မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

Genetic Engineering and Modern Biotechnology မျိုးရိုးဗီဇ ပြုပြုင်ဖန်တီးခြင်းနှင့် ခေတ်သစ်ဇီဝနည်းပညာ

ကျွန်မဆီကို အသိဦးပဉ္ပဇင်း တပါးဆီကနေ လူမကျ တရိစ္ဆာန်မကျ ပုံတပုံ ပို့လာကာ ”တကာမကြီးရေ ဒီလိုပုံမျိုး အကယ်ရှိလား” လို့ မေးလာခဲ့တဲ့ မေးလ်တခုကို ပြီးခဲ့တဲ့နှစ် ကျောင်းမပိတ်ခင် ကျွန်မ အလုပ်တွေ သိပ်များနေချိန်မှာ ရခဲ့ပါတယ်။ နောက်မှပဲ အကြောင်းပြန်မယ် ဆိုပြီး ထားခဲ့တာ မေ့မေ့ပျောက်ပျောက် ဖြစ်နေပြီး အခုမှ အီးမေးလ် အဟောင်းတွေကို ပြန်ကြည့်ရင်းနဲ့ ဒီအီးမေးလ်ကို တွေ့ရပါတယ်။ အကြောင်းပြန်ဖို့ စဉ်းစားတော့ ကျွန်မ အတက်တန်း ပြန်တက်တုန်းက ဇီဝဗေဒ (Biology) ဘာသာမှာ သင်ခဲ့ဖူးတဲ့ Genetic Engineering အကြောင်းကို ဘလော့ဂ်မှာ တင်ချင်စိတ် ရှိလာတာနဲ့ စိတ်ဝင်စားသူ အားလုံးအတွက်လည်း ဖြစ်အောင် ကျွန်မ လုပ်ခဲ့ဖူးတဲ့ Assignment ထဲက တချို့ကို ပြန်လည် ကောက်နှုတ်ပြီး မေးလာတဲ့ ဦးပဉ္ပဇင်းကို ပြန်ဖြေရင်း တခြားသူတွေ အတွက်ပါ မျှဝေလိုက်ပါတယ်။ မြန်မာပြည်က အထက်တန်း Biology မှာ ဒီအကြောင်းတွေ မသင်ရပေမဲ့ ဒီပို့စ်ပါ အကြောင်းအရာ အားလုံးဟာ တက္ကသိုလ်မှာ သင်ခဲ့ရတာ မဟုတ်ပဲ သြစကြေးလျားက အထက်တန်းအဆင့် ၁၂ တန်း ဇီဝဗေဒဘာသာရပ်မှာ လုပ်ခဲ့ရတဲ့ Assignment ထဲကသာ ဖြစ်ပြီး Reference တွေက ၂၀၀၄ ခုနှစ် နောက်ဆုံး ဖြစ်လို့ ပြည့်စုံမှုမရှိနိုင်ပါ။ Genetic Engineering ကို တက္ကသိုလ်မှာ သင်ထားဖူးသူများအနေနှင့် ဖတ်မိပြီး Update ပိုဖြစ်တာကို ဖြည့်စွက်ချင်သူများ၊ ကွာဟနေတယ်ထင်လို့ အမှန်ပြင်ချင်သူများ ရှိပါက ၀မ်းသာစွာ ကြိုဆိုပါတယ်။


မျိုးရိုးဗီဇ ပြုပြင်ဖန်တီးခြင်းနှင့် ခေတ်သစ် ဇီဝနည်းပညာ Genetic Engineering and Modern Biotechnology

လူသားတွေဟာ ကမ္ဘာကြီးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့သိပ္ပံနည်းပညာတွေ တီထွင်ပြီး ကြိုးစားလာခဲ့ပါတယ်။ ဒီသိပ္ပံ နည်းပညာအမျိုးမျိုးအနက် ဇိဝသိပ္ပံဟာလည်း အတော်ကို အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဇီဝနည်းပညာမှာ အပင် တိရိစ္ဆာန် (လူအပါအ၀င်) စတဲ့ သက်ရှိတွေကို အသုံးပြုပြီး လူသားတွေရဲ့ အကျိုးအတွက် တီထွင်ဖန်တီးထားတဲ့ ပညာအားလုံး အကျုံးဝင်ပါတယ်။ သက်ရှိတို့ရဲ့ မျိုးရိုးဗီဇကို သယ်ဆောင်တဲ့ အချက်အလက်တွေ အားလုံးကို ဆဲလ်အတွင်းရှိ Nucleus ထဲမှာ ရှိတဲ့ DNA (Deoxyribonucleic Acid ) ခေါ် အချဉ်ဓါတ်ပါတဲ့ သက်ရှိမော်လီကျူး ဓါတ်ပေါင်းတခုထဲမှာ သိုလှောင်ထားပါတယ်။ DNA ဟာ သက်ရှိအားလုံးရဲ့ မျိုးရိုးဗီဇကို သယ်ဆောင်တဲ့ Genetic Code ဖြစ်ပြီး သက်ရှိတွေရဲ့ အသွင်လက္ခဏာ ကွဲပြားမှုဟာ DNA ထဲမှာ ရှိတဲ့ အချက်အလက်အပေါ် အများဆုံး မူတည်ပါတယ်။

 ခေတ်သစ် ဇီဝနည်းပညာ (Modern Biotechnology) ထွန်းကားလာပြီးနောက်ပိုင်းမှာ DNA မော်လီကျူးကို ပေါင်းစပ်ထားတဲ့ အစိတ်အပိုင်းတွေကို မျိုးမတူတဲ့ သက်ရှိတွေဆီက တခုနဲ့တခု ဖြတ်တောက် ပေါင်းစပ်ပြီးထာတဲ့ DNA (Recombinant DNA)  နဲ့ မျိုးရိုးဗီဇကို ပြုပြင်ဖန်တီးပြီး နေရာ အတော်များများမှာ အသုံးပြုလျက် ရှိပါတယ်။  ဒါကို Genetic Engineering လို့ ခေါ်ပြီး ဒီနည်းပညာကို အဆပေါင်း ထောင်သောင်းမက ဖြန့်ချဲ့ကြည့်လို့ ရတဲ့ အနုကြည့်မှန်ပြောင်းတွေကို အသုံးပြုကာ သက်ရှိတခုမှ တခု ပြောင်းလွဲနိုင်၊ ပေါင်းစပ် ဖန်တီးနိုင်ပါတယ်။ ခေတ်သစ် ဇီဝနည်းပညာဟာ ဆေးပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသုံးကုန် ထုတ်လုပ်ရေးတွေမှာ များစွာ အသုံးဝင်နေတာကို တွေ့ရသလို လူ့ကျင့်ဝတ်သိက္ခာ၊ ဓလေ့ထုံးတမ်းတို့နှင့် မသင့်လျော်မှုတွေလည်း ရှိနိုင်ပြီး၊ အကယ်၍ မလုပ်သင့်မလုပ်ထိုက်တာကို လုပ်မိပါက ဆိုးကျိုးကို ဦးတည်တဲ့ အချက်တွေကိုလည်း တွေ့ရပါတယ်။  ဘာကြောင့်လဲဆိုတော့ Genetic Engineering ကို အသုံးပြုပြီး သတ္တ၀ါ အသစ်တခုကို ဖန်တီးရင် ရနိုင်လို့ဖြစ်တယ်။

ဇီဝနည်းပညာကို လူတွေက ရှေးပဝေဏီကတည်းက အသုံးပြုလာကြပါတယ်။ အထူးသဖြင့် ကစော်ဖောက်ပြီး အရက်ချက်ခြင်းဟာ Microorganism organism လို့ခေါ်တဲ့ ပိုးမွှားတွေကို အသုံးပြု ထားတာ ဖြစ်လို့ ရှေးဟောင်း ဇီဝ နည်းပညာ (Primitive Biotechnology) တခုဖြစ်ပါတယ်။ ဒါကြောင့် ခေတ်သစ် ဇီဝနည်းပညာ မပေါ်ခင်ကတည်းက လူသားတွေက ရှေးနှစ်ပေါင်း ထောင်ချီကတည်းက အသုံးပြုလာခဲ့တာကို တွေ့ရပါတယ်။ ပေါင်မုန့်၊ ကိတ်မုန့် ဖုတ်ခြင်း၊ Yogurt, Cheese, စတဲ့ နို့ထွက်ပစ္စည်းတွေ ပြုလုပ်ခြင်းနဲ့ ဟင်းသီးဟင်းရွက် အချဉ်တည်ပြီး ချဉ်ဖတ်အဖြစ် စားသုံးခြင်းတွေဟာလည်း အဲဒီ အစားအစာထဲမှာ ခိုကပ်နေတဲ့ ဘက်တီးရီးယား၊ မှိုပိုးမွှားတွေရဲ့ လုပ်အားကို အသုံးပြုရတာ ဖြစ်လို့ ရှေးဟောင်း ဇီဝနည်းပညာတွေပဲ ဖြစ်ပါတယ်။ ခေတ်သစ် ဇီဝနည်းပညာ ထွန်းကားလာတဲ့ အခါမှာတော့ လူတွေက ဘက်တီးရီးယားတို့ Fungi တို့လို အသေးသေးမွှားမွှား သက်ရှိတွေကိုသာမက လူ၊ ဆိတ်၊ သိုး၊ ကျွဲ၊ နွား အပင်ပေါင်းစုံတို့ကိုပါ မျိုးရိုးဗီဇကို ပြုပြင်ဖန်တီးခြင်း ပညာ (Genetic Engineering) ဖြင့် ဇီဝနည်းပညာကို ပိုမို ကျယ်ပြန့်စွာ အသုံးပြုလာကြပါတယ်။

ခေတ်သစ် ဇီဝနည်းပညာ (Modern Biotechnology) ကို အသုံးပြုပြီး ဆေးပညာမှာ ရောဂါတွေကို အလွယ်တကူ ရှာဖွေစစ်ဆေး၊ ကုသနိုင်လာတယ်။ မျိုးမတူတဲ့ သက်ရှိတွေကို ပေါင်းစပ်ပြီး လိုအပ်တဲ့ အရည်အသွေးရှိတဲ့ အမျိုးကို ဖန်တီးယူလို့ ရပါတယ်။ ဥပမာ ဆီးချိုသမားတွေအတွက် လိုအပ်နေတဲ့ လူရဲ့ ပန်ကရိယထဲက ထွက်တဲ့ အင်ဆူလင် လူဟော်မုန်းကို လူသားတွေဆီက ထုတ်ယူဖို့ မသင့်လျော်ခြင်း (သို့) အခက်အခဲ ရှိနိုင်ခြင်း တို့ကြောင့် ဘက်တီးရီးယားရဲ့ DNA နဲ့ လူရဲ့ DNA ကို ပေါင်းစပ်ပြီး ဘက်တီးရီးယား တမျိုးကို ဖန်တီးကာ ဘက်တီးရီးယားတွေက တဆင့် အင်ဆူလင်ကို ပြန်လည်ထုတ်ယူပြီး သုံးစွဲပါတယ်။ မွေးမြူရေးမှာလည်း အသားထွက်ကောင်းရန် (သို့) တာရှည်ခံနိုင်ရန် အပင် (သို့) မျိုးမတူတဲ့ တရိစ္ဆာန်တွေရဲ့ DNA အချင်းချင်း ပေါင်းစပ်ပြီး ပိုမိုအရည်အသွေး ကောင်းတဲ့အသား ထွက်အောင် ထုတ်လုပ်လာကြပါတယ်။ ဥပမာ ပန်းဂေါ်ဖီပွင့်နဲ့ အစိမ်းရောင် Broncholi ကိုပေါင်းစပ်ပြီး အရောင်နဲ့၊ အပွင့်နဲ့ အရသာ နှစ်ခုစလုံးရ အာနိသင်တွေရအောင် လုပ်ထားတာတွေမျိုး ရှိပါတယ်။

အကောင်အချင်းချင်း၊ အပင်အချင်းချင်းသာ DNA ပေါင်းစပ်နိုင်သည် မဟုတ်ပဲ၊ အကောင်နှင့် အပင်တို့ရဲ့ DNA ကိုလည်း ပေါင်းစပ် နိုင်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးမှာ ပိုမိုကောင်းမွန် အရည်အသွေးကောင်းတဲ့ အစားအသောက်တွေကို ရရှိရန် တရိစ္ဆာန်တွေရဲ့ DNA နဲ့ အပင်တွေရဲ့ DNA ကို ပေါင်းစပ်ပါတယ်။ ဥပမာ ဆယ်လမွန်ငါးနဲ့ စတော်ဘယ်ရီသီး DNA တွေကို ပေါင်းစပ်ပြီး စထရောဘယ်ရီ သီးရဲ့ အရောင်ကို လှပအောင် ဖန်တီး၍ ရသလို အရသာကိုလည်း ထူးကဲအောင် လုပ်ကြတယ်လို့ သိရပါတယ်။ ထိုနည်းအတူ ကောက်ပဲ သီးနှံတွေ ပိုးမစားနိုင်စေရန်နှင့် ကြီးထွားမှုနှုန်းနှင့် အထွက်နှုန်း ကောင်းအောင်စသည့် လိုအပ်ချက် အမျိုးမျိုးအတွက်လည်း မျိုးရိုးဗီဇကို ပေါင်းစပ်ပြီး ရာသီဥတုနဲ့ သင့်လျော်တဲ့ မျိုးစပ်မှုတွေ ဖန်တီးယူလို့ ရနိုင်ပါတယ်။ ဒါကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေမှာ Modern Biotechnology ကို အသုံးပြုပြီး စိုက်ပျို့းရေး၊ မွေးမြူရေးကို မြှင့်တင်နိုင်ပါက စားနပ်ရိက္ခာအတွက် များစွာ အထောက်အကူ ပြုပြီး ငတ်မွတ် ခေါင်းပါးတဲ့ အကြပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

