မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ကံမကောင်းသော နေ့တနေ့ (13/4/11)

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း အားလုံးကို နှုတ်ခွန်းဆက်သပါတယ်။ ဒီပို့စ်ကို တင်ဖို့လုပ်နေတာ သင်္ကြန်ပြီးကတည်းက ဖြစ်ပေမဲ့ အချိန်မရတာနဲ့ အခုမှပဲ တင်ဖြစ်ပါတယ်။ သင်္ကြန်ကာလဆိုတာ မြန်မာပြည်မှာ နွေရာသီ ကျောင်းပိတ်ရက်ဖြစ်ပြီး၊ ရှိတဲ့အလုပ်တွေ အကုန်နားပြီး ပျော်စရာ ရေကစားကြတဲ့ အချိန်ကာလ ဖြစ်သလို နိုင်ငံတကာမှာလည်း အီစတာကျောင်းပိတ်ရာသီ ဖြစ်လို့ အလုပ်တွေ နားပြီး အားလုံးက အီစတာပွဲတွေ ကျင်းပပြီး ပျော်ပါးကြတဲ့ အခါသမယ ဖြစ်ပါတယ်။ ဆစ်ဒနီအပါအ၀င် ကမ္ဘာအရပ်ရပ်ကို ရောက်နေတဲ့ မြန်မာလူမျိုးတွေဟာ ဘယ်အရပ် ဘယ်ဒေသကိုပဲ ရောက်ရောက် မိမိတို့ ရောက်ရာအရပ်မှာ မိမိတို့ ရိုးရာသင်္ကြန်ကို ရအောင်ဖန်တီးပြီး ပျော်ကြပါတယ်။ ဘလော့ဂ်တွေ၊ Face book တွေကနေပြီး မြန်မာတွေ ရောက်တဲ့အရပ်မှာ ကျင်းပတဲ့ သင်္ကြန်အခမ်းအနားတွေကို ကြားသိရတာ အင်မတန်မှကို ကြည်နူးစရာ ကောင်းလှပါတယ်။ သို့သော်လည်း လူတကာတွေ ပျော်ရွှင်လေ့ရှိကြတဲ့ သင်္ကြန်နဲ့ အကြောင်းမျိုးမျိုးကြောင့် ကင်းကွာနေတာ အတော်ကြာနေပြီ ဖြစ်တဲ့ ကျွန်မကတော့ ဒီနှစ် သင်္ကြန်မှာလည်း ပျော်ခွင့်မရဘဲ ကျွန်မအတွက် အလုပ်များဆုံး အချိန်ဖြစ်နေသလို တသက်မှာတခါသာ မှားဖူးတဲ့အမှားတခုကို ကျူးလွန်ခဲ့မိပြီး ဘ၀မှာစိတ်ဖိစီးမှု ရေချိန်အမြင့်မားဆုံး အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ စိတ်ဖိစီးစရာ အကြောင်းအရာတခုကို ပြန်လည် မဝေမျှလိုပေမဲ့ ကျွန်မတွေ့ကြုံခဲ့ရတဲ့ ဒီလို အတွေ့အကြုံမျိုးကို မြန်မာလူမျိုးထဲက ဘယ်သူတဦးတယောက်မှ ကြုံဖူးလိမ့်မယ် မထင်လို့ ကျွန်မကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံဆိုးကို ဘလော့ဂ်မှာ မှတ်တမ်းတင်ထားရင်း စာဖတ်သူတွေကို ဖေါက်သည်ချလိုက်ပါတယ်။

အဲဒီနေ့က အလုပ်မှာ ကျွန်မက Palliative Care Unit (PCU) လို့ ခေါ်တဲ့ ကုလို့မရတော့တဲ့ သူတွေနဲ့ သေအံ့ဆဲဆဲ လူနာတွေကို နှစ်သိမ့်ကာ ပြုစုစောင့်ရှောက်တဲ့ Ward မှာ တာဝန်ကျပါတယ်။ ကျွန်မရဲ့ တနေ့တာ အတွေ့အကြုံကို မပြောခင် Palliative Care နဲ့ပတ်သက်ပြီး ကျွန်မ အနည်းငယ် ဖေါ်ပြချင်ပါတယ်။ Palliative Care ဆိုတာ ပျောက်ကင်းအောင် ကုသလို့ မဖြစ်နိုင်တော့တဲ့ ကင်ဆာလို ရောဂါတခုခုကို ခံစားနေရတဲ့ လူနာတွေအတွက် နောက်ဆုံးအဆင့်ကို ရောက်တဲ့အချိန်မှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ အတတ်နိုင်ဆုံး သက်တောင့်သက်သာဖြစ်အောင် ကူညီစောင့် စောင့်ရှောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပါ။ Palliative Care ကို စောင့်ရှောက်ခံနေတဲ့ လူနာတွေမှာလည်း အခြေအနေ အမျိုးမျိုး ရှိပါတယ်။ သြစကြေးလျားမှာ Palliative Care နဲ့ပတ်သက်ပြီး Hospital Care နဲ့ Community Care ဆိုပြီး နည်းနှစ်နည်းနဲ့ ကူညီတာကို တွေ့ရပါတယ်။

