှာ မတွေ့ရဘဲ လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံလို နိုင်ငံတွေမှာပဲ တွေ့နေရပါတယ်။ အမေရိကန်က ကလေးတွဟာ အခွင့်အရေး အပြည့်အ၀ ရှိတဲ့အချိန်မှာ ကျွန်မတို့ နိုင်ငံမှာ ကလေးတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေပါတယ်။ ဒါကိုလည်းပဲ အမေရိကန်ဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ဘယ်လိုပဲ ဝေဖန်နေပါစေ၊ ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ သီးသန့် မြန်မာနိုင်ငံကို ဘယ်တော့မှ ဝေဖန်မယ် မထင်ဘူး။ ဝေဖန်ရင်လည်း ခင်ဗျားဒါကို မပြောခင် (CRC) တို့ CEDAW တို့ကို အရင် လက်မှတ်သွားထိုးလိုက်ပါဦးလို့ လူ့အခွင့်အရေး စုတ်ပြတ်သပ်နေပေမဲ့ လက်မှတ်ထိုးထားလို့ တပန်းသာနေတာနဲ့ အနိုင်ပိုင်းပြီး မြန်မာနိုင်ငံက ပြန်ပြောနိုင်ပါတယ်။

ကလေးအခွင့်အရေးကို လက်မှတ်ထိုးထားတဲ့ စာချုပ်အဖွဲ့ဝင် နိုင်ငံတွေမှာ အတိအကျ လိုက်နာပါက အသက် ၁၆ နှစ်မပြည့်ခင် ကလေးတိုင်း မိမိဆန္ဒအရ ဖြစ်စေ၊ လူကြီးမိဘ စေခိုင်းလို့ ဖြစ်စေ ဘယ်ကလေးမှ အလုပ်လုပ်ပိုင်ခွင့် မရှိရပါ။ သူတို့ကို လူနှင့်သူနှင့်တူအောင် စောင့်ရှောက်ဖို့ မိဘအုပ်ထိန်းသူ (သို့) အစိုးရမှာ အပြည့်အ၀ တာဝန် ရှိပါတယ်။ အဲဒီလို စောင့်ရှောက်မှု မရှိတဲ့အပြင် ချိုးဖေါက်နေတာ ရှိလို့ မြန်မာနိုင်ငံမှာ ကလေးစစ်သားတွေ ရှိနေတာနဲ့ ပတ်သက်ပြီး ILO ကို တိုင်ကြားခံနေရတာ ဖြစ်ပါတယ်။ Holiday အဖြစ်၊ အပျော်သဘောနဲ့ အလုပ်လုပ်တာကလွဲပြီး ဘယ်ကလေးမှ အလုပ်လုပ်ပြီး မိသားစု ၀င်ငွေ ရှာပိုင်ခွင့် မရှိပါဘူး။ လူကြီးတွေကသာ ပံ့ပိုးပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်။

ကလေးတွေရဲ့ အခွင့်အရေး ချိုးဖောက်မှု (သို့) လစ်လျူရှုမှု ဖြစ်စေတဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို တိုင်ကြား တင်ပြဖို့ စာချုပ်အဖွဲ့ဝင် နိုင်ငံတိုင်းမှာ ဥပဒေပြဌာန်းထားဖို့ လိုပါတယ်။ ကလေးတွေဟာ အရွယ်မရောက်ခင်အထိ စာ၊၀တ်၊ နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားလပ်ချိန်ကစားခွင့်၊ နွေးထွေးစွာ ပြုစယုယမှု ခံရပိုင်ခွင့်၊ စိတ်ဝင်စားဖွယ်ရာကို ကစားခွင့်၊ ဖန်တီးကြံဆချင်သည်များကို လမ်းကြောင်းပေးမှု ရပိုင်ခွင့် ရှိပါတယ်။ ဒီအခွင့်အရေးတွေကို မိဘ အုပ်ထိန်းသူ (သို့) အစိုးရက ဖြည့်စွမ်းပေးဖို့ တာဝန်ရှိပါတယ်။ ဒီအခွင့်ရေးတွေကို ဖြည့်စွမ်းပေးဖို့ ပျက်ကွက်ခြင်းဟာ Child Neglect ဖြစ်ပြီး။ Child Neglect ဟာ Child Abuse ထဲမှာ တခုပါဝင်ပါတယ်။ Child Abuse ဆိုတာ Physical Abuse ရုပ်ပိုင်းဆိုင်ရာမှာ ကလေးတယောက်ကို ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်း၊ Emotional Abuse စိတ်ပိုင်းဆိုင်ရာမှာ သိပ်ငယ်အောင်၊ စိတ်ဖိစီးအောင်၊ စိုးရိမ်ပူပန်မှုလွန်ကဲအောင်၊ အကြောက်တရားရအောင် လုပ်ခြင်း၊ Sexual Abuse လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားခံရခြင်း (သို့) စည်းရုံးသိမ်းသွင်းကာ စော်ကားခြင်း၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြသခြင်းနှင့် Neglect အစားအသောက် ၀လင်အောင် မကျွေးခြင်း၊ နွေးထွေးမှု မပေးဘဲထားခြင်း၊ ပုံမှန် နေ့စဉ်ဘ၀မှာ ကောင်းစွာ လမ်းညွန်မှု မပေးပဲ ကလေးကို ဖြစ်သလို ထားခြင်း အားလုံးဟာ ကလေးအခွင့်အရေး ချိုးဖေါက်ခြင်းမှာ အကျုံးဝင်ပါတယ်။

ကျွန်မတို့ သြစကြေးလျားကို ရောက်ခါစက သူငယ်ချင်းရဲ့ ကလေးတဦး မတော်တဆ နေမကောင်းဖြစ်ပြီး ဆေးရုံကိုရောက်ပြီး ဆေးရုံက သွေးစစ်ကြည့်တော့ ကလေးက ဘာရောဂါမှ မရှိဘူး သံဓါတ်အားနည်းလို့ ဖြစ်တယ်လို့ သိရတယ်။ ဆေးရုံ ၀န်ထမ်းတွေက "အစာအာဟာရ ၀အောင်မကျွေးလို့ ဖြစ်ရတယ် အဲဒါ မိဘကို တရားစွဲလို့ရတယ်" ဆိုပြီး ဆေးရုံက ၀န်ထမ်းတွေရဲ့ တယောက်ပြီးတယောက် အပြစ်တင်တာ အကြီးအကျယ် ခံရတယ်၊ ကလေးကို နေ့စဉ် ဘယ်အချိန်မှာ ဘာကျွေးလဲလို့ စစ်လားဆေးလား အလုပ်ခံရတယ်လို့ ရောက်ခါစက ကျွန်မကို သူငယ်ချင်း ပြောပြဖူးတယ်။ အများအားဖြင့် မူလတန်း ကျောင်းစတက်တဲ့အရွယ် ကလေးတွေက ကစားပဲ မက်ပြီး အစားကို မခုံမင်တာ များတော့ ကျွေးနေတာပဲ စားမှမစားတာ ဘယ်လိုလုပ်မလဲလို့ ကျွန်မသူငယ်ချင်းက ညည်းနေတာ တွေ့ရတယ်။ ကျွန်မက အဲဒီအချိန်တုန်းက ဆေးရုံက ၀န်ထမ်းတွေ တမင်ပြောချင်လို့ ပြောတယ်လို့ ထင်တယ်။ တကယ်တော့ ကလေးကို အစားအသောက် အာဟာရမှန်အောင် မကျွေးတာဟာ Child Neglect မှာ အကျုံးဝင်တာ အမှန်ပဲ ဖြစ်တယ်။ မြန်မာနိုင်ငံအပါအ၀င် ကလေးအခွင့်ရေးကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတိုင်းမှာ ကလေးတွေအတွက် တိကျတဲ့ အလုပ်တွေ လုပ်ပေးတဲ့ ကော်မရှင်အဖွဲ့ဖွဲ့ပြီး တိတိကျကျ လုပ်ပေးဖို့ တာဝန်တွေ ရှိပါတယ်။ ဘယ်ကလေးမှ ငတ်မွတ်ခံရ အခြေအနေ၊ အာဟာရချို့တဲ့သည့် အခြေအနေ မရှိစေရဘဲ ငတ်မွတ်နေတာကို တွေ့ရရင် Child Neglect ဖြစ်ပါတယ်။ မိဘ မကျွးနိုင်ရင် အစိုးရမှာ ကျွေးဖို့ တာဝန်ရှိပါတယ်။ အလုပ်လက်မဲ့တွေကို အစိုးရက ကလေးတွေအတွက် ၀၀လင်လင် ကျွေးဖို့ လုံလောက်တဲ့ ဗမာဏကို ထောက်ပံ့ထားပြီးသား ဖြစ်ပါတယ်။ ကလေးတွေကို မကျွေးဘဲ လူကြီးအတွက် သုံးစွဲလိုက်လို့ ကလေးအာဟာရ ချို့တဲ့ရင် လူကြီးကို တရားစွဲလို့ရတာ အမှန်ပဲ ဖြစ်ပါတယ်။

စာချုပ်အဖွဲ့ဝင် နိုင်ငံတွေမှာ ကလေးတယေက်ကို ရိုက်နေသည်ဖြစ်စေ၊ အနိုင်ကျင့်နေသည် ဖြစ်စေ၊ တစုံတယောက် အနာတရ ဖြစ်စေတဲ့ အပြုအမူကို ပြုလုပ်နေတာကို မျက်စိနဲ့ တပ်အပ် မြင်တွေ့ရခြင်း၊ မမြင်တွေ့ရပေမဲ့၊ ကလေးတယောက်မှာ အန္တရယ် တစုံတရာ ကြုံတွေ့နေနိုင်တယ်လို့ သံသယရှိစရာ တွေ့ရင် ပုလိပ် (သို့) ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကို တိုင်ကြားဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် သြစကြေးလျားမှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီး နယ်ပယ်က ပညာရှင်အဆင့်တွေက မဖြစ်မနေ တိုင်ကြားဖို့ တာဝန်ရှိပါတယ်။ သြစကြေးလျားမှာ ဒါကို Mandatory Report လို့ခေါ်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း အခေါ်အဝေါ မတူနိုင်ပေမဲ့ ကလေးတွေအတွက် ဒီဥပဒေက ရှိမှာ သေချာပါတယ်။ Mandatory Reporting ကို သြစကြေးလျားမှာ ကျန်းမာရေး၊ ပညာရေး (သို့) Welfare နဲ့ ဆိုင်တဲ့ ပညာရှင် အလုပ်သမား (သို့) အဲဒီပညာအတွက် ကျောင်းတက်နေတဲ့ ကျောင်းသားတွေက ကလေးတွေ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အကျိုးအကြောင်းခိုင်လုံတဲ့ သံသယ၀င်စရာ တွေ့ပါက မဖြစ်မနေ တိုင်ဖို့ တာဝန်ရှိပြီး တာဝန်ရှိသည့်အတိုင်း မလုပ်ခဲ့ပါက ရာဇ၀တ်မှုအထဲမှာ အကျုံးဝင်ပါတယ်။ (သာမန်လူတွေအတွက်တော့ တာဝန်ရှိပေမဲ့ မလုပ်ခဲ့ပါက ရာဇ၀တ်မှုတော့ မဟုတ်ပါ)

