မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၁၉ ဇူလိုင် မမေ့နိုင်

မြန်မာဆိုရိုးစကားအရ ပျောက်သွားသူ ရှာရင်တွေ့ သေသွားသူ ကြာရင်မေ့ ဟူသည့် ဆိုရိုးစကား ရှိသော်ငြားလည်း မြန်မာ့သမိုင်းတွင် ကျွန်မတို့ မြန်မာပြည်သူတွေ အားလုံးအတွက် ဘယ်တော့မှ မေ့မရနိုင်သော နာကျည်းကြေကွဲဖွယ်ရာနှင့် လွမ်းဆွတ်တသစရာ ရုပ်ဆိုးလှသည့် နေ့တနေ့ ရှိပါသည်။ ဤနေ့သို့ နီးကပ်လာတိုင်း အနာဟောင်းကို အပ်နှင့်ဆွသည့်အလား ကျွန်မ၏နှလုံးသား၌ စူးရှနာကျင်စွာ ခံစားရပါသည်။ ဤနေ့သည်ကား ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် ဇူလိုင်လ ၁၉ ရက်နေ့၊ ကမ္ဘာကြေသော်လည်း ဥဒါန်းကြေနိုင်မည် မဟုတ်သည့် အာဇာနည်နေ့ပင် ဖြစ်ပါသည်။ အဇာနည်နေ့ဆိုသည်မှာ အာဇာနည်များ ကျဆုံးသွားသောနေ့ကို သတ်မှတ်ခေါ်ဝေါပြီး အာဇာနည်ဆိုသည်မှာ မိမိအသက်ကို ပဓာဏမထားပဲ အများအတွက် ပေးဆပ်သူများကို ခေါ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော ခေါင်းဆောင်ကြီးများသည် အမိမြေအား သူ့ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြရင်း အသက်စတေး ကြရသောကြောင့် ၄င်းတို့သည် ကြီးမြတ်သော အာဇာနည်ကြီးများပင် ဖြစ်ပါသည်။

အထက်ပါ စာတပိုဒ်က ကျွန်မ ၁၀ တန်းတက်တဲ့နှစ် လွန်ခဲ့တဲ့ ၂၁ နှစ် ၁၉၈၈ ခု၊ ဇူလိုင်လက ကျွန်မတို့ကျောင်းရဲ့ စာစီစာကုံးပြိုင်ပွဲမှာ ကျွန်မရေးခဲ့တဲ့ ပထမဦးဆုံး နိဒါန်းစာပိုဒ် ဖြစ်ပါတယ်။ ဒီတပိုဒ်ကိုပဲ ၏၊ သည်၊ ၌၊ ၍ အကုန်လုံး မှတ်မိပြီး ဒီတပိုဒ်ပဲ တင်ပြဖို့ သင့်တော်လို့ ဒီတပိုဒ်ကိုပဲ တင်ပြလိုက်ပါတယ်။ ကျန်တဲ့အပိုင်းတွေကိုတော့ ၏၊ သည်၊ ၌၊ ၍ အကုန်လုံး မတူသည့်တိုင် မှတ်မိသလောက်ကို ပို့စ်အနေနဲ့ ရေးပြီးတင်လိုက်မယ် ဆိုရင်တော့ ရပါတယ်။ ဒါပေမယ့် ၈.၈.၈၈ မတိုင်ခင် ကျွန်မရဲ့ အတွေးအခေါ်တွေအပေါ် ယခုလက်ရှိ ၈.၈.၈၈ နောက်ပိုင်း ကျွန်မကိုယ်တိုင်နှင့် တခြား ဘယ်ဘယ်ဘလော့ဂ် မိတ်ဆွေကမှ လက်ခံနိုင်လိမ့်မှာ မဟုတ်တဲ့အတွက် ကျွန်မ မတင်တော့ပါဘူး။ စာစီစာကုံးမှာ အဓိကကတော့ အာဇာနည်နေ့ ဘယ်လိုပေါ်ပေါက်လာပြီး ဗိုလ်ချုပ်နဲ့တကွ အာဇာနည်တွေ အတွင်းဝန်ရုံးထဲမှာ လွတ်လပ်ရေးအတွက် အစည်းအဝေးလုပ်နေတဲ့အချိန်မှာ ဂဋ္ဌုံဦးစော စေလွှတ်လိုက်တဲ့ ရန်ကြီးအောင်၊ သက်နက်၊ စိန်ကြီးအပါအ၀င် လူသတ်သမား လေးဦးက လက်နက်ကိုယ်စီနဲ့ ၀င်ပြီး ပစ်ခတ်တာကို ဗိုလ်ချုပ်က ထတားပေမယ့် တားမရပဲ ပစ်ခတ်သွားလို့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်တွေ ဘယ်လိုပုံစံ ကျဆုံးသွားခဲ့တယ် ဆိုတဲ့အကြောင်း၊ ကျန်ရှိနေတဲ့ မြန်မပြည်သူတွေ အပါအပါအ၀င် အနာဂတ်မှာ ခေါင်းဆောင် ဖြစ်လာမည့် ကျွန်မတို့ ကျောင်းသားလူငယ်တွေက ဗိုလ်ချုပ်နဲ့ အာဇာနည်တွေရဲ့ ကျေးဇူးကို ဆပ်ဖို့အတွက် ဘယ်လိုတာဝန်သိသိနဲ့ တိုင်းပြည်အကျိုးကို သယ်ပိုးရမယ်ဆိုတဲ့အကြောင်း၊ ဒီလိုသယ်ပိုးတဲ့နေရာမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှုအောက်မှာ မားမားမတ်မတ် ရပ်တည်ပြီး အဖျက်သမား သောင်းကျန်းသူတွေ၊ ပုဆိန်ရိုးတွေကို ဘုံရန်သူလို့ သတ်မှတ်ပြီး ချေမှုန်းကာ မြန်မာနိုင်ငံ တည်တံ့ခိုင်မြဲရေးအတွက်၊ သူ့ကျွန်ဘ၀ကို ပြန်မရောက်ရေးအတွက် ဘယ်လိုကြိုးစားသွားရမယ် ဆိုတာတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ဖြစ်အောင် ရေးရတာပဲ ဖြစ်တယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀- ၂၅ နှစ်ကြာ ကာလ၊ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ အာဇာနည်နေ့တွေဟာ ကျွန်မအတွက်တော့ မနေ့တနေ့ကလိုပဲ ပြန်လည် မှတ်မိနေပါတယ်။ ကျွန်မတို့ ငယ်ငယ်က အာဇာနည်နေ့ဆိုတာကို သူငယ်တန်းအရွယ် ကျောင်းသားလေးတွေကစပြီး အကုန်လုံးသိကြပါတယ်။ အာဇာနည်နေ့ နီးကပ်လာတိုင်း ကျောင်းတိုင်း၊ မြို့၊ ရွာ၊ ရပ်ကွက်တိုင်းမှာ တနိုင်ငံလုံး အတိုင်းအတာနှင့် ၀မ်းနည်းတဲ့အထိမ်းအမှတ်တွေကို ကျရောက်လာမည့် အာဇာနည်နေ့မှာ ကျင်းပဖို့ ပြင်ဆင်ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ကျိုးစွန့် အနှစ်နာခံမှုကို ဆရာ၊ ဆရာမတွေက ဟောပြောကြတယ်။ မူလတန်းကျောင်းတွေမှာ အောင်ဆန်းဇာနည် ကဗျာရွတ်ပွဲနှင့် တေးသရုပ်ဖေါ်ပွဲတွေ လုပ်ပြီး ကျေးရွာအုပ်စု၊ ဒါမှမဟုတ် ရပ်ကွက်အလိုက် ပြိုင်ပွဲဝင်ကြတယ်။ အလယ်တန်းနဲ့ အထက်တန်းအဆင့်တွေမှာ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင် ပြပွဲတွေ ကျင်းပကြပါတယ်။ ဒါကြောင့်မို့ ကျောင်းတွေမှာ ဆရာဆရာမတွေနဲ့ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား ဗန္ဓုလ စတဲ့ ကျောင်းကောင်စီ အသင်းလေးသင်းမှာ ခေါင်းဆောင်လုပ်ကြတဲ့ ကျောင်းသားတွေ၊ အာဇာနည်နေ့ ဖြစ်မြောက်ရေးမှာ ပါဝင်တဲ့ တခြား ကဏ္ဍအသီးသီးက ကျောင်းသူ၊ ကျောင်းသားတွေ အားလုံးဟာ ဇူလိုင်လထဲဝင်တဲ့နေ့ကစပြီး ဖွံ့ဖြိုးရေးအချိန်လို့ သတ်မှတ်ထားတဲ့ ကစားချိန်တွေမှာ မကစားပဲ အာဇာနည်နေ့အတွက် အလုပ်များကြပါတယ်။ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ခုနက ကျွန်မကိုယ်တိုင် ၈၈ မှာ ဖြတ်သန်းခဲ့တဲ့ အာဇာနည်နေ့ကိုပဲ မှတ်မိနေတာ မဟုတ်ပဲ မူလတန်းအဆင့် အောင်ဆန်းဇာနည် ကဗျာသရုပ်ဖေါ်မှာ မိခင်ဒေါ်စု၊ ရှေ့နေဦးဖါ၊ အဖြစ် သရုပ်ဆောင်ကြတဲ့ ကလေးတွေရဲ့ပုံ၊ တိုင်းရင်းသား စုံတွဲလေးတွေအဖြစ် သရုပ်ဆောင်တဲ့ ကလေးတွေရဲ့ပုံကို အခုထိ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း အမှတ်ရ မြင်ယောင်နေပြီး ကျွန်မတို့ရွာက မူလတန်းကျောင်းမှာ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် နှစ်နှစ် ဆက်တိုက် သရုပ်ဆောင်ခဲ့တဲ့ ကလေးကိုတော့ လူပုံကိုသာမက သူပြောခဲ့တဲ့ မိန့်ခွန်းကိုပါ အခုထိ မှတ်မိနေပါတယ်။