Community Care မှာ မိသားစုက တာဝန်ယူ စောင့်ရှောက်လို့ ဖြစ်နိုင်တဲ့ လူနာတွေအတွက် Community Nurse တွေက ဦးဆောင်ပြီး လူနာရဲ့ မိသားစု ဆရာဝန်နဲ့ ချိတ်ဆက် မလုပ်လုပ်ကာ လူနာကို အိမ်တွေမှာ လိုက်ကြည့်ပေးပါတယ်။ လူနာရဲ့ လိုအပ်ချက်တွေအတွက် တခြား Team member တွေကို ပြန်အစီရင်ခံပြီး တခြားလိုအပ်တဲ့ အထောက်အကူပြု ပစ္စည်းတွေကို ဖြည့်ဆည်းပေးပြီး လူနာအတွက် လိုအပ်တဲ့ Services တွေကိုလည်း လိုအပ်သလို လမ်းညွန်ပေးပါတယ်။ Hospital Care မှာ ကျတော့ Team Member တွေ အားလုံးက ဆေးရုံမှာ ရှိပြီး လူနာတွေကလည်း အခြေအနေ အမျိုးမျိုး ရှိပါတယ်။ တချို့က Community Care မှာ စောင့်ရှောက်ခံနေရာကနေ Pain Management ကို ပိုမိုလိုအပ်လို့ ခဏလာကုသခံဖို့ ရောက်လာကြပြီး မိသားစုဝင်တွေက Staff တွေဆီက ဘယ်လိုစောင့်ရှောက်တယ် ဆိုတာ သင်ယူပြီး အိမ်ကို ပြန်ခေါ်သွားမည့် လူနာတွေ ရှိပါတယ်။ တချို့ကတော့ မိသားစုဝင်တွေ အားလပ်ရက် ခရီးသွားစရာရှိလို့ ဖြစ်စေ အကြောင်းတခုခုကြောင့် ဖြစ်စေ မိသားစု ဆရာဝန်ရဲ့ ထောက်ခံချက်နဲ့ Respite Care သဘောနဲ့ ဆေးရုံမှာ ခဏလာနေကြသူတွေ ဖြစ်တယ်။ အများစုကတော့ နောက်ဆုံးနေ့ကို စောင့်ဖို့ တခြားဆေးရုံတွေက လွှဲပြောင်းပေးခြင်း ခံရသူတွေ ဖြစ်တယ်။ palliative Care ကြောင့် လူနာတွေရဲ့ အကျိုးအမြတ်ကတော့ လူနာတွေဟာ ဘ၀ရဲ့ နောက်ဆုံးအချိန်တွေကို Health Care Professional အမျိုးမျိုးရဲ့ စောင့်ရှောက်မှုအောက်မှာ သက်တောင့်သက်သာနဲ့ Quality of life ကို ပိုင်ဆိုင်ရရှိပြီး ဘ၀ကို သက်တောင့်သက်သာနဲ့ အဆုံးသတ်ခွင့် ရရှိသွားပါတယ်။ သေဖို့အတွက် သေခြင်းတရားကို ကောင်းကောင်း ပြင်ဆင်ပြီး ရင်ဆိုင်သွားနိုင်ပါတယ်။

အဲဒီနေ့က မနက်အစောကြီး ဆေးရုံက Nursing Admins ရုံးခန်းရှေ့ကို ကျွန်မ ရောက်တာနဲ့ ဘယ် Ward မှာ တာဝန်ကျတယ်ဆိုတာ သိရပြီး တာဝန်ကျတဲ့ PCU ကို ရောက်လာပါတယ်။ Ward ထဲရောက်တာနဲ့ ရုံးခန်းတွေ အလွန်မှာ အရင်တွေ့ရတဲ့ လူနာတယောက်ခန်းတွေကို ခန့်မှန်းကြည့်ရှုရင်းနဲ့ Ward မှာ Heavy ဖြစ်နေလား Light ဖြစ်နေလားဆိုတဲ့ အခြေအနေကို အနည်းငယ် ခန့်မှန်းလို့ ရနိုင်ပါတယ်။ PCU မှာ အလုပ်ခွဲဝေပုံက တခြား Ward တွေလို Staff တယောက်စီအတွက် ဘယ်လူနာကို တာဝန်ယူရမယ်ဆိုပြီး လူနာခွဲဝေပေးခြင်းမျိုးမဟုတ်ဘဲ Team Work ပိုဆန်တဲ့ ပုံစံမျိုးနဲ့ အလုပ်လုပ်လေ့ ရှိပါတယ်။ ကုတင် ၂၀ ရှိတာကို A Side မှာ တာဝန်ကျသူတွေနဲ့ B Side မှာ တာဝန်ကျသူတွေဆိုတာပဲ ခွဲလေ့ရှိပြီး ဘယ်သူတွေက Regular Medication ဆေးပေးမယ်၊ ဘယ်သူက Morphine Round မှာ တာဝန်ယူမယ် ဘယ်သူတွေက လူနာအိပ်ရာထဖို့နဲ့ မနက်စားဖို့နဲ့ ဆေးသောက်ဖို့ စသည်တို့ကို အဆင်သင့်ဖြစ်အောင် Nursing Care ကို တာဝန်ယူမယ်ဆိုတာ နောက်မှ ပြန်ခွဲဝေယူလေ့ရှိပါတယ်။ ကျွန်မက အဲဒီနေ့က တယောက်ခန်းပိုများတဲ့ Ward ထဲ ၀င်ဝင်ချင်း တွေ့ရတဲ့ A ဆိုက်မှာ တာဝန်ကျပါတယ်။

ထသွားထလာနိုင်တဲ့ လူနာတွေကို မနက်စာစားချိန်နဲ့ ဆေးသောက်ချိန်နီးပြီ ထလို့ရပြီလို့ နိုးပြီး ရေချိုးချင်ရင် မျက်နှာသုပ်ပ၀ါတွေ တခြားလိုအပ်တဲ့ အရာတွေ ပြင်ပေးလိုက်ရင် ပြီးပေမဲ့ အားအင်ချည့်နှဲ့နေပြီး ကုတင်ပေါ်မှာ လှည့်တောင် မလှည့်နိုင်တဲ့ လူနာတွေကိုကျတော့ စိတ်ရောကိုယ်ပါ ကိုယ်ဖိရင်ဖိ အစအဆုံး ပြုစုရတာတွေ ရှိပါတယ်။ အဲဒီနေ့က ကျွန်မကျတဲ့ဘက်မှာ အဲလိုမျိုးလူနာမျိုးတွေက ပိုများပါတယ်။ မနက်ပိုင်းဆို ဧည့်ချိန်မဟုတ်တော့ မိသားစုဝင်တွေလည်း မရောက်လာသေးတာနဲ့ မနက်စာကို ခွပ်ကြွေးပေးရတဲ့ လူနာက များတော့ ပိုပြီးလက်ဝင်စေပါတယ်။ မိမိဘက်အခြမ်းမှာ ပြီးသွားလို့ တခြားဘက်အခြမ်းမှာ မပြီးသေးရင် သွားဝိုင်းကူပေးရတာ ရှိတော့ လူနာတွေရဲ့ အခြေအနေကို ဖိုင်ထဲမှာ မှတ်တမ်းတင်တဲ့ Nursing Progress Note ကို နေ့လည်စာ စားတဲ့အချိန်ထိ တခုမှ ရေးဖို့အချိန် မရသေးဘူး။ နောက်ပြီးတော့ ကျွန်မမှာ ဆေးရုံက နှစ်စဉ် တနှစ်ကို အနည်းဆုံး နှစ်ကြိမ် မဖြစ်မနေ တက်ရတဲ့ Fire Awareness, Manual Handling, Infection Control တို့လို သင်တန်းတွေ တခုမှ မတက်ရသေးလို့ အဲဒီမနက်က Nurse Educator ကို ကျွန်မ ဘယ်တော့ တက်ရမလဲ အချိန်ဇယား သိချင်တယ် မေးထားတာကို သူက နေ့လည် ထမင်းစားချိန်လောက်မှာ သူ့ကိုဖုန်းဆက်လိုက်ပါ သူဘယ်အချိန်အားမယ်ဆိုတာ ပြောမယ်၊ မအားရင်လည်း အချိန်ညှိပြီး တွေ့ရအောင် ပြောထားလို့ ဖုန်းဆက်စရာကလည်း ရှိနေပါတယ်။ Nursing Report ကလည်း လူနာတယောက်အတွက်တောင်မှ မရေးသေးဘူး။ အလုပ်များရင် အချိန်က ကုန်မြန်သထက် မြန်လေ့ရှိတာလည်း သဘာဝပဲ။ လူနာတွေ ထမင်းစားပြီးလို့ အိပ်စက်နားနေအချိန်အတွက် ပြင်ဆင်ပေးတဲ့ အချိန်မှာ Staff တွေရဲ့ ပထမအသုတ် နေ့လည်စာစားချိန်ကို ရောက်လာပါတယ်။ ကျွန်မက ဒုတိယအသုတ်မှာ ကျပြီး ပထမအသုတ် သမားတွေ ပြန်လာမှ နေ့လည်စာ စားရမှာဖြစ်တယ်။ Ward person တာဝန်ကျတဲ့ သူနာပြုက ပထမအသုတ်မှာကျပြီး သူက ကျွန်မကို သူကိုင်ထားတဲ့ Pager ကို ပေးခဲ့ပြီး မကြာခင် ရောက်လာမည့် နေ့လည်ဘက် တာဝန်ကျတဲ့ Ward Person ကို ပေးလိုက်ပါဆိုလို့ ယူထားပေးလိုက်ပါတယ်။