အလုပ်လျှောက်တဲ့အချိန်မှာ အဲဒီ Record က Criminal Record ထဲမှာ သွားပေါ်မှာ ဖြစ်ပြီး Child Abuse (သို့) Child neglect Record ရှိသူများအတွက် အလုပ်ရဖို့ သိပ်ကို အခက်အခဲ ရှိပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး၊ လူမှုရေး နယ်ပယ်က အလုပ်တခုလျှောက်တိုင်း နောက်ကြောင်းရာဇ၀င်မှာ ကလေးအခွင့်အရေးနဲ့ ပတ်သက်ပြီး ချိုးဖေါက်ထားတဲ့ ပြစ်မှုဆိုင်ရာ မှတ်တမ်းရှိမရှိ အစစ်အဆေးခံရပြီး အပြစ်မရှိကြောင်း ရှင်းရှင်းလင်းလင်းရှိမှ အလုပ်လျှောက်လို့ (သို့) အလုပ်အတွေ့အကြုံ ၀င်လို့ရပါတယ်။ အလုပ်လျှောက်ရာမှာ Criminal Record ကို တခါတည်း ဖြည့်ရပြီး Criminal Record clear ဖြစ်တဲ့ အထောက်အထားကို လုပ်ငန်းခွင်ဝင်တဲ့ ပထမနေ့မှာ ပြရပါတယ်။ အဲဒါမှ အလုပ်လက်တွေ့ဆင်းခြင်း (သို့) အလုပ်ဝင်ခြင်းကို ခွင့်ပြုပါတယ်။ အမှန်က သြစကြေးလျားမှာမှ မဟုတ်ဘူး ကလေးအခွင့်အရးကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတိုင်း ဒီလိုပဲ ဖြစ်သင့်ပေမဲ့ မြန်မာနိုင်ငံ အပါအ၀င် လက်မှတ်ထိုးထားတဲ့ နိုင်ငံအတော်များများက ကလေးအခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှု မရှိတဲ့အပြင် ကိုယ်တိုင် ချိုးဖေါက်နေတာကိုပါ တွေ့ရပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတချို့မှာ တွေ့လေ့ရှိတဲ့ ကလေးတွေ ဈေးရောင်းနေတာ၊ လမ်းတွေမှာတောင်းရမ်းနေတာ၊ အဖေါ်မပါဘဲ တနေရာမှာ တွေ့ရတာဟာအားလုံးဟာ Child Abuse နဲ့ Neglect အထဲမှာ လုံးဝ အကျုံးဝင်ပြီး မိဘ အုပ်ထိန်းသူမှာ အပြည့်အ၀ တာဝန်ရှိပါတယ်။ မိဘအုပ်ထိန်းသူက ကလေးတယောက်ရဲ့ သက်တမ်းကို သူ့အသက်အရွယ်လိုက် ပုံမှန်အတိုင်း ပြုစုပျိုးထောင်နိုင်စွမ်း မရှိပါက အစိုးရမှာ ဖြည့်စွမ်းပေးဖို့ တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေထက် ပိုဆိုးတဲ့ ကလေးအလုပ်သမားနဲ့ စစ်သားစုဆောင်းရေးတွေကို တွေ့ရပါတယ်။ မိဘတွေကိုယ်တိုင်က ကလေးတွေကို အလုပ်ခိုင်းစေပြီး ၀င်ငွေရှာခိုင်းတာ ရှိသလို စစ်တပ်အောက်ခြေတွေမှာ စစ်တပ်က ကလေးစစ်သား အတင်းစုဆောင်းလို့ မိဘတွေရဲ့ အပူသောကတွေကိုလည်း သတင်းတွေမှာ မကြာခဏ ကြားသိနေရပါတယ်။

ကလေးအခွင့်အရေးကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတခုရဲ့ အစိုးရက ကလေးစစ်သားတွေကို ကိုယ်တိုင်စုဆောင်းပြီး စနစ်တကျ တပ်ထဲသွင်းလို့ သူများက ဖေါ်ထုတ်နေရတာဟာ နိုင်ငံအတွက် သိပ်ပြီး သိက္ခာ ကင်းမဲ့လှပါတယ်။ လက်မှတ်ထိုးထားတဲ့ နိုင်ငံတခုဟာ ကလေးအခွင့်အရေးတွေကို မိဘတွေ မသိသေးရင် သိအောင် ပညာပေးရမည့်အစား ကလေးအခွင့်အရေးကို UN မှာ မျက်နှာလို မျက်နှာရ လက်မှတ်သာ ထိုးထားပြီး အစိုးရ ကိုယ်တိုင်ချိုးဖေါက်နေတယ်။ UN မှာရှိတဲ့ စာချုပ်စာတမ်းမှန်သမျှကို ပုတ်သင်ညိုသေလို့ ၀င်စားတယ်လို့ တင်စားရလောက်အောင် ရှိသမျှစာချုပ်တွေ အကုန်ခေါင်းညိတ် လက်မှတ်ထိုးပြီး ဘာတခုမှ လိုက်မလုပ်ဘဲ UN ကို နားလှည့်ပါးရိုက်လုပ်ကာ UN က လူမှုရေး အကူအညီပိုက်ဆံ လိမ်ပြီး ယူနေတာ ကမ္ဘာမှာ မြန်မာလူမျိုး သိပ်ပြီး သိက္ခာကျပါတယ်။ ကမ္ဘာမှာ မြန်မာကို လူရိုသေ ရှင်ရိုသေ ပြန်ဖြစ်စေချင်ရင် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားချင်ရင် မိမိပေးထားတဲ့ ဂတိကို မိမိပြန်မချိုးဖေါက်ဘဲ ပေးထားတဲ့ ဂတိအတိုင်း လိုက်လုပ်နိုင်အောင် ပထမအရင် ကြိုးစားဖို့လိုအပ်ပါတယ်။ ကလေးတွေမှာရှိတဲ့ အခွင့်အရေးတွေကို မိဘတွေသိအောင် လုပ်ပေးဖို့နဲ့ ကလေးတွေရဲ့ စားဝတ်နေရေး၊ ဖူလှုံရေး၊ ဘ၀လုံခြုံရေးကို ကလေးအခွင့်အရေးကို အာမခံချက် ပေးဖို့ CRC ကို လက်မှတ်ထိုးထားတဲ့ အစိုးရတိုင်းမှာ တာဝန်ရှိပါတယ်။

ကလေးကို ရိုက်ပုတ်ဆဲဆို ကြိမ်းမောင်းတာက Child Abuse, ကလေးကို အစာဝအောင်မကျွး၊ ဂရုမစိုက် နွေးထွေးမှုပေးဘဲ ထားတာဟာ Child Neglect ဖြစ်တယ်။ ဒါတွေကို ကျူးလွန်ရင် အပြစ်ရှိတယ်ဆိုတာ အားလုံး နှလုံးသွင်းပြီး ကလေးအခွင့်အရေးကို လူကြီးမိဘတိုင်း ကာကွယ်နိုင်ကြပါစေ။

30 comments:

အမမငယ်ရေ..ညီမလဲ အဲ့ကိစ္စကို စိတ်ထဲမှာမကောင်းဘူး..ကျမရုံးပြန်တဲ့လမ်းမှာကလေး
တွေကိုမြင်ရတာ..စိတ်မချမ်းသာဘူး။မိဘကမတတ်နိုင်ကြတော့ကလေးတွေက ကျန်းမာရေးအသိက သုညပဲအမ ..ပညာရေးတို့တခြားဟာတော့မပြောတော့ပါဘူး။.ကျမလဲကူညီဖို့စွမ်းအားကမရှိဘူးအမရေ..အမရေးတဲ့ပို့စ် ကနေ ဗဟုသုတ
အများကြီးရလိုက်ပါတယ်..း)

မနုငယ်

" Holiday အဖြစ်၊ အပျော်သဘောနဲ့ အလုပ်လုပ်တာကလွဲပြီး ဘယ်ကလေးမှ အလုပ်လုပ်ပြီး မိသားစု ၀င်ငွေ ရှာပိုင်ခွင့် မရှိပါဘူး။ လူကြီးတွေကသာ ပံ့ပိုးပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်။"
ဒီစာကြောင်းလေးကိုဖတ်နေတဲ့အချိန်မှာ..
မြန်မာပြည်က ရေခဲထုပ်ရောင်းနေရတဲ့၊ကာဂိတ်တွေ၊လမ်း
ဆုံတွေမှာ ရေဘူးရောင်းနေရတဲ့၊လက်ဘက်ရည်ဆိုင်တိုင်း
လိုလိုမှာစာပွဲထိုးလေးတွေအဖြစ်တွေ့နေရတတ်တဲ့ ကလေး
တွေကို သတိရမိတယ်။စိတ်မကောင်းလည်းဖြစ်ရတယ်..

US ကလက်မှတ်မထိုးထားလို့သာတော်တော့တယ်..
ဒီမှာတော့ သူတို့ပဲ လူကြီးတွေက ပြန်ကြောက်ရမလိုပဲ..
လက်မှတ်ထိုးတဲနိုင်ငံအများစုကတော့ လူကြားကောင်းအောင် ပရိတ်နာကြတာ..ပါးစပ်က ဘုရား..လက်ကကားယားတွေများတာပါပဲ..

(ကျွန်မတို့ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတချို့မှာ တွေ့လေ့ရှိတဲ့ ကလေးတွေ ဈေးရောင်းနေတာ၊ လမ်းတွေမှာတောင်းရမ်းနေတာ၊ အဖေါ်မပါဘဲ တနေရာမှာ တွေ့ရတာဟာအားလုံးဟာ Child Abuse နဲ့ Neglect အထဲမှာ လုံးဝ အကျုံးဝင်ပြီး မိဘ အုပ်ထိန်းသူမှာ အပြည့်အ၀ တာဝန်ရှိပါတယ်။ မိဘအုပ်ထိန်းသူက ကလေးတယောက်ရဲ့ သက်တမ်းကို သူ့အသက်အရွယ်လိုက် ပုံမှန်အတိုင်း ပြုစုပျိုးထောင်နိုင်စွမ်း မရှိပါက အစိုးရမှာ ဖြည့်စွမ်းပေးဖို့ တာဝန်ရှိပါတယ်။)

အစ်မတို့ နိုင်ငံရေးသမားတွေဟာ နေရာတကာ ၀င်ရှုပ်တယ်။ အိမ်တွင်းရေးအထိလဲ ၀င်ရှုပ်တယ်။ လင်နဲ့မယားကြားလဲ ပတ်သက်တယ်။ သားသမီးနဲ့ မိဘကြားလဲ အလွတ်မပေးဘူး။ မိဘက သူ့မှာ ငွေမရှိလို့.. ဈေးရောင်းခိုင်းတာ အစ်မတို့ အပူပါလို့လား။ သူ့ကလေးကိစ္စသူ့ဖာသာ ဆုံးဖြတ်ပါစေ။ ငွေကြေးကျပ်တည်းနေရင် လုပ်သင့်တာလုပ်ရမှာပဲ။ အစိုးရက တာဝန်ယူရမယ်လို့ပြောရအောင် အနောက်ဖက်မှာ ကလေးအခွင့်အရေးကို အကြောင်းပြပြီး အတင်းအဓမ္မလုယူပြီး . . . ကလေးထိမ်းကျောင်းပို့လို့ ပြည့်တန်ဆာဖြစ်ကုန်တဲ့ ဇတ်လမ်းတွေ မသိဘူးလား။ (ကလေးတွေ ထိမ်းသိမ်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အခွန်တွေမတန်တဆတိုးကောက်ပြီး ၀င်ငွေရှာတာပါ။)

အစ်မရေ… ဒီမိုအစိုးရတွေဘယ်လောက်အထိ ဆိုးလဲဆိုရင် ၅-၆နှစ်ကလေးတွေကို လိင်ဆက်ဆံနည်းကို သင်ပေးတယ်ဆိုတာ လုပ်နေတယ်။ အခုဟာ မိဘတွေက ဘာဆို.. ဘာမှကို အခွင့်အရေးမရှိတော့ဘူး။ အစ်မတို့ နိုင်ငံရေးသမားတွေဟာ.. စည်းမရှိ ကန်းမရှိဆိုတဲ့ လူတန်းစားတွေပဲ။ ဒီမိုတွေ နအဖကို မဖြုတ်နိုင်တာ.. နအဖတော်လို့မဟုတ်ဘူး။ လက်တွေ့ကျတဲ့ အတွေးအခေါ်မရှိပဲ စကားလှလှလေးဆိုရင် ခင်တွယ်နေလို့ဖြစ်တယ်။

☀ Tell your kids to have sex!

☀ Sexy Ed in School - Is Kindergarten too Early?

☀ Teaching Kids the 'Pleasures of Sex'

☀ School Investigates Students Having Sex In Classroom

☀ Kids have sex in class...