သို့သော်လည်း အထက်ဖေါ်ပြချက်တွေက ခေတ်သစ် ဇိဝနည်းပညာရဲ့ အားသာချက်များသာ ဖြစ်ပြီး ခေတ်သစ် ဇီဝနည်းပညာမှာ အားနည်းချက်များလည်း ရှိတဲ့အပြင် ကမ္ဘာကြီးကို အန္တရယ်ကျရောက်တဲ့အထိ ဖြစ်စေနိုင်တဲ့ အချက်တွေကိုလည်း ဦးတည် သွားနိုင် ပါတယ်။ ခေတ်သစ် ဇီဝနည်းပညာ ပေါ်ပေါက်လာပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက ထွက်တဲ့ အစားအစာ အတော်များများဟာ သဘာဝကို ကျော်လွန်တဲ့ အစားအစာများသာ ဖြစ်လာခဲ့ပြီး ဈေးထဲမှာ ရောင်းနေတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေအနက် ဘယ်အစားအစာက Genetic Engineering အရ အမျိုးအစားမတူတဲ့ ဘာသက်ရှိတွေနဲ့ ပေါင်းစပ်ပြီး ဖြစ်လာတယ်၊ ဘယ်အစားအစာ ကတော့ သဘာဝအတိုင်း အစစ်အမှန်ဆိုတာ ဖေါ်ပြထားတာ မဟုတ်တဲ့အတွက် လူတချို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ မကိုက်ညီတဲ့ အစားအစာတွေ ဖြစ်နေနိုင်လို့ စားသုံးသူတွေအတွက် စိတ်မသန့် ဖြစ်နိုင်ပါတယ်။ ဥပမာ ၀က်သားမစားတဲ့ မူစလင်တွေအတွက် အကယ်၍ အသီးနှံတခုခုဟာ ၀က်ရဲ့ DNA နဲ့ ပေါင်းစပ်ထားခဲ့ရင်၊ အသက်သတ်လွတ် စားသုံးသူတွေအတွက် ငါးရဲ့ DNA နဲ့ ပေါင်းစပ် ထားတဲ့ စထရော်ဘယ်ရီလို အသီးနှံတွေကို အကောင်တွေရဲ့ DNA နဲ့ ပေါင်းစပ်ထားခဲ့ရင် စားသုံးသူတွေအတွက် လက်မခံနိုင်သော အစားအစာ ဖြစ်နေနိုင်လို့ Ethical အရ လုံးဝ မသင့်လျော် တာကိုလည်း တွေ့ရပါတယ်။

နောက်ထပ် အဆိုးဆုံးအခြေအနေတခုက လူသားကို ဥာဏ်ရည်ဖွံ့ဖြိုးမှုတွေ များစွာပါတဲ့ DNA တွေ ပေါင်းစပ်ပြီး တမူထူးခြားတဲ့ လူသားတမျိုး (သို့) ဥာဏ်ရည်မရှိ ခိုင်းလို့ကောင်းအောင် လူနဲ့ တရိစ္ဆာန်တို့ကို ပေါင်းစပ်ထားတဲ့ တမူထူးခြားတဲ့ သတ္တ၀ါတွေကို သိပ္ပံပညာရှင်တွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂက တရားဝင် ခွင့်မပြုပေမဲ့ မာသမာတဲ့ လူတချို့က လျို့ဝှက် ဖန်တီးလာကြပြီး ၎င်းတို့ ကိုယ်ကျိုးအတွက် အသုံးပြုလာကြရင် ဒါဟာ ကျင့်ဝတ်သက္ခာအရ လက်ခံနိုင်စရာ အကြောင်းမရှိ (ethnically unacceptable) တဲ့ အပြင် ကမ္ဘာကြီးကိုလည်း ပျက်စီးစေနိုင်တဲ့ အန္တရယ် ရှိနိုင်ပါတယ်။ အချုပ်အားဖြင့် Genetic Engineering မှာ အကျိုးနှင့် အပြစ်နှစ်ခုစလုံး ရှိပေမဲ့အပြစ်ထက် အကျိုးက ပိုများတဲ့ အတွက်လူသားတွေအနေနဲ့ တိုးတက်အောင် ဆောင်ရွက်သင့်တဲ့ ပညာရပ်ဖြစ်ဖြစ်ပါတယ်။ တခြားတဘက်မှာလည်း မလိုလားအပ်သော ဆိုးကျိုးများ မဖြစ်ပွားစေရန်၊ ကျင့်ဝတ်သိက္ခာနဲ့ ကိုက်ညီစေရန် အတတ်နိုင်ဆုံး ကြိုးစားပြီး သတိရှိရှိနှင့် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဈေးတွေမှာ ရောင်းနေတဲ့ အစားအစာများကို သဘာဝ အစားအစာနှင့် Genetically modified food ဆိုပြီး Label တပ်ထားပေးခြင်း၊ Genetically modified food တွေမှာ ပေါင်းစပ် ပါဝင်နေသော အမျိုးအစားများကို ဖေါ်ပြပေးထားခြင်းကို စီမံဆောင်ရွက်နိုင်ပါက စားသုံးသူများအတွက် လိပ်ပြာသန့်စွာ ၀ယ်ယူ စားသောက်နိုင်ပါလိမ့်မယ်။

အပေါ်က ရေးထား တာတွေကတော့ Assignment ထဲက ကောက်နှုတ်ချက် တချို့ ဖြစ်ပါတယ်။ ဦးပဉ္ပဇင်း မေးတဲ့ "ဒါမျိုးတကယ်ရှိလား တကာမကြီး" ဆိုတဲ့ မေးခွန်းကို ဖြေရရင် သဘာဝ အားဖြင့်တော့ မရှိပါဘူး ဒါပေမဲ့ သဘာဝကို ကျော်လွန်ပြီး ခေတ်သစ် ဇိဝနည်းပညာ ဖြစ်တဲ့ Genetic Engineering ကို အသုံးပြုပြီး ဒါမျိုးကို ဖန်တီးလို့ ရနိုင်ပါတယ်၊ သို့သော်လည်း ဒီပညာကို ဖန်တီးသူ ဇီဝသိပ္ပံ ပညာရှင်တွေက ကမ္ဘာသူ ကမ္ဘာသားများ တိုးတက်ရေး အတွက်သာ အသုံးပြုဖို့ ခွင့်ပြုပြီး ဒါမျိုး ဖန်တီးဖို့ကိုကျတော့ ကျင့်ဝတ်သိက္ခာအရ ခွင့်မပြုသလို ကမ္ဘာ့ခေါင်းဆာင်တွေကလည်း ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာကို ဖြေကြားလိုက်ပါတယ် ဘုရား။

Bibliography
Aubusson, K., Hickman, P. (2004). Biology in context: the spectrum of life. Oxford University press, Melbourne.
Brotherton & Mudie. (2004). Prelimanary and HSC: Biology. (2nd Ed). Malcolm Parson. Hong Kong.
Campbell, N., Reece, J. (2006). Biology: Concepts & connections, International Edition.Pearson Education: Sanfransisco.
Humphreys, K. (2003). Surfing biology: Blueprint of life. Science Press. Australia.

