မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မွေးနေ့ မင်္ဂလာ အနှစ်တရာ တိုင်စေသော်

တကယ်တော့ သူကသာ ဟိုနေ့က ပြောတဲ့ "ကြာသပတေးနေ့ကျရင် အလုပ်မှာ ခွင့်ယူလိုက်ရင် ကောင်းမယ်ထင်တယ်" လို့ မပြောခဲ့ရင် ဒီနှစ်ကျရောက်တဲ့ သူ့မွေးနေ့ကို သတိထားမိလိုက်မှာ မဟုတ်ဘဲ အမှတ်တမဲ့နဲ့ ဖြတ်သွားပြီး ရက်ကျော်မှ သတိထားမိမလား မသိဘူး။ ဒီလိုဖြစ်လာဖူးတဲ့ နှစ်တွေကလည်း အများကြီးရှိခဲ့ပါတယ်။ မသိတဲ့သူတယောက်အနေနဲ့ ကျွန်မ ဒီလိုပြောလိုက်တဲ့အပေါ်မှာ ကိုယ့်ယောက်ျား မွေးနေ့ကိုတောင် အလေးအနက်မထားထားဘူးဆိုပြီး အပြစ်တင်စရာ အဖြစ် မြင်နိုင်ပေမဲ့ သူကိုယ်တိုင်ကလည်း ကျွန်မမွေးနေ့နဲ့ ပတ်သက်ပြီး ဒီလိုပဲ မသိလိုက်တဲ့ နှစ်တွေ အများကြီးရှိခဲ့တယ်ဆိုတော့ ကျွန်မတို့နှစ်ယောက်ကြားမှာ ဒီအတွက်နဲ့ တယောက်ကိုတယောက် အပြစ်တင်စရာ မရှိတာတော့ အမှန်ပဲ။ အမှန်က ဒီလိုဖြစ်ရတာ တယောက်ကိုတယောက် အလေးအနက်မထားလို့လည်း မဟုတ်ပါဘူး။ ဂရုမစိုက်လို့လည်း မဟုတ်ပါဘူး။ အဓိက ကတော့ ကျွန်မတို့နှစ်ယောက်စလုံးက မွေးနေ့နဲ့ပတ်သက်ပြီး အလေးအနက်မထားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့လို့ ဒီယဉ်ကျေးမှုက ကျွန်မတို့ကို လွှမ်းမိုးလာခဲ့လို့ ဖြစ်ဖို့များပါတယ်။

