ဒီမိုကရေစီခေတ်က စာပြင်ဆရာ လုပ်ဖူးသူ ဖြစ်တဲ့အပြင် နောက်ပိုင်းမှာလည်း ပိဋကတ်သုံးပုံကို
ဘာသာပြန်လာသူ တယောက်အနေနဲ့ အဘ ဦးရဲခေါင်ဟာ မဆလခေတ်က ပြောင်းထားတဲ့ မြန်မာစာ သတ်ပုံကျမ်းကို
လုံးဝလက်မခံဘဲ သူ့စာမူတွေ အားလုံးဟာ ဟိုခေတ်က သတ်ပုံအတိုင်း ရေးထားတာကို တွေ့ရပြီး ၀ါကျကြီးတွေကလည်း ရှည်လို့
ဝါကျတကြောင်း စာတပိုဒ်လို ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလို ထူးထူးဆန်းဆန်းနိုင်လှတဲ့ သတ်ပုံနဲ့ ရှည်လျားလှတဲ့
ဝါကျကြီးတွေကို ဖတ်ပြီး ရိုက်ရတာဟာ မဆလခေတ်မှာ ကြီးပြီး မဆလခေတ်မှာ ပြောင်းထားတဲ့ သတ်ပုံတွေကိုပဲ အဟုတ်ထင်လာခဲ့တဲ့ ကျွန်မအတွက်တော့ အဘစာမူတွေကို ရိုက်နေစဉ်မှာ ခံစားမှုက ကမ္ဘာကြီးဟာ ကျောင်းမှာလုံးပြီး အိမ်မှာပြားနေပါသည်
ဆိုသလိုပါပဲ အဘ သတ်ပုံတွေ ဘယ်လိုပဲ ရေးထားရေးထား ကျွန်မ ကွန်ပြူတာပေါ်ရောက်တော့
ကျွန်မနားလည်ထားတဲ့ သတ်ပုံအတိုင်း ဖြစ်ကုန်ပါတယ်။
အဘ ဦးရဲခေါင်တယောက် ဆေးရုံဆင်းပြီးနောက် Long term care အနေနဲ့ စောင့်ရှောက်နိုင်ရန်အတွက် ပြည်နယ်အစိုးရရဲ့ Public Health အောက်မှာ ရှိတဲ့ ဆေးရုံကနေ ဖက်ဒရယ် အစိုးရရဲ့ Community Service အောက်မှာ ရှိတဲ့ Nursing Home ကိုပြောင်းပေးလိုက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူရောက်လာတဲ့ လူအိုရုံက ကျွန်မ အလုပ်လုပ်တဲ့ ရပ်ကွက်မှာ ဖြစ်နေပြီး အလုပ်နဲ့လည်း သိပ်မဝေးတော့ ကံကောင်းထောက်မစွာဖြင့် မြန်မာ့လွတ်လပ်ရေးအတွက်ရော ဒီမိုကရေစီအရေးအတွက်ပါ မတရားတဲ့ အစိုးရမှန်သမျှကို တက်တက်ကြွကြွ တိုက်ပွဲဝင်ပြီး နိုင်ငံအကျိုးပြုခဲ့သူ၊ ခေတ်အလိုက် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို စာပေတွေ ကဗျာကာရန်တွေနဲ့ တင်ပြပြီး စာပေအကျိုးပြုခဲ့သူ၊ ပိဋကတ် သုံးပုံကို မြန်မာလို ဘာသာပြန်ဆိုစဉ်က ၀န်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်တဲ့ ပိဋကတ်သုံးပုံ ဘာသာပြန်အဖွဲ့မှာ ပါဝင်ပြီး သာသာနာအကျိုး ပြုခဲ့သူ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် သမိုင်းဝင် ပုဂိုလ်ကြီးတဦး နာမကျန်းဖြစ်နေစဉ်မှာ ကုသိုလ်ပြုခွင့်ရနေတာကိုက မိမိကိုယ်ကို တကယ့်ကံထူးရှင်လို့ ခံစားရပါတယ်။ အလုပ်က မနက်ပိုင်းမှာ စတဲ့နေ့ဖြစ်ရင် အဘဆီ နေ့လည်အလုပ်ဆင်းချိန်သွားလိုက်၊ အလုပ်က နေ့လည်မှာစတဲ့နေ့ဖြစ်ရင် အဘင်္ဆီ အလုပ်မစခင် မနက်ပိုင်းသွားလိုက်နဲ့ အခုတလော အဘကို နေ့တိုင်းသွားကြည့်ဖြစ်ပြီး ကျွန်မဟာ အိမ်၊ အလုပ်နဲ့၊ အဘဆီ ပြေးလိုက်လွှားလိုက်နဲ့ အစားအသောက်ကို ဆေးရုံစာတွေစားလိုက် အိမ်ပြန်ရောက်ရင်လည်း ဘာမှမလုပ်ချင်၊ မလုပ်နိုင်တော့ဘဲ ယောက်ျားချက်ထားတဲ့ ဟင်းနဲ့ပဲ စားရင်စား၊ သူဘာမှမချက်ထားရင်လည်း ၀ယ်ထားတဲ့ ငါးသေတ္တာတို့ ကြက်ဥတို့နဲ့ပဲ ထမင်းစားဖြစ်သွားတဲ့ နေ့တွေပဲ များပါတယ်။ အဘအရင်က ရေးထားတဲ့ ပို့စ်တွေကို အဘ အသက်ရှိထင်ရှား ရှိနေဆဲမှာ ပြီးသလောက်လေး ဘလော့ဂ်မှာ တင်ချင်လို့ စာမူတွေကိုရိုက်တာ တော်တော်နဲ့ မပြီးဘူး။ ရိုက်ရင်းတန်းလန်းနဲ့ ဆိုဖာပေါ်မှာ ထိုင်လျက် အိပ်ပျော်သွားလို့ သတိရတာနဲ့ ကတန်းကမန်းနဲ့ ဘုရားရှိခိုးကို အတိုချုပ်ပဲ ရှိခိုးပြီး အိပ်ရတဲ့နေ့တွေပဲ ဖြစ်နေတယ်။ ဒါကြောင့် ရိုက်လက်စ ပို့စ်တခုအဆုံးသတ် ပြီးဖို့အရေး တော်တော်လေးကို အချိန်ယူရပါတယ်။