အောင်ဆန်းဇာနည် ကဗျာမှာ “ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် တို့ဖခင် ကောင်းစေချင်တဲ့ အမှာစကား ငါတို့မမေ့အား” ဆိုတဲ့ အပိုဒ်ကို ဆိုပြီးတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်တဲ့ ကလေးက အလယ်တည့်တည့်ကို ထွက်လာပြီး အောက်ကအတိုင်း မိန့်ခွန်းကို ပြောတဲ့ပုံနဲ့ အသံကို ကျွန်မ အခုထိ ကြားယောင် မြင်ယောင်နေပါသေးတယ်။

“တမြေပေါ်ဖွား ပြည်ထောင်စုသား တိုင်းရင်းသားတို့ခင်ဗျား.. ပြည်ထောင်စု မြန်မာနိုင်ငံရယ်လို့ သတ်မှတ်ထားတဲ့ ပထ၀ီ မြေပြင်ပေါ်မှာ ပေါက်ဖွားကြတဲ့ ပြည်ထောင်သားတို့ ခင်ဗျား..
လွတ်လပ်ရေး ရဖို့အတွက် ညီညွတ်မှုဟာ ကျွန်တော်တို့ရဲ့ တကယ့်လိုအပ်တဲ့အချက် မရှောင်သာတဲ့အချက် ဆိုတာ စွဲစွဲမြဲမြဲ နားလည်ဖို့လိုပါတယ်”

“ညီညွတ်မှုမရှိရင် လွတ်လပ်ရေးဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ပြည်ထောင်စုသားအားလုံး ဥမကွဲ၊ သိုက်မပျက်နဲ့ တညီတညတ်တည်း လက်တွဲဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်”

လွန်ခဲ့တဲ့ ၂၅ နှစ်ခန့် ကျွန်မ ၇ တန်းနှစ်က ကျွန်မတက်ခဲ့တဲ့ မူလတန်းကျောင်း ကဗျာသရုပ်ဖေါ်အဖွဲ့က သုံးတဲ့ မိန့်ခွန်း ဖြစ်တယ်။ မိန့်ခွန်းကတော့ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံမှာ ပြောတဲ့ မိန့်ခွန်းကောက်နှုတ်ချက် ဖြစ်ပုံရတယ်။

ဒီအဖြစ်အပျက်တွေ အားလုံးကို ကျွန်မ မနေ့တနေ့ကလိုပဲ ပြန်သတိရနေပါတယ်။ ယခုခေတ်လူငယ်တွေက ဗိုလ်ချုပ်အောင်ဆန်းမွေးတဲ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့၊ မြန်မာနိုင်ငံ ကလေးများနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်တွေ ကျဆုံးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ဆိုတဲ့ ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး မွေးတဲ့နေ့နှင့် ကျဆုံးတဲ့နေ့ နှစ်ခုစလုံးကို ကျွန်မတို့ ဖြတ်သန်းခဲ့သလို မဟုတ်ပဲ အမှတ်တမဲ့ပဲ ဖြတ်သန်းခဲ့ရတယ်ဆိုတာ သိရလို့ ကျွန်မသိပ်ကို ၀မ်းနည်းမိပါတယ်။ အိန္ဒိယနိုင်ငံမှာ မဟတ္တမဂန္ဒီဆိုတာ စကားသံနားလည်တဲ့ ကလေးကစပြီး အကုန်လုံးသိပါတယ်။ မြို့တိုင်းမှာ မဟတ္တမဂန္ဒီလမ်းဆိုတာ ရှိပြီး မြို့ကြီးတိုင်းမှာ မဟတ္တဂန္ဒီ ကျောက်တိုင် ဒါမှမဟုတ် ရုပ်တုရှိတယ်၊ မဟတ္တမဂန္ဒီရဲ့ ကြိုးပမ်းမှုကို ကျောင်းစတက်တဲ့အရွယ်ကနေ အကုန်လုံးသိတယ်လို့ အဲဒီက မိတ်ဆွေတွေ ပြောပြလို့ သိရတယ်။ မြန်မာနိုင်ငံမှာတော့ အာဇာနည်နေ့ သမိုင်းကို မေ့ပျောက်အောင် လုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်၊ ဒါမှမဟုတ် မကျန်အောင် လုပ်နေတာ သိပ်ကို ရုပ်ဆိုးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကို ဖျောက်ပစ်တာဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကို ဖျောက်ပစ်တာနဲ့ တူတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍနှင့် အာဇာနည်နေ့ကို အာဏာရှင်တွေ ဘယ်လိုပဲ မေ့အောင်လုပ်ပါစေ တိုင်းပြည်ကို ချစ်တဲ့သူတိုင်း ဘယ်တော့မှ မမေ့သင့်ပါဘူး။


 

အာဇာနည်များ ကောင်းရာသုဂတိလားပါစေ။









40 comments:

ငယ်နိုင်ရေ...လူတစုနဲ့အပေါင်းပါတွေကလွဲလို့ကျန်တဲ့သူတွေကတော့ ဒီလိုနေ့မျိုးကိုဘယ်တော့မှမေ့ကြမယ်မထင်ပါဘူး...

မမဆီ လာဖတ်သွားတာ ကျေးဇူး ငယ်နိုင် ရေ
တချိန်ချိန်မှာတော့ မှိန်နေတဲ့ အာဇာနည်တွေ ရဲ့ ပုံရိပ်တွေ ကို
တို့တွေ ပြန်ပြီး အရောင်တင် လင်းလက်စေနိုင်ကောင်းပါရဲ့

အာဇာနည်နေ့  ဆိတ်မသုဉ်း ရလေအောင် နောင်မျိုးဆက်ထိ လက်ဆင့်ကမ်းသယ်ဆောင်ရမှာ ကျွန်တော်တို့ ရဲ့ သမိုင်းပေးတာဝန်ပါ။

မရေ........
အာဇာနည်နေ့ မှာ အာဇာနည်ကြီးများကို
အလေးလာပြုပါတယ်

အလည်ရောက်ပါတယ်။စီဘောက်ရှာတာ မတွေလို့..ဒီမှာပဲ ရေးခဲ့ပါတယ်ခင်ဗျာ။ အာဇာနည်နေ့ အထူးအစီအစဉ် ..တင်ထားပါတယ်။
လိုအပ်တာ ရှိရင် ပြောပါဗျာ။ဘလောက်နဲ့ပတ်သတ်လို့ပါ။
အဆင်ပြေပျော်ရွှင်ပါစေ။
ခင်မင်မှုဖြင့် အားလုံးကိုပျော်စေချင်တဲ့

သမိုင်းကို သယ်ဆောင်ရမှာ .. မျိုးဆက်သစ်တွေရဲ့  တာဝန်ပါ.. သမိုင်းကို လက်ဆင့်ကမ်းရမှာ.. မျိုးဆက်ဟောင်းများရဲ့  ... တာဝန်ပါဗျာ.... ကျနော်တို့ အားလုံး တာဝန်ကျေကြမှာပါ..အာဇာနည်နေ့ အမှတ်တရ ပိုစ့်လေးကို ဖတ်သွားပါတယ်ဗျာ..
ကိုဇော်

မငယ်နိုင်ရေ
ပို့စ်ရဲ့ ဒုတိယအပိုဒ်ကလည်း ရေးမှတ် ဖော်ပြသင့်တဲ့ အချက်တွေပါပဲ

အာဇာနည်ကြီးများအား ဦးညွှတ်လျက်

မငယ်နိုင်...
အာဇာနည်နေ့ ဆောင်းပါးအတွက် အရမ်းပဲ ဂုဏ်ယူမိပါတယ်။ လွတ်လပ်ရေးအတွက် အသက်တွေ ဘ၀တွေ စတေးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများနဲ့
လက်ရှိအာဏာရှင်တော်လှန်ရေးအတွက် ဘ၀ကို စတေးခဲ့တဲ့၊ ပေးဆပ်နေရဆဲဖြစ်တဲ့ အာဇာနည်ကျောင်းသားပြည်သူများကိုလဲ အစဉ်အမြဲလေးစားလျှက်ပါ။

အစ်မရေ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့အတူ မြန်မာပြည်က အာဇာနည်တွေအားလုံးကို ဦးညွတ်ပါတယ်

မြန်မလူမျိုးတွေအတွက် ဘယ်တော့မှ မေ့လို့ ရနိုင်မှာမဟုတ်တဲ့ အာဇာနည်နေ့ နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ မျှဝေထားတာကို လာရောက် အသိအမှတ်ပြုပြီး အားပေးကြတဲ့ မိတ်ဆွေများ အားလုံးကို အထူး ကျေးဇူး တင်ပါတယ်။

မြန်မာလူမျိုး လုပ်ပါအစ်မရယ် မြန်မလူမျိုးဖြစ်နေတယ် သူများတွေက ၀စ္စနှစ်လုံးပေါက်ကျန်တာ တောင်အပြစ်ပြောတတ်တယ် ဆိုလို့ ကျွန်တော်လည်းပြောဖူးတယ်ရှိအောင်ပြောကြည့် တာ။ ဒီနှစ်အတွက်ရေးဖို့ အစီအစဉ် ချပြီးရောပေါ့  စောင့် မျှော်နေမယ်နော်။