ကျွန်မတို့ ဒုတိယအသုတ် သမားတွေက ဆက်လက်ပြီး လူနာတွေ အိပ်လို့ရအောင် ကုတင်အနေထားနဲ့ လူနာရဲ့ အနေထားကို ထိုင်လျှက်အနေထားကနေ ချိုးတင်ထားတဲ့ ကုတင်တွေကို ပြန်ဖြောင့်သွားအောင် လုပ်ပြီး ထမနိုင်တဲ့ လူနာတွေကို အိပ်ရာနာ မဖြစ်အောင် သူတို့လှည့်ချင်တဲ့ ဘက်ကိုလှည့်ပေးပြီး ဘေးစောင်း အနေအထားအိပ်ရအောင် ပြင်ဆင်ပေးနေပါတယ်။ Ward person တာဝန်ကျတဲ့ နာ့စ်ဆီက Pager ကို ကျွန်မ လက်ခံရရှိပြီး ငါးမိနှစ်တောင် မကြာလိုက်ဘူး အသံမြည်လာလို့ ကြည့်လိုက်တော့ PCU မှာ တာဝန်ကျတဲ့ Ward Person ရဲ့ တာဝန်တခုဖြစ်တဲ့ Funeral Service က အလောင်းလာယူနေလို့ သွားပြီး Body ကို Release လုပ်ပေးဖို့ အကြောင်းကြားလာတာ ဖြစ်တယ်။ ဒီအချိန်မှာ မနက်ပိုင်း တာဝန်ကျတဲ့ Ward Person ကလည်း နေ့လည်စာစားဖို့ သွားလိုက်ပြီ၊ နေ့လည်ဘက်တာဝန်ကျတဲ့ Ward Person ရောက်ဖို့က နောက်ထပ် ၁၅ မိနှစ်ခန့် လိုသေးတယ်၊ လောလောဆယ် ဒီ Pager က ကျွန်မလက်ထဲမှာ ရှိနေတော့ အလောင်းထားရာ အအေးခန်းသွားပြီး အလောင်းကို Funeral Directors တွေ လက်ထဲ လွှဲပြောင်းပေးဖို့က တာဝန်က ကျွန်မတာဝန်လုံးလုံး ဖြစ်သွားတယ်။

သိပ်လည်း ကြာမှာမဟုတ်ဘူးဆိုတော့ ကျွန်မလည်း ကျွန်မနဲ့အတူတူ Ward ထဲမှာ ရှိနေတဲ့ တခြား staff တွေကို Body သွား Release လုပ်ပေးလိုက်ဦးမယ်လို့ အသိပေးပြီး Receptions မှာ ရေခဲတိုက်သော့နဲ့ အလောင်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို သွားတောင်းပြီး အလောင်းထားရာ ရေခဲတိုက်ကို လာလိုက်တယ်။ PCU မှာ Ward Person တာဝန်ကျတဲ့သူတိုင်း ဒီတာဝန်ကို ယူရပါတယ်။ ကျွန်မက စိတ်မပါလက်မပါနဲ့ ဒီလိုပဲ Ward person ကိုယ်စား အလောင်းကို ထုတ်ပေးဖို့ အအေးခန်းကို ရောက်လာခဲ့ပါတယ်။ ရောက်ပြီး တံခါးဖွင့်ပေးပြီးတာနဲ့ ပုံမှန်အတိုင်းပဲ Funeral Directors နှစ်ယောက်က လာပြီး သူတို့ အသုဘယာဉ်ပေါ်က အလောင်းစင်ကို တွန်းချလာပြီး အအေးခန်းထဲဝင်လာကြတယ်။ တယောက်က ကျန်တဲ့တယောက်ကို Procedure တွေ ရှင်းပြနေတာတွေ့တော့ အဲဒီတယောက်က လူသစ် ဖြစ်နိုင်တယ်ဆိုတာကိုတော့ သဘောပေါက်လိုက်တယ်။ အဲဒီတယောက်က ကျွန်မကို ဘယ်အလောင်းလဲ မေးတော့ ကျွန်မက စာရွက်ကိုယူပြီး နာမည်ဖတ်ပြတယ် ဘယ်နေ့က ကွယ်လွန်သူဖြစ်တယ်ဆိုတာကို ပြောပြီး အကုန်လုံးမှ နှစ်လောင်းပဲရှိတော့ အဲဒီနှစ်လောင်းထဲက တလောင်းပဲ စစ်ကြည့်ပါလို့ ပြောတော့ သူက လက်အိပ်စွပ်ပြီး အလောင်းထည့်ထားတဲ့ ဇစ်ကိုဆွဲထုတ်ပြီး စစ်ကြည့်တယ်။ ကျွန်မတော့ လက်အိပ်လည်း မစွပ်ထားဘူးဆိုတော့ ၀င်မကြည့်ဘူး စာရွက်ထဲက နာမည်ကိုပဲ မတ်တ်ပ်ရပ်လျှက် ဖတ်ပြပါတယ်။ ပြီးတာနဲ့ သူတို့ဖါသာသူတို့ အအေးခန်းထဲက စင်ပေါ်ကနေ သူတို့စဉ်ပေါ်ရောက်အောင် တွန်းထည့်ပြီး သူတို့ရဲ့ အသုဘတင်တဲ့ ကားထဲ သွားထည့်တယ်။ ပြန်လာပြီး လက်အိပ်ချွတ်၊ လက်ဆေးပြီးတာနဲ့ သူတို့ဆီပါသွားမည့် စာရွက်နဲ့ ကျွန်မဆီမှာ ကျန်ခဲ့မည့် စာရွက်နဲ့ စာအုပ်မှာ သူတို့ရော ကျွန်မပါ လက်မှတ်ထိုးပြီးရင် အလောင်းထုတ်ပေးထုတ်ယူတဲ့ကိစ္စ ပြီးသွားတယ်။ အဲဒါ ပြီးတာနဲ့ သူတို့လည်းပြန်တယ်၊ ကျွန်မလည်း Reception မှာ စာအုပ်နဲ့ သော့ ပြန်သွားအပ်တဲ့အချိန်မှာ နေ့လည်ဘက်တာဝန်ကျတဲ့ Ward person နဲ့တွေ့လို့ Pager ကိုပါ တခါတည်း အပ်လိုက်တယ်။ အလောင်း လွှဲပြောင်းပေးခြင်းကိစ္စက ပုံမှန်အတိုင်းဆို ဒီမှာတင် ပြီးပါပြီ။