အဘ ဦးရဲခေါင်တယောက် ဆေးရုံဆင်းပြီးနောက် Long term care အနေနဲ့ စောင့်ရှောက်နိုင်ရန်အတွက် ပြည်နယ်အစိုးရရဲ့ Public Health အောက်မှာ ရှိတဲ့ ဆေးရုံကနေ ဖက်ဒရယ် အစိုးရရဲ့ Community Service အောက်မှာ ရှိတဲ့ Nursing Home ကိုပြောင်းပေးလိုက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူရောက်လာတဲ့ လူအိုရုံက ကျွန်မ အလုပ်လုပ်တဲ့ ရပ်ကွက်မှာ ဖြစ်နေပြီး အလုပ်နဲ့လည်း သိပ်မဝေးတော့ ကံကောင်းထောက်မစွာဖြင့် မြန်မာ့လွတ်လပ်ရေးအတွက်ရော ဒီမိုကရေစီအရေးအတွက်ပါ မတရားတဲ့ အစိုးရမှန်သမျှကို တက်တက်ကြွကြွ တိုက်ပွဲဝင်ပြီး နိုင်ငံအကျိုးပြုခဲ့သူ၊ ခေတ်အလိုက် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို စာပေတွေ ကဗျာကာရန်တွေနဲ့ တင်ပြပြီး စာပေအကျိုးပြုခဲ့သူ၊ ပိဋကတ် သုံးပုံကို မြန်မာလို ဘာသာပြန်ဆိုစဉ်က ၀န်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်တဲ့ ပိဋကတ်သုံးပုံ ဘာသာပြန်အဖွဲ့မှာ ပါဝင်ပြီး သာသာနာအကျိုး ပြုခဲ့သူ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် သမိုင်းဝင် ပုဂိုလ်ကြီးတဦး နာမကျန်းဖြစ်နေစဉ်မှာ ကုသိုလ်ပြုခွင့်ရနေတာကိုက မိမိကိုယ်ကို တကယ့်ကံထူးရှင်လို့ ခံစားရပါတယ်။ အလုပ်က မနက်ပိုင်းမှာ စတဲ့နေ့ဖြစ်ရင် အဘဆီ နေ့လည်အလုပ်ဆင်းချိန်သွားလိုက်၊ အလုပ်က နေ့လည်မှာစတဲ့နေ့ဖြစ်ရင် အဘင်္ဆီ အလုပ်မစခင် မနက်ပိုင်းသွားလိုက်နဲ့ အခုတလော အဘကို နေ့တိုင်းသွားကြည့်ဖြစ်ပြီး ကျွန်မဟာ အိမ်၊ အလုပ်နဲ့၊ အဘဆီ ပြေးလိုက်လွှားလိုက်နဲ့ အစားအသောက်ကို ဆေးရုံစာတွေစားလိုက် အိမ်ပြန်ရောက်ရင်လည်း ဘာမှမလုပ်ချင်၊ မလုပ်နိုင်တော့ဘဲ ယောက်ျားချက်ထားတဲ့ ဟင်းနဲ့ပဲ စားရင်စား၊ သူဘာမှမချက်ထားရင်လည်း ၀ယ်ထားတဲ့ ငါးသေတ္တာတို့ ကြက်ဥတို့နဲ့ပဲ ထမင်းစားဖြစ်သွားတဲ့ နေ့တွေပဲ များပါတယ်။ အဘအရင်က ရေးထားတဲ့ ပို့စ်တွေကို အဘ အသက်ရှိထင်ရှား ရှိနေဆဲမှာ ပြီးသလောက်လေး ဘလော့ဂ်မှာ တင်ချင်လို့ စာမူတွေကိုရိုက်တာ တော်တော်နဲ့ မပြီးဘူး။ ရိုက်ရင်းတန်းလန်းနဲ့ ဆိုဖာပေါ်မှာ ထိုင်လျက် အိပ်ပျော်သွားလို့ သတိရတာနဲ့ ကတန်းကမန်းနဲ့ ဘုရားရှိခိုးကို အတိုချုပ်ပဲ ရှိခိုးပြီး အိပ်ရတဲ့နေ့တွေပဲ ဖြစ်နေတယ်။ ဒါကြောင့် ရိုက်လက်စ ပို့စ်တခုအဆုံးသတ် ပြီးဖို့အရေး တော်တော်လေးကို အချိန်ယူရပါတယ်။
ဒီနေ့တော့ အဘရေးခဲ့တဲ့ စာမူတခုကို အဘကို သွားကြည့်ရင်းနဲ့ပဲ ပြီးအောင် ရိုက်ပြီး လက်စသပ်နိုင်ခဲ့ပါတယ်။
နေ့လည်က အလုပ်ပြီးလို့ အဘဆီ ရောက်တဲ့အချိန်မှာ အဘကုတင်ခြေရင်းက လူနာစားစရာတင်တဲ့ စားပွဲခုံပေါ်မှာ
Laptop ကိုတင်ပြီး အဘကို မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ သစ္စာလေးပါး တရားတော် CD ကို ဖွင့်ပေးပြီး
နားထောင်ခိုင်းထားတဲ့အချိန်မှာပဲ ရိုက်လက်စ စာတွေကို အဲဒီ Laptop မှာပဲ ဆက်ရိုက်လိုက်တာ
ပြီးသွားပါတယ်။
ဒီပို့စ်မှာ အဲဒီအချိန်ကာလက ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး တန်ဖိုးရှိတဲ့ အချက်အလက်လေးတွေ အများကြီးကိုတွေ့ရပါတယ်။
သို့ပေမဲ့ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သာသာထိုးထိုး ပြောပြီးအမွမ်းတင်ထားတာ အပါအ၀င်
တချို့အချက်တွေမှာ အဘနဲ့ကျွန်မနဲ့ လုံးဝသဘောထားကွဲလွဲတယ်ဆိုတာကိုတော့ ပြန်ဖေါ်ပြတဲ့သူတယောက်အနေနဲ့ ရိုးသားစွာ အသိပေးထားချင်ပါတယ်။ ပို့စ်နာမည်က “မပြီးဆုံးသေးသော ပြည်ထောင်စု မြန်မာနိုင်ငံတည်ဆောက်ရေး”
တဲ့။ ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီက ရေးထားတဲ့ ရေးထားတဲ့ စာမူပါ။ ပြောရင်းဆိုရင်း အခု ကျွန်မရေးနေတဲ့
စာမိတ်ဆက်ကို အစကနေ အဆုံးပြန်ဖတ်ကြည့်တော့ မထင်မှတ်ဘဲ
ကျွန်မ၀ါကျတွေက အဘ၀ါကျတွေနဲ့ ခပ်ဆင်ဆင် စာပိုဒ်အရှည်ကြီးတွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒီနေရာမှာကျတော့ ကမ္ဘာကြီးဟာ ကျောင်းမှာလုံးပြီး အိမ်မှာ ပြားတယ်ဆိုတဲ့ စကားပုံကို မယူတော့ဘူး ရောမရောက် ရောမလိုကျင့်ဆိုတာကိုပဲ ယူလိုက်တော့မယ်။ သူ့စာကို မိတ်ဆက်မှတော့ သူ့စာနဲ့ အတော်အသင့်တူတာ ပြန်မပြင်တော့ဘူး ဒီအတိုင်းပဲ တင်လိုက်တော့မယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
မပြီးဆုံးသေးသော ပြည်ထောင်စု မြန်မာနိုင်ငံ တည်ဆောက်ရေး
အစိုးရအဖွဲ့ ထားရှိ အုပ်ချုပ်သော နိုင်ငံမှန်သမျှ အခြေခံအားဖြင့်
အုပ်ချုပ်သော လူတန်းစားနှင့် အုပ်ချုပ်ခံ လူတန်းစားဟူ၍ လူတန်းစားနှစ်ရပ် ရှိမြဲဖြစ်ရာ
ဤလူတန်းစား နှစ်ရပ်တွင် ယေဘုယျ အားဖြင့် အုပ်ချုပ်သူ လူတန်းစားများသည် မိမိတို့ အုပ်ချုပ်မှု
လွယ်ကူချောမောရေး၊ မိမိတို့ ထုတ်ပြန်ထားသည့် အမိန့်နှင့် ဥပဒေများ တည်တံ့ခိုင်မြဲရေး၊
နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး၊ ဆန့်ကျင်ဘက် အတိုက်အခံများ မပေါ်ပေါက်ရေး၊ အချိန်မကုန်ဆုံးဘဲ
မိမိတို့ ရည်မှန်းချက်များ အောင်မြင်ရေး အထူးသဖြင့်
မိမိတို့ရရှိထားသော အာဏာအခွင့်အရေး ဟူသမျှအား မိမိတို့ သားစဉ်မြေးဆက် (သို့မဟုတ်) မိမိတို့ပါတီဝင်အချင်းချင်း
(သို့မဟုတ်) မိမိတို့အမျိုးနွယ်တူ အုပ်ချုပ်သူ လူတန်းစားအချင်းချင်း သာလျှင်အလံကိုင်ပြေးပွဲနှင့်မခြား
အာဏာကို လက်ဆက်ကမ်းသွားလျှက် ရာသက်ပန် အုပ်ချုပ်လိုစိတ်
ရှိခဲ့သည်ကို နှစ်ပေါင်းခြောက်ထောင်ခရီးအတွင်း ဖြစ်ပေါ်လာသမျှ သက်ဦးဆံပိုင် ဘုရင်များ
ကြီးစိုးသည့်ခေတ်၊ တပါတီအာဏာရှင်များ ချယ်လှယ်သွားသည့်ခေတ်၊ စစ်အာဏာရှင်ကြီးများ အာဏာလုယက်
တက်ရောက်လာကြသည့်ခေတ်ဟူ၍ လူ့သမိုင်းတခွင် မျက်မြင်ထင်ရှား တွေ့ကြုံနေရပြီဖြစ်၏။
အမှန်စင်စစ် ထိုဘုရင်ခေတ်၊ ကွန်မြူနစ်ခေတ်နှင့် စစ်အာဏာရှင်ခေတ်တို့သည်
တည်ဆောက်မှု အသွင်သဏ္ဍန်၊ ဖွဲ့စည်းဖြစ်ပေါ်လာပုံ၊ ခေတ်အလိုက် ဆင်ယင်ထုံးဖွဲ့မှုများ၌ မည်သို့ပင်
ကွဲပြားနေစေကာမူ လူ့အခွင့်အရေးကို အပြည့်အ၀ ဖေါ်ထုတ်ပေးရာ၌လည်းကောင်း၊ အစိုးရမဟုတ်သော
အတိုက်အခံများကို တရားဝင်တည်ရှိခွင့် ပေးရာ၌လည်းကောင်း၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုမှု
အာဏာနှင့် အုပ်ချုပ်ရေးအာဏာတည်းဟူသော အချုပ်အခြာအာဏာ သုံးရပ်အတွင်း၌ ပါတီပေါင်းစုံမှ
ပြည်သူလူထုအား မိမိတို့အရည်အချင်းအလျောက် ပါဝင်ခွင့်ပြုရာ၌လည်းကောင်း၊ အထူးသဖြင့် ပြည်သူလူထု၏
တရားဝင်ဆန္ဒပြ သပိတ်မှောက်ခြင်းများကို ဆူပူသောင်းကျန်းမှု၊ ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်မှု၊
ငြိမ်းချမ်းရေးကို ဖျက်ဆီးမှုဟူ၍ လွှဲမှားစွာ အဓိပ္ပာယ်မကောက်ဘဲ ကြည်သာစွာ အားပေးခွင့်ြ့ပုရာ၌လည်းကောင်း ပါလီမန်
