ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်အတွင်းမှနေ၍ အနိုင်မခံ၊ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏။
လောကဓံတရား၏ လက်ဆုပ်တွင်းသို့ ဘယ်လိုပင်ကျရောက်နေရသော်လည်း ငါမူကား မတုန်မလှုပ်၊ မငိုကြွေး (ကံ) တရား၏၊ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ၏ဦးခေါင်းသည် သွေးသံတို့ ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်။
ဤလောဘ ဒေါသတို့၏ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား၊ သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်လျှက်ရှိ၏။ သို့ပင်မူ ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသွားရာ တံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးပရပိုက်၌ ငါ၏အပြစ်တို့ကို မည်မျှပင် မှတ်သားထားသည်ဖြစ်စေ၊ ငါကား ဂရုမပြု။ ငါသာလျှင် ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါစိတ်၏ အကြီးအကဲ ဖြစ်တော့၏။
်
(1936 ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်ပြီး အိုးဝေမဂ္ဂဇင်းအတွဲ (၆)၊ အမှတ် (၁) အယ်ဒီတာ့ အာဘော်တွင် ဖေါ်ပြခဲ့ပါသည်။)
ဒီကဗျာကို ကျွန်မ ဖတ်ခဲ့သည်မှာ အနှစ် ၂၀ ခန့်ရှိခဲ့ပါပြီ။ ဖတ်ပြီး နှုတ်တိုက် အာဂုံဆောင် ကျက်မှတ်ထားခြင်း
မဟုတ်ပဲ ဖတ်ပြီးသည်မှ အခုချိန်ထိ ကျွန်မရင်ထဲမှာ အလိုလို စွဲကပ်ကျန်ရှိနေတဲ့ စာသားတွေသာ ဖြစ်တယ်။ အာဏာရှင်ကို တော်လှန်ဖို့ တိုက်ပွဲအတွက် လေ့ကျင့်ရာမှာ ကျွန်မကို စိတ်ဓါတ်ကြံ့ခိုင်မှု လုံးဝ ပေးစွမ်းနိုင်ခဲ့တဲ့ ကဗျာဖြစ်လို့ ကျက်မှတ်ထားစရာမလိုပဲ ကျွန်မ အလွတ်ရနေခဲ့တာ ဖြစ်တယ်။ ထိုနည်းအတူ တခြားတိုက်ပွဲဝင်နေသူတွေ အတွက်လည်း စိတ်ဓါတ်အင်အား တစုံတရာ ဖြည့်ပေးနိုင်မယ် ယူဆလို့ ပို့စ်တခုအဖြစ် အသုံးပြုပြီး မျှဝေလိုက်ပါတယ်။
ဒီကဗျာကို ကျွန်မပါဝင် တိုက်ပွဲဝင်ခဲ့ဖူးတဲ့ ABSDF အမှတ် ၂၀၁ တပ်ရင်းမှ ၁၉၈၉ ခုနှစ်အစောပိုင်း လတွေမှာ ထုတ်ဝေခဲ့ဖူးတဲ့ ပထမဦးဆုံး “ခွပ်ဒေါင်း” စာစောင်ရဲ့ အယ်ဒီတာ့ အာဘော်မှာ ဗိုလ်ချုပ်အောင်ဆန်း ပုံနှင့်တွဲလျက် ဖေါ်ပြထားရာက စတွေ့ခဲ့ပါတယ်။ သူ့ရဲ့ မူရင်းကိုတော့ ဗြိတိသျှ လက်ထက်က ကိုလိုနီ စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့တဲ့ အဲဒီအချိန်တုန်းက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးလည်းဖြစ် ဗြိတိသျှ ကိုလိုနီစနစ်ကို ဆန့်ကျင်တော်လှန်ရာမှာ ကျောင်းသားတွေရဲ့ ကလောင် လက်နက်တခု ဖြစ်တဲ့ အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်ခဲ့သူ၊ နောင်တချိန်မှာ မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့သည့် သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာသူ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းက ပြိတိသျှစာရေးဆရာ တဦးရဲ့ ကဗျာကို ဘာသာပြန်ခဲ့ပြီးတော့ တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာ ဖေါ်ပြခဲ့တယ်လို့ သိရပါတယ်။
ABSDF ဗဟိုမှာ ဒေါင်းအိုးဝေ စာစောင်မပေါ်ပေါက်မီ အချိန်ထိ ခွပ်ဒေါင်းစာစောင်ကို တပ်ရင်း ၂၀၁ က အခုအမေရိက ရောက်နေပြီး အခု မိုင် ၉၀၀ ခရီးချီတက်နေသူ တဦးဖြစ်တဲ့ ကာတွန်း စောငိုရဲ့ ပန်းချီနှင့် လက်ရေးမူကို အသုံးပြုပြီး ဆေးရောင် အဖြူအမဲနှင့် ထုတ်ဝေခဲ့ပါတယ်။ ခွပ်ဒေါင်းစာစောင်ကို ABSDF ပထမအကြိမ် ညီလာခံ သက်တမ်းကာလမှာ အဖွဲ့ဝင်များအကြား ဖတ်ဖို့နှင့် ရှေ့တန်းဆင်းတဲ့ ရဲဘော်တွေ လူထုအတွင်း ဖြန့်ဝေရာမှာ အသုံးပြုခဲ့ပြီး ဗဟိုမှာ ဒေါင်းအိုးဝေ စာစောင် ပေါ်လာတဲ့အခါမှ ဗဟိုက ထုတ်ဝေတဲ့ စာစောင်ကိုသာ အသုံးပြုပြီး ခွပ်ဒေါင်းစာစောင် ထုတ်ဝေခြင်းကို တပ်ရင်းမှာ ရပ်လိုက်ပါတယ်။
ဒီကဗျာကို အမှတ်ရနေတဲ့ အကြောင်းရင်းကတော့ ကဗျာပါ ၀ါကျတကြောင်း ဖြစ်တဲ့ “ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏ သို့သော် ညွတ်ကားမညွတ်” ကို ကျွန်မတို့ တပ်ရင်းက ထုတ်လုပ်တဲ့ T-shirt ကျောဘက်မှာ အင်္ဂလိပ်လို မူရင်းအတိုင်းကို အများကိန်းနဲ့ သုံးပြီး ” Our heads are bloody but unbowed” ကို ရေးထိုး ၀တ်ဆင်ခဲ့ပါတယ်။ ဒီဝါကျ တကြောင်းတည်းကပဲ ငှက်ဖျားနှင့် နပမ်းလုံးပြီး တက်ခဲ့ရတဲ့ စစ်သင်တန်း ကာလမှာ ကျွန်မတို့ရဲ့ စိတ်ဓါတ်အင်အားကို လုံးဝ အထောက်အကူ ပြုခဲ့ပါတယ်။ 1989 ခု နှစ်စပိုင်းမှာ ပထမဦးဆုံးဖွင့်တဲ့ အခြေခံစစ်ပညာသင်တန်းမှာ အမျိုးသား တပ်ဖွဲ့ဝင် အများစုကြားမှာ ကျွန်မတို့ အမျိုးသမီး တပ်ဖွဲ့ဝင်တချို့ ပထမဦးဆုံး အနေနဲ့ ပါဝင်တက်ခွင့်ရခဲ့ပါတယ်။ ဒီမတိုင်ခင် စစ်သင်တန်းတွေကတော့ ကျွန်မတို့ အမျိုးသမီးတွေက ဆေးသင်တန်း ဒါမှမဟုတ် ဆက်သွယ်ရေးသင်တန်းတွေ တက်နေချိန်မှာ မျိုးသားတွေသာ သွားတက်တဲ့ မဟာမိတ် KNU (Karen National Union) က ပေးတဲ့ စစ်သင်တန်းတွေသာ ရှိခဲ့ပါတယ်။ ကျောင်းသား တပ်ရင်းက ပထမဦးဆုံး ဖွင့်တဲ့ ဒီသင်တန်းမှာ စစ်ရေးပြ၊ လက်နက်ငယ်၊ စစ်မြေပြင်တိုက်ပွဲနှင့် အလံအလေးပြုချိန် တွေမှာသာ ယူနီဖေါင်းကို အပြည့်အစုံ ၀တ်ရပြီး အလံအလေးမပြုမီ မနက်အစောစော အာရုဏ်တက် PT ထပြေးချိန်၊ ကာယလေ့ကျင့်ခန်း လုပ်ချိန်နှင့် နေ့လယ်ပိုင်း နိုင်ငံရေး၊ စည်းရုံးရေးနှင့် ဥပေဒေရေးရာ အချိန်တွေမှာ ယူနီဖေါင်း အပေါ်ပိုင်းကို အပြင်အင်္ကျီ ၀တ်စရာမလိုပဲ ဒီစာကြောင်းပါတဲ့ ခွပ်ဒေါင်း T-shirt ကိုသာ ၀တ်ရပါတယ်။
ဒီအကျီင်္ ၀တ်ပြီး သင်တန်းတက်ရတာ ဒီဝါကျ တကြောင်းက ကျွန်မရဲ့ စိတ်ဓါတ်ကို သင်တန်းမှာ တကယ်ပဲ ကြံ့ကြံ့ခိုင်နိုင်စေခဲ့ပါတယ်။ ၁၉၈၈ နှင့် ၈၉ ကာလ ကျွန်မတို့ရဲ့ တောတွင်းဘ၀တွေကတော့ တိုက်ပွဲကို ရန်သူနှင့် မစခင် ငှက်ဖျား၊ အနေဆင်းရဲ အစားဆင်းရဲခြင်းတွေနှင့် အရင် စခဲ့ကြရပါတယ်။ ငှက်ဖျားဖျားလို့ ငှက်ဖျားဆေး Quinine Sulfate သောက်ပြီး မနက်အစောကြီး ဘာအစာမှ မစားခင် အများနှင့်အတူ PT ပြေးရတဲ့ နေ့တွေမှာ ကျွန်မဟာ အာခေါင်တွေခြောက်၊ အသက်ရှူမ၀ဖြစ်ကာ အမောဆို့ပြီး ရုပ်ပိုင်းဆိုင်ရာအရ ဘယ်လိုမှ ခံနိုင်ရည်မရှိ ဖြစ်လာလို့ တပ်မှူးဆီမှာ နားခွင့်တောင်းရဖို့ အခြေအနေ မကြာဏ ကြုံခဲ့ပါတယ်။ ဒါပေမယ့် ခွင့်တောင်းဖို့ စဉ်းစားလိုက်တိုင်း ကျွန်မရှေ့မှာ ပြေးနေတဲ့ တခြားသင်တန်းသား ရဲဘော်တွေရဲ့ ကျောကုန်းမှာ မြင်နေရတဲ့ Our heads are bloody but unbowed က ကျွန်မကို မနားပဲ ဆက်ပြေးနိုင်တဲ့ စိတ်ဓါတ်ခွန်အားတွေ ပေးခဲ့ပါတယ်။ ရုပ်ကို စိတ်က ဦးဆောင်တယ်ဆိုတဲ့ ဘုရားဟောတရားကတော့ ဒီနေရာမှာ ကျွန်မကို လက်တွေ့ ပြခဲ့ပါတယ်။ ဒီလိုပဲ တခြား သင်တန်းသားတွေ အားလုံးကလည်း ဒီစိတ်ဓါတ်နှင့်ပဲ ပစ်၊ ထောက်၊ မှောက်၊ လိမ့်၊ လက်ထောက် ဒူးထောက်၊ လက်လဲ ဒူးထောက်၊ မိချောင်းတွားနှင့် အခက်အခဲ ကျော်လွှားခြင်း၊ ခြုံခိုတိုက်ပွဲ ဆင်နွှဲခြင်း စတဲ့ စစ်ရေး လှုပ်ရှားမှုတွေအတွက် ဘယ်လောက်ပဲ သင်တန်းကြမ်းကြမ်း ဒီကဗျာပါ စာသားတွေက ကျွန်မတို့ရဲ့ စိတ်ဓါတ် အင်အားတွေကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ငှက်ဖျားဒဏ်နှင့် ပင်ပန်းဆင်းရဲမှုအပေါင်းကို သင်တန်းပြီးဆုံးသည်အထိ မပျက်မကွက် တယောက်မကျန် ကြံကြံ့ခံနိုင်ခဲ့ပါတယ်။