မပြီးတာက နောက်တနာရီလောက်ကြာတော့ ကျွန်မတို့ နေ့လည်စာ စားအပြီးမှာ ကျွန်မက မနက်က ချိန်းထားတဲ့ Nurse Educator နဲ့ တွေ့နေတဲ့အချိန်မှာ နေ့လည်ဘက် Ward Person က ကျွန်မကို Nurse Supervisor ခေါ်နေတယ်ဆိုပြီး လာခေါ်လို့ လိုက်သွားတော့ ကျွန်မ အလောင်းမှားပြီး ထုတ်ပေးလိုက်ကြောင်း သိရတယ်။ အလောင်းပြန်လာလဲတဲ့ Funeral Directors တွေကိုလည်း တွေ့လိုက်တယ်။ ကျွန်မလည်း ဘာပြန်ပြောရမှန်းမသိ ခေါင်းကြီးသွားတယ် "နင်သေသေချာချာ မစစ်ဘူးလား" နဲ့ ထပ်ခါတလဲလဲ မေးနေတဲ့ Nurse Supervisor ကို စစ်ပါတယ် စာရွက်ကို သေသေချာချာ ဖတ်ပြတယ် ဘယ်အလောင်းဆိုတာကို Funeral Director က အိတ်ကိုဇစ်ဖြုတ်ပြီး စစ်ပါတယ်၊ ကျွန်မက လက်အိပ်မစွပ်ထားလို့ အပြင်ကနေပြီး စာရွက်ကိုဖတ်ပြတယ် ရင်ဘတ်မှာ ကပ်ထားတဲ့ စာရွက်ရော လက်မှာ တပ်ထားတဲ့ နာမည်ရော Funeral Director တယောက်က သေသေချာချာ စစ်ပါတယ်" လို့ ပြောပြတော့ စစ်ရင် အဲလိုမှားစရာအကြောင်း လုံးဝမရှိနိုင်ဘူးဆိုပြီး နင်တို့မစစ်လို့သာ အခုလိုမှားတာ ဆိုပြီး ပြောလိုက်တာ ကျွန်မလည်း ဘာ ပြန်ပြောလို့ ပြောရမှန်းမသိတော့ ခေါင်းတွေ ထူပူပြီး ဘာမှကို ပြန်မပြောတော့ဘူး။ အလောင်းကို ပြန်သွားလဲပေးတော့ Supervisor ကိုယ်တိုင် အအေးခန်းထဲ လိုက်ပါတယ်။ ရုံးခန်းကနေ အအေးခန်းကို အသွားရော အပြန်ပါ တလမ်းလုံး ကျွန်မကို အပြစ်တင်လိုက်တာ ကျွန်မက လုံးဝကို သုံးစားလို့တောင် မရဖြစ်သွားတယ်။ Funeral Directors ကို "ကျွန်မက စာရွက်ဖတ်ပြီး ရှင်က လူနာကို ကိုင်ပြီးကို စစ်တာ ဘယ်လိုဖြစ်ပြီးမှားတဲ့ အလောင်းကို ယူသွားရတာလဲ" လို့ အပြစ်တင်ချင်ပေမဲ့ သူလည်း သူ့အပေါ်က တယောက်ဆူထားတာ မျက်နှာလေး ဇီးရွက်လောက်ပဲ ကျန်တာ တွေ့တော့ ဘ၀တူ အဆူခံ ဖြစ်နေပြီမို့ ကျွန်မလည်း ဘာမှမပြောတော့ဘူး။