ဒီမိုကရေစီစနစ်အား မည်သည့်နည်းနှင့်မျှ ရင်ဆိုင်ယှဉ်ပြိုင်ခြင်း မပြုနိုင်ခဲ့ကြသဖြင့်
မည်မျှပင် အသံကောင်းဟစ်ကာ လိမ်လည်လာကြစေကာမူ လူ့သဘာဝနှင့် လူ့အလိုဆန္ဒကို ဆန့်ကျင်သော
ထိုခေတ်ဆိုးစနစ်ဆိုးများသည်သာ လူ့သမိုင်းတလျှောက် တခုပြီးတခု ကျဆုံးပျက်စီးသွားကြသည်ကို
ကြုံတွေ့နေရပြီ ဖြစ်ပါ၏။
ထို့ကြောင့်လည်း ကွယ်လွန်သူ ကျွန်ုပ်တို့၏ တဦးတည်းသော
အတုမရှိခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်ကို တော်လှန်ပြီးသည့်နောက်
နယ်ချဲ့အင်္ဂလိပ်များ ပြန်ဝင်လာချိန်၌ ကန္နီစာချုပ်အရ နောက်ထပ်ပြန်ဖွဲ့သည့် ဗမာ့တပ်မတော်တွင်
မြေကြီးလက်ခတ်မလွဲ ရနိုင်သော စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရာထူးကို လက်မခံဘဲ တပ်မှထွက်ကာ
ဖဆပလ အဖွဲ့ချုပ်ကို နိုင်ငံရေးအရ ဆင်းရဲပင်ပမ်းစွာ ဦးဆောင်ခဲ့ရရှာသည်။ ဤအချက်ကပင်လျှင်
မည်မျှဘုကျ၍ အပေါက်ဆိုးသူဟု ထင်ကြစေကာမူ ရာထူးငတ်သူ အာဏာရူးသူမဟုတ်ကြောင်း၊ အချုပ်အချယ်ကင်း၍
ဒိုမီနီယန်မဟုတ်သော မြန်မာ့လွတ်လပ်ရေး စစ်စစ်ကို တချိန်တည်း အလျှင်မြန် လိုချင်သူသာ
ဖြစ်ကြောင်း၊ ထို့အပြင် သူသည် ယူနီဖေါင်းဝတ်၍ လက်နက်ကိုင်ဆောင်ထားသည့် စစ်မှုထမ်းမှန်သမျှ
နိုင်ငံရေးမလုပ်ရ ဟူသော ဒီမိုကရေစီ အစဉ်အလာကို လေးစားလိုက်နာသူ ဖြစ်ကြောင်း ထင်ရှားလွန်းလှပါသည်။
တဖန် သူနိုင်ငံရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်လိုက်သည့် အချိန်ကလည်း
သူအမြော်မြင်ရှိရှိ စေတနာအပြည့် ထားခဲ့သော တောင်တန်းဒေသများတွင် ဒီမိုကရေစီစနစ်ကြောင့်
မိမိတို့စော်ဘွားများ၏ အာဏာနှင့် အခွင့်အရေးများ လက်လွတ်ဆုံးရှုံးသွားမည်ကို စိုးရိမ်သောက
ဖြစ်နေကြသည့် ရှမ်းစော်ဘွားတချို့ကတမျိုး၊ မြေမျက်နှာပြင် အနေအထား အခက်အခဲများကြားမှ
သီးခြားပြည်နယ် ထူထောင်လိုသော ဒူးဝါးတချို့ကတဖုံ၊ ဒိုမီနီယန်ယူ၍ ဗြိတိသျှအုပ်ချုပ်မှု
အောက်၌ပင် နေသွားချင်ကြသည့် တောင်ပေါ်ခေါင်းဆောင်တချို့ကတ၀၊ “သူတို့ဒေသသည် မြန်မာဘုရင်များ
လက်ထက်နှင့် အင်္ဂလိပ်အစိုးရ လက်ထက်ကပင် ထိုအစိုးရများက သီးခြား ကင်းလွတ်ခွင့် ပြုထားသည့်
လွတ်လပ်နယ်မြေဖြစ်သည်၊ ကျွန်နိုင်ငံမဟုတ်၊ မြန်မာမြေထဲ၌မပါ” ဟု ဆိုသူကဆို၊ တနင်္သာရီတိုင်း
တခုလုံး ကရင်ပြည်နယ်အတွင်း အတင်းသွတ်သွင်းပြီး သီးခြားနိုင်ငံ ထူထောင်ရန် ကြံသူကကြံ၊
ဗမာပြည်မ အစိုးရနှင့် လုံးဝမဆိုင်သည့် တောင်တန်းဒေသများကို စုစည်း၍ တခုတည်းသော ‘ဖက်ဒရယ် ပြည်ထောင်စု’ ကိုထူထောင်ရန်
စိတ်ကူးယဉ် အိပ်မက်ဖြင့် အမျိုးမျိုး အဖုံဖုံ ဗရုတ်သုတ်ခ ဖြစ်နေကြသော တောင်ပေါ်ဒေသ အသီးသီးရှိ
တိုင်းရင်းသား လူမျိုးများအား စုစည်းလျှက် တခုတည်းသော ပြည်ထောင်စု မြန်မာနိုင်ငံကြီး
စပေါ်လာရေးအတွက် မနားမနေ ကြိုးပမ်းအားထုတ်ခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းခမျာ တဘက်တွေင် တနှစ်အတွင်း လွတ်လပ်ရေး
သေချာရန်အပြင် ထိုလွတ်လပ်ရေး ဂွင်ထဲ၌ တောင်တန်းဒေသများကို ချန်မထားဘဲ ထည့်သွင်းပေးရန် အင်္ဂလန်သို့သွား၍ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီအစိုးရအဖွဲ့ဝင်များနှင့်
ဆွေးနွေးပြောဆိုနေသည့် အချိန်၌ပင် အင်ဒီယားမှ မဟာရာဂျာများကို အားကျနေသော ရှမ်းစော်ဘွားတစုက