ကျွန်မဟာ တကယ်ပဲ ငယ်ငယ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့တခုကိုပဲ ကောင်းကောင်းသိပြီး ကျွန်မ ကိုယ်တိုင်ရဲ့ မွေးနေ့ကိုတောင် အမေပြောပြထားလို့ မြန်မာသက္ကရာဇ်နဲ့ပဲ ကောင်းကောင်းသိပါတယ်။ ခရစ်သက္ကရာဇ်နဲ့ မွေးနေ့ကို တော်တော်ကြီးမှ သိတဲ့အပြင် တခြား ဘယ်သူ့မွေးနေ့ကိုမှ ထူးထူးခြားခြား မှတ်မိတတ်သူလည်း မဟုတ်ဘူး။ ကျွန်မဟာ စာတခုဖတ်ပြီး ဖြစ်စေ၊ ဟောပြောတာ တခုခုကို နားထောင်ပြီးဖြစ်စေ အကြောင်းအရာနဲ့ ပတ်သက်ရင် ခရေစေ့အတွင်းကျ တခုမကျန် အကုန် မှတ်မိတတ်ပေမဲ့ နာမည်တွေ၊ ခုနှစ်တွေ၊ နံပါတ်တွေနဲ့ ပတ်သက်ရင်တော့ ကျွန်မ ဦးနှောက်ဟာ တော်တော်လေး မှတ်ဥာဏ်နည်းပြီး သီခြား အားထုတ်ပြီး မမှတ်ထားရင် ဘာမှမမှတ်မိတတ်ဘူး။ အလားတူပဲ မွေးနေ့နဲ့ ပတ်သက်ပြီး အခုထိ ကျွန်မ ကောင်းကောင်း မှတ်မိပြီး အမှတ်တရ ဖြစ်နေတဲ့ မွေးနေ့ဆိုလို့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ သားမွေးနေ့ ဒီသုံးယောက်ရဲ့ မွေးနေ့ပဲ ရှိပါတယ်။ ကျွန်မ ကြီးပြင်းတဲ့ ပတ်ဝန်းကျင်က လူတွေဟာ နောက်လ ဘယ်နေ့ကျရင်တော့ ဘယ်သူဆုံးတာ ဘယ်နှစ်နှစ်ပြည့်ပြီဆိုတာမျိုး ပြောပြီး သက်ရှိထင်ရှား ရှိနေတဲ့သူတွေရဲ့ မွေးနေ့ထက် မရှိတော့တဲ့သူတွေရဲ့ သေဆုံးတဲ့နေ့ကိုပဲ မှတ်မိနေတတ်ပါတယ်။ ဒါကြောင့်မို့ သေဆုံးသူအတွက် ဘယ်နှစ်နှစ်ပတ်လည် ပရိတ်တရားနာဆွမ်းကျွေး အထိမ်းအမှတ်ဆိုတာသာ မကြာခဏ ရှိတတ်ပြီး မွေးနေ့မင်္ဂလာ အထိမ်းအမှတ်ဆိုတာကတော့ ကျွန်မ ငယ်ငယ်က ကြီးပြင်းတဲ့ ပတ်ဝန်းကျင်မှာ မရှိသလောက်ကို ရှားပါတယ်။

ကျွန်မတို့ နယ်မှာ မင်္ဂလာတွေနဲ့ ပတ်သက်ရင်လည်း ကိုယ်ဝန်ဆောင်တွေက မွေးရက်နီးရင် ကျင်းပတဲ့ ခေါင်းဆေးမင်္ဂလာ၊ ကလေးမွေးပြီး ကလေးကင်မွန်းတပ်မင်္ဂလာ၊ အိမ်တက်မင်္ဂလာ၊ ရှင်ပြုမင်္ဂလာ၊ ထိမ်းမြားမင်္ဂလာ စသည်ဖြင့် အထိမ်းအမှတ် မင်္ဂလာတွေ ပေါများသလောက် မွေးနေ့မင်္ဂလာ အထိမ်းအမှတ်ဆိုပြီး တကူးတက ကျင်းပတာကိုတော့ ကျွန်မ သိရသလောက် ထွက်လာတဲ့အချိန် ၁၉၈၈ အထိ တခါမှ မကြုံဖူး မကြားဖူးတာတော့ အမှန်ပဲ။ အခုနောက်ပိုင်းတော့ တချို့တွေ ကျင်းပတယ်လို့ ကြားသိရပါတယ်။ မွေးနေ့ကို အလေးမထားတဲ့ အလေ့အထက ကျွန်မမှာ အခုထိ ကိန်းအောင်းနေပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်အထိ ကိုယ့်မွေးနေ့ကိုယ်တောင် အမှတ်တမဲ့နဲ့ ဖြတ်သွားတဲ့နှစ်တွေက ပိုများပါတယ်။ သူ့မွေးနေ့က ဒီဇင်ဘာမှာဆိုတာ ကျွန်မသိပေမဲ့ ဘယ်နေ့ဆိုတာကို တိတိကျကျ တခါမှ မမှတ်ထားလို့ နှစ်တိုင်း ပြန်ပြန်မေးရပါတယ်။ အခုတော့ သူ့မွေးနေ့ကို နောက်နှစ်တွေကျရင် မေးစရာလည်းမလို၊ အမှတ်တမဲ့ ဖြတ်သွားတာမျိုးလည်း မဖြစ်အောင် ဒီနေ့ကစပြီး ဘယ်တော့မှ မမေ့အောင် မှတ်ထားလိုက်တော့မယ်။

လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်ခန့်က သူ့မွေးနေ့တနေ့က အဖြစ်အပျက်တခုကို ကျွန်မ မှတ်မိနေပါတယ်။ အဲဒီနေ့က ကျွန်မက သူ့မွေးနေ့မှန်းလည်း မသိခဲ့တော့ အမှတ်တမဲ့ပဲ နေခဲ့ပါတယ်။ အဲဒီညက ကျွန်မက သားကို သိပ်ပြီးအိမ်ခန်းထဲကနေ အပြင်ထွက်လာတော့ ဧည့်ခန်းထဲမှာ သူ့ကို တယောက်တည်း ဘီယာထိုင် သောက်နေတာကို တွေ့တယ်။ အရက်သေစာကို လုံးဝအနံ့မခံနိုင်တဲ့ ကျွန်မက သူသောက်တိုင်း အမြဲတမ်း အပြစ်တင်တတ်ပြီး အဲဒီနေ့ကလည်း ချည်စုပ်စုပ်အနံ့ကို မခံနိုင်လို့ နှာခေါင်းရှုံ့ပြီး အပြစ်တင်ဖို့ စဉ်းစားနေတုန်းပဲ ရှိသေးတယ် သူက ဒီနေ့ သူ့မွေးနေ့ဆိုတာ ပြောပြလိုက်လို့ သူ့မွေးနေ့မှန်း သိခဲ့ရတယ်။ အဲဒီနေ့က တနေ့တည်းမှာပဲ ဆေးရုံက ကျွန်မလုပ်တဲ့ Ward မှာ Staff တယောက်ရဲ့ မွေးနေ့ဖြစ်ပြီး ကျွန်မတို့ တခြား Staff တွေက မွေးနေ့ရှင်မသိအောင် ပိုက်ဆံ အနည်းငယ်စီ ၀ိုင်းထည့်ပြီး လက်ဆောင်ပစ္စည်းနဲ့ ကိတ်မုန့်ကို ၀ယ်ကာ မွေးနေ့ရှင်ကို ရုတ်တရက် လက်ဆောင်သွားပေးပြီး Happy Birthday to you လို့ ၀ိုင်းဆိုပြီး ဆုတောင်းပေးကြတယ်။ ဒီတော့ မွေးနေ့ရှင်က အံ့သြ၀မ်းသာပြီး ကျေးဇူးတင်စကားဆိုတယ်၊ လက်ဆောင်ထုပ်ကို ဘာများပါလိမ့်ဆိုတာ သိလိုဇောနဲ့ မွေးနေ့ရှင်က ဖြည်ကြည့်နေတာကို ကြည့်ပြီး အားလုံးက ပျော်နေကြတယ်။ မွေးနေ့ရှင်လည်း တော်တော်ပျော်ခဲ့ပါတယ်။