ခိုင်နုငယ်နဲ့ mg Lay - ဒါတောင်မှ မြန်မာနိုင်ငံက CRC ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံ ဖြစ်တယ်။ စာချုပ်အဖွဲ့ဝင် နိုင်ငံတခုမှာ ကလေးတွေရဲ့ အခွင့်အရေးကို ဘာမှ အကာအကွယ် မပေးနိုင်တာက ရှက်စရာ ကောင်းတာတော့ အမှန်ပဲ။

အန်ကယ်နိုင်ရေ - အမေရိကန်က လစ်ဘရယ် သမားတွေဖြစ်တော့ ဖက်ဒရယ် အစိုးရအနေနဲ့ Liberalism ရဲ့ သဘောသဘာဝအရ အနည်းဆုံး အုပ်ချုပ်တဲ့အစိုးရဟာ အကောင်းဆုံးအစိုးရလို့ သတ်မှတ်ထားပြီး လွတ်လပ်ခွင့်ပေးပေမဲ့ ပြည်ထောင်စု စနစ်ကို ကျင့်သုံးတော့ ပြည်နယ်တခုစီမှာ ပြည်နယ်အစိုးရတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် ဖက်ဒရယ်အစိုးရမူက တဦးချင်း အခွင့်အရေးမဟုတ်ဘဲ အုပ်စုနဲ့ ပတ်သက်တဲ့ အခွင့်ရေးတွေကို အစိုးရတာဝန်ယူ ဖြေရှင်းပေးရမည့် လူ့အခွင့်အရေး စာရင်းထဲမှာ မထည့်ထားပေမဲ့ ပြည်နယ်အစိုးရတွေက သူတို့ပြည်နယ်မှာ ရှိတဲ့ ပြည်သူတွေအတွက် ဥပဒေပြုခွင့်ရှိပါတယ်။ ဒါကြောင့် ပြည်နယ်တွေက လက်ခံလို့ US က ကလေးတွေမှာ ကလေးအခွင့်အရေး အာမခံချက် ရှိနေတာ ဖြစ်တယ်။ UN convention ဆိုတာက ပြည်နယ်တွေက ကိုယ်စားပြုပြီး လက်မှတ်ထိုးလို့ မရဘဲ ပြည်ထောင်စုတခုလုံးကို ကိုယ်စားပြုတဲ့ ဖက်ဒရယ် အစိုးရ ကိုယ်စားလှယ်ကသာ နိုင်ငံတခုလုံးကို ကိုယ်စားပြုပြီး လက်မှတ်ထိုးလို့ရပါတယ်။

ကိုဇော်မျိုးရေ - ကျွန်မ နိုင်ငံရေးသမားတော့ မဟုတ်ဘူး။ လူဆိုတာ တဦးတည်းတယောက်တည်း၊ မိသားစု တခုတည်း၊ တိုင်းပြည်တပြည်တည်း ရပ်တည်လို့မရ အများနဲ့ ဆက်စပ်ပြီး ကူးလူးဆက်ဆံရတဲ့အတွက် တဦးတယောက်ရဲ့ ဒုက္ခဟာ အများနဲ့လည်း သက်ဆိုင်ပြီး အများကို ကူးစက်ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် တစုံတဦး Safety နဲ့ မညီတဲ့ အခြေအနေမှာ တွေ့မြင်ရရင် လူ့အဖွဲ့အစည်းမှာ တာဝန်ရှိပါတယ်။ ကျွန်မအပူ တခုတည်းမဟုတ်ပါ။ လူ့အဖွဲ့အစည်း တခုလုံးရဲ့ အပူ ဖြစ်ပါတယ်။

ကိုဇော်မျိုးပြောတဲ့ ဒုတိယအပိုဒ်မှာ ကလေးတွကို ခုတုံးလုပ်ပြီး လူကြီးတွေအတွက် အနောက်နိုင်ငံကလူတွေ အကျိုးအမြတ်ရှာတာဟာလည်း ကလေးအခွင့်အရေး အလွဲသုံးစား လုပ်တာပါပဲ။ အဲဒီလို လုပ်နေရင်လည်း ဖေါ်ထုတ်အရေးယူဖို့ တာဝန်ရှိပါတယ်။ အရှေ့နိုင်ငံတွေမှာ ကလေးကို ခိုင်းစာနေတာလည်း ဒီအတိုင်းပါပဲ။ ကလေးဆိုတာ သူ့အသက်အရွယ်အလိုက် အသက် ၁၈ နှစ်မပြည့်ခင်မှာ သူ့အရွယ်နဲ့သူ ဖွံ့ဖြိုးမှု အဆင့်တွေ ရှိပါတယ်။ ၁၆ နှစ်မတိုင်ခင် အလုပ်တခုခုကို လုပ်ဖို့အတွက် လုံလောက်တဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာမှာ အဆင်သင့် မဖြစ်သေးဘူး။ အန္တရယ်တို့ အခက်အခဲတို့ကို ကြုံလာရင် လူကြီးလို မိမိကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ ကိုယ်အား၊ စိတ်အား မရှိသေးလို့ Safety နဲ့ မကိုက်ညီသေးဘူး။ လက်တွေ့လည်း ကလေးတွေ ဖမ်းပြီး ရောင်းစားခံရတာ၊ ပြည့်တန်ဆာ ပြုခံရတာ၊ စစ်သားအဖြစ် စုဆောင်းခံရတာ မကြာခဏ သတင်းတွေမှာ ကြားသိနေတာကို ကြည့်ခြင်းအားဖြင့် Safety နဲ့ မညီညွတ်ဘူးဆိုတာ သက်သေပြနေပါတယ်။ ကလေးဘ၀မှာ Trauma ဖြစ်ခဲ့ဖူးရင် သေတဲ့အထိ မသိစိတ်ထဲမှာ ဒဏ်ရာရတယ်ဆိုတာလည်း သုသေသန ပြုချက်အရ သိထားပါတယ်။ ဒါကြောင့် ကလေးတွေကို သိပ်ပြီး ဂရုစိုက်ဖို့နဲ့ သူ့တို့အသက်အရွယ်အလိုက် လိုအပ်တာ ဖြည့်ဆည်းပေးဖို့ သိပ်အရေးကြီးပါတယ်။ ဒါကြောင့် ကလေးအခွင့်အရေးဆိုတာ လိုအပ်ပါတယ်။

တင်ထားပေးတဲ့ ဗွီဒယိုသတင်းတွေအတွက် ကျေးဇူးတင်ပါတယ်။ သူငယ်တန်း ကလေးတွေကို Touching နဲ့ ပတ်သက်ပြီး Education ပေးဖို့ ပြောထားတဲ့ ဒုတိယ တခုကို ကျွန်မလည်း သဘောကျပါတယ်။ အဲဒါ လိင်ဆက်ဆံတာကို ပညာပေးတာ မဟုတ်ဘူး။ လူကြီးတွေက ကလေးတွေကို ဟိုကိုင်ဒီကိုင်ကိုင်ပြီး Sexual Assault လုပ်ရင် ဘယ်လိုနေရာကို ဘယ်လိုထိရင် မရိုးသားဘူး၊ လက်မခံဖို့ ပညာပေးတာ ဖြစ်တယ်။ သူငယ်တန်းဆိုတော့ နည်းနည်းတော့ ငယ်သေးတယ်။ ကျွန်မသားလေးတို့ကို ပထမတန်း ဒုတိယတန်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ သင်ရင်း ဘာတွေက Private Part ဆိုတာနဲ့ Private Part တွေကို လူကြီးတွေ တယောက်ယောက်က ကိုင်တွယ်ရင် မိမိ ဆရာမ (သို့) မိဘတွေကို တိုင်ကြားဖို့ စသင်ပေးတယ်။ မသိတဲ့ တစိမ်းလူကြီး (သို့) သိတဲ့အထဲက ဖြစ်သည့်တိုင် ဆိတ်ကွယ်ရာမှာ အတူရှိတာ Safety မရှိဘူးဆိုတာနဲ့ Private Part တွေကို ကိုင်တွယ်ရင် လက်မခံဖို့ သင်ပေးတယ်။ တချို့ ကလေးငယ်ငယ်လေးတွကို လူကြီးတွေက မုန့်ပဲ သွားရေစာ၊ ကစားစရာပေး မြူဆွယ်ခေါ်သွားပြီး မုဒိန်းကျင့်တာတွေ အတိတ်မှာ ရှိခဲ့လို့ ကလေးတွေ နားလည်ထားရင် ကာကွယ်လို့ ရအောင် သင်ပေးခြင်းသာ ဖြစ်တယ်။ ဒါဟာ ကောင်းတဲ့ပညာပေးမှုလို့ ကျွန်မထင်တယ်။ ကျန်တတွေကတော့ ကိုဇော်မျိုးပေးတာ သတင်းတွေပဲဟာ နိုင်ငံတခုခုက လက်ခံထားတာမှ မဟုတ်တာ အဲဒါကို ကျင့်သုံးနေတယ်လို့ ပြောလို့ဘယ်ရမလဲ။ ကျင့်သုံးရင်လည်း အဆိုတင်သွင်းတဲ့ဘက်က အဆင့်ဆင့် Campaign တွေ လာမယ် တခြားဘက်က ကန့်ကွက်တာတွေရှိပြီး Debate တွေကို ကျော်လွန်ပြုမှ အတည်ပြုလို့ရပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာလို အခုအမိန့်ချ အခုဥပဒေဖြစ် လုပ်လို့မရပါဘူး၊ လူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေက အတည်ပြုမှ ရပါတယ်။

လက်ဖက်ရည်ဆိုင်တွေမှာ အများဆုံးတွေ့ရတယ့် စားပွဲထိုးလေးတွေက ကလေးလေးတွေချည်းပဲ
ခက်တာက သူတို့ကို အလုပ်လုပ်ခွင့်မပေးရင် အိမ်မှာလူပိုဖြစ်သွားပီ ကျောင်းထားဖို့လည်း မတတ်မှမတတ်နိုင်တာ နောက် အုတ်ဖိုတွေမှာ အုတ်စီတာလည်း ကလေးလေးတွေ သူတို့တွေက နေစရာ စားစရာနည်းနည်းလုံခြုံသေးတယ်
တာမွေပလီထိပ်နားက ကလေးတွေဆို တအုပ်ကြီး
တောင်းစားနေကြတာ တနေကုန် နောက်ညအထိ အဲ့နားမှာပဲ နေကြ စားကြ
ကလေးတွေက ကလေးတွေလို ကြီးပြင်းမလာခဲ့ရင် ကောင်းမွန်တဲ့လူကြီးလည်း ဖြစ်လာမယ်မထင်