စာလာဖတ်တဲ့ မောင်နှမတွေရဲ့ ပုံကို ကျက်သရေနည်းလို့ ဖျက်လိုက်တာ ကောင်းတယ်လို့ အကြံပြုကြတာကို နမူနာအဖြစ် ရှိနေ စေချင်တာ အပါအ၀င် မူလ မေးခွန်းမေးတဲ့ ဦးပဉ္ပဇင်းနှင့် ကြည့်ချင်သူတွေလည်း ကြည့်လို့ရအောင် မဖျက်ဘဲနှင့် အပေါ်ဆုံးကနေ အောက်ဆုံးကိုပဲ ရွှေ့ထားလိုက်ပါတယ်။




29 comments:

အမရေ စာလေးသေချာဖတ်သွားတယ် ဇီဝဗေဒအရ တိုးတက်လာတဲ့ ခေတ်စနစ်တွေထဲမှာ မရှိဘူးဆိုတာကတော့ ရှားသလောက် ဖြစ်နေပြါ့ပီ တော်တော်များများ ဖန်တီးလုပ်ယူနေကြတာ တွေ့ရပါတယ်

ပုံလေးကိုတော့ တကယ်မဟုတ်ဘူးလို့ မြင်မိပါတယ် ဂရပ်ဖစ်အထူးပြုလုပ်ချက်တွေနဲ့ ပြုပြင်ထားတယ်လို့ မြင်မိပါတယ်။

လေးစားလျက်
တောင်ပေါ်သား

မှတ်သားစရာ ပို့စ်ကောင်းလေးတစ်ခုပါဘဲ။
မျိုးရိုးဗီဇတွေကို Cloning လုပ်လို့ ရနေတဲ့ခေတ်ကာလထဲမှာ ရုပ်ပိုင်းဆိုင်တာပြုပြင်ပြောင်းလွဲမှု မဖြစ်နိုင်ဘူးဆိုတာ မရှိသလောက်ပါဘဲ။ သဘာဝဗီဇဖြစ်စဉ်ထက် ပိုဆန်းသစ်စမ်းသပ်ချင်နေကြတဲ့ သိပ္ပံပညာရှင်တစ်ချို့ ကတော့ လူနှင့်တိရစ္ဆာန်ကို ပေါင်းစပ်မျိုးကူးပြီး လူမဟုတ် တိရစ္ဆာန်မဟုတ် အာကလိအောက် အောက်ကလိအာ အဖြစ်ပြုလုပ်နိုင်စွမ်းရှိကြမယ်လို့ ယူဆမိပါတယ်။ ဒါပေမဲ့ ကျင့်ဝတ်အရကတော့ ကမ်းကုန်အောင် မိုက်မဲမှုတစ်ခုပါ။

အဆင်ပြေပျော်ရွှင်ပါစေ။

ပုံကြီးကြည့်ရတာ ထမင်းစားပျက်သွားသဗျာ။ ဖြစ်နိုင်ရင်တောင် မလုပ်ကြပါနဲ့လို့....

ဒါက performance arts ပြပွဲတစ်ခုက ပလာစတာနဲ့လုပ်ထားတဲ့ Creative Arts တစ်ခု ဖြစ်မယ်ထင်ပါတယ်

ဒီပုံက ပြဿနာပုံပဲ ပျူနိုင်ငံလဲ တခါတင်ဖူးတယ် ထင်တယ်၊ အမှန်တော့ ဒီပုံက ဟို Illgal ဆိုဒ်ခေါ်မလား ရုပ်ရှင်တွေ၊ ဆော့(ဖ်)ဝဲယားတွေ၊ သီချင်းတွေ၊ စာအုပ်တွေ Porn ဗီဒီယိုတွေ တင်ပြီး Torrent လို့ လူသိများတဲ့ P2P နည်းပညာနဲ့ ဆွဲချရတဲ့ ဗိုင်းရပ်(စ်) အလွန်များတဲ့ ဆိုဒ်မှာတင်ထားတာ ၂၀၀၄ လောက်က တွေ့ဖူးတယ်၊ ဒီလောကမှာတော့ မနှစ်တနှစ်လောက်က ရောက်လာပုံရတယ်၊ မဖြစ်နိုင်တာကြီး ဖြစ်နိုင်ယင် ဖြုတ်လိုက်ပါလား ? ... မငယ်။ ဖြုတ်လိုက်ယင် ကျေးဂျူးကဘာဆိုင် ယော့

ရှာရှာဖွေဖွေတင်ပြပေးတာ ကျေးဇူးပါ။
ထူးဆန်းတာတွေအများကြီးနော်။
ဗဟုသုတရပါတယ်ရှင်

ပုံမကြည့်ဘူးလုပ်တာ တော်ရုံနဲ့ စာတွေက ရောက်မလာတော့ ကြည့်ဖြစ်သွားတယ်။
ကြောက်တာရော ရွံတာရော စိတ်ပျက်လိုက်တာ အော့ဂလိအာပါပဲ မငယ်နိုင်ရေ။

technicalization of humen body ဆိုပြီး စာတမ်းဖတ်ပွဲ တခု တက်ဘူးတယ်။ တော်တော် စိတ်ပျက်စရာကောင်းတယ်။

ဒီပုံကြီး ဖြုတ်ထားရင် ကောင်းမလား မသိဘူးနော်။ မအယ် အန်ချင်တာ။


မအယ်

စိတ်ဝင်စား စရာကောင်းပါတယ် အမရေ... သူ့နေရာနဲ့သူ အကျိုးရှိတာ လုပ်နိုင်ကြပါစေလို့ပဲ ဆုတောင်းပါတယ်။ ပုံကတော့ တကယ် မဟုတ်နိုင်ဘူးလို့ ထင်ပါတယ်နော်

ဒီပို့စ်ကို လာဖတ်သွားတဲ့ လူ ၃၀၀ နီးပါးထဲက အခုလို မှတ်ချက်လေးတွေ ရေးပေးခဲ့တဲ့ ၇ ဦးကို အထူးပဲ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါရစေ။

ဒီထဲကပုံက တကယ်ပုံ မဟုတ်ပါဘူး။ ဘုန်းကြီးမေးတာကို ကျွန်မ ဖြေတာက Genetic Engineering နဲ့ ဒီအတိုင်း ဖန်တီးလို့ ရနိုင်တယ်လို့သာ ပြောတာ ဖြစ်ပြီး ဖန်တီးထားတာ ရှိတယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဒီအတိုင်း တကယ်ဖြစ်အောင် ဖန်တီးဖို့ကိုလည်း လူ့အသိုင်းအ၀ိုင်းတခုလုံးနဲ့ Genetic Engineering ကို တီထွင်တဲ့ ဇိဝသိပ္ပံပညာရှင်တွေကလည်း ခွင့်ပြုဖို့ မရှိတဲ့အတွက် ဒီလို သတ္တ၀ါတွေ ကမ္ဘာမှာ ပေါ်လာဖို့ မရှိဘူးဆိုတာ စိတ်ချလက်ချ လက်ခံထားစေချင်ပါတယ်။