အလုပ်က လုပ်ဖေါ်ကိုင်ဖက်တယောက်ရဲ့ မွေးနေ့အတွက် ဒီလိုပျော်အောင် လုပ်ပေးရာမှာ ပါခဲ့ပေမဲ့ အိမ်က ခင်ပွန်းရဲ့ မွေးနေ့ကိုတော့ သိတောင် မသိလိုက်လေခြင်းဆိုပြီး ကျွန်မ အဲဒီအချိန်က သူ့အတွက် တကယ်ပဲ စိတ်မကောင်း ဖြစ်သွားတယ်။ ဒါကြောင့် အဲဒီနေ့က သူသောက်တာနဲ့ ပတ်သက်ပြီး ကျွန်မ ဘာမှအပြစ်မတင်တော့ဘဲ စောစောက ပြောတာမဟုတ်ဘူး ပြောရင် တခုခုလုပ်ပေးတာပေါ့လို့ပဲ ပြောဖြစ်ခဲ့တယ်။ ဒီအပြောတခုနဲ့ ဘီယာသောက်တာကို ဆက်လက်အပြစ်မတင်တာကပဲ အဲဒီနှစ်က ကျွန်မရဲ့ သူ့အတွက် မွေးနေ့လက်ဆောင် ဖြစ်သွားခဲ့ပါတယ်။ အမှန်က သူပြောနေစရာ မလိုဘဲနဲ့ ကျွန်မ သိသင့်တာပေါ့။ အဲဒီနောက်ပိုင်းတော့ ဒီဇင်ဘာလထဲရောက်လာရင် မွေးနေ့ဘယ်နေ့လဲဆိုတာ အမြဲမေးပြီး အိမ်မှာ တခုခု လုပ်စား၊ ဘုရားရှိခိုးဆုတောင်းပေးတယ်၊ မြန်မာပြည် (သို့) လိုအပ်နေတဲ့နေရာ တခုခုမှာ ကုသိုလ်အဖြစ်လှူပေးတာမျိုး လုပ်ပေးလေ့ ရှိပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေကို ဖိတ်ပြီး မွေးနေ့ပါတီတော့ တခါမှ မလုပ်ပေးဖြစ်ဘူး အကြောင်းကတော့ ဒီနိုင်ငံမှာ မွေးနေ့ဆိုရင် အရက်သေစာတွေက အမြဲတမ်းဒွန်တွဲပြီး ပါလာစမြဲမို့ မွေးနေ့ မင်္ဂလာအချိန်အခါမှာ ကုသိုလ်ထက် အကုသိုလ် ပိုများနေတာကို အားမပေးချင်လို့ပါ။ ပြီးခဲ့တဲ့နှစ် သူ့မွေးနေ့ဟာ ကားတိုက်မှုတခုကို ဖြစ်ခဲ့ပြီး တကယ်ပဲ အမင်္ဂလာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုဒီနှစ်မွေးနေ့ကတော့ အကုသိုလ်အပေါင်း အမင်္ဂလာအပေါင်းကို အဆုံးသတ်တဲ့နေ့ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

မွေးနေ့ဆိုတာ လူတယောက်ရဲ့ တသက်မှာ တနေ့တည်းသာ ရှိတဲ့အတွက် အမှတ်တမဲ့ ဖြတ်သွားတာမျိုး အလေးအနက်မထားတာမျိုး မဖြစ်သင့်သလို မင်္ဂလာရှိတဲ့ နေ့ရက်ကို အကုသိုလ် ဖြစ်စေတဲ့ အရက်သေစာတွေနဲ့ မဖြတ်သန်းသင့်တာလည်း အမှန်ပဲ။ ဒီနှစ် မွေးနေ့ကစပြီး မင်္ဂလာရှိသော မွေးနေ့ဖြစ်ပြီး ဘ၀မှာ ရင်ဆိုင်လာရတဲ့ အခက်အခဲနဲ့ လောကဓံတရား မှန်သမျှကို ခံနိုင်ရည်ရှိပြီး အလိုရှိအပ်တောင်းတပ်အပ် ရည်မှန်းအပ်သော ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝအောင်မြင်ပြီး မကောင်းမှုတွေကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးနဲ့ ရှောင်နိုင်ပါစေ။ မွေးနေ့အနှစ်တရာတိုင်အောင် ကျန်းမာ၊ ချမ်းသာ အကုသိုလ်ကင်းစွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ မာကြာခင် မိနှစ်ပိုင်းအတွင်း ကျရောက်လာမည့် မွေးနေ့ရှင်အတွက် ဆုတောင်းပေးလိုက်ပါတယ်။

မွေးနေ့မင်္ဂလာ အနှစ်တရာ တိုင်စေသော်

ချစ်ခြင်းမေတ္တာနှင့် အကြင်နာတရား ပြည့်ဝစွာဖြင့်

12 comments:

Ah ko Kyaw Naing


Happy birthday to you.

အန်ကယ်ကျော်နိုင်

အန်ကယ့်အတွက် ပျော်ရွှင်စရာ မွေးနေ့ သမယလေး ဖြစ်ပါစေ။

ကြည်နူးစရာ မွေးနေ့ပေါင်းများစွာ ထပ်မံ ဖြတ်သန်းနိုင်ပါစေ။

ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ထာဝရ ပိုင်ဆိုင်ပါစေ လို့ ကိုကျော်နိုင် မွေးနေ့ မှာ ဆုမွန်ကောင်း တောင်းပေးပါတယ်..