ကိုဇော်မျိုး
ကိုဇော်မျိုးလည်း ကျွန်မဒီနိုင်ငံကို ရောက်လာခါစက ဒီနိုင်ငံကလူတွေဟာ အရှုးတွေ၊ ကလေးကိုလည်း Sex အကြောင်းတွေသင်ပေးတယ်၊ ပြီးတို့ ကျောင်းမှာ စာလည်းမသင်ဘူး ပညာရေးအဆင့်ကလည်း မြန်မာပြည်လောက် မမြင့်ဘူး သမီး/သားဆိုရင် ဒုတိယတန်းကိုတောင် ရောက်နေပြီ အခုထိ အပိုင်းဂဏန်းမသင်သေးဘူး မြန်မာပြည်မှာ ငါတို့ ငယ်ငယ်က အပိုင်းဂဏန်းကို ဒုတိယတန်းမှာ စသင်တယ်လို့ ပြောတဲ့ ကျွန်မရဲ့ တချို့သူငယ်ချင်းတွေလို ဖြစ်နေတယ်။ Child Development နဲ့ Child Psychology ကို မသိလို့ ဒီလို ပြောတယ်ဆိုတာ နောက်ပိုင်း ကျောင်းတွေဘာတွေ တက်တဲ့အချိန်မှာ အိမ်ကကလေးကိုလည်း လေ့လာရင်း ကျွန်မ သဘောပေါက်သွားတယ်။ ကိုဇော်မျိုးလည်း ပေါ်က ကျွန်မ မိတ်ဆွေတွေနဲ့ ဘာမှ မကွာဘူး။ ပြောဖို့ပဲ သိပြီး ဘာသဘောနဲ့ ဘာကြောင့် ဒီလိုဖြစ်လာရတယ်ဆိုတာ နောက်ခံကို မလေ့လာဘဲ ကိုယ်ထင်တာကိုပဲ အကျိုးအကြောင်း ဆီလျှော်မှု မရှိပြောတတ်တာကိုပဲ ဂုဏ်ယူနေတယ်။ ကျွန်မ သူငယ်ချင်း အမျာစုကတော့ ထားလိုက်တော့ ဒီနိုင်ငံက ပညာတွေကို သင်ကြားနေသူ မဟုတ်ကြလို့ မသိလို့ပြောတယ် ဆိုတာ နားလည်လို့ရတယ်။ ကိုဇော်မျိုး တက်နေတဲ့ တက္ကသိုလ်က ဘယ်လိုတက္ကသိုလ်လဲ Critical Thinking တွေ Reasonable တွေကို မသင်တာ ဘယ်လိုအမျိုးအစား တက္ကသိုလ်လဲ ဆိုတာတွေးမိပြီး အံ့သြမိတယ်။ ပြောလိုက်တဲ့ အကြောင်းအရာမှာ နောက်ခံသမိုင်းနဲ့ လက်တွေ့ပါရမယ်။ ကိုဇော်မျိုးပေးတဲ့ အရင်မှတ်ချက်က ဒုတိယ Link မှာ ကလေးတွကို မူလတန်းမှာ Private Part နဲ့ Touching သင်တာ လိင်ဆက်ဆံတဲ့ Reproductive Function မပါသေးဘူး။ တဏှာရှုးလူကြီးတွေရဲ့ အန္တရယ်က ကာကွယ်နိုင်အောင်ပဲ Touching ကို သင်တာဖြစ်တယ်။ Reproductive Function က ဘယ်မူလတန်းကလေးကိုမှ မသင်သေးဘူး High School ရောက်မှ သင်ပါတယ်။ Touching ကို သူငယ်တန်းမှာသင်တာတော့ သိပ်ငယ်သေးတယ်လို့ ကျွန်မ ပြောပြီးပြီ ဒါပေမဲ့ ဒီအရွယ်ကလေးတွရဲ့ Cognitive Function အရ Private Part ကိုသင်တာ မမှားဘူး။ Child Development ကို လက်တွေ့နဲ့ ယှဉ်ပြီး ကျွန်မ အားတဲ့အချိန်မှ ပြန်ဆွေးနွေးပေးမယ်။ ဒီနေ့တော့ ကျွန်မ ဆွမ်းလှည့်ကျလို့ ဆွမ်းချက်ပြီး ဘုန်းကြီးကျောင်းသွားရဦးမယ် ပြန်လာရင်လည်း လုပ်စရာတွေ အများကြီး ကျန်သေးလို့ မအားသေးဘူး။ ကိုဇော်မျိုးတင်ထားတဲ့ Link တွေလည်း ကြည့်မအားသေးဘူး။

အကြမ်းဖက်တာနဲ့ ပတ်သက်တာ ခဲနဲ့ပေါက်တာလည်း အကြမ်းဖက်တာပဲ သေနတ်နဲ့ပစ်တာလည်း အကြမ်းဖက်တာပဲ။ ပါးစပ်နဲ့အော်တာနဲ့ အသံတိတ်ဆန္ဒပြတာပဲ အကြမ်းမဖက်တာဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ ကိုယ်မကြိုက်ရင် မကြိုက်သလို အကြမ်းဖက်တာ မပါဘဲ ပြောလို့ရတယ်။ အာဏာရှင်နိုင်ငံတွေမှာပဲ ပြောခွင့်မပေးတာ။ အဲဒီလို ပြောခွင့်မပေးတဲ့နေရာမှာတောင် ကျွန်မတို့က ပြောလာတာနော့်။ ကိုဇော်မျိုးက အင်တာနက်ပေါ်ကနေပြီး ကိုယ့်ကိုယ်ကို သိပ်အထင်မကြီးနေနဲ့ နအဖကို ပြောနေတာတွေဟာ ရှေ့တည့်မှာ ကျွန်မတို့လို ပြောမရဲဘူးဆိုတာ သေချာတယ်။ ကျွန်မလက်တွေ့မပါဘဲ သဘောတရားတခုတည်းနဲ့ ဘာတခုမှ မပြောဘူး။ Child Development ကို ကျွန်မ အားမှ ပြန်ဆွေးနွေးပေးမယ်။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အကျိုးအကြောင်း ဆီလျှော်မှု မရှိဘဲနဲ့တော့ ထင်တာတခုကို ဘလိုင်းကြီး မစွပ်စွဲပါနဲ့။

သူများနိုင်ငံကခလေးတွေရရှိတဲ့ အခွင့်အရေးမျိုး ကျမတို့နိုင်ငံက ခလေးလေးတွေရရှိနိုင်ကြဖို့ မျှော်လင့်မိပါတယ်

နည်းနည်း ဝင်ပြောမယ် မငယ်နိုင်ရေ၊

အစိုးရတစ်ရပ်ရယ်လို့ ဖြစ်လာပြီဆိုရင်တော့ နိုင်ငံသားတွေအတွက် မဖြစ်မနေ စပြီးတာဝန်ယူရပါတော့တယ်။ ဒီမှာ ကွာခြားလာမှုကတော့ တာဝန်ယူပုံယူနည်းနဲ့ တာဝန်ယူတဲ့အတိုင်းအတာပေါ့နော၊ ပြီးတော့ ကိုယ်နည်းနည်းလုပ်ရုံနဲ့ ဂုဏ်ဖေါ်နေသူတွေနဲ့ အများပြည်သူရဲ့ ဝေဖန်မှု၊ ထိန်းချုပ်မှုကို လက်ခံတဲ့၊ အာရုံစိုက်တဲ့ အစိုးရမျိုးတွေ စသည်ဖြင့် ကွဲပြားလာပြန်ပါတယ်၊ ဒါတွေက အာဏာရှင် (လူတစ်ယောက် သို့မဟုတ် လူနည်းစု) စနစ်နဲ့ ယေဘုယျအားဖြင့် ဒီမိုကရေစီစနစ်တွေရဲ့ ကွာခြားမှုတွေထဲက အချို့အချက်တွေပါ။

လစ်ဘရယ်ပြောပြော၊ ဆိုရှယ်လစ်ဝါဒပဲဆိုဆို အစိုးရအာဏာကို ရယူလုပ်ကိုင်လာပြီဆိုရင် သူတို့ဝါဒတွေနဲ့ ကိုက်ချင်မှကိုက်မယ့် လက်တွေ့ဘဝက scientific management ဆိုတာကို ကျင့်သုံးလာကြရပါတော့တယ်။

အဲဒါကတော့ တိုင်းပြည်ကို စီမံခန့်ခွဲမှုလို့ ယေဘုယျပြောလို့ရပါတယ်။ ပြည်သူပြည်သားတွေနဲ့ ပတ်သက်ပြီး ဆေးလိပ်ဘယ်အရွယ်မှသောက်ရမယ်၊ ဆေးရုံတွေမှာ ဘယ်လိုလိုက်နာရမယ်၊ မြို့ထဲမှာကွမ်းတံတွေးမထွေးရဖူး စသည်ဖြင့် နမူနာတွေ တွေ့ရနိုင်ပါတယ်။ ပြီးရင်လည်း ကိန်းကဏန်းတွေနဲ့ အလုပ်လုပ်ပြီး ရာဇဝတ်မှု ဆိုရင်လည်း အမှုအလိုက်ဖြစ်ပွားမှု၊ အတိုးအလျော့၊ ဖြစ်ပေါ်မှုအနေအေထား အမျိုးမျိုးပေါ်မူတည်ပြီး ငွေကြေးဘယ်လိုသုံးရမယ်၊ ရဲတပ်ဖွဲဝင်ဘယ်လောက်ထားမယ်၊ ဘာဥပဒေထုတ်မယ်ဆိုတာတွေ လုပ်ပါတယ်။

ဒီမှာတင် အပြန်အလှန်အကျိုးသက်ရောက်မှုက အုပ်ချုပ်နေသူတွေ၊ လက်ခံထားတဲ့ စနစ်၊ ဝါဒတွေအကြား ဖြစ်ပေါ်လာပြီး ဦးတည်တဲ့လမ်းကြောင်း၊ အများသိအောင်ချပြ မပြမှုတွေမှာ ကွာလာပါတော့တယ်။ တစ်ခါ ပြည်သူပြည်သား သို့မဟုတ် ဒါတွေနဲ့ထိတွေ့ရတဲ့သူတွေရဲ့ သဘောထားတွေဟာ ခုလိုဘလော့တွေပေါ် ရောက်လာရတော့တာပါပဲ။ ကိုယ့်ရဲ့ အစွဲလေးတွေနဲ့ ပေါင်းစပ်ပြီး မြင်တာတွေ ဖေါ်ထုတ်ကြတယ်ဆိုကြပါစို့။

ဒီတော့ ဆွေးနွေးပွဲတစ်ခုမှာ လူတစ်ယောက်ဟာ သူ့ကိုယ်ကို ဗဟိုချက်ထားပြီး ကြုံတွေ့ခဲ့တဲ့ဘဝအခြေအနေ၊ လက်ခံထားတဲ့ တန်ဖိုး(များ)၊ သိတတ်ထားသမျှတွေအပေါ် မူတည်ပြောဆို၊ ရေးသားကြရာမှာ ကျနော်ကတော့ ထင်မြင်ချက်အနေနဲ့ သိပ်တော့မပြောလိုပါ။

သေချာတာတစ်ခုက ဒီမိုကရေစီ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် ဗဟုသုတတွေ ပြည့်စုံမှုမရှိကြတာ မြင်ရတွေ့ရပါတယ်။ အချို့ဟာတွေက သီးသန့်ကိုနားလည်အောင်၊ သိအောင်သင်ယူမှ ရနိုင်တာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ မည်သူမဆို ကြီးပြင်းလာ၊ အတွေ့အကြုံတွေ ပိုပိုရှိလာ၊ သိလာကြတာ သဘာဝမို့ အချို့သော ဇွတ်တရွတ်သမားတွေ တစ်ချိန်မှာတော့ အသိအမြင် ပြောင်းလဲလာကြနိုင်တာ သံသယရှိစရာမလိုပါဘူး။

လောလောဆယ်တော့ ပန်းနဲ့ပေါက်တာကို မခံနိုင်တဲ့သူတွေအချို့နဲ့ ဆက်ပြီး နှစ်ပါးသွားကြရအုံးမှာ ဖြစ်ပါကြောင်း။

သို့
မငယ်နိုင်

အစ်မနဲ့ စိတ်အကြောင်းတော့ မဆွေးနွေးလိုပါဘူး။ လူကြီးကို brain wash လုပ်လို့မရဘူးပြောကတည်းက စိတ်နဲ့ ပတ်သက်ပြီး အစ်မရဲ့ ဥာဏ်ရည်ကို ကျနော်ခန့်မှန်းလို့ရပါတယ်။ ပြဿနာက . . အဖြူတွေထိရင် ဆတ်ဆတ်ထိမခံဖြစ်နေတဲ့ စိတ်ဓါတ်ပဲ။ စာကိုလည်းမဖတ် ပြတဲ့ဗီဒီယိုလဲမကြည့်ပဲ . . . အဖြူတွေကို ကာကွယ်ဖို့ ဆန္ဒစောနေတော့ ဘယ်လိုပြောရမှာလဲ? ၅ နှစ် ၇ နှစ်အ၇ွယ်လေးတွေကို sex သင်ပေးတာကို ပြောတာ ဆိုတာ ဘယ်လို နားလည်အောင် ရှင်းပြရမလဲ? စာမဖတ်ပဲ အဖြူထိရင်နာနေသပါ့ဆိုလဲနာပေါ့။ ဒီမိုနိုင်ငံတွေက သူတို့ရေးတဲ့သမိုင်းကို မယုံကြည်ကြောင်းပြောရင် ထောင်ဒဏ် နှစ် ၂၀ အထိချတယ်ဆိုတာ မကြားဖူးဘူးမဟုတ်လား။ အချိန်ရရင် လောကအကြောင်းကို လေ့လာပါဦး။ သူများပြောတိုင်းယုံပြီး ဇွတ်ငြင်းနေလို့ ဘာမှတိုးတက်လာမှာ မဟုတ်ဘူး။

လေးစာလျက်
ဇော်မျိုး

သို့
ကိုမန်းကိုကို

ကျနော်ပြောကြားချက်ကို မမှန်ဘူးထင်ရင် အချက်အလက်နဲ့ ပြောလို့ရပါတယ်။ ယောကျားလေးဖြစ်ပြီး ရွဲ့တဲ့ပုံစံမျိုးတော့မပြောပါနဲ့လားဗျာ။ အဲလိုစိတ်ထားတွေက ကျနော်တို့ မြန်မာလူမျိုးတွေမှာ မရှိသင့်ပါဘူး။ ဘလော့ပေါ်မှာ ခင်ဗျားပြောတာကို ကျုပ်က မကြိုက်လို့လဲ လက်တီးနဲ့ ထထိုးလို့ရတာမှ မဟုတ်တာ။ ဘာအတွက် စောင်းပြောနေလဲ?