Anonymous ရေ ဒီသတ်ပုံက ရှန်းပြီးမှားတာပါ။ အစ်မက ရှန်းမှားတာ မဟုတ်ဘဲ တကယ်လည်း မှားတတ်ပါတယ်။ အမှားတွေ့ရင် ပြင်ပေးနိုင်ပါတယ်။ ဒီနှစ်အာဇာနည်နေ့အကြောင်းကို ၈၈ က အစ်မတို့ကျောင်းမှာ ဆရာဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ အာဇာနည်နေ့ အကြိုနဲ့ အာဇာနည်နေ့မှာ လှုပ်ဆောင်ခဲ့တဲ့ အဲဒီချိန်က မြင်ကွင်းလေးကို ရေးဖို့ရှိပါတယ်။ ဟိုတုန်းက အာဇာနည်နေ့ဟာ ကျောင်းတွေမှာ ဘယ်လောက်အရေးပါတယ်ဆိုတာ သိရအောင်ဖြစ်တယ်။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။

ကျွန်တော်က ကျောက်တတ်တယ် အစ်မ ကိုမိုးသီး ကမင်းတို့ လိုကောင်တွေရှိနေလို့  လို့  ပြောရင်လည်း ခံရမှာပဲ မိသားစုကရှိနေတာကိုး နားလည်ပေးပါနော်

သိတယ်အစ်မ သိတယ် ဘယ်ကောင်လုပ်တာက အစ သိတယ် လုပ်ပေါ့ ဗျာ လုပ်ပေါ့ ။ဘာပဲဖြစ်ဖြစ်ဗျာ အစ်မခံယူချက်ကိုရေး ကျွန်တော်အားပေးနေမှာပါ

အောင်ဆန်းဇာနည်


ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ် မွေးနေ့ပါ။
တထောင့်ကိုးရာ တဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား။


(ယနေ့  (၂၀၁၁ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ ) တွင် ကျရောက်သော ၆၄ နှစ်မြောက် အာဇာနည်နေ့ တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့ သတိရသော အနေဖြင့် တတိယတန်း မြန်မာဖတ်စာအုပ်ပါ "အောင်ဆန်းဇာနည်" ကဗျာကို ကူးယူ ဖော်ပြပါသည်။)

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ တွင် ကျဆုံးသွားသော
အာဇာနည်ခေါင်းဆောင်ကြီးများ


(၁) ဗိုလ်ချုပ်အောင်ဆန်း
(၂) သခင်မြ
(၃) ဒီးဒုတ်ဦးဘချို
(၄) မန်းဘခိုင်
(၅) မိုင်းပွန်စော်ဘွား စပ်စံထွန်း
(၆) ဦးဘဝင်း
(၇) ဦးရာဇတ်
(၈) ဦးအုန်းမောင်
(၉) ရဲဘော်ကိုထွေး


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ဦးညွတ် အလေးပြုပါသည်။


တာရာ

၁၉၊ ဇူလိုင်၊ ၂ဝ၁၁
နံနက် ၁၀ နာရီ ၃၇ မိနစ်

မိုးသွေးငယ် ပြောတာကြီးကလည်း တစ်မျိုးကြီးပဲ

””လိုအပ်တာ ရှိရင် ပြောပါဗျာ
အဆင်ပြေပျော်ရွှင်ပါစေ။
ခင်မင်မှုဖြင့်””

တခြားလူတွေ ကွန်းမန်.တွေပေးပါတယ် ပိုစ်.အကြောင်းတွေပဲပြောကြတယ် သူလိုတော. မပြောပါဘူး

နောက်ထပ် ပိုစ်.အဟောင်းလေးတွေကို အသစ်လုပ်ပြီး ပြန်တင်ပေးပါအုံး
မငယ်နိုင်အားနေတာပဲ

မငယ်နိုင်ရေ...
ကျနော်က အာဇာနည်နေ့အတွက် ဘာစာမှ မရေးနိုင်ပေမယ့် ရေးဖြစ်တဲ့လူ ရေးထားတာကိုလဲ ဒီကို လာရင်းနဲ့ ဖတ်သွားပါတယ်။ မငယ်နိုင် ဘလော့ဂ်က တော်တော် စည်ကားတာပဲ။ :)

အစ်မငယ်နိုင်သို့

ရုရှားက ခွေးရူး mg က နေရာတိုင်းမှာ မစင်စွန့်သွားပြန်ပြီ..အစ်မ.. ((Attention လိုချင်လို့ အစ်မဘလော့ဂ်မှာ အမျိုးမျိုး လာနှောင့်ယှက်နေတဲ့ စိတ်မနှံ့တဲ့ လူတွေ.. Attention seekers တွေကို အဖက်လုပ်ပြီး ပြန်ပြောမနေကြပါနဲ့)) လို့ အစ်မက ပြောထားလို့ အဲဒီ ရုရှားက ခွေးရူး mg ကို မပြောဘဲ နေနေတာဗျ.. ရုရှားက စစ်ခွေး mg က အစကတော့ ရိုးရိုးစစ်ခွေးဘဲဗျ.. အစ်မကို ရိုးရိုးစစ်ခွေးလို သာမန်လောက်ဘဲ အစဉ်အလာမပျက် ဟောင်တယ်ဆိုရုံ ဟောင်လာတာပါ.. ဒါပေမယ့် အစ်မ တင်ပြထားတဲ့ သမိုင်းမှန် ပို့စ် (7 July, 1962 မှာ ဘာဖြစ်ခဲ့လဲ) ကို စာဖတ်သူတွေ အများကြီး လာဖတ်တာကို မြင်ရကတဲက အဲဒီ စစ်ခွေး mg က သွေးလန့်ပြီး ခွေးရူး လုံးလုံး ဖြစ်သွားတာဗျ.. စစ်ခွေး mg က အဲဒီလို ခွေးရူး လုံးလုံး ဖြစ်သွားပြီးကတဲက အစ်မကို နေ့ရောညပါ လာဟောင်နေတာဗျ.. လွန်ခဲ့တဲ့ ၃ ရက်လောက်က အစ်မက comment moderation လုပ်ထားလို့ အဲဒီ ခွေးရူး mg ရဲ့ ဆဲတဲ့ comments တွေ.. အစ်မကို စော်ကားတဲ့ comments တွေ.. ပေါက်ကရ comments တွေကို ၂ ရက်လောက် မမြင်ရလို့ အစ်မဘလော့လာတဲ့ စာဖတ်သူတွေ အေးအေးချမ်းချမ်း စာဖတ်လို့ ရနေတာဗျ.. အစ်မဘလော့ အေးချမ်းနေတာ ၂ ရက်တောင် မခံဘူး.. အစ်မက comment moderation လုပ်ထားတာကို ပြန်ဖြုတ်လိုက်တာနဲ့ အဲဒီ ခွေးရူး mg က (ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင်) ဆိုတဲ့ နာမည်ကို သုံးပြီး အစ်မကို ဆဲထားတာတွေရော.. အဲဒီ ခွေးရူး mg က ဦးသူတော်.. Anonymous နာမည်တွေနဲ့ ပေါက်တတ်ကရ ရေးထားတာတွေရော ပွစာကျဲနေပြန်ပြီဗျ.. အဲဒီ ရုရှားက ခွေးရူး mg က (ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင်) ဆိုတဲ့ နာမည်ကို သုံးပြီး အစ်မကို ဆဲထားတာ ဒီပို့စ် တခုထဲမှာ မဟုတ်ဘူး.. အစ်မ.. ( ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း ) .. ( ၁၉၈၈ က ၄င်းကိုယ်တိုင် ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို စစ်ထောက်လှမ်းရေးဟောင်း တဦးက ၀န်ခံလိုက်ခြင်း ) .. ( (၆၃)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရအဖြစ် - ဗိုလ်ချုပ်မိန့်ခွန်း ) .. ( ဥသြမဆွဲသော အာဇာနည်နေ့ကို စတင်တဲ့နှစ် ) .. ( အလေးပြုပါတယ် ) .. ပို့စ်တွေမှာလဲ ခွေးရူး mg က ဝင်ဆဲထားတဲ့ comments တွေက မြင်မကောင်းရှုမကောင်း ပွထနေပြန်ပြီဗျ.. comment moderation ပြန်လုပ်ထားလိုက်ပါ..အစ်မ.. comments တွေကို ချက်ချင်း မဖတ်ရလို့ အရေးမကြီးဘူး.. ဒီ ရုရှားက ခွေးရူး mg က နေရာတကာမှာ မစင် ဝင်စွန့်နေတော့ အစ်မရဲ့ စာဖတ်သူတွေကို အားနာဖို့ ကောင်းနေလို့ အခုလို အကြံပေးရတာပါ..အစ်မ..

