မြင့်လှိုင်။ ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၁၀
မြန်မာ့ အမျိုးသားခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် ဆက်သွယ် စကားပြောခြင်း အစီအစဉ်တခုကို  အယ်လ်ဂျာဇီးယား ရုပ်သံမှ ဒီဇင်ဘာ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) ဂရင်းနစ်စံတော်ချိန်  မနက် ၁၂ နာရီ ၃၀ မိနစ်၊ မနက် ၇ နာရီ ၃၀ မိနစ်၊ ဒီဇင်ဘာ ၂၃ ရက်  (ကြာသပတေးနေ့) ဂရင်းနစ်စံတော်ချိန် နေ့လည် ၁၂ နာရီ ၃၀ မိနစ်၊ ည ၇ နာရီတွင်  ထုတ်လွှင့်ပြသကြောင်း သိရှိရပါတယ်။
အဲဒီ အစီအစဉ်ကို လန်ဒန်  စီးပွားရေးကျောင်း (School of Economic) တွင် ရိုက်ကူးခဲ့တာ ဖြစ်ကာ  ကျောင်းသားပေါင်း ၄၀၀ ပါဝင် ကြည့်ရှု ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က  မြန်မာပြည်မှနေ အင်တာနက်ကတဆင့် တိုက်ရိုက် ရုပ်သံနဲ့ ဖြေကြားခဲ့ခြင်း  ဖြစ်ပါတယ်။ ဒီ အစီအစဉ်အတွက် ဒီမိုကရက်တစ် မြန်မာ့အသံက အကူအညီပေးခဲ့ပြီး  ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တိုက်ရိုက် ရုပ်သံ မေးမြန်းမှု  ထုတ်လွှင့်ခြင်း ဖြစ်ပါတယ်။
ဒီ အစီအစဉ်ကို “ဆုံးဖြတ်ချက်ရဲ့  လမ်းဆုံမှာ - ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခြင်း (At the Crossroads:  Dialogue with Aung San Suu Kyi)“ လို့ အမည်ပေးထားပြီး အစီအစဉ်မှူးအဖြစ်  ဗရော်နီကာ ပက်ဒရိုဇာ (Veronica Pedrosa) က ဆောင်ရွက်ကာ လန်ဒန်  စီးပွားရေးကျောင်းတွင် သုတေသန ပညာရှင်အဖြစ် ဆောင်ရွက်နေတဲ့ ဒေါက်တာဇာနည်၊  လန်ဒန် စီးပွားရေးကျောင်း ပါမောက္ခတဦးဖြစ်ပြီး Gobal Governance အဖွဲ့ရဲ့  တွဲဘက် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မယ်ရီ ကယ်လ်ဒေါ (Mary Kaldor)  နဲ့ ဗြိတိန် ဂါဒီးယန်းသတင်းစာ ပုံမှန်ကလောင်ရှင်၊ သမိုင်းသုတေသီ၊  နိုင်ငံရေး ဝေဖန်သုံးသပ်သူ တင်မသီ ဂါတွန် အက်ရှ် (Timothy Garton Ash)  တို့လည်း ပါဝင် ဆွေးနွေးခဲ့ပါတယ်။
ထို ဆွေးနွေးပွဲမှာ  ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ ဆွေးနွေးရေး၊ စီးပွားရေး ပိတ်ဆို့မှု အပါအ၀င်  မြန်မာ့အရေးဆိုင်ရာ ကိစ္စ အတော်များများကို ဆွေးနွေးသွားခဲ့ပါတယ်။  ဆွေးနွေးပွဲမှာ ရှေးဦးစွာ ဗရော်နီကာ ပက်ဒရိုဇာက အမျိုးသား  ပြန်လည်သင့်မြတ်ရေးကို မေးမြန်းသွားသလို ဒေါက်တာဇာနည်က စီးပွားရေး  ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ အဲဒီနောက် မယ်ရီ ကယ်လ်ဒေါက  နိုင်ငံတကာပြည်သူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွန်ယက်တွင် ဘယ်လို  ပါဝင်နိုင်မလဲဆိုတဲ့အချက်ကို မေးမြန်းကာ တင်မသီ ဂါတွန် အက်ရှ်ကတော့  မြန်မာစစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့အမှုတွေကို စုံစမ်း စစ်ဆေးမယ့်ကိစ္စကို  မေးမြန်းခဲ့ပါတယ်။ ထို့နောက် ဗရော်နီကာ ပက်ဒရိုဇာက စည်းလုံးမှု  တည်ဆောက်ပြီး ပြောင်းလဲမှုကို လုပ်နိုင်မလားလို့ မေးမြန်းသွားပါတယ်။  ဒါ့အပြင် မန္တလေးတွင် မွေးဖွားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းနဲ့လည်း  သိကျွမ်း ရင်းနှီးသူ ၁၉၉၈ စီးပွားရေး နိုဘယ်လ်ဆုရှင် အမာတီရာ စန် (Amartya  Sen) က ဒေါ်အောင်ဆန်းစုကြည်ခင်ပွန်း မကွယ်လွန်မီက တွေ့ဆုံကြုံခဲ့ရပုံများကို  ပြောပြခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်လာကြတဲ့ ကျောင်းသားများက  မေးခွန်းများကို မေးမြန်းသွားရာ မြန်မာရိုဟင်ဂျာအဖွဲ့က ဦးထွန်းခင်လည်း  ပါဝင် မေးမြန်းခဲ့ပါတယ်။
အခုလို မေးမြန်းမှုများအား ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားခဲ့ပုံများကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။
အမျိုးသား ပြန်လည် သင့်မြတ်ရေး
ကျွန်မတို့အနေနဲ့ အမြဲတမ်းပဲ  အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ယုံကြည်ပါတယ်။ မြန်မာပြည်မှာ  လိုက်လျောညီထွေမှု မရှိတဲ့ အမြင် နှစ်ခု ရှိပါတယ်။ ကျမတို့က ပြောင်းလဲမှု  လုပ်ချင်ပါတယ်။ စစ်အာဏာပိုင်တွေကတော့ ပြောင်းလဲမှု မလုပ်ချင်ပါဘူး။ ဒါဟာ  အဓိကပြဿနာ ဖြစ်ပါတယ်။ ကျွန်မတို့က မလွတ်လပ်တဲ့ဘ၀ကနေ လွတ်လပ်ခြင်းကို  ပြောင်းလဲချင်ပါတယ်။ ကျွန်မတို့ မြန်မာစစ်အစိုးရနဲ့အတူတူ ပြောင်းလဲမှုတွေ  လုပ်ချင်ပါတယ်။
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ
ရွေးကောက်ထားတဲ့ ဒီမိုကရေစီကို  မလိုချင်ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားပါတယ်။ ဒါဟာ တွေ့ဆုံ  ဆွေးနွေးရေးကိုပဲ ပြန် ရောက်သွားပါတယ်။ တွေ့ဆုံ ဆွေးနွေးတဲ့အခါ  ဒီမိုကရေစီဆိုတာကို ဘယ်လို မြင်သလဲဆိုတာ အမြင်ဖလှယ်ကြရပါမယ်။ သူတို့အနေနဲ့  ဒီမိုကရေစီတခုခုကို လိုလားတဲ့သဘော မြင်ရပါတယ်၊ စည်းကမ်းပြည့်ဝတဲ့  ဒီမိုကရေစီပုံစံ ဆိုပါစို့။ ကျမတို့က ပြောပြချင်ပါတယ်၊ ကျမတို့ ဘာကို  မျှော်လင့်သလဲဆိုတာကို။
စီးပွားရေး ပိတ်ဆို့မှု
စီးပွားရေး ပိတ်ဆို့မှုဟာ  မြန်မာပြည်သူတွေရဲ့ လူသားချင်းဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်ပြီး ဘာမှ  မသက်ဆိုင်ဘူးလို့ ထင်ပါတယ်။ လူသားချင်းဆိုင်ရာ အကူအညီ ပတ်သက်ပြီး ကျမတို့  ပြောတဲ့အခါ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တာဝန်ခံမှု တာဝန်ယူမှု ရှိရတယ်၊  လွတ်လပ်စွာ လေ့လာစောင့်ကြည့်မှု