လေးစာလျက်
ဇော်မျိုး

ကိုဇော်မျိုး
အဖြူကို ထိရင် နာတယ်ဆိုလို့ ကိုဇော်မျိုးက မူစလင်တွေ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အစွန်းရောက်တဲ့ မူစလင်တွေရဲ့ အပြုအမူကို မူစလင် အားလုံး အပြုအမူလို လျှောက်ပြောနေတာလည်း ကျွန်မ မကြိုက်ဘူးလို့ ပြောရင် ကုလားကို ထိလို့နာတယ်လို့ ပြောဦးမလား။ ကျွန်မက ဘယ်သူ့ကိုပဲ ပြောပြော မဟုတ်တာကို လက်မခံဘူး။ ဘယ်သူ့ဆီကပဲ လာလာ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိတာကို ယူတယ်။ ဒီမိုကရေစီ လူ့အခွင့်အရေးတွေ တချို့ လူမျိုးရေး၊ သင်္ချာ၊ သိပ္ပံသီအိုရီတွေ၊ တီထွင်မှုတွေကို တခြားလူမျိုးတွေက ဖေါ်ထုတ်လို့ ရှိလာတာကို ကျွန်မတို့ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိလို့ လက်ခံတယ်၊ အသုံးပြုတယ်။ သင်္ချာသီအိုရီ မှာ Integration တို့ Differentiation တို့ကို အာရပ်တွေ တီထွင်ခဲ့တယ်လို့ ကြားဖူးတယ်။ အဲဒါတွေကို ကျွန်မတို့ လက်ခံရတယ်။ အဲဒါကို အသုံးပြုလို့ အဖြူအထင်ကြီးတယ် ကုလားအထင်ကြီးတယ် ဆိုပြီး မျိုးချစ်စိတ် မရှိဘူးစွပ်စွဲရင် ဗမာတီထွင်တာ သုံးရလောက်အောင် ဘာများရှိနေလို့လဲ။ ရှိသမျှ လက်မှုပစ္စည်းလေးတွေကိုတော့ နှစ်နှစ်ခြိုက်ခြိုက် သုံးပါတယ်။ ကိုဇော်မျိုးတောင်မှ မြန်မာသံစဉ် နားထောင်ချင်မှ နားထောင်မယ် ကျွန်မ အမြဲနားထောင်တယ်။ ကြိုက်တာကိုး။ အမေရိကန်တီထွင်ထားတဲ့ ကွန်ပြူတာကို တကမ္ဘာလုံး သုံးနေရတဲ့အတွက် ကျေးဇူးတင်တယ်။ ကျွန်မလည်း နှစ်နှစ်ခြိုက်ခြိုက်ကို အသုံးပြုတယ်။ ဒါလည်း ကွန်မြူနီကေးရှင်းမှာ အဆင်ပြေချောမွေ့တယ်၊ ဗဟုသုတရတယ်၊ ကြိုက်လည်းကြိုက်တာကိုး။ ကိုဇော်မျိုးလည်း အမေရိကန်ကို အမြင်ကပ်တယ်ဆိုပြီး ကွန်ပြူတာ မသုံးပဲနဲ့တော့ နေနိုင်မယ်မထင်ဘူး။ ကျွန်မ ပြောချင်တာက ကိုယ့်လူမျိုးကို ချစ်တာ လူများလူမျိုးကို မုန်းဖို့မဟုတ်ဘူး။ ကိုယ့်လူမျိုးမှာ မကောင်းပဲနဲ့ ကောင်းတယ်လို့ လိုက်ပြောစရာ မလိုသလို သူများလူမျိုးကိုလည်း ကောင်းတာကို မိမိလက်ခံနိုင်ရင်သုံး လက်မခံနိုင်လည်း အသိအမှတ်ပြုရမယ်။ ကိုယ်ပဲကောင်း ကိုယ်ကောင်းတယ်ထင်တာပဲ အမှန်ဆိုရင် လုံးဝ အစွန်းရောက်ယူ ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တယောက်အတွက် ဒါဟာ ဆန့်ကျင်ဘက် သဘောတရားဖြစ်တယ်။ အမေရိကန်က အစုအဖွဲ့အခွင့်အရေးတွေနဲ့ ဆိုင်တာကို UN မှာ လက်မှတ်မထိုးတာကို ကျွန်မ ရှုပ်ချတယ်။ ကမ္ဘာအရပ်ရပ်က နိုင်ငံတွေမှာ အမေရိကန် ကုမ္ပဏီတွေရဲ့ Infrastructure Project တွေကြောင့် ဒေသခံတွေ ဒုက္ခရောက်ပြီး ဒေသဆိုင်ရာ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးတာကို ရှုပ်ချတယ်။ ဒါကြောင့် မှန်တယ်ထင်လို့ လက်ခံတာကို အဖြူကိုအထင်ကြီးလို့ လက်ခံတယ်၊ အဖြူကို ထိရင် နာတယ်လို့ မစွပ်စွဲပါနဲ့။

ကိုဇော်မျိုးရေ၊

နာမည်တပ်ပြောလို့ စာပြန်ရေးရတာပါ၊ ကျနော်ရေးထားတာတွေဟာ တင်ပြတာတွေသာဖြစ်ပြီး ဘယ်သူ့မှမရည်ရွယ်ပါဘူး။ ကိုယ်ရေးပြီးရင် ကိုယ်တာဝန်ယူရမယ်ဆိုတာလည်း နားလည်ပါတယ်၊ မှားရင်လည်း ဝန်ခံမှာပါ။

scientific management ဆိုတာ တကမ္ဘာလုံး ဘယ်အစိုးရမှ မလွတ်အောင်သုံးနေကြရတာပါ၊ ထုတ်မပြောကြတာပဲရှိပါတယ်။ ကျနော်ကိုယ်တိုင်တောင် မကြာခင်ကမှ လေ့လာသိလာတာမို့ ပြန်ဝေမျှတဲ့သဘောပါ။

ကိုဇော်မျိုးရဲ့ အထောက်အထားတွေက မမှားပါဘူး၊ ပြဿနာက အသုံးပြုပုံနဲ့ အသုံးပြုတဲ့နေရာတွေပါ။ ကျနော့် အတွေ့အကြုံအရတော့ စနစ်တွေ၊ ဝါဒတွေ၊ အတွေးအခေါ်တွေကို အပေါ်ယံရှပ်ပြီးမကြည့်ပဲ အတွင်းကျကျလေ့လာသင်ယူတဲ့အခါ အမြင်တွေကွာ သွားတတ်တာကိုပါပဲ။

ကိုဇော်မျိုးရဲ့ လေ့လာအားနဲ့ဆိုရင် အနာဂါတ်မှာ အသုံးချလို့ ရနိုင်စရာတွေ အများကြီးရှိနိုင်ပါတယ်။ သိထားတာတွေကိုလည်း အသိအမှတ်ပြုပါတယ်။ လောလောဆယ်တော့ အကျိုးမရှိနိုင်ကြတဲ့ အငြင်းအခုံပွဲအတွက် ဖိတ်ခေါ်မှုကိုတော့ ငြင်းလိုက်ပါရစေ။

Blogger ★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

(သူငယ်တန်း ကလေးတွေကို Touching နဲ့ ပတ်သက်ပြီး Education ပေးဖို့ ပြောထားတဲ့ ဒုတိယ တခုကို ကျွန်မလည်း သဘောကျပါတယ်။ အဲဒါ လိင်ဆက်ဆံတာကို ပညာပေးတာ မဟုတ်ဘူး။ လူကြီးတွေက ကလေးတွေကို ဟိုကိုင်ဒီကိုင်ကိုင်ပြီး Sexual Assault လုပ်ရင် ဘယ်လိုနေရာကို ဘယ်လိုထိရင် မရိုးသားဘူး၊ လက်မခံဖို့ ပညာပေးတာ ဖြစ်တယ်။)

အစ်မဟာလေ.. အဖြူအစိုးရတွေ ဘာလုပ်လုပ် ကြံဖန်ပြီးကို ချီးကျူးတယ်။ မဟုတ်တာတွေလုပ်ရင် ကျောင်းကိုတိုင်ဖို့.. 911 ခေါ်ဖို့ဆိုတာ ကျနော်တို့တုံးက သင်ခဲ့ရပါတယ်။ အဲလောက်ဆို ကလေးငယ်တွေအတွက် လုံလောက်ပါပြီ။
ယောကျား ပစ္စည်းက ဘယ်လိုရှိတယ်။ မိန်းမပစ္စည်းက ဘယ်လိုရှိတယ်။ ယောကျားပစ္စည်းက မိန်းပစ္စည်းထဲကို ဘယ်လိုအချိန်မှာထည့်တယ်။ ဘာကြောင့်ဗိုက်ကြီးတယ်ဆိုတာတွေပါ သင်ပေးနေပြီ။ အဲဒါတွေက ဘယ်လိုမျိုး ကလေးတွေကို လူကြီးတွေရဲ့ရန်ကနေ ကာကွယ်ပေးတာလဲ? ဗိုက်ကြီးအောင်လုပ်နည်းသိတော့ ကလေးတွေအတွက် ဘယ်လိုမျိုးလုံခြုံမှုရစေမှာလဲ?