အလောင်းကို ပြန်ချိန်းပေးပြီးတာနဲ့ ကျွန်မကို မနက် Supervisor က နေ့လည် Supervisor ကို သက်သေထားပြီး ပြင်းထန်တဲ့ Warning ဆိုပြီး Warning ပေးပါတယ်။ Warning ပေးရာမှာ ဒီကိစ္စဟာ တကယ်ကို big issue ဖြစ်တဲ့အကြောင်း၊ မသင်္ဂြီုလ်ခင် သိရလို့ တော်သေးတယ်၊ သင်္ဂြီုလ်ပြီးမှသာ သိရရင် ဆေးရုံလည်း တရားစွဲခံရ ကျွန်မရောသူပါ တရားရင်ဆိုင်ပြီး အချုပ်ခန်းထဲ သွားနေရလိမ့်မယ် နယူးဆောက်ဝေးနဲ့ သြစကြေးလျားမှာ ဖြစ်တဲ့ ကြီးလေးတဲ့ ပြစ်မှုရဲ့ တရားခံ စာရင်းဝင်သွားမှာဖြစ်တဲ့အကြောင်း နောက်ဘယ်တော့မှ ဒီမိုမဖြစ်စေနဲ့ ဒီလို နောက်တခါဖြစ်ရင် ဆေးရုံအနေနဲ့ ကျွန်မကို ခွင့်လွတ်ဖို့ လုးံဝမရှိကြောင်း ပြောပါတယ်။ ဒီအထိ ကျွန်မလက်ခံတယ်ပါတယ်၊ ကိုယ်မှားတယ်ဆိုတာလည်း ၀န်ခံခဲ့တယ် နောက်မဖြစ်ဖို့ကိုလည်း ဂတိပေးခဲ့ပါတယ်။ ဒီအထိ ဘာပြဿနာမှ မရှိဘူး။ ကျွန်မမှားတဲ့အတွက် ကျွန်မလည်း ငြိမ်ခံပြီး ဘာမှပြန်မပြောဘူး။ ဒါပေမဲ့ သူဆက်ပြောတာက ကျွန်မက လုံးဝ Careless ဖြစ်တဲ့သူမို့ Professional Practice လုံးဝမရှိဘူး အလောင်းတခုလုံးကိုတောင် ဒီလို မှားပြီး လွှဲပေးခဲ့ရင် လူနာကို ဆေးပေးရင်လည်း ဒီလိုပဲ Careless ဖြစ်ပြီး ဆေးမှားပေးပြီး လူနာတွေ သေကုန်မှာ ဖြစ်လို့ ကျွန်မဟာ Reliable လုံးဝမရှိကြောင်း ပြောလာပါတယ်။

ဒါကိုတော့ ကျွန်မ လုံးဝလက်မခံနိုင်ဘဲ အဲဒါကို ဆေးမှားပေးတာနဲ့ ဥပမာပေးစရာ မဟုတ်ဘူး ဆေးပေးတာ သူနာပြုတွေရဲ့ နေ့တဓူဝအလုပ် Body Release လုပ်တာက တခါတလေမှ လုပ်ရတဲ့အလုပ် ဖြစ်လို့ ဒီနေရာမှာ ဒီလိုဖြစ်သွားလို့ ဆေးပေးတဲ့နေရာမှာလည်း ဒီလိုလိုက်ဖြစ်လိမ့်မယ်လို့ ကောက်ချက်ချတာကိုတော့ ကျွန်မ လက်မခံဘူးလို့ ပြောတော့ အတူတူပဲ ဘာမှမကွာဘူး ပြန်ပြောပြီး ကျွန်မနဲ့ အနည်းငယ် အချေအတင် ဖြစ်သွားတယ်။ ဘေးက နေ့လည်ဘက်တာဝန်ကျတဲ့ Supervisor က ဆေးပေးတာလည်း နှစ်ယောက် စစ်ရတယ်၊ Body Release လုပ်တာလည်း နှစ်ယောက် စစ်ရတယ်ဆိုတော့ Procedure အရ တူတာကို ပြောတာလို့ ၀င်ထောက်ပါတယ်။ ကျွန်မက စစ်ရတာကို ကျွန်မလက်ခံတယ် Body မှားသွားသလိုမျိုး ဆေးပေးရာမှာလည်း အမြဲမှားနေပြီး လူနာတွေ သေကုန်မယ် Reliable မဖြစ်ဘူးဆိုတာကို လက်မခံတာပါလို့ ပြန်ပြောလိုက်ပါတယ်။ မနက်ပိုင်း တာဝန်ကျတဲ့ Supervisor က တရုတ်မဖြစ်ပြီး ကျွန်မကိုသာ Professional Practice မရှိဘူးလို့သာ သူပြောတယ် သူဖြစ်နေတဲ့ မျက်နှာက သူဖြစ်နေတဲ့ အမူအရာ သူပြောနေတဲ့ စကားအဆက်အစပ်တွေက Professional တယောက် မပြောနဲ့ ရိုးရိုး အရပ်ထဲက ဈေးသည်တယောက်လောက်တောင် အဆင့်ရှိတာ မတွေ့ဘူးလို့ ကျွန်မက တွေးပဲ တွေးနေတယ် ပြောတော့မပြောဖြစ်ဘူး။ ကျွန်မလည်း Incident Accident report ရေးပြီးတာနဲ့ အခုဖြစ်သွားတဲ့ကိစ္စမှာ Funeral Director ကို ယုံကြည်မိပြီး ဖြစ်သွားတဲ့ ကျွန်မရဲ့ အမှားဖြစ်ပါတယ် နောက်ဘယ်တော့မှ မဖြစ်စေရဘူးလို့ ဂတိပေးပြီး ပြန်လာလိုက်တယ်။

အကျိုးအဆက်အနေနဲ့ အဲဒီနေ့ နောက်ပိုင်း ဆေးရုံက အလောင်းမှားသယ်ခံရတဲ့ မိသားစုကိုတောင်းပန်တယ်လို့ သိရပြီး ဆေးရုံမှာလည်း Body release လုပ်ရင် တယောက်တည်း ပေးမလုပ်တော့ဘဲ နှစ်ယောက်လုပ်ရမယ်ဆိုတဲ့ ဥပမဒကို ပြောင်းလိုက်ပါတယ်။ PCU က staff တွေအတွက် Ward ထဲမှာ အလုပ်များလို့ စိတ်အနှောင့်အယှက် ဖြစ်နိုင်ပေမဲ့ Ward Person အဖြစ် တာဝန်ပေးခြင်း ခံရလေ့ရှိပြီး အအေးခန်းထဲ တယောက်တည်း သွားမရဲတဲ့ Casual Staff အတော်များများအတွက်တော့ ကျွန်မကြောင့် ဆေးရုံဥပဒေတခု ပြောင်လိုက်တာ ကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။ ကျွန်မအတွက်လည်း အဲဒီနေ့က စားလို့လည်းမ၀င် အိပ်လို့လည်းမပျော် ဖြစ်ပြီး တရက်နှစ်ရက်အတွင်း သုံးကီလိုကျော် လျှော့သွားတော့ ကီလိုတိုးနေလို့ ကိုယ်တိ ချုပ်ထားတဲ့ ဗမာအင်္ကျီတွေ ၀တ်လို့မရဘဲ ကြပ်နေရာကနေ တပတ်အတွင်း ပြန်ဝတ်လို့ ရသွားတဲ့ အဆိုးထဲက ကောင်းကျိုးလေးတော့ ရသွားပါတယ်။ ပြန်သုံးသပ်ကြည့်တော့ အဲဒီနေ့က အလောင်းသွားလွှဲပြောင်းပေးတဲ့အချိန်မှာ ကျွန်မစိတ်ထဲမှာ လူနာတွေကို Reposition လုပ်ပေးရဦးမယ်၊ ကျွန်မစောင့်ရှောက်တဲ့ လူနာတွေရဲ့အကြောင်းကို Progress Notes တွေရေးရဦးမယ်၊ Nurse Educator နဲ့လည်း တွေ့ရဦးမယ် ဆိုပြီး ကျွန်မကိုယ်တိုင်ရဲ့ အလုပ်တွေက ခေါင်းထဲမှာ နေရာယူနေပါတယ်။ အခုလာလုပ်ပေးတာက သူများအတွက် ခဏမလွဲသာလို့ လာလုပ်ပေးတယ်လို့ ယူဆထားခဲ့ပါတယ်။ အာရုံ နှစ်ခုမရတဲ့ကျွန်မအတွက် တခုကို လုပ်နေချိန်မှာ တခြားတခုကို စဉ်းစားမနေသင့်ဆိုတာ တကယ်ကို သင်ခန်းစာ ယူစရာ ဖြစ်ပါတယ်။ ဒီသင်္ကြန်ကာလအတွင်း အဲဒီနေ့အတွက် ကျွန်မလို အဖြစ်မျိုးကို ကြုံပြီး ကျွန်မလောက် စိတ်ဖိစီးရသူ ဒီကမ္ဘာမှာ ဘယ်သူမှ ရှိမယ်မထင်ဘူး။