ကျွန်မဆီကို မေးခွန်းမေးတဲ့ ဦးပဉ္ပဇင်းက ”တကာမကြီး ဒီလိုမျိုး တကယ်ရှိလား” ဆိုတဲ့ မေးခွန်းကလွဲပြီး တခြားဘာမှ မပါတဲ့အတွက် ဒီပုံနဲ့ ပတ်သက်ပြီး ကျွန်မ အတိအကျ မသိခဲ့ရဘူး။ တောင်ပေါ်သား၊ ကိုအောင်ထွဋ်နဲ့ ကိုဒူကဘာ ပြောတဲ့အတိုင်း ဖြစ်နိုင်ပါတယ်။

ကိုလူသစ်၊ ကိုဒူကဘာနဲ့ မအယ်တို့ ဆန္ဒကို လေးစားတဲ့ အနေနဲ့ ပုံကို Reference list အောက်မှာပဲ ပို့ထားလိုက်ပါတယ်။ မေးခွန်းမေးတဲ့ ဦးပဉ္ပဇင်းနဲ့ တခြားကြည့်ချင်သူတွေလည်း ရှိနိုင်လို့ ဒီပုံကို ကျွန်မ မဖျက်ချင်တာကို တောင်းပန်ပါတယ်။

Genetic Engineering က ပေါ်တာ သိပ်မကြာသေးတဲ့အတွက် ဇိဝသိပ္ပံ တိုးတက်နေတဲ့ ဒီဘက်နိုင်ငံတွေမှာလည်း လူကြီးတွေထဲမှာ သာမာန်အရပ်သားတင်မကဘူး ဒီဘာသာ မသင်တဲ့ ပညာတတ် ကျောင်းဆရာချို့တောင် မသိကြပဲ ဒီအကြောင်းကို နောက်ပိုင်း ကျောင်းစာတွေမှာ သင်လာရတဲ့ လူငယ်တွေပဲ သိပါတယ်။ ကျွန်မ အထက်တန်းအဆင့် ပညာရေးကို ကျောင်းပြန်တက်တော့ ကျွန်မတို့ကို စာသင်တဲ့ ၀ိဇ္ဇာဘာသာ သင်တဲ့ ကျွန်မတို့ အသက်အရွယ် ဆရာ၊ ဆရာမတွေတောင် ဒီအကြောင်းကို မသိကြတာ တွေ့ရတယ်။ အင်္ဂလိပ်စာ အတန်းက Oral Presentation တခုမှာ ကျွန်မ အတန်းဖေါ်တယောက်က ဒီအကြောင်းကိုရွေး ပြောတော့ မေးခွန်းမေးတဲ့ Session မှာ ဆရာမနဲ့ အတန်းထဲက တခြားကျောင်းသားတွေ သိပ်စိတ်ဝင်စားပြီး မေးခွန်းတွေ မေးကြတယ်။ အဲဒီ အင်္ဂလိပ်အတန်းမှာက တက္ကသိုလ်မှာ ၀ိဇ္ဇာဘာသာတွေ တက်ထို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေ များပြီး သိပ္ပံကျောင်းသားဆိုလို့ တက္ကသိုလ်မှာ Enginering တက်ဖို့ CHemistry တို့ Physic တွေသာ ယူထားတဲ့ ယောကျာ်းလေးတွေပဲ များပါတယ်။ Biology ယူထားသူဆိုလို့ ဒီအကြောင်း Presentation မှာ ပြောတဲ့ တယောက်နဲ့ ကျွန်မပဲရှိတော့ ဆရာမနဲ့ တကွ အတန်းထဲက တခြားကျောင်းသားတွေ မေးတဲ့ မေးခွန်းတွေ အားလုံးကို ကျွန်မတို့ နှစ်ယောက်တည်း ဖြေခဲ့ရတယ်။ အဲဒီနေ့ဆက်သင်မယ့် အင်္ဂလိပ်စာအချိန်ကို မသင်ဖြစ်ပဲ အိမ်စာအဖြစ်ပဲ ထားခဲ့ရဖူးတယ်။ သူတို့ တီထွင်လိုက်တဲ့ နိုင်ငံတွေ ကျောင်းသင်ခန်းစာမှာ သင်ပေးနေပြီ ဖြစ်တဲ့ နိုင်ငံတွေကလူတွေမှာတောင် ဒါဟာ အသစ်အဆန်း ဖြစ်နေသေးရင် ကျွန်မတို့ မြန်မာတွေကြားမှာလည်း အသစ်အဆန်း ဖြစ်နေမယ်ဆိုတာ သတိထားမိလို့ ဦးပဉ္ပဇင်းကို ဖြေပေးရင်း မျှဝေဖြစ်သွားပါတယ်။ လာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။

ပုံကို အောက်ရွှေ့ပေးထားတာ ကျေးဇူးကြီးလိုက်တာ...အဲဒီပုံကို E mail ထဲမှာ ရောက်လာလို့ ကြိုတင် ရှောင်လွှဲချိန်မရလိုက်ပဲ မြင်ဖူးလိုက်တယ်...
သိပ်ကြောက်တတ်လို့ အခု အတင်းမျက်စေ့ကို ရှောင်ပြီး စာတွေကို ကော်ပီကူးပြီး ဖတ်ပါတယ်။
နားတော့ အရမ်းမလည်ပါဘူး...
ဒါပေမယ့် ဗဟုသုတ ဖြစ်စဖွယ်မို့ သေသေချာချာ အားထုတ်ရှာဖွေရေးသားထားတဲ့ မငယ်ကို ကျေးဇူးတင်ပါတယ်...

Facebook မှာ အချိန်ကုန်နေလို့ မရောက်တာ မဟုတ်ပါဘူး... လူက တကယ်ကို မအားလို့ ဘယ်မှ သေသေချာချာ မလည်ဖြစ်တာပါ.. လည်ဖြစ်ရင်လဲ စာကို ကမန်းကတန်းဖတ်ပြီး Comment မရေးမိခဲ့တာ...
တခါတခါတော့ စာတွေကို reader ကနေ ဖတ်နေမိလို့ မရောက်ဖြစ်တာ...
မသီတာဆီမှာ ရေးထားတဲ့ comment လေးတွေ့လို့ စိတ်မကောင်းဖြစ်သွားလို့ ပြောပြတာပါ... ဘလော့ဂ်ဖို့ အတွက် အချိန်လုံလုံလောက်လောက်ရှိရင် သိပ်ကောင်းမှာပဲလို့ တကယ်ပဲ တောင့်တမိပါတယ်...

