မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ပြည်ထောင်စုသီချင်း (မာမာအေးနှင့် ဆစ်ဒနီမှ အဆိုဝါသနာရှင်များ)

ဒီနှစ် ပြည်ထောင်စုနေ့ အမှတ်တရပို့စ်အဖြစ် သီးသန့်ပို့စ်ရေးချိန်မရလို့ ပြီးခဲ့တဲ့ နှစ်က ဆစ်ဒနီ မြန်မာ့ယဉ်ကျေးမှုပြပွဲမှာ ဒေါ်မာမာအေး ဦးဆောင်ပြီး သီဆိုထားတဲ့ ပြည်ထောင်စု သီချင်းကိုပဲ တင်ပေးလိုက်ပါတယ်။ အဆိုတော် ဒေါ်မာမာအေးက အဲဒီတုန်းက ယဉ်ကျေးမှု ပွဲတော်အတွက် အမေရိကနေ ရောက်လာတာဖြစ်ပြီး ဒီသီချင်းက သူငယ်ငယ်က တခြားအထင်ကရ အဆိုတော်ကြီးတွေနဲ့ သီဆိုလာခဲ့တဲ့ သီချင်းပါ။ စန္ဒရားလှထွဋ်က ရေးစပ်ခဲ့တယ်လို့ သိရပြီး လွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်က အဲဒီတုန်းက အထင်ရှားဆုံး တက်သစ်စ နိုင်ငံကျော် အဆိုတော်တွေဖြစ်ကြတဲ့ အမျိုးသမီး အဆိုတော် မာမာအေး၊ အေ၀မ်းတင်တင်လှ နဲ့ အမျိုးသားအဆိုတော် မောင်မောင်ကြီးနဲ့ သန်းဖေလေးတို့ လေးယောက် သီဆိုခဲ့ပါတယ်။ ကျွန်မငယ်ငယ်က မြန်မာ့အသံက ရေဒီယိုမှာ အမြဲကြားဖူးပါတယ်။ ဒီပွဲတော်မှာတော့ ဒေါ်မာမာအေးကလွဲရင် ကျန်တဲ့သုံးယောက်နေရာမှာတော့ ဆစ်ဒနီရောက် အဆိုဝါသနာရှင်တွေနဲ့ အစားထိုးထားပါတယ်။ မောင်မောင်ကြီးနေရာမှာ ဆိုထားတဲ့ ညာဘက်အစွန်က တယောက်ကိုတော့ ဘလော့ဂ်မိတ်ဆွေတွေ ဒါမှမဟုတ် ဘလော့ဂါမဟုတ်ပေမဲ့ ကျွန်မဘလော့ဂ်ကို လာလည်နေကျ စာဖတ်သူတွေဆိုရင်တော့ ဘယ်သူလဲဆိုတာ သိမှာ သေချာပါတယ်။




ပြည်ထောင်စုစိတ်ဓာတ်နဲ့အတူ တိုင်းရင်းသားအားလုံး တန်းတူညီမျှပြီး ထာဝရငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပါစေလို့ ဒီနေ့ပြည်ထောင်စုနေ့မှာ ဆန္ဒပြုဆုတောင်းလိုက်ပါတယ်။

60 comments:

ဒီနေ့အတွက် ဒီသီချင်းလေး နားထောင်ရတာ ကျေးဇူးတင်ပါတယ် မငယ်... နားထောင်ပြီးတော့ ဝမ်းနည်းသလိုပဲ ခံစားရတယ်...

မဝေးလှတဲ့ အနာဂတ်မှာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်၊ အရပ်သားအယောင်ဆောင် စစ်ဗိုလ်နိုင်ငံရေးစနစ်၊ စစ်ဗိုလ်နဲ့ ခရိုနီ လက်ပါးကြီးအုပ် စီးပွားရေးစနစ် အကြွင်းမဲ့ အဆုံးသတ်ပါစေ။

ပြည်သူတွေကို တကယ် ကိုယ်စားပြုတဲ့ အရပ်သားအစိုးရစစ်စစ် ပေါ်ထွန်းလာပါစေ။

ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အပါအဝင် မြန်မာတိုင်းရင်းသားမျိုးနွယ်စုများ အားလုံး တန်းတူ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး တွေကို စာရွက်ပေါ်မှာ ရေးထားရုံသက်သက် မဟုတ်ဘဲ လက်တွေ့မှာ တကယ် အပြည့်အဝ ရတဲ့ ဒီမိုကရေစီ ပြည်ထောင်စု စစ်စစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ပါစေ။

ဒီမိုကရေစီ ပြည်ထောင်စု စစ်စစ်ကို အဓွန့်ရှည် တည်တန့်အောင် တိုင်းရင်းသားမျိုးနွယ်စုများ အားလုံး စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာကွယ်နိုင်ပါစေ။

ခွပ်ဒေါင်းဇာနည်
ပြည်ထောင်စုနေ့၊ ၂ဝ၁၂

၁၉၉၂ ခုနှစ်၊ ပြည်ထောင်စုနေ့ (လွန်ခဲ့တဲ့ နှစ် ၂ဝ တိတိ) ညနေ ၄ နာရီမှာ ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ၊ ABSDF မြောက်ပိုင်း နယ်မြေ၊ အာသံကုန်း (လူသတ်ကုန်း) မှာ မင်းမဲ့ဝါဒီ လူရမ်းကား တစုရဲ့ ယုတ်မာစွာ အကွက်ဆင်ပြီး ထောက်လှမ်းရေးလို့ မဟုတ်မမှန် စွပ်စွဲပြီး ဥပဒေမဲ့ အသတ်ခံခဲ့ရတဲ့ ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအဝင် အေဘီမြောက်ပိုင်း ရဲဘော် ၁၅ ဦး ရဲ့ ဝိညာဉ်တွေ အေးချမ်းပါစေ။

၁၂-၂-၁၉၉၂ ရက်နေ့ လူသတ်ပွဲမှာ အစုအပြုံလိုက် အသတ်ခံခဲ့ရတဲ့ ရဲဘော် ၁၅ ဦးအပြင် တခြားရက်တွေမှာ အသတ်ခံရတဲ့၊ စစ်ကြောရေးလုပ်စဉ် လူမဆန်အောင် နှိပ်စက်မှုတွေကြောင့် ကျဆုံးရတဲ့ ABSDF ရဲဘော် ၂၃ ဦး ရဲ့ ဝိညာဉ်တွေ အေးချမ်းပါစေ။

အေဘီ မြောက်ပိုင်း က ရော်နယ်အောင်နိုင် အပါအဝင် မင်းမဲ့ဝါဒီ လူရမ်းကား တစုရဲ့ အာဏာအလွဲသုံးစားလုပ်ပြီး ကမ်းကုန်အောင် ရက်စက် လူမဆန်စွာ နှိပ်စက် သတ်ဖြတ်မှုတွေကြောင့် ကျဆုံးသွားတဲ့ ABSDF မြောက်ပိုင်း ရဲဘော် စုစုပေါင်း ၃၈ ဦး ကောင်းရာသုဂတိ လားပါစေ။

ABSDF မြောက်ပိုင်း လူအစုအပြုံလိုက် သတ်ပွဲမှာ ဦးဆောင် ကြီးကြပ်ခဲ့တဲ့ သံချောင်း (သာယာဝတီထောင်မှာ ထောင်ကျနေဆဲ)၊ မျိုးဝင်း (စစ်အစိုးရတပ်နဲ့ တိုက်ပွဲမှာ ကျဆုံး)၊ အောင်နိုင် (ရော်နယ်အောင်နိုင်) (ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လခကောင်းတဲ့ ဂျာနယ်လစ်အလုပ် ဆက်လုပ်နေဆဲ) နဲ့ ကိုယ်တိုင်ကိုယ်ကျ ကာယကံမြောက် ခေါင်းဖြတ်ပြီး သတ်ခဲ့ကြတဲ့ လဆိုင်း (လှဆိုင်) (လှဆောင်) (မကြာမီက အသစ် ပြန်ဖွဲ့စည်းတဲ့ လက်ရှိ ABSDF မြောက်ပိုင်းမှာ ခေါင်းဆောင်နေရာ ရထားဆဲ)၊ သန်းဇော် အပါအဝင် လူသတ်သမားတစုကြောင့် စစ်အာဏာရှင်တော်လှန်ရေး ခရီး လမ်းခုလတ်မှာ ကျဆုံးသွားရတဲ့ ABSDF ရဲဘော် ၃၈ ဦးရဲ့ လူသတ်မှု အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ပါစေ။

ထောက်လှမ်းရေး လို့ မမှန်မကန် စွပ်စွဲခံခဲ့ရပြီး ဥပဒေမဲ့ သတ်ဖြတ်ခံရတာတွေကြောင့်ရော၊ လူမဆန်အောင် နှိပ်စက်ခံရတာတွေကြောင့်ပါ ကျဆုံးသွားရတဲ့ ABSDF (ကချင်) က ရဲဘော် ၃၈ ဦးရဲ့ ဂုဏ်သိက္ခာ ကို ပြန်လည် မြှင့်တင်ပေးနိုင်ရန် ဒီ အေဘီ မြောက်ပိုင်း လူသတ်မှု ၃၈ မှု နဲ့ လူမဆန်အောင် နှိပ်စက်မှု ၁၀ဝ ကျော် ရဲ့ အဖြစ်အပျက် အပြည့်အစုံကို အမှန်အတိုင်း မှတ်တမ်းတင်နိုင်ခွင့် ရပါစေ။

အနာဂတ် မြန်မာ့သမိုင်းမှာ ၁၉၉၂ ခုနှစ်၊ ပြည်ထောင်စုနေ့ ABSDF ကချင် လူသတ်ပွဲ လို အကျည်းတန်လှတဲ့ အဖြစ်အပျက်မျိုးတွေ ထပ်မံ မပေါ်ပေါက်စေရန် နောင်လာနောက်သားတွေ သင်ခန်းစာ ယူနိုင်ကြပါစေ။

ခွပ်ဒေါင်းဇာနည်
ပြည်ထောင်စုနေ့၊ ၂ဝ၁၂

-
(1) ၁၂-၂-၁၉၉၂ ရက်နေ့ (ပြည်ထောင်စုနေ့) မှာ ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ၊ ABSDF မြောက်ပိုင်း နယ်မြေမှာ ဥပဒေမဲ့ အစုအပြုံလိုက် သတ်ဖြတ်ခံရတာကြောင့် ကျဆုံးသွားတဲ့ ABSDF မြောက်ပိုင်း တပ်ဖွဲ့ဝင် ၁၅ ဦး

(2) ၁၂-၂-၁၉၉၂ ရက်နေ့ (ပြည်ထောင်စုနေ့) မတိုင်မီ ကချင်ပြည်နယ်မှာ ဥပဒေမဲ့ သတ်ဖြတ်ခံရတာတွေကြောင့်ရော၊ လူမဆန်အောင် နှိပ်စက်ခံရတာတွေကြောင့်ပါ ကျဆုံးသွားတဲ့ ABSDF မြောက်ပိုင်း တပ်ဖွဲ့ဝင် ၁၆ ဦး

(3) ၁၂-၂-၁၉၉၂ ရက်နေ့ (ပြည်ထောင်စုနေ့) နောက်ပိုင်း ကချင်ပြည်နယ်မှာ ဥပဒေမဲ့ သတ်ဖြတ်ခံရတာတွေကြောင့်ရော၊ လူမဆန်အောင် နှိပ်စက်ခံရတာတွေကြောင့်ပါ ကျဆုံးသွားတဲ့ ABSDF မြောက်ပိုင်း တပ်ဖွဲ့ဝင် ၇ ဦး

ကချင်ပြည်နယ်မှာ ရော်နယ်အောင်နိုင် အပါအဝင် မင်းမဲ့ဝါဒီတစုရဲ့ ဥပဒေမဲ့ သတ်ဖြတ်ခံရတာတွေကြောင့်ရော၊ လူမဆန်အောင် နှိပ်စက်ခံရတာတွေကြောင့်ပါ ကျဆုံးသွားတဲ့ ABSDF မြောက်ပိုင်း တပ်ဖွဲ့ဝင် စုစုပေါင်း ၃၈ ဦး

-
၁၂-၂-၁၉၉၂ ရက်နေ့ (ပြည်ထောင်စုနေ့) မှာ ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ၊ ABSDF မြောက်ပိုင်း နယ်မြေမှာ ဥပဒေမဲ့ အစုအပြုံလိုက် သတ်ဖြတ်ခံရတာကြောင့် ကျဆုံးသွားတဲ့ ABSDF မြောက်ပိုင်း တပ်ဖွဲ့ဝင် ၁၅ ဦး

(၁) ကိုထွန်းအောင်ကျော် (မန္တလေး) - ဥက္ကဋ္ဌ၊ မကဒတ (မြောက်ပိုင်း)
(၂) ကိုချိုကြီး (မန္တလေး) - လူသစ်
(၃) ကိုရန်အောင် (မန္တလေး) - တပ်သား
(၄) ကိုလှမြင့် (ခေါ်) ကိုဇော်ရဲသွေး (တပ်ကုန်း) - တပ်သား
(၅) ဒုဗိုလ်သာဓု (ရန်ကုန်) - တပ်ခွဲမှုး
(၆) ကိုမောင်မောင်ကြွယ် (ရန်ကုန်) - သတင်းပြန်ကြား
(၇) မခင်ချိုဦး (ရန်ကုန်) - ရဲမေ
(၈) ကိုအောင်ဖိုး (ခေါ်) ကိုအေးသက်လတ် (ရန်ကုန် - တာမွေ) - တပ်သား
(၉) ကိုသက်နိုင် (ရန်ကုန် - မင်္ဂလာဒုံ) - ဒုတပ်ကြပ်
(၁၀) ကိုဌေးမြင့်ဝင်း (ရန်ကုန်) - တပ်ကြပ်
(၁၁) ဦးသောင်းမြင့် (တန့်ဆည်) - တပ်သား
(၁၂) ကိုမောင်မောင် (ကသာ) - ကမဒ တပ်သား
(၁၃) ကိုအေးမြင့် (ကသာ) - ကမဒ တပ်သား
(၁၄) ကိုတူးတူး (မြစ်ကြီးနား) - တပ်ကြပ်ကြီး၊ ခရိုင်မှုးဟောင်း
(၁၅) ကိုကျော်ကျော်မင်း (ထန်းတပင်၊ ဇီးကုန်း) - တပ်သား

-
၁၂-၂-၁၉၉၂ ရက်နေ့ (ပြည်ထောင်စုနေ့) မတိုင်မီ ကချင်ပြည်နယ်မှာ ဥပဒေမဲ့ သတ်ဖြတ်ခံရတာတွေကြောင့်ရော၊ လူမဆန်အောင် နှိပ်စက်ခံရတာတွေကြောင့်ပါ ကျဆုံးသွားတဲ့ ABSDF မြောက်ပိုင်း တပ်ဖွဲ့ဝင် ၁၆ ဦး

(၁၆) ကိုမြတ်ကိုကို (မြင်းခြံ) - လူသစ်
(၁၇) ကိုလွှမ်းမိုး - (မိုးကောင်း) - ဦးစီးမှုး၊ မကဒတ (ကချင်)
(၁၈) ကိုအောင်ကျော် (ရန်ကုန်) - တပ်သား
(၁၉) ကိုစိုးမင်းအောင် (မန္တလေး) - တပ်သား
(၂၀) ဦးအောင်ကိုး (ဗန်းမော်) - တပ်ကြပ်ကြီး
(၂၁) ကိုဝင်းနောင် (ရန်ကုန်) - သင်တန်းဆရာ
(၂၂) ကိုကျော်ဌေး (မန္တလေး) - တပ်သား
(၂၃) ကိုရာကွတ်ဘိုင် (ယင်ကျန်း) - အရပ်သား
(၂၄) ကိုခင်မောင်စိုး (ခေါ်) ကိုစိုးကြီး (အင်းတော်) - ဥက္ကဋ္ဌ၏ ကိုယ်ရေးလက်ထောက်
(၂၅) ကိုပြည့်စိုးနိုင် (ခေါ်) ကိုပြည့် (ရန်ကုန်) - ရိက္ခာတာဝန်ခံ
(၂၆) ကိုဇော်ဝင်းချစ် (ဗန်းမော်) - - တပ်ကြပ်ကြီး၊ ခရိုင်မှုးဟောင်း
(၂၇) ကိုတင်မောင်အေး (ခေါ်) ကိုအားဆိုက် (ကသာ) - ဗဟိုကော်မီတီဝင်၊ မကဒတ (မြောက်ပိုင်း)
(၂၈) ဦးစိန် (ရန်ကုန်) - ဗဟိုကော်မီတီဝင်၊ မကဒတ (မြောက်ပိုင်း)
(၂၉) ကိုဝင်းသိန်း (ခေါ်) ကိုအရှည်ကြီး (ဝန်းသို) - တပ်သား
(၃၀) ကိုအောင်မင်း (ခေါ်) ကိုထိန်လင်း (မန္တလေး) - တပ်သား
(၃၁) ကိုကျော်ဝေ (မန္တလေး) - တပ်သား

-
၁၂-၂-၁၉၉၂ ရက်နေ့ (ပြည်ထောင်စုနေ့) နောက်ပိုင်း ကချင်ပြည်နယ်မှာ ဥပဒေမဲ့ သတ်ဖြတ်ခံရတာတွေကြောင့်ရော၊ လူမဆန်အောင် နှိပ်စက်ခံရတာတွေကြောင့်ပါ ကျဆုံးသွားတဲ့ ABSDF မြောက်ပိုင်း တပ်ဖွဲ့ဝင် ၇ ဦး

(၃၂) ကိုစိုးဝင်းသန်း (မန္တလေး) - တပ်သား
(၃၃) ဦးကျော်ကျော်အုန်း (တန့်ဆည်) - ဗဟိုကော်မီတီဝင်၊ မကဒတ (မြောက်ပိုင်း)
(၃၄) ကိုအေးကျော် (မန္တလေး) - တပ်သား
(၃၅) ကိုရန်ရှင်း (မြင်းခြံ) - စည်းရုံးရေးမှုး
(၃၆) ကိုတင့်လွင် (မြစ်ကြီးနား) - တပ်သား
(၃၇) ကိုအောင်မြင့်ထွန်း (ခေါ်) ကိုအပါသွတ် - တပ်သား
(၃၈) ကိုကျော်ကျော်ဦး (ကသာ) - တပ်သား


ကချင်ပြည်နယ်မှာ ရော်နယ်အောင်နိုင် အပါအဝင် မင်းမဲ့ဝါဒီတစုရဲ့ လက်ချက်နဲ့ ကျဆုံးသွားတဲ့ ABSDF မြောက်ပိုင်း တပ်ဖွဲ့ဝင် စုစုပေါင်း ၃၈ ဦး

(
ခေါင်းစဉ်ကို click လုပ်ပြီး ABSDF မြောက်ပိုင်းက လူသတ်ကောင် ရော်နယ်အောင်နိုင် နဲ့ အပေါင်းပါ အာဏာရူးတစုက သတ်ပစ်လိုက်တဲ့ ကိုထွန်းအောင်ကျော် (ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ) ရဲ့ ဓါတ်ပုံကို ကြည့်နိုင်ပါတယ်။)


အချိန်မတန်ခင် လွင့်ပျောက်ခဲ့ရတဲ့ ခွပ်ဒေါင်းကြယ်ပွင့်

စစ်အစိုးရက လွှတ်ထားတဲ့ ထောက်လှမ်းရေးလို့ မမှန်မကန် စွပ်စွဲခံရပြီး လူမဆန်စွာ နှိပ်စက်ခံရပြီး ၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ကချင်ပြည်နယ်၊ ပါဂျောင် ABSDF (မြောက်ပိုင်း) မှာ ခေါင်းဖြတ် အသတ်ခံရသူ

ကိုထွန်းအောင်ကျော် (မန္တလေး)
ကျောင်းသားတပ်မတော် (ABSDF) မြောက်ပိုင်း ဥက္ကဋ္ဌ
အထက်ဗမာပြည် ဗကသ ဥက္ကဋ္ဌဟောင်း (၁၉၈၈-၉၀)


Ko Ko Gyi - Who is he ?

Khin Maung Htway - ကိုထွန်းအောင်ကျော် (AB မြောက်ပိုင်း) ကချင်နယ်မြေမှာ အသတ်ခံလိုက်တဲ့ ခေါင်းဆောင်ကောင်း တစ်ဦးပါ။ လူခြင်းတော့ မရင်းနှီးပါ သူအကြောင်းတွေ ကြားဘူးရင်း နဲ့ လေးစားမိသူတစ်ဦးပေါ့

Maungmaung Skw - အိမ်မှာ အမြဲလာတတ်တဲ့- အိမ်မှာ ဖိုးညီနဲ့ အစည်းအဝေးတွေ အမြဲ လာလုပ်တတ်တဲ့ သူ----- ဒေါက်တာသန်းအောင်နဲ့ ဒေါက်တာရှီလာစန်းစန်းမြင့် တို့ရဲ့သား- ရော်နယ်အောင်နိုင် တို့အဖွဲ့က ဒေါက်တာနိုင်အောင်ရဲ့ သဘောတူ ခွင့်ပြုချက်နဲ့ ခေါင်းဖြတ် အသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် စစ်စစ် ထွန်းအောင်ကျော် လေ--------

Maungmaung Skw - Sorry- ဒေါသတကြီး ရေးလိုက်လို့ သဒ္ဒါ မှားသွားတယ်- ဒေါက်တာတွေရဲ့သား လူသတ်သမား က ရော်နယ်အောင်နိုင်---

Moe Sal - ခု.. သတင်းတခု.. ရထားပါတယ် မခင်မင်းဇော်ဆီကပါ ခု အေဘီမြောက်ပိုင်းကို ဦးစီးပြီး ပြန်ဖွင့်တဲ့ လှဆောင် ဟာ.. ကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ ဦးစီး လူသတ်သမားအဖွဲ့ကပါ။ ဟိုတလောက မြောက်ပိုင်းမှာ ဌါနချုပ် ပြန်ဖွင့်ခဲ့ပါတယ်။...