တစ်ခုတော့ သေခြာပါတယ်… အခုလို လိင်ကိစ္စကို ကျောင်းမှာသင်ပေးတော့ ဆရာတွေက ကလေးငယ်တွေအပေါ် သာယာစိတ်အပြည့်နဲ့ ပြောလို့ရပြီ။ နောက်ဆိုရင် ဆရာတွေနဲ့ တပည့်သေးသေးလေးတွေ ပွေရှုပ်တဲ့ ဇတ်လမ်းတွေ ပိုပြီးကြားလာရပါမယ်။ မိဘတွေခမျာ ကလေးအခွင့်အရေး၊ ကလေးလုံခြုံရေးဆိုတဲ့စကားလုံးတွေနဲ့ အနိုင်ကျင့်နေတာခံနေရပါတယ်။ ဆရာတွေနဲ့ ကလေးထိမ်းကျောင်းက အစိုးရ၀န်ထမ်းတွေကတော့ မိဘအရင်းထက် ကလေးငယ်အပေါ် ကောင်းမွန်သူတွေအဖြစ် ရှုမြင်ခံရပါမယ်။

(ကျွန်မတို့ မြန်မာနိုင်ငံမှာလို အခုအမိန့်ချ အခုဥပဒေဖြစ် လုပ်လို့မရပါဘူး၊ လူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေက အတည်ပြုမှ ရပါတယ်။)
အစ်မလည်း စင်ကာပူက ကိုပေါလိုပဲ။ ဥပဒေအကြောင်း နကန်းတစ်လုံးမှ သိတာလဲမဟုတ်ပဲနဲ့ တရားဥပဒေကိုပြောနေတာ အမြုပ်ကိုထနေတယ်။ လူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်ဖြစ်ရင် ဘာမဆိုလုပ်ကိုင်ခွင့်ပေးရမှာလား? လူထုရွေးချယ်ခံထားရသူဖြစ်ရင် အိမ်တွင်းရေးလည်း ၀င်ရောက် စွတ်ဖက်ခွင့်ရှိသလား? အစိုးရဆိုတာ ဘာမဆို ပါဝင်ခွင့်ရှိသလား? ( အစိုးရဆိုတာဘာမှန်းမသိတဲ့သူတွေ. . . နအဖစစ်တပ်က နိုင်ငံရေးထဲမှာ ချယ်လှယ်နေတာကို ပါးစပ်ဟောင်းလောင်းလေးနဲ့ ငြိမ်ခံနေရတာ မဆန်းပါဘူး) လူ့ဘောင်ထဲမှာ ပြဿနာတွေရှိသလိုပဲ အစိုးရအဖွဲ့အစည်းတွေမှာလဲ ပြဿနာရှိတာပဲ။ ဘာအတွက် အစိုးရက နေရာတကာ ၀င်ရှုပ်နေတာလဲ။ အစိုးရ၀န်ထမ်းတွေနဲ့ နိုင်ငံရေးသမားတွေက ကျနော်တို့ထက် ပိုမိုဖြောင့်မတ်ပြီး ကောင်းမွန်တယ်ဆိုတာ လက်ခံနေရင်.. အစ်မရဲ့ ကလေးကို အိမ်မှာမထားနဲ့။ အစိုးရရဲ့ ကလေးထိမ်းကျောင်းကို အပြီးပေးလိုက်ပါ။

(ဆောရီးပဲ ကိုဇော်မျိုး မဆိုင်တာ ဖြုတ်ပြီး ဆိုင်တာကိုပဲ ပြန်တင်ပေးလိုက်ပါတယ်။ )
June 27, 2010 6:36 AM

ကိုဇော်မျိုး

အပေါ်က မှတ်ချက်မှာ မဆိုင်တာတွေကို ကျွန်မ ဖျက်ပြီး ဆိုင်တာတွေပဲ ပြန်ထည့်ထားပေးတယ်။ ဆိုင်တာတွေကလည်း ကျွန်မ ပြောတာကို သေသေချာချာ မဖတ်ဘဲနဲ့ ထင်ရာကို စွတ်ပြောထားတာတွေချည်းပါပဲ။ ဒါပေမဲ့ အကျုံးဝင်နေလို့ ပြန်ထည့်ထားပေးတယ်။

သူငယ်တန်း ကစပြီး ကလေးတွေကို Sex Education ပေးဖို့ ဆိုတာ လိင်ဆက်ဆံတာကို ပြောတာမဟုတ်ဘူး။ Sex ဆိုတာ ကျား/မ ကိုလည်း ကိုယ်စားပြုပါတယ်။ Touching နဲ့ ပတ်သက်ပြီး ပညာပေးတာပါလို့ သိလို့ ပြောပြတာကို လိင်ဆက်ဆံတာကို ဆိုလိုတယ်ပဲ ထပ်ပြောနေတယ်။ ဗွီဒယိုကို ကိုယ်သေချာပြန်ကြည့်ပါ။

အစိုးရတွေ ကောင်းတယ်လို့ ကျွန်မ တခါမှ မပြောဖူးပါဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူက ရွေးချယ်မှသာ အစိုးရဆိုတာ ဖြစ်လာတဲ့အတွက် ရွေးချယ်ပြီး ပြည်သူကို ကိုယ်စားမပြုပဲ ပေါက်ကရ လုပ်နေရင် ပြန်ဖြုတ်ချ၊ အစားထိုးလို့ရပါတယ်။ အစိုးရမကောင်းကြောင်း သတင်းလွတ်လပ်ခွင့်ရှိပါတယ်။ ဒါဒီမိုကရေစီ နိုင်ငံတိုင်းရဲ့ သဘောသဘာဝပဲ။ ဒီမိုကရေစီ နိုင်ငံတွေမှာ ဒီိလိုလုပ်လို့ ရပေမဲ့ မြန်မာပြည်မှာ လုပ်မရလို့ ဒီမိုကရေစီ အင်အားစုတွေက ပြည်ပမှာ DVB နဲ့လုပ်ပါတယ်။ ဒါကိုတော့ ကိုဇော်မျိုးက ဒီမိုတွေ အတင်းပြောတယ်နဲ့ မကြာခဏ ပြောနေတာတွေ့တယ်။ ဒီမိုကရေစီအစိုးရ ကောင်းတယ် (လူထုရွေးထားလို့) အာဏာရှင်အစိုးရ မကောင်းဘူး (သူ့ဖါသာသူ အာဏာယူထားလို့) ကျွန်မ ဆိုလိုတာ ဒါပဲ။ အစိုးရတွေ မကောင်းလို့ လူ့အခွင့်အရေး ကော်မရှင် ညီလာခံဆိုတာ Geneva မှာ ဖြစ်လာရတယ်။ ကောင်းနေရင် အဲဒီညီလာခံမလိုအပ်ဘူး US က နယူးယေက်မှာ လုပ်တဲ့ General Assembly နဲ့တင် လုံလောက်ပါတယ်။ ကျွန်မက ပြန်လည်အသိအမှတ်ပြု လေးစားပြီး ပြန်ဆွေးနွေးပေးနေတာကို အခွင့်ကောင်းမယူပါနဲ့။ ကိုဇော်မျိုးဟာ မဆိုင်တာတွေ အပိုတွေ ပြောပြီး လိုက်စွပ်စွဲတာ သိပ်ကို ၀ါသနာပါပုံရတယ်။ ၀ါသနာပါရင်လည်း ကိုယ့်ဘလော့ဂ်မှာ ကိုယ်ရေးပြီး စွပ်စွဲပါ။ ကျွန်မ ဂရုစိုက်စရာ လှည့်ကြည့်စရာလည်း မလိုတော့ဘူး။ အခုက ကျွန်မ ဘလော့ဂ်မှာ စာလာဖတ်လို့သာ ကျွန်မက တလေးတစား ပြန်ဆက်ဆံနေတာ ဖြစ်တယ်။

ဘာကြောင့် Sex Education လုပ်တယ်ဆိုတာကို တခြားမိဘတွေအတွက်လည်း ရအောင် ကျွန်မ Child Development နဲ့ တွဲပြီး အချိန်ရရင် ပို့စ်သီးသန့် တင်ပေးမယ်။ မှတ်ချက်မှာတော့ နေရာမဆံ့ဘူး။

အခြေအမြစ်မရှိ စွပ်စွဲခြင်းကို ရပ်ပြီး ဆိုင်တာတွေကိုပဲ ရေးဖို့မေတ္တာ ရပ်ခံပါတယ်။

အစ်မရေ

ကလေးအခွင့်အရေးဆောင်းပါးဆိုတော့ အမေရိကန်မှာ ဖြစ်ပျက်သွားတဲ့ အခွင့်အရေး ကိစ္စလေးကို တင်ပြချင်ပါတယ်။ ကျောင်းတစ်ကျောင်းဟာ Laptop တွေကိုကလေးတွေကို လက်ဆောင်ပေးပါတယ်။ အဲဒီLaptop webcam ကနေ ကျောင်းသားရဲ့လုပ်ကိုင်မှုကို အချိန်ပြည့်စောင့်ကြည့်ပါတယ်။ အဲလိုအခွင့်အရေးမျိုးကို မိဘတွေလုံဝမရပါ။ အခုဗီဒီယိုတွေမှာ ဒီမိုမီဒီယာတွေက အစိုးရဘက်က ကူညီပေးတာလည်း သတိထားကြည့်ရင် သိနိုင်ပါတယ်။ အစိုးရက အိမ်တွေထဲမှာ ၀င်ရောက်ပြီး ကင်မရာဝင်တပ်တဲ့ ကိစ္စတော့မပြောတော့ပါဘူး။ နအဖ သန်ခေါင်စာရင်းစစ်တာထက် ပိုပြီးဆိုးပါတယ်။ ကလေးအခွင့်အရေးဆောင်းပါးနဲ့ မဆိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆင်ဆာဖြတ်ခံထိမှာ ဆိုးရိမ်ရလို့ပါ။ အဲဒီကိစ္စအပေါ်မှာ ကလေးအခွင့်အရေး မြတ်နိုးတဲ့ အစ်မ အမြင်လေးသိပါရေစေ။


☀ Students Stunned by School Spying

☀ School Cyber-Spies on Students

☀ Schools use laptops with video cameras to spy on students


လေးစားလျက်
ဇော်မျိုး

ကိုဇော်မျိုးရေ

အမေရိကန်မှာ ဖြစ်နေတဲ့ကိစ္စကို အမေရိကန် ပြည်သူတွေ လွတ်လွတ်လပ်လပ် ဖန်တီးပိုင်ခွင့်ရှိလို့ အစ်မ စိတ်မ၀င်စားဘူး။ လွတ်လွတ်လပ်လပ် ဖန်တီးပိုင်ခွင့်မရှိတဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အနီဌာရုံတွေပဲ ခေါင်းထဲမှာ ရှိနေတယ်။ တကယ်ဆို အမေရိကန်က ဖက်ဒရယ် အစိုးရဟာ ကလေးအခွင့်အရေးကို UN မှာ လက်မှတ်တောင် မထိုးထားတဲ့အတွက် သူ့နိုင်ငံရဲ့ သက်ဆိုင်ရာ ပြည်နယ်တခုစီရဲ့ ပေါ်လစီနဲ့ပဲဆိုင်ပါတယ်။

သို့
မငယ်နိုင်

ကောင်းရောဗျာ။ အမေရိကန်အစိုးရကျတော့ သူ့ဥပဒေနဲ့ သူရှိတာတဲ့။ UN မှာလည်း လက်မှတ်မထိုးထားလို့ ကလေးအခွင့်အရေးဆိုတဲ့ စာရွက်ကြီးနဲ့ ကိုင်ပေါက်လို့မရတာတဲ့။ ကျနော်တို့ မြန်မာပြည်က မိဘတွေကလည်း UN မှာ လက်မှတ်မထိုးထားပါဘူး။ သူတို့ဆိုရင် ကလေးအခွင့်အရေးဆိုတာ ကြားတောင် ကြားဖူးတာမဟုတ်ဘူး။ ဒါပေမယ့်အစ်မက မိဘတွေ သူတို့ကလေးတွေကို အလုပ်လုပ်ခိုင်းတာကို ကလေးအခွင့်အရေးချိုးဖေါက်တယ် ဆိုပြီး ဝေဖန်ထားပါတယ်။ ပြောဆို ဆုံးမတာကို Brainwash လုပ်တယ်ဆိုပြီး မညှာမတာ ပြောထားပါတယ်။ အမေရိကန်အစိုးရကိုတော့ ဘာမှမပြောပဲနဲ့.. မိဘတွေကို အပြစ်ဖို့တာ မျှတတဲ့ လုပ်ရပ်တော့ မဟုတ်ဘူးထင်တယ်။ ရိုးသားမှုလည်း အစ်မမှာ ကင်းမဲ့နေပါတယ်။ ကျောင်းဆရာကြီးက ကျောင်းသူလေးတွေကို ကင်မရာပေါ်ကနေ ကြည့်ရှုနေတဲ့ ဗီဒီယိုလေးပါ ထပ်တင်ပေးလိုက်ပါတယ်။ ဗဟုသုတအဖြစ် ကြည့်နိုင်ပါတယ်။ ကလေးအခွင့်အရေးနဲ့ အဲဒီဗီဒီယိုဟာ သက်ဆိုင်မှုရှိနေလို့ပါ။

☀ Teachers spying on students through laptop webcams (Must Watch)

☀ Principal Shows How To Spy On Students

ကဲ ကိုဇော်မျိုးရေ ဗွီဒယိုလည်း ကြည့်မအားဘူး။ စာလည်းဖတ်မအားတော့ဘူး နောက် ၁၉ နာရီခန့်ကြာမှ အိမ်ပြန်ရောက်မယ် အလုပ်သွားတော့မယ်။
ှSee you later