ချစ်ခင်စွာဖြင့်

သက်ဝေ

ဒီပို့စ်အတွက် အခု တင်ထားတာ ဘာမှ အားထုတ်ထားတာ မဟုတ်ပါဘူး မသက်ဝေ။ ဒါတွေက လုပ်ထားတဲ့ Assignment ထဲက ပြန်ကောက်နှုတ်ပြီး ဘာသာပြန်ထားတာသာ ဖြစ်ပါတယ်။ အားလုံးက သူ့အလုပ်နဲ့သူ မအားကြဘူး ဆိုတာသိပါတယ်။ ကျွန်မက အားတဲ့အချိန်ကို ဘလော့ဂ်မှာ ပိုပေးဖြစ်တယ်။ Face book မှာ ပျော်လို့ Face book မှာ အချိန်ပို ပေးတာလည်း ကောင်းပါတယ်။ အဓိက ကိုယ်ပိုင် လွတ်လပ်တဲ့အချိန်တွေကို ကိုယ်ပျော်တဲ့နေရာမှာပဲ ပေးပြီး Relax ဖြစ်ဖို့ပဲ မဟုတ်လား။

kokomaung.uk ပြောထားတာကို ပြန်ပြောဖို့မေ့သွားတယ်။ DNA ကို ဖြတ်တောက်ပေါင်းစပ်ပြီး လိုတဲ့ပုံသဏ္ဍန် ဖြစ်အောင် ဖန်တီးလို့ ရပါတယ်။ လိုတဲ့ ဗီဇကိုပဲ ယူပြီး ပြီးပြည့်စုံတဲ့ ဥာဏ်ရည်နဲ့ ပြည့်စုံသူ လူသားတဦးကို ဖန်တီးလို့လည်း ရပါတယ်။ ဘာသာရေးကျင့်ဝတ်၊ လူ့ကျင့်ဝတ်ကြောင့် မလုပ်သင့်တာသာ ရှိပါတယ်။

မီယာရေ ဟုတ်တယ် ပုံက တကယ်ပုံမဟုတ်ဘူး။ စိတ်ဝင်စားတယ်ဆိုလို့ ၀မ်းသာပါတယ်။ ကျွန်မတို့လည်း ဒီအကြောင်းသင်ရတုန်း တကယ်ပဲ စိတ်ဝင်စားခဲ့တယ်။

အန်ကယ်တို့ဆီတော့organic သီးနှံတွေခေတ်စားနေပေမဲ့.ဈေးကြီးလို့မဝယ်ဖြစ်ပါဘူး
ပုံကတော့..ဒါမျိုးတွေကြည့်ရတာများလို့ရိုးနေပြီ
ပျင်းတောင်ပျင်းသေး
ဆန်းတာလေးရှိရင်ကြည့်ချင်သား

ကြည့်လို့ မတင့်တယ်တဲ့ ပုံတွေ ရုပ်တုတွေကို မြင်တော့မြင်ဘူးပါတယ်.ဒီပုံကတော့ ဆိုးပါတယ်.ဒါပေမဲ့လဲ နမူနာ အဲ့ဒီလိုပုံကိုမတင်ရင်တော့ သိပ်ပြီးမပြည့်စုံဘူးလားလို့ဗျာ..ပိုစ်စ် ကိုဖတ်ရတာလဲ ဗဟုသုတရပြီး ကျေးဇူးတင်ပါကြောင်း....

မငယ်နိုင်းရေ လာဖတ်သွားပါတယ် ကျေးဇူးပါ

ပုံကတော့ မြင်ဖူးနေတာကြာပါပြီ။ တကယ်မဟုတ်မှန်းလဲ သိပါတယ်။ ဒါပေမဲ့ ခုလို ပို့စ်ကို ဖတ်ရလို့ ကျေးဇူးတင်ကြောင်းပါဗျာ။ ဗဟုသုတရစေပါတယ်။

“ကျင့်ဝတ်သိက္ခာအရ ခွင့်မပြုသလို...”
ဒါမျိုးက နိုင်ငံတိုင်းမှာ ဥပဒေအရ တားမြစ်သင့်တယ်လို့ ယူဆပါတယ်။

အခု ဓာတ်ပုံကြည့်တာနဲ့တင်တောင် အော်ဂလီဆန်ချင်လာလို့ပါဗျာ...

အန်ကယ်နိုင်၊ ကိုချစ်ဖေ၊ Shwezinu, ကိုမောင်မိုးနဲ့ ကိုလူထွေးတို့ စာဖတ်ပြီး ဗဟုသုတရတယ်ဆိုလို့ ၀မ်းသာပါတယ်။

Organic မဟုတ်တဲ့ အစားအစာတွေလည်း အရသာပဲ ကွာတာကလွဲပြီး Safety ရှိတာချင်းတော့ အတူတူပါပဲ အန်ကယ်နိုင်၊

ကျွန်မလည်း ပုံကို မဖြုတ်ပဲ အောက်ဆုံးကို ပို့လိုက်တာ ကိုချစ်ဖေ ပြောသလို နမူနာအဖြစ် ရှိနေစေချင်လို့ပါ။

ကိုလူထွေးရေ နိုင်ငံတိုင်းက ဥပဒေ သီးသန့် ထုတ်စရာလိုမယ်မထင်ဘူး ဆေးသိပ္ပံနဲ့ ပတ်သက်ပြီး သုတေသနပြုတဲ့ Biotechnology ဘာသာတွေ သင်နေတဲ့ တက္ကသိုလ်ရှိတဲ့ နိုင်ငံတိုင်းမှာ Scientific Invigestigation နဲ့ ပတ်သက်တဲ့ ဥပဒေ ရှိပြီးသား ဖြစ်နိုင်ပါတယ်။ ဒါအပြင် Scientific Community အတွင်းမှာလည်း တနိုင်ငံနဲ့ တနိုင်ငံ Network ရှိမှာဖြစ်ပြီး အချင်းချင်း ထိန်းညှိပြီးသား ဖြစ်ပါလိမ့်မယ်။

အခုကျွန်မတို့ စားသုံးနေတဲ့ အသားငါး ဟင်းသီးဟင်းရွက်တွေကို တခုနဲ့တခု ဒီလိုပေါင်းစပ်ထားတာကိုလည်း Safety နဲ့ညီမညီ အသေအချာ သုတေသန ပြုပြီးမှ ပြုလုပ်ခွင့်ရကြတာ ဖြစ်တယ်။

ပိုးစားတတ်တဲ့ ကောက်ပဲသီးနှံ တချို့မှာ ပိုးကိုခုခံကာကွယ်နိုင်တဲ့ သေစေနိုင်တဲ့ Gene (သို့) Toxin တမျိုးကို ပေါင်းစပ်ထည့်ထားတာ ရှိပြီး ဒီ Toxin က လူအတွက် ပြဿနာ မရှိပေမဲ့ တခြား ပိုးမွှားတွေကို သေစေပါတယ် ဒါကြောင့် ပိုးသတ်ဆေး ဖြန်းစရာမလိုပဲ ကောက်ပဲသီးနှံတွေ ပိုးမထိုးအောင် လုပ်ထားတာ ရှိပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာက အတည်ပြုမှ ထုတ်လို့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီ ရေရှည်မှာ လူတွေအတွက် အန္တရယ် ရှိနိုင်မလားဆိုတာကို ရှာဖွေ စစ်ဆေးမှုတွေ၊ စားသုံးသူတွေဆီက တက်လာတဲ့ feedback တွေကို ယူပြီး ပြန်ဆန်းစစ်တာတွေ အမြဲ လုပ်နေရပါတယ်။ ကျွန်မ ဆိုလိုတာက Scientific Production မှန်သမျှ ဘာပဲလုပ်လုပ် ဥပဒေနဲ့ အတည်ပြုပြီးမှ လုပ်လို့ရပါတယ် အတည်ပြုပြီးသားတွေကိုလည်း အကျိုး အပြစ် အမြဲတမ်း Chick-in ပြန်လုပ်နေရတယ် ဆိုတာပဲ ဖြစ်တယ်။