ဗိုလ်ချုပ်တို့ခေတ် တိုင်းတပါးသား ဗြိတိသျှကိုလိုနီကို တော်လှန်စဉ်က သုဂတိသို့သွားရာ တံခါးဝက ဒီကဗျာထဲကအတိုင်း အဓိပ္ပါယ်ဖွင့်ရင် ကျဉ်းမြောင်းရုံသာ ကျဉ်းမြောင်းပြီး ကျွန်မတို့ အခုခေတ် အာဏာရှင်ကို တော်လှန်ရာမှာ သုဂတိသို့ သွားရာ တံခါးဝကတော့ လုံးဝသော့ခတ်ထားခြင်းကို ခံနေရပါတယ်။ အသားထဲကလောက်ထွက် ဆိုသလို မိမိလူမျိုးကို မိမိပြန်ဖိနှိပ်ပြီး တိုင်းတပါးသားထက် အဆတရာမက ရက်စက်ကြမ်းကြုတ်သော အာဏာရှင်ကို တော်လှန်တဲ့ ကျွန်မတို့ခေတ် တော်လှန်ရေးကား ဗိုလ်ချုပ်တို့ခေတ် တော်လှန်ရေးထက် အဆပေါင်းများစွာ ပိုပြီး ခက်ခဲ ကြမ်းထမ်းမှာ သေချာပါတယ်။ စစ်အာဏာရှင်တွေဟာ အဂတိကို သုဂတိအဖြစ် ထင်ယောင်ထင်မှား ဖြစ်အောင် ပြည်သူကို ဒီမိုကရေစီ အတုအယောင်နှင့် ကောက်ကျစ်စဉ်းလဲစွာ လိမ်ညာလှည့်ဖြားပြီး လူထုဆန္ဒခံယူပွဲကို အတင်းအဓမ္မ အတည်ပြုထားပါတယ်။ ၆၂ နောက်ပိုင်းတုန်းကလည်း ၇၄ ဥပဒေကို ဒီလိုပဲ အတည်ပြုခဲ့ပါတယ်။ ခေတ်အဆက်ဆက်မှာ ကျောင်းသားတွေကသာ ပြည်သူလူထုကို မျက်စိပွင့် နားပွင့်အောင် လုပ်ပေးပြီး တော်လှန်ရေးကို ဆင်နွဲခဲ့သည့်နည်းတူ ဒီနေ့ခေတ် ကျောင်းသား၊ လူငယ်တွေကလည်း မိမိတို့ခေတ်မှာ ရှိနေတဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ ပြည်သူကို သုဂတိနဲ့ အဂတိကို ကွဲကွဲပြားပြားသိအောင် မျက်စိဖွင့်ပေးဖို့ လိုနေပါပြီ။ ဗြိတိသျှကို တော်လှန်ခဲ့တဲ့ ကျောင်းသားလူငယ်တွေကို “အရှ့ဒေသကထွက်တဲ့ နေမ၀င်ခင် အနောက်ဒေသက နေပြန်ထွက်နေတဲ့ နေမ၀င်ဗြိတိသျှ အင်ပါယာကြီးကို မင်းတို့ တော်လှန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ခွေးလှေးငယ်ခုန် ဖုန်မထပါဘူး လုပ်မနေကြပါနဲ့” လို့ ပြောပြီး ကျောင်းသားလူငယ်တွေရဲ့ တော်လှန်ရေးခရီးကို ပျက်စီးအောင် နှောင့်နှေးကြန့်ကြာအောင် လုပ်ခဲ့ကြတဲ့ ယနေ့ခေတ် ကြံ့ဖွတ်လို ကိုယ်ကျိုးရှာ အလိုတော်ရိတွေ ယခင်ကလည်း အများကြီး ရှိခဲ့ပါတယ်။ သို့သော်လည်း ဒီလို အနှောင့်အယှက်တွေကြားက သွေး၊ ချွေး အသက်တွေ ရင်းပြီး နောက်ဆုံးတနေ့ လွတ်လပ်ရေး အောင်ပွဲကို အရယူနိုင်ခဲ့ပါတယ်။