မငယ်ရေ
ပို့စ်အသစ် ဖတ်ပြီး ကွန်မန့်တွေဖတ်ပြီး
ခလေးနဲ့ပတ်သက်ပြီး မေးစရာရှိလို့ ဖြေပေးပါလား။
ပြီးခဲ့တဲ့အပတ်က ကျနော့သားလေး ၀မ်းတခါမှ
မလျှောဖူးဘဲ အထက်လှန်အောက်လျှောဖြစ်တယ်။
ဆေးရုံကပေးတဲ့ဆေး တိုက်နေတာ ကောင်းလာပါပြီ။
နလန်ထကာစမို့ ထင်တယ်။ကလေးက ပိန်သွားတယ်။
သားလေးက ၇လပိုင်းဆို ၁နှစ်ခွဲပြီ။အဲဒါ ကလေး ပြန်ဝလာအောင် ကျန်းမာရေးညီညွတ်တဲ့ ဘာအာဟာရတွေ ကျွေးရင်သင့်တော်မလဲ။၁နှစ်ခွဲနဲ့သင့်တော်မယ့် အာဟာရတွေ ညွှန်ပေးပါဦး။(သို့)ဘလော့ဂ်ဆိုဒ်လေးတွေသိရင် ညွှန်ပေးကြပါဦး။သားဦးဆိုတော့ ဘာကျွေးရင် ကောင်းမလဲ စိတ်ပူနေလို့ပါ။စာရှည်မယ်ဆို ကျနော့ အီးမေလ်ကို မငယ်ပို့ပေးနိုင်ပါတယ်။
လေးစားလျှက် (မောင်အိုးဝေအောင်)

Harriton High School Laptops လက်ဆောင်မပေးပါဘူး.. loan ထားတာပါ.. ဒီ ပြသနာဖြစ်ပြီး FBI လဲ စုံစမ်းပြီး software deactivate လုပ်လိုက်ရတာပဲ.. (တကယ်ဆို sue လုတ်တဲ့ ကျောင်းသားက insurance fees မပေးလို့ အိမ်ယူသွားခွင့်တောင်မရှိပါဘူး)..

မငယ်နိုင်ပြောသလိုပဲ UN လက်မှတ်မထိုးတာ State တခုနဲ့ တခု laws မတူလို့ ( eg minor ဆို တချို့ state မှာ 16, တချို့ state မှာ 18 လို့ကွဲတာ)

မိဘတွေ ကလေးငယ်တွေကို ပြောဆိုဆုံးမတာကို Brainwash လုပ်တယ်လို့ ဒီဆောင်းပါးမှာ စွပ်စွဲထားပါတယ်။ အရင်ဆောင်းပါးတုံးကလည်း မိဘတွေကို အဲလိုအပြောမျိုးပြောခဲ့ပါတယ်။ မိဘဆိုတာ တုနှိုင်းစရာမရှိအောင် ကျေးဇူးကြီးလှပါတယ်။ မိဘတွေကို နှပြားမတန်အောင်ပြောတာကို ကျုပ်တို့က လွတ်လပ်စွာပြောဆိုမှုဆိုပြီး လက်ပိုက်ကြည့်ရပါတယ်။ သူတို့ နိုင်ငံရေးသမားတွေကို အထောက်အထားနဲ့ တင်ပြတဲ့အခါကြတော့ လုံးဝမကျေနပ်ကြပါဘူး။ မှတ်ကျောက်အတင်မခံနိုင်တဲ့ သူတို့ ဒီမိုဝါဒကို ထိခိုက်ရကောင်းလားဆိုပြီး ဒေါသထွက်ကြပါတယ်။ တကယ်တော့ Brain wash လုပ်တာ မိဘတွေမဟုတ်ပဲ သူတို့ ဒီမိုအစိုးရတွေသာဖြစ်ပါတယ်။ ၆ နှစ်ကလေးငယ်တောင် အကြမ်းဖက်သမားလို့ သတ်မှတ်တဲ့ အစိုးရဆိုတာ ကမ္ဘာမှာ ဒီမိုအစိုးရပဲရှိပါတယ်ခင်ဗျာ။ (မငယ်နိုင်ရေ. .. အခုဗီဒီယိုတွေအားလုံးက ဆောင်းပါးနဲ့လုံးဝ သက်ဆိုင်ပါတယ်ခင်ဗျာ။ ဆင်ဆာဖြတ်ပါနဲ့)။

☀ 6-Year-Old Girl on 'No Fly' List

☀ barack obama kids and hitler youth sing for their leader

☀ Militant BLACK Obama Youth Group: Let's SCARE the SHIT out of WHITE Grandma?

☀ Re: Sing for Change Obama

☀ Obama To Brainwash Public School Kids

☀ Parent Won't Allow Her Child to Hear Obama Speech in School

သို့
Anonymous နာမည်နဲ့ရေးထားသူ

ကျနော်စာမှားပြီး လက်ဆောင်ဆိုပြီးရေးလိုက်တာပါ။ သတိထားလိုက်မိတဲ့အချိန်မှာ ပြင်ဖို့ကျတော့ မငယ်နိုင်က အောက်နေ စာပြန်ပြီးဖြစ်နေလို့ ဒီအတိုင်းထားလိုက်တာပါ။ ခင်ဗျားတို့က ဒီမိုအစိုးရတွေလုပ်ရင် အမြဲတစေ ညှာတာတွေးပေးတာပဲနော်။ အဲဒီ Software ကို နောက်မှ ဖြုတ်ပြစ်တယ်ဆိုတာနဲ့ သူတို့လုပ်ရပ်က မှန်တယ်ဖြစ်တယ်တဲ့လား? အရူးကွက်နင်းတာ သိပ်ကိုတော်ပါတယ်။ အမေရိကန်အစိုးရ UN မှာလက်မှတ်မထိုးတော့ .. ကလေးအခွင့်အရေးချိုးဖေါက်လို့ရတယ်တဲ့။ ကလေးအခွင့်အရေးဆိုတာ လုံးဝ မကြားဖူးတဲ့ မြန်မာပြည်က မိဘတွေကို ဘာဖြစ်လို့ ကလေးအခွင့်အရေးနဲ့ ကိုင်ပေါက်နေလဲ? ကမ္ဘာ့ထိပ်သီး . . . ဒီမိုနိုင်ငံအဖြစ်နာမည်ကြီးတဲ့ အမေရိကန်ကြီးတောင် မလုပ်နိုင်ပဲ။မြန်မာပြည်လို ကမ္ဘာ့ဆင်းရဲဆုံးနိုင်ငံ.. အဏာရှင်နိုင်ငံက မိဘတွေနဲ့ အစိုးရကို အရင်လုပ်ခိုင်းနေတာ အရမ်းကို ရယ်ဖို့ကောင်းတယ်နော်။

လေးစားလျက်
ဇော်မျိုး

ကျွန်မက အစက ဇော်မျိုးကို ပေါ်နေတာ ကြာပြီဆိုတော့ လူကြီးတယောက် (an adult) တယောက်အနေနဲ့ တလေးတစားနဲ့ ရေးတဲ့မှတ်ချက်တွေ၊ တင်တဲ့ Link တွေကို အချိန်မရရင် ရအောင်လုပ်ပြီး ၀င်ကြည့်ပေး၊ ပြန်ဆွေးနွေးပေးပါတယ်။ အခုတော့ ဇော်မျိုးဟာ ကျွန်မ ထင်ထားတဲ့အသက်အရွယ်ထက် အများကြီး ငယ်နေတယ်လို့ ယူဆရတဲ့အပြင် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတယောက်လောက်တောင် စာကိုနားလည်အောင် မဖတ်တတ်နိုင်သူ ဆိုတာ သိသွားလို့ Comprehensive မှာ ကလေးတယောက် အဆင့်တောင် မမီသေးဘူးလို့ ယူဆလိုက်ပါတယ်။ ဒါကြောင့်လည်းပဲ ကျွန်မ ရေးထားတဲ့ စာမှာ အမေရိကန်ဟာ လူ့အခွင့်အရေးမှာ Civil and Political Rights ကိုပဲ အပြည့်အ၀ လက်ခံပြီး ကျန်တဲ့ Rights တွေကို လက်မခံတဲ့အတွက် လူ့အခွင့်ရေး ပြည့်ဝတဲ့ နိုင်ငံတခုလို့ ပြောလို့ မရကြောင်း သိအောင် ပေးထားတဲ့ Message ကို နားမလည်ဘဲ အမေရိကန်ကို လူ့အခွင့်အရေး ထိပ်သီးနိုင်ငံအဖြစ် ဆက်ပြီး ထင်နေတယ်။ ပြီးတော့ အကြိမ်ကြိမ် ရှင်းပြလျက်နဲ့ အတင်းပဲ အခြေအမြစ်မရှိ ကျွန်မကို အဖြူတွေလုပ်တာကို အထင်ကြီးတယ်ဆိုပြီး ထပ်ပြောနေတယ်။ ကျွန်မ တခါမှ မပြောဖူးတဲ့

"မိဘတွေ ကလေးငယ်တွေကို ပြောဆိုဆုံးမတာကို Brainwash လုပ်တယ်လို့ ဒီဆောင်းပါးမှာ စွပ်စွဲထားပါတယ်။ အရင်ဆောင်းပါးတုံးကလည်း မိဘတွေကို အဲလိုအပြောမျိုးပြောခဲ့ပါတယ်။"

"အမေရိကန်က လက်မှတ်မထိုးထားလို့ အမေရိကန်က ကလေးအခွင့်အရေး ချိုးဖေါက်လို့ရတယ်။" ဆိုပြီး

ကိုယ်ဖါသာကိုယ် ဖန်တီးထားတဲ့စကားတွေနဲ့ ကျွန်မ ပြောတယ်ဆိုပြီး လာစော်ကားနေပါတယ်။ မဆလ အစိုးရနဲ့ ကျွန်မအဖေက ဦးနေ၀င်း ဘာပဲလုပ်လုပ် မှန်တယ်လို့ ထင်အောင် ကျွန်မကို Brainwash လုပ်ခံရတယ်ဆိုတာကို မိဘတွေက သားသမီးတွေကို Brainwash လုပ်တယ်ဖြစ်အောင် လျှာများပြီး စွပ်စွဲတတ်တဲ့ ဇော်မျိုး၊ ပင်လုံစာချုပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို လုံးဝအသိအမှတ်မပြုတဲ့ (မဗေဒါဘလော့ဂ်က မှတ်ချက်မှာ) ဇော်မျိုးကို ကျွန်မလည်း လုံးဝ လေးစားမှု မရှိတော့ဘူး။ ပြီးတော့ ဒီမိုကရေစီ မကောင်းကြောင်းတွေ တောက်လျှောက် ပြောနေတယ်။ ဒီတော့ ဒီမိုကရေစီကို လုံးဝ ဆန့်ကျင်သူတွေအတွက် ကျွန်မမှာ ပေးဖို့အချိန်မရှိဘူး။ ဆန့်ကျင်ချင်ရင် ကိုယ့်ဘလော့ဂ်မှာကိုယ် အေးအေးဆေးဆေး သွားဆန့်ကျင်ပါ၊ ကျွန်မဘလော့ဂ်မှာ နေရာမရှိဘူး။ ကျွန်မ ဘလော့ဂ်မှာ ဆွေးနွေးတာပဲ လက်ခံတယ်။ ဒီမိုကရေစီ နိုင်ငံတခုရဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေပြီး ဆွေးနွေးတာနဲ့ တိုက်ခိုက်စော်ကားတာကို မကွဲတာကိုတော့ အံ့သြပါတယ်။

