မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မေတ္တာ ဇာနည်



နှလုံးသား ရှိသူတိုင်း ခံစားတတ်စေရန် Fact နှင့် ခံစားမှုကို ပြန်လည်ကူးယူ စုစည်း ဖေါ်ပြခြင်း ဖြစ်ပါတယ်။ ဒီပို့စ်က အာဂါတ အငြိုးတွေကို မီးပွားများရန်မဟုတ်၊ ဒီလို ရုပ်ဆိုးအကျည်းတန်လှတဲ့ အဖြစ်မျိုး နောင်လာနောက်သားတွေ မခံစားရဖို့အတွက်ဆိုရင် ဒီခေတ်ဒီစနစ်ကို မပြောင်းလဲဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာနဲ့ နအဖ အခုလုပ်မှာ ဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ အတုအယောင် ဒီမိုကရေစီ ဖြစ်လာရင် ဒီထက်ပိုဆိုးဦးမယ်ဆိုတာကို သတိတရားများဝင်ကာ ၀ိုင်းဝန်းဖြေရှင်းနိုင်စေဖို့ ရည်ရွယ်ပြီး ရွှေဝါရောင် တော်လှန်ရေး အမှတ်တရ စုစည်းတင်ပြပါတယ်။ ရွှေဝါရောင် တော်လှန်ရေးမှာ အသက်ပေးသွားကြသော၊ လက်ရှိအကျဉ်းကျနေသော ရဟန်းရှင်လူအားလုံးကို အလေးပြုလိုက်ပါတယ်။ စာသားက ကိုကလိုစေးထူးပို့စ် ဖြစ်ပြီး ဗွီဒယိုတွေက Google Youtube မှ ဖြစ်ပါတယ်။ အပေါ်က ဓါတ်ပုံကို မင်းဓမ္မ မှကူးယူဖေါ်ပြပါတယ်။


` မေတ္တာဇာနည်

ကန်တော့ ဆွမ်းပါဘုရား´

ညှိုးနွမ်းဟန် မျက်နှာမသာမယာဖြင့် တိုးလျလျ လျှောက်ထားလာသော ဒကာမကြီးကို ကြည့်ရင်း သက်ပြင်းဖွဖွ ချမိ၏။ ထို့နောက်မှာတော့ စက္ခူအိဒြေ္နကို အသာချလျက် ဦးပဉ္ဖင်း နေမိန္ဒ ရဲ့ ခြေလှမ်းအစုံတို့က ဆွမ်းခံကြွရာ အိမ်ဆီမှ တဆင့် လမ်းပေါ်သို့ တလှမ်းခြင်း…။

***

အရှင်နေမိန္ဒ ဆွမ်းခံကြွလေ့ ရှိတဲ့ သုတလမ်းတလျှောက် က များသောအားဖြင့် လက်လုပ်လက်စား လူတန်းစားများ၊ အလယ်အလတ်တန်းစား များနဲ့ အလွန်နည်းပါးလှစွာသော လူချမ်းသာ တချို့တလေသာ ရှိတတ်သော လမ်းဖြစ်ပါသည်။

သုတလမ်း တလျှောက်မှာ လမ်းသွယ်လေးတွေက သုတ (၁)လမ်း၊ (၂)လမ်း၊ စသဖြင့် အမှတ်စဉ် (၈) အထိ ရှိ၏။ အရှင်နေမိန္ဒ သီတင်းသုံးရာ ငွေကြာယံပရိယတ္တိ စာသင်တိုက်ကနေ တဆင့် ဝေဇယန္တာလမ်းကို အတန်ငယ် ဖြတ်လျှောက်ပြီးရင်တော့ သုတလမ်းကို ရောက်နိုင်ပါသည်။ ဒီလမ်းထဲမှာပင် အရှင်နေမိန္ဒ ဆွမ်းခံကြွခဲ့သည်မှာ ငွေကြာယံကျောင်းကို ရောက်ခါစ ကိုရင်ဘ၀ကတည်းမှ ယခု ရဟန်းဝါ (၅) ၀ါရသည်အထိပင်…။