ရှိရမယ်လို့သာ ပြောတာပါ။ ကျမတို့  လူသားချင်းဆိုင်ရာ အကူအညီတွေကို ဘယ်တုန်းကမှ ပိတ်ဆို့မထားပါဘူး။ ပညာရေးနဲ့  ကျန်းမာရေးအသုံးစရိတ်ဟာ အစိုးရအသုံးစရိတ်ရဲ့ ငါးရာခိုင်နှုန်းအောက်မှာပဲ  ရှိတယ်ဆိုတာကို ကြည့်ရင် လူသားချင်းဆိုင်ရာ အကူအညီတွေ ရဖို့ဆိုတာဟာ  စီးပွားရေးပိတ်ဆို့မှုကို ပြောတာထက် အစိုးရမူဝါဒကို ပြောတာက  ပိုကောင်းမယ်ဆိုတာကို စဉ်းစားကြည့်နိုင်ပါတယ်။
နိုင်ငံတကာပြည်သူတွေအနေနဲ့ ဘယ်လို ကူညီနိုင်မလဲ
အားလုံးအနေနဲ့ မြန်မာပြည်ရဲ့  နိုင်ငံရေး အပြောင်းအလဲမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်ဖို့ကိစ္စကို  တောင်းဆိုစေလိုပါတယ်။ ဒါဟာ ပထမဆုံးခြေလှမ်းဖြစ်ပြီး အခုပဲ  တောင်းဆိုစေလိုပါတယ်။ နိုင်ငံရေးမှာ အားလုံး ပါဝင်ဖို့ဆိုရင်  ပထမအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည်  ဒီမိုကရေစီ ပြောင်းလဲလိုသူ ကမ္ဘာသားတွေအားလုံးအနေနဲ့ ဒီ အချက်အပေါ်မှာ  ရပ်တည်စေလိုပါတယ်။ အခုအချိန်ဟာ ကျမတို့အနေနဲ့ အဲဒီအချက်ကို စတင်  လုပ်ဆောင်နေပါတယ်။ ကျမတို့အနေနဲ့ လက်တွေ့ကျတဲ့ တိုးတက်မှု ရလိမ့်မယ်လို့  ယူဆပါတယ်။
စစ်အစိုးရရဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင် နဲ့ စစ်ဆေးဖို့
ပါမောက္ခ ကင်တားနားက ကမ္ဘာ့ကုလသမဂ္ဂ  စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဖို့ တောင်းဆိုတယ်လို့ ကျမထင်ပါတယ်။  ဒါဟာ လိုအပ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အဲဒီ အတွေးအခေါ်ကို  ထောက်ခံပါတယ်။ ဒါဟာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတာပါ။ တချို့လူတွေထင်နေတဲ့  စစ်ဗိုလ်ချုပ်တွေကို စွဲချက်တင် တရားစွဲဖို့ဆိုတာနဲ့ ကွဲကွဲပြားပြား  သိစေလိုပါတယ်။ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေတွေ  ပြောင်းလဲဖို့အတွက်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင်  ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ပါမောက္ခကင်တားနားက ယူဆပါတယ်။
စည်းလုံးညီညွတ်မှု
ကျမတို့ ဘာတွေ ကြိုးစားပြီး  လုပ်ကိုင်ချင်သလဲဆိုတော့ တိုင်းရင်းသားများရဲ့ ပြင်းပြတဲ့ဆန္ဒ၊  မျှော်လင့်ခြင်းတွေနဲ့ ဦးတည်ချက်တခုကို သွားပြီး အဲဒီ ပြင်းပြတဲ့ဆန္ဒတွေကို  အခြေခံတဲ့ ပြည်ထောင်စုစိတ်ဓါတ်တခုကို တည်ဆောက်ရမှာပါ။ ဆွေးနွေးမှုတွေ၊  တွေ့ဆုံပွဲတွေ အများကြီး လုပ်နေပါတယ်။ ကျွန်မတို့ကို  တိုင်းရင်းသားအဖွဲ့အများအပြားက ထောက်ခံနေပါတယ်။ ပိုမို  ကျယ်ပြန့်လာအောင်လည်း ကြိုးစားနေပါတယ်။ အားလုံး ပါဝင်ရမယ်ဆိုတာ ဒီကနေ့  ကျမတို့ ပြောနေတဲ့ အချက် ပါ။ အားလုံး ပါဝင်ရမယ်ဆိုတာက  တိုင်းရင်းသားတွေတင်မကပါဘူး၊ မြန်မာပြည်က နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့  နိုင်ငံရေးနဲ့ ပတ်သက်သူအားလုံး ပါဝင်ပါတယ်။