သူတို့က ကျွန်မဘလော့ဂ်ကို ညစ်ညမ်းအောင် လုပ်ပြီး လူမကပ်နိုင်အောင် ကြိုးစားနေကြတယ်။ လာရေးတဲ့သူတွေက ကျွန်မတို့ဆီက စံတော်ချိန်ကို သိပြီး ညဘက်အိပ်ချိန်မှာ ရေးများတာကို သိလို့ အရင် တရက်နှစ်က ညဘက်အိပ်ခါနီးမှာ Moderation လုပ်ထားတော့ သူတို့လာရေးတာ ကျွန်မပဲတွေ့ရပြီး စာဖတ်သူတွေ မတွေ့ဘူး။ ညကတော့ အိပ်ရာဝင်ခါနီး Moderation လုပ်ဖို့ မေ့သွားတာနဲ့ မနက်မိုးလင်း ထကြည့်တော့ ထင်တဲ့အတိုင်းပဲ တွေ့ရတယ်။ သူတို့လာပေးတဲ့ အကုသိုလ်ကို ကျွန်မ မယူလို့ ခေါင်းထဲကို မရောက်တော့ လစ်လျူရှုနိုင်ပေမဲ့ စာလာဖတ်သူတွေကိုတော့ တကယ်ပဲ အားနာတယ်။ ဘလော့ဂ်မှာ အမျိုးသမီးတွေ ဘုန်းကြီးတွေလည်း စာလာဖတ်နေတော့ တကယ်ကို အားနာရတယ်။ နောက်တခါဆို မမေ့အောင် သတိထားတော့မယ်။ သူတို့ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် လူမလာအောင် ဘယ်လိုပဲလုပ်လုပ် သူတို့ဒီလိုလုပ်လေ လာလည်သူပိုများလေဆိုတာ လက်တွေ့ပဲ။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျဆုံးခဲ့တဲ့
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုပါတယ်။

၁၉-၇-၂၀၁၂ ရက်
၆၅ နှစ်မြောက် အာဇာနည်နေ့

.
မြ၀တီမဂ္ဂဇင်း
ဇူလိုင်၊ ၁၉၅၃


ရက်ကား ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် ဖြစ်၍ နေ့ကား စနေနေ့ ဖြစ်ပါသည်။ ထိုအခါက ကျွန်တော်သည် လမ်းပန်း အဆောက်အအုံနှင့် ပြန်လည်ထူထောင်ရေးဌာနကို အုပ်ချုပ်ရသည်ဖြစ်ရာ ထိုဌာန၏ အတွင်းဝန်မှာ အိုင်စီအက်စ် ဦးအုန်းဖြစ်၍ ဒုတိယအတွင်းဝန်မှာ အိုင်စီအက်စ် ဦးချမ်းသာဖြစ်သည်။

ကျွန်တော်သည် အမှတ် (၈)၊ ကိုယ့်မင်း ကိုယ့်ချင်းလမ်း၊ ဗလစ ဌာနချုပ်တွင် နေထိုင်လျက်ရှိရာ ဟင်္သာတခရိုင်သို့ ခရီးထွက်ခဲ့သည်မှအပြန် အအေးမိ၍ အနည်းငယ် ဖျားလျက်ရှိ၏။

ထိုနေ့တွင် ၀န်ကြီးများ အစည်းအဝေး ကျင်းပမည်ဖြစ်ရာ ကျွန်တော်သည် နေမကောင်းသဖြင့် အကြောင်းထူးသာ မရှိခဲ့လျှင် ထိုအစည်းအဝေးသို့ တက်ဖြစ်မည် မဟုတ်ပေ။

ထိုနေ့ကျင်းပသည့် ၀န်ကြီးများ အစည်းအဝေးတွင် ပြောပြသင့်သော သတင်းထူး တစ်ခုကို ကျွန်တော် ရရှိထား၏။

သတင်းထူးပုံမှာ စစ်တပ်မှ မလိမ့်တပတ်ဖြင့် စက်သေနတ် (ဘရင်းဂန်း) အလက် ၂၀၀ ထုတ်ယူသွားသူမှာ ဦးစော ဖြစ်ကြောင်း၊ ထိုသို့ထုတ်ယူစဉ်က ဦးစောသည် ရှမ်းဘောင်းဘီ၊ မျက်မှန်နက်၊ ဆွယ်တာလက်ပြတ်နှင့်ဖြစ်၍ ထုတ်ယူသွားသော မော်တော်ကား ရှေ့တန်းကားမောင်းသူဘေးတွင် ထိုင်လျက်ပါကြောင်း များအပြင် ဦးစောတို့ လူစုသည် ကုဒီတား (ခေါ်) 'လက်နက် ဖြင့် အာဏာသိမ်းယူရန်' ကြံစည်လျက်ရှိကြကြောင်း သတင်းရရှိထား၏။

သို့သော် သတ်ဖြတ်သည်အထိ အကြံပက်စက်ကြမည် ဟူ၍ကား ထိုအခါက ကျွန်တော် လုံးဝ မတွေးတောခဲ့မိပေ။

ရရှိထားသော သတင်းထူးကို ၀န်ကြီးများ အစည်းအဝေးတွင် တင်ပြလိုသဖြင့် ကျွန်တော်သည် နေမကောင်းလျက်နှင့် အ၀တ်ထူထူ အထပ်ထပ် ၀တ်၍ အစည်းအဝေးသို့ သွား၏။

.
အစည်းအဝေးကျင်းပမည့် နေရာ သည် အတွင်းဝန်များရုံး၊ အလယ်ထပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင် ဖြစ်၍ စမည့်အချိန်မှာ နံနက် ၁၀ နာရီ ဖြစ်၏။

အစည်းအဝေးမစမီ မိနစ်အနည်းငယ် ခန့်အလိုတွင် ဗိုလ်ချုပ်နှင့် ကျွန်တော် အစည်းအဝေးခန်းဝတွင် မျက်နှာချင်း ဆိုင်ဆုံမိပြီး အခန်းတွင်းသို့ အတူဝင် သွားကြ၏။

ထိုနေ့တွင် ဗိုလ်ချုပ်သည် ၀တ်နေကျ စစ်ဝတ်စစ်စားမဟုတ်ဘဲ ထူးထူးခြားခြား အရပ်ဝတ်အရပ်စားနှင့် လာ၏။

ရွှေဖလားရောင် ဗန်ကောက် လုံချည်၊ ပိုးအင်္ကျီတို့နှင့်ဖြစ်၍ ဆံပင်မှာ လည်း ခါတိုင်းကဲ့သို့ စုတ်ဖွားဖွားကြီး မဟုတ်ဘဲ ညှပ်ပြီးစဖြစ်၍ သပ်ရပ်၏။

"ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ" ဟု ကျွန်တော်က ပြောင်၍ ပြောလိုက်၏။ "နိုင်ငံရေးသမားတွေဟာ လွတ်လပ် ရေးရပြီးရင် စစ်သားစိတ်ဖျောက်ပြီး အရပ်သားစိတ် မွေးမြူကြဖို့ အရေးကြီးတယ်"ဟု ဗိုလ်ချုပ်က ပြန်ပြော၏။

ဗိုလ်ချုပ်၏အခန်းမှာ အတော်ကျယ် ၍ မျက်နှာစာတွင် လူဝင်တံခါးကြီး သုံးပေါက်လည်းကောင်း၊ လက်ယာ ဘက်ဘေးတွင် ဗိုလ်ချုပ်၏အတွင်းရေး အတွင်းဝန် ဗိုလ်ထွန်းလှ၏အခန်းသို့ ကူးသော တံခါးလည်းကောင်း၊ လက်ဝဲ ဘက်တွင် ၀န်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်၏အခန်းသို့ ကူးသော တံခါးသည်လည်းကောင်း ရှိပြီးလျှင် အခန်း၏ ကျောဘက်တွင် ပြတင်းပေါက် သုံးခုရှိ၏။

အခန်းတွင်း အရှေ့မြောက် ထောင့်တွင် ဗိုလ်ချုပ်၏အလုပ်စားပွဲရှိ၍ အခန်း၏ တောင်ဘက်နံရံတွင် ၀န်ကြီး များအစည်းအဝေး စားပွဲရှိ၏။

ဝန်ကြီးများ အစည်းအဝေးစားပွဲ သည် စားပွဲရှည်သုံးခုကို ထောင့်ချိုး 'ဂ'ငယ်ပုံ သုံးဖက်ပိတ်တစ်ဖက်ဖွင့်ဆက်၍ ထား၏။

ထိပ်စားပွဲသည် ၁၀ ပေခန့် ရှည်၍ သုံးပေခန့် ကျယ်၏။ ထို ထိပ်စားပွဲ၏ အစွန်း တစ်ဖက်တစ်ချက်တွင် ယှဉ်၍ ဒေါင်လိုက် ဆက်ထားကာ စားပွဲမှာ ၁၈ ပေခန့် ရှည်၍ သုံးပေခန့် ကျယ်၏။

ထိပ်စားပွဲ၏အလယ်တွင် ဗိုလ်ချုပ် ထိုင်၏။ ဗိုလ်ချုပ်၏ လက်ဝဲဘက်တွင် ၀န်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်ထိုင်၏။

လက်ယာဘက်နံဘေးရှိ စားပွဲရှည်တွင် သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ မန်းဘခိုင်တို့ တစ်ယောက်ပြီးတစ်ယောက် ယှဉ်၍ ထိုင်ကြ၏။

ထိပ်စားပွဲ၏ လက်ဝဲဘက် နံဘေးရှိ စားပွဲရှည်တွင် ကျွန်တော်၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန် စော်ဘွားကြီးတို့ တစ်ယောက်ပြီး တစ်ယောက် ယှဉ်၍ ထိုင်ကြ၏။

.
အစည်းအဝေးသည် ချိန်းထားသည့် အတိုင်း ၁၀ နာရီမှာ အချိန်မှန် စ ၏။ အစဉ်အလာအတိုင်း အရေးကြီးသော ကိစ္စများ စဉ်းစားသောအခါ သက်ဆိုင်ရာဌာန အတွင်းဝန်သည် လိုအပ်က လာရောက်၍ ရှင်းလင်း ပြောပြရ၏။