နယ်မြို့ တောရကျောင်းက ဆရာတော်က ဉာဏ်ရည် ထက်မြက်ဟန်ရှိသော သားတပည့် အရှင်နေမိန္ဒကို ငွေကြာရံဆရာတော်ကြီးဆီမှာ အပ်နှံပြီး ပရိယတ္တိ စာပေများကို သင်ကြားစေခဲ့သည်။ ဆရာတော်ကြီးများရဲ့ ဆုံးမသွန်သင်မှုကို နာခံလို့ ၂၂၇ သွယ်သော ရဟန်းကျင့်ဝတ်ကို အထူးရိုသေလေးစားသူ အရှင်နေမိန္ဒရဲ့ ရည်ရွယ်ချက်က ပရိယတ္တိစာပေများကို အပတ်တကုတ်သင်ယူပြီး သာသနာ ပြန့်ပွားအောင် ဆောင်ရွက်ဖို့…။

***

ဒီတော့ ဒီလမ်းကလေးမှာ အရှင်နေမိန္ဒ ဆွမ်းခံထွက်လာသည်မှာ နှစ်အတန်ကြာခဲ့ပါပြီ။

မြန်မာလူမျိုးတို့ရဲ့ အလှူဒါန ထက်သန်လှတဲ့ စိတ်စေတနာကြောင့် သံဃာတော်အဖို့ ဆွမ်းမရှားလှပါ။ နေ့ဆွမ်းအတွက် အရှင်နေမိန္ဒ ဆွမ်းခံထွက်လာပြီလား ဆိုရင် အိမ်ဆွမ်းကြွဖို့ ဖိတ်ထားသူ ဒကာ၊ ဒကာမတွေရဲ့ ဆွမ်းအပြင် `ရပ်တော်မူပါဦး ဘုရား´ လို့ လှူတတ်သူတွေရဲ့ သစ်သီးဆွမ်း၊ အချိုရည်ဆွမ်းများလဲ မနည်းလှပါ။

အခုတော့ …။

တကယ်တော့ ဒကာဒကာမတွေရဲ့ ဆွမ်းအလှူတွေ အရင်ကထက် ပိုနွမ်းပါးလာတာကို အရှင်နေမိန္ဒ သတိပြုမိနေခဲ့တာ အတန်ကြာခဲ့ပါပြီ။ ကျောင်းကို ပြန်ရောက်လို့ ဆွမ်းဟင်းခွက်တွေကို လှပ်ကြည့်လိုက်ရင် အရင့်အရင်ကတော့ အသားဟင်း သုံးလေးခွက် ပါလေ့ရှိပေမယ့် အခုနောက်ပိုင်းတွေမှာတော့ တချို့ဟင်းခွက်တွေက ကန်စွန်းရွက်ကြော်၊ တချို့ဟင်းခွက်က ပဲပြုတ်၊ တချို့ဟင်းခွက်မှာတော့ ဘူးသီးဟင်း၊ အတန်ငယ် ချောင်လည်ဟန် ရှိသူ ဆွမ်းဒကာရဲ့ ဆွမ်းခွက်မှာ အသားဟင်းပါရုံ မည်ကာမတ္တဟင်း တခွက်…။

`ရပ်တော်မူပါဦး ဘုရား´ လို့ တားပြီး လှူဒါန်းသူတွေတောင် နည်းပါးလာခဲ့တာ အတော်ကြာပါပကော…။

ဆွမ်းခံပြီးလို့ ကျောင်းကို ပြန်ရောက်ချိန် နေ့ဆွမ်းဘုန်းပေးချိန်တွေမှာ တခြားသော ကိုယ်တော်တွေရဲ့ ဆွမ်းခွက်တွေကို စောင်းငဲ့ကြည့်မိပြန်တော့လဲ ဒီနည်းနှင်နှင်…။