ယခုအင်္ဂလန်သို့ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အရေးဆိုရန် ရောက်နေသူများသည် တောင်တန်းဒေသ၏
ကိုယ်စားလှယ်များ မဟုတ်ဟု သံကြိုးရိုက်လိုက်ခြင်းကြောင့် ထိုအချက်ကို ပြန်လှန်ချေပသည့်အနေဖြင့်
မြန်မာနိုင်ငံ၌ ကျန်ရစ်သော ဖဆပလအဖွဲ့ချုပ် ဒုဥက္ကဌ သခင်နု၊ ဗမာမူစလင် အဖွဲ့ချုပ် ဥက္ကဌနှင့်
ဖဆပလတောင်တန်းနယ်ဒေသရေးရာ အတွင်းရေးမှူး ဦးဖေခင်၊ ရှမ်းပြည်လွတ်မြောက်ရေး အဖွဲ့ချူပ်
အမှုဆောင်လူကြီးနှင့် ကျောင်းသားခေါင်းဆောင် ကိုတင်မြ၊ ကိုထွန်းမြင့် စသည်တို့က စသူတို့က
တောင်ကြီးမြို့ဈေးနေ့၌ လူထုအစည်းအဝေး ကျင်းပပြီး ဗမာပြည်မနဲ့အတူ ရှမ်းပြည်အား တချိန်တည်း
လွတ်လပ်ရေး ပေးရန်ကိုလည်းကောင်း လန်ဒန်ရောက် ဗိုလ်ချူပ်အောင်ဆန်းနှင့် အဖွဲ့အား တညီညွတ်တည်း
ထောက်ခံကြောင်းကိုလည်းကောင်း၊ အဆိုပြုဆုံးဖြတ်ချက် ချကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှဝန်ကြီးချုပ်
အက်တလီထံ သံကြိုးစာပေးပို့လိုက်တော့မှ ပြဿနာအားလုံး အဆင်ပြေချောမောသွားပါတော့သည်။
ထိုမှတပါး ပထမအကြိမ် ပင်လုံညီလာခံသို့ အင်္ဂလန်မှအပြန် အရေးကြီးသော ကိစ္စတခုကြောင့် ရခိုင်ဘက်ကို
ခရီးလွန်နေသည့် ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက်နိုင်ခဲ့ဘဲ သ္ခင်နုနှင့် ဂဠုန်စောတို့၏
ထိပ်တိုက်ပွဲဖြစ်သွားရာ ထိုဟောပြောပွဲတွင် ရှေ့ဆုံးမှ ထွက်သူ သခင်နုက အသာစည်းရသွားခဲ့ပါသည်။
သို့သော် ဒုတိယအကြိမ် ကျင်းပသည့် ပင်လုံညီလာခံကိုမူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်
တက်ရောက်၍ တနှစ်အတွင်း လွတ်လပ်ရေးကို ကြိုးပမ်းရာ၌ တောင်တန်းဒေသ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ
မိမိတို့သဘောထားကို ပြောင်းလဲနောက်ဆုတ်သွားလိမ့်မည် မဟုတ်ကြောင်း သို့သော် တောင်တန်းဒေသများမပါဘဲ
ပြည်မသက်သက် မြန်မာ့လွတ်လပ်ရေးမှာလည်း ရှေ့အဖို့ရာတွင် နယ်ချဲ့ဗြိတိသျှ အစိုးရ၏ အမျိုးမျိုးသော
သွေးထိုးနှောက်ယှက်မှုများကြောင့် နိုင်ငံတော် ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
စီးပွားရေး၊ ကြီးပွားရေးတို့ထက် စစ်ရေးနှင့်သာ အချိန်ကုန်ဆုံး လူလုံးမလှဖွယ်ရှိ၍ ထိုအဖြစ်ကို
မိမိတို့မလိုလားကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယ္ခုလောလောဆယ်၌ ရှမ်း၊ ချင်း၊
ကချင်၊ ကရင်၊ ကယား ပါဝင်သော ပြည်နယ်ငါးခုနှင့် မြန်မာပြည်မ မြေပြန့်ဒေသကို ပေါင်း၍
အတတ်နိုင်ဆုံး လိုက်လျောမှုဖြင့် မြန်မာပြည်ထောင်စုကို ဖွဲ့စည်းသွားမည်ဖြစ်ရာ ဤနေရာတွင်
ကချင်ပြည်၏ လက်ရှိအနေအထားမှာ ဗြိတိသျှအစိုးရ တောင်တန်းဒေသ ဖွဲ့စည်းသတ်မှတ်ပုံများအရ
အလွန်ကျဉ်းမြောင်းနေခြင်းကြောင့် အခြားပြည်နယ်များနှင့် တန်းတူညီမျှမှု လူအမြင်လှအောင်
မြစ်ကြီးနား၊ ဗန်းမော်နှင့် ကသာခရိုင်အတွင်းရှိ မြေပြန့်ဒေသတချို့ကို ထည့်သွင်းပေးရေးအတွက်
မိမိအနေဖြင့် ဖဆပလအစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း၊ ထို့အပြင် နယ်ချဲ့သမားများ၏
နှစ်ရှည်လများ သွေးခွဲအုပ်ချုပ်ထားမှုကြောင့် ယနေ့အထိ ကျွန်ုပ်တို့ ဗမာများအပေါ်တွင်
အကောင်းမမြင်ဘဲ အဆိုးထင်နေသော အင်္ဂလိပ်ခေတ်တွေင်မွေး၍ ခရစ်ယာန်သွေးဝင်နေသည့် စစ်မှုထမ်းဟောင်း