ထိုနေ့က ကိစ္စအချို့ စဉ်းစားပြီးသည့်နောက် ၁၀ နာရီခွဲ ကျော်ကျော်လောက်တွင် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းကို စဉ်းစားရန် အလှည့်ကျသဖြင့် သက်ဆိုင်ရာဌာန၏ ဒုတိယအတွင်းဝန် ဖြစ်သော အိုင်စီအက်စ်ဦးအုန်းမောင် သည် အစည်းအဝေးသို့ ရောက်ရှိလာပြီးလျှင် လက်ယာဘက်စားပွဲထိပ် သခင်မြ၏အနီး၌ ကပ်လျက်ထိုင်၏။

ဦးအုန်းမောင် ရောက်ရှိပြီး နှစ်မိနစ် သုံးမိနစ်ခန့်အကြာတွင် အစည်းအဝေး ခန်းမကြီး၏ မျက်နှာစာရှိ တံခါးသုံးပေါက်အနားက မြောက်ဆုံး တံခါးပေါက်ကို တွန်း၍ ဖွင့်ပြီးလျှင် စစ်ဝတ်စုံဝတ်ထားသော လူလေးငါးယောက်သည် တော်မီဂန်း၊ စတင်းဂန်း စသည့် သေနတ်များကို ကိုင်ဆောင်၍ အစည်းအဝေး ခန်းမအတွင်းသို့ ရောက်လာကြ၏။

ထိုအခါက ကျွန်တော်သည် သူတို့ဝင်လာသည့်တံခါးကို မျက်နှာမူ၍ ထိုင်နေသဖြင့် ၀င်လာသည့်အချိန်မှစ၍ ကောင်းစွာ သတိပြုမိ၏။ ၀င်လာသူများသည် တပ်မတော်၏အ၀တ်အစားများကို ၀တ်ဆင်လာကြသဖြင့် တပ်မတော်သားများ ဖြစ်သည်ဟုပင် ထင်မိ၏။

သူတို့သည် အလွန် အရေးကြီး၍ ရုတ်တရက်ဖြစ်ပေါ်သော ကိစ္စတစ်ခုခုကို ၀န်ကြီး အစည်းအဝေးသို့ အစီရင်ခံလိုသဖြင့် လာကြသည်ဟု တွေးမိ၏။

အဖြစ်မှန်ကို ကျွန်တော် နားမလည်သေး။ ယခု ဝင်လာသော တပ်မတော်သားများသည် ရိုင်းသေးသဖြင့်သာ တစ်ယောက်တည်း မလာဘဲ လူများစု၍လာခြင်း၊ သေနတ်များ ကိုင်ဆောင်လာခြင်းတို့ကို ပြုလုပ်ကြသည်ဟု တစ်ဆက်တည်း တွေးကာ "နောက်နောင် ၀န်ကြီးအစည်းအဝေးသို့ ကိစ္စရှိ၍ လာရောက်လျှင် တပ်မတော်သား တစ်ဦးသည် လက်နက်ကို အပြင်မှာ ထားခဲ့ရန်နှင့် တစ်ယောက်တည်း လာရန် အမိန့်ထုတ်ထားပါ" ဟု ဗိုလ်ချုပ်အား ပြောမည်ဟူ၍ပင် စဉ်းစားမိ၏။

.
ဝင်လာသူ ယူနီဖောင်းဝတ် လက်နက်ကိုင်တို့သည် အစည်းအဝေးကြီး၏ စားပွဲ သုံးခုအနီး (ဂငယ်) ၀မ်းဗိုက်၏ အ၀င်ဝ သို့ လာ၍ သုံးယောက်ခန့် ရှေ့နောက် တန်းစီကာ ရပ်ပြီးလျှင် ရှေ့ဆုံးမှ ၀င်လာသူသည် "ဟိတ်" ဟု အသံကျယ်စွာ တစ်ခွန်း အော်လိုက်ပြီး ဗိုလ်ချုပ်အား တော်မီဂန်းနှင့် စ၍ ပစ်၏။

ဗိုလ်ချုပ်သည် မတ်တတ်ရပ်လိုက်ကာ သေနတ်ပစ်သူတို့ ဘက်သို့ လက်ကာပြပြီးလျှင် တစ်စုံတစ်ခုကို ပြောလိုက်၏။

ဘာပြောသည် ဟူ၍ကား ကျွန်တော် နားမလည်လိုက်ပေ။ ထိုသို့ ပစ်လိုက်သည်နှင့်တစ်ပြိုင်နက် ပျော်ဘွယ်ဦးမြနှင့် ဦးရွှေဘော် တို့သည် ကျောဘက်ရှိ ပြတင်းပေါက်မှ ကျော်ထွက်ပြီးလျှင် ပြတင်းပေါက်အောက်ရှိ နှစ်ပေခန့်ကျယ်သော ကြမ်းပြင်စွန်းကို ကွယ်၍ ဦးရွှေဘော်၏ အခန်းသို့ ကူးပြေး ကြ၏။

ကျွန်တော်သည် ထိပ်စားပွဲနှင့် အလျားလိုက်ယှဉ်ကာ ကြမ်းပေါ်တွင် မှောက်၍ အိပ်လိုက်၏။

ထိုသို့ အိပ်လိုက်သောအခါ ကျွန်တော်၏ လက်ဝဲဘက်တွင်ရှိသော ဦးအောင်ဇံဝေ၏ လက်ကိုလည်း ဆွဲ၍ချလိုက်သဖြင့် ဦးအောင်ဇံဝေသည်လည်း ကျွန်တော်နှင့်အတူ အိပ်လိုက်၏။

ထိုသို့ ရန်သူ့လက်နက်ဖြင့် ကြုံကြိုက်သောအခါ လှဲ၍အိပ်လိုက်ခြင်းသည် ဂျပန်ခေတ် စစ်အတွင်း ရရှိခဲ့သော အလေ့အကျင့် အမွေ ဖြစ်၏။

ဗုံးကြဲလေယာဉ်ပျံများ လာသဖြင့် အာရှလူငယ် သူနာပြုအဖွဲ့များကို ဗုံးကျရာသို့ စေလွှတ်သောအခါ ကျွန်တော် အမြဲ မှာလေ့ရှိသော နောက်ဆုံးစကားများမှာ (ဗုံးကြဲလျှင်၊ စက်သေနတ်ပစ်လျှင် အမြန်ဆုံး လှဲ၍ အိပ်လိုက်) ဟု ဖြစ်နေသည်ကို သတိပြုမိ၏။

.
ကျွန်တော်သည် သမ္ဗုဒ္ဓေဂါထာ၊ သိရသ္မိံဂါထာနှင့် စမ္မခဏ်ဂါထာများကို စစ်အတွင်းက အမြဲရွတ်လေ့ရှိသည့် အတိုင်း ထိုသို့ ကြမ်းပေါ်တွင် မှောက်၍ နေစဉ် အချိန်တွင်လည်း ရွတ်လျက်ရှိသည်ကို သတိပြုမိ၏။

ဦးအောင်ဇံဝေ သည် ၂၄ ပစ္စည်းခေါ် ပဋ္ဌာန်းကျမ်း၏ အကျယ်ဖြစ်သော ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ပါဠိတော်ကို အနှစ် ၃၀ ကျော်မျှ တစ်နေ့မပြတ် ရွတ်ဖတ် သရဇ္ဈာယ်ခဲ့သည့် အလျောက် ကြမ်းပေါ်သို့ လှဲလိုက်သည့် အချိန်မှစ၍ ရန်သူများ ထွက်သွားသည့် အချိန်အထိ စိတ်တွင်အာရုံပြု၍ ရွတ်ကြောင်း နောက်မှ စုံစမ်း သိရှိရလေသည်။

ထိုသို့ မှောက်လျက်ရှိစဉ် ကျွန်တော်၏ လက်ဝဲဘက်နံဘေးသည် ပူခနဲဖြစ်သွား၏။ ကျည်ဆန်တစ်တောင့် ဘေးသို့ ရှပ်၍ ဖောက်ဝင်သွားသည်ဟု ထင်မိ၏။

သို့သော် သေနိုင်သောနေရာမဟုတ် ဟူ၍လည်း တွေးလိုက်သေး၏။

အိမ်ပြန်ရောက်၍ ကြည့်သောအခါ ထိုသို့ ပူခနဲဖြစ်သည့်နေရာ (နံရိုးစွန်းနှင့် တင်ပါးရိုးအကြား အသား) တွင် လက်သန်းဖျားခန့် မည်း၍နေသောအပိုင်းငယ်တစ်ခုကို တွေ့ရ၏။

ထိုနေရာနှင့် တည့်တည့် သက္ကလတ် အပေါ်အင်္ကျီတွင် လက်မ၀က်ခန့် ရှည်၍ မန်ကျည်းစေ့ခန့်ကျယ်သော အပေါက်ငယ်တစ်ခု ကိုလည်း တွေ့ရ၏။

ထိုသို့ကျည်ဆန်မှန်သောနေရာတွင် လုံချည်၊ ဘောင်းဘီ၊ ရှပ်အင်္ကျီ၊ ဆွယ်တာ လက်ပြတ် နှစ်ခု၊ စွပ်ကျယ်နှင့် အပေါ် အင်္ကျီပါ အားလုံး ခုနစ်ထပ်ရှိသည်ကို တွေ့ရ၏။ ကျွန်တော်၏ လက်ယာဘက် လက်သူကြွယ် အဖျားတွင် တစ်ချက်ထိမှန်၏။