တကယ်တော့ သံဃာတော်တွေ ဆိုတာက ဒကာတွေ လှူသမျှနှင့် ရောင့်ရဲတင်းတိမ်စွာ ဘုဉ်းပေး သုံးဆောင်ရသည်မှာ မှန်သော်လည်း ဆွမ်းခံထွက်ချိန်ရောက်တိုင်း မြင်ရသည့် ညှိုးငယ် နွမ်းလျနေသော ဒကာဒကာမတွေရဲ့ မျက်နှာသွင်ပြင်ကို မြင်ယောင်မိပြန်တော့ အရှင်နေမိန္ဒ အဖို့ ဆွမ်းဘုဉ်းပေးရသည်မှာ မျိုမကျတော့…။

***

`အရှင်ဘုရား၊ ကားခလေး မစပါဘုရား´

ဆရာတော်ကြီး ခိုင်းလို့ မြို့ထဲက ကျောင်းတကျောင်းကို သွားရတော့ ကျပ်ညပ်နေသော (၃၆) ဟိုင်းလတ် လိုင်းကားငယ်ကို ဖြစ်သလိုပင် သင်္ကန်းတလွှားလွှားဖြင့် တွယ်စီးလာရသည်။ တချို့ကားတွေကတော့ သံဃာတော်တွေကို မြင်တာနဲ့ ကားခေါင်းခန်းမှာ နေရာပေးတတ်ပေမယ့် ဒီနောက်ပိုင်းမှာတော့ သင်္ကန်းတလွှားလွှားဖြင့် ကားတွယ်စီးနေရတဲ့ သံဃာတော်ဆိုတာ အထူးအဆန်းပင် မဟုတ်တော့ပြီ။ အခုလဲ ကားတွယ်စီးနေရလျက်ကပင် စပယ်ယာလေးရဲ့ ကားခ တောင်းသံကြောင့် ကားပေါ် မတက်မီကပင် လက်ထဲမှာ ကိုင်ထားသော နှစ်ရာတန်ကို လှမ်းပေးလိုက်၏။

`ဘယ်ကို ကြွမှာလဲဘုရား´

`ရွှေဂုံတိုင်ကို´

`နှစ်ရာ မရတော့ဘူးဘုရား၊ ဒါပေမယ့် တပည့်တော် လှူပါတယ်ဘုရား၊ နှစ်ရာပဲ ယူပါမယ်´

အလို…၊ ဒီလမ်းဒီခရီးကို ကားခ ဈေးတက်သွားတာ မြန်ဆန်လှပါလား။ တခြားခရီးသည်တွေရဲ့ အထွန့်တက်သံ၊ စပယ်ရာရဲ့ `ဆီဈေး´ `ဆီဈေး´ `ကားက ရေနဲ့ထည့်မောင်းလို့မရဘူးဗျ´ ဆိုတဲ့ အပြန်အလှန်ပြောဆိုသံ…။

***

တရားရှုမှတ်အပြီးမှာတော့ ည ဆယ်နာရီထိုးလုချေပြီ။ ညကာလက တိတ်ဆိတ် ငြိမ်သက်နေလွန်းလှ၏။ အင်း…၊ မကျိန်းခင် စာနည်းနည်းဖတ်မှ လို့ တွေးရင်း ဗီရိုထဲမှ စာအုပ်တအုပ်ကို ဆွဲယူပြီး ဖတ်ရှုနေခိုက်…

`ကိုယ်တော်၊ ကိုယ်တော်၊ ဦးနေမိန္ဒ´

လေသံခပ်အုပ်အုပ် ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ရှင်သိရိနန္ဒရ…။