နောက် ဆယ်နှစ်အကြာ မြန်မာပြည်ကို ဘယ်နေရာမှာ မြင်လိုပါလဲ
ကျမကတော့ ဒီနေရာမှာပဲ ရှိမှာပါ။  နိုင်ငံရေးအရ ဘယ်နေရာမှာ ရှိမလဲဆိုရင်တော့ ကျမအနေနဲ့ ရုပ်ခန္ဓာအရ ဒီနေရာမှာ  ရှိနေပေမယ့် မျှော်လင့်တာကတော့ ကျမတို့ ဒိထက် အများကြီး အရှေ့ကို  ရောက်နေမှာပါ။ ဆယ်နှစ်အကြာကျရင် ကျမအနေနဲ့ ရဲရင့်တဲ့ မြန်မာလူငယ်တွေအတွက်  သူတို့ မျှော်လင့်တဲ့ လွတ်လပ်ခြင်းနဲ့ လုံခြုံခြင်းတွေ ပြည့်စုံတဲ့  မြန်မာပြည်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်ကြမယ်လို့ မြင်လိုပါတယ်။
အခု ဖော်ပြခဲ့တာတွေကတော့  ဆွေးနွေးမှုတွေကို ပြန်လည် ဖြေကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေတချို့  ဖြစ်ပါတယ်။ အခုလို ဖော်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးမှုကို  အပြည့်အစုံ ဘာသာပြန်ဖော်ပြခြင်း မဟုတ်ဘဲ အဓိကအချက်များကိုသာ ကောက်နှုတ်ပြီး  အဓိပ္ပါယ် ခြုံငုံအောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
(စာညွန်း - သတင်းဆောင်းပါး ရေးသားရန် အကြံပြုတဲ့ ဒီမိုဝေယံ အတွက်)
(သတင်းရင်းမြစ် - ယနေ့မြန်မာ)
အာလုံး ဖတ်ရှူလေ့လာနိုင်ရန် ပြန်လည် ရေးသားတင်ပြပေးတဲ့ အကိုမြင့်လှိုင်အား ကျေးဇူးတင်ပါသည်..။
(ဘလော့ဂ်မှာ သိမ်းထားချင်လို့ ကိုဒီမိုဝေယံ ဘလော့ဂ်မှ တိုက်ရိုက် ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါတယ်။ ကျွန်မလည်း ဒီဗွီဒီယိုကို ကြည့်ပြီး ဘာသာပြန်ဖေါ်ပြသင့်တယ်လို့ တွေးမိပါတယ်။ တယောက်ယောက် ဘာသာပြန်ဖေါ်ပြမှာကိုလည်း စောင့်မျှော်နေခဲ့ပါတယ်။ အခုလို ကိုဒီမိုဝေယံရဲ့ အကြံပြုတိုက်တွန်းမှုကြောင့် ကိုမြင့်လှိုင်က အကျဉ်းချုပ် ဘာသာပြန်ဖေါ်ပြထားတယ်ဆိုတာ သိရလို့ နှစ်ယောက်စလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ Face book မှာပါ ပြန်ဖေါ်ပြလိုက်မယ်။)
စာလာဖတ်သူများအားလုံး Merry Christmas and Happy New Year!!! ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလကို အန္တရယ်ကင်းကင်းနဲ့ ငြိမ်းချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။
 

 
 










5 comments:
ပို့စ်နဲ့ မဆိုင်တာ ရေးမှာမှို့ ပထမဆုံးတောင်းပန်လိုပါတယ် ခင်ဗျာ...
ရေးတာ ရှည်မယ်ဆိုတော့ စီဘောက်စ်မှာ အဆင်မပြေဘူးထင်လို့ပါ
တောင်းဆိုချင်တာလေးပါ ခင်ဗျာ..ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြည့်ပြည့်စုံစုံလေး သိချင်လို့ပါ..