နှစ်သစ်မှာ ဘေးရန် ကြောင့်ကြဆင်းရဲခြင်း ကင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းချမ်းမြေ့ကာ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။


9 comments:

ဖြစ်ရလေအစ်မရာ...၊၃ကီလိုကျသွားတာတော့ အရှုံးထဲကအမြတ်ပေါ့နော်...:)

မငယ်နိုင် ဖြစ်ခဲ့တဲ့ အလောင်းမှားတဲ့ ပြဿနာ က funeral director က လူသစ်ဖြစ်နေလို့ အလုပ် မကျွမ်းကျင်လို့၊ အလောင်းစစ်တာ ပေါ့လျော့လို့ ဖြစ်သွားတာပါ။

အလောင်းမှားတဲ့ ပြဿနာက အင်မတန် ကြီးမားတဲ့ ပြဿနာ ဆိုတော့ မငယ်နိုင်ရဲ့ supervisor တရုတ်မက "funeral director စစ်ဆေးပြီးတာကို မငယ်နိုင်က ထပ်ဆင့်စစ်ဆေးမှု မလုပ်ရကောင်းလား" ဆိုပြီး မငယ်နိုင်ကို အပြစ်တင်တာကတော့ supervisor မမှားဘူး။ ဒါပေမယ့် အပြစ်တင်စကား ပြောရာမှာတော့ professional ဆန်ဆန် ပြောရမှာပေါ့။

မငယ်နိုင်ရဲ့ supervisor တရုတ်မက မငယ်နိုင်ကို မြန်မာပြည်က ခပ်ဆိုးဆိုး ထမင်းဆိုင်ရှင်က သူ့အလုပ်သမား စားပွဲထိုးကို ဆူပူမာန်မဲသလို ကိုယ်အမူအရာ၊ နှုတ်အမူအရာနဲ့ မှိုချိုးမျှစ်ချိုး ပြောတာမျိုးကို အလုပ်သမား ဥပဒေအရရော၊ ကိုယ့်မိခင် အလုပ်ဌာန ရဲ့ လုပ်ငန်းခွင် ကျင့်ထုံး အရရော ခွင့်မပြုပါဘူး။

ဒီလို လုပ်ငန်းခွင်အနိုင်ကျင့်မှု တွေကို ကိုယ့်မိခင် အလုပ်ဌာနက industrial council (workers' council) မှာ တရားဝင် တိုင်လို့ ရပါတယ်။ ဒီလို တရားဝင် တိုင်ရင် industrial council (workers' council) က ကြားနာစစ်ဆေး ပြီး လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ပေးရပါတယ်။

ထိုင်း၊ မလေးရှားက supervisor အတော်များများက မြန်မာပြည်က supervisor အတော်များများလိုပဲ အောက်ခြေဝန်ထမ်း တွေကို ဥပဒေမဲ့ အနိုင်ကျင့်တတ်ကြပါတယ်။

ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးကို လေးစားပါတယ် ဆိုတဲ့ နိုင်ငံကြီးတွေမှာတော့ အလုပ်သမား အခွင့်အရေးဥပဒေနဲ့ကို ကာကွယ်ပေးထားတော့ supervisor တွေက ထိုင်း၊ မလေးရှား မြန်မာပြည်က supervisor တွေလောက် အောက်ခြေဝန်ထမ်း တွေကို ဥပဒေမဲ့ မလုပ် ရဲ ကြဘူး။ ဒါပေမယ့် အောက်ခြေဝန်ထမ်း တွေကို တော်တည့်မှန်ကန်စွာ မျှမျှတတ မဆက်ဆံတဲ့ supervisor တွေက နိုင်ငံကြီးတွေမှာလည်း မနည်းလှဘူး။ အခု မငယ်နိုင် ကြုံရတဲ့ ဒီလောက် ကြီးကျယ်တဲ့ ကိစ္စ မပြောနဲ့၊ သေးသေးမွှားမွှား ကိစ္စ လေးတွေကိုတောင် ဆီလို အပေါက်ရှာပြီး အပြစ်မရှိ အပြစ်ရှာပြီး ဖိနှိပ် ဆက်ဆံတတ်တဲ့ supervisor တွေက နိုင်ငံကြီးတွေမှာလည်း မနည်းလှဘူး။

မငယ်နိုင်ရဲ့ supervisor တရုတ်မထက် အများကြီး ပိုဆိုးတဲ့ supervisor အဖြူကောင်တွေ၊ supervisor အဖြူမတွေ အများကြီး ရှိပါတယ်။ ဆိုးတဲ့ supervisor အဖြူကောင်တွေ၊ supervisor အဖြူမတွေက သူတို့ အဖြူကောင် အချင်းချင်းကိုတောင် ရရင်ရသလို အနိုင်ကျင့်တတ်ကြတာ ဆိုတော့ အာရှက လူတွေ၊ အာဖရိက က လူတွေ ဆိုရင်တော့ အဖြူကောင်အချင်းချင်းကို အနိုင်ကျင့်တာထက်ကို အဆပေါင်းများစွာ အနိုင်ကျင့်တတ်ကြပါတယ်။