`တပည့်တော်တို့နဲ့ မနက်ကျရင် လိုက်မှာလား ဘုရား´

`ဘယ်ကိုတုန်း ကိုယ်တော်ရဲ့´

`ဒီလို…၊ ကိုယ်တော် … … … … …´

ဦးသိရိန္ဒရရဲ့ ပြောပြလျှောက်ထားသံကို နားထောင်ရင် အရှင်နေမိန္ဒ စိတ်တို့က ၀မ်းနည်းမှုတို့က လှိုက်ခနဲ လှိုက်ခနဲ ဖြစ်လာသည်။ ဒကာဒကာမတွေ ကျပ်တည်းနေတာ အစိုးရရဲ့ တလောကမှ မြင့်တင်လိုက်တဲ့ ဆီဈေးနှုန်းကြောင့်တဲ့…၊ ပခုက္ကူမှာ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်နှက်သတဲ့…၊ စကားသံတွေနဲ့ အတူ ညှိုးနွမ်းနေသော ဆွမ်းအလှူရှင်တို့ရဲ့ မျက်နှာ၊ ကြီးမြင့်လှသော ကားခကြောင့် စိတ်ပျက်နေဟန် မျက်နှာတွေကိုပါ မြင်ယောင်လာ၏။

`ဒီတော့၊ ဒီလောက်တောင် ဒုက္ခသုက္ခတွေ ခံစားပြီး လှူနေရတဲ့ ဆွမ်းအလှူကို ကိုယ်တော်တို့ တပည့်တော်တို့က ဒီအတိုင်း မသိချင်ဟန်ဆောင် ဘုဉ်းပေးသလား ဘုရား´

`ဟင်´

တိမ်ဝင်သွားသော စကားသံအဆုံးမှာ အဖျားခတ်သွားသော အရှင်သိရိန္ဒရရဲ့ လေသံ…။ လက်ထဲမှာ ဖွင့်ထားလျက်သား ဖြစ်နေသော စာအုပ်ပေါ်သို့ ရှင်နေမိန္ဒရဲ့ မျက်စိအစုံက ရောက်သွားမိပြန်သည်။

ပတ္တနိက္ကုဇ္ဖန ကံဆောင်ရသည့် အချက်များ

(၁) ရဟန်းတော်တို့အား ပစ္စည်းလေးပါး မရစိမ့်သောငှာ လုံ့လပြုခြင်း။

(၂) ရဟန်းတော်တို့အား ဘေးအန္တရာယ် ဖြစ်စေရန်၊ မတိုးပွားရန် လုံ့လပြုခြင်း။

(၃) ရဟန်းတော်တို့အား ဤနေရာ၊ ထိုနေရာတို့၌ မနေရစိမ့်သောငှာ လုံ့လပြုခြင်း။

(၄) ရဟန်းတော်တို့ကို ဆဲရေးခြင်း ဆယ်ပါးတို့ဖြင့် ဆဲရေး ရေရွတ်ခြင်း။

(၅) ရဟန်း တပါးနှင့်တပါး စိတ်ဝမ်းကွဲပြားအောင် လုံ့လပြုခြင်း။

(၆) ဘုရားရှင်၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ ပြောဆိုခြင်း။

(၇) တရားတော်၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ ပြောဆိုခြင်း။

(၈) သံဃာတော်၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ ပြောဆိုခြင်း။

ငုံ့ထားသော ဦးခေါင်းအစုံကို မော့ကြည့်မိတော့ အရှင်သိရိန္ဒရ ရဲ့ တည်ငြိမ်အောင် ကြိုးစား ထိန်းချုပ်နေရသော မျက်ဝန်းအစုံဖြင့် ရင်ဆိုင်မိ၏။

***

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တိုမေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တိုမေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´

တည်ငြိမ်သော ဟန်ပန်၊ တက်ကြွသော ခြေလှမ်းတို့နှင့် အတူ များပြားလှသော သံဃာထုကြီးရဲ့ ဆုတောင်း မေတ္တာပို့သသံတွေက လမ်းမထက်တွင် ပြန့်လွင့်နေသည်။