ဒီနေ့ ဒီမိုကရေစီ လိုလားသူတော်တော်များများဟာ ဒေါ်စုကို အားလုံး လိုလားထောက်ခံ
ကြပါတယ်..အဲဒါ ဘာကြောင့်လဲ ဆိုတာပါ...ဗိုလ်ချုပ်သမီး ဆိုတာကြောင့် သံယောဇဉ်နဲ့
ဒေါ်စုအပေါ် ထောက်ခံအားပေးကြတာလား...ဒါမှမဟုတ် ဒေါ်စုဟာ မြန်မာပြည်အတွက်
ဘာတွေလုပ်ပေးခဲ့လို့လဲ..မြန်မာပြည်မှာ ဦးဆောင်ဦးရွက်ပြုမယ့်လူ ဒေါ်စုတစ်ယောက်ပဲ
ရှိလို့ ဒီလိုဖြစ်ရသလား..တခြားလူမရှိတော့ဘူးလား..
မေးချင်တာက ဒီမိုကရေစီအတွက် လုပ်နေကြတဲ့ သူတွေချင်းထဲမှာ ဒေါ်စု ဘာတွေသာသလဲ
ဘယ်လိုမျိုး သူများနဲ့ မတူတာတွေ ပြုလုပ်ပေးနိုင်ခဲ့သလဲ..ဘာတွေအကျိုးပြုခဲ့သလဲ..ဒါမျိုးကိုဆိုလိုတာပါ..
နောက်ပြီး ဒေါ်စု နိုဘယ်လ်ဆုရတာ..အခုနောက်ပိုင်း ကမ္ဘာ့ထိပ်တမ်းတွေးခေါ်ပညာရှင်စာရင်းမှာပါတာ..
ဘာတွေကြောင့် ဒေါ်စု ဒါတွေရခဲ့သလဲ..ဘာအတွက် ပေးတာလဲ..ဒါမျိုးလေးတွေ သိချင်ပါတယ်...
သဘောမပေါက်ရင် တောင်းပန်ပါတယ်ခင်ဗျာ..သိပ်မရေးတတ်လို့ပါ...တကယ်လို့ အဲဒါမျိုး ရေးထားတာ
ရှိတဲ့နေရာ ဖတ်သင့်တဲ့ နေရာရှိရင်လဲ ညွှန်ပြပေးစေချင်ပါတယ်.......။
(တစ်ခုပြောချင်တာက ကျွန်တော်ဟာ ဒေါ်စုအတိုက်အခံသမားမဟုတ်ပါ..ဒေါ်စုကို လေးစားပြီးသားပါ..
နောက်ပြီး ဒီမိုကရေစီကိုလဲ အမှန်တကယ် လိုလားသူပါခင်ဗျာ)
(သိချင်သူ ချာတိတ်)
အမရေ ဖြစ်နိုင်ရင် ကျောင်းသားသမဂ္ဂ သီချင်းလေး ရှာတင်ပေးပါ ကျွန်တော်ရှာတာမရလို့ပါ mp3 နဲ့လည်းရပါတယ်
လေးစားစွာဖြင့်
dont reply... :/
ok..
မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ Anonymous မေးတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး Reply မလုပ်တာမဟုတ်ဘူး။ Reply လုပ်ရင်လည်း လိုအပ်တာ အနည်းငယ် ဖြည့်စွက်ပြောဆိုဖို့ လိုတယ်။ အိမ်အပြောင်းအရွှေ့ကြောင့် အင်တာနက်က ၃၀ ရက်နေ့မှ ပြန်ရမှာ ဖြစ်ပြီး အခုလို ယာယီခဏတာ သုံးတဲ့အင်တာနက်နဲ့ အဆင်မပြေလို့ Reply ပြန်မလုပ်သေးလို့ ၃၀ ရက်နေ့ နောက်ပိုင်းအထိ ခဏစောင့်ပေးပါ။
Program- ကျောင်းသားသမဂသီချင်းတော့ လောလောဆယ် မတွေ့သေးဘူး၊ တွေ့ရင်တင်ပေးမယ်။ တခြားတော်လှန်ရေးသီချင်းတချို့ကိုတော့ နောက်ပိုင်း တင်ပေးဖို့ ရှိပါတယ်။ လောလောဆယ် အင်တာနက် အဆင်မပြေသေးလို့။
ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလမှာ အန္တရယ်ကင်းကင်းနဲ့ ပျော်ရွှင်ချမ်းမြေ့သွာ ဖြတ်သန်းရပါစေ။
ဟုတ်ကဲ့ပါ အစ်မ...စောင့်ပါ့မယ်...
အိမ်အပြောင်းအရွှေ့ အဆင်ပြေချောမွှေ့ ပြီး
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ နိုင်ပါစေ...
Post a Comment