Maungmaung Skw - လူသတ်ပွဲထဲမှာ ဝါသနာပါရာ အခန်းက ပါခဲ့ကြတဲ့ကောင်တွေ ဒီလိုဘဲ ရပ်တည်စရာ ရှာနေရမှာ ပေါ့- KIA - KIO တို့က အရင်လို အဖြစ်မျိုး ထပ်မဖြစ်ရအောင် ထိမ်းချုပ်ဖို့တော့ လိုလိမ့်မယ်။

Maungmaung Skw -
ABSDF (NB) ဖြစ်မြောက်ရေး လုပ်ခဲ့ကြတဲ့- အပတ်စဉ် ၅ ဆင်း ဖြစ်ခဲ့ပြီး- ကျွန်တော့်ကို တောထဲ သွားဖြစ်အောင်- ABSDF သွေးသမိုင်း- ရေးဖြစ်အောင် လုပ်ခဲ့တဲ့သူ- လက်ရှိ " ဖေဖဝါရီ ၁၂ ရက်နေ့ မြောက်ပိုင်း AB နဲ့ ကိုထွန်းအောင်ကျော်နေ့" စီစဉ်နေသူ- ညီညီကျော် တစ်ယောက် ပျောက်ချက်သားကောင်းပြီး အသံတိတ်နေတယ်- အားလုံး သတိထားနေကြပါ။

Hay Shan - ကဒ်ချိုးလိုက်လို့ ပျောက်သွားတာနဲ့ တူတယ်ဗျ

Aung Khin Myint ‎- ဒေါက်တာသန်းအောင်နဲ့ ဒေါက်တာရှီလာစန်းစန်းမြင့်က ကိုထွန်းအောင်ကျော်ရဲ့ မိဘနှစ်ပါးလား ခင်ဗျာ ...

Kyaw Gyi AB - ရော်နယ်အောင်နိုင်ရဲ့ မိဘပါ

Aung Khin Myint - ဟုတ် ကျေးဇူး အကို ...

Hmone Shwe Yi ‎- ဒီပုံ ကြည်.ရတာ ငိုချင်တယ်ဗျာ

ကျွန်မ ဘလော့ဂ်မှာ သူများအကြောင်း အခြေအမြစ်မရှိ ပြောပြီး ရေးထာတတွေကို လက်ခံမှာ မဟုတ်တဲ့အတွက် ကိုအောင်မိုးဝင်းအကြောင်း အထောက်အထားမရှိ ရေးထားတဲ့ မှတ်ချက်ကို ဖျက်လိုက်ပါတယ်။

°
ကိုထွန်းအောင်ကျော်ကိုတော့ သံချောင်းကို မီးဖုတ်ပြီး ဒူးခေါင်းကို ထိုးတဲ့အတွက် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါ။ သို့နှင့် အားမရသေးဘဲ အဆိပ်နဲ့ ဆက်သွယ်ရေးစက် တောင်းပြန်ပါသည် ကိုထွန်းအောင်ကျော်က ကျနော့်မှာ မရှိဘူး လို့ပြောတော့ မရဘူး။ ကိုထွန်းအောင်ကျော်က အချိန်ဆွဲပြီး သူ န၀တ သူလျှိုမဟုတ်ဘူး ဆိုတာကို KIA နားလည်အောင် ကျိုးစားပေမယ့် KIA က မကာကွယ်ဘဲ မသိယောင်ဆောင်နေခဲ့ပါသည်။

ကိုထွန်းအောင်ကျော်ကို နှိပ်စက်ပုံမှာ ကိုထွန်းအောင်ကျော် လမ်းနည်းနည်း လျှောက်နိုင်မှန်း သိတော့ လှေခါးက ၀ါးတွေကို ပြောင်းပြန် လုပ်ထားသည်။ အဲဒီအပေါ်ကို ဖင်ဒရွတ်ဆွဲပြီး တက်နေတဲ့ ကိုထွန်းအောင်ကျော်ကို ကန်ချလိုက်တော့ ဒလိန့်ခေါက်ခွေး ကျသွားပါသည်။

ဝါးငုတ်တွေပေါ် ကျတဲ့ ဒဏ်ရာကြောင့် အိပ်ယာပေါ်က မထနိုင်တော့ပါ။ သူ့ညီရဲ့လက်ကောက်ဝတ်ကို ဖြတ်ပြီး ပါးစပ်ထဲမှာကိုက်ခိုင်းထား၏။ ကျနော် ငိုချင်လာတဲ့အထိ ရင်ထဲမှာ ထိခိုက်စွာ ခံစားရပါသည်။ အားလုံး မြင်နေရပေမယ့် ကိုယ်တိုင်လည်း အနှိပ်စက်ခံနေရကြရာမို့ တယောက်ကိုတယောက် မကယ်နိုင်ကြပါပေ။

နောက်ဆုံးမှာ ကိုထွန်းအောင်ကျော်က "အဖမ်းခံထားရတဲ့ ရဲဘော်အားလုံးက ထောက်လှမ်းရေး မဟုတ်ပါဘူး၊ ကျနော် တယောက်တည်းသာ ထောက်လှမ်းရေး ဖြစ်တယ်" လို့ ပြောပြီး အသက်ပေးသွားပါသည်။ မျိုးဝင်းကိုယ်တိုင် ကိုထွန်းအောင်ကျော်ကို ဒါးနဲ့ ခုတ်သတ်လိုက်တာပါ။
ကိုထွန်းအောင်ကျော်ကို အလွန်လေးစားမိပါသည်။ ကျနော် မသေသေးသမျှ အမှန်တရားတွေကို ဖော်ထုတ်ပါမည်ဟု သံဓိဌာန်ချထားပါသည်။


(ကျောင်းသားတပ်မတော် (မြောက်ပိုင်းဒေသ) မှာ သူလျှိုအဖြစ် စွပ်စွဲခံရပြီး ညှင်းပမ်းနှိပ်စက်ခြင်း ခံနေရာမှ ထွက်ပြေးလွတ်မြောက်လာသူ မျက်မြင်သက်သေ တဦး ဖြစ်တဲ့ ကိုထင်လင်းအောင်က ပေးပို့လာတဲ့ တင်ပြချက် "ထင်လင်းအောင် ၏ အစီရင်ခံစာ" (နိဂုံးအပိုင်း) ( http://8888newgenerations.blogspot.com/2012/01/blog-post_592.html ) မှ ကောက်နုတ်ချက်)

°
- သံပြားအား မီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊
- ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊
- သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊
- စိတ်ဓါတ်ပျက်ပြား ခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ် တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊
- ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊
- ခေါင်းဖြတ် သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

(ကိုအောင်မိုးဝင်း ရဲ့ "မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၁)" ( http://www.pyustate.com/2011/12/blog-post_21.html ) မှ ကောက်နုတ်ချက်)

(
ခေါင်းစဉ်ကို နှိပ်ပြီး ကိုထွန်းအောင်ကျော် ကျောင်းသားတပ်မတော်မှာ တာဝန် ထမ်းဆောင်စဉ်ကာလမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၆ ပုံ ကို ကြည့်နိုင်ပါတယ်။ )

ကျောင်းသားခေါင်းဆောင်စစ်စစ် ကိုထွန်းအောင်ကျော် (ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ) ဟာ ၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁၂) ရက် ပြည်ထောင်စုနေ့မှာ ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ ABSDF (မြောက်ပိုင်း) နယ်မြေ မှာ ခေါင်းဖြတ် အသတ်ခံရတဲ့ အပြစ်မဲ့ ကျောင်းသားတပ်မတော် ရဲဘော် ၁၅ ဦးထဲက တဦး ဖြစ်ပါတယ်။

ABSDF (မြောက်ပိုင်း) က အောင်နိုင် (ရော်နယ်အောင်နိုင်)၊ သံချောင်း၊ မျိုးဝင်း၊ လှဆောင် (လှဆိုင်)၊ သန်းဇော် တို့ အာဏာရူး အုပ်စုက ကိုထွန်းအောင်ကျော်ကို "စစ်အစိုးရက လွှတ်ထားတဲ့ ထောက်လှမ်းရေး" လို့ မမှန်မကန် စွပ်စွဲပြီး လူမဆန်စွာ နှိပ်စက်ပြီးမှ ခေါင်းဖြတ် သတ်လိုက်တာပါ။

အဲဒီလို တရားဝင် ကြေညာပြီး အသတ်ခံခဲ့ရတဲ့ ကျောင်းသားတပ်မတော်ရဲဘော် ၁၅ ဦး အပြင် မင်းမဲ့စရိုက်နဲ့ နှိပ်စက်ရင်း အသက်ဆုံးသွားရသူတွေ နဲ့ တရားဝင် မကြေညာဘဲ အသတ်ခံခဲ့ရတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေပါ ပေါင်းလိုက်ရင် အဲဒီတုန်းက ကျောင်းသား ၁၀ဝ ကျော် အဖမ်းခံရပြီး လူမဆန်အောင် နှိပ်စက်ခံခဲ့ရတဲ့ အထဲက စုစုပေါင်း ၃၈ ယောက် အသက်ဆုံးခဲ့ရပါတယ်။

>
အခုတလော မြောက်ပိုင်း ကျောင်းသားတပ်မတော် (ABSDF - NB) အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေကြောင့် အသက်ဆုံးခဲ့ရတဲ့ အပြစ်မဲ့ ကျောင်းသားတပ်မတော်ရဲဘော် ၃၀ ကျော်ရဲ့ အရိုးတွေ တွန်နေတယ်။

၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) မှာ ကချင် ပြည်နယ်၊ ပါဂျောင်ဒေသမှာ အေဘီ မြောက်ပိုင်းက အာဏာရူးတစု ကျူးလွန်ခဲ့တဲ့ လူအစုအပြုံလိုက် သတ်ပွဲကို ခွင့်လွှတ်နိုင်သူတွေက ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လို့ မရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အပျောက် မခံသင့်ဘူး။ အဲဒီ အကျည်းတန်တဲ့ အေဘီ မြောက်ပိုင်း ရာဇဝတ်မှုကြီးတွေကို အမှန်အတိုင်း သမိုင်းမှာ ရှိ ကျန်ရစ်ဖို့ လိုပါတယ်။ အရေးယူတာ၊ မယူတာက နောက် တပိုင်းပါ။


ထို့အတူ ဒီပဲယင်း အရေးအခင်း ဆိုတာလည်း အပြစ်မဲ့ ပြည်သူ ၁၀ဝ ကျော် လူမသိ သူမသိ၊ လူလိုသူလို မဟုတ်ဘဲ အသက်ပေးခဲ့ရတဲ့ အရေးအခင်းပါ။

၂၀ဝ၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ အနီးမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ဒီပဲယင်း လူအစုအပြုံလိုက် သတ်ပွဲကို ခွင့်လွှတ်နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်ချိန်ပြီး ခွင့်လွှတ်ဦးတော့ အဲဒီ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးရဲ့ သမိုင်းမှတ်တမ်း အမှန်အတိုင်း အပြည့်အစုံ ရှိသင့်တယ်။ နောက်လူတွေလည်း သိသင့်တယ်။


အခုဘဲကြည့်၊ ဘာမှ မကြာသေးတဲ့ နှစ် ကာလတွေ တုန်းက လုပ်သွားတဲ့ ညောင်နှစ်ပင်တောင် မသိသူတွေ ရှိနေပြီ။ "မအအောင်လို့ သမိုင်း သင်တာပါ" ဆိုတဲ့ ဒေါက်တာသန်းထွန်းရဲ့ စကားကို ပြန် အမှတ်ရကြပါ။

အောင်အောင်ဦး
ခင်ရတနာ (facebook) မှ

(Credit - Kanyawpo)

>
၁၅-၁-၂၀၁၂
Maung Maung Wann said...

၁၄-၁-၂၀၁၂ ရက်နေ့က သူငယ်ချင်း ပန်းချီထိန်လင်း က ဖုန်းဆက် ပြောလာတယ်... အရေးကြီးတဲ့ အချက်ပါ....

ကိုပေါ် ( မင်းကိုနိုင် ) ထောင်ထဲ မ၀င်ခင်က ပြောတယ်တဲ့... "ဒီမြောက်ပိုင်း ကိစ္စကို ရှင်းကို ရှင်းရမယ်... ထွန်းအောင်ကျော်ဟာ တို့လူ.... ထွန်းအောင်ကျော်ဟာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အစစ်" ... လို့ ပြောတယ်တဲ့....

ခု ကျနော်တို့ ရဲဘော်ကြီးတွေ ဖြစ်တဲ့ ကိုပေါ် ( မင်းကိုနိုင် ) တို့ လွတ်လာပြီ... အေဘီ မြောက်ပိုင်း ကိစ္စကို ရှင်းမယ်..... ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော် ဟာ သူလျှို ဟုတ်လား.. မဟုတ်လား ဆိုတာကို ကမ္ဘာကျော် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုပေါ် ( မင်းကိုနိုင် ) တို့က သက်သေခံလိမ့်မယ်။

လူထုက တခဲနက် ထောက်ခံနေတဲ့ ကိုပေါ် ( မင်းကိုနိုင် ) တို့က "ထွန်းအောင်ကျော်ဟာ သူလျှို မဟုတ်ပါဘူး... ကျောင်းသားခေါင်းဆောင်အစစ်ပါ" လို့ သက်သေခံတာကို ငြင်းပယ်ပြီး... အေဘီ မြောက်ပိုင်း မင်းမဲ့စရိုက်နဲ့ နှိပ်စက်သတ်ဖြတ်ပွဲ အတွက် တာဝန်ရှိသူတွေက "ထွန်းအောင်ကျော်ဟာ သူလျှိုပါ" လို့ ဆက် သတ်မှတ်ချင်သေးရင်... အဲဒီလို "ထွန်းအောင်ကျော်ဟာ သူလျှိုပါ" လို့ သတ်မှတ်တဲ့ ကိုယ့်လူတို့... လူထုနဲ့ ဝေးရာဆီကိုသာ လျှောက်ကြပေတော့.....

(Credit - ကိုမောင်မောင်ဝမ်း)

February 10, 2012

ကချင်ပြည်နယ် အခြေစိုက် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ၌ လွန်ခဲ့သည့် နှစ် ၂၀ ကျော်က အစိုးရ စစ်ထောက်လှမ်းရေးဟု စွပ်စွဲခံရပြီး အသက်ဆုံးခဲ့ရသည့် ကျောင်းသားများကို ရည်စူး၍ ယနေ့ ဆွမ်းကျွေးပွဲ တရပ်ပြုလုပ်ကြောင်း သတင်းရသည်။

ယနေ့နံနက် ၁၀နာရီခွဲခန့်က ရန်ကုန်မြို့ အလုံမြို့နယ် မိုးကုတ်ဝိပဿနာ၌ ပြုလုပ်သည့် ယင်းအခမ်းအနားကို ထိုစဉ်က အစွပ်စွဲခံ ရပြီး ဖမ်းဆီးထားစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ကြသည့် ကျောင်းသားများဖြစ်သော လက်ရှိ အင်္ဂလန်နိုင်ငံတွင် နေထိုင်နေသူ ပန်းချီ ဆရာထိန်လင်း၊ ကိုကျော်နိုင်ဦး၊ ကိုဘိုဘို(ခ) ကိုမိုးကျော်သူ၊ ကိုသိန်းထွန်း နှင့် ကိုမိုးဇော်ထွန်းတို့အပါအ၀င် စုစုပေါင်း ၇ ဦးက ဦးစီး လုပ်ဆောင်ခြင်းဖြစ်သည်။

အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ ကိုအံ့ဘွယ်ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ မနီလာသိန်း၊ မမီးမီး၊ မနုနုအောင်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီ ဗဆွေ တို့အပြင် စာရေးဆရာမ သာယာဝတီ စန်းစန်းနွဲ့နှင့် ပြည်တွင်းမီဒီယာများ အပါအ၀င် လူ ၁၀၀ ကျော်ခန့် တက်ရောက် ကြောင်း ပန်းချီ ထိန်လင်း က ပြောသည်။

၁၉၉၁ ခုနှစ်က ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် စစ်ထောက်လှမ်းရေးဟု စွပ်စွဲပြီး လူ ၁၀၀ ကျော်ကို ဖမ်းဆီး၍ ပြစ်ဒဏ်ပေး စီရင်မှု ဖြစ်ပွားခဲ့ရာ ABSDF (မြောက်ပိုင်း) ဥက္ကဌ ကိုထွန်းအောင်ကျော် အပါအ၀င် ၃၅ ဦး သေဆုံး၍ ပန်းချီထိန်လင်း အပါအ၀င် လူ ၅၀ ကျော်မှာ တရုတ်ပြည်ဘက်သို့ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

“တပ်တွင်း အာဏာလုမှု အတွင်း ပြင်းထန်တဲ့ နှိပ်စက်မှုနဲ့ ခေါင်းဖြတ်သတ်ခံရတဲ့ ကျောင်းသားရဲဘော်တွေပေါ့ဗျာ၊ သူတို့ရဲ့ ကျဆုံးသွားခဲ့တဲ့ လူသား ဂုဏ်သိက္ခာ၊ နိုင်ငံအပေါ်ထားရှိတဲ့ စေတနာတွေကို ပြန်ဖော်ထုတ်တာပါ” ဟု ပန်းချီ ထိန်လင်း က ဆိုသည်။

ရှစ်လေးလုံး အရေးတော်ပုံအပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထံသို့ ဦးစွာ တောခိုသွားသည့် မိုးညှင်း၊ နမ္မားဒေသခံ ABSDF တပ်ဖွဲ့ဝင် ကျောင်းသားများနှင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စသည့် ဒေသအနှံ့မှ ကျောင်းသားများအကြား နိုင်ငံရေး အားပြိုင်မှုကြောင့်လည်း ထို မြောက်ပိုင်းအရေးအခင်း ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း အခမ်းအနား တက်ရောက်လာသည့် ကျောင်းသား ဟောင်းများက ပြောဆိုကြသည်။

အခင်းဖြစ်ပွားစဉ်က ABSDF (မြောက်ပိုင်း) တာဝန်ယူထားသူများတွင် ရဲဘော်မျိုးဝင်း၊ ရဲဘော်သံချောင်း၊ ကိုအောင်နိုင် (ခ) ရော်နယ်အောင်နိုင်၊ ကိုလဆိုင်း၊ ကိုအောင်သန်း စသည်တို့ ပါဝင်ကြောင်း၊ ကိုမျိုးဝင်းမှာ အစိုးရတပ်နှင့်ဖြစ်ပွားသည့် တိုက်ပွဲတွင်ကျဆုံးသွား ခဲ့ပြီး ကိုသံချောင်းမှာ ယခုအခါ ပဲခူးတိုင်း သာယာဝတီထောင်တွင် သေဒဏ် ကျခံထားရကြောင်း သိရသည်။

ထောက်လှမ်းရေးဟု စွပ်စွဲခံရသူ တဦးဖြစ်သည့် သာယာဝတီမြို့မှကိုကျော်နိုင်ဦး (ခ) ကိုကြောင်က “ကျနော်တို့ ထောက်လှမ်း ရေး မဟုတ်ပါဘူး ဆိုတာ အဲဒီအချိန်က ဗဟိုကော်မတီတွေ သိပါတယ်” ဟု ဆိုသည်။

ထိုစဉ်က ABSDF (မြောက်ပိုင်း) ဌာနချုပ်တွင် အထွေထွေ အတွင်းရေးမှူး တာဝန်ယူခဲ့သည့် ကိုအောင်နိုင်(ခ) ရော်နယ်အောင်နိုင်က မူ အဆိုပါ အရေးယူ အပြစ်ပေးမှုများသည် ABSDF အဖွဲ့အတွင်း စစ်အစိုးရ၏ ထောက်လှမ်းရေး ဟု ယုံကြည်ရသူများကို ဖော်ထုတ်ခြင်းသာ ဖြစ်ကြောင်း ပြောသည်။

“အာဏာလုပွဲ မဟုတ်ပါဘူး၊ စစ်အစိုးရထောက်လှမ်းရေး၊ ရန်သူထောက်လှမ်းရေးလို့ ယူဆရတဲ့သူတွေကို ဖော်ထုတ်မိလို့ အဲဒီ အပေါ်မှာ အရေးယူ အပြစ်ပေးတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

စစ်ဆေးရရှိသည့် အချက်အလက်များနှင့် ထိုသူများ၏ ABSDF အဖွဲ့အတွင်း ပြုမူခဲ့သည့် အပြုအမှုများ အပေါ် မူတည်၍ အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က တရားသူကြီးအဖွဲ့မရှိသေးသည့်အတွက် မိမိအပါအ၀င် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ် သည့် ဗဟိုကော်မတီ ၈ ဦး အစည်းအဝေး ထိုင်ပြီး ဆုံးဖြတ် အပြစ်ပေးခြင်း ဖြစ်ကြောင်း၊ အဖွဲ့အစည်းမှ ချမှတ်သည့် စည်းမျဉ်း စည်းကမ်းများအရ ပြုလုပ်ရခြင်း ဖြစ်ကြောင်းလည်း ကိုအောင်နိုင်က ပြောဆိုသည်။

“ကိုထွန်းအောင်ကျော် ဆိုရင် ပုဂ္ဂိုလ်ရေး အရ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် လက်နက်ကိုင် တော်လှန်ရေးမှာတော့ ကိုယ့်တာဝန်တော့ ကိုယ်ကျေအောင် လုပ်ရတာပေါ့”ဟု ကိုအောင်နိုင်က ဆိုသည်။

အဆိုပါ အဖြစ်အပျက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ABSDF အဖွဲ့ကလည်း ဖြစ်ရပ်မှန်ဖော်ထုတ်နိုင်ရေးအတွက် အလုပ်အဖွဲ့တခု ဖွဲ့စည်းမည်ဖြစ်ပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးတို့အားလည်း ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း၊ မိမိအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ABSDF မြောက်ပိုင်း အမှတ်တရ ဆွမ်းကျွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက်၌ မန္တလေးမြို့တွင်လည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ABSDF ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး နယ်စပ်ဒေသများတွင် အခြေစိုက်ကာ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အတွက် အစိုးရ အဆက်ဆက်အား ဆန့်ကျင် တော်လှန်ခဲ့ခြင်း ဖြစ်သည်။

ရန်ပိုင်
(ဧရာဝတီ မှ ကူးယူ ဖော်ပြသည်။)

နောက်နောင်ကို ဒီလို ဆိုးရွားလှတဲ့ လူသတ်ပွဲကြီးတွေ၊ လူမဆန်တဲ့ နှိပ်စက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီးတွေ လုံးဝ မဖြစ်အောင် ကာကွယ်ဖို့ ပြည်သူအားလုံးက သမိုင်းပေးတာဝန် အဖြစ် ခံယူပြီး ဝိုင်းဝန်း ကြိုးပမ်းရမှာပါ..