`ကြည်ညိုစရာ ကောင်းလိုက်တာ၊ ငါတို့ကို ဘုန်းဘုန်းတွေ ကယ်တော့မယ်´


ငိုသံပါကြီးဖြင့် အော်ဟစ်အားပေးပြီး ဦးချဝတ်ပြုသူတွေကလည်း မနည်းလှ…။ `ဟဲ့၊ ဘုန်းဘုန်းတွေကို ရေကပ်ပါဟဲ့´ အတန်ငယ် တတ်နိုင်ဟန်ရှိသော ဒကာမကြီး တယောက်က ရေသန့်ဘူးတွေကို သယ်လာပြီး တုန်ယင်သော လက်အစုံဖြင့် သူကိုယ်တိုင်လဲကပ်၊ ဘေးကလူတွေကိုလဲ ပြောရင်း လောဆော်နေ၏။

လှိုက်လှဲလှစွာသော လက်ခုပ်သံတွေနဲ့ အတူ သံဃာတော်တွေရဲ့ မေတ္တာပို့သံအတိုင်း လိုက်ဆိုကြသော ဒကာ၊ ဒကာမတွေရဲ့ အသံက လမ်းမတလျှောက် ဟိန်းလို့နေလေတော့သည်။

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တိုမေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´

ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်ပင် မေတ္တာဓာတ်ဖြင့် အောင်ခြင်းရှစ်ပါးကို ရယူခဲ့သည်။ ဒီတော့ ဘုရား သားတော် သံဃာတော်တွေအဖို့လဲ ဒုက္ခသုက္ခ အပေါင်း အတိပြီးသော ဒကာဒကာမတွေရဲ့ ပူဆွေးသောကတွေ ပြေပျောက်ဖို့ဆိုသည်မှာ မေတ္တာပို့ ဆုတောင်းခြင်းသည်သာ အထိရောက်ဆုံး လက်နက် မဟုတ်ပါလော…။

***

ညောင်းကိုက်နေသော ခြေအစုံက တောင့်တင်းပြီး ကြွက်သားတို့က နာကျင်နေသည်။ အင်းလေ…၊ မေတ္တာပို့ ကြွချီနေသည်မှာလဲ သုံးရက်တောင် ရှိခဲ့ပြီပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အားတက်နေဟန် ဒကာဒကာမတွေရဲ့ မျက်နှာတွေကို မြင်ယောင်မိပြန်တော့ မောပန်းသမျှ ပြေရပြန်သည်။ မေတ္တာတရားရဲ့ တန်ခိုးတော်ကြောင့် ဒုက္ခသုက္ခအပေါင်းကနေ မြန်မာပြည်သူ ပြည်သားတွေအားလုံး လွတ်မြောက်နိုင်ကြပါစေ…။

ပင်ပန်းလာသော ခန္ဓာကိုယ်အစုံကို လဲလျောင်းကျိန်းစက်ရင်း အနားပေးလိုက်သည်။ မနက်ကျလျင်လဲ ဆုတောင်းမေတ္တာပို့ရဦးမည်လေ…။ ဒီလိုနဲ့ မှေးခနဲ အိပ်ပျော်သွားခိုက်…။

***

`၀ုန်း၊ ဒုန်း၊ ခလွမ်း´

ခပ်ကြမ်းကြမ်း တွန်းတိုက်ဖွင့်သံ တခုခုနှင့်အတူ အော်ဟစ်ညည်းညူသံ၊ ဆဲရေးတိုင်းထွာသံတွေက အမှောင်ထဲမှာ ၀ရုန်းသုန်းကားဖြင့် ထွက်ပေါ်လာသည်။ အလို၊ ဘာတွေပါလိမ့်…။ ထိတ်လန့်သော စိတ်ဖြင့် အလူးအလဲ ကြုံးထမိတော့ မျက်နှာပေါ်ကို ဓာတ်မီးရောင် တခုက ၀င်းခနဲ ရောက်လာ၏။ မီးရောင် ရောက်လာပြီး သိပ်မကြာလိုက် တစုံတယောက်ရဲ့ က ကန်ကျောက်လိုက်သဖြင့် မျက်လုံးထဲမှာ လျှပ်ပြက်သလို မီးပွင့်သွား၏။ အံ့သြခြင်း ကြီးစွာဖြင့် အလန့်တကြား မော့ကြည့်ဖို့ ကြိုးစားတော့…