ဒေါင်းသွေး

Happy birthday ပါ.. အစ်ကို

Ko Kyaw Naing


With your support, understanding and spirit of democracy,
Ma Nge can educate our people oppressed by the military.
I am glad Ma Nge Naing found a consort like you,
You are her soul mate - pure and true.


Happy birthday, Ko Kyaw Naing.


Thein Naing
8-12-2011

၄၀ ကျော်မှသည် ၁၀ဝ မြောက် မွေးနေ့အထိ မင်္ဂလာမွေးနေ့လေးတွေ ကြုံရပါစေလို့

ကိုကျော်နိုင်ရဲ့ မွေးနေ့အချိန်အခါမှာ ဆုတောင်းပေးပါတယ်ဗျာ။

ဂရမ်မာကြာရွက်

အန်ကယ်ကျော်နိုင်ရဲ့ မွေးနေ့ရက်သတ္တပတ်မှာ အန်တီငယ်နိုင်တို့မိသားစု ပျော်ရွှင်ပါစေဗျာ.. အန်ကယ်ကျော်နိုင် နဲ့ အန်တီငယ်နိုင်တို့မိသားစု တည်ငြိမ်အေးချမ်းသာယာတဲ့ မိသားစုအဖြစ် ရာသက်ပန် ရပ်တည်သွားနိုင်ပါစေဗျာ..

မွေးနေ့ ဆုတောင်း ပေးလာသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဆုတောင်းပေးသူတွေရဲ့ မေတ္တာကြောင့် ဆုတောင်းပြည့်မယ်လို့ မျှော်လင့်ပါတယ်။


ဒီပို့စ်တင်မှ ပျောက်နေတဲ့သူတွေ ပြန်ပေါ်လာတာ တွေ့လို့လည်း တကယ်ပဲ ၀မ်းသာမဆုံး ဖြစ်ရပါတယ်။ ကျွန်မ ဘလော့ဂ်ကို ကျွန်မ မ၀င်ဖြစ် ပို့စ်အသစ် မတင်ဖြစ်တာတောင် google မှာ ဘလော့ဂ် Link ရှာပြီး လာလည်နေကြသူတွေ ရှိနေလို့ အားလံးကိုလည်း ကျေးဇူးတင်ကြောင်း တလက်စတည်း ပြောပါရစေ။ မြန်မာပြည်က လာလည်သူတွေလည်း အတော်များတော့ အားရင်အားသလို ပို့စ်အသစ်တင်ဖြစ်အောင် ကြိုးစားမယ်လို့ စဉ်းစားထားပါတယ်။ တကယ်တော့ ဘလော့ဂ်ရေးတာ ၀ါသနာအရပါ၊ မိသားစုအတွက် ပေးရမည့် အချိန်ကို ဘလော့ဂ်အတွေ့ ပေးလိုက်ရတယ်။ ရတဲ့ရလဒ်က စေတနာရဲ့ ပီတိသာ ဖြစ်တယ်။ ဒါကို ဒေါ်လာစား ၀ါဒဖြန့်ထားလို့ ပိုက်ဆံရတယ်လို့ ထင်နေတဲ့သူတွေကလည်း ရှိသေးတယ်။

ကိုသိန်းနိုင်က ၃၀၃ က သိန်းနိုင်လား။ သူက ကိုသိန်းနိုင် ထင်သလောက်လည်း မဟုတ်ပါဘူး။ ကျွန်မ ဘာရေးရေး မင်းအမေ ဘာဂါ (blogger)အလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုတော့မယ်ထင်တယ် ဆိုပြီး သူများက ပိုက်ဆံရတယ် ထင်တာကို အကြောင်းပြုပြီး အမြဲကဲ့ရဲ့နေတာ၊ အခုလည်း မအားတဲ့ကြားက သူ့မွေးနေ့ အမှတ်တရ ရေးပေးတာကို ကျေးဇူးတင်ရမည့်အစား အပိုတွေလျှောက် လုပ်နေတယ်တဲ့။ အဲဒါသာ ကြည့်တော့။

Ha ha ha ha

Okay, I'll make some corrections in my poem for Ko Kyaw Naing.