အဲဒီလို ကာကွယ်နိုင်ဖို့အတွက် အကျည်းတန်လှတဲ့ အတိတ်က ဖြစ်ရပ်ဆိုးကြီးထဲက သင်ခန်းစာယူရပါမယ်..

ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် အများစုဟာ ရိုးသားဖြူစင်ပြီး ပြည်သူ့အတွက် စွန့်လွှတ် ပေးဆပ်လိုမှု သက်သက်သာ ရှိတဲ့ အရိုးခံ ကျောင်းသားတွေပါ..

အဲဒီလို အစဉ်အလာကောင်းခဲ့တဲ့ ကျောင်းသားတပ်မတော်သမိုင်းကို ညစ်နွမ်းစေခဲ့တဲ့ အောင်နိုင် (ခေါ်) ရော်နယ်အောင်နိုင် ( Ronald Aung Naing ) ၊ သံချောင်း ၊ မျိုးဝင်း ၊ လှဆောင် (ခေါ်) လှဆိုင် ၊ သန်းဇော် အပါအဝင် လူရမ်းကားတစုက ကျောင်းသားတပ်မတော် (မြောက်ပိုင်း) အလံတော်အောက်မှာ ကျောင်းသားရဲဘော် ၁၀ဝ ကျော်ကို မတရား ဖမ်းဆီးပြီး မင်းမဲ့စရိုက်နဲ့ လူမဆန်တဲ့ နည်းမျိုးစုံနဲ့ နှိပ်စက်ရင်း လက်လွန်ပြီး သေတာရော၊ ဥပဒေမဲ့ သတ်ဖြတ်တာရောကြောင့် ကျောင်းသားရဲဘော် ၃၈ ယောက် ကျဆုံးသွားရတာရဲ့ သမိုင်းမှန်ကို အမှန်အတိုင်း အပြည့်အစုံ မှတ်တမ်းတင်နိုင်ဖို့ အထူး အရေးကြီးပါတယ်..

ဒီ ဖြစ်ရပ်ဆိုးကြီးရဲ့ သမိုင်းမှန် မှတ်တမ်း အပြည့်အစုံကနေ သင်ခန်းစာ ယူရမှာပါ..

(
၁၉၉၂ ဖေဖေါ်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် ABSDF (NB) တွင် ရက်စက်စွာ ညှင်းဆဲ သတ်ဖြတ်ခံခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များအား ရည်စုး၍ ရေးသည်။ )

နန်းအောင်ထွေးကြည်
11 February 2012

ကိုကြီးရေ

ဒီနေ့ နှစ် ၂၀ ပြည့်ခဲ့ပြီ၊ မငယ် တစ်နေ့ မှ မေ့မရပါဘူး၊ ကိုကြီးနဲ့  ဂီတအကြောင်းတွေ ပြောခဲ့ပြီး အတူ တီးခဲ့ ဆိုခဲ့ကြတာတွေကို သတိရနေဆဲပါ။ ဂစ်တာတီးပြီး "ကြွေရဲသော ကြယ်များ "သီချင်း ဆိုမိတိုင်း မငယ် ငိုခဲ့မိတာကြောင့် ဂစ်တာ မကိုင်ဖြစ်တာ Australia ရောက်ကထဲကပါ။

မှတ်မိသေးတယ်၊ ကိုကြီး မငယ်ကို ဘဏ္ဍာရေးသင်တန်းတက်ခိုင်းတော့ မငယ်ကို တီးတိုးပြောခဲ့တယ်၊ "မငယ်၊ မင်း ငါ့ကို မျက်နှာငယ်အောင် မလုပ်နဲ့ နော် KIA ကြားမှာ ကျောင်းသားတပ် သိက္ခာတက်အောင်လုပ်။ မငယ် ကလဲ "ဟုတ်ကဲ့" လို့ ဆိုခဲ့တယ်။ မိဘလက်ထက်မှာ ၁၀ တန်းကို အောင်ဖို့  အကြိမ်ကြိမ် ဖြေဆိုလာခဲ့တဲ့ မငယ်ဟာ ကိုကြီးကို ကြည့်ပြီး "အင်းပါ" လို့  ပြောခဲ့တယ်။ မငယ် ကတိတည်ပါတယ်နော်။ အဲဒီသင်တန်းမှာ မငယ် ဆုရခဲ့တယ်လေ။ ကိုကြီးက မငယ်က ပြုံးကြည့်ပြီး ပြောတယ၊် "ဂုဏ်ယူတယ်" တဲ့။ ယူနီဖေါင်းတောင် အသစ်တစုံ ရလိုက်သေးတယ်။

မှတ်မိသေးတယ်၊ ABSDF (NB) ရဲ. မိုင်းဖေါက်ခွဲရေး သင်တန်းကို မငယ်ကို တက်ရောက်သင်စေဖို့ ရွေး ချယ်ခဲ့ပြန်တယ်။ "မင်းက စိတ်ငြိမ်ပြီး အာရုံစူးစိုက်မှု ရှိတယ်။ အန္တရာယ်ကြီးတဲ့ သင်တန်း၊ ဒါပေမယ့် မင်းကို ယုံကြည်တယ်၊ ကောင်းကောင်းသင်" တဲ့။ မငယ်လဲ ကောင်းကောင်း သင်ယူခဲ့ပါတယ်။ သူများ ထောင်တဲ့ မိုင်းကို မငယ် ကျော်နိုင်ခဲ့ပေမယ့် မငယ် ထောင်တဲ့မိုင်းကို မောင်မောင်ကြွယ် ထိသွားလို့  ပြစ်ဒဏ်အနေနဲ့  အရိုက်ခံလိုက်ရသေးတယ်။ အဲဒီ ဖောက်ခွဲရေးသင်တန်း နောက်ဆုံးနေ့ မှာပဲ မငယ် အဖမ်းခံခဲ့ရတယ်လေ။

မှတ်မိသေးတယ်၊ မငယ်တို့ အားလုံး အဖမ်းခံရပြီး Ronald Aung Naing နဲ့  မျိုးဝင်းတို့ အဆိပ်တွေ ထုတ်ခိုင်းတာ ဘယ်သူမှ မထုတ်ပေးနိုင်တော့ မငယ်တို့ ကို လက်ဖြတ်ဖို့ လုပ်တဲ့နေ့ လေ။ မငယ်တို့  အားလုံးရဲ့  လက်မှာ ယမ်းပျော့တွေ ချည်ထားပြီး ရော်နယ်အောင်နိုင်တို့ က သူတို့ လိုချင်တာတွေ ထုတ်မပေးရကောင်းလား ဆိုပြီး ကိုကျော်ဝေ လက်ကို မိုင်းခွဲပြီး ဖြတ်ခဲ့တယ်။ ကိုကြီး၊ ကိုရဲလင်းနဲ့  မငယ်တို့ အားလုံး တောင်းပန်ကြတော့မှ နောက်ထပ် အချိန်တပတ် ခွင့်ပေးပြီး မငယ်တို့ ကို ဆွေးနွေး တိုင်ပင်ခိုင်းတဲ့နေ့ လေ၊ အဲဒီနေ့ ဟာ ဒီနေ့ အတွက် သမိုင်းဝင်မယ့်နေ့ တစ်နေ့  ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတယ်၊ ကိုကြီး။ ဆွေးနွေးပွဲမှာ အဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေကို တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပေမယ့် အားလုံးဟာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး "ငါလဲ မင်းလိုပဲ" ဆိုတဲ့ အသိနဲ့  "အော်၊ ဒုက္ခ၊ ဒုက္ခ၊ ဘယ်လိုမှ အဖြေရှာမရ" ဖြစ်နေချိန်မှာ ကိုကြီးက မငယ် နားရောက်လာပြီး မငယ်ကို လက္ခဏာ တောင်းကြည့်တယ်လေ။ အဲဒီမှာ "မငယ်က ကိုကြီးကို ပေးခဲ့တဲ့ ကတိ" ဆိုတာ ဖြစ်ခဲ့တာပေါ့။

.
မှတ်မိသေးတယ်၊ ကိုကြီးက ပြောတယ်၊ "မငယ်၊ မင်း မသေနိုင်ဘူး၊ မင်း လွတ်သွားလိမ့်မယ်။ မင်းမှာ ဥပစ္ဆေဒကကံ မပါဘူး။ မင်းလက္ခဏာမှာ ထူးခြားချက် ရှိတယ်။ တစ်နေ့ မင်း ငါတို့အားလုံးရဲ့  သမိုင်းကို ပြောပေးနော်" တဲ့။ မငယ်က "ကိုကြီး အခု လက်မှာ မိုင်းချည်ထားတဲ့ သူတွေကို ကြည့်လိုက်၊ အားလုံး အသတ်ခံရမယ့် သူတွေ၊ မငယ်လဲ သေမှာပဲ" ဆိုတော့ "မင်း သစ္စာဆိုပါ" တဲ့်။ အသုံးမကျတဲ့ ကျမ ဘုရားမှာ သစ္စာ မဆိုတတ်လို့ "မငယ် ပါဠိလို မသိဘူး" ဆိုတော့ ကိုကြီးက ပြုံးပြီး "မလိုဘူးလေ။ ကိုယ် ဟုတ်ရင် ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူးပေါ"့ တဲ့။ "ဘုရားကို တိုင်တည်ပါ" တဲ့ ဆိုတော့ မငယ်လဲ "ဟုတ်ကဲ့ ကိုကြီး" လို့ ကတိပေးမိပြန်တယ်နော်။ ကိုကြီးရေ၊ တကယ်ပဲ မငယ် သေဒဏ်ထဲမှာ ပါခဲ့ပေမယ့် နောက်ဆုံးစက္ကန့် မှာ မငယ် လွတ်ခဲ့တယ်၊ မငယ် ကို သတ်ဖို့တောင် ဆွဲထူပြီးပြီ။

ကိုကြီးရေ၊ အချိန်ကာလ နှစ် ၂၀ အထိ စောင့်စားခဲ့ရတာ ခွင့်လွှတ်ပါ။ နိုင်ငံရေးကို ပြန်ကြည့်တော့ ဒေါ်စုလဲ မလွတ်သေး၊ ၈၈ ခေါင်းဆောင်များနဲ့  နိုင်ငံရေးသမားများလဲ အထဲမှာ အကျဉ်းချခံနေရဆဲ၊ မငယ်တို့ လို ထောက်လှမ်းရေးလို့ အစွပ်စွဲခံပြီး အနှိပ်စက်ခံထားရတဲ့ ကိုရဲလင်း၊ ဘိုဘို၊ ထိန်လင်း၊ မိုးကြီး၊ ရာပြည့် စသော မြောက်ပိုင်းမှ ကျောင်းသားများလဲ စစ်အစိုးရကို ဆန့် ကျင်မှုနဲ့  ထောင်ဒဏ် (၇) နှစ်နဲ့ အနှစ် ၂၀ ချခံထားခဲ့ရတယ်။ သူတို့ မျက်နှာတွေကို ထောက်ရှုပြီး မငယ် မြိုသိပ်ထားခဲ့ရတာပါ။

"လွတ်လပ်တဲ့ တိုင်းပြည်မှာ နေနေရပြီး ငါ့စိတ်တွေ အကျဉ်းကျနေတယ်ဟာ" လို့ ထိန်လင်း အင်္ဂလန် ရောက်ခါစက မငယ် သူ့ ကို ဖွင့်ပြောခဲ့တယ်၊ ကတိပေးထားပြီး အကောင်အထည် မဖေါ်ဖြစ်လို့ တစ်ခါတရံ အိပ်မက်ဆိုး မက်တယ်။ အိပ်မက်မက်ပြီးတိုင်း ငိုရလို့ တညလုံး မအိပ်နိုင်ပဲ မိုးလင်းခဲ့ရတဲ့ ညတွေ အများကြီး ရှိခဲ့တယ်၊ ကိုကြီး။

ကိုကြီးရေ၊ ရောက်ရာနေရာက ကြည့်လိုက်ပါနော်၊ ABSDF (NB) ကျောင်းသားများ ပြုလုပ်တဲ့ပွဲကို ကိုမင်းကိုနိုင်နဲ့  ကျောင်းသားခေါင်းဆောင်တွေ တက်ရောက် ဆုတောင်း အမျှဝေခဲ့ကြပြီး ကိုကြီး ရဲ့ အထက်မြန်မာပြည် ဗကသ မျိုးဆက်သစ်တွေနဲ. မြောက်ပိုင်းကျောင်းသားဟောင်းတွေ လက်တွဲပြီး ပြည်တွင်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြပြီ။ ပြည်ပမှ မကဒတ ရဲဘော်ဟောင်းတွေနဲ. ပြည်တွင်းမှ မိဘပြည်သူတွေလဲ ၀မ်းနည်းစွာဖြင့် ဆုတောင်းမှုတွေ ပြုနေကြပြီ။
ကိုကြီးရေ မပြီးဆုံးသေးပါဘူး၊ ပြီးဆုံးတဲ့နေ့ အထိ မငယ်တို့ အားလုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို့  ကတိ ထပ်ပေးလိုက်ပါတယ်။

ကိုကြီးတို့ အတွက် ကုသိုလ်ပြု အမျှဝေသံ ကြားရင် သာဓုခေါ် ကြပါ။

ကိုကြီး ထွန်းအောင်ကျော် နှင့်တကွ ABSDF မြောက်ပိုင်းတွင် ကျဆုံးခဲ့သော သူများ ကောင်းရာသုဂတိ လားကြပါစေ။ ၀ိညာဉ်များ လွတ်မြောက်ကြပါစေ။ ဘ၀ဆက်တိုင်း ဒီလို အဖြစ်ဆိုးမျိုး၊ စနစ်ဆိုးမျိုးနဲ့ မကြုံတွေ့ ရပါစေနဲ့ လို့ ဆုတောင်းမေတ္တာ ပေးပို့လျက်....

မငယ်

(Credit - နန်းအောင်ထွေးကြည် )

မောင်ရစ်

ဖေဖော်ဝါရီ ၁၁၊ ၂၀၁၂

ဒီနေ့မှာ အေဘီမြောက်ပိုင်းမှာ မတရားသတ်ဖြတ်ခံပြီး ကျဆုံးခဲ့ရတဲ့ ကျောင်းသားလူငယ်တွေအတွက် အနှစ် ၂၀ ကြာတော့မှ အများစုပေါင်းတဲ့ ကောင်းမှုကုသိုလ်ပြု ဆုတောင်းတဲ့ ဆွမ်းကျွေးပွဲတွေ ပြည်တွင်းပြည်ပမှာ ပြုလုပ်ဖြစ်တယ်။

အဲသည်ဖြစ်ရပ်ကို အနှစ် ၂၀ ကြာမှ ထုတ်ဖော်ပြီး လူအများ သိရှိခွင့်ရတယ်၊ အနှစ် ၂၀ ကြာမှ ဆွမ်းကျွေး ကောင်းမှုကုသိုလ်ပြုခွင့်ရတယ်။ မတရားစွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာကို အနှစ် ၂၀ ကြာမှ ကျန်ရစ်တဲ့ ရဲဘော်တွေ၊ မိသားစုတွေ၊ မိတ်ဆွေတွေက အများသူငှာ သိရှိကြစေဖို့ ထုတ်ဖော်ပြောဆိုကြရတဲ့အတွက် ၀မ်းနည်း ၀မ်းသာ ဖြစ်မိတယ်။ ဂုဏ်ယူတဲ့ စိတ်လည်း ဖြစ်မိတယ်။

ဝမ်းနည်းတယ်ဆိုတာ သူတို့တတွေဟာ အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေကြရင်း မတရားစွပ်စွဲခံကြရပြီး ရက်စက်စွာ သတ်ဖြတ်ခံရတာကို ၀မ်းနည်းမိတာ။ ၀မ်းသာမိတယ်ဆိုတာက ဒီလိုမျိုး မတရားမှုတွေ လူမသိ သူမသိ ပျောက်ကွယ်သွားခြင်း မရှိဘဲ အမှန်တရားကို ကျန်ရစ်သူတွေက ဖော်ထုတ်မော်ကွန်းတင်နိုင်ကြရတာ။ ပြီးတော့ ဂုဏ်ယူတယ် ဆိုတာက ကျဆုံးသူတွေကို ကျန်ရစ်သူတွေက တစုတစည်းတည်း အလေးဂရုပြုနိုင်တဲ့အတွက် ဖြစ်ပါတယ်။

ဒီနေရာမှာ ကျနော့်အနေနဲ့က ပုဂ္ဂိုလ်ရေးအရ ကျနော့် သူရဲဘောကြောင်ခဲ့တာ၊ ရေငုံနှုတ်ပိတ်နေခဲ့မိတာ၊ မျက်နှာလွှဲခဲပစ် နေခဲ့မိတာအတွက် ကျဆုံးခဲ့သူ ရဲဘော်တွေကိုရော ကျန်ရစ်သူ မိတ်ဆွေတွေ၊ ရဲဘော်တွေကို တောင်းပန်ချင်ပါတယ်။

ကျဆုံးခဲ့သူတွေထဲမှာ ကျနော်နဲ့ တိုက်ရိုက် သိကျွမ်းတဲ့ မိတ်ဆွေတွေ မပါခဲ့သော်လည်း ကျဆုံးခဲ့သူတွေဟာ ၈၈ အရေးတော်ပုံ ရဲဘော်တွေ ဖြစ်ပါတယ်။ ကျန်ရစ်သူတွေထဲမှာ ကျနော်နဲ့ တိုက်ရိုက်သိကျွမ်းတဲ့သူတွေပါတယ်။ ၈၈ အရေးတော်ပုံကတည်းက မိတ်ဆွေဖြစ်ခဲ့တဲ့ အခုလည်း ဖြစ်နေဆဲဖြစ်တဲ့ ကိုအောင်ဇော်မင်း (စာရေးဆရာ၊ ဒါရိုက်တာ ချိုတူးဇော်) ကို သက်သေထားပြီး ပြောရရင် ကျန်ရစ်ခဲ့တဲ့ ကိုစိုးလင်း၊ ကိုရဲလင်းတို့ကို ကျနော် သိကျွမ်းခဲ့ပါတယ်။ ပြီးတော့ ကျနော်တို့ ရန်ကုန်မှာ သမဂ္ဂလှုပ်ရှားမှုတွေထဲက မိတ်ဆွေတွေကို သက်သေပြုပြီး ပြောရရင် ကျန်ရစ်ခဲ့တဲ့ ကိုကျော်နိုင်ဦးကို ကျနော် သိကျွမ်း ပါတယ်။ သူတို့နဲ့ဆက်စပ်ပြီး မိတ်ဆွေဖြစ် သိကျွမ်းလာတဲ့ လက်ရှိ ကျနော်မိတ်ဆွေတွေက ကျန်ရစ်သူ ပန်းချီကိုထိန်လင်းနဲ့ ကိုနေ၀င်းအောင်တို့ ဖြစ်တယ်။ သူတို့တွေအတွက် ကျနော်ဟာ သည်အဖြစ်အပျက်တွေကို ထုတ်ဖော်ပြောဆိုဖို့ အဖြစ်အပျက်တွေကို တင်ပြဖို့ ကျနော် ပျက်ကွက်ခဲ့တယ်။ အချက်အလက်တွေကို စုဆောင်း မှတ်တမ်းပြုစုခဲ့သော်လည်း သတင်းစာမျက်နှာမှာ တင်ဆက်ဖို့ အချိန်ဆွဲခဲ့သူ ပျက်ကွက်ခဲ့သူ ဖြစ်တယ်။

ဒါကြောင့် သူတို့နဲ့တကွ အားလုံးကို ကျနော် တောင်းပန်ပါတယ်။ သို့သော်လည်း ဒီတောင်းပန်စာကို ရေးသားရင်းနဲ့ပဲ မတရားစွပ်စွဲပြီး ဖမ်းဆီး ခံရသူတိုင်းအတွက်၊ မတရား လုပ်ကြံသတ်ဖြတ်ခံရသူတိုင်းအတွက် ကျနော်တို့အားလုံးဟာ အချိန်မဆိုင်းဘဲ တတ်နိုင်သမျှ ထုတ်ဖော် ပြောဆိုပြီး အမှန်တရားဖက်က မကြောက်မရွံ့ ရပ်တည်သင့်တယ်လို့ ပြောချင်ပါတယ်။

၁၉၉၂ တုန်းက ကိုကျော်နိုင်ဦးကို အေဘီမြောက်ပိုင်းမှာ ထောက်လှမ်းရေးလို့ စွတ်စွဲပြီး ဖမ်းဆီးထားတယ်။ မိဘတွေကိုယ်တိုင်က သွားရောက်ပြီး မဟုတ်တဲ့အကြောင်း အထောက်အထားတွေပြသပြီး တောင်းဆိုနေရတယ် ကြားခဲ့ပါတယ်။ အဲသည်အချိန် ဖမ်းဆီးစွတ်စွဲသူကိုယ်တိုင်က ကျနော်တို့ မန္တလေးမှာ အရေးတော်ပုံရဲဘော်တဦးအနေနဲ့ သိကျွမ်းခဲ့တဲ့ ကိုအောင်နိုင်ကိုယ်တိုင် ဖြစ်တယ်လို့ ကြားခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်က ဒါကို စစ်အစိုးရရဲ့ မျက်လှည့်တွေ၊ စစ်ဆင်ရေးတွေ ဖြစ်တယ်လို့ ထင်ခဲ့တယ်။ လိမ်ညာလုပ်ကြံ ၀ါဒဖြန့်တာလို့ ထင်ခဲ့တယ်။ အဲသည်လိုမျိုး ကျနော်အသိဥာဏ်တွေ ထုံထိုင်းညံ့ဖျင်းခဲ့တာကို တောင်းပန်ပါတယ်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ စစ်အစိုးရနဲ့ အကြမ်းဖက်သမားတွေက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ အန်အယ်ဒီပါတီဝင်တွေကို မြန်မာပြည်အထက်ပိုင်း ဒီပဲယင်းမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ အဲသည်မှာ ပါတီဝင်တွေ အများအပြား ဒဏ်ရာရ သေကြေပျက်စီးကြတယ်။ အချို့က နယ်စပ်ကနေ ထွက်ပြေးလွတ်မြောက်လာတယ်။ အဲသည် လုပ်ကြံမှုကို ကျနော်တို့ မိုးမခမီဒီယာ စတင်ထူထောင်ပြီး လပိုင်းအတွင်းမှာ ဖြစ်ပွားတာ ဖြစ်တယ်။ အဲသည် လုပ်ကြံမှုကြီးကို ကျနော်တို့ ခါးခါးသီးသီး ထုတ်ဖော် ဝေဖန် ရှုပ်ချတယ်။ ဒီမတရားမှုကြီးကို အမြဲတမ်း မပျေက်မပျက် မမေ့မလျော့ ကျနော်တို့ ထုတ်ဖော် ပြောဆိုနေဆဲ ဖြစ်တယ်။ အဲသည်ကျမှ ကျနော် အေဘီမြောက်ပိုင်း လုပ်ကြံမှုကြီးကို ပြန်ပြီး ခေါင်းထဲ ၀င်လာတယ်။