`မော့မကြည့်နဲ့ကွ´

မာကျောသော အရာဝတ္ထုတခုခုနဲ့ အရှင်နေမိန္ဒရဲ့ ခန္ဓာပေါ်ကို တယောက်ယောက်ု ပြင်းစွာ ရိုက်နှက်ပြန်သည်။ အလိုလေး…၊ ရက်စက်လှပါတကား။ စိတ်အသိတရားတို့က ခန္ဓာကိုယ်ကနေ ကင်းလွတ်ချင်သလိုလို ဖြစ်လာသည်။ တစုံတခုကို ပြောဖို့ ကြိုးစားလိုက်မိပြန်သည်။

`မ…မလုပ်ကြပါနဲ့၊ ဒကာတို့၊ မရိုက်ကြပါနဲ့ ဒကာတို့၊ ဦးပဉ္ဖင်း… ဦးပဉ္ဖင်း…´

`ဘာ ဦးပဉ္ဖင်းလဲ၊ ဘာဘုန်းကြီးလဲကွ၊ ဘုန်းကြီးနဲ့ နိုင်ငံရေး ဘာဆိုင်လဲကွ´

`ဗုန်း´

`ခွပ်´

`ခွပ်´

နာကျင်လွန်းလှသော ဝေဒနာကြောင့် အရှင်နေမိန္ဒရဲ့ စိတ်နဲ့ ခန္ဓာကိုယ် ကင်းလွတ်လုလု ဖြစ်လာပြီ။ မျက်လုံးအစုံထဲမှာ အမှောင်ထုက ကြီးသထက်ကြီးလာပြီ။ ကင်းလုလု အသိတရားရဲ့ နောက်ဆုံး ထွက်သက်မှာပင် ဗုဒ္ဓဘုရားရှင်၏ ကျေးဇူးတော်ကို အောက်မေ့ရင်း အသိစိတ်ရဲ့ ရေရွတ်မှုက…

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တိုမေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´

***

ဆူညံပွက်လောရိုက်နေခဲ့သော ကျောင်းတော်ကြီးက တိတ်ဆိတ်သွားခဲ့ပါပြီ။ တရားသံတွေ ဝေစည်နေတဲ့ ၀တ္တကမြေပေါ်မှာတော့ ဘုရားသားတော်တွေရဲ့ သွေးကွက်တွေက နီနီစွေး…လို့။

အပြင်းမောင်းထွက်သွားသော စစ်ကားတစီးပေါ်မှာတော့ အသိမဲ့သော ခန္ဓာတစုံက နောက်ဆုံး ထွက်သက်အထိ မေတ္တာပို့ရင်း ငြိမ်သက်စွာ ပါရှိသွားလေတော့သည်။


ကလိုစေးထူး


ဗွီဒယိုကို ဤနေရာ မှကူးယူဖေါ်ပြပါတယ်။


ဗွီဒယိုကို ဤနေရာမှ ကူးယူဖေါ်ပြပါတယ်။

ဝတ္တုတိုကို ကိုယ်တိုင်ရေးမတတ်လို့ ကိုကလိုစေးထူးရဲ့ တကယ့်အဖြစ်အပျက်အပေါ် ခံစားရေးဖွဲ့ထားတာကို ထပ်တူခံစားပြီး ကူးယူဖေါ်ပြလိုက်ပါတယ်။ ဆုတောင်းကလည်း စာရေးသူနဲ့ ထပ်တူထပ်မျှပါပဲ

`လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တိုမေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´


9 comments:

လာရောက်ဖတ်ရှု့ သွားပါတယ်အမရေ...စာအရေးအသားကကောင်းကောင်းဓါတ်ပုံလေးနဲ့ ဆိုတော့ ...တခုခုခံစားမိပါတယ်အမ...