ကျည်ဆန်သည် လက်ဖျားမှဝင်ပြီးလျှင် အလယ်ဆစ်၏ ဘေးမှ ထွက်၏။ လက်ဖျားဆစ်၏ အတွင်းသားနှင့် အရိုးတစ်ပိုင်း ပဲ့ပါသွားသဖြင့် လက်ဖျားဆစ်တွင် စပါးစေ့တစ်ခြမ်းလောက်မျှသော အရိုးတစ်ပိုင်း နှင့် အပေါ်ရေသာ ကျန်ရစ်သည်ဖြစ်ရာ အဖူးကို နုတ်ယူထားသည့် ပြောင်းဖူးနှင့် တူ၏။

.
သူသတ်ယောက်ျားတို့ကား သုံးယောက် ပြိုင်တူ ပစ်ကြ၏။

ပထမ ရပ်၍ ပစ်ကြ၏။

နောက် ဒူးထောက်၍ ပစ်ကြ၏။

ကျွန်တော်နှင့် ဦးအောင်ဇံဝေတို့ကို မူကား ကြမ်းပေါ်တွင် မှောက်လျက်ရှိသဖြင့် သေပြီထင်ပြီး မပစ်ဟန် လက္ခဏာ ရှိ၏။

အပစ်အခတ် ရပ်စဲပြီး သူသတ်များ ပြန်ထွက်နေစဉ် တံခါးဝလောက် အရောက်မှာ ဦးအောင်ဇံဝေသည် မှောက်နေရာမှ ထလိုက်ပြီး ဗိုလ်ချုပ် လဲနေသည့်ဘက်ကို လက်ညှိုးထိုး၍ ပြပြီးလျှင် "သေကုန်ကြပြီ...သေကုန်ကြပြီ" ဟု ညည်းတွားလိုက်၏။

ကျွန်တော် ဦးအောင်ဇံဝေအား ဆွဲ၍ လှဲလိုက်ပြီးလျှင် "မထနဲ့ဦး... ပြန်ဝင်လာရင် ခင်ဗျားကို ပစ်လိမ့်မယ်" ဟု ပြော၏။

ကျွန်တော် တို့ မိနစ်ဝက်ခန့် ဆက်၍ မှောက်နေကြပြီးလျှင် နှစ်ယောက်အတူ ထကြ၏။

.
တစ်ခန်းလုံး မီးခိုးဖြင့် မှောင်လျက် ယမ်းငွေ့တထောင်းထောင်း ထလျက်ရှိ၏။ ဗိုလ်ချုပ်ကား ပက်လက် လဲလျက် ရှိ၏။

ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့သည် ဦးရွှေဘော်၏ အခန်းဘက်သို့ ကူးသွားပြီးလျှင် တယ်လီဖုန်းဆက်ရန် ကြိုးစား၏။

တယ်လီဖုန်း ဆက်၍မရ။

ပျက်နေဟန် ရှိ၏။

ကျွန်တော်၏အခန်းသို့သွားရန် ဦးရွှေဘော်၏ အခန်းပြင် သို့ထွက်ရာ ထိုအချိန်က ရန်ကုန်ပုလိပ်မင်းကြီး ဖြစ်သူ ဦးအောင်ချိန်အား အခန်းဝတွင် တွေ့၏။

"ဘာဖြစ်ကြတာလဲ"ဟု ဦးအောင်ချိန် မေး သောအခါ "လာလာ...လိုက်သာကြည့် တော့"ဟု ပြောကာ ဦးအောင်ချိန်အား ဦးရွှေဘော်၏ အခန်းကိုဖြတ်၍ အစည်းအဝေး ခန်းသို့ ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့က ခေါ်သွား၏။

ကျွန်တော်တို့ ပြန်သွားသော အချိန်တွင် မိုင်းပွန်စော်ဘွားကြီးသည် သွေးပေ လျက်ရှိသော မေးစေ့နှင့် ပါးစပ်တခြမ်းကို လက်ယာ ဘက်လက်ဝါးဖြင့် အုပ်ကာ ဗိုလ်ထွန်း လှ၏ဘက်သို့ လျှောက်သွား၏။

သို့သော် ဗိုလ်ထွန်းလှ ထွက်လာသဖြင့် လမ်းတွင်ပင် ဆုံမိကြ၏။ ဗိုလ်ထွန်းလှသည် အစည်းအဝေး ခန်းမသို့ ၀င်လာပြီးလျှင် သူသတ် တို့ ထွက်သွားသော တံခါးကို ပိတ်၍ ချက်ထိုးလိုက်၏။

.
ဦးအောင်ချိန်အား အစည်းအဝေးခန်းတွင် ထားပြီး ဦးအောင်ဇံဝေနှင့် ကျွန်တော်၏ အခန်းသို့ သွားကြ၏။

အခန်းသို့ရောက်လျှင် ဦးအောင်ဇံဝေသည် ကျွန်တော့လက်တွင် ရသော ဒဏ်ရာကိုကြည့်၍ "ကျည်ဆန်မှာ အဆိပ်ပျံ့မည် စိုးရသည်၊ ချက်ချင်းဆေးထည့်ပါ" ဟု သတိပေး၏။

ကျွန်တော်သည် ကျွန်တော်၏ အတွင်းရေးအတွင်းဝန် မောင်သန်းမြင့်အား ဆရာဝန် ခေါ်ခဲ့ရန် မှာထားပြီး အိမ်သို့ပြန်၏။

ကုလား ဆရာဝန် တစ်ယောက်၊ ဗိုလ်လက်ျာ၏ညီ ဒေါက်တာလှရွှေတို့ မကြာမီ ရောက်ပြီးလျှင် လက်ဖျားကို ဆေးထည့် ဂွမ်းဆို့၍ ချုပ်ပြီး ဒေါက်တာလှရွှေ က ကျွန်တော့လက် ပြာနေတာကို သဘောမကျ။

အဆိပ်ကြောင့် လက် ပြာနေခြင်း ဖြစ်ချင်လျှင် ဖြစ်နိုင်သည်ဟုပြောကာ အဆိပ်ဖြေဆေးကို အရှာခိုင်းသဖြင့် မောင်သန်းမြင့်ကိုလွှတ်၍ စစ်တပ်တွင် ရှာစေ၏။

ထိုးဆေးရှာနေစဉ်အတွင်း ဆေးရုံကြီး ကိုလိုက်ခဲ့ပါ။ ဆေးရုံကြီးမှာ ကိရိယာစုံသည်ဟု ဒေါက်တာလှရွှေက အကြံပေးသဖြင့် လိုက်သွား၏။

ဆေးရုံကြီးသို့ ရောက်သောအခါ ဒေါက်တာဘသန်းနှင့် ဒေါက်တာလှရွှေတို့ တိုင်ပင်ပြီး လျှင် ကုသ၍ ဖြစ်နိုင်သော နည်းမျိုးစုံဖြင့် လိုလေသေးမရှိအောင် ကုသကြ၏။

စစ်တပ် တွင်ရှာသော အဆိပ်ဖြေထိုးဆေးလည်း အလွယ်တကူပင် ရရှိလာသဖြင့် ထိုးရ၏။ ဦးဘချိုနှင့် မိုင်းပွန်စော်ဘွားကြီးတို့အား ခွဲစိတ်ကုသရန် ပြင်ဆင်လျက်ရှိကြောင်း၊ ဒဏ်ရာရသူ ကျန်ပုဂ္ဂိုလ်များမှာ အားလုံး သေဆုံးကြပြီ ဖြစ်ကြောင်း ကျွန်တော် ဆေးရုံမှ မပြန်မီ ကြားသိခဲ့ရ၏။

ည ၈ နာရီခန့်တွင် ဒေါက်တာလှရွှေထံမှ စကားပြောကြေးနန်းဖြင့် ၀န်ကြီးများ၏ အလောင်းကို ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိသဖြင့် ရေခဲတိုက်သို့ မပို့ရသေးဘဲ ဆေးရုံမှာပင် ရှိသေးကြောင်း ပြောသည်။ ရေခဲတိုက်သို့ ပို့သာပို့ပါ။ ကျွန်တော် လုံးဝ တာဝန်ယူပါမည် ဟု အကြောင်း ပြန်ကြားလိုက်၏။

.
ယခုကဲ့သို့ ဗိုလ်ချုပ်နှင့်တကွ နိုင်ငံ့မျက်နှာဖုံး ခေါင်းဆောင်ကြီးများ ကျဆုံးရခြင်းမှာ မိမိ၏ စေတနာကို မိမိ ယုံကြည်လွန်းသောကြောင့် ဖြစ်၏။

ထိုသို့မဖြစ်မီ အချိန်အတော်ကြာ ကပင် ဗိုလ်ချုပ်နှင့်တကွ ၀န်ကြီးများအား သတ် ဖြတ်ရန် ကြံစည် စိုင်းပြင်းလျက် ရှိကြကြောင်း အစီရင်ခံစာအမျိုးမျိုး အကြိမ်ကြိမ် ရရှိခဲ့၏။

ထိုသို့ အစီရင်ခံစာများ ရရှိ၍ ဆွေးနွေးကြသောအခါတွင် ဗိုလ်ချုပ်က "ကျွန်တော်တို့လို စေတနာသန့်သန့်ရှင်းရှင်းနဲ့ အဘက်ဘက်က စင်ကြယ်တဲ့သူတွေကို သတ်မယ်ဆိုတာ မဟုတ်နိုင်ပါဘူး။ ကျွန်တော်တို့ကို သတ်ရင် တစ်နိုင်ငံလုံးက အုံကြွပြီး သူတို့ကိုကော မသတ်ဘဲ နေမလား" ဟု ပြောဖူး၏။