Ko Kyaw Naing


Despite the lack of support and your mockery,
Ma Nge educates those who don't know the true history.
Though her good deed consumes family time - it's true,
Please support her, which a true soul mate should do.


Thein Naing
8-12-2011

အစ်မငယ်နိုင်ရေ...

(( မိသားစုအတွက် ပေးရမယ့် အချိန်ကို ဘလော့အတွက် ပေးလိုက်ရတယ် )) လို့ အစ်မ ရေးထားသလိုပဲ တော်ရုံတန်ရုံ ဝါသနာ၊ စေတနာ၊ အားထုတ်မှု နဲ့ ဘလော့တခုကို ရေရှည် ရှင်သန်နေအောင် လုပ်ဖို့ မလွယ်တာ ဘလော့ မရေးဖူးတဲ့ လူတွေတောင် မှန်းဆလို့ ရပါတယ်..

ဘလော့ရေးတာ ဝါသနာ မပါတဲ့ အစ်ကိုကျော်နိုင်က ထမင်းမေ့ဟင်းမေ့ ဘလော့ရေးတဲ့ အစ်မငယ်နိုင်ကို အမြင်မကြည်တဲ့ကြားက၊ ကဲ့ရဲ့တဲ့ကြားက စာဖတ်သူတွေ သိသင့်တဲ့ အကြောင်းအရာမျိုးစုံကို ကြိုးစားပြီး တင်ပြပေးနေတဲ့ အစ်မကို လေးစားပါတယ်..



အစ်ကိုကျော်နိုင်ရေ...

အစ်မငယ်နိုင်ကို ပါရမီဖြည့်တဲ့အနေနဲ့ အစ်မရဲ့ ဘလော့ရေးတဲ့ ဝါသနာကို အားပေးပါခင်ဗျာ..

(အစ်ကိုက အားမပေးလဲ အစ်မကတော့ ရေးမှာပဲလေ.. :D .. ဟုတ်တယ်နော်.. အစ်မ.. ? :D )

အစ်ကိုလဲ မွေးနေ့ချိန်ခါမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်ပါစေဗျာ..

အစ်ကိုနဲ့ အစ်မတို့ မိသားစု ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ စိတ်သွားတိုင်း ကိုယ်ပါပြီး လိုရာဆန္ဒတွေ ပြည့်ဝကြပါစေဗျာ..

အစ်ကိုကျော်နိုင်
နဲ့ အစ်မငယ်နိုင်

အစ်ကို နဲ့ အစ်မ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းစွာ ရှိကြပါစေ
အစ်ကို နဲ့ အစ်မ မြင်ချင်တွေ့ချင်တဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဇာတ်သိမ်းခန်းကို မဝေးလှတဲ့ အနာဂတ်မှာ မြင်တွေ့ရပါစေ
အစ်ကို နဲ့ အစ်မ မြင်ချင်တွေ့ချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အပြည့်အဝ ထွန်းကားတဲ့ ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းလာတာကို မဝေးလှတဲ့ အနာဂတ်မှာ မြင်တွေ့ရပါစေ
အစ်ကို နဲ့ အစ်မ မျှော်မှန်းတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဒီမိုကရေစီ မြန်မာနိုင်ငံတော် အသစ်ကြီး ပေါ်ထွန်းဖို့ နဲ့ တည်တန့်တိုးတက်ဖို့ အုတ်တချပ်သဲတပွင့် အဖြစ် ပါဝင်လုပ်ဆောင်နိုင်ခွင့် ရကြပါစေ
လို့ အစ်ကိုရဲ့ မွေးနေ့ အခါသမယမှာ ဆုမွန်ကောင်း တောင်းပေးပါတယ်။

တာရာ