ကိုစေးထူးရဲ့ စာလေးကို ဖတ်ပြီး ဗီဒီယိုလေးကို ကြည့်ရင်း မျက်ရည်တွေ ထိန်းမရဘူး။ လူမဆန်တဲ့ အာဏာရှင်လက်အောက်မှာ နေကြရတဲ့ တို့ မြန်မာတွေ အဖြစ်ဆိုးလိုက်ကြတာ..။

'လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´

`တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း၊ အေးချမ်းကြပါစေ´

ဂျူလိုင်ဖြူနဲ့ မမိုးချိုသင်း ရင်ထဲက ခံစားမှုတွေ ဆုတောင်းတာတွေက အတူတူပါပဲ။ ဒါတွေကို ဘယ်သူမှ ဘာမှ မပြောတော့ဘူးဆိုရင် ဘယ်သူ ဘယ်တုန်းက ဘာမတရားလုပ်တဲ့တယ်ဆိုတာ နောင်လာနောက်သားတွေ ဘယ်သူမှ မသိဖြစ်သွားနိုင်ပါတယ်။

မျက်ရည်တွေအလိုအလျှောက်ကျလာတယ်အမရယ်။ ဘယ်အချိန်ပြန်ကြည့်ကြည့် မနေ့ ကလိုပါဘဲ။
အရာအားလုံးဟာ မျက်စိရှေ့ မှာ ဖြစ်ပျက်ခဲ့တယ်လေ။ မယုံနိုင်လောက်အောင်ပါဘဲ။ မျက်စိရှေ့ မှာ သံဃာနဲ့ အပြစ်မဲ့ပြည်သူတွေ အသတ်ခံ ခဲ့ရတယ်။ သွေးသံတရဲရဲနဲ့ ။ အရိုက်ခံခဲ့ရတယ်။ ကိုယ်တွေ့ ကြုံခဲ့ရတယ်။ သေနတ်က ဘယ်မှာ မိုးပေါ်ထောင်ပစ် လို့ လဲ။ တကယ်ကို တည့်တည့် ပစ်တာနော်။ မြို့ လယ် ကောင်မှာ လူအုပ်ရဲ့  အရှေ့ မှာ စစ်သားတွေ၊ အနောက်မှာ စစ်ကားက ရောက်လာပြီး နေရာဖြန့်  ကျက်ယူပြီး လက်လှမ်းမှီရာ အကုန်လုံးကို ရိုက်နှက်။ တည့်တည့်ကိုပစ်တာ။ ကံကောင်းလို့ သာပေါ့။ ဒါပေမဲ့ ဆေးကုယူခဲ့ရတယ်။

တခြားတော့ပြောစရာမရှိ..ဒီမိုလုပ်နေသူလူ.
အယောက် ၁၀၀..မှာ..၁ ယောက်သာလျှင်.ကြိုးစားပြီး
ဗဟုသုတကြွယ်ဝသူဖြစ်တယ်။ကျန်သော ၉၉ ယောက်သောဒီမိုအများစုကတော့အလွန့်အလွန် ကို ညံ့
့ဖျင်းသောလူတွေဖြစ်သောကြောင့်..အော်မြင်မှုဆိုတာရမှာမဟုတ်ဘူး။နောက်ထပ်အနှစ်၅၀ စောင့်ကြည့်မယ်။ဒီပုံတိုင်းဆက်သွားနေ။
ခြင်္သေ့