အမေရိကန်နိုင်ငံ ၊ အင်္ဂလန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေက အလုပ်ဌာနတွေက industrial council (workers' council) တွေမှာဆိုရင် အဖြူကောင် အချင်းချင်း လုပ်ငန်းခွင်အနိုင်ကျင့်မှုထက် supervisor အဖြူကောင်တွေက အောက်ခြေဝန်ထမ်း အာရှက လူတွေ၊ အာဖရိက က လူတွေကို အနိုင်ကျင့်လို့ တိုင်တဲ့ အမှုတွေက အများကြီး ပိုများပါတယ်။ လူမျိုးခွဲခြားမှု၊ အသားအရောင် ခွဲခြားမှုက ဟိုအရင်တုံးကလောက် မဆိုးတော့ဘူး ဆိုပေမယ့် လုံးဝ ပျောက်သွားဖို့ ဆိုတာကတော့ အဝေးကြီး လိုပါသေးတယ်။

မငယ်နိုင် သိပ် စိတ်မညစ်ပါနဲ့၊ မငယ်နိုင် အပြောခံရတာထက် အများကြီး ပိုပြိး ပြင်းပြင်းထန်ထန် ချိုးချိုးဖဲ့ဖဲ့ အပြောခံရတာမျိုးက manager, director ရာထူးလောက် ရထားတဲ့ အရာရှိကြီးတွေ တောင် ခံရပါတယ်။ နောက်ဆိုရင်တော့ ဒီလို ပြသနာကြီးမျိုး မကြုံရအောင် funeral director နဲ့ (ဆေးရုံစည်းမျဉ်းသစ်အရ) အဖော် nurse က စစ်ပြီးပေမယ့် ကိုယ်က ထပ်စစ်ဆေးတာကို အထူး အာရုံစိုက်ပြီး လုပ်ရမှာပေါ့။

မငယ်နိုင် ဆေးရုံမှာ အဆင်ပြေပါစေဗျာ။

အာယု

အမယ်လေး သူငယ်ချင်း..

ဖတ်လိုက်ရတာ မောလို့.. ပညာလည်း ရသွားတယ်..။ စိတ်လည်းမကောင်းဘူး... (လူနာရှင်အတွက်ရော မငယ်အတွက်ရော) ..။

ဒီလိုပဲ အလုပ်လုပ်မှ အမှားတွေကနေ အမှန်ဖြစ်လာ.. (ပြင်လာ) ဥပဒေသစ်တွေ...ဆိုတာ ဖြစ်လာကြတာမလား... ။

အလုပ်ချိန်မှာ အခုလိုဖြစ်တော့ တာဝန်ရှိတဲ့အပေါ် အပြောခံ ရတယ်ဆိုတာ တရားပါတယ်... နည်းလမ်းကျစွာ နားလည်အောင် မပြောတာကတော့ တာဝန်ရှိလူကြီး ညံ့လို့ပါ... ဒါမှမဟုတ်သူ့မှာ အပေါ်က ကိုအာယုပြောသလို အဖြူစိတ်နဲ့ အမှားပေါ် စွတ် အာဏာပြတာလည်း ဖြစ်နိုင်ပါတယ်.. ဒါကတော့ အရုပ်ဆိုးတယ်ပေါ့..။

သူငယ်ချင်းရေးတာတွေ ဖတ်ပြီး စိတ်မကောင်းတာ တခုရှိသေးတယ်...။ တရုတ်မကို ဈေးသည်နဲ့ နှိုင်းတာ သိပ်ရုပ်ဆိုးပါတယ်... ဈေးသည်တိုင်းဟာ နုတ်မကြမ်းကြသလို... အေးဆေးစွာ ပြဿနာဖြေရှင်းတက်ကြ သူတွေလည်း ဒုနဲ့ဒေးရှိပါတယ်... အဲသလိုပဲ မျက်နှာပေးမှာလည်း ဆရာဝန်ထက် နုတ်ချိုတဲ့ ဈေးသည်တွေ... မျက်နှာပေးကောင်းသူတွေ ..စိတ်ထားကောင်းသူတွေ အများကြီး အများကြီး ရှိပါတယ် လို့ ပြောချင်ပါတယ်ရှင်းးးးးးးးးးးးးးးးးးးးး...

စိန်အေးခိုင် (၂၀၁၁)

ဖြစ်ရလေ မငယ်ရယ်၊ စိတ်မကောင်း မဖြစ်ပါနဲ့ရှင် လက်ရှိ လုပ်ရမဲ့ အလုပ်တခုထဲအပေါ် အာရုံမရှိဘဲ အာရုံလွင့်နေလို့ ဖြစ်သွားခဲ့တာပေါ့။ ဒါပေမဲ့ သေရေး ရှင်ရေးဆိုတဲ့ အရေးတကြီး ကိစ္စမို့ ဒီလို အထောင်းခံရတာပါ။ တော်သေးတယ် ဘော်ဒီက ပြန်လဲလို့ ရသေးလို့၊ သင်္ဂြိုလ်ပြီးရင်တော့ သွားပြီ။ တွေးပြီး စိတ်မကောင်းဖြစ်မနေပါနဲ့တော့ မငယ်ရယ် ရှေ့လျှောက် အလုပ်တွေကိုပဲ ဂရုစိုက်ပါနော်...

"အမှားကို မြင်၍ အမှန်ကို ပြင်သော အချိန်သည် နောက်ကျသည်မရှိ"

လုပ်ခဲ့သမျှ အကုသိုလ်တွေ မကုန်သ၍ ဒုက္ခတွေ ပြဿနာတွေ ကံမကောင်းတဲ့ နေ့တွေနဲ့ ကြုံအုံးမှာပဲ..