အဲသည်အချိန်မှာ ကျနော် သိခဲ့ရတာက အေဘီမြောက်ပိုင်းဥက္ကဋ္ဌ အောင်နိုင်က သူ့နဲ့ မန္တလေးမှာကတည်းက လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့တဲ့ ကိုစိုးလင်းကို ဖမ်းဆီးပြီး ထောက်လှမ်းရေးအဖြစ် သတ်ဖြတ်လိုက်တယ်လို့ ကြားခဲ့ရတယ်။ အဲသည်အချိန်မှာလည်း ကျနော်ကိုယ်တိုင်ကလည်း ကိုစိုးလင်း သေဆုံးသွားပြီလို့ မှတ်ယူပြီးတော့ ဆက်လက် စုံစမ်းဖို့ အမှန်တရားကို ရှာဖွေဖို့ ပျက်ကွက်ခဲ့တာကို တောင်းပန်ပါတယ်။

အဲသည်နောက်ပိုင်း ၂၀၀၆ လောက်ကျမှ ပန်းချီကိုထိန်လင်းအကြောင်းကို ကျနော် ကြားပါတယ်။ ကိုထိန်လင်းက မြောက်ပိုင်းကို တောမခိုခင်မှာ အိန္ဒိယပြည်ဖက်မှာ ကျောင်းသားတပ်မတော်တရပ် ထူုထောင်တဲ့ လှုပ်ရှားမှုနဲ့ တောခိုခဲ့ဖူးတာကိုး။ အဲသည် တောခိုဖို့ မဟာမြိုင်တောကြီးထဲဖြတ်သွားခဲ့တဲ့ ကျနော့်မိတ်ဆွေတွေနဲ့ ဆက်စပ်ပြီး ကိုထိန်လင်းကို ကျနော် သိရှိသွားတယ်။ ပြီးတော့ အနောက်ဖက်က ကျောင်းသားတပ်မတော်ထူထောင်ရေးက အဆင်မပြေဖြစ်တဲ့နောက် ကိုထိန်လင်း မြောက်ပိုင်းအေဘီရောက်သွားတယ်။ သူလည်း ထောက်လှမ်းရေးအဖြစ် စွတ်စွဲခံရပြီး နောက်တော့ ထွက်ပြေးလွတ်မြောက်လာတယ။် သို့သော် စစ်အစိုးရက ဖမ်းဆီးထောင်ချလိုက်တယ်။ နောက်မှ ပြန်လွတ်ပြီး ထူးခြားတဲ့ အနုပညာရှင်တယောက်အဖြစ် ရပ်တည်လာတယ်လို့ သိရတယ်။ အေဘီမြောက်ပိုင်းနဲ့ ရေစက်ပါတဲ့ သူတယောက်အကြောင်း သိရဲ့သားနဲ့ ဆက်စပ်ပြီး ကျနော် လေ့လာစုဆောင်းဖို့ ကျနော် ပေါ့ဆခဲ့တာအတွက် ကျနော့်မှာ အပြစ်ရှိတယ်လို့ ထင်ပါတယ်။

၂၀၀၇ နှစ်ဦးမှာမှ ကျနော် ကိုနေ၀င်းအောင်နဲ့ ဆုံပါတယ်။ ကိုနေ၀င်းအောင်က ၈၈ အရေးတော်ပုံတုန်းက မြန်မာစာဆရာ၊ နောက်တော့ တောင်ပိုင်းအေဘီမှာ တောခို။ သူလည်းပဲ တောင်ပိုင်းအေဘီက ဥက္ကဋ္ဌ ကိုနိုင်အောင်လက်ထက်မှာ ၁၉၉၂ က ထောက်လှမ်းရေးအဖြစ် ဖမ်းဆီး နှိပ်စက်ညှင်းပန်းခြင်း ခံရတဲ့သူလို့ သိလာရတယ်။ အမေရိကား ရောက်နေတာတောင် တောထဲက ထွက်ပြေးလာတဲ့ ထောက်လှမ်းရေးဟောင်းလို့ လူတချို့က သမုတ်လေ့ရှိတဲ့ ကိုနေ၀င်းအောင်ကို ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ကဗျာဆရာ ဦးတင်မိုးက စကားကြုံတိုင်း မိတ်ဆက်ပေးနေလို့ ရင်းနှီးနေခဲ့ပြီး ဖြစ်ပါတယ်။

ကိုနေ၀င်းအောင်နဲ့ စကားစပ်မိတော့မှ ကိုနေ၀င်းအောင်ပြောပြတဲ့ အေဘီ တောင်ပိုင်း၊ မြောက်ပိုင်းက မတရားစွပ်စွဲလုပ်ကြံသတ်ဖြတ်မှုတွေကို သိလာရတယ်။ အဲသည်မှာမှ ကိုရဲလင်းကို မြောက်ပိုင်းမှာ ကိုကျော်နိုင်ဦးတို့လိုပဲ ဖမ်းဆီး နှိပ်စက်ခံခဲ့ရတယ်လို့ သိရတယ်။ အဲသည်မှာမှ ကိုစိုးလင်း မသေဘူးဆိုတာ သိရတယ်။ ဘယ်သေမှာလဲ။ ကိုစိုးလင်းကို ထောက်လှမ်းရေးဆိုပြီး မြောက်ပိုင်းက ကြေးနန်းပို့လို့ ကိုနေ၀င်းအောင် ကိုယ်တိုင် တောင်ပိုင်းမှာ ရောက်နေတုန်း ဖမ်းခဲ့ရတာကိုး။ နောက်တော့ ကိုနေ၀င်းအောင်လည်း ထောက်လှမ်းရေးလုံးလုံးအဖြစ် စွတ်စွဲခံရပြီးတော့ ကိုစိုးလင်းနဲ့ အတူတူ ကျင်းတကျင်းထဲမှာ ခြေကျဉ်းချ အဖမ်းခံ၊ အနှိပ်စက်ခံ၊ အသတ်ဖြတ်ခံရလုနီး ဖြစ်ခဲ့ရတာကို ကျနော် သိရပါတော့တယ်။

ကိုနေ၀င်းအောင်၊ ကိုစိုးလင်းနဲ့ နောက်ရဲဘော်တဦးတို့ အသက်လုပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာ။ နောက်တော့ ကိုစိုးလင်းက နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာပြည်ထဲ ပြန်ဝင်သွားတာ။ ကိုနေ၀င်းအောင်ကတော့ ဘန်ကောက်မြို့တ၀ိုက်မှာ ဇာတ်မြုပ်နေထိုင်ရင်း လောကဓံကို ခါးစည်းခံခဲ့ရတာတွေကို ကြားသိရပါတယ်။ ကိုနေ၀င်းအောင်တယောက် အမေရိကားကို ပြောင်းရွှေ့အခြေချပြီး ဆယ်စုနှစ် ၁ခု နီးပါး အကြာ တွေ့ဆုံတဲ့အခါ အေဘီ တောင်ပိုင်း၊မြောက်ပိုင်း လုပ်ကြံမှုတွေကို ကျနော် အတော်အသင့် သိလာရတယ်။ ကိုယ့် မိတ်ဆွေသူငယ်ချင်းတွေရဲ့ ရဲဘော်တွေ ဘယ်လိုမျိုး ကျဆုံးခဲ့ကြတယ်။ အသက်လုပြီး လွတ်မြောက်ကျန်ရစ်ကြတယ်ဆိုတာကို သိခဲ့ရပါတယ်။

အဲသည်တုန်းကလည်း မှတ်စု မှတ်တမ်းတွေ ယူထားခဲ့သော်လည်း ဒါတွေကို ထုတ်ဖော်ဖို့ ကျနော် လက်နှေးခဲ့တယ်။ အရေးတော်ပုံ လှုပ်ရှားမှုတွေထဲက မိမိတို့ရဲဘော်တွေ သေကြေပျက်စီး ဆုံးရှုံးခဲ့ကြရတဲ့ လုပ်ကြံမှုကြီးကို ထုတ်ဖော်ဝန်ခံ ပြောကြားဖို့ကို ကျနော်ကိုယ်တိုင်က သူရဲဘောကြောင်ပြီး တွန့်ဆုတ်နေခဲ့မိပါတယ်။

၂၀၀၈ ထဲမှာမှ ကိုထိန်လင်းနဲ့ စကားပြောဖြစ်တယ်။ သူ့ဖက်က အတွေ့အကြုံတွေကို သိရှိလာရတယ်။ ကိုကျော်နိုင်ဦးက သူနဲ့ မရှေးမနှောင်း ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ စစ်အစိုးရက ဖမ်းဆီးခဲ့တဲ့အကြောင်း သိရတယ်။ ကာယကံရှင်တွေဖြစ်တဲ့ ကိုနေ၀င်းအောင်နဲ့ ကိုထိန်လင်းတို့ရဲ့ ပြောကြားချက်တွေကို ပြန်လည် ထုတ်ဖော်ရေးသားဖို့ကို ကျနော် မလုပ်ခဲ့ဘူး။ ဒီမိုကရေစီရေး တိုက်ပွဲကာလတလျောက်လုံး နှစ်ပေါင်းများစွာ အဲသည် မတရားမှုကို ထုတ်ဖော်ဖို့၊ အမှန်အတိုင်းပြောဖို့ကို မြိုသိပ်ပြီး ဇာတ်မြှပ်နေထိုင်ကြတဲ့ ကျန်ရစ်သူရဲဘော်တွေ၊ ကျနော့်မိတ်ဆွေတွေ ကိုစိုးလင်း၊ ကိုရဲလင်း၊ ကိုကျော်နိုင်ဦးတို့ကို ရှာဖွေ ဆက်သွယ်မေးမြန်းပြီး သဘောထားတောင်းဖို့ ကျနော် မလုပ်ခဲ့ဘူး။ ကာယကံရှင်တွေကိုသာ သူတို့ကိုယ်တိုင် ထုတ်ဖော်ပြောဆိုကြဖို့ကို တိုက်တွန်းတဲ့အလုပ်ပဲ လုပ်မိခဲ့တယ်။

အဲသည်နောက်ပိုင်းမှာ ကိုထိန်လင်းနဲ့ သူ့အနုပညာပိုင်းဆိုင်ရာ အင်တာဗျုးလေး ဘာလေးလုပ်တယ်။ အဲသည်မှာ သူပြောပြတဲ့ လူနည်းစုလေး တစုအတွက် သူတင်ဆက်ခဲ့တဲ့ အနုပညာဆိုပြီး (သူ့ရဲ့ လူကက်ဆက်အကြောင်းပေါ့) သူပြောပြတာလေးကို နည်းနည်းပါးပါးရေးခဲ့မိတာပဲ လုပ်ဖြစ်ပါတယ်။

၂၀၁၁ ထဲ ချိုတူးဇော် အမေရိကား အလည်ရောက်လာတော့မှ ကိုယ်ကိုယ်တိုင် မြိုသိပ်ခဲ့ရတဲ့ အကြောင်းတွေကို မိတ်ဆွေဟောင်းနဲ့ ထုတ်ဖော်ပြောဆို တိုင်ပင်မိတယ်လေ။ သူကိုယ်တိုင်နဲ့ သိကျွမ်းတဲ့ မိတ်ဆွေတွေအကြောင်း သူသိသမျှနဲ့ ကိုယ်သိသမျှ ဖလှယ် ပြောဆိုကြတာပေါ့။ ကိုစိုးလင်းနဲ့ သူနဲ့က ရန်ကုန်မှာ မန္တလေးမှာ ပြန်တွေ့ဆုံခဲ့ပြီးပြီ။ သူ့မိတ်ဆွေတွေအကြောင်းလဲ သူ သိရှိခဲ့ပြီးပြီ။ ဒီဖက်က ကာယကံရှင်တွေအကြောင်းလည်း တဖက်သံကြားနဲ့တင်မဟုတ်ဘဲ သူကိုယ်တိုင် တွေ့ဆုံ သိရှိခဲ့ပြီ ဖြစ်တယ်။

အဲသည်နောက်ပိုင်းမှာ စာဖတ်သူတွေ သိတဲ့အတိုင်းပါပဲ။ ကိုထိန်လင်း ကိုယ်တိုင် ထုတ်ဖော် ရေးသားလာတယ်။ မန္တလေးသား အောင်မိုးဝင်းကလည်း သူစုံစမ်းသိရှိသမျှ မြောက်ပိုင်း လုပ်ကြံသတ်ဖြတ်မှုများကို ထုတ်ဖော် ရေးသားလိုက်တယ်။ အနှစ်နှစ် အလလက သိမ်းဆည်းမြိုသိပ်ထားကြတဲ့ မှတ်တမ်းတွေ၊ အထောက်အထားတွေဟာ ပြည်တွင်း ပြည်ပကနေ နေရာအသီးသီးကနေ ပေါ်ထွက်လာကြတယ်။ ဖေ့စ်ဘွတ်တွေ၊ ဘလောဂ့်တွေကနေ စာရေးသူတွေက ထုတ်ဖော် ရေးသားလာကြတယ်။

http://8-8-88.blogspot.com/p/nothern.html

http://www.facebook.com/groups/344699038880694/

http://moemaka.com/2012/01/testimonial-of-nay-win-aung-1996-came-out-on-absdf-south-conspiracy/

ယခုတော့ နှစ်ပေါင်း ၂၀ ကျော်ကြာတဲ့ နှစ်ပတ်လည်မှာ နိုင်ငံတကာမှာ၊ မြန်မာပြည်တွင်းမှာ အများပြည်သူတွေ၊ ကျန်ရစ်သူရဲဘော်တွေ၊ ကျန်ရစ်သူ မိသားစုတွေ အားလုံး အတူတကွ စုဝေးကြလို့ ကျဆုံးခဲ့သူ ရဲဘော်တွေကို ကောင်းမှုကုသိုလ်ပြု အထိမ်းအမှတ်ပြုကြပြီ ဖြစ်ပါတယ်။

မောင်ရစ် အနေနဲ့ကတော့ ကိုယ့်ဖက်က အဲသည်တုန်းက ဖြစ်ရပ်ကို စုံစမ်းသိရှိထားရက်နဲ့၊ ကိုယ့်မိတ်ဆွေတွေကိုယ်တိုင် ရင်ဆိုင်ဖြတ်သန်း အသက်ဘေးက လွတ်မြောက်ခဲ့ကြတာ ဖြစ်ရက်နဲ့၊ သိရှိသလောက် မှတ်တမ်းရှိသလောက် ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ မောဟအမိုက်မှောင်ဖုံးပြီး တွေဝေခဲ့မိတာကို ၀မ်းနည်းမိပါတယ်။

သို့သော်လည်း နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ ဖြစ်ရပ်မှန်ကို အားလုံးသော ကာယကံရှင်များ၊ မိတ်ဆွေများ၊ မိသားစုများရဲ့ ထုတ်ဖော်ပြောဆိုမှုနဲ့ တင်ပြနိုင်ခဲ့တာ အများပြည်သူတွေကိုယ်တိုင်က ဒီအကျဉ်းတန်ဖြစ်ရပ်ကြီးကို တည်ငြိမ် ရင့်ကျက်စွာ လက်ခံသိရှိခွင့်ရကြတဲ့အတွက် ၀မ်းသာမိပါတယ်။

အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြရင်း ကျဆုံးခဲ့သူ၊ အနစ်နာခံ စွန့်လွှတ်ခဲ့ကြသူတိုင်း သူရဲကောင်းတိုင်းအတွက် အမိမြန်မာပြည်နဲ့ ပြည်သူလူထုဟာ အသိအမှတ်ပြုတယ်၊ အတူတကွ ရပ်တည်ကြတာအတွက်လည်း ဂုဏ်ယူမိပါတယ်။

ကိုယ့်တဦးတည်းအနေနဲ့ကတော့ မတရားမှုတခုကို ထုတ်ဖော်ပြောဆို တင်ပြဖို့ ပျက်ကွက်ခဲ့သူ တဦးအဖြစ်နဲ့ မိမိရဲ့ မိတ်ဆွေတွေကို တောင်းပန်ပါတယ်။ ဒီလိုမျိုး အကျည်းတန်သော လုပ်ကြံမှုတွေကို နောက်ထပ်မဖြစ်ဖို့ ကျနော်တို့ ဆုတောင်းနေရုံနဲ့ မပြီးပါဘူး။ ကိုယ်တတ်နိုင်တဲ့ ၀န်ကို ထမ်းပြီး ဆောင်ရွက်ကြမယ်လို့ မရဲတရဲ သန္နိဋ္ဌာန် ချမိပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အပြစ်မဲ့တဲ့ လူတွေကို သတ်ဖြတ်စရာ မလိုပါ။ နောင်လည်း မသတ်ဖြတ်ကြပါနဲ့လို့ တောင်းပန်လိုက်ပါတယ်။

မောင်ရစ်

(ရင်းမြစ် - မိုးမခ)

အစ်မကြီး ငယ်နိုင်ခင်ဗျား...

အေဘီ မြောက်ပိုင်းလူသတ်ပွဲအကြောင်း ဖတ်လိုက်ရတာ စိတ်မကောင်းပါဘူး။ ၁၉၈၈ အရေးတော်ပုံ ကာလမှာ ကျွန်တော်က (၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသား အနေနဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်ရလောက်အောင်တော့ အစ်မကြီးတို့လို သွေးမရဲခဲ့ပါဘူး။ ပြည်တွင်းမှာ နိုင်ငံရေး လုပ်ရလောက်အောင်လည်း သတ္တိ မကောင်းခဲ့ပါဘူး။ မိဘရိပ်မှာပဲ ပညာကို ကောင်းကောင်းသင်ကြားခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အစ်မကြီးတို့လို လူတွေကို လေးစားပါတယ်လို့ ပဏာမ ပြောပါရစေ။



အေဘီမြောက်ပိုင်း လူသတ်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော် အကြံနည်းနည်း ပေးချင်ပါတယ်။

စနစ်တကျ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့ထဲမှာ သူလျှိုလို့ ထင်ပြီး ဖမ်းဆီးစစ်ဆေးတာ၊ သဘာဝကျပါတယ်။ ဒါပေမယ့် နှိပ်စက်ညှင်းပန်းတာကိုတော့ ဘာအကြောင်းပြချက်နဲ့မှ လက်မခံနိုင်ပါဘူး။

လက်နက်ကိုင် တိုက်ပွဲတစ်ခုမှာ ဖမ်းဆီးပြီး လူမဆန်အောင် နှိပ်စက်တာဟာ အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေအရာ စစ်ရာဇ၀တ်မှု မြောက်ပါတယ်။ International Humanitarian Law (IHL) ဟာ စစ်ဥပဒေပါ။



ဒါကြောင့် အစ်မကြီး ငယ်နိုင်အနေနဲ့ လုပ်လို့ရတာ တချို့ကို ကျွန်တော်စဉ်းစားမိသလောက် ပြောပါ့မယ်။

ဒီအဖြစ်အပျက်ဟာ လက်နက်ကိုင် စစ်ပွဲတစ်ခု အတွင်းမှာ ဖြစ်တဲ့အတွက် အိုင်စီစီ (အပြည်ပြည်ဆိုင်ရာ စစ်ရာဇ၀တ်ရုံး)ကို တင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါကို သေချာစေချင်ရင်တော့ ကိုယ့်ဘက်က အထောက်အထားကို ရသလောက် အခုကတည်းက စုထားသင့်ပါတယ်။ လက်ရှိအေဘီ ခေါင်းဆောင်ပိုင်းရဲ့ ပူးပေါင်းမှုကို ယူသင့်ပါတယ်။

တစ်ဖက်ကလည်း ဥပဒေ နားလည်သူတွေနဲ့ တိုင်ပင်ထားသင့်ပါတယ်။ စစ်ဥပဒေအကြောင်းကို ပိုပြီး နားလည်ချင်ရင်တော့ Australia Red Cross ကို အကူအညီ တောင်းလို့ရပါတယ်။ နီးစပ်ရာ အော်ဇီကြက်ခြေနီ အသင်းကို ဆက်သွယ်ပြီး အခြေအနေကို ပြောပြရင် သူတို့က ရှင်းပြပေးနိုင်ပါတယ်။ ဒါသူတို့ရဲ့ လုပ်ငန်း အစိတ်အပိုင်း တစ်ခုပါ။ နောက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (International Committee of the Red Cross-ICRC) ကိုလည်း ဆက်သွယ်ပြီး အကူအညီ တောင်းနိုင်ပါတယ်။

ဖမ်းထားသူတွေကို နှိပ်စက်တယ်ဆိုတာ ဘယ်ဥပဒေကမှ ခွင့်မပြုထားပါဘူး။ စစ်ဖြစ်နေချိန်မှာတောင် ရန်သူသုံ့ပန်းကို မနှိပ်စက်ရဘူးလို့ စစ်ဥပဒေ (International Humanitarian Law) က အတိအလင်း ပြောထားပါတယ်။ ဒီဥပဒေကို နိုင်ငံအားလုံးက အတည်ပြု လက်မှတ်ထိုးထားတာပါ။ မြန်မာပြည်ကည်း ဦးအုန်းကျော် လက်ထက်မှာ လက်မှတ်ထိုးထားပါတယ်။