ခေတ်တွေ ဘယ်လိုပဲ ပြောင်းလာပေမယ့် ကျောင်းသားလူငယ်တွေမှာ ရှိတဲ့ ဖိနှိပ်သူကို တော်လှန်တဲ့ စိတ်ဓါတ်နှင့် အနှစ်သာရကတော့ အတူတူပဲ ဖြစ်ပါတယ်။ အိုးဝေမဂ္ဂဇင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန် ဖေါ်ပြခဲ့တဲ့ ဒီကဗျာပရဲ့ အနှစ်သာရတွေဟာ ခေတ်အဆက်ဆက်မှာ အာဏာရှင်တွေကို တိုက်ပွဲဝင်လာခဲ့တဲ့ အနိုင်မခံ အရှုံးမပေးပဲ တွန်းလှန်သူ အဖိနှိပ်ခံတွေအတွက်ကား အမြဲတမ်း မှန်ကန်နေမည့် စိတ်စွမ်းအားဖြည့် စာသားတွေ ဖြစ်နေပါလိမ့်မယ်။ အကြောက်တရားကို ရင်ဆိုင်အံတုဖို့ ဒီကဗျာပါ အနှစ်သာရတွေနှင့် ဗိုလ်ချုပ်တို့ခေတ် ကျောင်းသားတွေက ဗြိတိသျှ ကိုလိုနီစနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သည့်နည်းတူ ၆၂၊ ၇၄၊ ၇၆၊ ၈၈၊ ၉၆၊ ၂၀၀၇ မျိုးဆက်တွေကလည်း တပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင် စနစ်ကို ဒီစိတ်ဓါတ်တွေနဲ့ပဲ ဆက်လက် တိုက်ပွဲဝင်ခဲ့ပါတယ်။ အမိမြန်မာပြည် မငြိမ်းချမ်းသရွေ့တော့ လက်ရှိ ကျောင်းသားလူငယ်တွေနှင့် နောင်အနာဂတ် ကျောင်းသားတွေကလည်း အမိမြန်မာပြည်ကို ကယ်တင်ဖို့ အာဏာရှင်ကို နိုင်စေတဲ့ ဒီကဗျာထဲကအတိုင်း အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓါတ်ကို ဆက်လက်မွေး မြူပြီး တိုက်ပွဲတွေ ဆင်နွှဲနေရဦးမှာ ဖြစ်တယ်။
(ကိုနစ်နေမန်းဘလော့ဂ် http://www.niknayman-niknayman.co.cc/ မှာ မူရင်းကဗျာကို တွေ့ရလို့ ခေါင်းစဉ်နဲ့တကွ စတင်စဉ်က လိုနေတဲ့ တပိုဒ်နဲ့ ကွာဟနေတဲ့ စကားလုံးတချို့ကို (၁၄။၀၇။၀၉) မှာ ပြန်လည် ပြင်ဆင် ဖြည့်စွက်ခဲ့ပါတယ်။)
23 comments:
"Our Heads are Bloody but Unbowed" ဒီကဗျာလေးကို တင်ပေးတာ ကျေးဇူးအထူးပါ ယခင်က မဖတ်ဖူးပေမယ့် ယခု ဖတ်လိုက်ရတော့ မပီးဆုံးသေးတဲ့ ကျနော်တို့ တော်လှန်ရေးအတွက် စိတ်ဓါတ်အရမ်း တက်ကြွမိပါတယ် လေးစားမိပါတယ် ... ရဲမေရယ်...
ခင်တဲ့
ကိုဇော်
wow!
တနေ့ တလံ ၊ ပုဂံ ဘယ်ရွေ့ မလည်း ၊
အားပေးလျှက်ပါ ...
ခင်မင်လျှက်
မကိ
အားမာန်ပါတဲ့ပို့စ်လေးအတွက် ကျေးဇူးပါ
အီး..
ခုန အရှည်ကြီးပဲ မန့်ခဲ့တာ
လိုင်းကျရင်းနဲ့ ပါသွားပြီ..
မငယ်နိုင်ရေ
ကြိုဆိုပါတယ်
မငယ်နိုင်ရဲ့ comment ရှည်ရှည်တွေ ဖတ်နေရပြီးကတည်းက
လူကို စိတ်ဝင်စားနေတာပါ
နောက်လဲ စိတ်ဝင်စားဖွယ်ရာ
တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်စရာတွေ
ဖတ်ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်
(ခုန ရေးခဲ့တာ ဒီလို မဟုတ်. လူငယ်တွေ နဲ့ ပတ်သက်ပြီး ရေးခဲ့တာ..း) )
ခင်မင်စွာ ဖြင့်
မမသီရိ
ဘယ်တော့မှနောက်မစုတ်ဘူး
လက်တွဲမြဲစေ ရဲဘော်
ဟဲဟဲ.....ဂွဒ်.....