တောင်တန်းသားများ၏ စိုးရိမ်ကြီးမား သံသယများ သက်သာရာ ရရေးအတွက် သူတို့တတွေ အလိုရှိနေသည့်
ခွဲထွက်လိုက ခွဲထွက်ခွင့်ကိုလည်း အချိန်ကာလ အပိုင်းအခြားဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း
တို့ကို ရိုးသား၊ ပွင့်လင်း အမြင်ရှင်းအောင် တင်ပြဆွေးနွေးကာ တောင်တန်းသားများ ညီညွတ်ရေး
ကောင်စီအား ကျေနှပ်နှစ်သိမ့် ဦးခေါင်းညိတ်စေရုံမျှမက (၁၂-၂-၄၇) ရက်နေ့တွင် ဒုတိယအကြိမ်
ပင်လုံညီလာခံကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးလျှက် ပြည်ထောင်စုဖွဲ့စည်းရေးအတွက်
အခြေခံမူများ ပါဝင်သော ပင်လုံစာချုပ်ကြီးကို ကန့်ကွက်ဆန့်ကျင်သူမရှိ အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါ၏။
ထိုနှင့် ငါးလခန့်မျှအကွာ ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများ
ကျဆုံးသွားပြီးနောက် ၀န်ကြီးချုပ်ဦးနု၏ ပါလီမန် ဒီမိုကရေစီခေတ်တွင် ပီပီပြင်ပြင် အသက်ဝင်လာသော
၄၇ ခုနှစ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ငါးခု ပြည်မတခုပါဝင်သည့်
ခြောက်ပြည်ထောင်စု မူကြီးသည်လည်း ထီးထီးမားမား ပေါ်ပေါက်လာပါ၏။ သို့သော် ပြည်ထောင်စု
ပြဿနာကား မပြီးသေးပါ။ ဖဆပလလက်ထက် တာဝန်ကြွေးတရပ်အဖြစ် ကျန်ရှိနေသေးသော ရှေးအခါကပင်
ဗမာဘုရင်များနှင့် ထီးပြိုင်၊ နန်းပြိုင်ဖြစ်ခဲ့သည့် မွန်နှင့်ရခိုင်တို့ကိုပါ မဆလအစိုးရလက်ထက်တွင်
ပြည်နယ်စာရင်း သွတ်သွင်းပေးလိုက်ခြင်းကြောင့် ပြည်နယ် ၇ ခု တိုင်း ၇ တိုင်းမူဖြင့်
ပိုမိုတရားမျှတ သဘာဝကျသွားသည် မှန်သော်လည်း ပြည်ထောင်စု ပြဿနာကား မပြီးဆုံးသေးပါ။ လက်ရှိ ပြည်ထောင်စုကြီးကို ပြိုကွဲပျက်စီးအောင်
လုပ်လိမ့်မည်ဟု စစ်ဘက်က စွပ်စွဲထားသော ပုံကြမ်းရေးဆွဲရုံအဆင့်မျှသာ ရှိသေးသည့် တော်လှန်ရေး
အင်အားစုများ၏ ဖက်ဒရယ်ပြည်ထောင်စုမူနှင့် ယ္ခုန၀တတို့က ပုံစံချနေသည့် စစ်အာဏာရှင်များ
ကြီးစိုးသွားမည့် ဘုရားကားအောက် မျောက်ကားအထက် ပြည်ထောင်စုမူအပြင် NLD ကရေးဆွဲတင်ပြမည့်
ပြည်ထောင်စုမူလည်း ရှိပါလိမ့်ဦးမည်။ မည်သို့ပင်ဖြစ်စေ မည်သည့်မူပင်ဖြစ်စေ၊ စာပွဲဝိုင်းနည်းအရ
မဟုတ်ဘဲ၊ ဒီမိုကရေစီနည်းအတိုင်း ပြည်သူ့ကိုယ်စားလှယ်များ၏ လိုအင်ဆန္ဒနှင့် ပြည်သူလူထုများ၏
သဘောထားမပါဘဲ လက်နက်ရှိသူ စစ်အစိုးရနှင့် သူပုန်များက ငြိမ်းချောက်စေခိုင်းသမျှ လက်ညိုးထောင်
လက်မှတ်ထိုးခေါင်းညီတ်ရသည့် မြို့ရောတောပါ
ပြည်ထောင်စုမူမျိုး ဖြစ်ပါမူ ပြီးသွားလိမ့်ဦးမည် မဟုတ်ချေ ဆက်ရန်ရှိပေလိမ့်ဦးမည်။
မြ၀တီ ရဲခေါင် (လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်)
(၁၆-၂-၉၇)
5 comments:
အန်တီငယ်
ခေတ် ၄ ခေတ်မှာ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး အတွက် တိုက်ပွဲဝင်လာခဲ့တဲ့၊ အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို သယ်ပိုးလာခဲ့တဲ့၊ နိုင်ငံရေးစာပေတာဝန်ကို ထမ်းဆောင်လာခဲ့တဲ့ လွတ်လပ်ရေးမော်ကွန်းဝင်ပထမအဆင့်ရ အဘ မြဝတီ ဦးရဲခေါင်ကို အန်တီငယ်က လူအို၊ လူနာ ပြုစုရေးဂေဟာမှာ နေ့တိုင်း သွားကြည့် ပြုစု တရားခွေဖွင့်ပေးတာအတွက်ရော၊ အဘရဲ့ တန်ဖိုးရှိတဲ့ စာမူတွေကို ပြန်ရိုက်ပြီး ဘလော့မှာ တင်ပေးနေတာအတွက်ပါ အန်တီငယ်ကို လေးစား ကျေးဇူးတင်ပါတယ်။
သားထူး
.