အီရတ်မှာ ရှိတဲ့ အဘူဂါရစ် ထောင်ထဲမှာ စစ်ကြောရေး လုပ်ရင် သုံးတဲ့ နည်းတစ်ခုချင်းစီကို အမေရိကန် ကာကွယ်ရေး ၀န်ကြီးက အတည်ပြုပြီးမှ သုံးရပါတယ်။ ဒါက အမေရိကန်က လူမျိုးခြား မွတ်ဆလင် အကျဉ်းသားတွေကို ဆက်ဆံရင်တောင် တင်းကျပ်ထားတာကို ပြောချင်တာပါ။

အေဘီမြောက်ပိုင်းက ခံယူချက်တူတဲ့ ကျောင်းသားအချင်းချင်း ဒီလောက် လုပ်တာကို ဘယ်လိုမှ အကြောင်းပြလို့ မရပါဘူး။

ကိုယ်လေးစားရတဲ့ နောင်တော်တွေကို ကူညီနိုင်တဲ့ နည်းလမ်းတစ်ခုကို ချပြကြည့်တာပါ။ ကျေးဇူးပါ။

-
နေ့စွဲ - ၁၁-၂-၂၀၁၂


(မြန်မာနိုင်ငံမြောက်ပိုင်း ABSDF နယ်မြေအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှုများ အတွက် သေဆုံးသွားခဲ့သူများ၏ ဂုဏ်သိက္ခာအား ကာကွယ်စောင့်ရှောက်ခြင်း၊ တရားဥပဒေ စိုးမိုးမှုအား လူသားတိုင်း ခံစားနိုင်ခွင့် ရှိစေခြင်း၊ မွေးရာပါ လူ့အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရန် လိုအပ်ခြင်း စသည့် အချက်များ အတွက် သိသာစေရန် တင်ပြချက်။)


လူသတ်မှု ဆိုသည်မှာ ရဲအရေးပိုင်သော ကိစ္စ ဖြစ်၏။ ABSDF အဖွဲ့၏ အဖွဲ့စည်းတွင်း ပြဿနာတစ်ရပ် မဟုတ်ပါ။ ABSDF အဖွဲ့တွင် အဖွဲ့စည်းအတွင်း ပြဿနာများ ရှိကောင်း ရှိနိုင်သော်လည်း ပြဿနာတစ်ရပ်ကို လူသတ်သည့်နည်းဖြင့် ဖြေရှင်းလျှင် အဖွဲ့အစည်း၏ ပြဿနာ မဟုတ်တော့ပါ။ လူ့အဖွဲ့အစည်း၏ ပြဿနာ ဖြစ်ပါ၏။

လူသတ်မှုအတွက် မျက်မြင်သက်သေ၊ ကြားသိသောသက်သေ စသည်ဖြင့် သက်သေအထောက်အထားများ လို၏။ သက်သေ ရှိလျှင် အမှုဖွင့်လို့ရပြီ ဖြစ်သည်။ လူသတ်မှုကို ထောင်ချသူမှာ တရားသူကြီး မဟုတ်၊ သက်သေ သာလျှင် ဖြစ်၏။

လူသတ်မှုက အနှစ် ၂၀ ကျော်ပြီ ဖြစ်၏။ အနှစ် ၂၀ ကျော် လုံးလုံး ဖေါ်ထုတ်မည့်သူ မရှိခဲ့၍ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ယခု ဖေါ်ထုတ်သူများ ရှိနေပြီ ဖြစ်သောကြောင့် တာဝန်ရှိသူများက တာဝန်ရှိသလို ဆောင်ရွက်သင့်ပါသည်။ တာဝန်ရှိသူများအနေဖြင့် စုံစမ်းရေးကော်မရှင်ကို တရားဝင်ဖွဲ့စည်းဖို့အချိန်တန်ပြီ ဖြစ်ပါသည်။ တာဝန်ရှိသူများမှာ ABSDF ခေါင်ဆောင်ဟောင်း များအားလုံးနှင့် လက်ရှိ ခေါင်းဆောင်များအားလုံးတို့ ဖြစ်၏။

တာဝန်ရှိသူများမှ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း မရှိလျှင် လူသတ်မှုအား ထိန်ချန်မှု ဖြစ်၏။ လူသတ်မှုတစ်ခုအား ထိန်ချန်ခြင်းအတွက် ဆင်ခြေ မရှိပါ။ အခြေအနေ အချိန်အခါအရ တရားဥပဒေ လောကနှင့် ဆက်ဆံမှု ခက်ခဲသည်ဖြစ်၍ တင်ပြနိုင်ခြင်း မရှိသည်ကို တရားဥပဒေအရ နားလည်မှု ပေးနိုင်သော်လည်း လူသိရှင်ကြား မီဒီယာပေါင်းစုံတွင် တင်ပြမှုအား ဖုံးကွယ်ထားလျှင် ထိန်ချန်မှု ဖြစ်ပါ၏။

-
ABSDF ဌာနချုပ်မှ မြောက်ပိုင်းလူသတ်မှုအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပြီးပြီဟု ကြားသိရသော်လည်း တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။ "လူသတ်မှုဖြစ်သည့် အတွက် အဖွဲ့အစည်းအတွင်း ကော်မရှင်တစ်ရပ် ဖွဲ့စည်းသည်" ဟု ကြေငြာချက် ထုတ်ရုံဖြင့် မလုံလောက်ပါ။ လူသတ်မှု ဖြစ်ပွားသောနေရာသည် ထိုင်း မြန်မာနယ်စပ် (သို့) တရုတ် မြန်မာနယ်စပ် ဒေသတွင် ဖြစ်ခဲ့ပြီး မည်သည့်အစိုးရ၏ ဥပဒေထိန်းချုပ်မှု နယ်မြေတွင်း မရှိခဲ့၍ ကျူးလွန်သူများရော၊ ထိန်ချန်သူများပါ ရာဇ၀တ်ဘေး ပြေးလို့လွတ်ပြီဟု ထင်နေကြဟန် ရှိပါသည်။

လူသတ်မှု ဆိုသည်မှာ မည်သည့်နေရာတွင် ဖြစ်သည်ဖြစ်စေ ပြေးလို့လွတ်မြောက်သော အမှု မဟုတ်ပါချေ။ မြောက်ပိုင်းလူသတ်မှုအား နိုင်ငံတကာအဆင့် တရားဝင်သော စုံစမ်းရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းကြောင်း ABSDF မှ တရားဝင် ဆောင်ရွက်ခြင်း မပြုနိုင်လျှင် ယနေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း အင်္ဂလန်နိုင်ငံရောက် မြန်မာများမှ အင်္ဂလန်နိုင်ငံ၊ ရှေ့နေများကောင်စီဖြင့် ပူးပေါင်း၍ အမှုဖွင့် တရားစွဲဆိုမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိစေလိုက်ပါသည်။

ABSDF ခေါင်းဆောင်အချို့က အဖွဲ့၏ ပြဿနာကို ပြင်ပမှ သူများက ၀င်မရှုပ်ဖို့ ဟန့်တားကြ၏။ လူသတ်မှုကို ပြည်သူက ၀င်ရှုပ်မည် ဖြစ်ပါသည်။ ပြည်သူကို ၀င်မရှုပ်ဖို့ တားမြစ်၍ မရပါ။ ABSDF ကို လွတ်မြောက်နယ်မြေတွင် ဖွဲ့စည်းခဲ့၏။ လွတ်မြောက်နယ်မြေ ဆိုသည်မှာ ခေတ်ကာလအရ ရန်သူမှ လက်လမ်းမမှီနိုင်သော နေရာကို ဆိုလိုပါသည်။ တရားဥပဒေမှ လွတ်မြောက်သော နယ်မြေတော့ မဟုတ်ပါချေ။

လွတ်မြောက်နယ်မြေ တစ်ရပ်တွင် ထိုနယ်မြေကို ထိမ်းချုပ်သော အဖွဲ့အစည်းတစ်ရပ်ရပ်၏ တာဝန်ယူမှု ရှိရမည် ဖြစ်သော်လည်း လူသတ်မှုကို ကျူးလွန်သူများကို လွတ်မြောက်နယ်မြေတွင် ရှိသော သက်ဆိုင်ရာအဖွဲ့အစည်း တစ်ခုခု၏ တရားစီရင်မှု မရှိခဲ့သည်ဖြစ်၍ ဖြစ်ပွားခဲ့သော လူသတ်မှုမှာ ယနေ့ထက်ထိ တရားစွဲဆိုဖို့ လိုအပ်နေသော ကိစ္စတစ်ခုသာ ဖြစ်ပါသည်။

တော်လှန်ရေးတစ်ရပ်တွင် ဖြစ်ပွားတတ်သော ပြစ်မှုများစွာ ရှိနိုင်သော်လည်း မည်သူမျှ တရားစီရင်မှု မပြုရသေးသော လူသတ်မှု ဆိုသည်မှာ တော်လှန်ရေးကို ခုတုန်းလုပ်၍ ဆင်ခြေပေးလို့ရသော အမှု မဟုတ်ပါ။

-
ABSDF ခေါင်းဆောင်များအနေဖြင့် မြောက်ပိုင်းလူသတ်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာအဆင့် ရှိသော တရားဝင် စုံစမ်းရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းနိုင်ခြင်းမျိုး မလုပ်ပဲ တစ်ချိန်ကျတော့ သမိုင်းက ဆုံးဖြစ်လိမ့်မည်ဟု ပြော၍မရပါ။ ဤကိစ္စမှာ သမိုင်းဆိုင်ရာ ပြဿနာ မဟုတ်ပါ။ ရာဇ၀တ်ကြောင်းဆိုင်ရာ ပြဿနာ သာလျှင် ဖြစ်ပါ၏။

မြောက်ပိုင်းလူသတ်မှုအတွက် ABSDF အဖွဲ့မှ ရက်ပေါင်း ၆၀ အတွင်း အပြည်ပြည်ဆိုင်ရာ အဆင့် တရားဝင် စုံစမ်းရေးကော်မရှင် တစ်ရပ် မဖွဲ့စည်းနိုင်လျှင် ယူကေ ရောက် မြန်မာများမှ ယူကေ တွင် ရှိသော အောက်ပါ အဖွဲ့အစည်းများဖြင့် တရားဝင် ဆက်သွယ် ဆောင်ရွက်၍ အမှုမှန် ဖေါ်ထုတ်သွားမည် ဖြစ်ကြောင်း သိစေအပ်သည်။

၁။ INTERPOL (အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့)
၂။ THE LAW SOCIETY (UK)
၃။ AMNESTY INTERNATIONAL (UK)
၎။ UK (POLICE)
၅။ UK (GOVERNMENT)
၆။ UNITED NATIONS


တာဝန်ယူ တင်ပြသည့် အဖွဲ့အစည်း
(မူဝါဒရေးရာဌာန)
မြန်မာဒီမိုကရေစီကွန်ဂရက်


(မှတ်ချက်)။ ​ ။ ယခု တင်ပြသော ကြေငြာလွှာသည် ပစ်စာ (သို့) ချိန်းချောက်စာ တစ်ရပ် မဟုတ်ပဲ ကျွန်ုပ်တို့ပါတီမှ တာဝန်ခံ၍ တင်ပြသော တရားဝင် ထုတ်ပြန်ချက် ဖြစ်သည်။

မတရားမှုများအား လူသိရှင်ငြား ဖေါ်ထုတ်ခြင်းဖြင့် တော်လှန်ရေးတစ်ရပ်အတွက် ဂုဏ်သိက္ခာ ကျစေနိုင်မည် ဟု ဆင်ခြေပေးသူများ ရှိ၏။ တော်လှန်သောအဖွဲ့အစည်း ဆိုသည်မှာ မတရားမူများကို တော်လှန်ခြင်းသာလျှင် ဖြစ်၏။ မတရားမူများအား အမှုမှန် ဖေါ်ထုတ်ခြင်းဖြင့်သာလျှင် ကျောင်းသားတပ်မတော်၏ ဂုဏ်သိက္ခာကို ကယ်တင်နိုင်မည် ဖြစ်ပါသည်။ ပြည်သူအများမှ ရဲရဲရင့်ရင့် ထောက်ခံကြဖို့သာလျှင် လိုရင်း ဖြစ်ပါသည်။

(Credit - MDC)

(
ခေါင်းစဉ်ကို နှိပ်ပြီး YouTube ဗွီဒီယို ကို ရှုစားနိုင်ပါတယ်။ )

၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ၊ ABSDF မြောက်ပိုင်း မှာ ဖမ်းဆီး နှိပ်စက်ခံနေရစဉ်မှာ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ အေဘီ မြောက်ပိုင်း ရဲဘော် ၅၄ ဦးထဲက အခမ်းအနားကို တက်ရောက်လာကြသူများက မိမိတို့ ကိုယ်တွေ့ အတွေ့အကြုံတွေကို တဦးချင်း အကျဉ်းချုံး ပြောပြတာကို ဗွီဒီယို မှာ ရှုစားနိုင်ပါတယ်။


12 Feb 2012

မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများအတွက် ရည်စူးပြီး ကျန်ရစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက မန္တလေးမြို့ မြ၀တီမင်းကြီးကျောင်းတိုက်မှာ ဆရာတော် အရှင်သူမြတ်တွေကို သင်္ကန်းပရိက္ခရာတွေ ဆပ်ကပ်လှူဒါန်းပြီး ရေစက်ချ တရားတော် နာကြားခဲ့ပါတယ်။

အဲဒီနောက် နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီအထိ လုပ်ဖော်ကိုင်ဖက်များ တွေ့ဆုံညှိနှိုင်းခြင်းနှင့် မီဒီယာများသို့ အကူအညီတောင်းခံခြင်း အခမ်းအနားကို ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို တက်ရောက်လာကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မှ တဦးချင်း မိတ်ဆက်ပြီး မိမိတို့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အကျဉ်းချုံး ပြောကြားခဲ့ကြပါတယ်။

BurmaVJMedia

(
ခေါင်းစဉ်ကို နှိပ်ပြီး YouTube ဗွီဒီယို ကို ရှုစားနိုင်ပါတယ်။ )


12 Feb 2012

၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ၊ ABSDF မြောက်ပိုင်း မှာ ဖမ်းဆီး နှိပ်စက်ခံနေရစဉ်မှာ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ အေဘီ မြောက်ပိုင်း ရဲဘော် ၅၄ ဦးထဲက မန္တလေး၊ မြ၀တီမင်းကြီးကျောင်းတိုက်မှာ ကျင်းပတဲ့ "မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ အခမ်းအနား" ကို တက်ရောက်လာကြသူများက မိမိတို့ ကိုယ်တွေ့ အတွေ့အကြုံတွေကို တဦးချင်း အကျဉ်းချုံး ပြောပြတာကို ဒီ ဗွီဒီယိုမှာလဲ ရှုစားနိုင်ပါတယ်။

(
ခေါင်းစဉ်ကို နှိပ်ပြီး ဗွီဒီယို ကို ရှုစားနိုင်ပါတယ်။ )


ပန်းချီဆရာ ဆူးမြင့်သိန်း ရဲ့ Tomorrow Performance (ABSDF မြောက်ပိုင်း နှိပ်စက်ခံရဲဘော်တွေ ခံစားခဲ့ရတဲ့ ကိုယ်ရောစိတ်ပါ အနှောင်အဖွဲ့ခံ စိတ်မွန်းကြပ်မှု ဝေဒနာကို သရုပ်ဖော်တဲ့ performance အနုပညာ တင်ဆက်မှုကို) ဗွီဒီယို ကို ရှုစားနိုင်ပါတယ်။


12 Feb 2012

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မြ၀တီမင်းကြီးကျောင်းတိုက်မှာ ကျင်းပတဲ့ မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့မှာ ပန်းချီဆရာ ဆူးမြင့်သိန်းက Tomorrow Performance အမည်နဲ့ မြောက်ပိုင်း ABSDF ကျောင်းသားတပ်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေဖြစ်စဉ် စိတ်ခံစားမှုတွေကို ဖော်ကျူးပြသတဲ့ သရုပ်ဖော်ပြကွက်ကို ခင်းကျင်းပြသခဲ့ပါတယ်။

ဒီ သရုပ်ဖော် အခမ်းအနားကို မြောက်ပိုင်းဒေသမှာ ပါဝင် ပတ်သတ်ခဲ့တဲ့ ကျောင်းသားတွေ၊ စိတ်ပါဝင်စားသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ တက်ရောက်ခဲ့ပါတယ်။ သရုပ်ဖော် ပြကွက်ကိုတော့ မနက် ၉း၃၀ ကနေ စတင်ခဲ့တာဖြစ်ပြီး မနက် (၁၀း၁၀) မိနစ်ခန့်မှာ ပြီးဆုံးခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ကျဆုံးသွားတဲ့ ABSDF ကျောင်းသားရဲဘော်တွေအတွက် ရည်စူးပြီး မနက် (၁၀း၃၀) မှာတော့ သံဃာတော် အရှင်သူမြတ်တွေကို နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။

(
ခေါင်းစဉ်ကို နှိပ်ပြီး ဗွီဒီယို ကို ရှုစားနိုင်ပါတယ်။ )


12 Feb 2012

"၁၉၉၁ - ၉၂ မှာ စစ်ထောက်လှမ်းရေးသူလျှိုတွေ ဆိုပြီးတော့မှ စွပ်စွဲဖမ်းဆီးပြီးတော့မှ နှိပ်စက် သတ်ဖြတ်ခဲ့လို့ သေဆုံးတဲ့သူတွေဟာ စုစုပေါင်း ၃၈ ဦး ရှိခဲ့တယ်။ ဒဏ်ရာပြင်းထန်စွာ ရပြီးတော့မှ အသုတ်လိုက် အသုတ်လိုက် ပြန်လည်ထွက်ပြေးကြတဲ့သူ အားလုံး စုစုပေါင်းက အယောက် ၇၀ လောက် ရှိခဲ့တာပါ။ ဒါ လွန်ခဲ့တဲ့ နှစ် ၂၀ ကပါ။"

ကိုရဲလင်း (မြောက်ပိုင်း ABSDF ကျောင်းသားတပ်မတော် ဗဟိုကော်မတီဝင်)

(
ခေါင်းစဉ်ကို နှိပ်ပြီး ကိုမြအေးနှင့် အင်တာဗျူး ဗွီဒီယို ကို ရှုစားနိုင်ပါတယ်။ )

မန္တလေး၊ မြ၀တီမင်းကြီးကျောင်းတိုက်မှာ ကျင်းပတဲ့ "မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ အခမ်းအနား" ကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးနှင့် အင်တာဗျူး ဗွီဒီယို ကို ရှုစားနိုင်ပါတယ်။


12 Feb 2012

"မန္တလေးကို တက်လာတာဟာ ၈၈ မျိုးဆက် ကျောင်းသားများရဲ့ မစ်ရှင်အနေနဲ့ ကျနော် တက်လာတာ ဖြစ်ပါတယ်။ အဓိကအနေနဲ့ ပြောရရင်တော့ ကျနော်ကိုယ်တိုင် မြောက်ပိုင်းကို ရောက်ခဲ့ဖူးတဲ့ လူတယောက် အနေနဲ့ ကျနော် ဒီပွဲကို တက်လာတာ ဖြစ်ပါတယ်။

ကိုထွန်းအောင်ကျော်ကို ကျနော် ကောင်းကောင်းကြီး သိပါတယ်။ အလားတူပဲ ရန်ကုန်ကနေသွားတဲ့ ကိုမောင်မောင်ကြွယ်ကိုလဲ ကျနော် ကောင်းကောင်းကြီး သိပါတယ်။

ကျနော် ရဲရဲတင်းတင်း ပြောရဲပါတယ်။ သူတို့ဟာ ထောက်လှမ်းရေးတွေ မဟုတ်ပါဘူး၊ ကျောင်းသားတွေပါ။ ကျနော့်အသက်နဲ့ ပုံလောင်းပြီး ကျနော် ဒီကနေ့ ပြောရဲပါတယ်"

ကိုမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)

(Credit - BurmaVJMedia)

မငယ်ရှင့်။
ပြည်ထောင်စုနေ့အကြောင်းရေးထားတာ ဖတ်ပြီး ဒီနေ့မှာပဲ မြောက်ပိုင်းမှာသေဆုံးသွားတဲ့ ရဲဘော်တွေ အကြောင်းရေးထားတာမတွေ့ရလို့ မငယ်နိုင်ကို မေးကြည့်မလို့ပဲ အောက်မှာ ကွန်မန့်တွေ အများကြီးတွေ့ ရလို့ သေချာဖတ်ကြည့်လိုက်အုံးမယ်နော်။ ဘာလို့ မငယ်နိုင်ကို မေးချင်တာလဲဆိုတော့ မငယ်နိုင်ရဲ့ စာတွေနဲ့ ရင်းနှီးနေတော့ မငယ်နိုင်က မဟုတ်မခံ စိတ်ဓါတ်ရှိတာရယ် ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ အကျင့်ရှိတယ်ဆိုတာ စာတွေကတဆင့်သိထားလို့ပါ။ ကျွန်မက အဖွဲ့အစည်းတွေအကြောင်း သေချာမသိလို့ နားမလည်ပါဘူး။ ဒါပေမယ့် အခုကိစကတော့ အမှတ်တကယ်ဖြစ်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ အကြောင်းကြောင်းတွေကြောင့် စာမျက်နှာထက်မှာ မတင်ပေမယ့် ပြည်ထောင်စုနေ့မှာ အသတ်ခံလိုက်ရတော့ ကျောင်းသားတွေအတွက် မငယ်နိုင်အမျှဝေခဲ့မယ်လို့ ဘာကြောင့်မှန်းမသိ ကျွန်မယုံကြည်နေပါတယ်။ ကျေးဇူး