ဝန်ကြီးအစည်းအဝေး၊ အခမ်းအနားစသည် တို့တွင် လက်နက်ကိုင် ပုလိပ်အစောင့်အရှောက်၊ စစ်တပ်အစောင့်အရှောက် တို့ကို ဗိုလ်ထွန်းလှက စီမံလျှင် ဗိုလ်ချုပ် သဘောမကျ။

"တို့က လူထုရဲ့ အစိုးရပါ။ လက်နက်ကိုင် အစောင့်အရှောက်မလိုပါဘူး" ဟု ပြောလေ့ရှိ၏။

မြတ်စွာဘုရားသော်မှ ဒေ၀ဒတ်၊ စိဉ္စမာန စသော ရန်သူများ ရှိနေသေးကြောင်းကို ပညာရှိသော်လည်း သတိဖြစ်ခဲ ဆိုသော စကားအတိုင်း ကျွန်တော်တို့ မဆင်ခြင်မိဘဲ ပေါ့ပေါ့ဆဆ နေလွန်းလှသဖြင့်သာ ယခုကဲ့သို့ ခေါင်းဆောင် ကြီးများ ရေတိမ်မှာ နစ်ကြရရှာပေသည်။

ဦးစော၏အကြံသည် တစ်ရက်တည်း စောသွားသဖြင့် အောင်မြင်ခဲ့သည်။ စစ်တပ်မှ ဘရင်းဂန်း အလက် ၂၀၀ ဦးစောလိမ်၍ ထုတ်ကြောင်း သတင်းကို သခင်မြတွင် လည်းကောင်း၊ ကျွန်တော့တွင်လည်းကောင်း အခိုင်အလုံ ရရှိထားကြပြီဖြစ်၍ ထိုနေ့ ၀န်ကြီး များအစည်းအဝေး နောက်ပိုင်း အထွေထွေခန်းတွင် ဦးစောအား ဖမ်းရန် ညွှန်ကြားဖို့ ဆုံးဖြတ်ဖွယ်ရှိ၏။

ဦးစောနှင့် အပေါင်းပါတို့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ့မျက်နှာဖုံးအခြား ခေါင်းဆောင်ကြီးများအား သတ်လိုက်ခြင်းဖြင့် ထိုပုဂ္ဂိုလ်များအား သေစေသည်မဟုတ်။

နိုင်ငံတစ်ခုလုံးကို သေစေသည် မည်၏။

.
ကံကောင်းသူ ၀န်ကြီးများ

ထိုနေ့ အစည်းအဝေးတွင် မတက်ရောက်သဖြင့် ကံကောင်းသောဝန်ကြီးများမှာ ဦးကျော်ငြိမ်း၊ ဆမားဒူးဝါး၊ စောစံဖိုးသင် နှင့် ဦးဝမ်ကိုဟောတို့ ဖြစ်ကြ၏။

ထိုအခါက ပြည်ထဲရေးဌာန ၀န်ကြီးဖြစ်သော ဦးကျော်ငြိမ်း မှာ အင်္ဂလန်သို့ သွားနေခိုက်ဖြစ်၍ ပြည်ထဲရေးဌာနကို ပျော်ဘွယ်ဦးမြက အုပ်ချုပ်လျက် ရှိ၏။ ကျန်ဝန်ကြီးသုံးဦးမှာ နယ်သို့ ခရီးလွန်နေ၍ အစည်းအဝေး မတက်ဖြစ် ဟု သိရ၏။

(မြ၀တီမဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၅၃)


(တိုးမြစ်စာအုပ်တိုက်မှ ထုတ်ဝေသည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာကောက်ကြောင်း ဆောင်းပါးစာစုများမှ ၁၉၅၃ မြ၀တီမဂ္ဂဇင်း၊ ဇူလိုင်လထုတ်တွင် ပါရှိခဲ့သည့် ဆောင်းပါးအား တက္ကသိုလ်များ (ဗဟို) စာကြည့်တိုက်၏ အကူအညီဖြင့် ပြန်လည် ဖော်ပြပါသည်။

မြန်မာတိုင်း(မ်) အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)

၁၉ ဇူလိုင်၊ မမေ့နိုင်
အာဇာနည်နေ့၊ ဒို့မမေ့

.

ဦးအောင်ဆန်း၏ နောက်ဆုံးနေ့


ဒဂုန်တာရာ

“အယ်ဒီတာ စာပွဲ၊ စာပေ၊ အနုပညာ ဝေဖန်ရေး နှင့် ပန်းနုရောင်အို” စာအုပ်

၁၉၄၇၊ သြဂုတ်လ



ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁၀ နာရီခွဲ။ မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညို့မှုန်လျက် ရှိသည်။ တိမ်တိုက် ဟူ၍ ဘာမှ ကြည်လင်စွာ မမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ၀ိုးဝိုးဝါးဝါးနေသည်။

မိုးသည် ကင်းကင်းလွတ်လွတ် စဲသည် ဟူ၍ မရှိ၊ တဖွဲဖွဲ ဖွဲနေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက် နှင့်၊ နောက် စွေ၍ နေလေသည်။

ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြုလွှတ်တော် အထူးအရာရှိ ဦးသိန်းဟန် (ဇော်ဂျီ) က စနေနေ့ နေ့လယ်တွင် ဆောင်းပါး လာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါး ၀င်ယူရင်း ခဏတဖြုတ် စကားစမည် ပြောပြီးနောက် ဇော်ဂျီဆီသို့ သွားမည်ဟု စိတ်ကူးထားသည်။

၁၀ နာရီလောက်ကတည်းက အ၀တ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင် ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတပုဒ်ကို စပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။

နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီ ၀တ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင်သင့် တွေ့သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးလိုက်သည်။ ကားထဲတွင် ကြည့်မြင်တိုင်ဘက်မှ လိုက်ပါလာမည် ထင်ရသော တောသား ၃ ယောက်နှင့် တရုတ်မ ၂ ဦးကို တွေ့ရသည်။ ကားပြတင်းတံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည်ရွာလျက်ပင်။ ရွှံ့ဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန် ကားလမ်းကား စိုစွတ်လှသည်။

ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်း အတက် သိပ် မရှိလှ။ သို့နှင့် စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) ရောက်လျှင် ကျနော် ဆင်းလိုက်သည်။

.
ထို့နောက် ဒါလဟိုဇီလမ်း (ယခု မဟာဗန္ဓုလလမ်း) ဘက်မှ စပတ်လမ်းကို ဖြတ်ကူးလိုက်သည်။ လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု၊ သည်တစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။

ထီးဆောင်းလျက်၊ မိုးကာဝတ်လျက် လူများသည် သွားကြ၊ လာကြ နှင့် ရှုပ်ရှက်ခတ်နေသည်။ သူရိယတိုက်ရှေ့ အ၀င်တံခါးမပေါက်ကြီးတွင်ကား လူများသည် အတွင်းသို မျှော်လိုက်။ စကားပြောလိုက်နှင့် နေကြ သည်ကိုတွေ့မြင်ရသည်။ ကျနော်ကား ရုံးဆင်းချိန်မို့ လူတွေ ရှုပ်နေတာ ထင်ပါရဲ့ ဟုသာ သာမန် အောက်မေ့မိသည်။

ကျနော်သည် အင်မတန် အရိပ်အခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်း တံခါးပေါက်မှ အတွင်းသို့ ၀င်သွားသည်။ လမ်းကူး တွင်ကား လက်နက်ကိုင် စစ်သားများ စောင့်ကျပ်လျက် ရှိသည်ကို တွေ့ရသည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျနော်သည် အတွင်းဝန်ရုံးကို သွားခဲလှပေသည်။

ညှိုးလျော်သော မျက်နှာနှင့် လုံချည်အပြာ ၀တ်ထားသော စာရေးမ နှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ် ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ ချာပရာစီများ ရပ်ပြုနေသည်ကို အလျင်းမတွေ့ရ၊ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။

ဗိုလ်ထွန်းလှ အခန်းသို့တက်ရန် လှေကားထစ် တထစ်၊ နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည်ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟု တွေးကာ မတက်တော့ဘဲ ဆင်ဝင်အောက်မှဖြတ်သန်းကာ တဘက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံသို့ အပြန်ကျမှပဲ ၀င်တော့မည်လေ။

.
လွှတ်တော်ရုံး ၀င်ဝင်ခြင်း သခင်နု၏ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ်ခန်းဆီး အစိမ်းပုတ်ကြီးမှာလည်း ဆွဲပိတ်၍ထားသည်။ သခင်နု၏ရုံးခန်းကို ကျော်၍ ဇော်ဂျီ၏အခန်းသို့ ရောက်လေပြီ။

ဇော်ဂျီ၏အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီးအစိမ်းပုတ်ကြီးလည်း ဆွဲ၍ထားသည်။ ရုံးစေ
နှစ်ယောက်မှာ နံရံကိုမှီကာ ရပ်နေကြသည်။ ခါတိုင်းလို စကားပြောမနေကြ။ သူတို့သည် ငေးမှိုင်တွေဝေ၍ တမျိုးကြီး ဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။