ပွဲစကတည်းကရောက်တယ်....
ဆီဗုံးမတွေ့ပဲအကောင်ဗလောင်တွေတွေ့လို့ကွန်မန့်မရေးတာ.....
လိုအပ်ရင်ပြော....ဘလော့ဒီဇိုင်းကိုချက်ချင်းလက်ငင်းအရောင်ပြောင်း
ပေးမယ်....
သင့်ရဲ့
ခင်မောင်ငြင်း
လာလည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဇော်ရေ ဒီကဗျာက အကုန်လုံးမဟုတ်သေးဘူး၊ ကြားမှာ တပိုဒ်လိုနေသေးတယ်။
Tune ရေ စကားလုံး သိပ်ကပ်စေးနှဲပေမယ့် လာလည်တာ ကျေးဇူးပါ။
KiKi and yaewoori အားပေးတာ ကျေးဇူးပါ။
မမသီရိရေ- အားပေးတာ ကျေးဇူးပါ။ ဒါပေမယ့် ဒီဘလော့ဂ်မှာ ကျွန်မက တော်လှန်ရေးအကြောင်း တခုတည်း တင်မှာမဟုတ်ပဲ တခြား အတွေ့အကြုံနဲ့ လေ့လာဖူးတဲ့အထဲက နှစ်သက်သဘောကျတာတွေပါ တင်မှာ ဖြစ်လို့ တခြားအကြောင်းအရာတွေ တင်ရင်လည်း လာဖတ်ပြီး ဝေဖန် အကြံပြုပေးဖို့ ဖိတ်ဖေါ်ပါတယ်။
ကိုဆောင်းယွန်းလ - တပ်ရင်းတရင်းတည်းက လာတဲ့လူတွေ ဆိုတော့ ထွေထူး ပြောစရာမလိုပါဘူး။ နှောင်ကြိုးနဲ့ ဖြစ်နေပြီဆိုတော့ အားကတော့ အရင်ကလို မပြင်းနိုင်တော့ပါဘူး။
ကိုခင်မောင်ငြင်း - ဒီနာမည်ကို မခင်မင်းဇော် ဘလော့ဂ်က C-Box မှာ ကျွန်မတခါ ဆွေးနွေးဖူးလို့ မှတ်မိနေတယ်။ ကူညီလိုတဲ့ စေတနာအတွက် သိပ်ကျေးဇူးတင်ပါတယ်။ ကူညီပေးမည့်သူက အခုလောလောဆယ် အလုပ်များနေလို့ပါ။ သူအကြာကြီး အလုပ်များနေရင်တော့ ကိုခင်မောင်ငြင်းကို အကြောင်းကြားပြီး အကူအညီတောင်းလိုက်ပါ့မယ်။
ငါသည်သာ ကံ၏အရှင်သခင် ဖြစ်၍ ငါသည်သာ ငါ့စိတ်၏ အကြီးအကဲ ဖြစ်တော့၏။
ကြိုက်လ္ဂန်းလို့ စာစုလေးတ္ဂေကို ကူးယူသ္ဂားပါတယ်။ခ္ဂင့်ပြုပါခင်ဗျာ။
စာတစ်ကြောင်းဟာ အားသစ်ကို ဖြစ်စေခဲ့ပါတယ်..ကျေးဇူးပါခင်ဗျာ
ပျော်ပါစေ
စီဘောက်မတွေ့လို့ မန့် ဘောက်မှာရေးလိုက်တယ်။ဗိုလ်ချုပ်အောင်ဆန်းရေးတဲ့စာမူရင်းဘာသာပြန်ကို ကို ကျနော့်စာအုပ်စင်မှာပြန်ရှာပြီးပို့ ပေးပါမယ်။
သတ်ပုံတခုပြင်စရာတွေ့ရတယ်။(မြန်မာပြည်အား တကယ်ကို ငြိမ်းချမ်းသာယာ တိုးတက်စေချင်ပါတယ်၊ အဓ္ဓမကို အောင်နိုင်သည့် လက်နက်မှာ ဓမ္မသာလျင် ဖြစ်တယ်ဆိုတဲ့ ဗုဒ္ဓအဆုံးအမကို လုံးဝ ယုံကြည် လက်ခံပါတယ်။)ဆိုတဲ့စာမှာ -အဓ္ဓမ သတ်ပုံကို =အဓမ္မ လို့ ပြင်ပေးလိုက်ပါလား။ (လေးစားစွာ-မောင်အိုးဝေအောင်)
-ကိုလင်းကြယ်ဖြူ-လာလည်တာ ကျေးဇူးတင်ပါတယ်။ ဒီကဗျာက ဒီတကြောင်းတည်း ကောင်းတာမဟုတ်ဘူး တပုဒ်လုံးကို ကောင်းတာပါ။