အချိန်ကား ၁၉၄၂ ခုနှစ်၊ ဇွန်လအတွင်း၌ ဖြစ်သည်။
ရွှေတောင်ကြားလမ်းရှိ တပ်မတော်အရာရှိကြီး "ဗိုလ်မှူးအောင် (ပြည်သူ့လွှတ်တော်ဥက္ကဌ) ၏ ခြံဝရှိ ကင်းဂိတ်တွင် "မြဝတီရဲခေါင်" ဆိုသော ရဲဘော်လေး ကင်းစောင့်နေသည်။
မိုးတဖွဲဖွဲ ရွာနေသည့်ကြားမှ ထီးမပါ၊ အကာမပါနှင့် ဦးခေါင်းငုံ့၍ စဉ်းစားလာသူ တစ်ယောက် ခြံဂိတ်ဝသို့ ရောက်ရှိလာခဲ့သည်။ ရဲဘော်ရဲခေါင်ရှေ့မှ ဖြတ်၍ တက်မည်ပြု၍ လှံစွပ် တပ်ထားသော ရိုင်ဖယ်သေနတ်နှင့် သူ၏ရင်ဘတ်ကို ကန့်လန့်ဖြတ် တားထားလိုက်ရသည်။
ခေါင်းမွှေးစုတ်ဖွား၊ မေးရိုးကားကား၊ မျက်ပေါက်ကျဉ်းကျဉ်း၊ စွပ်ကျယ်လက်တို၊ တစ်ပတ်ရစ် ယောပုဆိုး၊ သဲကြိုးနီ လေယာဉ်ပျံဖိနပ် နှင့် ပိန်ကပ်ကပ် မွဲခြောက်ခြောက် လူတစ်ယောက်မို့ -
"ခင်ဗျား ဘယ်သူလဲ၊ ဘယ်သွားမလို့လဲ"
ဟု ရဲဘော်ရဲခေါင်က မေးလိုက်သည်။
"ကျုပ် ဗိုလ်အောင်နဲ့ တွေ့ချင်လို့ပါ"
"ရုံးကိစ္စ လား၊ အိမ်ကိစ္စလား"
"အိမ်မှာတွေ့ပြီး ပြောမှဖြစ်မဲ့ ရုံးကိစ္စပဲ"
ဟုဆိုပြီး ခြံတွင်း ဇွတ်ဝင်လာ၍ ရဲဘော်ရဲခေါင်က ထိုသူကို လက်မောင်းရင်းကို ဆွဲကိုင်ကာ ခြံဝသို့ ဆွဲထုတ်လိုက်သည်။ ရဲဘော်ရဲခေါင် က ထိုသူကို မာန်မဲကြိမ်းမောင်းရာ ထိုသူက အပြုံးမပျက် နားထာင်နေရှာသည်။
"ခင်ဗျား ဘယ်လိုလူလဲ၊ ခင်ဗျား ဘာကောင်လဲ"
"ဒီလို ဗိုလ်မှူးတစ်ယောက်ရဲ့ အိမ်ထဲကို အရမ်း ဝင်ချင်တိုင်း ဝင်လို့ရလား"
"ခင်ဗျားးကို ဘယ်သူက ဝင်ခွင့်ပေးလို့လဲ"
"ကျုပ် အောင်ဆန်းပါ၊ ရဲဘော်တို့ ကင်းဗိုလ်ကို ခေါ်လိုက်ပါ။ ကျုပ် သူနဲ့ တွေ့မယ်"
.
"အောင်ဆန်း" ဆို၍ ခေါင်းနပန်းကြီးသွားပြီး ကင်းဗိုလ်ကိုပြေး၍ ခေါ်ရသည်။
ကင်းဗိုလ်လည်း ဒရောသောပါး ရောက်လာပြီး ထိုသူကို ကြည့်လိုက်သည်။ ကင်းဗိုလ်သည် ပြာပြာသလဲ -
"ဟာ... ဗိုလ်ချုပ် ရေတွေစိုလို့ပါလား၊ ကြွပါ ဗိုလ်ချုပ် အထဲကိုကြွပါ" ဟု ခရီးဦးကြိုပြုလိုက်သည်။
ရဲဘော်ရဲခေါင်အဖို့ မြင်ကွင်းအားလုံး ချာလပတ်လည်သွားသည်။ နားထင်နားရင်းတွေ ပူလာပြီး၊ သေနတ်ကိုင်ထားသော လက်မှာ တဆတ်ဆတ် တုန်နေ၏။ "ငါမှားလေခြင်း၊ ငါ မိုက်လေခြင်း" ဟု ရဲဘော်ရဲခေါင် သူ့ကိုယ်သူ အပြစ်တင်၍ မဆုံးတော့။ သူတို့ ထွက်သွားပြီး မကြာမီ ကင်းဗိုလ် "ဗိုလ်ကျော်ဒင်" ပြန်ရောက်လာပြီး ရဲဘော်ရဲခေါင်ကို ဆူပူ ကြိမ်းမောင်းလေတော့သည်။
"မင်း ငါ နဲ့ လိုက်ခဲ့ဦး၊ ဗိုလ်ချုပ်က မင်းကို ခေါ်ခိုင်းလို့"
ရဲဘော်ရဲခေါင်အဖို့ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားပြီဟု ထင်လိုက်ရသည်။ နဖူးကို လက်ဝါးနှင့် ရိုက်၍ "ငါတော့ သွားပြီ" ဟု ရေရွတ် ညည်းတွားလိုက်သည်။ ဧည့်ခန်းအတွင်းတွင် ဗိုလ်ချုပ်သည် စန္ဒယားခုံကိုမှီ၍ လက်ပိုက်ပြီး ရပ်နေသည်။ ခေါင်းငုံ့ပြီး တစ်စုံတစ်ခုကိုလည်း လေးလေးနက်နက် စဉ်းစားနေသည်။ အနီးတွင် ဗိုလ်မှူးအောင် က တည်ငြိမ်သော အပြုံးဖြင့် ဆိုဖာပေါ် ထိုင်နေသည်။
ဗိုလ်ကျော်ဒင်၏ စစ်သံနှင့် အော်ဟစ် သတင်းပေးမှုကြောင့် ကျောက်ရုပ်ပမာ ငြိမ်ချက်သား ကောင်းနေသော ဗိုလ်ချုပ်သည် ခေါင်းမော့လာသည်။
ဗိုလ်ချုပ်က ရဲခေါင်ကိုကြည့်၍ -
"ရဲဘော် နာမည်"