ကျနော်က ငိုင်တိုင်တိုင် နေသော ရုံးစေတဦးအား ‘ဦးသိန်းဟန် ရှိသလား’ ဟု မေးသည်။

‘ရှိပါတယ်ခင်ဗျ’ ဟု ခပ်တိုးတိုး သာသာအေးအေး ဖြေသည်။

သည်တော့မှ မျက်နှာပျက်နေကြောင်း အသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။ တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက် မ၀င်ဝံ့သေးဘဲ တံခါးဝတွင် ရပ်ကာ ရုံးစေဘက်သို့ တဖန်လှည့်၍ ‘‘အထဲမှာ အစည်းအဝေး လုပ်နေသလား’’ ဟု မေးရသည်။

ရုံးစေသည် ဘာမှမပြောဘဲ အသာတယာ စေ့ထားသော တံခါးကိုဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီး အတွင်းသို့ ၀င်လိုက်သည်။

ဇော်ဂျီ၏ရုံးခန်းကား တိတ်ဆိတ် ငြိမ်သက်လျက်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းစိမ်းပြာပြာ ဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြုလွှတ်တော် အကြံပေးအရာရှိ ၀တ်လုံ ဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည်။

ဇော်ဂျီသည် ကျနော်ဝင်လာသည်ကို မြင်သောအခါ ဆိတ်ဆိတ်ပင်၊ စကားမဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက်ဖြင့်ညွှန်ပြသည်။ သူသည် ငေးငိုင်၍နေသည်။ အတန်ကြာ တိတ်ဆိတ်လျက် ရှိသည်။ ကျနော်ကား ခါတိုင်း လှုပ်ရှား ဆူညံ၍ နေတတ်သော အတွင်းဝန်များရုံးသည် ဘာကြောင့် ယခုလို အုံ့မှိုင်းရီဝေ၍ နေသည်၊ ဆိတ်ငြိမ်၍ နေသည်ကို အံ့သြလျက် ရှိသည်။

.
အတန်ကြာ ဆိတ်ငြိမ်နေရာမှ ‘‘အားလုံးတော့ ဒုက္ခဖြစ်ကုန်ပြီ’’ ဟု ဇော်ဂျီက တိုးတိုး ညည်းလေသည်။

ကျနော်ကား ဘာမှန်း မသိသေးသဖြင့် ကြောင်နေရာ ဇော်ဂျီက အကဲခတ်မိ၍ နေရာမှထကာ လက်ပြ၍ အပြင်သို့ ခေါ်ခဲ့သည်။ ကျနော်သည် ထိက်ကနဲ ဖြစ်သွားသည်။

‘‘လက်ဖက်ရည်ဆိုင် သွားရအောင်’’

မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ် ရောက်မှ ကျနော်က မနေနိုင်၍ "ဘာဖြစ်လို့လဲ၊ ဆရာ" ဟု မေးမိသည်။

‘‘မင်း မကြားသေးဘူးလား’’ ဟု ဇော်ဂျီက အံ့သြနေသည်။

‘‘ဟင့်အင်း … ကျနော် အခုပဲ ဘတ်စ်ကားပေါ်က ဆင်းပြီး ရုံးကို တန်းလာတာ’’ သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။

ခြသေ့င်္တပ် စစ်ယူနီဖေါင်းကို ၀တ်ထားသော လက်နက်ကိုင် လူ ၄ ယောက်သည် ကျနော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း ရုံးခန်း အတွင်းသို့ အတင်း တွန်းဝင်၍ အစည်းအဝေး ပြုလုပ်လျက်ရှိသော အမှုဆောင် ၀န်ကြီးများအား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်းမခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျနော် မရောက်မီ ၁ နာရီ ကျော်ကျော်ခန့်က ဖြစ်သည်။

ကျနော်သည် သည်သတင်းကို ကြားသောအခါ ထိတ်လန့် တုန်လှုပ်သွားသည်။ အသားများ တဆတ်ဆတ် တုန်လာသည်။

.
အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေး စာချီ စသော ရုံးသားတို့သည် ညှိုးးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စားသောက်၍ နေကြသည်ကို တွေ့မြင်ရသည်။

တစားပွဲခြားရှိ နိုင်ငံရေးရာအတွင်းဝန် ကိုကျော်မြင့် ကလေးက လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး ခပ်တွေတွေပင် လက်ဖက်ရည်ကို သောက်နေသည်။

‘‘အင်မတန် နှမြောဖို့ ကောင်းတယ်ဗျာ၊ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေး လုပ်ကြံမှုပဲ’’ စသည်ဖြင့် လူအချို့သည် ငြီးတွားလျက် ရှိကြသည်။

ဇော်ဂျီက ‘‘အမျိုးသားပျက်စီးခြင်း တရပ်ပဲ’’ ဟု တသသ ပြောသည်။

‘‘ကျနော် ရုံးဝင်းထဲ ၀င်လာတော့ လက်နက်ကိုင် ပုလိပ်တွေကို တွေ့တယ်။ ဒါပေမယ့် ကျနော် ၀င်လာတာကို မတားကြဘူး။ ဆင်ဝင်အောက် အ၀င်မှာတောင် အသိစာရေး ၁ ယောက်နဲ့ တွေ့သားပဲ။ သူကလည်း ဘာမှ မပြောဘူး’’။

‘‘လူတွေဟာ မပြောရက်ကြဘူး’’ ဟု ဇော်ဂျီက ဆိုလေသည်။

လက်ဖက်ရည် သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံက ပြန်လာသော ရုံးသားတဦး အပါး ကပ်လာ၍ ‘‘ဘယ့်နဲ့လဲ’’ ဟု ကျနော်တို့က ၀ိုင်း၍ မေးမြန်းကြသည်။ သူက မိုင်းပွန်စောဘွားကြီးမှ တပါး အားလုံး ဆုံးရှာပြီ ဟု ပြောသည်။ သူ့အသံမှာ တုန်နေ၍ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်။

‘‘ဗိုလ်ချုပ်ကော’’ ဟု တယောက်က တိုးတိုး မေးသည်။

‘‘မျက်နှာကို အ၀တ်ဖြူနဲ့ ဖုံးထားတယ်’’

.
ကျနော်လည်း ကြာကြာ မနေနိုင်ဘဲ ဂျူဒါအီစကယ်လမ်း (ယခု သိမ်ဖြူလမ်း) တံခါးပေါက်မှ ကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့် ရွာလျက်ပင်။ လူတအုပ်သည် မိုးထဲတွင် ထီးဆောင်း၍၊ တချို့ ထီးမပါဘဲ၊ အချို့ ပလက်ဖောင်းပေါ်တွင်ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့် တရုတ်လည်း ပါသည်။

လူတယောက်က ကျနော်၏ လက်မောင်းကို ဆွဲကိုင်၍ ‘‘ဒီမယ်… ခုနက ၀န်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလားခင်ဗျာ’’ ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။

‘‘ဟုတ်ကဲ့’’ ဟူ၍သာ ဖြေကြားပြီး တဘက်သို့ ဖြတ်ကူးရင်း အသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက်သည်။ ကားသည် လမ်းမတော်ဘက်သို့ ပြေးလျက်ရှိသည်။

ကားထဲတွင် လူ မနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာ မကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘‘ဖြစ်မှဖြစ်ရလေနော် ဖြစ်မှဖြစ်ရလေ’’ ဟု မြည်တမ်းလျက် ရှိသည်။

ဈေးသည်ဟု ထင်ရသော ခပ်အိုအို မိန်းမကြီး နှစ်ယောက်သည် ‘‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’’ ဟု ဆုတောင်း၍ နေသည်။

ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘‘မပြောကြနဲ့ မပြောကြနဲ့’’ ဟု အသာ လက်ကုတ်၍ တီးတိုး တားမြစ်သည်။ သူတို့သည် မပြောရက်ကြ။ သန့်ပြန့်စွာ ၀တ်စားထားသော တရုတ်တဦးက ‘‘အားကီး ရက်စက်တာပဲ’ ဟု ကျနော့်ဘက်သို့ လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စ်ကား ဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။

.
သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များ ပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်း ပျံ့နှံ့၍သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန် သွားလာနေကြသည်။

ကားလမ်းပေါ်မှဆင်း၍ လမ်းထဲသို့ ၀င်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့် ရပ်ကာ ကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည် မစဲဘဲ ရွာလျက်ပင်။

လူတို့သည် "ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ" ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေထုတ် သတင်းစာများမှ ကြားရလေပြီ။

မည်သူ့မျက်နှာ ကြည့်ကြည့် မျက်နှာညှိုးငယ် နွမ်းလျစွာနှင့်။ လမ်းမပေါ်မှ စက်ပြင်ဆရာ တဦး၏ မိန်မပါးစပ်မှ ‘‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’’ ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။

နေ၀င်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း နေ့ခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။ တိတ်ဆိတ် မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည်။ ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍ နောက်ဖေး ထကြပြန်သည်။

တရေးနိုးဆုံလျှင် ‘‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’’ ဟု အိပ်ချင်သံနှင့် ဆိုကြသည်။ တရေးနိုးတိုင်း သတိရလျက် ရှိသည်။ မကြာခဏ အိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့၊ တသသနှင့် ထိုညကို လွန်မြောက်ရသည်။

ဒဂုန်တာရာ
၁၉၄၇၊ သြဂုတ်လ

(“အယ်ဒီတာ စာပွဲ၊ စာပေ၊ အနုပညာ ဝေဖန်ရေး နှင့် ပန်းနုရောင်အို” စာအုပ်တွင် ဖော်ပြပါရှိသော ဤ ဆောင်းပါးကို ဆရာ ဒဂုန်တာရာ ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြပါသည်။
ဖြူးမြို့)