အပေါ်ကွန်မန့်မှာ စာလုံးပေါင်းမှားသွားပါတယ်။ ပြည်ထောင်စုနေ့မှာ အသတ်ခံလိုက်ရတဲ့ ကျောင်းသားတွေလို့ ပြောချင်တာပါ။ကွန်မန့်တွေကိုလဲ သေချာဖတ်ပြီးပါပြီ။ မနန်းအောင်ထွေးကြည်ရဲ့ စာကိုဖတ်လိုက်ရတော့ မျက်ရည်ကျမိတယ်။ မြောက်ပိုင်းကိစတွေ စသိတုန်းက ကျွန်မ အိပ်တောင်မပျော်ဘူး။ သေဆုံးသွားတဲ့သူတွေကို သနားလို့ပါ။ ကိုထွန်းအောင်ကျော်ရဲ့ ဓါတ်ပုံတွေ တွေ့ရတော့လဲ ညဘက်အိပ်မက်ထဲထိ မက်ပြီး သူတို့ရဲ့ အဖြစ်ဆိုးတွေကို စိတ်မကောင်း ဖြစ်ရတယ်။
ကွန်မန့်ထဲက အကြံပေးဆိုသူကတော့ မငယ်ခေါ် မနန်းအောင်ထွေးကြည်နဲ့ မငယ်နိုင်ကို မှားနေပုံပေါ်တယ်။ ဘာပဲဖြစ်ဖြစ်ပါ အခုလို အမှန်တရားတွေ ပေါ်လာခဲ့တာကိုပဲ ကျေးဇူးတင်ပြီး ကျဆုံးသွားတဲ့သူတွေကို ဦးညွတ်ပါတယ်ရှင်။

မသက်ဝေ ကျွန်မကိုတော့ အခုနောက်ပိုင်း အွန်လိုင်းပေါ်လည်း သုတ်သုတ်ဝင် သုတ်သုတ်ပြန်ထွက်မို့ သတင်းဘလော့ဂ်ကလွဲရင် ဘယ်ဘလော့ဂ်မိတ်ဆွေတွေဆီမှ မရောက်ဖြစ်ပေမဲ့ မသက်ဝေ လာလည်တာ ၀မ်းသာပါတယ်။

Anonymous (February 13, 2012 10:48 AM) အခုအွန်လိုင်းပေါ်မှာ ABSDF မြောက်ပိုင်းမှာ ဖြစ်ခဲ့တာကို ကိုယ်တိုင်ခံခဲ့ရသူတွေက ရေးသားကြတဲ့ အပေါ်မှာ ဘာမှ ပြောစရာမရှိပေမဲ့ ဘာမှ ဟုတ်တိပတ်တိ သိတဲ့သူတွေ မဟုတ်ဘဲနဲ့ ထင်ရာ ပေါက်လွှတ်ပဲစား စွတ်ပြောပြီး အခြေအမြစ်မရှိ ဟိုလူ့စွပ်စွဲ ဒီလူ့စွပ်စွဲတင်မက ABSDF ကို သုံးစားမရအောင် စော်ကားနေသူတွေကိုတော့ စိတ်ကုန်မိတာ အမှန်ပဲ။ ကျွန်မက Anonymous ထင်တဲ့အတိုင်း မြောက်ပိုင်းကျောင်းသားတွေ အသတ်ခံရတဲ့ ပြည်ထောင်စုနေ့မှာမှ မဟုတ်ဘူး သူတို့အကြောင်းတွေကို စဖတ်ရကတည်းက ကျွန်မ ဘုရားရှိခိုးလို့ အချိန်ရတိုင်း ပြုခဲ့တဲ့ကုသိုလ်တွေကို သူတို့တွေအတွက် အမျှဝေပေးပြီး ကောင်းရာသုဂတိလားကြပါစေလို့ ဆုတောင်ေးပးပါတယ်။ ကျွန်မအနေနဲ့ ဒီအကြောင်းကို ပြည်ထောင်စုနေ့မှာ ပို့စ်တခု ဖြစ်အောင်တင်မယ်လို့ ရည်ရွယ်ပြီး သူများရေးထားတဲ့ ပို့စ်တွေက အချက်အလက်တွေအပေါ် လေ့လာစုံစမ်းခဲ့ပါတယ်။ ပထမ အချက်အလက် ခိုင်လုံဖို့ လိုပါတယ်။ အချက်အလက် ခိုင်မာပြီဆိုမှ ဒီအပေါ်မှာ သုံးသပ်လို့ရမယ်။ ဒါကြောင့် သူများရေးထားတာကိုလည်း ဖတ်တယ်၊ ကျွန်မကိုယ်တိုင်လည်း အဲဒီရေးထားတဲ့ အကြောင်းအရာထဲက အချက်အလက်တွေအပေါ် မေးသင့်တယ်လို့ ယူဆရတဲ့သူတွေကို မေးမြန်းစုံစမ်းခဲ့ပါတယ်၊ အခုအခြေအနေမှာ ဖြစ်သွားတာဟာ ဟိုအရင်က ကျွန်မ သိထားသလိုမျိုး မဟုတ်ဘူး တကယ်ကို ဘယ်လိုမှလက်မခံနိုင်အောင် ယုတ်ရိုင်းအောက်တန်းကျလှတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီး ဖြစ်သွားခဲ့တယ်ဆိုတာ ကျွန်မရသွားပြီ။ ဒါပေမဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် မဟုတ်တဲ့ ဒီကိစ္စကို ကျွန်မ ဘလော့ဂ်က ဘ၀ဖြတ်သန်းမှုတွေလိုလည်း ပေါ့ပေါ့ပါးပါးလေး ရေးလို့မရပါဘူး။ တကယ်ကို အခြေအမြစ်ရှိရှိ သုံးသပ်ဖို့ လိုအပ်ပါတယ်။ Analysis အနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ဆိုရင် အချက်အလက်က ဒီလောက်နဲ့ မရသေးဘူး။ ပြီးတော့ အခုချိန်မှာ ကျွန်မဟာ ဒီအတွက် တော်တော်လေးကို စိတ်ထိခိုက်နေတဲ့အချိန်မှာ စိတ်မတည်ငြိမ်ဘဲနဲ့ ခံစားမှုကို ဦးစားပေးပြီး ရေးတဲ့ပို့စ်က မှန်မှန်ကန်ကန် သုံးသပ်မှု ဖြစ်မလာနိုင်ဘူး၊ ဘာမှလည်း ဟုတ်တိပတ်တိ သိတာမဟုတ်၊ ကိုယ်လည်း ပါဝင်ပတ်သက်ခဲ့တာ မဟုတ်တဲ့ အကြောင်းအရာတခုကို အခြေအမြစ် မရှိဘဲနဲ့ တောပြောတောင်ပြော ဟိုလူ့စွပ်စွဲ ဒီလူ့စွပ်စွဲပြီး အပြစ်ပုံချလို့လည်း မဖြစ်ဘူး။ တကယ်ကို ခံစားမှု ကင်းကင်းနဲ့ Analysis လုပ်ရမှာ ဖြစ်တဲ့အတွက် ဒီအတွက် အဆင်သင့် မဖြစ်သေးလို့ ကျွန်မ ဒီအကြောင်းပို့စ် တင်ဖို့ ရည်ရွယ်ထားပေမဲ့ မတင်ဖြစ်သေးဘူး။

မငယ်အခုလို ကျွန်မရဲ့ကွန်မန့်ကို သေချာပြန်ဖြေတာ ကျေးဇူးတင်ပါတယ်။ မငယ်ပြောတာဟုတ်ပါတယ်။ ကိုယ်သိပေမယ့် ကိုယ်တိုင်မကြုံရတဲ့အကြောင်းကို ပြန်ရေးဖို့ဆိုတာ မလွယ်ပါဘူး။ မငယ်ရဲ့ ရပ်တည်ချက်ဟာ ကျွန်မထင်ထားတာထက်ပိုပြီး ပြတ်သားရုံ မဟုတ်ဘူး လေးစားဖို့လဲကောင်းပါတယ်။ ကျေးဇူး မငယ်။

ယခုအစီရင်ခံစာသည် ကျောင်းသားတပ်မတော် ( မြောက်ပိုင်းဒေသ ) တွင် သူလျှိုအဖြစ် စွပ်ဆွဲခံရပြီး ညှင်းပမ်းနှိပ်စက်ခြင်း ခံနေရာမှ ထွက်ပြေးလွတ်မြောက်လာသူ ထင်လင်းအောင်မှ ပေးပို့လာသော အစီရင်ခံစာဖြစ်ပါသည်။

----------------------------

ကျနော် ထင်လင်းအောင်သည် ဦးအောင်သန်း ဒေါ်ခင်ရီတို့မှ ၁၉၆၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့တွင်မွေးဖွားပါသည်။ ၁၉၇၄ ခုနှစ်တွင် အခြေခံ ပညာအလယ်တန်းကျောင်း၊ အလက (၁) သထုံမြို့တွင် မူလတန်းပညာကို သင်ကြားပါသည်။

၁၉၈၈ ခုနှစ်တွင် အထက်တန်းပညာ သင်ကြားနေချိန် ဒီမိုကရေစီအရေးအခင်း ဖြစ်ပွားပါသည်။ ကျနော်သည် ကျောင်းသားသမဂ္ပ၏ သတင်းနှင့် ၀ါဒဖြန့်ချိရေးရုံးတွင် ၀င်ရောက် တာဝန်ထမ်းဆောင်ပါသည်။ သပိတ်အခြေစိုက်စခန်းမှာ ၀ိဘာဂီ ဘုန်းကြီးကျောင်းဝင်း အတွင်းတွင် ဖြစ်ပါ၏။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာ အာဏာသိမ်းပြီး ၁၉ ရက်နေ့တွင် အမှတ် ၂၄ ခြေလျှင်တပ်ရင်းမှ တပ်ရင်းမှူးကိုယ်တိုင် လာရောက် လူစုခွဲခိုင်းရာ ၂၀ ရက်နေ့ ညနေပိုင်းကျမှ လူစုခွဲလိုက်ပါသည်။

သပိတ်စခန်း ခေါင်းဆောင်များမှာ

၁။ တင်ဝင်း ၂။ သူရိန်ထွန်း ၃။ တင်အုံး ၄။ ကျော်ကျော် ၅။ ဆန်းအောင် ၆။ မြင့်သူ ၇။ အောင်အောင် ၈။ ကျော်မိုး ၉။ ကိုမျိုး တို့ ဖြစ်ပါသည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျနော်၊ အောင်ဇော်ဦး၊ သံချောင်း၊ ခင်မောင်သိန်း၊ ခိုင်စိုးတို့သည် လက်နက်ကိုင်လမ်းစဉ် ပြုလုပ်ရန်အတွက် သထုံမြို့မှ ထွက်ခွါခဲ့ကြပါသည်။ သထုံမှ မြိုင်ကလေး၊ ဘားအံ ထိုမှတဆင့် ဖားကပ်၊ မုဂတိ၊ မင်းစီ၊ နတ်ကြီး စသည့် ရွာစဉ်များကိုဖြတ်ပြီး ၂၇ ရက်နေ့တွင် ကေအင်ယူ နယ်မြေရှိ တပ်ရင်း(၂၁) မယ်သလေစခန်းသို့ ရောက်ပါသည်။ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတင် ဖွဲ့စည်းချိန်မှာ ကျနော်အပါအ၀င် အင်အား ၁၀၀ ခန့် မယ်သလေအနီးရှိ ဆင်တောင်ခြေတွင် သင်တန်းတက်ခဲ့ရပါသည်။

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် မယ်သလေစခန်း ကျသဖြင့် ထိုင်းနိုင်ငံ ရိုးကလိုး ဒုက္ခသည်စခန်း အနီးတွင် တပတ်ခန့် ခိုနေပြီး ရေကျော်စခန်းသို့ သွားရောက်ခဲ့ပါသည်။ ရေကျော်စခန်းတွင် စစ်သင်တန်း နှစ်လ တက်ရောက် သင်ကြားခဲ့ပြီး ဧပြီလတွင် တပ်ပြောင်းရွှေ့ခွင့်အရ ကျနော်နှင့် စိုင်းထူး (ကျိုက်ထို) နှစ်ယောက်သည် ရေကျော်မှ မဲဆောက်၊ မဲသဝေါ၊ မာနယ်ပလော နောက်ဆုံး ဦးသုထသို့ မေလ ၅ ရက်နေ့တွင် ရောက်ရှိခဲ့ပါသည်။ ထိုစခန်းတွင် တပတ်မျှ နေထိုင်နေစဉ် ဦးသုထစခန်း ကျပြန်သဖြင့် စခန်းပြောင်းရွှေ့ရာ သော်လဲထ၊ ၄င်းမှ မဲလထ၊ ၄င်းမှ လဲသာထ သို့ ရောက်ရှိပြီး အမှတ် ၂၀၉ တပ်စခန်းကို တည်ဆောက်ရပါသည်။

အမှတ် ၂၀၉ တပ်ရင်းတွင် စစ်ရေး၊ နိုင်ငံရေး တာဝန်များကို ထမ်းဆောင်နေရင်း ပလောင်နယ်မြေတွင် ABSDF ၅၀၁ တပ်ရင်းသစ်တခု ဖွဲ့စည်းရန် အတွက် ရွေးချယ်ခြင်း ခံခဲ့ရပါသည်။၂၀၉ တပ်ရင်းမှ ရဲဘော် ၂၁ ယောက်၊ သေဘောဘိုးမှ ၃ ယောက်၊ ရ၀မ်ခမှ ၃၊ ဘုရားသုံးဆူမှ ၁ ဦး၊ နယ်မြေရုံးမှ ၂ ၊ စုစုပေါင်း (၃၀) ယောက်ကို ရွေးချယ်ပြီး ၁၉၉၀ ပြည့်နှစ်၊ ဇန်န၀ါရီလထဲတွင် နှစ်သုတ် ခွဲ ပို့ခဲ့ပါသည်။

ABSDF ဥက္ကဌ ကိုမိုးသီးဇွန်မှ တာဝန်ပေးသဖြင့် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ရပါသည်။

ပလောင်နယ်မြေတွင် ABSDF ၅၀၁ တပ်ရင်းသစ်တခု ဖွဲ့စည်းရန် ရွေးချယ်ခံရပြီး ABSDF ဥက္ကဌ ကိုမိုးသီးဇွန်မှ တာဝန်ပေးသူ ၃၀ မှာ -

(၁) တပ်ရင်းမှူး သိုက်ထွန်းဦး (ဘုရားသုံးဆူ) - ရန်ကုန်၊ သာကေတ ၅ ရပ်ကွက်။
(၂) ဒု-ရင်းမှူး သူရဇော် (၀မ်ခ) - မြင်းခြံ
(၃) ဆေးတာဝန်ခံ သိန်းထွန်း (၀မ်ခ) - ကျောင်းကုန်း
(၄) တပ်စုမှူး ထင်လင်းအောင်
(၅) တပ်စိပ်မှူး ဇော်နိုင် (သေဘောဘိုး) - ရန်ကုန်
(၆) တပ်စိပ်မှူး ဇလုံး (ဇော်ဇော်ဦး) - တောင်စွန်း

ရဲဘော်များ
(၇) အငယ်လေး (၀မ်ခ) - မန္တလေး
(၈) မောင်မောင် (နယ်မြေရုံး) - ရန်ကုန် ဒလ
(၉) သက်အောင် (နယ်မြေရုံး) - ရန်ကုန် ၈ မိုင်
(၁၀) အောင်ဝင်းတင့် (သေဘောဘိုး) - ရန်ကုန်
(၁၁) ဇော်မြင့် (သေဘောဘိုး) - ရန်ကုန်
(၁၂) လှဝေ - ကျိုက်ကော်
(၁၃) အောင်နိုင် - ပဲခူး
(၁၄) မောင်ဦး - ပဲခူး
(၁၅) ဆန်းမြင့်ကိုကို - ပဲခူး
(၁၆) မောင်ဦး - ပဲခူး
(၁၇) မြင့်ဥင်္ီးလေး (မနှဲလေး) - သထုံ
(၁၈) ကျော်ကျော် - ကျိုက်ထို
(၁၉) ဂါမဏိ - ကျိုက်ထို
(၂၀) ထက်ခိုင် - ကျိုက်ထို
(၂၁) စန်းမြင့် - ရန်ကုန်
(၂၂) ဦးနိုင်ဦး - ပဲခူး
(၂၃) သန်းထိုက် - ရန်ကုန်
(၂၄) သန်းထွဋ် - ပဲခူး
(၂၅) အောင်ဆန်းဦး - သထုံ ပေါ်တော်မူ
(၂၆) ကျော်မျိုး - ကျိုက်ထို
(၂၇) နိုင်လင်း - သထုံ ဇင်းကျိုက်
(၂၈) သိန်းလွင် - ရန်ကုန်
(၂၉) စိုးဝင်း - ရန်ကုန်
(၃၀) အောင်ဇော်ဦး - သထုံ

အထက်ပါ ၃၀ ဦးတို့ကို မာနယ်ပလောမှ သော်လဲထ၊ ၄င်းမှ မယ်ဟောင်ဆောင်၊ ၄င်းမှ မယ်စတီရမ်း၊ ၄င်းမှ ချင်းမိုင်၊ ချင်းမိုင်မှ မာန်မြို့အနီးရှိ လွယ်ဖာပုပ်တောင်အထိ သွားကြရပြီး အဲဒီမှာ စုပါသည်။ ကျနော်တို့ သွားရမည့်အဖွဲ့များမှာ PSLP ၊ ALP ၊ PDF ၊ ABSDF တောင်ပိုင်းမှ မြောက်ပိုင်းသို့ ထွက်မည့် လူများလည်း ရှိပါသည်။ PDF ၂ ဦး၊ ABSDF ၃၄ ဦး၊ ALP ၄ ဦး၊ PSLP ၁၈ ဦးတို့ဟာ ၁၉၉၀၊ မတ်လ ၈ ရက်နေ့မှ စတင် ခရီးထွက်ခဲ့ကြပါသည်။

မိုင်းဆတ်မှတဆင့် ကျိုင်းတုံ၊ ၄င်းမှတဆင့် ပန်ဆိုင်း (ဗဟိုဌာနချုပ်) သို့ ဧပြီလဆန်းတွင် ရောက်ရှိကြပါသည်။ တဖန် ပန်ဆိုင်းမှ မိုင်းမောသို့ ကားဖြင့်ပို့ပေးပါသည်။ လမ်းတွင် တိုက်ပွဲ ၃ ကြိမ် ရင်ဆိုင်ခဲ့ရ၏၊ ပလောင်နယ်မြေသို့ ဇွန်လတွင် ရောက်ရှိခဲ့ပြီး တလခန့် ရှေ့တန်းတွင် လှုပ်ရှားရသည်။ တပ်ရင်း (၂၁၇) မှ တပ်ရင်းမှူး စိုင်းစိုးလင်းနှင့် ကျနော် ဦးဆောင်သော တပ်စုတစုသည် မိုးမိတ်၊ မိုးကုတ်၊ နမ်းဆန်နယ်မြေများသို့ လှည်လည် စည်းရုံးရေး ဆောင်ရွက်ရပါသည်။ ABSDF ဗဟိုမှ ညွှန်ကြားချက်အရ KIA ဗဟိုသို့ ဇွန်လတွင်
ခရီးဆက်ခဲ့ရာ ဇူလိုင်လကုန်တွင် KIA တပ်ရင်း (၈) သို့ ရောက်ခဲ့ပြီး ABSDF မြောက်ပိုင်း ရွှေဂူခရိုင်မှူး ရဲလင်းနှင့် တပ်စုတစုကို တပ်ရင်း (၈) တွင် တွေ့ဆုံခဲ့ပါသည်။ ၄င်းတို့နှင့်အတူ သြဂုတ်လတွင် ABSDF မြောက်ပိုင်းသို့ ထွက်ခဲ့ရာ နည်းဗျူဟာ (၂) တပ်မဟာ (၃) KIA စခန်းရှိ ABSDF မြောက်ပိုင်းမှ ဗန်းမော်ခရိုင်မှူး ညီညီကျော်နှင့်အဖွဲ့ကို ထိုစခန်းတွင် တွေ့ရပါသည်။

တပ်ရင်း (၈) တွင် နေထိုင်စဉ်က တပ်ရင်းမှူး သိုက်ထွန်းဦးနှင့် ရဲဘော် စိုးနိုင်ဦးတို့က ABSDF မြောက်ပိုင်းသို့ ကြိုတင် သွားခဲ့ကြသည်။ ၄င်းတို့နှစ်ဦးက တရုတ်ပြည်ဘက်မှ သွားခြင်းဖြစ်၏။

တပ်မဟာ (၃) သို့ ကျနော်တို့ ရောက်ချိန်တွင် တပ်ရင်းမှူးက လာရောက် ကြိုဆိုပါသည်။ ၄င်းစခန်းမှ ကျောင်းသားရဲဘော်များနှင့်အတူ စစ်ဆင်ရေး ပြုလုပ်ရာ မအူပင်တွင် အနီးကပ်တိုက်ပွဲ ဖြစ်ပွါးခဲ့သဖြင့် သြဂုတ်လ ၁၀ ရက်နေ့တွင် ကျနော့်ဒူးခေါင်းကို သေနတ်မှန်သဖြင့် KIA တပ်မဟာ (၃) တွင် ဆေးကုသနေစဉ် ကျနော်နှင့် ရဲဘော်ကျော်မျိုးကို ချန်ထားခဲ့ပြီး ကျန်လူများက ခရီး ဆက်ထွက်ပါသည်။

ဒဏ်ရာ သက်သာလာပြီးနောက် တပ်မဟာ (၃) မှ မောင်မောင်ကောင်းနှင့် အတူ ကျနော်နှင့် ကျော်မျိုး တို့လည်း ပန်နိုင်ရွာ၊ ဘင်ခေါင်းရွာ၊ ပထန်ရွာ၊ တအင်းရွာ၊ မအူပင်ရွာများသို့ စည်းရုံးရေးဆင်းရာ အလွန်ပင် အောင်မြင်ခဲ့ပါသည်။ ကျနော်နှင့်ကျော်မျိုးက ၄င်းရွာများကို အမာခံနယ်မြေ ပြုလုပ်ပြီး စစ်သားသစ် စုဆောင်းခြင်း၊ ရိက္ခာများများ အချိန်မရွေး ရရှိအောင် ပြင်ဆင်ခြင်း၊ စေတနာ့ဝန်ထမ်း အလုပ်သမားများ ရရှိအောင် စည်းရုံးခြင်းတို့ကို ဆောင်ရွက်ကြပါသည်။

၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ABSDF မြောက်ပိုင်းသို့ ခရီးထွက်ခဲ့ရာ တပ်မဟာ (၃) မှ အင်ခေါင်း၊ ကြိုးတံတား၊ နောင်ရာပါ ရွာများကို ဖြတ်ကျော်ကာ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ABSDF မြောက်ပိုင်းသို့ ရောက်ရှိပါသည်။ ကျနော်တို့ ရောက်ရှိချိန်တွင် တပ်ရင်းမှူ သိုက်ထွန်းဦးနှင့်အတူ ရဲဘော် ၈ ဦး ရင်း ၅ နယ်မြေသို့ စစ်ဆင်ရေး သွားနေကြောင်း သိခဲ့ရသည်။ ကျနော် လမ်းကောင်းကောင်း မလျှောက်နိုင်သေးပါ။ တပ်တွင်းအခြေအနေများကို ဆွေးနွေးပါသည်။

ကျနော်နှင့် ကိုသိန်းထွန်းသည် ABSDF တောင်ပိုင်း ဗဟိုမှ ချမှတ်ထားသော စည်းမျဉ်းဥပဒေများနှင့် မြောက်ပိုင်းမှ စည်းမျဉ်းဥပဒေအချို့ ကွာခြားချက်ရှိကြောင်း ထောက်ပြခဲ့ပါသည်။

၁။ သစ္စာအဓိဌာန်
၂။ ရဲဘော်များကို စစ်ဆေးရာတွင် ခုံရုံးဖွဲ့ပြီး စနစ်တကျ မစစ်ဆေးဘဲ ပါးစပ်မိန့်ဖြင့် သတ်ခြင်း
၃။ အထက်နှင့်အောက် ညီမျှမှု မရှိခြင်း
၎။ မြို့နယ်စွဲများ ရှိခြင်း (အထူးသဖြင့် ကချင်ပြည်နယ်)
၅။ ရဲဘော်သစ် စုဆောင်းရာတွင် မတရား စုဆောင်းခြင်း၊ မတရား ဖမ်းဆီး ခိုင်းစေခြင်း
၆။ အဖွဲ့ပိုင်ငွေကြေးကို အလွဲသုံးစားလုပ်ခြင်း

စသည်တို့ကို ဆွေးနွေးရာ သူတို့က ပယ်ချပြီး အမှတ်(၁) တွင် အချက် တချက်တိုးပေးပါသည်။ ဗဟိုမှသတ်မှတ်ထားသော စာသားနှင့် မတူပါ။

ABSDF (ကချင်) နှင့် ၅၀၁ မှ ကျနော်တို့ နားလည်မှု ကွဲလွဲတာ စတင်ပါတော့သည်။ ကချင်ရှိ စစ်ဗိုလ်ချုပ် သံချောင်းနှင့် ဥက္ကဌ မျိုးဝင်းတို့က ၅၀၁ နှင့် ၆၀၁ ကို သူတို့လက်အောက်ခံ တပ်ရင်းများ ဖြစ်စေချင်ကြသည်။ ထိုအချိန်တွင် အဆင့်လိုက် တာဝန်ယူမှုမှာ အောက်ပါအတိုင်း ဖြစ်သည်။

လူကြီးများထံ ကြေးနန်းပို့ရန် တောင်းဆိုခဲ့ရာ ပို့ခွင့်ရသဖြင့် ကချင်ဆက်သွယ်ရေးစက်ဖြင့် တောင်ပိုင်းဗဟိုဌာနချုပ်သို့ ကြေးနန်းပို့ အကြောင်းကြားပါသည်။ ဗဟိုမှ လူကြီးများဖြစ်သော ကိုမောင်မောင်တိတ်၊ ယခင်ဘဏ္ဍာရေး ကိုသန်းဝင်း၊ DAB တွဲဘက်အတွင်းရေးမှူး၊ ကျော်ကျော် (ABSDF အတွင်းရေးမှူး)၊ မိုးသီးဇွန် (ဥက္ကဌ၊ မုတ်ဆိတ် (ဆက်သွယ်ရေး) တို့နှင့် တွေ့ပါသည်။

ကိုသန်းဝင်းနှင့် တွေ့ချိန်တွင် (ယခင်က) ထိုကိစ္စကို တားပါသည်။ ၄င်းက ထိုနယ်မြေသို့ မသွားသင့်၊ အန္တရာယ်ရှိနိုင်သည်၊ ဒုတိယအကြိမ် ညီလာခံတွင် ဒီအကြောင်းအရာကို သူ တင်ပြပေးပါမည်ဟု ပြောပါသည်။ ကျော်ကျော်နှင့် တွေ့ချိန်တွင် ကျနော်က အကျိုးအကြောင်း ပြောပြပြီး တောင်ပိုင်းသို့ ပြန်လာမည်ဟု ပြောရာ ကျော်ကျော်က ပြန်မလာနှင့်ဟု တားပါသည်။ ကျနော်က တောင်ပိုင်းသို့ မပြန်ရလျှင် ABSDF မှထွက်မည်ဟု ပြောသဖြင့် ကျော်ကျော်က လက်နက်တွေတော့ ပြန်အပ်လိုက်ပါ၊ ပြန်ခွင့်မပြု ဟု အမိန့်ချမှတ်လိုက်ပါသည်။

ကျနော်တို့က ကျော်ကျော် ပြောသည့်အတိုင်း စစ်လက်နက်ပစ္စည်းများကို အပ်လိုက်ပါသည်။ ကျနော်တို့ အလွန်ပင် ချစ်မြတ်နိုးသော ကျနော်တို့ကိုယ်တိုင် ကြိုးပမ်းတည်ဆောက်ထားသော ABSDF အဖွဲ့ကို ခွဲရတော့မည်ဟု သိလိုက်ရပြီး ရင်ထဲမှာ ဖော်မပြနိုင်လောက်တဲ့ ဝေဒနာတွေကို ခံစားလိုက်ရပါတော့သည်။ ကျနော်တို့ ထမ်းဆောင်ခဲ့တာတွေ အလကား ဖြစ်ကုန်ပြီ။ ကျနော်တို့ရဲဘော်တွေဟာ စစ်မြေပြင်မှာ အသက်ကိုနှင်းပြီး ပြည်သူများအတွက် ကိုယ်ကျိုးစွန့်နေချိန်မှာ လူကြီးပိုင်းမှာတော့ နေရာလုမှုတွေ အဂတိလိုက်စားမှု၊ နယ်မြေလုမှုတွေနဲ့ အချင်းချင်း ပြဿနာ ဖြစ်နေကြပါသည်။ အရည်အချင်းရှိတဲ့ ရဲဘော်တွေကို သူတို့လက်အောက် ၀င်ဖို့ သိမ်းသွင်းလို့ မရရင် နည်းအမျိုးမျိုးနဲ့ စွပ်စွဲပြီး အာဏာနဲ့ သတ်ပစ်ကြ၏။ ဒါကို ကချင်က ခေါင်းဆောင်တွေက သိလျက်နဲ့ မသိယောင်ဆောင်နေခဲ့ကြပါသည်။ AB မြောက်ပိုင်းက လက်နက်သိမ်းထားပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ကို မတရား စည်းကမ်းတင်းကြပ်တာတွေ လုပ်ခဲ့ပါသည်။

ဒီအချိန်မှာ ဥက္ကဌ ထွန်းအောင်ကျော်က ထွက်ပေါက်တခု ပေးပါသည်။ ကျနော်တို့ တောင်ပိုင်းပြန်ရန် အဆက်အသွယ် ရှာခွင့် ပြုလိုက်တာကြောင့် ကျနော်လည်း ၅၀၁ မှာရှိသည့် ကိုသိန်းထွန်း (ဆေးမှူး)၊ အောင်နိုင် (ဆေးမှူး) တို့ကို ဆက်သွယ်ပြီး ကျနော်တို့ကို ပြန်ခေါ်ဘို့ ပြောတော့ အောင်နိုင် (ဆေးမှူး) ရောက်လာပြီး မကြာခင်မှာ ၅၀၁ တပ်ရင်းမှူးရဲ့ဆက်သား လုပ်နေတဲ့ စိုးမင်းအောင်က ၁၉၉၁ ရှစ်လေးလုံးနှစ်ပတ်လည် မတိုင်ခင် ABSDF ကနေ ထွက်ပြေးသွားပါသည်။

လိုက်ရှာကြရာ စိုးမင်းအောင်ကို ရွှေလီမှာ ဖမ်းမိလာပြီး ဗန်းမော်ခရိုင်ကို ခေါ်သွားပါသည်။ စိုးမင်းအောင်ကို န၀တ ထောက်လှန်းရေး ဟု စွပ်စွဲပြီး စစ်ဆေးကြပါသည်။ မဟုတ်ပါဘူးလို့ ငြင်းသဖြင့် စိုးမင်းအောင်ရဲ့ လက်နှစ်ဖက်နဲ့ ခြေထောက်ကို ထိပ်တုံးခတ်ထားပြီး ခြေဖ၀ါးနှစ်ဖက်ကို ဒါးနဲ့ ခွဲပါသည်။ မီးကင်ပါသည်။ စိုးမင်းအောင်က အာခေါင်သံကြီးနဲ့ အော်ပြီး တောင်းပန်ရှာပါသည်။ သံချောင်းချွန်ချွန်တွေကို မီးဖုတ်ပြီး အသားထဲကို ထိုးထဲ့ပါသည်။ ဒါးကို မီးကင်ပြီး ကပ်ပါသည်။ စိုးမင်းအောင်က ပထမတော့ တင်းခံထားပေမယ့် နာကြင်လွန်းတော့ ထောက်လှန်းရေးပါ လို့ ၀န်ခံရှာပါသည်။

နှိပ်စက်တာကို ခံစားရလွန်းတဲ့ စိုးမင်းအောင်က သက်သာလိုသက်သာညား သွေးရူးသွေးတန်းနဲ့ ပြောမိပြောရာ နံမည်ပေါင်း ၅၀ ကျော်ကို ပြောပြီး အသက်ထွက်သွားရှာတယ်။

အဲဒီအချိန်ကစပြီး တယောက်ပြီးတယောက် အဖမ်းခံရပြီး အနှိပ်စက်ခံကြရ၊ မခံနိုင်တော့ နံမည်တွေ လျှောက်ပြောကြရ နဲ့ လူပေါင်း ၁၀၀ ကျော် ငရဲခံရပါတယ်။

ဒီလိုနဲ့ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ဟာ ကျနော်တို့အတွက် ကြေကွဲစွာ ခံစားရတဲ့ နေ့တနေ့ပေါ့၊ ကျနော် ကချင်ကိုလာတာ တနှစ်တိတိ ကြာအောင် လာခဲ့ရတာပါ။ ကျနော်တို့ ထမ်းဆောင်တဲ့ တာဝန်နဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ခရီးကို မကြည့်ဘဲ ကျနော်နဲ့ အောင်နိုင်ကို န၀တ ထောက်လှန်းရေးလို့ စွပ်စွဲပြီး နှိပ်စက်ကြပါသည်။ ကျနော်တို့က စိုးမင်းအောင်အဖြစ်ကို သိထားတာကြောင့် ကျနော်က အောင်နိုင်နဲ့ တိုင်ပင်ပြီး ၀န်ခံလိုက်ပါသည်။

ကျနော် န၀တ ထောက်လှန်းရေး မဟုတ်တာကို ကျနော်ကိုယ်တိုင် အသိဆုံးပါ။ န၀တ နဲ့ တိုက်ပွဲဝင်ရင်း ဆယ်ခါပြန် သေရဲပါ၏်။ ကိုယ့်အချင်းချင်း သတ်လို့ သေမှာကိုတော့ ကြောက်တာ အမှန်ပါ။ ဒါကြောင့် အခြေအနေကို ကြည့်ပြီး ၀န်ခံလိုက်ပါသည်။ ၀န်မခံရင် သေအောင် နှိပ်စက်ကြမှာပါ။ လွတ်မည့်ရက်ကို စောင့်ရင်း အချုပ်ထဲမှာ ငရဲခံနေရပါသည်။ ညဘက် ရောက်မှာကိုတော့ ကျနော်တို့ သိပ်ကြောက်ပါ၏။

ညဘက်ရောက်ရင် မူးမူးရူးရူးနဲ့ လာနှိပ်စက်ကြတာကို ခေါင်းငုံ့ခံရပါသည်။ တဖြည်းဖြည်းနဲ့ ကျနော်တို့လို အစွပ်စွဲခံရသူ ၁၃၀ ခန့် ရှိပါပြီ။ သင်းသင်းညီ ဆိုရင် ဒါရိုက်တာရှင်လုံးရဲ့သမီးလေးပါ။ သူ့အမေ လာခေါ်လို့ လွှတ်ပေးလိုက်ပါသည်။ စိုးမင်း (မန္တလေး) ကိုတော့ ဖမ်းပြီး မစစ်ဆေးဘဲ ပြန်လွှတ်ပေးလိုက်ပါသည်။

မျိုးဇော်အောင်ကိုတော့ ဆက်သွယ်ရေးစက်ရှိတယ် ဆိုတဲ့စွပ်စွဲချက်နဲ့ နည်းမျိုးစုံ စစ်ဆေးမေးမြန်းကြပါသည်။ ဇောက်ထိုးဆွဲထားပြီး စအိုထဲကို ၀ါယာကြိုးထည့်ကာ လျှပ်စစ်လွှတ်လိုက်တာ အူပုတ်ပြီး သေသွားပါတော့သည်။ ဒီသတင်းကို ကြားတော့ ဗန်းမော်ခရိုင်က ဂါမဏိ၊ သက်တင်၊ စိုးကြိုင်တို့ ထွက်ပြေးပြီး အလင်းဝင်သွားပါတော့သည်။

ဒီအကြောင်းကို သိသွားသော တပ်ရင်းမှူး ဘဂျမ်းက ဒေါသူပုန်ထပြီး အချုပ်ခန်းထဲကို သူရဲ့ ပစ္စတိုနဲ့ လိုက်ပစ်ပါသည်။ ဦးအောင်မိုး (ဗန်းမော်) ကို ထိမှန်ပြီး ပွဲချင်းပြီး သေတာကို ခြေသလုံးသားတွေ လှီးပစ်ပါသေးသည်။

အဲဒီညမှာ သက်နိုင်ကို ခေါ်ထုတ်ပြီး မေးတာ မေးလို့မရတော့ သက်နိုင်ရဲ့ နားရွက်ကို သေနတ်နဲ့ ပစ်ဖောက်ပြီး ပေါက်သွားတဲ့ နေရာကို ဒုတ်နဲ့  ထိုးထဲ့ပါသည်။

နောက်နေ့မှာ ကျော်ဌေးကို ခေါ်ထုတ်ပြီး ထောက်လှမ်းရေး မဟုတ်လားလို့ စွပ်စွဲမေးတာကို
ကျော်ဌေးက မဟုတ်ပါဘူးလို့ အတန်တန် ငြင်းတာကြောင့် ကျော်ဌေးရဲ့ မျက်လုံးနှစ်ဖက်ကို အပ်နဲ့ ထိုးဆွပါသည်။ အဲဒီဒဏ်ရာနဲ့ဘဲ ကျော်ဌေး သေပါတော့သည်။

နေ့စဉ် နေ၀င်က မိုးချုပ်ထိ အော်ဟစ်တောင်းပန် ငြီးငြူသံတွေက စိတ်ခြောက်ချားစရာ ကောင်းလှပါသည်။ ကျော်ဌေး သေခါနီး ပြောစကားအရ ကျော်ဝေနဲ့ ခင်ချိုဦးကို ထပ်ပြီး စစ်ဆေးကြပြန်ပါရော။ အဆိပ်တွေ ဘယ်မှာ ၀ှက်ထားသလဲ ဆိုပြီး ကျော်ဝေကို ဒါးအဖျားနဲ့ နားရွက်ကို တနေကုန် ရိုက်ပြီး မေးပါသည်။ နောက်ပြီး ချောင်းထဲမှာ ရေနှစ်သည်။ နောက်ဆုံး အဆိပ် ထုတ်မပေးရကောင်းလား ဆိုပြီး ကျော်ဝေရဲ့ ခြေသန်းတဖက်ကို ဖြတ်ပြီး ပါးစပ်နဲ့ ကိုက်ပြေးခိုင်းပါ၏်။ အချုပ်ထဲရောက်တော့ အဲဒီလက်ပြတ်ကို ကြိုးနဲ့သီပြီး လည်ပင်းမှာ ဆွဲခိုင်းထားပါသည်။ ငါးမိနစ် တကြိမ် တယောက်ပြီးတယောက် ၀င်လာပြီး အချုပ်ခန်းထဲက လူတွေကို ရိုက်ပါသည်။

ခင်ချိုဦးကို အဆိပ် လိုက်ပြခိုင်းရာ ခင်ချိုဦးက မသိတဲ့အကြောင်း၊ မရှိတဲ့အကြောင်း ငိုပြီးတောင်းပန်ရှာသည်။ ဒါပေမယ့် စစ်တဲ့သူတွေက သူရဲ ပူးနေသလိုဘဲ ရက်စက်စွာနှင့်
ခင်ချိုဦးရဲ့အ၀တ်အစားတွေကို အကုန် ဆွဲချွတ်ပစ်လိုက်ပြီး လိုက်ရှာပါသည်။

မတွေ့တော့ ခင်ချိုဦးကို မြေကြီးထဲ မြှုပ်ထားပြီး ခေါင်းသာ ဖော်ထားပြန်ပါသည်။ ပါစပ်ထဲကို ဒါးထဲ့ပြီး မွှေပြန်ပါသည်။ ဆံပင်ကိုလည်း ဒါးနှင့် ဖြတ်ပစ်ပါသည်။ တဖန် ဆံပင်ဆွဲပြီး တပ်ဝင်းထဲကို ဒရွတ်တိုက် ဆွဲတာကြောင့် အ၀တ်မရှိဘဲ ပက်လက်ကြီး ပါလာတဲ့ ခင်ချိုးဦးကို မြင်ရတာ မမြင်ရက်စရာပါ။ ကျနော် မျက်ရည်ကျမိပါတော့သည်။

ဘယ်လောက် ယုတ်မာသလဲဆိုလျှင် ခင်ချိုဦးရဲ့ မိန်းမအင်္ဂါကို ဒုတ်နဲ့ထိုးပြီး ရှာဖွေနေတာ မြင်ရတဲ့ မြင်ကွင်းကတော့ ငရဲပြည်မှာတောင်မှ ဒီလောက် ရက်စက်ယုတ်မာတာ ရှိမယ် မထင်ပါဘူး။

ခင်ချိုဦးက မခံမရပ်နိုင်လို့ အော်တော့ မကြားဝံ့မနာသာ ဆဲနေကြတာ ယောကျာ်းကြီးတွေတန်မဲ့ မိန်းမယုတ်တွေထက်တောင် အောက်တန်းကျပါတော့၏။ ဆဲရင်း ပါးကို ၀ိုင်းရိုက်နေလိုက်ကြတာ တိရိစ္ဆာန်တွေလိုပါပဲ။

(အပိုင်း ( ၂ ) ဆက်ပါဦးမည်။)

ရန်ကုန်က ပြည့်စိုးနိုင် ဆိုရင် ကျင်ချောင်းကို ကျင်စက်တပ်ပြီး ရှော့ရိုက်တာခံရလို့ ပွဲချင်းပြီးဘဲ။ အောင်မိုးကတော့ ထောင်ထဲမှာ ကြိုးဖြုတ်တယ် ဆိုပြီး မီးဒုတ်နဲ့ လက်ဖျံကို တနေရာတည်း ထပ်ကာထပ်ကာ ရိုက်ကြတဲ့အတွက် အတွင်းကြေ ကြေပြီး ပုပ်စော်နံလာကာ လက်ဖြတ်လိုက်ရပါသည်။

တရုတ်ပြည်၊ ရင်ခြမ်းကနေ တောခိုလာတဲ့ ရာကွတ်ဘိုင်ကိုလည်း ထောင်ထဲမှ ကြိုးဖြုတ်တယ်လို့ စွပ်စွဲပြီး လက်ဖျံကို ဒါးဦးနဲ့ ထောက်ပြီး လှုည့်သွင်းတာ ပေါက်ထွက်သွားပြီး သွေးအများကြီး ထွက်လို့ နောက်နေ့မှာ သေဆုံးသွားပါသည်။

ဇော်ဝင်းချစ် (ဗန်းမော်) ကို အမ် ၂၀ သေနတ်နဲ့ မျက်နှာကို ရိုက်နှက်ပြီး နားရွက်ကို တိုင်မှာကပ်ပြီး ဒါးဦးနဲ့ ထိုးဖောက်တဲ့အပြင် နားခေါင်းကို သံချိပ်နဲ့ ချိပ်ဆွဲပြီး ခြေဖျားထောက်တဲ့ အနေအထားထိ ဆွဲတင်ကာ ချီထားပါသည်။ ဒါတင်မကသေးပဲ ပါးစပ်ကို ဟခိုင်းပြီး ၀ါယာကြိုးကို ကိုက်ခိုင်းထားကာ လျှပ်စစ်လွှတ်တဲ့အတွက် နေရာမှာ ပွဲချင်းပြီး သေပါရော။

တင်မောင်အေး (ခ) အားစိုက် (ကသာ)၊ ဌေးဝင်းမြင့် တို့ နေမကောင်းသဖြင့် KIA ဆေးရုံ တက်နေရာက "ရောဂါပျောက်ပြီ၊ လာခေါ်ပါ" ဟု ဖုန်းဆက် အကြောင်းကြားရာ တဖက်က နားထောင်သူက (နားကြားမှားပြီး) "ပျောက်သွားတယ်" ဟု ကြားသဖြင့် သေဒဏ် အမိန့်စာထုတ်ပြီး လိုက်ရှာရာ ဆေးရုံမှာ တွေ့ရတာကို ပြန်ခေါ်လာပြီး လမ်းမှာပင် သတ်ပစ်လိုက်ပါသည်။

စစ်သင်တန်းဆရာလေး ၀င်းအောင် ဗန်းမော်မှာ တိုက်ပွဲဖြစ်နေI စခန်းမှာ အစောင့်ထားခဲ့ရာ စစ်တပ်က သတ်ပစ်ပါသည်။