မငယ်နိုင်
လာဖတ်သွားပါတယ်...
ဒီပုံတွေမေးလ်ထဲ ခဏခဏရောက်နေတဲ့ ပုံတွေပါ... အထူးပြုလုပ်ချက်တွေနဲ့ လုပ်ထားတာတွေပါ...
ဘာသာရေးအရကြည့်ရင်လည်း မဖြစ်နိုင်ပါ.. မငယ်နိုင်ရေ.. တခြားကျွန်တော်တို့ ပြည်သူတွေ အကျိုးပြုမယ့် ပို့စ်တွေ အပြန်အလှန်ဆွေးနွေးလို့... ရတဲ့ပို့စ်တွေ ထပ်တင်ပေးစေချင်ပါတယ်..
လေးစားလျက်
ဒီမိုဝေယံ

Genetic Engineering အကြောင်း ဖတ်လိုက်ရလို့ ကျေးဇူးပါ ... ဒါမျိုးကို ကမ္ဘာကြီးမှာ သိပံပညာရှင်တွေ မလုပ်လာနိုင်ဘူးလို့တော့ ကုလ က အာမခံနိုင်မယ် မထင်ပါဘူး .. ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံအားလုံးမှာ တချို့က ကိုယ့်မြင်းကိုဆိုင်း နေကြလို့ .. ဘယ်သူမှ ထိန်းနိုင်မှာ မဟုတ်ပါဘူး ... လက်ရှိ ညူကလီးယား ကိစ္စကို မကိုင်တွယ်နိုင်သလို ဒါမျိုးတွေကိုလည်း တကယ်လုပ်လာရင်း ဘယ်သူမှ တားလို့ ရမယ်လို့ မထင်ပါဘူး ... မိမိထင်မြင် ချက်သက်သက် နဲ့ ပြောတာပါနော် အမ ... မဖြစ်လာနိုင်ပါ စေနဲ့ လို့တော့ ဆုတောင်းရမှာပေါ့ ..

ကိုဒီမိုရေ တင်ဖို့တော့ ရှိပါတယ် ဒါပေမဲ့ ကျွန်မဘလော့ဂ်က အထွေထွေ ဘလော့ဂ်ဆိုတော့ အကြောင်းအရာ အစုံကိုတော့ တွေ့ရလိမ့်မယ်။ Genetic engineering ကလည်း စားနပ်ရိက္ခာ အတွက် စိုက်ပျိုးရေးနဲ့မွေးမြူရေးမှာ၊ ကျန်းမာရေးအတွက် ဆေးပညာမှာ ကမ္ဘာကြီးကို အကျိုးပြုနေပါတယ်။ အဲဒီ နည်းပညာသာ မရှိရင် သဘာဝအစားအစာတွေနဲ့ ရှိတဲ့လူဦးရေရဲ့ ဗိုက်ကို ဘယ်လိုမှ ဖြည့်ဆည်းနိုင်မယ် မဟုတ်လို့ ကမ္ဘာတခုလုံး အငတ်ဘေးနဲ့ ကြုံတွေ့နိုင်ပါတယ်။

နောက်တခုက ဈေးထဲမှာ Cauliflower (ပန်းကော်ဖီ) မဟုတ် Broccoli (အစိမ်းရောင် ပန်းဂေါ်ဖီတမျိုး) မြင်ဖူးချင် မြင်ဖူးလိမ့်မယ်။ ပြီးတော့ သစ်ပင်တပင်တည်းက သစ်တော့သီး၊ ပန်းသီး လိမ္မော်သီး သုံးမျိုးသီးတဲ့ အပင်ဖန်တီးထားတာ ရှိပါတယ်။ ဒါတွေဟာ Genetic Engineering နဲ့ စီမံ ဖန်တီးထားတာ ဖြစ်တယ်။ အပင်ကိုမှ မဟုတ်ဘူး အကောင်ကိုလည်း လုပ်လို့ရပါတယ်။ ဇီဝဗေဒအရ အမျိုးအစားအုပ်စု ခွဲတော့ တိရိစ္ဆာန် အုပ်စုထဲမှာ ပါပါတယ်။ အပင်ကိုတောင် ပေါင်းစပ်လို့ ရရင် တိရိစ္ဆာန်ကိုလည်း လုပ်လို့ပိုရပါတယ်။ ဘာသာရေးအရ၊ ကျင့်ဝတ်အရ မလုပ်သင့်လို့ လုပ်ခွင့်မပေးတာသာ ဖြစ်တယ်။

ကိုဇော်ရေ ဒီလိုမဖြစ်လာအောင် Scientific Community တခုလုံးနဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်း တခုလုံးက ကာကွယ်ကြမှာပါ။

ငယ်နိုင် ညီမလေးရေ စာပေတွေ အတော်ကိုဗဟုသုတ
ဖြစ်စေပါတယ် --သိစေအပ်တဲ့စေတနာ ကိုနားလည်တယ်
စာသေချာဖတ်တဲ့သူဆို ညီမလေး သိစေ့ချင်တာ ကိုနားလည်ပါလိမ့်မယ်

ဇီဝသိပ္ပံဘာသာရပ်ကြီး ထွန်းကားလာလို့ ၊အဲ့တာ တွေအားလုံးကို ကောင်းတဲ့ဦးတည်ချက်နဲ့  အသုံးချနိုင်ကြရင် ကမ္ဘာသားအားလုံးအတွက် ဘယ်လောက်အကျိုးရှိလိုက်မလည်းနော် ။

ဘကြီးကျောက် ပြောသလိုပဲ အော်ဂဲနစ်သီးနှံတွေက ဒီမှာလည်း ဈေးကြီးလို့  ဝယ်မစား ဖြစ်ပါဘူး ။ စရိတ်သက်သာ စွာ ထုတ်လုပ်နိုင်တဲ့ အချိန်ရောက်မှပဲ စားနိုင်တော့မယ် ။ အရသာ သိချင်လို့ပါ ။

ဗဟုသုတများ မှတ်ယူသွားပါတယ် ။

(နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ပါစေ )

မငယ်ရေ...ဒီပို့စ်ကို သိတ်ကြိုက်လို့ လာဖတ်တာ ၃ခေါက်ရှိပြီ...၊ ဒါပေမဲ့ ရုံးမှာ ဖတ်ဖြစ်တာမို့ မရေးဖြစ်ခဲ့တာပါ..၊သိတ်အကျိုးများပါတယ်၊ စိတ်ဝင်စားဖို့ကောင်းတယ်၊ ကျမကတော့ ပုံကို အထပ်ထပ် သေချာကြည့်မိတယ် ၊ အသုံးကျတဲ့ ဘယ်ပညာမဆို ကောင်းတဲ့နေရာမှာ သုံးကြဖို့ မဟုတ်လား၊ ယုတ်မာကောက်ကျစ်တဲ့သူ လက်ထဲရောက်လို့ကတော့ ပညာရပ်တိုင်းဟာ လူသားတွေကို ဒုက္ခပေးဖို့ချည်းပဲလေ.....။

It is not as simple as you think. We cannot simply create a new species by arbitrarily combining the DNAs of two very different species. The resultant embryo cannot survive. We can only create a hybrid species only if the two original species are phylogenetically close to each other.
In the strawberry and solmon example, only a tiny fraction of strawberry's DNA is changed by substituting it with solmon's gene responsible for coloring. It is not just an arbitrary mixing of strawberry's and solmon's genes.