ကိုအိုးဝေအောင် ထောက်ပြပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မက ဘာသာစကား သိပ်ညံ့လို့ နောက်လည်း လာလည်ပြီး ဘာပဲတွေ့တွေ့ ပြောပြပေးပါ။ အရင်ရေးထားတဲ့ Profile အရှည်ကြီးကို အခုဘလော့ဂ်လုပ်တော့ မလိုအပ်တော့လို့ ဖျက်လိုက်ပြီး အသစ်ပြန်ရိုက်တာ လောပြီးမှားသွားတယ်။ လိုနေတဲ့ အပိုဒ်ကို ပြန်ဖြည့်လို့ရအောင် ဒီကဗျာရဲ့ အပြည့်အစုံကို ဖြစ်အောင် ပို့ပေးစေချင်တယ်။ အခုရေးထားတာကလည်း ဗိုလ်ချုပ်အောင်ဆန်းရေးတဲ့ မူရင်းဘာသာပြန်ပါပဲ၊ ကျွန်မအကုန်လုံး မမှတ်မိလို့ မပြည့်စုံတာပဲ ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဗမာမှုပြုတဲ့ စကားလုံးရွေးတာ ကောင်းလွန်းလို့ ဒီကဗျာရဲ့ မူရင်း အင်္ဂလိပ်လိုမှာ ဘယ်လို ရေးထားတယ်ဆိုတာ လေ့လာချင်လို့ ကိုအိုးဝေအောင်မှာ်ရီရပ်ကပလင်းရဲ့ မူရင်းရှိရင်လည်း လိုချင်ပါတယ်။
မမ စာတွေ ဖတ်လို့ အရမ်းကောင်းတယ်.. မသိသေးတာတွေ သိရတယ် 2 ပုဒ်လုံးမှာပဲ..။
လင့်ယူသွားမယ်နော်..း)ကျေးဇူးတင်ပါတယ်..။
ဘယ်တော့မှနောက်မဆုတ်ဘူး
အရှူံးမပေးဘူး
ကဗျာလေးအတွက်ကျေးဇူးပါနော်...မမ
လေးစားတဲ့
မြူးလေး
တခါထဲပြေားခဲ့မယ် လင့်ခ်မယ်နော်...မမ
သတ်ပုံတခုပြင်ပါဦး(လိမ်ညာလှည့်ဖြားပြီး လူထုဆန္ဒခံယူပွဲကို အတင်းအဓ္ဓမ အတည်ပြုထားပါတယ်။ )ဆိုတဲ့ စာကြောင်းမှာ
အတင်းအဓမ္မ လို့ ပြင်ပါဦး။
ကိုနစ်ဆီက မြန်မာမူရင်းရပြီးရင် အင်္ဂလိပ်မူရင်းလည်းရှိမှာပါ။ရရင်အဆင်ပြေမှာပါ။ကျနော်အလုပ်နားရက် ရှာပေးပါမယ်။ဒီကြားထဲ ကိုနစ်ဆီက ရရင် ပိုကောင်းသွားတာပေါ့။
လေးစားစွာ-(အိုးဝေအောင်)
ဘလော့ဂ် အသစ်လေးကို ကြိုဆိုပါတယ်။ ပို့စ်ကောင်းကောင်းတွေ များများ တင်နိုင်ပါစေ။
နောက်ထပ် post တွေ စောင့်နေပါတယ်
မငယ်နိုင်ရေ
စာဖတ်သွားပါတယ်
နောက်ထပ်ပို့စ်များကို မျှော်လင့်လျက်
ခင်မင်စွာဖြင့်
သီဟသစ်
ဟုတ်ကဲ့ ကျနော်အလည်ရောက်ပါတယ် အားပေးလျက်ပါ။
အလည်ရောက်ခဲ့ပြီမငယ်နိုင်။ ခုမှ လိုင်းပေါ်တက်နိုင်ခဲ့တယ်။ ခရီးထွက်တာ မဟုတ်ဘူး။ လိုင်းပေါ်ကို မတက်နိုင်ခဲ့တာပါ။
စောင့်လိုသာမျော်ရတော့မယ်။