နန်းအောင်ထွေးကြည်၊ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီးတို့ သုံးယောက်မက လက်ဝါးကပ်တိုင်မှာ ကြိုးတုတ်ခံရသည်။ ရိုးရိုး မဟုတ်ပါ။ ခင်ချိုဦးနှင့်အတူ အလွန်အေးပြီး ရေခဲနေတဲ့ နေရာမှာ ကိုယ်တုံးလုံးနှင့် ထားပါသည်။

နှိပ်စက်မှုမျိုးစုံကိုတော့ ကုန်ဆုံးအောင် မဖော်ပြနိုင်တော့ပါ။

နန်းစော ဆိုသူ မိန်းခလေးကတော့ မိန်းမတန်ဆာထဲကို နံပါတ်ဒုတ်နှင့် ထိုးထဲ့သဖြင့် သားအိမ် ကွဲသွားပြီး တသက်လုံး ဝေဒနာ ခံစားနေရပါ၏။

ညီညီကျော် (ခရိုင်မှူး၊ မန္တလေး ကို ဆွဲခေါ်သွားကြပြီး ၃ ရက် အကြာမှာတော့ ပျောက်သွားပါသည်။

ရဲလင်း (ခရိုင်မှူး၊ ရန်ကုန်) ညှင်းပမ်းနှိပ်စက်မှုမျိုးစုံ ခံနေရသည်ကို မိဘများ သိရှိကာ လိုက်လာပြီး ခံဝန်ဂတိ ပေးကာ ခေါ်သွားပါသည်။

ဝဏ္ဏဇော် (ရန်ကုန်)၊ ဘိုဘို (ရန်ကုန်)၊ အောင်ကျော်စိုး (သာယာဝတီ)၊ ညီညီ (မန္တလေး) တို့အားလုံး မိဘများ လာရောက် ခံဝန်ဂတိထိုးကာ ပြန်ခေါ်သွားကြသည်။

နန်းအောင်ထွေးကြည်ကို KIA မှ အာမခံကာ ခေါ်သွား၏။

ကိုထွန်းအောင်ကျော်ကိုတော့ သံချောင်းကို မီးဖုတ်ပြီး ဒူးခေါင်းကို ထိုးတဲ့အတွက် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါ။ သို့နှင့် အားမရသေးဘဲ အဆိပ်နဲ့ ဆက်သွယ်ရေးစက် တောင်းပြန်ပါသည် ကိုထွန်းအောင်ကျော်က "ကျနော့်မှာ မရှိဘူး" လို့ ပြောတော့ မရဘူး။ ကိုထွန်းအောင်ကျော်က အချိန်ဆွဲပြီး "သူ န၀တ သူလျှိုမဟုတ်ဘူး" ဆိုတာကို KIA နားလည်အောင် ကျိုးစားပေမယ့် KIA က မကာကွယ်ဘဲ မသိယောင်ဆောင်နေခဲ့ပါသည်။

ကိုထွန်းအောင်ကျော်ကို နှိပ်စက်ပုံမှာ ကိုထွန်းအောင်ကျော် လမ်းနည်းနည်း လျှောက်နိုင်မှန်း သိတော့ လှေခါးက ၀ါးတွေကို ပြောင်းပြန် လုပ်ထားသည်။ အဲဒီအပေါ်ကို ဖင်ဒရွတ်ဆွဲပြီး တက်နေတဲ့ ကိုထွန်းအောင်ကျော်ကို ကန်ချလိုက်တော့ ဒလိန့်ခေါက်ခွေး ကျသွားပါသည်။

ဝါးငုတ်တွေပေါ် ကျတဲ့ ဒဏ်ရာကြောင့် အိပ်ယာပေါ်က မထနိုင်တော့ပါ။ သူ့ညီ ချိုကြီး ရဲ့ လက်ကောက်ဝတ်ကို ဖြတ်ပြီး ကိုထွန်းအောင်ကျော် ပါးစပ်ထဲမှာ ကိုက်ခိုင်းထား၏။

ကျနော် ငိုချင်လာတဲ့အထိ ရင်ထဲမှာ ထိခိုက်စွာ ခံစားရပါသည်။ အားလုံး မြင်နေရပေမယ့် ကိုယ်တိုင်လည်း အနှိပ်စက်ခံနေရကြရတာမို့ တယောက်ကိုတယောက် မကယ်နိုင်ကြပါပေ။

နောက်ဆုံးမှာ ကိုထွန်းအောင်ကျော်က "အဖမ်းခံထားရတဲ့ ကျောင်းသားရဲဘော်အားလုံး ထောက်လှမ်းရေး မဟုတ်ပါဘူး၊ ကျနော် တယောက်တည်းသာ ထောက်လှမ်းရေး ဖြစ်တယ်" လို့ ပြောပြီး အသက်ပေးသွားပါသည်။ မျိုးဝင်း ကိုယ်တိုင် ကိုထွန်းအောင်ကျော်ကို ဒါးနဲ့ ခုတ်သတ်လိုက်တာပါ။

ကိုထွန်းအောင်ကျော်ကို အလွန် လေးစားမိပါသည်။ ကျနော်မသေးသမျှ အမှန်တရားတွေကို ဖော်ထုတ်ပါမည်ဟု သံဓိဌာန်ချထားပါသည်။

ချိုကြီးကို စစ်ဆေးတာကတော့ ကတ်တရာလိပ် (ရင်ဘောင်ခြမ်း) ကို စက္ကူပတ် မီးရှို့ပြီး ဗိုက်ပေါ်တင် စစ်ဆေးပါသည်။

မသေခင် တရက်မှာ ကိုထွန်းအောင်ကျော် နဲ့ ချိုကြီး ညီအကိုနှစ်ယောက်ကို တပြိုင်တည်း ခေါ်ပြီး ချိုကြီးရဲ့ ညာဘက် လက်ကောက်ဝတ်ကို ဖြတ်ပြီး လက်ဖ၀ါးကို ဒါးဦးချွန်နဲ့ ထိုးကာ အကိုဖြစ်သူ ကိုထွန်းအောင်ကျော်ရဲ့ ပါးစပ်ထဲကို ထဲ့ပြီး ကိုက်ခိုင်းထားပါသည်။ လက်သဲခွံထဲကို သံချောင်းတွေ ရိုက်ထည့်ထားပါသည်။

မင်းသိန်းကတော့ အချုပ်ထဲမှာဘဲ လှမျိုးအောင်က နံချပ်ကူနဲ့ ရိုက်လို့ သေသွားသည်။

ဂါမဏိ အလင်းပြန်ဝင်သွားသည်ကို ဗဟိုက လိုက်သတ်တော့ သူ့အဖေကိုသာ တွေ့လို့ အဖေကို သတ်ပစ်ခဲ့ကြောင်း သိရပါသည်။

ဦးမိုးလည်း အလင်းပြန်ဝင်တာ သိလို့ အသတ်ခံရပါသည်။

မောင်မောင်ကြွယ် (ဒေါ်ချိုချိုကျော်ငြိမ်း ရဲ့ မွေးစားသား) ကတော့ ဖမ်းဆီး အနှိပ်စက်ခံရပြီး ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အဖမ်းခံရသူတွေထဲမှ ၁၄ ယောက်ကို ရွေးထုတ်ကာ သတ်ပစ်ရာတွင် ပါဝင်သည်။

၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အဖမ်းခံရသူတွေထဲမှ ၁၄ ယောက်ကို ရွေးထုတ်ကာ အသတ်ခံရသူများမှာ -
၁။ ကိုထွန်းအောင်ကျော် (မန္တလေး)
၂။ ကိုချိုကြီး (မန္တလေး)
၃။ ကိုလှမြင့် (တပ်ကုန်း)
၎။ ကိုရန်အောင် (ရန်ကုန်)
၅။ ဗိုလ်သာဓု (ရန်ကုန်)
၆။ မောင်မောင်ကြွယ် (ရန်ကုန်)
၇။ အောင်ဖိုး (ရန်ကုန်)
၈။ တပ်ကြပ်ဌေးမြင့်ဝင်း (ရန်ကုန်)
၉။ ခင်ချိုဦး (မန္တလေး NLD)
၁၀။ တပ်ကြပ်ကြီး တူးတူး (မြစ်ကြီးနား)
၁၁။ တပ်ကြပ်ကြီးသောင်းမြင့် (စစ်ကိုင်း)
၁၂။ ကျော်ကျော်မင်း (မုံရွာ)
၁၃။ အေးမြင့်
၁၄။ သက်နိုင် (ရန်ကုန်)

အားလုံးကို ငါးယောက်တကျင်း မြှုပ်ပြီး ခင်ချိုဦးက တကျင်း ဖြစ်ပါသည်။ သေသွားသည်ကိုပင် မိန်းမအင်္ဂါထဲ ဒုတ်ထည့်ပြီး မြှုပ်ပါသည်။

ဗဟိုမှ တတိယအကြိမ် စည်းရုံးရေးအတွက် လာရောက်သူ ဒေါက်တာနိုင်အောင် (ယခု NDD) နှင့်အတူ လှဌေးလည်း ပါလာပါသည်။

ဒေါက်တာနိုင်အောင်က ကျနော်တို့ အချုပ်ခန်းကို လာကြည့်ရာ အချုပ်ခန်းရှေ့ ၀ါးခင်းပေါ် ခြေထောက်တင်ပြီး “ဒီကောင်တွေ သတ်ပစ်လိုက်၊ ငါတာဝန်ယူတယ်” ဟု အမိန့်ပေးရင်း သခင်အားရ၊ ကျွန်ပါးဝ လုပ်သွားပါသည်။

ဒေါက်တာနိုင်အောင်က သူ ABSDF (ဗဟို) ဥက္ကဌ ဖြစ်ရေးကို အရေးထားပြီး မဲပေးမည့် ABSDF (မြောက်ပိုင်း) ဗဟိုကော်မတီဝင်တွေကို မျက်နှာလိုမျက်နှာရ လုပ်သွားခြင်းပါ။

ဒေါက်တာနိုင်အောင် (ယခု NDD) သည် ရဲဘော်များအပေါ် စာနာစိတ် မရှိသူ ဖြစ်ပါသည်။

တတိယအကြိမ် ညီလာခံမှာ ဒေါက်တာနိုင်အောင်သည် အရှက်နည်းစွာဖြင့် ဥက္ကဌ တာဝန် ရရှိသွားခဲ့ပါသည်။

နောက်ပိုင်းတွင်လည်း ABSDF တောင်ပိုင်းအထိ အဲဒီ "ထောက်လှမ်းရေး" လို့ မတရား စွပ်စွဲပြီး ဖမ်းတဲ့ ရောဂါ ပို ပျံ့နှံ့သွားခဲ့ပါသည်။

ABSDF ၏ ဒီလုပ်ရပ်များကြောင့် ဗကပ ၏ ဖြုတ်ထုတ်သတ် ထက် ABSDF က အပုံကြီး သာသွားပါသည်။ ဒါကြောင့် ABSDF ဟာ နိုင်ငံရေးမှာ တ၀က်လောက် ရှုံးနိမ့်ခဲ့ရပြီး နောက်ပိုင်း တက်လာတဲ့ ဥက္ကဌတွေ အနေနဲ့ ခုချိန်ထိ ဒီဒဏ်ကို ခံနေရဆဲပါ။

ကချင်ပြည်နယ်တွင် န၀တ ထောက်လှမ်းရေးဟု စွပ်စွဲခြင်း ခံရသူများ စာရင်း

၁။ ထွန်းအောင်ကျော် - မန္တလေး - (သေဆုံး)
၂။ ချိုကြီး - မန္တလေး - (သေဆုံး)
၃။ ညီညီ
၎။ ရာပြည့် (ခ) ခင်မောင်တင့်
၅။ စိန်ဝင်း (သေဆုံး)
၆။ ထိန်လင်း - ရန်ကုန်
၇။ လွင်မင်းသန့် (ထိန်လင်း) - မန္တလေး
၈။ ကိုဇင်
၉။ ညီညီကျော်
၁၀။ နိုင်ဝင်းအောင်
၁၁။ ရဲလင်း - ရန်ကုန်
၁၂။ မောင်မောင်ကြွယ် (သေဆုံး)
၁၃။ မိုးကျော်သူ
၁၄။ ၀ဏ္ဏဇော်ခင်
၁၅။ နန်းအောင်ထွေးကြည် (မငယ်)
၁၆။ အောင်ကျော်ဦး
၁၇။ ကိုအုံးကြိုင်
၁၈။ အောင်ကျော် (သေဆုံး)
၁၉။ ကျော်နိုင်ဦး
၂၀။ ဇော်မိုး
၂၁။ ကျော်စွာဝင်းမောင်
၂၂။ တိုးကြည်
၂၃။ အောင်ကျော်မြင့် (သေဆုံး)
၂၄။ မောင်မောင်
၂၅။ သက်တင်
၂၆။ အောင်နိုင်
၂၇။ ဆန်းမြင့်ကိုကို
၂၈။ ဒိုတာ
၂၉။ တင်လွမ်းမိုး
၃၀။ စည်သူထွန်း
၃၁။ ကံမြင့်ဦး
၃၂။ ကျော်မျိုး
၃၃။ လှဝေ
၃၄။ နိုင်လင်း
၃၅။ အားစိုက် (တင်မောင်အေး) (သေဆုံး)
၃၆။ အောင်ကိုး (သေဆုံး)
၃၇။ မိုးဇော်အောင် (သေဆုံး)
၃၈။ အောင်မိုး (သေဆုံး)
၃၉။ ကျော်ဝေ (သေဆုံး)
၄၀။ ကျော်ကျော်ဦး (မုံရွာ (သေဆုံး)
၄၁။ ကျော်ကျော်မင်း (သေဆုံး)
၄၂။ ဦးသောင်းမြင့် (သေဆုံး)
၄၃။ ဦးစိန် (သေဆုံး) ၄၄။ ကျော်ကျော်ဦး (တဇယ်) (သေဆုံး)
၄၅။ ဦးမိုး
၄၆။ သန့်စင်မိုး (အီနွတ်)
၄၇။ ထွန်းဇံ
၄၈။ ကျော်ဇင်ထွန်း
၄၉။ မောင်မောင်ခင်
၅၀။ မိုးဆန်း

၅၁။ မောင်မောင် (သေဆုံး)
၅၂။ ကျော်ကျော်ဦး (ကသာ) (သေဆုံး)
၅၃။ ၀င်းမြင့်
၅၄။ အောင်မွန်
၅၅။ ဟန်ဝင်းအောင်
၅၆။ ဇော်ထွန်း
၅၇။ နိုင်အောင် PSLP
၅၈။ သိန်းနိုင်ချို
၅၉။ စိုးလေး
၆၀။ မြင့်သိန်း
၆၁။ ထိန်လင်း (ဘောကြီး)
၆၂။ သာဓု (သေဆုံး)
၆၃။ ခင်ချိုဦး (သေဆုံး)
၆၄။ တူးတူး (မိုးညှင်း)
၆၅။ နန်းစော
၆၆။ ဥတည်ဘွား
၆၇။ ဦးမင်းအောင် (သေဆုံး)
၆၈။ တူးတူး (မြစ်ကြီးနား) (သေဆုံး)
၆၉။ စံမျိုးအောင် (သေဆုံး)
၇၀။ ရန်အောင် (သေဆုံး)
၇၁။ မျိုးသန်းဦး (သေဆုံး)
၇၂။ သိန်းထွန်း
၇၃။ ပြည့်စိုးနိုင် (သေဆုံး)
၇၄။ ဌေးမြင့်ဝင်း (သေဆုံး)
၇၅။ ခင်မောင်ဇော်
၇၆။ စိုးလွင်
၇၇။ အောင်ဝင်း
၇၈။ ကျော်ကျော်နိုင် (ဘောတလုံး)
၇၉။ ပေါ်ဦး
၈၀။ ထွန်းဦးနိုင်
၈၁။ သက်တင်
၈၂။ လှမြင့် (သေဆုံး)
၈၃။ ညီညီနိုင်
၈၄။ ခင်မောင်ကြည်
၈၅။ မိုးကြီး
၈၆။ တင့်လွင် (သေဆုံး)
၈၇။ ကျော်ဌေး (သေဆုံး)
၈၈။ ရာကွတ်ဘိုင် (သေဆုံး)
၈၉။ ခင်မောင်စိုး (သေဆုံး)
၉၀။ ဇော်ဝင်းချစ် (သေဆုံး)
၉၁။ ၀င်းနောင် (သေဆုံး)
၉၂။ ၀င်းသိန်း (သေဆုံး)
၉၃။ အေးမြင့် (သေဆုံး)
၉၄။ ဇော်ဝင်းချစ် (သေဆုံး)
၉၅။ အေးမြင့် (သေဆုံး)
၉၆။ အောင်မိုး (သေဆုံး)
၉၇။ စိုးဝင်းသန်း (သေဆုံး)
၉၈။ ဂမ်မလိ (ဖခင် အသတ်ခံရသည်)
၉၉။ စိုးကြိုင် (ပြည်တွင်းမှာ အသတ်ခံရသည်)

ကျနော်ရဲ့ တင်ပြချက်တွေအားလုံး အမှန်ဖြစ်ကြောင်း တာဝန်ယူပါသည်။

ကျနော့်အနေနှင့် သေဆုံး - အနှိပ်စက်ခံရသူတွေဟာ ထောက်လှမ်းရေး မဟုတ်ကြောင်း ယခုလို အနှစ် ၂၀ ကာလမှာ စစ်ဆေးနိုင်ပြီ ဆိုတာကို တင်ပြချင်ပါသည်။

ထိုအချိန်တွင် တာဝန်ရှိသူများမှာ
၁။ အောင်နိုင် (ဥက္ကဌ)
၂။ သံချောင်း (CS) (သာယာဝတီ ထောင်)
၃။ မျိုးဝင်း (BCS) (သေဆုံး)
၎။ အောင်ကြီး (ဘဏ္ဍာရေး)
၅။ နေဒွန်း (ဦးစီး)
၆။ လှဆိုင်း (ဘဏ္ဍရေး)
၇။ စိန်အေး (စည်းရုံးရေး)
၈။ အောင်သန်း (ဘဂျမ်း) ၇၀၁ တပ်ရင်းမှူး
၉။ အောင်ဆွေဦး ၇၀၂ တပ်ရင်းမှူး
၁၀။ သိုက်ထွန်းဦး ၅၀၁ တပ်ရင်းမှူး
၁၁။ မိုးနောင်
၁၂။ သက်လင်း
၁၃။ နိုင်စော
၁၄။ မောင်ထွေး
၁၅။ သန်းဇော် (မန္တလေး)
၁၆။ လှနူးလ်
၁၇။ ကိန်းမြင့်

၎င်းတို့အပြင် ABSDF (ဗဟို) မှ ဒေါက်တာနိုင်အောင် (ယခု NDD) တို့ပင် ဖြစ်ပါသည်။

နောက်ထပ် တာဝန်ရှိသူများကို သိနိုင်ရန် ABSDF ကချင် (မြောက်ပိုင်း) ကော်မတီဝင်များ စာရင်းကို တင်ပြလိုက်ပါသည်။

၁။ ထွန်းအောင်ကျော် (ဥက္ကဌ)
၂။ သံချောင်း (ဒု ဥက္ကဌ) စစ်ရေးတာဝန်ခံ
၃။ မျိုးဝင်း (ဒု ဥက္ကဌ) တွဲဘက်စစ်ရေးတာဝန်ခံ
၎။ အောင်ကြီး (ဘဏ္ဍာရေး)
၅၊ အောင်နိုင် (အတွင်းရေးမှူး)
၆။ နေဒွန်း (စီးပွားရေးတာဝန်ခံ)
၇။ ဒူဝါလှဆိုင်း (ဘဏ္ဍာရေး)
၈။ တင်မောင်အေး
၉။ ဦးစိန် (နိုင်ငံရေးနှင့် စည်းရုံးရေး)
၁၀။ ညီညီကျော် (ဗန်းမော်ခရိုင်မှူး)
၁၁။ ရဲလင်း (ရွှေဂူခရိုင်မှူး)
၁၂။ ဗဂျမ်း (အောင်သန်း) (၇၀၂ တပ်ရင်းမှူး)
၁၃။ အောင်ဆွေဦး (၇၀၁ တပ်ရင်းမှူး)
၁၄။ စိန်အေး (စည်းရုံးရေး)

အထက်ဖော်ပြပါ စာရင်းမှ လူများမှာ ABSDF ကချင် (မြောက်ပိုင်း) ကော်မတီဝင်များ ဖြစ်ကြပြီး တောင်ပိုင်းမှ လာရောက် တာဝန်ထမ်းဆောင်သူများမှာ -

ကျော်ကျော် (ယခင် ဥက္ကဌ)
လှဌေး (စစ်ကိုင်းတိုင်း) နှင့်
စိုးလင်း (နိုင်ငံရေးနှင့် စည်းရုံးရေး)

တို့ ဖြစ်ကြပါသည်။

သွေးမဲ့မော်ကွန်း

တို့နိုင်ရဘို့အတွက်
ကြိုးစားရင်း
ငါတို့ရဲ့…
သွေးတွေ….ချွေးတွေ
မော်ကွန်းပြောင်းပြန်
တင်ခဲ့ပြီ။


(မှတ်ချက်။ ။ဆယ်စုနှစ် နှစ်ခု ကျော်လာပြီ ဆိုတော့ အမှန်တကယ် ထောက်လှမ်းရေး ဟုတ်မဟုတ် ခွဲခြားလို့ ရပြီပေါ့ဗျာ။ အဲဒီတော့ အပြစ်မဲ့ သေဆုံးသွားသူတွေအတွက် ဘာလုပ်သင့်လဲ ဆိုတာကိုတော့ စာဖတ်သူ စဉ်းစားပေးစေချင်ပါတယ်။)

ထင်လင်းအောင်


(Credit - ကိုမောင်မောင်ဝမ်း)

(
(ခေါင်းစဉ်ကို နှိပ်ပြီး "မျက်ရည်နှင့် ပြောသော
ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှု တရားဝင် တင်ပြချက် (ဗီဒီယို)" ကို ကြည့်နိုင်ပါတယ်။)


အေဘီမြောက်ပိုင်းမှာ ကိုယ်တိုင် လူမဆန်စွာ နှိပ်စက်ခံနေရာက ထွက်ပြေး လွတ်မြောက်လာသည့် မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများက ပြည်သူများကို ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှုများအကြောင်းကို တရားဝင် အသိပေး တင်ပြချက် (ဗီဒီယို)