ညက ပို့စ်တင်ခဲ့ပြီး ပြန်ကြည့်ဖို့ အချိန်သိပ်မရခဲ့ဘူး။ အခုချိန်ထိ ဒီပို့စ်ကို ၆၅၆ ယောက် ၀င်ဖတ်သွားတဲ့အထဲက တကူးတက မှတ်ချက်ပေးခဲ့တဲ့ ၆ ယောက်စလုံးကို ကျေးဇူးတင်ပါတယ်။

ငြိမ်းနိုင်၊ ကိုအာယု၊ စိန်အေးခိုင်၊ မချစ်ကြည်အေး - အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မပြောတာကလည်း ကျွန်မကိုအပြစ်တင်တာကို အပြစ်မပြောပါဘူး၊ မဆိုင်တာကို ဥပမာပေးပြီး လိုသလို ပြောတာနဲ့ ပြောပုံဆိုပုံ ပုံမကျတာကိုပဲ ဆိုလိုပါတယ်။


ကိုအာယုပြောသလောက်လည်း workers' council တိုင်ရလောက်တဲ့အထိလည်း မဆိုးပါဘူး။ ကျွန်မလည်း အပြောခံရလို့ ဆိုတာတာထက် ကိုယ့်အမှားကြောင့် ဖြစ်သွားတဲ့အပေါ်မှာ ပြန်တွေးပြီး စိတ်ဖိစီးတာက ပိုများပါတယ်။ ကိုအာယုပြောတဲ့ နောက်တခုက အဖြူတွေက အလုပ်မှာ နိုင်ငံခြားသားကို နှိမ်တယ်ဆိုတာ ကျွန်မလည်း တခြားနယ်ပယ်မှာ အလုပ်လုပ်တဲ့သူတွေဆီကတော့ ကြားဖူးပါတယ်။ ဒါပေမဲ့ ကျွန်မတို့ Health Care Industries တွေမှာ လူမျိုးခြားက တ၀က်ခန့် နေရာယူနေလို့ မသိဘူး ကျွန်မအတွေ့အကြုံအရတော့ ကျွန်မတို့နဲ့ အလုပ်တွဲလုပ်တဲ့ အဖြူတွေမှာ ဒါမျိုး မတွေ့ရဘူး။ Second Language သမားတွေပဲ အချင်းချင်း နှိမ်ချင်ကြတာ တွေ့ရပါတယ်။ ဒါဟာ ကျွန်မ ကိုယ်တွေ့ပဲ ဖြစ်တယ်။

သူငယ်ချင်း စိန်အေးခိုင် ထောက်ပြတဲ့အချက်ကို သတိထားမိပါတယ်။ ဟုတ်တယ် ပြန်ဖတ်ကြည့်တာ ရုတ်တရက် ဖတ်ရတဲ့သူအတွက် အရပ်ထဲက ဈေးသည်ကို နှိမ်သလို ဖြစ်နေတယ်။ ဈေးသည်အစား ဈေးသည်ရန်ဖြစ်သလို ဖြစ်နေတယ်လို့ ပြန်ပြင်လိုက်မယ်။ ထောက်ပြတာ ကျေးဇူးသူငယ်ချင်း။

MMLT - ပြောတာ ဟုတ်ပါတယ်။

mg - ဗုဒ္ဓဘာသာဝင်ဖြစ်ရင် လူမပြောနဲ့ ဘုရားတောင်မှ ပရိန္နိဗ္ဗန်စံဝင်တဲ့နေ့အထိ ၀ဋ်ကြွေးခံသွားရတယ်ဆိုတာလောက်တော့ သိမယ်ထင်တယ်။

လူအကြောင်း ပေါင်းမှသိ။

ဥပမာ အထင်သာဆုံး ပြ၇၇င် အာရှသားတွေနဲ့  ပေါင်း၇တာနဲ့  အဖြူတွေနဲ့  ပေါင်း၇တာက တခြားစီပဲ။ အာရှသားတွေနဲ့ ပေါင်း၇တာ လွယ်တယ်၊ ရှင်းတယ်။ အဖြူတွေနဲ့ ပေါင်း၇တာ ခက်တယ်၊ အဖြူတွေ၇ဲ့ စိတ်ကို သိဘို့  မလွယ်ဘူး။ အဖြူတွေဟာ အာရှသားတွေထက် ပိုပြီး အဆိပ်ပြင်းတယ်။

အာရှသားတွေက ပေါင်းကြည့်လို့  သိပ်လွယ်တယ်။ အာရှသားတွေက လူတယောက်ကို မကြိုက်၇င် မျက်နှာပေါ်မှာ ပေါ်တတ်သလို ခန်ဓာ အစိတ်အပိုင်းမှာလဲ ပေါ်တတ်တာဘဲ၊ ဒီတော့ အာရှသားတွေဆို၇င် ဆိုးတယ်၊ ကောင်းတယ် ဆိုတာ ကြည့်၇ လွယ်တယ်။ (ယေဘူယျကို ပြောတာ။)

အဲ.. အဖြူတွေကတော့ ရိုးရိုး ပေါင်းကြည့်ရုံနဲ့  လွယ်လွယ်နဲ့  သိဘို့  ခက်တယ်။ ခွင့်လွတ်မှု ဆိုတာဟာ သူတို့ အကျိုးအတွက် မပါ၇င်တော့ ဘယ်တော့မှ မရှိဘူး။ အဖြူတွေဟာ ဘယ်လောက်ခင်ခင် နောက်ဆုံး မိဘတောင် အလျှော့မပေးတတ်ကြဘူး။ ဒါကြောင့်မို့ အဖြူတွေဟာ အာရှသားတွေထက် ပိုပြီး အဆိပ်ပြင်းတယ်။ ပိုပြီး သတိထားပေး၇မယ်။ (ေယဘုယ်ကုိ ဆုိလုိတာပါ။)

-
အနောက်နိုင်ငံသား အဖြူတွေဟာ အသားအရောင် မခွဲခြားတာကို သိပ်ပြချင်တယ်၊ ဒါပေမယ့် တကယ်တမ်းက နေရာတိုင်းမှာ ခွဲခြားဆက်ဆံနေတာပါ။


ယျေဘူယျအားဖြင့် အနောက်နိုင်ငံသား အဖြူတွေမှာ စိတ်ရောဂါတမျိုး ရှိပါတယ်။ အဲဒါက ဘာလဲ ဆိုရင် သူတို့ဟာ အသားရောင်၊ ဘာသာရေး စသဖြင့် မခွဲခြားဘူး ဆိုတာကို သိပ်ပြချင်တာ။ ဒါကို ပေါ်ပင် လိုကို သဘောထားကြ၊ လုပ်ပြကြတာ။

ဒါပေမယ့် တကယ်တမ်း နေရာတိုင်းမှာ ခွဲခြားဆက်ဆံနေတာလည်း အနောက်နိုင်ငံသား အဖြူတွေပါပဲ။

အမေရိကားမှာကို အမည်းတွေ၊ ပဲ လို့ခေါ်တဲ့ လက်တင်အမေရိကန်တွေ၊ အေးရှန်းတွေ (အာရှသားတွေ) ကို ဆက်ဆံတာ
ဘယ်လိုကွာတယ် ဆိုတာ သူတို့ကို မေးရင် သိသာတယ်။ ပါးပါးကလေးနဲ့ကို ခွဲမှခွဲပါ။

ချိုတူးဇော်