"ရဲခေါင်"
"တပ်ထဲဝင်တာ မကြာသေးဘူး ထင်တယ်"
"ဟုတ်ကဲ့"
"ရဲဘော်ရဲ့ တာဝန်ကျေပွန်မှုကို ချီးကျူးပါတယ်၊ စောစောက ကိစ္စ ဘာမှ ခေါင်းထဲ မထည့်နဲ့တော့၊ ဒီ အချိန်မှာ ဒီလိုပဲ လုပ်ရမှာပဲ၊ ရဲဘော် မှန်တယ်၊ အေး တစ်ခုတော့ သတိထား၊ စိတ်လိုက်မာန်ပါတော့ မလုပ်နဲ့၊ အဲဒါပဲ၊ ကဲ... ကဲ... သွားနိုင်ပါပြီ"
ရဲဘော် ရဲခေါင်သည် ဗိုလ်ချုပ်စကားကို မယုံသလို သံသယ ဖြစ်နေရင်း ဟုတ်ပြီ ဆိုမှ ကလေးငယ် တစ်ဦးလို ခုန်ပေါက် မြူးထူးစွာ မူလ တာဝန်ကျရာ နေရာသို့ ပျော်ရွှင်စွာ ပြန်သွားခဲ့သည်။
ရဲဘော်လေး မြဝတီရဲခေါင်၏ ရင်ထဲတွင် သူကြုံခဲ့ရသော ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်လိုမှ မေ့လို့ ရနိုင်တော့မည် မဟုတ်ပါ။ အခြားဗိုလ်များနှင့်ဆိုလျှင် အနည်းဆုံး ပါးရိုက်ခံရမှာတော့ သေချာသည်။ ရဲဘော်အပေါင်းနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ဗိုလ်ချုပ်သည် သဘောထားကြီးသော၊ အမြော်အမြင်ရှိသော၊ ပြဿနာတစ်ရပ်ကို တရားနည်းလမ်းကျကျ ကိုင်တွယ် ဖြေရှင်းတတ်သော ဗိုလ်ချုပ်ပင် မဟုတ်ပါလော။ စိတ်သဘောထား မြင့်မြတ်မှန်ကန်သူပင် မဟုတ်ပါလော။
(မရွှေစင်ဦး ဘလော့တွင် တင်ထားသော "စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၃ဝ)" post မှ ကောက်နုတ် ဖော်ပြသည်။)
.
(ဒီ ကွန်မန့်ရဲ့ ခေါင်းစဉ် (အပြာရောင်စာသား) ကို နှိပ်ပြီး "အဘ မြ၀တီရဲခေါင် ၏ နာရေးသတင်း အစီအစဉ်" ကို ဖတ်နိုင်ပါတယ်။)
အဘ မြ၀တီရဲခေါင် ဈာပန-
ဩစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့နေ အဘ မြ၀တီရဲခေါင် (၈၉ နှစ်) သည် အဆုတ်ကင်ဆာ ရောဂါဖြင့် ၇-၃-၁၃ ရက်နေ့တွင် ဘဝတပါးသို့ ကူးပြောင်းသွားပါပြီ။
အဘ မြ၀တီရဲခေါင် ၏ ရုပ်ကလပ်ကို ၉-၃-၁၃ ရက်နေ့ တွင် ဩစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့အနောက်ပိုင်း၊ Rockwood ဆင်ခြေဖုံးရှိ Rockwood သုသာန် (Lidcombe ဘူတာအနီး) တွင် မီးသဂြိုဟ်ပါမည်။
.
(ဒီ ကွန်မန့်ရဲ့ ခေါင်းစဉ် (အပြာရောင်စာသား) ကို နှိပ်ပြီး အဘ မြ၀တီရဲခေါင် အကြောင်းကို ဖတ်ရှုလေ့လာနိုင်ပါတယ်။)
အဘ ဦးရဲခေါင် (မြ၀တီရဲခေါင်) ဟာ BIA (ဗမာ့လွတ်လပ်ရေးတပ်မတော်)၊ BDA (ဗမာ့ကာကွယ်ရေးတပ်မတော်)၊ ပြည်ချစ်တပ်မတော်၊ ABSDF (ကျောင်းသားတပ်မတော်) တပ်မတော် ၄ ခုမှာ ပါဝင်ပြီး မြန်မာပြည်သူတွေကို မတရား ဖိနှိပ်ပြီး အုပ်ချုပ်တဲ့ နယ်ချဲ့အင်္ဂလိပ်အစိုးရ၊ ဖက်ဆစ်ဂျပန်အစိုးရ၊ အာဏာရှင်နေဝင်း စစ်အစိုးရ၊ အာဏာရှင်သန်းရွှေ စစ်အစိုးရကို တော်လှန်ခဲ့သူ ဖြစ်ပါတယ်။
အဘ ဦးရဲခေါင်ဟာ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး အတွက် တိုက်ပွဲဝင်လာခဲ့တဲ့၊ အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို သယ်ပိုးလာခဲ့တဲ့၊ နိုင်ငံရေးစာပေတာဝန်ကို ထမ်းဆောင်လာခဲ့ပြီး လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။
ခေတ် ၄ ခေတ် အစိုးရ ၄ ဆက် တော်လှန်ရေးသမားကြီး အဘ ဦးရဲခေါင် (မြ၀တီရဲခေါင်) အကြောင်း ကို မြန်မာတိုင်း သိသင့်ပါတယ်။
Post a Comment