ကျွန်မက အမေရိကန်မှာ ဖြစ်နေတာထက် မြန်မာပြည်မှာ ဖြစ်နေတာကိုပဲ စိတ်ဝင်စားတယ်။ သူများနိုင်ငံမှာ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီရှိတယ် တိုင်းသူပြည်သားတွေမှာ ဖြေရှင်းဖို့နည်းလမ်းရှိပါတယ်။ အဲဒီက အဖြစ်အပျက်တွေကို ကျွန်မတို့ ဖြေရှင်းဖို့မရဘူး။ အချိန်ပေးပြီး ဆွေးနွေးနေဖို့လည်း မလိုဘူး။ သူတို့နိုင်ငံသားတွေမှာ လွတ်လပ်ခွင့်ရှိပြီးသား သူတို့ဖါသာသူတို့ လုပ်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေကိုပဲ ခေါင်းထဲထည့်ပါတယ်။ ကျွန်မက အမေရိကန် ကောင်းကြောင်းကို ကာကွယ်ပေးရလောက်အောင်၊ အမေရိကန် ရှေ့နေလည်း မဟုတ်ဘူး။ ကောင်းတာကိုတေ့ ကောင်းတယ်လို့ ပြောရမှာပဲ။ ဥပမာ အမေရိကန်က သူကွန်ပြူတာကို တီထွင်ထားတယ်၊ သူ့နိုင်ငံက သမတ္တရွေးချယ်တဲ့စနစ်ဟာ တခြားနိုင်ငံက ပါလီမန် ဒီမိုကရေစီမှာ ၀န်ကြီးချုပ်ရွေးသလို နိုင်ငံခေါင်းဆောင်ကို ပါတီက ရွေးချယ်ရတာမဟုတ်ဘဲ လူထုက တိုက်ရိုက်ရွေးချယ်တာ ဖြစ်လို့ ကမ္ဘာာပေါ်မှာ အကောင်းဆုံး ဒီမိုကရေစီ အကျဆုံး ခေါင်းဆောင်ရွေးချယ်နည်းဖြစ်တယ်။ ဒါမျိုးတွေကိုတော့ ကောင်းတယ်ဆိုရင် ကောင်းတယ်လို့ ပြောရမှာပဲ။ မကောင်းတဲ့ဟာတွေ ဖြစ်တဲ့ အမေရိကန်ဟာ Economic Social and Culture Rights နဲ့ ပတ်သက်တဲ့ UN က စာချူပ်စာတမ်းတွေကို ဘာမခုမှ လက်မှတ်မထိုးထားဘူး ဒါကိုမကောင်းလို့ မကောင်းဘူးလို့ ပြောတယ်။

ကျွန်မပြောတာ အမေရိကန်ဟာ ကလေးအခွင့်ရေးကို လက်မှတ်မထိုးထားသည့်တိုင် ကလေးတွေမှာ အခွင့်အရေး ရှိတယ်။ မြန်မာနိုင်ငံဟာ ကလေးအခွင့်အရေးကို လက်မှတ်ထိုးထားပြီးတော့ ကလေးအခွင့်အရေး မရှိဘူး။ မြန်မာအစိုးရ ထိုးထားတယ် မိဘထိုးထားတာ မဟုတ်ဘူးလို့ ကတ်မပြောနဲ့ UN မှာ နိုင်ငံ့ အစိုးရကိုယ်စားလှယ်က လွဲပြီး ဘယ်သူမှ လက်မှတ်ထိုးလို့မရဘူး။ မိဘထိုးဖို့ နေနေသာသာ ပြည်နယ်အစိုးရတောင် ထိုးလို့မရဘူး။ ဒါကိုလည်း နားလည်ပါ။


အဲဒါတွေကို ထပ်ခါတလဲလဲ ပို့စ်မှာရော မှတ်ချက်မှာရော ရှင်းပြလျက်နဲ့ မဖတ်ဘဲ အတင်းပဲ သူများပြောချင်တာ ပြောပြီး လာတိုက်ခိုက်စော်ကားနေတာကို နောက်ထပ် ထပ်ရှင်းပြဖို့ မရှိတော့ဘူး။ ဇော်မျိုးက အပြန်အလှန် လေးစားမှု ရှိမှ ကျွန်မကလည်း အပြန်အလှန် လေးစားပြီး ပြန်ပြီး အသိအမှတ်ပြု လက်ခံဆွေးနွေးပေးမှာ ဖြစ်တယ်။ ဒီလိုလာစော်ကား တိုက်ခိုက်ရင်တော့ ဆောရီးပဲ၊ လုံးဝလက်ခံတော့မှာ မဟုတ်တော့ဘူး။ နိုင်ငံရေးနဲ့ ဆိုင်တဲ့ပို့စ်ဆိုရင် မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် ၀ိုင်းဝန်း အဖြေရှာတဲ့ပို့စ်ပဲ ဖြစ်တယ်။ ရန်ဖြစ်ဖို့မဟုတ်ဘူး။ ဆွေးနွေးတာမဟုတ်ဘဲ နောက်ထပ် စွပ်စွဲလာတဲ့ မှတ်ချက်တွေကို ဘလော့ဂ်မှာ အမှိုက်ပုံ အဖြစ်မခံဘူး အကုန်ဖျက်မယ်။

ကိုအိုးဝေရေ
မနေ့ညက ဘလော့ဂ်ထဲ ၀င်မရဖြစ်လို့ မေးထားတာ ချက်ချင်း အကြောင်းမပြန်ရတာ ဆောရီးပဲနော့်။ ဒီလောက်လည်း စိတ်မပူပါနဲ့ ဆေးရုံက ပြန်ဆင်းလာပြီဆိုတော့ အားနည်းနေတုံးခဏပါပဲ မကြာခင်ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်။ အခုချိန်မှာ အစာရွေးနေစရာ မလိုပါဘူး။ ခန္ဓာကိုယ်ထဲမှာ အာဟာရ တော်တော်များများ ချို့တဲ့နေနိုင်လို့ အသားငါး ကာဗွန်ဟိုက်ဒရိတ်ပါတဲ့ ကယ်လိုရီများပြီး ကလေးစားချင်တာ ကလေးပါးစပ်နဲ့ တည့်တာအကုန်ကျွေးနိုင်ပါတယ်။ ကယ်လိုရီများတဲ့ ကာဗွန်ဟိုက်ဒရိတ်ဆိုတာ အချိုရည်တွေ၊ ချော့ကလက်၊ ဘီစကွတ်မုန့်၊ ကိတ်မုန့်တွေလို မုန့်အချိုတွေ အကုန်ပါတယ်။ သာမန် ကျန်းမာလာတဲ့အချိန်မှာတော့ အဲဒီအစားအစာတွေကို များများ ကျွေးဖို့ အားမပေးသင့်ဘူး။ အသားအတော်များများမှာ သံဓါတ်နဲ့ ဗီတာမင် B12 ပါလို့ ကလေးစားဖို့အဆင်ပြေအောင် ကြိုက်သလို လုပ်ကျွေးနိုင်ပါတယ်။ အဓိကက သာမန် ကျန်းမာနေသူအတွက် Junk food လို့ ပြောတဲ့ အစားအစာတွေဟာ အားနည်းနေသူ နလံထစသူတွေအတွက် ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အာဟာရကို အမြန်မြန် ပြန်ပြည့်စေဖို့ အရေးပါတဲ့ အစားအစာတွေဖြစ်တယ်။ ကယ်လစီယံအတွက်တော့ နို့ဖျော်တိုက်ပါ။ နို့မကြိုက်တဲ့ ကလေးတွေဆိုရင် ကလေးအတွက် သီးသန့် ထုတ်လုပ်ရောင်းချတဲ့ တချို့ သစ်သီးဒိန်ချဉ်ဗူး (Yogurt) လေးတွေSupermarket တွေမှာ ရောင်းတာ ရှိတယ်၊ ကလေးတော်တော်များများ ကြိုက်ကြတယ်။ ကျွေးကြည့်ပါ။ ကလေးက မကြာခင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ။ Yogurt ကလွဲရင် တခြား အချိုရည်၊ မုန့်အချိုတွေလို Junk food တွေကိုတော့ နေကောင်းလာရင် ဆက်မကျွေးနဲ့နော့်။ ကလေး Over Weight ဖြစ်သွားလိမ့်မယ်။ ကလေးက အဲဒါကိုတွေကို စာလျက်နဲ့ ပြန်မပြည့်လာ (သို့) ဘာမှ မစားချင်မသောက်ချင်ဘဲ အစာကို ဆက်ရှောင်နေရင်တော့ ဘာဓါတ်က ဘယ်လောက်တောင် ချို့တဲ့နေလို့ ဖြစ်တယ်ဆိုတာ အတိအကျ စမ်းသပ်ဖို့လိုလို့ ဆရာဝန်နဲ့ ပြန်ပြသင့်တယ်။
ဒါပေမဲ့ မ ဖြစ်လိုပါဘူး ခုနက ပြောတဲ့အတိုင်းသာ ကျွေးပါ ၂ ရက်သုံးရက်အတွင်း သိသိသာသာ ဖြစ်လာမှာပါ။

ကလေးတနှစ်ခွဲဆို နောက်တယောက် ထပ်ယူလို့ရပြီနော့်။ အဆင်ပြေပါစေ။

ကျွန်မ လေးစားလို့မရတဲ့သူတွေနဲ့ ဘာမှ ဆက်မဆွေးနွေးလိုဘူး။ အချိန်ကုန် လက်ညောင်းခံပြီး ရှင်းလည်း ရှင်းပြနေမှာ မဟုတ်ဘူး။ ထင်ချင်သလို ထင်နိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ရပ်တွေကိုတောင် အကောင်းမမြင်တဲ့သူဟာ မြန်မာပြည်က တခြားဘယ်သူ့ကိုမှ အကောင်းမြင်မှာ မဟုတ်ဘူးဆိုတာ သဘောပေါက်ပြီးသားမို့ သဘောပေါက်အောင် ဘာကိုမှထပ်ရှင်းပြနေဖို့ မရှိပါဘူး။ ဒါကြောင့် နောက်ထပ်ဆက်ပြီး စော်ကားလာရင် အပေါ်မှာ အရင် ရေးထားတဲ့ မှတ်ချက်တွေကိုပါ ဖျက်မယ်။ အခုမဖျက်တာက မိမိပြန်ဆွေးနွေးထားတာတွေကို ဖျက်လိုက်ရမှာ နှမြောလို့ထားတယ်လို့သာ မှတ်ပါ။

ခလေးနဲ့ ပတ်သက်ပြီး မိခင်တဦးသိတာထက်
ပိုတဲ့ ဆေးသိပ္ပံအမြင်အသိတွေနဲ့  ပြောပြတာ။
သိချင်တာတွေ ပြန်ဖြေပေးတာကျေးဇူးပါမငယ်။
လေးစားလျှက်
အိုးဝေအောင်

မငယ်ရေ..ကျနော်အိုးဝေအောင်ရဲ့အီးမေးလ်က
တဆင့်ရတဲ့ ခလေးတွေအတွက် (ရယ်ဒီမိတ်)
အစားအစာ၊ဖျော်ရည်တွေထဲမှာ ခဲဓါတ်၈၅%ထိပါနေတဲ့ သတိပေးစာလေး ရရှိခဲ့ပါတယ်။အဲဒါ ခလေးနဲ့ဆိုင်တဲ့ပို့စ်မှာ အကျိုးရှိမယ်ထင်လို့ ကွန်မန့်ထပ်ရေးလိုက်ပါတယ်။
မငယ်ရဲ့အကြံပြုစာဖတ်ပြီး ကျနော့အီးမေးလ်စာ ဆက်ဖတ်မိရင်း ခလေးအတွက် အာဟာရဟာ ကိုယ်တိုင်ချက်ပြုတ်(သို့)သဘာဝလတ်ဆတ်တာတွေပဲ
အသင့်တော်ဆုံးဆိုတာ အသိတရားတိုးခဲ့ပါတယ်။ခလေးတွေကျန်းမာမှ အနာဂတ်လူ့ဘောင်လှပမည်ဟုယုံကြည်ပါတယ်။
။ အဲ့ဒီလင့်ခ်မှာ အကျယ်ဖတ်ခဲ့ရတယ်။
http://www.envirolaw.org/currentcases.html
LEAD IN CHILDREN'S FOODS
(current investigation)
On June 9, 2010 the Environmental Law Foundation filed Notices of Violation of California Proposition 65 Toxics Right to Know law, alleging the toxic chemical lead was found in a variety of children's and baby foods. The specific food categories included apple juice, grape juice, packaged pears and peaches (includine baby food), and fruit cocktail. See the documents below for all necessary information.