ဖြည့်စွက် ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုဇေ။ ကိုဇေ ပြောတာကို ကျွန်မ အားလုံးသဘောပေါက်ပါတယ်။ ကျွန်မလည်း လွယ်လင့်တကူ လုပ်လို့ ရတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါတွေက ကျွန်မ Assignment ထဲက သာမန်စာဖတ်သူတွေ နားလည်နိုင်တာကို ကောက်နှုတ်ထားတာသာ ဖြစ်ပါတယ်။ Experiment ဘယ်လိုလုပ်တယ်၊ DNA ဘယ်လို ပေါင်းစပ်တယ်၊ သက်ရှိတွေကို Kingdom, Phylum, Class, Order, Family, Genus, Species အဆင့်ဆင့် မျိုးတူရာတူရာ ဖြစ်အောင် ဘယ်လို Classify လုပ်တယ်ဆိုတာတွေ စတဲ့ အများ နားမလည်နိုင်တာတွေ မပါပဲ ကောက်နှုတ်တင်ပြထားတာသာ ဖြစ်လို့ မပြည့်စုံပါဘူး။ ကိုဇေ ပြောတဲ့ သက်ရှိတွေကို Phylogenetically close to each other ဆိုတာကို နားလည်ဖို့ အတွက် ခုနက ပြောတဲ့ Clasify ကို နားမလည်ပဲ ထည့်သွင်းဖေါ်ပြလို့ မရလို့ ယျေဘုယျကိုပဲ ပြောခဲ့တာ ဖြစ်တယ်။ သာမန်အားဖြင့်တော့ အပင်မကျ၊လူမကျ၊ မိုက်ခရိုစကုပ်နဲ့ ကြည့်မှ မြင်နိုင်တဲ့ သတ္တ၀ါမကျ လူမကျ၊ ရေထဲမှာ လှုပ်စိလှုပ်စိ သွားနေတဲ့ မျှော့မကျလူမကျ၊ အင်းဆက်မကျ လူမကျ သတ္တ၀ါ ဖန်တီးလို့ မဖြစ်နိုင်ဘူးဆိုတာနဲ့ ကျောရိုးရှိ၊ နို့တိုက်သတ္တ၀ါ၊ လူနဲ့ အရွယ်အစားနဲ့ အသိဥာဏ်၊ ခန္ဓာကိုယ်အချိုးအစား မကွာခြားတဲ့သက်ရှိ စတဲ့ သိပ်ပြီး မျိုးတူတဲ့ ပေါင်းစပ်မှုမှသာ ဖြစ်နိုင်ခြေ ရှိနိုင်တယ်ဆိုတာ သာမန်အားဖြင့်တော့ သဘောပေါက်နိုင်တယ်လို့ ကျွန်မယူဆတယ်။ ကျွန်တို့ ကျောင်းမှာတုန်းက ဒီအကြောင်းတွေကို Tutorial Discussion မှာ အများကြီး ဆွေးနွေးခဲ့ပါတယ်။ ဘယ်အတိုင်းအတာအထိ လုပ်လို့ရတယ်၊ လုပ်ပြီး ဘယ်လောက်အထိ အသက်ရှင်နိုင်တယ် ဆိုတာ စမ်းသပ်မှသာ သိမှာဖြစ်ပြီး စမ်းသပ်ဖို့ဆိုတာကလည်း ကျင့်ဝတ်သိက္ခာအရ မလုပ်သင့်တာ ခွင့်မပြုနိုင်စရာ ဖြစ်နေလို့ ဘယ်သူမှ အတိအကျ ခန့်မှန်းလို့ မရနိုင်ဘူးလို့ ကျွန်မထင်တယ်။ ကျေးဇူးတင်ပါတယ် ကိုဇေ နောက်လည်း ကျွန်မဘလာ့ဂ်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

ပြတိုက်ထဲကအရုပ်ပါ
တခါက Channel News Asia သတင်းမှာအဲပြတိုက်အကြောင်းတကြည့်လိုက်ရတယ်
အဲလိုထူးထူးဆန်းဆန်းအရုပ်တွေအပြင်
တကယ့် ခံစားချက်မျက်နှာပေါင်းစုံနဲ့
လူအရုပ်တွေ လဲရှိတယ် အဝတ်မဲ့လူရုပ်တွေ
တကယ်ကောင်းတဲ့ art ပါ

ဒါပေမဲ့ ဒီပုံနဲ့ပတ်သက်ပြီး Genetic Engineering
ဗဟုသုတရသွားလို့ကျေးဇူးတင်ပါတယ်အမ

တော်သေးတာပေါ့ ပုံမဖျက်ထားလို့ မဟုတ်ရင် နေ့အိပ်မက်စာတွေဖတ်ပြီး ဘာမှန်းသိလိုက်မှာမဟုတ်ဘူး။ မပြောနိုင်ဘူးနော်... ဒါမျိုးတကယ်ဖြစ်လာမလာဆိုတာ။ ပုံကိုတော့သေချာကြည့်သွားပါတယ်။ ဘယ်လိုတွေပေါင်းနေလဲဆိုတာ။ မဖြစ်ပါစေနဲ့ဆုတောင်းရုံပဲရှိတာပေါ့။ တကယ်ဖြစ်ခဲ့တဲ့အချိန်ကျလည်း နေ့အိပ်မက်တို့လူပြည်မှာ မရှိနေလောက်တော့ပါဘူး :)။

Spring ရေ ပြောပြပေးတာ ကျေးဇူးတင်ပါတယ်။ အစ်မလည်း ဘုန်းကြီးပို့လာလို့သာ တင်ထားတာပါ။ အဲဒါ ဘယ်ကပုံလဲဆိုတာ အခု Spring ပြောမှ သိရတယ်။

နေ့အိပ်မက်ရေ- အဲဒါက အရုပ်ကြီးပါ။ အဲဒါမျိုး ဖြစ်အောင် စမ်းသပ် တီထွင်ဖန်တီးမှ ဖြစ်နိုင်တာပါ။ ဒီအတိုင်း ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး။ ဒါကို စမ်းသပ်ဖန်တီးဖို့ကလည်း ကျင့်ဝတ်သိက္ခနဲ့ မကိုက်ညီတဲ့အတွက် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လုပ်ခွင့်ပြုမှာ မဟုတ်ဘူး။