ဗိုလ်ချုပ်အောင်ဆန်း၏ စာပေခရီးတွင် `အယ်ဒီတာ`အဖြစ်က ပိုမို၍ ကျော်ကြားထင်ရှားခဲ့သည်ဟု ဆိုရမည်။ ၁၉၃၆ တွင် `အိုးဝေ`မဂ္ဂဇင်း၌ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းသည် အယ်ဒီတာ့တာဝန် ယူရ၏။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် တာဝန်ယူထုတ်ဝေသည့် `အိုးဝေ`မဂ္ဂဇင်းတွင် `ဆရာညိုမြ`၏ “ငရဲခွေးကြီး လွတ်နေပြီ“အမည်ရှိ ဆောင်းပါးတပုဒ် ပါလာ၏။ တက္ကသိုလ် အာဏာပိုင်များက ဆောင်းပါးရှင်ကို အရေးယူရန် ဆောင်းပါးရှင်၏ အမည်ရင်းကို အယ်ဒီတာကိုအောင်ဆန်းထံ မေး၏။ `အယ်ဒီတာ့` ကျင့်ဝတ်အရ ဆောင်းပါးရှင်အမည် ထုတ်ဖော်၍ မပြောနိုင်ကြောင်း ကိုအောင်ဆန်းက ငြင်းပယ်လိုက်၏။ ကျောင်းအာဏာပိုင် မျက်နှာဖြူကြီးများက မကျေနပ်ကြ….။ ဤတွင် …. အယ်ဒီတာ ကိုအောင်ဆန်းကို အရေးယူရန် လုံ့လပြုလာကြ၏။ ကိုအောင်ဆန်းအား ကျောင်းမှ ထုတ်ရန်အထိပင် ကြိုးပမ်းလာကြ၏။ ဤမှ … ရန်ကုန်တက္ကသိုလ် ဒုတိယ ကျောင်းသားသပိတ်ကြီးအထိ…။ ကိုလိုနီစနစ် ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုကြီးက ကြီးမားမြင့်တက်ခဲ့၏။ ထိုနှစ်တွင် ထုတ်ဝေသည့်`အိုးဝေ`မဂ္ဂဇင်းအတွဲ – ၆၊ အမှတ် ၁ တွင် အယ်ဒီတာ ကိုအောင်ဆန်းသည် ဤသို့ ခေါင်းကြီးကို ရေး၏။“ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏ စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါ ကျေးဇူးဆိုပါ၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုတ်တွင်းသို့ ကျရောက်နေရသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။ဤဒေါသလောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်လျက် ရှိ၏။ သို့သော် ငါကား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်“
(http://oothandar.wordpress.com/2009/04/30/
မှာ တွေ့လို့လာပို့ပေးတာ။အင်္ဂလိပ်မူရင်း ရှာရခက်ပါပြီ)
ကိုအိုးဝေအောင်
အခုလို ထပ်ဖြည့်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မ ဒီမှတ်ချက်ကို အခုမှတွေ့ရတယ်။ ဒီအတိုင်းဆို Recent Comment ဆိုတာ ထည့်ဖို့လိုလိမ့်မယ်။ နို့မဟုတ်ရင် ပို့စ်အဟောင်းတွေမှာ ဘယ်သူလာလည်ပြီး မှတ်ချက်ရေးသွားတယ်ဆိုတာ သိမှာမဟုတ်ဘူး။ ကျေးဇူးပဲနော့်။
Invictus
William Ernest Henley
1849–1903
Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.
Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find, me unafraid.
It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
Post a Comment