ဘယ် Political Analyst က ပြောလိုက်တာလဲ ခြင်္သေ့ ဒါမှမဟုတ် ခြင်္သေ့ကိုယ်တိုင် Research လုပ်ထားလို့ ရတဲ့ Experiment Result တော့ ဟုတ်မယ်မထင်ဘူး။ အဲလို ကိန်းကဏန်း အတိအကျနဲ့ ပြောတယ်ဆိုတာ Research အထောက်အထားနဲ့ဆို ကြိုက်သလို ပြောလို့ရပါတယ်။ ဒါတောင်မှ ၁၀၀% မှန်တယ်ဆိုတာ မရှိဘူး။ အများစုကိုပဲ ပြောလို့ရပါတယ်။ ဘယ်သူမဆို ကိုယ်ထင်ရာကိုယ် ကြိုက်သလို ပြောလို့ရတာပေါ့။ ဒါပေမဲ့ ဒီအတိုင်း ကိုယ်ထင်ရာ ကိုယ်ပြောတဲ့ စကားကအခြေအမြစ်မရှိတဲ့အတွက် သူများကို ထိခိုက်နေရင် စော်ကားရာရောက်သလို အဆင့်အတန်းမရှိ အတင်းပြောရာလည်း ရောက်ပါတယ်။ ပြောတဲ့သူကလည်း ဘယ်လောက်ပဲ ဗဟုသုတ ရှိရှိ အဆင့်နှိမ့်သွားတယ် ဆိုတာ ခြင်္သေ့သိရဲ့လား။ အဲဒါကြောင့် အခြေအမြစ်မရှိတဲ့ စကားတွေကို သိပ်မပြောပါနဲ့လို့ ခြင်္သေ့ကို အကြံပြုပါတယ်။

မြန်မာမုန့်ဟင်းခါးရည်က ဆီလက်တစ်ဆစ်လောက်တတ်နေတယ်ဆိုတာ မဟုတ်ပါဘူး...မစားဖူးလို့ပဲဖြစ်မယ်...

Anonymous - ကျွန်မ ငါးနဲ့ချက်တဲ့မုန့်ဟင်းခါး အကုန်လုံး မစားဖူးတာ မရှိဘူး။ အကုန်လုံးကိုလည်း ကြိုက်တယ် အဲဒီထဲမှာမှ ထိုင်းမုန့်ဟင်းခါးကို အကြိုက်ဆုံးဖြစ်တယ်။ မြန်မာပြည်က မုန့်ဟင်းခါးဆိုရင် ရခိုင်မုန့်ဟင်းခါးကို အကြိုက်ဆုံးဖြစ်တယ်။ မြန်မာ မုန့်ဟင်းကို စားရင်လည်း အချဉ်နဲ့ အစပ်ကိုပဲ အဓိကထည့်တယ် အကြော်နဲ့ စားခဲတယ်။ မြန်မာမုန့်ဟင်းခါးမှာ ဆီလက်တဆစ်လောက် ရှိမရှိဆိုတာက အသားထွင်ပြီး ပြန်ကြော်ထားတဲ့ ငါးမှာ စိမ့်ဝင်နေတဲ့ ဆီက ဟင်းအိုးထဲရောက်ရင် အပေါ်ကိုတက်လာတယ်။ ဒီဆီကို ခပ်ထုတ်မပစ်ရင် အပေါ်မှာ လက်တဆစ်လောက် ရှိနေတယ်။ အတော်များများက နှမြောလို့ဆိုပြီး မခပ်ထုတ်ပစ်ကြဘူး။ အဲဒါကို ပြောတာဖြစ်တယ်။ အဆီအအီ မကြိုက်တဲ့သူတိုင်း ဗမာအစားအစာစားထက် ထိုင်းအစားအစာကို ပိုကြိုက်တာ မဆန်းပါဘူး။

Dear Anonymous
I couldn't read your comment. If you translated it into English, I'll be able to read it. If you can do it, that'll be great. Thanks for visitting my blog.
With reagrd
Nge Naing

ဆီပုံးမှာလည်းရေးသူမရှိ။ ကော်မန့်မှာလည်း ရေးသူမရှိနဲ့။ စိတ်တောင် မကောင်းပါလားကွာ :P